နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
ထေ့ကျူးက ရွာလမ်းကလေး၏ဘေးတွင် ကောင်းကင်ကို တွေဝေမိန်းမောစွာကြည့်လျှက် ထိုင်နေသည်။ ထေ့ကျူးကား သူ၏နာမည်အရင်းမဟုတ်ပေ။ သို့သော် ငယ်စဉ်ကတည်းက အားနည်းသော ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် ကျန်းမာရေးအားနည်းမည်ကို စိုးရိမ်သော သူ၏အဖေက ထေ့ကျူး ဟူသော ရိုးရာနာမည်ကို ပေးထားခဲ့သည်။
သူ၏နာမည်အရင်းကား ဝမ်လင်းဖြစ်သည်။ သည်အနီးတစ်ဝိုက်တွင်ကား ဝမ်မိသားစုက အနည်းငယ် ဩဇာအာဏာရှိသည်ဟု ဆိုနိုင်သော လက်သမားမျိုးရိုးမိသားစုဖြစ်၏။ ဝမ်မိသားစုကား ဤအနီးတစ်ဝိုက်တွင် နာမည်ကျော်ကြားကာ ပရိဘောဂဆိုင်အနည်းငယ်ကို ပိုင်ဆိုင်သည်။
ထေ့ကျူး၏အဖေက မိသားစု၏ဒုတိယသားဖြစ်၏။ သူက မယားငယ်တစ်ယောက်ထံမှ မွေးသောသားဖြစ်ရာ မိသားစုစီးပွားရေးလုပ်ငန်းကို ဦးဆောင်နိုင်ခွင့်မရှိပေ။ ထို့ကြောင့် သူက အိမ်မှ ထွက်ကာ လက်ထပ်ပြီး ဤရွာတွင် လာရောက်အခြေချခဲ့သည်။
သို့သော်လည်း သူ၏အဖေက လက်သမားပညာတွင် ကျွမ်းကျင်ရာ ထေ့ကျူးတို့မိသားစုကား ချောင်လည်ပြီး အစားအစာနှင့်အဝတ်အစားတို့အတွက် ပူပင်နေစရာ မလိုပေ။ သူတို့က ရွာထဲတွင်လည်း လူအများက လေးစားရသူများဖြစ်ကြ၏။
ထေ့ကျူးက ငယ်စဉ်ကတည်းက ညဏ်ကောင်းသူဖြစ်သည်။ သူက စာအုပ်စာပေများဖတ်ခြင်းကို သဘောကျနှစ်သက်ပြီး သူက ထူးခြားထက်မြက်သူဖြစ်ကြောင်း တစ်ရွာလုံးက လက်ခံကြ၏။ တစ်စုံတစ်ယောက်က ထေ့ကျူးအား ချီးကျူးသည်ကို သူ၏အဖေက ကြားတိုင်း အလွန်ကျေနပ်နှစ်သက်လေ့ရှိသည်။
သူ၏အမေကလည်း ထေ့ကျူးကို လွန်စွာ ဂရုစိုက်သည်။ သူက မိဘများ၏အချစ်ဖြင့် ကြီးပြင်းလာရသူဟုပြောလျင်လည်း မမှားပေ။ သူ၏မိဘများက သူ့အပေါ် မျှော်လင့်ချက်ကြီးမားသည်ကိုလည်း သိသည်။ သူ့အသက်အရွယ်၌ တခြားကလေးများက စိုက်ခင်းများတွင် သွားရောက်အလုပ်လုပ်ကိုင်နေချိန်တွင် ထေ့ကျူးကား အိမ်၌ စာထိုင်ဖတ်နေရသည်။
စာဖတ်ခြင်း၏နောက်တွင် အကြံကောင်းများက အလိုအလျောက် လိုက်ပါလာသည်သာ။ သူက ရွာအပြင်ဘက်မှ ကမ္ဘာကြီးကို စိတ်ကူးဖြင့် ပုံဖော်လေ့ရှိသည်။ ထေ့ကျူးက ခေါင်းမော့ကာ လမ်းအဆုံးကို တစ်ချက်လှမ်းကြည့်ပြီး သက်ပြင်းချလိုက်၏။ ထို့နောက် စာအုပ်ကို ပိတ်ကာ ထရပ်ပြီး အိမ်ဘက်သို့ လျှောက်သွားလိုက်သည်။
သူ၏အဖေကား အိမ်ထဲတွင် ထိုင်နေသည်။ ထေ့ကျူးက တံခါးပေါက်မှ ဖြတ်၍အတွင်းသို့ ဝင်လာသည်တွင် သူ၏အဖေက ပိုက်လုံးတစ်လုံးကို ကိုင်ကာ သက်ပြင်းရှိုက်လျှက် ပြောလိုက်သည်…“ ထေ့ကျူး… စာဖတ်တာ ဘယ်လိုလဲ… ”
သူက ဖြတ်သွားရင်းဖြင့် စာလုံးအနည်းငယ်ကို ရွက်ပြသည်။ သူ၏အဖေက ပိုက်လုံးထဲမှ ဖုန်မှုန့်များကို ခါထုတ်ကာ ပြောသည်… “ ထေ့ကျူး… မင်းက ကြိုးစားရမယ်… နောက်နှစ်မှာ ဒေသစာမေးပွဲရှိတယ်… မင်းရဲ့ အနာဂတ်က ဒီစာမေးပွဲအပေါ်မှာ မူတည်နေတယ်… ငါ့လို ရွာမှာ ဘဝဆုံးရမယ့်လူလိုမျိုး မဖြစ်စေနဲ့… ”
“ယောက်ျား… ရှင်က ဒါကိုပဲ နေ့တိုင်း ပြောဆိုနေတာပဲ… ကျွန်မကိုမေးလေ… သားလေးက ဒေသစာမေးပွဲကို သေချာပေါက် အောင်မှာ… ” ထေ့ကျူး၏အမေက စားစရာအနည်းငယ်ကို ပြင်ဆင်ပြီး စားပွဲပေါ်ကို တင်လိုက်၏။ သူမက နှစ်ယောက်လုံးကိုလည်း လာစားရန် လက်ဟန်ခြေဟန်ဖြင့် လုပ်ပြလိုက်သည်။
ထေ့ကျူးက လှမ်းလာကာ စားပွဲရှေ့၌ ထိုင်ပြီးစားစရာများကို ကောက်စားသည်။ သူ၏အမေက သူ့အား ချစ်ခင်ကြင်နာစွာ ကြည့်ပြီး အသားစအနည်းငယ်အား ကမ်းပေးလိုက်၏။
“ အဖေ… ဦးလေး၄ ရောက်တော့မလား… ” ထေ့ကျူးက ခေါင်းမော့ကာ မေးသည်။
“အချိန်ကို မှန်းကြည့်ရင် နောက်ရက်နည်းနည်းဆို ရောက်လောက်ပြီ ထင်တာပဲ… မင်းရဲ့ ဦးလေး၄က မင်းအဖေထက် ပိုပြီး အောင်မြင်တယ်… ထေ့ကျူးအမေ… ဦးလေး၄အတွက် ပြင်ဆင်ထားတဲ့ တောင်ပေါ်စာတွေ အဆင်သင့်ထုပ်ပိုးထားပြီးပြီလား…” ဦးလေး၄နှင့်ပတ်သက်၍ ပြောသည်တွင် ထေ့ကျူးအဖေ၏မျက်နှာတွင် စိတ်မကောင်းသော အငွေ့အသက်တချို့ကို မြင်ရသည်။
သူ၏အမေက ခေါင်းညိတ်ကာ ပြောလိုက်သည်… “ ထေ့ကျူး… မင်းရဲ့ ဦးလေး၄က လူကောင်းတစ်ယောက်ပဲ… ဒီနှစ်ပိုင်းတွေမှာ မင်းအဖေရဲ့ လက်ရာတွေ စျေးကောင်းရနေတာ သူ့ကျေးဇူးတွေပဲ… တစ်ကယ်လို့ အနာဂတ်မှာမင်းက အောင်မြင်မှုရခဲ့ရင် မင်းရဲ့ ဦးလေး၄ကို ပြန်ပြီး ကျေးဇူးဆပ်ရမယ်… ”
ထေ့ကျူး၏အမေက ပြောနေစဉ်မှာပင် အိမ်အပြင်ဘက်မှ မြင်းဟီသံတစ်ချက်နှင့်အတူ ရယ်မောသံတစ်ခုကို ကြားကြရသည်။
“အစ်ကို၂… တံခါးဖွင့်ပါဦး.. ”
ထေ့ကျူးက အံ့အားသင့်သွားသည်။ သူက ချက်ချင်းပင် တံခါးပြေးဖွင့်လိုက်ရာ စူးရှသောမျက်လုံးအစုံဖြင့် သန်မာသောလူကြီးတစ်ယောက် အပြင်ဘက်၌ ရပ်နေသည်ကို မြင်သည်။ သူက ထေ့ကျူး၏နာမည်ကို ခေါ်ကာ ရယ်မောလျှက် သူ၏ခေါင်းမှ ဆံပင်ကို ဖွလိုက်ပြီး ပြုံးလျှက်ပင် သူက ပြောသည်… “ ထေ့ကျူး… မင်းကို တစ်နှစ်လောက် မတွေ့ရသေးတာနဲ့ အရပ်က ရှည်လာပြန်ပြီ… ”
ထေ့ကျူး၏မိဘများက ချက်ချင်းထရပ်လိုက်ပြီး သူ၏အဖေက ပြုံးလျှက်ပြောသည်… “ ညီလေး… မင်းရောက်လာတော့မယ်လို့ ငါထင်နေတာ… ထေ့ကျူး… မင်းဦးလေးအတွက် ထိုင်ခုံသွားယူ… ”
ထေ့ကျူးက ပျော်ရွှင်စွာ ပြေးသွားသည်။ သူက ထိုင်ခုံတစ်လုံးကို ယူလာကာ စားပွဲ၏ဘေးတွင် ချပေးလိုက်၏။ ထို့နောက် ထိုင်ခုံကို အင်္ကျီလက်စဖြင့် သုတ်ကာ သူ၏ဦးလေးအား မျှော်လင့်ချက်ကြီးစွာ ကြည့်သည်။
ထေ့ကျူး၏ဦးလေးက သူ့အား မျက်လုံးမှိတ်ပြကာ လှမ်းစသည်… “ ထေ့ကျူး… မင်းက အရမ်းဇွဲရှိနေပါလား… နောက်ဆုံးတစ်ခေါက် ငါလာတုန်းက ဒီလိုမဟုတ်ပါလားကွ… ”
ထေ့ကျူး၏အဖေက ထေ့ကျူးကို ကြည့်ကာ ပြောလိုက်သည်… “ ကောင်စုတ်လေးက မင်းဘယ်တော့ရောက်မလဲပဲ မေးနေတာ… ”
ထေ့ကျူးရှက်သွားသည်ကို မြင်လျှင် ဦးလေး၄က ရယ်သွမ်းသွေးကာ ပြောလိုက်သည်…“ ထေ့ကျူး… မင်းဦးလေးက မင်းကိုပေးထားတဲ့ ကတိမဖျက်ပါဘူးကွ…” ထို့နောက် သူက အင်္ကျီရင်ဘတ်ထဲမှ စာအုပ်နှစ်အုပ်ကို ထုတ်ယူကာ စားပွဲပေါ်ကို တင်သည်။
ထေ့ကျူးက ပျော်ရွှင်စွာဖြင့် စာအုပ်ကို လှန်လှောဖတ်ရှုသည်။ သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်စိတ်လှုပ်ရှားဟန်များ အထင်းသားတွေ့ရ၏။
ထေ့ကျူး၏အမေက သူမ၏သားအား ကြင်နာစွာကြည့်လိုက်သည်။ထို့နောက် ထေ့ကျူး၏ဦးလေးကို ပြောသည်… “ အစ်ကို၄… ရှင့်ရဲ့ အစ်ကိုကြီးက အမြဲတမ်း ရှင့်အကြောင်းပဲ ပြောနေတာပဲ… ဒီတစ်ခေါက် ရက်နည်းနည်းပိုနေသင့်တယ်… ”
ထေ့ကျူး၏ဦးလေး၄က ခေါင်းယမ်းကာ ပြောသည်… “မရီး၂… ဒီရက်ပိုင်း ကျုပ်မှာ မိသားစုကိစ္စတွေ အများကြီး ရှိနေတယ်… ကျုပ်က မနက်စောစောပြန်မှ ဖြစ်မယ်… အလုပ်ကိစ္စတွေ အေးသွားတဲ့အခါမှ နောက်တစ်ခေါက် ပြန်လာပြီး အေးအေးဆေးဆေး လာတွေ့ဦးမယ်… ”
ထေ့ကျူး၏အဖေက သက်ပြင်းချလိုက်သည်… “ငါ့မိန်းမပြောတာကို နားမထောင်နဲ့… မနက်ဖြန်ပစ္စည်းတွေကို သေချာထုပ်ပိုးသွား… မိသားစုကိစ္စတွေက အရေးကြီးတယ်… ငါတို့ နောက်တစ်ခေါက် တွေ့မယ်… ”
ထေ့ကျူး၏ဦးလေး၄က ထေ့ကျူးအဖေကို ကြည့်ကာ မေးလိုက်၏…“ အစ်ကို၂… ထေ့ကျူးက အခု ဆယ့်ငါးနှစ်ပြည့်ပြီ… ဟုတ်တယ်မလား… ”
ထေ့ကျူး၏အဖေက ခေါင်းညိတ်ကာ ပြောလိုက်သည်… “ ဒီနှစ်ပြီးရင် ဒီကောင်စုတ်လေးက အသက်ဆယ့်ခြောက်နှစ်ဖြစ်တော့မယ်… ခဏလေးနဲ့ အချိန်ဆယ်နှစ်ကုန်သွားတယ်… ” သူက သူ၏သားကို ချစ်ခင်စွာကြည့်သည်။
ထေ့ကျူး၏ဦးလေး၄က အနည်းငယ်စဉ်းစားပြီးမှ လေးနက်စွာပြောသည်… “ အစ်ကို၂… မရီး၂… ကျုပ်ပြောစရာတစ်ခုရှိတယ်… ဟိန်ယွီဂိုဏ်းက အခု တပည့်လက်ခံတော့မယ်… ဒီနှစ် ကျုပ်တို့မိသားစုက နေရာသုံးနေရာစာအတွက် အကြံပေးထောက်ခံနိုင်ခွင့်ရပြီး ကျုပ်ကို ဒီအထဲက ကျုပ်တစ်နေရာရတယ်… ”
ထေ့ကျူး၏အဖေက အံ့အားသင့်သွားကာ မေးသည်… “ ဟိန်ယွီဂိုဏ်း… ဒါပေမဲ့ ဟိန်ယွီဂိုဏ်းက အင်မော်တယ်တွေ မဟုတ်ဘူးလား… ”
ထေ့ကျူး၏ဦးလေး၄က ပြုံးလျှက်ခေါင်းညိတ်သည်… “ အစ်ကိုနှစ်… သူတို့က အင်မော်တယ်တွေပဲ… ကျုပ်တို့မိသားစုက ဒီဒေသမှာ ဩဇာရှိတဲ့မိသားစုဆိုတော့ သူတို့ဂိုဏ်းအတွက် ကနဦးတပည့်စာရင်းအဆိုတင်သွင်းရာမှာ သုံးနေရာတင်သွင်းဖို့ အခွင့်အရေးရတယ်… အစ်ကိုလည်းကျုပ်သားကို သိတာပဲ… သူက တစ်ကယ်တမ်း စာပေပညာမှာ အထုံပါရမီအားနည်းပြီးတော့ ဓားတွေလက်နက်တွေနဲ့ပဲဆော့ကစားနေတာ… ဒီနေရာက တော်တော် တန်ဖိုးရှိတယ်… ထေ့ကျူးက ငယ်ကတည်းက ဉာဏ်ကောင်းတာ ကျုပ်သိတယ်… သူက အခွင့်အရေးရှိနိုင်တယ်… ”
ထေ့ကျူး၏အမေက အလွန်အမင်းပျော်ရွှင်စွာဖြင့်ပြောသည်… “ အစ်ကို၄… ဒါက… ”
ထေ့ကျူး၏ဦးလေး၄က ထေ့ကျူး၏ခေါင်းကို ပွတ်ကာ ပြောသည်… “ အစ်ကို၂… မရီး ၂… ကျုပ်အမြင်မှာ ဒီလိုလုပ်တာ အသင့်တော်ဆုံးပဲ.. ထေ့ကျူးကြိုးစားကြည့်ပါစေ… သူအောင်မြင်ခဲ့ရင် ဒါက သူ့ကံကောင်းမှုပဲ… ”
ထေ့ကျူးက သူ့မိဘများနှင့် သူ့ဦးလေးကို နားမလည်စွာ ကြည့်သည်။ ဘာဖြစ်နေသည်ကို သူနားလည်နိုင်စွမ်း မရှိပေ။ “ အင်မော်တယ်တွေ… အင်မော်တယ်တွေက ဘာတွေလဲ… ” ထေ့ကျူးက တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။
ထေ့ကျူး၏ဦးလေး၄၏မျက်နှာက ပိုမို၍လေးနက်သွားသည်။ ထေ့ကျူးအားကြည့်ကာ သူက ပြောသည်… “ ထေ့ကျူး… အင်မော်တယ်တွေက ကောင်းကင်မှာ ပျံသန်းနိုင်တယ်… သူတို့တွေက ငါတို့ လူသားတွေ နားလည်နိုင်တဲ့အရာတွေမဟုတ်ဘူး… ”
ထေ့ကျူးက ပိုမို၍ စိတ်ဝင်စားသွားသည်။
ထေ့ကျူး၏အဖေက စိတ်လှုပ်ရှားစွာဖြင့် ထေ့ကျူးအမေကိုပါဆွဲထူ၍ ထရပ်သည်။ ထို့နောက် ထေ့ကျူး၏ဦးလေး၄ကို ပြိုင်တူ ဦးညွတ်လိုက်၏။ ထေ့ကျူး၏ဦးလေး၄က သူတို့နှစ်ယောက်အား ပြန်လည်တားဆီးကာ ပြောသည်… “ အစ်ကို၂… ဘာတွေ လုပ်နေတာလဲ… ကျုပ်အမေက အစောကြီးကတည်းက သေသွားတယ်… အစ်ကို၂ရဲ့အမေသာ ကျုပ်ကို ဂရုမစိုက်ပေးခဲ့ရင် ကျုပ်က ဒီနေ့ ဒီအရွယ်ရောက်လာမှာမဟုတ်ဘူး… ထေ့ကျူးက ကျုပ်တူအရင်းပဲ… ဒါကလည်း ကျုပ်လုပ်ပေးနိုင်တာပဲ… ”
ထေ့ကျူး၏အဖေက စတင်၍ငိုကြွေးသည်။ ထို့နောက် ခေါင်းညိတ်ကာ ထေ့ကျူးကို ပြောသည်… “ ဝမ်လင်း… မင်းရဲ့ဦးလေးက မင်းအပေါ် လုပ်ပေးခဲ့တာကို ဘယ်တော့မှ မမေ့နဲ့… မဟုတ်ရင် ငါက မင်းကို သားလို့သတ်မှတ်မှာ မဟုတ်ဘူး… ”
ထေ့ကျူး၏စိတ်နှလုံး တုန်ယင်သွားသည်။ သူက အင်မော်တယ်များနှင့်ပတ်သက်၍ဘာမှ မသိနားမလည်သော်လည်း သူ့မိဘများ၏အမူအရာမှ သည်ကိစ္စက အလွန်တရာ အရေးပါသည်ကို သိလိုက်၏။ သူက ဦးလေး၄၏ ရှေ့တွင် ဒူးထောက်ကာ ကန်တော့သည်။
ထေ့ကျူး၏ဦးလေး၄က ထေ့ကျူးအား ဆွဲထူကာ ချီးကျူးသည်… “ လိမ္မာတဲ့ကလေးပဲ… မင်း အဆင်သင့်လုပ်ထားနော်… လကုန်တဲ့အခါ ဦးလေး လာခေါ်မယ်… ”
ထိုညတွင် ထေ့ကျူးက စောစောအိမ်ရာဝင်ခဲ့သည်။ သူ၏အဖေနှင့် ဦးလေးတို့စကားပြောနေသည်များကိုလည်း ညနက်သည်အထိ ကြားရသည်။ ထေ့ကျူး၏အဖေက မသောက်တတ်သော်လည်း ယနေ့ညတွင်ကား ဦးလေး၄နှင့်အတူ သူက ခွက်အနည်းငယ် သောက်ခဲ့သည်။
အင်မော်တယ်များ…
သူတို့က ဘယ်သူတွေလဲ…
ထေ့ကျူးကား လွန်စွာ စိတ်လှုပ်ရှားနေသည်။ သည်အခွင့်အရေးက သူ့အား လောကအပြင်ဘက်ကို ကြည့်ခွင့်ရမည့် ရှားပါးသော အခွင့်အရေးဖြစ်သည်ကို သူသိသည်။
ဦးလေး၄က မနက်စောစောတွင် ပြန်ထွက်ခွာသွားခဲ့သည်။ ထေ့ကျူးနှင့် သူ၏မိဘများက ရွာအဝင်ဝသို့အထိ သွားရောက်လိုက်ပို့ခဲ့ကြသည်။ အပြန်လမ်းတွင် သူ၏အဖေက ပိုမို၍ ငယ်ရွယ်နုပျိုသွားသည်ဟု ထေ့ကျူး ထင်မိသည်။ သူ၏မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
သည်တစ်ခေါက် မျှော်လင့်ချက်များက ဒေသစာမေးပွဲကို အောင်မြင်ခွင့်ရရန်ထက် ပိုမိုသည်။
ရွာတွင် လျှို့ဝှက်ချက်ဟူသည်မရှိပေ။ မကြာမီ ရွာသားများက ထိုသတင်းကို ကြားသိကြရသည်။ အိမ်နီးချင်းများအားလုံးက လာရောက်သတင်းမေးကြကာ ထေ့ကျူးကို မနာလိုခြင်း၊ အားကျခြင်းများဖြင့် ကြည့်ကြသည်။
“ဝမ်မိသားစုက သားကောင်းတစ်ယောက်ကို မွေးခဲ့တာပဲ… သူ့ကို ဟိန်ယွီဂိုဏ်းက တပည့်အဖြစ်လက်ခံလိုက်တယ်… ”
“ကျုပ်က ထေ့ကျူးကို ငယ်ကတည်းက ထိန်းလာခဲ့တာပဲ… သူက ငယ်ကတည်းက ဉာဏ်ကောင်းတယ်… အခု သူက ဟိန်ယွီဂိုဏ်းတပည့်ဖြစ်ပြီ… သူ့မှာ ကောင်းမွန်တဲ့ အနာဂတ်ရှိနေတယ်… ”
“ထေ့ကျူး… မင်းက ပါရမီကောင်းတယ်… အနာဂတ်မှာ အောင်မြင်ရင် ငါတို့ဆီကို ပြန်လာလည်ဖို့ မမေ့နဲ့… ”
ထေ့ကျူးက ဟိန်ယွီဂိုဏ်းတပည့်ဖြစ်နေသည့်အလား ထိုစကားများက ထေ့ကျူး၏နားထဲကို အဆက်မပြတ်ဝင်ရောက်နေသည်။ သူ၏မိဘများက ထိုစကားများကို ကြားကာ အဆက်မပြတ် ရယ်မောပျော်ရွှင်ကြရသည်။ သူတို့၏မျက်နှာများပေါ်မှ အရေးကြောင်းများမှာလည်း ပိုမိုနည်းပါးလာခဲ့ကြသည်။
ထေ့ကျူးက ရွာထဲတွင် တစ်ယောက်တည်းလမ်းလျှောက်သည့်အခါတိုင်းတွင်လည်း ရွာသားများက သူ့အား ထိုကိစ္စနှင့်ပတ်သက်၍မေးမြန်းကြသည်။ သူတို့၏ကလေးများကို ထေ့ကျူးအား စံနမူနာယူရန်လည်း ပြောဆိုဆုံးမကြသည်။
လဝက်ခန့်က မြန်မြန်ဆန်ဆန်ကုန်ဆုံးသွားသည်။ ထေ့ကျူးက ဟိန်ယွီဂိုဏ်းတပည့်ဖြစ်သွားသည့်သတင်းက တစ်ရွာလုံးကို ပျံ့နှံ့နေပြီးဖြစ်သည်။ ရွာသားများအားလုံးက ထေ့ကျူးကို လာကြည့်ကြသည်။
လာရောက်သူတိုင်းက လက်ဆောင်ပဏာများ ယူဆောင်လာကြသည်။ ထေ့ကျူး၏မိဘများက ထိုလက်ဆောင်များကို မငြင်းပယ်နိုင်ရာ သူတို့အပြန်တွင် အိမ်ပြန်လက်ဆောင်များပြန်ပေးရသည်။ ထေ့ကျူး၏အဖေက ပြန်ပြောသည်မှာ… “ ကျုပ်တို့သားက အင်မော်တယ်တစ်ယောက်ဖြစ်လာတော့မယ်… ဒါကြောင့် တခြားလူတွေအပေါ်မှာ ကျေးဇူးကြွေးတင်လို့မရဘူး… ဒါကြောင့် လာရောက်လည်ပတ်သူတွေကို ပြန်ပြီး လက်ဆောင်ပေးရမယ်… ”
မကြာမီ ထေ့ကျူး၏ဦးလေး၄က ထေ့ကျူးအား နေရာတစ်နေရာပေးခဲ့သည်ကို ဝမ်မိသားစုက သိရှိသွားသည်။ တစ်ယောက်ပြီးတစ်ယောက် သူတို့က လာရောက်ဂုဏ်ပြုစကားပြောကြသည်။
ထေ့ကျူး၏အဖေက လာရောက်လည်ပတ်သောဆွေမျိုးမိတ်ဆွေများအား အလွန်အလေးထားသည်။ ထိုလူများထဲတွင် ယခင်နှစ်များစွာက သူ့ကို အထင်သေးအမြင်သေး ဆက်ဆံခဲ့သူ အများအပြားပါဝင်ပေသည်။
သို့သော် သူနှင့် သူ့ဇနီးတို့က အားလုံးကို ကောင်းကောင်းမွန်မွန် ဧည့်ခံရန် ဆွေးနွေးခဲ့ကြသည်။ သူတို့က ငွေအနည်းငယ်သုံးကာ ရွာ၏ဆရာကို အကူအညီတောင်းပြီး ဆွေမျိုးများထံသို့ ဖိတ်ကြားစာများ ရေးသားပေးပို့ကြသည်။
ရွာ၏ဆရာက သူတို့ငွေကို လက်မခံပေ။ ထေ့ကျူးက သူ၏လက်အောက်တွင် သင်ကြားကြီးပြင်းလာသည့်အချက်ကိုသာ အသိအမှတ်ပြုပေးရန် တောင်းဆိုသည်။ ထိုအချက်က အမှန်တရားဖြစ်ရာ ထေ့ကျူးကလည်း ငြင်းပယ်ခြင်းမရှိပေ။
ဖိတ်ကြားစာများက ဝမ်မိသားစုဝင်များအားလုံးကို ရောက်ရှိသွားပြီးနောက် ထေ့ကျူးက ရွာမှ လူများအကူအညီဖြင့် ဧည့်ခံပွဲတစ်ခုကို စီစဉ်ကာ အစားအသောက်များဖြင့် တည်ခင်းကျွေးမွေးသည်။
ရွာသားများကလည်း စိတ်ပါလက်ပါ ကူညီကြသည်။ သူတို့က အချင်းချင်းစကားပြောတိုင်း ထေ့ကျူးကို ချီးကျူးကြ၏။
ထေ့ကျူး၏အဖေက သူ၏ဇနီးနှင့်ထေ့ကျူးကို ခေါ်ကာ ရွာအဝင်ဝ၌ ဧည့်သည်များကို ကိုယ်တိုင် လက်ခံတွေ့ဆုံသည်။
“ဒါက မင်းရဲ့ အဘိုး၃ပဲ… မင်းရဲ့အဖေ အိမ်က ထွက်သွားတုန်းက မင်းအဘိုး၃က အများကြီးကူညီပေးခဲ့ဖူးတယ်… မင်းက ဒါကို မှတ်ထားရမယ်… ” ဆံပင်များဖြူဖွေးကာ အိုမင်းနေသော အဘိုးအိုတစ်ယောက်အား ကြိုဆိုရင်းက ထေ့ကျူးကို ပြောသည်။
ထေ့ကျူးကလည်း မြန်ဆန်စွာပင် ဦးညွတ်ကာ နှုတ်ဆက်လိုက်သည်။ အဘိုးအိုက ထေ့ကျူးကို ကြည့်ကာ ခေါင်းတဆတ်ဆတ်ညိတ်သည်… “ လောင်အာ… အချိန်ကုန်တာ မြန်လိုက်တာ… မင်းသားတောင်မှ ဒီလောက် ကြီးနေပြီပဲ… သူ့အနာဂတ်က မင်းထက် ကောင်းမှာသေချာတယ်…”
ထေ့ကျူး၏အဖေကား ပြုံးရွှင်နေသည်… “ ဦးလေး၃… ထေ့ကျူးက ငယ်ကတည်းက ဉာဏ်ကောင်းတယ်… သူက ကျုပ်ထက် အောင်မြင်မှာ သေချာတယ်… မိန်းမ… ဦးလေး၃ကို ကူညီပေးလိုက်ပါဦး… ”
ထေ့ကျူး၏အမေက လျင်မြန်စွာပင် အဘိုးအိုအား ကူညီကာ စားပွဲဝိုင်းတစ်ခုသို့ ခေါ်ဆောင်သွားသည်။
အဘိုးအိုထွက်သွားသည်တွင် ထေ့ကျူး၏အဖေက တီးတိုးပြောသည်… “ ထေ့ကျူး… အဲဒီအဘိုးအိုက မင်းအဖေငယ်ငယ်တုန်းက အထင်သေးအမြင်သေးနဲ့ နှိမ့်ချဆက်ဆံခဲ့တဲ့သူတစ်ယောက်ပဲ… အခု မင်းက အနာဂတ်ကောင်းနေတော့ လာပြီး ဂုဏ်ပြုစကားပြောနေတယ်… သူက ဒီလိုလူမျိုးပဲ… ”
ထေ့ကျူးက ခေါင်းညိတ်ကာ မေးသည်…“ ဦးလေး၄ လာတော့မလား… ”
ထေ့ကျူး၏အဖေက ခေါင်းယမ်းသည်… “ မင်းရဲ့ဦးလေး၄ကစာပို့လိုက်တယ်… သူက လကုန်ခါနီးအထိ လာလို့မရသေးဘူးတဲ့… ”
ထိုအခိုက်တွင် နောက်ထပ် ရထားလုံးတစ်စီး ရွာအဝင်ဝကို ရောက်လာသည်။ အသက်ငါးဆယ်အရွယ်ခန့်လူကြီးတစ်ယောက်က ရထားလုံးထဲမှ ထွက်လာကာ ထေ့ကျူး၏အဖေအား နှုတ်ဆက်လိုက်သည်… “လောင်အာ… ဂုဏ်ပြုပါတယ်… ”
ထေ့ကျူးအဖေ၏မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်များကို မြင်ရသည်။ သို့သော် သူက ပြန်လည်၍နှုတ်ဆက်သည်… “ အစ်ကိုကြီး… ”
လူကြီး၏မျက်လုံးများက ထေ့ကျူးထံကို ရောက်လာကာ ပြုံးလျှက်ပြောသည်… “လောင်အာ… မင်းရဲ့သားက တစ်ကယ်ပဲ မဆိုးဘူး… သူက တကယ်ပဲအရွေးခံရနိုင်တယ်… ”
ထေ့ကျူးအဖေက မျက်မှောင်ကုတ်လိုက်သည်။ ထို့နောက် ရင်ကော့လျှက်ပြောသည်… “ ထေ့ကျူးက ငယ်ကတည်းက ဉာဏ်ကောင်းပြီးတော့ စာဖတ်ရတာ သဘောကျတယ်… သူက အရွေးခံရမှာ သေချာတယ်… ”
“ဒါက မမှန်ဘူး… အင်မော်တယ်ဂိုဏ်းတွေက တပည့်ရွေးတဲ့အခါ စည်းမျဉ်းစည်းကမ်းတွေက အရမ်းတင်းကြပ်တယ်… ဒီကလေးက တုံးအတယ်… ဒါက အချိန်ဖြုန်းတာပဲ… ” ရထားလုံးထဲမှ တုံးတိတိ အသံတစ်သံနှင့်အတူ အသက်ဆယ့်ခြောက်နှစ်ခန့်လူငယ်တစ်ယောက် ထွက်လာသည်။
လူငယ်က ချောမောပုံရသည်။ သူ၏မျက်ခုံးများက ပိရိသေသပ်ကာ မျက်လုံးများက မောက်မာဝင့်ကြွားသည်။
ထေ့ကျူး၏အဖေက လူငယ်အား စူးရဲစွာ ကြည့်သော်လည်း ဘာမှ မပြောပေ။
လူကြီး၏မျက်နှာက အရောင်ပြောင်းလဲသွားကာ အော်လိုက်သည်… “ ဝမ်ကျောက်… မင်းက ဘယ်လိုလုပ် ဒီလောက် ရိုင်းစိုင်းရတာလဲ… ဒါက မင်းရဲ့ ဦးလေး၂နဲ့ မင်းညီဝမ်လင်းပဲ… ဘာလို့ သူတို့ကိုနှုတ်မဆက်သေးတာလဲ… ” သူက ထေ့ကျူး၏အဖေဘက်ကို ကြည့်ကာ ပြောသည်… “ ငါ့သားစကားပြောတာက တော်တော် ရိုင်းတယ်… လောင်အာ… စိတ်မဆိုးနဲ့… ဒါပေမဲ့… ” သူက ဆက်ပြောသည်… “ ဒါပေမဲ့ လောင်အာ… အင်မော်တယ်တွေက တပည့်တွေးတာ ဒီလောက် မရိုးရှင်းဘူး… ဒါက ကံကြမ္မာနဲ့လည်းဆိုင်တယ်… ဒီတစ်ခေါက် ဟိန်ယွီဂိုဏ်းက ငါ့သားကို စိတ်ဝင်စားတော့ ဝမ်မိသားစုကို သုံးနေရာပေးတယ်… ”
ထေ့ကျူး၏အဖေက ပြန်ပြောလိုက်၏… “အစ်ကိုရဲ့သားက အရွေးခံရရင် ကျုပ်သားလည်း အရွေးခံရမှာပဲ… ”
လူငယ်က ရယ်မောလိုက်သည်။ ထို့နောက် သူက အထင်သေးအမြင်သေးမျက်လုံးများဖြင့် ကြည့်ကာ ပြောသည်… “ ဒါက ဦးလေး၂လား… ဦးလေး၂က ဒီလောက် မျှော်လင့်ချက် မထားသင့်ဘူး… လူတစ်ထောင်မှာ တစ်ယောက်လောက်ပဲအရွေးခံရတာ… သူက ကျွန်တော်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ… ကျွန်တော်က တရားဝင်တပည့်မဟုတ်သေးပေမဲ့ အင်မော်တယ်ဆရာက ကျွန်တော့ကို ကိုယ်တိုင်ရွေးထားပြီးပြီ… ”
လူကြီးက သူ၏သားကို အနည်းငယ်ကြိမ်းမောင်းကာ စားပွဲဝိုင်းတစ်ခုသို့ ခေါ်ဆောင်သွားသည်။
“ထေ့ကျူး… မင်းစိတ်မပူနဲ့… မင်းကအရွေးမခံရရင်တောင်မှ ဒါက ပြဿနာမရှိဘူး… နောက်နှစ်မှာ ဒေသစာမေးပွဲရှိတယ်… ” ထေ့ကျူး၏အဖေက ဒေါသကို ထိန်းချုပ်လျှက်ပြောသည်။
ဝမ်လင်းက ယုံကြည်မှုရှိစွာ ပြောသည်… “ အဖေ.. စိတ်မပူပါနဲ့… သားအရွေးခံရမှာပါ… ”
သူ၏အဖေက ဝမ်လင်း၏ပုခုံးကို အသာပုတ်လိုက်သည်။ သူ၏မျက်လုံးများက မျှော်လင့်ချက်ရောင်ခြည်များ ယှက်သန်းနေ၏။
တစ်ယောက်ပြီးတစ်ယောက် သူတို့က ဆွေမျိုးမိတ်ဆွေများကို လက်ခံနှုတ်ဆက်ကြသည်။ ထေ့ကျူး၏အဖေက နောက်ဘက်ကို ပြန်ကြည့်လျှင် လူအများအပြားက စုရုံးရောက်ရှိနေပြီးဖြစ်သည်ကို တွေ့သည်။
ထေ့ကျူး၏အဖေက လှမ်းအော်လိုက်သည်… “ ကျုပ်ရဲ့ မိတ်ဆွေများနဲ့ ဆွေမျိုးများ… ရွာသူရွာသားများ… ကျုပ်ဝမ်ထန်းရွှီက ပညာတတ်မဟုတ်တော့ အများကြီး မပြောတော့ဘူး… ကျုပ်သားက ဟုန်ယွီဂိုဏ်းရဲ့ တပည့်ဖြစ်ဖို့ အခွင့်အရေးရလာတယ်… ကျုပ်ဘဝမှာ အရမ်းပျော်ရွှင်ရတဲ့ အချိန်ပဲ… ကျုပ်တခြားဘာမှ မပြောလိုတော့ဘူး… အခုလို လာရောက်ကြတာ ကျေးဇူးတင်ပါတယ်… ” သူက အနီးရှိစားပွဲတစ်ခုမှ သေရည်ခွက်ကို ကောက်ကိုင်ကာ မြှောက်လျှက် သောက်ချလိုက်သည်။
“လောင်အာ… မင်းရဲ့သားက ငယ်ကတည်းက ဉာဏ်ကောင်းတယ်.. .သူက သေချာပေါက် အရွေးခံရမှာပဲ…. ”
“အစ်ကို၂… ထေ့ကျူးလိုသားတစ်ယောက်ရှိတာ … ခင်ဗျားအတွက် အရမ်းဂုဏ်ယူစရာကောင်းတယ်…မကြာခင် ခင်ဗျားတို့မိသားစုက ကောင်းမွန်တဲ့ဘဝမှာ နေရတော့မှာပဲ…”
“ထေ့ကျူး…မင်းက မင်းအဖေ ဂုဏ်ယူရအောင် လုပ်ရမယ်… မင်းက ဟုန်ယွီဂိုဏ်းကို ဝင်ရမယ်… ”
နေရာတိုင်းတွင် ချီးကျူးဂုဏ်ပြုစကားများဖြင့် ပြည့်နှက်နေသည်။ ဝမ်ကျောက်တို့သားအဖလိုပင် အပေါ်ယံတွင် ဂုဏ်ပြုစကားပြောသော်လည်း စိတ်ထဲတွင် အထင်သေးအမြင်သေးရှိသောလူများလည်း ရှိကြသည်။ ဝမ်ကျောက်၏အဖေက ထေ့ကျူး၏အဖေကို သဘာမကျစွာ ကြည့်သည်။ ထေ့ကျူးအဖေ၏ဧည့်ခံပွဲက သူမထင်မှတ်ထားသောကိစ္စဖြစ်သည်။ သူ့အမြင်တွင် ထိုအင်မော်တယ်များက မျက်လုံးမကန်းပါက ထေ့ကျူးကို ရွေးစရာ အကြောင်းမရှိပေ။
ထေ့ကျူးအဖေက ထေ့ကျူးကို ခေါ်လျှက် တစ်ယောက်ပြီးတစ်ယောက် လိုက်လံစကားပြောသည်။ ယနေ့တွင် ထေ့ကျူး၏အဖေက သေရည်များစွာ သောက်ခဲ့၏။ ဧည့်ခံပွဲက ညနက်သည့်အချိန်မှ ပြီးဆုံးခဲ့ကာ အားလုံးက နှုတ်ဆက်ပြီး အိမ်ပြန်ကြသည်။ ဝမ်ကျောက်က မပြန်မှီ ထေ့ကျူးအနီးသို့ကပ်ကာ စကားအနည်းငယ်ပြောခဲ့သည်ကိုကား မည်သူကမှ သတိမထားမိခဲ့လိုက်ကြပေ။
“အရူးလေး… မင်းက အရွေးခံရမှာမဟုတ်ဘူး… မင်းမှာ ဒီလို အရည်အချင်း မရှိဘူး… ”
ထို့နောက် သူက ပြုံးရွှင်သောအမူအရာဖြင့် သူ၏အဖေနှင့်အတူ ပြန်သွားသည်။
အိမ်ပြန်ရောက်ပြီးနောက် ထေ့ကျူးက အိပ်ရာထဲတွင်လဲလျောင်းကာ မည်သို့ပင်ဖြစ်စေ သူက အရွေးခံရမှ ဖြစ်မည်ဟု ဆုံးဖြတ်သည်။
လတစ်ဝက်ခန့် ထပ်မံ ကုန်ဆုံးသွားသည်။ ထေ့ကျူး၏ဦးလေး၄က ရထားလုံးတစ်စီးဖြင့် ရောက်လာသည်။
ထေ့ကျူး၏မိဘများက သွားရောက်ကြိုဆိုကာ အိမ်ထဲကို ခေါ်လာသည်။ ထေ့ကျူး၏ဦးလေး၄က အမြန်လိုသော ဟန်ဖြင့် ထေ့ကျူး၏မိဘများကို ပြောလိုက်သည်… “ အစ်ကို၂… မရီး၂… ကျုပ်က ကြာကြာနေလို့မရဘူး… ထေ့ကျူးကို ခေါ်ပြီး သွားလိုက်တော့မယ်… ဟုန်ယွီဂိုဏ်းက မနက်ဖြန်မနက်ပိုင်း တပည့်လောင်းတွေကို လာခေါ်တော့မယ်… ”
ထေ့ကျူး၏အဖေက အံ့အားသင့်သွားသည်။ သူ၏မျက်နှာပေါ်တွင် ဝမ်းနည်းသောအရိပ်အယောင်များပေါ်လာ၏။ သူက ခိုင်မာစွာ ပြောသည်… “ ကောင်းပြီ… ထေ့ကျူး..မင်းဦးလေး၄ နောက်ကို လိုက်သွား… ဟုန်ယွီဂိုဏ်းမှာ ကောင်းကောင်းလေ့လာ… ဒါပေမဲ့ မင်းက အရွေးမခံရရင်လည်း စိတ်မပူဘဲအိမ်ကို ပြန်လာခဲ့… ”
ထေ့ကျူးက အိမ်မှ ထွက်ခွာမသွားလိုရာ စိတ်များလေးလံစွာဖြင့် ခေါင်းညိတ်သည်။ သူ၏အမေက ပြင်ဆင်ထားသော အထုပ်လေးတစ်ခုကို ရထားလုံးပေါ်ကို တင်ပေးကာ ထေ့ကျူးကို ချင်ခင်နှစ်သက်စွာ ပြောသည်… “ ထေ့ကျူး.. မင်းဦးလေး၄ စကားကို နားထောင်… ပြဿနာမရှာနဲ့… ပြင်ပလောကဆိုတာ အိမ်နဲ့မတူဘူး… အမေက မင်းအတွက် အဝတ်အစားအသစ်တွေ ပြင်ပေးလိုက်တယ်… ပြီးတော့ မင်းသဘောကျတဲ့ အာလူးကြော်တွေလည်း ပါတယ်… အမေကမင်းကို သတိရနေတယ်… တစ်ကယ်လို့ မင်းအရွေးမခံရရင် အိမ်ကိုပဲ ပြန်လာခဲ့… ” ထေ့ကျူး၏အမေကား ထိုစကားများကို ပြောနေရင်းမှပင် မျက်ရည်များ စီးကျလာသည်။
ထေ့ကျူးကား ငယ်စဉ်ကတည်းမှ ရွာအပြင်ဘက်ကို ရောက်ဖူးသည်မဟုတ်ပေ။
ဦးလေး၄ကလည်း ပြောသည်… “ ထေ့ကျူး… မင်းက မင်းမိဘတွေ ဂုဏ်ယူရအောင် လုပ်ရမယ်… အစ်ကို၂… မရီး၂… နောက်ရက်နည်းနည်းဆို မိသားစုက ဂုဏ်ပြုပွဲတစ်ခုလုပ်စရာရှိတယ်… ဒီရက်ပိုင်း ကျုပ်က တော်တော် အလုပ်များတယ်… သုံးယောက်စာရင်းက မကြာခင် ထုတ်ပြန်တော့မယ်… ”
သူက ထေ့ကျူးအား ပွေ့ချီကာ ရထားလုံးပေါ်သို့ တင်သည်။ ထို့နောက် သူကလည်း ရထားလုံးပေါ်သို့တက်ကာ ထွက်ခွာသွားသည်။
မျက်ရည်များဖြင့် ထေ့ကျူး၏မိဘများက ရထားလုံး ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေကြသည်။
“ထေ့ကျူးက အိမ်က တစ်ခါမှ ထွက်မသွားဖူးဘူး… သူအနိုင်ကျင့်ခံရမလား… ” ထေ့ကျူး၏အမေက နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်၏။ သူမ၏မျက်လုံးများက ဝမ်းနည်းခြင်းများဖြင့်ပြည့်နှက်နေသည်။
“သူက အရွယ်ရောက်လာပြီဆိုတော့လည်း သူ့ဘဝအတွက် ရုန်းကန်ရတော့မှာပဲ… ” ထေ့ကျူး၏အဖေက သူ၏ပိုက်လုံးကို ကောက်ကိုင်ကာ သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။ သူ၏မျက်နှာတွင် အရေးကြောင်းများစွာ ဖြစ်ပေါ်လာ၏။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
ရထားလုံးက လမ်းတစ်လျှောက်တွင် မြန်ဆန်စွာ ရွေ့လျားနေရာ ဝမ်လင်း၏ခန္ဓာကိုယ်ကလည်း ကြမ်းတမ်းသောလမ်းကြောင့် မငြိမ်မသက်လိုက်ပါလာရသည်။ သူ၏လက်တွင်ကား သူ့မိဘများ၏မျှော်လင့်ချက်များပါဝင်သည်။ သူကား ဆယ့်ငါးနှစ်ခန့် နေထိုင်ခဲ့သော သူ၏ရွာမှ ထွက်ခွာလာခဲ့ရသည်။
ခရီးက တာရှည်ရာ ဝမ်လင်းက ရထားလုံးထဲတွင်ပင် အိပ်ပျော်သွားခဲ့သည်။ သူပြန်နိုးလာသောအခါ အချိန်မည်မျှ ကြာမြင့်သွားသည်ကို သူမသိတော့ပေ။ သူက မျက်လုံးကိုဖွင့်ကာ ဦးလေး၄ကို လှမ်းကြည့်သည်တွင် ဦးလေး၄က ပြုံးလျှက်ပြောလိုက်သည်…“ ထေ့ကျူး… အိမ်က ပထမဆုံး ထွက်လာတာ ဘယ်လိုနေလဲ… ”
ဝမ်လင်းက ရထားလုံး ရပ်တန့်သွားသည်ကို သတိထားမိကာ ပြုံးသည်… “ သိပ်ပြီးတော့ အထွေအထူး မရှိပါဘူး… ကျွန်တော့ကို အင်မော်တယ်တွေက ရွေးပါ့မလားဆိုတာကိုပဲ စိုးရိမ်နေတာ… ”
ဦလေး၄က ရယ်မောကာ ဝမ်လင်း၏ပုခုန်းကို ပုတ်လျှက်ပြောသည်… “ သိပ်အများကြီး မတွေးနဲ့… ဒါက ဦးလေးရဲ့အိမ်ပဲ… အရင်ဆုံး သွားနားလိုက်… မနက်ဖြန်မနက် ငါမင်းကို မိသားစုဆီကို ခေါ်သွားမယ်… ”
ဝမ်လင်းက ရထားလုံးပေါ်မှ ဆင်းသည်နှင့် အုတ်ကြွတ်မိုးအိမ်တစ်လုံးကို တွေ့လိုက်ရသည်။ ဦးလေး၄က ဝမ်လင်းအား အခန်းတစ်ခုသို့ ခေါ်သွားသည်။ ဝမ်လင်းက အိပ်ရာတွင် ထိုင်ကာ အိပ်မရဖြစ်နေသည်။ သူ၏မိဘများ၊ ရွာနှင့် ဆွေမျိုးများ၏အကြောင်းများ သူ့အာရုံထဲကို ဝင်ရောက်လာသည်။ သူက သက်ပြင်းချသည်။ အင်မော်တယ်တစ်ယောက်၏တပည့်ဖြစ်ရန်က သူ့အတွက် ကြီးလေးသော တာဝန်တစ်ခုဖြစ်လာသည်။
အချိန်များ ကုန်ဆုံးသွားည်။ မနက်ခင်း၏နေရောင်ခြည်က အခန်းထဲကို စွေစောင်း၍ ကျလာသည်။ ဝမ်လင်းက တစ်ညလုံး ကောင်းကောင်းအိပ်စက်ခဲ့ခြင်း မရှိသည့်တိုင် နံနက်ခင်းတွင် လွန်စွာတက်ကြွလန်းဆန်းနေသည်။ ကြောက်စိတ်အနည်းငယ်မျှဖြင့်သူက ဦးလေး၄နှင့်အတူ ဝမ်မိသားစု၏ပင်မအိမ်တော်သို့ လိုက်ပါလာခဲ့သည်။
ဝမ်လင်းအတွက် ဤမျှကြီးမားသောအိမ်ကို ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။ ဦးလေး၄က လမ်းလျှောက်နေရင်းက ပြောသည်…“ ထေ့ကျူး… မင်းက မင်းအဖေ ဂုဏ်ယူရအောင်လုပ်ရမယ်… ဆွေမျိုးတွေဆီမှာ အောက်မကျစေနဲ့… ”
ဝမ်လင်း၏စိတ်က ပိုမို၍ တင်းမာလာခဲ့သည်။ သူကနှုတ်ခမ်းကို အနည်းငယ်ကိုက်ကာ ခေါင်းညိတ်သည်။
မကြာမီ ဦးလေး၄ က သူ့အား မြေကွက်လပ်ကျယ်ကြီးတစ်ခုသို့ခေါ်သွားသည်။ ထေ့ကျူး၏ဦးလေး၁က ထိုနေရာတွင် ရပ်နေသည်။ သူက ထေ့ကျူးကို မြင်သည်တွင် ခေါင်းညိတ်ကာ ပြောသည်… “ ထေ့ကျူး… အင်မော်တယ်တွေ လာတဲ့အခါ ပရမ်းပတာမလုပ်နဲ့… မင်းရဲ့ အစ်ကိုဝမ်ကျောက်အတိုင်းသာလုပ်… ”
လူကြီး၏လေသံက အနည်းငယ်တင်းမာနေဟန်ရသည်။
ဝမ်လင်းက တိတ်ဆိတ်နေသည်။ သူက ပတ်ဝန်းကျင်ကို စွေကြည့်လျှင် ဝမ်ကျောက်၏ဘေး၌ နောက်ထပ် လူငယ်တစ်ယောက်ကိုလည်း တွေ့ရသည်။ လူငယ်၏အသားအရေက အနည်းငယ်မဲနက်ကာ သူ၏ခန္ဓာကိုယ်တည်ဆောက်ပုံက အနည်းငယ်ကြီးထွားသန်မာပြီး သူ၏မျက်လုံးများက ညဏ်ကောင်းပုံရသည်။ သူ၏အကျီက အနည်းငယ်ဖောင်းနေကာ တစ်စုံတစ်ခုအား ဝှက်ထားဟန်ရ၏။
သူက ထေ့ကျူးအား ကြည့်ကာ ပြေးလာပြီး နှုတ်ဆက်သည်… “ဒါဆို မင်းက ဦးလေး၂ရဲ့ သားပေါ့… ငါ့နာမည်က ဝမ်ဟို… ”
ဝမ်လင်းက ပြုံးကာ ခေါင်းညိတ်သည်။
ဝမ်လင်းက သူ့အား လျစ်လျူရှုထားသည်ကို လူကြီးက မြင်သည်တွင် ကြိမ်းမောင်းမည် လုပ်သည်။
ထိုအခိုက်တွင်ပင် ကောင်းကင်မှ တိမ်များ ရုတ်တရက် နှစ်ခြမ်းကွဲသွားသည်။ ဓားအလင်းတစ်ခုက လျှပ်စီးအလား ဆင်းသက်လာသည်။ အလင်းပျောက်ကွယ်သွားသောအခါ စူးရှသော မျက်လုံးနှင့်လူငယ်တစ်ယောက်က ရပ်နေသည်ကို မြင်ကြရ၏။ သူ၏အေးစက်သောမျက်လုံးက လူငယ်သုံးယောက်ထံကို ရောက်သွားသည်။ သူက အေးစက်စွာ မေးသည်…“ သူတို့တွေက ဝမ်မိသားစုက ထောက်ခံပေးတဲ့သုံးယောက်လား…”
“ဒါက အင်မော်တယ်ပဲ… ” သူ၏အကြည့်အောက်တွင် ဝမ်လင်းက ချမ်းစိမ့်စိမ့်ခံစားရသည်။ အင်မော်တယ်တစ်ယောက်အား ကြည့်ရင်း သူ၏နှလုံးက တုန်ခါသွားကာ မျက်နှာက ပြာနှမ်းလာသည်။
အသားမဲလူငယ်က အင်မော်တယ်အားမြင်သည်တွင် သူ၏လက်ကို ဘောင်းဘီအိတ်အနီးတွင်ထားကာ အလွန်လေးစားသော အမူအရာကိုပြသသည်။
ဝမ်ကျောက်တစ်ယောက်သာ တခြားလူများကို ကြည့်ပြီး နှာခေါင်းရှုံ့သည်။
ဝမ်ကျောက်၏အဖေက လျင်မြန်စွာပင် ရှေ့ကို တက်လာကာ လေးစားစွာ ပြောသည်… “ အင်မော်တယ်… ဒီသုံးယောက်က ဝမ်မိသားစုက ထောက်ခံပေးတဲ့သုံးယောက်ပါ…”
လူငယ်က ခေါင်းညိတ်ကာ စိတ်မရှည်သော အမူအရာဖြင့်ပြောသည်… “ ဝမ်ကျောက်က ဘယ်သူလဲ… ”
လူကြီး၏မျက်နှာက ပျော်ရွှင်သော အမူအရာဖြစ်ပေါ်လာသည်။ သူက ဝမ်ကျောက်ကို လက်ဆွဲလျှက်ပြောသည်… “ အင်မော်တယ်… ဒါက ကျုပ်သား ဝမ်ကျောက်ပါ… ”
အင်မော်တယ်လူငယ်က ဝမ်ကျောက်ကို သေသေချာချာအကဲခတ်သည်။ သူ၏မျက်နှာက ဝင်းလက်သွားကာ သူက ခေါင်းညိတ်သည်… “ ဝမ်ကျောက်က တကယ်ပဲပါရမီပါတယ်… ဂိုဏ်းတူဦးလေးက သူ့ကို သဘောကျတာ မထူးဆန်းဘူး… ”
ဝမ်ကျောက်က ဝမ်လင်းအား ဂုဏ်ယူဝင့်ကြွားစွာ ကြည့်ပြီးမှ အင်မော်တယ်လူငယ်ကို ပြောသည်… “ ဒါက ပုံမှန်ပါပဲ… အင်မော်တယ်တစ်ယောက်ဖြစ်ဖို့ ခိုင်မာတဲ့စိတ်ဓာတ်ရှိဖို့လိုတယ်… ”
လူငယ်က မျက်မှောင်ကြုတ်သွားသည်။ သို့သော် ချက်ချင်းပျောက်ကွယ်သွား၏။ သူက အနည်းငယ်ပြုံးကာ ဝမ်ကျောက်အားပြုံးကြည့်သည်။ ထို့နောက် သူက လက်ဝှေ့ယမ်းကာ လူငယ်သုံးယောက်အား ခေါ်၍ ကောင်းကင်ပေါ်သို့ ပျံတက်ပျောက်ကွယ်သွားသည်။
ဦးလေး၄က ကောင်းကင်ကို ကြည့်လျှက် ရေရွတ်လိုက်၏… “ ထေ့ကျူး… မင်းက အရွေးခံရမှဖြစ်မယ်… ”
ခန္ဓာကိုယ်က တင်းမာလာပြီး လေတိုးသောကြောင့် မျက်နှာကလည်း နာကျင်မှုကို ဝမ်လင်းက ခံစားနေရသည်။ သေသေချာချာ ဂရုစိုက်ကြည့်ပါက သူတို့အားလုံး လူငယ်၏လက်မောင်းအောက်တွင် ရှိနေသည်ကို မြင်ရသည်။ သူတို့အားလုံး ကောင်းကင်တွင် မြန်ဆန်စွာ ပျံသန်းနေကြ၏။ သူတို့၏မြင်ကွင်းတွင် ရွာက သေးငယ်သော အစက်ကလေးဖြစ်သွားသည်။
အချိန်အနည်းငယ်အတွင်းမှာပင် သူတို့၏မျက်လုံးများက နီရဲကာ မျက်ရည်များ ထွက်လာ၏။
“မင်းတို့ မကန်းချင်ရင် မျက်လုံးကို မှိတ်ထားကြ… ” လူငယ်က အေးစက်စွာ ပြောသည်။ ဝမ်လင်း၏စိတ်က တင်းကြပ်သွားကာ လူငယ်ပြောသလိုပင် မျက်လုံးကို မြန်ဆန်စွာ မှိတ်လိုက်သည်။
အချိန်အနည်းငယ်ကြာသောအခါ လူငယ်၏အသက်ရှုနှုန်းက တိုတောင်းလာပြီး သူတို့၏အမြန်နှုန်းက စတင်နှေးကွေးလာသည်ဟု ဝမ်လင်း ခံစားရသည်။ လျပ်တပြက်မှာပင် လူငယ်က အောက်ကို ဆင်းသက်လိုက်သည်။ သူတို့က မြေပြင်ပေါ်ကို ရောက်ခါနီးတွင်ပင် လူငယ်က လက်ဝှေ့ယမ်းလိုက်သည်နှင့် သူတို့သုံးယောက် မြေပြင်ပေါ်ကို ကျသည်။
ကံကောင်းစွာပင် သူတို့ကျသော အမြင့်က တစ်ပေပင်မပြည့်ရာ လူငယ်သုံးယောက်က မြန်ဆန်စွာပင် ထရပ်ကြသည်။ ဝမ်လင်း၏ရှေ့တွင်ကား တောင်ကုန်းတောင်တန်းများ၊ သစ်ပင်ပန်းမန်များ၊ မြစ်တစ်စင်း စသော နတ်ဘုံနတ်နန်းကဲ့သို့မြင်ကွင်းက ဆီးကြိုနေသည်။
ရှေ့တည့်တည့်တွင်ကား မိုးထိုးနေသော တောင်တစ်လုံးကို မြင်ရပြီး တောင်ထိပ်က တိမ်များဖုံးလွှမ်းနေကာ တကယ့်သွင်ပြင်ကို မြင်ရန် ခက်ခဲလှသည်။ သားရဲများ၏အော်မြည်သံများကိုလည်း ရံဖန်ရံဖန်ကြားရ၏။ သူတို့နှင့် မလှမ်းမကမ်းတွင် တောင်ပေါ်သို့တက်နိုင်သော လှေကားထစ်လမ်းကလေးတစ်ခုကို မြင်နိုင်၏။
အလွန်ဝေးကွာသော တစ်နေရာတွင်ကား တောင်ပေါ်ဘုံကျောင်းတစ်ခုကို မြင်နိုင်ပြီး တိမ်များဖုံးလွှမ်းထားသည့်တိုင် ထိုနေရာမှ လာသော အရောင်အဝါများကြောင့် လူအများအား ကိုးကွယ်ဆည်းကပ်လိုသော စိတ်သဏ္ဍာန်ဖြစ်ပေါ်စေသည်။
ထိုဘုံကျောင်း၏ဘေး၌ကား တခြားတစ်တောင်ထိပ်တစ်ခုကို ဆက်သွယ်ထားသော လခြမ်းကွေးပုံစံတည်ဆောက်ထားသော ငွေရောင်တံတားတစ်ခုကို မြင်ကြရသည်။
ဤသို့သော သဘာဝအလှအပများကြောင့် သည်နေရာကား ဟုန်ယွီဂိုဏ်းဟူသော နာမည်နှင့်အလွန်ပင် လိုက်ဖက်ပေသည်။ ဟုန်ယွီဂိုဏ်းကား ကျောက်တိုင်းပြည်အတွင်း၌ရှိသော အနည်းငယ်သော တန်ခိုးရှင်ဂိုဏ်းများထဲမှ တစ်ခုဖြစ်သည်။ လွန်ခဲ့သော နှစ်ငါးရာခန့်က ကျောက်တိုင်းပြည်၏ဦးစီးဦးဆောင်ဂိုဏ်းတစ်ခုလည်းဖြစ်ခဲ့ကာ များစွာသော အခြေတည်ဝိညာဉ်အဆင့်မွန်းစတားအိုကြီးများကို ပိုင်ဆိုင်ခဲ့သည်။ သို့သော်လည်း အချိန်ကာလကြာညောင်းလာသည်နှင့်အမျှ သူတို့၏အင်အားများကလည်း တဖြည်းဖြည်းယုတ်လျော့လာခဲ့ကာ တန်ခိုးရှင်လောကတွင် ရပ်တည်နိုင်ရုံအဆင့်မျှလောက်သာ ကျန်ရစ်တော့သည်။
သို့သော်လည်း လူသားများအတွက်မူကား ဟုန်ယွီဂိုဏ်းက ကြီးမြတ်သော နေရာတစ်ခုဖြစ်နေဆဲပင်။
“ ညီလေးကျန်း… ဒီသုံးယောက်က ဝမ်မိသားစုက ထောက်ခံပေးလိုက်တဲ့သုံးယောက်လား… ” သတ်လတ်ပိုင်းအရွယ်လူတစ်ယောက်က တောင်ထိပ်မှ ပျံသန်းဆင်းသက်လာကာ မေးသည်။
လူငယ်က လေးစားစွာပြန်ပြောသည်… “ အစ်ကိုသုံး… သူတို့က ဝမ်မိသားစုက ထောက်ခံပေးလိုက်တဲ့သုံးယောက်ပါ… ”
သတ်လတ်ပိုင်းလူက လူငယ်သုံးယောက်ကို ကြည့်သည်။ သူက ဝမ်ကျောက်ကို သေချာစွာ ကြည့်ပြီးမှ အင်မော်တယ်လူငယ်ကို ပြုံးလျှက်ပြောသည်… “ မင်းက အဆင့်တက်တော့မယ်ဆိုတာ ငါသိတယ်… စမ်းသပ်တာကို ငါလုပ်လိုက်မယ်… မင်းသွားလေ့ကျင့်ချေ… ”
လူငယ်က သဘောတူလိုက်ပြီး မျက်လုံးတစ်မှိတ်အတွင်း၌ပင် တောင်ပေါ်သို့ တက်ရောက်ပျောက်ကွယ်သွားသည်။
ဝမ်လင်းက လွန်စွာ စိတ်လှုပ်ရှားနေ၏။ ထိုစဉ်မှာပင် လူတစ်ယောက်က သူ၏အင်္ကျီစအား ဆွဲနေရာ ဝမ်လင်းက နောက်ကို လှည့်ကြည့်လိုက်သည်။ သူကား ဝမ်ဟိုဖြစ်၏။ ဝမ်ဟိုကလည်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်… “ဒါက အင်မော်တယ်တွေ နေတဲ့နေရာပဲ… သေစမ်း… ဘာပဲဖြစ်ဖြစ် ငါ… ဝမ်ဟို.. က အရွေးခံရမှဖြစ်မယ်… ” ထိုသို့ပြောရင်း သူက အင်္ကျီထဲတွင် ဝှက်ထားသောအရာကို အပေါ်မှ ထိကိုင်ကြည့်သည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
ဝမ်ဟိုကား သူ့ရှေ့မှ မြင်ကွင်းကို မိန်းမောကာ ကြည့်နေသည်။ ပြန်လည် သတိဝင်လာသောအခါ သူ၏ရင်ထဲတွင် ဝင့်ကြွားမှုများ ပြည့်နှက်လာသည်။
ထိုအချိန်၌ သက်တန့်ရောင်ဓားအလင်းတန်းများ သူတို့ထံကိုပျံသန်းလာ၏။
ထိုဓားများပျောက်သွားသောနေရာ၌ ဟုန်ယွီ ဂိုဏ်းသားများနှင့်သူတို့ခေါ်လာသောအသက် ၁၅ နှစ်အရွယ် လူငယ်များကိုတွေ့လိုက်ရ၏။
သူတို့က ငယ်ရွယ်သော ယောက်ျားလေး၊ မိန်းကလေးများဖြစ်ကြကာ အားလုံးက မြေပြင်ပေါ်ကို ဆင်းသက်လိုက်ကြ၏။ ဝမ်လင်းတို့အဖွဲ့က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သူတို့ရှေ့မှမြင်ကွင်းကိုကြည့်နေကြသည်။
ဟုန်ယွီဂိုဏ်း၏နောက်လိုက်များက ငယ်ရွယ်သောသူများကို တစ်နေရာ၌ စုရုံးစေ၏။ အတန်ကြာလျင် အရွေးချယ်ခံရန်အတွက် လူငယ်လေးများအားလုံး ရောက်ရှိလာကြသည်။
အနက်ရောင်ဝတ်စုံဝတ်ထားသော သက်လတ်ပိုင်းရွယ်လူကြီးက သူတို့ကို တစ်ချက်ကြည့်ပြီး အသက်မဲ့စွာဖြင့်ပြောလိုက်သည်… “မင်းတို့တွေထဲက လူနည်းနည်းပဲ ဟုန်ယွီဂိုဏ်းဝင်အဖြစ် အရွေးချယ်ခံရလိမ့်မယ်...”
လူငယ်များ အားလုံး အလွန်စိတ်လှုပ်ရှားနေ၏။ ဝမ်လင်း၏နှလုံးက တဒုတ်ဒုတ် လှုပ်ခါနေသည်။ သူအပါအဝင် အားလုံးပေါင်း ၄၈ယောက်ဖြစ်သည်။
“ကျင့်စဉ်ကျင့်ပြီး အင်မော်တယ်လမ်းကြောင်းပေါ်ကို လျှောက်ဖို့က မင်းတို့ရဲ့ မွေးရာပါအရည်အချင်း ပေါ်ကို မူတည်တယ်... ပထမဆုံး စမ်းသပ်စစ်ဆေးမှုက မင်းတို့ရဲ့စိတ်ခွန်အားလုံလောက်မှု ရှိမရှိ စမ်းသပ်စစ်ဆေးတာဘဲဖြစ်တယ်... အခု ဘယ်လိုစမ်းသပ်စစ်ဆေးမယ်ဆိုတာ ငါညွှန်ပြပေးမယ်…” သက်လတ်ပိုင်းလူကြီး က လူငယ်တစ်ယောက်ကိုညွှန်ပြရင်း စိတ်မပါစွာ ပြောလိုက်သည်။
ထိုလူငယ်၏ ခြေထောက်များ တဆတ်ဆတ်တုန်ခါနေ သည်။ သူကရှေ့ကို ဂရုတစိုက် လျှောက်ပြီးထွက်လာသည်။သက်လတ်ပိုင်းလူကြီးက သူ၏လက်ကို လူငယ် ၏ ခေါင်းပေါ်ကို တင်ထားလိုက်ပြီးနောက် ပြောလိုက်သည်…
“အဆင့်မမှီဘူး ဘယ်ဘက်ကိုသွားရပ်နေ... ”
လူငယ်က ရုတ်တရက် သူ့၏ခွန်အားများအားလုံး ပျောက်ဆုံးသွားသလို ခံစားလိုက်ရ၏။ သူ၏မျက်နှာက အုံ့မှိုင်းနေပြီး မျက်လုံးများက အသက်မပါစွာဖြင့် တိတ်တဆိတ် ဘယ်ဘက်ကို သွားရပ်လိုက်သည်။
ထို့နောက် တစ်ခြားလူငယ်တစ်ယောက် အရွေးချယ်ခံရန် အရှေ့ကို ထိတ်လန့်မှုအပြည့်ဖြင့် လျှောက်သွား၏။
“အဆင့်မမှီဘူး ... ”
“အဆင့်မမှီဘူး ...”
“အဆင့်မမှီဘူး...”
ရှေ့ဆုံးမှ စီတန်းထားသောလူငယ်များအားလုံး စမ်းသပ်စစ်ဆေးမှုတွင်ကျရှုံးကြသည်။ ယခုထိ သက်လတ်ပိုင်း လူကြီး၏ညာဘက်တွင် မည်သူမျှ မရှိသေးချေ။
ဝမ်ကျောက်၏ အလှည့်ကိုရောက်ရှိလာသည်။ မကြာသေးမီက သူ၏ ဂုဏ်ယူဝင့်ကြွားခြင်းများကား တိမ်လိုလွင့်စင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ သူက ဖြူဖတ်ဖြူရော်မျက်နှာဖြင့် လျှောက်လာသည်။
သက်လတ်ပိုင်းလူကြီးက သူ့၏လက်ကို ဝမ်ကျောက်၏ခေါင်းပေါ်တင်ပြီး ခဏအကြာတွင် သူ့၏မျက်ခုံးက ရုတ်တရက် မြင့်တက်သွား၏။ ထို့နောက် သူက မေးလိုက်သည်။
“မင်းရဲ့နာမည် ဘယ်သူလဲ... ”
ဝမ်ကျောက်က လျှင်မြန်စွာဖြင့် ရိုသေသောအမူအရာဖြင့် ဖြေလိုက်သည်...“ အင်မော်တယ်… ကျွန်တော့နာမည်က ဝမ်ကျောက်ဖြစ်ပါတယ်...”
သက်လတ်ပိုင်းလူကြီးက ခေါင်းငြိမ့်လိုက်သည်။ ထို့်နောက် သူက ပြုံးပြီး ပြောလိုက်၏… “ ဒါဆိုမင်းက ဂိုဏ်းတူဦးလေးပြောထားတဲ့ တစ်ယောက်ပေါ့... ကောင်းတယ်... ညာဘက်မှာသွားရပ်ချည်…”
ဝမ်ကျောက်က လူအများ၏ အားကျသောအကြည့်များအာက်တွင် စိတ်လှုပ်ရှားစွာဖြင့် ညာဘက်သို့ လျှောက်သွားသည်။
သူ၏မျက်လုံးများထဲတွင် ဝင့်ဝါခြင်း၊မာနကြီးခြင်းများဖြင့် ပြည့်နှက်နေ၏။ သူက လူငယ်တစ်သိုက်ကို အထင်အမြင်သေးစွာ ကြည့်လိုက်ပြီး မျက်နှာတွင် ဘဝင်မြင့်သော ဟန်ပန်များ အထင်းသားပေါ်လာသည်။
ဝမ်ဟိုက သူ့နှုတ်ခမ်းကိုတွန့်ကွေးလိုက်ပြီး ဝမ်လင်းကို တီးတိုးပြောလိုက်၏… “အဲဒီခွေးကောင်… သူက ကံကောင်းလို့ရောက်လာတဲ့ခွေးတစ်ကောင်ပါကွာ..”
ဝမ်လင်း၏ရင်ဘတ်က ပိုမိုတင်းကြပ်လာသည်။ သူ့မိဘများ၏ မျှော်လင့်ခြင်းများဖြင့် ပြည့်နှက်နေသော မျက်ဝန်းများကို ပြန်လည်မြင်ယောင်လာပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။
“မဆိုးပါဘူး မင်းလည်း ညာဘက်မှာသွားပြီး မတ်တပ်ရပ်လိုက်…” သက်လတ်ပိုင်းလူကြီးက သူ၏ရှေ့တွင်ရှိသောမိန်းကလေးကို အံ့အားသင့်စွာကြည့်ပြီးပြောလိုက်သည်။
မကြာမီအချိန်အတွင်း၌ လူငယ်အားလုံးနီးပါး စစ်ဆေးပြီးသွား၏။ နှစ်ယောက်သာလျှင် သက်လတ်ပိုင်းလူကြီး၏ညာဘက်ခြမ်း၌ မတ်တပ်ရပ်နေသည်။
ထို့နောက်တွင် ဝမ်ဟို၏အလှည့်ကို ရောက်ရှိလာ၏။
ဝမ်ဟိုက လျှင်မြန်စွာ သက်လတ်ပိုင်းလူကြီးထံကို ပြေးသွားလိုက်သည်။ သူက စမ်းသပ်မှု မစတင်ခင် အချိန်မှာပင် မြေကြီးပေါ်ကို ရိုကျိူးစွာဒူးထောက်လျက် ပြောသည်… “ကျန်းမာပြီးအသက်ရှည်ပါစေ အင်မော်တယ်ကြီးခင်ဗျာ… ကျွန်တော့နာမည်ကတော့ ဝမ်ဟိုဖြစ်ပါတယ်… အင်မော်တယ်ကြီးက လူတွေအများကြီးစစ်ရတာပင်ပန်းနေမှာပေါ့ ဘာကြောင့်အနားမယူတာလဲ ကျွန်တော်က အလျှင်မလိုပါဘူး…”
သက်လတ်ပိုင်းလူကြီးကကျယ်လောင်စွာရယ်မောလိုက်၏။
သူက လူအများအပြားကိုစစ်ဆေးခဲ့သည်။ သူ စစ်ဆေးခဲ့သောလူများ၏မျက်နှာများကလည်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကြသည်။ သို့သော်လည်း သည်ကောင်လေးက ကြောက်ရွံမှုမရှိသည့်အပြင် သူ့ကိုပင် လာဖားနေခဲ့၏။
ထို့နောက်သူက ဝမ်ဟို၏ခေါင်းပေါ်ကို လက်တင်လိုက်သည်။
“စိတ်ခွန်အား အားနည်းတယ်....”
ဝမ်ဟိုက ထိုစကားကို ကြားလိုက်သော အချိန်၌ပင် သူ၏စိတ်နှလုံးက ချောက်ထဲသို့ထိုးကျသွားသည့်အလား ခံစားလိုက်ရ၏။
သက်လတ်ပိုင်းလူကြီး၏စကားဆုံးအောင်ပင် မစောင့်နိုင်တော့ဘဲ သူက ကျောက်စိမ်းသေတ္တာငယ်လေးကို အလျှင်အမြန်ထုတ်လိုက်ပြီး ဝမ်ဟိုက ပါးနပ်လိမ္မာစွာ ပြောလိုက်သည်… “ အင်မော်တယ်ကြီးခင်ဗျာ... ဒါလေးက ကျွန်တော့ အဖေ တောင်ပေါ်သွားရင်း မတော်တဆ ကောက်ရခဲ့တာပါ... ဒါပေမဲ့ အဲ့ဒါကိုအဖေကိုယ်တိုင်က ဖွင့်လို့မရခဲ့ပါဘူး… အင်မော်တယ်ကြီးကိုပေးဖို့အတွက်… ဒါကို အထူးသီးသန့်ယူဆောင်လာခဲ့တာပါ...”
သက်လတ်ပိုင်းလူကြီးက ခေါင်းခါလိုက်သည်။သူက ဝမ်ဟို ကိုငြင်းပယ်ရန် စဉ်းစားနေခဲ့၏။ သို့သော်လည်း သေတ္တာကို တစ်ချက်စစ်ဆေးကြည့်သော အခါတွင် သူ၏မျက်ခုံးက ရုတ်တရုတ်မြင့်တက်သွားသည်။
သူကစကားပြောနေသည်ကို ခေတ္တခဏရပ်လိုက်ရင်းက… “ မဆိုးပါဘူး ဒါက အနည်းဆုံး အနှစ်၃၀၀သက်တမ်းရှိသော ကျောက်စိမ်းမြက်ပင်ပဲ…အင်မော်တယ်တစ်ယောက်က ဒီသေတ္တာအပေါ်မှာ အရံအတား ထားခဲ့လို့ မင်းအဖေ မဖွင့်နိုင်တာ အံ့သြစရာမဟုတ်ဘူး...”
ထို့နောက် . သူကစကားကို ဖြေးညှင်းစွာဆက်ပြောလိုက်သည်… “ငါဆေးဖော်ရာမှာ ကူညီပေးမဲ့ လက်ထောက်တစ်ယောက်လိုနေတယ်… မင်းငါ့ရဲ့ လက်ထောက်လုပ်ဖို့ စိတ်ဝင်စားရဲ့လား...”
ဝမ်ဟိုက အလွန်အံသြသွား၏။ သူ့အား လက်ခံလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ တုန့်ဆိုင်းနေခြင်းမရှိဘဲ ဝမ်ဟိုက ပြန်ဖြေသည်… “ဟုတ်ကဲ့ အင်မော်တယ်ကြီး... ကျွန်တော်လုပ်ချင်ပါတယ်…”
သက်လတ်ပိုင်းလူကြီးက ရယ်မောရင်းနှင့်ပြောလိုက်သည်… “ အခုကစပြီးမင်းက ငါ့ရဲ့ ဆေးအကူဖြစ်သွားပြီ... ငါမင်းကို မနှိပ်စက်ပါဘူး... တစ်ခြားတပည့်တွေလိုပဲ မင်း ကျင့်စဉ်ကျင့်နိုင်ပါတယ် ... ညာဘက်ကိုသွားမတ်တပ်ရပ်လိုက်...”
ဝမ်ဟို အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ သူက ညာဘက်ကိုပြေးသွားလိုက်ကာ ဝမ်ကျောက်ကို နှစ်ထောင်းအားရသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ကျရှုံးသော လူငယ်များ၏မျက်နှာများ က ဖြူလျော့သွား၏။ သူတို့အားလုံးက စိတ်အားငယ်ခြင်းကို ခံစားလိုက်ရကာ အချိူ့က စတင်ငိုကြွေးလိုက်ကြသည်။
သက်လတ်ပိုင်းလူကြီးက မျက်မှောင်ကျုံ့လိုက်သည်။ ထို့နောက်သူက အော်ပြောလိုက်သည်...“ စငိုတဲ့ သူအကုန်လုံးကိုခေါ်ထုတ်သွားကြစမ်း...”
ဟုန်ဟွီဂိုဏ်းမှ တပည့်အနည်းငယ်က ရှေ့ကို ထွက်လာခဲ့ကာ စငိုသောသူကိုခေါ်ပြီး ဓားအလင်းတန်းများအဖြစ်ပြောင်းလဲသွားကာ အဝေးကို ပျောက်ကွယ်သွားကြသည်။
သက်လတ်ပိုင်းလူကြီးက ဝမ်လင်းကို လက်ညိုးထိုးသည်။
ဝမ်လင်းက အသက်ရှုသံတွေမြန်လာခဲ့သည်။ သူက စိတ်လှုပ်ရှားစွာဖြင့် သက်လတ်ပိုင်း လူကြီး၏ ဘေးကိုလျှောက်သွားခဲ့သည်။
သူ၏ စိတ်ထဲတွင် ကြိတ်၍ ဆုတောင်းနေမိသည်။တစ်ဘက်တွင်လည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော သူ့မိဘများ၏မျက်နှာများကို ပြန်လည်အမှတ်ရလာခဲ့သည်။
“ငါသေချာပေါက်အရွေးချယ်ခံရမှာပါ...” ဝမ်လင်းက မိမိကိုယ်ကို အားတင်းသည်။
သက်လတ်ပိုင်း လူကြီး၏ လက်က သူ၏ခေါင်းကို ကိုင်လိုက်သည်။ ထို့နောက် သူ၏မျက်နှာ အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်သည့် စကားလုံးနှစ်လုံးက ဝမ်လင်းကို ကြီးစွာ ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
“အဆင့်မမှီဘူး...”
ဝမ်လင်းက ဘယ်ဘက်ခြမ်းကို မည်သို့ ရောက်သွားသည်ပင် မသိလိုက်။ သက်လတ်ပိုင်းလူကြီးပြောလိုက်သော စကားနှစ်ခွန်းက သူ၏နားထဲတွင် မိုးကြိုးအကြိမ်တစ်သိန်းပစ်ချသလို မြည်ဟီးနေ၏။
ထိုအချိန်တွင် စမ်းသပ်မှုက ပြီးဆုံးသွားခဲ့ကာ ညာဘက်ခြမ်း၌ လူသုံးယောက်သာ ရပ်နေခဲ့သည်။
လူတိုင်း၏ မျက်လုံးများထဲ တွင် အကြီးအကျယ် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကြသည်။
“အင်မော်တယ်လမ်းစဉ် လျှောက်လမ်းဖို့အတွက် စိတ်ဝိညာဉ်သန်မာဖို့ လိုအပ်သလို ဇွဲလုံ့လဝီရိယ ရှိဖို့က ပိုလို့တောင်အရေးကြီးတယ်... ဒုတိယ စမ်းသပ်မှုကတော့ ဇွဲလုံ့ဝီရိယရှိမရှိ စမ်းသပ်ခြင်းပဲဖြစ်တယ်... မင်းတို့လို သာမန်လူငယ်တွေတောင် လုံလောက်တဲ့ ဇွဲလုံ့လဝီရိယရှိရင် ဂိုဏ်းရဲ့နောက်လိုက်တွေ ဖြစ်လာနိုင်တယ်...”
သက်လတ်ပိုင်းလူကြီးဟာ စကားကိုခဏရပ်လိုက်ပြီးနောက် ခံစားမှုကင်းမဲ့သောမျက်နှာဖြင့် ပြောလိုက်သည်... “လှေကားတွေအတိုင်း အပေါ်ကိုတက်သွားကြ... တကယ်လို့မင်းတို့ဟာ လှေကားရဲ့ထိပ်ကိုရောက်ရှိခဲ့မယ်ဆိုရင် မင်းတို့ရဲ့ အရည်အချင်းပြည့်မှီတယ်...ဒါပေမဲ့ မင်းတို့က သုံးရက်အတွင်း ရောက်အောင်မတက်နိုင်ဘူးဆိုရင် မင်းတို့ ကျရှုံးတယ်လို့သတ်မှတ်မယ်... ကျရှုံးသွားတဲ့ သူတွေကတော့အိမ်ကိုပြန်ရမယ်… တကယ်လို့မင်းတို့ ကြံ့ကြံ့မခံဘဲနဲ့ အန္တရာယ် တစ်ခုခုကြုံလာရင် အကျယ်ကြီးအော်လိုက်… တစ်စုံတစ်ယောက်က မင်းတို့ကို လာကယ်လိမ့်မယ်...”
သက်လတ်ပိုင်းလူကြီးက သူ့၏ညာဘက်ခြမ်းတွင် ရှိသော လူသုံးယောက်ကို ပြုံးပြီးပြောလိုက်သည်...“ မင်းတို့နှစ်ယောက် က ဂိုဏ်းခေါင်းဆောင်ကိုတွေ့ဖို့ ငါ့နောက် လိုက်ခဲ့ကြ... မင်းတို့ကိုလက်ခံမယ့်ဆရာကို ငါတို့ရှာပေးမယ်... ဝမ်ဟို မင်းကတော့ဘယ်မှသွားစရာမလိုဘူး... ငါနဲ့အတူ ဆေးဝါးဆောင်ကို လိုက်ခဲ့… မင်းနေရမည့်နေရာကို ငါပြပေးမယ်...”
သက်လတ်ပိုင်းလူကြီးက ညွှန်ကြားချက်များပေးပြီးသောအခါ ရွေးချယ်ခံရသော လူသုံးယောက်ကိုခေါ်ပြီး တောင်ပေါ်တက်သွားသည်။
ဝမ်လင်းက အသက်ကို ပြင်းပြင်းရှူလိုက်၏။
သူ၏မျက်လုံးများထဲတွင် ပြတ်သားသောဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေသည်။ တုံ့ဆိုင်းခြင်းမရှိဘဲ ကျောက်လှေကားအပေါ်ကို ခြေချလိုက်ခြင်းဖြင့် ဝမ်လင်းက သူ၏ ဇွဲလုံ့လစမ်းသပ်ခြင်းကို စတင်ခဲ့သည်။
အရွေးချယ်ခံရသော လူသုံးယောက်အပြင် ငိုကြွေးသောကြောင့် အထုတ်ခံလိုက်ရသောသူ အားလုံးပေါင်းကိုနှုတ်လိုက်သောအခါ ၃၉ယောက်သာကျန်တော့သည်။
ကျန်ရှိသော ၃၉ယောက်ထဲတွင် တချိူ့က ရှေ့ဆက်လျှောက်ရန် မဝံ့ရဲသောကြောင့် စိတ်ဓာတ်ကျလျက် လက်လျော့လိုက်ကြသည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
မညီညာသော ကျောက်လှေကား၏ ဘေးနှစ်ဘက်လုံးက အလွန်အန္တရာယ် များလှသည်။ အမှားအနည်းငယ် လုပ်မိလျင်ပင် အောက်ကို ပြုတ်ကျသွားစေနိုင်၏။
နေ့တစ်ဝက်ခန့် ကုန်ဆုံးပြီးနောက် ဝမ်လင်း၏ ခြေထောက်များက သတ္တုနှင့် ပြုလုပ်ထားသလို လေးလံလာသည်။ ချွေးတပြိုက်ပြိုက်ကျနေပြီး အသက်ရှူမှားလောက်အောင် ပင်ပန်းလွန်းသောကြောင့် လှုပ်ရှားရန်ပင် ခက်ခဲလှသည်။ တောင်အောက်ကိုငုံ့ကြည့်လျှင် လမ်းကြောင်းက သိပ်မရှည်ဟု ထင်ရသော်လည်း ယခုကား လမ်းက အဆုံးမရှိတော့သလို ခံစားနေရသည်။ ဝမ်လင်း၏ ခေါင်းထဲတွင်လည်း စိတ်ပျက်အားငယ်သောအတွေးများစွာ ဖြစ်ပေါ်နေလာ၏။
သူ့ရှေ့တွင် ကြံ့ခိုင်သော ကောင်လေးတစ်ဒါဇင်ခန့်က နှေးကွေးစွာ တက်နေကြသည်။ သူတို့အားလုံးလည်း အလွန်အမင်း ပင်ပန်းသောကြောင့် အသက်ကို ပင်ပန်းကြီးစွာ ရှုရှိုက်နေကြရပြီဖြစ်သည်။ယခုထိကား ဘယ်သူမှ အရှုံးမပေးကြသေး။
ဝမ်လင်း အံကို တင်းတင်းကြိတ်လိုက်သည်။ ဒါက သူ၏နောက်ဆုံး အခွင့်အရေး ဖြစ်၏။ သူ့ ခေါင်းထဲရှိနေသည်ကလည်း မိဘနှစ်ပါး၏မျှော်လင့်ချက်များ ဖြစ်သည်။ ထိုအချိန်မှာပင် သူ့နောက်မှ ကောင်လေးက ခြေချော်ကျပြီး တောင်အောက်ကို စူးစူးဝါးဝါးအော်ကာ ပြုတ်ကျသွားတော့သည်။
"ငါ အရှုံးပေးတယ်... ကယ်ကြပါဦး..... "
တချိန်တည်းမှာပင် လူငယ်အားလုံးက အောက်ကိုကြည့်လိုက်သည်တွင် အနက်ရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်ကို မြင်လိုက်ကြရ၏။ ဟုန်ယွီဂိုဏ်း၏ တပည့်တယောက်က သူတို့မမြင်နိုင်သော တစ်နေရာမှ ထွက်ပေါ်လာကာ တောင်အောက်ကို ကျသွားသောလူငယ်အား ကယ်တင်သွား၏။ သူတို့နှစ်ယောက်လုံး တောင်အောက်ခြေကို ညင်သာစွာ ရောက်သွားသည် မြင်နိုင်ပေသည်။
ဝမ်လင်းလည်း ဖြူဖတ်ဖြစ်လျော်ဖြစ်ကာ တိတ်ဆိတ်သွားသည်။ သူက တောင်ပေါ်ကို ဂရုတစိုက် ဆက်တက်သည်။ အချိန်ကလည်း တဖြည်းဖြည်း ကုန်လာ၏။ ၂ရက်ခန့် ကြာပြီးတဲ့နောက်တွင် သူ့ရှေ့မှ လူငယ် တစ်ဒါဇင်ခန့်၏ အရိပ်များကို ပြန်မြင်လိုက်ရသည်။
သူနှင့်အတူ တက်လာခဲ့ကြသော လူငယ်များ ဘယ်လောက်များများ ကျရှုံးသွားပြီလဲ သူမသိပေ။ သူသိသည်က သူ အရှုံးပေး၍ မရ။ သူ့ခြေထောက်က သွေးများထွက်ပြီး ရောင်ကိုင်းနေသည်။ ခြေတစ်လှမ်းလှမ်းတိုင်း တစ်ဆစ်ဆစ်ကိုက်ခဲမှုကို ဆိုးဝါးစွာခံစားနေရ၏။ ထိုသို့ဖြစ်နေလျက်နှင့်ပင်သူက လေးဘက်ထောက်ကာ ဇွဲမလျော့ဘဲ ဆက်တက်လာခဲ့သည်။
တောင်ပေါ်မှ လူမမာ အသားအရောင်နှင့် သက်လတ်ပိုင်းအရွယ်လူတစ်ဦးက လေထဲမှ ပျံဝဲပြီး ဆင်းလာသည်... "ကောင်လေးတို့ မင်းတို့ရဲ့ စိတ်နှလုံးကို သန်မာအောင် ဆက်ထိန်းထားကြ... ဒီလမ်းကြောင်းက ရက်စက်ကြမ်းတမ်းတယ်ဆိုပေမဲ့... အလဟဿ မဖြစ်စေဘူး... ဘယ်ကြိုးစားအားထုတ်မှုကမှ အလဟဿ မဖြစ်ဘူး....."
သူက လေထဲမှ ပျံဝဲကာ တောင်ပေါ်ကို တက်နေသော လူငယ်များကို အပေါ်မှ ကျော်ဖြတ်လျက် အောက်ကို ဆင်းသွားလေသည်။
သက်လတ်ပိုင်းလူကြီးက ဝမ်လင်းကိုလည်း ကျော်ဖြတ်လာခဲ့သည်။ ဝမ်လင်းက သူကျော်ဖြတ်လာခဲ့သော လူငယ် ခြောက်ယောက်မြှောက်လည်းဖြစ်သည်။ လူငယ်များထဲတွင် သူက အားအပျော့ဆုံးလည်း ဖြစ်သည်။ သူ့အင်္ကျီတွင် သွေးများရွှဲရွှဲစိုနေသည်။ သူ့ ဒူးခေါင်းနှင့် ခြေချောင်းလေးများကလည်း ရုပ်ပျက်ဆင်းပျက် ဒဏ်ရာရနေသည်။
ဝမ်လင်းကား ယခုအချိန်တွင် လက်ကိုသာ အားပြုပြီး တက်နေရသည်။ သက်လတ်ပိုင်းလူကြီးက သက်ပြင်း ချကာ မေးလိုက်သည်... "ကလေး... မင်းနာမည် ဘယ်လိုခေါ်လဲ..... "
ဝမ်လင်း၏ အမြင်က လုံးဝ မှုန်ဝါးနေပြီးဖြစ်သည်။ သူ့အတွေးထဲတွင် သေခြင်း ရှင်ခြင်းကလည်း အရေးမကြီးတော့...။ ထို့ကြောင့် သက်လတ်ပိုင်း လူကြီး၏ မေးခွန်းကလည်း မကြားတစ်ချက် ကြားတစ်ချက်...။သူ့အတွက် ကျန်ရှိသော ခရီးလမ်းကသာ အရေးကြီးဆုံး ဖြစ်သည်။
သက်လတ်ပိုင်းလူကြီးက ဝမ်လင်း၏ မျက်လုံးကို ကြည့်ပြီး စိတ်ထဲ အနည်းငယ် လှုပ်ရှားသွား၏။ သူ့လက်ကို ဝမ်လင်း၏ ခေါင်းပေါ် အသာတင်လိုက်သည်... "ဒီကောင်လေးမှာ အံအားသင့်စရာကောင်းအောင် ခိုင်မာတဲ့ ဇွဲ၊လုံ့လ တွေရှိတယ်... သူ့မှာ ပင်ကိုစွမ်းရည် မပါတာ တော်တော်ဆိုးတာပဲ... စိတ်မကောင်းစရာပဲ... "
သူက ဝမ်လင်းကို အတန်ကြာ စူးစိုက်ကြည့်သွားပြီးနောက်တွင် သူလည်း တောင်အောက်ကို ဆင်းသွားတော့သည်။
ညအချိန် ရောက်လာသောအခါ ဝမ်လင်း၏ လက်၂ဘက်လုံးကလည်း သွေးများချင်းချင်းနီရဲလာသည်။ သူတက်လာခဲ့သော လှေကားထစ်တလျှောက်တွင်လည်း သွေးစွတ်ကြောင်းကြီး တစ်ခု ဖြစ်ပေါ်နေသည်။ သူ ဘယ်လောက် ကြာကြာ တက်ခဲ့ပြီလဲ ဝမ်လင်း မသိတော့...။ သူ့အား အပေါ်ကို ဆက်တက်ရန် တစ်စုံတစ်ခုသော အရာက တွန်းအားပေးနေခဲ့သည်။ သူက အချိန်မရွေး သေဆုံးသွားနိုင်သည်ဟုလည်း ခံစားနေရ၏။
၃ရက်မြောက်နေ့တွင် မနက်ခင်း နေရောင်ခြည်က ဝမ်လင်းအပေါ်ကို ကျဆင်းလာခဲ့သည်။ ဝမ်လင်းကား ကျောက်တုံးလှေကားအဆုံးကို ရောက်ရုံမျှသာ ရှိသေးသည်။ ကံဆိုးစွာဖြင့်ပင် ထိုအချိန်၌ သူ့နှလုံးကို တုန်ခါစေသော ခြောက်ခြားစေသော မိုးချိန်းသံအလား အသံတစ်ခုကို ကြားလိုက်ရသည်... "အချိန်ပြည့်ပြီ... ၃ယောက် အောင်တယ်... ကျန်တဲ့သူ ကျတယ်..... "
ဝမ်လင်းက တကိုယ်လုံး ပျော့ခွေသွားသလို ခံစားလိုက်ရကာ မိမိကိုယ်ကို ခါးသီးစွာ ပြုံးလိုက်မိသည်။ နောက်လှည့်ရင်းက သူ တက်လာခဲ့သော လှေကားထစ်များကို ကြည့်လိုက်သည်။ ထို့နောက် သူ၏အသိက လုံးဝကို အမှောင်ကျသွားတော့သည်။
လွန်ခဲ့သောသုံးရက်က ဝတ်စုံနက်လူကြီးက တောင်ထိပ်မှာ ရပ်နေခဲ့သည်။ မီတာ၅၀ အကွာအဝေးခန့်မှ ထိုလူကြီးက ဝမ်လင်းကို သနားဂရုဏာကင်းသော မျက်လုံးများဖြင့် ကြည့်နေသည်။
ဟုန်ယွီဂိုဏ်း၏ တပည့်အနည်းငယ်က တောင်ထိပ်ပေါ်မှ ဆင်းလာကြကာ လူငယ်တစ်ယောက်စီတိုင်း၏ ရှေ့တွင် ရပ်လျက် ဆေးများ တိုက်ကျွေးကြသည်။
အမျိုးသမီး တပည့်တစ်ယောက်က အေးစက်သော လေသံဖြင့် ပြောသည်... "စီနီယာ... ၃၉ယောက်မှာ ၂၅ယောက်က အရှုံးပေးသွားကြတယ်... ၃ယောက် အောင်တယ်... ၁၁ယောက် ကျန်တယ်..... "
သူမက ဤကဲ့သို့ လူမဆန်သော စမ်းသပ်မှုမျိုးတွင် အတွေ့အကြုံရှိပုံ ရသည်။ ငယ်ငယ်လေးကတည်းက လေ့ကျင့်ခဲ့သော သူမ၏ သိုင်းပညာအပေါ်တွင် မိမိကိုယ်ကို ယုံကြည်မှုရှိသည်။ သူမ၏ ဇွဲလုံ့လမူကား လုံလောက်ရုံမျှသာ ရှိသည်။ ၁၀ နှစ်ခန့် ကြိုးစားခဲ့သည့်တိုင်အောင် ယခုထိ ပင်မတပည့်တစ်ယောက် ဖြစ်မလာသေးပေ။
ဝတ်စုံနက်လူ၏မျက်လုံးက အေးစက်နေသည်။ သူက သတိလစ်နေသော လူငယ် ၁၁ယောက်ကို ကြည့်ကာ မသိမသာ ခေါင်းညိတ်လိုက်သည်... "အောင်တဲ့ ၃ယောက်ကို ခေါ်သွားပြီး သူတို့လုပ်ရမယ့် အလုပ်တွေ ရှာပေးလိုက်... ကျရှုံးသွားတဲ့ ၂၅ယောက်ကိုတော့ သူတို့ရဲ့ မိသားစုတွေဆီကို ပြန်ပို့လိုက်... နောက်ဆုံးကျန်တဲ့ ၁၁ယောက်ကတော့ သူတို့နိုးလာအောင် စောင့်ပြီးတော့မှ ဓားဝိညာဉ်စံအိမ်ဆီ ပို့လိုက်... ဓားဝိညာဉ်နဲ့ စိတ်ချင်းဆက်နွယ်မှု ရှိလားကြည့်ခဲ့... သူတို့မှာ မရှိဘူးဆိုရင် အိမ်ပြန်ပို့လိုက်တော့... "
သက်လတ်ပိုင်းလူကြီးက ပြောပြီးသည်နှင့်မည်သူ့ကိုမှ မကြည့်တော့ဘဲ အဝေးကို ထွက်သွားသည်။
၃ရက်ကြာပြီးနောက်တွင် ဓားဝိညာဉ်စံအိမ်၌ ဆယ်ကျော်သက်လူငယ် ၁၁ယောက်က ဖြူရော်နေသော မျက်နှာဖြင့် မတ်တပ်ရပ်နေကြသည်။ ဝမ်လင်း၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကလည်း သက်သာ ပျောက်ကင်းနေလေပြီ။ သို့သော်လည်း စိတ်ဒဏ်ရာကတော့ ယခုထိ အနာမကျက်သေးပေ။ သူ၏ကျရှုံးမှုက ဝမ်လင်း၏စိတ်နှင့်ခန္ဓာကိုယ်ကို လုံးဝ လုံးပါးပါးစေသည်။
ဤဓားဝိညာဉ်စမ်းသပ်မှုကို ဝတ်စုံနက်လူကြီးက ကြီးကြပ်ခြင်း မဟုတ်ချေ။ ယခင်က သူတို့မမြင်ဖူးသော ဝတ်စုံဖြူဝတ်လူကြီးတစ်ယောက်က ကြီးကြပ်ခြင်း ဖြစ်၏။ သူ၏မျက်လုံးများကလည်း အေးစက်သောအငွေ့အသက်များ ယှက်သန်းနေသည်။ သူက လူငယ်များကို ပုရွတ်ဆိတ်တစ်ကောင်လို သဘောထားပြီး ကြည့်နေသည်။
ထိုလူကြီးက စိတ်မရှည်စွာ ကြည့်လိုက်သည်... "ဒါက နောက်ဆုံး စမ်းသပ်မှုပဲ... အခန်းထဲကို ရောက်အောင် သွားနိုင်ရင် မင်းတို့က အောင်ပြီလို့ သတ်မှတ်တယ်... "
အားလုံး၏အကြည့်များက စံအိမ်ထံသို့ ရောက်နေကြသည်။ စံအိမ်၏ ရှေ့တံခါးက ဖွင့်ထားသည်။ အထဲကိုကြည့်လိုက်ပါက အရွယ်အစား မျိုးစုံသော ဓားများကို မြင်တွေ့ရသည်။
လူငယ်များက တစ်ယောက်ချင်းစီ စံအိမ်ထံသို့ လမ်းလျှောက်သွားသည်။ ပထမတစ်ယောက်က စံအိမ်နှင့် ၅မီတာ အတွင်းကို ရောက်ရှိလာသည်။ သူက စံအိမ်နဲ့ နီးကပ်အောင် အပြင်းအထန် ကြိုးစားနေရသည့်အတွက် မျက်နှာတစ်ခုလုံးက နီရဲနေသည်။ သို့သော်လည် မမြင်နိုင်သော အားတစ်ခုက သူ့အား တွန်းထုတ်ပစ်လိုက်သည်။
"ကျတယ်... နောက်တစ်ယောက်..." ဝတ်စုံဖြူဝတ်က အော်လိုက်သည်။
ဝမ်လင်းက ၇ယောက်မြောက် ဖြစ်သည်။ သူ့ရှေ့က ၆ယောက်လုံးက ကျရှုံးသွားပြီးဖြစ်သည်။ သူတို့က စံအိမ်နှင့် ၅မီတာအတွင်းသို့ ရောက်သည်နှင့် မမြင်နိုင်သော အားတစ်ခု၏ တွန်းကန်ခြင်းကို ခံကြရသည်။ ဝမ်လင်းက ခါးသီးစွာ ပြုံးလိုက်၏။ သူ့နှလုံးသားထဲမှ လက်ကျန် မျှော်လင့်ချက် ကလေးနှင့်အတူ ရှေ့ကိုလျှောက်သွားလိုက်သည်။
ဝမ်လင်းက ၅မီတာ အကွာအဝေးခန့်ကို ပေါ့ပေါ့ပါးပါး လျှောက်လှမ်းနိုင်ခဲ့သည်။ သူ၏နှလုံးခုန်သံက တဖြည်းဖြည်းမြန်ဆန်လာသည်။ နောက်၁မီတာခန့်ခြေလှမ်း လှမ်းလိုက်သည်။ ဝမ်လင်းက မည်သည့် ခံစားမှုမျိုးမှ ထူးထူးခြားခြား မခံစားရသေးပေ။
"ဟေ..... " ဝတ်စုံဖြူဝတ်က အံ့သြစွာဖြင့် လွှတ်ခနဲ ထွက်သွားသည်။သူ့မျက်လုံးများက တောက်ပလာပြီး မျက်နှာကလည်း အနည်းငယ် စိတ်ဝင်စားသော အမူအရာဖြစ်လာ၏။ ဝတ်စုံဖြူဝတ်လူက ညင်သာစွာပြောသည်... "ဆက်သွားဖို့ တုံ့ဆိုင်းမနေနဲ့... ဓားဝိညာဉ်စံအိမ်ထဲကို ဆက်လျှောက်သွား... ဓားဝိညာဉ်က အသိအမှတ်ပြုမယ်ဆိုရင် အရင်စမ်းသပ်မှု ၂ခုမှာ ရှုံးနိမ့်နေရင်တောင်မှ မင်းကို ပင်မတပည့်အဖြစ် အသိအမှတ် ပြုလိမ့်မယ်... "
တခြားလူငယ်၁၀ယောက်မူကား မနာလိုသောအမူအရာများဖြင့် ရပ်ကြည့်နေကြသည်။
ဝမ်လင်းက ကြီးစွာသော ဖိအားကို ခံစားနေရ၏။ သူ့မိဘများ၏ပုံရိပ်များ သူ၏ခေါင်းထဲကို ဝင်လာရင်းဖြင့်ပင် ဝမ်လင်းက တံခါးထံသို့ နောက်ထပ် ၁မီတာခန့် လှမ်းလိုက်သည်။ တံခါးသို့ ရောက်ရန် ၃မီတာခန့်သာ လိုတော့သည်။ ထို့နောက် ဝမ်လင်းက နောက်တစ်လှမ်း လှမ်းလိုက်သည်။
ရုတ်တရက် ကြီးမားသော အားတစ်ခုက ဝမ်လင်းကို တွန်းထုတ်လိုက်သည်တွင် ဝမ်လင်းက သူ၏ခန္ဓာကိုယ်အား မထိန်းချုပ်နိုင်တော့ပဲ အနောက်ကို ၁၀မီတာခန့် လွင့်စင်သွားသည်။
တခြားလူငယ်များက ဝမ်လင်းကို လှောင်ပြောင်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ဝမ်လင်းလည်း သူတို့နှင့် ဘာမှ ထူးခြားမည်မဟုတ်ဟု သူတို့ ထင်မြင်ကြသည်။
နာကြည်းစွာ တစ်ချက်ရယ်လိုက်ရင်းက သူ၏စိတ်ထဲ ပိုမို၍ နာကျင်လာသည်။ သူ့မိဘများ၏ မျှော်လင့်ချက်များကလည်း တဖြည်းဖြည်း သေဆုံးလာသည်။
ဝတ်စုံဖြူဝတ်၏ မျက်လုံးများက တဖန် အေးစက်သွားသည်... "ကျတယ်... နောက်တစ်ယောက်... "
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အဆုံးသတ်တွင် လူငယ် ၁၁ယောက်လုံး စမ်းသပ်မှုအားမကျော်ဖြတ်နိုင်ခဲ့ပေ။ မိန်းမငယ်တယောက်သာ ဝမ်လင်းကဲ့သို့ ကျော်ဖြတ်နိုင်ခဲ့သည်။
ထိုနေ့တွင်ပင် စမ်းသပ်မှုတွင်ကျရှုံးသည့် လူငယ်အားလုံးအား တောင်ခြေသို့ ပြန်လည် ပို့ဆောင်စေသည်။ ဟုန်ယွီဂိုဏ်းက သူတို့အား တစ်ယောက်ပြီးတစ်ယောက် အိမ်သို့ ပြန်လည်ပို့ဆောင်စေ၏။ ဝမ်လင်းအား အိမ်ပြန်ပို့သောတစ်ယောက်ကား အရင်တစ်ခါ ဝမ်လင်းကို လာခေါ်သော တစ်ယောက်ဖြစ်သည်။ သူ့နောက်တွင်ကား ဝမ်ကျောက်နှင့် ဝမ်ဟိုတို့ဖြစ်ကြသည်။
လူငယ်က လက်နှစ်ဘက်ကို ဆုပ်ကာ ပြောလိုက်သည်... "ဆရာဦးလေးတပည့်ဖြစ်သွားလို့ ဂုဏ်ပြုပါတယ် အကိုဝမ်ကျောက်..ခင်ဗျားက ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်သွားပါပြီ... "
ဝမ်ကျောက်က မောက်မာသည့်ပုံစံဖြင့် ဝင့်ကြွားစွာပြောလိုက်သည်..." ဒါက သာမန်ပါပဲ... ဆရာကငါ့ကို လောကီရေးရာကိစ္စတွေ အပြီးသတ်လုပ်ဆောင်ပြီး ပြန်လာတာနဲ့ တန်ခိုးကျင့်စဉ်တွေ စတင်သင်ကြားပေးမယ်လို့ပြောတယ်..."
ဝမ်ဟိုသည် ခေါင်းမော့ရင်းက ဘေးတစ်စောင်းကြည့်ကာ ပြောသည်... "မင်းကိုယ်မင်း သွေးနားထင်ရောက်နေတာကို ငါက ဘယ်တုန်းကမှ ကြည့်မရခဲ့ဘူး… မင်းမှာဆရာရှိတော့ ဘာအရေးလဲ... မသေဆေးဖော်ဖို့ ငါသင်လို့ရသေးတာပဲ..."
ဝမ်ကျောက်က ဝမ်ဟိုအား မျက်မှောင်ကျုံ့ကြည့်ပီးနောက် တိတ်တဆိတ် ရပ်နေသည့် ဝမ်လင်းအားကြည့်ကာ ပြုံးပြသည်... "ဘယ်လိုလဲ ထေ့ကျူး... ငါမင်းကို အခွင့်အရေးမရှိဘူးလို့ပြောခဲ့တာကို မင်းအဖေနဲ့မင်းက ယုံမှ မယုံတာကိုး...အခု ရလဒ်ကို သိပြီမို့လား..."
ထေ့ကျူးက ခေါင်းမော့ရင်း ဝမ်ကျောက်အား တချက်ကြည့်ကာ ဟုန်ယွီဂိုဏ်းသားလူငယ်ကို ပြောသည်…. "ဆရာ... ကျွန်တော့်မိဘတွေ အိမ်မှာစောင့်နေလိမ့်မယ်... ကျွန်တော့်ကို အိမ်ကို မြန်မြန်ပြန်ပို့ပေးပါ့လား..."
ဝမ်လင်းက သူ့အား လျစ်လျူရှုထားသည်ကို ဝမ်ကျောက်က မြင်သည်တွင် ဒေါသတကြီးနှင့်ပြောလိုက်သည်... " သောက်တောသားလေး... မင်းအဖေလို ရွာလေးမှာ တသက်လုံး လက်သမားဖြစ်နေတာ ပိုကောင်းမယ်..."
အင်မော်တယ်လူငယ်က သူ့ရှေ့မှ လူငယ်သုံးယောက်အားကြည့်ကာ တချက်ပြုံးလိုက်သော်လည်း စကားတခွန်းမှ မပြောပေ။ သူ့ဝတ်ရုံအား သိမ်းလိုက်ပြီး လူငယ်သုံးယောက်အားခေါ်ဆောင်ကာ ဟုန်ယွီဂိုဏ်းတည်ရှိရာတောင်ပေါ်မှ ပျောက်ကွယ်သွားလေသည်။
ဖြစ်စဉ်အစမှ အဆုံးကို ခြုံငုံကြည့်လျှင် ဝမ်လင်း၏ခံစားချက်က ကောင်းကင်နှင့် မြေကြီးကဲ့သို့ ခြားနားနေသည်။ မူလအစတွင် သူက မျှော်လင့်ချက်အပြည့်ရှိနေခဲ့သော်လည်း အဆုံးသတ်တွင် စိတ်ပျက်အားလျော့ခြင်းကသာ ကြီးစိုးနေတော့သည်။
အနည်းငယ်ကြာပြီးနောက် သူတို့က ဝမ်အိမ်တော်ထံသို့ ပြန်လည်ရောက်ရှိလာကြသည်။ ဝမ်လင်းကမျက်လုံးများအား ဖွင့်လိုက်သည်။ အိမ်တော်တစ်ခုလုံး ပျော်ရွှင်ပွဲကျင်းပရန် သက်ဝင်လှုပ်ရှားနေသည်ကို မြင်တွေ့ရသည်။ သူ့အဖေက ရွာတွင် စားသောက်ပွဲကျင်းပစဉ်ကထက်ပင် စားပွဲများ ပိုမိုများပြားကာ ခြံဝင်းတခုလုံး ပြည့်လုမတက်ဖြစ်နေလေသည်။
ဝမ်မိသားစုအားလုံးရောက်ရှိနေကြပြီးဖြစ်သည်။ အဝေးကို ကုန်ရောင်းကုန်ဝယ်အနေဖြင့် သွားနေကြသည့် လူများပင် ပြန်ရောက်နေကြသည်။ အခမ်းအနားပွဲကား လူတိုင်း၏ ပြုံးပန်းဝေဆာသော လှုပ်ရှားမှုများ ခွက်ချင်းတိုက်သံများ စကားပြောသံများဖြင့် ပြည့်နှက်နေ၏။
ပွဲတော်ကို ဦးဆောင်ကျင်းပသူကား ဝမ်ထန်းရွှီ၏ အကိုကြီး ၊ ဝမ်ထန်းရွှီနှင့် ဝမ်ထန်းရွှီ၏ တတိယညီငယ်တို့ပင်ဖြစ်ကြသည်။ ထိုသုံးယောက်၏ ဆွေမျိုးသားချင်းအားလုံးက ထိုသုံးယောက်အား ဂုဏ်ပြုနေကြသည့် မြင်ကွင်းကား ပျော်ရွှင်ဖွယ်ဖြစ်သည်။
သူတို့မျက်ဝန်းထဲတွင်မနာလိုမှုများ ပြည့်နှက်နေသော်လည်း မြှောက်ပင့်စကားများသာ ပြောဆိုနေကြသည်။ အထူးသဖြင့် တစ်ဦးတစ်ယောက်မှမကူညီခဲ့ကြသော်လည်း ဝမ်လင်းအဖေ၏ အတိတ်မှ ဝမ်းနည်းစရာအကြောင်းကို နားလည်စာနာဟန် ပြောဆိုကြသည်။
ဝမ်လင်း၏ ဦးလေး၆က ပြောသည်..."အကို၂ ဒီတစ်ကြိမ် အစ်ကို့သား သေချာပေါက်အရွေးခံမှာပဲ... နောက်ပိုင်း အစ်ကိုက လက်သမားလုပ်စရာမလိုတော့ဘူး... လူတိုင်းက အကို့ကို မြင်တာနဲ့ အကြီးအကဲလို့ ခေါ်ကြမှာပဲ..."
ဝမ်ထန်းရွှီ၏ညီ၅ကလည်း ပြောသည်... "လောင်အာ... အရင်ကတည်းက မင်းဘဝက မလွယ်ကူခဲ့ဘူး ဆိုတာ ငါသိပြီးသားပါ... မင်းဘဝကို ထေ့ကျူးအတွက်ပေးဆပ်ခဲ့တယ်... အခုသူက အင်မော်တယ်ဖြစ်တော့မယ်ဆိုတော့ သူ့အဖေဖြစ်တဲ့မင်းကလဲ သာမန်မဟုတ်တော့ဘူး..."
"အကို၂... ဒီတခါ ခင်ဗျားသား ထေ့ကျူးရော ကျုပ်သားရောအရွေးခံရလိမ့်မယ်... ကျွန်တော်တို့ညီအကိုတွေ မတွေ့ရတာ ဆယ်နှစ်လောက်ရှိပီ... အခု ဘာပဲဖြစ်ဖြစ်အတူတူသောက်ကြစို့... " ဝိုင်ခွက်ကို ကိုင်ရင်းနှင့် ဝမ်ဟို၏အဖေ(ဝါ)ဝမ်ထျန်းရွှီ၏ တတိယညီငယ်က ပြောလိုက်သည်။
ထေ့ကျူး ၏ဖခင်က သူ့အားအထင်သေးခဲ့သည့် ဆွေမျိုးများအား ကြည့်လိုက်သည်။ အတိတ်မှ အထင်အမြင်သေးခြင်းများကား ယခုအချိန်တွင် စုတ်စမြုတ်စ လွင့်ပျောက်သွားကြလေပြီ။ သို့သော်လည်း အဘယ်ကြောင့်မှန်းမသိ၊ သူ့ရင်ကို ကျောက်တုံးကြီးတစ်တုံးက ဖိနှိပ်ထားသယောင်ခံစားနေရသည်။
"ထေ့ကျူး..... မင်းအရွေးခံရမှဖြစ်မယ်... " ဝမ်လင်း၏အဖေ တိတ်တဆိတ် အားတင်းသည်။
"မရီး၂ ... အကို၂ကို ခင်ဗျားလက်ထပ်ခဲ့တာ ကံကောင်းတာပဲ... ထေ့ကျူးလို သားမျိုးကို ရထားမှတော့ ဒီဒေသတဝိုက်မှာ မရီးကို မသိတဲ့လူ မရှိလောက်တော့ဘူး... "
"မရီး၂... ခင်ဗျားကလေး ထေ့ကျူးက ကျွန်တော့်သားထက် ပိုစွမ်းနိုင်တယ်... ထေ့ကျူးက ငယ်ငယ်ကတည်းက ညဏ်ကောင်းတယ်..."
"ထေ့ကျူးအမေရေ ကျုပ်တို့က တစ်မိသားစုတည်း ဖြစ်ပေမယ့် အခုခေတ်မှာ ဆွေမျိုးနီးစပ်တွေအချင်းချင်း လက်ထပ်ကုန်ကြပြီ… ထေ့ကျူးက ရုပ်လဲချောတယ် ကျုပ်လဲ သူ့ကို သဘောကျတယ်....ကျုပ်တို့မိသားစုနှစ်ခု ပေါင်းစည်းကြရင်မကောင်းဘူးလား… "
ထေ့ကျူး၏ဖခင်ကဲ့သို့ပင် သူ၏မိခင်ကိုလည်း အမျိုးသမီး ဆွေမျိုးများက စကားဝိုင်းဖွဲ့ပြောဆိုနေကြသည်။
ဝမ်ကျောက်၏ဖခင်မူကား တချိန်လုံး တင်းမာသော မျက်နှာထားဖြင့် ထိုင်နေသည်။ အင်မော်တယ်ရောက်ရှိလာကာ ထေ့ကျူး အရွေးမခံရသည့် သတင်းစကားလာပြောရန်သာ သူက တိတ်တဆိတ်မျှော်လင့်နေသည်။ ထိုအခါကျမှ သူက သူ့ညီ၂၏ ခံစားချက်အား မိန့်မိန့်ကြီး ကြည့်မည်ဖြစ်သည်။
ထိုသို့တွေးကာ သူက တချက်ရယ်မောလိုက်ပြီး သူ့ရှေ့ရှိ သူ့သားအကြောင်းမြှောက်ပင့် ပြောနေသော ဆွေမျိုးအား ခွက်ချင်းတိုက်လိုက်သည်။
မြင်ကွင်းကား တက်ကြွစွာဖြင့် လှုပ်ရှားအသက်ဝင်နေသည်။ ထိုအချိန်တွင်ပင် ဓားအလင်းတန်းတခု ခြံဝင်းထဲသို့ကျရောက်ပြီး လူလေးယောက်ပေါ်ထွက်လာသည်။
ရုတ်တရတ် ခြံဝင်းတခုလုံး တိတ်ဆိတ်သွားသည်။ ဝမ်မိသားစုဝင် တစ်ဦးတစ်ယောက်မှပင် စကားတခွန်းမပြောရဲကြပေ။
ဟုန်ယွီဂိုဏ်းတပည့်က ပတ်ဝန်းကျင်ကို အကဲခတ်ရင်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူ ဟုန်ယွီဂိုဏ်းတပည့်အဖြစ်အရွေးခံရစဉ်က သူ့ဇာတိမြို့တွင်လည်း ထိုသို့ကျင်းပခဲ့ဖူးသည်။ ဝမ်လင်းကို ဂရုဏာသက်စွာကြည့်ရင်းနှင့် အရွယ်နှင့်မလိုက်သည့် ပြင်းထန်သော အခြေအနေတစ်ခုအား ထိုကလေး ရင်ဆိုင်ရတော့မည်ကို သိလိုက်သည်။
"သူ့ဘဝရှေ့ခရီး ခက်ခဲကြမ်းတမ်းတော့မှာပဲ....."ဟုန်ယွီဂိုဏ်းတပည့်က ခေါင်းယမ်းရင်း ဓားအလင်းအဖြစ် အသွင်ပြောင်းကာ ထွက်ခွာသွားသည်။
"အင်မော်တယ်လမ်းစဉ်လျှောက်လှမ်းသူတွေဟာ လောကီကိစ္စတွေနဲ့မအပ်စပ်တော့ဘူး...လုပ်စရာရှိတာ လုပ်ထား… မင်းတို့ကို သုံးရက်အတွင်း ငါပြန်လာခေါ်မယ်...."အဝေးမှ သူ့အသံကား ပဲ့တင်ထပ်သွားသည်။
အင်မော်တယ်ထွက်သွားသည်ကို မြင်သောအခါ ဝမ်ကျောက်၏အဖေက အလျင်အမြန် သူ့သားဆီသို့သွားကာ မေးလိုက်သည်… "အင်မော်တယ်တွေက မင်းကို တပည့်အဖြစ်လက်ခံလိုက်လား "
ဝမ်ကျောက်က ရင်ကိုကော့ကာ မာနဝင့်ထည်စွာဖြင့် ပြောလိုက်သည်… " ကျွန်တော်က ဆယ်နှစ်အတွင်း ဟုန်ယွီဂိုဏ်းတပည့်တွေရဲ့ ခေါင်းဆောင်ဖြစ်လာလိမ့်မယ်လို့ ဆရာက ပြောလိုက်တယ်..."
ဝမ်ကျောက်၏ဖခင်က အလွန်အမင်း ဝမ်းမြောက်သွားကာ သူ့သားပခုံးအား တင်းတင်းဆုပ်ကိုင်လျက် ရယ်မောလိုက်သည်… "တော်တယ်... ဝမ်ကျောက်... နောင်တချိန်မှာ မင်းက အင်မော်တယ်ဖြစ်လာလိမ့်မယ်... ငါတို့ဝမ်မိသားစုမှာ အင်မော်တယ်ရှိလာတော့မယ်ကွ..."
ဝမ်ဟို၏ဖခင်လည်း ဝမ်ဟို၏ အား စိုးရိမ်တကြီးကြည့်လိုက်သည်။ သူမေးရန်ကြံရွယ်စဉ်တွင် ဝမ်ဟိုက သက်ပြင်းချပီး ပြောလိုက်လေသည်… "အဖေ မေးစရာမလိုတော့ဘူး...အဖေ့သားက ဟုန်ယွီဂိုဏ်းတပည့် ဖြစ်ပီးသား… "
ဝမ်ဟို၏ဖခင်လည်း ဝမ်းမြောက်ဝမ်းသာဖြင့် ခွက်ကို ကိုင်ကာ တရှိန်ထိုးမော့ချလိုက်သည်။
ဝမ်ကျောက်က မနှစ်မြို့သည့်မျက်နှာဖြင့် မထီလေးစား ပြောလိုက်သည်… "ဦးလေးသုံးက သားကောင်းတယောက် မွေးထားတာပဲ... သူ့ကြောင့် ဝမ်မိသားစုမျက်နှာငယ်ရတယ်... လူတိုင်းရဲ့ရှေ့မှာ အင်မော်တယ်ကို မြှောက်ပင့်ပြောပီးတော့ အကူဖြစ်လာခဲ့တယ်..."
ဝမ်ဟို မျက်ခုံးပင့်ကာ ပြောလိုက်သည်... "အဲ့တော့ ဘာဖြစ်လဲ ငါပျော်တယ်... နောင်တချိန် ဘယ်သူက အစွမ်းထက်တဲ့ကျင့်စဉ်တွေရပီးတော့... ဘယ်သူက မိသားစုပုံရိပ်ကျဆင်းစေမလဲ မင်း ကောင်းကောင်း သိရမယ်... "
ထေ့ကျူး၏ဖခင်က သူ့သားမျက်နှာပေါ်မှ စိတ်ဓာတ်ကျသည့် ပုံစံကို မြင်သောအခါ တုန်လှုပ်သွားပီး မကောင်းသည့်ခံစားချက်များ ရရှိလိုက်သည်။
"ထေ့ကျူး ...သားရော ဘယ်လိုလဲ..." ထေ့ကျူး၏ မိခင် မျှော်လင့်တကြီးမေးလိုက်သည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
ထေ့ကျူးက ဝမ်ကျောက်၏ လှောင်ပြောင်သံများအောက်တွင် တိတ်ဆိတ်နေသည်။
"ဒီကောင်က ပင်ကိုယ်ပါရမီ မပါဘူးလို့ အစကတည်းက ပြောသားပဲ... သူက အခု မိသားစုကိုတောင် မျက်နှာပျက်စေတယ်... ကျွန်တော် ပထမ စမ်းသပ်မှုအောင်ပြီးနောက် သူ့ကို လုံးဝ မတွေ့ရတော့ဘူး... နောက်ရက် နည်းနည်းကြာပြီးမှ သူက စမ်းသပ်မှု ၃ခုလုံး ကျရှုံးခဲ့တာကို ကြားခဲ့ရတယ်… အမှန်ဆို သူ မသွားခဲ့သင့်ဘူး... ကျွန်တော်က ဦးလေး၄ ရဲ့သားကို လွှတ်ခဲ့သင့်တယ်လို့ ထင်တယ်... "
ထေ့ကျူး၏ ဦးလေး၄က မျက်မှောင်ကျုံ့လိုက်ပြီး ပြောလိုက်သည်..."ဝမ်ကျောက်... မင်းက အင်မော်တယ်တစ်ယောက် ဖြစ်လာရင်တောင်မှ ငါ့ရဲ့သား လုပ်နိုင် ၊ မလုပ်နိုင် ဆိုတာ မင်းသိနိုင်လို့လား... အတင့်ရဲတယ်... "
ဝမ်ကျောက်၏မျက်လုံးထဲတွင် အေးစက်သောအရောင်တစ်ချက် လက်သွားသည်။ သူက မသိမသာ ရယ်လိုက်သော်လည်း ဘာမှမပြောတော့ချေ။
ထေ့ကျူး၏ အဖေက ၁၀နှစ်ခန့် အိုစာသွားပြီး ကုလားထိုင်ပေါ် ပြိုလဲကျသည်။
ထေ့ကျူး၏ အမေက အလွန်ထိတ်လန့်သွားပြီး ဖြစ်ပျက်နေသည်ကို မယုံနိုင်စွာဖြင့် ကြည့်နေသည်။
သူမက မေးလိုက်သည်... "ထေ့ကျူး ဒါအမှန်ပဲလား... "
ထေ့ကျူးက သူ၏နှုတ်ခမ်းကို သွေးထွက်သည်အထိ ကိုက်ထားသည်။ ဝမ်လင်း မြေပေါ်သို့ ဒူးထောက်ကျသွားပြီး သူက အသံတိုးတိုးဖြင့် ပြောလိုက်သည်..."အမေနဲ့အဖေ... သားကို အင်မော်တယ်တွေက မရွေးချယ်ခဲ့ဘူး... သားတောင်းပန်ပါတယ်... နောက်ဘဝကျမှပဲ ကျေးဇူးပြန်ဆပ်ပါ့မယ်... "
ထေ့ကျူး၏အမေက ဝမ်လင်း၏ စိက်ပျက်မှုကို နားလည်စာနာသည်။ သူမက ဝမ်လင်းထံကို ပြေးသွားပြီး သူမ၏သားကို ပြေးထူလိုက်သည်။
"သား မစိုးရိမ်ပါနဲ့... အင်မော်တယ်တွေက မရွေးတော့လဲ ဘာမှမဖြစ်ဘူး... ခရိုင်က ကျင်းပပေးတဲ့ စာမေးပွဲ ရှိသေးတာပဲ... သား ကိုယ့်ကိုယ်ကို တွန်းအား အရမ်းမပေးပါနဲ့... မိုက်မဲတဲ့အရာတွေလည်း မလုပ်နဲ့နော်... သားရဲ့အဖေနဲ့အမေက သားဖြစ်ထွန်းမယ်ဆိုတာ သိပြီးသားပါ...."
ထေ့ကျူး၏အဖေလည်း စိတ်မကောင်း မဖြစ်တော့ချေ။ သူကိုယ်တိုင်ကလည်း သူ့သား၏ စိတ်အခြေအနေကို နားလည်သည်။ သူကလည်း စိုးရိမ်ထိတ်လန့်သွားပြီး သူ့သားအနီးကို ကပ်သွားသည်။
သူ့သားကို အသာလှုပ်ကိုင်လိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့် ထေ့ကျူး၏အဖေက ပြောလိုက်သည်..."ထေ့ကျူး... သားဘာမှ လျှောက်မလုပ်ရဘူးနော်... အဖေ့စကားကို နားထောင်ပါ... အိမ်ကိုပြန်ကြမယ်... ပြီးရင် နောက်နှစ် ခရိုင်စာမေးပွဲအတွက် ပြင်ဆင်ကြမယ်... "
အနီးအနားမှ ဆွေမျိုးများက ထေ့ကျူး၏ မိသားစုနှင့် ဝေးရာကို အလျင်အမြန် ရွေ့သွားကြသည်။ သူတို့က ပြဇတ်တစ်ခုကို ကြည့်နေရသလိုမျိုး ထေ့ကျူး၏ အဖြစ်အပျက်ကိုကြည့်ကာ တီးတိုးဝေဖန်ပြောဆိုနေကြသည်။
ဦးလေး၆က လှောင်ပြောင်သရော်သလို ပြောလိုက်သည်.... " ဒီကောင်လေးမှာ အစကတည်းက ပင်ကိုယ်စွမ်းရည် မရှိပါဘူးလို့ သိသားပဲ... ဘယ်လိုလုပ် ဝမ်ကျောက်နဲ့ ယှဉ်လို့ရမှာလဲ... "
"မှန်တယ်... အရွေးမခံရဘဲနဲ့ ဘယ်လိုလုပ် အရွေးခံရတယ်ဆိုပြီး ဆက်ဆံရမှာလဲ... ဘယ်လောက်အရှက်မရှိလိုက်သလဲ... လောင်အာ မင်းအသက်ကြီးနေပါပြီ... ဘာလို့ ဒီလောက်တောင် တုံးရတာလဲ... အဖေက သူ့ရဲ့အမွေတွေ မင်းကို မပေးခဲ့တာ အံသြစရာ မဟုတ်ဘူးပဲ... " ထေ့ကျူး၏ ဦးလေး၃ကလည်း ထေ့ငေါ့ပြီး ပြောလိုက်သည်။
"သူ့ရဲ့သားက တော်တယ်ဆိုတာကလည်း လိမ်ညာထားတာပဲ ဖြစ်ရမယ်... သူကိုယ်တိုင်ကလည်း အသုံးမကျတဲ့သူမှန်း သူ့ကိုယ်သူသိလို့ လိမ်ညာပြီးတော့ သူ့သားရဲ့ဂုဏ်ကို မြင့်ခဲ့တာပဲ... အခုတော့ အကုန်လုံး ပေါ်ကုန်ပြီ... " ဦးလေး၅ကလည်း အရုပ်ဆိုး အကျည်းတန်သော မျက်နှာဖြင့် ပြောလိုက်သည်။
ဆွေမျိုးတစ်ယောက်ကလည်း သရော်လိုက်သည်... "စမ်းသပ်မှု သွားဖြေတာ ၃ယောက်မှာ သူပဲကျလာတယ်... ထေ့ကျူးက ဝမ်မိသားစုမှာ အညံ့ဆုံးကလေးပဲ... ယောင်းမ ငါနင့်ကို အစ်ကို၂နဲ့ ကောင်းတဲ့ကံ ရှိတယ်လို့ ပြောခဲ့တယ်... အခုမြင်ပြီမလား... နင့်ရဲ့ကျန်ရှိနေတဲ့ ဘဝတစ်လျောက်မှာ အခုကစပြီး နင့်ရဲ့ ကံကောင်းမှုတွေက ကျဆင်းလာနေပြီ..."
ထေ့ကျူး၏ ဒေါ်လေးတစ်ယောက်ကလည်း သရော်ပြုံး ပြုံးလိုက်ပြီး ပြောလိုက်၏..." ငါပြောတာ မမှန်လို့လား... ပြီးခဲ့တဲ့ ရက်က ထေ့ကျူးကို ငါကိုယ်တိုင် အနီးကပ် တွေ့ခဲ့တယ်... သူက ဘယ်လိုလုပ် ဝမ်ကျောက်၊ ဝမ်ဟို တို့နဲ့ ယှဉ်လို့ရမှာလဲ..... "
ဆွေမျိုးအမျိုးသမီး နောက်တစ်ယောက်ကလည်း မညှာမတာ ထပ်ပြောလိုက်သည်... "ထေ့ကျူးမှာ ပင်ကိုယ်စွမ်းရည် မရှိတာ မြင်ပြီးသား... သူ့ရဲ့အဖေနဲ့အမေကို ကြည့်လိုက်... သူတို့က ဘယ်လိုလုပ် တော်တဲ့ကလေးတစ်ယောက်ကို မွေးထုတ်နိုင်မှာလဲ... အစ်ကိုအကြီးဆုံးနဲ့ အစ်ကို၃တို့ရဲ့ ကလေးတွေအားလုံးက တော်ကြ ထက်မြက်ကြတယ်.... ထေ့ကျူး... ဒီနာမည်ကိုက ကျက်သရေတုန်းလိုက်တာ..."
"ငါလည်း တော်တော် ကန်းတာပဲ... ကိုယ့်ရဲ့သမီးကိုတောင် မီးတွင်းထဲ ခုန်ချခိုင်းဖို့ လုပ်မိတော့မလိုပဲ... ထေ့ကျူးကို အင်မော်တယ်တွေက မရွေးမှန်း ကြိုသိလို့သာပေါ့... မဟုတ်လို့ သူနဲ့သာ လက်ထပ်လိုက်ရရင် ငါ့သမီးလေး ငါ့ကို ဘယ်လောက်တောင် မုန်းနေလိုက်မလဲ... ထေ့ကျူးရဲ့အမေ... ဒီကိစ္စကို မေ့လိုက်ပါတော့... အင်မော်တယ်ဖြစ်မလာမှတော့ ဘယ်သူက လက်ထပ်ချင်မှာလဲ...အခု ရှင်တို့က ငန်းသားစားချင်နေတဲ့ ဖားပြုပ်နဲ့ တူမနေဘူးလား... "
အချိန်ခဏလေးအတွင်းမှာ ဆွေမျိုးအားလုံးက အထက်ဖားအောက်ဖိတတ်သည့် လူစားမျိုး ဖြစ်သွားကြ၏။ သူတို့က ထေ့ကျူး၏မိသားစုကို စတင်၍ ပြစ်တင်ဝေဖန်ကြတော့သည်။
ခုနက အဖြစ်အပျက်နှင့် နှိုင်းယှဉ်လိုက်လျှင် သူတို့၏ပြောဆို ဆက်ဆံပုံကား ကောင်းကင်နှင့်မြေကြီးလို ပြောင်းလဲသွားခဲ့ပြီ။ သူတို့ပေးခဲ့သော လက်ဆောင်များကိုလည်း မျက်နှာပြောင်တိုက်ကာ ပြန်ယူသွားကြသည်။ သူ့မိဘများ၏ ဖြူရော်နေသည့် မျက်နှာများကို ကြည့်ကာ ထေ့ကျူးက လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားမိသည်။ စော်ကားပြောဆိုသော စကားများကို နားထောင်ပြီး သူ့ကိုယ်သူ အမှန်တကယ် သေသွားရန် ဆုတောင်းနေမိသည်။
ဝမ်ကျောက်၏အဖေက ကျိတ် ရယ်လိုက်ကာ သရော်လိုက်သည်..."လောင်အာ... ငါမင်းကို မပြောခဲ့ဘူးလား... အင်မော်တယ်ရဲ့တပည့် ဖြစ်ဖို့ဆိုတာ ကံတရားကလည်း မင်းဘက်မှာ ရှိဖို့လိုတယ်... မင်းရဲ့သားမှာ ပင်ကိုယ်စွမ်းရည် မရှိရင် အခွင့်အရေးဆိုတာ လုံးဝရှိလာမှာမဟုတ်ဘူး... မင်းကတော့ ဖြစ်နိုင်တယ်လို့ ယုံကြည်နေတယ်... အခုကြည့်လေ မင်းရဲ့သားကို သေချင်စိတ်ပေါက်နေအောင် မင်းကလုပ်နေတာ... ဒီလောက် လိုအပ်လို့လား... "
ထေ့ကျူး၏ အဖေက ဒေါသတွေကို မထိန်းချုပ်နိုင်တော့ပေ။ သူက အော်ပြောလိုက်သည်... "ဝမ်ထန်းရှန် မင်းပါးစပ်ကို ပိတ်ထားလိုက်... အဖေသေတဲ့နေ့က ငါ့အတွက် အမွေတွေခွဲပေးခဲ့တယ်... မင်းက အခြားဆွေမျိုးတွေနဲ့ပေါင်းပြီး ငါ့အမွေကို လုယူခဲ့တယ်... အခုလည်း ငါ့ကို စော်ကားနေတယ်... ငါ ဝမ်ထန်းရွှီက သည်းခံလိမ့်မယ်လို့ ထင်နေတာလား... "
"ပြီးတော့ မင်းရဲ့လူတွေကလည်း မင်းအတိုင်းပဲ... စောစောပိုင်းတုန်းကတော့ ငါ့ကို ဂုဏ်ပြုနေပြီး... အခုကျတော့ စော်ကားနေတယ်... ငါ့ရဲ့သားက စိတ်ဒဏ်ရာ ရနေပြီးပြီ... အဲ့ဒါတောင် မင်းက ပိုပြီး နာကျင်အောင်လုပ်နေတယ်... မင်း လူမှဟုတ်သေးရဲ့လား... "
ဝမ်ထန်းရှန် ခေတ္တတိတ်ဆိတ်သွားပြီး ပြောလိုက်၏... "ဘာလို့ ပြီးပြီးသားတွေ ပါလာရတာလဲ... ငါ မင်းကို ကောင်းတဲ့ရည်ရွယ်ချက်နဲ့ သတိပေးလိုက်မယ်... မင်းရဲ့သားက ဘာပင်ကိုစွမ်းရည်မှ မရှိဘူး... ဒါပေမယ့် မင်းက ငါ့ကိုဘာလို့ ဒေါသလာထွက်နေရတာလဲ... ဒီလို အဖေမျိုးနဲ့ ဒီသားက ဘာမှ အောင်မြင်ဖြစ်ထွန်းမှာမဟုတ်ဘူး... "
စော်ကားမှုပြောဆိုသော စကားများက ဝမ်းနည်းနေသော ဝမ်လင်း၏ နှလုံးသားကို ဆူးဖြင့် ထိုးဆွနေသလို ခံစားရစေသည်။ သူက လူတိုင်းကို အေးစက်စွာ ကြည့်လိုက်ပြီး ထိုလူများ၏မျက်နှာများကို တစ်သက်မမေ့အောင် သူ့နှလုံးသားထဲမှာ မှတ်သားထားလိုက်သည်။
"မင်း..... ငါ မင်းကို သေအောင် သတ်မယ်... " ထေ့ကျူး၏ အဖေက သူ့ဒေါသကို မထိန်းနိုင်တော့ပဲ ကုလားထိုင်ကို ကောက်ယူလိုက်၏။
ဦးလေး၄ က အပြေးအလွား သူ့ကို တားဆီးလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်… "အစ်ကို စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့... အစ်ကိုကြီးမှာ အစေခံတွေ အများကြီး ရှိတယ်... ကျွန်တော့် စကား နားထောင်ပါ... သူ့အတွက်နဲ့ စိတ်ရှုပ်မခံပါနဲ့... "
ထေ့ကျူး၏ဦးလေး၄ က ဝမ်ထန်းရှန်ကို စူးစူးဝါးဝါး ကြည့်လိုက်ပြီး ပြောသည်… "အစ်ကိုကြီး ဒီလို ပြောသင့်လို့လား... ကျွန်တော် ဒီထက်ပိုပြီး နားမထောင်နိုင်တော့ဘူး... အစ်ကို၂ ကို ထပ်ပြီး စော်ကားရဲရင် ကျွန်တော့်ကို အပြစ်မတင်နဲ့... မိသားစုဆိုတာလည်း ဂရုစိုက်မှာ မဟုတ်ဘူး... ဝမ်မိသားစုက ကြီးမားတယ်ဆိုပေမယ့်လည်း ကျွန်တော့်မှာ ခရီးထွက်ရင်းရခဲ့တဲ့ မိတ်ဆွေတွေ အများကြီး ရှိတယ်... ကျွန်တော့်ကို ထပ်ပြီး တွန်းအားမပေးပါနဲ့... "
ဝမ်ထန်းရှန် မှင်တက်သွားသည်။ ညီငယ်၄ ၏ အဆက်အသွယ်များကို သူတစ်ကယ် လန့်သည်။
"လောင်စီ... မင်းပြောတာတွေက အဓိပ္ပာယ် မရှိဘူး... လောင်အာရဲ့သားက ပင်ကိုယ်စွမ်းရည် မရှိလို့ မရှိဘူးပြောတာ ငါတို့မမှားဘူး... အကြီးက အငယ်ကို ဆုံးမတာကရော ဘာမှားလို့လဲ... မင်းက ဘာလို့ အဓိပ္ပာယ်မရှိတာတွေ လာပြောနေတာလဲ..... " မိသားစုမှ တတိယအကြီးဆုံးဦးလေးက မကျေမနပ်ဖြင့် ပြောလိုက်သည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
"အဲ့ဒါက မှန်တယ်... အကို ၄... ငါတို့ကမင်းအတွက်ပြောတာ ဘာလို့ မင်းအတွက်အခွင့်အရေးကို အကို ၂ကို ပေးလိုက်တာလဲ... ဝမ်ကျောက်ပြောတာ မှန်တယ်…. မင်းရဲ့ သားက ထေ့ကျူးထက်ပိုပြီးထက်မြက်တယ်... သူက အင်မော်တယ်တွေရဲ့ ရွေးချယ်ခြင်းကို ကျိန်းသေပေါက်ရမှာပဲ... "
ထေ့ကျူး၏ဦလေး၅က တစ်ဘက်စောင်းနင်းပြောလိုက်၏။
ဝမ်ကျောက်က ဝင့်ကြွားစွာပြုံးလိုက်သည်။
"ဒါတွေအားလုံးက သူ့မိုက်ပြစ်နဲ့သူပဲ...အဖေနဲ့ ကျွန်တော်က ကြိုပြီးသတိပေးခဲ့သားပဲ... အဲ့ဒီအသုံးမကျတဲ့ မိသားစုက ခေါင်းမာတဲ့တဲ့ မြည်းတွေလိုပဲ လုပ်နေခဲ့ကြတာ... အခုတော့သူတို့ ခံရပြီမလား... "
ဝမ်ဟို၏မျက်နှာက ဖြူရော့သွားပြီး ဝမ်လင်းဘက်မှ ကူပြောရန်ဟန်ပြင်လိုက်သည် … "ထေ့ကျူးက ... "
သူစကားမဆုံးခင်မှာ သူ၏ အဖေက သူ့ကို ကြမ်းကြုတ်စွာ ကြည့်လိုက်သည်။ ထို့နောက် ဝမ်ဟိုကလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးသွားခဲ့ပြီး ငြိမ်နေလိုက်သည်။
ထေ့ကျူး၏ဦးလေး၄က ထွက်လာပြီး သက်ပြင်းချကာ ပြောလိုက်သည်… "ဘယ်သူပဲဖြစ်ဖြစ် ဒီကိစ္စကို ဆက်ပြောနေမယ်ဆိုရင် ဒါက ငါ့ကိုဆန့်ကျင်တာပဲ… ဒါကိုဒီမှာပဲအဆုံးသတ်လိုက်ရအောင်... အင်မော်တယ်အဖြစ် အရွေးမခံရတာ ဝမ်လင်းကံမကောင်းလို့ပဲ... ဝမ်လင်း... မင်းစိတ်ထဲမှာဘာမှခံစားမနေနဲ့ … မင်းဦးလေးဆီကြိုက်တဲ့အချိန်လာနိုင်တယ်... အင်မော်တယ်ဂိုဏ်းတွေနဲ့တော့ မသိဘူး… ဒါပေမယ့် ရိုးရိုးဂိုဏ်းဆိုရင် ဘယ်ကျောင်းမဆို မင်းဝင်လို့ရအောင် ငါလုပ်ပေးနိုင်တယ်... ငါ့သား ဟုစီ နဲ့တူတူတက်ပေါ့...''
ထိုစကားကို ကြားပြီးနောက် ဝမ်ကျောက်က သူ၏မေးစေ့ကို အသာပွတ်လိုက်သည်။ သူက အထင်အမြင်သေးစွာပြောလိုက်သည် … "ထေ့ကျူး... မင်း ဦးလေး၄နှင့်အတူ လိုက်သွားသင့်တယ်... မင်းအဲ့ဒီကိုရောက်တဲ့အခါ အင်မော်တယ်တွေရဲ့အငြင်းခံအမှိုက်ဆိုတာပြောပြလိုက်ပေါ့... သူတို့က မင်းကို သေချာပေါက်လက်ခံမှာပါ... "
ဝမ်လင်းက သူ၏ခေါင်းကို ဖြေးညင်းစွာမော့လိုက်ကာ သူ၏ပတ်လည်တွင်ရှိသော ဆွေမျိူးများကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်သည်။
သူ၏မျက်လုံးများက နောက်ဆုံး၌ ဝမ်ကျောက်ထံတွင် ရပ်တန့်သွားပြီး ဝမ်လင်းက ပြောလိုက်သည်... "ဝမ်ကျောက်... မင်း ငါ့စကားတွေကိုမှတ်ထားလိုက်... ငါဆိုတဲ့ ဝမ်လင်းက သေချာပေါက် အင်မော်တယ်ဂိုဏ်းတွေကို ဝင်ရောက်နိုင်ရမယ်ကွ... မင်းနဲ့ မင်းအဖေ ငါ့မိသားစုအပေါ်ပြုမူခဲ့တာတွေကို ငါဘယ်တော့မှမမေ့ဘူး..."
ထေ့ကျူး၏ စကားများကို ကြားလိုက်ရသောအခါ ဝမ်ကျောက်က ရယ်မောသည်။ သူဘာမှမပြောရသေးမှီ အချိန်၌ ဦးလေး၄က ဝမ်ကျောက်ကို အော်ပြောလိုက်သည်... "စကားလွန်မလာနဲ့ ကောင်လေး… မင်းကိုငါသုံးစားမရအောင်လုပ်ပစ်မယ်… အဲ့ဒီအင်မော်တယ်တွေ မင်းကို ဆက်လိုချင်နေသေးလားဆိုတာ ကြည့်ကြတာပေါ့… "
ဝမ်ကျောက်အဖေ၏မျက်နှာက ရုတ်တရက် ဖြူရော်သွားသည်။ သူက ချက်ချင်း ဝမ်ကျောက်၏ရှေ့ကို ရောက် လာပြီး ပြောလိုက်သည်... "ညီ၄ ... မင်း လုပ်ရဲလား ... "
ဘေးပတ်ပတ်လည်မှ ဆွေမျိူးများက သူတို့၏ရှေ့တွင် ဖြစ်ပျက်နေသောမြင်ကွင်းကို ပွဲတစ်ခုကြည့်နေရသည့်အလား အေးစက်ငေးမောကာ ကြည့်နေကြသည်။
ထေ့ကျူး၏ ဦးလေး၄က ရယ်မောလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် မာကြောမှုများကို မြင်တွေ့ရသည်။ သူက အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်... "သေချာလား အစ်ကို... ငါမလုပ်ရဲဘူးထင်လား... "
ထေ့ကျူး၏အဖေက အလျှင်အမြန်ထွက်လာပြီး သူ၏ညီ၄ကို ဆွဲ၍ ဖြောင်းဖျလိုက်သည်… "ညီ၄... မင်းအကို ၂ရဲ့ စကားကိုနားထောင်ပါ... မင်းမှာ မင်းမိန်းမနဲ့သားက ရှိနေသေးတယ်... ဒီကိစ္စကိုထားလိုက်တော့... ဒီနေ့ မင်းငါ့အတွက် လုပ်ပေးခဲ့တာ ငါဘယ်တော့မှမေ့မှာမဟုတ်ပါဘူး... အခုတော့ ငါ့အိမ်ကိုပြန်ကြရအောင်..."
ဦးလေး၄က ဝမ်ကျောက်၏အဖေကို ဘုကြည့်ကြည့်လိုက်သည်။ ထို့နောက် သူ၏အကို၂ ခေါ်ရာကို လိုက်သွားကာ ထေ့ကျူးနှင့်အတူ ဝမ်မိသားစုအိမ်မှ ထွက်လာခဲ့သည်။
ဝမ်လင်းက အဝေးမှပင် ဆွေမျိူးများ၏ အတင်းအဖျင်းများကို ကြားနေရသည်။ ဝမ်လင်းတို့မိသားစုက သူ့ဦးလေး၄၏မြင်းလှည်းထဲ၌ ထိုင်လိုက်သည်။ မြင်လှည်းအတွင်း၌ကား တိတ်ဆိတ်နေသည်။ ထေ့ကျူး၏အဖေက တိတ်တဆိတ်သက်ပြင်းချလိုက်၏။
သူ အမှန်တကယ် သည်ကိစ္စအတွက် စိတ်ပျက်နေခဲ့သည်။ သို့သော်လည်း ဝမ်လင်းက သူ၏သားဖြစ်၏။ နောက်ဆုံး၌ သူက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည် ... “ထေ့ကျူး... ဒါက မင်းအမှားမဟုတ်ဘူး... ဟုတ်တယ်မလား... ငါအိမ်က ထွက်သွားဖို့ ဖိအားပေးခံရတုန်းက ဒီထက်ပိုဆိုးတယ်... ဒါပေမဲ့ ငါက စိတ်ဓာတ်မကျခဲ့ဘူး... ခုချိန်ထိငါ မားမားမတ်မတ် ရပ်တည်နိုင်ခဲ့တယ်... နားထောင်စမ်း ငါ့သား... အိမ်ကိုပြန်ပြီး စာကိုကောင်းကောင်းလေ့လာ... နောက်နှစ် အရာရှိစာမေးပွဲမှာ ရလဒ်ကောင်းအောင်လုပ်... စာမလုပ်ချင်ဘူးဆိုရင် မင်းဦးလေး၄နဲ့အတူ စိတ်ပြေလက်ပျောက် လျှောက်သွားကြပေါ့ ..."
ထေ့ကျူး၏အမေက သူ၏သားကို ကြင်နာစွာကြည့်လိုက်ပြီး နှိပ်သိမ့်လိုက်သည် ... "ထေ့ကျူး... ဘာမှ မိုက်မဲတာတွေလျှောက်မလုပ်နဲ့... မင်းကငါ့ရဲ့ တစ်ဦးတည်းသောသားပဲ... မင်းတစ်ခုခုဖြစ်ရင် ငါအသက်ရှင်နိုင်မှာမဟုတ်ဘူး... ဒါကြောင့် အားတင်းထားဖို့လိုတယ်... " ထိုကဲ့သို့ပြောပြီးနောက်တွင် သူမ၏ မျက်နှာထက်၌ မျက်ရည်များ လိမ့်ဆင်းကြလာခဲ့သည်။
ဝမ်လင်းက သူ၏ မိဘများကိုကြည့်ကာ ခေါင်းညိတ်ပြီးပြောလိုက်သည်... "အဖေနှင့်အမေ စိတ်အေးအေးထားပါ... ကျွန်တော် မိုက်မဲတာတွေတစ်ခုမှ မလုပ်ပါဘူး... ကျွန်တော့်မှာ အစီအစဉ်ရှိပါတယ်..."
ထေ့ကျူး၏အမေက သူ၏သားကို ပွေ့ဖက်ထားလိုက်သည်။ သူမ၏လက်မောင်းများအကြား၌ နွေးထွေးစွာ ဖက်ထားရင်း သူမက ပြောလိုက်သည်... "ထေ့ကျူး ဒီကိစ္စက ပြီးသွားခဲ့ပြီ ...ဒါကိုမေ့ပစ်လိုက်ကြရအောင်..."
သူ့အမေ၏နွေးထွေးသောရင်ခွင်ထဲ၌ ထေ့ကျူး၏ နှလုံးသားက ပြန်လည်၍ ငြိမ်သက်လာသည်။ လွန်ခဲ့သော ရက်အနည်းငယ်မှ အဖြစ်အပျက်က သူ့ကို အလွန်ပင်ပန်းနွမ်းနယ်စေခဲ့သည်။ မြင်းလှည်း၏ အပေါ်အောက်လှုပ်ခါနေခဲ့မှုနှင့်အတူ ဝမ်လင်းက တဖြေးဖြေး အိပ်မောကျသွား၏။
ဝမ်လင်း အိမ်မက်မက်နေခဲ့၏။ သူ၏အိမ်မက်ထဲ၌ ဝမ်လင်းက အင်မော်တယ်တစ်ယောက် ဖြစ်လာခဲ့ပြီး သူ၏မိဘများနှင့် အတူကောင်းကင်၌ပျံသန်းနေသည်။
ဝမ်လင်းနိုးလာသောအခါ ညဉ့်နက်နေပြီဖြစ်သည်။သူက မိဘများ၏ အခန်းကို ကြည့်လိုက်ပြီး သက်ပြင်းကို ဖြည်းညှင်းစွာ ချလိုက်သည်။ သူအိမ်မှ ထွက်ခွာရန် ဆုံးဖြတ်ချက်ချလိုက်၏။ သူအိမ်မှ မထွက်ခွာမှီ အိပ်နေသောသူ၏ မိဘနှစ်ပါးကို အချိန်အတန်ကြာ ကြည့်လိုက်သည်။ သူက စာရွက်နှင့်မှင်တံကို ယူ၍ စာတစ်စောင်ရေးပေးထားခဲ့ပြီး လုံလောက်သော ရိက္ခာခြောက်ကို ယူကာ အိမ်မှ ထွက်လာခဲ့သည်။
"ငါ... အင်မော်တယ်လမ်းစဉ်ကိုလျှောက်ပြီး အင်မော်တယ်တစ်ယောက်ဖြစ်လာရမယ်... ငါလုံးဝ လက်မလျော့ဘူး... ငါနောက်တစ်ကြိမ် ဟုန်ယွီဂိုဏ်းကို ဝင်ဖို့ကြိုးစားမယ်... သူတို့ကလက်မခံဘူးဆိုရင် တစ်ခြား အင်မော်တယ်ဂိုဏ်းတွေကို ငါရအောင်ရှာပီး တက်မယ်... "
ဝမ်လင်း၏ မျက်လုံးထဲ၌ ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နေသည်။ သူက လွယ်အိတ်ကို လွယ်လိုက်ပြီး ရွာမှ ထွက်ခွာလာခဲ့၏။ လရောင်က လမ်းပေါ်တွင် ဖြာကျနေပြီး ကြယ်များက သူ့အား လမ်းညွှန်နေကြသည်။
ဝမ်လင်းက သူ၏အရိပ်ကိုအဖော်ပြု၍ ခရီးဆက်နေသည်။
သုံးရက်ခန့်ကြာပြီးသောအခါ ဝမ်လင်းက ဝေးလံခေါင်ဖျားသော တောင်ပေါ်လမ်းပေါ်တွင် လမ်းလျှောက်နေ၏။
အင်မော်တယ်လူငယ်က သူ့အား ဟုန်ယွီဂိုဏ်းသို့ ခေါ်ဆောင်စဉ်အချိန်က မြင်ကွင်းတချို့ကို ဝမ်လင်း မှတ်သားခဲ့သည်။
ထို့ကြောင့် သူက ဟုန်ယွီ ဂိုဏ်းသို့ သွားသည့် လမ်းကြောင်းအား အနည်းငယ်မှတ်မိနေသည်။
ဝမ်လင်းက အရှေ့ဘက်စူးစူးသို့ ဦးတည်လာ၏။ ဝမ်လင်းက ဆူးပင်များ ပြတ်ရှမှု ကြောင့်ဖြစ်ပေါ်လာသော ခြေထောက်မှ ဒဏ်ရာဒဏ်ချက်များကို ဂရုမစိုက်ဘဲရှေ့ကိုဆက်လျှောက်နေသည်။
တစ်ပတ်ခန့်ကြာပြီးနောက် သူက တောင်တစ်လုံး၏အတွင်းပိုင်းသို့ရောက်ရှိလာသည်။ ကံကောင်းထောက်မစွာဖြင့် ထိုနေရာ၌ အသားစားသတ္တဝါတစ်ကောင်မျှ မရှိချေ။ ဝမ်လင်းက လမ်းကြောင်းအတိုင်း ဂရုတစိုက် ဝင်လာခဲ့သည်။ နောက်ဆုံးတွင် သူက သီးခြားတည်ရှိနေသော တောင်ထိပ်တစ်ခု၌ သူနှင့်ရင်းနှီးသည့် ထူးဆန်းသော တောင်ထွတ်အား တွေ့လိုက်ရသည်။
ထေ့ကျူးက ထိုနေရာသို့ရောက်သောအခါ အလွန်ပင်ပန်းနွမ်းနယ်နေပြီးဖြစ်သည်။
ယူလာခဲ့သောရိက္ခာခြောက်ကို ထုတ်စားရင်းဖြင့် ဝမ်လင်းက ဟုန်ယွီဂိုဏ်းတည်ရှိရာတောင်ပေါ်ကို ကြည့်လိုက်သည်။ ဝမ်လင်းက သူ၏ နောက်ကျောဘက်၌ သားရဲကောင်တစ်ကောင်၏ အသက်ရှုသံကို သတိထားမိလိုက်၏။ သူက အနောက်သို့လှည့်ကြည့်လိုက်သည်နှင့် ဝမ်လင်း၏မျက်နှာက အရောင်ပြောင်းသွားသည်။
သွေးဆာနေသောမျက်လုံးများနှင့်ကြီးမားသော အဖြူရောင်ကျားကြီးက သူ၏ခန္ဓာကိုယ်ကို ကြောက်ရွံ့မှုကြောင့် တောင့်တင်းသွားစေ၏။ ကျားကြီးက ကြောက်မက်ဖွယ်ကောင်းအောင် ကျယ်လောင်စွာ မြည်ဟိန်းလိုက်သည်။
အဖြူရောင်ကျားကြီး၏ လက်ထဲမှမလွတ်မြောက်နိုင်မှန်း ဝမ်လင်း သိလိုက်ကာ မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး ဘေးတစ်ဘက်တွင်ရှိသောချောက်ထဲကို ခုန်ချလိုက်တော့၏။
ထိုအခိုက်တွင် ဝမ်လင်း၏မျက်နှာအား လေတဟူဟူးတိုက်နေသကဲ့သို့ ခံစားနေရပြီး သူ့မိဘများ၏ မျက်နှာများအား တဖန်ပြန်လည်မြင်ယောင်လာသည်။
"အဖေနဲ့အမေ ရဲ့စကားကို သား နားမထောင်မိတာခွင့်လွှတ်ပါ… သား နှုတ်ဆက်ခဲ့ပါတယ်..."
သစ်ကိုင်းခြောက်အများအပြားက ချောက်ကမ်းပါး၏နံရံအား ဖုံးအုပ်ထားသည်။ အောက်သို့ကျလာသော ထေ့ကျူး၏ခန္ဓာကိုယ်က သစ်ကိုင်းများကြောင့် ထိခိုက်ဒဏ်ရာများဖြစ်ပေါ်လာသည်။
ချောက်အလယ်ခန့်သို့ ရောက်သောအခါ ဝမ်လင်းက ထူးဆန်းသော အားတစ်ခု၏ဆွဲငင်ခြင်းကို ခံစားလိုက်ရသည်။ ချက်ချင်း ဝမ်လင်းက သူ၏ကိုယ်ခန္ဓာကိုယ်အား ထိန်းချုပ်မရတော့ပဲ ချောက်အလယ်၌ ရှိသောဂူထဲသို့ ဆွဲငင်ခံလိုက်ရတော့၏။
ဆွဲအားပျောက်သွားသောအခါ ဂူနံရံ၌ ဝင်တိုက်မိသောကြောင့် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲကာ ညာဘက်လက်က ဖူးရောင်နေသည်။ ဝမ်လင်းက ညာဘက်လက်မောင်းအား စမ်းကြည့်လိုက်သည့်အခါ သူက ဒဏ်ရာအခြေအနေကို ခန့်မှန်း၍ မရပေ။ သေချာသည်က လက်မှ ဒဏ်ရာက နံရံကို ဝင်တိုက်မိသောကြောင့် ရလာသောဒဏ်ရာ ဖြစ်၏။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
ထေ့ကျူးက ယိုင်နဲ့နဲ့ဖြင့် ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာလိုက်သောအခါ ဂူတစ်ခုအတွင်း ရောက်ရှိနေမှန်း သိလိုက်ရ၏။ ဂူထဲသို့ နေရောင်ခြည်က ဖြာကျနေပီး ကြမ်းပြင်ပေါ်တွင် ငှက်နှင့် တောကောင်အရိုးများ ပြန့်ကျဲနေသည်။
သူ့နောက်မှ ဂူနံရံပေါ်တွင် လက်သီးဆုပ်အရွယ် အပေါက်တခုရှိနေသည်။ ထိုအပေါက်မည်မျှ နက်ရှိုင်းသည်ကို သူ မပြောနိုင်သော်လည်း အနီးကပ်လေ့လာကြည့်သောအခါ လျှို့ဝှက်ချက်တခုအား သိလိုက်ရ၏။ အစောပိုင်းက သူ့အား ဂူထဲရောက်အောင် စုပ်ယူခဲ့သော ဆွဲငင်အားက ထိုအပေါက်မှလာခြင်း ဖြစ်သည်။ သူကဲ့သို့ပင် စုပ်ယူခံခဲ့ရသည့် တိရိစ္ဆာန်များ၏အရိုးများလည်း ပြန့်ကျဲနေသည်။
ရုတ်တရတ်ဖြစ်ပေါ်လာသည့် လေဟာနယ်ကြောင့် ဆွဲငင်အားပေါ်လာခြင်း ဖြစ်၏။ ဂူဝရှေ့မှ သူပြုတ်ကျစဉ် ဆန်းကျယ်သည့်ဆွဲငင်အား စုပ်ယူခြင်းဖြစ်ရပ်က သူ့အသက်အား ကယ်တင်ခဲ့ခြင်းလည်း ဖြစ်သည်။ ဂူထဲရှိ အရိုးများကို ထိုအပေါက်ဆီသို့ ဆွဲငင်ယူနေစဉ်တွင် ထေ့ကျူးက သူ၏ ညာလက်မောင်းနာကျင်လျက်နှင့်ပင် ဂူအပြင်သို့ထွက်ရန် ကြိုးစားလိုက်သည်။ ထိုစဉ် နောက်မှ လေတိုက်သကဲ့သို့ ခံစားလိုက်ရကာ ဂူ၏ထောင့်တနေရာသို့ လွင့်စင်သွား၏။
မမြင်နိုင်သည့် ဆွဲငင်အားကား ရုတ်တရတ် ထိုအပေါက်ငယ်မှပင် ဖြစ်ပေါ်လာပြန်ကာ ပြန့်ကျဲနေသော အရိုးများအား ဆွဲယူလေတော့သည်။ ကြီးမားသောအရိုးတချို့က တွင်းပေါက်ဝတွင် တစ်ဆို့နေကြ၏။
ထိုအခိုက်အတန့်တွင် ငှက်တကောင်ကား ဂူပေါက်ဝနားပျံသန်းနေစဉ် စုပ်ယူခံလိုက်ရကာ ဂူနံရုံနှင့်ဆောင့်မိပြီး တစစီဖြစ်သွားသည်။
တစ်နာရီခန့်ကြာသောအခါ ဆွဲငင်အား ရပ်တန့်သွားတော့သည်။ ဝမ်လင်းက ထိတ်လန့်တုန်လှုပ်စွာဖြင့် ငှက်သေအား ကြည့်လိုက်မိ၏။ ဝမ်လင်းက ထိုနေရာမှ မရွေ့လျှားဘဲ အချိန်ကိုတွက်ချက်ကာ ထိုင်နေမိသည်။
နာရီဝက်ခန့်ကြာသောအခါ လေဟာနယ်ဆွဲငင်အားဖြစ်စဉ် ပြန်စလာပြန်သည်။ အကြိမ်များစွာဖြစ်ပျက်ပြီးနောက် ဝမ်လင်းက ထိုထူးခြားသည့် ဆွဲငင်အားသည် နာရီဝက်ခန့်တစ်ကြိမ်ဖြစ်ကာ ကြာမြင့်ချိန် တစ်နာရီနီးပါးရှိသည်ကို ခန့်မှန်းလိုက်နိုင်၏။
ထိုအချိန်ကိုအသုံးချကာ ဝမ်လင်းက နာကျင်စွာဖြင့် ဂူဝဆီသို့ လျှောက်လှမ်းလိုက်သည်။ သူက အောက်သို့ ငုံ့ကြည့်လိုက်ပြီးနောက် ခါးခါးသီးသီး ပြုံးလိုက်မိသည်။ သူ့အောက်တွင်ကား တောအုပ်တခုရှိနေပြီး အနီးပတ်ဝန်းကျင်မြေပြင်က ခဲများဖြင့် ဖုံးလွှမ်းနေသည်။ တောင်အဆင်းက ချောမွေ့နေသောကြောင့် သူ၏ကျိုးနေသောလက်ဖြင့် အောက်သို့ဆင်းရန် အဆင်မပြေပေ။ မြေပြင်ပေါ် ခုန်ချရန် ကြိုးစားပါကလည်း သတ်သေခြင်းသာ ဖြစ်ပေလိမ့်မည်။
ရိက္ခာအိတ်ကလည်း တောင်ထိပ်ပေါ်တွင်ကျန်ခဲ့သောကြောင့် ပြန်ရယူရန် မဖြစ်နိုင်တော့ချေ။ ယခု အချိန်တွင် ဗိုက်ဆာနေသည်ကို ဖြေရှင်းရန်သာ အရေးကြီးနေသည်။ ထိုစဉ် ဆွဲငင်အားကြာမြင့်ချိန်ကို သတိရလိုက်မိသောကြောင့် ဂူထောင့်ထဲသို့သာ ပြန်သွားလိုက်ရ၏။
အချိန်များစွာကုန်ဆုံးသွားပြီးနောက် ဝမ်လင်း တဖြည်းဖြည်း အားနည်းလာတော့သည်။ ခါးသက်သက်ပြုံးရင်း သူ့ကိုယ်သူ ပြောလိုက်မိသည်… "ဒီနေရာမှာဆက်ပိတ်မိရင် တဖြည်းဖြည်းသေမှာပဲ...ခုန်ချလိုက်ရင်တော့ ချက်ချင်းသေမယ်..."
သွေးစွန်းနေသည့် ငှက်သေကိုကြည့်၍ တွန့်ဆုတ် တွန့်ဆုတ်ဖြင့် လျှောက်သွားကာ ကောက်ယူပြီး တကိုက် ကိုက်လိုက်သည်။ အရသာကား အင်မတန်ဆိုးဝါးလှ၏။ ပျို့အန်ချင်သော ခံစားချက်နှင့်အတူ ထွေးထုတ်ပစ်ချင်သော်လည်း ဆက်လက်၍ စားလိုက်သည်။
ထေ့ကျူးက ငှက်သားကို အငမ်းမရ ဝါးမြိုချလိုက်ပီးနောက် ဝမ်းဗိုက်တခုလုံး နွေးထွေးသယောင် ခံစားလိုက်ရသည်။ လျင်လျင်မြန်မြန်ပင် ထပ်မံ၍စားသောက်ပြီးနောက် မတ်တပ်ထရပ်ကာ လေကိုတဝကြီး ရှူ သွင်းလိုက်မိ၏။
သူက ကျန်ရှိနေသောငှက်သားကို ဘေးကိုပြစ်လိုက်ပြီးနောက် ဂူနံရံကို မှီလျက်ထိုင်ချလိုက်သည်။ သူ့စိတ်ထဲတွင် ရှုပ်ထွေးနေကာ သူ့မိဘအကြောင်းများ ၊ ဦးလေး၄၏အကြောင်းများ၊ ဆွေမျိုးများ၏ သရော်မျက်လုံးများနှင့် ဟုန်ယွီဂိုဏ်းမှ အနက်ဝတ်သက်လတ်ပိုင်းအရွယ်လူကြီး၏ အေးစက်စက်အကြည့်များအား တွေးမိနေသည်။
ရုတ်တရတ် တစ်စုံတစ်ခုကို သံသယဝင်သွားသောကြောင့် ဝမ်လင်းက စားလက်စ ငှက်သေတစ်ခြမ်းကို ကောက်ယူစူးစမ်းလိုက်၏။
‘ဒီငှက်ရဲ့ ခန္ဓာကိုယ်ထဲ ဒီကျောက်တုံးက ဘယ်လိုရောက်နေတာလဲ’ ဝမ်လင်းက ရွာမှ သူ့ဆရာ တစ်ခါပြဖူးသည့် စာအုပ်အကြောင်း စဉ်းစားမိကာ စိတ်လှုပ်ရှားလာသည်။
တစ်စုံတယောက်က ဒန်တျန်ကို စားမိပါက အသက်ပိုရှည်လာပြီး ခွန်အားလည်းတိုးလာမည် ဖြစ်၏။ ခြေပြတ်၊ လက်ပြတ်များပင် ပြန်လည်ကောင်းမွန်လာနိုင်သေးသည်။
ထိုဖော်ပြချက်ကို သူဖတ်မိခဲ့စဉ်က မယုံကြည်ခဲ့ပေ။ အင်မော်တယ်များနှင့် တွေ့ဆုံပြီးမှသာ ဒဏ္ဍာရီပုံပြင်များအား ယုံစားမိလာတော့သည်။
ဝမ်လင်းက အလွန်အမင်း စိတ်လှုပ်ရှားလာ၏။ သည်ကျောက်တုံးက စာအုပ်ထဲတွင် ဖော်ပြထားသည့် ဒန်တျန်သာ ဖြစ်မည်ဆိုလျှင် ဤနေရာမှ ထွက်ရန် အလွန်လွယ်ကူသွားလိမ့်မည်။ အနည်းဆုံး ဟုန်ယွီဂိုဏ်းဝင်ခွင့် စာမေးပွဲပင် အောင်မြင်နိုင်သေးသည်။
ကျောက်တုံးက အလွန်မာကျောကာ စားရန် အဆင်မပြေချေ။ သူ့ကိုယ်ပေါ်က အင်္ကျီအပြဲနှင့် ကျောက်တုံးအား မူလအရောင်ပေါ်လာစေရန် ပွတ်တိုက်လိုက်သည်။
မီးခိုးရောင်ကျောက်တုံးပေါ်တွင် ရှေးဆန်သော သက်တန့်အစင်းများ ထွင်းထားဟန်ရှိသည်။ ဝမ်လင်းက အလွန်စိတ်ပျက်သွားသော်လည်း အားမလျော့ဘဲ ကျောက်တုံးကို တစ်ချက်ကိုက်ကာ ကိုယ့်ကိုယ်ကို ရယ်သွေးသွမ်းလိုက်သည်… "ထေ့ကျူး ...မင်းက ကိုယ့်ကိုယ်ကို လှည့်စားနေတာပဲ... ကြုံရာကျဘမ်းငှက်က ဒန်တျန်ဘယ်လိုလုပ်ရှိမလဲ..."
ဝမ်လင်းက သက်ပြင်းချလိုက်သည်။ အပြင်ဖက်တွင် မှောင်နေလေပြီ။ သူက စိတ်အားငယ်စွာဖြင့် ကျောက်တုံးကို ဘေးမှာထားပြီး တိရိစ္ဆာန်အရိုးများ ပြန့်ကျဲနေသည့် ကြမ်းပြင်ပေါ်တွင် လှဲအိပ်လိုက်သည်။
ဆောင်းရာသီဖြစ်သောကြောင့် အထူးသဖြင့် တောင်ကုန်းတဝိုက်တွင် အပူချိန် လျင်မြန်စွာ ကျဆင်းလာပြီး ဆောင်းလေက တိုက်ခတ်နေသောကြောင့် ဝမ်လင်းက စိတ်အနှောက်ယှက်ဖြစ်စွာဖြင့် တစ်ညတာကို ဖြတ်သန်းလိုက်ရ၏။
နောက်နေ့မနက်တွင် နေရောင်ခြည်က ဂူထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာသည်။ ဖြူဆွတ်နေသည့် နှင်းစက်တချို့က ဝမ်လင်းဘေးရှိ ကျောက်တုံးအောက်တွင် ရှိနေ၏။ နှင်းစက်များက အနီးရှိ အရိုးများထဲသို့ပင် စိမ့်ဝင်နေ၏။
များမကြာမီ ဝမ်လင်း နိုးလာသည်။ သူ့လက်မောင်းက ဖူးရောင်နေရုံသာမက ဒဏ်ရာ အခြေအနေက ပိုဆိုးလာဟန်ရှိသည်။ စိတ်ဓာတ်ကျစွာဖြင့် ဝမ်လင်း ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်၏။
သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည်... "ငါဒီနေရာမှာ တသက်လုံး အရိုးထုတ်ရတော့မှာလား..." ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကြည့်မိစဉ် အရိုးများပေါ်ရှိ နှင်းစက်တွေကို သတိပြူမိလိုက်သည်။ သူက ရေဆာနေသဖြင့် အရိုးကိုတချို့ကို ဂရုတစိုက် မယူကာ နှင်းစက်များအား လျှာဖြင့် လျက်လိုက်သည်။
နှင်းစက်ချိုချိုများက သူ၏လျှာထဲတွင် ပျော်ဝင်သွားကာ သူ၏ဗိုက်ထဲကိုစီးဆင်းသွား၏။ ။သူက ထိုခံစားချက်ကို မပြောပြတတ်သော်လည်း တစ်ချို့တစ်ဝက်သောက်ပြီးသောအခါ ခန္ဓာကိုယ်တခုလုံး သက်တောင့်သက်သာဖြင့် နွေးထွေးသွားသည်။
အထူးသဖြင့် သူ့လက်မောင်းပေါ်ရှိ ဒဏ်ရာက နာကျင်မှုလျော့နည်းလာပြီး ယားယံကာ သက်တောင့်သက်သာဖြစ်လာသည်။ ဝမ်လင်းက သူ့မျက်လုံးကို သူပွတ်ကာ လက်မောင်းကို အနီးကပ်ကြည့်လိုက်သည်။ ဒဏ်ရာက နာကျင်မှုသိပ်မရှိတော့ပေ။ သူ့ဘေးနားရှိ အရိုးတွေကို ကြည့်လိုက်သော်လည်း နောက်ထပ် နှင်းစက်များ မရှိတော့ချေ။
ထိုအခိုက်အတန့်တွင် သူက ရုတ်တရတ် နှင်းစက်တချို့ရှိနေသည့် ကျောက်တုံးကို သတိပြုမိလိုက်သည်။ ကျောက်တုံးရှေ့ရှိ အရိုးများတွင် နှင်းစက်များကပ်နေကြောင်းကိုလည်း သတိထားမိ၏။
လက်မောင်းက ပိုမို၍ သက်တောင့်သက်သာဖြစ်လာနေ၏။ ဝမ်လင်းက သူ၏လက်မောင်းကို စိုက်ကြည့်နေလိုက်ရာ အတန်ကြာလျင် လက်မောင်းက ယောင်ရမ်းမှုများ ပျောက်ကွယ်သွားသည်။ သူကလက်ကို လှုပ်ရှားကြည့်ရာ အနည်းငယ်သာ နာကျင်တော့သည်ကို သိလိုက်ရ၏။
"ဒီကျောက်တုံးက မှော်ကျောက်တုံးပဲ ဖြစ်ရမယ်... " ဝမ်လင်း ဝမ်းသာအားရ ရေရွက်လိုက်သည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
နောက်ထပ်ရက်အနည်းအတွင်း ဝမ်လင်းက ဂူထဲသို့ စုပ်ယူခံရသော ငှက်များကိုသာ အစာအဖြစ် စားနေရသည်။
သူ၏အချိန်အများစုကို မှော်ကျောက်တုံးအား လေ့လာရင်းဖြင့် ကုန်ဆုံးနေသည်။ မှော်ကျောက်တုံးမှ ရေငွေ့ရည်များ စိမ့်ထွက်လာသည့်အချိန်တိုင်း သူက လက်မောင်းကို ဒဏ်ရာများ သက်သာလာသည်အထိ လိမ်းသည်။ ထိုရေငွေ့ရည်များက အလွန်တန်ဖိုးရှိရာ ဝမ်လင်းက အချို့ကို ငှက်ဦးခေါင်းခွံများထဲတွင် သိမ်းထားလိုက်၏။
တစ်နေ့တွင် ဝမ်လင်းက ယခင်ရက်များ၌ တောက်လျှောက်သိမ်းဆည်းလာခဲ့သော ရေငွေ့ရည်များကို အဝတ်စတစ်ခုပေါ်သို့ ဖြန်းလိုက်ပြီး မှော်ကျောက်တုံးကို ထိုအဝတ်စထဲသို့ သေချာထည့်ကာ တခြားသူများ သတိမထားမိအောင် ပုံဖျက်ထားလိုက်သည်။ ဂူထဲမှ စုပ်ယူအားရပ်တန့်ချိန်၌ ဝမ်လင်းက ဂူပေါက်သို့ သွားလိုက်၏။ သူက အဝတ်အစားကို သွားဖြင့် ဆုတ်ဖြဲပြီး တစ်ခုနှင့်တစ်ခု ဆက်လိုက်သည်။ အစွန်းတစ်ဖက်ကို ကျောက်တုံးတစ်ခုမှာ ချည်လိုက်ပြီး တစ်ဖက်ကို ခါးတွင် ချည်လိုက်ကာ အောက်သို့ ဂရုတစိုက် ဆင်းလိုက်၏။
ဝမ်လင်းက ၅မီတာ ၊ ၆မီတာခန့် ဆင်းပြီးသည့် အချိန်၌ ရုတ်တရက် လက်ချော်၍ ပြုတ်ကျ၏။ သို့သော်လည်း သူ၏ခါးတွင် ချည်ထားသော အဝတ်ကြိုး မပြတ်မှီ ချောက်ကမ်းပါးမှ သစ်ကိုင်းတစ်ခုကို ဖမ်းဆွဲရန် အချိန်ရလိုက်၏။
ဝမ်လင်း အလွန်ထိတ်လန့်သွားသည်။ အောက်ကိုငုံကြည့်လိုက်ရာ မြေပြင်နှင့် ၂၀မီတာခန့် ကွာနေသေးသည်။ လက်တစ်ဖက်က သစ်ကိုင်းကို ကိုင်ထားပြီး တစ်ဖက်က အဝတ်ကြိုးကို ကိုင်ထားကာ သစ်ကိုင်းတွင် ချည်လိုက်၏။ ချည်ပြီးသည့်အခါမှ သူက စိတ်သက်သာရာ ရသွားသည်။
ဝမ်လင်း အောက်သို့ ဂရုတစိုက်ဖြင့် ဆက်ပြီး ဆင်းလိုက်သည်။ မြေပြင်မှ ၁၀မီတာခန့် အကွာအဝေးသို့ ရောက်သောအခါ အဝတ်ကြိုးက တောင့်တင်းသွားသည်။ ဝမ်လင်းကလည်း တစ်စက္ကန့်မျှပင် မစဉ်းစားဘဲ အောက်ကို ခုန်ချလိုက်၏။
အဝတ်ကြိုးက ဝမ်လင်း၏ခန္ဓာကိုယ်အလေးချိန်ကို မခံနိုင်သော်လည်း အောက်ကိုကျသည့် အရှိန်ကို အနည်းငယ် လျော့ပါးသွားစေသည်။ ဝမ်လင်းက ခြေထောက်ကို မြေပြင်သို့ အရင်ကျစေပြီး ဒူးကို ကွေးညွှတ်ကာ လိမ့်ချလိုက်သည်။
မြေပြင်ပေါ်တွင် ဓားကဲ့သို့ ချွန်ထက်နေသော ကျောက်တုံး၊ကျောက်ခဲများကြောင့် ဝမ်လင်း၏ ခန္ဓာကိုယ်တွင် ပြတ်ရာ၊ရှရာများ ဖြစ်ပေါ်လာသည်။ အထူးသဖြင့် ခြေထောက်မှ ဒဏ်ရာက အရိုးကို မြင်ရသည်အထိ ကွဲပြဲသွားလေသည်။
ဝမ်လင်း၏ အမြင်များ မှုန်ဝါးနေကာ အသက်ပြင်းပြင်း ရှူနေရ၏။သူက မှော်ကျောက်တုံးထည့်ထားသော အဝတ်ကို ပါးစပ်တွင်တေ့ပြီး ရေငွေ့ရည်များကို စုပ်ယူလိုက်သည်။ ထို့နောက် ကြိုးစားပန်းစား ထိုင်လိုက်ပြီး ခြေထောက်မှဒဏ်ရာပေါ်ကို မှော်ကျောက်တုံးထည့်ထားသော အဝတ်မှ ရေငွေ့ရည်များအား ညှစ်ချလိုက်သည်။
ထို့နောက် ဒဏ်ရာမှ အေးမြသော ခံစားမှုကို အချို့ကို ရလိုက်၏။ ဝမ်လင်းက သူ့ဒဏ်ရာများ ပြန်မကောင်းမှီ အချိန်အထိ မည်သည့်သားရဲမှ သူ့ကို မတိုက်ခိုက်စေရန် ဆုတောင်းနေမိသည်။
ထိုအချိန်၌ အဝေးမှ အသံတစ်ခုကို ကြားလိုက်ရသည်... "ထေ့ကျူး... မင်းဘယ်မှာလဲ... "
ဝမ်လင်း မှင်တက်သွားသည်။ ဤအသံက သူ့အဖေ၏အသံ ဖြစ်သည်။ ချက်ချင်းပင် ရှိသမျှအားအကုန်သုံးပြီး အော်ပြောလိုက်သည်... "အဖေ... သား ဒီမှာ... "
ဝမ်လင်း ခုန်ချလာသည့်နေရာမှပင် သူ၏အဖေကို လက်တစ်ဖက်ဖြင့်သယ်လာယူ၍ ပျံသန်းဆင်းသက်လာသည့် ဟုန်ယွီဂိုဏ်း၏ တပည့်တစ်ယောက်က ဝမ်လင်းကို မနှစ်သက်သည့် အမူအယာဖြင့် ကြည့်နေသည်။
ထေ့ကျူး၏အဖေက သူ့သားကို မြင်သောအခါ မျက်ရည်များ စီးကျလာပြီး သူ့သားထံကို ပြေးသွားကာ ပွေ့ဖက်လိုက်သည်။
ထေ့ကျူး၏အဖေက မျက်ရည်စက်လက်ဖြင့် ပြောလိုက်၏... "ထေ့ကျူး... သားဘာလို့ ဒီလိုလုပ်ရတာလဲ... သားသာ သေသွားရင် အဖေနဲ့အမေ ဘယ်လိုအသက်ဆက်ရှင်ရမှာလဲ... "
ဝမ်လင်း သူ့အဖေ၏ စကားကို ကြားပြီး နားလည်လိုက်၏။ သူ့အဖေက သူ့ကို သတ်သေရန် ကြိုးစားနေသည်ဟု ထင်နေခြင်း ဖြစ်သည်။ ဝမ်လင်းက ဒဏ်ရာဗရပွရနေသော သူ၏ခန္ဓာကိုယ်ကို ပြန်ကြည့်လိုက်ပြီး ခါးခါးသီးသီး ရယ်လိုက်မိသည်။
ဝမ်လင်းကို စူးစိုက်ကြည့်နေသည့် ဟုန်ယွီဂိုဏ်းကတပည့်၏ မျိုးရိုးအမည်မှာ ကျန်း ဖြစ်သည်။ သူက ကျောက်ကမ်းပါးနံရံကြီးကို မော့ကြည့်လိုက်ပြီး ပြဲနေသော အဝတ်စများကို မြင်တွေ့လိုက်ရသည်။ သူ အနည်းငယ် ခုန်လိုက်သည်နှင့် ဝမ်လင်းရောက်ခဲ့သည့် ဂူပေါက်ဆီသို့ ရောက်ရှိသွားသည်။ ဂူပေါက်သို့ ရောက်သည်နှင့် အထဲမှ စုပ်အားတစ်ခုကို ခံစားလိုက်ရပြီး အံ့အားသင့်သွား၏။ သို့သော်လည်း သူ့ကိုယ်သူ ပြန်ထိန်းလိုက်ကာ အောက်သို့ ခုန်ဆင်းလိုက်သည်။
သူက ထူးမခြားနားဟန်ဖြင့် ပြောလိုက်၏... "မင်းရဲ့ကလေးက သတ်သေဖို့ ကြိုးစားခဲ့တယ်... ဒါပေမယ့် ဟိုဂူထဲက သဘာဝစုပ်အားက သူ့ကို ကယ်လိုက်တာပဲ... အခု သူ့ကို ပြန်တွေ့ပြီဆိုတော့... ပြန်ကြရအောင်...ဟိုရောက်မှ အကြီးအကဲက ဆုံးဖြတ်ပေးလိမ့်မယ်... "
ထိုတပည့်က သားအဖ ၂ယောက်လုံးကို ခေါ်ပြီး ပျံတက်သွားသည်။ အချိန်အနည်းငယ် ကြာပြီးနောက် သူတို့သုံးယောက် ဟုန်ယွီဂိုဏ်း၏ တောင်ခြေသို့ ရောက်ရှိလာကြသည်။ ထို့နောက် တောင်ထိပ်သို့ ရောက်ရန် လှေကားမှတစ်ဆင့် တက်သွားကြ၏။
ဤနေရာသို့ ပြန်ခေါ်လာသည့်အတွက် ဝမ်လင်း၏စိတ်များ ရှုပ်ထွေးနေသည်။ တောင်ထိပ်ပေါ်တွင် စိတ်ဆိုးဒေါသထွက်နေသည့် အမူအယာနှင့် လူအများအပြား ရှိသည်။ တပည့်ကျန်းက ထိုလူများထဲမှ တစ်ယောက်၏အနီးကိုကပ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ ထိုလူကြီး၏ နဖူးက တွန့်ကွေးသွားပြီး အေးစက်သောအသံဖြင့် ပြောလိုက်သည်... "လူကိုလည်း ပြန်တွေ့ပြီဆိုတော့ သူ့ကို သူ့အမေနဲ့တွေ့ရအောင် ဧည့်သည်အဆောင်ကို ခေါ်သွားပေးလိုက်ပါ... "
အခန်းထဲတွင် ဝမ်လင်း၏အမေက သူမ၏သားကို ပြန်တွေ့လိုက်ရသောအခါ မျက်ရည်များ စီးကျလာပြီး ပြေးဖက်လိုက်၏။ ဝမ်လင်းက သူ၏မိဘများထံမှ အလုံးစုံကို ကြားသိရပြီးနောက် အရာခပ်သိမ်းကို နားလည်သွားသည်။
သူ အိမ်မှထွက်သွားပြီးနောက် သူ၏မိဘများက ဦးလေး၄ကို သွားရှာခဲ့ကြသည်။ သုံးယောက်လုံးက ဝမ်လင်းအား ဘေးအန္တရာယ်နှင့် ကြုံမည်ကို စိုးရိမ်ကြသဖြင့် သူ့ကိုရှာပေးရန် ဝမ်ကျောက်၏အဖေကို ဦးလေး၄ က ဖိအားပေးခဲ့သည်။ ဦလေး၄ကြောင့် ဝမ်ကျောက်၏အဖေက မတတ်သာဘဲ ဟုန်ယွီဂိုဏ်းကို အကူအညီတောင်းရတော့၏။
ထို့ကြောင့်လည်း ဟုန်ယွီဂိုဏ်းက ဝမ်လင်းကို ပထမဆုံး အကြိမ်အဖြစ် ခြွင်းချက်ထားရှာပေးရန် ဆုံးဖြတ်လိုက်ကြသည်။ အကြောင်းပြချက်က ဝမ်လင်းအိမ်မှ ထွက်သွားရခြင်းမှာ ဟုန်ယွီဂိုဏ်းက လက်မခံခဲ့သောကြောင့် ဖြစ်သည်။ ဟုန်ယွီဂိုဏ်းက သာမာန်လူတစ်ယောက်၏ သေခြင်း၊ရှင်ခြင်းကို ဂရုမစိုက်သော်လည်း ဝမ်လင်းသာ တစ်ကယ် သေသွားခဲ့လျှင် ထိုသတင်းက အနီးအနားက ရွာများဆီသို့ ပျံ့နှံ့သွားပေလိမ့်မည်။ ထိုအခါ မိဘများက သူတို့၏ကလေးများကို ဂိုဏ်းသို့ဝင်ရန် တားဆီးကြမည် သေချာ၏။ နောင်တွင် ဤအဖြစ်အပျက်ကြောင့် ဂိုဏ်းကို ပြောစရာဖြစ်လာမည်ကို စိုးရိမ်သော အကြီးအကဲများက တပည့်အနည်းငယ်ကို ဝမ်လင်းအား ရှာဖွေရန် စေလွှတ်လိုက်ကြ၏၊ ဝမ်လင်း၏ အဖေက အလွန်အမင်း စိုးရိမ်နေရာ သူကိုယ်တိုင် ရှာဖွေနေသူများနှင့် လိုက်ပါခဲ့၏။
ဤအကြောင်းအရာများသည် သူပြန်မရောက်မှီ အဖြစ်အပျက်များ ဖြစ်သည်။
အတန်ကြာလျင် တစ်စုံတစ်ယောက်က ဆေးအနည်းငယ် လာပို့ပေးလေသည်။ ထေ့ကျူး၏ အမေက လာပို့ပေးသည့်လူကို အလျင်အမြန် ကျေးဇူးတင်လိုက်ပြီး သူမ၏သားကို ဂရုတစိုက်ဖြင့် ဆေး တိုက်ကျွေးလိုက်သည်။ အင်မော်တယ်ဂိုဏ်းမှ ပြုလုပ်ထားသည့် ဆေးဖြစ်သည့်အတွက် ဆေးစွမ်းက အလွန်ကောင်းမွန်ပေသည်။ ဆေးသောက်ပြီးနောက် ဝမ်လင်း အားအနည်းငယ် ပြန်ပြည့်လာသည်။ ခြေထောက်မှ ဒဏ်ရာကလည်း နာကျင်ကိုက်ခဲခြင်းမှ အနည်းငယ် သက်သာလာသည်။
ဝမ်လင်း၏ မိဘ၂ပါးက ဝမ်လင်း စိတ်သက်သာစေမည့်စကားများကို ပြောပေးနေကြသည်။ ဝမ်လင်းကလည်း မိဘနှစ်ပါးကို ပြန်ရှင်းပြချင်သည်။ သို့သော်လည်း သူ့ကို ယုံကြည်မည်ဟု မသေချာပေ။
ထိုအချိန်၌ ဟုန်ယွီဂိုဏ်းခန်းမထဲတွင် ကျန်းမျိုးနွယ်တပည့်က ဝမ်လင်းကို မည်သို့မည်ပုံ ရှာဖွေတွေ့ရှိခဲ့ကြောင်း အကြီးအကဲများအား တင်ပြနေသည်။ စားပွဲရှည်၏ ထိပ်ဆုံး၌ ထိုင်နေသော အနီရောင်မျက်နှာနှင့် လူကြီးက မကျေမနပ်ဖြင့် ပြောလိုက်၏... "သာမန်သေမျိုးတစ်ယောက်ရဲ့ သေခြင်း ၊ရှင်ခြင်းက ငါတို့လို အင်မော်တယ်တွေနဲ့ ဘာဆိုင်လို့လဲ... အခြားအင်မော်တယ်ကျောင်းတွေကို ကြည့်လိုက်... အရွေးမခံရလို့ သတ်သေဖို့ လုပ်တဲ့ကျောင်းသားကို ငါတို့လိုမျိုး ဘယ်ကျောင်းက ရှာပေးဖူးလို့လဲ... ရှက်စရာကောင်းလိုက်တာ... "
သက်လတ်ပိုင်း လူကြီးတစ်ယောက်ကလည်း အေးစက်သော အမူအရာဖြင့် ပြောလိုက်သည်... "အကြီးအကဲမာ ပြောတာမှန်တယ်... ကျောင်းပြည်နယ်တစ်ခုလုံးက ဂိုဏ်းတွေအကုန်လုံးမှာ ငါတို့ဂိုဏ်းတစ်ခုပဲ ဒီလိုဖြစ်တာ... ဒါပေမယ့် အဲ့ကလေးသာ ငါတို့ဂိုဏ်းရဲ့ အနီးအနားမှာ သေခဲ့မယ်ဆိုရင် မိဘတွေက အရွေးမခံရတဲ့ သူတို့သားတွေ သတ်သေကြမှာကို ကြောက်ရွံ့လာကြလိမ့်မယ်... ဒါဆိုရင် ဘယ်မိဘက သူတို့သားသမီးတွေကို ငါတို့ဆီကို လွှတ်ရဲပါတော့မလဲ... "
ဝတ်ရုံဝတ်ထားသည့် အဘိုးကြီး တစ်ယောက်ကလည်း လက်ဖက်ရည်တစ်ငုံခန့် သောက်လိုက်ပြီး ပြောလိုက်၏... "အမှန်တော့ ဒီကိစ္စက ငါတို့နဲ့ မဆိုင်ဘူး...ငါတို့ဂိုဏ်းက သာမန်သေမျိုးတွေဆီကနေ ကျင့်စဉ် ကျင့်ဖို့သင့်တော်တဲ့ လူတွေကိုပဲ ရွေးရမယ်လေ... နှစ်၅၀၀ လောက် ကြာသွားရင် ဒီကိစ္စကို ဘယ်သူက ပြောတော့မှာလဲ... "
နောက်ဆုံးတွင် ပါးရေနားရေများတွန့်နေသည့် အဘိုးကြီးတစ်ယောက်က သက်ပြင်းချကာ ပြောလိုက်သည်... "ဒီကောင်လေးက ကိုယ့်ကိုယ်ကို သတ်သေဖို့ တစ်ကြိမ် ကြိုးစားပြီးပြီ... နောက်တစ်ကြိမ်လည်း ထပ်ကြံနိုင်သေးတယ်... ဒါကြောင့် ဒီလိုထပ်မဖြစ်အောင် သူ့ကို တပည့်အဖြစ် လက်ခံမှပဲ ရလိမ့်မယ်... "
အဘိုးကြီးက ပြောပြီးသည်နှင့် သက်လတ်ပိုင်းလူကြီးထံသို့ ဝေ့ကြည့်လိုက်သည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
မျက်နှာနီနှင့်လူကြီးက မကျေမနပ် ပြောလိုက်သည်… "အကြီးအကဲလီ ငါတို့ဟုန်ယွီဂိုဏ်းက သေမျိူးတစ်ယောက်ရဲ့ဘဝအတွက် ချွင်းချက်အနေနဲ့ လက်ခံပေးရမှာလား… "
အကြီးအကဲလီက သူ၏မျက်လုံးအား ဖွင့်ပြီးအေးစက်စွာ ပြောလိုက်သည်… "အကြီးအကဲမာ... ဂိုဏ်းခေါင်းဆောင်က ဒီကိစ္စကိုသေချာကိုင်တွယ်ဖို့ ငါ့ကိုပြောပြီးပြီ... ဒီကိစ္စကိုသေချာမကိုင်တွယ်ရင် ဒီကလေးက နောက်တစ်ကြိမ် သတ်သေနိုင်တယ်... သူ့မိဘတွေကလည်း ငါတို့က အဲ့ကလေးကို သတ်သေဖို့ ဖိအားပေးတယ်ထင်သွားကြလိမ့်မယ်... အဲ့ဒါဆို ကိစ္စတွေက ပိုရှုပ်ထွေးသွားလိမ့်မယ်... တကယ်လို့ မင်းက ဒီကိစ္စကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်မယ်ဆိုရင် ငါမင်းကို ခွင့်ပြုပေးမယ်... "
သတ်လတ်ပိုင်းအရွယ်လူကြီးက လျှင်မြန်စွာ ဝင်ပြီး ဖြန်ဖြေလိုက်သည်။ ထို့နောက် သူက ဆက်ပြောသည်... "ဒါလေးကို ငြင်းခုံဖို့ မလိုပါဘူး... ဘာကြောင့်ငါတို့က သူ့ကို အရင်ဆုံး ဂိုဏ်းဝင်ဖြစ်ခွင့်မပေးနိုင်ရမှာလဲ... ၈နှစ် ၁၀နှစ်လောက် ကြာပြီးရင် သူက ကျင့်စဉ်မကျင့်နိုင်တဲ့အခါ အိမ်ပြန်ပို့လိုက်လို့ ရတာပဲလေ... အဲ့ဒါဆိုပြသာနာမရှိတော့ဘူး... "
ဝတ်ရုံဝတ်ထားသော လူကြီးက ပြန်လည်တုံ့ပြန်သည်... "တကယ်လို့ တခြားသူတွေကပါ အဲ့ဒီလို လိုက်ပြီး သတ်သေကြမယ်ဆိုရင် ငါတို့ဘယ်လိုလုပ်မတုန်း... "
သတ်လတ်ပိုင်းရွယ်လူကြီးက သူ့၏မေးကိုအသာအယာပွတ်ပြီး ပြန်ဖြေသည်... "ဒါကလွယ်ပါတယ်... ဒီကိစ္စပြီးရင် ငါတို့က ငါတို့ရဲ့ ပညာသင်ကြားမှုတွေမှာ နောင်ကျရှုံးတဲ့လူငယ်တွေက မိမိကိုယ်ကို မသတ်သေအောင် အတွေးအခေါ်တွေ ခေါင်းထဲ ရိုက်သွင်းပေးရမယ်... အဲ့ဒါဆိုရင် ဒီကိစ္စကို ဖြေရှင်းသားဖြစ်သွားလိမ့်မယ်... ဝမ်လင်းအတွက်ကတော့... သူက ဒီကိစ္စကို လုပ်ထားပြီးဖြစ်တာကြောင့် သူ့ကိုဂိုဏ်းသား အဖြစ်ခေါ်ယူရမယ်... ပြင်ပတပည့်တစ်ယောက်တိုးလာလို့ ဘာမှမဖြစ်သွားဘူးလေ... "
အကြီးအကဲလီ၏ဘေးဘက်မှ အကြီးအကဲနှစ်ယောက်က နှုတ်ဆိတ်နေသော သတ်လတ်ပိုင်းအရွယ်လူကြီးအား ကြည့်လိုက်ကြသည်။
သတ်လတ်ပိုင်းရွယ်လူကြီးက ပြုံးလိုက်သည်... "ဝမ်လင်း... ဝမ်လင်း... ငါတတ်နိုင်သလောက်မင်းကိုကူညီပေးပြီးပြီ… မင်းရဲ့ဦးလေး၄ဆီက ရတဲ့ သတ္တုတစ်မျိုးအတွက် ငါက ပြန်ပေးဆပ်ပြီးပြီ… သေမျိူးတစ်ယောက်က ဒီလိုသတ္တုမျိုး ဘယ်ကရလာလဲဆိုတာ ငါတကယ်ပဲ စိတ်ဝင်စားမိတယ်… "
ဝမ်လင်း၏ ဦးလေးက ထိုပစ္စည်းကို ပန်းပဲဆရာထံမှ ဝယ်ခဲ့သည်ကို သက်လတ်ပိုင်းအရွယ်လူကြီး မသိခဲ့ချေ။ သူက ပစ္စည်းအတော်တော်များများအား မြင်ဖူးသော်လည်း ထိုပစ္စည်းကို တွေ့မြင်လိုက်သည်နှင့် သာမန်မဟုတ်သည်ကို သိခဲ့သည်။
ထေ့ကျူးအား ဟုန်ယွီဂိုဏ်းသို့ ဝင်ခွင့်ပြုရန် ဦးလေး၄က ထိုပစ္စည်းကို သူ့အား လာဘ်ထိုးခဲ့သည်။ သို့သော် ထိုပစ္စည်းက မည်သို့အသုံးဝင်သည်ကိုကား သူမသိပေ။
သတ္တုအပိုင်းရှည်လေးက ဝမ်လင်း၏ ကံကြမ္မာအား ပြောင်းလဲပေးခဲ့သည်။ ဝမ်လင်းက သူ့အား ဂိုဏ်းသားအဖြစ် အကြောင်းပြချက် ရေရေရာရာမရှိဘဲ လက်ခံခြင်းအား အံ့သြနေ၏။
နှစ်ရက်ကြာပီးနောက် ဝမ်လင်းက သူ၏မိဘနှစ်ပါးအား ဟုန်ယွီဂိုဏ်း၌ တွေ့ပြီး ပြုံးပျော်နေသော မိဘနှစ်ပါး၏မျက်နှာများအား မြင်တွေ့ပြီးနောက် ဝမ်လင်းက ကျင့်စဉ်အား ပြင်းပြင်းထန်ထန်လေ့ကျင့်မည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။
သို့သော်လည်း သူ၏ အတွေးအခေါ်များက သူ၏ မိဘနှစ်ပါး ပြန်သွားချိန်မှစ၍ ပြောင်းလဲသွားသည်။ တာဝန်ခွဲဝေရာဌာနသို့ ပို့ဆောင်ခံရပြီးနောက် ဝမ်လင်းက ထိုနေရာကို ရောက်သည်တွင် ကောက်ကျစ်စဉ်းလဲပုံရသော လူငယ်တစ်ယောက်သည် ဝမ်လင်းအား အထင်သေးစွာ လှမ်းခေါ်လိုက်သည်။ သူက ဝမ်လင်းအား ကြည့်ပြီး ပြောလိုက်၏… "ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်လို့ ဂိုဏ်းကလက်ခံလိုက်တဲ့ကောင်လေးက မင်းလား… ဒါဆိုမင်းက ဝမ်လင်းပေါ့..."
ဝမ်လင်းက သူ့အား အကဲစမ်းနေပုံရသော လူငယ်အား တိတ်တဆိတ် ကြည့်လိုက်သည်။ လူငယ်က အထင်သေးသောအပြုံးဖြင့် ဆက်ပြောသည်... " ကောင်လေး... မင်း မနက်ဖြန်မနက်ကစပြီး အလုပ်လုပ်ဖို့ ငါ့ဆီလာခဲ့... မင်း ရေသယ်ရမယ်... တစ်နေ့ကို စည်၁၀ပိုင်းကို ပြည့်အောင်ဖြည့်ရမယ်... တကယ်လို့မင်း ပြည့်အောင် မလုပ်နိုင်ဘူးဆိုရင် အစာမစားရဘူး... ပြီးတော့ ၇ရက်ဆက်တိုက် အဲ့လိုဖြစ်နေပြီဆိုရင် အကြီးအကဲ တွေကိုပြောပြီး မင်းကို ဂိုဏ်းကနေ နှင်ထုတ်ခိုင်းမယ်... ဒါတွေက မင်းအတွက် အဝတ်အစားတွေ… မှတ်ထားပါ… ပြင်ပတပည့်တွေက မီးခိုးရောင် အဝတ်တွေပဲဝတ်ရတယ်... မင်းက ပင်မတပည့်ဖြစ်လာမယ်ဆိုရင်တော့ တခြားအရောင်တွေဝတ်လို့ရမယ်... "
ထိုသို့ပြောပြီးနောက် သူက ဝမ်လင်းအား အဝတ်များပေးကာ သူ၏မျက်လုံးအား မှိတ်ထားလိုက်သည်။
ဝမ်လင်းက သူ၏ အဝတ်များအားကောက်ယူပြီး မေးလိုက်သည်... "ကျွန်တော်… ဘယ်မှာနေရမှာလဲ… "
လူငယ်က သူ၏ မျက်လုံးများအားမဖွင့်ဘဲ ပြောလိုက်သည်... "မင်းက မြောက်ဘက်ကို အဆောင်တန်းလေးတွေ မတွေ့မချင်း တန်းတန်းသွားလိုက်... အဲ့ကတပည့်တွေကို မင်းရဲ့ တံဆိပ်ကို ပြလိုက်... မင်းနေရမဲ့အခန်းကို ပြပေးကြလိမ့်မယ်... "
ဝမ်လင်းက မြောက်ဘက်ရှိ အဆောင်များရှိရာသို့ ဦးတည်လိုက်သည်။ ဝမ်လင်းထွက်သွားသည်နှင့် လူငယ်က သူ၏ မျက်လုံးအားဖွင့်၍ စက်ဆုပ်ရွှံရှာစွာ ပြောလိုက်သည်… "သေကြောင်းကြံစည်ပြီး ရောက်လာတဲ့ကောင်က ငါ့အချိန်တွေ လာဖြုန်းနေတာပဲ... "
ဟုန်ဟွီဂိုဏ်းအတွင်း လျှောက်လာစဉ် ဝမ်လင်းက ဖြူရော်အေးစက်နေသော မျက်နှာထားများနှင့် အလျှင်လိုနေသော မီးခိုးရောင်ဝတ်စုံဝတ်ထားသော လူများကို တွေ့လိုက်ရသည်။ တပည့်တချို့က ပစ္စည်းများ သယ်ကာ ပြေးလွှားနေသည်ကိုလည်း တွေ့ရသည်။ လမ်းအတိုင်း တန်းတန်းမတ်မတ်သွားပြီးနောက် သူက အိမ်တန်းများကို တွေ့လိုက်ရ၏။ ထိုနေရာတွင် မီးခိုးရောင်ဝတ် ဂိုဏ်းသားများအား ပိုမိုတွေ့ရကာ အချင်းချင်း စကားပြောဆိုနေကြသည်။
ဝမ်လင်းက သူ၏တံဆိပ်အား အဝါရောင်ဝတ်ထားသော လူငယ်တစ်ယောက်အား ပြပြီးနောက် ထိုလူငယ်က တံဆိပ်ကို စစ်ဆေးပြီး သူနေရမည့်အခန်းအား ညွန်ပြလိုက်သည်။
ဝမ်လင်းသည် ဤနေရာ၌ရှိကြသောလူများအားလုံးက သူ့အား အေးစက်သောမျက်နှာထားများနှင့် ကြည့်နေကြသည်ဟု ခံစားလိုက်ရ၏။ သူက နေရမည့်အခန်းသို့ရောက်သောအခါ မျက်နှာတည်တည်ဖြင့် အခန်းတံခါးကို ဖွင့်လိုက်သည်။ အခန်းထဲတွင် အိပ်ယာစင်နှစ်ခု ၊ စားပွဲတစ်လုံးနှင့်ထိုင်ခုံနှစ်လုံးရှိပြီး အတော်အတန် ကျယ်ဝန်းသည်။ အခန်းကလည်း သပ်ရပ်သန့်ရှင်း၏။
ဝမ်လင်းက အိပ်ယာလိပ်ကို ကောက်ယူလိုက်ပြီးနောက် လွတ်နေသောအိပ်ယာစင်ကို ကြည့်လိုက်သည်။ သူက သူ၏ သေတ္တာကိုချလိုက်ပြီးနောက် အိပ်ယာပေါ်၌ လှဲလိုက်၏။
ဝမ်လင်းက ဟုန်ယွီဂိုဏ်းသို့ ဝင်ရောက်ခဲ့ရသော်လည်း သူမျှော်လင့်ထားသော အင်မော်တယ် ပညာရပ်များအား သင်ရမည့်အစား သူ၏အလုပ်မှာ ရေသယ်ရသော အလုပ် ဖြစ်နေ၏။
ထိုအကြောင်းများအား စဉ်းစားရင်း ဝမ်လင်းက ရင်ဘတ်ထဲ၌ သိမ်းထားသော မှော်ကျောက်တုံးအား စမ်းမိကာ သက်ပြင်းချလိုက်သည်။ သည်ကျောက်တုံးက သူရရှိခဲ့သော ရတနာဖြစ်သည်။ ဝမ်လင်းက စာအုပ်အများအပြားအား ဖတ်ဖူး၍ သည်ကျောက်တုံးက အန္တရာယ်အား ဖိတ်ခေါ်နိုင်သော ပစ္စည်းဖြစ်သည်ဟုလည်း သူသိသည်။ လူအများစုက ရတနာပစ္စည်းကို မြင်တွေ့ပါက လိုချင်တပ်မက်ကြပေလိမ့်မည်။
ဤသို့ဖြင့် ညရောက်လာသည်။ ထိုအချိန်တွင် အလွန်မောပမ်းနေဟန်ရသော လူငယ်တစ်ယောက်က အခန်းတံခါးအားဖွင့်ကာ အခန်းထဲသို့ဝင်လာခဲ့သည်။ သူက ဝမ်လင်းအား မြင်သည်နှင့် ကြက်သေသေသွား၏။ ထို့နောက်မည်သည့်စကားမျှ မပြောဘဲ သူ့ အိမ်ယာသို့ လျှောက်သွားလိုက်သည်။
ဝမ်လင်းကလည်း သူ့ကို ဂရုမစိုက်ပေ။ သူသိသည်က မနက်ဖြန် မနက်စောစော ထရမည်ကိုပင်။
သူက ဗိုက်အားပွတ်လိုက်ကာ သူ၏အမေပေးလိုက်သော အာလူးကြော် အနည်းငယ်အားထုတ်ယူလိုက်သည်။ သူ၏မိဘများက သူ့အားရှာရန် ထွက်လာသောအခါ သူတို့စားရန်ယူခဲ့သော အာလူးကြော်များဖြစ်သည်။ နောက်ပိုင်း ဝမ်လင်းကို တွေ့သောအခါ သူ၏မိဘများက ကျန်ရှိသော အာလူးကြော်များအား ဝမ်လင်းအား ပေးခဲ့ခြင်း ဖြစ်၏။
အာလူးကြော်များက အလွန်ချိူသည်။ ဝမ်လင်းက အာလူးကြော်များ စားနေသည်ကို ကြားလျှင် လူငယ်၏ မျက်လုံးများ ပွင့်လာသည်။ ထို့နောက် သူက အလွန်ဆာလောင်နေသော အသံဖြင့်.ပြောသည်... "ငါ့ကို နည်းနည်းလောက် ကျွေးလို့ရမလား… "
ဝမ်လင်းက အာလူးကြော် အနည်းငယ်အား ထုတ်၍ ပေးလိုက်သည်... "ကျုပ်မှာ အများကြီးရှိသေးတယ်... တကယ်လို့ ခင်ဗျားကြိုက်ရင် ထပ်ယူစား… "
လူငယ်က အာလူးကြော်များကို အလျင်အမြန် ယူလိုက်ကာ ပလုပ်ပလောင်း မျိူချစားသောက်သည်။ ထို့နောက် စားပွဲပေါ်၌ တင်ထားသောရေအား သောက်ပြီးနောက် ပြောလိုက်သည်... "အင်း … ကျုပ် ဘာအစားအစာမှမစားရတာ နှစ်ရက်လောက်ရှိနေပြီ... ဒါနဲ့ ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ…. "
ဝမ်လင်းက သူ၏နာမည်အား ပြောပြလိုက်သည်နှင့် လူငယ်က ရုတ်တရက် ရယ်မောပြီး ပြောလိုက်သည်... ''ဒါဆို ခင်ဗျားက ဝမ်လင်းပေါ့... ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်လို့ ဟုန်ယွီဂိုဏ်းကို ဝင်ခွင့်ရခဲ့တဲ့ အမှိုက်ကောင်က ခင်ဗျားပေါ့... “
ရုတ်တရက် လူငယ်သည် သူဘာပြောလိုက်သည်ကို သတိထားမိသွားသည်… “ကျွန်တော့်နာမည်ကကျန်းဟူ... အမှန်အတိုင်းပြောရရင် ဂိုဏ်းမှာ ခင်ဗျားအကြောင်းကို မသိတဲ့သူ တစ်ယောက်မှမရှိဘူး... ဒါကြောင့် ကျွန်တော်က အဲလိုပြောခဲ့တာ အပြစ်မတင်ပါနဲ့... ဒီနည်းလမ်းနဲ့ ဂိုဏ်းထဲကို ဝင်နိုင်တာ ခင်ဗျားကို ကျုပ် တစ်ကယ်အားကျတယ်... ''
ဝမ်လင်းက ရယ်လိုက်သည်။ ထို့နောက်သူက မည်သို့မျှ ရှင်းမပြတော့ဘဲ အာလူးကြော် အနည်းငယ်အားကမ်းပေးလိုက်သည်။
ကျန်းဟူက အလျင်အမြန်လက်ခံလိုက်ပြီး အာလူးကြော်များကို ဝါးကာ စကားဆက်ပြောလိုက်၏… "ဝမ်လင်း... တစ်ချို့အရာတွေက လျစ်လျူရှုထားတာ ပိုကောင်းတယ်… ဒီမှာမင်းက အသစ်ပဲ... ဘယ်သူသိမှာလဲ အဲ့ဒီအဝါရောင်ဝတ်စုံဖျံကောင်က မကောင်းဆိုးဝါးဆိုတာကိုလည်း မင်းသိမှာ မဟုတ်ဘူး... သူက ငါတို့ကို လူလိုမဆက်ဆံကြဘူး... "
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
”ဖျံကောင်... ” ဝမ်လင်းက အံ့အားသင့်သွားသည်။ အဆိုပါလူမှာ သူ့ကို လှောင်ပြောင်ခဲ့သည့် အဝါဝတ်စုံဝတ် တပည့်တစ်ယောက်ဟု ယူဆ၍ရသော်လည်း သိပ်မသေချာပေ။
"အာ... မင်းသူ့ကို မမြင်လိုက်ဘူးလား... သူက တပည့်တွေကို အလုပ်ခွဲတမ်းချပေးရတဲ့ တာဝန်ရှိသူပဲ... သူက ပြင်ပတပည့်ဖြစ်ပေမယ့် ကျင့်စဉ်ကျင့်လို့ရတယ်... အဝါရောင်ဝတ်စုံဝတ်ထားပေမယ့် လူကောင်းတယောက်နဲ့ မတူဘူး… ဒါကြောင့် ငါတို့က သူ့ကို ဖျံလို့ခေါ်ကြတာ ... “ ကျန်းဟူက မရပ်မနားရှင်းပြလိုက်သည်။
ဝမ်လင်းက အာလူးကြော်ကို တစ်ကိုက်ကိုက်ပြီး ပြောလိုက်သည်… "ငါ ဒီနေ့ သူ့ကို မြင်မှ သူဘယ်သူလဲသိတာ... သူက ငါ့ကို မနက်ဖြန်က စပြီးတော့ တစ်ရက်ကို ရေစည်၁၀စည် မဖြည့်ရင် အစာမပေးဘူးတဲ့... ''
ကျန်းဟူ အံ့အားသင့်သွားသည်။ သူက ဝမ်လင်းကို ခဏစိုက်ကြည့်လိုက်သည်... "အစ်ကို... ခင်ဗျား သူ့ကို အရင်က အပြစ်လုပ်ဖူးလား... ''
ဝမ်လင်း ခေါင်းယမ်း၍ ပြန်ပြောလိုက်သည်… ''ဘာလို့လဲ... ''
ကျန်းဟူက ဝမ်လင်းကို သနားကြည့်ဖြင့် ကြည့်လိုက်သည်... ''ဝမ်လင်း... ရေတိုင်ကီတွေက အိမ်မှာသုံးတဲ့ တိုင်ကီတွေလို မှတ်နေလား... ဒီလောက်ကြီးလေ... ''သူက လက်ဖြင့် တိုင်းထွာပြလိုက်သည်။
ကျန်းဟူ ခါးသီးစွာပြုံးလိုက်၏။
"မင်း ဖျံကောင်ကို ရန်စမိပြီ… သူပြောတဲ့ ရေတိုင်ကီဆိုတာ သူ့အခန်းလောက်ကြီးတဲ့ ရေတိုင်ကီတွေ ဆယ်တိုင်ကီတောင်မှ... ဝမ်လင်း... ဒီအာလူးကြော်တွေ ငါမစားတော့ဘူး... မင်း သိမ်းထား... လေးငါးရက်စာလောက် ဖူလုံလိမ့်မယ်.... တောင်ပေါ်က တင်းကုတ်တွေအကုန်လုံးက နေရာယူပြီးသွားကြပြီ...အဲဒီနေရာတွေက တပည့်ခေါင်းဆောင်တွေပဲ ယူလို့ရတာ...မနက်ဖြန်တော့ တောင်ထွက်သီးနှံတွေပဲ စားရတော့မယ်... ''သူက ကျန်ရှိနေသည့် အာလူးကြော်များကို စားပွဲပေါ်တင်ရင်း သက်ပြင်းချကာ အိပ်ယာပေါ်လှဲချလိုက်သည်။
ဝမ်လင်းက ဒေါသထွက်နေသော်လည်း သူ့မိဘများ၏ ပုံရိပ်များကို ပြန်မြင်ယောင်မိသောအခါ စိတ်ကို အတင်းလျှော့ချလိုက်သည်။ သူက ဒေါသထွက်နေသောစိတ်ဖြင့်ပင် အိပ်ပျော်အောင် အိပ်လိုက်ရတော့သည်။
ဒုတိယနေ့တွင် ဝမ်လင်းက အိပ်ယာထသည့်အချိန်တွင် မိုးမလင်းသေးဘဲ မှောင်နေဆဲပင် ဖြစ်သည်။ ကျန်းဟူကား ဟောက်နေဆဲပင်။ ဝမ်လင်းက မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ကာ ဖျံကောင်နှင့် တွေ့ခဲ့သည့်နေရာသို့ အလျင်အမြန် သွားလိုက်သည်။ ထိုနေရာသို့ သူရောက်ရှိပြီး မကြာမီတွင် နေရောင်ထွက်လာတော့သည်။ ဝတ်စုံဝါဝတ်လူငယ်များက တံခါးများကို ဖွင့်ကာ ဝမ်လင်းကို ထူးဆန်းစွာ ကြည့်နေကြသည် … "အနည်းဆုံးတော့ မင်း အချိန်မှန်တယ်... ရေပုံးယူပီး အရှေ့ဖက်ကိုသွား... တောင်ပေါ်မှာ စမ်းချောင်းရှိတယ်... အဲ့စမ်းချောင်းရေကို ဒီကိုခပ်ခဲ့... ''
သူက ဝမ်လင်းကို ဂရုမစိုက်ချေ။ သူက မြေကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး နေထွက်လာသည်ကို မျက်နှာမူကာ အသက်ကို ဖြည်းညှင်းစွာရှူ သွင်းလိုက်သည်။ သူ့နှာခေါင်းမှ နဂါးနှစ်ကောင်ကဲ့သို့ အဖြူရောင် မြူများထွက်နေသည်။
ဝမ်လင်းက သူ့ကို မနာလိုစွာ ကြည့်လိုက်၏။ ထို့နောက် အခန်းထဲသို့ ဝင်ကာ လှည့်ပတ်ကြည့်ရှုလိုက်သည်။ နောက်ဆုံးတွင် တံခါးနောက်ရှိ ရေဆယ်တိုင်ကီကို မြင်လိုက်သည့်အခါ သူက မချိပြုံး ပြုံးလျှက် အရှေ့ဘက်ဂိတ်သို့ ဦးတည်လိုက်၏။
အချိန်အတန်ကြာလျှောက်ပြီးနောက် ဝမ်လင်းက စမ်းချောင်းရှိရာကို ရောက်ရှိသွားသည်။ပတ်ဝန်းကျင်က လှပပြီး ရေစီးဆင်းသံကလည်း သာယာနာပျော်ဖွယ်ဖြစ်ကာ စိတ်နှလုံးအေးချမ်းစေသည်။ သူ့တွင် အလှအပကို ခံစားရန် အချိန်မရှိချေ။ ရေပုံးအား ရေဖြည့်လိုက်ပြီး တောင်ပေါ်သို့ အမြန်ပြန်တက်သွားလိုက်သည်။
မှောင်ရီဝင်စအချိန်အထိ ရေခပ်နေခဲ့သော်လည်း တစ်တိုင်ကီပင် မပြည့်သေးပေ။ အာလူးကြော်များသာ စားမထားခဲ့ပါက သူ့တွင် ဆက်လက်လုပ်ကိုင်ရန် ခွန်အားရှိမည် မဟုတ်ချေ။ သူ၏ ခြေ၊လက်များ လေးလံနေကာ လှုပ်ရှားမှုပြုတိုင်း နာကျင်နေသည်။
ဝမ်လင်းက ခဏစဉ်းစားလိုက်ပြီး ရေပုံးထဲသို့ ရေတစ်ဝက်ဖြည့်ကာ လူသူမရှိသည့်နေရာသို့ သွားလိုက်သည်။ သူက ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိမှန်းသေချာသွားသည့်အခါ မှော်ကျောက်တုံးကို ထုတ်ယူပြီး ရေပုံးထဲသို့ ခေတ္တခဏ စိမ်လိုက်၏။ ထို့နောက် ကျောက်တုံးကို ပြန်ထုတ်ကာ ရေကို သောက်သုံးလိုက်သည်နှင့်တပြိုင်နက် အစာအိမ်ထဲမှ နွေးထွေးမှုကို ခံစားရပြီးနောက် ကြွက်သားနာကျင်မှုများက ပျောက်ဆုံးသွားသည်။
ရလဒ်သည် ရေငွေ့ရည်များကဲ့သို့ မကောင်းမွန်သော်လည်း ဝမ်လင်းက စိတ်လှုပ်ရှားဆဲပင် ဖြစ်သည်။ သူက ရင်ဘတ်ကို ကိုင်ပြီး မှော်ကျောက်တုံးကို နေရာအနေအထား ညှိလိုက်သည်။ သူသည် ဤမှော်ရတနာအကြောင်းကို မည်သူ့ကိုမှ မပြောရန် ဆုံးဖြတ်လိုက်၏။
ရေပုံးတစ်ဝက်ကုန်အောင် သောက်ပြီးသောအခါ သူ၏ကြွက်သားများက နာကျင်ကိုက်ခဲမှုများ ပျောက်ကွယ်သွားပြီး ခွန်အားများ ပြန်လည်ပြည့်ဝလာသယောင် ခံစားလိုက်ရသည်။ သူက ရေကို လျင်မြန်စွာပင် ဆက်လက်ဖြည့်နေလိုက်၏။
ထိုညတွင်ပင် မှော်ကျောက်တုံးကို ရေပုံးတစ်ဝက်ထဲသို့ ထပ်မံနှစ်ကာ သောက်သုံးပြန်သည်။ သူ့အား သံသယမဝင်စေရန် နွမ်းလျသည့်ပုံစံဖြင့် ပြန်လာလိုက်၏။
ခဏကြာသောအခါ ကျန်းဟူပြန်ရောက်လေသည်။ သူက အလုပ်ပင်ပန်းလာပုံ ပေါ်ဆဲပင် ဖြစ်သည်။ နှစ်ယောက်သား စကားအနည်းငယ်ပြောပြီးနောက် ကျန်းဟူက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် အာလူးနှစ်လုံး တောင်းယူလိုက်၏။ သူက ထိုအာလူးများအား စားသောက်ကာ အိပ်ပျော်သွားလေသည်။
အချိန်များက လျင်မြန်စွာကုန်ဆုံးသွားကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝမ်လင်း ဟုန်ယွီဂိုဏ်းတပည့်ဖြစ်ခဲ့ရာ တစ်လခန့်ကြာမြင့်သွားလေသည်။
ဝမ်လင်းက ကျန်းဟူ၏အလုပ်မှာ ထင်းခွေရန်ဖြစ်ကြောင်း သိသွားသည်။ သူက အစာမစားမှီ ထင်းအလုံအလောက်ရရှိရန် အားထုတ်ရသည်။ သူကား ပြင်ပတပည့်ဖြစ်ကတည်းက သုံးနှစ်သုံးမိုး ထင်းခွေခဲ့ရသည်။ လွန်ခဲ့သည့်သုံးနှစ်က သုံး၊လေးရက်တကြိမ်သာ အစာစားခဲ့ရသော်လည်း ယခုအခါ နှစ်ရက်တကြိမ်အထိ အစာစားခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။
သူ့စကားများအရ ပြင်ပတပည့်များသည် တန်ခိုးကျင့်စဉ်အခြေခံကို မသင်ယူမီအထိ တစ်နေ့သုံးကြိမ် အစာစားခွင့်ရရန် ဆယ်နှစ်ကြာအောင် ဝေယျာဝစ္စများ ပြုလုပ်ရလေသည်။
ပင်မတပည့်များကား ထိုသို့မဟုတ်ပေ။ သူတို့တွင် ဆရာများရှိကာ ဝေယျာဝစ္စများလုပ်ရန် မလိုအပ်သည့်အပြင် ကိုယ်ပိုင်အခန်းများလည်း ရှိ၏။ သူတို့၏အလုပ်ကား တန်ခိုးကျင့်ရန်သာလျှင် ဖြစ်သည်။
ယေဘုယျအားဖြင့် ပင်မတပည့်နှင့်ပြင်ပတပည့်ကြားတွင် အကူဖြစ်လာသော ဝမ်ဟိုကဲ့သို့ အစေခံလူတန်းစား ရှိသေးသည်။
ထိုလူများက ဝေယျာဝိစ္စများအား ပြုလုပ်ရန်မလိုအပ်သလို အဆင့်နိမ့်ကျင့်စဉ်များကိုပင် လေ့ကျင့်ခွင့်ရသည်။ သူတို့၏ဆရာများကပေးသော တာဝန်ကိုသာ ပြုလုပ်ရန် လိုအပ်ပေသည်။ သို့သော် ထိုလူများသည် ပင်ကိုယ်ပါရမီနည်းပါးကာ သူတို့တစ်ဘဝလုံးကို အကူများအဖြစ်သာ ဖြတ်သန်းရလေ့ရှိသည်။
ဝမ်လင်းက ကျန်းဟူထံမှ သိရသလောက် ပါရမီရှိသည်ဆိုသည်မှာ စိတ်စွမ်းအင်မြင့်မားခြင်း ဖြစ်ကြောင်း၊ တစ်စုံတစ်ယောက်က စိတ်စွမ်းအင်လုံလောက်လျှင် တစ်နှစ်အတွင်း အင်မော်တယ်ကျင့်စဉ်ကို လေ့ကျင့်နိုင်ပြီး လုံလောက်မှုမရှိပါက ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်များစွာပင် အချိန်လိုအပ်ကြောင်း ကြားသိရသည်။
လူတယောက်၏ အသက်သည် ကန့်သတ်ချက်ရှိသည်။ သာမန်လူတယောက်သည် သူ့ဘဝတလျှောက်လုံး လေ့ကျင့်လျှင်ပင် ဖြစ်ထွန်းမည် မဟုတ်ချေ။ ထို့ကြောင့် ဂိုဏ်းက စိတ်စွမ်းအင်ကိုသာ ဦးစားပေးခြင်းဖြစ်သည်။
ဝမ်လင်းက သူရေဖြည့်နေရသည့် တစ်လလုံး မှော်ကျောက်တုံးစိမ်ထားသည့် ရေများစွာသောက်သုံးခဲ့သောကြောင့် သူ့ခန္ဓာကိုယ်မှာ ပို၍သန်မာလာသည်။ ယခင်က ရေဆယ်တိုင်ကီဖြည့်ရန် ခြောက်ရက်ကြာသော်လည်း ယခုအခါ သုံးရက်သာကြာမြင့်တော့သည်။
သို့သော်လည်း အခြားလူများ သံသယမဝင်စေရန်အလို့ငှါ ဝမ်လင်းက နေမထွက်မှီ အိပ်ယာမှထပြီး ရေပုံးယူကာ ရေခပ်ထွက်လေ့ရှိသည်။ အခြားလူများက သူသုံးရက်တည်းနှင့် ရေဖြည့်နိုင်သောကြောင့် အံ့အားသင့်ကြသော်လည်း စောစောထကာ နောက်ကျမှ အိပ်သောကြောင့် ထိုသို့ပြီးသည်ဟု ယူဆကြသည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
ဂိုဏ်းသို့ရောက်ပြီး တစ်လအတွင်း၌ ပြင်ပတပည့်အားလုံးနီးပါးက ဝမ်လင်းကို သိလာကြသည်။ သူတို့က မောက်မာပြီး ဝမ်လင်းကို တွေ့သည့်အခါတိုင်း အထက်ဆီးမှ ပြောကြသည်။
ဝမ်လင်းက သူတို့ကို လျစ်လျူရှူထား၏။ ဤပြင်ပတပည့်များက သူတို့ကိုယ်သူတို့ လိမ်ညာနေကြသည်ကို သူသိသည်။ သူမရောက်ခင်အချိန်က သူတို့သည် အောက်ခြေမှ အနိမ့်ဆုံးတပည့်များ ဖြစ်ကြသည်။ ကိုယ့်ကိုယ်ကို သတ်သေရန် ကြိုးစားပြီး ရောက်လာသည့် ဝမ်လင်းလို တပည့်မျိုးက သူတို့ထက် နိမ့်ကျသည်ဟု ထင်နေကြပြီး ဝမ်လင်းကို တွေ့သည့်အချိန်တိုင်း သူတို့၏ ရင်ထဲမှ မကျေနပ်ချက်များကို ဖွင့်ထုတ်ပြီး ဝမ်လင်းကို ပိုးစိုးပက်စက် ပြောဆိုကြ၏။
ဝမ်လင်းက ဘာမှပြန်မလုပ်နိုင်သည့် သူ့ကိုယ်သူ ပြန်ကြည့်ပြီး အေးစက်စွာ ရယ်လိုက်သည်။ ဂိုဏ်းထဲတွင် သန်မာသောသူကသာ အမှန်ဖြစ်၏။ ပြင်ပတပည့်တချို့က ဤနေရာသို့ ရောက်တာကြာနေပြီ ဖြစ်သည့်အတွက် သူတို့၏ ခန္ဓာကိုယ်က အလွန်သန်မာနေပြီ ဖြစ်သည်။ တချို့ဆို အင်မော်တယ်ကျင့်စဉ်အချို့ကို ကျင့်ကြံနေကြပြီ ဖြစ်၏။ ဝမ်လင်းသာ ပြန်တိုက်ခိုက်လျှင် သူသာ ပြန်ခံရပေမည်။
သို့သော်လည်း ဝမ်လင်းက သည်းခံနေရလောက်သည်အထိ သဘောမကောင်းချေ။ သူ သန်မာလာသည့်တစ်နေ့ ပြန်ပြီး ကလဲ့စားချေနိုင်ရန် ထိုသူများ၏မျက်နှာကို မှတ်ထားလေသည်။
ဝမ်လင်းက သူ့ကိုယ်သူ မျက်မမြင်၊နားမကြားဖြစ်နေသူ တစ်ယောက်ကဲ့သို့ သဘောထားလိုက်သည်။ နေ့တိုင်း ရေကိုသာ ဆက်ဖြည့်နေပြီး မှော်ကျောက်တုံးကို လျှို့ဝှက်စွာ လေ့လာနေ၏။ .
သူက မှော်ကျောက်တုံးကို အရည်အမျိုးမျိုးတွင် စမ်းသပ်ခဲ့သည်။ ရလဒ်ကလည်း အမျိုးမျိုး ထွက်လာခဲ့၏။
ရေငွေ့ရည်တွင်လည်း အမျိုးအစား ကွဲပြားနေသေးသည်။ မနက်ခင်းအချိန်ထွက်သည့် ရေငွေ့ရည်က အကောင်းဆုံး ဖြစ်ပြီး ညအချိန်၌ထွက်သည့် ရေငွေ့ရည်က အဆိုးဆုံး ဖြစ်၏။
ရောနှောသည့်အခါတွင်လည်း စမ်းရေနှင့်ရောစပ်ခြင်းက အကောင်းဆုံးဖြစ်ပြီး သွေး သို့မဟုတ် ချွေးများဖြင့် ရောနှောထားသောအရည်က ထိရောက်မှု မရှိသလောက် နည်းပါးသည်။
ဝမ်လင်းက တောထဲ၌ သဘာဝအလျောက်တွေ့ရသည့် ဘူးသီးခြောက်များကို အပေါက်ဖောက်ကာ ရေငွေ့ရည်များကို သိမ်းဆည်းထားလိုက်၏။
ထိုဘူးသီးခြောက်များကို ဝမ်လင်းက အဆောင်မှာ မသိမ်းထားဘဲ အဆောင်နှင့်ဝေးသော နေရာတွင် သေချာဖွက်ထားလေသည်။ ရေသယ်သည့်အချိန်၌သာ ရေငွေ့ရည် ထည့်ထားသော ဘူးသီးခြောက်ကို ဆောင်ထားပြီး ဂိုဏ်းသို့ မည်သည့်အချိန်မှ ပြန်သယ်မလာချေ။
ရေသယ်သည့်အချိန်တွင် ပင်ပန်းလာသည့်အခါ သောက်ရန် ဆောင်ထားခြင်း ဖြစ်သည်။
ဝမ်လင်းက မှော်ကျောက်တုံး၏ အံသြဖွယ်ဖြစ်ရပ်တစ်ခုကို ထပ်မံ တွေ့ရှိထား၏။ နေ့အချိန်တွင်ဖြစ်စေ၊ ညအချိန်တွင်ဖြစ်စေ မှော်ကျောက်တုံး၌ ရေငွေ့ရည်များ ဖြစ်ပေါ်လာသည့်အချိန်တွင် မှော်ကျောက်တုံးပေါ်တွင် ရေငွေ့ရည်အများအပြား ရှိနေသည်။ သို့သော်လည်း ထိုရေငွေ့ရည်များကို သိမ်းဆည်းသည့် အခါတိုင်း ၁၀စက်ခန့်သာ ရပြီး ကျန်ရှိနေသော ရေငွေ့ရည်များမှာ ပျောက်ကွယ်သွား၏။
ထိုအဖြစ်ပျက်ကို ကြည့်ပြီး မှော်ကျောက်တုံးက ရေငွေ့ရည်မျာကို စုပ်ယူသည်ဟု ဝမ်လင်း ယုံကြည်လိုက်သည်။ သူ၏ထင်မြင်ချက်က ယုတ္တိမရှိသော်လည်း တခြားဖြစ်နိုင်သည့်အကြောင်းအရာ မရှိတော့ချေ။
ဝမ်လင်းက ရေစည်တွေဖြည့်ပြီးသည့်အချိန်တွင် ကျင့်စဉ်ကျင့်နေသော ဝတ်စုံဝါဝတ်တပည့်ဆီသွား၍ အကြောင်းကြားလိုက်၏... "အစ်ကိုလျူ... ကျွန်တော် အိမ်ခဏပြန်မှာမို့ မနက်ဖြန် ကျွန်တော် ဒီကို လာနိုင်မှာ မဟုတ်ဘူး... "
ဝတ်စုံဝါဝတ်လူငယ်က ဝမ်လင်းကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။
ဝမ်လင်းက ထိုအခြင်းအရာကို ဂရုမစိုက်ချေ။ ပြင်ပတပည့်တစ်ယောက်က တစ်နှစ်တွင် ၃ကြိမ် အိမ်သို့ပြန်ခွင့်ရှိသည်ကို ကျန်းဟူထံမှ သိရှိထား၏။ သို့သော်လည်း အကြီးအကဲစွန်းထံမှ ခွင့်ပြုချက်ကို တောင်းခံပြီးမှသာ အိမ်သို့ပြန်ရသည်။
သူ့အဖေ၏မွေးနေ့က မကြာခင် ရောက်ရှိတော့မည်ကို ဝမ်လင်းက မှတ်မိနေသည်။ ဝမ်လင်းက သူ့အလုပ်များ ပြီးသွားသည့်အချိန်တွင် ပြင်ပတပည့်များကို အုပ်ချုပ်ရသော အကြီးအကဲထံ လမ်းလျှောက်ထွက်လာသည်။
ဟုန်ယွီဂိုဏ်းတွင် သင်ကြားရေးဋ္ဌာန ၆ခုရှိပြီး ဋ္ဌာနတစ်ခုစီကို အဖွဲ့ ၅ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ အဖွဲ့၅ဖွဲ့ကို သတ္တု၊သစ်သား၊ရေ၊မီး၊မြေကြီး ဟု နာမည်ပေးထား၏။ ပင်မတပည့်များနှင့် အကြီးအကဲများက ပင်မဝန်းထဲတွင် နေထိုင်ကြသည်။ ရေသယ်နေသည့် သူ့ဘေးမှ ပင်မတပည့်များ ဖြတ်သွားလျှင် သူတို့ကိုကြည့်ပြီး ဝမ်လင်း အားကျနေတတ်သည်။ ဝမ်လင်းက ပင်မဝန်းသို့ ရောက်လာသောအခါ ဘေးဘယ်ညာကိုကြည့်လိုက်ပြီး အော်ပြောလိုက်သည်... "ပြင်ပတပည့်ဝမ်လင်း... အကြီးအကဲစွန်းကို တွေ့ခွင့်တောင်းခံပါတယ်... "
ဝတ်စုံဖြူဝတ်လူငယ်တစ်ယောက် ထွက်လာပြီး ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်... "မင်းက ဝမ်လင်းလား... "
ထိုလူငယ်က အဖြူရောင်ဝတ်စုံကို ဝတ်ထားတာကြည့်ပြီး သူ့စိတ်ထဲ မွန်းကြပ်သွား၏။
ဟုန်ယွီဂိုဏ်းတွင် တပည့်များကို ဝတ်စုံအရောင်များဖြင့် ခွဲခြားထားသည်။ ပြင်ပတပည့်များက မီးခိုးရောင်နှင့် အဝါရောင်ဝတ်စုံများကို ဝတ်ဆင်ရသည်။ အင်မော်တယ်ကျင့်စဉ်များကျင့်ကြံခွင့် ရရှိနေပြီဖြစ်သည့် ပြင်ပတပည့်များသာ အဝါရောင်ကို ဝတ်ဆင်ရပြီး ကျန်သောပြင်ပတပည့်များက မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ရ၏။ ပင်မတပည့်များကိုလည်း ခရမ်းရောင်၊အနက်ရောင်၊အဖြူရောင်၊အနီရောင် ဟူ၍ အစဉ်လိုက် အဆင့်ခွဲထားသည်။ အမြင့်ဆုံးက ခရမ်းရောင်ဖြစ်သည်။
ဝတ်စုံဖြူဝတ်လူငယ်က ပင်မဝန်းထဲ ပြန်လှည့်မဝင်သွားခင် ပါးစပ်ကို ရွဲ့လိုက်ပြီး ဝမ်လင်းကို အေးစက်စက် ကြည့်သွား၏။ ဝမ်လင်းကလည်း သူ့နောက်မှ လူသေကောင်မျက်နှာဖြင့် လိုက်သွားသည်။
အတန်ကြာအောင် လမ်းလျှောက်ပြီးနောက် ပန်းပွင့်များဖြင့် အလှဆင်ထားသည့်အိမ်ရှေ့သို့ ရောက်ရှိသွား၏။
ဝတ်စုံဖြူဝတ်လူငယ်က ပျင်းရိပျင်းတွဲဖြင့် အော်ပြောလိုက်သည်... "ဆရာစွန်း... ပြင်ပတပည့်တစ်ယောက် ဆရာ့ကိုတွေ့ဖို့ ရောက်နေတယ်... "
ထို့နောက် သူက ဘေးမှာ မတ်တပ်ရပ်နေလိုက်သည်။
ဥယျာဉ်ထဲမှ အက်ကွဲသောအသံတစ်သံ ထွက်လာ၏... "မင်း ပြန်လို့ရပြီ... တွေ့ချင်တဲ့တစ်ယောက်က ဝင်လာခဲ့... "
ဝတ်စုံဖြူဝတ်လူငယ်က ရယ်ပြီး ထွက်ခွာသွားသည်။
ဝမ်လင်းက အလွန်စိတ်လှုပ်ရှားစွာဖြင့် ဥယျာဉ်တံခါးကို တွန်းဖွင့်လိုက်သည်။ ထိုအခိုက်အတန့်အချိန်လေးတွင် ဆေးပင်များ၏ရနံ့များ သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ဝမ်လင်းတံခါးကို လှည့်ကြည့်လိုက်ပြီး အပြင်မှာတုန်းက ဘာကြောင့်အနံ့မရသလဲဟု တွေး၍ အံ့သြနေ၏။
ဥယျာဉ်ထောင့်မှ မကျေမနပ်ဖြစ်နေသည့် အသံတစ်သံ ထွက်လာသည်... "ဘာလို့ အဲ့မှာရပ်နေတာလဲ... ဒီကို မြန်မြန်လာပြီးတော့ မင်းနာမည်ပြောစမ်း... "
ဝမ်လင်းက လျင်မြန်စွာ ပြောလိုက်၏... "ပြင်ပတပည့်ကျောင်းသား ဝမ်လင်းဖြစ်ပါတယ်... အဖေ့ရဲ့မွေးနေ့က မနက်ဖြန်မို့လို့ အိမ်ကို ခဏလောက်ပြန်ချင်လို့ပါ... "
အကြီးအကဲစွန်းက ဆူပူကြိမ်းမောင်းလိုက်သည်... "ဝမ်လင်းက မင်းလား... အင်မော်တယ်တစ်ယောက်ဖြစ်ဖို့ လေ့ကျင့်နေတဲ့သူက လောကီအရေးတွေ ဂရုစိုက်နေသေးတာလား... မင်းတစ်ဘဝလုံး အင်မော်တယ် ဖြစ်လာမှာ မဟုတ်ဘူး... "
ဝမ်လင်းက မျက်မှောင်ကျုံ့လိုက်ပြီး ပြောလိုက်သည်... "တပည့်မှာ အင်မောင်တယ်ကျင့်စဉ်တစ်ခုတောင် မရှိတာ ဘယ်လိုလုပ်ပြီး အင်မော်တယ်လမ်းကြောင်းပေါ် ရောက်နိုင်ပါ့မလဲ... "
အကြီးအကဲ ခေတ္တမှင်သက်သွားပြီး ဒေါသဖြင့် ပြောလိုက်၏... "၃ရက်အချိန်ရမယ်... မြန်မြန်ပြန်လာခဲ့... ဒါက မိုင်တစ်ထောင် အင်မော်တယ်လက်ဖွဲ့ပဲ... ၂ခါသုံးလို့ရတယ်... ဒါက မင်းရဲ့အမြန်နှုန်းကို မြှင့်ပေးလိမ့်မယ်... "
အဝါရောင်ခပ်မွဲမွဲစက္ကူတစ်ရွက်က ပြတင်းပေါက်မှ ဝမ်လင်းဆီ ဝဲပြီး ရောက်လာသည်။
ဝမ်လင်းက အဆောင်လက်ဖွဲ့ကို ယူလိုက်၏။ တပည့်တွေအားလုံးက အိမ်ပြန်သည့်အခါ ဤလက်ဖွဲ့ကို ရရှိကြသည်ဟု ကျန်းဟူထံမှ သိထားသည်။ ဂိုဏ်း၏ရည်ရွယ်ချက်က ရတနာတွေနှင့် အင်မော်တယ်ကျင့်စဉ်တွေဖြင့် လူငယ်တွေကို ဆွဲဆောင်ရန် ဖြစ်သည်။
ဤလက်ဖွဲ့က အရည်အသွေးနိမ့်သော်လည်း အသုံးပြုရ လွယ်ကူသည်။ ခြေထောက်တွင် ကပ်လိုက်ရုံမျှဖြင့် အမြန်နှုန်းကို တိုးမြင့်နိုင်သည်။
ပြင်ပတပည့်များက ဤအဆောင်လက်ဖွဲ့များကို အပြင်မှာ အခြားပစ္စည်းများနှင့် လဲလှယ်နိုင်ရန် သိမ်းထားကြသည်။ တပည့်အများစုက အဆောင်လက်ဖွဲ့များကို လိုချင်ကြ၍ အိမ်ပြန်ရန် ဆင်ခြေပေးကြ၏။
ပင်မဝန်းထဲမှ ထွက်လာပြီးနောက် ဝမ်လင်းက သူ၏အခန်းသို့ တန်းတန်းမတ်မတ် ပြန်လာသည်။ ထို့နောက် ကျန်းဟူကို နှုတ်ဆက်ပြီး တောင်ပေါ်မှ ဆင်းသွားလိုက်သည်။
ထိုအချိန်၌ ကေင်းကင်ပေါ်တွင် ကြယ်များ တောက်ပနေသည်။ ဝမ်လင်းက အိမ်ကို မနက်ဖြန်မှ ပြန်ချင်နေ၏။ အဆောင်လက်ဖွဲ့ကိုလည်း အသုံးမပြုချင်ပေ။ သူ့အဖေ၏မွေးနေ့ကို မမှီမှာလည်း စိုးရိမ်နေသည်။ ထို့ကြောင့် ညခင်းကတည်းက ထွက်လာခဲ့ခြင်း ဖြစ်၏။
ဝမ်လင်းထွက်သွားပြီးနောက် အကြီးအကဲစွန်းက ဆေးဖက်ဝင်အပင်တချို့ကို သိမ်းဆည်းရန် ထွက်လာသည်။ ဝင်ပေါက်ကိုကြည့်ပြီး ရုတ်တရုတ် ကြက်သေသေသွား၏။ ဝင်ပေါက်နားတွင် စိုက်ထားသော မြက်ပင်ပြာအားလုံး ခြောက်သွေ့ညှို့နွမ်းနေလေပြီ။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
အကြီးအကဲစွန်းက ဆေးပင်များဆီကို လျှောက်လာပြီး သေချာစစ်ဆေးကြည့်လိုက်သောအခါ ခရမ်းရောင်အပင်မှ အပြာရောင်မြက်ပင်အထိ ညှိုးနွမ်းနေသည်ကို တွေ့လိုက်ရ၏။ သို့သော်လည်း အပြာရောင်မြက်ပင်များက အခြေအနေ အရမ်းမဆိုးသေးချေ။
ဆေးပင်များက နေမွန်းတည့်ချိန် မတိုင်မှီအချိန်အထိ ကောင်းမွန်နေသေးသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိ၏… ‘မွန်းတည့်ချိန်ရောက်ပြီး တစ်နာရီလောက်မှာ ဘယ်လိုဖြစ်သွားတာလဲ…’ သူက အပြာရောင်မြက်ပင်ကို ကောက်ယူစစ်ဆေးကြည့်လိုက်သည်။ အပြာရောင်မြက်ပင်က ရေဓါတ် ဆုံးရှုံးကာ ညှိုးနွမ်းနေ၏။ အကြီးအကဲစွန်းက မြေပြင်ကို ထပ်မံစမ်းသပ်လိုက်သည်။ မြေပြင်က သာမန်အတိုင်း ဆေးပင်များအတွက် လုံလောက်သည့်စိုစွတ်မှု ရှိနေသည်။ သူ့စိတ်ထဲ အလွန် ရှုပ်ထွေးသွား၏။
အတန်ငယ်ကြာပြီးနောက် သူ ရုတ်တရတ် တွေးလိုက်မိသည်... 'နေ့လည်က လူတစ်ယောက်ပဲ ငါ့ဆီကို လာတယ်… သူက ပြင်ပဂိုဏ်းသားတစ်ယောက်ပဲလေ… ဘယ်လိုလုပ်ပြီး ငါ့ရဲ့ ဆေးပင်တွေကို ပျက်စီးစေနိုင်မှာလဲ… '
ထိုအကြောင်းကို စဉ်းစားပြီးနောက် သည်ကိစ္စကို စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ စကားတစ်ခွန်းမျှ မပြောဘဲ သူက လက်ကို ဝေ့ရမ်းကာ ပျံသန်းလိုက်၏။ အချိန်အနည်းငယ်ကြာပြီးနောက် ပြင်ပ ဂိုဏ်းသားများ၏ တာဝန်ခွဲဝေရာဌာနသို့ ရောက်လာသည်။
အကြီးအကဲစွန်းက အော်ပြောလိုက်သည်... ''ဒီနေရာက ပြင်ပတပည့်ခေါင်းဆောင်က ဘယ်သူလဲ... " အသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှ၏။ အဝါရောင်ဝတ်ပြင်ပတပည့်ခေါင်းဆောင်က အပြင်သို့ လျင်မြန်စွာ ပြေးထွက်လာပြီး မြေကြီးပေါ်၌ ဒူးထောက်လိုက်သည်။
အကြီးအကဲစွန်းက စိတ်မရှည်သည့်အမူအရာဖြင့် ပြောလိုက်သည်... ''မင်းမှာ... ဝမ်လင်းရဲ့ဂိုဏ်းဝင်မှတ်တမ်းရှိလား… ''
တပည့်လျို၏ နှလုံးက ပြင်းထန်စွာ တုန်ခါသွား၏။ အဆင့်မြင့်အကြီးအကဲတစ်ယောက်က ဝမ်လင်းလို အမှိုက်ကောင်၏အကြောင်းကို လာမေးလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ချေ။ သူက ဝမ်လင်းကို အချိန်တိုင်း အနိုင်ကျင့်ခဲ့၏။ ထို့ကြောင့် သူ၏မျက်နှာက ဖြူရော်သွားသည်... ''ကျွန်တော့်မှာ... ညီလေးဝမ်လင်းရဲ့ဂိုဏ်းဝင်မှတ်တမ်း ရှိ... ရှိပါတယ်… ညီလေး ဝမ်လင်းက သူ့ရဲ့ အလုပ်ရဲ့ပတ်သတ်ပြီး အရမ်းကြိုးစားပါတယ်… သူက အမြဲတမ်း သူ့ကိုယ်သူ စံပြဖြစ်အောင် နေတယ်… “
အကြီးအကဲစွန်း ငိုရမလား၊ရယ်ရမလား မသိတော့ချေ။ သို့သော် သူ့စိတ်ထဲ သည်အရာကကောင်းသည်ဟု ထင်မိသည်။ သူတို့က ကြောက်စရာကောင်းသောလူတစ်ယောက်နှင့် စကားပြောသည့်အခါ ထိုလူ ရည်ညွှန်းလိုက်သည့်သူကို သူတို့က အရင်ကထက်ပိုပြီး လေးစားလာပေလိမ့်သည်။ ဟုန်ယွီဂိုဏ်း၌ အကြီးအကဲဆိုသည့်ဂုဏ်ပုဒ်က အလွန်ကို အဆင့်အတန်းမြင့်လှ၏။ ပြင်ပတပည့်များက ဒုတိယမျိုးဆက်က တပည့်အားလုံးနီးပါးကို အကြီးအကဲဟု ခေါ်ကြသော်လည်း ပင်မတပည့်များက ဆရာဦးလေးဟု ခေါ်ကြသည်။
ပြင်ပတပည့်များက သူ့အား လေးစားကြသော်လည်း ဒုတိယမျိူးဆက်ထဲ၌ သူက ဘာကောင်မှ မဟုတ်ပေ။ တတိယမျိုးဆက်များကတောင် သူ့ကို မလေးစားချင်ကြတော့ချေ။ ပြင်ပတပည့်များ အိမ်ပြန်သည့်အခါ စီစဉ်ပေးရသည့် အဓိပ္ပါယ်မရှိအလုပ်များကိုလည်း သူက မလုပ်လိုပေ။
အကြီးအကဲစွန်းက မေးလိုက်သည်... "ဝမ်လင်းက ဘယ်ခြံဝင်းမှာနေတာလဲ…"
"မြောက်ဘက်အဆောက်အဦးရဲ့ ခြံဝင်းမှာ နေထိုင်တာပါ… ''
အကြီးအကဲစွန်းက သူစကားပြောပြီးအောင်ကိုပင်စောင့်မနေပဲ မြောက်ဘက်သို့ ဦးတည်ပျံသန်းကာ မျက်စိတစ်မှိတ် အတွင်း၌ပင် ပျောက်ကွယ်သွား၏။
တပည့်လျိုက ပို၍ပင် ကြောက်လန့်သွား၏။ သူက ဝမ်လင်းအား နောက်တစ်ကြိမ်တွေ့လျှင် မလှောင်ပြောင်တော့ဘဲ သူ၏အဖိုးကဲ့သို့ ရိုရိုကျိုးကျိုး ဆက်ဆံမည်ဟု ဆုံးဖြတ်လိုက်သည်။
အကြီးအကဲစွန်း မြောက်ဘက်ခြံဝန်းသို့ ရောက်သောအခါ ဝမ်လင်းအား ရှာမတွေ့ခဲ့ပေ။ သူက ကျောင်း၏ဝင်ခွင့်ဋ္ဌာနကို သွားပြီး ဝမ်လင်း၏အခန်းနံပါတ်အား တောင်းယူကာ ဝမ်လင်း၏ အခန်းဆီသို့ ရောက်လာသည်။ ကျန်းဟူသည် အိပ်ပျော်နေပြီး သူက အကြီးအကဲစွန်း ရောက်နေသည်ကို မသိဘဲ ကျယ်လောင်စွာ ဟောက်၍ အိပ်ပျော်နေသည်။
အကြီးအကဲစွန်းက အခန်းကို သေချာစွာ စစ်ဆေးပြီး စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်လိုက်သည်... ''သူက မြန်မြန်ပြန်သွားတာပဲ… ပြန်ရောက်လာမှပဲ သူ့ကို စစ်ဆေးရမယ်… "
ဝမ်လင်းက သူ့ခြေထောက်၌ အင်မော်တယ်လက်ဖွဲ့အားချည်၍ တောင်ပေါ်၌ ပြေးနေသည်။ အင်မော်တယ်လက်ဖွဲ့က အလွန်အံ့ဩစရာကောင်းလှသည်။ လက်ဖွဲ့ကို သူ၏ခြေထောက်၌ ချည်ပြီးသောအခါ သူ့တစ်ကိုယ်လုံး နွေးထွေးသွားသကဲ့သို့ ခံစားလိုက်ရ၏။ ဝမ်လင်း၏ခြေထောက်၌ အဖြူရောင်အလင်းတန်းများ စုစည်းဖြစ်ပေါ်နေခြင်းက သူ့ကို အင်မော်တယ်တစ်ယောက်ကဲ့သို့ ခံစားရစေသည်။
တောင်ပေါ်၌ရှိသော သတ္တဝါများအားလုံးက ထိုအဖြူရောင်အလင်းတန်းကို မြင်သောအခါ အဝေးသို့ ထွက်ပြေးသွားကြသည်။
လတ်ဆတ်အေးမြသော တောင်ပေါ်လေအေးများက ဝမ်လင်း၏မျက်နှာကို ရိုက်ခတ်နေပြီး သူအား ကောင်းမွန်သောခံစားချက်ကို ခံစားရစေသည်။ ထို့နောက် မှတ်သားထားသော လမ်းကြောင်းအတိုင်း အိမ်သို့ လျင်မြန်စွာ ပြေးသွား၏။
တစ်ညတာ ကုန်ဆုံးသွားပြီးနောက် နောက်တစ်နေ့၏ အာရုံဦးအချိန်သို့ ရောက်ရှိလာသည်။ ဝမ်လင်းက သူ၏ဘူးသီးခြောက်ထဲမှ ရေကို ပါးစပ်အပြည့်သောက်ပြီး အားအင်များကို ဖြည့်တင်းလိုက်၏။ သူသည် တောင်ကို ကျော်ဖြတ်ပြီးပြီ ဖြစ်ကြောင်း သတိထားမိလိုက်သည်။ ရွာကိုရောက်လျှင် အိမ်သို့ရောက်ရန် လမ်းကျဉ်းလေးအတိုင်း ဆက်သွားရုံသာ ရှိတော့မည်ဖြစ်၏။
အနားမယူဘဲ သူက လျှင်မြန်စွာ ရှေ့သို့သာ ခရီးဆက်ခဲ့သည်။ မြို့ထဲသို့ ရောက်သောအခါ နေမြင့်နေပြီဖြစ်သကဲ့သို့ မြို့ထဲ၌ လူများပြည့်ကျပ်ကာ အလွန်စည်ကားနေ၏။ ဝမ်လင်းက အနည်းငယ်ခန့် လှည့်ပတ်ကြည့်ရှုပြီး မိဘများအတွက် လက်ဆောင်အနည်းငယ်ဝယ်ပြီး လျှင်မြန်စွာ အိမ်ကို ပြန်လာလိုက်သည်။
ဝမ်လင်း ရွာကို ရောက်သည့်အချိန်က နောက်ကျနေလေပြီ။ သူက သူ့အိမ်ရှေ့တွင် စာတန်းတစ်ခုရေးထိုးထားသည့် အလံနီတစ်ခုကို တွေ့လိုက်ရသည်။
အပြင်ဘက်တွင် လက်ဆောင်ပစ္စည့်များ အများအပြားရှိနေပြီး လူများကလည်း အလွန်ပင် များပြားပြည့်လျှံနေသည်။
ဝမ်လင်းသည် သူ့အိမ်ရှေ့သို့ရောက်သောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မှင်သက်သွား၏။ သူ၏ရောက်ရှိလာမှုက အလွန်ပင် မြန်ဆန်လွန်းလှသည်။ သူ့အဖေ၏မွေးနေ့ကို ရောက်ရှိနေသော ဆွေမျိုးများအားလုံးက လက်ခနဲဖြစ်သွားသည့် အဖြူအလင်းတန်းကိုသာ မြင်လိုက်ရပြီး ဝမ်လင်းပေါ်လာသည်ကို တွေ့လိုက်ကြ၏။
လူတိုင်းက မနာလိုသော အကြည့်များဖြင့်ကြည့်ကာ စတင်ချီးမွမ်းလိုက်ကြသည်။
“ဒုတိယအစ်ကို… ဝမ်လင်း ပြန်လာပြီ… ဘယ်လောက်တောင် ခန့်ညားလိုက်သလဲ… သူက အင်မော်တယ်တစ်ယောက်နဲ့တောင် တူနေပြီ… “
“အင်မော်တယ်တွေက မှားယွင်းဆုံးဖြတ်ခဲ့ကြပြီး… နောက်မှ သူတို့အမှားတွေကို သိမြင်လာတော့မှ ဝမ်လင်းကို တပည့်အဖြစ်ခဲ့ရင်တောင်မှ အနာဂါတ်မှာ ငါတို့ဝမ်မိသားစုက ကလေး၃ယောက်အပေါ်မှာပဲ မှီခိုရလိမ့်မယ်… “
“ငါ့ရဲ့မျက်လုံးကြောင့် ဒီကလေးရဲ့ကောင်းတဲ့အချက်တွေကို မမြင်မိလိုက်ဘူး… အခုမြင်ရတဲ့ ပုံစံအရဆိုရင် ဝမ်ကျောက်နဲ့ဝမ်ဟိုကို မယှဉ်နိုင်စရာ ဘာရှိလို့လဲ… လူတွေကြားထဲက နဂါးတစ်ကောင်ပဲ… “ ဝမ်မိသားစုမှ တတိယအကြီးဆုံး အကြီးအကဲမှ တစ်ချိန်က ပြောခဲ့သော ယုတ်ယုတ်မာမာစကားများကို မေ့နေသည့်အလား အံ့အားသင့်စွာ ပြောလိုက်သည်။
“ဒီကလေး… ဝမ်လင်းက ကလေးဘဝကတည်းက သပ်သပ်ရပ်ရပ်နေတတ်တာ… အရင်တစ်ခေါက်က အင်မော်တယ်တွေဘက်က မှားယွင်းသွားခဲ့တယ်… အင်မော်တယ်တွေ ဖြစ်ပြီး ဘယ်လိုလုပ် မှားနိုင်ရတာလဲ… ဝမ်လင်း… မင်းရဲ့ ဦးလေး၅က မင်းကို တောင်းပန်ပါတယ်… မင်းရဲ့ ဦးလေးကို မမုန်းလိုက်ဖို့ မျှော်လင့်ပါတယ်… “
ဆွေမျိုးအားလုံး၏အမူအရာများသည် အားလုံးပြောင်းလဲနေပြီး သူတို့၏မျက်နှာတွင် အပြုံးပန်းများ ဆင်မြန်းထားကြ၏။
ဝမ်လင်းက နှာမှုတ်ကာ သရော်လိုက်သည်။ ထိုအချိန်တွင် သူ့အဖေ ရောက်လာပြီး အံ့ဩနေဟန်ဖြင့် သူ့လက်မောင်းကို ဆွဲကိုင်လိုက်၏ … “ထေ့ကျူး.. မင်း ဘာလို့ ပြန်လာတာလဲ… မင်းကို ဟုန်ယွီဂိုဏ်းမှာပဲနေဖို့ မပြောထားဘူးလား… အိမ်ကို အမြဲတမ်းစိုးရိမ်ရအောင် မလုပ်ပါနဲ့… “
ဝမ်လင်းက သူ့အဖေကို ကြည့်လိုက်ရာ ယခင်က ရှိနေသည့် ပါးရေနားရေများက အနည်းငယ် လျော့နည်းသွားသည်ကို သတိပြုမိလိုက်သည်။ သူ့အဖေက သည်ရက်များတွင် အလွန်ပျော်ရွှင်နေပုံ ရသည် … “မစိုးရိမ်ပါနဲ့ တပည့်အားလုံးက တစ်နှစ်မှာ အိမ်ကို ၃ကြိမ် ပြန်လာခွင့်ရှိတယ်… အဖေ့မွေးနေ့ပြီးတာနဲ့ ကျွန်တော် အမြန်ပြန်မှာပါ… “
ဝမ်လင်း၏အဖေက ဂုဏ်ယူစွာနှင့် အမျိုးများ ပတ်လည်ဝိုင်းနေသည့်သူ့ကို ကြည့်ကာ လက်ကိုဆွဲပြီး တံခါးနားသို့ သွား၍ အော်ပြောလိုက်သည်… ''မိန်းမရေ... ဘယ်သူပြန်လာလဲ ကြည့်စမ်းပါဦး… ''
ဝမ်လင်း၏အမေက အမျိုးသမီးဆွေမျိုးများ ကြားထဲ၌ ရောက်နေသည်။ သူ့ယောက်ျား၏အသံကို ကြား၍ ကြည့်လိုက်သောအခါ ဝမ်လင်းအား မြင်၍ အံ့အားသင့်သွားသည်။ ထို့နောက် သူမက အပြေးအလွှားရောက်လာကာ ဝမ်လင်းဖြစ်ပျက်ခဲ့သည့်အကြောင်းများအား စတင်ပြီး မေးမြန်းလေသည်။
နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်
ဘာသာပြန် ... Oo Zaw
ဝမ်လင်း၏နှလုံးသားထဲတွင် နွေးထွေးသွား၏။ လွန်ခဲ့သည့် တစ်လလုံး တခြားသူများက သူ့ကို ပြက်ရယ်ပြုကြသည်။ ယခု သူက အိမ်ပြန်ရောက်ပြီ ဖြစ်သောကြောင့် သူ့မိဘများ၏ နွေးထွေးမှုကို ခံစားလိုက်ရသည်။
"အကို၂ ... ဝမ်လင်းက တကယ်ပဲ အင်မော်တယ်ရဲ့ တပည့်ဖြစ်သွားပီ... ညီလေး၆က မျက်လုံးကန်းနေလို့ စော်ကားမိခဲ့တာ... အကိုနှစ် ဗွေမယူဖို့ မျှော်လင့်မိတယ်... အကို သိတဲ့အတိုင်း ကျွန်တော်က စကားပြောကြမ်းပေမယ့် ကြင်နာတတ်ပါတယ်... အဲ့လိုပြောခဲ့တာကလဲ ဝမ်လင်း ကောင်းဖို့အတွက်ပါ… “
"မရီး၂… ကျွန်မက သမီးကို လက်မထပ်ဖို့ပြောတော့ သူက ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး ထေ့ကျူးကိုပဲ လက်ထပ်မယ်ပဲ ပြောနေတယ်… မင်္ဂလာပွဲကို စီစဉ်လိုက်ရအောင်… “
"လောင်အာ... မင်းရဲ့ ဦးလေး၅က အိုနေပီ... အနာဂါတ်မှာ ဝမ်မိသားစုက မင်းတို့သားတွေအပေါ် မူတည်လိမ့်မယ်... မင်းရဲ့ ဦးလေး၅က မင်းရဲ့သားကို အမြဲအကဲခတ်နေခဲ့တာ... ငါအမြင်အရဆို သူက မင်းရဲ့အကိုကြီးသားထက်တောင် ဖြစ်ထွန်းလိမ့်မယ်... “
ဝမ်လင်း၏မိဘနှစ်ပါးသည် ပြုံးပျော်နေကြ၏။ မွေးနေ့ပွဲစစဉ်ကပင် ဆွေမျိုးအားလုံးက ဝမ်လင်းကို ချီးမွမ်းနေခဲ့ကြသည်။ အရက်မူးနေသည့် လူတချို့ကပင် ဝမ်လင်း၏ဖခင် ရခဲ့သင့်သည့်အမွေကို ပြန်ပေးရန်စကားများရင်း ပြဿနာတက်ကုန်ကြ၏။ ဝမ်လင်း၏ဖခင်က ပြုံးရုံသာ ပြုံးနေလိုက်သည်။ သည်အမျိုးတွေအကြောင်း သူသာလျှင် အသိဆုံးဖြစ်သည်။
ဝမ်လင်း၏ဖခင်က အတိတ်ကအကြောင်းများကို စိတ်ဝင်စားခြင်းမရှိချေ။ သူက ဝမ်လင်း ကောင်းစားဖို့အရေးမှအပ ကျန်သည့်အရာများ အလိုမရှိပေ။
သက်ဝင်လှုပ်ရှားနေသည့် နေ့လေးကုန်ဆုံးသွားပြီး မှောင်ဝင်စအချိန်သို့ရောက်ရှိသောအခါ ဆွေမျိုးများလည်း ပြန်ကြကုန်သည်။ ဝမ်လင်းက အိမ်ထောင့်တစ်နေရာရှိ လက်ဆောင်တွေကို ကြည့်လိုက်သည်။ သူ့နှလုံးသားတခုလုံး ခံစားချက်များနှင့် ပြည့်နှက်နေသည်။ တစ်စုံတစ်ယောက် အောင်မြင်သွားလျှင် သူ့ဘေးနားရှိ လူတွေသည်လည်း အကျိုးအမြတ်ကို ခံစားရသည်ဟု စာအုပ်ထဲတွင် သူဖတ်ဖူးခဲ့သည်။ ယခုတော့ ထိုစကားလုံးများ၏ အဓိပ္ပါယ်ကို သူ နားလည်သွားပြီ ဖြစ်သည်။
ညရောက်သောအခါ ဝမ်လင်း၏မိဘများက ဝမ်လင်းကို ဂိုဏ်းထဲမှအကြောင်းများကို မေးသည်။ သူ့မိဘများ၏မျက်လုံးထဲတွင် သူ့အပေါ်ထားရှိသော မျှော်လင့်ချက်ကို မြင်သောကြောင့် ဝမ်လင်းက သူတို့ကို ပထမဆုံးအကြိမ် လိမ်ခဲ့၏။ သူက ဂိုဏ်းထဲတွင် ဘယ်လို နာမည်ကြီးကြောင်း ၊ အင်မော်တယ်ကျင့်စဉ်များ ဘယ်လိုလေ့ကျင့်ကြောင်း ပြောပြခဲ့သည်။ သူ့မိဘများက အံ့သြစွာ နားထောင်ခဲ့ကြ၏။
သူ အသက်ငယ်ရွယ်စဉ်ကတည်းက သူ့မိဘများ ဤမျှလောက်ပျော်သည်ကို မမြင်ခဲ့ဖူးသောကြောင့် ပြင်ပတပည့်တယောက်အနေဖြင့် မည်မျှပင် ကြမ်းကြမ်းတမ်းတမ်းနေရပါစေ၊ လူဘယ်လောက်များများက သူ့အားအနိုင်ကျင့်ကြပါစေ သူ့မိဘများအတွက် သည်းခံမည်ဖြစ်သည်။
"ငါသည်းခံရမှာ ဆယ်နှစ်တည်းပါပဲ... '' ဝမ်လင်းက နှလုံးသားထဲတွင် တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။
ဝမ်လင်းက သူ့မိဘများနှင့် နှစ်ရက်ခန့် အိမ်၌ အတူနေခဲ့သည်။ တတိယမြောက်နေ့တွင် သူ့မိဘများနှင့် ရွာထဲက လူတိုင်းက သူ့ကို လိုက်ပို့ကြသည်။ သူက အင်မော်တယ်လက်ဖွဲ့ကို ခြေထောက်မှာ ကပ်ကာ ထွက်လာခဲ့သည်။
သူက အဝေးကြီးရောက်သွားသော်လည်း ရွာသားများ၏အသံကို ကြားရဆဲပင်ဖြစ်သည်။
ကောင်းကင်တစ်ခုလုံး တိမ်မဲများနှင့် ပြည့်နှက်ကာ မှောင်မဲလာသည်။ မိုးကြိုးလျှပ်စီးများလည်း လက်နေကြပြီး စိုထိုင်းခြင်းကြောင့် မြူများလည်း ဖြစ်ထွန်းလာ၏။
ဝမ်လင်းက သွားနှုန်းအရှိန်မြှင့်ရုံမှတပါး မတတ်နိုင်တော့ချေ။ သူက ညသန်းခေါင်ခန့်တွင် ဟုန်ယွီဂိုဏ်းသို့ ရောက်ရှိပြီးနောက် အိပ်စက်လိုက်သည်။ ကျန်းဟူကား ဟောက်နေဆဲပင် ဖြစ်၏။ဝမ်လင်းက အိပ်ယာပေါ်တွင် လူးလွန့်ရင်း အိပ်လို့မပျော်ပေ။ ညလယ်ခန့်တွင် အပြင်ဖက်၌ လျှပ်စီးတစ်ချက် လက်သွားရာ အခန်းအတွင်း ပြက်ကနဲ လင်းသွားလေ၏။ ဝမ်လင်းက သူ့ရင်ဘတ်ထဲရှိ မှော်ကျောက်တုံးကို ကိုင်ကြည့်လိုက်သည်။ သူက အိမ်ပြန်ရောက်စဉ် သူ့အမေကို သူ့အင်္ကျီထဲတွင် အတွင်းခံအိတ် ပြုလုပ်ခိုင်းခဲ့သည်။
ဝမ်လင်းက မှော်ကျောက်တုံးကို ထုတ်ယူကာ မီးအိမ်မှအလင်းရောင်ဖြင့် စူးစမ်းလိုက်သည်။ သူက မှော်ကျောက်တုံးပေါ်မှ သက်တံ့အစင်းများကို အနီးကပ်ကြည့်ရှုလိုက်၏။
"ဒါမဖြစ်နိုင်ဘူး.... နောက်ဆုံးတစ်ခေါက်က သက်တံ့အစင်းငါးခုပဲရှိတာ... အခု ခြောက်ခုဖြစ်နေတယ်...''ဝမ်လင်း အံ့အားသင့်ကာ မတ်တပ်ရပ်ပြီး ရေတွက်လိုက်၏။ အမှန်ပင် ခြောက်ခုဖြစ်နေသည်။
သူက ဘာကြောင့်ဖြစ်မှန်းမသိသော်လည်း အလွန်အံ့အားသင့်နေသည်။ ဤအဖြစ်အပျက်က သူအား မှော်ကျောက်တုံးအပေါ် စူးစမ်းချင်စိတ်ကို တိုးပွားလာစေသည်။
အပြင်ဘက်တွင် လေများ၊မိုးကြိုးများ၊လျှပ်စီးများ၊မိုးများက မရပ်သေးဘဲ ပြင်းထန်လျက် ရှိနေသည်။ ရုတ်တရတ် ဝမ်လင်းက ပြတင်းပေါက်မှ ဝင်လာသည့် လေအေးကြောင့် နိုးသွားသည်။ သူက မျက်လုံးပွင့်ကြည့်လိုက်ရာ မှင်သက်မိသွား၏။
လျှပ်စီးများ ဆက်တိုက်လက်နေသောကြောင့် အခန်းထဲတွင် အလင်းရောင်ရှိနေသည်။ မြူများကလည်း တစ်ခန်းလုံး ပြည့်နေ၏။ စားပွဲ၊ကြမ်းပြင်နှင့် အိပ်ယာများပင် စိုစွတ်နေသည်။ သို့သော်လည်း ဝမ်လင်းကိုယ်တွင် မှော်ကျောက်တုံးထားရာနေရာမှအပ တစ်ကိုယ်လုံးခြောက်သွေ့နေသည်။ ကျန်းဟူအား အဖြူရောင်မြူများက ဝန်းရံထားသည်ကို ဝမ်လင်း မြင်လိုက်သည်။ သူ၏အဝတ်များက စိုစွတ်ကာ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်နေပြီး မေးရိုးချင်းပင် ရိုက်နေသည်။
"ကျန်းဟူ... ကျန်းဟူ... '' ဝမ်လင်းက အံ့အားသင့်သွားပြီး မတ်တပ်ရပ်ကာ ကျန်းဟူကို လှုပ်နှိုးလိုက်သည်။ သို့သော်လည်း ကျန်းဟူကား နိုးမည့်ပုံမပြချေ။ သူ၏အသက်ရှူနှုန်းလည်း နှေးကွေးနေသည်။
ဝမ်လင်း အလွန်စိုးရိမ်သွား၏။ သူက တခြားတပည့်များအား အကူအညီတောင်းရန် ပြင်လိုက်စဉ် သူ့အဝတ်အစားကို စမ်းမိသွားပြီး သူ့စိတ်ထဲတွင် သံသယများ ကြီးစိုးလာသည်။
‘တစ်ခန်းလုံး စိုစွတ်နေပြီး ဒီနေရာတစ်ခုပဲ ဘာလို့ ခြောက်သွေ့နေတာလဲ… ‘ ဝမ်လင်း တွေးတောနေပြီး အင်္ကျီရင်ဘတ်အိတ်အတွင်းမှ မှော်ကျောက်တုံးကို ထုတ်ယူလိုက်သည်။
ထိုအချိန်တွင် အခန်းထဲရှိ ရေစက်များအားလုံးက လေထဲသို့ မြောက်တက်လာသည်။ ကျန်းဟူအနားမှ မြူများတောင်မှ ရေစက်များအဖြစ် စတင်ဖြစ်လာသည်။
ရေစက်များအားလုံးက သလင်းကျောက်ကဲ့သို့ ကြည်လင်နေကာ မှော်ကျောက်တုံးဆီသို့ ဦးတည်နေကြောင်း ဝမ်လင်း သတိထားမိလိုက်သည်။
ဝမ်လင်းက မှော်ကျောက်တုံးကို ရေစက်များနှင့် မထိတွေ့နိုင်စေရန် ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်၏။
မှော်ကျောက်တုံးက ကြမ်းပြင်ပေါ်တွင် လိမ့်သွားပြီး ထောင့်တစ်ထောင့်တွင် ရပ်သွား၏။ ရေစက်အားလုံးက မှော်ကျောက်တုံးဆီသို့ ပြေးဝင်ပျောက်ကွယ်သွားသည်။
အချိန်အတော်ကြာပြီးနောက် အခန်းထဲမှ ရေများအားလုံးက ပျောက်ကွယ်သွားပြီး ဖြစ်သည်။ အိမ်ယာနှစ်ခုလုံးတောင်မှ ခြောက်သွေ့နေလေပြီ။ ကျန်းဟူ၏အသက်ရှုသံကလည်း ပုံမှန်ပြန်ဖြစ်နေပြီ ဖြစ်၏။
မှော်ကျောက်တုံးပေါ်မှ သက်တံ့အစင်းကလည်း ၇ခု ရှိသွားလေပြီ။
သူ့၏စပ်စုချင်သည့်စိတ်ကြောင့် ဤကဲ့သို့သော ကိစ္စရပ်များ ဖြစ်ပေါ်လာရသည်။ သည်အရာက သူ့ကို အနည်းငယ် ကြောက်စိတ်ဝင်စေသည်။ သူသာ နိုးမလာခဲ့လျှင် ကျန်းဟူက ယခုအချိန်ဆို အေးခဲပြီး သေနေလောက်ပြီ ဖြစ်၏။
သူ့အပေါ် မသက်ရောက်ရသည့် အကြောင်းရင်းကတော့ သူ့က မှော်ကျောက်တုံးမှ ရေငွေ့ရည်များရောစပ်ထားသည့် ရေများ သောက်သုံးထားခြင်းကြောင့် ဖြစ်ရမည်ဟု ဝမ်လင်းက ခန့်မှန်းလိုက်သည်။
သို့သော်လည်းပဲ ဝမ်လင်းက မှော်ကျောက်တုံးပေါ်မှာ သက်တံ့များအကြောင်းကို စူးစမ်းချင်နေသေးသော်လည်း သူက ထိုအတွေးများကို ဖယ်ထုတ်လိုက်ပြီး မှော်ကျောက်တုံးကို ရေများစုပ်ယူရန် ခွင့်ပြုထားလိုက်ရသည်။ ထိုကဲ့သို့သော ဖြစ်ရပ်ကို တခြားသူများက သတိပြုသွားမိသွားမည်ကို သူ အလွန်စိုးရိမ်သည်။
သူက အနည်းငယ် တုန့်ဆိုင်းနေပြီး မှော်ကျောက်တုံးကို ဂရုတစိုက် အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး သိပ်မကြာခင်မှာပင် အရုဏ်တက်အချိန်ရောက်လာပြီး ငြီးငွေ့ဖွယ်ကောင်းသော အလုပ်ကို သွားလုပ်ရန် ပြင်လိုက်စဉ်မှာပင် ကျန်းဟူက အိပ်ယာပေါ်မှ ခုန်ထလာပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။