နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၄၃) သူငယ်ချင်းဟောင်း
ဝမ်လင်းရှေ့မှ ကင်းခြေများကြီးက ပေတစ်ရာခန့် ရှည်လျား၏။ ထို့ကြောင့် သူ့တွင်ရှိသည့် အဆိပ်သည် မခန့်မှန်းနိုင်လောက်သည့်အဆင့်ထိ ရောက်ရှိနေပြီ ဖြစ်သည်။ ငယ်စဉ်က တချို့ကလေးများသည် ကင်းခြေများများကို ဖမ်းပြီး ဆော့ကြသကဲ့သို့ တချို့ကလည်း ဖမ်းပြီး သူတို့၏ကြက်များအတွက် အစာအဖြစ်ကျွေးကြသည်။
တစ်ခါတစ်ရံတွင်လည်း သူတို့သည် ကင်းခြေများကိုက်တာခံရ၏။ သို့သော်လည်း သူတို့အားလုံးက ဒဏ်ရာကို ရေအနည်းငယ်ဖြင့် ဆေးကြောလိုက်ရုံသာ လိုအပ်သည်။ အဆိုးဆုံးဖြစ်လျှင်တောင် အိပ်ယာထဲတွင် ရက်အနည်းငယ်ခန့် လဲလျောင်းနေရုံမျှဖြင့် သက်သာပျောက်ကင်းသွားတတ်ကြ၏။
သူက အဆိပ်အတွက် ကင်းခြေများများကို စုဆောင်းခဲ့သည့်အချိန်တစ်ချိန်တောင် ရှိခဲ့ဖူးသည်။ ကင်းခြေများ၏အဆိပ်ကို ကောင်းကောင်းမွန်မွန် အသုံးပြုလျှင် အအေးဓာတ်ကို ကုသပေးနိုင်သည်ဟု ရွာမှဆေးဆရာက ပြောခဲ့သောကြောင့် ဖြစ်၏။ ထိုအချိန်က သူ့အဖေသည် အလုပ်အတွက် သစ်သားများကို ဝယ်ရန် မတတ်နိုင်ခဲ့ပေ။ ထို့ကြောင့် တောင်ပေါ်တက်၍ ဝမ်လင်း၏အဖေကိုယ်တိုင် သစ်ခုတ်ခဲ့ရသည်။ ထို့ကြောင့်လည်း သူ့အဖေ၏ကိုယ်ထဲသို့ လေအေးများ ဝင်ရောက်သွား၏။ ထိုအဖြစ်က သူ့အဖေ၏ဘဝကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။
ထိုအချိန်တွင် ဆေးဆရာက ကင်းခြေများအဆိပ်ပါဝင်သောဆေးကို ဖော်စပ်ပေးခဲ့၏။
သူ့အဖေ၏ အအေးဒဏ်ရာက သက်သာသွားသော်လည်း အအေးဓာတ်က သူ့အဖေ၏ကိုယ်ထဲတွင် အမြစ်တွယ် ကျန်ရစ်နေခဲ့သည်။ မိုးရွာသည့်အချိန်တိုင်း သူ့အဖေက နာကျင်မှုကို တော်တော်လေး ခံစားရ၏။ ဆေးဆရာပေးခဲ့သောဆေးက နာကျင်မှုကိုလည်း သက်သာစေသောကြောင့် ဝမ်လင်းက ကင်းခြေများအများကြီးကို သူ့အဖေအတွက် ဖမ်းခဲ့ရသည်။
ယခုအချိန်အထိ ထိုအကြောင်းများကို ဝမ်လင်းက မှတ်မိနေဆဲ ဖြစ်၏။
ပေ၁၀၀ခန့်ရှည်လျားသော ကင်းခြေများကို ကြည့်ပြီး ဝမ်လင်းက မေးစေ့ကို ပွတ်လိုက်သည်။ သေးငယ်သော ကင်းခြေများများက သူ့အဖေ၏အအေးဓာတ်ကို သက်သာစေလျှင် သည်ကင်းခြေများ၏အဆိပ်က သူ့အဖေ၏ကိုယ်ထဲတွင် အမြစ်တွယ်နေသော ရောဂါကို တစ်ခါတည်း သက်သာကောင်း သက်သက်စေလိမ့်မည်။
သို့သော်လည်း သူ့ရှေ့မှ ကင်းခြေများက အလွန်ကြီးမားနေသည်။ ဝမ်လင်းကြောက်သည်က အဆိပ်ထုတ်ယူရန် ကြိုးပမ်းနေစဉ် အဆိပ်မရဘဲ သူ့အား ထိခိုက်မိမည်ကို စိုးရိမ်နေခြင်းကြောင့် ဖြစ်၏။
ရုတ်တရက် ဝမ်လင်းက ကင်းခြေများကြီး၏အဆိပ်ကို ရယူနိုင်သည့် နည်းလမ်းတစ်ခုကို သတိရလိုက်သည်။ ထိုနည်းလမ်းက မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းသယ်ဆောင်လာခြင်း ဖြစ်၏။ ကင်းခြေများကြီးကို ကျွေးရန် ဆေးလုံးတစ်လုံး ပြုလုပ်ရန် ဖြစ်သည်။ ထိုဆေးလုံးကို ကင်းခြေများကြီး စားလိုက်သည်နှင့် အဆိပ်များကို ထွေးထုတ်ပစ်လိမ့်မည်။
ထိုအကြောင်းကို တွေးပြီးနောက် ကင်းခြေများကြီးကို ကြည့်လိုက်ပြီး ဆေးဝါးအဆောင်ဆီသို့ ဦးတည်၍ လမ်းလျှောက်သွား၏။ ဆေးဝါးအဆောင်သည် ဂိုဏ်းထဲတွင် ပစ္စည်းအများဆုံး ရှိသည့်နေရာ ဖြစ်သည်။ သူက ဝမ်ဟိုကို မမြင်ရသည်မှာ လေးနှစ်ကျော်နေလေပြီ။ သူ့ကိုလည်း ဘယ်လိုအခြေအနေရှိလဲဆိုသည်ကို ကြည့်သွားရပေမည်။
ဝမ်လင်း ဆေးဝါးအဆောင်သို့ ရောက်ချိန်တွင် မှောင်နေလေပြီ။ ဝမ်ဟိုကို တံခါးဘေးတွင် ဂရုတစိုက်ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ဝမ်ဟိုက ဝမ်လင်းအား မြင်သောအခါ တိတ်တိတ်နေရန် လက်ဟန်ခြေဟန်ဖြင့် လုပ်ပြပြီး အပြင်ဘက်သို့ ထွက်သွားရန် အချက်ပြလိုက်၏။
ဝမ်လင်း မှင်သက်သွားပြီး နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်လိုက်ရာ အကြီးအကဲ ၃ယောက်က ဆေးမီးဖိုကို အလွန်အရေးကြီးသည့်အမူအရာဖြင့် စူးစိုက်ကြည့်နေကြသည်ကို တွေလိုက်ရသည်။
ခဏလောက် လျှောက်ပြီးနောက် ဝမ်လင်းသည် သူ့နောက်က တိတ်ဆိတ်စွာ လိုက်လာသည်ကို တွေ့လိုက်ရ၏။ သူက ဝမ်လင်းကို ဆွဲခေါ်ပြီး ပြေးထွက်သွားလိုက်သည်။ တော်တော်ဝေးဝေးကို ပြေးပြီးနောက် သူက စိတ်ပေါ့ပါးသွားဟန်ဖြင့် လေကို မှုတ်ထုတ်လိုက်၏။
ဝမ်ဟိုက ဆေးဝါးဆောင်ကို သတိနှင့် ကြည့်ပြီး လျင်မြန်စွာ မေးလိုက်သည်။ သူ့အကြည့်တွင် မျှော်လင့်ချက် အရောင်များ လက်နေ၏… “ဝမ်လင်း… ငါ ကြားတာ လွန့်ခဲ့တဲ့၄နှစ်က မင်း လေ့ကျင့်ခန်းထဲ ပါသွားတယ်ဆို… အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ… “
“တတိယအလွှာ… ဒါက… “ ဝမ်လင်းက ဝမ်ဟိုကို နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ ဝမ်ဟိုလည်း ပထမအလွှာသို့ ရောက်ပြီးနေသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက အလွန်ထူးဆန်းနေသည်။ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက ကောင်းကောင်းမွန်မွန် လှည့်ပတ်မနေဘဲ ထူးဆန်းသည့်လမ်းကြောင်းဖြင့် လှည့်ပတ်နေ၏။
ဝမ်ဟို၏ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်သွားတိုင်း စွမ်းအင်များသည် ဝမ်ဟို၏ခန္ဓာကိုယ်အစိတ်အပိုင်းများမှ အသက်အဆီအနှစ်များကို စုပ်ယူသွား၏။
မကြာမီတွင် ဝမ်ဟို၏အသက်အဆီအနှစ်များ ကုန်ဆုံးသွားပြီး သေဆုံးသွားမည်ကို ဝမ်လင်း စိုးရိမ်မိသည်။
ဝမ်ဟိုက ခါးသက်သက် ပြုံးပြီး ပြောလိုက်၏… “မင်းကို ဒါကို မြင်တယ်ပေါ့… “
ဝမ်လင်းက ခေါင်းညိတ်ပြီး ပြောသည်… “ဝမ်ဟို ငါ့ကို ပြောပြစမ်းပါ… ဒါဘာလဲ… “
ဝမ်ဟိုက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အံကြိတ်ကာ ပြောလိုက်၏… “ငါတို့တွေ လဲလှယ်ပွဲကနေ ပြန်လာပြီးတဲ့နောက်မှာ အခြေခံတည်ဆောက်ရေးဆေးလုံးကို ရအောင် မစွမ်းဆောင်နိုင်ခဲ့လို့ ငါ အမြဲ နောင်တရနေခဲ့တယ်… နောက်ပိုင်းမှာ ဆရာလုယွင်ကျဲက ငါ့ကို အခြေခံတည်ဆောက်ရေးဆေးလုံးတစ်လုံး ပေးခဲ့တယ်… သူ့ရဲ့ ဆေးဝါးအကူအဖြစ်နဲ့ ပြန်ပြီး ပေးဆပ်ရမယ်တဲ့… အဲ့ဒီအချိန်မှာ ငါလည်း အရမ်းကို အံ့ဩနေတာ… သူက ငါ့ကို ကျင့်စဉ်တစ်ခုထပ်ပေးပြီး ပြောတယ်… ဒီကျင့်စဉ်က ဂိုဏ်းကပေးတဲ့ ကျင့်စဉ်ထက် ကောင်းတယ်တဲ့… ငါကလည်း အဲ့ကျင့်စဉ်နဲ့ ပက်သတ်ပြီး အများကြီး မတွေးခဲ့ဘူး… ဒါနဲ့ပဲ အဲ့ကျင့်စဉ်ကို ကျင့်ခဲ့တယ်… “
ဝမ်လင်းက သက်ပြင်းရှည်ကြီးချပြီး မေးလိုက်သည်… “ဘယ်ကျင့်စဉ်လဲ… ငါ့ကို ပြစမ်းပါဦး… “
ဝမ်ဟိုက စာအုပ်လေးတစ်အုပ်ကို ထုတ်ယူကာ ဝမ်လင်းကို ပေးလိုက်ပြီး ပြောလိုက်၏… “ငါ ဒါကို ၂နှစ်လောက် လေ့ကျင့်ပြီးသွားတဲ့အချိန်မှာ ငါ့ကိုယ်က တဖြည်းဖြည်း အားနည်းလာတယ်… ငါ့ကိုယ်ထဲမှာ စွမ်းအင်တွေကို စုစည်းနိုင်ပေမယ့်လည်း အသုံးပြုလို့ မရဘူး… နောက်ပိုင်းမှာ တပည့်တစ်ယောက်ကို လာဘ်ထိုးပြီး ဒီစာအုပ်ကို ကြည့်ပေးခိုင်းတော့ ဆရာပေးလိုက်တဲ့ ကျင့်စဉ်နည်းလမ်းက မီးပြင်းဖိုစမ်းသပ်ခြင်းလို့ခေါ်တယ်… “
ဝမ်လင်းက စာအုပ်ကို လှန်ပြီး ဖတ်ကြည့်လိုက်သည်။ သူ ပိုပြီး ဖတ်လေ ပိုပြီး အံ့ဩလာလေ ဖြစ်၏။ သည်စာအုပ်က ဝမ်လင်းထံတွင် ရှိသည့် ကီစုစည်းခြင်း၏အလွှာ၃လွှာစာအုပ်နှင့် လုံးဝကို မတူညီချေ။ စိတ်စွမ်းအင်ကို သုံးပြီး ခန္ဓာကိုယ်ကို သန့်စင်ရမည့်အစား လှည့်ပတ်နေသောအခွေတစ်ခုအဖြစ်သို့ စိတ်စွမ်းအင်ကို စုဆောင်းရမည်ဖြစ်သည်။ ထိုအခွေက ကြီးမားကျယ်ပြန့်လာသည့်အခါ ခန္ဓာကိုယ်ကို အပြင်ဘက်မှ သန့်စင်ရန်အတွက် ကောင်းကင်နှင့်မြေကြီးမှ စိတ်စွမ်းအင်များကို စုပ်ယူနိုင်သည်။ ထိုအချက်က ကီစုစည်းခြင်းအဆင့်နှင့် တချို့တလေ ဆင်တူ၏။
ရှင်းအောင်ပြောရလျှင် ကီစုစည်းခြင်းက ခန္ဓာကိုယ်ကို အတွင်းဘက်မှ တဖြည်းဖြည်းသန့်စင်ပေးခြင်း ဖြစ်သည်။
တစ်ယောက်ယောက်က ကံကောင်းလျှင် ခန္ဓာကိုယ်ကို မပျက်စီးခင် လှည့်ပတ်နေသောအခွေက ခန္ဓာကိုယ်အပြင်ဘက်တွင် ဆက်လက်ကျယ်ပြန့်လာပြီး ကံမကောင်းလျှင် အခွေက ခန္ဓာကိုယ်အပြင်ဘက်တွင် ကျယ်ပြန့်မလာခင် ခန္ဓာကိုယ်က ဖျက်ဆီးခံရပေလိမ့်မည်။
ဝမ်ဟိုက အံကြိတ်ပြီး ပြောလိုက်သည်… “ဂိုဏ်းရဲ့ မော်ကွန်းတိုက်တွေထဲမှာ မီးပြင်းဖိုစမ်းသပ်ခြင်းကျင့်စဉ်ကို ကူးထားတဲ မိတ္တူတွေ ရှိတယ်… ဒီကျင့်စဉ်က ပျက်စီးပျောက်ကွယ်သွားပြီးဖြစ်တဲ့ လုနိုင်ငံကနေ ရခဲ့တာပဲ… ဒီကျင့်စဉ်ကို ကျင့်တဲ့၁၀ယောက်မှာ ၂ယောက်လောက်ကပဲ အသက်ရှင်လိမ့်မယ်… ဒါကလည်း ကံပေါ် မူတည်တယ်… “
ဝမ်လင်းက အရေးကြီးသည့်မေးခွန်းကို မေးလိုက်၏… “ဒီလိုလုပ်တော့ လုယွင်ကျဲက ဘာရမှာလဲ… “
ဝမ်ဟို၏မျက်လုံးများက အေးစက်သွားပြီး ထိတ်လန့်စဖွယ် ပြောလိုက်သည်… “သူက ငါ့ကို ဆေးမီးဖိုလိုမျိုး အသုံးပြုချင်နေတာ… မော်ကွန်းတိုက်က တပည့်က ငါ့ကို ဒီအကြောင်းကိုလည်း ပြောပြခဲ့တယ်… ဒီကျင့်စဉ်ကို ကျင့်တဲ့သူတစ်ယောက် သေသွားတဲ့အချိန်အခိုက်အတန့်မှာ တိကျသေချာတဲ့နည်းလမ်းတစ်ခုကို အသုံးပြုမယ်ဆိုရင် လူရဲ့သက်တမ်းကို ၃နှစ်တိုးစေတဲ့ဆေးကို ပြုလုပ်နိုင်လိမ့်မယ်တဲ့… “
ဝမ်လင်းက ပင့်သက်ရှိုက်လိုက်ပြီး အကြီးအကဲလုယွင်ကျဲသည် အလွန်ရက်စက်ကြောင်း တွေးနေသည်။
ဝမ်ဟိုက နာကြည်းမုန်းတီးနေသည့်အမူအရာနှင့် ဖြစ်၏။ သူက ကြမ်းတမ်းစွာ ပြောလိုက်သည်… “ဂိုဏ်းခေါင်းဆောင်နဲ့ တခြားအကြီးအကဲတွေကို မပြောပြရဲ့ခဲ့ဘူး… ငါက လုယွင်ကျဲရဲ့ ဆေးအကူတစ်ယောက်ပဲလေ… ဂိုဏ်းရဲ့ စည်းမျဉ်းတွေအောက်မှာ ငါ့အသက်ဆိုတာ ဘာမှမဟုတ်ဘူး… ဒီလိုဖြစ်မယ်မှန်း ကြိုသိခဲ့ရင် သူ့ရဲ့ ဆေးအကူအဖြစ် လက်ခံခဲ့မှာ မဟုတ်ဘူး… အခုမှတော့ ဒါတွေက နောက်ကျလွန်းခဲ့ပြီ… ငါက ဒီလျှို့ဝှက်ချက်ကို သိတာကို လုယွင်ကျဲ သိသွားခဲ့တော့ ငါ့မိဘတွေနဲ့ ငါ့ကို ခြမ်းခြောက်ခဲ့တယ်… အခုတော့ ငါ့ဘဝကို ငါ မပိုင်တော့ဘူး… နေ့တိုင်း ကီစုစည်းခြင်းဆေးတွေကို အသုံးပြုနေရတယ်… ငါ့ကိုယ်ထဲက အခွေကလည်း တစ်ရက်ထက်တစ်ရက် ကြီးလာခဲ့တယ်… ငါ့တွက်ကြည့်ရသလောက်ဆိုရင် ငါ အသက်ရှင်ဖို့ တစ်နှစ်လောက်ပဲ ကျန်တော့တယ်… “
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၄၄) လီရှန်
ဝမ်လင်းက အချိန်အနည်းငယ်ကြာအောင် တွေးပြီး ပြောလိုက်သည်… “မင်း ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ… ငါ့ဆီက လိုတဲ့ အကူအညီများ လိုသေးလား… “
ဝမ်ဟိုက သက်ပြင်းချကာ ပြောလိုက်သည်… “မင်းကအခုမှ အလွှာ၃ပဲ ရောက်သေးတာ… လုယွင်ကျဲက အလွှာ၆ကို ရောက်ပြီးနေပြီ… ဒါ့ကြောင့် မင်း ကူညီနိုင်မှာ မဟုတ်ဘူး… ပြီးတော့ သူလုပ်ပေးတဲ့ဆေးလုံးတွေကြောင့် အကြီးအကဲတွေကလည်း သူ့ကို အရမ်း အရေးပေးကြတယ်… ငါ့ကိုယ်ငါ အရှုံးပေးလိုက်ပြီးပြီး… ဝမ်လင်း ဟုန်ယွီဂိုဏ်းမှာ ရှိနေတဲ့ကာလအတွင်း မင်းက ငါ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလည်း ဖြစ်တယ်… အစ်ကိုကြီး ဆိုလည်း ဟုတ်တယ်… မင်း အနာဂါတ်မှာ သန်မာလာခဲ့ရင် ငါ့အတွက် လက်စားချေပေးပါ… “
စကားဆုံးသွားသည့်အချိန်တွင် ဝမ်ဟိုက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။
ဝမ်လင်းက ဝမ်ဟိုကို စူးစိုက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
ဝမ်ဟိုက ခါးသက်စွာ ပြုံးသက်စွာ ပြုံးပြီး ပြော၏… “အစ်ကိုထေ့ကျူး… တစ်စုံတစ်ခုအတွက် ငါ့အကူအညီ လိုနေလို့လား… ငါ အသက်ရှင်နေသမျှ ငါတတ်နိုင်သမျှ လုပ်ပေးမှာပါ… မင်း ကီစုစည်းခြင်းဆေးလုံးတွေ လိုတာလား… ငါ့မှာ အများကြီး ရှိတယ်… “
ဝမ်လင်းသည် ဝမ်ဟိုအား ကြည့်လိုက်သည်။ သူလိုသည့်ပစ္စည်းများအတွက် ဝမ်ဟိုကို မေးရန် လက်လျော့လိုက်၏။ သူက ဝမ်ဟိုကို ကူညီပေးချင်သော်လည်း ရန်သူက အလွှာ၆အဆင့်တစ်ယောက် ဖြစ်နေသည်။ ဝမ်လင်းက သူ့ကို ကူညီပေးနိုင်ရန် ယုံကြည်မှု မရှိချေ။
သူ့နတ်ဘုရားစိတ်အာရုံက တခြားသူများနှင့် ကွဲပြားပြီး ဆွဲငင်အားပညာရပ်ကို နှစ်၂၀ကျော် လေ့ကျင့်ခဲ့သော်လည်း မည်သူနှင့်မှ မတိုက်ခိုက်ဖူးသည့်အတွက် သူ မည်မျှ သန်မာသည်ကို မသိချေ။
ဝမ်လင်းငြိမ်သက်သွားသည်ကို ဝမ်ဟို မြင်တွေ့နေရသည်။ သူက အဝတ်အစားများကို ပုတ်ပြီး ပြောလိုက်၏… “အစ်ကိုထေ့ကျူး… မင်းက ငါ့ထက် ပင်ကိုယ်စွမ်းရည်ပိုရှိတယ်… ငါတို့တွေ ဝင်ခွင့်စမ်းသပ်မှု ဖြေတဲ့အချိန်ကို ပြန်စဉ်းစားကြည့်လိုက်ရင် အိမ်မက်တစ်ခုလိုပဲ… အချိန်တွေက ကုန်တာ မြန်လိုက်တာ… “ ပြောပြီးသည်နှင့် ဝမ်ဟိုက စိတ်ဓာတ်ကျနေသော အမူအရာနှင့် ထွက်ခွာသွား၏။ သူက တဖြည်းဖြည်း ဝမ်လင်း၏မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။
“ကျင့်ကြံခြင်းလောကမှာ သန်မာတဲ့သူက အားနည်းသူကို စားမှာပဲ… “ ကောင်းကင်ကို ကြည့်ရင်း ဝမ်လင်းက သူ့နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း တွေးတောပြီး ကောက်ချက်ချလိုက်၏။
ထိုအခိုက်အတန့်လေးတွင် ဝမ်လင်းက ဉာဏ်အလင်းရခြင်းအခြေအနေသို့ ရောက်ရှိသွားသည်။
ဉာဏ်အလင်းရခြင်းဆိုသည်မှာ ကျင့်ကြံခြင်းနှင့် ပတ်သတ်သည့် အသိအမြင်များ ရုတ်တရက် တိုးလာခြင်း သို့မဟုတ် ကျင့်ကြံခြင်းက ရုတ်တရက် တိုးတက်လာခြင်းကို ဆိုလို၏။ သို့သော်လည်း ဦးနှောက်ထဲသို့ အသိအမြင်၊ဗဟုသုတများ ဝင်ရောက်လာခြင်းနှင့် ပိုပြီး ဆင်တူသည်။ တစ်စုံတစ်ယောက်၏ကျင့်ကြံခြင်း သို့မဟုတ် ဝိညာဉ်ကို တိုးတက်လာစေခြင်းမျိုး မဟုတ်ဘဲ ကောင်းကင်နှင့်မြေကြီးအပေါ် အသိအမြင်များ တိုးလာခြင်း ဖြစ်၏။
ကျင့်ကြံခြင်းလောက၏ရက်စက်မှုများကို နားလည်လိုက်ခြင်းက ဝမ်လင်းကို ဉာဏ်အလင်းရသွားစေသည်။ ကျင့်ကြံသူတစ်ယောက်ဖြစ်ရန် ကျင့်ကြံသူတစ်ယောက်၏သဘောထား ရှိနေရမည်။
ဝမ်လင်းက သက်ပြင်းရှည်ကြီးချကာ ရေရွတ်လိုက်သည်… “အားကြီးသူက အားနည်းသူကို နိုင်စားတာ ကျင့်ကြံသူတစ်ယောက်မှာ ရှိရမယ့် သဘောထားလား… “
သူ့ကိုယ်က လှုပ်ရှားသွားပြီး သူရှိနေသည့် နေရာမှ ပျောက်ကွယ်သွား၏။
ဆေးဥယျာဉ်သို့ ပြန်သည့်လမ်းပေါ်တွင် ရှိနေစဉ် ရွှမ်တောက်ဂိုဏ်းမှ တပည့်များ နားခိုသည့်အဆောင်များကို ကြည့်ပြီး ရုတ်တရက် ဝမ်လင်း၏အမူအရာက ပြောင်းလဲသွားကာ တွေးတွေးဆဆဖြင့် အဆောင်များဆီသို့ လျှောက်သွားလိုက်၏။
သူ ဝင်တောင် မဝင်ရသေးခင် အတွင်းမှ ချဲ့ကားပြောနေသောအသံတစ်ခုကို ကြားလိုက်ရသည်။
“ဟုန်ယွီဂိုဏ်းမှ ညီအစ်ကိုတို့… ငါ ပြောပြမယ်… ဒီဓားပျံက ရွှမ်တောက်ဂိုဏ်း၏ ပြိုင်ဘက်ကင်းရတနာတစ်ခုပဲ… ဒီဓားရဲ့နာမည်က မွန်းတည့်ငွေဓားလို့ခေါ်တယ်… ဒီဓားကို ရဖို့ ငါဘယ်လောက် ဒုက္ခရောက်ခဲ့ရတယ်ဆိုတာ ဘေးနားက လူတွေကို မင်းတို့တွေ မေးကြည့်လို့ ရတယ်… မင်းတို့တွေထဲမှာ ဒီဓားကို ဝယ်ချင်တဲ့သူရှိရင် မင်းတို့တွေ ဒီပြိုင်ပွဲအတွင်းမှာ ဓားကို မသုံးပါဘူးလို့ သစ္စာဆိုပေးရမယ်… မဟုတ်ဘူးဆိုရင်တော့ မရောင်းဘူး… “
တစ်ယောက်က သံသယရှိနေဟန်ဖြင့် ချက်ချင်း မေးလိုက်သည်… “ဒီရတနာက မင်းပြောသလောက် အံ့ဩစရာ ကောင်းပါ့မလား… “
“ငါ… လီရှန်… ဘယ်တော့မှ မညာဘူး… မင်းတို့တွေ ငါ့ကို မယုံရင် ဒါကို မေ့လိုက်ပါ… ငါ ဒီဓားကို ဘယ်နေရာမှာမဆို ရောင်းလို့ရတယ်… “
သည်နေရာတွင် တပည့်အများစု စုရုံးနေသည့်အတွက် ထူးခြားမည်ဟု ဝမ်လင်း ခန့်မှန်မိပြီး ဖြစ်သည်။ သူက အနီးသို့ ရောက်သွားသောအခါ ရွှမ်တောက်ဂိုဏ်းမှ အသက်၂၀ခန့်ရှိသောတပည့်တစ်ယောက်က လက်ထဲတွင် အပြာရောင်တောက်နေသောသတ္တုဖြင့် ပြုလုပ်ထားသည့်ဓားတစ်လက် ကိုင်ထားသည်ပြီး တခြားသူအထင်ကြီးအောင် လျှောက်ပြောနေသည်ကို တွေ့လိုက်ရ၏။
ဘေးပတ်ဝန်းကျင်ရှိ ရွှမ်တောက်ဂိုဏ်း၏တပည့်များ၏ မျက်နှာအမူအရာကလည်း ထူးဆန်းနေသည်။ သူတို့ထဲမှ တစ်ယောက်က မနေနိုင်တော့သည့်ဟန်ဖြင့် ချောင်းဟန့်ပြီး ဝင်ပြောလိုက်၏… “ဂိုဏ်းတူညီလေးလီရှန်ပြောတာ အမှန်တွေပဲ… ဒီမွန်းတည့်ငွေဓားက တစ်ကယ်ကို ရွှမ်တောက်ဂိုဏ်းရဲ့ ရတနာတစ်ခုပဲ… ဒါပေမဲ့ ပြောဖို့တစ်ခုကျန်နေတာက ဂိုဏ်းတူညီလေးလုရှန်ကိုင်ထားတဲ့ ဓားက အတုဖြစ်နေတာလေးပဲ… ဒါပေမဲ့လည်း အဲ့ဒီဓားက တချို့အသုံးဝင်တာလေးတွေ ရှိသေးတယ်… “
ဟုန်ယွီဂိုဏ်း၏တပည့်များကြားထဲတွင် စကားသံများ ထွက်လာသည်။ အလွှာ၅သို့ရောက်နေသော တပည့်တစ်ယောက်က ရှေ့ထွက်လာ၏။ ထိုတပည့်ကို ဝမ်လင်း မှတ်မိလိုက်သည်။ ထိုလူက တပည့်ကျိုးဖြစ်သည်။ တပည့်ကျိုးက လုရှန်ဆီသို့ လျှောက်သွားပြီး စကားအနည်းငယ်ပြောကာ လဲလှယ်လိုက်ကြပြီး သူတို့နှစ်ဦးလုံး၏မျက်နှာများတွင် အပြုံးပန်းများ ဝေဆာနေ၏။
ပင်မတပည့်များကြားထဲတွင် သည်ဓားအကြောင်းကို သိသောသူများလည်း ရှိသည်။ ထိုထဲမှ တစ်ယောက်က သရော်ပြီး ပြောလိုက်သည်… “အဲ့ဒီဓားက ရွှေနဲ့အုပ်ထားတဲ့ သာမန်ဓားတစ်ချေားင်းပဲ… ဘယ်လိုလုပ်ပြီး လာရောင်းရဲတာလဲ မသိဘူး… ကြည့်ရတာ ရွှမ်တောက်ဂိုဏ်းက အများကြီးချမ်းသာတာပဲ… “
လီရှန်းကလည်း ချက်ချင်းပြန်ပက်လိုက်သည်… “ညီအစ်ကိုပြောတာ မှားနေပြီ… ဂိုဏ်းတူအစ်ကိုကြီး ပြောသားပဲ ဒါက အတုကြီးပါလို့… ဒါပေမဲ့ မင်းတို့ ဟုန်ယွီဂိုဏ်းက တစ်ယောက်ကပဲ ဒါကို လာဝယ်သွားလေ… ဒီလိုပစ္စည်းမျိုကို ပစ္စည်းအသစ်အဆန်းလို့ သဘောထားပြီး ဝယ်တာ အကောင်းဆုံးပဲ… “
ဓားကို ဝယ်သွားတဲ့ ဟုန်ယွီဂိုဏ်းမှ တပည့်က ရယ်မောပြီး ပြောလိုက်သည်… “ညီအစ်ကိုလီရှန်း… မင်းပြောတာ မှားနေပြီ… ဒီဓားကို ဝယ်တာ စုဆောင်းဖို့ မဟုတ်ဘူး… ငါ့အဖေကို ပေးဖို့ပါ… ငါ့ မိသားစုက ဝက်မွေးတာလေ… ဒီလိုဓားမျိုးက ဝက်သတ်ဖို့အတွက် အကောင်းဆုံးပဲ… “
လီရှန်းက ရှူးရှူးရှားရှား ဖြစ်မသွားဘဲ ပြုံးပြီး ပြောလိုက်၏… “ဘာပဲဖြစ်ဖြစ် မင်း ဝယ်ပြီးသွားပြီး… မင်း ဘာလုပ်လုပ် ငါ ဂရုမစိုက်တော့ဘူး… ပြီးတော့ ငါ့မှာ ရတနာပစ္စည်းကျန်သေးတယ်… အနက်ရောင်ပြိုင်ဘက်ကင်းအပုပ်နံ့မိုးကြိုးဘောလုံးပဲ… ဒါက တစ်ကယ်ကို ရတနာတစ်ပါးပဲ… ငါ မညာဘူး… စမ်းပြလို့ရတယ်… “
လီရှန်းက အနက်ရောင်ဘောလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး နံရံကို ပစ်ပေါက်လိုက်သည်။ ‘ဘုန်း’ ဆိုသော အသံနှင့်အတူ နံရံပေါ်တွင် အက်ကွဲရာများ ပေါ်လာ၏။ အနက်ရောင်ဘောလုံးထိသွားသည့် နံရံပေါ်တွင် အနက်ရောင်အကွက်တစ်ခု ရှိနေပြီး ထိုအကွက်မှ ဆိုးရွားသောအနံ့အသက်တစ်မျိုး ထွက်လာလေသည်။
ဂုဏ်ယူနေသည့်အပြုံးနှင့် လီရှန်းက ပြောလိုက်သည်… “ဘယ်လိုလဲ… အနက်ရောင်ပြိုင်ဘက်ကင်းအပုပ်နံ့မိုးကြိုးဘောလုံး ငါရဲ့ ကိုယ်ပိုင်လျှို့ဝှက်လက်နက်တစ်ခုပဲ… စွမ်းအားက မပြင်းပေမဲ့… တစ်ယောက်ယောက်အပေါ်သာ ကျသွားရင် အဲ့ဒီအညစ်အကြေးတွေက ငါတောင် လျှော်ဖွပ်ဆေးကြောနိုင်မှာ မဟုတ်ဘူး… အထူးသဖြင့် အနံ့ပဲ… အဲ့တာကို သားရဲတွေအများကြီး စုဆောင်းပြီးမှ ရလာတာ… ဒီဟာထိခံလိုက်ရတဲ့သူကတော့ လုံးဝကို မနှစ်မြို့စရာ ဖြစ်သွားမှာပဲ… “
လူတိုင်းက အံ့အားသင်သွားကြပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ အမျိုးသမီးတပည့်အနည်းငယ်က သူတို့နှာခေါင်းကို လက်ဖြင့်ပိတ်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြ၏။ ဝမ်လင်းလည်းပဲ အံ့အားသင့်သွားသည်။ သူက နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်ကြည့်ရာ ရုတ်တရက် သူ့မျက်နှာက ထူးဆန်းသွား၏။
ရွှမ်တောက်ဂိုဏ်းမှ တပည့်အားလုံးက စိတ်ထဲတွင် ကသိကအောက် ဖြစ်နေသည်။ သို့သော်လည်း ရွှမ်တောက်ဂိုဏ်းတွင် လီရှန်းက ထူးထူးဆန်းဆန်းများ လုပ်တတ်ခြင်းကြောင့် လူသိများ၏။ ဂိုဏ်းထဲတွင် မည်သူမျှ လီရှန်နှင့် ရှုပ်ရှုပ်ယှက်ယှက် မလုပ်ရဲကြချေ။ အဘယ်ကြောင့်ဆိုသော် ဤအနံ့ဆိုးဗုံးများဖြင့် ထိမှန်ခံရမည်ကို စိုးရွံ့သောကြောင့် ဖြစ်၏။
ပြိုင်ဘက်ကင်းအနံဆိုးဗုံးများက ရွှမ်တောက်ဂိုဏ်းထဲတွင် ကျော်ကြားသော အစစ်အမှန် ရတနာတစ်ပါးဖြစ်သည်။ ကျော်ကြားမှုက ဂိုဏ်း၏အစစ်အမှန်ရတနားနှင့်ပင် ယှဉ်နိုင်၏။
“မြင်ကြပြီဆိုတော့ ဘယ်လိုလဲ… ဒီတစ်ကြိမ်က ငါ့ရဲ့ လျှို့ဝှက်ဖဲချပ်ကို ထုတ်ပြထားတာနော်… ငါ အရင်က ပြောထားသလိုပဲ … ပြိုင်ပွဲမှာ ထုတ်သုံးခွင့် မရှိဘူး… မဟုတ်ရင် ရောင်းမှာ မဟုတ်ဘူး… “ လီရှန်း၏မျက်နှာက အပြင်ဘက်တွင် လေးလေးနက်နက် ဖြစ်နေသော်လည်း နှလုံးသားထဲတွင်မူ ရယ်မောနေသည်… ‘ဦးနှောက်မရှိတဲ့ ကောင်စုတ်လေးတွေ… ငါက မသုံးနဲ့လို့ ပိုပြီး ပြောမှ မင်းတို့တွေက ပြိုင်ပွဲမှာ ပိုပြီး ထုတ်သုံးကြမှာ… ဟီးဟီးဟီး… ဒီလိုသာဖြစ်လာရင် ဒါက ပြပွဲကောင်းတစ်ခု ဖြစ်လာမှာပဲ… အကြီးအကဲတွေက ငါ့ကို ချီးမွမ်းပြီး မှော်ရတနာအနည်းငယ်တောင် ပေးနိုင်တယ်… “
ထိုအတွေးနှင့်အတူ သူ့မျက်လုံးက မြင့်တက်သွားပြီး အော်ပြောလိုက်သည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၄၅) နိမ့်ကျသောဘဝ
ထိုအတွေးနှင့်အတူ သူ့မျက်လုံးက မြင့်တက်သွားပြီး အော်ပြောလိုက်သည်။
“ဟုန်ယွီဂိုဏ်းက ညီအစ်ကိုတို့ … ဟိုအရင်တုန်းက ပြောခဲ့တဲ့ စကားလေးတစ်ခွန်းရှိတယ်… ‘လူသတ်တယ်ဆိုတာ ခေါင်းလေးတစ်ချက်ညိတ်ရုံပဲ’ တဲ့… ဒါပေမဲ့ လူတိုင်းကို မေးခွန်းလေးတစ်ခုမေးမယ်… လူသတ်တာက အရှက်ခွဲတာလောက် အားရစရာ ကောင်းလို့လား… သူတို့ကို အရှက်ခွဲလိုက်ရင် နှစ်ပေါင်းတစ်သောင်းလောက်အထိ အရိပ်မဲကြီး စွဲထင်နေလိမ့်မယ်… မင်းရဲ့ ပြိုင်ဘက်နဲ့ တိုက်ခိုက်နေတဲ့ အချိန်မှာ မင်းက ဒါကို အသုံးပြုလိုက်ရင် မင်း မနိုင်ခဲ့ရင်တောင်မှ မင်းရဲ့ ပြိုင်ဘက်ထက်တော့ အခြေအနေကောင်းကောင်းနဲ့ ထွက်လာနိုင်သေးတယ်… “
“ဒါမှမဟုတ် ထွက်ပြေးနေရတဲ့အချိန်မှာ မင်းက ဒီလိုအကွက်မျိုး ရှိလို့ကတော့ ဒါက အံ့ဩဖွယ်ရာတွေကို ယူဆောင်လာပေးလိမ့်မယ်… မင်းသာ တစ်ဖက်လူကို ဒီအကွက်သုံးပြီး လူအများကြီးရှိတဲ့နေရာကို ဝင်ပြေးသွားရင် သူက ဘယ်လိုမျက်နှာမျိုးနဲ့ မင်းကို လိုက်ဖမ်းရဲမှာလဲ… “
“မင်းရဲ့အချစ်ပြိုင်ဘက်ကိုလည်း ယှဉ်ပြိုင်တဲ့အခါမှာလည်း ဒီဟာက အဆုံးအဖြတ်ပေးနိုင်တယ်… ဟီးဟီး… မင်းရဲ့ကောင်မလေးကို ခိုးယူရဲတဲ့သူရှိရင် သူတို့အပေါ်ကို ဒါကို သုံးလိုက်ပါ… သူက နောက်ကို ဘယ်တော့မှ အခွင့်အရေးရမှာ မဟုတ်တော့သလို ကောင်မလေးကလည်း ဒီလိုအပုပ်နံ့ကြီးကို ဘယ်တော့မှ လိုချင်မှာ မဟုတ်ဘူး… “
လီရှန်၏ကြော်ငြာက ပင်မတပည့်တော်တော်များများကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ အထူးသဖြင့် အချစ်ပြိုင်ဘက်ကို ဆန့်ကျင်တိုက်ခိုက်သည့်အချိန်မှာ ဖြစ်၏။ ဒါက တစ်ကယ်ကို ပင်မတပည့်တချို့အပေါ် ဩဇာသက်ရောက်သွား၏။
သည်ပစ္စည်းက တစ်ကယ်ကို အချစ်ပြိုင်ဘက်အား ဖယ်ထုတ်ရာတွင် ထိပ်တန်းအဆင့်ပစ္စည်းတစ်ခု ဖြစ်သည်။
လီရှန်၏အကြည့်က အဝေးတွင်ရှိနေသော ဝမ်လင်းထံသို့ ရောက်သွား၏။ ဝမ်လင်းက ဟုန်ယွီဂိုဏ်း၏ အသုံးမကျသည့်တပည့်တစ်ယောက်ဖြစ်သည်ကို သူ သိသည်။ သည်လိုလူမျိုးများက လီရှန်အတွက် အကြီးမားဆုံးဝယ်ယူသူများ ဖြစ်၏။ ရွှမ်တောက်ဂိုဏ်းမှ အမှိုက်ကောင်ကိုလည်း သူ့လက်ချက်ဖြင့် ရှင်းထုတ်ပြီး ဖြစ်သည်။ သူက ဝမ်လင်းကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် ဆက်လိုက်၏။
“ဒီလိုဗုံးမျိုးက အထူးသဖြင့် ကျင့်စဉ်အဆင့်နိမ့်တဲ့ ညီအစ်ကိုတွေအတွက် ပိုပြီး အသုံးဝင်တယ်… ဒီလိုအနံ့ဆိုးဗုံးသာ လက်ထဲရှိနေရင် ဘယ်သူက အနိုင်ကျင့် စော်ကားရဲမှာလဲ… မင်းကို အနိုင်ကျင့်ဗိုလ်ကျရဲတဲ့သူရှိရင် သူတို့ကို ဒါလေးနဲ့ပဲ ပစ်လိုက်… ငါ…လီရှန်း မင်းကို ကတိပေးနိုင်တယ်… မင်းကို စိတ်အနှောင့်အယှက်ပေးရဲတဲ့သူ မရှိဘဲ ဂိုဏ်းထဲမှာ ခေါင်းမော့ရင်ကော့ပြီး လမ်းလျှောက်နိုင်လိမ့်မယ်… “ လီရှန်၏စိတ်ထဲတွင်မူ ဟားတိုက်ရယ်မောနေသည်။ ဘယ်သူမှ မင်းကို အနိုင်မကျင့်ရဲဘူးဆိုသည်မှာ မဖြစ်နိုင်ချေ။ ဒါက အရိုက်ခံဖို့ ဖိတ်ခေါ်နေသည်နှင့်ပင် ပိုပြီး တူ၏။
သူ့စကားက လူအများကြီးအပေါ်ကို လွှမ်းမိုးနိုင်သွားသည်ကို မြင်လိုက်ရသည်။ သူက လျင်မြန်စွာ ဆက်ပြီး ညွှန်းလိုက်၏… “ဒီအနံဆိုးဗုံးက ကျင့်စဉ်အဆင့်နိမ့်တဲ့သူတွေအနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် လက်နက်ကောင်းပဲ… ဒီနေ့မှာ ဒီပစ္စည်းကို ရောင်းပေးနေပြီနော်… နှစ်ခုဝယ်ရင် တစ်ခုအပိုပေးမယ်… ဒါကို ငါ့ရဲ့လက်ဆောင်အဖြစ် မှတ်ယူပေးပါ… ကျင့်ကြံခြင်းလောကမှာ နောင်တစ်ချိန် ပြန်တွေ့ဖြစ်ရင် ငါ့ကို အနည်းငယ်လောက် ကြည့်ရှုစောင့်ရှောက်ပေးဖို့ မမေ့ပါနဲ့… “
သူပြောသမျှ စကားလုံးတိုင်းက ပင်မတပည့်များကို လှုပ်လှုပ်ရှားရှားဖြစ်စေပြီး တစ်ယောက်က မေးလိုက်သည်… “ဒီပစ္စည်းက မင်းပြောသလို တစ်ကယ် အံ့ဩဖို့ ကောင်းတာလား… အနည်းငယ်လောက်ထုတ်ပြပြီး ငါ့ကို တစ်ခုလောက် စမ်းဖို့ ခွင့်ပြုပေးလို့ ရမလား… ဒီပစ္စည်းက တစ်ကယ်ပဲ ကောင်းတယ်ဆို ဆော့ဖို့အတွက် နည်းနည်းပါးပါးလောက် ဝယ်မှာပါ… “
လီရှန်က အနံ့ဆိုးဗုံးဒါဇင်အနည်းငယ်ခန့်ကို သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်ပြီး ပေါက်ကွဲသွားမည်ကို စိုးရွံ့နေဟန်ဖြင့် မြေပြင်ပေါ်သို့ ညင်သာစွာ ချလိုက်ကာ ပြောလိုက်၏… “ဒီပစ္စည်းကို မင်းတို့ရဲ့စိတ်ထဲမှာ ရတနာလိုမျိုး သဘောထားရမယ်… နူးနူးညံ့ညံ့ကိုင်တွယ်အသုံးပြုရမယ်… ဒီပစ္စည်းကို အသုံးပြုတဲ့အချိန် ပစ်လွှတ်လိုက်တဲ့အခါမှာ ဒီပစ္စည်းက ဘယ်လိုအရာကိုမဆို ထိသွားတာနဲ့ ပေါက်ကွဲသွားလိမ်မယ်… “
မေးလိုက်သည့်ပင်မတပည့်က စွန်းဟိုဖြစ်သည်။
စွန်းဟိုက ထွက်လာပြီး အနံ့ဆိုးဗုံးတစ်လုံးကို ကျပန်းကောက်ယူလိုက်၏။ ထို့နောက် သူ့လက်ထဲတွင် ကိုင်ထားကာ စူးစမ်းစစ်ဆေးကြည့်လိုက်သည်။
လီရှန်၏မျက်နှာ အမူအရာက မပြောင်းလဲသွားပေ။ သို့သော်လည်း သူ့နှလုံးသားထဲတွင်မူ လှောင်ပြောင်ရယ်မောနေသည်… ‘ကောင်စုတ်လေး…. မင်းကများ ဒါကို နားလည်မယ်တဲ့လား… ဂိုဏ်းရဲ့အကြီးအကဲတွေက လွဲပြီး မင်းရဲ့စီနီယာအစ်ကိုတွေတောင် ဒီလျှို့ဝှက်ချက်ကို မမြင်နိုင်ဘူး… “
စွန်းဟိုက အနံ့ဆိုးဗုံးကို အချိန်တော်တော်ကြာအောင် ကြည့်ပေမယ့်လည်း ထူးခြားမှုကို ရှာမတွေ့ခဲ့ပေ။ သူက အနံ့ဆိုးဗုံးကို ရှင်းလင်းနေသည့်ဘက်သို့ ပစ်လိုက်၏။ ဗုံးက စက်ဝန်းပြတ်တစ်ခုကဲ့သို့ လေထုကို ဖြတ်သန်းသွားပြီး မြေပြင်ကို ထိသွား၏။ လီရှန်က သူ့စိတ်ထဲတွင် တွေးလိုက်သည်… “ပေါက်ကွဲစမ်း… “
အသံတစ်ခုထွက်လာပြီး အနံ့ဆိုးဗုံးက ပေါက်ကွဲသွား၏။ မြေပြင်တွင် အနက်ရောင်များ စွန်းထင်သွားပြီး ဆိုးရွားသောအနံတစ်ခု ထွက်လာသည်။
ဝမ်လင်း၏မျက်လုံးက အရောင်လက်သွား၏။ သည်နေရာတစ်ခုလုံးကို ဝမ်လင်းက သူ့၏နတ်ဘုရားစိတ်အာရုံ ဖြန့်ကျက်ထားသည်ကို မည်သူမှ မသိချေ။ အနံ့ဆိုးဗုံး ပေါက်ကွဲသွားချိန်တွင် လီရှန်ထံမှ စိတ်စွမ်းအားလှုပ်ရှားမှုကို သတိပြုမိလိုက်သည်။
ပထမအကြိမ်တွင် လီရှန် အနံ့ဗုံးကို ပစ်လိုက်စဉ်အချိန်ကလည်း ထိုသို့ ဖြစ်သွားသည်။ ဝမ်လင်းက ရယ်လိုက်သော်လည်း ဘာမှထောက်မပြဘဲ ဆက်လက်၍သာ ကြည့်နေလိုက်၏။
လီရှန်က ပြုံးပြီး ပြောသည်… “ဘယ်လိုလဲ…ဒီအနံ့ဆိုးဗုံးက တစ်ကယ်ကောင်းတယ်မလား… ဒါပေမယ့် ငါ…လီရှန်က ရိုးသားတဲ့လူတစ်ယောက်မို့… ဒီဗုံးရဲ့ တစ်ခုတည်းသောအားနည်းချက်ကို ပြောပြမယ်… ဒီရတနာက အချိန်တိုင်း မပေါက်ကွဲဘူး… တိကျသေချာတဲ့ ပစ်ခတ်နည်း တစ်ခုလိုတယ်… မင်းတို့ ဒါကို တစ်ကြိမ်လောက် ဝယ်လိုက်တာနဲ့ မင်းတို့ဘာသာ မင်းတို့ နားလည်သွားလိမ့်မယ်… ဒီကိစ္စကြောင့်ဆိုရင် ငါ့ဆီကို မလာပါနဲ့….
စွန်းဟိုက လီရှန်ဆီသို့ လျှောက်လာပြီး လေသံတိုးတိုးဖြင့် တစ်ခုခုပြောလိုက်သည်။ သူတို့က ဘေးဘက်ကို လျှောက်သွားလိုက်ပြီး သူက ပစ္စည်းအနည်းငယ်ကို ထုတ်ပေးလိုက်သည်။
လီရှန်က ခဏလောက် တွေးပြီး အနံ့ဆိုးဗုံး၁၀ခု ထုတ်ပေးလိုက်၏။
လီရှန်က လေသံတိုးတိုးဖြင့် ပြောသည်… “ပုံမှန်ဆို ၆ခုဝယ်ရင် ၃ခု အပိုရမယ်… ဒါပေမဲ့ မင်းက ငါ့ရဲ့ ပထမဆုံးဝယ်ယူသူမို့ တစ်ခုအပိုထပ်ပေးလိုက်တယ်… “
ပထမဆုံးတစ်ယောက်က ဝယ်ယူပြီး စမ်းသပ်သွားသည့်အတွက် ပင်မတပည့်အနည်းငယ်က ထွက်လာပြီး ဝယ်ယူကြ၏။
လီရှန်က တစ်ခါရောင်းပြီးတိုင်း စကားတစ်ခွန်းပြောသည်… “ဒီပစ္စည်းက အချိန်တိုင်း အောင်မြင်မယ်လို့ အာမခံချက် မပေးဘူးနော်… တစ်ခါနဲ့ အလုပ်မလုပ်ရင် နောက်ထပ်အကြိမ်အနည်းငယ် ထပ်ပြီး စမ်းသပ်ပါ… “
ပြောနေသည့်အချိန်တွင် လီရှန်က စိတ်ထဲတွင် သူတို့ကို လှောင်ပြောင်နေသည်… “မင်းတို့ ဘယ်လောက်ပဲ ကြိုးကြိုးစားစား ရှုံးနိမ့်မှာပဲ… တစ်ကြိမ်ပြီးတစ်ကြိမ် ကြိုးစားကြည့်ကြပေါ့… ငါက ဒီမှာ ရက်အနည်းငယ် နေဦးမှာ… ဒါပေမဲ့ မင်းတို့ငါ့ကို သံသယရှိတဲ့ အချိန်ရောက်ရင် ငါက ထွက်သွားပြီးပြီဖြစ်လို့ မင်းတို့ ငါ့ကို တမ်းတနေလိမ့်မယ်… “
သို့သော်လည်း သတိထားသည့်တပည့်အများအပြားရှိပြီး သူတို့က ဘာကိုမှ မဝယ်ချေ။
အချိန်အနည်းငယ်ကြားပြီနောက်တွင် အနံ့ဆိုးဗုံး အနည်းငယ်သာ ကျန်တော့၏။ လီရှန်က ဝင့်ကြွားစွာဖြင့် ဟုန်ယွီဂိုဏ်းမှ တပည့်များအား ကြည့်ပြီး တွေးလိုက်သည်… “ငတုံးအုပ်စုပဲ… ပြိုင်ပွဲမှာသာ မင်းတို့ အသုံးမပြုရင် မင်းတို့အားလုံး ငါလိမ်တာကို ကောင်းကောင်းကြီး ခံလိုက်ရတာပဲ… ဒါပေမယ့် မင်းတို့ အသုံးပြုခဲ့ရင်လည်း ကြည့်ကောင်းတဲ့ ပွဲလေးတစ်ခု ဖြစ်သွားမှာပေါ့… ဒီအနံ့ဆိုးဗုံးတွေအားလုံးက ငါ့ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိတယ်… တခြားသူတွေကတော့ တူသုံးပြီး ထုရိုက်ရင်တောင် ပေါက်မှာ မဟုတ်ဘူး… ပြိုင်ပွဲကို ကြည့်ဖို့ တစ်ကယ်ကို မစောင့်နိုင်တော့ဘူး… “
သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဝမ်လင်း၏ပြုံးယောင်သန်းနေသော မျက်နှာကို သတိပြုမိသွားကာ လီရှန် မှင်သက်သွား၏။ သူက ဝမ်လင်းကို ကြည့်ပြီး ပြောလိုက်သည်… “ညီအစ်ကိုရော နည်းနည်းလောက် မဝယ်ဘူးလား… မင်းရဲ့ ကျင့်စဉ်အဆင့်နဲ့ဆို ဒါက မင်းအတွက် အသင့်တော်ဆုံးပဲ… မင်းကို တစ်ယောက်ယောက်က အနိုင်ကျင့်လာခဲ့ရင် ဒီပစ္စည်းလေးနဲ့ သူတို့ကို ပစ်လိုက်ရုံပဲ… “
ဝမ်လင်းက လီရှန်ကို ကြည့်လိုက်ပြီး သရော်သည့်အမူအရာက သူ့မျက်နှာတွင်ပေါ်လာသည်။
လီရှန် အံ့အားသင့်နေ၏။ သည်အကြည့်က ဝမ်လင်းသည် သူ့လျှို့ဝှက်ချက်အား သိနေသည်ဟု သူ့ကို ခံစားရစေသည်။ သူက ဝမ်လင်းကို သေချာကြည့်လိုက်ရာ ဝမ်လင်းက ယခုမှ တတိယအလွှာ၌သာ ရှိသေး၏။ တတိယအလွှာ၌သာ ရှိသေးသည့် အသုံးမကျသည့်ကောင်က သူ့လျှို့ဝှက်ချက် သိနိုင်ရန် အကြောင်းမရှိချေ။ ထို့ကြောင့် သူ့စိတ်ထင် ဖြစ်လိမ့်မည်ဟုသာ တွေးလိုက်၏။
ဝမ်လင်းက ပေါ့ပေါ့ပါးပါးလေး ပြုံးပြပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်… “ကောင်းပြီ… ငါ ၂ခု ဝယ်မယ်… ဒါပေမဲ့ ငါ့မှာ ရတနာတွေ မရှိဘူး… ဂိုဏ်းကပေးထားတဲ အဆောင်စာရွက်တွေပဲ ရှိတယ်… “
လီရှန်သည် ပထမဆုံးအကြိမ်အဖြစ် တုန့်ဆိုင်းသွား၏။ ဝမ်လင်းက တတိယအလွှာ၌သာ ရောက်သေးကြောင်း သေချာသွားမှသာ စိတ်သက်သာရာ ရသွားပြီး အနံ့ဆိုးဗုံး၃ခုကို ထုတ်ပေးရင်း ပြုံးပြကာ ပြောလိုက်သည်… “ညီအစ်ကို… ငါ မင်းကို မျက်နှာသာ ပေးပြီး ရောင်းပေးလိုက်ပါ့မယ်… ဒီအနံ့ဆိုးဗုံးတွေက မင်းကို အံ့မခန်းစိတ်ခံစားမှုကို ပေးလိမ့်မယ်… ဟဟ… “
ပြောပြီးနောက် လီရှန်က စိတ်ထဲတွင် တွေးလိုက်သည်… ‘အံ့မခန်းစိတ်ခံစားမှုကို ပေးစွမ်းမယ်ဆိုတာ မညာပါဘူး… မင်း ဒီဗုံးတွေကို ကိုင်ထားသမျှ ကာလပတ်လုံး ပြိုင်ပွဲမှာ ဒီဗုံးကို အသုံးမပြုခဲ့ရင်တောင် ငါမင်းကို တွေ့တဲ့ အချိန်တိုင်း အံမခန်းစိတ်ခံစားမှုက ဘယ်လိုဆိုတာ သိခွင့်ပေးပါ့မယ်… ဒါက မင်းဘဝမှာ အမြဲတမ်း အမှတ်ရနေမဲ့ အရာတစ်ခု ဖြစ်သွားလိမ့်မယ်… ဟဟ… ‘
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၄၆) ထူးဆန်းသောလူအိုကြီး
ဝမ်လင်းက အနံ့ဆိုးဗုံးများကို သိမ်းဆည်းကာ လီရှန်ကို ကြည့်ပြီး ပြောလိုက်သည်… “အစ်ကိုလီရှန်… ဒါဆို ကျွန်တော်ဆက်ပြီး အနှောင့်အယှက်မပေးတော့ပါဘူး… ကျွန်တော့်ကို ခွင့်ပြုပါဦး… “
လီရှန်က ခေါင်းညိတ်လိုက်သည်။ သူက ရင်းနှီးဖော်ရွေသော အမူအရာကို ဖော်ပြပြီး ပြောလိုက်၏… “ညီအစ်ကို… ဒီအနံ့ဆိုးဗုံးတွေနဲ့ ပက်သတ်ပြီး ဂရုစိုက်ပါ… မှတ်ထားဦး… ဒီဗုံးတွေ အလုပ်လုပ်ဖို့ ပစ်ခတ်နည်းတော့ လိုတယ်နော်… မင်း မအောင်မြင်ရင်လည်း ငါ ညာတယ်လို့တော့ မပြောနဲ့… “
သည်လိုနှင့် တခြားတပည့်များကို ဆက်လက်ပြီး ဆွယ်လိုက်သည်။
“ညီအစ်ကိုတို့ ငါ့မှာ ရတနာတချို့ ရှိတယ်… ဒီရတနာက ဟဲဟွမ်ဂိုဏ်းမှ အမှတ်တရလက်ဆောင်ပါ… ဒီရတနာနဲ့ဆိုရင် လှပတဲ့ မိန်းကလေးတစ်ယောက်ရဖို့ ဟဲဟွမ်ဂိုဏ်းကို သွားနိုင်တယ်… ဒီပစ္စည်းက ငါ အပင်ပန်းခံ၊ဒုက္ခခံပြီးမှ ရလာတဲ့ ပစ္စည်းတစ်ခုပါ… ဒီပစ္စည်းကို ဘာလို့ ရောင်းချရသလဲဆိုတော့ ငါတို့ရဲ့ခင်မင်ရင်းနှီးမှုကြောင့်ပါ… ဟုန်ယွီဂိုဏ်းက ညီအစ်ကိုတို့ ဒီအခွင့်အရေးကြီးကို လက်လွှတ်မခံသင့်ဘူးနော်… “
ဝမ်လင်းက ရယ်လိုက်ပြီး နောက်သို့လှည့်ကာ ဆေးဥယျာဉ်သို့ ဦးတည်ပြီး လျှောက်သွား၏။ မကြာမီ ဝမ်လင်းက ဥယျာဉ်ဆီသို့ ရောက်လာသည်။ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ကြည့်ရာ စွန်းတဇူး ရှိမနေပေ။ သူက အခန်းထဲတွင် ခြေခြိတ်ထိုင်လိုက်ပြီး အနံ့ဆိုးဗုံး၃လုံးကို ထုတ်ယူကာ စူးစမ်းလိုက်၏။
အချိန်တော်တော်ကြာပြီးနောက် ဝမ်လင်း၏မျက်နှာတွင် စိတ်ဝင်စားသောအမူအရာများ ပေါ်လာသည်။ သူ၏နတ်ဘုရားစိတ်အာရုံအောက်တွင် အနံ့ဆိုးဗုံးက မည်သည့်လျှို့ဝှက်ချက်မျှ မဖုံးထားနိုင်သကဲ့သို့ ရှင်းလင်းစွာ မြင်နေရ၏။
လီရှန်က အနံ့ဆိုးဗုံးကို သဘောရှိ ဖောက်ခွဲနိုင်ပစ်နိုင်စေရန် အနံ့ဆိုးဗုံးထဲတွင် သူ၏နတ်ဘုရားစိတ်အာရုံ တစွန်းတစကို ထည့်ထားလေသည်။
ဝမ်လင်းသည် နတ်ဘုရားစိတ်အာရုံကို ဤသို့ အသုံးပြု၍ရသည်ဟု ဘယ်တုန်းကမှ မသိခဲ့ပေ။ ထို့နောက် သူက တုပပြီး အနံ့ဆိုးဗုံးထဲမှ နတ်ဘုရားစိတ်အာရုံကို သူ၏နတ်ဘုရားစိတ်အာရုံနှင့် ထပ်လိုက်သည်။
လီရှန်၏နတ်ဘုရားစိတ်အာရုံကို မဖျက်ဆီးဘဲ ဝန်းရံလိုက်ခြင်းဖြစ်၏။ ဖောက်ခွဲရန် ဆန္ဒရှိသည့်အချိန်တွင် ဖောက်ခွဲနိုင်စေရန် ဝမ်လင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အနံ့ဆိုးဗုံးတွင် ပါရှိသော နတ်ဘုရားစိတ်အာရုံအသုံးပြုမှုက ဝမ်လင်းကို စိတ်ကူးစိတ်သန်းများ ထွက်ပေါ်လာစေသည်။ သူက အနည်းငယ်တွေးလိုက်ပြီး မှော်ကျောက်တုံးကို ထုတ်ယူလိုက်၏။
“နတ်ဘုရားစိတ်အာရုံကို ဒီလိုမျိုး အသုံးပြုနိုင်ရင် မှော်ကျောက်တုံးပေါ်မှာလည်း အသုံးပြုနိုင်မလား… “ ဝမ်လင်း၏မျက်လုံးက တလက်လက် တောက်ပသွား၏။ သူက နတ်ဘုရားစိတ်အာရုံကို လျင်မြန်စွာ မှော်ကျောက်တုံးပေါ်တွင် စုစည်းလိုက်သည်။
အချိန်တော်တော်ကြာပြီးနောက်တွင် ဝမ်လင်း မျက်မှောင်ကြုပ်သွား၏။ သူ၏နတ်ဘုရားစိတ်အာရုံအောက်တွင် မှော်ကျောက်တုံးက ယခင်အတိုင်း ပြောင်းလဲမှု မရှိပေ။
အနည်းငယ်စဉ်းစားလိုက်ပြီး မှော်ကျောက်တုံးကို သိမ်းကာ ဆေးဥယျာဉ်မှ ထွက်လာခဲ့၏။ သူက အမြန်ဆုံးနှုန်းဖြင့် တောင်ပေါ်သို့ တက်သွားပြီး ချောင်ကျသောနေရာတစ်ခုကို ရှာကာ အိမ်မက်နယ်မြေထဲသို့ ဝင်ရောက်သွား၏။
အိမ်မက်နယ်မြေထဲသို့ ဝင်ရောက်ပြီးပြီးချင်း သူ၏နတ်ဘုရားစိတ်အာရုံကို ထုတ်လိုက်သည်။
တစ်မိနစ်၊ သုံးမိနစ်၊ ဆယ်မိနစ်၊ သုံးဆယ်မိနစ်… ။
မိနစ်၃၀ကြာသွားသည့်တိုင်အောင် ပြောင်းလဲမှု မရှိသေးချေ။ ဝမ်လင်းက မေးစေ့ကို ပွတ်ပြီး ရေရွတ်လိုက်သည်… “ဒီထူးဆန်းတဲ့မှော်ကျောက်တုံးထဲမှာ ငါ့ရဲ့နတ်ဘုရားစိတ်အာရုံ ချန်ထားခဲ့လို့ မရဘူးလား… “
ထိုအချိန်တွင် သူ့ဘေးတွင် လင်းလက်နေသောအလုံးများထဲမှ တစ်ခုက ရုတ်တရက် အလွန်တောက်ပလာပြီး နောက်ဆုံးတွင် မှိန်သွား၏။
ဝမ်လင်း မှင်သက်သွားသည်။ ဆက်တိုက်ဆိုသလိုပင် တခြားအလင်းလုံးလေးများလည်း စတင်ပြီး အရောင်များ မှိန်လာသည်။ မကြာမီ အိမ်မက်နယ်မြေထဲရှိအလင်းလုံးအားလုံး မှိန်သွားပြီး အိမ်မက်နယ်မြေတစ်ခုလုံး လုံးဝ အမှောင်တိကျသွား၏။
ဝမ်လင်းက အလွန်အံ့ဩနေသည်။ သူက အချိန်အတော်ကြာသည့်တိုင်အောင် ဂရုတစိုက် ရှာဖွေလေ့လာသော်လည်း ထူးခြားမှု တစ်စုံတစ်ရာကိုမျှ မတွေ့ရချေ။
ထိုစဉ် လူအိုကြီးတစ်ယောက်၏အသံတစ်ခု ထွက်ပေါ်လာသည်… “ငါ ဒီထက်ပိုပြီး စောင့်ကြည့်ဖို့ မလိုတော့ဘူး… မင်းရဲ့ စိတ်ဝိညာဉ်လှုပ်ရှားမှုအဆင့်နဲ့ ကောင်းကင်ဘုံဆန့်ကျင်သောပုတီးစေ့ကို မင်းကြည့်ချင်သလို ကြည့်လို့ရအောင် ကြိုးစားနေတာလား… “
ဝမ်လင်းက ထိတ်လန့်တကြားဖြစ်သွားပြီး သူငယ်အိမ်ကလည်း ကျဉ်းမြောင်းသွား၏။ အိမ်မက်နယ်မြေထဲတွင် နှစ်၃၀ခန့်နီးပါး နေခဲ့သော်လည်း ပထမဆုံးအကြိမ်အဖြစ် တစ်ယောက်ယောက်၏အသံကို ကြားရခြင်းဖြစ်သည်။
ဝမ်လင်းက အသက်ကို ဝအောင်ရှူလိုက်ပြီး သူ့နှလုံးသားထဲမှ တုန်လှုပ်နေမှုကို ဖိနှိပ်လိုက်၏။ သူက လက်နှစ်ဖက်ကို ဆုပ်ပြီး လေးစားစွာ ပြောလိုက်သည်… “ဒီဂျူနီယာရဲ့ နာမည်က ဝမ်လင်း ဖြစ်ပါတယ်… စီနီယာက ဘယ်သူများလဲ မသိဘူး… “
ဝမ်လင်းသည် ဉာဏ်ကောင်းသော လူတစ်ယောက်ဖြစ်၏။ ထိုလူက ရုတ်တရက် ပေါ်လာလိမ့်မည်ဟု ထင်မထားသော်လည်း ထို့လူက အိမ်မက်နယ်မြေထဲတွင် အချိန်ကြာမြင့်စွာ နေခဲ့ပြီး သူကို နှစ်၃၀ခန့် စောင့်ကြည့်နေကြောင်း ခန့်မှန်းလိုက်နိုင်သည်။
“ဒီလိုသေးငယ်တဲ့နိုင်ငံလေးတစ်ခုက ဂျူနီယာက ငါ့နာမည်ကို သိဖို့ မလိုအပ်ဘူး… မင်းက နှစ်၃၀နီးပါး ငါ့ရဲ့ အကူအညီကိုရော ကောင်းကင်ဘုံဆန့်ကျင်သောပုတီးစေ့ရဲ့ အကူအညီကိုရော ယူတယ်…. ဒါတောင် စိတ်ဝိညာဉ်လှုပ်ရှားမှုအဆင့်ကိုပဲ ရောက်သေးတယ်… တစ်ကယ်ကို စိတ်ပျက်စရာပဲ… အထူးသဖြင့် မင်းရဲ့ အသိအမြင်ပဲ… အခုအချိန်မှာ မင်းရဲ့နတ်ဘုရားစိတ်အာရုံနဲ့ ကောင်းကင်ဘုံဆန့်ကျင်သောပုတီးစေ့ကို စစ်ဆေးကြည့်ဖို့က စိတ်ကူးပဲ ဖြစ်နိုင်လိမ့်မယ်… “
ဝမ်လင်း တွေးကြည့်လိုက်သည်။ ယခင်က မှော်ကျောက်တုံးကို သူ၏နတ်ဘုရားစိတ်အာရုံဖြင့် လေ့လာကြည့်သော်လည်း ဘာမှ မတွေ့ခဲ့ရပေ။
“လုပ်နေတဲ့ မင်းရဲ့နည်းလမ်းတွေက ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်… ကျင့်ကြံခြင်းက ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့အလုပ်ပဲ… မင်းကို ဆန့်ကျင့်တဲ့ ဘယ်သူမဆို မင်း သတ်ပစ်သင့်တယ်… ဒီခွေးချေးဂိုဏ်းမှာနေတဲ့ ကာလတစ်လျှောက်လုံး ငါ မင်းကို စောင့်ကြည့်ခဲ့တယ်… ငါသာ မင်းနေရာမှာဆို သူတို့အားလုံးကို သတ်ပစ်တယ်… ငါ့ကို စော်ကားတဲ့ ဘယ်သူမဆို လုံးဝဖျက်စီးပစ်မှာ … အထူးသဖြင့် ဝမ်ကျောက်… ငါ့ရဲ့ဒေါသနဲ့ဆို သူ့ရဲ့ဝိညာဉ်ကို ထုတ်ယူပြီး ငရဲကို လွှင့်ပစ်လိုက်မှာ ပြီးတော့ သူ့ရဲ့မိသားစုကိုလည်း သုတ်သင်ပစ်မယ်… မင်းရဲ့ဂိုဏ်းထဲမှာ ကျန်းဟူကိုတော့ အတော်အသင့် ရက်စက်တတ်လို့ တစ်ကယ် သဘောကျတယ်… ဂျူနီယာလျိုကလည်း အရသာခံတတ်တဲ့နေရာမှာ ငါနဲ့တူတယ်… “
ဝမ်လင်း၏အမူအရာက ကြောင်တိကြောင်တောင် ဖြစ်လာသည်။ သူက မဲ့ပြုံးလေးဖြင့် ပြောလိုက်သည်… “စီနီယာ… ငါ… “
“ဖြတ်မပြောနဲ့… ငါပြောလို့ မပြီးသေးဘူး… မင်းရဲ့ဂိုဏ်းသေးသေးလေးထဲမှာလဲ တော်တော်ကြည့်ကောင်းတဲ့ ကောင်မလေးတွေ ရှိတာပဲ… မင်းကတော့ မင်းကိုယ်မင်း ဘယ်လိုပျော်အောင်လုပ်ရမလဲဆိုတာ မသိတဲ့ကောင်… ငါသာဆိုရင် သူတို့ကို ဖမ်းပြီး သူတို့ရဲ့ဝိညာဉ်တွေကိုသန့်စင်ပစ်မှာ… ဟီးဟီး… အဲ့အရသာက အရင်ကအကြောင်းတွေ ပြန်သတိရစေတာပဲ… ငါ အဲ့တာတွေကို မခံစားရတာ နှစ်၃၀ကျော်နေပြီ… “
ဝမ်လင်းက ကြက်သေသေပြီး အချိန်အတော်ကြာသည့်တိုင်အောင် ဘာမှမပြောနိုင်တော့ပေ။
“ကောင်လေး… နည်းနည်းလောက်ပိုကြိုးစားလို့ မရဘူးလား… စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကို မြန်မြန်ရောက်အောင်လုပ်စမ်းပါ… ဒါဆို ဒီအဘိုးကြီး အပြင်ထွက်လာလို့ ရပြီ… “
ဝမ်လင်း တုန့်ဆိုင်းဆိုင်း ဖြစ်သွားသည်။ သူက ဇဝေဇဝါ ဖြစ်နေသည့်ဟန်ဖြင့် မေးလိုက်၏… “စီနီယာ… စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ဆိုတာ ဘာလဲ… ပြီးတော့ စောနက ပြောလိုက်တဲ့ စိတ်ဝိညာဉ်လှုပ်ရှားမှုအဆင့်ကရော ဘာကို ဆိုလိုတာလဲ… “
“မင်းကိုယ်တိုင် မတွေးနိုင်ဘူးလား… အားလုံးကို မေးနေတော့တာပဲ… ကျင့်ကြံသူအနည်းငယ်ပဲရှိရင် အဆင့်၃နိုင်ငံပဲ… မင်း ခေါင်းပေါက်အောင် စဉ်းစားလည်း မင်းနားလည်မှာ မဟုတ်ဘူး… အဲ့ဒါကြောင့် ကောင်းကောင်းနားထောင်… ငါ မင်းကို အဆင့်၅နိုင်ငံရဲ့ ကျင့်စဉ်နယ်ပယ်အကြောင်းကို ပြောပြနေတာ… မင်းရဲ့နိုင်ငံလို အဆင့်၃ကျင့်ကြံခြင်းနိုင်ငံတစ်ခုမှာ နယ်ပယ်၄ခုပဲ ရှိလိမ့်မယ်… ချီစုစည်းခြင်းအဆင့်၊ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၊ အမြုတေဖွဲ့တည်ခြင်းအဆင့်၊ စဦးစိတ်ဝိညာဉ်အဆင့် ဆိုတဲ့ ကျင့်စဉ်နယ်ပယ်၄ခုပဲ… စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ကတော့ မင်းတို့ မျက်လုံးထဲမှာ ဒဏ္ဍာရီအဆင့်တစ်ခုဖြစ်လိမ့်မယ်… “ (ကီစုစည်းမှုအဆင့်ကို ချီစုစည်းခြင်းအဆင့်ဟု ယခုမှစ၍ ပြောင်းလဲသုံးစွဲသွားပါမည်။)
“တစ်ယောက်ယောက်က စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ြခင်းအဆင့်ကို ရောက်သွားရင် မင်းရဲ့နိုင်ငံက အဆင့်၄ကျင့်ကြံခြင်းနိုင်ငံ ဖြစ်သွားလိမ့်မယ်… နိုင်ငံက မဟာမိတ်ကျင့်ကြံသူတွေကို သင့်တော်တဲ့အရင်းအမြစ်တွေ ထောက်ပံ့ပေးရတယ်… နိုင်ငံကလည်း ပြင်ပက ကျင့်ကြံခြင်းကြယ်ပွင့်တွေကို တိုက်ခိုက်ဖို့ အခွင့်အရေးတွေ ပြန်ရတယ်… နိုင်ငံဘက်ကလည်း မဟာမိတ်ကျင့်ကြံသူတွေကို ကာကွယ်ဖို့အတွက် တာဝန်ယူပေးဖို့ လိုတယ်… “
“အဲ့လိုပဲ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်က အဆင့်၄နိုင်ငံတစ်ခုမှာ ပေါ်လာရင် အဲ့နိုင်ငံက အဆင့်၅နိုင်ငံ အဖြစ်ရောက်သွာလိမ့်မယ်… စိတ်ဝိညာဉ်လှုပ်ရှားမှုအဆင့်ကတော့ အဆင့်၄နဲ့ ၄အထက်တိုင်းပြည်တွေမှာ မြင်နေကြပဲ… အဲ့အဆင့်က ချီစုစည်းခြင်းအဆင့်နဲ့ တူတယ်…ဒါပေမဲ့ သူက ပိုပြီး ကျယ်ပြန့်တယ်… “
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၄၇) ပြိုင်ပွဲ(၁)
ဝမ်လင်းက ခါးသက်သက် ပြုံးပြီး ပြောလိုက်သည်… “စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်က ဂျူနီယာအတွက် အလွန်အလှမ်းဝေးလွန်းပါတယ်… “
“အသုံးမကျတဲ့ကောင်… အဆင့်၆နိုင်ငံက လူဖြစ်တဲ့ငါက မင်းကို ကူညီပေးနေတယ်လေ… ငါက အပြင်မထွက်နိုင်ပေမယ့်လည်း ငါ့ရဲ့စဦးစိတ်ဝိညာဉ်အဆီအနှစ်တွေကို သုံးပြီး နှစ်၃၀လောက် မင်းရဲ့ကျင့်ကြံခြင်းမှာ အကူအညီပေးလို့ မင်းဒီအဆင့်ကို ရောက်လာတာ… မင်းရဲ့ပင်ကိုယ်ပါရမီနဲ့ဆို နှစ်၃၀နဲ့ ဒီအဆင့်ကို ဘယ်လိုရောက်နိုင်မှာလဲ… “
“ပြီးတော့ မင်းက ငါ့ရဲ့ စဦးစိတ်ဝိညာဉ်အဆီအနှစ်ကို စုပ်ယူထားတာကြောင့် ငါနဲ့အဆင့်တူတွေကလွဲလို့ မင်းရဲ့ကျင့်ကြံခြင်းကို ဖောက်ထွင်းပြီး မမြင်နိုင်ဘူး… “
“ပြီးတော့ မင်းလက်ထဲမှာ ကောင်းကင်ဘုံဆန့်ကျင်သောပုတီးစေ့လည်း ရှိတယ်… မင်း ဘာတွေကြောက်နေတာလဲ… မဟာမိတ်ကျင့်ကြံသူတွေလက်ထဲမှာ ဒီကောင်းကင်ဘုံဆန့်ကျင်သောပုတီးစေ့ ပေါ်ထွက်လာတုန်းက ဒီပုတီးစေ့ကို ရဖို့ အများကြီး ပင်ပင်ပန်းပန်းကြိုးစားခဲ့တယ်… နောက်ဆုံးမှာ အကျိုးဆက်ရလဒ်ကတော့ ငါ့ရဲ့ခန္ဓာကိုယ်ကို ဆုံးရှုံးခဲ့ရတယ်… ငါသာ ဒီပုတီးစေ့ထဲ ဝင်မပြေးခဲ့ရင် ငါ့ရဲ့စိတ်ဝိညာဉ်လည်း ဖျက်ဆီးခံရလိမ့်မယ်… ပုံမှန်ဆိုရင် ငါ အသုံးပြုဖို့အတွက် နောက်ခန္ဓာကိုယ်တစ်ခု ရှာချင်တာပေါ့… ဒါပေမယ့်… ဒီအစုတ်ပလုတ် ကောင်းကင်ဘုံဆန့်ကျင့်သောပုတီးစေ့က တစ်ယောက်ယောက် ကိုယ်ခန္ဓာမပါဘဲ အထဲဝင်လာရင် ပြန်ထွက်လို့မရနိုင်အောင် လုပ်ထားတယ်ထင်တယ်… “
“ငါ မင်းကို မညာပါဘူး… မင်းကို စတွေ့တုန်းက မင်းရဲ့ခန္ဓာကိုယ်ကို ယူချင်သေးတယ်… ဒါပေမဲ့ ဒီကောင်းကင်ဘုံဆန့်ကျင်သောပုတီးစေ့က ငါ့ကို ထွက်ခွါသွားလို့မရအောင် ကာကွယ်ထားတဲ့ လှောင်အိမ်တစ်ခုလိုပဲ… “
“ဒီကောင်းကင်ဘုံဆန့်ကျင်သောပုတီးစေ့ကို နှစ်တွေအများကြီး လေ့လာခဲ့တယ်… ပုတီးစေ့ပိုင်ရှင်က သူ့ရဲ့အကျိုးကျေးဇူးအများအပြားကို အသုံးပြုနိုင်မှ ငါ့ကိုလည်း လွှတ်ပေးလိမ့်မယ်… “
“ငါ ဒီပုတီးစေ့ကို ရတဲ့အချိန်မှာ ငါက အမဲလိုက်ခံနေရတာ… ဒါပေမဲ့ ဒါကို လေ့လာဖို့ အချိန်တချို့တော့ ရခဲ့တယ်… ပုတီးစေ့က သတ္တု၊သစ်သား၊ရေ၊မီး၊မြေကြီး ဆိုတဲ့ ဒြပ်စင်၅မျိုးရဲ့ အဆီအနှစ်တွေကို စုပ်ယူရမယ်… ဒါမှ ပိုင်ရှင်အဖြစ် သတ်မှတ်လိမ့်မယ်… ပြီးတော့ ပိုင်ရှင်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကို ရောက်တဲ့အခါ ငါ့ကို အပြင်ထုတ်ပေးလို့ရတယ်… ကောင်လေး ငါ့ကို သနားဂရုဏာထားသောအားဖြင့် ကျင့်စဉ်ကို ပိုပြီး မြန်အောင် လေ့ကျင့်ပေးပါနော်… ပြီးတော့ ငါ့အတွက် ခန္ဓာကိုယ်ကောင်းကောင်းတစ်ခုလည်း ရှာပေးပါနော်… ငါ…စစ်ထူနန် မင်းရဲ့ကြင်နာမှုကို သတိရနေမှာပါ… ပြီးတော့ ငါ့ရဲ့ကာကွယ်မှုနဲ့ဆို မင်းက ဘဝကြီးကို လုံလုံခြုံခြုံ၊သက်တောင့်သက်သာနဲ့ ဖြတ်သန်းနိုင်လိမ့်မယ်… “
အဆုံးတွင် စစ်ထူနန်၏အသံက ယခင်ကဲ့သို့ မာထန်မနေတော့ဘဲ နောင်တများနှင့် ပြည့်နေ၏။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ သူ တစ်ခုခု ပြောရန် ကြံလိုက်စဉ်တွင် စစ်ထူနန်၏အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။
“ကောင်လေး… တစ်ယောက်ယောက် လာနေတယ်… မင်းထွက်သွားလို့ရအောင် ငါ ကူညီပေးမယ်… “
ရုတ်တရက် ခန္ဓာကိုယ်စုတ်ဖြဲခံရသည့် ခံစားချက်ကို ခံစားလိုက်ရပြီး သူ့ကိုယ်က တုန်သွားကာ မျက်လုံးကို ဖွင့်လိုက်သည်။
ဝမ်လင်းက သူ့နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ တပည့်နှစ်ယောက်ကို တွေ့လိုက်ရ၏။ ယောက်ျားလေးတစ်ယောက်နှင့်မိန်းကလေးတစ်ယောက်က ဝမ်လင်းရှိရာဘက်သို့ အေးအေးဆေးဆေး လမ်းလျှောက်လာကြသည်။ ဝမ်လင်းနှင့် မီတာ၃၀ခန့်အကွာတွင် သူတို့က ရပ်လိုက်ပြီး တစ်ယောက်နှင့်တစ်ယောက် နှုတ်ခမ်းချင်း စတင် နမ်းစုပ်ကြ၏။ မကြာမီ သူတို့နှစ်ယောက်လုံး၏ကိုယ်ပေါ်တွင် အဝတ်အစားများ မရှိကြတော့ဘဲ သူတို့၏ညည်းသံများက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွား၏။
ဝမ်လင်းက ထိုနှစ်ယောက်ကို အလွန်ရင်းရင်းနှီးနှီး သိပေသည်။ နှစ်ယောက်စလုံးက တောင်အနောက်ဘက် ၄နှစ်တာ လေ့ကျင့်ခန်း၌ ပါဝင်ခဲ့ကြ၏။ ဝမ်လင်းက စူးစမ်းသည့်သဘောဖြင့် သူတို့ကို အချိန်အနည်းငယ်ခန့် ကြည့်နေလိုက်သည်။ အထူးသဖြင့် မိန်းကလေးကို ကြည့်နေခြင်းဖြစ်သည်။ ထို့နောက် သူက အင်တင်တင် ဖြစ်နေဟန်ဖြင့် ထွက်ခွာသွား၏။
အခန်းသို့ ပြန်ရောက်သောအခါ စစ်ထူနန်ပြောသော စကားများကို စဉ်းစားနေလိုက်သည်။ ဝမ်လင်းက သူ့စကားများကို မယုံပေ။ သို့သော်လည်း သူ့ထံမှ ကျင့်ကြံခြင်းလောက၏အချက်အလက်တော်တော်များများကို သိရှိလိုက်၏။ ထိုအကြောင်းများကိုတော့ စစ်ထူနန် ညာလိမ့်မည်ဟု မထင်ပေ။
၃ရက်ကြာပြီးနောက် ဟုန်ယွီဂိုဏ်းနှင့်ရွှမ်တောက်ဂိုဏ်းကြား ပြိုင်ပွဲကား စတင်လေပြီ။
သည်ပြိုင်ပွဲက ဂိုဏ်းနှစ်ခုကြား နှစ်ပေါင်းများစွာ တည်ရှိလာသည့် အစဉ်အလာတစ်ခုပြိုင်ပွဲတစ်ခု ဖြစ်သည်။ သို့သော်လည်း အရမ်း ခမ်းခမ်းနားနားကြီးတော့ မဟုတ်ချေ။ ပြိုင်ပွဲကို ဟုန်ယွီဂိုဏ်းရှိ ထင်းရှူးတောင်ထိပ်၌ ကျင်းပ၏။
တောင်ထိပ်နှစ်ခုကို ဆက်သွယ်ပေးထားသော ကျောက်တုံးပေါင်းကူးတံတားတစ်ခု ရှိသည်။ ဝမ်လင်းက အဝေးမှ ထင်းရှူးတောင်ထိပ်ကို လှမ်းကြည့်ရာ တိမ်များကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရပေ။
ထင်းရှူးတောင်ထိပ်သည် ဟုန်ယွီဂိုဏ်း၏ အရေးပါသောနေရာများထဲမှ တစ်ခုဖြစ်၏။ ထင်ရှူးတောင်ထိပ်သည် တောင်အနောက်ဘက်ကဲ့သို့ စိတ်စွမ်းအင်များ လွန်စွာသိပ်သည်းပြီး အမြုတေဖွဲ့တည်ခြင်းအဆင့် အကြီးအကဲနှစ်ယောက် ကျင့်ကြံရာနေရာ ဖြစ်သည်။
ထင်းရှူးတောင်ထိပ်ပေါ်တွင် ပြိုင်ပွဲအတွက် ကြီးမားသော ကျောက်တုံးစင်မြင့်တစ်ခုကို ပြင်ဆင်ထား၏။ စင်မြင့်ကို အဖြူရောင်ကျောက်သားတိုင်လုံး၈တိုင်ဖြင့် ဝန်ရံထားသည်။ ထိုအဖြူရောင်ကျောက်သားပေါ်တွင် ဟုန်ယွီဂိုဏ်း၏နှစ်၅၀၀သမိုင်းမှတ်တမ်းကို ထွင်းထုထား၏။
လူများ ပြိုင်ပွဲကျင်းပရာနေရာသို့ ရောက်လာသောအခါ အဖြူရောင်ကျောက်သားတိုင်လုံးများမှ ထုတ်လွှတ်သော ခမ်းနားထည်ဝါသော အရှိန်အဝါများက အရိုးထိစိမ့်အောင် ထိုးဖောက်နိုင်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒအဖြစ်ပြောင်းလဲသွားသည်။
“သူငယ်ချင်းဟွမ်လုံ… ငါ ဒီကျောက်သားတိုင်လုံးတွေကို မြင်တိုင်း တစ်ခါနဲ့တစ်ခါ မတူဘူးလို့ ခံစားရတယ်… တစ်ကယ်ကို ဒါက ကျောင်းနိုင်ငံရဲ့ရတနာတစ်ခုပဲ… “ လူအိုကြီးအိုးယန်က သက်ပြင်းချပြီး သူ့လက်ကို ဝေ့ရမ်းကာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကို ဖျက်ဆီးပစ်လိုက်သည်။
သူ့နောက်မှ ရွှမ်တောက်ဂိုဏ်း၏တပည့်များသည် အလွန်အံ့ဩနေ၏။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများက သူတို့အား စစ်မြေပြင်ကို ရောက်သွားသကဲ့သို့ ခံစားရစေသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကို အကြီးအကဲအိုးယန် မဖျက်စီးခင် အချိန်အထိ သူတို့ကို ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒများက ဖိနှိပ်ထား၏။
“အကြီးအကဲအိုးယန်… ဒီရတနာက ငါ့တို့ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ဘိုးဘေးကိုယ်တိုင် လုပ်ခဲ့တဲ့ ရတနာပစ္စည်းပဲ… ကျောက်သားတိုင်လုံးတွေနဲ့ ၁၀၀မီတာ ပတ်လည်အတွင်းမှာ ဟုန်ယွီဂိုဏ်းက မဟုတ်တဲ့ ဘယ်သူမဆို သတ်ဖြတ်ခြင်းစိတ်ဆန္ဒတွေရဲ့ ဖိနှိပ်ခြင်းကို ခံရလိမ့်မယ်… ဒါကို အကြီးအကဲအိုးယန် သိလိမ့်မယ်လို့ ယုံကြည်ပါတယ်… “ ဟွမ်လုံက တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့လက်က အစီအရင်ပုံစံတစ်ခုကို ပုံဖော်လိုက်ရာ ကျောက်သားတိုင်လုံးများမှ အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး အလင်းရောင်က တိမ်ထဲထိ ထိုးဖောက်သွားပြီး တောင်ထိပ်တစ်ခုလုံးကို လွမ်းခြုံသွား၏။ ထို့အတူ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကလည်း ပျောက်ကွယ်သွား၏။
အကြီးအကဲအိုးယန်က တခြားအကြီးအကဲနှစ်ယောက်ဆီသို့ လျှောက်သွားကာ စကားပြောပြီးနောက် တပည့်များဘက်သို့ လှည့်ကာ ပြောလိုက်သည်… “မစိုးရိမ်နဲ့ … အရင် စည်းမျဉ်းစည်းကမ်းအတိုင်းပဲ… ငါတို့ဘက်က အရင်ဆုံး လူလွှတ်ရလိမ့်မယ်… လျိုဖန်း … မင်း သွားလိုက်… “
လျိုဖန်းသည် ရေစိတ်ဝိညာဉ်အရင်းအမြစ်နှင့် တပည့်ဖြစ်၏။ သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စင်မြင့်ပေါ်သို့ လျှပ်စီးတန်းကဲ့သို့ လျင်မြန်စွာ ရောက်သွား၏။ သူက ကြည်လင်ပြတ်သားသောအသံဖြင့် ပြောလိုက်သည်… “ရွှမ်တောက်ဂိုဏ်းမှ တပည့်လျိုဖန်းက ဟုန်ယွီဂိုဏ်းရဲ့ ထောက်ပြမှုကို ခံယူပါရစေ… “
ဝမ်လင်းက ဓားပျံကို ကျောထက်တွင် လွယ်ထားကာ စွန်းတဇူး၏နောက်၌ ရပ်နေသည်။ အနီရောင်ဝတ်စုံနှင့် ဝမ်လင်း၏အသွင်အပြင်က အလွန်ကြည့်ကောင်းလှ၏။
စွန်းတဇူးက သူ့တပည့်၏အသွင်အပြင်ကို ကြည့်ပြီး အလွန်ကျေနပ်အားရမိသည်။ ဝမ်လင်းက တတိယအလွှာသို့ ရောက်နေပြီ ဖြစ်သောကြောင့် ဝမ်လင်းကို မြင်တိုင်း စိတ်အနှောင့်အယှက် မဖြစ်တော့ပေ။ သို့သော်လည်း ဝမ်လင်းကို သဘောကျရန် အဝေးကြီးလိုသေး၏။ ယခုမှ သူ့မျက်လုံးထဲတွင် ဝမ်လင်းကို သူ့တပည့်အဖြစ် စတင် မြင်ခြင်း ဖြစ်သည်။
တစ်ကယ်တော့ အားလုံးက ဝမ်လင်းအပေါ် မူတည်နေသည်။ သူသာ တတိယအလွှာကို မရောက်ခဲ့ပါက တပည့်အဖြစ် သတ်မှတ်မည် မဟုတ်ပေ။ နောက်ထပ်၈နှစ်၊၁၀နှစ် အတွင်းတွင် ဝမ်လင်းက တတိယအလွှာ၌သာ ရှိနေသေးလျှင်လည်း စွန်းတဇူးက သူ့ကို ထပ်မံ မုန်းတီးမှာ အမှန်ဖြစ်၏။
ကုန်ဆုံးသွားသည့် ၃ရက်လုံးလုံး ဝမ်လင်းက အိမ်ထဲမှ မထွက်ချေ။ သူက အချိန်အများစုကို အိမ်မက်နယ်မြေထဲမှ စစ်ထူနန်နှင့် စကားပြောရင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။
စကားပြောရင်းဖြင့် သူက စစ်ထူနန်၏အကြောင်းများကို နားလည်လာခဲ့၏။ စစ်ထူနန်က အဆင့်၆စူဇခုနိုင်ငံမှ နံပါတ်၁ ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူ၏ကျင့်ကြံခြင်းက စိတ်ကူး၍မရနိုင်သောအဆင့်သို့ ရောက်ရှိနေပြီး သူ့အား စိတ်အနှောင့်အယှက်ဖြစ်စေသည့် လူမှန်သမျှကို သတ်ပစ်တတ်သည်။ သူလိုချင်တဲ့အရာရှိလျှင်လည်း ရအောင် ယူတတ်ပြီး အလွန်အမင်း မာနကြီး၏။
လျိုဖန်း၏အမူအရာကြောင့် နေရာတစ်ခုလုံးက တိတ်ဆိတ်သွား၏။ ဂိုဏ်းခေါင်းဆောင်ဟွမ်လုံက လျိုဖန်းကို ကြည့်ပြီး ပြောလိုက်သည်… “ကျောက်လုံ… မင်း သွားလိုက်… “
ကျောက်လုံသည် အလွန် တိတ်တိတ်ဆိတ်ဆိတ်နေတတ်သော တပည့်တစ်ယောက်ဖြစ်ပြီး သူက ၄နှစ်တာ လေ့ကျင့်ခန်းဝင်သည့်အချိန်တွင် ချီစုစည်းခြင်း အလွှာ၆သို့ ရောက်ရှိသွားသည့်တပည့်များထဲမှ တစ်ယောက် ဖြစ်၏။
ဟုန်ယွီဂိုဏ်းမှ ပထမအချီတွင် အလွှာ၆သို့ရောက်နေသော တပည့်ကို လွှတ်လိုက်သည်။ ပြိုင်ပွဲကျင်းပသည့်သက်တမ်းတစ်လျှောက် သည်လိုဖြစ်ရပ်မျိုးက ရှားသည်။
အကြီးအကဲအိုးယန်က လျိုဖန်းကို ပြောလိုက်သည်… “လျိုဖန်း… ဒီတိုက်ပွဲမှာ မင်းရဲ့စွမ်းအားကို ၅၀ရာခိုင်နှုန်းပဲ တိုက်ခိုက်ခွင့် ပြုတယ်… “
ထိုစကားကို ပြောလိုက်သည့်အချိန်တွင် ဟုန်ယွီဂိုဏ်းမှ တပည့်အားလုံး၏အမူအရာက ပြောင်းလဲသွား၏။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၄၈) ပြိုင်ပွဲ (၂)
“ကြွားလိုက်တာ… ဂိုဏ်းတူအစ်ကိုကျောက်… ဂိုဏ်းကို ဂုဏ်ယူရအောင် သူကို ကောင်းကောင်းရိုက်ပြီး ဆုံးမပေးပါ… “
“ဟုန်ယွီဂိုဏ်းက ဘယ်လောက်တောင် သန်မာလဲ ပြလိုက်ပါ အစ်ကိုကျောက်… “
“ရွှမ်တောက်ဂိုဏ်းက စိတ်ကြီးဝင်နေတာပဲ… စွမ်းအားကိုတောင် ၅၀ရာခိုင်နှုန်းပဲ သုံးခိုင်းတယ်ဆိုတော့ အစ်ကိုကျောက် သူ့ကို ပြင်းပြင်းထန်ထန်လေး ရိုက်ပေးပါ… “
“ရွှမ်တောက်ဂိုဏ်းက ကလိမ်ကကျစ် လုပ်တာပဲ… သူတို့ရှုံးရင်တောင် အကြောင်းပြချက် ပေးလို့ကောင်းအောင် လုပ်ထားတာ… အစ်ကိုကျောက် အားပေးနေမယ်… “
ဟုန်ယွီဂိုဏ်း၏တပည့်အားလုံး ကျွဲမြီးတိုကုန်ကြ၏။ ရွှမ်တောက်ဂိုဏ်းမှ အကြီးအကဲအိုးယန်ပြောလိုက်သည့်စကားက သူတို့ကို စော်ကားလိုက်သည်နှင့် တူသည်။
ဟုန်ယွီဂိုဏ်းမှ အကြီးအကဲများ၏မျက်နှာများလည်း မည်းမှောင်သွား၏။ သူတို့က ဘာမှမပြောကြသော်လည်း သူတို့၏မျက်လုံးများက ရွှမ်တောက်ဂိုဏ်းကို အေးစက်စက်ကြည့်နေလေသည်။
စွန်းတဇူးက ရယ်မောလိုက်သည်။ ဝမ်လင်းကို သူက ပြုံးပြီး ပြောလိုက်သည်… “တပည့်… သေချာကြည့်ထား… ဒီပြိုင်ပွဲက အရင်ကထက် ပိုပြီး ပြင်းထန်လိမ့်မယ်… ရွှမ်တောက်ဂိုဏ်းက ဒီလိုဝံ့ကြွားတာ ပထမဆုံးအကြိမ်ပဲ… “
ဝမ်လင်းက ဒေါသထွက်နေသောပင်မတပည့်များနှင့် လျိုဖန်းကို တစ်လှည့်စီ ကြည့်လိုက်၏။ လျိုဖန်း၏ကိုယ်ပေါ်တွင် ကျင့်ကြံချင်းအဆင့်ကို မမြင်ရစေရန် ကာကွယ်ပေးထားသော အနက်ရောင်မြူအလွှာတစ်ခု ရှိနေသည်။
လျိုဖန်းက စင်မြင့်ပေါ်တွင် ရပ်လျက် ညင်သာစွာ ပြောလိုက်သည်… “အစ်ကိုကျောက်… အကြီးအကဲပြောသလိုပဲ ငါ့ရဲ့စွမ်းအားကို ၅၀ရာခိုင်နှုန်းပဲ ထုတ်သုံးပါမယ်… “
ကျောက်လုံး၏အရပ်က သာမန်သာရှိပြီး သူ့အသားအရောင်က နက်မှောင်ကာ သူ့ခန္ဓာကိုယ်က အလွန်ကြံခိုင်၏။ သူ့ပုံစံက ကျင့်ကြံသူထက် သေမျိုးကမ္ဘာ စစ်သည်တစ်ယောက်နှင့် ပိုတူသည်။
ကျောက်လုံက လျိုဖန်းကို လေးလေးနက်နက် ကြည့်ပြီး သူ့လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်သည်… “အစ်ကိုလျို… ကျေးဇူးပြု၍… “ သူက စကားဆုံးသည်နှင့် တစ်လှမ်းလှမ်းလိုက်ရာ သူ့ခန္ဓာကိုယ်ဘေးတွင် အဖြူရောင်ကြာပန်းများ တစ်ပွင့်ပြီးတစ်ပွင့် ပေါ်လာသည်။
အဖြူရောင်ကြာပန်းများပေါ်တွင် အဖြူရောင်ဓားချီများကို ပေါ်နေပြီး ကျောက်လုံ၏အဝတ်အစားများကလည်း တဖျပ်ဖျပ်လွှင့်ပျံနေသည်။
ဂိုဏ်းခေါင်းဆောင်ဟွမ်လုံက ပြုံးလိုက်သည်… “ကျောက်လုံရဲ့ ကြာပန်းဓားသွားက အလယ်အလတ်အဆင့်ကို ရောက်နေပြီး… အရမ်းကောင်းတယ်… “
မျက်နှာနီနီနှင့် အကြီးအကဲကလည်း ဂုဏ်ယူသည့်ဟန်ဖြင့် ပြောလိုက်သည်… “ဟဟ… ဂိုဏ်းခေါင်းဆောင်… ကျောက်လုံးက ငါ့ရဲ့ အချစ်ဆုံးတပည့်ပဲ… အဲ့ဒီကြာပန်းဓားသွားက ဓားစံအိမ်ကနေ သူကိုယ်တိုင် ယူလာခဲ့တာ… ငါးနှစ်ကြာလောက် လေ့ကျင့်ပြီးတော့မှ အလယ်အလတ်အဆင့်ကို ရောက်တာ… “
အကြီးအကဲရှုကလည်း ပင်မတပည့်များကို ကြည့်ပြီး ပြောလိုက်၏… “ကြာပန်းဓားသွားက သူ့ရဲ့တိုက်ခိုက်မှုစွမ်းအားကြောင့် ကျော်ကြားတယ်… မင်းတို့တစ်တွေလည်း အခု သေချာကြည့်ပြီး သူ့ဆီကနေ သင်ယူကြ… ဒီအခွင့်အရေးကို လက်မလွှတ်စေနဲ့… “
ဝမ်ကျောက်က မျက်မှောင်ကြုပ်သွား၏။ သူ့ပါးစပ်က ဘာမှမပြောသော်လည်း သူ့စိတ်တွင်မူ ကြုံးဝါးနေသည်… ‘ဟမ့်… ဒါလား ငါ သိတာပေါ့… ငါ့ကိုသာ ၅နှစ်ပေးလိုက်စမ်းပါ… သူ့ထက်သာအောင် လုပ်ပြမယ်… ‘
‘အစ်ကိုကျောက်က အမြဲတမ်းလိုလို တိတ်ဆိတ်နေတာပဲ… သူ ကြာပန်းဓားသွား အလယ်အလတ်အဆင့်ကို ရောက်နေလိမ့်မယ်လို့ ထင်မထားဘူး… ‘ စွန်းဟိုက မလိုနာစွာဖြင့် စိတ်ထဲမှ တွေးလိုက်ပြီး ပြိုင်ပွဲကို ဂရုတစိုက် ကြည့်နေလိုက်သည်။
စင်မြင့်ပေါ်တွင် ကျောက်လုံက အော်ပြောလိုက်သည်… “အစ်ကိုလျို… ဒီကြာပန်းဓားသွားက အလွန်ပဲ စွမ်းအားပြင်းတယ်နော်… ဂရုစိုက်ပါ… “
ပြောပြီးသည်နှင့် သူ့ဘေးမှ လေထဲတွင်ရှိနေသည့် ကြာပန်းများက လျင်မြန်စွာ လှည့်ပတ်လာပြီး ဓားချီများက မိုးရွာသကဲ့သို့ လျိုဖန်းထံ အရှိန်ဖြင့် ပြေးဝင်သွား၏။
လျိုဖန်း အမူအရာက တည်ငြိမ်နေဆဲ ဖြစ်၏။ သူက နောက်သို့ လျင်မြန်စွာ ဆုတ်လိုက်ပြီး သူ့လက်ဖြင့် ပုံစံတစ်ခု ဖော်ထုတ်ကာ အော်လိုက်သည်… “ရေအကာအကွယ်… “
ထိုအချိန်တွင် ကောင်းကင်က မှောင်လာပြီး အလင်းရောင်အစက်အပြောက်လေးများ ပေါ်ထွက်လာသည်။ ထိုအရာများသည် ရေစက်များ ဖြစ်၏။
ရေစက်များက လျင်မြန်စွာ လျိုဖန်း၏ရှေ့တွင် စုစည်းသွားပြီး ရေအလွှာတစ်ခု ဖြစ်ပေါ်လာသည်။ ရေအလွှာအကာအကွယ်က သက်တန့်ရောင်တောက်ပနေ၏။
အကြီးအကဲအိုးယန်က ယဲ့ယဲ့လေးပြုံးပြီး တပည့်များကို ပြောလိုက်သည်… “ဟုန်ယွီဂိုဏ်းရဲ့ ကြာပန်းဓားသွားနည်းစနစ်က ကျွမ်းကျင်ဖို အလွန်ခက်ခဲတယ်… မင်းတို့အားလုံး မှတ်ထားပါ… ထိပ်တိုက်ရင်ဆိုင်ဖို့ မကြိုးစားရဘူး… ရှောင်ရမယ်… လျိုဖန်းက မင်းတို့နဲ့ မတူဘူး… သူ့မှာ သန့်စင်တဲ့ ရေစိတ်ဝိညာဉ်အရင်းအမြစ်ရှိတယ်… ဒါ့ကြောင့်သူက ရေတွေကို အလိုရှိသလို ထိန်းချုပ်နိုင်တယ်… “
နောက်တွင်ရှိနေသည့် လူကြီးမှလွဲ၍ တပည့်အာလုံးက အကြီးအကဲအိုးယန်၏စကားကို သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။ ထိုလူကြီး၏မျက်နှာတွင် အထင်သေးသည့်အမူအရာများ ပေါ်နေသည်။
စင်မြင့်ပေါ်တွင် ကျောက်လုံ၏ဓားချီများက လျိုဖန်း၏ရေအကာအကွယ်ပေါ်သို့ ဆက်တိုက် ကျဆင်းနေ၏။ ကျောက်လုံ၏မျက်နှာ အရောင်ပြောင်းသွားသည်။ လျိုဖန်း၏ရေအကာအကွယ်က အလွန်ထူးဆန်းနေ၏။ ရေအကာအကွယ်ပေါ်သို့ ဓားချီများ ကျရောက်သွားသော်လည်း ဘာမှမဖြစ်သကဲ့သို့ ဓားချီများက ပျောက်ကွယ်သွားသည်။
သူက မျက်မှောင်ကျုံ့လိုက်ပြီး ကြာပန်းဓားသွားကို နောက်တစ်ကြိမ် ထပ်သုံးရန် ပြင်လိုက်စဉ်တွင် လျိုဖန်း၏မျက်နှာမှ အပြုံးကို မြင်လိုက်၏။
လျိုဖန်းက ပြောလိုက်သည်… “အစ်ကိုကျောက်… ဒီကြာပန်းဓားသွားကိုလည်း ကြိုးစားပြီး ခုခံကြည့်ပါဦး… “
ရေအကာအကွယ်ထဲမှ ဓားချီများက ကျောက်လုံဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွား၏။ နည်းစနစ်လည်း တူသည်။ ဓားချီကအစ တူသည်။
ကျောက်လုံ၏မျက်နှာအရောင် ပြောင်းသွား၏။ သူက နောက်သို့ လျင်မြန်စွာ ဆုတ်လိုက်သော်လည်း ဓားချီများက အလွန်လျင်မြန်လွန်းလှသည်။ သူက အံကြိတ်လိုက်ပြီး အဝါရောင်အဆောင်စာရွက်တစ်ရွက်ကို သိုလှောင်အိတ်ထဲမှ ထုတ်ကာ ပစ်လွှတ်လိုက်၏။ အဝါရောင်အဆောင်စာရွက်လေးက ပြေးထွက်သွားပြီး အနက်ရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။
ဓားချီများက အနက်ရောင်မြူခိုးပေါ်သို့ ကျရောက်သွားသည်နှင့် ဓားချီများက ပျောက်ကွယ်သွား၏။ အနက်ရောင်မြူများသည် ဓားချီအများစုကို ဖျက်ဆီးပေးပြီးနောက် ပျောက်ကွယ်သွားကာ ကျန်နေသေးသော ဓားချီများက ကျောက်လုံ၏ကိုယ်ကို ဖောက်ထွက်သွား၏။
ဓားချီများကြောင့် ကျောက်လုံ၏ခန္ဓာကိုယ်က လေထဲသို့ လွှင့်ပျံသွားပြီး လေထဲ၌ပင် သွေးများ အန်ထုတ်လိုက်ရသည်။ သူက မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ မတ်တပ်ရပ်ရန် အပြင်းအထန် ကြိုးစားသော်လည်း နောက်ဆုံးတွင် ထရပ်နိုင်ဖို့ကိုပင် အရှုံးပေးလိုက်ရ၏။
သူ့ခန္ဓာကိုယ်အနှံ့အပြားတွင် အပေါက်ငယ်လေးများ အများအပြားရှိနေသော်လည်း အသက်အန္တရာယ်ကိုတော့ စိုးရိမ်စရာ မရှိပေ။
လျိုဖန်းသည် အလွန်ဂုဏ်ယူဝင့်ကြွားသော အမူအရာနှင့် ရှိနေပြီး စင်မြင့်ပေါ်မှာ ဆင်းသွားပြီးနောက် အကြီးအကဲအိုးယန်ကို ပြောလိုက်၏… “ဆရာ့စကားအတိုင်း တန်ပြန်ရေတိုက်ကွက်ပေါ်မှာ တပည့်အစွမ်းရဲ့ ၅၀ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့ပါတယ်… “
မျက်နှာနီနီနှင့် အကြီးအကဲ၏ခန္ဓာကိုယ်က လျင်မြန်စွာ လှုပ်ရှားသွားပြီး ကျောက်လုံ၏ခန္ဓာကိုယ်နားသို့ ရောက်သွား၏။ သူ၏မျက်နှာအမူအရာက လွန်စွာ အရုပ်ဆိုးအကျည်းတန်နေပြီး ကျောက်လုံး၏ကိုယ်ကို အနည်းငယ်ပုတ်လိုက်သည်။ ထို့နောက် အဖိုးတန်သောဆေးဝါတချို့ တိုက်ကျွေးလိုက်ပြီးနောက် ပြောလိုက်သည်… “ကောင်းလိုက်တဲ့ ရေအကာအကွယ်… အလွှာ၈က လူတွေတောင် ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး… ငါ့တပည့်က အဲ့လောက် မသန်မာသေးတာမို့ ရှုံးတာက သာမန်ပါပဲ… “
ရွှမ်တောက်ဂိုဏ်းမှ တပည့်များအားလုံး၏မျက်နှာတွင် ပျော်ရွှင်သည့်အမူအရာများ ရှိနေပြီး တစ်ယောက်နဲ့တစ်ယောက် ပျော်ရွှင်စွာ ပြောဆိုနေကြသည်။
“အလွှာ၆အဆင့်နဲ့ သူမို့လို့ အစ်ကိုလျိုဖန်းကို တိုက်ခိုက်နိုင်မယ်လို့ ထင်နေတယ်… အဲ့ကတည်းက ငါ သိလိုက်တယ်… ငါတို့ တစ်ပွဲနိုင်ပြီလို့… “
“မှန်တယ်… အစ်ကိုလျိုရဲ့ရေအကာအကွယ်က အလွန်စွမ်းအားကောင်းတယ်… အကြီးအကဲတွေတောင်မှ ချီးမွမ်းရတယ်… သူတို့က ရေအကာအကွယ်ကို ဖျက်ဆီးနိုင်မယ်ဆိုပြီး အိမ်မက် မက်နေတယ်… ဟမ့် “
“မှန်တယ်… ဟုန်ယွီဂိုဏ်းရဲ့တပည့်တွေက တစ်နှစ်ပြီးတစ်နှစ် အားနည်းလာတယ်… လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက ပင်မတပည့်တွေကို ငါလိုက်ကြည့်တာ … တစ်ယောက်မှ ငါတို့ကို ယှဉ်နိုင်တဲ့သူ မရှိဘူး… “
“ဒါက အကုန်မမှန်ဘူး… ဟုန်ယွီဂိုဏ်းရဲ့ ခရမ်းရောင်ဝတ်တပည့်တွေ ထွက်မလာသေးဘူး… အကြီးအကဲတွေပြောတာ သူတို့ကမှ ဂိုဏ်းရဲ့ အဓိကလက်ရွေးစင်တပည့်တွေတဲ့… “
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၄၉) ပြိုင်ပွဲ (၃)
လွန်ခဲ့သောနှစ်၂၀အတွင်း ဂိုဏ်းထဲသို့ ဝင်လာသော ရွှမ်တောက်ဂိုဏ်းနှင့်ဟုန်ယွီဂိုဏ်းမှ တပည့်အားလုံးသည် ဤကဲ့သို့ သွေးထွက်သံယိုမြင်ကွင်းကို မမြင်ဖူးပေ။
သူတို့အားလုံးသည် တိတ်ဆိတ်သွားပြီး သူတို့၏နှလုံးသားထဲတွင် တထင့်ထင့် ဖြစ်နေလေသည်။
ဂိုဏ်းခေါင်းဆောင်ဟွမ်လုံ၏မျက်နှာကလည်း သုန်မုန်နေပြီး သူက အချိန်အတော်ကြာအောင် တိတ်ဆိတ်နေ၏။ လျိုဖန်းက အလွှာ၆ဖြစ်သည်ကို မြင်ခဲ့ပေမယ့် လျိုဖန်းထံတွင် ထိုကဲ့သို့ အားကောင်းသောတိုက်ကွက် ရှိနေမည်ဟု မျှော်လင့်မထားခဲ့ချေ။ လျိုဖန်၏ရေအကာအကွယ်ကို အနည်းဆုံး အလွှာ၈သို့ မရောက်လျှင် ဖြိုခွဲနိုင်လိမ့်မည်မဟုတ်သည်ကိုလည်း ခန့်မှန်းမိသည်။
ပထမပွဲမှာတင် ဤကဲ့သို့ ဖြစ်သွားသဖြင့် သူ့နှလုံးသားက ခါးသီးမှုကို ခံစားလိုက်ရ၏။ ဟုန်ယွီဂိုဏ်းသည် အကျဘက်ကို ရောက်နေသည်။ ဟွမ်လုံက သူ၏ဂိုဏ်းမှ အကြီးအကဲညီအစ်ကိုများကို ကြည့်လိုက်သည့်အခါ သူတို့ခံစားနေရသည့် ခါးသီးမှုခံစားချက်များကို မျက်နှာပေါ်တွင် အတိုင်းသား မြင်နေရ၏။
စွန်းတဇူးက လေကို ခပ်ပြင်းပြင်း စုပ်ယူလိုက်သည်… ‘ငိုးမ… တပည့်တစ်ယောက်ကတောင် ငါ့ထက် သန်မာနေတယ်… ဒီလိုတပည့်မျိုး ရွှမ်တောက်ဂိုဏ်းက ဘယ်လိုရလာတာလဲ… ငါ တော်တော်ကံမကောင်းပါလား… “
ဝမ်လင်းက လျိုဖန်းကို လေးလေးနက်နက် ကြည့်နေသည်။ လျိုဖန်းက ရေအကာအကွယ်ကို အသုံးပြုလိုက်ချိန်တွင် သူက လျိုဖန်း၏ကျင့်စဉ်ကို မြင်လိုက်ရသော်လည်း လျိုဖန်း၏တိုက်ကွက်ကြောင့် ဝမ်လင်းက အံ့အားသင့်နေဆဲ ဖြစ်၏။
ရွှမ်တောက်ဂိုဏ်း၏အကြီးအကဲအိုးယန်က ပြုံးပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်… “သူငယ်ချင်းဟွမ်လုံ… အခုဒုတိယပွဲမှာ မင်းဘက်ကတပည့် အရင်ထွက်လာရမှာနော်… “
ဟွမ်လုံ၏အကြည့်က ပင်မတပည့်များဆီသို့ ရောက်သွားပြီး တစ်ယောက်ချင်းစီ သေချာကြည့်လိုက်သည်။ တပည့်တိုင်းက အရွေးခံရန် ယုံကြည်ချက်မရှိဟန်ဖြင့် ခေါင်းငုံ့သွားကြ၏။
ထိုအချင်းအရာကို မြင်လိုက်ရသည့် ဟွမ်လုံက အလွန်ဒေါသထွက်သွားသည်။ သူ တစ်ခုခုပြောရန် ပြင်လိုက်စဉ်တွင် စွန်းဟိုက အံကြိတ်ပြီး ပြောလိုက်သည်… “ခေါင်းဆောင် … ကျွန်တော်က ပါရမီရှင်တစ်ယောက် မဟုတ်ပေမဲ့… ဒုတိယအချီအတွက် တိုက်ခိုက်ချင်ပါတယ်… “
အနည်းငယ်သောအကြီးအကဲများ၏မျက်နှာများက အရောင်ပြောင်းသွားပြီး အကြီးအကဲရှုက ပြောလိုက်သည်… “စွန်းဟို… မင်းက အခုမှ အလွှာ၄ကိုပဲ ရောက်သေးတာ ရှုပ်ရှုပ်ရှက်ရှက်တွေ မလုပ်စမ်းပါနဲ့… “
စွန်းဟိုက တုန့်ဆိုင်းသွားပြီး ပြောလိုက်သည်… “တပည့်… တပည့်မှာ တိုက်ကွက်အသစ်ရှိပါတယ်… ကျွန်တော် မနိုင်ရင်တောင် သူတို့ကို မျက်နှာပျက်အောင် လုပ်နိုင်ပါတယ်… “ သူ့စိတ်ထဲတွင် တွေးလိုက်သည်… ‘အခု ဘယ်သူမှ မသွားချင်တဲ့အချိန် ငါထွက်လာလိုက်တော့…ဂိုဏ်းခေါင်းဆောင်က ငါ့အပေါ် အမြင်ကောင်းတစ်ခု ရှိသွားမှာပဲ… ငါ မနိုင်ရင်တောင် ဒီအနံ့ဆိုးဗုံးနဲ့ဆိုရင် ငါ့ဘက်က အခြေအနေ အရမ်းဆိုးမှာ မဟုတ်ဘူး… တောင်းပန်ပါတယ် လီရှန်… ဒါကို မင်းဆီက ဝယ်ပြီး မင်းတို့ကောင်တွေအပေါ် သုံးရတော့မယ်… ဒါက ကံကြမ္မာပဲ… “
အရင်ရက်များက အနံ့ဆိုးဗုံးအသုံးပြုနည်းကို လေ့လာခဲ့ရာ တစ်ယောက်တည်းလေ့ကျင့်ခဲ့သော်လည်း မအောင်မြင်သောကြောင့် လီရှန်းထံတွင် သွားမေးပြီး စမ်းကြည့်ရာ နောက်ဆုံးတွင် အကြိမ်ရေ အနည်းငယ်ခန့် အောင်မြင်ခဲ့၏။ သို့သော်လည်း အချိန်မရှိသောကြောင့် နောက်ထပ်မလေ့ကျင့်ခဲ့ရပေ။ အနည်းငယ် ထပ်ကြိုးစားရုံဖြင့် အောင်မြင်သွားမည်ဟု သူ့ကိုယ်သူ ယုံကြည်ထားသည်။
ဟွမ်လုံက အနည်းငယ် စဉ်းစားပြီး သက်ပြင်းချလိုက်သည်။ သူက ခေါင်းကို ညိတ်ပြပြီး ပြောလိုက်သည်… “မင်းသွားနိုင်တယ်… မင်းရဲ့တိုက်ကွက်အသစ်ကို ကြည့်နေမယ်… “
စွန်းဟိုက သူ့ကိုယ်ကို မတ်ပြီး စင်မြင့်ပေါ်သို့ တက်သွားပြီး သူက ပြောလိုက်သည်… “ဟုန်ယွီဂိုဏ်းရဲ့ တပည့်စွန်းဟိုက ရွှမ်တောက်ဂိုဏ်းရဲ့ ညွှန်ပြမှုကို ခံယူပါရစေ…”
စွန်းဟိုကို လီရှန်က မြင်လိုက်သောအခါ သူ့က အလွန်ရယ်ချင်သွား၏။ အကြီးအကဲအိုးယန်က တပည့်တစ်ယောက်ကို စွန်းဟိုနှင့်ယှဉ်ပြိုင်ရန်အတွက် ရွေးမည်ပြုသောအခါ သူက လျင်မြန်စွာ ရှေ့ထွက်လာပြီး ပြောလိုက်သည်… “အကြီးအကဲ… တပည့်လီရှန် စင်မြင့်ပေါ်တက်ပြီး သူနဲ့ယှဉ်ပြိုင်ချင်ပါတယ်… “ လီရှန်က ပြောနေရင်းဖြင့် မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
လီရှန်သည် အကြီးအကဲအိုးယန်ကို ခေါင်းအမြဲကိုက်စေသည့် တပည့်ဖြစ်၏။ သို့သော်လည်း လီရှန်က သူ့အတွက် အကျိုးမရှိလျှင် ဘာမှမလုပ်တဲ့သူ ဖြစ်ကြောင်း အကြီးအကဲအိုးယန် သိသည်။ လီရှန်သွားချင်နေခြင်းသည် လီရှန်က ၁၀၀ရာခိုင်နှုန်း နိုင်မည်ဟု ယုံကြည်ချက်ရှိနေသည်ကို နားလည်လိုက်ပြီး သူ့အား သွားခွင့်ပြုလိုက်သည်။
လီရှန်က စိတ်လှုပ်ရှားစွာဖြင် စင်မြင့်ပေါ်သို့ တက်သွား၏။ သူ့နှလုံးသားထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နေသည်… ’အိုး… စွန်းဟို…စွန်းဟို… ဒီလိုဖြစ်လာဖို့ မင်းဘာသာ ဖန်တီးတာပဲ… ‘
စွန်းဟိုက လီရှန်တက်လာသည်ကို မြင်လိုက်သောအခါ သူ့အမူအရာက ထူးဆန်းလာ၏။
လီရှန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်… “အစ်ကိုစွန်းဟိုရဲ့ တိုက်ကွက်အသစ်လေး ကျွန်တော့်ကို ပြစမ်းပါဦး… ငါ… လီရှန် မင်းရဲ့တိုက်ကွက်ကို ခံယူဖို့ ဒီမှာ ရပ်နေတယ်… ”
စွန်းဟိုက အနည်းငယ်တုန့်ဆိုင်းသွား၏။ သူက ဓားပျံကို အသုံးပြုသည့်နေရာတွင် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီး ဖြစ်သည်။ သူ့လက်က အစီအရင်တစ်ခုကို ပုံဖော်လိုက်သည်နှင့် အနီရောင်ဓားက လျင်မြန်စွာ ပျံသန်းလာပြီး သူ့ဘေး၌ လေထဲတွင် ရပ်တန့်နေသည်။ ဓားမှ အေးစက်စက်အလင်းရောင်များ ထွက်ပေါ်နေ၏။
“သွား…” ဓားပျံက လီရှန်ဆီသို့ လျင်မြန်စွာ ပြေးထွက်သွားသည်။ ထို့နောက် အနံ့ဆိုးဗုံးအများအပြားကို ထုတ်ယူပြီး အော်ပြောလိုက်သည်… “ငါ့ရဲ့တိုက်ကွက်အသစ်ကို မြည်းစမ်းကြည့်လိုက်… “
လီရှန်က ကျယ်လောင်စွာ ရယ်မောလိုက်၏။ ဓားပျံကို အလွယ်တကူရှောင်လိုက်ပြီး သူ့စိတ်ထဲမှ တွေးလိုက်သည်… “ပေါက်ကွဲစမ်း… “
စွန်းဟိုလက်ထဲမှ အနံ့ဆိုးဗုံးများက မပစ်ရသေးခင်မှာပင် ပေါက်ကွဲသွား၏။ အော်ဂလီဆန်စရာကောင်းသော အနံ့ဆိုးများက ပတ်ဝန်းကျင်သို့ ချက်ချင်း ပျံနှံ့သွားသည်။ စွန်းဟို၏တစ်ကိုယ်လုံးကို အနက်ရောင်အညစ်အကြေးများ ဖုံးလွှမ်းနေပြီး မတ်တပ်ရပ်လျှက်ပင် မှင်သက်နေ၏။
သူ မပစ်ရသေးပါဘဲနှင့် အနံ့ဆိုးဗုံးများ ပေါက်ကွဲရသည့်အကြောင်းရင်ကို နားမလည်နိုင်ပေ။
“စောနတုန်းက ငါ အားသုံးတာများသွားလို့လား… ‘
လီရှန်က ပြောလိုက်သည်…”အစ်ကိုစွန်းဟိုရဲ့ တိုက်ကွက်က တော်တော်ပြင်းတာပဲ… တိုက်ကွက်နာမည်က ဘာလဲ… ကိုယ်ကိုယ်ကို ဖျက်စီးခြင်းလား… ငါ မင်းကို ပြောပါတယ်… ဒီအနံ့ဆိုးဗုံးတွေကို သေချာဂရုစိုက်ပါလို့… ဒါပေမဲ့ ထုတ်လိုက်တဲ့အချိန်မှာ အားအများကြီး သုံးလိုက်တော့ … ပေါက်ကွဲကုန်တာပေါ့… “
ရွှမ်တောက်ဂိုဏ်း၏တပည့်များအားလုံးထံမှ ရယ်မောသံများနှင့်လှောင်ပြောင်သံများက ကျယ်လောင်စွာ ထွက်လာသည်။
ဟုန်ယွီဂိုဏ်းမှ တပည့်များကလည်း ရယ်မောချင်ပေမဲ့ အကြီးအကဲများ၏ဒေါသကို မစမ်းရဲပေ။
ဟွမ်လုံက ဒေါသတကြီး လက်ကို ဝေ့ရမ်းလိုက်သည်။ လေလှိုင်းတစ်ခုက ဆိုးရွားနံစော်နေသောအနံ့အသက်များကို လွှင့်စင်သွားစေပြီး မှင်သက်နေသည့်စွန်းဟိုကိုပါ ထင်းရှူးတောင်ထိပ်မှ ဟုန်ယွီတောင်ထပ်သို့ ရောက်သွားစေသည်။
အကြီးအကဲအိုးယန်က ပြုံးပြီး ပြောလိုက်သည်… “စွန်းဟိုက သူ့ရဲ့တိုက်ကွက်ကို တလွဲသုံးလိုက်တဲ့အတွက် သူ့စွမ်းရည်အစစ်အမှန်ကို ငါတို့ မသိရသေးဘူး… ဒီပွဲကို သရေလို့ သတ်မှတ်လိုက်မယ်… “ သူက ပြောပြီးသည်နှင့် လီရှန်ကို သဘောကျသည့်အကြည့်ဖြင့် ကြည့်လိုက်၏။
ဟွမ်လုံက သုန်မှုန်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်… “အရှုံးက အရှုံးပဲ… ဘယ်လိုလုပ် သရေဖြစ်ရမှာလဲ… “
အကြီးအကဲအိုးယန်က ရယ်ပြီး ပြောလိုက်သည်… “ရှုမူ … မင်းသွားလိုက်… “
ရွှမ်တောက်ဂိုဏ်းမှ တပည့်တစ်ယောက် ထွက်လာသည်။ သူ့အသက်က ၂၄၊၂၅နှစ်ခန့်ရှိ၏။ သူက စင်ပေါ်တွင် လက်ပိုက်လျက် ရပ်နေပြီး ဘာမှမပြောချေ။
ဟွမ်လုံက ပင်မတပည့်များကို မခေါ်ထုတ်တော့ဘဲ ကျောက်စိမ်းအပိုင်းအစလေးတစ်ခုကို ထုတ်ယူပြီး ဖိခြေလိုက်၏။ ကျောက်စိမ်းကို ဖိခြေလိုက်သည်နှင့်တစ်ပြိုင်နက် တောက်ပနေသောအပြာရောင်အလင်းတန်းတစ်ခုက စင်မြင့်ပေါ်တွင် ပေါ်လာသည်။ ထိုအပြာရောင်အလင်းတန်းထဲမှ လူ၃ယောက် လမ်းလျှောက်ပြီး ထွက်လာ၏။
ထိုလူ၃ယောက်သည် ခရမ်းရောင်ဝတ်စုံများ ဝတ်ဆင်ထားပြီး သူတို့ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတို့က အလွန်သန်မာသောဖိအားကို ထုတ်လွှတ်ရာ ပင်မတပည့်များ အံ့အားသင့်ရသည်။
အကြီးအကဲအိုးယန်၏မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး ထို၃ယောက်ကို သေသေချာချာ စစ်ဆေးကြည့်လိုက်၏။
ရွှမ်တောက်ဂိုဏ်း၏နောက်ဘက်မှ သက်လတ်ပိုင်းလူကြီးက ရုတ်တရက် သူတို့ကို ကြည့်လိုက်သည်။ သူ့မျက်လုံးက အရောင်လက်သွားပြီး တိုက်ခိုက်ချင်စိတ်များ သူ့မျက်လုံးတွင် ပေါ်လာ၏။
ထိုလူ၃ယောက်က ကြည့်နေသည့်ပရိသတ်အားလုံးကို အေးစက်စွာ ကြည့်လိုက်သည်။ အသက်၄၀အရွယ် သက်လတ်ပိုင်းလူက ပြောလိုက်သည်… “ရွှမ်တောက်ဂိုဏ်းလား… ဟမ့်… လွန်ခဲ့တဲ့နှစ်၂၀က ငါ…လုစုန့် ရှုံးခဲ့တယ်… ဒါပေမဲ့ အခု အချိန်မှာ ငါ ရှုံးမှာ မဟုတ်ဘူး… “
ဝမ်လင်း၏သူငယ်အိမ်က ကျုံ့သွား၏။ ထိုလူ၃ယောက်ထဲတွင် ဂိုဏ်းတူအစ်ကိုကျန်းခွမ်း တစ်ယောက်သာ သူ သိလေသည်။
ဟွမ်လုံက ပြတ်သားစွာ ပြောလိုက်သည်… “လုစုန့် … ဒီတစ်ကြိမ် မင်း သွားလိုက်… “
လုစုန့်က ခေါင်းညိတ်လိုက်၏။ သူ့ဘေးမှ လူနှစ်ယောက်က စင်မြင့်ပေါ်မှ ဆင်းသွားပြီး ဟွမ်လုံ၏ဘေးတွင် သွားရပ်နေလိုက်ကြသည်။
“ဂိုဏ်းတူအစ်ကိုလုစုန့်လား… အစ်ကိုလုစုန့်က လွန်ခဲ့တဲ့နှစ်၂၀ကတည်းက အလွှာ၆ကို ရောက်နေတာတဲ့… ဒီတစ်ကြိမ်ကတော့ ငါတို့ဟုန်ယွီဂိုဏ်း ကျိန်းသေနိုင်ပြီ… “
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၅၀) ပြိုင်ပွဲ (၄)
“သူက လုစုန့်လား… အကြီးအကဲတွေဆီက ကြားတာကတော့ သူက ဟုန်ယွီဂိုဏ်းရဲ့ နံပါတ်၁ပါရမီရှင်တဲ့… ရွှမ်တောက်ဂိုဏ်းကတော့ ဒီတစ်ခါ ကျိန်းသေရှုံးပြီးပဲ… “
“ဂိုဏ်းတူအစ်ကိုလု… အစ်ကိုလုက ကျွန်တော်ရဲ့စံပြပဲ… “
ဟုန်ယွီဂိုဏ်း၏တပည့်များက စိတ်လှုပ်ရှားစွာ အားပေးနေကြ၏။ ယခင်နှစ်ပွဲကြောင့် အောက်သို့ထိုးကျနေသည့် သူတို့၏စိတ်ဓာတ်များက တစ်ဖန် ရှင်သန်လာသည်။
ဟွမ်လုံကလည်း မသိမသာလေး ပြုံးလိုက်သည်။ သည်တစ်ကြိမ်တွင် လုစုန့်ပြိုင်သည့်အတွက် ကျိန်းသေနိုင်ရမည်ဟု တွေးထားလေသည်။
လုစုန့်ကို ဝမ်ကျောက်က မနာလိုသည့်အကြည့်ဖြင့် ကြည့်ပြီး နှာခေါင်းရှုံ့လိုက်၏။
ရွှမ်တောက်ဂိုဏ်း၏တပည့်များတောင်မှ အံ့ဩကုန်ကြ၏။ လွန်ခဲ့သောနှစ်၂၀က လုစုန့်၏ကျော်ကြားမှုကို သူတို့ ကြားဖူးကြသည်။ ထိုနှစ်က လုစုန့်သည် ပြိုင်ပွဲ၌ ရှုံးနိမ့်သွားရသော်လည်း အကြီးအကဲများ၏စိတ်ထဲတွင် သူ့ကို မှတ်မှတ်သားသား ရှိသွား၏။
အကြီးအကဲအိုးယန်၏မျက်နှာက သုန်မှုန်သွားပြီး ပြောလိုက်သည်… “ရှုမူ… မင်းရဲ့စွမ်းအားအပြည့် သုံးနိုင်ဖို့အတွက် ဘိုးဘေးအစီအရင်ကို ဖယ်ရှားဖို့ ခွင့်ပြုတယ်… “
ရှုမူ၏အမူအရာကလည်း လေးနက်သွား၏။ သူက အင်္ကျီရှေ့ခြမ်းကို ဖွင့်လိုက်ရာ အဝါရောင်အဆောင်စာရွက်တစ်ရွက် သူ့ရင်ဘတ်ပေါ်တွင် ပေါ်လာသည်။
ဟုန်ယွီဂိုဏ်း၏အကြီးအကဲများ မှင်သက်သွားကြ၏။ အဆောင်စာရွက်ကို သေချာကြည့်လိုက်သောအခါ သူတို့မျက်နှာတွင် အံ့ဩသည့်အမူအရာမျာ ပေါ်လာသည်။
ဟွမ်လုံက မေးလိုက်သည်… “သူငယ်ချင်းအိုးယန်… ဒီအဆောင်စာရွက်က… “
အကြီးအကဲအိုးယန်၏မျက်လုံးများက အရောင်လက်သွားပြီး ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်… “ဟွမ်လုံ… ဒီစာရွက်ကို တခြားအချိန်မှာ ငါ ရှင်းပြပါ့မယ်… ဒီနေ့ပြိုင်ပွဲမှာ နောက်ထပ်အခြေအနေတစ်ခုကို ထပ်ပေါင်းမယ်… ငါတို့ရွှမ်တောက်ဂိုဏ်းက ဒီတစ်ကြိမ်ထပ်နိုင်ရင် ဟုန်ယွီတောင်ကို နှစ်၅၀၀ ငါတို့ကို ငှားလိုက်ရမယ်… “
လူတိုင်း၏မျက်နှာအမူအရာက ပြောင်းလဲသွား၏။ ဟွမ်လုံက သူ့မျက်လုံးကို ကျုံ့လိုက်ပြီး ပြောသည်… “လာနောက်နေတာလား… သူငယ်ချင်းအိုးယန်… “
အကြီးအကဲအိုးယန်က ခေါင်းကို ခါပြီး ပြောလိုက်သည်… “ဟွမ်လုံ… မင်းလည်း မြင်တာပဲ… စဦးဝိညာဉ်အဆင့်ကို မရောက်သေးတဲ့သူတစ်ယောက်က ဒီအဆောင်ကို ဖန်တီးပြုလုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး… ငါ မင်းကို အမှန်အတိုင်း ပြောပြပေးပါ့မယ်… ငါတို့ရွှမ်တောက်ဂိုဏ်းရဲ့ ဘိုးဘေးတစ်ယောက်က အဆင့်၄တိုင်းပြည်ရဲ့ စစ်ပွဲကနေပြန်လာပြီး… သူက ငါ့ကို ပြောပြတယ်… ရွှမ်တောက်ဂိုဏ်းရဲ့ဘိုးဘေးတွေအားလုံး သေသွားပြီးတဲ့… “
ဟွမ်လုံး၏မျက်နှာ ပျက်ယွင်းသွားပြီး အချိန်တော်တာ်ကြာသည့်တိုင်အောင် စဉ်းစားနေပြီးမှ ပြောလိုက်၏… “အကြီးအကဲအိုးယန်… ပေါက်ကရပြောနေတာတွေကို ရပ်လိုက်တော့… မဟုတ်ရင် ဟုန်ယွီဂိုဏ်းက ကြင်နာမှုမရှိဘူးလို့ အပြစ်မတင်နဲ့… “
အကြီးအကဲအိုးယန်က ပြုံးပြီး ပြောလိုက်သည်… “ငါတို့ရွှမ်တောက်ဂိုဏ်းက ဟုန်ယွီတောင်ကို အင်အားသုံးမလုယူရတဲ့ အကြောင်းရင်က ငါတို့ရဲ့ခင်မင်မှုကြောင့်ပဲ… ဒါ့ကြောင့် ဒီပြိုင်ပွဲမှာ ထည့်သွင်းလိုက်ရတာပဲ… ဟုန်ယွီဂိုဏ်းက ဒီတစ်ကြိမ်မှာ နိုင်ရင် ငါတို့ ထွက်သွားပေးပါ့မယ်… ငါ့ဘက်က ပြောပြီးသွားပြီးဆိုတော့ ပြိုင်ပွဲကို ဆက်လိုက်ရအောင်… “
ဟုန်ယွီဂိုဏ်း၏တပည့်အားလုံးသည် စိတ်ရှုပ်ထွေးသွားကုန်၏။ အားလုံး၏ရင်ထဲတွင် အလွန်ကြီးသောကျောက်တုံးကြီးဆွဲထားသလို လေးလံနေပြီး ကောင်းကင်ကြီးတောင် မှောင်သွားသကဲ့သို့ ခံစားရသည်။
ဝမ်လင်းလည်း ထိတ်လန့်သွား၏။ စစ်ထူနန်ပြောသကဲ့သို့ ကျင့်ကြံခြင်းလောကကြီးကို အဆင့်နှင့် ခွဲခြားထားဟန် တူသည်။
စွန်းတဇူး၏မျက်နှာက ဖြူရော်သွားပြီး ရေရွတ်လိုက်၏… “ပြီးသွားပြီး… အားလုံးပြီးသွားပြီ… ဟုန်ယွီဂိုဏ်းရဲ့ဘိုးဘေးတွေအားလုံးသေသွားပြီ… ငါတို့ဂိုဏ်းရဲ့အခြေအနေကို ထိန်းဖို့ တခြားဂိုဏ်းတွေကို ဘိုးဘေးတွေနဲ့ ခြိမ်းခြောက်လို့ ရသေးတယ်… အခုတော့ အားလုံးပြီးသွားပြီ… သေစမ်း… လွန်ခဲ့တဲ့နှစ်၅၀၀က အဆင့်၄နိုင်ငံက မကျူးကျော်ခဲ့ရင် စဦးဝိညာဉ်အဆင့်အားလုံးကိုလည်း ဆင့်ခေါ်ခံရမှာ မဟုတ်ဘူး… ဟုန်ယွီဂိုဏ်းလည်း ဒီလိုအခြေအနေရောက်မှာ မဟုတ်ဘူး… “
ဟွမ်လုံက သူ၏ဂိုဏ်းတူညီအစ်ကိုများနှင့်ပင်မတပည့်များ၏ စိတ်ထဲတွင် စိုးရိမ်စိတ်များကို မြင်နေရသည်။ သူ့ရင်ထဲမှ အပူများကို ဖိနှိပ်ထိန်းချုပ်ပြီး အော်ပြောလိုက်သည်… “ဟုန်ယွီဂိုဏ်းက လူတိုင်း အထိတ်တလန့်ဖြစ်နေတာတွေကို ရပ်လိုက်… အမှန်ဟုတ်လား ၊ မဟုတ်ဘူးလားကို အမြုတေဖွဲ့တည်ခြင်းအဆင့်က အကြီးအကဲတွေ စစ်ဆေးလိမ့်မယ်… မင်းတို့က ဘာတွေ စိုးရိမ်နေကြတာလဲ… လုစုန့် ပြိုင်ပွဲကို စလိုက်တော့… “
လုစုန့်က အကြီးအကဲအိုးယန်၏စကားကြောင့် အံ့အားသင့်သွားသော်လည်း ချက်ချင်း တည်ငြိမ်မှုကို ပြန်ရသွား၏။ သူက ပါးစပ်ကို ဟလိုက်ရာ ခရမ်းရောင်မြူများ ထွက်လာပြီး ကြီးမားသောလက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှုမှုကို လှမ်းဆွဲလိုက်သည်။
ရှုမူ၏အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ စကားတစ်ခွန်းမျှ မပြောဘဲ သိုလှောင်အိတ်ကို အရှိန်ပြင်းပြင်းရိုက်လိုက်ရာ သိုလှောင်အိတ်မှ ရွှေရောင်အလုံး၆လုံးက ခရမ်းရောင်လက်ကြီးဆီသို့ ပြေးထွက်သွား၏။ လုစုန့်က အေးစက်စွာ ပြုံးလိုက်သည်။ သူ့လက်ဖြင့် အစီအရင်တစ်ခု ပုံဖော်လိုက်ရာ ခရမ်းရောင်လက်ကြီးက လေထဲတွင် ဝေ့ရမ်းလိုက်၏။ ထိုဝေ့ရမ်းလိုက်ခြင်းမှ ဆိုးယုတ်သောလေလိုင်းတစ်ခုထွက်ပေါ်လာပြီး ရွှေရောင်အလုံးလေးများကို လမ်းကြောင်းလွဲသွားစေသည်။
ဆိုးယုတ်သောလေလှိုင်းက ရှုမူ၏ကိုယ်တွင်းမှ စိတ်စွမ်းအင်များကို ထိန်းချုပ်မှု လွတ်သွားစေ၏။ ထိုအချိန်တွင် ရှုမှုက အော်လိုက်သည်… “ပေါက်ကွဲစမ်း… “
ရွှေရောင်အလုံး၆လုံးက တစ်ပြိုင်နက် ပေါက်ကွဲသွားကြ၏။ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းကြောင့် ကြည့်နေသောလူများအားလုံးက နောက်သို့ အနည်းငယ် ဆုတ်လိုက်ရ၏။
လုစုန့်က နှာခေါင်းရှုံးပြီး သရော်လိုက်သည်… “ကလေးကစားကွက်လေးတစ်ခုပါပဲ… “ ကြီးမားသောခရမ်းရောင်လက်ကြီးက လက်သီးဆုပ်ပုံစံ ပြောင်းသွားကာ ရှုမှုထံသို့ အပေါ်မှ အရှိန်ပြင်းစွာ တိုးဝင်လာ၏။
ရှုမှု၏မျက်နှာက ဖွေးခနဲဖြစ်သွားသည်။ လက်သီးကြီး သူ့အပေါ်ကျလာတာကို ကြည့်ပြီး အံကြိတ်ကာ အဝါရောင်အဆောင်စာရွက်တစ်ခုကို ထုတ်ယူလိုက်သည်။ အဆောင်စာရွက်သည် ဘာစာမှ မပါသည့် ဗလာစာရွက်ဖြစ်၏။ ရှုမူက လျှာကို ကိုက်ပြီး သွေးတချို့ကို ထွေးထုတ်လိုက်သည်။
သွေးများက လေထဲ၌ပင် သွေးအရည်တစ်ခုတည်းအဖြစ်သို့ ပြောင်းသွားပြီး သွေးနဂါးပုံစံအဖြစ် ဆက်လက်ပြောင်းသွား၏။ ရှုမူက မျက်တောင်ပင်မခတ်ဘဲ အစီအရင်တစ်ခုကို သူ့လက်ဖြင့် ဖန်တီးလိုက်သည်။ သွေးနဂါးက လေထဲတွင် လှည့်ပတ်သွားပြီး အဆောင်စာရွက်ပေါ်တွင် အမှတ်အသားတစ်ခု ရိုက်လိုက်သကဲ့သို့ ထူးဆန်းသောပုံတစ်ပုံ ပေါ်လာသည်။
အဝါရောင်စာရွက်က ရုတ်တရက် နေတစ်စင်းအလား စူးရှစွာ တောက်ပလာပြီး သူ့အပေါ်သို့ ကျလာသော လက်သီးကြီးကလည်း လူတိုင်း၏မျက်လုံးရှေ့မှ ပျောက်ကွယ်သွာ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်ဝမ်လင်းက အလွန်အံ့ဩသွားသည်။ ထိုကဲ့သို့ အဆောင်စာရွက်တစ်ရွက် သူ့ထံတွင် ရှိနေ၏။
“မှော်အဆောင်လက်ဖွဲ့လား… “ လုစုန့်က မျက်မှောင်ကျုံသွား၏။ သူ့အင်္ကျီလက်ကို ဝေ့ရမ်းလိုက်ရာ အဖြူရောင်နဂါးထွက်ပေါ်လာသည်။ အဖြူရောင်နဂါးနှစ်ကောင်က တစ်ပတ်လှည့်ပတ်လိုက်ပြီး ရှုမူဆီသို့ လျှပ်စီးတန်းတစ်ခုအလား တစ်ဟုန်ထိုး ပြေးဝင်သွား၏။
ရှုမူက ခါးသက်စွာ ရယ်လိုက်သည်။ သူ၏စွမ်းအင်အားလုံးကို လက်သီးကြီးကို ခုခံသည့်နေရာတွင် အသုံးပြုလိုက်ပြီး ဖြစ်၍ အဖြူရောင်နဂါးနှစ်ကောင်ကို ရပ်တန့်ရန် မည်သည့်စွမ်းအင်မှ မကျန်တော့ချေ။
နဂါးနှစ်ကောင်က သူတို့၏ကြောက်မက်ဖွယ်သွားများကို ဖော်ပြပြီး အနားရောက်လာချိန်တွင် ရွှမ်တောက်ဂိုဏ်း၏တပည့်များဘက်မှ အေးစက်သောနှာခေါင်းရှုံ့သံတစ်ခု ပေါ်ထွက်လာသည်။
ရွှမ်တောက်ဂိုဏ်းဘက်မှ အနက်ရောင်သက်တန့်တစ်ခု ပြေးထွက်လာပြီး အဖြူရောင်နဂါးနှစ်ကောင်ကို လွယ်ကူစွာ ရစ်ပတ်လိုက်သည်။ အက်ကွဲသံနှင့်အတူ အဖြူရောင်နဂါးနှစ်ကောင်လည်း ပျောက်ကွယ်သွားပြီး ငွေရောင်ဓားနှစ်ချောင်းအဖြစ် ပြောင်းလဲသွား၏။ အနက်ရောင်သက်တန့်က ပိုမိုတင်းကြပ်လာပြီး ဓားနှစ်ချောင်းက အလယ်မှ ထက်ပိုင်းကျိုးသွားသည်။
လုစုန့်၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ ထိုဓားနှစ်ချောင်းက သူ၏စိတ်ဝိညာဉ်နှင့် ဆက်သွယ်ထားသည့်အတွက် သူက ပါးစပ်အပြည့် သွေးများ အန်ထုတ်လိုက်ရ၏။ သူ့မျက်နှာက ကြောက်မက်ဖွယ်ရာ အမူအရာကို ဖော်ပြနေသည်။ သူ့ဦးခေါင်းထက်မှ ရှုမူ၏ခရမ်းရောင်လက်ကြီးကလည်း ပျောက်ကွယ်သွား၏။ ထို့အတူ လုစုန့်ကလည်း အာရုံမစုစည်းနိုင်တော့ချေ။
ရှုမူကလည်း လျင်မြန်စွာ စင်မြင့်ထက်မှ အဝါရောင်အဆောင်စာရွက်နှင့်အတူ ပြန်ပြေးလာသည်။ သူ၏အမူအရာက ကံကောင်းသွားသည့်မျက်နှာထားနှင့် ဖြစ်သည်။ လုစုန့်ကလည်း ကြေကွဲနေသည့်အမူအရာနှင့် ပြန်ဆင်းလာသည်။
ဟွမ်လုံ၏မျက်နှာက ဒေါသကြောင့် နီရဲသွားပြီး အော်ပြောလိုက်သည်… “ရွှမ်တောက်ဂိုဏ်း အရမ်း လွန်မလာနဲ့… “ သူ့ဘေးမှ အကြီးအကဲများကလည်း အလွန်ဒေါသထွက်နေကြ၏။ တချို့က တိုက်ခိုက်ရန်အတွက် သူတို့၏ရတနာများကိုပင် ထုတ်ယူလိုက်ကြသည်။
ပင်မတပည့်များကလည်း ဖြစ်ပျက်သွားသည့်မြင်ကွင်းကို မြင်ပြီး ဒေါသထွက်နေကြ၏။ ကျန်ရှိနေသော ခရမ်းရောင်ဝတ်တပည့်နှစ်ယောက်ကလည်း ရွှမ်တောက်ဂိုဏ်း၏အနောက်ဘက်မှ သက်လတ်ပိုင်းလူကြီးကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။
အေးစက်စက်နှာခေါင်းရှုံ့လိုက်သူမှာ ထိုလူ ဖြစ်၏။
အကြီးအကဲအိုးယန်က နောက်ကို ပြန်လှည့်လာပြီး သက်လတ်ပိုင်းလူကြီးကို ကြည့်လိုက်သည်။ သူက ပြုံးပြီး ပြောလိုက်သည်… “ဒီတတိယပွဲမှာ ဟုန်ယွီဂိုဏ်းက နိုင်ပါတယ်… ငါပြောထားတဲ့စကားအတွက် ငါ… “
“လူအိုကြီးအိုးယန်… အရေးမပါတဲ့ စကားတွေ ထပ်မပြောနဲ့… ဒီဟုန်ယွီဂိုဏ်းက သာမန်ပဲ… “ နောက်တွင်ရပ်နေသာ သက်လတ်ပိုင်းလူကြီးက ရှေ့သို့ လျှောက်လာသည်။ သူ ပထမခြေလှမ်း လှမ်းလိုက်သည့်အချိန်တွင် ရုတ်တရက် မြေပြင်က အက်ကွဲသွားပြီး ထိုအက်ကွဲကြောင်းက တိုက်ပွဲစင်မြင့်ဆီထိ ရောက်၏။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၅၁) ဝင်ရောက်ဝင်ပြိုင်ခြင်း (၁)
သူ၏ခန္ဓာကိုယ်ကလည်း လှုပ်ရှားသွားပြီး စင်မြင့်ပေါ်တွင် ပေါ်လာသည်။ သူက ဟုန်ယွီဂိုဏ်း၏တပည့်များကို ကြည့်လိုက်ပြီး အထက်စီးဆန်လှသည့်မျက်နှာနှင့် ပြောလိုက်သည်… “မင်းတို့ဟုန်ယွီဂိုဏ်းက တပည့်တွေ အကုန်လုံး တစ်ပြိုင်တည်း တက်လာခဲလို့ရတယ်… မင်းတို့အားလုံးကို ကောင်းကောင်းရိုက်ပြမယ်… “
ဟုန်ယွီဂိုဏ်း၏တပည့်အားလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွား၏။ ဟုန်ယွီဂိုဏ်း၏ အကြီးအကဲများတောင်မှ မျက်မှောင်ကြုတ်သွားသည်။
ရွှမ်တောက်ဂိုဏ်းမှ လူအားလုံးကတော့ ဘာမှမပြောကြချေ။ သူတို့အားလုံး၏မျက်နှာတွင် ထိုလူကို လေးစားသည့်အရိပ်အယောင်များ အထင်းသားပေါ်လွင်နေသည်။ ထိုအချင်းအရာကို ကြည့်ချင်းအားဖြင့် သူ၏အဆင့်အတန်းက ရွှမ်တောက်ဂိုဏ်းထဲတွင် သာမန်တော့ မဖြစ်နိုင်ပေ။
အကြီးအကဲအိုးယန်က ချောင်းဟန့်ပြီး အော်ပြောလိုက်သည်… “သူငယ်ချင်းဟွမ်လုံ… သူက ကျိုးဖန်း… ရွှမ်တောက်ဂိုဏ်းခေါင်းဆောင်ရဲ့တပည့်တစ်ယောက်လည်း ဖြစ်တယ်… ဒီပွဲက အားလုံးကို အဆုံးအဖြတ်ပေးလိမ့်မယ်… မင်းတို့ဟုန်ယွီဂိုဏ်းရဲ့တပည့်က ၁၀စက္ကန့် ကြံကြံခံနိုင်ရင် ဟုန်ယွီဂိုဏ်းနိုင်ပြီ… “
ကျန်းခွမ်း၏မျက်လုံးများက အရောင်တောက်သွားပြီး သူ့ကိုယ်က စင်မြင်ပေါ်သို့ ရောက်သွား၏။ ထို့နောက် သူက လေးလေးနက်နက် ပြောလိုက်သည်… “မာန်တက်နေတဲ့ကလေး… ငါ မင်းကို စမ်းကြည့်မယ်… “
ကျိုးဖန်းက ကျယ်လောင်စွာ ရယ်မောပြီး ပြောလိုက်သည်… “မင်းလား… မင်းရဲ့အဆင်က အလွှာ၆လို့ ထင်ရပေမဲ့ တစ်ကယ်တမ်းက မင်းရဲ့အစွမ်းကို ဖုံးထားတာပဲ… မင်းရဲ့အဆင့်အမှန်က အလွှာ၈ပဲ… မင်းက လုံလောက်အောင် မသန်မာသေးဘူး… “ ထိုစကားကို ပြောနေစဉ်တွင် ကျိုးဖန်း၏မျက်လုံးထဲတွင် အေးစက်စက်အလင်းရောင် လက်သွား၏။ သူက လက်ကို ဝေ့ရမ်းလိုက်ရာ အနက်ရောင်မြွေတစ်ကောင် ထွက်လာပြီး တဖြည်းဖြည်း ကြီးထွားလာကာ ကြီးမာသောစပါးအုံးမြွေကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
စပါးအုံမြွေကြီး၏ကြီးမားသောခေါင်းကြီးက ကြောက်လန့်တကြားဖြစ်နေသော ကျန်းခွမ်း၏မျက်နှာကို အေးစက်စွာ ကြည့်နေသည်။ မြွေကြီးက ပါးစပ်ဟပြီး အသက်ရှူလိုက်ရာ အလွန်အားကောင်းသော စုပ်အားတစ်ခု ပေါ်ထွက်လာသည်။
ထိုစုပ်အားက အလွန်ထူးဆန်း၏။ ကျန်းခွမ်းတစ်ယောက်အပေါ်တွင်သာ သက်ရောက်မှု ရှိပြီး တခြားဘယ်သူမှ ထိုစုပ်အားကို မခံစားရပေ။
ကျန်းခွမ်းသည် မည်သည့်တိုက်ကွက်ကိုမှ မထုတ်သုံးရသေးခင်မှာပင် ထိုစုပ်အားကို ခုခံရန်အတွက် စွမ်းအားများအကုန်အစင် အသုံးပြုလိုက်ရပြီး စုပ်အားကို ဆက်ပြီး ခုခံရန် စွမ်းအားလုံးဝ မရှိတော့ပေ။ ထို့နောက် သူ့ခန္ဓာကိုယ်က ကြိုးပျက်သွားသော စွန်ကဲ့သို့ စပါးအုံမြွေကြီးဆီသို့ စုပ်ယူခံလိုက်ရ၏။
ကျိုးဖန်းက သရော်ပြုံး ပြုံးလိုက်သည်။ သူက ညာလက်ကို မြှောက်ကာ ကျန်းခွမ်း၏လည်ပင်းကို ဖမ်းကိုင်ပြီး ပြောလိုက်သည်… “ပြန်သွားပြီးတော့ နောက်ထပ်နှစ်ပေါင်း ဒါဇင်အနည်းငယ်လောက် လေ့ကျင့်လိုက်ဦး… “ ပြောပြီးသည်နှင့် သူက ကျန်းခွမ်းကို ညာလက်ဖြင့် လွှင့်ပစ်လိုက်၏။
ကျန်ရှိနေသောခရမ်းရောင်ဝတ်တပည့်က ကျန်းခွမ်းကို ဖမ်းရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ပစ်လွှင့်လာသည့်အားကို မတောင့်ခံနိုင်ဘဲ နှစ်ယောက်စလုံး တော်တော်ဝေးဝေးထိ လွင့်သွား၏။
ကျန်းခွမ်း၏မျက်နှာက ဖြူရော်နေသည်။ သူ့မျက်လုံးက ပိတ်လျှက်ရှိပြီး တုန်ယင်နေ၏။ သူ့လည်ပင်းပေါ်တွင် အနက်ရောင်လက်ရာကြီးကလည်း ပြုတ်တူဖြင့် ခိုင်မြဲစွာ ညှပ်ထားသကဲ့သို့ ထင်းနေသည်။
ဖမ်းလိုက်သည့် ခရမ်းရောင်ဝတ်တပည့်၏မျက်နှာကလည်း ထိတ်လန့်နေဟန်ရပြီး သူက တိတ်ဆိတ်နေသည်။
ဟွမ်လုံ၏နှလုံးသားထဲတွင် အလွန်အမင်း ခါးသက်မှုကို ခံစားလိုက်ရ၏။ ရွှမ်တောက်ဂိုဏ်းခေါင်းဆောင်၏တပည့်က အလွန်အမင်း သန်မာလှသည်။ သူ ထုတ်သုံးလိုက်သည့်တိုက်ကွက်ကို ကြည့်ပြီး သူက အနည်းဆုံး ၁၀လွှာတွင် ရှိရမည်ဟု ခန့်မှန်းလိုက်၏။ ကျိုးဖန်းက ကျင့်ကြံခြင်းကို ဖုံးကွယ်ပေးသည့်အဆောင်လက်ဖွဲ့ သုံးထားခြင်းကြောင့် ကျင့်ကြံခြင်းအဆင့်ကို အတိအကျ မသိနိုင်ခြင်းဟု ကောက်ချက်ချလိုက်သည်။
ထို့နောက် ဟွမ်လုံက ပင်မတပည့်များကို ကြည့်ပြီး သက်ပြင်းချလိုက်၏။ ပင်မတပည့်ခေါင်းဆောင်တောင်မှ နိုင်ရန် အခွင့်အရေး မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် ပင်မတပည့်ခေါင်းဆောင်သည် ယခုမှ အလွှာ၁၀၌သာ ရှိသေး၏။ သူသာ ရှုံးသွားလျှင် ဟုန်ယွီဂိုဏ်းက အပြည့်အဝ ရှုံးနိမ့်သွားပြီ ဖြစ်သည်။
ဟွမ်လုံက မဲ့ပြုံး ပြုံးလိုက်သည်… “ကောင်းပြီ… ကြည့်ရတာ ဟုန်ယွီဂိုဏ်းက မျှော်လင့်ချက် မရှိတော့ဘူး… အကြီးအကဲအိုးယန်ပြောတဲ့အတိုင်း ဘိုးဘေးနှစ်ယောက်ကို မြန်မြန်ပြောလိုက်တော့… သူတို့ကပဲ ဆုံးဖြတ်ချက် ချပေးနိုင်တာ… သူပြောတာသာ အမှန်ဆိုရင် ဟုန်ယွီတောင်ထိပ်ကို ဆက်ထိန်းသိမ်းဖို့ လုံးဝ မျှော်လင့်ချက် မရှိတော့ဘူး… “
ကျိုးဖန်က ဘေးပတ်ပတ်လည်ရှိ လူများကို ကြည့်ပြီး ပြောလိုက်သည်… “နောက်တစ်ယောက် ဘယ်သူလဲ… “
ဟုန်ယွီဂိုဏ်းမှ တပည့်အားလုံး မှင်သက်ကုန်၏။ သူတို့က ဘာစကားမှ ပြန်မပြောနိုင်ဘဲ ကျိုးဖန်း၏အကြည့်ကို ရင်မဆိုင်နိုင်ဟန်ဖြင် ခေါင်းကို ငုံ့လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် မည်သူမှ သူနှင့် မယှဉ်ပြိုင်ချင်ကြပေ။
ကျိုးဖန်က လှောင်ပြုံး ပြုံးလိုက်၏။ သူ့နှလုံးသားထဲတွင် သူတို့ကို အလွန်အထင်သေးနေသည်။ သို့သော်လည်း သူ့အကြည့်က သူ့ကို မကြောက်မလန့် ပြန်ကြည့်နေသော အလွှာ၃ကိုသာ ရောက်သေးသည့်တပည့်တစ်ယောက်ကို သတိပြုမိလိုက်၏။
ကျိုးဖန်းကို ကြည့်နေသည့် ဝမ်လင်း၏အမူအရာက အလွန်တည်ငြိမ်လွန်းလှသည်။
ကျိုးဖန်က ဝမ်လင်းကို အေးစက်စွာ ကြည့်လိုက်ပြီး မေးသည်… “ဘာလဲ … မင်းက ငါနဲ့ ပြိုင်ချင်လို့လား… “
ကျိုးဖန်း၏စကားက အားလုံးကို အာရုံကို ဆွဲဆောင်သွား၏။ သူတို့က ကျိုးဖန်း၏စကားသည် ဝမ်လင်းကို ဦးတည်နေကြောင်း သိလိုက်သည်။ သူတို့အားလုံး၏မျက်နှာထားများကလည်း ထူးဆန်းကုန်၏။
ဟွမ်လုံက သက်ပြင်းချလိုက်သည်။ ဝမ်လင်းက ယခုမှ ချီစုစည်းခြင်း အလွှာ၃ကိုသာ ရောက်သေး၏။ သာမန်ဆိုလျှင် သူ့ကို သတိထားမိမှာ မဟုတ်ချေ။ သို့သော်လည်း ယခုတွင်မူ ကျိုးဖန်းကို တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ကြည့်ရဲသော သူ့သတ္တိက ချီးကျူးစရာဖြစ်၏။
ဝမ်လင်းက မတုန့်ပြန်သည်ကို မြင်လိုက်ရသောအခါ ကျိုးဖန်းက လှောင်ပြောင်လိုက်သည်… “ပြိုင်ပွဲ၄ပွဲမှာ တစ်ပွဲပဲ ကျန်တော့တယ်… ဟုန်ယွီဂိုဏ်းက ဂိုဏ်းကြီးတစ်ဂိုဏ်းပါ.. ဘယ်သူမှ မတိုက်ရဲကြဘူးလား… ငါ အလွန်ပဲ စိတ်ပျက်ရတယ်… ပင်မတပည့်တွေထဲက ဘယ်သူမှ မလာရဲကြဘူးလား… “
ဟွမ်လုံဘေးတွင် ရပ်နေသည့် အကြီးအကဲရှုက ပြောလိုက်သည်… “တောင်းပန်ပါတယ် အကြီးအကဲစွန်း… ဝမ်လင်း သွားလိုက်… “
စွန်းတဇူးက အံ့ဩသွားပြီး ချက်ချင်း နားလည်လိုက်သည်။ သူက ဒေါသတကြီး ပြောလိုက်၏… “တောက်ရှု… မင်းက ငါ့ရဲ့စီနီယာဆိုပေမယ့်… ငါ့ကို ဒီလို အရှက်ခွဲလို့ မရနိုင်ဘူး… ငါ့တပည့်က အခုမှ ချီစုစည်းခြင်းအဆင့် တတိယအလွှာကိုပဲ ရောက်သေးတာ… သူ့ကို လွှတ်လိုက်လည်း ငါ မျက်နှာ ပျက်တာပဲရှိမယ်… မင်း ဘာတွေးနေလဲ ငါမသိဘူး မထင်နဲ့… သူတို့ဘက်က ဂိုဏ်းခေါင်းဆောင်ရဲ့တပည့်က အလွန်စွမ်းအားကောင်းတယ်… မင်းတို့ရဲ့တပည့်တွေ ရှုံးပြီး ထိခိုက်မှာ၊ အရှက်ရမှာတွေကို ကြောက်ပြီး ငါ့တပည့်ကို ကြားထဲက အချောင်ဝင်ခံခိုင်းဖို့ ကြိုးစားနေတာ ငါသိတယ်… ဂိုဏ်းမှာ ငါ့တပည့်ကို အမှိုက်ကောင်လို့ သတ်မှတ်ထားကြတယ်… သူ ရှုံးသွားရင်တောင် မင်းတို့က ပြချက်ပေးလို့ရတယ်… ဒီလို ရှက်စရာအလုပ်ကို ငါ ကန့်ကွက်တယ်… “
တောက်ရှုက မျက်မှောင်ကြုတ်သွား၏။ သူ့စိတ်ထဲတွင် ထိုကဲ့သို့ အတွေးများ ရှိမနေချေ။ သို့သော်လည်း စွန်းတဇူးက သူ့ကို မျက်နှာမပေးဘဲ ရွှမ်တောက်ဂိုဏ်း၏ရှေ့တွင် အားလုံးကို ပြောချလိုက်သည်။
သူက သရော်ပြုံး ပြုံးပြီး သူ့မျက်လုံးများက ဂိုဏ်းခေါင်းဆောင်ကို ကြည့်ကာ စကားတချို့ ပို့လိုက်၏။
ဟွမ်လုံက သက်ပြင်းချကာ ပြောလိုက်သည်… “ဂိုဏ်းတူညီလေးစွန်း… စိတ်အနှောင့်အယှက် အဖြစ်မခံပါနဲ့တော့… ဝမ်လင်း သွားလိုက်… “
စွန်းတဇူးက ဒေါသတကြီးဖြင့် အင်္ကျီလက်ကို ဘေးသို့ ရိုက်လိုက်ပြီး ကောင်းကင်ကြီးကို သရော်ပြုံးဖြင့် ကြည့်နေလေသည်။
ဝမ်လင်းက လက်နှစ်ဖက်ကို ဆုပ်ပြီး လေးစားစွာဖြင့် အံ့အားသင်စွာ ပြောလိုက်၏… “အမိန့်အတိုင်းပါ… “
သူက အသက်ပြင်းပြင်း ရှုလိုက်ပြီး ရှေ့သို့ လျှောက်သွားကာ စင်မြင့်ပေါ်သို့ တက်သွား၏။
ရွှမ်တောက်ဂိုဏ်းမှတပည့်အားလုံးက သူ့ကို ကျယ်လောင်စွာ ဟားတိုက်ရယ်မောကြသည်။
“ဟုန်ယွီဂိုဏ်းက အရှက်မရှိတော့ဘူးလား… ငါတို့ရဲ့ဂိုဏ်းတူအစ်ကိုကြီးကို ယှဉ်ပြိုင်ဖို့ အသုံးမကျတဲ့ကောင်ကို လွှတ်လိုက်တယ်… “
“ဒီလိုအသုံးမကျတဲ့ကောင်ကို ယှဉ်ပြိုင်ဖို့ ဂိုဏ်းတူအစ်ကိုကြီးတောင် မလိုဘူး… ငါတောင် သူ့ကို လက်မနဲ့ ဖိသတ်နိုင်တယ်… “
“ဂိုဏ်းတူအစ်ကိုကြီး… သူတို့က အရှုံးပေးနေပြီ… ဒါ့ကြောင့် သူ့ကို လွှတ်လိုက်တာပဲ… သူက သနားစရာကောင်းပါတယ်… သူ့ကို မနာကျင်စေဘဲ ပြန်ပို့ပြီး လူကောင်းတစ်ယောက် ဖြစ်လိုက်ပါ… “
အကြီးအကဲအိုးယန်က အကြီးအကဲနှစ်ယောက်ကို ကြည့်ပြီး သူ့မျက်နှာတွင် အထင်သေးသည့်အမူအရာ ပေါ်လာသည်။ သူက ရယ်ပြီး ပြောသည်… “ငါ ဒီနေ့တော့ ဟွမ်လုံနဲ့ဟုန်ယွီဂိုဏ်းရဲ့ အစစ်အမှန်ကို သိလိုက်ရတာပဲ… “
ထိုစကားကို ကြားပြီး ဟွမ်လုံ မျက်နှာပျက်သွားကာ စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွား၏။ သူသည် ဝမ်လင်းနှင့်ပက်သတ်၍ ယုံကြည်မှု လုံးဝ မရှိပေ။ ပြိုင်ပွဲကို အဆုံးသတ်ရန်အတွက် ဝမ်လင်းကို ကျွဲစာ၊နွားစာသဘောမျိုးဖြင့် လွှတ်လိုက်ခြင်းသာ ဖြစ်သည်။ သည်တစ်ကြိမ်ပြိုင်ပွဲတွင် သူက အရှုံးကို လက်ခံလိုက်ပြီ ဖြစ်၏။
ဝမ်လင်း ရှုံးသွားလျှင်တောင်မှ ပြိုင်ပွဲမှ အကြောင်းများ အပြင်ဘက်သို့ ပြန့်သွားသည့်အခါ အရမ်းကြီး မဆိုးတော့ပေ။ ရွှမ်တောက်ဂိုဏ်းနှင့် ပြိုင်ရဲသည့်တပည့်မရှိဟု ပြန့်နှံ့သွားပါက ဟုန်ယွီဂိုဏ်းအတွက် အလွန်အရှက်ရစရာ ဖြစ်သွားပေလိမ့်မည်။
ပင်မတပည့်ထဲတွင် ပြိုင်ရဲ့သည့်လူ မရှိတော့သည့်အတွက် ဘာမှ မတတ်နိုင်တော့ဘဲ ဝမ်လင်းကိုသာ လွှတ်ခဲ့ရသည်။
သူ့နောက်မှ ဟုန်ယွီဂိုဏ်းမှ အကြီးအကဲအားလုံးကလည်း ခေါင်းကိုသာ တွင်တွင်ခါလိုက်ပြီး ထွက်ခွာရန် နောက်သို့ လှည့်ပြီး ဖြစ်နေ၏။
ပင်မတပည့်များတောင်မှ ဤနေရာတွင် မနေချင်တော့ဟန်ဖြင့် ခြေထောက်များ စတင်ရွေ့နေကြပြီ ဖြစ်သည်။ ဆက်နေလျှင်လည်း ပိုပြီးအရှက်ရစရာများကိုသာ မြင်ရပေလိမ့်မည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၅၂) ဝင်ရောက်ဝင်ပြိုင်ခြင်း (၂)
ကျိုးဖန်က ရယ်မောပြီး ပြောလိုက်သည်… “ဝမ်လင်း… ငါ မင်းကို အသက်တစ်ခါရှုချိန်လောက်နဲ့တင် စင်ပေါ်ကနေ ကန်ချနိုင်တယ်… အဲ့ဒါကြောင့် မြဲမြံအောင် ထိန်းထားပါ… “ အဲ့သလိုနှင့် သူက လေကို စုပ်လိုက်သည်။ သူ့ခန္ဓာကိုယ်က မဆုံးနိုင်သည့်တွင်းတစ်ခုကဲ့သို့ လေများကို အဆက်မပြတ်စုပ်ယူနေ၏။ ကြည့်နေသောတပည့်အားလုံး၏အင်္ကျီများကလည်း တဖျပ်ဖျပ်လေတိုးသံများ ထွက်ပေါ်လာသည်။
ယခင်က ဝမ်လင်းသည် မည်သူနှင့်မှ မတိုက်ခိုက်ဖူးပေ။ ထို့ကြောင့် အနည်းငယ်တော့ ကြောက်လန့်နေ၏။ သူ၏စွမ်းအားအကုန်လုံးကို ဆွဲငင်အားပညာရပ်ပေါ်တွင် အာရုံစူးစိုက်ထားကာ ကျိုးဖန်းဆီသို့ ဖြန့်ထုတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူက အနံ့ဆိုးဗုံးကို ထုတ်ယူလိုက်ပြီး သူ၏နတ်ဘုရားစိတ်အာရုံကို အနံ့ဆိုးဗုံးထဲမှ လီရှန်၏နတ်ဘုရားစိတ်အာရုံထဲသို့ ပျော်ဝင်စေလိုက်ပြီး ကျိုးဖန်ဆီသို့ ပစ်ပေါက်လိုက်သည်။
“ဘန်း… “ ဆိုသည့်အသံနှင့်အတူ အနံ့ဆိုးဗုံးက ပေါက်ကွဲသွားပြီး ကျိုးဖမ်း၏ခန္ဓာကိုယ်ကလည်း အနက်ရောင်မီးခိုးထဲမှ လွှင့်စင်ထွက်သွား၏။ သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားသည်။ သူ့ကိုယ်တွင်လည်း အနက်ရောင်အညစ်အကြေးများ ရှိနေပြီး စွန်းဟိုကဲ့သို့ မှင်သက်နေသည့်အမူအရာနှင့် ဖြစ်သည်။
လေထဲတွင် ရှိနေသည့် ကြီးမားသောစပါးအုံးမြွေကြီးကလည်း ပျောက်ကွယ်သွား၏။
စင်မြင့်ပေါ်မှ ထွက်ပေါ်လာသည့် အသံကျယ်ကြီးက ဟုန်ယွီဂိုဏ်းမှ လူများကို အံ့အားသင့်သွားစေပြီး မသိစိတ်၏စေ့ဆော်မှုအရ သူတို့ခေါင်းများကို နောက်သို့ လှည့်လိုက်ကြသည်။ ကြည့်လိုက်မိသည့် တခဏ အားလုံး မှင်သက်သွားပြီး နေရာတစ်ခုလုံး ရေခဲများနှင့် ခဲသွားသကဲ့သို့ အားလုံးတိတ်ဆိတ်ကုန်၏။
ဟွမ်လုံကလည်း မှင်သက်နေရင်းက သူ့ စိတ်ထဲတွင် တုန်လှုပ်နေမိသည်… ‘ဒါ…ဒါက… ‘
သူ့နှလုံးသားတစ်ခုလုံး ဗြောင်းဆန်နေပြီး သူ့နားထဲတွင်လည်း တဝီဝီသံများ ဆူညံနေသည်။ ခံစားမှုက သူ့ဘေးတွင် မိုးကြိုးပစ်ချပြီး သူကလည်း မိုးကြိုးစက်ကွင်းအတွင်း ရောက်နေသည့် ခံစားချက်မျိုး ဖြစ်သည်။
“မဖြစ်နိုင်ဘူး… ဘယ်အချိန်တုန်းက ဝမ်လင်းက ဒီလောက်သန်မာသွားရတာလဲ… သူ့ရဲ့ပြိုင်ဘက်က တောက်ရွှမ်ဂိုဏ်းခေါင်းဆောင်ရဲ့တပည့်လေ… “ တောက်ရှုက မယုံကြည်နိုင်စွာဖြင့် မျက်လုံးကို ပွတ်ကြည့်လိုက်၏။
သူ့ကို ဂိုဏ်းသို့ခေါ်လာသည့် အစ်ကိုကျန်းကလည်း အံ့ဩနေသည့်မျက်နှာနှင့် စိတ်ထဲမှ တွေးနေသည်… ‘ဒါ ဂိုဏ်းတူညီလေးဝမ်လား… ငါ ကြိုးစားဖို့ပြောခဲ့တဲ့ ဝမ်လင်းလား… သူက တတိယလွှာပဲ ရောက်သေးတာလေ… ဘယ်လိုတွေ ဖြစ်ကုန်တာလဲ… ‘
“သူက ဝမ်လင်းလား… ဂိုဏ်းထဲကို ဝင်လာတုန်းက သတ်သေဖို့ ကြိုးစားခဲ့တဲ့ ဝမ်လင်းလား… “ မျက်နှာနီနီနှင့် လူကြီးကလည်း အလွန်အံ့အားသင့်နေ၏။ သူက ပါးစပ်ကို ဟပြီး အသက်ရှူဖို့ပင် မေ့နေလေသည်။
“မယုံနိုင်စရာပဲ… “အကြီးအကဲဆောင်းက ပြောလိုက်သည်။
ဝမ်ကျောက်ကလည်း မှင်သက်နေသည့် မျက်နှာဖြင့် ရှိနေပြီး သူ့ခေါင်းထဲတွင် ထပ်ကာထပ်ကာ ပြောနေမိသည်… ‘ဝမ်လင်းလား… အမှိုက်ကောင်လား… ‘ သူက ခေါင်းကို ခါရမ်းလိုက်ပြီး အိမ်မက်တစ်ခုကဲ့သို့ ခေါင်းထဲမှ ထုတ်လိုက်၏။ ထိုအခါမှ ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။
မိန်းကလေးရှုကလည်း ပါးစပ်ကို သူမ၏လက်သေးသေးလေးနှင့် ပိတ်ထားပြီး ရေရွတ်လိုက်၏… “ဘယ်လိုဖြစ်နိုင်မှာလဲ… ဘယ်အချိန်တုန်းက ဝမ်လင်းက ဒီလောက်သန်မာလာတာလဲ… သူက တတိယအလွှာပဲ ရှိသေးတာလေ… “
စွန်းတဇူးကလည်း သူ့ခေါင်းကို ရိုက်ပြီး ရေရွတ်လိုက်သည်… “ဒါက ထင်ယောင်ထင်မှား ဖြစ်နေတာ… ငါ စိတ်ချောက်ချားနေတာပဲ ဖြစ်ရမယ်… နေ့ခင်ကြောင်တောင်ကြီး ဘယ်လိုလုပ် ထင်ယောင်ထင်မှား ဖြစ်ရတာလဲ… ပြီးတော့ သူက ငါ့တပည့်… “
မိန်းကလေးကျိုးကလည်း ဝမ်လင်းကို စူးစိုက်ကြည့်သည်။ သူမ၏စိတ်ထဲတွင်လည်း ဟာလာဟင်းလင်း ဖြစ်နေ၏။
ကျန်းခွမ်းက သတိရနေပြီ ဖြစ်သော်လည်း သူက သည့်ထက်ပိုပြီး အရှက်ရမည်စိုးသောကြောင့် ခြေကုန်လက်ပန်းကျသွားသကဲ့သို့ ဟန်ဆောင်နေ၏။ သူက ဝမ်လင်းကို စူးစိုက်ကြည့်ပြီး ဟန်မဆောင်နိုင်တော့ချေ။ သူ၏သူငယ်အိမ်က ကျဉ်းမြောင်းသွားပြီး တွေးလိုက်သည်… “ဟုတ်တယ်… သူပဲ… သူပဲ ဖြစ်ရမယ်… “
“အိမ်မက်… ငါ အိမ်မက် မက်နေတာပဲ ဖြစ်ရမယ်… “ ဝမ်လင်း၏ဦးလေး၄ထံမှ သတ္တုကို လက်ခံထားသည့် သက်လတ်ပိုင်းလူကြီး ရေရွတ်ပြီး လျှာကို ကိုက်ကြည့်လိုက်၏။
လုစုန့်၏အမူအရာကလည်း တခြားသူများနှင့် အတူတူပင်။ ဝမ်လင်း၏အမည်ကို ယခုမှ ပထမဆုံးကြားဖူးခြင်း ဖြစ်သည်။ သူက ဝမ်လင်းကို ကြည့်ပြီး တွေးလိုက်သည်… ‘ပင်မတပည့်တွေကြားထဲမှာ ဒီလိုကျင့်ကြံသူတစ်ယောက် ဘယ်တုန်းက ပေါ်လာတာလဲ… အကြီးအကဲတွေက သူ့ကို အရင်လွှတ်သင့်ရဲ့သားနဲ့… ဘာကြောင့် ငါ့ကို အရင် လွှတ်ရတာလဲ… ‘
‘ငါ စမ်းသပ်တာပဲ မှားခဲ့တာလား… ဝမ်လင်းက တစ်ကယ်ပဲ ပါရမီရှင်တစ်ယောက်လား… ‘ ဆေးဝါးအဆောင်၏ တတိယအကြီးအကဲက တွေးလိုက်၏။ သူ့ရှေ့မှ မြင်ကွင်းကို မြင်ပြီး သူလည်း အံ့အားသင့်နေဆဲ ဖြစ်သည်။
ပင်မတပည့်အားလုံး ငြိမ်သက်သွား၏။ သူတို့အားလုံးသည် မှင်သက်နေသော မျက်နှာများနှင့် ဖြစ်သည်။
ရွှမ်တောက်ဂိုဏ်းမှ တပည့်များလည်း မအံ့ဩဘဲ မနေနိုင်ချေ။ အကြီးအကဲအိုးယန်၏ မျက်လုံးကလည်း ပြူးကျယ်နေ၏။ ကျိုးဖန်းက သူတို့၏ဝှက်ဖဲ ဖြစ်သည်။ သူက ကျောင်းနိုင်ငံအတွင်းတွင် ပါရမီအရှိဆုံး နံပါတ်၁ကျင့်ကြံသူ ဖြစ်၏။ သူ၏ကျင့်စဉ်အဆင့် အစစ်အမှန်က ချီစုစည်းခြင်းအဆင့် အလွှာ၁၃ ဖြစ်သော်လည်း ရှုံးနိမ့်သွားရသည်။ ဟုန်ယွီဂိုဏ်း၏အကြီးအကဲများ တိုက်ခိုက်လျှင်တောင့်မှ ဤမျှ အဖြစ်ဆိုးမည် မဟုတ်ပေ။ သို့သော်လည်း အသုံးမကျသည့် အမှိုက်ကောင်၏ တိုက်ခိုက်သွားခြင်းကို ခံလိုက်ရ၏။ ထို့ကြောင့် အကြီးအကဲအိုးယန်၏စိတ်ထဲတွင် ကျိုးဖန်း၏ရှုံးနိမ့်မှုက ကျိုးဖန်း၏ဂရုမစိုက်မှုကြောင့် ဖြစ်ရမည်ဟု တွေးနေသည်။
တခြားအကြီးအကဲနှစ်ယောက်ကလည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က အသံပင် မထွက်နိုင်ကြတော့ချေ။ ထိုတိုက်ပွဲက အလွန်ထူးဆန်းနေသည်။ ထို့ကြောင့် သူတို့က စကားမပြောနိုင်ဘဲ အံ့ဩနေကြ၏။
လျိုဖန်းက ဝမ်လင်းကို လေးလေးနက်နက် ကြည့်နေသည်။ သည်ပွဲတွင် သူမပြိုင်လိုက်ရသည့်အတွက် သူ၏စိတ်ထဲတွင် ဝမ်းသာနေ၏။ မဟုတ်လျှင် ကျိုးဖန်းနှင့် တူညီသောကံကြမ္မာကို ခံစားသွားရပေလိမ့်မည်။ သို့သော်လည်း သူ နားမလည်သည့်တစ်ချက် ရှိနေသည်။ ဝမ်လင်းက ဤမျှ ထူးချွန်နေပါလျှက်နှင့် မည်သည့်အတွက်ကြောင့် သူ့ကို အသုံးမကျသည့်အမှိုက်ကောင်ဟု ခေါ်ကြသည်ကို နားမလည်နိုင်ပေ။ ဟုန်ယွီဂိုဏ်းမှလူများ၏ အမူအရာကလည်း အတုမဖြစ်နိုင်ပေ။ ထို့ကြောင့် စီနီယာကျိုးဖန်း၏ ဂရုမစိုက်မှုကြောင့်လားဟု တွေးနေမိသည်။ သူ ဝမ်လင်းကို ဘယ်လိုကြည့်ကြည့် ဝမ်လင်းသည် တတိယအလွှာ၌သာ ရှိသေး၏။
တပည့်အားလုံးကလည်း လျိုဖန်းတွေးနေသလိုပင် စီနီယာကျိုး၏ဂရုမစိုက်မှုဟု တွေးနေကြ၏။ သူက ဝမ်လင်း၏တိုက်ခိုက်မှုကို အမှန်တစ်ကယ် ခံလိုက်ရသည်ကို ယုံကြည့်ရန် ခက်ခဲနေကြသည်။
လျိုမိန်၏နူးညံ့သိမ်မွေ့လှသော မျက်နှာလေးက လေးနက်နေသည်။ သူမ၏အတွေးက တခြားသူများ၏အတွေးနှင့် လားလားမျှ မတူချေ။ ပထမနေ့မှာကတည်းက ဝမ်လင်းက သူမ၏မျက်လုံးကို ဖမ်းစားသွား၏။ ယခုလည်း သူမက ဝမ်လင်းကို အလွန်စိတ်ဝင်စားနေသည့်မျက်နှာမျိုးနှင့် ကြည့်နေလေသည်။
အံ့ဩနေသည့်လူများအားလုံးထဲတွင် လီရှန်သည် အံ့အားအသင့်ဆုံးလူသားဖြစ်၏။ သူ့ကိုယ်က အားမရှိသကဲ့သို့ ခံစားလာရပြီး မြေပေါ်သို့ လဲကျသွား၏။ ထို့နောက် သူက တိုးတိုးလေး ရေရွတ်လိုက်သည်… “ပြီးသွားပြီ… အားလုံး ပြီးသွားပြီ… ငါ ရောင်းလိုက်တဲ့အနံ့ဆိုးဗုံးနဲ့ သူက ဂိုဏ်းတူအစ်ကိုကျိုးဖန်းအပေါ်ကို သုံးလိုက်တယ်… ပြီးတော့ စီနီယာကျိုးဖန်းကလည်း အနံ့ဆိုးဗုံးကြောင့် မြန်မြန် ရှုံးနိမ့်သွားရတယ်… ဒီကိစ္စက ငါနဲ့ပက်သက်နေတယ်ဆိုတာ သူ တွေးမိမှာပဲ… “
“လီရှန်…လီရှန်… ဝမ်လင်းက ကျားကို စားဖို့ ဝက်တစ်ကောင်အဖြစ် ဟန်ဆောင်နေတဲ့သူတစ်ယောက်ဆိုတာ ဘာလို့ နားမလည်ခဲ့ရတာလဲ… ဝမ်လင်း… မင်းက စက်ဆုပ်ဖွယ် အရမ်းကောင်းတာပဲ… လုံးဝ အရှက်မရှိဘူး… အရမ်းယုတ်မာတဲ့ကောင်ပဲ… ငါ့ကို ချောက်ချခဲ့တာပဲ… ရွှမ်တောက်ဂိုဏ်းထဲမှာ ငါ ဘယ်လိုနေရမှာလဲ… ဂိုဏ်းတူအစ်ကိုကြီးကလည်း ငါ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး… “
“မဟုတ်ဘူး… အညစ်အကြေးတွေနဲ့အနံ့တွေ ဖယ်ရှားလို့ရမယ့် နည်းလမ်းကို ငါ ရှာရမယ်… ဒီအနံ့ဆိုးဗုံးက ငါ့ရဲ့ ဂုဏ်အယူရဆုံးတီထွင်မှုပဲ… “
“ပြီးတော့ ဒီအနံ့က တခြားတွေရဲ့ ချစ်သူမိန်းကလေးတွေကို ခိုးယူဖို့ လုပ်ထားတာ… ငါက ဒါကို ထိတောင် မထိခဲ့ပေမယ်… လှိုင်ဂူထဲ တစ်လလောက် ပုန်းနေရုံအပြင် တခြားနည်းလမ်း မရှိဘူး… ငါတော့ သေပြီ… အားလုံး ပြီးပြီပဲ… “
ထိုအချိန်တွင် ကျိုးဖန်း သတိပြန်ရလာသည်။ သူက အနံ့ဆိုးဗုံးကြောင့် လွှင့်စင်ပြီး သတိလစ်သွားခြင်း ဖြစ်၏။ သူက အော်ပြောလိုက်သည်… “လီရှန်… ဒီဟာအတွက် ငါ မင်းကို ခွင့်မလွှတ်ဘူး… “
လီရှန်က လေတိုက်ခံလိုက်ရသကဲ့သို့ လဲကျသွားပြီး ငိုယိုလိုက်သည်… “ဂိုဏ်းတူအစ်ကိုကြီး… ငါ မှားပါတယ်… ငါ့ကို ခွင့်လွှတ်ပေးပါ… ငါ နောက်ထပ် ဘယ်တော့မှ လိမ်ဖို့ မကြိုးစားတော့ပါဘူး… “
ကျိုးဖန်း၏မျက်နှာတွင် ဒေါသအပြည့်နှင့် ဖြစ်သည်။ သူ့ကိုယ်တွင် အညစ်အကြေးများနှင့် အပုပ်နံ့များ ဝန်းရံလျှက် သူ့ကိုယ်က လျှပ်စီးတန်းကဲ့သို့ လှုပ်ရှားသွားကာ စင်မြင့်ပေါ်ရှိ သူ့နေရာသို့ ပြန်ရောက်သွားသည်။ သူက ရူးသွပ်စွာ အော်ပြောလိုက်သည်… “ဝမ်လင်း စောနက တိုက်ပွဲကို ထည့်မတွက်ဘူး… စောနက ငါ အဆင့်သင့် မဖြစ်သေးဘဲ မင်းက တိုက်ခိုက်တာ… ဒါကြောင့်မို့ ငါတို့ ပြန်တိုက်မယ်… ဒီတစ်ကြိမ်တော့ ငါ မင်းကို အရင်တိုက်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး… “
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၅၃) ဝင်ရောက်ဝင်ပြိုင်ခြင်း (၃)
ဝမ်လင်းလည်း အချိန်တော်တော်ကြာအောင် မှင်သက်နေ၏။
ကျိုးဖန်၏စိတ်ထဲတွင် သူဂရုမစိုက်၍ ရှုံးရသည်ဟု တွေးပြီး သည်တစ်ကြိမ်တွင် ဘာစကားမှ မပြောဘဲ စပါးအုံးမြွေကြီးကို ဆင့်ခေါ်လိုက်သည်။ လက်ကလည်း အစီအရင်တစ်ခုကို ဖန်တီးလိုက်ရာ စပါးအုံးမြွေကြီးက သူ့ပါးစပ်ကို ဟလိုက်သည်။
ဝမ်လင်းကလည်း နောက်တစ်ကြိမ် ဆွဲငင်အားပညာရပ်ကို သုံးပြီး ကျိုးဖန်းကို အရှိန်ပြင်းပြင်းဖြင့် တွန်းထုတ်လိုက်သည်။ စပါးအုံးမြွေကြီးထံမှ အော်ဟစ်သံ ထွက်ပေါ်လာပြီး လေထဲမှ စပါးအုံးမြွေကြီးသည် ပျောက်ကွယ်သွား၏။ ကျိုးဖန်းကလည်း သွေးများ အန်ထုတ်လိုက်ရပြီး နောက်သို့ နောက်တစ်ကြိမ် လွင့်စင်သွားသည်။
သူက မြေပေါ်သို့ ကျကျချင်း စင်မြင့်ထက်သို့ တစ်ဟုန်ထိုး ပြန်ပြေးတက်လိုက်၏။ သူ့ဆံပင်များက ဖရိုဖရဲဖြစ်နေကာ ပါးစပ်ထောင့်တွင်လည်း သွေးများ ရှိနေသည်။ သူက ပါးစပ်ထောင့်မှ သွေးများကို လျစ်လျူရှူပြီး အင်္ကျီကို ဆုတ်ဖြဲကာ သူ့ရင်ဘတ်မှ အဆောင်စာရွက်ကို ဖယ်ရှားလိုက်သည်။ အဆောင်စာရွက်ကို ဖယ်ရှားလိုက်သည်နှင့် သူ၏ကျင့်ကြံခြင်းအဆင့်က ရုတ်တရက် တိုးမြင့်သွား၏။
“ဝမ်လင်း… စောနက ငါ့ရဲ့စွမ်းအား အစစ်အမှန်ကို မသုံးလိုက်ရတဲ့အတွက် စောနကတစ်ကြိမ်ကိုလည်း ထည့်မတွက်ဘူး…. ပြန်တိုက်မယ်… “
ယခုချိန်တွင် ဝမ်လင်းသည် သူ၏စွမ်းအားနှင့်ပက်သတ်၍ ယုံကြည်မှု ရှိနေပြီ ဖြစ်၏။ ကျိုးဖန်းကို စောင့်မနေတော့ပဲ ဆွဲငင်အားပညာရပ်ကို သုံးပြီး လွဲရိုက်လိုက်သည်။
“ဖောင်း… “
ဒေါသထွက်နေဆဲဖြစ်သည့် ကျိုးဖန်းသည် သူ၏မျက်နှာကို ဖြတ်ရိုက်သကဲ့သို့ ခံစားလိုက်ရပြီး မြေပေါ်သို့ ပစ်ကျသွားကာ သွေးများလည်း ထပ်မံ အန်ထုတ်လိုက်ရ၏။ သည်တစ်ကြိမ်တွင်တော့ ချက်ချင်း ပြန်မထနိုင်ပေ။ သူ့ကိုယ်တွင်းမှ စိတ်စွမ်းအင်များကို ထိန်းချုပ်၍ မရတော့သဖြင့် သူက ထရန် အပြင်းအထန် ကြိုးစားသော်လည်း မထနိုင်တော့ချေ။ သူ့အတွက် အသက်ရှူထုတ်လုပ်ရန်ပင် ခက်ခဲနေသည်။
လူတိုင်း ကြက်သေသေသွား၏။ ပြိုင်ပွဲတစ်ကွင်းလုံးတွင် လူတိုင်း၏အသက်ရှူသံများမှလွဲ၍ မည်သည့်အသံမှ ထွက်ပေါ်မလာတော့ချေ။
ဟွမ်လုံသည် ကြက်သေသေနေရာမှ ပြန်လည် သတိဝင်လာပြီး သူ့မျက်နှာတွင် ပီတိဖြာသောအပြုံးတစ်ခု ပွင့်လန်းနေသည်။ သူက ဝမ်လင်းကို ကြည့်ပြီး တွေးလိုက်သည်… ‘ဝမ်လင်းက ငါတို့ဟုန်ယွီဂိုဏ်းအတွက် ကံကောင်းကြယ်လေးပဲ… သူက ဒီလောက်တောင် သန်မာနေရဲ့သားနဲ့ မတိုက်ခိုက်ချင်ဘူး… သူ့ကို ဆူပူကြိမ်မောင်းဖို့ လိုနေတာပဲ… သူ ဘယ်လိုလုပ်လိုက်တယ်ဆိုတာလည်း မေးကြည့်ရမယ်… “
စွန်းတဇူးက အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့စိတ်ထဲတွင်လည်း တွေးနေ၏… ‘ဝမ်လင်းမှာ လျှို့ဝှက်ချက်တစ်ချို့ ရှိရမယ်… ဘူးသီးခြောက်တွေ တစ်ဘူးထဲရှိတာ မဖြစ်နိုင်ဘူး… ဝမ်လင်း… မင်းက ငါ့ကို လှည့်ဖြားခဲ့တာပဲ… ‘
တောက်ရှုသည်လည်း မှင်သက်နေသည်။ ပထမအကြိမ် ကံကောင်းမှုကြောင့် မှတ်ယူနိုင်သော်လည်း နောက်၂ကြိမ်တွင်မူ ကံကောင်းခြင်း မဖြစ်နိုင်တော့ပေ။ သူ့အတွက် အံ့အားအသင့်ဆုံးက ကျိုးဖန်း၏ကျင့်ကြံခြင်းက အလွှာ၁၂ထိ ရောက်သွား၏။ ထိုအဆင့်က သူနှင့် အတူတူပင်။ သို့သော်လည်း ဝမ်လင်း၏ ဆွဲငင်အားပညာရပ်ကြောင့် စင်မြင့်ထက်မှ နောက်တစ်ကြိမ် ကန်ထုတ်ခံလိုက်ရသည်။
‘ဝမ်လင်းက ဘယ်အဆင့်ကိုတောင် ရောက်နေပြီလဲ… ‘ သူက ဝမ်လင်းကို ကြည့်ပြီး အချိန်တော်တော်ကြာကြာ တွေးနေမိသည်။ သူက နတ်ဘုရားစိတ်အာရုံဖြင့် ဝမ်လင်းကို စစ်ဆေးကြည့်သော်လည်း ဝမ်လင်း၏ကျင့်ကြံခြင်းအဆင့်ကို ဖြတ်၍မမြင်နိုင်ပေ။
မျက်နှာနီနီနှင့် လူကြီးကလည်း သတိပြန်ဝင်လာပြီး တွေးလိုက်၏… ‘ဝမ်လင်းကို ဂိုဏ်းထဲဝင်တုန်းက သူ့ကို ငါ ခွင့်ပြုပေးခဲ့တယ်… ကြည့်ရတာ ငါ့မျက်လုံးတွေ မကန်းသေးဘူးပဲ… ‘
ဝမ်လင်း၏ဦးလေး၄ထံမှ သတ္တုကို လက်ခံခဲ့သည့် သက်လတ်ပိုင်းလူကြီးကလည်း သူ့စိတ်ထဲတွင် တွေးနေမိသည်… ‘ကံကြမ္မာပဲ… ငါနဲ့ဒီကလေးမှာ ရေစက်တစ်ချို့ ရှိတာပဲ… မဟုတ်ဘူးဆိုရင် သူ့ကို ဂိုဏ်းထဲဝင်ဖို့ ကူညီပေးမိမှာ မဟုတ်ဘူး… ဟုန်ယွီဂိုဏ်းအတွက် ငါက ကံကောင်းမှု အကြီးကြီးကို ယူဆောင်ပေးခဲ့တာပဲ… နောက်မှ ဂိုဏ်းခေါင်းဆောင်နဲ့ ပြောရမယ်… ‘
သူ့ဘေးတွင် ရပ်နေသော မျက်နှာအနည်းငယ်ဝါနေသည့်လူကြီးကလည်း ခေါင်းတငြိမ့်ငြိမ့်နှင့် တွေးနေသည်… ‘ငါ သူ့ကို စမ်းသပ်တဲ့အချိန်တုန်းက သူက ဇွဲလုံ့လ အရမ်းကောင်းတာကို သိခဲ့တယ်… သူ့ကို စွန်းတဇူးကသာ ခိုးယူမသွားခဲ့ရင် သူက ငါ…ကျန်းရမ်ချိုက်ရဲ့တပည့် ဖြစ်လာမှာပဲ… ‘
ဝမ်ကျောက်၏စိတ်ကလည်း ဟာလာဟင်းလင်း ဖြစ်ကာ သူ့အတွေးထဲတွင် ပျာယာခတ်နေ၏… ‘သူက အခု သန်မာလာပြီ… အရင်က ငါ သူ့ကို လှောင်ပြောင်သရော်ခဲ့တာ… သူက လက်တုန့်ပြန်ဖို့ ကျိန်းသေတွေးထားမှာပဲ… ငါ ဘာလုပ်ရမလဲ… ‘
မိန်းကလေးကျိုး၏မျက်လုံးက အရောင်တောက်နေသည်။ ဝမ်လင်းက သူ၏စွမ်းအားကို ဖုံးကွယ်ထားသည်ဟု ကျိန်းသေယုံကြည့လက်ခံလိုက်လေပြီ။ သူမက ဝမ်လင်းကို တတိယအလွှာသာ ရှိသေးသည်ဟု ထင်ပြီး သူမ၏ စိတ်ထဲမှ အကြောင်းအရာများကို ပြောပြခဲ့၏။ ထိုအကြောင်းကို တွေးမိပြီး သူမ၏မျက်နှာက နီရဲသွားကာ စိတ်ထဲတွင်လည်း တွေးလိုက်သည်… ‘ဝမ်လင်းက တစ်ကယ်ကို သန်မာတယ်… သူက ငါ့ကို တတိယအလွှာပဲ ရှိသေးတယ် ညာခဲ့တာပဲ … နောက်မှ သူ့ဆီက အဖြေရှာရမယ်… ‘
ဝမ်လင်းကို ကြည့်ပြီး မိန်းကလေးရှု၏မျက်လုံးနှစ်လုံးက အကြိမ်ပေါင်းများစွာ ဖွင့်လိုက်၊ပိတ်လိုက် ဖြစ်နေလေသည်။ ထို့နောက် ဝမ်ကျောက်ကို ကြည့်ပြီး တွေးလိုက်၏… “သူက အစ်ကိုဝမ်ကျောက်နဲ့တောင် ယှဉ်နိုင်တာလား… ဝမ်လင်းက ရွှမ်တောက်ဂိုဏ်းခေါင်းဆောင်ရဲ့တပည့်ကိုတောင် စင်မြင့်ပေါ်ကနေ ၃ကြိမ်တောင် လွှင့်ထွက်သွားအောင် လုပ်နိုင်တယ်… အရမ်းသန်မာလွန်းတယ်… “
ပင်မတပည့်တစ်ယောက်က ဘေးနားမှ ပင်မတပည့်များကို ကြည့်ပြီး စိတ်ထဲတွင် လှောင်ပြောင်ရယ်မောနေသည်… ‘ဝမ်လင်းက တစ်ချိန်လုံး ကိုယ်ကိုယ်ကို အားနည်းချင်ယောင် ဆောင်ထားတာပဲ… ကံကောင်းလိုက်တာ ငါ သူ့ကို တစ်ခါမှ မလှောင်ဖူးဘူး… ငါသာ လှောင်ခဲ့လို့ကတော့ ဒီအချိန်မှာ တော်တော်ကို ကြောက်နေရမှာ… ဟီးဟီး… သူ့ကို လှောင်ပြောင်ခဲ့တဲ့ တပည့်တွေအများကြီးပဲ… သိပ်မကြာခင် ပွဲကြီးပွဲကောင်း ကြည့်ရနိုင်တယ်… ‘
ဝမ်လင်းကို လှောင်ပြောင်ခဲ့သည့် တပည့်တစ်ယောက်ကလည်း စိတ်ထဲ တွေးနေသည်… ‘ပြီးသွားပြီး… ငါ သူ့ကို အများကြီး လှောင်ခဲ့တာ… အခု သူက ငါ့ကို လက်ညှိုးတစ်ချောင်းတည်းနဲ့တောင် သတ်နိုင်နေပြီ… သန်မာရဲ့သားနဲ့ ဘာလို့ အားနည်းချင်ယောင်ဆောင်ရတာလဲ… အရှက်မဲ့လွန်းတယ်… ပြင်ပတပည့်တွေကြားမှာ လာဘ်စားလွန်းလို့ သူ့နာမည်က အနက်ရောင်နှလုံးသားဘုရင်လို့တောင် ကျော်ကြားတယ်… ငါ သူ့ဆီကို ပစ္စည်းတစ်ချို့ ယူသွားပြီး ဖားသင့်တယ်… ‘
ဆေးဝါးအဆောင်မှ တတိယအကြီးအကဲသည် အသက်ကို ပြင်းပြင်းရှုလိုက်သော်လည်း သူ့အမူအရာက တည်ငြိမ်မှု မရှိသေးချေ… ‘ဒါက တော်တော်ဆိုးတာပဲ … ဝမ်ဟိုက သူနဲ့က ဆွေမျိုးတွေဖြစ်ပြီး ဆက်ဆံရေး တော်တော်ကောင်းတယ်ကြားတယ်… ဒါကို ဘယ်လိုဖြေရှင်းရမလဲ… လွန်ခဲ့တဲ့ ၃ရက်ကဆိုရင် ဝမ်ဟိုကို ထွက်သွားခွင့် ပေးလိုက်လို့ရတယ်… အခုကျတော့ ဝမ်ဟိုက…… ဝမ်လင်းသာ ဝမ်ဟိုကို ရှာတွေ့သွားရင် သူ့ဒေါသနဲ့ ရင်ဆိုင်ရမှာပဲ… ဝမ်ဟိုက သွားခွင့်ပြုလိုက်ရင်လည်း ငါ့ကို လက်စားချေဖို့ ပြန်လာမှာပဲ… ပြိုင်ပွဲပြီးတာနဲ့ သူ့ကို သတ်ပစ်ရမယ်… သူက တစ်ခုခုကြောင့် သေသွားသလို ဟန်ဆောင်ရမယ်… ‘
လုစုန့်က သူ့ခေါင်းကို ငုံ့ပြီး ခရမ်းရောင်ဝတ်စုံကို ကြည့်လိုက်ပြီး ခါးသက်စွာ ရယ်မောလိုက်သည်… ‘ဟုန်ယွီဂိုဏ်းရဲ့ ပင်မတပည့်တစ်ယောက်က အကုန်ဗြောင်းဆန်သွားအောင် လုပ်နိုင်တာပဲ… ဝမ်လင်းက တစ်ကယ်ကို မရိုးရှင်းဘူး… သူ့ရဲ့ အကြံအစည်တွေက တစ်ကယ်ကို ပြည့်စုံတယ်… သူက သူ့ရဲ့ ကျင့်ကြံခြင်းကို ဒီနေ့အထိ ဖုံးကွယ်ထားခဲ့တာပဲ… ဟီးဟီး… ဝမ်လင်းရဲ့နာမည်က အခုကစပြီး ကျောင်းနိုင်ငံရဲ့ ကျင့်ကြံခြင်းလောကမှာ ပြန့်နှံသွားတော့မှာပဲ… ငါ သူနဲ့ မိတ်ဖွဲ့ထားရမယ်… ‘ သူက အနာဂါတ်တွင် ဝမ်လင်းကို ကောင်းကောင်းဆက်ဆံရန် ဆုံးဖြတ်ချက် ချလိုက်၏။
ကျန်းခွမ်း၏မျက်နှာတွင် ခါးသည်းမှုများနှင့် ပြည့်နေသည်။ သူက စိတ်ဝိညာဉ်ရေကို ရရှိစဉ်က ရေထဲတွင် စိတ်စွမ်းအင်ပမာဏအများကြီး ပါသည်ဟုသာ တွေးခဲ့ပြီး အလေးအနက် မထားခဲ့ပေ။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၅၄) ဝင်ရောက်ဝင်ပြိုင်ခြင်း (၄)
သို့သော်လည်း ဝမ်လင်းထံမှ ရရှိသည့်စိတ်ဝိညာဉ်ရေနှင့် တောင်အနောက်ဘက်မှ စမ်းရေကို ယှဉ်ကြည့်သည့်အခါ စိတ်ဝိညာဉ်ရေထဲတွင် စိတ်စွမ်းအင်များ အများအပြားပါရုံသာမက အခြားအသုံးဝင်မှုများကိုပါ ရှိနေသည်။ သူက သေသေချာချာ လေ့လာပြီးနောက်တွင် စိတ်ဝိညာဉ်ရေက ငယ်ရွယ်မှုကို ထိန်းသိမ်းပေးထားနိုင်ကြောင်း လေ့လာတွေ့ရှိလိုက်ရ၏။
သူက စိတ်ဝိညာဉ်ရေစက် အနည်းငယ်ကိုသာ အသုံးပြုလိုက်သော်လည်း ထိုအချက်ကို ချက်ချင်း သတိပြုမိလိုက်ပြီး အလွန်လည်း စိတ်လှုပ်ရှားခဲ့ရသည်။
စဦးစိတ်ဝိညာဉ်အဆင့်သို့ရောက်လျှင် အသက်က ထာဝရဖြစ်သွားပြီဟု ပြော၍ရသော်လည်း နှစ်တစ်ထောင်တော့ မကျော်ပေ။
စိတ်ဝိညာဉ်ရေကို တခြားဂိုဏ်းများနှင့် အရောင်းအဝယ်လုပ်ပါက သူတို့သည် စိတ်ဝိညာဉ်ရေကို အရူးအမူး ဖြစ်သွားပေလိမ့်မည်။ အထူးသဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သို့မဟုတ် အမြုတေဖွဲ့တည်ခြင်းအဆင့်မှ အမျိုးသမီး ကျင့်ကြံသူများ ဖြစ်သည်။
သို့သော်လည်း နောက်တစ်ကြိမ် သူ့ကို သွားရှာသည့်အခါ ဝမ်လင်း၏အရိပ်ကို မြင်တောင် မမြင်တော့ပေ။ ဟုန်ယွီဂိုဏ်းတွင် ပင်မတပည့်အနည်းငယ်သာ ရှိသည်။ သူက အားလုံးကို လိုက်ကြည့်သော်လည်း ဝမ်လင်းနှင့်တူသည့် တစ်ယောက်ကိုမျှ မတွေခဲ့ရချေ။
ဝမ်လင်းကို စစ်ဆေးကြည့်ခဲ့သော်လည်း တတိယအလွှာသာ ရှိသေးသဖြင့် ထိုလူက ဝမ်လင်းဖြစ်လိမ့်မည်ဟု မထင်မိခဲ့ချေ။
သို့သော် ယခုအချိန်တွင် ထိုလူက ဝမ်လင်းဖြစ်သည်မှာ ၁၀၀ရာခိုင်နှုန်း သေချာနေလေပြီ။ ထို့သို့ ခန့်မှန်မိခြင်းက ရေရာသည့်အကြောင်းပြချက် မရှိပေ။ သူ၏စိတ်ထဲမှ အလိုလိုသိခြင်း ဖြစ်သည်။
‘ဝမ်လင်းက ကျင့်ကြံခြင်းမှာ တော်တော်အဆင့်မြင့်နေပြီ… ကံကောင်းသွားတာက ငါ သူ့ကို နောက်ထပ် ဘာမှ မလုပ်မိလိုက်တာပဲ… စိတ်ဝိညာဉ်ရေရဲ့ လျှို့ဝှက်ချက်ကို ငါ့ရင်ထဲမှာပဲ မြုပ်နှံလိုက်တာ ကောင်းပါတယ်… အဲ့ဒီလူက ဝမ်လင်း ဟုတ်မဟုတ် အရေးမကြီးဘူး… ဒါပေမဲ့ ကျင့်ကြံခြင်းလောကဆိုတာ ရက်စက်လွန်းတယ်… ဂိုဏ်းတူညီအစ်ကို မပြောနဲ့ ညီအစ်ကို အချင်းချင်းတောင် သတ်ဖြတ်နေကြတာ… ဝမ်လင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆို ငါ သူ့ကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး… ‘ ကျန်းခွမ်းက ဝမ်လင်းနဲ့ ပက်သတ်၍ ဘာမှမလုပ်တော့ရန် ဆုံးဖြတ်ချက် ချလိုက်တော့၏။
ဝမ်လင်းက ဘယ်လိုနည်းလမ်းနှင့် သန်မာလာသည်ဖြစ်ပါစေ သူစိတ်ပူရမည့်ကိစ္စ မဟုတ်ပေ။ ယခုအချိန်တွင် ဝမ်လင်း၏သန်မာမှုကြောင့် ထိုစိတ်စွမ်းအင်ရေများအကြောင်းကို ထပ်တွေးနေလျှင် သူ့အသက်ကို သူကိုယ်တိုင် စွန့်ပစ်သကဲ့သို့ ဖြစ်သွားမည်ဟု ခံစားရသည့်အတွက် သူ့ကိုယ်သူ ချက်ချင်း ရပ်တန့်လိုက်လေပြီ။
အစ်ကိုကျန်းကလည်း ဝမ်လင်းကို ကျင့်ကြံခြင်း၌ အပတ်တကုတ်ကြိုးစားရန် ဆူပူကြိမ်းမောင်းခဲ့ဖူး၏။ ထိုအဖြစ်က ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သနည်း။ သူက ဝမ်လင်းကို ညှိုးငယ်စွာ ကြည့်ပြီး ရေရွတ်လိုက်သည်… “မင်းက ဝမ်မိသားစုက ခေါ်လာတဲ့အချိန်တုန်းက သာမန်လူငယ်လေးတစ်ယောက်ပဲ… မင်း ကိုယ်ကိုယ်ကို သတ်သေဖို့ ကြိုးစားတုန်းကတောင် ငါ ကယ်ပေးခဲ့ရသေးတယ်… ၅နှစ်ပဲ ရှိသေးတယ်… အများကြီးပြောင်းလဲသွားပြီ… မင်းက အခုအချိန်မှာ ဟုန်ယွီဂိုဏ်းရဲ့ နံပါတ်၁တပည့်တောင် ဖြစ်သွားပြီ… ကံတရားက ရက်စက်တယ်… ငါ ၁၀နှစ်လောက် အပင်ပန်းခံလေ့ကျင့်တာတောင် အလွှာ၆ကိုပဲ ရောက်သေးတယ်… “
ရွှမ်တောက်ဂိုဏ်းမှ လူအားလုံးကလည်း အံ့ဩနေကြသည်။
ပထမတစ်ကြိမ်တုန်းက ကျိုးဖန်းက ဂရုမစိုက်လို့ဆိုပြီး ရှင်းပြနိုင်သေး၏။ သို့သော် ဒုတိယအကြိမ်နှင့်တတိယအကြိမ်မှာလည်း တစ်ချက်တည်းနှင့် စင်မြင့်ပေါ်မှ လွှင့်စင့်ပြုတ်ကျရပြန်သည်။ အထူးသဖြင့် တတိယအကြိမ်တွင် ဖြစ်သည်။ ကျိုးဖန်းက သူ့အဆောင်စာရွက်ကို ဖြုတ်လိုက်သည့်အတွက် သူ၏ကျင့်ကြံခြင်းကို အပြည့်အဝ သုံးနိုင်သော်လည်း တစ်ချက်တည်းနှင့် လွှင့်စင်ခဲ့ရ၏။
ထိုအဖြစ်က ရွှမ်တောက်ဂိုဏ်းမှ လူများကို အံ့အားသင့်စေခြင်း ဖြစ်သည်။
လျိုဖန်း၏မေးရိုးဆိုလျှင် အံ့ဩလွန်း၍ အောက်သို့ပင် ကျနေလေပြီ။ အချိန်တော်တော်ကြာသည့်တိုင်အောင် သတိပြန်ဝင် မလာသေးပေ။ သူက ဝမ်လင်းသည် ဟုန်ယွီဂိုဏ်း၏ဝှက်ဖဲတစ်ချပ်ဆိုသည်ကို လက်ခံယုံကြည်သွား၏။ သူက တွေးလိုက်သည်… ‘ဂိုဏ်းတူအစ်ကိုကြီးက အစကတည်းက ဂရုမစိုက်ခဲ့တာ မဟုတ်ဘူး ဝမ်လင်းထက် အားနည်းတာ… ဒါပေမယ့်လည်း အစ်ကိုကြီးက အလွှာ၁၂ကို ရောက်နေပြီးပြီး… ဒါဆို ဝမ်လင်းက ဘယ်အဆင့်မှာလဲ… ‘
လျိုဖန်းက မယုံကြည်နိုင်သောအသံဖြင့် ရေရွတ်လိုက်သည်… “သူက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်နေတာ ဖြစ်နိုင်မလား… “
လျိုမိန်၏ မျက်လုံးက ပိုပြီးတော့တောင် အရောင်လက်လာ၏။ ဝမ်လင်း ပိုပြီးတော့လည်း စိတ်ဝင်စားလာသည်။ သူမက စိတ်ထဲတွင် တွေးလိုက်သည်… ‘သူမှာ တစ်ကယ်ကို လျှို့ဝှက်ချက်တွေ များတာပဲ… လွန်ခဲ့တဲ့၃ရက်က တစ်ခုခုမှားနေသလို ခံစားရတာ ဘာကြောင့်လဲ သိသွားပြီ… သူက ငါ့ရဲ့ ညှို့ဓာတ်ကနေ ပထမဆုံး ကာကွယ်နိုင်တဲ့လူပဲ… ‘
များစွာသောတပည့်များသည် ဘာကိုမှ မပြောနိုင်ကြတော့ချေ။ အဘယ်ကြောင့်ဆိုသော် ကျိုးဖန်းသည် သူတို့ရင်ထဲမှ သူရဲကောင်းဖြစ်နေသောကြောင့် ဖြစ်သည်။ ယခုတော့ သူရဲကောင်းက ပြန်တိုက်ရန် အခွင့်အရေးတောင် မရဘဲ တစ်စုံတစ်ယောက်၏ နှိမ်နှင်းခြင်းကို ခံလိုက်ရ၏။ ထိုအချက်က သူတို့ကို ဂိုဏ်းမှ သင်ပေးလိုက်သော ကျင့်စဉ်နည်းစနစ်များအပေါ် စတင်သံသယ ဝင်လာစေသည်။
အကြီးအကဲအိုးယန်၏အမူအရာကလည်း ဟုန်ယွီဂိုဏ်းသားများ ရှုံးနိမ့်စဉ်က ဟွမ်လုံ၏အမူအရာအတိုင်းပင် ဖြစ်၏။ သူ့မျက်နှာတွင် ခါးသီးမှုများ ပြည့်နှက်နေပြီး ဝမ်လင်းကို စူးစိုက်ကြည့်နေလေသည်။ သူ၏အလွှာ၁၄ ကျင့်ကြံမှုနှင့်ပင် ဝမ်လင်းကို ဘယ်လိုကြည့်ကြည့် ဝမ်လင်းက တတိယအလွှာ၌သာ ရှိသေးသည်ဟု မြင်ရ၏။
“သူက တစ်ကယ်ပဲ ဟုန်ယွီဂိုဏ်းရဲ့ ပင်မတပည့်လား… သူက ခန္ဓာကိုယ်ကျင့်ကြံခြင်းအဆင့်ကို ရောက်နေပြီလား… ငါ ဘာလို့ သူ့ရဲ့ကျင့်ကြံခြင်းကို မမြင်နိုင်ရတာလဲ… “
တခြားအကြီးအကဲနှစ်ယောက်၏မျက်နှာများသည်လည်း ဖြူရော်နေ၏။ ကျိုးဖန်၏ ၃ကြိမ်တိုက်ခိုက်ခံရမှုက ဝမ်လင်း၏စွမ်းအား အစစ်အမှန်ကို သိသွားစေသည်။
ရွမ်တောက်ဂိုဏ်း၏တပည့်တစ်ယောက်က ရုတ်တရက် လေသံတိုးတိုးဖြင့် ပြောလိုက်သည်… “သူက ဘာကျင့်စဉ်ကို သုံးလိုက်တာလဲ… ဆွဲငင်အားကျင့်စဉ်နဲ့ တူနေတယ်လို့ ဘာကြောင့်ခံစားနေရတာလဲ… “
သူ့ဘေးမှ တစ်ယောက်ကလည်း သေသေချာချာ စဉ်းစားကြည့်ပြီး ပြောလိုက်သည်… “ဆွဲငင်အားကျင့်စဉ်လား… မဖြစ်နိုင်ဘူး… အဲ့ကျင့်စဉ်က အနိမ့်ဆုံးကျင့်စဉ်တစ်ခုပဲလေ… ဘယ်လိုလုပ် ဒီလောက် စွမ်းအားပြင်းပါ့မလဲ… ရှေးဟောင်းကျင့်စဉ်တစ်ခုပဲ ဖြစ်ရမယ်… သူက လက်ကို ဆွဲငင်အားကျင့်စဉ်ကို အသုံးပြုသလိုမျိုး ဝေ့ရမ်းလိုက်တာကို တွေ့လား… အဲ့ဒါ သူသုံးတဲ့ရှေးဟောင်းပညာရပ်ကို ဖုံးကွယ်ဖို့ပဲ… ဝမ်လင်းက တစ်ကယ်ကို ပရိယာယ်များတဲ့ကောင်… “
“ဒါပေမဲ့ ငါလည်း ဘယ်လိုကြည့်ကြည့် သူသုံးတာ ဆွဲငင်အားကျင့်စဉ်နဲ့တူနေတယ်… ငါလည်း မကြာခဏ လေ့ကျင့်တယ်… ဓားပျံတွေ၊တခြားပစ္စည်းတွေကို ငါအလိုရှိသလို ရွေ့လျား၊ပျံသန်းအောင် လုပ်နိုင်တယ်… ဂိုဏ်းတူအစ်ကိုကြီးလို ဖြစ်သွားအောင်တော့… “ တခြားတစ်ယောက်ကလည်း ပြောလိုက်သည်။ သို့သော် နောက်ဆုံးစကားလုံးကို ပြောလိုက်သည့်အချိန်တွင် သူ့အသံသည် အလွန်တိုးသွား၏။
တခြားတပည့်တစ်ယောက်ကလည်း မေးစေ့ကို ပွတ်ပြီး ပြောလိုက်သည်… “ဒါကို မေ့ထားလိုက်တော့… ဝမ်လင်းလုပ်သလိုမျိုး မင်းကြိုးစားကြည့်နိုင်တယ်… ဒါက ဆွဲငင်အားကျင့်စဉ် လုံးဝမဖြစ်နိုင်ဘူး… “
တခြားတပည့်များသည်လည်း ဝမ်လင်းသုံးသွားသည့်ပညာရပ်အား ဆွေးနွေးနေကြသည်။ တချို့ဆိုလျှင် အကြီးအကဲ၃ယောက်ကိုတောင် သွားမေးကြ၏။
အကြီးအကဲအိုးယန်နှင့်တခြားအကြီးအကဲနှစ်ယောက်သည်လည်း ခါးသက်သက် ရယ်မောလိုက်ကြသည်။ အကြီးအကဲအိုးယန်က ပြောလိုက်သည်… “ဒါက ဆွဲငင်အားကျင့်စဉ် မဖြစ်နိုင်ဘူး… ဆွဲငင်အားပညာရပ်က ဒီလောက်စွမ်းအားပြင်းတာ တစ်ခါမှတောင် မမြင်ဖူးဘူး… ငါ မြင်တာပြောရမယ်ဆိုရင် ဝမ်လင်းသုံးတာ ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ နဂါးဖမ်းလက်ပဲ ဖြစ်ရမယ်… “
“နဂါးဖမ်းလက်လား… “ တခြားအကြီးအကဲနှစ်ယောက်လည်း အံ့ဩသွား၏။ သူတို့သည် နဂါးဖမ်းလက်ဆိုတာကို တစ်ခါမှ မကြားဖူးခဲ့သော်လည်း ဝမ်လင်းသုံးသည့်ကျင့်စဉ်နည်းစနစ်ကို မမြင်နိုင်ခဲ့ပေ။ သူတို့မြင်သည်က ဝမ်လင်းသုံးသွားသည့်ပညာရပ်ကား ဆွဲငင်အားကျင့်စဉ်နှင့် အလွန်တူပေသည်။
အကြီးအကဲအိုးယန်၏ မျက်နှာက သုန်မှုန်နေပြီး စိတ်ထဲမှလည်း တွေးနေ၏… ‘ဒီအဖိုးကြီးက သုံးသွားတဲ့ပညာရပ်ကို မမြင်နိုင်ခဲ့ပေမယ့်လည်း မျက်နှာမပျက်အောင်တော့ ဘယ်သူမှ မသိတဲအကြောင်းအရာတစ်ခုကို ဖန်တီးပြောနိုင်ပါသေးတယ်… ‘
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၅၅) ဝင်ရောက်ဝင်ပြိုင်ခြင်း (၅)
ဝမ်လင်းသုံးခဲ့သည့်ကျင့်စဉ်နည်းစနစ်အကြောင်း ခန့်မှန်းပြောဆိုနေမှုများက ဟုန်ယွီဂိုဏ်းသားများကြားတွင်လည်း ဖြစ်နေသည်။
ဝမ်လင်း၏ စိတ်လှုပ်ရှားစွာဖြင့် စင်မြင့်ထက်တွင် ရပ်နေလေ၏။ ကျိုးဖန်းကို ဆွဲငင်အားကျင့်စဉ်နည်းစနစ်ဖြင့် ၃ကြိမ်တိတိ ရိုက်နိုင်ခဲ့ခြင်းက သူ့ကိုသူ ယုံကြည်မှုများ တိုးပွားလာစေသည်။ သူက ရွှမ်တောက်ဂိုဏ်းသားမျာဘက်လှည့်ပြီး ယခင်က ကျိုးဖန်းပြောခဲ့သကဲ့သို့ ပြောလိုက်သည်… “ဒီနေ့ပြိုင်ပွဲက မပြီးသေးဘူး… ရွှမ်တောက်ဂိုဏ်းဘက်မှ စင်မြင့်ပေါ် တက်လာချင်တဲ့သူ ရှိသေးလား… “
ဝမ်လင်း၏စကားကို ကြားလိုက်ရသော ရွှမ်တောက်ဂိုဏ်းသားများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ဟုန်ယွီဂိုဏ်းအပေါ် ကျိုးဖန်းပြုမှုဆက်ဆံခဲ့စဉ်ကလိုမျိုး ဝမ်လင်းကို ပြန်မကြည့်ရဲဘဲ ခေါင်းငုံလိုက်ကြ၏။
ဟုန်ယွီဂိုဏ်းသားအာလုံးကလည်း ယခင်က ဝမ်လင်းအား အသုံးမကျသည့်ကောင်ဟု ခေါ်ခဲ့ကြသည်ကို မေ့သွားသည်။ သူတို့က ဝမ်လင်းအား ဩဘာပေးပြီး အော်ပြောလိုက်ကြ၏။
“ရွှမ်တောက်ဂိုဏ်းက အသုံးမကျတဲ့ကောင်တွေ… ဂိုဏ်းတူတစ်ကိုဝမ် ဘယ်လောက်သန်မာတယ်ဆိုတာ မြင်ပြီးတာနဲ့ တစ်ယောက်မှ ထွက်မလာရဲကြတော့ဘူး… အရင်ကတော့ မင်းတို့ပဲ အရမ်းအစွမ်းထက်သလိုနဲ့ မာန်တက်နေကြပြီး အခုကျတော့ ဘာလို့ထွက်မလာကြတော့တာလဲ… “
“မင်းတို့ဂိုဏ်းက အစွမ်းထက်တဲ့ကောင်တွေ ဘယ်ရောက်သွားတာလဲ… မြန်မြန် စင်မြင့်ပေါ်ကို လွှတ်လိုက်စမ်းပါ… ဂိုဏ်းတူအစ်ကိုဝမ်က သင်ပေးမလို့ပါ… ပြီးတော့ မင်းတို့ နောက်တစ်ကြိမ် ဂျိုကြွနိုင်ဦးမလဲ ငါတို့လဲ ကြည့်ရတာပေါ့… “
“လျိုဖန်း… အရင်က မင်း အရမ်းသန်မာတယ်မလား… ထွက်လာစမ်းပါ… ငါတို့ရဲ့ဂိုဏ်းတူအစ်ကိုဝမ်နဲ့ မတိုက်ရဲဘူးလား… “
“ရွှမ်တောက်ဂိုဏ်းမှာ အသုံးမကျတဲ့ကောင်တွေပဲ ကျန်တော့တာပေါ့… ဘယ်သူမှ ထွက်မလာရဲကြဘူး… ဂိုဏ်းတူအစ်ကိုဝမ်က ပြိုင်ဘက်ကင်းပဲ… “
“လီရှန်… မင်းက သောက်ကျင့်မကောင်းတဲ့ကောင်ပဲ… ငါတို့ကို မကောင်းတဲ့ရည်ရွှယ်ချက်နဲ့ အနံ့ဆိုးဗုံးတွေကို ရောင်းသွားတယ်… ဒါပေမဲ့ ငါတို့က ဒါကို သိလို့ပေါ… အထူးသဖြင့် ဂိုဏ်းတူအစ်ကိုဝမ်ကို လိမ်ဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ… “
“မင်းတို့အားလုံးမြင်ပြီလား… ရွှမ်တောက်ဂိုဏ်းက ဂိုဏ်းတူအစ်ကိုဝမ်ကို တော်တော်ကြောက်တာပဲ… တစ်ယောက်မှကို ထွက်မလာရဲကြဘူး… “
“ဂိုဏ်းတူအစ်ကိုဝမ်… ကျွန်တော် ဂိုဏ်းတူအစ်ကိုဝမ်ကို အရင်က လှောင်ခဲ့မိပါတယ်… ဒါပေမဲ့ အခု အားလုံးရဲ့ရှေ့မှာ တောင်းပန်ပါတယ်… ဂိုဏ်းတူအစ်ကိုဝမ်က ကျွန်တော့်ရဲ့ အရှင်သခင်ပဲ… အရှေ့ကို သွားခိုင်းရင် အနောက်ကို ဘယ်တော့မှ သွားမှာ မဟုတ်ပါဘူး… တစ်ခွန်းဆို တစ်ခွန်း ဂိုဏ်းတူအစ်ကိုဝမ်ရဲ့စကားကို လုံးဝနာခံပါ့မယ်… “
ပြိုင်ပွဲကျင်းပရာနေရာက ပိုပြီး သက်ဝင်လှုပ်ရှားလာသည်။ ဟုန်ယွီဂိုဏ်းသားအားလုံးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြ၏။ ရှေ့က ပြိုင်ခဲ့သည့် ပြိုင်ပွဲများက သူတို့ကို အလွန်စိတ်လှုပ်ရှားစေသည်။ သို့သော်လည်း ဝမ်လင်း၏လုပ်ဆောင်မှုများကြောင့် စိတ်အားပြန်ပြီး တက်ကြွလာရသည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်းကို ဂိုဏ်းတူအစ်ကိုဝမ်ဟု နာမည်ပေးပြီး ခေါ်လိုက်ကြတော့၏။
အကြီးအကဲအိုးယန်၏မျက်နှာက နီလိုက်၊ဖြူလိုက် ဖြစ်နေလေသည်။ အစောပိုင်းက ဟုန်ယွီဂိုဏ်း၏ခံစားမှုများကို ယခု သူခံစားနေရလေပြီ။ နောက်ဆုံးတွင် အကြီးအကဲအိုးယန်ထံမှ အသံထွက်လာသည်… “ယန်ရီ မင်းသွားလိုက်… “
ပိန်ပိန်ရှည်ရှည်နှင့် တပည့်တစ်ယောက်က မသွားချင်သောအမူအရာြဖင့် စင်မြင့်ထက်ဆီသို့ လျှောက်သွား၏။ ယန်ရီ စင်မြင့်ထက်သို့ မရောက်ခင်မှာပင် ရွှမ်တောက်ဂိုဏ်းမှ တပည့်တစ်ယောက်က အော်ပြောလိုက်သည်… “ဒုတိယဂိုဏ်းတူအစ်ကို … သွားပြီး ဝမ်လင်းကို သင်… “
အော်ပြောလို့ မပြီးခင်မှာပင် တခြားတပည့်အားလုံးက ထူးဆန်းသည့်အမူအရာဖြင့် သူ့အား ဝိုင်းကြည့်နေသည်ကို သတိပြုမိလိုက်၏။ အထူးသဖြင့် ယန်ရီက သူ့ကို မုန်းတီးသောအမူအရာဖြင့် ကြည့်နေသည်။ ထိုအကြည့်က သူ့ကို အလွန်ကြောက်ရွံ့ထိတ်လန့်စေပြီး စကားပင် ဆုံးအောင် မပြောရဲတော့ချေ။
ယန်ရီက စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်… ‘ဒီငတုံးကောင်နဲ့ကတော့ … ဝမ်လင်းက ဂိုဏ်းတူအစ်ကိုကြီးကိုတောင် တစ်ချက်တည်းနဲ့ အနိုင်ယူထားတာ… ဒါတောင် အကြီးအကဲအိုးယန်က ငါ့ကို ထွက်ခိုင်းသေးတယ်… ပြီးတော့ သူ့ဆီမှာ လီရှန်ရောင်းထားတဲ့ အနံ့ဆိုးဗုံးတွေ ဘယ်လောက်တောင် ကျန်သေးလဲ မသိဘူး… လီရှန်ကတော့ ပြန်ရောက်မှ သင်ခန်းကောင်းကောင်းပေးရမယ်… ‘
ထိုအကြောင်းကို တွေးမိသည်နှင့် လီရှန်ဆီသို့ ခက်ထန်မာကျောသည့်အကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။ သူက စင်ပေါ်ရောက်သည်နှင့် လက်နှစ်ဖက်ကို ဆုပ်ပြီး… “အစ်ကိုဝမ်… ကျွန်တော်က ယန်ရီပါ… အစ်ကိုက အရမ်းခန့်ညာပြီး ကျင့်စဉ်ကလည်း မြင့်တယ်… အစ်ကိုက ကျောင်းနိုင်ငံတစ်ခုလုံးမှာ အကျော်ကြားဆုံးလူတစ်ယောက် ကျိန်းသေဖြစ်မှာ… ဒီတိုက်ပွဲမှာ ကျွန်တော့်ကို အထူးအခွင့်အရေးလေးတစ်ရပ် ပေးလို့ရမလား… “
ဝမ်လင်းက ဘာမှမပြောဘဲ ယန်ရီကိုသာ ကြည့်လိုက်၏။
ဒါကို ရှက်စရာဟု ယန်ရီ မခံစားရပေ။ ယန်ရီက ပြောလိုက်သည်… “အစ်ကိုဝမ်… ဒီပြိုင်ပွဲက ကျွန်တော်တို့ ဂိုဏ်းနှစ်ခုကြားက ချစ်ကြည်ရေး ပြိုင်ပွဲ ဖြစ်ပါတယ်… ကျွန်တော်တို့ တိုက်မယ်ဆိုရင် ဘယ်လို့လုပ် ကျွန်တော်က အစ်ကိုဝမ်ကို ယှဉ်နိုင်ပါ့မလဲ… စက္ကန့်၁၀၀ စင်မြင့်ပေါ်မှာ နေနိုင်ရင် ကျွန်တော့်ကို အနိုင်ပေးနိုင်မလား… “
သူက ပြောပြီးသည်နှင့် နောင်တရသွားပြီး ချက်ချင်း ပြန်ပြောလိုက်သည်… “မဟုတ်ဘူး… ၅၀စက္ကန့်… ၃၀စက္ကန့် မဟုတ်ဘူး ၂၀စက္ကန့်ထားပေးပါ… “
သည်တော့မှ ဝမ်လင်းအား ယန်ရီက ဖားနေသည်ကို ဟုန်ယွီဂိုဏ်းမှ တပည့်များ နားလည်သွားကြသည်။
“စင်ပေါ်က ဆင်းသွားလိုက်တော့ … မင်းက ရွှမ်တောက်ဂိုဏ်းရဲ့ ဒုတိယဂိုဏ်းတူအစ်ကိုကြီး မဟုတ်ဘူးလား… ဘာလို့ဒီလောက်တောင် အရှက်မဲ့ရတာလဲ… ဂိုဏ်းတူအစ်ကိုဝမ် သူ့စကားနားမထောင်နဲ့… “
“ယန်ရီ… မင်းက လူရော ဟုတ်သေးရဲ့လား… စက္ကန့်၁၀၀ကနေ ၂၀စက္ကန့်ထိတောင် လျော့ခိုင်းတာ… ဆင်းသွားပြီး တခြားတစ်ယောက် လွှတ်လိုက်… မင်းက ငါ့တို့ရဲ့ ဂိုဏ်းတူအစ်ကိုဝမ်နဲ့ တိုက်ဖို့ အဆင့်မရှိဘူး… “
“ရွှမ်တောက်ဂိုဏ်းက ဒီလိုအရှက်မရှိတဲ့ လူမျိုးကို လွှတ်လိုက်တာလား… မရှက်ကြဘူးလား မသိဘူး… “
ဟွမ်လုံကတော့ ဝမ်လင်းကို ကြည့်ပြီး ပိုပြီး နှစ်သက်လာသည်။ သူက စွန်းတဇူးဘက်ကို လှည့်ပြီး ပြောလိုက်၏… “ဂိုဏ်းတူညီလေးစွန်းတဇူး… မင်းရဲ့တပည့်က တော်တော် တော်တာပဲ… “
စွန်းတဇူး၏ ခန္ဓာကိုယ်က တုန်သွား၏။ သူ့ကိုယ်သူလည်း လေထဲမြောက်သွားသလို့ ခံစားရသည်။ ဂိုဏ်းခေါင်းဆောင်က သူ့ကို ဂိုဏ်းတူညီလေးစွန်းတဇူးလို့ မခေါ်သည်မှာ အလွန်ကြာနေပြီ ဖြစ်၏။ သူက ဂုဏ်ယူဝင့်ကြွားသည့်ဟန့်ဖြင့် ပြောလိုက်သည်… “အမှန်ပဲ… ဝမ်လင်း ဂိုဏ်းထဲကို ဝင်လာတဲ့အချိန်ကတည်းက ငါသူ့ကို သဘောကျသွားတာ… ဟီးဟီး ကံကောင်းသွားတာက သူ့အတွက် ဘယ်သူမှ ငါနဲ့ မပြိုင်ခဲ့ကြဘူးလေ… ငါသူ့ကို တပည့်အဖြစ်လက်ခံတော့ တချို့လူတွေကတောင့် ငါ့ကို လှောင်ပြောင်ခဲ့ကြတယ်… “
တောက်ရှု၊မျက်နှာနီနီနှင့်လူကြီးနှင့်အကြီးအကဲတချို့၏မျက်နှာများက စွန်းတဇူး၏စကားကို ကြားပြီး နီရဲသွားကာ တစ်ခုခု ပြောရန် ပြင်လိုက်သည်။
သို့သော်လည်း ဟွမ်လုံက သူတို့ကို ခက်ထန်သည့်အကြည့်ဖြင့် ကြည့်ပြီး ပြောလိုက်သည်… “ဂိုဏ်းတူညီလေးစွန်းတဇူး… မင်းက ဟုန်ယွီဂိုဏ်းအတွက် အကျိုးကြီးကြီးမားမားဆောင်ခဲ့တာပဲ… မစိုးရိမ်ပါနဲ့ မင်းရဲ့စီနီယာအစ်ကိုဖြစ်တဲ့ ငါက ဒီကိစ္စကို မင်းအတွက် ဖြေရှင်းပေးပါ့မယ်… “
စွန်းတဇူးက အပြင်ဘက်တွင်သာ ဂုဏ်ယူသည့်ဟန်ဖြင့် ပြောနေသော်လည်း စိတ်ထဲတွင် ဝမ်လင်းကို ကြည့်ပြီး သူတောင်မှ တုန်လှုပ်နေ၏။ သူ့မျက်လုံးထဲတွင် အေးစက်နေသည့်အလင်းရောင်များ လက်နေသည်။
စင်မြင့်ပေါ်တွင်ရှိသော ယန်ရီက ဟုန်ယွီဂိုဏ်းသားများ ပြောနေသည့်အပေါ် အာရုံထားဖို့ပင် သူ့၌ အချိန်မရှိပေ။ သူက ဝမ်လင်းကို သေချာကြည့်နေလိုက်၏။ ဝမ်လင်းက သဘောမတူမှာကို သူအလွန်ကြောက်နေသည်။
ဝမ်လင်းက ယန်ရီကို ကြည့်ပြီး ပြောလိုက်သည်… “အဆင်ပြေတယ်… “
ယန်ရီ စိတ်ထဲတွင် ကြိတ်ပျော်သွားသည်။ သူက အမြဲတမ်း တည်တည်ငြိမ်ငြိမ်နေတတ်သည့် လူတစ်ယောက်ဖြစ်၏။ သူက ကျိုးဖန်းကဲ့သို့ မောက်မောက်မာမာနေတတ်တဲ့သူ မဟုတ်ပေ။ သူက တွေးလိုက်သည်… ‘ဝမ်လင်း…မင်းရဲ့နဂါးဖမ်းက သန်မာတယ်ဆိုပေမဲ့… ပြီးတော့ ငါက ဂိုဏ်းတူအစ်ကိုကြီးလောက် မသန်မာပေမဲ့… ငါက အမြန်နှုန်းကို အထူးလေ့ကျင့်တဲ့သူ… ဟမ့်… စောင့်ကြည့်လိုက်ပါ… စက္ကန့်၂၀အတွင်း ငါ့ကို ဖမ်းနိုင်မလားလို့ ကြိုးစားကြည့်လိုက်ပါ… ကျိန်းသေ ငါနိုင်လိမ့်မယ်… “
သူက ဝမ်လင်းကို လက်နှစ်ဖက်ဆုပ်ပြီး အရိုအသေပေးပြီးနောက် အဖြူရောင်ကျောက်စိမ်းလေးတစ်ခုကို ထုတ်ယူကာ ချေမွလိုက်သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်တွင် အဖြူရောင်အလင်းများ ထွက်ပေါ်လာပြီး သူ၏အမြန်နှုန်းက တိုးမြင့်သွား၏။ ချက်ချင်း သူက ဘေးဘက်သို့ ပြေးထွက်သွားသည်။
သူ၏ရည်ရွယ်ချက်က သိသာလွန်း၏။ သူက ဝမ်လင်းကို တိုက်ခိုက်ရန် မဟုတ်ဘဲ သူ၏အမြန်နှုန်းကို သုံးကာ အချိန်ကုန်အောင် လုပ်ခြင်းဖြစ်သည်။
ဝမ်လင်း၏မျက်နှာတွင် အထင်သေးသည့်အမူအရာ ပေါ်လာသည်။ သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ယန်ရီအပေါ်တွင် အာရုံစိုက်ထားသည့်အတွက် ယန်ရီ၏လျင်မြန်လှသော လှုပ်ရှားမှုမျာကို အလွယ်တကူ ခံစားနိုင်သည်။ သူက ဆွဲငင်အားပညာရပ်ကို အသင့်ပြင်ထားပြီး အနံ့ဆိုးဗုံးကို ဖြည်းဖြည်းချင်း ထုတ်ယူလိုက်၏။
အနံ့ဆိုးဗုံးကို မြင်လိုက်သည့်ယန်ရီ၏မျက်နှာက အလွန်ပြောင်းလဲသွားပြီး သူ၏အမြန်နှုန်းကို ထပ်တိုးလိုက်သည်။
လီရှန်ကလည်း ဝမ်လင်း၏လက်ထဲမှ အနံ့ဆိုးဗုံးကို မြင်ပြီး ကြက်သေသေသွား၏။ ထို့နောက် သူ့ဘာသာ ရေရွတ်လိုက်သည်… “သိုင်းညီအစ်ကိုဝမ်… အစ်ကိုကြီးဝမ်… အဘိုးဝမ်… ကျေးဇူးပြုပြီး အဲ့တာကို မသုံးပါနဲ့လား… အဲ့ဗုံးကြောင့် ဂိုဏ်းတူအစ်ကိုကြီးကို ဒေါသထွက်အောင် လုပ်မိပြီးသွားပြီ… အခုလည်း ဒုတိယဂိုဏ်းတူအစ်ကိုကြီးကို ဒေါသထွက်အောင် ထပ်လုပ်မိရင် ကျွန်တော့်ဘဝတော့ သွားပြီ… “
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၅၆) ဝင်ရောက်ဝင်ပြိုင်ခြင်း (၆)
ဝမ်လင်း၏မျက်လုံးများက အရောင်လက်သွားပြီး ဆွဲငင်အားပညာရပ်ဖြင့် လက်တစ်ခု ဖန်တီးကာ ယန်ရီကို ဖမ်းလိုက်သည်။ အနံ့ဆိုးဗုံးကိုလည်း လေထဲသို့ ပစ်လိုက်သည်။ အနံ့ဆိုးဗုံးက အပေါ်မှနေပြီး ယန်ရီ၏ဦးခေါင်းထက်သို့ ကျသွား၏။
ယန်ရီသည် ပြေးနေရင်း ရုတ်တရက် သူ၏ဘေးပတ်ပတ်လည်မှ လေထုက တင်းကြပ်လာပြီး လှုပ်ရှား၏မရတော့ပေ။ ထို့ကြောင့် သူ၏ခေါင်းပေါ်သို့ အနံ့ဆိုးဗုံးကျလာသည်ကို ငေးကြည့်ရုံသာ တတ်နိုင်တော့သည်။
အနံ့ဆိုးဗုံးက ယန်ရီကို ထိသွားပြီးနောက် ပေါက်ကွဲကာ သူ၏မျက်နှာတစ်ခုလုံး အနက်ရောင်အညစ်အကြေးများနှင့် ဖုံးလွှမ်းသွား၏။ သူ့တစ်ကိုယ်လုံးမှလည်း အပုပ်နံ့များ လှိုင်လှိုင်ထွက်နေတော့သည်။
သူ့မျက်နှာမှ အညစ်အကြေးများနှင့်အနံ့ဆိုးများကြောင့် စိတ်အနှောင့်အယှက် မဖြစ်သော်လည်း သူ့မျက်နှာတွင် ထိတ်လန့်မှုများနှင့် ပြည့်နေသည်။ သူ့ကိုယ်မှ ချုပ်နှောင်ထားသော ဖိအားများ အနည်းငယ်လျော့ကျသွားသည်နှင့် သူ့ကိုယ်တွင်းရှိ စွမ်းအင်အားလုံးကို အသုံးပြုပြီး ထိုဖိအားမှ လွတ်မြောက်ရန် ကြိုးစားလိုက်၏။ လွတ်မြောက်သွားပြီးနောက် သူ့စိတ်ထဲတွင် ဝမ်လင်း၏ကျင့်စဉ်ကို စိတ်ထဲမှ ချီးမွမ်းလိုက်သည်… ‘နဂါးဖမ်းလက်က တော်တော် စွမ်းအားကောင်းတာပဲ… ဘယ်လိုကြိုးစားကြိုးစား ငါ ရှုံးမှာပဲ… ကောင်းပြီးလေ အဆုံးထိတော့ သွားကြည့်တာပေါ့… ‘
ဝမ်လင်း လှောင်ပြောင်သည့်အပြုံးနှင့် ယန်ရီကို ကြည့်ပြီး ပြောလိုက်သည်… “၁၀စက္ကန့်ကျော်တောင် ကျန်သေးတယ်… မင်း ဆက်ပြီး ကြိုးစားနိုင်တယ်… “
ယန်ရီက အံကြိတ်ပြီး ပါးစပ်မှ အနီရောင်အလင်းများကို အန်ထုတ်လိုက်သည်။ အနီရောင်အလင်းများက တဖြည်းဖြည်း ကြီးမားလာကာ အနီရောင်အလင်းများ တောက်ပနေသော ဓားရှည်တစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက် ဓားရှည်က ဝမ်လင်းထံသို့ သန်မာသောဓားချီများနှင့်အတူ အလင်းတန်းတစ်ခုကဲ့သို့ ပြေးဝင်သွားသည်။
ထိုအချိန်တွင် သူက နောက်ထပ် အဆောင်စာရွက်များ လက်အပြည့် ထုတ်ယူလိုက်၏။ အဆောင်စာရွက်အားလုံးက တိုက်ကွက်ထုတ်ပေးသည့် အဆောင်များဖြစ်ပြီး ဝမ်လင်းဆီသို့ တိုက်ကွက်မျိုးစုံ မိုးရွာကျလာသည်။
ဝမ်လင်းက သရော်ပြုံး ပြုံးလိုက်ပြီး ဆွဲငင်အားပညာရပ်ဖြင့် လက်တစ်ခုကို ဖန်ဆင်းပြီး အဆောင်တိုက်ကွက်အားလုံးကို ဖျက်ဆီးပစ်လိုက်၏။ ထို့နောက် နောက်လက်တစ်ဖက်ကို ဖန်တီးကာ အနီရောင်အလင်းတန်းကို ဖမ်းဆုပ်လိုက်သည်။
အနီရောင်အလင်းက ပျောက်ကွယ်သွားပြီး နဂိုမူလပုံစံ ပေါ်လာ၏။ အနီရောင်ဓားပျံတစ်ချောင်းဖြစ်သည်။ အနီရောင်ဓားပျံက လေထဲတွင် ရပ်တန့်နေကာ အပြင်းအထန် ရုန်းကန်နေသည်။ ဝမ်လင်းက ဓားပျံကို နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ ယန်ရီ၏နတ်ဘုရားစိတ်အာရုံ တစ်စွန်းတစ်စကို တွေ့လိုက်ရ၏။ ဝမ်လင်းက ချက်ချင်း ဓားပေါ်မှ ယန်ရီ၏နတ်ဘုရားစိတ်အာရုံကို ဖျက်ဆီးပစ်ပြီး ဆွဲငင်အားပညာရပ်ဖြင့် ဖိချေလိုက်သည်။ ကွဲအက်သံနှင့်အတူ ဓားက နှစ်ပိုင်း ပိုင်းသွားပြီး မြေပြင်ပေါ်သို့ ကျသွား၏။
ယန်ရီ၏မျက်နှာအမူအရာက အကြီးအကျယ်ပြောင်းလဲသွားကာ သွေးများ အန်ထုတ်လိုက်ရသည်။ သူက နောက်သို့ အနည်းငယ်ဆုတ်ပြီး ပြောလိုက်သည်… “အစ်ကိုဝမ်ရဲ့ နဂါးဖမ်းလက်က အင်မတန်ကို စွမ်းပါတယ်… ဒါပေမဲ့ ငါ အရှုံးကို ဝန်မခံဘူး… ငါ မင်းကို ရှုံးခဲ့တာ မဟုတ်ဘူး… မင်းရဲ့ ကျင့်စဉ်ပညာရပ်ကို ရှုံးခဲ့တာ… “
ထိုစကားကို ကြားက မှင်သက်သွားပြီးနောက် ရယ်မောလိုက်သည်… “ဘာနဂါးဖမ်းလက်လဲ… ဒီနာမည် အခုမှ ကြားဖူးတာ… “
“ဟမ့်… မင်း ငြင်းမနေနဲ့တော့… ငါ့ရဲ့ ဂိုဏ်းတူဦးလေးကိုယ်တိုင် ပြောလိုက်တာ… မင်းသုံးတာ နဂါးဖမ်းလက်ကျင့်စဉ်တဲ့… “ ယန်ရီက ပြောပြီးသည်နှင့် စင်အောက်သို့ ခပ်မြန်မြန် ဆင်းသွား၏။ အဘယ်ကြောင့်ဆိုသော် သူ့ကိုယ်မှ ထွက်နေသောအနံ့များက သူ့ကို အလွန်စိတ်မသက်မသာ ဖြစ်စေ၍ ဖြစ်သည်။
အကြီးအကဲအိုးယန်၏မျက်နှာက အလွန်နီနေပြီး ချောင်းဟန့်ကာ ပြောလိုက်သည်… “ဂျူနီယာဝမ်… မင်းသုံးနေတဲ့ကျင့်စဉ်က တစ်ကယ်ကို နဂါးဖမ်းလက်ကျင့်စဉ်ပဲ… အဲ့ဒီရှေးဟောင်းကျင့်စဉ်က မခန့်မှန်းနိုင်လောက်အောင် အစွမ်းထက်တယ်… အဲ့ဒီကျင့်စဉ်အကြောင်းကို ရှေးဟောင်းစာတွေထဲက ရှာတွေ့ခဲ့တာ… အဲ့ဒီကျင့်စဉ်က လွန်ခဲ့တဲ့နှစ်၅၀၀က ပျောက်ဆုံးသွားတဲ့ကျင့်စဉ်ဖြစ်နေမယ်လို့ ငါ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး… “
သူ့စကားပြောနေစဉ် သူ့စကားကို သူကြားပြီး သူတောင် ယုံချင်လာသည်… ‘နဂါးဖမ်းလက် မဟုတ်ရင်တောင် ရှေးဟောင်းကျင့်စဉ်တစ်ခု ဖြစ်ရမယ်… မဟုတ်ရင် ဘာလို့ ဒီလောက် အစွမ်းထက်နေရမှာလဲ… ‘
ဝမ်လင်း ကြက်သေသေသွား၏။ သူက ဆွဲငင်အားကျင့်စဉ်ကို အိမ်မက်နယ်မြေထဲတွင် နှစ်၂၀ကျော်လေ့ကျင့်ခဲ့သည့်အတွက် အလွန်အစွမ်းထက်နေရခြင်း ဖြစ်သည်။
သည်ကိစ္စက တစ်ကယ်တော့ ကိစ္စသေးသေးလေးသာ ဖြစ်၏။ အရေးအကြီးဆုံးက တိုက်ခိုက်လိုက်ရသည့်အတွက် သူ့အစွမ်းနှင့်ပက်သက်၍ ကောင်းကောင်းနားလည်သွားပြီ ဖြစ်သည်။ စစ်ထူနန်ပြောကြားချက်အရ သူက စိတ်ဝိညာဉ်လှုပ်ရှားမှုအဆင့်ရဲ့ စက်ဝန်းတစ်ဝက်ကို ရောက်နေပြီဟု ပြောခဲ့သည်။ ကျောင်းနိုင်ငံ၏ကျင့်ကြံခြင်းအဆင့်နှင့် ပြောရလျှင် ချီစုစည်းခြင်းအလွှာ၁၄နှင့် ညီမျှပေသည်။ ချီစုစည်းခြင်းအဆင့်၏ ထိပ်ဆုံးသို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်ဟု ဆိုလိုခြင်း ဖြစ်၏။
သူ့ကိုယ်သူ အလွှာ၃ကိုသာ ရောက်သေးသည်ဟု ခံစားနေရသည့်ကိစ္စက စစ်ထူနန်တောင်မှ ဘာမှားနေသည်ကို မခန့်မှန်းနိုင်ပေ။ ဂိုဏ်းတူအစ်ကိုကျန်းခွမ်းပြောသည့် လောကီနှောင်ကြိုးများ မဖြတ်နိုင်၍လားဟု တွေးမိသော်လည်း စစ်ထူနန်က အထင်သေးသည့်မျက်နှာဖြင့် ထိုကဲ့သို့စည်းကမ်းမျိုးမရှိကြောင်း ပြောပြခဲ့သည်။ ထိုအရာက နိုင်ငံငယ်လေးများ၏ဂျူနီယာကျင့်ကြံသူများ၏ထင်မြင်ချက် ကောလာဟလသာ ဖြစ်ကြောင်း ရှင်းပြ၏။ ကျင့်ကြံခြင်းသည် ကောင်းကင်ဘုံကို စိန်ခေါ်သည့်အလုပ်ဖြစ်သဖြင့် ထိုကဲ့သို့ ကိစ္စများက ဂရုစိုက်စရာ မလိုသည့် ကိစ္စများသာ ဖြစ်သည်။
စစ်ထူနန်၏ပြောပြချက်အရ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်ပြီး မိသားစုနှောင်ကြိုးများကို မဖြတ်နိုင်လျှင်တောင့်မှ မိသားစုနှင့် ပျော်ပျော်ရွှင်ရွှင်နေလို့ရပြီး နောက်နှစ်အနည်းငယ်ကြာလျှင် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကို ရောက်နိုင်သေးသည်ဟု ပြောပြခဲ့သည်။
ဘဝသက်တမ်းက အရမ်းရှည်လာရင် ပျင်းစရာကောင်းလာတတ်၏။ ကျင့်ကြံသူတစ်ယောက်၏အသက်က သာမန်လူတစ်ယောက်၏အသက်ထက် အများကြီး ပိုရှည်သည်။ ထို့ကြောင့် အသေးအမွှားကိစ္စများကို ဂရုစိုက်စရာ မလိုပေ။
နောက်ဆုံးတွင် စစ်ထူနန်က ဤကိစ္စသည် ကောင်းကင်ဘုံဆန့်ကျင့်သောပုတီးစေ့နှင့် ပက်သက်နေရမည်ဟု သုံးသပ်ပေးခဲ့သည်။ ဝမ်လင်းက ကောင်းကင်ဘုံဆန့်ကျင်သောပုတီးစေ့၏ အိမ်မက်နယ်မြေထဲတွင် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သည့်အတွက် အိမ်မက်နယ်မြေနှင့်အပြင်ဘက်ကြားမှ ကွာခြားချက်ကြောင့် ဖြစ်နိုင်၏။ ထို့ကြောင့် ဝမ်လင်းက အလွှာ၁၄သို့ ရောက်နေသော်လည်း သူ့ခန္ဓာကိုယ်က အလွှာ၃ဟု ပြသနေခြင်းဖြစ်ရမည်။
ချီစုစည်းခြင်းအဆင့် အလွှာ၁၄ အစွမ်းနှင့် နှစ်၂၀ကျော်လေ့ကျင့်ထားသည့်ဆွဲငင်အားပညာရပ်ကို ပေါင်းစပ်လိုက်သည့်စွမ်းအားက လူတိုင်းကို ရူးသွပ်သွားလောက်အောင် ဖြစ်စေခဲ့သည်။
ဟွမ်လုံ၏မျက်လုံးက ကျဉ်းမြောင်းသွားပြီး ဝမ်လင်းကို မေးလိုက်၏… “ဝမ်လင်း… မင်းအသုံးပြုတာ တစ်ကယ်ပဲ ရှေးဟောင်းကျင့်စဉ်လား… “
သူက ယခုအချိန်တွင် ကျင့်စဉ်နာမည်ကို သိချင်နေတာ မဟုတ်ပေ။ ရွှမ်တောက်ဂိုဏ်းကို မျက်နှာပျက်အောင် လုပ်ချင်နေခြင်း ဖြစ်သည်။
ဝမ်လင်း ခေါင်းခါပြီး ပြုံးလိုက်သည်… “ဂိုဏ်းခေါင်းဆောင်… အခု ကျွန်တော်သုံးတဲ့နည်းစနစ်က တစ်ကယ်ပဲ ဆွဲငင်အားကျင့်စဉ်ပါ… နဂါးဖမ်းလက်ဆိုတဲ့နာမည်ကတော့ အခုမှ ကြားဖူးတာ… “
ဟွမ်လုံက ဝမ်လင်း၏ဉာဏ်ကောင်းမှုကို စိတ်ထဲမှ တိတ်တဆိတ်ချီးမွမ်းလိုက်သည်။ သူက ရွှမ်တောက်ဂိုဏ်းမှ အကြီးအကဲ၃ယောက်ကို ကြည့်ပြီး အူလှိုက်သည်းလှိုက် ရယ်မောလိုက်၏… “သူငယ်ချင်းအိုးယန်… ဒီကျင့်စဉ်က နဂါးဖမ်းလက်ကျင့်စဉ်မဟုတ်တာကို ငါလည်း ပြောနိုင်တယ်… ဒါက ငါတို့ဂိုဏ်းရဲ့ အခြေခံကျင့်စဉ်ဖြစ်တဲ့ ဆွဲငင်အားပညာရပ်ပါ… မင်းတို့ဂိုဏ်းရဲ့တပည့်တွေက ငါတို့ဂိုဏ်းရဲ့ အခြေခံကျင့်စဉ်ကိုတောင် မယှဉ်နိုင်ကြပါလား… ဒါတောင် အရှက်မရှိဘဲ ဒီကျင့်စဉ်ကို နဂါးဖမ်းလက်ကျင့်စဉ်ဆိုပြီး ပြောလိုက်သေးတယ်… “
အကြီးအကဲအိုးယန် အလွန်ရှက်ရွံ့သွား၏။ သို့သော်လည်း သူ့အခြေအနေက နောက်ဆုတ်၍ မရတော့ချေ။ သူက ပြန်ပြောလိုက်သည်… “သူငယ်ချင်းဟွမ်လုံ… မင်း ဒါကို ဖုံးကွယ်ဖို့ မလိုပါဘူး… ဟမ့် ငါ မြင်ပြီးပြီ… အဲ့ဒါ နဂါးဖမ်းလက်ပဲ… “
တောက်ရှုက ရယ်ပြီး ဂိုဏ်းခေါင်းဆောင်ကို ပြောလိုက်သည်… “ဂိုဏ်းခေါင်းဆောင်… ငါ ထင်တာ ဒီနာမည်အရမ်းကောင်းတယ်… ဆွဲငင်အားကျင့်စဉ်ကို နဂါးဖမ်းလက်ကျင့်စဉ်လို့ ပြောရင် ဘယ်လိုလဲ… “
ဟွမ်လုံ၏မျက်လုံးများ အရောင်တောက်သွားပြီး တောက်ရှုကို ချီးမွမ်းသည့်အကြည့်ဖြင့် ကြည့်လိုက်၏.. “ကောင်းတယ်… အခုကစပြီး ဟုန်ယွီဂိုဏ်းရဲ့ ဆွဲငင်အားကျင့်စဉ်ကို နဂါးဖမ်းလက်ကျင့်စဉ်လို့ ပြောင်းလိုက်ပြီ… ဒီနာမည်ပေးတဲ့ ရွှမ်တောက်ဂိုဏ်းကို ကျေးဇူးတင်ပါတယ်… “
အကြီးအကဲအိုးယန်နှင့်တခြားအကြီးအကဲနှစ်ယောက်၏မျက်နှာတွင် ခံပြင်းမှုများ အတိုင်းသား ပေါ်လွင်နေသည်။ သူတို့က ဘာမှမပြောကြတော့ဘဲ ခေါင်းကိုသာ ခါလိုက်ကြတော့၏။
ဝမ်လင်းသည် စင်မြင့်ထက်တွင် စဉ်းစားနေသည်။ ပြိုင်ပွဲနှစ်ခုပြီးသွားပြီးနောက် သူ၏အစွမ်းနှင့် ပက်သက်၍ ယုံကြည်မှုရှိနေပြီးဖြစ်၏။ သို့သော်လည်း အရင်ပြိုင်ဘက်များက သူ့အတွက် အားနည်းလွန်းသည်။ သူ၏အလွှာ၁၄စွမ်းအားနှင့် ဆွဲငင်အားကျင့်စဉ်ပညာရပ်ကို အနည်းငယ်သာ အသုံးပြုခဲ့ရ၏။ ယခုမှ သူသည် ဆွဲငင်အားကျင့်စဉ်ပညာရပ်ကို ကျွမ်းကျင့်လာရုံသာ ရှိသေးသည်။
ကိုယ့်ကိုယ်ကို ဘယ်လောက်သန်မာသလဲ သိချင်သည့်အတွက် သူက ရုတ်တရက် အော်ပြောလိုက်သည်… “ရွှမ်တောက်ဂိုဏ်းက တပည့်အားလုံးပဲ… မင်းတို့အားလုံး တစ်ပြိုင်တည်း စင်မြင့်ပေါ်ကို တက်လာနိုင်တယ်… “