နှင်းလင်းယုန် အရှင်သခင်
စာစဥ် ( ၅ )
ကောင်းမြတ်
အပိုင်း ( ၅၃ ) - တုန်ပိုရွှယ်ယင်က ဒဏ္ဍာရီအဆင့်တစ်ယောက်လား
ထိုပစ္စည်းအားလုံးက ကောင်းကင်အဆင့် မှော်ဆရာအသုံးအဆောင်များ ဖြစ်ကြသည်မဟုတ်လား.. အရင်တုန်းက ဒါတွေကို ပိုင်ဆိုင်ရဖို့ သူ တွေးကြည့်ဖို့ပင် မရဲခဲ့သည့် အရာများ ဖြစ်ကြသည်မဟုတ်လား။
" ဒါကတော့ နောက်ဆုံးပစ္စည်းတစ်ခုပဲ.. ပြီးတော့ အရေးကြီးဆုံးအရာတစ်ခုလည်း ဖြစ်တယ်.."
ဆွဲသီးလေးတစ်ခု.. အတွင်းမှာ ထွင်းဖောက်မြင်ရမတတ် ကြည်လင်သည့် အလုံးလေးတစ်လုံး ပါဝင်နေသည့် ဆွဲသီးလေးတစ်ခုကို ရွှယ်ယင် ထုတ်ပြလိုက်သည်။
" ဒီဆွဲသီးလေးထဲမှာ ကောင်းကင်အဆင့် မှော်ဆရာတစ်ယောက်ရဲ့ မှော်စွမ်းအားကို အပြည့်နီးပါးလောက် သိုလှောင်ထားပေးနိုင်တယ်.. ဘာဖြစ်လို့လဲဆိုတော့ မင်းမှာ မှော်စွမ်းအားတွေ အများကြီး မရှိနေဘူး.. ဒါဆိုရင် မှော်ပစ္စည်းတွေ အများကြီး သုံးတဲ့အခါကျရင် မင်းရဲ့ ခန္ဓာကိုယ်ကနေ အများကြီး ဆွဲယူသွားကြလိမ့်မယ်.. ဒါကြောင့် ဒီအချိန်က စပြီး စွမ်းအင်တွေကို ဒီထဲမှာ အလုံအလောက် ထည့်သိမ်းထားပေါ့.. အရေးကြီးတဲ့ အခြေအနေမျိုးမှာ သုံးလို့ ရတာပေါ့.."
" ဟုတ် " ချင်းရှီ ခေါင်းညိတ်လိုက်သည်။
အစ်ကိုကြီးက တကယ်ကို တွေးခေါ်တတ်တာပဲ..
ရွှယ်ယင်က ဆက်လက်၍ " ဒါပေမဲ့ မှော်ပစ္စည်းတွေကို သုံးတယ်ဆိုတာ တကယ်တမ်းတော့ အဲဒါတွေက ပြင်ပအကူအညီတွေပဲ.. မင်းရဲ့ ကိုယ်ပိုင်ခွန်အားတွေကမှ တကယ့် အရေးကြီးဆုံးပဲ..." ဟု ပြောလိုက်သည်။
ချင်းရှီမှာ မှော်ပစ္စည်းတွေ အစုံအလင် ရှိနေပါစေဦး.. တကယ်၍ စွမ်းအားကောင်းသည့် စစ်သည် အထူးသဖြင့် ဥက္ကာပျံအဆင့်အထက်ရှိသည့် စစ်သည်မျိုးနှင့် ရင်ဆိုင်ခဲ့ရရင် သူ့အတွက် အသက်ဘေး စိတ်ချ၍ မရနိုင်ပေ။ ထို့ကြောင့်လည်း ထိုမှော်ပစ္စည်းများက ချင်းရှီအား ဥက္ကာပျံအဆင့်အောက် ရှိသည့် စစ်သည်တို့ကိုသာ အနိုင်ယူစေဖို့ အကူအညီပေးနိုင်မှာ ဖြစ်၏။ သို့သော် မှော်ပစ္စည်းများမှာ ချက်ချင်း ထုတ်သုံး၍ ရနိုင်အောင် ပြုလုပ်ထားခြင်းကြောင့် ချင်းရှီအတွက် အများဆုံး ဥက္ကာပျံအဆင့်လောက်ကို လက်ရည်တူ ယှဥ်တိုက်နိုင်လိမ့်မည်။
" အစ်ကိုကြီး.. ကျနော် သဘောပေါက်ပြီး.. ဒီမှော်ပစ္စည်းတွေက အရမ်းကို အစွမ်းထက်တာပဲပေါ့.. ဆရာတောင်မှ မှော်ပစ္စည်းတွေ အများကြီး မပိုင်နေဘူးပဲ.." ချင်းရှီက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
" ဟောဒီ သိုလှောင်ရတနာလက်စွပ်ကို ငါ မကြာခင်ကပဲ ရလာခဲ့တာ.. ဒီအထဲမှာ နေရာအကျယ်ကြီး ပါဝင်တယ်.. တန်ဖိုးကလည်း အတိုင်းအဆမရှိဘူး.. မှတ်ထားနော်.. ဘယ်သူ့ကိုမှ ပြလို့ မရဘူးနော်.."
ရွှယ်ယင်က ပြောလိုက်ပြီးနောက် အနက်ရောင် လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်သည်။
" မင်းက အခုဆိုရင် တကယ့် မှော်ဆရာစစ်စစ် တစ်ယောက် ဖြစ်နေပြီး.. ဒီတော့ ဒီလက်စွပ်ကို တစ်ခြားသူတွေ ရှာမတွေ့အောင် မန္တန်တွေနဲ့ ဖုံးကွယ်ထားဖို့ မမေ့နဲ့ဦး.."
လက်စွပ်၏ ပုံသဏ္ဌာန်က ထူးခြားသည့် ပုံသဏ္ဌာန် မရှိနေပေမဲ့ ရွှယ်ယင်ကတော့ ထိုကိစ္စကို အတော်လေး စိုးရိမ်နေမိသည်။
ဘာကြောင့်လဲဆိုတော့ တစ်မီတာပတ်လည်လောက်ပဲ အကျယ်ရှိသည့် သိုလှောင်ရတနာလက်စွပ်၏ တန်ဖိုးမှာ ရွှေဒင်္ဂါးတစ်သောင်းမျှ တန်ဖိုးရှိနေသည်။ သုံးမီတာပတ်လည် အကျယ်ရှိသည့် သိုလှောင်ရတနာလက်စွပ်၏ တန်ဖိုးက တကယ်ကို အံ့အားသင့်လောက်အောင် စျေးကြီးပေလိမ့်မည်။ အနည်းဆုံး ရွှေဒင်္ဂါးတစ်သန်းမျှ ရှိလိမ့်မည်။ ထိုကိန်းဂဏန်းက အမှန်ပင် ကြောက်စရာ ကောင်းလွန်းသည်။ ထို သိုလှောင်လက်စွပ်မျိုးကို ဒဏ္ဍာရီအဆင့်လောက်တို့သာ တစ်ကွင်းလောက် ပိုင်ဆိုင်နိုင်ကြသည်။ တချို့သော လူကုံထံအသိုင်းအဝိုင်းများနှင့် ချမ်းသာသည့် ကုန်သည်ကြီးများပင်လျှင် ဒီလို သိုလှောင်လက်စွပ်မျိုး မရှိကြချေ။
သိုလှောင်လက်စွပ်၏ အခန်းအရွယ်အစားကို ကြည့်မယ်ဆိုလျှင်လည်း တချို့သော ဒဏ္ဍာရီအဆင့်သမားတို့၏ သိုလှောင်လက်စွပ်ကသာ ချင်းရှီ၏ သိုလှောင်လက်စွပ်ကို လိုက်မှီကြလိမ့်မည်။
" ဒီလက်စွပ်ရဲ့ သိုလှောင်အခန်းက ကျယ်လား.."
ချင်းရှီက ချက်ချင်းပဲ သူ့ရဲ့ မှော်စွမ်းအားနဲ့ လက်စွပ်ကို ပေါင်းစည်းလိုက်သည်။ ချက်ချင်းပဲ သူ့မျက်လုံးက ပြုးကျယ်သွားကာ.. " အကျယ်ကြီးပဲ.."
သိုလှောင်ရတနာပစ္စည်းတစ်ခုကို ပြုလုပ်ဖို့က အလွန်ကို ခက်ခဲလွန်းသည့် အရာတစ်ခု ဖြစ်သည်။
သိုလှောင်ရတနာငယ်များကို သန့်စင်ပြုလုပ်ရသည်က တစ်ချို့သော ရိုးရှင်းသည့် နည်းလမ်းများဖြင့် အလွယ်တကူ ပြုလုပ်၍ ရနိုင်သေးသည်။ သို့သော် အခန်းနေရာ အကျယ်ကြီး ရှိသည့် သိုလှောင်ရတနာလက်စွပ်တို့ကို ပြုလုပ်ဖို့အတွက်က အထွတ်အထိပ်အဆင့် ရှိသည့် မှော်ပညာရှင်ကြီး တစ်ဦး၏ အကူအညီကို ယူရမည့်အပြင် ထိုမှော်ပညာရှင်ကလည်း စကြာဝဋ္ဌာဟင်းလင်းပြင်နိယာမကိုလည်း သိနားလည်းသူ ဖြစ်ရမည်။
ထိုမှသာ သိုလှောင်လက်စွပ်အတွင်းက သုံးဖက်မြင်အခန်းက ကြီးမားပြီ တည်ငြိမ်ပေလိမ့်မည်။ တကယ်တမ်းတွင် သုံးဖက်မြင်အခန်းတစ်ခုကို သိုလှောင်လက်စွပ်အတွင်း စီရင်ပြုလုပ်ရခြင်းက အလွန်တရာ ခက်ခဲသည့် အရာတစ်ခု ဖြစ်သောကြောင့် အဆိုပါ သိုလှောင်လက်စွပ်၏ တန်ဖိုးသည်လည်း တိုင်းဆ၍ မရလောက်အောင် ရှိလာခဲ့သည်။
ချင်းရှီက မှော်ဆရာတစ်ဦး ဖြစ်သောကြောင့် ထိုသိုလှောင်လက်စွပ်၏ တန်ဖိုးကို အတော်လေး နားလည်းသည်။
" အစ်ကိုကြီးက ဒီလက်စွပ်ကို ဘယ်လို ရလာတာလဲ.."
ချင်းရှီက သိချင်စွာဖြင့် မေးလိုက်သည်။ " ဒီလက်စွပ်ရဲ့ သိုလှောင်ခန်းက တကယ်ကို ကြီးလွန်းတယ်.."
" ဟားဟား.. ငါ ပြောပြီးသားပဲလေ.. ဒီတစ်ခေါက် ရဲတိုက် အပြင်ကို စွန့်စားထွက်ခဲ့တာ ပိုက်ဆံ အများကြီး ရလာခဲ့တယ်လေ.." ရွှယ်ယင်က ရယ်မော၍ ပြောလိုက်သည်။
" လက်စွပ်အထဲမှာ ရှိတဲ့ မှော်စာလိပ်တွေကို အချိန်ပေးပြီ လေ့လာပေါ့.. မှော်စာလိပ်တွေက ဦးလေးကျုံး၊ ဦးလေးထုံ နဲ့ ငါ့အတွက်က အသုံးမဝင်ဘူးလေ.. အဲဒီတော့ အားလုံးက မင်းအတွက်ပဲပေါ့.. နောက်ပြီး ဒီပစ္စည်းတွေအားလုံးက အသက်ကယ်ရတနာတွေပဲလေ.. သေသေချာချာ လေ့လာထားပေါ့.."
မှော်စာလိပ်တို့မှာ တစ်ခါတရံတွင် သဘာဝတရားကိုလည်း ပုန်ကန်စေခိုင်းနိုင်သည်။
မှော်စာလိပ်တစ်လိပ်ကို ယူ၍ မှော်စွမ်းအားဖြင့် ပေါင်းစပ်ကာ အလွန်တရာ အစွမ်းထက်သော မန္တန်တစ်ခုကို ချက်ချင်း မန်းမှုတ်နိုင်သည်။ သို့သော် ၎င်းမှော်စာလိပ်တို့၏ အားနည်းချက်မှာ တစ်ကြိမ်သာ အသုံးပြုခွင့် ရှိသည်။ ထို့ကြောင့်လည်း မှော်စာလိပ်ကို အသုံးပြုခြင်းက ရွှေဒင်္ဂါးကို လွှတ်ပစ်သည်နှင့် ဆင်တူသည်။
သို့သော် ထိုမှော်စာလိပ်တို့မှာ စျေးကွက်ထဲတွင် အရမ်းကို ဝယ်လိုအားကောင်းသည့် ပစ္စည်းများ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် တကယ့်ကို အရေးကြီးသည့် အခြေအနေမျိုးတွင် မှော်ပညာရှင်တို့မှာ စွမ်းအားကောင်းသည့် မန္တန်များကို အချိန်ကြာကြာ မန်းမှုတ်ဆင့်ခေါ်ဖို့ အချိန်မရှိပေ။ ချက်ချင်း ဆင့်ခေါ် အသုံးပြုနိုင်သော မှော်စာလိပ်၏ အစွမ်းကို အသုံးပြုကာ အသက်ဘေးကို ကာကွယ်ကြရသည်။
ရွှယ်ယင်က ချင်းရှီကို ပေးလိုက်သည့် မှော်စာလိပ်တို့မှာ နတ်ဆိုးတမန်တော်၏ နှစ်ပေါင်းများစွာ စုဆောင်းထားသည့် မှော်စာလိပ်များ ဖြစ်ကြသည်။
" အစ်ကိုကြီး.. ဒီမှော်စာလိပ်တွေကလည်း တကယ်ကို တန်ဖိုးကြီးနေတာပဲ.."
သိုလှောင်လက်စွပ်အထဲက မှော်စာလိပ်တိုင်းမှာ အဆင့် ၅ ရှိသည့် မှော်စာလိပ် ဖြစ်နေမှန်း ချင်းရှီ သိသွားသည့်အခါမှာ သူ့အနေဖြင့် အားလုံးကို မယူချင်လောက်အောင် ဖြစ်သွားရသည်။
" ကျနော် နည်းနည်းတော့ လန့်နေမိတယ်.."
ချင်းရှီက စိုးရိမ်သည့်အသံဖြင့် ပြောလိုက်သည်။
လက်ထဲတွင် တန်ဖိုးကြီးသည့် ပစ္စည်းများ ရှိနေလျှင် သူ့အနေဖြင့် အစအစအရာရာ သတိထားနေရတော့မည်။
" ဘာလန့်စရာ လိုလို့လဲ.." ရွှယ်ယင်က ခေါင်းကို ခါယမ်းလိုက်သည်။
" မှော်စာလိပ်တွေရဲ့ အစွမ်းအလိုက် မြင့်ရာကနေ တန်းစီးချသွားလိုက်.. အသက်ဘေး ကြုံတဲ့အခါမှာ လိုအပ်တာကို ယူသုံးရုံပဲ.. အသက်ရှင်သန်ဖို့က ပို အရေးကြီးတယ်မဟုတ်လား.."
" ဟုတ်ကဲ့.." ချင်းရှီက ခေါင်းညိတ်လိုက်သည်။
" လက်စွပ်ကို ဖုံးကွယ်ထားပြီးတော့ မှော်စာလိပ်ကို ဘယ်သွားသွား ယူသွားပေါ့.. ရတနာပစ္စည်းတွေ အများကြီး သယ်ပြီ သွားလာနေတာကို မင်းမှ မပြောပြမိရင် ဘယ်သူမှ မသိနိုင်ပါဘူး.. ဦးလေးကျုံး၊ ဦးလေးထုံ နဲ့ ငါတို့ကလည်း ဘယ်သူ့ကိုမှ မပြောပြပါဘူး.."
ရွှယ်ယင်က သတိပေးစကား ပြောလိုက်သည်။
" မှတ်ထားနော်.. မင်းမှာ ရှိတဲ့အရာတွေကို ဘယ်သူ့ကိုမှ ပြောပြလို့ မရဘူးနော်.. မင်းရဲ့ ရည်စားလေးကိုတောင်မှ ပြောပြလို့ မရဘူးနော်.."
နှင်းကျောက်ရဲတိုက်အထဲမှာ ရွှယ်ယင်သည် သူ့အရှေ့က မြင်နေရသော လူသုံးယောက်ကိုသာ ယုံကြည်သည်။ ဦးလေးကျုံးနှင့် ဦးလေးထုံတို့သည် သူ့ရဲ့ မိဘအတွက် အချိန်မရွေး ပေးဆပ်နိုင်ကြသည့် သူများ ဖြစ်ကြသူမို့ သူတို့ကို သူ့ရဲ့ မိသားစုအဖြစ် သတ်မှတ်ထားသည်။ သူ့ညီငယ်လေးမှာ သူ့နှင့် အနီးကပ်ဆုံး ဆွေမျိုးဖြစ်၍ ပြောနေစရာ မလိုချေ။
သို့သော သူ့ညီငယ်က ငယ်ရွယ်သူ ဖြစ်လေရာ အားလုံးကို ပြောပြမိမှာ စိုးရသည်။ ထို့ကြောင့်လည်း ရွှယ်ယင်က ဤကိစ္စသည် အရေးကြီးကိစ္စဖြစ်ကြောင်း ထပ်ခါတလဲလဲဖြင့် သူ့ညီငယ်အား သတိပေးနေခြင်း ဖြစ်၏။
" အစ်ကိုကြီး.. စိတ်မပူပါနဲ့.. ကျနော် သဘောပေါက်ပါတယ်.. ဘယ်သူကိုမှ မပြောပြပါဘူး.." ချင်းရှီက ပြောလိုက်သည်။
" ဟား..ဟား.. သိပ်လည်း စိတ် မတင်းထားနဲ့.. ဒါတွေကလည်း ပြောရရင် အရာဝတ္ထုပဲလေ.. အရေးကြီးတာက မင်းရဲ့ ကိုယ်ပိုင်စွမ်းအားပဲလေ.."
ရွှယ်ယင်က ပြုံးလိုက်လေသည်။ တကယ်တမ်းလည်း ထိုအရာတို့ကို သာမန်ပစ္စည်းလောက်သာ သူ စိတ်ထဲထားသည်။
သို့သော်လည်း ချင်းရှီမှာ သူ့စိတ်ထဲတွင် ခံစားချက်တို့ ရောထွေးစွာ ရှိနေသည်။
ဒီမတိုင်ခင်အချိန်တွင် ရည်စားဖြစ်သူက သူ့အား ပေါက်ကရစကားများ ပြောသွားခဲ့သည်။ အခုတွင် သူ့အစ်ကိုက သူ့အား လက်ဆောင်များစွာ ပေးခဲ့သည်။ လက်ဆောင်၏ တန်ဖိုးများက အလွန်ကို ကြီးမားလေရာ သူ့ဆရာကိုယ်တိုင် နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သည့် ပစ္စည်းများ၏ တန်ဖိုးများက ယခု သူပိုင်ဆိုင်ထားသည့် ပစ္စည်းများ၏ ဆယ်ပုံတစ်ပုံပင် မရှိနေချေ။
" အစ်ကိုကြီး.. ကျနော် အစ်ကိုကြီးကို ဖက်လို့ရမလား.."
ချင်းရှီက သူ့ဆီ လျှောက်လာပြီ တင်းကျပ်စွာ ဖက်လိုက်သည်။
" ဒီကောင်လေးကတော့.." ရွှယ်ယင်လည်း သူ့ညီကို ပြန်ဖက်လိုက်ပြီ ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
ချင်းရှီ ငယ်ငယ်တုန်းကလည်း အိပ်တဲ့အချိန်မှာပင် သူ့ကို အမြဲဖက်အိပ်တတ်သည်။
သို့သော် ကြီးလာသည့်အခါမှာတော့ တစ်ခါတလေလောက်သာ ဖက်ဖြစ်တော့သည်။
" အင်း.. ဟုတ်.." ချင်းရှီက သူ့အား မော့ကြည့်လိုက်ကာ " အစ်ကိုကြီး.. ကျနော် အရင်သွားတော့မယ်.. ဒီစာလိပ်တွေကို လေ့လာကြည့်ဦးမယ်.."
ထိုသို့ ပြောလိုက်ပြီးနောက် အနောက်လှည့်ကာ ပြေးထွက်သွားသည်။
" ကဲ ငါတို့လည်း ပြန်ဖို့သင့်ပြီ...ရွှယ်ယင်.. စောစော အနားယူလေ.." ထုံစန်းက ပြောလိုက်သည်။
" တံခါးကို အရင်ပိတ်လိုက်ဦး.. ပြောစရာ ရှိသေးတယ်.." ရွှယ်ယင်က မျက်မှောင်ကြုတ်ထားလျက် ရှိနေသည်။
ကျုံးလိန်က တံခါးကို ပြန်ပိတ်လိုက်သည်။ သူတို့နှစ်ယောက်စလုံးက ရွှယ်ယင်ကို ကြည့်နေလိုက်သည်။
" ဒီနေ့ ချင်းရှီက မူမမှန်နေသလို ကျနော် ခံစားနေရတယ်..." ဟု ရွှယ်ယင်က ပြောလိုက်သည်။
" သူက ပုံမှန်လို နေပေမဲ့ သူ့ကို ငယ်ငယ်ကတည်းက ကြည့်ရှုလာတဲ့ ကျနော်က သူ ဘာြဖစ်နေသလဲဆိုတာ ကောင်းကောင်းသိတယ်.. နောက် သူက ကျနော်ကို ဖက်လိုက်တော့ ကျနော်ထင်တာ မှန်မှန်း သိလိုက်တယ်.."
" ဟင်.." ကျုံးလိန်နှင့် ထုံစန်းက ဇဝေဇဝါ ဖြစ်သွားသည်။
ထိုအခါ ရွှယ်ယင်က သူ့အတွေးကို ထုတ်ပြောလိုက်သည်။
" သူ့အသက်အရွယ်နဲ့ဆို အပူအပင်မဲ့ နေလာခဲ့တာပဲလေ.. ကျနော်အထင် တစ်ခုခုတော့ ဖြစ်ရမယ်..ညနေစာ စားတုန်းကလည်း သူအပြုအမူက ပုံမှန်ပဲ.. ဒါပေမဲ့.. သူ့ကောင်မလေးကို အိမ်ပြန်ပို့ပေးပြီးတော့ သူ့အပြုအမူက ပြောင်းလဲသွားတယ်.. ကျနော်ထင်တယ်.. ဒီကိစ္စက သူ့ကောင်မလေးနဲ့ပဲ ဆက်နွယ်နေရမယ်.."
" ဦးလေးကျုံး.." ရွှယ်ယင်က ကျုံးလိန်ကို ခေါ်လိုက်သည်။
" ကျနော် စာတစ်စောင် ရေးပေးလိုက်မယ်.. ရီရွေမြို့က နဂါးတောင်အိမ်တော်ကို လူတစ်ယောက်လွှတ်ပြီ တစ်ချက် ပို့ခိုင်းလိုက်.. ဂျိရုံရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းပေးပါလို့ အကူအညီတောင်းလာခဲ့ပေးပါ.. သူ မွေးလာကတည်းကနေ ဒီကနေ့အထိပေါ့.. သူ့ရဲ့ ဆွေမျိုး.. ဘာလုပ်လာခဲ့သလဲ.. အားလုံးပေါ့.. ပြီးရင် ကျနော်ကို အကြောင်းပြန်ပေးပါ.. ဂျိရုံအကြောင်းကို ကျနော် ကောင်းကောင်း သိနေဖို့ လိုတယ်.."
သူ့ညီလေး၏ အပြုအမူက ပုံမှန် ဖြစ်နေရင်လည်း သူ့အနေဖြင့် ဂျိရုံအကြောင်းကို စုံစမ်းရမည်သာ။
နောက်ကြောင်းမရှင်းသည့် လူတစ်ယောက်ကို သူ့ညီလေးရဲ့ ဘဝလက်တွဲဖော်အဖြစ် သူ ဘာကြောင့် ခွင့်ပြုပေးရမှာလဲ...
" အင်း.. ငါ တစ်ယောက်ယောက်ကို အခုချက်ချင်း လွှတ်လိုက်မယ်.."
ကျုံးလိန်က ပြုံးလိုက်ကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ရွှယ်ယင်အား ပြန်မေးလိုက်သည်။
" ရွှယ်ယင်.. မင်း ဒဏ္ဍာရီအဆင့် ရောက်နေပြီးဆိုတာ ချင်းရှီကို ဘာလို့ မပြောတာလဲ.."
" ဟုတ်တယ်.. ရွှယ်ယင်.. အခုဆို မင်းက ကြေးအဆင့်တာဝန်တွေကိုတောင် ယူတော့မှာပဲ.. ဘာကြောင့် မင်းခွန်အားတွေကို ပုန်းကွယ်ထားဦးမှာလဲ.." ထုံစန်းကပါ ဝင်ပြောလိုက်သည်။
ရွှယ်ယင်က ခေါင်းကို အသာ ခါယမ်းလိုက်သည်။
" ချင်းရှီက အရမ်းကို အတွေ့အကြုံ နုနယ်သေးတယ်.. အရမ်းလည်း ဖြူစင်တယ်.. ရိုးသားလွန်းတယ်.. တကယ်လို့ ကျနော်က ဒဏ္ဍာရီအဆင့်တစ်ယောက်ပါလို့ ပြောလိုက်ရင် သူ ဘာဖြစ်သွားနိုင်မလဲ.. ကျနော် သဘောမကျတဲ့ ပုံစံမျိုး... ချမ်းသာပြီ မော်ကြွားတဲ့ လူပွေ တစ်ယောက်လည်း ဖြစ်လာနိုင်တာပဲ.. ပြီးတော့ ချင်းရှီက လေ့ကျင့်တဲ့နေရာမှာ အား သိပ်မစိုက်ဘူး.. ရိုယွဲ့တောင်မှ မြေကမ္ဘာအဆင့် ရောက်နေပြီ.. သူက လူသားအဆင့်ပဲ ရှိနေသေးတယ်.."
" သိပ်ပြီးလည်း မတင်းကျပ်ပါနဲ့လေ.. သူက အသက် ၁၆ နှစ်ပဲ ရှိသေးတယ်ဆိုတာ မေ့နေပြီးလား.." ကျုံးလိန်က ရယ်မောလိုက်သည်။
" ကျနော် အသက် ၁၅ နှစ်တုန်းက ပျက်သုဥ်းခြင်း တောင်တန်းကို ဝင်ရောက်ပြီး ဆေးလ်ဗားမွန်းဝံပုလွေကိုတောင် သတ်ဖြတ်နိုင်ခဲ့တာပဲလေ.."
ရွှယ်ယင်က ခေါင်းကို ခါယမ်းလိုက်သည်။
" မှော်ဆရာကြီး ပိုင်ယွမ်ကျစ်နဲ့ ဆွေးနွေးပြီ ချင်းရှီကို ဖိအား ပိုပေးခိုင်းမှ ရတော့မယ် ထင်တယ်.. မှော်ဆရာကြီး ပိုင်ယွမ်ကျစ်ရဲ့ တပည့်တွေထဲမှာ ဆိုရင် သူက သာမန်လောက်ပဲ ရှိနေသေးတယ်.. သူနဲ့ အချိန်အတူတူလောက် မှော်ပညာ စသင်ခဲ့တဲ့ ရိုယွဲ့ဆိုရင် သူ့ထက်တောင် ပါရမီနည်းသေးတယ်.. ဒါပေမဲ့ သူထက်တောင် သူမက အဆင့်သာနေပြီးလေ.."
လက်ရှိအချိန်တွင် ရွှယ်ယင်သည် ဒဏ္ဍာရီအဆင့်တစ်ယောက် ဖြစ်နေပြီးသလို လူသားတို့၏ ထိပ်ဆုံးမှာ ရပ်တည်နေပြီး ဖြစ်၏။ သူ့အနေဖြင့် အထွတ်အထိပ်အဆင့်သို့ပင် ရည်မှန်းနေဆဲပင်။
သို့သော် သူ့ညီငယ်လေးအတွက် စိတ်ထဲမှာ ပူပန်နေဆဲ ရှိ၏။
***
နောက်တစ်နေ့ မနက်အစောပိုင်းအချိန်တွင်.. ရီရွှေမြို့က နဂါးတောင်အိမ်တော်ဝင်းတွင်..
" အိမ်တော်သခင်.. အရှင့်ဆီကို ရွှယ်ယင် ကိုယ်တိုင် ရေးပေးလာတဲ့ စာတစ်စောင်ပါ.."
ဆံပင်အဖြူရောင်နှင့် အဘိုးကြီးရိုတူးက စာကို စားပွဲခုံရှည်မှာ တင်ထားပေးလိုက်သည်။
စားပွဲခုံရှည်တွင် ငြိမ်ဆိတ်စွာ ထိုင်နေသည့် သခင်စစ်အန်းမှာ အသက်ဝင် လှုပ်ရှားလာခဲ့သည်။
" တုန်ပိုရွှယ်ယင် ကိုယ်တိုင် ရေးပေးလာတဲ့စာ ဆိုပါလား.. ဒီမနက် အစောကြီးကို စာပို့လိုက်တာပေါ့.."
" တကယ်တော့ မနေ့ညတုန်းက တော်တော်လေး နောက်ကျပြီး ရောက်လာတာပါ.." ရိုတူးက ဖြေလိုက်သည်။
" ဘာအရေးကြီးကိစ္စမို့လို့ အချိန်နောက်ကျနေတာတောင် သူက စာပို့လာရတာလဲ.. ငါ့ကို ဘာလို့ စောစော မပြောတာလဲဟ.."
သခင်စစ်အန်းက ချက်ချင်းပဲ စာရွက်ကိုယူကာ ဖွင့်ဖတ်လိုက်သည်။
ရိုတူးမှာ ရယ်မောလိုက်ရင်း " စာကို ကျုပ် ဖွင့်ဖတ်ထားပြီးပါပြီ.. အရေးကြီးကိစ္စတော့ မဟုတ်ပါဘူး.. သူ့ညီလေးရဲ့မိန်းကလေးဖြစ်တဲ့ ဂျိရုံဆိုတဲ့ ကောင်မလေးရဲ့ နောက်ကြောင်းကို စုံစမ်းပေးဖို့ အကူအညီတောင်းထားတာပါ..ဒါကြောင့်လည်း ညက သခင်ကို အနှောင့်အယှက် မပေးတော့တာပါ.."
" နောက်ဆိုရင် ရွှယ်ယင်နဲ့ ပတ်သတ်တဲ့ အရာမှန်သမျှ ငါ့ကို တစ်ခါတည်း သတင်းပို့ ကြားလား.." သခင်စစ်အန်းက အလေးထား၍ ပြောလိုက်သည်။
" ဟမ်.. ဟုတ်ကဲ့.. သဘောပေါက်ပါပြီ.."
ရိုတူးမှာ ထူးဆန်းသလို ခံစားလိုက်ရသည်။ မိန်းကလေးတစ်ယောက်၏ နောက်ကြောင်းကို စုံစမ်းပေးရသည့် ကိစ္စကဲ့သို့ သေးသေးမွှားမွှားကိစ္စမျိုးကို ဘာကြောင့် သူ့အား တစ်ခါတည်း သတင်းပို့ခိုင်းရသလဲ.. ကြီးကျယ်မြင့်မြတ်သည့် နဂါးတောင်အိမ်တော်က ဘယ်တုန်းက ဒီလို စျေးပေါသွားရတာလဲ..
" သြော်.. သူက ရွှေဒင်္ဂါးပြား တစ်ထောင်ထုတ်ခွင့် လက်မှတ်ကိုပါ ထည့်ပေးလာသေးတယ်.." ရိုတူးက ထပ်၍ ပြောလိုက်ပြန်သည်။
" တုန်ပိုရွှယ်ယင်က စိတ်ဝင်စားဖို့ ကောင်းတာပဲ.."
သခင်စစ်အန်းက ရယ်မောလိုက်သည်။
တကယ်တမ်းတွင် သြဇာအာဏာထက်သည့် လူတို့သည် နဂါးတောင် အိမ်တော်အား တချို့ကိစ္စအသေးအမွှေားတို့ကို လုပ်ပေးဖို့ အကူအညီ တောင်းခံနိုင်သည်။ သို့သော် ထိုအရာက တရားဝင်မဟုတ်၍ အခတော့ ပေးရသည်။
လူတစ်ယောက်၏ နောက်ကြောင်းကို စေခိုင်းဖို့ ကိစ္စမှာ တကယ်တမ်းတွင် လွယ်ကူရိုးစင်းသည့် ကိစ္စတစ်ခုသာ ဖြစ်သည်။ သို့သော် ရွှယ်ယင်က ရက်ရက် ရောရောဖြင့် ရွှေဒင်္ဂါးပြား တစ်ထောင်ပင် ပေးလိုက်ချေသည်။
" ဂျိရုံ ဆိုပဲ.."
ထို့နောက် သခင်စစ်အန်းက အမိန့်ပေးလိုက်သည်။
" အရေးကြီးဆုံးအဆင့်တာဝန်အဖြစ် သတ်မှတ်ပြီး ဂျိရုံဆိုတဲ့ ကောင်မလေး အကြောင်းကို အမြန်ဆုံး စုံစမ်းခဲ့လိုက်ပါ.. သူ့ရဲ့ မိဘအကြောင်းတွေ.. ဆွေမျိုး မောင်နှမတွေ.. သူ မွေးလာတဲ့ အချိန်ကစပြီး အခုအချိန်အထိ.. အားလုံးပဲ.. မြန်မြန် ရလေ ကောင်းလေပဲ.."
" အရေးကြီးဆုံးအဆင့်..ဟုတ်လား.." ရိုတူးမှာ ငေးကြောင်ကြည့်နေမိသည်။
နဂါးတောင်အိမ်တော်သည် မိုးကောင်ကင်အောက်က အရာအားလုံးနှင့် ပတ်သတ်၍ သတင်းကွန်ရက်တစ်ခုကို ချိတ်ဆက်တည်ဆောက်ထားသည်။ ကမ္ဘာကြီးမှာ အကောင်းဆုံး သတင်းကွန်ရက်တစ်ခုဟု ဆိုနိုင်သည်။ ဒါကိုမှ လူတစ်ယောက်၏ အကြောင်းကို စုံစမ်းဖော်ထုတ်ဖို့က အရေးကြီးဆုံးအဆင့် သတ်မှတ်ထားရမည်တဲ့လား.. ဟာသများ ပြောနေရောလား..
" သွားတော့.." သခင်စစ်အန်းက ပြောလိုက်သည်။
" ဟုတ်ကဲ့.." ရိုတူးမှာ သူ့အမိန့်ကို နာခံရသည်။
ထို့နောက် စစ်အန်းသည် ဆက်လက်ထိုင်နေရင်း သူ့အနားမှာ ရှိသည့် စာတွဲများကို ဆက်လက် ဖတ်ရှုနေလိုက်သည်။
" စစ်အန်း... တုန်ပိုရွှယ်ယင်ကို မျက်စိဒေါက်ထောက် ကြည့်နေပေးပါ.. သူ့အကြောင်းကို မျက်စိနားခြေ မပြတ်စေနဲ့.. သူက ဒဏ္ဍာရီအဆင့် ဖြစ်နိုင်တယ်လို့ ငါတို့ ခန့်မှန်းထားတယ်.. ဖြစ်နိုင်ခြေက ၅၀ ရာခိုင်နှုန်းပဲ.. "
ထိုစာမှာ စီရင်စုမြို့တော်မှ ရီရွှေမြို့သို့ ပေးပို့လာသော အစီအရင်ခံစာဖြစ်၏။
" ဒဏ္ဍာရီအဆင့်ဆိုတာက အမှန်လား.. အမှားလား.."
သခင်စစ်အန်းက လေသံတိုးတိုးဖြင့် အသံထွက်ရေရွတ်လိုက်သည်။ တကယ်တမ်းတွင် ထိုစာသည် မနေ့က ရောက်ရှိလာပြီးသော အစီအရင်ခံစာများ ဖြစ်ကြသည်။ သို့သော် သူ့မှာ ဖတ်ပြီးခဲ့ပါသော်လည်း ပြန်ဖတ်တိုင်း အံ့သြနေဆဲ ဖြစ်နေ၏။
သို့သော်လည်း စီရင်စုမြို့တော်တွင် သက်သေ အထောက်အထားတို့က ပြည့်စုံစွာ ရရှိထားပြီး ဖြစ်နေ၏။
နမူနာအားဖြင့် ရွှယ်ယင်က စီရင်စုမြို့တော်ထဲမှာ ရွှေဒင်္ဂါး ၅ သိန်း တန်ဖိုးရှိသည့် ပစ္စည်းများ ဝယ်ယူသွားသည့် ကိစ္စ ဖြစ်၏။ ဤမျှ တန်ဖိုးကြီးမားစွာ ဝယ်ယူသွားသည့် ကိစ္စကလည်း ရွှယ်ယင်က ဒဏ္ဍာရီအဆင့် ဟုတ်မဟုတ် ဆိုသည့် ကိစ္စကို ထပ်မံ၍ အတည်ပြုခဲ့လိုက်၏။
သိသာထင်ရှားသည့် သက်သေတစ်ခုကိုလည်း လုကလန်၏ ရဲတိုက်ထဲတွင် တွေ့ရှိလာခဲ့ပြန်သည်။ နတ်ဆိုးဘုရားနှင့် ဆက်နွယ်သည့် တာဝန်ဖြစ်၍ နဂါးတောင်အိမ်တော်မှ ထိုအကြောင်းကို အသေးစိတ် ပြန်လည် စုံစမ်းခဲ့သည်။
ရဲတိုက်က ကျောက်သားနံရံတွင် နက်ရှိုင်းစွာ စူးနစ်ဝင်နေသည့် လှံတိုကို သူတို့ တွေ့ရှိခဲ့သည်။ သူတို့ တာဝန်စေလွှတ်လိုက်သည့် ပညာရှင် ၅ ယောက်ထဲတွင် ရွှယ်ယင်တစ်ယောက်သာ လှံကို အသုံးပြုသူ ဖြစ်နေသည်မဟုတ်လား။ ထို့အပြင် တုန်ပိုရွှယ်ယင် အသက် ၁၅ နှစ်အရွယ်မှာ ဓားကောက်အဖွဲ့သား ဓားပြတို့ကို လှံတိုဖြင့်သာ ရှင်းလင်းသုတ်သင်ခဲ့သေးသည် မဟုတ်လား။
ထို့အတူ ရဲတိုက်က ကျောက်သားနံရံမှာ စူးဝင်စွာ စိုက်ဝင်နေသည့် ဓားကွေးကိုလည်း သူတို့ တွေ့ရှိခဲ့ကြရသည်။ ယင်းဓားကွေးမှာ တန်ဖိုးကြီးသည့် လက်နက်ဖြစ်ပြီး ယန္တရားပညာရှင်က သန့်စင်ပြုလုပ်ပေးသည့် လက်နက်လည်း ဖြစ်ကာ တစ်ခုကို ရွှေဒင်္ဂါးပြား တစ်ထောင် ထိုက်တန်သည်။
သာမန်အားဖြင့် ငွေလအဆင့်တို့မှာ ထိုကဲ့သို့ လက်နက်မျိုးကို ဝယ်သုံးဖို့ မချမ်းသာကြပါချေ။
ထိုကဲ့သို့ ကျောက်သားထုတွင် နက်ရှိုင်းစွာ စိုက်ဝင်နေသည့် လှံတိုနှင့် ဓားကွေးတို့ကို ကြည့်၍ ဤအရာမျိုးမှာ ဒဏ္ဍာရီအဆင့်တို့သာ လုပ်နိုင်သည့် အရာများ ဖြစ်သည်ဟု သူတို့ ဆုံးဖြတ်လိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် ရဲတိုက် ပေါက်ကွဲခြင်းကြောင့်လည်း လှံတိုနှင့် ဓားကွေးတို့က ကျောက်သားထုထဲကို စူးနစ် မဝင်နိုင်ပေ။
တဖန် ပေါက်ကွဲခြင်း၏ အားသက်ရောက်မှုကို သူတို့တွက်ချက်ကြည့်ရာတွင် ထိုပေါက်ကွဲအားသက်ရောက်မှုက ငွေလအဆင့်ကို သေစေနိုင်မှာ သေချာ နေသလောက်ပင် ဖြစ်၏။ သို့သော် ရွှယ်ယင်က ဒဏ်ရာလောက်သာ ရပြီ ကျင့်ချိုးမှာလည်း ပေါက်ကွဲအား သက်ရောက်မှုကနေ အသက်ရှင်ခဲ့နိုင်သေး၏။
တစ်ခြားသော သဲလွန်စွများ ကျန်ရှိနေပါသေး၏။ ဥပမာ ထိုနေရာတွင် တိုက်ပွဲတစ်ပွဲဖြစ်ရာမှ ကျန်ခဲ့သည့် လက်ရာခြေရာများပင်။ အားလုံးကို ခြုံငုံကြည့်လိုက်သည့်အခါမှာ သူတို့ ပြောနိုင်တာက ထိုနေရာတွင် ဒဏ္ဍာရီအဆင့်တို့၏ တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့သည်ဟူသော စကားပင် ဖြစ်၏။
တစ်ဖက်လူက သေသွားခဲ့ပြီ အသက်ရှင်ကျန်ခဲ့သူက ရွှယ်ယင်ပဲ ဖြစ်ရမည်။ ဒါကြောင့်လည်း ရွှယ်ယင်က နေ့ချင်းညချင်း ချမ်းသာသွားပြီး သူ ဝယ်ချင်ရာ ဝယ်ဖို့ ရွှေဒင်္ဂါ ၅သိန်းလောက်ကိုပင် ပေါ့ပေါ့ပါးပါး သုံးစွဲနိုင်တာ ဖြစ်ရမည်။
" ဒီလောက် ငယ်ရွယ်နေတာ ဒဏ္ဍာရီအဆင့်တဲ့လား.. အရမ်းကို ကြောက်စရာကောင်းတာပဲ.. "
သခင်စစ်အန်းက ခပ်တိုးတိုး ရေရွတ်ပြောလိုက်ပြန်သည်။
အန်းယန်ပြည်နယ်တွင် ရှိသော နဂါးတောင်အိမ်တော်မှာ တုန်ပိုရွှယ်ယင်ကို စောင့်ကြည့်ဖို့ ပြင်ဆင်ထားကြလေသည်။
အပိုင်း ( ၅၄ ) လောကကြီးနှင့် တစ်သားတည်းအဆင့်
စစ်ကလန်မှ ငယ်ရွယ်သည့် မှော်ဆရာဖြစ်သူ စစ်ချန်ကို ဧည့်ခံကျွေးမွေး ခဲ့ပြီးနောက်တွင် ရွှယ်ယင်သည် တစ်ယောက်တည်း စဥ်းစားမိလေသည်။
" အရွယ်ငယ်ငယ်လေးနဲ့ ဥက္ကာပျံအဆင့် မှော်ဆရာဖြစ်နေတာ ဘယ်လောက် တောင် အံ့သြဖို့ ကောင်းလိုက်သလဲ.. သူက စစ်ပိုင်ရုံနဲ့ လုံးဝ မတူဘူး.. ပြီးတော့ အဇူရီမြစ်စီရင်စုနယ်ပယ်မှာ စစ်ကလန်ရဲ့ သမိုင်းကြောင်းက နှစ်ပေါင်း ရာနဲ့ချီ ကြာညောင်းလာခဲ့ပြီးဆိုတော့ မျိုးဆက်သစ်တွေလည်း အများကြီး ရှိလာခဲ့ပြီ.. တချို့က လူကောင်းတွေ.. တချို့က လူဆိုးတွေ.. စစ်ပိုင်ရုံလို ဘဝင်မြင့် လူပေါ့ကြော့သမားလည်း ရှိသလို စစ်ချန်လို ပါရမီရှင်လည်း ရှိကြတာပဲ.."
" သူရဲကောင်းစစ်သည်တစ်ယောက်အနေနဲ့ ဒဏ္ဍာရီအဆင့် မရောက်ခင်မှာ သူတို့ရဲ့ ခန္ဓာကိုယ်ပိုင်းကို အဓိကထား တည်ဆောက်ယူထားရတယ်.. ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်.. ကောင်းမွန်တဲ့ ချီကျင့်စဥ်နဲ့ဆိုရင်တော့ ငွေလအဆင့်မှာ ကျင့်ကြံ အားထုတ်ရတာ ဘာမှ သိပ်မခက်ဘူး.. ဒါကြောင့်လည်း တချို့ ငွေလအဆင့် စစ်သည်တွေက ဘာမှ ထူးထူးခြားခြား မရှိကြပါဘူး.."
" ဒါပေမဲ့.. မှော်ပညာရှင်တွေမှာ အသိဉာဏ်ပညာ လိုအပ်တယ်.. သဘာဝကြီးရဲ့ တရားကို ရှာဖွေဖို့အတွက် မှော်ပညာရှင်တစ်ယောက်က အသိပညာကို ငတ်မွတ်နေရမယ်.. စွမ်းအားကြီးတဲ့ မှော်ဆရာတို့တာ သေးသိမ်တတ်တဲ့ သူမျိုး မဟုတ်ဘူး.."
ရွှယ်ယင် အသက်ပြင်းချလိုက်သည်။ သူ ဆုံလာခဲ့သမျှ မှော်ဆရာတို့မှာ တစ်ယောက်မှ ငပေါငကြောင် ဆိုတာ မရှိခဲ့ပေ။ အားလုံးသည် ဉာဏ်ရည်ထက်မြက်ပြီး အကင်းပါးကြသူများ ဖြစ်ကြသည်။
သူရဲကောင်းစစ်သည်တို့မှာတော့ ကွဲပြားကြသည်။ တချို့က ရဲရင့်ကြသည်။ တချို့က ရက်စက်ကြမ်းကြုတ်၍ တချို့က အသိဉာဏ်နည်းပါးသည်။
" ဒါပေမဲ့ မှော်ပညာရှင်ပဲ ဖြစ်ဖြစ်.. သူရဲကောင်းစစ်သည်ပဲ ဖြစ်ဖြစ်.. ဒဏ္ဍာရီအဆင့်ကို ရောက်ဖို့က အရမ်းကို ခက်ခဲကြမ်းတမ်းတဲ့ အရာတစ်ခုပဲ.."
ရွှယ်ယင် ခေါင်းကို အသာအယာ ညိတ်လိုက်မိသည်။ ဒဏ္ဍာရီအဆင့် ဖြစ်ဖို့က တကယ်ကို ခက်ခဲသည့် အရာတစ်ခု ဖြစ်သည်။ ဒါသည် လူတစ်ယောက်၏ ပင်ကိုယ်အရည်အသွေးအပေါ်ကို လုံးဝ သက်ဆိုင်သွားတော့သည့် အရာ မဟုတ်တော့ချေ။ ဒဏ္ဍာရီအဆင့်တစ်ယောက်တွင် ပြင်းထန်သော စိတ်ဓာတ်ခွန်အား လိုပေသည်။ ရွှယ်ယင်သည် မှော်ပညာရှင်ကြီးအဆင့်တွင် နှစ်အတော်ကြာ ကတည်းက ရောက်ရှိပြီး ဖြစ်သော်လည်း လောကကြီးနှင့် တစ်သားတည်းအဆင့်ကို မပိုင်ဆိုင်နိုင်သေးဘဲ ရှိနေ၏။
ဒဏ္ဍာရီအဆင့်၏ ခွန်အားကို ရရှိဖို့အတွက် သူက ကမ္ဘာဦးသွေးအမွေကိုသာ မှီခိုအားထားနေရသည်။
စစ်သည်သူရဲကောင်း သို့မဟုတ် မှော်ပညာရှင်ပဲ ဖြစ်နေပါစေ.. ဒဏ္ဍာရီအဆင့်တွင် ရှိနေလျှင် လူတွေက သူရဲကောင်းသဖွယ် အရှင်သခင်သဖွယ် နတ်ဆိုးသဖွယ် လေးစားကြည်ညိုကြသည်။
ထိုကဲ့သို့ ဖြစ်တည်မှုတွေသာ အထွတ်အထိပ်အဆင့်တစ်ယောက် ဖြစ်လာဖို့အတွက် မျှော်လင့်လို့ ရသည့် ဖြစ်တည်မှုတွေသာ ဖြစ်ကြ၏။ ထိုအဆင့် ရောက်သွားခဲ့လျှင် သူတို့သည် သေမျိုးအဆင့်မှ ကျော်လွန်သွားပြီးဟု ဆိုရနိုင်သည်။ နတ်ဘုရားတို့ကပင် သူတို့အား ကြောက်ရွံ့ရတော့မည်။
****
တစ်ရက်ပြီး တစ်ရက် အချိန်တွေ ဖြတ်ကျော်လာခဲ့သည်။ ရွှယ်ယင်သည် နောက်ထပ် တာဝန်တွေကို လက်ခံတော့မည့်အစား တိတ်ဆိတ်စွာဖြင့် တရားထိုင်ကျင့်နေခဲ့သည်။ သူ့ရဲ့ စိတ်ဝိဉာဏ်က အမြင့်ဆုံးအမှတ် ရောက်နေသည်ကို သူ ခံစားနေရသည်။
ကျင့်ကြံပြီးနောက်တွင် ရွှယ်ယင်က လေ့ကျင့်ရေးကွင်းထဲ ဝင်၍ သူ့ရဲ့ လှံသိုင်းပညာကို လေ့ကျင့်သည်။ ထိုသို့ လေ့ကျင့်ခြင်းက သူ့အား အင်မတန်ကို လန်းဆန်းစေသည်။
ရွှစ်..
လေ့ကျင့်ပြီးနောက်တွင် သူက ရဲတိုက်၏ ခေါင်မိုးထက်သို့ ခုန်တက်သွားလိုက်သည်။
အမှန်တွင် ရဲတိုက်၏ ခေါင်မိုးကို ကျောက်တုံးဖြင့် ကျယ်ပြန့်စွာ အုပ်မိုး တည်ဆောက်ထားသည်။ ရွှယ်ယင်က လှေကားတစ်ခုမှာ ထိုင်ပြီး ကျောက်တုံးကြီးကို ကျောမှီထားကာ သူ့အရှေ့က မြင်ကွင်းကြိးကို ကြည့်ရှုခံစားလိုက်သည်။ သူ ထိုင်နေသည့် နေရာသည် ရဲတိုက်ကြီး၏ အမြင့်ဆုံးတွင် ရှိနေသည့် နေရာတစ်ခု ဖြစ်၏။ မျက်စိကို တစ်ချက် ဝေ့ဝဲ ကြည့်လိုက်သည့်အခါမှာ သူတို့ တောင်ဘေးပတ်လည်က တစ်ခြားသော တောင်ထွတ်များကို မြင်တွေ့ရသည်။
မှော်ဆရာကြီး၏ အိမ်တော်ကိုလည်း ရှင်းလင်းစွာ မြင်နေရ၏။
တောင်တို့၏ အောက်ခြေတွင် လယ်ကွင်းပြင်များ ရှိကြကာ ရွာသားများကလည်း ရွာတည်၍ နေထိုင်ကြသည်။
အဝေးကနေတဆင့် တောင်အောက်ခြေအထိ ကြီးမားဖြူဖွေးသော မျဥ်းကြောင်းကြီးတစ်ခုက ကောက်ကွေ့စွာ ရှိနေသေး၏။ တကယ်တမ်းတွင် ထိုအရာမှာ စီရင်စုနယ်မြေ၏ အမည်ဖြစ်သော အဇူရီမြစ်ကြီး ဖြစ်ပေ၏။
အဇူရီမြစ်ကြီးသည် ကီလိုမီတာ ထောင်ချီ ရှည်လျားသော မြစ်ကြီးတစ်စင်းဖြစ်ပြီး အဇူရီမြစ်စီရင်စုထဲက မြစ်ငယ် မြစ်လက်တက်များ၏ မိခင်မြစ်ကြီး ဖြစ်၏။
အဇူရီမြစ်အား အဝေးမှာ ကြည့်နေသော်လည်း မြစ်ရေလှိုင်းပုတ်သံများကို ရွှယ်ဘင် ကြားနေရသေး၏။
" အရမ်းကို လှတာပဲ.." ရွှယ်ယင်တွင် ကျေနပ်နှစ်သိမ့်နေသည့် အမူအရာ ရှိနေ၏။
ရဲတိုက်ကြီး..၊ တောင်ထွတ်များ..၊ တောင်အောက်ခြေက ရွာငယ်များ..၊ ပိုးချည်မျှင်လို အဇူရီမြစ်တို့က အိမ်မက်ထဲက လှပသော မြင်ကွင်းကို အသီးသီး မှုန်ခြယ်သနေကြသည်။
သူ့နယ်မြေ၏ လှပသော မြင်ကွင်းအား ရဲတိုက်ကနေ ကြည့်ရတာကို ရွှယ်ယင် ငယ်ငယ်ကတည်းက နှစ်ခြိုက်ခဲ့သည်။ ထိုမြင်ကွင်းကား အရမ်းကို လှပေန၏။ ဒါသည် သူ့ရဲ့ အိမ်ဖြစ်သည်။ သူ့ အိမ်ကို သူ အရမ်းချစ်သည်။
ရွှယ်ယင်က ဝိုင်တစ်ကရား ထုတ်လိုက်ကာ တဖြည်းဖြည်းဖြင့် အရသာခံ သောက်လိုက်သည်။ ဝိုင်အရက်က ပူရှိန်းရှိန်းဖြင့် လျှာဖျားထိပ်ကနေ ကောင်းကောင်း ခံစားရသည်။ ပုံမှန်အားဖြင့် ရွှယ်ယင်မှာ အရက်ပြင်းအစား သစ်သီးဝိုင်တချို့ကိုသာ သောက်သည်။ တကယ်ကို ပျော်ရွှင်သည့်အခါ.. သို့မဟုတ် တကယ်ကို ဝမ်းနည်းသည့်အခါမှသာ အရက်ကို အနည်းငယ် သောက်သည်။ ယခုတွင်လည်း သူက ကြည်နူးလန်းဆန်းလို့ နေသည်။
နတ်ဆိုးတမန်တော်ကို သတ်ဖြတ်ပြီးနောက်တွင် ရွှယ်ယင်သည် သူ့ရဲ့ စွမ်အားကို သူကိုယ်တိုင် ပိုသဘောပေါက်လာသည်။
သူ့မိဘကို ကယ်တင်ဖို့ မျှော်လင့်ချက် ရှိလေ၏။
သူ့ညီလေးလည်း အရွယ်ရောက်လာနေပြီ။ အရာအားလုံးဟာ သူ့ကို ပျော်ရွှင်စေနေပြီ။ အရေးမပါသည့် ကိစ္စတွေကို သူ ဂရုမစိုက်တော့ပါ။ သူ့လမ်းမှာ ဝင်နှောင့်ယှက်ကြသူတွေဟာ သူ့စွမ်းအားအောက်မှာ ပြားပြားဝပ် သေဆုံးကြရမည်။
" ဟူ... ဟူ.. "
ရွှယ်ယင်၏ အသက်ရှုနှုန်းက တဖြည်းဖြည်း နှေးကွေးလာခဲ့ကာ သူ့နှလုံးခုန်နှုန်းကလည်း ထိုအတိုင်း လိုက်ပါနှေးကွေးလာခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးကြောထဲတွင် စီးဆင်းလှည့်ပတ်နေသည့် သွေးတို့ကလည်း တစ်နေရာတည်းမှာပဲ ရပ်တန့်နေသကဲ့သို့ ဖြစ်လာခဲ့သည်။
ရွှယ်ယင်မှာ တဖြည်းဖြည်းဖြင့် ပို၍ တည်ငြိမ်လာခဲ့၏။
သို့သော် ဘေးပတ်ဝန်းကျင်ကို ခံစားနေရသည့် အာရုံအသိတို့က ပို၍ ထက်ရှလာခဲ့သည်။ ရဲတိုက်အတွင်းက အစေခံတို့ သွားလာလှုပ်ရှားနေတာတွေ၊ အစောင့်စစ်သည်တို့ အချင်းချင်း စကားပြောဆိုကြတာတွေကို ရှင်းရှင်းလင်းလင်းဖြင့် အကုန်ကြားလာရသည်။
သု့နံဘေးနားက တိုက်ခတ်နေတဲ့ လေပြေတွေ...
ရဲတိုက်က တောင်ထိပ်မှာမို့ လေအေးအေးတွေက သာမန်ထက် ပိုတိုက်ခတ်နေ၏။ ထိုလေပြေအေးတွေက သူ့တစ်ကိုယ်လုံးအား သာသာယာယာ ပွတ်သပ်တိုက်ခတ်နေ၏။
ပန်းပွင့်တွေရဲ့ အမွှေးရနံ့တွေ..
မြက်ပင်စိမ်းများ၏ ရနံ့တွေ..
" ဒါက သဘာဝတရားပဲ.. အရမ်းကို လှပတယ်.. "
ဒီလို ခံစားရတာကို ရွှယ်ယင် အနှစ်ခြိုက်ဆုံးပါ။
" ဘုန်း "
ရုတ်တရက် သူ့ရဲ့ ခံစားသိရှိမှုအမြင်များ..
ကမ္ဘာကြီး တသိမ့်သိမ့် တုန်ခါသွားတာကို ခံစားလိုက်ရသည်။ သူ့ နှလုံးသားမှာလည်း စိတ်ထိခိုက်အောင် ခံစားလိုက်ရသည်။
ဥခွံမှ စတင်ပေါက်ဖွားလာသည့် ကြက်ကလေးတစ်ကောင်လို..၊ မြေဆီလွှာကနေ စတင်တိုးထွက်လာတဲ့ မြက်ပင်တစ်ပင်လို.. ။
လက်ရှိအချိန်တွင် ခန္ဓာကိုယ်အချုပ်အနှောင်ကနေ သူ့စိတ်ဝိညာဉ်က ဖောက်ထွက်လွတ်မြောက်လာသလို ရွှယ်ယင် ခံစားနေရ၏။ ဥခွံကနေ စိတ်ဝိညာဉ် လွတ်ထွက်လာပြီး သဘောဝတရားနှင့် ပေါင်းစပ်စီးဝင်သွားသကဲ့သို့ ခံစားနေရ၏။
အစောပိုင်းတွင် ရွှယ်ယင်သည် လောကကြီးအား လှပသည်ဟု တွေးနေခဲ့သည်။ သို့သော် လောကကြီးအား အလွှာပါးပါးတစ်ခု အလယ်တွင် ခံထားပြီး ကြည့်နေသကဲ့သို့ ရှိနေသည်။ ယခုတွင်ကား သူ့စိတ်ဝိညာဉ်က ထိုအလွှာအား ဖောက်ခွဲ၍ လောကကြီးနှင့် တစ်သားတည်းကဲ့သို့ ဖြစ်သွားလေပြီ။
လေပြေက တိုက်ခတ်နေသည်။သူလည်းပဲ လေပြေ ဖြစ်သွားသည်။ မရေတွက်နိုင်သော လေပြေများ အချင်းချင်း တိုးဝှေ့လူးလွန့်နေကြသည်။ တချို့က ပေါင်းစု၍ တချို့က ကွဲဖြန့်လျက်..။
ထိုအရာများကို ရွှယ်ယင် ခံစားနေရတာတွေ တဖြည်းဖြည်း အသေးစိတ်ကျလာကာ အဆုံးမဲ့စွမ်းအားတွေနှင့် တိကျမှန်ကန်မှုတို့ မြင့်တက်လာခဲ့သည်။
မီး၊ ရေ၊ မြေ၊ လေ၊ မိုးကြိုး၊ အလင်း၊ အမှောင် စသော မရေတွက်နိုင်သော လောကကြီး၏ အခြေခံသဘာဝတရားမှ လာသော စွမ်အားများ ဖြစ်ချေ၏။ ထိုစွမ်းအားမှာ လောကကြီး၏ အစစ်အမှန်စွမ်းအားများ ဖြစ်ကြသည်။ မှော်ပညာရှင်တို့မှာ သူတို့၏ မန္တန်များကို မန်းမှုတ်ရန်အတွက် လောကကြီး၏ သဘောဝစွမ်းအားကို အသုံးပြုဖို့ အင်းကွက်အစီအရင်များ အသုံးချလို့ လိုအပ်သည်။
သို့သော် လောကကြီးနှင့် တစ်သားတည်းအဆင့်သို့ ရောက်သည့်အခါတွင် ထိုစွမ်းအားတို့ကို တိုက်ရိုက် စေခိုင်း၍ ရနိုင်သွားလေပြီ။ ဒါသည် အခြေခံကျသော ကွဲပြားမှု ဖြစ်သည်။ ထို့ကြောင့်လည်း ဒဏ္ဍာရီအဆင့်တစ်ယောက်၏ အရှေ့တွင် မှော်ဆရာတို့မှာ မည်သည့် မန္တန်တစ်ခုကိုမှမန်းမှုတ်၍ မရနိုင်တော့ပေ။
" အား.. သက်တောင့်သက်သာ ရှိလိုက်တာ.. "
သူ့စိတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲကနေ လွတ်ထွက်သွားပြီး လောကကြီးနှင့် တစ်သားတည်း ဖြစ်သွားသောကြောင့် သဘာဝတရား၏ အဆီအနှစ်ကို ချက်ချင်း ခံစားလိုက်ရသည်။
အဖူးအညှောက်တစ်ခုက ရေရသည်နှင့် ကြီးထွားလာသကဲ့သို့ပင်။
သူ မွေးလာကတည်းက သူ့ရဲ့ စိတ်ဝိညာဉ်ဟာ သဘာဝတရား၏ အဆီအနှစ်ကို ပထမဆုံးအကြိမ် ထိတွေ့ခံစားဖူးသည် ဖြစ်၍ ထူးဆန်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ ထိုပြောင်းလဲမှုသည် အလွန်တရာ လျင်မြန်သည်။ ပြောင်းလဲမှုက လျင်မြန်စွာဖြင့် ပြီးဆုံးသွားလေကာ ရွှယ်ယင်လည်း လောကကြီးနှင့် တစ်သားတည်းအဆင့်ကို ရောက်ရှိခြင်း၏ အရသာကို ပထမဆုံး ခံစားလိုက်ရ၏။
ထို့အတူ သူ့ရဲ့ စိတ်ဝိညာဉ်သည်လည်း အရင်ကထက် ဆယ်ဆမက သန်မာလာခဲ့ပြီး။ မဟုတ်သေး..၊ အဆတစ်ရာပင် ဖြစ်နိုင်သေးသည်။
သဘာဝကြီး၏ အဆီအနှစ်၊ သန်မာစွမ်းအားကောင်းသော စိတ်ဝိညာဉ်၊ ဒါတွေဟာ အထွတ်အထိပ်အဆင့်ကို ရောက်ဖို့ ပထမဆုံးခြေလှမ်းများ ဖြစ်ကြသည်။
" လောကကြီးနှင့် တစ်သားတည်းအဆင့်.. "
ရွှယ်ယင်ထံမှ ထိုအတွေးငယ်လေးက ထွက်ရှိလာခဲ့သည်။
" ဘုန်း.. "
ထိုအခိုက်တွင် မီးသဘာဝစွမ်းအင်တို့က မှော်အစီအရင်၏ အကူအညီပင် မလိုအပ်ဘဲ သူ့ကိုယ်ထဲသို့ အတင်းတိုးဝင်လာကြသည်။ မီးတောက်များမှာ မန္တန်ဖြင့် မန်းမှုတ်ရသည်ထက် ပို၍ မြန်ဆန်စွာ ဝင်ရောက်လာကြသည်။
မီးသဘာဝစွမ်းအင်တို့၏ အကူအညီအောက်တွင် သူ့ခန္ဓာကိုယ်က ရုတ်ချည်း လျင်မြန်စွာ ပြုပြုပြောင်းလဲလာသည်ကို ရွှယ်ယင် ချက်ချင်း နှေးချလိုက်ပြီ စတင်ထိန်းချုပ်လိုက်သည်။ ဒါတွေ အားလုံးကို သူ သေချာရှင်းလင်းစွာ ခံစားရနေသည်။
" ဒါကြောင့်ကိုး.. ကမ္ဘာဦးသွေးအမွေ မနိုးထနိုင်ခဲ့တဲ့ စစ်သည်တွေက လောကကြီးနဲ့ တစ်သားတည်းအဆင့် ရောက်တဲ့အခါမှာ သဘာဝတရားစွမ်းအင်ရဲ့ အကူအညီကို ယူပြီး ပြောင်းလဲမှုကို အပြီးလုပ်ကြရတယ်.. သူတို့ရဲ့ ချီစွမ်းအင်ကို အရှိန်မြင့်တင်ကြပြီး ဒဏ္ဍာရီအဆင့်ထဲကို ဝင်ကြရတယ်.. "
ရွှယ်ယင်က ဝမ်းသာနေမိသည်။
လက်ရှိအချိန်တွင် သဘာဝတရား၏ အဆီအနှစ်တွေက သူ့ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲပေးနေ၏။
သဘာဝတရား၏ အဆီအနှစ်တွေက သူ့ကိုယ်ထဲက ချီစွမ်းအင်ကိုပင် ပြုပြင်ပြောင်းလဲပေးလေကာ သူ့ကိုယ်ထဲက အရည်သဏ္ဌာန်ချီစွမ်းအင်တို့ပင် သိပ်သည်းလာခဲ့သည်။
ရေနွေးအိုးတစ်အိုးစာ ဆူပွက်လောက်သည့် အချိန်တွင် တန်ထျန်းအထဲက ချီပင်လယ်မှာ စွမ်းအင်တို့နှင့် ပြည့်ဝလာခဲ့သည်။ နောက်ထပ် နာရီဝက်အချိန်တွင် ကမ္ဘာဦးသွေးအမွေ နှိုးထားပြီးသား ခန္ဓာကိုယ်က နောက်ထပ် မစုပ်ယူနိုင်တော့ချေ။
ဥပမာအားဖြင့် အစားကို တစ်ခါတည်းအပြည့်စားပြီး နောက်ထပ် မစားနိုင်တော့သကဲ့သို့ ရွှယ်ယင်၏ ချီပင်လယ်နှင့် ခန္ဓာကိုယ်က သဘာဝတရား၏ စွမ်းအင်ကို တစ်ကြိမ်စုပ်ရုံဖြင့် ပြည့်မောက်သည်အထိ ဖြစ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်က အချိန်အတိုင်းအတာတစ်ခုအထိ ယူ၍ တဖြည်းဖြည်းဖြင့် ပြုပြင်ပြောင်းလဲသွားလိမ့်မည်။
" ငါ့ရဲ့ အတွေ့အကြုံအရဆိုရင် နောက် လတစ်ဝက်ကျရင် ငါ့ရဲ့ ချီစွမ်းအင်တွေက ဒဏ္ဍာရီအဆင့်ကို ရောက်လိမ့်မယ်.. "
ရွှယ်ယင် အလွန်ပျော်ရွှင်သွားသည်။
" ငါ့ရဲ့ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်းနဲ့ သန်မာလာနေတယ်.. နောက်ထပ် နှစ်လဆိုရင် ငါ့ရဲ့ ခွန်အားကလည်း နှစ်ဆ ရှိလာလိမ့်မယ်.. "
လောကကြီးနှင့် တစ်သားတည်းအဆင့်သို့ ရောက်ခဲ့ပြီမို့ ရွှယ်ယင်၏ ခန္ဓာကိုယ်ပိုင်း ခွန်အားတို့က တဖြည်းဖြည်းဖြင့် မြင့်တက်လာမည်ဖြစ်ကာ နောက်ဆုံးတွင် အထွတ်အထိပ်အဆင့်တစ်ယောက်၏ ခွန်အားအထိ မြင့်တက်သွားလိမ့်မည်။ ဒါဟာ သူ့ရဲ့ ကမ္ဘာဦးသွေးအမွေ၏ အကန့်အသတ်ပင် ဖြစ်၏။ ဒါသည်လည်း သူ့၏ ကြောက်စရာကောင်းသော စွမ်းရည်တစ်ခုပဲ ဖြစ်၏။
" လောကကြီးနှင့် တစ်သားတည်းအဆင့်.. "
" ငါ တုန်ပိုရွှယ်ယင်က လောကကြီးနှင့် တစ်သားတည်းအဆင့်ကို အသက် ၂၂ နှစ်အရွယ်နဲ့ နောက်ဆုံး ရောက်သွားခဲ့ပြီ.. "
ရွှယ်ယင်က ခေါင်းမိုးပေါ်မှာ မတ်တတ်ရပ်ကာ လောကကြီးကို အောက်ငုံ့ကြည့်လိုက်သည်။ ဟိုအဝေးက အဇူရီမြစ်ကိုပင် လှမ်းကြည့်လိုက်သည်။
" အထွတ်အထိပ်အဆင့်ကို ရောက်ရှိဖို့ ငါ့မှာ မျှော်လင့်ချက် ရှိလာခဲ့ပြီ.. အထွတ်အထိပ်အဆင့်တို့ရဲ့ ဘဝ.. ကမ္ဘာကြီးအနှံ့ ပျံသန်းပြီး နတ်ဘုရားတွေနဲ့ အရက်အတူတူသောက်မယ်.. နတ်ဆိုးတွေကို တစ်စစီ ဆုတ်ဖြဲပစ်မယ်.. "
နဂါးတောင်အိမ်တော်စာအုပ်ထဲက ဒဏ္ဍာရီအဆင့် ထိပ်သီး အယောက် ၃၀၀၀ တို့၏ စာရင်းကို ရွှယ်ယင် ဖတ်ထားပြီးသားမို့ အသက်၂၂ နှင့် ထိုအဆင့်များကြားမှာ ကြားဝင်နိုင်ဖို့က ကောင်းကင်ဘုံကို ဆန့်ကျင်သည့် အရာကဲ့သို့ ဖြစ်သည်ဟု သူ နားလည်ခဲ့သည်။
သူ့ရဲ့ စိတ်ဝိညာဉ်က လျင်မြန်စွာ တိုးတက်လာနေသည်။
အထွတ်အထိပ်အဆင့်ရောက်ဖို့အတွက် ကိုယ်ပိုင်လမ်းစဉ်ကို ရှာရန် သူ့မှာ နှစ်ပေါင်း တစ်ရာကျော်မျှ အချိန် ရှိသေးသည်။
" ဟူး"
သူ့စိတ်ဝိညာဉ်ကို ခွဲထုတ်၍ လောကကြီးနှင့် တသားတည်းအဆင့်ကို နားလည်သွားသည့်အခါမှာ သူ့ရဲ့ ဘေးပတ်ဝန်းကျင်က အရာတို့ကို ပို၍ ပြတ်သားကြည်လင်စွာ ကြားသိလာရသည်။ ရဲတိုက်အပြင်ဘက်တွင် အစောင့်စစ်သည်များက သူတို့၏ မိသားစုနှင့် ထမင်းလက်ဆုံစားကြသည့် အသံများကိုလည်း သူ ကြားရသည်။
သူများမိသားစု၏ အတွင်းရေးကို စပ်စုနေသလို ဖြစ်သောကြောင့် ရွှယ်ယင်မှာ ရှက်ရွံ့သလို ခံစားလိုက်ရ၍ သူ့ရဲ့ အကြားအာရုံကို နောက်တစ်နေရာသို့ ရွှေ့လိုက်သည်။ ရိုယွဲ့၏ အိပ်ခန်းဆောင် ဖြစ်၏။ ရိုယွဲ့မှာ နောက်ယောက်ျား တစ်ယောက်နှင့် စကားပြောဆိုနေ၏။
" ဟင်.. ရိုယွဲ့ရဲ့ ညီလေးက ရောက်နေတာလား.. "
ရွှယ်ယင် အံ့အားသင့်သွားသည်။
အပိုင်း ( ၅၅ ) စိတ်အနှောင့်အယှက်ဖြစ်စရာကို ပယ်ခွာခြင်း
" ရိုယွဲ့က သူ့မောင်လေးလာတာကို ဘာလို့ ငါ့ကို မပြောတာလဲ.. ဒါဆို ဒီနေ့ ညစာအတွက် အသားငါးတွေ ပိုဝယ်ထားရမှာပဲ.. "
ရွှယ်ယင် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
သူက လောကကြီးနှင့် တစ်သားတည်းအဆင့်နယ်ထဲသို့ ဝင်ရောက်ထားနေ၍ အနီးပတ်ဝန်းကျင်က အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ ကြားနေရသည်။ ယင်ကောင်တစ်ကောင်၏ တောင်ပံခတ်သံတွေကိုပင် ကြားရသည်။ ထို့ကြောင့်လည်း ရိုယွဲ့နှင့် သူမ၏ မောင်လေးတို့ ပြောစကားများကို ရှင်းလင်းစွာ ကြားလိုက်ရ၏။
***
ရိုယွဲ့၏ အိပ်ခန်းဆောင်တွင်...
" အဖေက မင်းကို လွှတ်လိုက်တာ ဒီကိစ္စကြောင့်လား.. "
ရိုယွဲ့က အေးအေးဆေးဆေးပဲ မေးလိုက်သည်။
" ဟုတ်တယ်.. " ခုံဟောင်က ပြန်ပြောလိုက်သည်။
" အဇူရီမြစ်စီရင်စုနယ်ပယ်မှာ စစ်ကလန်ဟာ ဂုဏ်အဆင့်အတန်း မြင့်မားတယ်ဆိုတာ အဖေက ပြောဖူးပါတယ်.. သူတို့ရဲ့ လူမြင်ခံတဲ့ အပိုင်းတွေမှာ စစ်တပ်အရာရှိတွေ.. ခရိုင်တရားသူကြီးနေရာတွေ.. မြို့တွေ တော်တော်များများမှာ မြို့စားရာထူးတွေ.. ယူထားကြသလို လူအမြင်မခံတဲ့ အပိုင်းတွေမှာလည်း ဓားပြဆိုးကြီးတွေ.. ချမ်းသာကြွယ်ဝတဲ့ ကုန်သည်တွေ.. ခရိုင်အတွင်း ပုန်းကွယ်ရှိနေတဲ့ ဂိုဏ်းအဖွဲ့တွေ.. ဒါတွေ ငါတို့အားလုံးဟာ စစ်ကလန် တန်ခိုးထွားတာကို သိကြတာပဲလေ.. "
" စစ်ကလန်ဆိုတာ အဇူရီမြစ်စီရင်စုရဲ့ မိုးကောင်းကင်တစ်ခုပဲ.. အဇူရီမြစ်ဆိုတာ စစ်ကလန်.. စစ်ကလန်ဆိုတာကလည်း အဇူရီမြစ်ပဲ.. မင်းက အပြစ်ရှိတယ်လို့ သူတို့ ပြောလာရင် မင်းဟာ အပြစ်မရှိသည့်တိုင် အပြစ်ရှိသူ ဖြစ်သွားမှာပဲ.. "
ခုံဟောင်က ဆက်ပြောလိုက်သည်။
" စစ်ချန်ဆိုရင် စစ်ကလန်ရဲ့ အလေးပေးမှုကို ရရှိထားတဲ့ အမွေဆက်ခံသူ တစ်ယောက်ပဲလေ.. လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဥက္ကာပျံအဆင့် မှော်ပညာရှင် ဖြစ်လာခဲ့တာဆိုတော့ သူ့အသက် ၁၈ နှစ်ကတည်းကပဲပေါ့.. အကြီးအကဲတွေတောင် သူ့ကို အရမ်းမျှော်မှန်းထားကြတယ်.. အနာဂတ်မှာ ငွေလအဆင့်ကို ရောက်ဖို့လည်း များတယ်.. သူ့အဆင့်အတန်းက ပိုပြီး ကြောက်ဖို့ ကောင်းသွားလိမ့်မယ်.. "
" နောက်ပြီး အဖေက ပြောပါတယ်.. အစ်မက တုန်ပိုရွှယ်ယင်ကို စိတ်မဝင်စားတော့ရင် ကောင်းမယ်တဲ့.. စစ်ချန်ရဲ့ ဇနီးမယား ဖြစ်ခဲ့ရင် ပိုကောင်းပါတယ်တဲ့.. အဲလို ဖြစ်လာခဲ့ရင် ငါတို့ ခုံကလန်ဟာ သူတို့ စစ်ကလန်ရဲ့ စွမ်းအားကို မှီတွယ်ပြီးတော့ အဇူရီမြစ်စီရင်စုနယ်ပယ်ထဲမှာ အစွမ်းထက်ဆုံး ကလန်တွေထဲမှာ တစ်ခု ဖြစ်လာပါလိမ့်မယ်တဲ့.."
ခုံဟောင်က နှုတ်ခမ်းကို တွန့်ခနဲ လုပ်လိုက်ရင်း
" အစ်မ ဘာပဲဆုံးဖြတ်လိုက်ပါစေ.. ကျနော်ကတော့ ထောက်ခံပေးမှာပါ.. ငါတို့ရဲ့ အဖေကတော့ လက်တွေ့သမားပဲလေ.. စစ်ချန်နဲ့ လက်ထပ်ဖို့အတွက်ကို ဘယ်လောက်ပဲ ခက်ခဲပါစေ အဆုံးမှာ အောင်မြင်ပါစေလို့ ထပ်ပြောသွားသေးတယ် "
" ဟွန့်.."
ရိုယွဲ့က တိုးသာစွာဖြင့် ဝေဖန်လိုက်သည်။ " အဖေကတော့ ဒီလိုလူစားမျိုးပဲဟာ.. "
သူမက နောက်ထပ် မဆိုတော့ချေ။
" အဖေက အထူးတလည် မှာထားတာက ဒီနှစ်အတွင်းမှာ တုန်ပိုရွှယ်ယင်နဲ့ ရင်းနှီးရမယ်လို့.. " ရိုယွဲ့က ခပ်ဖြည်းဖြည်း အသက်ပြင်းချလိုက်သည်။
" ငါ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်.. တကယ်တမ်းကျတော့ အရင်ကထက် ပိုရင်းနှီးလာပေမဲ့ သူက ငါ့ကို ချစ်ခွင့်မပန်သေးဘူးလေ.. "
" သူက အစ်မကို မကြိုက်ဘူးလား.." ခုံဟောင်က မေးလိုက်သည်။
" အဲလိုတော့ မဟုတ်ပါဘူး.. သူက သူ့လှံသိုင်းကိုပဲ အဓိကထားနေတာ.. ပြီးတော့ သူက ငါနဲ့ ရဲတိုက်ထဲက အစေခံမိန်းကလေးတွေကလွဲပြီး တစ်ခြားပြင်ပက ဘယ်မိန်းကလေးတွေကိုမှ ရင်းနှီးအောင်လည်း မနေခဲ့ဘူးလေ.."
ရိုယွဲ့က ပြောလိုက်သည်။ " ရွှယ်ယင်က အပြင်ပိုင်းသာ အေးစက်စက် နေတတ်ပေမဲ့ တကယ်တမ်းတော့ သူက အရမ်းကို ကြင်နာဖော်ရွေတယ်ဆိုတာ ငါ သိလာခဲ့တယ်.. အနာဂတ်မှာ ငါတို့ရဲ့ ရင်းနှီးမှုက တိုးတက်လာပြီး လက်ထပ်ဖြစ်လိမ့်မယ်လို့.. ငါ ယုံကြည်တယ်.. "
" ဒါပေမဲ့ သူနဲ့က တကယ်ကို ပျင်းဖို့ ကောင်းတယ်.. " ရိုယွဲ့က ခေါင်းကို ခါယမ်းလိုက်ရင်း ပြောလိုက်သည်။
" မိန်းကလေးတစ်ယောက်ကို ဘယ်လိုပျော်အောင် လုပ်ရမလဲ ဆိုတာကို မသိတဲ့ ယောက်ျားတစ်ယောက်ယောက်က ဘယ်လိုတောင် ပျင်းရိစရာ ကောင်းလဲဆိုတာကို သူ မသိနေမှာ ငါ စိုးမိတယ်.. မှော်ဆရာကြီးအိမ်တော်က တချို့တပည့်တွေနဲ့ ယှဉ်ကြည့်ရင် သူက အဲဒီနယ်ပယ်မှာ အတော်လေး အားနည်းနေတယ်လို့ ပြောရမယ်.. "
" ဒါဆို အစ်မကလည်း သူ့ကို မကြိုက်နေဘူးပေါ့.. "
ခုံဟောင်က ငေးကြည့်နေမိသည်။
" ဒီကို ပထမဆုံး လာခဲ့တဲ့ နှစ်တွေတုန်းက သူ့ကို ငါ လေးစားခဲ့မိတယ်.. ဒါပေမဲ့ ဒီနှစ်ပိုင်းမှာ မှော်ဆရာကြီးဆီကနေ မှော်ပညာရပ်တွေ သင်ခဲ့ရလို့ လောကကြီးက ဘယ်လောက် ကျယ်ဝန်းသလဲဆိုတာ ငါ တဖြည်းဖြည်းနဲ့ ပိုသိလာခဲ့တယ်.. သူဟာ သာမန်လူတစ်ယောက်လိုပဲလို့ ငါ တဖြည်းဖြည်းနဲ့ ခံစားလာရတယ်.. သူဟာ လှံသိုင်းမှာ အရူးအမူး ဖြစ်နေတဲ့ သာမန်လူတစ်ယောက်သာသာပါပဲ.."
***
ရဲတိုက်ထက်က ခေါင်မိုးပေါ်တွင်..
လောကကြီးနှင့် တစ်သားတည်းအဆင့်နယ်ထဲကို ဝင်နေသည့် ရွှယ်ယင်မှာ ရိုယွဲ့၏ မျက်လုံး၊ မျက်နှာအမူအရာကို အသေးစိတ်ကအစ မြင်နေရ၏။ သူက သိုင်းပညာပဲ ရူးနေသည်ဟု သူမ ပြောနေတာကို သူ အစအဆုံး မြင်တွေ့ခဲ့သည်။
ဟာ..
သူမပါးစပ်ကနေ ပြောထွက်လာတဲ့ စကားတွေက မထီမဲ့မြင်စွာ မတူမတန်စွာ ပြောလိုက်သလို သူ ခံစားလိုက်ရသည်။
ရွှယ်ယင်၏ မျက်နှာမှာ ဖြူဖျော့သည်သထက် ဖြူဖျော့လာခဲ့သည်။
တကယ်တမ်းတွင် သူကလည်း ခုံရိုယွဲ့ကို များစွာ သဘောကျတာမျိုးလည်း မဟုတ်ပေ။ သူ့ဘဝတစ်လျှောက်လုံးမှာ သူမနှင့်အတူ ဖြတ်သန်းသွားလိုသည့် စိတ်မျိုး ထက်သန်နေခြင်းလည်း မရှိပေ။ နောက်ပြီး ကြေးအဆင့်တာဝန်တွေကို ဆောင်ရွက်ရာမှာ သူ့အသက်က အချိန်မရွေး သေဆုံးနိုင်သည် မဟုတ်လား။
ရွှယ်ယင်သည်လည်း လူသားတစ်ဦးမို့ သွေးအေးသတ္တဝါ မဟုတ်နေပေ။ စင်စစ် ခြောက်နှစ်ကြာ အတူတကွ တွေ့ဆုံမြင်တွေ့ခဲ့ရသူမို့ ရင်းနှီးမှု အချို့ပုံစံလေးတွေက ရှိနေခဲ့သည်ပင်။
သို့သော် ခုံရိုယွဲ့ ပြောစကားကို ကြားလိုက်ရသည့်အခါမှာ ရွှယ်ယင်မှာ မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရသည်။
" သူမက တကယ်ပဲ ဒီလို လူစားမျိုးလား.. "
သူ့နှလုံးသားကို ကျောက်စိုင်ကျောက်ခဲကြီးများဖြင့် ဖိနှိပ်လိုက်သလိုပင်။
တကယ်ကို ခံစားရ ခက်၏။
ဒါဆို သူက.. သူကသာ တစ်ချိန်လုံး လှည့်စားခံနေခဲ့ရတာပါလား.. ယိုယွဲ့က သူ့ကို အလေးပေးချစ်ပြလွန်းလို့ သူက လက်ထပ်ဖို့အထိတောင် စဉ်းစားခဲ့တာ.. သူနဲ့ လက်ထပ်ဖို့ကိစ္စကလည်း ဘာမှပူစရာမလိုဘဲ အလွယ်တကူ အဆင်ပြေသွားမယ့် ကိစ္စလို့ ထင်ခဲ့တာ.. ဒါပေမဲ့ တကယ်တန်းကျ ခုံးယိုယွဲ့က သူ့ကို ချစ်တောင် မချစ်ခဲ့ဘူး..
ဟုတ်သည်။ သူကိုယ်တိုင်လည်း သူမကို ချစ်ဟန်ပင် မပြခဲ့ပါ။ သူ့ရဲ့ လှံသိုင်းပညာကိုသာ အာရုံစိုက်နေခဲ့သည်။ မိန်းကလေးတစ်ယောက်ကို ဘယ်လို ချော့ရမလဲဆိုတာ သူ မသိခဲ့။
ဒါပေမဲ့ သူက ငါ့ကို ဘာလို့ တစ်ချိန်လုံး လှည့်စားရတာလဲ..
ရွှယ်ယင်၏ ရင်ထဲတွင် ဒေါသဖြင့် တောက်လောင်လာသည်။ ခြောက်နှစ် ဆိုသည့် အချိန်အတောအတွင်းမှာ သူမဟာ ချစ်နှစ်သက်သယောင် ပြသခဲ့ပေမဲ့ တကယ်တမ်းမှာ သာမန် ရင်းနှီးမှုသာ ဖြစ်ခဲ့သည်။
သူ အထင်တွေ မှားခဲ့သည်။ စတင်လာကတည်းက အတုအယောင်တွေနှင့်သာ ဖြစ်ခဲ့နေ၏။
" သူက ဒီလို လူစားမျိုးပဲ.. "
အစပထမတွင် ရိုယွဲ့သည် ချစ်ဖွယ်ကောင်းသည် နားလည်မှု ရှိသည်ဟု ရွှယ်ယင် ထင်မှတ်ခဲ့သည်။ အခုချိန်မှာ သူမသည် အလွန်ရွံစရာကောင်းနေသလို သူ ခံစားနေရသည်။
သူ့တွင် သူငယ်ချင်းဟူ၍ များများစားစား မရှိချေ။ ရိုယွဲ့တစ်ယောက်သာ အခင်ဆုံး သူငယ်ချင်း ဖြစ်၏။ သို့သော် သူမက သူ့အား လိမ်လည်ခဲ့သည်။ သူဟာ သိုင်းပညာကိုသာ အရူးအမူး စွဲလမ်းသူတစ်ယောက်လို့ သူမ ထင်နေသေးသည်။
" ငါ ဘာလို့ ဒေါသထွက်နေရတာလဲ.. ဘာ ဒေါသထွက်စရာ အကြောင်း ရှိလို့လဲ.. ငါကလည်း သူ့ကို အရူးအမူး မဖြစ်ခဲ့သလို သူ ဆွဲဆောင်ခဲ့တာကိုလည်း ငါ စိတ်မဝင်စားခဲ့ဘူးလေ.. "
ရွှယ်ယင် ကိုယ့်ကိုယ်ကို အပြစ်ဆိုရင်း ရယ်မောလိုက်သည်။ သူကိုယ့်သူ ဘယ်လောက်ပဲ နှစ်သိမ့်နေပေမဲ့ ခြောက်နှစ်ဆိုသော အတိုင်းအတာကြောင့်လည်း သူ့မှာ မသက်မသာ ခံစားနေရ၏။
***
ရိုယွဲ့မှာ ရယ်မောလိုက်ရင်း " သူနဲ့ ယှဉ်ကြည့်ရင်း သခင်လေးစစ်ချန်ကမှ ဉာဏ်ရည် ပိုထက်မြက်ပြီး အသိသုတ များသေးတယ်.. သူ့ပုံစံက တစ်ခါတလေ နွဲ့သယောင် ရှိပေမဲ့ မိန်းကလေးတွေကို ဘယ်လိုကြင်နာရမလဲဆိုတာ သူ သိပါသေးတယ်.. "
" သူက အစ်မကို လိုက်ပိုးသေးတာလား.. " ခုံဟောင် အံ့အားသင့်သွားသည်။
" ဟုတ်တယ်.. " ရိုယွဲ့ ခေါင်းညိတ်လိုက်သည်။
စင်စစ် ခုံရိုယွဲ့မှာလည်း ဆွဲဆောင်မှုရှိသည့် အချက်များစွာ ရှိနေပါ၏။ သူမဟာ အတော်လေး လှပသူ တစ်ဦး ဖြစ်သလို ချစ်စဖွယ် ကောင်းလွန်းသူတစ်ဦးလည်း ဖြစ်၏။ ငယ်စဉ်ကတည်းက ယောက်ျားသားတို့၏ စိတ်နှလုံးကို နားလည်သူလည်း ဖြစ်၏။
ဒီလို ယုံကြည်မှုတို့ဖြင့် သူမ၏ သိမ်မွေ့နူးညံ့စွာ တရစပ် သိမ်းသွင်းမှုအောက်မှာ သခင်လေးစစ်ချန်သည်လည်း သူမအား အာရုံစိုက်လာခဲ့ကာ နောက်ဆုံးတွင် သူမကို စတင်ပိုးပန်းလာခဲ့သည်။
သို့သော် သူမသည် စစ်ချန်ကို ခပ်ခွာခွာ နေရင်း ကြိုးရှည်ရှည်ဖြင့် လှန်ထားကာ သူမအနားတွင် ထိန်းထားခဲ့သည်။
" အစ်မက သူ့ကို ပြန်ကြိုက်နေတာလား.. " ခုံဟောင် နောက်တစ်ခါ ငေးကြည့်သွားမိပြန်သည်။
ခုံရိုယွဲ့က အနည်းငယ် ငြိမ်သက်သွားကာ ပြောလိုက်သည်။
" နည်းနည်းလေးပေါ့.. "
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. သူမက ဘာကြောင့် လူတစ်ယောက်ကို လွယ်လွယ်လေး ပြန်ချစ်သွားနိုင်တာလဲ.. ဒါဆို သူ့ထက် စစ်ချန်က အမဲဖမ်းဖို့ ပိုကောင်းတယ်လို့ သူမက ထင်နေတာပေါ့.. စစ်ချန်က အသက် ပိုငယ်တယ်.. ပိုချောမောတယ်.. နောက်ခံ အသိုင်းအဝိုင်းတောင့်တင်းပြီး အရေးပါသူတစ်ယောက်..။ ရွှယ်ယင်မှာ သစ်သာတုံးကဲ့သို့ လူဖြစ်ပြီး အနုအရွတွေ မလုပ်ပြတတ်သူတစ်ယောက်။
" အစ်မက အခု ဘာဆက်လုပ်မှာလဲ.. " ခုံဟောင်က စပ်စုကာ မေးလိုက်သည်။
" အခုထိတော့ မဆုံးဖြတ်ရသေးဘူး.. အခုလောလောဆယ် မီးစင်ကြည့်ကရမှာပေါ့.. "
သို့သော် သူမ ဘာဆက်လုပ်ရမည်ကို ကြိုတင်၍ ဆုံးဖြတ်ပြီးသားပါ။
တစ်ဖက်လူက သူမ၏ မောင်အရင်းဖြစ်ပေမဲ့ သူမအနေနဲ့ တချို့အရာတွေကိုတော့ လျှို့ဝှက်ချက်အဖြစ် သိမ်းထားရမှာပါ။ သူမ၏ ဆုံးဖြတ်ချက်ကို သိခွင့်ပေးလိုက်ပါက အစ်မတစ်ယောက်အပေါ် မောင်လေးတစ်ယောက်၏ အမြင်တွင် အကြင်နာမဲ့ ရက်စက်သူတစ်ယောက်အဖြစ် မြင်သွားလိမ့်မည်။ ထိုအရာက ဘယ်နည်းနဲ့မှ ကောင်းစေသည့်အရာ မဟုတ်ပါချေ။
***
ရွှယ်ယင်မှာ အေးစက်စက် အရှိန်အဝါ စိမ့်ဖြာထွက်စေလျက် ရဲတိုက်ထဲက ကျောက်ခင်းလမ်းမှာ လျှောက်လှမ်းလာနေ၏။ သူ့ကို မည့်သည့်အစေခံမှ အနှောင့်အယှက် မပေးဝံ့ချေ။ ထိုအခိုက်တွင် သူတို့၏ အရှင်သခင်က စိတ်မကြည်မလင် ဖြစ်နေမှန်း သူတို့ ရိပ်မိကြသည်။
ခဏအကြာတွင် ခုံရိုယွဲ့၏ ခြံဝင်းအရှေ့ကို ရွှယ်ယင် ရောက်ရှိလာသည်။
" ဘန်း.."
တံခါးကို ဖိတွန်းလိုက်သည့်အခါမှာ ခြံဝင်းတံခါးသည် ချက်ချင်း အပိုင်းပိုင်း ကျိုးကွဲသွားသည်။ ရွှယ်ယင်က ထိုတံခါးကျိုးကို ဘေးတွန်း၍ အထဲ ဝင်လာခဲ့သည်။
" ဘယ်သူလဲ.."
ရိုယွဲ့၏ အသံမှာ နွေးထွေးပြီး ချိုသာမှုက အပြည့်အဝ ရှိနေလေ၏။ သူမနှင့် သူမ၏ မောင်လေးတို့ အိမ်ထဲမှ ထွက်လာကြကာ ခြံဝင်းအလယ်တွင် ရပ်နေသည့် ရွှယ်ယင်ကို မြင်လိုက်ကြသည်။
" အစ်ကိုရွှယ်ယင်.." ခုံရိုယွဲ့က ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
သို့ပေမဲ့ ရွှယ်ယင်က ထိုနေရာမှာပဲ မတုပ်မလှုပ် ရပ်နေသည်ကိုသာ တွေ့ရသည်။ ထိုခဏ၌ ပတ်ဝန်းကျင်လေထုက လေးလံလာလေကာ ဖိအားအသွင် ဖြစ်လာခဲ့ကာ မောင်နှမ နှစ်ယောက်စလုံးကို တုန်လှုပ်ချောက်ချားစေလာသည်။
" မင်းက ဒီလို လူစားမျိုး ဖြစ်လိမ့်မယ်လို့ ငါ ဘယ်တော့မှ မတွေးခဲ့ဖူးဘူး.."
ရွှယ်ယင်က အနည်းငယ် ကြမ်းရှနေသည့် လေသံဖြင့် ပြောလိုက်သည်။
" ငါ့ကိုယ်ငါ စိတ်ကူးယဥ်ဆန်တတ်တဲ့သူ မဟုတ်ဘူးဆိုတာ ငါသိတယ်..လှံသိုင်းကို လေ့ကျင့်ဖို့ကို သိတဲ့ သိုင်းရူး သမားတစ်ယောက်ပဲ.."
ခုံဟောင်၏ မျက်လုံးက ပြူးကျယ်သွားသည်။ ခုံရိုယွဲ့သည်လည်း ထိုနည်းတူ ကြောင်အမ်းသွားသည်။
သူက ဘယ်လိုလုပ် သိတာလဲ..
စိတ်ကူးယဥ် မဆန်သူ နှင့် သိုင်းရူး ဆိုတော့ ရွှယ်ယင်ပြောသည့် စကားက အစောပိုင်းက သူတို့နှစ်ယောက်သူသာ ပြောလိုက်သည့် စကားမဟုတ်လား..
သို့သော်လည်း ထိုကိစ္စကို ဖုံးကွယ်ထား၍လည်း အကျိုးမရှိတော့။
" အစ်ကိုရွှယ်ယင်.. ညီမ တောင်းပန်ပါတယ်.. ဒါတွေက ညီမအဖေရဲ့ စကားအတိုင်း လုပ်ရတာပါ.."
ရိုယွဲ့က ရှင်းပြဖို့ ကြိုးစားလိုက်သည်။
" ညီမ.. ဒါကို တကယ် လုပ်ချင်တာ မဟုတ်ပါဘူး.."
သို့သော် ရွှယ်ယင်က သူမကို အေးစက်စွာဖြင့်သာ စိုက်ကြည့်သည်။
လောကကြီးနှင့် တစ်သားတည်းအဆင့် ရောက်သွားသည့်အခါမှာ ရိုယွဲ့ စကားပြောသည့်အချိန်မှာ သူမ၏ မျက်နှာအမူအရာကို ရွှယ်ယင် ရှင်းလင်းစွာ မြင်တွေ့ရ၏။ သူဟာ သိုင်းပညာရူးတစ်ယောက်ဟု သူမ ပြောသည့်အခိုက်မှာ အထင်သေးစွာဖြင့် မထီမဲ့မြင် ပြုသော သူမ၏ ဟန်အမူအရာကို လွန်ခဲ့သည့် ၆ နှစ်တာ ကာလအတွင်း သူ တစ်ခါမှ မမြင်တွေ့ဖူးချေ။ လောကကြီးနှင့် တစ်သားတည်းအဆင့်နယ်ပယ်ထဲ ဝင်သည့်အခါမှာ သူမ၏ အမူအရာကို တွေ့မြင်ရပြီးနောက် သူ့ကို ဆက်လက်၍ လိမ်လည်လှည့်ဖြားလို့ ရတော့မှာ မဟုတ်တော့ချေ။
ရွှယ်ယင်က ငေးစိုက်ကြည့်နေခြင်းကြောင့် ရိုယွဲ့မှာ မမြင်နိုင်သည့် ဖိနှိပ်မှုများကို ခံစားလာရသည်။ သူမ၏ စိတ်က မငြိမ်မသက် ဖြစ်လာပြီး အစောပိုင်းက တည်ငြိမ်နေသည့် သူမ၏ နှလုံးသားမှာလည်း လှိုင်းထ၍ လာခဲ့သည်။ သူမသည် လူတစ်ယောက်၏ စိတ်နှလုံးကို နားလည်သူ တစ်ယောက် ဖြစ်ကာ အခြေအနေနှင့် လိုက်၍ အဘယ်ကဲ့သို့ တုံ့ပြန်ပြုမူ ရမလဲဆိုတာကို သိသူတစ်ယောက် ဖြစ်၏။ သို့သော် ရွှယ်ယင်၏ စိုက်ကြည့်မှုသည် သူမအား တကယ်ကို ပျာယာခတ်စေသည်။
ထိုအခြင်းအရာသည် စိတ်ဝိညဥ်အင်အားကြောင့် ဖြစ်မှန်း သူမ မသိရှိပါချေ။
လောကကြီးနှင့် တစ်သားတည်းအဆင့်သို့ ရောက်သည့်အခါမှာ ရွှယ်ယင်၏ စိတ်ဝိညာဥ်အင်အားသည်လည်း သန်မာအားကောင်းလာသည် ဖြစ်၍ သူ့အကြည့်တစ်ချက်သည် လူအယောက်တစ်သောင်းက လူတစ်ယောက်တည်းကိုပဲ စူးစိုက်ကြည့်ကြသလိုမျိုး စိတ်ဖိအားကို ပေးစွမ်းနိုင်သည်။
"ညီမ သွားတော့မယ်.. အခုပဲ သွားတော့မယ်.."
ခုံရိုယွဲ့က ဆက်လက်၍ မရှင်းပြတော့ပေ။
သူမက ချက်ချင်းပဲ အနောက်လှည့်၍ အိမ်ထဲ ဝင်သွားကာ သူမ၏ ပစ္စည်းများကို စတင်ထုပ်ပိုးနေလိုက်သည်။
ရွှယ်ယင်မှာ ငြိမ်သက်စွာဖြင့် ခြံဝင်းထဲမှာ ဆက်လက် ရပ်နေခဲ့သည်။ မကြာမီမှာပဲ ခုံရိုယွဲ့နှင့် ခုံဟောင်တို့က အထုပ်ကိုယ်စီဖြင့် ထွက်လာသည်ကို သူ မြင်လိုက်သည်။
***
" သခင်မလေး ရိုယွဲ့ "
ရဲတိုက်ဂိတ်တံခါးတွင် စောင့်ကြပ်နေသည့် အစောင့်စစ်သည်တို့က သူမအား လေးစားစွာဖြင့် နှုတ်ဆက်ကြလေသည်။
ရိုယွဲ့မှာ ကြိုးစား၍သာ အားတင်းကာ ပြန်လည် ပြုံးပြရသည်။ ထို့နောက် သူမ၏ မောင်လေးကို ခေါ်ဆောင်၍ မှော်ဆရာကြီး၏ အိမ်တော်ထံသို့ သွားလေသည်။
" ငါနဲ့ ငါ့မောင်လေး စကားပြောနေတာကို သူ ဘယ်လိုလုပ် သိသွားတာလဲ.."
ရိုယွဲ့မှာ အနောက်လှည့်၍ နှင်းကျောက်ရဲတိုက်ကို လှည့်ကြည့် လိုက်သည်။ ရဲတိုက်ထဲကို နောက်တစ်ခါ ပြန်ဝင်ဖို့က အလွန်ခက်ခဲသွားပြီဆိုတာ သူမ နားလည်လိုက်သည်။
" စစ်ချန်ကို တမ်းတမ်းစွဲ ဖြစ်အောင် မလုပ်ရသေးဘဲ တုန်ပိုရွှယ်ယင်နဲ့ ပြတ်သွားတာ တကယ်ကို အသုံးမကျတာပဲ.. စစ်ချန်ကိုနဲ့ အဆင်ပြေအောင် လုပ်နိုင်ခဲ့ရင် အကောင်းဆုံး ဖြစ်လိမ့်မယ်.."
" အင်း.. ထားလိုက်တော့.. သူ သိသွားတော့လည်း နောင်တရစရာ အကြောင်း မရှိပါဘူး.."
" ဟွန့်.. ဒီလို သိုင်းရူးတစ်ယောက်က ဘာဂုဏ်ယူစရာ အကြောင်းရှိလို့လဲ.."
"သူက ရီရွှေမြို့ဆိုတဲ့ ရေကန်သေးသေးလေးမှာ ငါးကြီးတစ်ကောင်သာသာပဲ.. စစ်ကလန်နဲ့ ယှဥ်ကြည့်ပါလား... သူက ဘာမို့လဲ.. ဒါပေမဲ့ သူ့ဆီကနေ မှော်တောင်ဝှေးနဲ့ မှော်ဆရာဝတ်ရုံ ရထားတော့လည်း မဆိုးပါဘူးလေ.."
ရိုယွဲ့က သူမဘာသာ တိတ်ဆိတ်စွာဖြင့် အတွေးများနေရှာ၏။
***
" သူက ဒီလိုပဲ လူစားပဲ ဆိုတာ ငါ မယုံနိုင်သေးပါလား.. တုန်ပိုရွှယ်ယင်ဆိုတဲ့ ငါကလည်း တကယ့်ကို မျက်ကန်းတစ်ယောက်ပဲ.."
ထို့နောက် ခြေတစ်ချက် နင်းကန်လိုက်ပြီးနောက် ရွှယ်ယင်သည် ရဲတိုက်ခေါင်မိုးထက်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူသည် ထိုနေရာတွင် ထိုင်လိုက်ပြီးနောက် နှင်းကျောင်တောင် ရဲတိုက်တစ်ခုလုံးကို ကြည့်လိုက်လေသည်။
" လွယ်လွယ်လေးနဲ့ လှည့်ဖြားခံရတာ.. အင်း.. ကြည့်ရတာ ငါကလည်း လူတွေနဲ့ အထိအတွေ့နည်းလွန်းတာပဲ.."
" ထားလိုက်တော့... ငါ့အတွက် အတွေ့အကြုံတစ်ခုပဲပေါ့.."
ရွှယ်ယင်မှာ လှံပညာရှင်ကြီးတစ်ယောက် ဖြစ်နေသည့်အပြင် လောကကြီးနှင့် တစ်သားတည်း အဆင့်၍ ရောက်သွား၍ သူ့၏ လှံသိုင်းပညာရပ်တွင် ထိန်းချုပ်မှုတို့က ပို၍ တိုးတက်လာခဲ့ရာ နတ်ဘုရားအဆင့်နီးပါး ရောက်လာခဲ့ပါပြီ။
သူ့ရဲ့ စိတ်ကလည်း လှံတစ်ချောင်းကဲ့သို့ ထက်ရှလာခဲ့ပြီး ဓားပါးတစ်ချောင်းလို လျင်မြန်၏။
ထိုမိန်းကလေးက သူ့အား လှည့်စားဖို့ စိတ်နှလုံးသား ရှိသူတစ်ယောက် ဖြစ်ရကား သူမအား ရဲတိုက်ကနေ နှင်လွှတ်လိုက်ခြင်းက အကောင်းဆုံးပင်။ သူလည်း ထိုကဲ့သို့ ကိစ္စမျိုးနှင့်လည်း စိတ်ရှုပ်ထွေးတာမျိုး မလိုချင်ပေ။
" သူက သူပဲ.. ငါက ငါပဲ.. အဖေနဲ့ အမေလိုမျိုး.. သေရေးရှင်ရေး အခြေအနေမျိုးကြားထဲမှာ အချစ်ကို ရှာတာမျိုးက ငါ့အတွက် ပိုသင့်တော်နေမလားပဲ.. "
ရွှယ်ယင်မှာ ကောက်ကာငင်ကာဖြင့် ရယ်မောလိုက်ကာ ခေါင်းမော့၍ အရက်ခွက်ကို တစ်ခါတည်း မော့သောက်လိုက်သည်။ သူ့ရဲ့ စိတ်ဝိညာဥ်သည် အဆင့်နယ်ပယ်တစ်ခုအထိ တိုးတက်သွားသည် ဖြစ်၍ ထိုကဲ့သို့ သာမန်ရင်းနှီးမှုတို့ကို ဖြတ်တောက် မေ့ပစ်ဖို့က သူ့အတွက် မခက်ခဲနေတော့ချေ။
" အင်း..အခုဆို လောကကြီးနဲ့ တစ်သားတည်းအဆင့်ကို ရောက်သွားခဲ့ပြီ.. ဘာနည်းလမ်းက ငါ့အတွက် အထွတ်အထိပ်အဆင့်ကို ရောက်ဖို့ အကောင်းဆုံး ဖြစ်မလဲ.."
ရွှယ်ယင်က သူ သွားနိုင်မည့် လမ်းကြောင်းများစွာ ထဲမှာမှ သူ့အတွက် အထွက်အထိပ်အဆင့်သို့ ရောက်နိုင်သည့် လမ်းကြောင်းတစ်ခုကို စတင် တွေးကြည့်လိုက်၏။ တကယ်တမ်းမှာလည်း အထွတ်အထိပ်အဆင့်ဆိုတာ သူ့အတွက် နှစ်ပေါင်းများစွာ ရည်မှန်းထားသည့် အဆင့်တစ်ခု မဟုတ်လား။
အပိုင်း ( ၅၆ ) ရေခဲနက်လှံသိုင်းပညာ၏ သွေးမိုးသိုင်းကွက်
နှင်းကျောက်ရဲတိုက်၊ လေ့ကျင့်ရေးကွင်းပြင်၊
" ဝှန်းး.. "
နှင်းပျံနတ်လှံ ထွက်ပေါ်လာသည့်အခိုက်တွင် နှင်းပွင့်လေးများ စတင်၍ နေရာအနှံ့ ပျံ့လွင့်သွားသည်။
နှင်းပွင့်လေးများ လေထဲတွင် ပျံ့လွင့်နေသည့်အခိုက်ဝယ် အလင်းတန်းကဲ့သို့ တစ်ခုတည်းသော အမျှင်တန်းတစ်ခုကို ခပ်ဝါးဝါးလေး မြင်နေရ၏။
အနက်ရောင်ဝတ်စုံနှင့် လူငယ်သည် သူ့ရဲ့ လှံသိုင်မှာပဲ အပြည့်အဝ အာရုံစိုက်ထားသည်။ ထိုအခိုက်တွင် သူ အသုံးပြုနေသော လှံသိုင်းမှာ ရေခဲနက်လှံသိုင်းပညာ၏ မျောလွင့်နေသာ နှင်း သိုင်းကွက်နှင့် လုံးဝကို ကွာခြားနေ၏။ မျောလွင့်နေသောနှင်း သိုင်းကွက်သည် အသုံးပြုသည့်အခါတွင် ဆီးနှင်းပွင့်လေးများ ထွက်ရှိလာစေသည်။ ယခုတွင်ကား ရွှယ်ယင်၏ လှုပ်ရှားမှုအတိုင်းအတာ၊ အတိုးအဆုတ်တို့မှာ တကယ်ကို စိပ်၏။
လှံ၏ လှည်ပတ်မှုအားမှာ ပို၍ အားကောင်းလာသည်။ ထို့အပြင် လောကကြီး၏ စွမ်းအင်များက အလုံးအရင်းဖြင့် လှံထိပ်ဖျားတွင် စုစည်းလာ၏။
အားကောင်းသော လှံ၏ လည်ပတ်အား၊ လောကကြီးထံမှာ ဆွဲယူထားသော စွမ်းအင်များ ပေါင်းစု၍ လှံရှည်ကို အနည်းငယ်မျှ အနုတ်အသိမ်း ပြုလိုက်ရုံဖြင့် ဒုတိယလှံချက်က ပြင်းထန်စွာ ထွက်ရှိလာသည်။ မူလလှံနှင့် ဒုတိယလှံချက်တို့က တူညီလားရားတစ်ခုတည်းသာ။ လှံသွားရာမှ ဖြစ်ပေါ်လာသည် ခပ်ပါးပါး အလင်းအရိပ်တန်းကိုပင် သာမန်မျက်လုံးဖြင့် မြင်နေရ၏။
မရေတွက်နိုင်သော လှံအရိပ်များ.. မရေတွက်နိုင်သော လှံအလင်းရိပ်များ..
အဆက်မပြတ် ရွာဆင်းနေသည့် မိုးရေတန်းကဲ့သို့..၊
ဒါသည် ရေခဲနက်လှံသိုင်းပညာ၏ ဒုတိယမြောက် လှံသိုင်းကွက်.. သွေးမိုးသိုင်းကွက်..
" လှုပ်ရှားမှုတစ်ခုတည်းနဲ့တင်.. ငါဟာ လောကကြီးရဲ့ စွမ်းအင်တွေကို ဒီလောက်အထိ အသုံးပြုနိုင်တယ်.. သဘာဝကနေ အင်အားကို အသုံးချပြီးတော့ ငါ့ရဲ့ လှံသိုင်းကို ပိုမြန်စေနိုင်တယ်.." ရွှယ်ယင်မှာ မှင်တက်နေမိသည်။
ဤလှံသိုင်းပညာကို တီထွင်ခဲ့သူ ပညာရှင်ကြီး ဂူယွမ်ဟန်သည် သူ့လှံသိုင်းပညာကို လျင်မြန်ခြင်းဖြင့် ပေါင်းစပ်၍ စိတ်ကူးယဥ်ဆန်သော အဆင့်တစ်ခုကို ရောက်ရှိခဲ့ပေသည်။
ရွှယ်ယင်သည် လောကကြီးနှင့် တစ်သားတည်းအဆင့်ကို ရောက်ရှိခဲ့ပေမဲ့ ဒုတိယသိုင်းကွက်ကို ၆ ရက်မျှ အချိန်ယူ၍ လေ့လာခဲ့ရသည်။
တကယ်၍ သူကိုယ်တိုင်က ဤကဲ့သို့ လှံသိုင်းပညာကို တီထွင်ဖို့ ကြံစည်ခဲ့ရင်လည်း ခန္ဓာကိုယ်တစ်ခုလုံး၏ ခွန်အားအပြည့်နှင့် လှံ၏ လည်ပတ်အား ကို ထုတ်သုံးဖို့၊ လှံကို အသုံးပြုရာတွင် သဘာဝတရား၏ စွမ်းအားကို ယူသုံးဖို့က သူ့အတွက် ဘယ်လိုမှ မဖြစ်နိုင်ပေ။
သို့သော် ရေခဲသူရဲကောင်းစစ်သည်ဖြစ်သူ ဂူယွမ်ဟန်က အထွတ်အထိပ် အဆင့်၏ အမြင့်ဆုံးနေရာကို ရောက်ရှိခဲ့ပြီးနောက် သူ့လှံသိုင်းပညာကို လက်ဆင့်ကမ်းဖို့ ဆုံးဖြတ်ခဲ့၏။
" ရေခဲနက်လှံသိုင်းပညာရဲ့ သွေးမိုးသိုင်းကွက်ကို နားလည်သဘောပေါက်ခဲ့ပြီး အချိန်မှာ ငါ့ရဲ့ လှံက အရင်ကထက် ပိုမြန်လာတယ်လို့ ခံစားရတယ်.. တကယ်လို့ နတ်ဆိုးတမန်တော်နဲ့ ပြန်တိုက်ခိုက်ခဲ့ရင် သူ့ကို သတ်ဖို့က ပိုလွယ်သွားလိမ့်မယ်.. "
ရွှယ်ယင်မှာ ရွှင်မြူးသွားသည်။ ထိုကဲ့သို့ လျင်မြန်သည့် လှံသိုင်းနှင့် ဆိုပါက ရန်သူတို့မှာ သူ့ကို ရင်ဆိုင်ရ ခက်ခဲသွားစေမည့်အပြင် သူ့အတွက်လည်း ရန်သူကို တစ်ခါတည်း ပွဲသိမ်းပစ်ဖို့ ဟာကွက်များစွာ ထွက်ရှိစေလာလိမ့်မည်။
" ရွှယ်ယင် " လူတစ်ယောက်က လေ့ကျင့်ရေးကွင်းထဲ ဝင်လာခဲ့သည်။ ထိုသူမှာ ကျုံးလိန် ဖြစ်၏။
ကျုံးလိန်က အသက်ပြင်းချလိုက်ကာ.. " မင်းရဲ့ လှံသိုင်းပညာက ပြည့်စုံခြင်းအဆင့်ကိုတောင် ရောက်နေပြီးပဲ.. အဲဒါကိုလည်း နေ့တိုင်း မရပ်မနား လေ့ကျင့်နေတုန်းပဲလား.. မင်းကို ကြည့်ပြီ ငါ့ကိုယ်ငါတောင် ရှက်နေမိတယ်.. အဲဒါကြောင့်လည်း ဒီကို ငါလာခဲ့တာပဲ.. အနည်းဆုံးတော့ ငါလည်း သွေးပူကျင့်ရတာပေါ့.. "
" လှံသိုင်းကို ကျနော် များများ လေ့ကျင့်လေ.. အပြင်ကမ္ဘာကြီးမှာ ကျနော်ဟာ သေးသေးလေးပဲ ဆိုတာ ခံစားရလာလေပဲ.." ရွှယ်ယင်က မိုးကောင်းကင်ကို မော့ကြည့်လိုက်သည်။
" ကမ္ဘာလောကကြီးမှာ ထူးခြားဆန်းကျယ်တဲ့ အရာ အများကြီး ရှိတယ်... ကျနော်တို့ဟာ သာမန်သေမျိုးတွေပဲလေ။. တစ်ခါတလေကျရင် လှံသိုင်းကို လေ့ကျင့်ပြီးတဲ့အခါမှာ ကိုယ့်ကိုယ်ကို သေးငယ်သလို ခံစားရတယ်.. ကျနော်ရဲ့ လှံသိုင်းပညာက ဆန်းကျယ်ပေမဲ့ ကမ္ဘာကြီးရဲ သဘာဝတရားနဲ့ ယှဥ်ရင် လုံးဝကို ကွာြခားသွားတယ်လေ.. လောကကြီးဟာ နှိုင်းယှဥ်လို့ ရတဲ့အရာ မဟုတ်ပါဘူး.. "
" ဟားဟား.. တော်ပါပြီ.. မင်းပြောတဲ့ လောကကြီးရဲ့ သဘာဝတရား ဆိုတဲ့ဟာက ငါတို့လည်း မခံစားဖူးဘူးလေ.. ကိုယ့်ကိုယ်ကို ဝမ်းနည်းသွားပြီးဟေ့.. " ကျုံးလိန်က သူ့အား စနောက်လိုက်သည်။
ရွှယ်ယင်လည်း ရယ်လိုက်မိသည်။
သူလည်း လောကကြီးနှင့် တစ်သားတည်းအဆင့်သို့ ရောက်ရှိသည့်အခါမှသာ ထိုအရာကို စတင် ခံစားဖူးခြင်း ဖြစ်သည်။
လောကကြီးနှင့် တစ်သားတည်းအဆင့်ကို သိရှိနားလည်းပြီးနောက် သူသည် သဘာဝတရား၏ အလှအပကို ကွဲကွဲပြားပြား ခံစားခဲ့ရ၏။
သူ့စိတ်ဝိညာဥ်ကို လေထဲမှာ မျောလွင့်စေတာမျိုး၊ မီးလျှံထဲမှာတောင် သက်ဆင်းစေတာမျိုး၊ ကမ္ဘာမြေကြီး၏ ထုထည်ကြီးမားတာကို ခံစားနိုင်တာမျိုး၊ မြစ်ရေထဲမှာတောင် အတူတူ စီးမျောစေတာမျိုး လုပ်နိုင်ခြင်းကြောင့် ကောင်းကင်နှင့် မြေကြီးတို့၏ ထူးခြားအံ့သြဖွယ်ရာများကို ပို၍ ရှင်းလင်းစွာ ခံစားရလေရာ လောကကြီးကို သူ့နှလုံးသားနှင့် ပို၍ ကြည်ညိုတတ်လာခဲ့သည်။
ဥပမာအားဖြင့် သူ့လှံသိုင်းပညာကို ထုတ်သုံးလိုက်သည့်အချိန်တွင် သဘာဝ၏ အစိတ်အပိုင်းအဖြစ် ရေစီးဆင်းခြင်း၏ သဘာသဘာဝကို သူ ခံစားနိုင်၏။ သို့သော် သူ့စိတ်ညာဥ်က ရေထဲမှာ လုံးဝ နစ်ဝင်သွားသည့်အခါမှာ ရေစီးဆင်းမှု၏ သဘာဝကို သူ ပို၍ ခံစားရသည်။ သူ့လှံသိုင်းက မည်မျှ ရိုးစင်းပြီ ကြမ်းတမ်းသည်ကိုလည်း ခံစားရသည်။ ကလေးတစ်ယောက်က သဘာတတရား၏ အံ့သြဖွယ်ရာကို ခြယ်မှုန်းဖို့ ကြိုးစားနေသကဲ့သို့ပင်။
သို့သော် လောကကြီးနှင့် တစ်သားတည်းအဆင့်သို့ ရောက်ရှိကြသူတို့မှသာ ထိုခံစားချက်ကို အားကောင်းကောင်းဖြင့် ခံစားသိနိုင်မည်။
" ဦးလေးကျုံး.. " ရွှယ်ယင်က စပ်စုမေးလိုက်သည်။
" ဒီနေ့ ချင်းရှီကို မတွေ့မိပါလား.. နေ့လယ် သူမပြန်လာဘူးလား.."
" ငါ ကြားတာက ချင်းရှီနဲ့ သူ့ကောင်မလေးတို့က တပ်သားတွေ ခေါ်ပြီးတော့ ဒီမနက်ပဲ တောင်အောက်ဆင်းသွားကြတယ်.. ရီရွှေမြို့ထဲကို သွားလည်ကြဖို့ပဲ.. "
ထို့နောက် ကျုံးလိန်က သူ့လက်ခြောက်ဖက်ဖြင့် ဓားမောက်ရှည် ခြောက်လက်ကို ကိုင်စွဲကာ သွေးပူအနေဖြင့် သိုင်းကစားကြည့်လိုက်သည်။
" ငယ်ရွယ်ကြတဲ့သူတွေကလည်း ကောင်းလိုက်တာ.. "
" အင်... " ရွှယ်ယင်လည်း ခေါင်းညိတ်လိုက်သည်။ ချင်းရှီနှင့် သူ့ကောင်မလေးတို့က အလွန် ရင်းနှီးသည့် ဆက်ဆံရေး ရှိကြသည်။ ထိုရက်ပိုင်းမှာလည်း ရီရွှေမြို့ထဲကို ခဏခဏ သွားလည်ကြ၍ ရွှယ်ယင်လည်း အထူးအဆန်း မဖြစ်နေတော့ချေ။
***
ညနေ နေဝင်သည့်အချိန်..
စစ်သည်အဖွဲ့တစ်ဖွဲ့က လမ်း၏ တစ်ဖက်တွင် စောင့်ဆိုင်းနေကြသည်။ လမ်းတစ်ဖက်တွင် ဆယ်ကျော်သက်စုံတွဲတစ်တွဲက အေးအေးလူလူဖြင့် လမ်းလျှောက်ကြာ လှပသော ပန်းကလေးများနှင့် ရှုခင်းကို ကြည့်ရှုအပန်းဖြေနေကြသည်။ ထိုစုံတွဲမှာ ချင်းရှီနှင့်ဂျိရုံတို့ပဲ ဖြစ်ကြ၏။
" ဒီပန်းလေးက တကယ်ကို လှတာပဲ.. ဒီနေရာမှာ နွေရာသီကျမှပဲ မြက်ပင်တွေနဲ့ ပန်းတွေ မြင်ရတာ.. ကျန်တဲ့အချိန်ဆို တော်တော်အေးပြီး နှင်းတွေပဲ အပြည့် ဖုံးလွှမ်းနေတယ်.. "
ဂျိရုံက အဝါရောင် ပန်းပွင့်ငယ်လေးတစ်ပွင့်ကို ခူးပြီး သူမရဲ့ ဆံပင်ထဲကို ထိုးစိုက်လိုက်၏။ ထို့နောက် ချင်းရှီဘက် လှည့်လိုက်ကာ ရယ်မောရင်း ပြုံးလိုက်ကာ မေးလိုက်သည်။
" ကျွန်မ လှရဲ့လား.. "
" သိပ်လှတာပေါ့.. ရီရွှေမြို့မှာဆို မင်းလောက် လှတဲ့သူ မရှိပါဘူးကွာ.. " ချင်းရှီက ရယ်မောရင်း ဖြေလိုက်သည်။
လွန်ခဲ့သည့် ရက်ပိုင်းတွင် သူတို့နှစ်ယောက်က ကတောက်ကဆ ဖြစ်ခဲ့ပေမဲ့ ထိုအကြောင်းကို ဂျိရုံက အစပင် မဖော်ပဲ နေခဲ့သည်။ ထို့ကြောင့်လည်း သူတို့နှစ်ယောက်၏ ဆက်ဆံရေးက တဖြည်းဖြည်း ကောင်းမွန်လာခဲ့သည်။ ထို့အပြင် ရီရွှေမြို့ဘက်ကိုလည်း အလည်သွားနေသးရာ သူတို့ နှစ်ယောက်စလုံး၏ ဆက်ဆံရေးက အတော်လေး ကောင်းမွန်နေ၏။
" ရှင်က အရမ်းကြင်နာတတ်တာပဲ.. " ဂျိရုံက ပြောလိုက်သည်။
" ရှင် ဒီလောက် ကြင်နာတတ်မှန်း အရင်က မသိခဲ့မိဘူး.. မိန်းမလှအကြောင်း ပြောရင်လည်း အစ်မရိုယွဲ့တစ်ယောက်သာ ကျွန်မထက် ပိုလှတာ.. ဟုတ်သား.. ရဲတိုက်မှာ အစ်မရိုယွဲ့ မရှိနေတာ ရက်နည်းနည်း ကြာနေပြီးနော်.. ဘာဖြစ်လို့လဲ.. ရှင့်အစ်ကိုကြီးနဲ့ ရန်ဖြစ်ထားလို့လား.. "
" အင်း " ချင်းရှီက ခေါင်းညိတ်လိုက်သည်။
" ငါလည်း သတိထားမိတယ်.. အစ်ကိုကြီးကို မေးသေးတယ်.. ဒါပေမဲ့ နောက်ထပ် လာမမေးဖို့ ပြောတယ်.. အစ်မရိုယွဲ့ကို ရဲတိုက်ထဲထဲတောင် ပေးမဝင်ဘူးလို့ ပြောတယ်.. သူနဲ့တောင် ဝေးဝေးမှာ နေဖို့ ပြောသွားသေးတယ်.. "
" ကြည့်ရတာ သူတို့နှစ်ယောက်က ပြတ်သွားပြီး ထင်တယ်.. " ဂျိရုံက မှတ်ချက် ချလိုက်သည်။
" ဖြစ်နိုင်တာပဲ.. " ချင်းရှီက ရယ်မောလိုက်သည်။ " တကယ်တမ်းက အစ်ကိုကြီးဟာ အစ်မရိုယွဲ့ကို ရည်းစားစကားတောင် မပြောဖူးဘူးလေ.. "
ဂျိရုံလည်း ရယ်မောလိုက်သည်။
အမှန်တွင် ထိုစကားကို ကြားလိုက်ရတဲ့အခါမှာ သူမဟာ ဂုဏ်ယူပြီးတော့ ဝမ်းသာသွားသည်။ မှော်ဆရာကြီး ပိုင်ယွမ်ကျစ်၏ တပည့်များထဲတွင် သူမ၏ ရုပ်ရည်နှင့် ဟန်ပန်အမူအရာများကြောင့် သူမကိုယ် သူမ ယုံကြည်ချက် ရှိသော်လည်း ရိုယွဲ့၏ အလှနှင့် ယှဥ်ကြည်ပါက သူမ မယှဥ်သာချေ။ ရုပ်ရည်အသွင်အပြင်ကို ကြည့်၍ ဆုံးဖြတ်ရရင် ရိုယွဲ့က အတော်လေး ချောမောလှပသူ တစ်ဦး ဖြစ်သည်။ သူမ၏ မျက်လုံးတို့က ဆွဲဆောင်မှု ရှိသည်။ ဂျိရုံ၏ အရပ်အမောင်းက သေးငယ်သော်လည်း ကိုယ်လုံးကိုယ်ပေါက်က မိန်းမလှ စာရင်းဝင်၏။
ခုံရိုယွဲ့မှာ ဂျိရုံထက် ပိုသွယ်လျပြီး အရပ်ရှည်၏။ အားလုံးနှင့်လည်း သင့်မြတ်အောင် နေတတ်ခြင်းကြောင့် ရိုယွဲ့ကို သဘောကျသူ များစွာ ရှိကြသည်။ ထို့အပြင် တုန်ပိုရွှယ်ယင်နှင့် သူမ၏ ဆက်ဆံရေးတို့ကြောင့်လည်း တပည့်များကြားတွင် သူမသည် အတော်လေး နာမည်ကြီးပေ၏။
ခွပ်.. ခွပ်.. ခွပ်..
သူတို့ ဘေးနားက လမ်းတွင် အဝေးကနေ ကျယ်လောင်စွာဖြင့် ပြေးလာနေသော မြင်းခွာသံများကို ကြားလိုက်ရသည်။
ကြက်သွေးရောင်ချပ်ဝတ်အင်္ကျီနှင့် စစ်သည်တစ်ဦးက အရှေ့ကနေ ထွက်ပေါ်လာသည်။
ထိုအဖွဲ့၏ အရှေ့ဆုံးတွင် သုံးမြောင်တြိဂံသဏ္ဌာန် မျက်သူငယ်အိမ် ရှိသည့် လူငယ်တစ်ဦးက မြင်းကို ဦးဆောင် စီးနင်းလာပြီး သူက တန်ဖိုးမြင့် အဝတ်အစားကို ဝတ်ဆင်ထားလေသည်။ ဘေးပတ်ဝန်းကျင်ကို ကြည့်ကာဖြင့် သူသည် စိတ်လက်တက်ကြွနေဟန် ရသည်။
" အစ်ကိုကျောက်ရေ.. ရီရွှေမြို့က တကယ့်ကို နယ်စပ်ကျပြီး သေးငယ်တဲ့ မြို့လေးတစ်မြို့ပဲ.. စီရင်စုမြို့တော်နဲ့ ယှဥ်ကြည့်ရင် ဒီနေရာက အတော်လေး ခေါင်တာပဲဗျ.. ဒါပေမဲ့ မြို့စား ပို့ပေးတဲ့ မိန်းမလှ နှစ်ယောက်ကတော့ တကယ့်ကို စိတ်ကျေနပ်စရာပဲဗျို့.. "
အဖြူရောင်အဝတ်ကို ဝတ်ဆင်ထားသော သုံးမြောင်တြိဂံသဏ္ဌာန် မျက်သူငယ်အိမ် ရှိသည့် လူငယ်က ရယ်မောရင်း ပြောလိုက်လေသည်။ သူ့နံဘေးတွင် မီးခိုးရောင် အဝတ်နှင့် အေးစက်စက်အသွင် ရှိသည့် မြင်စီးသမားတစ်ယောက်က ပါလာလေ၏။
" သခင်လေး.. အပြင်ကို အလည်ထွက်တာ လုံလောက်ပါပြီး.. ကျနော်တို့ စစ်တပ်ထဲ ဝင်တဲ့အခါမှာ ဥပဒေကို သေချာ လိုက်နာရပါမယ်.. တကယ်လို့ တခြားနေရာမှာဆိုရင် သခင်ကြီးက သူ့သြဇာကို သုံးပြီး သခင်လေးကို ကာကွယ်ပေးမှာပါ.. ဒါပေမဲ့ စစ်တပ်မှာဆိုရင်တော့ သခင်လေးအနေနဲ့ ဗရုတ်ကျလို့ မရပါဘူး.. "
" စိတ်မပူပါနဲ့.. စစ်တပ်ထဲ ရောက်ရင်တော့ ကျုပ် ပြဿနာ မရှာတော့ပါဘူး.. "
အဖြူရောင်ဝတ်စုံနှင့် မျက်ဝန်းအိမ်က သုံးမြှောင်တြိဂံသဏ္ဌာန် ရှိသည့် လူငယ်က ပြောလိုက်သည်။
ရုတ်တရက် သူ့မျက်ခုံးက ပင့်တက်သွားသည်။ အဝေးက တုန်ပိုချင်းရှီနှင့် ဂျိရုံကို ကြည့်ပြီး သူ့မှာ သွားရည်ပင် ကျလာသည်။
" အစ်ကိုကျောက်.. ဟိုမှာ ကြည့်လိုက်ဦး.. ကျုပ်တို့အရှေ့မှာ မိန်းမလှလေးတစ်ယောက်ပဲ.. လှချက်က.. "
ဂျိရုံက အသက် ၁၆ နှစ်သာ ရှိပေမဲ့ သူမ၏ ကိုယ်လုံးက အတော်လေး ဖွံ့ဖြိုးနေပြီး ဖြစ်၏။ ထို့အပြင် မှော်ဆရာမတစ်ဦးလည်း ဖြစ်၍ သူမ၏ ဟန်ပန်က သာမန်မိန်းကလေးတစ်ယောက်နှင့် မတူနေချေ။ ထို့အပြင် သူမ၏ ခေါင်းထက်က အဝါရောင်ပန်းပွင့်တစ်ပွင့်ကြောင့် အဖြူရောင်အဝတ်နှင့် လူငယ်၏ နှလုံးသားကို ပို၍ လှုပ်ခါသွားစေသည်။
မှော်ဆရာမဆိုတာ ရှားပါးပေမဲ့ ချောမောလှပသည့် မှော်ဆရာမတို့က ပို၍ ရှားပါး၏။ ထို့ကြောင့်လည်း ချမ်းသာသည့် မင်းမျိုးစိုးနွယ်ဝင်တို့က ရှားပါးသည့် အရာကိုမှ သဘောကျတတ်သည်နှင့် ကွက်တိပင်။
" ဟေ့.. ဟို မိန်းကလေး.. " အဖြူရောင်အဝတ်နှင့် လူငယ်က အော်ခေါ်လိုက်ရင်း သူ့ရဲ့ နှင်းစီးမြင်းကို အသော့နှင်ကာ ချင်းရှီတို့နှစ်ယောက်ထံ ဦးတည်သွားလိုက်သည်။
" ဒီနားတစ်ဝိုက်ကို လိုက်မလည်ချင်ဘူးလား.. မင်းဘေးနားက ခပ်နွဲ့နွဲ့ကောင်လေးကတော့ အရွယ်ငယ်သေးတာပဲ.. မိန်းမလှတစ်ယောက်ရဲ့ အရသာကို ဘယ်လို မြည်စမ်းရမလဲဆိုတာတောင် သိမှာ မဟုတ်ဘူး.. ဟောဒီအစ်ကိုက ပြသပေးမှာပေါ့.. "
" ဟွန့် "
ချင်းရှီနှင့် ဂျိရုံတို့၏ မျက်နှာအမူအရာက အနည်းငယ် ပျက်သွားသည်။ ဘေးနားက စစ်သည်တို့က ထိုစကားကို ကြားလိုက်ရသည့်အခါမှာ ဒေါသထွက်ကုန်ကြပြီး အားလုံးလိုလိုက သူတို့ရဲ့ ကြွယ်ခြွေဒူးလေးကို ထုတ်လိုက်ကြသည်။
" မင်းက ဘယ်သူလဲ.. " ချင်းရှီက အေးစက်စွာဖြင့် မေးလိုက်သည်။ ဤ ရီရွှေမြို့တွင် ဘယ်သူမှ သူ့ကို ရန်စရဲသူ မရှိချေ။
" သခင်လေး.. "
စစ်သည်များ ဝတ်ဆင်ထားသည့် သံချပ်ဝတ်ပေါ်က အမှတ်အသားကို မီးခိုးရောင်အဝတ်နှင့် လူက မှတ်မိသွားသည်။ သူက သခင်လေးနားသို့ တိုးကပ်သွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
" သူတို့က ရီရွှေမြို့ရဲ့ နှင်းလင်းယုန်နယ်မြေက စစ်သည်တွေပဲ.. နှင်းလင်းယုန်နယ်မြေရဲ့ အရှင်သခင်က တုန်ပိုရွှယ်ယင်ပဲ.. သူက အသက် ၁၅ နှစ်တည်းနဲ့ ပျက်သုန်းခြင်းတောင်တန်းမှာ ဆေးလ်ဗားမွန်းဝံပုလွေကို သတ်ခဲ့တယ်.. အခုဆိုရင် သူက ငွေလအဆင့်မှာ ရှိနေလိမ့်မယ်.. ကျနော်တို့က သူတို့နေရာနဲ့ အတော်လေး နီးကပ်နေတယ် ထင်တယ်.. ပြဿနာကို မဖိတ်ခေါ်တာ ပိုကောင်းမယ် ထင်တယ်.. "
" နှင်းလင်းယုန်နယ်မြေ.. တုန်ပိုရွှယ်ယင်..ဟုတ်လား.. "
အဖြူရောင်အဝတ်နှင့် လူငယ်က မျက်မှောင်ကြုတ်လိုက်သည်။
သူတို့က အဇူရီမြစ်စီရင်စုထဲမှာ ရှိနေတယ် မဟုတ်လား.. ဘာကြောင့် တုန်ပိုရွှယ်ယင်ကို ဂရုစိုက်ရမှာလဲ.. စီရင်စုထဲမှာ သူ့ကလန်က အင်အားကြီး ကလန်တစ်ခု ဖြစ်သလို သူ့ကလန်၏ အစွမ်းထက်ပုံကိုလည်း နေရာတိုင်းမှာ ကြားသိကြလိမ့်မည်။ သူတို့၏ ကလန်က အရမ်းကို ကြီးမားပြီး အင်အားကြီးသည့် ကလန်တစ်ခု ဖြစ်သည်။ ဒီလို နယ်စပ်ဖျားက မြို့ငယ်တစ်မြို့က ကလန်တစ်ခုကို အပေါ်စီးကနေ ကြည့်လို့ နိုင်သည်။
သို့သော် အခုတွင် သူမှာ ဥက္ကာပျံအဆင့်ရှိသည့် အဖော်တစ်ယောက်နှင့် အဖွဲ့ငယ်တစ်ဖွဲ့သာ ပါသည်။ တုန်ပိုရွှယ်ယင်ကို ရင်ဆိုင်ဖို့က သူ့အတွက် ခက်ခဲသည့် အရာတစ်ခု ဖြစ်နေ၏။
သူ့စိတ်ထဲမှာ လက်လျှော့လိုက်ပေမဲ့ လူငယ်က ဝင့်ကြွာစွာဖြင့် ပြောလိုက်သည်။
" ငါက ဘယ်သူလဲ ဟုတ်လား.. နယ်စွန်နယ်ဖျားက ကလန်သေးသေးလေးက မင်းတို့လို လူတွေက ငါ ဘယ်သူလဲဆိုတာ သိဖို့ အခွင့် ရှိလိုလား.. "
" ဒီမှာ ရှင် သေချာ နားထောင်.. " ချင်းရှီဘေးနားတွင် ရပ်နေသည့် ဂျိရုံက ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။
" သူက နှင်းလင်းယုန်နယ်မြေရဲ့ သခင်လေး တုန်ပိုချင်းရှီပဲ.. သူ့အစ်ကိုက နှင်းလင်းယုန်နယ်မြေရဲ့ အရှင်သခင် တုန်ပိုရွှယ်ယင်.. ရှင်ကများ ကျွန်မကို သားပြောမယားပြော ဆိုချင်သေးတာလား.. ချင်းရှီ.. သူပြောတာကို ရှင်ဘာလို့ မတုံ့ပြန်တာလဲ.. သူ့ကို ဒီအတိုင်း စော်ကားခွင့်ပြုမှာလား. "
" ဟေ့.. မင်း သူ့ကို တောင်းပန်လိုက်.. " ချစ်သူမိန်းကလေး၏ အရှေ့တွင်မို့ ချင်းရှီလည်း မျက်နှာပျက်မခံဝံ့ကာ ချက်ချင်း အော်ဟစ်လိုက်သည်။ " မင်း မတောင်းပန်ရင် ဒီရီရွှေမြို့ကနေ ထွက်သွားရဖို့ စိတ်မကူးနဲ့.."
" မင်း.. ရိုင်းရိုင်းစိုင်းစိုင်းတွေပါလား.. "
အဖြုရောင်အဝတ်နှင့် လူငယ်မှာ အစပထမတွင် ပြန်ဆုတ်ဖို့ စိတ်ကူးရှိသော်လည်း မာနကြီးသူတစ်ယောက်မို့ ချက်ချင်း ဒေါသထွက်ကာ ရှူးရှူးရှားရှား ဖြစ်သွာသည်။
သူမျက်လုံးမှာ အေးစက်စက် ဖြစ်သွားပြီး.. " နယ်စပ်မြို့က ကလန်းသေးသေးလေးကများ.. ငါ့အရှေ့မှာ မောက်မာရဲတယ်ပေါ့.. ကိုယ့်အခြေအနေကိုတောင် မသိကြပါလား.. သွား.. အားလုံးကို သတ်လိုက်ကြ.. ကောင်မလေးကိုပဲ ငါ့အတွက် ခေါ်လာခဲ့ကြ.."
အဖြူရောင်အဝတ်နှင့် လူငယ်က ဆုံးဖြတ်ချက် ချလိုက်သည်။ အားလုံးကို သတ်လိုက်ပြီးနှင့် တုန်ပိုရွှယ်ယင် မရောက်လာခင် စစ်တပ်ဆီကို ပြေးသွားဖို့ပင်။
" အမိန့်အတိုင်းပါပဲ.. " သူနှင့် ပါလာသည့် စစ်သည်များက ချက်ချင်း နာခံလိုက်သည်။
" မင်းကများ.. " ချင်းရှီက ကြောင်အမ်းသွားသည်။ လူတစ်ယောက်ကို လွဲမှားစွာ ပြောလိုက်ခြင်းက သတ်ဖို့ အဓိပ္ပါယ်လား..
" သွား "
မီးခိုးရောင်အဝတ်နှင့် လူက မျက်မှောင်ကြုတ်သွားပေမဲ့ အမိန့်ကိုတော့ နာခံလိုက်သည်။ သူက မြင်းပေါ်ကနေ ခုန်ဆင်းလိုက်ပြီး အစိမ်းရောင် ချီစွမ်းအင် အကာအကွယ်ကို အသုံးပြုလိုက်သည်။
ရွှစ်..
ထို့နောက် အလင်းကဲ့သလို့ လျင်မြန်စွာဖြင့် သတ်ဖြတ်ဖို့ ဝင်လာခဲ့သည်။
ထိုမြင်ကွင်းကို ကြည့်၍ နှင်းလင်းယုန်နယ်မြေက စစ်သည်တို့မှာ ထိတ်လန့်သွားကြသည်။
ဥက္ကာပျံအဆင့် စစ်သည်တစ်ယောက်လား..
သူသို့၏ ကြယ်ခြွေဒူးလေးက ဥက္ကာပျံအဆင့် တစ်ယောက်ကို သတ်နိုင်တယ် ဆိုပေမဲ့ သူတို့ စိတ်မလှုပ်ရှားဘဲ မနေနိုင်ကြချေ။
ငွေလအဆင့်တစ်ယောက်ကို ကြယ်ခြွေဒူးလေး အလက်တစ်ရာလောက်ဖြင့် ဝန်းရံထားလျှင် အနောက်ဆုတ်ကောင်း ဆုတ်ပေလိမ့်မည်။ နို့မဟုတ်လျှင် သူ့ရဲ့ လျင်မြန်မှုကြောင့် ချိန်ပစ်ဖို့က ခက်လှသည်။
" မြန်မြန် ရှောင်ကြ.. အားလုံးပဲ.. အဖြူရောင်အဝတ်နဲ့ လူငယ်ကိုပဲ ချိန်ထားလိုက်ကြ.."
စစ်သည်တို့က အတွေ့အကြုံရှိသူများ ဖြစ်ကြသည်။ ချက်ချင်း ဆိုသလို လျင်မြန်စွာဖြင့် ရန်သူ၏ တိုက်ခိုက်မှုကို သူတို့ ရှောင်တိမ်းလိုက်ကြသည်။
" သတ်.." ကြက်သွေးရောင်ချပ်ဝတ်အင်္ကျီ ဝတ်ဆင်ထားသည့် တစ်ဖက်က စစ်သည်တို့က သူတို့ထံ ပြေးဝင်လာကြသည်။
ချင်းရှီမှာ ဒီလို အခြေအနေမျိုးကို ကြုံတွေ့ခဲ့ဖူးသူ မဟုတ်၍ တုန်တုန်လှုပ်လှုပ် ဖြစ်သွားတော့သည်။ သူ့ရဲ့ မှော်အသုံးအဆောင်ထဲက မန္တန်အင်းကွက်က လူအများကြီးကို ရင်ဆိုင်ဖို့ မလွယ်ချေ။ အထူးသဖြင့် ဥက္ကာပျံအဆင့်တစ်ယောက် အရှေ့တွင် ပို၍ မလွယ်ကူချေ။
ချင်းရှီ လက်ကို တစ်ချက် လှည့်လိုက်သည့်အခါတွင် မှော်စာလိပ်တစ်လိပ်က ထွက်ပေါ်လာသည်။ ဒါသည် ရွှယ်ယင် ပေးထားသည့် မှော်စာလိပ်များထဲက တစ်ခု ဖြစ်သည်။ အဆင့် ၅ ရှိသည့် မှော်စာလိပ်လည်း ဟုတ်၏
အပိုင်း ( ၅၇ ) သူ့ နောက်ခံက ဘာလဲ
" မကောင်းတော့ဘူး.. " မီးခိုးရောင်အဝတ်နှင့် လူက ချင်းရှီ မှော်စာလိပ် ထုတ်သုံးလိုက်သည်ကို မြင်သောအခါ ချောက်ချားသွားသည်။
ထိုလူငယ်က သူ့ကို ပစ်မှတ်ထားနေ၏။
မှန်၏.. ထိုလူငယ်သည် လက်ထဲက မှော်စာလိပ်ဖြင့် ဥက္ကာပျံအဆင့်ဖြစ်သူ သူ့အားမှ ဦးတည်၍ တိုက်ခိုက်လိုက်လေပြီ။
ဝရုန်း.. ဒုန်းး.. ဒုန်း..
ကောင်းကင်ယံတွင် အစိမ်းရောင်အလင်း ရှိသည့် မရေတွက်နိုင်သော မိုးကြိုးကြီးများ ဖျိုးခနဲ ဖျတ်ခနဲ လင်းလက်တောက်ပလာကာ မြေပြင်ပေါ် ကျလာလေသည်။ မြေပြင်တွင် အစိမ်းရောင် အလင်းတန်းတောအုပ်သဖွယ် လွှမ်းခြုံလာခဲ့သည်။ သိပ်သည်းသေးငယ်စွာ ပစ်ချလာသည့် မိုးကြိုး အလင်းကြောင်းများအနက် ရှစ်ကြောင်းက တွန့်လိမ်ရောယှက်လျက် ဥက္ကာပျံအဆင့် စစ်သည်ထံ ဦးတည်သွားသည်။ ထိုစစ်သည်မှာ ရှောင်တိမ်းဖို့ အချိန်ပင် မရလိုက်။ ဒုန်းခနဲ မြည်သံနှင့်အတူ သူ့တစ်ကိုယ်လုံးက ပြာမှုန့်အဖြစ်သို့ ဘဝ ပြောင်းသွား သည်။
ပုံမှန်အားဖြင့် မှော်စာလိပ်ကို အသုံးမပြုဘဲနှင့် ငွေလအဆင့် မှော်ဆရာတို့မှာ အဆင့် ၅ ရှိသည့် မိုးကြိုးမန္တန်ကို ဆင့်ခေါ်ဖို့က အချိန်များစွာ လိုအပ်မည်။ သို့သော် ထိုကဲ့သို့ မှော်မန္တန်က ထုတ်ပေးသည့် မှော်အစွမ်းမှာ မှန်းဆ၍ပင် မရနိုင်ချေ။
' မဟုတ်ဘူး.. " အဖြူရောင်အဝတ်နှင့် လူငယ်ကား အော်ဟစ်ရင်း ဒိုင်းတစ်ခု၏ အနောက်ကွယ်တွင် ပုန်းအောင်းနေရ၏။ သူ့ရဲ့ အဖော်စစ်သည်က တစ်ကိုယ်လုံး ပျက်စီးသွားတာကို ကြည့်ပြီး သူလည်း ချောက်ချားသွားခဲ့ကာ မျက်ကလူး ဆန်ပျာဖြင့် အော်ဟစ်လိုက်၏။
" ငါ.. ငါ.. "
" ဒုန်း.."
သူလည်းပဲ တစ်ကိုယ်လုံး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားတော့သည်။ သူက အတော်လေး အားနည်းသူ တစ်ယောက်မို့ ထိုမျှ အဖျက်အင်အားကောင်းသော မိုးကြိုးဒဏ်ကို ခံနိုင်ရည် ရှိမှာ မဟုတ်ချေ။
ကြောက်မက်ဖွယ်ရာ ကောင်းသည့် အစိမ်းရောင် မိုးကြိုးပေါင်း ၉၉ ချက်တို့က မိုးကောင်းကင်မှ ဆင်းသက်ခဲ့ကြကာ မြေပြင်တွင် အစိမ်းရောင်သစ်ပင်အုပ်ကြီးကဲ့သို့ ဆင်တူစွာ ဖွဲ့တည် ရှိလာခဲ့သည်။ ထိုမှော်အစွမ်းသည် အဆင့် ၅ ရှိသည့် မိုးကြိုးတောအုပ် မန္တန်ပင် ဖြစ်ချေသည်။
ချင်းရှီမှာ ကျဆင်းလာသော မိုးကြိုးစီးကြောင်းတို့ကို ဥက္ကာပျံအဆင့် စစ်သည်ဆီသို့ ဦးတည်သွားအောင်ပဲ ထိန်းချုပ်နိုင်ခဲ့သည်။ ကျန်သည့် မိုးကြိုးစီးကြောင်းကို ထိန်းကျောင်းဖို့အတွက် သူ့တွင် သန်မာသော စိတ်ခွန်အားများ မရှိနေချေ။ ထို့ကြောင့်လည်း အစိမ်းရောင်မိုးကြိုးက ဆင်းသက်လာပြီး အစိမ်းရောင် တောအုပ်ကြီးအသွင်ဖြင့် ရှိနေကာ ပတ်ဝန်းကျင်က ရှိနေသူမှန်သမျှအား ထိမှန်နေတော့သည်။
ချင်းရှီမှာ အစွမ်းကုန် ကြိုးစားပြီး မိုးကြိုးပစ်ချက်များကို ရန်သူဆီ ရောက်ဖို့ လုပ်ဆောင်လေသည်။ ကံကောင်းစွာဖြင့် စွမ်းအားကြီးသည့် မိုးကြိုးပစ်ချက်တစ်ခုက အဖြူရောင်အဝတ်နှင့် လူငယ်ဆီကို ထိမှန်သွားသည်။
" အား..အား.. " တချို့သော ကြက်သွေးရောင်ချပ်ဝတ်အင်္ကျီနှင့် စစ်သည်တို့က မိုးကြိုးမန္တန်အစွမ်းနှင့် ထိမှန်သွားကြကာ ချက်ချင်း ပျောက်ကွယ်သွားကြ၏။
တဖန် နှင်းလင်းယုန်နယ်မြေက စစ်သည်တို့မှာ လူစုခွဲ၍ ဝိုင်းကြီးဖွဲ့ ပိတ်ဖမ်းထားကြသည် ဖြစ်ရာ တစ်ဖက်က ရန်သူတို့မှာ လူအနည်းငယ်သာ ရှိနေစဥ်အချိန်တွင် ချင်းရှီက မိုးကြိုးတောအုပ် မန္တန်၏ ပစ်ခတ်မှုကို ရန်သူဆီသို့ ဦးတည်ပေးလိုက်သည်။ သူ့ဘက်က စစ်သည်တို့မှာ ထိုစက်ကွင်းမှ လွတ်မြောက်ကြသည်။
" ထွက်ပြေးကြဟေ့.. " " မြန်မြန်..လွတ်အောင် ပြေးကြ.."
တစ်ဖက်က စစ်သည် အယောက် ၂၀ တို့မှာ ကံကောင်းစွာဖြင့် မိုးကြိုး တောအုပ်မန္တန်၏ အစွမ်းသက်ရောင်မှုဧရိယာထဲကနေ လွတ်မြောက်သွားကြသည်။ ချက်ချင်းပဲ သူတို့၏ မြင်းပေါ် ခုန်တက်လိုက်ကြကာ ထိုနေရာမှ အလျင်မြန်ဆုံး ဆုတ်ခွာ ပြေးသွားကြသည်။
" ရွှစ်.. ရွှစ်.. ရွှစ်.." နှင်းလင်းယုန်နယ်မြေက စစ်သည်တို့လည်း အခွင့်ကောင်းကို ယူ၍ ကြယ်ခြွေဒူးလေးများဖြင့် အနောက်ဆုတ်ပြေးသွားသော ရန်သူတို့ကို ပစ်လွှတ်ကြသည်။
" အခု အဆင်ပြေသွားပြီ.." ချင်းရှီက ရည်စားဖြစ်သူ၏ လက်ကို ဆွဲကိုင်လိုက်ရင်း ပြောလိုက်သည်။
" ကျွန်မ.. ကျွန်မ.. " ဂျိရုံက ကြောက်လန့်နေဆဲပင်။
" ကျွန်မတို့ အားလုံး သေကြရတော့မလို့ပဲ.. ကံကောင်းလို့ပေါ့.. ရှင့်မှာ အစွမ်းထက်တဲ့ မှော်စာလိပ် ရှိနေတာ.."
" အကာအကွယ်ရတနာအဖြစ် အစ်ကိုကြီးက ငါ့ကို ပေးထားတာ.."
သို့သော် ချင်းရှီက ဒီထက် ပိုပြီး မပြောပြတော့ပေ။ ရွှယ်ယင်က သူ့အား မှော်စာလိပ် ရှိနေသည့် အကြောင်းကို ထုတ်မပြောမိဖို့ မှာထားခြင်းကြောင့် ဖြစ်သည်။ တကယ့်ကို သေလုနီးပါး အခြေအနေ ရောက်မှ သူ ထုတ်သုံးလိုက်ရသည်။
မကြာမီမှာပဲ ထွက်ပြေးသွားကြသည့် မြင်းစီးသမားများ အနောက်သို့ ပြေးလိုက်သွားကြသည့် နှင်းလင်းယုန်နယ်မြေ၏ စစ်သည်များက ပြန်လည် ရောက်ရှိလာခဲ့သည်။
" သခင်လေး.. ရန်သူတွေ အများစုက လွတ်မြောက်သွားကြတယ်.. ဘာလို့ဆို ကြွယ်ခြွေဒူးလေးနဲ့က သုံးရခက်လို့ပဲ.. သူတို့ထဲက ၁၆ ယောက်လောက်ပဲ လွတ်သွားတယ်.. "
အဖွဲ့ခေါင်းဆောင်က ပြောလိုက်သည်။
" ဒီနေရာကို ရှင်းလင်းထားလိုက်တော့.. အခု ငါတို့ နှင်းလင်းယုန်ရဲတိုက်ကို ပြန်လှည့်သွားကြမယ်.."
စိတ်မသက်မသာ ခံစားနေရသည့် ချင်းရှီက အမိန့်ပေးလိုက်သည်။
***
ညနေအချိန်တွင်..
ညီလေးဖြစ်သူ၏ အသက်သေလုနီးပါး အခြေအနေကို အစေခံတစ်ယောက်က ကြိုတင် သတင်းပို့လာ၍ ရွှယ်ယင်လည်း ကျုံးလိန်၊ ထုံစန်းတို့နှင့်အတူ ရဲတိုက် ဂိတ်တံခါးတွင် ချင်းရှီ ပြန်အလာကို သွားစောင့်နေလိုက်သည်။ ရဲတိုက်ဂိတ် တံခါးအရှေ့က တံတားအရှင်ကလည်း နိမ့်ချထားလိုက်ကာ ဂိတ်တံခါးကိုလည်း ဖွင့်ထားလိုက်သည်။ ရဲတိုက်အပြင်ဘက်တွင် ချင်းရှီနှင့် သူ့ရဲ့ စစ်သည်အဖွဲ့တို့က ကြက်သွေးရောင်ချပ်ဝတ်အင်္ကျီနှင့် မြင်းစီးသမားတို့၏ အလောင်းများကို သယ်ဆောင်လာကြသည်။
" ကျွန်မ.. မှော်ဆရာကြီးရဲ့ အိမ်ကိုပဲ အရင်ပြန်သွားလိုက်မယ်.. "
ဂျိရုံက အားဖျော့သော အသံဖြင့် ပြောလိုက်သည်။
" အင်း.. " ချင်းရှီလည်း ခေါင်းညိတ်လိုက်သည်။
ဂိတ်တံခါးက ပွင့်နေ၏။
ချင်းရှီက ရွှယ်ယင်ထံ လျှောက်သွားကာ သူ့ခေါင်းကို ငုံ့ထားသည်။
" အစ်ကိုကြီး.. "
" အရင်ပြန်ပြီး အနားယူလိုက်.. ညကျမှ ထပ်ပြောတာပေါ့.. "
သူ့ညီလေးကို ရွှယ်ယင် အပြစ်မတင်ခဲ့ပါ။ နောက်ပြီး ပထမဆုံးအကြိမ်အဖြစ် အသက်သေလုနီးပါး ကြုံလိုက်ရသည့် အဖြစ်အပျက်ကြောင့် ချင်းရှီ မည်မျှ ကြောက်လန့်နေမလဲ ဆိုတာကို သူ နားလည်နိုင်သည်။ ချင်းရှီလည်း ခေါင်းညိတ် လိုက်ကာ ရဲတိုက်အထဲ ဝင်သွားလိုက်သည်။
" မင်း.. အနောက်ကနေ လိုက်လာခဲ့.."
ရွှယ်ယင်က အမိန့်ပေးလိုက်သည်။ အစောင့်အဖွဲ့ခေါင်းဆောင်လည်း အနောက်ကနေ လေးစားစွာ လိုက်လာခဲ့သည်။
သူတို့နှစ်ယောက်က ရဲတိုက်အထဲ ခြေလှမ်းကျဲကျဲဖြင့် ဝင်လာခဲ့သည်။
" ဘာတွေ ဖြစ်လာခဲ့လဲ.. "
ရွှယ်ယင်က မေးလိုက်တော့သည်။ သူနှင့်အတူ ကျုံးလိန်၊ ထုံစန်းတို့ကလည်း ဖြေရှင်းချက်ကို နားစိုက်ထောင်ထားလိုက်ကြသည်။
" အရှင်လေး.. ဒီနေ့လည်း ပုံမှန်အတိုင်း သခင်လေးနဲ့ မိန်းကလေးဂျိရုံတို့က ရီရွှေမြို့ထဲ သွားတာကို ကျွန်တော်တို့ လိုက်ပါ စောင့်ရှောက်ပေးခဲ့ပါတယ်.. "
အဖွဲ့ခေါင်းဆောင်က အဖြစ်အပျက်၏ အသေးစိတ်အကြောင်းအရာတွေကိုပါ ရှင်းပြလိုက်သည်။ နောက်ဆုံး အစီအရင်ခံလိုက်ပြီးနောက် သူက အသက်ပြင်း ချလိုက်ကာ
" သခင်လေးကျွင်းရှိက သူ့ရဲ့ မှော်အစွမ်းကို အသုံးပြုလိုက်တာ တကယ်ကို ကံကောင်းသွားခဲ့တယ်.. မဟုတ်ရင်.. ကျနော်တို့ဘက်က လူနှစ်ယောက် သေသွား တာထက် ပိုသွားလိမ့်မယ်.. အဲဒီ မီးခိုးရောင်အဝတ်နဲ့ စစ်သည်က အရမ်းကို လျင်မြန် တာ.. မိုးကြိုးတောအုပ်မန္တန်အစွမ်းကို မထိမှန်သေးခင်မှာ သူက ကျနော်တို့ စစ်သည် နှစ်ယောက်ကို သတ်ထားပြီးပြီ.."
ရွှယ်ယင်လည်း ခေါင်းညိတ်လိုက်သည်။
" သေသွားတဲ့ လူနှစ်ယောက်အတွက်က ထောက်ပံကြေး နှစ်ဆ ပေးလိုက်ပါ.. သူတို့ရဲ့ မိသားစုအတွက် ငါတို့ ဆက်ပြီး ထောက်ပံ့ပေးထားမယ်.. ပြီးတော့ အတူပါသွားတဲ့ စစ်သည်တွေအတွက် သူတို့ကို ငွေဒင်္ဂါး ဆယ်ပြားစီ ပေးလိုက်ပါ.."
" ကျေးဇူးတင်ပါတယ်.. အရှင်.." အဖွဲ့ခေါင်းဆောင်ဝူက ဝမ်းသာစွာဖြင့် ပြောလိုက်သည်။
" အဖြူရောင်အဝတ်နဲ့ လူငယ်လေးက ဘယ်သူလဲဆိုတာ မင်းသိရဲ့လား.. "
ရွှယ်ယင်က ထပ်ပြီး မေးလိုက်သည်။
" မသိပါဘူး.. . အရှင်.. ဒါပေမဲ့ သူ စကားပြောတဲ့ လေသံအရ သူတို့ဟာ ရီရွှေမြို့က မဖြစ်နိုင်ဘူး.."
ရွှယ်ယင် မျက်မှောင်ကြုတ်လိုက်သည်။
ပြဿနာက အစပျိုးနေလေပြီ။
အထက်တန်းစား လူကုံထံအသိုင်းအဝိုင်းထဲက သခင်လေးတစ်ယောက်ကို သူ့ညီလေး သတ်လိုက်တာ သေချာသလောက် ရှိနေပြီ။ ဒီကိစ္စ ပေါက်ကြားဖို့က အနှေးနှင့်အမြန်ပင်။
အင်ပါယာနိုင်ငံတော်၏ ဥပဒေအရ ချင်းရှီသည် ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းသာ ဖြစ်၏။ တကယ်၍ သေသွားသည့် သခင်လေးက သာမန်ကလန်မှ လူဖြစ်ခဲ့လျှင် ထိုကိစ္စက ဖြေရှင်း၍ ရနိုင်သေး၏။ သို့သော် ကလန်ကြီးတစ်ခုမှ ပေါက်ဖွားလာသူ ဖြစ်နေခဲ့ရင်တော့ ထိုကိစ္စကို လွယ်လွယ်လေးနှင့် ဖြေရှင်း၍ ရနိုင်မှာ မဟုတ်ချေ။ ပြဿနာကား အိမ်ရှေ့တံခါးကို လာခေါက်နေလေသည်။
" ရွှယ်ယင်.. ချင်းရှီ သတ်လိုက်တဲ့သူက ရီရွှေမြို့က မဟုတ်ဘူးဆိုရင် သူ့ရဲ့ ဇာစ်မြစ်ကို စုံစမ်းဖို့က ခက်ခဲလိမ့်မယ်..အဇူရီမြစ်စီရင်စုက အရမ်းကို ကျယ်လွန်းတယ်.. အထက်တန်းကလန်တွေကလည်း အများကြီးပဲ.. သူက ဘယ်ကလန်က လာသလဲ ဆိုတာ ဘယ်သူ သိနိုင်မလဲ.. "
စီရင်စုနယ်ထဲတွင် ရှိသော အထက်တန်းစား လူကုံတံတို့၏ နေအိမ်များစွာ အထဲမှာမှ ထိုသခင်လေး၏ ဇာစ်မြစ်ကို ရှာဖွေဖို့ကို စဥ်းစားကြည့်ရုံနှင့် ကျုံးလိန်မှာ ခေါင်းထူပူလာခဲ့သည်။
" ဒါဆို သူတို့အလောင်းတွေကိုရော သယ်လာခဲ့သေးလား.. " ရွှယ်ယင်က မေးလိုက်၏။
" ဟုတ်ကဲ့.. သယ်လာခဲ့ပါတယ်.. ဒါပေမဲ့ အဖြူရောင်အဝတ်နဲ့ လူငယ်က မိုးကြိုး ထိမှန်ထားလို့ ဘာမှတောင် မကျန်ခဲ့တော့ပါဘူး.. ဒါပေမဲ့ ဥက္ကာပျံအဆင့် စစ်သည်ရဲ့ အလောင်းကတော့ ရပါသေးတယ်.. မိုးကြိုးတွေ အများကြီး ပစ်ထားတာကြောင့်လည်း သူ့ရုပ်ရည်ကိုတော့ ခွဲခြားဖို့ မလွယ်တော့ပါဘူး.. " ဟု ခေါင်းဆောင်ဝူက ပြောလိုက်သည်။
" ဒါဆို အသက်ရှင်ကျန်တဲ့ သူတွေရော ရှိသေးလား.."
" အဲဒီအချိန်က ကျနော်တို့ ညီအစ်ကိုတွေက အရမ်းကို ဒေါသထွက်နေကြပြီး ရန်သူကို မညှာတာခဲ့ပါဘူး.. ကျနော်တို့ ကြယ်ခြွေဒူးလေးနဲ့ ပစ်တဲ့အခါမှာလည်း သေကွင်းသေကွက်ကိုပဲ တည့်ပစ်ကြတာ.. ဒဏ်ရာအကြီးအကျယ် ရထားတဲ့ သူကိုတောင် သတ်ပစ်လိုက်တာပါ.. "
ခေါင်းဆောင်ဝူက ပြောလိုက်သည်။ " ဘယ်သူကိုမှ အရှင်မထားခဲ့ပါဘူး.."
ထိုစကားကို ကြားရသည့်အခါမှာ ရွှယ်ယင်၏ ခန္ဓာကိုယ်မှ အန္တရာယ်အငွေ့အသက်တစ်ခု စိမ့်ဖြာထွက်ရှိလာ၏။
" အင်.. သွားပါပြီကွာ.. "
တကယ်၍ တစ်စုံတစ်ယောက်က တရားဥပဒေကို အသုံးချ၍ သူ့ညီလေးအား ရာဇဝတ်သားအဖြစ် စွပ်စွဲလာပါက သူ့အနေဖြင့် ထိုစကားကို ငြင်းဆို၍ ကိုယ့်ကိုယ်ကို ခုခံကာကွယ်လိုက်ရသည်ဟု ဖြေရှင်းချက် ထုတ်ရလိမ့်မည်။
တကယ်၍ တစ်ဖက်လူက တရားမဝင်သော နည်းကို သုံး၍ လက်စားချေဖို့ လုပ်ဆောင်လာပါက သူ့အနေဖြင့် တစ်ဖက်က အဇူရီမြစ်စီရင်စုမှာ အသန်မာဆုံး ပုဂ္ဂိုလ်ဖြစ်သူ စီလျောင်ဟုံပဲ ဖြစ်ပါစေ.. ကြောက်စရာကောင်းသည့် ရှင်းဖန်းယွင်ပဲ ဖြစ်နေပါစေ သူ မကြောက်ပါချေ။
ရွှယ်ယင် အစိုးရိမ်ရဆုံး ကိစ္စမှာ ထို သေဆုံးသွားသော သခင်လေးသည် အင်အားကြီး ကလန်တစ်ခုက လူ ဖြစ်နေမှာကိုပင်။
" စုံစမ်းကြစမ်း.. " ရွှယ်ယင်က အမိန့်ပေးလိုက်သည်။
" သူတို့ရဲ့ ပစ္စည်းတွေကို ကြည့်ပြီး သူကိုက ဘယ်ကလဲဆိုတာ သဲလွန်စ ရှာကြ.."
" ငါ အဲဒါကို လုပ်လိုက်မယ်.." ကျုံးလိန်က ပြောလိုက်သည်။ သူက စေ့စပ်သေချာသူ တစ်ဦး ဖြစ်ပြီး အလုပ်လုပ်ရာတွင် စေ့စေ့စပ်စပ် ရှိသည်။
" သုံးနာရီလောက်ဆို လုံလောက်ပါတယ်.."
" တကယ်လို့ သူတို့က ဘယ်သူတွေဆိုတာ သဲလွန်စ မရှာနိုင်ခဲ့ရင် နဂါးတောင်အိမ်တော်ရဲ့ အကူအညီကိုပဲ ယူရလိမ့်မယ်လို့ ထင်တယ်.." ရွှယ်ယင်က ပြောလိုက်လေသည်။
***
အဇူရီမြစ်စီရင်စုတွင် တပ်စွဲထားသော တတိယမြောက် စစ်တပ်ခွဲတစ်ခုသည် တကယ်တမ်းတွင် ပျက်သုဥ်းခြင်းတောင်တန်းအနီးတစ်နေရာတွင် အခြေစိုက် ထားသည်။
ပုံမှန်အားဖြင့် မြို့တိုင်းတွင် စောင့်ကြပ်လျက် ရှိသည် စစ်သည်တို့မှာ စစ်ကလန်မှ ဖြစ်ကြသည်။ သို့သော် ပျက်သုဥ်းခြင်းတောင်တန်းတွင် တပ်စွဲထားသော စစ်သည်တို့မှာ တကယ်တမ်းတွင် အင်ပါယာစစ်သည်များ ဖြစ်ကြသည်။
အင်ပါယာတပ်၏ စစ်သည်တော်များ ဖြစ်ကြ၍ သူတို့က ပို၍ အစွမ်းထက်ကြသလို ပို၍ ကြီးမြင့်ကြသည်။ စစ်ကလန်က အင်ပါယာနှင့် ရင်းနှီးမှုတစ်ခုကို တည်ဆောက်၍ သူတို့၏ နယ်မြေအတွင်းက အင်ပါယာစစ်သည်များကို သြဇာသက်ရောက်လိုကြသည်။ သို့သော် ထိုစစ်သည်အားလုံးကို ထိန်းချုပ်ဖို့က မဖြစ်နိုင်ပေ။
အင်ပါယာစစ်တပ်၏ နောက်ခံအင်အားက အလွန်ကို ကြီးမားသည်။ ပုံမှန်အားဖြင့် ပျက်သုန်းခြင်းတောင်တန်းအတွင်းသို့ ဝင်သည့်အခါတွင် အထွတ်အထိပ်အဆင့်တစ်ယောက်က အနောက်ကနေ အုပ်ချုပ် အမိန့်ပေး၏။
တတိယမြောက် တပ်ခွဲအတွင်းက ကျယ်ဝန်းသည့် အိမ်ကြီးတစ်လုံးတွင်..
" ဒုတိယ အကြီးအကဲ.."
" သခင်လေး သေသွားပြီ.."
စစ်သည်တချို့က တုန်လှုပ်စွာဖြင့် မတ်တတ်ရပ်နေ၏။
သူတို့အရှေ့တွင် ထိုင်နေသူက မျက်လုံးတစ်ဖက်သာ ရှိသည့် စစ်တပ်အရာရှိတစ်ဦး ဖြစ်သည်။ မျက်လုံးတစ်ဖက်လပ်သည့် စစ်တပ်အရာရှိ၏ မျက်နှာအမူအရာက မည်းမှောင်သွားလေကာ သူ့ရဲ့ မျက်လုံးတစ်ဖက်မှာလည်း မျက်ရည်စများ တွဲခိုလာသည်။
" သခင်လေးက တကယ်သေသွားတာလား.. မင်းတို့တတွေ သုံးစားမရလား.. အမှိုက်ကောင်တွေပဲ.. ငါ့အစ်ကိုကြီးတော့ ရူးသွားလောက်တယ်.. သေချာပေါက်ပဲ.. ငါ့ကို ပြောစမ်း.. ဘယ်သူ လုပ်တာလဲ.. ဘာကြောင့် သူက သေသွားရတာလဲ.."
" ဟုတ်.. ဟုတ်.." ထိုစစ်သည်တို့က ကမန်းကတန်းဖြင့် အကြောင်းစုံ ရှင်းပြလိုက်သည်။
မျက်စိတစ်ဖက်လပ် စစ်တပ်အရာရှိ၏ မျက်နှာက ပို၍ မည်းမှောင်လာခဲ့၏။ သူသည် တတိယမြောက် စစ်တပ်မကြီး၏ ထောက်ပံ့ပို့ဆောင်ရေးအပိုင်းတွင် အုပ်ချုပ်ရေးအရာရှိ ဖြစ်လာခဲ့ခြင်းသည် သူ့အစ်ကိုကြောင့်ပင် ဖြစ်သည်။ သူ့အစ်ကိုက ငွေအမြောက်အမြားကို အသုံပြု၍ သူ့အတွက် ထိုနေရာကို ရအောင် လုပ်ပေးခဲ့သည်။ သူ့အစ်ကိုကြီးသည် တကယ်ကို ရူးသွပ်လွန်းသူ တစ်ဦး ဖြစ်၏။ အဇူရီမြစ်စီရင်စုထဲတွင် သူ့ကို လူတိုင်းက စစ်ကလန်၏ သစ္စာရှိခွေးဟု ခေါ်ကြသည်။ ဘာကြောင့် ခွေးဆိုသော အခေါ်အဝေါ်ကို ခေါ်ကြသနည်း။ အမှန်မှာ သူ့အစ်ကိုကြီး သည် စိတ်မူမမှန်သူ တစ်ယောက်ဖြစ်၏။ ထို့ကြောင့်လည်း တစ်ခါတလေ ခွေးရူးတစ်ကောင်ကဲ့သို့ အရမ်းကို ဆိုးဝါးသည့် အရာတွေကို မကြာခဏ လုပ်လေ့ ရှိသည်။
သေဆုံးသွားသည့် သခင်လေး ချွေဟူမှာ သူ့အစ်ကိုကြီး၏ တစ်ဦးတည်းသော သားတစ်ယောက် ဖြစ်ချေသည်။
" နှင်းလင်းယုန်နယ်မြေက တုန်ပိုရွှယ်ယင်ရဲ့ ညီငယ်ဖြစ်တဲ့ တုန်ပိုချင်းရှီလား.."
မျက်စိတစ်ဖက်လပ် စစ်တပ်အရာရှိက အံကို ကြိတ်လိုက်သည်။
" ငါတို့ ချွေကလန်က လူကို သူတို့ သတ်ရဲတယ်ပေါ့လေ.. တုန်ပိုချင်းရှိက သေရမယ်.. သူ့အစ်ကိုလည်း သေရမယ်.. နှင်းလင်းယုန်နယ်မြေတစ်ခုလုံးကိုလည်း လျော်ကြေးအနေနဲ့ သိမ်းရမယ်.."
အစပထမတွင် ပဋိပက္ခဖြစ်စဥ်အခါက တစ်ဖက်က သခင်လေးသည် မည်သူဖြစ်မှန်း ထိုစစ်သည်တို့ မသိကြချေ။ သူတို့ သိကြသည်က နှင်းလင်းယုန် နယ်မြေက ကလန်တစ်ခုသာ။ သို့သော် ဂျိရုံက သူ့နာမည်ကို ထုတ်ဖော် ပြောဆိုခြင်းကြောင့် ရွှယ်ယင်၏ ညီငယ် ဖြစ်သူ တုန်ပိုချင်းရှီမှန်း သူတို့ သိလိုက်ကြသည်။ ထို့ကြောင့်လည်း ရန်သူက မည်သူ မည်ဝါဖြစ်မှန်း ပြန်ပြောနိုင်ကြခြင်း ဖြစ်သည်။
" ငါ့အစ်ကိုကြီးဆီကို သတင်း မြန်မြန် ပို့မှပဲ.. "
မျက်စိတစ်ဖက်လပ်သည့် အရာရှိက ခပ်မြန်မြန်ပဲ ဆောင်ရွက်လိုက်သည်။
အင်ပါယာစစ်တပ်၏ သတင်းကွန်ရက်ကို အသုံးပြုကာ အဇူရီမြစ်စီရင်စုထဲက အစ်ကိုကြီးဆီသို့ သတင်းပို့လိုက်သည်။ ပို့ဆောင်ထောက်ပံ့ရေးဋ္ဌာန၏ အရာရှိတစ်ယောက် ဖြစ်သူမို့ သူ့အိမ်ကို ထိုသတင်းပေးပို့ဖို့က သူ့အတွက် လွယ်သူသည့် ကိစ္စငယ်တစ်ခုသာ ဖြစ်သည်။
တတိယ စစ်တပ်မကြီး အခြေစိုက်ရာ နေရာမှ ၁၆ ကီလိုမီတာအကွာရှိ တောင်ကုန်းမြင့်တစ်ခုတွင်..
နှင်းကဲ့သို့ ဖြူဆွတ်သော ခန္ဓာကိုယ်နှင့် နက်မှောင်သော ခြေထောက်ရှိသည့် ဝံပုလွေငယ်တစ်ကောင်သည် အဝေးက တတိယ စစ်တပ်ကြီးကို မျှော်ကြည့်နေလေ၏။ ဝံပုလွေငယ်၏ ဘေးပတ်လည်တွင် အနက်ရောင် ချီစွမ်းအင်ပါးပါးလေးတစ်ခုက ရစ်ပတ်လို့ နေသည်။ ၎င်း၏ သွားစွယ်ကို ကြည့်လိုက်လျှင် ၎င်း၏ အသက်က လအနည်းငယ်လောက်သာ ရှိဦးမည် ဖြစ်ကာ ခန္ဓာကိုယ်၏ နူးညံ့ခြင်းတို့က ကျန်ရှိနေသေး၏။ ၎င်း၏ မျက်ဝန်းတွင် အထီးကျန်သော ဝမ်းနည်းမှုတို့ဖြင့် အရိပ်သန်းနေကာ အဆုံးမသတ်နိုင်သော မုန်တီးခြင်းတရားတို့လည်း အရိပ်ထင်ကျန်နေပေ၏။
သူ ဤလောကကြီးထဲ မွေးဖွားလာသည်က မကြာသေးချေ။ သူ့အမေကိုလည်း လူသားတွေ သတ်ဖြတ်သွားကြပြီ။
မကြာသေးခင်ကလည်း သူ့အဖေကို စစ်သားတွေ သတ်ဖြတ်သွားခဲ့ပြီး အသေကောင်ကို စခန်းဆီသို့ သယ်ဆောင်သွားခဲ့ကြသည်။ သဘာဝ၏ မွေးရာပါစွမ်းရည်ကြောင့် စစ်သားတို့သွားရာ လမ်းတစ်လျှောက်ကို သူ အနံ့ခံလိုက်လာခဲ့သည်။ သို့သော် သူ ကြောက်ရွံ့နေခြင်းကြောင့် စခန်းထဲကို မဝင်ခဲ့ပေ။
" ကလေး.." ညင်သာသည့် အသံတစ်ခုက ဝံပုလွေငယ်၏ နံဘေးအနားတွင် ထွက်ပေါ်လာပြီးနောက် အနက်ရောင် ချီစွမ်းအင်များ စုစည်းရောက်ရှိလာသည်။ ထိုအနက်ရောင် ချီစွမ်းအင်မှ အနက်ရောင်အဝတ်နှင့် အဖြူရောင်ဆံပင်ရှိသည့် အဘိုးကြီးတစ်ယောက်သို့ ပြောင်းလဲသွားသည်။ ချစ်ကြင်နာသော အမူအရာဖြင့် ထိုအဘိုးကြီးက မေးလိုက်သည်။
" လူတွေကို မုန်းတီးနေတာလား.."
မုန်းသည်။.. သူတို့ကို အရမ်းကို မုန်းတီးနေ၏။
" မင်းမိဘတွေက သာမန်သတ္တဝါတွေပဲလေ.. ဒါပေမဲ့ မင်းလက်ထဲမှာ ထူးခြားဆန်းကျယ်တဲ့ စွမ်းအားတွေ ရှိနေတယ်.. ဒါပေမဲ့..လူသားတွေကို လက်စားမချေခင်မှာ အဲဒီစွမ်းအားကို အပြည်အဝ ထိန်းချုပ်နိုင်ဖို့ လိုအပ်တယ်.."
အနက်ရောင်ဝတ်ရုံနှင့် ဆံပင်ဖြူအဘိုးကြီးက သူ့လက်ကို ဆန့်ထုတ်လိုက်ကာ အရိုးတောင်ဝှေ့တစ်ချောင်းကို ပြသလိုက်သည်။
" အဲဒီအခွင့်အလမ်းကို မင်းအတွက် ငါပေးနိုင်တယ်.."
ဝုန်း..
သွေးအနီရောင်ကဲ့သို့ အရောင်ရှိသည့် စွမ်းအင်စီးကြောင်းတစ်ခုက ယင်းအရိုးတောင်ဝှေ့ကနေ တိုးထွက်ခဲ့ကာ ဝံပုလွေငယ်၏ ကိုယ်ပေါ်သို့ လွှမ်းခြုံသွားခဲ့သည်။ အဆိုပါ ဝံပုလွေငယ်လည်း သွေးအနီရောင်ရှိသည့် စွမ်းအင်စီးကြောင်းအောက်မှာ စတင်၍ ပြောင်းလဲလာခဲ့သည်။ ဝံပုလွေငယ်သည် တစ်ဖြည်းဖြည်းဖြင့် မတ်တတ်ရပ်လာနိုင်ကာ သူ့၏ သားမွေးသည်လည်း ပျောက်ကွယ်လာ၍ ခြေထောက်လေးဖက်ကလည်း လူသား၏ ခြေလက်အင်္ဂါပုံစံသို့ ပြောင်းလဲသွားသည်။ ဝံပုလွေခေါင်းကလည်း တစ်ဖြည်းဖြည်းဖြင့် လူသားတစ်ယောက်၏ မျက်နှာအသွင်သို့ တစ်ဖြည်းဖြည်း ပြောင်းလဲသွားသည်။
အချိန်တစ်ခဏမှာပဲ ဝံပုလွေငယ် ရှိသည့် နေရာတွင် အသက် ၅နှစ် ၆နှစ် ရှိသည့် ကလေးအရွယ်တစ်ယောက်က မတ်တတ်ရပ်လို့ နေ၏။
" ဒါက မင်းရဲ့ လူသားခန္ဓာကိုယ်ပဲ.. တကယ့် လူသားပုံစံပေါ့.. ဘယ်သူမှ မင်းဟာ လူသားတစ်ယောက် မဟုတ်မှန်း သိနိုင်ဖို့ ပြစ်ချက် ရှာတွေ့ကြမှာ မဟုတ်ဘူး.."
အနက်ရောင်ဝတ်ရုံနှင့် ဆံပင်ဖြူအဘိုးကြီးက ပြောလိုက်သည်။
" လူသားကမ္ဘာထဲမှာ လုံးဝ သဟဇာတ ဖြစ်တဲ့အခါကျမှ မင်းအတွက် လက်စားချေဖို့ အခွင့်အလမ်း ပိုကောင်းလာမှာ.. သွားကြစို့.. မင်း.. လူ့လောကထဲ မဝင်ခင် ငါ့အနောက်ကို ၁၀ နှစ် လိုက်နေရမယ်.. အခုက စပြီး ငါ့ကို အဖေလို့ ခေါ်ရမယ်.. "
" ဟုတ်.. အ.. အဖေ.." ကလေးငယ်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ခေါ်လိုက်သည်။
စကားပြောတာက ထစ်အ နေပေမဲ့ စကားလုံးတို့က ပီပီသသ ရှိသည်။
" တကယ်ကို ထူးခြားတာပဲ.. လူပုံစအဖြစ် ပြောင်းကာစပဲ ရှိသေးတယ်.. စကားပြောနိုင်နေပြီး.."
အနက်ရောင်ဝတ်ရုံနှင့် ဆံပင်ဖြူအဘိုးကြီးက ပြုံးလိုက်သည်။
" သွားကြရအောင်.."
ထို့နောက် အနက်ရောင်ချီစွမ်းအင်ထုက သူတို့နှစ်ယောက်စလုံးကို လွှမ်းခြုံလာခဲ့သည်။
ထို့နောက်တွင် နှစ်ယောက်စလုံးသည် မြင်ကွင်းမှ ပျောက်ကွယ် သွားတော့သည်။
အပိုင်း ( ၅၈ ) သွေးစွန်းအရက်ဆိုင်အထဲမှာ
ညအချိန်..
အဇူရီမြစ်စီရင်စုထဲက ကြီးကျယ်ခမ်းနားသော အိမ်တော်တစ်ခု..
စစ်သည်များစွာက အဖွဲ့ငယ်များဖြင့် လှည့်လည် ကင်းစောင့်နေသည်ကို မြင်ရနိုင်သည်။ ထိုအိမ်တော်၏ လုံခြုံရေးက အလွန်တင်းကျပ်ထားသည်ကို ပြသနေသည့်အလားပင်။ ထိုအိမ်တော်၏ ပိုင်ရှင်ကား မြေအောက်လောက၏ ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်သူ ချွေကျင်းဖန်း ဖြစ်သည်။ ချွေကျင်းဖန်းမှာ အမှောင်လောက၏ ညစ်ပတ်ဆိုးသွမ်းသည့် အရာကိစ္စမှန်သမျှကို ထိန်းချုပ်သည်။ စစ်ကလန်၏ သစ္စာရှိ နောက်လိုက်ခွေးတစ်ကောင် ဖြစ်နေရခြင်းကလည်း သူ့နေရာနှင့် စွမ်းအားကို ရရှိနေရခြင်း၏ အဓိကအကြောင်းအရင်း ဖြစ်၏။
တစ်ခြားသော မြေအောက်လောက၏ ခေါင်းဆောင်များကလည်း သူ့နေရာကို ငမ်းငမ်းတက် လိုချင်နေကြရာ ချွေကျင်းဖန်းက သူ့နေရာအတွက် အမြဲတမ်း ယှဥ်ပြိုင် တိုက်ခိုက်နေရသလို သူလည်းပဲ မြေအောက်လောက၏ အသိုင်းအဝိုင်းထဲမှာ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့သည်။
" ဟူး.. ဟူး.."
ချွေကျင်းဖန်း၏ အစေခံတစ်ယောက်က ချွေးသံတရဲရဲဖြင့် အသက်ကို အမောတကော ရှုနေရသည်။ နောက်ဆုံးတွင် အသက်ကို သတိထားရှုရင်း လေအေးအေးကို ပါးစပ်အပြည့် စုပ်သွင်း၍ ရှုလိုက်သည်။
ထိုညတွင် အစေခံတို့မှာ အသက်ပင် ကောင်းကောင်း မရှုလိုက်ကြရ။ အဘယ်ကြောင်ဆိုသော် သူတို့ရဲ့ သခင်က သူတို့ကို လိုက်သတ်နေသည်မှာ အယောက် ၂၀ သေသွားကြလေပြီ။
" သွား..သွားစမ်း.. သွား.."
ထိုခမ်းနားကြီးကျယ်သည့် အိမ်တော်ထဲမှာ ရွှေရောင်ဝတ်ရုံနှင့် ချွေကျင်းဖန်းက ခြေလှမ်းကျဲကျဲဖြင့် ဒေါသတကြီး လျှောက်လှမ်းနေသည်။ ထိုခန်းမတွင် ရှိနေကြသူ အားလုံးမှာ အပြင်သို့ အနောက်ဆုတ် ထွက်သွားကြပြီ အမိန့်ကို စောင့်ဆိုင်းနေကြသည်။
" ဟူအာ.. အိုး.. ငါ့ရဲ့ သားလေး ဟူအာ.." ချွေကျင်းဖန်း၏ နှလုံးသားထဲမှာ နာကျင်လို့ နေသည်။
သူသည် လူကြမ်းလူရမ်းကြီး တစ်ယောက် ဖြစ်၏။
သူ မွေးလာကတည်းက ဆင်းရဲနွမ်းပါးပြီး အဖေဆိုတာကိုလည်း မသိခဲပေ။ အမေဖြစ်သူက ဇိမ်မယ်တစ်ယောက် ဖြစ်ကာ သူ့သားက သေလား ရှင်လားဆိုတာကို ဂရုစိုက်သူလည်း မဟုတ်ချေ။ ငယ်စဥ်ကတည်းက သူဟာ ခွေးဆိုးတစ်ကောင်လို ကြီးပြင်းလာခဲ့သည်။ တစ်ဆင့်ပြီး တစ်ဆင့် သူဟာ လူများစွာတို့၏ ခန္ဓာကိုယ်ကို တက်နင်းလာခဲ့ကာ ယနေ့အချိန် ဒီနေရာမှာ ရပ်နေနိုင်ခဲ့သည်။ အဇူရီမြစ်စီရင်စုထဲက သရဖူးမဆောင်းသော အင်ပါယာအရှင် စီလျောင်ဟုံ၏ အသိအမှတ်ပြုခြင်းနှင့်အတူ သူဟာ မြေအာက်လောက၏ ထိပ်ဆုံးနေရာတွင် ရပ်တည်နေရပါပြီ။
လောကကြီး၏ အမှောင်ဘက်တွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီးနောက်မှာ သူ့ဘဝတွင် သူ မလုပ်ရဲသည် အဆိုးဆုံးအရာများ မရှိနေတော့ချေ။ သူ့ဘဝတွင် သူ့ အရေးထား ဂရုစိုက်သည့် အရာတစ်ခုက သူရဲ့ တစ်ဦးတည်းသော သားပင် ဖြစ်၏။ သူသားကို အလိုလိုက် အကြိုက်ဆောင်ပေးကာ သူ့သားရဲ့ ပေါက်ပေါက်ရှာရှာ စိတ်ကူးများကို ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ဖို့ကို ပြင်ဆင်ထားသည်။ တကယ်၍ သားဖြစ်သူက မိန်းမလှလှလေးများ လိုချင်လာခဲ့လျှင် သားဖြစ်သူအတွက် ဆောင်ယူလာမြဲပင်။
ထိုသို့ လွန်ကဲစွာ အလိုလိုက်ထားခြင်းကြောင့် သူ့သားက ပို၍ ဗိုလ်ကျဆိုးသွမ်းလာခဲ့သည်။
သူ့သားက မထိန်းချုပ်နိုင်လောက်အောင် ဖြစ်လာသည့်အခါ သူ့သားရဲ့ အကျင့်စရိုက်ကို ပြုပြင်ပေးဖို့အတွက် စစ်တပ်ပို့ဖို့ သူ ဆုံးဖြတ်လိုက်သည်။ သို့သော် ဒီလို ဖြစ်လာမယ်လို့ ထင်ခဲ့မည်နည်း။
သူ့သားက တကယ်ပဲ သေဆုံးသွားခဲ့တာလား..
" ဟူအား.. ငါ့ရဲ့ သားလေး ဟူအာ.. မင်း သေသွားတော့ ငါ ဘယ်လိုလုပ် အသက်ရှင်နေရဦးမှာလဲ.."
ချွေကျင်းဖန်း၏ မျက်ရည်တို့က စီးဆင်းကျလာသည်။ ဆိုးသွမ်းလှသော မြေအောက်လောက၏ ဘုရင်တစ်ပါးက ယခုအခါမှာ ရှိုက်ကြီးတငင်ဖြင့် ငိုကြွေးလို့ နေသည်။
" သူတို့အားလုံး သေတာကို ငါလိုချင်တယ်.."
" ငါသားသေသလို မင်းတို့အားလုံးလည်း သေရမယ်.. နှင်းလင်းယုန်နယ်မြေက တုန်ပိုကလန် တစ်ခုလုံးပဲ.. တုန်ပိုချင်းရှိနဲ့ တုန်ပိုရွှယ်ယင်ဆိုတဲ့ အကောင်နှစ်ကောင်ရောပဲ.. ရဲတိုက်အထဲမှာ ရှိတဲ့ လူမှန်သမျှ ငါ့သားသေသလို သေရမှာကို ငါ လိုချင်တယ်.."
ချွေကျင်းဖန်၏ မျက်လုံးမှာ ရူးသွပ်ခြင်းများနှင့် ဖိတ်ဖိတ်တောက်နေ၏။
" အားလုံး သေရမယ်.."
" အစ်ကိုကြီး.." အပြင်ကနေ လူတစ်ယောက်က ပြေးဝင်လာခဲ့သည်။ ထိုလူမှာ ရှုပ်ပွနေသော ဆံပင်များ ရှိပြီး သူရဲ့ မျက်နှာတစ်ခုလုံး၊ ခန္ဓာကိုယ်တစ်ခုလုံးမှာ အနံ့ထွက်နေသည့် အမွေးများ ရှိသည်။ သူ့၏ အစိမ်းရောင် တောက်ပနေသာ မျက်လုံးတို့က သူသည် သမန်းဝံပုလွေမျိုးနွယ်မှ ဖြစ်ကြောင်းကို ပြသနေသည့်အလားပင်။ ထိုပုဂ္ဂိုလ်မှာ ချွေကျင်းဖန်းအောက်က ဒုခေါင်းဆောင် ဖြစ်ပြီး စွမ်းအားကြီးသည့် ငွေလအဆင့် စစ်သည်တစ်ယောက်လည်း ဖြစ်သည်။
သူ့အစ်ကိုကြီး၏ တစ်ခြားနာမည်က ခွေးရူး ဖြစ်သလို သူ့ကိုလည်း ဝံပုလွေဆိုးဟု ခေါ်ကြသည်။
" အစ်ကိုကြီး.. အခု အစ်ကိုကြီး လုပ်ရမှာ တစ်ခုတည်းက အမိန့်ပေးဖို့ပါပဲ.. ကျုပ် အဲဒီကို သွားပြီး သူတို့ကလန်ကို မြေလှန်ဖျက်ဆီးပစ်လိုက်မယ်.." ထို ဝံပုလွေလူက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
" ငါတို့က သူတို့ကို ဘာအစီအစဥ်မှ မရှိဘဲ သွားသတ်မယ်လို့ ထင်နေတာလား.. မဟုတ်ဘူး.. "
ချွေကျင်းဖန်း၏ အမူအရာက ကြောက်စရာ ကောင်းလာခဲ့သည်။
" ဟူအာနဲ့ နံပါတ်ငါး အဘိုးကြီးကျောက်တို့ ဘယ်လို သေသွားတာလဲဆိုတာ မင်း နားမထောင်ခဲ့ဘူးလား.. မှော်စာလိပ်တစ်လိပ်တည်းနဲ့ သေသွားတာကွ.. ဥက္ကာပျံအဆင့်တောင်မှ အဲဒီမှော်အစွမ်းကို မခံနိုင်ဘူး.. ချက်ချင်း သေသွားလိမ့်မယ်.. အဲဒါက အဆင့်၅ မှော်စာလိပ်ရဲ့ အစွမ်းပဲ.. ငါတို့ စုံစမ်းကြည့်သလောက်က တုန်ပိုရွှယ်ယင်က ငွေလအဆင့် စစ်သည်တစ်ယောက်ပဲ.. သူ့ရဲ့ ရဲတိုက်ထဲမှာ သူ ရှိနေတော ငါတို့ ငွေလအဆင့် ၃ ယောက်တည်းနဲ့ သူတို့ကို မြေလှန်ဖျက်ဆီးမတဲ့လား.. အထူးသဖြင့် သူတို့က သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေထဲမှ ရှိနေတာ.."
" ဒါဆို ကျနော်တို့ ဘာလုပ်ကြရမလဲ.." ဝံပုလွေလူက ဆန္ဒစောစွာဖြင့် မေးလိုက်သည်။
" သူကို ဆုငွေထုတ်ရမယ်.." ချွေကျင်းဖန်းက အေးစက်သည့် မျက်နှာထားဖြင့် မေးလိုက်သည်။
" သွေးစွန်းအရက်ဆိုင်.."
" သွေးစွန်းအရက်ဆိုင်လား.." ဝံပုလွေလူက အံ့အားသင့်သွားသည်။
သွေးစွန်းအရက်ဆိုင်မှာ ရှည်ကြာသည့် သမိုင်းကြောင်းရှိသည်။ ထို့ကြောင့်လည်း သွေးစွန်းအရက်ဆိုင်က ယခုထက်တိုင် တည်ရှိနေဆဲပင်။
တာဝန်တစ်ခုကို ပေးဖို့အတွက် စျေးနှုန်းတစ်ခု လိုအပ်သည်။ ထိုစျေးနှုန်းကိုလည်း သွေးစွန်းအရက်ဆိုင်ကပဲ သတ်မှတ်ရသည်။ တဖန် ပေးလိုက်သည့် ဆုကြေးတန်ဖိုး၏ ၈၀ ရာခိုင်နှုန်းကို သွေးစွန်းအရက်ဆိုင်က ယူ၍ ကျန်သည့် ၂၀ ရာခိုင်နှုန်းကို ငှားရမ်းလိုက်သည့် လုပ်ကြံသူအတွက် ပေးရသည်။ ထို့ကြောင့်လည်း သူတို့၏ ဝန်ဆောင်မှုအတွက် ပေးရသည့် တန်ဖိုးက များပြားနေတော့သည်။
" သူတို့ကို ပေးရမဲ့ စျေးနှုန်းက တကယ်မြင့်တာနော်.." ဝံပုလွေလူက အံ့အားသင့်စွာဖြင့် ပြောလိုက်မိသည်။
" ငါ သူတို့အားလုံးကို သေစေချင်တယ်.. တုန်ပိုကလန်တစ်ခုလုံး သေရမယ်.. အဲဒီအတွက် ဘယ်လောက်ပဲ ပေးရပါစေ.. ငါ ဂရုမစိုက်ဘူး.." ချွေကျင်းဖန်းက အံကို ကြိတ်၍ ပြောလိုက်သည်။
" ဒီသတင်းက နံပါတ်၂ ညီက အင်ပါယာစစ်တပ်ရဲ့ သတင်းကွန်ရက်ကို သုံးပြီး ပို့လာတာ.. ဒီအခွင့်အရေးကို ငါ့ အသုံးချရမယ်.. သံကို မအေးခင် ရိုက်ရသလို ငါ့သားအကြောင်းကို တုန်ပိုရွှယ်ယင် မသိခင် သတ်ရမယ်.."
" ဟုတ်တယ်.." ဝံပုလွေလူက ခေါင်းညိတ်လိုက်သည်။
မြေအောက်လောကတွင် နေလာတာ ကြာပြီးမို့ သံကို ပူတုန်း ရိုက်ဖို့ အရေးကြီးသည်ကို သူတို့ ကောင်းကောင်း နားလည်သည်။ အရင်ဦးဆုံး လက်ဦးယူထားခြင်း၏ ကောင်းကွက်ကို သူတို့ နားလည်သည်။
" ငါပြောတာကို ညွန်ကြားထားလိုက်.. ငါ့သား သေတဲ့ ကိစ္စကို လျှို့ဝှက်ချက်အဖြစ် ထားရမယ်.. ဒီအကြောင်းကို သိတဲ့ လူတွေကိုလည်း အကျဥ်းချထားလိုက်., " ချွေကျင်းဖန်းက အေးစက်စွာဖြင့် အမိန့်ပေးလိုက်သည်။
" တုန်ပိုကလန် ပျက်စီးသွားတဲ့အခါကျမှ သူတို့ကို ပြန်လွှတ်လိုက်.. ငါ အခု သွေးစွန်းအရက်ဆိုင်ကို သွားလိုက်ဦးမယ်.."
တစ်ဖက်လူတို့၏ အကြောင်းကို စုံစမ်းထားပြီး၍ တစ်ဖက်က ပြန်လည် လက်တုံ့ပြန်မှာကို သူ အခွင့်အရေး ပြန်မပေးလိုချေ။
***
ညအချိန်..
သွေးစွန်းအရက်ဆိုင်၌..
ထိုအရက်ဆိုင်ကား အလွန်တရာ လူရှုပ်၍ စည်ကားသည်။ ခရီးသွားလာသူများ.. သွေးဆာလောင်သည့် လူများ ထိုနေရာတွင် ခြေချင်းလိမ်လျက် ရှိကြသည်။ ချမ်းသာကြွယ်ဝသည့် လူကုံတံတို့ပင် ထိုနေရာတွင် အရမ်းကာရော မပြုမူရဲကြချေ။ ထိုနေရာတွင် ရှိသော လူတို့က ရာထူးအဆင့်တန်းနှင့် နောက်ခံအသိုင်းအဝိုင်းဆိုတာကို ဂရုစိုက်တတ်ကြသူများ မဟုတ်နေချေ။
လုပ်ကြံသူက သတ်ဖြတ်ပြီးနောက် ထွက်ပြေးသွားမည် ဖြစ်ကာ တကယ်လုပ်ကြံသူကို သိဖို့က ခဲယဥ်းလှဿည်.
" အပေါ်ထပ်ကို ကြွပါ.." အရက်ဆိုင်တွင် အထူးတံခါးတစ်ပေါက်ရှိပြီး အလုပ်ကို လက်ခံချင်သူနှင့် အလုပ်အပ်ချင်သူတို့ကိုသာ လက်ခံသည့် တံခါး ဖြစ်၏။
ချွေကျန်းဖန်းက သူ့ရဲ့ အနက်ရောင်ဝတ်ရုံကနေ သွေးစွန်းအမိန့်ပြားကို အမှတ်အသားအဖြစ် ထုတ်ယူလိုက်သည်။ အလုပ်တာဝန်တစ်ခုကို လက်ခံသည် ဖြစ်စေ ပေးအပ်သည်ဖြစ်စေ သွေးစွန်းအမိန့်ပြား ရှိရမည် ဖြစ်ကာ အနည်းဆုံး နဂါးတောင်အိမ်တော်၏ သံမဏိနက်အမိန့်ပြား ရှိရမည်။
သွေးစွန်းအရက်ဆိုင်၏ ဒုတိယအထပ်..
ထိုနေရာတွင် အလွန်ကို တိတ်ဆိတ်သည်။ ထိုနေရာတွင် လူအနည်းငယ် ရှိပါသော်လည်း တချို့က မျက်နှာဖုံးတပ်ထားကြကာ တစ်ချို့က ရုပ်ဖျက်ထားကြသည်။ ထိုသူတို့မှာ အများအားဖြင့် လုပ်ကြံသတ်ဖြတ်သူများ ဖြစ်ကြလေကာ သူတို့၏ ရုပ်အမှန်ကို ဖုံးကွယ်ထားကြသည်။ အဇူရီမြစ်စီရင်စုထဲတွင် ရှင်းဖန်းယွင်ကဲ့သို့ စွမ်းအားကြီးသည့် လူအနည်းငယ်တို့လောက်ကသာ လုပ်ကြံသတ်ဖြတ်ပြီးနောက် သူတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ပြောဝံ့ကြသည်။
ရှင်းဖန်းယွင်မှာ ဝင့်ကြွားရဲရလောက်အောင်လည်း အင်အားကြီးမားသည်။ တကယ်၍ သူသာ ကလန်တစ်ခု ထောင်လိုက်ပါက အဇူရီမြစ်စီရင်စု၏ စစ်ကလန်သည်လည်း တုန်လှုပ်သွားလိမ့်မည်။
" ငါ အလုပ်တစ်ခု အပ်ချင်လို့.." ချွေကျင်းဖန်းက ဒုတိယအထပ်မှာပဲ နေရာယူ ထိုင်လိုက်သည်။ သူ့အရှေ့တွင် ခရမ်းရောင်အဝတ်နှင့် အမျိုးသမီးတစ်ယောက် ရှိနေ၏။
" ဆက်ပြောပါ.." သူမက ပြုံးလိုက်၏။
" ရီရွှေမြို့က နှင်းလင်းယုန်နယ်မြေရဲ့ တုန်ပိုကလန်က လူတစ်ယောက်ကို ဆုကြေးငွေ ကြေညာချင်လို့ပါ.. နှင်းကျောက်ရဲတိုက်က လူအားလုံးကို သေစေချင်တယ်.. အထူးသဖြင့် တုန်ပိုချင်းရှီနဲ့ တုန်ပိုရွှယ်ယင်တို့က သေကို သေရမယ်.."
" ကောင်းပါပြီ.. ခနလောက် စောင့်ပေးပါ.. ဆုကြေးငွေကို တွက်လိုက်ပါဦးမယ်.."
သတ်ဖြတ်ဖို့.. ဟုတ်လား.. အထွတ်အထိပ်အဆင့်တစ်ယောက်ကို သတ်ဖို့ အလုပ်အပ်ရင်တောင် သွေးစွန်းအရက်ဆိုင် လက်ခံလိမ့်မည်သာ။
သူတို့တောင်းဆိုသည့် ငွေပမာဏကိုသာ အပြည့်အဝ ပေးနိုင်ဖို့သာ လိုအပ်မည်။
" အဟမ်း..အဟမ်း.. " ချွေကျင်းဖန်းမှာ စိတ်ရှည်စွာ သည်းခံစောင့်ဆိုင်းဖို့ မနည်း အောင့်အည်းနေရသည်။ သူ့သားအတွက် လက်စားချေဖို့အတွက်၊ တုန်ပိုကလန်တစ်ခုလုံးကို သုတ်သင်ရှင်းလင်းဖို့အတွက် စောင့်ဆိုင်းအချိန်ကလေး ကြာမြင့်နေတာကို သူ တကယ်ပဲ စိတ်မရှည်နေတော့ပေ။
ထိုစဥ်အချိန်တွင် ခရမ်းရောင်အဝတ်နှင့် အမျိုးသမီးက သူမလက်ထဲရှိ ဖန်လုံးကို ငေးစိုက်ကြည့်နေ၏။ ကိန်းဂဏန်းအချို့ ထွက်ပေါ်လာပြီးနောက် သူမက ခေါင်းညိတ်လိုက်ကာ
" တုန်ပိုကလန်ကို အမြစ်ဖြတ်သုတ်သင်ဖို့အတွက် သင် ဆန္ဒ ရှိနေရင် ငွေပေါင်တင်ရမှာက ရွှေဒင်္ဂါး သုံးသန်း ဖြစ်ပါတယ်.."
" ဘာ.. သုံးသန်း.. " ချွေကျန်းဖန်းက ချက်ချင်းပဲ မတ်တတ်ရပ်လိုက်သည်။
" ဘာကြောင့် ဒီလောက်တောင် စျေးမြင့်နေရတာလဲ.. ဒါက မဟုတ်သေးပါဘူး.. တုန်ပိုရွှယ်ယင်က ငွေလအဆင့် စစ်သည်တစ်ယောက်ပဲ မဟုတ်ဘူးလား.. အဲဒါကို သူ့ကလန်တစ်ခုလုံးကို ရှင်းပစ်ဖို့က ရွှေဒင်္ဂါး သုံးသန်းတောင်မှ.. တကယ်၍ မင်းတို့ သွေးစွန်းအရက်ဆိုင်က ဆုကြေးငွေရဲ့ ၈၀ ရာခိုင်နှုန်းကို ယူပြီး ကျနဲ့ ၂၀ ရာခိုင်နှုန်း ဖြစ်တဲ့ ရွှေဒင်္ဂါး ၆သိန်းကို လုပ်ကြံသူကိ ပေးရတာ နည်းနည်းတော့ မများနေဘူးလား.. ဘယ်လို လုပ်ကြံသူတွေမို့လို့ ဒီလောက် ငွေပမာဏကို လိုအပ်ရတာလဲ..
သွေးစွန်းအရက်ဆိုင်တွင် ငွေပေါင်တင်ရမည့် ပမာဏကို သတ်မှတ်ဖို့အတွက် တင်းကျပ်သည့် လုပ်ထုံးလုပ်နည်းများ ရှိသည်။
နဂါးတောင်အိမ်တော်တွင် ရှိသော တုန်ပိုရွှယ်ယင်၏ သတင်း အချက်အလက်ကို လျှို့ဝှက်အဖြစ် ထားရှိခဲ့ပေမဲ့ ရွှယ်ယင်က အသက် ၁၅ နှစ်တည်းဖြင့် ဆေးလ်ဗားမွန်းဝံပုလွေဘုရင်နှင့် အရပ်ကျားသစ်တို့ကို သတ်သည့် သတင်းက သူတို့ထံမှာလည်း ရှိနေခဲ့သည်။ အရိပ်ကျားသစ်ကို သတ်ဖြတ်ပြီး၍ ၎င်း၏ တန်ဖိုးရှိသည့် အစိတ်အပိုင်းများကို ရောင်းချရာတွင်လည်း မှောင်ခိုစျေးတွင်သာ ရောင်းချခဲ့သည်။ သို့သော် နဂါးတောင်အိမ်တော်နှင့် သွေးစွန်းအရက်ဆိုင်တို့က ထိုကိစ္စကို ရအောင် စုံစမ်းနိုင်ခဲ့သည်။ ထို့ကြောင့်လည်း ရွှယ်ယင်က အသက် ၁၅ နှစ်တည်းဖြင့် ငွေလအဆင့်ကို ရောက်နေတာကို သွေးစွန်းအရက်ဆိုင်က သိရှိနေခဲ့သည်။
ထို့အပြင် တုန်ပိုရွှယ်ယင်က ရွှေဒင်္ဂါးပြား ၅သိန်းကို သုံးဖြုန်းခဲ့သည့် သတင်းကိုလည်း သူတို့ သိရှိထားသည်။ ရွှေဒင်္ဂါးပြား သန်းဂဏန်းခန့် မရှိဘဲ ဘယ်သူက ထိုကဲ့သို့ သုံးစွဲနိုင်မည်နည်း။
ထို့ကြောင့် ထိုကဲ့ သတင်းအချက်အလက်များကို စုဆောင်း၍ သွေးစွန်းအရက်ဆိုင်က ကောက်ချက် ချလိုက်သည်။ တုန်ပိုရွှယ်ယင်သည် ဒဏ္ဍာရီအဆင့်ဖြစ်နေနိုင်ခြေအလားလာက ရာခိုင်နှုန်း ၃၀ လောက် ရှိသည်ဟု သူတို့ ယူဆလိုက်သည်။
" ဒါ.. ဒါ.. " ချွေကျင်းဖန်းက မယုံနိုင်အောင် ဖြစ်သွားရသည်။
စျေးနှုန်းက အထူးကို မြင့်လွန်းသည်။ ဒဏ္ဍာရီအဆင့်တစ်ယောက်၏ ကလန်တစ်ခုတောင်မှ အများဆုံး ရွှေဒင်္ဂါးပြား ၂သန်း သုံးသန်းလောက်သာ ချမ်းသာသည်မဟုတ်လား။ ထိုသို့ ဆိုလျှင် သာမန် ဒဏ္ဍာရီအဆင့် တစ်ယောက်ဆိုလျှင်တောင် သူတို့၏ အရာအားလုံးကို ရောင်းချ၍ ထိုငွေပမာဏမျိုး ပေးနိုင်မှာ မဟုတ်ချေ။
ချွေကျင်းဖန်းကိုယ်တိုင်က မြေအောက်လောက၏ သူဋ္ဌေးကြီးတစ်ဦး ဖြစ်သော်လည်း သူ့အထက်မှာ စစ်ကလန် ရှိသေးသည်။ သူကိုယ်တိုင် နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သည့်တောင်မှ သူ့တွင် ရွှေဒင်္ဂါး တစ်သန်း လောက်သာ ရှိသည်။
" ကျွန်မတို့ရဲ့ သွေးစွန်းအရက်ဆိုင်မှာ စျေးနှုန်းညှိလို့ မရပါဘူး.. တကယ်၍ မတတ်နိုင်ရင် အပြင်ကို ပြန်ထွက်သွားပါတော့.." ခရမ်းရောင်အဝတ်နှင့် အမျိုးသမီးက အေးဆေးစွာဖြင့် ပြောလိုက်သည်။
အပိုင်း (၅၉ ) လုပ်ကြံသူ
ချွေကျင်းဖန်း၏ မျက်နှာက မည်းမှောင်၍ အလွန်တရာ ရုပ်ဆိုးနေတော့သည်။
ဘာပဲ ဖြစ်နေဖြစ်နေ မည်သူမှ သွေးစွန်းအရက်ဆိုင်အရှေ့တွင် မမောက်မာရဲချေ။ တကယ်၍ သူတို့က ကမ္ဘာကို သိမ်းပိုက်စုစည်းထားသည့် အင်ပါယာလိုမျိုး.. နဂါးတောင်အိမ်တော်ကဲ့သို့ အင်ပါယာမျိုး. ဒါမှမဟုတ် နတ်ဘုရားတစ်ပါး.. ထိုကဲ့သို့ တစ်ခုခု ဖြစ်နေခဲ့ရင်တောင်မှ သွေးစွန်းအရက်ဆိုင်နှင့် မြေကမ္ဘာနတ်ဘုရားကျောင်းတို့ကို သတိထားဆက်ဆံနေရဦးမည်။
သို့သော် ရွှေဒင်္ဂါး သုံးသန်းက သူ တတ်နိုင်သည့် အရာမဟုတ်တော့ပေ။
တကယ်၍ သူ လက်စားချေလို့ မရခဲ့ရင် ဘာဖြစ်နိုင်မည်နည်း။
သူပဲ သေရလိမ့်မည်။
" ကျုပ်.. ကျုပ်.. အလုပ်အပ်တာနဲ့ ပတ်သတ်ပြီး နည်းနည်း ပြောင်းလို့ ရမလား.."
ချွေကျင်းဖန်းက အံကို ကြိတ်၍ မေးလိုက်သည်။
" လူသတ်သမား ဖြစ်တဲ့ တုန်ပိုချင်းရှီပဲ သေရင် ရပြီး.. ကျန်တဲ့သူတွေကိုတော့ ငါ ဂရုမစိုက်နေလည်း ရတယ်.."
" လူသတ်သမားလား.. " ခရမ်းရောင်အဝတ်နှင့် အမျိုးသမီးက မျက်မှောင်ကြုတ်၍ ချွေကျင်းဖန်းကို စေ့စေ့ ကြည့်လိုက်သည်။ သွေးစွန်းအရက်ဆိုင်၏ လုပ်ထုံးအရ ထိုအတိုင်း စုံစမ်းရဦးမည် ဖြစ်သလို မည်သည့်သတင်းကိုမှလည်း ပေါက်ကြားစေမှာ မဟုတ်ပါဘူး။
" ဟုတ်တယ်.. လူသမားသမား.."
ချွေကျင်းဖန်းက သွေးစွန်းအရက်ဆိုင်၏ အစွမ်းကို ယုံကြည်စိတ်ချနေ၏။ သူက အက်ကွဲသော အသံဖြင့် " အဲဒီ ခွေးသားလေးကို သေစေချင်တယ်.. သူ့နာမည်က တုန်ပိုချင်းရှီ.. အဲဒီ မှော်ဆရာကို သတ်ရင်ရော ဘယ်လောက် ကျသင့်မလဲ .. နောက်ပြီး အချိန်က အရေးကြီးဆုံးပဲ.. အဲဒီနေ့တုန်းက ဘာတွေ ဖြစ်သွားသလဲဆိုတာ တုန်ပိုရွှယ်ယင်က မကြာမီ သိလာနိုင်တယ်.. ဒါဆိုရင် ဒီအလုပ်အပ်တာက မကြာခင် ပျက်သွားမှာကို စိုရိမ်ရတယ်.."
" ကျွန်မတို့ သွေးစွန်းအရက်ဆိုင်ရဲ့ စွမ်းရည်ကို ယုံကြည်လိုက်ပါ.."
ခရမ်းရောင်အဝတ်နှင့် အမျိုးသမီးက ပြုံးလိုက်သည်။
"ခဏလောက် စောင့်ပေးပါ.. တုန်ပိုချင်းရှီကို သတ်ဖို့အတွက် နှုန်းခက မကြာခင် ထွက်လာမှာပါ.."
သူမ အရှေ့က စားပွဲခုံပေါ်ရှိ ဖန်လုံးကို ငေးကြည့်ရင်း ပြောလိုက်သည်။
" တုန်ပိုချင်းရှီကို တစ်ရက်အတွင်း သတ်ဖို့အတွက်က ရွှေဒင်္ဂါး တစ်သန်းပါ.." သူမက ပြောလိုက်လေသည်။
" ရွှေဒင်္ဂါးတစ်သန်း..ဟုတ်လား.. သူက သာမန် မှော်ဆရာပဲလေ.. မြေကမ္ဘာအဆင့်ကိုတောင် မရောက်နေဘူး.."
ချွေကျင်းဖန်း၏ မျက်လုံးက ပြုးကျယ်သွားသည်။
" သိပ်တော်တဲ့ လုပ်ကြံရေးသမားတစ်ယောက်ကို လွှတ်ပြီး သူ့ကို အမှောင်ထဲမှာ လုပ်ကြံရုံပဲလေ.. အရမ်းကို ရိုးရှင်းတဲ့ အလုပ်ပဲ.."
" ရှင်သိထားဖို့က အခုဆိုရင် နှင်းကျောက်ရဲတိုက်က အစောင့်အကြပ် တွေနဲ့ တင်းကျပ်နေလောက်ပြီး.. တုန်ပိုချင်းရှီလည်း ရဲတိုက်ကနေ ထွက်ဦးမှာ မဟုတ်ဘူးလို့ ကျွန်မထင်တယ်.." ခရမ်းရောင်အဝတ်နှင့် အမျိုးသမီးက ပြောလိုက်သည်။
" တကယ်လို့ ဒီအလုပ်ကို ဆောင်ရွက်ဖို့ အချိန်ကို နောက်ကျထားလို့ ရတယ်ဆိုရင်တော့ ရွှေဒင်္ဂါးတစ်သိန်းလောက်ပဲ ကျသင့်တော့မယ်.. ဒါပေမဲ့ ဒီနေ့ပဲ လုပ်ကြံပေးစေချင်ရင်တော့ ကျွန်မတို့အနေနဲ့ ဒီအလုပ်ကို လက်ခံမဲ့ လုပ်ကြံရေးသမားကို လိုအပ်မယ်.. လုပ်ကြံရေးသမားကလည်း အဲဒီနေရာကို အပြေးသွဦးရမယ်.. အချိန်က အရမ်းကို တိုတောင်းလွန်းတယ်.. အဆိုးဆုံးအနေနဲ့ ရဲတိုက်ထဲက အန္တရာယ်ကိုလည်း ရင်ဆိုင်ရဦးမယ်.."
ခရမ်းရောင်အဝတ်နှင့် အမျိုးသမီးက ပြုံးရင်း ပြောလိုက်သည်။
ချွေကျန်းဖန်းက အံကိုသာ ကြိတ်ထားရသည်။
သွေးစွန်းအရက်ဆိုင်၏ စျေးနှုန်းက ညှိနှိုင်းခွင့် မရှိချေ။ ငွေပမာဏကို ပေးချေမလား.. ထွက်သွားလိုက်မလား..။
" ကောင်းပြီ .. ငါ လက်ခံတယ်.." ချွေကျန်းဖန်းက နှုတ်ခမ်းကို ရှုံ့မဲ့၍ ပြောလိုက်သည်။
" ခပ်မြန်မြန်လေး ဆောင်ရွက်ပြီး တတ်နိုင်သမျှ အကောင်းဆုံး ဆောင်ရွက်ပေးပါ.."
" ဒါဆို ကျေးဇူးပြုပြီ ပိုက်ဆံပေးပါ.." သူမက အခကြေးငွေ တောင်းခံလိုက်သည်။
ချွေကျန်းဖန်းမှာ ရင်ထဲတွင် အောင့်သက်သက် ဖြစ်ရသော်လည်း သူ့သား သေဆုံးခြင်းကြောင့် ပူဆွေးသောကရောက်ရာမှ အရူးကဲ့သို့ ဖြစ်နေလေသည်။ အခြားအရာများကို သူ ဂရုမစိုက်နေတော့ချေ။
သူ့လက်ကို တစ်ချက် လှုပ်လိုက်သည့်အခါတွင် ရွှေထုတ်ခွင့် လက်မှတ် တစ်ထပ်ကြီး ပါလာခဲ့သည်။ ထိုရွှေထုတ်ခွင့်လက်မှတ်တစ်ထပ်က ရွှေဒင်္ဂါး တစ်သန်းနှင့် ညီမျှသည်။
အရင်တုန်းတွင် သူက ထိုပိုက်ဆံတို့ကို အမြဲတစေ ထုတ်ရေတတ်သည်။ ထိုပိုက်ဆံတွေက မြေအောက်လောကတွင် ကျင်လည်စဥ်က စုဆောင်းထားသည့် ပိုက်ဆံများ ဖြစ်ကြသည်။
" ရှင်နဲ့ အလုပ်တွဲလုပ်ရတာ.. ဝမ်းသာစရာပါပဲ.." သူမ ညင်သာစွာ ပြုံးရင်း ပြောလိုက်သည်။
" ဒါဆို ကျွန်မတို့ လုပ်ကြံရေးသမားကို ဆက်သွယ်ပြီး အလုပ်စခိုင်း လိုက်တော့မယ်.."
" အင်း.." ချွေကျင်းဖန်းက ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးက မုန်းတီးခြင်းများဖြင့် အရောင်ထွက်လို့ နေသည်။
တုန်ပိုချင်းရှီ သေနေတာကို မြင်ယောင်နေသကဲ့သို့ပင်။ သွေးစွန်းအရက်ဆိုင်၏ စွမ်းဆောင်ရည်ကို သူ အတော်လေး ယုံကြည်သည်။ သွေးစွန်းအရက်ဆိုင်က လက်ခံပြီး ဆောင်ရွက်ပေးသည့် ကိစ္စတို့မှာ အောင်မြင်မှုနှုန်း များသည်။
သို့သော် ကံမကောင်းသည့် တစ်ချို့အခြေအနေများလည်း ရှိခဲ့သည်။ ဥပမာအားဖြင့် ပစ်မှတ်က ဒဏ္ဍာရီအဆင့်ဟု ဆိုသော်လည်း တကယ်တမ်းတွင် အထွတ်အထိပ်အဆင့် ဖြစ်နေခြင်းမျိုးပင်။ ထိုအခါမျိုးတွင် သွေးစွန်းအရက်ဆိုင်က အလုပ်ကို ခဏ ရပ်ဆိုင်းလိုက်ပြီး နှုန်းထားကို ထပ်တိုးမှာလား ဟု မေးကြသည်။ ပေးပြီးသား ပိုက်ဆံတို့က ပြန်မရကြတော့ပေ။
တကယ်၍ သွေးစွန်းအရက်ဆိုင်၏ စည်းကမ်းကို မနှစ်သက်ခဲ့လျှင် ထိုနေရာကို မသွားကြရုံသာ ရှိမည်။
***
ထိုညတွင်..
သွေးစွန်းအရက်ဆိုင်၏ လျှို့ဝှက်လမ်းကြောင်းကနေ အဇူရီမြစ်စီရင်စုထဲက ထိပ်သီးလုပ်ကြံရေးသမားသုံးယောက်ထံသို့ သတင်းပို့လိုက်သည်။ ပေးအပ်လာသည့် တာဝန်က အချိန်နီးကပ်နေပြီးသောကြောင့် အကြောင်းပြန်ပေးဖို့ အချိန်တစ်နာရီသာ ပေးသည်။ တကယ်၍ အဆိုပါသုံးယောက်က လက်မခံလျှင် နောက်ထပ် ဒဏ္ဍာရီအဆင့် လုပ်ကြံရေးသမားများထံသို့ သွေးစွန်းအရက်ဆိုင်ကနေ ဆက်လက် အကြောင်းကြားမှာ ဖြစ်သည်။
ထိုတာဝန်က အန္တရာယ်တော့ ရှိသည်။ တုန်ပိုရွှယ်ယင်က ဒဏ္ဍာရီအဆင့် ဖြစ်နိုင်နေ၏။
ထို့ကြောင့်လည်း ထိုတာဝန်ကို ယူဖို့က တစ်ဖက်က လုပ်ကြံရေးသမားမှာ အနည်းဆုံး တိုက်ခိုက်မှုစွမ်းရည်တွင် ဒဏ္ဍာရီအဆင့် ဖြစ်နေဖို့ လိုသည်။
ထိုတာဝန်တွင် တုန်ပိုရွှယ်ယင်ကို သတ်ဖို့ မလိုသည့် အချက်ကြောင့် စျေးနှုန်းက တစ်သိန်းလောက်သာ ကျသင့်ခဲ့သည်။ တကယ်၍ တုန်ပိုရွှယ်ယင်ကိုပါ သတ်ရတော့မည့်ဆိုလျှင် ထိုတာဝန်အတွက် အသင့်တော်ဆုံးသူက ရှင်းဖန်းယွင် ဖြစ်ပေလိမ့်မည်။
ရှင်းဖန်းယွင်သည် အဇူရီမြစ်စီရင်စုနယ်တွင် အသန်မာဆုံး၊ အစွမ်းအားကောင်းဆုံး သူတစ်ယောက် ဖြစ်ကာ သာမန်ဒဏ္ဍာရီအဆင့် သမားတစ်ယောက်ကို သိုင်းကွက်တစ်ကွက်နဲ့တင် သတ်နိုင်သည်။
ကြောက်စရာကောင်းသည့် သူ့စွမ်းရည်ကြောင့် တစ်ခြားသူ မဆိုနှင့် ဒဏ္ဍာရီအဆင့်တို့ကပင် ကြောက်ရွံ့ရသည်။
နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သူလည်း ဖြစ် နတ်ဆိုးခန္ဓာကိုယ်သို့ ပြောင်းလဲပစ်ခဲ့သည့် စစ်လျောင်ဟုံသည်ပင် နဂါးတောင်အိမ်တော်၏ အဆင့်သတ်မှတ်ချက်စာအုပ်မှာတွင် သူ့အနောက်မှာပဲ ရှိနေခဲ့သည်။ နဂါးတောင်အိမ်တော်၏ အဆင့်သတ်မှတ်ချက်စာအုပ်သည်လည်း အလွန်တိကျသည်။
လျင်မြန်စွာဖြင့် လုပ်ကြံရေးသမားများစွာတို့ဟာ ထိုတာဝန်ကို သိရှိသွားကြသည်။
ထို့အပြင် ထိုတာဝန်ကို လက်ခံယူလိုက်သည့်သူကား ကြောက်စရာကောင်းသည့် လုပ်ကြံသတ်ဖြတ်သူ လေနတ်ဆိုးပင် ဖြစ်၏။
****
စီရင်စုနယ်ထဲတွင်
နေရာကျယ်ဝန်းသော သာမန်ခြံဝင်းတစ်ခုတွင်..
လူငါးဦးတို့က အလင်းရောင်ရသော နေရာတစ်ခုတွင် ဝိုင်းဖွဲ့၍ စကားဆိုနေကြသည်။
" အစ်ကိုကြီး.. ကျနော် တတိယညီလေးကိုပဲ ခေါ်သွားလိုက်တော့မယ်.. "
ထိုစကားကို ပြောသူက ငွေရောင်သံချပ်ဝတ်အင်္ကျီနှင့် သူ့ရင်ဘတ်တွင် ကြည့်ရထူးဆန်းလှသော ကြေးအရောင် စက်သွားတစ်ခုကို သူ့ရင်ဘတ်မှာ တပ်ဆင်ထားသည်။
သူ့ရဲ့ ခန္ဓာကိုယ်က ကျစ်လစ်ပြီး သူ့မျက်နှာတစ်ဝက်ကိုလည်း ငွေရောင် မျက်နှာဖုံးတစ်ခုဖြင့် ဖုံးထားသည်။ သူက ဆက်ပြောသေးသည်။
" ဒီတစ်ခေါက် လုပ်ကြံတဲ့ ကိစ္စက လွယ်လွယ်လေးပါ.. စုဆောင်းထားတဲ့ သတင်းအချက်အလက်အရ တုန်ပိုရွှယ်ယင်က ဒဏ္ဍာရီအဆင့် ဖြစ်နေနိုင်တယ်.. ဟားဟား.. သူက အသက် ၂၂ နှစ်ပဲ ရှိသေးတာ.. အသက် ၂၂ နှစ်နဲ့ ဒဏ္ဍာရီအဆင့်.. ဘယ်လို ယုံကြည်ရမှာလဲ.. "
" တကယ်လို့ ဟုတ်တယ်ဆိုရင်တောင် သူ ကျနော့်ကို ခွန်အားအရာမှာ သာမှာ မဟုတ်ပါဘူး.. "
ကျစ်လစ်တောင့်တင်းသည့် အဆိုပါလူက အားပါးတရ ရယ်မောလိုက်သည်။
" အစ်ကိုကြီးကိုယ်တိုင် လိုက်ဖို့ မလိုပါဘူး.. "
သူကား လုပ်ကြံသတ်ဖြတ်သူ လေနတ်ဆိုးပင် ဖြစ်ချေသည်။
ဒဏ္ဍာရီအဆင့်တစ်ယောက်၏ စွမ်းအားမျိုးနှင့် လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက်..။
" ဟုတ်တယ်.. အစ်ကိုကြီး.. ကျွန်မတို့ သုံးယောက်လည်း ရှိနေတာပဲ.. "
ထိုစကားကို ဆံပင်အဖြူနှင့် မှော်ဆရာမက ပြောလိုက်သည်။
သူသည် ငွေလအဆင့် မှော်ဆရာမတစ်ယောက် ဖြစ်ပြီး ထိုအတွက်လည်း ဂုဏ်ယူသူတစ်ယောက် ဖြစ်သည်။ သို့သော် အစ်ကိုကြီး၏ အရှေ့တွင် မည်သူမှ မကြွားရဲကြချေ။
စာပွဲခုံ၏ ထိပ်တွင် ထိုင်နေသူက အနီရင့်ရင့် ဝတ်ရုံပွပွကို ဝတ်ဆင်ထားသည်။ လျော့ရဲနေသည့် ဝတ်ရုံကြောင့် သူ့ရင်ဘတ်ကိုပင် မြင်နေရသည်။
သူ့အရပ်က ၁.၉ မီတာ ရှည်သည်။ ရွှယ်ယင် ကြုံခဲ့ဖူးသည့် နတ်ဆိုးတမန်တော် လောက် ကြွက်သားတောင့်တင်းသော်လည်း ကိုယ်ထည်က ထိုမျှလောက် မကြီးချေ။ နတ်ဆိုးတမန်တော်ကမူ နတ်ဆိုးဆန်သော ခန္ဓာကိုယ်မျိုး ရှိသည်။
သို့သော် ကိုယ်ပေါ်မှ ထွက်ပေါ်လာသည့် ဖိအားတို့ကို နှိုင်းယှဉ်ကြည့်လျှင် ထိုလူ၏ ခန္ဓာကိုယ်ပေါ်က ထွက်လာသည့် ဖိအားအရှိန်အဝါတို့က နတ်ဆိုးတမန်တော်ထက် ပို၍ အားကောင်းသည်။
နတ်ဆိုးတမန်တော်က သားရဲကြီးအရှေ့ ရောက်ရှိနေသော ကြက်ဖတစ်ကောင် ကဲ့သို့ ဖြစ်သွားလိမ့်မည်။
သူ့ရဲ့ ချီစွမ်းအင်များက ပို၍ အားပြင်းသည်။
ထို ရက်စက်ကြမ်းကြုတ်သော ချီစွမ်းအင်တို့မှာ သူ လူပေါင်းများစွာကို သတ်ဖြတ်ပြီးမှ ရရှိလာခဲ့ခြင်း ဖြစ်သည်။ သာမန်အားဖြင့် လုပ်ကြံသတ်ဖြတ်သူတို့မှ သူတို့၏ ဇာစ်မြစ်ကို ဖုံးကွယ်ကြသည်။ သို့သော် ထိုလူမှာ ဖုံးလည်း မဖုံးကွယ်ထားသလို ဂရုလည်း မစိုက်နေချေ။ အဘယ်ကြောင့်ဆိုသော် သူ သတ်ခဲ့သမျှ လူတို့က သွေးစွန်းအရက်ဆိုင်ကနေ ဆုကြေးထုတ်ထားသည့် လူများ ဖြစ်ကြ၍ ထိုအတွက် သူ့မှာ အပြစ် မရှိချေ။
လေနတ်ဆိုးမှာ အလွန်သန်မာသည့် ပညာရှင်တစ်ယောက်ဟု ဆိုနိုင်သည်။ သို့သော် အစ်ကိုကြီး ဖြစ်သူ၏ အရှေ့တွင် အသက်ပင် ကျယ်ကျယ် မရှုရဲချေ။ ထို့အတူ သူက အလွန်နာခံဟန် ရှိသည်။
" စစ်လျောင်ဟုံဆိုတဲ့ စုန်းမအိုကတော့ ပုန်းအောင်းနေတာ ကြာပြီး.. ငါက ကိစ္စသေးသေးလေးတစ်ခု မေးမလို့ဟာကို ဖြေဖို့ ငြင်းခဲ့တယ်.. ဘာလို့ဆို ငါ့ရဲ့ အရိုးနေရာကို နည်းနည်း ရွှေ့လိုက်လို့ပဲ.. တစ်ခါတလေ လှုပ်ရှားရင် နာနေသေးတယ်.. ဒီတော့ ငါ မင်းတို့နဲ့ လိုက်ကြည့်ရုံလောက်ပဲ.. သတ်ဖို့ကိစ္စက လွယ်လွယ်လေးပဲဟာ.. မင်းတို့ ကောင်တွေ လုပ်နိုင်ပါတယ်.. တကယ်လို့ တုန်ပိုရွှယ်ယင်က ဒဏ္ဍာရီအဆင့်ဖြစ်နေရင်တော့ ငါ့အတွက် ကစားစရာပဲပေါ့.. "
အဆိုပါ လူသန်ကြီးက ရယ်မောလိုက်သည်။ သူ ကျင့်နေသည့် ကျင့်စဉ်ကြောင့်လည်း သူ့မျက်လုံးက သွေးကဲ့သို့ နီရဲနေ၏။
သူကား အဇူရီမြစ်စီရင်စု၏ နံပတ်တစ်.. ကြောက်စရာအကောင်းဆုံး သတ်ဖြတ်ရေးသမား ရှင်းဖန်းယွင် ဖြစ်၏။
" ကောင်းပါပြီ.. အစ်ကိုကြီးက လိုက်ချင်တယ်ဆိုတော့လည်း သွားကြတာပေါ့.. ဒီတာဝန်က အရမ်းကို လွယ်ကူတော့ အစ်ကိုကြီးက ဝင်ပါစရာတောင် မလိုလောက်ဘူးလို့ ထင်ပါတယ်.. "
လေနတ်ဆိုးက ကျီစယ်၍ ဆိုလိုက်သည်။
***
" ကဲ ငါတို့လည်း တာဝန်ကို လက်ခံလိုက်ပြီးဆိုတော့ မနက်ဖြန် မိုးလင်းအချိန်ကျရင် ရီရွှေမြို့က နှင်းကျောက်ရဲတိုက်ဆီကို သွားကြတာပေါ့.. "
" ဟုတ်ကဲ့.. " လေနတ်ဆိုးနှင့် ကျန်သည့် သုံးယောက်က ခေါင်းညိတ်လိုက်သည်။
****
အပိုင်း ( ၆၀ ) အန္တရာယ်
နောက်နေ့ မနက် ဝေလီဝေလင်းအချိန်တွင်..
အလင်းကဲ့သို့ လျင်မြန်စွာဖြင့် အနက်ရောင် မှော်ယာဉ်ပျံတစ်စီးက တိမ်ထုကို ထိုးဖောက်၍ ရီရွှေမြို့သို့ ပျံသန်းလာသည်။
ရှင်းဖန်းယွင်နှင့် တစ်ခြားလူငါးယောက်တို့က မှော်ယာဥ်ပျံ၏ ထိပ်ဆုံးတွင် ရှိနေကြသည်။ အစေခံနှစ်ယောက်က မှော်ယာဥ်ပျံကို ထိန်းကျောင်းမောင်းနှင်သည်။
ရှင်းဖန်းယွင်က မှော်ယာဥ်ပျံ၏ ကုန်းပတ်နေရာတွင် တွေတွေကြီး ထိုင်လိုက်ကာ သူ့အနားက တိမ်လိပ်များနှင့် ပြောကျယ်လှသည့် ကုန်းမြေကြီးကို ငေးကြည့်လာခဲ့သည်။
" တုန်ပိုရွှယ်ယင်က အသက် ၂၂ နှစ်ပဲ ရှိသေးတယ်လား.."
ရှင်းဖန်းယွင်းက ခပ်အေးအေး ပြုံးလိုက်သည်။
" တကယ်လို့ မင်းက ဒဏ္ဍာရီအဆင့်ဆိုရင် ငယ်ရွယ်တဲ့ ဒဏ္ဍာရီအဆင့်တစ်ယောက်အနေနဲ့ မင်းက ငါ့အတွက် ရှားပါးကစားစရာပဲပေါ့.."
***
နှင်းကျောက်ရဲတိုက်..
နှင်းကျောက်တောင်၏ ထိပ်ဖျားတွင် ရဲတိုက်.. တောင်အစွန်ဖျားတွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက မတ်တတ်ရပ်၍ အပေါ်စီးကနေ ရပ်ကြည့်နေလသည်။ ထိုသို့ ရပ်နေပါသော်လည်း အနားတွင် ဖြတ်သွားသည့် သာမန်စစ်သည်တို့မှာ ဖိအားတစ်မျိုးကို ခံစားနေရသည်။ ခါတိုင်းအချိန်တွင် ရွှယ်ယင်သည် သတ်ဖြတ်လိုသည့် အရှိန်အဝါကို ဖုံးကွယ်ထားသည်။ အခုလက်ရှိအချိန်တွင် သူ့မှာ စိတ်က မကြည်လင်နေချေ။ ထို့ကြောင့်လည်း သူကိုယ်တိုင် မသိလိုက်ဘဲ စိတ်လေးစွာဖြင့် အသက်ပြင်းချလိုက်မိသည်။ သာမန်စစ်သည်တို့ပင် သူ့ခံစားချက်ကို ရိပ်မိနေကြသည်။
ခွပ်..ခွပ်..ခွပ်..
မြင်းများ ကဆုန်ပေါက် လာနေတာ ဖြစ်သည်။ မြင်းသမား သုံးယောက်က သူ့အနား ချဥ်းကပ်လာသည်။
" မင်းတို့ ရောက်လာကြပြီ.." ရွှယ်ယင်က ခေါင်းလှည့်၍ ကြည့်လိုက်သည်။
သူတို့သုံးယောက်ကို အရှင်ဖြစ်သူက မျှော်နေမှန်း မြင်းစီးသမားသုံးယောက်က သိလိုက်ကြသည်။ ထိုသုံးယောက်ထဲက ခေါင်းဆောင်သည် ချက်ချင်း မြင်းပေါ်ကနေ ဆင်းလိုက်ကြပြီး မြင်းဇက်ကြိုးကို တစ်ခြားသူများထံ ကမ်းပေးလိုက်ပြီးနောက် ရွှယ်ယင်ထံ ပြေးလာကြသည်။
" အရှင်.." မြင်းစီးသူက လေးစားစွာဖြင့် ပြောလိုက်သည်။
" အိမ်တော်သခင်စစ်အန်းဆီကနေ ဘာသတင်းရလဲ.." ရွှယ်ယင်က မေးလိုက်သည်။
" အိမ်တော်သခင်စစ်အန်းက ပြောလိုက်ပါတယ်.. ရီရွှေမြို့မှာ လူကုံထံမိသားစုရဲ့ သခင်လေး သေတာမျိုး မရှိပါဘူးတဲ့.. ပြီးတော့ အဇူရီမြစ်စီရင်စုမြို့တော်က နဂါးတောင်အိမ်တော်ဆီကိုလည်း သူက သတင်းပို့ထားပါတယ်တဲ့။ နောက် သုံးရက်ကျရင် အဖြေရလိမ့်မယ်လို့ ယုံကြည်ပါတယ်.."
မြင်းစီးသူက အစီရင်ခံလိုက်သည်။
ရွှယ်ယင်က မျက်မှောင်ကြုတ်လိုက်သည်။
သူ ခန့်မှန်းထားသည့်အတိုင်းပင်။ သခင်စစ်အန်းက ရီရွှေမြို့က အကြောင်းအရာအားလုံးကို သိထားသူ ဖြစ်ရာ ရွှယ်ယင်က ညကတည်းကပဲ သူ့လူကို သခင်စစ်အန်းဆီ လွှတ်ပြီး ထိုကိစ္စနှင့် ပတ်သတ်၍ တတ်နိုင်သမျှ စုံစမ်းဖော်ထုတ်ဖို့ အကူအညီတောင်းခဲ့လိုက်သည်။
ယခုအချိန်ထိ သခင်စစ်အန်းဆီက သတင်းကို သူ စောင့်မျှော်နေခဲ့သည်။ သို့သော် ယခု ကြားရသည့် စကားအရ သခင်စစ်အန်း၏ စုံစမ်းထားသည့် သတင်းက ပြည့်စုံမှု မရှိသေးသည်။ စစ်အန်းအနေဖြင့် သူတို့လူ အချင်းချင်း၏ ကွင်းဆက်သတင်းအရင်းအမြစ်များကို တောင်းခံဖို့ လိုနေသေးသည်။
“ သုံးရက်တောင်လား..” ရွှယ်ယင်က ရေရွတ်လိုက်သည်။
“ ဒီကိစ္စက သိပ်ပြီး မရှုပ်ထွေးဖို့ကိုပဲ ဆုတောင်းရမှာပေါ့လေ.. ဒါပေမဲ့ တစ်ဖက်လူက ဘယ်သူပဲ ဖြစ်ဖြစ်.. ချင်းရှီကို နာကျင်စေဖို့ ငါ ခွင့်ပြုမှ မဟုတ်ဘူး..”
ချင်းရှီက သူငယ်ငယ်ကတည်းက ကျွေးမွေးလာခဲ့သည့် ညီလေးတစ်ယောက် ဖြစ်သည်မဟုတ်လား။ သူတို့နှစ်ယောက်ရဲ့ ညီအစ်ကို ချစ်ခြင်းမျိုးက အရိုးခြင်ဆီထဲက လာသလိုမျိုး အလွန် နက်ရှိုင်းသည်။ ညီငယ်အတွက်ဆိုရင် ပျက်သုဥ်းခြင်းတောင်တန်းအထဲကို ဝင်သွားဖို့ ရွှယ်ယင် တွန့်ဆုတ်နေမှာ မဟုတ်ချေ။
တစ်ခါတလေမှာ လူတွေက ဘာကြောင့် တစ်ခြားလူတွေအတွက် စတေးခံကြသလဲဆိုတာ သူ တစ်ခါတလေ တွေးခဲ့ဖူးသည်။ ဒါပေမဲ့ သူညီငယ်ကို ချီပိုးသည့်အခါမှာ၊ ဂရုစိုက်ပေးသည့်အခါမှာ၊ သူ့ညီငယ်က အစ်ကိုကြီး အစ်ကိုကြီးဟု အနောက်ကနေ အော်ဟစ်ခေါ်သည့်အခါမှာ၊ ညီငယ်လေးက သူ့ခြေထောက်အနားမှာ တိုးခွေ့၍ ချီခိုင်းသည့်အခါမှာ၊ ညီငယ်ဖြစ်သူက ခေါင်းလေးငုံ့၍ သူ ဆုံးမနေသည်ကို နာခံနေသည့်အခါမှာ...
ရွှယ်ယင် နောက်ဆုံး သဘောပေါက်ခဲ့သည်။ ရင်းနှီးဆက်နွယ်မှုတစ်ခုက ကောင်းစွာ နက်ရှိုင်းသွားသည့်အခါမှာ သေခြင်းရှင်ခြင်းကိုပင် ကောင်းစွာ ဖြတ်ကျော်နိုင်သွားလေသည်။
သူနှင့် သူ့ညီငယ်ကြားထဲက သံယောဇဥ်ကလည်း ထိုကဲ့သို့ ရင်းနှီးဆက်နွယ်မှုမျိုး ဖြစ်လေသည်။
“ အရှင်သခင်လေး.. ဒါက သခင်စစ်အန်းကနေ ပေးလိုက်တာပါ..”
မြင်းစီးသမားက စာလိပ်တစ်လိပ်ကို သူ့ဝတ်ရုံကနေ ထုတ်ယူ၍ ရိုသေစွာဖြင့် ပေးလိုက်သည်။
ရွှယ်ယင်လည်း ယူလိုက်ပြီးနောက် ရဲတိုက်အထဲသို့ ဝင်သွားလိုက်သည်။
ရဲတိုက်အဝင်တွင် စစ်သည်များက လေးစားစွာဖြင့် အလေးပြုလိုက်ကြသည်။
“ ငါ့အမိန့်ကို နာခံကြ.. နောက်သုံးရက်အတွင်း.. ချင်းရှီကို ဒီရဲတိုက်ကနေ ခြေတစ်လှမ်းမှ ပေးမထွက်စေနဲ့..” ရွှယ်ယင်က အမိန့်ပေးလိုက်သည်။
“ အမိန့်တိုင်းပါ အရှင်..” စစ်သည်များက နာခံစွာ မှတ်သားထားလိုက်ကြသည်။
သို့သော်လည်း ထိုသုံးရက် ကျော်လွန်သွားပါက ရွှယ်ယင်မှာ သူ့ညီလေးကို အပြင်ထွက်ခွင့် ပေးမည်။ ပြဿနာကို ဖြေရှင်းဖို့အတွက်လည်း အဖြေကို သူ ရှာရမည်။
***
ရဲတိုက်အတွင်း လမ်းလျှောက်နေရင်း လက်ထဲက စာလိပ်ကို ဖွင့်ကြည့်လိုက်သည်။
“ ဟင်..” ရွှယ်ယင် မျက်မှောင်ကြုတ်လိုက်သည်။ “ ဒီစာလိပ်က ညီလေးရဲ ကောင်မလေး ဂျိရုံနဲ့ ပတ်သတ်တဲ့ စာပါလား..”
ရွှယ်ယင်က နဂါတောင်အိမ်တော်ကို ဂျိရုံအကြောင်း စုံစမ်းပေးဖို့ အကူအညီတောင်းထာသည် မဟုတ်လား။ သေသွားသည့် သခင်လေး၏ ဇာစ်မြစ်ကို မသိသေးပေမဲ့ သခင်စစ်အန်းက ဂျိရုံ၏ နောက်ကြောင်းရာဇဝင်ကို သူ့ထံ ပို့ပေးနိုင်သေးသည်။
“ အိုး..” စာလိပ်အထဲက အကြောင်းအရာများကို သူ စေ့စေ့စပ်စပ်ဖြင့် ဖတ်ကြည့်လိုက်သည်။
***
ဂျိရုံ၏ ဖခင်ဖြစ်သူ ဂျိဝူဟိုင်သည် ငယ်စဥ်ကတည်းက မိသားစုအတွက် ကြိုးစားရုန်းကန်ရသူတစ်ယောက် ဖြစ်သည်။ အနှစ် ၂၀ တိုင်တိုင် ကြိုးစားပမ်းစားဖြင့် အလုပ်လုပ်ခဲ့ပြီးနောက်တွင် မိသားစုပိုင် စီးပွားရေးတစ်ခုကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်။ ထိုကဲ့သို့ စီးပွားရေးတစ်ခု အောင်မြင်ခဲ့ပြီးနောက် ဂျိဝူဟိုင်သည် လက်ထပ်ခဲ့ပြီး သမီးတစ်ယောက် မွေးဖွားလာခဲ့သည်။ သမီးနာမည်က ဂျိရုံ။ သူမ ငယ်စဥ်အချိန်တွင် ချမ်းသာသည့် ဘဝမျိုး ပိုင်ဆိုင်ခဲ့သည်။ ထို့နောက်တွင် သူတို့ရဲ့ စီးပွားရေးကို လုပ်ကိုင်ပေးသည့် သူမ၏ ဦးလေး ဖြစ်သူက ဂျိရုံတို့ မိသားစုနှင့် ပြဿနာ ဖြစ်လာသည့်အခါမှာ သူမတို့၏ ပိုင်ဆိုင်မှုများကို သိမ်းပိုက်ပြီး သူမတို့ကို တံခါးဝကနေ ကန်ထုတ်ခဲ့သည်။
သွားစရာ နေရာမရှိ၍ ဂျိရုံ၏ မိဘများက အမေဖြစ်သူ၏ ယန်ကလန်ဆီသို့ သွားနေရသည်။ စီးပွားရေး ချွတ်ခြုံကျသွားခြင်းနှင့်အတူ နောက်ဆက်တွဲ ပြဿနာများကြောင့် ယန်ကလန်မှာ သွားနေရသည်ကို ဂျိရုံနှင့် သူမ၏ မိဘများက အလွန်ကို အရှက်ရခဲ့ကြသည်။
ယန်ကလန်က လူများသည်လည်း ဂျိရုံနှင့် သူမ၏ မိသားစုအပေါ် မကောင်းခဲ့ကြပါ။ သူမတို့ကို ခွဲခြားဆက်ဆံကြသည်။ ထိုအဖြစ်များကြောင့် ဂျိရုံ၏ ငယ်စဥ် ကလေးဘဝက ဆင်းရဲပြီး ဝမ်းနည်းစရာ ကောင်းသည်။ သူမ၏ ဖခင်ဖြစ်သူက စိတ်ညစ်ဒဏ်ကို ဖြေဖျောက်ဖို့အတွက် အရက်ကို သောက်တတ်သည်။
ဂျိရုံ အသက် ၉ နှစ်အရွယ်တွင်..
သူမ၏ ဖခင် ဂျိဝူဟိုင်က ပြန်လည် အသိတရားဝင်ခဲ့ပြီး နောက်စီးပွားရေးတစ်ခု ပြန်စခဲ့သည်။ နှစ်အနည်းငယ်အတွင်းမှာပဲ အောင်မြင်မှု ရခဲ့သည်။ ထို့နောက် ရီရွှေမြို့သို့ မိသားစုနှင့်အတူ အဆင့်အတန်းရှိရှိဖြင့် ပြန်လာနိုင်ခဲ့သည်။ သူမ၏ ဦးလေးက ဂျိကလန်မိသားစုပိုင် စီးပွားရေးကို မထိန်းချုပ်နိုင်၍ နောက်ဆုံး ပြိုလဲခဲ့ရသည်။
***
" ဟူး.. " ရွှယ်ယင်လည်း ဆက်ဖတ်လိုက်ပြန်သည်။
စာလိပ်ထဲက အကြောင်းအရာများဟာ ဂျိရုံ၏ ဘဝအဇာတ်ကြောင်းနှင့် ပတ်သတ်သမျှ ဆက်နွယ်သမျှ အချက်အလက်များ ဖြစ်ကြသည်။
" အသေးစိတ် စုံစမ်းပြီးနောက်မှာတော့.. ဂျိဝူဟိုင်မှာ နတ်ဆိုးယုံကြည်သူတစ်ယောက် ဖြစ်ကြောင်း သံသယဖြစ်ဖွယ် သဲလွန်စများကို ရှာတွေ့ရှိခဲ့သည်။ သူ့၏ မိန်းမနှင့် သမီးသည်လည်း ထို့အတူ နတ်ဆိုးယုံကြည်သူများ ဖြစ်ဖွယ် ရှိသည်။ နောက်ထပ် စုံစမ်မှုများ လိုအပ်နေပါသေးသည်။
ထိုစာကို ဖတ်ရင်း ရွှယ်ယင်၏ မျက်ဝန်းက ကျဥ်းမြောင်းသွားသည်။
နတ်ဆိုးယုံကြည်သူတွေလား..
နတ်ဆိုးဘုရားများနှင့် ပတ်သတ်သည့် ကိစ္စများကို နဂါးတောင်အိမ်တော်မှ ကြိုးစားပမ်းစားဖြင့် လိုက်လံ ရှာဖွေနေသည်။ တကယ်၍ သတင်းအချက်အလက်သာ မှန်ကန်ပါက ထိုကိစ္စကို သူတို့ ချက်ချင်း အရေးယူကြမှာ ဖြစ်သည်။ တကယ်တမ်း တွင် ရွှယ်ယင်၏ အကူအညီ တောင်းဆိုခြင်းကြောင့် မဟုတ်ခဲ့လျှင် ဂျိဝူဟိုင်က နတ်ဆိုးနောက်လိုက်တစ်ယောက် ဖြစ်မှန်း နဂါးတောင်အိမ်တော်မှ သိလိမ့်မှာ မဟုတ်ချေ။ ရွှယ်ယင်က သူ့ညီလေး၏ ကောင်မလေးအကြောင်းကို စုံစမ်းပေးဖို့ တောင်းဆိုခြင်းကြောင့်သာ နဂါးတော်အိမ်တော်က အကောင်းဆုံး စုံစမ်းပေးဖို့ ဆုံးဖြတ်လိုက်ပြီးနောက် ဂျိဝူဟိုင် မိသားစု၏ နောက်ကြောင်းရာဇဝင်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ရှာဖွေစုံစမ်းခြင်းက အလွန်ကို အသေးစိတ်ကျကာ အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြု၍ ဖုံးကွယ်နေသည့် ကိစ္စများကို စုံစမ်းဖော်ထုတ်ကြသည်။ သူမ၏ နောက်ကြောင်းကို စုံစမ်းသည့်အခါမှာ ဂျိရုံတို့မိသားစု၏ ထိုပြဿနာကို သိရှိခဲ့ကြသည်။
သို့သော် နတ်ဆိုးအား ယုံကြည်ခြင်းနှင့် ပတ်သတ်၍ ထိုအချက်အလက်တို့က သံသယအဖြစ်သာ ရှိပြီး နောက်ထပ် သက်သေများ လိုအပ်နေသည်။
" အင်.." ရွှယ်ယင်လည်း စာလိပ်ကို ဂရုစိုက်စွာဖြင့် ဆက်လက် ဖတ်ရှုလိုက်သည်။
စာလိပ်၏ နောက်ကျောတွင် စုံစမ်းဖော်ထုတ်သူက နောက်ထပ် အချက်များကို ရေးထားသေးသည်။ နဂါးတောင်အိမ်တော်မှ စုဆောင်းထားသော နောက်ဆက်တွဲ သက်သေများဖြင့် တွက်ထုတ်ထားသော အချက်အလက်များ ဖြစ်ကြသည်။
"ဂျိဝူဟိုင်က နတ်ဆိုးယုံကြည်သူ မဟုတ်ဘူးဆိုရင်တောင် သူက အတော်လေး ရက်စက်တဲ့ သူပဲ.."
ရွှယ်ယင်က စိတ်ထဲတွင် တွေးလိုက်သည်။
ထိုနှစ်ကာလတွင် ဂျိဝူဟိုင်သည် ညီဖြစ်သူ၏ မောင်းထုတ်မှုကြောင့် မိသားစုတစ်စုလုံး လမ်းမပေါ် ရောက်ခဲ့ရသည့်အပြင် သူ့ဇနီးကလန်၏ နှိမ့်ချမှုကိုလည်း ခံရသေးသည်။ သို့သော် စီးပွားရေး ပြန်လည် အဆင်ပြေလာသည့်အခါတွင် သူ့ကို နာကျင်စေသူတွေကို ပြန်လည် လက်စားချေတော့သည်။ သို့သော် သူ့၏ ရက်စက်ကြမ်းကြုတ်မှုကို ကောင်းစွာ ဖုံးကွယ်ထားနိုင်ခြင်းကြောင့် နဂါးတောင်အိမ်တော်က စုံစမ်းသူတို့ပင် ရှာဖွေစုံစမ်းကြည့်ပါသော်လည်း မသိရှိခဲ့ကြပေ။ သို့သော် အကြိမ်ကြိမ်အခါခါ အတွင်းကျကျ စုံစမ်းသည့်အခါမှ ထိုအကြောင်းကို တွေ့ရှိခဲ့ကြသည်။
" သူတောင်းစားလေးတစ်ယောက်က သူမကို ကိုယ်လုံးဖြင့် ဝင်တိုက်လိုက်တဲ့အတွက်ကြောင့် ထိုသူတောင်းစားလေးကို သူမ၏ အမိန့်ဖြင့် သတ်ခဲ့တယ်တဲ့လား.."
ရှာဖွေတွေ့ရှိခဲ့သည့် အချက်အလက်များက ဂျိဝူဟိုင် ဖုံးကွယ်ထားသော အရာများကို မသိမသာဖြင့် ညွန်ပြနေသည်။
ထိုအချက်အရ ဂျိဝူဟိုင်သာ ရက်စက်ကြမ်းကြုတ်သည်မဟုတ်၊ သူ့ဇနီးနှင့် သမီးကပါ ထိုအတိုင်း ဖြစ်ပုံရသည်။ သူတို့၏ အကျင့်စရိုက်ကို ဖုံးကွယ်ထားဟန် ရှိသည်။ နဂါးတောင်အိမ်တော်က စုံစမ်းသူများမှာ သေသေချာချာ စုံစမ်းပြီးမှသာ ထိုသူတောင်းစားလေး သေဆုံးရသည့် အကြောင်းကို သက်သေနှင့်တကွ သိရှိလာခဲ့သည်။
" ဒီလိုဆို မဖြစ်သေးဘူး.. ချင်းရှီကို ဒီလို မိန်းမမျိုးနဲ့ ခွင့်မပြုနိုင်ဘူး.."
ရွှယ်ယင်က ချက်ချင်းပဲ ဆုံးဖြတ်ချက် ချလိုက်သည်။
အကြံအစည်ကြီးမားပြီး လိမ်လည်မှုတွင်လည်း ကျွမ်းကျင်၍ အတွင်းစိတ် ကနေပင် ကောက်ကျစ်တတ်သော သူမနှင့် နှိုင်းယှဥ်ကြည်ပါက သူညီလေးက အတော်လေး ဖြူစင်နေသေးသည်။ တကယ်၍ တစ်စုံတစ်ယောက်က ချင်းရှီကို သတ်ဖို့ ကြံစည်လာခဲ့မည်ဆိုရင် ရိုးအသော ညီငယ်ဖြစ်သူက တုံ့ပြန်ရဲမှာ မဟုတ်နေချေ။
***
နေ့လယ်အချိန်..
ရွှယ်ယင်သည် ရဲတိုက်ခေါင်မိုးတွင် ထိုင်နေသည်။ သူ့ စိတ်ဝိညာဥ်က သဘာတတရားနှင့် တစ်သားတည်း ရှိနေကာ လောကကြီး၏ ဆန်းကျယ်မှုကို ခံစားသက်ဝင်နေလေသည်။
" ဟမ်.." ရွှယ်ယင်က ရုတ်တရက် မျက်လုံး ဖွင့်လိုက်ကာ ရဲတိုက်အပြင်ဘက်က ဂိတ်တံခါးဆီသို့ ကြည့်လိုက်သည်။
" မိန်းကလေး ဂျိရုံပါလား.." " အထဲပေးဝင်လိုက်ကြ.."
စစ်သည်များက ဘေးသို့ ဖယ်ပေးလိုက်ကာ ဂျိရုံအား အထဲဝင်ခွင့် ပေးလိုက်သည်။
ဂျရုံက ပြုံးရွှင်လျက် အထဲသို့ ဝင်လာခဲ့သည်။ သို့သော် သူမစိတ်ထဲတွင် အဆင်မပြေ ရှိနေခဲ့သည်။ ပုံမှန်အားဖြင့် နေ့ပိုင်းအချိန်တွင် ချင်းရှီက သူမကို လာရှာလေ့ ရှိသည်။ သို့သော် ဒီနေ့တွင် သူမကို လာမရှာသေးသောကြောင့် ဖြစ်သည်။ သေသွားရသည့် သခင်လေးနှင့် ပတ်သတ်သည့် ကိစ္စများကြောင့်လား။ အကြောင်းစုံ သိရန်အတွက် သူမက ချင်းရှီကို လာရှာခြင်း ဖြစ်သည်။။ သူမက ချင်းရှီအား မည်မျှ ဂရုစိုက်မှန်း သိသာစေလိုခြင်းလည်း ဟုတ်သည်။
" ဂျိရုံ.." စင်္ကြံလမ်းတစ်ခုတွင် အနက်ရောင်ဝတ်စုံနှင့် ရွှယ်ယင်က ရပ်နေသည်။
ဂျိရုံက ငေးကြောင်မိသွားသော်လည်း ချက်ချင်းပဲ အမူအရာကို ဟန်မပျက် ထိန်းလိုက်ကာ " အစ်ကိုကြီး ရွှယ်ယင်.." ဟု ခေါ်လိုက်သည်။
" လွန်ခဲ့တဲ့ ၆ နှစ်တုန်းက သူတောင်စားတစ်ယောက် စိတ်မကောင်းစရာနဲ့ သေသွားခဲ့တာကို မင်း မှတ်မိသေးလား.." ရွှယ်ယင်က အေးစက်စွာဖြင့် မေးလိုက်သည်။
ဂျိရုံ၏ နှလုံးအိမ်က တုန်လှုပ်သွားသည်။
သူ ဘယ်လိုလုပ် သိတာလဲ.. လူနည်းနည်းလေးကပဲ ဒီအကြောင်းကို သိတာ.."
" အစ်ကိုကြီး ရွှယ်ယင်.." ဂျိရုံက ရွှယ်ယင်ကို ကြည့်လိုက်သည်။
သို့သော် အေးစက်စက်ဖြင့် ထွင်းဖောက်လုမတတ် အကြည့်စူးစူးကြောင့် သူမမှာ စိတ်မထိန်းနိုင်ဘဲ ချောက်ချားသွားသည်။ လောကကြီးနှင့် တစ်သားတည်းအဆင့်က အားကောင်းသော စိတ်ဝိညာဥ်ခွန်အားကို ပေးသည်။ ရွှယ်ယင်၏ မျက်လုံးဖြင့် စိုက်ကြည့်ခြင်းသည် နဂါကြီးတစ်ကောင်က ပုရွက်ဆိတ်တစ်ကောင်ကို စိုက်ကြည့်သည်နှင့် ဆင်တူသည်။
တစ်ဖက်ကို အလိုလို ထိတ်လန့်ကြောက်လန့်စေသည်။
ဂျိရုံသည် တဖြည်းဖြည်းဖြင့် ထိတ်လန့်လာသည်။
" မင်းအကြောင်းကို ငါ စိတ်မဝင်စားဘူး.. ဒါပေမဲ့ ငါညီလေးနဲ့ ပတ်သတ်လာလို့ သူ့ဘေးနားကနေ ထွက်သွားတာက အကောင်းဆုံးပဲ.." ရွှယ်ယင်က ပြောလိုက်သည်။
" မင်း ထွက်သွားဖို့ အချိန် သုံးရက် ငါပေးမယ်.. မင်းရဲ့ လိမ်မာပါးနပ်မှုနဲ့ ဒီကိစ္စကို လုပ်ဖို့က လွယ်မယ်လို့ ငါထင်တယ်..မင်းနဲ့ ငါ့ညီလေးတို့ အမှတ်တရကောင်းတစ်ခုအဖြစ်နဲ့ အဆုံးသတ်ပေးလိုက်ပါ.."
" ပြီးတော့ မင်း ငါ့စကားကို နားထောင်တာက ပိုကောင်းလိမ့်မယ်.. မဟုတ်ရင် မင်း စိတ်ကူးထားတာထက် ပိုဆိုးတဲ့ အရာတွေကို ငါလုပ်မိလိမ့်မယ်.." ရွှယ်ယင်က အေးစက်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
စိတ်ဝိညာဥ်ခွန်းအား၏ ဖိအားအောက်တွင်..
သူမ၏ ဖုံးကွယ်ထားသော အတိတ်အကြောင်းကို သိနေသည့် ရွှယ်ယင်၏ ခြိမ်းခြောက်စကားကြောင့် ဂျိရုံမှာ မပြောပြတတ်အောင် ကြောက်လန့်လာခဲ့သည်။ ချင်းရှီက အပြစ်ကင်းသည့် ကောင်လေးတစ်ယောက် ဖြစ်သော်လည်း သူ့အစ်ကိုကား ကြောက်ဖို့ ကောင်းသည့် လူတစ်ယောက် ဖြစ်ချေသည်။
တကယ်၍ သူမ လက်မခံခဲ့လျှင် သူမကို ရွှယ်ယင် သတ်မှာ အသေအချာပင်။
ရွှယ်ယင်ဆိုသူက အသက် ၁၅ နှစ်အရွယ်ကတည်းကပင် လှံတစ်ချောင်းနှင့် ဓားကောက်အဖွဲ့တစ်ခုလုံးကို ဖြိုခွင်းခဲ့သူ လှံသိုင်းသမားတစ်ယောက် ဖြစ်ချေ၏။
သူမက ကြောက်လန့်နေပေမဲ့ ကမန်းကတန်းဖြင့် ရှင်းပြလိုက်သည်။
" အစ်ကိုကြီးရွှယ်ယင်.. ဒါက နားလည်မှု လွဲနေတာပါ.. အဲဒီ သူတောင်းစားလေးကို ကျွန်မတို့ မိသားစု အစေခံတစ်ယောက်က သတ်လိုက်တာပါ.. ဒီကိစ္စ ဖြစ်ပြီးသွားတာတောင် ကျွန်မ မသိလိုက်ရပါဘူး.."
" ငါ့ကို ဘာမှ ရှင်းပြနေစရာ မလိုဘူး.." ရွှယ်ယင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။
" ငါ့ညီလေးအနားကနေ ထွက်သွားတာကိုပဲ လိုချင်တယ်.. ဒါ ငါရဲ့ အမိန့်ပဲ.."
ရွှယ်ယင်က အချက်အလက်ကိုသာ ကြည့်သည်။
မသေချာသည့် စကားကို နားထောင်နေဖို့ မလိုချေ။ နဂါးတောင်အိမ်တော်က ပေးပို့လာသည့် အစီရင်ခံစာတွင် ဂျိဝူဟိုင်နှင့် ဂျိရုံ၊ သူမ၏ မိသားစုတို့က လိမ်လည်ခြင်းအရာတွင် ကျွမ်းကျင်ကြသည်ကို သက်သေအထောက်အထားများစွာ ပါဝင်ဝင်သည်။
" ကျွန်မ.." ဂျိရုံက ဆွံ့အသွားပြီး မျက်ဝန်းကနေ မျက်ရည်များ စီးကျလာသည်။
" မင်းမှာ အချိန် သုံးရက်ပဲ ရမယ်.." ရွှယ်ယင် အနောက်လှည့်ထွက်သွားသည်။
" အချိန် သုံးရက်အတွင်းမှာ သူ့ကို လမ်းမခွဲနိုင်ဘူးဆိုရင် ငါ ကူညီပေးလိုက်မယ်.. ဒါပေမဲ့ ငါ့နည်းလမ်းက ပိုပြီး ရက်စက်မယ်.."
ရွှယ်ယင်သည် အသက် ၈ နှစ်ကတည်းက လှံသိုင်းကို အသည်းအသန် လေ့ကျင့်ခဲ့သူ ဖြစ်သည်။ လေ့ကျင့်ခဲ့သည့် အချိန်မှာလည်း မရေတွက်နိုင်လောက်အောင် နာကျင်ခဲ့ရသည်။ ငိုခဲ့ရသည်။ သူ သည်းခံခဲ့ရသည်။ ထိုကဲ့သို့ ပြင်းထန်သည့် လေ့ကျင့်ခြင်းက သူ့စိတ်ဓာတ်ကို ရင့်ကျက်စေခဲ့သည်။
မတုန်မလှုပ်သော စိတ်ဓာတ်ခွန်အားဖြင့် ခက်ခဲပင်ပန်းသော လေ့ကျင့်ခြင်းတို့ကို အံကြိတ်တောင့်ခံခဲ့သည်။ ထိုကဲ့သို့ လူကိုမှ ဂျိရုံ၏ စကားများဖြင့် ယိုင်လဲနေမည်လား။
ခုံရိုယွဲ့က သူ့ယုံကြည်မှုကို သစ္စာဖောက်ခဲပေမဲ့ ဒေါသထွက်ရုံလောက်သာ သူ့ကို ဖြစ်စေခဲ့သည်။ ထို့နောက် သူမနှင့် နှောင်တွယ်မှုမှန်သမျှကို ဖြတ်တောက်ခဲ့ရာ သူမနှင့် ပတ်သတ်ဖူးသမျှ မည်သည့် ခံစားချက်မှ မဖြစ်ပေါ်စေခဲ့သည်။
ရွှယ်ယင်၏ ကိစ္စပြဿနာကို ဖြေရှင်းသည့် နည်းလမ်းက ရိုးရှင်းသည်။ သူကိုယ်တိုင်လည်း စည်းကမ်းတင်းကျပ်ထားသလို ရန်သူကိုလည်း အလွတ်မပေးချေ။
ရွှယ်ယင်၏ နောက်ကျောကို ကြည့်ရင်း ဂျိရုံမှာ ဘာမှ မတတ်နိုင်ခဲ့တော့ပေ။
" ကျွန်မ သဘောပေါက်ပါပြီး.."
ထို့နောက် သူမက ချင်းရှီ ရှိရာနေရာသို့ တစ်လှမ်းပြီး တစ်လှမ်း ဆက်သွားခဲ့သည်။
သူမ ဘာဆက်လုပ်ရမလဲဆိုတာကိုလည်း တွေးလာခဲ့သည်။
" တုန်ပိုရွှယ်ယင်က သူ့ညီလေးကို အရမ်းကို တန်ဖိုးထားတာပဲ.. ငါ ချင်းရှီကို ငါ့ဘက်ပါအောင် လုပ်ပြီး တုန်ပိုရွှယ်ယင်ကို ခြိမ်းခြောက်လိုက်ရမလား.." ဂျိရုံက စဥ်းစားလာခဲ့သည်။
" မဟုတ်သေးဘူး.. တုန်ပိုရွှယ်ယင်က အရမ်းကို ပြတ်သားနေတယ်.. ငါ့ရဲ့ လှည့်ကွက်သေးသေးလေးထဲကို မဝင်သွားလောက်ဘူး.. ဒါမှမဟုတ် သူ့ညီလေးကို လိမ်ပြီးတော့ ငါတို့ ဂျိကလန်ကို တိတ်တဆိတ်နဲ့ ဖြိုခွင်းသွားနေဦးမယ်.."
" ငါ ဘာလုပ်သင့်လဲ.."
" သူတို့ မိဘတွေ ချန်ထားခဲ့တဲ့ အမွေပစ္စည်းတွေကို ငါ မတွေ့ရသေးဘူး.. ဘာတစ်ခုမှလည်း ငါ မရသေးဘူး.."
ချင်းရှီကိုပဲ အမိဖမ်းထားရမလား..
ဒါပေမဲ့ ချင်းရှီနဲ့ သူအစ်ကိုက တော်တော်လေးကို ရင်းနှီးနေတယ်.. အခုလောလောဆယ်မှာ သူမဘက်မှာ ရပ်တည်နေပေမဲ့ နောင်အခါမှာ သူ့အစ်ကိုဘက်နေ ရပ်တည်နေနိုင်သေးတယ်..
မည်သည့်ကိစ္စပဲဖြစ်ဖြစ် ချင်းရှီအနားမှာ နေဖို့အတွက် နည်းလမ်းတွေကို သူမ မစဥ်းစားနိုင်ဘဲ ရှိနေသည်။
ရွှယ်ယင်ဆိုသူက အင်အားသုံး၍ တစ်ခြားကို နှိမ်နင်းတတ်သည့် လူစားမျိုး ဖြစ်သည်။ မည်သူကများ သူ့စကားကို မနာခံဘဲ နေရဲမည်နည်း။
ထိုသို့ လုပ်မည်ဆိုလျှင် ရွှယ်ယင်က ချက်ချင်း သူတို့ကို သတ်လိုက်နိုင်သည်။ ရီရွှေမြို့ထဲက အထက်တန်းစားမိသားစုတွေတောင်မှ ဓားကောက်အဖွဲ့ကို ကြောက်ရသည်။ သို့သော် ထိုရွှယ်ယင်က မကြောက်ချေ။ ထိုအဖွဲ့ကို ရှင်းပစ်သည့် အချိန်တုန်းက သူ့အသက်မှာ ၁၅ နှစ်သာ ရှိသေးသည်။ အခုဆိုလျှင် သူ့စွမ်းအားက ပို၍ ကြောက်ဖို့ ကောင်းလာဖို့ပဲ ရှိတော့မည်။
" ငါ လက်လျှော့လိုက်တော့မယ်.." ဂျိရုံက လျင်မြန်စွာ ဆုံးဖြတ်ချက် ချလိုက်သည်။
***
" ဂျိရုံ.. မင်း ငါ့ကို လာတွေ့တာ ငါတကယ်ပျော်တယ်.. မင်းသိလား.. မနေ့က ငါတို့ အပြင်သွားပြီး နှောင့်ယှက်တဲ့သူကို ရှင်းပစ်လိုက်တာလေ.. အဲဒါ အစ်ကိုကြီးက ငါ့ကို သုံးရက် အပြင်မထွက်ခိုင်းဘူး.. ဒါကြောင့် ဒီသုံးရက်ထဲမှာ မင်းကို ငါ လာမတွေ့နိုင်တာ.."
ချင်းရှီက ရဲတိုက်၏ ခန်းမကြီးကနေ ထွက်လာကာ ဂျိရုံနှင့်အတူ ရဲတိုက်ထဲက စင်္ကြံနေရာတွင် ယှဥ်တွဲ၍ လမ်းလျှောက်လာခဲ့သည်။
" ငါ့အစ်ကိုကြီးကိုလည်း အပြစ်မတင်ပါဘူး.. သေသွားတဲ့ သခင်လေးက မိသားစုကြီးကလူ ဖြစ်မယ်ထင်တယ်.. အဲဒီတုန်းက သူ့ကို သတ်ဖို့က ငါ မရည်ရွယ်ပါဘူး.. ဒါပေမဲ့ ငါ့ရဲ့ မှော်အစွမ်းက အရမ်းကြီးတော့ အဲဒါကို ထိန်းလို့ မရလိုက်ဘူး.. အဲဒီသခင်လေးက မိုးကြိုးနဲ့ တိုက်ရိုက် ထိသွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ.."
" ဒါက ရှင့်အပြစ် မဟုတ်ပါဘူး.. " ဂျိရုံက နှစ်သိမ့်လိုက်သည်။
" အဲဒီအချိန်တုန်းက ကျွန်မတို့ဘက်က မသတ်နိုင်ခဲ့ရင် ရှင် သေရမှာလေ.. တကယ်လို့ သူတို့သာ ကျွန်မကို မုဒိမ်းကျင့်ခဲ့ရင် ကျွန်မဘဝ ဘယ်လိုဖြစ်သွားမလဲဆိုတာ စဥ်းစားကြည့်လို့ မရဲပါဘူး.."
" ဘယ်သူကမှ မင်းကို မနာကျင်စေရဘူး.." ချင်းရှီက သူမ၏ လက်ကို ခပ်တင်းတင်း ဆုပ်လိုက်သည်။ " ငါ ကတိပေးပါတယ်.."
ဂျိရုံက ပြုံးရုံသာ နေပြီး စကားတစ်ခွန်းမှ မပြောတော့ချေ။
" ဘာဖြစ်တာလဲ.. စိတ်မကောင်းဖြစ်နေတာလား.." ချစ်သူ၏ စိတ်အခြေအနေကို ချင်းရှီ ခံစားမိသည်။
" ဟိုသခင်လေးကို သတ်လိုက်တဲ ကိစ္စလား.. စိတ်မပူပါနဲ့.. အစ်ကိုကြီးက အဲဒါကို ဖြေရှင်းပေးမှာပါ.. သူ ဂရုစိုက်ပေးထားတော့ အားလုံးက အဆင်ပြေမှာပါ.."
" အဲဒီကိစ္စ မဟုတ်ပါဘူး.." ဂျိရုံက ပြောလိုက်သည်။
" ဘာပြဿနာ ရှိလို့လဲ.." ချင်းရှီက မေးလိုက်သည်။
" ပြောပြပါ..ငါ ကူညီပေးလို့ ရရင် ကူညီပေးမယ်လေ.."
" ချင်းရှီ.. ငါတို့ လမ်းခွဲရအောင်.." ဂျိရုံက ရုတ်တရက် ပြောလိုက်သည်။
ချင်းရှီက အံ့အားသင့်သွားသည်။
သူ့ခေါင်းကို ရေအေးအေးတစ်ပုံးဖြင့် လောင်းချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
" နောက်နေတာပဲ ဖြစ်ရမယ်.." ချင်းရှီက ပြုံးလိုက်ကာ.. " ဒီလိုဟာသမျိုးက တကယ်လည်း မရယ်ရပါဘူး.."
" မဟုတ်ဘူး.. အတည်ပြောတာ.. လမ်းခွဲရအောင်နော်.." ဂျိရုံက ချင်းရှီကို ကြည့်ပြီး ပြောလိုက်သည်။
ချင်းရှီက သူမ၏ မျက်ဝန်းထဲကို ကြည့်လိုက်သည်။ ဟုတ်သည်.. သူမ၏ မျက်ဝန်းတွင် အတည်သဘောကို မြင်နေရသည်။ သူမက တကယ်ကို လမ်းခွဲချင်နေတာပဲ..
" ဘာကြောင့်လဲ.." ချင်းရှီ လက်မခံနိုင်အောင် ဖြစ်သွားရသည်။ " မနေ့က ငါတို့ ပျော်ခဲ့တယ်လေ... အားလုံးကလည်း အဆင်ပြေနေတာပဲ.. ဟိုလူတွေနဲ့ ပြဿနာ ဖြစ်ခဲပေမဲ့.. ငါတို့ရဲ့ အချစ်ရေးနဲ့ ဘာမှ မဆိုင်ဘူးလေ.. ဘာလို့ ရုတ်တရက်ကြီး လမ်းခွဲချင်ရတာလဲ.."
" ငါ လူတစ်ယောက်ကို ချစ်မိသွားလို့.. ဒီအကြောင်းပြချက်ဆို လုံလောက်ပြီးလား.." ဂျိရုံက ပြောလိုက်သည်။
" တကယ့်အကြောင်းပြချက်က ဘာလဲ..ပြောလေ.. ငါ့ကို ပြောပြ.." ချင်းရှီက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ ဂျိရုံက ခေါင်းကိုသာ ငုံ့ထားသည်။
တိတ်ဆိတ်မှုတို့ စတင် ကြီးစိုးလာသလိုပင်။
" ပြော.." ချင်းရှီက ရူးသွားတော့မည့်မတတ် စိုးရိမ်ကြီးလာခဲ့သည်။
" ရှင့်အစ်ကိုကြီးက ရှင့်ရဲ့ အရေးကြီးဆုံး မိသားစုဝင်တစ်ယောက် မဟုတ်လား.."
ဂျိရုံက မေးလိုက်၏။ ချင်းရှီကား မျက်မှောင်ကြုတ်သွားလေသည်။
သူ ရုတ်တရက် စိတ်လေးသွားသည်။
ရှင့်အစ်ကိုကြီးက ကျွန်မရဲ့ နောက်ကြောင်းကို စုံစမ်းခဲ့တယ်.." ဂျိရုံက ရှင်းပြလိုက်သည်။
" ကျွန်မက ကောင်းတဲ့ မိန်းကလေးတစ်ယောက် မဟုတ်ဘူးလို့ သူ ထင်နေတယ်.. ရှင်နဲ့ အတူရှိနေမှာကို မလိုလားခဲ့ဘူး.. ရှင့်အနားကနေ ထွက်သွားဖို့ ကျွန်မကို သူ ရာဇသံ ပေးခဲ့တယ်.."
ချင်းရှီမှာ တစ်ကိုယ်လုံး တောင့်သွားသည်။
" ရှင့်အစ်ကိုကြီးက ကျွန်မတို့ ဆက်ဆံရေးကို သဘောမတူနေဘူး.. ရှင်ကရော သူ့ကို ငြင်းဆန်နိုင်လို့လား.." ဂျိရုံက ချင်းရှီကို ကြည့်လိုက်သည်။
" ငါ.. " ချင်းရှီက အံကို ကြိတ်လိုက်သည်။
" ငါ သဘောကျတဲ့သူဆို ငါ့အစ်ကိုကြီးလည်း ဝင်စွက်ဖက်မှာ မဟုတ်ပါဘူး.."
" ရှင် မလိမ်ပါနဲ့..ရှင်နဲ့ ရှင့်အစ်ကိုကြီးတို့ရဲ့ ဆက်ဆံရေးကို ကျွန်မ မသိဘူးလို့ ရှင် ထင်နေလား.. ရှင် ဘယ်သူကိုပဲ ကြိုက်ကြိုက်.. ရှင့်အစ်ကိုကြီးရဲ့ ခွင့်ပြုချက်နဲ့ သဘောတူတာကို ယူရဦးမှာပဲ.."
ချင်းရှီမှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ အစ်ကိုကြီးက သူတို့နှစ်ယောက်ကို တကယ်ပဲ သဘောမတူတာလား.. သူ ဘာလုပ်ရမလဲ..
" ဒီကြားထဲမှာ နားလည်မှု လွဲတာ ဖြစ်ရမယ်.. အစ်ကိုကြီးက ငါတို့နှစ်ယောက်ကို ဘာကြောင့် လမ်းခွဲစေမှာလဲ.. မင်းပြောတာက အစ်ကိုကြီးက မင်းအကြောင်းကို စုံစမ်းခဲ့တယ်.. မင်းက ကောင်းတဲ့ မိန်းကလေး မဟုတ်ဘူးလို့ သူ ထင်သွားတာ.. ဘာတွေကြောင့်လဲ.." ချင်းရှီက မေးလိုက်သည်။
" နားလည်မှုလွဲတာ ရှိတာပေါ့.." ဂျိရုံက သရော်ပြုံး ပြုံးလိုက်သည်။
" ကျွန်မ အသက် ဆယ်နှစ်တုန်းက ရီရွှေမြို့ထဲမှာ အစေခံတွေနဲ့ ကစားနေတုန်း သူတောင်းစားလေးတစ်ယောက်နဲ့ တိုက်မိခဲ့တယ်.. ကျွန်မရဲ့ အင်္ကျီက ပေသွားခဲ့တယ််.. ကျွန်မ စိတ်ဆိုးသွားပြီး အင်္ကျီ ညစ်ပတ်သွားတာကြောင့်လည်း ဝမ်းနည်းပြီး အိမ်ကို ပြန်သွားလိုက်သည်။ အဲဒီနေရာကနေ ထွက်သွားပြီးတော့ ကျွန်မရဲ့ အစေခံတစ်ယောက်က အဲဒီကို ပြန်သွားခဲ့တယ်.. သူက အဲဒီသူတောင်စားလေးကို သေတဲ့အထိ ရိုက်ခဲ့တယ်.. အဲဒီအကြောင်းကို ကျွန်မ နောက်မှ သိခဲ့ရတာ.. ကျွန်မရဲ့ အစေခံ လုပ်ခဲ့တဲ့ လုပ်ရပ်ကြောင့်လည်း ကျွန်မ ဝမ်းနည်းခဲ့ရတယ်.. ဒါပေမဲ့ အဲဒီကိစ္စက ဖြစ်သွားခဲ့ပြီးလေ.. "
" ဒါပေမဲ့ ရှင့်အစ်ကိုကတော့ ကျွန်မက သူတောင်းစားလေးကို ရိုက်ဖို့ အစေခံကို အမိန့်ပေးခဲ့တယ်လို့ ထင်နေတာ..အသက် ဆယ်နှစ်ကလေးက အရမ်းကို ရက်စက်ပြီး ဆိုးသွမ်းတယ်လို့ သူက ထင်နေတာ.." ဂျိရုံ၏ မျက်နှာတွင် မျက်ရည်များ စီးဆင်းလာသည်။
" ကျွန်မ ဘာတတ်နိုင်ပါ့မလဲ.. ကျွန်မ အသက် ၁၁ နှစ်အရွယ်မှာ နှင်းကျောက်တောင်ဆီကို ရောက်လာခဲ့ပြီး မှော်ဆရာကြီး ပိုင်ယွမ်ကျစ်ရဲ့ အကူတစ်ယောက် ဖြစ်လာခဲ့တယ်..ဒီနှင်းကျောက်တောင်မှာ နေလာခဲ့တာ နှစ်ပေါင်းကြာခဲပြီးပဲ.. ကျွန်မက ဘယ်လို လူစားမျိုးလဲဆိုတာ အခုထိ ရှင် မသိသေးဘူးလား.."
" ဒါပေမဲ့ ရှင့်အစ်ကိုကြီးက ကျွန်မကို ကောင်းတဲ့ မိန်းကလေး မဟုတ်ဘူးလို့ ထင်ပြီး ရှင့်အနားကနေ ထွက်သွားဖို့ အမိန့်ပေးခဲ့တယ်.." ဂျိရုံက တိုးလျစွာဖြင့် ပြောလိုက်သည်။
" ရှင့်အစ်ကိုကြီးက အသက်ငယ်စဥ်အချိန်တုန်းမှာလည်း ရီရွှေမြို့ရဲ့ နံပါတ်တစ် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာခဲ့တယ်..အခုဆိုရင် သူ့ကို ထိလို့ ရတော့တဲ့သူ မဟုတ်တော့ဘူး.. ရှင့်အစ်ကိုကြီးကို ကျွန်မ ဘယ်လို ဆန့်ကျင့်ရဲမှာလဲ.. ကျွန်မတို့ဂျိကလန်ကလည်း ရှိသေးတယ်လေ.. ဒါကြောင့်.. ကျွန်မတို့ပဲ လမ်းခွဲကြရအောင်.."
ချင်းရှီက စိတ်ဆင်းရဲစွာဖြင့်..." အစ်ကိုကြီးက ဘယ်လိုဖြစ်ပြီး ဒီလို ဖြစ်သွားရတာလဲ.. "
တကယ်၍ ရွှယ်ယင်သာ ကန့်ကွက်ပါက ဂျိကလန်သည်လည်း ဘာမှ လုပ်၍ ရနိုင်မှာ မဟုတ်ချေ။
" နင် ဒီမှာ နေလိုက်ဦး.. အစ်ကိုကြီးကို သွားရှာလိုက်ဦးမယ်.." ချင်းရှီက ပြောလိုက်သည်။
" ငါ့ကို စောင့်နေနော်.. အစ်ကိုကြီးကို သေချာပေါက် ဖျောင်းဖျလို့ ရမှာပါ.."
" အဲဒါက အသုံးမဝင်ပါဘူး.." ဂျိရုံက ခေါင်းကို ခါယမ်း၍ ပြောလိုက်သည်။
" ဒီမှာပဲ စောင့်နေ.." ချင်းရှီက အနောက်လှည့်၍ ထွက်သွားလိုက်သည်။ ထို့နောက် သူက လေ့ကျင့်ရေးကွင်းသို့ ချက်ချင်း ပြေးသွားလိုက်သည်။
***
လေ့ကျင့်ရေးကွင်းအတွင်း
ချင်းရှီက လေ့ကျင့်ရေးကွင်းအတွင်းသို့ဘ တစ်ခါတည်း ဝင်သွားလိုက်သည်။
လေ့ကျင့်ရေးကွင်းတွင် ရွှယ်ယင်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၍ သူက လှံသိုင်းကို လေ့ကျင့်နေ၏။ နှင်းပွင့်လေးများက သူ့လှံအနားတွင် ညင်သာစွာဖြင့် လွင့်နေသည်။ ပြင်းထန်အားကောင်းသည့် အရှိန်အဟုန်များလည်း မရှိနေချေ။ လှံသည် လောကကြီးနှင့် တစ်သားတည်း ရှိနေသကဲ့သို့ ထင်ရသည်။
" အစ်ကိုကြီး.. " ချင်းရှီက ချက်ချင်းပဲ အော်ခေါ်လိုက်သည်။
" ရွှစ်.. " ရွှယ်ယင်က လှံသိုင်းလေ့ကျင့်နေတာကို ရပ်လိုက်သည်။ လှံကို ရပ်လိုက်သည့်အခါတွင် လှံအရိပ်များသည်လည်း ပျောက်ကွယ်သွားသည်။
" ဪ.. ချင်းရှီ.. ဘာကိစ္စမို့လို့လဲ.."
အစ်ကိုကြီးဖြစ်သူ၏ အရှေ့တွင် ချင်းရှီလည်း တွေဝေနေမိသည်။ အတန်ကြာထိ တုံ့ဆိုင်းနေပြီးမှ အားတင်းလိုက်ကာ
" ဂျိရုံကို ကျနော်နဲ့ လမ်းခွဲဖို့ ပြောလိုက်တာလား.."
ရွှယ်ယင်က အံ့သြသွားသည်။
ကြည့်ရသည်က ဂျိရုံသည် လက်လျှော့လိုဟန် မရှိနေချေ။ သူမကို အချိန်သုံးရက်ပေးပြီး လမ်းခွဲခိုင်းထားသည်။ သို့သော် ယခုလို လုပ်လိုက်မည်ဟု မထင်ထားခဲ့သည်။
" ဟုတ်တယ်.. ငါ ပြောလိုက်တယ်.." ရွှယ်ယင်က ခေါင်းညိတ်လိုက်သည်။
" ဘာကြောင့်လဲ.. ဘာကြောင့် ဒီလို လုပ်ရတာလဲ.."
ချင်းရှီက ဒေါသကို အောင့်အည်းလိုက်ရင်း သူ ရွှယ်ယင် ရှင်းပြတာကို ကြားချင်နေသည်။
" သူက မင်းအတွက် မသင့်တော်ဘူး.." ရွှယ်ယင်က ပြောလိုက်သည်။
" မသင့်တော်ဘူး.. ဟုတ်လား.. အဲဒီကိစ္စက သူ ကလေးဘဝတုန်းက သူတောင်းစားလေး သေသွားရတဲ့အကြောင်းနဲ့ ပတ်သတ်နေလို့လား.."
ရွှယ်ယင်က မျက်မှောင်ကြုတ်လိုက်ကာ
" သူ့ကို လာတိုက်မိတာလေးလောက်နဲ့ သူက အဲဒီသူတောင်းစားလေးကို သေတဲ့အထိ ရိုက်ဖို့ အစေခံကို တိတ်တဆိတ်နဲ့ ခိုင်းစေခဲ့တာလေ.. အဲ့ဒီတုန်းက သူ့အသက်က ဘယ်လောက် ရှိသေးလို့လဲ.. ဒီလို စိတ်ဓာတ်မျိုးနဲ့ သူက မင်းအတွက် ဘယ်လိုလုပ် သင့်တော်မှာလဲ.."
" ဟားဟား.. ရယ်ရတယ်..အစ်ကိုကြီးရာ.. အဲဒီတုန်းက သူက အသက် ၁၀ နှစ်ပဲ ရှိသေးတာလေ.. ဒီကိစ္စကလည်း လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက ကိစ္စ.. အဲဒီသတင်းက ယုံကြည်ရတယ်လို့ အစ်ကိုကြီး သေချာရဲ့လား.." ချင်းရှီက အသံမာဆပ်ဆပ်ဖြင့် ပြောလိုက်သည်။
" အဲဒီသူတောင်းစားလေးကို သတ်တဲ့သူက သူရဲ့ အစေခံပဲလေ.. ပြီးတော့ အစ်ကိုကြီး ပြောတဲ့ တိတ်တဆိတ်နဲ့ ခိုင်းစေခဲ့တယ်ဆိုတဲ့ စကားက.. သေချာရဲ့လား.. ဂျိရုံရဲ့ ခိုင်းစေမှုကြောင့်ပဲ..အစေခံရဲ့ သဘောမပါဘူးဆိုတာ ဘယ်လိုလုပ် သေချာနေရတာလဲ.."
" ဟုတ်တာပေါ့.. ငါ့မှာ သက်သေအထောက်အထားတွေ ရှိတယ်.."
ရွှယ်ယင်က မျက်မှောင်ကုတ်လျက် လက်ကို ဖြန့်လိုက်သည်။ ထိုအခါ စာဖိုင်တွဲတစ်တွဲက သူ့လက်ထဲ ထွက်ရှိလာသည်။ ထိုစာတွဲကို လှန်လှောပြီး စာရွက်တစ်ပိုင်းကို ထုတ်ယူလိုက်သည်။
ထိုစာရွက်ပိုင်းတွင် ဖုံးကွယ်ထားသည့် သဲလွန်စများအပေါ် အခြေခံ၍ ကောက်ချက်ချထားသည့် စာရွက် ဖြစ်သည်။
ထိုစာရွက်တွင် ရေးသားထားသည့် အကြောင်းအရာတို့တွင် ဂျိကလန်ဟာ နတ်ဆိုးဘုရားကို ယုံကြည်သူတွေ ဖြစ်မှန်းကို နဂါးတောင်အိမ်တော်မှ စုံစမ်းသိရှိခဲ့ရသည်ဟူသော အကြောင်းက ပါရှိနေသည်။ ထိုကဲ့သို့ သက်သေမျိုးက အခုချိန်မှာ သူ့ညီလေးကို ထုတ်ပြ၍ မရသေးချေ။ ချင်းရှီက လောလောဆယ်အချိန်မှာ သွေးပူနေသည်။ တကယ်၍ သူက ဂျိရုံကို ပြောပြမိခဲ့ရင် ဂျိကလန်အနေဖြင့် သတိထားမိသွားလိမ့်မည်။
" မင်း မြင်လား.. ဒါက နဂါးတောင်အိမ်တော်က ဂျိကလန်အကြောင်းကို စုံစမ်းဖော်ထုတ်ထားတဲ့ အစီရင်ခံစာပဲ.. မင်း ဖတ်ကြည့်လိုက်.. ပြီးရင် သူက မင်းမိန်းမ ဖြစ်လို့ သင့်တော် မသင့်တော် ဆိုတာကို ကိုယ့်ဘာသာ ဆုံးဖြတ်လိုက်.."
ထုတ်ထားလိုက်သည့် စာရွက်အပိုင်း မပါဘဲ ကျန်သည့် စာဖိုင်တွဲကို ညီလေး ဖြစ်သူအား ကမ်းပေးလိုက်သည်။
ချင်းရှီက ဒေါသကို ချိုးနှိမ်ထားရင်း စာဖိုင်တွဲကို ယူလိုက်သည်။ သူက အစီရင်ခံစာကို သေသေချာချာ ဖတ်လိုက်သည်။
တချို့သော အကြောင်းအရာတို့က ဂျိရုံ ပြောထားသည့် အတိုင်းပင် မှန်ကန်သည်။ ရေးသားထားသည့် အကြောင်းအရာ၏ အစပိုင်းတွင် သူမ၏ ဦးလေး ဖြစ်သူက သူမတို့ကို အိမ်ကနေ ကန်ထုတ်ရာမှ သူမ၏ အမေဘက်က ကလန်တွင် သွားရောက် ခိုလှုံရပုံ၊ တစ်ချို့အကြောင်းအရာတို့က ချင်းရှီအတွက် အသစ်အဆန်းဖြစ်စေသည့် သူမ၏ ဖခင်ဂျိဝူဟိုင်က သူမ၏ ဦးလေး မိသားစုနှင့် မိခင်၏ ကလန်ဖြစ်သည့် ယန်ကလန်ကို ဘယ်လို လက်စားချေခဲ့ပုံ စသည့်အကြောင်းတို့ ဖြစ်သည်။ သူမဦးလေး၏ မိသားစုနှင့် ယန်ကလန်သားတို့ များစွာ သေကြေပျက်စီးခဲ့ရသည့် လက်ချက်က ဂျိဝူဟိုင်၏ လက်ချက် ဖြစ်ကြောင်း..
ထိုအစီရင်ခံစာကို ဖတ်ရင်း ချင်းရှီမှာ ဂျိဝူဟိုင်အား ရွံရှာလာခဲ့သည်။
" ကျနော် ဖတ်လို့ ပြီးပြီ.." ချင်းရှီက စာဖိုင်တွဲကို ပြန်ပိတ်လိုက်သည်။
" ဒါဆိုရင်.." ရွှယ်ယင်က မေးလိုက်သည်။
"ဘာမှ မထူးဘူး.." ချင်းရှီက ကြွပ်ဆပ်ဆပ်ဖြင့် ပြောလိုက်သည်။
" ဒီအစီရင်ခံစာက အသေးစိတ်တော့ ကျတယ်.. ဒါပေမဲ့ ဒီမှာ ရေးထားတဲ့ဟာ တွေကို တကယ်ပဲ ယုံကြည်လို့ ရလို့လား.. တကယ်လို့ ဒီအကြောင်းက ဟုတ်ခဲ့ရင်တောင် မှားတဲ့သူက သူ့အဖေ ဂျိဝူဟိုင်ပဲ.. ဂျိရုံနဲ့ ဘာဆိုင်လို့လဲ.. သူ ယန်ကလန်မှာ နေတဲ့အချိန်ကဆို တစ်ချိန်လုံး အနှိမ်ခံနေတာပဲ.."
" နောက်ပြီး ဂျိရုံက အရမ်းကို သနားစရာကောင်းတာ.. သူက အသက် ၁၀ နှစ် မပြည့်ခင်မှာ သူမရဲ့ ဘဝက အရမ်းကို သနားစရာကောင်းခဲ့တာ.. သူ့အဖေရဲ့ ချမ်းသာကြွယ်ဝမှုတွေကို တခြားလူ မလုခဲ့တဲ့အချိန်အထိ ဆယ်နှစ်လောက်ပဲ သခင်မလေးအဖြစ် နေခဲ့ရတာ.. နောက်တော့ သူမ ဆရာကြီးဆီကို ရောက်လာခဲ့တာ.."
ပြောရင်း ပြောရင်း ချင်းရှီက ဒေါသထွက်လာသည်။
" သူမက ဆယ်နှစ်လောက်ပဲ ကောင်ကောင်း နေခဲ့ရတာ.. နောက်ပိုင်းအချိန်တွေမှာ သူတကာရဲ့ နှိမ့်ချမှုကို ခံလာရတာ.. နောက်ပြီး ဆရာကြီးဆီမှာ ပညာသင်တဲ့အခါမှာလည်း နှိမ့်ချပြီးတော့ နေခဲ့တာပဲ.. ဒီလို သနားစရာ ကောင်းတဲ့ လူတစ်ယောက်ကို အစ်ကိုကြီးက ဘာလို့ ဆိုးသွမ်းတဲ့ သူတစ်ယောက်အဖြစ် စွပ်စွဲရတာလဲ.."
ရွှယ်ယင်က မျက်နှာတင်းမာစွာဖြင့် ကြည့်လိုက်သည်။
နဂါးတောင်အိမ်တော်၏ လေ့လာသုံးသပ်ချက်အရ
လူတစ်ယောက်က ပြန်လည်ချမ်းသာလာဖို့က မလွယ်ပေ။ ယန်ကလန်၏ အထင်သေးမှုကို ခံရပြီးနောက်ပိုင်းတွင် ဂျိဝူဟိုင်က နတ်ဆိုးယုံကြည်သူတစ်ယောက် ဖြစ်လာခဲ့သည်ဟု နဂါတောင်အိမ်တော်က ယုံကြည်ထားသည်။ သူ့ရဲ့ မိသားစုက နိမ့်ကျသည့် အခြေအနေကို ရောက်ခဲ့၍ သူတို့ဟာ နတ်ဆိုးယုံကြည်သူများ ဖြစ်လာကြပေလိမ့်မည်။ ထို့အပြင် နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုက သူတို့ဟာ အယူသန်ကြသူ ဖြစ်နိုင်သည်။ နတ်ဆိုဘုရား၏ သူတော်စင်နယ်မြေမှ သီးသန့်ယုံကြည်မှုကို ရရှိခြင်းနှင့် ဂျိဝူဟိုင်၏ စီးပွားရေးအမြင်ဖြင့် နတ်ဆိုးဘုရား၏ လွှမ်းမိုးမှုကို အသုံးပြုကာ ပြန်လည် ချမ်းသာလာကြပါပေလိမ့်မည်။
သို့သော် နဂါးတောင်အိမ်တော်၏ အစီရင်ခံစာက သဲလွန်များအပေါ် အခြေခံထားသည် ဖြစ်၍ တိကျသည့် သက်သေတော့ မဟုတ်နေချေ။
" သူမက ကျနော်နဲ့အတူတူ မှော်ဆရာကြီးရဲ့ အိမ်မှာ အမြဲ ရှိနေခဲ့တာပဲ. သူမက ဘယ်သူလူစားမျိုး ဖြစ်သလဲဆို ကျနော် သိတယ်.. သူ့အဖေက ဆိုးယုတ်တဲ့ သူ ဖြစ်ပါစေဦး.. သူနဲ့ ဘာမှ ဆက်နွယ်မှု မရှိဘူးလေ.. ကျနော်တို့ တုန်ပိုကလန်က ကုန်သည်တစ်ယောက်ကို ကြောက်နေရမှာလား.. "
ချင်းရှီက ဆက်ပြောသည်။ " အစ်ကိုကြီး.. သူ့အဖေအကြောင်းကိုတော့ ကျနော် မသိဘူး.. ဒါပေမဲ့ ဂျိရုံက အပြစ်ကင်းတယ်ဆိုတာ ကျနော် သိတယ်.. သူက ကျနော် ပထမဆုံးနဲ့ နောက်ဆုံး ကြိုက်ခဲ့တဲ့ သူတစ်ယောက်ပဲ.. အစ်ကိုကြီးကပဲ ညှာတာပေးလို့ မရဘူး.."
ရွှယ်ယင်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
" နောက်ဆုံးတစ်ယောက် ဆိုပဲ.. ဂျိရုံက ငါ့ညီလေးကို အရူးတစ်ယောက်လို ဖြစ်အောင် လုပ်ခဲ့တာပဲ.."
ထို့နောက် ရွှယ်ယင်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ " ချင်းရှီ.. နဂါးတောင်အိမ်တော်ရဲ့ အစီရင်ခံစာက ယုံကြည်စိတ်ချရတဲ့အထဲမှာ စိတ်ချရဆုံးပဲ.. သူတို့က လုံလောက်တဲ့ သက်သေတွေ မရှိဘဲနဲ့ ဒီအထဲမှာ ရေးရဲမှာ မဟုတ်ဘူး.."
" သူမက မှော်ဆရာကြီးဆီမှာ နေလာခဲ့တာ ငယ်ငယ်ကတည်းကပဲ.. သူက ဘယ်လိုလူမျိုးလဲ ဆိုတာ အစ်ကိုကြီး မသိဘူးလား.." ချင်းရှီက အော်၍ ပြောလိုက်သည်။
" မှော်ပညာရှင်တိုင်းက ဉာဏ်ကောင်းကြတဲ့ သူတွေချည်းပဲ.. ငယ်ပေမဲ့ လျှော့တွက်လို့ မရဘူး.." ရွှယ်ယင်က အကြောင်းပြချက် ပေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို ခုံရိုယွဲ့က လှည့်စားခဲ့သေးသည် မဟုတ်လား။
" ကျနော်ကတော့ သူ့ကို ယုံတယ်.." ချင်းရှီက ပြန်ပြောလိုက်သည်။
" ကောင်းပြီးလေ.." ရွှယ်ယင်က အေးစက်စွာဖြင့် ပြောလိုက်သည်။
" မင်းတို့နှစ်ယောက် လမ်းခွဲဖို့အတွက် ငါ သုံးနှစ် အချိန်ပေးမယ်.. အဲဒီသုံးနှစ်အတွင်းမှာ မင်း သူနဲ့ လမ်းခွဲရမယ်.. မှော်ဆရာကြီး ပိုင်ယွမ်ကျစ်ကို အကူအညီတောင်းပြီး ဂျိရုံကို အိမ်ပြန်ပို့ခိုင်းလိုက်လို့ ရတယ်.. တကယ်၍ သူက ကောင်းတဲ့ မိန်းကလေးဆိုရင် မင်းတို့နှစ်ယောက်ကို ငါ မတားဘူး.. ဒါပေမဲ့ သူ့ရဲ့ ပင်ကိုစရိုက် ပေါ်လာခဲ့ရင်တော့ ငါ ဘာကြောင့် ဒီလို လုပ်သလဲ ဆိုတာ မငိး သိလာလိမ့်မယ်.. "
နဂါးတောင်အိမ်တော်၏ စွမ်းရည်ကို သိ၍ ရွှယ်ယင်လည်း ဂျိဝူဟိုင်ကို သံသယ ရှိသည်။ ထို သုံးနှစ် အချိန်ကာလက အမှန်တရားကို ဖော်ထုတ်ဖို့ လုံလောက်သည်။
အချိန် သုံးနှစ် ပေးရသည့် အကြောင်းကလည်း သူ့ညီလေက သူ့ကို သိပ်ပြီး ကလန်ကဆန် မလုပ်စေချင်သည့် အတွက်ကြောင့်လည်း ဟုတ်သည်။
သူ့ညီလေးက ဂျိရုံအပေါ် အသည်းအသန် ဖြစ်နေတာကို ကြည့်ရင်း တကယ်၍ သူက ညီလေးဖြစ်သူ၏ မျှော်လင့်ချက်ကို ရိုက်ချိုးမိပါက ချင်းရှီ ရူးသွားမှာကိုလည်း စိုးရိမ်သွားသည်။
" သုံးနှစ်တောက်မှ.. " ချင်းရှီက စူးစူးရဲရဲဖြင့် ကြည့်လိုက်သည်။
" သုံးနှစ်ဆိုတာ ကြာလွန်းတယ်.. အစ်ကိုကြီးက သူ့ကို မောင်းထုတ်ချင်နေတာမလား.. အစ်ကိုကြီးက ဘာလို့ ဒီလောက်တောင် ရက်စက်တတ်သွားတာလဲ.. သူ့ကို ချစ်တာ မချစ်တာက ကျနော်နဲ့ ဂျိရုံတို့ ကြားထဲက ကိစ္စပါ.. အစ်ကိုကြီးက လမ်းခွဲခိုင်းတိုင်းလည်း ကျနော်တို့က ဖြတ်ရမှာလား.."
" သေချာပေါက်ကို လမ်းခွဲရမယ်.." ချင်းရှီက သုံးနှစ်ကိုတောင် မစောင့်နိုင်ဘူးဆိုတာ ရွှယ်ယင် မထင်မှတ်ထားခဲ့ပေ။ သူ ဒေါသထွက်လာခဲ့သည်။ သူ့ညီလေးနှင့် နတ်ဆိုးဘုရားယုံကြည်နေသူတစ်ယောက်နှင့် ရှိနေမှာကို သူ သည်းမခံနိုင်တော့ပေ။ တကယ်၍ သူမက နတ်ဆိုးဘုရားယုံကြည်နေသူ တစ်ယောက် ဖြစ်နေခဲလျှင် သူ့ညီလေးကို ချောက်ထဲသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်နေလိမ့်မည်။
နတ်ဆိုးဘုရားယုံကြည်နေသူတစ်ယောက်က သူ့ညီလေးကို ဘာလုပ်နိုင်မလဲဆိုတာ မည်သူက သိနိုင်မည်နည်း။ တကယ်၍ ထိုသို့ ဖြစ်လာခဲ့ရင် နောင်တရဖို့ အခါနှောင်းသွားလိမ့်မည်။
" မင်းတို့နှစ်ယောက် ဖြတ်ကို ဖြတ်ရလိမ့်မယ်.." ရွှယ်ယင်က အေးစက်စွာဖြင့် ပြောလိုက်သည်။
" မလုပ်ဘူး.." ချင်းရှီက ဒေါသတကြီးဖြင့် အော်လိုက်သည်။
"ဘယ်သူမှ ဒါကို ဆန့်ကျင်လို့ မရဘူး. မင်း သိပါတယ်.. ငါ စကားတစ်ခွန်း ပြောလိုက်တာနဲ့ ပိုင်ယွမ်ကျစ်က ဂျိရုံကို မောင်းထုတ်ခိုင်းလိုက်လို့ ရတယ်.. ရီရွှေမြို့ကနေ ဂျိကလန်ကို လွင့်ထွက်သွားအောင် ငါ လုပ်လို့ ရတယ်.."
ရွှယ်ယင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ " မင်း နားမထောင်ချင်ရင်တောင် မင်း လိုက်နာရမယ်.. ဒီကိစ္စက မင်းဆုံးဖြတ်ရမဲ့ ကိစ္စ မဟုတ်တော့ဘူး."
" ခင်ဗျား... ခင်ဗျား.."
သွေးတွေက ခေါင်းကို တက်ဆောင့်လာသကဲ့သို့ ချင်းရှီ ခံစားလိုက်ရသည်။ သူ့မျက်လုံးက နီရဲလာကာ နှလုံးသွေးတို့လည်း မြန်ဆန်လာခဲ့သ်ည။
သူ့အစ်ကိုကြီး တကယ်ပဲ သူနှင့် ဂျိရုံတို့၏ သံယောဇဥ်ကို ဖြတ်တောက်ပစ်နိုင်သည်။ သူလည်းပဲ ဆန့်ကျင့်ဖို့ အင်အားမဲ့နေသည်။
ချင်းရှီက ရွှယ်ယင်ကို ကြည့်လိုက်သည်။ သူ့အကြည့်က ရွှယ်ယင်၏ နှလုံးသားအား နာကျင်စေသည်။ ချင်းရှီ၏ အသံက တုန်ခါနေလျက် အက်ကွဲကြမ်းရှစွာ အော်ပြောလိုက်သည်။
" အစ်ကိုကြီးက ကျနော်ရဲ့ အစ်ကိုကြီး မဟုတ်လား.. အစ်ကိုကြီးကို အထင်ကြီးစိတ်နဲ့ ကျနော် ကြီးပြင်းလာခဲ့တာ.. မိဘဆိုတာကို မမှတ်မိခဲ့ပေမဲ့ အစ်ကိုကြီးက အကောင်းဆုံး အစ်ကိုတစ်ယောက်ပဲ.. ဒါပေမဲ့ ကျနော် ထင်ခဲ့တာ မှားသွားပြီ.. ဒီလို လူမျိုး ဖြစ်လိမ့်မယ်လို့ ကျနော် မထင်ထားခဲ့ဘူး.. ကျနော်ကို အထင်သေးစေတယ်.. တကယ်ကို စိတ်ပျက်စေတယ်.. ကျနော်အစ်ကိုက ဒီလို လူမျိုး ဖြစ်လိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့မိဘူး.."
" ခင်ဗျားက မောက်မာတယ်.. ကျနော်ကို စိတ်ပျက်စေတယ်.."
ရွှယ်ယင်သည် သူ့မိသားစုဝင်တို့အတွက် အသက်ကိုပင် ပေးဆပ်၍ ကာကွယ်စောင့်ရှောက်ခြင်းသူတစ်ယောက် ဖြစ်သည်။ ချင်းရှီ၏ စကားများကြောင့် သူ့နှလုံးသားက ထိခိုက်နာကျင်လာခဲ့သည်။
ညီလေးက သူ့ကို စိတ်ပျက်နေပြီးလား..
" ခင်ဗျားက ဒီလို လူစားမျိုးမျိုး ဖြစ်လိမ့်မယ်လို့ ကျနော် မထင်ခဲ့မိဘူး.. ကျနော်ရဲ့ အစ်ကိုကြီးက ဒီလို လူမျိုး ဖြစ်နေရတယ်လို့ဗျာ.."
ချင်းရှီ၏ ပါးနှစ်ဖက်တွင် မျက်ရည်များက အစောကတည်းကပဲ စီးဆင်းလို့ နေခဲ့သည်။ သူက အနောက်သို့ လှည့်၍ လေ့ကျင့်ရေးကွင်းထဲကနေ ထွက်ပြေးသွားခဲ့သည်။ ကျုံးလိန်က ဂိတ်တံခါးအဝမှာ မတ်တတ်ရပ်နေသည်။ ညီအစ်ကိုနှစ်ယောက်၏ အခြေအတင် ဖြစ်နေသည့်အသံကို ကြားရ၍ သူလည်း ထိုနေရာကို အမြန်လာခဲ့ခြင်း ဖြစ်သည်။
မျက်နှာတွင် မျက်ရည်များ စိုရွှဲလျက် ချင်းရှီက ကျုံးလိန်ထံ ပြေးသွားခဲ့သည်။
***
ရွှယ်ယင်၏ နှလုံးသားတွင် နာကျင်လို့ နေသည်။ အမြဲတစေ တုန်လှုပ်ခြင်းကင်းသော သူ့လက်က အနည်းငယ် တုန်ခါလို့ နေသည်။ သူ့နှလုံးသားမှာလည်း တစ်ဆစ်ဆစ် နာကျင်ရသည်။
ချင်းရှီ ပြောသွားတာက တကယ်ပဲလား..
" အစ်ကိုကြီးကို အထင်ကြီးစိတ်နဲ့ ကြီးလာခဲ့တာ"
" ဒါပေမဲ့ ကျနော် မှားခဲ့တယ်.."
" ဒီလို လူစားမျိုး ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး.. ကျနော်ရဲ့ အစ်ကိုကြီးက ဒီလို လူမျိုး ဖြစ်နေတယ်လို့ဗျာ.."
ချင်းရှီ၏ အသံက သူ့နားထဲမှာ ပဲ့တင်ထပ်နေသည်။
ရွှယ်ယင်၏ နှလုံးသာ ဗြောင်းဆန်လို့ နေသည်။ ထိုအချိန်တွင် ကျုံးလိန်က အနားသို့ ရောက်ရှိလာကာ မေးလိုက်သည်။
" ရွှယ်ယင်.."
" ချင်းရှီကို ကြည့်ပေးဖို့ ကျနော်ကို ကူညီးပေးပါ.. မှတ်ထားရမှာက ဒီသုံးရက်အတွင်း ရဲတိုက်ကနေ သူထွက်သွားလို့ မရဘူးနော်. တကယ်လို့ အပြင်ထွက်ဖို့ သူက ကြိုးစားလာခဲ့ရင် သူ့ကို မတားနိုင်ခဲ့ရင် ကျနော်ကို လာပြောပါ.. သူ့ကို ကျနော် တားမယ်.." ရွှယ်ယင်က ပြောလိုက်သည်။
ကျုံးလိန်က ပြောလိုက်သည်။
အရင်တုန်းက ရွှယ်ယင်က တောင်ကြီးတစ်လုံးကဲ့သို့ ခံစားမှုမျိုး ပေးသည်။ လှံတစ်ချောင်းကဲ့သို့ တည်ငြိမ်မှုမျိုး ပေးသည်။ ကြောက်ရွံထိတ်လန့်ခြင်းနှင့်အတူ သန်မာအားကောင်းသော အရှိန်အဝါကို ပေးသည်။
သို့သော် ယခုတွင် ရွှယ်ယင်၏ ကျောရိုးသည် အနည်းငယ် လျော့ရဲနေသည်။ သူ့ရဲ့ မတုန်လှုပ်နိုင်သော ကြီးကျယ်ခမ်းနားခြင်းတို့က ယခုအခါ ပျောက်ဆုံးနေသည်။ ဘယ်အချိန်ကတည်းက သူဟာ ဒီလိုမျိုး လဲကျသွားခဲ့တာလဲ..
" ရွှယ်ယင်.." ကျုံးလိန်က သူ့နာမည်ကို ခေါ်လိုက်ကာ မျက်နှာကို ကြည့်လိုက်သည်။
ရွှယ်ယင်၏ မျက်နှာက ဖြူရော်နေကာ သူ့မျက်ဝန်းမှာလည်း မျက်ရည်စတို့ဖြင့်..
" အခုလေးတင် မင်းတို့ စကားကို ငါကြားခဲ့တယ်.. ဝမ်းမနည်းပါနဲ့.. ချင်းရှီက ကလေးပဲ ရှိသေးတာ.. ဘယ်လို ဒုက္ခ ရှိမလဲဆိုတာ သူ့မှာ အတွေ့အကြုံ မရှိပါဘူး.. သူ ကြီးပြင်းလာတဲ့ အချိန်အထိ စောင့်လိုက်ပါ.. မင်းစေတနာကို သူနားလည်ပါလိမ့်မယ်.." ကျုံးလိန်က သူ့ကို နှစ်သိမ့်လိုက်သည်။
" မင်း သူ့ကို ငယ်ငယ်ကတည်းက ချစ်ခဲ့တာပဲ.. သူ့အတွက် ဆရာကောင်း ရဖို့အတွက် မင်းအသက်နဲ့ ရင်းပြီး ပျက်သုဥ်းခြင်းတောင်တန်းအထဲကိုတောင် ဝင်သွားခဲ့တာပဲ.. သူ့အပေါ် မင်း ဘယ်လောက်ကောင်းခဲ့သလဲ ဆိုတာ သူ သိလာမှာပါ.. အဆင်ပြေသွားမှာပါ.. ဝမ်းမနည်းနေပါနဲ့."
" ကျနော် အဆင်ပြေပါတယ်.. ချင်းရှီကိုသာ ကြည့်ထားပေးပါ.."
ရွှယ်ယင်က အနောက်လှည့်၍ ထွက်ခွာသွားလိုက်သည်။
***
ရဲတိုက် ခေါင်းမိုးထက်တွင်..
ရွှယ်ယင်သည် တစ်ယောက်တည်း ထိုင်ကာ ဝိုင်အရက်ကို သောက်ရင်း ပြောကျယ်သည့် ပတ်ဝန်းကျင်ကို ကြည့်လေသည်။
သူနားထဲကို တိုးဝင်လာသည့် ချင်းရှီ၏ အသံက သူ့ကို နာကျင်စေသည်။ သို့သော် သူ့မှာ ညီလေးကို စိတ်ပူနေရသည်။
" ဒါပြီးသွားရင်တော့ အားလုံးက အဆင်ပြေသွားမှာပါ.." ရွှယ်ယင်က ခပ်တိုးတိုး ပြောလိုက်သည်။ သူ့မျက်ဝန်းထဲမှာ စိုစွတ်လာသည်ကို ခံစားလိုက်ရ၍ ခပ်မြန်မြန် မျက်တောင်ခတ်လိုက်သည်။
" ဟားဟား.. နှစ်တော်တော် ကြာသွားခဲ့ပြီ.. ငါ ငိုရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.."
သူက ဝိုင်အရက်ကို မော့လိုက်သည်။
တောင်ကြားလေက လေးတွဲ့စွာ တိုက်ခတ်နေသည်။
သူ့စိတ်ထဲမှာ ဘာတွေ ဖြစ်နေတာကို သူ့ မသိနေပေ။ ထိုနေရာမှာပဲ ထိုင်နေကာ ဝိုင်အရက်ကိုပဲ သောက်နေသည်။
ကောင်းကင်က တဖြည်းဖြည်းဖြင့် မှောင်လာခဲ့သည်။ ညအမှောင်သို့ တဖြည်းဖြည်း ရောက်လာခဲ့သည်။ အချိန်က ညနေစာ စားဖို့ အချိန်ကို ရောက်ရှိလာခဲ့သည်။ ညီဖြစ်သူက ညနေစာ စားပွဲတွင် တွေ့ဖို့ မျှော်လင့်လိုက်သော်လည်း ချင်းရှီက ညနေစာပင် လာမစားခဲ့ပေ။ ညနေစာ စားသောက်ပြီးနောက် ရွှယ်ယင်က စာကြည့်ခန်းသို့ သွား၍ တစ်ယောက်တည်း စာဖတ်နေခဲ့သည်။
***
ညက ပိုနက်လာခဲ့သည်။ လမင်းကြီးပင် အပေါ်သို့ တက်ရှိလာကာ ကမ္ဘာမြေတခွင်သို့ လရောင်များ ဖြန့်ကျက်၍ လာခဲ့သည်။
ကောင်းကင်ထက်က တိမ်လွှာတိမ်ထုများကြားတွင်..
" ဝှီး.." အနက်ရောင် မှော်ယာဥ်ပျံတစ်စီးက နှင်းကျောက်ရဲတိုက်အပေါ်က ကောင်းကင်ထက်သို့ ရောက်ရှိလာခဲ့သည်။
အပိုင်း ( ၆၂ ) အလစ်ဝင် တိုက်ခိုက်ခြင်း
မှော်ယာဥ်ပျံထက်တွင် အမှုထမ်းတစ်ယောက်က
" အရှင်သခင်.. အခုဆို နှင်းကျောက်ရဲတိုက်ကို ရောက်နေပါပြီ.." ဟု ရိုသေစွာဖြင့် ပြောလိုက်သည်။
ထိုအခါ မျက်လုံးပိတ် ကျင့်ကြံနေသည့် ရှင်းဖန်ယွင်က မျက်လုံး ဖွင့်လိုက်သည်။
သူ့အနောက်တွင် ထိုင်နေသည့် လေနတ်ဆိုးနှင့် တစ်ခြားသုံးယောက်တို့က ပြိုင်တူ မတ်တတ်ရပ်လိုက်သည်။
" အစ်ကိုကြီး.. ကျနော်တို့ အောက်ကို ဆင်းတော့မယ်.." လေနတ်ဆိုးက ခွင့်တောင်းလိုက်သည်။
" အင်း.." ရှင်းဖန်းယွင်လည်း ခေါင်းကို အသာညိတ်လိုက်သည်။
ထို့နောက် လေနတ်ဆိုးနှင့် ကျန်သည့် သုံယောက်တို့သည် ကုန်းပတ်မှာ ရှိသည့် အခန်းကနေ လျင်မြန်စွာ ထွက်ခွာသွားကြသည်။ သူတို့အထဲကမှ ခရမ်းရောင်တောင်ဝှေးကို ကိုင်ဆောင်ထားသော ဆံပင်အဖြူနှင့် မှော်ဆရာမက မန္တန်အချို့ကို စတင် ရွတ်ဖတ်လိုက်သည်။
ထိုအခါ သူမ၏ မှော်တောင်ဝှေးထိပ်မှ အလင်းရောင်တစ်ခု ထွက်ပေါ်လာကာ လေနတ်ဆိုးနှင့် ကျန်သည့် နှစ်ယောက်ဆီကို ရောက်ရှိသွားသည်။
ထို့နောက် မန္တန်အမျိုးမျိုးကို မန်းမှုတ်လိုက်သည့်အခါမှာတော့ လေနတ်ဆိုးနှင့် ကျန်သူတို့၏ ဘေးနားက လေထုမှာ သီးခြားစီ ဖြစ်တည်လာခဲ့သည်။ မမြင်ရသော အစည်းအတားတစ်ခုက သူတို့ကို ဝိုင်းပတ်လာကာ သူတို့ဘေးနားက အလင်းရောင်တို့လည်း တွန့်ခါလာခဲ့သည်။
အရင်အခါက ရွှယ်ယင်တို့အဖွဲ့သည် လုကလန်၏ ရဲတိုက်အထဲကို အလစ်ဝင်ခဲ့စဥ်အချိန်က သူတို့ကို အစောင့်တွေက လျင်မြန်စွာြဖင့် ရှာတွေ့သွားခဲ့သည်။ ထို့ကြောင့် ထိုကဲ့သို့ အလစ်ဝင် တိုက်ခိုက်ခြင်းမျိုးမှာ လုပ်ကြံသတ်ဖြတ်ရေးသမားများက ပို၍ ကျွမ်းကျင်ကြသည်။ ဒါသည်လည်း သူတို့၏ အသက်မွေးဝမ်းကြောင်းပဲ မဟုတ်လား။
" သွားစို့.." လေနတ်ဆိုးက စတင်၍ အချက်ပေးလိုက်သည်။
ဝှစ်.. ဝှစ်.. ဝှစ်..
လူလေးယောက်တို့က မှော်ယာဥ်ပျံထက်နေ တစ်ပြိုင်နက်တည်း ဆင်းသက်လာကြသည်။ မှော်အစွမ်းများက သူတို့ကို ဝိုင်းပတ်ထားကာ ကျဆင်းသွားသည့် အရှိန်နှုန်းကို အတော်လေး လျှော့ချပေးသည်။ မီတာရာကျော်အကွာအဝေးကို အချိန်တစ်ခဏအတွင်း ရောက်ရှိသွားပြီး သူတို့အဖွဲ့က ရဲတိုက်ဘေးနားက နေရာအလွတ်တစ်ခုမှာ ဆင်းသက်လိုက်ကြသည်။ တကယ်၍ ရဲတိုက်ကြီးပေါ်ကိုသာ ဆင်းသက်လိုက်ပါက အလွယ်တကူဖြင့် သူတို့ကို တွေ့ရှိသွားမည်ဆိုတာကို လုပ်ကြံသူများက သိရှိကြပေသည်။ အဘယ်ကြောင့်ဆိုသော် ရဲတိုက်ကြီးကိုသာ အဓိကထား စောင့်ကြည့်နေသည့်အပြင် မှော်အစီအရင် အရံအတားများလည်း ရှိနေခြင်းကြောင့် ဖြစ်သည်။
ကွင်းပြောင်ထဲသို့ ဆင်းလိုက်သည့်အတွက်ကြောင့် သာမန်လျှံကာ ကြည့်ရုံဖြင့် သူတို့ကို တွေ့ကြမှာ မဟုတ်ချေ။
" တတိယအစ်ကို... ဒီမှာ ခဏနေခဲ့ဦး.. ကျနော်တို့ သုံးယောက်က အထဲကို ခိုးဝင်ကြမယ်.." လေနတ်ဆိုးက ပြောလိုက်သည်။
" ဂရုစိုက်ဦး.. တကယ်လို့ အချက်ပြအစီအရင်တွေနဲ့ ကြုံလာခဲ့ရင် ချက်ချင်း အနောက်ဆုတ်သွားလိုက်ကြ.. ငါပဲ အလုပ်ကို ပြီးပြတ်အောင် လုပ်လာခဲ့မယ်.."
" စိတ်မပူပါနဲ့.. ဒုတိယအစ်ကို.. " ကျန်သည့် ယောကျ်ားစစ်သည်နှစ်ယောက်နှင့် ငွေလအဆင့် မှော်ဆရာမတို့က ခေါင်းညိတ်လိုက်သည်။ သူတို့မှာ ထိုကဲ့သို့ တာဝန်မျိုးကို ကျင့်သားရနေပြီး ဖြစ်သည်။
ဝှစ်..ဝှစ်.. ဝှစ်..
သူတို့ သုံးယောက်က အဆောက်အဦးကြီးဆီသို့ လျင်မြန်စွာ တိုးကပ်သွားသည်။ သူတို့
၏ ခန္ဓာကိုယ်တွင် မှော်အစွမ်းများဖြင့် ဝိုင်းပတ်ထားသည်။ ထိုကဲ့သို့ ညအမှောင်မျိုးတွင် သာမန်လူတစ်ယောက်အနေဖြင့် သူတို့ အနားတွင် ရှိစေကာမူ တွေ့မြင်ရမှာ မဟုတ်ချေ။ နေ့အခါတွင်မူ သာမန်လူက သူတို့ကို မှုန်ဝါးနေသည့် အရိပ်အဖြစ်သာ မြင်ရမည်။
***
စာကြည့်ခန်းတွင်..
ရွှယ်ယင်က စာအုပ်တစ်အုပ်ကို ကြိုးစား၍ ဖတ်နေ၏။ သို့သော် သူ့နှလုံးသားက မတည်မငြိမ် ဖြစ်နေသည်။ သူက စာအုပ်ကို လှန်လိုက် ဖတ်လိုက်နှင့်။
" ဟမ်.." ရွှယ်ယင်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
လောကကြီးနှင့် တစ်သားတည်းအဆင့်သို့ ရောက်နေသည့် ပညာရှင်တစ်ဦး..
ပုံမှန်အားဖြင့် သူတို့၏ စိတ်ဝိညာဥ်စွမ်းအင်ကို လောကကြီးနှင့် ချိတ်ဆက်ထားသည်။ ထို့ကြောင့်လည်း အကွာအဝေးတစ်ခုအထိ လှုပ်ရှားမှု မှန်သမျှကို သူတို့ သိရှိနိုင်သည်။
တကယ်၍ သူတို့၏ စိတ်ဝိညာဥ်ကို လောကကြီးထဲတွင် တမင်တကာ အာရုံစိုက်ထားခဲ့ပါက တော်တော်ဝေးဝေးအထိကို အာရုံခံနိုင်သည်။ ထိုကဲ့သို့ ပညာရှင်တစ်ယောက်က ကောင်းကင်မြင့်က မှော်ယာဥ်ပျံကို အာရုံခံ သိနိုင်သည်။ သာမန်လူတစ်ယောက်အနေဖြင့် သူတို့၏ စိတ်ဝိညာဥ်စွမ်းအင်ကို လောကကြီးထဲ မချိတ်ဆက်နိုင်ချေ။
အဘယ်ကြောင့်ဆိုသော် သူတို့၏ စိတ်ဝိညာဥ်ကို လောကကြီးနှင့် တစ်သားတည်း ဖြစ်ဖို့ကို လိုအပ်ခြင်း ဖြစ်သည်။
" ဟိူလူတွေများ ရောက်လာတာများ ဖြစ်မယ်.. လူကုံထံအသိုင်းအဝိုင်းရဲ့ လက်စားချေတာက တော်တော် မြန်တာပဲ.."
ရွှယ်ယင်၏ မျက်ဝန်းတွင် အေးစက်စက် အလင်းက တောက်ပသွားသည်။ သူ့မိဘတွေကို သူ ငယ်စဥ်ကတည်းက ခေါ်ဆောင်သွားပြီးကတည်းက နှင်းကျောက်ရဲတိုက်ကို အပြင်လူတွေ ကျူးကျော်ဝင်လာခြင်း မရှိခဲ့ပေ။ သို့သော် အသိုင်းအဝိုင်းမြင့်ဟန် တူသည့် သခင်လေး သေဆုံးခဲ့ပြီးနောက် မကြာသည့် အချိန်တွင် လုပ်ကြံမည့် လူများ ရောက်ရှိလာခဲ့ပြီး။ ထိုလူတွေက သေသွားသည့် သခင်လေးနဲ့ ပတ်သတ်မှု ရှိရမည်။
ရွှစ်..
ရွှယ်ယင်လည်း တံခါးကို ဖွင့်လိုက်ကာ စာကြည့်ခန်းကနေ ထွက်လာခဲ့လိုက်သည်။
***
လေနတ်ဆိုးတို့က ရဲတိုက်၏ အဆောက်အဦးကြီး စင်္ကြံလမ်းကနေ တိတ်တဆိတ်ဖြင့် ဝင်လာခဲ့သည်။
ရုတ်တရက်..
ဘုန်း.. ရဲတိုက်နှင့်တကွ.. မီတာရာကျော်အကွာအဝေး ရှိသည့် ပတ်ဝန်းကျင်တစ်ခုလုံးက ကြောက်မက်ဖွယ်အင်အားတစ်ခုဖြင့် ဖိနှိပ်လာခဲ့သည်။ အပြင်တွင် စောင့်နေသည့် ငွေလအဆင့် မှော်ဆရာနှင့် လေနတ်ဆိုးတို့ အုပ်စုသည်လည်း သဘာဝတရားစွမ်းအင် များ၏ လုံးဝ ဖိနှိပ်လာမှုကို ခံစားလိုက်ရသည်။
ထိုကဲ့သို့ ဖိနှိပ်လာခြင်းကြောင့် အားလုံး၏ မျက်နှာများတွင် ကြောက်လန့်ခြင်းများ ထင်ဟပ်သွားသည်။ ထိုသို့ ဖိသိပ်လာသည့်အခါတွင် ငွေလအဆင့် မှော်ဆရာမသည် သဘာဝတရား၏ စွမ်းအင်ကို ဖယ်ရှားခြင်းပင် မလုပ်နိုင်ပေ။ သူကား တုန်လှုပ်သွားခဲ့ပြီး အစွမ်းကြီးသည့် မှော်မန္တန်တစ်ခုတလေကိုပင် မန်းမှုတ်၍ မရနိုင်တော့သည်။
" သေလိုက်ပါတော့.. တုန်ပိုရွှယ်ယင်က အသက် ၂၂ နှစ်တည်းနဲ့ ဒဏ္ဍာရီအဆင့်ကိုတောင် ရောက်နေပြီး.. လောကကြီးနဲ့ တစ်သားတည်းအဆင့်တောင် ဖြစ်နေပြီးလား.."
ယောကျ်ား စစ်သည်နှစ်ယောက်နှင့် ငွေလအဆင့် မှော်ပညာရှင်တို့က ကြောက်လန့်ထိတ်လန့်လာခဲ့ကာ သူတို့၏ ခြေထောက်များကပင် ပျော့ခွေလာခဲ့သည်။ ထို့အပြင် သူတို့ကို သဘာဝတရားစွမ်းအင်များနှင့်ပင် ဖိနှိပ်ထားသေးသည်။ တကယ်၍ တုန်ပိုရွှယ်ယင်က သူတို့ကို တိုက်ခိုက်လိုက်မည်ဆိုလျှင် မျက်စိတစ်ခတ်အတွင်းမှာပဲ သူတို့ သေသွားရလိမ့်မည်။
သူတို့အားလုံး ကြောက်လန့်ချောက်ချားခဲ့လေကာ ခြေထောက်တို့က ပျော့ခွေနေပါပြီ။
" ပြေးဟ.. ပြေး.."
" သူ ငါတို့ကို မတိုက်ခိုက်ပါစေနဲ့.. လေနတ်ဆိုးကိုပဲ တိုက်ခိုက်ပါစေ.. လေနတ်ဆိုးက သူ့ကို အချိန်တစ်ခဏအထိတော့ ထိန်းပေးနိုင်ရင် အစ်ကိုကြီးက အချိန်မီ ရောက်လာနိုင်တယ်.. အစ်ကိုကြီး ရောက်လာခဲ့ရင် ငါတို့ အသက်ရှင်နိုင်ပြီ.."
ယောက်ျားစစ်သည်နှစ်ယောက်နှင့် ငွေလအဆင့် မှော်ဆရာမတို့က လျင်မြန်စွာ အနောက်ဆုတ်ကြသည်။
သုံးယောက်စလုံးက ချောက်ချားနေကြသည်။
လေနတ်ဆိုးမှာမူ မကြောက်လန့်နေပေမဲ့ ရင်ထဲမှာတော့ အံ့သြသွားသည်။
လောကကြီးနှင့် တစ်သားတည်းအဆင့်လား.. အန်းယန်ပြည်နယ်တွင် အသက် ၂၂ နှစ်နှင့် ဒဏ္ဍာရီအဆင့်သမားတစ်ဦး ထွက်ပေါလာမှု မရှိခဲ့သည်က နှစ်ပေါင်း တော်တော် ကြာသွားခဲ့ပြီ။ ထိုကဲ့သို့ ထူးခြားမှုမျိုးက တကယ်ပဲ ထွက်ပေါ်လာခဲ့ပြီ။
သဘာဝတရားစွမ်းအင်ဖြင့် ဖိနှိပ်ခြင်း ခံရသည့်အခါမှာတော့ လေနတ်ဆိုးက လုံးဝကို အံ့အားသင့်သွားသည်။ အသက် ၂၂ နှစ်ဖြင့် ဒဏ္ဍာရီအဆင့်ကို ရောက်ရှိခဲ့ခြင်းက အန်းယန်ပြည်နယ်တွင် မဆိုထားနှင့် နဂါးတောင်အင်ပါယာတခွင်မှာပင် ထိုကိစ္စမျိုးက အလွန်တရာ ထူးခြားသည့် ကိစ္စမျိုး ဖြစ်၏။
ရွှယ်ယင်၏ တိုက်ပွဲကို မျက်မြင် မမြင်ရသော်လည်း သွေးစွန်းအရက်ဆိုင်၏ ခန့်မှန်းမှုထက် နဂါးတောင်အိမ်တော်က သတင်းအချက်အလက် ပိုစုံသည်။ လုကလန်၏ ရဲတိုက်အထဲတွင် တွေ့ရှိရသည့် နံရံအက်ကြောင်းများက တစ်ခြားသော အကြောင်းအရင်းများကြောင့်လည်း ဖြစ်နိုင်မည်ဟု သူတို့ ယူဆခဲ့သေးသည်။ ထို့ကြောင့်လည်း ရွှယ်ယင်က ဒဏ္ဍာရီအဆင့် ဖြစ်နေဖို့က ရာခိုင်နှုန်း ၅၀ ပဲ ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။ ရွှယ်ယင်တွင် ဒဏ္ဍာရီအဆင့် တစ်ယောက်၏ တိုက်ခိုက်မှုစွမ်းရည် ရှိသော်လည်း သူ့မှာ တစ်ခြားသော အစွမ်းမြင့်သည့် သံချတ်ဝတ် ဒါမှမဟုတ် ထိုကဲ့သို့ ပစ္စည်းများ ရှိလိမ့်မည်ဟုလည်း သူတို့ ထင်ခဲ့ကြသည်။
နယ်စပ်မြို့လေးတစ်မြို့ ဖြစ်သည့် ရီရွှေမြို့လို မြို့ငယ်တစ်မြို့မှ အသက် ၂၂ နှင့် ဒဏ္ဍာရီအဆင့်တစ်ယောက် ထွက်ရှိလိမ့်မည်ဟု သူတို့ မယုံရဲကြချေ။ ကိုယ့်အား ကိုယ်ကိုး၍ ဒဏ္ဍာရီအဆင့် ဖြစ်လာဖို့က တကယ်ကို ခက်ခဲလွန်းသည်။
လောကကြီးနှင့် တစ်သားတည်းအဆင့်.. ထိုအဆင့်ကို ရောက်ရှိဖို့က အရမ်းကို ခက်ခဲသည်။
ကမ္ဘာဦးသွေးအမွေကို နိုးထစေဖို့က ပို၍ပင် ခက်ခဲသည်။
နဂါးတောင်အင်ပါယာတခွင်မှာ ထိပ်ဆုံးက တကယ့်အထွတ်အထိပ်အဆင့်တစ်ဦးတောင်မှ အသက် ၂၂ နှစ်နှင့် ဒဏ္ဍာရီအဆင့်ကို ရောက်အောင် ကျင့်နိုင်ဖို့က ခက်ခဲနေဦးမည်။
" ငါဆို နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့တာ.. လောကကြီးနဲ့ တစ်သားတည်းအဆင့်ကို မရောက်နိုင်သေးဘူး.. ငါ့ ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲခဲ့ပြီး အစ်ကိုကြီးဆီကနေ သန့်စင်ရတနာကို ယူသုံးထားလို့သာ ငါဟာ ဒဏ္ဍာရီအဆင့်တစ်ယောက်ရဲ့ တိုက်ခိုက်မှုအစွမ်းကို ရလာခဲ့တာ.. "
လေနတ်ဆိုးဟာ အကြီးအကျယ် ထိတ်လန့်နေသည်။
" ဒါပေမဲ့ တုန်ပိုရွှယ်ယင်က သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ လောကကြီးနဲ့ တစ်သားတည်းအဆင့်ကိုတောင် ရောက်စေနိုင်ခဲ့တာလား.."
လူအများစုတို့သည် ပြင်ပအကူအညီကို ယူ၍ ဒဏ္ဍာရီအဆင့်ကို ရောက်နိုင်ဖို့ ကြိုးစားကြသည်။
ရွှယ်ယင်၏ ရန်သူ ဖြစ်ကြသော မိုယန်ချမ်ပိုင် နှင့် လေနတ်ဆိုးတို့က ထိုကဲ့သို့ နည်းလမ်းမျိုးကို သုံးထားကြသူများ ဖြစ်ကြသည်။
သို့သော် လေနတ်ဆိုးမှာ ကိုယ့်ကိုယ်ကို အထူးစည်းကမ်းထားသူ ဖြစ်သည်။ သူခန္ဓာကိုယ်ကို မှော်ဆရာကြီးတစ်ပါးဖြင့် ပြောင်းလဲထားပြီး သန့်စင်ရတနာကိုလည်း ရထားသည်။ ထို့အပြင် အသက်အန္တရာယ်နှင့် နီးကပ်သည့် တိုက်ပွဲမျာစွာဖြင့် နှစ်အတန်ကြာ ဖြတ်သန်းလာခဲ့ခြင်းကလည်း သူ့အား တိုးတက်စေခဲ့သည်။ ထို့ကြောင့်လည်း သူ့စွမ်းအားက မိုယန်ချန်ပိုင်ထက် ပို၍ သာလွန်နေသည်။ ထို့ကြောင့်လည်း တကယ့်အစစ်အမှန် ဒဏ္ဍာရီအဆင့်နှင့် တိုက်ခိုက်သည့်အခါတွင် ကွာခြားချက်က သိပ်မများလှပေ။
" ဟူး..ဟူး.."
သဘာဝတရားစွမ်းအင်ဖြင့် ဖိနှိပ်ထား၍ကာ လေထုတို့ကပင် တွန့်လိမ်နေသည်။ မီးသလင်းကျောက်၏ အလင်းရောင်ရှိနေသည့် စင်္ကြံလမ်းတွင် အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးက ထွက်ပေါ်လာခဲ့သည်။
လေနတ်ဆိုးက အရှေ့က လူကို ကြည့်လိုက်သည်။
လေထုက တွန့်လိမ်နေ၍ တစ်ဖက်လူ၏ ပုံရိပ်က မကြည်မလင် ဖြစ်နေသည်။ သို့သော် တစ်ဖက်လူ၏ ပုံသဏ္ဌာန်နှင့် အရွယ်ကို ကြည့်၍ တစ်ဖက်လူသည် တုန်ပိုရွှယ်ယင် ဖြစ်မှန်း လေနတ်ဆိုး သိလိုက်သည်။
" မင်းတို့ကို ဘယ်သူ လွှတ်လိုက်တာလဲ.." အနက်ရောင်အဝတ်နှင့် လူငယ်က သူတို့ကို မေးလိုက်သည်။
" ပြေးကြ.." လေနတ်ဆိုးက ပြန်လည် မတိုက်ခိုက်ချင်ပေ။
အဘယ်ကြောင့်ဆိုသော် တကယ့် အစစ်အမှန် ဒဏ္ဍာရီအဆင့်ကို သတ်ဖို့က သူ့မှာ အခွင့်အလမ်း မရှိချေ။ သူ့တို့၏ အစ်ကိုကြီး ရောက်လာမည့် အချိန်ကို တတ်နိုင်သမျှ ကြာကြာ ဆွဲထားနိုင်ဖို့ လိုသည်။
" ဪ.." တစ်ဖက်လူက ထွက်ပြေးချင်သည်ကို မြင်သည့်အခါ အနက်ရောင်အဝတ်နှင့် လူငယ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။
" မပြောပြချင်ဘူးပေါ့.. ဒါဆို သေလိုက်တော့.."
" ရွှစ်.."
အနက်ရောင်ဝတ်ရုံနှင့် လူငယ်၏ လက်ထဲကို လှံတစ်ချောင်း ရောက်ရှိလာသည်။
လှံတစ်ခုလုံးသည် စက်ဝိုင်းသဏ္ဍာန် လှည့်လိုက်သည်။ တကယ်၍ တစ်စုံတစ်ယောက်က ထိုလှံကို မြင်ရလျှင် သူ့ခွန်အားက မည်မျှကြီးကြောင်း မြင်သိပါလိမ့်မည်။
" အရမ်းကို မြန်တယ်.."
လေနတ်ဆိုး ငေးကြောင်ကြည့်သွားသည်။ သူက အနောက်လှည့်၍ သူ့ဓားကောက်ဖြင့် ခုခံလိုက်သည်။ သို့သော် လှံကို ဓားကောက်ဖြင့်အပြည့်အဝ ကာကွယ်နိုင်မှာ မဟုတ်ချ။ အလိုလို လုပ်မိ လုပ်ရာ လုပ်လိုက်ခြင်း ဖြစ်သည်။
ထန်းး
လှံ၏ ကြောက်စရာကောင်းသော အင်အားနှင့် လှည်ပတ်အားတို့ နှစ်ခုပေါင်းအားကြောင့် လေနတ်ဆိုး၏ လက်က ထုံကျင်သွားသည်။ သူက အနောက်သို့ ဆုတ်လိုက်ရပြီးနောက် သူ့မျက်နှာမှာလည်း ကြောက်လန့်သွားသည့် အမူအရာများ ဖြစ်ပေါ်သွားသည်။
ရွှယ်ယင်က လောကကြီးနှင့် တစ်သားတည်းအဆင့်သို့ ရောက်ခဲ့သည့်အချိန်က မကြာသေးသော်လည်း ထိုအချိန်နည်းနည်းမှာကိုပင် သူက သဘာဝတရား၏ စွမ်းအင်ကို ရသလောက် စုပ်ယူခဲ့ကာ သူ့ခန္ဓာကိုယ်ကို သန်မာအောင် လုပ်ခဲ့သည်။ သူ့၏ ချီစွမ်းအင်တို့က ငွေလင်အဆင့်သို့ ရောက်ရှိခဲ့ပြီး ခန္ဓာကိုယ်၏ ခွန်အားနှင့် လျင်မြန်မှုတို့က ထက်ဝက်မျှ မြင့်တက်လာခဲ့သည်။ လောကကြီးနှင့် တစ်သားတည်းအဆင့်သို့ ရောက်ရှိနေမှုက ရန်သူကို ကောင်းကောင်း အသာစီးရထားစေသလို ရေခဲနက်လှံသိုင်းပညာ၏ ဒုတိယသိုင်းကွက် ဖြစ်သော သွေးမိုးကြောင့်လည်း ပုံမှနန်အခြေအနေ တိုက်ပွဲတစ်ခုတွင် သူ့ရဲ့ တိုက်ခိုက်မှုအစွမ်းတို့က သူ ကမ္ဘာဦးသွေးအမွေကို အသုံးပြုပြီး နတ်ဆိုးတမန်တော်နှင့် တိုက်ခိုက်ခဲစဥ်ထက် ပို၍ ပြင်းထန်ပါလိမ့်မည်။
ထိုကဲ့သို့ စွမ်းအားမျိုးဖြင့် တိုက်ခိုက်သည့်အခါတွင် နတ်ဆိုးတမန်တော်သည်ပင် တားမြစ်သိုင်းပညာကို အသုံးပြုခဲ့သေးသော်လည်း အသတ်ခံရသေးသည်။ လေနတ်ဆိုးက အဘယ်ကဲ့သို့ ရပ်တန့်စေနိုင်မည်နည်း။
" အရမ်းကို သန်မာတာပဲ.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."
ဓားကောက်နှစ်လက်က ဒုတိယမြောက် ဝင်လာသည့် လှံချက်ကို အသည်းအသန် ကာကွယ်လိုက်သည်။
သူက လှံချက်ကို ကာကွယ်လိုက်နိုင်သည်။ သို့သော် ထိုတိုက်ခိုက်မှုက သူ့ကို အနောက်ဆုတ်စေသည်။
လေနတ်ဆိုးက ကံကောင်းစွာဖြင့် ဒုတိယလှံချက်ကို ကောင်းကောင်း ကာကွယ်လိုက်နိုင်သည်။ သို့သော် သူ့လက်နှစ်ဖက်က လုံးဝကို ထုံကျင်သွားကာ ဓားကောက်လှုပ်ရှားမှုတို့ကလည်း ပုံမှန် မဖြစ်လာခဲ့တောပေ။
တတိယမြောက် လှံချက်..
ဖူး..
အလင်းကဲ့သို့ လျင်မြန်စွာဖြင့် လှံက ဓားကောက်ကြားထဲကနေ ဖြတ်ဝင်သွားခဲ့သည်။ တစ်ခဏမှာပဲ လှံကား လေနတ်ဆိုး၏ လည်မျိုကို ထိုးဖောက်သွားသည်။ တဖန် ပြန်လည် အနောက်ဆုတ်သွားသည်။ထိုလှုပ်ရှားမှုက သူ့လည်မျိုအား အသာအယာ အနမ်းလာပေးဟန်နှင့် တူသည်။
" ငါ..ငါ.. " လေနတ်ဆိုးက လည်မျိုကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ပန်းထွက်လာသည့် သွေးကို အတင်းကာရော ပိတ်တားသည်။
ဒဏ္ဍာရီအဆင့်တစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါမှာ ဤမျှလောက် ခပ်မြန်မြန် သေရလိမ့်မည်ဟု သူ ဘယ်တော့မှ မတွေးထားခဲ့ပေ။
ရွှယ်ယင်က လည်ပင်းကို ဆုပ်ကိုင်ထားသည့် ချောင်းမြောင်းလုပ်ကြံသူကို ကြည့်ကာ
" လှံချက် နှစ်ချက်ကို ကာကွယ်နိုင်တာဆိုတော့ သူက ဒဏ္ဍာရီအဆင့် ခွန်အား ရှိတဲ့ပုံပဲ.."
" ကျန်တဲ့ ပုရွက်ဆိတ်သုံးကောင်က ထွက်ပြေးသွားပြီ.."
ရွှယ်ယင်က လောကကြီးစွမ်းအင်ကို ဖြန့်ထုတ်၍ ကြည့်လိုက်သည်။ ထိုအခါ နောက်ထပ် လုပ်ကြံသတ်ဖြတ်သူ သုံးယောက်၏ လှုပ်ရှားမှုတိုင်းက သူ့အမြင်အောက်တွင် ထွက်ပေါ်လာခဲ့သည်။ ထိုသုံးယောက်ကို သူ သတ်ချင်တဲ့ အချိန်တိုင်း သတ်၍ ရနိုင်သည်။
***
အပိုင်း ( ၆၃ ) - ရောက်ရှိလာခြင်း
" ငါ့ကို ပြောစမ်း.. ဘယ်သူက မင်းကို လွှတ်ခဲ့တာလဲ.." ရွှယ်ယင်၏ အသံက ကျန်သည့် လုပ်ကြံသူ သုံးယောက်တို့၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
" မသိဘူး.. ငါတို့ မသိခဲ့ဘူး.."
" ဒီအလုပ်ကို သွေးစွန်းအရက်ဆိုင်ကနေ လက်ခံခဲ့တာ.. ဘယ်သူက အလုပ်အပ်သလဲဆိုတာ ငါတို့ မသိဘူး.."
လုပ်ကြံသူ သုံးယောက်က ကြောက်ကြောက်လန့်လန့်ဖြင့် ရှင်းပြကြသည်။
ရွှယ်ယင် မျက်မှောင်ကြုတ်သွားသည်။
သွေးစွန်းအရက်ဆိုင်ကနေလား..?? ထိုသခင်လေး၏ မိသားစုက သွေးစွန်းအရက်ဆိုင် ဆီမှာ အလုပ်အပ်ပြီး ဆုကြေးထုတ်ခဲ့သည်လား.. ဒိအတိုင်းဆိုရင် အလုပ်အပ်သူကို သိရှိနိုင်ဖို့က လုံးဝကို လွယ်ကူတော့မှာ မဟုတ်တော့ပေ။
ဝီးး.. ဖောက်..ဖောက်..
အေးစက်စက် အလင်းတန်းသုံးခု ဖျတ်ခနဲ ထွက်ပေါ်သွားသည်။
လောကကြီးနှင့် တစ်သားတည်း ဖြစ်တည်ခြင်း၏ ပိတ်ဆို့ထားမှု၊ ညအမှောင်၏ မှောင်မိုက်နေမှုတို့၏ အောက်တွင်...
လုပ်ကြံသူ သုံးယောက်တို့၏ နဖူးတွင် သေးငယ်သော အပေါက်ကိုယ်စီ ရရှိသွားကြသည်။ အားလုံးက မျက်လုံးပြုးကျယ်သွားကြလျက်..
" မင်းတို့က ငါ့အိမ်ကိုတောင် ရောက်လာခဲ့ပေမဲ့ တစ်ခုမှ အသုံးမဝင်သေးဘူး.. ဒီတော့ ငါက မင်းတို့အသက်ကို ဘာလို့ လွှတ်ပေးရမှာလဲ.."
ပြိုလဲကျသွားသော လူသုံးယောက်ကို ကြည့်ရင်း ရွှယ်ယင်က ပြောလိုက်သည်။
စင်စစ် ရွှယ်ယင် ပစ်လွှတ်လိုက်သည့် အရိုးတံသဏ္ဌာန် လှံတိုလေးသည် သူ စီရင်စုမြို့တော်မှာ လှံတို ဝယ်ယူခဲ့စဥ်က တစ်လက်စတည်း ဝယ်လာခဲ့သည့် လှံတိုလေးများ ဖြစ်ကြသည်။ သူ့ထက် အဆင့်နိမ့်သူနှင့် ရင်ဆိုင်သည့်အခါတွင် သက်သာ လွယ်ကူခြင်းကြောင့် ထိုလှံတိုလေးတို့ကို တစ်ခါတည်း ဝယ်သွားလိုက်ခြင်း ဖြစ်သည်။ ထိုလှံတိုလေးတို့က များစွာ တန်ဖိုး မကျသင့်ချေ။ ရွှယ်ယင်က ထိုလှံတိုငယ်တို့ကို တစ်သေတ္တာစာ ဝယ်ယူခဲ့ပြီးနောက်မှာ သူ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ထည့်သွင်းသိမ်းထားခဲ့သည်။
***
ကောင်းကင်ထက်မှာ ရှိနေသည့် မှော်ယာဥ်ပျံထက်တွင် ရှန်းဖန်းယွင်က အေးစက်သည့် အကြည့်ဖြင့် အောက်က အရာအားလုံးကို ကြည့်ရှုနေလျက် ရှိသည်။
ဟူး...
ရဲတိုက်အထဲကနေ ထွက်ရှိလာသည့် လောကကြီးနှင့် တစ်သားတည်းအဆင့်အရှိန်အဝါကို သူ ခံစားလိုက်ရသည်။ စူးရှထက်မြက်သော အကြည့်အောက်တွင် အရာအားလုံးကို ရှင်းလင်းစွာ ရှင်းဖန်းယွင် မြင်နေရသည်။
အနက်ရောင်ဝတ်ရုံနှင့် လူငယ်က သူ့နံဘေးတွင် လေထု တွန့်ခါနေစေလျက် လေနတ်ဆိုးဆီကို လျှောက်လာခဲ့သည်ကို သူ မြင်ရသည်။ အနားကို ရောက်သည့်အခါတွင် အဆိုပါလူငယ်က လှံရှည်တစ်ချောင်း ထုတ်လိုက်ည်။
ထိုလူငယ်၏ လျှပ်စီးလက်လိုက်သည့်သကဲ့အလား လျင်မြန်လှစွာသော လှံချက်သုံးချက်တည်းဖြင့် လေနတ်ဆိုး သေသွားခဲ့သည်။
" ဟမ်? " ရှင်းဖန်းယွင်၏ မျက်ဝန်းက ကျဥ်းမြောင်းသွားပြီး သူ့နှုတ်ခမ်းက တွန့်ခနဲ ဖြစ်သွားသည်။ သွေးကဲ့သို့ နီရဲသည့် သူ့မျက်ဝန်းတွင်လည်း စူးရှတောက်ပသွားသည်။
" လောကကြီးနဲ့ တစ်သားတည်းအဆင့် ဆိုပါလား.. အသက် ၂၂နှစ်တည်းနဲ့ လောကကြီးနဲ့ တစ်သားတည်းအဆင့်ကို ရောက်နေတာပါလား.. လေနတ်ဆိုးကို တစ်ချက်တည်းနဲ့ သတ်လိုက်တာပါလား.. ကောင်းတယ်.. သိပ်ကောင်းတယ်.. ဒီလို ရှားရှားပါးပါး ဆော့စရာလေးနဲ့ ကြုံရမယ်လို့ မထင်ထားခဲ့ဘူး.."
ရွှယ်ယင်က အသက် ၂၂ နှစ်တည်းနှင့် လောကကြီးနှင့် တစ်သားတည်းအဆင့် ကို ရောက်ရှိခဲ့ပြီး ဖြစ်ကာ ထူးကဲ့သည့် တိုက်ခိုက်မှုစွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားသည်။ သူ့အတွက်က ကိုယ်ပိုင်လမ်းစဥ်ကို ဖောက်ထွက်၍ ရှာတွေ့ဖို့အတွက်က အချိန်များစွာ ကျန်သေးသည်။ အထွတ်အထိပ်အဆင့်တစ်ယောက် ဖြစ်ဖို့က ရာခိုင်နှုန်း ရှစ်ဆယ် ကိုးဆယ် ရှိနေသည်။
" တုန်ပိုရွှယ်ယင်ရဲ့ တကယ့်ခွန်အားအစစ်အမှန်ကို နဂါးတောင်အိမ်တော်ကနေ အတည်ပြုနိုင်ခဲ့ရင် ဟိုအထွတ်အထိပ်အုပ်စုက ဒီလိုနတ်ဆိုးလေးကို လာဖိတ်ခေါ်နိုင်တယ်.."
" ဒါမှမဟုတ် တခြားအထွတ်အထိပ်အဖွဲ့ထဲကိုရော ဝင်နေပြီးသားလား.." ရှင်းဖန်းယွင်က စိတ်ထဲမှာ စဥ်းစားနေလေသည်။
ရှင်းဖန်းယွင်က နှစ်ပေါင်းများစွာ အသက်ရှင်လာသူတစ်ယောက်ဖြစ်ရာ လျှို့ဝှက်ချက် တော်တော်များများကို သိထားသူ ဖြစ်သည်။
ဤလောကတွင် အထွတ်အထိပ်အဆင့်သမားဆိုတာ တည်ရှိနေသည်။ သေမျိုးစစ်တပ်တစ်တပ် ရှိခြင်းက အထွတ်အထိပ်အဆင့်တစ်ယောက်ကို ဘာမှ လုပ်၍ ရနိုင်မှာ မဟုတ်။ အထွတ်အထိပ်အဆင့်တို့သည်သာ လောကကြီး၏ အုပ်စိုးသူများဟု ပြောရင် မှားလိမ့်မည် မဟုတ်ချေ။
အထွက်အထိပ်အဆင့်အုပ်စုကြီး ၆ အုပ်စုကြီး ရှိ၏။ အထွတ်အထိပ်အဆင့်သမားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
နိုင်ငံတော်အင်ပါယာလား.. သူတို့က အစောကြီးကတည်းက ဆုတ်ယုတ် ယိုယွင်းနေပါပြီ။
အထွတ်အထိပ်အုပ်စုကြီး ၆ အုပ်စုသည် တကယ်တမ်းတွင် လောကကြီးတစ်ခုလုံးကို အုပ်စိုးကြသူ အစစ်အမှန်များ ဖြစ်ကြသည်။ မြေကမ္ဘာနတ်ဘုရားကျောင်းတော်နှင့် သွေးစွန်းအရက်ဆိုင်တို့က အုပ်စုကြီး ၆ အုပ်စုထဲက အထူးအုပ်စုကြီးများ ဖြစ်ကြသည်။
" အနာဂတ်ရဲ့ အထွတ်အထိပ်အလောင်း တစ်ယောက် ဖြစ်ပေမဲ့လည်း ဒီထက် အသက်ကြာကြာ မနေရတော့ဘူး.. စိတ်မကောင်းစရာပဲ.."
ရှင်းဖန်းယွင်၏ မျက်ဝန်းမှာ အလွန်တရာ စိတ်လှုပ်ရှားစွာ ရှိနေသည်။
" ငါ့ကို ဒီမှာ စောင့်နေခဲကြ.." ရှင်းဖန်းယွင်က အမိန့်ပေးလိုက်သည်။
" ဟုတ်ကဲ့ပါ.. အရှင်သခင်.." မှော်ယာဥ်ပျံကို ထိန်းချုပ်မောင်းနှင်ရသည့် အစေခံတို့က နာခံလိုက်ကြသည်။
ဟူး..
ရှင်းဖန်းယွင်က ခြေတစ်ချက်ခုန်၍ ဆင်းလိုက်သည်။
ထိုကဲ့သို့ စဥ်းစားနေခြင်းက အချိန်ကြာဟန် ရှိပေမဲ့ တကယ်တမ်းတွင် ရှင်းဖန်းယွင် စဥ်းစားနေသည့် အချိန်နှင့် လေနတ်ဆိုး သေသွားသည့် အချိန်က တစ်ထပ်တည်းပင်။
***
ရဲတိုက်ထဲက ကြမ်းပြင်ခင်းတွင်..
လေနတ်ဆိုးကို သတ်လိုက်ပြီးနောက် ရွှယ်ယင်က သူ့အလောင်းကို ကြည့်လိုက်သည်။ လေနတ်ဆိုး၏ ရင်ဘတ်တွင် ပုံသဏ္ဌာန်ထူးဆန်းသော ကြေးစက်သွားတစ်ခုက ရှိနေသည်။ ထိုစက်သွားက နှလုံးသားကို ကာကွယ်ပေးသည့် စက်သွား ဖြစ်သည်။ ၎င်း၏ မျဥ်းလိုင်းများက ထူးဆန်းနေသလို ရွှယ်ယင် ခံစားရသည်။
" အသည်းနှလုံးကို ကာကွယ်တဲ့ ကြေးစက်သွားက ငါ မြင်ဖူးသမျှ ရတနာတွေထဲမှာ အကောင်းဆုံး သန့်စင်ရတနာကောင်းတစ်ခုပဲ..."
" ဟမ်..? " ရွှယ်ယင်၏ အမူအရာက ပြောင်းလဲသွားကာ ကောင်းကင်ထက်သို့ ကြည့်လိုက်သည်။
ကောင်းကင်ထက် အမြင့်တွင်..
ကြက်သွေးရောင်ဝတ်ရုံနှင့် ဗလတောင့်တင်းသော လူတစ်ယောက်က ဓားတစ်ချောင်းကဲ့သို့ လျင်မြန်သော အဟုန်ဖြင့် ကျဆင်းလာနေသည်။ သူ့ ဝတ်ရုံက တဖျပ်ဖျပ် ခါနေပြီး ကျဆင်းလာသည့် တလျှောက်တွင်လည်း သွေးရောင် ချီစွမ်းအင်တို့က သူ့အနားပတ်လည်တွင် စိမ့်ဖြာနေသည်ကို သာမန်မျက်လုံးနှင့်ပင် မြင်နေရသည်။
သူက နတ်ဆိုးတစ်ကောင် ဆင်းသက်လာသည်နှင့် တူသည်။ ရွှယ်ယင်က သူ့ဆီ လာနေသော ထိုပညာရှင်ကို ချက်ချင်း မှတ်မိသွားသည်။ ထိုပညာရှင်၏ မျက်နှာက သူ့စိတ်ထဲတွင် အရင်ကတည်းက ပုံဖော်မှတ်သားထားသည့် မျက်နှာ ဖြစ်သည်။
" ရှင်းဖန်းယွင်လား.."
" ဟွန့်.." ရွှယ်ယင်က သူ့စိတ်ကို ချက်ချင်း ပြင်ဆင်လိုက်သည်။ သူက လောကစွမ်းအင်ကို စုစည်းလိုက်ကာ အနီရောင်ချီစွမ်းအင်လှိုင်းထံသို့ ပို့လွှတ်လိုက်သည်။ ၎င်းနှစ်ခု မီတာတစ်ရာကျော် အမြင့်ရှိ လေထုထဲတွင် တွေ့ဆုံသွားသည်။
ဘန်း.. အားကောင်းသော အင်အားနှစ်ခုက ထိပ်တိုက်တိုးဝှေ့သွားသည်။ ရွှယ်ယင်က လောကကြီးနှင့် တစ်သားတည်းအဆင့်တွင် ရှိနေသူဖြစ်၍ ထိုအားနှစ်ခု တွေ့ဆုံသွားသည့် အခိုက်တွင် သွေးနီချီစွမ်းအင်ထံမှ အဆုံးမသတ်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတွေကို ခံစားလိုက်ရသည်။
သတ်..သတ်..သတ်..
သတ် ဆိုသော အသံက သူ့နှလုံးသားထဲမှာ မရေတွက်နိုင်အောင် တုန်ဟည်းသွားသည်။
တစ်ဖက်က ရန်သူ အသုံးပြုလိုက်သည့် တိုက်ကွက်ကြောင့် သူ မှင်တက်သွားမိသော်လည်း ချက်ချင်းပဲ သူ့နှလုံးသားထဲမှာ ဝုန်းဒိုင်းဆန်သွားသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတွေကို ပြန်လည် တွန်းလှန်နိုင်လိုက်သည်။
လောကကြီးနှင့် တစ်သားတည်အဆင့်သို့ ရောက်သည့်အခါမှာ သဘာဝတရားအဆီအနှစ်တွေကို လက်ခံယူခဲ့ရ၍ သူ့စိတ်ဝိညာဥ်တို့က ပို၍ သန်မာလာခဲ့ပြီး ဖြစ်၏။ ထိုကဲ့သို့ သတ်ဖြတ်ခြင်း စိတ်ဆန္ဒတွေကို သူ ဂရုမစိုက်ဘဲ နေနိုင်သည်။ သို့သော် ငွေလအဆင့်နှင့် အောက်က အဆင့်သမားတို့အတွက် ထိုကဲ့သို့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် တိုက်ခိုက်ခြင်းကို ခံလိုက်ရပါက သူတို့ မြေပြင်မှာ လဲကျသွားလိမ့်မည်။
" သူက သူ့ရဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို လောကကြီးနဲ့ တစ်သားတည်းအဆင့်မှာ အားတစ်ခုတည်း ဖြစ်အောင် ပေါင်းထားနိုင်ခဲ့တာပဲ.. သူ့ရဲ့ သွေးနီချီစွမ်းအင်မှာ ကောင်းကင်နဲ့ မြေကြီးတို့ရဲ့ အားအင်တွေ ပါနေရုံတင်မကဘူး.. တစ်ခါတည်း သတ်နိုင်လောက်တဲ့အထိ တိုက်ခိုက်ခြင်းတွေကပါ ပါနေတယ်.."
ရွှယ်ယင်က စိတ်ထဲတွင် အံ့သြသွားခဲ့သည်။
" ဒါကြောင့်လည်း ရှင်းဖန်းယွင်က စိတ်မနှံ့တဲ့ သူတစ်ယောက်ဖြစ်ပြီး ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးသမား ဖြစ်နေတာကိုး.. သူ့ရဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသက်သက်ကိုပဲ အကဲဖြတ်မယ်ဆိုရင် အတော်လေး ကြောက်စရာကောင်းနေပြီးပဲ.."
" ရွှယ်ယင်.. ဘာြဖစ်တာလဲ.."
" ဘာတွေ ဖြစ်နေကြတာလဲ.."
ရဲတိုက်ထဲက လူများစွာတို့သည် အထိတ်တလန့် ဖြစ်ကုန်ကြသည်။
ရွှယ်ယင်က လောကစွမ်းအင်ကို အသုံးပြုနေ၍ ဘေးပတ်ဝန်းကျင်က လေထုတို့က လှုပ်ခါလျက် ရှိသည်။ ထို မမြင်ရသော အင်အားက သူ့လူတွေကို ထိခိုက်မှု မရှိစေပေမဲ့ သူတို့ကို အထိတ်တလန့်တော့ ဖြစ်စေသည်။
ထို့အပြင် သူနှင့် လေနတ်ဆိုးတို့ တိုက်ခိုက်သည့်အခါမှာလည်း လှံနှင့် ဓားကောက် ထိခိုက်ရာမှ ကျယ်လောင်သော ထိခတ်အသံတွေလည်း ထွက်ပေါ်ခဲ့သေးသည်။
နာကျင်မှု မရှိပေမဲ့ ထိုအားကို ခံစားသိနေရခြင်းနှင့် ကျယ်လောင်သည့်အသံတို့ကြောင့် ရဲတိုက်ထဲလူများဟာ သတိပြုမိသွားကြသည်။
ရွှယ်ယင်၏ လောကစွမ်းအင်နှင့် သွေးနီ ချီစွမ်းအင်လှိုင်းတို့ ထိတိုက်သည့်အခါမှာတော့ သူတို့ကို ပို၍ ထိတ်လန့်သွားစေတော့သည်။ ဒဏ္ဍာရီအဆင့် နှစ်ယောက်၏ တိုက်ပွဲတွင် သဘာဝစွမ်းအင်များ ထိန်းချုပ်ရာမှ မိုးခြိမ်းသကဲ့သို့ အသံများကို ထွက်ပေါ်လာစေသည်။
" ဦးလေးကျုံး.." ရွှယ်ယင်က ခေါ်လိုက်သည်။ ကျုံးလိန်က ဥက္ကာပျံအဆင့်တစ်ယောက် ဖြစ်၍ ရွှယ်ယင်အနားသို့ အမြန်ဆုံး ရောက်ရှိလာသည်။
" ဟိုလူရဲ့ ကိုယ်ပေါ်က နှလုံးကို ကာကွယ်ပေးတဲ့ ကြေးစက်သွားက အရမ်းကို တန်ဖိုးရှိတဲ့ သန့်စင်ရတနာတစ်ခုပဲ.. "
ရွှယ်ယင်က ပြောလိုက်သည်။ " ဦးလေးကျုံး.. အဲဒါကို ယူပြီး လေ့လာကြည့်ပါ.. အဲဒါကို ဦးလေး သုံးလို့ ရမှာပါ.."
အစွမ်းထက်သည့် ဒဏ္ဍာရီအဆင့်အနေဖြင့် ထိုကဲ့သို့ သန့်စင်ရတနာမျိုးက သူတို့အတွက် အသုံးမတည့်တော့ချေ။
ကျုံးလိန်က ခေါင်းညိတ်လိုက်သည်။ အချိန်တစ်စက္ကန့်အတွင်းမှာပဲ နှလုံးသားအကာအကွယ် ကြေးစက်သွားကို ယူလိုက်သည်။ ထို့အပြင် နောက်ထပ်ရတနာပစ္စည်းများ၊ လက်နက်များ၊ သံချပ်ဝတ်များကို ထပ်ပြီး ယူလိုက်သည်။
ရုတ်တရက်.. ဘုန်း..
မီတာတစ်ရာကျော် အမြင့်ကနေ ခုန်ဆင်းလာသည့် ရှင်းဖန်းယွင်က ရဲတိုက်အတွင်းက သူရဲခိုနေရာသို့ တည့်တည့် ကျလာသည်။
ထို့အပြင် သွေးနီချီစွမ်းအင်လှိုင်းများ သူ့ကိုယ်ထဲကနေ ရုန်းကြွ ထွက်ရှိလာပြီး ရဲတိုက်နံရံထက်က အစောင့်တပ်သားတို့ကို မြေပြင်မှာ ပြားပြားဝပ် ဖြစ်သည်အထိ ဖိနှိပ်သွားလိုက်သည်။ အစောင့်တပ်သားတို့က ကြောက်လန့်သွားကုန်ကာ တချို့က ထိတ်လန့်စွာဖြင့် အော်ဟစ်ကြကုန်သည်။ အားနည်းသော အစောင့်တပ်သားတို့က မျက်နှာများ ဖြူရော်ကုန်ကာ သူတို့၏ ဒွာရကိုးပေါက်ကနေ သွေးများ ယိုစီးထွက်လာသည်။
တကယ်တမ်းတွင် လောကစွမ်းအင်က ငွေလအဆင့်နှင့် ဥက္ကာပျံအဆင့်ကို ကောင်းစွာ ဖိနှိပ်ထားနိုင်သည်။ ထိုအစောင့်တပ်သားတို့အတွက်ကတော့ အသက်ပင် သေဆုံးနိုင်ပေသည်။
" ကျုပ် ရှင်းဖန်းယွင်ရဲ့ အရှေ့မှာတောင် မင်းက ခုခံရဲသလား.."
ရှင်းဖန်းယွင်က ရွှယ်ယင်ကို အထင်သေးစွာဖြင့် ကြည့်လိုက်သည်။
ဝုန်း..ဝုန်း.. ဝုန်း..
ရွှယ်ယင်က လောကစွမ်းအင်တို့ကို စုစည်းလိုက်သည်။ ထိုစွမ်းအင်တို့က မမြင်နိုင်သော အကာအကွယ်ကြီးတစ်ခုအဖြစ် ဖြစ်တည်လာပြီး ဘေးပတ်ဝန်းကျင်ကို ဝိုင်းပတ်လာလေကာ ရှင်းဖန်းယွင်၏ သွေးနီချီစွမ်းအင်လှိုင်းကို အကြိမ်ကြိမ် တိုက်ထုတ်လိုက်သည်။
" ရှင်းဖန်းယွင်..ဟုတ်လား.." ကျုံးလိန်၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။
ဒါက ကြောက်ဖို့ကောင်းတဲ့ နတ်ဆိုးကြီးတစ်ကောင် မဟုတ်ဘူးလား.. ဒဏ္ဍာရီအဆင့်သမား... ၊ အဇူရီမြစ်စီရင်စုကို နှစ်ပေါင်းတစ်ရာနီးပါး လွှမ်းမိုးထားသည့် ဒဏ္ဍာရီအဆင့်သမားတစ်ယောက် မဟုတ်ဘူးလား..
" ဦးလေးကျုံး.. ချင်းရှီကို ဂရုစိုက်ပေးပါဦး.." ရွှယ်ယင်က ပြတ်သားစွာ ပြောလိုက်သည်။
လောကစွမ်းအင်ကို ထိန်းချုပ်ထားနေ၍ ချင်းရှီက သူ့အိမ်ခန်းကနေ ကြောင်တောင်တောင်ဖြင့် ထွက်လာနေသည်ကို သူ မြင်နေရသည်။
" အင်း.." ကျုံးလိန်လည်း သေဆုံးအလောင်းမှာ ပစ္စည်းများကို ဆက်မရှာတော့ပေ။ ကိစ္စများ ငြိမ်သက်သွားမှ ဆက်လုပ်၍ ရသည်။ သူက လျင်မြန်စွာဖြင့် ရဲတိုက်၏ သုံးဆင့်မြောက်အထပ်သို့ ခုန်တက်သွားလိုက်ကာ ချင်းရှီ၏ နံဘေးသို့ ရောက်ရှိသွားသည်။
" ဘာဖြစ်တာလဲ.. ဒါက ဘာတွေ ဖြစ်နေကြတာလဲ.."
ချင်းရှီမှာ ဇဝေဇဝါ ဖြစ်နေ၏။
အစောပိုင်းမှာ သူက အိပ်ရာထဲမှာ စောင်ခြုံ၍ မပျော်မရွှင်ဖြင့် အိပ်စက်ခဲ့သည်။ သူ့အစ်ကိုက သူ့ကို ဒီလောက်အထိ ပြင်းပြင်းထန်ထန် မဆက်ဆံခဲ့ဖူးချေ။ သူက စောင်ကို ခြုံ၍ ငိုမိရင်း နောက်ဆုံးမှာ အိပ်ပျော်သွားခဲ့သည်။
လောကစွမ်းအင်တို့ ကမောက်ကမ ဖြစ်နေသလို လက်နက်အချင်းချင်း ထိခတ်သံများ၊ ဒဏ္ဍာရီအအဆင့်နှစ်ယောက်၏ လောကစွမ်းအင်များ ထိတိုက်ရာမှာ ထွက်ပေါ်လာသည့် အသံများ၊ ရဲတိုက်အပြင်ဘက်မှာ ကျယ်လောင်စွာ ထွက်ရှိလာသည့် အသံများကြောင့် ချင်းရှီ ချက်ချင်း သူ့အိမ်ခန်းကနေ ထွက်ကြည့်လာရသည်။
ထို ထွက်လာသည့် အချိန်တွင်..
သူ့အစ်ကို ရွှယ်ယင်က မတ်တတ်ရပ်နေတာကို မြင်လိုက်ပြီး ရွှယ်ယင်အနားတွင် လူသေအလောင်းတစ်လောင်း၊ မနီးမဝေးတွင် လူသေအလောင်းသုံးလောင်းကိုပါ မြင်လိုက်ရသည်။
ထိုအခိုက်မှာ သူ့ဘေးပတ်ဝန်းကျင်က လေထုတို့မှာ ထူးဆန်း၍ နေသည်။
လေထုတို့က တွန့်ခါလှုပ်ခတ်နေသည်။
သူ့အစ်ကိုဘေးနားတွင် ထုထည်ကြီးမားသည့် လေထုကို မမြင်ရသော အားတစ်ရပ်က ဝိုင်းပတ်ထားသည်။ အခြားတစ်ဖက်တွင် ရဲတိုက်တံတိုင်းပေါ်က သူရဲခိုနေရာတွင် ကြက်သွေးရောင် ဝတ်ရုံနှင့် နတ်ဆိုးနှင့် တူသော လူတစ်ယောက်က သွေးနီချီစွမ်းအင်ကို ထုတ်လွှတ်နေသည်။ ထိုသွေးနီစွမ်းအင်လှိုင်းတို့က မမြင်ရသော အကာအကွယ်ကြီးကို တိုးတိုက်နေသည်။
သွေးနီရောင် ချီစွမ်းအင်တို့ကို သာမန်မျက်လုံးဖြင့် ကြည့်၍ မြင်ရသည်။ ချင်းရှီမှာ ထိုအရာကို ကြည့်ရင် တုန်လှုပ်လာသည်။ ချင်းရှီ၏ တိုက်ပွဲအတွေ့အကြုံတို့က ထိုမြင်ကွင်းကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်နိုင်ဖို့အထိ မလုံလောက်ချေ။ သူ့မျက်နှာက ဖြူဖျော့လာခဲ့သည်။
" ဦးလေးကျုံး.. ဘာဖြစ်တာလဲ.." ချင်ရှီက စိတ်လှုပ်ရှားလာကာ သူ့အနားက ယုံကြည်စိတ်ချရသည့် ကျုံးလိန်ဘက် လှည့်မေးလိုက်သည်။
" အဲဒါက ရှင်းဖန်းယွင်ပဲ.."
ကျုံးလိန်က မျက်နှာ တင်းမာစွာ ပြောပြလိုက်သည်။
" အဇူရီမြစ်စီရင်စုထဲမှာ ကြောက်စရာအကောင်းဆုံး လူသတ်သမားပဲ.. စစ်ကလန်ရဲ့ ဘိုးဘေးဖြစ်တဲ့ စစ်လျောင်ဟုံထက်တောင် ပိုကြောက်ဖို့ ကောင်းတယ်.. ဒဏ္ဍာရီအဆင့်သမားတစ်ယောက်ကတောင် သူ့သိုင်းကွက်ကို တစ်ကွက်ထက် ပိုတောင့်မခံနိုင်ဘူး.."
" ဘာ.." ချင်းရှီတစ်ယောက် ကြက်သေသေသွားသည်။
ဒဏ္ဍာရီအဆင့်တစ်ယောက်.. ဘယ်လောက်တောင် အစွမ်းထက်တာလဲ..
ရှင်းဖန်းယွင်ရဲ့ သိုင်းကွက်တစ်ကွက်နဲ့တင် သေရတယ် ဟုတ်လား.. အဇူရီမြစ်စီရင်စုတွင် စစ်ကလန်က အရာအားလုံးကို ထိန်းချုပ်နိုင်နေခြင်းသည် သူတို့၏ ဘိုးဘေးများကြောင့် ဖြစ်သည်။ သို့သော် ရှင်းဖန်းယွင်က စစ်ကလန်ရဲ့ ဘိုးဘေးတွေထက်တောင် ပိုသန်မာတယ်လား..
" တုန်ပိုရွှယ်ယင်.. ငါ ဒီနေ့ လာတာ သွေးစွန်းအရက်ဆိုင်က ပေးလာတဲ့ အလုပ်ကြောင့်ပဲ.. ဒီအလုပ်က မင်းညီလေး တုန်ပိုချင်းရှီကို သတ်ဖို့အတွက်ပဲ.."
တံတိုင်းထိပ်က သူရဲခိုနေရာတွင် ရပ်နေသော ရှင်းဖန်းယွင်၏ မျက်နှာတွင် ထူးဆန်းသည့် အမူအရာတစ်ခု ရှိနေခဲ့သည်။ သူ့အသံက လေထုထဲတွင် ပျံ့နှံ့သွားသည်။
" မင်းကို သတ်ဖို့ ငါ စိတ်မဝင်စားဘူး.. မင်းညီလေးကို သတ်ဖို့အတွက် မင်းက ဘေးမှာ ရပ်နေလိုက်ပါ.. ငါ အလုပ်ပြီးတာနဲ့ ချက်ချင်း ပြန်ထွက်သွားမယ်..ပြီးတော့ မင်းကို သတ်ဖို့အတွက် သွေးစွန်းအရက်ဆိုင်က ဆုကြေးမထုတ်ထားဘူး.."
တကယ်တမ်းတွင် ထိုတာဝန်ကို လက်ခံခဲ့သူက လေနတ်ဆိုး ဖြစ်သည်။ တကယ်၍ ချင်းရှီကို သူ သတ်နိုင်ခဲ့ရင်တောင်မှ ထိုဆုကြေးကို သူ ရဖို့ မရှိပေ။
ထိုစကားကို ပြောရသည့်အကြောင်းက ရွှယ်ယင်၏ စိတ်ကို ဆွလိုခြင်း ဖြစ်သည်။ သူ့စိတ်ကို လှုပ်ခါနိုင်ခဲ့ရင် ပို၍ အဆင်ပြေသွားနိုင်သည်။ လူသိရှင်ကြား သတ်ဖြတ်ရေးသမား တစ်ယောက်အနေဖြင့် သူက ဆုကြေးအတွက် သတ်ဖြတ်နေခြင်း မဟုတ်ပေ။ သတ်ဖြတ်ခြင်းသည် သူလို့ အရူးတစ်ယောက်အတွက် စိတ်ကျေနပ်ရာ ကိစ္စတစ်ခု ဖြစ်သည်။
" ငါ့ကို သတ်ဖို့.. သွေးစွန်းအရက်ဆိုင်.. ဟုတ်လား.." ချင်းရှီက အံ့အားစွာဖြင့် မတ်တတ်ရပ်နေခဲ့သည်။ ဒီလို ကြောက်စရာ အခြေအနေဆိုး ဖြစ်လာရသည့် အကြောင်းအရင်းက သူ့ကို သတ်ဖို့အတွက် လာခဲ့တဲ့ လူတစ်ယောက်ကြောင့်လား..
***
" ငါ့ ညီကို သတ်မယ်တဲ့လား.." ရွှယ်ယင်က ရှင်းဖန်းယွင်ကို အေးစက်စက်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
" ငါ တုန်ပိုရွှယ်ယင် မသေသေးသရွေ့ ဘယ်သူမှာ ငါ့ညီလေးကို ထိလို့ မရစေရဘူး.. ခင်ဗျားလည်း ပါတယ်.. ရှင်းဖန်းယွင်.."
" အစ်ကိုကြီး.."
ရဲတိုက်၏ စင်္ကြံလမ်းတွင် ရှိနေသည့် ချင်းရှီမှာ ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ထိခိုက်ရသည်။ ဘေးပတ်ဝန်းကျင်တွင် လေထုတို့ တွန့်ခါနေသည့် ကြားထဲက ရွှယ်ယင်၏ မှုူန်ပျပျ အရိပ်ကို ကြည့်လိုက်သည်။ ထိုအရိပ်ကား သူ ငယ်စဥ်ကတည်းက စောင့်ရှောက်လာခဲ့သူ၏ အရိပ်ပင် ဖြစ်သည်။ သူ့ကို အမြဲတမ်းကာကွယ်ပေးသည့် ကျောက်တောင်ကြီးကဲ့သို့ သူ ဖြစ်သည်။
" မင်းရဲ့ ညီလေးငယ်လေးအတွက် ကိုယ့်ကိုယ်ကိုတောင် စတေးရဲတယ်.. အရမ်းကို စိတ်ထိခိုက်ရပါတယ်.. ဟားဟား.. ဒီလိုဆို မင်း သေလို့ ရပြီပေါ့.."
ရှင်းဖန်းယွင်က ခပ်ပြုံးပြုံးဖြင့် ရှိနေရင်း ရုတ်တရက် အရှေ့သို့ တိုးထွက်လာသည်။
" ဟူ.."
သွေးနီရောင်အရိပ်က ရဲတိုက်တံတိုင်းထက်က သူရဲခိုနေရာကနေ လျင်မြန်စွာ ရွေ့လျားလာသည်။ ထို့အတူ အေးစက်စက် ဓားအလင်းတစ်ခုက ကောင်းကင်ကို ဖြတ်ပျံလာခဲ့သည်။ နှင်းဖြူဓား၏ အလင်းက ကောင်းကင်ထက်တွင် ဖျိုးခနဲ ဖျတ်ခနဲ လင်းလက်သွားသည်ကို ကြည့်ပြီး အနားတွင် ရှိသူအားလုံး ကြောက်ရွံ့တုန်လှုပ်သွားသည်။
" အစ်ကိုကြီး.." ကျုံးလိန်နံဘေးတွင် ရှိနေသည့် ချင်းရှီသည် စိုးရိမ်ပူပန်သွားကာ တစ်ကိုယ်လုံး တုန်ယင်သွားသည်။
**
အပိုင်း ( ၆၄ ) ပညာရှင်နှစ်ယောက်ကြားထဲက တိုက်ပွဲတစ်ခု
နှင်းဖြူဓားအလင်းက လေထဲ ဖြတ်သန်း၍ ရွှယ်ယင်ထံ တစ်စက္ကန့်အတွင်း ရောက်ရှိလာသည်။ ရှင်းဖန်းယွင်၏ အမူအရာက ရက်စက်ခက်ထန်နေသည်။
" ဒီလောက်လေးပဲလား.." ရွှယ်ယင်၏ လှံရှည်က ဆတ်ခနဲ လှုပ်ရှားသွားသည်။
ဟူ.. လူးလွန့်သွားသော လှံထိပ်ဖျားက နဂါးတစ်ကောင် ဒေါသတကြီးဖြင့် နိုးထလာသည့်အလား ထင်မှတ်ရကာ နှင်းဖြူဓားအလင်းကို ရိုက်ပိုင်းလိုက်သည်။
ဘုန်း..
အင်အားကြီးနှစ်ခု ထိတိုက်သွားရာမှ ထွက်ရှိလာသည့် သက်ရောက်မှုအားလှိုင်းတစ်ခုက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်ကို မျက်စိဖြင့်ပင် တွေ့ရသည်။ သို့သော် လောကစွမ်းအင်က ထိုလှိုင်းကို ဆန့်ကျင်ကာ လျော့ပါးစေသည်။ ထို့ကြောင့် ခပ်ဝေးဝေး မရောက်ခင် လျော့ပါးပျောက်ကွယ်သွားသည်။
ထိတိုက်ရာမှ ထွက်ရှိလာသည့် သက်ရောက်အားကြောင့် ရွှယ်ယင် ခြေထောက်က မြေကြီးထဲ ကျွံဝင်သွားကာ ဒူးဆစ်အထိ ရောက်သွားသည်။ ရွှယ်ယင်က ခြေထောက်ကို အားထည့်၍ လှုပ်ရှားလိုက်သည့်အခါမှာ ခြေထောက်တွင် ကပ်ညှိနေသော ရွှံ့များ မြေခဲများ လွင့်ထွက်သွားသည်။
ရှင်းဖန်းယွင်မှာလည်း ပြန်ကန်ထွက်လာသည့် အားကို ယူကာ မြေပေါ် သက်ဆင်းလိုက်သည်။
" မင်းက သန်မာသားပဲ.." ရှင်းဖန်းယွင်က ပြုံးဖြီးဖြီးပင် ပြောလိုက်သည်။ ပြီးနောက် အံ့စရာကောင်းသည့် အမြန်နှုန်းဖြင့် သွေးရောင်ဓားမြောင်တိုတစ်လက်ကို ဘယ်လက်ဖြင့် ပစ်လွှတ်လိုက်သည်။
ရွှစ်..
ဓားမြောင်က လက်ထဲနေ ထွက်ပြေးသွားသည်။ အနောက်တွင် အရိပ်အမြီးတန်းလေးပါ ထင်ကျန်သွားလျက် ရဲတိုက်အဆောက်အဦးကြီးထိပ်တွင် စိုးရိမ်စွာဖြင့် ရပ်ကြည့်နေသည့် ချင်းရှီထံသို့ တိုက်ရိုက် ဦးတည်သွားသည်။
ထင်း.. ထင်း.. ထင်း..
ဓားမြောင်မှာ လျှပ်စစ်လက်သကဲ့သို့ လျင်မြန်ပါပေသည်။ သို့သော် ရွှယ်ယင်က ချင်းရှီ၊ ဦးလေးကျုံး၊ ဦးလေးထုံတို့ကို လောကစွမ်းအင်ဖြင့် ဝိုင်းရံပေးထားသည်ကို ထိုဓားမြောင် ဖြတ်သန်းသွားရသည့်အခါတွင် အလျင်နှုန်းက လျော့ကျလာသည်။
ဒဏ္ဍာရီအဆင့်ဆိုလည်း အားလုံးက စွမ်းအားချင်း မတူညီကြချေ။ တချို့က သန်မာပြီး တချို့က အားနည်းကြသည်။ ထိုအတိုင်းပင် ရွှယ်ယင်နှင့် ရှင်းဖန်းယွင်တို့ လောကစွမ်းအင်ကို အသုံးပြုကြရာတွင် အဆင့်ချင်း မတိမ်းမယိမ်း ရှိနေကြပြီး မည်သူကမှ အသားစီး မရချေ။
ထင်း..ထင်း.. ထင်း..
ချင်းရှီထံ လာနေသော ဓားမြောင်ကို လောကစွမ်းအင်က ဟန့်တားထား၍ ဓားမြောင်၏ အလျင်နှုန်းက အတော်လေးပင် ထိုးကျသွားသည်။ ပြန်တွန်းအားဖြင့် နှစ်ကြိမ်ဆက်တိုက် ဟန့်တားလိုက်ခြင်းကြောင့် ဓားမြောင်မှာ ပစ်မှတ်နှင့် လွဲချော်လာခဲ့သည်။ ဓားမြောင်သွားသည့် လမ်းကြောင် လွဲဖယ်သွားသည်ကို ရွှယ်ယင် ရှင်းလင်းစွာ ခံစားသိနေသည်။
ဒုတ်..
ဓားမြောင်က ရဲတိုက်အဆောက်အဦးကြီး၏ နံရံမှာ စိုက်ဝင်သွားသည်။ ချင်းရှီနှင့် သူ့ဦးလေးတို့ ရှိသည့် နေရာမှ သုံးမီတာအကွာအထိ လွဲချော်သွားခြင်း ဖြစ်သည်။
" အဇူရီမြစ်စီရင်စုရဲ့ နာမည်ကျော် ထိပ်သီးပညာရှင်ဖြစ်တဲ့ ခင်ဗျား ရှင်းဖန်းယွင်က ကျုပ်ကို အာရုံပြောင်းစေချင်လို့ ကျုပ်ညီလေးကိုတောင် အသုံးချလိုက်ပါလား.." ရွှယ်ယင်က ရယ်မောလိုက်ကာ ပြောလိုက်သည်။ " အရမ်းကို စက်ဆုပ်စရာပဲ.."
" ကျွတ်စ်.. ကျွတ်စ်.. အခုထိ မင်းက ပမာမခန့် ဖြစ်နေတုန်းပဲ.. အခု မင်းကို နိုင်ဖို့ ငါ သေချာနေပြီ.."
ရှင်းဖန်းယွင်က သူ့ဓားကို အလင်းကဲ့သို့ လျင်မြန်စွာဖြင့် ဝင့်ယမ်းလိုက်သည်။
ဓားကား လျင်မြန်လှသည်။ ထို့အတူ ရွှယ်ယင်၏ လှံသိုင်းကလည်း ထပ်တူမျှ လျင်မြန်နေပြန်သည်။
ထင်း.. ထန်း..
နှစ်ယောက်သား သိုင်းကွက်ဖလှယ်သည့်အခါတွင် အရိပ်နှစ်ခုအသွင် ပြောင်းလဲသွားသည်။ ခြေလှမ်းတို့က တစ်ချိန်လုံး ပြောင်းလဲနေသည်။ ရှင်းဖန်းယွင်က အညှာတာကင်းမဲ့စွာဖြင့် တရကြမ်း တိုက်ခိုက်သည်။ သူက အရှေ့ကို တိုး၍ ရွှယ်ယင်နှင့် နီးနိုင်သမျှ နီးအောင် လုပ်သည်။
" အနောက်ဆုတ်.. အနောက်ဆုတ်.. အနောက်ဆုတ်.. " ရွှယ်ယင်၏ တစ်ခုတည်းသော အတွေးက အနောက်ဆုတ်ဖို့ပင်။
ပြောရမည်ဆိုလျှင် တစ်လက်မအကွာ ဝေးနေခြင်းက တစ်လက်မ အရေးသာခြင်းကို ကိုယ်စားပြုသည်။ လှံသည် လက်နက်ရှည် ဖြစ်၍ ရန်သူနှင့် တိုက်ခိုက်သည့်အခါတွင် အကွာအဝေးတစ်ခု ဝေးနေဖို့ လိုသည်။ ထိုအခါမှသာ လှံသိုင်း၏ စွမ်းရည်ကို ရွှယ်ယင် ထုတ်ပြ၍ ရနိုင်မည်။ တကယ်၍ ရန်သူနှင့် နီးကပ်ပါက ဓားကိုင်ထားသည့် ရှင်းဖန်းယွင်က အသာစီး ရနေမှာ အမှန်ပင်။
ရှင်းဖန်းယွင်က တရစပ် တိုက်ခိုက်၍ အရှေ့သို့ ဖိတွန်းတိုက်ကာ ရွှယ်ယင်နှင့် နီးနိုင်ဖို့ ကြိုးစားသည်။ ရွှယ်ယင်ကလည်း ထိုအတိုင်း အနောက်သို့ ဆုတ်ရင်း တိုက်သည်။
ရွှပ်.. ရွှပ်..
သူတို့နှစ်ယောက်၏ အမြန်နှုန်းက ဘယ်လောက်အထိ ရှိနေမည်နည်း။
တစ်ယောက်က အဆက်မပြတ် ဖိတိုက်နေသလို တစ်ယောက်က အဆက်မပြတ် ဆုတ်နေရသည်။
တိုက်ပွဲနေရာက နေရာအစုံ ရောက်သွားခဲ့သည်။ ရဲတိုက်၏ တံတိုင်းအထက်မှာ.. ထို့နောက် ရဲတိုက်အပြင်ဘက်သို့ ရောက်သွားသည်။
" သွားမယ်.. မြန်မြန်.. ဘာဖြစ်သွားသလဲဆိုတာ သွားကြည့်ရအောင်.. " ချင်းရှီက စိတ်လှုပ်ရှားစွာ. စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
" မဟုတ်ဘူး.. ငါတို့ ဒီမှာပဲ နေရမယ်.." သူ့အနားမှာ ရှိသည့် ထုံစန်းက ကမန်းကတန်း ပြောလိုက်သည်။
" ချင်းရှီ.. ဒီမှာပဲ နေပြီး ကြည့်ရအောင်.. " ကျုံးလိန်က ထပ်ပြောလိုက်သည်။
" ဒီနေရာက အတော်လေး မြင့်တယ်.. ငါတို့အတွက် တိုက်ပွဲကို ကြည့်လို့ ရသေးတယ်.. တကယ်လို့ အမှားအယွင်း ဖြစ်သွားခဲ့ရင် ငါတို့က ရဲတိုက်အဆောက်အဦးကြီးရဲ့ မြေအောက်လမ်းကြောင်းကနေ ထွက်ပြေးလို့ ရနိုင်တယ်.. တကယ်လို့ ငါတို့က တိုက်ပွဲနဲ့ နီးကပ်နေရင်၊ မင်းအစ်ကိုကြီးနဲ့ ရှင်းဖန်းယွင်တို့ အဆင့်ကြားထဲက တိုက်ပွဲမျိုးက အခန့်မသင့်ရင် ငွေလအဆင့်တောင် သေသွားနိုင်တာမျိုးပဲ.. "
" အင်း.." ချင်းရှီက လက်သီးကို ကျစ်ကျစ် ဆုပ်ထား၍ သူ့လက်ခေါက်ကပင် အဖြူဘက် သမ်းလာခဲ့သည်။ အရင်တုန်းက ကြိုးစားပမ်းစား မလေ့ကျင့်ခဲ့တာကို သူ့ကိုယ်သူ ပြန်မုန်းတီးနေမိပြန်သည်။ အခုချိန်မှာ သူ ဘာမှ အကူအညီ ပေး၍ မရနေချေ။
အရင်က အစ်ကိုကြီးသည် သူ့အား တိတ်ဆိတ်စွာဖြင့် ကျင့်ကြံဖို့ ပြောခဲ့ပြီး ထိုမှသာ သူတို့၏ မိဘတွေကို ကယ်တင်နိုင်မည် ဖြစ်ကြောင်း ပြောခဲ့သည်။ သူကလည်း ဇွဲသန်သန်ဖြင့် အံကို ကြိတ်ကာ ကြိုစား ကျင့်ခဲ့သည်။ သို့သော် သူ့ဇွဲက အချိန်တစ်ခဏသာ တာရှည်ခံခဲ့သည်။
အမှန်တိုင်း ပြောရရင် မိဘဆိုတာက သူ့အတွက် ထူးခြားနေသည့် အရာတစ်ခုပါ။ သူတို့ကို သူ မမှတ်မိနိုင်တော့သလို အရေးကြီးမှန်းလည်း မသိခဲ့ပေ။ သူတို့နဲ့ ပတ်သတ်တဲ့ စိတ်ခံစားချက်လည်း မရှိ၍ သူက ကျင့်ကြံခြင်းအရာမှာ များစွာ အားမထုတ်ခဲ့ပေ။ ပျင်းရိပျင်းတွဲ ဘဝပုံစံထဲမှာသာ မျောပါနေခဲ့သည်။
အခုချိန်မျာတော့ သူ့အရှေ့က သောကရောက်စရာ အခြေအနေကြောင့် သူ နောင်တရနေ၏။ ထိုအန္တရာယ်ကြားထဲက လူသည် သူ့အစ်ကိုကြီး ဖြစ်နေသည် မဟုတ်လား။
" အစ်ကိုကြီးက အရမ်းကို အစွမ်းထက်တယ်.. သူနိုင်မယ်လို့ ကျနော် ယုံတယ်.. သူ နိုင်ကို နိုင်ရမယ်.."
ချင်းရှီသည် ဝရန်တာမှာ ရပ်လျက် ရဲတိုက်အပြင်ဘက်က တိုက်ပွဲကြားထဲက လျင်မြန်စွာ တိုက်ခိုက်နေသည့် အရိပ်နှစ်ခုကို ကြည့်နေသည်။ သူက ထိုတိုက်ပွဲကို သေသေချာချာ မမြင်ရဘဲ အရိပ်တွေက မသဲမကွဲ ရှိနေတာပဲ မြင်ရ၏။
***
ဘန်း. ဘန်း.. ဘန်း..
ဒုန်း.. ဒုန်း.. ဒုန်း..
တစ်ခါတရံတွင် လက်နက်ချင်း ရိုက်ခတ်ရာမှ ခပ်အုပ်အုပ်အသံများ ဆက်တိုက် ထွက်ပေါ်လာသည်ကို ကြားရသည်။ တစ်ခါတရံတွင် ကျွတ်ဆတ်သည့် အသံများ စူးခနဲ ထွက်လာတာကို ကြားရသည်။ နှစ်ဖက်စလုံးက ခွန်အားကို လှည့်သုံး၍ တိုက်ခိုက်လိုက် ခုခံကာကွယ်လိုက်နှင့် အကြိမ်ကြိမ် တိုက်ခိုက်ကြသည် ဖြစ်ရာ ထိခတ်ပွတ်တိုက်သော အသံများက ဟိန်ဟိန်းထွက်နေတော့သည်။ တစ်ချိန်တည်းမှာပဲ နှစ်ယောက်စလုံးက လောကစွမ်းအင်ကို စုစည်းကြကာ တိုက်ခိုက်ကြသည်။ တစ်ယောက်၏ လောကစွမ်းအင်က အရောင်ကင်းမဲ့ကာ နောက်တစ်ယောက်က သွေးနီချီစွမ်းအင်လှိုင်း ဖြစ်သည်။ အဆိုပါ စွမ်းအင်နှစ်ရပ်ကလည်း အကြိမ်ကြိမ် ပွတ်တိုက်ကြသည်။
ရွှယ်ယင်မှာ ဒေါသတကြီးဖြင့် အနောက်သို့ ခြေလှမ်းများ အနောက်ဆုတ်နေရသည်။ သူ့မျက်နှာအမူအရာတို့က တင်းမာလို့ နေသည်။
" ဝိုး.. ငါတို့ မင်းရဲ့ ရဲတိုက်အပြင်ဘက်ကိုတောင် ရောက်နေပြီးပဲ.. "
ရှင်းဖန်းယွင်၏ နှုတ်ခမ်းထောင့် လှောင်ပြောင်ဟန်ဖြင့် တွန့်ခနဲ ဖြစ်သွားကာ သူတို့ ရောက်နေသည့် နေရာကို ကြည့်လိုက်သည်။ အခု သူတို့ ရှိနေသည့် နေရာက နှင်းကျောက်ရဲတိုက်အပြင်ဘက်က ၁.၆ ကီလိုမီတာအကွာ ( ၁ မိုင်နီးပါး ) တွင် ဖြစ်သည်။
" ကျွတ်စ်. ကျွတ်စ်.. မင်းက တော်တော် ကြောက်ဖို့ ကောင်းတာပဲ.. ငါ့နဲ့ တိုက်ခိုက်ရင်း အနောက်ကို ဆုတ်တာ တကယ်တမ်းတော့ ငါ့ကို ရဲတိုက်အပြင်ဘက် ခေါ်ထုတ်ခဲ့တာပဲ.. မင်းရဲ့ အချစ်ကလေး ထိခိုက်မှာ ကြောက်လို့လား.. မင်းရဲ့ မိတ်ဆွေတွေ ထိခိုက်မှာကို ကြောက်တာလား.."
" ခင်ဗျားရော ခင်ဗျားလူတွေ သေတော့ ဝမ်းမနည်းဘူးလား.. ဒေါသမထွက်ဘူးလား.. "
ရွှယ်ယင်က ရုတ်တရက် မေးလိုက်သည်။
လေနတ်ဆိုးနှင့်တစ်ခြားသုံးယောက်တို့ သေခြင်းကြောင့် ရှင်းဖန်းယွင်ထံမှ ဒေါသထွက်တာရော နာကျင်ခံစားရတာရော ဘာတစ်ခုမှ မမြင်ရပေ။
" ဒေါသထွက်ဖို့ ဟုတ်လား.. ငါက ဘာကြောင့် ဒေါသထွက်ရမှာလဲ.. လူသတ်သမားတစ်ယောက် လုပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်တာနဲ့ သေရဖို့ ပြင်ဆင်ထားရမှာပဲ.. ပြီးတော့ သူတို့ သေတာနဲ့ ငါနဲ့ ဆိုင်လို့လား.."
ရှင်းဖန်းယွင်က အေးဆေးစွာ ပြောလေသည်။
" အခု ငါက သူတို့နဲ့ လိုက်မလာခဲ့လည်း သူတို့လေးယောက်က သေရမှာပဲ.. ဟုတ်တယ်မလား.. အခု ငါ သူတို့နဲ့ ပါလာခဲ့တယ်ဆိုတော့ သူတို့အတွက် လက်စားချေပေးရတာပေါ့... ဟိုလေးယောက်က ငါ့ကို သူတို့အစ်ကိုကြီးဆိုပြီး ကျေးဇူးတွေတောင် တင်နေဦးမှာ..ဟားဟား.."
" လက်စားချေတာ..ဟွန့်.. ခင်ဗျားက ကိုယ့်ကိုယ်ကို တော်တော် ယုံနေတာပဲ.. " ဟု ရွှယ်ယင်က လှောင်ရယ်လိုက်သည်။ အစောပိုင်းက တိုက်ခိုက်မှုကြောင့် ရှင်းဖန်းယွင်က သူ့ထက် တိုက်ခိုက်သည့်နေရာတွင် အနည်းငယ် သာနေသည်ကို သူ သိလိုက်သည်။ တကယ်၍ ရှင်းဖန်းယွင်တွင် အသုံးမပြုရသေးသည့် အစွမ်းထက်နည်းလမ်းများ ရှိနေဦးမည်ဆိုလည်း သူ့မှာ ကမ္ဘာဦးသွေးအမွေက ရှိနေသေးသည်။
ထို့အပြင် နဂါးတောင်အိမ်တော်၏ အဆင့်သတ်မှတ်ချက်စာအုပ်တွင် ရေးထားသည့် တချို့ပညာရှင်တို့၏ ကိုယ်ရေးအကျဥ်းကို ဖတ်ထားဖူးခြင်းကြောင့် ယခုအခါမှာ ရွှယ်ယင်သည် လောကကြီးနှင့် တစ်သားတည်းအဆင့်ကို ရောက်ခဲ့ပြီးနောက်ပိုင်း ထိုအဆင့်သတ်မှတ်ချက်စာအုပ်တွင် သူလည်း ဝင်နိုင်သည်ကို သိလိုက်သည်။ လောကကြီးနှင့် တစ်သားတည်းအဆင့်ကို နားလည်ခဲ့ပြီးနောက် သူရဲ့ ခန္ဓာကိုယ်အသွေးအသားများက ပို၍ သန်မာလာကာ လောကစွမ်းအင်ကိုလည်း စုပ်ယူခဲ့သည်။ ထိုသို့ စုပ်ယူခြင်းကြောင့် သူ့၏ တိုက်ခိုက်မှုစွမ်းအင်ကလည်း ဆထက်တပိုး တိုးတက်လာခဲ့သည်။ ထို့အပြင် သွေးမိုးသိုင်းကွက်ကို တတ်မြောက်လာခဲ့ခြင်းကြောင့် အဆင့်သတ်မှတ်ချက်ထဲက ထိပ်ဆုံးအယောက်တစ်ထောင်တွင် ဝင်နေသင့်သည်။ စစ်လျောင်ဟုံနှင့် ရှင်းဖန်းယွင်တို့နှင့် နှိုင်းယှဥ်ကြည့်ပါက သူတို့ကြားထဲက ကွာခြားချက်တို့ သိပ်မဟတော့ချေ။
သူတို့အချင်းချင်းထဲက တိုက်ပွဲတစ်ခုတွင် အနိုင်ရဖို့က ခဲယဥ်းသည်။ တကယ်၍ တစ်ဖက်လူက သူ့ကို သတ်ချင်ခဲ့မည်ဆိုလျှင် တကယ်တမ်း အနိုင်ရဖို့ အခြေအနေက နည်းသည်။
သို့သော် ထိုသို့ တွက်ထုတ်ခြင်းက အချက်အလက်နှင့် ဖြစ်နိုင်သမျှ အခြေအနေတို့ပေါ် ခန့်မှန်းသုံးသပ်ခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူက သေသည်ရှင်သည်ဆိုသည့် အဖြေကသာ တိုက်ပွဲတစ်ခု၏ ရလဒ်အမှန် ဖြစ်သည်။
" ငါ့အရှေ့မှာတောင် မင်းရဲ့ ယုံကြည်မှုက အံ့သြဖွယ်ရာပါပဲ.." ရှင်းဖန်းယွင်က လှောင်ရယ်လိုက်သည်။
" အေးလေ.. မင်းက လောကကြီးနဲ့ တစ်သားတည်းအဆင့်ကို အသက် ၂၂ နှစ်နဲ့ နားလည်ခဲ့တယ်.. ပြီးတော့ စွမ်းအားနဲ့ တစ်သားတည်းအဆင့်ကို ရောက်ပြီး လှံပညာရှင်ကြီးလည်း ဖြစ်ခဲ့တယ်.. ကျွတ်စ်.. ကျွတ်စ်.. စွမ်းအားနဲ့ တစ်သားတည်းအဆင့်ကို ရောက်တာ မြန်လိုက်တာ.. ဘယ်ဟာကို အရင်ရောက်တာပါလိမ့်.."
" ခင်ဗျားက ဘယ်ဟာ ထင်လဲ.." ရွှယ်ယင်က ပြန်မေးလိုက်သည်။
စွမ်းအားနှင့် တစ်သားတည်းအဆင့်ဖြင့် ပညာရှင်ကြီးအဆင့်ကို ရောက်ဖို့က မလွယ်ကူပေ။
နတ်ဆိုးတမန်တော်ကဲ့သို့ပင် သူက လောကနှင့် တစ်သားတည်းအဆင့်ကို နားလည်ခဲ့တာ ကြာမြင့်ပြီး ဖြစ်သော်လည်း သူ့ခွန်အားတို့က စွမ်းအားနှင့် တစ်သားတည်းအဆင့်ကို မရောက်ရှိခဲ့ပါဘူး။
လောကကြီးနှင့် တစ်သားတည်းအဆင့်က လူတစ်ယောက်၏ စိတ်ဝိညာဥ်ကို မြင့်တက်စေသည်။
စွမ်းအားနှင့် တစ်သားတည်းအဆင့်က လူတစ်ယောက်၏ သိုင်းစွမ်းရည်က အမြင့်ဆုံးသို့ ရောက်ရှိခြင်းပင်။
ဒဏ္ဍာရီအဆင့်သမား အများစုက လောကကြီးနှင့် တစ်သားတည်းအဆင့်ကို အရင်ရောက်ရှိကြတာက ပိုများသည်။ ပြီးသည့်အခါမှာသာ သန်မာအားကောင်းလာသည့် စိတ်ဝိညာဥ်ဖြင့် ခန္ဓာကိုယ်ပိုင်းကို နားလည်အောင် ကြိုးစားကာ စွမ်းအားနှင့် တစ်သားတည်းအဆင့်ကို တက်လှမ်းကြသည်။
သို့သော် ရွှယ်ယင်အတွက်က ကွဲပြားသည်။
ရွှယ်ယင်၏ လမ်းစဥ်က သေခြင်းရှင်ခြင်းတိုက်ပွဲကြားထဲကနေ လျှောက်လှမ်းရသည့် လမ်းစဥ် မဟုတ်ချေ။ ထိုအစား အခြေခံကိုသာ ခိုင်မာအောင် တည်ဆောက်ပြီး ခိုင်မာသော အခြေခံအုတ်မြစ်ဖြင့် ကိုယ့်ကိုယ်ကို ပြည့်စုံအောင် အဆုံးမရှိ တည်ဆောက်ရသည့် လမ်းစဥ် ဖြစ်ချေသည်။ ထိတ်လန့်စရာကောင်းလောက်အောင် နားလည်သဘောပေါက်ထားသော အသိအမြင်တို့ဖြင့် စွမ်းအားနှင့် တစ်သားတည်းအဆင့်ကို မရောက်ရောက်အောင် သူ့ကို တွန်းတင်ပေးခဲ့သည်။ သူ့ရဲ့ လှံသိုင်းပညာသည်ပင် အဆုံးတိုင်အခြေအနေအချို့ကို ရောက်ရှိခဲ့သည်။
သို့သော် သိုင်းစွမ်းရည်တို့က မိုးပျံနေပါစေ.. တိုက်ပွဲတွင် ရင်ဆိုင်၍ ရနိုင်ပြီးဟု ယူဆ၍ မရနိုင်ချေ။ ထို့ကြောင့်လည်း ရွှယ်ယင်က ပျက်သုဥ်းခြင်းတောင်တန်းအတွင်းသို့ ဝင်ဖို့ ပထမဆုံး ကြိုးစားလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အစပထမတွင် တိုက်ပွဲအတွင်း သူ့လှုပ်ရှားမှုတို့က အဆင်မပြေ ဖြစ်ခဲ့သည်။ သို့သော် သူက စိတ်လှုပ်ရှားမှုတို့ လျော့နည်းလာကာ သူ့ရဲ့ တိုက်ခိုက်မှုစွမ်းရည်အစစ်အမှန်ကို ထုတ်ပြနိုင်ခဲ့သည်။
**
သိုင်းပညာရပ်၏ တာအိုတရားဆိုသည်က လူတစ်ယောက်သည် ထိပ်ဆုံးသို့ ရောက်ရှိခဲ့ပြီးနောက် ကြီးမားသော ခွန်အားများ.. မြင့်မားသော သိုင်းစွမ်းရည်များကို ဘယ်လို ဆက်လက် ရယူနိုင်သွားမလဲဆိုသည့် အဆင့် ဖြစ်သည်။ ထိုအဆင့်တွင် ရောက်သည့်အခါတွင် လူတစ်ယောက်၏ လှံသိုင်းပညာ၊ ဓာသိုင်းပညာ၊ တစ်ခြားသော သိုင်းပညာရပ်တို့က ပို၍ ထူးခြားဆန်းကျယ်သွားပေလိမ့်မည်။ ပုံမှန်အားဖြင့် အထွတ်အထိပ်အဆင့်တို့ကသာ ထိုကဲ့သို့ အဆင့်မျိုးကို ရောက်ရှိကြသည်။
" တကယ်လို့ စွမ်းအားနဲ့ တစ်သားတည်းအဆင့်ကို လောကကြီးနဲ့ တစ်သားတည်းအဆင့်ထက် ပိုစောခဲ့ရင်တော့ မင်းက ကြောက်ဖို့ တော်တော်ကောင်းတဲ့ အကောင်ပဲ.. "
ရှင်းဖန်းယွင်၏ နီရဲနေသော မျက်လုံးက အေးစက်စက် ဖြစ်လာခဲ့သည်။
" ဒါပေမဲ့ မင်းက ဘယ်လိုပဲ ဖြစ်နေပါစေ.. ဒီညတော့ မင်းရဲ့ အားထုတ်မှုက ဆုံးခန်းတိုင်ပြီ.. မင်း သေရတော့မယ်.."
ဟူ..
ထို့သို့ ပြောလိုက်ပြီးနောက် ရှင်းဖန်းယွင် တစ်ကိုယ်လုံး သွေးနီချီစွမ်းအင်လှိုင်းများဖြင့် ရွှယ်ယင်ထံ ပြေးဝင်လာခဲ့သည်။
ရွှယ်ယင်လည်း သူ့ရဲ့ လှံရှည်ဖြင့် ချက်ချင်း တုံ့ပြန်လိုက်သည်။ လှံရှည်ကား တွင်းထဲမှ တိုးထွက်လာသော အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ဖြင့် ရှင်းဖန်းယွင်၏ မျက်နှာ၊ နှလုံးနှင့် လည်မျို ထိုသုံးနေရာကို လျင်မြန်စွာဖြင့် တိုက်ခိုက်လိုက်သည်။
ထိုအခိုက်တွင် မှော်ဆရာကြီး၏ အိမ်တော်မှ လူအုပ်စုကြီးတို့ ထွက်ရှိလာခဲ့သည်။ မှော်ဆရာကြီး ပိုင်ယွမ်ကျစ်နှင့် ခုံရိုယွဲ့လည်း ပါသည်။ တကယ်တမ်းတွင် နှင်းကျောက်ရဲတိုက်အတွင်းမှ ဖြစ်ပေါ်လာသော တုန်ခါခြင်းတို့က မှော်ဆရာကြီး၏ အိမ်တော်အထိကို ရောက်နေခဲ့သည်။
သို့သော် ရွှယ်ယင်နှင့် ရှင်းဖန်းယွင်တို့ ရဲတိုက်အပြင်ဘက်အထိ ရောက်လာခဲ့သည့်အခါမှာတော့ တုန်ခါမှုတို့က ပို၍ ပြင်းထန်လာသောကြောင့် မှော်ဆရာကြီး၏ အိမ်တော်ထဲက လူအားလုံးတို့ အပြင်ကို ထွက်လာကြရသည်။
***
အပိုင်း ( ၆၅ ) အံ့သြတုန်လှုပ်ကြကုန်ခြင်း
ခုံရိုယွဲ့က စိတ်ပူပန်စွာဖြင့် မှော်ဆရာကြီး၏ အဆောက်အဦးကနေ ထွက်ရှိလာသည်။ အပြင်ဘက်တွင် လူအုပ်စုတစ်ခုက ဆူညံစွာဖြင့် ရောက်နှင့်နေကြသည်။
" ဒါ.. ဒဏ္ဍာရီအဆင့်သမားတို့ရဲ့ တိုက်ပွဲပဲ.."
"ဒဏ္ဍာရီအဆင့်နှစ်ယောက်လား.."
မှော်ဆရာကြီး၏ တပည့်အုပ်စုက အလွန်တရာ စိတ်လှုပ်ရှားနေကြသည်။
ခုံရိုယွဲ့က အဝေးသို့ လှမ်းကြည့်လိုက်သည်။ လရောင်၏ အလင်းအောက်၌ ထိုနေရာတွင် ကြီးမားကျယ်ပြန့်သည့် သွေးနီချီစွမ်းအင်လှိုင်းနှင့် အရောင်မဲ့၍ တွန့်ခါနေသည့် စွမ်းအင်တို့တို့ အဆက်မပြတ် တွန်းတိုက်၍ နေလေသည်ကို သူမ မြင်တွေ့ရသည်။ လောကစွမ်းအင်တို့ တွန်းတိုက်နေခြင်းကြောင့် အဝေးကနေ မြင်ကွင်းတို့က ယိမ်းထိုးနေကာ ထိုနေရာမှ အစပြု၍ မီတာ နှစ်ရာကျော်ကနေ သုံးရာကျော်အထိ လွှ၎်းခြုံထားလျက် ရှိနေသည်။
မိုးများ ခြိမ်းနေသကဲ့သို့ အသံများ တဝုန်းဝုန်းဖြင့် ရှိနေသည်ကို ကြားရသည်။ ထို ကြောက်မက်ဖွယ် အင်အားတို့က ခုံရိုယွဲ့၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။
သူမက မှော်ဆရာမတစ်ယောက်၍ အရာများစွာကို သိထားသလောက် သိထားသည်။ ထို့ကြောင့်လည်း ထိုမြင်ကွင်းကို ကြည့်ရုံမျှဖြင့် ထိုတိုက်ပွဲတွင် ဒဏ္ဍာရီအဆင့်သမားများက လောကစွမ်းအင်ကို အသုံးပြုတိုက်ခိုက်နေကြခြင်း ဖြစ်နေမှန်း သူမ သိလိုက်သည်။
" ဒဏ္ဍာရီအဆင့်တွေလား.."
နှစ်ဖက်စလုံးက တိုက်ခိုက်နေသည့် လူပုံရိပ်ကို ကြည့်ပြီး ခုံရိုယွဲ့ မယုံနိုင်အောင် ဖြစ်နေသည်။
" တကယ်လို့ အဲဒီနှစ်ယောက်က ဒဏ္ဍာရီအဆင့်ဆိုပါစို့.. ဒီလို အဆင့်မျိုးဆိုတာ အဇူရီမြစ်စီရင်စုထဲမှာ ထိပ်ဆုံးမှာ ရပ်နေနိုင်တဲ့ အဆင့်တွေလေ.. သူတို့က ဘာကြောင့် နှင်းကျောက်တောင်ထိပ်မှာ လာတိုက်ခိုက်နေကြတာလဲ.. ဒါမှမဟုတ်.. ဒီအနားကနေ ဖြတ်သွားတာမျိုးလား.."
တိုက်ခိုက်နေသည့် ပညာရှင်နှစ်ယောက်က အလွန်တရာ လျင်မြန်ကြသော်လည်း သူတို့တွင် ရပ်နားသလို ထင်ရသည့် အခိုက်အတန့်များလည်း ရှိသည်။ ဥပမာအားဖြင့် အနောက်သို့ ယာယီ ဆုတ်လိုက်သည့်အခါမျိုးတွင် ဖြစ်သည်။ ထို့ကြောင့် ရိုယွဲ့က တိုက်ခိုက်နေသည့် လူပုံရိပ်အား အကြမ်းဖျင်းမျှ မြင်လိုက်ရသည်။
ရှန်းဖန်းယွင်ကို သူမ မသိရှိချေ။
တဖန် တစ်ဖက်က တိုက်ခိုက်နေသူက လူငယ်တစ်ယောက် ဖြစ်ပြီး သူကအနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ လူက ငွေဖြူအရောင် လှံရှည်တစ်ချောင်းကို ကိုင်စွဲထားသည်။ သူ့ဘေးနားတွင် နှင်းပွင့်လေးများပင် မျောလွင့်နေသည်။
ထိုပုဂ္ဂိုလ်သည် သူမ ရင်းနှီးနေသည့် လူတစ်ယောက်ယောက်နှင့် ဆင်တူနေသလိုလို..။
" တုန်ပိုရွှယ်ယင်.." ရိုယွဲ့၏ မျက်လုံးအစုံများ ပြူးကျယ်သွားသည်။
" သူ..သူ... သူက ဒဏ္ဍာရီအဆင့်လား.. ဒါ.. ဒါ..ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. သူက အသက် ၂၂ နှစ်ပဲ ရှိသေးတာလေ.."
သူမ ငယ်ရွယ်စဥ်အချိန်တွင် အကွက်မြင်သော စီးပွားရေးသမားတစ်ဦး ဖြစ်သည့် သူမ၏ဖခင်က သူမအား တုန်ပိုရွှယ်ယင်ကို လက်ထပ်နိုင်မည့် နည်းလမ်းများ စဥ်းစားထားဖို့ ပြောခဲ့သည်။ တကယ်တမ်းတွင် သူမသည် ဖခင်ဖြစ်သူ၏ လွန်ကဲသော ခန့်မှန်းထားမှုကြောင့် ထိုအရာက မှားယွင်းနေမလားဟု သူမ ခံစားခဲ့ရသည်။ နောက်ပြီး သူမ၏ ဖခင်က သူမ၏ ဘဝကို အရေးကြီးသည်ဟုပင် မတွေးခဲ့ပေ။ သူမက မိသားစုတစ်စုကို လက်ထပ်ပြီး ထွက်သွားလိမ့်မည်ဟု သူမ၏ ဖခင်က တွေးခဲ့သည်။ ထို့အပြင် သူမအတွက် မှော်ပညာသင်ဆရာကောင်းတစ်ဦးကိုပင် မရှာပေးချင်ခဲ့ပေ။ သို့သော် တုန်ပိုရွှယ်ယင်နှင့် လက်ထပ်ဖို့အတွက် အကြောင်းဖန်လာသည့်အခါတွင် သူမ၏ ဖခင်က သူမကို မှော်ဆရာကြီး ပိုင်ယွမ်ကျစ်ထံ ပညာသင်ဖို့ ခွင့်ပြုခဲ့သည်။
မှော်ဆရာတစ်ယောက် ဖြစ်လာသည့်အခါမှ သူမသည် ပို၍ စည်းကမ်းကြီးလာသည်။ သူမ၏ အသိအမြင်တို့ကို ပွင့်စေခဲ့ပြီး လောကကြီး၏ ဗဟုသုတတို့ကို နားလည်ခဲ့သည်။
သူမ များများ သိလာလေ.. လောကကြီးက မည်မျှအထိ ကျယ်ပြန့်မှန်း သူမ နားလည်ခဲ့သည်။
ဒီလို နယ်စပ်မြို့လေးဖြစ်တဲ့ ရီရွှေမြို့က တုန်ပိုရွှယ်ယင်သည် လောကကြီးနှင့် နှိုင်းယှဥ်ကြည့်လျှင် ဘာများ ထူးခြားနေမည်နည်း။ သူက ရီရွေမြို့၏ အုပ်ချုပ်သူပဲ ဖြစ်လာမှာလား။ သို့သော် အခွင့်အရေးတစ်ခုက သူမဆီကို ကိုယ်တိုင် ရောက်လာခဲ့သည့် အချိန်မတိုင်ခင်အထိ သူမသည် ဖခင်ဖြစ်သူ၏ အမိန့်ကို တစ်ဝေမတိမ်း လိုက်နာခဲ့သည်။ တုန်ပိုရွှယ်ယင်ကို လက်ထပ်ရသည်ကလည်း ကောင်းသည့် အစီအစဥ်တစ်ခု ဖြစ်မှန်း သူမ သိခဲ့သည်။
သို့သော် နောက်ဆုံးတွင် မက်လုံးအား ပိုကောင်းသည့် အမွေဆက်ခံသူ စစ်ချန်က ထွက်ပေါ်လာခဲ့သည်။ စစ်ကလန်မှာ ကောင်းကင်ကြီးကို ဖမ်းဆုပ်ထားသည့် ကလန်တစ်ခု ဖြစ်ကာ ( ကြီးကျယ်ခမ်းနားသည့် ကလန်ကြီး ) အန်းယန်ပြည်နယ်တစ်ခွင်တွင် ကျော်ကြားသည့် ကလန်တစ်ခု ဖြစ်သည်။ တကယ်၍ ထိုကလန်မျိုးမှာ သူမ ဝင်ရောက်နိုင်ခဲ့ပါက သူမအတွက် အနာဂတ်ကောင်းတစ်ခု ဖြစ်လာစေမှာ အမှန်ပင်။
ထို့ကြောင့် သူမ၏ အမြင်တွင် တုန်ပိုရွှယ်ယင်သည် စစ်ကလန်က လူတစ်ယောက်နှင့် အဆင့်ချင်းထပ်တူဖို့ပင် မထိုက်တန်ဟု ထင်မြင်ခဲ့သည်။
စစ်ချန်က သူမအတွက် အမြင့်ဆုံးကို တက်လှမ်းဖို့ လှေကားထစ်သဖွယ် ဖြစ်၏။ တကယ်၍ တုန်ပိုရွှယ်ယင်က သူမ၏ စိတ်သဘောထားကို ရိပ်မိသွားရင်လည်း သူမ ဂရုမစိုက်ဘဲ နေနိုင်သည်။
နယ်မြေသေးသေးလေးတစ်ခုက သိုင်းပညာရူးတစ်ယောက်က ဘယ်လိုများ အောင်မြင်ကြီးကျယ်လာနိုင်မှာလဲ..
" ဒါပေမဲ့.. ဒါက..ဒါက.."
အဝေးနေရာက လူနှစ်ယောက်၏ မှင်တက်အံ့သြဖွယ်ကောင်းသော တိုက်ပွဲကို သူမ ဆက်ကြည့်နေခဲ့သည်။ ထိုအချိန်တွင် ကျောက်တုံးများ အက်ကွဲကုန်ကာ ကျယ်လောင်သော အသံကြီးများဖြင့် တောင်ပေါ်ကနေ လိမ့်ဆင်းလာသည်။ တိုက်ခိုက်နေသူ နှစ်ယောက်ထဲမှ တစ်ယောက်သည် သူမအတွက် အရမ်းရင်းနှီးနေသည့် ပုံရိပ် ဖြစ်နေ၏။
" မင်းတို့ အားလုံး.. မြန်မြန် ပုန်းကြဟေ့.."
မှော်ဆရာကြီးပိုင်ယွမ်ကျစ်မှာ မုတ်ဆိတ်မွေးများ တုန်ခါနေလျက် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
" မြန်မြန်ပုန်းကြ.. ဓားနဲ့ တိုက်ခိုက်နေတဲ့ ဟိုလူက အဲဒါ ရှင်းဖန်းယွင်ဟ.. ဟုတ်တယ်.. အဲဒါ ရှင်းဖန်းယွင်အစစ်ပဲ.. မင်းတို့တွေ ဘာကြောင်ရပ်နေကြတာလဲ.. သေချင်ကြလို့လာား.. သူတို့ကြားထဲက တိုက်ပွဲထဲကို မင်းတို့ ဝင်ပါသွားရုံနဲ့ မျက်စိတမှိတ်အတွင်း သေသွားကြလိမ့်မယ်.."
" ရှင်းဖန်းယွင်..ဟုတ်လား.."
" အဇူရီမြစ်စီရင်စုထဲက နံပါတ်တစ်ပညာရှင်ဆိုတဲ့ ရှင်းဖန်းယွင်လား.."
" စစ်ကလန်ရဲ့ ဘိုးဘေးဖြစ်တဲ့ စစ်လျောင်ဟုံထက်တောင် ပိုအစွမ်းထက်တဲ့ ရှင်းဖန်းယွင်.."
ထိုတပည့်အားလုံးက ထိတ်လန့်သွားကြကုန်သည်။
အဇူရီမြစ်စီရင်စုထဲက စွမ်းအားကြီးသော ပုဂ္ဂိုလ်များအကြောင်းကို မှော်ဆရာကြီး ပိုင်ယွမ်ကျစ်က သူတို့အား အရင်ကတည်းက ပြောပြထားဖူးသည်။ အထူးသဖြင့် အဇူရီမြစ်စီရင်စု၏ အဓိက ထောက်တိုင်သဖွယ် ဖြစ်သော အစွမ်းထက် ပုဂ္ဂိုလ်နှစ်ဦး ဖြစ်သည့် စစ်လျောင်ဟုံနှင့် ရှင်းဖန်းယွင် အကြောင်းတို့ကို အထူးအလေးထား ပြောပြခဲ့သည်။ သူတို့နှစ်ယောက်က သာမန်ဒဏ္ဍာရီအဆင့်ကိုပင် အလွယ်တကူ သတ်နိုင်သည့်အပြင် သူတို့၏ ခွန်အားက မှန်းဆ၍ မရနိုင်မှန်းကိုလည်း ပြသခဲ့ကြသူများ ဖြစ်ကြသည်။
" သွား..သွား.. အဆောက်အဦးထဲ မြန်မြန် ပြန်ဝင်ကြ.." ပိုင်ယွမ်ကျစ်က အော်ဟစ်ပြောလိုက်သည်။
တပည့်တပန်းအားလုံးလည်း အဆောက်အဦးထဲကို ပြန်ဝင်သွားကြသည်။
***
ပိုင်ယွမ်ကျစ် သူ့လက်ကို တစ်ချက် ယမ်လိုက်သည့်အခါတွင် အဆောက်အဦး၏ ဘေးတစ်ဖက်တစ်ချက်က ကြီးမားသည့် အနက်ရောင်ရုပ်တုကြီးက စတင် လှုပ်ရှားလာခဲ့သည်။ ထိုရုပ်တုသည် ကင်းခြေများသဏ္ဌာန် ယန္တရားစက်ရုပ်များ ဖြစ်ကြပြီး ၎င်း၏ ပြားချပ်မာကျောသည့် ခန္ဓာကိုယ်ဘေးဘက်တွင် ပျော့ပျောင်းသော အတောင်ပံများ ပါရှိသည်။
" ညီလေးစစ်ချန်.. အခုအခြေအနေက အန္တရာယ် အရမ်းများနေတယ်.. ဒီအဆောက်အဦးထဲမှာ နေရင်း ညီလေးရဲ့ လုံခြုံရေးအတွက်က စိတ်မချရဘူး.. ဒီ လနက်ကင်းခြေများအကောင်ပေါ် တက်စီးပြီး ကောင်ကင်းထက်မှာ နေတာက ပိုကောင်းလိမ့်မယ်လို့ ကျုပ် ထင်တယ်.. အနည်းဆုံးတော့ ကျုပ်တို့က ကောင်းကင်မှာ ရှိနေတဲ့အတွက် ဟိုတိုက်ပွဲကြားထဲမှာ ဝင်ပါသွားမှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့.."
" ကျေးဇူးပါပဲ အစ်ကိုပိုင်.."
စစ်ချန်မှာ အတော်လေး ချောမောသူ ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ သူက ပြောလိုက်သည်။
" ဖြစ်နိုင်ရင် ရိုယွဲ့ကိုလည်း ခေါ်ချင်ပါတယ်.. "
" အင်.." မှော်ဆရာကြီး ပိုင်ယွမ်ကျစ်က ခပ်လှမ်းလှမ်းတွင် ရပ်နေသည့် ခုံရိုယွဲ့နှင့် ဂျိရုံကို လှမ်းကြည့်လိုက်ကာ " ရိုယွဲ့..ဂျိရုံ.. မင်းတို့နှစ်ယောက်က ဒီကိုလာခဲ့ကြ.. ငါတို့ နှင်းကျောက်ရဲတိုက်ဘက်ကို သွားပြီ ချင်းရှီကိုလည်း သွားခေါ်ရဦးမယ်.."
ပိုင်ယွမ်ကျစ်မှာ သူ့တွက်ကိန်းနှင့် သူ စဥ်းစားထားသည်။ ရှင်းဖန်းယွင်နှင့် တုန်ပိုရွှယ်ယင်တို့ တိုက်ခိုက်နေကြသည့် မြေငလျင်တုန်လှုပ်သည့်အလား ပြင်းထန်နေသော တိုက်ပွဲကို ကြည့်ရှုလေ့လာခဲ့စဥ်အချိန်က သူသည် အရာအားလုံးကို သဘောပေါက်သွားခဲ့သည်။
ဘုရားရေ.. တုန်ပိုရွှယ်ယင်က နာမည်ကျော် လူသတ်သမား ရှင်းဖန်းယွင်ကိုတောင် တန်းတူ တိုက်ခိုက်နိုင်နေပါလား..
ရွှယ်ယင်၏ နိုင်ခြေက နည်းသည် ဆိုရသော်လည်း အနိုင်ရဖို့အတွက်လည်း ဖြစ်နိုင်သေးသည်။ ဒါမှမဟုတ် ရွှယ်ယင်က တိုက်ပွဲအပြီးမှာ အသက်ရှင်နေနိုင်ပါသေးသည်။
ထိုကဲ့သို့ လူမျိုးနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ဆက်လက်ထိန်းထားဖို့ကို သူ့အား မေးနေစရာပင် မလိုနေချေ။
ထို့အပြင် ရိုယွဲ့နှင့် ရွှယ်ယင်တို့က အတော်လေး ရင်းနှီးသည်ကို သူ တွေ့မြင်နေရသည်။ ဂျိရုံနှင့် ချင်းရှီတို့ကလည်း ပို၍ပင် ရင်းနှီးနေသည်။ ထို့ကြောင့်လည်း ထိုမိန်းကလေးနှစ်ယောက်ကို သူနှင့်အတူ ခေါ်ဆောင်ထားခြင်းက ပို၍ ကောင်းပါလိမ့်မည်။
" ဟုတ်ကဲ့ပါ.. ဆရာ.. " ရိုယွဲ့နှင့် ဂျိရုံတို့ကလည်း အသီးသီး ခေါင်းညိတ်လိုက်သည်။
ပိုင်ယွမ်ကျစ်၏ တခြားသော တပည့်ရင်းများကလည်း သူ အရင်ကတည်းက ပညာသင်ပေးပြီးသွား၍ ထွက်သွားကြကုန်ပြီး ဖြစ်သည်။
" ဝူ.. "
ပိုင်ယွမ်ကျစ်၏ ထိန်းချုပ်မှုအောက်တွင် လနက်ကင်းခြေများက ချက်ချင်း တောင်ပံခတ်၍ ကောင်းကင်ထက်သို့ တက်သွားသည်။ ၎င်းအပေါ်တွင် စီးနင်းနေသူများမှာ ပိုင်ယွမ်ကျစ်၊ စစ်ချန် ၊ ရိုယွဲ့၊ ဂျိရုံတို့ လေးယောက် ဖြစ်ကြသည်။ ချက်ချင်း ဆိုသလို လနက်ကင်းခြေများသည် မီတာတစ်ရာကျော် အမြင့်သို့ ရောက်ရှိသွားကာ နှင်းကျောက်ရဲတိုက်ဘက်သို့ ဦးတည်သွားသည်။
" ရှင်းဖန်းယွင်က တကယ်ပဲ ဒီနေရာအထိ ရောက်လာခဲ့တာပဲ.."
ပညာရှင်နှစ်ယောက်ကြားထဲက တိုက်ပွဲကို ကြည့်ရင်း စစ်ချန်က ဆိုလိုက်သည်။
" အဲဒီ တုန်ပိုရွှယ်ယင်ကလည်း ရှင်းဖန်းယွင်ကို လက်ရည်တူလောက်ကို ပြန်လည် တိုက်ခိုက်နိုင်နေတယ်.. ယုံဖို့တောင် ခပ်ခက်ခက်ပဲ.. ရှင်းဖန်းယွင်နဲ့ ကျုပ်တို့ကလန်ဘိုးဘေးက အဆင့်ချင်း ယှဥ်လို့ ရနိုင်တဲ့ သူတွေပဲ.. ကျုပ် သိသလောက်ကတော့ ရှင်းဖန်းယွင်က ဒဏ္ဍာရီအဆင့် တော်တော်များများကို သိုင်းကွက်တစ်ကွက်နဲ့တင် သတ်နိုင်ခဲ့တယ်လို့ ကြားမိတာပဲ.. အခုတိုက်ပွဲက ဘာလို့ ဒီလောက်တောင် အချိန်ကြာနေရတာလဲ.."
" ညီလေးစစ်ချန်က အတွေ့အကြုံနည်းနေသေးလို့ပါ.." ပိုင်ယွမ်ကျစ်က မှတ်ချက်ပြုလိုက်သည်။
" ကြည့်လိုက်ဦး.. သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲဘေးနာက ပတ်ဝန်းကျင်အရာအားလုံးကို ကြည့်ကြည့်လိုက်.. ဘေးနားက ကျောက်တုံးတွေ ကွဲအက်ကုန်တာ တွေ့တယ်မလား.. ကျုပ် သိတာက သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲကနေ ထွက်ရှိလာတဲ့ ချီစွမ်းအင်တို့ရဲ့ အရှိန်အဟုန်တွေကြောင့်ပဲ.. ဘေးပတ်ဝန်းကျင်ကိုတောင် သက်ရောက်နေတဲ့အားက သာမန်ဒဏ္ဍာရီအဆင့်ဆို ဘယ်ခံနိုင်မလဲ.."
" အင်း.." စစ်ချန်က ခေါင်းကို အသာပဲ ညိတ်လိုက်သည်။
" အဇူရီမြစ်စီရင်စုတခွင်ကို နှစ်ပေါင်းများစွာ လွှမ်းမိုးလာခဲ့တဲ့ ရှင်းဖန်းယွင်ဆိုရင် သေချာပေါက် သူ့လက်ထဲမှာ အစွမ်းထက် နည်းလမ်းတွေ ရှိနေလိမ့်မယ်.." ပိုင်ယွမ်ကျစ်က ပြောလိုက်သည်။
" ဒီတိုက်ပွဲမှာဆိုရင် ရွှယ်ယင်အတွက်က အန္တရာယ်တော့ များနေသေးတယ်.. ဒါပေမဲ့ ရှင်းဖန်းယွင်နဲ့တော့ ဒီလောက် အချိန်အကြာကြီး ယှဥ်တိုက်လို့ ရတယ်ဆိုတော့ သူ့က ဘယ်လောက်တောင် အံ့သြဖို့ ကောင်းလိုက်သလဲ.. သူက အသက် ၂၂ ပဲ ရှိတာလေ.. ဒါက အရမ်းကို အံမခန်းစရာပဲ.. မှန်းဆလို့ကို မရနိုင်ဘူး.. သူ့ကို နောက်ထပ် လေးငါးနှစ် အချိန်ပေးလိုက်ရင် ရှင်းဖန်းယွင်နဲ့ စစ်လျောင်ဟုံထက်တောင် သူ ကျော်သွားလိမ့်မယ်.. အဇူရီမြစ်စီရင်စုတခွင်ရဲ့ နံပါတ်တစ် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလိမ့်မယ်.."
စစ်ချန်က ထိုစကားကို မယုံချင်ပေမဲ့ သူ့မျက်စိအရှေ့မှာ အမှန်တရားက ရှိနေခဲ့သည်။
"တကယ့်ကို အံ့သြစရာပါပဲ.." စစ်ချန်က သဘောပေါက်ဟန်ဖြင့် အသက်ပြင်းချလိုက်သည်။
" အရမ်းကို အံ့အားသင့်စရာပဲ.. အသက် ၂၂ လေးနဲ့ ဒီလောက်တောင် သန်မာနေပြီ.. ဒါဟာ နဂါးတောင်အင်ပါယာမှာ တကယ်ကို ရှားပါးလှတဲ့ အဖြစ်တစ်ခုပဲ.. ဘယ်သူ သိနိုင်မှာလဲ.. သူက အထွတ်အထိပ်အဆင့်ကိုတောင် ရောက်ချင် ရောက်နေဦးမှာ.. "
နှစ်ယောက်သားက အံ့သြမှင်တက်လျက် ရှိကြသည်.
သို့သော် သူတို့နှစ်ယောက်ဘေးနားက ခုံရိုယွဲ့နှင့် ဂျိရုံတို့က ပို၍ပင် အံ့သြသွားကြသည်။
ဂျိရုံ၏ မျက်နှာက ဖြူရော်ရော်ပင် ဖြစ်လာသည်။
သူမ ထင်မြင်ခဲ့တာတွေ မှားကုန်ပြီဆိုတာ သူမ သိလိုက်သည်။ နှင်းကျောက်ရဲတိုက်တွင် ရှိနေသည့် ချမ်းသာကြွယ်မှုတို့က အသေးအဖွဲ့ကိစ္စသာ ဖြစ်သည်။ တကယ်တမ်း ကြောက်စရာအကောင်း အသန်မာဆုံး အစွမ်းထက်ဆုံး ပုဂ္ဂိုလ်က တုန်ပိုရွှယ်ယင်သာ ဖြစ်နေ၏။
ခုံရိုယွဲ့သည်လည်း ထိုအတိုင်းပဲ အံ့အားသင့်နေသည်။
" တုန်ပိုရွှယ်ယင်နှင့် တိုက်ခိုက်နေတဲ့သူက တကယ်ပဲ ရှင်းဖန်းယွင်ဆိုတဲ့ လူလား.. " ရိုယွဲ့မှာ ခေါင်းမူးနောက်သွားသလိုလိုပင် ခံစားလိုက်ရသည်။
ရှင်းဖန်းယွင်ဆိုသည့်လူက အဇူရီမြစ်စီရင်စု၏ နံပါတ်တစ် ပညာရှင် မဟုတ်လား..
အဲလိုလူကိုတောင်မှ အစ်ကိုကြီးရွှယ်ယင်က ဒီလောက်အထိကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်တယ်လား.. သူက အသက် ၂၂ ပဲ ရှိသေးတယ်.. အနာဂတ်မှာ အထွတ်အထိပ်အဆင့်ကို ရောက်ဖို့ မျှော်လင့်ချက်တွေ အပြည့် ရှိနေပြီပဲ..
ရိုယွဲ့၏ ရင်ထဲမှာ ဗလာနတ္တိ ဘာမှ မရှိသွားသကဲ့သို့ ခံစားရသည်။ စိုးရိမ်သောကနှင့် ခွန်အားမဲ့ခြင်းတို့ကိုသာ သူမကို ကြီးစိုးနေတော့သည်။
ကောင်းကင်ထက်သို့ တက်ရမည့် ခြေတစ်လှမ်း.. ထိုအခွင့်အရေးက သူမအရှေ့မှာ ရောက်ရှိခဲ့ပြီးမှ သူမ လွဲချော်ခဲ့မိပြီ။ ဘာကြောင့် သူမ နည်းနည်းလောက် သည်းမခံနိုင်ခဲ့တာလဲ.. ။ နည်းနည်းလေးများ စောင့်နေခဲ့မိရင် ဒီလိုတိုက်ပွဲကို သူမ တွေ့ပြီး နားလည်ခဲ့မှာပါ။ ဘာကြောင့် သူမ ရွှယ်ယင်ကို ပယ်ဖို့ ဆုံးဖြတ်ခဲ့တာလဲ.. ။
ဒီကနေ့မှာ သူမနှင့် သူမ၏ မောင်လေးတို့ ပြောဖြစ်ခဲ့သည့် စကားတွေကို ရွှယ်ယင် ဘာကြောင့် သိနေရသလဲ ဆိုသည့် မေးခွန်း၏ အဖြေကို သူမ သိခဲ့ပြီ။ လောကကြီးနှင့် တစ်သားတည်း ဖြစ်နေသည့် ဒဏ္ဍာရီအဆင့်တစ်ယောက်၏ နောက်ကွယ်တွင် မည့်သည့်အပြုအမူမျိုးကို ဖုံးကွယ်၍ ရနိုင်တော့မည်နည်း။
"ဟူး.. " ရိုယွဲ့သည် နောင်တကြီးစွာဖြင့် အသက်ပြင်းကို လေးတွဲ့စွာ မှုတ်ထုတ်လိုက်သည်။ ဆုံးရှံးခြင်းမှ ရရှိခဲ့သော နောင်တ.. နောင်တ...
တကယ်၍ ရွှယ်ယင်အား သူမ၏ နှလုံးသားထဲမှာ နေရာပေးထားပါက နဂါးတောင်အင်ပါယာ၏ အမြင့်ဆုံးနေရာမှာ သူမ လျှောက်ခွင့် ရပါလိမ့်မည်။ ထိုနေရာကား သူမကိုယ်သူမ ထိုနေရာကို ရောက်ရှိဖို့အတွက် ဘယ်တော့မှ တွေးမိမှာ မဟုတ်ခဲ့သည့် နေရာတစ်ခုပင်။
" ဟာ.. မကောင်းတော့ဘူး.. ရှင်းဖန်းယွင်က ဒေါသပေါက်ကွဲတော့မယ်.. "
မှော်ဆရာကြီး ပိုင်ယွမ်ကျစ်က ရုတ်တရက် ပြောလိုက်သည်။
" ဘုန်း.. ဘုန်း.. " တိုက်ပွဲပြင်းထန်မှုက ရုတ်တရက် မြင့်တက်လာခဲ့သည်။
သူတို့က လနက်ကင်းခြေများအပေါ်တွင်.. တချို့က နှင်းကျောက်ရဲတိုက်တွင် ရှိနေကြသော်လည်း အားလုံးမှာ အသည်းနှလုံးများ ဗြောင်းဆန်သွားလောက်အောင် ခံစားလိုက်ရသည်။ တိုက်ပွဲအခြေအနေက ပို၍ ပို၍ ပြင်းထန်လာသည်ကို အားလုံးက မြင်နေရသည်။
ထိုအခိုက် ရွှယ်ယင်က အနောက်သို့ ပျံထွက်သွားလောက်သည်အထိ တရစပ် တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ အနောက်ဘက်က ကျောက်တုံးကြီးကို သွား၍ ထိမှန်သွားသည်။ ထိုကျောက်တုံးတွင် အက်ကြောင်းရာများ ဖြစ်ပေါ်သွားသည်ကိုပင် မြင်ရသည်။ ရွှယ်ယင်လည်း ရပ်မနေဘဲ အသည်းအသန် ရှောင်တိမ်းလိုက်သည်။
ကောင်းကင်ထက်ကနေ အေးစက်စက် ဓားအလင်းများက ထိုနေရာသို့ ဆင်းသက်လာသည်။
ဘုန်း..
ရွှယ်ယင်လည်း ထိုအားကြောင့် တုန်ခါသွားကာ ကမန်းကလန်းဖြင့် အနောက်သို့ ခုန်ဆုတ်လိုက်သည်။
"ဟား..ဟား..ဟား.. တုန်ပိုရွှယ်ယင်.. ဪ.. တုန်ပိုရွှယ်ယင်.. မင်းကို ငါက ကစားနေတာပါကွ.. မင်းလို ကစားစရာမျိုးက ငါ့ဘဝမှာ နှစ်ကြိမ်မြောက် ကြုံရလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး.. ကဲပါလေ.. ငါလည်း ကစားလို့ ဝသွားပြီ.. အခု မင်းကို အသေသတ်ရမယ် အချိန်ကို ရောက်လာခဲ့ပြီးပေါ့.. "
ရှင်းဖန်းယွင်၏ ရယ်သံက ကောင်းကင်ထက် ကျယ်လောင်စွာ ပျံ့နှံ့သွားခဲ့သည်။ ထို့နောက် သူ့ခွန်အားနှင့် အလျင်နှုန်းက အဆမတန် ထိုးတက်သွားလေကာ ရွှယ်ယင်အား လုံးဝကို ဖိနှိပ်လာလေသည်။
ရွှယ်ယင်လည်း လှံသိုင်းဖြင့် အစွမ်းကုန် ခုခံပါသော်လည်း အရေးနိမ့်နေဆဲပင်။
ဝရုန်း..
ချောက်ကမ်းပါးထိပ်စွန်းက တုန်ခါလာကာ တောင်အောက်သို့ ပြိုဆင်းသွားသည်။
" ဒီလို ပညာရှင်နဲ့ တိုက်ခိုက်ရတာကလည်း ကျုပ်အတွက်တော့ အများကြီး အကျိုးရှိသားပဲ.. အစပထမမှာ ကျုပ်က ခင်ဗျားနဲ့ ခပ်ကြာကြာလေး တိုက်ကွက်ဖလှယ်ချင်သေးတာ.. ခင်ဗျားက ဆက်မကစားတော့ဘူးဆိုတော့ စိတ်မကောင်းစရာပါပဲလေ.. "
ရွှယ်ယင်လည်း အလူးအလိမ့်ဖြင့် ရှောင်ထွက်ကာ ကျောက်တုံးကြီးတစ်တုံးအပေါ် ခုန်တက်လိုက်သည်။
သို့သော် သူ့အမူအရာထဲမှာ စိုးရိမ်ပူပန်သည့် အမူအရာက တစ်ခုမှပင် မရှိနေချေ။ ထိုအစား များစွာ စိတ်လှုပ်ရှားနေခြင်းသာ ရှိသည်။
" ကဲ ဒီလိုဆိုမှတော့ သေတဲ့အထိ တိုက်ကြတာပေါ့.."
ထိုသို့ ပြောလိုက်ပြီးနောက် ရွှယ်ယင်၏ ခန္ဓာကိုယ်ကနေ သွေးကဲ့သို့ အနီရောင်အငွေ့များ စတင် ထွက်ပေါ်လာကာ အသက်ရှခြင်းသည်လည်း ပြင်းထန်စွာ မြန်ဆန်သည်။
ကမ္ဘာဦးသွေးအမွေ.. နိုးစမ်း..
" ကျုပ်အလှည့်ပေါ့.. "
ဝုန်း..
လှံ၏ ကြောက်မက်ဖွယ်ရာ ကောင်းလှသော အရိပ်က ကမ္ဘာကြီးကိုပင် ရိုက်ပိုင်းနိုင်သည့် ခွန်အားတို့ဖြင့် လွှဲယမ်းလာလေကာ မီတာတစ်ရာအကွာအတွင်း ရှိနေသည့် ရှင်းဖန်းယွင်အား ရိုက်ပိုင်းလိုက်လေသည်။
ရှင်းဖန်းယွင်လည်း ဒေါသတကြီးဖြင့် အော်ဟစ်ဟိန်းဟောက်ကာ ဓားဖြင့် ပြန်လည် ခုတ်ပိုင်းလိုက်သည်။
သို့သော် ရှင်းဖန်းယွင်က ချက်ချင်း အနောက်သို့ ခြေလှမ်း ၆ လှမ်း ဆုတ်လိုက်ရသည်ကို မြင်သည့်အခါ အားလုံးက မျက်လုံးများ ပြုတ်ကျတော့မတတ် ဖြစ်ကုန်ကြသည်။ ဆုတ်လိုက်ရသည့် ခြေလှမ်းတိုင်းက တောင်ထိပ်က မြေလွှာကိုပင် တုန်ခါစေသည်။ နောက်ဆုံး ခြေလှမ်းတွင် သူ့နောက်ကျောက သစ်ပင်ကြီးတစ်ပင်ကို ရိုက်မိသွားပြီး အဆိုပါ သစ်ပင်ကြီးက အပိုင်းပိုင်းအစစ ကျိုးပဲလွင့်စင်သွားလိုက်သည်။
လှံချက်ကို ဓားဖြင့် ခုခံလိုက်ပေမဲ့ သူသာ ရှံးနိမ့်သွားလိုက်သည်ကို ရှင်းဖန်းယွင် မယုံနိုင်အောင် ဖြစ်သွားသည်။
" ဟာ.. " ညနက် ကောင်းကင်ထက်က လနက်ကင်းခြေများပေါ်တွင် ရှိနေသည့် မှော်ဆရာကြီး ပိုင်ယွမ်ကျစ်အပါအဝင် အားလုံးက သူတို့မြင်လိုက်ရသည်ကို မယုံနိုင်အောင် ဖြစ်သွားကြသည်။
" ကောင်းတယ်.. " နှင်းကျောက်ရဲတိုက်တွင် စိုးရိမ်စွာဖြင့် ကြည့်နေကြသည့် ချင်းရှီ၊ ကျုံးလိန်၊ ထုံစန်းတို့က တိုက်ပွဲ အခြေအနေ ပြောင်းပြန် ဖြစ်သွားသည်ကို ကြည့်ပြီး စိတ်လှုပ်ရှားလာခဲ့ကြသည်။
***
စာစဥ်(၅) ဤတွင် ပြီး၏