နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၁၅) သံသယ
ကျန်းဟူက စားပွဲဆီပြေးသွားပြီး စားပွဲပေါ်မှ ရေဘူးကို စောင်း၍ ရေခွက်ထဲသို့ အချိန်အနည်းငယ်ကြာအောင် လောင်းထည့်နေသည်။ သို့သော်လည်း ရေက တစ်စက်မျှ ကျမလာပေ။ အိပ်ယာနှင့်အိပ်ယာခင်းက ဘောလုံးတစ်လုံးကဲ့သို့ လုံးထွေးနေသည့်အတွက် ကျင်းဟူ မျက်လုံးပြူးသွားပြီး ဝမ်လင်းကို စူးစိုက်ကြည့်ကာ မေးလိုက်၏... "ဝမ်လင်း... မင်းဘယ်အချိန်က ပြန်ရောက်တာလဲ... ဒါက သရဲလုပ်သွားတာလား... "
ဝမ်လင်းက ပြုံးလိုက်ကာ တံခါးကို ဖွင့်ပြီး ပြန်ဖြေလိုက်သည်... "ငါ မသိဘူး... ပြန်ရောက်ကတည်းက အဲ့အတိုင်းပဲ... အခြားသူတွေကို မေးကြည့်လေ... ဒါပေမယ့် အကြီးအကဲတွေသာ သိသွားလို့ မင်းကို မေးမြန်းနေရင် မင်းပဲ ပြန်ဖြေနေရမှာ... "
ကျင်းဟူ ခေါင်းညိတ်လိုက်ပြီး ပြောသည်... "မေ့လိုက်တော့... ငါမမေးတော့ဘူး...အကြီးအကဲတွေ သိသွားရင် အပြစ်ပေးခံနေရဦးမယ်... "
ဝမ်လင်းလည်း စိတ်ထဲမထားဘဲ အပြင်သို့ ထွက်သွားသည်။ အပြင်မှာ မိုးက ရွာနေဆဲဖြစ်သည်။ ဝမ်လင်းက သူ့ခြေလှမ်းကို မြန်လိုက်၏။ မိုးရေထဲတွင် မှော်ကျောက်တုံးက တစ်ခုခုဖြစ်ပျက်မည်ကို စိုးရိမ်နေသောကြောင့် ဖြစ်သည်။ ဝမ်လင်း အရှေ့ဘက်ဂိတ်လမ်းကြောင်းမှ ခွဲထွက်သွားလေ၏။ သူ့အပေါ်ကို ကျဆင်းလာသော မိုးရေများ အားလုံးကို မှော်ကျောက်တုံးက စုပ်ယူနေ၍ သူ့ခန္ဓာကိုယ်တွင် ရေတစ်စက်ပင် ရှိမနေချေ။ တစ်ယောက်ယောက်က ဤအဖြစ်အပျက်ကို သတိပြုမိသွားမှာ သူ အလွန်စိုးရိမ်နေသည်။ မှော်ကျောက်တုံးကို အခန်းထဲတွင် သိမ်းထားချင်သော်လည်း အပြင်မှာ ဖွက်ထားတာက ပို၍ စိတ်ချရသည်ဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
ဝမ်လင်းက ယခင်ရက်များတွင် ရေငွေ့ရည်ထည့်ထားသော ဘူးသီးခြောက်ကို မြုပ်ထားသောနေရာသို့ သွားနေသည်။ မနက်ခင်အစောကြီးဖြစ်ပြီး မည်သူမှ အိပ်ယာမထသေးသော်လည်း ဝမ်လင်းက သူ့နောက်ကို မည်သူမှ လိုက်မလာကြောင်း သေချာမှသာ မှော်ကျောက်တုံးကို မြေကြီးထဲသို့ သေချာ မြုပ်ထားလိုက်သည်။
သေချာဖွက်ပြီးနောက် ဝမ်လင်းက မိုးတိတ်မည့်အချိန်ထိ စောင့်နေချင်သော်လည်း နောက်မှသာ ပြန်လာယူရန် ဆုံးဖြတ်လိုက်သည်။ ဝမ်လင်း ဘေးဘယ်ညာကို သေချာကြည့်ပြီး သူ အလုပ်လုပ်ရမည့်နေရာသို့ သွားလိုက်၏။ ဝမ်လင်း က ရေဆွဲပုံးကို ကောက်ယူလိုက်သည့်အချိန်တွင် ဝတ်စုံဝါဝတ်တပည့်တစ်ယောက် ထွက်လာလေသည်။ စီနီယာလျိုက ဝမ်လင်းကို မြင်လိုက်ရချိန်တွင် အနည်းငယ် ထိတ်လန့်သွားသော်လည်း ပျော်ရွှင်သည့်အမူအယာသို့ ချက်ချင်း ပြောင်းလဲသွား၏။ ထို့နောက် ဝမ်လင်းဆီ ပြေးသွားပြီး ဝမ်လင်းလက်ထဲက ရေပုံးကို ဆွဲယူလိုက်ကာ ပြောလိုက်သည်... "ညီလေးဝမ် အိမ်ကိုပြန်တာ အဆင်ပြေခဲ့ရဲ့လား... ညီလေးရဲ့ မိဘတွေရာ နေကောင်းတယ်မလား... ညီလေးပြန်သွားတဲ့အချိန် အစ်ကိုကြီးက တော်တော် သတိရနေတာ... "
ဝမ်လင်းက စီနီယာလျို၏အမူအယာမျိုးကို ရင်းရင်းနှီးနှီး မြင်ဖူးနေ၏။ အိမ်ကမွေးနေ့ပွဲတွင် အမျိုးများက ထိုကဲ့သို့ အမူအယာများဖြင့် ဖြစ်သည်။ စီနီယာလျိုကလည်း အဘယ်ကြောင့် ဤသို့ဖြစ်နေသည်ကို သူ တစ်ကယ်မခန့်မှန်းနိုင်ချေ။
"စီနီယာလျို... ကျွန်တော့်ရဲ့ မိဘတွေ နေကောင်းပါတယ်... စီနီယာ စိုးရိမ်နေစရာ မလိုပါဘူး... " ဝမ်လင်းက ဂရုတစိုက် ပြန်ဖြေလိုက်၏။
စီနီယာလျိုက နွေးထွေးစွာဖြင့် ပြောလိုက်သည်... "ညီလေးဝမ် ဒီနေ့ကစပြီး စောစောထစရာ မလိုတော့ဘူး... တစ်ရက်ကို ရေ၁၀စည်ဖြည့်ရမယ်ဆိုတာ နောက်လိုက်တာပါ... ညီလေးက တစ်ကယ်ထင်သွားမယ် မထင်ခဲ့ဘူး... အခုကစပြီး တစ်ရက်ကို ၁စည်ပဲ ဖြည့်တော့... မပြီးဘူးဆိုရင်တောင် ထမင်းစားချိန်ရောက်ရင် သွားစားလို့ရတယ်... ပြဿနာတစ်ခုခု ကြုံလာရင်လည်း အစ်ကိုကြီးကို လာပြောနော်... "
ဝမ်လင်း၏ မျက်နှာ အရောင်ပြောင်းသွားပြီး သေချာအောင် မေးလိုက်သည်... "စီနီယာ... ကျွန်တော့်မှာပြဿနာရှိရင် ကျွန်တော့်ကို ကူညီဖို့ တစ်ကယ်ဆန္ဒရှိတာလား... "
စီနီယာလျို၏အမူအယာက ဒေါသထွက်ဟန်ဖြင့် ပြောလိုက်သည်... "ညီငယ်လေး... အစ်ကိုကြီးအပေါ် ဒီလို အေးစက်စက်ပြောနိုင်ရတာလဲ... ညီလေးဝမ်က အစ်ကိုကြီးရဲ့ညီလေးလေ... သေချာပေါက် ဂရုစိုက်ရမှာပေါ့... ညီလေးကိစ္စက အစ်ကိုကြီး ကိစ္စပဲလေ... အခုလို အလုပ်လုပ်ခိုင်းရတယ်ဆိုတာ ညီလေးအလုပ်လုပ်တယ်လို့ ပြောလို့ရအောင်ပဲ... ဒါပေမယ့်လည်း ဒီအလုပ်တွေရဲ့ အကောင်း၊အဆိုးက အစ်ကိုကြီး ပါးစပ်ထဲမှာပဲလေ... ဒါကြောင့် ဒီနေ့လို မိုးရွာတဲ့နေ့တွေဆို အလုပ်လုပ်စရာ မလိုတော့ဘူး... ညီလေးပြန်သွားတဲ့ရက်က အကြီးအကဲစွန်းလာရှာသွားသေးတယ်... အခုပြန်သွားပြီးတော့ သူ့ကိုတွေ့လိုက်သင့်တယ်... "
စီနီယာလျို သူ့အပေါ် ဘာကြောင့်ဒီလောက်ကောင်းနေရသလဲ အခုတော့ ဝမ်လင်းသိသွားလေပြီ။ သူပြန်သွားသည့်နေ့က အကြီးအကဲစွန်း လာသွားလို့ ဖြစ်သည်။ စီနီယာလျိုနှင့် သူ့ကြားတွင် မကျေနပ်ချက်များ ရှိမှာစိုး၍ ကောင်းနေရခြင်း ဖြစ်ရမည်။ ဝမ်လင်းကလည်း သူတို့စတွေ့တဲ့အချိန်တုန်းက သူ့ကို အထင်သေးသည့် အမူအယာပြတာလောက်နှင့် စိတ်ရှုပ်လည်း မခံပေ။
ဝမ်လင်း၏ မျက်နှာအမူအယာကို ကြည့်ပြီး စီနီယာလျို အလွန်စိတ်လှုပ်ရှားနေသည်။ ဝမ်လင်း၏ပုံစံက သူ၏သံသယကို ခိုင်မာသွားစေသည်။ 'ဒီအမှိုက်ကောင်က တစ်ကယ်ကို အကြီးအကဲစွန်းရဲ့ အာရုံစိုက်မှုကို ရသွားတာပဲ... မဟုတ်ရင် ဒီလို မာနကြီးနေမှာ မဟုတ်ဘူး... သူ့စိတ်ထဲမှာ တစ်ခုခု မကျေနပ်ချက် ရှိနေတယ် ထင်တယ်... သူက နောင်တစ်ချိန် ငါ့ကို လက်စားပြန်ချေနိုင်တယ်... ' လို့ စီနီယာလျို၏ စိတ်ထဲတွင် တွေးနေသည်။
စီနီယာလျိုက ပြင်ပတပည့်ဖြစ်တာ ၁၃ရှိနေပြီ။ ၆နှစ်ခန့် အလုပ်တွေ လုပ်ခဲ့ရသည်။ ၁၃ နှစ်အတွင်းမှာ အကြီးအကဲတစ်ယောက်က ပြင်ပတပည့်တစ်ယောက်ကို ကိုယ်တိုင်လာရှာတာ မမြင်ဖူးပေ။ ပင်မတပည့်ဖြစ်ရန် အကြီးအကဲတစ်ယောက် လုပ်ပေးတာမျိုးကလည်း အလွန်ရှားသည့် အဖြစ်အပျက် ဖြစ်သည်။
ဝမ်လင်းက အကြီးအကဲစွန်းကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့သလား သူ သေချာမသိပေ။ ဒါကလည်း သူ၏ ခန့်မှန်းချက်သာဖြစ်သည်။ သူ့ခန့်မှန်းချက်က မှန်ခဲ့လျှင် ကိစ္စမရှိသော်လည်း မှားခဲ့လျှင် နောက်ဖြစ်လာမည့် အကျိုးဆက်ကို သူကြောက်လန့်သည်။ စီနီယာလျိုက ဟုန်ယွီဂိုဏ်းတွင် နှစ်တွေ အကြာကြီး နေခဲ့ပြီးပြီ ဖြစ်၏။ သူက ဂိုဏ်းတွင် အရေးပါသောသူတစ်ယောက် မဟုတ်တာကိုလည်း သူ့ကိုယ်သူ သိနေသည်။
သူက အံကြိတ်လိုက်ပြီး အဝါရောင်စာရွက်လေးတစ်ခုကို ထုတ်ယူလိုက်တာ ဝမ်လင်းကို ကမ်းပေးလိုက်ပြီး ပြောလိုက်သည်... "ညီလေးဝမ်... အရင်လက ရောက်လာတော့ အစ်ကိုကြီးက ဂရုမစိုက်မိခဲ့ဘူး... ဒါက တန်ဖိုးကြီးတဲ့အရာ မဟုတ်ပေမယ့်လည်း လက်ခံစေချင်တယ်... မင်းလက်မခံရင်... "
စီနီယာလျို စကားပြောလို့မပြီးခင်မှာပဲ ဝမ်လင်းက အဝါရောင်စာရွက်လေးကို ဆွဲယူလိုက်သည်။ ဤှစာရွက်က ပြင်ပတပည့်များ အိမ်ပြန်သည့်အခါ ရသည့် အင်မော်တယ်လက်ဖွဲ့မှန်း စထုတ်လိုက်ကတည်းက ဝမ်လင်း သတိပြုမိလိုက်၏။
"ကျေးဇူး တင်ပါတယ် စီနီယာလျို... ဒီညီငယ်လေးက မာနကြီးတာမဟုတ်ပါဘူး... အကြီးအကဲစွန်းက စောင့်နေတာမို့လို့ နောက်တစ်ခါကျမှ တွေ့ကြတာပေါ့... " ဝမ်လင်းက ရယ်မောပြီး ပြောလိုက်သည်။
စီနီယာလျိုက အားကျနေဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်… "အကြီးအကဲက ပိုပြီး အရေးကြီးတာပေါ့... ညီလေးဝမ် မြန်မြန် သွားသင့်တယ်... "
ဝမ်လင်း၏ မျက်နှာက တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် သံသယများနှင့် ပြည့်နှက်နေသည်။ အကြီးအကဲစွန်းက ဘာကြောင့် လာရှာရသလဲ တွေးမရချေ။ ခေါင်းထဲတွင် ထိုမေးခွန်းကို အကြိမ်ကြိမ် မေးနေမိပြီး ပင်မဝန်းသို့ အေးအေးလူလူ လမ်းလျောက်လာခဲ့သည်။ မည်သို့ပင် တွေးနေစေကာမူ အဖြေက ထွက်မလာပေ။
"သူ မှော်ကျောက်တုံးအကြောင်းပဲ သိသွားတာလား... " ဝမ်လင်း တွေးနေမိသည်။ ဝမ်လင်းဆီမှာ အကြီးအကဲကို လာဘ်ထိုးရန် တံစိုးလက်ဆောင်လည်း မရှိပေ။ မသွားလျှင်လည်း စော်ကားရာရောက်မည်။ ဘာမှမသိသလို ဟန်ဆောင်နေတာပဲ ကောင်းသည်ဟု တွေးနေ၏။ ယခု သူ့ဆီမှာ မှော်ကျောက်တုံး မရှိသည့်အတွက် တွေးနေတာကို ရပ်လိုက်ပြီး အရှေ့ကိုသာ လျှောက်သွားလိုက်သည်။
ပင်မဝန်းသို့ ရောက်ပြီး ဝမ်လင်းက ရောက်ရှိကြောင်း အော်ပြောလိုက်ပြီးနောက် အရင်တစ်ခါက တွေ့သော ဝတ်စုံဖြူဝတ်လူငယ် ထွက်လာပြီး ဝမ်လင်းကိုကြည့်ကာ အံ့သြသွား၏။ သူက နောက်ပြောင်ပြီး မေးလိုက်သည်... "ဘာလဲ... ထပ်လာပြန်ပြီလား... "
ဝမ်လင်းက မျက်ခုံးကိုပင့်လိုက်ပြီး ပြန်ပြောဖို့ ပြင်လိုက်စဉ်၌ ပင်မဝန်းထဲမှ အကြီးအကဲစွန်း၏ အသံက ထွက်လာသည်..."အချိန်ဆွဲမနေနဲ့... သူ့ကို ဒီခေါ်လာခဲ့လိုက်... "
ဝတ်စုံဖြူဝတ်တပည့် ပါးစပ်ဟောင်းလောင်းဖြစ်သွား၏။ အတွေးများစွားဖြင့် ဝမ်လင်းကို ကြည့်လိုက်ပြီး ပင်မဝန်းထဲသို့ ခေါ်သွားလိုက်သည်။ ဝမ်လင်းကလည်း နောက်မှ တိတ်ဆိတ်စွာ လိုက်လာလေသည်။
အကြီးအကဲစွန်း၏ဂေဟာသို့ လိုက်ပြီးပြီး ဝတ်စုံဖြူဝတ်လူငယ်က ပြန်သွားသည်။ မပြန်ခင် ဝမ်လင်းကို ပဟေဠိဖြစ်နေဟန်ဖြင့် ကြည့်သွားသည်။
ဝမ်လင်းက စိတ်လှုပ်ရှားစွာဖြင့် တံခါးကို ဖွင့်ပြီး ဝင်လိုက်သည်။ သူဝင်လာစဉ်တွင် ဥယျာဉ်ထဲတွင်ရှိသော အခန်းလေးထဲမှ အသက်ကြီးကြီးအဘိုးကြီးတစ်ယောက်ထွက်လာသည်ကို မြင်လိုက်ရ၏။ အဘိုးကြီး၏မျက်နှာတွင် အရေးအကြောင်းများရှိနေသော်လည်း မျက်လုံးများက စူးရှနေသည်။ ထိုမျက်လုံးများက ဝမ်လင်းတစ်ကိုယ်လုံးကို အေးစက်စက်ဖြင့် စစ်ဆေးသလို ကြည့်နေလေသည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၁၆) တပည့်
အကြီးအကဲ၏မျက်လုံးများက သူ၏တစ်ကိုယ်လုံးအား ထွင်းဖောက်ကြည့်နေသကဲ့သို့ ဝမ်လင်းခံစားလိုက်ရ သည်။
အကြီးအကဲက မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်လင်းနှင့်ပတ်သတ်သည့် မည်သည့်ကိစ္စကိုမျှ မူမမှန်သည်ကို မတွေ့ရချေ။ ထို့နောက် သူကမေးလိုက်သည်… “ဝမ်လင်း… မင်းဘယ်အချိန်တုန်းက ပြန်ရောက်တာလဲ… ”
အကြည့်တစ်ချက်နှင့်တင် ဝမ်လင်း၏နှလုံးက တစ်ဒုတ်ဒုတ် ခုန်နေဆဲ ဖြစ်သည်။ သူက အလျင်အမြန် ပြန်ဖြေသည်… ”ဒီတပည့်က မနေ့ညက တော်တော်နောက်ကျမှ ရောက်လာတာပါ… မနက်ရောက်တော့ ကျွန်တော်ရဲ့ နေ့စဉ်အလုပ် လုပ်ဖို့ သွားတော့ အစ်ကိုလျိုက ကျွန်တော့်ကို အကြီးအကဲက ရှာနေတယ် ပြောလိုက်လို့ပါ… “
အကြီးအကဲစွန်း၏ မျက်နှာက မည်းမှောင်သွားသည်။ ထို့နောက် စကားတစ်ခွန်းမှ ထပ်မပြောပဲ ဝမ်လင်းအား ဆွဲခေါ်၍ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တိမ်တွေပေါ်သို့ ထိုးတက်သွားပြီး ဝမ်လင်း၏အခန်းဆီသို့ ဦးတည်လိုက်၏။
အမြန်နှုန်းက အလွန်လျင်မြန်လှသည်။ ဝမ်လင်းက အသက်ရှူမဝသလို ခံစားလိုက်ရသော်လည်း ကံကောင်းစွာနှင့် ခရီးက တိုတောင်း၏။ သူ၏အခန်းသို့ရောက်သောအခါ အကြီးအကဲစွန်းက ဝမ်လင်းအား လွှတ်ပေးကာ သူ၏စိတ်အာရုံဖြင့် ဝမ်လင်း၏အခန်းအား စစ်ဆေးလိုက်သည်။
“အဲ့ဒါ ... ဘာလဲ… ” အကြီးအကဲစွန်းက ဝမ်လင်း၏အိပ်ယာဘေးသို့ လျှောက်သွားလိုက်ပြီး စမ်းရေထည့်ထားသော ဘူးသီးခြောက်ကို တွေ့သွားသည်။
ဝမ်လင်း၏အမူအရာက တည်ငြိမ်သည်ဟု ထင်ရသော်လည်း သူ၏နှလုံးသားက ပြင်းပြင်းထန်ထန် ခုန်နေသည်။ သူက အကြောင်းပြချက်ပေးနိုင်ရန် စကားလုံးများကို အလျင်အမြန် စဉ်းစားလိုက်သည်။
အကြီးအကဲစွန်းက ဘူးသီးခြောက်ကို အတော်အကြာ လေ့လာပြီးနောက် သူက ဝမ်လင်းအား မေးလိုက်သည်… “ဝမ်လင်း ဘူးသီးခြောက်ထဲမှာ ဘာထည့်ထားတာလဲ… “
ဝမ်လင်းက အရူးလုပ်ရန် ကြိုးစားလိုက်သည်… “အကြီးအကဲ… ဘူးသီးခြောက်ထဲကို တောင်ပေါ်က စမ်းရေ ထည့်ထားတာပါ… အဲ့စမ်းရေက အလွန်အံ့သြဖို့ကောင်းတယ်… ကျွန်တော် မောပန်းတဲ့အချိန်တိုင်း အဲ့ဒီရေကို သောက်လိုက်ရင် ချက်ချင်းလန်းဆန်းသွားတယ်… ကျွန်တော် စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်… အင်မော်တယ်တွေ သုံးတဲ့အရာတွေက အမြဲကောင်းမွန်တယ်တဲ့… မမျှော်လင့်မိဘူး ဒီစမ်းရေက အရမ်းအံ့သြဖို့ကောင်းတယ်… တကယ်လို့ အကြီးအကဲ လိုချင်ရင် ဂိုဒေါင်ထဲမှာ ကျွန်တော်ကိုယ်တိုင် ဖြည့်ထာတဲ့ စည်တွေ၁၀ပိုင်းလောက် အပြည့်ရှိတယ်… အဲ့စည်ပိုင်းတွေက တစ်ခုတစ်ခုကို အိမ်တစ်လုံးစာလောက်ရှိတယ်… “
အကြီးအကဲစွန်းက ဘူးသီးခြောက်ကို ဖွင့်ပြီး အနံ့ခံကြည့်လိုက်သည်။ ရုတ်တရက် သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မေးလိုက်သည်… ”ဘယ်သူက မင်းကို စမ်းရေအကြောင်း မေးနေလို့လဲ… မြန်မြန်ပြောစမ်း… မင်း ဒီဘူးသီးခြောက်ကို ဘယ်ကရှာတွေ့တာလဲ… “
ဝမ်လင်း မှင်သက်သွားသည်။ သူက အပြစ်ကင်းသောပုံစံဖြင့် မေးလိုက်သည်… ”အကြီးအကဲ ဒီဘူးသီးခြောက်က ဘာမှားနေလို့လဲ… ကျွန်တော် ရေသွားသယ်တော့ ဒါကို စမ်းချောင်းထဲမှာ မျောနေတာတွေ့လိုက်ရတယ်… ဘူးသီးခြောက်က ချစ်စရာကောင်းတာနဲ့ ရေထဲကနေ ဆယ်ယူထားတာပါ… “
အကြီးအကဲစွန်း၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဝမ်လင်းအား လေးလေးနက်နက် ကြည့်ကာ ဘူးသီးခြောက်အား ကိုင်ထားရင်း စဉ်းစားလိုက်သည်… ‘ဒီဘူးသီးခြောက်ထဲမှာ စိတ်စွမ်းအင်တွေ အများကြီးပါတယ်… သေမျိူးတစ်ယောက်က ဒါကိုသောက်ရင် ဒီထဲက စိတ်စွမ်းအင်တွေကို မစုပ်ယူနိုင်လည်း သူတို့ကို လန်းဆန်းသွားစေလိမ့်မယ်... သူက ညာနေတဲ့ပုံ မပေါ်ဘူး… ဒီဘူးသီးခြောက်ကို သူက ဖြုန်းတီးနေတာပဲ… တကယ်လို့ ဒါကိုဆေးဖော်လိုက်မယ်ဆိုရင် ရလဒ်က အတော်ကောင်းမှာပဲ… ဒါက သေနေတဲ့ အပြာရောင်မြက်နှင့် ညခရမ်းပင်ကို ဒီဘူးသီးခြောက်နဲ့ တစ်ခုခု စမ်းသပ်ကြည့်ဖို့ အခွင့်အရေးကြီးတစ်ခုပဲ… သူတို့က သဘာဝရန်သူတွေဆိုပေမယ့် မစမ်းကြည့်ပဲနဲ့ ဘာမှသိရမှာ မဟုတ်ဘူး… ‘
သူ၏အတွေးများအား ရပ်တန့်ပြီးနောက် အကြီးအကဲ၏အမူအရာက ရုတ်တရက်ပြောင်းလဲသွားပြီး ဘူးသီးခြောက်အား ဂရုတစိုက် ကြည့်လိုက်သည်။ သူက မျက်မှောင်ကျုံ့ကာ ဝမ်လင်းအား အေးစက်စွာမေးလိုက်သည်… ”ဝမ်လင်း… မင်းက သတ္တိတွေ ရှိနေတာပဲ… အကြီးအကဲကိုတောင် လိမ်ညာရဲတယ်…. မင်းကိုကြည့်ရတာ ဟုန်ယွီဂိုဏ်းမှာ မနေချင်တော့ဘူးထင်တယ်… “
ဝမ်လင်းက ပဟေဠိဖြစ်နေဟန်ဖြင့် လျှင်မြန်စွာ ပြောလိုက်သည်… ”အကြီးအကဲ… ကျွန်တော် မညာပါဘူး… ဂိုဒေါင်ထဲမှာ စမ်းရေ ၁၀စည်ပိုင်း အပြည့်ရှိပါတယ်… “
ဝမ်လင်း၏စကားမဆုံးမီ အကြီးအကဲစွန်းက ဒေါသထွက်စွာဖြင့်အော်လိုက်သည် “မင်း ငါ့ကို ဆက်ပြီး ရိုးသားချင်ယောင် ဆောင်ပြနေအုံးမှာလား… ငါ့ကမင်းကို ဘူးသီးခြောက်အကြောင်းကိုမေးနေတာ… ငါ မင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်… ဒီဘူးသီးခြောက် ဘယ်ကရလည်းဆိုတာ မင်းငါ့ကိုပြောပြမလား ဒါမှမဟုတ် မင်းကို ဒီနေ့ပဲ ဟုန်ယွီဂိုဏ်းကနေ ကန်ထုတ်ရမလား… “
ဝမ်လင်း၏မျက်နှာတွင် ခံပြင်းသည့် အမူအရာများ ပေါ်လာပြီး ငိုပြီး ပြောလိုက်သည်... “ ဘာဖြစ်လို့ ကျွန်တော့်က နှင်ထုတ်ခံရမှာလဲ… ဟုန်ယွီဂိုဏ်းကို ရောက်ကတည်းက သတ်မှတ်ထားတဲ့အတိုင်း ရေကို ၁၀စည်ပြည့်အောင် အကြိမ်ပေါင်းများစွာ သယ်ခဲ့ရတယ်… ထမင်းဆိုလည်း တစ်ပတ်ကျော်မှ တစ်ခါလောက်ပဲ စားခဲ့ရတယ်… ကျွန်တော့်အမေပေးခဲ့တဲ့ အာလူးကြော်တွေသာ မရှိဘူးဆိုရင် အခုအချိန်ထိ အသက်ရှင်နေမှာ မဟုတ်ဘူး… ဒါက ကျင့်စဉ်ကျင့်ခိုင်းတာ မဟုတ်ဘူး… နှိပ်စက်နေတာပဲ… “
“ကျွန်တော် ကိုယ့်အားကိုယ်ကိုးပြီး ဒီဘူးသီးခြောက်ကို မြစ်ထဲကနေ ဆယ်ခဲ့တာ… တကယ်လို့ အကြီးအကဲ လိုချင်တယ်ဆိုရင် ယူလိုက်ပါ… ကျွန်တော်က ဘာလို့ညာရမှာလဲ… “
အကြီးအကဲစွန်းက ကျန်ရှိနေသောအာလူးကြော်များကို ကြည့်လိုက်ပြီး ဘူးသီးခြောက်အား တစ်လှည့်ကြည့်ကာ စဉ်းစားလိုက်သည်… ‘ငါက ဒီပစ္စည်းကို လိုချင်လို့ ပြင်ပဂိုဏ်းသားတစ်ယောက်ရဲ့ ရတနာကို ယူပြီး သူ့ကို အဝေးကို မောင်းထုတ်လိုက်တာကိုသာ တခြားသူတွေ သိသွားခဲ့ရင်… ငါ့သိက္ခာ ကျသွားလိမ့်မယ်… ပြီးတော့ တစ်ခြားလူတွေကလည်း ဒီကိစ္စကို စုံစမ်းကြတော့မှာ ငါ ဒါကိုယူသွားလို့မရဘူး… ဒီကလေးက ငါ့ကို ခုထိညာနေတုန်းပဲ… ဒီလိုဘူးသီးခြောက်တွေက အများကြီးရှိအုံးမယ် ထင်တယ်… ဒါတွေအားလုံးကိုသာ ရရင် ငါ့ရဲ့ ဆေးဖော်စပ်မှု စွမ်းရည်က နောက်တစ်ဆင့်ကို ရောက်သွားလိမ့်မယ်… ‘
ထိုအကြောင်းကို စဉ်းစားပြီးနောက် ရုတ်တရက် အံ့သြသောအမူအရာဖြင့် ပြောသည်… “ကြမ်းတမ်းလိုက်တဲ့ အဖြစ်ပါလား… တစ်ပတ်လုံးလုံး ဘာမှမစားခဲ့ရတာကို ငါမသိခဲ့ဘူး… အခုတော့ ဒီကိစ္စကို သိသွားပြီမို့လို့ ငါဖြေရှင်းပေးမယ်… ပြင်ပဂိုဏ်းသားဆိုတာလည်း ဟုန်ယွီဂိုဏ်းရဲ့ တပည့်တွေပဲလေ… ”
သူစကားပြောပြီးသောအခါ ဝမ်လင်း ခံပြင်းနေဆဲဖြစ်နေတာကို သတိထားမိလိုက်သည်။ သူက အေးစက်စက် ရယ်မောပြီး ငြင်သာစွာ ပြောသည်… ”ဝမ်လင်း… ငါ ဒီဘူးသီးခြောက်ကို လိုချင်ပေမယ့် မင်းကို မတရား မလုပ်ပါဘူး… ငါ့မှာ အခု အကူတစ်ယောက် လိုနေတယ်… ငါ့ရဲ့ အကူလုပ်မလား… “
ဝမ်လင်း အံ့သြသွားသည်… “ကျွန်တော် မလုပ်ချင်ဘူး… အကူဆိုတာာ အစေခံတစ်ယောက်နဲ့ အတူတူပဲ… ကျွန်တော်က အစေခံတစ်ယောက်ဖြစ်နေတာ အဖေသိသွားရင် သေလောက်အောင် ရိုက်လိမ့်မယ်… “
အကြီးအကဲစွန်း တော်တော်ဒေါသထွက်သွား၏။ ဝမ်လင်း၏အဖေက သူ့ကို မရိုက်ခင် သူကအရင် ရိုက်သတ်ချင်သွားသည်။ ဒုတိယမျိုးဆက်၌ သူ့ အဆင့်က နိမ့်သော်လည်း အကူတစ်ယောက် ရှာဖွေ နေကြောင်းကို ကြေညာပါက ပြင်ပတပည်များ အပြေးအလွား ရောက်လာကြပေမည်။
သူ့ဒေါသများအား မြိုသိပ်ကာ ပြောလိုက်သည်… ''ကောင်းပြီ... မင်းကို ငါ့ရဲ့ တပည့်အဖြစ် လက်ခံလိုက်မယ်… အခု ဂိုဏ်းခေါင်းဆောင်ကို သွားပြောလိုက်ဦးမယ်… မင်းရဲ့ ပစ္စည်းတွေကို ထုပ်ပိုးပြီးတော့ ငါ့ရဲ့ ဥယျာဉ်မှာ စောင့်နေပါ… '' ထိုနောက် ဝမ်လင်း၏ အခန်းလေးထဲက ထွက်သွားတော့သည်။
အကြီးအကဲစွန်း ထွက်ခွာသွားပြီးနောက် ဝမ်လင်၏မျက်နှာက မည်းမှောင်သွားသည်။ သူ့စိတ်ထဲ၌ လှောင်ပြောင်နေ၏… ‘ဒီအဖိုးကြီးက အပေါ်ယံမှာတော့ ငါ့ကို သူ့ရဲ့ တပည့်အဖြစ် လက်ခံထားတယ်… အမှန်က ဒီဘူးသီးခြောက်တွေကို ပိုလိုချင်နေတာပဲ… ‘
သူက တွေးပြီး ရယ်လိုက်သည်… ‘တောင်ပေါ်၌ ဘူးသီးခြောက်တွေ အများကြီး ရှိတယ်… တချို့ကို မှော်ကျောက်တုံးစိမ်ထားတဲ့ရေ ထည့်ထားရမယ်… အခု ပင်မတပည့် ဖြစ်ဖို့ အခွင့်အရေး ရနေပြီ… ကျင့်ကြံခြင်းလမ်းကို လျှောက်လှမ်းဖို့ ဒီအခွင့်အရေးကို အရယူရမယ်… ‘
ထိုအကြောင်းကိုတွေးကာ ဝမ်လင်း စိတ်လှုပ်ရှားလာသည်။ သူ၏ပစ္စည်းများကို ထုပ်ပိုးကာ အာလူးကြော်များကို ကျန်းဟူအတွက် ချန်ထားလိုက်သည်။ ထို့နောက် သူက အကြီးအကဲစွန်း၏ ခြံဝင်းဆီသို့ ထွက်လာတော့သည်။
သည်တစ်ကြိမ်တွင်တော့ ဝမ်လင်းက သူရောက်ရှိလာသည်ကို အသိမပေးတော့ချေ။ သစ်ပင်ပေါ်၌ ထိုင်နေသည့်ဝတ်စုံဖြူဝတ်လူငယ်ကလည်း မတားပေ။ ဝမ်လင်းကို တပည့်အဖြစ်လက်ခံထားကြောင်းကို အကြီးအကဲစွန်းထံမှ သူက သိထားပြီး ဖြစ်၏။ လူငယ်က ရယ်မောပြီး သူ့ကိုယ်သူ ပြောလိုက်သည်… "အမှိုက်လိုဆရာက အမှိုက်လိုတပည့်ကို လက်ခံထားတာပဲ… ဒါကို အလွန်ကို လိုက်ပါပေတယ်… “
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၁၇) ကျင့်စဉ်ကျင့်ခြင်း
အချိန်အနည်းငယ်ကြာပြီးနောက် စွန်းတဇူးသည် ဥယျာဉ်ထဲသို့ ဒေါသထွက်စွာဖြင့် ဝင်လာ၏။ ဂိုဏ်းခေါင်းဆောင်ကို ဝမ်လင်းအား တပည့်အဖြစ်လက်ခံမည့်အကြောင်း ပြောပြသောအခါ သူ၏ ဂိုဏ်းတူ ညီအစ်ကိုတချို့က သူ့အားလှောင်ပြောင်ခဲ့ကြသည်။ စွန်းတဇူးက ကြိမ်းဝါးလိုက်သည်… ‘ငါ ဘူးသီးခြောက်တွေ အကုန်ရသွားပြီး ကျင့်စဉ်ကို အများကြီး တိုးတက်စေတဲ့ အင်မော်တယ်ဆေးတွေဖော်စပ်ပြီးမှ ဘယ်သူ ငါ့ကို ရယ်နိုင်ဦးမလဲ ကြည့်လိုက်ဦးမယ်… ‘
ဥယျာဉ်ထဲသို့ ဝင်လာပြီးနောက် စွန်းတဇူးက ဝမ်လင်းအားမြင်သောအခါ စိတ်တိုစွာ ပြောလိုက်သည်… ”ဝမ်လင်း… မင်း ဒီနေ့ကနေစပြီး ငါရဲ့တပည့်ဖြစ်သွားပြီ… ကျင့်စဉ်ကို ကောင်းကောင်းကျင့် မင်းရဲ့ဆရာကို နာမည် မပျက်စေနဲ့… “ သူက ဝမ်လင်းအား အိတ်ငယ်တစ်လုံး ပစ်ပေးကာ ပြောလိုက်သည်… “ဒါက ပင်မတပည့်တံဆိပ်ပြား… ဒါက သိုလှောင်အိတ်… ဒီထဲမှာ အဝတ်တွေ၊ကျင့်စဉ်မှတ်တမ်းတွေ သိမ်းလို့ရတယ်… ကိုယ့်ဘာသာ စစ်ကြည့်လိုက်… “
ဝမ်လင်းက စိတ်လှုပ်ရှားစွာဖြင့် ထိုအရာအား ကောက်ယူလိုက်သည်။ သူ့မိဘများ၏မျှော်လင့်ချက်များက သူ၏ စိတ်ထဲ၌ ပေါ်ပေါက်လာသည်။ ဤအချိန်၌ သူက လေးစားကြည်ညိုစွာဖြင့် ဆရာစွန်းတဇူး ဟု ခေါ်လိုက်သည်။
စွန်းတဇူးက ဝမ်လင်းအား စူးစိုက်ကြည့်ကာ ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်… ”အခုကစပြီး မင်းရဲ့အခန်းထဲမှာပဲ နေရလိမ့်မယ်… ငါ့ရဲ့ ခွင့်ပြုချက်မရှိဘဲ အပြင်ထွက်ခွင့်မရှိဘူး… “
ထိုသို့ပြောပြီးနောက် သူက ကျောက်စရစ်ခဲတစ်လုံးကို ကောက်ယူလိုက်ကာ သူ့နောက်မှ ဥယျာဉ်ဂိတ်အား ပစ်လိုက်၏။ ကျောက်စရစ်ခဲက ခရမ်းရောင် အလင်းတန်းတစ်ခုအဖြစ်ပျံသန်းသွားပြီး ဥယျာဉ်ဂိတ်အား မှန်သွားကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။
ထို့နောက် စွန်းတဇူးက ဝမ်လင်းအား အေးစက်စက်ကြည့်ကာ သူ၏အခန်းသို့ ပြန်သွား၏။
ထိုအချင်းအရာကို ကြည့်ပြီး ဝမ်လင်း ထိတ်လန့်သွားသည်။ ဝမ်လင်းက သိုလှောင်အိတ်ကို ကိုင်ကာ သူ၏ အခန်းဆီသို့ ပြန်လာခဲ့သည်။ အခန်းက သေးငယ်ပြီး အိပ်ယာတစ်ခုတည်းသာ ပါဝင်သော်လည်း ဝမ်လင်း စိတ်အနှောင့်အယှက် မဖြစ်ပေ။ အိပ်ယာပေါ်၌ ထိုင်ကာ သိုလှောင်အိတ်အားစစ်ဆေးကြည့်လိုက်သည်။
ထိုအိတ်က မီးခိုးရောင် အိတ်ငယ်လေးတစ်လုံး ဖြစ်ပြီး အကောင်းကြီးတော့ ဖြစ်ပုံမရပေ။ ဝမ်လင်း အိတ်ကိုသွန်ချလိုက်သောအခါ အနီရောင်ဝတ်စုံတစ်စုံနှင့် စာအုပ်ငယ်လေး တစ်အုပ် ထွက်ကျလာသည်။
ဝမ်လင်းက စိတ်လှုပ်ရှားစွာဖြင့် စာအုပ်ငယ်လေးအား ကောက်ယူကာ ဖွင့်ကြည့်လိုက်သောအခါ ပထမစာမျက်နှာ၌ “ကီစုစည်းခြင်း၏ အဆင့်သုံးဆင့်” ဟု ရေးထားသည်ကို တွေ့လိုက်ရသည်။
သူ ညသန်းခေါင်အချိန်အထိ ဆီမီးထွန်း၍ စာဖတ်နေ၏။ သူက စာအုပ်ကို ပိတ်ပြီးနောက် ကျင့်စဉ်အကြောင်းကို အနည်းငယ်ပို၍ နားလည်လာကြောင်း ခံစားလိုက်ရသည်။ ဤစာအုပ်၌ ကီစုစည်းခြင်းတွင် အခြေခံအဆင့်ကြီးသုံးဆင့်ပါဝင်ပြီး ကီစုစည်းခြင်းအဆင့်ကို အလွှာ၁၅လွှာ ခွဲခြားထားသည်ဟု ရေးသားထားသည်။
ကောင်းကင်နှင့်မြေကြီးမှ စိတ်စွမ်းအင်များကို ခန္ဓာကိုယ်ထဲသို့စုပ်ယူလေ့ကျင့်ရသည့်အတွက် ကီစုစည်းခြင်းအဆင့်ဟု ခေါ်ဆိုခြင်း ဖြစ်ပြီး အနာဂတ်ကျင့်ကြံခြင်းလမ်းစဉ်အတွက် ခိုင်မာသော အခြေခံအုတ်မြစ်တည်ဆောက်ရသော အဆင့်ဖြစ်သည်။
ဤအရာက လူတစ်ဦး၏ ပင်ကိုယ်အရည်အသွေးကို စမ်းသပ်သောအကောင်းဆုံးစပ်သပ်မှုဖြစ်၏။ ပါရမီ ပိုရှိလေ ကောင်းကင်နှင့်မြေကြီးမှ စိတ်စွမ်းအင်များကို စုပ်ယူနိုင်လေဖြစ်ပြီး သူတို့၏ ကျင့်စဉ်က လျှင်မြန်စွာ တိုးတက်လာမည်ဖြစ်သည်။ သို့သော်လည်း လူတစ်ယောက်၏ပါရမီက သာမန်ပဲဆိုလျှင် သူတို့၏တစ်ဘဝလုံး ကြိုးစားလျှင်တောင်မှ တတိယအလွှာကို ဘယ်တော့မှ ရောက်ရှိမည်မဟုတ်ပေ။ တချို့ဆိုလျှင် ပထမအလွှာကို ပင် မရောက်နိုင်ကြပေ။
‘ကီစုစည်းခြင်း၏ အဆင့်သုံးဆင့်’ စာအုပ်က ဝမ်လင်းအတွက် ရတနာတစ်ခု ဖြစ်သည်။ ဝမ်လင်းက ချက်ချင်း ကီစုစည်းခြင်း ပထမအလွှာအတွက် နည်းလမ်းများကို ကျက်မှတ်လိုက်သည်။ ထို့နောက် သူက ခြေချိတ်ထိုင်လိုက်ပြီး မျက်လုံးမှိတ်ကာ စာအုပ်ထဲ၌ပါသော သုံးဆင့်ရှိုက်အသက်ရှူနည်းစနစ်အတိုင်း စတင်လေ့ကျင့်လိုက်သည်။ သုံးဆင့်ရှိုက်အသက်ရှူနည်းက ခန္ဓာကိုယ်အတွင်းသို့ စိတ်စွမ်းအင်များ လျှင်မြန်စွာ စုပ်ယူနိုင်ပေးနိုင်သည်။
စာအုပ်ထဲ၌ ထိုအသက်ရှုနည်းအား ပထမအကြိမ် ကျင့်ကြံသူများသည် သူတို့၏ ခန္ဒာကိုယ်ပေါ်၌ ပုရွတ်ဆိတ်များ သွားနေသကဲ့သို့ ခံစားရလိမ့်မည်ဟု ရေးသားထားသည်။ ထိုသို့ဖြစ်ရခြင်းမှာ ခန္ဓာကိုယ်အတွင်းသို့ စိတ်စွမ်းအင်များ ဝင်လာသောကြောင့် ဖြစ်၏။ ထိုအချိန်တွင် ကြောက်မနေစေရန်နှင့် စိတ်ကို ဖြေလျော့ထားရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
အချိန်အတော်ကြာပြီးနောက် ဝမ်လင်းက မည်သည့်အရာကိုမျှ မခံစားရသည့်အပြင် အသက်ရှူနည်းစနစ်ကြောင့် အသက်ရှူမဝသလိုပင် ဖြစ်နေသည်။
ဝမ်လင်းက သက်ပြင်းချလိုက်၏။ စာအုပ်ထဲတွင် ရေးထားသည့်အချက်များက ပင်ကိုယ်ပါရမီကောင်းသည့်သူများအတွက် ရေးထားခြင်း ဖြစ်သည်ကို သူ သိသည်။ သူ့ပါရမီက သာမန်သာ ဖြစ်သည့်အတွက် ထိုလူများနှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်ချေ။
သို့သော် သူ စိတ်ဓာတ်မကျပေ။ အချိန်အနည်းငယ်အကြာ အနားယူပြီးနောက် ထိုအသက်ရှုနည်းစနစ်အား ဆက်လက်လေ့ကျင့်လိုက်သည်။
ညက တဖြည်းဖြည်း ကုန်ဆုံးသွားကာ မနက်အာရုံဦးသို့ပင် ရောက်ရှိလာသော်လည်း ဝမ်လင်းသည် မည်သည့်စိတ်စွမ်းအင်ကိုမှ မခံစားရသေးပေ။ တစ်ညလုံး မအိပ်ရသေးသောကြောင့် သူ့ခေါင်းထဲတွင် မူးနောက်နေသည်။ သူက ထလိုက်ပြီး အပြင်ထွက်ရန် တံခါးကို ဖွင့်လိုက်သည်။
အပြင်ဘက်တွင် နူးညံ့သော လေပြေလေညှင်းများက ဆေးရနံ့များကို သယ်ဆောင်ထား၏။ သူက အကြိမ်ရေ အနည်းငယ်ခန့် အသက်ဝအောင် ရှူလိုက်သော်လည်း ပင်ပန်းမှုကား မပျောက်သေးပေ။ သူက စိတ်စွမ်းအင်ရေများဖြည့်ထားသော ဘူးသီးခြောက်ကို မပေးလိုက်ရလျှင် ဤကဲ့သို့မောပန်းနေမည်မဟုတ်ချေ။
သို့သော် ဤအချိန်က မဆင်မခြင်လုပ်ရမည့်အချိန် မဟုတ်ပေ။ သူက မှော်ကျောက်တုံးနှင့် ဘူးသီးခြောက်များကို သေချာဖွက်ထားသည့်အတွက် တခြားသူများရှာတွေ့သွားမည်ကို စိတ်မပူချေ။
ဝမ်လင်းက ဆေးဥယျာဉ်ထဲသို့ လမ်းလျှောက်ထွက်လာရင်း ကျောက်တုံးတစ်တုံးတစ်တုံးအား တွေ့သောအခါ ထိုနေရာ၌ ထိုင်ကာ ကျင့်စဉ်ကျင့်လိုက်သည်။ တစ်ခဏခန့်ကြာသောအခါ သူ၏ ခန္ဒာကိုယ်ပေါ်သို့ ပုရွှတ်ဆိတ်များ တက်လာသလို ခံစားလိုက်ရသောကြောင့် အံ့ဩသွား၏။ ထိုနေရာ၌ ဆက်ကျင့်ရန်ပြင်လိုက်သောအခါ သူ့ဆရာတွေ့သွားပြီး လှမ်းအော်ပြောလိုက်သည်… ”ဝမ်လင်း… မင်းဘာလုပ်နေတာလဲ… အဲ့နေရာကနေ မြန်မြန် ထွက်လာခဲ့စမ်း… မင်းကို ပြောလိုက်မယ်… ဆေးဥယျာဉ်မှာ ဘယ်တော့မှ ကျင့်စဉ်မလေ့ကျင့်ရဘူး… “
ဝမ်လင်းက မျက်လုံးဖွင့်လိုက်သောအခါ စွန်းတဇူးက သူ့အား မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ တိတ်ဆိတ်စွာပင် ထလိုက်ပြီး ဆေးဥယျာဉ်ထဲမှ ပြန်ထွက်လာခဲ့သည်။
စွန်းတဇူးက အေးစက်စွာ ပြောလိုက်သည်… ”မင်းက နေရာကောင်းတစ်ခုကို ဘယ်လိုရှာဖွေရမလဲဆိုတာတော့ သိသားပဲ... ဒီနေရာမှာ စိတ်စွမ်းအင်တွေ အများဆုံးရှိလို့ ငါ့ဆေးပင်တွေကို ဒီမှာစိုက်ထားတာ… ဒါကို မင်းက စုပ်ယူမယ်ပေါ့… ဆေးပင်တွေသာ သေသွားမယ်ဆိုရင် ငါတို့အသက်ကို ပေးလျှော်မယ်ဆိုရင်တောင် မလုံလောက်ဘူး… “
ဝမ်လင်းက စွန်းတဇူးးအား ကြည့်ကာ လေးလေးစားစား ပြောလိုက်သည်… ”တပည့် မသိလိုက်လို့ပါ… နောက်ကို ဘယ်တော့မှ ဒီမှာ ကျင့်စဉ် မကျင့်တော့ပါဘူး… ”
စွန်းတဇူး၏ အမူအရာက ပုံမှန်ပြန်ဖြစ်သွားပြီး ပြောသည်… ”ဒါပေမယ့် မင်းငါ့ကို နောက်ထပ်ဘူးသီးခြောက် ရှာပေးနိုင်ရင် မင်းကိုဆေးဥယျာဉ်ထဲမှာတော့ ကျင့်စဉ်ကျင့်ခွင့်မပေးနိုင်ပေမဲ့ မင်းကို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံး ပေးမယ်… အဲ့တာနဲ့ဆို မင်းအတွက် ကီစုစည်းခြင်းအဆင့်က ပိုပြီး လွယ်ကူလာလိမ့်မယ်… ”
ဝမ်လင်း ခေါင်းညိတ်လိုက်ကာ သူ၏မျက်နှာ၌ လှောင်ပြောင်ရိပ်တစ်ခု ဖြတ်သန်းသွားပြီး ပြောလိုက်သည်… ”တပည့် တောင်ကြားထဲက စမ်းချောင်းကို သွားပြီး နောက်တစ်ကြိမ် သွားကြည့်လိုက်ပါ့မယ်… ကံကောင်းရင် နောက်တစ်ခု ရှာတွေ့ နိုင်တယ်… ”
စွန်းတဇူးက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်… ”မနက်ဖြစ် ငါ့ဆီကို နောက်ထပ် ဘူးသီးခြောက်တစ်ဘူး ထပ်ယူလာမယ်ဆိုရင် မင်းကို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးပေးမယ်… ”
ဝမ်လင်း စွန်းတဇူးအား ကြည့်ကာ မေးလိုက်သည်… ”ဆရာ တကယ်ပြောတာလား… ကျွန်တော် ဘူးသီးခြောက်တစ်ခု ယူလာမယ်ဆိုရင် ဆရာ ကျွန်တော်ကို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံး ပေးမှာပေါ့… “
စွန်းတဇူး၏မျက်နှာတွင် ပျော်ရွှင်သည့် အမူအရာများက ထင်ဟပ်နေပြီး သူက ပြောလိုက်သည်… ”ဟုတ်တယ်… ငါ ဘူးသီးခြောက်တစ်ဘူးရရင် ငါက အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံး ပြန်ပေးမယ်… “
ဝမ်လင်းသည် သူ၏စိတ်ထဲ၌ ကြိတ်၍ လှောင်ရယ်လိုက်၏။ သို့သော် အပြင်ဘက်တွင် သူက လေးစားမှုအပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
စွန်းတဇူး၏ညာဘက်လက်တွင် အစီအရင်တစ်ခုပေါ်လာကာ သူက စကားအနည်းရွတ်လိုက်ပြီး သူ၏လက်ကို ရမ်းလိုက်ရာ ဥယျာဉ်ဂိတ်တံခါး ပွင့်သွား၏။ သူက မုတ်ဆိတ်ကို ပွတ်သပ်ပြီး ပြောလိုက်သည်… ”အခုပဲ သွားတော့… မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့… “
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၁၈) ဘူးသီးခြောက်
ဝမ်လင်းက စကားတစ်ခွန်းမျှ ထပ်မပြောဘဲ ဥယျာဉ်မှ ထွက်လာခဲ့သည်။ သူ၏အနီရောင်ဝတ်စုံက ပြင်ပတပည့်များကို ဆွဲဆောင်နေသည်။ သူတို့၏မျက်နှာပေါ်တွင် အားကျသည့် အမူအယာများ ရှိနေ၏။ အနီးသို့ရောက်လာမှ ထိုဝတ်စုံကို ဝတ်ဆင်လာသူကို မြင်လိုက်ရသောအခါ အလွန်ထိတ်လန့်အံသြသွားပြီး မနာလိုသည့် အရိပ်အယောင်များ ပေါ်လာလေသည်။
"ပင်မတပည့်ဖြစ်လာတာ ဘယ်သူလဲမှတ်တယ်... သူကိုး... ပြင်ပတပည့်ဖြစ်လာဖို့ ကိုယ့်ကိုယ်ကို သတ်သေဖို့နည်းလမ်းတောင် သုံးခဲ့တာ...အခုရော ဘာနည်းလမ်းသုံးလိုက်ပြန်ပြီလဲ မသိဘူး... "
"မေးနေစရာတောင်မလိုဘူး... အသိသာကြီး... မကောင်းတာတစ်ခုခုလုပ်ပြီး အကြီးအကဲစွန်းရဲ့ ထောက်ခံမှုကို ရအောင် လုပ်လိုက်မှာပေါ့... ဒီလိုကောင်မျိုးက အရှက်မှမရှိတာ... "
"မှန်တယ်... သူလိုကောင်မျိုးက ပင်မတပည့်ဖြစ်လာရင်တောင် အောက်ဆုံးမှာပဲ နေရမှာ... ကျင့်ကြံတယ်ဆိုတာ လွယ်တာမှ မဟုတ်တာ... "
"သူလိုလူမျိုး ပင်မတပည့်ဖြစ်လာတော့ရော ဘာဂရုစိုက်စရာလိုလို့လဲ... အမှိုက်က အမှိုက်ပဲ... သူလိုကောင်က ဘယ်သွားသွား အထင်သေးခံရမှာပဲ... "
"ခံပြင်းဖို့ကောင်းလိုက်တာ... ငါ ပြင်ပတပည့်ဖြစ်တာ ၄နှစ်ရှိပြီ... သူ့လောက်အရှက်မရှိတာမျိုး မြင်ကိုမမြင်ဖူးဘူး... အကြီးအကဲက သူ့ကို ဘာလို့ ရွေးလိုက်လဲမသိဘူး... ငါကတောင် သူ့ထက် အစစအရာရာ သာတယ်... "
"မင်းက ၄နှစ်ပဲ ရှိသေးတာ... ငါဆို ၁၂ နှစ်ရှိနေပြီ... ဒါပေမယ့် ငါက ကိုယ့်အားကိုယ်ကိုးတယ်... အခုကြည့်ပါလား အဲ့ကောင် ဘယ်လောက်မောက်မာနေလဲ... ပင်မတပည့်တွေက ခဏခဏ ပြိုင်နေကြတဲ့ကောင်တွေ... ဘာဆက်ဖြစ်မလဲ စောင့်ကြည့်နေစမ်းပါ... "
ထိုစကားများကို ဝမ်လင်း ကြားနေပေမယ့်လည်း ဘာမှပြန်ပြီး မတုန့်ပြန်ချေ။ သူတို့၏မျက်နှာများကိုသာ အေးစက်စက်နှင့် ကြည့်သွားခဲ့၏။ ယခုချိန်မှာ မသန်မာသေးသော်လည်း သန်မာလာတဲ့တစ်နေ့ ပြန်လက်စားချေမှာ ဖြစ်သည်။
အချိန်အနည်းငယ်ကြာပြီးနောက် အရှေ့ဘက်ဂိတ်ကို ဖြတ်ပြီးသည်နှင့် စမ်းချောင်းဆီသို့ ပြေးသွားလိုက်၏။ စမ်းချောင်းသို့ရောက်လာသောအခါ ဝမ်လင်းက မျက်နှာသစ်လိုက်သည်။ထို့နောက် စမ်းရေအနည်းငယ် သောက်ကာ ထိုင်ချလိုက်ပြီး စဉ်းစားနေလေသည်။
အကြီးအကဲစွန်းက စမ်းချောင်းလေးနားက သစ်ပင်ပေါ်ကနေပြီး ဆဲရေးလိုက်သည်...
"ကောင်စုတ်ကလေး… ဘူးသီးခြောက် သွားရှာမယ်ပြောပြီး ဒီမှာပဲ မျောလာတာကို ထိုင်စောင့်နေမယ်လို့ ငါတစ်ကယ်မယုံဘူး... "
ဝမ်လင်းထွက်သွားသည်နှင့် အကြီးအကဲစွန်းက ဘူးသီးခြောက်များတွေ့ခဲ့သောနေရာကို သိရန် ချက်ချင်းနောက်ယောင်ခံလိုက်လာခဲ့သည်။ သို့သော်လည်း ဝမ်လင်းက စမ်းချောင်းဘေးမှာထိုင်ပြီး ကျင့်စဉ် ကျင့်နေမည်ဟု မထင်မိခဲ့ချေ။
ဤနေရာရှိ စိတ်စွမ်းအင်က ဆေးဥယျာဉ်ထဲကလောက် မသိပ်သည်းသော်လည်း အခန်းထဲတွင်ရှိသည့် စိတ်စွမ်းအင်ထက် အလွန်များပြားသည်။ ကီစုစည်းခြင်းအဆင့်တွင် စိတ်စွမ်းအင်ဘယ်လောက်များများ စုပ်ယူရမည်ကို သူသေချာမသိပေ။ ယခုအချိန်၌ ဝမ်လင်းက နည်းနည်းချင်းစီသာ စုပ်ယူနိုင်သေးသည်။ ဤအဆင့်က အချိန်ယူပြီး သေချာတည်ဆောက်ရမည်ဟု သူနားလည်ထား၏။
ဝမ်လင်း၏ခန့်မှန်းချက်က တစ်ကယ် မှန်ပေသည်။ ကီစုစည်းခြင်းအဆင့်က အနာဂတ်အတွက် ခန္ဓာကိုယ်ထဲသို့ စိတ်စွမ်းအင်ကို စုပ်ယူပြီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဖြစ်၏။
ဝမ်လင်းက နေ့လည်ထိတိုင်အောင် အသက်ရှူလေ့ကျင့်ခန်းကို လုပ်နေခဲ့သည်။ ထို့နောက် ဝမ်လင်းက မတ်တပ်ရပ်လိုက်ပြီး အကြောဆန့်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်မှာ ပုရွက်ဆိတ်များ ဖြတ်ပြေးနေသလိုမျိုး မခံစားရပေ။ စမ်းချောင်းနားတွင် မတ်တပ်ရပ်နေပြီး တွေးနေလေသည်... 'အကြီးအကဲစွန်းက ငါ့ကို အကြောင်းပြချက် မရှိဘဲ မလွှတ်လောက်ဘူး... သူ ဒီနားလေးမှာပဲ ရှိလောက်တယ်... '
ဝမ်လင်းက ဗိုက်ကိုပွတ်လိုက်ပြီး ဂိုဏ်းဆီသို့ ပြန်လာခဲ့သည်။
အကြီအကဲစွန်းက ဒေါသပေါက်ကွဲနေလေပြီ။ အကျိုးမရှိဘဲ တစ်မနက်ခင်းလုံး စောင့်နေခဲ့ရသည်။ သူက ရေရွတ်လိုက်သည်… “ကောင်စုတ်လေး... ဒီအဘိုးကြီးက မင်းနဲ့ ကစားပေးရသေးတာပေါ့... မင်းတစ်ရက်နဲ့မအောင်မြင်ရင် ငါက တစ်လစောင့်မယ်... တစ်လနဲ့ မအောင်မြင်ရင် တစ်နှစ်စောင့်မယ်... မင်းမှာ နောက်ထပ် ဘူးသီးခြောက်တွေ မရှိတော့ဆိုတာ မယုံဘူး... "
အကြီးအကဲစွန်းက ပြောပြီးသည်နှင့် ဝမ်လင်းပြန်မရောက်ခင် ဆေးဥယျာဉ်သို့ ပြန်လာလိုက်တော့သည်။
ခဏကြာတော့ ဝမ်လင်းပြန်ရောက်လာသည်။ စွန်းတဇူးက သူ၏မုတ်ဆိတ်ကို ပွတ်သပ်လိုက်ပြီး မေးလိုက်၏... "တပည့်... ဘူးသီးခြောက်တွေ့ခဲ့လား... "
ဝမ်လင်းက ခေါင်းခါပြီး ဖြေလိုက်သည်... "ဆရာ... တပည့် တစ်မနက်ခင်းလုံး စမ်းချောင်းမှာ ထိုင်စောင့်နေတယ်... ဒါပေမယ့် ဘူးသီးခြောက်တစ်ခုမှ မတွေ့ခဲ့ရဘူး... မွန်းလွဲပိုင်းထပ်သွားကြည့်လိုက်မယ်... တပည့်က ကံကောင်းပါတယ်... "
စွန်းတဇူး က စိတ်ထဲကနေ ကျိန်ဆဲနေသည်... "မျက်လုံးပိတ်ပြီး ကျင့်စဉ်ကျင့်နေမှတော့... ဟိုက မျောလာရင်တောင် တွေ့မှာမဟုတ်ဘူး... "
သို့သော် ပါးစပ်က အားပေးစကားသာ ပြောလိုက်၏... "ကောင်းတယ်... ဝမ်လင်း... အခုတော့ ထမင်းစားလိုက်ဦး... နေ့လည်မှ ထပ်သွားကြည့်ပေါ့... "
"ဟုတ်... " ဝမ်လင်းက တစ်ခွန်းတည်းပြောလိုက်သည်။ အခန်းထဲသို့ ဝင်လိုက်သောအခါ စားပွဲပေါ်က အသား၊အရွက်နှင့် စွပ်ပြုတ်ဟင်းတွေကြောင့် အရမ်းဆာလောင်လာသည်။ မည်သူလာထားသလဲ မတွေးတော့ဘဲ အမြန်ထိုင်လိုက်ပြီး စားလိုက်၏။ စွပ်ပြုပ်အရည်ကို ကုန်အောင်သောက်လိုက်ပြီး တရေးတမော အိပ်လိုက်လေသည်။
စွန်းတဇူး၏ခန္ဓာကိုယ်က တစ္ဆေတစ်ကောင်ကဲ့သို့ ပေါ်လာပြီး တိုးတိုးလေး ရေရွတ်လိုက်သည်... "ဒီအဘိုးကြီးက ဂိုဏ်းရဲ့စည်းမျဉ်းတွေကို လိုက်နာပါတယ်... အဆိပ်လည်း မခပ်ပါဘူး... ဒါပေမယ့် မင်းစားလိုက်တဲ့အစားအစာထဲမှာတော့ စိတ်စွမ်းအင်စုပ်ယူတာကို တားဆီးပေးတဲ့ဆေးလေး ထည့်လိုက်ရုံပါပဲ... မင်းရဲ့ သာမန်စွမ်းရည်နဲ့ ဒီဆေးရယ်ပေါင်းလိုက်ရင် ကီဖွဲ့စည်းခြင်းတတိယအလွှာကို ဘယ်တော့မှ ရောက်မှာမဟုတ်တော့ဘူး... မင်းက ငါ့အောက်မှာပဲ အမြဲတမ်းရှိနေလိမ့်မယ်... "
တစ်နာရီခန့်ကုန်လွန်ပြီးနောက် ဝမ်လင်း နိုးလာသည်။ သူ၏အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဆန့်လိုက်ပြီး စမ်းချောင်းဆီသို့ သွားလေသည်။ ထို့နောက် မျက်လုံးမှိတ်ပြီး ကျင့်နေပြန်၏။ ညနေခင်းအချိန် မှောင်လာတော့မှ ကျင့်ကြံမှုကို ရပ်တန့်လိုက်ပြီး တောထဲသို့ ဝင်သွားလေသည်။
စွန်းတဇူးကလည်း သစ်ပင်ပေါ်တွင် ထိုင်နေရာမှ ဝမ်လင်းနောက်သို့ လျှို့ဝှက်စွာ လိုက်လာလေ၏။
ဝမ်လင်းကလည်း လမ်းတစ်လျောက် ဘေးဘယ်ညာကို သေချာကြည့်ပြီး ဖြည်းဖြည်းချင်း လျောက်လာသည်။ ရုတ်တရက် သူ့မျက်နှာတွင် ပျော်ရွှင်သောအမူအယာ ပေါ်လာသည်။ သူတွေ့လိုက်ရသည်က ဘူးသီးခြောက်များ အပြည့်ရှိနေသည့်နွယ်ပင် ဖြစ်၏။ ဝမ်လင်းက ဘူးသီးခြောက်အသေးတစ်ခုကို ကောက်ယူပြီး တောထဲမှ မြန်မြန် ပြန်ထွက်လာသည်။
ဝမ်လင်းထွက်သွားပြီးနောက် စွန်းတဇူး အလွန် စိတ်ရှုပ်ထွေးသွား၏။ ဘယ်လိုကြည့်ကြည့် ဤဘူးသီးခြောက်များက သာမာန်မျှသာ ဖြစ်သည်။ သူလည်း ဘူးသီးခြောက်အနည်းငယ်ကောက်ယူလိုက်ပြီး ပျောက်ကွယ်သွားလေသည်။
ဝမ်လင်းက လမ်းအတိုင်း ဘယ်မှမဝင်ဘဲ ဂိုဏ်းသို့ ပြန်လာသည်။ လမ်းတစ်လျောက် အခြားသူများပြောသည့်စကားများကို လျစ်လျူရှုခဲ့၏။ ဆေးဥယျာဉ်ထဲသို့ ဝင်လာပြီးနောက် သူ့ကိုကြည့်နေသော စွန်းတဇူး၏သုန်မှုန်နေသောမျက်နှာကို မြင်တွေ့လိုက်ရသည်။
ဝမ်လင်းက ချက်ချင်း လက်ထဲမှဘူးသီးခြောက်ကို ရိုရိုသေသေ စွန်းတဇူးထံ ကမ်းပေးလိုက်ပြီး ပြောလိုက်၏... "ဆရာ... တပည့်ရဲ့ကံက ကောင်းတယ်လို့ ပြောခဲ့တယ်နော်... စမ်းချောင်းထဲကနေ ဘူးသီခြောက်ကို မတွေ့ခဲ့ရပေမည့် တောင်ကို ပတ်ကြည့်တဲ့အခါ ဘူးသီးခြောက်အနည်းငယ်ကို တွေ့လိုက်ရတယ်... ဒီဘူးသီးခြောက်က အရင်ပေးတဲ့ ဘူးသီခြောက်နဲ့ အတူတူပဲ...ဆရာ... ဒါကရော ဘယ်လိုလဲ... "
စွန်းတဇူး ဒေါသများ ပေါက်ကွဲလုနီးပါးဖြစ်လာသော်လည်း ဒေါသကို မျိုချလိုက်ပြီး အားတင်းပြီး ပြုံးပြလိုက်သည်။ ဘူးသီခြောက်ကို ကောက်ယူလိုက်ပြီး အပြင်ကို လွင့်ပစ်လိုက်ကာ ဝမ်လင်းကို ပြောလိုက်၏... "ငါလိုချင်တဲ့ ဘူးသီးခြောက်က အရင်တစ်ခါကလို စိတ်စွမ်းအင်တွေနဲ့ပြည့်နေတဲ့ ဘူးသီးခြောက်ကို လိုချင်တာ... တွေ့ကရာကောက်လာတဲ့ ဘူးသီးခြောက် မဟုတ်ဘူး... "
စွန်းတဇူး ဒေါသကို မထိန်းနိုင်တော့ဘဲ အနည်းငယ် အော်ဟစ်ပြီး ပေါက်ကွဲလိုက်သည်။ တစ်နေ့လုံး ဝမ်လင်းနောက်ပြီး အချိန်တွေ အလဟဿ ဖြစ်ခဲ့ရပြီး သာမန်ဘူးသီးခြောက်များကို ကောက်ယူပြီး စမ်းသပ်ရသည်အထိ လိမ်ခံလိုက်ရ၏။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၁၉) မောင်းထုတ်ခြင်း
ထိုဘူးသီးခြောက်များအကြောင်း စဉ်းစားလိုက်သောအခါ စွန်းတဇူးသည် သူ၏ဒေါသများကို မထိန်းချုပ်နိုင်လောက်အောင် ဖြစ်သွား၏။ ဘူးသီးခြောက်များအား ဘယ်လိုပင် စမ်းသပ်ကြည့်စေကာမူ ဘူးသီးခြောက်များကား သာမန်သာ ဖြစ်သည်။ သူက ထိုထဲသို့ စမ်းရေများပင် ထည့်ကြည့်ခဲ့သည်။ ဤကဲ့သို့ လုပ်နေပုံအား သူ၏ပညာသင်ဘက်ညီအစ်ကိုများသာ သိသွားပါက ရယ်ကြပေလိမ့်မည်။
ဝမ်လင်းက သူ၏နှလုံးသားထဲ၌ ရယ်နေခဲ့သည်။ သို့သော် သူ၏မျက်နှာပေါ်၌ အပြစ်ကင်းစင်ဟန်ဖြင့် ပြောလိုက်သည်… ”စိတ်စွမ်းအင်ဆိုတာ ဘာကိုပြောတာလဲ ကျွန်တော်မသိဘူး … ကျွန်တော် ကြားတာက ဘူးသီးခြောက်တစ်ခု ယူလာမယ်ဆိုရင် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံး ရမယ်ဆိုတာပဲ သိတယ် … ဆရာ ကျွန်တော့်ကို စိတ်စွမ်းအင် အကြောင်းရှင်းပြမလို့လား… “
သူ၏ခေါင်းချာချာလည်သွားသလို စွန်းတဇူး ခံစားလိုက်ရသည်။ ဝမ်လင်းအား အချိန်အတော်အကြာ စိုက်ကြည့်လိုက်ပြီးနောက် ဝမ်လင်းဆီက ပထမဆုံးရခဲ့သော ဘူးသီးခြောက်တစ်ခုသာ အစစ်အမှန် ဖြစ်သည်ဟု သူ့စိတ်ထဲ ထင်လာသည်။
သူ အနည်းငယ်တွေးပြီးနောက် ဝမ်လင်း ပြောသည့်စကားများက ယုတ္တိရှိသည်ကို နားလည်လိုက်သည်။ ကီစုစည်းခြင်းအဆင့် ပထမအလွှာသို့ ရောက်မှသာလျှင် ပတ်ဝန်းကျင်မှ စိတ်စွမ်းအင်များအကြောင်းကို နားလည်လာမည်ဖြစ်သည်။ ထိုအကြောင်းအားတွေးပြီးနောက် ဝမ်လင်း၏အစားအစာထဲသို့ ဆေးဝါးများထည့်မိခဲ့ခြင်းကို နောင်တရသွား၏။ ဝမ်လင်း၏ ပါရမီကတော်တော်ဆိုးပြီး သူထည့်လိုက်သောဆေးနှင့်ဆိုလျှင် ကီစုစည်းခြင်း၏ပထမအလွှာသို့ ရောက်ရန် အနည်းဆုံး နှစ်၃၀မှ၅၀ခန့် အချိန်ယူရလိမ့်မည်။
စွန်းတဇူး သက်ပြင်းချလိုက်ပြီး အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးထုတ်ကာ မပေးချင်ပေးချင်နှင့် ဝမ်လင်းအား ပေးကာ ပြောလိုက်သည်… ” ဒါက ကတိပေးထားတဲ့အတိုင်း အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးပဲ ဒါကိုယူပြီး ကီစုစည်းခြင်းအဆင့် ပထမအလွှာကို မြန်မြန်ချိူးဖြတ်ပါ… ”
ဝမ်လင်းက အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို လျင်မြန်စွာယူလိုက်ပြီး သူ့ဆရာအား ကျေးဇူးတင်ကာ သူ့အခန်းသို့ ပြန်သွားလိုက်တော့သည်။
စွန်းတဇူး ထိုနေရာ၌ အချိန်အတော်ကြာ ရပ်နေပြီးနောက် သက်ပြင်းချကာ ရေရွတ်လိုက်သည်… ”သူ ငါ့ကို လိမ်တယ်ဆိုရင် ဒါက သိဖို့တစ်ခုတည်းသော နည်းလမ်းပဲ… “
ဝိညာဉ်ရှာဖွေခြင်းနည်းလမ်းက အရိုးရှင်ဆုံးသော အင်မော်တယ်ကျင့်စဉ်တစ်ခုဖြစ်သည်။ အဆိုးဝါးဆုံးရလဒ်က ထိုနည်းလမ်းအား အသုံးပြုခံရသူသည် သူ၏ဝိညာဉ် ပြိုကွဲပြီး သေဆုံးသွားနိုင်ချေ ရှိသည်။ အကောင်းဆုံးရလဒ်တောင်မှ ဦးနှောက်မကောင်းတော့သည့်လူတစ်ယောက် ဖြစ်သွားနိုင်ချေ ရှိ၏။
သို့သော် ဝိညာဉ်ရှာဖွေခြင်းနည်းလမ်းတွင် အားနည်းချက်လည်း ရှိသည်။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို မရောက်မီ ထိုနည်းလမ်းအား သေမျိုးတစ်ယောက်အပေါ် ၌ အသုံးပြုမည်ဆိုပါက အသုံးပြုသူအား အသုံးပြုခံရသူနှင့်အတူ တူညီသောရလဒ်ကို တန်ပြန်ထိခိုက်စေသည်။
ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေပါက ပြဿနာရှိတော့မည် မဟုတ်ချေ။ သို့သော်လည်း ၎င်းအား တစ်ဘဝလုံးတွင် သုံးကြိမ်သာ သုံးခွင့်ရှိပေ၏။ တစ်ကြိမ်အသုံးပြုတိုင်း အသုံးပြုသူ၏ ကျင့်ကြံမှုသည် အောက်သို့ တစ်ဆင့်နိမ့်သွားမည် ဖြစ်သည်။
ဝမ်လင်း သူ၏အခန်းထဲ၌ ခြေချိတ်ထိုင်ကာ သူရရှိခဲ့သော စိတ်ဝိညာဉ်ကျောက်တုံးကို မည့်သို့ပင်လေ့လာစေကာမူ ထူးခြားမှုကို မတွေ့ရချေ။ သို့သော်လည်း စိတ်ဝိညာဉ်ကျောက်တုံးကို ကိုင်ထားသောအခါ သူ၏စိတ်က ကြည်လင်နေသလို ခံစားရသည်။ ဝမ်လင်း စတင်၍ ကျင့်စဉ်ကျင့်လိုက်သည်။
ညက တစ်ရွေ့ရွေ့ ကုန်ဆုံးသွား၏။ ဝမ်လင်းသက်ပြင်းချလိုက်သည်။ သူ၏ခန္ဒာကိုယ်ပေါ် ၌ ပုရွတ်ဆိတ်များ သွားနေသကဲ့သို့ မခံစားရပေ။ မည်သည့် စိတ်စွမ်းအင်မျှ သူ့၏ ခန္ဒာကိုယ်ထဲ၌ ဝင်လာသည်ကို မခံစားမိချေ။ သူက စိတ်ပျက်စွာ ပြုံးလိုက်မိသည်။ ထိုအချိန်၌ တစ်စုံတစ်ယောက်က သူ၏အခန်းတံခါးကို တွန်းဖွင့်လိုက်၏။ စွန်းတဇူးက သုန်မုန်နေသည့်မျက်နှာထားနှင့် ဝင်လာပြီး သူ့လက်ထဲတွင် အနက်ရောင်အရည်များပါသော ပန်းကန်လုံးတစ်လုံးအား ယူလာသည်။
“ဒါကို သောက်လိုက်… “
ဝမ်လင်း မှင်သက်သွားကာ ပန်းကန်လုံးအား ကြည့်ကာ မေးလိုက်သည်… ”ဆရာ ဒါတွေက ဘာတွေလဲ… ”
စွန်းတဇူးသည် ဝမ်လင်း၏ အမူအရာအား မြင်ပြီး ဒေါသထွက်ကာ အော်လိုက်သည်… ”ငါက မင်းကို ဒုက္ခရောက်အောင်လုပ်မယ်လို့ ထင်နေတာလား… ငါက မင်း ကီစုစည်းခြင်းအဆင့် ပထမအလွှာကို မရောက်စေချင်ရင် ဘာလို့ ဒီဆေးဖော်ဖို့အတွက် တစ်ညလုံး အချိန်ကုန်ခံမလဲ စဉ်းစားကြည့်ပါဦး… “
ဝမ်လင်းက တုန့်ဆိုင်းနေသော်လည်း စွန်းတဇူး၏ဒေါသထွက်နေသောအကြည့်များအား မြင်ပြီး ပန်းကန်းလုံးအားယူ၍ သောက်လိုက်သည်။
ထိုအရာအား သူသောက်ပြီးနောက် သူ၏အစာအိမ်ထဲ၌ လောင်ကျွမ်းနေသလို ခံစားလိုက်ရသည်။ ထိုအရာက ခန္ဒာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး သူအား ရေဆာသည့်ခံစားချက်မျိုး ခံစားရစေသည်။ ဤအရာက သူ့အား မီးဖိုပေါ်တင်၍ ကင်ထားသကဲ့သို့ ခံစားရစေသည်။
သူ၏အမြင်အာရုံများ မှောင်မိုက်သွားကာ ပန်းကန်လုံးအား လွတ်ကျသွားပြီး အိပ်ချင်လာသလို ခံစားလာရသည်။
“ကျင့်စဉ်ကို မြန်မြန်ကျင့်… ဆေးစွမ်းတွေကို စုပ်ယူနိုင်အောင် ငါ ကူညီပေးမယ်… ” စွန်းတဇူးက အင်တင်တင်ဖြင့် သူ၏လက်ကို ဝမ်လင်း၏ရင်ဘတ်ပေါ် တင်လိုက်သည်။
အေးမြသော ခံစားမှုက ဝမ်လင်း၏ဦးခေါင်းထဲသို့ဝင်ရောက်လာပြီး သူ၏စိတ်ကို ကြည်လင်သွားစေသည်။ ထို့နောက် ဝမ်လင်းက အလျင်အမြန် ကျင့်စဉ်ကျင့်လိုက်၏။ စွန်းတဇူးက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွာသော ပန်းကန်လုံးအားဝမ်းနည်းစွာ ကြည့်လိုက်ပြီးနောက် ပွစိပွစိရေရွှတ်ကာ အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်အား ထုတ်ကာ ဝမ်လင်း၏ဘေးနားတွင် ချထားလိုက်သည်။ သူ့စိတ်ထဲ၌လည်း တွေးလိုက်သည်… ‘ကောင်လေး ဒီအချိန်မှာ ငါမင်းအတွက် အများကြီး ရင်းနှီးထားရတယ်… အနာဂတ်မှာ ဒီအရာတွေအတွက် ပိုပြီး ပြန်ပေးဆပ်ရမယ်… ‘
ခဏကြာပြီးနောက် ဝမ်လင်း၏ကိုယ်၌ ပုရွတ်ဆိတ်များလျှောက်သွားနေသလို ခံစားလာရသည်။ စွန်းတဇူးသည် ဝမ်လင်းက ဆေးဝါးများမှ စိတ်စွမ်းအင်များ စုပ်နေသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်၏။ သူ၏မျက်နှာတွင်လည်း ပျော်ရွှင်သည့်အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ထိုအချိန်၌ ဝမ်လင်း၏ကိုယ်ထဲတွင် ဆိုးဝါးသောကီ တစ်ခုပေါ်ပေါက်လာပြီး ဝမ်လင်း စုစည်းထားသော ကီများကို လျှင်မြန်စွာ ဖျက်ဆီးလိုက်၏။
စွန်းတဇူး ကြေကွဲသွားသည်။ ဤဆိုးဝါးသောကီအရင်းအမြစ်က မနေ့က ဝမ်လင်း၏အစားအစာထဲသို့ ထည့်လိုက်သော ကီပြိုကွဲခြင်းမြက်မှ ဖြစ်သည်ဆိုတာကို သူသိသည်။ ဆေးဝါးများ၏ စွမ်းအင်များအားလုံး အသုံးပြုပြီးနောက် ဝမ်လင်း၏ကိုယ်ထဲ၌ မည်သည့် ကီစွမ်းအင်မျှ ကျန်မနေချေ။
စွန်းတဇူး သက်ပြင်းချကာ ဝမ်လင်းအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
ဝမ်လင်းက မျက်လုံးများကို ဖွင့်လိုက်သောအခါ သူ၏ခန္ဓာကိုယ်မှ ပေါ့ပါးမှုနှင့်သက်တောင့်သက်သာဖြစ်မှုကို ခံစားလိုက်ရ၏။ ဝမ်လင်းက စွန်းတဇူးအား ကျေးဇူးတင်ကြောင်း ပြောမည်အပြုတွင် နက်မှောင်နေသော စွန်းတဇူး၏မျက်နှာကို တွေ့လိုက်ရသည်။ ထို့နောက် စွန်းတဇူးက စကားတစ်ခွန်းမျှမပြောပဲ ထွက်သွား၏။
ဝမ်လင်း မှင်သက်သွားသည်။ စွန်းတဇူး ဘာကြောင့် ထွက်သွားသည်ကို သူ မသိပေ။ သူက အပြင်သို့ ထွက်လိုက်ပြီး အော်ပြောသည်… ”ဆရာ… ကျွန်တော် ဒီနေ့ စမ်းချောင်းကို သွားပြီး ကျွန်တော့်ကံကို သွားစမ်းကြည့်လိုက်ဦးမယ်… ”
စွန်းတဇူး က မည်သည့်စကားတစ်ခွန်းမျှ မပြောချေ။ သို့သော် သူက ဥယျာဉ်ဂိတ်တံခါးကို တိတ်တဆိတ်ဖွင့်ကာ ဝမ်လင်းနောက်သို့ လိုက်သွားလိုက်၏။ စွန်းတဇူး အရှုံးမပေးချင်သေးပေ။
တစ်လဆိုသောအချိန်က လျင်မြန်စွာကုန်ဆုံးသွား၏။ ထိုတစ်လအတွင်း ဝမ်လင်းက နေ့တိုင်း စမ်းချောင်းဆီသို့သွားကာ ကျင့်စဉ်ကျင့်တိုင်း စွန်းတဇူးက အမြဲ နောက်မှလိုက်ခဲ့သည်။ သူ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး စိတ်ပျက်လာခဲ့သည်။
ထိုတစ်လအတွင်း သူက ဝမ်လင်းအား ကီစုစည်းမှုရရှိစေရန် ဆေးဝါးများဖြင့် ကူညီပေးခဲ့သော်လည်း အားလုံး ကျရှုံးသွားရသည်။ စွန်းတဇူး၏ စိတ်အခြေအနေက တစ်ဖြေးဖြေး ဆိုးဝါးပြီးရင်း ဆိုးဝါးလာခဲ့၏။
အရေးကြီးဆုံးက ဘူးသီးခြောက်ထဲမှ စိတ်စွမ်းအင်များ တစ်ဖြည်းဖြည်း လျော့နည်းလာသည်ကို စွန်းတဇူး သတိပြုမိလာခဲ့သည်။ တစ်လတာ အချိန်အတွင်း၌ ဘူးသီးခြောက်ထဲသို့ စမ်းရေများ ထည့််ကြည့်သော်လည်း စမ်းရေများသာ ပြန်လည်ထွက်လာခဲ့သည်။
နောက်ဆုံး၌ ဘူးသီးခြောက်က သာမန်ဘူးသီးခြောက်နှင့် တူလာသဖြင့် စွန်းတဇူး စိတ်ပျက်သွားရသည်။ ထိုအကြောင်းကို နားလည်လာခဲ့ပြီးနောက် ထိုဘူးသီးခြောက်က အစကတည်းက သာမန်ဘူးသီးခြောက်ဖြစ်ပြီး တစ်စုံတစ်ယောက်က စိတ်စွမ်းအင် ထည့်သွင်းထားခြင်း ဖြစ်မည်ဟု ခန့်မှန်းလိုက်တော့သည်။ ဒါကို ဝမ်လင်းက ကံကောင်းထောက်မပြီး ကောက်ရခဲ့ခြင်းဖြစ်မည်။ ဝမ်လင်းထံ၌ နောက်ထပ်ဘူးသီးခြောက်များ ရှိရန်က အခွင့်အရေး အလွန်နည်းပါးလှသည်။
ထိုအကြောင်းအား တွေးလေ သူ့ခန့်မှန်းချက်က မှန်သည်ဟု ထင်လာပြီး သူ၏နှလုံးသားများ တစ်စစ်စစ် ကိုက်ခဲလာရသည်။ ဤတစ်လအတွင်း မည်သည့်အရာမျှမလုပ်ပဲ ဝမ်လင်းနောက်သို့ တစ်ချိန်လုံး နောက်ယောင်ခံလိုက်ကာ ဝမ်လင်းအတွက် ဆေးများဖော်စပ်ပေးခဲ့သည်။ ယခုတော့ သူ၏အားထုတ်မှုများက အချည်းအနှီးဖြစ်ခဲ့ရ၏။ စွန်းတဇူး ဝမ်လင်းအား ဒေါသတကြီး အော်ခေါ်လိုက်သည်။ သူက ဝမ်လင်း၏အပြစ်များ ဖော်ထုတ်ဆုံးမပြီး သူ့လက်ကို ဝေ့ရမ်းကာ ဝမ်လင်းကို ခြံဝန်းထဲမှ မောင်းထုတ်လိုက်၏။
ဝမ်လင်းကို ခြံဝန်းထဲ၌ ဆက်ထားလျှင် ဝမ်လင်းကို မြင်တိုင်း အမြဲတမ်း သူ ဒေါသထွက်နေရလိမ့်မည်။ ယခုတော့ ဝမ်လင်းကို သူ၏ စိတ်ထဲမှ ထုတ်ပစ်လိုက်ပြီး အချိန်အနည်းငယ်ကြာပြီးနောက် ဝမ်လင်းအကြောင်းကို လုံးဝ မေ့သွား၏။
စွန်းတဇူး ထပ်ပြီး တွေးမိလိုက်ပြန်သည်။ ဝမ်လင်းက သူကျွေးသောဆေးများကို လတိုင်း စားသုံးရလျှင်တောင်မှ ကီစုစည်းခြင်း ပထမအလွှာကို ရောက်ရန်အတွက်မူ နောက်ထပ်၈နှစ်မှ၁၀နှစ်အထိ လိုအပ်ပေဦးမည် ဖြစ်သည်။ ထိုဆေးများသာ မစားသုံးရပါက….. ။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၂၀) သက်တံ့အစင်း ၉ခု
ပြင်ပတပည့်အများစုက ပြီးခဲ့သည့် တစ်လလုံး သူ့ကို လှောင်ပြောင်နေပြီး ယခုလည်း ပင်မခြံဝန်းမှ နှင်ထုတ်ခံရသော်လည်း ဝမ်လင်းက အလွန်ပျော်ရွှင်နေ၏။ ကျင့်ကြံမှုနှင့်ပက်သက်၍လည်း စွန်းတဇူးထံမှ အနည်းငယ် သင်ကြားခဲ့ရ၏။ ကျင့်ကြံခြင်း၌ အဆင့်၅ဆင့် ရှိ၏။ ၎င်းတို့မှာ ကီစုစည်းခြင်းအဆင့်၊ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၊ အမြုတေဖွဲ့တည်ခြင်းအဆင့်၊ စဦးဝိညာဉ်အဆင့်၊ ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့် တို့ ဖြစ်သည်။
ဟုန်ယွီဂိုဏ်းတစ်ခုလုံးတွင် အမြုတေဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ ၂ယောက်သာ ရှိ၏။ သူတို့က စိတ်စွမ်းအင် အသိပ်သည်းဆုံးနေရာဖြစ်သည့် တောင်ထိပ်တွင်သာ နေထိုင်ကြပြီး အမြဲတမ်း တံခါးပိတ် လေ့ကျင့်နေတတ်သည်။ ဂိုဏ်း၏ကိစ္စအဝဝကိုလည်း လုံးဝ ဝင်မစွတ်ဖက်ပေ။ ဂိုဏ်းတွင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ၁၀ယောက် ရှိပြီး ဒုတိယအမြင့်ဆုံးရာထူးကို ရရှိထားကာ မှော်ပစ္စည်းမျိုးစုံကို အသုံးပြု၍ အထူးအခွင့်အရေးများ ရရှိစေရန် ဆုတောင်းနေတက်ကြ၏။
ထိုလူများမှလွဲ၍ ကျန်သောသူ အားလုံးက ကီစုစည်းခြင်းအဆင့်၌သာ ရှိကြသေး၏။ စွန်းတဇူးတောင်မှ ကီစုစည်းခြင်းအဆင့် ပဉ္စမအလွှာသာ ရှိသေး၏။
ကျင့်ကြံခြင်းက ခက်ခဲရုံတင်မဟုတ် အချိန်လည်း အတော်ပေးရလေသည်။ ပင်ကိုယ်ပါရမီကသာ အားနည်းနေလျှင် ကျင့်ကြံရန်အတွက် အချိန် လုံလောက်မည် မဟုတ်ပေ။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်က ကီစုစည်းမူအဆင့်ထက် ပိုမိုခက်ခဲလေသည်။ အောင်မြင်ရန်အတွက် စိတ်စွမ်းအင် လုံလောက်မှုရှိရန်သာမက ကံကောင်းမှုနှင့် ကျင်စဉ် အပေါ်တွင် နားလည်နိုင်စွမ်းကလည်း အလွန်အရေးကြီးလေသည်။
ဝမ်လင်းက စိတ်စွမ်းအင်၏ အရေးပါမှုကို သိရှိနေသောကြောင့် မှော်ကျောက်တုံးကို အမြန်ပြန်ယူနေချင်၏။
ယခုချိန်တွင် ဝမ်လင်း၏ကိုယ်ထဲ၌ မည်သည့်စိတ်စွမ်းအင်မှ ရှိမနေသေးပေ။ သို့သော်လည်း မှော်ကျောက်တုံးမှ ရရှိသည့် ရေငွေ့ရည်ကိုသာ သောက်သုံးနေပါက သူ၏ ကျင့်ကြံခြင်းကလည်း မြင့်တက်လာမည်ဟု ယုံကြည်နေလေသည်။ ကီစုစည်းခြင်းအဆင့်က စိတ်စွမ်းအင်စုဆောင်းအဆင့်သာ ဖြစ်၏။
စွန်းတဇူး၏ အမူအယာကို ကြည့်ခြင်းအားဖြင့် မှော်ကျောက်တုံးစိမ်ထားသည့် ရေထဲ၌ စိတ်စွမ်းအင်ပမာဏ အများအပြား ပါဝင်နေရပေမည်။ ထိုအကြောင်းကိုတွေးပြီး အလွန်စိတ်လှုပ်ရှားနေပြီး မှော်ကျောက်တုံးမြုပ်ထားသည့်နေရာမှ စမ်းရေထည့်ထားသည့် ဘူးသီးခြောက်များအကြောင်းကိုပင် မေ့သွားလေသည်။ ရေငွေ့ရည်အပြည့်ထည့်ထားသော ဘူးသီးခြောက်၃ဘူးရှိ၏။ ထိုဘူးသီခြောက်များထဲတွင် စိတ်စွမ်းအင်များ ပို၍ပင် ပါနိုင်ပေသည်။
ထိုရေငွေ့ရည်ကိုသာ သောက်လိုက်ပါက ပြီးခဲ့သည့်တစ်လလုံး သောက်ခဲ့ရသောဆေးဝါးများထက် မကောင်းစရာ မရှိပေ။ ပို၍ပင် ကောင်းနိုင်သေး၏။ ထိုအချင်းအရာကြောင့် နှင်ထုတ်ခံရခြင်းအပေါ် ဘယ်လိုမှမခံစားရပေ။ ပိုပြီးတော့တောင် ပျော်သေး၏။
ဝမ်လင်းက ပင်မတပည့်တစ်ယောက် ဖြစ်၏။ ပင်မဝန်းထဲ၌ မနေရသော်လည်း ကျန်သည့် တခြားဝန်း၅ခုတွင် နေနိုင်သည်။ အရှေ့ဂိတ်နှင့်နီးသော ချောင်ကျကျအိမ်တစ်လုံးကို နေထိုင်ရန် ရွေးလိုက်၏။
ပင်မတပည့်များက သူတို့၏အဝတ်အစားအရောင်များအလိုက် ခွဲခြားဆက်ဆံခံရလေသည်။ ပင်မတပည့်တိုင်းက လတစ်လ၏ ၁၀ရက်နေ့တိုင်းတွင် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး အပိုင်းအစတစ်ခုနှင့် ကီစုစည်းခြင်းဆေးလုံးတစ်လုံးစီ ရရှိကြသည်ကို စွန်းတဇူးထံမှ သိရှိထား၏။
အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး အပိုင်းအစ ၁၀ခုပြည့်သည်နှင့် မည်သည့် အကြီးအကဲ ထံတွင်မဆို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးနှင့် လဲလှယ်နိုင်သည်။
ဝမ်လင်းက သူ၏အိမ်ကို သန့်ရှင်းရေးလုပ်ပြီးနောက် မှော်ကျောက်တုံးကို ရှာရန် ချက်ချင်း မသွားခဲ့ပေ။ စွန်းတဇူးမှ သူ့ကို နောက်ယောင်ခံလိုက်မည်ကို အလွန် ကြောက်သည်။ ပုံမှန်အတိုင်း နေ့ခင်း၌ စမ်းချောင်းဘေး၌ ကျင့်ကြံပြီး ညဘက်တွင် အိမ်ထဲ၌ ဆက်လက် ကျင့်ကြံလေ၏။
စွန်းတဇူးကလည်း အရှုံးပေးရန် စိတ်ကူးမရှိပေ။ ၁၀ရက်ခန့် နောက်ယောင်ခံလိုက်ပြီးနောက် လက်လျော့လိုက်လေ၏။
တစ်လကြာပြီးနောက် ညသန်းခေါင်အချိန်တွင် ဝမ်လင်းက အိမ်ထဲမှ ခိုးထွက်လာသည်။ ဝမ်လင်းက ဘေးဘယ်ညာကို သေချာကြည့်ပြီး မည်သူမှ သတိမပြုမိခင် မှော်ကျောက်တုံးနှင့်ဘူးသီးခြောက်ကို ပြန်သိမ်းယူလိုက်သည်။
နောက်ထပ်ရက် အနည်းငယ်ခန့် သေချာစောင့်ကြည့်နေလိုက်၏။ မူမမှန်မှုများ မရှိမှ ဝမ်လင်းလည်း စိတ်သက်သာရာ ရသွားသည်။ စမ်းချောင်းသို့သွားရန် ဆန္ဒမရှိသောကြောင့် အိမ်မှာပဲနေပြီး နေ့တိုင်းလိုလို မှော်ကျောက်တုံးကို လေ့လာနေလိုက်သည်။
ဝမ်လင်းက မှော်ကျောက်တုံးကို ထိလိုက်ပြီးနောက် မှော်ကျောက်တုံးပေါ်တွင် ပေါ်နေသည့် သက်တံ့စင်းက ၇ခုမှ ၉ခုသို့ တိုးလာလေသည်။ မှော်ကျောက်တုံးမှ စုပ်ယူသော တောင်၌ရှိသော ရေများက စိုစွတ်မှု အလွန်မြင့်မားသောကြောင့် ဖြစ်၏။
ဘူးသီးခြောက်၃ခုကို ဖွင့်ကြည့်လိုက်သောအခါ ဘူးသီးခြောက်ထဲ၌ ယခင်ကထက် ပိုမိုစေးပျစ်သော ရေငွေ့ရည်များကို တွေ့လိုက်ရ၏။ အထူးသဖြင့် ဘူးတစ်ဘူးထဲ၌ နံနက်ခင်း ရေငွေ့ရည်များကို ပါဝင်နေသည်။ ထိုရေငွေ့ရည်များက ဂျယ်လီကဲ့သို့ စေးပျစ်နေသည်။
ဝမ်လင်းက မှော်ကျောက်တုံးကို ကြည့်လိုက်သည်။ ထို့နောက် ဘူးသီးခြောက် ၃ဘူးကို ထပ်မံကြည့်လိုက်ပြီး တဖြည်းဖြည်း ပျော်ရွှင်လာလေ၏။ မှော်ကျောက်တုံးက ရေတွေကို စုပ်ယူရန် လိုအပ်သည့်အခါ ဘူးသီးခြောက်ထဲမှ ရေများကို သုံးလိုက်လျှင် မှော်ကျောက်တုံးပေါ်မှ သက်တံ့အစင်းများက ၁၀ခုဖြစ်လာမည့်လား သူသေချာ မသိပေ။
ဝမ်လင်း၏နှလုံးက တဒုတ်ဒုတ် ခုန်နေလေသည်။ ယခုဆိုလျှင် မှော်ကျောက်တုံးပေါ်၌ သက်တံ့အစင်း၉ခုက အပြည့်နီးပါး ဖုံးအုပ်နေသည်။ မှော်ကျောက်တုံးပေါ်၌ လက်ချောင်းအသေးတစ်ချောင်းစာခန့်သာ နေရာလွတ် ရှိတော့သည်။ ဝမ်လင်းက မှော်ကျောက်တုံးပေါ်တွင် သက်တံ့အစင်း၁၀ခုအထိသာ ရှိနိုင်မည်ဟု ခန့်မှန်းလိုက်သည်။
သူ အနည်းငယ်ခန့် တွေးတောပြီးနောက် မှော်ကျောက်တုံးပေါ်၌ သက်တံ့အစင်း၁၀ခုပြည့်သွားလျှင် ဘာဆက်ဖြစ်လာမလဲဟု အလွန်သိချင်နေ၏။ မှော်ကျောက်တုံးပေါ်တွင် သက်တံ့အစင်း၁၁ခုအထိ နေရာလွတ် မရှိသည့်အတွက် ၁၀ခုအထိသာ ရှိနိုင်ပေသည်။
သို့သော်လည်း ယနေ့က အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး အပိုင်းအစ ထုတ်ယူရမည့်နေ့ ဖြစ်သောကြောင့် မှော်ကျောက်တုံးနှင့်ဘူးသီးခြောက်၃ဘူးကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။
အချိန်ခဏကြာပြီးနောက် ဝမ်လင်းက ပင်မဝန်းသို့ ရောက်ရှိလာသည်။ သူက မမှောင်ခင် ဆေးဝါးဆောင်သို့ ရောက်ရှိရန် အမြန်ပြေးသွားလိုက်၏။
ဆေးဝါးဆောင်သို့ မရောက်ခင်ကပင် အဝေးမှ ရင်နှီးသည့် အသံတစ်ခုကို ကြားလိုက်ရသည်။
“ဂိုဏ်းတူညီမကျိုး... ဆရာက ငါ့ကို ကီစုစည်းခြင်း ပထမအလွှာအတွက် အချိန်၃လ တံခါးပိတ် လေ့ကျင့်ဖို့ ခွင့်ပြုခဲ့တယ်… ဒါပေမယ့် ငါက မင်း အကြောင်းကိုပဲ တွေးမိနေတယ်… ငါ့ရဲ့နှလုံးသားကလည်း တစ်ချိန်လုံး လှုပ်ရှားနေတယ်… ငါ အမြန်ဆုံး ကီစုစည်းခြင်း ပထမအလွှာကိုရောက်ဖို့ အစွန်းကုန် ကြိုးစာခဲ့တယ်… ဒါမှလည်း မင်းနဲ့ တွေ့နိုင်မှာလေ… မနေ့ညကပဲ ပထမအလွှာကို ရောက်ခဲ့တယ်… ငါ မင်းအတွက် တောင်ပေါ်ကနေ ပန်းခူးလာခဲ့တယ်… ဒီပန်းကို မြွေကြီးတစ်ကောင်က စောင့်ရှောက်နေတာ… ဒီပန်းကိုရဖို့ ငါ အများကြီး ကြိုးစားခဲ့ရတယ်… ဒီမှာကြည့်လိုက် ငါ့ရဲ့မျက်ခုံးမှာတောင် ဒဏ်ရာရသွားသေးတယ်… “
ဝမ်လင်းက ထိုအသံကို ကြားလိုက်ရသောအခါ စိတ်ထဲတွင် လှောင်ပြောင်လိုက်ပြီး ရှေ့ကိုဆက်သွားလိုက်၏။
ကြွပ်ဆတ်ဆတ်မိန်းမအသံတစ်ခုကလည်း ထွက်ပေါ်လာသည်… “ဂိုဏ်းတူအစ်ကိုဝမ် ငါ့ရဲ့မိသားစုက သမားတော်မိသားစုပဲ… ဒီပန်းက အဇူကာလို့ခေါ်တဲ့ သာမန်ပန်းပွင့်တစ်ပွင့်ပဲ… တောင်ပေါ်တက်လာတဲ့လမ်းမှာတောင် အများကြီးတွေ့ခဲ့သေးတယ်… ဒီပန်းကို မြွေကြီးတစ်ကောင်က စောင့်ရှောက်နေတယ်ဆိုတာ ပထမဆုံး ကြားဖူးတာပဲ… ဒါသာအမှန်ဆို ဟုန်ယွီဂိုဏ်းတစ်ဂိုဏ်းလုံး မြွေတွေနဲ့ ပြည့်ကုန်တော့မှာပဲ… ဂိုဏ်းတူအစ်မကျိုး သူပြောတာမယုံနဲ့… “
ထိုအချိန်တွင် ဝမ်လင်းက ဆေးဝါးခြံဝန်းထဲသို့ လမ်းလျှောက်ဝင်လာလေသည်။ ခြံဝန်းထဲတွင် အနီရောင် ဝတ်ဆင်ထားသည့် ယောက်ျားလေးနှစ်ယောက်၊မိန်းကလေးနှစ်ယောက် ရှိနေသည်။
ယောက်ျားလေးတစ်ယောက်က ကြည့်ကောင်းပြီး သပ်သပ်ရပ်ရပ် ရှိ၏။ သူ၏ပုံစံက ပြန်ပြောရမှာကို ရှက်နေသည့်ပုံစံမျိုး ဖြစ်သည်။ သို့သော်လည်း သူက ဝမ်လင်းကို သတိပြုမိလိုက်သည်။ ရုတ်တရက် တံခါးကို ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏… “ဝမ်လင်း… မင်း… အိမ်မှာ မင်းအဖေနဲ့အတူ လယ်သမားလုပ်နေရမှာ မဟုတ်ဘူးလား… “
ဘေးက ကောင်မလေးတစ်ယောက်က ပြောလိုက်၏… “ဝမ်လင်းလား… သူက ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားပြီ ပြင်ပတပည့် ဖြစ်လာတဲ့သူ မလား… အကြီးအကဲစွန်းကြောင့် သူက ပင်မတပည့်တစ်ယောက် ထပ်ဖြစ်လာတယ်လေ… “ သူမက ဆံပင်ကို နောက်ကိုစုချည်ပြီး အောက်သို့ ချထား၏။ သူမတွင် မျက်ခုံးထူထူလေးရှိပြီး အနက်ရောင် မျက်လုံးဝိုင်းဝိုင်းလေး ရှိသည်။ သူမက အလွန်လည်း လှပ၏။
တခြား၂ယောက်ကလည်း ဝမ်လင်းကို ကြည့်ပြီး အလွန်အံ့အားသင့်သွား၏။ မိန်းကလေးနောက်တစ်ယောက်တွင် ကလေးမျက်လုံးကဲ့သို့ မျက်လုံးကြီးကြီလေးရှိပြီး လှပသောမျက်တောင်များဖြင့် အလှဆင်ထားသည်။ သူမ၏မျက်လုံးများက သလင်းကျောက်နှင့်တူပြီး မျက်လုံး၌ စိတ်ဝင်စားသည့် အမူအရာများ ပေါ်လွင်နေ၏။
ဝမ်လင်းက သူ့ရှေ့မှ လူများကို စေ့စေ့ကြည့်လိုက်ပြီး မျက်နှာကို တည်ထားလိုက်သည်။ သူ့ကိုပြောသည့် မိန်းကလေးအသံကို ကြားလိုက်ပြီး သူမက ဝမ်ကျောက်ကို လှောင်လိုက်သည့် မိန်းကလေးဖြစ်ကြောင်း နားလည်လိုက်၏။ သူမကို ကြည့်လိုက်ပြီး တပည့်ရွေးသည့်နေ့က အရွေးခံလိုက်ရသော မိန်းကလေးဖြစ်ကြောင်း မှတ်မိလိုက်သည်။ သူမကို မှတ်မိပြီးနောက် တခြားမိန်းကလေးက ဂိုဏ်းတူညီမကျိုးဖြစ်ရမည်ဟု မှတ်ချက်ချလိုက်၏။ ဝမ်ကျောက်က သူမကို ပန်းပေးရန် ကြိုးစားနေခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၂၁) ကီစုစည်းခြင်းဆေးလုံး
နောက်ဆုံးတစ်ယောက်က အသက်၂၀ ဝန်းကျင်ခန့် ရှိကာ အရပ်ရှည်ပြီး၊ သူ၏မျက်နှာက မြင်းမျက်နှာနှင့် ဆင်သည်။ သူက ခေါင်းကိုမော့လိုက်ပြီး အထင်သေးသည့် အမူအရာဖြင့် ပြောလိုက်၏... "ဂိုဏ်းတူညီလေးဝမ်က သုံးလလောက် တံခါးပတ်လေ့ကျင့်နေတော့ ဘယ်သိပါ့မလဲ... ဒီဝမ်လင်းဆိုတဲ့ကောင်က ဂိုဏ်းထဲမှာ အကြီးမားဆုံးဟာသ တစ်ခုပဲ... ပင်မတပည့်တစ်ယောက် ဖြစ်လာဖို့ ဂိုဏ်းတူညီမလေးရှုပြောတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့တယ်... "
ထိုစကားများကို ဝမ်ကျောက် ကြားလိုက်ရပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး... "မင်းက ငါ့ကို တစ်စက္ကန့်လောက် တစ်ကယ် လန့်အောင်လုပ်လိုက်တာပဲ... ဘယ်လိုနည်းနဲ့ပဲ ဂိုဏ်းထဲကို ဝင်လာဝင်လာ... ဂိုဏ်းထဲကို ဝင်နိုင်ရင်တောင်မှ မင်းက ကီစုစည်းခြင်းပထမအလွှာကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး... မင်းက ဂိုဏ်းထဲကို ဝင်တာတောင် ဝမ်မိသားစုရဲ့နာမည်ကို ဘာလို့ ပျက်စီးပြီး ဝင်လာရတာလဲ... "
"ဂိုဏ်းတူအစ်ကိုဝမ် ပြောတာမှားတယ်... ပင်ကိုယ်စွမ်းရည်က အရေးကြီးပေမယ့် ဇွဲ၊လုံ့လ၊ဝီရိယက ပိုအရေးကြီးတယ်... ကျင့်ကြံမှုလမ်းစဉ်က ကောင်းကင်ဘုံကို ဆန့်ကျင့်တဲ့လမ်းပဲ... လူတစ်ယောက်က ဘယ်လောက်ပဲ ပင်ကိုယ်စွမ်းရည်ကောင်းပါတယ်ပြောပြော လုံ့လ၊ဝီရိယ မရှိရင် တိုးတက်လာမှာ မဟုတ်ဘူး... " ကျိုးဟုခေါ်ခံရသည့် မိန်းကလေးက လေးလေးနက်နက် ပြောလိုက်၏။
မိန်းကလေးရှုက ဝမ်ကျောက်အနားကို ခြေလှမ်းအနည်းငယ်တိုးလိုက်ပြီး ပြောလိုက်သည်... "ဂိုဏ်းတူအစ်ကိုဝမ် ပြောတာမမှားဘူး... ဒီဝမ်လင်းဆိုတဲ့ကောင်ကိုကြည့်လိုက် သနားစရာကောင်းလိုက်တာ... ကျင့်ကြံသူတစ်ယောက်နဲ့ ဘယ်နေရာမှကို မတူဘူး... "
ဝမ်လင်း တခစ်ခစ် ရယ်မောလိုက်သည်။ သူတို့ကြားမှ အခြေအနေကို နားလည်လိုက်၏။ ဝမ်ကျောက်က မိန်းကလေးကျိုးကို နှစ်သက်ပြီး မိန်းကလေးရှုက ဝမ်ကျောက်ကို နှစ်သက်နေသည့် အခြေအနေ ဖြစ်သည်။ မိန်းကလေးရှုက ဝမ်ကျောက်နှင့်မိန်းကလေးကျိုးကြားမှ ဆက်ဆံရေးကို လိုက်လံဖျက်ဆီးနေခြင်းလည်း ဖြစ်၏။
ဝမ်လင်း၏ရယ်သံကို ဝမ်ကျောက်ကို မကျေမနပ် ဖြစ်သွားစေသည်။ ဝမ်ကျောက်က နှာခေါင်ရှုံ့လိုက်ပြီး ပြောလိုက်သည်... "ဝမ်လင်း ငါ မင်းကို အကြံပေးလိုက်မယ်... မင်း ကောင်းဖို့အတွက် ဂိုဏ်းထဲက ထွက်သွားလိုက်ပါ... မင်းမထွက်သွားဘူးဆိုရင် နှစ်ကုန်ပြိုင်ပွဲမှာ မင်း မသေရင်တောင် မသန်မစွမ်း ဖြစ်သွားလိမ့်မယ်... "
စွန်းတဇူးထံမှ နှစ်ကုန်မှာကျင်းပသည့် ပြိုင်ပွဲအကြောင်း ဝမ်လင်း သိခဲ့ရ၏။ ပြိုင်ပွဲတွင် အနိုင်ရရှိသူက မှော်ရတနာတစ်ခု ရနိုင်ပေသည်။ ပြိုင်ပွဲက အဆင့်၂ဆင့် ခွဲခြားထား၏။ ပြိုင်ပွဲတစ်ခုက တပည့်များထဲတွင် အတော်ဆုံးနေရာကို ပြိုင်ရသည့်ပွဲဖြစ်ပြီး ဒုတိယပြိုင်ပွဲက တပည့်သစ်တွေထဲမှ လူသစ်ဘုရင် နေရာကို လုရသည့်ပွဲ ဖြစ်သည်။
ဝမ်းလင်းကလည်း ပေါ့ပေါ့ပါးပါးဖြင့် ပြန်ပြောလိုက်သည်... "မင်း စိုးရိမ်နေဖို့ မလိုပါဘူး... ငါလိုအမှိုက်ကောင်ရဲ့ သေခြင်း၊ရှင်ခြင်းကို ဘာလို့ စိုးရိမ်နေတာလဲ... "
ဝမ်ကျောက်က အေးစက်စွာ ရယ်မောလိုက်သည်... "ငါတို့က ဆွေမျိုးတွေမို့လို့ စိုးရိမ်တာ... ငါက ကောင်းစေချင်လို့ပြောတာကို လက်မခံလို့ ပြိုင်ပွဲမှာ တစ်ခုခုဖြစ်ရင် ငါ့ကို အပြစ်မတင်နဲ့... " ပြောပြီးသည်နှင့် သူ၏မျက်လုံးထဲ၌ အေးစက်စက်အရောင် လက်သွား၏။
ဝမ်ကျောက်က ငယ်ငယ်လေးကတည်းက ဝမ်လင်း၏မိသားစုအပေါ် အထင်အမြင်သေး၏။ သူက ဝမ်လင်းကို မတွေ့ဖူးသော်လည်း သူ့အဖေထံမှ အမြဲကြားခဲ့ရသည်။ ဝမ်လင်း၏အဖေက အဘိုးဆီမှ အမွေကို ပမာဏများများ ရယူချင်သည့်အတွက် အမြဲဖားနေပြီး သူ့အဖေကိုတောင် အရှက်ရစေခဲ့သည်။ သို့သော်လည်း တခြားမိသားစုဝင်များက မျက်ကန်းများ မဟုတ်သည့်အတွက် သူ့အဖေ၏အမွေများကို ပြန်ယူပေးခဲ့ကြ၏။ ထို့ကြောင့် ဝမ်ကျောက်၏မျက်လုံးထဲတွင် အဖေရော၊သားရော ဝမ်မိသားစုကို အရှက်ရစေသည့်သူများဟု မြင်နေလေသည်။
အရွယ်ရောက်လာပြီးနောက် သူ့အဖေပြောသလို မဟုတ်ဘူးဆိုတာကို ဝမ်ကျောက်က နားလည်လာခဲ့သည်။ သို့သော် သူက ငယ်သေးသည့်အတွက် မာနက အလွန်ကြီးလေ၏။ တစ်ခါတစ်ရံ သူ့အဖေကို အထင်သေးသကဲ့သို့ ကြည့်သော်လည်း တခြား မည်သူ့ကိုမှ ထိုအကြောင်းများကို မပြောပြချေ။
မိန်းကလေးရှုက အနည်းငယ် စဉ်းစားလိုက်ပြီး ဝမ်ကျောက်ကို မေးလိုက်၏... "နင်တို့က ဆွေမျိုးတွေလား... "
တခြားနှစ်ယောက်က အလွန်အံ့အားသင့်သွား၏။ ဤအကြောင်းကို သူတို့က ပထမဆုံး ကြားဖူးခြင်း ဖြစ်သည်။ သူတို့၂ယောက်ကလည်း ဆွေမျိုးများ ဖြစ်ကြဟန် တူသည်။
ဝမ်ကျောက်၏မျက်နှာက ဖော်ရွေခြင်းမရှိသည်ကို မိန်းကလေးရှုက မြင်လိုက်လျှင် သူမက လျှင်မြန်စွာ ပြောလိုက်သည်... "အစ်ကိုဝမ် ဒေါသမထွက်နေပါနဲ့... အစ်ကို့ရဲ့စေတနာကို သူက နားလည်တာ မဟုတ်ဘူး... အစ်ကိုက လူကောင်းတစ်ယောက်ပါ... သူ့ထက်လည်း ပိုပြီး စမတ်ကျတယ်... အစ်ကိုရဲ့စေတနာကို သူက နားလည်မှာလည်း မဟုတ်ဘူး... အဲ့ဒါကြောင့် မျှော်လင့်မနေတာ ကောင်းတယ်... သူက နည်းနည်းလောက်ခံရမှ အစ်ကိုက သူ့အပေါ် ဘယ်လောက်ကောင်းတယ်ဆိုတာ သိလာလိမ့်မယ်... မိသားစုတိုင်းက ဒီလိုပါပဲ... လူတိုင်းက အစ်ကို့လောက် ထူးချွန်လာမှာ မဟုတ်ဘူး... အစ်ကို ဘယ်လိုခံစားနေရလဲဆိုတာ ညီမ နားလည်ပါတယ်... အစ်ကိုက သူ့အတွက် ပိုကောင်းလာဖို့ အမှန်တစ်ကယ် စိတ်ထားရှိတယ်ဆိုတာ ညီမသိပါတယ်... "
မိန်းကလေးရှုပြောသည့်စကားကြောင့် ဝမ်ကျောက်၏မျက်နှာက နီမြန်းသွား၏။ သူက မိန်းကလေးရှုကို စိုက်ကြည့်လိုက်သည်။ သူ့ကို ချီးမွှမ်းတာလား၊ လှောင်ပြောင်တာလား သေချာမသိပေ။
ဝမ်လင်းက မိန်းကလေးရှု ပြောတာကိုကြားပြီး ကျယ်လောင်စွာ ရယ်မောကာ ပြောလိုက်သည်... "ဝမ်ကျောက်.. ငါက မင်းပြောတာကို နားမလည်ဘူးနဲ့တူတယ်... မင်းက ငါ့အပေါ် တစ်ကယ်ကောင်းတာပဲ... ငါ ဝမ်လင်းက ဒီဟာကို မှတ်ထားပါ့မယ်... ကျေးဇူးပဲ... "
ဝမ်လင်း ပြောလိုက်ပြီးနောက် ဆေးဝါးဆောင်တံခါးက ပွင့်လာသည်။ ကြည်လင်ရွှင်ပြနေသော မျက်နှာနှင့် လူငယ်တစ်ယောက် အပြင်ထွက်လာသည်။ ထိုလူငယ်က ဝမ်ဟို ဖြစ်၏။
ဝမ်ဟိုက အပြင်ထွက်လာပြီးနောက် တခြားသူများ၏အာရုံစိုက်မှု ရရှိစေရန် ချောင်းဟန့်လိုက်ကာ ပြုံးရွှင်နေသော မျက်နှာဖြင့် ပြောလိုက်သည်... "ဒီနေ့အတွက် ကီစုစည်းခြင်းဆေးလုံးက ဆေးအိုး ထဲမှာပဲ ရှိသေးတယ်... ရပြီဆိုရင် မင်းတို့ကို တစ်ယောက်ချင်းစီ ခေါ်လိုက်မယ်... "
ဝမ်ကျောက်က ဝမ်ဟိုကို စိုက်ကြည့်ပြီး သွားကို တင်းတင်းကြိတ်လိုက်၏။ သို့သော်လည်း ဝမ်ဟိုကို စိတ်အနှောင့်အယှက်ဖြစ်စေရန် လုပ်၍မရသေးပေ။ ယခုချိန်တွင် ဝမ်ဟိုက စီနီယာအစ်ကို၃၏ဆေးဝါးအကူ အဖြစ် ရှိနေလေသည်။ ဆေးဝါးအဆောင်၏ နေ့စဉ်ကိစ္စများကို တာဝန်ယူထားရသူလည်း ဖြစ်သည်။ ဝမ်ဟိုကသာ သူ့ဆရာကို တိုင်ကြားလိုက်လျှင် ယခု ဝမ်ကျောက်ရရှိနေသည့် အထောက်အပံ အများအပြား လျော့သွားပေလိမ့်မည် ဖြစ်၏။
ဝမ်ဟိုက သူ့စကားဆုံးသည်နှင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ရာ ဝမ်လင်းကို မြင်လိုက်ရ၍ အံသြသွားလေ၏။ သူက ဝမ်လင်းကို သူ့အနားဆွဲခေါ်လိုက်ပြီး ပြောလိုက်သည်... "စီနီယာအစ်ကိုထေ့ကျူး ပင်မတပည့်ဖြစ်လာတာ ဂုဏ်ပြုပါတယ်... မင်း ဘာဖြစ်ခဲ့တယ်ဆိုတာ ငါ အားလုံးကြားပါတယ်... ငါလည်း မင်းဆီလာပြီး စကားပြောချင်ပါတယ်... ဒါပေမယ့် ဒီနေရာက စည်းကမ်းတင်းကြပ်လွန်းတယ်... မင်းအကြောင်းကို အခြားသူတွေက မကောင်းပြောနေတာကို ငါ တစ်ကယ် မကြိုက်ဘူး... မင်းသာ နည်းစနစ်တစ်ချို့ကို လေ့ကျင့်ထားမယ်ဆိုရင် မင်းကို အထင်မြင်သေးတဲ့လူအားလုံးကို ပြန်ပြီး လက်စားချေလို့ရပြီ... "
ဝမ်လင်း၏နှလုံးသားထဲတွင် နွေးထွေးသွားပြီး ပြုံးပြလိုက်သည်... "ဝမ်ဟို... ကျေးဇူးပဲ... "
ဝမ်ဟိုက သက်ပြင်းချပြီး ပြောလိုက်၏... "ငါ မင်းဆီ ရက်အနည်းငယ်လောက် လာနေချင်တာ... ဒါပေမယ့် ငါ့အဖေက ငါ့ကိုမသွားအောင် စောင့်ကြည့်နေတာ... ကြည့်ရတာ အဖေက အရှုပ်အရှင်းထဲ ဝင်မပါချင်လို့ ထင်တယ်... ငါ့ကို ဗွေမယူပါနဲ့... "
ဝမ်လင်းက ခေါင်းကိုခါလိုက်ကာ ပြောလိုက်သည်... "ပြီးခဲ့တာတွေကို ပြောမနေပါနဲ့တော့... အခု ငါ ကီဖွဲ့စည်းခြင်းပထမအလွှာကိုရောက်ဖို့ မြန်မြန် လေ့ကျင့်ချင်တယ်... "
ဝမ်ဟိုက ဘေးဘယ်ညာကို ကြည့်လိုက်ကာ သူတို့ကို မည်သူမှ ကြည့်မနေကြောင်း သေချာသွားလျှင် သူက ဝမ်လင်း၏လက်ထဲသို့ တစ်ခုခု ထည့်ပေးလိုက်ပြီး မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။ ထိုစဉ် ဆေးဝါးအခန်းထဲမှ အေးစက်စက်အသံတစ်ခု ထွက်လာသည်။
"ဆေးဝါးအကူ ပြန်မလာသေးဘူးလား... "
ဝမ်ဟိုက ပြန်ထူးလိုက်ပြီး ဆေးဝါးဆောင်ထဲသို့ လျင်မြန်စွာ ပြေးဝင်သွားသည်။
ဝမ်လင်းက သူ့လက်ထဲမှ ပစ္စည်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။ သူ့လက်ထဲသို့ကြည့်လိုက်ရာ ကြည်လင်နေသည့်ဆေးလုံး၃လုံးကို မြင်လိုက်ရသည်။ ဆေးလုံး၃လုံးကို သိုလှောင်အိတ်ထဲသို့ လျှို့ဝှက်စွာ ထည့်လိုက်၏။ ထို့နောက် ဝမ်လင်းက ညစ်ပတ်မှာကို မကြောက်ဘဲ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကာ ကျင့်ကြံရန် ပြင်လိုက်သည်။
လေးယောက်ထဲမှ တစ်ယောက်က ဝမ်လင်းမြေပေါ် ထိုင်ချလိုက်တာကို မြင်လိုက်ရ၏။ ကျင့်ကြံရန် ပြင်လိုက်သည်ကိုလည်း မြင်လိုက်ရသည်။
ဝမ်ကျောက်က မိန်းကလေးကျိုး၏ အမြင်ကောင်းတစ်ခု ရရှိရန် ကြိုးပန်းနေသော်လည်း မိန်းကလေးရှုက တစ်ချိန်လုံး သူ့ကို နှောင့်ယှက်နေသည်။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာသည်။ ကောင်းကင်ကလည်း တဖြည်းဖြည်း မှောင်လာလေပြီ။ လကလည်း ထွက်လာလေ၏။ ထိုအချိန်တွင် ဆေးဝါအဆောင်တံခါးက ပွင့်လာပြီး ဝမ်ဟို၏လက်ထဲတွင် ဗန်းတစ်ခုကို ကိုင်ထားကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
ဝမ်ဟိုကိုင်လာသည့်ဗန်းထဲတွင် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး၅တုံးနှင့် ကြည်လင်နေသောဆေးလုံး ၅လုံး ပါလေသည်။
တပည့်များက သူတို့ဝေစုကို ရပြီးသည်နှင့် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။ ဝမ်လင်းက နောက်ဆုံးမှ ထွက်သွားလေသည်။ သူက ပြုံးလိုက်ပြီး ဝမ်ဟိုဆီသို့ လက်နှစ်ဖက်ဆုပ်ကာ ကျေးဇူးတင်သည့် အမူအရာ လုပ်ပြပြီး ထွက်သွား၏။
ဝမ်ဟို၏ကြင်နာမှုကို သူ၏နှလုံးသားထဲ၌ မှတ်သားထားလိုက်၏။ ဝမ်ဟိုပေးခဲ့သည့် ဆေးလုံး၃လုံးက ကီစုစည်းခြင်းဆေးလုံးများ ဖြစ်သည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၂၂) ကီဖယ်ရှားခြင်း နည်းစနစ်
သူ၏အခန်းထဲသို့ပြန်ရောက်ပြီးနောက် ဝမ်လင်းက ချက်ချင်း အခန်းတံခါးကို ပိတ်လိုက်၏။ သူသည် ကီစုစည်းခြင်းဆေးလုံးကို အသုံးမပြုသေးဘဲ သိုလှောင်အိတ်ထဲတွင်သာ ဆက်သိမ်းထားလိုက်သည်။ ထို့နောက် မှော်ကျောက်တုံးစမ်းသပ်ရန် စတင်လိုက်၏။
သူက ဘူးသီးခြောက်၃ဘူးနှင့် မှော်ကျောက်တုံးကို ဂရုတစိုက် ထုတ်ယူလိုက်ပြီး အနည်းငယ် စဉ်းစားပြီးနောက် မရေရာသည့်အပြုံးတစ်ခုက သူ့မျက်နှာတွင် ပေါ်လာသည်။ သူက ကောင်းကျိုးဆိုးကျိုးများကို ချင့်ချိန်နေ၏။ သူ့တွင် ရေငွေ့ရည်များသာ မရှိတော့ပါက အနာဂတ်တွင် သူ၏ကျင့်ကြံမှုက အလွန် နှေးကွေးနေမည်မှာ အမှန်ပင်။
သို့သော်လည်း ဝမ်လင်းက မှော်ကျောက်တုံးပေါ်တွင် ရှိသည့် သက်တံ့အစင်းများကို အလွန်စိတ်ဝင်စားနေ၏။ သူက ခေတ္တခဏ တွေးလိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။ ရေငွေ့ရည်များကို အမြဲတမ်း ထုတ်ယူ၍ရသည်။ နောက်ထပ်အချိန်အနည်းငယ် ပေးလိုက်ရုံပင်။ သို့သော်လည်းပဲ သက်တံ့၁၀ခု ပြည့်သွားလျှင် မှော်ကျောက်တုံးက တစ်ခုခု ပြောင်းလဲသွားနိုင်သည်။ မှော်ကျောက်တုံးက လုပ်ပေးလိုက်သော ရေငွေ့ရည်များတွင် ပိုပြီး စိတ်စွမ်းအင်များ ပါလာနိုင်ဖွယ်ရှိ၏။
ထိုသို့တွေးပြီးနောက် အကောင်းဆုံးနံနက်ခင်း ရေငွေ့ရည်များ ပါဝင်သော ဘူးသီးခြောက်ကို ထုတ်ယူလိုက်သည်။ ထိုအထဲမှ ရေငွေ့ရည်များက အချိန်ကြာနေပြီဖြစ်သည့်အတွက် ဂျယ်လီကဲ့သို့ပင် ဖြစ်နေလေသည်။
ဘူးသီးခြောက်ထဲမှ ရေငွေ့ရည်များကို အကုန်သွန်ထုတ်လိုက်၏။ အလွန်လန်းဆန်းစေသော အနံ့နှင့် စိမ်းဖန့်ဖန့် အရည်များအား ကျောက်ပန်းကန်လုံးတစ်ဝက်ခန့်ပင် ရလိုက်သည်။ ထို့အနံ့ကို ရှုမိပြီး ဝမ်လင်း အလွန်စိတ်ပေါ့ပါးသွား၏။
ထွက်လာသည့်အနံ့က ဂိုဏ်းထဲရှိ ပုန်းကွယ်နေသော ပညာရှင်များအား ဆွဲဆောင်မည် စိုးရိမ်သောကြောင့် မှော်ကျောက်တုံးကို ကျောက်ပန်းကန်လုံးထဲသို့ လျင်မြန်စွာ ထည့်လိုက်သည်။ ခဏကြာပြီးနောက် မှော်ကျောက်တုံးက ရေငွေ့ရည်ကို အနည်းငယ်ကို စုပ်ယူပြီးသွားပြီ ဖြစ်သည်။
ဝမ်လင်းကို အနည်းငယ်တော့ စိတ်ပျက်စေသည်။ သူက မှော်ကျောက်တုံး တစ်ခုခု ပြောင်းလဲသွားမည်ကို မျှော်လင့်နေခြင်း ဖြစ်၏။ ဝမ်လင်းက အနည်းငယ် စဉ်စားလိုက်ပြီး ကျောက်ပန်းကန်လုံးကို အိပ်ယာဘေး၌ထားကာ သူက အိပ်ယာပေါ်၌ လေ့ကျင့်ရန်ပြင်ဆင်လိုက်သည်။
သုံးဆင့်ရှိုက် အသက်ရှူနည်းစနစ်က ယခုအချိန်တွင် ဝမ်လင်းအတွက် အလွန်လွယ်ကူနေလေပြီ။ လွန်ခဲ့သော နှစ်လလုံးလုံးတွင် စိတ်စွမ်းအင် အနည်းငယ်မျှပင် မစုစည်းနိုင်ခဲ့သော်လည်း သုံးဆင့်ရှိုက်အသက်ရှူနည်းစနစ်ကို အမြဲမပြတ် အသုံးပြုနေခဲ့သည်။ သူက ကျင့်စဉ်ကျင့်မနေသည့်အချိန်တောင်မှ ထိုနည်းစနစ်အတိုင်း အသက်ရှူနေလိမ့်မည် ဖြစ်၏။
တစ်ညတာ ကုန်ဆုံးပြီးနောက် ဝမ်လင်းက မျက်လုံးကို ဖွင့်လိုက်ပြီး ကျောက်ပန်းကန်လုံးကို စစ်ဆေးကြည့်လိုက်သည်။ အရည်တစ်ဝက်ခန့်ကို မှော်တုံးက စုပ်ယူပြီး ဖြစ်သည်ကို သူ တွေ့လိုက်ရ၏။
သူက စိတ်ဓာတ်မကျပေ။ သူက ကျောက်ပန်းကန်လုံးကို သူ့အိပ်ယာအောက်တွင် ထားလိုက်သည်။ ခဏလောက် တုန့်ဆိုင်းနေပြီးနောက် ကီစုစည်းဆေးတစ်လုံးကို ထုတ်ယူကာ သောက်လိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်တွင်းမှ တဖြည်းဖြည်း ပူလာသလို ခံစားလာရသည်။
စွန်းတဇူးနှင့် နေထိုင်ခဲ့ရသောလတွင် ဤကဲ့သို့သော ဖြစ်စဉ်မျိုးအား ရက်တိုင်းကြုံတွေ့ဖူး၏။ သူက လျင်မြန်စွာ ကျင့်စဉ်ကို စတင်ကျင့်လိုက်သည်။ သူက ညမရောက်ခင်အထိ လေ့ကျင့်နေခဲ့သည်။ ဝမ်လင်းက ရှုံ့မဲ့ပြီး ရေရွတ်လိုက်သည်… “ဒီကီစုစည်ခြင်းဆေးကလည်း စွန်းတဇူးရဲ့ဆေးဝါးနဲ့ အတူတူပဲ… ငါစားလိုက်တဲ့အချိန်တိုင်း ငါ့ရဲ့ ခန္ဓာကိုယ်က လန်းဆန်းလာပြီး အားပြည့်သလို ဖြစ်လာတယ်… ဆာတယ်ဆိုတာလည်း မရှိတော့ဘူး… ဒါပေမယ့် ဘာစိတ်စွမ်းအင်မှတော့ မစုစည်းနိုင်သေးဘူး… “
သူသက်ပြင်းချလိုက်မိသည်။ ဝမ်ကျောက်က ၃လထဲနှင့် ကီဖွဲ့စည်းခြင်း ပထမအလွှာကို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ သူ၏မျက်နှာအမူအရာက မပြောင်းလဲသော်လည်း သူ့စိတ်ထဲတွင် ခံစားချက်များ ရောပြွန်းနေသည်။
‘ပင်ကိုယ်ပါရမီ…. ကျင့်စဉ်ကျင့်ကြံခြင်းရဲ့ အရေးကြီးဆုံး အစိတ်အပိုင်း တစ်ခုလား… ‘
သို့သော်လည်း ဝမ်လင်း၏အကျင့်စရိုက်အရ အလွယ်တကူ အရှုံးပေးလိမ့်မည် မဟုတ်ပေ။ သူ့တွင် အလွန်ထူးဆန်းသော မှော်ကျောက်တုံး ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ ယခု အချိန်တွင် သူ့၌ စိတ်စွမ်းအင် မရှိသေးသော်လည်း တစ်ချိန်တွင်တော့ အောင်မြင်လိမ့်မည်ဟု တွေးထားသည်။
“အချိန်… “ ဝမ်လင်းက နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူက အိမ်ယာအောက်မှ ကျောက်ပန်းကန်လုံးကို ထုတ်ယူလိုက်သည်။ ကျောက်ပန်းကန်လုံးထဲတွင် အရည်အနည်းငယ်သာ ကျန်တော့၏။ သို့သော်လည်း ၁၀ခုမြောက်သက်တံ့စင်းလေးကတော့ မပေါ်သေးချေ။
သူက ချက်ချင်း နောက်ဘူးသီးခြောက်တစ်ဘူးကို ထုတ်ယူလိုက်ပြီး ကျောက်ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်၏။ ဘူးသီးခြောက်ထဲ ကျန်ရစ်သည့် အရည်အနည်းငယ်ကိုတော့ သောက်လိုက်ပြီး ကျင့်စဉ်ကျင့်နေလိုက်သည်။
ယခုတစ်ကြိမ်တွင် ထွက်လာသည့်အပူက ယခင်ကထက် များစွာ ပိုပြင်း၏။ အပူက သူ့ကိုယ်ထဲတွင် စီးဆင်းနေသည်ကိုပင် ခံစားသိရှိနိုင်သည်။ ရေအရမ်းဆာနေသလို ခံစားရသော်လည်း ဆက်၍သာ လေ့ကျင့်နေလိုက်၏။
ခဏကြာပြီးနောက် ဝမ်လင်းသည် တစ်ခုခု မှားယွင်းသည်ကို ခံစားမိလိုက်၏။ အပူက ယခင်ကဲ့သို့ ပျောက်ကွယ်မသွားဘဲ အသက်ရှူလိုက်တိုင်း ပူပြီး ပူလာသည်။ သူ့ခန္ဓာကိုယ်က အကန့်အသတ်ကို ရောက်နေသော ပူပေါင်းတစ်လုံးကဲ့သို့ ခံစားလိုက်ရသည်။
ဝမ်လင်းသည် အလွန်ကြောက်ရွံ့သွား၏။ ထို့ကြောင့် ကျင့်ကြံနေခြင်းကို ရပ်တန့်လိုက်သည်။ သူမျက်လုံးဖွင့်လိုက်သောအခါ ထိတ်လန့်စရာတစ်ခုကို တွေ့မြင်လိုက်ရသည်။ သူ၏သွေးကြောများက အရေပြားအောက်တွင် တီကောင်များကဲ့သို့ ဖောင်းကြွနေ၏။
ယခင်က သူစားခဲ့သည့်ဆေးများတွင် စိတ်စွမ်းအင် မည်မျှပါသည်ကို သူမသိချေ။ အသက်ရှူနည်းစနစ်နှင့် သူစုပ်ယူခဲ့သည့် စိတ်စွမ်းအင် ပမာဏမည်မျှရှိသည်ကိုလည်း သူမသိပေ။ သူ၏ပင်ကိုယ်ပါရမီကြောင့် ဆုံးရှုံးသွားခဲ့ရသော စိတ်စွမ်းအင်မည်မျှရှိသည်ကိုလည်း မသိချေ။
ထပ်ပေါင်းပြောရလျှင် အရေးကြီးသည့်အချိန်ရောက်လာတိုင်း ကီပြန့်ကွဲခြင်းမြက်က စိတ်စွမ်းအင်အပြည့်အဝစုစည်းခြင်းမှ ကာကွယ်လိမ့်မည်ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ် သူသောက်လိုက်သည့် ရေငွေ့ရည်တွင် စိတ်စွမ်းအင်များက ယခင်ဆေးဝါးများထက် အလွန်များပြားနေသည်။ သူ့ပင်ကိုယ်ပါရမီကြောင့် ဆုံးရှုံးရသည်ထက်ကို များပြားနေသည်။ သူသာ ကျင့်ကြံခြင်းအမှုကို မပြုလိုက်လျှင် ထိုစွမ်းအင်များက ခဏလေးအတွင်း ပျောက်ကွယ်သွားမည် ဖြစ်၏။ သို့သော်လည်း သူက လေ့ကျင့်လိုက်သည့်အတွက် မီးကို ဆီလောင်းလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
သူ လေ့ကျင့်လိုက်၍ ဤသို့ဖြစ်သွားမှန်း သူသိသော်လည်း ဘာဆက်လုပ်ရမည်ကို သူမသိချေ။ သူ့သွေးကြောများ ပြန့်ကားလာသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။ သွေးကြောများ သူ့အကန့်အသတ်သို့ ရောက်ရှိလာသောအခါ သူ့ခေါင်းထဲသို့ အကြံတစ်ခု ဝင်လာသည်။ သူ့တွင် အများကြီးတွေးရန် အချိန်မရှိချေ။ သူ အံတင်းတင်းကြိတ်လိုက်ပြီး သုံးဆင့်ရှိုက်အသက်ရှူနည်းကို စတင်လေ့ကျင့်လိုက်သည်။
သုံးဆင့်ရှိုက် အသက်ရှူနည်းက စိတ်စွမ်းအင် စုစည်းသည့် နည်းစနစ်တစ်ခု ဖြစ်သည်။ ဆန့်ကျင်ဘက်က စိတ်စွမ်းအင်ကို ဖြန့်ထုတ်ခြင်းဖြစ်ရမည်ဟု ဝမ်လင်းက တွေးလိုက်သည်။
ဝမ်လင်း၏ခန့်မှန်းမှုသည် အနည်းနှင့်အများ မှန်ကန်သည်။ ကျင့်ကြံသူအများစုက ဤအသက်ရှူနည်းစနစ်ကို သိနေကြသည်။ ဤနည်းစနစ်သည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မရောက်ခင် အဆင့်တစ်ခုဖြစ်နေသောကြောင့် ဖြစ်သည်။
သူ၏အသက်ရှူနည်းစနစ်ကြောင့် စိတ်စွမ်းအင်စီးကြောင်းများသည် ခန္ဓာကိုယ်၏အစိတ်အပိုင်းများမှ ထွက်သွားကြသည်။ ထွက်သွားသည့် စွမ်းအင်များအားလုံးကို အိပ်ယာအောက်မှ မှော်ကျောက်တုံးက အကုန်အစင် စုပ်ယူလိုက်သည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာပြီးနောက် ဖောင်းကားနေသော သွေးကြောများက တဖြည်းဖြည်း လျော့ကျလာကာ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။ သူ့ကိုယ်ထဲမှ ထုတ်လွှတ်လိုက်သော စိတ်စွမ်းအင်များကလည်း အချိန်ကြာကြာမခံပေ။ သို့သော်လည်း အနက်ရောင်ကီတချို့ကိုတော့ မှော်ကျောက်တုံးက မစုပ်ယူပေ။ သူတို့က လေထဲတွင်ပင် ပျောက်ကွယ်သွားကြသည်။
ဝမ်လင်းအတွက် ကံကောင်းသွားသည့် တိုက်ဆိုင်မှုကတော့ ကီပြိုကွဲခြင်းမြက်ကိုပါ သူ့ခန္ဓာကိုယ်ထဲမှ ဖယ်ရှားလိုက်နိုင်ခြင်း ဖြစ်၏။
တစ်စုံတစ်ယောက်က ကီပြိုကွဲခြင်းမြက်ကို ဖယ်ရှားချင်လျှင် ပထမနည်းလမ်းက စိတ်စွမ်းအင်အနည်းငယ်ကို အဆုံးရှုံးခံ၍ တွန်းထုတ်ရခြင်းဖြစ်သည်။ သည်နည်းလမ်းက စွန်းတဇူးသုံးသည့် နည်းလမ်းဖြစ်၏။ သို့သော်လည်း သူက ဝမ်လင်းနှင့်ပက်သက်၍ နောက်ထပ်ဆေးပင်များ အဆုံးရှုံး မခံနိုင်တော့ပေ။ ထို့ကြောင့် သူက အရှုံးပေးခဲ့သည်။
ဒုတိယနည်းလမ်းက ကီဖယ်ရှားခြင်းနည်းလမ်းကို အသုံးပြုခြင်းဖြစ်သည်။ ထိုနည်းလမ်းက ခန္ဓာကိုယ်တွင်းရှိ စိတ်စွမ်းအင်အားလုံးကို ဖယ်ရှားပစ်ခြင်း ဖြစ်သည်။ ထို့သို့လုပ်လိုက်လျှင် အစမှ ပြန်လေ့ကျင့်ရပေလိမ့်မည်။ စွန်းတဇူးက ထိုနည်းလမ်းကို ဝမ်လင်းအပေါ် မသုံးခြင်းသည် ဝမ်လင်းထံတွင် စိတ်စွမ်းအင် မရှိခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ထိုနည်းလမ်းက သုံးချင်ရင်တောင်မှ သုံး၍ မရချေ။
ကီဖယ်ရှားခြင်းနည်းစနစ်က တစ်နေ့လုံးနှင့်တစ်ည ကြာမြင့်ခဲ့သည်။ ဝမ်လင်းက အလွန်ပင်ပန်းနေကြောင့် အိပ်ယာပေါ်တွင် လှဲလိုက်၏။ သည်အချိန်တွင် သူက သူ့ကိုယ်သူ ကယ်တင်လိုက်သည်ကို သူသိသည်။ နောင်တွင် ရေငွေ့ရည်များကို မဆင်မခြင်း သောက်လိမ့်မည် မဟုတ်တော့ချေ။
ဝမ်လင်းသည် အလွန်အမင်း ပင်ပန်းနေသောကြောင့် ချက်ချင်း အိပ်မောကျသွား၏။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၂၃) သက်တံ့အစင်း ၁၀ခု
အချိန်တော်တော်ကြာပြီးနောက် ဝမ်လင်းက မျက်လုံးဖွင့်လိုက်သည်။ အပြင်ဘက်၌ မှောင်နေသည်ကို မြင်လိုက်၏။ သူက အိပ်ယာမှထလိုက်ပြီး အညောင်းဆန့်လိုက်သည်။ သူ့၏ခန္ဓာကိုယ်တွင် ကွဲပြားခြားနားမှုကို မခံစားရချေ။ အိပ်ယာအောက်မှ ကျောက်တုံးပန်းကန်ကို ဆွဲယူလိုက်ပြီး ကြည့်လိုက်ရာ မှော်ကျောက်တုံးပေါ်တွင် ၁၀ခုမြောက်သက်တံ့စင်းက ပေါ်နေသည့်အတွက် အလွန်အံ့ဩသွား၏။
ဝမ်လင်းက အလွန်လည်း ပျော်ရွှင်သွားသည်။ သူက မှော်ကျောက်တုံးကို ကြည့်လိုက်ပြီး အိမ်အပြင်ဘက်သို့ ပြေးထွက်သွား၏။ သူက စမ်းရေကို ခပ်ပြီး လျှင်မြန်စွာ ပြန်လာခဲ့သည်။ မှော်ကျောက်တုံးကို စမ်းရေထဲသို့ ထည့်လိုက်ပြီး အနည်းငယ် မွှေလိုက်သည်။
ထို့နောက် စမ်းရေကို သောက်လိုက်ပြီး အချိန်အနည်းငယ်ခန့် စောင့်ကြည့်လိုက်သည်။ သို့သော်လည်း အရင်ကအတိုင်း လုံးဝ မပြောင်းလဲပေ။ မှော်ကျောက်တုံးကို ကြည့်ပြီး အနည်းငယ် စိတ်ပျက်သည့် အမူအရာများ သူ့မျက်နှာတွင် ပေါ်လာသည်။ ထို့နောက် မှော်ကျောက်တုံးကို ကိုက်ကြည့်သော်လည်း ကျောက်တုံးကဲ့သို့ မာကျောဆဲဖြစ်၏။
သူက မှော်ကျောက်တုံးပေါ် သွေးစက်ချကြည့်သော်လည်း ပြောင်းလဲခြင်း မရှိသေးချေ။
သူက ခေတ္တခဏ တုန့်ဆိုင်းနေပြီး အံတင်းတင်း ကြိတ်လိုက်သည်။ ကျောက်ပန်းကန်လုံးကို ယူလိုက်ပြီး မှော်ကျောက်တုံးကို အရှိန်ပြင်းပြင်းဖြင့် ရိုက်လိုက်၏။ သက်တံ့စင်း၁၀ခု ပြည့်သွားသည့်အတွက် တစ်ခုခု ပြောင်းလဲသွားလိမ့်မည်ဟု ယုံကြည်ထားသည်။
အသံကျယ်ကြီး တစ်ခုထွက်လာပြီး ကျောက်ပန်းကန်လုံး ကွဲသွား၏။ ဝမ်လင်း၏လက်တောင်မှ ထုံကျင်သွား၏။ သို့သော်လည်း မှော်ကျောက်တုံးက အနည်းငယ်မျှပင် မပြောင်းလဲပေ။
သူသည် သောက်လို့ရသည့်ပစ္စည်းတိုင်းအသုံးပြု၍ စမ်းသပ်သော်လည်း မှော်ကျောက်တုံးက သက်တံ့အစင်း ၁၀ခု ဖြစ်လာသော်လည်း မည့်သည့်ပြောင်းလဲမှု ဖြစ်လာဟန် မပေါ်ပေ။ သူက မှော်ကျောက်တုံးကို ဘေးသို့ ပစ်လိုက်သည်။
အချိန်အနည်းငယ်ကြာပြီးနောက် သူက မကောက်ချင်ကောက်ချင်နှင့် ထကောက်လိုက်၏။ မှော်ကျောက်တုံးကို စိုက်ကြည့်မိသည့် တခဏတွင် အိပ်ချင်လာသကဲ့သို့ ခံစားလိုက်ရသည်။ ဝမ်လင်း မှင်သက်သွား၏။ သူ သတိပြန်ဝင်လာပြီး ပြောလိုက်သည်… “ငါ ဘာကြောင့် အိပ်ချင်လာရတာလဲ… “ သူက မျက်လုံးကို ပွတ်လိုက်ပြီး မှော်ကျောက်တုံးကို စိုက်ကြည့်လိုက်သည်။
သူက ကြည့်ရင်းကြည့်ရင်း မှော်ကျောက်တုံးက တဖြည်းဖြည်း ဝါးလာသည်။ နောက်ဆုံး၌ သူ မြေပြင်ပေါ်သို့ လဲကျသွားကာ မှော်ကျောက်တုံးကို လက်ထဲကိုင်ထားရင်းနှင့်ပင် အိပ်ပျော်သွား၏။
သူက အိမ်မက်မက်နေသည်။ အိမ်မက်ထဲတွင် သူက အဆုံးမရှိသည့် နေရာတစ်ခုသို့ ရောက်နေသည်။ ထိုနေရာတွင် ကြယ်များလည်း မရှိချေ။ သူ့ဘေးတွင် ခပ်မှိန်မှိန်လင်းနေသောအရာဝတ္ထုလေးများသာ ရှိနေသည်။ သူသည် အိမ်မက်မက်နေသော်လည်း သူ့စိတ်က ရှင်းလင်းနေသည်။ သူက ဘာလို့ဒီအိမ်မက်ကို မက်ရသလဲဟု တွေးတောနေသည်။
ဝမ်လင်းသည် သူ့ခန္ဓာကိုယ်နှင့် ပက်သတ်၌ မှားနေသည်ဟုလည်း မခံစားရပေ။ သို့သောလည်း ဤနေရာမှ လွတ်မြောက်အောင် မည်သို့ လုပ်ရမည်ကို သူမသိချေ။ ကူရာကယ်ရာဖြစ်နေရင်းနှင့် အဆုံးမရှိသည့် နယ်မြေထဲတွင် ရည်ရွယ်ချက်မရှိ လျှောက်သွားနေလိုက်သည်။
အချိန်က ခန့်မှန်းလို့မရအောင်ကြာသွားပြီးနောက် သူသည် အလွန်ပင်ပန်းနေလေပြီ။ သူ့ပတ်ဝန်းကျင်က တဖြည်းဖြည်း လှုပ်ခါလာသည်။ သူ့ခန္ဓာကိုယ်ကလည်း တစ်စစီ ဆုတ်ပြဲလာသကဲ့သို့ ခံစားလိုက်ရသည်။ စူးစူးဝါးဝါး အော်ဟစ်သံနှင့်အတူ သူက မျက်လုံးကို ဖွင့်လိုက်သည်။
သူက ဘေးပတ်ဝန်းကျင်းကို ကြည့်လိုက်ပြီး သူ့အခန်းထဲ ပြန်ရောက်နေသည်ကို သတိထားမိလိုက်သည်။ ဝမ်လင်းက လေကို တစ်ဝကြီးရှူလိုက်ပြီး နဖူးမှ ချွေးများကို သုတ်လိုက်သည်။ ထူးဆန်းသည့်အိမ်မက် အဆုံးသတ်သွားသဖြင့် သူက ပျော်ရွှင်နေသည်။ ရုတ်တရက် သူ့အမူအရာက ထူးဆန်းလာသည်။ သူက မှော်ကျောက်တုံးကို ကြည့်လိုက်ရာ သက်တံ့စင်းများ မရှိတော့သည်ကို သတိပြုမိလိုက်၏။ ထိုအစား မှော်ကျောက်တုံးပေါ်တွင် စာလုံးသေးသေးလေးများ ပေါ်နေသည်။
“ဒီဟာက … “ ဝမ်လင်း မှင်သက်သွားပြီး အနီးသို့ ကပ်ကြည့်လိုက်၏။ စာလုံးလေးများက အလွန်ထူးဆန်းနေပြီး မမြင်ဖူးသော စာလုံးအက္ခရာများ ဖြစ်နေသည်။ သူသည် စာဖတ်ခြင်းကို အမြဲတမ်း နှစ်သက်သည်။ ထို့ကြောင့်အချိန်ပေးပြီး သူဖတ်တတ်သော စကားလုံးများဖြင့် အဓိပ္ပါယ်ဖော်ရန် ကြိုးစားနေသည်။ သူက စာလုံးအနည်းငယ်ကိုသာ ခန့်မှန်းနိုင်ခဲ့၏။
ဝမ်လင်းက မှော်ကျောက်တုံးကို ကိုင်ထားပြီး ရေရွတ်လိုက်သည်… “ဒီဟာက နံပါတ်တစ်ခုကို ရေးထားတာနဲ့တူတယ်… အခြားအဓိပ္ပါယ် မရှိလောက်ဖူး… “ ရုတ်တရက် သူ့ခေါင်းထဲသို့ အတွေးတစ်ခု ဝင်ရောက်လာပြီး ထူးဆန်းသော အိမ်မက်ကို သတိရလိုက်သည်။
“အိမ်မက်က မှော်ကျောက်တုံးနှင့် ဆက်စပ်နေတာလား… “ ဝမ်လင်းက အနည်းငယ်တွေးလိုက်ပြီး အိပ်ယာပေါ်သို့ လှဲလိုက်သည်။ အိမ်ပျော်သွားစေရန် သူ့ကိုယ်သူ အတင်းအကြပ် ဖိအားပေးလိုက်သည်။ သို့သော်လည်း အားအင်များက ပြည့်နေသည့်အတွက် အိပ်လို့မရပေ။
ယခင်တစ်ကြိမ်အိပ်ပျော်စဉ်က မှော်ကျောက်တုံးကို စိုက်ကြည့်ရင် အိပ်ပျော်သွားသည်ကို မှတ်မိလိုက်၏။ ထို့ကြောင့် သူက မှော်ကျောက်တုံးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်လိုက်သည်။ မကြာခင်မှာပဲ အိပ်ချင်လာပြီး လုံးဝ အိပ်မောကျသွား၏။
အဆုံးမရှိသည့်နေရာက နောက်တစ်ကြိမ် ပြန်ပေါ်လာသည်။ သူက တစ်ခုခုကို စဉ်းစားနေသည်။ သည်တစ်ကြိမ်တွင် သူက လျှောက်မသွားတော့ဘဲ ထပ်ကာထပ်ကာ ခုန်နေလိုက်သည်။
အချိန်တွေကလည်း ကုန်ဆုံးလာသကဲ့သို့ သူကလည်း ပိုပိုပြီး မြင့်အောင် ခုန်နိုင်လာသည်။ အစက မီတာဝက်ခန့်သာ ခုန်နိုင်ခဲ့သော်လည်း ယခုအချိန်တွင်မူ ၁မီတာထက်ပိုပြီး ခုန်နိုင်နေလေပြီ။ သူ့တစ်ကိုယ်လုံး ခြေကုန်လက်ပန်းကျလာပြီး တစ်စစီဆုတ်ပြဲသလိုခံစားရသည့် ခံစားချက်က ထပ်မံပေါ်လာပြန်သည်။
ထို့နောက် သူနိုးထလာသည်။
သူ နိုးလာလာခြင်းမှာပင် ခုန်ကြည့်လိုက်သည်။ သူက အိမ်မက်ထဲက အမြင့်အတိုင်း ရောက်အောင်ခုန်နိုင်လေသည်။
ထိုအချင်းအရာက ဝမ်လင်းကို အလွန်အံ့အားသင့်စေသည်။ သူ့မျက်နှာတွင်လည်း စိတ်လှုပ်ရှားနေသည့် အမူအရာများ ပေါ်လာသည်။ သူက အသက်အနည်းငယ်ရှူလိုက်ပြီး စိတ်လှုပ်ရှားနေဟန်ဖြင့် အခန်းထဲတွင် လမ်းလျှောက်နေလိုက်သည်။ သူ့မျက်နှာ အမူအရာက ဆက်တိုက်ပြောင်းလဲနေသည်။ သူ၏နဖူးမှလည်း ချွေများက တစက်စက် ကျနေသည်။
ဝမ်လင်းက ရေရွတ်လိုက်သည်… “အိမ်မက်ထဲမှာ လေ့ကျင့်တာက ငါ့အတွက် အသုံးမဝင်ဘူး… အပြင်မှာလည်း လေ့ကျင့်လို့ ရတာပဲ… အိမ်မက်မက်နေဖို့တောင် မလိုဘူး… “
“ဒါက မမှန်ဘူး… သက်တံ့စင်းတွေ မပျောက်ကွယ်ခင်က စိတ်စွမ်းအင်တွေ အများကြီးကို စုပ်ယူထားတာ… အသုံးမဝင်ဘူးဆိုတာ မဖြစ်နိုင်ဘူ… တခြားတစ်ခုခု အသုံးဝင်တာ ရှိရဦးမယ်… ဘာဖြစ်နိုင်မလဲ… “ ဝမ်လင်းက သူ့ဘေးတွင် ရှိသည့်အရာအားလုံးကို စိတ်ရောကိုယ်ပါ စိတ်နှစ်ပြီး ပြန်စဉ်းစားလိုက်သည်။
“ဖြစ်နိုင်တာက … “ သူက စကားကို ရပ်လိုက်သည်။ သူက အကြံတစ်ခုကို ဖမ်းဆုပ်မိသွား၏။ သူက သူ့ကိုယ်သူ မေးလိုက်သည်… “အချိန်ဖြစ်နိုင်မလား… “
ထိုအကြောင်းကို တွေးမိပြီးနောက် သူ၏စိတ်ခံစားချက်များကိုပင် မထိန်းချုပ်နိုင်တော့ပေ။ သူက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ချင်သည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မှော်ကျောက်တုံးကို ကြည့်ကာ သူ့ကိုယ်က တုန်ယင်နေသည်။
“အဲ့တာက အချိန်သာ ဖြစ်ခဲ့ရင်… ငါ… ထေ့ကျူး… ငါ့ရဲ့ပင်ကိုယ်ပါရမီက ဘယ်လိုဖြစ်နေနေ အင်မော်တယ်တစ်ယောက် ဖြစ်လာလိမ့်မယ်… “ ဝမ်လင်းက အနည်းငယ် အသက်ရှူလိုက်ပြီး သူက ပုံမှန်အခြေအနေသို့ ပြန်ရောက်သွား၏။ သူက ဘာမှ ရေရွတ်မနေတော့ဘဲ ဆီမီးအိမ်ကို ယူလိုက်ကာ ဆီကို အပြည့်ဖြည့်လိုက်သည်။ သူက အိပ်ယာပေါ်တွင် ထိုင်လိုက်ပြီး ကျောက်တုံးကို ကိုင်ထားကာ အချိန်ကို စရေတွက်လိုက်သည်။
၅နာရီကြာပြီးနောက်တွင် မီးအိမ်က မီးငြိမ်းသွား၏။
ဝမ်လင်းက လျှင်မြန်စွာ မီးအိမ်ကို ဆီပြန်ဖြည့်လိုက်ပြီး ကျောက်တုံးကို စိုက်ကြည့်ကာ အိမ်မက်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။
သည်တစ်ကြိမ်တွင်တော့ သူက ခုန်မနေတော့ဘဲ ခြေချိတ်ထိုင်ကာ အချိန်ကို ရေတွက်နေလိုက်သည်။
‘၁နာရီ၊ ၅နာရီ၊ ၁၀နာရီ၊ ၂၀နာရီ ၊ ၃၅နာရီ၊ ၅၀နာရီ … ‘
သူ့ခန္ဓာကိုယ်မှ တစစီ ဆုတ်ပြဲသည့် ခံစားမှုက နောက်တစ်ကြိမ် ပြန်လည် ဖြစ်ပေါ်လာသည်။ ဝမ်လင်းက သူ့မျက်လုံးကို ဖွင့်လိုက်သောအခါ ဆီမီးအိမ်ကလည်း ငြိမ်းပြီးကာစ ကဲ့သို့ ဖြစ်နေလေသည်။
“အိမ်မက်ထဲမှာ အချိန်က ဆယ်ဆတောင် သက်သာတာလား… “ ဝမ်လင်းက မှော်ကျောက်တုံးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ရပ်လိုက်သည်။
ပထမဆုံးအကြိမ်အဖြစ် သူ၏ကျင့်ကြံခြင်း၌ ယုံကြည်မှု ရှိလာပြီ ဖြစ်သည်။
ဝမ်လင်းက လှုပ်ရှားနေသော သူ၏နှလုံးကို ထိန်းချုပ်လိုက်ပြီး မှော်ကျောက်တုံးကို သုံးပြီး ချက်ချင်း ကျင့်ကြံခြင်းကို မပြုလုပ်ပေ။ သူက သည်မနက်ခင်းတွင် စပြီးလေ့ကျင့်လိုက်ပါက တစ်ယောက်ယောက်က တွေ့သွားမည်ကို သူ အလွန်စိုးရိမ်သည်။ ထို့ကဲ့သို့ ဖြစ်သွားခဲ့လျှင် သူက ဒီကိစ္စကို ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပေ။ ဒါ့ကြောင့် မှော်ကျောက်တုံးကို သူ၏သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီး အခန်းထဲမှ ထွက်လိုက်သည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၂၄) ကျင့်စဉ်ကျင့်ခြင်း
တောင်ပေါ်မှ စမ်းရေတော်တော်များများ ယူဆောင်လာပြီးနောက် ဝမ်လင်းက စိတ်စွမ်းအင်များဖြင့် ပြည့်နေသည့်စမ်းရေများဖြစ်အောင်လုပ်ရန် စတင်လိုက်သည်။ ညအချိန်တွင် ချူးယန်က တံခါးကို လုံခြုံအောင် ပိတ်လိုက်သည်။ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဝမ်လင်းက ကြိုးတစ်ချောင်း၏ အစွန်းတစ်ဖက်ကို တံခါး၌ချည်ပြီး ကျန်အစွန်းတစ်ဖက်ကို သူ့လက်၌ချည်ထား လိုက်သည်။ တစ်ယောက်ယောက်ကသာ တံခါးကို ဖွင့်လိုက်ပါက ချက်ချင်းသိနိုင်ရန် ဖြစ်သည်။
စမ်းရေတစ်ငုံခန့် သောက်ပြီးနောက် ခန္ဓာကိုယ်က ပူလာသည်ဟု ဝမ်လင်း ခံစားလိုက်ရသည်။ ထို့နောက် မှော်ကျောက်တုံးကို စိုက်ကြည့်ကာ အိမ်မက်ထဲသို့ ဝင်ရောက်သွား၏။
အဆုံးမရှိသည့် အိမ်မက်နယ်မြေထဲတွင် ဝမ်လင်းက ခြေချိတ်ထိုင်လိုက်ပြီး ကျင့်စဉ်ကို စတင်ကျင့်လိုက်သည်။ ကျင့်စဉ် ကျင့်နေသည့် အချိန်တွင် သူ့နားတွင် ရှိသည့် အလင်းရောင်လေးများက တဖြည်းဖြည်း နူးညံ့လာကာ သူ့ကိုယ်ထဲသို့ ဝင်ရောက်သွား၏။ ထိုအဖြစ်အပျက်ကို ဝမ်လင်းကတော့ မသိလိုက်ချေ။
အိမ်မက်နယ်မြေထဲ၌ တစ်ရက်ကုန်လွန်ပြီးနောက် သူသောက်ထားသည့်စမ်းရေမှ စိတ်စွမ်းအင်အားလုံး ကုန်ဆုံးသွားသည်။ ဒီတစ်ကြိမ်တွင်တော့ ယခင်ကနှင့် ကွာခြားလေသည်။ ယခင်က စွန်းတဇူးထံမှ ဆေးသောက်ပြီးနောက် သူ့ကိုယ်က ပူလာသည်။ သို့သော်လည်း အရေးကြီးသည့် အချိန်ရောက်တိုင်း စိတ်စွမ်းအင်များအားလုံးက ပြိုကွဲသွား၏။
သို့သော် သည်တစ်ကြိမ်တွင် စိတ်စွမ်းအင်များပြိုကွဲသွားသော်လည်း အနည်းငယ်တော့ သူ့ကိုယ်ထဲတွင် ကျန်ရစ်လေသည်။ စိတ်စွမ်းအင်များက အရမ်းမများသော်လည်း သူ့ကိုယ်သူ ယုံကြည်မှု ပိုရှိသွားလေပြီ။ ဘာကြောင့် အရင်အကြိမ်နှင့် မတူရသလဲ မသိပေမယ့် ဆန်းကြယ်သောမှော်ကျောက်တုံးကြောင့် ဖြစ်ရမည်ဟုသာ သုံးသပ်လိုက်သည်။
ဝမ်လင်းက အိမ်မက်နယ်မြေမှ မထွက်သေးဘဲ အချိန်အတော်ကြာအောင် ဆက်ကျင့်နေလိုက်သည်။ နောက်ဆုံး၌ အိမ်မက်နယ်မြေနှင့်အပြင်ဘက်၏ ကွာခြားမှုကို ဝမ်လင်း သိသွားလေပြီ။ အပြင်ဘက်တွင် တစ်လခန့် လေ့ကျင့်မှ သူ့ကိုယ်က လန်းဆန်းပြီး သက်တောင့်သက်သာ ဖြစ်လာသည်ဟု ခံစားရလိမ့်မည် ဖြစ်၏။
သို့သော်လည်း ဤနေရာတွင် စမ်းရေမှ စိတ်စွမ်းအင်များ ကုန်ဆုံးသွားပြီးနောက် လန်းဆန်းပြီး သက်တောင့်သက်သာ ဖြစ်သည့် ခံစားချက်ကို မခံစားရပေ။ ထိုအစား အသက်ရှူနေသည်ဟုသာ ခံစားရသည်။
ခဏလောက် တုန့်ဆိုင်းနေပြီးနောက် စိတ်စွမ်းအင်တည်ရှိခြင်းနှင့် ဆိုင်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ အိမ်မက်နယ်မြေထဲတွင် စိတ်စွမ်းအင် မရှိချေ။
သူ ပိုပြီးတွေးလေ သူမှန်သည်ဟု ပိုခံစားရလေဖြစ်နေသည်။ သူက မျက်မှောင်ကျုံ့ပြီး တွေးလိုက်သည်… ‘အပြင်ကနေ စိတ်စွမ်းအင်တွေကိုသာ ယူလို့ရမယ်ဆို အားလုံး အဆင်ပြေသွားပြီ… ‘ ထိုအကြောင်းကို တွေးလိုက်ပြီးနောက သူ့နှလုံးက တဒုတ်ဒုတ်ခုန်လာပြီး သူ့မျက်နှာပေါ်တွင်လည်း ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာလေသည်။
ဝမ်လင်းက သူ့ကိုယ်ပေါ်တွင် အနီရောင်ယူနီဖောင်းရှိသေးသည့်အတွက် ပဟေဠိ ဖြစ်နေသည်။ သူက လျင်မြန်စွာပင် သိုလှော်အိတ်ထည့်ထားသည့်အိတ်ကို စမ်းကြည့်ရာ အိမ်မက်နယ်မြေထဲ ပါမလာသည်ကို သိလိုက်သည်။
‘အဝတ်အစားကျတော့ ဒီထဲထိ ပါလာတယ်… သိုလှောင်အိတ်ကျတော့ ပါမလာဘူး… ‘ သူက ထိုအကြောင်းကို တွေးလိုက်ပြီး အပြင်ကို ပြန်ထွက်သည့်အခါ မည်သည့်ပစ္စည်းများက အထဲကို ယူလို့ရမရ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးသွားသည်။ နာရီ၅၀ကြာပြီးနောက် သူ့ကိုယ်က နာကျင်လာပြီး ပြန်လည်နိုးထလာသည်။
သူ့စိတ်ထဲတွင် မေးခွန်းတစ်ခု ရှိနေသည်။ ဘာလို့ အိမ်မက်နယ်မြေထဲမှာ နာရီ၅၀ပဲ နေလို့ရတာလဲ။ ဝမ်လင်းက ဘူးသီးခြောက်ထဲစမ်းရေများ ဖြည့်လိုက်ကာ သူ့ပခုံးထက်တွင် သယ်ဆောင်ထားလိုက်သည်။ သူက နောက်တစ်ကြိမ် အိမ်မက်နယ်မြေထဲသို့ ဝင်ရန် အသင့် ဖြစ်နေလေပြီ။
သို့သော်လည်း သည်တစ်ကြိမ်တွင် သူက ဘယ်လိုပဲ မှော်ကျောက်တုံးကို ကြည့်ကြည့် အိပ်ချင်စိတ်ကို မခံစားရတော့ပေ။ ဝမ်လင်းက စိုးရိမ်သွား၏။ အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် သူ့နှလုံးသားထဲမှ စိုးရိမ်မှုများကို ထိန်းချုပ်လိုက်ပြီး ထိုင်လိုက်ကာ စတင်ကျင့်ကြံတော့သည်။
သဘာဝစိတ်စွမ်းအင်များကို သူ့ကိုယ်မှ စုပ်ယူနေပြီး သူ့၏အသက်ရှူသံက တဖြည်းဖြည်း တည်ငြိမ်လာသည်။ စိတ်စွမ်းအင်များ ပြိုကွဲပျောက်ကွယ်သွားသော်လည်း တချို့ကတော့ သူ့ကိုယ်ထဲတွင် ကျန်ရစ်လေသည်။ သို့သော်လည်း ကီစုစည်းခြင်း ပထမအလွှာနှင့် အလှမ်းကွာနေတုန်းပင် ဖြစ်သည်။
သူက တစ်နေ့လုံး ကျင့်ကြံနေခဲ့သည်။ သူက စိတ်စွမ်းအင်ပါသည့်စမ်းရေကို သူ့ကိုယ်က လက်ခံနိုင်ရုံလောက်သာ သောက်သုံးခဲ့၏။
ထပ်ပေါင်းပြောဆိုရလျှင် အိမ်မက်နယ်မြေထဲ ပြန်ဝင်၍ရမလား မျှော်လင့်ရင်း သူက အမြဲတမ်း မှော်ကျောက်တုံးကို ကိုင်ထားခဲ့သည်။ သို့သော်လည်း အကြိမ်တိုင်း ကျရှုံးခဲ့သည်။
ညရောက်လာသည့်အခါ သူက မျက်လုံးနှစ်လုံးကို ဖွင့်လိုက်သည်။ သူ့ကိုယ်ထဲတွင် စိတ်စွမ်းအင် အနည်းငယ် တိုးလာသည်ကို ခံစားရမိသည်။ ပုံမှန်အခြေအနေသာ ဖြစ်ပါက စိတ်လှုပ်ရှားမည်ဖြစ်သော်လည်း သူက ဂနာမငြိမ် ဖြစ်နေလေသည်။ ဝမ်လင်းက မှော်ကျောက်တုံးကို ကြည့်လိုက်ရာ ရုတ်တရက် အိပ်ချင်စိတ်ဖြစ်ပေါ်လာသည်။ ပျော်ရွှင်နေသော အပြုံးတစ်ပွင့် သူ့မျက်နှာတွင် ပေါ်လာပေမယ့် သူက မှော်ကျောက်တုံးကို မျက်နှာလွှဲလိုက်ကာ အိပ်ချင်စိတ်ကို ပယ်ဖျောက်လိုက်၏။
သူက မတ်တပ်ရပ်ကာ အခန်းထဲတွင် လမ်းလျှောက်ရင်း အိမ်မက်နယ်မြေထဲ ဝင်မရသည့်အကြောင်းရင်းကို အဖြေရှာနေလိုက်သည်။ နောက်ဆုံး၌ ပြဿနာကို သူ ရှာတွေ့လေပြီ။
ပထမ၂ကြိမ်တုန်းက ကြားထဲတွင် အချိန်မခြားပေ။ တတိယအကြိမ်တွင် ၅နာရီခန့် ခြားပြီးမှ ဝင်ရောက်ခဲ့သည်။ စတုတ္ထအကြိမ်တွင်မူ တတိယအကြိမ်နှင့် တစ်ရက်ခြားပြီးမှ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ဒီသဘောတရားအတိုင်းဆိုလျှင် အိမ်မက်နယ်မြေသို့ ဝင်ရောက်ရာ၌ ကန့်သတ်ချက်အနည်းငယ် ရှိနိုင်သည်။ စိတ်ချရစေရန် တစ်ခါဝင်လျှင် ၅နာရီတော့ ခြားသင့်ပေသည်။
ထို့နောက် ဝမ်လင်းက အိမ်မက်နယ်မြေထဲသို့ မည်သည့်ပစ္စည်းများ ယူသွားနိုင်သလဲဆိုတာကို စမ်းသပ်ရန် ပြင်ဆင်လိုက်သည်။ သူယူသွားမည့် ဘူးသီးခြောက်၃ဘူးတွင် တစ်ဘူးက ရေငွေ့ရည်ထည့်ထားပြီး၊ တစ်ဘူးက စမ်းရေထည့်ထားပြီး ၊ တစ်ဘူးက ဘာမှမပါပေ။
သူက ကွဲသွားသော ကျောက်ပန်းကန်လုံးအပိုင်းအစတစ်ခု၊ အာလူးကြော်၊သိုလှော်အိတ်ကိုပါ သူ့ကိုယ်တွင် အိမ်မက်နယ်မြေထဲသို့ မဝင်မီ ချည်နှောင်လိုက်သည်။
အိမ်မက်နယ်မြေထဲတွင် ဝမ်လင်းက သူ့ကိုယ်ကို ချက်ချင်း စစ်ဆေးလိုက်၏။ အာလူးကြော်၊ ကျောက်ပန်းကန်လုံး အပိုင်းအစ၊ အဝတ်အစား အားလုံးပါလာသော်လည်း ဘူးသီးခြောက်၃ဘူးနှင့် သိုလှောင်အိတ်ကတော့ ပါမလာပေ။
ထို့ကြောင့် သူက အိမ်မက်နယ်မြေထဲတွင် စိတ်စွမ်းအင်မရှိသောကြောင့် စိတ်စွမ်းအင်မပါရှိသော မည်သည့်ပစ္စည်းမျိုးကိုမဆို သယ်ဆောင်၍ ရပေမည်။
ဘူးသီးခြောက်၃ဘူးနှင့် သိုလှောင်အိတ်က စိတ်စွမ်းအင်တချို့ ပါနေသောကြောင့် သူတို့ကို ယူဆောင်၍ မရနိုင်ချေ။
ဝမ်လင်းက သက်ပြင်းချလိုက်ပြီး ခါးသီးစွာ တွေးနေမိတော့သည်။ သူက ဘူးသီးခြောက်ကို အထဲသို့ ယူဆောင်၍ မရနိုင်ချေ။ အပြင်ဘက်တွင် သူသောက်လာသည့် တစ်ငုံ၊နှစ်ငုံက အိမ်မက်နယ်မြေထဲတွင် လေ့ကျင့်ရန်အတွက် မလုံလောက်ပေ။
ထိုအကြောင်းကို တွေးတောပြီးနောက် သူ့ခေါင်းထဲသို့ အကြံတစ်ခု ဝင်လာသည်။ ထိုအကြံက သူ ယခုကြုံနေရသည့် ပြဿနာကို မဖြေရှင်းနိုင်သေးသော်လည်း နောက်ထပ် သူ့ကို ပိုမို စဉ်းစားတွေးတောစေရန် တွန်းအားဖြစ်စေသည်။
အချိန်အတော်ကြာပြီးနောက်တွင် သူက သော့ချက်ကို ဖမ်းဆုပ်မိသွားလေပြီ။ စိတ်စွမ်းအင်များရှိနေသည့်ရေက အထဲသို့ ယူမလာနိုင်သော်လည်း သူ့ကိုယ်ထဲပါလာသည့် စိတ်စွမ်းအင်ကတော့ မပျောက်မပျက်ဘဲ ပါလာ၏။
စိတ်စွမ်းအင်ပါရှိနေသည့် ပစ္စည်းများကို အထဲသို့ မယူဆောင်နိုင်သောကြောင့် နောက်ထပ် နည်းလမ်းတစ်ခုကို ရှာရပေဦးမည်။
နာရီ၅၀ကြာပြီးနောက် ဝမ်လင်းက အခန်းထဲမှ အမြန်ထွက်ကာ တောင်ဆီသို့ သွားပြီး ဘူးသီးခြောက်များကို ကောက်ပြီး အိမ်သို့ ယူလာလိုက်သည်။
ဘူးသီးခြောက်၃ခုကို အထဲသို့ မယူနိုင်ရခြင်းမှာ ထိုဘူးသီးခြောက်၃ဘူးက ရေငွေ့ရည်များ အချိန်ကြာမြင့်စွာ ထည့်ထားသောကြောင့် ဘူးသီးခြောက်တွင် စိတ်စွမ်းအင်များ စိမ့်ဝင်နေခြင်းကြောင့် ဖြစ်ရမည်ဟု ယုံကြည်ထား၏။
ယခု သူက ကောက်လာသည့် ဘူးသီးခြောက်အသစ်များကို စိတ်စွမ်းအင်ရေများ ဖြည့်လိုက်သည်။ သူက မှော်ကျောက်တုံးအား လှည့်စားကာ အိမ်မက်နယ်မြေထဲသို့ ယူဆောင်သွားမည် ဖြစ်သည်။
၅နာရီကြာပြီးနောက် ဝမ်လင်းက ဘူးသီးခြောက်အသစ်၄ဘူးနှင့်အတူ အိမ်မက်နယ်မြေထဲသို့ ဝင်ရောက်သွားသည်။ အိမ်မက်နယ်မြေထဲသို့ ရောက်လာပြီးနောက် ဘူးသီးခြောက်အားလုံးက သူနှင့်အတူ ပါလာသည်ကို အံ့ဩဖွယ်ရာ တွေ့လိုက်ရ၏။
သူက အဖုံးကို ဖွင့်ကြည့်ရာ ရေများပါ ရှိသေးသည်ကို မြင်တွေ့လိုက်ရသည်။ သူက အနည်းငယ်ခန့်သောက်လိုက်ပြီး စတင်ကျင့်တော့သည်။
သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များ ပျောက်ကွယ်သွားသည့် အချိန်တိုင်း သူက စိတ်စွမ်းအင်ရေများကို ပိုမို သောက်သုံးလေသည်။ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်ငွေရောင်လေးက တဖြည်းဖြည်း ကီစုစည်းခြင်း ပထမအလွှာဆီသို့ နီးကပ်လာသည်။
သူ့ဘေးတွင် ရှိသည့် အလင်းရောင်များကလည်း သူ့ကိုယ်ထဲသို့ တိတ်ဆိတ်စွာပင် ဝင်ရောက်နေသည်။
ထူးဆန်းသောကျောက်တုံးနှင့် စိတ်စွမ်းအင်ရေများ မရှိဘဲ သူ့ပင်ကိုယ်ပါရမီနှင့်ဆိုလျှင် ကီစုစည်းခြင်း ပထမ အလွှာကို ရောက်ရန် နှစ်ပေါင်းများစွာ ကြာပေလိမ့်မည်။ ကီပြိုကွဲခြင်းမြက်ကိုပါ ထည့်တွက်လိုက်လျှင် နှစ်၃၀မှ ၅၀ခန့် ကြာမြင့်သွားပေလိမ့်မည် ဖြစ်၏။
စွန်းတဇူး၏တစ်လလုံးလုံးဆေးတိုက်ကျွေးမှုက သူကို ကျင့်ကြံရာတွင် ပိုမိုလျှင်မြန်လာစေသည်။ ဝမ်လင်း မသိဘဲနှင့် အသုံးပြုခဲ့သော ကီဖယ်ရှားခြင်းနည်းစနစ်က ကီပြိုကွဲခြင်းမြက်ကို ဖယ်ရှားပေးခဲ့သည်။ သို့သော်လည်း ဒါတောင်မှ ၁၀နှစ်ခန့် ကြာပေဦးမည် ဖြစ်၏။ သို့သော် ယခုအခြေအနေ၌ ဝမ်လင်းထံတွင် စိတ်စွမ်းအင်က ပြတ်လပ်သည်ဆိုတာ မရှိချေ။ မှော်ကျောက်တုံးကလည်း အချိန်ကို ၁၀ဆ လျှော့ချပေးနိုင်သေး၏။ ကီစုစည်းခြင်း ပထမအလွှာဆိုသည်မှာ သူ့လက်တစ်ကမ်းအကွာတွင် ရှိနေလေပြီ။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၂၅) ကီစုစည်းခြင်း
အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးလာသည်။ လွန်ခဲ့သော ၂လလုံးလုံး ဝမ်လင်းက အိမ်မက်နယ်မြေထဲ၌ လေ့ကျင့်ခဲ့သည်။ သူသည် မှော်ကျောက်တုံး၏စွမ်းရည်များ အားလုံးကိုလည်း လေ့လာခဲ့၏။
အိမ်မက်နယ်မြေထဲသို့ တစ်ရက်ကို ၃ကြိမ်ဝင်နိုင်ပြီး တစ်ကြိမ်စီတွင် နာရီ၅၀ကြာသည့်အတွက် ၆ရက်ခန့် လေ့ကျင့်နိုင်သည်ဟု ပြော၍ရသည်။
အိမ်မက်နယ်မြေထဲ၌ ၁နှစ်ကုန်ဆုံးသွားခဲ့သော်လည်း အပြင်ကမ္ဘာတွင်မူ ၂လသာကုန်ဆုံးသေး၏။
ယခင်က ကျင့်ကြံခြင်းက ပျင်းစရာကောင်းသည်ဟု မခံစားခဲ့ရသော်လည်း ယခုတွင်မူ ခံစားနေရလေသည်။ စိတ်စွမ်းအင်ပြည့်ဝနေသည့်ရေများကြောင့် ဝမ်လင်းက စားရန်မလိုအပ်ပေ။ သူ့တွင် နေ့တိုင်း ကျင့်ကြံခြင်းဖြင့်သာ အချိန်ကုန်နေရ၏။
သူက သုံးဆင့်ရှိုက်အသက်ရှူနည်းစနစ်ကို ထပ်ကာထပ်ကာ လေ့ကျင့်ပြီး သူ့ကိုယ်ထဲသို့ စိတ်စွမ်းအင်များကို စုစည်းစေသည်။ သူ့မိဘများ၏မျှော်လင့်ချက်ကြောင့်သာ မဟုတ်လျှင် သည်ငြီးငွေ့ဖွယ်ကောင်းသည့် ကျင့်ကြံခြင်း၌ သည်အခြေအနေထိ လျှောက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။
အထူးသဖြင့် ဝမ်ကျောက်က ၃လတည်းနှင့် ကီစုစည်းခြင်း ပထမအလွှာကို ရောက်သွားသည့်အကြောင်းကို တွေးမိလျှင် သူ့ရင်ထဲ အားမလိုအားမရ ဖြစ်မိသည်။ သူသည် အခန်းထဲမှ မထွက်ဘဲ ကျင့်ကြံခြင်း၌သာ သူ့ကိုယ်သူ မြုပ်နှံထား၏။
ဝမ်လင်းက ဟုန်ယွီဂိုဏ်း၏ ဟာသတစ်ခုဖြစ်သည်။ တပည့်အများစုက သူ့ကို လှောင်ပြောင်ကြသော်လည်း သူ့အပေါ် အာရုံစိုက်သူ မရှိပေ။
စွန်းတဇူးကလည်း ဝမ်လင်းအကြောင်းကို မေ့လုနီးပါး ဖြစ်နေလေပြီ။ သူက ဝမ်လင်းအကြောင်းကို တွေးမိတိုင်း ဒေါသခြောင်းခြောင်းထွက်သဖြင့် ဝမ်လင်းကို ခေါင်းထဲကသာ ထုတ်ထားလိုက်သည်။
ထို့ကြောင့် ဝမ်လင်းက ယခင်လ ၂လလုံးလုံး အေးအေးဆေးဆေး အိမ်မက်နယ်မြေထဲ၌ လေကျင့်နိုင်ခဲ့လေသည်။ ဘယ်သူမှလည်း မှော်ကျောက်တုံးအကြောင်းကို မသိကြချေ။
လွန်ခဲ့သည် ၂လလုံးတွင် စိတ်စွမ်းအင်ရေများ မည်မျှသောက်သုံးခဲ့ပြီဆိုတာကို ဝမ်လင်း မတွက်နိုင်ပေ။ သူ့ကိုယ်တွင် စိတ်စွမ်းအင် ပြတ်လပ်သည်ဟု ခံစားရတိုင်း သောက်သုံးနေခြင်းကြောင့် ဖြစ်၏။
စွန်းတဇူးသာ ဒီအကြောင်းကို သိပါက သူ့နှလုံးသားတစ်ခုလုံး နာကျင်မှုများဖြင့်သာ ပြည့်သွားပေလိမ့်မည်။ ဝမ်လင်းကို တစ်ချက်တည်းနှင့်တောင်မှ ရိုက်သတ်ချင်သတ်လိမ့်မည် ဖြစ်သည်။ ကျောင်းနိုင်ငံတစ်ခုလုံးတွင် ဝမ်လင်းကဲ့သို့ စိတ်စွမ်းအင်များပြည့်ဝနေသည့် စမ်းရေဖြင့် နေ့တိုင်းသောက်ကာ လေ့ကျင့်နိုင်သူ မရှိချေ။ ဂိုဏ်းမှ မွန်းစတားအိုကြီးများသာလျှင် ထိုကဲ့သို့ အခွင့်အရေး ရှိ၏။ သူတို့က ဝမ်လင်းကဲ့သို့ စိတ်စွမ်းအင်ကို အသုံးပြုနိုင်ရန် စိတ်စွမ်အင်များ အလျံပယ်ရှိနေသည့် တောင်တစ်တောင်လုံးကို သိမ်းယူရမည် ဖြစ်၏။
စိတ်စွမ်းအင်က ကျင့်ကြံသူတိုင်း၏နှလုံးသားထဲတွင် အရေးကြီးသော နေရာတစ်ခု ရထားသည်။ ကျောင်းနိုင်ငံတစ်ခုလုံးတွင် စိတ်စွမ်းအင် အလျံပယ်ရှိသည့်နေရာများ သိပ်မရှိသော်လည်း ဂိုဏ်းအနည်းငယ်အတွက်တော့ လုံလုံလောက်လောက် ရှိပေသည်။ တခြားကျင့်ကြံသူများသာ ဝမ်လင်း စိတ်စွမ်းအင်များ အသုံးပြုပုံကို သိသွားပါက သူတို့၏နှလုံးသားများ သေလောက်အောင် တစစ်စစ်နှင့် နာကျင်ခံစားရမည် ဖြစ်၏။
ဝမ်လင်း၏စိတ်စွမ်းအင်ကို အင်မော်တယ်ဆေးလုံးများတွင် အသုံးပြုပါက အောင်မြင်နှုန်း မြင့်သွားပေလိမ့်မည်။ စိတ်စွမ်းအင်များ အသုံးပြုထားသည့်ဆေးလုံးများသည် ယခင်ဆေးလုံးများနှင့် ယှဉ်လိုက်လျှင် ဆေးစွမ်းက ပိုမိုကောင်းလာပေလိမ့်မည်။ စိတ်စွမ်းအင် အနည်းငယ်ပိုသွားရုံနှင့်ပင် အားလုံးကို အံ့ဩသွားအောင် ဆောင်ရွက်နိုင်သည်။
မှော်ကျောက်တုံး၏အကူအညီနှင့်အတူ ဝမ်လင်းကိုယ်ထဲတွင်ရှိသော စိတ်စွမ်းအင် အရည်အသွေးကလည်း ပို၍ပို၍ တိုးတက်လာခဲ့သည်။
ယနေ့တွင်လည်း ဝမ်လင်းက အိမ်မက်နယ်မြေထဲ၌ ကျင့်ကြံနေပြီး သူ့ကိုယ်ထဲတွင် စိတ်စွမ်းအင်များ စီးဆင်းနေသည်ကိုလည်း ရှင်းလင်းပြတ်သားစွာ ခံစားသိရှိနေ၏။ အသက်ရှုလိုက်တိုင်း သူ့နှာခေါင်းမှ အဖြူရောင်နဂါးနှစ်ကောင်က ထွက်ပေါ်နေသည်။
သူ၏ကိုယ်ခန္ဓာအနှံ့အပြားတွင် ပုရွက်ဆိတ်များသွားနေသလိုမျိုး ခံစားနေရကာ တစ်ကိုယ်လုံးရှိချွေးပေါက်များမှ အနံဆိုးသောအမဲရောင်အရည်များ ထွက်လာသည်။
သိပ်မကြာခင်များပင် ထိုအမဲရောင်အရည်များကို သူ့အဝတ်အစားများက စုပ်ယူသွား၏။ ဝမ်လင်းက ထိုကိစ္စများကို ဂရုမစိုက်ချေ။ ယခုအချိန်တွင် သူက ဝမ်းမြောက်ဖွယ်ကောင်းသော အခြေအနေတစ်ခုတွင် ရောက်ရှိနေသည်။ သူ့ခန္ဓာကိုယ်ကို စိတ်စွမ်းအင်များက တဖြည်းဖြည်း ပြောင်းလဲပေးနေသည်ကို မြင်လိုက်ရသည်။
အချိန်တော်တော်ကြာပြီးနောက်တွင် ဝမ်လင်း မျက်လုံးကို ဖွင့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ယခင်က လုံးဝ မရှိဖူးသည့် အလင်းရောင်တစ်ခု ရှိနေသည်။
သူ့စိတ်က ကြည်လင်နေပြီး သူ့နှလုံးသားကလည်း လှိုင်းထခြင်း မရှိသည့် ရေကဲ့သို့ တည်ငြိမ်နေသည်။ သူ့ငယ်ဘဝအကြောင်းက သူ့စိတ်ထဲတွင် ပေါ်လာ၏။ သူ စကားသင်ကာစ အရွယ်တွင် သူ့အဖေက သူ့ကို ချစ်မြတ်နိုးသည့်အကြည့်နှင့် ကြည့်နေပုံ၊ ညတိုင်း သူစာလေ့လာနိုင်အောင် သူ့အမေက ကူညီပေးပုံ၊ ဟုန်ယွီဂိုဏ်းထဲ ဝင်ရောက်ချိန်တွင် သူ့မိဘများက မျှော်လင့်ချက်မျက်လုံးများဖြင့် ကြည့်နေပုံ၊ ဆွေမျိုးများ၏သရော်နေသည့်မျက်နှာများ၊ ရွာသူရွာသားများ၏လေးစားအားကျသည့်အကြည့်များ အားလုံးကို သူက ထူးဆန်းနေသကဲ့သို့ တည်ငြိမ်စွာပင် ကြည့်နေခဲ့သည်။
အားလုံးပြီးဆုံးသွားပြီးနောက် သူက အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ့နှလုံးသားက နာကျင်မှုကို ခံစားနေရ၏။ သူက ကီစုစည်းခြင်း ပထမအလွှာကို ရောက်ရှိပြီးနောက် သူ၏အသိအမြင်များအတွက် အရိပ်အမြွတ်တစ်ခု ရရှိလိုက်၏။
ကီစုစည်ခြင်းအဆင့် ပထမ၃လွှာတွင် ပထမအလွှာက ဂိတ်ပေါက်တစ်ခု ဖြစ်သည်။ ပထမအလွှာကို ရောက်ရှိမှသာလျှင် ကျင့်ကြံသူ အဆင့်အတန်းထဲ ဝင်ရောက်သွားခြင်း ဖြစ်၏။ ထို့နောက် ကျင့်ကြံသူကိုယ်တိုင်က လောကီကိစ္စရပ်များကို ဖြတ်တောက်ပစ်ရပေလိမ့်မည်။
လူတိုင်းက ပထမအလွှာကို ဝင်ရောက်သည့်အခါ အတွေ့အကြုံများ ရရှိကြလိမ့်မည်။ သည်ကိစ္စကို တခြားသူများ မည်သို့ ကိုင်တွယ်ဖြေရှင်းကြသည်ကို သူ မသိချေ။ သို့သော်လည်း သူကတော့ မိဘများ၏အချစ်မှလွဲ၍ အားလုံးကို ဖြတ်တောက်ပစ်နိုင်သည်။
ဝမ်လင်းက ပင့်သက်ရှိုက်လိုက်ပြီး အင်္ကျီကို ဖုန်ခါလိုက်ကာ မတ်တပ်ရပ်လိုက်၏။
အိမ်မက်နယ်မြေက အနည်းငယ် ထူးခြားနေသလို ခံစားနေရသောကြောင့် ဝမ်လင်းက သူ၏တောက်ပသော မျက်လုံးတစ်စုံနှင့် ဘေးဘယ်ညာ ကြည့်ရှုလိုက်သည်။ ယခင်က တောက်ပနေသည့်အလင်းရောင်လေးများကို ဘာမှ ရေရေရာရာ မသိခဲ့ရချေ။ ယခုအချိန်တွင်မူ ထိုအလင်းရောင်လေးများထဲ၌ စိတ်စွမ်းအင်များ လှုပ်ရှားနေသည်ကို ခံစားသိရှိနိုင်သွားလေပြီ။ ထိုအထဲမှ လှုပ်ရှားမှုများကို တိတိကျကျ မမြင်နိုင်သော်လည်း ယခင်နှင့် ယှဉ်လိုက်လျှင် ယခုမှ မျက်စိမြင်ရသည့် မျက်မမြင်တစ်ယောက်ကဲ့သို့ပင် ဖြစ်၏။
ထိုအချိန်မှာပင် နာကျင်သောခံစားမှုက ထွက်ပေါ်လာပြန်သည်။ ယခုတစ်ချိန်တွင်မူ နာကျင်မှုက အများကြီးလျော့နည်း သွားပြီး ချွေးများလည်း မထွက်တော့ချေ။
ဝမ်လင်းက သူ့မျက်လုံးကို ဖွင့်လိုက်သည်။ ထို့နောက် သူက အိပ်ယာပေါ်တွင် ထိုင်လိုက်ပြီး ခဏလောက် တွေးကာ ချက်ချင်း ဘူးသီးခြောက်ကို ဖွင့်ကြည့်လိုက်၏။ အထဲ၌ စမ်းရေများထဲတွင် ရှိနေသည့် စိတ်စွမ်းအင်များကို မြင်တွေ့လိုက်ရသည်။
သူ့မျက်နှာတွင် အပြုံးပန်းတစ်ပွင့် ပွင့်လာသည်။ ကီစုစည်းခြင်းအဆင့် ပထမအလွှာကို ရောက်ပြီးနောက်ပိုင်း ကောင်းကင်နှင့်မြေကြီးမှ စိတ်စွမ်းအင်များကို ခံစားနိုင်လာလေပြီ။ သူက အသက်ပြင်းပြင်း ရှူလိုက်ရာ သူ့ကိုယ်က စေးကပ်နေသည်ကို ရုတ်တရက် သတိရသွားပြီး ရယ်မောလိုက်၏။ သူက ပထမအလွှာကို ရောက်သွားသည့်အတွက် သူ့ကိုယ်မှ အညစ်အကြေးများကို စွန့်ထုတ်လိုက်ခြင်း ဖြစ်သည်။ ဤအရာက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တွင် လိုအပ်သောအဆင့်တစ်ခု ဖြစ်၏။
ဝမ်လင်းက သူ့အခန်းတံခါးကို ဖွင့်လိုက်သည်။ အပြင်ဘက်တွင် မွန်းလွဲပိုင်း အချိန်သို့ပင် ရောက်နေလေပြီ။ သူ့ခြေလှမ်းများက အလွန်လျင်မြန်နေကာ အရှေ့ဂိတ်ကို ဖြတ်ကျော်သွားပြီး မြစ်ချောင်းရှိသည့်နေရာဆီသို့ ရောက်ရှိသွား၏။ သူက အဝတ်များကို ချွတ်လိုက်ပြီး မြစ်ထဲသို့ ခုန်ချလိုက်သည်။ သူ့ကိုယ်မှ အညစ်အကြေးများက အဆီများသည့်အတွက် အချိန်အတော်ကြာအောင် တိုက်ချွတ်ဆေးကြောလိုက်ရ၏။
ရေချိုးပြီးနောက် သူက ကျောက်တုံးတစ်ခုပေါ်တွင် လဲလျောင်းလိုက်သည်။ လဲလျောင်းနေရင်း ကီစုစည်းခြင်း၏အဆင့်၃ဆင့်စာအုပ်မှ နည်းစနစ်များကို သတိရလိုက်၏။
ပထမဆုံးမိတ်ဆက်ထားသည့် အင်မော်တယ်ကျင့်စဉ်က ဆွဲငင်အားကျင့်စဉ်ဖြစ်သည်။ ထိုကျင့်စဉ်ကို အခြေခံအင်မော်တယ်ကျင့်စဉ်ဟု သတ်မှတ်ထားကြပြီး ကီစုစည်းခြင်း ပထမအလွှာကို ရောက်သည်နှင့် စတင်လေ့ကျင့်၍ အသုံးပြုနိုင်ပြီ ဖြစ်၏။
လွန်ခဲ့သောနှစ်၅၀၀ခန့်က ကျောင်းနိုင်ငံကို ဟုန်ယွီဂိုဏ်းက ပေါင်းစည်းခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် ဟုန်ယွီဂိုဏ်းက တဖြည်းဖြည်း ယုတ်လျော့လာသော်လည်း ဂိုဏ်း၌ အင်မော်တယ်ကျင့်စဉ်အများအပြား ကျန်ရှိနေသေး၏။ တပည့်တိုင်းကို ဂိုဏ်း၏ကျမ်းစာဆောင်သို့ ကျင့်စဉ်တစ်ခုကို ရွေးချယ်ရန် စေလွှတ်ကြရသည်။ ထိုအချိန်တွင် အကြီးအကဲအများစုက ဓားကျင့်စဉ်ကိုသာ ယူရန် တိုက်တွန်းကြ၏။
ဓားကျင့်စဉ်က ဓားအပေါ်မှာ လုံးဝအာရုံစိုက်ရသည့် ကျင့်စဉ်တစ်ခု ဖြစ်သည်။ ဓားကျင့်စဉ်က အနာဂါတ်တွင် ခက်ခဲသော်လည်း အစပိုင်းတွင်မူ ထိန်းချုပ်ရ လွယ်ကူပြီး စွမ်းအားလည်း ပြင်းထန်သည်။ ဆွဲငင်အားကျင့်စဉ်က ဓားပျံများ ထိန်းချုပ်ရန်အတွက် အခြေခံကျင့်စဉ်တစ်ခု ဖြစ်၏။
စာအုပ်ထဲတွင် ဆွဲငင်အားကျင့်စဉ်အပြင် တခြားကျင့်စဉ်နှစ်ခုလည်း ပါသေး၏။ မီးဘောလုံးနှင့်မြေခွဲကျင့်စဉ် ဖြစ်သည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၂၆) အငြိုးထားသော အတွေးများ
ဝမ်လင်းက ထိုအင်မော်တယ်ကျင့်စဉ်၃ခုကို တွေးပြီး စိတ်လှုပ်ရှားလာသည်။ ပထမဆုံး မီးဘောလုံးကျင့်စဉ်ကို ကြိုးပမ်းအားထုတ်ရာတွင် သူ့လက်ဖြင့် ချိပ်တံဆိပ်အမှတ်အသားတစ်ခုကို ဖန်တီးပြုလုပ်လိုက်သည်။ သို့သော်လည်း မီးကို မဆိုထားနှင့် မီးပွားလေးပင် ထွက်မလာပေ။ အချိန်တော်တော်ကြာပြီးနောက သူက မျက်မှောင်ကျုံ့လိုက်ပြီး ထပ်မံ ကြိုးစားလိုက်သည်။
တစ်ကြိမ်ပြီး တစ်ကြိမ် ကြိုးစားသော်လည်း နောက်ဆုံးတွင် အရှုံးနှင့်သာ ကြုံတွေ့ရ၏။ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း တစ်ကြိမ်တည်းသာ မီးပွားသေးသေးလေး ထွက်ခဲ့သည်။
ဝမ်လင်းက ခါးသက်စွာ ရယ်မောလိုက်သည်… “ပင်ကိုယ်စွမ်းရည်… အမြဲတမ်း ဒီပင်ကိုယ်စွမ်းရည်ပဲ… “ ထို့နောက် သူက အနားရှိ ကျောက်တုံးတစ်ခုပေါ်တွင် မြေခွဲကျင့်စဉ်ကို စမ်းသပ်လိုက်၏။ သည်ကျင့်စဉ်ကတော့ မီးဘောလုံးကျင့်စဉ်လေ့ကျင့်စဉ်ကထက် အောင်မြင်မှုရသည်ဟု ဆိုရပေမယ့်လည်း ကျောက်တုံးပေါ်တွင် လက်သန်းအရွယ် အက်ကြောင်းလေးသာ ဖြစ်ပေါ်လာသည်။ ဤကဲ့သို့ ကျင့်စဉ်များက သေမျိုးများပေါ်တွင်သာ လိမ်လို့ကောင်းပြီး တစ်ကယ်တိုက်ပွဲများတွင် အသုံးမဝင်ပေ။
နောက်ဆုံး၌ ဆွဲငင်အားကျင့်စဉ်ကို လေ့ကျင့်လိုက်သည်။ သူက ရလဒ်ကို ကျေနပ်သေးခြင်း မရှိသေးချေ။
သို့သော်လည်း ကျင့်စဉ်၃ခုထဲတွင် ဆွဲငင်အားကျင့်စဉ်က အောင်မြင်နှုန်းက ရာခိုင်နှုန်း အမြင့်ဆုံး ဖြစ်၏။ ဝမ်လင်းက ဆွဲငင်အားကျင့်စဉ်တစ်ခုတည်းမှာပဲ စိတ်နှစ်ပြီး လေ့ကျင့်နေတော့သည်။ အမှန်စင်စစ် ဆွဲငင်အားကျင့်စဉ်သည် အဝေးမှ ပစ္စည်းများကို ထိန်းချုပ်ရခြင်း ဖြစ်၏။
တစ်စုံတစ်ယောက်က ဆွဲငင်အားကျင့်စဉ်ကို ကောင်းစွာ အသုံးပြုနိုင်ပြီး ကီစုစည်းခြင်း ဒုတိယအလွှာသို့ ရောက်သောအခါ တွန်းကန်အားကျင့်စဉ်ကို လေ့ကျင့်နိုင်သည်။ တတိယအလွှာကို ရောက်သွားလျှင် ဓားဝိညာဉ်စံအိမ်ကို သွားပြီး ဓားပျံတစ်ချောင်းကို ရွေးချယ်ရယူနိုင်၏။
အချိန်တော်တော်ကြာအောင် လေ့ကျင့်ပြီးနောက် မမှောင်ခင် အိမ်သို့ ဦးတည်၍ ထွက်သွားတော့သည်။ ယခု သူက ကီစုစည်းခြင်း ပထမအလွှာကို ရောက်ရှိပြီးနောက် သူ၏အမြင်အာရုံနှင့်အကြားအာရုံက လွန်စွာ တိုးတက်လာ၏။ အရှေ့ဂိတ်မှ ဝင်လာပြီး အလုပ်ရုံကို ဖြတ်လာပြီးသည့်အချိန်တွင် အလွန်ရင်နှီးသည့် အသံတစ်ခုကို ဝမ်လင်း ကြားလိုက်ရသည်။
“အစ်ကိုလျို အရင်ပြောတာ မီးသစ်သား၁၀၀ပေါင်ဆို အလုပ်ပြီးပြီပြောပြီး အခုမှ ပေါင်၁၀၀၀ ဖြစ်သွားရတာလဲ… ကျွန်တော်… ကျန်းဟူက အသစ်မဟုတ်တော့ဘူး… လွန်ခဲ့တဲ့နှစ်တွေကတည်းက အစ်ကိုလျို ကျေနပ်အောင် လုပ်ပေးခဲ့ပြီးပြီ… ကျွန်တော့်ကို ဂိုဏ်းထဲက ထွက်သွားဖို့ တွန်းအားပေးချင်နေတာလား… “
“ကျန်းဟူ… ငါ မင်းကို ခက်ခဲနေအောင် လုပ်နေတာ မဟုတ်ဘူး… အခုပဲ နှစ်ကုန်တော့မယ်… မင်းရဲ့စီနီယာအစ်ကိုဖြစ်တဲ့ ငါတောင် ကောင်းကောင်းနေရတဲ့အချိန် မရှိသေးဘူး… ဒါတောင်မှ မင်းက အလုပ်လုပ်ရမယ့်အစား ငါ့ဆီလာပြီး ညည်းညူပြနေတယ်… မင်းရှာပေးထားတဲ့ မီးသစ်သားတွေကို ဆေးဝါအဆောင်ကို ယူသွားတော့ ငါ အဆူခံလိုက်ရတယ်… ငါ ပြန်ယူသွားပြီး စစ်ဆေးကြည့်တော့မှ မီးသစ်သားပေါင်၁၀၀က ရေ ၃၀ပေါင်လောက် ပါနေတယ်… မင်း တော်တော် တော်တာပဲ… “
ထိုစကားကို ကြားတော့ ကျန်းဟူ ဒေါသချောင်းချောင်း ထွက်သွားပြီး အော်ပြောလိုက်သည်… “မဖြစ်နိုင်ဘူး… ဒါ မင်း ငါ့ကို စွပ်စွဲတာပဲ… ပြီးတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်က မင်းကို ကျောက်ဖုကွေ့က အင်မော်တယ်အဆောင်တစ်ခု ပေးတာ ငါ မြင်လိုက်တယ်… ဒါကြောင့် မင်းက သူ့ကို လွယ်တဲ့အလုပ်တစ်ခု ပေးလိုက်တယ်… ပြင်ပတပည့်တွေကြားထဲမှာ မင်းလုပ်နေတာတွေ မသိဘူးထင်နေတာလား… မင်းက ငါ့ကိုတောင် ဂိုဏ်းက ထွက်ဖို့ ဖိအားပေးမှတော့ မင်းကို အခု ဘာမှမပြောတော့ဘူး… အကြီးအကဲကို သွားပြောမယ်… “
“ကျန်းဟူ… ငါ့ကို ဒီလိုလုပ်ဖို့ မင်းဖိအားပေးတာပဲ… တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် မမြင်သင့်တာ မြင်လိုက်တဲ့ မင်းကိုယ်မင်းသာ အပြစ်တင်တော့… ကျန်းဟူ အဲ့မှာ ရပ်နေလိုက်… ဒီအကြောင်းကိုသာ အကြီးအကဲ သိသွားလို့ကတော့ မင်းရဲ့မိသားစု တစ်ခုလုံးပါ မင်းနဲ့အတူ သေရမယ်နော်… “
တပည့်လျို၏အသံက အခန်းအပြင်ဘက်သို့ ထွက်လာပြီး ကျန်းဟူကလည်း အော်လိုက်သည်။ ထိုအသံကို ကြားတော့ ဝမ်လင်းလည်း အလွန်အံ့အားသင့်ပြီး တံခါးကို ကန်ဖွင့်လိုက်၏။
ဝမ်လင်းက လျိုလူငယ်၏ကြောက်မက်ဖွယ်ကောင်းသော မျက်နှာကို အရင်မြင်လိုက်ရသည်။ သူသည် လျိုလူငယ်က ကျန်းဟူကို ဓားမြောင်နဲ့ထိုးလိုက်သည့် အခိုက်အတန့်တွင် ဝင်လာခြင်း ဖြစ်၏။ ကျန်းဟူက ကြောက်လန့်နေသည့်အမူအရာဖြင့် နံရံတွင် ကပ်နေလေသည်။
ဝမ်လင်းက ကျန်းဟူကို ကူညီရန် အချိန်မရှိတော့သည်ကို သိလိုက်ပြီး သူက လျင်မြန်စွာ ဆွဲငင်အားပညာရပ်ကို အသုံးပြုလိုက်သည်။ သည်တစ်ကြိမ်တွင်တော့ အလွန်ကံကောင်းစွာ အောင်မြင်သွား၏။ မမြင်ရသောအားတစ်ခုက လျိုလူငယ်ကို ထိန်းချုပ်ထားလိုက်သည်။ သို့သော်လည်း ဓားမြောင်က ကျန်းဟူ၏ရင်ဘတ်ကို အနည်းငယ်တိုးဝင်ပြီးသား ဖြစ်နေ၏။ ဒဏ်ရာမှ သွေးများကလည်း အဆက်မပြတ် စီးကျနေသည်။
လျိုလူငယ်သည် အလွန်ကြောက်လန့်သွား၏။ သူ့ခန္ဓာကိုယ်ကို မမြင်ရသောအားတစ်ခုက ထိန်းချုပ်ထားသကဲ့သို့ ခံစားနေရသည်။ ဓားကိုလည်း ဒီထက်ပိုပြီး ရှေ့ဆက်မတိုးနိုင်အောင် တားဆီးထား၏။
ကျန်းဟူ၏မျက်နှာက ဖြူရော်နေပြီး နဖူးတွင်လည်း ချွေးများဖြင့် ပြည့်နေသည်။ သူက ဝမ်လင်းကို ကြည့်လိုက်ပြီး ဘေးဘက်သို့ ရှောင်ထွက်လိုက်၏။
လျိုလူငယ်ကို အံ့ဩသွားစေသော်လည်း သူက ချက်ချင်းပင် အပြင်းအထန် လှုပ်ရှားရုန်းကန်လိုက်သည်။ ဝမ်လင်းကလည်း သူ့ထိန်းချုပ်မှုများ လျော့လာသည်ဟု ခံစားရသကဲ့သို့ သူ၏နဖူးမှလည်း ချွေးများ စတင်ကျလာ၏။
ဝမ်လင်းက ဆွဲငင်အားပညာရပ်ကို လူတစ်ဦးအပေါ် ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။ သူက ဆွဲငင်အားပညာရပ်အား ကောင်းကောင်း အသုံးမပြုတတ်သေးသည်မှာ သိသာလှ၏။ တစ်ဖက်လူက ရုန်းကန်လိုက်သည်နှင့် သူကလည်း ထိန်းချုပ်ရန် ခက်ခဲလာသည်။ သူ့ကိုယ်ကလည်း တုန်ယင်လာသည်။ ကျန်းဟူ အန္တာရာယ်မရှိတော့သည်ကို မြင်မှ ဝမ်လင်းလည်း စိတ်သက်သာရာရသွား၏။ ဆွဲငင်အားပညာရပ်ကလည်း တဖြည်းဖြည်း အားပျော့လာသည်။
တပည့်လျိုက လွတ်မြောက်ရန် ကြိုးစားနေသည်ကို မြင်တော့ ကျန်းဟူ၏မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။ သူက ဝမ်လင်းကို ကြည့်ပြီး တပည့်လျိုကို ကြည့်လိုက်၏။ သူ့အမူအရာက ရက်စက်ကြမ်းကြုတ်သည့် အမူအရာသို့ ပြောင်းသွားပြီး သူက သစ်ခုတ်ပုဆိန်ကို ယူကာ တပည့်လျိုထံသို့ လျှောက်သွားလိုက်၏။
တပည့်လျို၏မျက်နှာတွင် ကြောက်ရွံ့ဟန်များ ပေါ်လာကာ ပိုပြီး ရုန်းကန်လိုက်သည်။ ကျန်းဟူက အံကြိတ်ပြီး ရေရွတ်လိုက်၏… “အဆိပ်မရှိတဲ့လူဆိုတာ မရှိဘူး… အစ်ကိုလျိုက ကျွန်တော့်ကို ဒီလိုလုပ်ဖို့ တွန်းအားပေးတာပဲ… ငါ့မိသားစု တစ်ခုလုံးကို သတ်ချင်တာလား… “
“ကျန်းဟူ… မင်း ဘာတွေလုပ်နေတာလဲ… “ ဝမ်လင်း အံ့အားသင့်သွား၏။ ထိုအချိန်တွင် ဆွဲငင်အားပညာရပ်ကလည်း တပည့်လျိုအပေါ် လုံးဝသက်ရောက်မှု မရှိတော့ချေ။
တပည့်လျို သူ၏အားအင်များ ပြန်ရသွားချိန်တွင် ကျန်းဟူက ပုဆိန်ကို တပည့်လျိုထံသို့ လွှဲခုတ်လိုက်၏။ တပည့်လျိုက ရှောင်တိမ်းရန် နောက်ကျသွားလေပြီ။ တပည့်လျိုက မြေပေါ်သို့လဲကျသွားပြီး ဆန့်တငင်ငင် ဖြစ်နေလေသည်။
ကျန်းဟူ၏လက်ထဲမှ ပုဆိန်ကလည်း မြေပေါ်သို့ ကျသွား၏။ သူက အသက်မဲ့နေသောအလောင်းကို စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ကြည့်နေလေသည်။
ဝမ်လင်းလည်း အလွန်မှင်သက်နေ၏။ သွေးရဲသံရဲ မြင်ကွင်းကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ အချိန်တော်တော်ကြာပြီးနောက် သူက ကျန်းဟူကို ကြည့်ပြီး မေးလိုက်၏… “ကျန်းဟူ… မင်း… “
ကျန်းဟူ၏မျက်နှာက အလွန်ခက်ထန်နေကာ ဝမ်လင်းကို ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်သည်… “ဝမ်လင်း… မင်း အကုန်မြင်ခဲ့တာပဲ… ငါ သူ့ကို မသတ်ချင်ခဲ့ဘူး… မင်းကြောင့်သာ မဟုတ်ရင် ငါ အသတ်ခံနေရပြီးပြီ… ဒါတွေအားလုံးက သူ ဖိအားပေးလို့ ဖြစ်လာရတာ… “
ဝမ်လင်း ငြိမ်သက်သွား၏။ သူက ဒီလို ဖြစ်သွားစေဖို့ မမျှော်လင့်ခဲ့ချေ။
ကျန်းဟူက အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့မျက်နှာတွင် ဆုံးဖြတ်ထားသော အမူအရာတစ်ခု ပေါ်လာသည်။ သူက အလောင်းကောင်ဆီ လျှောက်သွားလိုက်ပြီး တစ်ခုခုကို ရှာဖွေနေ၏။ ပြင်ပတပည့်များ အိမ်ပြန်လျှင်ရသည့် အင်မော်တယ်အဆောင်၁၀၀ခန့်နှင့် ချည်သားဖြင့်ဖုံးထားသောစာအုပ်လေးတစ်အုပ်ပါသည့် သိုလှောင်အိတ်ကို အလောင်းကောင်ထံမှ ထုတ်ယူလိုက်၏။ ကျန်းဟူက စာအုပ်ကို တစ်ချက်သာ ကြည့်လိုက်ပြီး သူ့အင်္ကျီထဲသို့ ထည့်လိုက်သည်။
အခန်းထဲကိုပါ လှည့်ပတ်ရှာဖွေလိုက်သည်။ နောက်ဆုံးတွင် အိပ်ယာအောက်မှ လျှို့ဝှက်အကန့်တစ်ခုကို ရှာတွေ့သွား၏။ ထိုအထဲတွင် အဝါရောင်စာရွက်တစ်ခု ရှိနေလေသည်။
သူက ခဏလောက် စဉ်းစားနေပြီး ဝမ်လင်းဘက်သို့ လှည့်ပြီး စကားပြောလိုက်၏… “ဝမ်လင်း… မင်း ငါ့ကို ဒီနေ့ကယ်ခဲ့တယ်… ငါ … ကျန်းဟူ ဒါကို အမြဲတမ်း မှတ်ထားပါ့မယ်… ဟုန်ယွီဂိုဏ်းမှာ ငါ ဆက်နေလို့ မရတော့ဘူး… တပည့်လျိုရဲ့ ခန္ဓာကိုယ်ကို တွေ့သွားလို့ စုံစမ်းစစ်ဆေးတဲ့အခါ ငါမှန်း သိသွားကြလိမ့်မယ်… ဒါတွေကတော့ ငါ ယူသွားမယ်… ဒီအဆောင်ကတော့ အလွန်အဖိုးတန်တဲ့ ရတနာတစ်ခု ဖြစ်လိမ့်မယ်… မဟုတ်ရင် တပည့်လျိုက ငါ့ကို သတ်ဖို့ ကြိုးစားမှာ မဟုတ်ဘူး…. “
ပြောပြီးသည်နှင့် ကျန်းဟူက အဝါရောင်စာရွက်လေးကို ဝမ်လင်းအား ကမ်းပေးလိုက်သည်။
ဝမ်လင်းက မယူခဲ့ပေ။ သူက သက်ပြင်းသာ ချလိုက်ပြီး ခါးသက်စွာ ပြုံးလိုက်၏… “မင်း… ဘာလို့ ဒီလိုလုပ်ရတာလဲ… မင်းသာ သူ့ကို မသတ်ခဲ့ရင်… “
ကျန်းဟူက မျက်မှောင်ကျုံ့ပြီး ပြောလိုက်သည်… “ဝမ်လင်း ဒီကိစ္စကို ဆက်မပြောနဲ့တော့… ဒီနှစ်တွေမှာ ဒုက္ခတွေ ခံစားခဲ့ရပြီးပြီ… မင်း ငါ့ကို သူငယ်ချင်းလို့ မှတ်ယူထားသေးရင် ဒီအင်မော်တယ်အဆောင်ကို ယူလိုက်ပါ… “
ဝမ်လင်းက အင်မော်တယ်အဆောင်လက်ဖွဲ့ကို ကြည့်နေလိုက်ပြီး ဘာတစ်ခွန်းမှ ထပ်မပြောတော့ချေ။
“ဝမ်လင်း… ငါ ထွက်သွားတော့မယ်… ဒီကိစ္စတွေက မင်းနဲ့ ဘာမှမဆိုင်ဘူး… ဂိုဏ်းက စစ်ဆေးလို့ ငါမှန်းသိသွားတဲ့ အချိန်ကျရင် ငါက အပြင်ကို ရောက်နေပြီ… ကျောင်းနိုင်ငံက အကျယ်ကြီးပါ… ငါ့တစ်ဘဝလုံး ပြင်ပတပည့်တစ်ယောက်ပဲ ဖြစ်နေမယ်လို့ ငါ တစ်ကယ် မယုံဘူး… “
ကျန်းဟူ၏အမူအရာက ရှုပ်ထွေးနေဟန်ရသည်။ အချိန်တော်တော်ကြာပြီးနောက်တွင် သူ့က အခန်းထဲမှ လှည့်ထွက်သွားတော့၏။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၂၇) အလည်လာခြင်း
ဝမ်လင်းက အဝေးသို့ ရောက်နေပြီ ဖြစ်သည့် ကျန်းဟူ၏ပုံရိပ်လေးကို ရပ်ကြည့်နေတုန်းပင် ဖြစ်သည်။ အချိန်အနည်းငယ် ကြာပြီးနောက်တွင် ဝမ်လင်းက အဝါရောင်စာရွက်လေးကို လက်ထဲတွင် ကိုင်ထားရင်း သက်ပြင်းချလိုက်၏။ ဟုန်ယွီဂိုဏ်းထဲသို့ ဝင်လာပြီးနောက် ကျန်းဟူက သူ၏ပထမဆုံး သူငယ်ချင်းဖြစ်သည်။
“ဒီအင်မော်တယ်အဆောင်က ဒီဒုက္ခတွေကို ဖြစ်စေခဲ့တာလား… “ ဝမ်လင်းက အဆောင်စာရွက်ကို စူးစိုက်ကြည့်နေမိသည်။ ရုတ်တရက် အဝါရောင်စာရွက်လေးက အိမ်ပြန်လျှင်ရသည့် အဆောင်စာရွက်နှင့် ကွဲပြားနေကြောင်း သတိပြုမိလိုက်၏။ ဤစာရွက်တွင် ပါဝင်သည့် စိတ်စွမ်းအင်ပမာဏက ယခင်စာရွက်များထက် ပို၍ အများအပြား ပါဝင်နေသည်။ ဤအဆောင်စာရွက်လေးမှ အန္တာရာယ်တစ်ခု လာနေသလိုပင် ခံစားနေရ၏။ ထို့ကြောင့် ဝမ်လင်း အလွန်အံ့အားသင့်သွားသည်။ ဤအဆောင်စာရွက်ကို သူ မသိသော်လည်း ရတနာတစ်ခု ဖြစ်သည်ကိုတော့ အသေအချာ သိလိုက်ပြီဖြစ်သည်။
ဝမ်လင်းသည် အနည်းငယ်တုန့်ဆိုင်းနေပြီးနောက် အဆောင်စာရွက်ကို သိမ်းဆည်းလိုက်ပြီး အလောင်းကောင်ကြီးကို ကြည့်ကာ သက်ပြင်းချလိုက်၏။ အလောင်းကောင်ကိုသာ ဒီအတိုင်းထားလိုက်လျှင် ကျန်းဟူ၏အမြန်နှုန်း မည်မျှပင် မြန်စေကာမူ ဂိုဏ်းမှ လွတ်မြောက်ရန် မဖြစ်နိုင်ချေ။
ကံကောင်းစွာဖြင့်ပင် သိုလှောင်အိတ်က အလောင်းကောင်ထည့်ရန် နေရာလုံလောက်နေ၏။ ဝမ်လင်းက အခန်းကို စနစ်တကျ ပြန်စီလိုက်ပြီး သွေးများကိုလည်း ရှင်းလင်းပစ်လိုက်သည်။ သူက တောင်တွေဆီသို့ တိတ်တဆိတ် သွားပြီး အလောင်းကို စွန့်ပစ်လိုက်၏။ ထို့နောက် သူ့အခန်းဆီသို့ ဂရုတစိုက် ပြန်လာခဲ့သည်။
သူက ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးပြီးနောက် ကျန်းဟူအကြောင်းကို ထပ်မတွေးရန် ဆုံးဖြတ်လိုက်ပြီး အဝါရောင်အဆောင်လက်ဖွဲ့ကို လေ့လာကြည့်ရန် ထုတ်ယူလိုက်၏။
ကြည့်လိုက်လျှင် တပည့်များ အိမ်ပြန်သည့်အခါ ရသည့် အဆောင်လက်ဖွဲ့များနှင့် တူသော်လည်း သေသေချာချာ ကြည့်လိုက်လျှင် စာရွက်ပေါ်က စာလုံးများက ပိုပြီးသာလွန်ကောင်းမွန်သည်ကို သိနိုင်သည်။
ဝမ်လင်းက အဆောင်ကို ကိုင်ထားပြီး အနည်းငယ် စဉ်းစားနေသည်။ သူက သည်အဆောင်လက်ဖွဲ့၏ အသုံးဝင်ပုံကို အတိအကျ မသိပေ။ ရေငွေ့ရည်များကြောင့် သေမလိုဖြစ်သွားပြီးနောက် သူက အင်မော်တယ်ပစ္စည်းများနှင့် ပက်သတ်လာလျှင် ဂရုမစိုက်ဘဲ မနေတာ့ဟု ဆုံးဖြတ်ချက်ချထား၏။
အဆောင်လက်ဖွဲ့မှ ခံစားမိသည့် အန္တာရာယ်အရိပ်အမြွတ်ကြောင့် သူ့ကို ပိုပြီး သတိထားစေသည်။ အနည်းငယ် တုန့်ဆိုင်းနေပြီးနောက် သူ့က အဆောင်လက်ဖွဲ့ကို သိမ်းလိုက်ပြီး နောက်မှ လေ့လာရန် ဆုံးဖြတ်လိုက်၏။
ထို့နောက် သူက မှော်ကျောက်တုံးကို ထုတ်ယူလိုက်ပြီး အိမ်မက်နယ်မြေထဲသို့ ဝင်လိုက်သည်။
သည်တစ်ကြိမ်တွင်တော့ ကျင့်စဉ်တစ်ခုတည်းကိုပဲ အာရုံစိုက်မနေတော့ဘဲ ဆွဲငင်အားပညာရပ်ကိုလည်း လေ့လာနေလိုက်၏။
ဆွဲငင်အားပညာရပ်ကို အစ်ကိုလျိုအပေါ်တွင် အသုံးပြုပြီးနောက် ဆွဲငင်အားပညာရပ်က အလွန် အသုံးဝင်သည်ဟု ခံစားလာရသည်။ ထို့ကြောင့် ဤကျင့်စဉ်ကို လေ့ကျင့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
သူက ပထမဆုံး ဘူးသီးခြောက်ကို ပစ်မှတ်အဖြစ်ထားကာ လေ့ကျင့်လိုက်သည်။ သူက ဆွဲငင်အားပညာရပ်ဖြင့် ဘူးသီးခြောက်ကို ဆွဲယူရန် ကြိုးစားနေ၏။ အကြိမ်ပေါင်းများစွာ ကြိုးစားပြီးနောက် နောက်ဆုံး၌ အောင်မြင်သွားလေသည်။ ထို့နောက် သူက ဆွဲငင်အားပညာရပ် အသုံးပြုနေခြင်းကို ချက်ချင်းရပ်တန့်ကာ အစမှ ပြန်လေ့ကျင့်လိုက်သည်။
ဝမ်လင်း၏ အတွေးက အလွန်ရိုးရှင်းလှသည်။ ဆွဲငင်အားပညာရပ်ကို လွတ်လွတ်လပ်လပ် သုံးချင်သည့်အချိန် ထုတ်သုံးနိုင်အောင် လေ့ကျင့်နေခြင်း ဖြစ်၏။ ၁၀ကြိမ်သုံးလျှင် ၁၀ကြိမ်လုံး အောင်မြင်ရမည် ဖြစ်သည်။
သူက အနည်းငယ် တွက်ချက်လိုက်သည်။ ယခုအချိန်တွင် သူသည် ၁၀ကြိမ်တွင် ၃ကြိမ်ခန့် အောင်မြင်နေပြီဖြစ်၏။ ၄ကြိမ်မြောက်အောင်မြင်မှုကတော့ ဝေးကွာနေဆဲ ဖြစ်သည်။
အိမ်မက်နယ်မြေထဲမှ အချိန်တွေက ကုန်ဆုံးပြီးရင်း ကုန်ဆုံးလာ၏။ နာကျင်သောခံစားမှုက ပေါ်လာပြီး အိမ်မက်နယ်မြေထဲမှ အပြင်လောကဆီသို့ ပြန်လည်ရောက်ရှိလာသည်။ သူက ပြန်ရောက်ရောက်ချင်း အချိန်မဖြုန်းတော့ဘဲ စမ်းရေ ကိုသောက်လိုက်ပြီး စတင်ကျင့်ကြံလိုက်၏။ ခန္ဓာကိုယ်ထဲတွင် စိတ်စွမ်းအင်များ လုံလုံလောက်လောက် စုပ်ယူသွားပြီးနောက် ကီစုစည်းခြင်း၏အဆင့်၃ဆင့်စာအုပ်မှ အကြောင်းအရာများက သူ့ခေါင်းထဲတွင် ပေါ်လာသည်။
ကီစုစည်းခြင်းအဆင့်၃ဆင့်အတွက် နည်းဥပဒေသများအပြင် အလွန်အရေးပါသော လင်္ကာ၂ခုလည်း ပါဝင်သည်။
ထိုလင်္ကာနှစ်ခုက ကီစုစည်းခြင်းအဆင့်၏အနှစ်သာရများ ဖြစ်၏။ ကီစုစည်းခြင်းတွင် အဆင့်၁၅ဆင့် ပါရှိပြီး ပထမအလွှာမှလွှဲ၍ ကျန်၁၄လွှာတွင် နောက်တစ်ဆင့်ကို ရောက်ရန်အတွက် လင်္ကာတစ်ခု လိုအပ်သည်။
ဥပမာပေးရလျှင် တစ်စုံတစ်ယောက်က ပထမအလွှာကို အောင်မြင်ပြီးနောက် သူက ဒုတိယအလွှာ၏ကျင့်စဉ်များကို အောင်မြင်သွားလျှင်တောင်မှ ဒုတိယအလွှာ၏လင်္ကာကို မအောင်မြင်သေးလျှင် ပထမအလွှာ၌သာ ရှိနေမည် ဖြစ်သည်။
ဝမ်လင်းက လင်္ကာကို သူ့စိတ်ထဲတွင် ရေရွတ်လိုက်သည်။ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက ပြောင်းလဲရန် စတင်နေလေပြီ။ ပထမ၌ ပြောင်းလဲမှုက သေးငယ်သော်လည်း သူ့ကိုယ်ထဲတွင် ပွက်ပွက်ဆူနေသောရေများ စီးဆင်းသွားသကဲ့သို့ ခံစားရ၏။
သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက မလုံလောက်သောကြောင့် စိတ်စွမ်းအင်က တစ်ခါတရံ ခန္ဓာကိုယ်အနှံ့အပြားသို့ ပျံ့နှံ့သွားသည့်အတွက် သူ့ကို နာကျင်မှု၊ထုံကျင်မှု၊ယားယံစေမှုများ ခံစားရစေသည်။ သူ့တစ်ကိုယ်လုံးတွင် အပေါက်များ အပြည့်ဖြစ်နေသည်ဟုလည်း စိတ်ကို လှည့်စားခံနေရသည်။ ထိုအရာအားလုံးက စိတ်စွမ်းအင်များကြောင့် ဖြစ်လာခြင်း ဖြစ်၏။
ဤအချင်းအရာက ကီစုစည်းခြင်း အဆင့်၃ဆင့်တွင် သိသာထင်ရှားလှသော အချက်တစ်ချက်ဖြစ်သည်။ အလွှာတစ်ခုချင်းစီတိုင်းအတွက် လင်္ကာက အမြဲတမ်း အောင်မြင်လိမ့်မည် မဟုတ်ပေ။
ပင်ကိုယ်ပါရမီ၊ စိတ်စွမ်းအင်၊ လင်္ကာ အားလုံးက ကျင့်ကြံခြင်းတွင် အလွန်အရေးပါသော အရာများ ဖြစ်၏။ တချို့လူတွေက တစ်ကြိမ်တည်းနှင့် အောင်မြင်ကြသည်။ တချို့ကတော့ ၁၀ကြိမ်၊အကြိမ်၁၀၀မှ အောင်မြင်ကြ၏။
အချိန်အတော်ကြာပြီးနောက် သူ့ကိုယ်ထဲမှ ခံစားမှုများက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ဝမ်လင်း၏တစ်ကိုယ်လုံးတွင် ချွေးများ စိုရွှဲနေ၏။ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်အားလုံးက ပျောက်ကွယ်သွားသော်လည်း ထိုစိတ်စွမ်းအင်ပျောက်ကွယ်သွားမှုက ခဏသာဖြစ်သည်ဟု စာအုပ်ထဲတွင် ဖော်ပြထားသည်။ ထို့ကြောင့် စိတ်စွမ်းအင်ပျောက်ကွယ်သွားမှုကို စိတ်မပူမိချေ။
ဝမ်လင်းက ဒုတိယအလွှာကို ချိုးဖြတ်ရာတွင် ကျရှုံးခဲ့သည်။ သို့သော်လည်း ဝမ်လင်းက စိတ်ဓာတ်မကျသွားပေ။ သည်တစ်ကြိမ်က စမ်းသပ်ကြည့်ခြင်း ဖြစ်၏။ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်က ဒုတိယအလွှာကို ချိုးဖြတ်ရန် လုံလောက်မှု မရှိသေးချေ။
ဝမ်လင်းက ကီစုစည်းခြင်း ပထမအလွှာကို ရောက်ရှိပြီးနောက် နောက်တစ်ဆင့်ကို အမြန်မလေ့ကျင့်ခဲ့ပေ။ သူ့တွင် စိတ်စွမ်းအင်များပြည့်နေသော စမ်းရေများလည်း ရှိနေသေးသည်။ ထို့ကြောင့် ပထမအလွှာ၏ကန့်သတ်ချက်ကို ရောက်သည်အထိ လေ့ကျင့်နိုင်သည်။ ပထမအလွှာ၏ကန့်သတ်ချက်ကို ရောက်လျှင် ဒုတိယအလွှာကို ချိုးဖြတ်ရန် အခွင့်အရေးပိုများသွားပေလိမ့်မည်။
ယခုတွင်မူ ထိုအစီအစဉ်အတိုင်း ဝမ်လင်းက နေ့ရောညပါ လေ့ကျင့်နေတော့၏။ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များကလည်း တဖြည်းဖြည်း ပိုမို များပြားလာသည်။ ဆွဲငင်အားပညာရပ်အပေါ် သူ၏ကျွမ်းကျင်မှုကလည်း တိုးတက်လာသည်။
သူက ဒုတိယအလွှာအတွက် လင်္ကာကို အောင်မြင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အရှုံးနှင့်သာ အဆုံးသတ်ခဲ့ရ၏။
အိမ်မက်နယ်မြေထဲတွင် သုံးလကုန်ဆုံးသွားခဲ့ပေမယ့် တစ်ကယ်လက်တွေ့တွင်မူ လဝက်ခန့်သာ ကုန်ဆုံးသေး၏။ ယနေ့တွင် ဝမ်လင်းက အိမ်မက်နယ်မြေထဲသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေရင်း ကျင့်စဉ်ကျင့်နေသည်။ အချိန်က မနက်စောစောပင် ရှိသေး၏။ သူက ဒုတိယအလွှာကို ချိုးဖြတ်နိုင်ရန် ထပ်မံကြိုးစားလိုက်သည်။
သူ ဘယ်နှစ်ကြိမ်ကျရှုံးခဲ့ပြီလဲဆိုတာကိုတောင်မှ မမှတ်မိတော့ချေ။ ကြိုးစားခဲ့သည့် အကြိမ်တိုင်း မအောင်မြင်ခဲ့ပေ။ အကြိမ်တိုင်းတွင် ခြေကုန်လက်ပန်းကျသွားပြီး သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များအားလုံး ကုန်ဆုံးသွားခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
နှစ်နာရီခန့် ကြာသွားပြီးနောက် သူ့ခေါင်းကို မော့လိုက်သည်။ သူ့ခန္ဓာကိုယ်က ခြေကုန်လက်ပန်းကျလောက်အောင် ပင်ပန်းနေပြီး သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များလည်း ကုန်ဆုံးသွား၏။ သူက ရှုံ့မဲ့နေသော အပြုံးနှင့်အတူ သူ့ကိုယ်သူ ရေရွတ်လိုက်သည်… “ကျရှုံးသွားပြန်ပြီ… ဒုတိယအလွှာကို ရောက်ဖို့က ခက်လိုက်တာ… “
ရုတ်တရက် သူ့မျက်လုံးများက တံခါးဆီသို့ ရောက်သွား၏။
အေးစက်သောအသံတစ်ခုက တံခါးကို ဖြတ်သန်းကာ အထဲသို့ ဝင်ရောက်လာသည်… “ဂျူနီယာညီလေးဝမ်… ငါ့ကို အပြင်ထွက်တွေ့ပါဦး… “
ထိုအသံကို ဝမ်လင်း အလွန်ရင်းနှီးနေသည်။ သူက ထလိုက်ပြီး တံခါးကို ဖွင့်လိုက်ရာ အပြင်ဘက်တွင် အသက်၂၇၊ ၂၈အရွယ်ရှိ အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် မတ်တပ်ရပ်နေ၏။
‘အနက်ရောင်ဝတ်စုံလား… ‘ ဝမ်လင်းရင်ထဲ တင်းကြပ်သွားသည်။ ထိုလူငယ်က သူရယ်၊ဝမ်ဟိုရယ်၊ဝမ်ကျောက်ရယ် သူတို့၃ယောက်ကို လာခေါ်သည့်လူငယ်ဖြစ်ကြောင်း မှတ်မိလိုက်၏။ ထို့အတူ ထိုလူငယ်ကပင် သူ့ကိုရှာရန် ချောက်ကမ်းပါး၌ သူ့အဖေကို ခေါ်လာပေးခဲ့သူ ဖြစ်သည်။
ထိုစဉ်အချိန်က သူ့ရှေ့မှလူငယ်သည် အဖြူရောင်ဝတ်စုံဝတ် တပည့်တစ်ယောက်ဖြစ်၏။ တိုတောင်းလှသည့် လအနည်းငယ်အတွင်း၌ပင် အနက်ရောင်ဝတ်တပည့်တစ်ယောက် ဖြစ်သွားသည်။ ရုတ်တရက်တောင်ခြေ၌ သူတို့အား စမ်းသပ်သည့်နေ့ကို မှတ်မိလိုက်၏။ ဝမ်ဟိုကို ဆေးအကူလုပ်ခိုင်းသည့်လူကြီးက ထိုလူငယ်ကို ‘မင်းက ကျင့်စဉ်မှာ အလွန်အရေးကြီးတဲ့နေရာကို ရောက်နေပြီမလား’ ဟု မေးလိုက်ပြီး လူငယ်ကို စိတ်အနှောင့်အယှက်မဖြစ်စေရန် စစ်ဆေးသူနေရာကို ထိုလူကြီးက လွှဲပြောင်းယူလိုက်သည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အပိုင်း (၂၈) အလုပ်ရုံ
ခရမ်း၊အနက်၊အဖြူနှင့်အနီရောင်ဝတ်စုံများသည် ကျင့်စဉ်အဆင့်အလိုက် စီစဉ်ထားခြင်း ဖြစ်သည်။ ဝမ်လင်းက လူငယ်၏ကျင့်စဉ်အဆင့်ကို မမြင်နိုင်ခဲ့ပေ။ ထို့ကြောင့် ဝမ်လင်းက လေးစားစွာ ပြောလိုက်သည်… “ဝမ်လင်းက အစ်ကိုကျန်းကို ကြိုဆိုပါတယ်… အနက်ရောင်ဝတ်အဆင့်ကို ရောက်သွားတဲ့အတွက်လည်း ဂုဏ်ပြုပါတယ်… “
ဝတ်စုံနက်ဝတ်လူငယ်က ဝမ်လင်းကို ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်၏… “ငါ ကီစုစည်းခြင်း ပဉ္စမအလွှာကို ရောက်သွားတာ မင်းနဲ့ အများကြီး သက်ဆိုင်နေတယ်… မင်းကို ရှာတုန်းကသာ ဥမင်ကို မတွေ့ခဲ့ရင် ငါလည်း ဒီလောက်မြန်မြန်နဲ့ အဆင့်တက်မှာ မဟုတ်ဘူး… “
ဝမ်လင်းက မှင်သက်သွားကာ မေးလိုက်သည်… “အစ်ကိုကျန်း အဲ့ဒီစုပ်အားရှိနေတဲ့ဥမင်က ကျင့်စဉ်တိုးတက်အောင် ကူညီနိုင်လို့လား… “
အစ်ကိုကျန်းက ခေါင်းညိတ်ပြီး ပြောလိုက်၏… “မင်း စတုတ္ထအလွှာကို ရောက်တဲ့အခါ ပဉ္စအလွှာကို ချိုးဖြတ်ဖို့ လင်္ကာကို အသုံးပြုဖို့လိုလိမ့်မယ်… အဲ့ဒီနေရာကို မင်းကိုယ်တိုင်သွားပြီး စမ်းကြည့်လိုက်ပါ… “ အစ်ကိုကျန်းက ဝမ်လင်းကို တစ်ချက်ကြည့်ကာ ဆက်ပြောလိုက်သည်… “ညီငယ်ဝမ် … မင်းရဲ့ပင်ကိုယ်စွမ်းရည်က သာမန်ပဲ ဖြစ်လို့ အဲ့တာက ကူညီနိုင်မှာ မဟုတ်ဘူး… ဒါပေမယ့် မင်းက ပင်မတပည့်တစ်ယောက် ဖြစ်နေပြီမို့လို့ လုံ့လဝီရိယ ထားပြီး လေ့ကျင့်ရမယ်… မင်းရဲ့ကိုယ်မှာ အခုချိန်ထိ စိတ်စွမ်းအင် မရှိသေးတာကို ငါ မြင်နေရတယ်… မင်းက အခုထိ ကီစုစည်းခြင်း ပထမအလွှာကိုတောင် မရောက်သေးဘူး… ပင်မတပည့်တွေထဲမှာ မင်း တစ်ယောက်ပဲ ကျန်ခဲ့မှာကိုတော့ စိုးရိမ်မိတယ်… “
ဝမ်လင်းက မှင်သက်သွားပြီး ရှုံ့မဲ့နေသည့်မျက်နှာဖြင့် ပြုံးပြလိုက်သည်… “အစ်ကိုကျန်းရဲ့ ဆုံးမစကားတွေကို ငါ့ရဲ့ နှလုံးသားနဲ့ မှတ်သားထားပါ့မယ်… ကျင့်ကြံခြင်းမှာ ငါ့ရဲ့ လုံ့လကို နှစ်ဆမြှင့်ပြီး ကြိုးစားပါ့မယ်… “ ရုတ်တရက် ဝမ်လင်းက စကားကို ရပ်လိုက်ပြီး တခြားအကြောင်းအရာတစ်ခုကို ပြောလိုက်သည်… “အစ်ကိုကျန်း … ဘာအကြောင်းကိစ္စရှိလို့ ဒီကို လာတာလဲ… “
အစ်ကိုကျန်းက ရယ်ပြီး ဖြေလိုက်သည်… “အဲ့တာက အရေးကြီးကိစ္စ မဟုတ်ပါဘူး… ပြင်ပတပည့်အလုပ်ရုံခေါင်းဆောင် ပျောက်သွားတယ်လေ… အဲ့နေ့က မင်းက အဲ့ဒီဘက်သွားတာကို တစ်ယောက်ယောက်က မြင်လိုက်တယ်တဲ့… ဒါ့ကြောင့် ငါ မင်းကို အဲ့အကြောင်း မေးဖို့ လာခဲ့တာ… “
ဝမ်လင်း၏အမူအရာက ပုံမှန်အတိုင်း ရှိနေပြီး ရယ်မောကာ ပြောလိုက်သည်… “ဘာဖြစ်လဲဆိုတာ အရိပ်အမြွတ်လေးတော့ ကျွန်တော်နားလည်လိုက်ပြီ… သာမန်ဆိုရင် ကျွန်တော် အလုပ်ရုံဘက်ကို သွားလေ့မရှိဘူး… လွန်ခဲ့တဲ့ လဝက်က ကျွန်တော် အဲ့ဘက်က ဖြတ်သွားတော့ ပြင်ပတပည့်တစ်ယောက်က ကျွန်တော့်ရဲ့နောက်ကြောင်းကို ပြောနေတာနဲ့ သူ့ကို သင်ခန်းစာ ပေးလိုက်တယ်… ဖြစ်နိုင်တာ သူက ကျွန်တော့်ကို ကြောက်လန့်ပြီး ဂိုဏ်းက ထွက်သွားတာထင်တယ်… “
အစ်ကိုကျန်းက ခေါင်းကို ညိတ်လိုက်၏။ သူက ဝမ်လင်းကို ကြည့်လိုက်ပြီး ပြောသည်… “ဒီလိုစက်ဆုပ်စရာကောင်းတဲ့တပည့်တစ်ယောက်က အရေးမကြီးပါဘူး… ဒီနေ့ ငါ လာရတဲ့ အဓိက ရည်ရွယ်ချက်က အလုပ်ရုံခေါင်းဆောင်က ပြင်ပတပည့်တစ်ယောက် မဖြစ်သင့်ဘူးလို့ အကြီးအကဲတွေက ဆုံးဖြတ်ချက် ချလိုက်တယ်… သူတို့က အဲ့နေရာကို ပင်မတပည့်တစ်ယောက်က တာဝန်ယူစေချင်တယ်… ဒါပေမယ့် ပင်မတပည့်တွေက အဲ့နေရာကို တစ်ယောက်မှ မသွားချင်ကြဘူး… သူတို့တွေအားလုံးက ကျင့်စဉ်ကျင့်ပြီး အလုပ်ရှုပ်နေကြတယ်… “
ဝမ်လင်းက ရှုံ့မဲ့ကာ ပြုံးလိုက်၏… “ကျွန်တော် နားလည်ပြီ… ဒီတာဝန် ထမ်းဆောင်ဖို့ ကျွန်တော့်ကို ရွေးလိုက်ကြတာမလား… “
အစ်ကိုကျန်းက ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်သည်… “မင်းရဲ့ ပစ္စည်းတွေကို ထုတ်ပိုပြီး ဒီနေ့ပဲ သွားလိုက်ပါ… အခု အလုပ်ရုံမှာ ပရမ်းပတာတွေ ဖြစ်နေပြီ… မင်း အဲ့ကိုသွားပြီး အစီအစဉ်တကျ ဖြစ်အောင် ပြန်လုပ်ရမယ်… “
သူက ဝမ်လင်းကို နှုတ်ဆက်ပြီး ခြေတစ်လှမ်းလှမ်းလိုက်ရာ သူ့ခြေထောက်အောက်တွင် ဓားတစ်ချောင်းပေါ်လာသည်။ ဓားက သက်တံ့ရောင်လင်းလက်နေပြီး အစ်ကိုကျန်းက ထိုဓားကို စီးပြီး အဝေးသို့ ထွက်သွား၏။
ဝမ်လင်း၏မျက်နှာတွင် အလိုမကျဟန်များ အထင်းသား ပေါ်လွင်လာသည်။ သူလည်း အဲ့နေရာကို မသွားချင်ပေ။ အဲ့နေရာက အလွန်ဆူညံပြီး သူ့လျှို့ဝှက်ချက် ပေါက်ကြားဖို့ အလွန်လွယ်ကူသည်။ အလုပ်တွေကို ခွဲဝေနေရာချပေးရတာကြောင့် ကျင့်စဉ်ကျင့်ခြင်းကိုလည်း အနှောင့်အယှက် ဖြစ်စေလိမ့်မည် ဖြစ်၏။ ယခုတော့ သူ မသွားချင်လည်း မရတော့ချေ။ ဒေါသများနှင့် ပစ္စည်းများကို ထုတ်ပိုးပြီး အလုပ်ရုံသို့ ရောက်သွား၏။
အလုပ်ရုံကို ရောက်ပြီးနောက် သူ့နှလုံးသားထဲတွင် ဤနေရာ၌ အချိန် အကြာကြီး မနေနိုင်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ သူက အလုပ်ရုံမှ ကိစ္စများကို ပရမ်းပတာြဖစ်အောင် လုပ်လိုက်လျှင် ပြင်ပတပည့်များက အကြီးအကဲများဆီသွား၍ သူ့နေရာကို ပြောင်းပေးရန် တောင်းဆိုကြမည် ဖြစ်၏။
သူက ထိုအကြံကို စိတ်ထဲတွင် တွေးပြီး တပည့်လျို၏အခန်းကို ရှင်းလင်းလိုက်သည်။ အိပ်ယာနဲ့စားပွဲ မှလွဲ၍ အသုံးမဝင်သည့် ပစ္စည်းအားလုံးကို အပြင်သို့ လွှင့်ပစ်လိုက်၏။
အခန်းကို ရှင်းလင်းနေစဉ်မှာပင် ပြင်ပတပည့် အနည်းငယ် ရောက်ရှိလာသည်။ ဝမ်လင်းက အလုပ်တာဝန်များ ခွဲဝေပေးသည့်တာဝန်ကို ယူလိုက်သည်ဟု သူတို့ ကြားခဲ့ရသည်။ ထိုအကြောင်းကို ကြားတော့ တပည့် အများအပြားက ကြောက်လန့်သွားကြ၏။ ဝမ်လင်းကို လှောင်ပြောင်သရော်ခဲ့ကြသော သူတို့၏ မျက်နှာများက အခုချိန်တွင် ဖြူရော်နေကာ သူ့တို့နှလုံးကလည်း တဒုန်းဒုန်း မြည်ဟီးနေသည်။
တချို့က ဝမ်လင်းကို ကူညီပြီး ရှင်းလင်းပေးချင်ကြသော်လည်း ဝမ်လင်း၏အကြည့်တစ်ချက်ကြောင့် သူတို့အားလုံး ခြံဝန်းထဲမှာပင် မတ်တပ်ရပ်နေကြရ၏။
အခန်းကို ရှင်းပြီးနောက် ဝမ်လင်းက ကုလားထိုင်ပေါ်သို့ သက်တောင့်သက်သာ ထိုင်ချလိုက်သည်။ ထို့နောက် အယောက်၁၀၀ထက် မနည်းသည့် ပြင်ပတပည့်များကို အေးစက်စွာ ကြည်လိုက်၏။ ဟုန်ယွီဂိုဏ်းတွင် တပည့်အများအပြားရှိသည်ကို သူသိသည်။ သူ့ရှေ့မှ တပည့်များက အနည်းငယ်သာ ရှိသေး၏။ နောက်နေ့ဆိုလျှင် သည်ထက်ပိုသော ပြင်ပတပည်များက သူတို့အလုပ်နှင့် ပက်သတ်ပြီး သူ့ကို အစီရင်လာခံကြမည် ဖြစ်သည်။
“မင်းက မီးသစ်သား ပေါင်၅၀၀ ခုတ်ရမယ်… “ ဝမ်လင်းက တစ်ယောက်ကို လက်ညှိုးထိုးပြီး ပြောလိုက်၏။ ထိုတစ်ယောက်က သူ့ကို လှောင်ပြောင်ခဲ့ဖူးသည့်တစ်ယောက် ဖြစ်သည်။
တာဝန်ပေးတာခံလိုက်ရသည့်သူက မှင်သက်သွားကာ ငိုပြီး ပြောလိုက်သည်… “အစ်ကိုဝမ်… ငါ.. ငါက မီးဖိုချောင်မှာ အလုပ်လုပ်တာလေ… သစ်ဘယ်လိုခုတ်ရမလဲ ငါ မသိဘူး… “
ဝမ်လင်းက မျက်လုံးကို ပင့်ပြီး နှာခေါင်းရှုံ့လိုက်သည်… “အခု တစ်ရက်ကို ပေါင်၁၀၀၀ ဖြစ်သွားပြီ… “
ထိုလူငယ်က မြေပြင်ပေါ်တွင် ချက်ချင်း ဒူးထောက်လိုက်ပြီး စတင် ငိုကြွေးလိုက်၏… “အစ်ကိုဝမ်က ကောင်းတဲ့ လူတစ်ယောက်ပါ… ကျွန်တော် အစ်ကို့ရဲ့နောက်ကွယ်မှာ မလှောင်ပြောင်ခဲ့သင့်ပါဘူး… ဒီကိစ္စကို အာဃာတ မထားပါနဲ့နော်… ပေါင်၁၀၀၀ ပြည့်အောင် ကျွန်တော် ခုတ်နိုင်မှာ မဟုတ်ဘူး… ပေါင်၅၀၀ပဲ ပြန်ထားပေးပါနော်… “
ပတ်ဝန်းကျင်မှ တပည့်များက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ဝမ်လင်းက သူတို့ကို ခက်ခဲတာတွေ လုပ်ခိုင်းပြီး လက်စားချေတော့မည်ကို သိလိုက်ကြ၏။
ပြင်ပတပည်များထဲမှ အနည်းငယ်က မကျေနပ်ကြောင်း စတင်အော်ပြောလိုက်သည်… “လူတိုင်းပဲ… သူ့စကားကို နားမထောင်ကြနဲ့… တရားမျှတမှုအတွက် အကြီးအကဲကို သွားရှာကြမယ်… ဝမ်လင်းက ဗိုလ်ကျလွန်းတယ်… “
“မှန်တယ်… ငါတို့ အကြီးအကဲကို သွားရှာပြီး နောက်ထပ် ပင်ပတပည့်တစ်ယောက်ကို ဒီနေရာ တာဝန်ယူဖို့ တောင်းဆိုရမယ်… ဒါကို သူတို့က လက်မခံရင် ငါတို့ ဒူးထောက်နေကြမယ်… လုံးဝ မထကြနဲ့… “
“မှန်တယ်… အားလုံးပဲ ဒီမှာ မနေကြနဲ့ … သွားကြမယ်… ဝမ်လင်းက အလွန် ယုတ်မာတယ်… ဂိုဏ်းထဲကိုဝင်တော့ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားပြီး ဝင်လာခဲ့တာကိုတောင် မေ့နေတယ်… မရှက်ဘူးလား မသိဘူး… “
မကျေနပ်သော အသံများက တဖြည်းဖြည်း ကျယ်လောင်လာသည်။ မကြာမီ ထိုလူများအားလုံးက ခြံဝန်းထဲမှ ထွက်ခွာသွားကြ၏။ သူတို့က မကျေနပ်သော မျက်နှာများနှင့် ပင်မဝန်းဆီသို့ ဦးတည်နေသည်။ အားလုံး၏ ပါးစပ်မှလည်း အော်ပြီး သွားနေကြ၏… “ဝမ်လင်းက ငါတို့ကို ဒီထက်ပိုပြီး အသက်မရှင်စေချင်တော့ဘူး… “
ဝမ်လင်း၏စိတ်ထဲတွင် သက်သာရာ ရသွားသည်။ သူက သူတို့ကို မတားသည့်အပြင် သူ့တို့ရည်ရွယ်ချက်ကိုပင် အောင်မြင်စေချင်နေသည်။ ဤနည်းလမ်းနှင့်ဆိုလျှင် အကြီးအကဲများ ရူးချင်သလို ဖြစ်လာပြီး သူ့နေရာကို တခြားတစ်ယောက် တာဝန်ယူခိုင်းလိုက်ပါက သူလည်း ကျင့်စဉ်ကျင့်ခြင်းအပေါ်တွင် အာရုံစိုက်နိုင်လိမ့်မည် ဖြစ်၏။
ခြံဝန်းထဲတွင် လူ၁၀ယောက်ခန့်သာ တုန့်ဆိုင်းရင်းဖြင့် ကျန်ရစ်နေခဲ့ကြသည်။ သူတို့လည်း ထွက်သွားချင်သည်။ သို့သော် ကျရှုံးခဲ့ပါက သူတို့သည် ထွက်မသွားသည့်အတွက် ဝမ်လင်းအပေါ် လေးစားမှုမရှိဘူးဟု အထင်ခံရတော့မည် မဟုတ်ပေ။ ထိုအတွေးဖြင့် တုန့်ဆိုင်းကာ ကျန်ရစ်နေခြင်း ဖြစ်၏။
ဝမ်လင်းက အလျင်မလိုပေ။ သူက ပင်မဝန်းဆီမှ ရလဒ်ကို စောင့်နေလိုက်သည်။ အချိန်တခဏလောက်ကြာပြီးနောက် ထွက်သွားကြသည့် ပြင်ပတပည့်များအားလုံး သုံမှုန်နေသော မျက်နှာများဖြင့် ပြန်လာကြ၏။ သည်တစ်ကြိမ်တွင် အားလုံးက မအော်ပြောရဲကြတော့ချေ။ အားလုံး၏မျက်ဝန်းထဲတွင် စိတ်ပျက်မှုများဖြင့် ပြည့်နေပြီး တိတ်ဆိတ်နေကြ၏။
ဝမ်လင်းက သူတို့မျက်နှာအမူအရာကို ကြည့်ပြီး သူတို့မအောင်မြင်ခဲ့ကြသည်ကို သိလိုက်သည်။ သူလည်း ရလဒ်အပေါ် စိတ်ပျက်သွား၏။ သူက ဒီထက်ပိုပြီး ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ရမည့် သဘောတွင် ရှိသည်။
ထိုအကြောင်းကို တွေးလိုက်ပြီး သူက လူအားလုံးကို စစ်ကြည့်ကာ ပြောလိုက်၏… “မင်းတို့အားလုံးက ငါ့ကို လှောင်ပြောင်သရော်ခဲ့ကြတယ်… ဒါ့ကြောင့် မင်းတို့ကို ဒီနေ့မှာ လက်စားပြန်ချေတာပဲ… မင်းတို့ မကျေနပ်ရင် အကြီးအကဲတွေကို သွားရှာနိုင်တယ်… မင်းတို့က ငါ့နေရာကိုသာ ဖယ်ရှားနိုင်ရင် ငါက မင်းတို့ကို ကျေးဇူးတောင် တင်လိုက်ဦးမယ်… “
တပည့်တစ်ယောက်က တောင်းပန်လိုက်သည်… “အစ်ကိုဝမ်က မြင့်မြတ်တဲ့လူတစ်ယောက်ပါ… ကျေးဇူးပြု၍ ငါတို့ကို ခွင့်လွှတ်ပေးပါ… “
“ဟုတ်ပါတယ် အစ်ကိုဝမ် ငါတို့က မျက်လုံးတွေ ကန်းခဲ့ကြတာပါ… ကျေးဇူးပြုပြီး ငါတို့ကို ခွင့်လွှတ်ပေးပါ… ငါတို့က အစ်ကိုဝမ်ကို အလိုလိုက် အကြိုက်ဆောင်ပါ့မယ်… “
“အစ်ကိုဝမ်… သူတို့အားလုံးက အစ်ကို့ကို လှောင်ပြောင်ခဲ့ကြတယ်… ဒါပေမယ် ငါကတော့ ဘယ်တုန်းကမှ မလှောင်ခဲ့ဘူး… ငါက အစ်ကိုဝမ်ဘက်ကတောင် ကူပြောပေးခဲ့တယ်… ငါ… “