book

Index 13

အပိုင်း(၁၃)

  • Author : Hazel Nhte
  • Genres : Comedy, Drama, Horror

💛My Strange Girl💛<ထူးဆန်းသောချစ်သူ>


~~~~~~~


သူ့ရဲ့ကျေးဇူးနဲ့ဘုံနေထိုင်ဖို့အတွက်

ပူပန်စရာမလိုတော့တဲ့အခါ....

စိတ်ထဲမှာပေါ့ပါးသွားသလိုခံစားနေရသည်။


"ကျေးဇူးတင်ပါတယ်ကံကြမ္မာကြီးရယ်

ဘုံ့ကိုသူနဲ့ဆုံခွင့်ပေးခဲ့လို့..."


ဘုံစာကြည့်စားပွဲမှာထိုင်နေရင်း

လက်ဖဝါးလေးနှစ်ဖက်ကိုဆုပ်ယှက်ကာ

ခပ်တိုးတိုးလေးရေရွတ်လိုက်သည်။


အခု..ဘုံ့အတွက်ဝန်တစ်ခုပေါ့သွားပြီဆိုတော့

ဘုံရဲ့အလုပ်အတွက်ဘုံအာရုံပြန်စိုက်မှ

ဖြစ်တော့မယ်ဆိုတဲ့အတွေးနဲ့...

ဘုံစားပွဲပေါ်တင်ထားတဲ့Laptopကို

ဖွင့်ဖို့ပြင်လိုက်တယ်ဆိုရင်ပဲ...


"အမလေး..."


စက္ကရင်မှာပေါ်လာတဲ့ပုံရိပ်ကြောင့်

ကပျာကယာလေးလှည့်ကြည့်လိုက်မိတော့

အခန်းထဲကနေဝရန်တာကိုထွက်တဲ့

မှန်တံခါးရဲ့အပြင်ဘက်မှာရှိနေတဲ့

သရဲတစ်ကောင်...


သွေးရောင်လွှမ်းနေတဲ့မျက်ဝန်းတွေ၊

ရှည်မျောမျောအရပ်နှင့်ထိုသရဲက

မှန်တံခါးမှာမျက်နှာကြီးကပ်ပြီးအထဲကို

စူးစိုက်ကြည့်နေသည်။


ဘုံမြင်မြင်ချင်းလန့်ဖျတ်သွားခဲ့ရပေမဲ့

ဝိညာဉ်တွေနဲ့ကြုံခဲ့ဖူးတဲ့အတွေ့အကြုံအရ

အန္တာရယ်မရှိမှန်းခံစားလိုက်မိတာမို့

မချိပြုံးလေးပြုံးလိုက်ရင်း...လက်တစ်ဖက်ကို

ဝှေ့ယမ်းပြလိုက်သည်။


"Hi..နင်ကဒီနေရာမှာနေတဲ့ဝိညာဉ်လား

ငါကဒီအခန်းကိုဒီနေ့မှပြောင်းလာတာပါ.."


ဘုံကိုယ့်ကိုကိုယ်မိတ်ဆက်သလို

ပြောလိုက်တော့ထိုသရဲကောင်က

သွားမည်းမည်းကြီးတွေပေါ်အောင်ပြန်ရယ်ပြနေတာမို့

အသည်းထဲအေးသွားရ၏...


ထိုအခါ..သရဲကသူ့ရဲ့လက်ညိုးကို

အောက်သို့စိုက်ပြီးထိုးပြသည်။


"ဪ..နင်ကအောက်ထပ်မှာနေတာလား..."


ခေါင်းကြီးကိုလေးတွဲ့စွာငြိမ့်ပြပြန်၏...

ပထမဆုံးနေ့မှာတင်အိမ်နီးချင်း

ဝိညာဉ်နဲ့လာတွေ့နေပါရောလား..??


ဘုံကိုယ့်အခြေအနေကိုယ်စိတ်ပျက်စွာ

တွေးလိုက်ရင်း...


"အင်းး...ငါမှတ်ထားလိုက်ပါ့မယ်နော်

အခုတော့အရမ်းအလုပ်များနေလို့

ကျေးဇူးပြုပြီးအနှောင့်အယှက်မပေးပါနဲ့လား..."


တစ်ကယ့်ကိုနာခံတတ်တဲ့သရဲပါပဲ

ဘုံတစ်ခွန်းပြောလိုက်တာနှင့်ချက်ချင်း

ပျောက်သွား၏...


"ဟူး..တော်ပါသေးရဲ့..

ဒီသရဲကသဘောကောင်းပုံပဲ..."


ဘုံထိုအခါမှရင်ဘတ်လေးဖိကာ

သက်ပြင်းချလိုက်မိ၏...


အစကတော့စာရေးဖို့စိတ်ကူးထားပေမဲ့လဲ

အာရုံကကြက်ပျောက်ငှက်ပျောက်ပျောက်သွားပြန်ရင်း

ဘုရားဝတ်ပြုကာစောစောအိပ်ယာဝင်ဖို့

ပြင်မိသည်။


ဘုံ..အခန်းသစ်ကြီးကိုမလုံမလဲလေး

ဝေ့ကြည့်ရင်းအိပ်ယာပေါ်လှဲချလိုက်သည်။


"ဒါနဲ့..သူဘယ်ကိုပျောက်နေပြန်တာလဲ..."


ဘုံ..ဒီနေ့တစ်နေ့လုံးအရိပ်အယောင်ပင်

မမြင်ရသေးတဲ့ဒေါ်စောကေသာရဲ့

ဝိညာဉ်ကြောင့်..စိတ်ထဲအနည်းငယ်

ကသိကအောက်ဖြစ်နေခဲ့ရသည်။


သူကအန္တာရယ်ရှိတဲ့ဝိညာဉ်တစ်ကောင်

ဖြစ်တဲ့အပြင်ဘုံ့ဆီကလိုချင်တာလဲရှိနေတာမို့

သူပျောက်နေသည့်တိုင်ဘုံဝမ်းမသာနိုင်ပေ..

သူဘယ်အချိန်မှာရုတ်တရပ်ပေါ်လာပြီး

ဘုံ့ကိုပြသာနာတွေယူလာပေးဦးမလဲဆိုတာ

ဘယ်သူကသိနိုင်မှာလဲ...


"အရှင်ဘုရား..တပည့်တော်ရဲ့အိပ်မက်ထဲထိ

ဝိညာဉ်တွေရောက်မလာနိုင်အောင်

စောင့်ရှောက်တော်မူပါ..."


နောက်ဆုံးမှာတော့...

ထုံးစံအတိုင်းညမအိပ်ခင်တောင်းနေကျ

ဆုနဲ့အတူဘုံမျက်ဝန်းတွေကိုယှက်ပိတ်လျက်

အိပ်ပျော်အောင်ကြိုးစားလိုက်မိတော့၏...


~~~~~~~~~~~~~❤◦.¸¸. ◦✿


ဘုံသူစီစဉ်ပေးတဲ့ကွန်ဒိုမှာတစ်ပါတ်ဆိုတဲ့

အချိန်ကိုဘာအခက်အခဲမှမရှိပဲ

ကုန်ဆုံးသွားခဲ့သည့်တိုင်ဒေါ်စောကေသာရဲ့

ဝိညာဉ်ကဘုံ့အနားကိုပေါ်မလာခဲ့ပေ....


ထိုကိစ္စကြောင့်ဘုံအနည်းငယ်စိတ်သက်သာရာ

ရနေသလိုဘုံ့ဆီမကြာခဏဖုန်းဆက်တဲ့

ဒေါက်တာမိန့်ခွန်းနဲ့..အလုပ်တွေများနေတာတောင်

ညတိုင်းဘုံ့ဆီဖုန်းဆက်ပြီးစကားပြော

မညင်သာပေမဲ့စိတ်ပူကြောင်းပြသတတ်သည့်

သူဌေးကြောင့်လဲဘုံအားတက်ရပါသည်။


"တင်းတောင်..တင်းတောင်.."


မနက်စောစောမှာကြားလိုက်ရတဲ့

လူခေါ်ဘဲလ်သံကြောင့်...ဘုံအိမ်ရှေ့ဧည့်ခန်းထဲ

သန့်ရှင်းရေးလုပ်နေရာမှတံခါးနားကို

အပြေးလေးလျောက်သွားပြီးဆွဲဖွင့်လိုက်သည်။


"ဟင်..မိန့်..."


လက်ထဲမှာအထုပ်တွေတပုံတပင်နှင့်

မြင်လိုက်ရတဲ့ဒေါက်တာမိန့်ခွန်းကြောင့်

ဘုံပါးစပ်လေးအဟောင်းသား

ဖြစ်သွားခဲ့ရသည်။


"Hi..ဘုံအစောကြီးနိုးနေတာလား.."


"ဟုတ်...မိန့်ကရောဘယ်လိုဖြစ်ပြီး

ျဒီကိုရောက်လာတာလဲ..."


"ဘုံ့ဆီလာလည်တာလေ..."


ပြောရင်းသူအထဲကိုမျက်စလှမ်းပစ်ပြတော့မှ

ဘုံအိမ်ထဲခေါ်ဖို့သတိရသည်။


"လာလေ..အိမ်ထဲဝင်ပါဦး..."


"ဝင်မှာပေါ့..စိတ်ချ..ဒီနေ့ကကျွန်တော့်

ဂျူတီနားရက်လေ..အဲ့ဒါကြောင့်

ဘုံနဲ့နေ့လယ်စာအတူချက်စားဖို့

စဉ်းစားထားတာ.."


"နေ့လယ်စာလား.."


"အွန်း.."


နှစ်ယောက်သားစကားတပြောပြောနှင့်

အထဲဝင်လာကြတော့မိန့်ကပါတ်ဝန်းကျင်ကို

မျက်လုံးဝေ့ကြည့်သည်။


"ကွန်ဒိုကအမိုက်စားပဲ...

ဘုံနေရတာအဆင်ပြေရဲ့လား..."


"ဟုတ်..ပြေပါတယ်.."


"ကျွန်တော်မပြောဘူးလားဘဏ်က

စကားပြောရတာတစ်ခါတလေအဆင်မပြေပေမဲ့

သဘောတော့ကောင်းပါတယ်လို့လေ..အဟွန်း..."


"အင်း..သူဌေးကလူကောင်းတစ်ယောက်ပါ..."


မိန့်စကားကိုထောက်ခံသလိုခေါင်းငြိမ့်ရင်း

အပြုံးငွေ့ငွေ့ထင်ဟပ်နေတဲ့သူမရဲ့

နူတ်ခမ်းဖူးလေးကြောင့်မိန့်လဲ

အလိုလိုလိုက်ပြုံးမိသည်။


"ကျွန်တော်..အစောကြီးcity martကို

ဝင်လာတာ..ပင်လယ်စာတွေဝယ်လာတာ

အများကြီးပဲ..ဘုံ့ကိုပင်လယ်စာချက်ကျွေးရမယ်

မီးဖိုခန်းကဘယ်မှာလဲ..."


စကားတွေရေပက်မဝင်အောင်ပြောရင်း

ဘုံပြန်ဖြေလာတာတောင်မစောင့်ပဲ

အရှေ့ကနေလျောက်သွားတဲ့မိန့်ကြောင့်

ဘုံခေါင်းလေးယမ်းလျက်ရယ်လိုက်မိရင်း

အနောက်ကနေလိုက်သွားရတာကအပြေး

တစ်ပိုင်းလေးနှင့်ဖြစ်တော့၏...


~~~~~~~~~~~~~❤◦.¸¸. ◦✿


"သူဌေး...ဦးနိုင်မင်းထက်ရောက်နေပါတယ်ရှင့်...."


အင်တာကွန်းကထွက်ပေါ်လာတဲ့

အတွင်းရေးမှူးရုံးခန်းကအသံကြောင့်

ဘဏ်Laptopဆီမှအကြည့်ဖျတ်ခနဲရွေ့သွားရ၏..


ထိုအချိန်ရုံးခန်းရဲ့မှန်တံခါးကပွင့်သွားပြီး

အထဲကိုလှမ်းဝင်လာတဲ့လူတစ်ယောက်...


"ဦးနိုင်မင်းထက်..."


"မတွေ့တာကြာပြီနော်..သူဌေး..."


ဘဏ်ထိုင်ရာကနေထပြီးဦးနိုင်မင်းထက်နား

လျောက်သွားကာဖက်လှဲတကင်းနူတ်ဆက်လိုက်

သည်။


"ထိုင်ပါဦးဗျာ...ရန်ကုန်ကိုဘယ်တုန်းက

ရောက်တာလဲ..."


"တစ်ပါတ်လောက်တော့ရှိပြီ

ဒီတစ်ခေါက်ကဗြုန်းစားကြီးရောက်လာတာဆိုတော့

သူဌေးကိုတောင်သေချာအကြောင်းမကြားခဲ့ရဘူး...

ရန်ကုန်မှာလဲကိစ္စလေးနည်းနည်းရှိနေတာနဲ့

သူဌေးဆီလဲအခုမှလာတွေ့ရတယ်..."


"ကျွန်တော်တို့ဟိုတယ်မှာပဲတည်းနေတာ

မဟုတ်လား..."


"ဒါပေါ့ဗျာ..ကျွန်တော်ကDeepဟိုတယ်ရဲ့

အထူးဧည့်သည်ပဲကို..."


ဦးနိုင်မင်းထက်က..ပြင်ဦးလွင်မှာ

ကော်ဖီခြံ၊လိမ္မော်ခြံတွေကိုပိုင်ဆိုင်တဲ့

သူဌေးတစ်ယောက်ဖြစ်ပြီး...ပြင်ဦးလွင်မှာ

ရှိတဲ့D-groupရဲ့ဟိုတယ်နဲ့

ခရီးသွားလုပ်ငန်းမှာအကျိုးတူ

ပူးပေါင်းထားတဲ့ရှယ်ယာရှင်တစ်ယောက်လဲ

ဖြစ်၏...


"ရန်ကုန်ကိုဒီတစ်ခေါက်လာတာအလုပ်

ကိစ္စနဲ့ပဲလား..."


"ဆိုပါတော့ဗျာ..အဓိက,ကတော့သူဌေးနဲ့

တိုင်ပင်စရာရှိလို့ပါ..ပြောရမှာတွေကများတော့

ဖုန်းနဲ့ဆက်သွယ်လဲအဆင်မပြေလောက်ဘူးဆိုပြီး

လူကိုယ်တိုင်ရန်ကုန်ဆင်းလာတာပဲ

ဆိုပါတော့..."


"ပြောပါဦး..ဘာတွေများတိုင်ပင်ချင်လို့လဲ..."


"ဒီလိုပါ...ဟိုတလောကကျွန်တော်

ပြင်ဦးလွင်မှာစပျစ်ခြံတစ်ချိူ့ကို

ဝယ်ဖြစ်ခဲ့တယ်...ခြံကတော့ဧကသိပ်မများပေမဲ့

ထွက်ကုန်ကတော့တစ်ကယ်အရည်အသွေးမှီတယ်

အရင်ပိုင်ရှင်တွေတုန်းကတော့ခြံထဲက

ထွက်သမျှကိုExportလုပ်တယ်လေ

ယိုးဒယားကဝိုင်ချက်စက်ရုံကိုပေါ့...

အခုကျွန်တော့်လက်ထက်ရောက်တော့

တွေးမိတာက...Exportမလုပ်တော့ပဲ

ကိုယ်တိုင်brand nameတစ်ခုနဲ့

စပျစ်ဝိုင်ထုတ်ဖို့စဉ်းစားမိတယ်..."


"အင်း..ကောင်းတာပေါ့..အကြံကောင်းပဲ

မြန်မာပြည်မှာကပြည်တွင်းကထုတ်တဲ့

ဝိုင်ကောင်းကောင်းရှားတယ်လေ..."


ဘဏ့်ရဲ့ထောက်ခံချက်ကြောင့်ဦးနိုင်မင်းထက်က

ပြုံးသည်။


"ကျွန်တော်အဲ့ဒါကြောင့်ပြင်သစ်ကပညာရှင်

တစ်ချိူ့ကိုဌားရမ်းပြီးဝိုင်ချက်စက်ရုံတစ်ခုဖွင့်ချင်တယ်

နောက်..လုပ်ငန်းလည်ပတ်ပြီး

brandနာမည်ရလာတဲ့အခါ...

တခြားဝိုင်တွေလဲထုတ်ဖို့ဖြစ်လာမှာပဲ..

ပန်းသီး၊မက်မန်း၊ချဉ်စော်ခါးသီးအစရှိသဖြင့်ပေါ့..

အခုကျွန်တော့်မှာအဓိကအခက်အခဲဖြစ်နေတာက

ကျွန်တော့်မှာရှိတဲ့ငွေကြေးအရင်းအနှီးပါ...

ဝိုင်ချက်စက်ရုံဆောက်ဖို့အလုပ်သမားခေါ်ယူဖို့၊

တခြားလိုအပ်တာတွေနဲ့ပြင်သစ်ကဝိုင်ထုတ်လုပ်ရေး

ပညာရှင်တွေအထိခေါ်ယူဖို့ကျတော့

ကျွန်တော်တတ်နိုင်တဲ့ငွေကြေးအရင်းအနှီးနဲ့

ဘယ်လိုမှဖြစ်နိုင်မှာမဟုတ်လောက်ဘူး..

အဲ့ဒါကြောင့်သူဌေးများကျွန်တော့်လုပ်ငန်းကို

စိတ်ဝင်စားခဲ့ရင်အကျိူးတူပူးပေါင်းပေးဖို့

ဖိတ်ခေါ်ချင်တာပါ..."


ရှည်လျားလှတဲ့ဦးနိုင်မင်းထက်ရဲ့စကားအဆုံး

ဘဏ်လေးလေးနက်နက်စဉ်စားဟန်

ဖြစ်သွားခဲ့ရ၏...


"ဦးနိုင်မင်းထက်ရဲ့planကစိတ်ဝင်စားဖို့

ကောင်းပါတယ်..ပြီးတော့ကျွန်တော်ကိုယ်တိုင်ကလဲ

အဲ့ဒီ့ဘက်နယ်ပယ်မှာခြေမချဖူးသေးဘူးဆိုတော့

စွန့်လဲစွန့်စားကြည့်ချင်တယ်..ဒီလိုလုပ်ဗျာ..

ကျွန်တော့်ကိုအချိန်ခဏလောက်တော့ပေး..

ကျွန်တော်သေသေချာချာစဉ်းစားဆုံးဖြတ်ပြီးမှ

ဦးနိုင်မင်းထက်ကိုအကြောင်းပြန်ပါ့မယ်.."


"ဟာ..စဉ်းစားပါဗျာ..စဉ်းစားပါ..

ငွေသိန်းပေါင်းများစွာရင်းနှီးရမဲ့အလုပ်တစ်ခုပဲ

သေချာလေးလေးနက်နက်စဉ်းစားမှဖြစ်မှာပေါ့.."


"ကျွန်တော်လဲအခုလက်ရှိကအပန်းဖြေ

စခန်းပရောဂျက်နဲ့အလုပ်များနေတာလေ..."


"ကျွန်တော်ကြားပါတယ်ဗျာ..သူဌေးရော

အစစအရာရာအဆင်ပြေပါရဲ့လား..."


"ပြေပါတယ်..အစပိုင်းတုန်းကတော့

အဲ့ဒ်ီနေရာနဲ့ပါတ်သတ်ပြီးနည်းနည်းပြသာနာရှိခဲ့တယ်

ခုတော့အဆင်ပြေသွားပါပြီ..."


"အဆင်ပြေရမှာပေါ့..သူဌေးလိုလူအတွက်

အခက်အခဲဆိုတာဘယ်လောက်ကြာကြာ

ရှိနိုင်မှာမို့လို့လဲ..."


ဘဏ့်ကိုချီးကျူးသလိုဆိုရင်းဦးနိုင်မင်းထက်ရဲ့

မျက်ဝန်းတွေကအသိခက်စွာပြောင်းလဲသွားတာကို

ဘဏ်ထိုအခါကမရိပ်စားမိလိုက်နိုင်ခဲ့ပါချေ......


~~~~~~~~~~~~~~❤◦.¸¸. ◦✿


"ကဲ..ရပါပြီဗျာ..ဒီမှာပင်လယ်စာတုံယမ်း

ချဉ်စပ်ဟင်းရည်...."


အငွေ့တထောင်းထောင်းထနေသော

မွေးပျံ့သရေယိုချင်စရာကောင်းလှသည့်

ဟင်းရည်ပန်းကန်လုံးကြီးကထမင်းစားပွဲပေါ်

ရောက်လာသလို..Apronကိုချွတ်ပြီး

မိန့်ကဘုံ့နှင့်မျက်နှာချင်းဆိုင်မှာဝင်ထိုင်သည်။


ဘုံအသင့်ခူးထားတဲ့ထမင်းဖြူတပန်းကန်းကို

သူ့ဘက်ကိုတိုးပေးလိုက်ရင်း...


"မိုက်လိုက်တာအရမ်းပဲ..မိန့်ကဒါမျိုးလဲ

ရတယ်နော်..."


ဘုံဟန်မဆောင်နိုင်အောင်ချီးကျူးကာ

ဘုံဟင်းရည်ပူပူလောင်လောင်ကြီးကို

တစ်ဇွန်းခပ်မြည်းသည်။


"ရူး..အား..."


"ဘယ်လိုလဲအရသာရှိတယ်မလား..."


"အွန်း...အွန်း..."


စကားနဲ့တောင်ပြန်မဖြေနိုင်ပဲ

မျက်လုံးလေးပြူးကာလက်မထောင်ပြလိုက်သည့်

သူမကြောင့်..မိန့်..ခပ်ကြွားကြွားပြုံးကာ

ကော်လံကိုဆွဲထောင်လိုက်တော့သူမကရယ်သည်။


"ဒီဟင်းရည်တစ်မျိုးနဲ့တင်ဟင်းပွဲအစုံ

စားနေရသလိုပဲအရမ်းကောင်းတယ်သိလား..."


"ကြိုက်ရင်များများစား..ဒီမှာပုစွန်တွေ

ပြည်ကြီးငါးတွေအများကြီးပဲ..ဒီမှာဂဏန်းရော.."


ခဏချင်းပင်ဘုံ့ရဲ့ထမင်းပန်းကန်ထဲ

ဟင်းရည်ထဲကနေသူဆယ်ထည့်ပေးတဲ့

အဖက်တွေနဲ့ပြည့်နှက်သွားခဲ့၏..


"ရှင်လဲစားလေ..."


"အင်း..."


နှစ်ယောက်သားမျက်နှာချင်းဆိုင်

ထမင်းလက်စုံစစားရုံရှိသေးသူမက

တစ်ခုခုကိုသတိရသွားဟန်နှင့်ဇွန်းခက်ရင်းကို

ချကာမိန့်ကိုကြည့်လာသည်။


"ဟိုလေ..ဘုံတို့နှစ်ယောက်ထဲစားနေတာ

သူဌေးကိုရောလှမ်းခေါ်လိုက်ရင်

မကောင်းဘူးလားဟင်..ခုကနေ့လယ်စာစားချိန်

မဟုတ်လား..ပြီးတော့သူဌေးရဲ့ကုမ္မဏီနဲ့

ဒီနေရာကနီးတယ်ဆို..."


သူမစကားကြောင့်မိန့်ပါးစပ်ထဲ

ထည့်လုလုဖြစ်နေတဲ့ထမင်းလုတ်ကို

ပြန်ချလိုက်ပေမဲ့..သူမကိုချက်ချင်းပြုံးပြ

လိုက်သည်။


"ဘုံက..ဘဏ့်ကိုပါခေါ်ချင်လို့လား..."


"ဟုတ်..လာတာမလာတာသူဌေးရဲ့

သဘောဆိုပေမဲ့ခေါ်ကြည့်ရမှာတော့

ဘုံတို့တာဝန်ပဲမဟုတ်လား..တော်ကြာသူဌေးက

နောက်မှသိသွားလို့မိန့်ကိုစိတ်ဆိုးနေရင်

ဘယ်လိုလုပ်မလဲ..."


"အင်းပါ..ကျွန်တော်သူ့ဆီဖုန်းဆက်ကြည့်လိုက်မယ်..

ခဏလေးစောင့်နော်..."


"ဟုတ်ကဲ့..."


~~~~~~~~~~~~~~❤◦.¸¸. ◦✿


"ဘာရယ်..မင်းကဘုံ့ဆီရောက်နေတာလား..."


ကြိုတင်မျှော်လင့်ထားတဲ့အတိုင်းဖုန်းထဲက

ဘဏ့်ရဲ့အသံကမလိုမကျသလိုမို့

မိန့်ကြိတ်ပြုံးမိ၏...


"ဟုတ်တယ်..ငါသူအဆင်ပြေရဲ့လားလို့

လာကြည့်တာ..မင်းကငါ့ကိုဘာမှမပြောပေမဲ့

ငါကသိချင်တဲ့လူဆိုတော့ဒီအတိုင်းရှာရတာပေါ့.."


"အပိုတွေမပြောစမ်းပါနဲ့...

မင်းနေ့တိုင်းသူနဲ့ဖုန်းပြောနေတာ

ငါမသိဘူးများမှတ်နေလား..."


"အဟဲ..စိတ်ချည်းပဲသူငယ်ချင်းရယ်..

ဒီနေ့ငါ့ဂျူတီနားရက်လေ..အဲ့ဒါကြောင့်

ဟင်းချက်စရာတွေဝယ်လာပြီးဘုံ့နဲ့နေ့လယ်စာ

ချက်စားနေကြတာ..မင်းလဲထွက်လာခဲ့ပါလား..."


"မအားဘူး..."


ဆောင့်ဆောင့်အောင့်အောင့်

ငြင်းဆိုသံကြောင့်မိန့်နားပင်အူသွားရ၏..


"ကျွန်တော်ဘုံကိုမပြောဘူးလား..

ဘဏ်ကအရမ်းအလုပ်များတာပါဆို.."


ဖုန်းကိုနားမှာကပ်ထားရင်းမှမိန့်သူမဘက်ကို

လှည့်ပြောလိုက်သည်။


"ဘုံအနားမှာရှိတာလား..."


တစ်ဖက်မှဘဏ်ကမေးလာသည်။


"အင်း..ဟုတ်တယ်.."


"ဒါဆို..ဖုန်းပေးလိုက်..."


"ဘုံ..ဘဏ်ကစကားပြောမလို့တဲ့..."


မိန့်လှမ်းပြောလိုက်လျှင်သူမက

ကပျာကယာလေးထလာပြီးမိန့်အနားကို

ရောက်လာ၏..မိန့်သူမလက်ထဲ

ဖုန်းကိုထည့်ပေးလိုက်သည်။


"ဟဲလို...သူဌေး.."


"မနက်ဖြန်မနက်ကျရင်ကွန်ဒိုကို

လုံခြုံရေးကင်မရာတပ်မဲ့သူတွေရောက်လာလိမ့်မယ်.."


"လုံခြုံရေးကင်မရာ...ဟို..အဲ့လောက်ထိ

မလိုဘူးလားလို့..."


"ဘာကိုမလိုတာလဲ..မင်းကတိုက်ခန်းမှာ

တစ်ယောက်ထဲနေတာလေပြီးတော့

အမြဲတမ်းထူးထူးဆန်းဆန်းတွေချည်း

ဖြစ်နေတဲ့သူကိုငါဘယ်လိုစိတ်ချရမှာလဲ.."


သူ့စကားကြောင့်ဘုံ့ရဲ့နူတ်ခမ်းဖူးလေးတွေ

သတိလက်လွတ်ပြုံးသွားခဲ့ရပေမဲ့

မျက်လုံးပြူးကာငုံ့ကြည့်လာတဲ့

မိန့်ကိုမြင်တော့ချက်ချင်းပြန်တည်သွားရ၏..


"ဟိုလေ..ဒီမှာကဒေါက်တာချက်ထားတဲ့

ပင်လယ်စာဟင်းတွေအများကြီးပဲ

သူဌေးအရမ်းအလုပ်မများရင်ထွက်လာခဲ့ပါလား

ဘုံစောင့်နေမယ်လေ..."


မိန့်ကိုမအားဘူးဟုအပြတ်ငြင်းထားတာ

ဖြစ်သော်လဲ..ဘုံစောင့်နေမယ်ဆိုတဲ့သူမရဲ့

စကားသံသဲ့သဲ့လေးကတော့ဘဏ့်ကို

အငြင်းစကားမဆိုရက်နိုင်အောင်

ဖြစ်သွားစေခဲ့၏....


"သူဌေး...."


ဘဏ်အသံတိတ်သွားတော့သူမက

မဝံ့မရဲထပ်ခေါ်လာ၏...


"အင်း..ငါထွက်လာခဲ့မယ်

နာရီဝက်လောက်ပဲစောင့်..."


"ဟုတ်ကဲ့..ဒါဆိုဘုံတို့စောင့်နေမယ်နော်..."


သူဖုန်းချသွားတော့ဘုံ

မိန့်ကိုဖုန်းပြန်ပေးလိုက်၏..


"ဘာလဲ...ဘဏ်ကထွက်လာမယ်တဲ့လား.."


"ဟုတ်..နာရီဝက်ပဲစောင့်တဲ့..."


"ဟား..ဒီကောင်ကွာ..ကျွန်တော်ခေါ်တော့

မအားဘူးပြောပြီး..လူချင်းကွာတာ

ကြည့်ပါဦး..."


"သူဌေးကမိန့်ကိုစနေတာနေမှာပါ

ဟို...ဘုံထမင်းပွဲအသစ်ပြင်လိုက်ဦး

မယ်နော်..."


မျက်လွှာလေးအောက်ချကာအနားကနေ

သူမခပ်သွက်သွက်ထွက်သွားတဲ့အခါ

မိန့်လက်ထဲကဖုန်းကိုပြန်ကြည့်လျက်

သဘောကျသလိုပြုံးလိုက်မိတော့၏...


~~~~~~~~~~~~~~❤◦.¸¸. ◦✿


"တင်းတောင်.."


အခန်းရှေ့မှာခြေစုံရပ်ပြီးလူခေါ်ဘဲလ်ကို

နှိပ်လိုက်တာနှင့်တံခါးကချက်ချင်းပွင့်သွားပြီး

မြင်လိုက်ရတဲ့မိန့်...


"ရောက်လာပြီလား..သူငယ်ချင်း

အဟဲ.."


မျက်နှာချိုသွေးပြုံးပြလာတဲ့မိန့်ကို

ရူတည်တည်နှင့်ကြည့်ရင်းပခုံးချင်းတွန်းတိုက်လျက်

ဘဏ်ကအထဲကိုလှမ်းဝင်သည်။


"ဘာလဲကွ..မင်းကလဲ.."


မိန့်ကလဲဘဏ်မကြည်မှန်းသိ၍

အနောက်ကနေလိုက်ပြီးပခုံးကို

အတင်းဖက်သည်။


သူငယ်ချင်း နှစ်ယောက်တိုးတိုးတိုက်တိုက်နဲ့

မီးဖိုခန်းထဲကိုရောက်လာတဲ့အခါ

ထမင်းပွဲတွေပြင်နေတဲ့သူမကိုမြင်ရသည်။


"သူဌေး..."


သူမကတော့ ဘဏ့်ကိုတွေ့တာနှင့်

မျက်နှာလေးကချက်ချင်းပြုံးသွား၏...


"ဘာတွေချက်ထားတာလဲ.."


"ပင်လယ်စာတွေလေကွာ.."


မေးလိုက်တာကသူမကိုဖြစ်သော်လဲ

မိန့်ကအားရပါးရပြန်ဖြေသည်။


"ငါတို့မင်းကိုစောင့်နေတာဗိုက်ဆာလို့

အူတောင်လိမ့်နေပြီ..စကားအများကြီး

မပြောနဲ့.လာ..."


မိန့်ကဘဏ့်ကိုထမင်းစားပွဲနားထိ

ဆွဲခေါ်လာပြီးမှလက်ကိုလွှတ်ကာ

သူမဘေးကိုတိုးကပ်သွားရင်း


"ဘုံက..ဒီမှာထိုင်..."


သူမထိုင်ဖို့မိန့်ခုံကိုဆွဲထုတ်ပေးလိုက်တာနှင့်

ဘဏ်ခပ်တည်တည်နှင့်ဝင်ထိုင်လိုက်၏..

ထို့နောက်သူမကိုပါတလက်စထဲမော့ကြည့်ပြီး

ဘေးကခုံကိုမျက်စပစ်ပြလိုက်သည်။


"ဘာလုပ်နေတာလဲ..ထိုင်လေဒီမှာ..

မိန့်..မင်းကဟိုဘက်မှာသွားထိုင်..."


"မရဘူးဘာလို့လဲ..ငါမင်းနဲ့ပဲ

အတူထိုင်မှာ..."


သူမနဲ့ဘဏ်အတူမထိုင်ရအောင်

မိန့်တမင်ကပ်သပ်ပြီးဘဏ့်အနားမှာ

ဝင်ထိုင်လိုက်တော့ဘဏ်ကမိန့်ကို

မျက်လုံးပြူးပြီးကြည့်သည်။


"မိန့်..မင်း.."


"အဟဲ..ချစ်တယ်..သူငယ်ချင်း.."


တစ်ယောက်ကအံကြိတ်ကာမျက်လုံးပြူးပြလျှင်

တစ်ယောက်ကစပ်ဖြဲဖြဲမျက်နှာနှင့်

လက်ညိုးနဲ့လက်မကိုပူးပြီးheart sign

လုပ်ပြသည်။


ဘုံ သူတို့သူငယ်ချင်းနှစ်ယောက်ကိုကြည့်ပြီး

ဟန်မဆောင်နိုင်ပဲအသံထွက်ရယ်လိုက်မိကာ

စားပွဲတစ်ဖက်မှာဝင်ထိုင်လိုက်ပါတာ့သည်။


~~~~~~~~~~~~❤◦.¸¸. ◦✿


ဆက်ရန် ^^^


Writer by

#Hazel


rate now: