နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၂၉) ပိတ်ထားသောတံခါး
ထိုလူငယ်ပြောသည့်စကားကို ပြီးအောင် မစောင့်ဘဲ ဘေးဘက်ရှိတစ်ယောက်က ဒေါသတကြီး ပြောလိုက်သည်… “ကျောက်ရှောင်အာ… စောနက သရော်တဲ့အထဲမှာ မင်း အကျယ်ဆုံးပဲ… အစ်ကိုဝမ် သူ့စကားကို နားမထောင်နဲ့… “
ကျောက်ရှောင်အာ၏ အမူအရာက ပြောင်းလဲသွားပြီး ဒေါသတကြီး ပြန်ပြောလိုက်၏… “ကျောက်ရှောင်စန်း… ငါက မင်းအစ်ကိုနော်… မင်းက နောက်ကျောကနေ ဓားနဲ့ ထိုးတဲ့ကောင်ပဲ… မင်းရဲ့အခန်းကို မင်း ပြန်လိုက်တော့… ငါ လာမှ မင်းကို ဘယ်လိုရိုက်မလဲဆိုတာ စောင့်ကြည့်နေ… “
“အစ်ကိုဝမ်… ငါက သစ္စာရှိပါတယ်… အစ်ကိုဝမ်က ကြင်နာတတ်တဲ့သူတစ်ယောက်ပါ… ကျေးဇူးပြုပြီး ငါ့ကို လွယ်တဲ့အလုပ်လေး ပေးပါနော်… “
“အစ်ကိုဝမ် သူတို့ ညီအစ်ကိုနှစ်ယောက်ပြောတာကို နားမထောင်နဲ့… သူတို့က သရုပ်ဆောင်နေတာ အားလုံးသိတယ်… သူတို့လိမ်ခဲ့တဲ့ ပြင်ပတပည့် ဘယ်နှစ်ယောက်ရှိပြီလဲဆိုတာတောင် မှန်းလို့မရဘူး… အစ်ကိုဝမ်… ငါက အစ်ကိုဝမ်ရဲ့ မကောင်းကြောင်း တစ်ခုမှ မပြောခဲ့ပါဘူး… “
အလွန်လှပသော အမျိုးသမီးပြင်ပတပည့်တစ်ယောက်ကလည်း နူးညံ့စွာ ပြောလိုက်၏… “အစ်ကိုဝမ်… ဒီညီမကလေ ခန္ဓာကိုယ်ကလည်း အားနည်းတယ်… အလုပ်ကြမ်းတွေလည်း မလုပ်နိုင်ဘူး… အစ်ကိုဝမ်ဆီ ညတိုင်း စကားလာပြောမယ်ဆို ဘယ်လိုသဘောရလဲ… အဆင်ပြေတယ်မလား… “
ဟုန်ယွီဂိုဏ်း၌ အမျိုးသမီး ပြင်ပတပည့် အများကြီး မရှိပေ။ ၁၀ရာခိုင်နှုန်းခန့်သာ အမျိုးသမီးများ ဖြစ်ကြသည်။ ဇွဲ၊လုံ့လ စမ်းသပ်မှုတွင်လည်း အမျိုးသားများသာ အောင်မြင်ဖို့ အခွင့်အရေး ပိုများ၏။
အနည်းငယ်သော အမျိုးသမီးပြင်ပတပည့်များကို လူတိုင်း ရနိုင်ကြသည်။ သူတို့၏ရုပ်ရည်များအပေါ် မူတည်၍ တချို့ဆိုလျှင် ပင်ပတပည့်များ၏ အခွင့်အရေးပေးခြင်းကိုတောင်မှ ရရှိကြ၏။
တခြားအမျိုးသမီး တပည့်တစ်ယောက်ကလည်း ဝမ်လင်းကို မျက်စောင်းလှလှလေးထိုးပြီး ညုတုတုလေး ပြောလိုက်သည်… “ဂိုဏ်းတူအစ်ကိုဝမ်… အစ်ကိုလျိုတုန်းက ညီမကိုလေ တစ်ခါမှ အလုပ်ကြမ်းတွေ မလုပ်ခိုင်းဖူးဘူး… ညီမက ညတိုင်း သူ့ဆီကို သွားရုံလေးပဲ သွားရတာ… တခြားညီမလေးတွေကိုလည်း ညီမသိတယ်… သူတို့ကို အစ်ကို့ဆီ ဒီည ခေါ်လာပေးရမလား… “
လူတိုင်းက ဝမ်လင်းကို ယခင်က ဘာမှ မပြောခဲ့ကြသည့်အတိုင်း ကြံမိကြံရာတွေ ပြောဖို့ ကြိုးစားနေကြသည်။ ထိုအသံများကို အချိန်တော်တော်ကြာအောင် နားထောင်ပြီးနောက် စိတ်မရှည်တော့ဘဲ အော်လိုက်သည်… “မင်းတို့အားလုံးရဲ့ ပါးစပ်တွေကို ပိတ်ထားလိုက်တော့… ဘယ်လောက်တောင် ဗြောင်းဆန်နေကြတာလဲ… “
ပြောပြီးသည်နှင့် လူတစ်ယောက်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်… “မင်းက တစ်ရက်ကို ရေစည်၂၀ ဖြည့်ရမယ်… မကြိုက်ရင် အကြီးအကဲတွေကို သွားပြော… “
ထိုလူ၏ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူက စကားပြောဖို့ ပြင်လိုက်သော်လည်း ဝမ်လင်း၏မျက်လုံးကို မြင်ပြီး ချက်ချင်း ပြုံးလိုက်ကာ ခေါင်းကိုသာ ညိတ်လိုက်၏။
“မင်းက တစ်ရက်ကို အဝတ် ၅၀၀ကီလိုဂရမ် လျှော်ရမယ်… ဒါကို မကျေနပ်ရင် အကြီးအကဲတွေကို သွားရှာလိုက်… “ လက်ညှိုးထိုးခံလိုက်သည့်လူက တံတွေး မျိုချလိုက်ပြီး ရေရွတ်လိုက်၏… “ဒါက… ဂိုဏ်းတစ်ခုလုံးက အဝတ်အစားတွေကို ပေါင်းလိုက်မှပဲ ရလိမ့်မယ်… “
“မင်းက ဂိုဏ်းတစ်ခုလုံးကို သန့်ရှင်းရေးလုပ်ရမယ်… မင်းလည်း မကျေနပ်ရင် အကြီးအကဲတွေကို သွားရှာလိုက်… “
“မင်းက အိမ်သာတွေကို သန့်ရှင်းရေး လုပ်ရမယ်… အိမ်သာထဲမှာ ယင်ကောင်တစ်ကောင်တွေ့ရင် အဲ့အိမ်သာထဲမှာ မင်းနေရမယ်… “
“မင်းက တစ်ရက်ကို ဆေးဖက်ဝင်ပင် ပေါင်၅၀၀ ရှာရမယ်… အဲ့ထဲမှာ ပေါင်းပင်တွေထည့်ပြီး ငါ့ကို လိမ်ဖို့ကြိုးစားရင် မင်းကို ဂိုဏ်းကနေ နှင်ထုတ်ပစ်မယ်… အားလုံးကြားတဲ့အတိုင်းပဲ မကျေနပ်ရင် အကြီးအကဲတွေကိုသာ သွားရှာကြ… “ တချို့သောသူတွေ၏အလုပ်တာဝန်က ခက်ခဲကြမ်းတမ်းသော်လည်း လုပ်နိုင်စွမ်းရှိသည့်တာဝန်များ ဖြစ်သည်။ ဝမ်လင်းနောက်ဆုံး လက်ညှိုးညွှန်လိုက်သည့်သူမှာတော့ ခြေထောက်များ ပျော့ခွေပြီး မြေပေါ်သို့ လဲကျသွား၏။
ပြင်ပတပည့်အားလုံး၏ မျက်နှာအမူအရာများက အလွန်သနားချင်စဖွယ် ကောင်းလှသည်။ ဟုန်ယွီဂိုဏ်းတွင်ရှိသော တောင်များအားလုံးပေါင်းလျှင်တောင်မှ ဆေးဖက်ဝင်အပင် ပေါင်၅၀၀ မပြည့်နိုင်ချေ။
……………………
သူ့ကို လှောင်ပြောင်ခဲ့သော လူအားလုံးအား ဝမ်လင်းက သူ့မှတ်ဉာဏ်ပေါ် အခြေခံ၍ တစ်ယောက်ချင်းစီ အလုပ်တာဝန်များ ခွဲဝေပေးခဲ့သည်။ နောက်ဆုံးတွင် သူ့အား လှော်ပြောင်ခဲ့သော တပည့်အားလုံးကို အလုပ်တာဝန်များ ခွဲဝေပြီးသွား၏။ သူက ထိုနား၌ပင် ပျင်းရိပျင်းတွဲ ထိုင်နေလိုက်ပြီး အနည်းငယ် စဉ်းစားနေသည်။ သူက အားလုံးကို မဖြစ်နိုင်သည့် အလုပ်များကို ခိုင်းခဲ့သည်။ ဒါမှသာ ပြင်ပတပည့်များက အကြီးအကဲများထံသွားကာ တိုင်ကြားကြမည် ဖြစ်၏။ သို့သော် အစောပိုင်းတုန်းက အကြီးအကဲများက ဘာမှမလုပ်ရန် ဆုံးဖြတ်ချက် ချလိုက်ပုံ ရသည်။ ထို့ကြောင့် သူက ဒီထက်ပိုပြီး ပရမ်းပတာဖြစ်အောင် လုပ်ရပေမည်။ ဒါမှသာ သူ့အား အလုပ်ရုံတာဝန်မှူး ခန့်လိုက်သည်က အကြီးအကဲများ၏ ဘဝတွင် အကြီးဆုံးအမှားကြီးတစ်ခု ဖြစ်လာသည်ကို သူတို့ သိသွားမည် ဖြစ်သည်။
ထိုအကြောင်းကို တွေးပြီးနောက် သူမသိသော လူတစ်ယောက်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်… “မင်းကတော့ ကံကောင်းသွားတယ်… မင်း အလုပ်က အားလုံးကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ပဲ… ပြီးတော့ ငါ့ကို ပေးလာတဲ့ လက်ဆောင်အားလုံးကို စာရင်းလုပ်ထားပါ… သူတို့နာမည်နဲ့ပစ္စည်းကို သေချာမှတ်ထားပါ… မင်းက လောဘကြီးပြီး တစ်ခုခုလုပ်ဖို့ ကြိုးစားလာရင်တော့ မင်းကို ဂိုဏ်းကနေ ကန်ထုတ်ပစ်ရလိမ့်မယ်… “
ထိုလူက အံ့ဩလွန်း၍ မြေပေါ်သို့ လဲကျသွားပြီး ပေးထားသည့်အလုပ်ကို အမှားလုံးဝမပါဘဲ မှန်မှန်ကန်ကန်လုပ်ပါ့မည်ဟု ဝမ်လင်းကို အထပ်ထပ်အခါခါ ပြောနေတော့သည်။
ပြင်ပတပည့်အားလုံးက အလွန်အံ့အားသင့်နေကြ၏။ ယခင် တပည့်လျိုက တံစိုးလက်ဆောင် ယူခြင်းကို သိုဝှက်စွာ လုပ်ဆောင်ခဲ့သော်လည်း ဝမ်လင်းကတော့ ပေါ်ပေါ်တင်တင် လုပ်နေလေသည်။
ခဏလောက်ကြာပြီးနောက် ပြင်ပတပည့်တစ်ယောက်က အိမ်ပြန်သည့်အခါရသည့် အဆောင်လက်ဖွဲ့၃ခုကို ထုတ်ပြီး ရှေ့ကို ထွက်လာသည်။ သူက အဆောင်၃ခုကို ဝမ်လင်းအား လက်ဆောင်အဖြစ် ပေးအပ်ပြီး ပြောလိုက်သည်… “အစ်ကိုဝမ်… ဒါက အစ်ကိုဝမ်ကို ကျွန်တော်ရဲ့ လေးစားမှုအတွက် ပေးတာပါ… “
ဝမ်လင်းက အဆောင်စာရွက်၃ခုကို သိမ်းလိုက်ပြီး မေးသည်… “စောနက မင်းကို ဘာအလုပ်ပေးလိုက်တာလဲ… “
“တစ်ရက်ကို ရေစည်၂၀ဖြည့်ခိုင်းတာပါ… “ ထိုတပည့်က ကြောက်ရွံ့စွာ ဖြေပေးလိုက်၏။
ဝမ်လင်းက ဖြည်းညှင်းစွာ ပြောလိုက်သည်… “ဒါဆို တစ်ရက်၅စည်ပဲ ဖြည့်တော့… “
ထိုတပည့်က အံ့ဩသွားပြီး ခေါင်းကို အကြိမ်ကြိမ် ငုံ့ကာ ကျေးဇူးတင်နေတော့သည်။
ထိုတပည့်၏ဦးဆောင်မှုဖြင့် အားလုံးက ထရပ်လိုက်ကြပြီး ဝမ်လင်းဆီသို့ ခြေလှမ်းလှမ်းတော့မည့်အချိန်တွင် ဝမ်လင်းက မတ်တပ်ထပြီး ပြောလိုက်၏… “လက်ဆောင်ပေးတာကို စနစ်တကျပဲ လုပ်ကြပါ… မင်းတို့ရဲ့ အခုအလုပ်နဲ့ မင်းတို့လိုချင်တဲ့အလုပ်ကို စာရွက်မှာရေးပြီး ငါ အလုပ်ပေးထားတဲ့သူကို ပေးလိုက်ပါ… မင်းတို့ အဲ့တာကို ၁၀ရက်မှာ တစ်ကြိမ် လုပ်နိုင်တယ်… “
ဝမ်လင်းက စကားပြောပြီးနောက် သူ့အခန်းထဲသို့ ဝင်သွားကာ တံခါးကို ပိတ်လိုက်သည်။
ဝမ်လင်း အထဲကို ဝင်သွားမှသာ ခြံဝန်းထဲမှ တပည့်များအားလုံး သက်ပြင်းချလိုက်ကြ၏။ အချို့ဆိုလျှင် သူတို့မျက်ဝန်းထဲက ဒေါသများဖြင့် ပြည့်နေသည်။ သူတို့၏ဝမ်းဗိုက်အတွင်း၌လည်း ဝမ်လင်းကို ဆဲရေးသည့် စကားများ ပြည့်နေပြီး အပြင်သို့ တစ်ယောက်မှ ထုတ်ဖော်မပြောရဲချေ။
သူတို့အားလုံး ထွက်သွားပြီးနောက် ဝမ်လင်းက အခန်းထဲမှ ပြန်ထွက်လာပြီး အလုပ်ရုံတစ်ခုလုံးကို စစ်ဆေးကြည့်လိုက်သည်။ သူက အဝေးမှ စတိုခန်းတံခါးတစ်ခုကို တွေ့လိုက်ရ၏။
စတိုခန်းက နေရာသိပ်မကျယ်ပေ။ သိပ်မကြာခင်မှာပင် စတိုခန်းကို ရှင်းလင်းပြီးသွား၏။ အခန်းကို မကြိုက်လှသော်လည်း ဤအခန်းကသာ ချောင်အကျဆုံးအခန်းဖြစ်သည်။ သူက နေရာထိုင်ခင်းအတွက် နေရာတချို့ကို ထပ်ရှင်းပြီး အိမ်မက်နယ်မြေထဲသို့ ဝင်လိုက်သည်။
အချိန်များကလည်း ကုန်ဆုံးလာသည်။ သည်လိုနှင့် ဝမ်လင်းက အလုပ်ရုံ၌ တာဝန်ထမ်းဆောင်နေသည်မှာ ၂လကျော်လာခဲ့လေပြီ။ ပြင်ပတပည့်များကို တာဝန်ခွဲဝေသည့် ရက်အနည်းငယ်မှလွဲ၍ ကျန်သည့်အချိန်အားလုံးကို ကျင့်ကြံခြင်း၌သာ အာရုံစိုက်ထားလိုက်၏။ ပြင်ပတပည့်များ၏ အလုပ်များအတွက်မူ သူက ဂရုမစိုက်ချေ။ သူတို့အလုပ်ကို သူတို့က မလုပ်လျှင် ဝမ်လင်းက အေးစက်စက်ဖြင့် နှာခေါင်းရှုံရန်သာ လိုအပ်သည်။ ထိုအခါ သူတို့က လက်ဆောင်များ ပေးကမ်းလာကြမည် ဖြစ်သည်။
သည်နှစ်လအတွင်းတွင် သူ ကျင့်စဉ်ကျင့်နေသည့် အချိန်များ၌ ပြင်ပတပည့်များက အမြဲတစေ လာနှောင့်ယှက်နေကြသည့်အတွက် သူ အလွန်ဒေါသထွက်ရသည်။ တခြားပင်မတပည့်များနှင့် အကြီးအကဲများ၏ အတွေးများကို သူ မသိချေ။ သည်ကာလထဲတွင် ဗြောင်းဆန်အောင် အများကြီး လုပ်ခဲ့သော်လည်း သူတို့က ယခုထိ သူ့နေရာကို လူစားမထိုးကြသေးပေ။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၃၀) ဝမ်ဟို
“ကျိုးကြောင်းဆီလျော်မှု မရှိဘဲ ငါ ဒီထက်ပိုပြီး လုပ်ရဦးမှာလား… “ အလုပ်ရုံမှ ထွက်ရန်အတွက် ဝမ်လင်းက အားလုံး ပြင်ဆင်ပြီးနေပြီ ဖြစ်သည်။ သူ့ကို မည်မျှထိ သည်းခံနိုင်မလဲဆိုသည့် အကြီးအကဲများ၏ အကန့်အသတ်ကို သူ တစ်ကယ် သိချင်နေလေပြီ။
ပြင်ပတပည့်များကြားထဲတွင် ဝမ်လင်းက အမှိုက်နှင့်အရှက်မဲ့သူ ဆိုသည့် နာမည် ၂ခု အပြင် အနက်ရောင်နှလုံးသားဘုရင် ဆိုသည့် နာမည်ပါ ထပ်ရလာခဲ့၏။
တပည့်လျို၏ နာမည်ပြောင် ‘ဖျံ’ ဆိုသည့် နာမည်နှင့် သူ့နာမည်ပြောင်က အဆင့်အတန်းချင်း အလွန်ကွာခြားလှသည်။
တဖြည်းဖြည်းနှင့် အိမ်မက်နယ်မြေထဲ၌ လေ့ကျင့်လာသည်မှာ နောက်ထပ် ၁နှစ်ကျော်လာခဲ့လေပြီ။ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များကလည်း အရင်ကထက် လွန်စွာ များပြားလာသည်။ သူက ပထမအလွှာ၏အကန့်အသတ်ကို ရောက်နေပြီ ဖြစ်၏။ သူ မည်မျှပင် ကျင့်ကြံစေကာမူ သူ၏စိတ်စွမ်းအင်များက တိုးမလာတော့ချေ။
တစ်ညတွင် ဝမ်လင်းက ဒုတိယအလွှာသို့ရောက်ရန် လင်္ကာကို အောင်မြင်အောင် ကြိုးစားနေ၏။
အကြိမ်များစွာ ကျရှုံးခဲ့ပြီး နောက်ဆုံးတွင် ဒုတိယအလွှာသို့ ရောက်ရှိသွားလေသည်။
သူ့ကိုယ်မှ ချွေးပေါက်များမှ အမဲရောင်ဆီများ စိမ့်ထွက်နေသည်။ ဝမ်လင်းက သူ့ကိုယ်သူ ဆေးကြောပြီးနောက် ခန္ဓာကိုယ်ကို ကြည့်လိုက်ရာ သူ့မျက်လုံးမှ အရောင်လက်သွား၏။ သူသည် ယခင်ကနှင့် အလွန် ကွာခြားနေသောကြောင့် ဖြစ်သည်။
ထို့နောက် မေးစေ့ကို ပွတ်သပ်ပြီး တွေးလိုက်သည်… ‘ ငါ့ဆီမှာ တတိယအလွှာအတွက် လင်္ကာပဲ ရှိတော့တယ်… စွန်းတဇူးဆီ သွားပြီး နောက်အဆင့်တွေအတွက် သွားပြီး မေးရင်လည်း ငါ ဒုတိယအလွှာကို ရောက်တာ သူ သိသွားမယ်… ဒါဆို သူက ငါ့ကို မေးတော့မှာ … ငါ မဖြေနိုင်ရင် ငါ့အတွက် ဒုက္ခတွေပဲ ရောက်လာမှာ… ‘
သူက အချိန်အနည်းငယ်ကြာအောင် စဉ်းစားခဲ့ပေမယ့် အကြံကောင်းတစ်ခု ထွက်မလာခဲ့ပေ။
ထို့နောက် သက်ပြင်းချကာ ဆွဲငင်အားပညာရပ်ကို စတင် လေ့ကျင့်လိုက်တော့၏။ ဆွဲငင်အားပညာရပ်ကို ၁နှစ်ကျော် လေ့ကျင့်ပြီးနောက် ယခုအချိန်တွင် ဆွဲငင်အားပညာရပ်ကို ၁၀ကြိမ် ထုတ်သုံးပါက ၁၀ကြိမ်လုံး အောင်မြင်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူက ဘူးသီးခြောက်အစား ပိုပြီး ကြီးမားလေးလံသော ပစ္စည်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်၏။ သူက အလုပ်ရုံထဲမှ ကြီးမားသောကျောက်တုံးကို ရှာတွေ့သွားပြီး စတင်လေ့ကျင့်တော့သည်။
နောက်ထပ်တစ်လ ကုန်ဆုံးသွားသည်။ ကြားကာလထဲတွင် ပြင်ပတပည့်များက အကြီးအကဲများအား ပိုပြီး တိုင်တန်းစေရန် ဝမ်လင်း မရပ်မနား လုပ်ခဲ့သည်။ အချိန်ကလည်း ဆောင်းရာသီသို့ ကျရောက်လာပြီ ဖြစ်သောကြောင့် ဂိုဏ်းအနေဖြင့် ပင်မတပည့်များ၏ပြိုင်ပွဲအတွက် စတင် ပြင်ဆင်နေလေပြီ။
ဟုန်ယွီဂိုဏ်းမှ ပြင်ပတပည့်များအတွက်လည်း ပြိုင်ပွဲကို ၁၀နှစ်တစ်ကြိမ် ကျင်းပပေးခဲ့ရာ သည်နှစ်က ပြိုင်ပွဲကျင်းပမည့်နှစ် ဖြစ်သည်။ ပြိုင်ပွဲတွင် အတော်ဆုံးပြင်ပတပည့်၃ယောက်က ပင်မတပည့်အဖြစ် ဝင်ခွင့်ရလိမ့်မည် ဖြစ်၏။ ယခုအချိန်တွင် ပြင်ပတပည့်အားလုံးကလည်း သူတို့၏ကျွမ်းကျင်ရာ ပညာရပ်များကို တိုးတက်အောင် ပိုပြီး ကြိုးစားလေ့ကျင့်နေကြသည်။
ထိုပြိုင်ပွဲအတွက် လူတိုင်းက အလုပ်များနေသောကြောင့် အလုပ်ရုံမှ အလုပ်များက တဖြည်းဖြည်း နှောင့်နှေးကြန့်ကြာလာရ၏။
ဝမ်လင်းကလည်း အလုပ်ရုံမှာပဲ တာဝန်ကျနေသည့်အတွက် အလွန်စိတ်ပျက်နေသည်။ သူက ပင်မတပည့်များ၏ပြိုင်ပွဲကို ဝင်ပြိုင်ရန် စိတ်ကူးမရှိပေ။ သူ့မှာသာ အချိန်ရှိလျှင် အိမ်မက်နယ်မြေထဲသို့သာ သွားပြီး လေ့ကျင့်နေမည် ဖြစ်သည်။
သည်နေ့တွင် ဟုန်ယွီတောင်ပေါ်၌ စတင်၍ နှင်းကျလာသည်။ အဝေးသို့ ကြည့်လိုက်လျှင် နှင်းများဖုံးလွှမ်းနေသည်ကိုသာ မြင်ရပေလိမ့်မည်။
ဝမ်လင်းက မလေ့ကျင့်သေးဘဲ ခြံဝန်းထဲ၌ တိတ်ဆိတ်စွာ မတ်တပ်ရပ်နေသည်။ သူက ဆွဲငင်အား ပညာရပ်ကို သုံးပြီး ကြီးမားသောလက်ကြီးတစ်ဖက်ကို ဖန်တီးကာ နှင်းများကို အဝေးသို့ ဖယ်ရှားလိုက်၏။
ထို့နောက် သူက သူ့အိမ်ရှိရာ ငေးကြည့်လိုက်ပြီး အရင်အချိန်များကို ပြန်အမှတ်ရသွား၏။ သည်အချိန်ဆိုလျှင် မိဘများနှင့်အတူ အိမ်ထဲတွင် မီးဖိုလေးဖိုပြီး နေကြလိမ့်မည်။ သူက မီးဖိုဘေးတွင် စာအုပ်ဖတ်နေတတ်ပြီး သူ့အဖေက ပန်းပုရုပ် ထုကာ အမေကတော့ ဟင်းသီးဟင်းရွက်များကို ဆားစိမ်နေလိမ့်မည်။
တစ်ခါတစ်ရံ စာဖတ်ရတာ ပျင်းလာသည့်အခါ သူ့အဖေဘေးတွင် ထိုင်ကာ ပန်းပုရုပ် ထုနေသည်ကို ကြည့်နေပြီး ကူညီချင်စိတ် ပြင်းပြလာသည့်အခါ သူ့အဖေကို ကူညီပေးလိမ့်မည်။ ထို့အခါ သူတို့ကြားတွင် ပျော်ရွှင်မှု တိုးပွားလာပေလိမ့်မည်။
ယခင်က အကြောင်းများကို တွေးမိပြီး ဝမ်လင်းက သက်ပြင်းချလိုက်၏။ ကျင့်ကြံသူတစ်ယောက်က လောကီနှောင်ကြိုးများ အားလုံးကို ဖြတ်တောက်ပစ်ရန် လိုအပ်သည်။ မဟုတ်လျှင် ထိုအတွေးများက ကျင့်ကြံခြင်းကို အနှောင့်အယှက် ဖြစ်စေလိမ့်မည်။ ဝမ်လင်းက မျက်လုံးကို ပိတ်ပြီး ပြန်ဖွင့်လိုက်သောအခါ သူ့စိတ်ထဲတွင် အရာအားလုံးက ရှင်းလင်းသွား၏။ သူက နှောင်ကြိုးအားလုံးကို ဖြတ်မပစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် တချို့နှောင်ကြိုးများက သူ့နှလုံးသားထဲ၌ နက်နက်ရှိုင်းရှိုင်း ဖြစ်တည်နေခြင်းကြောင့် ဖြစ်သည်။
သူက ထိုအကြောင်းများကို ထပ်တလဲလဲ ပြန်တွေးနေစဉ်တွင် ရုတ်တရက် သူ့အမူအရာက ပြောင်းလဲသွား၏။ ယခုအချိန်တွင် သူက ဒုတိယအလွှာကို ရောက်ရှိနေပြီ ဖြစ်သောကြောင့် နတ်ဘုရားစိတ်အာရုံကလည်း နိုးထလာပြီ ဖြစ်သည်။ ထို့အကြောင်းများကို ကီစုစည်းခြင်း၏အဆင့်၃ဆင့် စာအုပ်ထဲ၌ ရှင်းလင်းဖော်ပြထား၏။
ဝမ်လင်းက နတ်ဘုရားစိတ်အာရုံဖြင့် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ရာ ဝမ်ဟိုတစ်ယောက် သူရှိရာ အရပ်သို့ လာနေသည်ကို သတိပြုမိလိုက်သည်။ ခဏလောက်ကြာပြီးနောက် တံခါးက ပွင့်သွားပြီး သားမွေးဦးထုပ်နှင့် သားမွေးအင်္ကျီကို ဝတ်ဆင်ထားသော ဝမ်ဟိုက အထဲကို ဝင်လာသည်။ သူက ဝမ်လင်းကို မြင်သောအခါ အံ့ဩသွားပြီး မေးလိုက်၏… “အစ်ကိုထေ့ကျူး ပါးပါးလေး ဝတ်ထားပြီး အပြင်မှာနေတာ မအေးဘူးလား… “
ဝမ်လင်းက ရယ်ကာ ပြန်ပြောလိုက်သည်… “ငါ့စိတ်ထဲ မင်းလာမယ်ထင်နေလို့ ထွက်ကြိုနေတာကွ ကောင်စုတ်လေးရ… “
ဝမ်လင်းက အအေးဓာတ်ကို နည်းနည်းလေးမျှ မခံစားမိချေ။ ကီစုစည်းခြင်း ဒုတိယအလွှာကို ရောက်ပြီးနောက်ပိုင်း သူ့ခန္ဓာကိုယ်က အရင်ထက် ပိုမိုသန်မာလာကြောင်း သတိထားမိသည်။
ဝမ်ဟိုကလည်း ရယ်လိုက်ပြီး အထဲသို့ လျှောက်လာရင်း ဝမ်လင်းကို သေသေချာချာ အကဲခတ်လိုက်၏… “ အစ်ကိုထေ့ကျူး… အစ်ကိုက လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကနဲ့ နည်းနည်း မတူတော့သလို ငါ ခံစားနေရတယ်… “
ဝမ်လင်းက ဖြေလိုက်သည်… “ ဒါက ပုံမှန်ပါပဲ… ငါက ကီစုစည်းခြင်း ဒုတိယအလွှာကို ရောက်သွားပြီလေ… ဒါ့ကြောင့် ငါ့ကို အင်မော်တယ်တစ်ယောက်လို့ သတ်မှတ်လို့ရပြီ… “
ဝမ်ဟိုက နှုတ်ခမ်းကို မဲ့ပြီး ဝမ်လင်း၏အခန်းထဲသို့ ဝင်လိုက်သည်။ ထို့နောက် ဝမ်လင်းဘက်သို့ လှည့်ကာ ပြောလိုက်၏… “ မဖြစ်နိုင်တာတွေ လာကြွားမနေစမ်းပါနဲ့ … မင်းနဲ့ငါရဲ့ ပင်ကိုယ်စွမ်းရည်က အတူတူလောက်ပဲ … ငါက အင်မော်တယ်ဆေးလုံးတွေ အသုံးပြုတာတောင် ပထမအလွှာ မရောက်သေးဘူး… မင်းက ဒုတိယအလွှာရောက်နေပြီတဲ့လား… မဖြစ်နိုင်တာတွေ မပြောစမ်းပါနဲ့… “
ဝမ်လင်းကလည်း ရှင်းပြမနေတော့ပေ။ တစ်ခါတစ်ရံတွင် တချို့လူများက အမှန်ပြောလျှင် မယုံကြပေ။ ထို့အပြင် ဝမ်ဟိုနှင့်သူ၏ဆက်ဆံရေးက အလွန်နက်ရှိုင်းမှု မရှိချေ။ ထို့ကြောင့် မရှင်းပြသည်ကသာ အကောင်းဆုံးကြိုတင် ကာကွယ်ခြင်း ဖြစ်သည်။
လူတစ်ယောက်ကို တစ်ခါ၊နှစ်ခါ တွေ့ဖူးရုံမျှဖြင့် ဝမ်လင်းက မယုံကြည်တတ်ပေ။
“ ဝမ်ဟို… ဘာအကြောင်းကိစ္စရှိလို့ ငါ့ဆီလာတာလဲ… ဒီနေ့ ဆေးဝါးအဆောင်မှာ အလုပ်မရှိဘူးလား… “ ဝမ်လင်းက အခန်းထဲကို ပြန်ဝင်လာပြီး ဝမ်ဟိုအား ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်သည်။
ဝမ်ဟိုက ရေနွေးခွက်ကို ယူကာ အနည်းငယ် မှုတ်ပြီး နည်းနည်းချင်း စုပ်သောက်လိုက်၏။ သူက ပြုံးပြီး ဖြေပေးလိုက်သည်… “ ဆေးဝါးအဆောင်ကို မင်း မလာတဲ့ လတွေက မင်းအတွက် ဝေစုကို ငါ သိမ်းပေးထားတယ်… အဲဒါလာပို့တာ… “ ပြောပြီးသည်နှင့် ဝမ်ဟိုက အထုပ်တစ်ထုပ်ကို စားပွဲပေါ် တင်ပေးလိုက်သည်။
ဝမ်လင်း၏မျက်နှာတွင် ပြုံးယောင်သန်းသွား၏။ သူက အထုပ်ကို မကြည့်ဘဲ ဝမ်ဟိုကိုသာ ကြည့်နေလိုက်သည်။ သူ့နေရာသို့ ဝမ်ဟိုက ဤအထုပ်လေး လာပို့ရုံသက်သက် လာသည်ကို မယုံပေ။
ဝမ်လင်းက သူ့အား ကြည့်နေသည်ကို မြင်သောအခါ ဝမ်ဟိုက ရှက်သွားပြီး ပြောလိုက်သည်… “ ထေ့ကျူး… ငါ ကြားတာ မင်း ဒီနေရာမှာ ကောင်းကောင်း လုပ်နေတယ်ဆို… “
ဝမ်လင်းက ရေနွေးကို ငှဲ့ပြီး နည်းနည်းချင်း စုပ်သောက်ကာ ပြောလိုက်၏… “ ဝမ်ဟို … မင်း ဒီလောက် အစချီနေဖို့ မလိုဘူး… ငါ ကူညီနိုင်တာဆို ကူညီပေးမယ်… “
ဝမ်ဟို၏ အမူအရာက တစ်မျိုးဖြစ်သွားကာ သူ့အနားကပ်လာကာ တိုးတိုးလေး ပြောလိုက်သည်… “ အစ်ကိုထေ့ကျူးက အရမ်းခန့်တာကို ငါ သိပါတယ်… ရိုးရိုးသားသားပြောရရင် မင်းဆီက အိမ်ပြန်ရင် ရတဲ့ အဆောင်စာရွက်လေး နည်းနည်းလောက် ချေးချင်လို့… “
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၃၁) နှင်းရေ
ဝမ်လင်း၏မျက်နှာက မပြောင်းလဲသွားဘဲ ပြန်မေးလိုက်သည်… “မင်း ဘယ်လောက်လိုတာလဲ… “
ဝမ်ဟိုက တုန့်ဆိုင်းနေပြီး ပြန်ဖြေလိုက်၏… “အနည်းဆုံး ၂၀၀လောက်… “
“အဲ့လောက်တောင်လား… ဘာလုပ်ဖို့ လိုတာလဲ… “ ဝမ်လင်းက အံ့ဩနေဟန်ဖြင့် မေးလိုက်သည်။ သူတွင် အဆောင်လက်ဖွဲ့ ၂၀၀မက ရှိသည်။ လာဘ်စားမှုမှ အဆောင်လက်ဖွဲ့၅၀၀နီးပါး ရရှိထား၏။
ဝမ်ဟိုက သက်ပြင်းချကာ ခါးသက်စွာ ပြောလိုက်သည်... “ အစ်ကိုထေ့ကျူး... နောက်ထပ် ၂လအတွင်းမှာ အတွင်းစည်းတပည့်တွေရဲ့ ပြိုင်ပွဲက စတော့မယ်... ငါ ဝင်ပြိုင်လည်း နိုင်ခြေ မရှိဘူး... ဒါပေမယ့် ငါ အရှုံးမပေးဘူး... ဟိုကောင်ဝမ်ကျောက်က ပထမအလွှာကို ရောက်ပြီးလို့ ဒုတိယအလွှာ ရောက်ဖို့တောင် ကြိုးစားနေပြီလို့ ငါကြားခဲ့တယ်... “
“ဒီလောက်မြန်အောင် ဘယ်လိုလေ့ကျင့်တာလဲ... “ ဝမ်လင်း၏စိတ်ထဲတွင်တော့ ‘ပင်ကိုယ်စွမ်းရည်’ ဟု သာ ရေရွတ်နေသည်။
ဝမ်ဟိုက ဒေါသထွက်နေသည့်မျက်နှာဖြင့် ပြောလိုက်သည်... “ဒါတွေအားလုံး သူ့ဆရာကြောင့်ပါ... သူ့ဆရာက အခြေခံတည်ဆောက်ရေးဆေးလုံးတွေကို ငါ့ဆရာဆီကနေ အစုလိုက်၊အပြုံလိုက် ဝယ်သွားတယ်... တစ်လုံးဆိုရင်ကို ဈေးက အလွန်ကြီးတယ်... ဆေးကိုသောက်လိုက်ရင် ကျင့်စဉ်အမြန်နှုန်းက သိသိသာသာကို တိုးတက်လာလိမ့်မယ်... ဒါ့ကြောင့် ဒီဆေးက ဂိုဏ်းထဲမှာ အလွန်တန်ဖိုးရှိတဲ့ ဆေးတစ်မျိုး ဖြစ်နေတာပဲ... “
ဝမ်လင်းက ခေါင်းညိတ်ပြီး မေးလိုက်သည်... “မင်း အဆောင်စာရွက်တွေ ငှါးပြီး ဘာလုပ်မလို့လဲ... “
“တစ်ကယ်တော့ ဂိုဏ်းထဲမှာ ပြိုင်ပွဲမတိုင်ခင် တစ်လလောက်အလိုမှာ ပင်မဂိုဏ်းသားတွေ အချင်းချင်း ပစ္စည်းခြင်း လဲလှယ်တဲ့ ပွဲတစ်ခု ရှိတယ်... မင်းက တခြားသူတွေနဲ့ မဆက်ဆံလို့ ဘာမှမသိတာ... အဲ့မှာ ပင်မတပည့်တွေက ပြိုင်ပွဲအတွက် နောက်ဆုံးပြင်ဆင်မှု အနေနဲ့ သူတို့မှာ ရှိတဲ့ ရတနာတွေ ယူလာပြီး တခြားသူတွေနဲ့ လဲလှယ်ကြလိမ့်မယ်... အရင်နှစ်က စီနီယာတွေ ပြောတာတော့ အဲ့မှာ အကုန်ရနိုင်တယ်တဲ့... ဓားပျံ၊မှော်ပစ္စည်း၊ဆေးလုံး... အားလုံးပဲတဲ့... “
ထိုစကားကိုကြားတော့ ဝမ်လင်းလည်း သူ့စိတ်ထဲတွင် တွေးလိုက်သည်။ သူက ဓားပျံ၊မှော်ရတနာများကို စိတ်မဝင်စားသော်လည်း ကီစုစည်းမှု အဆင့်မှ လင်္ကာများကတော့ သူ့အတွက် အလွန်ကို လိုအပ်နေသည်။ ထိုလဲလှယ်ပွဲမျိုးတွင် လင်္ကာများကို ရရှိနိုင်သည်။ ထို့ကြောင့် သူက အနည်းငယ် ထပ်စဉ်းစားကာ မေးလိုက်၏... “ပင်မတပည့်တွေက တစ်ယောက်နဲ့တစ်ယောက် ယုံပါ့မလား... လဲလှယ်မှုကို ဘယ်လိုလုပ်ကြလဲ... “
ဝမ်ဟိုက ရယ်မောပြီး ဖြေပေးလိုက်သည်... “အစ်ကိုထေ့ကျူးက အဓိက မေးခွန်းကိုမှ မေးချလိုက်တာပဲ... လဲလှယ်ပွဲမှာ စည်းမျဉ်းတစ်ခု ရှိတယ်... အဲ့တာကပဲ လဲလှယ်ပွဲကို သွားဖို့ လိုအပ်ချက် ဖြစ်နေတယ်... အဲ့တာက ဖုံးကွယ်ဆေးပဲ... မင်းက အဲ့ဆေးကို သောက်လိုက်ရင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်က လူတောင်မှ မင်းကို မမှတ်မိနိုင်ဘူး... “
ဝမ်လင်း၏ခေါင်းထဲတွင် အတွေးတစ်ချက် လက်သွားပြီး မေးလိုက်သည်... “မင်းက အဲ့ဆေးအတွက် အဆောင်စာရွက်တွေ လာချေးတာလား... “
ဝမ်ဟိုက မှင်သက်သွားကာ ခေါင်းညိတ်ပြီး ပြောလိုက်သည်... “အစ်ကိုထေ့ကျူး ... မင်းက တစ်ကယ်တော်တာပဲ... အမှန်ပဲ... ဒီဆေးကို ငါ့ဆရာက ထိန်းချုပ်ထားတာ... အခုဆေးတွေကို သီးသန့် စရောင်းနေပြီ... ဆေးတစ်လုံးကို အဆောင်စာရွက် ၂၀၀... “
ဝမ်လင်းကလည်း သွားရန် ဆုံးဖြတ်ချက်ချလိုက်ကာ ပြောသည်... “ဒီလဲလှယ်ပွဲက စိတ်ဝင်စားဖို့ကောင်းသားပဲ... ငါလည်း အဲ့ကို သွားကြည့်ချင်တယ်... “
“သေချာတာပေါ့... မင်းမှာသာ အဲ့ဆေးရရင် လဲလှယ်ပွဲကို မင်း သွားလို့ရပြီ... ငါ့ရဲ့ ပန်းတိုင်ကတော့ အခြေခံတည်ဆောက်ရေးဆေးလုံးပဲ... ငါ ကြားတာတော့ အဲ့ဆေးကို တပည့်တစ်ယောက်က ရောင်းလိမ့်မယ်တဲ့... ”
ဝမ်လင်းက သိုလှောင်အိတ်ထဲမှ အဆောင်စာရွက်၄၀၀ကို ထုတ်သည်။ အရွက်တစ်ရာစီကို တစ်အုပ်ဖြင့် လေးအုပ်လုပ်ပြီး ပေးလိုက်၏။
ဝမ်ဟိုက အဆောင်စာရွက်များကို သိုလှောင်အိတ်ထဲသို့ သိမ်းလိုက်သည်။
“အစ်ကိုထေ့ကျူး... လဲလှယ်ပွဲက လဝက်လောက် လိုသေးတယ်... ပွဲစပြီဆို ကျွန်တော် အစ်ကို့ကို လာရှာပါ့မယ်... အဲ့ကျမှ အတူသွားကြရအောင်... “
ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။ သူတို့က ခဏလောက် စကားပြောပြီးသည်နှင့် ဝမ်ဟိုလည်း ထွက်ခွါသွား၏။
ဝမ်ဟို ထွက်သွားပြီးနောက် သူက အချိန်အနည်းငယ်လောက် ချင့်ချိန် စဉ်းစားနေလိုက်သည်။ ဤလဲလှယ်ပွဲက သူ့အတွက် အလွန် အရေးပါသည်။ ဤလဲလှယ်ပွဲမှသာလျှင် သူ့အတွက် လိုအပ်သော ကီစုစည်းခြင်းအဆင့်အတွက် လင်္ကာများကို ရရှိနိုင်၏။
သို့သော် သူ့ထံ၌ တန်ဖိုးရှိသည့်ပစ္စည်း တစ်ခုမှ ရှိမနေချေ။ အဆောင်စာရွက် အားလုံးနီးပါးကလည်း ဖုံးကွယ်ဆေး ဝယ်ယူရာ၌ အသုံးပြုလိုက်ပြီ ဖြစ်သည်။ သူက အချိန်တော်တော်ကြာအောင် တွေးတောပြီးနောက် စိတ်စွမ်းအင်များပြည့်နေသော စမ်းရေများကို ယူသွားရန် ဆုံးဖြတ်ချက် ချလိုက်၏။ သို့သော် စမ်းရေများက လူတစ်ချို့ကို ဆွဲဆောင်နိုင်ပေလိမ့်မည်။
ဆေးလုံး၏အကူအညီနှင့်ဆိုလျှင်တော့ ဘယ်သူမှ သူ၏ရုပ်သွင်အမှန်ကို မသိနိုင်ချေ။
စိတ်ဆုံးဖြတ်ချက် ချပြီးနောက် ဝမ်လင်းက သည်ကိစ္စကို ထပ်မတွေးတော့ပေ။ ယခုအချိန်တွင် သူက အိမ်မက်နယ်မြေထဲ မဝင်တော့ဘဲ အလုပ်ရုံထဲမှ ကျောက်တုံးကြီးကို ဆွဲငင်အားပညာရပ်သုံးပြီး လေ့ကျင့်နေလိုက်၏။
သူက ဆွဲငင်အားပညာရပ်ကို အိမ်မက်နယ်မြေထဲ၌ အကြိမ်တစ်သောင်းမက လေ့ကျင့်ပြီးနေပြီ ဖြစ်၏။ ထို့ကြောင့် ဆွဲငင်အားပညာရပ်ကို ပိုပြီး ကျွမ်းကျင်ပိုင်နိုင်လာသည်။ ဘူးသီးခြောက်ကို သုံးစဉ်အခါက ၁၀ကြိမ်တွင် ၁၀ကြိမ်လုံး အောင်မြင်ခဲ့၏။ ယခုတွင်မူ သူက ပစ္စည်းအသေးလေးကိုသာ ဆွဲယူနိုင်စွမ်း ရှိသေး၏။
အရွယ်အစားကြီးမားလျှင် အောင်မြင်မှုနှုန်းက လျော့ကျသွားသည်။ ဒုတိယအလွှာကို ရောက်ရှိပြီးနောက်ပိုင်း သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များသည် ဆက်လက်တိုးပွားနေ၏။ ဆွဲငင်အားပညာရပ်ကလည်း သူ့စွမ်းရည် အစစ်အမှန်ကို ပြသနိုင်တော့မည် ဖြစ်သည်။
ကြီးမားသောကျောက်တုံးကြီးကို နာရီအနည်းငယ်ကြာ လေ့ကျင့်ပြီးနောက် အပြင်ဘက်တွင် မှောင်လာပြီး နှင်းများလည်း ကျလာသည်။ သို့သော်လည်း ဝမ်လင်းက ချက်ချင်း အိမ်မက်နယ်မြေထဲသို့ မဝင်ဘဲ တံခါးဝ၌ ရပ်ကာ ဆီးနှင်းပွင့်များကို ကြည့်ပြီး တစ်ခုခုကို စဉ်းစားနေသည်။
ဒုတိယအလွှာကို ရောက်ပြီးနောက် သည်ကြားကာလတွင် သူ ပြဿနာတစ်ခုကို သတိထားမိလာသည်။ စမ်းရေများတွင် ပါဝင်သည့် စိတ်စွမ်းအင်များက အရည်အသွေး လျော့ကျသွား၏။ နည်းနည်းလေးသာ လျော့ကျသွားသော်လည်း သူ့ကို မဆုံးနိုင်သည့် စိုးရိမ်စိတ်များ ဝင်လာစေသည်။
သူ၏ကျင့်စဉ်က မြင့်တက်လာရင်း တစ်နေ့တွင် စိတ်စွမ်းအင်များ ပါဝင်သော စမ်းရေများက သူ့အပေါ် အာနိသင် မရှိတော့မှာကို သူ ကြောက်နေမိသည်။
မှော်ကျောက်တုံးမှ စုပ်ယူသော ရေငွေ့ရည်များက အကောင်းဆုံးဖြစ်သည်။ သို့သော်လည်း ရေငွေ့ရည်များ စုဆောင်းမှုက အလွန်နှေးကွေး၏။ ထို့ကြောင့် အသုံးပြုရန် မလုံလောက်ချေ။ လက်ရှိတွင် စမ်းသပ်ထားသမျှထဲ၌ စမ်းရေကသာ အကောင်းဆုံးဖြစ်သည်။ သို့သော်လည်း စမ်းရေများက သူ့အပေါ် အကျိုးသက်ရောက်မှု မရှိတော့သည့်တစ်နေ့တွင် စမ်းရေနေရာ၌ တစ်ခုခုကို အစားထိုးရပေလိမ့်မည်။
ဝမ်လင်းက သူ့လက်ကို နှေးကွေးစွာ လှုပ်ရှားလိုက်ပြီး ဆွဲငင်အားပညာရပ်ကို ထုတ်ဖော်အသုံးပြုလိုက်သည်။နှင်းခဲများက နဂါးတစ်ကောင်ကဲ့သို့ ဖြစ်သွားကာ အခန်းထဲရှိ ကြီးမားသောအိုးကြီးထဲသို့ ဝင်သွား၏။
အချိန်ခဏလေးအတွင်း၌ ဝမ်လင်းက နှင်းခဲများ အိုးတစ်ဝက်ပြည့်အောင် ဖြည့်လိုက်နိုင်သည်။ သူက ဆွဲငင်အားပညာရပ်ကို ရပ်တန်ပြီး နောက်တစ်အိုးထဲသို့ ထပ်ထည့်လိုက်၏။ ထို့နောက် သူ့ညာဘက်လက်ဖြင့် အစီအရင်တစ်ခုကို ဖန်တီးလိုက်သည်။ ၁၀ကြိမ်မက ကြိုးစားပြီးမှသာလျှင် ကလေးအရွယ်ခန့်ရှိသော မီးလုံးတစ်လုံးကို ဖန်တီးလိုက်နိုင်၏။ မီးလုံးမှ အပူများ ဖြာထွက်နေပြီး နှင်းများကို လျင်မြန်စွာ အရည်ပျော်သွားစေသည်။
နှင်းများအားလုံး အရည်ပျော်သွားပြီးနောက် ဝမ်လင်း၏နဖူးတွင်လည်း ချွေများစို့နေလေပြီ။ ကျင့်စဉ်နှစ်ခုကို ဆက်တိုက်အသုံးပြုရခြင်းက သူ့ကို အလွန်ပင်ပန်းနွမ်းနယ်စေသည်။
အိုးထဲတွင် အရည်ပျော်သွားသည့် နှင်းရေများ ရှိနေသည်။ ဝမ်လင်းက မှော်ကျောက်တုံးကို အိုးထဲသို့ ထည့်လိုက်ပြီး ၁၀မိနစ်ခန့် ကြာပြီးမှ ထုတ်ယူလိုက်၏။
မှော်ကျောက်တုံးအကြောင်းကို သူက တော်တော်များများ သိနေပြီ ဖြစ်သည်။ စမ်းရေထဲတွင် မှော်ကျောက်တုံး စိမ်ထားသည့်အချိန်သည် ၁၀မိနစ်က အကန့်အသတ်ဖြစ်၏။ ၁၀မိနစ်ထက်ပိုပြီး စိမ်လျှင်လည်း အကျိုးသက်ရောက်မှုက ထပ်မတိုးတော့ချေ။
ဝမ်လင်းက ရေကို သောက်ကြည့်လိုက်သည်။ မျက်လုံးမှိတ်ပြီး သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်ပြောင်းလဲမှုများကို ဂရုတစိုက် အာရုံခံနေလိုက်၏။ ခဏကြာပြီးနောက် သူက မျက်လုံးဖွင့်ပြီး ရေရွတ်လိုက်သည်... “အကျိုးသက်ရောက်မှုက စမ်းရေထက် ကောင်းတာပဲ... ရေငွေ့ရည်ထက်တော့ မကောင်းပေမယ့် အသုံးပြုလို့တော့ ရနိုင်တယ်... “
ချက်ချင်း သူက ဘူးသီးခြောက် အများကြီးကို ထုတ်ယူလိုက်၏။ ထိုဘူးသီးခြောက်များက တောင်ပေါ်တွင် သူ စုဆောင်းထားသော ဘူးသီးခြောက်များအားလုံး ဖြစ်သည်။ တစ်ညလုံး ကြိုးစားကာ နှင်းရေများ ပြုလုပ်ပြီးနောက် ခြံဝန်းထဲမှ နှင်းများအားလုံး ကုန်သွား၏။ နှင်းရေများက ဘူးသီးခြောက်အနည်းငယ်ကိုသာ ဖြည့်လိုက်နိုင်သည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၃၂) လဲလှယ်ပွဲ
နောက်ရက်များတွင် ဝမ်လင်းက အိမ်မက်နယ်မြေထဲ၌ ကျင့်ကြံခြင်းအပြင် နှင်းများကို အရည်ပျော်စေရန် အပူပေးသည့် အလုပ်ကိုပါ လုပ်လာရသည်။ စိတ်စွမ်းအင်များ ပြန့်လွင့်သွားမည်ကိုသာ မစိုးရိမ်လျှင် ဘူးသီးခြောက်များအစား ရေစည်များကို အသုံးပြုလိမ့်မည် ဖြစ်သည်။ ရက်အနည်းငယ်စုဆောင်းပြီးနောက် ဘူးသီးခြောက် ရာဂဏန်းအနည်းငယ်ခန့် နှင်းရေများ ဖြည့်ပြီးသွား၏။ ယခု နှင်းရေဖြည့်ထားသော ဘူးသီးခြောက်များက သူ့ကို အိမ်မက်နယ်မြေထဲတွင် အချိန်တော်တော်ကြာအောင် လုံလောက်စေနိုင်သည်ဟု တွက်ချက်လိုက်သည်။
နှင်းရေများကို သိမ်းဆည်းပြီးနောက် ဝမ်လင်းက ကျင့်စဉ် ပြန်ကျင့်လိုက်တော့၏။ စမ်းရေများ၏ အကျိုးသက်ရောက်မှုက အနည်းငယ်နိမ့်သွားသော်လည်း အသုံးဝင်နေဆဲ ဖြစ်သည်။
အချိန်များက အလွန် လျင်မြန်စွာပင် ၁၀ရက် ကုန်ဆုံးသွား၏။ ၁၀ရက်ကုန်ဆုံးသွားပြီးနောက် ဝမ်လင်းက စမ်းရေများကို ယခင်ကထက် ပိုမိုသောက်သုံးလာရသည်။ ကောင်းသည့်အချက်က စမ်းရေများသည် သူ့ကိုယ်ထဲရှိ စိတ်စွမ်းအင်များထဲသို့ ပျော်ဝင်သွားခြင်း ဖြစ်၏။ မဟုတ်လျှင် သူ့ဝမ်းဗိုက်က များပြားလှသော စမ်းရေများကို ထိန်းထားနိုင်လိမ့်မည် မဟုတ်ချေ။
ဒုတိယအလွှာအတွက် လိုအပ်သော စိတ်စွမ်းအင်များက ပထမအလွှာထက် အလွန်ကို ပိုများသည်။ အမှန်တော့ ဝမ်လင်းက အိမ်မက်နယ်မြေထဲတွင် ၉လကျော်ခန့် လေ့ကျင့်ပြီးနေပြီ ဖြစ်သည်။
သူသာ ပထမအလွှာ၌သာ ရှိသေးလျှင် ၉လကျော်ခန့် လေ့ကျင့်လိုက်ပါက သူ့စိတ်စွမ်းအင်များသည် ရလဒ်ကောင်း တချို့ကို ရနေလောက်လေပြီ။ ယခုတွင်မူ စိတ်စွမ်းအင် အများအပြား စုပ်ယူထားသော သူ့ခန္ဓာကိုယ်က သူလိုချင်သည့် ရလဒ်ကို မရောက်သေးဟု ခံစားနေရသည်။
သည်နေ့က ဝမ်ဟိုနှင့် တွေ့ဆုံရန် ချိန်းဆိုထားသောနေ့ ဖြစ်သောကြောင့် ဝမ်လင်းက အိမ်မက်နယ်မြေထဲသို့ မဝင်ရောက်ပေ။ ညသန်းခေါင်အချိန်ခန့်တွင် နှင်းများ စတင်ကျလာပြီးနောက် ဝမ်ဟိုတစ်ယောက် သူ၏နတ်ဘုရားစိတ်အာရုံအတွင်းသို့ ဝင်ရောက်လာသည်။
သိပ်မကြာခင်၌ ဝမ်ဟိုက တံခါးကို ဖွင့်လိုက်ပြီး အထဲသို့ ဝင်မလာဘဲ အလောတကြီး အပြောလိုက်သည်... " ဆရာက ဆေးကို သန့်စင်ဖို့ အချိန် တော်တော်ယူရတယ်... ဒါ့ကြောင့် ငါ နောက်ကျသွားတယ်... မြန်မြန်ထွက်လာခဲ့ ... လဲလှယ်ပွဲက စတော့မယ်... "
ထို့နောက် ဝမ်ဟိုက လဲလှယ်ပွဲဆီသို့ ခပ်မြန်မြန် ဦးဆောင်သွားလိုက်သည်။ ဝမ်လင်းကလည်း သူ့နောက်မှ ကတိုက်ကရိုက် လိုက်သွား၏။
နှစ်ယောက်သားက ကျဆင်းနေသော နှင်းများကြားတွင် ဂိုဏ်းအတွင်းမှ ထွက်လာပြီး တောင်ပေါ်သို့ တက်သွား၏။
ယခု သူတို့လျှောက်နေသောလမ်းက အလွန်ချော်နေသောကြောင့် ဝမ်ဟိုက နှေးကွေးစွာ သတိထားပြီး လျှောက်နေရသည်။ ထို့ကြောင့် သူက တိုးတိုးလေး ရေရွတ်လိုက်၏... " ဒီရာသီဥတုနဲ့တော့ကွာ... ငါ ပြုတ်ကျလို့ သေသွားပြီး သရဲဖြစ်ရင်တောင် တရားမျတမှုကို လိုချင်တယ်... "
ဝမ်လင်းကတော့ ဝမ်ဟိုကဲ့သို့ မဖြစ်သည့်အပြင် အလွန်ပေါ့ပါးနေကာ ရာသီဥတုက အလွန်လှပနေသည်ဟု ခံစားနေရ၏။ နှင်းများကို ကြည့်ပြီး သူက လဲလှယ်ပွဲပြီးသွားလျှင် နှင်းရေ အများကြီး စုဆောင်းနိုင်ပြီဟု တွေးနေလေသည်။
အတော်ကြာအောင် လမ်းလျှောက်ပြီးနောက် ဝမ်ဟိုက ရပ်လိုက်ကာ အစိမ်းရောင်ဆေးလုံးလေးတစ်လုံးကို ပေးပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်... " ငါတို့ လဲလှယ်ပွဲ ကျင်းပတဲ့နေရာကို ရောက်တော့မယ်... ဒီနေရာကို အရင်ရက်က လာကြည့်ပြီးပြီ... နောက်နည်းနည်းလောက် ထပ်သွားလိုက်ရင် ရောက်ပြီ... ဆေးလုံးကို သောက်လိုက်တော့... ဒါဆို ဘယ်သူမှ ငါတို့ကို သိမှာ မဟုတ်တော့ဘူး... "
ဝမ်ဟိုက နောက်ထပ်ဆေးလုံးတစ်လုံးကို ထုတ်ယူပြီး သောက်လိုက်သည်။ ထူထဲသောအနက်ရောင်မြူများ ထွက်ပေါ်လာပြီး ဝမ်ဟို၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွား၏။ မြူများအတွင်းမှ ခပ်ပြတ်ပြတ်အသံတစ်ခု ထွက်လာသည်... " ဘယ်လိုလဲ... ငါ မသိလဲဆိုတာ မင်း သိသေးလား... "
ဝမ်လင်းက ဝမ်ဟိုအား စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ သူ့ကို ရွံ့များဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ခံစားလိုက်ရသည်။ စိတ်အာရုံဖြင့်ပါ စစ်ဆေးကြည့်လို့ မရတော့မှ ဝမ်လင်းက စိတ်သက်သာရာ ရသွား၏။ ဝမ်လင်းက ရယ်မောကာ ပြောလိုက်သည်... " ဒီဆေးက တစ်ကယ် အံ့ဩဖို့ကောင်းတာပဲ... " ထို့နောက် ဆေးလုံးကို သောက်လိုက်ရာ ဝမ်ဟိုကဲ့သို့ သူ့ကိုလည်း အနက်ရောင်မြူများက ဖုံးလွှမ်းသွား၏။
နှစ်ယောက်သား ရှေ့သို့ အနည်းငယ်လျှောက်ပြီး အချိုးအကွေ့တချို့ကို ကွေ့လာပြီးနောက် မြေကွက်လပ်ကျယ်ကြီးတစ်ခုဆီသို့ ရောက်သွား၏။
မြေကွက်လပ်ကြီးက အလွန်ကို ကျယ်သည်။ အနက်ရောင်မြူများဖုံးလွှမ်းနေသော လူအများအပြားကလည်း တိတ်ဆိတ်စွာပင် ရပ်နေကြ၏။
ဝမ်လင်းနှင့်ဝမ်ဟို ရောက်ပြီးနောက် သူတို့က နေရာလွတ်တစ်ခုကို ရှာလိုက်ပြီး မတ်တပ်ရပ်နေလိုက်ကြ၏။
သိပ်မကြာခင်ပင် လူတစ်ယောက်ရှေ့ထွက်လာပြီး ချောင်းဟန့်ကာ အက်ကွဲကွဲအသံဖြင့် ပြောလိုက်သည်… “ဒီတစ်ကြိမ်မှာလည်း ငါကပဲ လဲလှယ်ပွဲကို စပေးပါ့မယ်… “ သူက စကားဆုံးသည်နှင့် ဓားရှည်တစ်ချောင်းကို ထုတ်ပြလိုက်ပြီး ပြောသည်… “ ဒီဓားပျံက ဂိုဏ်းထဲမှာ မရှိဘူး… ဒါက ငါ့ဘာသာ အပြင်က ရခဲ့တဲ့ဓားတစ်လက်ပဲ… ဒီဓားက စွမ်းအား အရမ်းကောင်းတယ်… ဒီဓားကို အဆောင်စာရွက်၅၀၀နဲ့ လဲချင်ပါတယ်… “
တခြားသူများက တစ်ယောက်နှင့်တစ်ယောက် ဓားရှည်ကြောင်းကို ပြောနေကြပြီး ခဏလောက်ကြာပြီးနောက် တစ်ယောက်က ရှေ့သို့ထွက်လာပြီး စကားတစ်လုံးမျှ မပြောဘဲ အဆောင်စာရွက်၅၀၀ကို ထုတ်ပေးလိုက်၏။ သည်လိုနှင့် လဲလှယ်ပွဲတစ်ခု ပြီးဆုံးသွား၏။
တခြားတစ်ယောက်ကလည်း စတင်အော်ပြောလိုက်သည်… “ ငါ့မှာ မြေခွဲတိုက်ကွက်နဲ့တူတဲ့ တိုက်ကွက်ကို ၃ကြိမ်ထုတ်လွှတ်နိုင်တဲ့ မှော်ကျောက်စိမ်းတစ်ခု ရှိတယ်… ငါ ကီစုစည်းခြင်းဆေးလုံး ၁၀လုံးပဲ လိုချင်ပါတယ်… “ ထိုလူက ကျောက်စိမ်းတစ်ခုကို ထုတ်ပြလိုက်ပြီး လက်ကို ဝေ့ရမ်းကာ ပြန်သိမ်းထားလိုက်၏။
ဝမ်လင်းနဲ့ မနီးမဝေးတွင် ရှိနေသောလူတစ်ယောက်က ပြောလိုက်သည်… “ ငါ မင်းနဲ့ လဲမယ်… “ ထိုလူက ရှေ့သို့ ထွက်လာစဉ်မှာပင် နောက်တစ်ယောက်က လျင်မြန်စွာ ပြောလိုက်၏… “ အဲ့ကျောက်စိမ်းကို ဆေးလုံး၁၂လုံးနဲ့ လဲမယ်… “
ပထမလူက တုန့်ဆိုင်းသွားပြီး ဒုတိယလူကို စူးစိုက်ကြည့်လိုက်သည်။ သူ့ဆီတွင် ဆေးလုံး၁၀လုံးသာ ရှိဟန်တူသည်။
မကြာမီအချိန်အတွင်း တစ်ယောက်ပြီးတစ်ယောက် လဲလှယ်ကြ၏။ လဲလှယ်ပွဲ ကျင်းပရာနေရာက တစ်ဖြည်းဖြည်း သက်ဝင်လှုပ်ရှားလာသည်။
“ ငါ့မှာ ကျင့်စဉ်တစ်ခုရှိတယ်… ဒီကျင့်စဉ်ကို ကီစုစည်းခြင်း ဒုတိယအလွှာအထက်ပဲ အသုံးပြုလို့ရမယ်… ဒီကျင့်စဉ်က ကိုယ့်ရဲ့ ကျင့်စဉ်အဆင့်ကို အချိန်ခဏလောက် ဖုံးကွယ်ပေးထားနိုင်တယ်… ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်သွားရင်တော့ ဒီကျင့်စဉ်က အသုံးမဝင်တော့ဘူး… ဒီကျင့်စဉ်က အတော်အသုံးမဝင်တာကို ငါ သိပါတယ်… ဒီကျင့်စဉ်အတွက် ငါက ဆေးလုံး ၁၀လုံး… မဟုတ်ဘူး ၅လုံးလောက်ပဲ လိုချင်တာပါ… “ တစ်စုံတစ်ယောက်က တုန့်ဆိုင်းဆိုင်းဖြင့် အော်ပြောလိုက်၏။
ထိုအော်ပြောသံကို ကြားပြီး လူတိုင်းက ရယ်မောလိုက်ကြသည်။ တပည့်အားလုံးက သူတို့၏ကျင့်စဉ်အဆင့်ကို ပြသချင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ကျင့်စဉ်မြင့်လေ ကောင်းကောင်းဆက်ဆံခံရလေ ဖြစ်သောကြောင့် ဖြစ်၏။ ဤကဲ့သို့ကျင့်စဉ်မျိုးကို မည်သူက လိုချင်ပါမည်နည်း။ ကျင့်စဉ်ကသာ အချိန်ကြာကြာခံလျှင် အနည်းဆုံးတော့ တစ်ချို့နေရာများတွင် အသုံးဝင်လိမ့်ဦးမည်။ အချိန်အနည်းငယ်အတွက် ဆေးလုံး၅လုံးက အလွန်များပြားသည်ဟု မှတ်ယူနိုင်သည်။
မည်သူမှ မလိုချင်ကြသည်ကို ရောင်းသူက မြင်သောအခါ သက်ပြင်းချလိုက်၏။ ထိုအချိန်တွင် ဝမ်လင်းက အော်ပြောလိုက်သည်… “ ကီစုစည်းခြင်းဆေးလုံး၅လုံးနဲ့ လဲမယ်… “
ရောင်းသူက မှင်သက်သွား၏။ ထို့နောက် မြန်မြန်ပဲ သူတို့နှစ်ယောက်လုံး ပစ္စည်းချင်း လဲလိုက်ကြသည်။
ဝမ်လင်းက ကျင့်စဉ်ပါသည့်ပစ္စည်းလေးကို ကိုင်ထားရင်း အံ့ဩနေ၏။ ယခင်က ဤကဲ့သို့ ပစ္စည်းမျိုး သူ မမြင်ဖူးခဲ့ပေ။ သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ပစ္စည်းကို စစ်ဆေးကြည့်လိုက်ရာ သူ့စိတ်ထဲတွင် ကျင့်စဉ်နည်းလမ်းများ ပေါ်လာသည်။
တခြားသူများအတွက် သည်ကျင့်စဉ်က အသုံးမဝင်သော်လည်း သူ့အတွက်တော့ အလွန်အသုံးဝင်သည်။
ရုတ်တရက် အသံတစ်ခုက ထွက်ပေါ်လာသည်။ ထိုအသံကို အက်ကွဲကွဲဖြစ်နေသော်လည်း မောက်မာမှုများ ပြည့်နေ၏… “ အခြေခံတည်ဆောက်ရေးဆေးလုံးပဲ… မင်းတို့ရဲ့ ကမ်းလှမ်းမှုလေးတွေ ပြောပြကြည့်ပါ… “
ဝမ်ဟိုက ချက်ချင်း စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်… “ ကီစုစည်းခြင်းဆေးလုံး ၂၀… “
“ အဆောင်စာရွက်၁၀၀၀နဲ့ဓားပျံတစ်ချောင်း… “
“ အဆောင်စာရွက်၂၀၀၀… “
“ ကီစုစည်းခြင်းဆေးလုံး၃၀နဲ့အဆောင်စာရွက်၅၀၀… “
“ တိုက်ခိုက်ရေးကျောက်စိမ်းတစ်ခု၊ဓားပျံတစ်ချောင်း၊ကီစုစည်းခြင်းဆေးလုံး၁၀လုံးနဲ့အဆောင်စာရွက်၅၀၀… “
လူအုပ်ကြီးက သူတို့ပေးနိုင်သမျှ ဈေးနှုန်းများကို အော်ပြောနေကြ၏။ ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် အခြေခံတည်ဆောက်ရေးဆေးလုံးက မည်မျှအရေးပါသည်ကို သိရှိနိုင်သည်။ ဝမ်ဟို၏ပြောပြချက်အရ အခြေခံတည်ဆောက်ရေးဆေးလုံးကို သောက်ပြီးလျှင် ဆေးစွမ်းက ၂လတိတိ ကျန်ရှိနေပြီး ထို၂လအတွင်း စိတ်စွမ်းအင်စုပ်ယူနှုန်းက အဆပေါင်းများစွာ တိုးလာပေလိမ့်မည်။ ထို့ကြောင့် အခြေခံတည်ဆောက်ရေးဆေးလုံးသည် သတ္တမအလွှာအောက်မှ တပည့်တိုင်း လိုချင်သည့်အရာတစ်ခု ဖြစ်၏။
သည်ဆေးလုံးက ဂိုဏ်းထဲ၌တောင်မှ အလွန်အရေးပါသည်။ တပည့်တိုင်းက ထိုဆေးလုံးကို ရနိုင်ရန် အခွင့်အရေးနှစ်ခု ရှိသည်။ တပည့်တစ်ယောက်က အနက်ရောင်ဝတ်တပည့်အဖြစ်သို့ အဆင့်တိုးမြှင့်သွားသည့်အခါ အခြေခံတည်ဆောက်ရေးဆေးလုံးတစ်လုံး ရရှိသည်။ ခရမ်းရောင်ဝတ်အဆင့်သို့ ရောက်သောအခါ ဆေးလုံး၂လုံး ထပ်မံရရှိ၏။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၃၃) လင်္ကာက အဓိက
ဝမ်လင်းက အခြေခံတည်ဆောက်ရေးဆေးလုံးကို စိတ်ဝင်စားမှု မရှိပါချေ။ ဈေးနှုန်းများကို ကြားပြီး သူက ဝမ်ဟိုအတွက် ရင်လေးမိသည်။ သူ မြင်နေရသလောက်ဆိုလျှင် ဝမ်ဟိုက ဆေးလုံးကို ရနိုင်သည့်ဟန် မရှိတော့ချေ။
သူက ထိုသို့တွေးနေချိန်တွင် ဝမ်ဟိုက အော်ပြောလိုက်၏… “ကီစုစည်းခြင်းဆေးလုံး၂၃၀ပေးမယ်… ဒါက ငါပေးနိုင်တာအကုန်ပဲ… ဒီထက်ပိုရင်တော့ ငါ မလိုက်နိုင်တော့ဘူး… “
လူအားလုံးက အသံတိတ်ကျသွား၏။ ကီစုစည်းခြင်းဆေးလုံး ၂၃၀ဆိုသည့်ပမာဏမှာ အလွန်ပင် တန်ဖိုးကြီးလှသည်။ ထိုဈေးနှုန်းကို ပေးနိုင်သည့်လူ အများကြီး မရှိပေ။ သို့သော်လည်း အခြေခံတည်ဆောက်ရေးဆေးလုံးက အလွန်ရှားပါးသည့်အတွက် လူအနည်းငယ်က ထိုဈေးထက်ပိုပေးကာ လိုချင်နေကြသည်။
အခြေခံတည်ဆောက်ရေးကို ရောင်းသည့်လူက ဝမ်ဟို၏စကားကို ကြားသောအခါ အထက်စီးဆန်ဆန် ပြောလိုက်သည်… “ ကီစုစည်းခြင်းဆေးလုံး၂၃၀လောက်နဲ့ ငါ့ရဲ့ အခြေခံတည်ဆောက်ရေးဆေးလုံးကို လဲချင်နေတာလား… ဈေးနှုန်းက ကီစုစည်းခြင်းဆေးလုံး၂၀၀၀အောက်ဆို ငါက လဲမှာ မဟုတ်ဘူး… “
ဝမ်လင်းက ထိုလူ၏စကားကို နားထောင်ပြီး အနည်းငယ် စဉ်းစားလိုက်၏။ ထိုလူက ဝမ်ကျောက်ဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။ သို့သော်လည်း အနက်ရောင်မြူများ ဖုံးလွှမ်းထားသည့်အတွက် သေချာမှုတော့ မရှိချေ။
ဝမ်ဟိုက ပခုံးကို တွန့်လိုက်ပြီး ဘာမှဆက်မပြောတော့ချေ။ ထိုလူ၏ စိတ်ကြီးဝင်မှုကို မြင်ပြီး အားလုံးက အံ့အားသင့်နေကြသည်။
လဲလှယ်ပွဲကို ဦးဆောင်သည့်လူက ပြောလိုက်သည်… “ ဒါကအဆင်ပြေပါတယ်… အားလုံးပဲ… ဒီလူက သူ့ဆေးကို လဲဖို့ စိတ်ကူးမရှိမှတော့ သူ့ကို ကျော်ပြီးတော့ နောက်လူတွေအလှည့် ပေးလိုက်ရအောင်… “
တစ်ယောက်ပြီးတစ်ယောက် လဲလှယ်ကြပြီးနောက် ဝမ်လင်း၏အလှည့်သို့ ရောက်လာသည်။ ဝမ်လင်းက ရှေ့ကို ခြေလှမ်းလှမ်းတက်လိုက်ပြီး ပုလင်းလေးတစ်လုံးကို ထုတ်ကာ ပြောလိုက်သည်… “ဒီပုလင်းထဲမှာ ထူးဆန်းတဲ့အရည်အစက်၁၀၀ ပါတယ်… အရည်တစ်စက်က ကီစုစည်းခြင်းဆေးလုံး၁လုံးနဲ့ ညီတယ်… စတုတ္ထအလွှာနဲ့နောက်ပိုင်းအဆင့်တွေအတွက် လင်္ကာတွေ လိုချင်တယ်… “ ပြောလိုက်ပြီးနောက် ဝမ်လင်းက ပုလင်းအဖုံးကို ဖွင့်လိုက်သည်။ လူတိုင်းက ပုလင်းထဲမှ စိတ်စွမ်းအင်များကို အာရုံခံစားမိကြသည်။
ထိုအရည်များက အားလုံး၏အာရုံကို ဖမ်းစားသွား၏။ ကီစုစည်းခြင်းဆေးလုံးက ပြီးဆုံးအောင်မြင်ပြီးသည့် ထုတ်ကုန်ဖြစ်သည်။ ဤအရည်များကတော့ နေရာများစွာတွင် အသုံးချ၍ ရသည်။ ဥပမာ= ဆေးလုံးများ သန့်စင်သည့်နေရာတွင် အသုံးချနိုင်သည်။
ရတနာများသန့်စင်သည့်နေရာတွင် အသုံးချလျှင်လည်း ပြုလုပ်လိုက်သည့်ဓားပျံက မူရင်းစွမ်းအားကို တိုးစေလိမ့်မည်။
တစ်ယောက်က ချက်ချင်းပြောလိုက်သည်… “ ငါ… စတုတ္ထအလွှာလင်္ကာနဲ့ လဲမယ်… “
ဝမ်လင်းက သူ့မျက်ခုံးကို ပင့်လိုက်ပြီး မေးလိုက်သည်… “ စတုတ္ထအလွှာပဲလား… “
တခြားတစ်ယောက်က အော်ပြောလိုက်သည်… “ အလွှာ ၄၊၅၊၆အတွက် လင်္ကာနဲ့ လဲမယ်ဆိုရင် ဘယ်လိုလဲ… “
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး ခေါင်းကို ခါရမ်းလိုက်ကာ ပြောလိုက်သည်… “ ငါက အလွှာ၄ကနေ ၁၅ထိ လိုချင်တာ… “
“ ညီအစ်ကို ဒါက ငါတို့အတွက် အလွန်ခက်ခဲတယ်… အရင်နှစ်က ပထမရသွားတဲ့ စီနီယာအစ်ကိုကျန်းခွမ်းတောင်မှ ဆဌမအလွှာပဲရောက်သေးတာ… သူတို့ဆီမှာပဲ ၆ကနေ၉အထိ ရှိလိမ့်မည်… ၁၀ကနေ ၁၅အထိကတော့ အကြီးအကဲတချို့ဆီမှာပဲ ရှိလိမ့်မယ်… “
ဝမ်လင်းလည်း အံ့ဩမှင်သက်သွား၏။ သူက တုန့်ဆိုင်းနေစဉ်မှာပင် သူနှင့် မနီးမဝေးနေရာမှ အသံတစ်သံ ထွက်လာသည်… “ မင်းမှာ အဲ့လိုအရည်အစက်၂၀၀ရှိရင် ငါ မင်းကို ၄ကနေ ၉အထိ လင်္ကာတွေ ပေးမယ်… “
လူတိုင်းက အသံထွက်လာရာနေရာသို့ ကြည့်လိုက်ရာ ဝမ်လင်းဆီသို့ လျှောက်လာသော ခရမ်းရောင်ဝတ်ဆင်ထားသည့်တပည့်တစ်ယောက်ကို တွေ့လိုက်ရသည်။ သူက အသက်၂၀ခန့်ရှိပြီး၊ အေးစက်သောအမူအရာရှိ၏။ သူက ဝမ်လင်းရှေ့ကို ရောက်လာပြီးနောက် ဘေးပတ်ဝန်းကျင်းကို ကြည့်လိုက်သည်။ ထိုအခါ လူတိုင်းက အံ့ဩသွား၏။ သူတို့က လေးစားစွာဖြင့် ပြောလိုက်သည်… “ စီနီယာအစ်ကိုကျန်းခွမ်း… “
ခရမ်းရောင်ဝတ်ဆင်ထားသောလူက သူတို့က ဂရုစိုက်မနေဘဲ ဝမ်လင်းကိုသာ စကားပြောလိုက်၏… “ မင်းမှာ အဲ့လိုအရည် အစက်၂၀၀ ရှိလား… “
ဝမ်လင်း၏မျက်နှာက မာကြောခက်ထန်သွားသည်။ ထိုလူ့ထံမှ အလွန်အန္တာရာယ်ရှိသောခံစားမှုကို ရလိုက်သည်။ ဂိုဏ်းထဲတွင် တွေ့ခဲ့ဖူးသောလူများထံမှ အန္တာရယ်အငွေ့အသက်က ယခု ဝမ်လင်းခံစားရသော အန္တာရာယ်အငွေ့အသက်လောက် မပြင်းထန်ပေ။
သူ့ဆရာစွန်းတဇူးနှင့်စီနီယာအစ်ကိုကျန်းတောင်မှ သူ့ရှေ့က လူကို မယှဉ်နိုင်ချေ။
ဝမ်လင်းက လေးစားစွာဖြင့် ပြန်ပြောလိုက်သည်… “ ဒီအရည်က ကျွန်တော် မတော်တဆ ရရှိခဲ့တာပါ… ဒီအစက်၁၀၀အပြင် နောက်ထပ်အစက်အနည်းငယ်ပဲ ကျွန်တော်သုံးဖို့အတွက် ကျန်တော့တာပါ… ကျွန်တော့်မှာ အဲ့လောက်အများကြီး မရှိဘူး… “
ခရမ်းရောင်ဝတ်လူက အနည်းငယ်စဉ်းစားလိုက်ပြီး ကျောက်စိမ်းပြားလေးတစ်ခုကို ပစ်ပေးလိုက်၏… “ကောင်းပြီ … ကျန်တဲ့အရည်တွေ ငါ့ကို ပေးပါ… ဒီလင်္ကာက မင်းအတွက်ပဲ… “
ဝမ်လင်းက ကျောက်စိမ်းပြားကို ဖမ်းလိုက်ပြီး အထဲတွင် သူလိုသောကျင့်စဉ်များ ပါမပါ သေချာစေရန် စစ်ဆေးကြည့်လိုက်၏။ သူက နောက်ထပ်ပုလင်းတစ်လုံးထုတ်လိုက်ပြီး ပုလင်းနှစ်ခုစလုံးကို မြေပြင်ချထားလိုက်သည်။ သူက ခရမ်းရောင်ဝတ်လူအနီးသို့ မကပ်ချေ။
ခရမ်းရောင်ဝတ်လူက ဝမ်လင်းကို ကြည့်လိုက်ပြီး သူ့လက်ကို ဝေ့ရမ်းလိုက်၏။ ပုလင်းနှစ်လုံးက ပျံသန်းလာပြီး သူ့ဆီသို့ ရောက်သွား၏။ သူ၏စိတ်အာရုံဖြင့် ပုလင်းနှစ်လုံးကို စစ်ဆေးပြီးနောက် ပြောလိုက်သည်… “ဒီလိုအရည်တွေ မင်း နောက်ထပ်ရလာခဲ့ရင် တောင်အနောက်ဘက်မှာ ငါ့ကို လာရှာလိုက်ပါ… အခြေခံတည်ဆောက်ရေး၊ဓားပျံ၊တိုက်ခိုက်ရေးကျောက်စိမ်း ဒါမှမဟုတ် အလွှာ၁၀နဲ့ နောက်ပိုင်းအဆင့်တွေ ယူမလား အားလုံးပေးနိုင်တယ်… “ သူက ပြောပြီးသည်နှင့် လှည့်ကာ ထွက်သွား၏။
ဝမ်လင်း၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူ့အကြည့်များက အေးစက်သွား၏။ ခရမ်းရောင်ဝတ်လူ နောက်ဆုံးပြောခဲ့သော စကားက အလွန်ရက်စက်လှသည်။ ကြားလိုက်ရသည့် လူအုပ်ကြီးက ချက်ချင်းနားမလည်သော်လည်း ဉာဏ်ကောင်းသော ဝမ်လင်းက ထိုစကား၏အဓိပ္ပါယ်ကို ချက်ချင်း နားလည်လိုက်၏။
တစ်ယောက်ယောက်ကသာ ဤကဲ့သို့ အရည်များ သူ့ထံယူလာပေးပါက သူက တစ်ခုခု ပြန်ပေးမည်ဖြစ်သည်။ ထိုလူပြောလိုက်သော စကားလုံးများက ဝမ်လင်းကို အလွန် အန္တာရာယ်ရှိသည့် နေရာတစ်ခုအတွင်းသို့ ပစ်သွင်းခဲ့လေသည်။
ဝမ်လင်းက တခြားသူများ၏မျက်လုံးကို မမြင်ရသော်လည်း တခြားသူများက သူ့ကို လျှို့ဝှက်စွာ ကြည့်နေသည်ဟု ခံစားနိုင်သည်။
ဝမ်လင်းက စမ်းရေပုလင်းကို ထုတ်လိုက်ကတည်းက ဖြစ်နိုင်ချေများကို စဉ်းစားထားကာ ပြင်ဆင်ထားခဲ့သည်။ ထို့ကြောင့် ကြောက်လန့်မနေဘဲ တည်ငြိမ်စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
လူအုပ်ကြီးကလည်း လဲလှယ်ပွဲပြီးသည်အထိ ဆက်လက်ကျင်းပနေသည်။ လဲလှယ်ပွဲပြီးသွားပြီးနောက် တပည့်အသီးသီးက ထွက်သွားကြ၏။ တချို့လူများက ပျော်ရွှင်နေကြပြီး တချို့ကတော့ စိတ်ပျက်သည့်အမူအရာများနှင့် ဖြစ်သည်။
ဝမ်လင်းက ဝမ်ဟိုနှင့်အတူ ထွက်မသွားခဲ့ပေ။ သို့သော်လည်း သူက ခြေထောက်တွင် အဆောင်စာရွက်အများကြီးကို ကပ်လိုက်ပြီး ပြေးထွက်လိုက်၏။ သူက မျက်စိတစ်မှတ်အတွင်း၌ပင် အားလုံး၏ရှေ့မှ ပျောက်ကွယ်သွားသည်။
ဝမ်ဟိုကလည်း လူတော်တစ်ယောက်ပင်။ ဝမ်လင်း ဘာကြောင့် ဤသို့လုပ်ခဲ့သည်ကို သူနားလည်ပေသည်။ သူလည်း အဆောင်စာရွက်ကို သုံးပြီး လဲလှယ်ပွဲမြေပြင်မှ လျင်မြန်စွာ ထွက်ခွာသွား၏။
အဖိုးတန်သောရတနာများ ထုတ်ဖော်ခဲ့ကြသည့်တပည့်များကလည်း တူညီသောနည်းလမ်းဖြင့်ပင် လျင်မြန်စွာ ထွက်သွားကြသည်။
များစွာသောတပည့်များက ထူးဆန်းသောအရည်များ ထုတ်ပြခဲ့သော ဝမ်လင်းကို မနာလိုပြီး၊ လောဘစိတ်များဖြင့် စောင့်ကြည်နေခဲ့ကြသည်။ သူတို့က ဝမ်လင်းကို လိုက်ဖမ်းချင်သော်လည်း အရိပ်ကိုသာ မြင်လိုက်ကြရကာ ဆဲရေးစကားများဆိုပြီး ထွက်သွားကြသည်။
ကျင့်စဉ်မြင့်မားကြသော တချို့တပည့်များက ထွက်မသွားကြသေးဘဲ ပေါ်တင်လုယူကြ၏။ သည်ပွဲက ဂိုဏ်းတွင်းရှိ တပည့်များအကြား လဲလှယ်ဖြစ်သည်။ ထို့ကြောင် သတ်ဖြတ်ခြင်းနှင့်လုယူခြင်းကို တခြားတပည့်များ၏ဆရာများက သိရှိသွားပါက အလွန်ဆိုးဝါးသော အကျိုးဆက်ကို ခံစားရပေလိမ့်မည်။
ဝမ်လင်းက ခြေထောက်တွင် အဆောင်စာရွက်များကပ်ပြီး ပြေးနေဆဲ ဖြစ်သည်။ ခြေထောက်မှ တစ်ဒါဇင်ခန့်ရှိသော အဆောင်စာရွက်များကြောင့် သူ့အမြန်နှုန်းက အလွန်လျင်မြန်လှပြီး ဂိုဏ်းအတွင်းသို့ ပြန်လည် ရောက်ရှိသွား၏။
သူက ခရမ်းရောင်ဝတ်လူကို အကြောက်ဆုံးဖြစ်သည်။ အလုပ်ရုံသို့ ချက်ချင်းမပြန်ဘဲ ဂိုဏ်းအတွင်းမှ အခန်းလွတ်တစ်ခုအတွင်း၌ ပုန်းနေလိုက်၏။
နေထွက်လာသည့်အချိန်မှသာ သူ့ကိုယ်ပေါ်တွင် ဖုံးအုပ်ထားသော မြူများက ပျောက်ကွယ်သွား၏။ ထို့နောက် ဝမ်လင်းက အခန်းအတွင်းမှ တိတ်တဆိတ် ထွက်လာခဲ့သည်။ ကံကောင်းစွာနှင့် လမ်းတစ်လျှောက်တွင် ဘယ်သူနှင့်မှ မဆုံခဲ့ချေ။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၃၄) လေ့ကျင့်ခြင်း
ယခုရရှိလာသောလင်္ကာများနှင့်ဆိုလျှင် ဝမ်လင်းက နဝမအလွှာအထိ လေ့ကျင့်နိုင်သည်။
ပင်မတပည့်များအားလုံးက ပြိုင်ပွဲအတွက် ပြင်ဆင်နေကြသည်။ သူတို့က ထိပ်သို့ ရောက်နိုင်လေ မှော်ရတနာများ၊ ဆေးလုံးများ၊ အဆောင်စာရွက်များ၊ စိတ်ဝိညာဉ်ကျောက်တုံးများနှင့် တခြားပစ္စည်းများ ပိုမိုရရှိနိုင်လေ ဖြစ်၏။
ယခုအချိန်တွင် သူတို့မျက်လုံးများက လိုချင်စိတ်များဖြင့် ပြည့်နေကြသည်။ ယခုနှစ်တွင် ပထမနေရာအတွက် တန်ဖိုးကြီးသည့်ရတနာကို ဂိုဏ်းမှ ပေးရန် စီစဉ်ထား၏။ ထိုရတနာမှာ လနှစ်စင်းလက်စွပ်ဖြစ်သည်။
လနှစ်စင်းလက်စွပ်ကို လွန်ခဲ့သောနှစ်၃၀၀မှ ဂိုဏ်း၏စီနီယာတစ်ယောက် ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်၏။ ထိုလက်စွပ်တွင် ခုခံအားအလွန်ကောင်းသောစွမ်းအား ပါရှိသည်။
ထို့ကြောင့် ပင်မတပည့်အားလုံးက ပြိုင်ပွဲအတွက် သူတို့၏စွမ်းအားများကို လျှို့ဝှက်စွာ ကြိုတင်ပြင်ဆင်လေ့ကျင့်နေကြသည်။
တပည့်အသစ်များအတွက် ပြိုင်ပွဲကတော့ ပင်မတပည့်အသစ် အနည်းငယ်သာလျှင် ရှိသည့်အတွက် ပထမရနိုင်မည့်သူက ဝမ်ကျောက်ဖြစ်လိမ့်မည်ဟု ကြိုတင်ခန့်မှန်းနေကြသည်။
ပြင်ပတပည့်များအနေနှင့် သူတို့က တစ်ယောက်နှင့်တစ်ယောက် ပိုပြီး ရန်လိုလာကြ၏။ ပြိုင်ပွဲက သူတို့ကို ပင်မတပည့်ဖြစ်စေရန် အခွင့်အရေးတစ်ခု ဖြစ်သည်။ ထို့ကြောင့် ပြင်ပတပည့်တိုင်းက ပြိုင်ပွဲအတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြလေပြီ။
ဝမ်လင်းကား သူတို့ကဲ့သို့ ဖိအားများ ရှိမနေချေ။ သူက ကျင့်ကြံခြင်း၌သာ အာရုံစိုက်ထားပြီး ဆွဲငင်အားပညာရပ်ကိုလည်း ကျွမ်းကျင်သထက် ကျွမ်းကျင်အောင် လေ့ကျင့်၏။ သည်ရက်က လတစ်လ၏နောက်ဆုံးရက် ဖြစ်သည်။ သူက အလုပ်ရုံမှ ထွက်လာပြီး ပင်မဝန်းဆီသို့ ဦးတည်လိုက်၏။
သူ၏ကျင့်စဉ်အဆင့်ကို ဖုံးကွယ်ရန် လဲလှယ်ပွဲမှ ရလာသော ကျင့်စဉ်ကို အသုံးပြုလိုက်သည်။ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက ပထမအလွှာအဆင့်သို့ လျင်မြန်စွာ ပြောင်းလဲသွား၏။
အလုပ်ရုံ၌ရှိသောလူများက သူ့ကို အလွန်အနှောင့်အယှက်ပေးသည့်အတွက် တခြားတိတ်ဆိတ်သည့်နေရာသို့ ပြောင်းပြီး လေ့ကျင့်ချင်နေသည်။
ပင်မဝန်းထဲသို့ရောက်ပြီး အတွင်းထဲသို့ ဆက်ဝင်သွားလိုက်သည်။ အနည်းငယ်လျှောက်ပြီးနောက် သူက စွန်းတဇူး၏ဆေးဥယျာဉ်ရှေ့သို့ ရောက်ရှိပြီး ရိုသေလေးစာစွာ ပြောလိုက်သည်… “တပည့်ဝမ်လင်းက ဆရာ့ကို တွေ့ခွင့်တောင်းပါတယ်… “
“မင်း ဘာကြောင့် ဒီမှာ ရှိနေတာလဲ… “ ဂိတ်တံခါးကတော့ မဖွင့်ချေ။ ဤအရာကို ကြည့်ခြင်းအားဖြင့် စွန်းတဇူးက သူ့တပည့်အား အမှန်တကယ် သဘောမကျကြောင်း သိနိုင်၏။
ဝမ်လင်း၏အမူအရာက မပြောင်းလဲဘဲ ရိုသေလေးစားစွာ ပြောလိုက်သည်… “တပည့်ရဲ့ကျင့်စဉ်တိုးတက်မှုက အင်မတန်နှေးကွေးတဲ့အတွက် ပြိုင်ပွဲမှာ ရှုံးနိမ့်သွားရင် ဆရာ့ကို မျက်နှာပျက်စေနိုင်ပါတယ်… ဒါ့ကြောင့် ပြိုင်ပွဲမှ ပယ်ရှားထားပေးရန် လာပြောရခြင်းပါ… “
စွန်းတဇူးက သရော်လိုက်သည်… “ဟမ့်… မင်းက အသိတော့ရှိသေးသားပဲ ကောင်လေး… အကြီးအကဲရှုရဲ့တပည့်ကို ကြည့်လိုက်… ငယ်ငယ်လေးနဲ့ ပထမအလွှာအထွတ်အထိပ်အဆင့်တောင် ရောက်နေပြီ… မင်းက ပြိုင်ပွဲကို သွားပြိုင်လည်း အသုံးဝင်မှာ မဟုတ်ဘူး… အခြားသူတွေက မင်းကို လက်ချောင်းတစ်ချောင်းတည်းနဲ့ သတ်နိုင်တယ်… ငါကြားတာ မင်းနဲ့အဲ့ကောင်လေးနဲ့က ဆွေမျိုးဆို… ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကွာခြားနေရတာလဲ… “
ဝမ်လင်းက ပြန်ဖြေလိုက်သည်… “ဝမ်ကျောက်က ငယ်ငယ်ကတည်းက တော်တာ... ပြီးတော့ သူက ပင်ကိုယ်ပါရမီလည်း ရှိတယ်… သူက တပည့်ယှဉ်နိုင်တဲ့သူ မဟုတ်ပါဘူး… “
စွန်းတဇူးက အနည်းငယ်စဉ်းစားလိုက်ပြီး မေးလိုက်၏… “ဒီနှစ်ဝက်မှာ မင်း ဘူးသီးခြောက်တွေ ရှာတွေ့သေးလား… “
ဝမ်လင်းက ခေါင်းကို ခါရမ်းပြီး အကူအညီမဲ့နေသည့် အမူအရာဖြင့် ပြောလိုက်သည်… “ဒါကို တစ်ကယ်ကို ထူးဆန်းတယ်… တပည့် တောင်ပေါ်ကို ခဏခဏသွားပေမယ့် ဘူးသီးခြောက်တစ်ခုမှ မတွေ့ခဲ့ရဘူး… “
စွန်းတဇူးက အေးစက်စွာ မေးလိုက်သည်… “မင်းမှာ တစ်ခြားပြောစရာ ရှိသေးလား… မရှိရင် ထွက်သွားလိုက်တော့ … ငါ မင်းကို မမြင်ချင်ဘူး… မင်းကို မြင်တိုင်း ဒေါသထွက်ရတယ်… “ စွန်းတဇူး၏စိတ်ထဲတွင် သူ့ကို တခြားသူများက မလှောင်ပြောင်နိုင်စေရန် ဝမ်လင်းကို တစ်ချက်ထဲနှင့် သတ်ပစ်ချင်နေသည်။
ဝမ်လင်းက ဦးညွတ်ပြီး ပြောလိုက်၏… “ဆရာ တပည့်တောင်ပေါ်မှာ နေရတာ ပျင်းဖို့တော်တော်ကောင်းတယ်… နှစ်ကုန်တာနဲ့ အခြားနေရာပြောင်းချင်လို့ပါ… ဆရာရော ဘယ်လိုထင်လဲ… “
စွန်းတဇူးက လက်မခံပေ… “တောင်ကနေ ထွက်ခွာဖို့လား… မင်းသွားလို့မရဘူး… မင်း မပြောခင်ထိ ငါ မေ့နေတာ… နောက်၄နှစ်အတွင်းမှာ ဂိုဏ်းနှစ်ခုကြားပြိုင်ပွဲက စတော့မယ်… ဒီအချိန်မှာ ဂိုဏ်းချုပ်က အမိန့်ချလိုက်တယ်… နှစ်သစ်စတာနဲ့ ပင်မတပည့်အားလုံးနီးပါးက အပြင်းအထန် တံခါးပိတ်ကျင့်ကြံရမယ်… မင်း သွားသင့်တယ်… ဒီပြိုင်ပွဲကာလမှာ ငါ့နာမည်ကို မဖျက်ပါနဲ့… “
“အပြင်းအထန် လေ့ကျင့်ရမှာလား… “ ဝမ်လင်းက မှင်သက်နေသည်။
“နှစ်၂၀တိုင်းမှာ ဂိုဏ်းနှစ်ခုကြားက ပြိုင်ပွဲ အမြဲရှိတယ်… ဒီစည်းမျဉ်းတည်ရှိလာတာ နှစ်ပေါင်းတစ်ရာကျော်ပြီ… ရွှမ်တောက်ဂိုဏ်းက ဟုန်ယွီဂိုဏ်းနဲ့ အပေါ်ယံကြည့်ရင်သာ ချစ်ကြည်ရေးပြိုင်ပွဲလို့ ပြောထားတာ… ငါတို့နဲ့ လျှို့ဝှက်ပြီး သဘောတူထားတာတွေ အများကြီး ရှိတယ်… နှစ်တစ်ရာသာ ကျော်လာတယ်… ငါ့တို့က သူတို့ကို အမြဲတမ်း ရှုံးခဲ့ရတယ်… ဒါက အလွန်ကို ရှက်ဖို့ကောင်းတယ်… ဒီအကြောင်းအရင်းကြောင့် အပြင်းအထန်လေ့ကျင့်ခန်းဆိုတာ ဖြစ်လာတာပဲ… မင်း ငါ့စကားကို နားထောင်ပါ… ဒီလေးနှစ်အတွင်းမှာ ဘာမှ မတိုးတက်လာလို့ကတော့ ဘာပဲဖြစ်ဖြစ် မင်းကို ဟုန်ယွီဂိုဏ်းကနေ နှင်ထုတ်ပစ်မယ်… “ ထို့နောက် စွန်းတဇူးက ဘာမှထပ်မရှင်းပြတော့ပေ။
ဝမ်လင်းက စိတ်ထဲတွင် ကြိတ်၍ သက်ပြင်းချလိုက်သည်။ ဂိုဏ်း၏အပြင်ဘက်တွင် လေ့ကျင့်ရန် မဖြစ်နိုင်တော့ပေ။ စွန်းတဇူး၏ခက်ထန်သော အမူအရာကို မြင်းပြီး ခေါင်းညိတ်ကာ ထွက်သွားလိုက်၏။
အလုပ်ရုံသို့ ပြန်ရောက်ပြီးနောက် အနည်းငယ် စဉ်းစားလိုက်သည်။ ဂိုဏ်းအပြင်ဘက်တွင် လေ့ကျင့်၍ မရနိုင်သောကြောင့် အပြင်းအထန်လေ့ကျင့်မှုကိုသာ အသုံးချပြီး ကောင်းကောင်းမွန်မွန် လေ့ကျင့်ရပေတော့မည်။
နောက်နေ့တွင် ပြိုင်ပွဲစလေပြီ။ ပြိုင်ပွဲက လွန်စွာ စည်ကားလှသည်။ ဝမ်လင်းကတော့ မသွားချေ။ ဝမ်လင်းက သူ၏အချိန်များကို ကျင့်ကြံခြင်း၌သာ အသုံးချပြီး ဒုတိယအလွှာအခြေခံကို ခိုင်မာအောင် လုပ်နေ၏။
နောက်ရက်အနည်းငယ်အတွင်းတွင် ပြိုင်ပွဲ၌ ခရမ်းရောင်ဝတ်တစ်ယောက်မှ ဝင်မပြိုင်ကြသည့်အတွက် ဂိုဏ်းတူအစ်ကိုကျန်းက ပထမရသွားသည်ဟု ပြင်ပတပည့်များထံမှ ကြားသိရသည်။
တပည့်သစ်များအတွက် ပြိုင်ပွဲတွင်လည်း ဝမ်ကျောက်က ပထမရသွား၏။ ထို့ကြောင့် သူက ပိုပြီးတော့ မောက်မာဝံ့ကြွားလာသည်။
နောက်တစ်ပတ်ကြာပြီးသောအခါ ဂိုဏ်းတစ်ခုလုံး၌ အချက်ပေးခေါင်းလောင်းသံများ မြည်ဟီးနေသည်။ ထိုအဓိပ္ပါယ်က ပင်မတပည့်အားလုံး အဓိကခန်းမကြီး၏အပြင်ဘက်တွင် အလျင်အမြန် လာရောက်စုစည်းရန် အချက်ပြချင်းဖြစ်၏။
ဝမ်လင်းက အိမ်မက်နယ်မြေထဲသို့ ရောက်နေသည့်အတွက် ခေါင်းလောင်းသံကို မကြားလိုက်ရပေ။ စွန်းတဇူးက အလုပ်ရုံတံခါးကို ကန်ဖွင့်လိုက်တော့မှ နိုးလာပြီး မှော်ကျောက်တုံးကို အလျင်အမြန် သိမ်းဆည်းလိုက်သည်။ သူက လေ့ကျင့်နေသောအခန်းမှ တံခါးကို ဖွင့်လိုက်ရာ စွန်းတဇူး၏ ခက်ထန်နေသောမျက်နှာကို မြင်လိုက်ရ၏။
စွန်းတဇူးက ဒေါသတကြီး အော်ပြောလိုက်သည်… “ ဝမ်လင်း မင်း သေနေလို့ ခေါင်းလောင်းသံကို မကြားတာလား… သူတောင်းစားလေး… တခြားသူတွေက အပြင်းအထန်လေ့ကျင့်မှုမှာ ပါဝင်နေကြပြီ... ဒါပေမယ့် မင်းကတော့… ငါ့ကို အရင်ကလည်း ဂိုဏ်းတူညီအစ်ကိုကြားထဲမှာ မျက်နှာပျက်အောင် လုပ်ပြီးပြီ… မင်း… မင်း … ငါ့ကို ရူးအောင်လုပ်နေတာပဲ… “
ဝမ်လင်းက သူ့မျက်ခုံးကို ပင့်ပြီး တိတ်ဆိတ်နေလိုက်သည်။
စွန်းတဇူးက ဝမ်လင်းကို ခက်ထက်သောအကြည့်တစ်ချက် ပို့လွှတ်လိုက်၏။ သည်အချိန်က ဝမ်လင်းကို ဆူပူကြိမ်းမောင်းနေရမည့်အချိန်မဟုတ်သည်ကို သူသိသည်။ အဘယ်ကြောင့်ဆိုသော် ခေါင်းဆောင်နှင့် ဂိုဏ်းတူညီအစ်ကိုများက စောင့်ဆိုင်းနေကြ၏။ စကားတစ်ခွန်းမှ ထပ်မပြောဘဲ ဝမ်လင်းကို ဆွဲကာ တိမ်တွေကြားထဲသို့ ထိုးတက်သွား၏။
အမြန်ဆုံးနှုန်းဖြင့် သူတို့နှစ်ယောက်က အဓိကခန်းမ၏ရှေ့သို့ ရောက်လာကြသည်။ စွန်းတဇူးက ဝမ်လင်းကို မြေပြင်ပေါ်သို့ မစာမနာ ပစ်ချလိုက်ပြီး ပြောလိုက်၏… “ဝမ်လင်း… ငါ့နောက်လိုက်ခဲ့… ငါ့မျက်နှာပျက်အောင် နောက်တစ်ခါထပ်လုပ်ရင် ဂိုဏ်းစည်းကမ်းကို ဂရုမစိုက်ဘဲ မင်းကို သတ်ပစ်ပြီပဲ… “ ထိုစကားများ ပြောနေသည့်အချိန်တွင် စွန်းတဇူးက သတ်ဖြတ်ခြင်းစိတ်များဖြင့် ပြည့်နှက်နေသည်။ သူ့တပည့်နှင့် ပက်သက်ပြီး အစကတည်းက မည်သည့်ခံစားချက်မှ မရှိခဲ့ပေ။ သူက တပည့်အဖြစ်လက်ခံပြီးမှ အကြောင်းရှာပြီး ဂိုဏ်းမှ ထုတ်ပစ်ရန် ဆုံးဖြတ်ထားခဲ့သည်။
ဝမ်လင်းက သူ့လက်မောင်းကို ပွတ်နေ၏။ သူသာ ဒုတိယအလွှာသို့ မရောက်ခဲ့လျှင် ပြုတ်ကျသည့်အရှိန်ကြောင့် လက်မောင်းကျိုးသွားမှာ အမှန်ပင်။ သူက ခေါင်းကို ငုံ့ပြီး ပြောလိုက်သည်… “ တပည့် နာခံပါ့မယ်… “
စွန်းတဇူးက နှာခေါင်းကို ရှုံ့လိုက်ကာ အင်္ကျီကို သေသပ်အောင် ပြုလုပ်ပြီး အဓိကခန်းမထဲသို့ ဝင်သွား၏။ ဝမ်လင်းကလည်း သက်ပြင်းရှည်ကိုချလိုက်ပြီး ဒေါသကို မြိုသိပ်ကာ ခန်းမထဲသို့ လိုက်ဝင်သွား၏။
ဟုန်ယွီဂိုဏ်း၏အဓိကခန်းမက ဂိုဏ်းတစ်ခုလုံးတွင် ကြီးကျယ်ခမ်းနားဆုံးသောနေရာတစ်ခု ဖြစ်သည်။ ခန်းမကြီးက အလွန်ကျယ်ပြီး ဂိုဏ်း၏အဆောင်အယောင်များစွာလည်း ရှိသည်။ ခန်းမတစ်ခုလုံးက ခမ်းနား၊အံ့ဩဖွယ်ကောင်းလှသည်။
ဝမ်လင်းက စွန်းတဇူးနောက်မှနေပြီး ခန်းမအတွင်းသို့ ဝင်လာပြီးနောက် အကြည့်တော်တော်များများက သူ့ဆီသို့ ရောက်လာ၏။ သူက အသက်ရှုရခက်ခဲလာပြီး ခေါင်းကို လျင်မြန်စွာ ငုံ့လိုက်သည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၃၅) တောင်အနောက်ဘက်
ပင်မတပည့်၄၀ကျော်က ခန်းမထဲတွင် မတ်တပ်ရပ်နေကြသည်။ ဝတ်စုံများမှာ အနက်၊အဖြူ၊အနီများသာ ဖြစ်ပြီး ခရမ်းရောင်တော့ မပါချေ။ တပည့်အားလုံး၏ မျက်နှာက အလွန်လေးနက်တည်ကြည်နေ၏။ တပည့်များထဲတွင် ဝမ်ကျောက်၊မိန်းကလေးရှု၊ မိန်းကလေးကျိုး၊ စီနီယာကျန်းစသော သူသိသောတပည့်များလည်း ပါသည်။
သူတို့၏ရှေ့တွင် အေးစက်နေသောမျက်နှာထားများနှင့်အကြီးအကဲ၁၀ယောက်ကျော်သော အတန်းနှစ်တန်း ရှိ၏။ ညာဘက်တွင်တော့ အသက်၄၀ခန့်ရှိသော အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်လူကြီးတစ်ယောက် ထိုင်နေသည်။ သူ့မျက်လုံးများက လျှပ်စီးလက်သကဲ့သို့ တောက်ပနေ၏။ ထိုလူကြီးက ပြောလိုက်သည်… “ညီလေးစွန်း… ဒါ မင်းရဲ့တပည့်လား… “
စွန်းတဇူး လျင်မြန်စွာ အပြုံးတစ်ခု ဆင်မြန်းပြီး ပြန်ဖြေလိုက်၏… “အစ်ကိုကြီး… ဒါ ကျွန်တော်ရဲ့တပည့်ဝမ်လင်းပါ… သူက ဂိုဏ်းထဲဝင်တာ နောက်ကျတော့ ခေါင်းလောင်း၅ကြိမ်မြည်တဲ့ အဓိပ္ပါယ်ကို သူမသိလို့ပါ… “
ညာလက်တွင်ထိုင်နေသောထိုင်နေသော မျက်နာနီနီနှင့်လူကြီးက လှောင်ပြောင်သရော်လိုက်သည်… “တပည့်ကလည်း ဆရာနဲ့ တစ်ကယ်တူပါပေတယ်… သူက တော်တော်လေး သနားစရာပဲ… “
ဘေးနားမှ လူကြီးတစ်ယောက်ကလည်း ရယ်မောပြီး ပြောလိုက်၏… “ဂိုဏ်းတူအစ်ကို ပြောတာ မှားတယ်… ညီလေးစွန်းတဇူးမှာ အစွမ်းအစနည်းနည်းတော့ ရှိပါတယ်… သူက သူ့တပည့်ထက်တော့ သန်မာတယ်လေ… “
စွန်းတဇူးမျက်နှာက ဖြူတစ်လှည့်၊နီတစ်လှည့် ဖြစ်သွားပြီး ဝမ်လင်းကို ခက်ထန်စွာ ကြည့်လိုက်သည်။ သူက နှာခေါင်းရှုံ့ကာ ဝမ်လင်းကို လျစ်လျူရှုလိုက်ပြီး သူ့နေရာတွင် သွားရောက်ထိုင်လိုက်၏။
အပြာရောင်ဝတ်စုံနှင့်လူကြီးက မျက်မှောင်ကျုံ့လိုက်သည်။ ဝမ်လင်းအကြောင်းကို သတိမရခင်အချိန်ထိ တစ်ကြိမ်မက ကြည့်ခဲ့၏။ ထို့နောက် သူက ပြောလိုက်သည်… “ ငါတို့အခုလုပ်မယ့် အပြင်းအထန်လေ့ကျင့်ရေးက နောက်လေးနှစ်မှာ ကျင်းပမယ့် ပြိုင်ပွဲရလဒ်ကို အထောက်အကူဖြစ်ရမယ်… ရွှမ်တောက်ဂိုဏ်းနဲ့ ပြိုင်တဲ့ပွဲမှာ ငါတို့ နိုင်ကိုနိုင်ရမယ်… ဒီနေ့ကစပြီး မင်းတို့အားလုံး တောင်အနောက်ဘက်ကို ဝင်ရလိမ့်မယ်… လူတိုင်းကို ကျင့်စဉ်ကျင့်ဖို့ ကိုယ်ပိုင်နေရာတစ်ခု ပေးမယ်… ဂိုဏ်းကလည်း ကီစုစည်းဆေးလုံး ၁၀၀၀၀ကို မင်းတို့အားလုံး အသုံးပြုဖို့ ထောက်ပံ့ပေးမယ်… ဒီကြားကာလမှာ တစ်ယောက်မှ တောင်အနောက်ဘက်ကနေ ထွက်ခွာလို့ မရဘူး… “
ပင်မတပည့်အားလုံးက ပြိုင်တူ ပြန်ဖြေလိုက်ကြ၏။
ဝတ်စုံပြာနှင့်လူကြီးက ခေါင်းညိတ်ပြီး ဆက်ပြောသည်… “ ဒီလေးနှစ်အတွင်းမှာ မင်းတို့ထဲက တစ်ယောက်လောက်တော့ ခရမ်းရောင်ဝတ်အဆင့်ကို ရောက်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်… ခရမ်းရောင်ဝတ်တပည့်ဆိုတာ ဂိုဏ်းရဲ့ အဓိကတပည့်လို့တောင် ပြောလို့ရတယ်… ပင်မတပည့်ထက်ကို ပိုပြီး အရေးပါတယ်… ဒါကို မေ့ထားလိုက်ပါ… အခု မင်းတို့အားလုံး တောင်အနောက်ဘက်ကို သွားကြတော့ … တစ်ယောက်ယောက်က မင်းတို့ကို ဦးဆောင်ပြီး ကျင့်ကြံခြင်းမြေပြင်ကို ခေါ်သွားလိမ့်မယ်… “
သူက ပြောပြီးသည်နှင့် အင်္ကျီလက်ကို ရမ်းလိုက်ရာ အဖြူရောင်အလင်းတစ်ခု ထွက်လာသည်။ အဖြူရောင်အလင်းက ခန်းမကို တစ်ပတ်ပတ်ပြီးနောက် သူက အော်လိုက်၏… “ပွင့်စမ်း… “
အဖြူရောင်အလင်းက ရုတ်တရက် ကြီးမားလာပြီး ပင်မတပည့်အလုံးကို ဝန်းရံသွား၏။
“သွား… “ ဝတ်စုံပြာဝတ်လူကြီးဆီမှ ထွက်ပေါ်လာပြီး အဖြူရောင်အလင်းများက တလက်လက်တောက်ပလာကာ အဓိကခန်းမထဲမှ ပျောက်ကွယ်သွား၏။
သူ့ခန္ဓာကိုယ်မှ နွေးသောခံစားမှုကို ခံစားလိုက်ရပြီး မျက်စိတစ်မှိတ်အချိန်ခန့်ကြာပြီးနောက် သူက တောင်ကြားတစ်ခုအတွင်းသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။ ဤနေရာမှ စိတ်စွမ်းအင်များက တခြားနေရာများထက် အလွန်ကို များပြား၏။ ရေစီးကျနေသံများကလည်း ဘက်ပေါင်းစုံမှ ထွက်ပေါ်နေသည်။ သူက ဘေးပတ်လည်လည်ကို ကြည့်လိုက်ရာ တခြားတပည့်များက တစ်ယောက်နှင့်တစ်ယောက် စကားပြောနေကြသည်ကို တွေ့လိုက်ရ၏။
တောင်ကြားထဲ၌ အပင်လုံးဝ မရှိပေ။ အပေါက်များစွာရှိနေသည့် ကျောက်နံရံကြီးသာ ရှိသည်။ အချို့အပေါက်များက ကျောက်တုံးကြီးများနှင့် ပိတ်ဆို့ထား၏။
ရုတ်တရက် သူ့ကို တစ်ယောက်ယောက်က ကြည့်နေသည်ဟု ခံစားလိုက်သည်။ ဝမ်လင်းကလှည့်ကြည့်လိုက်ရာ သူ့ကို အေးစက်စွာ ပြုံးပြီးကြည့်နေသော ဝမ်ကျောက်ကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် လူငယ်တစ်ယောက်က ကျောက်နံရံအပေါက်ထဲမှ ထွက်လာသည်။ သူက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လူတိုင်းကို အေးစက်စက်ကြည့်ကာ ပြောလိုက်၏… “ဂိုဏ်းတူညီ၊ညီမများအားလုံးပဲ… ဒီနေရာက ဟုန်ယွီဂိုဏ်းရဲ့ တောင်အနောက်ဘက်ပဲ… တကယ်က ဟုန်ယွီဂိုဏ်းရဲ့ အနောက်ဘက် မဟုတ်ပေမယ့် ဒီနေရာကို လွန်ခဲ့တဲ့ နှစ်၅၀၀လောက်က ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူတွေက ပင်မတပည့်တွေအတွက် တည်ဆောက်ခဲ့တယ်… ဒီနေရာမှာ ရှိတဲ့ စိတ်စွမ်းအင်က တခြားနေရာတွေထက် ပိုပြီးသိပ်သည်းတယ်… ဒါ့ကြောင့် အားလုံးက ဒီနေရာမှာ ကြိုးစားလေ့ကျင့်ကြရမယ်… မဟုတ်ရင်တော့ မင်းတို့ကို ဒီနေရာက ကန်ထုတ်ပစ်မယ့် မင်းတို့ရဲ့ ဂိုဏ်းတူအစ်ကိုတွေကို အပြစ်မတင်ကြနဲ့ပေါ့…
ဝမ်လင်းက ထိုခရမ်းရောင်ဝတ်တပည့်ကို မှတ်မိလိုက်၏။ သူ့ဆီမှ စိတ်စွမ်းအင်အရည်များ လဲလှယ်သွားသောလူ ဖြစ်သည်။ ကောလာဟလအရ သူက ကီစုစည်းခြင်း အလွှာ၆ကို ရောက်နေပြီး လုံးဝခန့်မှန်း၍ မရသောလူတစ်ယောက်ဖြစ်သည်။
ဝမ်လင်းက ခေါင်းကို ငုံ့လိုက်၏။ ထိုတပည့်က သူ့ကို အန္တာရာယ်တောထဲ တွန်းပို့ခဲ့ကြောင်း သူ ကောင်းကောင်း မှတ်မိနေသည်။
“ငါ့မှာ အလွှာ၇နဲ့ အောက်ပိုင်းအဆင့်တွေအတွက် လင်္ကာတွေရှိတယ်… မင်းတို့ကသာ အဆင့်တစ်ခုရောက်သွားလို့ လင်္ကာတွေ မင်းတို့မှာ မရှိတဲ့အခါ ငါ့ဆီလာတောင်းနိုင်တယ်… ငါ စစ်ဆေးပြီးတာနဲ့ မင်းတို့ကို လင်္ကာပေးမယ်… မင်းတို့လေ့ကျင့်ဖို့အတွက် ပိတ်မထားတဲ့ဂူတွေထဲက ကြိုက်တာကို ရွေးချယ်နိုင်တယ်… ဒါက ကီစုစည်းခြင်းဆေးလုံးတွေပဲ… ပုလင်းတစ်ခုမှာ ဆေးလုံး၅၀ပါတယ်… တစ်နှစ်ကို တစ်ကြိမ် ပြန်ဖြည့်ပေးမယ်… “ သူက ပြောပြီးသည်နှင့် လက်ကို ဝေ့ရမ်းလိုက်ရာ အဖြူရောင်ပုလင်း၅၀က မြေပြင်ပေါ်တွင် ပေါ်လာသည်။
တပည့်တချို့က ရှေ့ထွက်လာပြီး ပုလင်းတစ်လုံးစီ ယူလိုက်ကာ ကျင့်ကြံရန် ဂူကို ရွေးချယ်ကြ၏။
ဝမ်လင်းလည်း သက်ပြင်းချလိုက်သည်။ သူက ဖုံးကွယ်ဆေးကို သောက်သုံးထားသည့်အတွက် သူ့ကို သိနိုင်မည်မဟုတ်။ ထို့ကြောင့် ဝမ်လင်း စိတ်ကို လျှော့ကာ ပုလင်းတစ်လုံးကို ထွက်ယူလိုက်၏။ ကျန်းခွမ်းက ဘေးတွင် ရပ်နေပြီး တပည့်များ ပုလင်းများယူသည်ကို စောင့်ကြည့်နေသည်။ သူက ဝမ်လင်းကို မြင်သည့်အချိန်တွင် သူ့မျက်နှာက အရောင်ပြောင်းသွားပြီး မေးလိုက်၏… “မင်းနာမည် ဘယ်သူလဲ… ဘာလို့ ပထမအလွှာကိုတောင် မရောက်သေးတာလဲ… မင်းရဲ့ဆရာကရော ဘယ်သူလဲ… “
ဝမ်လင်းက ရပ်ပြီး ကျန်းခွမ်းဘက်သို့ လှည့်လိုက်ကာ ရိုသေလေးစားစွာဖြင့် ဖြေလိုက်၏… “စီနီယာအစ်ကို… ကျွန်တော့်နာမည်က ဝမ်လင်းပါ… ဆရာကတော့ စွန်းတဇူး ဖြစ်ပါတယ်… ကျွန်တော့်ပင်ကိုယ်စွမ်းရည်က ညံ့လို့ အခုထိ ပထမအလွှာကို မရောက်သေးတာပါ… “
ကျန်းခွမ်းက မှင်သက်သွားပြီး ပြုံးလိုက်သည်… “မင်းက ဝမ်လင်းလား… မင်းအကြောင်းကို အရင်က ကြားဖူးတယ်… ပင်ကိုယ်စွမ်းရည်က အရေးပါပေမယ့် ဇွဲလုံ့လကလည်း အရေးကြီးတယ်… မင်းက ပင်ကိုယ်စွမ်းရည်ညံ့တော့ ပိုပြီး ကြိုးစားရမယ်… “
ဝမ်လင်းက လျင်မြန်စွာ ကတိပေးလိုက်သည်။
“မင်းက ပထမအလွှာကို မရောက်သေးတော့ ဒီကျောက်နံရံက မင်းအတွက် တော်တော်မြင့်နေမှာပေါ့… ငါ မင်းကို ပင့်တင်ပေးလိုက်မယ်… “ ကျန်းခွမ်းက သူ့အင်္ကျီလက်ကို ဝေ့ရမ်းလိုက်သည်။ ဝမ်လင်း၏ခြေထောက်အောက်မှ မမြင်နိုင်သော အားတစ်ခုက သူ့ကို ဂူတစ်ဂူရှေ့အထိ တွန်းတင်ပေးလိုက်၏။
သူက ကျန်းခွမ်းက လေးစားစွာ ကျေးဇူးတင်လိုက်သည်။ သူ့ကိုယ်ကို လှည့်ကာ ဂူထဲသို့ ဝင်သွားပြီးနောက် သူ့မျက်နှာက ချက်ချင်း မဲမှောင်သွား၏။ ကျန်းခွမ်းကို ယခင်က မတွေ့ဖူးခဲ့ပါက အမှန်တစ်ကယ် စိတ်ရင်းဖြင့် ကျေးဇူးတင်မိလိမ့်မည်။ သို့သော်လည်း သူ့ပုံစံအမှန်ကို မြင်တွေ့ပြီးနောက်တွင် ဝမ်လင်း၏နှလုံးသားထဲတွင် သူ့ကို တစ်စက်မှ အထင်မကြီးတော့ချေ။
ဂူက အရမ်းကြီး မကျယ်ပေ။ ကျောက်အိပ်ယာတစ်ခုနှင့် နံရံပေါ်မှ မောင်းတံတစ်ခုသာ ရှိ၏။ ဝမ်လင်းက မောင်းတံဆီ လျှောက်သွားပြီး မောင်းတံကို ဆွဲလိုက်သည်။ ရုတ်တရက် ကျယ်လောင်သော အသံတစ်ခု ပေါ်လာပြီး ကျောက်တုံးကြီးတစ်တုံးကျလာကာ ဂူပေါက်ကို ပိတ်ဆို့သွား၏။
ဂူတစ်ခုလုံးကို စစ်ဆေးကြည့်ပြီးနောက် မူမမှန်သည်များ တစ်ခုမှ မတွေ့ရသောကြောင့် နေရာနှင့် ပက်သတ်၍ ကျေနပ်သွား၏။ စွန်းတဇူးထံသွားခဲ့စဉ်က လေ့ကျင့်၍ကောင်းသော နေရာတစ်ခုလောက် လိုချင်ခဲ့သည်။ သို့သော်လည်း ပယ်ချခံခဲ့ရသည်။ ယခုနေရာက သူ့ပထမအကြံအတိုင်း လေ့ကျင့်ရန် အလွန်သင့်တော်သော နေရာတစ်ခု ဖြစ်၏။
ဂူထဲတွင် ရေအရင်းအမြစ်မရှိခြင်းတစ်ခုသာ ပြောစရာရှိသည်။ ဝမ်လင်း၏ကျင့်ကြံမှုက စိတ်စွမ်းအင်အရည်များအပေါ် အဓိက မူတည်နေသည်။ သို့သော်လည်း သူ့သိုလှောင်အိတ်ထဲတွင် နှင်းရေအများအပြား စုဆောင်းထား၏။ ထိုနှင်းရည်များက သူ့ကို အချိန်အတိုင်းအတာတစ်ခုထိ ထောက်ပံ့ပေးထားနိုင်သေး၏။
တောင်ကြားထဲတွင် ရေစီးသံများ ကြားခဲ့ရသည်။ ထို့ကြောင့် သူ သတိထားနေသမျှ ကာလပတ်လုံး ရေက ကိစ္စကြီးတစ်ခု ဖြစ်လာမည်မဟုတ်ပေ။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၃၆) စကားများခြင်း
ထိုအကြောင်းကို တွေးတောပြီးနောက် ဝမ်လင်းက မှော်ကျောက်တုံးကို ထုတ်ယူလိုက်ပြီး သူ၏ပထမဆုံး တံခါးပိတ်လေ့ကျင့်ခန်းကို စတင်လိုက်သည်။
အချိန်များက မျက်စိတစ်မှိတ်အတွင်း၌ပင် ၂နှစ်ကုန်သွား၏။ ၂နှစ်အတွင်းတွင် ဝမ်လင်းက ကျင့်ကြံခြင်းနှင့် ဆွဲငင်အားလေ့ကျင့်မှုကိုပါ မပျက်မကွက် ကြိုးစားလေ့ကျင့်နေသောကြောင့် တစ်ယောက်တည်း အဖော်မဲ့သကဲ့သို့ပင် မခံစားရပေ။
အပြင်ကမ္ဘာတွင် ၂နှစ်ကုန်သွားသော်လည်း သူကတော့ မှော်ကျောက်တုံး၏အကူအညီဖြင့် ၁၃နှစ်ကျော် လေ့ကျင့်ပြီးသွား၏။
ဂူထဲတွင် စိတ်စွမ်းအင်များ အလွန်ကို များပြားသဖြင့် ဝမ်လင်းအတွက် သဘောကျနှစ်ခြိုက်ဖွယ် နေရာတစ်ခု ဖြစ်သည်။ ဂူထဲရှိ စိတ်စွမ်းအင်များက တောင်အနောက်ဘက်တွင်ရှိသော စိတ်စွမ်းအင်များထက် အနည်းဆုံး၂ဆခန့် ပိုမို သိပ်သည်းသည်ကို တွေ့ရှိလိုက်၏။
ဒုတိယအလွှာမှစ၍ သူ၏ကျင့်ကြံမှုက အလွန်နှေးကွေးလာသည်။ အိမ်မက်နယ်မြေထဲတွင် ၆နှစ်ခန့် ကျင့်ကြံပြီးနောက် ဒုတိယအလွှာ၏အထွတ်အထိပ်သို့ ရောက်သွား၏။ တတိယအလွှာသို့ ချိုးဖြတ်ဝင်ရောက်ရာတွင် အကြိမ်များစွာ ကျရှုံးပြီးမှ နောက်ဆုံးတွင် ချိုးဖြတ်နိုင်သွား၏။
သို့သော်လည်း ကျန်သည့်၇နှစ်တွင် ကျင့်စဉ်နှင့်ပက်သတ်၍ အခက်အခဲနှင့် ကြုံနေရသည်။ တတိယအလွှာအထွတ်အထိပ်ကို ရောက်ရှိနေပြီး ဖြစ်သော်လည်း သူ မည်သို့ပင် ကြိုးစားစေကာမူ စတုတ္ထအလွှာသို့ မဝင်ရောက်နိုင်ပေ။ စိတ်စွမ်းအင်များ ကင်းမဲ့နေလို့လည်း မဟုတ်ပေ။ စတုတ္ထအလွှာသို့ ထိုးဖောက်ရန် ကြိုးစားရာတွင် အလွန်အရေးကြီးသည့်နေရာသို့ ရောက်လာတိုင်း ထူးခြားဆန်းကြယ်သာ အားတစ်ခုက သူ့ကို တားဆီးထားသကဲ့သို့ ခံစားရ၏။
ယခု သူရောက်ရှိနေသော တတိယအလွှာက အရင်အလွှာနှစ်ခုနှင့် မတူချေ။
သူက တတိယအလွှာ အထွတ်အထိပ်ကို ရောက်ရှိနေသော်လည်း စိတ်စွမ်းအင်များကို စုပ်ယူနိုင်မှုက ပထမအလွှာနှင့်ဒုတိယအလွှာကဲ့သို့ ရပ်တန့်မသွားချေ။ သူ ကျင့်စဉ်ကျင့်လေ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက ပိုပြီး တိုးပွားလာကာ သူ့ခန္ဓာကိုယ်ကို တဖြည်းဖြည်း ပြောင်းလဲပေးနေသည်။
ထိုအချင်းအရာကြောင့် ဝမ်လင်းက အံ့အားသင့်ခဲ့ရသည်။ မည်မျှပင် ကြိုးစားပြီး တွေးတောစဉ်းစားခဲ့သော်လည်း အဖြေကို ရှာမရခဲ့ပေ။
သည်နေ့တွင် သူ စုဆောင်းထားခဲ့သော နှင်းရည်များအားလုံး ကုန်သွား၏။ သူ့တွင် စိတ်စွမ်းအင်အရည်ဘူးတစ်ဘူးသာ ကျန်တော့သည်။ ထိုဘူးသီးခြောက်က သူနှင့် အချိန်အတော်ကြာအောင် ရှိနေခဲ့သည်။ ယခင်အချိန်က တောင်ပေါ်၌ မြုပ်ခဲ့သော ဘူးသီးခြောက်၃ဘူးထဲမှ တစ်ဘူးဖြစ်၏။ ကျန်နှစ်ဘူးမှာ မှော်ကျောက်တုံးကို သက်တံ့အစင်း၁၀ခုပေါ်စေရန် အသုံးပြုခဲ့ရသည်။ ထိုအချိန်က ဘူးသီးခြောက်ထဲမှ အရည်အနည်းငယ်သောက်ရုံမျှဖြင့် သေလုနီးပါး ဖြစ်ခဲ့ရသဖြင့် ဘူးသီးခြောက်ကို သိုလှောင်အိတ်ထဲ၌သာ ထည့်သိမ်းထားခဲ့၏။
ဝမ်လင်းက အနည်းတုန့်ဆိုင်းနေပြီးနောက် ဘူးသီးခြောက်ကို ထုတ်မယူခဲ့ပေ။ သူ တွက်ကြည့်ရသလောက်ဆိုလျှင် ဘူးသီးခြောက်ထဲမှ စိတ်စွမ်းအင်ပမာဏက ကြောက်မက်ဖွယ်အဆင့်တစ်ခုသို့ ရောက်ရှိနေလိမ့်မည်။ ဤဘူးသီးခြောက်ကို ကီစုစည်းခြင်း အမြင့်ပိုင်းအဆင့်တွေရောက်မှ အသုံးပြုသင့်ပေသည်။
ဝမ်လင်းက မတ်တပ်ထကာ သူ့ကိုယ်ကို သပ်ရပ်အောင် ပြုပြင်လိုက်ပြီး မောင်းတံဆီသို့သွားကာ မောင်းတံကို ဆွဲလိုက်သည်။ ကျယ်လောင်သောအသံနှင့်အတူ ကျောက်တုံးတံခါးကြီးက ပွင့်သွား၏။ အပြင်ဘက်မှ နေရောင်ခြည်က ဖြာကျလာသောကြောင့် ဝမ်လင်း ဘာမှ မမြင်ရတော့ချေ။ ထို့နောက် ဝမ်လင်းက အပြင်သို့ ထွက်လိုက်ပြီး လေကို ပြင်းပြင်းရှုရှိုက်လိုက်သည်။
အောက်သို့ ကြည့်လိုက်ရာ တပည့်တော်တော်များများက တောင်ကြားထဲတွင် စကားပြောနေကြ၏။ ကျင့်ကြံခြင်းက ပျင်းရိဖွယ်ကောင်းသောကြောင့် တစ်ခါတစ်ရံ အောက်သို့ဆင်းလာကြပြီး စကားပြောနေကြခြင်း ဖြစ်လိမ့်သည်။
သူက အနည်းငယ်စဉ်းစားပြီးနောက် သူ့ကျင့်စဉ်အဆင့်ကို ပထမအလွှာသို့ လျော့ချကာ အောက်သို့ ခုန်ချလိုက်၏။ သူ့ကိုယ်က နှေးကွေးစွာ မြေပြင်ပေါ်သို့ ကျသွားသည်။
အိမ်မက်နယ်မြေထဲတွင် ကုန်ဆုံးခဲ့သော ၁၃နှစ်ကျော်အချိန်အတွင် ဝမ်လင်းက ဆွဲငင်အားပညာရပ်ကို ဆရာတစ်ဆူကဲ့သို့ ကျွမ်းကျင်နေလေပြီ။ ပါးစပ်မှ မည့်သည့်လင်္ကာကိုမျှ ရွတ်စရာမလိုဘဲ စိတ်က တွေးလိုက်ရုံမျှဖြင့် အသုံးပြုနိုင်နေပြီ ဖြစ်သည်။
ယခုလည်း ဆွဲငင်အားပညာရပ်ကို သူ့ခန္ဓာကိုယ်ပေါ်တွင် အသုံးပြုထား၏။ ယခုကဲ့သို့ အသုံးပြုနိုင်ရန် ဆွဲငင်အားပညာရပ်အသုံးပြုခြင်းတွင် သေချာသည့်အဆင့်တစ်ခုအထိ ရောက်ရှိနေမှသာ အသုံးပြုနိုင်ပေလိမ့်မည်။
ယခုအချိန်တွင် သူက လေထဲတွင် လျင်မြန်စွာ ပျံသန်းရလျှင်တောင်မှ ကိုယ်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိ၏။ ဆွဲငင်အားပညာရပ်ကို အနည်းဆုံး၁၀နှစ်ခန့် မလေ့ကျင့်ဘဲနှင့် ပျံသန်းနိုင်ရန် မဖြစ်နိုင်ချေ။
မည်သူကများ အဆင့်နိမ့်ကျင့်စဉ်တစ်ခုကို ၁၀နှစ်ကြာ လေ့ကျင့်မည်နည်း။ ကျင့်ကြံသူအားလုံးက အချိန်ကို ဆန့်ကျင်ပြီး ယှဉ်ပြိုင်နေကြခြင်း ဖြစ်၏။ သူတို့မှာသာ အချိန်ရှိလျှင် အဆင့်မြင့်သည့်ကျင့်စဉ်များကိုသာ အချိန်ပေးပြီး လေ့ကျင့်ကြပေလိမ့်မည်။
တခြားသူများ၏ အာရုံစိုက်မှုကို မခံရစေရန် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်ခဲ့သည်။ မြေပေါ်သို့ရောက်ပြီးပြီးချင်းတွင် ညာဘက်မှ လှောင်ပြောင်သရော်သံတစ်ခုကို ကြားလိုက်ရ၏… “နေက အနောက်အရပ်မှ ထွက်လာတာဟ… အမှိုက်လိုကောင်တောင် ကီစုစည်းခြင်း ပထမအလွှာကို ရောက်လို့ ကျောက်နံရံပေါ်ကနေ အကူအညီမပါဘဲ ဆင်းနိုင်နေပြီပဲ… “
ဝမ်လင်းက ခေါင်းကို လှည့်ကြည့်လိုက်ရာ သူ့ကို ကြည့်နေသော ဝမ်ကျောက်ကို တွေ့လိုက်ရ၏။ သူ့ဘေးနားတွင်လည်း တပည့်အနည်းငယ် ထိုင်နေကြသည်။
၂၄၊၂၅နှစ် အရွယ်ခန့်ရှိသော အဖြူရောင်ဝတ်တပည့်တစ်ရောက်က ရယ်ပြီး ပြောလိုက်သည်… “ဝမ်လင်း… မင်း ဒီကို မလာသင့်ဘူး… အလုပ်ရုံက ပြင်ပတပည့်တွေကြားမှာ နေသင့်တယ်… အနည်းဆုံးတော့ သူတို့ထက်မြင့်တယ်လို့ မင်းကိုယ်မင်း ခံစားရလိမ့်မယ်… ဒီမှာတော့ ငါတို့အားလုံးထဲမှာ မင်းက အညံ့ဆုံးပဲ… “
ဝမ်လင်းက နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ဝမ်ကျောက်သည် သူကဲ့သို့ တတိယအလွှာထိပ်ဆုံးသို့ ရောက်နေပြီး၊ အဖြူရောင်ဝတ်လူငယ်က စတုတ္ထအလွှာထိပ်ဆုံးသို့ ရောက်နေသည်။ ထိုလူငယ်က အချိန်မရွေး ပဉ္စမအလွှာသို့ ချိုးဖြတ်ဝင်ရောက်နိုင်သည်ကိုလည်း တွေ့လိုက်ရ၏။
ဝမ်ကျောက်က ဝင့်ကြွားစွာ ပြောလိုက်သည်… “ဝမ်လင်း… မင်းက လွန်ခဲ့တဲ့ ၂နှစ်ကထက်စာရင် တော်တော်ကြည့်ကောင်းလာတာပဲ… မင်းက ငါ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူးဆိုတာတော့ မင်းသိသင့်တယ်… အရှုံးပေးလိုက်ပါကွာ… ငါ မင်းကို ပြောလိုက်မယ်… အမှိုက်က အမြဲတမ်း အမှိုက်ပဲ ဖြစ်နေမှာ … မင်းက ငါ့ကို ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ဘူး… ငါက လွန်ခဲ့တဲ့၂နှစ်က လူသစ်တွေထဲမှာ ထိပ်ဆုံးပဲ… မင်းကရော… “
ဝမ်ကျောက်ဘေးမှ အဖြူရောင်ဝတ်လူငယ်က ရယ်မောလိုက်သည်… “ဂိုဏ်းတူညီလေး… မင်းရဲ့အစ်ကိုကြီးအတွက် စမ်းချောင်းထဲက ရေအနည်းငယ် ခပ်ပေးစမ်းပါ… မင်းအစ်ကိုကြီးက ကြင်နာတတ်ပါတယ်… ကျင့်ကြံချင်းနဲ့ ပက်သတ်ပြီး နည်းနည်းလောက်တော့ ညွှန်ပြပေးမှာပါ… “ လူငယ်က ပြောပြီးသည်နှင့် ပုလင်းတစ်လုံးကို ပစ်ပေးလိုက်သည်။ ပုလင်းက ဝမ်လင်း၏ခြေထောက်ရှေ့သို့ ကျသွား၏။
ဝမ်လင်းက တိတ်ဆိတ်မြဲ တိတ်ဆိတ်နေပြီး အဖြူရောင်ဝတ်လူငယ်ကို ကြည့်လိုက်သည်။
အဖြူရောင်ဝတ်လူငယ်က အရေးမထားဟန်ဖြင့် ပြောလိုက်၏… “မင်းက ဘာအမူအရာလဲ… တိုက်ချင်တာလား… ငါ မင်းကို ပြောလိုက်ဦးမယ်… ဂိုဏ်းတူအစ်ကိုကျန်းခွမ်းက ပင်မတပည့်အချင်းချင်း မတိုက်ခိုက်ရဘူးလို့ ပြောထားလို့ ဘာမှမလုပ်တာ… မင်း အချိုးမပြေလို့ကတော့ … မင်းကို သင်ခန်းစာပေးမိရင် ငါ့ကို အပြစ်မတင်နဲ့ … “
“တော်လောက်ပြီ… မင်းတို့အာလုံးပါးစပ်တွေ ပိတ်ထားလိုက်တော့… “ အသံတစ်ခုက ကျောက်နံရံတစ်ခုပေါ် ထွက်လာသည်။ မကြာမီတွင် အရိပ်တစ်ခုက လျှပ်စီးလက်သကဲ့သို့ ပေါ်လာ၏။ ထိုလူက စီနီယာကျန်းဖြစ်သည်။ သူက အားလုံးကို ကြည့်လိုက်ပြီး ပြောလိုက်သည်… “ဝမ်ကျောက်၊စွန်းဟို… မင်းတို့နှစ်ယောက် မကျင့်ကြံဘဲ ပထမအလွှာပဲရှိသေးတဲ့ ဂိုဏ်းတူညီတစ်ယောက်ကို အနိုင်ကျင့်နေတာလား… ဒါက တစ်ကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ… “
ဝမ်ကျောက်နှင့်စွန်းဟိုတို့၏မျက်နှာအမူအရာက လျင်မြန်စွာ ပြောင်းလဲသွား၏။ သူတို့က ဝမ်လင်းကို ကြောက်မက်ဖွယ်အကြည့်နှင့် ကြည့်ပြီး နှာခေါင်းရှုံ့လိုက်ကြသည်။ ပါးစပ်ကမူ တစ်ခွန်းမှ ထပ်မထွက်လာကြတော့ချေ။ သူတို့က ဂိုဏ်းတူအစ်ကိုကျန်းကို ကြောက်နေမှန်း သိသာလှ၏။
ဂိုဏ်းတူအစ်ကိုကျန်းကလည်း ဝမ်လင်းက ခက်ထန်စွာကြည့်ပြီး ပြောလိုက်သည်… “ဝမ်လင်း… မင်းလည်း ဒီကို ဆင်းမလာသင့်ဘူး… ကြိုးစားပြီး လေ့ကျင့်နေသင့်တာ… ဒီကမ္ဘာမှာ ခွန်အားက အဓိကပဲ… “
ဝမ်လင်းက ခေါင်ညိတ်ပြလိုက်ပြီး သူက အနည်းငယ်တုန့်ဆိုင်းနေပြီးနောက် မေးလိုက်သည်… “ဂိုဏ်းတူအစ်ကိုကျန်း … ကျွန်တော့်မှာ မေးချင်တာ တစ်ခုရှိတယ်… ပထမအလွှာကို ရောက်ပြီးနောက်ပိုင်း… ဘယ်လိုပဲ ကြိုးစားပြီး လေ့ကျင့်လေ့ကျင့် ဒုတိယအလွှာကို မချိုးဖြတ်နိုင်ဘူး ဖြစ်နေတယ်… “
ထိုစကားကို ကြားတော့ ဝမ်ကျောက်က သရော်ပြီး ပြောလိုက်သည်… “မင်းရဲ့ပင်ကိုယ်စွမ်းရည်နဲ့ဆို တစ်သက်လုံး ဒုတိယအလွှာကို ရောက်မှာတောင် မဟုတ်ဘူး… “
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၃၇) လေးနှစ်
ဂိုဏ်းတူအစ်ကိုကျန်းက ဝမ်လင်းကို အေးစက်စက်ကြည့်ပြီး ပြောလိုက်သည်… “ချိုးဖြတ်ဖို့အတွက် သော့ချက်က မင်းရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ အများကြီး သက်ဆိုင်တယ်… တချို့လူတွေက နည်းနည်းလေး ကြိုးစားလိုက်ရုံနဲ့ အောင်မြင်သွားတတ်ကြတယ်… တချို့လူတွေကတော့ နှစ်ပေါင်းတစ်ရာ ၊ နှစ်ပေါင်းတစ်ထောင်လောက်မှ အောင်မြင်တတ်ကြတယ်… ဒါမှမဟုတ် ဘဝတစ်ခုလုံး မချိုးဖြတ်နိုင်ကြဘူး… “
ဝမ်လင်း၏မျက်နှာတွင် အားငယ်သည့်အမူအရာများ ပေါ်လာပြီး ရုတ်တရက် မေးလိုက်သည်… “ ဂိုဏ်းတူအစ်ကိုကျန်း အလွှာတိုင်းက ချိုးဖြတ်ဖို့ ခက်ခဲတာလား… ၂အလွှာကနေ ၃အလွှာ၊ ၃အလွှာကနေ ၄အလွှာ အားလုံးက ခက်ခဲတာပဲလား… “
ဂိုဏ်းတူအစ်ကိုကျန်းက ခေါင်းညိတ်ပြီး… “ဟုတ်တယ်… နောက်ပိုင်းရောက်လေ ပိုပြီး ခက်လာလေပဲ… အထူးသဖြင့် ၃ကနေ၄ ၊ ၅ကနေ၆ ကို ချိုးဖြတ်တဲ့အခါပဲ… “
ဂိုဏ်းတူအစ်ကိုကျန်း၏အဖြေက တပည့်အနည်းငယ်ကို ဆွဲဆောင်သွား၏။ မိန်းကလေးတပည့်တစ်ယောက်က ရုတ်တရက် မေးလိုက်သည်… “ဂိုဏ်းတူအစ်ကိုကြီး… တတိယအလွှာကနေ စတုတ္ထအလွှာကို ချိုးဖြတ်တဲ့အခါ ဘာကြောင့်ခက်ရတာလဲ … ညီမက အခု တတိယအလွှာကို ရောက်နေပါပြီ… “
စကားပြောလိုက်သည့် မိန်းကလေးကို ဝမ်လင်း မှတ်မိသည်။ သူမက ဝမ်ကျောက်လိုက်နေသည့် မိန်းကလေးကျိုးဖြစ်သည်။
ဂိုဏ်းတူအစ်ကိုကျန်းက အနည်းငယ် စဉ်းစားပြီးမှ ပြောလိုက်သည်… “ကောင်းပြီ… ဒီနေ့မှာ ကီစုစည်းခြင်း အလွှာ၆အောက်မှာ မင်းတို့ရင်ဆိုင်ရမယ့် ပိတ်ဆို့မှု နှစ်ခုကို ပြောပြမယ်… ပထမပိတ်ဆို့မှုက အလွှာ၃ကနေ အလွှာ၄ကို ချိုးဖြတ်တဲ့အချိန်မှာပဲ… အချို့သောလူတွေအတွက်ကတော့ အလွန်လွယ်တယ်… ဒါပေမဲ့ တခြားသူတွေအတွက်ကျတော့ တစ်သက်လုံးချိုးဖြတ်လို့တောင် မရခဲ့ကြဘူး… သော့ချက်က ပင်ကိုယ်စွမ်းရည်နဲ့ မဆိုင်ဘူး… ‘လမ်းက သနားကြင်နာမှုကင်းမဲ့တယ်’ ဆိုတဲ့ စကားလုံးနောက်က အဓိပ္ပါယ်ကို နားလည်နိုင်တဲ့ စွမ်းရည်နဲ့ပဲ ဆိုင်တယ်… “
သူက လူတိုင်းက ကြည်ပြီး ဆက်ပြောလိုက်သည်… “သေမျိုးတွေက သူတို့ရဲ့နှောင်ကြိုးတွေကို ဖြတ်တောက်ပစ်ဖို့ လိုအပ်တယ်… မင်း နှောင်ကြိုးတွေကို ဖြတ်တောက်နိုင်ရင် အလွှာ၃ကနေ အလွှာ၄ကို ရောက်ဖို့က လွယ်လွယ်လေးပါ… မလုပ်နိုင်ရင်တော့ ခက်ခဲနေလိမ့်မယ်… အလွှာ၅ကနေ အလွှာ၆ကို ချိုးဖြတ်တဲ့အခါ ကြုံတွေ့ရတဲ့ ပိတ်ဆို့မှုကတော့ မင်းတို့ရဲ့ ကိုယ်ထဲက စိတ်စွမ်းအင်အရည်အသွေး ပြောင်းလဲမှုပဲ… စိတ်စွမ်းအင်းက တဖြည်းဖြည်း မင်းတို့ရဲ့ကိုယ်ကို ပြောင်းလဲပေးလိမ့်မယ်… ပိုပြီးပြောင်းလဲမှုလုပ်လေ စိတ်စွမ်းအင်ပမာဏများများ လိုလေပဲ… ဒါ့ကြောင့် ဒီအဆင့်က လူအများစုကို ပိတ်ဆို့ထားတဲ့ အဆင့်တစ်ခု ဖြစ်နေတာပဲ… “
ဝမ်လင်းက နားထောင်ပြီးနောက် အံ့အားသင့်ကာ တိတ်ဆိတ်စွာဖြင့် စဉ်းစားခန်း ဝင်နေသည်။
တခြားပင်မတပည့်များကလည်း ကွဲပြားသော မျက်နှာအမူအရာများနှင့် မေးခွန်များ ဆက်မေးကြသည်။ ပတ်ဝန်းကျင်က မှောင်လာတော့မှ အားလုံးကလည်း လူစုခွဲသွားကြ၏။
ဝမ်လင်းလည်း ရေသံကြားရာဆီသို့ အသံကို နားထောင်ရင်း လျှောက်သွား၏။ မကြာမီတွင် သူ့ရှေ့၌ ရေကန်တစ်ခု ပေါ်လာသည်။
ရေမှ အားနည်းသောစိတ်စွမ်းအင်ရနံ့လေး ထွက်ပေါ်နေသည်။ ဝမ်လင်းက ရေကန်ဆီသို့ သွားလိုက်ပြီး ရေကို သောက်လိုက်သည်။ ကန်ထဲမှရေက သူသောက်သုံးသော စိတ်စွမ်းအင်ရေများကို မယှဉ်နိုင်သော်လည်း သူ၏စိတ်စွမ်းအင်များကို တိုးလာစေရန်အတွက် စိတ်စွမ်းအင်များ လုံလုံလောက်လောက် ပါဝင်၏။
ဝမ်လင်းက ဘူးသီးခြောက်များကို ထုတ်ယူလိုက်ပြီး ရေများ တစ်ဘူးပြီးတစ်ဘူး ဖြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက်တွင် ဘူးသီးခြောက်များအားလုံး ဖြည့်ပြီးသွားသည့်အတွက် နောက်ကိုလှည့်လိုက်ရာ သူ့သူငယ်အိမ်က ချက်ချင်းကျုံ့သွား၏။ သူ့နောက်တွင် ဂိုဏ်းတူအစ်ကိုကျန်းက မတ်တပ်ရပ်နေသည်။ ဝမ်လင်းက ရေဖြည့်နေသည့်အချိန်တွင် သူ့နတ်ဘုရားစိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို ထောက်လှမ်းထားသော်လည်း ဘာကိုမှ မတွေ့ခဲ့ရပေ။ သို့သော်လည်း ဂိုဏ်းတူအစ်ကိုကျန်း ရောက်နေသည်မှာ အချိန်တော်တော်ကြာနေပြီဟု ထင်ရသည်။ ထိုအချိန်တွင် ဝမ်လင်း၏နှလုံးသားက မွန်းကြပ်သွား၏။
ကျန်းခွမ်း၏မျက်လုံးများက အပေါ်သို့ မြင့်တက်သွားပြီး ပြောလိုက်သည်… “ညီငယ်ဝမ်လင်း… ဒီရေထဲမှာ စိတ်စွမ်းအင်တွေ အများကြီး ပါနေတယ်… ဒီကန်ထဲကရေက မင်းရဲ့ကျင့်ကြံခြင်းအတွက် ကောင်းတယ်… ဒါပေမယ့် ငါတွေ့တာ မင်းက ဘူးသီးခြောက်တွေ အများကြီး ပြင်ဆင်လာတာပဲ… အရင်က ဒီနေရာကို ရောက်ဖူးလို့ ပြင်ဆင်လာတာလား… “
ဝမ်လင်းက သူ့အတွေးများကို သိမ်းဆည်းလိုက်ပြီး ပုံမှန်အတိုင်း ပြောလိုက်သည်… “ဆရာက ဒီကန်ထဲကရေက ကျင့်စဉ်အတွက် ကောင်းတယ်ဆိုတာ ကြိုပြောပြထားလို့ပါ… ဒါ့ကြောင့် ဘူးသီးခြောက်အများကြီး ပြင်ဆင်လာတာပါ… “
ကျန်းခွမ်းက ဝမ်လင်းကို စူးစိုက်ကြည့်ပြီး ပြောလိုက်သည်… “စွန်းတဇူး ဒါကို သိတာက ပုံမှန်ပါပဲ… မင်းပြန်သွားပြီး စမ်းကြည့်သင့်တယ်… ဂိုဏ်းတူညီလေးက ၂နှစ်ဆိုတဲ့ အချိန်တိုအတွင်း ပထမအလွှာကိုရောက်အောင် ကြိုးစားခဲ့တယ်ဆိုတော့… စိတ်ဓာတ်က တော်တော် ခိုင်ခိုင်မာမာ ချထားတာပဲ… ဒါက ကောင်းပါတယ်… နောက်တစ်ကြိမ်တွေ့တဲ့အခါ ဒုတိယအလွှာကို ရောက်နေမယ်လို့ မျှော်လင့်ပါတယ်… “
ဝမ်လင်းက သူ့လက်နှစ်ဖက်ဆုပ်ပြီး နှုတ်ဆက်ကာ ထွက်ခွါလာခဲ့၏။ ဂူထဲသို့ ပြန်ရောက်မှသာလျှင် စိတ်သက်သာရာ ရသွား၏။ သူ၏အင်္ကျီအဝတ်အစားများက ချွေးများဖြင့် စိုရွဲနေသည်။ ကျင့်စဉ်အဆင့်ဖုံးကွယ်ပေးသော ကျင့်စဉ်ကို ကျင့်ထားခြင်းက သူ့အတွက် အလွန်ကောင်းသည့်အချက် ဖြစ်သွား၏။ မကျင့်ထားခဲ့ပါက ကျန်းခွမ်းက သူ တတိယအလွှာရောက်နေသည်ကို သိသွားလျှင် ကျိန်းသေ သူ့ကို သံသယ ဝင်မည်ဖြစ်သည်။ ကျန်းခွမ်းကသာ သူ့ကို သတ်ရန်ကြိုးစားလာပါက သူ့ထံတွင် ပြန်တိုက်နိုင်မည့်စွမ်းအား မရှိပေ။
ဝမ်လင်းက သူ့ကိုယ်သူ သတိပေးလိုက်သည်… “အင်မော်တယ်တွေကလည်း သေမျိုးတွေနဲ့ အတူတူပဲ… ပုံစံကွဲသွားတာပဲ ရှိတယ်… သေမျိုးတွေထက် ပိုပြီးတော့တောင် ရက်စက်သေးတယ်… ဒါ့ကြောင့် ငါ့မှာ မှော်ကျောက်တုံးရှိတာ ဘယ်သူ့မှ အသိခံလို့ မရဘူး… “
မောင်းတံကို ဆွဲပြီး တံခါးကို ပိတ်ပြီးနောက် ဝမ်လင်းက ခြေချိတ်ထိုင်ကာ ကျင့်ကြံခြင်းကို စတင်လိုက်သည်။
လိုအင်ဆန္ဒများနှင့်နှောင်ကြိုးများကို ဖြတ်တောက်ပစ်ရမည်ဆိုသည့် စည်းမျဉ်းက ကျင့်ကြံခြင်းတွင် လေ့ကျင့်ရာ၌ အနှောင့်အယှက် မဖြစ်စေရန် ဖြစ်သည်။ ဟုန်ယွီဂိုဏ်းထဲသို့ ဝင်ရောက်လာပြီးနောက် လိုအင်ဆန္ဒများကို မဖြတ်တောက်ကြသည့် အင်မော်တယ်အများစုကို သူ့တွေ့ဖူးပြီးပြီး ဖြစ်သည်။
သူ၏တွက်ချက်မှု ရလဒ်ကတော့ လိုအင်ဆန္ဒတွေကို ဖြတ်တောက်ခြင်းက မရေရာတဲ့ ခန့်မှန်းချက်တစ်ခု ဖြစ်၏။ အလွှာ၃ကနေ အလွှာ၄ကို ချိုးဖြတ်ရာတွင် ဂိုဏ်းတူအစ်ကိုပြောသည့် သော့ချက်က သူ၏တွက်ချက်မှုနှင့် ဆန့်ကျင်နေသည်။
အချိန်အတော်ကြာအောင် စဉ်းစားနေသော်လည်း မည့်သည့်သဲလွန်စကိုမျှ မတွေ့သေးချေ။ ဝမ်လင်းက သူ့မိဘများနှင့် နှောင်ကြိုးများ မဖြတ်နိုင်သည်ကို သူ့ကိုယ်သူ သိ၏။ တတိယအလွှာက ယခင်အလွှာနှစ်ခုနှင့် မတူချေ။ သူက စတုတ္ထအလွှာကို မချိုးဖောက်နိုင်သော်လည်း သူ၏စိတ်စွမ်းအင်များက ဆက်လက် တိုးပွားနေသည်။ နောက်ဆုံးတွင် ဝမ်လင်းက စတုတ္ထအလွှာသို့ ချိုးဖြတ်မှုကို လက်လျော့လိုက်ပြီး သူ့ကိုယ်ထဲများ စိတ်စွမ်းအင်များ ဆက်လက်တိုးပွားရန်အတွက်သာ အားစိုက်ထုတ်တော့၏။
အချိန်များက ကုန်ဆုံးလာသည်။ ၁နှစ်… ။ ၂နှစ်… ။ ဘာမှမလုပ်လိုက်ရဘဲ တံခါးပိတ်ကျင့်ကြံရင်းဖြင့်သာ လေးနှစ်ကုန်ဆုံးသွား၏။ လေးနှစ်အတွင်းတွင် ဝမ်လင်းက ကျင့်စဉ်အတွက် စိတ်စွမ်းအင်ရေများ ပြုလုပ်ရန် ရေဖြည့်သည့်အချိန်တစ်ခုသာလျှင် ဂူထဲမှ ထွက်၏။
အပြင်ဘက်တွင် ၄နှစ် ကုန်သွားသော်လည်း အိမ်မက်နယ်မြေထဲတွင် ၂၅နှစ် ကုန်သွားပြီး ဖြစ်သည်။ ဝမ်လင်း စတင်ကျင့်ကြံလာသည်မှာ လေ့ကျင့်ခန်းမဝင်မီ အချိန်ကိုပါ ပေါင်းလိုက်လျှင် ၂၇နှစ် သို့မဟုတ် ၂၈နှစ်ခန့် ရှိနေလေပြီ။
သူက ကီစုစည်းမှုအဆင့် အလွှာ၃တွင် သောင်တင်နေသော်လည်း သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက ဆက်လက် တိုးပွားနေဆဲ ဖြစ်၏။
သည်နေ့က လေးနှစ်တာ လေ့ကျင့်ခန်း နောက်ဆုံးရက် ဖြစ်သည်။ အပြင်ဘက်တွင် ဝင့်ကြွားသော အသံတစ်ခုက အော်ပြောလိုက်သည်... “ဂိုဏ်းတူညီ၊ညီမငယ်များ… ၄နှစ်တာ အချိန်က ပြည့်ပြီမို့လို့… အပြင်ကို မြန်မြန်ထွက်လာခဲ့ကြတော့… မင်းတို့ကို ပြန်ပို့ပေးဖို့ ဂိုဏ်းခေါင်းဆောင်ရောက်နေပြီ… “
ချောက်ကမ်းပါးကျောက်နံရံမှ ဂူအားလုံး ပွင့်သွားပြီး ပင်မတပည့်အားလုံး သူတို့နည်းလမ်းနှင့်သူတို့ တစ်ယောက်ပြီးတစ်ယောက် အောက်သို့ ဆင်းလာကြသည်။
ဝမ်လင်းလည်း ဆင်းလာပြီးနောက် နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ ပင်မတပည့်၄၀ကျော်လုံး ကုန်လွန်ခဲ့သည့်၄နှစ်တာကာလအတွင်း အများကြီး တိုးတက်ခဲ့ကြ၏။
ဝမ်ကျောက်က အလွှာ၅ကို ရောက်ရှိနေပြီး အလွှာ၆သို့ ချိုးဖြတ်ရန် အဆင်သင့် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ တခြားသူများလည်း ထို့နည်းအတူပင် အားလုံး၏ကျင့်ကြံခြင်းက များစွာ တိုးတက်ခဲ့ကြ၏။
မိန်းကလေးရှုက အလွှာ၃သို့ ရောက်နေပြီး၊ အစ်ကိုကျန်းက အလွှာ၆သို့ ရောက်နေပြီး ဖြစ်သည်။
တခြားသူများ၏ကျင့်ကြံမှုနှင့် သူ၏ကျင့်ကြံမှုက မတူသကဲ့သို့ ခံစားနေရသည်။ ယခုလည်း နတ်ဘုရားစိတ်အာရုံကို သုံးပြီး စစ်ဆေးကြည့်သော်လည်း သူ စစ်ဆေးလိုက်သည်ကို တစ်ယောက်မှ သတိပြုမိကြဟန် မရှိချေ။
လွန်ခဲ့သော၂နှစ်က မိန်းကလေးကျိုး၏ကျင့်ကြံမှုက အလွှာ၃သို့ ရောက်နေသော်လည်း ယခု ဝမ်လင်း၏နတ်ဘုရားအာရုံအောက်တွင် သူမက တိုးတက်မှု မရှိဘဲ အလွှာ၃၌သာ ရှိသေး၏။
ဝမ်လင်းထံတွင် ခန့်မှန်းချက်တစ်ခု ရှိသည်။ တခြားသူများ၏ အလွှာ၃က သူ၏အလွှာ၃ကဲ့သို့ မဟုတ်ဟု ခန့်မှန်းထားသည်။ သူ၏ကီစုစည်းခြင်းအလွှာ၃က စိတ်စွမ်းအင်များ စုပ်ယူမှုတွင် အကန့်အသတ် မရှိချေ။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၃၈) အလင်းစက်
အခြေအနေများကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ထို့သို့ဖြစ်ရခြင်းမှာ အိမ်မက်နယ်မြေထဲတွင် ကျင့်ကြံခြင်းနှင့် ဆက်စပ်နေလိမ့်မည်ဟု ခံစားမိသည်။ ကုန်လွန်ခဲ့သည့်လေးနှစ်ကျော်ကာလတွင် မှော်ကျောက်တုံး၏ ထူးဆန်းမှုအများအပြားကို တွေ့ကြုံခဲ့ရပြီးပြီ ဖြစ်၏။
အိမ်မက်နယ်မြေထဲ၌ လေ့ကျင့်နေချိန်တွင် အလင်းရောင်များ တောက်ပနေသော အလုံးလေးများကို သူ့ခန္ဓာကိုယ်မှ တိတ်တဆိတ် စုပ်ယူသည်ကို ဝမ်လင်း ခံစားနိုင်သည်။
ထိုတောက်ပနေသော အလုံးလေးများကို အချိန်တော်တော်ကြာအောင် လေ့လာခဲ့သော်လည်း သူတို့၏အသုံးဝင်ပုံကို အတိအကျ မသိရသေးပေ။
ယခုဆိုလျှင် ဝမ်လင်းသည် ကျင့်စဉ်အဆင့် ဖုံးကွယ်ပေးသော ကျင့်စဉ်ကို အသုံးပြုရန် မလိုတော့ပေ။ တောင်အနောက်ဘက်တွင် ၄နှစ်တာ ကျင့်ကြံခြင်းက ရှင်းပြရန်အတွက် အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်သည်။
ဝမ်လင်းသည် အိမ်မက်နယ်မြေထဲတွင် လွန်ခဲ့သောနှစ်၂၀ခန့်ကတည်းက တတိယအလွှာသို့ ရောက်နေပြီးပြီဖြစ်ကြောင်းကို မည်သူမှ မသိချေ။
ဆွဲငင်အားပညာရပ်ကိုလည်း နှစ်၂၀ကျော် လေ့ကျင့်ခဲ့သောကြောင့် ဆွဲငင်အားပညာရပ်က ကြောက်မက်ဖွယ်ကောင်းသောအဆင့်တစ်ခုထိ ရောက်နေလေပြီ။
ကျောင်းနိုင်ငံတစ်ခုလုံးတွင် အင်မော်တယ်အခြေခံကျင့်စဉ်တစ်ခုကို နှစ်ပေါင်း၂၀ကျော် လေ့ကျင့်မည့်သူ တစ်ယောက်မှပင် ရှိလိမ့်မည်မဟုတ်ချေ။
ရုတ်တရက် ကောင်းကင်ပေါ်မှ အဖြူရောင်အလင်းက ကျလာပြီး အားလုံးကို ဖုံးသွား၏။ နွေးထွေးမှုကို နောက်တစ်ကြိမ် ခံစားလိုက်ရပြန်သည်။ သို့သော်လည်း သည်တစ်ကြိမ်တွင် ဝမ်လင်းသည် ကွဲပြားမှုတစ်ခုကို သတိပြုမိလိုက်၏။
အလင်းရောင်ထဲတွင် ထူးဆန်းသောသင်္ကေတမှိန်မှိန်လေးများကို တွေ့လိုက်ရသည်။ ထိုသင်္ကေတများသည် ဝဲကတော့ပုံစံ ဖြစ်လာရန် စုစည်းလာပြီး လျင်မြန်စွာ လူတိုင်းကို ဆွဲယူသွား၏။ ထို့နောက် လူအားလုံး တောင်ကြားထဲမှ ပျောက်ကွယ်သွားသည်။
သူတို့ပြန်ပေါ်လာသည့်အချိန်တွင် သူတို့အားလုံးသည် အဓိကခန်းမကြီးထဲ ရောက်နေ၏။ ယခင်နေရာမှာပဲ ဂိုဏ်းခေါင်းဆောင်က ထိုင်နေပြီး အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ဘေးတွင် အကြီးအကဲများက ထိုင်နေ၏။
ထိုအချိန်တွင် အားကောင်းသောနတ်ဘုရာစိတ်အာရုံများစွာက ဝမ်လင်းတို့အားလုံးကို စစ်ဆေးသွားသည်။ ဂိုဏ်းခေါင်းဆောင်က ပြုံးပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်… “လေးနှစ်ကုန်သွားတဲ့အချိန်မှာ ငါ အလွန်ပဲ အားရမိတယ်… မင်းတို့အားလုံး အများကြီး တိုးတက်လာတာပဲ… အရမ်းကောင်းတယ်… အလွှာ၅နဲ့ အလွှာ၅အထက်တွေနေခဲ့ ကျန်တဲ့သူအားလုံးက မင်းတို့ဆရာဆီသွားပြီး လေးနှစ်အတွင်းမှာ ဘယ်လောက်တိုးတက်လာပြီလဲဆိုတာ ပြောပြလိုက်ကြ… ဒီ၃ရက်အတွင်းမှာ ရွှမ်တောက်ဂိုဏ်းက ရောက်လာလိမ့်မယ်… ဒီတစ်ကြိမ်တော့ ငါတို့ နိုင်ကိုနိုင်ရမယ်… ဝတ်စုံပြောင်းလဲဖို့ကတော့ ရွယ်ဒေါင်ဂိုဏ်းနဲ့ ပြိုင်ပွဲပြီးမှ လဲပေးမယ်… “
လူအားလုံးက ပြိုင်တူဖြေလိုက်ကြသည်။ အလွှာ၅အောက် တပည့်အားလုံး ထွက်ခွာသွား၏။ ဝမ်လင်းက ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ စွန်းတဇူးကို မမြင်မိပေ။
အဓိကခန်းမကြီးမှ ထွက်လာပြီးနောက် ဝမ်လင်းက စွန်းတဇူး၏ဆေးဥယျာဉ်သို့ တန်းပြီး သွားလိုက်၏။ သူက နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်လိုက်သည်။ တံခါးဝမှ အစီအရင်တစ်ခုကို တွေ့ရသော်လည်း အစီအရင်က နတ်ဘုရားစိတ်အာရုံကို မတားဆီးပေ။ ထို့ကြောင့် နတ်ဘုရားစိတ်အာရုံကို အထဲထိပို့လွှတ်ပြီး ကြည့်လိုက်ရာ ကျင့်စဉ်ကျင့်နေသည့် စွန်းတဇူးကို တွေ့လိုက်ရသည်။ စွန်းတဇူးက ဝမ်လင်း၏နတ်ဘုရားစိတ်အာရုံကို သတိပြုမိဟန် မရှိချေ။
ယခုကဲ့သို့ အစီအရင်တွင် ချို့ယွင်းချက်များ မတွေ့ခင်က ဤအစီအရင်သည် သူ့အတွက် အလွန်ကြောက်မက်ဖွယ်ကောင်းခဲ့သည်။ ယခုတွင်မူ သူသာ အစီအရင်ကို ချိုးဖြတ်ချင်ပါက အလွယ်တကူ ချိုးဖြတ်၍ ရနိုင်သည်ဟု ခံစားရ၏။
ဝမ်လင်းက သူ၏နတ်ဘုရားစိတ်အာရုံကို သိမ်းလိုက်ပြီး လေးစားစွာ အော်ပြောလိုက်သည်… “တပည့်ဝမ်လင်း … ဆရာ့ကို တွေ့ဖို့ ခွင့်တောင်းပါတယ်… “
ထိုအသံကို ကြားပြီး စွန်းတဇူးက ခေတ္တခဏ တုန့်ဆိုင်းသွား၏။ အချိန်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် လွန်ခဲ့သော ၄နှစ်ကျော်က ဝမ်လင်းဟုခေါ်သော တပည့်တစ်ယောက် လက်ခံခဲ့သည်ကို မှတ်မိသွားး၏။ ထို့နောက် သူ့ကို လေးနှစ်တာလေ့ကျင့်ခန်းထဲ ပို့လိုက်လေသည်။ အမှိုက်ကောင်က မည်သည့်တိုးတက်မှုမှ ရှိလိမ့်မည်ဟု မထင်သော်လည်း စိတ်ထဲတွင် သေချာမှု မရှိချေ။
သူက သိချင်စိတ်ကြောင့် တံခါးကို ဖွင့်ပြီး မာကြောခက်ထန်စွာ ပြောလိုက်သည်… “အထဲဝင်လာခဲ့… “
ဝမ်လင်း အထဲသို့ ရောက်ပြီးနောက် စွန်းတဇူးက သူ့ကို စစ်ဆေးကြည့်ပြီး အံ့အားသင့်စွာ ပြောလိုက်၏… “မင်းက တတိယအလွှာထိတောင် ရောက်သွားပြီလား… “
ဝမ်လင်းက ခေါင်းညိတ်လိုက်ပြီး ရိုသေစွာ ပြောလိုက်သည်… “တပည့်က ဒီ၄နှစ်မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့လို့ တတိယအလွှာကို ဝင်ရောက်နိုင်ရုံလေးသာ ဝင်ရောက်နိုင်ခဲ့ပါတယ်… “
စွန်းတဇူးက အကြိမ်ရေအနည်းငယ်ခန့် မျက်တောင်ခတ်လိုက်၏။ သူက ဝမ်လင်းကို ဘာကြောင့်တပည့်အဖြစ် လက်ခံခဲ့သည်ကို သတိရသွားသည်။ ဝမ်လင်းအပေါ် ဝိညာဉ်ရှာဖွေခြင်းကျင့်စဉ်ကို အသုံးပြုရန် ကီစုစည်းခြင်းပထမအလွှာသို့ ရောက်အောင် စောင့်ခဲ့ရသည်ကိုလည်း မှတ်မိသွား၏။ စွန်းတဇူးသည် အနည်းငယ် တုန့်ဆိုင်းနေပြီးနောက် လက်လျော့ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ ထိုအရာများက နှစ်တွေလည်း ကြာခဲ့ပြီ။ ထို့အပြင် ဝိညာဉ်ရှာဖွေခြင်းကျင့်စဉ်ကို အသုံးပြုပါက သူ၏ကျင့်စဉ်အဆင့်ကလည်း လျော့ကျသွားဦးမည်။ ထို့ကြောင့် တန်သည်ဟုလည်း မထင်ချေ။
စွန်းတဇူးက ဝမ်လင်းကို တစ်ချက်ဝေ့ကြည့်ပြီး ပြောလိုက်သည်… “ကောင်းပြီ… မင်းက အခု ကီစုစည်းခြင်းအဆင့် တတိယအလွှာကို ရောက်သွားပြီဆိုတော့… ငါ… စွန်းတဇူးရဲ့ တပည့်အစစ် ဖြစ်သွားပြီ… ပြီးတော့ ငါ့ရဲ့တပည့်က မင်းတစ်ယောက်တည်း ရှိတာဆိုတာ ဒီနေ့ကစပြီး ဒီမှာ လာနေနိုင်ပြီ… နောက်ရက်အနည်းငယ်အတွင်းမှာ ရွှမ်တောက်ဂိုဏ်းနဲ့ ပြိုင်ပွဲ ရှိတယ်… အဲ့ဒီကို ငါ့နောက်က လိုက်နိုင်တယ်… မင်းလည်း အမြင်ကျယ်တာပေါ့… တတိယအလွှာကို ရောက်ပြီဆိုတော့ မင်း ဆွဲငင်အားကျင့်စဉ်ကို လေ့ကျင့်ပြီးပြီလား… “
“ဆွဲငင်အားကျင့်စဉ်ကို လေ့ကျင့်ပေမယ့် အခုထိ မကျွမ်းကျင်သေးသလို ခံစားနေရတုန်းပဲ… “ ဝမ်လင်းက မျက်နှာအမူအရာ မပြောင်းလဲသွားဘဲ ပုံမှန်အတိုင်း ပြန်ဖြေလိုက်၏။
စွန်းတဇူးက ခေါင်းညိတ်ပြီး ပြောလိုက်သည်… “ဒါက ပုံမှန်ပါပဲ… ရှင်းအောင်ပြောရမယ်ဆိုရင် ဒီကျင့်စဉ်က အားလုံး လေ့ကျင့်ကြတဲ့ အခြေခံကျင့်စဉ်ပဲ… မင်းပိုပြီး လေ့ကျင့်လေ ပိုပြီး ကျွမ်းကျင်လာလေပဲ… မင်းရဲ့ဆရာတောင် ဆွဲငင်အားကျင့်စဉ်ကို တစ်နှစ်လုံး လေ့ကျင့်ခဲ့ရတယ်… ဂိုဏ်းထဲမှာ လေ့ကျင့်ချိန် ငါ အကြာဆုံးလို့ သတ်မှတ်လို့ရတယ်… ကြည့်လိုက်… “ ပြောပြီးသည်နှင့် စွန်းတဇူးက လက်ကို လှုပ်ရှားလိုက်ရာ ရောင်စုံဓားတစ်ချောင်း ထွက်ပေါ်လာပြီး စွန်းတဇူးလက်ထဲသို့ မရောက်ခင်အချိန်အထိ အခန်းကို လှည့်ပတ်ပျံသန်းနေ၏။
“ဆွဲငင်အားကျင်စဉ်ကို လေ့ကျင့်ပြီးလို့ ဒုတိယအလွှာကိုရောက်ရင် ထိန်းချုပ်ကျင့်စဉ်ကို စတင်လေ့ကျင်နိုင်တယ်… အခု ဒီဓား လှုပ်ရှားသွားတာ တွေ့တယ်မလား … ဒါထိန်းချုပ်ကျင့်စဉ်ပဲ… တစ်ကယ်တော့ ဒီအဆင်ကို ရောက်ဖို့ မင်းက အလွှာ၄ကို ရောက်ဖို့လိုတယ်… မင်းရဲ့ကျင့်စဉ်က နိမ့်တော့ အောင်မြင်ဖို့ အခွင့်အရေးကလည်း နည်းတယ်… ဒါပေမယ့် ဂိုဏ်းကို မျက်နှာပျက်အောင် လုပ်လို့မရဘူး… ဓားပျံတစ်ချောင်းကို ဆွဲငင်အားကျင့်စဉ်နဲ့လည်း ထိန်းချုပ်နိုင်သေးတယ်… ငါ မင်းကို တံဆိပ်ပြားတစ်ခု ပေးလိုက်မယ်… ပြိုင်ပွဲမှာ ကြွားဖို့ ဓားဗိမာန်ကို သွားပြီး ဓားပျံကောင်းကောင်းတစ်ချောင်း ရွေးယူလာခဲ့… “ စွန်းတဇူးက ပြောပြီးသည်နှင့် ဝမ်လင်းထံသို့ တံဆိပ်ပြားတစ်ခု ပစ်ပေးလိုက်၏။
ဝမ်လင်း၏မျက်နှာ အမူအရာက ထူးဆန်းသွား၏။ သူ့ပါးစပ်ကလည်း ဟောင်းလောင်းဖြစ်သွားသည်။ ဘာပြောရမှန်းလည်း မသိတော့ချေ။
ဝမ်လင်း၏ထူးဆန်းသည့် အမူအရာကို မြင်ပြီး နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်… “ဒီကိစ္စကို သေးသေးလေး မထင်နဲ့… မင်းက ကြည့်ကောင်းနေရမယ်… ငါ့မျက်နှာပျက်အောင် လုပ်လို့ကတော့ ခွင့်လွှတ်မှာ မဟုတ်ဘူး… မင်းရဲ့ဆရာ အခုကိုင်ထားတဲ့ ဓားကလည်း မင်းလိုပဲ … ဆရာက မျက်နှာမပျက်အောင် ပေးထားတာ… “
ဝမ်လင်းက မဲ့ပြုံးလေးနှင့် ပြောလိုက်သည်… “တပည့်က လုံးဝကြည့်ကောင်းနေစေရမယ်… မစိုးရိမ်ပါနဲ့… “
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၃၉) ချမ်းသာ
စွန်းတဇူးက ခေါင်းညိတ်ပြီး အားရကျေနပ်သည့်အသံဖြင့် ပြောလိုက်သည်… “ဒီတံဆိပ်ပြားကို သိမ်းထားပါ… ဒီတံဆိပ်ပြားက မင်းကို ဒီဥယျာဉ်ထဲ အတားအဆီးမရှိ ဝင်ထွက်လို့ရအောင် ကူညီပေးလိမ့်မယ်… ဒါပေမဲ့ မှတ်ထားပါ… ငါ့ခွင့်ပြုချက်မရှိဘဲ ဘယ်ဆေးပင်မှ မင်း ထိခွင့်မရှိဘူး… “
ဝမ်လင်းက ခေါင်းညိတ်ပြလိုက်သည်။ သူ့ကို စွန်းတဇူးက သဘောမကျသည်ကို သူ သိသည်။ သို့သော်လည်း ယခု သူက ကီစုစည်းခြင်းအဆင့် တတိယအလွှာကို ရောက်သွားသောကြောင့် တပည့်အဖြစ် စွန်းတဇူးက သတ်မှတ်ခဲ့ခြင်း ဖြစ်၏။ ဝမ်လင်းက စွန်းတဇူးကို နှုတ်ဆက်ပြီး ဥယျာဉ်မှ ထွက်လာခဲ့သည်။
သိပ်မကြာမီတွင် ဝမ်လင်းသည် ပင်မဝန်းထဲမှ ဓားဝိညာဉ်စံအိမ်ရှိရာသို့ ရောက်သွား၏။ လွန်ခဲ့သည့်နှစ်များက ဝမ်လင်း ဤနေရာသို့ ရောက်ဖူး၏။ ထို့နေ့က အဖြစ်အပျက်ကိုပင် သတိရသွားသည်။
ဓားစံအိမ်အပြင်ဘက်တွင် အဖြူရောင်ဝတ်တပည့်တစ်ယောက် ထိုင်နေသည်။ ထိုတပည့်က အသက်၃၀ခန့်ရှိပြီး တော်တော်လေး ဝ၏။ ဝမ်လင်းက သူ့ကို မမြင်ဖူးသောကြောင့် သူသည် လေးနှစ်တာလေ့ကျင့်ခန်းတွင် မပါဝင်ခဲ့သူ ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။
သူက ဝမ်လင်းကို ကြည့်ပြီး အံ့အားသင့်စွာ ပြောလိုက်၏… “ဂိုဏ်းတူညီလေး… မင်းက တတိယအလွှာကိုပဲ ရောက်သေးတာလေ… ဒီကို ဘာလာလုပ်တာလဲ… ဒီနေရာက အလွှာ၄နဲ့ ၄အထက်က သူတွေပဲ ဝင်နိုင်တာ… “
ဝမ်လင်း ငြိမ်သက်သွားပြီး စွန်းတဇူး၏ တံဆိပ်ပြားကို ထုတ်ကာ ထိုတပည့်ဆီသို့ ပစ်ပေးလိုက်၏။
ထိုခပ်ဝဝတပည့်က တံဆိပ်ပြားကို ရပြီး သူက အပြုံးတစ်ခုကို အတင်းလုပ်ယူနေရသကဲ့သို့ သူ့မျက်နှာက ထူးဆန်းသွား၏။ ထို့နောက် ထိန်းမထားနိုင်တော့ဘဲ ရယ်ချလိုက်သည်… “ဒါက အကြီးအကဲစွန်းရဲ့ အစဉ်အလာ ဖြစ်မယ်ထင်တယ်… ငါက ဒီအကြောင်းကို မေ့သွားတာ… အကြီးအကဲစွန်းမှာ အစဉ်အလာတစ်ခု ရှိတယ်… အဲ့တာက တခြားဂိုဏ်းတွေနဲ့ ပြိုင်ပွဲရှိတဲ့အခါတိုင်း သူက ဓားပျံတွေ ကြွားဝါရတာ သဘောကျတယ်… “
ထိုစကားကို ကြားပြီး စွန်းတဇူး၏အသည်းအသန်ဖြစ်နေသည့်အမူအရာကို ပြန်တွေးမိကာ ရှက်သလိုပင် ခံစားလိုက်ရသည်။
ခပ်ဝဝတပည့်က အချိန်အတော်ကြာသည်အထိ ရယ်မောနေပြီးမှ လက်ကို ဝေ့ရမ်းပြီး ပြောလိုက်၏… “ဂိုဏ်းတူညီလေး… အထဲကို ဝင်သွားလို့ ရပါပြီ… ငါ မှတ်ချက် ပေးချင်တာကတော့ ညာဘက်က ဓား၃ပဲ… အဲ့ဒီဓားပျံက တစ်ကယ့်ကို အံ့ဩဖို့ ကောင်းတယ်… အဲ့ဓားကို ငါ ပထမဆုံးမြင်တဲ့အချိန်တုန်းက ကျောင်းနိုင်ငံတစ်ခုလုံးမှာ အဲ့ဓားက အကောင်းဆုံးလို့တောင် တွေးခဲ့တာ… “
ဝမ်လင်းက အလျင်အမြန် ကျေးဇူးတင်လိုက်ပြီး စံအိမ်ဆီသို့ ဦးတည်လိုက်သည်။ စံအိမ်နှင့် ၅မီတာအကွာသို့ ရောက်သောအခါ သူ့ကို တားဆီးနေသည့် စံအိမ်မှစွမ်းအင်လှိုင်းများကို သတိပြုမိလိုက်၏။
ထိုအချင်းအရာကို မြင်လိုက်ရသည့် ခပ်ဝဝတပည့်က စံအိမ်ပတ်လည်တွင် တည်ဆောက်ထားသည့် ဝင်္ကပါအစီအရင်ကို ပိတ်ရန် မေ့သွားသည်ကို နားလည်လိုက်သည်။ ဝမ်လင်းကို ပြောရန် ပြင်လိုက်သော်လည်း စကားလုံးများက လည်ချောင်းထဲတွင်သာ ပျောက်ကွယ်သွား၏။ သူ့မျက်လုံးများက ပြူးကျယ်လာပြီး ဝမ်လင်းကို မယုံကြည်နိုင်သည့်အကြည့်များနှင့် ကြည့်နေလေသည်။
စံအိမ်မှ စွမ်းအင်လှိုင်းများကို ခံစားမိပြီး ဝမ်လင်းသည် ယခင်က အရှက်ရခဲ့ပုံကို ပြန်သတိရသွား၏။ ထို့နောက် နှာခေါင်းရှုံ့လိုက်ပြီး ရှေ့သို့ တိုးသွားလိုက်သည်။ ၅မီတာ… ။ ၄မီတာ… ။ ၃မီတာ… ။ ၂မီတာ… ။ ၁မီတာ… ။
စွမ်းအင်လှိုင်းများက ခုခံမှုပိုမို အားကောင်းလာသော်လည်း ဝမ်လင်းကိုတော့ မရပ်တန့်နိုင်ပေ။ ဝမ်လင်းက လွယ်ကူစွာ ဓားစံအိမ်ထဲသို့ ဝင်ရောက်သွား၏။ အခန်းထဲသို့ ဝင်ရောက်ပြီးနောက် သူ၏နတ်ဘုရားစိတ်အာရုံကို အသုံးပြုလိုက်ရာ ထူးဆန်းနေသကဲ့သို့ ခံစားရသည်။ သူ၏နတ်ဘုရားစိတ်အာရုံကို သူနှင့် ၃မီတာပတ်လည်သာ ဖြန့်ကျက်၍ရပြီး ထို့ထက်မပိုအောင် တစ်ခုခုက တားဆီးထား၏။
အဖြူရောင်ဝတ်တပည့်က အံ့ဩမှုကြောင့် ချက်ချင်း ခုန်လိုက်မိသည်။ သူက ဓားစံအိမ်ကို ကြီးကြပ်ရသော တပည့်တစ်ဦးဖြစ်၏။ ထို့ကြောင့် ဝင်္ကပါအစီအရင်၏စွမ်းအားကို သူ ကောင်းကောင်းသိပေသည်။ ပင်မတပည့်မဆိုထားနှင့် အကြီးအကဲအများစုပင် ဝမ်လင်းကဲ့သို့ မဝင်ရောက်နိုင်ပေ။
ယခုအချိန်တွင် ရှိနေသည့် ဝင်္ကပါ၏ခုခံမှုစွမ်းအားက လူသစ်စုဆောင်းသည့်အချိန်တွင်ရှိသည့် ခုခံမှုစွမ်းအားထက် အဆ၁၀၀ခန့်ဝန်းကျင် ပိုပြီး အားကောင်းသည်။ ထို့ကြောင့် ဓားစွမ်းအင်များကို အတိုင်းအဆမရှိ ထုတ်လွှတ်နိုင်သည်။
“ဝင်္ကပါ ပျက်စီးသွားတာလား… “ အဖြူရောင်ဝတ်တပည့်က ဖြစ်သွားသည့် အဖြစ်အပျက်ကို မယုံနိုင်အောင်ပင် ဖြစ်နေရှာသည်။ ဝင်္ကပါပျက်စီးသွားတာလားဟု တွေးမိပြီး စမ်းသပ်ကြည့်ရန် ရှေ့ကို တိုးကပ်သွား၏။
စံအိမ်နှင့် ၅မီတာ အကွာအဝေးသို့ ရောက်သောအခါ အလွန်ပြင်းထန်သောဖိအားတစ်ခုကို ခံစားလိုက်ရသည်။ သူ့ကိုယ်သူလည်း လှိုင်းထန်နေသောပင်လယ်ထဲရောက်သွားသည့် သစ်ရွက်လေးတစ်ခုကဲ့သို့ ခံစားလိုက်ရ၏။ ထိုပြင်းထန်သောဖိအားက သူ့ကို ရက်ရက်စက်စက် လွှင့်ပစ်လိုက်လေသည်။ မြေပြင်ပေါ်သို့ ကျသွားပြီးနောက် သူက ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရ၏။ အချိန်အတော်ကြာပြီးနောက် သူ့စိတ်က မူလအခြေအနေသို့ ပြန်ရောက်သွားကာ သူ့မျက်နှာကလည်း ကြောက်လန့်မှုများဖြင့် ပြည့်နေသည်။ သူက အံ့အားသင့်စွာ ပြောလိုက်သည်… “ဝင်္ကပါ ပျက်စီးတာလဲ မဟုတ်ဘူးလား… “
ဝမ်လင်းက လွယ်ကူစွာပင် အခန်းထဲသို့ ဝင်သွား၏။ အထဲတွင် အရွယ်အစားအမျိုးမျိုးသော ဓားပျံများရှိပြီး ဓားစိတ်ဆန္ဒများကို ထုတ်လွှတ်လျှက် ရှိသည်။
ဝမ်လင်းက ဓားတစ်ချောင်းချင်းဆီကို တစ်ချောင်းပြီးတစ်ချောင်း သေသေချာချာ စစ်ဆေးကြည့်သွားသည်။ နောက်ဆုံးတွင် အပြင်ဘက်မှတပည့်ပြောလိုက်သည့်ဓားကို တွေ့လိုက်၏။ သူပြောသလိုပင် ဓားက ကျောင်းနိုင်ငံတစ်ခုလုံးတွင် ခန့်ညားထယ်ဝါဆုံးဓားတစ်ချောင်းဟု မှတ်ယူနိုင်သည်။
ဓားကို မြင်ပြီးနောက် ဝမ်လင်းက ဆွံ့အ သွားသည်။ တစ်ကယ်ကို ခန့်ညာထယ်ဝါလွန်းလှသည့် ဓားတစ်ချောင်း ဖြစ်သည်။ အမှန်တစ်ကယ်အားဖြင့် ဤဓားကို ဓားပျံတစ်ချောင်းဟု မသတ်မှတ်သင့်ချေ။ ဤဓားက ထောင့်မှန်စတုဂံပုံ အမှတ်အသားတစ်ခုနှင့်ပင် ပိုတူနေသေးသည်။
လက်ဖဝါး၂ဖဝါးစာ ကျယ်ပြီး အရှည်က ၁မီတာခန့် ရှိသည်။ ဓားကိုယ်ထည်တစ်ခုလုံးကို ရွှေရောင်များဖြင့် ဖုံးအုပ်ထား၏။ ရွှေရောင်တောက်ပနေရသည့် အကြောင်းရင်းမှာ ဓားတစ်ချို့တွေ့ရသော မှော်ဆန်မှုများကြောင့် မဟုတ်ဘဲ ဓားကို ရွှေဖြင့် အပေါ်မှ သွန်းလောင်းထားခြင်းကြောင့် ဖြစ်သည်။
အပေါ်မှ ရွှေသွန်းလောင်းထား၍လည်း အောက်တွင် ထူးခြားမှုတစ်ခုခုကို ဖုံးကွယ်ထားခြင်း မဟုတ်ဘဲ ပုံမှန်သံမဏိသာ ရှိသည်။
လက်ကိုင်ရိုးပေါ်တွင် ကြီးမားသောစိန်တုံး၂တုံးရှိပြီး ပန်းဖွားများကိုလည်း ပါးလွှာသော ရွှေသားများဖြင့် လုပ်ထား၏။
ဓားက တခြားသူများကို ပြသရန်အတွက် အလွန်ကို ကောင်းမွန်သည်။ ဓားကို မြင်တဲ့သူတိုင်း အံ့ဩသွားစေရန် ပြုလုပ်ထားသလားပင် ထင်ရ၏။
ဝမ်လင်းက မေးစေ့ကို ပွတ်သပ်လိုက်သည်။ သည်ဓားကို သူ တစ်ကယ်ကို ကြိုက်နေသည်။ မည်သည့်ကိစ္စမှ မရှိလျှင် အနည်းဆုံးတော့ အနာဂတ်တွင် ပိုက်ဆံလိုလာသည့်အခါ ပိုက်ဆံရအောင် ရောင်းပစ်နိုင်သေး၏။
ဓားပေါ်တွင် ရှိနေသော အချက်အလက်များကို ဖတ်လိုက်သည်… “ဒီဓားရဲ့နာမည်က ချမ်းသာ… ဒီဓားကို လွန်ခဲ့တဲ့ နှစ်၅၀၀က ဂိုဏ်းခေါင်းဆောင်က ပြုလုပ်ခဲ့ပြီး ကြီးမားသောစွမ်းအားများ ရှိတယ်လို့ ပြောခဲ့တယ်… ဒါပေမဲ့ ဒီဓားက အကြိမ်ပေါင်းများစွာ ကျိုးပြီး ပြန်ပြီး ပြင်ဆင်ခဲ့ရတယ်… ဂိုဏ်းခေါင်းဆောင်က ဂိုဏ်းအတွက်အများကြီး လုပ်ပေးခဲ့တယ်… သူ့ရဲ့နောက်ဆုံး မျှော်လင့်ချက်က အနာဂတ်မှာ ဒီဓားနဲ့ သင့်တော်တဲ့ ပိုင်ရှင်တစ်ယောက်ကို ရှာတွေ့စေချင်ခဲ့တယ်… “
“ဒီဓားကို ရွေးတဲ့ ဘယ်သူမဆို ဓားကို ကောင်းကောင်းဆက်ဆံရမယ်… ဓားပျက်စီးသွားရင် ချက်ချင်း ပြန်ပြင်ရမယ်… ဓားကို ရောင်းခဲ့ရင်တော့ ဂိုဏ်းကနေ နှင်ထုတ်ခံရမယ်… “
ဝမ်လင်း မအောင့်ထားနိုင်တော့ဘဲ ရယ်မိလိုက်တော့သည်။ သူက ဓားကို ယူလိုက်ပြီး ပြောသည်… “ငါ မင်းကို ရွေးလိုက်မယ်… ဒါပေမဲ့ ငါ … ဝမ်လင်းက ဆင်းရဲတာမို့ မင်း ပျက်စီးသွားရင် မင်းကို ငါနဲ့အတူထားဖို့ မမျှော်လင့်နဲ့တော့… “
ဓားကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီးနောက် အခန်းထဲမှ ထွက်လာခဲ့သည်။ အပြင်ဘက်တွင် ရှိနေသည့် တပည့်သည် ယခင်က ရယ်မောနေသော်လည်း ယခုအချိန်တွင်မူ ထိတ်လန့်နေသည့် အမူအရာနှင့် ဝမ်လင်းကို ရိုသေလေးစားစွာ လိုက်လံပို့ဆောင်ပေးခဲ့သည်။
ဝမ်လင်း၏နတ်ဘုရားစိတ်အာရုံက စံအိမ်ထဲတွင် ပိတ်ဆို့ခံထားရသောကြောင့် အပြင်ဘက်တွင် ဖြစ်ပျက်သွားသည့်ကိစ္စကို မသိလိုက်ချေ။ ထို့ကြောင့် တပည့်ဖက်တီးလေး၏ ရုတ်တရက် သူ့ကို လေးစားစွာ ဆက်ဆံနေခြင်းကို မြင်ပြီး ဝမ်လင်း အံ့အားသင့်ရသည်။
စွန်းတဇူး၏ဥယျာဉ်သို့ ပြန်ရောက်ပြီးနောက် ဝမ်လင်းက ဓားကို ထုတ်ပြလိုက်၏။ ထိုအခါ စွန်းတဇူးက အံ့ဩသွားပြီး သူ့ဘာသာ မပွင့်တပွင့် ပြောလိုက်ပြီး ဝမ်လင်းကို ကြည့်ကာ ပြောလိုက်သည်… “ငါ ဒီဓားကို တွေ့တဲ့အချိန်က ဒီဓားကို ရွေးဖို့ သတ္တိမရှိခဲ့ဘူး… ဒါပေမဲ့ မင်းကတော့ သတ္တိရှိတဲ့ပုံပဲ… ကောင်းတယ်… ပြိုင်ပွဲကို ဒီဓား ယူသွားပြီး အကြီးအကဲတွေကို ကြွားဝါလို့ရပြီ… “
သုံးရက်ကြာပြီးနောက် ဟုန်ယွီဂိုဏ်းတွင် ခေါင်းလောင်းသံ ကိုးကြိမ်တိတိ မြည်သွား၏။ ခေါင်းလောင်းသံများက အချိန်တော်တော်ကြာသည့်တိုင်အောင် ပဲ့တင်ထပ်နေလေသည်။ ဂိုဏ်းခေါင်းဆောင်၊အကြီးအကဲများနှင့် တပည့်အများအပြား အဓိကခန်းမအပြင်ဘက်တွင် မတ်တပ်ရပ်နေသည်။
ကောင်းကင်ထက်တွင် အနက်ရောင်အစက်လေးတစ်စက်ကို သူတို့အားလုံး မြင်တွေ့လိုက်ကြရ၏။ အနက်ရောင်အစက်လေးက ခြေတစ်ထောင်ကင်းခြေများကြီးဖြစ်သည်ကို မြင်တွေ့ရသည်အထိ သူတို့နှင့် နီးကပ်သည်ထက် နီးကပ်လာသည်။ ကင်းခြေများ၏တစ်ကိုယ်လုံးက နက်မှောင်နေသည်။ ကင်းခြေများက ကောင်းကင်ပေါ်မှ နေပြီး သူတို့ဆီသို့ မိုးခြိမ်းသံကဲ့သို့ အသံကြီးနှင့် ဟိန်းဟောက်နေသည်။
ထိုမြင်ကွင်းကို မြင်ပြီး ဟုန်ယွီဂိုဏ်းမှ တပည့်အားလုံးက သက်ပြင်းချလိုက်၏။ သူတို့၏မျက်ဝန်းထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နေသည်။ တချို့မိန်းကလေးတပည့်များမှာ မျက်နှာများ ဖြူရော်လာပြီး ခြေထောက်များလည်း အားပျော့လာကြ၏။
“ဒီကောင်ကြီးက ဘယ်လောက်တောင် ကြီးတာလဲ… ခြေတစ်ထောင်ကင်းခြေများကြီးက ကြောက်ဖို့ကောင်းပေမယ့်လည်း ဒီမှာရှိတဲ့ လူအားလုံးက ဓားတစ်ချောင်းနဲ့ ပစ်ပေါက်ရင် ကင်းခြေများကြီး သေသွားလိမ့်မယ်… “ ဂိုဏ်းခေါင်းဆောင်၏ဘေးနားတွင်ရှိသော မျက်နှာနီနှင့်လူကြီးက အော်ပြောလိုက်သည်။ သူ့စကားကို ကင်းခြေများပေါ်မှ လူများ ကြားစေရန် အော်ပြောလိုက်ခြင်း ဖြစ်ဟန်တူသည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၄၀) ဧည့်သည်
တခြားအကြီးအကဲတစ်ယောက်ကလည်း ကင်းခြေများကို ကြည့်ပြီး လေသံတိုးတိုးနှင့် ပြောလိုက်သည်… “ဟမ့်… ငါတို့ဟုန်ယွီဂိုဏ်းမှာ စိတ်ဝိညာဉ်သားရဲ မရှိပါဘူးဆိုပြီး ရွှမ်တောက်ဂိုဏ်းက အမြဲတမ်း ဒီလိုပဲ အနိုင်ကျင်ဖို့ ကြိုးစားတတ်တယ်… အခွင့်အရေးသာ ရလို့ကတော့ အဲ့စိတ်ဝိညာဉ်သားရဲကို သတ်ပစ်ရမယ်… ပြီးရင်တော့ သူတို့ ဘယ်လောက်ကြွားဝါနိုင်ဦးမလဲ ကြည့်ချင်သေးတယ်… “
ဂိုဏ်းခေါင်းဆောင်ကတော့ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ သူ့ရှေ့တွင် ခရမ်းရောင်ဓားတစ်ချောင်း ပေါ်လာပြီး ကောင်းကင်ပေါ်သို့ ဓားက ထိုးတက်သွား၏။ ဓားက ကောင်းကင်ပေါ်တွင် ကြီးမားသောခရမ်းရောင်နဂါးကြီး ဖြစ်သွားကာ ဟုန်ယွီဂိုဏ်း၏အပေါ်တွင် ခွေနေပြီး ကင်းခြေများကို ဟိန်းဟောက်လိုက်သည်။
ခြေတစ်ထောင်ကင်းခြေများက ရုတ်တရက် ရပ်တန့်သွားကာ ဆက်ပြီး မလှုပ်ရှားရဲတော့ချေ။ ထိုအချိန်တွင် ရုတ်တရက် ကင်းခြေများ၏ထိပ်မှ ကျယ်လောင်သော ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာသည်။
“ဟွမ်လုံ… ကောလာဟလအရ ဒီခရမ်းရောင်နဂါးကြီးမှာ နဂါးဝိညာဉ်ပါတယ်ဆိုပဲ… ကြည့်ရတာတော့ ကောလာဟလက အမှန်ဖြစ်နေပုံပဲ… သူငယ်ချင်း … ငါ အခု ဒီမှာ ရောက်နေပြီ… ငါတို့ဒီတစ်ကြိမ်နိုင်ရင် ဟုန်ယွီဂိုဏ်းက မင်းတို့ရဲ့ကတိ မင်းတို့တည်ပါ… ငါတို့ဆီက ခိုးသွားတဲ့ ရတနာ၁၃၇မျိုးကို ပြန်ပေးရမယ်… ငါတို့ရှုံးရင်လည်း ဓားပျံအချောင်း၂၀၀ကို လျော်ကြေးအဖြစ် ပြန်ပေးမယ်… “
ဂိုဏ်းခေါင်းဆောင်၏အမူအရာက ပြောင်းလဲခြင်း မရှိသကဲ့သို့ ဒေါသထွက်သည့် အမူအရာလည်း မရှိချေ။ သူက ကွဲပြားသည့်စကားကို ပြောလိုက်သည်… “သူငယ်ချင်းအိုးယန်… ဒီတစ်ကြိမ်မှာ ရွှမ်တောက်ဂိုဏ်းက ထပ်နိုင်ရင် ဟုန်ယွီဂိုဏ်းဘက်က ကတိအတိုင်း လုပ်ပေးပါ့မယ်… မင်းတို့ရှုံးရင်တော့… ပြီးတော့ စိတ်ဝိညာဉ်သားရဲကို မင်းရဲ့ကျင့်စဉ်နဲ့ ထိန်းချုပ်ထားရမယ်… “
သူ စကားပြောနေစဉ်မှာပင် ခရမ်းရောင်နဂါးကြီးက တဖြည်းဖြည်း ပျောက်ကွယ်လာပြီး ခရမ်းရောင်ဓားအဖြစ် ပြန်ပြောင်းသွားကာ ဂိုဏ်းခေါင်းဆောင် ဟွမ်လုံလက်ထဲသို့ ပြန်ရောက်သွား၏။
ခြေတစ်ထောင်ကင်းခြေများက ပြန်ပြီးလှုပ်ရှားလာကာ ဟုန်ယွီဂိုဏ်းအပေါ်တွင် လှည့်ပတ်ပျံနေပြီးမှ အောက်သို့ တဖြည်းဖြည်း ဆင်းသက်လာသည်။ ပင်မတပည့်အားလုံး နောက်သို့ ဆုတ်ခွာလိုက်ရ၏။
တပည့်များ တွန့်ဆုတ်သွားသည်ကို မြင်တော့ အကြီးအကဲအားလုံး သဘောမကျဖြစ်ကာ မျက်မှောင်ကျုံ့သွား၏။
ကင်းခြေများကြီး မြေပေါ်သို့ ဆင်းသက်လာပြီးနောက် လူပေါင်း ဒါဇင်အနည်းငယ်ခန့် ကင်းခြေများ၏ ကျောပေါ်မှ ခုန်ချလာသည်။ အကြီးအကဲ၃ယောက်မှလွဲ၍ အားလုံးက လူငယ်များ ဖြစ်၏။
ရွှမ်တောက်ဂိုဏ်းတွင် အမျိုးသားတပည့်နှင့်အမျိုးသမီးတပည့် နှစ်မျိုးလုံး ပါလာသည်။ ဟုန်ယွီဂိုဏ်းတွင် ခရမ်းရောင်ဝတ်တပည့် အများအပြားမရှိသည်ကို သိထားကြသောကြောင့် သူတို့က ဟုန်ယွီဂိုဏ်းကို ဟာသလုပ်ရန် ရွှမ်တောက်ဂိုဏ်းမှ တပည့်အားလုံးက ခရမ်းရောင်ဝတ်စုံများကို ဝတ်ဆင်လာကြ၏။ ရွှမ်တောက်ဂိုဏ်း မှ အံ့ဩစရာ နောက်တစ်ခုက သူတို့ဂိုဏ်းမှ တပည့်အားလုံး အလွန်ကြည်ကောင်းကြခြင်း ဖြစ်သည်။ ယောက်ျားလေးများက အလွန်ခန့်ညားပြီး မိန်းကလေးများကလည်း အလွန်လှပကြ၏။
အထူးသဖြင့် ရှေ့တွင်ရှိနေသည့် အမျိုးသားတပည့်နှင့်အမျိုးသမီးတပည့်တို့ ဖြစ်ကြသည်။ အမျိုးသားက အလွန်တရာ ခန့်ညားပြီး ယောက်ျားပီသ၏။ သူ့အင်္ကျီလက်နှင့်ဆံပင်များက လေထဲတွင် တဖျပ်ဖျပ် လွှင့်ပျံနေပြီး သူ့ကျောမှ ဓားပျံက သူ့ကို ပိုပြီး ကြည့်ကောင်းစေသည်။ သူ၏အသွင်အပြင်က ပင်မတပည့်အမျိုးသမီး အနည်းငယ်ကို ညှို့ယူဖမ်းစားထားနိုင်၏။
အမျိုးသမီးတပည့်က ရေတံခွန်ကဲ့သို့သော ဆံပင်ရှည်များရှိပြီး တစ်ကိုယ်လုံးကို ခရမ်းရောင်အပြည့် ဝတ်ဆင်ထားသည်။ သူမ၏ တောက်ပသောအနီရောင်နှုတ်ခမ်းလေးများနှင့် လှပသောမျက်လုံးလေးများက လူတိုင်း၏ရင်ကို လှုပ်ခတ်သွားစေနိုင်သည်။ ဝမ်လင်းတောင်မှ သူမကို မြင်ပြီး သူ့နှလုံးခုန်သံကိုပင် မထိန်းချုပ်နိုင်တော့ပေ။ ဝမ်လင်းက သူမကို ဂရုတစိုက်ကြည့်ရင်း ပိုပြီး အံ့ဩလာပြီး လျင်မြန်စွာပင် စိတ်ထဲမှ သူမကို ပိုပြီး သတိထားရမည်ဟု ဆုံးဖြတ်လိုက်၏။
တပည့်များအားလုံး၏မျက်နှာပေါ်မှ မလွတ်တမ်းအကြည့်များကို မြင်ပြီး နောက်ဆုံးတွင် အကြီးအကဲတစ်ယောက်က သည်ထက်ပိုပြီး ငြိမ်မနေနိုင်တော့ဘဲ အော်ပြောလိုက်သည်… “ရွှမ်တောက်ဂိုဏ်းက ဘယ်အချိန်ကစပြီး ညှို့ဓာတ်ကျင့်စဉ်တွေကို စကျင့်တာပါလိမ့်… ဒါက အလွန်ကို စက်ဆုပ်ဖို့ကောင်းတယ်… “
အော်ပြောလိုက်သံက ပင်မတပည့်အများအပြားကို နိုးထသွားစေသည်။ သူတို့အားလုံးတွင် အံ့အားသင့်သော အမူအရာများ ရှိနေ၏။
ရွှမ်တောက်ဂိုဏ်း၏ အကြီးအကဲ၃ဦးထဲမှ တစ်ဦးက ရယ်မောကာ ပြောလိုက်သည်… “အကြီးအကဲတောက်ရှု ဖြစ်မယ်ထင်တယ်… ငါ့နာမည်က ချင်ကူးလိုင်ပါ… ငါ့ရဲ့တပည့်နှစ်ယောက်က ဘာညှို့ဓာတ်ကျင့်စဉ်ကိုမှ မကျင့်ဘူး… သူတို့က ရေစိတ်ဝိညာဉ်အရင်းအမြစ်နဲ့အတူ မွေးဖွားလာတာ… မင်းတို့ဟုန်ယွီဂိုဏ်းက တပည့်တွေထဲမှာတောင် သန့်စင်တဲ့ စိတ်ဝိညာဉ်အရင်းအမြစ်ရှိတဲ့သူ တစ်ယောက်မှ မရှိဘူးဆိုတာ ငါ မြင်နိုင်တယ်… အားလုံးက ဒြပ်စင်၅မျိုးအရောတွေချည်းပဲ… ဒါ့ကြောင့် မင်း ကွဲကွဲပြားပြား မသိတာ အံ့ဩစရာ မဟုတ်ပါဘူး… “
ဟုန်ယွီဂိုဏ်း၏အကြီးအကဲအားလုံး၏မျက်နှာအမူအရာများက တည်ငြိမ်မှု ပျက်ပြားလားသည်။ အချိန်အတော်ကြာပြီးနောက် ဂိုဏ်းခေါင်းဆောင်က ပုံမှန်အမူအရာနှင့် အကြောင်းအရာကို ပြောင်းလဲပြောဆိုလိုက်၏… “ရွှမ်တောက်ဂိုဏ်းက သူငယ်ချင်းတို့ ငါတို့ဂိုဏ်းမှာ အရင်အနားယူလိုက်ပါဦး… ပြိုင်ပွဲက နောက်၃ရက်မှ စတင်ပါလိမ့်မယ်… “
အကြီးအကဲအိုးယန်က ခေါင်းညိတ်ပြီး ပြုံးကာ ပြောလိုက်သည်… “အရမ်းကောင်းတယ်… ငါတို့ရွှမ်တောက်ဂိုဏ်းနဲ့မင်းတို့ဟုန်ယွီဂိုဏ်းက နှစ်ပေါင်းများစွာ ယှဉ်ပြိုင်လာခဲ့တယ်… အချို့အရာလေးတွေမှာ အဖုအထစ်လေးတွေ ရှိပေမယ့်လည်း… ငါတို့ရဲ့ဆက်ဆံရေးကိုတော့ ထိခိုက်ဖို့ မလိုဘူးလေ… “
ဟုန်ယွီဂိုဏ်း၏အကြီးအကဲများထဲမှ အဘိုးကြီးတစ်ယောက် ထွက်လာ၏။ သူ့မျက်နှာတွင် အရေးအကြောင်းများဖြင့် ပြည့်နေပြီး မည်သည့်အားမှ မရှိသည့်အဘိုးကြီးတစ်ယောက်နှင့်ပင် တူနေသည်။ သူက တခစ်ခစ် ရယ်လိုက်ပြီး အိုးယန်ကို စကားပြောလိုက်၏… “သူငယ်ချင်းကောင်းကြီးအိုးယန်… နှစ်၂၀ရှိပြီ… ငါ့ကို မှတ်မိသေးရဲ့လား… “
အကြီးအကဲအိုးယန်က ကျယ်လောင်စွာ ရယ်လိုက်ပြီး ပြောလိုက်သည်… “ငါ မင်းကို အစောကတည်းက မြင်ပါတယ်… သူငယ်ချင်းဟောင်းကြီးစုန့်တောက်ယို… ဒီတစ်ကြိမ်မှာတော့ မင်းကိုယ်တိုင်လုပ်ထားတဲ့အရက်တချို့ တိုက်ရမယ်… အရင်တစ်ခေါက်က မင်း တွန့်တိုပြီး အရက်အိုးတစ်အိုးပဲ ထုတ်တော့ ငါ သောက်ရတာ မဝဘူး… “
အကြီးအကဲစုန့်က ပြုံးလိုက်သည်… “ငါ တွန့်တိုတာ မဟုတ်ပါဘူး… မင်း သောက်တာကိုက ကြောက်ဖို့ကောင်းတာ… ငါ ဘယ်လောက်ပဲ ယူလာယူလာ လောက်မှာ မဟုတ်ဘူး… “
သူတို့စကားပြောနေစဉ်တွင် ရွှမ်တောက်ဂိုဏ်းမှ အကြီးအကဲနှစ်ယောက်ကလည်း သူတို့နှင့် ရင်းနှီးသည့်မျက်နှာများကို တွေ့ပြီး ယခင်က စိမ်းကားသည့်စကားများကို မပြောခဲ့သည့်အလား ရင်းနှီးစွာ ပြောနေကြ၏။
သူတို့က ကျောင်းနိုင်ငံတွင်းတွင် ဖြစ်ပျက်နေသည့် အင်မော်တယ်လောကအကြောင်းကို ပြောနေကြရာ ဂိုဏ်းနှစ်ခုစလုံးမှ တပည့်များအားလုံးလည်း အသိအမြင်များ ကျယ်သွားကြသည်။
သူတို့ပြောကြသည့် အကြောင်းအရာများမှာ ဝူဖုန်းဂိုဏ်းမှ ယောက်ျားလေးတပည့်တစ်ယောက်က မြူခိုးဂိုဏ်းခေါင်းဆောင်ရဲ့ တပည့်မကို သွေးဆောင်ဖြားယောင်ပြီး ကိုယ်ဝန်ရအောင် လုပ်သွားကြောင်း၊ မြူခိုးဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်က တရားမျှတမှုအတွက် ဝူဖုန်းဂိုဏ်းကို သွားခဲ့သော်လည်း ကလေးတစ်ယောက်နှင့် ပြန်လာခဲ့ရကြောင်း။
ကောင်းကင်ဂိုဏ်းအကြောင်းကိုလည်း ပြောကြသည်။ ကောင်းကင်ဂိုဏ်းမှ တပည့်တချို့က အကျိုးအမြတ်အတွက် ကောင်းကင်ဂိုဏ်းကို စွန့်ခွာပြီး ဟဲဟွမ်ဂိုဏ်းကို ပူးပေါင်းသွားကြောင်း။ ဂိုဏ်းကို စွန့်ပစ်သွားသည့်သူ ပိုပိုပြီး များလာသောအခါ ကောင်းကင်ဂိုဏ်းခေါင်းဆောင်က မခံနိုင်တော့သည့်အဆုံး ဂိုဏ်းကို စွန့်ခွာမည့်သူအားလုံးကို သတ်စေအမိန့် ထုတ်ခဲ့ကြောင်း။
သို့မဟုတ် ပါရမီရှင်တွေအကြောင်းနှင့် မြူခိုးဂိုဏ်းမှ အဓိကထောက်တိုင်ဖြစ်သည့် အမြူတေဖွဲ့တည်ခြင်းအဆင့်ကျင့်ကြံသူ၏ မွေးနေ့ပွဲက နောက်လအနည်းငယ်တွင် ကျင်းပမည့်အကြောင်း။ ထို့ကြောင့် ခင်မင်ရင်နှီးသည့်ဂိုဏ်းများအားလုံးက သူတို့လူများပို့လွှတ်ကာ အခမ်းအနားကို တက်ရောက်ကြလိမ့်မည်ဖြစ်ကြောင်း ပြောနေကြသည်။
ဝမ်လင်းက အချိန်အတော်ကြာအောင် နားထောင်ပြီးနောက် ကျောင်းနိုင်ငံအတွင်းရှိ အင်မော်တယ်လောက၏ အကြောင်းအရာများကို အနည်းငယ်တော့ နားလည်သွားလေသည်။ ထို့အချိန်တွင် သူ့ကို တစ်ယောက်ယောက်က ကြည့်နေသည့် ခံစားချက်ကို ရလိုက်သည်။ သူ့ခေါင်းကို လှည့်ကြည့်လိုက်ရာ ရွှမ်တောက်ဂိုဏ်းမှ အမျိုးသမီးတပည့်က သူ့အား ပြုံးယောင်သန်းနေသည့်အကြည့်နှင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။
ဝမ်လင်းက သူ့ခေါင်းကို ညိတ်လိုက်ပြီး လျှို့ဝှက်စွာ သူ့ကိုယ်သူ ကာကွယ်ရန် အသင့်အနေအထား ပြင်ထားလိုက်သည်။ တပည့်များအားလုံးကြားထဲတွင် သူက တစ်စုံတစ်ယောက်၏စိတ်ကို ဆွဲဆောင်နိုင်လိမ့်မည်ဟု မယုံနိုင်ပေ။
လျိုမိန်သည် ရွှမ်တောက်ဂိုဏ်း၌ အတွင်းစည်းတပည့်ခေါင်းဆောင် ဖြစ်၏။ (အတွင်းစည်းတပည့် = ပင်မတပည့် ၊ အပြင်စည်းတပည့် = ပြင်ပတပည့်) သူမ၏ဆွဲဆောင်နိုင်မှုအပေါ် အလွန်တရာ ယုံကြည်မှု ရှိသည်။ ရွှမ်တောက်ဂိုဏ်းထဲတွင် သူမနှင့်ရွယ်တူများထဲတွင် တစ်ယောက်မှ သူမ၏ညှို့ဓာတ်က ခံနိုင်သည့်လူ မရှိပေ။ သို့သော်လည်း ပထမဆုံးတွေ့ဖူးသည့် သာမန်ရုပ်ရည်နှင့် တပည့်လေးက ခံနိုင်ရည်ရှိနေသည်။ ဤအရာက သူမကို အံ့အားသင့်စေသည်။ ဝမ်လင်းကို သူမ မည်မျှပင် ကြည့်စေကာမူ တတိယအလွှာ၌သာရှိသေးပြီး သာမန်တပည့်တစ်ယောက်နှင့် ကွာခြားမှု မရှိချေ။
အကြီးအကဲများ တစ်ယောက်နှင့်တစ်ယောက် စကားပြောနေကြချိန်တွင် ဂိုဏ်းနှစ်ဂိုဏ်းစလုံးမှ တပည့်များလည်း ပြိုင်ပွဲအတွက် ပြင်ဆင်ရန်အကြောင်းများ တစ်ယောက်နှင့်တစ်ယောက် ပြောဆိုနေကြ၏။ ရွှမ်တောက်ဂိုဏ်းမှ တပည့်အားလုံးတွင် သူတို့၏ကျင့်စဉ်အဆင့်များကို ဖုံးကွယ်ပေးသော ထူးဆန်းသည့် မြူခိုးများ ရှိနေသည်။
ဝမ်လင်းလည်း အံ့အားသင့်ပြီး ရွှမ်တောက်ဂိုဏ်းကို စိတ်ဝင်စားလာ၏။ ထိုကျင့်စဉ်က ဖုံးကွယ်ဆေးနှင့် တူသည်။ သို့သော်လည်း မြင့်မားသောအဆင့်တွင်မူ… ။
ဟုန်ယွီဂိုဏ်း၏တပည့်များက ထိုယောက်ျားလေးနှင့်မိန်းကလေးအပေါ်တွင် သူတို့၏စိတ်ဝင်စားမှုကို သတိပြုမိစေရန် သူတို့တွင် ရှိသမျှ အကြံအစည်များ အကုန်ထုတ်သုံးနေကြ၏။ ရွှမ်တောက်ဂိုဏ်းမှ တပည့်အားလုံး၏မျက်ဝန်းထဲတွင် နောက်ဘက်မှ လူကြီးကို အလွန်လေးစားသည့် အရိပ်အယောင်များ ပေါ်နေသည်ကို ဝမ်လင်းက သတိပြုမိလိုက်သည်။
ဝမ်လင်းက ထိုလူကြီးကို တွေးတွေးဆဆဖြင့် ကြည့်လိုက်၏။ ထို့နောက် သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ကာ ခေါင်းကို ငုံ့လိုက်ပြီး တိတ်ဆိတ်စွာ နေလိုက်တော့သည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၄၁) ကင်းခြေများ
ရွှမ်တောက်ဂိုဏ်းမှ တပည့်များက ဟုန်ယွီဂိုဏ်း၏တပည့်များကို လျှို့ဝှက်စွာ လေ့လာနေကြသည်။ အထူးသဖြင့် အလွှာ၆နှင့်၆အထက် တပည့်များကို ဖြစ်၏။ ဝမ်ကျောက်၏ရုပ်ရည်နှင့် သူ၏အလွှာ၅အထွတ်အထိပ်အဆင့်ကြောင့် ရွှမ်တောက်ဂိုဏ်းမှ တပည့်များက သူ့ကို စိတ်ထဲမှ မှတ်ထားကြ၏။
ဝမ်လင်းက တတိယအလွှာသာ ရောက်သေးတာကြောင့် သူ့ကို အကုန်လုံးက လျစ်လျူရှုထားကြ၏။
သို့သော် လျိုမိန်ကတော့ သူ့အပေါ် အနည်းငယ် စိတ်ဝင်စားနေသည်။
ဂိုဏ်းနှစ်ခုစလုံးမှ အကြီးအကဲများက တစ်ယောက်နှင့်တစ်ယောက် စကားပြောနေကြသော်လည်း သူတို့က နှစ်ဖက်စလုံးမှ တပည့်များကို တိတ်တဆိတ် အကဲခတ်နေကြ၏။ ရွှမ်တောက်ဂိုဏ်းမှ အကြီးအကဲ၃ယောက်က ဟုန်ယွီဂိုဏ်းမှ တပည့်များကို မြင်ပြီး ပို၍ ပို၍ ပျော်ရွှင်လာကြသည်။ သူတို့ကသာ ဟုန်ယွီဂိုဏ်းမှ တပည့်အားလုံးဖြစ်ပါက ပြိုင်ပွဲတွင် ကျိန်းသေနိုင်လိမ့်ပေလိမ့်မည်။
သို့သော်လည်း သူတို့က ဟုန်ယွီဂိုဏ်းနှင့် ပြိုင်ပွဲများ ပြုလုပ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သည်။ နှစ်ဖက်စလုံးက ဉာဏ်နီဉာဏ်နက် အလွန်များသည်ကို သူတို့သိ၏။ နောက်ဆုံးအခြေအနေ မရောက်မခြင်း သူတို့က လူသတ်လက်နက်ကို သိမ်းထားလိမ့်မည် ဖြစ်သည်။ ဟုန်ယွီဂိုဏ်း၏တပည့်များထဲတွင် အလွှာ၆မှ တပည့်များ ပါသော်လည်း အားလုံးက မျက်နှာသစ်များ ဖြစ်၏။ ယခင်တစ်ခေါက်ပြိုင်ပွဲတွင် ပါဝင်ခဲ့သော တပည့်များ တစ်ယောက်မှ မပါချေ။
ထိုလူများသည် ယှဉ်ပြိုင်ပွဲအတွင်းတွင် အာရုံစိုက်ရန် လိုအပ်သောလူများ ဖြစ်သည်။
ဂိုဏ်းခေါင်းဆောင်ဟွမ်လုံကလည်း ရွှမ်တောက်ဂိုဏ်းသားများကို စစ်ဆေးကြည့်လိုက်ရာ သူ့အကြည့်များက ရေစိတ်ဝိညာဉ်အရင်းအမြစ်နှင့်တပည့်နှစ်ယောက်ထံတွင် ရပ်တန့်သွား၏။ လွန်ခဲ့သော နှစ်၅၀၀အတွင်းတွင် ဟုန်ယွီဂိုဏ်းက စိတ်ဝိညာဉ်အရင်းအမြစ်ဆက်ခံသူတစ်ယောက်မှ မပိုင်ဆိုင်ခဲ့သည့်အတွက် တဖြည်းဖြည်း ကျဆင်းလာရသည်။ လွန်ခဲ့သည့်နှစ်၅၀၀က လူမသိ၊သူမသိ ဂိုဏ်းတစ်ခုဖြစ်သည့် ရွှမ်တောက်ဂိုဏ်းတောင်မှ ယခုအချိန်တွင် ဟုန်ယွီဂိုဏ်းထက် သာနေပြီ ဖြစ်၏။ သည်တစ်ကြိမ်တွင် သူတို့ဘက်မှ နိုင်မည်ဟု တွေးထားသော်လည်း စိတ်ဝိညာဉ်အရင်းအမြစ်တပည့်နှစ်ယောက်ပေါ်လာခြင်းက သူ့ကို စိုးရိမ်စိတ်ဝင်လာစေသည်။
“ကျွန်တော်တို့ဘက်က ခရမ်းရောင်ဝတ်တပည့်တွေ ထွက်လာဖို့ တစ်ကယ်မလိုအပ်ဘူးလား… သူတို့က အခုချိန် လေ့ကျင့်နေကြတယ်… “
ရုတ်တရက် ဟွမ်လုံ၏အကြည့်က တစ်ချိန်လုံး သူ့နောက်မှ လိုက်နေသည့်တပည့်အပေါ်တွင် ကျရောက်သွားပြီး နောက်ဆုံးတွင် သူက ဆုံးဖြတ်ချက် ချလိုက်၏။
“ကောင်းပြီ… သူတို့က ဒီလိုတပည့်တွေ လွှတ်လိုက်မှတော့ ငါတို့ကလည်း လက်ရင်းတပည့်တွေကို ထုတ်ပြရတော့မယ့် အချိန်ပဲ… “
ထိုအကြောင်းကို တွေးပြီး ရယ်မောကာ ပြောလိုက်သည်… “သူငယ်ချင်းအိုးရန်… တပည့်တွေက ခရီးပန်းလာကြမှာပေါ့… အရင်ဆုံး သူတို့ကို အနားယူခိုင်းလိုက်ရအောင်… ငါတို့အဘိုးကြီးတွေအတွက် အချိန်ကောင်းလေးတော့ ရှိသင့်တယ်… အဓိကခန်းမထဲကို လိုက်ခဲ့ကြပါ… “ သူက လက်ကို ဝေ့ရမ်းပြီး သူတို့အား ဖိတ်ခေါ်လိုက်ကာ ခန်းမထဲသို့ အပြုံးပန်းလေး ဆင်မြန်းပြီး ဝင်သွား၏။
ရွှမ်တောက်ဂိုဏ်းမှ အကြီးအကဲ၃ယောက်လည်း ခေါင်းညိတ်ပြီး သူ့နောက်မှ ခန်းမထဲသို့ လိုက်ဝင်သွား၏။
ဟုန်ယွီဂိုဏ်းမှ အကြီးအကဲများက သူတို့နောက်မှ လိုက်ဝင်သွားကြသည်။ အကြီးအကဲရှုက နောက်ဆုံးမှ ဖြစ်၏။ သူက တပည့်များဘက်ကို လှည့်လိုက်ပြီး ပြောလိုက်သည်… “ဝမ်ကျောက်… မင်းက ရွှမ်တောက်ဂိုဏ်းက တပည့်တွေကို ဂရုစိုက်ဖို့အတွက် တာဝန်ယူလိုက်… တစ်ခုခုဖြစ်လို့ကတော့ ခွင့်လွှတ်မှာ မဟုတ်ဘူး… “
ဝမ်ကျောက်က ထိုအရာအတွက် ပြင်ဆင်ထားပုံ ရ၏။ သူက လေးစားစွာ ပြောလိုက်သည်… “ဆရာ… မစိုးရိမ်ပါနဲ့… ရွှမ်တောက်ဂိုဏ်းရဲ့တပည့်တွေကို ကောင်းကောင်းမွန်မွန် ဂရုစိုက်ပေးလိုက်ပါ့မယ်… “
အကြီးအကဲရှုက ရွှမ်တောက်ဂိုဏ်း၏တပည့်များကို ပြုံးပြကာ ပြောလိုက်သည်… “ရွှမ်တောက်ဂိုဏ်းက တပည့်လေးတွေ… မင်းတို့ တစ်ခုခု လိုတာရှိရင် ဝမ်ကျောက်ကို ပြောလိုက်ပါ… ဒီအဘိုးကြီးက အိုနေပြီမို့… မင်းတို့ကို အနှောင့်အယှက် မပေးတော့ဘူး… မင်းတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဒီထက်ပိုပြီး ခင်မင်ရင်နှီးအောင် လုပ်သင့်တယ်… ကျင့်ကြံခြင်းလောကရဲ့ အနာဂါတ်က မင်းတို့ရဲ့ လက်ထဲမှာပဲ… “
သူက ပြောပြီးသည်နှင့် ခန်းမထဲသို့ ပြုံးယောင်သမ်းနေသော မျက်နှာဖြင့် ဝင်သွား၏။
အကြီးအကဲရှု ဝင်သွားသည့်နှင့် တစ်ပြိုင်နက် တပည့်များလည်း စိတ်လက်ပေါ့ပါးသွားကြသည်။ ဟုန်ယွီဂိုဏ်းမှ အမျိုးသမီးတပည့်တချို့က ရေစိတ်ဝိညာဉ်အရင်းအမြစ်နှင့် ယောက်ျားလေးဆီသို့ သွားပြီး စကားအနည်းငယ် ပြောကြသည်။ သူတို့၏မျက်လုံးထဲတွင် သဘောကျနှစ်ခြိုက်မှုများဖြင့် ပြည့်နေ၏။
ဟုန်ယွီဂိုဏ်းမှ အလွှာ၆သို့ရောက်နေသော တပည်များဘေးတွင် ရွှမ်တောက်ဂိုဏ်းမှ တပည့်တချို့ပေါ်လာပြီး သူတို့၏အတွေ့အကြုံများအကြောင်းကို အချင်းချင်း ဝေမျှနေကြ၏။
တခြားသောတပည့်များကလည်း တစ်ယောက်နှင့်တစ်ယောက် စကားပြောဆိုနေကြသည်။ ငြိမ်သက်နေသော ကင်းခြေများကြီးကို ကြည့်ပြီး အံ့ဩနေသောတပည့်များလည်း အများကြီး ရှိသေး၏။
ဝမ်လင်းကို ထိုမြင်ကွင်းကို ကြည့်ပြီး သူတို့နှင့် ပူးပေါင်းရန် ဆန္ဒမရှိဘဲ ဘေးဘက်သို့ သွားကာ လှေကားထစ်တစ်ချို့ပေါ်တွင် ထိုင်ချလိုက်သည်။ သူက အပြာရောင်ကောင်းကင်ကြီးနှင့် နေရောင်ခြည်ဖြင့် ရေချိုးနေသော တိမ်တိုက်ဖြူကြီးများကို ကြည့်ပြီး သက်တောင့်သက်တောင့် ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
လူစုလူဝေးကို မကြိုက်နှစ်သက်သည့် တပည့်များလည်း ရှိသေး၏။ ဥပမာ- မိန်းကလေးကျိုး… ။ သူမက ဝမ်လင်းကို မြင်ပြီး သူ့ဆီသို့ လမ်းလျှောက်သွားလိုက်သည်။
“ဂိုဏ်းတူမောင်လေးဝမ်… ကီစုစည်းခြင်း တတိယအလွှာကို ရောက်သွားတာ ဂုဏ်ပြုပါတယ်… ပင်မတပည့်တွေထဲမှာ မောင်လေးလို ပြင်းပြင်းထန်ထန် ကြိုးစားတဲ့လူ အများကြီး မရှိဘူး… “ မိန်းကလေးကျိုးက အပြုံးလေးတစ်ခုနှင့် ပြောလိုက်၏။ သူမက ညစ်ပေမှာတွေ၊မပေမှာတွေ စိုးရိမ်ခြင်း မရှိဘဲ လှေကားထစ်ပေါ်တွင် ထိုင်ချလိုက်သည်။
ဝမ်လင်းက တခစ်ခစ် ရယ်လိုက်သည်။ သူက ခေါင်းကိ ခါရမ်းလိုက်ပြီး ပြောသည်… “ဂိုဏ်းတူအစ်မ ပြောသလောက်လည်း မဟုတ်ပါဘူး… ကျင့်ကြံသူအများစုက ဒီလိုပဲ ဒုက္ခခံပြီး လေ့ကျင့်ကြပါတယ်… “
မိန်းကလေးကျိုးက တိမ်များကို ကြည့်လိုက်သည်။ သူမက သက်ပြင်းချကာ ပြောလိုက်၏… “ဂိုဏ်းတူမောင်လေးဝမ်… လေးနှစ်တာလေ့ကျင့်ချိန်အတွင်းမှာ ပင်မတပည့်အားလုံးနီးပါး မကြာခဏ အပြင်ထွက်လာကြတယ်… ဒါပေမဲ့ မင်း အပြင်ထွက်တာ တော်တော်ရှားတယ်… ကျင့်ကြံခြင်းက အလွန်ပဲ ပျင်းဖို့ကောင်းတယ်… မင်းကတော့ တစ်ကယ်ပဲ အပတ်တကုတ် ကြိုးစားနိုင်တယ်… ဂိုဏ်းတူမောင်လေးဝမ်… ရိုးသားစမ်းပါ… ငါ မင်းကို တစ်ကယ် အားကျတယ်… မင်းက ၄နှစ်အတွင်းမှာ အများကြီး ကြိုးစားပြီး တတိယအလွှာထိ ရောက်နိုင်ခဲ့တယ်… “
ဝမ်လင်းက သူ့နှာခေါင်းကို ပွတ်ပြီး ပြုံးလိုက်သည်… “ဂိုဏ်းတူအစ်မကျိုး… အစ်မလည်း တတိယအလွှာကို ရောက်နေပြီးသားမလား… “
မိန်းကလေးကျိုးက သက်ပြင်းချပြီး ညှိုးငယ်စွာ ပြောလိုက်သည်… “ငါ လွန်ခဲ့တဲ့ ၃နှစ်ကတည်းက တတိယအလွှာကို ရောက်နေတာ… အခုဆို ငါ့ထက် အားနည်းတဲ့ တပည့်တွေတောင် ငါ့ကို ကျော်သွားကြပြီ… ဖြစ်နိုင်တာက ငါ နှောင်ကြိုးတွေကို မဖြတ်နိုင်သေးလို့များလား… “
ဝမ်လင်းက ခဏလောက် စဉ်းစားပြီး ပြောလိုက်၏… “လမ်းက သနားကြင်နာမှု ကင်းတယ်… ဂိုဏ်းတူအစ်မကျိုး တိုးတက်ချင်ရင် အဲ့စကားလုံးကို နားလည်ရမယ်… “
မိန်းကလေးကျိုးက သူမ၏လှပသော မျက်လုံးလေးများဖြင့် ကြည့်လိုက်၏။ သူမ၏လှပသောသွားများကို ဖော်ပြပြီး ပြောလိုက်သည်… “ဂိုဏ်းတူမောင်လေးဝမ်က တတိယအလွှာအထွတ်အထိပ်ကို ရောက်ပြီးလို့ ဘယ်အချိန်မဆို အလွာ၄ကို ချိုးဖြတ်လို့ ရနေတာကို အစ်မ မြင်နေရတယ်… အစ်မ ထင်တယ်… မောင်လေးလည်း သိပ်မကြာခင် အစ်မကို ကျော်သွားလိမ့်မယ်… “
ဝမ်လင်းက အသက်ရှူမှားလောက်သော အလှပိုင်ရှင်မလေးကို ငေးကြည့်နေပြီး မဲ့ပြုံးလေးနှင့် ပြောလိုက်၏… “ကျွန်တော်လည်း ကြိုက်တဲ့အချိန် ချိုးဖြတ်ဖို့ မဖြစ်နိုင်သေးဘူး… နှောင်ကြိုးဆိုတာ အလွယ်တကူ ဖြတ်လို့ရတဲ့အရာမှ မဟုတ်တာ… “
ဝမ်လင်း၏စကားကို ကြားပြီး မိန်းကလေးကျိုး မှင်သက်သွား၏။ သူမက တုန့်ဆိုင်းနေပြီးမှ မေးလိုက်သည်… “ဂိုဏ်းတူမောင်လေးဝမ်… အစ်မရဲ့မေးခွန်းက နည်းနည်းတော့ မလေးစားရာ ကျတယ်… ဒါပေမယ့် မောင်လေး မဖြတ်နိုင်တဲ့ နှောင်ကြိုးက ဘာတွေလဲ… “
ဝမ်လင်းက ခေါင်းကို ခါရမ်းပြီး မဖြေခဲ့ပေ။ သူ၏အတွေးထဲတွင် သူ့မိဘများ၏ အကြောင်းများဖြင့် ပြည့်နေလေသည်။
ဝမ်လင်းက ဖြေရန် ဝန်လေးနေသည်ကို မိန်းကလေးကျိုး မြင်လိုက်ရ၏။ သူမက သက်ပြင်းချကာ ပြောလိုက်သည်… “ငါက ငါ့မိသားစုနဲ့ နှောင်ကြိုးကို မဖြတ်ပစ်နိုင်ဘူး… ကျင့်ကြံခြင်းက သနားညှာတာမှု ကင်းမဲ့တယ်… ကျင်ကြံခြင်းက ငါနဲ့ မသင့်တော်ဘူး ထင်တယ်… “
ဝမ်လင်းက စကားပြောရန် ပြင်လိုက်သော်လည်း သူ့ခေါင်းကို ရုတ်တရက် လှည့်လိုက်ရာ သူနှင့်မိန်းကလေးကျိုးကို ယုတ်မာသောအကြည့်နှင့် ကြည့်နေသော ဝမ်ကျောက်ကို တွေ့လိုက်ရ၏။
ထိုအချိန်တွင် ဝမ်ကျောက်၏အသံကို သူတို့ ကြားလိုက်ရသည်… “ရွှမ်တောက်ဂိုဏ်းမှ အစ်ကိုတို့၊အစ်မတို့က ဒီကင်းခြေများက အသက်ရှင်နေတဲ့တိရစ္ဆာန်တွေကို စားရတာ ကြိုက်တယ်လို့ ပြောကြတယ်… အစ်ကိုတို့၊အစ်မတို့ ဒီမှာနေတဲ့ အတောအတွင်း ဒီကောင်ကြီးကို ဟုန်ယွီဂိုဏ်းကို ထိန်းသိမ်းစောင့်ရှောက်ခွင့် ပြုပါ… ငါ့မှာ ဂိုဏ်းတူညီတစ်ယောက် ရှိတယ်… ကျင့်စဉ်ကျင့်တာက သူ့အတွက် အချိန်တွေ အလကားဖြစ်တယ်… ဒါ့ကြောင့် သူ့ကို တိရစ္ဆာန်အရှင်တွေ ဖမ်းပြီး ဒီကင်းခြေများကြီးကို ကျွေးခိုင်းတဲ့အလုပ်က သူ့အတွက် ပိုသင့်တော်တယ်… “
ရေအရင်းအမြစ် စိတ်ဝိညာဉ်ရှိသည့် အမျိုးသားတပည့်က တုန့်ဆိုင်းနေပြီးမှ ပြောလိုက်သည်… “ညီငယ်ဝမ်ကျောက်… ဒါက မသင့်တော်ပါဘူး… ဒီကင်းခြေများကြီးရဲ့ သဘာဝကိုက ရိုင်းစိုင်းတယ်… သူစိမ်းတစ်ယောက်က သူ့ကို အစားကျွေးရင် အဲ့ဒီလူအတွက် အန္တရာယ် ရှိနိုင်တယ်… “
ဝမ်ကျောက်က သာယာပျော့ပျောင်းသော အမူအရာနှင့် ပြောလိုက်၏… “မစိုးရိမ်ပါနဲ့ အစ်ကိုလျို… ကျင့်ကြံသူတစ်ယောက်က အန္တရာယ်ကြောင့်ဆိုပြီး ဘယ်လိုလုပ် နောက်ဆုတ်ရမှာလဲ… မင်းတို့က ငါတို့ရဲ့ဧည့်သည်တွေပဲ… ဒီအလုပ်တွေက ငါတို့ ဟုန်ယွီဂိုဏ်းကပဲ လုပ်ပေးသင့်တယ်… “
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၄၂) ကင်းခြေများအဆိပ်
ဝမ်ကျောက်၏အဖော်တချို့က လက်ခံပြီး သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်… “ဒါမှန်တယ်… ရွှမ်တောက်ဂိုဏ်းက သူငယ်ချင်းတို့… ဒီကိစ္စကို ငါတို့ကို လွှဲပေးလိုက်ပါ… “
ရွှမ်တောက်ဂိုဏ်းမှ တပည့်အားလုံးက ချီတုံချတုံ ဖြစ်သွားကြ၏။ တပည့်လျိုက သည်ကိစ္စကို အကြီးအကဲများထံမှ ခွင့်ပြုချက် ယူချင်နေသည်။ သို့သော်လည်း ထိုအချိန်တွင် နောက်ကျောဘက်မှ သက်လတ်ပိုင်းလူကြီးက သက်သက်သာသာဖြင့် ချောင်းဟန့်လိုက်၏။ တပည့်လျို၏မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး ပြောလိုက်သည်… “ဒါဆိုလည်း ကျွန်တော်တို့က ဟုန်ယွီဂိုဏ်းကိုပဲ ဒုက္ခပေးရတော့မှာပေါ့… “
ဝမ်ကျောက်က ပြုံးလိုက်သည်။ သူက ဝမ်လင်းဘက်သို့ လှည့်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏… “ဂိုဏ်းတူညီလေးဝမ်လင်း… ကင်းခြေများအစာကျွေးတဲ့အလုပ်ကို မင်းအတွက် ထားခဲ့မယ်နော်… မင်း ဂရုစိုက်ဖို့လိုမယ်… “
ဝမ်ကျောက်၏စကားကို ကြားတော့ ရွှမ်တောက်ဂိုဏ်းမှ တပည့်အားလုံးက သူတို့ခေါင်းတွေကို ဝမ်လင်းဆီသို့ လှည့်လိုက်ကြ၏။ သူတို့အားလုံး၏မျက်နှာတွင် ထူးဆန်းသည့် အမူအရာများ ပေါ်နေသည်။ သူတို့သည် နောက်ကွယ်မှ အဓိပ္ပါယ်အားလုံးကို နားမလည်သော်လည်း ဝမ်လင်းက ဝမ်ကျောက်ကို ကျိန်းသေ စိတ်အနှောက်အယှက် ဖြစ်စေခဲ့သည်ကို နားလည်လိုက်၏။
ဟုန်ယွီဂိုဏ်းမှ တပည့်များထဲမှ တစ်ယောက်က ရယ်မောပြီး ပြောလိုက်သည်… “ဝမ်ကျောက်က ဘယ်သူ့ကို ပြောနေတာလဲလို့ သိချင်နေတာ…ထင်ထားတဲ့အတိုင်းပဲ… ညီငယ်ဝမ်လင်း ဖြစ်နေတာပဲ… “
တခြားတစ်ယောက်ကလည်း ဆက်ပြီး ပြောလိုက်၏… “ဒီအလုပ်က သူနဲ့ တစ်ကယ်ပဲ သင့်တော်တယ်… သူ့ရဲ့ ပင်ကိုယ်ပါရမီနဲ့ဆို ကျင့်ကြံတာက သူ့အတွက် အချိန်ဖြုန်းနေတာပဲ… သူက ပြိုင်ပွဲမှာ ပြိုင်ဖို့ အခွင့်အရေး လုံးဝ မရှိဘူး… “
“ဒီအလုပ်က သူ့လောက်သင့်တော်တဲ့သူ မရှိတော့ဘူး… ညီငယ်ဝမ်လင်း ဒီအလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ပါ… ဟုန်ယွီဂိုဏ်းကို မျက်နှာမပျက်ပါစေနဲ့… “
ရယ်မောသံများကို ကြားပြီးနောက် ဝမ်လင်းက ဝမ်ကျောက်တစ်ယောက်တည်းကိုသာမက တခြားသူများကိုလည်း စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်ကို ရွှမ်တောက်ဂိုဏ်း၏တပည့်များက နားလည်လိုက်၏။ သူ၏နိမ့်ကျသော ပင်ကိုယ်ပါရမီကြောင့် တပည့်များထဲတွင် သရော်ခံနေရသည်ကို သူတို့ နားလည်သွားကြသည်။
ဤကဲ့သို့ ကိစ္စမျိုးက ဂိုဏ်းတိုင်းတွင် ရှိပေသည်။ ထို့ကြောင့် ကိစ္စကြီးတစ်ခုတော့ မဟုတ်ချေ။ ရလဒ်အနေနှင့် ရွှမ်တောက်ဂိုဏ်းမှ တပည့်အားလုံးက ဝမ်လင်းကို အသုံးမကျသည့်ကောင်ဟု သတ်မှတ်လိုက်ကြ၏။
ဝမ်လင်းဘေးတွင် ထိုင်နေသည့် မိန်းကလေးကျိုးက မျက်မှောင်ကျုံ့သွားသည်။ သူမက ဝမ်ကျောက်ကို စက်ဆုပ်ရွံရှာသည့်အကြည့်ဖြင့် ကြည့်လိုက်၏။ သူမက ဝမ်လင်းကို လေသံတိုးတိုးနှင့် ပြောလိုက်သည်… “မောင်လေးဝမ်… ငါသာ နင့်အနားမလာရင်… သူက နင့်ကို ပစ်မှတ်ထားမှာ မဟုတ်ဘူး… ငါ… “
ဝမ်လင်းက ခေါင်းကို ခါလိုက်၏။ ဝမ်ကျောက်က သူ့ကို လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက ပစ်မှတ်ထားနေခဲ့ခြင်း မဟုတ်ပေ။ စတွေ့သည့်အချိန်ကတည်းက လှောင်ပြောင်သရော်ခဲ့ခြင်း ဖြစ်သည်။ တခြားတပည့်များကလည်း သူက ကိုယ့်ကိုယ်ကို သတ်သေပြီး ဂိုဏ်းထဲဝင်လာသည့်အတွက် အထင်အမြင်သေးကြ၏။ ထို့အပြင် အကြီးအကဲစွန်းကြောင့် ပင်မတပည့် ဖြစ်ခဲ့ခြင်းကြောင့်လည်း ပါသည်။
အရေးကြီးဆုံးက သူသည် တတိယအလွှာတွင်သာ ရှိသေးသောကြောင့် ထိုတပည့်များကြားထဲတွင် အားအနည်းဆုံး ဖြစ်နေသည်။
စွမ်းအားကသာ အရာရာ ဖြစ်၏။ ဝမ်လင်းက မြေပြင်တွင် လဲလျောင်းနေသော ခြေတစ်ထောင်ကင်းခြေများကြီးကို ကြည့်လိုက်သည်။ သူက ဂရုမစိုက်ဘဲ ဘာကိုမှ မကြားသကဲ့သို့ ဟန်ဆောင်နေလိုက်၏။
သိပ်မကြာခင်တွင် ဝမ်ကျောက်က ရွှမ်တောက်ဂိုဏ်းမှ တပည့်များကို အနားယူရန်အတွက် သူတို့အခန်းကို လိုက်ပို့ပေးရန် တပည့်တချို့အား တာဝန်ပေးလိုက်သည်။
ရွှမ်တောက်ဂိုဏ်းမှ ရေစိတ်ဝိညာဉ်အရင်းအမြစ်နှင့်တပည့်လျိုက ဝမ်လင်းကို ကြည့်ပြီး ထွက်မသွားခင် နူးညံ့စွာ ပြောလိုက်၏… “မင်းက ဝမ်လင်း ဖြစ်ရမယ်… ငါတို့ရွှမ်တောက်ဂိုဏ်းက ကင်းခြေများကြီးရဲ့ သဘာဝကိုက ရိုင်းတယ်… ဒါ့ကြောင့်မို့ အစာကျွေးတဲ့အခါ အရမ်းမကပ်ပါနဲ့… မဟုတ်ရင် မင်းကို အနာတရ ဖြစ်စေလိမ့်မယ်… “
ဝမ်ကျောက်က ဝမ်လင်းကို အေးစက်သောအပြုံးနှင့်အတူ ကြည့်သွား၏။ သိပ်မကြာခင်တွင် အဓိကခန်းမအပြင်ဘက်မှာ အားလုံးလည်း လူစုခွဲသွားကြလေပြီ။
မိန်းကလေးကျိုးလည်း မျက်နှာရှစ်ခေါက်ချိုး ဖြစ်နေလေသည်။ သူမက ဝမ်လင်းနှင့် စကားအများကြီး ပြောပြီးမှ ထွက်သွား၏။
သူတို့ မရှိတော့သည့်နေရာကို ကြည့်ရင်း သူက မတ်တပ်ရပ်လိုက်ကာ ကင်းခြေများဆီသို့ လျှောက်သွားလိုက်သည်။ ကင်းခြေများနှင့် ၁၀ပေ အကွာခန့်တွင် ရပ်လိုက်ပြီး စိတ်ဝိညာဉ်သားရဲကို စူးစမ်းလိုက်၏။
အပေါ်မှ ကြည့်လျှင် ကင်းခြေများကြီးက ဧရာမသားရဲကြီး ဖြစ်သည်။ သူ့ခန္ဓာကိုယ်က အကန့်အများကြီးနှင့် ဖွဲ့စည်းထားပြီး အကန့်များ ကြားထဲတွင် ဓားကဲ့သို့ ချွန်ထက်နေသော ဆူးများက ပတ်ပတ်လည် ရှိနေသည်။ အနက်ရောင်မှိန်မှိန် အစက်အပြောက်များကလည်း တစ်ကိုယ်လုံးတွင် ရှိနေ၏။ ဦးခေါင်းတွင်လည်း ကြီးမားသောဦးမှင်နှစ်ချောင်း ရှိသေး၏။
ဆွဲဆောင်မှု အရှိဆုံး အစိတ်အပိုင်းကတော့ လေမတိုက်ဘဲ လှုပ်ရှားနေသည့် ရှည်လျားသောနှုတ်ခမ်းမွှေးများပင် ဖြစ်သည်။
ဝမ်လင်းက သူ့ကို ကြည့်နေသည်ကို သိနေသည့်အလား ကင်းခြေများကြီးက အေးစက်သောအကြည့်နှင့် မျက်လုံးကို ဖွင့်ချည်၊ပိတ်ချည် လုပ်နေသည်။ ချက်ချင်းပင် ဝမ်လင်းလည်း အေးစက်သောအထိအတွေ့ကို ခံစားလိုက်ရ၏။
ဝမ်လင်းက အေးစက်မှုကို ခံစားရသော်လည်း သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များ၏ လှုပ်ရှားမှုက ချက်ချင်း အေးစက်မှုကို ပျောက်ကွယ်သွားစေသည်။
ကင်းခြေများကြီးက အံ့အားသင့်သော အမူအရာကို ဖော်ပြလာသည်။ ဝမ်လင်းကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီး မျက်လုံးကို ပိတ်ကာ ဝမ်လင်းကို လျစ်လျူရှုလိုက်၏။ ဝမ်လင်းကလည်း ကင်းခြေများကြီးကို စိတ်ဝင်စားသွား၏။ စိတ်ဝိညာဉ်သားရဲဆိုသည့်အတိုင်း လူသားများကဲ့သို့ အမူအရာဟန်ပန်များ ရှိနေသည်။
သူက ကင်းခြေများကြီးအကြောင်း စဉ်းစားနေရင်းမှ သွက်လက်သောခြေလှမ်းများဖြင့် တောင်ပေါ်သို့ တက်သွားသည်။ သူ၏နတ်ဘုရားစိတ်အာရုံကို အသုံးပြု၍ တိရစ္ဆာန်ငယ်အကောင်လေးများကို ဖမ်းပြီး ပြန်လာခဲ့၏။
လမ်းတစ်လျောက်တွင် ဂိုဏ်းတူအစ်ကိုများ လိုက်လံပို့ဆောင်နေသော ရွှမ်တောက်ဂိုဏ်းမှ တပည့်များကို တွေ့ခဲ့ရသည်။ သူတို့က လက်ထဲတွင် တိရစ္ဆာန်များနှင့် ဝမ်လင်းကို တွေ့သောအခါ ရယ်မောကြသည်။
ရွှမ်တောက်ဂိုဏ်းမှ လှပသောအမျိုးသမီးတပည့်တစ်ယောက်က နူးညံ့သောအကြည့်နှင့် ရယ်မောပြီး ပြောလိုက်သည်… “မောင်ငယ်လေး… မင်းဖမ်းလာတဲ့အကောင်တွေက ကင်းခြေများကြီးအတွက် လောက်မှာ မဟုတ်ဘူး… တီကောင်အကြီးကြီးတွေ ဖမ်းလာသင့်တယ်… အဲ့အကောင်တွေကမှ ကင်းခြေများကြီးရဲ့ အကြိုက်တွေ… ”
ပင်မတပည့်တစ်ယောက်က ချက်ချင်း သူမကို ဖားရန် ကြိုးစားလိုက်သည်… “ညီမအိုးယန်… ဒီကောင်စုတ်လေးက ဆွံ့အနေသလိုပဲ…. သူ့ကို စကားပြောနေဖို့ မလိုဘူး… ညီမက မသိလို့… သူက ကျင့်ကြံဖို့ အရည်အချင်း မပြည့်မီဘူး… ဝင်ခွင့်စမ်းသပ်မှုတွေအားလုံး သူက ကျရှုံးပြီး သတ်သေဖို့ ကြိုးစားခဲ့တယ်… ဒါ့ကြောင့် သူ့ကို အကြီးအကဲတွေက ပြင်ပတပည့်အဖြစ် လက်ခံခဲ့ရတယ်… “
သူ့ကို ပြောသည့်လူကို ဝမ်လင်း မှတ်မိလိုက်၏။ သူက လေးနှစ်တာလေ့ကျင့်သည့်ကာလတွင် သူ့ကိုလှောင်ပြောင်ခဲ့သော စွန်းဟိုဖြစ်သည်။
ရွှမ်တောက်ဂိုဏ်းမှ တစ်ယောက်က အလျင်အမြန် မေးလိုက်၏… “ပြင်ပတပည့်လား… ဒါပေမဲ့ ငါ မြင်တာ သူက အနီရောင်ဝတ်စုံကို ဝတ်ထားတာနော်… သူက ပင်မတပည့် ဖြစ်သင့်တာ မဟုတ်ဘူးလား… “
စွန်းဟိုက ကျယ်လောင်စွာ ရယ်လိုက်သည်… “ငါ အကုန် မပြောရသေးလေ… ဒီကောင်က နိမ့်ကျတဲ့နည်းလမ်းတွေသုံး… အကြီးအကဲတစ်ယောက်ရဲ့ ထောက်ခံမှုကို အရယူပြီး ပင်မတပည့်တစ်ယောက် ဖြစ်လာတာ… ဒါတောင်မှ သူ့ရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ဆို သူ့ကျန်ရှိနေတဲ့ တစ်ဘဝလုံး ဟားတိုက်ခံနေရဦးမှာပဲ… “
ဝမ်လင်းက သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ထွက်ခွါသွား၏။ ကင်းခြေများကြီးနားသို့ ပြန်ရောက်သောအခါ တိရစ္ဆာန်ငယ်များကို သူ့ဘေးသို့ ပစ်ပေးလိုက်သည်။
အကောင်ငယ်များမှာ ကင်းခြေများကြီးကို မြင်ပြီး သူတို့က မြေပေါ်သို့ ကျသည်နှင့် ချက်ချင်း ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြ၏။
ကင်းခြေများကြီးက မျက်လုံးဖွင့်လိုက်ပြီး အကောင်ငယ်များကို ကြည့်ပင် မကြည့်ချေ။ သူက အနက်ရောင်အငွေ့များ မှုတ်ထုတ်လိုက်၏။ အနက်ရောင်အငွေ့များနှင့် အကောင်ငယ်များ ထိသွားသည့်အချိန်တွင် တရှဲရှဲမြည်သံများ ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အကောင်ငယ်များက သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွား၏။ ကင်းခြေများက သွေးများကို သူ့ပါးစပ်ထဲသို့ စုပ်ယူလိုက်သည်။
ဝမ်လင်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိ၏။ သူ့မျက်လုံးများကလည်း မြင့်တက်သွား၏။ ကင်းခြေများတွင် ပုံမှန်အတိုင်း အဆိပ်ပါသည်။ ထိုအဆိပ်များက သူတို့၏အကြီးမားဆုံးသောလက်နက် ဖြစ်၏။
ဝမ်လင်း ငယ်စဉ်က ဖတ်ခဲ့သောစာအုပ်ထဲတွင် ကင်းခြေများ၏အဆိပ်က သူ၏အရွယ်အစားနှင့် ဆိုင်သည်ဟု ဖော်ပြထားသည်။ ခန္ဓာကိုယ်ကြီးမားလေ အဆိပ်က ပိုပြင်းလေ ဖြစ်သည်ဟု ရိုးရိုးရှင်းရှင်း ဖော်ပြထား၏။