Battle ကနှစ်ရက်အတွင်း ရောက်ရှိလို့လာပါတယ်။
ဒါဟာ အန်ဒါ့အတွက်တော့ တွန်းအနေနဲ့ ပထမဆုံးတိုက်ရမယ့် ပွဲပေါ့...
"ဝတ်ဂင်!" ရို့စဲဒီနော့စ်က ခေါ်လိုက်တယ်။
အန်ဒါ ပခုံးတွန့်တက်သွားတယ်။ ရို့စဲလည်း မြင်လိုက်တယ်။
"ကြောက်ဒူးတုန်နေတာလား ကောင်လေး။ ဘောင်းဘီထဲတော့ သေးမပေါက်ချနဲ့နော်။ကယ် အခုကစပြီး မင်းဘယ်လိုလုပ်မလဲ ကြည့်ကြတာပေါ့။ တံခါးဖွင့်တာနဲ့ မင်းအထဲကို ခုန်ဝင်သွား။ ပြိုင်ဘက်အသင်းရဲ့ ဂိတ်ကိုဖြတ်နိုင်တာနဲ့ ငါတို့နိုင်ပြီ။ မင်းအဲ့ကို ရအောင်သွား"
ဘာလား။
အဲ့လိုကြီး ခုန်ဆင်းသွားတာက သတ်သေတာပဲလေ။
အဓိပ္ပါယ်မှ မရှိတာ။
အန်ဒါလည်း ခဏလောက် တိတ်ဆိတ်ပြီး စဉ်းစားနေလိုက်တယ်။
စိတ်လျော့လိုက်ပြီးတော့
"အရမ်းကောင်းတဲ့အကြံပါ ဆရာ။ ကျွန်တော် ပစ်မယ့်လမ်းကြောင်းကလည်း သူတို့ရဲ့အဓိက ဂိတ်ပေါက်ကို ဦးတည်တာပါ။ ကျွန်တော်သွားပါမယ်"
ရို့စဲက ရီလိုက်ပြီးတော့
"မင်းမှာပစ်ချိန်တောင်ရှိမှာ မဟုတ်ဘူးကောင်လေး"
ဂိတ်ပေါက်ဖွင့်တာနဲ့ အန်ဒါလည်း ဝင်လိုက်တယ်။
ရို့စဲပြောတာမှန်တယ်။
ဒီအတိုင်းခုန်ဆင်းသွားရင် တကယ်ကို ချက်ချင်းခဲသွားမှာ။ ပြန်ပစ်ချိန်တောင်ရှိမှာ မဟုတ်ဘူး။ အားလုံးက သူ့ကို ဝိုင်းပစ်မှာလေ။
ဒါပေမယ့် အန်ဒါဆိုတဲ့အတိုင်းပဲလေ။
အကြံတော့ရှိပြီးသားပေါ့။
ဒီတစ်ခါပြိုင်ဘက်ကတော့ စန်တီပီဒဲတပ်ဖွဲ့ပါ။
သူတို့အားလုံးက အန်ဒါဝင်လာတာနဲ့ ချက်ချင်းကို ကြယ်တုံးတွေနောက်မှာပုန်းပြီး နေရာယူလိုက်ကြတယ်။
သူတို့အားလုံးရဲ့ ပစ်မှတ်က အပေါ်ပိုင်းပဲဆိုတာ အန်ဒါသိတယ်လေ။
အပေါ်ပိုင်းခဲသွားရင် သေနတ်ပြန်ပစ်လို့ မရတော့ဘူးမဟုတ်လား။
အဲ့အချက်ကို ရိပ်မိတဲ့ အန်ဒါက ကျုံ့လျက်အနေအထားလုပ်လိုက်တယ်။
လက်နှစ်ဖက်ကို ပေါင်အောက်ကို သွင်းပြီး ပစ်စတိုကို ကိုင်တယ်။
ခြေထောက်က သူတို့ကို မျက်နှာမူနေတာပေါ့။
ခြေထောက်ကို ကွေးပြီးရှေ့ဆန့်ထားတဲ့အတွက် သူ့အပေါ်ပိုင်းကို ကာကွယ်ပြီးသားဖြစ်နေတယ်။
အဲ့လိုနဲ့ပဲ တစ်ယောက်တည်းဝင်လာတယ်ဆိုပြီး ပေါ့သေးသေးတွက်ကာ ပုန်းနေရာကထွက်ပြီး လာပစ်ကြတဲ့ စစ်သားတွေအကုန်လုံးကို ခဲပစ်နိုင်ခဲ့တယ်။
ဒီလိုပုံစံနဲ့ ပစ်ပြီးသွားလိုက်တာ ဘယ်လိုဘယ်လို ဂိတ်ပေါက်ကို ရောက်သွားလဲတောင် မသိလိုက်ဘူး။
လမ်းတစ်လျှောက်မှာလည်း ဘယ်နှယောက်လောက် ပစ်ခတ်ပြီး ခဲပစ်နိုင်ခဲ့လဲ ဆိုတာကိုလည်း သူမသိဘူး။
သူသိတာက ရို့စဲကို သူသက်သေပြနိုင်ခဲ့ပြီ။
ရတ်တပ်ဖွဲ့ သူ့ကြောင့်အနိုင်ရခဲ့ပြီ။
တိုက်ပွဲပြီးတော့ ရို့စဲကသူ့ကို စကားမပြောဘူး။
ဒီနေ့တော့ သူကွန်ပျူတာမသုံးနိုင်စရာ အကြောင်းမရှိတော့ဘူးလေ။
နှစ်ယောက်တောင်မဟုတ်ဘူး အများကြီးကို ခဲနိုင်ခဲ့တာကိုး။
ရို့စဲက အခန်းထဲမှာ အန်ဒါ့ကို တစ်ယောက်တည်းထားခဲ့ပြီး ထွက်သွားတယ်။
ဂိမ်းတွေက ပုံစံတွေစပြောင်းစပြုလာတယ်။
တိုက်ပွဲတွေများလာတယ်။
အစပိုင်းကတော့ အန်ဒါ့အတွက် ခက်ခဲတယ်။
တွန်းအနေနဲ့ ပါဝင်နေရပြီကိုး။
စိတ်တွေပဲ လှုပ်ရှားလို့လားမသိဘူး အမှားတွေ လုပ်မိတယ်။အဲ့ဒါကြောင့် အဆင့်တွေကျကုန်တယ်။
ပထမကနေ ဒုတိယကိုကျသွားတယ်။ နောက်တော့
စတုတ္ထအထိ။
ဒါပေမယ့် မကြာပါဘူး။
တွန်းအဖြစ် နေသားကျလာတယ်။ သက်တောင့်သက်သာ ဖြစ်လာတယ်။
ပြီးတော့ အဆင့်တွေ ပြန်တက်လာတယ်။ပထမအထိပေါ့။
.................................................................
လေ့ကျင့်ရေးပြီးသွားပြီဖြစ်တဲ့ ညနေခင်းတစ်ခုမှာ
အန်ဒါမပြန်သေးပဲ Battle roomထဲမှာနေခဲ့တယ်။
ဒင့်ကအမြဲတမ်း ထမင်းစားနောက်ကျတယ်လေ။
အန်ဒါထင်မိတာက လေ့ကျင့်ဖို့အတွက် နေခဲ့သေးတယ်ပေါ့။
ဒီနေ့ အန်ဒါလည်း သိပ်ဗိုက်မဆာသေးဘူး။
အဲ့ဒါကြောင့် ဒင့်တစ်ယောက် ဘာတွေလုပ်နေတယ်ဆိုတာကို ချောင်းဖို့ နေခဲ့တယ်။
ဒါပေမယ့် ဒင့်က မလေ့ကျင့်ဘူး။
တံခါးနားမှာ ရပ်ပြီး အန်ဒါ့ကိုကြည့်နေတယ်။
အန်ဒါကလည်း ဒင့်ကို ပြန်ကြည့်နေတယ်။
ဘယ်သူမှ စကားမပြောကြဘူး။
ဒင့်ကအန်ဒါ့ကို ထွက်သွားစေချင်နေပြီး အန်ဒါက မသွားဘူးဆိုတဲ့ သဘောကို ဖော်ဆောင်နေတာ သိပ်သိသာပါတယ်။
ဒင့်ကနောက်လှည့်လိုက်တယ်။
သူ့ဝတ်စုံကို ချွတ်လိုက်ပြီး ကြမ်းပြင်ပေါ်မှာ အသာအယာ ချလိုက်တယ်။
အခန်းရဲ့ အလယ်ကို ဖြေးဖြေးလေး သွားတယ်။
သူ့ရဲ့ ခန္ဓာကိုယ်ကို ဖြေလျော့နေတဲ့ ပုံစံပဲ။
လက်မောင်းတွေကို အသာအယာ ဆန့်တန်းတယ်...လက်တွေရဲ့ လှုပ်ရှားပုံဟာ လေထဲက စွမ်းအားတွေကို စုပ်ယူနေပြီး ပြန်လည်အားဖြည့်နေပုံပဲ။
ပင်ပန်းနွမ်းနယ်မှုတွေကို ပြန်လည်ကုစားနေဟန်ပဲ။
တရားမှတ်နေသလိုလည်း ထင်ရတယ်။
ဆယ်မိနစ်လောက် လုပ်ပြီးချိန်မှာတော့ သူ့ရဲ့ဝတ်စုံကို ချထားခဲ့တဲ့ နေရာဆီသို့ ပြန်သွားပါတယ်။
ဝတ်စုံကို ပြန်ဝတ်နေရင်း...
"လာလေအန်ဒါ" ဟုဆိုကာ သူတို့ရဲ့ အိပ်ဆောင်ဆီသို့ ဦးတည်ပြီး ထွက်သွားပါတယ်။
အခန်းထဲလည်းရောက်ရော ပုံမှန်ဝတ်စုံကို လဲဝတ်လိုက်တယ်။ အခန်းထဲမှာ ဘယ်သူမှ မရှိဘူး။ အားလုံးက ထမင်းစားခန်းထဲ ရောက်နေတယ်။ အန်ဒါနဲ့ သူနဲ့ နှစ်ယောက်တည်းပေါ့...
အန်ဒါလည်း ဒင့်ရဲ့သေတ္တာနားကိုလာပြီး ဒင့်ပြန်ထွက်သွားမယ့်အထိ စောင့်နေတယ်။
"မင်းဘာလို့ စောင့်နေခဲ့တာလဲ" ဒင့်ကမေးလိုက်တယ်။
(စောနက သူ့ကိုစောင့်နေတာကိုပြောတာပါ။ အခုမဟုတ်ဘူး)
"ဗိုက်မဆာသေးလို့"
"အခု ငါဘာလို့ ကွန်မန်ဒါမဖြစ်လဲဆိုတဲ့ အကြောင်းကို သိချင်လား"
အန်ဒါလည်း အံ့ဩသွားတယ်။
"တကယ်တော့ သူတို့ငါ့ကို ကမ်းလှမ်းတာ နှစ်ခါရှိပြီ။ ဒါပေမယ့် နှစ်ခါလုံး ငါငြင်းခဲ့တယ်"
"ငြင်းတယ်!"
"ဒုတိယအကြိမ်တုံးက သူတို့ငါ့ရဲ့ လော်ကာဟောင်းရယ် သေတ္တာဟောင်းရယ် စားပွဲရယ်ကို ကွန်မန်ဒါအခန်းကို ရွေ့ပြောင်းပေးခဲ့ကြတယ်။ ကွန်မန်ဒါတွေက တစ်ယောက်တည်း နေရတယ်လေ။ ပြီးတော့ငါ့ကိုယ်ပိုင် တပ်ဖွဲ့ကိုပေးတယ်။ ဒါပေမယ့် ငါကအဲ့အခန်းထဲမှာပဲနေပြီး ဘာမှမလုပ်ခဲ့ဘူး။ ပြောရရင် ဆန္ဒပြသလိုပေါ့ကွာ။ နောက်တော့သူတို့တွေငါ့ကို တစ်ယောက်ယောက်ရဲ့တပ်ဖွဲ့ ထဲ ပြန်ထည့်ပေးလိုက်ရတယ်"
"ဘာလို့လဲ?"
"ဘာလို့လဲဆိုတော့ သူတို့လုပ်ချင်သလို လုပ်ခွင့်မပေးနိုင်ဘူး။ ငါဒီနှစ်တွေအတွင်းမှာ သိခဲ့ရတာတွေ အများကြီးပဲ။ မင်းကငယ်သေးတော့ သိသေးမယ်မထင်ဘူး။ ငါတို့ရဲ့ ရန်သူဆိုတာတွေက တကယ်တော့ရန်သူမဟုတ်ဘူး။ တကယ့်ရန်သူတွေက ဆရာတွေပဲ။ သူတို့က ငါတို့အချင်းချင်း တိုက်ခိုက်ခိုင်းတယ် မုန်းခိုင်းတယ် မုန်းအောင်လုပ်ကြတယ်။ ဂိမ်းတွေကို နိုင်အောင်လုပ်နေရတာကလည်း ဘာမှမဟုတ်ဘူး။ သူ့ရဲ့ရလဒ်က ငါတို့အချင်းချင်းမုန်းတီးလာမယ် အမြဲအနိုင်ယူဖို့ စဉ်းစားနေမယ် သတ်ချင်နေမယ်။ အချိန်တိုင်းမှာလည်း ငါတို့ကို စောင့်ကြည့်နေကြတယ်၊ လေ့လာနေကြတယ်၊ ငါတို့ရဲ့ အားနည်းချက်တွေကို ရှာနေကြတယ်၊ ငါတို့ကသူတို့ လိုနေတဲ့လူ ဟုတ်လားမဟုတ်လား ဆုံးဖြတ်နေကြတယ်။ ဒါပေမယ့် ဘာအတွက်လဲ? ငါအသက်ခြောက်နှစ်ကတည်းက ဒီကိုခေါ်လာခြင်းခံခဲ့ရတယ်။ ငါဘာကို သိခဲ့ရတယ်ထင်လဲ။ ငါကသူတို့ရဲ့ ပရိုဂရမ်အတွက် သင့်တော်တဲ့လူတဲ့။ ဒါပေမယ့် အဲ့ပရိုဂရမ်ကငါ့အတွက် သင့်တော်ရဲ့လားဆိုတာကို ဘယ်သူမှ မမေးခဲ့ကြဘူး။"
"မင်းဘာလို့ အိမ်မပြန်တာလဲ"
ဒင့်က မချိပြုံး ပြုံးလိုက်ပြီး သူ့ရဲ့ Flash suitလေးကို ကိုင်ကာ
"ငါမှဂိမ်းတွေကို မစွန့်လွှတ်နိုင်တာ။ ငါသဘောကျတယ်"
"အဲ့ဒါဆိုလည်း ဘာလို့ကွန်မန်ဒါ မလုပ်တာလဲ"
ဒင့်ကခေါင်းကို ခါရမ်းလိုက်တယ်။
"ဘယ်တော့မှမလုပ်ဘူး။ ရို့စဲကို ကြည့်လေ။ သူကရူးနေတာ။ သူ့အိပ်ခန်းမှာ အိပ်ရမယ့်အစား ဘာလို့ငါတို့နဲ့ လာအိပ်နေတာလဲ? ဘာလို့လဲသိလား? သူကအမှောင်ကြောက်တတ်တယ်။ တစ်ယောက်တည်း ဖြစ်မှာကို ကြောက်တယ်။ သူတို့က ရို့စဲကို ကွန်မန်ဒါအဖြစ် ပေးခဲ့ကြတယ်။ ဒါပေမယ့် ရို့စဲကိုယ်တိုင်တောင် သူဘာတွေလုပ်နေမှန်း သူမသိဘူး။ သူသိတာက သူဂိမ်းတွေ တိုက်ပွဲတွေကို နိုင်ရမယ်။ ဒါပေမယ့် ဘာလို့နိုင်နေရမယ်မှန်း သူမသိဘူး။လူတိုင်းက ဘာလို့နိုင်နေ ရှုံးနေလဲ သူမသိဘူး။ သူမှမဟုတ်ဘူး။ ဒီမှာရှိတဲ့ ဘယ်သူမှမသိဘူး။"
"အဲ့ဒါက သူရူးနေပါတယ်လို့ မဆိုလိုဘူးလေ"
"မင်းလည်း ဒီကိုရောက်တာ တစ်နှစ်ရှိတော့မယ်။ ဒီကလူတွေအကုန်လုံးက ပုံမှန်ဖြစ်တယ်လို့ မင်းထင်လား? မဖြစ်ဘူး။ ငါတို့လည်း မဖြစ်ဘူး။ ငါဒါတွေကို စာကြည့်တိုက်မှာ ရှာကြည့်ခဲ့တယ်။ ငါတို့က ကလေးတွေမဟုတ်ဘူး။ကလေးဆိုတာ ဒီလိုတွေ မဟုတ်ဘူး။ ကလေးဆိုတာ တစ်ခါတစ်လေ ကျရှုံးနိုင်တယ် ဒါပေမယ့် ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး။ ကလေးတွေ ဖြစ်လို့လေ။ ကလေးတွေက စစ်ထဲမှာမရှိဘူး။ ကွန်မန်ဒါတွေမဟုတ်ဘူး။ တစ်ခြားကလေးတွေအပေါ် ပြန်ပြီးစည်းမျဉ်းတွေ မထုတ်ဘူး။ ပြန်ပြီးလည်း မအုပ်ချုပ်ဘူး။"
အန်ဒါလည်း ကမ္ဘာမှာရှိနေတုံးက ကလေးတွေ ဘယ်လိုပုံစံလည်းဆိုတာကို ကြိုးစားပြီး ပြန်တွေးနေမိတယ်။
သူ့မြို့မှာရှိတဲ့ ကလေးတွေပုံစံ...သူ့ကျောင်းက...သူါအတန်းထဲက....
"ငါ့မှာအစ်ကိုတစ်ယောက်ရှိတယ်။ သူစိတ်ဝင်စားတာက ကောင်မလေးတွေပဲ။ တစ်ချိန်လုံး ဘယ်ကောင်မလေးကို ဘယ်လိုလိုက်ရမလဲပဲ စဉ်းစားနေတာ။ ပြီးတော့ သူသိပ်ပျံသန်းချင်တယ်။ တစ်ခြားကလေးတွေနဲ့ ဘောလုံးကန်တယ်။ ပျော်ဖို့ကောင်းတဲ့ဂိမ်းတွေဆော့တယ်။ အဲ့အချိန်မှာ ငါကတော့ မော်နီတာတပ်ခံထားရတယ်"
အန်ဒါလည်း သူ့အစ်ကိုရင်းကို ပြန်သတိရသွားတယ်။
ဒါပေမယ့် အဲ့လိုအမှတ်ရစရာတွေကိုတော့ ပြန်မတွေးနိုင်ခဲ့ဘူး။
ဒင့်လည်း အန်ဒါ့ရဲ့မျက်နှာထားကို နားမလည်ဘူး။
"ဟေး! ဒီမှာဘယ်သူမှအိမ်အကြောင်း မပြောကြဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် အဲ့ဒါက ငါတို့လာခဲ့တဲ့နေရာလေ...ငါတို့မွေးဖွားရာနေရာ။ ဒီကျောင်းကငါတို့ကို ဖန်တီးတာမဟုတ်ဘူး။ ငါတို့ရဲ့ ကမ္ဘာမြေက ဖန်တီးလိုက်တာ။ ဒီကျောင်းကငါတို့ကို ဖျက်ဆီးနေတာ။ ငါတို့အားလုံး အိမ်နဲ့ပတ်သတ်ပြီး အမှတ်ရကြတယ်။ လွမ်းကြတယ်။ သို့ပေမယ့် လူတိုင်းက လိမ်တယ်...ဂရုမစိုက်တဲ့ပုံစံ ဟန်ဆောင်နေကြတယ်။ ဒီမှာ အန်ဒါ! မင်းကိုဘယ်သူက အိမ်အကြောင်းပြောဖူးလဲ? ဘယ်သူက အိမ်က သိပ်အရေးပါကြောင်းပြောဖူးလဲ?ဘယ်သူမှပဲ!"
"အင်း ဟုတ်တယ်။ ငါတောင် ငါ့အမ ဗယ်လ်အကြောင်း တွေးနေတာ"
"ငါမင်းကို ဝမ်းနည်းအောင်လုပ်တာမဟုတ်ပါဘူး"
"မဟုတ်ပါဘူး။ ရပါတယ်။ ငါလည်းမင်းပြောသလို အခုရက်ပိုင်း သူ့အကြောင်းတောင် သိပ်မတွေးမိဘူး။"
"သိပ်မှန်တာပေါ့။ ပြီးတော့ ငါတို့မငိုကြဘူးလေ။ ငါတို့အားလုံးက ဟန်ဆောင်နေကြတာ။ အရွယ်ရောက်ပြီးသား လူတွေအဖြစ်ပေါ့။ ကြိုးလည်းကြိုးစားနေကြတယ်။ ငါတို့အဖေတွေလို ရင့်ကျက်အောင်ရောပဲ။ မင်းက အဖေနဲ့ တူတာလား"
"မဟုတ်ဘူး"
"အဲ့ဒါဆို ငါမှားတာပေါ့။ မင်းရဲ့ကွန်မန်ဒါဟောင်း ဘွန်ဇို့ကိုကြည့်။ သူက စပိန်ရဲ့အတော်ဆုံးကလေးဆိုတဲ့ ဘွဲ့ထူးကို ရထားတာ။ အဲ့တော့သူက သူ့မှာအားနည်းချက်ဆိုတာကို မရှိချင်ဘူး။ သူ့ထက်တော်တဲ့လူကိုလည်း မလိုချင်ဘူး။ မင်းရောက်လာတဲ့အခါ မင်းကသူ့ကို အနိုင်ယူနိုင်ခဲ့တယ်လေ။ သူ့ထက်ပိုတော်နေတယ်။ အဲ့ဒါကြောင့် သူမင်းကို အမြင်မကြည်တာပေါ့။ အဲ့ဒါကြောင့် မင်းကိုမုန်းနေတာ။ ရှင်းရှင်းပြောရရင် သူမင်းကို သတ်ချင်တယ်။ သူလည်းပဲ ရူးနေတာ။ အကုန်လုံးပဲ။ အားလုံးက ရူးနေတာ!"
"မင်းကရော...?"
"ငါလည်းရူးရင်ရူးနေနိုင်တာပဲ။ ဒါပေမယ့် ငါ့ရူးပုံကတော့ အာကာသထဲမှာ တစ်ယောက်တည်း မျောနေချင်တဲ့ရူးပုံမျိုးပေါ့..."
အန်ဒါက ရီလိုက်တယ်။
"လာကွာ။ ထမင်းသွားစားရအောင်"
"မင်းက ကွန်မန်ဒါကောင်း ဖြစ်နိုင်ပါတယ်။ မရူးနေတဲ့ ကွန်မန်ဒါပေါ့။ ပြီးတော့ ရူးနေကြတဲ့အကြောင်း သိနေတဲ့ကွန်မန်ဒါပေါ့"
"ငါတော့ သူတို့လုပ်ချင်ရာကို လုပ်ခွင့်ပေးမှာမဟုတ်ဘူး။ မင်းလည်းသိပါတယ်။ အစကတော့ မင်းကိုရဖို့အတွက် ချိုသာနေတာပဲလေ။ အခုကျတော့ တစ်ခြားစီပဲမဟုတ်လား။ အစကတည်းက မင်းကို ချိုချိုသာသာဆက်ဆံဖို့ အစီအစဉ်ကို မရှိခဲ့ကြတာ။ မင်းကိုသူတို့ ဆက်ဆံခဲ့ပုံတွေကိုပဲ ကြည့်လေ"
"အခုထိတော့ စစ်သားအဆင့်ကို မြန်မြန်တိုးပေးတာပဲ သူတို့လုပ်ရသေးတယ်"
"ဒါပေမယ့် လွယ်ကူတဲ့ဘဝတော့ မပေးဘူးမလား?"
အန်ဒါလည်းခေါင်းကိုရမ်းရင်း ရီပြီးတော့
"မင်းမှန်တယ်လို့ ငါထင်တယ်"
"ကျောင်းထုတ်ခံရအောင်တော့မလုပ်နဲ့နော်။ပြစ်ဒဏ်ကို သိတယ်မလား။ ခံသာမခံနိုင်ရင် ကမ္ဘာပေါ်ကို ပြန်ရောက်မှာတောင် မဟုတ်ဘူး"
"မလုပ်ပါဘူး။ ငါဒီကိုလာတာက ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက်ပဲလေ"
"မင်းဒါကိုအခုထိ ယုံနေသေးတယ်ဆိုတာကို ငါမယုံနိုင်သေးဘူး!!"
"ဟင်? ဘာလို့လဲ?"
"Formicsဆိုတဲ့ ဂြိုလ်သားတွေ။ ကမ္ဘာကြီးကို ကယ်တင်ရမယ်ဆိုတာတွေ။ ဒီမှာ အန်ဒါ ငါပြောတာသေချာနားထောင်။ ရန်သူတွေသာ ငါတို့ကမ္ဘာကို ပြန်လာတိုက်မယ်ဆိုရင် ရောက်တောင်နေလောက်ပြီ။ ငါတို့အနိုင်ယူပြီးပြီ။ သူတို့ပြန်လာမှာ မဟုတ်တော့ဘူး"
"ဒါပေမယ့် video တွေက...."
"ဟုတ်ပါတယ်။ အဲ့ဒါတွေက ပြီးခဲ့ပြီးပြီ။ မာဇာရက်ခမ်း အကုန်လုံးကို တိုက်ထုတ်ခဲ့ပြီးပြီ။ အခု အားလုံးက အလိမ်အညာတွေပဲ။ ဘာစစ်ပွဲမှ ထပ်ဖြစ်မှာမဟုတ်ဘူး။ ငါတို့ကိုတမင် လှည့်စားနေတာ"
"ဒါပေမယ့် ဘာလို့လဲ"
"လူတွေက ဒါတွေကို ကြောက်နေသရွေ့ IF က ကမ္ဘာပေါ်မှာ အာဏာတည်မြဲနေနိုင်တယ်လေ။ တကယ့်စစ်ပွဲက ဂြိုလ်သားတွေနဲ့ ဖြစ်မယ်လို့ငါမထင်ဘူး။ ကမ္ဘာပေါ်က စစ်ပွဲပဲ ဖြစ်လိမ့်မယ်။ စစ်ပွဲအားလုံးကို အဆုံးသတ်မယ့် စစ်ပွဲဖြစ်မယ်လို့ပဲ ငါထင်တယ်။ တကယ်လို့သာ အဲ့စစ်ပွဲကြီး ဖြစ်ခဲ့မယ်ဆိုရင် မင်းနဲ့ငါတော့ သူငယ်ချင်းဆက်လုပ်လို့ရမယ် မထင်တော့ဘူး။ ဘာလို့လဲဆိုတော့ မင်းကငါတို့ရဲ့ ချစ်လှစွာသော ဆရာတွေလို အမေရိကန်လူမျိုးလေ။ ငါကမဟုတ်ဘူး"
သူတို့တွေထမင်းစားခန်းထဲကို အတူတူသွားရင်း တစ်ခြားအကြောင်းတွေကို ဆက်ပြောကြကာ ထမင်းစားကြတယ်။
ဒါပေမယ့် အန်ဒါကတော့ စောနက ဒင့်ပြောခဲ့တာတွေကိုပဲ ဆက်တွေးနေမိတယ်။
တကယ်ပဲ Battle School က ကလေးတွေရဲ့စိတ်တွေကို ထိန်းချုပ်နေတာလား။
ဂိမ်းတွေက တကယ်ပဲ တစ်ခြားဘယ်အရာကိုမှ မတွေးမိတော့အောင် စိတ်ကို လွှမ်းမိုးထားတာလား။
နိုင်ငံရေးတွေ၊ ကမ္ဘာ့စစ်ပွဲတွေ၊ ဒါတွေကရော တကယ်လား။
တကယ်လည်း အခုချိန်မှာ ပြင်ပလောကကြီးအကြောင်းကို မတွေးမိတာတော့ အမှန်ပဲ...
ဒါပေမယ့် ဒင့်ပြောတဲ့ထဲက တစ်ခုကိုတော့ သဘောမတူဘူး။ လူဆိုးဂြိုလ်သားတွေ တကယ်ရှိတယ်။ ခြိမ်းခြောက်မှုတွေကလည်း တကယ်ဖြစ်တယ်လို့ သူထင်တယ်။
IF ကအရာအားလုံးကို ထိန်းချုပ်နိုင်တယ်ဆိုတာ ဟုတ်ပေမယ့် videosတွေ netsတွေကိုတော့ အတုလုပ်ထားမှာမဟုတ်လောက်ဘူး။
တကယ်ကြုံတွေ့ခဲ့ရလို့ လူတွေကလည်း ယုံကြည်ပြီး တကယ်ကြောက်လှန့်နေကြတာပေါ့။
အန်ဒါက အမေရိကန်မှာနေတာ။
ဒင့်က နယ်သာလန်ကလေ။ အဲ့တော့ ရုရှားအစိုးရရဲ့ အာဏာသက်ရောက်မှုရှိတယ်။
အဲ့ဒါကြောင့် တစ်ချို့အရာတွေကို ရုရှားအစိုးရက ထိန်းချုပ်ထားတဲ့အတွက်ကြောင့် သူမသိတာနေလိမ့်မယ်။
အမေရိကန်မှာကကျတော့ လိမ်လည်း ကြာကြာခံမှာမဟုတ်ဘူးလေ။
အခုတော့ အဲ့လိုမှ မဟုတ်တာ။
အဲ့ဒါကြောင့် သူကတော့ ယုံကြည်တယ်။
အခုအန်ဒါ နောက်တစ်ချက်ကို သိရှိလာပြီ။
လူတွေပြောသမျှကို နားထောင်ပါ။
အကုန်တော့မယုံပါနဲ့။
သူပိုပြီး စဉ်းစားတတ်လာပြီ....
.................................................................
Ratingအတွက် starsလေးတွေနဲ့ opinionလေးရေးပေးသွားပါဦးနော်❣️
Subscribeလုပ်ထားဖို့လည်း မမေ့ကြပါနဲ့လို့🙄
You can also buy a cup of coffee for me and share my novel on Facebook 🙄❣️
Thank you for your attention 😘
good
replyInteresting
replygood
replyMike dl
replyGood
replyTry hard
reply.
replygood write😉
replyayy Kyk tl
replyမိုက်လာပြီ Good
reply