နှင်းလင်းယုန်အရှင်သခင် ရွှယ်ယင်
ကောင်းမြတ်
စာစဥ် (၇)
အပိုင်း ( ၇၉ ) ခွင့်လွှတ်ပေးပါ..ဆရာကြီး
ရွှယ်ယင်သည် လက်တစ်ဖက်က နှင်းပျံနတ်လှံကို ကိုင်ဆောင်ထားရင်း ယန္တရားသက်ရှိ နှစ်ကောင်ဆီသို့ လျှောက်သွားလေသည်။
ထိုအခါ ရွှေရောင်လူဝံကြီးက မျက်လုံးကို ဖွင့်လိုက်ကာ ပြောလိုက်သည်။
" သေမျိုး..ဘာကြောင့် ထပ်လာခဲ့တာလဲ.. မင်းရဲ့ ခွန်အားလောက်နဲ့ ငါတို့ကို နိုင်ဖို့ အခြေအနေ မရှိဘူး.. "
" ဒီတစ်ခေါက်မှာ အံ့သြစရာလေးတွေ တွေ့ရမှာပါ.."
ရွှယ်ယင်က ပြောလိုက်ပြီး သည်နှင့် သူ့၏ ကမ္ဘာဦးသွေးအမွေကို နှိုးလိုက်ရာ အနီရောင်ဖျော့ဖျော့ ချီစွမ်းအင် စီးကြောင်းတစ်ခုက ထွက်ပေါ်လာသည်။
ရွှစ်..
ရွှယ်ယင်၏ ခန္ဓာကိုယ်တစ်ခုလုံးက မီးလျှံများနှင့် လွှမ်းခြုံထားရာမှ အရှေ့ဘက်သို့ ခုန်ထွက်လာသည်။ ထို ပြင်းထန်အားကောင်းသော မီးလျှံများသည် ဘေးပတ်ဝန်းကျင်သို့ တစ်စစ လွှမ်းခြုံလာလေကာ ရွှေရောင်လူဝံကြီးနှင့် ရွှေရောင်ဂဠုန်ငှက်ကြီးသို့ သွားရောက် ဖုံးလွှမ်းသွားသည်။
တစ်ချိန်တည်းမှာပဲ သူ့လက်ထဲက လှံရှည်သည် ရက်စက်ပြင်းထန်သော အားအင်ကို ယူဆောင်လာ၍ ကြယ်နှစ်လုံး ထိပ်တိုက် တွေ့ဆုံလာတော့မည့်သကဲ့သို့ တစ်ဖက်က ရွှေရောင်လူဝံကြီးထံသို့ ဆင်းသက်လာသည်။
" ထိပ်တိုက် ရင်ဆိုင်တော့မယ်ပေါ့.. သေမျိုးလေး.. မင်းကတော့ မိုက်ရူးရဲတာပဲ.."
လှံရှည်ကို ကိုင်ဆောင်လာသော ရွှယ်ယင်က လေထဲ တိုးဝင်လာနေစဥ်မှာပဲ ရွှေရောင်လူဝံကြီးက ယုံကြည်ချက်ရှိရှိဖြင့် သူ့လက်ဝါးကြီးကို လှုပ်ရှားလိုက်ကာ အားပါတရ ရိုက်ချလိုက်သည်။
လူဝံကြီးသည့် သူ့၏ခွန်အားကို အတော်လေး ယုံကြည်နေသည်။
ဝုန်း.. ရွှေရောင်လူဝံကြီး၏ လက်ဝါးပြင်သို့ တိုက်ခိုက်လာသော လှံရှည်သည် ရက်စက်ပြင်းထန်စွာ ကျရောက်သွားကာ ကြီးမားပြင်းထန်သည့် လှိုင်းများပါ တစ်ပါတည်း ဝင်လာသည်။ ထိုခဏ၌ လူဝံကြီး၏ လက်မောင်းသည် အတွင်းဘက်သို့ ကွေးညွတ်သွားကာ အနောက်သို့ ခြေလှမ်း သုံးလှမ်း ဆုတ်လိုက်ရသည်။ ခြေလှမ်းတိုင်းတွင် ကျယ်လောင်ပြင်းထန်သည့် အသံကြီးများ ထွက်ပေါ်လာသည်။ ၎င်း၏ မျက်ဝန်းတွင်လည်း မယုံနိုင်သည့် အကြည့်များ ဖြစ်ပေါ်သွားသည်။
ရွှယ်ယင်၏ တိုက်ခိုက်မှုက အရှိန်ယူပြီး တိုက်ခိုက်လိုက်ခြင်း ဖြစ်ကာ ရွှေရောင်လူဝံကြီးက တောင်ခံသည့် အနေအထား ဖြစ်သည့်တိုင် ခြေလှမ်းသုံးလှမ်းပါ ဆုတ်လိုက်ရခြင်းသည် သူတို့နှစ်ယောက်၏ အင်အားသည် အတော်လေး ညီမျှသည်ဟု ပြောနိုင်သည်။
" ဟေ့ မျောက်.. ခင်ဗျားက ခွန်အားအတော်လေး ရှိတာပဲ.. ဒါပေမဲ့ ဒီတစ်ခေါက်တော့ ခင်ဗျား ရှုံးမှာတော့ သေချာပေါက်ပဲ.. "
ရွှယ်ယင်မှာ ယုံကြည်မှုနှင့် ပြည့်နှက်နေခဲ့သည်။ သူက မြေပြင်ပေါ် ရောက်သည်နှင့် တစ္ဆေတစ်ကောင်အလား ဆက်၍ တိုးဝင်တိုက်ခိုက်လာသည်။
" ဒီကောင် အတော်လေး မြန်တယ်ဟ.."
ရွှေရာင်လူဝံကြီးက ကွင်းဆက်သံကြိုးကို ကမန်းကတန်း ထုတ်လိုက်သည်။ ၎င်းသံကြိုးက လေထဲ ဝှေ့ယမ်းသွားလေကာ ရွှယ်ယင်အား တားဆီးဖို့ ကြိုးစားလေသည်။
ထန်း.. ထန်း..
ရွှယ်ယင်၏ အလျင်နှုန်းက အရင်ကထက် ပို၍ မြန်ဆန်နေပေ၏။ သူ့၏ လှုပ်ရှားမှုများ၊ ပျော့ပျောင်းသွက်လက်စွာ တိုက်ခိုက်နိုင်မှုက ပို၍ အဆင့်မြင့်လာပေသည်။ အရင်တစ်ခေါက် တိုက်ခိုက်မှုတွင် သူ့၏ မြန်ဆန်သွက်လက်မှုက အတော်လေး ကောင်းမွန်နေရာမှ ယခုအခါ ပို၍ တိုးတက်လာခဲ့သည်။ ရွှေရောင်လူဝံကြီး၏ ကွင်းဆက်သံကြိုးဖြင့် တိုက်ခိုက်မှုက ရွှယ်ယင်အား မရပ်တန့်စေနိုင်တော့ချေ။ ရွှယ်ယင်က အလွယ်တကူပင် ရှောင်ရှားနိုင်လေပြီ။ ရံဖန်ရံခါ လှံရှည်ဖြင့် ရွှေရောင်လူဝံကြီးအား တန်ပြန် ခုခံတိုက်ခိုက်၍ ရနိုင်ပေပြီ။
ဘန်း.. ဘန်း.. ဘန်း..
လှံရှည်၏ တိုက်ခိုက်မှုက ရွှေရောင်လူဝံကြီး၏ အဆစ်အဆက်နေရာသို့ မကြာခဏ ထိမှန်လာလေကာ လူဝံကြီးလည်း တုံ့နှေးလာသည်။
" ငှက်ကလေး.. ငါ ကြာကြာ မခံနိုင်တော့ဘူး.."
ရွှေရောင်လူဝံကြီးက ကမန်းကတန်းဖြင့် အော်ဟစ်၍ အကူအညီတောင်းလိုက်ရသည်။
" မျောက်... မင်းက အသုံးမကျတာပဲ.."
ရွှေရောင်ငှက်ကြီးက တစ္ဆေတစ်ကောင်အလား ဝှီးခနဲ လျင်မြန်စွာ ထိုးဆင်းလာသည်။
ရွှယ်ယင်၏ အမူအရာက လေးနက်သွားသည်။ သူ့လက်ကောက်ဝတ်အား ဆတ်ခနဲ လှည့်လိုက်ရာ လှံရှည်မှာ အပြင်ဘက်သို့ ဝိုက်၍ လွှဲယမ်းထွက်သွားသည်။
ဝုန်း..
လှံသည် ကြီးကျယ်ခမ်းနားသော အင်အားများ ယူဆောင်လာကာ ရွှေရောင်ဂဠုန်ငှက်ကြီး၏ တောင်ပံဆီသို့ ရိုက်နှက်သွားသည်။ တစ်ခဏလေးသာ ဆုံရပေမဲ့ ရွှယ်ယင်မှာ အနောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။
" တကယ့်ကို တိုးတက်မှု ကြီးမားလာတာပဲ.." ရွှေရောင်ဂဠုန်ငှက်ကြီးက တစ်ဆက်တည်း ပြောလိုက်သည်။
" မျောက်..အတူတူ တိုက်မယ်.."
" အေး.." ရွှေရောင်လူဝံကြီးက ပြန်ဖြေလိုက်သည်။
ထိုအခိုက်မှာ ရွှေရောင်ဂဠုန်ငှက်ကြီးကပဲ လက်ဦးယူ၍ စတင် တိုက်ခိုက်သည်။ ဓားမြောင်အသွားကဲ့သို့ ရှိသော တောင်ပံနှစ်ဖက်ကို မြှောက်တင်၍ တဖန် ညှပ်၍ ရိုက်ချလာသည်။
ငှက်ကြီး၏ အလျင်နှုန်းက အလွန်မြန်ဆန်ပါသော်လည်း ၎င်း၏ ခွန်အားမှာ ရွှယ်ယင်ထက် အနည်းငယ် နိမ့်ကျသည်။ သို့လျက် ရွှယ်ယင်က သူ့၏ လှံသိုင်း ဆန်းကျယ်ထူးခြားခြင်းတို့ဖြင့် ရွှေရောင်ငှက်ကြီးအား လုံးဝ ဖိနှိပ်ထားနိုင်သည်။
သို့သော် အနောက်တွင် ရွှေရောင်လူဝံကြီးက ရှိနေကာ ကွင်းဆက်သံကြိုးကို အဆက်မပြတ် လွှဲယမ်းနေသည့်အပြင် ၎င်း၏ ကွင်းဆက်သံကြိုးကလည်း ထူးဆန်းစွာ ခန့်မှန်း၍ မရနိုင်စွာ အဆက်မပြတ် တိုးဝင်လာနေ၏။
ရွှေရောင်လူဝံကြီးက ကွင်းဆက်သံကြိုးအား လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်၍ လွှဲယမ်းနေပြီး ကွင်းဆက်သံကြိုး၏ အဆုံးသတ်အနားကိုလည်း ခန့်မှန်း၍ မရနိုင်ပေ။ တစ်ခါတလေ လာ၍ ထိုးနှက်သည်။ တစ်ခါတလေ လာ၍ ရိုက်နှက်သည်။ တစ်ခါတလေ လာ၍ တုပ်နှောင်ဖို့ ကြိုးစားသည်။
ထိုကွင်းဆက်သံကြိုးနှင့်အတူ ရွှေရောင်ဂဠုန်ငှက်ကြီးတွဲ၍ ညီညွတ်စွာ တိုက်ခိုက်ကြရာ ရွှယ်ယင်က အသာစီးရထားသည်မှန်သော်လည်း ရွှေရောင်ဂဠုန်ငှက်ကြီး၏ တိုက်ခိုက်မှုကို ထိုးမဖောက်နိုင်ဘဲ ဖြစ်နေသည်။
" ဟွန့်..." ရွှယ်ယင် အံကို ကြိတ်လိုက်သည်။
" ငါတို့က နှစ်ပေါင်းများစွာ အတူတူ တိုက်ခိုက်လာခဲ့ကြတာ.. ငါတို့နှစ်ယောက်ရဲ့ ပူးတွဲကျွမ်းကျင်မှုတွေနဲ့ ရန်သူတွေကို ကောင်းကောင်း ဖိအားပေးနိုင်ခဲ့တာ.. အထွတ်အထိပ်အဆင့်တွေတောင်မှ ငါတို့ရဲ့ ပိတ်ဆို့မှုကို ထိုးဖောက်ဖို့ ခဲယဥ်းခဲ့ကြတာပဲကွ.. "
ရွှေရောင်လူဝံကြီးက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
" ငါတို့နှစ်ယောက်က မင်းကို နိုင်အောင် မချနိုင်ပေမဲ့ မင်းကို တားဆီးဖို့ကတော့ လွယ်လွယ်လေးပဲ.. "
ရွှေရောင်ဂဠုန်ငှက်ကြီးကလည်း ဝင့်ကြွားစွာ ဝင်ပြောလိုက်သည်။
ရွှယ်ယင်က လှံတစ်ချောင်းဖြင့် အထွတ်အထိပ်အဆင့် ယန္တရားသက်ရှိနှစ်ကောင်ကို ရင်ဆိုင် တိုက်ခိုက်နေခြင်း ဖြစ်သည်။
သူ့၏ လှံသိုင်းပညာက ထူးခြားဆန်းကျယ်သော်လည်း ထိုနှစ်ကောင်၏ ပိတ်ဆို့တားဆီးမှုကို ထိုးဖောက်၍ မရနိုင်သေးပဲ ရှိနေ၏။
" ဒီနှစ်ကောင်ကို ဖန်တီးခဲ့သူက အရမ်းကို အစွမ်းကြီးတဲ့ အထွတ်အထိပ်အဆင့် မှော်ဆရာတစ်ပါးပဲ ဖြစ်ရမယ်.. " ရွှယ်ယင် နားလည်လိုက်သည်။
" မှော်ဆရာဆိုတော့ သူတို့ရဲ့ ခန္ဓာကိုယ်က အတော်လေး အားနည်းကြတယ်.. ငါ့အထင် ဒီယန္တရားသက်ရှိနှစ်ကောင်ကို ဖန်တီးထားတာ ရန်သူကို တားဆီးခုခံထားဖို့ ဒိုင်းအဖြစ် သုံးဖို့အတွက်ပဲ ဖြစ်ရမယ်.. ဒါမှ စွမ်းအားကြီးတဲ့ ဂါထာမန္တန်တွေကို မန်းမှုတ်ချိန် ရမှာပေါ့.."
ထို သက်ရှိဒိုင်းတွေက တိုက်ခိုက်မှုမှာ အားနည်းသော်လည်း သူတို့၏ အကာအကွယ်နှင့် ပိတ်ဆို့တားဆီးခြင်းအရာမှာ ထိပ်တန်းအဆင့်တွင် ရှိသည်။
တဖန် ထိုအထွတ်အထိပ်အဆင့် ယန္တရားသက်ရှိနှစ်ကောင်ကို ထူးခြားဆန်းကြယ်သည့် အရာပစ္စည်းများဖြင့် ပြုလုပ်ထားသည်။ ရွှယ်ယင်မှာ သူတို့နှစ်ကောင်ကို ဒဏ်ရာရအောင် မလုပ်နိုင်ပေ။
တစ်ကောင်က ကိုယ်ထည်ကြီးမားပြီး အလွန်လျင်မြန်သည့်အပြင် တောင်ပံအကျယ်ကလည်း မီတာ နှစ်ဆယ်မှ သုံးဆယ် အတွင်း ရှိသည်။ နောက်တစ်ကောင်ကလည်း ၎င်း၏ ကွင်းဆက်သံကြိုးက ခန့်မှန်းက ခက်ခဲသည့်အပြင် လက်ဗလာဖြင့် တိုက်ခိုက်သည်ထက် ပိုလျင်မြန်နေကာ သူ့အား အဆက်မပြတ် ဒုက္ခပေးနေလေသည်။
" ဒီအတိုင်းဆိုရင် ငါက ဒီနှစ်ကောင်ကို မနိုင်သေးပါလား.."
ရွှယ်ယင် စိတ်ဓာတ်ကျသွားသည်။
" ငါ့ရဲ့ တိုက်ခိုက်နိုင်တဲ့ စွမ်းရည်မှာလည်း အကန့်အသတ်ကို ရောက်နေပြီ.. နောက်ထပ် ထပ်မြှင့်ဖို့ကလည်း အရမ်းကို ခက်ခဲသွားပြီ.."
***
ရွှယ်ယင်လည်း အားအင်မှန်သမျှကို အကုန်အသုံးချလိုက်ပြီးသော်လည်း ထိုရွှေရောင်လူဝံကြီးနှင့် ရွှေရောင်ဂဠုန်ငှက်ကြီးတို့၏ ပူးတွဲတိုက်ခိုက်မှုကို မထိုးဖောက်နိုင်ပဲ ဖြစ်ရ၏။ တံတိုင်းနံရံတစ်ခုအလား ရှိနေပေသည်။ နှစ်ကောင်စလုံးက ယန္တရားသက်ရှိများ ဖြစ်ကြ၍ ကိုယ်ခန္ဓာအစိတ်အပိုင်းတိုင်းအား လက်နက်သဖွယ် အသုံးပြု၍ ခုခံတားဆီးကြသည်။
" ငါ့မှာ ရှိတဲ့ အစားအသောက်တွေနဲ့ဆိုရင် နောက်ထပ် နှစ်တစ်ဝက် ကျော်ကျော်လောက်အထိပဲ တောင့်ခံနိုင်မယ်.. "
" ဒီကနေ လွတ်မြောက်ထွက်ဖို့အတွက် နောက်ဆုံး မျှော်လင့်ချက်တစ်ခုက ဒီအထွတ်အထိပ်အဆင့် ထိုင်နေတဲ့ နေရာမှာပဲ ရှိနေလိမ့်မယ်.. "
ရွှယ်ယင်၏ မျက်ဝန်းထဲတွင် ကြီးမားသော ဆန္ဒများဖြင့် ပြည့်နှက်လာသည်။
" တခြားလမ်းတွေ မရှိတော့ဘူး.. ဒါက ငါ့ရဲ့ ထွက်လမ်းတစ်ခုပဲ.."
ရွှယ်ယင်က အနောက်ဆုတ်သွားရင်း အကန့်အသတ်အဝန်း အပြင်ဘက်သို့ ရောက်အောင် ဆုတ်သွားလိုက်သည်။
" အလျှော့ပေးလိုက်ပြီးလား.. " ရွှေရောင်ငှက်ကြီးက လှောင်ပြောင်လိုက်သည်။
" သေမျိုး.. မင်းမှာ အစွမ်းအစတချို့ ရှိပါတယ်.. ဒါပေမဲ့ ငါတို့ကို နိုင်ဖို့က အဝေးကြီး လိုနေသေးတယ်.." ရွှေရောင်လူဝံကြီးက ဝင်ပြောလိုက်သည်။
" အလျှော့ပေးမယ်.. ဟုတ်လား.. ဘာဖြစ်လို့ အလျှော့ပေးရမှာလဲ.."
ရွှယ်ယင်က ရယ်မောလိုက်သည်။
" ခင်ဗျားတို့က ယန္တရားသက်ရှိသာသာပဲ.. တိုက်ခိုက်ကြမယ်ဆိုရင် ခင်ဗျားတို့မှာ စွမ်းအင်တွေ ကုန်ဆုံးလာမယ်.. တိုက်ပွဲကို ပိုကြမ်းကြမ်း တိုက်ရလေ စွမ်းအင်ကုန်ဆုံးတာကလည်း ပိုများလာမယ်.. ခင်ဗျားတို့က စွမ်းအင်တွေ ပြန်ဖြည့်နိုင်ရင်တောင် ကုန်ဆုံးတာက ပိုများနေလိမ့်မယ်.. စွမ်းအင်တွေ အကုန်လုံး ကုန်သွားတဲ့ အချိန်ကျရင် ခင်ဗျားတို့ လှုပ်တောင် လှုပ်နိုင်တော့မှာ မဟုတ်ဘူး.."
ထိုအခါ ရွှေရောင်လူဝံကြီးနှင့် ရွှေရောင်ဂဠုန်ငှက်ကြီးတို့ အနည်းငယ် တုန်လှုပ်သွားကြသည်။
" ကဲ သိုင်းကွက် လာပြီ.. "
ရွှယ်ယင်က လှံကို ကိုင်လိုက်သည်။ ကျယ်ပြန့်ပြီး ကြောက်မက်ဖွယ်ကောင်းသော မီးတောက်မီးလျှံများ သူ့တစ်ကိုယ်လုံးအား ဖုံးလွှမ်းလာပြန်ကာ အရှေ့ကို တိုး၍ တိုက်ခိုက်ပြန်သည်။ သို့သော် ဒီတစ်ကြိမ်တွင် သူ့ရဲ့ သွေးအမွေစွမ်းအားကို မသုံးတော့ချေ။
တကယ်တမ်းမှာလည်း သွေးအမွေစွမ်းအားကို အသုံးမပြုစေဦးတော့.. ယခုလက်ရှိ သူ့ရဲ့ ခန္ဓာကိုယ်ခွန်အားက လွန်ခဲ့သည့် ၅ လထက် အဆများစွာ သန်မာလာနေပါပြီ။ လျင်မြန်မှု၊ ပေါ့ပါးသွက်လက်မှုတို့က အရင်ကထက် များစွာ တိုးတက်လာသည်။ အခုချိန်မှာ သူ့ရဲ့ ခန္ဓာကိုယ်က ရှင်းဖန်းယွင်၏ သန္ဓေပြောင်းခန္ဓာကိုယ်ထက် နိမ့်ကျနေခြင်း မရှိတော့ပေ။ စင်စစ် လူသားတစ်ယောက် ဖြစ်သော်ကြောင့် ရွှယ်ယင်၏ ခန္ဓာကိုယ်က သေးငယ်လေရာ သန္ဓေပြောင်းသားရဲထက် များစွာ သွက်လက်ပေါ့ပါးသည်။
" ဝုန်း.. " ကမ္ဘာဦးသွေးအမွေကို အသုံးမပြုထားသောကြောင့် ရွှယ်ယင်မှာ အသားစီး မရနိင်ဘဲ ရှိနေသည်။ သို့သော် လှံသိုင်းပညာ၏ အစွမ်းထက်မှု၊ ပေါ့ပါးသွက်လက်မှုတို့ဖြင့် ရွှေရောင်လူဝံကြီးနှင့် ရွှေရောင်ငှက်ကြီးတို့ကို ဆက်၍ တိုက်ခိုက်နိုင်နေသည်။ ရွှေရောင်လူဝံကြီးနှင့် ရွှေရောင်ငှက်ကြီးတို့ကလည်း ရွှယ်ယင်အား အနိုင်မယူနိုင်ဘဲ ရှိနေသည်။
" သေမျိုး.. မင်းက ဆက်ပြီး တိုက်ခိုက်မှာ သေချာလား... " ရွှေရောင်လူဝံကြီးက စိတ်ပူလာသည်။
" ဒါပေါ့.."
ဤနည်းလမ်းသည် လွတ်မြောက်ဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ အဘယ်ကြောင့် ရွှယ်ယင် လက်မြှောက်အရှုံးပေးရမည်နည်း။
ယန္တရားသက်ရှိတိုင်းတွင် စွမ်းအင်အရင်းအမြစ် ရှိကြသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ရှိသော အစီအရင်များမှ လောကစွမ်းအင်ကို ပြန်လည်စုပ်ယူနိုင်ကြသည်။ သို့သော် ထိုသို့ စုပ်ယူနိုင်ခြင်းသည် လူသားတစ်ယောက်နှင့် ယှဥ်လျှင် များစွာ နှေးကွေးပေသည်။
" မျောက်.. ကြည့်ရတာ ငါတို့ရဲ့ ကာကွယ်စောင့်ရှောက်ရတဲ့ တာဝန်က ပြီးဆုံးတော့မယ် ထင်တယ်.. " ရွှေရောင်ဂဠုန်ကြီးက လှည့်ပြောလိုက်သည်။
ရွှေရောင်လူဝံကြီး၏ မျက်ဝန်းတွင် အမျိုးအမည်မသိရသော ခံစားချက်အရိပ်အငွေ့လေး ဖြစ်ပေါ်လာသည်။ အခုလက်ရှိအချိန်မှာ သူက ရွှယ်ယင်အား ကွင်းဆက်သံကြိုးဖြင့် လွှဲရိုက်နေပေသည်။
" သေမျိုး.. ငါတို့ကို စွမ်းအင်ကုန်ခမ်းစေနိုင်ရင်တော့ လုပ်လိုက်လေ.. ဘာပဲဖြစ်ဖြစ် သခင်ရဲ့ အမိန့်အတိုင်းပဲ.. မင်းကို ငါတို့ ခွန်အားရှိသမျှ ခုခံတားဆီးရမှာပဲ.."
" ဒီလိုဆိုရင်တော့ ဆက်ချတာပေါ့.."
မျှော်လင့်ချက်တချို့ကို ရွှယ်ယင် မြင်နေရပြီ။ သူ့ရဲ့ စိတ်ဓာတ်တို့ တက်ကြွခဲ့သည်။
တစ်နာရီ.. နှစ်နာရီ.. သုံးနာရီ..
ဆက်လက်၍ တိုက်ခိုက်ကြရာ အချိန်တွေက တတိတိဖြင့် ကိုးနာရီ တိတိ ကြာမြင့်သွားသည်။ ထိုနောက်မှာတော့ ရွှယ်ယင်က အပန်းဖြေဖို့ နားချိန် ယူလိုက်သည်။ သူ့အတွက် အရေးကြီးဆုံးအချက်သည် ကမ္ဘာဦးသွေးအမွေအား အသုံးပြုသည့် အချိန်၌ စွမ်းအင်များ လျင်လျင်မြန်မြန်ဖြင့် ကုန်ဆုံးသွားရသည့် အချက် ဖြစ်သည်။ သို့မဟုတ်လျှင် ဒီထက်မက အချိန်ကို ဆွဲဆန့်၍ တိုက်ခိုက်နိုင်ဦးမည်။
နားနေအချိန်မှာ အစားအသောက်စားပြီး သဘာဝတရားစွမ်းအင်ကို စုပ်ယူ၍ သူ့၏ စွမ်းအင် ပြန်လည် ဖြည့်တင်းသည်။ စိတ်ခွန်အားကို ပြန်လည်ဖြည့်တင်းဖို့အတွက်ကို ကျင့်ကြံ၍ တရားထိုင်သည်။
သုံးနာရီမျှ အနားယူပြီးနောက်မှာ အားအင်တို့ တက်ကြွလန်းဆန်းလာသည်။
" ဆက်တိုက်ကြရအောင်.."
တစ်ကိုယ်လုံးမှာ မီးလျှံတွေနှင့် တစ်ကိုယ်လုံး တောက်ပနေပြီးမှ လှံရှည်ကို ကိုင်ကာ နောက်တစ်ကြိမ် စတင် တိုက်ခိုက်ပြန်လေသည်။
***
ဆယ့်ငါးရက်တိတိ ကြာသွာပြီးနောက်..
ရွှေရောင်လူဝံကြီးနှင့် ရွှေရောင်ဂဠုန်ငှက်ကြီးတို့သည် စိတ်ဓာတ်ကျစွာဖြင့် ထိုင်နေလေသည်။
" မင်း နိုင်ပါတယ်.." ရွှေရောင်လူဝံကြီး၏ အသံက အရင်ကထက် များစွာ အားနည်းနေသည်။
" လူသားတွေက စွမ်းအင် ပြန်ဖြည့်တင်းတဲ့ နေရာမှာ တကယ့်ကောင်တွေပဲ.. သုံးနာရီတည်းနဲ့ စွမ်းအင်အကုန် ပြည့်တင်းသွားတယ်.. ငါတို့ဆို အနည်းဆုံး သုံးလ ကြာတာ.. ငါတို့ ခုခံတားဆီးဖို့အတွက်က မျှော်လင့်ချက် မရှိတော့ပါဘူး.. "
" မင်းက လူ.. ငါတို့က သာမန် ယန္တရားသက်ရှိသာသာပါပဲ.. "
ရွှေရောင်ဂဠုန်ငှက်ကြီးက ပြောလိုက်သည်။ ထိုနှစ်ကောင်၏ အသက်ရှုသံများမှာလည်း အတော်လေး အားနည်းနေသည်။ သူတို့ထံတွင် စကားပြောဖို့လောက်သာ စွမ်းအင် ကျန်တော့သည်။ တိုက်ခိုက်ဖို့အတွက် စွမ်းအင်များ မကျန်ရှိတော့ပေ။
ရွှယ်ယင်က စိတ်လှုပ်ရှားစွာဖြင့် ပြုံးလိုက်ကာ " ဒါဆိုလည်း ကျနော် အားမနာတော့ဘူးဗျာ.."
" တကယ်တမ်းတော့ ငါတို့ သခင်က အမွေဆက်ခံသူကို စောင့်နေခဲ့တာ ကြာပါပြီ.. ဒါပေမဲ့ အမွေဆက်ခံသူက သေမျိုးတစ်ယောက် ဖြစ်နေမယ်ဆိုတာ..သူ တွေးမိလိမ့်မယ် ထင်ပါတယ်.."
ရွှေရောင်လူတံကြီးက ခေါင်းကို ခါယမ်းရင်း ရေရွတ်လိုက်သည်။
ရွှယ်ယင်က အရှေ့ကို လျှောက်သွားလိုက်သည်။
ပထမဆုံး အဋ္ဌဂံ ပုံသဏ္ဌာန်ရှိသည့် ရေကန်ကို အရင်ဆုံး လေ့လာလိုက်သည်။ ၎င်းအပေါ်တွင် ရေငွေ့များ ခပ်ဝေ့ဝေ့လေး မျောလွင့်နေကာ ဖန်းသားကဲ့သို့ ကြည့်လင်သည့် အရည်များ ရှိသည်။ ခပ်ဖွဖွလေး အသက်ရှုသွင်းလိုက်သည့်အခါတွင် ၎င်းရနှံ့က စိတ်ကို ကြည်လင်လန်းဆန်းစေပြီး ခန္ဓာကိုယ် နာကျင်မှုတွေကိုပါ လျော့ပါးသက်သာသွားစေသည်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ စိတ်ဝိညာဥ်ကို အနည်းငယ် တိုးတက်သွားစေရာ ရွှယ်ယ်သည် စိတ်လှုပ်ရှားသွားသည်။
" ဒါ ရတနာတစ်ခုပဲ.."
ထို့နောက်မှာတော့ ကျောက်သားခုတင်ထက်မှာ ထိုင်လျက် ရှိနေသည့် အရိုးစုကို ကြည့်လိုက်သည်။ သူ့ညာဘက်လက်တွင် ငွေလက်ပတ်တစ်ခု ရှိနေသည်။ စိတ်အာရုံဖြင့် ကြည့်လိုက်သည့်အခါတွင် ထိုအရာသည့် သိုလှောင်ရတနာလက်ပတ်တစ်ခု ဖြစ်မှန်း သိလိုက်သည်။
" ဟောဒီ တုန်ပိုရွှယ်ယင်က ဆရာကြီးကို နှုတ်ဆက်ပါတယ်.."
ရွှယ်ယင်က ဒူးထောက်၍ အရိုအသေပေးလိုက်သည်။ အထွတ်အထိပ်အဆင့် ရတနာကို ရထားပြီး၍ သူ့အား အရိုအသေပေးဖို့ ထိုက်တန်လေသည်။
" ခွင့်လွှတ်ပေးပါ ဆရာကြီး.." ထိုသို့ ခွင့်ပန်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သည်။
လောကစွမ်းအင်တို့၏ အကူအညီဖြင့် ငွေလက်ပတ်သည် ကျောက်သားခုတင်ကနေ ရွှယ်ယင်လက်ထဲသို့ ပျံသန်းလာသည်။ ရွှယ်ယင်က ချက်ချင်း သူ့ရဲ့ ချီစွမ်းအင်ဖြင့် ပေါင်းစည်းလိုက်သည်။ ထို့နောက်မှာ အထဲမှာ ရှိသည့် အရာတွေကို ကြည့်ရှုလိုက်သည်။
" နေရာ အကျယ်ကြီးပါလား.."
တစ်ချက် ကြည့်ရုံမျှဖြင့် ရွှယ်ယင်သည် လက်ပတ်အတွင်းက အခန်းကျယ်ကြီးကို ငေးမောကာ ကြည့်မိသွားသည်။
အပိုင်း ( ၈၀ ) လီကျန်း.. ပင်လယ်နတ်ဘုရားနန်းတော်က အကြီးအကဲ..
ငွေရောင်လက်ပတ်တွင် နေရာအကျယ်အဝန်းက ၂၇၀၀ မီတာပတ်လည် ရှိသည်။ ဒါသည် သေချာပေါက် ကြီးကျယ်သည့် အထွတ်အထိပ်အဆင့်တစ်ယောက်၏ သိုလှောင်ရတနာ ဖြစ်ပေသည်။ ရွှယ်ယင်မှာ ရှိသည့် သိုလှောင်လက်စွပ်တွင် ၂၇ မီတာပတ်လည်သာ ရှိသည်။ သို့သော် ၎င်း၏တန်ဖိုးက ရွှေဒင်္ဂါးတစ်သန်း ရှိသည်။ ထိုကဲ့ ငွေလက်ပတ်မျိုးကို သူ့လက်စွပ်နှင့် နှိုင်းယှဥ်ကြည့်လျှင် ငွေလက်ပတ်က မည်မျှလောက် တန်ဖိုး ရှိလိမ့်မည်နည်း။
" အထွတ်အထိပ်အဆင့်အတွက်က ရွှေဒင်္ဂါးဆိုတာ တန်ဖိုးရှိတော့မှာ မဟုတ်ဘူးလို့ ထင်တယ်.. ရွှေတွေ ဘွဲ့ထူးတွေဆိုတာ သူတို့ အလွယ်တကူ ရနိုင်တဲ့ အရာတွေပဲ.."
ရွှယ်ယင်က အသက်ပြင်းချလိုက်ပြီးနောက် အထဲက ပစ္စည်းတွေကို ဆက်၍ ကြည့်လိုက်သည်။ အထဲတွင် များများစားစားတော့ သိပ်မရှိလှ။ အနည်းငယ်လောက်သာ ရှိသည်။ သို့သော် ပစ္စည်းတစ်ခုချင်းစီတိုင်းတွင် တန်ဖိုးဖြတ်မရလောက်ပင် အဖိုးတန်နေမှန်း ရွှယ်ယင် သိသည်။
အထူးခြားဆုံးအရာမှာ အနက်ရောင်ရှိသည့် အတွင်းခံကိုယ်ကျပ်အင်္ကျီ ဖြစ်ပေသည်။ ထိုအတွင်းခံကိုယ်ကျပ်အင်္ကျီတွင် ကြယ်ရောင်များ လင်းလက်တောက်ပနေသလို အရှိန်အဝါတစ်မျိုးလည်း ထွက်ရှိနေရာ ရွှယ်ယင်မှာ အသက်ရှုဖို့ပင် ခက်ခဲလာသည်။
စွမ်းအားကြီးလိုက်တာ..
နောက်ထပ် ထူးခြားသည့် ပစ္စည်းတစ်ခုမှာ ကြက်သွေးအရောင် ရှိသည့် မှော်တောင်ဝှေးတစ်ချောင်း ဖြစ်သည်။ အတွင်းခံကိုယ်ကျပ်အင်္ကျီကဲ့သို့ ထူးခြားသည့် အရှိန်အဝါများ ထွက်ရှိနေသည်။
ထို့အပြင် အဖြူဖျော့ဖျော့ အရောင်ရှိသည့် ကျောက်ခဲလုံးတွေကိုလည်း လူ့တစ်ရပ်စာလောက် ပုံထားတာလည်း ရှိနေပါသည်။ ထိုကျောက်ခဲလုံးတွေက သာမန်ကဲ့သို့သာ ထင်ရသော်လည်း ၎င်းတို့ထံမှ သိပ်သည်းသော စွမ်းအင်များ စိမ့်ဖြာထွက်နေ၏။
ထိုအရာမှ လွဲ၍ ကျန်သည့် ပစ္စည်းများမှာ စာအုပ်၊ ရွှေထုတ်ခွင့်လက်မှတ်နှင့် တစ်ခြားသော အရာများ ဖြစ်ကြသည်။
" ဟူ.."
ရွှယ်ယင်သည် တစ်ဖက်က အဆောက်အဦးဆီသွား၍ သူ့လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ တွင် ငွေလက်ပတ်ထဲက ပစ္စည်းများ မြေကြီးပေါ် ပြုတ်ကျလာသည်။ ကျန်သည့် ရတနာပစ္စည်းများကို လျစ်လျူရှုလိုက်ပြီး စာအုပ်ပုံဆီသို့ သွားလိုက်သည်။
" ကောင်းကင်ဘုံရေစက်များဆိုပဲ.."
ရွှယ်ယင်က တင်ပျဥ်ခွေထိုင်ပြီး တချို့စာအုပ်တွေကို စိတ်ကူးတည့်ရာ ဖွင့်ဖတ်ကြည့်လိုက်သည်။ ချက်ချင်းဆိုသလို စာအုပ်တစ်အုပ်ကို စိတ်ဝင်စားသွားသည်။
" အထွတ်အထိပ်အဆင့် ချီကျင့်စဥ်ပါလား.."
ချီကျင့်စဥ်များမှာ လူ့လောကထဲမှာ ပျံ့နှံ့နေပြီးသားပါ။ တချို့မှာ အဆင့်မြင့်လွန်းပြီး ထိပ်တန်းအဆင့်တွင် ရှိကြကာ အထွတ်အထိပ်အဆင့်ထိရောက်အောင် မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။ အထွတ်အထိပ်အဆင့်သို့ ရောက်ပြီးအချိန်တွင် ထိုကျင့်စဥ်နှင့် ပတ်သတ်၍ မည်သည့်သဲလွန်စမှ မကျန်ခဲ့တော့သည်။
" အထွတ်အထိပ်အဆင့်သို့ ရောက်ပြီးသည့်အခါတွင် ကျင့်ကြံခြင်းလမ်းစဥ်သို့ အမှန်တကယ် ဝင်ရောက်သွားခြင်း ဖြစ်သည်။ ထိုလမ်းစဥ်တွင် အန္တရာယ်များစွာ၊ ခက်ခဲမှုများစွာ တို့ဖြင့် ပြည့်နှက်နေပေသည်။ တစ်ဆင့်ပြီးတဆင့် သွားရပေသည်။ အထွတ်အထိပ်အဆင့် တစ်ယောက်အတွက် နောက်ဆုံးပန်းတိုင်သည် နတ်ဘုရားတစ်ပါးအဖြစ်သို့ ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။ "
ထိုချီကျင့်စဥ်ကျမ်းတွင် ထိုအချက်ကိုသာ ရေးပြထားသည်။ ထိုမိတ်ဆက်အညွန်းပြီးနောက်မှာတော့ ချီကျင့်စဥ်နှင့် ပတ်သတ်သည့် အကြောင်းတွေကို အသေးစိတ် ရေးသားထားပေသည်။
သို့သော် ထိုရိုးရှင်းသည့် မိတ်ဆက်အညွန်းကြောင့် ရွှယ်ယင်သည် ငေးမောမှင်တက်သွားသည်။
များပြားလှသည့် စာအုပ်တို့တွင် နတ်ဘုရားဖြစ်သည့် ဖြစ်စဥ်အကြောင်းတို့ကို ရေးသားထားသည်။
ဥပမာအားဖြင့် နဂါးတောင်အင်ပါယာအရှင်သည် နတ်ဘုရားတစ်ဦး ဖြစ်ပေသည်။
" တကယ်တမ်းကျ အထွတ်အထိပ်အဆင့်တစ်ယောက်ရဲ့ နောက်ဆုံးပန်းတိုင် နတ်ဘုရား ဖြစ်ဖို့လား.. ဒါကြောင့် နဂါးတောင်အင်ပါယာအရှင်က တစ်လောကလုံးကို တစ်စုတစ်စည်းတည်း ပေါင်းစည်းနိုင်ခဲ့တာကိုး.."
ရွှယ်ယင်မှာ တစ်ယောက်တည်း တွေးနေမိသည်။ ထိုစာအုပ်ကို ဆက်၍ ဖတ်ကြည့်သည့်အခါတွင် ရေဓာတ်ကို အထူးပြုထားသည့် ချီကျင့်စဥ် ဖြစ်နေရာ သူ့အတွက် ကိုက်ညီခြင်း မရှိနေချေ။ သို့သော် ရေးသားထားသည့် အချက်အလက်ကြောင့် အထွတ်အထိပ်အဆင့် ရောက်ဖို့ လမ်းစဥ်၏ အမျိုးမျိုးသော အဆင့်တွေကို ပို၍ နားလည်သွားခဲ့သည်။
ထိုစာအုပ်ကို လှန်လှောဖတ်ကြည့်လိုက်ပြီးနောက် နောက်ထပ် စာအုပ်ထူထူတစ်အုပ်ကို ကောက်ကိုင်လိုက်သည်။
" အသင်္ချေ ပစ္စည်းများ ပုံကြမ်း.."
ရွှယ်ယင်က ထိုစာအုပ်ကို သာမန်လျှံကာမျှသာ ကြည့်လိုက်သည်။ စင်စစ် ထိုစာအုပ်တွင် အထွတ်အထိပ်အဆင့် ရတနာပစ္စည်းများ၏ အကြောင်းတွေကို ရေးသားထားခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်မှာ ထိုဗဟုသုတကို မလိုအပ်သေးချေ။ သူက နောက်ထပ်တစ်အုပ် ယူလိုက်ပြန်သည်။
"ဟမ်.." ရွှယ်ယင် စိတ်လှုပ်ရှားသွားသည်။
" တွေ့ပြီ.."
တကယ်တမ်းတွင် ထိုစာအုပ်၏ ရွှေရောင်အဖုံးတွင် မည်သည့်စာလုံးကိုမျှ မရေးထားချေ။
ထိုစာအုပ်ကို ဖွင့်လိုက်ပြီး ပထမဆုံး စာပိုဒ်ကို ဖတ်လိုက်သည်။ အထဲတွင် ရေးသားထားသည်မှာ..
" ကျွန်ုပ်.. လီကျန်းသည် ပင်လယ်နတ်ဘုရားနန်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်သည်။ ဒီနေ့မှာ ကျွန်ုပ်၏ အသက်သည် နှစ်ပေါင်း ၁၅၀၀ ရှိပြီးဖြစ်ကာ သက်တမ်းကုန်ခါနီးအချိန်လည်း ဖြစ်ပေသည်။ အခုချိန်မှာ ကျွန်ုပ်သည် တံခါးပိတ်ကျင့်ကြံခြင်းကို ဝင်ပါတော့မည်။ တကယ်၍ ကျွန်ုပ် အောင်မြင်ခဲ့ပါက နတ်ဘုရားတပိုင်းအဆင့်တစ်ယောက် ဖြစ်လာမည် ဖြစ်ကာ မအောင်မြင်ခဲ့လျှင် ဤ လေနက်နတ်ဘုရားနန်းတော်၌ သေဆုံးရပါလိမ့်မည်။ "
ရွှယ်ယင်သည် အံ့သြမှင်တက်စွာ ငေးကြည့်နေမိသည်။
ပင်လယ်နတ်ဘုရားနန်းတော်.. ဟုတ်လား..
လီကျန်းက အသက် ၁၅၀၀ အထိ ရှည်တဲ့ အထွတ်အထိပ်အဆင့်တစ်ယောက်လား.. အသက်က ရှည်လှချည်းလား..
" သူက နတ်ဘုရားတပိုင်းအဆင့် ဖြစ်ချင်တာလား.."
ရွှယ်ယင်မှာ ပြန်စဥ်းစားကြည့်လိုက်သည်။
" ခုနက ဖတ်လိုက်တဲ့ ချီကျင့်စဥ်စာအုပ်မှာ ရေးထားတဲ့အဆင့်တွေဆိုရင် နိမ့်ရာကနေ မြင့်ရာအရ အထွတ်အထိပ်တစ်ယောက်ရဲ့ လမ်းစဥ်ကို အဆင့်ကြီး သုံးဆင့် ခွဲထားတယ်.. ပျံသန်းအဆင့်၊ အထွတ်အမြတ်အဆင့်၊ နတ်ဘုရားတပိုင်းအဆင့် ဆိုတဲ့ အဆင့်ကြီး သုံးဆင့်ပဲ.. ကြည့်ရတာ ပင်လယ်နတ်ဘုရားနန်းတော်က ဒီအကြီးအကဲဟာ အထွတ်အမြတ်အဆင့် ရောက်နေပုံ ရတယ်.. သူက အသက် နှစ်ပေါင်း ၁၅၀၀ အထိတောင် နေနိုင်ပါလား.. တကယ်လို့ နတ်ဘုရားတပိုင်းအဆင့်သာ ဖြစ်သွားခဲ့ရင် ဘယ်လောက်အထိ အကြာကြီး အသက်ရှည်သွားမှာလဲ.."
ရွှယ်ယင်မှာ အတွေးများစွာ ဖြစ်ပေါ်လာပြီး ရှင်းလင်းစွာ နားမလည်နိုင်သေးချေ။ အထွတ်အထိပ်တို့၏ အကြောင်းကို သူ သိထားသည်က အနည်းအကျဥ်းမျှသာ ဖြစ်၏။
ထို့နောက် ရွှယ်ယင်က စာအုပ်တစ်အုပ်လုံးကို ဆက်ဖတ်လိုက်သည်။
ဆက်ပြီး ရေးသားထားသည်တို့မှာ များစွာ အရေးမကြီးသည့် မှတ်တမ်းများ ဖြစ်သည်။ ဒါသည် အထွတ်အထိပ်အဆင့်တစ်ယောက် လီကျန်း၏ ဘဝဖြစ်စဥ်၊ ဘဝမှတ်တိုင် အကြောင်းအရာများ ဖြစ်ကြသည်။
" မရဏဘုံကမ္ဘာ..၊ နတ်ဆိုးဂိုဏ်း..၊ မှော်ပညာရှင်နန်းတော်..၊ ကမ္ဘာငယ်ထဲ ဝင်မယ်..ဘာတွေလဲဟ.. "
လီကျန်း၏ ဘဝအကြောင်းအရာကို ဆက်ဖတ်လာရင်း အထွတ်အထိပ်တို့၏ လောကနှင့် ဆိုင်သည့် အကြောင်းအရာများကို မှတ်သားလာခဲ့သည်။
မကြာမီမှာပဲ နောက်ဆုံး စာမျက်နှာဆီသို့ ရောက်ရှိလာသည်။
" ငါ့ရဲ့ ဘဝတစ်လျှောက်လုံးမှာ သမုဒ္ဒရာကမ္ဘာကျောက်တုံးကို ရနိုင်ခဲ့တာဟာ အလွန်ကို ကြီးမြတ်တဲ့ ကံကောင်းမှုတစ်ရပ်ပါပဲ.. အသင်.. အမွေဆက်ခံသူ.. ငါ တံခါးပိတ် ကျင့်ကြံခြင်းကို စတင်တော့မယ်.. တချို့ရတနာတွေကို ငါ ရောင်းချခဲ့တယ်.. တချို့ရတနာတွေကို ငါ အဆင့်တက်စေမဲ့ ရတနာတွေနဲ့ လဲလှယ်ခဲ့တယ်.. ဒါကြောင့် ငါ့မှာ ရတနာတွေ များများစားစား မကျန်ခဲ့တော့ပါဘူး.. ငါ့မှာ အထွတ်အမြတ်အဆင့် အသက်ကယ်ရတနာ ဖြစ်တဲ့ အကာအကွယ်အတွင်းခံကိုယ်ကျပ်အင်္ကျီနဲ့ အဆင့်နိမ့် အထွတ်အမြတ်အဆင့် မှော်တောင်ဝှေးပဲ ရှိတော့တယ်.. တကယ်လို့ ငါ အဆင့်တက်တာ ကျရှုံးသွားခဲ့ရင် စွမ်းအား ပိုကြီးတဲ့ လက်နက် ရှိလည်း ဘာအသုံးဝင်တော့မှာလဲ.."
" အမွေဆက်ခံသူ.. သင်ဟာ ငါလိုပဲ ဒီနေရာကို မတော်တဆ ရောက်ခဲ့ရင် ငါ ချန်ထားခဲ့တဲ့ တချို့ ရတနာတွေက မင်းအတွက် အသုံးဝင်မှာပါ.."
" တကယ်၍ မင်းက ကာကွယ်စောင့်ရှောက်သူကို အနိုင်ယူပြီး လေနက်နတ်ဘုရားနန်းတော်ကို အပိုင်သိမ်းထားခဲ့ပြီးပြီဆိုရင် ဒီရတနာတွေက မင်းအတွက် ဘာမှ မဟုတ်တော့ပါဘူး.. သမုဒ္ဒရာကမ္ဘာကျောက်တုံးသာ မင်းအတွက် စိတ်ဝင်စားစရာ ဖြစ်နေလိမ့်မယ်.. ကောင်းပြီ.. သမုဒ္ဒရာကမ္ဘာကျောက်တုံးက ရေကန်အထဲမှာ ရှိပါတယ်.."
ထိုအခါ ရွှယ်ယင်က ရေကန်ဆီသို့ လှမ်းကြည့်လိုက်သည်။
အထွတ်အထိပ်အဆင့် လီကျန်း၏ ဘဝဇာတ်ကြောင်းကို ဖတ်ရပြီးသည့်အခါမှာ သမုဒ္ဒရာကမ္ဘာကျောက်တုံးတွေက အရမ်းကို တန်ဖိုးကြီးပြီး ထူးခြားဆန်းပြားသည့် ရတနာတစ်ခုမှန်း သူ သိလိုက်သည်။ စင်စစ် ထိုရတနာသည် ကမ္ဘာငယ်တစ်ခု၏ အလွန်အဖိုးထိုက်တန်သော အရင်းအမြစ်ရတနာတစ်ခု ဖြစ်ပြီး အထွတ်အမြတ်အဆင့် လီကျန်းက ရရှိထားခြင်း ဖြစ်သည်။ ထိုရတနာသည် တိုက်ပွဲတွင် သုံးရသည့် ရတနာမျိုး မဟုတ်နေချေ။ ၎င်းက ကျင့်ကြံခြင်းတွင် အအထောက်အကူ ဖြစ်စေကာ အဆင့်တက်ခြင်းတွင်လည်း အလွန်အကူအညီ ဖြစ်စေသည်။
ထိုကဲ့သို့ ကျင့်ကြံခြင်းကို ကူညီပေးသည့် ရတနာမျိုးသည် အထွတ်အထိပ်အဆင့်တွေအတွက် အသက်သွေးကြောပင် ဖြစ်လေသည်။
" ဒီကျောက်ပုံကြီးက.."
ရွှယ်ယင်က ဖြူဖျော့ဖျော့ ရှိသည့် ကျောက်ခဲတုံးပုံကြီးကို ကြည့်လိုက်သည်။
" ဒါက မူလကျောက်တုံးလို့ ခေါ်တာပေါ့.."
တံခါးပိတ်ကျင့်ကြံခြင်းကို မစတင်ခဲ့မီအချိန်တွင် လီကျန်းသည် သူ့၏ အထွတ်အမြတ်အဆင့် ရတနာများကို တကယ်ပင် ရောင်းချခဲ့သည်။ အပြန်အလှန်အားဖြင့် ကျင့်ကြံခြင်းရတနာများကို ယူလာခဲ့သည်မို့ ထို မူလကျောက်တုံးကလည်း ထိုအထဲတွင် အဓိက ပါလာခဲ့သည်။
ထိုမူလကျောက်တုံးသည် ကမ္ဘာကြီးတစ်ခုက လာသော အရင်းအမြစ် ကျောက်တုံးများ ဖြစ်ကြသည်။ ထိုအထဲတွင် ရှေးအကျဆုံး လောကစွမ်းအင်ကို သိုလှောင်ထားပြီး မည်သည့်ဓာတ်သဘာဝလည်း မပါဝင်ရာ ကျင့်ကြံသူအတွက် မည်သည့်ပြဿနာမှ မဖြစ်စေသည့်အပြင် ကျင့်ကြံရာတွင်လည်း လျင်မြန်စွာ တိုးတက်လွယ်စေသည်။ ပုံမှန်အားဖြင့် သာမန် အထွတ်အထိပ်အဆင့်တစ်ယောက်က ကျင့်ကြံရာတွင် ထိုကျောက်တုံးကို အသုံးပြုဖို့အတွက် ငွေကြေး မတတ်နိုင်ကြပေ။ တကယ်တမ်း အရေးကြီးသည့် အဆင့်တက်သည့် အရာမျိုးတွင်သာ သုံးချင်ကြသည်။ လီကျန်းမှာ တံခါးပိတ်ကျင့်ကြံခြင်းကို ဝင်ရောက်သွားခဲ့ပြီးနောက် သေသည်အထိ ဤ မူလကျောက်ပုံကြီးကို ချန်ထားခဲ့လေသည်။
" အမွေဆက်ခံသူ.. တကယ်လို့ သင်ဟာ ငါ့လိုပဲ ဤနေရာကို မတော်တဆ ရောက်လာခဲ့ရင် မင်းအတွက် လွယ်ကူအောင် ငါ မြေပုံတစ်ပုံ ချန်ထားခဲ့မယ်.."
" ငါ နေရာအနှံ့ကို သေသေချာချာ လေ့လာထားခဲ့ပြီးပြီ.."
" ချောက်ကမ်းပါးနံရံအတိုင်း ဆင်းတာ တက်တာဟာ အရိုးရှင်းဆုံးလမ်းပဲ ဒါပေမဲ့ အခက်ခဲဆုံးတစ်ခုလည်း ဖြစ်တယ်.. အဲဒီ ကာကွယ်စောင့်ရှောက်သူတွေကိုလည်း ရှောင်ရှားရမယ်.. နောက်ပြီး လိုဏ်ဂူနန်းတော်နဲ့လည်း ခပ်ဝေးဝေးမှာ နေရမယ်.. အဲဒီအနားကို နီးသွားလေ လုံခြုံရေးအစောင့်တွေက တင်းကြပ်ထားလေပဲ.. ဒါကြောင့် နန်းတော်ရဲ့ အရှေ့တံခါးကနေ ဝင်သွားဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး.. "
"တကယ်၍ စိတ်ရှည်ပြီး ကံကောင်းလာခဲ့ရင် ချောက်ကမ်းပါးနံရံအပေါ် တက်သွားနိုင်တယ်.. အရင်တုန်းက ငါဟာ အားနည်းတဲ့ ယန္တရားသက်ရှိတချို့ကို စေလွှတ်ပြီးတော့ လမ်းကြောင်း ရှာခိုင်းခဲ့ဖူးတယ်.. ယန္တရားသက်ရှိ ၁၅ ကောင်လောက်ကို စေလွှတ်ခဲ့ဖူးတာ နောက်ဆုံးမှာ တစ်ကောင်တည်းသာ ချောက်ကမ်းပါး အပေါ်ဘက်ကို ရောက်နိုင်ခဲ့တယ်.. ငါဟာ အဲဒီယန္တရားသက်ရှိကောင်ရဲ့ ချောက်ကမ်းပါး တက်သွားနိုင်တဲ့ အတွေ့အကြုံကို အသေးစိတ် မှတ်သားခဲ့တယ်.. အဲဒီလမ်းကြောင့်းမှာ လုံခြုံရေးတွေက အရမ်းကို တင်းကြပ်တယ်.. မမြင်နိုင်တဲ့ အခက်အခဲတွေက အရမ်းများတယ်.. အရမ်းကို ခက်ခဲတယ်."
" ဖြစ်နိုင်တဲ့ လမ်းကြောင်းတစ်ခု ရှိသေးတယ်.. အဲဒီနှစ်တုန်းက ငါဟာ မှော်ဆရာနန်းတော်က ပညာရှင်တစ်ယောက်ကို လိုက်ဖမ်းခဲ့ဖူးတယ်.. မြေအောက်ချော်ရည်မြစ်တစ်လျှောက် ထွက်ပြေးခဲ့ပြီး နောက်ဆုံးမှာ သူ့ကို အောင်မြင်စွာ သတ်နိုင်ခဲ့တယ်.. အဲဒီ မြေအောက်ချော်ရည်မြစ်ဘေးနားမှာ ကျောက်အက်ကွဲရာတစ်ခုကို ငါ တွေ့ခဲ့တယ်.. ငါ့ရဲ့ အမြင်အာရုံကို သုံးပြီး ကြည့်လိုက်တဲ့အခါမှာ အဲဒီအက်ကွဲကြောင်းက အလွန်တရာ နက်ရှိုင်းပြီး ထူးခြားတယ်.. ဒါကြောင့် ငါဟာ ကိုယ့်ကိုယ်ကို အရည်အဖြစ် ပြောင်းလဲလိုက်ပြီး အက်ကွဲကြောင်းအတိုင်း စီးဝင်သွားခဲ့တယ်.. ၅၀၀ ကီလိုမီတာအထိ ဝင်လာခဲ့ပြီးတဲ့အချိန်မှာ လေနက်နတ်ဘုရားနန်းတော်က လာတဲ့ အက်ကွဲကြောင်းတစ်ခုက လာဆုံနေတယ်.."
" တကယ်တမ်းကျတော့ လေနက်နတ်ဘုရားနန်းတော်ကို အရမ်းကို စွမ်းအားကြီးတဲ့ လေနက် ဆိုတဲ့ ဆရာကြီးက တည်ဆောက်ထားခဲ့တာ.. ဆရာကြီးလေနက်က နတ်ဘုရားတပိုင်းအဆင့်ပဲ.. အဲဒီခေတ်အခါက သူဟာ တုယှဥ်မရနိုင်တဲ့ အသန်မာဆုံး နတ်ဘုရားတပိုင်းအဆင့်တစ်ယောက်ပဲ.. လေနက်နတ်ဘုရားနန်းတော်က သူချန်ထားတဲ့ နန်းတော်ပဲ.. ဘယ်အထွတ်အထိပ်အဆင့်ကမှ သူ့ ချန်ထားခဲ့တဲ့ ရတနာတွေကို မယူနိုင်ခဲ့ဘူး.. သူ ဘယ်လောက် စွမ်းအားကြီးသလဲဆိုတာ မြင်နိုင်ပါပြီ.."
" အခု ငါ ရှာတွေ့ခဲ့တဲ့ နေရာက တကယ်တမ်းကျ လေနက်နတ်ဘုရားနန်းတော်ထဲက မြေအောက်ခန်းမကြီးပဲ.. ငါ့ရဲ့ တိုက်ခိုက်မှုစွမ်းရည်က အရမ်းကို အားနည်းတယ်.. ဒါကြောင့် လေနက်နတ်ဘုရားနန်းတော်ကို မသိမ်းပိုက်နိုင်ခဲ့ဘူး.. ပြောရမယ်ဆိုရင် ငါဟာ လေနက်နတ်ဘုရားနန်းတော်ရဲ့ နေရာသေးသေးလေးတစ်ခုကိုသာ ဝင်နိုင်ခဲ့တာ.. "
" ဒီကနေ ထွက်တဲ့ လမ်းကြောင်းရယ်.. လေနက်နတ်ဘုရားနန်းတော် မြေပုံကြမ်းကို ဒီစာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာမှာ အကုန် ရေးပေးထားပါတယ်.."
****
အပိုင်း ( ၈၁ ) ထွက်ဖို့လမ်းက တစ်လမ်းတည်း..
နောက်ဆုံးစာမျက်နှာတွင် မြေပုံတစ်ပုံ ရှိနေပြီး အသေးစိတ် အချက်အလက်များနှင့် ရှင်းလင်းချက် များစွာ ပါရှိသည်။
" ဘာ.. လေနက်နတ်ဘုရားနန်းတော်ရဲ့ မြေအောက်ခန်းမကြီးမှာ တံခါးတစ်ခု ရှိပြီး.. အဲဒီကနေ ကမ္ဘာကြီးတစ်ခုကို ရောက်သွားနိုင်တယ်.. ဟုတ်လား.."
ရွှယ်ယင် အံ့သြသွားသည်။ မြေပုံထဲတွင် ရှင်းလင်းချက်များနှင့်အတူ မြေအာက်ခန်းမကြီးမှာ လျှို့ဝှက်တံခါးတစ်ခုက အထွတ်အထိပ်တို့၏ ကမ္ဘာကြီးတစ်ခုကို ဦးတည်ထားကြောင်းအား ရှင်းလင်းဖော်ပြထားပေသည်။ ပင်လယ်နတ်ဘုရားနန်းတော်၏ အကြီးအကဲဖြစ်သူ လီကျန်း၏ နှစ်ထောင်ချီ ဘဝဇာတ်ကြောင်းကို ဖတ်ရင်း ဖတ်ရင်း ရွှယ်ယင်သည် သူ နေထိုင်ရာ လောကကြီးအကြောင်းကို ပို၍ သိရှိလာခဲ့သည်။
သူ နေထိုင်ရာ သတ္တလောကကြီးသည် တကယ်တမ်းတွင် အလွန်တရာ ခိုင်မာတည်တံ့သော ရုပ်ထည်လောကကြီး ဖြစ်ပေသည်။
ရုပ်ထည်လောကကြီးသည် ကြီးမား၍ လှပသည်။
ထိုကဲ့သို့ ရုပ်ထည်လောကကြီးထဲတွင် အရပ်ဒေသအမျိုးမျိုး၌ လေဟင်းလင်းပြင်ထဲက ဟက်တက်ကွဲနေရာမျိုးမှာ မြောက်များစွာသော မပြီး မပြည့်စုံသေးသည့် အထွတ်အထိပ်ကမ္ဘာများ ရှိကြသည်။ ထိုကဲ့သို့ အထွတ်အထိပ်ကမ္ဘာတွေကို နှစ်ပိုင်း ခွဲထားသည်။ ကမ္ဘာကြီးနှင့် ကမ္ဘာငယ် ဖြစ်ကြသည်။
ထိုကဲ့သို့ ကမ္ဘာမျိုး၏ မပြီးမပြည့်စုံသော ဖြစ်တည်မှုပုံစံတို့ကြောင့် ၎င်းကမ္ဘာတွင် ထွက်ရှိကြသည့် တချို့သော ထိပ်တန်းအဆင့် သန့်စင်ရတနာအကြောင်းများ သတင်းပေါက်ကြားတာမျိုး ရှိကြသည်။ သို့မဟုတ် ၎င်းကမ္ဘာ၏ အရင်းအမြစ်သည်ပင် ရတနာ ဖြစ်နေတာမျိုးလည်း ရှိသည်။
ထိုကဲ့သို့ ကမ္ဘာမျိုးတွင် အထွတ်အထိပ်အဆင့်တို့ အလိုရှိသည့် တန်ဖိုးကြီးသော အရာဝတ္ထုများက အနည်းနှင့်အများ ထွက်ရှိနေတတ်သည်။
သို့သော် သတ္တလောကမှာဆိုရင် မူလကျောက်တုံးကို တစ်လုံးတလေမှ တူးဖော်၍ ရနိုင်မှာ မဟုတ်ချေ။ တကယ်တမ်းတွင် ထိုကဲ့သို့ တွင်းထွက်ပစ္စည်းမျိုးသည် ကမ္ဘာတစ်ခု မွေးဖွားလာချိန်မှာ ကမ္ဘာဦးစွမ်းအင်များ ထွက်ရှိလာရင်း စုစည်းဖြစ်ပေါ်လာသည့် အရာများ ဖြစ်ကြသည်။ သတ္တလောကတွင် လောကစွမ်းအင်အများစုတို့က အသုံးချထားပြီးသား ဖြစ်ရာ အထွတ်အထိပ်တစ်ယောက်က ထူးဆန်းသည့် တွင်းထွက်ပစ္စည်းမျိုးအား ရှာတွေ့နိုင်မှာ မဟုတ်ပါချေ။
သို့သော် ကမ္ဘာကြီးနှင့် ကမ္ဘာငယ်တို့၏ လောကထဲတွင် ရိုးစင်းသည့် ဥပဒေတို့သာ ရှိသည်။ ၎င်းကမ္ဘာ၏ ထူးခြားသော စွမ်းအင်တို့က ကမ္ဘာကို ပြီးပြည့်စုံအောင် လုပ်မည့်အစား စစ်မှန်ပြီး မရေတွက်နိုင်သော တန်ဖိုးရှိသည့် အထွတ်အထိပ်ရတနာတွေကိုသာ ထုတ်ပေးသည်။ ထိုကဲ့သို့ ရတနာမျိုးက အထွတ်အထိပ်တွေကြားမှာ အလွန်ပင် အရူးအမူး ဖြစ်ကြပေသည်။
ထို့ကြောင့်လည်း ၎င်းကမ္ဘာတို့သည် ကြည့်ရသည်မှာ ရိုးစင်းပြီး ကြမ်းတမ်းသော်လည်း အထွတ်အထိပ်ကမ္ဘာအဖြစ် ဖော်ပြကြသည်မှာ ၎င်းကမ္ဘာမှာ အထွတ်အထိပ်အဆင့် ရတနာပစ္စည်းများ ထွက်ရှိနေခြင်းကြောင့် ဖြစ်ပေသည်။
" ဒါဆို ကမ္ဘာကြီးတစ်ခုက ဘယ်လောက်တောင် အဖိုးတန်လိုက်မလဲ.."
ရွှယ်ယင်က အံ့သြသွားသည်။
" ဒါဆို ဒီနေရာက အဲလို ကမ္ဘာတစ်ခုကို ဆက်သွယ်ထားတာပေါ့.."
အကြီးအကဲလီကျန်း၏ အဆိုအရ လူသားတို့ ရှာဖွေတွေ့ရှိထားသည့် အထွတ်အထိပ်ကမ္ဘာကြီးက ရှစ်ခု ရှိနေပါပြီ။ ယခု လေနက်နတ်ဘုရားနန်းတော်နှင့် တိုက်ရိုက် ဆက်သွယ်ထားသည့် ကမ္ဘာကြီးပါ ထည့်ပေါင်းလိုက်လျှင် ကိုးခု ရှိသွားပါလိမ့်မည်။
" ကမ္ဘာကြီးတစ်ခုချင်းစီတိုင်းကို ရတနာသိုက်ကြီးတစ်ခုဟု သတ်မှတ်နိုင်သည်။ "
ရွှယ်ယင်မှာ နောက်တစ်ကြိမ် အံ့သြမှင်တက်သွားသည်။
ဒါကြောင့် ဆရာကြီးလေနက်က ဒီနေရာမှာ လိုဏ်ဂူနန်းတော်ကို တည်ဆောက်ထားဖို့ ဆုံးဖြတ်လိုက်တာကိုး..
ကမ္ဘာကြီးဆိုတာ.. ရှားပါးပြီး တန်ဖိုးကြီးသည်။ တကယ်၍ လူအများက ကမ္ဘာကြီးတစ်ခုအကြောင်းကို သိလာခဲ့ပါက အစွမ်းထက်ဆုံး နတ်ဘုရားတပိုင်း အဆင့်တစ်ယောက်က ထိုကမ္ဘာထဲက ရတနာများကို လာရောက် သိမ်းပိုက်ပါလိမ့်မည်။ ထိုအထဲကို ဝင်ပြီး အထွတ်အထိပ်အဆင့် ရတနာအားလုံးကို သိမ်းကြုံးယူငင်သွားပါလိမ့်မည်။
" ဒါဆို ကမ္ဘာကြီးဆိုတာ တကယ်ပဲ ရှားပါးပြီး အဖိုးထိုက်တန်တာပေါ့.."
ထိုရှင်းပြချက်ထဲတွင် အကြီးအကဲလီကျန်းက ထပ်ခါတလဲလဲ ရှင်းပြထားသေးသည်။
" တကယ်လို့ ဒီလိုကမ္ဘာမျိုး ရှိနေတာကို မိတ်ဆွေတစ်ယောက်ကို ပြောပြခဲ့ရင် အဲဒီမိတ်ဆွေက မိတ်ဆွေကောင်း ဖြစ်နေစေဦးတော့.. မင်း နောက်ကျောကို ဓားနဲ့ ထိုးလာပါလိမ့်မယ်.."
တကယ်တမ်းသည် အကြီးအကဲလီကျန်းက သေသည်အထိ တံခါးပိတ် ကျင့်ကြံခဲ့သော်လည်း သူ့မှာ နတ်ဘုရားတပိုင်းအဆင့် ရောက်ဖို့အတွက် မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားသေးသည်။ နှစ်ပေါင်း ၁၅၀၀ အထိ နေလာခဲ့ပြီးနောက် ဤသတ္တလောကကြီးအတွက် များစွာ တွယ်တာခြင်း မရှိတော့ပါချေ။ ထို့ကြောင့်လည်း လေနက်နတ်ဘုရားနန်းတော်အကြောင်း သူသိထားသည့် မည်သည့်လျှို့ဝှက်ချက်ကိုမှ မထုတ်ပြသွားခဲ့ပေ။
***
ရွှယ်ယင်က စာအုပ်ကို ပိတ်လိုက်သည်။ သူ့အမူအရာက နက်နက်နဲနဲ စဥ်းစားခန်းဝင်နေပုံ ရသည်။
"ကမ္ဘာကြီးဆိုတာ အရမ်းကို တန်ဖိုးကြီးပြီး နတ်ဘုရားတပိုင်းအဆင့်တွေတောင် အရူးအမူး ဖြစ်ကြရတယ်.. "
ရွှယ်ယင်သည် တစ်ကိုယ်တည်း စဥ်းစားနေသည်။
" ဒါပေမဲ့ အကြီးအကဲလေနက်က အထဲက ရတနာတွေကို သိမ်းပိုက်ထားပြီးလောက်တယ်.. ပြီးတော့ ငါက သေမျိုးအဆင့်ပဲ ရှိသေးတာ.. အထဲကို ဝင်နိုင်ဖို့က အဝေးကြီး လိုနေတယ်.. "
ထို့နောက်မှာတော့ ရွှယ်ယင်သည် ကျန်သည့် စာအုပ်များကို ခပ်သော့သော့လေး ဖတ်သွားလိုက်ပြီးနောက် ကျန်သည့် ပစ္စည်းများကို လက်တစ်ဖက်ဖြင့် ဝှေ့ယမ်းကာ သိမ်းလိုက်တော့သည်။ သို့သော် ထူးဆန်းသည့် အဆောင်လက်ဖွဲ့နှစ်ခုကိုသာ ချန်ထားလိုက်သည်။ စင်စစ် ထိုအဆောင်လက်ဖွဲ့သည် အထွတ်အထိပ်အဆင့် ယန္တရားသက်ရှိ နှစ်ကောင်ကို ထိန်းချုပ်ဖို့အတွက် ဖြစ်သည်။ ၎င်အဆောင်လက်ဖွဲ့ကို သူ့၏ ချီစွမ်းအင်ဖြင့် ပေါင်းစည်းလိုက်ပြီး ထိန်းချုပ်ခွင့် ရလိုက်သည်။
ခပ်လှမ်းလှမ်းတွင် ရှိနေသည့် ရွှေရောင်လူဝံကြီးနှင့် ရွှေရောင်ဂဠုန်ငှက်ကြီးတို့ကလည်း ရွှယ်ယင်အား အရိုအသေ ချက်ချင်း ပေးလိုက်သည်။
" သခင်ကို နှုတ်ဆက်ပါတယ်.."
" လေနက်နတ်ဘုရားနန်းတော်ကနေ ပြန်ထွက်တဲ့ အချိန်ထိ စောင့်နေလိုက်ဦး.. ငါ မင်းတို့ကို သေချာပေါက် ခေါ်သွားပေးမယ်.." ရွှယ်ယင်က ပြောလိုက်သည်။
" သခင်.. ကျနော်တို့ကလည်း ဒီနေရာကနေ ထွက်ဖို့ကို ဆန္ဒရှိကြပါတယ်.."
ရွှေရောင်လူဝံကြီးက တကယ်ပဲ စိတ်လှုပ်ရှားနေသည်။ ရွှေရောင်ဂဠုန်းငှက်ကြီးသည်လည်း ထိုအတိုင်းပင် မျှော်လင့်ချက်တို့နှင့် ပြည့်နှက်နေသည်။
ရွှယ်ယင်က ပြုံးလိုက်ကာ.. " မင်းတို့က တစ်ယောက်ကို တစ်ယောက် မျောက် နဲ့ ငှက်ကလေးတို့ ခေါ်နေကြတယ်.. ငါကလည်း မင်းတို့ကို အဲ့နာမည်အတိုင်း ခေါ်မယ်.."
" သခင်က ဘယ်လိုပဲ ခေါ်ပါစေ.. ကျနော်တို့က အဲဒီအတိုင်း လိုက်ခေါ်မှာပါ.. "
အထွတ်အထိပ်အဆင့် ယန္တရားသက်ရှိနှစ်ကောင်သည် အလွန်တရာ နာခံတတ်ကြသည်။ ဒါသည် ယန္တရားသက်ရှိတို့၏ အကျင့်ကောင်းဖြစ်ပေသည်။ သူတို့သည် အလွန်တရာ သစ္စာရှိကြလေသည်။
" သြော်.. ဒါနဲ့.. သမုဒ္ဒရာကမ္ဘာကျောက်တုံးက ဒီရေကန်အထဲမှာလား.."
ရွှယ်ယင်က အဋ္ဌဂံ ပုံသဏ္ဌာန်ရှိသည့် ရေကန်ကို လက်ညိုးညွန်၍ မေးလိုက်သည်။
" ဟုတ်တယ်.." ရွှေရောင်ဂဠုန်ငှက်ကြီးက ခေါင်းညိတ်လိုက်သည်။
" မှော်ဆရာနန်းတော်က ပညာရှင်တွေ ဒီနေရာကို ရှာတွေ့သွားမှာကို နောက်ဆုံးသခင်က စိုးရိမ်းခဲ့တယ်.. ဒါကြောင့် ဒီရေကန်ရဲ့ ပတ်လည်မှာ အစည်းအတား ထားဖို့ သူ ဆုံးဖြတ်လိုက်တယ်.. တကယ်လို့ ကျနော်က ဒီအမိန့်ပြားကို ချိုးလိုက်ရင် အဲဒီအစည်းအတားက ပေါက်ကွဲလာမယ်.. သူ့ရဲ့ စွမ်းအားက နောက်ဆုံးသခင်ရဲ့ စွမ်းအားပေါင်းစုထားသလောက် ရှိပါလိမ့်မယ်.. ဒါဆို ပေါက်ကွဲခြင်းက ရန်သူကို သတ်နိုင်ပါလိမ့်မယ်.. ဒါပေမဲ့ အရေးကြီးဆုံးအရာက သမုဒ္ဒရာကမ္ဘာကျောက်တုံးပါ အမှုန့်ကြေသွားနိုင်တယ်.. ပြီးတော့ လေနက်နတ်ဘုရားနန်းတော်မှာ မှော်ဆရာနန်းတော်က လူတွေကို တားဆီးဖို့အတွက် အန္တရာယ်ရှိတဲ့ ပုံစံတွေ ပြုလုပ်ထားသေးတယ်.. အဲဒီနေရာကို သူတို့ ရောက်လာခဲ့ရင် တိုက်ခိုက်ခံရလိမ့်မယ်.."
ရွှယ်ယင် ခေါင်းညိတ်လိုက်သည်။
မှော်ဆရာနန်းတော်ဆိုတာ မှော်သားရဲမျိုးနွယ်တို့၏ အထွတ်အထိပ်အဆင့်များက ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
လူသားနှင့် မှော်သားရဲတို့သည် အပြန်အလှန် မုန်းတီးကြသူများ ဖြစ်ကြသည်။ ယခုလို ကြွင်းကျန်ရစ်သည့် ရတနာများကို ခက်ခက်ခဲခဲ ရရှိခဲ့ပြီးမှ ထိုရတနာတွေကို တစ်ဖက်က သားရဲမျိုးနွယ်တွေအတွက် ချန်ထားခဲ့မှာ မဟုတ်ချေ။
ရွှယ်ယင်က ဒူးထောက်ချလိုက်သည်။ လက်နှစ်ဖက်ဖြင့် ရေကန်ထဲက စိတ်ဝိညာဥ်ရေကို ခပ်ယူကာ သောက်လိုက်သည်။
အေးစက်စက် အရသာက သူ့တစ်ကိုယ်အနှံ့ လှည့်ပတ်သွားသည်။
သူ့၏ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး.. ကြွက်သားများ..၊ အရိုးများ..၊ အတွင်းကလီစာများ..၊ တန်းထျန် ချီပင်လယ်..၊ စိတ်ဝိညာဥ်စွမ်းအား..၊ အားလုံးတို့မှာ အားအင်ဖြည့်တင်းမှုတချို့ကို ရရှိလိုက်ကြသည်။ ထို့အပြင် ထိုစိတ်ဝိညာဥ်ရေကို သောက်လိုက်ပြီးနောက် ၎င်းစွမ်းအင်ကို စုပ်ယူလိုက်သည့်အခါတွင် ရွှယ်ယင်၏ ဆာလောင်နေမှုများ ချက်ချင်း ပျောက်ကွယ်သွားသည်။
" သောက်လိုက်ရုံနဲ့ မဆာတော့ပါလား.." ရွှယ်ယင်သည် ရယ်မောလိုက်သည်။
" အစားအသောက်ဆိုတာကလည်း စွမ်းအင်တစ်မျိုးပါပဲ.." ရွှေရောင်လူဝံကြီးကလည်း ရယ်မောလိုက်သည်။
" ဒီစိတ်ဝိညာဥ်ရေက သမုဒ္ဒရာကမ္ဘာကျောက်တုံးကနေ အသွင်ပြောင်းထားတာ ဆိုတော့ သာမန် အစားအသောက်တွေထက် ခန္ဓာကိုယ်ကို ပိုပြီး အားပြည့်စေတယ်.. နောက်ဆုံးသခင်က ဒီရေကို နေ့တိုင်း သောက်တယ်.. စိတ်ဝိညာဥ်ရေရဲ့ အားအင်ဖြည့်တင်းပေးတဲ့ အချက်က သူက အထွတ်အမြတ်အဆင့်မှာ ထိပ်သီးတစ်ယောက် ဖြစ်လာခဲ့ခြင်းရဲ့ အကြောင်းအရင်းတစ်ခုပဲ.."
ရွှယ်ယင်က လက်ကို ဆန့်တန်းပြီး ရေကန်ထဲမှာ ရှိနေသည့် ပုံသဏ္ဌာန်ဆန်းပြားသော ကျောက်စိမ်းတုံးကို လှမ်းယူလိုက်သည်။
ထိုကျောက်စိမ်းတုံးသည် သမုဒ္ဒရာအပြာရောင် ရှိပြီး ၎င်း၏ မျက်နှာပြင်တွင် သမုဒ္ဒရာပြာအရောင်ရှိသည့် အငွေ့တန်းငယ်တစ်ခုက လှည့်ပတ်နေပေသည်။ ထိုကျောက်စိမ်းတုံးသည် ကောင်းကင်နှင့် မြေကြီးထံမှ အဆီအနှစ်ကို စုပ်ယူသိမ်းထားနိုင်စွမ်း ရှိသည်။ စင်စစ် ထိုကျောက်စိမ်းတုံးသည် ကမ္ဘာငယ်တစ်ခု၏ ရတနာအမြုတေ ဖြစ်ပေသည်။ ကျောက်စိမ်းတုံးကို ကြည့်ရုံနှင့်တင် ကိုက်စားချင်စိတ် တဖွားဖွား ဖြစ်စေသည်။
" ကြည့်ရုံနဲ့တင် စားချင်စိတ် ပေါက်တယ်.." ရွှယ်ယင်သည် အံ့သြစွာ ခံစားနေရသည်။
" ဒီအတိုင်း မစားနဲ့.. အလဟဿ ဖြစ်သွားလိမ့်မယ်.."
ရွှေရောင်လူဝံကြီးက သတိပေးလေသည်။
" ရေထဲမှာ နှစ်ထားပြီး သူ့ဘာသာသူ တဖြည်းဖြည်းနဲ့ ပျော်ဝင်ပါစေ.. ဒါဆိုရင် သာမန်ရေကနေ စိတ်ဝိညာဥ်ရေ ပြောင်းသွားလိမ့်မယ်.. နောက်ဆုံးသခင်က စိတ်ဝိညာဥ်ရေလုပ်ပြီး သောက်တာ နှစ်ပေါင်း ၁၀၀၀ နီးပါး ရှိလိမ့်မယ်.. ဒါပေမဲ့ ကျောက်တုံးက တစ်ဝက်လောက်ပဲ ကုန်သေးတယ်.."
" ဒါက ရေလိုတာလား.." ရွှယ်ယင် မျက်မှောင်ကြုတ်လိုက်သည်။
" ငါ့မှာ ရေမှ မရှိတော့တာ.."
" တကယ်တမ်းကျ ဒီရေကန်ထဲက ရေတွေဟာ သခင်အတွက် နှစ် ၃၀ ၅၀ လောက်တော့ လောက်ငှပါတယ်.." ရွှေရောင်လူဝံကြီးက ပြောလိုက်သည်။
" ဒီကနေ ထွက်သွားနိုင်ခဲ့ရင်တော့ ရေများများနဲ့ စိမ်ထားလို့ ရနိုင်ပါတယ်.."
ရွှယ်ယင်လည်း ခေါင်းညိတ်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ လောကစွမ်းအင်ကို ထိန်းချုပ်လိုက်သည်။
" ဝေါ.."
ထိုအခါ စိတ်ဝိညာဥ်ရေတွေဟာ သိုလှောင်ရတနာထဲ ဆောင်သွင်းခြင်း ခံလိုက်ရသည်။
တကယ်တမ်းတွင် သိုလှောင်ရတနာထဲက နေရာမှာ လေထုမရှိ.. မြေကမ္ဘာဆွဲအားပင် မရှိနေချေ။ ထို့ကြောင့် အထဲသို့ ဆောင်သွင်းလိုက်သည့် စိတ်ဝိညာဥ်ရေတို့သည် အထဲမှာ ပေါလောမျောလွင့်လျက်သား ရှိနေသည်။
ထို့နောက်မှာ ရွှယ်ယင်သည် အဝေးက နံရံတံတိုင်းမှာ ရှိသည့် အက်ကွဲရာဆီကို လျှောက်လာခဲ့သည်။ ကြီးမားသည့် မြေအောက်ခန်းမကြီးတွင် အက်ကွဲကြောင်းရာကြီးများ ထနေသော နံရံတံတိုင်းများ ရှိနေသည်။
" အကြီးအကဲလီကျန်းရဲ့ မြေပုံလမ်းညွန်အတိုင်းဆိုရင် သူက ဒီအက်ကွဲရာကနေ ဝင်လာခဲ့တာပဲ.."
ရွှယ်ယင်သည် သူ့အရှေ့က အက်ကြောင်းရာကို ကြည့်လိုက်သည်။ ထိုအက်ကြောင်းရာက ဒေါင်လိုက် အက်ကွဲနေသည်။
ရွှယ်ယင်လည်း ထိုအက်ကြောင်းအရာအတိုင်း ဝင်သွားလိုက်သည်။
သူ့ခန္ဓာကိုယ်က မီးလျှံများဖြင့် တောက်ပလာကာ အက်ကြောင်းရာထဲက အမှောင်ထုကို မောင်းထုတ်ပစ်လိုက်သည်။ အရှေ့သို့ ဆက်သွားလေ အက်ကြောင်းရာက ပို၍ ကျဥ်းမြောင်းလာခဲ့သည်။ ၅ ကီလိုမီတာလောက် လျှောက်သွားပြီးအခါမှာ ထိုအက်ကြောင်းရာက အလွန်ကျဥ်းမြောင်းသွားပြီး အရှေ့ဆက်သွား၍ မရနိုင်တော့ပေ။
" ဟမ်း.." ရွှယ်ယင်က မျက်မှောင်ကြုတ်လိုက်သည်။
" ကြည့်ရတာ အကြီးအကဲလီကျန်းက သူ့ကိုယ်သူ အရည်ပုံစံ ပြောင်းပြီးတော့မှ ဒီအက်ကြောင်းရာကနေ ဝင်လာခဲ့လို့ လ လေနက်နတ်ဘုရားနန်းတော်ကို ရောက်လာခဲ့တာပဲ.. အခု ငါက သေမျိုးအဆင့် ဖြစ်နေတော့ ဘယ်လိုမှ ဖြတ်လို့ ရမှာ မဟုတ်ဘူး.."
" တကယ်လို့ လမ်းကြောင်းမရှိရင် နောက်တစ်လမ်းကို ကိုယ့်ဘာသာ တူးမယ်ဆိုရင်ရော.."
သို့သော် ထိုစိတ်ကူးက အလုပ်မဖြစ်ပေ။
" အကြီးအကဲလီကျန်းပြောထားတဲ့ အတိုင်းဆိုရင် လေနက်နတ်ဘုရားနန်းတော်ရဲ့ ဘေးပတ်လည်မှာ အစည်းအတားကြီးတစ်ခုကို ဖြန့်ကျက်ထားတယ်လို့ ပြောတယ်.. ဒီတကြောမှာ ရှိတဲ့ တောင်ကြီးရော.. မြေအောက်ရေ.. တခြားနေရာတွေကပါ ဒီအစည်းအတားကြီးထဲမှာ ပါနေတယ်လို့ ပြောတယ်.. ပြီးတော့ ချောက်ကြီးထဲက နေရာတွေမှာပါ အအစည်းအတားတွေနဲ့ ပြည့်နေတယ်..ဒီအစည်းအတားရဲ့ အပြင်ဘက်မှာလည်း ကာကွယ်စောင့်ရှောက်သူတွေ လှည့်လည်စောင့်ကြပ်နေတာပဲ.. ကာကွယ်စောင့်ရှောက်သူတွေက တကယ်ပဲ အမြင်အသိအာရုံ ကောင်းကြတယ်.. "
" အစည်းအတားထဲက မြေကြီးပဲ ဖြစ်ဖြစ်.. ကျောက်သားပဲဖြစ်ဖြစ် တူးထုတ်လိုက်တာနဲ့ သူတို့ ချက်ချင်း သိသွားနိုင်တယ်.. "
" ဒီလမ်းကြောင်းကနေပဲ သွားလို့ရမယ်.. ဒါပေမဲ့ ဘယ်အရာကိုမှ နည်းနည်းလေးမှ ဖျက်ဆီးပစ်လို့ မရနိုင်ဘူး.."
ရွှယ်ယင်မှာ စိတ်ဓာတ်ကျသွားသည်။
အထွတ်အထိပ်အဆင့်တောင်မှ လွတ်မြောက်အောင် မထွက်ပြေးနိုင်ခဲ့သည်ဖြစ်ရာ သူ့အတွက် မျှော်လင့်ချက် ဘယ်ရှိပါတော့မလဲ..
" ဒါဆို ငါ အထွတ်အထိပ်အဆင့်ကို ရောက်မှပဲ ထွက်လို့ ရနိုင်တော့မယ်.."
***
ရွှယ်ယင်သည် စိတ်ပျက်စွာဖြင့် ကျိုးပျက်နေသည့် မြေအောက်ခန်းမကြီးဆီသို့ ပြန်လှည့်လာခဲ့သည်။ အခုချိန်မှာ သူသည် သေမျိုးတစ်ယောက်ဖြစ်နေရာ လေနက်နတ်ဘုရားနန်းတော်၏ မြေပုံများ ထပ်ရှိနေရင်တောင် သူ့အနေဖြင့် ဝင်ရောက်ဖို့ မဖြစ်နိုင်ပေ။
သူသည် ဗလာကျင်းနေသည့် ခန်းမကြီးကိုသာ ငေးကြည့်နေမိတော့သည်။
ဒီကနေ ထွက်ဖို့ တစ်ခုတည်းသော နည်းလမ်းသည် အထွတ်အထိပ်အဆင့်အထိ ရောက်အောင် ကျင့်ဖို့တစ်ခုသာ ဖြစ်နေတော့သည်။
" မျောက်... ငှက်ကလေး.. " ရွှယ်ယင်က ရွှေရောင်လူဝံကြီးနှင့် ရွှေရောင်ဂဠုန်ငှက်ကြီးကို ကြည့်ကာ ပြုံးလိုက်သည်။
" ကြည့်ရတာ ငါတုန်ပိုရွှယ်ယင်မှာ မင်းတို့နှစ်ယောက်ပဲ အဖော်အဖြစ် ရှိနေဦးမယ် ထင်တယ်.."
***
အပိုင်း ( ၈၂ ) ခြောက်နှစ်အကြာ..
အထွတ်အထိပ်အဆင့်နယ်ပယ်သို့ တက်လှမ်းရာတွင် ကွဲပြားသည့် နည်းလမ်းနှစ်ခု ရှိသည်။ တစ်ခုသည် ခန္ဓာကိုယ်အသွင်ပြောင်းလဲခြင်းနှင့် ကျန်တစ်ခုသည် ချီစွမ်းအင်အသွင်ပြောင်းလဲခြင်း ဖြစ်သည်။
ဟန်ပြအထွတ်အထိပ်အဆင့်မှာတော့ ပြင်ပအကူအညီဖြင့် သူတို့၏ ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲနိုင်ခြင်း ဖြစ်သည်။ သို့သော် ဆယ်ယောက်မှာ တစ်ယောက်သာ အောင်မြင်သည်။ နဂါးတောင်အိမ်တော်၏ အဆင့်သတ်မှတ်ချက်စာအုပ်တွင် ထိပ်ဆုံးအဆင့် ၅၀၀ တွင် ပါဝင်နိုင်ပေသည်။ ထို့ကြောင့်လည်း ဒဏ္ဍာရီအဆင့်သမားများသည် အန္တရာယ်ရှိသော်လည်း အသက်နှင့်ရင်း၍ စွန့်စွန့်စားစား စမ်းကြည့်ကြလေသည်။
ဟန်ပြအထွတ်အထိပ်အဆင့်ကို ရောက်သည့်အခါတွင် သူတို့၏ သက်တမ်းက ပို၍ ရှည်ကြာပါလိမ့်မည်။ အစွမ်းထက်သော ဒဏ္ဍာရီအဆင့်နှင့် ရင်ဆိုင်ရာ၌လည်း မနိုင်စေကာမူ ကောင်းကင်ထဲ ထွက်ပြေးလွတ်မြောက်နိုင်သည်။
" ဒဏ္ဍာရီအဆိုအရ ကမ္ဘာဦးသွေးအမွေကို ဒုတိယမြောက် နိုးကြားစေနိုင်ခဲ့ရင် အထွတ်အထိပ်အဆင့်နယ်ပယ်ထဲ တစ်ခါတည်း ဝင်သွားလိမ့်မယ်လို့ ပြောတယ်.. "
ရွှယ်ယင်လည်း ထပ်၍ စဥ်းစားကြည့်လိုက်သည်။
" ဒါပေမဲ့ အဲဒါက အရမ်းကို ခက်ခဲနေတာက စိတ်မကောင်းစရာပဲ.."
လီကျန်း ရေးထားသည့် မှတ်စုထဲတွင် ကမ္ဘာဦးသွေးအမွေ ဒုတိယကြိမ် နိုးထလာသည့် အကြောင်းကို များစွာ ရေးမှတ်ထားသည်။
ပထမအကြိမ် နိုးထလာခြင်းသည် ထိုသူအား သေမျိုးတို့၏ အလယ်တွင် အုပ်စိုးစေနိုင်သည်။
ဒုတိယကြိမ် နိုးထလာခြင်းသည် ထိုသူအား ကမ္ဘာဦးသက်ရှိအလား ဖြစ်စေသည်။
ကမ္ဘာဦးသက်ရှိဆိုသည်မှာ အစွမ်းထက်ဆုံး နတ်ဘုရားအစစ်အမှန်တို့ကိုပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်သည့် အစွမ်းအစ ရှိသည်ကို သိသင့်သည်။ သို့သော် လူသားမျိုးနွယ်တို့ ဆက်ခံထားသည့် ကမ္ဘာဦးသွေးအမွေကား ခပ်လျော့လျော့သာ ရှိတော့သည်။ လူသားထဲတွင် ကမ္ဘာဦးသွေးအမွေက ပထမအကြိမ် နိုးထလာခြင်းပင် ခပ်ရှားရှားပေ။
ဒုတိယအကြိမ် နိုးထလာခြင်းပင် အလွန်ခက်ခဲနေသည်ဖြစ်ရာ အောင်မြင်ခဲ့သူ တစ်ယောက်တလေကိုမှ ထိုမှတ်စုထဲတွင် မရေးမှတ်ထားပေ။ သို့သော် ဒုတိယအကြိမ် တကယ်ကို ခက်ခဲမှန်းကို ရွှယ်ယင်လည်း ဆက်စပ်စဥ်းစားကြည့်ကာ ရိပ်မိလိုက်လေသည်။
" လောလောဆယ် ငါဟာ လေနက်နတ်ဘုရားနန်းတော်အောက်က မြေအောက်ခန်းမကြီးထဲမှာ ပိတ်မိနေသလို ဖြစ်နေပြီ.. နောက်ထပ် နည်းလမ်းတွေလည်း မရှိတော့ဘူး.. ငါ လုပ်နိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းက ချီစွမ်းအင်အသွင်ပြောင်းလဲခြင်းပဲ.."
ရွှယ်ယင်က စိတ်ထဲ တွေးလိုက်မိသည်။
ချီစွမ်းအင်အသွင်ပြောင်းလဲသည့်အခါတွင် အထွတ်အထိပ်အမျိုးအစား ဖြစ်တဲ့ ချီစွမ်းအင်တွေဟာ ခန္ဓာကိုယ်ထဲက အသွေးအသား၊ အရိုး၊ အတွင်းကလီစာ နှင့် စိတ်ဝိညာဥ်တွေထဲကို စိမ့်ဝင်စေပြီး အထွတ်အထိပ်အဆင့် ခန္ဓာကိုယ်ကို ပြောင်းလဲပေးလိမ့်မည်။
ဒါသည် အသွင်ပြောင်းလဲသည့် နည်းလမ်း ဖြစ်သည်။
နည်းလမ်းနှစ်ခုအနက် စိတ်ချရသော နည်းလမ်း ဖြစ်သည်။
ဟန်ပြအထွတ်အထိပ်အဆင့်သမားတို့မှာ အတင်းအဓမ္မ တွန်းတင်၍ အဆင့်တက်လိုက်ကြသော်လည်း တချို့သော ပြင်ပအကူအညီကို ယူ၍ သူတို့၏ ခန္ဓာကိုယ်ကို အသစ်ပြန်လည် ပြုပြင်ရသည်။ အထူးသဖြင့် သူတို့၏ ဦးနှောက်အပိုင်းကို ပြန်လည်ပြုပြင်ရသည့် အခိုက်မှာ ဆယ်ဦးတွင် ကိုးဦးက သေဆုံးခဲ့ရသည်။ တချို့တလေလောက်သာ အောင်မြင်ခဲ့ပြီး ဟန်ပြအထွတ်အထိပ်အဆင့်ကို ရောက်ကြကာ အသက်တာကို ဆွဲဆန့်နိုင်ခဲ့ကြသည်။
" ဟူ.. " ခန်းမကြီးထဲက ညီညာပြန့်ပြူးသည့် နေရာတွင် ရွှယ်ယင် တင်ပျဥ်ခွေ၍ ထိုင်ချလိုက်သည်။ စကြဝဠာမီးလျှံစွမ်းအင်များက သူ့ကိုယ်ထဲသို့ တိုးဝင်လာကာ တန်းထျန်းချီပင်လယ်အတွင်းသို့ ဝင်ရောက်လာသည်။
ချီပင်လယ်အတွင်းမှာ အလုံးလေးတစ်လုံးက လည်ပတ်နေသည်ကို မြင်နေရ၏။
ဒါသည် ဒဏ္ဍာရီအဆင့်သမားတစ်ယောက်၏ ချီစွမ်းအင်များ အခဲသဏ္ဌာန် စုစည်းဖြစ်တည်လာခြင်း ဖြစ်ကာ အစစ်အမှန်ချီစွမ်းအင် ပုံစံ ဖြစ်သည်။
" ငါ အဆက်မပြတ် လေ့ကျင့်ပြီးတော့ အဲဒီ အစစ်အမှန်ချီစွမ်းအင်အလုံးကို မွမ်းမံရမယ်.. အဲဒီအထဲမှာ အရည်အသွေးပြည့်မီတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာလိမ့်မယ်.. ဒီ အစစ်အမှန်ချီစွမ်းအင်အလုံးထဲမှာ အထွတ်အထိပ်ချီစွမ်းအင်တွေ ပေါ်လာတာနဲ့ ဒဏ္ဍာရီချီစွမ်းအင်ကနေ အသွင်ပြောင်းလဲခြင်း ဖြစ်လာပြီပဲ.."
ရွှယ်ယင်မှာ အတော်လေး စိတ်မကြည်မသာ ဖြစ်နေမိသည်။
" ကျင့်ကြံခြင်းနဲ့ မွမ်းမံခြင်း.. အရည်အသွေး ပြည့်မီတဲ့ ပြောင်းလဲမှု.."
ထိုလမ်းကြောင်းအတွက် ဖြတ်လမ်းဟူ၍ မရှိပေ။
သန္ဓေပြောင်းသားရဲ တစ်ဖြစ်လဲ ရှင်းဖန်းယွင်ကဲ့သို့ ဒဏ္ဍာရီအဆင့်များ၊ နဂါးတောင်အိမ်တော် အဆင့်သတ်မှတ်ချက်စာအုပ်တွင် ထိပ်သီးအဆင့် ၅၀ ဝင်သူများတို့သည် အဆင့်မတက်နိုင်ဘဲ ရပ်တန့်နေသည်မှာ ကြာမြင့်နေလေပြီ။ သူတို့၏ အစစ်အမှန်ချီစွမ်းအင်ကို အကောင်းဆုံး မွမ်းမံရင်း အသွင်ပြောင်းလဲလာမည့် နေ့ကို စောင့်ဆိုင်းနေကြရသည်။
" ငါက အနန္တဖြစ်တည်ခြင်းနယ်ပယ်ကို ရောက်ပြီးနောက်မှာ မီးလျှံအနန္တဖြစ်တည်ခြင်းကိုပါ နားလည် သဘောပေါက်ခဲ့တယ်.. ငါ့ရဲ့ ချီစွမ်းအင်ကလည်း မီးဓာတ်ချီစွမ်းအင်ပဲ.. နောက်ပြီး သမုဒ္ဒရာကမ္ဘာကျောက်တုံးကနေ ရရှိလာတဲ့ စိတ်ဝိညာဥ်ရေလည်း ရှိတယ်.. ဒါတွေအားလုံးကြောင့် အထွတ်အထိပ်အဆင့်ကို ခပ်မြန်မြန်နဲ့ ရောက်အောင် သွားနိုင်လိမ့်မယ်.."
သာမန် ဒဏ္ဍာရီအဆင့်သမားတစ်ယောက်အနေဖြင့် အထွတ်အထိပ်အဆင့်ကို ရောက်ဖို့ ဖြစ်နိုင်ခြေက အလွန်ပင် နည်းပါးသည်။
အနန္တဖြစ်တည်ခြင်းနယ်ပယ်ကို သိမြင်နားလည်သွားသူတို့သည် နဂါးတောင်အိမ်တော် အဆင့်သတ်မှတ်ခြင်းစာအုပ်တွင် ထိပ်ဆုံးအယောက် ၅၀ အတွင်း သတ်မှတ်ခြင်း ခံရသည်အပြင် အထွတ်အထိပ်အဆင့်ကို ရောက်နိုင်ဖို့လည်း ဖြစ်နိုင်ခြေ မြင့်သည်။
အနန္တဖြစ်တည်ခြင်းနယ်ပယ်ကို သိမြင်နားလည်နိုင်သူတို့မှာလည်း နှစ်ပေါင်းတစ်ရာမှ တစ်ယောက်သာ ထွက်ပေါ်လေ့ ရှိကြသည်။
ရွှယ်ယင်သည် အသက် ၂၂ နှစ်သာ ရှိသေးသောကြောင့် သူ့တွင် အချိန်များစွာ ကျန်နေသည်ဟု ဆိုနိုင်သည်။ သူ့အတွက်က အထွတ်အထိပ်အဆင့်သို့ ရောက်ရှိဖို့သည် အတော်လေး သေချာနေပေသည်။ သို့သော် မသေချာသည့် မေးခွန်းတစ်ခုက သူက အချိန်မည်မျှ ကြာမှ ရောက်နိုင်မည်နည်း။ ဆယ်နှစ်လား.. သို့်မဟုတ်.. အနှစ်ငါးဆယ်လား.. အနှစ်တစ်ရာလား.. မည်သူမှ ခန့်မှန်းနိုင်မှာ မဟုတ်ချေ။
" စိတ်ပူနေလည်း အပိုပါပဲ.. စိတ်ကို လျှော့ပြီး တစ်ဆင့်ပြီး တစ်ဆင့် တဖြည်းဖြည်း သွားမယ်.."
ရွှယ်ယင်က တင်ပျဥ်ခွေထိုင်ထားရင်း စကြဝဠာမီးလျှံထံမှ စွမ်းအင်တွေကို ဖြည်းညှင်းစွာ စုပ်ယူကာ ကိုယ်တွင်းရှိ အစစ်အမှန်ချီစွမ်းအင်ကို တဖြည်းဖြည်း ကျင့်ယူသည်။
***
အချိန်တွေက အညှာတာမဲ့လှသည်။ နှင်းကျောက်တောင်ထိပ်တွင် နှင်းတွေက အရည်ပျောက်သွားလိုက် ပြန်လည် ရောက်ရှိလာလိုက်နှင့် ထပ်ခါတလဲလဲ ပြောင်းလဲနေလေသည်။ သစ်ပင်ပန်းမန်များနှင့် မြက်ပင်တို့မှာလည်း ခြောက်သွေ့လိုက် ပြန်လည် ရှင်သန်ဖူးပွင့်လာလိုက်နှင့် သံသရာလည်ပတ်နေသည်။
ရွှယ်ယင် လေနက်ချောက်ကြီးထဲသို့ ပြုတ်ကျသွားခဲ့ပြီးနောက်မှာ အရှင်သခင်ရွှယ်ယင်ဟူ၍ နာမည် ကျော်ကြားသွားခဲ့သည်။ အန်းယန်ပြည်နယ်တခွင်လုံးသာမက တခြားသော နယ်မြေတွေမှာပါ သူနှင့် ပတ်သတ်၍ ပြောဆိုဆွေးနွေးကြသည်။
သို့သော် မည်မျှ ထူးချွန်ပေါက်မြောက်နေပါစေ သေသွားခဲ့သည့် ပါရမီရှင်တစ်ယောက်အနေဖြင့် သူ့နာမည်က တဖြည်းဖြည်းဖြင့် မှေးမှိန်လာခဲ့မှာ အမှန်ပင်။
အခုချိန်တွင် အန်းယန်ပြည်နယ်၌ ရွှယ်ယင်၏ အကြောင်းကို ပြောဆိုနေကြတာတွေက ရှားပါးသွားလေပြီ။ ဇာတိမြို့ဖြစ်သော ရီရွှေမြို့မှာပင် များစွာ မပြောဖြစ်ကြတော့ပေ။
စင်စစ် ရွှယ်ယင်သည် ဖြတ်သန်းသွားသည့် ဧည့်သည်တစ်ယောက်ကဲ့သို့သာ ဖြစ်နေလေသည်။ ရံဖန်ရံခါ သောက်ရင်းစားကြရင်း ထိုအကြောင်းကို ပြောဖြစ်ကြရင်း အသက်ပြင်းချကြတာမျိုးလောက်ပဲ ရှိတော့သည်။ နောက်ဆုံးမှာ ရီရွှေမြို့သည် အံ့သြစရာကောင်းသော လူသားတစ်ယောက်ကို တကယ်ပင် မွေးဖွားပေးခဲ့ဖူးလေပြီ။
လေနက်ချောက်ကြီးထဲသို့ ရွှယ်ယင် ပြုတ်ကျသွားခဲ့သည့်အချိန်မှစ၍ နောက်သုံးနှစ်အကြာတွင်..
သတင်းတစ်ခုက အဇူရီမြစ်စီရင်စုတစ်ခုလုံးအား အံ့သြမှင်သက်သွားစေသည်။ ထိုသတင်းက အန်းယန်ပြည်နယ်သို့တိုင်အောင် ပျံ့နှံ့သွားသည်။
ကောင်းကင်ဘုံက ချီးမြှောက်ပါသော မှော်ဆရာမ ယွီကျင့်ချိုးသည် လောကကြီးနှင့် တစ်သားတည်းအဆင့်နယ်ပယ်သို့ ဝင်ခဲ့ပြီး ဒဏ္ဍာရီအဆင့်သမား ဖြစ်လာခဲ့သည့် သတင်းပင် ဖြစ်ချေတော့သည်။
တကယ်တမ်းတွင် ဒဏ္ဍာရီအဆင့်သို့ ဖြစ်လာခြင်းသည် ရှားပါးဖြစ်ရပ် မဟုတ်ပေ။
သို့သော် သူမသည် အသက် ၂၈ နှစ်သာ ရှိသေးသူ ဖြစ်ကာ ဒဏ္ဍာရီအဆင့် မှော်ဆရာမတစ်ပါး ဖြစ်လာခဲ့သည်။ ထိုအဖြစ်ကမှ ရှားပါသည့် အဖြစ် ဖြစ်သည်။
မှော်ပညာရှင်တို့သည် စစ်သည်သူရဲကောင်းတို့နှင့် အခြေခံကအစ ကွာခြားပါပေသည်။ စစ်သည်သူရဲကောင်းတို့မှာ လောကစွမ်းအင်ကို နားလည်သွားသည်နှင့် အဆင့်တက်သွားကြသည်။ သို့သော် မှော်ပညာရှင်အတွက်မူ သူတို့၏ သိနားလည်ခြင်းတို့ကို ပြန်လည် သုံးသပ်ဆင်ခြင်ရသည့်အပြင် မှော်အင်းကွက်အစီအရင်တို့ကိုလည်း ခွဲခြမ်းစိတ်ဖြာ ရ၏။ ထိုအခါ လောကစွမ်းအင်တို့က အဆင့်တစ်ခုအထိ အလုံအလောက် ရောက်ရှိလာသည့်အခါတွင် နောက်ဆုံးမှာ လောကကြီးနှင့် တစ်သားတည်းအဆင့်သို့ ရောက်ရှိသွားပါလိမ့်မည်။
အခုတော့ အသက် ၂၈ နှစ်တည်းဖြင့်... သူမဟာ အတော်လေး သရဲတဘက်ဆန်လွန်းပေသည်။
***
အဆုံးမဲ့လေပြေကျောင်းတော်..
ဆောင်းမိုးတွေက တဖြောက်ဖြောက် ရွာနေသည်။ ဒီကနေ့မှာ ကျောင်းတော်ထဲတွင် မှော်ဆရာမ ယွီကျင့်ချိုး အကြောင်းအား ပြောနေကြ ဆိုနေကြသည်ကို ကြားရနိုင်ပေသည်။ သူမသည် တုန်ပိုရွှယ်ယင်နှင့် ယှဥ်၍ မရနိုင်ပေ။ ရွှယ်ယင်သည် အင်ပါယာတခွင်မှာ နှစ်ပေါင်းတစ်ရာမှ တစ်ယောက်သာ ထွန်းပေါက်သည့် ပါရမီရှင်မျိုး ဖြစ်သည်။ ယွီကျင့်ချိုးသည်လည်း သူမ၏ အစွမ်းအစဖြင့် အတော်လေး အရှေ့ရောက်နေပြီးဟု ဆိုရမည်။ သူမကဲ့သို့ အရည်အချင်းမျိုးသည် နဂါးတောင်အင်ပါယာတခွင်မှာ ၁၈ နှစ်တစ်ခါ ပေါ်ထွန်းတတ်လေသည်။
" ကျင့်ချိုး.." ညင်သာသည့် ခေါ်သံက ထွက်ပေါ်လာသည်။
ကျင့်ချိုးမှာ စံအိမ်တစ်ခုတွင် ထိုင်နေပြီး လက်ဖက်ရည်တစ်ခွက်ကို သောက်နေရင်း အပြင်ဘက်မှာ ရွာနေသည့် ဆောင်းမိုးရေစက်များကို ကြည့်နေသည့် အခိုက် ဖြစ်ပေသည်။ သူမမှာ အဆင့်တက်သွားခဲ့၍ စိတ်ထဲတွင် အတော်လေး ပျော်မြူးနေလေသည်။
" ဆရာ.." အသံထွက်လာရာ ဘက်သို့ ကျင့်ချိုး လှည့်ကြည့်လိုက်သည် မုတ်ဆိတ်မွေးဖြူနှင့် အဘိုးအိုတစ်ယောက်က ထီးတစ်လက်ကိုင်ဆောင်၍ သူမဆီကို လှမ်းလာနေသည်ကို မြင်သည့်အခါ သူမ မတ်တတ်ရပ်လိုက်သည်။
"ကျင့်ချိုး.. မင်းဆုံးဖြတ်ထားပြီးပြီလား.. အထွတ်အထိပ်အဖွဲ့အစည်းတွေထဲက တစ်ခုထဲကို ဝင်ဖို့ အဆင့်သင့် ဖြစ်ပြီးလား.." မုတ်ဆိတ်မွေးဖြူနှင့် အဘိုးအိုက မေးလိုက်သည်။
" ဆရာနဲ့ ကျောင်းအုပ်ကြီးရယ်.. ကျောင်းတော်ထဲက တစ်ခြား ဒဏ္ဍာရီအဆင့်တွေဟာ ရေတာအိုဂိုဏ်းက လူတွေပဲလေ.. "
ကျင့်ချိုးက ပြောလိုက်သည်။ " ကျွန်မလည်း ရေတာအိုဂိုဏ်းထဲကို ဝင်ရမှာပေါ့.. "
ရေတာအိုဂိုဏ်းဆိုသည်မှာ အလွန်တရာ ကြီးကျယ်သည့် အထွတ်အထိပ်အဖွဲ့ကြီးတစ်ခု ဖြစ်သည်။
" မြေကမ္ဘာနတ်ဘုရားကျောင်းကလည်း မင်းကို အတော်လေး စိတ်ဝင်စားတာပဲ.. သူတို့ဆီကို သွားရင် ပိုပြီးတော့တောင် ကောင်းသေးတယ်.. မင်း မသွားချင်ဘူးလား.." f3rekjdkdf
မုတ်ဆိတ်မွေးဖြူနှင့် အဘိုးအိုက ရယ်မောရင်း မေးလိုက်သည်။
" မြေကမ္ဘာနတ်ဘုရားကျောင်းမှ လွတ်လပ်ခွင့်ကို ပိုတင်းကြပ်တယ်.. " ကျင့်ချိုးက ခေါင်းကို ခါယမ်းလိုက်သည်။
" တိုက်ပွဲတွေ သတ်ဖြတ်ရတာတွေကို သဘောမကျဘူး.. ဂါထာမန္တန်တွေကိုပဲ ပေါ့ပေါ့ပါးပါး အေးအေးချမ်းချမ်းနဲ့ လေ့လာချင်တယ်.. သဘာဝတရားရဲ့ နောက်ကွယ်က ထူးခြားဆန်းကျယ်တာတွေကို လေ့လာဖော်ထုတ်ချင်တယ်.."
" အင်း.. " မုတ်ဆိတ်မွေးဖြူနှင့် အဘိုးအိုက ခေါင်းကို အသာအယာ ညိတ်ချလိုက်သည်။
" ကောင်းတယ်.. ဒါဆို ပြင်ဆင်ထားလိုက်တော့.. မကြာခင်မှာ မြောက်ပိုင်းနှင်းလွင်ပြင်ကြီးကို ခေါ်သွားပြီး ရေတာအိုဂိုဏ်းကို သွားလည်ကြတာပေါ့.. ပြီးရင်တော့ မရဏကမ္ဘာကိုလည်း ခေါ်သွားပေးမယ်.. သူတို့အကြောင်းကိုလည်း အရင်ကတည်းက ပြောပြထားဖူးပြီးသားပဲ မဟုတ်လား.. ကဲ.. ငါတို့ မသွားခင်မှာ မင်းရဲ့ ကျန်သေးတဲ့ ကိစ္စဝိစ္စလေးတွေ ရှင်းထားနှင့်တော့.."
" နားလည်ပါပြီ.. ဆရာ.." ယွီကျင့်ချိုးက ခေါင်းညိတ်လိုက်၏။
***
လေနက်ချောက်ကမ်းပါးကြီးအထဲက ချိုင့်ကြီးထဲ ဖြစ်၏။
လေနက်နတ်ဘုရားနန်းတော်အထဲ၌ ယိုယွင်းပျက်စီးနေပါသော မြေအောက်ခန်းမကြီးထဲတွင်..
အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က ခန္ဓာကိုယ်ကို ကွေးညွတ်၍ သူ့လက်ထဲက ဓားမြောင်တိုဖြင့် ရှုပ်ပွေနေသော ဆံပင်ကို ရိတ်သင်နေလေသည်။ လောကစွမ်းအင်အား ထိန်းချုပ်နိုင်စွမ်းဖြင့် သူသည် ဆံပင်တစ်ပင်ချင်စီးတိုင်းကို ကောင်းစွာ အာရုံခံနိုင်ပေသည်။ လျင်မြန်စွာဖြင့် ဖြတ်လှီးရိတ်သင်ပြီးနောက်မှာ ရိုးစင်းပြီး ပုံမှန်ထားနေကျ ဆံပင်ပုံစံ ထွက်လာခဲ့သည်။ သူသည် ငယ်ငယ်ကတည်းက ဆံပင်ကို အတိုသာ ထားတတ်သည့် အလေ့အကျင့် ရှိသည်။ ဆံပင်ရှည်နေလျှင် ကရိကထများပြီး ဖြီးသင်ပြုပြင်ရသည့်အတွက်ကြောင့် အချိန်ကုန်မှာကိုလည်း မကြိုက်နှစ်သက်သောကြောင့် ဖြစ်သည်။
ပြီးနောက်တွင် မီးလျှံတစ်ခု ပေါ်ပေါက်လာပြီး ညှပ်ပြီးသား ဆံပင်တို့ကို လောင်ကျွမ်းစေလိုက်ကာ ပြာအဖြစ်သို့ ရောက်စေသွားလိုက်တော့သည်။
အချိန်ကာလမှာ ခြောက်နှစ်တိုင်တိုင် ရှိလာခဲ့ပါပြီ။
သို့သော်လည်း ရွှယ်ယင်၏ မျက်နှာပုံစံက များစွာ ပြောင်းလဲမှု မရှိချေ။ သို့သော် သူ့မျက်ဝန်းထဲက အမူအရာတို့မှာ အထီးကျန်ရသည့် တစ်ကိုယ်တော်သမားတစ်ယောက်၏ အရိပ်အငွေ့လေး ထင်ဟပ်နေပေသည်။
ခြောက်နှစ်တိုင်တိုင် အထွတ်အထိပ်အဆင့် ယန္တရားသက်ရှိနှစ်ကောင်နှင့် နေ့စဥ်နေ့တိုင်း အတူတူ ပိတ်လှောင်နေရသလို ဖြစ်နေလေရာ အဘယ်ကဲ့သို့ ပျင်းရိခြောက်သွေ့စရာ ကောင်းလိုက်လေသနည်း။ အစပထမတွင် ရွှယ်ယင်လည်း အတော်လေး အနေရခက်ခဲပေသည်။ သို့သော် သူ့၏ လှံသိုင်းပညာကို အရူးအမူး လေ့ကျင့်နေခဲ့ပြီးနောက်မှာ တဖြည်းဖြည်းဖြင့် အထီးကျန်ခြင်းကို အသားကျလာခဲ့ပေသည်။
" မျောက်ရေ.. လာဦး.. ချကြရအောင်.. "
လက်ကို တစ်ချက် လှုပ်လိုက်သည့်အခါမှာ နှင်းပျံနတ်လှံက သူ့လက်ထဲသို့ ရောက်ရှိလာသည်။
" သခင်ရယ်.. ကျနော်ကို ဘယ်လိုနှိပ်စက်ရမလဲဆိုတာပဲ သိတယ်.. "
ရွှေရောင်လူဝံကြီးက စိတ်ဓာတ်ကျသွားလေသည်။
" ငါ့ရဲ့ လှံသိုင်းက မမှန်သလိုမျိုး ငါ အမြဲလိုလို ခံစားနေရတယ်.. ညည်းနေတာကို ရပ်လိုက်.. ငါ့ရဲ့ လှံချက်ကိုပဲ ခုခံပေးပါကွာ.. "
ရွှယ်ယင်သည် သူ့လှံသိုင်းနှင့် ပတ်သတ်သည့် ပြဿနာတစ်ခုကို ရင်ထဲမှာ အဖြေရှာနေဆဲပင်။ ရွှေရောင်လူဝံကြီးနှင့် တိုက်ခိုက်နေသည့် အချိန်မှာပင် ထိုပြဿနာကို အဖြေရှာကြည့်သည်။
အရင်က သူ့၏ လှံသိုင်းနှင့် ပတ်သတ်၍ မည်သည့်ပြဿနာကို မခံစားခဲ့ရပေ။
သို့သော် ခန်းမကြီးထဲတွင် ပို၍ လေ့ကျင့်လာခဲ့ပြီးနောက်ပိုင်းတွင် လှံသိုင်းထဲတွင် ကြီးမားသည့် ပြဿနာတစ်ခု ရှိနေသလို ခံစားလာရသည်။ လေ့ကျင့်ခြင်း များလာသည်နှင့်အမျှ သက်တောင့်သက်သာ မရှိလာသလို ခံစားရတာမျိုးက အကြိမ်ရေစိပ်လာခဲ့သည်။
***
အပိုင်း ( ၈၃ ) ရေအနန္တဖြစ်တည်ခြင်းတရား
ဝုန်း.. ဝုန်း.. ဝုန်း..
ရွှယ်ယင်နှင့် နှင်းပျံနတ်လှံတို့သည် မီးတောက်မှ ချော်ရည်ပွက်သလိုမျိုး အလွန်ပင် အားကောင်း၍ ကြမ်းတမ်းစွာ လှုပ်ရှားကာ ရွှေရောင်လူဝံကြီးကို အဆက်မပြတ် ထိုးနှက်သည်။ ရွှေရောင်လူဝံကြီးက ကမန်းကတန်းဖြင့် ပုတ်ချကာ ၎င်း၏ ခန္ဓာကိုယ်ဖြင့် ခုခံနေရသည်။
" ပထမဆုံး ရိုက်ချက်က ပေါက်ကွဲပြင်းထန်တယ်.. နောက်တစ်ချက်က အားပျော့သွားတယ်.. တတိယရိုက်ချက်က အားကုန်သွားပြီ.. "
ရွှယ်ယင် ခေါင်းကို ခါယမ်းလိုက်မိသည်။
" မီးအနန္တဖြစ်တည်ခြင်းတရားက ဒီလို မဟုတ်သေးပါဘူး.. "
လွန်ခဲ့သည့် ခြောက်နှစ်က မီးအနန္တဖြစ်တည်ခြင်းတရားကို ရှင်းဖန်းယွင်နှင့် တိုက်ခိုက်ရင်း သူ ပထမဆုံး သိမြင်နားလည်ခဲ့သည်။ ထိုအချိန် သူ အသုံးပြုခဲ့စဥ်က အတော်လေး ပျော်ရွှင်ခဲ့ရသည်။ သို့သော် ခြောက်နှစ်လုံးလုံး တစ်ယောက်တည်း လေ့ကျင့်လာခဲ့သည့် အချိန်မှာတော့ သူ့ လှံသိုင်းပညာတွင် ပြဿနာတစ်ခုခု ရှိနေတာကို သူ တွေ့ခဲ့ရသည်။ သူ့၏ ပထမဆုံး ရိုက်ချက်က ပြင်းထန်အားကောင်းပြီး ကျန်သည့် ရိုက်ချက်တို့မှာ တကယ်၍ ပျင်းရိစရာကောင်းလောက်အောင် ထပ်တလဲလဲ ဖြစ်နေသည်။
ပြင်းထန်အားကောင်းစွာ အဆက်မပြတ် တိုက်ခိုက်နေရင်း တစ်ဖက်လူသည် ရှောင်ရှားနိုင်လာလေသည်။ ထိုအခါ သူ့၏ လှံသိုင်းပညာက အသုံးမဝင်လာတော့သလိုလို ဖြစ်လာသည်။
" တကယ့်လှံသိုင်းက ဒီလိုမှ မဟုတ်တာ.."
ရုတ်တရက် ရွှယ်ယင်က အနောက်သို့ တရကြမ်း ဆုတ်သွားလိုက်သည်။
ရွှေဝါရောင်လူဝံကြီးက ကြောင်အမ်းသွားပြီး အနောက်သို့ ခြေလှမ်း ၁၀၀ မျှ ဆုတ်သွားသော သူ့သခင်ကို ကြည့်လိုက်မိသည်။ ထိုနေရာမှာ ရွှယ်ယင်သည် သူ့လှံသိုင်းကို စတင်၍ လေ့ကျင့်နေလေသည်။
" သေမျိုးတစ်ယောက်ရဲ့ လှံသိုင်းပညာမှာ မာကျောခြင်းနဲ့ နူးညံ့ခြင်းဟာ တစ်ချိန်တည်းမှာ ရှိဖို့ လိုအပ်တယ်.. ယင်နဲ့ယန် ဆိုတာ တစ်ခုတည်း ပေါင်းစုနေရမယ်.. ငါ မီးအနန္တဖြစ်တည်ခြင်းတရားကို နားလည်ခဲ့ပြီးနောက်မှာ ဘာကြောင့် အင်အားပြင်းထန်ခြင်းကိုပဲ လေ့ကျင့်ခဲ့မိတာပါလိမ့်.. "
ရွှယ်ယင်သည် လှံသိုင်းပညာ၏ အကျော်ကြားဆုံး အခြေခံသိုင်းကွက်ဖြစ်သော စိတ်ဝိညာဥ်လှံသိုင်းကွက်ကို စတင်လေ့ကျင့်လိုက်သည်။ လှုပ်ရှားမှုတိုင်းတွင် ရိုးစင်းပြီး သဘာဝကျလာသည်။ ထူးခြားသော နူးညံခြင်းတရားပါ ထွက်ပေါ်လာခဲ့သည်။
" ဒူးထောက်တာဟာ အမြင့်ကို ပိုခုန်နိုင်ဖို့ပဲ.. လက်သီးကို အနောက်ဘက် အားယူတာဟာ ထိုးဖို့ အတွက်ပဲ.."
" ငါဟာ င့ါရဲ့ လှံသိုင်းကို အမြဲတမ်း သန်မာပြင်းထန်စေချင်ခဲ့တယ်.. အဲ့ဒီအတိုင်းလည်း လေ့ကျင့်ခဲ့တယ်.. ငါ့ရဲ့ စွမ်းအားတွေကို ပိုပြီး သန်မာချင်ခဲ့တယ်.. ဒါပေမဲ့ နူးညံ့ခြင်းနဲ့ မာကျောခြင်းတို့ တစ်ခုတည်း ပေါင်းစည်းသွားအခါမှာ မာကျောခက်ထန်ခြင်းက ပိုပြီး အားကောင်းစေလာနိုင်တယ်.. "
ရွှယ်ယင် တက်ကြွစွာဖြင့် လှံသိုင်းကို ထုတ်ဖော်ကာ ကစားလေသည်။ အရင်အချိန်မှာ သူသည် မီးလျှံတရား၏ ကြမ်းတမ်းခက်ထန်သည့် သဘာဝကိုပဲ ပြင်းပြင်းထန်ထန် လေ့ကျင့်နေခဲ့မိသည်။ အခုအချိန်မှာ အခြားတစ်ဖက်ကို စတင်လေ့ကျင့်မိလာခဲ့သည်။
ခွန်အား၏ နူးညံ့ခြင်းသဘောတရား
သိုင်းကွက်ကို ဖော်ထုတ်ကစားရင်း ကစားရင်း.. တဖြည်းဖြည်းဖြင့် သူ့၏ လှံသိုင်းနှင့် ပတ်သတ်၍ လွန်ခဲ့သည့် ၆ နှစ်ကတည်းက စုဆောင်းလာသည့် သံသယတို့က တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။ သူ့စိတ်အဟုန်တို့က ပျော်ရွှင်ဝမ်းမြောက်ခြင်းဖြင့် လှံသိုင်းကို ဆက်လက် ကစားနေသည်။
ထိုအတိုင်း အချိန်ကြာကြာ လေ့ကျင့်လိုက်သည်နှင့် လှံသိုင်းတို့က ပို၍ မြန်ဆန်လာခဲ့သည်။
ထိုကဲ့သို့ အချိန်ခဏလေး လေ့ကျင့်လိုက်ခြင်းသည် အချိန် ၅ ရက်တိုင်အောင် ကြာမြင့်သွားလေသည်။
ရုတ်တရက်..
ရွှယ်ယင်လက်ထဲက နှင်းပျံနတ်လှံသည် လှည့်လည် လွန်းထိုး လှုပ်ရှားနေရာမှ ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးအား လွှမ်းခြုံလာသည့်နှယ် ထိုးနှက်ချက်တိုင်းမှာ သက်ရောက်မှု ဖြစ်တည်လာခဲ့သည်။ လှုပ်ရှား သွားလာနေသည့် လှံ၏ အရိပ်တွင် ရေစက် ရေငွေ့များ အတူလိုက်ပါ လှည့်ပတ်လာခဲ့ပြီးလျှင် လေဝဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ တဝီးဝီး မြည်သံနှင့်အတူ ကောင်းကင်နှင့် မြေကြီးထံမှ ရေစက်ရေငွေ့များ တကယ်ပင် သဘာဝအတိုင်း ဖြစ်လာခဲ့လေသည်။
" ဟုတ်တယ်ဟ.. ဒီလို ခံစားချက်ပဲ.. "
" တကယ်ကို လှပတယ်.."
" နူးညံ့ခြင်းဟာ ရေထဲမှာ အဆုံးမရှိဘူး.. ငါ့ရဲ့ လှံသိုင်းဟာ အဲလို နူးညံ့ခြင်းတွေ ကင်းမဲ့နေခဲ့တာ.. ယင်သဘာဝပေါ့.."
ရွှယ်ယင်၏ မျက်ဝန်းတွင် ကျေနပ်ပျော်မြုးနေခြင်းတို့နှင့် ပြည့်နှက်လာသည်။ သူ့လက်ထဲက လှံချောင်းက တစ်ပတ် လည်ပတ်သွားသည်နှင့် ရေစက်ရေငွေ့များ သဘာဝအလျောက် ဖြစ်ပေါ်နေသည်ကို ကြည့်ပြီး သူသည် ရေအနန္တဖြစ်တည်ခြင်းတရား၏ နက်နဲဆန်းကျယ်မှုကို သဘောပေါက်သွားခဲ့မှန်း နားလည်လိုက်သည်။
" မျောက်.. ငှက်ကလေး.. မင်းတို့နှစ်ကောင် ငါ့ကို အတူတူ လာတိုက်ကြ.. "
ရွှယ်ယင်က စိတ်လှုပ်ရှားခြင်းနှင့်အတူ ထိုနှစ်ကောင်ထံသို့ ဖျတ်ခနဲ ဦးတည်သွားလိုက်သည်။
ရွှေရောင်လူဝံကြီးနှင့် ဂဠုန်ငှက်ကြီးတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြမိသည်။ ထို့နောက်မှာတော့ ထူးဆန်းသည့် အသံများ အော်ဟစ်ကြလိုက်ပြီးလျှင် အတူတကွ တိုက်ခိုက်လိုက်ကြသည်။
" ဘုန်း.. " ရွှေရောင်လူဝံကြီးက သူ့လက်ဝါးပြင်ကြီးဖြင့် ရိုက်နှက်သည်။
ရွှယ်ယင်လက်ထဲက လှံသည် တစ်ပတ်လည်သွားကာ အရှေ့သို့ ထိုးထွက်သွားသည်။ ယခုအခါမှာ ရေခဲနက်လှံသိုင်းပညာထဲက သိုင်းကွက်များနှင့် ကွဲပြားနေလေပြီ။ လှံက အရှေ့သို့ ထွက်သွားသည့်အခါ၌ ရေငွေ့များပါ လှည်ပတ်၍ လိုက်ပါသည်။ ရွှေရောင်လူဝံကြီး၏ လက်ဝါးက ရွှယ်ယင်၏ လှံထိပ်ဖျားကို ထိသွားသည့်အခိုက်မှာ အဆုံးမသတ်နိုင်စွာ လှည်ပတ်နေသည့် ဂျင်တစ်လုံးအား ထိသွားသည့်အလား ခံစားလိုက်ရသည်။ လည်ပတ်နေသည့် လှံထိပ်ဖျားက လက်ဝါးပြင်ကို အလွယ်တကူပင် ချော်ထွက်သွားပြီး ရွှေရောင်လူဝံကြီး၏ ရင်အုံအား တိုက်ရိုက် ထိုးနှက်သွားသည်။
ဒုန်း..
လှံထိပ်ဖျားက ရင်အုံအား ထိုးနှက်သွားသည်နှင့် ၎င်း၏ ထူးဆန်းစွာ လှည်ပတ်နေသည့် ထွင်းဖောက်သွားနိုင်သော အားတစ်ခုကြောင့် ရွှေရောင်လူဝံကြီးမှာ မခံမရပ်နိုင်လောက်အောင် ခံစားလာရသည်။ အလွန်ကို မာကျောသော ပစ္စည်းများဖြင့် တည်ဆောက်ထားသော အထွတ်အထိပ်အဆင့် ယန္တရားသက်ရှိတစ်ကောင် ဖြစ်နေ၍သာ တော်သေးလေ၏။
ဒါသည် စိတ်ဝိညာဥ်လှံသိုင်းပညာ၏ ထိုးကွက်..
အခုအချိန်မှာ ရွှယ်ယင်သည် သူ့၏ ကိုယ်ပိုင်လမ်းစဥ်ကို စတင်လျှောက်လှမ်းနေပြီး ဖြစ်သည်။ ရေခဲနက်လှံသိုင်းပညာအား စွဲကိုင်ထားခြင်းကို လွှတ်ချထားလိုက်ပြီး ဖြစ်သည်။ တကယ်တမ်းမှာလည်း သူ့ရဲ့ လှံသိုင်းလမ်းစဥ်သည် ဘိုးဘေးရိုယွမ်ဟန်၏ လှံသိုင်းပညာနှင့် အခြေခံကအစ ကွဲပြားလာခဲ့ပါပြီ။ ဘိုးဘေးရိုယွမ်ဟန်ထံမှ လည်ပတ်အားကဲ့သို့ အလွန်ကောင်းမွန်သည့် အချက်တို့ကို ရွေးယူခဲ့ခြင်းသာ ရှိတော့သည်။ ရွှယ်ယင်မှာ ထိုကဲ့သို့ လည်ပတ်သွားသည့် လှံအားမျိုးကို သူ့၏ ရေအနန္တဖြစ်တည်ခြင်းတရားဖြင့် ပြန်လည်မွမ်းမံလိုက်ပြီး အင်အားကို ပို၍ ကြီးမားလာစေဖို့ ပေါင်းစည်းပစ်လိုက်သည်။
" ဘယ်လို သိုင်းကွက်မျိုးလဲဟ.. "
ရွှေရောင်လူဝံကြီးနံဘေးမှ ရွှေရောင်ဂဠုန်ငှက်ကြီးမှာ လှံသိုင်းကွက်ကို ကြည့်ရင်း စိုးရိမ်သွားလိုက်သည်။ ချက်ချင်းပင် တောင်ပံကို လှုပ်ခတ်၍ ရွှယ်ယင်ဆီသို့ ဝင်လိုက်သည်။
လှံချောင်း၏ လည်ပတ်အားတစ်ခုဖြင့် ကောင်းကင်နှင့် မြေကြီးကြားထဲမှာ လေဝဲကြီး ဖြစ်ပေါ်နေသကဲ့သို့..။ ထိုအနား နီးကပ်လာသည့်အခါ ထိုအင်အားက သူ့အား တိုက်ရိုက် တိုးဝင်လာသလိုမျိုးအား ရွှေရောင်ငှက်ကြီးမှာ ခံစားသွားလိုက်ရသည်။
" ဟား.. ဟား.. ဟား.. " ရွှယ်ယင်မှာ အရမ်းကို ကျေနပ်သွားသည်။
" ငှက်ကလေးနဲ့ မျောက်ရေ.. နည်းနည်းလောက် သတိထားပေတော့.. "
ရွှယ်ယင်၏ လှံကို လှုပ်ရှားသွားခဲ့ပြီး ထိုနှစ်ကောင်အား စတင်တိုက်ခိုက်လိုက်သည်။
အရင်တုန်းက ရွှယ်ယင်သည် ကြမ်းတမ်းရက်စက်သည်ဟု ဆိုခဲ့လျှင် ယခုမှာ သူသည် ရှုပ်ထွေးသိမ်မွေ့လာပြီဟု ဆိုရမည်။ သူ့၏ လှံသိုင်း ခုခံကာကွယ်မှုကြောင့် တစ်ဖက်က ရန်သူမှာ အားအင်အပြည့်ဖြင့် မသက်ရောက်စေနိုင်တော့ပေ။ သူက တိုက်စစ်ဖွင့် တိုက်ခိုက်လာခဲ့လျှင်လည်း ပုံမှန်မဟုတ်သော ခွန်အားပြောင်းလဲနေခြင်းကြောင့် တစ်ဖက်က ရန်သူသည် ရွှယ်ယင်၏ တိုက်ခိုက်မှုကို ကြိုတင်ခန့်မှန်း၍ မရနိုင်လောက်ပေ။ ထို့အပြင် လှံက လည်ပတ်နေသည့်အပြင် ထွင်းဖောက်နိုင်သည့် အင်အားတို့ကြောင့်လည်း အတော်လေး ပြင်းထန်ရက်စက်နေလေသည်။
" ဘန်း.." ထိုအခိုက် ရွှယ်ယင်၏ လှံက ရုတ်ချည်း ပြင်းထန်အားကောင်းလာကာ မီးလျှံများ တောက်လောင်နေလေပြီး လျင်မြန်သွက်လက်စွာ တရစပ် တိုက်ခိုက်လာသည်။
နူးညံ့ညင်သာသွားလိုက်.. တဖန် ကြမ်းတမ်းပြင်းထန်သွားလိုက်နှင့် တစ်ဖက်က ရန်သူသည် သွေးအန်လာတော့မတတ် ခံစားရလေသည်။
" ဒါပဲလေ.. ငါ လိုချင်နေတာ ဒါမျိုးပဲ.. "
ရွှယ်ယင်မှာ တိုက်ခိုက်နေရင်း သူ့လှံသိုင်းကွက်မှာလည်း ပြောင်းလဲလာခဲ့သည်။ တိုက်ခိုက်မှုတိုင်းမှာ မီးအနန္တဖြစ်တည်ခြင်းတရားများ ပါဝင်လာကာ အတောမသတ်နိုင်သော ခြိမ်းခြောက်မှုများ ပေးစွမ်းလာလေသည်။
ထို့အတူ မီးတရား၏ ဆန်းကျယ်လေးနက်မှုတို့မှာလည်း တဖြည်းဖြည်း ပြောင်းလဲလာသည်။
မီးလျှံတို့၏ သဘာဝမှာ ရုန်းရင့်ကြမ်းတမ်းသည့် သဘောရှိပြီး ရက်စက်ခြင်းနှင့် ဖျက်ဆီးခြင်း တို့သာ ရှိသည်။ အခုအချိန်မှာ ကွယ်ဝှက်ထားသော ဓားမြောင်တစ်လက်၏ အသွားထက်ထက်ကဲ့သို့ ကြမ်းတမ်းရက်စက်ခြင်းနှင့် အင်အားကြီးခြင်းတို့က ကွယ်ဝှက်၍ တည်ရှိနေလေသည်။
" မီးနဲ့ရေမှာ အခြေခံလေးတွေ တူညီနေတာ ရှိတယ်.. "
အနန္တဖြစ်တည်ခြင်း၏ မီးသဘာဝတရားကို ပို၍ သိမြင်နားလည်ခဲ့သည့်အချိန်တွင် ၎င်း၏ ဆန်းကျယ်လေးနက်မှု အနှစ်သာရကနေတစ်ဆင့် အနန္တဖြစ်တည်ခြင်း၏ ရေသဘာဝတရားကိုပါ တဖန် တိုး၍ နားလည်သဘောပေါက်လာစေသည်။ အရာခပ်သိမ်း နူးညံ့သိမ်မွေ့ခြင်းဟူ၍ မဟုတ်ဘဲ ထိုအထဲမှာ ကြမ်းတမ်းခက်ထန်ခြင်းတို့က အနည်းငယ် ပါဝင်နေလေသည်။
အခြေခံအားဖြင့် နူးညံ့ခြင်းနှင့် ကြမ်းတမ်းခြင်းတို့ တွဲလျက် ရှိနေခြင်းက အချိန်မရွေး ပေါက်ကွဲပြင်းထန်စေနိုင်သည်။ ဒါသည်လည်း လက်ရှိ ရွှယ်ယင် သဘောပေါက်ထားသော ရေအနန္တဖြစ်တည်ခြင်းတရားပင် ဖြစ်လေသည်။
" စိတ်ချမ်းသာစရာပဲ.." ရွှယ်ယင်က တိုက်ခိုက်နေရင်း ဝမ်းသာနေလေသည်။
အရင်တုန်းမှာ သူ့သိုင်းကွက်ထဲတွင် ပထမရိုက်ချက်က ပြင်းထန်ပေါက်ကွဲသော်လည်း ဒုတိယရိုက်ချက်တွင် အားလျော့သွားကာ တတိယရိုက်ချက်တွင် အားကုန်ခြင်းမျိုး ခံစားရသည်။ ထိုသို့သို့ တိုက်ခိုက်ရာတွင်လည်း အားကောင်း၍ ပြင်းထန်သော်လည်း အလွန်ကို မောပန်းစေသည်။
အခုတွင် မောပန်းခြင်းမျိုးကို မခံစားရပေ။ သိုင်းကွက်တစ်ကွက်နှင့် တစ်ကွက်ကြားထဲမှာ အချိတ်အဆက်မိမိဖြင့် ကူးပြောင်းသွားသည်။
***
ရေအနန္တဖြစ်တည်ခြင်းတရား၏ သိမ်မွေ့နက်နဲခြင်းကို သိမြင်သဘောပေါက်သွားပေမဲ့ သူ့၏ ချီစွမ်းအင်တို့က တဖြည်းဖြည်းဖြင့် ပြောင်းလဲဖို့ လိုအပ်နေခြင်းကြောင့် ကျင့်ကြံခြင်းကို အရမ်းကြီး လောနေ၍ မရပေ။
မြေအောက်ခန်းမကြီးထဲတွင်..
ရွှယ်ယင်က တင်ပျဥ်ခွေထိုင်လျက် ကောင်းကင်နှင့် မြေကြီးတို့၏ မီးလျှံများကို စုပ်ယူကာ သူ့၏ အစစ်အမှန်ချီစွမ်းအင်အလုံးကို မွမ်းမံပြုပြင်သည်။ ခြောက်နှစ်တိုင်တိုင် ကျင့်ကြံခဲ့သော်လည်း ယခုထက်တိုင် အဆင့်မတက်နိုင်သေးချေ။
သို့သော် ဒီကနေ့တွင် သူသည် ခန္ဓာကိုယ်ထဲက မီးလျှံများကို ဦးဆောင်နေရင်း မီးအနန္တဖြစ်တည်ခြင်းတရား၏ နောက်ကွယ်က နက်နဲဆန်းကျယ်ခြင်းကို ထပ်မံ၍ သဘောပေါက် နားလည်ခဲ့သည်။ သူ့၏ ချီစွမ်းအင်တို့ဖြင့် အစစ်အမှန်ချီစွမ်းအင်အလုံးကို မွမ်းမံပြုပြင်နေရာတွင်လည်း ထိုအထဲတွင် ညင်သာသော အင်အားတစ်ရပ်က ပါဝင်နေလေသည်။ ပြင်းထန်စွာ မွမ်းမံပေးလိုက်.. နူးညံ့ညင်သာစွာ မွမ်းမံပေးလိုက်နှင့် အချိန်က နာရီဝက်..တစ်ခါ တစ်နာရီ ကြာမြင့်လာခဲ့သည်။ အစစ်အမှန်ချီအလုံးသည်လည်း တဖြည်းဖြည်းဖြင့် အသွင်ပြောင်းလဲလာခဲ့သည်။
လွန်ခဲ့သည့် ခြောက်နှစ်တာ ကာလပတ်လုံးတွင် သူသည် သမုဒ္ဒရာကမ္ဘာကျောက်တုံးကနေ အသွင်ပြောင်းလာခဲ့သည့် စိတ်ဝိညာဥ်ရေကို သောက်သုံးလာခဲ့သည်။ ထိုစိတ်ဝိညာဥ်ရေက သူ့၏ ခန္ဓာကိုယ်အသွေးအသားများနှင့် တန်းထျန်းချီပင်လယ်ထဲက အစစ်အမှန်ချီအလုံးအား အဆက်မပြတ် မွမ်းမံပေးခဲ့သည်။
အခုအချိန်မှာ ကျင့်ကြံထားသည့် ချီစွမ်းအင်တို့က မီးအနန္တဖြစ်တည်ခြင်းတရား၏ နက်နဲသိမ်မွေ့သော အသိတို့ဖြင့် အစစ်အမှန်ချီအလုံးအား မွမ်းမံရာတွင် အကူအညီပေးနေစဥ်အခိုက်တွင်..
ဝုန်း... အစစ်အမှန်ချီအလုံး၏ မျက်နှာပြင်က စတင်ကြီးထွားလာပြီး အသစ်တဖန် မွေးဖွားလာသကဲ့သို့ ရှိလာသည်။
၎င်းအစစ်အမှန်ချီစွမ်းအင်၏ မျက်နှာပြင်ထက်မှာ တောက်ပသော အလင်းရောင်များ တဖြည်းဖြည်းဖြင့် ထွက်ပေါ်လာပြီးလျှင် ပြန်လည်၍ သိပ်သည်းကျစ်လစ်သွားသည်။ တဖြည်းဖြည်းဖြင့် မြူငွေ့ကဲ့သို့ ပြောင်းလဲသွားကာ အထဲတွင် အနီရောင်မီးလျှံတစ်ခုက ပုန်းအောင်းနေသကဲ့သို့ ဖြစ်လာသည်။ ကြည့်လိုက်လျှင် ဘာမှမဟုတ်သလို ထင်ရပေမဲ့ ၎င်း၏ အမျှင်တန်းတစ်ခုက မည်သည့်ကျောက်တုံးတစ်တုံးကိုမဆို အလွယ်တကူ ပိုင်းဖြတ်နိုင်သည်။ အဆင့်နိမ့် သန့်စင်လက်နက်တစ်ခုပင်လျှင် ၎င်း၏ ထက်ရှမှုကို ခံနိုင်မှာ မဟုတ်ချေ။
" ဒါက အထွတ်အထိပ်ချီလား.. " ရွှယ်ယင်မှာ လှိုက်ခနဲ ဝမ်းသာသွားသည်။
***
အပိုင်း (၈၄ ) အထွတ်အထိပ်အဆင့်
အံ့သြဖို့ကောင်းစွာဖြင့် ရွှယ်သည် ရုတ်တရက် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းလာလေပြီ။
ရွှယ်ယင်သည် အလွန်ပင် စိတ်လှုပ်ရှားသွားပြီး သူ့သွေးတွေက ဆူပွက်လာသလို ကိုယ်အပူချိန်က တရှိန်ရှိန် ထိုးတက်လာသည်။ လေနက်ချောက်ကြီးထဲတွင် ခြောက်နှစ်တာ ပိတ်မိနေခြင်းကြောင့် အထွတ်အထိပ်အဆင့်တစ်ယောက်ဖြစ်ဖို့ကို အလွန်တောင့်တခဲ့သည်။ သို့သော် သူ့စိတ်ထဲတွင် ထိုသို့ ဖြစ်ဖို့က အနည်းဆုံး အနှစ်နှစ်ဆယ် သို့မဟုတ် အနှစ်ငါးဆယ်မျှ အချိန်ကြာလိမ့်မည်ဟု တွေးမိသည်။ သို့သော် ၆ နှစ်တည်းဖြင့် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိလိမ့်မည်ဟု မည်သူက တွေးထားမည်နည်း။
" ငါ အထွတ်အထိပ်အဆင့်တစ်ယောက် ဖြစ်တော့မယ်.. ငါ ပြန်နိုင်တော့မယ်.. ငါ အိမ်ကို ပြန်နိုင်တော့မယ်.. "
သူ့စိတ်ထဲမှာ မြင်ကွင်းများနှင့် လူများတို့က ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်ထွက်လာသည်။
ပျားပန်းခပ် လှုပ်ရှားနေကြသည့် အပြင်လောကကမ္ဘာ..၊ သူ့ညီလေး ချင်းရှီ..၊ သူ့မိဘ..၊ ဦးလေးကျုံး..၊ ဦးလေးထုံ..၊ ရဲတိုက်က စစ်သည်များ..၊ မှော်ဆရာကြီးပိုင်ယွမ်ကျစ်..၊ နဂါးတောင်အိမ်တော်က သခင်စစ်အန်း..၊ သူနှင့်အတူ စစ်ဆင်ရေးမှာ ပါဝင်ခဲ့ဖူးသည့် ယွီကျင့်ချိုး..
အသက်ငယ်ငယ်ဖြင့် အထီးကျန်စွာ နေလာခဲ့ရသမျှ ရွှယ်ယင်မှာ လွတ်လပ်ခြင်းကို အလွန်ပင် တောင့်တနေလေသည်။
" ငါ အထွတ်အထိပ်အဆင့် ဖြစ်ရင်တော့ အဖေနဲ့ အမေကို ကယ်တင်ဖို့က ပိုလွယ်သွားပြီးပေါ့.."
ရွှယ်ယင်သည် အလွန်ပင် စိတ်လှုပ်ရှားသွားလေကာ မျက်ဝန်းမှာ မျက်ရည်စပင် ဝေ့သီလာသည်။ သူက ချက်ချင်းပဲ မျက်နှာကို ပြန်ပြုံးလိုက်ပြီး အသက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
" စိတ်ကို ငြိမ်ငြိမ်ထား..အသားကို တစ်ကိုက်ပြီးမှ တစ်ကိုက် ဝါးစားရသလိုပဲ ပထမဆုံး အထွတ်အထိပ်အဆင့်ရောက်ဖို့ ငါ့ရဲ့ ချီစွမ်းအင်ကို လုံးဝအသွင်ပြောင်းသွားဖို့ လိုနေသေးတယ်.."
ရွှယ်ယင်၏ တန်းထျန်ထဲတွင် အစစ်အမှန်ချီအလုံးသည် အလင်းရောင်များ စိမ့်ဖြာထွက်၍ အဆက်မပြတ် တောက်ပနေသည်။ အနီရောင်မီးလျှံနှင့် မြုငွေ့တို့က ပို၍ များပြားသိပ်သည်းလာသည်။ ပထမဆုံး အထွတ်အထိပ်ချီစွမ်းအင်အမျှင်တန်းဖြစ်ဖို့က တကယ်ပင် ခက်ခဲသည်။ ပထမဆုံး အမျှင်တန်း ဖြစ်ပေါ်သွားသည်နှင့် ကျန်သည့် အမျှင်တန်းများ ဖြစ်တည်လာဖို့ အချိန်များစွာ မလိုအပ်ချေ။
မီးလျှံအနီရောင်မြူငွေ့များ ထုထည်ကြီးမားစွာဖြင့် တန်းထျန်ချီပင်လယ်အတွင်းသို့ လျင်မြန်စွာ စိမ့်ဝင်ပျံ့နှံ့သွားသည်။ ခရက်.. ခရက်.. ထွက်ပေါ်လာသည့် အသံနှင့်အတူ အစစ်အမှန်ချီစွမ်းအင်အလုံးသည် စတင် ကွဲအက်လာသည်။ အဆိုပါအစစ်အမှန်ချီစွမ်းအင်အလုံးသည် ဒဏ္ဍာရီအဆင့်ချီစွမ်းအင်များဖြင့် ဖြစ်တည်လာသည့် အရာ ဖြစ်သည်။ အက်ကွဲရာကြောင်းတစ်လျှာက်လုံးတွင် ဒဏ္ဍာရီအဆင့်ချီစွမ်းအင်များ စုပ်သွင်းခံလိုက်ရပြီး အထွတ်အထိပ်အဆင့်ချီစွမ်းအင်အဖြစ်သို့ ခြွင်းချက်မရှိ ပြောင်းလဲသွားကြသည်။
အချိန်တစ်ခု ရောက်သည့်အခါတွင် မည်သည့် ဒဏ္ဍာရီအဆင့်ချီစွမ်းအင်များ မကျန်ရှိတော့ချေ။ အနီဖန့်ဖန့် မြူငွေ့တွေသာ ကျန်နေတော့သည်။
ဝုန်း.. စကြဝဠာမီးလျှံစွမ်းအင်များ သူ့ကိုယ်ထဲကို အဆက်မပြတ် တိုးဝင်လာလေသည်။
လောကစွမ်းအင်တို့မှာလည်း အထွတ်အထိပ်အဆင့်ချီစွမ်းအင်သို့ အဆက်မပြတ် ပြောင်းလဲသွားလေကာ ရွှယ်ယင်က တိုက်ရိုက် စုပ်ယူလိုက်သည်။ ထိုအတိုင်း စုပ်ယူနေရာ နောက်ဆုံးတွင် သူ့၏ တန်းထျန်ချီပင်လယ်က အဆမတန် ပြည့်တင်းလာသည်အထိ ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် ရပ်တန့်အမှတ်သို့ ရောက်ရှိလာခဲ့သည်။
" ငါရဲ့ ချီစွမ်းအင်တွေက အထွတ်အထိပ်အဆင့်ကို ရောက်ပြီး..အခုက ငါ့ရဲ့ ခန္ဓာကိုယ်က အသွင်ပြောင်းလဲတော့မယ်.. "
ရွှယ်ယင် ထင်ထားသည့်အတိုင်းပင် အသွင်ပြောင်းလဲလာလေသည်။
တစ်ခုပြီးတစ်ခု အထွတ်အထိပ်အဆင့် ချီအမျှင်တန်းများက သူ့အရေပြားထဲသို့ စတင် စိမ့်ဝင်သွားသည်။ တကယ်တမ်းတွင် သေမျိုးအဆင့်မှာကတည်းက ထိုကဲ့သို့ အသွင်ပြောင်းလဲခြင်းမျိုးနှင့် ရင်းနှီးနေပြီးသား ဖြစ်နေခဲ့ခြင်းကြောင့် ရွှယ်ယင်အတွက် ထိုအသွင်ပြောင်းလဲခြင်းက အစိမ်းသက်သက် မဖြစ်နေပေ။ သို့သော် အထွတ်အထိပ်အဆင့် ချီစွမ်းအင်ကြောင့် အသွင်ပြောင်းလဲခြင်းက ပို၍ သိသာထင်ရှားသည်။
ရွှယ်ယင်၏ အရေပြားနှင့် အသွေးအသားတို့က အထွတ်အထိပ်အဆင့် ချီစွမ်းအင်ကို စုပ်ယူနေကာ ခန္ဓာကိုယ်အသွင်ပြောင်းလဲခြင်းကို တဖြည်းဖြည်း ခေါ်ဆောင်သွားနေခဲ့သည်။ အရေပြားနှင့် အသွေးအသားတို့က ပို၍ ပျော့ပျောင်းလာကာ ခံနိုင်ရည် ရှိလာပြီး ဓာတ်သတ္တိတွေပါ ပြောင်းလဲလာနေသည်ကို ပြသနေလေသည်။
" ကဂျစ်...ကရစ်.." အရိုးတွင်းခြင်ဆီတွေပါ ပြောင်းလာနေပါပြီ။ ခြင်ဆီကနေ ထုတ်ပေးနေသည့် သွေးတွေပါ ပြောင်းလဲသွားချေသည်။ ထိုသွေးတွေက ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားပြီး အတွင်းကလီစာတွေပါ အဆင့်တစ်ဆင့် ပြောင်းလဲသွားသည်။ အထွတ်အထိပ်အဆင့် ချီစွမ်းအင်ဖြင့် ခန္ဓာကိုယ် ပြောင်းလဲခြင်းသည် စိတ်အချရဆုံး နည်းလမ်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အရာအားလုံးက သူ့အလိုလို ပြောင်းလဲပေးနိုင်ခြင်းကြောင့် ဖြစ်သည်။
ပြင်ပအားကို ယူ၍ ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲပစ်၍ ဟန်ပြအထွတ်အထိပ်အဆင့်သို့ ရောက်စေသည့် နည်းလမ်းသည် အသက်ကို ရင်းရသည်။ တကယ်၍ အောင်မြင်ခဲ့သည့်တိုင် ပေးဆပ်မှုက ကြီးမားသည်။ သို့သော်လည်း ဒဏ္ဍာရီအဆင့်တို့မှာ သေမျိုးတွေသာ ဖြစ်နေသေး၍ သာမန်လူတွေက အသက် ၁၀၀ လောက်ပါ ပိုနေရသည်။ တကယ်၍ ပြင်ပအားကို ယူ၍ ခန္ဓာကိုယ် အသွင်ပြောင်းလဲခြင်းသည်သာ အောင်မြင်ခဲ့လျှင် သူတို့၏ သက်တမ်းက ပို၍ ရှည်ကြာသွားလိမ့်မည်။
" ငါ့ရဲ့ အသွေးအသား..၊ အရေပြားနဲ့ အရိုးတွေက ပြောင်းလဲပြီးသွားပြီ.. အခု ငါ့ရဲ့ အတွင်းကလီစာနဲ့ ဦးခေါင်းပဲ ကျန်တော့တယ်.."
ရွှယ်ယင်က တွေးလိုက်သည်။ သွေးလည်ပတ်ခြင်းကြောင့် အတွင်းကလီစာနှင့် ဦးနှောက်တို့က အသေးစား ပြောင်းလဲခြင်းတို့ ဖြစ်ပေါ်နေခဲ့ပါပြီ။ ထို့ကြောင့် အထွတ်အထိပ်အဆင့် ချီစွမ်းအင်တို့နှင့် အလိုက်အထိုက် ခံနိုင်လေသည်။
အထွတ်အထိပ်အဆင့် ချီစွမ်းအင်တို့က အတွင်းကလီစာထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်သွားပြီး ခပ်မြန်မြန်ဖြင့် စုပ်ယူခံလိုက်ရပြီး အတွင်းဘက်မှာ ပြောင်းလဲခြင်း အစပြုလာခဲ့သည်။
အတွင်းကလီစာတို့ ပြောင်းလဲပြီးခဲ့ရင်တော့ အထွတ်အထိပ်အဆင့် ချီစွမ်းအင်တွေက ဦးနှောက်ဆီကို သွားပြီး အသွင်ပြောင်းလဲခြင်းကို စတင်ပေးလိမ့်မည်။
နောက်ထပ်တစ်နာရီ ကြာသည့်အခါတွင် အတွင်းကလီစာတို့ အသွင်ပြောင်းလဲခြင်းက ပြီးဆုံးသွားခဲ့သည်။ ထိုအချိန်မှာ ရွှယ်ယင်၏ အထွတ်အထိပ်အဆင့် ချီစွမ်းအင်တို့က ဦးနှောက်ဆီကို စိမ့်ဝင်သွားလေကာ အသေးစား ပြုပြင်ပြောင်းလဲများစွာကို လုပ်ဆောင်ပေးသည်။ ထိုမှသာ အထွတ်အထိပ်အဆင့်ချီစွမ်းအင်ကို လက်ခံယူဖို့အတွက် စိတ်ချရပေမည်။
ဟုန်းး
ရွှယ်ယင် ခေါင်းထဲမှာ တုန်ခါမြည်ဟည်းသွားသည့် အသံကို ခံစားလိုက်ရသည်။ ထိုသို့ အသွင်ပြောင်းလဲခြင်း ပြုလုပ်နေစဥ်တွင် သူ့ခေါင်းတစ်ခုလုံးက ပူလောင်လာသလို ခံစားလာရပြီး နားနှစ်ဖက်ကနေ အူမြည်နေသလိုလည်း ခံစားရသည်။ သို့သော်လည်း သူ့ကိုယ်သူ တည်ငြိမ်နေအောင် ထိန်းထားနိုင်ခဲ့သည်။
တဖြည်းဖြည်းဖြင့် တုန်ခါမြည်ဟည်းနေသည့် အသံက လျော့ပါးသွားသည်။ သူ့စိတ်ထဲမှာလည်း တစ်ခါမှ မကြုံဖူးသည့် ကြည်လင်မှုမျိုး ဖြစ်လာခဲ့သည်။ ဦးနှောက်က တွေးတောစဥ်းစားသည့် အလျင်မှာလည်း အထူးလျင်မြန်လာခဲ့သည်။ အမြင်အာရုံ..၊ အနံ့ခံနိုင်စွမ်း..၊ အကြားအာရုံတို့မှာလည်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ပြောင်းလဲသွားလေသည်။ မျက်စိ၏ မြင်နိုင်စွမ်းမှာ မြင့်မားလာခဲ့ရာ ကီလို ၅၀ အကွာက အရာတွေကိုပင် မြင်နိုင်စွမ်း ရှိလာသည်။ ထိုအကွာက တီကောင်ငယ်လေးကိုပင် မြင်ရလေသည်။
အံ့အားသင့်ဖွယ် ကောင်းလှပေသည်။ ဒါသည် အထွတ်အထိပ်အဆင့်တစ်ယောက်၏ အစွမ်းတွေလား..။
" ထူးဆန်းတဲ့ ခံစားချက်မျိုးပဲ.. " ရွှယ်ယင်သည် ဘေးပတ်လည်ကို ကြည့်လိုက်သည်။
ခန်းမကြီးက မူလက ငြီးငွေ့စရာကောင်းပြီး ပျက်စီးနေပေမဲ့ ချက်ချင်း လှပသွားလိုက်သလို ခံစားလိုက်သည်။ လောကကြီးသည်ပင် အလွန်လှပနေသလို ဖြစ်လာခဲ့သည်။
" အထွတ်အထိပ်အဆင့်ဆိုတာမျိုးလား.."
ထို့နောက် ရွှယ်ယင်က လက်ကို ဆန့်ထုတ်ကာ ဓားမြောင်တစ်လက်ဖြင့် သူ့လက်မောင်းကို ထိုးစိုက်လိုက်သည်။
ဝှစ်..
ဓားမြောင်က လေထဲ ထိုးစိုက်သွားသလို သူ့လက်မောင်းထဲကို ဖြတ်ဝင်သွားသည်။ သို့သော် မည်သည့် ဒဏ်ရာမှ မဖြစ်စေချေ။
ဓားမြောင်နှင့် လက်မောင်းသည် ကွဲပြားသည့် ဘုံ၌ အသီးသီး ရှိနေကြသလို ဖြစ်နေသည်။ ဓားမြောင်က သူ့လက်မောင်းကို ဖြတ်သွားသည်က သေချာသည်။ သို့သော် မည်သည့် အကျိုးသက်ရောက်မှ မဖြစ်နေချေ။
" သေမျိုးတို့ရဲ့ အရာပစ္စည်းနဲ့ အထွတ်အထိပ်တို့ရဲ့ အရာပစ္စည်းက တကယ်ပဲ ကွဲပြားသွားတာပဲဟ.." ရွှယ်ယင် တီးတိုးရေရွတ်လိုက်မိသည်။
" ငါ့ရဲ့ ခန္ဓာကိုယ်က အထွတ်အထိပ်အဆင့်ကို ပြောင်းလဲသွားပြီ.. အထွတ်အထိပ်အဆင့် ပစ္စည်းတွေကပဲ ငါ့ရဲ့ ခန္ဓာကိုယ်ကို ဒဏ်ရာ ရစေနိုင်တော့မှာ.."
ထို့ကြောင့်လည်း သေမျိုးတို့သည် အရေအတွက်က မည်မျှလောက်ပင် ရှိရှိ.. အထွတ်အထိပ်အဆင့်တစ်ယောက်၏ အရှေ့မှာ သူတို့သည် ဘာမှ မဟုတ်နေချေ။
မည်သည့် လက်နက်..၊ အရာပစ္စည်းနဲ့ ဖြစ်နေပါစေ.. အထွတ်အထိပ်အဆင့်တစ်ယောက်ကို ဒဏ်ရာဖြစ်စေဖို့က မဖြစ်နိုင်တော့ပေ။
နဂါးတောင်အိမ်တော်၏ အဆင့်စာအုပ်တွင် ထိပ်ဆုံး အယောက် ၅၀ သို့ ရောက်ရှိနေသော ဒဏ္ဍာရီအဆင့် ပညာရှင်တွေကပင် အားအနည်းဆုံး ဟန်ပြအထွတ်အထိပ်အဆင့်ကို သတ်ဖြတ်ဖို့အတွက်ကို အထွတ်အထိပ်အဆင့် ပစ္စည်းများဖြင့် ပြုလုပ်ထားသော လက်နက်..၊ သို့မဟုတ် အထွတ်အထိပ်အဆင့် အရာဝတ္ထူများဖြင့် ဖုံးအုပ်ထားသည့် လက်နက်တို့ကို အသုံးပြုပါမှ ဟန်ပြအထွတ်အထိပ်အဆင့်တစ်ယောက်ကို သတ်နိုင်ပါလိမ့်မည်။ သို့သော် ထွက်ပြေးဖို့ ကြံစည်ထားသည့် ဟန်ပြအထွတ်အထိပ်အဆင့်တစ်ယောက်ကို သတ်နိုင်ဖို့က တကယ်ပင် မလွယ်ကူပါချေ။
" ငါ့ရဲ့ ခန္ဓာကိုယ်က အသွင်ပြောင်းလို့ ရပြီး ထင်တယ်.."
ထိုအခါ ရွှယ်ယင်၏ ခန္ဓာကိုယ်က အသွင်ပြောင်းလဲခြင်း ဖြစ်ပေါ်လာသည်။
ချက်ချင်းဆိုသလို ရွှယ်ယင်၏ ခန္ဓာကိုယ်က ပျော့ပျောင်းသွားပြီး ရေအိုင်တစ်ကွက်လို ဖြစ်သွားသည်။ ထို့နောက်မှာတော့ ရေတွေက ပြန်လည် စုစည်းသွားသည်။
" ဟမ်.. သခင်.. " ထိုအခိုက်မှာ အဝေးက ရွှေရောင်လူဝံကြီးနှင့် ရွှေရောင်ဂဠုန်ငှက်တို့က အံ့သြမှင်တက်သွားကြသည်။ သူတို့၏ သခင်က စက်ဝိုင်းသဏ္ဍာန် ရေလုံးကြီး ဖြစ်သွားပါလား။
" ငါတို့ သခင်က အထွတ်အထိပ်တစ်ယောက် ဖြစ်သွားပြီးဟ.."
ထိုရေလုံးကြီးက အဆက်မပြတ် ပြောင်းလဲနေသည်။
ရံဖန်ရံခါ လေးထောင့်သဏ္ဍာန် ဖြစ်သွားလိုက်..၊ ဓားတစ်ချောင်း ဖြစ်သွားလိုက်..၊ လှံတစ်ချောင်း ဖြစ်သွားလိုက်နှင့်..။
ထို့နောက်တွင် ရေမတွက်နိုင်သော အမှုန်အဖြစ်သို့ ပြိုကွဲသွားလေသည်။ ထိုအမှုန်များက အထွတ်အထိပ်အဆင့်တို့၏ စွမ်းအရည်တစ်ခု ဖြစ်ပြီး အသေးငယ်ဆုံးဖြစ်အောင် ဖြိုကွဲနိုင်စွမ်း ရှိလေသည်။
အဆုံးမှာ ရွှယ်ယင်၏ နဂိုမူလ လူသားပုံသဏ္ဍာန်ပုံစံသို့ ပြောင်းလဲသွားသည်။
" အထွတ်အထိပ်အဆင့်တစ်ယောက်ရဲ့ ခန္ဓာကိုယ်က တကယ်ကို အံ့သြဖို့ ကောင်းတာပဲ..."
ရွှယ်ယင်က လုံးဝကို အံ့အားသင့်နေလေသည်။ သို့ပေမဲ့ လူသားပုံစံအဖြစ်ပဲ ထားရှိခြင်းက တကယ့် သေရေးရှင်ရေးတိုက်ပွဲများအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်လေသည်။ တခြားသော ပုံစံများက ခုခံခြင်းတွင် အားနည်းနိုင်သလို တိုက်ခိုက်မှာလည်း သိပ်မထိရောက်နိုင်ပေ။
" ပျံသန်း.."
တစ်ခဏအတွင်းမှာပဲ ရွှယ်ယင်၏ ခန္ဓာကိုယ်က မီးလျှံတစ်ခုအသွင် ပြောင်းလဲသွားသည်။
ကြွေကျသွားသော ကြယ်တစ်လုံးကဲ့သို့ ပျံထွက်သွားသည်။
လျင်မြန်သော အမြန်နှုန်းဖြင့် တစ်စက္ကန့်တည်းဟူသော အချိန်အတွင်း ခန်းမကြီးကို တစ်ပတ် ပျံသန်းလိုက်ပြီး ဖြစ်သည်။ ထိုမီးလျှံက တစ်ပတ်ပြီး တစ်ပတ် အလျင်နှုန်းကို တိုးတိုး၍ လှည့်ပတ်ပျံသန်းလေသည်။ အလင်းအမြီးတန်းပင် အနောက်တွင် တန်း၍ ကျန်ခဲ့သည်။ မရေတွက်နိုင်သော အလင်းရောင်တန်းများက ခန်းမကြီးထဲတွင် ဖြစ်ပေါ်လာလေသည်။ နောက်ဆုံး မီးလျှံက ပြန်ဆင်းလာခဲ့ပြီး ရွှယ်ယင်၏ မူလလူသားပုံသဏ္ဍာန်ပုံစံသို့ ပြောင်းလဲသွားလေသည်။
" ရေပုံစံ ပြောင်းမယ်.."
ရွှယ်ယင်က ရေခန္ဓာကိုယ်အဖြစ် ချက်ချင်း ပြောင်းလဲလိုက်ပြီး လျင်မြန်သော အမြန်နှုန်းဖြင့် ခန်းမကြီးထဲ ထပ်၍ ပျံသန်းလိုက်ပြန်သည်။ ကွေ့ကွေ့ကောက်ကောက် ပုံသဏ္ဍာန်များပင် ထွက်ပေါ်လာလေသည်။ နောက်ဆုံးမှာ ပျံနေတာကို ရပ်နားလိုက်သည်။
" အထင်ကြီးစရာပါပဲ.." ရွှယ်ယင်၏ အမူအရာက သိသိသာသာပင် ပျော်ရွှင်နေလေသည်။
အထွတ်အထိပ်အဆင့်တို့၏ ပျံသန်းနိုင်သည့် အစွမ်းကို လောကစွမ်းအင်ဖြင့် ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။
တကယ်၍ လူတစ်ယောက်က လောကကြီးနှင့် တစ်သားတည်းအဆင့်ကို နားလည်သွားပြီး အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားသည့်အခါ သူ့၏ ခန္ဓာကိုယ်ကို ဒြပ်အမှုန်အဖြစ် အသေးငယ်ဆုံးအထိ ပြောင်းလဲပစ်လိုက်နိုင်သည်။ တဖန် လောကစွမ်းအင်ဖြင့် ထိုဒြပ်အမှုန်များကို ထိန်းချုပ်ပြီး အမြန်ဆုံးအလျင်ဖြင့် ပျံသန်းစေနိုင်လေသည်။ ထို့ကြောင့်လည်း အထွတ်အထိပ်အဆင့်တို့၏ ပျံသန်းနိုင်သည့် အလျင်နှုန်းက အံ့မခန်းလောက်စေသည်။
လေထဲတွင် ပျံသန်းခြင်းသည် အသက်သာဆုံး ဖြစ်သည်။ တောင်တန်းနှင့် ပင်လယ်တို့ကသာ ပျံသန်းခြင်းကို အနှောင့်အယှက်ပေးသည်။
တကယ်၍ အနန္တဖြစ်တည်ခြင်းတရားကို သိမြင်နေခဲ့ပြီးလျှင် ထိုဒြပ်အမှုန်တို့က စကြဝဠာမီးလျှံ သို့မဟုတ် ရေစွမ်းအင်တို့ဖြင့် တွဲဖက်လိုက်ပြီး ၎င်းတို့၏ ပျံသန်းခြင်းအမြန်နှုန်းက ပို၍ အံ့မခန်းလောက်အောင် လျင်မြန်သွားပေလိမ့်မည်။
အနန္တဖြစ်တည်ခြင်းအဆင့်တရား၏ ကွဲပြားသော ပုံစံကြောင့် လှုပ်ရှားမှုတိုင်းတွင် ကွဲပြားသော သဘာဝအခြင်းအရာ ရှိကြသည်။ ဥပမာအားဖြင့် မြေဓာတ်၏ နက်နဲဆန်းကျယ်မှုကို ဉာဏ်အလင်း ပွင့်သွားခဲ့လျှင် ၎င်းမြေစွမ်းအင်ကြောင့် ထိုသူအား မြေကြီးထဲမှာ လျင်မြန်သော အဟုန်ဖြင့် မြေလျှိုးပြေးနိုင်စေသည်။
ပင်လယ်.. မြေ သို့မဟုတ် ကန်ရေထဲမှာလည်း ရေစီးကြောင်းကဲ့သို့ လျင်မြန်စွာ သွားလာနိုင်စေသည်။ တကယ်၍ သူတို့ ဉာဏ်အလင်း ပွင့်ခဲ့သည့် နယ်ပယ်မှတစ်ပါး အခြားနယ်ပယ်တွင် ကြိုစားကြည့်ပါက အလျင်နှုန်းက နှေးကွေးသွားလိမ့်မည်။
တစ်စုံတစ်ယောက်က စကြဝဠာဟင်းလင်းပြင်တရား၏ လျှို့ဝှက်နက်နဲမှုတွင် ဉာဏ်အလင်း ပွင့်နေခဲ့ပါက လေဟာနယ်ခုန်ဝင်ကူးသန်းခြင်းကို လုပ်ဆောင်နိုင်လိမ့်မည်။ သို့သော် စကြဝဠာဟင်းလင်းပြင်တရား၏ ထူးခြားနက်နဲမှုမှာ ဉာဏ်အလင်းပွင့်နိုင်ဖို့က အလွန်တရာ ခက်ခဲပေသည်။
မြေပြင်ထက် သက်ဆင်းလိုက်ပြီးနောက် ရွှယ်ယင်သည် အလွန်ပင် ဝမ်းမြောက်၍ အံ့အားသင့်နေ၏။
" လေထဲ ပျံရတာ အရမ်းကို စိတ်ကျေနပ်စရာ ခံစားချက်ပဲ.. လွတ်လပ်ပေါ့ပါးတယ်.. ဘာ အနှောင်အတွယ်မှ မရှိနေဘူး.. "
" အင်.. ငါ သေမျိုး ဖြစ်တုန်းက အကြီးအကဲ လီကျန်းရဲ့ လေနက်နန်းတော်က အခြားနေရာတွေကို ဝင်ကြည့်လို့ မရခဲ့ဘူး.. အခု ငါ လိုက်ပတ်ကြည့်ပြီးတော့ အိမ်ကို ပြန်တော့မယ်.. "
ရွှယ်ယင်သည် စိတ်ပျော်ရွှင်ခြင်းများဖြင့် ပြည့်နှက်လာသည်။
ရွှယ်ယင်က မြေပြင်သို့ ဆင်းသက်လိုက်သည့်အချိန်ကတည်းက ရွှေရောင်လူဝံကြီးနှင့် ဂဠုန်ငှက်ကြီးတို့က သူ့အနားကို လာခဲ့နေပြီး ဖြစ်သည်။ နှစ်ကောင်စလုံးက တစ်ပြိုက်နက်တည်း ပြောလိုက်သည်။
" အထွတ်အထိပ်တစ်ယောက် ဖြစ်လာတဲ့အတွက် သခင်ကို ဂုဏ်ပြုပါတယ်.."
အပိုင်း ( ၈၅ ) ငါ အိမ်ရောက်ပြီ
" ဟားဟား.. ပျံသန်းတဲ့ နေရာမှာ အဝတ်အစားရှိနေတာကလည်း ပြဿနာတစ်ခုလိုပါပဲလား.. "
သို့သော်လည်း ရွှယ်ယင်က အတော်လေး ပျော်ရွှင်နေသေးသည်။ ထိုပြဿနာအတွက် သူ မပျံသန်းခင် အဝတ်အစားကို သူ့၏ သိုလှောင်လက်ပတ်အထဲ ထည့်သိမ်းထားနိုင်သည်။ ယင်းသိုလှောင်လက်ပတ်က အကြီးအကဲလီကျန်း ချန်ထားရစ်ခဲ့သော အဆင့်နိမ့် အထွတ်အမြတ်အဆင့် ရတနာတစ်ခု ဖြစ်သောကြောင့် ၎င်းသိုလှောင်လက်ပတ်က ဒြပ်အမှုန်အဖြစ်သို့ လိုက်ပါ ပြောင်းလဲနိုင်သည်။
သို့သော် အမှုန်အဖြစ် ပြောင်းလဲပြီး တိုက်ပွဲရင်ဆိုင်ရသည့်အခါတွင်တော့ အဆင်မပြေတော့ပေ။
ဒြပ်အမှုန်အဖြစ် ပြောင်းထားသည့်အခါမျိုးတွင် ခန္ဓာကိုယ်ကို အကာအကွယ်ပေးနိုင်သည့် အမာခံမရှိသည့်အပြင် အကာအကွယ်ပေးနိုင်သည့် ရတနာလည်း မရှိ၊ ခုခံကာကွယ်ဖို့ လက်နက်လည်း မရှိသည် ဖြစ်၍ သူနှင့် အဆင့်တူရန်သူဖြင့် ရင်ဆိုင်ရပါက သေချာပေါက် အသက်ဆုံးရှံးရပါလိမ့်မည်။ ထို့ကြောင့် လူသားအသွင်ဖြင့် တိုက်ပွဲရင်ဆိုင်ခြင်းက အသန်မာဆုံးအသွင် ဖြစ်ပေသည်။
" သခင်က အထွတ်အထိပ်အဖွဲ့အစည်းတစ်ခုခုကို ဝင်တဲ့အခါကျရင် အခြေခံကျတဲ့ အထွတ်အထိပ်အဆင့် ပစ္စည်းတွေကို ရပါလိမ့်မယ်.. "
ဟု ရွှေရောင် လူဝံကြီးက ပြောလိုက်သည်။
" အင်း.. " ရွှယ်ယင်က ခေါင်းညိတ်လိုက်သည်။
ရွှယ်ယင်သည် ခြောက်နှစ်တိုင်အောင် ထိုယန္တရားသက်ရှိနှစ်ကောင်ဖြင့် အချိန်တိုင်းလိုလို နေလာခဲ့ပြီး အထွတ်အထိပ်တို့နှင့် ပတ်သတ်သည့် အကြောင်းအရာတွေကိုလည်း ထိုနှစ်ကောင်ထံ မေးမြန်း ပြောဆိုခဲ့ကြသည်။
ထို့ကြောင့်လည်း အထွတ်အထိပ်အဖွဲ့အစည်းများ ဖြစ်ကြသော မှော်ဆရာနန်းတော်..၊ နတ်ဆိုးဂိုဏ်း..၊ မြေကမ္ဘာနတ်ဘုရားကျောင်း..၊ သွေးစွန်းအရက်ဆိုင်.. အစသဖြင့် ရှိကြသော အထွတ်အထိပ်အဖွဲ့အစည်းတို့၏ အကြောင်းကို အနည်းနှင့်အများ သဘောပေါက် နားလည်ခဲ့သည်။
ထို့အပြင် မျောက်နှင့် ငှက်ကလေးတို့က ယန္တရားသက်ရှိများ ဖြစ်ကြ၍ သူတို့အနေဖြင့် အပေါ်ယံအချက်အလက်လောက်ကိုသာ သိထားကြသည်။
" ကမ္ဘာကြီးရဲ့ ဝင်ပေါက်ကို သွားကြည့်ရအောင်.. " ရွှယ်ယင်က ပြုံးလျက် ပြောလိုက်သည်။
" ကမ္ဘာကြီးရဲ့ ဝင်ပေါက်က ဟိုနေရာမှာပဲ.." ရွှေရောင်လူဝံကြီးနှင့် ဂဠုန်ငှက်တို့က သူ့ကို လမ်းပြပေးခဲ့သည်။
သို့သော် ရွှယ်ယင်မှာ မြေပုံကို သေသေချာချာ လေ့လာထားပြီး၍ ကမ္ဘာကြီး၏ ဝင်ပေါက်က မည်သည့်နေရာတွင် ရှိနေသည်ကို ကောင်းစွာ သိထားပြီး ဖြစ်၏။
ရွှယ်ယင်သည် သာမန်ရိုးရိုး အသွင်အပြင် ရှိပြီး သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော ခန်းမကြီး၏ နံရံကြီးကို ကြည့်လိုက်ကာ ညာဘက်လက်ကို မြှောက်လိုက်သည်။ အနီရောင် ချီစွမ်းအင်က သူ့လက်ဝါးမှာ ခပ်ဖန့်ဖန့် ထွက်ရှိလာလေကာ ထိုနံရံကြီးဆီသို့ ပိတ်ဖုံးသွားစေကာ အတွင်းသို့ ဝင်ရောက်သွားသည်။ ထို့နောက်တွင် အဆိုပါ နံရံကြီးသည် မီတာတစ်ရာကျော် မြင့်သော တံခါးကြီးတစ်ခုအသွင်သို့ စတင်ပြောင်းလဲသွားသည်။ ထို့အပြင် ရိုက်ခတ်မှု လှိုင်းတစ်ခုကလည်း တံခါးကြီးဆီကနေ ထွက်လွင့်လာကာ ရွှယ်ယင်၏ စိတ်အတွေးဆီသို့ ဝင်ရောက်လာသည်။
" ငါဟာ လေနက်ပဲ.."
" ဒီတံခါးရဲ့ တစ်ဖက်မှာ အထွတ်အထိပ်ကမ္ဘာကြီး ရှိတယ်.. အထွတ်အမြတ်အဆင့်ကို မရောက်သေးသရွေ့ လုံးဝ မဝင်ပါနဲ့.."
ထိုရိုက်ခတ်မှုလှိုင်းက ရွှယ်ယင်၏ မှတ်ဉာဏ်ထဲကို မြေပုံတစ်ပုံနှင့် အညွန်းမှတ်ချက်များစွာကို တစ်ပါတည်း ခပ်နှိပ်ပေးလိုက်သည်။
ထိုမြေပုံသည် တံခါးကြီး အနောက်ကွယ်က ကမ္ဘာကြီးကို ဖော်ညွန်းထားခြင်း ဖြစ်သည်။
" တကယ်ပဲကိုး.. ကမ္ဘာကြီးဆိုတဲ့ နာမည်နဲ့ ကိုက်ညီပေသားပဲ.. ပြီးတော့ နတ်ဘုရားတပိုင်းအဆင့်တို့ရဲ့ အမွေအနှစ်တွေလည်း ရှိနေတာပဲ.. "
မြေပုံပေါ်က အညွန်းတွေကို ဖတ်ကြည့်ပြီးနောက်မှာ ရွှယ်ယင် တကယ်ပဲ ထိတ်လန့်သွားသည်။
လွန်ခဲ့သည့် နှစ်တစ်သောင်းအချိန်တွင် နတ်ဘုရားတပိုင်းအဆင့်တစ်ယောက်သည် လေနက်နတ်ဘုရားနန်းတော်သခင် မသေမီအချိန်ကတည်းက ထိုကမ္ဘာကြီးထဲတွင် ရှိနေခဲ့သည်။ ထိုခေတ်ကာလအချိန်တွင် လေနက်နတ်ဘုရားနန်းတော်သခင်သည် အလွန်တရာ အစွမ်းထက်နေသောကြောင့် ထိုနတ်ဘုရားတပိုင်းအဆင့်တို့သည် ကြောက်လန့်ခြင်းကြီးစွာဖြင့် ပုန်းအောင်းနေကြခဲ့ရသည်။
သို့သော် ဒီကနေ့တွင် ထိုနတ်ဘုရားတပိုင်းအဆင့်ကလည်း သေနေလောက်ပါပြီ။ သို့သော် ထိုကမ္ဘာထဲတွင် အခြားသော နတ်ဘုရားတပိုင်းအဆင့်များ မွေးဖွားလာနိုင်သေးသည်။ ထိုကဲ့သို့ ကမ္ဘာမျိုးသည် အလွန်ပင် အန္တရာယ်ကြီးသည်ဟု သတ်မှတ်နိုင်သည်။ သို့သော် ၎င်းထဲက ရတနာသိုက်ကဲ့သို့ တန်ဖိုးကြီးသည့် အရာတွေက ရွှယ်ယင်တို့ ကမ္ဘာလောကကို တုန်လှုပ်သွားစေနိုင်သည်။
" အခု ငါ့ရဲ့ စွမ်းအားက အတော်လေး အားနည်းနေသေးတယ်.. တကယ်လို့ ဝင်သွားခဲ့ရင် ငါ့ကိုယ်ငါ သေတွင်းထဲ ပို့လိုက်သလို ဖြစ်သွားမှာပဲ.."
ရွှယ်ယင်က ခေါင်းကို ယမ်းလိုက်ပြီးနောက် လက်လျှော့ဖို့ ဆုံးဖြတ်လိုက်ကာ ထိုနေရာမှ ထွက်ခွာလာလိုက်သည်။
မြေအောက်ခန်းမကြီးထဲတွင်..
နောက်ထပ် တံခါးတစ်ခုက ဝင်ပေါက်တစ်ပေါက်အဖြစ် ရှိနေပါသေးသည်။ အထွတ်အထိပ်အဆင့်တစ်ယောက်၏ စွမ်းအားကို ရထားပါမှ ထိုတံခါးကို ဖွင့်နိုင်ပါလိမ့်မည်။
" ဝုန်း..ဝုန်း.. "
ရွှယ်ယင်၏ အထွတ်အထိပ်အဆင့် ချီစွမ်းအင်များက တံခါးထဲကို စိမ့်ဝင်ဖြတ်သန်းသွားသည်။ လျှို့ဝှက်စွာ ရှိနေသည့် ယန္တရားစက်များ လည်ပတ်သွားသည့် အသံများ ထွက်ရှိလာကာ သလင်းကျောက်ကဲ့သို့ ကြည့်လင်ချောမွတ်သည့် နံရံထက်တွင် တံခါးကြီးတစ်ခု ထွက်ရှိလာပြန်သည်။ ထိုတံခါးကြီးက အပေါ်သို့ မြင့်တက်သွားကာ ထိုအနောက်တွင် မိုးပြာရောင်ရှိသည့် လှေကားထစ်များ ထွက်ပေါ်လာခဲ့သည်။
" နောက်ဆုံးသခင်က ဒီနေရာတစ်ခုလုံးကို သူ့ရဲ့ အာရုံနဲ့ပဲ ကြည့်သွားခဲ့ပါတယ်.. "
ရွှေရောင်လူဝံကြီးက ပြောလိုက်သည်။
" တချို့ အရေးကြီးတဲ့ နေရာတွေမှာ အစောင့်တွေ ရှိနေကြလို့ နောက်ဆုံးသခင်လည်း အရှေေ့ကို ဆက်သွားလို့ မရခဲ့ပါဘူး.."
" အကြီးအကဲလီကျန်းက ဒီနေရာတစ်ခုလုံးကို အာရုံခံကြည့်တဲ့အခါမှာ ဘာတွေ့ခဲ့သလဲ.."
ရွှယ်ယင်က မေးမြန်းလိုက်သည်။
" လေနက်နတ်ဘုရားနန်းတော်သခင်က တချို့ပစ္စည်းတွေကို ပေါ့ပေါ့ပါးပါးပဲ ဒီအတိုင်း ထားခဲ့တာတွေ ရှိပါတယ်.. ဒါပေမဲ့ နောက်ဆုံးသခင်အတွက်က အဲဒီပစ္စည်းတွေကို ပိုင်ဆိုင်နိုင်ခဲ့တာ ကြီးမားတဲ့ ကံကောင်းခြင်းတစ်ရပ်ပါပဲ.." လူဝံကြီးက ပြန်ဖြေလိုက်သည်။
ထိုနတ်ဘုရားနန်းတော်၏ တည်ဆောက်မှုပုံစံက အလွန်ပင် ရှုပ်ထွေးလှသည်။
နန်းတော်ထဲက နေရာတော်တော်များများသည့် နန်းတော်သခင်၏ စမ်းသပ်ဖို့အတွက် အသုံးပြုထားသော နေရာများ ဖြစ်ကြမှန်း သိသာသည်။ ထို့ကြောင့်လည်း ထိုနေရာများတွင် တန်ဖိုးကြီးသည့် ပစ္စည်းများကို မတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ပစ္စည်းကောင်းတွေကိုလည်း အကြီးအကဲလီကျန်း အသက်ရှင်စဥ်က ယူထားပြီး ဖြစ်ပါလိမ့်မည်။
" ရှေ့ဆက်သွားဖို့ လမ်းမရှိတော့ပါဘူး.." ရွှေရောင်လူဝံကြီးက ပြောလိုက်သည်။
" ဟိုနှစ်ကောင်ကြောင့်လား.." ရွှယ်ယင်က အရှေ့သို့ လက်ညိုး ညွန်ပြလိုက်သည်။ ကျယ်ဝန်းသော စင်္ကြန်လမ်းတွင် ခြင်္သေ့နှင့် တူသည့် ရုပ်တုနှစ်တုက ရှိနေလေသည်။
" အဲဒီနှစ်ကောင်ကြောင့်ပါပဲ.." ရွှေရောင်ဂဠုန်ငှက်ကြီးက ဝင်ပြောလိုက်သည်။ သူ့မျက်ဝန်းတွင် အေးစက်စက်အငွေ့များ ဖြစ်ပေါ်လာသည်။
" အဲဒီနှစ်ကောင်က အထွတ်အမြတ်အဆင့်ရဲ့ ထိပ်ဆုံးမှာ ရှိနေတယ်.. နောက်ဆုံးသခင်ကလည်း သူတို့လုပ်ထားတဲ့ အဲဒီအဟန့်အတားကို မဖြတ်ကျော်နိုင်ခဲ့ပါဘူး.."
" အထွတ်အမြတ်အဆင့်ရဲ့ ထိပ်ဆုံး..ဟုတ်လား.." ရွှယ်ယင်မှာ ဆွံ့အသွားမိသည်။
တကယ်ပဲ တရားလွန်လှချည်းလား..
ယန္တရားသက်ရှိဆိုတာ လူသားတွေနှင့် ကွဲပြားသည်။ လူသားတို့က သက်တမ်းတစ်ခုလောက် နေပြီးနောက်မှာ သေကြရသည်။ သို့သော် ယန္တရားသက်ရှိတို့သည် အသက်တာ ကုန်ဆုံးသည်ဟူ၍ မရှိပေ။ ဘယ်တော့မှ မသေကြပေ။ မျိုးဆက်တွေ တစ်ဆက်ပြီး တစ်ဆက်တိုင်အောင် နေသွားနိုင်သည်။
လီကျန်းကဲ့သို့ ပင်လယ်နတ်ဘုရားနန်းတော်၏ အကြီးအကဲလည်း ဖြစ်.. အထွတ်အမြတ်အဆင့်ထဲက ထိပ်ဆုံးလည်း ဖြစ်သူက အထွတ်အထိပ်အဆင့် ယန္တရားသက်ရှိ နှစ်ကောင်လောက်ပဲ ချန်ထားခဲ့နိုင်သည်။ သို့သော် အကြီးအကဲလီကျန်းက များများစားစား မချန်ထားနိုင်ခဲ့ခြင်းမှာ တံခါးပိတ်ကျင့်ကြံခြင်းအတွက် ပိုင်ဆိုင်ထားသည့် ရတနာများကို ရောင်းထုတ်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ ထို့အပြင် လီကျန်း၏ အဆင့်ဖြင့် အထွတ်အမြတ်အဆင့် စွမ်းအားရှိသည့် ယန္တရားသက်ရှိတစ်ကောင်ကို ပိုင်ဆိုင်နိုင်ဖို့က မလွယ်ကူလွန်းပါချေ။
" ဘာကြောင့် အထွတ်အမြတ်အဆင့် ယန္တရားသက်ရှိနှစ်ကောင်က ဒီနန်းတော်ထဲမှာ လွှတ်ထားရပါလိမ့်.. "
အနက်ရောင် သံချပ်နှင့် စစ်သည်တို့ကို သတ်ခဲ့သည့် အချိန်ကို ရွှယ်ယင်သည် ပြန်တွေးကြည့်မိသည်။ တကယ်တမ်းတွင် အနက်ရောင် သံချပ်နှင့် စစ်သည်တို့က အနောက်ရောင်မြူခိုးမှ ဖြစ်တည်ခဲ့ခြင်း ဖြစ်ပြီး ယန္တရားသက်ရှိဟူ၍ သတ်မှတ်၍ မရပေ။
" နောက်ဆုံးသခင်ပြောခဲ့တာက လေနက်နတ်ဘုရားနန်းတော်သခင်ဟာ အလွန်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဘုရားတပိုင်းအဆင့် မှော်ဆရာတစ်ပါးပဲ.. နတ်ဘုရားနန်းတော်မှာ စီရင်ထားတဲ့ အစည်းအတားက ဘယ်အထွတ်အထိပ်အဆင့်ကတောင် ချိုးဖောက်လို့ မရဘူးလို့ ပြောတယ်.."
ဟု ရွှေရောင်လူဝံကြီးက ပြောလိုက်သည်။
" အဲဒီအစည်းအတားကို ချိုးဖောက်ဝင်ဖို့က အထွတ်အထိပ်ကမ္ဘာတစ်ခုကို ဖြတ်သန်းသွားရတာထက် ပိုခက်ခဲတယ်.. အခု အရှေ့မှာ တွေ့နေရတဲ့ ယန္တရားသက်ရှိ နှစ်ကောင်ဆိုတာ လေနက်နတ်ဘုရားနန်းတော်ထဲက ကာကွယ်စောင့်ကြပ်သူတွေရဲ့ အစွန်းအဖျားလေးပဲ ရှိသေးတာ.. "
ထိုအခါ ဘေးနားတွင် ရှိနေသာ ရွှေရောင်ဂဠုန်ငှက်ကြီးက
" ဟိုမှာ သခင် မြင်ရဲ့လား.. အဲ့မှာ ခပ်မှိန်မှိန် ခြစ်ထားတဲ့ စက်ဝိုင်းပုံစံ မြင်လား.." ဟူ၍ ဝင်မေးလိုက်သည်။
ရွှယ်ယင်က ခေါင်းညိတ်လိုက်သည်။ မြေပုံထဲတွင် နေရာတော်တော်များများ၌ အမှတ်အသားများ ပြုလုပ်ထားသည်။ ယခု စင်္ကြံလမ်းတွင်လည်း ကြီးမားသည့် စက်ဝိုင်းတစ်ခု ရှိနေကာ ၎င်းကို လေနက်နတ်ဘုရားနန်းတော်သခင်က ချန်ထားခဲ့ခြင်း ဖြစ်သည်။ သဘောမှာ သူ့လက်အောက်ငယ်သားကို ထိုနေရာသို့ မဝင်ရန် အမှတ်အသား ပြုထားခြင်း ဖြစ်သည်။ ထိုအထဲကို ဝင်မိပါက တိုက်ခိုက်ခံရမှာ သေချာပေါက်ပင်။
" စမ်းကြည့်ရအောင်.. "
ရွှယ်ယင်က အရိုးသဏ္ဌာန် လှံငယ်တစ်ချောင်းကို ထုတ်ယူလိုက်ပြီးနောက် ပစ်လွှတ်လိုက်သည်။
ရွှစ်..
ထိုလှံငယ်ကက မီးလျှံများဖြင့် ဖုံးလွှမ်းသွားပြီး မီးဥက္ကာပျံအလား ပြောင်းလဲသွားလေကာ သန္ဓေပြောင်းခြင်္သေ့ရုပ်တုနှစ်ခုထဲက တစ်ခုဆီသို့ ပြေးဝင်သွားသည်။
ထိုသန္ဓေပြောင်း ခြင်္သေ့ရုပ်တုက ရုတ်တရက် မျက်လုံး ပွင့်လာသည်။
ရွှစ်.. ရွှစ်.. ၎င်း၏ မျက်လုံးကနေ အနီရောင်အလင်းတန်းနှစ်ခုက တစ်ပြိုင်နက်ထဲ ထွက်ရှိလာပြီး ထိုလှံငယ်ကို ထိမှန်သွားသည်။
ရှီး.. လှံငယ်သည် ချက်ချင်းပဲ ပြာအမှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။
ရွှယ်ယင်က ထိုမြင်ကွင်းကို အံ့အားသင့်စွာဖြင့် ကြည့်နေမိတော့သည်။
သန္ဓေပြောင်းခြင်္သေ့ရုပ်တုက ရွှယ်ယင်အား အေးစက်စက်အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ၎င်း၏ မျက်လုံးကို ပြန်မှိတ်သွားလိုက်သည်။ ၎င်းမှာ အသက်ကို ရှုရှိုက်နေခြင်းမျိုးလည်း မရှိတော့၍ သာမန်ရုပ်တုတစ်ခုအတိုင်းသာ ထင်မှတ်ရပြန်လေသည်။
" ကံကောင်းတာတစ်ခုက သူတို့ဟာ နတ်ဘုရားနန်းတော်သခင်ရဲ့ အမိန့်ကို လုံးဝ နာခံနေကြလို့ပဲ.. အဲဒီစက်ဝိုင်းရဲ့ အပြင်ဘက်ကို ထွက်ပြီး မတိုက်ကြဘူး.."
ရွှယ်ယင်က ရယ်မောလိုက်လေသည်။
" ကဲလေ.. ငါလည်း လိုက်ကြည့်ပြီးပြီဆိုတော့ မျောက်နဲ့ ငှက်ကလေးရေ အိမ်ပြန်ဖို့ အချိန် ရောက်ပြီးကွ.. "
သူက အခုမှ လေ့လာအကဲခတ်ကြည့်ရုံလေးသာ ဖြစ်သည်။
သူ့ရဲ့ လက်ရှိ ခွန်အားနှင့် ဆိုပါက နတ်ဘုရားနန်းတော်ကို အပိုင်သိမ်းဖို့ မဆိုထားနှင့် အထွတ်အထိပ် ကမ္ဘာကြီးထဲကို ဝင်ဖို့ပင် ခက်ခဲနေလေသည်။ နောက်ပြီး သူက အခုမှ အထွတ်အထိပ်အဆင့်ကို ရောက်ရှိခဲ့သည်မဟုတ်လား။
***
မြေအောက်ခန်းမကြီးထဲက နံရံအက်ကွဲကြောင်းရာ အရှေ့သို့ ရွှယ်ယင် လျှောက်လာခဲ့သည်။
" အိမ်ပြန်ဖို့ အချိန်သင့်ပြီ.. " ရွှယ်ယင်က လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ လောကစွမ်းအင်တို့က ရွှေရောင်လူဝံကြီးနှင့် ရွှေရောင်ဂဠုန်ငှက်ကြီးကို ပင့်မြှောက်လိုက်လေကာ သူ့၏ သိုလှောင်လက်ပတ်အထဲသို့ ပို့ဆောင်ပေးလိုက်သည်။ သိုလှောင်လက်ပတ်ဆိုမှာ သက်ရှိအရာများကို ထည့်သွင်းထား၍ မရပေ။ သို့သော် လူသေအလောင်း သို့မဟုတ် ယန္တရားသက်ရှိကဲ့သို့ အရာမျိုးကိုတော့ အထဲမှာ သိမ်းဆည်းထား၍ ရပေသည်။
" သွားစို့.."
ဟူ...
တစ်ခဏအတွင်းမှာပဲ ရွှယ်ယင်သည် မီးလျှံအသွင် ပြောင်းလဲသွားပြီး အက်ကွဲကြောင်းရာထဲသို့ ပျံသန်းဝင်သွားသည်။
ထိုအက်ကွဲကြောင်းရာကြီးထဲ ပျံဝင်သွားရင်း တဖြည်းဖြည်းဖြင့် နေရာတို့က ကျဥ်းမြောင်းလာခဲ့သည်။ သို့သော် ရွှယ်ယင်၏ ပျံသန်းသည့် အလျင်နှုန်းက ဆက်လက် မြန်နေဆဲပင်။
ကွဲအက်ကြောင်းရာကြီးက တဖြည်းဖြည်း ကျဥ်းမြောင်းလာလေသည်။ မြေအောက်ထဲက ရှိနေပြီးသား အက်ကြောင်းရာများနှင့် ဆက်စပ်လာခဲ့ပြီး လမ်းခွဲများလည်း ထွက်ရှိလာသည်။ ထိုလမ်းခွဲများကြောင့်သာ မဟုတ်ခဲ့ပါလျှင် အချိန်တစ်ခဏလေးကို ကီလို ၅၀၀ အကွာအဝေးကို တစ်ဖြောင့်တည်း ပျံသန်းနိုင်သည်။
သို့ပေမဲ့ အကြီးအကဲလီကျန်း ချန်ထားပေးခဲ့သည့် မြေပုံတစ်ခုလုံးကို ကြေညက်စွာ မှတ်မိနေ၍ တော်သေးသည်။ ထို့ကြောင့်လည်း လမ်းဆုံလမ်းခွများကြောင့် လမ်းပျောက်သွားမှာကို စိတ်မပူရပေ။
တချို့သော နေရာများတွင် အလွန်တရာ ကျဥ်းမြောင်းလှသည်။ သို့သော် မီးလျှံက ဆက်၍ ပျံသန်းကာ ဖြတ်သန်းသွားနိုင်ခဲ့သည်။
ရေနွေးခွက်တစ်ခွက်စာ ဆူလောက်သည့် အချိန်အကြာတွင်..
" ပလုံ..ပလုံ.." နီရဲတောက်ပနေသော ချော်မြစ်ရည်ပြင်က ဖြည်းညှင်းစွာ စီးဆင်းနေလေသည်။ မြစ်နံဘေးနားတွင် ကျောက်တောင်ကြားထဲ၌ အက်ကွဲကြောင်းရာ တစ်ခု ရှိနေပြီး ၎င်းအား ချော်ကျောက်ခဲများက ပိတ်ဆို့ထားနေလျက် ရှိနေ၏။
ချော်ကျောက်ခဲများဖြင့် ပိတ်ဆို့ထားသော အက်ကွဲကြောင်းရာထဲကနေ မီးလျှံတန်းတစ်ခုက စီးထွက်လာခဲ့သည်။ ချော်မြစ်ရည်အထက်က လေထဲမှာ အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။
" ချော်ရည်မြစ်.." အရှေ့က ချော်မြစ်ရေပြင်ကို ရွှယ်ယင် ကြည့်လိုက်သည်။ သူ့မျက်နှာမှာ ဝမ်းသာသည့် အကြည့်က ဖြစ်ပေါ်နေသည်။
" ငါ အပြင်ရောက်လာခဲ့ပြီ.."
ချော်မြစ်ရေပြင်အထိ ကီလို ၅၀၀ အကွာအဝေးကို ရေနွေးခွက်တစ်ခွက်စာ ပွက်သည့် အချိန်လောက်သာ ယူခဲ့ရသည်။
" ဒီနေရာမှာ ကျီးကန်းမီးတောင် ရှိလိမ့်မယ်.."
" ရွှစ်.." ရွှယ်ယင်က ရေစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပျံသန်းသွားသည်။ မီးလျှံနှင့် ယှဥ်ကြည့်ပါက ပျံသန်းသည့် အလျင်နှုန်းမှာ နှေးကွေးသွားသော်လည်း အတော်လေး တည်ငြိမ်သည်ဟု ဆိုရမည်။
အသက်အနည်းငယ် ရှုရှိုက်ရသည့် အချိန်အတွင်းမှာပဲ ရေစီးကြောင်းတစ်ခုက မီးတောင်ထဲက အပေါက်တစ်ခုကနေ ပျံထွက်လာပြီး ကောင်းကင်ထက်က တိမ်ထုဆီသို့ လျင်မြန်စွာ တက်သွားသည်။
အဆိုပါ မီးတောင်သည် ရီရွှေမြို့၊ နှင်းကျောက်တောင်တန်းမှ ကီလိုမီတာ ၅၀၀-၁၀၀၀ အကွာတွင် ရှိပေသည်။ အဇူရီမြစ်စီရင်စုထဲတွင် အတော်လေး နာမည်ကြီးသည့် မီးတောင်တစ်ခု ဖြစ်ပြီး ကျီးကန်းမီးတောင်ဟု ခေါ်ကြသည်။ ဤနေရာကို ရွှယ်ယင် ကောင်းကောင်း ရင်းနှီးသည်။
***
ညနက်နက် ကောင်းကင်ယံတွင် တောက်ပပြီး ဝိုင်းစက်နေသာ လမင်းကြီး ထွန်းလင်းလျက် ရှိနေသည်။
ရေစီးကြောင်းကလည်း တိမ်ထုကြားထဲကနေ လျင်မြန်စွာ ဖြတ်သန်းသွားသည်။ တစ်ခဏအတွင်းမှာပဲ ကီလို ၅၀၀ ၁၀၀၀ အကွာအဝေးကို ရောက်ရှိသွားသည်။
ဟူ..
ထိုရေစီးကြောင်းကနေ အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးအသွင်သို့ ပြောင်းလဲသွားသည်။
ထိုလူငယ်သည် တိမ်ထုအလွှာကနေ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ သူ့အောက်ခြေက နေရာတစ်ပြန့်လုံးကို ခြုံငုံကြည့်လိုက်သည်။ သူ ကြီးပြင်းလာခဲ့သည့် တောင်..၊ ထိုတောင်ထိပ်မှာ သူ အလွန်ကို ရင်းနှီးခဲ့ရသည့် ရဲတိုက်ကြီး..။
" ငါ ပြန်ရောက်ပြီ.." သူ့မျက်နှာက အပြုံးတစ်ခုက တောက်ပစွာ ထွက် ရှိလာခဲ့သည်။
***
အပိုင်း ( ၈၆ ) ပြန်လည်ဆုံစည်းခြင်း
အောက်မြေပြင်ကြီးကို ကြည့်ရင်း ရွှယ်ယင် အလွန်တရာ စိတ်လှုပ်ရှားလာခဲ့သည်။ အမြဲတစေ တည်ငြိမ်နေတတ်သည့် သူက တကယ်ပဲ သူ မဟုတ်နေသလိုပင်။
နှင်းကျောက်ရဲတိုက်အဆောက်အဦးကြီးကို သေချာရှင်းလင်းစွာ မြင်နေရသည်။ သူ့မိဘတွေကလည်း မရှိနေသလို သူလည်း အဲ့မှာ မရှိနေပေ။ သူ့ညီလေးနှင့် သစ္စာရှိ အစေခံတို့သည်သာ ဤရဲတိုက်ထဲ နေထိုင်ကြနေသည်။ ရဲတိုက်ထဲတွင် အခန်းတစ်ခုတည်းသာ အလင်းရောင် ထွက်ပေါ်နေသည်။ အရင်တုန်းက ရွှယ်ယင် အသုံးပြုခဲ့သော စာဖတ်ခန်း ဖြစ်လေသည်။ ညက အတော်လေး နောက်ကျပေမဲ့ တစ်စုံတစ်ယောက်က စာဖတ်အခန်းထဲမှာ ရှိနေဆဲပင်။ မည်သည့်အစေခံမှာ ထိုအခန်းထဲ ဝင်ရဲမှာ မဟုတ်ချေ။ သူ့ညီလေးသာ ဖြစ်ရန် ရှိသည်။
ရွှစ်..
ရွှယ်ယင်မှာ လေထဲ ရပ်နေရာမှာ လျစ်ခနဲ ပျောက်သွားသည်။ စာဖတ်ခန်းအရှေ့က စင်္ကြံလမ်းမှာ တိတ်ဆိတ်စွာ ပြန်လည် ထွက်ပေါ်လာသည်။
ထိုနေရာတွင် ရပ်ရင်း ပြတင်းပေါက်ကနေတဆင့် စာဖတ်ခန်းအတွင်းသို့ ကြည့်လိုက်သည်။
ချောမော၍ ငယ်ရွယ်သည့် လူငယ်တစ်ယောက်က စာဖတ်အခန်းထဲမှာ ထိုင်နေ၏။ စားပွဲပေါ်တွင် မှော်အင်းကွက် ပုံကြမ်းများ ရေးဆွဲထားသော စာရွက်ပုံကြီး တစ်ပုံက ထပ်လျက်သား ရှိနေသည်။
ရွှယ်ယင်ကား ပြတင်းပေါက်အနားမှာပဲ ရပ်နေပြီး အထဲသို့ အကဲခတ်ကြည့်လေသည်။
" ချင်းရှီ.. အရပ်လည်း ရှည်လာသလို ပိုပြီးတော့လည်း ရင့်ကျက်လာတယ်.."
ရွှယ်ယင် ပြုံးလိုက်မိသည်။
" ညနက်နေပေမဲ့ အခုထိ မှော်အင်းကွက်တွေကို လေ့လာနေတုန်းပဲ.. ဒီကလေးက အရင်တုန်းကဆို ဒီလောက်အထိ မကြိုးစားဖူးပါဘူး.."
စားပွဲခုံမှာ ကိုယ်ကို ကုန်းထားလျက် စဥ်းစားတွေးကြံနေသော ချင်းရှီသည် သူ့အား တစ်စုံတစ်ယောက်က ငေးစိုက်ကြည့်နေသလို ရုတ်တရက် ခံစားလိုက်ရ၍ ခေါင်းကို မော့၍ ပြတင်းပေါက်သို့ ကြည့်လိုက်သည်။ အပြင်ဘက်တွင် လူတစ်ယောက် ရပ်နေတာကို မြင်လိုက်ရသည့်အခါ အံ့သြတုန်လှုပ်သွားသည်။ သူ့မျက်လုံးကို ပွတ်သပ်၍ နောက်တစ်ကြိမ် ကြည့်လိုက်ပြန်သည်။ ထိုအခါ သူ့မျက်လုံးများ ပြုးကျယ်သွားလေကာ ဝုန်းခနဲ မတ်တတ်ရပ်လိုက်လေသည်။
စာဖတ်အခန်းတံခါးသို့ ပြေးသွားဖွင့်ပြီး အရှေ့မှာ ရပ်နေသည့် အနက်ရောင်ဝတ်စုံနှင့် လူငယ်ကို ရှာကြည့်လိုက်သည်။
" အစ်ကိုကြီး... အစ်ကိုကြီး...ဟုတ်လား.. ငါ.. စိတ်အာရုံတွေများ ချောက်ချားနေတာလား.."
ချင်းရှီမှာ သူမြင်နေရတာကို မယုံရဲဘဲ ရှိနေသေးသည်။ အစ်ကိုကြီး ဖြစ်သူ တုန်ပိုရွှယ်ယင်က သေချာပေါက် ပြန်ရောက်လာလိမ့်မည်ဟု စိတ်ထဲမှာ ကြိုးစား၍ ယုံထားခဲ့သော်လည်း လေနက်ချောက်ကြီးထဲသို့ ကျသွားခဲ့လျှင် သေဖို့က ၉၀ ရာခိုင်နှုန်း ရှိမှန်းကိုလည်း စိတ်ထဲမှာ စွဲစွဲထင်ထင် ရှိနေခဲ့သည်။
" ငါ ပြန်လာပြီးလေ.. ဘာလဲဟ.. ဟေ့ကောင်.. မင်းက ငါ့ကို သေနေစေချင်လို့လား.. ဟုတ်လား.. " ရွှယ်ယင် ရယ်မောလိုက်လေသည်။
ချင်းရှီက ရွှယ်ယင်အား ရုတ်တရက် ပြေးဖက်လိုက်တော့သည်။ သူ့မျက်ရည်များက အင်္ကျီကိုတောင် စိုရွှဲစေလေသည်။
ရွှယ်ယင်က ချင်းရှီခေါင်းအား ပွတ်သပ်ကာ စေ့စေ့ကြည့်လိုက်လေသည်။
အရင်တုန်းက ချင်းရှီခေါင်းအား ပွတ်သပ်သည့်ခါမှာ ချင်းရှီက သူ့ထက် များစွာ အရပ်နိမ့်သည်။ သို့သော် အခုမှာ အရပ်က အတူတူလောက် ရှိနေလေသည်။
" ဒီကောင် ရုပ်ရည်က ခပ်ချောချောလေးနဲ့ ကြီးပြင်းလာတာပဲ.." ရွှယ်ယင်က ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။
" ဦးလေးကျုံးနဲ့ ဦးလေးထုံတို့ကိုလည်း ပြောရဦးမယ်.." ချင်းရှီက ရွှယ်ယင်အား ဖက်ထားတာကို ပြန်လွှတ်လိုက်ပြီး ပြောလိုက်သည်။
" ဒီနှစ်တွေမှာ ဦးလေးကျုံးနဲ့ ဦးလေးထုံတို့က အစ်ကိုကြီးကို အရမ်းလွမ်းနေကြတာ.."
" အင်း.." ရွှယ်ယင်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
" မင်းနဲ့ အတူတူ သွားမယ်လေ.."
***
အတော်လေး ညဉ့်နက်နေလေပြီ။
သို့သော် နှင်းကျောက်ရဲတိုက်အဆောက်အဦးကြီးထဲက ညစာစားခန်းမတွင် တက်ကြွလှုပ်ရှားမှုများဖြင့် ဆူညံနေလေသည်။ စားဖိုမှူးကြီးတွေကပင် ညသန်းခေါင်မှာ အိပ်ရာထပြီး အစားအသောက်ပွဲကြီးများကို ပြင်ဆင်ချက်ပြုတ်ကြလေသည်။ မည်သူမှ အချိန်နောက်ကျနေခြင်းကြောင့် ငြူစူခြင်း မရှိကြေချေ။ ပြန်အိပ်ရမှာကိုပင် မလိုလားကြတော့ပေ။ ထိုအစား အားလုံးက စိတ်မြူးကြွနေလေသည်။ နှင်းကျောက်ရဲတိုက်၏ အရှင်သခင် တုန်ပိုရွှယ်ယင် ပြန်ရောက်လာသည်ကို ကြားသိထားသောကြောင့် ဖြစ်သည်။ နှင်းကျောက်ရဲတိုက်၏ နေ့ရက်များက ပို၍ ကောင်းမွန်လာတော့မည်မဟုတ်လား။
" ရဲတိုက်စစ်သည်တွေနဲ့ အစေခံတွေကို ဒီလအတွက် လစာကို ဆယ်ဆပေးမယ်လို့ ငါပြောတယ်လို့ ပြန်ပြောလိုက်.."
ညစာစားခန်းတွင် ချင်းရှီက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်.. သခင်လေး.. ချက်ချင်း ပြောလိုက်ပါ့မယ်.." အစေခံမလေးက တကယ်ပဲ စိတ်လှုပ်ရှားသွားခဲ့၏။
ညစာစားခန်းမထဲမှာ စားပွဲများ ခင်းကျင်းထားပြီး ဖြစ်သလို ဝိုင်အကောင်းစားများ၊ ဟင်းလျာများ တည်းခင်းကြလေပြီ။ ထို့အပြင် တခြားသော ဟင်းအမယ်များလည်း ဆက်လက် ချက်ပြုတ်နေလျက် ရှိကြပေသည်။ ရဲတိုက်တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်လာကြကာ စစ်သည်များ အစေခံများကလည်း အိပ်စက်ရာမှ နိုးထလာကုန်ကြသည်။ အများစုက အိပ်မှုံစုံမွှားဖြင့် နိုးလာကြကာ ရဲဘော်ရဲဘက်တို့၏ အသံများက သူတို့အား ဆီးကြို၍ ထွက်ပေါ်လာသည်။
" ဟိုခွေးနှစ်ကောင်.. ဘာတွေ ကြောင်တောင်တောင် ဖြစ်နေတာလဲ.. ငါတို့ အရှင် ပြန်လာပြီးကွ.. ငါတို့ရဲ့ အရှင် နောက်ဆုံးတော့ ပြန်ရောက်နေပြီးကွ.."
" ဘာ.. ငါတို့အရှင် ပြန်ရောက်တယ်ဆိုတာ.."
" သခင်လေးရွှယ်ယင်ကို ပြောတာဟ.."
" တကယ်.."
စစ်သည်များနှင့် အစေခံများတို့ကြားမှာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြကုန်သည်။
နှင်းကျောက်ရဲတိုက်ရဲ့ အံ့သြဖွယ်ရာ အရှင်သခင်က ပြန်ရောက်လာတယ်လား..
ထို့အပြင် သူတို့၏လစာကို ဆယ်ဆပေးမည်ဆိုသော သတင်းကို ကြားသိရတဲ့အခါမှာ ပို၍ပင် ပျော်မြူးသွားကြကုန်သည်။
ရွှယ်ယင်..၊ ကျုံးလိန်..၊ ထုံစန်းနှင့် ချင်းရှီတို့မှာ ညစာစားခန်းမထဲတွင် ရှိနေသည်။
" ငါ့ညီလေးကို နောက်တစ်ကြိမ် တွေ့ရတာ တကယ်ပဲ စိတ်လှုပ်ရှားရတယ်.."
ရွှယ်ယင်က ရယ်မောရင်း ပြောလိုက်သည်။
" သြော်.. ဒါနဲ့.. ဘာဖြစ်လို့ အစေခံတွေေက မင်းကို သခင်လေးလို့ပဲ ခေါ်နေကြတာလဲ.. ငါ ခြောက်နှစ်တောင် ပျောက်နေခဲ့တာ.. နှင်းလင်းယုန်ရဲတိုက်အရှင်သခင်ဆိုတဲ့ ဘွဲ့ကို မင်း ယူသင့်တာပေါ့.."
အခုလက်ရှိ ရွှယ်ယင်၏ စွမ်းအားအနေအထားဖြင့် ကြည့်မည်ဆိုလျှင် နယ်မြေအရှင်သခင်ဆိုသည့် နာမည်ကသူ့အတွက် များစွာ အရေးမကြီးပါတော့ပေ။
" ရွှယ်ယင်.. " ကျုံးလိန်၏ ရင်ထဲတွင် ပျော်ရွှင်ခြင်းများဖြင့် ပြည့်နှက်နေသည်။
" မင်း မသိပါဘူး.. လေနက်ချောက်ကြီးထဲကို မင်း ပြုတ်ကျသွားကတည်းက အစေခံတွေအားလုံးဟာ ချင်းရှီကို ရဲတိုက်အရှင်သခင်အဖြစ် လက်ခံလိုက်ကြတယ်လေ.. ဒါပေမဲ့ ချင်းရှီက ငြင်းပယ်ခဲ့တာ.. မင်းကို နှစ်ပေါင်း ၅၀ ပဲ ဖြစ်ဖြစ် ၁၀၀ပဲဖြစ်ဖြစ် ဆက်စောင့်နေမယ်လို့ ပြောခဲ့တာ.. သူ သေတဲ့အချိန်အထိ စောင့်နေမှာတဲ့.. ပြီးတော့ သူ အသက်ရှင်နေတဲ့ ကာလပတ်လုံး ရဲတိုက်အရှင်သခင်ဘွဲ့က ဒီအတိုင်းပဲ လစ်လပ်ထားမှာပါတဲ့.."
" အစ်ကိုကြီးက သေချာပေါက် ပြန်လာမယ်ဆိုတာ ကျနော် သိနေတယ်.. ကြည့်လေ.. အခု ပြန်ရောက်နေပြီးမလား.."
ချင်းရှီက ဝမ်းမြောက်ဝမ်းသာဖြင့် ပြောလိုက်သည်။
" ချင်းရှီက လွန်ခဲ့တဲ့ ခြောက်နှစ်ကနဲ့ အတော်လေး ကွာခြားနေပါပြီ.. သူ ဒီလောက် စိတ်လှုပ်ရှားနေတာ..ငါတို့ မမြင်ရတာ အတော်ကြာသွားပြီ.. " ထုံစန်းက ဝင်ပြောလိုက်သည်။
" အခုပြောနေတဲ့ ဦးလေးထုံကို ကြည့်ပါဦးဗျာ.. မျက်နှာက ပြုံးဖြီးလို့.. နှုတ်ခမ်းတော့ ပြဲထွက်တော့မယ်.. " ဟူ၍ ချင်းရှီက ပြန်လည် စနောက်လိုက်သည်။
" ဟေးဟေး.. ငါ ပျော်တယ်ကွ.. ဒီနေ့ တကယ်ကို ပျော်တယ်.."
ထုံးစန်းက ကျယ်ကျယ်လောင်လောင်ဖြင့် ရယ်မောလိုက်လေသည်။
ရွှယ်ယင်လည်း အတူတူ လိုက်ပါ ရယ်မောလိုက်လေသည်။ ချစ်ခင်ရသူတို့ထံမှ ထွက်ပေါ်လာသည့် စိတ်ကြည်နူးဖွယ် ပျော်ရွှင်မှုကို ခံစားနေရသည်။ ဦးလေးထုံနှင့် ဦးလေးကျုံးတို့က သူနှင့် သွေးသားတော်စပ်ခြင်း မရှိပေမဲ့ သူတို့က သူ့အား တူသားအရင်းကဲ့သို့ ဆက်ခံခဲ့ပေသည်။
" သြော်.. ရွှယ်ယင်ရေ.. မင်း လေနက်ချောက်ကြီးထဲကနေ ဘယ်လို ထွက်လာခဲ့တာလဲ.."
ကျုံးလိန်က မေးလိုက်သည်။
" ကျနော် ပြုတ်ကျသွားတဲ့အခါမှာ ရှင်းဖန်းယွင်ရဲ့ သန္ဓေပြောင်းသားရဲတောင်ပံကို အားကိုးလိုက်တယ်လေ.. အဲဒါကြောင့် အသက်ရှင်နိုင်ခဲ့တာ.. ပြီးတော့ ချောက်ပေါ်သို့ တက်လာနိုင်ဖို့ ခြောက်နှစ်လုံးလုံး ကြိုးစားခဲ့ရတယ်.."
ရွှယ်ယင်က အဖြစ်အပျက်ကို ထိုမျှလောက်ပဲ ပြောပြလိုက်သည်။ သို့သော် လျှို့ဝှက်အက်ကွဲကြောင်းရာကိုတော့ မပြောပြပေ။ ထိုသတင်းပေါက်ကြားသွားမှာကို စိုးရိမ်မိခြင်းကြောင့် ဖြစ်သည်။ တကယ်၍ ပေါက်ကြားသွားခဲ့လျှင် ပညာရှင်တစ်ယောက်ယောက်က သွားရောက်၍ အထွတ်အထိပ်ကမ္ဘာကြီးကို သိမ်းပိုက်ပေလိမ့်မည်။
ရွှယ်ယင်သည် စိတ်ထားကောက်ကျစ်သော သူတစ်ယောက် မဟုတ်ပေမဲ့ တခြားသူတွေနှင့် မျှဝေပေးဖို့အထိတော့ သဘောကောင်းနေသူတစ်ယောက် မဟုတ်ပေ။
" ခြောက်နှစ်လုံးလုံး ကြိုးစားခဲ့ရတယ်.. ဟုတ်လား.." ထုံစန်းမှာ အံ့အားတကြီး ဖြစ်သွားရသည်။
" လေနက်ချောက်ကြီးထဲမှာ တကယ်ပဲ အထွတ်အထိပ်အဆင့်တစ်ယောက်ရဲ့ လိုဏ်ဂူနန်းတော် ရှိနေတယ်.. အဲ့မှာ အစောင့်အကြပ်တွေလည်း ထူထပ်တယ်.. အရမ်းကို အန္တရာယ်များတဲ့ နေရာပဲ.." ရွှယ်ယင်က ရိုးရိုးသားသားပဲ ဖြေလိုက်သည်။
လေနက်နတ်ဘုရားနန်းတော်နှင့် ပတ်သတ်သည့် အကြောင်းအရာသည် အထွတ်အထိပ်အဆင့်များကြားတွင် သိပြီးသား အကြောင်းအရာတစ်ခု ဖြစ်သည်။ ဒါကို လျှို့ဝှက်ထားဖို့ မလိုချေ။
" ကျနော်ရဲ့ တိုက်ခိုက်မှုစွမ်းအားက အရမ်းကို အားနည်းလွန်းတယ်လေ.. ဒါကြောင့် အဲဒီအစောင့်အရှောက်တွေ အနားကို သွားလို့ မရနိုင်ဘူး.. သူတို့ကို ရှောင်ရှားပြီး နေရတယ်.. ချောက်ကြီးကနေ ပြန်တက်လာဖို့ကိုလည်း အရမ်းကို သတိထားရတယ်.. နို့မဟုတ်ရင် အဲဒီအစောင့်အရှောက်တွေ သတိထားမိမယ်လေ.. ကျနော် ရှိနေတာကို သူတို့ သိတာနဲ့ ကျနော် သေခန်းရောက်ပြီးပဲ.. ကံကောင်းလို့ပဲ ကျနော်က အထွတ်အထိပ်အဆင့် ရောက်သွားခဲ့တာ.. အဲဒါနဲ့ ချောက်ကြီးကနေ သတိထားပြီး တက်လာနိုင်ခဲ့တယ်.."
ဤပုံပြင်က အစောကြီးကတည်းက သူ ပြင်ဆင်ထားပြီးသားပါ။
နောက်ပြီး သူက လွဲ၍ မည်သူက မှန်လား မှားလား သိနိုင်မည်နည်။ တကယ်၍ မယုံကြည်ရင် ကိုယ်တိုင်သာ အောက်ဆင်း၍ သွားကြည့်နိုင်ပေသည်။
" အထွတ်အထိပ်..ဟုတ်လား.."
ကျုံးလိန်၊ ထုံစန်း နှင့် ချင်းရှီတို့၏ စိတ်အာရုံတို့က ချာချာလည်သွားကြသည်။ အားလုံးမှာ ကျောက်ရုပ်အလား ငေးမောမှင်သက်သွားကြကုန်သည်။
" ရွှယ်ယင်.. မင်း.. မင်းက အထွတ်အထိပ်အဆင့် ဖြစ်သွားတယ်..ဟုတ်လား.."
ပထမဆုံး တုံ့ပြန်သွားလိုက်သည့် လူက ကျုံးလိန် ဖြစ်၏။
အင်း.. ရွှယ်ယင်က ခေါင်းညိတ်လိုက်သည်။
ထိုသတင်းကို လျှို့ဝှက်ထားဖို့လည်း မလိုအပ်ချေ။ နောက်ပြီး မကြာတော့သည့် အချိန်မှာ အထွတ်အထိပ်အဖွဲ့အစည်းတစ်ခုခုကို ဝင်ရတော့မည် မဟုတ်လား။ မရဏဘုံကမ္ဘာကိုလည်း သွားရပေဦးမည်။
****
ရီရွှေမြို့.. နဂါးတောင်အိမ်တော်တွင်...
မိုးသောက်ထ အလင်းဦးရောင်ခြည်များ ကောင်းကင်လွှာထက်ဝယ် ဝိုးတဝါး ရှိနေသည်။ သော်တာငွေလမှာ အောက်သို့ မဆင်းသက်သေးဘဲ ရှိနေသေး၏။ ရီရွှေမြို့တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။ မြို့သူမြို့သားအများစုကတော့ အိမ်မောကျကောင်းလျက် ရှိနေသေးသည်။ ခေါင်းရွက်ဗျပ်ထိုး စျေးသည်တချို့ကသာ စီးပွားရေးအတွက် ဖျတ်ဖျတ်လတ်လတ်ဖြင့် နေ့စဥ်အမှု ပြုနေကြပါပြီ။
တချိန်တည်းမှာ ရီရွှေမြို့မှ နဂါးတောင်အိမ်တော်သခင် စစ်အန်းမှာ အိမ်မောကျနေလျက် ရှိနေသည်။
" အိမ်တော်သခင်.. အိမ်တော်သခင်.. "
ဆံပင်ဖြူနှင့် အဘိုးကြီး ရိုတူးမှာ မေးကြောတင်းလျက် မျက်နှာမှာလည်း နီမြန်းနေအောင် စိတ်လှုပ်ရှားနေလျက် ရှိနေသည်။ သူက တံခါးကို အဆက်မပြတ် ခေါက်လေသည်။
ကျွီ..
တံခါးက ပွင့်သွားသည်။
အိမ်တော်သခင်စစ်အန်းက တံခါးကြားကနေ အိမ်မှုံစုံမွှားဖြင့် ဟကြည့်လိုက်သည်။ သူက ခြေညှပ်ဖိနပ်ကို စီးနင်းထားသည်။ စစ်အန်းသည် အပြင်ဘက်က လူကို ကြည့်လိုက်ပြီးနောက် ငေါက်ငမ်းလိုက်လေသည်။
" ရိုတူး.. မနက်စောစောစီးစီး ဘာတွေ လာအော်နေတာလဲ.. ကြည့်ဦး.. နေတောင် မထွက်သေးဘူး.."
" သတင်းထူးပါ.. တကယ့် သတင်းထူး.." ရိုတူးက ဆက်ပြောလိုက်သည်။
" ငါ အိပ်တာထက် ဘာသတင်းက ပိုအရေးကြီးနေတာလဲ.. ပြောစမ်း.."
အရင်တုန်းက တုန်ပိုရွှယ်ယင်နှင့် ပတ်သတ်၍သာ သူ တစ်ချက်လောက်တော့ အလုပ်ရှုပ်သွားခဲ့သည်။ ထို့နောက်မှာတော့ သူ့နေ့ရက်တွေက အတော်လေး ပေါ့ပါးသွားခဲ့သည်။
" သတင်းက တုန်ပိုရွှယ်ယင်ပဲ.." ရိုတူးက ဖြေလိုက်သည်။
" တုန်ပိုရွှယ်ယင်က ပြန်ရောက်လာပြီးတဲ့.."
အိမ်တော်သခင်စစ်အန်းမှာ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း မျက်လုံးပြူးသွားကာ
" ဘာ.. တုန်ပိုရွှယ်ယင် ပြန်ရောက်လာပြီ... ဟုတ်လား.. သတင်းက မှန်ရဲ့လား.."
" ဟုတ်ပါတယ်.. အတော်လေး သေချာပါတယ်.. နှင်းကျောက်ရဲတိုက်တစ်လုံးဟာ တစ်ညလုံး ဆူညံတက်ကြွနေကြတာပါ.. စစ်သည်တွေ အစေခံတွေအားလုံးက လစာ ဆယ်ဆ တောင် ရကြတယ်ဗျာ.." ရိုတူးက ပြောလိုက်သည်။
" တုန်ပိုရွှယ်ယင်က သူ့ညီလေးနဲ့ ညစာစားခန်းမထဲမှာ တစ်ညလုံး စားရင်းသောက်ရင်း စကားဆိုကြတာတဲ့.. အဲဒါကို အစေခံတွေကလည်း တွေ့ကြတယ်တဲ့.."
" ဒါဆို.. ဘုရားရေ.. လေနက်ချောက်ကြီးထဲကို ပြုတ်ကျတာတောင် အသက်ရှင်နေခဲ့တာပေါ့.."
အိမ်တော်သခင်စစ်အန်းမှာ မယုံနိုင်အောင် ဖြစ်သွားရသည်။
" ဒါက.. ဒါက.."
အရင်တုန်းက သူ့မှာ ဝမ်းနည်းခံစားခဲ့ရသည်။ အရမ်းကို ထူးခြားလွန်းသည့် လူငယ်တစ်ဦးကို သူသိခဲ့ရသည်။ ထို့နောက်မှာ ထိုလူငယ်က အမြင့်ကနေ ပြုတ်ကျသွားခဲ့ရသည်။ ထိုကိစ္စကြောင့် သူ့မှာ အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ရသည်။
သို့သော် ခြောက်နှစ်အကြာမှာ တုန်ပိုရွှယ်ယင်က တကယ်ပဲ ပြန်လာခဲ့သည်လား..
" အထက်ကလူတွေကို ဒီသတင်း အကြောင်းကြားပေးရမလား.." ရိုတူးက သူ့ကို လှမ်းမေးလိုက်သည်။
" ဟုတ်တယ်.. သတင်းကို အကြောင်းကြားလိုက်.." အိမ်တော်သခင်စစ်အန်းမှာ လန့်နိုးသွားသလို ဖြစ်သွားသည်။ သူက ချက်ချင်းပဲ အမိန့်ပေးလိုက်သည်။
" ငါ အခုပဲ သတင်းပို့လိုက်မယ်.. ပြီးတော့ ငါ့အတွက် မြင်းတွေ ပြင်ထားလိုက်.. အခု ချက်ချင်း နှင်းကျောက်ရဲတိုက်ကို သွားမယ်.. တစ်ယောက်ယောက်ကို မြို့တံခါးသွားဖွင့်ခိုင်းထားလိုက်တော့.. "
အရမ်းကို စောလွန်းနေ၍ မြို့တံခါးက မဖွင့်လောက်သေးပေ။
" ဟုတ်ကဲ့.." ရိုတူးက ချက်ချင်း ဆောင်ရွက်လိုက်သည်။
နဂါးတောင်အိမ်တော်တွင် သူတို့၏ သတင်းအချက်အလက် ပို့ဆောင်ရေးလမ်းများ ရှိသည်။
အိမ်တော်သခင်စစ်အန်းသည် ထိုသတင်းအား ချက်ချင်း အထက်သို့ ပို့လိုက်သည်။ ထိုသတင်းကြောင့် မည်မျှ အုတ်အုတ်ကျက်ကျက် ဖြစ်သွားနိုင်သလဲဆိုတာကို သူ မတွေးအားပေ။ သို့သော် အစားစားသွားဖို့ကိုတော့ မမေ့ပေ။ မနက်စာကို ပါးစပ်အပြည့် မြန်မြန် သွတ်ထည့်လိုက်ပြီးနောက် အစေခံအချို့နှင့်အတူ နှင်းကျောက်ရဲတိုက်သို့ ခပ်သွက်သွက် သွားသည်။
****
အပိုင်း ( ၈၇ ) သတင်းပေးပို့ခြင်း
မိုးသောက်စ လေအေးတွေက လတ်ဆတ်ပြီး အေးစိမ့်စိမ့် ရှိလှသည်။
ရွှယ်ယင်သည် ရဲတိုက်အရှေ့တံခါးဝကနေ ထွက်လာခဲ့သည်။ တံခါးတွင် စောင့်ကြပ်နေသည့် အစောင့်တပ်သားတို့မှာ စိတ်လှုပ်ရှားစွာဖြင့် ရင်ကို ကော့ကာ နှုတ်ဆက်လိုက်ကြသည်။
" အရှင်သခင်.."
ထိုလူတွေထဲမှ မျက်နှာတော်တော်များများကို ရွှယ်ယင် မှတ်မိသည်။
ရွှယ်ယင်သည် ဦးတည်ချက်မရှိဘဲ တောင်ထိပ်မှာ လှည့်ပတ်ကြည့်သည်။ ကျောက်ကမ်းပါးစွန်းမှာ ရပ်ပြီး အောက်ခြေက လှပေသာ မြင်ကွင်းကျယ်ကို ကြည့်ရှုခံစားသည်။ ရွာငယ်လေးများလည်း ဟိုတစ်ကွက် ဒီတစ်ကွက် ရှိနေသလို ကွေ့ကောက်သွားနေသော အဇူရီမြစ်ကြီးကလည်း ပိုးပဝါြဖူတစ်ထည် ဖြန့်ခင်းထားသလို ဖြန့်ကျက်ရှိနေလေသည်။
ရွှယ်ယင် လေကို ခပ်ပြင်းပြင်း ရှုရှိုက်လိုက်ကာ သန့်ရှင်းလတ်ဆတ်သော လေနုနုလေးကို နှစ်ခြိုက်ခံစားလိုက်၏။ လေနက်နတ်ဘုရားနန်းတော်ထဲက မြေအောက်ခန်းမကြီးမှာ ရှုရှိုက်ခဲ့ရသော လေတွေထက် များစွာ သန့်ရှင်းစင်ကြယ်လေသည်။ ပန်းပွင့်ရနှံ့များနှင့် မိုးသောက်စ မြေသင်းရနံ့ကိုပါ ခံစားမိသည်။
" အရှင်သခင်.." အသံတစ်သံ ထွက်ပေါ်လာသည်။
ရွှယ်ယင်က အနောက်သို့ လှည့်ကြည့်လိုက်သည့်အခါ သူ့ဆီ လာနေသည့် မှော်ဆရာကြီး ပိုင်ယွမ်ကျစ်ကို တွေ့လိုက်သည်။
" မှော်ဆရာကြီး.. " သူ့ညီလေး၏ ဆရာဖြစ်သူကို ရွှယ်ယင်က လေးစားစွာဖြင့် ခေါ်လိုက်သည်။
" အရှင်သခင်ရဲ့ အရှေ့မှာ မှော်ဆရာကြီးလို့ အခေါ်ခံမဝံ့တော့ပါဘူး.." ပိုင်ယွမ်ကျစ်က ကမန်းကတန်း ပြောလိုက်သည်။
ရွှယ်ယင်က အထွတ်အထိပ်အဆင့်သို့ ရောက်သွားမှန်း မသိသေးပေမဲ့ ရှင်းဖန်းယွင်ကိုပင် သတ်နိုင်သည့် အချက်ကြောင့် သူ့အဆင့်က တုန်ပိုရွှယ်ယင်ထက် နိမ့်နေပြီးဆိုတာကို သူ သိလေ၏။
" ဒီအဘိုးကြီး အိုနာကျိုးကန်းကို တကယ်ပဲ စဥ်းစားပေးမယ်ဆိုရင် မှော်ဆရာ ပိုင်ယွမ်ကျစ်လို့ပဲ ခေါ်ပေးပါ.. "
ရွှယ်ယင်လည်း ညင်သာစွာနဲ့ပဲ ခေါင်းညိတ်လိုက်သည်။
" ညကတည်းက ရောက်နေတယ်ဆိုတာ သိနေခဲ့ပါတယ်.. ဒါပေမဲ့ နောက်ကျနေလို့ လာပြီး အနှောင့်အယှက် မပေးရဲတော့လို့ပါ.." ပိုင်ယွမ်ကျစ်က ရယ်မောရင်း ဆိုလိုက်သည်။
" ဂုဏ်ယူပါတယ်.. လေနက်ချောက်ကြီးကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်လို့ ဂုဏ်ယူပါတယ်.. လေနက်ချောက်ကြီးဆိုတာ ဟိုအရင်ကတည်းက စာအုပ်တွေထဲမှာ အန္တရာယ်ကြီးတဲ့ နေရာလို့ ရေးမှတ်ထားကြတာပဲ.. ဒဏ္ဍာရီအဆင့်တစ်ယောက်မှ အသက်ရှင်လျက် ပြန်မထွက်လာနိုင်ဘူးလို့ ဆိုကြတယ်.. အရှင်သခင်ကပဲ ပထမဆုံး ထွက်လာနိုင်သူ ဖြစ်လိမ့်မယ်.."
" ဟုတ်လား.." ရွှယ်ယင်က ဘာမှတော့ ထပ်မပြောတော့ပေ။
သူသည် အထွတ်အထိပ်အဆင့် ဖြစ်နေချေပြီ။ သူ ကိုယ်တွေ့ ကြုံခဲ့လာခဲ့ပြီး၍ ဒဏ္ဍာရီအဆင့်လောက်ဖြင့် ထိုနေရာမှ ထွက်လာနိုင်ဖို့ဟာ အလွန်ပင် ခက်ခဲသည်ကို ကောင်းကောင်း သိလေသည်။
" သြော်.. ဂျိရုံနဲ့ ရိုယွဲ့တို့ ဘာတွေ ဖြစ်သွားကြသေးလဲ.." ဟူ၍ ရွှယ်ယင်က မေးမြန်းလိုက်သည်။
သူ့ညီငယ်တို့နှင့် တစ်ညလုံး စကားပြောခဲ့ကြသော်လည်း ဂျိရုံအကြောင်းကို လုံးဝ မမေးခဲ့ပေ။ သူမက ညီလေး၏ ရည်စားဟောင်း ဖြစ်ခဲ့ဖူးသည်မဟုတ်လား။
" အရှင်သခင်က ပြန်ရောက်လာပြီးကတည်းက သတင်းမရထားဘူးနဲ့ တူတယ်.."
ပိုင်ယွမ်ကျစ်က အသက်ပြင်းချလိုက်သည်။
" ဂျိရုံက နတ်ဆိုးဘုရားယုံကြည်သူတစ်ယောက် ဖြစ်နေတယ်ဆိုတာ မထင်ထားခဲ့ဘူး.. အိမ်တော်သခင်စစ်အန်းက သေချာ လေ့လာစုံစမ်းတော့မှပဲ သိခဲ့ရတာ"
" နတ်ဆိုးဘုရားယုံကြည်သူ.."
ရွှယ်ယင် ခေါင်းညိတ်လိုက်သည်။ နဂါးတောင်အိမ်တော်၏ စုံစမ်းဖော်ထုတ်နိုင်သည့် စွမ်းရည်တို့က တကယ့်ကို အံ့မခန်းစရာပေ။
" ခုံရိုယွဲ့ကတော့ အရှင်သခင်က လေနက်ချောက်ကြီးထဲ ကျလို့ နှစ်တစ်ဝက်လောက်မှာ မှော်ဆရာစစ်ချန်နဲ့အတူ အဇူရီမြစ်မြို့တော်ကို လိုက်သွားခဲ့ပါတယ်.. "
ရွှယ်ယင်၏ အမူအရာကို အကဲခတ်လိုက်ပြီးနောက် မှော်ဆရာပိုင်ယွမ်ကျစ်က ဆက်ပြောလေသည်။ သူကလည်း အတွေ့အကြုံများပြီး ပညာရှိသည့် လူတစ်ယောက် ဖြစ်ရာ ခုံရိုယွဲ့၊ စစ်ချန်နှင့် တုန်ပိုရွှယ်ယင်တို့ ကြားထဲက ဆက်ဆံရေးက ရှေးမဆွခင်ကတည်းက ရိပ်မိနေခဲ့ပြီးသား ဖြစ်၏။
သို့သော် ရွှယ်ယင်က ရယ်မောလိုက်ကာ.. " ဦးနှောက်သိပ်ကောင်းတာပဲ.." ဟု ပြောလိုက်လေသည်။
အခုချိန်မှာ သူဟာ ဘယ်ကိစ္စကိုမဆို ပေါ့ပေါ့ပါးပါးပဲ သဘောထားရှိနေပြီး ဖြစ်ကာ ခုံရိုယွဲ့ကိုလည်း များစွာ မုန်းတီးခြင်း မရှိတော့ပေ။ သူမဟာ အခွင့်အရေးသမားဟူ၍သာ စိတ်ထဲ တွေးလိုက်မိသည်။ ယခုအချိန်မှာ သူမဟာ စစ်ကလန်ထဲ ဝင်ရောက်နေလောက်ပါပြီ။
ခွပ်.. ခွပ်.. ခွပ်..
မြေပြင်ကြီးက တသိမ့်သိမ့် တုန်ခါသွားသည်။ ရွှယ်ယင်တို့လည်း အသံလာရာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။ အဝေးက တောင်ကုန်းလမ်းတွင် မြင်းစီးသူရဲအုပ်စုတစ်စုက လျင်မြန်စွာဖြင့် သူ့ဆီကို လာနေသည်ကို မြင်လိုက်ရသည်။ အရှေ့က ခေါင်းဆောင်မှာ အိမ်တော်သခင်စစ်အန်းမှလွဲ၍ မည်သူ ရှိတော့မည်နည်း။
" အိမ်တော်သခင်စစ်အန်းပဲ.." ပိုင်ယွမ်ကျစ်က ပြောလိုက်သည်။
" အစောကြီးပဲ ရှိသေးတယ်.. သူက ဒီကို ရောက်လာနေပြီ.. ကြည့်ရတာ အိမ်တော်သခင်စစ်အန်းက မိုးမလင်းခင်ကတည်းက ရီရွှေမြို့ကနေ ထွက်လာတာပဲ ဖြစ်ရမယ်.. သူ့မှာ အရေးတကြီးကိစ္စ ရှိပါလိမ့်မယ်.. ကျုပ်လည်း သွားရတော့မယ်.. "
ထိုသို့ ပြောလိုက်ပြီးနောက ပိုင်ယွမ်ကျစ်က ပြုံးလိုက်ကာ အနောက်လှည့်ထွက်သွားသည်။
အဝေးက အိမ်တော်သခင်စစ်အန်းလည်း တုန်ပိုရွှယ်ယင်က တောင်အစွန်းအဖျားမှာ ရပ်နေတာကို မြင်လိုက်ရသည်။ ထို့ကြောင့် သူလည်း အရှိန်မလျှော့ဘဲ ရွှယ်ယင် ရှိနေရာသို့ မြင်းစီးလာခဲ့သည်။
" ဟီ..ဟီ.. " မြင်း၏ ရှေ့ခြေအစုံက အပေါ်သို့ မြှောက်တက်သွားပြီး ရပ်တန့်သွားသည်။
" အရှင်တုန်ပို.." စစ်အန်းမှာ ပျော်မြူးသည့် အမူအရာ ရှိနေသည်။
" ပြန်ရောက်လာပြီးလို့ ကြားလိုက်ရတော့ စစချင်းမှာ မယုံရဲဘူး ဖြစ်နေတယ်.. အခုတော့ အံ့သြစရာပါပဲလား.. တကယ့်ကို အံ့သြဖွယ်ရာပဲ.. ဒီသတင်းကို အထက်ကို အကြောင်းကြားထားပြီးပြီ.. သိပ်မကြာခင်မှာပဲ အထွတ်အထိပ်အဆင့်တွေ ရောက်လာပြီးတော့ သူတို့ရဲ့ အထွတ်အထိပ်အုပ်စုထဲကို ဝင်ဖို့ ဖိတ်ခေါ်ကြလိမ့်မယ်.."
နဂါးတောင်အိမ်တော်၏ အဆင့်မှတ်တမ်းစာအုပ်တွင် ထိပ်ဆုံး အယောက် ၃၀၀၀ ထဲမှာ ပါဝင်ကြသူတို့သည် ကျင့်ကြံခြင်းတို့နှင့် ထိုက်တန်သူများ ဖြစ်ကြပြီး အထွတ်အထိပ်အဆင့်တို့ကလည်း သူတို့အား လေ့ကျင့်ပေးဖို့ စိတ်ဝင်စားကြသည်။
အထူးတလည် လေ့ကျင့်သင်ကြားပေးပေမဲ့ အထွတ်အထိပ်အဆင့်သို့ ရောက်လာနိုင်သူတို့က အနည်းအကျဥ်းမျှသာ ရှိသည်။ စစ်လျောင်ဟုံ၊ ရှင်းဖန်းယွင်နှင့် တခြားသော ဒဏ္ဍာရီအဆင့်တို့သည် အထွတ်အထိပ်အဖွဲ့ကြီးများထဲသို့ ဝင်ရောက်ခဲ့ကြပေမဲ့ သူတို့ဟာ အထွတ်အထိပ်အဆင့်ကို မရောက်နိုင်ခဲ့ကြသည်။
" ဟုတ်လား.." ရွှယ်ယင် မျက်မှောင်ကြုတ်လိုက်သည်။
" ကျုပ်မိဘတွေကို သွားခေါ်ဖို့ ယုမိုပြည်နယ်ကို ခရီးထွက်ရဦးမယ်.. သခင်စစ်အန်းပြောတာက အထွတ်အထိပ်တွေ လာကြမယ်ဆိုတော့ သူတို့က ဘယ်အချိန်လောက် ရောက်ကြမှာလဲ.."
" အရှင်တုန်ပို... မသွားပါနဲ့.. နှင်းကျောက်ရဲတိုက်မှာပဲ နေတာက ပိုကောင်းပါလိမ့်မယ်.. ကျုပ်တို့ နဂါးတောင်အိမ်တော်ရဲ့ စာပို့စနစ်က အရမ်းကို လျင်မြန်တာ.. နောက်ထပ် တစ်ရက် နှစ်ရက်နေရင် အထွတ်အထိပ်တွေ လာတော့မယ်လို့ ကျုပ် ယုံကြည်တယ်.." ဟူ၍ သခင်စစ်အန်းက ပြောလိုက်သည်။
အထွတ်အထိပ်အဆင့် ပညာရှင်တွေက ဤနေရာကို ငန်းရိုင်းဖမ်းသလို အပြေးအရောက်လာခဲ့ရင် ဘယ်လိုဟာသမျိုး ဖြစ်လိမ့်လေမလဲ။
သို့သော် ရွှယ်ယင်က ခေါင်းကို အသာညိတ်လိုက်ကာ..
" တစ်ရက်၊ နှစ်ရက်လား.. ဒါဆို အချိန်လောက်ပါတယ်.. ကျုပ်က အခုပဲ ယုမိုပြည်နယ်ထဲက ယွီယွီစီရင်စုနယ်မြေထဲကို သွားရတော့မယ်.. ညနေ နေမစောင်းခင် အရောက် ပြန်လာခဲ့မယ်.."
" ဟမ်.. မင်း.. မင်းက.. " စစ်အန်းက ငေးကြောင်ကြည့်မိသွားသည်။
" နေမစောင်းခင်.. ပြန်လာမယ်. ဟုတ်လား.."
အန်းယန်ပြည်နယ်နှင့် ယုမိုပြည်နယ်..။ ဒီအတိုင်း သွားရင်တောင် လမ်းတွေက ကွေ့ကွေ့ကောက်ကောက်နှင့် ကီလိုမီတာ သောင်းချီ ဝေးကွာနေလိမ့်မည်။ ဒါကိုတောင် နေမစောင်းခင် အရောက်ပြန်လာခဲ့မယ်တဲ့..
ရွှယ်ယင်က စစ်အန်းအား ပြောလိုက်သည်။
" ဒီကနေ ယုမိုပြည်နယ်ထဲက ယွီယွီစီရင်စုနယ်မြေထဲကို တစ်ဖြောင့်တည်း ပျံသွားရင် ကီလိုမီတာ ၄သောင်းလောက်ပဲ ဝေးလိမ့်မယ်.."
" ဒါပေမဲ့ အသွားအပြန်ဆိုရင် ကီလိုမီတာ ၈သောင်းလောက် ရှိလိမ့်မယ်.. ထိပ်တန်းအဆင့် သန့်စင်မှော်ယာဥ်ပျံနဲ့ အမြန်ဆုံး ပျံသန်းသွားမယ်ဆိုရင် တစ်နာရီကို ကီလိုမီတာ ၂၅၀၀ လောက်ပဲ ရမယ်.. ၁၂ နာရီ ကြာရင် ကီလိုမီတာ ၃သောင်းပဲ ရှိနေဦးမယ်.. ဟိုနေရာကိုတောင် ရောက်ဦးမှာ မဟုတ်သေးဘူး.. " သခင်စစ်အန်းသည် အတော်လေး စိတ်ရှုပ်ထွေးသွားသည်။
" မဟုတ်ဘူး ငါပြောတာက အဲဒီကို ငါ ပျံသွားမယ်လို့ ပြောတာ.. "
အိမ်တော်သခင်စစ်အန်းမှာ အံ့သြမှင်သက်သွားသည်။ ရွှယ်ယင်ကို ကြည့်နေသည့် သူ့မျက်ဝန်းတွင် သံသယအရိပ်တို့ ဖြစ်ပေါ်လာသည်။
" အရှင်တုန်ပိုက.. ဟိုအဆင့်ကို.. ရောက်..ရောက်.."
ဝုန်း... ရွှယ်ယင်၏ ကိုယ်ပေါ်တွင် မီးလျှံကဲ့သို့ ချီစွမ်းအင်များက အလွှာတစ်ခုလို ထွက်ပေါ်လာခဲ့သည်။ ထိုအရာမှ ထွက်ပေါ်လာသော မမြင်ရသည့် ဖိအားကြောင့် အိမ်တော်သခင်စစ်အန်းမှာ အသက်ရှုရသည်ပင် ခက်ခဲလာသည်။
" အခု ယုံပြီးလား.. " ရွှယ်ယင်က သူ့အား ကြည့်၍ မေးလိုက်သည်။၏
" ယုံပါပြီ.."
သို့သော် သူ့စိတ်ထဲမှာ မူးနောက်နေသလို ခံစားနေရသည်။ တုန်ပိုရွှယ်ယင်က အသက် ၂၈ နှစ်သာ ရှိနေသည်။ သို့သော် အထွတ်အထိပ်အဆင့်ကို ရောက်နေပြီးလား။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်အတွင်းက အလွန်ထူးချွန်လှသော အဆုံးမဲ့လေပြေသူရဲကောင်း ဖြစ်သည့် ချီချိုးပိုင်တစ်ယောက်သာ သူ့ကို ယှဥ်၍ ရနိုင်မည်။ ချီချိုးပိုင်ဆိုသူကလည်း အန်းယန်ပြည်နယ်တစ်ခုလုံး၏ နံပါတ်တစ် ပညာရှင်တစ်ဦး ဖြစ်သည်။ အင်အားစု အသီးသီးကလည်း ချီချိုးပိုင်က နံပါတ်တစ် ပညာရှင်တစ်ပါး ဖြစ်လာခဲ့သည်ကို အလွန်မျှော်လင့်ခဲ့ကြသည်။
ဥပမာအားဖြင့် လေနက်နတ်ဘုရားနန်းတော်က ကာကွယ်စောင့်ကြပ်သူအချို့မှာ ချီချိုးပိုင်အပေါ် အရမ်း မျှော်လင့်ထားကြသည်။ ထိုနေရာက အစည်းအတားတွေကို ချိုးဖောက်နိုင်လိမ့်မည်ဟု သူ့အပေါ် ယုံကြည်ထားကြသည်။
"နယ်မြေအရှင်သခင် တုန်ပို.. အရှင်တုန်ပို.." ဟု ပြောင်းခေါ်လိုက်သည်။
အိမ်တော်သခင်စစ်အန်းသည် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။ နယ်စွန်နယ်ဖျားမှာ ရှိနေသည့် နဂါးတောင်အိမ်တော်၏ အကြီးအကဲတစ်ဦးအနေဖြင့် အထွတ်အထိပ်အဆင့် တစ်ယောက်ကို အဘယ်ကဲ့သို့ မခန့်လေးစား ပြုရဲမည်နည်း။ စစ်ကလန် သို့မဟုတ် မိုယန်ကလန်တို့ကပင် သူတို့၏ အင်အားဖြင့် သူ့အား ခြိမ်းခြောက်နိုင်သေးသည်။ သို့သော် အထွတ်အထိပ်အဆင့် အစစ်အမှန်တစ်ယောက်၏ အရှေ့တွင် သူတို့လည်း ဖိမ့်ဖိမ့်တုန် ကြောက်ကြရမည်သာ။ သူတို့နှစ်ယောက်၏ အဆင့်ကွာခြားချက်ကို အလွယ်ဖြင့် စဥ်းစားကြည့်နိုင်၏။
" ကျုပ် အသက် ၁၅ နှစ်ကတည်းက ခင်ဗျားကို သိလာခဲ့တာပါ.. " ရွှယ်ယင်က ပြုံးလျက် ပြောလိုက်သည်။
" အဲ့လောက်အထိလည်း မနှိမ့်ချလိုက်ပါနဲ့.."
" ဟုတ်ကဲ့.. ဟုတ်ကဲ့.. "
အိမ်တော်သခင်စစ်အန်းသည် အတော်လေး ပျာယာခတ်နေသည်။ သူ အုပ်ချုပ်ကြည့်ရှုရသည့် နယ်မြေထဲမှာ အထွတ်အထိပ်အဆင့်တစ်ယောက် ထွက်ပေါ်လာခဲ့သည် မဟုတ်လား။ ထိုကိစ္စမျိုးက တခြားသော နေရာက နဂါးတောင်အိမ်တော်သခင်တွေမှာ မဖြစ်ခဲ့ဖူးသည့် ကိစ္စ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အများစုမှာ ဒဏ္ဍာရီအဆင့်ကတည်းက အထွတ်အထိပ်အဖွဲ့တွေထဲကို ဝင်ထားကြပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ယခုတွင် အထွတ်အထိပ်အဆင့်တစ်ယောက် ရုတ်တရက်ကြီး ထွက်ပေါ်လာတာကို သူအနေဖြင့် သတင်းပို့ရတော့မည်။
" ဒီကိစ္စကို အခုပဲ သတင်းပို့လိုက်တော့မယ်.. ဒီသတင်းက အရမ်းကို ထူးခြားတယ်.."
အိမ်တော်သခင်စစ်အန်းက ပျော်မြူးစွာဖြင့် ပြောလိုက်သည်။
" အရှင်တုန်ပို.. မကြာမီမှာ နတ်ဆိုးဂိုဏ်း.. ၊ မှော်ဆရာနန်းတော် စတဲ့ အထွတ်အထိပ်အဖွဲ့ကြီး ၆ ဖွဲ့ကနေ ကိုယ်စားလှယ်တွေ စေလွှတ်လာတော့မယ်လို့ ကျုပ် ယုံကြည်တယ်.. "
ထိုသို့ ပြောလိုက်ပြီးနောက် သခင်စစ်အန်းက သူ့လက်ကို ဖြန့်ထုတ်လိုက်သည်။ လက်ဝါးပြင်ထက်တွင် လေးထောင့်မကျတကျ သလင်းကျောက်ပြားတစ်ပြားက ထွက်ပေါ်လာသည်။ အိမ်တော်သခင်စစ်အန်းက ချက်ချင်းပဲ ထိုသလင်းကျောက်ပြားပေါ်မှာ စာလုံးအချို့ကို ထွင်းရေးလိုက်သည်။
ရွှယ်ယင်ကလည်း စိတ်ဝင်တစားဖြင့် ကြည့်လိုက်သည်။
ထိုသလင်းကျောက်ပြားက အဆင့်နိမ့်ဆုံး သတင်းပို့သည့် သန့်စင်ပစ္စည်း ဖြစ်ပြီး အဇူရီမြစ်စီရင်စုမြို့တော်အက နဂါးတောင်အိမ်တော်အထိ သတင်ပို့နိုင်သည်။
အထွတ်အထိပ်တွေအတွက်က သတင်းပို့သလင်းကျောက်ပြားကို အသုံးပြု၍ သတင်းပို့ချက်ထဲမှာ သူတို့၏ စိတ်အာရုံကိုပါ ထည့်သွင်းနိုင်သည်။ မိုးမြေအောက်က နေရာတိုင်းလိုလိုကိုပင် ပို့ပေးနိုင်သည်။
" သတင်းကို ပို့လိုက်ပြီး.." သတင်းပို့သည့် ခလုတ်ကို နှိပ်သည့်အခါမှာ အိမ်တော်သခင်စစ်အန်း၏ လက်ချောင်းတွေက တုန်ယင်နေပေသည်။ ထို့နောက်မှာ သူ့က ရွှယ်ယင်အား ခေါင်းမော့ကြည့်လိုက်သည်။
"ဒုက္ခပေးလိုက်ရလို့ တောင်းပန်ပါတယ်.." ရွှယ်ယင်က ပြောလိုက်သည်။
" ဒါက ကျုပ်အလုပ်ပါ.." အိမ်တော်သခင်စစ်အန်းက ရယ်လျက် ပြောလိုက်သည်။
" ပြီးတော့ ကျုပ်က စိတ်ရင်းနဲ့ပါ.. အရှင်တုန်ပိုရဲ့ အရေးကိစ္စမှန်သမျှက အရမ်းကို အရေးကြီးပါတယ်.. ဒီသတင်းက အထွတ်အထိပ်အဖွဲ့အစည်းရဲ့ ထိပ်ပိုင်းကိုတောင် ရောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်.. နည်းနည်း နောက်ကျသွားမှာကိုတောင် စိုးရိမ်နေမိတယ်.. နောက်ထပ် တစ်ရက် နှစ်ရက်ကျရင် သွေးစွန်းအရက်ဆိုင်နဲ့ မြေကမ္ဘာနတ်ဘုရားကျောင်းကို ရောက်ပါလိမ့်မယ်.. တခြားအဖွဲ့ကြီးတွေကိုတော့ ရောက်ဖို့ နည်းနည်း နောက်ကျပါလိမ့်မယ်.. အခုက အထွတ်အထိပ်အသစ်တစ်ယောက်အနေနဲ့ တခြားအထွတ်အထိပ်အဖွဲ့တွေကလည်း တကူးတက လာရောက်ဖိတ်ခေါ်ပါလိမ့်မယ်.."
ရွှယ်ယင်ကလည်း အသာအယာ ခေါင်းညိတ်လိုက်သည်။
ဒါဟာ အစောကြီးကတည်းက သူ တွေးထားပြီးသားပါ။ မျောက်နှင့် ငှက်ကလေးတို့နှင့် စကားပြောခဲ့ဖူးကတည်းက အထွတ်အထိပ်အဆင့်အဖွဲ့အစည်းအကြောင်းကို သူ တော်တော်လေး သဘောပေါက်နေခဲ့ပါပြီ။
ထို့ကြောင့်လည်း သူ အထွတ်အထိပ်အဆင့်ကို ရောက်တဲ့အကြောင်းအား သခင်စစ်အန်းအား ပေးသိစေလိုက်ခြင်း ဖြစ်ပြီး သူ့အား သတင်းပို့ခွင့် ပြုရခြင်း ဖြစ်သည်။ ထိုမှသာ တခြားသော အထွတ်အထိပ်အဖွဲ့အစည်းတွေကလည်း သူ့အား လာရောက်ဖိတ်ခေါ်ပါလိမ့်မည်။ ကျင့်ကြံခြင်းလမ်းစဥ်တွင် ပြင်ပအရင်းအမြစ်တို့ကလည်း အရေးကြီးပါသေးသည်။ ရွေးချယ်စရာများလာလေ ကောင်းလေပင်။
" အခုတော့ ယုမိုပြည်နယ်က မိုယန်ကလန်ကို အရင်သွားလိုက်ဦးမယ်.. ပြီးရင် ပြန်လာပြီးတော့ တခြားအထွတ်အထိပ်တွေ လာမှာကို စောင့်နေလိုက်မယ်.."
စကားပြောလိုက်ပြီးသည်နှင့် ရွှစ်ခနဲ သူဟာ မီးလျှံအသွင် ပြောင်းလဲသွားပြီး ကောင်းကင်ထက်သို့ ပျံထွက်သွားသည်။ တစ်ခဏအတွင်းမှာပဲ အိမ်တော်သခင်စစ်အန်းဟာ သူ့ကို မမြင်ရတော့ပေ။ အိမ်တော်သခင်စစ်အန်းသည် အပေါ်မော့ကြည့်ရင်း ငေးကြောင်နေဆဲပင်။ သူဟာ တိုးတိုးလေးဖြင့် ရေရွတ်မြည်တမ်းလိုက်မိသည်။
"ငါတို့ ရီရွှေမြို့မှာ အထွတ်အထိပ်အဆင့်တစ်ယောက် တကယ်ပဲ ထွက်ပေါ်လာခဲ့ပြီလား.."
***
ဟူ..
တိမ်ထုကြားထဲမှာ ဥက္ကာပျံတစ်ခုအလား မီးတန်းတစ်ခုက လျင်မြန်သော အဟုန်ဖြင့် ဖြတ်သန်းသွားနေသည်။ မနက်အစောပိုင်းအချိန်ကတည်းက ထွက်လာခဲ့ပြီး ဖြစ်ကာ နောက် နှစ်နာရီအကြာတွင် နေ့လည်အချိန်ပင် ရောက်နေခဲ့၏။ တုန်ပိုရွှယ်ယင်သည် ယုမိုပြည်နယ်က ယွီယွီစီရင်စုနယ်မြေ၏ အရှေ့ဘက်အပိုင်းက မိုးကြိုးဒီရေကမ်းခြေသို့ ရောက်နေလေပြီ။
" အမေ.." လေထဲက မီးလျှံသည် အနက်ရောင်လူငယ်တစ်ဦးအသွင်သို့ ပြန်လည် ပေါင်းစည်းသွားသည်။ သူသည် အောက်သို့ ငုံ့ကြည့်ကာ အောက်ဘက်သို့ လောကစွမ်းအင်ဖြင့် ဖြန့်ကျက်ကြည့်လိုက်သည်။
အပိုင်း (၈၈) သားအမိနှစ်ဦး ဆုံတွေ့ခြင်း
ရွှယ်ယင်သည် စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်အခါတွင် သူ့မျက်နှာကအမူအရာက ပြောင်းလဲသွားသည်။
ရွှစ်..
မိုးကြိုးဒီရေကမ်းခြေ၏ အလယ်နေရာတွင်ရှိ လိုဏ်ဂူတစ်လုံး၏ အရှေ့က ထူထဲလေးလံသော တံခါးအရှေ့သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ ရွှယ်ယင်က သော့ခလောက်ကြီးကို ဆုပ်ကိုင်ပြီး အနည်းငယ် လှုပ်ခါလိုက်သည်။
ချွင်း..
ဒဏ္ဍာရီအဆင့်တို့က ထိုသော့ခလောက်ကို ဖျက်ဆီးရုံမျှသာ တတ်စွမ်းနိုင်မည်။ သို့သော် ရွှယ်ယင်မှာ သော့ခလောက်ကို လက်ထဲတွင် အမှုန့်ပင် ခြေပစ်လိုက်သည်။
ကလန်း.. ရွှယ်ယင်က တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သည်။
မည်းမှောင်စိုထိုင်းနေသာ လိုဏ်ဂူထဲတွင် ဆံပင်အဖြူရောင်နှင့် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုက ထောင့်နားလေးမှာ ငြိမ်သက်စွာ ထိုင်နေလျက် ရှိသည်။ ၎င်းလိုဏ်ဂူက ပင်လယ်အနားမှာ တည်ရှိနေခြင်းကြောင့် တိုက်ခတ်လာသည့် လေတို့မှာ စိုထိုင်းဆ များလေသည်။ အစပထမတွင် မိုယန်ယုက သူမ၏ မှော်အစွမ်းဖြင့် စိုထိုင်းထိုင်းဖြစ်နေတာကို ဖယ်ရှားခဲ့ပါသော်လည်း ယခုမှာ ဂူအထဲက အခြေအနေမှာ ဆိုးဝါးနေလေသည်။
ဝုန်း.. ဝရုန်း.. ပင်လယ်ရေလှိုင်းများကလည်း မနားတမ်း ရိုက်ပုတ်နေလေသည်။
သူ့အရှေ့က ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးကို ကြည့်ပြီး ရွှယ်ယင်၏ ရင်ထဲတွင် လှုပ်ခါလာခဲ့သည်။
သူ ငယ်စဥ်တုန်းက သူ့အမေဟာ လှပပြီး ကျက်သရေ ရှိလှသည်။
သို့သော် အခု သူ့အရှေ့က အမျိုးသမီးမှာ ဆံပင်တွေက ဖြူနေပြီး ရှုပ်ပွေနေလျက် ရှိသည်။ သူမ၏ အမူအရာက ငိုင်တိုင်တိုင်ဖြင့် ဝတ်ဆင်ထားသည့် ခရမ်းရောင်ဝတ်ရုံမှာလည်း ညစ်ပေနွမ်းလျက် ရှိသည်။ သူမ၏ ခန္ဓာကိုယ်မှ မည်သည့် မှော်အငွေ့အသက်မှလည် မထွက်ရှိနေချေ။ လုံးဝ သာမန်လူတစ်ဦးကဲ့သို့ ဖြစ်နေလေပြီ။
ရွှယ်ယင်၏ မျက်လုံးမှာ မသိလိုက်မိဘဲ စိုစွတ်လာခဲ့သည်။
ရွှယ်ယင်သည် သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမ၏ လက်ကား အတော်ပင် ကြမ်းတမ်းလေ၏။
" အမေ.." ရွှယ်ယင်က တိုးတိတ်စွာ ခေါ်လိုက်သည်။
ဆံပင်ဖွေးဖွေးနှင့် ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီသည် အနောက်လှည့်၍ ကြည့်လိုက်သည်။ သူမ၏ အရှေ့မှာ အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးကို မြင်လိုက်ရ၍ အနည်းငယ် ကြောင်အမ်းသွားသည်။
သူတို့ လင်မယား ခေါ်ဆောင်သွားကတည်းက တုန်ပိုရွှယ်ယင်မှာ အသက် ၈ နှစ်သာ ရှိနေခဲ့သည်မဟုတ်လား။
" ရွှယ်ယင်လေ.. အမေ့သား တုန်ပိုရွှယ်ယင်ပါ.. " သူ့အသံက အနည်းငယ် တုန်ခါနေသည်။
" ရွှယ်ယင်.. " မိုယန်ယုမှာ ခေါင်းကို ခပ်လေးလေး ခါယမ်းလိုက်သည်။
" သားက တကယ့် ရွှယ်ယင်ပါ.. သားမျက်နှာကို ကြည့်ပါဦး.. ဒီမှာ အမှတ်တစ်ခုတောင် ရှိတယ်လေ.. "
ရွှယ်ယင်က သူ့မျက်လုံးအောက်ကို ထိုးပြလိုက်သည်။ အမှတ်က တကယ်ပဲ သေးသေးမှိန်မှိန်သာ ရှိသည်။ တခြားလူတွေက သတိပြုမိမှာ မဟုတ်ချေ။ သေချာ ဂရုတစိုက်ကြည့်မှသာ တွေ့နိုင်မည်။
မိုယန်ယု၏ မျက်ဝန်းတို့က တောက်ပလာဟန် ရှိသည်။ သူမက ရွှယ်ယင်၏ မျက်နှာကို သေချာစွာ ဂရုတစိုက် ကြည့်လိုက်သည်။
မျက်လုံး..၊ နှာခေါင်း..၊ နားရွက်.. မိခင်ဟူသည် သူတို့၏ သွေးသားရင်းကို သိလေသည်။
အသက် ၈ နှစ်အရွယ် ရွှယ်ယင်လေးမှာ သူမ၏အရှေ့က လူငယ်နှင့် ဆင်တူလေသည်။ ထပ်ပြီး သေချာ ကြည့်လိုက်မိသည့်အခါမှာ သူ့အဖေ တုန်ပိုလီနှင့် ခပ်ဆင်ဆင် ဖြစ်လာသည်။
မိုယန်ယု၏ တုန်ခါနေသော လက်သည် ရွှယ်ယင်၏ ခေါင်းကို ပွတ်သပ်ပြီး သူမ၏ မျက်ဝန်းတို့ကလည်း နီမြန်းလာကာ မျက်ရည်များ ပါးပြင်ထက်သို့ ယိုစီးကျလာသည်။
" ရွှယ်ယင်.. သားလား.. သား.. သားက တကယ်ပဲ မသေခဲ့ဘူးလား.. "
မိုယန်ယုမှာ စိတ်လှုပ်ရှားလာခဲ့သည်။
" သား မသေပါဘူး.. အမေ့သားက လေနက်ချောက်ကြီးထဲကို ကျသွားပေမဲ့ အသက်ရှင်ခဲ့ပါတယ်.."
ရွှယ်ယင်လည်း ငိုမိတော့သည်။ သားအမိနှစ်ယောက်၏ စိတ်ခံစားချက်ကို ဖော်ပြညွန်းဆိုဖို့ စကားလုံးပင် ရှာမရခဲ့။
ထိုအခိုက်တွင် အစောင့်ခပ်ဆိုးဆိုးတစ်ယောက်က မိုယန်ယု၏ ဂူဘက်ခြမ်းကို လမ်းလျှောက်လာနေရင်း ရေရွတ်လိုက်သည်။
" မှော်ဆရာပြောတာက မိုယန်ယုရဲ့ အကျဥ်းတံခါးက ပွင့်သွားတယ်တဲ့.. ဒါပေမဲ့ ဒီအချိန်က အစားစာပို့တဲ့ အချိန်လည်း မဟုတ်ပါဘူး.. ပြီးတော့ ဒီအရူးမကို လာတွေ့တဲ့သူ ရှိတယ်လို့လည်း သတင်းမရဘူး.. ဒီအရူးမက မှော်ပညာပဲ အရူးအမူး ကျင့်ပြီးတော့ သူ့အစ်ကို မိုယန်ချမ်ကိုတောင် လျစ်လျူရှုထားခဲ့တာ.. ဘယ်သူက သူ့ကို လာတွေ့တာပါလိမ့်.."
ထိုအစောင့်က ဂူအပေါက်ဝသို့ လျင်မြန်စွာ ရောက်ရှိလာသည်။
ထူထဲကြီးမားသော တံခါးက တကယ်ပင် ပွင့်လျက်သား ဖြစ်နေသည်။ ထိုအစောင့်က ဂူအတွင်းသို့ ကြည့်လိုက်သည့်အခါမှာ ဆံပင်ဖြူ အမျိုးသမီးနှင့် အနက်ရောင်ဝတ်စုံ လူငယ်တစ်ဦးတို့ အတူတူ ထိုင်နေကြသည်ကို မြင်လိုက်ရသည်။
" ဟေ့.. မင်းက ဘယ်သူလဲ.. ဒီအထဲ ဝင်ဖို့ မင်းကို ဘယ်သူ ခွင့်ပြုထားလဲ.."
အစောင့်က အော်ဟစ် မေးလိုက်သည်။
ရွှယ်ယင်က သူ့အမေနှင့် စကားပြောနေအချိန် ဖြစ်သည်။ အမေဖြစ်သူ၏ အခြေအနေ ဆိုးရွားနေပုံကို ကြည့်ပြီး သူဟာ ဒေါသထွက်နေခဲ့ပြီးသားပါ။ ထိုအချိန်မှာ အော်ငေါက်၍ မေးမြန်းလိုက်သည့် အစောင့်ကြောင့် သူ ခေါင်းလှည့်ကြည့်လိုက်သည်။ အေးစက်ပြီး သတ်ဖြတ်လိုသည့် အကြည့်ကလည်း သူ့မျက်ဝန်းကနေ ထွက်ရှိလာသည်။
ဝုန်း.. သူကိုယ်တိုင် မသိလိုက်ဘဲ သူ့စိတ်စွမ်းအားက အပြင်ဘက်သို့ ရိုက်ခတ်သွားသည်။
လောကကြီးနှင့် တစ်သားတည်းအဆင့်သို့ ရောက်ခဲ့သည့်အချိန်မှာ သူ့စိတ်ဝိညာဥ်မှာလည်း တိုးတက်လာခဲ့သေးသည်။ အနန္တဖြစ်တည်ခြင်းအဆင့်မှာ ဉာဏ်အလင်းပွင့်စဥ်အခါမှာလည်း များစွာ တိုးတက်ပြောင်းလဲလာခဲ့ပြီး အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့သည့် အချိန်မှာလည်း ခန္ဓာကိုယ်အသွင်ပြောင်းလဲခြင်းသာ ဖြစ်ပေါ်လာခဲ့ရုံသာမက သူ့စိတ်ဝိညာဥ်တွေပါ လိုက်ပါ ပြောင်းလဲလာခဲ့သည်။
လောကကြီးနှင့် တစ်သားတည်းအဆင့်သို့ ရောက်ခဲ့သည့် အချိန်မှာ သူ့အကြည့်က လူပေါင်းတစ်ထောင် စိုက်ကြည့်နေကြသည်နှင့် ညီမျှသည်။ ထိုအကြည့်ကြောင့် ဖိအားများစွာ ပါဝင်သက်ရောက်စေနိုင်သည်။
အထွတ်အထိပ်လမ်းစဥ်သို့ ရောက်ခဲ့သည့်အချိန်မှာ သူတို့၏ ဖြစ်တည်မှုတစ်ခုလုံးက တိုးတက်ပြောင်းလဲပြီး ကွဲပြားသည့် ဖြစ်တည်မှုအသစ်တစ်ခုသို့ အသွင်ပြောင်းလဲသွားသည်။ ထို့အတူ စိတ်ဝိညာဥ်သည်လည်း ပြောင်းလဲမှု အဖြစ်ဆုံး တစ်ခု ဖြစ်ပြီး နောက်ဆုံးမှာ နတ်ဘုရားအလား ဖြစ်လာခဲ့သည်။
" အား.." အစောင့်၏ အမြင်အာရုံများ မှောင်မိုက်သွားသည်။ သူ့နားနှစ်ဖက်မှာလည်း အူထွက်သွားကာ အသက်ဝိညာဥ်တစ်ခုလုံး ဗြောင်းဆန်သွားမတတ် ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးသည် ပျော့ခွေညွတ်ကျသွားပြီး မိုးကြိုးဒီရေကမ်းခြေကနေ အောက်က ကျောက်တုံးဆီသို့ တည့်တည့် ပြုတ်ကျသွားသည်။
ကံကောင်းထောက်မ၍ သူ့ခန္ဓာကိုယ်က သန်စွမ်းနေလေရာ ပင်လယ်ထဲ ကျွမ်းထိုးကျသော်လည်း သွေးအနည်းငယ်လောက် အန်ထွက်ရုံသာ ရှိခဲ့သည်။ ထိရိုက်မှုကြောင့် သတိပြန်ရလာပြီး အသက်ဘေးကြုံလိုက်ရသည့်အလား ချက်ချင်း ပြေးထွက်သွားသည်။
( ကမ်းခြေဆိုပေမဲ့ ပင်လယ်ထဲက ကမ်းပါးစောက်လို ဖြစ်မယ် ထင်ပါတယ်..)
***
ရွှယ်ယင်သည် အကြည့်တစ်ချက်တည်းဖြင့် အစောင့်အား ပြုတ်ကျစေပြီး မြင်ကွင်းကနေ ပြေးထွက်သွားစေခဲ့သည်။ ပြီးနောက်မှာ သူ့အမေကိုပဲ ပြန်လှည့်ကြည့်နေလိုက်သည်။
ရွှယ်ယင်က အမေဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။
" အမေ.. အမေ့ရဲ့ဆံပင်ကို လျှော်ပေးချင်တယ်.."
" အင်း .. ကောင်းတာပေါ့.. ငါ့ဆံပင်ကလည်း ညစ်ပတ်နေတာ တော်တော် ကြာနေပါပြီ.."
မိုယန်မုမှာ သူမ၏ သားကို ဆက်၍ ကြည့်နေလေသည်။ ရွှယ်ယင်၏ အရှေ့မှ ရှိနေတာကို သူမ မယုံမရဲ ဖြစ်နေဆဲပင် ရှိနေလသည်။
ရွှယ်ယင်က လက်ကို တစ်ချက် လှုပ်လိုက်သည့်အခါမှာ ရွှေရောင်ဇလုံတစ်လုံးက ထွက်ပေါ်လာသည်။ ထိုရွှေရောင်ဇလုံမှာ ရှင်းဖန်းယွင်၏ သိုလှောက်လက်စွပ်ထဲက တိုလီမုတ်စ ပစ္စည်းများထဲက တစ်ခု ဖြစ်သည်။ ရေကလည်း အလိုလို ထွက်ပေါ်လာပြီး ဇလုံထဲကို အမြန် ဖြည့်ပေးလေသည်။
ရွှယ်ယင်သည် မိုယန်ယု၏ မျက်ဝန်းကိုသာ ကြည့်လေသည်။ သူမကလည်း ရေတွေက ထူးခြားဆန်းကျယ်စွာ ထွက်ရှိလာခြင်းကို များစွာ အာရုံစိုက်နေခြင်း မရှိပေ။ သူမဟာ ခေါင်းကို ငုံ့လိုက်ပြီး ရွှယ်ယင်အား သူမ၏ ညစ်ပတ်ပေရေနေသည့် ဆံပင်ကို လျှော်ခွင့်ပေးထားလိုက်သည်။ ရွှယ်ယင်လည်း သေချာဂရုတစိုက်ဖြင့် လျှော်ပေးလိုက်သည်။ သူ့လက်ချောင်းကနေ ရေများ ထွက်ရှိလာကာ မိုယန်ယု၏ ဆံပင်ကြားထဲ အညစ်အကြေးကို တွန်းထုတ်ပေးသည်။ မကြာမီအချိန်မှာပဲ မိုယန်ယု၏ ဆံပင်များက သန့်ရှင်းစင်ကြယ်လာခဲ့သည်။
ဟူ... လောကစွမ်းအင်တို့လည်း ဂူအတွင်း လှည့်ပတ်သွားကာ အရာအားလုံးကို သန့်ရှင်းစင်ကြယ်သွားစေသည်။ မိုယန်ယု ဝတ်ဆင်ထားသည့် ခရမ်းရောင်ဝတ်ရုံမှာ သန့်စင်ဝတ်ရုံ ဖြစ်သည်။ လောကစွမ်းအင်ဖြင့် အနည်းငယ် လှုပ်ခါစေလိုက်သည့်အခါမှာ ချေးညော်ဖုန်မှုန့်များ၊ အစွမ်းအထင်းများ လုံးဝ ပျောက်ကွယ်သွားသည်။
" အမေ.. လာစားပါဦး.."
သစ်သီးများနှင့် မုန့်အချို့တို့က စားပွဲပေါ်တွင် ရောက်ရှိလာသည်။ ထို့အတူ သမုဒ္ဒရာကမ္ဘာကျောက်တုံး၏ စိတ်ဝိညာဥ်ရေတစ်ပုလင်းက ပါပါသည်။ ရွှယ်ယင်က သူ့အမေဆီကို ကမ်းပေးလိုက်သည်။
" အမေ သောက်ကြည့်.. " ရွှယ်ယင်က ဝမ်းသာအားရဖြင့် ပေးလိုက်သည်။
" အင်း.. " မိုယန်ယုက ပြုံးလိုက်ပြီး ခွက်ကို ယူသောက်လိုက်သည်။
တစ်ငုံစာ သောက်လိုက်သည့်အခါတွင် အရောင်အဆင်း မှိန်နေသည့် သူမအသားအရေက တောက်ပလာသည်။ မျက်လုံးတို့က လင်းလက်လာသည်။ သမုဒ္ဒရာကမ္ဘာကျောက်တုံးမှာ ကမ္ဘာငယ်တစ်ခု၏ ရတနာအမြုတေ ဖြစ်၍ အထွတ်အထိပ်အဆင့်တို့၏ အသက်ဝိညာဥ်ကိုပင် အားဖြည့်ပေးနိုင်သည်။ သေမျိုးတို့အပေါ်မှာ ပို၍ပင် အစွမ်းသက်ရောက်သည်။
" ဒါ ဘာရေလဲ.. ငါ့ရဲ့ မှော်အစွမ်းတွေ ပျက်စီးသွားလို့ ဒဏ်ရာရခဲ့တာတောင် နည်းနည်း သက်သာသွားတယ်.."
မိုယန်ယုက အံ့အားသင့်စွာဖြင့် ပြောလိုက်မိသည်။
" ဒါက စိတ်ဝိညာဥ်ရေလေ.. များများသောက်လေ ပိုကောင်းလေပဲ.. အမေ စိတ်ချလက်ချသာ သောက်.."
ရွှယ်ယင်က ထပ်မေးလိုက်သည်။ " အမေ့ရဲ့ မှော်အစွမ်းတွေ ပျက်စီးသွားတယ်ဆိုတာက.. ဘယ်လို ဖြစ်တာလဲ.. အမေက ဥက္ကာပျံအဆင့်ကို ရောက်သွားတယ်လို့ သား ကြားခဲ့တာ.. ဘယ်လိုလုပ်ပြီး မှော်အစွမ်းတွေ ပျက်စီးသွားတာလဲ.. "
ပုံမှန်အားဖြင့် မှော်ဆရာတို့မှာ ဒဏ္ဍာရီအဆင့်ကို မရောက်မချင်း စိတ်ချစွာဖြင့် မှော်ပညာကို ကျင့်၍ ရသည်။
မှော်အစွမ်းတွေ ပျက်စီးတယ်ဆိုတာက တကယ်ကို ရှားပါးသည့် ဖြစ်ရပ်ပင်။
မိုယန်ယုက ခပ်ဖွဖွ ပြုံးလိုက်သည်။
" မင်းသေတယ်လို ငါကြားလိုက်ရတော့ ဒေါသတွေ ထွက်သွားခဲ့တယ်.. ဒါကြောင့် ငါဟာ ခပ်မြန်မြန်နဲ့ အစွမ်းထက်ချင်လာပြီး ငါ့လမ်းကြောင်းမှာ ရပ်နေတဲ့ အရာမှန်သမျှကို ရှင်းပစ်ချင်ခဲ့တာ..ဒါပေမဲ့ ငါ့နှလုံးသားက မတည်ငြိမ်နေဘူးလေ.. အဆင့်တက်ဖို့ကို စိတ်လောသွားခဲ့တာ.. ငွေလအဆင့်ကို ရောက်ချင်နေခဲ့တယ်.. နောက်ဆုံး ငါ အဆင့်တက်တဲ့အခါမှာ မှော်အင်းကွက်တွေ ကျိုးပေါက်ပြီး ငါ့ရဲ့ မှော်အစွမ်းတွေလည်း ပျက်စီးခဲ့ရတယ်... ဒါကြောင့် ငါ့ရဲ့ စိတ်ဝိညာဥ်မှာ ဒဏ်ရာရသွားခဲ့တာပဲ.. "
ရွှယ်ယင်မှာ သူ့အမေရဲ့ လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ပြီး အားပေးနှစ်သိမ့်ပေးလိုက်သည်။
ထိုအခိုက် ပင်လယ်ထဲ ပြုတ်ကျသွားခဲ့သည့် သနားစရာ အစောင့်မှာ တားမြစ်နေရာအနားက စခန်းချရာ နေရာသို့ ပြန်လည် ရောက်ရှိနေပါပြီ။ သူက အော်ဟစ်လိုက်သည်။
" သတင်းထူး.. သတင်းထူး.. "
****
အပိုင်း ( ၈၉ ) သူက ဘယ်သူလဲ
မိုးကြိုးဒီရေကမ်းခြေမှာ အပြစ်ဒဏ်ကျသူတွေအတွက် နာမည်ဆိုးနှင့် ကျော်ကြားသော ထောင်တစ်ခု ဖြစ်သည်။ ထိုနည်းတူစွာ အစောင့်အကြပ်တို့ကလည်း များပြားလှသည့်အပြင် မှော်ဆရာများ စီရင်ထားသော အစည်းအတားများဖြင့် ထိုတားမြစ်နေရာတစ်ခုလုံးကို ထိန်းချုပ်ထားသည်။
" မြန်မြန်.. မြန်မြန်... မိုယန်ယုရဲ့ နေရာမှာ တစ်ခုခုတော့ ဖြစ်နေပြီ.. အနက်ရောက်ဝတ်စုံနဲ့ လူငယ်က အရမ်းကို အစွမ်းထက်လွန်းတယ်.. သူ့အကြည့်တစ်ချက်နဲ့တင် ကျုပ်ရဲ့ မျက်လုံးတွေ ပြာဝေသွားပြီး နားမှာလည်း အသံကျယ်ကြီးတွေ အူထွက်သွားတယ်.. ကျုပ်က မိုးကြိုးဒီရေကမ်းခြေကနေ ပင်လယ်ထဲ ပြုတ်ကျသွားခဲ့တယ်.. အရမ်းကို ကြောက်စရာကောင်းလွန်းတယ်.. "
ထိုအစောင့်က သူ့အဖြစ်အပျက်ကို ကသုတ်ကရိုက်ဖြင့် ပြောချလိုက်သည်။ မကြာမီမှာပဲ အစောင့်များစွာတို့က စတင်စုရုံးရောက်ရှိလာသည်။ မိုးကြိုးဒီရေကမ်းခြေက အစောင့်အဖွဲ့ခေါင်းဆောင်မှာ ငွေလအဆင့်တစ်ယောက် ဖြစ်သည်။
" မင်းကို အကြည့်တစ်ချက်နဲ့တင် ပြုတ်ကျစေခဲ့တယ်ပေါ့.. "
လက်နက်သေတ္တာကို လွယ်ထားသည့် ငွေလအဆင့်စစ်သည်မှာ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
" အင်း.. မဟုတ်မှလွဲရော.. စိတ်ဝိညာဥ်ပညာရပ်မှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့ ပညာရှင်များလား..."
" တပ်စုတစ်.. တပ်စုနှစ်.. တပ်စုသုံး.. လူစုပြီး အခုသွားကြမယ်.. "
ငွေလအဆင့်စစ်သည်က ချက်ချင်း အမိန့်ပေးလိုက်သည်။
" အစည်းအတားတွေကိုလည်း ချက်ချင်း ပြင်ဆင်ထားလိုက်ကြ.. "
" ဟုတ်ကဲ့ပါ.. " အစောင့်တွေလည်း ချက်ချင်း လိုက်နာဆောင်ရွက်လိုက်ကြသည်။
တားမြစ်နေရာထဲက အစည်းအတားတို့မှာ အဆင်သင့် ဖြစ်သွားသည်။ မိုးကြိုးဒီရေကမ်းခြေထဲက အပူချိန်တို့မှာ ချက်ချင်း လျော့ကျသွားပြီ မြူခိုးများ ဖြစ်ပေါ်လာသည်။
" ချီတက်.. " ထိုအသံက ကောင်းကင်အနှံ့ ပျံ့လွင့်သွားသည်။
ကြမ်းတမ်းပြင်းထန်သည့် ရေလှိုင်းတို့က လေထဲတွင် ထွက်ပေါ်လာရာ ကြီးမားသည့် မြေကြီးတစ်ကောင်ကဲ့သို့ ထင်မှတ်ရသည်။ ထိုရေလှိုင်းကြီးက မီတာများစွာ မြင့်မားပြီး အစောင့်တို့ကို လွှမ်းခြုံထားသည်။ အစောင့်တို့မှာလည်း စိတ်လှုပ်ရှားစွာဖြင့် သူတို့၏ လက်နက်ဒိုင်းများကို ထုတ်ယူစွဲကိုင်လိုက်ကြသည်။ သူတို့၏ အရှေ့မှာ ရပ်နေသည့် ငွေလအဆင့်စစ်သည်မှာလည်း အမူအရာပြောင်းလဲသွားပြီး သူလက်ထဲမှာ ဒိုင်းတစ်ခု ထွက်ပေါ်လာသည်။
" ဝရော.. ဒုန်း.. " လှိုင်းတစ်ခု..
လှိုင်းတစ်ခုဟာ သူတို့ထံ ဖြတ်သန်း ရိုက်ခတ်သွားသည်။ အစောင့်စစ်သည်တို့ အားလုံး လွင့်စင်သွားကုန်သည်။ ငွေလအဆင့်စစ်သည်သာ မြေပြင်မှာ ခိုင်ခိုင် ရပ်နေနိုင်ခဲ့သည်။ သူ့အမူအရာတွေလည်း ပြောင်းလဲသွားသည်။
"ရေစွမ်းအင်အမျိုးစား မှော်မန္တန်များလား.. ဒီလောက် ပြင်းထန် အားကောင်းလိုက်တဲ့ အား.. ဒါ.. ငွေလအဆင့် မှော်ပညာရှင် တစ်ယောက်ယောက်များလား.."
" ဘယ်သူလဲ.. ဘာကြောင့် မိုယန်ကလန်ရဲ့ တားမြစ်နေရာထဲကို ထိပါးရဲတာလဲ.."
ငွေလအဆင့်စစ်သည်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
" ခင်ဗျား နာမည်ကို ပြောစမ်း.."
ရုတ်တရက် မီးလျှံချီစွမ်းအင်အလင်းတန်းတစ်ခုက ကောင်းကင်ထက် ထိုးတက်သွားသည်။
ခပ်ဖျော့ဖျော့ မီးလျှံချီစွမ်းအင်က ကြည့်လိုက်လျှင် သာမန်ဟုသာ ထင်ရသော်လည်း ၎င်းငွေလအဆင့်စစ်သည်အား ဖိအားကြီးစွာ သက်ရောက်စေသည်။ ချီစွမ်အင်အမျှင်တန်းတစ်ခုချင်းစီက မိုးကောင်ကင်အောက်က နေရောင်ခြည်အလင်းတန်း တောက်ပနေသလို ဖြစ်နေသည်။ ကောင်းကင်ထက်မှာ ရှိနေသည့် မီးလျှံချီစွမ်းအင်က ချက်ချင်း လက်ဝါးကြီးတစ်ခုကဲ့သို့ ပြောင်းလဲသွားသည်။
ဟူး
ထိုလက်ဝါးကြီးက ၎င်းငွေလအဆင့်စစ်သည်ထံသို့ ချက်ချင်း သက်ဆင်းကျလာသည်။
" အား.. ဒါ မှော်ဆရာ မဟုတ်ဘူး.. အစောပိုင်းက ရေလှိုင်းက အနန္တဖြစ်တည်ခြင်းကြောင့် ထွက်လာတဲ့ ဟာပဲ.. "
ငွေလအဆင့်စစ်သည်မှာ နောက်ဆုံးတွင် သဘောပေါက်သွားလိုက်သည်။
လက်ဝါးကြီးက လျင်မြန်လွန်းရာ ရှောင်တိမ်းဖို့ အချိန်ပင် မရလိုက်။ လက်ထဲက ဒိုင်းဖြင့်သာ ခုခံလိုက်သည်။
ဘုန်း..
လက်ဝါးကြီးက ရိုက်နှက်လိုက်လေပြီ။ ထိုရိုက်ချက်နှင့်အတူ ငွေလအဆင့် စစ်သည်ကား မြေကြီးအောက် ကျွံဝင်သွားကာ အရိုးများစွာ ကျိုးအက်သွားသည့် အသံတို့လည်း ရုတ်ချည်း ထွက်ရှိလာသည်။ ငွေလအဆင့် စစ်သည်မှာ သွေးများ အန်ထုတ်လိုက်ရသည်။
" သနားညှာတာပေးလို့ ကျေးဇူးပါ.."
ငွေလအဆင့်စစ်သည်မှာ အလွန်ပင် ကြောက်ရွံ့သွားရသည်။ တဖက်လူက သူအား ညှာတာပေးထားမှန်းကိုလည်း သဘောပေါက်လိုက်သည်။ ထိုလက်ဝါးတစ်ချက်ဖြင့် သူ့အား အသားတုံးတစ်တုံး ဖြစ်သွားအောင် လုပ်နိုင်မှန်း သဘောပေါက်လေသည်။
ထိုလက်ဝါးကြီးက တဖြည်းဖြည်း အနောက်ဆုတ်သွားသည်။
မြေပြင်မှာ အပြိုပြိုအလဲလဲ ကျနေသော အစောင့်စစ်သည်များနှင့် ငွေလအဆင့် စစ်သည်တို့မှာ လေထဲ တည်ရှိနေပါသော လက်ဝါးကြီးအား တုန်လှုပ်ချောက်ချားစွာဖြင့် ကြည့်နေကြသည်။
ထိုလက်ဝါးကြီးက ချီစွမ်းအင် အစုအဝေကြီးအဖြစ် ပြန်လည် ပြောင်းလဲသွားကာ မိုယန်ယု၏ ဂူထဲသို့ ပြန်လည် ဝင်ရောက်သွားလိုက်သည်။
" ခေါင်းဆောင်.. " ထိုအခိုက်မှာ တချို့အစောင့်တွေက ငွေလအဆင့်စစ်သည်အား အကူအညီပေးဖို့ အပြေးရောက်ရှိလာကြသည်။
" အားလုံး.. နောက်ထပ် ဘာမှ မလုပ်နဲ့တော့.. အဲဒီအရှင်ကို ငါတို့ အနှောင့်အယှက် မပေးရဘူး.. "
ငွေလအဆင့်စစ်သည်က ချက်ချင်း အမိန့်ကို ထုတ်ပြန်လိုက်သည်။
" ဟုတ်ကဲ့.."
အစောင့်စစ်သည်အားလုံးလိုလိုတို့က အမိန့်ကို နာခံလိုက်ကြသည်။
ဒီကိစ္စကို မည်သူက အပြောင်အပျက်လုပ်ရဲမည်နည်း။ တကယ်၍ သူဘက်က အမှန်တကယ် တိုက်ခိုက်ခဲ့ပါလျှင် သူတို့အားလုံး ချက်ချင်း ပျက်စီးသွားကြလိမ့်မည်။
အစောပိုင်းက ရေလှိုင်းသည်ပင် သူတို့အား အလွယ်လေး သတ်ဖြတ်သွားနိုင်သည်။ သူတို့မှာ ငွေလအဆင့်စစ်သည်တစ်ယောက်သာ ပါ၍ ကျန်သော သူများမှာ အားနည်းသည့် ဥက္ကာပျံအဆင့်လောက်သာ ရှိ၍ ထိုရေလှိုင်းအောက်မှာ မထိန်းနိုင်လောက်အောင် လွင့်စင်သွားကြသည်။ သို့သော် တစ်ယောက်မှ မသေလိုက်ကြပေ။ သူတို့အား သနားညှာတာပေးမှန်း သိသာသည်။
"ဒီလက်ဝါးကြီးက မှော်အစွမ်းနဲ့ မတူဘူး.. ချီစွမ်းအင်နဲ့ ပိုတူနေသလိုပဲ.."
ငွေလအဆင့်စစ်သည်မှာ ရင်ဘတ်အား ဖိထားရသည်။ သူ့မျက်လုံးတွေမှာ စိတ်လှုပ်ရှားပြီး စိုးရိမ်နေတာတွေဟာ ဖုံးကွယ်မရအောင် ထွက်ပေါ်နေသည်။
" ခန္ဓာကိုယ်ထဲကနေ ချီစွမ်းအင်ကို ထုတ်လွှတ်နိုင်တယ်ဆိုတော့ သူက အင်အားတစ်ခုကို ပုံဖော်နိုင်တာလား.. မဟုတ်မှလွဲရော.. သူက အထွက်အထိပ်အဆင့်တစ်ယောက်လား.."
***
ဂူထဲတွင်
မိုယန်ယုက မုန့်စားလိုက်၊ စိတ်ဝိညာဥ်ရေသောက်လိုက် လုပ်နေသည့် အချိန်တွင် ရွှယ်ယွင်က နံဘေးနားကနေ စကားပြောပေးရင် အဖော်လုပ်ပေးနေသည်။
ဒီအချိန်မှာ ဘယ်သူမှ လာ၍ မနှောင့်ယှက်စေချင်ပေ။ ထို့ကြောင့်လည်း ရေကို သုံးကို အစောင့်စစ်သည်တို့ကို အဝေးကနေ လှမ်းရိုက်ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။ တကယ်၍ မီးကို သုံးလိုက်ပါက အားလုံး သေကြရလိမ့်မည်။ လောလောဆယ်မှာ ရွှယ်ယင်၏ စိတ်ထဲတွင် ဒေါသတို့ ရှိနေသော်လည်း စိတ်လိုက်မာန်ပါ လုပ်တတ်သူတစ်ယောက် မဟုတ်ပေ။
" မတရားမှုတို့မှာ အစရှိသည်.. သံသယတို့က အရင်းခံ.. " ဟူသော စကားကို ရွှယ်ယင် သိသည်။ ထိုအဆင့်နိမ့် စစ်သည်တို့က သူတို့၏ ဝမ်းစာအတွက် ထိုအလုပ်ကို လုပ်ရခြင်း ဖြစ်ပေသည်။
သို့သော် ငွေလအဆင့်စစ်သည်က သူ့အား ရန်စခြင်းကြောင့် သင်ခန်းစာတစ်ခု ပေးလိုက်ခြင်း ဖြစ်သည်။
" ရွှယ်ယင်.."
အပြင်ဘက်ကနေ အနီဖန့်ဖန့် ချီစွမ်းအင်က သူ့ခန္ဓာကိုယ်ထဲ ပြန်လည် ဝင်ရောက်လာတာကို ကြည့်ပြီး မိုယန်ယုက
" သားရဲ့ ချီစွမ်းအင်တွေက အပြင်ကို လွှတ်ပြီး လိုသလို မောင်းနှင်နိုင်တယ်.. ဒါက.."
မိုယန်ယုမှာ မယုံမရဲ ဖြစ်နေသည်။
" ဟုတ်တယ်.. သား အထွတ်အထိပ်အဆင့်ကို ရောက်တာ မကြာသေးဘူး.. " ဟု ရွှယ်ယင်က ပြောလိုက်သည်။
" လေနက်ချောက်ကြီးထဲကို ကျသွားခဲ့တယ်.. ပြီးတော့ အထွတ်အထိပ်အဆင့်ကို ရောက်သွားတဲ့အခါမှာ ကံကောင်းစွာနဲ့ အပြင်ကို ပြန်ထွက်လာနိုင်ခဲ့တယ်.. "
ထိုအခါ မိုယန်ယုမှာ မယုံမရဲ ဖြစ်နေသေးခြင်းနှင့် ဝမ်းသာဂုဏ်ယူသွားခဲ့ခြင်းတို့ ရောပြွမ်းလျက် ခံစားလိုက်ရသည်။
သူမ၏ သားအရင်း..
သူမ၏ အသက်ရှစ်နှစ် ကောင်လေးက အနှစ် ၂၀ အကြာမှာ ဒဏ္ဍာရီလာ အထွတ်အထိပ်အဆင့်ကို ရောက်ခဲ့လေပြီ။
" အိပ်မက် မက်နေတယ်လို့တောင် ထင်ရတယ်.. အမေတော့ မယုံနိုင်သလို ဖြစ်နေတုန်းပဲ.. " မိုယန်ယုက ရယ်မောရင်း ပြောလိုက်သည်။
" အမေ.. ထပ်စားပါဦး.."
ရွှယ်ယင်က မုန့်တွေ ထပ်ထုတ်လိုက်သည်။ သူ့မိဘတွေဟာ ပြီးခဲ့သည့် နှစ်တွေမှာ ခက်ခဲစွာ နေထိုင်ရတာကို ရွှယ်ယင် ခန့်မှန်းမိသည်။
" အင်း.."
မိုယန်ယုမှာလည်း အတော်လေး စိတ်ချမ်းသာသွားသည်။ မုန့်ကို တစ်ကိုက် ကိုက်လိုက် စိတ်ဝိညာဥ်ရေကိုလည်း သောက်လိုက်နှင့် သူမ၏ အသားအရေများ လျင်မြန်စွာ ပြောင်းလဲလာတာကို သာမန်မျက်စိနှင့်ပင် မြင်နေရသည်။
အသားအရေတွေ အရေးအကြောင်းများ ဖြစ်နေတာတွေလည်း စတင် ကွယ်ပျောက်လာခဲ့သည်။ ရွှယ်ယင်လည်း တစ်ခွက်ပြီးတစ်ခွက် ငှဲ့ပေးနေလေရာ တစ်အိုးလုံး ပြောင်သွားလေသည်။ သို့သော် သူ့စိတ်အာရုံဖြင့် အိုးထဲကို စိတ်ဝိညာဥ်ရေများ ထပ်ဖြည့်ထည့်ပေးနေသည်။
ဒီနှစ်ပိုင်းမှာ သူ့အမေဟာ မှော်အစွမ်းတွေ ပျက်စီးခဲ့ရတာကနေ စိတ်ဝိညာဥ်ဒဏ်ရာ ရခဲ့သည်။ နောက်ပိုင်း ဒီနှစ်တစ်လျှောက်လုံးမှာလည်း စိုးရိမ်သောကဖြင့် နေလာခဲ့ရသည်။ ထို့အပြင် မှော်ဆရာတစ်ယောက်၏ အားပျော့သော ခန္ဓာကိုယ်နှင့် မှော်အစွမ်းတို့ မရှိတော့သည့် အဖြစ်ကြောင့် သူမဟာ ချုံးချုံးကျ ပြိုလဲခဲ့ရသည်။
သာမန် အခြေအနေတစ်ခုမှာ အနည်းငယ် သောက်လိုက်သည်နှင့် ဆာလောင်မှုတို့က ပြေပျောက်သွားလိမ့်မည်။
စိတ်ဝိညာဥ်တစ်အိုးက လူတစ်ယောက်အတွက် ၁၀ ရက်တာအတွက် လုံလောက်သည်။ ထိုတစ်အိုးက ရွှေဒင်္ဂါး တစ်သန်းမျှ တန်ဖိုးရှိသည်။ သို့သော် အထွတ်အထိပ်တစ်ယောက်က ရွှေငွေတွေအတွက် ရောင်းချမှာ မဟုတ်ပေ။ သူတို့၏ မျက်စိထဲတွင် သေမျိုးတို့၏ ရွှေစတို့က များစွာ တန်ဖိုး ရှိမှာ မဟုတ်တော့ပေ။ သူတို့အတွက်က အဲဒါတွေ မလိုအပ်ချေ။ အထွတ်အထိပ်ရတနာမျိုးကိုသာ သူတို့ တန်ဖိုးထားတော့သည်။
" အမေ.. ကျွန်တော် ဘာတွေ ဖြစ်ခဲ့သလဲဆိုတာကို အမေ ဘယ်လိုသိတာလဲ.. " ဟု ရွှယ်ယင်က မေးလိုက်သည်။
" မိုယန်ချန်ပိုင်လေ.. သူက လူလွှတ်ပြီး ပြောခိုင်းလိုက်တာ.."
မိုယန်ယုက ပြောလိုက်သည်။
" သူက ငါ့ကို ဒေါသထွက်အောင် တမင်သက်သက် လုပ်တာ.. ဒါပေမဲ့လည်း သူ့ကြောင့်သာ မဟုတ်ရင် အပြင်မှာ ဘာတွေ ဖြစ်နေကြသလဲဆိုတာကို ငါ သိရမှာ မဟုတ်ပါဘူး.."
" မိုယန်ချမ်ပိုင် ပြန်ပဲလား.." ရွှယ်ယင်၏ မျက်ဝန်းထဲမှာ လူသတ်လိုသည့် အငွေ့အသက်တို့ ပြည့်နှက်သွားသည်။
" သူက သေကို သေသင့်နေပြီ.."
သို့သော် ရွှယ်ယင်က သူ့စိတ်ခံစားချက်ကို ခပ်မြန်မြန် သိမ်းလိုက်ပြီး သူ့အမေနှင့် ဆက်၍ စကားပြောပေးကာ အဖော်လုပ်ပေးေသည်။ အမေဖြစ်သူကို ပျော်ရွှင်စေလို၍ ဖြစ်သည်။
" အင်း.. ငါလည်း တော်တော်လေး ဗိုက်တင်းသွားပြီ.." မိုယန်ယုက ရယ်မောလျက် ပြောလိုက်သည်။
" ငါလည်း တော်တော်လေး သောက်လိုက်မိတာပဲ.. ငါ့စိတ်ဝိညာဥ်ဒဏ်ရာတွေတောင် အကောင်းနီးပါး သက်သာလာပြီ.. နောက်ထပ် မသောက်နိုင်တော့ဘူးကွယ်.."
" အမေ ဗိုက်တင်းနေရင် ထပ်သောက်ဖို့ မလိုတော့ပါဘူး.." ရွှယ်ယင်က ပြန်လည်ကာ ရယ်မောရင်း ပြောလိုက်သည်။
" ဒီအထွတ်အထိပ် စိတ်ဝိဉာဥ်ရေက သာမန်လူတစ်ယောက်ကို တစ်နေ့တာလုံးအတွက် ဆာလောင်စေမှာ မဟုတ်ပါဘူး. အမေကျတော့ ဒီနှစ်တစ်လျှောက်လုံးမှာ ခံစားခဲ့ရတဲ့ ခန္ဓာကိုယ် ဒဏ်ရာတွေကြောင့် အမေ့ရဲ့ ခန္ဓာကိုယ်က စိတ်ဝိညာဥ်ရေကို အဆက်မပြတ် စုပ်ယူနိုင်ခဲ့တာ.. အခု ခန္ဓာကိုယ်က အကောင်းနီးပါး ပြန်ကောင်းသွားတယ်ဆိုတော့ အလိုလို ပြည့်သွားတာပေါ့.."
ထိုအခိုက်မှာ မိုယန်ယု၏ ဆံပင်ဖြူတွေလည်း အနက်ရောင် ပြန်သန်းလာလေသည်။
တဖြည်းဖြည်းဖြင့် သူမ၏ အသားအရေက လွန်ခဲ့သည့် ၆ နှစ်က ပုံစံအတိုင်း ပြန်လည် ဖြစ်လာခဲ့သည်။ သူမ၏ စိတ်အခြေအနေသည်လည်း အရင်ကထက် သန်မာလာသည်။
" အရမ်းကို ထူးခြားဆန်းကျယ်တာပဲ.." မိုယန်ယုက ပြောလိုက်သည်။
" ဒီစိတ်ဝိညာဥ်ရေက အရမ်းကို တန်ဖိုးကြီးတယ်.. အမေ.. ဒီအကြောင်းကို ဘယ်သူကို မပြောနဲ့နော်.. "
ရွှယ်ယင်က ဆက်ပြောလိုက်သည်။ သူ့ထံမှာ ရှိနေသည့် သမုဒ္ဒရာကမ္ဘာကျောက်တုံးက နောက်ထပ် နှစ်တစ်ထောင်ကျော်အတွက် ကောင်းကောင်း လုံလောက်သည်။ ဒါကိုလည်း သူ့မိဘ၊ ချင်းရှီ၊ ဦးလေးကျုံးနှင့် ဦးလေးထုံကိုလည်း ပေးခဲ့သေးသည်။ သူတို့အားလုံးက သူ ချစ်ရသည့် လူများ ဖြစ်ကြသည်။ သို့သော် ဒါကို လျှို့ဝှက်ချက်အဖြစ် သူ ဆက်ထားချင်သေးသည်။ သူ စိတ်အပူရဆုံးက ချင်းရှီ ဖြစ်သည်။ သို့သော် ပြီးခဲ့တစ်ခေါက် ချောက်ထဲ ကျသွားသည့် ကိစ္စ ပြီးကတည်းက ချင်းရှီမှာ အတော်လေး ရင့်ကျက်သွားသည်ဟု ဆိုရမည်။
စိတ်ဝိညာဥ်ရေသည် ကိုယ်ခန္ဓာထဲ ဝင်သွားသည်နှင့် ချက်ချင်း အားအင်ကို ပေးစွမ်း၍ တိုးတက်စေနိုင်သည်။ အထွတ်အထိပ်အဆင့်ကိုပင် အကျိုးသက်ရောက်မှု ရှိစေရာ သာမန်လူတို့အတွက်က ပို၍ပင် အကျိုးထူးစေသည်။ အထူးသဖြင့် သူ့မိဘတွေက ကျင့်ကြံခြင်းလမ်းစဥ်ကို လျှောက်လှမ်းကြသူများ ဖြစ်ကြရာ ထိုရေတို့က သူတို့အတွက် အသက်ရှည်ရှည် နေနိုင်ဖို့ အထောက်အကူ ဖြစ်စေပါလိမ့်မည်။
" စိတ်အေးအေးထားပါ.. ငါ နားလည်ပါတယ်.. " မိုယန်ယုက ရယ်မော၍ ပြောလိုက်သည်။
" ဒါဆို.. အဖေ့ဆီကို သွားရအောင်.." ရွှယ်ယင်က မတ်တတ်ရပ်လိုက်သည်။
" တုန်ပို.." မိုယန်ယု၏ နှလုံးအိမ်တို့ တဒုတ်ဒုတ် ခုန်လာသည်။ သူမ၏ လင်သားနှင့် မတွေ့ရသည်က နှစ်ပေါင်း ၂၀ ကြာလေပြီ။ အနှစ်၂၀ ဆိုသည့် အချိန်ကာလက အလွန်ပဲ ကြာမြင့်လွန်းလှလေ၏။
ရွှယ်ယင်လည်း မိုယန်ယု၏ လက်ကို ကိုင်ထားကာ ဂူအပြင်ဘက်သို့ ထွက်လာခဲ့သည်။
အထွတ်အထိပ်အဆင့် ချီစွမ်းအင်တို့က ရွှယ်ယင်၏ အရေပြားကနေ စိမ့်ထွက်လာပြီး သူ့အမေအား အကာအကွယ် အလွှာတစ်ခုအဖြစ် လွှမ်းခြုံသွားလိုက်သည်။ ထို့နောက်မှာ ရွှယ်ယင်လည်း အမေဖြစ်သူကို သယ်ဆောင်၍ ကောင်းကင်ထက်သို့ ပျံတက်သွားလိုက်သည်။
" မိုးကြိုးဒီရေကမ်းခြေ.." ကောင်းကင်ထက်သို့ ပျံတက်နေရင်း မိုယန်ယုဟာ အောက်က မိုးကြိုးဒီရေကမ်းခြေအား ငုံ့ကြည့်လိုက်သည်။ အောက်မှာ အစောင့်စစ်သည်အုပ်စုတစ်စုက ရှိနေသည်။ ထိုနေရာကား သူမအား နှစ်ပေါင်း ၂၀ တိုင်အောင် ချုပ်နှောင်ထားသော ထောင်ဖြစ်လေ၏။
" အဖေက တုန်ရှန်းရေကန်အနားက သန့်စင်အလုပ်ရုံမှာ နေနေတာ.. သွားစို့.." ရွှယ်ယင်က ပြောလိုက်သည်။
ရွှစ်..
မီးအလင်းတစ်ခုအလား ပြောင်းလဲသွားပြီး ကောင်းကင်ပြင်အား ဖြတ်ပျံသွားသည်။
" အရမ်းကို မြန်လွန်းပါလှချည်းလား.."
အဖွဲ့ခေါင်းဆောင် ငွေလအဆင့်စစ်သည်ဟာ သူ့ဒဏ်ရာကို ဖိထားရင်း မျက်နှာက ဖြူဖျော့သွားလေသည်။ သူက အံ့သြထိတ်လန့်စွာဖြင့်..
"သူ.. သူ.. ကောင်းကင်ထက် ပျံတက်သွားတယ်.. ဒါ.. သူက အထွတ်အထိပ်အဆင့်ပဲ.."
" ဒါဟာ ကောင်းကင်ထဲ ပျံသန်းနိုင်တဲ့ ဒဏ္ဍာရီဝင် အစွမ်းဆိုတော့.. အထွက်အထိပ်အဆင့်များလား.. "
အစောင့်အားလုံးတို့မှာ ငေးမောကြည့်ကုန်ကြသည်။ လူ့လောကထဲမှာ အထွတ်အထိပ်အဆင့်ဆိုတာကို လူတိုင်း ကြားဖူးကြသည်။ သို့သော် မျက်မြင် မြင်ဖူးတဲ့ လူတို့က တကယ်ပဲ နည်းပါးလှသည်။
" ဒီအနက်ရောင်ဝတ်စုံနဲ့ လူငယ်က ဘယ်သူများလဲ.."
မိုယန်ယုက ဒီနေရာမှာပဲ တစ်ချိန်လုံး ဖမ်းချုပ်ထားတယ်မလား.. သူက ဘယ်လိုလုပ်ပြီး အထွတ်အထိပ်အဆင့်တစ်ယောက်နဲ့ သိသွားရတာလဲ.. ဒါမှမဟုတ် လွန်ခဲ့တဲ့ အနှစ် ၂၀က သိခဲ့ဖူးတဲ့ လူများလား..
ငွေလအဆင့်စစ်သည်မှာ ကြိုးစား၍ စဥ်းစားကြည့်သည်။
" အထွတ်အထိပ်အဆင့်တစ်ယောက်ရဲ့ ရှေ့မှောက်မှာ မိုယန်ကလန်လည်း ဘာတတ်နိုင်မှာလဲ.. ဒါပေမဲ့ ဘာကြောင့် သူ့ကို အနှစ် ၂၀ ကြာပြီးမှ လာကယ်ရတာလဲ.. ဒါမှမဟုတ် မကြာသေးခင်ကမှ အထွတ်အထိပ်အဆင့်ကို ရောက်သွားတဲ့ လူလား.. "
ငွေလအဆင့်စစ်သည်က ကြိုးစား၍ အဖြေထုတ်ကြည့်ကာ သူ့သံသယအတွေးအား ဖြေရှင်းကြည့်သည်။
ရုတ်တရက် လူတစ်ယောက်အကြောင်းကို သူ တွေးလိုက်မိသည်။ အလွန်ကို အံ့ဖွယ်ကောင်းပြီး နဂါးတောင်အင်ပါယာတခွင်မှာ နှစ်တစ်ရာမှ တစ်ယောက်သာ ပေါ်ထွက်တတ်သည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်..၊ ရှင်းဖန်းယွင်နှင့် တိုက်ခိုက်ခဲ့ပြီး အတူတူ သေသွားခဲ့ရသည့် လူတစ်ဦး..။
" မဟုတ်မှလွဲရော.. တုန်ပိုရွှယ်ယင်လား.. သူက လေနက်ချောက်ကြီးထဲကနေ ပြန်လွတ်ထွက်လာတာမျိုးလား.. "
ငွေလအဆင့်စစ်သည်များ သံသယ ရှိနေပေမဲ့ စိတ်ထဲမှာ ထိတ်တလန့် ဖြစ်လာခဲသည်။ မိုယန်ယုနှင့် ပတ်သတ်သမျှ လူတွေကို ဆက်စပ် စဥ်းစားကြည့်သည့်အခါမှာ တုန်ပိုရွှယ်ယင်တစ်ယောက်ကသာ အထွတ်အထိပ်အဆင့်ကို ရောက်ဖို့ စွမ်းရည်ရှိသည်ကို သူ တွေးလိုက်သည်။
" သူက ဘယ်သူပဲ ဖြစ်ဖြစ်.. မိုယန်ယုနဲ့ ဆက်ဆံရေး ကြီးကြီးမားမား ရှိနေလိမ့်မယ်.. ပြောရမယ်ဆိုရင် အဲဒီအထွတ်အထိပ်က မိုယန်ကလန်တစ်ခုလုံးကို ဒေါသထွက်နေတယ်ပေါ့.. "
ငွေလအဆင့်စစ်သည်မှာ တွေးရင် တွေးရင်း ထိတ်လန့်မက ထိတ်လန့်လာခဲ့လေသည်။
အထွတ်အထိပ်တစ်ယောက်ရဲ့ ဒေါသ.. ဒါဟာ မိုယန်ကလန်တစ်ခုလုံး တားဆီးနိုင်သည့် အရာတစ်ခု မဟုတ်ပါချေ။
" ငါ ဒီသတင်းကို အကြောင်းကြားရမယ်.. ကလန်တစ်ခုလုံးကို အမြန်ဆုံး သတိပေးထားရမယ်.."
ငွေလအဆင့်စစ်သည်မှာ နည်းနည်းလေးပင် မနှောင့်နှေးရဲဘဲ တစ်စုံတစ်ယောက်အား သတင်းကို အမြန်ဆုံး အကြောင်းကြားခိုင်းလိုက်သည်။
တကယ်၍ အဇူရီမြစ်စီရင်စုက ပညာရှင်တစ်ယောက်ယောက်သာ ရှိနေခဲ့လျှင် ရွှယ်ယင်အား ချက်ချင်း မှတ်မိပေလိမ့်မည်။ သို့သော် ဒါဟာ အနောက်ဘက်ကွင်းပြင်ပြည်နယ်က ယွီယွီစီရင်စုနယ်မြေ ဖြစ်နေသောကြောင့် မည်သူကမှ ရွှယ်ယင်အား မသိရှိကြပါချေ။
***
ဟူး.. တုန်ပိုရွှယ်ယင်အား အမေဖြစ်သူကို ပိုက်ထားပြီး သူတို့နှစ်ယောက်စလုံးကိုလည်း မီးလျှံများဖြင့် လွှမ်းခြုံထားသည်။ သူတို့သည် အမြန်ဆုံး ပျံသန်းနေခြင်း ဖြစ်သည်။
" အရမ်းမြန်တာပဲ.. ဒါက အထွတ်အထိပ်အဆင့်တို့ရဲ့ ပျံသန်းနိုင်တဲ့ အစွမ်းလား.."
မိုယန်ယုက ဘေးပတ်ဝန်းကျင်ကို ထိတ်လန့်စွာဖြင့် ကြည့်နေသည်။ ဘေးပတ်လည်က အရာတို့သည် အရမ်းကို ဆန်းကျယ်နေပြီး အရှေ့ကို တူရူသွားနေသည့် မြင်ကွင်းတစ်ခုသာ ကြည်ကြည်လင်လင် မြင်ရသည်။
" ဒီအလျင်နှုန်းက ပုံမှန် ပျံနှုန်းရဲ့ တစ်ဝက်ပဲ ရှိသေးတာ.."
ရွှယ်ယင်က ထပ်၍ ရှင်းပြလိုက်သည်။
" လူတစ်ယောက်ယောက်ကို သယ်ပြီး ပျံသန်းလိုက်လို့ ရှိရင် ပျံသန်းတဲ့ နှုန်းက အရမ်းကို နှေးကျသွားတာ.. "
ဒြပ်အမှုန်များအဖြစ် ပြောင်းလဲ၍ မီးလျှံအတန်း၍ တွယ်ကပ်စေ၍ ပျံသန်းလိုက်မည်ဆိုလျှင် ပျံသန်းနှုန်းက အဆမတန် မြန်ဆန်ေစလေသည်။ သို့သော် အရေးကြီသည့် အခါမျိုး၊ အရမ်းကို ကျဥ်းမြောင်းသည့် လိုဏ်ခေါင်းထဲ ဖြတ်သန်း ဝင်ရသည့်အခါမျိုးတွင်သာ အသုံးပြုလိုသည်။
လူသားအသွင်ဖြင့် ပျံသန်းသည့်အခါတွင် အမြန်ဆုံး ပျံသန်းနှုန်း၏ ၇၀ ၈၀ ရာခိုင်နှုန်းလောက်သာ ရှိပါလိမ့်မည်။
တကယ်၍ လူပါ သယ်ဆောင်သွားပါက အလျင်နှုန်းက ပို၍ နှေးသွားလိမ့်မည်။ ယခုတွင် ရွှယ်ယင်မှာ သူ လျင်မြန်နိုင်သလောက် အမြန်ဆုံး ပျံသန်းနေခြင်းပင်။
" ရောက်ခါနီးတော့မယ်.. အရှေ့မှာ တွေ့နေရတာက တုန်ရှန်းရေကန်ပဲ.."
ရွှယ်ယင်က သူမကို သယ်ဆောင်ထားရင်း တိမ်ထုကို ဖြတ်၍ အောက်သို့ ဖြည်းညှင်းစွာ ဆင်းလာလိုက်သည်။ အောက်ခြေမှာ တောက်ပနေသော တုန်ရှန်းရေကန်ကို မြင်ရလေသည်။
" အရမ်းကို မြန်ဆန်တာပဲ.. ငါတို့ စကားနည်းနည်းလေးပဲ ပြောရသေးတယ်.."
မိုယန်ယုမှာ အရမ်းကို အံ့အားသင့်သွားသည်။ သူမသည် ယွီယွီစီရင်စုနယ်ထဲတွင် ကြီးပြင်းလာခဲ့သူတစ်ဦး ဖြစ်ပြီး တုန်ရှန်းရေကန်နှင့် မိုးကြိုးဒီရေကမ်းခြေတို့၏ အကွာအဝေးကို ကောင်းကောင်း သိထားသည်။
ရွှယ်ယင်လည်း တုန်ရှန်းရေကန် သန့်စင်အလုပ်ရုံတစ်ခုလုံးအား လောကစွမ်းအင်တို့ဖြင့် လွှမ်းခြုံ၍ ကြည့်လိုက်သည့်အခါတွင် ဖခင်ရှိရာ နေရာကို အလွယ်တကူ တွေ့ရှိလိုက်သည်။ ဖခင်ဖြစ်သူ၏ အခြေအနေက မိခင်ဖြစ်သူထက် အခြေအနေကောင်းနေသည်ကို တွေ့ရလိုက်သည့်အခါမှာ သူ့၏ မျက်နှာအမူအရာက နူးညံ့သိမ်မွေ့သွားသည်။
အပိုင်း (၉၀ ) ကြောက်ရွံ့ခံ့ညားခြင်း
တုန်ရှန်းရေကန် သန့်စင်အလုပ်ရုံသည် ကြီးမားသည့် ခံတပ်သဖွယ် ရှိနေ၏။ ထိုနေရာတွင် အလုပ်သမားပေါင်း တစ်သောင်းမျှ အလုပ်လုပ်ကြရသည်။ ထိုအထဲတွင် သုံ့ပန်းများ ပါဝင်ကြသလို ငွေကြေးအတွက် လာရောက်လုပ်ကိုင်ကြသူများလည်း ရှိသည်။
သန့်စင်အလုပ်ရုံ၏ အလယ်နေရာတွင် မှော်ဆရာမျှော်စင် ရှိနေပြီး မှော်ဆရာကြီး ရှုကွမ်းချင်သည် ထိုနေရာတွင် ရာထူးအမြင့်ဆုံး လူတစ်ယောက် ဖြစ်၏။ ရာထူးအစဥ်လိုက် စီလိုက်မည်ဆိုလျှင် သူ့အောက်မှာ သူ့တပည်းတပန်းများ ရှိပြီး အောက်တွင် အစေခံများ ရှိကြသည်။ တုန်ပိုလီကလည်း အစေခံများထဲက တစ်ယောက်ဖြစ်သည်။ အားအင်ကို အသုံးပြု၍ အလုပ်လုပ်ရသည့် အလုပ်မျိုးတွင် အလုပ်လုပ်နေရလျက် ရှိနေသည်။
" ဘယ်သူလဲ.."
သန့်စင်အလုပ်ရုံတွင် ခင်းကျင်းထားသော အကာအကွယ် သတိပေးစနစ်တို့က မိုးကြိုးဒီရေကမ်းခြေထက် ပို၍ တင်းကျပ်ထားသည်။ အကာအကွယ်အစီအရင်တို့ကို ကိုင်တွယ်ထိန်းချုပ်နိုင်သူတို့မှာ မှော်ဆရာကြီး ရှုကွမ်းချင်အပြင် နောက်ထပ် ငွေလအဆင့် မှော်ဆရာနှစ်ဦးတို့ ရှိကြသည်။ ထိုနေရာတွင် ငွေလအဆင့် စစ်သည်များစွာ ရှိကြပြီး ၎င်းတို့သည် ထူးခြားကောင်းမွန်သော သန့်စင်သံချပ်ဝတ်များကို ဝတ်ဆင်ထားကြ၍ ဒဏ္ဍာရီအဆင့်၏ တိုက်ခိုက်မှုစွမ်းရည်များကဲ့သို့ တိုက်ခိုက်နိုင်ကြသည်။
ထို့အပြင် အစည်းအတားများ အတူတကွ ပေါင်းစည်းထားမှု၊ မှော်ဆရာမျှော်စင်၏ ကြိုတင်ပြင်ဆင်မှုများစွာတို့ကြောင့် လောကကြီးနှင့် တစ်သားတည်းအဆင့်သို့ ရောက်ရှိနေသာ ဒဏ္ဍာရီအဆင့်သမားပင် ထွက်ပြေးသွားဖို့ပဲ တတ်နိုင်ပေလိမ့်မည်။
ဟူး..
ရွှယ်ယင်က အမေဖြစ်သူ၏ လက်ကိုသာ ကိုင်စွဲပြီး သန့်စင်အလုပ်ရုံအပေါ်ကနေ ပျံသန်းသွားသည်။ ထိုအစောင့်အရှောက်တွေအား ဂရုပင် မစိုက်ချေ။
ဟူး..ဟူ.. ဟူ..
များပြားလှသော အစောင့်စစ်သည်များသည် သန့်စင်အလုပ်ရုံ၏ ခေါင်းမိုးထက်သို့ ပြေးတက်လာကြသည်။ သို့သော် လေထဲတွင် ပျံသန်းနေသူ နှစ်ဦးကို မြင်လိုက်ရသည့်အခါ သူတို့၏ စိတ်နှလုံးတို့တွင် တုန်လှုပ်ချောက်ချားသွားကာ အသည်းနှလုံးများ အေးစက်စက် ဖြစ်သွားသည်။
အဲဒီနှစ်ယောက်က ပျံနေတာလား..
" ဟွန့်.." ရွှယ်ယင်က သူ့အကြည့်ဖြင့် အေးစက်စက်သာ ဝေ့ဝဲ ကြည့်လိုက်သည်။
ထိုအခါ စိတ်ဝိညာဥ်အားတစ်ခုက အပြင်ဘက်သို့ လှိုင်းပမာ တအိအိ ပြေးထွက်သွားပြီး ထိုစစ်သည်အုပ်စုထံ သွားကာ ဖြတ်ရိုက်သွားခဲ့သည်။ ထိုလှိုင်းဖြတ်သန်းသွားသည့်အခါတွင် အစောင့်စစ်သည်တို့သည် သူတို့၏ နားထဲမှာ ကျယ်လောင်သော ပေါက်ကွဲသံများ ဆူညံသွားပြီး မျက်လုံးကလည်း မှုန်ရီဝေဝါးသွားကြသည်။ သူတို့၏အသည်းနှလုံးထဲက အနက်ရှိုင်းဆုံးနေရာကနေ ခံစားလိုက်ရကာ မိမိတို့၏ ကိုယ်ခန္ဓာကိုပင် မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ် အတုံးအရုံး ပြိုလဲသွားကြသည်။ ထူးခြားကောင်းမွန်သော သန့်စင်သံချပ်ဝတ်ကို ဝတ်ဆင်ထားသော ငွေလအဆင့်စစ်သည်တို့ပင် ထိုနည်းအတိုင်း ပြိုလဲကျရသည်။
" အမေ.. အဖေက ဒီနေရာမှာ.."
ရွှယ်ယင်က မှော်ဆရာမျှော်စင်ဆီကို ခေါ်ဆောင်လာခဲ့သည်။ မျှော်စင်၏ ပြတင်းတစ်ပေါက်သည်မည်သည့်အသံမှ မထွက်လိုက်ဘဲ ချက်ချင်း အရည်ပျော်သွားကာ တံခါးပေါက်တစ်ပေါက် ဖြစ်သွားသည်။ ရွှယ်ယင်နှင့် မိုယန်ယုတို့က ထိုတံခါးပေါက်ကနေ ဝင်သွားလိုက်သည်။
" ဒါက.. ဒါ... "
" အထွက်အထိပ်တစ်ယောက်လား.."
ငွေလအဆင့် မှော်ဆရာနှစ်ဦးက အစည်းအတားတွေကို ထိန်းချုပ်ထားသော်လည်း၊
မှော်ဆရာကြီး ရှုကွမ်းချင်က မှော်ဆရာမျှော်စင်ထဲ ရှိနေပါသော်လည်း၊
သန့်စင်အလုပ်ရုံတွင် အစောင့်အကြပ်များ တင်းကြပ်ထားသော်လည်း၊
သူတို့မှာ တုန်ပိုရွှယ်ယင် ဝင်ရောက်လာသည်ကိုသာ ကြည့်နေခဲ့ရပြီး သူ့အကြည့်တစ်ချက်နဲ့တင် ငွေလအဆင့် စစ်သည်တို့ကပင် အပြိုပြိုအလဲလဲ ဖြစ်ကြရလေသည်။
စိတ်ဝိညာဥ်ပညာရပ်တွင် ကျွမ်းကျင်သော ဒဏ္ဍာရီအဆင့် မှော်ဆရာပင်လျှင် ထိုကဲ့သို့ အစွမ်းမျိုး ထုတ်ပြဖို့က ဂါထာမန္တန်ရွတ်ဆိုဖို့ အချိန်ယူရသေးသည်။ ထို့အပြင် ကျူးကျော်ဝင်ရောက်လာသူ နှစ်ဦးမှာလည်း ချီစွမ်းအင် အကာအကွယ်အလွှာလည်း ဖုံးလွှမ်းထားသေးသည်။ အထွတ်အထိပ်အဆင့် ချီစွမ်းအင်တို့မှာ နေရောင်အလင်းတန်းကဲ့သို့ စူးရှတောက်ပကာ မျက်စိကျိန်းစရာ ကောင်းလွန်းသည်။
" ဒီ ဆံပင်ဖြူနဲ့ မိန်းမက ငါ့အထင် ဒါ မိုယန်ယု မဟုတ်ဘူးလား.."
စိတ်နှလုံး တုပ်လှုပ်ချောက်ချားနေကြသည့် မှော်ဆရာတို့အနက် တစ်ယောက်သည် ထိုစကားအား အားတင်း၍ ပြောလိုက်မိသည်။
***
တုန်ပိုလီသည် အညံ့စား အလုပ်သမားခေါင်းဆောင် အင်္ကျီကို ဝတ်ဆင်ထားကာ သူ့ရဲ့ နားနေအခန်းငယ်ထဲမှာ ထိုင်နေသည်။ သူ့တစ်ကိုယ်လုံးမှာလည်း ချွေးတို့ဖြင့် စိုရွှဲနေသည်။ ကောင်းကင်အဆင့် စစ်သည်တစ်ယောက်၏ ခန္ဓာကိုယ်နှင့် ချီစွမ်းအင်တို့ကြောင့် သူ့ခန္ဓာကိုယ်တို့က သန်မာ၍ အားကောင်းနေသေးသည်။ သို့သော် အနှစ်၂၀ တိုင်အောင် အလုပ်လုပ်ရခြင်းကြောင့် သူ့အတွက် ခက်ခဲကြမ်းတမ်းခဲ့ရသည်။ အထူးသဖြင့် လွန်ခဲ့သည့် ၆ နှစ်တုန်းက ရွှယ်ယင် သေဆုံးသွားတာကို ကြားရသည့်အပြင် သူ့မိန်းမ မိုယန်ယုက မှော်အစွမ်းများ ပျက်စီး၍ ကိုယ်ရောစိတ်ပါ ချုံးချုံးကျ နေသည်ကိုပါ ထပ်၍ ကြားလိုက်ရသေးသည်။
သို့သော် သူ ဆက်လက် တောင့်ခံထားနိုင်သည်။ သူ ဘယ်လောက်အထိ လုပ်နိုင်မလဲ.. ဘယ်လောက်အထိ နေနိုင်ဦးမလဲဆိုတာကို သူ မသိချေ။ သို့သော် အံ့ဖွယ်ရာတစ်ခုခု ဖြစ်လာလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် သူ အရှေ့ဆက်နိုင်ခဲ့သည်။
" ကျွီ.." တံခါးက ရုတ်တရက် ပွင့်လာသည်။
" လာပြီ.. လာပြီ.. လာနေပြီ.."
တုန်ပိုလီမှာ တွေးငေးနေရာမှ ခုန်ထလာသည်။ အပြင်ဘက်တံခါးသို့ ရောက်လျှင် ရောက်ချင်း တွေ့လိုက်ရသော မြင်ကွင်းကြောင့် သူ ငေးကြာင်သွားသည်။
နှင်းကဲ့သို့ ဖြူဆွတ်နေသည့် ဆံပင်နှင့် ခရမ်းရောင်အဝတ်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးအပြင် အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ဦး...
" အာ.. အာယု.."
တုန်ပိုလီမှာ သူ့မျက်စိအရှေ့မှာ မြင်နေရတာကို မယုံမရဲ ဖြစ်နေသည်။ ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးသည် ဆံပင်ဖြူနေတာကလွဲ၍ အရင်ကအတိုင်း လှပနေဆဲပင်။ သူမဟာ အရူးတစ်ယောက်လို စိတ်ဓာတ်ကျပြီး ချုံးချုံးကျနေသည်ဟူသော ကောလာဟလ သတင်းစကားကအတိုင်း မဟုတ်နေချေ။
" တုန်ပို.."
မိုယန်ယုဟာ သူမအရှေ့က လူကို ကြည့်လိုက်သည်။ သေရေးရှင်ရေးတိုက်ပွဲများကြားမှာ အတူတကွ လက်တွဲလာခဲ့သူ၊ သတ္တိရှိသော သူရဲကောင်းတစ်ယောက်..၊ အခုတော့ စိတ်အားတက်ကြွမှု ကင်းမဲ့နေပြီး ရဲရဲဝံ့ဝံ့ မရှိနေတော့။
သူမ၏ မျက်ဝန်းက နီရဲလာလေကာ အရှေ့သို့ တိုးလာပြီး ယောက်ျားဖြစ်သူ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
ရွှယ်ယင်က ဘေးနားကနေသာ ဆိတ်ဆိတ်နေ၍ ကြည့်နေသည်။
အဖေဖြစ်သူနှင့် အမေဖြစ်သူတို့ စကားပြောနေတာကိုလည်း သူ ကြည့်နေသည်။
သူတို့နှစ်ယောက် ဖက်ကြရင်း အတူတကွ ငိုကြွေးကြတာကိုလည်း သူ ကြည့်နေသည်။
" တုန်ပို.. ရှင့်ကို မပြောရသေးဘူး.. ဒီမှာ ကြည့်ပါဦး.. အဲဒါ ကျွန်မတို့သား ရွှယ်ယင်လေ.."
မိုယန်ယုက ရွှယ်ယင်အား ဆွဲခေါ်လာသည်။
" ရွှယ်ယင်..ဟုတ်လား.." တုန်ပိုလီလည်း အနက်ရောင်ဝတ်စုံနှင့်လူငယ်အား ရင်းနှီးနေသလို ခံစားနေရတာ ဖြစ်သည်။ သို့သော် မိုယန်ယုက ထိုသို့ ပြောလိုက်သည့်အခါမှာ သူ့သံသယကို ထုတ်ပြောလေသည်။
" ဒါပေမဲ့ ငါကြားထားတာက ရွှယ်ယင်က သေသွားပြီးဆို.."
" အင်. ရွှယ်ယင်က လေနက်ချောက်ကြီးထဲကို ပြုတ်ကျသွားတယ်ဆိုပေမဲ့ သူ အသက်ရှင်နိုင်ခဲ့တယ်.. သူက အထွတ်အထိပ်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး အဲဒီနေရာကနေ ထွက်လာနိုင်ခဲ့တာပေါ့.." မိုယန်ယုက ပြောလိုက်သည်။
" ငါတို့သားက အထွတ်အထိပ်အဆင့် ဟုတ်လား.." တုန်ပိုလီက သူ့သားအား ကြည့်လိုက်သည်။
သူ့မျက်လုံး.. သူ့နှားခေါင်း.. သူ့နားရွက်..
တုန်ပို အသက် ၈နှစ်တုန်းက ပုံစံကို သူ မှတ်မိနေပါသေးသည်။ ထို့ကြောင့်လည်း သူ့အရှေ့က ကောင်လေးသည် သူ့သား တုန်ပိုရွှယ်ယင် ဖြစ်မှန်း သူ သေချာ သိလိုက်သည်။ သူ့နှင့် ဆင်တူသော လူများ ရှိသောလည်း ထိုသူများက ဆင်သည်ဆိုရုံလေးသာ ပြောလို့ရသည်။ အသေးအမွှား ကွဲပြားမှုတော့ ရှိနေတတ်သည်။ ထိုအနက်ရောင်ဝတ်စုံနှင့် လူငယ်ကဲ့သို့ လုံးဝချွတ်စွပ်တူနေတာမျိုး မဟုတ်ချေ။
" အဖေ.. အမေ.. ဒီနေ့ကစပြီး ဒီအလုပ်ကြမ်းတွေ ခက်ခဲပင်ပန်းခြင်းတွေကို ဒုက္ခခံနေစရာ မလိုတော့ဘူး.." ဟု ရွှယ်ယင်က ပြောလိုက်သည်။
" ဘယ်သူကမှ အဖေကို ဒီလို ခိုင်းစေခွင့် မရှိစေရဘူး.."
တုန်ပိုလီမှာ ရုတ်တရက် ဂုဏ်ယူဝင့်ကြွားစွာ ခံစားလိုက်ရသည်။
" ငါ တုန်ပိုလီမှာ အထွတ်အထိပ်အဆင့် သားတစ်ယောက် ရှိခဲ့ပြီးပေါ့.. ဟား..ဟား..ဟား.."
တုန်ပိုလီက စိတ်လှုပ်ရှားသွားပြီး ရယ်မောကာ ပြောလိုက်သည်။
" ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာ ငါ သိနေခဲ့ပြီးသားပါ.. ဟားဟား.."
" သား တော်တယ်.." တုန်ပိုလီက ပြုံးရင်း ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်သည်။
" ဒီအဘိုးကြီးထက် သေချာပေါက် ပိုပြီးတော့ အစွမ်းထက်လိမ့်မယ်ဆိုတာ ငါ သိပါတယ်.. အခုဆိုရင် မင်းက ငါ့ထက်တောင် အများကြီး အစွမ်းထက်နေပြီး.. မဆိုးဘူးကွ.. မဆိုးဘူး.."
ရွှယ်ယင်၏ စိတ်ခံစားချက် ထိန်းထားနိုင်မှုက အံ့မခန်းပင်။ သို့သော် သူ့အဖေ၏ ဂုဏ်ယူစွာ ချီးမွှမ်းနေမှုကို နားထောင်ရင်း စိတ်ထဲမှာ ကျေနပ်ပြီး ဝမ်းလည်း သာနေသည်။
" အတိတ်ကာလက ပြီးသွားခဲ့ပြီ.." ရွှယ်ယင်၏ အသံက ချက်ချင်းဆိုသလို အေးစက်လာသည်။
" ဒါပေမဲ့ ဒီလို ဒုက္ခမျိုး ကြုံတွေ့ရအောင် လုပ်ခဲ့တဲ့ သူမှန်သမျှကို လုံးဝ အလွတ်မပေးဘူး.. ဒီလောက် စက်ဆုပ်ဖို့ ကောင်းတဲ့ မိုယန်ကလန်ကြောင့် အဖေနဲ့အမေဟာ နှစ်ပေါင်း ၂၀ ကြာအောင် ဒုက္ခခံခဲ့ရတယ်.. ဒီအသုံးမကျတဲ့ ကလန်တစ်ခုလုံး ဆက်ရှိနေဖို့ မလိုတော့ဘူး.. နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့သူ အားလုံး..အားလုံး... တစ်ယောက်ချင်းစီတိုင်းဟာ အဲဒီ အနှစ် ၂၀ စာအတွက် ပေးဆပ်ရမယ်.."
သူ့မိဘတွေဟာ အညှာတာမဲ့ ဒုက္ခခံခဲ့ရသည်မဟုတ်လား.. မိဘနှင့် သားသမီးတို့ ရှင်ကွဲကွဲ ခွဲနေခဲ့ကြရသည်။
" ရွှယ်ယင်.." မိုယန်က ပြောလိုက်သည်။ " အဲဒါတွေ မလိုအပ်ပါဘူး.. ဒုက္ခ မပေးပါနဲ့တော့. မိုယန်ကလန်တစ်ခုလုံးမှာ လူနည်းနည်းလောက်ပဲ အမေနဲ့ နာကျည်းချက် ရှိခဲ့တာပါ.. ကျန်တဲ့ သူအားလုံးဟာ ဘာ ရန်ငြိုးလည်း မရှိသလို မကျေမနပ် ဖြစ်တာမျိုးလည်း မရှိပါဘူး.. ကလန်ခေါင်းဆောင်ကိုယ်တိုင်ကလည်း စည်းမျဥ်းအတိုင်း လိုက်နာတာပါ.. ငါတို့အပေါ် အမှားကြီးလုပ်တယ်လို့ ပြောလို့် မရပါဘူး.."
တကယ်တမ်းတော့ မိုယန်ကလန်ဟာ သူမ မွေးဖွားကြီးပြင်းခဲ့သည့် နေရာ ဖြစ်နေဆဲပေ။ လူတွေအများကြီးကလည်း သူမ ရင်းနှီးခဲ့ဖူးသူ ဖြစ်လေသည်။
" မိုယန်ချန်ပိုင်နဲ့ လူနည်းနည်းလောက်ကို သတ်လိုက်ရုံနဲ့ ဒီကိစ္စတွေကို မေ့ပစ်လိုက်ရတော့မှာလား.." ရွှယ်ယင်က သူမအား ငေးကြည့်ရင်း မေးလိုက်သည်။
သူ အသက် ၈ နှစ်အချိန်မှာ သွေးအေးရက်စက်သော အမိန့်တစ်ခုကြောင့် သူ့မိဘတွေကို အဝေးသို့ ခေါ်ဆောင်သွားခဲ့ကြသည်။
ပထမဆုံး လက်စားချေခြင်းအဖြစ် ရွှယ်ယင်သည် မိုယန်ချန်ပိုင်အား သတ်လိုသည်။ ထို့ပြင် အမိန့်ကို ထုတ်ပြန်ခဲ့သည့် ကလန်ခေါင်းဆောင်နှင့် အဆင့်မြင့် ရာထူးအကြီးပိုင်းက လူတွေအားလုံးကိုလည်း လက်တုံ့ပြန်လိုသည်။
" ရွှယ်ယင်.." တုန်ပိုလီက သူ့မိန်းမအား ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
" ဒါဟာ မင်းအမေရဲ့ ကလေးဘဝက နေရာတွေလေ.. သူ ကြီးပြင်းလာခဲ့တဲ့ မိသားစု နေရာတွေပါ.. လူတွေ အများစုကလည်း မင်းအမေနဲ့ ရင်းနှီးပါတယ်.. ဒီလောက်အထိ အကြီးအကျယ် လုပ်စရာ မလိုပါဘူး.."
" အဖေတို့ အမေတို့.. သူတို့ကို မမုန်းကြဘူးလား.." ရွှယ်ယင်က ခပ်မြန်မြန် မေးချလိုက်သည်။
" ဘာပဲဖြစ်ဖြစ်.. ငါတို့ အသက်ရှင်နေတုန်းပဲလေ.. " မိုယန်ယုက ပြောလိုက်သည်။
" လူအားလုံးကိုလည်း ထည့်သွင်းနေစရာ မလိုပါဘူး.."
သို့သော် ရွှယ်ယင်က အံကို ကြိတ်ထားလျက် ရှိသည်။
ရွှစ်..
ထိုအခန်းအထဲကနေ ရွှယ်ယင် ပျောက်ကွယ်သွားသည်။ မိုယန်ယုနှင့် တုန်ပိုလီတို့က ပြေးထွက်လာပြီး ပြတင်းပေါက်ဆီသို့ ပြေးသွားလိုက်သည်။ သူတို့ မြင်လိုက်ရသည်က ကောင်းကင်ထက်မှာ အထွတ်အထိပ် မီးလျှံချီစွမ်းအင်တွေနှင့် သတ္တလောကထဲကို ဆင်းသက်လာသော နတ်ဘုရားတစ်ပါးအလား ရှိနေသည့် ရွှယ်ယင်ကိုပင်။ သူ့ကိုယ်ပေါ်ကနေ ပြင်းထန်အားကောင်းသော ဖိအားတစ်ရပ် စိမ့်ဖြာထွက်နေသည်။
ရွှယ်ယင်၏ အကြည့်သည် အောက်က သန့်စင်အလုပ်ရုံတစ်ခွင်လုံးအား ဝေ့ဝဲကြည့်လိုက်သည်။ ဖြစ်ပျက်သွားတာကို ချောင်းကြည့်နေကြသည့် လူများ၊ မှော်ဆရာများနှင့် စစ်သည်တို့အားလုံးမှာ ရင်ထဲတွင် တင်းကျပ်သွားကြပြီး စိတ်ထဲ ချောက်ချားသွားကြသည်။
" ငါက တုန်ပိုရွှယ်ယင်ပဲ.. မင်းတို့ထဲမှာ ငါ့နာမည်ကို အရင်က ကြားဖူးတဲ့သူ ရှိလိမ့်မယ်.."
" ငါဟာ လေနက်ချောက်ကြီးထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့တယ်.. ဒီအချိန်မှာ ကြောက်နေရမဲ့သူတွေက မင်းတို့ မိုယန်ကလန်က လူတွေပဲ.. "
ရွှယ်ယင်၏ အသံက အေးစက်ပြီး ခံစားချက် ကင်းမဲ့လေကာ သန့်စင်အလုပ်ရုံတခွင်လုံး ပျံ့နှံ့သွားနေသည်။
" ပထမတုန်းက မိုယန်ကလန်ကို လုံးဝ အပြတ်ရှင်းချင်ခဲ့တာ.. သေဖို့ ထိုက်တန်တဲ့လူတွေဟာ သေကို သေရမယ်.. အရင်တုန်းက အမိန့်ကို ထုတ်ပြန်ခဲ့တဲ့ မင်းတို့ ကလန်ခေါင်းဆောင်လည်း ပါတယ်.."
" ဒါပေမဲ့ ငါ့အမေက မင်းတို့အားလုံးအတွက် တောင်းပန်ခဲ့လို့ မင်းတို့ မိုယန်ကလန်က ကံကောင်းသွားတယ်လို့ မှတ်ပါ.. ဒါပေမဲ့.. မင်းတို့ဟာ သေဘေးက လွတ်ပေမဲ့ အပြစ်ဒဏ်က ပေးရဦးမှာပဲ.."
" မင်းတို့ ကလန်ခေါင်းဆောင် မိုယန်ချီကို ပြောလိုက်ပါ.. သူ လာတောင်းပန်မှာကို ငါ စောင့်နေမယ်လို့.."
ကောင်းကင်အမြင့်မှာ ရှိနေသည့် ရွှယ်ယင်သည် မိုယန်ကလန်၏ စစ်သည်များနှင့် မှော်ဆရာများကို ကြောက်ရွံ့စေအောင် ခြိမ်းခြောက်ကြုံးဝါးလိုက်ကာ
" တကယ်လို့.. ငါ့စိတ်က မကျေနပ်သေးဘူးဆိုရင်တော့.. ဟင်း..ဟင်း.."
နောက်ဆုံး လှောင်ရယ်လိုက်သည့် အသံကြောင့် အားလုံးမှာ ကျောချမ်းသွားကြသည်။
တကယ်လို့ သူသာ စိတ်မကျေနပ်ခဲ့ဘူးဆိုရင်.. တုန်ပိုရွှယ်ယင်က ဘာလုပ်မှာလဲ.. မည်သူမှ မသိနိုင်ပြီ။
" အဖေ.. အမေ.. " ရွှယ်ယင်က သူတို့နှစ်ယောက်ထံသို့ ပြန်လည် ပျံသန်းသွားလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်၏ လက်ကို ကိုင်ဆွဲကာ.. " အိမ်ကို ပြန်ကြရအောင်.."
" အင်း.." မိုယန်ယုနှင့် တုန်ပိုလီတို့ ခေါင်းညိတ်လိုက်သည်။
မိုယန်ယုမှာ သူမ၏ သား ပြောသွားသော ခြိမ်းခြောက်စကားထဲတွင် မိုယန်ကလန်အတွက် ဘေးအန္တရာယ် ရှိပြီး လူတွေလည်း သေကြရမည် ဖြစ်နေသော်လည်း အစောပိုင်းက သူလုပ်ဆောင်တော့မည့် အရာထက် ပို၍ သက်သာပါသေးသည်။
နောက်ပြီး သူမသည်လည်း မိုယန်ကလန်နှင့် ရင်းနှီးကျွမ်းဝင်ခြင်းလည်း မရှိနေတော့ချေ။ ထို့အပြင် နှစ်ပေါင်းများစွာ ကြာမြင့်စွာ ဒုက္ခခံခဲ့ရသည် ဖြစ်၍ သူမ၏ နှလုံးသားထဲမှာလည်း ခံစားချက်အချို့ နက်ရှိုင်းစွာ ရှိနေပါသည်။ သို့သော် မိုယန်ကလန်မှာ သူမ၏ အစ်ကိုကြီးဖြစ်သူ မိုယန်ချန်ကဲ့သို့ လူတွေလည်း ရှိနေသည်မဟုတ်လား။
ရွှစ်..
ရွှယ်ယင်သည် သူ့မိဘနှင့်အတူ မီးလျှံအလင်းတန်းတစ်ခုသို့ ပြောင်းလဲသွားပြီး ကောင်ကင်ပြင်ကို ကျော်ြဖတ်၍ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။
သန့်စင်အလုပ်ရုံတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်စွာ ကျန်ခဲ့သည်။
ထို့နောက်မှာ ငွေလအဆင့် မှော်ဆရာများ၊ စစ်သည်များဟာ ရှုကွမ်းချင်ရှိရာနေရာသို့ ခပ်သုတ်သုတ် သွားကြကုန်ကာ စုဝေးကြသည်။
" မှော်ဆရာကြီးရှု.. ကျွန်တော်တို့ ဘာလုပ်သင့်လဲ.."
အားလုံးက စိုးရိမ်သောက ရောက်နေကြသည်။
" ငါတို့ ဘာလုပ်လို့ ရမှာလဲ.. ဒီကပ်ဘေးကို မကျော်လွှားနိုင်ရင် မိုယန်ကလန်တစ်ခုလုံး ပျက်စီးကိန်း ဆိုက်ပြီးပေါ့.. "
မှော်ဆရာကြီး ရှုကွမ်းချင်က ခေါင်းကို ခါယမ်းလိုက်ကာ " ငါတို့ လုပ်လို့ ရတာတစ်ခုက အထွတ်အထိပ်အဆင့် ပြောသွားတဲ့ စကားအားလုံးကို ကလန်ခေါင်းဆောင်ဆီ သတင်းပို့ရမှာပေါ့.. သူ့ဘာသာ ဆုံးဖြတ်ပါ့လေစေ.. ဟူး... အထွတ်အထိပ်အဆင့်တစ်ယောက်ရဲ့ ဒေါသကို ဖြေဖျောက်ဖို့က ဘယ်လောက်တောင် ခဲယဥ်းလိုက်သလဲကွယ်..
***
အပိုင်း ( ၉၁ ) လူအများ နှိပ်စက်သတ်ဖြတ်ခြင်း
မိုယန်ကလန်၏ ဘိုးဘေးနားခိုရာခန်းထဲတွင် အခြေအနေတို့က စိတ်လေးလံဖွယ်ရာ ကောင်းနေသည်။ လေထုတို့က ပိတ်လှောင်ထားသဖွယ် ဖြစ်နေသည်။ ထိုခန်းမထဲကို ရောက်လာကြသော အကြီးအကဲသုံးဦးမှာ မျက်နှာတွေက ဖြူဖျော့နေကြပြီး နဖူးမှာလည်း ချွေးစီးများ ပြန်နေကြသည်။
" ပြောစမ်း.. ငါတို့ ဘာလုပ်သင့်လဲ.."
ထိုခန်းမထဲတွင် အားလုံး၏ အထက်တွင် ထိုင်နေသူက ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အနိုင်ထက်ကလူ ဆန်သော အငွေ့အသက်များ ထွက်ရှိနေသည်။
သူမကား လက်ရှိ မိုယန်ကလန်ခေါင်းဆောင် ဖြစ်သော မိုယန်ချီ ဖြစ်သည်။
မိုယန်ကလန်ကို တည်ထောင်ခဲ့သော ခေါင်းဆောင်ကြီး သေဆုံးသွားခဲ့ပြီးနောက်တွင် မိုယန်ကလန်က အကျဘက်သို့ နိမ့်ကျလာခဲ့သည်။ သို့သော် ခန္ဓာကိုယ်အသွင်ပြောင်းလဲခြင်းကို အတင်းအကျပ်လုပ်ဆောင်ခဲ့ပြီး ဟန်ပြအထွတ်အထိပ်အဆင့်ကို ရောက်ရှိခဲ့သူ မိုယန်ချီကြောင့် မိုယန်ကလန်မှာ နောက်တစ်ကြိမ် မြင့်တက်လာခဲ့သည်။ သို့သော် အစစ်အမှန် အထွတ်အထိပ်အဆင့်တစ်ယောက်၏ အရှေ့မှာ ဟန်ပြအထွတ်အထိပ်အဆင့်ဆိုတာ ရယ်စရာတစ်ခုပေ။ သို့သော် သာမန်သေမျိုးအတွက်ကမူ ဟန်ပြအထွတ်အထိပ်အဆင့်လည်း ကြောက်စရာ ကောင်းနေပေသည်။
သူတို့တွင် ပျံသန်းနိုင်သည့် အစွမ်းရှိသည့်အပြင် အထွတ်အထိပ်မဟုတ်သည့် အရာပစ္စည်းကြောင့်လည်း ထိခိုက်ဒဏ်ရာ မရနိုင်ပေ။ သက်တမ်းကလည် နှစ်ပေါင်း ၈၀၀ အထိ ကြာမြင့်သောကြောင့် ကလန်ကို ကြီးပွားမြင့်တက်အောင် ဆောင်ရွက်သွားနိုင်ဖို့ အချိန် လုံလောက်ပေသည်။
သို့သော် သူတို့တွင်လည်း မပြောလည်း သိနေရမည့် စည်းမျဥ်းတစ်ခု ရှိသည်။ ၎င်းမှာ အစစ်အမှန် အထွတ်အထိပ်တစ်ယောက်ကို မဆန့်ကျင်မိရန်ပင်။
အရင်တုန်းက မိုယန်ကလန်သည် ကိစ္စများ ကိုင်တွယ်ဆောင်ရွက်ရာတွင် အထူးဂရုတစိုက် ရှိသည်။ အထွတ်အထိပ်ရှိသည့် ကလန်နှင့် ရွှေလမ်းငွေလမ်းဖောက်၍ သူတို့၏ အဆင့်အတန်းကို မြှင့်တင်ဖို့ကို ဆောင်ရွက်ခဲ့ကြသည်။ သို့သော် ယခုမှာ..
" အစည်းအဝေးပွဲတွေမှာ မင်းတို့ အကြီးအကဲတွေ ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေကို ငါ အမြဲတမ်း ယုံကြည်ခဲ့တယ်.. ကိစ္စသေးသေးမွှားမွှားတွေကို ကိုင်တွယ်ဆောင်ရွက်ပေးဖို့ မင်းတို့ကို လွှဲအပ်ထားခဲ့တယ် မဟုတ်လား.. "
ငွေရောင်ဝတ်စုံနှင့် အမျိုးသမီး၏ အသံတွင် ဒေါသအငွေ့အသက်တို့ ပါဝင်လာသည်။
" ဆရာတုန်ပိုရွှယ်ယင်က အသက် ၂၂ နှစ်ပဲ ရှိပေမဲ့ သူက ရှင်းဖန်းယွင်နဲ့ တိုက်ခိုက်နိုင်ခဲ့တယ်.. နောက်ဆုံးမှာ သူက လေနက်ချောက်ကြီးထဲကို ကျသွားခဲ့ပေမဲ့ သူက တကယ်သေတာလို့ သေချာ ပြောနိုင်ခဲ့လို့လား.. ဘယ်သူမှ သူ့အလောင်းကို မတွေ့ခဲ့ဘူးမလား.. ဘာကြောင့် သူ သေသွားတယ်လို့ သေချာနေရတာလဲ.. အဲဒီအချိန်ကတည်းက မင်းတို့ဟာ ဆရာတုန်ပိုရွှယ်ယင်ရဲ့မိဘတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်တယ် မဟုတ်ဘူးလား.."
အကြီးအကဲ သုံးယောက်မှာ မည်သည့်အသံမှ မထွက်ရဲကြချေ။
သို့သော် သုံးယောက်စလုံးက ကိုယ်စီ ရေရွတ်လိုက်ကြသည်။
တုန်ပိုရွှယ်ယင်နဲ့ ရှင်းဖန်းယွင်တို့ အပြန်အလှန် တိုက်ခိုက်ကြတဲ့ ကိစ္စကို သူလည်း သိတာပဲကို..
" အခု.. ငါတို့ရဲ့ ကပ်ဘေးကို ငါတို့ ကိုယ်တိုင် ခေါ်ဆောင်ခဲ့မိကြပြီ.. ငါတို့ မိုယန်ကလန်က နှစ်ပေါင်းတစ်ထောင်လောက် ကြာမြင့်ခဲ့ပြီ.. ဒါပေမဲ့ အမှားတစ်ခုကြောင့် ငါတို့ ပျက်စီးကြတော့မှာကို မြင်ကြရတော့မယ်.. "
မိုယန်ချီမှာ တကယ်ပင် ဒေါသထွက်နေသည်။ စိတ်ထဲမှာ စိုးထိတ်နေကာ ကြောက်လန့်နေသးသည်။
မိုးကြိုးဒီရေကမ်းခြေနှင့် တုန်ရှန်းရေကန် သန့်စင်အလုပ်ရုံကနေ သတင်းတွေက သူတို့ဆီ ရောက်လာခဲ့ကြသည်။ ပျံသန်းနိုင်သည့် အစွမ်း၊ အထွတ်အထိပ်အဆင့် ချီစွမ်းအင်၊ အကြည့်တစ်ချက်တည်းဖြင့် ငွေလအဆင့် အပါအဝင် အားလုံးအား ပြိုလဲကျသွားစေနိုင်စွမ်း၊ ထိုအချက်အားလုံးသည် တုန်ပိုရွှယ်ယင်အား အစစ်အမှန် အထွတ်အထိပ်အဆင့်တစ်ယောက် ဖြစ်နေကြောင်းအား သက်သေထူ ပြသနေသကဲ့သို့ ရှိနေသည်။
ရွှယ်ယင်၏ စကားလုံးတွင် ပါဝင်နေသည့် ခြိမ်းခြောက်မှုများကို သူတို့ သိရှိနားလည်သည်။
မိုယန်ချီမှာလည်း ရွှယ်ယင်၏ စကားလုံးထဲက ခြိမ်းခြောက်မှုတို့ကြောင့် အတော်လေး စိုးရိမ်ပူပန်ခဲ့ရသည်။ အထူးသဖြင့် ရွှယ်ယင် ပြောသွားသော စကားလုံးထဲမှ တစ်ကြောင်းဖြစ်သော
" သေဖို့ ထိုက်တန်တဲ့လူတွေဟာ သေကို သေရမယ်.. အရင်တုန်းက အမိန့်ကို ထုတ်ပြန်ခဲ့တဲ့ မင်းတို့ ကလန်ခေါင်းဆောင်လည်း ပါတယ်.." ဟူသည့် စကားပင်။ ထိုစကားကြောင့် သူမလည်း ပထမဆုံး လူစာရင်းထဲမှာ ပါဝင်နေကြောင်း သိသာစေကာ ထို့ကြောင့်လည်း သူမလည်း ပျာယာခတ်နေခြင်း ဖြစ်သည်။
" ကံကောင်းတာတစ်ခုက မိုယန်ယုက ငါတို့ကလန်နဲ့ ဆက်ဆံရေးကို အရေးထားခဲ့လို့ပဲ.. ဒါကြောင့်လည်း သူ့သား စိတ်လိုက်မာန်ပါ လုပ်မှာကို ဖျောင်းဖျ ပေးနိုင်ခဲ့တာ.."
ထိုအကြောင်းကို တွေးလိုက်သည့်အခါတွင် မိုယန်ချီ၏ မျက်ဝန်းတို့က ပို၍ အေးစက်လာခဲ့သည်။
သူမ ဆုံးဖြတ်ချက် ချလိုက်သည်။
" ငါတို့ကလန် ရေရှည် တည်တံ့ဖို့အတွက် ငါတို့ ဆရာတုန်ပိုရွှယ်ယင်ကို ချက်ချင်း စိတ်ကျေနပ်စေရမယ်." ဟု မိုယန်ချီက ပြောလိုက်သည်။
ယခုအခါ သူမသည် တုန်ပိုရွှယ်ယင်အား ဆရာဟု တပ်ခေါ်ခြင်းသည် လေးစားသမှုကို ပြသလိုခြင်း ဖြစ်သည်။
" ဟုတ်တယ်.. ဆရာတုန်ပိုကို စိတ်ကျေနပ်စေရမယ်.."
အကြီးအကဲအားလုံးတို့က သူမ၏ စကားကို ကမန်းကတန်း ထောက်ခံကြသည်။
" အဲဒီအချိန် အကြီးအကဲအစည်းအဝေးမှာ ဘယ်သူက မိုယန်ယုကို အပြစ်ပေးဖို့ အကြံပြုခဲ့လဲ..ဘယ်သူက မိုယန်ယုကို အပြင်လူတစ်ယောက်နဲ့ လက်ထပ်ဖို့ သဘောတူခဲ့လဲ.."
မိုယန်ယုက မေးလိုက်သည်။
ထိုအခါ အကြီးအကဲ သုံးယောက်ထဲက နှစ်ယောက်သည် ကျန်တစ်ယောက်ကို ကြည့်လိုက်ကြသည်။
ထိုအကြီးအကဲ၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။
" အကြီးအကဲရှန်.. ရှင်လည်း အကြာကြီး နေလာခဲပြီးပြီပဲ.. ဒီအချိန်ဟာ ကလန်အတွက် ရှင်ကိုယ်တိုင် စတေးရတော့မယ့် အချိန်ပဲ.."
မိုယန်ချီ၏ အမူအရာက အေးစက်စက်ဖြင့် ထိုအကြီးအကဲအား ကြည့်လိုက်သည်။
ထိုအခါ ထိုအကြီးအကဲက အံကို ကြိတ်လိုက်ကာ သူ့အမူအရာကလည်း ရိုင်းစိုင်းသည့်အသွင် ပေါက်လာသည်။
" မိုယန်ယုကို အပြင်လူတစ်ယောက်နဲ့ လက်ထပ်ပေးဖို့ အကြံပေးတာက ဒီအတိုင်း ပြောလိုက်တာမျိုးပဲ.. ပြီးတော့ သူမက မိသားစုစည်းမျဥ်းကို ဖောက်ဖျက်ခဲ့တာလေ.. ဒါကြောင့် သူမကို အပြစ်ဒဏ် ချမှတ်ရတာပဲ.. ကျုပ်က.."
" ဟင်.. ဘာလဲ.. ရှင်က ငြင်းဆန်ချင်တာလား.."
မိုယန်ချီကနေ သတ်ဖြတ်ခြင်းအငွေ့အသက်တို့ လွင့်ထွက်လာသည်။
သူတို့၏ ကလန်ကြီးသည် သမိုင်းကြောင်းက နှစ်ပေါင်းတစ်ထောင် ရှိလေပြီး ကလန်သူကလန်သားတို့က အယောက်တစ်သောင်းကျော်မျှ ရှိလေသည်။ အကြီးအကဲ မိုယန်ရှန်၏ စတေးခံမှုက ကလန်တစ်ခုလုံး ပျက်စီးသွားတာထက်စာရင် သေးငယ်သော ကိစ္စတစ်ခုဟု ဆိုနိုင်သည်။
" မိုယန်ရှန်..ရှင်လည်း အသက် အတော်ကြီးပြီ.. ကလန်ရဲ့ ချီးမြှောက်မှုကိုလည်း ခံစားနေရာတာ အတော်ကြာခဲ့ပြီး.. ဒီအချိန်မှာမှ သေရမှာကို ကြောက်နေတာလား.."
" ဟွန့်.. မင်းက မိုယန်ယုကို အပြစ်ဒစ်ကြီးကြီး ချမှတ်ဖို့ ပြောခဲ့တဲ့သူပဲ.. ဒီအချိန်ကျမှ မင်းကို အနောက်ဆုတ်ခွင့် မပေးနိုင်ဘူး.." ကျန်သည့် အကြီးအကဲနှစ်ယောက်က ဒေါသတကြီးဖြင့် အော်ပြောလိုက်ကြသည်။
အကြီးအကဲအစည်းအဝေးပွဲတွင် မှော်ဆရာကြီး ရှုကွမ်းချင်ကဲ့သို့ တခြားသော ကလန်မှ မွေးဖွားလာသူများလည်း ပါကြသည်။ ကလန်၏ ဘိုးဘေးနားခိုရာခန်းမမှ အကြီးအကဲတို့အနက် ထိုသုံးယောက်သာ ပါသည်။ ထို့ကြောင့်လည်း ထိုတစ်ယောက်ကို စတေးလိုက်ခြင်းက အပေးအယူကြီးတစ်ခုဟု သတ်မှတ်၍ ရနိုင်သည်မဟုတ်လား။
" ဒါ ကျုပ်အမှားတွေပါပဲ.. " ထိုအကြီးအကဲက ခေါင်းကို ငုံ့ကာ ပြောလိုက်သည်။
" ရှင်က ဘာကြောင့် မိုယန်ယုကို တခြားလူနဲ့ လက်ထပ်ပေးဖို့ အကြံပေးခဲ့တာလဲ.. ဘယ်သူတွေကရော ကူညီပေးခဲ့သေးလဲ.. အားလုံးကို ချရေးထားလိုက်.. အရှေ့ကနေရော.. နောက်ကွယ်ကနေရာ ပါဝင်ခဲ့တဲ့သူ အားလုံးကို ချရေးထား.. တစ်ယောက်မှ မကျန်ခဲ့စေနဲ့.."
မိုယန်ချီက ထိုအတိုင်း အမိန့်ပေးလိုက်သည်။
သူတို့၏ ကလန်သည် ကြီးမားသည့် ကလန်တစ်ခု ဖြစ်ကာ တစ်ဦးကိုတစ်ဦး ချောက်တွန်းတာမျိုးလည်း ရှိသည်။ သူတို့မှာ သားမြေးမြစ်တို့က များစွာ ရှိသည့်အထဲကမှ ဘာကြောင့် မိုယန်ယုကိုမှ ဦးတည်ထားခဲ့ရသနည်း။ အကြောင်းအရင်းကတော့ ရှိပါလိမ့်မည်။
" မိုယန်ယုနဲ့ တုန်ပိုလီကို ဖမ်းဖို့ လုပ်ဆောင်ခဲ့တဲ့ သူတွေကို အကုန်ရေးမှတ်ပြီးရင် ကွင်းဆက်လိုက်ပြီး ပါဝင်ပတ်သတ်ခဲ့သူတွေကိုပါ ထပ်ရှာ.. သူတို့လင်မယားနှစ်ယောက်စလုံးကို ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့တဲ့သူတွေလည်း ပါတယ်.. သူတို့ရဲ့ လုပ်ဆောင်ချက်တွေ အားလုံး ရှာဖွေ ဖော်ထုတ်လာခဲ့ကြ.."
" ဒါက အခြေခံလေးတွေပဲ ရှိသေးတယ်.."
" အဲဒီအထွတ်အထိပ်ကို ဖြေသိမ့်စေဖို့ ကိစ္စနဲ့ ပတ်သတ်ပြီးတော့ အကြံပေးတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ငါ့ကို အမြန်ဆုံး အဖြေပေးကြ.."
မိုယန်ချီက မတ်တတ်ရပ်လိုက်ကာ အမိန့်ပေးလိုက်သည်။
" အမြန်ဆုံး ဆောင်ရွက်ကြပါ.. ဖမ်းသင့်တဲ့သူကို ဖမ်းကြ.. ဘယ်သူ့ကိုမှ မလွတ်စေနဲ့.."
****
ကြီးကျယ်ခမ်းနားသည့် ခြံဝင်းတစ်ခုတွင် အသက်လတ်ပိုင်း လူကြီးတစ်ယောက်က အဖိုးတန် အဝတ်အစားကို ဝတ်ဆင်ထားကာ အေးအေးဆေးဆေး ထိုင်နေသည်။ သူ့နံဘေးတွင် မိန်းမလှလေးများ ပြုစုပေးနေလျက် ရှိသည်။ တချို့က အသီးများ နွှာကာ ခွံ့ပေးလျက်၊ တချို့က နှိပ်နယ်ပြုစုပေးလျက် ရှိကြသည်။
သူကား မိုယန်ချန်ပိုင်ပင်။ အသက်က ၉၀ နီးပါး ရှိလေ၏။ ငွေလအဆင့်စစ်သည်တစ်ယောက်အနေဖြင့် အသက် ၁၆၀ နီးပါး အသက်ရှည်ကြသည်က ပုံမှန်တစ်ခုပင်။ တချို့က အသက် ၂၀၀ နီးပါး ရှည်ကြသည်။ သူ့သက်တမ်းဖြင့် တွက်ကြည့်ပါလျှင် အိုနေပြီးဟု မဆိုနိုင်ပေ။
" သခင်.." ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်က ခြံဝင်းထဲ ပြေးဝင်လာကာ အော်ဟစ် ပြောလေသည်။
" သခင်.. သခင်.. တစ်ခုခုတော့ အကြီးအကျယ် ဖြစ်နေပြီ.."
" မဖြစ်နိုင်တာ.. ဒီအထဲကိုတောင် ဝင်ရဲတယ်ပါလား.. အေး မင်းပြောတာ အရေးမကြီးခဲ့ရင် မင်းအသက်ကို ပေးဆပ်ရလိမ့်မယ်.."
မိုယန်ချန်ပိုင်၏ မျက်နှာတွင် သွေးဆာသည့် အငွေ့များကို မြင်ရနိုင်သည်။ ဒါသည် သူ့ခြံဝင်းဖြစ်ကာ သူ့မိန်းမတွေသာ နေထိုင်ခွင့် ရထားသည့် နေရာ ဖြစ်သည်။ ယောက်ျားလေး အစေခံတွေရော အစောင့်တွေပါ ဝင်လာဖို့ တားမြစ်ထားသည့် နေရာလည်း ဖြစ်သည်။
" တုန်ရှန်းရေကန် သန့်စင်အလုပ်ရုံက သတင်းတစ်ခု ရလာတယ်.. တုန်ပိုရွှယ်ယင်က အထွတ်အထိပ်အဆင့် ဖြစ်နေပြီး သူ့မိဘတွေကို လာကယ်သွားတာတဲ့.. တုန်ပိုရွှယ်ယင်က မိုယန်ကလန်ကို ရာဇသံ ပေးလိုက်တယ်တဲ့.."
ထို ပိန်ပိန်းပါးပါး လူငယ်လေးမှာ မိုယန်ချန်ပိုင်၏ လူယုံတော် ဖြစ်သည်။ သခင် ဖြစ်သူ ပြဿနာ ကြုံရသည့် အခါတွင် လူယုံတော်တို့၏ ဘဝသည်လည်း ဆုံးခန်း တိုင်ရမြဲပင်။
" သခင်.. ကျနော်တို့ ဘာလုပ်သင့်လဲဆိုတာ မြန်မြန် စဥ်းစားသင့်တယ်.."
ထိုအခါ မိုယန်ချန်ပိုင်၏ အမူအရာက ပြောင်းလဲသွားပြီး.. " ငါ ကြားတာက တုန်ပိုရွှယ်ယင်က သေသွားပြီးမလား.. သူက ဘယ်လိုလုပ်ပြီး အထွတ်အထိပ်အဆင့် ဖြစ်သွားရတာလဲ.. ဒီသတင်းက သေရော သေချာရဲ့လား.."
ဝုန်း.. ဒုန်း..
ရုတ်တရက် ကောင်းကင်ထက်ကနေ အော်မြည်အသံများ ထွက်ရှိလာသည်။ ရုတ်ချည်း ဆိုသလို အနက်ရောင် သန့်စင်မှော်ယာဥ်ပျံတစ်စီးက ထွက်ပေါ်လာကာ အစွမ်းထက် စစ်သည်များနှင့် မှော်ဆရာတို့လည်း ယာဥ်ပျံထိပ်ပေါ်တွင် ပါလာကြသည်။ သူတို့သည် မိုယန်ချန်ပိုင်အား အေးစက်စက် အကြည့်ဖြင့် အောက်ငုံ့ကြည့်လိုက်ကြသည်။
မိုယန်ချန်ပိုင်က အရေးကြီးဆုံး တရားခံတစ်ဦး ဖြစ်လေကာ သူတို့ထဲက အသန်မာဆုံးလူတစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့်လည်း လက်လွတ်သွားမည်ကို စိုးရိမ်သောကြောင့် အကြီးအကဲတို့က မှော်ယာဥ်ပျံတစ်စီး စေလွှတ်လိုက်ကာ ချက်ချင်း ဖမ်းဆီးခိုင်းခြင်း ဖြစ်သည်။
" မိုယန်ချန်ပိုင်.. ကိုယ်တိုင် အဖမ်းခံလိုက်ပါ.." ထိုအသံက မှော်ယာဥ်ပျံထက်နေ ထွက်ရှိလာသည်။
****
ထိုနေ့လယ်ခင်းတစ်ခင်းလုံး မိုယန်ကလန်တွင် ဖမ်းဆီးသတ်ဖြတ်ခြင်းအား စတင်လျက် ရှိသည်။ ကလန်တစ်ခုလုံး ပျက်စေခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့သူ အပြစ်သားများအား လိုက်လံ ဖမ်းဆီးသတ်ဖြတ်ကြသည်။ အဓိကတရားခံဖြစ်သော မိုယန်ချန်ပိုင်ကဲ့သို့ တရားခံမျိုးကို ထိုညမှာမှာပဲ စစ်ကြောဝင်ကြပြီး တစ်ခါတည်း သတ်စေခဲ့သည်။
ထို့အပြင် ကလန်ထဲက လူဟောင်းတွေမှာလည်း တိုက်ခိုက်မှုစွမ်းရည် မမြင့်မားပေမဲ့ သူတို့မှာ အရည်အချင်းရှိနေဆဲ ဖြစ်ကာ ကလန်အတွက်လည်း အကျိုးပြုခဲ့ကြသူများ ဖြစ်ကြသည်။ ကလန်က သူတို့အား ပြုစုပျိုးထောင်ပေးခဲ့ကြသည် ဖြစ်၍ ယခုအခါ သူတို့လည်း ကလန်အတွက် အကြံပေးများအဖြစ် တာဝန်ထမ်းဆောင်ကြသည်။ သူတို့လည်း အထွတ်အထိပ်အဆင့်ကို ဘယ်လို ဖြေသိမ့်ပေးနိုင်မလဲ ဆိုတာကို ဆွေးနွေးအဖြေရှာနေကြသည်။
တကယ်၍ သူတို့ အသက်ရှင်သွားနိုင်ခဲ့စေဦးတော့..၊ တုန်ပိုရွယ်ယင်၏ ရင်ထဲက အမုန်းတရားလက်ကျန်လေးသာ ကျန်နေခဲ့ပါက သူတို့ကလန်တစ်ခုလုံး ဆက်ပြီး တည်မြဲနေပါ့ဦးမလားဆိုတာ မည်သူမှ မသိနိုင်ပေ။
ထို့ကြောင့်လည်း တုန်ပိုရွှယ်ယင်၏ အမျက်ဒေါသတို ဖြေဖျောက်ဖို့အတွက် နည်းလမ်းတစ်ခုခုကို စဥ်းစားနေကြရသည်။
***
ညနေပိုင်းအချိန် ရောက်လေပြီ။ နေလုံးက မိုးကုပ်စက်ဝိုင်းအောက် ရောက်နေပြီး ဖြစ်ကာ အမှောင်ရိပ်တို့ စတင် ကြီးစိုးလာသည်။
နဂါးတောင်အိမ်တော်သခင်စစ်အန်းကမူ ရဲတိုက်တံခါးထိပ်မှာ ရပ်နေလျက် တစ်စုံတစ်ယောက်အား စောင့်ဆိုင်းနေသည်။
ဝှစ်.. မီးလျှံအလင်းတန်းတစ်ခုက ကောင်းကင်ထက် ထွက်ပေါ်လာပြီးလျှင် တစ်ခဏမျှ ရပ်တန့်သွားသည်။
" ဟိုမှာ အရှင်သခင်ပဲ.. သူဘေးနားက နှစ်ယောက်ဟာ.. တုန်ပိုလီနဲ့ သူ့ဇနီး မဟုတ်လား.."
သခင်စစ်အန်းသည် အကြည့်တစ်ချက်နဲ့တင် ထိုသုံးယောက်အား မှတ်မိလိုက်သည်။
ကောင်းကင်ထက်တွင် ရွှယ်ယင်နှင့် သူ့မိဘတို့က အောက်သို့ ငုံ့ကြည့်နေလျက် ရှိသည်။
" အနှစ် ၂၀ ကြာသွားခဲ့ပြီ. နောက်ဆုံးတော့ ငါတို့ ပြန်လာနိုင်ခဲ့ပြီ.."
တုန်ပိုလီနှင့် မိုယန်ဘုတို့တို့ဟာ ခံစားချက်များ ရောပြွမ်းလျက် ငေးကြည့်နေလေသည်။
" အား.. ဟိုမှာ ငါတို့ သခင်ပဲ.. "
" ငါတို့ သခင်က ကောင်းကင်ပေါ်မှာ ..ပြီးတော့ သူ့ဘေးနားက .. ဟေ.. အဲဒါ ငါတို့ အရှင်သခင်ဟောင်းပဲ.."
နှစ်ပေါင်း ၂၀ တိုင်အောင် ကြာမြင့်သွားသော်လည်း စစ်သည်များနှင့် အစေခံတို့မှာ ရဲတိုက် တည်ထောင်ကတည်းက ရှိလာခဲ့ကြသူများ ဖြစ်ကြလေရာ တုန်ပိုလီနှင့် မိုယန်ယုတို့ကို တစ်ချက် ကြည့်ရုံဖြင့် မှတ်မိကြလေသည်။
ထိုအခိုက်မှာ ရဲတိုက်ထဲက လူအားလုံးတို့သည် စိတ်လှုပ်ရှားသွားကြသည်။
" အဖေ.. အမေ.. ဆင်းကြရအောင်.." ရွှယ်ယင်က ရယ်မောလျက် ပြောလိုက်သည်။
" ဦးလေးကျုံး.. ဦးလေးထုံနဲ့ ချင်းရှီတို့ ရောက်လာကြလိမ့်မယ်လို့ ထင်တာပဲ.."
တုန်ပိုလီနှင့် မိုယန်ယုတို့မှာ သူတို့၏ ရဲတိုက်နှင့် နီးကပ်လာလေ ပို၍ စိတ်လှုပ်ရှားလာလေ ဖြစ်လာသည်။
ဟူး..
သုံးယောက်စလုံးမှာ ရဲတိုက်အပြင်ဘက်က နံရံတံတိုင်းအပြင်ဘက်၌ ဆင်းသက်လိုက်ကြသည်။ ကြမ်းခင်းတံတားအရှင်ကလည်း အောက်သို့ ချထားလိုက်ပြီး ဖြစ်သလို ရဲတိုက်တံခါးသည်လည်း ဖွင့်ထားပြီး ဖြစ်လေသည်။
ထိုတံခါးဝတွင် အိမ်တော်သခင်စစ်အန်း၊ ရိုတူးနှင့်တကွ လူများစွာတို့ စောင့်ဆိုင်းနေကြသည်။
" တုန်ပို..အာယု.." စိတ်လှုပ်ရှားပြီး တုန်ခါနေသော အသံကို ကြားရလေသည်။ ကျံးလိန်၊ ထုံစန်းနှင့် ချင်းရှီတို့ကလည်း တံခါးဝသို့ ရောက်ရှိလာသည်။ ထိုအထဲတွင် ကျုံးလိန်နှင့် ထုံစန်းတို့က စိတ်အလှုပ်ရှားဆုံး ဖြစ်ကြသည်။
" သခင်မ.." ထုံစန်းသည် ဆံပင်အဖြူနှင့် မိုယန်ယုအား ကြည့်ကာ ချက်ချင်း မျက်ရည်များ စီးကျလာသည်။
ကျုံးလိန်၊ ထုံစန်းတို့ နှစ်ယောက်စလုံးသည် ပြေးသွားကြကာ တုန်ပိုတို့ လင်မယားအား ပြေးဖက်ကြလေသည်။
" အင်.." ကျုံးလိန်က ကြောင်ငေးကြည့်နေသော ချင်းရှီအား ချက်ချင်း ဆွဲခေါ်လိုက်ကာ..
" တုန်ပို.. အာယု.. သူက ချင်းရှိလေ..'
" ကျောက်စရစ်လေးလား.. " မိုယန်ယုက ချင်းရှီအား ကြည့်လိုက်သည်။
သူတို့ ခွဲခွာခဲ့ရသည့် အချိန်တွင် တုန်ပိုရွှယ်ယင်က အသက် ၈ နှစ် ရှိနေပြီး ဖြစ်ရာ သူ့မျက်နှာ ပုံပန်းသဏ္ဌာန်ကို ပုံဖော်၍ ရသေးသည်။ သို့သော် ချင်းရှီသည် အသက် ၂ နှစ်ပဲ ရှိသေးသောကြောင့် သူကြီးပြင်းလာသည့်အခါမှာ လုံးဝ ကွဲပြားသွားခဲ့သည်။ မိုယန်ယုပင်လျှင် ပထမ ကြည့်ခြင်းမှာ မမှတ်မိနိုင် ဖြစ်ခဲ့ရသည်။
ချင်းရှီ၏ စိတ်ခံစားချက်တို့က ရှုပ်ထွေးနေပေသည်။ ဦးလေးကျုံး.. ဦးလေးထုံနှင့် သူ့အစ်ကိုကြီးတို့ ပျော်ရွှင် စိတ်လှုပ်ရှားနေတာကို ကြည့်ပြီး သူကိုယ်တိုင်မှာ မိဘများ ပြန်လည် ရောက်ရှိလာတာကို များစွာ မခံစားနေရပေ။
" ကျောက်စရစ်လေး.." မိုယန်ယုက လက်ကို ဆန့်တန်း၍ ချင်းရှီအား ဆုပ်ကိုင်လိုက်သည်။ မိုယန်ယုမှာ ချင်းရှီအား ပို၍ ကြည့်လေ သွေးသားတော်စပ်မှုကို ခံစားရလေ ဖြစ်လာသည်။
" ကျောက်စရစ်လေးက အာယုအတိုင်းပဲ.." တုန်ပိုလီက ရယ်မောကာ ပြောလိုက်သည်။
တဖြည်းဖြည်းဖြင့် သားအမိတို့ ရင်းနှီးသွားကြသည်။
ထိုမြင်ကွင်းအား ကြည့်ပြီး ရွှယ်ယင် ကြည်နူးရသည်။ ထိုအခိုက်တွင် အိမ်တော်သခင်စစ်အန်းက လျှောက်လှမ်းလာကာ တိုးသာစွာ ပြောလိုက်သည်။
" အရှင်သခင်.."
" အိမ်တော်သခင်စစ်အန်း.." ရွှယ်ယင်က သူ့အား ပြုံးရွှင်လျက် ကြည့်လိုက်သည်။
" အားနာစရာပဲ.. ကျုပ်မှာ တချို့ကိစ္စတွေကြောင့် နှောင့်နှေးသွားခဲ့ရတယ်.. ဒါကြောင့် ဒီအချိန်မှာ ပြန်ရောက်လာခဲ့တာ.."
" အရှင်သခင် သွားတာ အတော်လေး မြန်ဆန်ပါတယ်.. ဒါပေမဲ့ ကျနော်မှာ ပြောစရာ ကိစ္စတစ်ခု ရှိလို့ပါ.."
အိမ်တော်သခင်စစ်အန်းက ရယ်မောရင်း ပြောလိုက်ကာ
" ကျုပ်တို အန်းယန်ပြည်နယ်က နဂါးတောင်အိမ်တော်သခင်ကြီး ဆရာကျူရိဟုန်က နေ့လယ်ကတည်းက ရောက်နေလို့ပါ.. သူက ဟိုနေရာမှာ ရှိနေပါတယ်.."
" အန်းယန်ပြည်နယ်က နဂါးတောင်အိမ်တော်သခင်ကြီး.. ဟုတ်လား.."
ရွှယ်ယင်က ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် အန်းယန်အိမ်တော်သခင်နှင့် လူတစ်အုပ် ရှိနေကာ ထို့အနောက်တွင် သာမန်ပုံစံအသွင်နှင့် ဆံပင်ရှည်ကာ ပိန်ပိန်းပါးပါး လူက သူ့အား ပြုံးပြနေလေသည်။ ထိုအခိုက်မှာ ထိုလူက သူ့ထံ လမ်းလျှောက်လာလေသည်။
ရွှယ်ယင်က ထိုသူအား အနည်းငယ် စစ်ဆေးကြည့်လိုက်သည်နှင့်
" ဟန်ပြအထွတ်အထိပ်အဆင့်ပါလား..”
ရွှယ်ယင်က သိလိုက်သည်။
" ဆရာတုန်ပိုကို နှုတ်ဆက်ပါတယ်.."
ပိန်ပိန်ပါးပါးလူက ရယ်မောရင်း နှုတ်ဆက်လိုက်လေကာ
" ကျုပ်နာမည်က ရိဟုန်ပါ.. အန်းယန်ပြည်နယ်က နဂါးတောင်အိမ်တော်အားလုံးရဲ့ ကိစ္စသေးသေးမွှားမွှား အကုန်လုံးကို တာဝန်ယူရသူပါ.. ဒီတစ်ခေါက်မှာ အထွတ်အထိပ်အဆင့်တွေအတွက် ကျုပ်က ကိုယ်စား လာပေးရတာပါ.. နောက်ဆို ဘာတွေ လိုအပ်သလဲဆိုတာ ကျုပ်ကို ခိုင်းစေလို့ ရပါတယ်..”
*** စာစဥ် (၇) ဤတွင် ပြီးဆုံး၏***