book

Index 4

နှင်းလင်းယုန်အရှင်သခင် ရွှယ်ယင် စာစဥ် ( ၄ )

  • Author : Kaung Myat
  • Genres : Romance, Adventure, Mystery, Action
  • Original Author : IET

Picture 4

နှင်းလင်းယုန် အရှင်သခင်

စာစဥ် ( ၄ )

ကောင်းမြတ်

အပိုင်း ( ၄၀ ) ခြိမ်းခြောက်ဆိုစကား

နဂါးတောင်အိမ်တော်အရှေ့က မြက်ခင်းစိမ်းပြင်တွင် ယာဥ်ပျံတစ်စီးကို ရပ်ထားသည်။ ယာဥ်ပျံတစ်ခုလုံးသည် မီတာ သုံးဆယ်နီးပါ ရှည်လျားပြီး ကိုယ်ထည်တစ်ခုလုံးတွင် ငွေမှင်ရောင် မှော်သင်္ကေတများကိုလည်း အများအပြား ရေးခြစ်ထားသည်။

" အားလုံးပဲ.. ယာဥ်ပေါ်တက်ကြတော့.."

ယွမ်ဝူက ရွှယ်ယင်တို့ ၅ယောက်အား ယာဥ်ပျံအပေါ်အထိ လိုက်ပါပို့ဆောင်ပေးခဲ့သည်။

" လှလိုက်တဲ့ မှော်ယာဥ်ပျံတစ်စီးပဲ.."

ရွှယ်ယင်မှာ ကိုယ်တိုင်တွေ့လိုက်ရသောအခါ စိတ်ထဲ အသိအမှတ်ပြုလိုက်သည်။ ဒီလိုယာဥ်ပျံမျိုးကို သူ ပထမဆုံးအကြိမ် တွေ့လိုက်ရခြင်း ဖြစ်သည်။

" ဒီလို မှော်ယာဥ်ပျံက စျေးအပေါဆုံးဆို ရွှေဒင်္ဂါးပြားပေါင်း ၂သိန်းလောက် တန်ဖိုးရှိတာ.. ဒဏ္ဍာရီအဆင့်ရှိသူတွေ.. ဒါမှမဟုတ်.. အရမ်းကို သြဇာတိက္ကမ ရှိတဲ့ သူတွေလောက်ပဲ ဝယ်စီးနိုင်ကြတာ.."

စစ်ပိုင်ရုံမှာ ရွှယ်ယင်၏ အမူအရာကို ကြည့်ပြီး စိတ်ထဲတွင် လှောင်ရယ်လို့ နေသည်။

" အရှင်ယွမ်.. ဒီမှော်ယာဥ်ပျံရဲ့ ကိုယ်ထည်တစ်ခုလုံးကို သမုဒ္ဒရာငွေသတ္တုနဲ့ တည်ဆောက်ထားပြီး အခန်းတွေကို ဖန်သားနဲ့ ပြုလုပ်ထားတာကို ကျုပ် တွေ့ရတယ်.. ဒီယာဥ်ပျံက ခန့်မှန်းခြေ ရွှေဒင်္ဂါးအပြား ၅သိန်းလောက် တန်ဖိုးရှိတယ်မဟုတ်လား.."

" ဟား.ဟား.. မင်းတို့ စစ်ကလန်ဆိုရင် မှော်ယာဥ်ပျံတစ်စီး ရဖို့ဆို ယန္တရားပညာရှင်တွေ အများကြီး ခေါ်ရမှာပေါ့.. ဒီတစ်စီးက နဂါးတောင်အိမ်တော်ဋ္ဌာနချုပ်ကနေ ပို့လာတာ.. ဒီအတွက်ကို ပိုက်ဆံ မပေးရဘူး.. နောက်ပြီ ဒီ မှော်ယာဥ်ပျံကို မြို့တော်က နဂါးတောင်အိမ်တော်ရဲ့ ယန္တရားပညာရှင်က တည်ဆောက်ပေးထားတာ ဆိုတော့ သိပ်လည်း မကုန်ကျသွားဘူး.. ငါ ခန့်မှန်းချက်အရ ရွှေဒင်္ဂါးပြား သုံးသိန်းလောက်ပဲ.. " ဟု ယွမ်ဝူက ပြောလိုက်သည်။

စစ်ပိုင်ရုံမှာ သူ့ခန့်မှန်းချက်က မှားသွားသော်လည်း ဟန်မပျက်စေဘဲ " အံ့သြစရာပဲ.. ဒီမှော်ယာဥ်ပျံကို ဝယ်ထားတာလို့ ထင်နေခဲ့တာ.. ဒါဆို နဂါးတောင်အိမ်တော်ကနေ မှော်ယာဥ်ပျံ တစ်စီးလောက်ကို ကျုပ် ဝယ်လို့ ရမလား.."

" သိပ်ရတာပေါ့.. ဒါပေမဲ့ ပြင်ပပေါက်စျေးအတိုင်း ပေးဝယ်ရမယ်.. "

ယွမ်ဝူက ပြုံးလိုက်ကာ ဆက်ပြီ ပြောလိုက်ပြန်သည်။

" ငါတို့က လျှော့စျေးနဲ့ ရောင်းပေးလို့ မရဘူး.. ဘာလို့ဆို.. ယန္တရားပညာရှင်ကိုလည်း ပေးရသေးတာကိုး.. "

" ဒုန်း.. ဒုန်း.. ဒုန်း.. "

ကျင့်ချိုးမှာတော့ မှော်ယာဥ်ပျံထက်သို့ အရင်ဦးဆုံး တက်သွားလိုက်သည်။ သူမသည် စစ်ပိုင်ရုံအား တကယ်ပင် မနှစ်မြို့ချေ။ စစ်ပိုင်ရုံက သူ့ကလန်၏ အရှိန်အဝါဖြင့် တစ်ဖက်လူတို့အား ဖိနှိပ်တတ်တာကို သူမက မကြိုက်နှစ်သက်ခြင်း ဖြစ်သည်။ အစောပိုင်းတွင်လည်း စစ်ပိုင်ရုံသည် သူ မှော်ယာဥ်ပျံတစ်စီးကို ဝယ်ယူနိုင်ကြောင်းကို သူတစ်ပါးတို့ သိစေလို၍ ဟောင်ဖွာဟောင်ဖွာဖြင့် ကြွားဝါ ပြောဆိုနေပြန်သည်။

ကျင့်ချိုးမှာ အထွတ်အထိပ်အဆင့် မှော်ပညာရှင်ကြီးတစ်ယောက်ထံတွင် ပညာဆည်းပူးနေသူ တစ်ယောက် ဖြစ်သည်။ သူမ၏ ရည်မှန်းချက်မှာလည်း သူမ၏ ဆရာသခင်ကဲ့သို့ အထွတ်အထိပ်အဆင့်တစ်ယောက် ဖြစ်ဖို့ရန်ပင်။

ထိုအရာသည်သာ တကယ့်စွမ်းအား ဖြစ်ပေသည်။ ကိုယ်ရည်သွေး ကြွားဝါးခြင်းမျိုးလား.. ကလန်မိသားစု၏ အရှိန်အဝါကို အသုံးချ၍ သူတစ်ပါးအား နှိမ့်ချနေတာဟာ တကယ့်ကို ပေါ့ပျက်ပျက်နိုင်လွန်းသည်။

" ဒုန်း.. ဒုန်း.. ဒုန်း.."

ရွှယ်ယင်လည်း ယာဥ်ပျံထက်သို့ တက်သွားသည်။ စစ်ပိုင်ရုံလည်း ကြွားလုံးထုတ်စရာ လူမရှိတော့၍ သူ့ရဲ့ ကိုယ်ရံတော်အစောင့် လျန့်ယုံ၊ ထန်ရှုံးတို့က အနောက်ကနေဖြင့် ယာဥ်ပျံပေါ်သို့ တက်လာခဲ့ကြသည်။

" ဘေးကင်းတဲ့ ခရီး ဖြစ်ပါစေ.."

မြက်ခင်းစိမ်းပြင်မှာ ရပ်နေတဲ့ ယွမ်ဝူက ရပ်ကြည့်နေလျက် ရှိသည်။

ဝူးး

ယာဥ်ပျံမှာ ကောင်းကင်ထက်သို့ မြန်ဆန်စွာ တက်သွားပြီ အထက်သို့ မြင့်အောင် ထိုးတက်သွားသည်။ အထက်သို့ အမြင့် တစ်ကီလိုမီတာ ရောက်သွားသည့်အခါမှာ ယာဥ်ပျံဟာ စတင်ပြီ အရှိန်တင်လိုက်တော့သည်။ ယာဥ်ပျံရှည်မှာ ပျံသန်းထွက်သွား၍ နောက်ဆုံးတွင် မိုးကုပ်စက်ဝိုင်းအစွန်းတွင် ပျောက်ကွယ်သွားလေ၏။

***

ယာဥ်ပျံအတွင်းက အခန်းထဲတွင်..

အခန်းတစ်ခုလုံးမှာ ထွင်းဖောက်မြင်ရသော ဖန်သားပြင်နှင့် ပြုလုပ်ထား၍ အတွင်းမှ လူတို့သည် အပြင်က မြင်ကွင်းတို့ကို အကုန်မြင်နေရသည်။ ဖန်သားပြင်တို့တွင် အရောင်စုံ အလင်းများ တောက်ပနေလျက် ရှိသည်။ ယာဥ်ပျံတစ်ခုလုံး၏ ပုံစံမှာ အမှန်ပင် ခမ်းနားလှသည်။

" အားလုံးပဲ.."

နဂါးတောင်အိမ်တော်မှ လူနှစ်ယောက်သည် ယာဥ်ပျံကို ထိန်းချုပ်မောင်းနှင်ဖို့အတွက် ပါလာကြသည်။ ငွေရောင်ချပ်ဝတ်အင်္ကျီ ဝတ်ဆင်ထားသည့် တစ်ယောက်က ရွှယ်ယင်တို့အား ကြည့်ကာ ပြောလိုက်သည်။

" လုကလန်ရဲ့ ရဲတိုက်ကို နေ့ဘက်မှာ တိုက်ခိုက်ချင်လား.. ဒါမှမဟုတ်.. ညဘက်လား.. တကယ်လို့ နေ့ဘက်မှာ တိုက်ခိုက်ချင်ရင် ယာဥ်ပျံကို အမြန်ဆုံးနှုန်းနဲ့ မောင်းပေးလိုက်မယ်.. နှစ်နာရီအတွင်း ရောက်လိမ့်မယ်.. ဒါပေမဲ့ ခင်ဗျားတို့ မလောဘူးဆိုရင်တော့ ခပ်နှေးနှေး မောင်းပေးလိုက်မယ်.. ဒါဆိုရင် ရဲတိုက်ကို ညနေစောင်း ရောက်သွာလိမ့်မယ်.."

" နေ့ဘက်ပဲဖြစ်ဖြစ်.. ညဘက်ပဲဖြစ်ဖြစ်.. သိပ်တော့ မထူးခြားသွားပါဘူး.."

ကျင့်ချိုးက နားဝင်ချိုသော အသံဖြင့် ပြောလိုက်သည်။

" လုဟွိုင်ရူက ဥက္ကာပျံအဆင့် မှော်ပညာရှင်တစ်ယောက်လည်း ဖြစ်တယ်.. ယန္တရားပညာရှင်တစ်ယောက်လည်း ဖြစ်တယ်.. သူတို့နေရာက အလွန်ကို ပုန်းကွယ်နေတော့ ကာကွယ်ရေးအစီအရင်တွေကို လုပ်ထားမှာပဲ.. ကျွန်မတို့ ဝင်သွားတာနဲ့ စက်ယန္တရားတွေက အသက်ဝင်လာပြီ သူ့ကို အချက်ပြနေမှာပဲ.."

" ကျင့်ချိုးက ငွေလအဆင့် မှော်ဆရာမပဲ.. သူက ကာကွယ်ရေးအစီအရင်တွေ ရှိတယ်လို့ ပြောလိုက်ရင် အဲ့မှာ သေချာပေါက် ရှိမှာပဲ.. " စစ်ပိုင်ရုံက ထောက်ခံလိုက်သည်။

" ဒီတော့ ငါတို့ ဘာပဲလုပ်လုပ်.. သူတို့က ရှာတွေ့မှာပဲ.. အဲဒီတော့ နေ့ဘက်မှာပဲ တိုက်ခိုက်ကြမယ်.. မြန်လေ ကောင်းလေပဲပေါ့.."

" အဲ့လောက်အထိလည်း လောနေစရာ မလိုပါဘူး.. ညနေစောင်းပဲ တိုက်ခိုက်ကြမယ်.."

ကျင့်ချိုးက ပြောလိုက်သည်။

" ညဘက်ဆိုရင် အစောင့်တွေက အဆိုင်းချိန်းကြတယ်.. ညနေစာ စားသောက်ကြတယ်.. အဲဒိအချိန်မှာ ရဲတိုက်ရဲ့ လုံခြုံရေးက နည်းနည်းတော့ ပေါ့လျော့နေကြမယ်.. နေ့ဘက်ဆိုရင် လုံခြုံရေးက တင်းကျပ်နေမယ်.. နောက်ပြီး ညဘက်ဆိုတော့ အမှောင်တွေကြောင့် ထောင်ချောက်အစီအရင်မှာလည်း သက်ရောက်မှု ရှိလိမ့်မယ်.."

" ကျင့်ချိုးက အရမ်းတော်တာပဲ.." စစ်ပိုင်ရုံက မြှောက်ပင့်လိုက်၏။

" ကောင်းပြီ.. ဒါဆိုရင် ညနေစောင်း မှောင်တဲ့အချိန်မှာ တိုက်ခိုက်ကြတာပေါ့.."

နဂါးတောင်အိမ်တော်မှ ယာဥ်ပျံမောင်းသမားနှစ်ယောက်လည်း ထိုအတိုင်း ဆုံးဖြတ်ချက် ချလိုက်သည်။ တကယ်တမ်းတွင် ခပ်နှေးနှေး ပျံသန်းခြင်းက စွမ်းအင်ကုန်ဆုံးမှုကို ပို၍ သက်သာစေသည်။ ထို့ကြောင့်လည်း ညဘက် တိုက်ခိုက်ခြင်းက ပို၍ အကျိုးရှိသည့် ရွေးချယ်မှုတစ်ခု ဖြစ်သွားစေသည်။

ရွှယ်ယင်လည်း အခန်းကနေ ခပ်မြန်မြန် ထွက်လာခဲ့ပြီ ကုန်းပတ်ပေါ်သို့ တက်လာခဲ့သည်။

" ခံစားရတာ တကယ်ကို ကောင်းတာပဲ.."

ကုန်းပတ်မှာ လေတွေက အတော်လေး ပြင်းထန်နေသည်။

သို့သော် ယာဥ်ပျံ၏ တည်ဆောက်ပုံစံကြောင့် လေတိုးသံလောက်သာ ထွက်ရှိပြီ ခရီးသည်ကို များစွာ သက်ရောက် မရှိနေချေ။ ထို့အပြင် ကုန်းပတ်မှာ တိုက်ခတ်သည့် လေပြင်းမှာလည်း ယာဥ်ပျံကို အရှေ့ကနေ တိုးဝင်နေသည့် လေပြင်းထက် များစွာ အားပျော့လေသည်။

" ဟူး.." ရွှယ်ယင်သည် ကုန်းပတ်မှာ ရပ်နေရင်း ယာဥ်ပျံလက်ရန်းကို ကိုင်ထားကာ မျောလွင့်နေသော တိမ်တွေကို ငေးကြည့်နေမိသည်။ တိမ်တွေ၏ အောက်ခြေတွင် ကျယ်ပြောလှသော မြေပြင်ကျယ်ကို ခပ်ဝါးဝါးလေး မြင်နေရသည်။ မြင်ကွင်းကား တကယ်ကို လှပသည်။ ရွှယ်ယင်မှာ စိတ်ကြည်နူးမိသွားသည်။

" ဒုန်း.. ဒုန်း.. ဒုန်း.." လူတစ်ယောက်က ကုန်းပတ်သို့ တက်လာခဲ့ပြန်သည်။

ရွှယ်ယင် ခေါင်းလှည့်ကြည့်လိုက်သည့်အခါတွင် စစ်ပိုင်ရုံကို တွေ့လိုက်သည်။ စစ်ပိုင်ရုံ၏ အဝတ်အစားမှာ အတော်လေး တောက်တောက်ကြွားကြွားပင်။ လူကုံထံအသိုင်းအဝိုင်းတို့ အမြဲလိုလို ဝတ်တတ်ကြသည့် အဝတ်အစားမျိုး ဖြစ်သည်။ သူသည်လည်း လက်ရန်ဘက်သို့ လျှောက်လာကာ အောက်က မြင်ကွင်းအား ကြည့်ပြီး သဘောကျနေလေသည်။

" ဒီမြင်ကွင်းတွေက မြင်နေကျဆိုပေမဲ့ ယာဥ်ပျံအပေါ်ကနေ ကမ္ဘာကြီးကို ကြည့်ရတာက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ.. တုန်ပိုရွှယ်ယင်.. ဒါက မင်း ပထမဆုံးအကြိမ် မှော်ယာဥ်ပျံကို စီးဖူးတာပဲ မဟုတ်လား "

သို့သော် ရွှယ်ယင်မှာ သူ့အား အရေးပင် မစိုက်နေချေ။

စစ်ပိုင်ရုံက ရွှယ်ယင်အား " ငါက မင်းကို သိပါတယ်.. ရီရွှေမြို့က တုန်ပိုရွှယ်ယင်.. မင်းမိဘတွေကို မိုယန်ကလန်က ဖမ်းသွားတယ်.. ပြီးတော့ မင်းမှာ ညီလေး တုန်ပိုချင်းရှီဆိုတာ ရှိတယ်မဟုတ်လား.." ဟု ပြောလိုက်သည်။

ရွှယ်ယင်မှာ မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။

" ငါတို့ရဲ့ စစ်ကလန်က အဇူရီမြစ်စီရင်စုထဲမှာ ဖြစ်ပျက်သွားတဲ့ အရာမှန်သမျှကို သိနိုင်တယ်.."

စစ်ပိုင်ရုံက ရွှယ်ယင်အား ကြည့်လိုက်ကာ ဆက်ပြောပြန်သည်။

" မင်းရဲ့ တုန်ပိုကလန်သေးသေးလေးကို ဖြိုခွင်းဖို့ဆိုတာ ငါတို့ စစ်ကလန်အတွက်က လွယ်လွယ်လေးပဲ.. ပြောရဦးမယ်.. မင်းရဲ့ တုန်ပိုကလန်မှာ လူတစ်ပိုင်းသားရဲတစ်ပိုင်း အမျိုးအနွယ်ထဲက နှစ်ယောက်ရှိနေတယ်မလား.. တစ်ယောက်က ခြင်္သေ့လူကြီး. နောက်တစ်ယောက်က လက်မောင်းခြောက်ဖက် နတ်ဆိုးမြွေဆိုတာလည်း ရှိတယ်မလား.. ငါသိထားတာက လူတစ်ပိုင်းသားရဲတစ်ပိုင်းတွေထဲမှာ သစ္စာဖောက်တွေ သူပုန်တွေ အမျာကြီး ရှိနေတာပဲ.. တကယ်လို့ တုန်ပိုကလန်က သစ္စာဖောက်တွေ သူပုန်တွေ ခိုလှုံခွင့် ပေးထားတယ်လို့ သတင်းဖြန့်လိုက်ရင် တုန်ပိုကလန်က လွယ်လွယ်လေး ပြီးဆုံးသွားလိမ့်မယ်.. ပြီးရင်တော့ မင်းရဲ့ တန်းထျန်းနဲ့ ချီပင်လယ်ကို ဖျက်ဆီးပစ်မယ်..ဘယ်တော့မှ စစ်သည်တစ်ယောက် ပြန်မဖြစ်လာအောင် လုပ်ပစ်မယ်.. မင်းညီလေးရဲ့ မှော်အစွမ်းတွေကိုပါ ဖျက်ဆီးပစ်လို့ရတယ်.. နှစ်ယောက်စလုံးကို ကျွန်အဖြစ် စေခိုင်းမယ်.. ဒါတွေ ကြားရတော့ ဘယ်လို ခံစားရလဲ.."

စစ်ပိုင်ရုံက ထိုစကားကို အေးအေးဆေးဆေးပင် ပြောနေလေ၏။ သို့သော် သူ့စကားတွင် ခြိမ်းခြောက်မှုများ၊ အငြိုးစကားများ ပါဝင်နေသည်။

ပုံမှန်အားဖြင့် ရွှယ်ယင်သည် ကလန်ကြီးတစ်ခု၏ တပည့်သာသာအဆင့်လောက်သာ ရှိသော ထိုလူမျိုးကို ဂရုမစိုက်ချေ။ သို့သော် စစ်ပိုင်ရုံ ပြောလာသည့် စကားကြောင့် ရွှယ်ယင်မှာ ဒေါသထွက်သွားလေသည်။ အထူးသဖြင့် သူ့ညီလေးအား ခြိမ်းခြောက်စကား ဆိုခြင်းကြောင့်လည်း ဖြစ်သည်။ ရွှယ်ယင်သည် သူ့ညီလေးအား ကလေးဘဝကတည်းက ပြုစုပျိုးထောင်လာခဲ့ပြီ ညီလေးကို ချစ်မြတ်နိုးရသူတစ်ယောက်လည်း ဖြစ်သည်။ ယခု စစ်ပိုင်ရုံ ပြောလိုက်သော စကားက ညီလေးဖြစ်သူကို ကျွန်အဖြစ် စေခိုင်းမည်တဲ့လား..

" စစ်ပိုင်ရုံ " ရွှယ်ယင် ခေါ်လိုက်သည်။

" အင်.." စစ်ပိုင်ရုံက ရွှယ်ယင်အား ပြုံးတုံ့တုံ့ဖြင့် ကြည့်လိုက်သည်။ တစ်ခြားသော ကလန်ငယ်များက စစ်ကလန်းအား အလေးညွတ်ရသည်ကို သူ မြင်ဖူးပေါင်းများခဲ့လေပြီ။

" ကဲ.. မင်းအပြစ်ကို သိပြီးလား.. မင်းအပြစ်ကို သိရင်တော့ ငါ့ကို အလေးညွတ်လိုက်.. နောက်ပြီး ရွှေဒင်္ဂါးပြား ၅သောင်းကိုပါ ပို့လိုက်တော့.. ဒါဆိုရင် ငါတို့ကြားထဲက ပြဿနာတွေ ဘာမှ မရှိတော့ဘူး.."

" စစ်ပိုင်ရုံ " ရွှယ်ယင်က အေးစက်စက် လေသံဖြင့် ခေါ်လိုက်သည်။

" မင်းက သောက်ပေါတစ်ကောင်ဆိုတာ ဘယ်သူမှ မင်းကို မပြောပြကြဘူးလား.."

စစ်ပိုင်ရုံမှာ ကြောင်အသွားသည်။

" မင်း.."

" ခင်ဗျားဟာ ငပေါတစ်ကောင်ပဲ.. သုံးနှစ်ကလေးတောင်မှ ခင်ဗျားထက် အသိဥာဏ်ရှိသေးတယ်.."

ရွှယ်ယင်က အေးစက်စွာ ပြောလိုက်သည်။

" အဇူရီမြစ်စီရင်စုရဲ့ သူတော်စင်နယ်မြေမှာ နတ်ဆိုးတမန်တော်ကို နှိမ်နင်းဖို့အတွက် ကျူထိုက်မြို့ကို သွားနေရတယ်မလား.. ဒီအချိန်မှာ ကျုပ်တို့ ၅ယောက်စလုံး တက်ညီလက်ညီ ရှိနေရမှာ.. ဒီတာဝန်က အရမ်းကို အန္တရာယ်ကြီးတယ်.. အဲလိုအချိန်မှာမှ ခင်ဗျားက အရူးမို့လို့ ကျုပ်ကို လာြခိမ်းခြောက်နေတာလား.. တကယ်လို့ ခင်ဗျား တောင်းဆိုတာကို လိုက်လျောပေးမယ်ဆိုရင်တောင် ကျုပ်က ခင်ဗျားကို မလိုမုန်းတီးသွားလိမ့်မယ်.. လုကလန်ရဲ့ ရဲတိုက်ကို တိုက်ခိုက်နေတဲ့အချိန်ကျရင် ကျုပ်က အခါကောင်းကို စောင့်ပြီ ခင်ဗျားကို သတ်လိုက်ရင် သေပါ သေသွားဦးမယ်.."

" တကယ်လို့ ခင်ဗျားက ကျုပ်ကို ခြိမ်းခြောက်ချင်တယ်ဆိုရင် ဒီတာဝန်ပြီးတဲ့အထိ စောင့်လိုက်.. ကျုပ်ကို ခြိမ်းခြောက်လိုက်လို့ ခင်ဗျားကို အငြိုးထားသွားစေတာကလွဲလို့ တစ်ခြား ဘာရှိမှာလဲ.. မဟုတ်ဘူးလား.."

ရွှယ်ယင်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

" ခင်ဗျားက ငပေါတစ်ကောင် မဟုတ်ဘူးဆိုတာ ဝန်ခံရဲလား.."

" မင်း.. မင်း.." စစ်ပိုင်ရုံ၏ မျက်နှာမှာ လွန်စွာ အရုပ်ဆိုးသွားလေသည်။

" မင်း ငါ့ကို မကြောက်ဘူးလား.."

" အဲဒါက ခင်ဗျားသဘောအတိုင်းပဲ.." ရွှယ်ယင်က ပြောလိုက်သည်။ "ဒါပေမဲ့ တချို့အကျိုးဆက်တွေကို ခင်ဗျား ရင်းရလိမ့်မယ်.. အဲဒါကလည်း ခင်ဗျား ထင်နေသလို ကောင်တဲ့ အကျိုးဆက်တော့ မဟုတ်ဘူး.."

ရွှယ်ယင်သည် အနောက်လှည့်၍ အခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။ ထိုလူမျိုးနှင့် ဆက်ပြီ စကားဆိုဖို့ သူ ဝန်လေးလှသည်။

ဤတာဝန် ပြီးဆုံးသွားခဲ့လျှင် သူသည် ကြေးအမိန့်ပြားကို ယူပြီ ကြေးအဆင့်ဝာာဝန်တွေကို ယူဦးမည်။ ဒဏ္ဍာရီအဆင့်တစ်ယောက်၏ စွမ်းအားသည် အလွန်ကို ကွဲပြားသည်။ သာမန် မြို့စောင့်စစ်သည်များ.. စစ်တပ်က စစ်သည်များမှာ သူတို့၏ အရှေ့တွင် စွမ်းအားမဲ့သွားကြသည်။ ရင်ဆိုင်တိုက်ခိုက်ဖို့က ထည့်ပြောနေစရာပင် မလိုချေ။ သာမန် သေမျိုးတို့မှာ ဒဏ္ဍာရီအဆင့်တို့ကို ရင်ဆိုင်ဖို့ မဖြစ်နိုင်ချေ။ ထို့ကြောင့်လည်း ဒဏ္ဍာရီအဆင့်တစ်ယောက်က ပြစ်မှုတစ်ခုခု ကျူးလွန်ခဲ့ရင် နဂါးတောင်အိမ်တော်တစ်ခုတည်းသာ သူတို့ကို အပြစ်ပေးနိုင်မည်။

စစ်ကလန်မှာလည်း ဒဏ္ဍာရီအဆင့်ထက် အောက်ကျသူတို့ကိုသာ ရန်စရဲကြသည်။ ဒဏ္ဍာရီအဆင့်တို့ကသာ သူတို့နှင့် အဆင့်အတန်းချင်း တူညီစွာ ဆက်ဆံနိုင်မည်။

စစ်ကလန်က စစ်လျောင်ဟုံကလည်း နဂါးတောင်အိမ်တော်၏ စာအုပ်ထဲတွင် အမှတ်စဥ် ၅၀၀ ထဲတွင် ပါဝင်သည်။ ထို့ကြောင့်လည်း ရွှယ်ယင်မှာ ရှောင်လွှဲ၍ မရနိုင်သည့် ကိစ္စကလွဲ၍ စစ်လျောင်ဟုံနှင့် ရန်သူ မဖြစ်ချင်ပါဘူး။

" မင်း.. မင်း.. "

ယာဥ်ပျံအခန်းထဲကို လျှောက်ဝင်သွားသည့် ရွှယ်ယင်အား ကြည့်ရင်း စစ်ပိုင်ရုံမှာ အံကိုကြိတ်လိုက်သည်။

" ငါ့ကို အရေးမလုပ်ဘူးပေါ့.. ကောင်းတယ်.. သိပ်ကောင်းတယ်.. ဒီတာဝန်ပြီးသွားရင်တော့ တွေ့ကြတာပေါ့.."

" အန်.." ရုတ်တရက် စစ်ပိုင်ရုံမှာ အမူအရာ ပြောင်းလဲသွားသည်။

" ဒီခွေးကောင်က ငါတို့ တိုက်ခိုက်နေကြတဲ့အချိန်မှာ အလစ်ဝင်ပြီ ငါ့ကို မလုပ်ကြံလောက်ဘူးထင်တယ်.."

အပိုင်း ( ၄၁ ) - ရောက်ရှိခြင်း

" ဒီကောငကို ငါ အခွင့်ကောင်း ပေးလို့ မရဘူး.. အဖိုးကြီးလျန့်ကို ငါ့အနားမှာပဲ အမြဲ နေခိုင်းရတော့မယ်.. "

သူ့ရဲ့ မရိုးသားသော လှည့်ကွက်ကြောင့် ရွှယ်ယင်က သူ့အား တိုက်ပွဲအချိန်တွင်း ပြန်လည် တုံ့ပြန်နိုင်သည်ကို စစ်ပိုင်ရုံ တကယ်ပင် စိုးရိမ်သွားရသည်။

" အခုတော့ ငါ သခင်လေးက မင်းကို သက်ညှာပေးလိုက်မယ်.. ရွှယ်ယင် ဆိုတဲ့ ငနဲသားလေးရယ်.. ငါ မင်းနဲ့ ဆက်ပြီ စကားမများချင်တော့ဘူး.. ဒီတာဝန် ပြီးမှပဲ တွေ့ကြတာပေါ့.. အဲအခါကျမှ ငါ ဘာလုပ်ပြမလဲဆိုတာ ကြည့်လိုက်ပေါ့.."

အသက်နှစ်ဆယ်ပဲ ရှိသေးတဲ့ ငွေလအဆင့်တစ်ယောက်ကများ..

ငွေလအဆင့်နှင့် ဒဏ္ဍာရီအဆင့်သည် တစ်ဆင့်သာ ကွာသည်။ ထိုတစ်ဆင့်ကလည်း မိုးနှင့်မြေကြီးအလား ကွာြခားချက် ကြီးလွန်းသည်။

သာမန်လူသားအဆင့် စစ်သည်ဘဝကနေ ငွေလအဆင့်ထိ ရောက်အောင် အောင်မြင်စွာ ကျင့်ကြံနိုင်ဖို့သည် သူတို့၏ ကိုယ်ပိုင်အရည်အချင်း၊ အထောက်အပံ့ပစ္စည်းကောင်းများ၊ အစွမ်းထက်သည့် ဒိုချီကျင့်စဥ်များ တို့အပေါ်မှာ မူတည်လေသည်။

တကယ်တမ်းတွင် စစ်ပိုင်ရုံမှာလည်း ကိုယ်ပိုင်အရည်အချင်းက ကောင်းမွန်ပြီးသားပါ။ သူ့ရဲ့ မိသားစုက ထောက်ပံ့ပေးမှုဖြင့် သူလည်း ငွေလအဆင့်ကို ရောက်ရှိခဲ့တာပါ။ သို့သော် ထိုအဆင့်ကို ရောက်ဖို့သည် အချိန် အတော်ကြာခဲ့ရသည်။

ဒဏ္ဍာရီအဆင့်ကို ရောက်ဖို့သည် အားကောင်းသော စိတ်ဝိညာဥ် ရှိရမည်။ ပို၍ ပြောရရင် လောကကြီးနှင့် တစ်သားတည်းအဆင့် ကို ရောက်ရှိနေရမည် ဖြစ်ကာ ထိုအဆင့်ရောက်မှသာ ကောင်းကင်နှင့် မြေကမ္ဘာတို့၏ စွမ်းအားကို အသုံးချ၍ ငွေလအဆင့်နှင့် ဒဏ္ဍာရီအဆင့် ကြားထဲက အတားအဆီး အနှောင့်အယှက်တွေကို ဖြတ်ကျော်နိုင်မည် ဖြစ်သည်။

လောကကြီးနှင့် တစ်သားတည်းအဆင့်ကို ရောက်ရှိဖို့က..

စစ်ပိုင်ရုံသည် ငွေလအဆင့်ကို ရောက်ရှိနေသည်က နှစ်များစွာ ကြာခဲ့ပြီ။ ထန်ရှုံး.. လျန့်ယုံ..ထိုပညာရှင်ဟောင်း နှစ်ယောက်ကိုတော့ ထည့်ပြောနေစရာပင် မလိုတော့ပင်။ ထိုနှစ်ယောက်ကလည်း ထိုအဆင့်မှာပဲ ရပ်တန့်နေတာ ကြာလွန်းမက ကြာြမင့်နေကြသူများ ဖြစ်ကြသည်။ ထိုသို့ ရပ်တန့်နေကြရသည့် အကြောင်းအရင်းက တစ်ခုသာ ရှိသည်။ လောကကြီးနှင့် တစ်သားတည်းအဆင့်၏ ဉာဏ်အလင်းအား မသိမမြင်ရသေးသောကြောင့် ဖြစ်ကြ၏။

***

သို့ပေမဲ့ မှော်ပညာရှင်တို့၏ လမ်းစဥ်က စစ်သည်သူရဲကောင်းတို့၏ လမ်းစဥ်နှင့် ကွဲပြားသည်။

စစ်သည်သူရဲ တို့၏ အစွမ်းပကားသည် ခန္ဓာကိုယ်နှင့် ခွန်အားတို့အပေါ်တွင် အဓိက မူတည်သည်။ ထိုအရာနှင့် ပြောင်းပြန်စွာ မှော်ပညာရှင်တို့သည် အတွေးအကြံနှင့် ဉာဏ်ပညာတို့၏ စွမ်းအားတို့သာ အဓိက အရေးကြီးသည်။ ထို့ကြောင့်လည်း မှော်ပညာရှင်တစ်ယောက်က စွမ်းအားကြီးမားနေသည်ဆိုလျှင် ထိုမှော်ပညာရှင်က ဉာဏ်ပညာကြီးမားသည်ဟု ဆိုနိုင်သည်။

ပုံမှန်အားဖြင့် မှော်ပညာရှင်တစ်ယောက်က ငွေလအဆင့်အထိ ရောက်နိုင်ခြင်းသည် ဉာဏ်ပညာကြီးမားနေပါပြီ ဟု ပြောနိုင်သည်။ ထို့ကြောင့်လည်း လူတိုင်း လူတိုင်းက အံ့အားသင့်စွာဖြင့် ယွီကျင့်ချိုး၏ ပါရမီနှင့် ဉာဏ်ပညာကို အံ့သြကာ ဝိုင်းဝန်းချီးကျူးကြရသည့် အကြောင်းအရင်းတစ်ခု ဖြစ်လေ၏။

အသက်ငယ်ငယ်လေးဖြင့် ငွေလအဆင့်ကို ရောက်ရှိနိုင်ခဲ့သည့်အပြင် တကယ်၍ သူမသည် သဘာဝတရားတို့၏ ကြီးကျယ်ဆန်းပြားမှုကို ရှာဖွေသည့် လမ်းစဥ်အတိုင်း ဆက်လက် လျှောက်လှမ်းသွားမည် ဆိုလျှင် နောက်နှစ်ပေါင်းတစ်ရာအတွင်း ကျင့်ချိုးသည် လောကကြီးနှင့် တစ်သားတည်းအဆင့်သို့ ရောက်ရှိနိုင်လိမ့်မည်။

မှော်ပညာရှင်တို့သည် လောကကြီးနှင့် တစ်သားတည်းအဆင့်နယ်ပယ်ကို ရောက်ရှိဖို့အတွက် ကြိုးစား ရှာဖွေကြရပေ၏။

တကယ်၍ စစ်သည်သူရဲကောင်းတစ်ယောက်က လောကကြီးနှင့် တစ်သားတည်းအဆင့်သို့ ရောက်လိုခဲ့လျှင် မှော်ပညာရှင်များထက် များစွာ ပိုခက်ခဲပေလိမ့်မည်။ အင်ပါယာဒေသအနှံ့တွင် သူရဲကောင်းစစ်သည်များမှာ ပညာကို မသင်ယူကြသည်က ပိုများပြားရာ လောကကြီးနှင့် တစ်သားတည်းအဆင့်ကို သိဖို့က ဖြစ်နိုင်ခြေ နည်း၏။ ရွှယ်ယင်မှာ အသက်ငယ်ငယ်လေးဖြင့် ငွေလအဆင့်ကို ရောက်ခဲ့သော်လည်း ယွီကျင့်ချိုးတို့က ထိုအဖြစ်ကို စိတ်ထဲတွင် သိပ်မတွေးဖြစ်ခဲ့ကြပေ။ အကြောင်းမှာ အများအမြင်တွင် ရွှယ်ယင်သည် ပါရမီအရည်အချင်း ကောင်းသူတစ်ဦးဟု မြင်ကြသည့်အပြင် ဒီအဆင့်အထိ ရောက်လာခဲ့ခြင်းကလည်း ကံကောင်းခြင်းကြောင့်လည်း ဖြစ်မည်ဟု ထင်မြင်ယူဆကြခြင်း ဖြစ်သည်။

သို့သော် ရွှယ်ယင်သည် ခြောက်နှစ်လုံးလုံး ဝါးအိမ်ထဲမှာ နေ၍ နေ့စဥ်နှင့်အမျှ ကျင့်ကြံ တရားထိုင်ပြီ သဘာဝကြီး၏ သဘောတရားကို နားလည်အောင် ကြိုးစားခဲ့ရတာတွေကို သူတစ်ယောက်တည်းသာ သိသည်။ ထို့ကြောင့်လည်း ရွှယ်ယင်၏ လှံသိုင်းပညာမှာ ပညာရှင်ကြီးအဆင့်ရောက်နေပြီး သဘာဝတရားနှင့် မပေါင်းစည်းရသေးသော်လည်း စင်စစ် ရွှယ်ယင်သည် လောကကြီးနှင့် တစ်သားတည်းအဆင့်ကို ရောက်နေပြီး ဖြစ်၏။

ထို့ကြောင့်လည်း ရွှယ်ယင်သည် ဒဏ္ဍာရီအဆင့်တစ်ယောက်၏ အင်အားမျိုး ရှိသည့် ခန္ဓာကိုယ်မျိုး ရှိနေပြီး ဖြစ်သည်။ တကယ်၍ ကမ္ဘာဦး သွေးအမွေအား အသုံးပြုလိုက်မည်ဆိုလျှင် ပို၍ပင် အဆများစွာ အစွမ်းထက် သန်မာသွားလိမ့်မည်။

ခြုံငုံပြီး ပြောရရင် ရွှယ်ယင်သည် ဒဏ္ဍာရီအဆင့်နယ်ပယ်သို့ပင် ဝင်နေပြီးဟု ပြောနိုင်သည်။

" ကံကောင်းနေတဲ့ ကလေးသာသာ အကောင်ပါကွာ.. ငါ့ကိုများ ကလန်ကဆန် လုပ်ချင်တယ်ပေါ့.. ရူးမိုက်တဲ့ကောင်.."

စစ်ပိုင်ရုံက ကြိမ်းမောင်းဆိုလိုက်ပြီးနောက် မှော်ယာဥ်ပျံအခန်းထဲသို့ လိုက်ဝင်သွားခဲ့သည်။

"ကျင့်ချိုး" ပိုင်ရုံက ခေါ်လိုက်သည်။

" ဘာဖြစ်လို့လဲ.." ကျင့်ချိုးမှာ တရားထိုင်ကျင့်နေရာမှ မျက်လုံးဖွင့်ကာ မေးလိုက်သည်။

"လုကလန်ရဲ့ ရဲတိုက်အထဲကို ငါတို့ ဝင်စီးတဲ့အခါကျရင် သတိထားပြီနေတာ အကောင်းဆုံးပဲ.. အထူးသဖြင့် အဲဒီ တုန်ပိုရွှယ်ယင်ကို သတိပိုထားရမယ်.. ဒီကောင်က အသက်လည်း ငယ်ပြီး မရင့်ကျက်သေးဘူး..ငါတို့ ရဲတိုက်ထဲ ဝင်စီးတဲ့အခါကျရင် ဒီကောင်က နောက်ကျောကနေ တစ်ခုခု လုပ်မှာကို ငါ စိုးရိမ်မိတယ်..အဲဒါကြောင့်လည်း ငါနဲ့ အဖိုကြီးလျန့်အနောက်ကို လိုက်ဖို့ မင်းကို ပြောတာပေါ့.. မင်းကို အန္တရာယ်ကနေ ငါတို့ အတတ်နိုင်ဆုံး ကာကွယ်ပေးမယ်.."

" သူက နောက်ကျောကနေ တစ်ခုခု လုပ်မယ် ဟုတ်လား.. ရွှယ်ယင်က ဘာကြောင့် အဲလို လုပ်မှာလဲ.."

ကျင့်ချိုးက တွေဝေစွာ စဥ်းစားမိလေသည်။

" ငါ့စကားကိုပဲ သေချာနားထောင်ပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ.. ဒါပါပဲ.."

ပိုင်ရုံ ထိုစကားကို ပြောပြီးသည်နှင့် ထွက်သွားသည်။

ကျင့်ချိုးမှာ မျက်မှောင်ကြုတ်လျက် ကျန်ခဲ့သည်။ သူမအပါးကနေ ထွက်သွားသည့် စစ်ပိုင်ရုံနှင့် အခန်း၏ ထောင့်တစ်နေရာတွင် တင်ပျဥ်ခွေထိုင်လျက် ရှိနေသည့် အနက်ရောင်အဝတ်နှင့် ရွှယ်ယင်အား တစ်လှည့်စီ ကြည့်လိုက်ရင်း သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။

" သူတို့နှစ်ယောက် အပြင်မှာ ဘာတွေ ဖြစ်လာခဲ့ကြတာလဲ.. သူတို့ နှစ်ယောက်ကြားထဲမှာ အခြေအတင် ဖြစ်လာခဲ့ကြတာလား.. ရွှယ်ယင်ကလည်း ဒီလို မဆင်မခြင် လုပ်တတ်တဲ့သူ ဟုတ်မယ် မထင်ပါဘူး.. ဟူး.. ဒီတစ်ခေါက်မှာ မမျှော်လင့်တာတွေ မဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ရတာပဲ.."

သူမက အနည်းငယ်တော့ စိတ်ပူသွားသည်။

" ဟူးး"

ရွှယ်ယင်မှာ တင်ပျဥ်ခွေကာ ထိုင်လိုက်ပြီးနောက် တစ်ဖြည်းဖြည်းနှင့် သူ့ နှလုံးခုန်သံ စည်းချက်တို့က နှေးကွေးသထက် နှေးကွေးလာခဲ့သည်။ တစ်ချိန်တည်းမှာပဲ ဘေးပတ်ဝန်းကျင်ကို သိမြင်ခံစားနေရမှုကလည်း ပို၍ သိသာထင်ရှားလာခဲ့သည်။ အနားပတ်လည်က လူတို့၏ အသက်ရှုနေတာကိုပင် သိရသည်။ ကျင့်ချိုး၏ အသက်ရှုနေပုံ... ထို့နောက် ထန်ရှုံး၊ လျန့်ယုံ.. သူတို့နှစ်ယောက်အပြင် မှော်ယာဥ်ပျံကို မောင်းနှင်နေသည့် လူနှစ်ဦးတို့ပါ အားလုံးအားလုံး၏ အသက်ရှုသံများ တဖန်.. အပြင်ဘက်က တိုက်ခတ်နေသည့် လေတွေကိုပါ အားလုံး ခံစားကြည့်လို့ ရနေသည်။

တည်ငြိမ်သည့် ရေပြင်ကဲ့သို့ တည်ငြိမ်သည့် နှလုံးသား.. ၊ မှန်သားတစ်ချပ်၏ မျက်နှာပြင်ကဲ့သို့ ပကတိ တည်ငြိမ်သွားလျက်..၊ သူသည် လောကကြီးနှင့် တစ်သားတည်း ဖြစ်သွားလေသည်။

***

မိုးကောင်းကင်မှာ တစ်ဖြည်းဖြည်းဖြင့် အမှောင်ဘက် ရောက်ရှိလို့လာသည်။

ငွေရောင်ဖွေးဖွေးဖြင့် မှောယာဥ်ပျံမှာလည်း တိမ်ထုများကြားတွင် အဆက်မပြတ် ဖြတ်သန်း ပျံသန်းသွားနေလျက်ပင်။

" ငါတို့ ရောက်နေပြီးဟေ့.."

ရွှယ်ယင်၏ အသက်ရှုနှုန်းနှင့် နှလုံးခုန်သံ စည်းချက်တို့က ပုံမှန် ပြန်ဖြစ်သွားကာ သူလည်း တရားထိုင်ကျင့်နေတာကို ဖြုတ်လိုက်သည်။ အပြင်ဘက်သို့ ကြည့်လိုက်အခါတွင် မှော်ယာဥ်ပျံတစ်လုံးက နှေးကွေးသွားသည်ကို တွေ့ရှိလိုက်သည်။

" ကဲ.. ပညာရှင်ရောင်ရင်းတို့.. ဒီမှော်ယာဥ်ပျံကနေ ဆင်းဖို့အတွက် ပြင်ဆင်ထားလို့ ရပါပြီ.. မကြာခင်မှာပဲ.. လုကလန်ရဲ့ ရဲတိုက်ဆီကို ရောက်ပါတော့မယ်.. "

မှော်ယာဥ်ပျံကို ထိန်းကျောင်းမောင်းနှင်သူတစ်ဦးက ပြောလိုက်သည်။

" ရောက်ခါနီးနေပြီလား.."

" မကြာခင် ရဲတိုက်ကို ဝင်စီးရတော့မှာပဲ."

တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်လိုက်ကြတော့သည်။ အားလုံးက တာဝန်တစ်ခုတည်း၊ ပန်းတိုင်တစ်ခုတည်းကိုပဲ ဆင်နွှဲကြရမှာ ဖြစ်ကြသော်လည်း တစ်ယောက်ချင်းစီ၏ စိတ်ခံစားချက်တို့က မတူကြပေ။

ယခုတစ်ခေါက်သည် စစ်ပိုင်ရုံအတွက် ပထမဆုံးအကြိမ် အန္တရာယ်များသည့် တာဝန်ကို ယူခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သူ့ကလန်ကနေ ငွေလအဆင့်သမားတစ်ယောက်ကို တစ်ခါတည်း ခေါ်လာခဲ့ခြင်းပင်။ သို့ပေမဲ့ စစ်ပိုင်ရုံမှာ မလုံလောက်သလို ခံစားနေရသေးသည်။ ကျင့်ချိုးအရှေ့မှာလည်း သူ့ ခွန်အားတွေကို သက်သေပြဖို့အတွက် နည်းနည်းလေးပင် မညည်းတွားရဲ မပြသရဲချေ။

ထန်ရှုံးမှာတော့ အတော်လေး တည်ငြိမ်ပေသည်။ နှစ်ပေါင်း ၁၆၀ တိတိ နေလာခဲ့သူမို့ သူ့လမ်းကြောင်းအရှေ့မှာ ဘယ်အရာမှ တားဆီးနိုင်မှာ မဟုတ်ဟု သူ ယုံကြည်ချက် ရှိသည်။

လျန့်ယုံမှာတော့ ဖျတ်လတ်နိုးကြားစွာ ရှိနေ၏။ သူ့ရဲ့ အဓိက အလုပ်တာဝန်မှာလည်း ရဲတိုက်အတွင်း ဝင်ရောက်လုပ်ကြံကြမည့်အချိန်အတွင်း သူ့သခင်လေး ပိုင်ရုံကို ကာကွယ်ပေးရမည်မဟုတ်လား။

အခုတစ်ခေါက်သည် ကျင့်ချိုးအတွက်လည်း ပထမဆုံးအကြိမ်ပင် ဖြစ်ချေဿည်။ သူမက စိတ်လှုပ်ရှားနေသော်လည်း မှော်ပညာရှင်တစ်ယောက်၏ စိတ်ခွန်အားမျိုးက အရာအားလုံးကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်စေသည်။

ရွှယ်ယင်အတွက်ကရော... ဒဏ္ဍာရီအဆင့်သမားတစ်ယောက်အနေဖြင့် သူ့မှာ ကြောက်လန့်ခြင်းဟူ၍ မရှိနေချေ။ ထို့အစား လုကလန်၏ ရဲတိုက်အကြောင်းကိုသာ စိတ်ဝင်တစား ဖြစ်နေခဲ့သည်။

ရွှယ်ယင်နှင့် ကျန်သော သူများသည် အသီးအသီး ထလာခဲ့ကြပြီး ကုန်းပတ်ဆီသို့ လျှောက်လာခဲ့ကြသည်။ မှော်ယာဥ်ပျံမှ အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါတွင် ကြီးကျယ်ခမ်းနားသည့် ရဲတိုက်တစ်ခုကို သေချာ မြင်လိုက်ကြသည်။ ရဲတိုက်မှ အပေါ်ဘက် မီတာ ၃၀၀ အကွာတွင် ရွှယ်ယင်တို့ မှော်ယာဥ်ပျံက ရောက်နေပြီ ဖြစ်သည်။ မှော်ယာဥ်ပျံ၏ အစီအရင်အစွမ်းကြောင့် မြူဆိုင်းအကာကွယ်ဖြင့် ကာကွယ်ထားသည်ဖြစ်ရာ အောက်မှ လူတို့မှာ ထိုမှော်ယာဥ်ပျံအား မမြင်ရချေ။

" အားလုံးရှင့်.. ကျွန်မရဲ့ မှော်အစွမ်းကို သုံးပြီ အကာအကွယ်တွေ လုပ်သွားပေးလိုက်မယ်.. ကျွန်မတို့ကို အချိန်တစ်ခဏလေးတော့ မြင်ရမှာ မဟုတ်ဘူး.. ပြီးရင် အပေါ်ကနေ တိုက်ရိုက်ခုန်ချပြီ ရဲတိုက်ထဲကို တစ်ခါတည်း ဖောက်ဝင်ကြမယ်.. အစောင့်တွေ ရှာမတွေ့ခင် လုဟွိုင်ရူကို လုပ်ကြံနိုင်ရင် အကောင်းဆုံးပဲ.. "

ကျင့်ချိုးက ရှင်းပြလိုက်သည်။

" ကောင်းတယ်.. ကျင့်ချိုး ပြောတဲ့အတိုင်း လုပ်ကြတာပေါ့.." ဟု စစ်ပိုင်ရုံက ပြောလိုက်လေသည်။

" ဟုတ်တယ်.. ဟဟ.. ငွေလအဆင့် မှော်ပညာရှင်တစ်ယောက်က ငါတို့နဲ့ ပါလာခဲ့တာ ကံကောင်းတာပဲဟ.."

ထန်ရှုံးက ရယ်မောလိုက်လေသည်။

ချွင်းး.. ရွှယ်ယင်မှာ သူ့ရဲ့ နှင်းပျံနတ်လှံ အပိုင်းတိုနှစ်ခုကို ဆက်လိုက်ရင်း တိုက်ပွဲအတွက် စတင် ပြင်ဆင်လိုက်တော့သည်။

ရွှယ်ယင်ကို ကြည့်နေသည့် စစ်ပိုင်ရုံမှာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် သူ့ရဲ့ အသွားနှစ်ဖက်ဓားကြီးကို ဓားအိမ်ကနေ ထုတ်ယူလိုက်သည်။

အားလုံးမှာ ပြည့်စုံသလောက် ပြင်ဆင်ထားပြီးခဲ့၏။ တိုက်ပွဲကို အချိန်မရွေး စတင်လို့ ရနေလေ၏။

" ဝူးး " မိုးပြာရောင်ဝတ်ရုံနှင့် ကျင့်ချိုးမှာ သူမလက်ထဲက မှော်တောင်ဝှေးဖြင့် ဂါထာတစ်ခုကို မန်းမှုတ်လိုက်ရာ လေပြင်းတစ်ခု ဖြစ်ပေါ်လာပြီး အားလုံးကို လွှမ်းခြုံသွားသည်။

" အောက်ကို ဆင်းကြစို့.." သူမက ပြောလိုက်သည်။

" စမယ်ဟေ့.."

ဟူး..ဟူး.. ဟူး.

လူ ငါးယောက်စလုံးက ပြိုင်တူ အောက်သို့ ခုန်ဆင်းလိုက်ကြသည်။ သူတို့၏ ခွန်အားဖြင့် မီတာ ၃၀၀ မှာ ခုန်ဆင်းရာတွင် မည်သည့် ဒဏ်ရာမှ ရရှိစေမှာ မဟုတ်ချေ။ ကျင့်ချိုးက လေပြင်းကို ဆင့်ခေါ်လိုက်ရသည့် ရည်ရွယ်ချက်မှာ သူတို့ သက်ဆင်းရမည့် နေရာဆီသို့ ထိန်းကျောင်းစေသည့်အပြင် သူတို့ငါးယောက်စလုံးကို မမြင်စေလို၍လည်း ဖြစ်သည်။

ရွှယ်ယင်သည် မြေပြင်ကို လှမ်းကြည့်လိုက်သည်။ အောက်သို့ ခုန်ဆင်းရာတွင် လေပြင်းက သူတို့ ငါးယောက်စလုံးအား ရဲတိုက်ဝင်း အလယ်ဘက်သို့ ခေါ်ဆောင်သွားသည်။ ရဲတိုက်ဝင်း အလယ်ဘက်တွင် ရှစ်မြောင့်ထောင့် သဏ္ဌာန်ရှိသည့် ရဲတိုက်ကြီးက မြေပြင်မှာ ငွားငွားစွင့်စွင့်ဖြင့် တည်ရှိနေသည်။ ထိုအချိန်မှာလည်း လေပြင်းတစ်ချက် တိုက်ခတ်သွားပြီ ဘေးပတ်ဝန်းကျင်က ဖုန်မှုန့်များ သစ်ရွက်များကို မွှေ့ယမ်းပစ်လိုက်ရာ အစောင့်စစ်သည်တို့သည် မျက်လုံးပင် မဖွင့်နိုင်အောင် ဖြစ်သွားရသည်။

ရွှစ်.. ရွှစ်.. ရွှစ်.. ရွှစ်.. ရွှစ်..

ရွှယ်ယင်တို့ ငါးယောက်စလုံးသည် ရဲတိုက်ခေါင်းမိုးထက်တွင် ပေါ့ပါးစွာ သက်ဆင်းလိုက်ကြသည်။

" ရဲတိုက်ထဲ ဝင်ရအောင်.." စစ်ပိုင်ရုံက အသွားနှစ်ဖက်ဓားကြီးကို ကိုင်ကာ အရာရာကို ရှင်းပစ်ဖို့ အသင့်ပြင်ထားလေသည်။

" အင်း.." ထိုအခိုက်မှာပဲ ရွှယ်ယင်တို့ ပုန်းကွယ်နေသည့် ရဲတိုက်ခေါင်းမိုး၏ ညာဘက်နေရာတွင် အလင်းရောင်တစ်ခုက စူးခနဲ တောက်ပလာသည်။

" အလစ်ဝင်တိုက်ခိုက်ကြသူတွေ.."

အေးစက်စက်အသံက ရဲတိုက်အတွင်းမှာ ပေါက်ကွဲ ထွက်လာသည်။ ၎င်းအသံက ရဲတိုက်ဝင်းအနှံ့ ပျံ့နှံ့သွားသည်။

" ခေါင်းမိုးအပေါ်မှာ .. သူတို့ကို သတ်ကြ.."

" လုပ်ကြံသတ်ဖြတ်သူတွေဟ.."

" ဟိုမှာပဲ.. သွားကြဟေ့.."

ရဲတိုက်၏ အတွင်းစည်းနံရံမှာ အပြင်ဘက်ဝင်းကို ပိုင်းခြားထားသည်။ ထိုနေရာတွင် အစောင့်စစ်သည်တို့ များစွာ စောင့်ကြပ်နေလျက် ရှိသည်။ ထိုသို့ သတိပေးသံ ထွက်ပေါ်လာသည်နှင့် ကြယ်ခြွေဒူးလေးကြီး အလက် နှစ်ရာကျော်က ရွှယ်ယင်တို့ ငါးယောက်ကို တစ်ပြိုင်နက်တည်း ထိုးချိန်လိုက်ကြသည်။ တကယ်တမ်းတွင် ယန္တရားပညာရပ်တွင် ကျွမ်းကျင်သူ ဥက္ကာပျံအဆင့် မှော်ဆရာတစ်ယောက်နှင့် ဥက္ကာပျံအဆင့် သူရဲကောင်းစစ်သည် လေးယောက်တို့က အစောင့်စစ်သည်များကို ကွပ်ကဲလျက် ရှိနေရာ ရဲတိုက်တစ်ခုလုံး၏ လုံခြုံရေးက အမှန်ပင် တင်းကပ်လှသည်။

" ငါတို့ကို ရှာတွေ့သွားပြီး.." ထန်ရှုံးက ပြောလိုက်သည်။

" ဟွန့် ရှာတွေ့သွားတော့ရော ဘာအရေးလဲ.. သူတို့ကို သတ်လို့ ရနေတာပဲ.."

ပိုင်ရုံက အထင်သေးသည့်သဘောဖြင့် ရယ်ရယ်မောမော ပြောလိုက်သည်။

" အားလုံးပဲ.. ဒီအချိန်မှာ ငါတို့ရဲ့ ပန်းတိုင်က လုကလန်ပဲ.. မင်းတို့နဲ့ ဘာမှ မဆိုင်နေဘူး.. ဒါပေမဲ့ ငါတို့ကို လာရင်ဆိုင်မယ်ဆိုရင်တော့ မင်းတို့အားလုံး သေရလိမ့်မယ်.."

ကျင့်ချိုးက အစောင့်စစ်သည်တွေကို အရင်သတိပေးလိုက်သည်။ သူမ၏ သတိပေးစကားက ရှင်းလင်းပြီ ဆိုလိုရင်းကို ကွက်တိ ရောက်သည်။ တဖန် ချိုသာကြည်လင်သည့် စကားသံကြောင့်လည်း သူမ၏ စကားကို နာခံအောက်ကျို့စေဖို့ စိတ်ညို့လိုက်သည့်အလား တတ်စွမ်းနိုင်ပေ၏။

သို့သော် ထိုစကား၏ အောက်အလွှာမှာတော့ သေခြင်းတရား အငွေ့အသက်များ ရှိနေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးက လေထုမှာ အေးစက်သထက် အေးစက်လာခဲ့သည်။ ရဲတိုက်ဝင်းတစ်ခုလုံး ရေငွေ့များပင် ရစ်သိုင်းလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ မြေကြီးပေါ်က မြေခဲမှုန်များပါ အခဲတုံးဖြစ်ကာ ပူးကပ်အေးခဲသွားသည်။ လုကလန်၏ ရဲတိုက်ကြီးတစ်ခုလုံးသည် ရေခဲရဲတိုက်ကြီးအဖြစ် ပြောင်းလဲသွားချေပြီ။ အစောင့်စစ်သည်တွေလည်း ရေခဲတမျှ အေးစိမ့်သည့် လေပြတို့၏ ကိုက်ခဲမှုကြောင့် ခိုက်ခိုက်တုန် ချမ်းစိမ့်လာခဲ့သည်။

" အေးလိုက်တာ.."

တချို့အစောင့်စစ်သည်တို့မှာ အေးစိမ့်လာသည့် လေထုအခြေအနေကြောင့် စွမ်းအင်များ ကုန်ဆုံးလာကာ မြေကြီးပေါ် လဲကျသွားသည်။

" ငါ့ရဲ့ ဆီးနှင်းစွမ်းအားအဝန်း သက်ရောက်ထားတဲ့ နေရာကနေ အနောက်ဆုတ်ကြ.. မင်းတို့ အသက်ရှင်လိမ့်မယ်.. မဟုတ်ရင်.. သေဖို့ပဲ ရှိကြလိမ့်မယ်.."

ကျင့်ချိုးမှာ ထိုအစောင့်စစ်သည်အငယ်တို့ကို ညှာတာသောအားဖြင့် သတိပေးလိုက်သေးသည်။ တကယ်တော့ ထိုအစောင့်စစ်သည်တွေနှင့် သူမမှာ ဘာရန်ငြိုးမှလည်း မရှိနေခဲ့ပါဘူး။

" ဟူး.."

ရွှယ်ယင်မှာ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ကျင့်ချိုးက ရေခဲစွမ်းအားကို လှပစွာ ထိန်းချုပ် အသုံးပြုပြလိုက်သည်ကို ကြည့်ပြီး ရွှယ်ယင်မှာ အံအားသင့်မိသည်။ သူမသည် ရေခဲစွမ်းအားပညာရပ်တွင် ပညာရှင်တစ်ယောက်မှန်း ရွှယ်ယင် သိသော်လည်း ထိုမျှလောက် ရှိလိမ့်မည်ဟု တကယ်ပင် မထင်မှတ်ထားခဲ့ပေ။

သူမ၏ ဆီးနှင်းစွမ်းအားအဝန်းကို ရဲတိုက်တစ်ခုလုံး ခြုံငုံမိသည်အထိ ဆန့်ထုတ်နိုင်သည့်အပြင် ဘေးပတ်ဝန်းကျင်က လေထု၏ အပူချိန်ကိုလည်း အစောင့်စစ်သည်များ အသက်မသေစေဘဲ အရှုံးပေးစေရုံလောက်အထိသာ လျှော့ချနိုင်စွမ်းကို ကြည့်လျှင် ကျင့်ချိုးသည် ရေခဲစွမ်းအားနယ်ပယ်တွင် ပညာရှင်တစ်ဦး ဖြစ်သည်ဆိုတာ သေချာသလောက် ရှိနေပြီ။

သို့သော် ဘယ်လောက်ပဲ ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်စေဦးတော့.. အချိန်ကြာလာသည်နှင့်အမျှ နှင်းကိုက်နာကြောင့် သေရလိမ့်မည်။

" မြန်မြန် ထွက်သွားကြလေ.."

ထိုအခါ ပို၍ ကြံ့ခိုင်သည့် အစောင့်စစ်သည်တို့က အားနည်းသည့် အစောင့်စစ်သည်တို့ကို စတင် တွဲထူ၍ ထိုနေရာမှ အနောက်ဆုတ်လိုက်ကြသည်။ ရဲတိုက်အတွင်းမှာ ရှိကြသည့် အစေခံတို့သည်လည်း အခွင့်ရေးယူပြီ တိုက်ပွဲ ဖြစ်တော့မည့် နေရာမှာ အမြန်ထွက်ခွာသွားကြသည်။ ကျင့်ချိုး ထုတ်သုံးလိုက်သည့် ရေခဲစွမ်းအားအဝန်း၏ အင်အားစုအောက်မှာ အစောင့်စစ်သည်ပေါင်း သုံးထောင်ကျော်တို့သည် ပြန်လည်တိုက်ခိုက်ဖို့အတွက် စိတ်မကူးကြတော့ပါဘူး။ ဖြစ်နိုင်သမျှ လွတ်အောင် ထွက်ခွာဖို့သာ ရွေးစရာ ကျန်တော့သည်။ တကယ်တမ်းတော့ တိုက်ပွဲကို အနိုင်ရဖို့ မဆိုထားနှင့်.. အေးစက်လွန်းသည့် ပတ်ဝန်းကျင်မှာ ခြေလက်တွေပင် လှုပ်ရှားမရအောင် တစ်ကိုယ်လုံး အေးစက်ထုံထိုင်းသွားကြရသည်မဟုတ်လား။

" ကဲ.. ဝင်ကြစို့.." ကျင့်ချိုးက သူမ၏ မှော်တောင်ဝှေးကို ကိုင်၍ ကျန်သည့် လူလေးယောက်နှင့်အတူ ခေါင်းမိုးပေါ်ကနေ ခုန်ဆင်းလိုက်သည်။

လုဟွိုင်ရူကို လုပ်ကြံဖို့ အခွင့်မရလိုက်၍ ဒီအတိုင်း တိုက်စစ်ဖွင့် သတ်ဖြတ်ဖို့သာ ရွေးလိုက်ကြရတော့သည်။

***

" ဟွန့်.. အရူးကောင်တွေကွာ.. ဘာမှ မထူးတဲ့ အကောင်တွေ.."

လုဟွိုင်ရူမှာ ရဲတိုက်အပြင်ဘက်တွင် ထိုနေရာမှ ထွက်ပြေးဖို့ ကြိုးစားနေကြသည့် အစောင့်စစ်သည်တို့ကို ကြည့်ရင်း ခေါင်းကို ခါယမ်းလိုက်လေသည်။

" အခုတော့ ရဲတိုက်အထဲမှာ ဆင်ထားတဲ့ ထောင်ချောက်တွေနဲ့ ငါ့ကိုယ် ငါပဲ အားကိုးရတော့မယ်.. ဝင်လာရဲရင် ဝင်လာကြည့်.. အသေဆိုးနဲ့ သေရမှာ မုချပဲ.."

ထို့နောက် လုဟွိုင်ရူသည် စင်္ကြံလမ်းတစ်လျှောက် ခပ်သုတ်သုတ် ပြေးသွားလိုက်သည်။ သူ့စိတ်ထဲတွင် ရဲတိုက်အတွင်းသို့ လျှို့ဝှက်လမ်းကြောင်းအတိုင်း ဝင်သွားဖို့သာ ရှိသည်။

သူ့မှာ ယုံကြည်မှုတော့ ရှိနေသည်။ သူ ဆင်ထားခဲ့သည့် ထောင်ချက်တို့သည် ငွေလအဆင့်သမား သုံးယောက်မှ ငါးယောက်အထိ အလွယ်တကူ သတ်နိုင်မည်ဟု ယုံကြည်ချက် ရှိနေခြင်း ဖြစ်၏။ ထို့အပြင် နတ်ဆိုးတမန်တော်သည်လည်း ရဲတိုက်အတွင်းတွင် ရှိနေသေးသည်။ ထိုအချက်များကြောင့်လည်း သူ့မှာ ယုံကြည်မှုက အတော်လေး ရှိနေသည်။

အပိုင်း ( ၄၂ ) နတ်ဆိုးရေသလင်းကျောက်

ရှစ်မြောင့်ထောင့် ပုံစံရှိသည့် ကြီးကျယ်ခမ်းနားသော ရဲတိုက်သည် ၂မိုင်မျှ ကျယ်ဝန်းသည်။ ထိုမျှ ကြီးလွန်းသည့် နေရာ ဖြစ်၍ ထောင်ချက်များကလည်း မရေတွက်နိုင်လောက်အောင် ရှိနေမှာ ဧကန်ပင်။

" လုဟွိုင်ရူက အထဲမှာ ပုန်းနေမှာပဲ.. ဒီတော့ ငါတို့ကလည်း အထဲဝင်ပြီ ဝင်သတ်ရမှာပဲ.."

စစ်ပိုင်ရုံက ပြောလိုက်သည်။ သို့သော် မှောင်မိုက်ပြီ ထိတ်လန့်စရာကောင်းသည့် ရဲတိုက်စင်္ကြံလမ်းကို မြင်လိုက်ရသည့်အခါတွင် သူလည်း တွန့်ခနဲ ဖြစ်သွားရသည်။

" ဒီအထဲမှာ ပြောမပြတတ်လောက်အောင် များပြားတဲ့ အရံအတားတွေ ချထားလိမ့်မယ်လို့ ငါထင်တယ်.. တစ်ယောက်ယောက်က အရင်ဝင်သွားဖို့ လိုအပ်နေပြီ.."

စစ်ပိုင်ရုံ၏ ထိုစကားကြောင့် ရွှယ်ယင် ပြုံးလိုက်မိသည်။

" စစ်ပိုင်ရုံဆိုတဲ့ လူက နာမည်လည်း လိုချင်တယ်.. ကြောက်လည်း ကြောက်တတ်သေးတယ်.. ဒါနဲ့များ သူက ငွေလအဆင့်ကို ဘယ်လိုလုပ် ရောက်သွားတာလဲ မသိဘူး.."

ထန်ရှုံးနှင့် လျန့်ယုံမှာတော့ အတော်လေး တည်ငြိမ်ကြပေသည်။ သူတို့က ကျင့်ချိုးဘက် လှည့်ကြည့်လိုက်သည်။ သူမကို ဆုံးဖြတ်ချက်တစ်ခုခု ချစေလိုဟန် ရှိကြသည်။

" ဒီအတိုင်း ဇွတ်တိုး ဝင်သွားရင်တော့ သေလမ်းကို ရွေးလိုက်တာပဲ ဖြစ်သွားမယ်.."

ကျင့်ချိုး၏ အသံက အေးစက်စက် ရှိသော်လည်း တစ်ခြားသူတွေကို စိတ်ငြိမ်စေခဲ့သည်။

" လုဟွိုင်ရူက ဥက္ကာပျံအဆင့်ပဲ ရှိပေမဲ့ သူက ယန္တရားပညာရပ်မှာ ကျွမ်းကျင်တယ်.. ဒီတော့ သူက ငါတို့ကို ခုခံဖို့အတွက် အရံအတားတွေ အများကြီးကို သေချာပေါက် လုပ်ထားမှာပဲ.. ငွေလအဆင့် စစ်သည်တစ်ယောက်က ရူးမိုက်ပြီးတော့ ဇွတ်တိုး ဝင်ရဲရင်တောင်မှ အသက်အန္တရာယ်ကတော့ သေချာပေါက် ကြီးမှာပဲ.. ရောင်းရင်းတို့.. ကျွန်မကို အချိန် နည်းနည်းလောက် ပေးပါ.. မှော်အစွမ်းကို သုံးပြီတော့ အရှေ့က အရံအတားတွေကို ရှင်းပစ်ကြည့်မယ်.."

ထို့နောက် ကျင့်ချိုးသည် လက်ထဲက မှော်တောင်ဝှေးကို ကိုင်၍ စတင်ပြီ ဂါထာမန္တန်ကို မန်းမှုတ်လေသည်။

တကယ်တမ်းတွင် မှော်ဆရာတို့က ဂါထာမန္တန်ကို မန်းမှုတ်ရသည့် အကြောင်းမှာ မသိစိတ်စွမ်းအားကို ထွက်ပေါ်စေလိုခြင်း ဖြစ်သည်။ တကယ်တော့ တချို့သော အစွမ်းထက်သည့် ဂါထာတို့သည် မှော်ဆရာနှင့် အများကြီး သက်ဆိုင်ပြီ အသုံးပြုဖို့ကလည်း ခက်ခဲသည်။ မသိစိတ်စွမ်းအားကို မသုံးဘဲ ထုတ်သုံးဖို့ရာ မဖြစ်နိုင်ပေ။

အဆင့်နိမ့်သည့် ဂါထာများအတွက်မူ မန်းမှုတ်နေစရာမလိုပဲ သုံးနိုင်သည်။ အစောပိုင်းက ကျင့်ချိုး သုံးလိုက်သည့် ဆီးနှင်းစွမ်းအားအဝန်းသည် ဘာမှ မန်းမှုတ် နေစရာ မလိုဘဲ ထုတ်သုံးလို့ ရနေသည့်သဘောပင်။

ဟူးး ဟူးး ဟူးး

သူတို့အားလုံး၏ အရှေ့တွင် မရေတွက်နိုင်သော ရေခဲများ စတင်၍ အတူတကွ စုပေါင်း ခဲလာခဲ့ပြီ ပုံသဏ္ဌာန်တစ်ခု ဖြစ်တည်လာခဲ့သည်။ ၎င်းမှာ မီတာ ၂၀ ကျော် ရှည်လျားသည့် ရေခဲမြွေကြီးတစ်ကောင်ကဲ့သို့ ပုံသဏ္ဌာန် ရှိသည်။

မြွေကြီး၏ ရေခဲကိုယ်လုံးမှာ ဖန်သားကဲ့သို့ ကြည်လင်ပြီ ၎င်း၏ ဦးခေါင်းမှာလည်း သတ်ဖြတ်လိုသည့် အရှိန်အဝါတို့နှင့် စိမ့်ဖြာထွက်နေရာ စစ်ပိုင်ရုံ၊ ထန်ရှံးနှင့် တစ်ခြားသူတို့မှာ အနည်းငယ် လန့်သွားကြသည်။

" အဆင့်၅ နှင်းမြွေကြီး.."

ရွှယ်ယင်မှာ မသိမသာဖြင့် ခေါင်းကို ညိတ်လိုက်သည်။

မန္တန်ဂါထာကနေ ဖန်ဆင်းလိုက်တဲ့ နှင်းမြွေကြီးစာက ဘာအားနည်းချက်မှ မရှိဘူး.. သာမန် ငွေလအဆင့် သမားကို မပြောနဲ့.. အစွမ်းထက်တဲ့ ဒဏ္ဍာရီအဆင့်သမားနှင့် ရင်ဆိုင်ရရင်တောင် သိပ်ပြီ အခြေအနေ ဆိုးမှာ မဟုတ်ဘူး.. ဒါပေမဲ့.. ကျင့်ချိုးရဲ့ နှင်းမြွေကြီးကို ဖန်ဆင်းလိုက်တဲ့ ပညာက သိပ်ပြီးတော့ မပြည့်စုံသေးဘူး.. တကယ်လို့.. အဲဒီမြွေကြီးက ခေါင်းဆယ်ခေါင်းနဲ့ဆိုရင် ဒဏ္ဍာရီအဆင့်ကတောင် ရင်ဆိုင်ရ ခက်ခဲသွားလိမ့်မယ်.. ဒါပေမဲ့ လောကကြီးနှင့် တစ်သားတည်းအဆင့်ကို ရောက်နေတဲ့ ဒဏ္ဍာရီအဆင့်သမားတစ်ယောက်ရဲ့ နှင်းမြွေကြီးနဲ့ သဘာဝတရားရဲ့ နိယာမသဘောတွေကို သုံးစွဲနိုင်စွမ်း ရှိသူတစ်ယောက်ရဲ့ နှင်းမြွေကြီးကို နှိုင်းယှဥ်ကြည့်မယ်ဆိုရင် အရှေ့တစ်ယောက်လူက နောက်လူရဲ့ အရှေ့မှာ ဘာအင်အားမှာ ပြသနိုင်မှာ မဟုတ်ဘူး..

လတ်တလောအချိန်တွင် ကျင့်ချိုးမှာ ဂါထာမန္တန်ကို မန်းမှုတ်နေဆဲပင်။

အချိန်တစ်ခု ကြာသွားသည့်အခါ နောက်ထပ် နှင်းမြွေကြီးတစ်ကောင်က အရင်နှင်းမြွေကြီးဘေးနားတွင် ထပ်မံ ထွက်ရှိလာခဲ့သည်။

" ကျွန်မရဲ့ မှော်အစွမ်းက မရတော့ဘူး.. ရှေ့ဆက် ကြုံရမဲ့ အခြေအနေတွေအတွက် ချန်ထားရဦးမယ်.."

ကျင့်ချိုးက ပြောလိုက်သည်။

" နှင်းမြွေကြီးနှစ်ကောင်က ဦးဆောင်သွားရင် ကျွန်မတို့ စိတ်ချရပါပြီ.."

" ဟားဟား.. ငါ ပြောသားပဲ.. ငွေလအဆင့် မှော်ပညာရှင်တစ်ယောက် ပါလာတာ တကယ်ကို ကံကောင်းတာပဲဆိုတာ.."

ထန်ရှုံးက ပျော်ရွှင်စွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" ဒီ နှင်းမြွေကြီးက ဘာအားနည်းချက်မှ မရှိဘူး.. အေးဆေး အရှေ့ဆက်တိုးလို့ ရတယ်.. ဒီကောင်တွေကိုသာ အရှေ့ကနေ မသွားခိုင်းရင် ငါတို့ပဲ အသက်ဆုံးရှုံးသွားမှာကို စိုးရိမ်ရတယ်.."

" ကျင့်ချိုးက အရမ်းကို တော်လွန်းပါတယ်.." စစ်ပိုင်ရုံကလည်း မြှောက်ပင့်ချီးမွှမ်းလိုက်လေသည်။

" ကဲ.. သွားကြရအောင်.. ကျင့်ချိုး.. ငါတို့ လေးယောက်ကြားထဲမှာ နေနော်.. ငါတို့ မင်းကို ကာကွယ်ထားပေးမယ်.. အဖိုးကြီးလျန့် နဲ့ ငါက အရှေ့ကနေ သွားမယ်.. ရွှယ်ယင်နဲ့ ထန်ရှုံးက အနောက်မှာ ကပ်လိုက်လာခဲ့.."

အစောပိုင်းကပဲ စစ်ပိုင်ရုံမှာ အရှေ့ကနေ သွားဖို့ ထိတ်လန့်နေခဲ့သည်။ သို့သော် အရှေ့ကနေ မြွေကြီးနှစ်ကောင်က ဦးဆောင်သွားမည်ဆိုသောအခါ သူက ချက်ချင်း ယုံကြည်မှု ရသွားခဲ့သည်။

****

နှင်းမြွေကြီးနှစ်ကောင်သည် ကိုယ်ကို တွန့်လိမ်၍ စင်္ကြံလမ်းတစ်လျှောက် အရှေ့ဆက်သွားလေသည်။ တစ်ကန့်အကွာ ရောက်သည့်အခါတွင် မြွေအမြီးဖြင့် ဘေးနားက နံရံကို ရိုက်လိုက်သည်။

ဝရုန်းး

တုန်ခါမှုသည် စင်္ကြံလမ်းတစ်လျှောက် ပျံ့နှံ့တုန်ဟည်းသွားသည်။ အားသည် အလွန်ပြင်းထန်ရကား စင်္ကြံလမ်း၏ နံရံများမှာ ပြိုကျသွားကုန်သည်။ စင်္ကြံလမ်းတစ်လျှောက်က အရံအတား အစီရင်တို့မှာလည်း ချက်ချင်း ပျက်စီးသွားသည်။ ကျန်ခဲ့သည့် အစီအရင်များမှာ မြွေကြီး နှစ်ကာင်၏ ခန္ဓာကိုယ်ပေါ်ကိုသာ ဒဏ်ရာသွားရစေသည်။ အရံအတား အစီအရင်များကြောင့် နှင်းမြွေကြီးတို့၏ ခန္ဓာကိုယ်မှာ ပွန်းပဲ့ထိရှသွားသော်လည်း အတွင်းတွင် အထောက်အပံ့ပြုထားသည့် မှော်ရေခဲစွမ်းအင်တို့ကြောင့် ထိုဒဏ်ရာတို့က ချက်ချင်းဆိုသလို ပြန်လည်း ကောင်းမွန်သွားသည်။ သို့သော်လည်း ထိုသို့ တစ်ခါ ပြန်လည် ကောင်းမွန်လာတိုင်း မြွေကြီး၏ ခန္ဓာကိုယ် အရွယ်အစားမှာ အနည်းငယ် သေးငယ် သွားရသည်။

နှင်းမြွေကြီးနှစ်ကောင်မှာ တိုက်ခိုက်ခံရသည်ဖြစ်စေ.. နာကျင်စွာ ခံစားရသည်ဖြစ်စေ.. ၎င်းတို့၏ ရေခဲစွမ်းအင်များ ဆုံးရှုံးရသည် ဖြစ်၍ နောက်ဆုံး ရေခဲစွမ်းအင်များ ကုန်ဆုံးသွားခဲ့လျှင် လုံးဝ ပျောက်ကွယ်သွားရလိမ့်မည်။

ထိုအချက်မှ လွဲ၍ နှင်းမြွေကြီးနှစ်ကောင်မှာ ချို့ယွင်းချက်ဟူ၍ မရှိနေပေ။ မြွေကြီးနှစ်ကောင်မှာ အရှေ့သို့ တည့်တည့်ပင် သွားနေလျက် ရှိသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့် မည့်သည့် ထိခိုက်နာကျင်မှုကိုမဆို မကြောက်ရွံ့နေချေ။

"တော်တော်လေးကို ကြောက်ဖို့ ကောင်းတဲ့ အကောင်တွေပဲ"

အနောက်ကနေ လိုက်ပါလာခဲ့သည့် ရွှယ်ယင်မှာ စဥ်းစားနေမိသည်။

တကယ်လို့ မှော်ဆရာတစ်ယောက်ကို မန်းမှုတ်ရွတ်ဆိုဖို့ အချိန်ကို အလုံအလောက် ပေးထားခဲ့မိရင် အတော်လေးကို အန္တရာယ် ပေးနိုင်မှာပဲ.. ဒီထက် ပိုစွမ်းထက်တဲ့ မန္တန်ဂါထားမျိုးဆိုရင်တော့ ကပ်ဘေးပါ ဆိုက်ကုန်ကြလိမ့်မယ်"

မှော်ပညာရှင်တစ်ယောက်ဆိုသည်မှာ ပညာသင်တစ်ယောက်နှင့် တူသည်။ သူတို့သည် လောကကြီး၏ နိယာမ သဘောတရားကို လေ့လာသင်ယူကြသည်။ တကယ်၍သာ မှော်ဆရာတစ်ယောက်က လောကကြီး၏ နိယာမတရားကို ကုန်စင်အောင် လေ့လာသွားနိုင်ခဲ့ရင် ထိုသူသည် ပြိုင်ဘက်ကင်းတစ်ပါး ဖြစ်လာပေလိမ့်မည်။ သူ့လမ်းကြောင်းအရှေ့မှာ နှောင့်ယှက်လာသည့် မည်သည့် သူရဲကောင်းစစ်သည်ကိုမဆို အသက်ကို ဖက်နှင့် ထုပ်လျက် ကမ်းလင့်လာစေရမည်။ အသက်ရှည်ရှည် နေထိုင်ခဲ့ရလေ မှော်ဆရာတစ်ယောက်၏ ဂါထာမန္တန် တို့မှာ ပို၍ အစွမ်းထက်လာလေပင်။ မှော်ဆရာ၏ အရံအတား အစည်းအချုပ်များသည်လည်း ပို၍ အစွမ်းထက်လာလိမ့်မည်။ တစ်ဖက်က ရန်သူကိုလည်း အန္တရာယ် ကောင်းကောင်း ပေးနိုင်လိမ့်ချေမည်။

စစ်သည်တစ်ယောက်အတွက်ကရော.. တကယ်တမ်းတွင် စစ်သည်သူရဲကောင်းတို့သည် မှော်ဆရာများထက် ပို၍ ရက်စက်ကြမ်းကြုတ်ပေသည်။

သူတို့တွင် အဆမတန် ပေါက်ကွဲပြင်းထန်သော ခွန်အားများ အစွမ်းများ ရှိကြသည်။ လူတစ်ယောက်က်ို သတ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်သည်နှင့် အလွန်တရာ လျင်မြန်သည့် အမြန်နှုန်းမျိုးဖြင့် ပြေးလာလိမ့်မည်။ မျက်တောင်တစ်ချက် ပြည့်ပြည့်ဝတ မခတ်ရသေးသည့် အချိန်မှာပဲ ထိုလူဟာ လောကကြီးကနေ စွန့်ခွာသွားရလိမ့်မည်။

ခွန်အားဖြင့် အလျင်နှုန်းကို ယူ၍.. တစ်ဖန် အလျင်နှုန်းကို ယူ၍ ခွန်အားကို တိုးပွားစေလျက်...

ဥပမာအားဖြင့် ရွှယ်ယင်သည် မီတာတစ်ရာလောက် ရှိသည့် အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ရောက်အောင် လာနိုင်သည်။ သာမန်လူတစ်ယောက်ဖြင့် သူ့အရိပ်ကိုပင် တွေ့ရမှာ မဟုတ်ချေ။ ဒီလို ကြောက်စရာ ကောင်းလွန်းသည့် အလျင်မျိုးဖြင့် တကယ်၍ ရွှယ်ယင်က မှော်ဆရာတစ်ယောက်ကို သတ်ဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုလျှင် ထိုမှော်ဆရာမှာ ပြန်လည် တုံ့ပြန်ဖို့ အချိန်ပင် ရလိုက်မှာ မဟုတ်ချေ။ ထို့ကြောင့်လည်း မှော်ပညာရှင်နှင့် သူရဲကောင်းစစ်သည် နှစ်မျိုးစလုံးမှာ အားသာချက်၊ အားနည်းချက်များ ကိုယ်စီ ရှိကြပေသည်။

ဝရုန်း.. ဝရုန်း.. ဝရုန်း..

နှင်းမြွေကြီးမှာ ခွန်အားအရာတွင် ဒဏ္ဍာရီအဆင့်တစ်ယောက်နှင့် ညီမျှသည်။ အနီးကပ် တိုက်ခိုက်မှုအရာတွင်လည်း စစ်သည်တစ်ယောက်ကဲ့သို့ ကြောက်ရွံ့နေမှာ မဟုတ်ချေ။ နံရံများကို ဖြိုချနေခြင်းကလည်း နှင်းမြွေကြီးနှစ်ကောင်အတွက် သာမန်အလုပ်တစ်လိုပင် ဖြစ်နေသည်။ နံရံများမှာလည်း တုန်ဟည်းထွက်လာသော အသံကြောင့်ပင် ပြိုကျနေလျက်သား ဖြစ်နေတော့သည်။ ခင်းကျင်းထားသော အရံအတား အစည်းအတားများမှာလည်း အစွမ်းများ ထွက်ပေါလာဖို့ ဝေးစွ နှင်းမြွေကြီးနှစ်ကောင် ဖြတ်သန်းသွာရုံနှင့်ပင် ပျက်စီးသွားကုန်ရသည်။

စင်္ကြံလမ်း၏ နံရံများ တဝုန်းဝုန်းနှင့် ပြိုကျကုန်သော်လည်း ရဲတိုက်မှာ ခိုင်မာနေဆဲပင်။ ရဲတိုက်၏ ဖွဲ့စည်းတည်ဆောက်ပုံ အုတ်ရိုးအုတ်မြစ်များ မည်မျှ ခိုင်မာတောင့်တင်းသလဲဆိုတာ ကောင်းစွာ တွေ့မြင်နိုင်ပေသည်။ ရဲတိုက်ကြီး၏ ထောက်တိုင်များ ကောင်းစွာ မားမားမတ်မတ် ရှိနေဆဲပင်။

" ဟားဟား.. ကျင့်ချိုးရေ.. ငါတို့ အတော်လေး သက်သာသွားတယ်ဟ.. သူတို့ ဆင်ထားတဲ့ အရံအတားတွေက ငါတို့ကို ဘာမှ မလုပ်နိုင်တော့ဘူး.."

စစ်ပိုင်ရုံက ဝမ်းမြောက်စွာဖြင့် ရယ်မောလိုက်လေသည်။

" သိပ်ပြီ မပေါ့လျော့ပါနဲ့.." ကျင့်ချိုးက ပြောလိုက်သည်။ သူမသည် သတိရှိစွာဖြင့် အရှေ့လမ်းကြောင်းဆီမှ ထွက်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကြိုကြည့်နေလျက် ရှိသည်။

" ကြောက်စရာ ကောင်းတဲ့ ယန္တရားပညာရှင်တစ်ယောက်နဲ့ ရင်ဆိုင်ရရင် အစည်းအတားတွေ တစ်ပုံကြီး ကြုံရမယ် ဆိုတာ ကျွန်မတို့ သတိမူသင့်တယ်.. အခု ကျွန်မရဲ့ နှင်းမြွေကြီးနှစ်ကောင်က ထောင်ချောက်တွေ ကိုးဆယ်ရာခိုင်နှုန်းလောက် ပျက်စီးသွားစေခဲ့ပေမဲ့ အဲ့မှာ မတို့ထိရသေးတဲ့ ထောင်ချောက်တွေ ကျန်သေးတယ်လို့ ယူဆထားရင် ပိုအန္တရာယ်ကင်းစေမယ်.. လုံးဝ လုံခြုံစိတ်ချရတယ်အထိ မရောက်သေးသရွေ့ ကျွန်မတို့ သတိကြီးကြီး ထားရမှာပဲ.."

" မင်း ပြောသလိုဆို အစည်းအတားတွေက ကိုးဆယ်ရာခိုင်နှုန်းလောက် ပျက်စီးနေပြီးပဲ.. ကျန်တဲ့ ဟာတွေက ငါတို့ကို ဘာမှ အန္တရာယ် သိပ်ရှိလောက်တော့မှာ မဟုတ်ဘူး.. လုဟွိုင်ရူနဲ့ ကျင့်ချိုးကို ယှဥ်ကြည့်မယ်ဆိုရင် သူက ကျင့်ချိုးကို ယှဥ်နိုင်မှာ မဟုတ်ဘူးလို့ ကျုပ် ပြောရဲတယ်.. ကျင့်ချိုးက ပညာရှင်တွေ ပေါများတဲ့ အဆုံးမဲ့လေပြေ ကျောင်းတော်မှာ ပညာသင်ခဲ့တာလေ.. ဒီလိုလူတွေနဲ့ ပညာသင်လာခဲ့ရတာ.. လုဟွိုင်ရူက လုပ်ထားသမျှကို ကျင့်ချိုက မမြင်ဘဲ နေပါ့မလား.. " ဟူ၍ စစ်ပိုင်ရုံက ဂုဏ်ယူစွာြဖင့် ပြောလိုက်သည်။

အမှန်တွင် စစ်ပိုင်ရုံသည် အပြင်ပန်းတွင် သူ့ကိုယ်သူ ယုံကြည်စိတ်ချဟန် ရှိနေသော်လည်း သူ့အပြုအမူတွေက တစ်ခြားစီပင်။ သူ့အနောက်တွင် ကပ်ပါလာသည့် ကိုယ်ရံတော် လျန့်ယုံက အချိန်မရွေး ထွက်ရှိလာနိုင်သည့် အန္တရာယ်များကို စောင့်ကြည့်ခိုင်းထားရသလို သူ့အစောင့်ကိုလည်း သူ့အနားကနေ မခွာဘဲ နေခိုင်းထားသည်။

***

ရဲတိုက်အတွင်းတွင် ပုန်းအောင်းတည်ရှိနေသည့် အခန်းကျယ်ကြီးတစ်ခု..

လုဟွိုင်ရူသည် ပလ္လင်ခုံတစ်ခုထက်တွင် ထိုင်နေလျက် ရှိကာ သူသည် လက်ရှိအခြေအနေကြောင့် မျက်မှောင်ကြုတ်ထားလျက် ရှိသည်။ ဘေးနားတွင်လည်း ဥက္ကာပျံအဆင့် စစ်သည် သုံးဦးတို့က ရှိနေကြကာ သူ့ရဲ့ အမိန့်ကို စောင့်ဆိုင်းနေကြသည်။

" တောက်.. ငွေလအဆင့် မှော်ဆရာတစ်ယောက် ပါလာမယ်လို့ ဘယ်သူက တွေးမိမှာလဲကွ.."

လုဟွိုင်ရူက မျက်နှာ ရှုံ့မဲ့စွာဖြင့် ပြောလိုက်သည်။

အစောပိုင်းတွင် ရဲတိုက်အပြင်ဘက်မှာ ဆီးနှင်းများ ထွက်ပေါ်လာခဲ့သည်ကို သူ မြင်တွေခဲ့ရသည်။ အစောင့်စစ်သည်များ တစ်ယောက်မှ မသေဆုံးကြသည်ကို တွေ့၍ လုပ်ကြံသူများမှာ သူ့အတွက် အန္တရာယ် မရှိလောက်ဟု သူ ကောက်ချက်ချလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း လုပ်ကြံသူများကို လှည့်ပင် မကြည့်လိုက်ဘဲ ရဲတိုက်အတွင်းခန်းဆီကိုသာ သူ အမြန်ပြေးလာခဲ့သည်။ ယခုမှပင် သူ နောင်တရလေပြီ။ သူ့ကို သတ်ဖြတ်ဖို့အတွက် လုပ်ကြံသူ ဘယ်နှစ်ယောက် ရှိမှန်းပင် သူ မသိရလေပြီ။

" ခေါင်းဆောင်.. ကျုပ်တို့ ဘာလုပ်သင့်လဲ.." ကာကွယ်စောင့်ရှောက်သူ သုံးယောက်က သူ့အား မေးလိုက်ချေသည်။

" ငါတို့ ဘာလုပ်လို့ ရမှာလဲ.. နှင်းမြွေကြီးနှစ်ကောင်ရဲ့ အဖျက်စွမ်းအားကြောင့် ငါ လုပ်ထားတဲ့ ထောင်ချောက်တွေ အကုန်လုံးနီးပါး ပျက်စီးသွားကုန်ပြီး မဟုတ်လား.. ကျန်တဲ့ဟာတွေက ဘာလုပ်လို့ ရတော့မှာလဲ.. အဲဒီနှင်းမြွေကြီး နှစ်ကောင်ကို စွမ်းအင် နည်းနည်းလေးလောက်ပဲ ဆုံးရှုံးစေတော့မှာ.."

လုဟွိုင်ရူ ခေါင်းကို ခါယမ်းလိုက်ရင်း ပြောလိုက်သည်။

" အင်း.. တစ်နည်းပဲ ကျန်တော့တယ်.."

သူ့ရဲ့ ရဲတိုက်အတွင်းခန်းတစ်ခုလုံးတွင် သတ်ဖြတ်ဖို့အတွက် အစည်းအတားများ ထောင်ချောက်များ ကို လိုသည်ထက် ပို၍ ထည့်သွင်းထားသည်။ တချို့နေရာများတွင် အသက်သေစေလောက်သည်။

သို့သော် ထိုနှင်းမြွေကြီးနှစ်ကောင်က..

သူ့မှာ ရှိသည် အစွမ်းထက်ဆုံး ထောင်ချက်အား အသုံးပြုဖို့ အခြေအနေတွေက သူ့အား ရွေးချယ်ခိုင်းနေလေပြီ။

" ခုနစ်ခုမြောက် စင်္ကြံလမ်းမှာ လုံးဝသတ်ဖြတ်ခြင်း အရံအတားတစ်ခု ရှိတယ်."

လုဟွိုင်ရူက ထုတ်ပြောလိုက်သည်။

" အဲဒါက ငါ သတ်ဖြတ်ခြင်းအတွက် အသုံးပြုခြင်းတဲ့ အစွမ်းထက်ဆုံး အရံအတားဝင်္ကဘာတစ်ခုပဲ.. မြွေနှစ်ကောင်က အရှေ့ကနေ ဦးဆောင်ပေးခဲ့ရင်တောင် အဲဒီ ဝင်္ကဘာက ငွေလအဆင့် စစ်သည် နှစ်ယောက် သုံးယောက်ကို သတ်နိုင်သေးတယ်.. ဒါကြောင့် မင်းတို့ သုံးယောက်ရဲ့ အကူအညီကို ငါ လိုအပ်တယ်.. လုပ်ကြံသူတွေ ဝင်္ကဘာထ ဝင်လာပြီးဆိုရင် မင်းတို့ သုံးယောက်က အရှေ့ထွက်ပြီ သူတို့ကို လက်စသတ်လာခဲ့ကြ.."

" ကောင်းပါပြီ.. အမိန့်တိုင်းပါပဲ.."

ထို့နောက် ကာကွယ်စောင့်ရှောက်သူ သုံးယောက်က ဆွဲသီးသုံးလုံးကို ကိုယ်စီ ဖွင့်လိုက်ကြသည်။ အထဲတွင် သွေးအရောင် သလင်းကျောက်တစ်တုံး ရှိနေသည်။

ထို့နောက် သုံးယောက်စလုံးသည် တွန့်ဆုတ်စွာဖြင့် သလင်းကျောက်တုံးကို ယူကာ ဝါးစားလိုက်ကြသည်။

တစ်ခဏအတွင်းမှာပဲ သုံးယောက်စလုံး၏ ခန္ဓာကိုယ်သည် ပြောင်းလဲမှု များစွာ ဖြစ်ပေါ်လာကြသည်။ စက္ကန့်ပိုင်းအတွင်း စစ်သည် သုံးယောက်စလုံး၏ အသားအရေမှာ အနီဘက် သန်းလာကြပြီ တစ်ကိုယ်လုံး တုန်ခါသွားကြပြီးလျှင် ကိုယ်တွင်းရှိ ဒိုချီစွမ်းအင်များ စတင်၍ ပြောင်းလဲလာကြသည်။

ထိုအရာမှာ သူတို့၏ အသက်စောင့်ရတနာပင် ဖြစ်ကြသည်။ နတ်ဆိုးရေသလင်းကျောက် ဖြစ်ပေသည်။ ဒဏ္ဍာရီအဆင့်တစ်ယောက်က အသုံးပြုလျှင် များစွာ အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ချေ။ သို့သော် တကယ်၍ ဥက္ကာပျံအဆင့် သို့မဟုတ် ငွေလအဆင့် စစ်သည်တို့ သုံးစွဲလိုက်မည် ဆိုလျှင် အကျိုးသက်ရောက်မှုက အတိုင်းအဆ ကြီးမားသွားလိမ့်မည်။ သဘောတရားမှာ ဥက္ကာပျံအဆင့်တစ်ယောက်က သလင်းကျောက်ကို စားသုံးလိုက်မည်ဆိုလျှင် ငွေလအဆင့်၏ ခွန်အားမျိုးကို ယာယီ ရရှိသွားလိမ့်မည်။ သို့သော် ထိုအစွမ်းသတ္တိ ပြယ်သွားခဲ့လျှင် နှစ်ရက် သုံးရက်မျှ သို့မဟုတ် ရက်ကြာကြာ အားပြတ်ကျန်ခဲ့မည်။

" ဘာမှ မနှမြောနေနဲ့.. ဒီစမ်းသပ်ပွဲ ပြီးသွားရင် ငါတို့ နောက်တစ်နေရာကို ပြောင်းကြမယ်.. နောက်ပြီး မင်းတို့အတွက်လည်း သလင်းကျောက်တွေကို ထပ်ပြီး တောင်းပေးမယ်." လုဟွိုင်ရူက ပြောလိုက်သည်။

" သွားကြတော့.. ခုနစ်ခုမြောက် စင်္ကြံလမ်းမှာ လုပ်ကြံသူတွေကို သွားစောင့်ကြတော့.."

"ဟုတ်ကဲ့ပါ.."

အသားအရေ နီမြန်းနေကြသည့် ကာကွယ်စောင့်ရှောက်သူ သုံးယောက်စလုံးသည် ထိုခန်းမကနေ ချက်ချင်း ထွက်ခွာသွားကြသည်။

ထိုသုံးယောက် ထွက်ခွာသွားသည့်အခါ နတ်ဆိုးကောင်နှင့် တူလှသော လူတစ်ယောက်က ဘေးတံခါးပေါက်ကနေ လျှောက်ဝင်လာခဲ့သည်။ သူ့ခြေလှမ်းများက ခန်းမကိုပင် တသိမ့်သိမ့် လှုပ်ခါစေသည်။ လုဟွိုင်ရူက ချက်ချင်းဆိုသလို မတ်တတ်ရပ်လိုက်သည်။

" ဘာတွေ ဖြစ်နေကြတာလဲ.. ဘာပြဿနာတွေလဲ.." နတ်ဆိုးကောင်ကဲ့သို့ တူလှသည့် လူက မေးလိုက်သည်။

" အရှင်နတ်ဘုရား.. ဒီနေရာက ပေါက်ကြားသွားပြီးလို့ ထင်တယ်.."

" ပေါက်ကြားတယ်..ဟုတ်လား.." နတ်ဆိုးကောင်နှင့် တူသည့် လူက ပလ္လင်ခုံသို့ လျှောက်သွားပြီး ထိုင်လိုက်ကာ မျက်မှောင်ကြုတ်ထားလျက် ပြန်မေးလိုက်သည်။

"သူတို့က ငါ့ကို ဘယ်လို ရှာတွေ့သွားတာလဲ.."

" တကယ်လို့ သူတို့ ရှာတွေ့သွားခဲ့ရင်..ဒါပေမဲ့ အရှင်နတ်ဘုရား..သူတို့က ငွေလအဆင့်သမားတွေပဲ ပို့လိုက်တယ်လို့ သံသယ ဝင်မိပါတယ်.. အမှန်က သူတို့တွေ စီလျောင်ဟုံ၊ ရှန်းဖန်းယွင် ဒါမှမဟုတ် အထွတ်အထိပ်အဆင့်လောက်ကို လွှတ်ရမှာလေ.."

စင်စစ် သာမန်ဒဏ္ဍာရီအဆင့်သမားက ကြေးအဆင့်တာဝန်တွေကို အလွယ်တကူ ရယူနိုင်ကြသည်။

ထိုစွမ်းအားမျိုးသည် အင်ယာတစ်ခုလုံး၏ ထိပ်သီး အယောက်သုံးထောင် စာရင်းထဲတွင် ပါဝင်ဖို့က လွယ်ကူသည်။ သို့သော် ကွဲပြားသည့်အချက်က သူတို့၏ နာမည်သည် ထိုစာရင်းတွင် ပါဝင်သလား မပါဝင်သလား ဆိုတာကိုပင်။

စီလျောင်ဟုံအတွက်မူ သူမသည် နှစ်ပေါင်း ငါးရာကျော် နေထိုင်ခဲ့သူ ဖြစ်သည့်အပြင် သွေးအေး ရက်စက်သည့် နတ်ဆိုးတစ်ကောင် ကဲ့သို့လည်း စရိုက်ရှိသူတစ်ယောက် ဖြစ်၏။ သို့သော် ရှန်းဖန်းယွင်က စီလျောင်ဟုံထက် ပို၍ ရက်စက်ကြမ်းကြုတ်သည်။

နှစ်ယောက်စလုံးသည် နဂါးတောင်အင်ပါယာအတွင်း ဒဏ္ဍာရီအဆင့် ထိပ်သီး အယောက် ၅၀၀ တွင် ရပ်တည်နေကြသူ နှစ်ဦး ဖြစ်သည်။ သူတို့နှင့် သာမန်ဒဏ္ဍာရီအဆင့်တို့ကို နှိုင်းယှဥ်ဖို့က ကောင်းကင်နှင့် မြေကြီးအလား ကွာဟချက် ကြီးလွန်းပေသည်။

" ငွေလအဆင့်လောက်ပဲလား.." နတ်ဆိုးကောင်လို ပုံစံရှိသည့် လူက လှောင်ရယ်လိုက်လေသည်။

" ငါ့အရှေ့မှာ သူတို့က ပုရွက်ဆိတ်သာသာပဲ ရှိတာ.. စိတ်မကောင်းစရာပဲ.. မင်း ဒီမှာ ရက်နည်းနည်းလောက်ပဲ နေရပြီ ထပ်ပြေးရဦးမယ်ပေါ့.."

အပိုင်း ( ၄၃ ) သတ်ဖြတ်ခြင်းဝင်္ကဘာ

ခုနစ်ခုမြောက် စင်္ကြံလမ်းတွင် ကာကွယ်စောင့်ရှောက်သူ သုံးယောက်က လက်နက်ကိုယ်စီ ကိုင်စွဲထားကာ စောင့်ဆိုင်းနေကြသည်။

" သူတို့ ရောက်လာကြပြီ.." တစ်ယောက်သော သူက အသံကို နှိမ့်၍ ပြောလိုက်သည်။

ဝရုန်းး

ပြိုလဲကျိုးကြေသော အသံများ စတင်ကြားရလာကာ မြေပြင်မှာလည်း တုန်လှုပ်လာသည်။

ကာကွယ်စောင့်ရှောက်သူ သုံးယောက်ထဲက အရပ်ပုဆုံးလူက ချောင်းကြည့်ပေါက်ကနေ လှမ်းချောင်း ကြည့်လိုက်သည်။ သူ မြင်လိုက်ရသည်က ကြီးမားသည့် နှင်းမြွေကြီးနှစ်ကောင်က တစ်ကိုယ်လုံး တွန့်လိမ်ကောက်ကွေးလျက် လာနေသည်ကို မြင်ရသည့်အပြင် မြွေကြီး၏ ခန္ဓာကိုယ်က တစ်ဖက်တစ်ချက်က နံရံကိုပါ ဖြိုချသွားသည်ကိုပါ မြင်လိုက်ရသည်။ တစ်ခါတရံတွင် နံရံများက ကြေမွပျက်စီးသွားရသလို တစ်ခါတရံတွင်လည်း အောက်ခင်းကြမ်းပြင်တို့သည်လည်း အပိုင်ပိုင်း အက်ကွဲသွားသည်။

"အဲဒီ နှင်းမြွေကြီးနှစ်ကောင်က တကယ့်ကို ကြမ်းတမ်းတာပဲ.. ဒီလောက် ထောင်ချောက်တွေ အများကြီး ခင်းထားတာတောင် အဲဒီ မြွေတွေရဲ့ တိုက်ခိုက်မှုကို မခံနိင်ကြဘူး.. ကံကောင်းတာက မြွေကြီးတွေဆီက ထွက်လာတဲ့ သက်ရောက်အားတွေက ဒီ ခုနှစ်ခုမြောက် စင်္ကြံလမ်းမှာ ရှိတဲ့ ဝင်္ကဘာကို သိပ်မထိလို့.."

အရပ်ပုဆုံး ကာကွယ်စောင့်ရှောက်သူက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ အစည်းအတား ဝင်္ကဘာ တွေသည် အဆင့်များစွာ ခွဲထားသည်ဖြစ်ရာ ဝင်္ကဘာတိုင်းလိုလိုအား နှင်းမြွေကြီးတို့ ဖျက်ဆီး၍ ရနိုင်မှာ မဟုတ်နေချေ။

" အသင့်ပြင်ထားတော့.. သူတို့ စင်္ကြံလမ်းထဲ ဝင်လာတာနဲ့ ငါတို့ ထောင်ချောက်ကို အသက်သွင်းလိုက်မယ်.."

အရပ်ရှည်ဆုံး ကာကွယ်စောင့်ရှောက်သူက ပြောလိုက်သည်။

" သူတို့ ငါတို့ဆီကို လာနေပြီးနော်.. ငါ အချက်ပြတာကို စောင့်ဦး.."

အရပ်ပုဆုံး ပြန်လည် ပြောလိုက်ရင်း သူတို့ထံ ရွှယ်ယင်နှင့် တစ်ခြားသူတို့ နီးကပ်လာသည်ကို ထပ်မံ စောင့်ဆိုင်းနေလိုက်သည်။

***

မြွေကြီးနှစ်ကောင်၏ အနောက်တွင် လူ ၅ယောက်တို့က ကပ်လိုက်ပါလာကြသည်။ သူတို့ကား လုဟွိုင်ရူအား ဖွေရှာနေကြခြင်း ဖြစ်သည်။ ရှစ်မြောင့်ထောင့် ပုံစံရှိသည့် ရဲတိုက်ကြောင့် သူတို့သည် အခန်းကျယ်ကြီး ၈ ခန်းကို အစဥ်လိုက် ရှင်းလင်းရမှာ ဖြစ်၏။

ထိုအခိုက်တွင် သူတို့သည် အခန်းကျယ်ကြီးတစ်ခုသို့ ချိုးဝင်ကာ လျှောက်လာကြသည်။

စစ်ပိုင်ရုံနှင့် ဆံပင်အနက်ရောင် လျန့်ယုံတို့က အရှေ့မှ လျှောက်လျက်.. သူတို့၏ အနောက်တွင် ကျင့်ချိုးက သူမ၏ မှော်တောင်ဝှေးကို ကိုင်ဆောင်ထားလျက်။ သူမမှာ ရေခဲချပ်ဝတ်တစ်ခုကို သူမကိုယ်ပေါ်တွင် မန်းမှုတ်ထားလျက် ကြိုမမြင်နိုင်သည့် အန္တရာယ်အတွက် ပြင်ဆင်ထားလေသည်။

ရွှယ်ယင်နှင့် ထန်းရှုံးတို့က သူမ အနောက်တွင် ဘယ်ညာခွဲ၍ လိုက်ပါလာကြသည်။

"ဒီရဲတိုက်ရဲ့ အတွင်းလိုဏ်ခေါင်းခန်းတွေက တကယ်ကို ကျယ်လွန်းတယ်ဟ.. လုဟွိုင်ရူက ဘယ်နား ပုန်းနေတာလဲ မသိဘူး.."

စစ်ပိုင်ရုံက စိတ်မရှည်စွာ မေးလိုက်သည်။

" အလျင်မလိုပါနဲ့.."

" ငါတို့ အတွင်းလိုဏ်ခေါင်းခန်းတွေ အားလုံးကို စစ်ဆေးလာခဲ့တာ.. အခုဆို အခန်းခြောက်ခန်း ပြီးသွားပြီ.. နှစ်ခန်းပဲ ကျန်တော့တယ်.. တကယ်လို့ အခန်းရှစ်ခန်းစလုံး ကုန်သွားလို့ လုဟွိုင်ရူကို မတွေ့ရသေးရင် ဖြစ်နိုင်တဲ့ နေရာက ဒီရဲတိုက်အောက်ခြေမှာပဲ ဖြစ်လိမ့်မယ်.. နဂါးတောင်အိမ်တော်ရဲ့ မှော်ယာဥ်ပျံက လေပေါ်မှာ ရှိနေပြီးတော့ ငါတို့က အထဲမှာ ရှိနေတာ.. သူ ဘယ်လိုမှ လွတ်နိုင်မှာ မဟုတ်ဘူး.."

" အင် " ပိုင်ရုလည်း သူ့ခေါင်းကို ညိတ်လိုက်သည်။

" ဝရုန်း" ရုတ်တရက် တုန်ခါမှုတစ်ရပ်က ခုနစ်ခန်းမြောက် အချိုးအကွေ့အနားကနေ ထွက်ရှိလာသည်။ မြေပြင်ကြီးက အက်ကွဲတော့မည့်မတတ် ဖြစ်လာကာ အောက်ခြေမှလည်း တွင်းချိုင့်ကြီးများ ထွက်ပေါ်လာသည်။ ၎င်းတွင်းများတွင် မရေတွက်နိုင်အောင် ရှိနေသည့် ချွန်ထက်မြသော လှံချွန်များ ထောင်လျက်သား ရှိနေသည်ကို မြင်ရလေသည်။ ပို၍ ဆိုးသည်က လှံထိပ်ဖျားကို အဆိပ်တို့ဖြင့် သုတ်လိမ်းထားခြင်းပင်။

မြေကြီးကနေ တွင်းကျယ်ကြီးများ ကျယ်ပြန့်စွာ အက်ကွဲထွက်လာသည်ကို ရွှယ်ယင်တို့ အုပ်စုလည်း တုံ့ဆိုင်းနေခြင်း မရှိဘဲ ချက်ချင်း ရှောင်တိမ်းလိုက်ကြသည်။

ကံကောင်းသည်က နှင်းမြွေကြီးနှစ်ကောင်က မြေပြင်ကြီးကို ဖျက်ဆီးပစ်၍ အရှေ့တိုးလာခဲ့ကြသည် ဖြစ်ရာ ယခု ထောင်ချောက်က အသက်ဝင်သွားသော်လည်း တချို့သော မြေကြီးအပိုင်းများက အသက်ဝင်မှုမရှိဘဲ ရပ်တန့်နေ၍ မြေပြင်များ နောက်ထပ် အက်ကွဲမှုများ ဆက်လက် မဖြစ်ပေါ်တော့ချေ။

ထို့ကြောင့်လည်း ရွှယ်ယင်တို့မှာ အားပင် သိပ်မစိုက်လိုက်ရဘဲ ထောင်ချောက်ကို အလွယ်တကူ ရှောင်တိမ်း၍ ရသွားကြသည်။

" ဝရုန်း" ဘေးတစ်ဖက်တစ်ချက်က နံရံများ တုန်ခါလာကာ ဝုန်းခနဲ အပိုင်းအစများအဖြစ် ပြိုကွဲအက်ထွက်ကုန်သည်။ မရေတွက်နိုင်သော ကျောက်တုံးများ မြေပြင်ထက်သို့ တဝုန်းဝုန်းဖြင့် ပြုတ်ကျလာသည်။ ထို့အခါ နံရံအတွင်းတွင် ဖွက်ထားသည့် ယန္တရားဒူးလေးကြီးများက ရုပ်လုံး ထွက်ပေါ်လာလေသည်။

စက်ယန္တရားများ၏ ခွေးသွားစိပ်များ မောင်းတင်နေသည့်အသံကိုပင် စတင်ကြားရလေသည်။

မရေတွက်နိုင်သော မြားတံများက သူတို့ထံ ချိန်ထားလျက်...

မြားချောင်းတစ်ချောင်းချင်းစီက ပေါင်လုံးလောက် ထူထဲကြီးမားပေသည်။

ထိုအရာကို ကြည့်ပြီ ပိုင်ရုံ၊ ထန်ရှုံး၊ ကျင့်ချိုးနှင့် တစ်ခြားသူတို့ကပါ မျက်နှာပျက်သွားကြသည်။

မြားတွေက ကြီးလှချည်းလား..

" မကောင်းတော့ဘူး.." ကျင့်ချိုး၏ မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားကြသည်။ ယန္တရားဒူးလေးကြီးများကို ကြည့်လိုက်လျှင် ၎င်းတို့ကို ထိန်းချုပ်ထားသည့် ခွေးသွားစိပ်များက နှေးကွေးစွာ လည်ပတ်နေသည်ကို တွေ့ရမည်။ အကြောင်းကား အစောပိုင်းက ပြိုကျပျက်စီးသွားရသည့် အဖြစ်ကြောင့်ပင်။

မြွေကြီးတွေက နံရံနှင့် မြေပြင်ကိုပါ ဖျက်ဆီးသွားသည်က ကောင်းပေမဲ့ အခုမှာ ဒူးလေးကြီးတို့ မြားပစ်လွှတ်ဖို့ကို မတားဆီးနိုင်ခဲ့ပေ။ ထို့အပြင် ပျက်စီးသွားခြင်းကြောင့် ဒူးလေးကြီးက မောင်းအားတင်းသည့် နေရာမှာပင် ပို၍ အကူအညီပေးသလို ဖြစ်နေလေပြီ။ အချိန်ကြာကြာ မောင်းတင်းရလေ.. ပို၍ အားကောင်းစွာ ပစ်လွှတ်နိုင်လိမ့်မည်။

" နံရံထောင့်လေးထောင့်ကို တစ်ယောက်ကို တစ်နေရာစီ ယူကြ.."

အတွေ့အကြုံရှိသည့် လျန့်ယုံနှင့် ထန်းရှံးတို့က အော်ပြောလိုက်သည်။ အသက်ဘေးနှင့် နီးကပ်သည့် အကျဥ်းအကျပ်ထဲ ရောက်သွားလိုက်မှန်း အားလုံး သိလိုက်ကြသည်။

ဘုန်းး ဘုန်းး ဘုန်းး...

ဆတ်ခနဲ လှုပ်ခါသွားခြင်းနှင့်အတူ မြားတံများ ထွက်ရှိလာသည့် အသံက ကြည်လင်ပီသလှသည်။ နေရာစုံ ထောင့်စုံက မြားများ ပစ်လွှတ်ထွက်ရှိလာသည်။ အရှေ့ကနေ အနောက်ကနေ ဘေးနှစ်ဖက်ကပါမကျန် ပစ်လွှတ်လာကြသည်။ ရွှယ်ယင်နှင့် တစ်ခြားသူတို့မှာ ခန်းမ၏ အလယ်တွင် ရှိနေ၍ ဒူးလေးနှင့် သူတို့သည် ဆယ်မီတာအကျော်လောက်သာ ဝေးလေ၏။ အနီးဆုံး ဒူးလေးမှာ ၁၀ မီတာသာ ဝေးလေသည်။

ရွှီး.. ဝှစ်.. ဝှစ်..

မြားတံများ လေထုကို ခွင်းဖောက်လာသည့်အသံများ..

တစ်ခဏအတွင်းမှာပဲ.. ခန်းမ၏ စင်္ကြံလမ်းတစ်လျှောက်တွင် မြားတံပေါင်း အချောင်းတစ်ရာကျော် ပြေးလွှားသွားလေသည်။

ကံကောင်းသည်တစ်ခုက ယန္တရားဒူးလေးကြီးများကို အစီအရင်များနှင့် စက်ခွေးသွားစိပ်များဖြင့် ထိန်းချုပ်ထားသည် ဖြစ်၍ မြားတံများ တကယ်ရောက်ရှိသည်က လူတစ်ဦးလျှင် ဆယ်ချောင်းလောက်သာ ဖြစ်ချေသည်။

" ကာကွယ်ကြဟေ့.."

" အားလုံး.. ကိုယ့်ဘာသာ ကာကွယ်ကြ.."

ထန်ရှုံးနှင့် လျန့်ယုံတို့က ထပ်မံ အော်ဟစ်လိုက်ကြသည်။

" ဘန်းး " ဒိုင်းတစ်ခုနှင့် ဓားရှည်တစ်ချောင်း ကိုင်စွဲထားသော လျန့်ယုံက သူ့ဆီ ဝင်လာခဲ့သည့် မြားတို့ကို ရိုက်ချလိုက်သည်။ တစ်ချိန်တည်းမှာပဲ ဒိုင်းဖြင့် ကိုယ်ကို ကာထားလိုက်ပြန်သည်။ တစ်ကြိမ် ကာကွယ်သည်နှင့် ကျန်သည့် မြား ၈ ချောင်း ၉ ချောင်းကိုပါ တစ်ပြိုင်နက် ကာကွယ်လိုက်သကဲ့သို့ ဖြစ်သည်။ သူ့၏ ဒိုင်းဖြင့် မြားပစ်အား၏ သက်ရောက်မှုကို ခုခံလိုက်သော်လည် တိုးဝင်လာသည်ံ မြားတံအားတို့က အံ့မခန်းပင်။

တကယ်၍ဒိုင်းသာ မရှိခဲ့လျှင် သံချပ်ဝတ်အင်္ကျီကို ဝတ်ဆင်ထားပေမဲ့ ဒူးလေးမြား၏ အားကို ခုခံကာကွယ်နိုင်မှာ မဟုတ်ချေ။ အသက်ပင် သေရလိမ့်မည်။

" ထန်းး ထန်းး ထန်းး "

အသက် ၁၆၀ ရှိသည့် ထန်ရှုံးမှာ သူ့ဆီ ဝင်လာသည့် မြားတို့ကို ဓားတိုတစ်ချောင်းဖြင့် အကုန်ရှင်းထုတ်လိုက်လေသည်။ အတော်လေး အတွေ့အကြုံ များသည့် အဘိုးကြီးတစ်ယောက်ပင် ဖြစ်ချေတော့သည်။

" တောက်ကွာ.." ငွေလအဆင့် ရှိသည့် စစ်ပိုင်ရုံမှာ သူရဲ့ အသွားနှစ်လက် ဓားကြီးဖြင့် သူ့ဆီ ဝင်လာသမျှ မြားတို့ကို အတတ်နိုင်ဆုံး ကြိုးစား ကာကွယ်နေရသည်။ အဘိုးကြီး နှစ်ယောက်နှင့် ယှဥ်လျှင် သူ့အတွက် အတော်လေး ခက်ခဲသည်ဟု ဆိုရမည်။

ဘန်းး ဘန်းးး ဘန်းး

မြားတံများ အားလုံးထံသို့ ပျံဝင်နေ၏။ စစ်ပိုင်ရုံမှာ ငွေလအဆင့် စစ်သည်တစ်ယောက် ဖြစ်သော်လည်း မြားတံတို့၏ အလျင်နှုန်းကို သူ့၏ ကြံ့ခိုင်သော ခန္ဓာကိုယ်၊ လျင်မြန်စွာ လှုပ်ရှား တုံ့ပြန်နိုင်ခြင်းကြောင့် ကောင်းစွာ ထိန်းထားနိုင်သည်ဟု ဆိုရမည်။ သို့သော် ဓားသိုင်းပညာရပ်တွင် အသိအမြင် နားလည်မှုတို့ အားနည်းခြင်းကြောင့် သူ့မှာ စွမ်းအင်များစွာ သုံးစွဲနေရသည်။

စစ်သည်သူရဲကောင်းတစ်ယောက်၏ အဆင့်သည် တိုက်ပွဲတွင် သူ မည်မျှအထိ လုပ်ဆောင်နိုင်သည့်အပေါ်မှာ မဆုံးဖြတ်ပါချေ။

တကယ်တမ်းတွင် ငွေလအဆင့် စစ်သည်သူရဲကောင်း တစ်ယောက် ဖြစ်လာဖို့ဆိုတာ သူ့ကိုယ်တွင်းက ဒိုချီစွမ်းအင်အား သန့်စင်စွာဖြင့် တိုးများလာစေခဲ့နိုင်လျှင် ထိုအဆင့်ကို ရောက်ရှိပါလိမ့်မည်။ သို့သော် သိုင်းပညာရပ်တွင် ကျွမ်းကျင်မှုတို့တွင် တစ်ခြားသော အကြောင်းအရာများစွာအပေါ် မူတည်နေသေး။

စစ်ပိုင်ရုံသည်လည်း သူ့ရဲ့ စစ်ကလန်က ပညာရှင်များစွာဖြင့် လေ့ကျင့်ခဲ့ရေသာ်လည်း သူသည် ဓားနှင့် တစ်သားတည်းအဆင့်ကို မရောက်ရှိနိုင်သေးချေ။ သူ့ရဲ့ သိုင်းပညာအခြေခံမှာ အတော်လေး ခိုင်မာသည်ဟူ ဆိုရမည်။ ထို့အပြင် သူက သာမန်စစ်သည်တို့နှင့် တိုက်ရသည်ဖြစ်၍ထိုအခါက ပြဿနာ မရှိခဲ့ချေ။ သို့သော် ယနေ့မှာ ယခုလို သေရေး ရှင်ရေး အခြေအနေဖြင့် ကြုံလာသည့်အခါ၊ မြားများစွာက လျင်မြန်စွာဖြင့် သူ့ထံ ဝင်လာနေသည့်အခါ ထိုကဲ့သို့ အခြေအနေမျိုးမှာ သူ့၏ ပင်ကိုယ်စွမ်းရည်နှင့် ပင်ကိုယ်တုံ့ပြန်မှုတို့အပေါ်မှာသာ မူတည်နေတော့သည်။

" မဟုတ်ဘူး.." ပိုင်ရုံ၏ နဖူးတွင် ချွေးစေးများ ယိုစီးကျလာသည်။ ရုတ်တရက် သူမှာ ဟာကွက်များ ထွက်ရှိလာသည်။

" ဟူ " ထိုကဲ့သို့ အရေးပေါ်ချိန်တွင် ဒိုင်းတစ်ခုက သူ့ထံ ပျံသန်းလာကာ မြားတံတို့အား ရိုက်ချသွားသည်။

ဒိုင်းကို ပစ်လိုက်သူမှာ စစ်ပိုင်ရုံ၏ ကိုယ်ရံတော်အစောင့် လျန့်ယုံ ဖြစ်ချေ၏။

မြားတံများ တစ်ချိန်လုံး ရှင်းထုတ်နေရသည့်အချိန်မှာ လျန့်ယုံမှာ ပိုင်ရုံအား သတိထား ကြည့်နေခဲ့သည်။ ဤတာဝန်တွင် ပါဝင်ခဲ့ရသည့် အကြောင်းအရင်းက သူ့သခင်လေးကို ကာကွယ်စောင့်ရှောက်ဖို့ပင် ဖြစ်၏။

စင်စစ် သူတို့ထံ ဝင်လာနေသည့် မြားတို့မှာ အလွန်ကို မြန်ဆန်ကြသည်။ သူ့အနေဖြင့် သူ့တစ်ကိုယ်စာသာ ကာကွယ်နိုင်ဦးမည်။ တစ်ခြားသူတစ်ယောက်ကို အဘယ်ကဲ့သို့ ကာကွယ်ပေးနိုင်မှာလဲ။ သို့သော် ထိုကဲ့သို့ အကူအညီ လှမ်းပေးလိုက်ခြင်းကြောင့် သူ့အတွက် သူ ကာကွယ်ဖို့ကို လစ်ဟင်းသွားလိုက်သည်။

ဘန်း ဘန်းး ဘန်း

သူ့လက်ထဲက ဓားရှည်ဖြင့် မြားနှစ်ချောင်းကို ရိုက်ထုတ်နိုင်ခဲ့သည်။ သို့သော် တတိယမြောက် မြားတံကိုမူ..

" အား.." လျန့်ယုံ အော်ညည်းလိုက်မိသည်။ သူ့ရဲ့ ခွန်အားဖြင့် တတိယ မြားကို ရှောင်လိုက်သော်လည်း ထို တုတ်ခိုင်သည့် ဒူးလေးမြားတံက သူ့ ညာဘက်လက်ကို စုတ်ပြဲပစ်သွားလိုက်သည်။

ရွှစ်.. ရွှစ်..

များမကြာမီမှာပဲ ဒူးလေးမြားများ ရပ်တန့်သွားသည်။

" အင်း.. ဒီလောက် မြားတွေ အများကြီး.. အနီးကပ်ကနေ ရင်ဆိုင်နေရတောင်မှ လျန့်ယုံက သူ့ကိုယ်သူ ကာကွယ်ဖို့ စိတ်မကူးဘဲ.. သူ့သခင်လေးကို ကာကွယ်ဖို့ကိုပဲ စိတ်ထည့်ထားတယ်.. တော်သေးတာပေါ့.. သူက မသေသွားတာ.."

ထန်ရှံးက စိတ်ထဲတွင် တွေးရင် အသက်ပြင်းချလိုက်သည်။

" အဘိုးကြီးလျန့်.. အဘိုးကြီးလျန့်.."

စစ်ပိုင်ရုံက လျန့်ယုံထံ ပြေးလာပြီ သူ့ကို ဖေးမလိုက်သည်။ လျန့်ယုံ၏ ညာဘက်လက်မှာ သွေးများ ပန်းထွက်နေဆဲပင်။ ထို့နောက် ဒဏ်ရာကနေ သွေးပန်းထွက်နေတာ ရပ်တန့်ဖို့အတွက် လျန့်ယုံက တုန့်ဆိုင်းခြင်း မရှိဘဲ ပိုးထည်တစ်စကို ထုတ်ယူလိုက်ကာ သူ့ ညာဘက်လက်ပေါ်တွင် ခပ်တင်းတင်း စည်းထားလိုက်သည်။

" ငါ အဆင်ပြေပါတယ်.. ညာဘက်လက်ပဲ ဖြစ်တာပါ.." လျန့်ယုံက ပြောလိုက်သည်။

တကယ်တမ်းတွင် လျန့်ယုံ၏ အမူအကျင့်မှာ စစ်ကလန်အပေါ် သစ္စာရှိပြီ အားထားသူ တစ်ယောက် မဟုတ်ပါချေ။ သူ့ကို စစ်ကလန်က ခေါ်ယူကျွေးမွေးခဲ့ပြီ သူ့ကလန်ကလည်း ဆက်လက်ရှင်သန်နိုင်ဖို့ စစ်ကလန်အပေါ် မှီခိုအားထား နေရခြင်းကြောင့် ဖြစ်၏။ တကယ်၍ စစ်ပိုင်ရုံသာ သေသွားခဲ့ရလျှင် သူနှင့် သူ့ကလန်အပေါ်တွင် ဆိုးကျိုးများစွာ ဖြစ်လာမည်မှာ မုချပင်။

" ရွှယ်ယင်ကလည်း အတော်လေး ကြောက်စရာကောင်းတာပဲ.. ငါမှာတော့ အစွမ်းကုန် ကြိုးစားပြီး မြားတွေကို ကာကွယ်လိုက်ရတာ.. သူကျတော့ ဘာမှ အားသိပ်မစိုက်ရဘဲ မြားတွေကို အေးဆေး ကာကွယ်သွားတာပဲ.. "

ထန်ရှုံးက ဆက်လက်၍ တွေးမိလိုက်ပြန်သည်။ သူ့မှာ စိတ်အာရုံကို စုစည်း၍ မြားတို့အား ရှင်းလင်းနေလေရာ ရွှယ်ယင်က မည်သည့် သိုင်းပညာဖြင့် အသုံးပြုလိုက်သည်ကို သူမမြင်ရလိုက်ချေ။ သို့သော် တည်ငြိမ် အေးဆေးစွာ ရှိနေတာကို ကြည့်၍ ထန်ရှုံး အကဲခတ်လိုက်လေသည်။

"စိတ်မကောင်းစရာပဲ.." ရွှယ်ယင် ခေါင်းကို ခါယမ်းလိုက်သည်။ သူက စစ်ပိုင်ရုံအား အမြင်မကြည်ပါသော်လည်း လျန့်ယုံနှင့် သူ့မှာ မည်သည့်ရန်ငြိုးမှလည်း မရှိပေ။ တကယ်၍ အခွင့်အရေး ရခဲ့ရင် သူလည်း ကူညီပေးလိုက်မှာ အမှန်ပင်။ သို့သော် ကံမကောင်းစွာဖြင့် သူက အနောက်မှာ ရှိနေရာ လျန့်ယုံနှင့် အနည်းငယ် လှမ်းနေသေးသည်။ ထို့ကြောင့်လည်း သူ့အတွက်က အချိန်မီ ရောက်ဖို့က မဖြစ်နိုင်ပေ။ ကျင့်ချိုးအတွက်မူ ပို အခွင့်အရေး ရှိသည်။

ကျင့်ချိုးမှာ အုပ်စု၏ အလယ်တွင် ရှိနေသူ ဖြစ်သော်လည်း သူမက မှော်ဆရာတစ်ယောက် ဖြစ်နေ၍ ထိုကဲ့သို့ ဒူးလေးမြားတို့ကို တန်ပြန် ကာကွယ်ဖို့ကို သူမလည်း ဘာမှ မလုပ်နိုင်ခဲ့ချေ။

" သတိထား.." ကျင့်ချိုးက ရုတ်တရက် သတိပေးလိုက်သည်။ နောက်ထပ် အန္တရာယ်တစ်ခုကို သူမ သတိထားမိနေလေပြီ။

ရွှစ်.. ရွှစ်.. ရွှစ်..

ဒူးလေးကြီးများ၏ အနောက်ကနေ အရိပ်သုံးခုက ထွက်ရှိလာသည်။ ထွက်ရှိလာသည့် အလျင်နှုန်းကို ကြည့်၍ ထိုသုံးယောက်မှာ အနိမ့်ဆုံး ငွေလအဆင့်ရှိသူများ ဖြစ်ကြသည်။ လျှပ်တပြက်အတွင်း ထိုသုံးယောက်က ရွှယ်ယင်တို့ အုပ်စုအနားကို ရောက်ရှိလာသည်။

" သတိထား.." " လျန့်ယုံ.."

ထန်ရှံးက အော်ဟစ်လိုက်သည်။

" သခင်လေး.." လျန့်ယုံက အော်ဟစ်လိုက်ကာ သူကိုယ်တိုင်နှင့် စစ်ပိုင်ရုံကို သူ့လက်ထဲက ဒိုင်းဖြင့် ကာကွယ်လိုက်ကာ စောင့်ရှောက်သူ နှစ်ယောက်၏ အလစ်ဝင် တိုက်ခိုက်မှုကို တန်ပြန်ခုခံလိုက်သည်။

အစောပိုင်းက တိုက်ပွဲအခြေအနေတွင် အားအနည်းဆုံးသူမှာ ပိုင်ရုံ ဖြစ်မှန်း စောင့်ရှောက်သူ သုံးယောက်က သဘောပေါက်လိုက်ကြသည်။ ထို့အပြင် ဆံပင်အနက်ရောင်နှင့် လူကြီးမှာလည်း ဒဏ်ရာ ရထားသူ ဖြစ်၍ သူတို့ နှစ်ယောက်စလုံးကို တိုက်ခိုက်သတ်ဖြတ်ဖို့က သူတို့အတွက် လွယ်ကူသွားကြသည်။

" ရပ်လိုက်စမ်း"

တတိယ ကာကွယ်စောင့်ရှောက်သူမှာ ကျင့်ချိုးထံသို့ ပြေးဝင်သွားသည်။

" ရပ်စမ်း.." ထန်ရှုံးက တားမြစ်လိုက်သည်။ သူ၏ ဓားတိုဖြင့် တတိယ ကာကွယ်စောင့်ရှောက်သူကိုလည်း ဝင်ကာလိုက်သည်။

အုပ်စုအနောက်တွင် ရှိနေသည့် ရွှယ်ယင်လည်း သူ့လှံကို ဝင့်ကာ ရန်သူထံသို့ ပြေးဝင်သွားသည်။

***

" သခင်လေး.. အတူတူ တိုက်ရအောင်.."

လျန့်ယုံက လက်တွင် ကိုင်ဆောင်ထားသည့် ဒိုင်းဖြင့် တစ်ဖက်က အပြင်းအထန် တိုက်ခိုက်လာမှုကို ဟန့်တားလိုက်လေသည်။

စစ်ပိုင်ရုံမှာမူ မျက်နှာက ဖြူဖျော့နေချေပြီ။ သူကား အသွားနှစ်ဖက် ဓားကြီးကို ကိုင်ဆောင်၍ ပြန်လည် တိုက်ခိုက်ပါသေးသည်။ သို့သော် တစ်ဖက်လူမှာ အလွန်ကို လျင်မြန်လွန်းနေ၏။ စစ်ပိုင်ရုံမှာ ပွတ်ကာသီကာဖြင့် တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ရှောင်ရှားနေရသည်။ ပြောရမည်ဆိုလျှင် တစ်ဖက်လူက အသားစီးရနေသည်ဟု ဆိုရမည်။

ထို့ကြောင့်လည်း စစ်ပိုင်ရုံမှာ မည်သူမှ မထင်ထားသည့် အရာတစ်ခုကို လုပ်လိုက်သည်။ သူ့၏ ကိုယ်ရံတော်အစောင့်ကိုလည်း ဂရုမစိုက်တော့သလို ကျင့်ချို သူ့အား အထင်သေးသွားမှာကိုလည်း ဂရုမစိုက်တော့ချေ။ အနောက်ဆုတ်ပြေးဖို့သာ သူ ဆုံးဖြတ်လိုက်သည်။ သူက အနောက်ဆုတ်ပြေးကာ အုပ်စု၏ နောက်ဆုံးအထိ ရောက်အောင် ဆုတ်ပြေးလိုက်သည်။ တစ်ခြားလူတွေက သူ့အတွက် ဝင်ခံပေးလိမ့်မည်ဟု သူ မျှော်လင့်လိုက်သည်။

တကယ်တမ်းတွင် စစ်ပိုင်ရုံသာ ဦးနှောက်ရှိခဲ့မည်ဆိုလျှင် လျန့်ယုံနှင့် ပေါင်း၍ ခံတိုက်ခဲ့ပါက တိုက်ပွဲအချိန်ကို ခဏတာမျှ ဆွဲဆန့်နိုင်ဦးမည် ဖြစ်သည်။ ရွှယ်ယင်က သူတို့ဆီကို ရောက်လာခဲ့လျှင် အခြေအနေက အကောင်းဘက် ရောက်သွားလိမ့်မည်။

သို့သော် စစ်ပိုင်ရုံက သူ့အတွက်သာ ဂရုစိုက်သည်။ သူ့ ဆုံးဖြတ်ချက်က အနောက်ဆုတ်ဖို့ပင်။ ထို့ကြောင့်လည်း စစ်ပိုင်ရုံကို တိုက်ခိုက်နေသည့် ကာကွယ်စောင့်ရှောက်သူက ပစ်မှတ် ပြောင်းလိုက်ကာ လျန့်ယုံကို ဖြတ်ခုတ်လိုက်သည်။

လျန့်ယုံမှာ လက်တစ်ဖက်ဖြင့် ဒိုင်းကို ကိုင်ကာ တစ်ဖက်က တိုက်ခိုက်လာသည်ကိုပင် အသည်းအသန် ကာကွယ်နေရသည်ဖြစ်ရာ နောက်ထပ်တစ်ယောက်ပါ ဝင်ရောက်၍ နှစ်ဖက်ညှပ် တိုက်ခိုက်လာခြင်းကြောင့် သူလည်း ကြာရှည်စွာ မထိန်းထားနိုင်တော့ချေ။

" အား.."

ဓားမော့ရှည်တစ်လက်က သူ့နောက်ကျောကနေ ပျံဝင်လာကာ သူ့လည်ချောင်းအား ဖြတ်လှီးသွားချေသည်။ မျက်လုံးအစုံကို ပြူးကျယ်ထားလျက် လျန့်ယုံမှာ သေခြင်းတရားကို လက်မခံနိုင်သေးသလိုပင်။ ထိုမျက်လုံးများတွင် မျှော်လင့်ချက် အလင်းတန်းရေးရေးကို မြင်နေရ၏။ တကယ်၍ သူသည် တိုက်ပွဲအတွင်း သေဆုံးရသော်လည်း ထိုအတွက် စစ်ကလန်ကနေ သူ့ သားမြေးများအတွက် နေဖို့ နေရာလေးတစ်ခု ပေးဦးမည်ဆိုသည့် မျှော်လင့်ချက်အလင်းရောင်ပင် ဖြစ်လေ၏။

ကြမ်းပြင်ပေါ် ပြိုလဲကျသွားလေပြီ။ ကိုယ်ရံတော်အစောင့် လျန့်ယုံကား သေသွားရလေသည်။

ဒါသည် သူတို့ အုပ်စုထဲက ပထမဆုံး အဖွဲ့ဝင်တစ်ယောက် သေဆုံးရခြင်း ဖြစ်၏။

ငွေလအဆင့် စစ်သည်တို့၏ တိုက်ပွဲကား အလွန်တရာ မြန်ဆန်လှပေ၏။

တကယ်၍ တစ်စုံတစ်ယောက်က တစ်စက္ကန့်အတွင်း ဓားတစ်လက်က မည်မျှအထိ မြန်ဆန်နိုင်မလဲဟု မေးလာခဲ့ရင် ငွေလအဆင့်တစ်ယောက်က တစ်စက္ကန့်အတွင်း ဓားချက်ပေါင်း တစ်ရာကျော်အထိ ထုတ်နိုင်သည်ဟု ဖြေရမည်သာ။

ထို့အပြင် လျန့်ယုံတို့၏ တိုက်ပွဲ ဘာကြောင့် လျင်မြန်စွာ ပြီးဆုံးရသလဲဟု မေးလာခဲ့လျှင်လည်း တစ်ခုတည်းသော အဖြေမှာ စစ်ပိုင်ရုံက ကိုယ်လွတ်ရုန်း ဆုတ်ပြေးသွားလိုက်သည့် အကြောင်းပင် ဖြစ်ချေသည်။ ထို့ကြောင့်လည်း လျန့်ယုံမှာ တစ်ဖက်က အတွေ့အကြုံ ရှိသည့် စစ်သည်နှစ်ယောက်ကို ရင်ဆိုင်လိုက်ရ၍ သူလည်း သိုင်းကွက် တစ်ကွက် နှစ်ကွက်သာ ခုခံနိုင်ပြီးနောက် နောက်ဆုံး သူ သေသွားရခဲ့၏။

" ဝူးး ဝူးး "

အရိပ်နှစ်ခုက လေပြင်လွှာက ဖြတ်သန်း၍ လာနေကာ လာရာ လမ်းကြောင်းမှာလည်း နှင်းများ မျောလွင့်နေ၏။

ဖောက်..ရွှပ်... ရွှပ်..

လျန့်ယုံကို သတ်လိုက်သည့် ကာကွယ်စောင့်ရှောက်သူ နှစ်ယောက်မှာ တုန့်ပြန်ဖို့ အချိန်ပင် မရလိုက်ချေ။ သူတို့၏ လည်ချောင်းကို လှံဖောက်ထွင်းသွားလေပြီ။ သူတို့၏ မျက်လုံးအစုံက ပြူးကျယ်လျက် အံအားသင့်နေဟန် ရှိသည်။

" မင်း.. မင်း.. မင်း.. " နှစ်ယောက်စလုံးမှာ မယုံနိုင်အောင် ဖြစ်နေလေ၏။ သူတို့ နှစ်ယောက်ထံ ဝင်လာသည့် လှံကား အရမ်း မြန်ဆန်လွန်းသည်။

တစ်ချက်တည်းဖြင့် လူနှစ်ယောက် သေသွားသည်။

ရှိနေကြသည့် လူအားလုံးမှာလည်း အံ့သြထိတ်လန့်သွားကြသည်။

တကယ်တမ်းတွင် ရွှယ်ယင် ကျင့်သည့် လှံသိုင်းပညာမှာ ရိုယွမ်ဟန်၏ ရေခဲနက်လှံသိုင်းပညာပင် ဖြစ်၏။ ထိုသိုင်းပညာမှာ လျင်မြန်မှုကို ဦးစားပေးသည့် သိုင်း ဖြစ်သည်။ ရွှယ်ယင်က ဥက္ကာပျံအဆင့် ရှိစဥ်အခါက ရေခဲနက်လှံသိုင်းပညာရပ်ကို သုံး၍ အဆင့် ၅ ရှိသည့် အရိပ်ကျားသစ်ကို သတ်နိုင်ခဲ့သည်။ လျှပ်တပြက်အတွင်း ငွေလအဆင့်တစ်ယောက်၏ ခွန်အားမျိုးကို ထုတ်ပြနိုင်၏။ ယခုတွင်လည်း လှံသိုင်းပညာတွင် ထူးကဲစွာ နားလည်ထားမှု၊ အထွက်အထိပ်အဆင့် လှံသိုင်းပညာတို့ကြောင့် ထွက်ပေါ်လာသော အလျင်နှုန်းက ကာကွယ်စောင့်ရှောက်သူနှစ်ဦးကို ရွှယ်ယင် သတ်နိုင်ခြင်းပင် ဖြစ်လေ၏။

ရွှယ်ယင်ကိုယ်တိုင်မှာလည်း လှံသိုင်းပညာရပ်တွင် ပေါက်မြောက်ကျွမ်းကျင်သူကို မဆုံတွေ့ခဲ့ဖူးချေ။ ထို့ထက် ထိုအခြေအနေထိ ရောက်ဖို့ကလည်း မလွယ်ကူပေ။ ရွှယ်ယင်ကဲ့သို့ လုံ့လဝိရိယ ကြီးမားစွာဖြင့် နေ့တိုင်းကို လေ့ကျင့်နေသူကား ရှားပါး၏။ သူ့အဖေနှင့် ကျုံးလိန်တို့ကပင် သူ့စံချိန်ကို လိုက်မမှီချေ။ ဉာဏ်ရည်က ဖျတ်လတ်မှု ရှိရမည့်အပြင် လုံ့လဝိရီယလည်း ရှိပါမှ အောင်မြင်မှု ကြီးကြီးမားမား ရလိမ့်မည်။ ရွှယ်ယင်ကဲ့သို့ လူစားမျိုးမှာ လျင်မြန်စွာ ဆုံးဖြတ်ချက် ချနိုင်သည့်အပြင် အထွတ်အထိပ်အဆင့် လှံသိုင်းပညာအပေါ် မူတည်၍ လေ့ကျင့်သည့် ပုံစကိုလည်း ပြောင်းလဲ လေ့ကျင့်နိုင်သည်။ အမှားများစွာ အခက်အခဲများစွာ ကြုံလာခဲ့ပြီးမှသာ နောက်ဆုံးတွင် သူသည် လှံနှင့် တစ်သားတည်းအဆင့်ကို ပိုင်ဆိုင်ခဲ့ပြီ လှံပညာရှင်ကြီးနယ်ပယ်သို့ ဝင်ရောက်လာခဲ့သည်။

ဆေးရည်ကန်၊ နတ်ဆိုးဆန်သော လေ့ကျင့်မှုမျိုး၊ အထွက်အထိပ်အဆင့်တစ်ယောက်၏ သိုင်းပညာ၊ လေ့ကျင့်ဖို့အတွက် ရဲတိုက်တစ်တိုက်စာ တွဲဖက်စစ်သည်များ၊ စသည်တို့ကိုသာ အသုံးပြု၍ ဖျတ်လတ်သော ဉာဏ်ရည်များဖြင့်သာ ထိုကဲ့သို့ အောင်မြင်မှုကို ပိုင်ဆိုင်လိမ့်မည်။ ရွှယ်ယင်ကား ထိုကဲ့သို့ အောင်မြင်အောင် လုပ်နိုင်သည့် လူစားမျိုးပင် ဖြစ်လေ၏။

အပိုင်း ( ၄၄ ) လွတ်မြောက်ခြင်း

" ဘာ.. ဘယ်.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."

ထန်ရှံးနှင့် တိုက်ခိုက်နေသည့် နောက်ဆုံး ကာကွယ်စောင့်ရှောက်သူမှာ ကြောက်လန့်တကြားဖြင့် အံ့အားသင့်သွားသည်။

လျန့်ယုံကို သတ်ဖြတ်လိုက်ပြီးနောက် ကျန်ရှိနေသည့် ငွေလအဆင့် ၃ ယောက်နှင့် အားအနည်းဆုံး ဖြစ်သည့် စစ်ပိုင်ရုံတို့ကို ရင်ဆိုင်တိုက်ခိုက်ဖို့ ကာကွယ်စောင့်ရှောက်သူ ၃ယောက်မှာ အတော်လေး ယုံကြည်ချက် ရှိသွားခဲ့သည်။

သို့သော် အနက်ရောင်ဝတ်ရုံနှင့် လူငယ်က သူ့လှံကို ထုတ်လိုက်သည့်အချိန်မှာ အခြေအနေတွေက ပြောင်းပြန် ဖြစ်သွားတော့သည်။

" သေစမ်း.. " ထန်ရှုံးက အော်ဟစ်လိုက်သည်။

ထိုကာကွယ်စောင့်ရှောက်သူက အာရုံပျံ့လွင့်သွားသည့်အချိန်မှာ အသက် ၁၆၀ ရှိသည့် ထန်ရှုံး၏ တိုက်ခိုက်မှုကို အဘယ်ကဲ့သို့ ကာကွယ်နိုင်တော့မည်နည်း။ တစ်ဖက်က ကာကွယ်စောင့်ရှောက်သူသည် ကြောက်စိတ်မွှန်သွားကာ လှုပ်ရှားမှုအမှားများ လုပ်မိသွားသည်။

" ရွှပ်.." ကာကွယ်စောင့်ရှောက်သူ၏ မျက်ခုံးအထက်တွင် အနီရောင်အစက်တစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်မှာပဲ သူသည် အံ့သြစွာဖြင့် မျက်လုံးနှစ်ဖက်စလုံးက ပြူးကျယ်လာကာ ပြိုလဲကျသွားလေ၏။

" ညီလေး ရွှယ်ယင်.. သိပ်ကို အံ့သြဖို့ ကောင်းတဲ့ လှံသိုင်းပါလား.." ထန်ရှုံးက ရယ်မောလိုက်၏။

" သပ်ရပ်ပိရိတဲ့ လှုပ်ရှားမှုမျိုး.. ဒါမျိုး မမြင်ရတာ တော်တော် ကြာသွားပြီပဲ.."

ယွီကျင့်ချိုးမှာလည်း ရွှယ်ယင်၏ အစွမ်းကြောင့် အနည်းငယ် မှင်တက်နေမိသည်။

" စိတ်မကောင်းစရာပဲ.. လျန့်ယုံက အချိန်နည်းနည်းလေးလောက်မှာပဲ ရှုံးနိမ့်သွားခဲ့တယ်.. ကျနော်ကလည်း အချိန်မီ မရောက်လာနိုင်ခဲ့ဘူး.."

ရွှယ်ယင်က ခေါင်းကို ခါယမ်းရင်း ပြောလိုက်သည်။

"ဟူး"

အုပ်စု၏ အနောက်မှာ စစ်ပိုင်ရုံသည် ခက်ထန်သော မျက်နှာြဖင့် ရပ်နေ၏။ သူ့၏ ကိုယ်ရံတော်လည်း သေသွားရသည်သာမက သူလည်းပဲ သေခြင်းတရားကို ထိတွေ့လုနီးနီး ဖြစ်ခဲ့ရသည်။

ထို့အပြင် နယ်စွန်နယ်ဖျား မြို့လေးတစ်မြို့ ဖြစ်သည့် ရီရွှေမြို့က ရွှယ်ယင်သည် ထိုမျှလောက် စွမ်းအားကြီးလိမ့်မည် ဟုလည်း သူ မတွေးထင်ထားခဲ့ပေ။

သူက ကိုယ်ရံတော်အစောင့်ဖြစ်သူ လျန့်ယုံ၏ ဘေးနားသို့ သွားလိုက်ပြီးနောက် အစောပိုင်းက တိုက်ပွဲတွင် ကျကျန်ခဲ့သည် လက်ပတ်ကို ယူလိုက်သည်။ ရွှယ်ယင်၊ ကျင့်ချိုးနှင့် ထန်ရှုံးတို့က သူ့အား ကြည့်နေကြ၏။

" အဘိုးကြီးလျန့်က ကျုပ်ရဲ့ ကိုယ်ရံတော်ပဲ.. သူ့ပစ္စည်းတွေကို သူ့မိသားစုဆီ ပြန်သယ်ပေးဖို့ လိုတယ်.."

ပိုင်ရုံက ပြောလိုက်သည်။

" သူ့အလောင်းကျတော့ ကိစ္စပြီးတဲ့အထိ ဒီမှာပဲ ထားခဲ့တော့မယ်.. ပြီးရင်တော့ နဂါးတောင်အိမ်တော်ကနေ လာကောက်ပေးလိမ့်မယ်.."

" အင်.. တကယ်လို့ စစ်ပိုင်ရုံက လျန့်ယုံရဲ့ မှော်သိုလှောင်ရတနာထဲက ပစ္စည်းတွေကိုပါ ယူလိုက်မယ်ဆိုရင် ဘယ်သူက သိနိုင်မှာလဲ.." ထန်ရှုံးက ရေရွတ်မိလေသည်။

ထန်ရှုံးမှာ အတွေ့အကြုံများစွာ တွေ့ဖူး မြင်ဖူးပေါင်း များလေပြီ။

စစ်ကလန်မှာ ကလန်ကြီးတစ်ခု ဖြစ်၏။ နှစ်ပေါင်းရာကျော်တိုင်အောင် သမိုင်းကြောင်း ရှည်လာခဲ့သည့် ကလန်တစ်ခု ဖြစ်သည်မို့ ကလန်မိသားစုအတွင်း မျိုးဆက်သစ်များစွာ ရှိကြသလို စရိုက်အမျိုးမျိုးလည်း ရှိကြသည်။

စစ်ပိုင်ရုံဆိုလျှင်လည်း သူ့၏ ပင်ကိုအရည်အချင်းတို့က မဆိုးလှသော်လည်း အကျင့်စရိုက်အနေဖြင့် ကောင်းသည်ဟု မဆိုနိုင်ချေ။ ထန်ရှုံးအနေဖြင့် ထိုကဲ့သို့ လူမျိုးနှင့်လည်း မပတ်သတ်လိုပေ။ တကယ်တမ်းတော့ ထိုကဲ့သို့ အကျင့်စရိုက်မျိုးသည် ပေါင်းသင်းရ အခက်ဆုံးပင်။

" ရှပ်..ရှပ်.. ရှပ်.." ယွီကျင့်ချိုးက အရှေ့သို့ တိုးလာခဲ့သည်။ ရေခဲစွမ်းအင်ကို ထိန်းချုပ်နိုင်သည့် သူမ၏ အစွမ်းကို အသုံးပြုလိုက်ကာ လျန့်ယုံ၏ ခန္ဒာကိုယ်တစ်ခုလုံးအား ရေခဲတို့ဖြင့် ဖုံးအုပ်ထားပေးလိုက်သည်။

" ဒီသုံးကောင်စလုံးက ဘာရတနာမှလည်း မရှိကြဘူး.." စောင့်ရှောက်သူ ၃ ယောက်စလုံး၏ အဝတ်အစားများထဲကို မွှေနှောက်ရှာနေသည့် ထန်ရှုံးက ပြောလိုက်သည်။

" အတော်ကို ထူးဆန်းတာပဲ.. ငါ သိသလောက်ဆိုရင် ငွေလအဆင့်မှာဆိုရင် ရတနာပစ္စည်းတွေ နည်းနည်းပါးပါးလောက်တော့ ရှိရမှာပဲ..အခုတော့ ရွှေထုတ်ခွင့်လက်မှတ်တောင် များများစားစား မရှိကြပါလား.. သခင်လေးပိုင်ရုံ.. ဒါတွေ ယူဦးမလား.."

စစ်ပိုင်ရုံက ထိုရွှေထုတ်ခွင့်လက်မှတ်ကို ကြည့်လိုက်သည်။ သို့သော် သူပင် မပါလိုက်သည့် တိုက်ပွဲကနေ ရရှိလာသည့် အကျိုးအမြတ်ကို ခွဲဝေယူရလောက်သည့်အထိ သူ အဲ့လောက် မျက်နှာပြောင်တိုက်သူ တစ်ဦး မဟုတ်နေချေ။

" ကျုပ်က အဲဒီအစောင့် သုံးယောက်ကို သတ်မှ မသတ်လိုက်ရတာလေ.."

" ဒါဆို ရွှယ်ယင်နဲ့ ခွဲယူလိုက်ပေါ့.." ကျင့်ချိုးက အကြံပေးလိုက်သည်။

" ဟားဟား.. ဒါဆို ကျုပ်က တစ်ပုံယူမယ်.. ရွှယ်ယင်က နှစ်ပုံ ယူပေါ့.."

ထန်ရှုံးက ရွှေဒင်္ဂါး အပြား ၅သောင်း တန်ဖိုးရှိသည့် ရွှေထုတ်ခွင့်လက်မှတ်ကို ရွှယ်ယင်အား ပေးလိုက်သည်။ ရွှယ်ယင်ကလည်း မငြင်းပယ်ဘဲ လက်ခံလိုက်သည်။

" ဆက်သွားရအောင်.." ကျင့်ချိုးက ဆက်သွားလေသည်။

" သွားစို့.." ဒီအချိန်မှာတော့ ရွှယ်ယင်က လေးယောက်အုပ်စုမှာ အရှေ့ကနေ ဦးဆောင်သွားရသူ ဖြစ်သွား၏။ ထန်ရှုံးနှင့် ကျင့်ချိုးတို့က သူ့အနောက်ကနေ လိုက်သည်။ သခင်လေး ပိုင်ရုံကမူ အုပ်စု၏ နောက်ဆုံးတွင် ဖြစ်၏။

အစောပိုင်းက တိုက်ပွဲကို ရင်ဆိုင်လိုက်ရပြီးနောက် မျှော်လင့်ဘဲ ရောက်လာနိုင်သည့် အရာများကို သူ တွေးကြောက်နေလေပြီ။ ထို့အပြင် သူ့ကိုယ်ရံတော်က နံဘေးတွင် မရှိတော့တာကြောင့်လည်း ဖြစ်သည်။

သူ့တို့၏ စစ်ဆင်ရေးက ဆက်လက် အဆင်ပြေနေသးသည်။ သူတို့ လေးယောက်ကို ဒုက္ခပေးနိုင်သည့် အစွမ်းကြီးသော ထောင်ချောက်များလည်း မရှိနေတော့သည်။ ရဲတိုက်ကြီး၏ အတွင်းလိုဏ်ခေါင်းအခန်း ရှစ်ခန်းကို ရှာဖွေပြီးနောက် ရဲတိုက်၏ မြေအာက်ခန်းသို့ ဆက်လက်ပြီ ပိုက်စိပ်တိုက် ရှာဖို့ ဆုံးဖြတ်လိုက်သည်။

မြေအောက်ထပ်သို့ ဆင်းရသည့် လှေကားထစ်အတိုင်း ဆင်းလာကြရင်း နောက်ဆုံးတွင် ကြီးမားသည့် ဂိတ်တံခါးတစ်ခုသို့ သူတို့ ရောက်ရှိလာကြသည်။

" ရောင်းရင်းတို့.. သေချာဂရုစိုက်ကြပါ.. အထဲကနေ နတ်ဆိုးအငွေ့အသက်အချို့ကို ကျွန်မ ခံစားနေရတယ်.."

ဟု ကျင့်ချိုးက အားလုံးကို သတိပေးလိုက်သည်။

" အင်း " တကယ်တမ်းတွင် စစ်ဆင်ရေး၏ အန္တရာယ်အကြီးဆုံး အဓိက အကြောင်းအရင်းသည် အဇူရီမြစ်စီရင်စု၏ သူတော်စင်နယ်မြေထဲတွင် နတ်ဆိုးတမန်တော် ရောက်ရှိနေခြင်းဟူသော အချက်ပင် ဖြစ်သည်။

ဂိတ်တံခါးကား ပွင့်သွားခဲ့သည်။

ကျင့်ချိုး၏ ရေခဲမြွေကြီးနှစ်ကောင်ကလည်း အရှေ့ကနေ အမာခံတပ်သားကဲ့သို့ ဂိတ်တံခါးကို ဖြတ်သွားပြီ အနောက်ကနေ ရွှယ်ယင်တို့က လိုက်ဝင်ကြသည်။

" တယ်ကြီးမားတဲ့ အခန်းပါလား.." အားလုံးဟာ အံ့အားသင့်သွားကြသည်။

ရဲတိုက်အောက်ခြေက မြေအောက်ထပ်တွင် ဤကဲ့သို့ ကြီးမားသည့် ခန်းမမျိုး တကယ်ပင် ရှိနေလေသည်။ ခန်းမထဲတွင် အားလုံး၏ စိတ်အာရုံကို ဆွဲဆောင်နိုင်သည့် အထူးကဲဆုံး အရာတစ်ခုမှာ နတ်ဆိုးဘုရားတစ်ပါး၏ ရုပ်တုကြီးပင် ဖြစ်လေသည်။ ထိုအရာက ရုပ်တုတစ်ခု ဖြစ်သော်လည်း ၎င်းမှ စိမ့်ဖြာထွက်နေသည့် နတ်ဆိုးအငွေ့အသက်တို့ကြောင့် ရွှယ်ယင်နှင့် တစ်ခြားသူတို့မှာ မသက်မသာ ခံစားရ၏။

ခန်းမကြီး၏ အဆုံးတွင် ပလ္လင်ခုံတစ်ခုံ ရှိနေ၏။

လက်ရှိတွင်လည်း ထိုပလ္လင်ခုံတွင် နတ်ဆိုးတစ်ကောင်နှင့် တူသည့် လူတစ်ယောက်က ထိုင်နေသည်။ ၎င်း၏ နံဘေးတွင် နောက်ထပ် လူတစ်ယောက်က ရိုသေလေးစားစွာဖြင့် ခစားနေပြန်၏။ ထိုလူက သူတို့ စစ်ဆင်ရေး၏ အရေးကြီးပစ်မှတ်တစ်ယောက်ဖြစ်သည့် လုဟွိုင်ရူမှန်း ရွှယ်ယင်တို့ ချက်ချင်း သိလိုက်ကြသည်။

"စောင့်ရှောက်သူ သုံးယောက်က ဒီလောက်အထိ အသုံးမကျမှန်း ငါ မထင်ထားခဲ့မိဘူး..ငါ့ရဲ့ ယန္တရားဝင်္ကဘာ အကူအညီနဲ့တောင် မင်းတို့ထဲက တစ်ယောက်ကိုပဲ သတ်နိုင်ခဲ့တယ်.."

လုဟွိုင်ရူက ပြုံးနေသည့် မျက်နှာဖြင့် ပြောလိုက်သည်။

"တကယ်လို့ အခြားနေ့တွေသာဆိုရင် ထွက်ပြေးဖို့ ငါ ကြိုးစားမှာပဲ..ဒါပေမဲ့ နဂါးတောင်အိမ်တော်ရဲ့ စောင့်ကြည့်နေတာကနေ လွတ်ထွက်ဖို့က အခွင့်အရေး နည်းလွန်းပါတယ်.. ဒါပေမဲ့ ဒီနေ့က တစ်ခြားနေ့မှ မဟုတ်တာ.. ငါ့အတွက် လွတ်မြောက်သွားဖို့က မလိုအပ်တော့ပါဘူး.." ဟု နတ်ဆိုးနှင့် တူသည့် လူက ပြောလိုက်သည်။

ကျင့်ချိုး၊ ပိုင်ရုံနှင့် ထန်ရှုံးတို့က မျက်မှောင်ကြုတ်၍ ပလ္လင်ခုံထက်တွင် ထိုင်နေသည့် နတ်ဆိုးနှင့် တူသော လူကို စိုက်ကြည့်လိုက်ကြသည်။

ထိုလူထံမှ အားကောင်းသော သတ်ဖြတ်ခြင်းအငွေ့အသက်များကို သူတို့ ခံစားကြရသည်။

" သူက ဘယ်သူလဲ.."

ရွှယ်ယင်မှာ ထိုလူထံမှာ အန္တရာယ်ကြီး အရိပ်အငွေ့ကို ခံစားနေရသည်။

" လုဟွိုင်ရူဆိုတာ အဇူရီမြစ်စီရင်စုရဲ့ သူတော်စင်နယ်မြေ ကာကွယ်သူတစ်ယောက် မဟုတ်လား.. ဒါနဲ့များ သူက ဘေးနားမှာ ရပ်နေပြီးတော့ ပလ္လင်ပေါ်က လူကို တရိုတသေနဲ့ပါလား.. ဒီလူက ဦးလေးထုံထက်တောင် ခန္ဓာကိုယ်ပိုင်း သန်စွမ်းလွန်းတယ်.. ဘယ်သူများလဲ.."

ရွှယ်ယင် အတွေးများဖြင့် စဥ်းစားရခက်နေသည်။

" ငွေလအဆင့် မှော်ဆရာမတစ်ယောက်ပါလား.."

ရုတ်တရက် နတ်ဆိုးနှင့် တူသည့် လူက စကားပြောလိုက်သည်။ သူ့အသံကား ခန်းမတစ်ခုလုံးအနှံ့ အားပြင်းပြင်းဖြင့် ပဲ့တင်ထပ်သွားသည်။ ထိုလူက မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ကျင့်ချိုးအား မျက်မှေးထားရင်း ကြည့်လေသည်။

" ငယ်လည်း ငယ်... လှလည်း လှတဲ့ မှော်ဆရာမပဲ.. ဘယ်လောက်တောင် အဖိုးတန်လိုက်သလဲ.. ဟားဟား.. ဒီလို လှပချောမောတဲ့ မှော်ဆရာမမျိုးကို ငါက ကြိုက်တာကွ.. ငယ်ရွယ်လေ.. ကောင်းလေပဲ.. ပြောကြတာက မှော်ဆရာမတွေအားလုံးက အရမ်းကို ဉာဏ်ကောင်းကြတယ်ဆိုပဲ.. ဒီလို လှပမှုမျိုးကို ရက်ရက်စက်စက် မလုပ်မိအောင် ငါ့ကိုယ်ငါ ထိန်းထားနိုင်တယ်.. ငါ့ကို စိတ်လှုပ်ရှားပြီ တစစ်စစ် ခံစားရအောင် လုပ်ပါကွာ.."

" ခင်ဗျားက.."

ထန်ရှုံးက မျက်မှောင်ကြုတ်ရင်း အရင် မြင်ဖူးသလိုလို ဖြစ်နေတာကို ပြန်စဥ်းစားကြည့်လိုက်သည်။

ထိုစဥ် သူ့ခေါင်းထဲကို လူတစ်ယောက်၏ ပုံရိပ်က ရောက်ရှိလာသည်။

နှစ်ပေါင်း ၈၀ ကျော် ပုန်းကွယ်နေသော ရက်စက်ကြမ်းတမ်းသည့် လူတစ်ယောက်...

" ပြေးကြဟေ့.." ထန်ရှုံးမှာ ချက်ချင်း ပြန်ပြေးလေသည်။ အလင်းတန်းတစ်ခုလိုပင် အလျင်နှုန်းပင် ပြေးထွက်သွားရင်း ပါးစပ်ကနေလည်း အော်ဟစ်သွားသည်။

" မြန်မြန်.. မသေချင်ရင် ပြေးကြ.."

" ဘာဖြစ်တာလဲ..' ပိုင်ရုံနှင့် ကျင့်ချိုးတို့မှာ ထိတ်လန့်တကြား ဖြစ်သွားသည်။ ဘာကြောင့် ထန်းရှုံးက ရန်သူနှင့်ပင် မတိုက်ရသေးဘဲ ထွက်ပြေးသွားရတာလဲ။ သူ့၏ အပြုအမူကြောင့် အားလုံးက ရင်တုန်ပန်းတုန်ဖြင့် တုန်လှုပ်သွားကြသည်။

" မင်းက ထွက်ပြေးချင်တယ်ပေါ့လေ.."

နက်ရှိုင်းပြီ အားအင်ပါသော အသံက ခန်းမကြီးတစ်ခုလုံး ဟိန်းထွက်သွားသည်။ 

ရုတ်တရက် ခန်းမတစ်ခုလုံး အမှောင်ကျသွားကာ မမြင်ရသော အားတစ်ခုက လွှမ်းခြုံလာခဲ့ရာ လက်ဝါးကြီးတစ်ခုက ခန်းမတစ်ခုလုံးအား ဖိနှိပ်လာသည်နှင့် အလားသဏ္ဌာန် တူလာသည်။ 

လွတ်မြောက်ဖို့ ပြေးနေသည့် ထန်ရှုံးမှာ ထို မမြင်ရသော အား၏ ဖိနှိပ်ခြင်းကို ခံရကာ ၎င်း၏ ပြေးနှုန်းမှာလည်း ရုတ်ခနဲ နှေးကွေးသွားသည်။ သူ့နံဘေးနားက လေများနှင့် လေဟာပြင်တို့သည်ပင် တွန့်ခါလှုပ်ခတ်သွားသည်။

" ကမ္ဘာနှင့် တစ်သားတည်းအဆင့်"

ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရသော စစ်ပိုင်ရုံမှာ အလွန်တရာ ကြောက်လန့်သွားကာ သူ့ဘောင်းဘီထဲ သေးပင် ထွက်ကျလုမတတ် ဖြစ်သွားရသည်။

ကျင့်ချိုးသည်လည်း သူတို့၏ လက်ရှိ အခြေအနေကို မြင်လိုက်ရ၍ သူမလည်း ချောက်ချားသွားသည်။

နတ်ဆိုးနှင့် တူသည့် ထိုလူသည် ပလ္လင်မှ သံအပိုင်းအစတစ်ခုကို ချိုးယူလိုက်ကာ ထန်ရှုံးထံ ပစ်လိုက်သည်။

ရွှစ်..

အလင်းတန်းတစ်ခုကဲ့သို့ သံအပိုင်းအစက ပြေးသွားကာ လျှပ်စစ်လက်သကဲ့သို့ပင် ထင်မှတ်ရသည်။ သို့သော် ကျောခိုင်း၍ ထွက်ပြေးနေသော ထန်ရှုံးမှာ ထိုသံအပိုင်းအစအား မမြင်တွေ့လိုက်ချေ။ တကယ်၍ မြင်တွေ့သွားစေဦး.. ထိုအရာက လျင်မြန်လွန်းလှရာ သူ့အတွက် ရှောင်ဖို့က မဖြစ်နိုင်တော့ပေ။

"ဖူး.." သံအပိုင်းအစသည် ထန်ရှုံး၏ ဦးခေါင်းကို လျင်မြန်စွာဖြင့် ဖောက်ထွက်သွားရာ ထန်ရှုံးမှာ မည်သည့်နာကျင်မှုကိုမှ မခံစားလိုက်ရချေ။ ထိုသို့ဖြင့် ထန်ရှုံးသည် သူ့အား မည်သူပစ်လိုက်မှန်း မသိလိုက်ဘဲ မျက်လုံးပြူးကျယ်စွာဖြင့် သေသွားခဲ့၏။

" ပိတ်ချလိုက်တော့.."

ပလ္လင်ခုံအနားတွင် ရပ်နေသည့် လုဟွိုင်ရူက ခလုတ်တစ်ခုက အသာဖိနှိပ်လိုက်ကာ ထောင်ချောက်ကို အသက်ဝင်လိုက်သည်။

ဒုန်းး ဒုန်းး ဒုန်းး

ဝင်ပေါက်တွင် တံခါးကြီး သုံးခုက ဆက်တိုက် ပြုတ်ကျသွားကာ ရဲတိုက်အောက်ခြေက ခန်းမကြီးထဲတွင် သူတို့အားလုံးကို အလုံပိတ်ထားလိုက်သည်။

" ဒဏ္ဍာရီအဆင့်တစ်ယောက်.. ဘာလို့ ဒီမှာ ဒဏ္ဍာရီအဆင့် ရှိနေရတာလဲ.."

ပိုင်ရုံမှာ သူ မြင်လိုက်သည့် အရာကြောင့် သွေးရူးသွေးတန်း ဖြစ်လို့ နေသည်။

" ဘာလို့ အဇူရီမြစ်စီရင်စုလို စီရင်စုသေးသေးလေးမှာ နတ်ဆိုးယုံကြည်သူတွေရဲ့ ဋ္ဌာနခွဲက ရှိနေရတာလဲ.. ဘာကြောင့် ဒဏ္ဍာရီအဆင့်တစ်ယောက် ရှိနေရတာလဲ..

" ဒါက.." အမြဲတစေ တည်ငြိမ်သည့် ကျင့်ချိုးသည်ပင် ချောက်ချားနေပါပြီ။

ဒဏ္ဍာရီအဆင့်..သဘာဝတရား၏ အင်အားကိုပင် ထိန်းချုပ်နိုင်သူ.. သူမ၏ အစွမ်းထက် မှော်အစွမ်းများဖြင့် မီးကုန်ယမ်းကုန် တိုက်ခိုက်လျှင်တောင်မှာ သူ့ကို သူမ ဘာမှ လုပ်လို့ မရနိုင်ပေ။ နှစ်ယောက်စလုံးသည် သဘာဝထံမှ စွမ်းအင်ကို ဆွဲယူရခြင်း ဖြစ်၏။ တကယ်၍ သူမကိုယ်ထဲက မှော်စွမ်းအင်ကို ထုတ်သုံးစေကာမူ ထိုအစွမ်းသည် သဘာဝထံမှာ စုစည်းယူသည့် မှော်အစွမ်းတို့ထက် အဆတစ်ထောင်မျှ အားနည်းနေမှာ အမှန်ပင်။ ဒဏ္ဍာရီအဆင့် တစ်ယောက်ကို မန်းမှုတ်တိုက်ခိုက်မယ်လား.. သူ့အတွက် အယားပြေ ကုတ်ပေးရုံ သလောက်သာ ရှိနေမည်။ 

" ဟောဟိုက လှပချောမောတဲ့ မှော်ဆရာမလေး.. ဘာမှ မကြိုးစားနေနဲ့တော့.. ဘယ်သူက တွေးမိမှာလဲ.. ဒီနေရာကနေ မထွက်ခင် ငွေလအဆင့် မှော်ဆရာမတစ်ယောက်ကို အရသာမြည်းစမ်းခွင့် ရဦးမယ်ဆိုတာ.. ဒီလို အရွယ်ငယ်ငယ်နဲ့.. အင်... ငါတော့ အရမ်းကံကောင်းတာပဲ.. ကဲ.. မှော်ဆရာမလေး.. ရိုရိုသေသေနဲ့ အနောက်ကနေ လိုက်ခဲ့ပါ.. ငါက မင်းကို ဖူးဖူးမှုတ်ထားပေးမှာ.."

နတ်ဆိုးနှင့် တူသည့် လူက ပြောလိုက်သည်။

" မင်း ဉာဏ်ကောင်းတယ်ဆိုတာ ငါယုံပါတယ်.. မင်းအတွက် အကောင်းဆုံးကို ရွေးချယ်ပေါ့.."

" ဟိုဘက်က နှစ်ကောင်ကတော့ ငါ့အတွက် အသုံးမဝင်ဘူး.. "

ထိုလူက ပြောရင်းဆိုရင်း နောက်ထပ် သံအပိုင်းအစတစ်ခုကို ဆွဲယူလိုက်သည်။

" သနားပါ.. " 

ပိုင်ရုံမှာ မြေပြင်ပေါ် ဘုန်းခနဲ လှဲချလိုက်ကာ အသနား တောင်းခံလိုက်သည်။ 

" ဆရာကြီး.. ဆရာကြီး.. ကျနော့်အသက်ကို ချမ်းသာပေးပါ.. ဟောဒီ ကျင့်ချိုးက အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ မှော်ဆရာမပါ.. ပြီးတော့ အဇူရီမြစ်စီရင်စုထဲက အချောအလှဆုံး မိန်းကလေးတွေထဲမှာ သူမလည်း တစ်ယောက်ပဲ.. သူက ဆရာကြီးရဲ့ စကားကို နားထောင်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်.. ကျနော်ကတော့ စစ်ကလန်က စစ်ပိုင်ရုံပါ.. ကျနော်ရဲ့ အသက်ကို ချမ်းသာပေးပါ ဆရာကြီးရယ်.."

ထို့နောက် စစ်ပိုင်ရုံက ကျင့်ချိုးဘက် လှည့်ပြီ စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။

" ကျင့်ချိုး.. ဘာက မင်းအတွက် အကောင်းဆုံး ဖြစ်မလဲဆိုတာ မင်းသိလိမ့်မယ်လို့ ငါထင်တယ်.. ဒဏ္ဍာရီအဆင့်တစ်ယောက်ရဲ့ အနောက်ကို လိုက်တာက မဆိုးလှပါဘူး.. ဒါပေမဲ့ ဆန့်ကျင့်ရင်တော့ ငါတို့ အကုန် နင်လည်း သေရလိမ့်မယ်.. ငါတို့လည်း အကုန်သေရလိမ့်မယ်.. နောက်ပြီ ငါတို့ သေသွားခဲ့ရင် ငါတို့အတွက် ဘာမှ ကျန်ခဲ့မှာ မဟုတ်ဘူး.."

" ဟွန့် "

ကျင့်ချိုးက စစ်ပိုင်ရုံကို အေးစက်စွာဖြင့် ကြည့်လိုက်ပြီနောက် ပလ္လင်ထက်က နတ်ဆိုးနှင့် တူသည့် လူကို လှမ်းကြည့်လိုက်သည်။

" နဂါးတောင်အိမ်တော်က တာဝန်ကို လက်ခံယူလိုက်ပြီကတည်းက အသက်ဘေး အန္တရာယ်တွေ ကြုံရနိုင်တယ်ဆိုတာ အားလုံး သိထားကြတာပဲ.. ဒီလို အခြေအနေမျိုးအတွက် ကျွန်မကိုယ် ကျွန်မ ပြင်ဆင်ထားပြီးသား.. ဘယ်သူကိုမှ ကျွန်မ အပြစ်မတင်နေဘူး.. ဒါ ကျွန်မရဲ့ ကံတရားပဲ.. ဒါပေမဲ့ ရှင်က ရှင့်ရဲ့ ညွန်ကြားချက်အတိုင်း လိုက်နာဖို့ ကျွန်မကို ခိုင်းနေတယ်.. ရှင့်ကို တစ်ခုပဲ ပြောလိုက်မယ်.. အိပ်မက်ပဲ မက်နေလိုက်တော့.."

ကျင့်ချိုးက ထိုသို့ ပြောလိုက်ပြီးနောက် ဆက်ဖြစ်လာမည့် အခြေအနေအတွက် သူမဟာ ရဲရဲတင်းတင်း ရပ်စောင့်နေလိုက်သည်။

ကျင့်ချိုးမှာ အနည်းငယ် ဝမ်းနည်းရသည်။

သဘာဝတရားကို များစွာ အားထည့်၍ ကြိုးစားရှာဖွေခဲ့ရသလို ဒဏ္ဍာရီအဆင့် ရောက်ဖို့ အခွင့်အရေး ရှိနေမှန်းလည်း သူမ သိသည်။ သို့သော် ဆုံးဖြတ်ချက် အမှားတစ်ခုကြောင့် အဆုံးမှာ သူမ၏ ကြိုးစားလာခဲ့သမျှတို့သည် အလဟဿ ဖြစ်သွားရတော့မည်။

" စိတ်ပျက်စရာပဲ..ဒါပေမဲ့လည်း မင်းသေသွားရင်လည်း မင်းကိုယ်လုံးလေးကို ငါ့ရဲ့ စုဆောင်းမှုထဲမှာ သိမ်းထားပေးမှာပါ.."

နတ်ဆိုးတစ်ကောင်ကဲ့သို့ ဆင်တူသည့် လူက ပြောလိုက်လေသည်။

စစ်ပိုင်ရုံက ဒူးထောက်ထားလျက်..

ယွီကျင့်ချိုးကမူ သူမ၏ မှော်တောင်ဝှေးကို တင်းတင်းဆုပ်ထားကာ တစ်ဖက်လူအား မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ငေးကြည့်နေလေ၏။

" ကျုပ် ထင်ထားတာထက် ပိုနေပါလား.. ပထမတုန်းက ကျုပ်က သံမဏိနက်အဆင့် တာဝန်တွေကိုပဲ ယူပြီ အတွေ့အကြုံရယ်.. အကျိုးပြုရမှတ်တွေပဲ ယူမယ်လို့ စဥ်းစားထားတာ.. ဒဏ္ဍာရီအဆင့်တစ်ယောက်နဲ့ တွေ့ရမယ်လို ဘယ်သူက ထင်ထားမိမှာလဲ.."

ရုတ်တရက် ရွှယ်ယင်က ကျယ်လောင်စွာ ပြောလိုက်သည်။

အပိုင်း ( ၄၅ ) အခမ်းနားဆုံး တိုက်ပွဲ

ကျင့်ချိုးမှာ မျှော်လင့်ချက် ကင်းမဲ့နောမှ ရွှယ်ယင် ပြောသည့်စကားကို ကြားလိုက်ရသည့်အခါ သူမက အံ့သြသွားခဲ့ပြီး အနောက်ကို သူမ လှည့်ကြည့်လိုက်သည်။

အမှန်တွင် ရွှယ်ယင်သည် သူ့ကိုယ်သူ နှိမ့်ချ၍သာ နေခဲ့သည်။ နှစ်ပေါင်းများစွာ သဘာဝကြီး၏ နိယာမတရားနှင့် တစ်သားတည်း ဖြစ်အောင် ပြောင်းလဲနေထိုင်ခဲ့သည်။ ထို့ကြောင့်လည်း သာမန်အတိုင်းသာ ရှိသည့် အနက်ရောင်အဝတ်နှင့် လူငယ်ကို လူတွေက သိပ် သတိမထားမိကြချေ။ သို့သော် အားလုံးက သေရေးရှင်ရေး အခြေအနေကို ရောက်နေကြသည့်အခါမျိုးတွင် သူ့အနေဖြင့် သူ့စွမ်းအားများကို မထုတ်ပြဘဲ နေ၍ မရေတော့ပေ။

သူ့၏ အမူအရာများ ပြောင်းလဲလာသောအခါ ဤလူငယ်သည် လုံးဝ ကွဲပြားသွားလိုက်မှန်း အားလုံးက သဘောပေါက်လိုက်သည်။ သူ့ရဲ့ မျက်လုံးက ဓားတစ်လက်ကဲ့သို့ ထက်ရှကာ သူ့၏ စွမ်းအားများ ပေါက်ကွဲထွက်ဖို့ အဆင်သင့် ဖြစ်နေသည်ကို ထိုအခိုက်အတန့်တွင် အားလုံးက သတိမူသွားကြသည်။

ဓားအိမ်ထဲကနေ မထုတ်ရသေးသည့် ဓားကောင်းတစ်လက်ကဲ့သို့ ထက်ရှမှုတို့ ထွက်ပေါ်လာသည့် အချိန်တွင် အားလုံးမှာ အထိတ်တလန့် ဖြစ်သွားကြသည်။

" ရွှယ်ယင်က ဒီလိုစကားကို တကယ်ပဲ ပြောလိုက်တာလား.. ဒါမှမဟုတ် အရင်တုန်းက ဒဏ္ဍာရီအဆင့်တစ်ယောက်နဲ့ တိုက်ခိုက်ခဲ့ဖူးလို့လား.." ကျင့်ချိုးမှာ မယုံနိုင်အောင် ဖြစ်နေသည်။

" သူက အသက် ၂၂ ပဲ ရှိသေးတယ်လို့ ငါကြားထားတာ.. ငါ့ထက်တောင် အသက် ၃ နှစ် ငယ်တယ်.. ဘယ်လိုလုပ်ပြီ သူက ဒဏ္ဍာရီအဆင့်နဲ့ တိုက်ခိုက်ဖို့ ဖြစ်နိုင်မှာလဲ.. နောက်ပြီး ရွှယ်ယင်မှာ ကောင်းကင်နဲ့ မြေကြီးကိုတောင် ကိုင်လှုပ်နိုင်တဲ့ စွမ်းအားတွေ ရှိနေသလိုမျိုး အဲဒီခံစားချက်တွေ ငါ ဘာလို့ မခံစားရတာလဲ.."

ခန်းမကြီးထဲတွင် လေထုတို့က ချက်ချင်း ပြောင်းလဲလာသည်။

မမြင်နိုင်သော အားများက သူတို့အုပ်စုထံသို့ ကျရောက်လာပြန်သည်။ ထိုအဖြစ်က နတ်ဆိုးနှင့် တူသည့် လူသည် သဘာဝတရား၏ နိယာမတရားကို သိမြင်ထားကြောင်း သက်သေပြနေသကဲ့ ရှိနေ၏။ ကျင့်ချိုး၏ အမြင်တွင် တကယ်၍ ရွှယ်ယင်က ဒဏ္ဍာရီအဆင့်တစ်ယောက် ဖြစ်နေခဲ့လျှင် ထို မမြင်နိုင်သော အားကို အံတု ကျော်လွန်၍ နတ်ဆိုးတစ်ကောင်နှင့် တူသည့် လူကို ပြန်လည် တိုက်ခိုက်နိုင်မည်ဟု တွေးမိလေသည်။

" အဲဒီ ရွှယ်ယင်က ရူးသွားတာလား.."

စစ်ပိုင်ရုံမှာ မျှော်လင့်ချက် ပျက်သုဥ်းနေရာမှ ရွှယ်ယင်၏ အသံကို ကြားလိုက်သည့်အခါ မယုံနိုင်စွာ လှည့်ကြည့်လိုက်သည်။

"သူက ဒဏ္ဍာရီအဆင့်ကိုတောင် စိန်ခေါ်လိုက်သေးတာလား.. ပြီးတော့ သူ တစ်ယောက်တည်း ယှဥ်ပြိုင်ဦးမယ်.. အာ... ငါထင်တာတော့ သူ မသေခင် သွေးရူးသွေးတန်း ဖြစ်နေပြီး ပြောမိပြောရာ ပြောနေတာပဲ ဖြစ်ရမယ်.. ဒါပေမဲ့ ဒီလို ပြောလိုက်တော့ ပိုပြီ ဆိုးသွားတာပေါ့.."

***

နတ်ဆိုးတစ်ကောင်နှင့် တူသည့် လူသည် ရွှယ်ယင်၏ အပြုအမူကို သုံးသပ်ကြည့်လိုက်ပြီးနောက် ရယ်သံကျယ်ဖြင့် ရယ်မောလိုက်သည်။

" ဟား..ဟား.. စိတ်ဝင်စားဖို့ ကောင်းလိုက်တာ.. ဒီကလေးက အသေဆိုးနဲ့ သေချင်လို့ ဖြစ်မယ်.."

" အရေးမပါတာတွေ မပြောနေစမ်းပါနဲ့.."

ရွှယ်ယင်တစ်ကိုယ်လုံးက စွမ်းအင်တို့နှင့် ပြည့်နှက်လာသည်။

" လာခဲ့.. ခင်ဗျား ဘယ်လောက် သန်မာသလဲဆိုတာ ကြည့်ရအောင်.. ကျုပ်ထက် ညံ့ရင်တော့ အသေပဲ.."

" ငါ့ထက်တောင် မောက်မာဝင့်ကြွားနေပါလား.."

နတ်ဆိုးနှင့် တူသည့် လူက သူ့အား အေးစက်စက်ဖြင့် ကြည့်လိုက်သည်။

ဝုန်းး

မမြင်နိုင်သော အားတစ်ခု.. ရွှယ်ယင်ကိုယ်ပေါ်ကို ချက်ချင်း ဖိနှိပ်လာသည်။ အစောပိုင်းက ထန်ရှုံးအား ဖိနှိပ်လိုက်သည့် အတိုင်းပင် ဖြစ်သည်။

" မဖြစ်စလောက်လေးပါလား.." ရွှယ်ယင်က လှောင်ရယ်လိုက်သည်။ အမှန်တွင်လည်း ရန်သူအား ဖိနှိပ်ဖို့အတွက် သဘာဝ၏ အားအင်ကို သုံးစွဲခွင့် ရှိသည့် အကန့်အသတ်မှာ ထိုမျှလောက်သာ။ ဥက္ကာပျံအဆင့် စစ်သည်တစ်ယောက်အနေဖြင့် ထိုပမာဏလောက်ကို ခုခံနိုင်ဖို့ ခက်ခဲသွားမည်။ ငွေလအဆင့်ကို ဖိနှိပ်လိုက်ရင် ထိုအားက အတော်လေး လျော့ကျသွားမည်။ ရွှယ်ယင်ကဲ့သို့ ဒဏ္ဍာရီအဆင့် ထိပ်သီးတစ်ယောက်ကို ဖိနှိပ်လိုက်ပါက သက်ရောက်သည့် အားအင်က တကယ်ကို သိသာထင်ရှားလောက်အောင် လျော့ကျသွားလိမ့်မည်။

တစ်ယောက်က ခန်းမကြီးထဲတွင်.. နောက်တစ်ယောက်က ပလ္လင်ခုံတွင် ထိုင်နေသည်။ နှစ်ယောက်စလုံးက အကြည့်တွေက ထိပ်တိုက်ရင်ဆိုင်နေလျက်။

" မင်း ဘယ်လောက် တောင့်ခံနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်.."

နတ်ဆိုးနှင့် တူသည့် လူက လက်ကို ဆတ်ခနဲ လှည့်လိုက်၍ အနက်ရောင် ဓားကွေးတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ဒါသည် သူ့၏ တိုက်ပွဲသုံး လက်နက် ဖြစ်သည်။ အစောပိုင်းတွင် ထန်ရှုံးကို အသုံးပြုလိုက်သည့် လက်နက်က သံအပိုင်းအစ တစ်ခုသာ ဖြစ်သည်။ သူတို့နှစ်ယောက်ကြားတွင် ခွန်အားတို့က ကွာခြားနေ၍ သူ့၏ တိုက်ပွဲဝင်လက်နက်ကို ထုတ်သုံးဖို့ မလိုအပ်သောကြောင့် ဖြစ်သည်။

" ဝုန်း " သူက လက်ကို မြှောက်၍ ရွှယ်ယင်ထံ ဓားကွေးကို ပစ်လွှတ်လိုက်သည်။

" ရွှစ်.. ရွှစ်.. ရွှစ်.."

သူ့လက်ထဲတွင် ဓားကွေးများက တစ်ချောင်းပြီး တစ်ချောင်း ထွက်ရှိလာသည်။ သူက ဆက်တိုက်ဆိုသလို ပစ်မှတ်ဆီ ပစ်လွှတ်လိုက်သည်။

အဆိုပါ ဓားကွေးငယ်များမှာ အလွန်ကို လျင်မြန်စွာဖြင့် လေထုအလွှာကိုပင် ထိုးဖောက်၍ ပြေးသွားသည်။ ထို့အပြင် ကွေးနေသည့် ပုံသဏ္ဌာန်ကြောင့်လည်း ဓားကွေးကို ပစ်လွှတ်လိုက်သည်နှင့် စထွက်သည့်နေရာမှ ၎င်း၏ လားရာကို ခန့်မှန်းရ အလွန်ခက်ခဲသွားစေသည်။

" ဓားပျံတွေပါလား.. ဒါဆိုလည်း ငါ့ရဲ့ သိုင်းကွက်ကို နည်းနည်း မြည်းစမ်းကြည့်ဦး.."

ရွှယ်ယင်မှာ အတော်လေး စိတ်အား တက်ကြွနေသည်။ ဒါသည် ဒဏ္ဍာရီအဆင့်နှင့် ပထမဆုံး တိုက်ခိုက်ဖူးခြင်း ဖြစ်သည်။ သူသည် ညာဘက်လက်ဖြင့် လှံတိုတစ်ချောင်းကို ဆွဲယူလိုက်ကာ နတ်ဆိုးနှင့် တူသည့် ထိုလူထံသို့ အားကုန် ပစ်လွှတ်လိုက်သည်။

ဝှီး..

ထိုလှံတိုမှာ အတော်လေး အလေးချိန်စီး၏။ လှံတိုး ပြေးရာ လမ်းတစ်လျှောက်တွင် လေထုကို စုတ်ဖြဲ၍ ပြေးသွားလေရာ နတ်ဆိုးတစ်ကောင်နှင့် လူသည် ထိုလှံ၏ ကြောက်စရာကောင်းသော အင်အားကို ခံစားလိုက်ရလေ၏။ သူ့မျက်နှာမှာလည်း ချက်ချင်း ဖြူဖျော့သွားသည်။ လှံက သူ့ဆီကို ပြေးဝင်လာသည်မှာ အလွန်လျင်မြန်လှသည်။ နောက်ထပ် လက်နက်တစ်ခုကို ထုတ်၍ ခုခံကာကွယ်ဖို့ပင် အချိန် မရလိုက်ချေ။ သူက ကိုယ့်ကို လှည့်၍ ရှောင်လိုက်ရသည်။

" ဘန်းး " လှံတိုက ပလ္လင်ခုံကို တိုက်ရိုက် ထိသွားသည်။ သံဖြင့် သွန်းလုပ်ထားသည့် ပလ္လင်ခုံ ဖြစ်သော်လည်း ချက်ချင်းပင် အပိုင်းပိုင်းအစစ ကွဲထွက်သွားသည်။ ထိုမျှနှင့် မရပ်သေး.. ပလ္လင်ခုံ အနောက်က နံရံကိုပါ ဆက်လက် ဖောက်ဝင်သွားသည်။

ထို့အတူပင် ရွှယ်ယင်မှာလည်း သူ့ထံ ရောက်ရှိလာသည့် ဓားကွေးတို့ကို ရှောင်တိမ်းလိုက်ရသည်။ တချို့သော ဓားကွေး တစ်ချောင်း နှစ်ချောင်းလောက်ကို မရှောင်နိုင်သည့်အခါ သူ့၏ နှင်းပျံနတ်လှံဖြင့် ပက်ထုတ်၍ ကာကွယ်လိုက်ရသည်။ လှံပညာရှင်ကြီးတစ်ယောက် ဖြစ်သော်ကြောင့် ရွှယ်ယင်အတွက်က ထိုဓားကွေးတို့ကို အလွယ်တကူပင် ခုခံကာကွယ်နိုင်ခဲ့၏။

ဝှီး.. ဝှီး.. ဝှီး..

ရွှယ်ယင်က ညာဘက်လက်ဖြင့် နောက်ထပ် လှံတိုများကို ထုတ်ယူလိုက်သည်။ သူ့ရဲ့ မှော်သိုလှောင်လက်စွပ်ထဲတွင် များစွာ ကျန်ရှိနေသေးသည့် လှံတိုများက အသုံးပြုခံရဖို့အတွက် စောင့်ဆိုင်းနေကြလျက် ရှိသည်။

တစ်ချောင်းပြီး တစ်ချောင်း.. ရွှယ်ယင်သည် အားအပြည့်သုံး၍ နတ်ဆိုးနှင့် တူသည့် လူထံသို့ လှံတိုကို ဆက်တိုက် ပစ်လွှတ်သည်။ လှံတိုများ လေထုကို ထိုးခွဲ၍ သွားသော အားသည် တစ်ဖက်လူ သိမြင်ထားသော သဘာဝတရား၏ နိယာမတရားကို အခြေခံထားသည့် ဖိနှိပ်အားထက် ကျော်လွန်နေလေသည်။ ထို့အတွက်ကြောင့်လည်း ဖိနှိပ်အားတို့မှာ လုံးဝကို အသုံးမဝင်သကဲ့သို့ ဖြစ်နေလေ၏။

ဝှီးး.. လှံတိုတစ်ချောင်းက နတ်ဆိုးနှင့် တူသည့် လူ၏ နံဘေးကနေ ကပ်လျက် ဖြတ်သန်းသွားသည်။

ဝုန်း.. ထိုလှံက နံရံကို ဖောက်ထွက်သွားသည်။

ထိုအတူပင် ရွှယ်ယင်မှာလည်း သူ့ဆီကို အဆက်မပြတ် ရောက်ရှိလာသည့် အနက်ရောင် ဓားကွေးများကို ရှောင်တိမ်းနေရသည်။ ထိုဓားကွေးတို့မှာလည်း အနောက်က နံရံဆီသို့ စိုက်ဝင်သွားကြသည်။

" ဒါက.. ဒါက.. " စစ်ပိုင်ရုံက အံ့သြစွာဖြင့်..။

" ရှင်က ဒဏ္ဍာရီအဆင့်တစ်ယောက်လား.." ကျင့်ချိုးမှာလည်း အလားတူပင် တအံ့တသြ ဖြစ်သွားသည်။

အခုချိန်တွင် အင်အားကြီးသူ နှစ်ယောက်.. လက်နက်ပုန်းများဖြင့် ကိုယ်စီ အပြန်အလှန် ပစ်လွှတ်နေကြသည်။ ထိုအရာမှ ထွက်ရှိလာသည့် ကြောက်စရာ ကောင်းသော အားအဟုန်တို့ကို အားလုံးက ခံစားနေကြရ၏။ နတ်ဆိုးနှင့် တူသည် လူမှာ ရှောင်တိမ်းသည့် နေရာတွင် အလွန် လျင်မြန်ကာ မကြာခင်မှာပဲ အရိပ်ကဲ့သို့ ဖြစ်လာလေ၏။ သေချာ ရှင်းလင်းစွာ မြင်ရဖို့ပင် ခက်ခဲလာခဲ့သည်။

ရွှယ်ယင်မှာလည်း ပြေးရသည့် အကွာအဝေးက ကျဥ်းသော်လည်း သူလည်းပဲ အရိပ်ကဲ့သို့ မသဲကွဲသည့် ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။

ရွှယ်ယင်တို့မှာ တစ်ယောက်ကို တစ်ယောက် ရှောင်တိမ်းကြသည့် အဆင့်ပင် ရှိသေးသည်။ သို့သော် ထိုနှစ်ကောင်ကို သူမတို့ ကောင်းစွာ မမြင်ကြရတော့ပေ။

ထို့အပြင် ကြောက်စရာကောင်းသည့် လှံတိုပဲ ဖြစ်ပါစေ.. ထိတ်လန့်ဖွယ်ကောင်းသည့် ဓားကွေးပဲ ဖြစ်ပါစေ သူတို့အတွက်က ထိုလက်နက်ပုန်းတို့ကို တစ်ခုတလေပင် ရှောင်၍ ရနိုင်မှာ မဟုတ်ချေ။

" သူက ဘာလို့ ဒီလောက်တောင် စွမ်းအား ကြီးနေတာလဲ.."

လုဟွိုင်ရူမှာ အလန့်တကြား ဖြစ်သွားလေသည်။ ခန်းမထဲက ရုပ်တုကြီးတစ်ခု၏ အနောက်တွင် သူ ပုန်းကွယ်၍ ကြည့်နေခြင်း ဖြစ်သည်။

ထို့နောက်မှာတော့ ဒဏ္ဍာရီအဆင့်နှစ်ယောက်သည် ဆက်လက်၍ တိုက်ခိုက်ကြနေရာ ဘေးပတ်ဝန်းကျင်ကလည်း ထိုသက်ရောက်မှုကို ခံစားရ၏။ လုဟွိင်ရူက ဥက္ကာပျံအဆင့်လောက်ပဲ ရှိသူမို့ သူ့အနေဖြင့် ထိုကြားထဲတွင် ဓားစာခံ မဖြစ်ချင်ပေ။

***

နတ်ဆိုးနှင့် တူသည့် လူက ရှောင်တိမ်းနေရင်း ရုတ်တရက် အသွားနှစ်ဖက် ပုဆိန်တစ်လက်ကို ထုတ်ယူလိုက်သည်။

အသွားနှစ်ဖက် ပုဆိန်မှာ တကယ့်ကို ကြမ်းတမ်းရက်စက်သည့် လက်နက်တစ်ခုဟု ဆိုရနိုင်သည်။ ပုဆိန်၏ ကြီးမားသော မျက်နှာပြင်က ဒိုင်းငယ်တစ်ခုလိုပင် အသုံးပြုလို့ ရသည်။ သူ့လက်ထဲ ပုဆိန် ရောက်လာသည်နှင့် သူ့ထံ ပြေးဝင်လာသော လှံတိုတို့ကို လွှဲရိုက်ချလိုက်လျှင် အသံကျယ်များ ဘန်း ဘန်း ဟူ၍ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

" မြေအောက်ဘုံကနေ လွတ်မြောက်လာပြီ လူသားဘုံထဲ ရောက်လာတာ ဒီလို စွမ်းအားကြီးတဲ့ အငယ်တစ်ယောက်နဲ့ ဆုံရမယ်လို့ ဘယ်သူက တွေးထားမိမှာလဲ.. နောက်ပြီ ပင်ကိုအရည်အချင်းနဲ့ ဒဏ္ဍာရီအဆင့်တစ်ယောက်ရဲ့ စွမ်အားမျိုးကို အရွယ်ငယ်ငယ်နဲ့ ပိုင်ဆိုင်ထားသေးတယ်.. "

နတ်ဆိုးတစ်ကောင်နှင့် တူသည့် လူက ရက်စက်ဟန်ဖြင့် ပြုံးလိုက်သည်။

" ဒါပေမဲ့ ဒီလို အရည်အချင်းရှိတဲ့ လူငယ်တွေကို သတ်ရတာကလည်း ငါ့ရဲ့ ဝါသနာထဲက တစ်ခုပဲ.. ကဲ. လာစမ်း.. မင်း ဘယ်လောက် သန်မာသလဲဆိုတာ ငါ့ကို ပြစမ်းပါ.."

" ကျုပ်ရဲ့ လှံကို မြည်းကြည့်ပေတော့.."

လှံတိုမှာ တစ်ဖက်ကို သတ်ဖြတ်နိုင်လောက်သည်အထိ စွမ်းအား မပြင်းမှန်း ရွှယ်ယင် သိသည်။ ထို့ကြောင့် သူက လှံရှည်ဖြင့် နတ်ဆိုးနှင့် တူသည့် လူထံသို့ တိုးဝင်သွားလိုက်သည်။

ရွှစ်..

အားကောင်းကောင်းဖြင့် ပစ်လွှတ်လိုက်သည့် မြားတစ်ချောင်းကဲ့သို့ ရွှယ်ယင်သည် မီတာ တစ်ရာလောက် ရှိသည့် အကွာအဝေးကို မျက်တောင်တမှိတ်အတွင်း ရောက်ရှိလာသည်။ လှံကိုလည်း လက်နှစ်ဖက်စလုံးဖြင့် ကိုင်စွဲထားကာ တဖန် အနီးဆုံးသို့ ရောက်ရှိလာသည့်အခါ တွင် အားအင် အကုန်လုံးကို အသုံးပြု၍ လှံကို ပိုင်းရိုက်ချလိုက်သည်။

ဝုန်းးး

လှံတစ်ခုလုံးတွင် ထည့်ထားသည့် စွမ်းအားများက လှံထိပ်ဖျားတွင် သွားစုသွားသည်။

" မင်း ဘယ်လောက်အထိ သန်မာသလဲ ဆိုတာ ကြည့်ရသေးတာပေါ့.."

နတ်ဆိုးနှင့် တူသည့် လူက အားပါးတရ ရယ်မောလိုက်ရင်း အသွားနှစ်ဖက် ပုဆိန်ကြီးကို လွှဲကိုင်ထားကာ ရောက်ရှိလာမည့် တိုက်ခိုက်မှုအတွက် ကြိုတင်ထားလိုက်သည်။

ဘုန်းး

လှံရှည်သည် အသွားနှစ်ဖက် ပုဆိန်ကြီးကို ရိုက်ချလိုက်လေသည်။

နတ်ဆိုးနှင့် တူသည့် လူမှာလည်း မျက်နှာက ချက်ချင်း ဖျော့သွားသည်။ အစောပိုင်းတွင် ရွှယ်ယင်၏ လှံရိုက်ချက်ကို ခုခံကာကွယ်ဖို့ သူ့မှာ ယုံကြည်ချက် ရှိနေ၏။ ထို့ကြောင့်လည်း သူ့ခွန်အားအကုန်ကို ထုတ်ပင် အသုံးမပြုလိုက်ချေ။ အခုတွင် သူမှာ ချက်ချင်း အရေးနိမ့်သွားသည်။ သူ့ရဲ့ နာမည်ကျော်ကြားမှုကို ဂရုမစိုက်တော့ဘဲ ချက်ချင်း အနောက်ဆုတ်ကာ လှံ၏ သက်ရောက်အားကို ကြိုးစား ချေဖျက် လိုက်သည်။

ဒုန်း.. ဒုန်း.. ဒုန်း..

နောက်ဆုတ်လိုက်သည့် ခြေလှမ်းတို့တွင် နက်ရှိုင်းသော ခြေရာများ ထင်ကျန်သွားသည်။ မြေသားတို့သည်ပင် အက်ကြောင်းရာ ထသွားသည်။ အနောက်သို့ ခြေလှမ်း ဆယ့်နှစ်လှမ်းမျှ ဆုတ်လိုက်ပြီးကာမှ လှံရိုက်ချက်၏ သက်ရောက်အားကို ချေဖျက်နိုင်တော့သည်။

" သေစမ်း.." လှံဖြင့် ရိုက်လိုက်ပြီးနောက် ရွှယ်ယင်က ချက်ချင်း အရှေ့တိုး၍ ကြွင်းကျန်သေးသည့် လှံ၏ အရှိန်အားဖြင့် ထိုးလိုက်ပြန်သည်။

လျှပ်စစ်လက်သကဲ့သို့ လှံကား အရှေ့သို့ တည့်တည့်ဝင်၍ နတ်ဆိုးနှင့် တူသည့် လူ၏ မျက်နှာသို့ ဦးတည်သွား၏။

"ပြန့်ထွက်သွားစမ်.."

နတ်ဆိုးနှင့် တူသည့် လူမှာ အူတုန်သည်းတုန် ဖြစ်သွားသည်။ သူက စိတ်ကို ပြောင်း၍ ရွှယ်ယင်အား သဘာဝတရား၏ အင်အားဖြင့် ဖိနှိပ်ထားမှုကို ရုတ်သိမ်းလိုက်သည်။ ချက်ချင်းဆိုသလို အကျိုးသက်ရောက်မှုက ဖြစ်ပေါ်လာသည်။

ရွှယ်ယင်မှာ ရုတ်တရက် တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ လူ တော်တော်များများမှာ ထိုပြောင်းလဲမှုကို ချက်ချင်း အသားကျဖို့က မလွယ်ပေ။ အချိန်ယူရသေးသည်။ သို့သော် ရွှယ်ယင်၏ ခန္ဓာကိုယ်မှာ ထိုပြောင်းလဲမှုကြောင့် များစွာ ပြောင်းလဲမှု မဖြစ်လိုက်ပေ။

လှံပညာရှင်ကြီး ဖြစ်သည့်အပြင် စွမ်းအားနှင့် တစ်သားတည်းအဆင့်ကိုလည်း ပိုင်ဆိုင်ထားသူမို့ ရွှယ်ယင်သည် အလွယ်တကူ ရင်ဆိုင်လို့ ရသည့် လူတစ်ယောက် မဟုတ်နေချေ။

" ဘာ.. စွမ်းအားနဲ့ တစ်သားတည်းအဆင့်လား.. သူက အရမ်းလည်း ငယ်ရွယ်ပေမဲ့ သူ့ လှံသိုင်းပညာက အရမ်းကို ကြောက်စရာကောင်းလွန်းတာပဲ.."

ဖိနှိပ်အားကို ဖျက်လိုက်ပေမဲ့ ရွှယ်ယင်အား များစွာ မသက်ရောက်စေလိုက်မှန်း သူ သဘောပေါက်လိုက်သည်။ တစ်ဖက်လူက လှံပညာရှင်ကြီးတစ်ယောက်မှန်းလည်း သူ ထပ်သဘောပေါက်လိုက်ပြန်သည်။

တကယ်၍ လူတစ်ယောက်က ဒဏ္ဍာရီအဆင့်ကို ရောက်ရှိကောင်း ရောက်ရှိနိုင်ပေမဲ့ သိုင်းပညာရပ်တစ်ခုခုတွင် ပညာရှင်ကြီးအဆင့် ရောက်ဖို့က မလွယ်ကူမှန်း လူတိုင်းသိ၏။ တစ်ချို့က ပန်းပဲထုရင်း လောကကြီးနှင့် တစ်သားတည်းအဆင့်သို့ ရောက်သွားကြသလို တချို့ကလည်း ပန်းချီဆွဲရင်းလည်း ထိုအဆင့်သို့ ရောက်သွားကြသည်။ စင်စစ်.. လောကကြီးနှင့် တစ်သားတည်းအဆင့်ဆိုသည်မှာ စိတ်အခြေအနေတစ်ရပ်ကို ဖော်ပြခြင်း ဖြစ်၏။

ထိုအဆင့်သည် သိုင်းပညာရပ်တစ်ခုခုတွင် ပညာရှင်ကြီး ဖြစ်နေပြီးဟု သတ်မှတ်၍ မရနိုင်ပေ။

ပညာရှင်ကြီးအဆင့် ရောက်ဖို့သည် အချိန်များစွာ အားထုတ်မှုများစွာ သုံး၍ များစွာ လေ့ကျင့်ပါမှ ရနိုင်သည့် အရာ ဖြစ်ချေ၏။

နောက်ဆုံးတွင် နတ်ဆိုးနှင့် တူသည် လူသည် ရွှယ်ယင်အား ရန်သူတစ်ယောက်လို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

" ရွှစ်.. " လှံရှည်က တိုးဝင်လာသော်လည်း အချိန်မီ ရှောင်လိုက်၍ သူ့ နံဘေးက လေထုကိုသာ ထိုးခွဲသွားသည်။ လှံဖျားသည် နောက်ထပ် မည်သည့်အရာကိုမှ ဆက်လက် မထိုးလိုက်ရသော်လည်း ၎င်းထံမှာ ဆက်လက်ထွက်ရှိလာသည့် ပြင်းထန်သော အားက လေထဲ ဆက်လက် ဆင့်ကဲ ထွက်သွားသည်။ ထို့နောက် အနောက်က နံရံအား အပေါက်နက်ကြီး ဖြစ်သွားတဲ့အထိ ဖောက်ထွင်းသွားလေသည်။

" သေစမ်း.." လှံရိုက်ချက်ကို ရှောင်လိုက်ပြီးသည်နှင့် နတ်ဆိုးနှင့် တူသည့် လူက ချက်ချင်း အခွင့်အရေးကို အရယူလိုက်သည်။ လက်ထဲက အသွားနှစ်ဖက် ပုဆိန်ကြီးကို ကိုင်ကာ ရွှယ်ယင်အား ခုတ်ပိုင်းလိုက်သည်။

သူ့၏ သွေးပုဆိန်ဝင်စားခြင်း သိုင်းပညာရပ်အား ထုတ်သုံးလိုက်သည်မို့ ရန်သူကို အခွင့်အရေးပင် မပေးစေဘဲ အောင်မြင်စွာ ခုတ်စေနိုင်သည်။ ရန်သူက စိတ်အာရုံ တစ်ချက် လွဲမှားသွားခဲ့ရင် သေချာပေါက် သေဆုံးသွားရလိမ့်မည်။

" လာပေရော့.." ရွှယ်ယင်၏ လှံချက်က လေဟာပြင်ကိုပဲ ထိုးမိလိုက်သည့် ခဏမှာပဲ ရွှယ်ယင်သည် လက်ကောက်ဝတ်အားကို သုံး၍ လှံကို ဆတ်ခနဲ ဆွဲလှည့်ပစ်လိုက်သည်။

ပြီးလျှင် တစ်ဆက်တည်း လှံကို ဘေးတိုက် ရိုက်လိုက်လေသည်။

ရွှယ်ယင်သည် လှံ၏ အင်အားဖြင့် လူတစ်ထောင်စစ်တပ်ကိုပင် အနိုင်ယူ သတ်ဖြတ်နိုင်သည်။

အသွာနှစ်ဖက် ပုဆိန်သိုင်းပညာကို ဘာအရေးပြုရမည်နည်း။ ရွှယ်ယင်လည်း လှံကိုပဲ အသုံးပြု၍ ပြန်လည်း တိုက်ခိုက်လိုက်သည်။

" ဘန်းး "

လှံရှည်ကား အသွားနှစ်ဖက် ပုဆိန်နှင့် တိုက်ရိုက် ရိုက်ခတ်သွားကာ ကြောက်စရာ ကောင်းသည့် ပဲ့တင်သံများ ဟိန်းထွက်သွားသည်။

မမြင်နိုင်သော အင်အားများကလည်း အရပ်ရှစ်မျက်နှာသို့ ပြန့်ထွက်သွားရာ စစ်ပိုင်ရုံမှာ ကြောက်ရွံ့စွာဖြင့် သူ့၏ ချီစွမ်းအင်ကို အသုံးပြုကာ သူ့ကိုယ်သူ ကာကွယ်ထားလိုက်သည်။

ကျင့်ချိုးမှာမူ သူမ၏ အမူအရာက အေးစက်မြဲအတိုင်း ရှိနေဆပဲပင်။

ဝုန်း.. သက်ရောက်လာသော အင်အားကြောင့် စစ်ပိုင်ရုံမှာ အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။ ကျင့်ချိုးမှာ သူမ၏ ရေခဲဒိုင်းကို အသုံးပြ၍ သက်ရောက်အားကို ခုခံလိုက်သည်။

ခန်းမကြီးကား ဝုန်းဒိုင်းကြဲထွက်သွားသည်။ လေဆင်နှာမောင်း တိုက်ခတ်သွားသလိုပင်.. ကြမ်းခင်းပြင်လွှာက ကျောက်သားမျက်နှာပြင်များ အပိုင်းပိုင်းအစစ ကွဲအက်ကုန်လျက်။

နတ်ဆိုးနှင့် တူသည့် လူမှာ အနောက်သို့ တွန်းထုတ်ခံလိုက်ရကာ နောက်ဆုံး နံရံနှင့် သူ့နောက်ကျော ထိမိသွားသည့်အထိ အနောက်ဆုတ်သွားလိုက်သည်။

ရွှယ်ယင်မှာ ထိတိုက်တွေ့ဆုံရမှာ အနောက်သို့ ခြေတစ်လှမ်းလောက်သာ ဆုတ်လိုက်သည်။ ပြိုင်ဘက်နှစ်ယောက်မှာ သတ်ဖြတ်သည့် စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေ၏။ ဘယ်သူမှ တစ်ယောက်ကို တစ်ယောက် အလစ်မပေးကြချေ။

" ဟား.ဟား..ဟား.."

ထိုအခိုက်တွင် နတ်ဆိုးနှင့် တူသည့် လူက ရုတ်တရက် ရယ်မောလိုက်သည်။ သူ့အသံကား နက်ရှိုင်းပြီ အားမာန်ပါသည်။ ခန်းမကျယ်တစ်ခုလုံးကို ဆူနာမီဒီရေလှိုင်း ရိုက်ခတ်သွားသည့်နှယ် ပျံ့နှံ့သွားလေရာ ကျင့်ချိုး၊ ပိုင်ရုံနှင့် လုဟွိုင်ရူတို့မှာ နားကို ချက်ချင်း ပိတ်ထားလိုက်ရသည်။

အပိုင်း ( ၄၆ ) တားမြစ်ပညာရပ်

ရွှယ်ယင် မျက်နှာအမူအရာ အနည်းငယ် ပျက်သွားသည်။ လက်ရှိတွင် သူကအသာစီး ရထားသည် မှန်သော်လည်း နတ်ဆိုးနှင့် တူသည့် လူမှာ အလွန်ကို ယုံကြည်ချက် မြင့်မားနေပုံ ရနေ၏။ တစ်ခုခုတော့ လွဲမှားနေဟန် ရသည်။

" ငယ်ရွယ်တဲ့ မှော်ပညာရှင်ကြီး.. မင်းရဲ့ အင်အားက ငါ့ထက် မြင့်ပါတယ်.. မင်းကို သတ်ရတာ မလွယ်ဘူးပဲ.." နတ်ဆိုးနှင့် တူသည့် လူက လှောင်ရယ်လိုက်လေသည်။

ကြည့်နေကြသူများမှာလည်း အံ့သြသွားကြသည်။

အစောပိုင်းက အဖြစ်ကြောင့် ရွှယ်ယင်သည် အသာစီးရနေမှန်း သူတို့ အားလုံး သိကြသည်။

တကယ်တမ်းတွင် ဘာတွေ ဖြစ်ပျက်သွားသလဲ ဆိုတာ အလွယ် ရှင်းပြနိုင်သည်။ ရွှယ်ယင်က လောကကြီးနှင့် တစ်သားတည်းအဆင့်ကို ရောက်နေသူ ဖြစ်ပြီး တစ်ဖက်လူက သဘာဝတရား၏ နိယာမကို ထိန်းချုပ်နိုင်သူ ဖြစ်သည်။ ဆိုလိုရင်းက သူတို့နှစ်ယောက်မှာ လက်ရည်မျှသည်။

သို့သော် ရွှယ်ယင် အသာစီးရသည့် အကြောင်းက အထွတ်အထိပ်အဆင့် ရေခဲနက် လှံသိုင်းပညာနှင့် သူ့လက်ထဲက နှင်းပျံနတ်လှံ၊ တဖန် လှံသိုင်းပညာရှင်ကြီးအဆင့်နယ်ပယ် စသည်တို့ကြောင့် ရွှယ်ယင်က တစ်ဖက်လူကို သေချာပေါက် အနိုင်ယူနိုင်ပေမည်။

နတ်ဆိုးနှင့် တူသည့် လူမှာ ခွန်အားများစွာ ရှိသည်က မှန်သော်လည်း သူ့တွင် စွမ်းအားနှင့် တစ်သားတည်းအဆင့် ရောက်နေတာက မရှိနေသောကြောင့် သူ့အနေဖြင့် ရွှယ်ယင်ကို မနင်းခြေနိုင်ချေ။

" ခင်ဗျားမှာ တစ်ခြား ဘာသိုင်းပညာတွေ ရှိသေးလဲ.. လာစမ်း.. အကုန် ထုတ်သုံးလို့ ရတယ်.."

ရွှယ်ယင်က အေးစက်စွာ အော်ဟစ်လိုက်သည်။ တစ်ဖက်လူက ထူးဆန်းစွာ ပြုမူနေသည်ဟုလည်း သူ ခံစားနေရသည်။

" ဟား..ဟား..ဟား.. မြေအောက်ဘုံကနေ ထွက်လာတာ မကြာသေးလို့ ငါ့ရဲ့ အင်အားက တစ်ဝက်လောက်ပဲ ရသေးတယ်.. နတ်ဆိုးသခင်ကြီး တီထွင်ထားတဲ့ တားမြစ်ပညာရပ်ကို ထုတ်သုံးဖို့ မင်းက ထိုက်တန်ပါပေတယ်.."

ထိုသို့ ပြောလိုက်ပြီးသည်နှင့် သူ့ခန္ဓာကိုယ်က ရုတ်တရက် အရွယ်အစား သေးသွားသည်။ အစတွင် ၂.၄၅ မီတာ ရှိရာမှ ၁.၈ မီတာအမြင့်ရှိသည့် လူတစ်ယောက်အသွင်သို့ ပြောင်းလဲသွားသည်။

တုတ်ခိုင်သော လက်မောင်းများမှာလည်း တစ်ဖြည်းဖြည်း သေးငယ်လာသည်။

သွေးသား၊ ကြွက်သားများ..အရိုးများမှာလည်း ကြောက်စရာကောင်းသည့် အနက်ရောင် ချီစွမ်းအင်များအဖြစ် တကယ်ပင် ပြောင်းလဲလာခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး၏ ဘေးပတ်လည်တွင် အနက်ရောင်ချီများကို တွေ့မြင်ရလာခဲ့သည်။

" ဒါက.. ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."

စစ်ပိုင်ရုံမှာ ထိုထူးဆန်းသည့် မြင်ကွင်းကို ငေးကြည့်နေလေ၏။

" ဒါက ကြီးကျယ်တဲ့ နတ်ဆိုးဘုရား တားမြစ်ပညာရပ်ပဲ.."

လုဟွိုင်ရူ၏ မျက်ဝန်းတို့မှာ ကြည်ညိုလေးစားခြင်းနှင့် အရောင် တောက်ပလာသည်။

" အံ့သြစရာပဲ.. သူက နတ်ဆိုးတမန်တော်ပဲ.. သူက အသွေအသားစတေးခြင်းကို သိမြင်နားလည်ထားတာ ကမ္ဘာပေါ်က တစ်ခြား မှော်ပညာရှင်တွေထက် သာလွန်နေတာပဲ.."

ကျင့်ချိုးမှာ ထပ်မံပြီ အံ့သြနေတော့သည်။

မှော်ပညာရှင်တို့မှာ ခန္ဓာကိုယ်အသွေးအသား၊ စိတ်ဝိညာဥ်တို့ကို အုပ်စိုးထားသည့် သဘာဝတရားကို နားလည်ဖို့ သင်ယူလေ့လာကြရသည်။ တချို့မှာ နတ်ဆိုးတွေကိုပင် ဖန်တီးဖို့ ကြိုးစားကြသည်။ ဥပမာအားဖြင့် စစ်ကလန်မှ စီလျောင်ဟုံသည် သူ့ကိုယ်သူ နတ်ဆိုးတစ်ပါးလို ပြောင်းလဲခဲ့ပြီ သူ့၏ ဘဝသက်တမ်းကို အဆမတန် ဆွဲဆန့်နိုင်ခဲ့သည်။

" ဂျွတ်.. ဂျွတ်.." နတ်ဆိုးတမန်တော်သည် သူ့ လည်ပင်းကို အနည်းငယ် အကြောဆန့်လိုက်ရာ ကျယ်လောင်သော အသံများ ထွက်ရှိလာသည်။ ထို့အပြင် သူ့ ဘေးပတ်လည်တွင်လည်း အနက်ရောင် ချီစွမ်းအင်များ လွှမ်းခြုံနေပြန်ရာ တကယ့် နတ်ဆိုးတစ်ကောင်နှင့် တူလွန်းလှသည်။

" ငါ ပြောတဲ့ ခွန်အားဆိုတာ ဒါမျိုးပဲ.." နတ်ဆိုးတမန်တော်က ရွှယ်ယင်အား ကြည့်လိုက်သည်။

" ဒီခွန်အားတွေကြောင့်သာ မဟုတ်ခဲ့ရင် နတ်ဆိုးဘုရားတစ်ပါး ဖြစ်လာဖို့ ငါ ကြိုးစားခဲ့မှာ မဟုတ်ဘူး.. ငယ်ရွယ်တဲ့ လှံသခင်လေး.. ခွန်အားအစစ်အမှန်ရဲ့ အရသာကို မြည်းခွင့် ပေးရမှာပေါ့.."

"စိတ်ဝင်စားစရာပဲ.."

ရွှယ်ယင်မှာ တစ်ဖက်လူ၏ အနက်ရောင်ချီစွမ်းအင်ကို အကဲခတ် ကြည့်လို့ နေ၏။

" အသွေးအသားတွေ.. အရိုးတွေက ချီစွမ်းအင်အဖြစ် ဆက်တိုက် ပြောင်းလဲသွားလိုက်တာ.. ဒါက တချို့ နတ်ဆိုးကြီးတွေရဲ့ လျှို့ဝှက်ပညာရပ်တစ်ခုဆိုတာ ယုံမှားစရာ မရှိပါဘူး.. ကျုပ်အထင် မှန်ရင်တော့ ဒါဟာ ခင်ဗျားရဲ့ မူလရုပ်သွင် ဖြစ်မယ်.."

" သိပ်ဟုတ်တာပေါ့.. ဒီပညာရပ်ကို ထုတ်သုံးဖို့အတွက် တတ်နိုင်သမျှ မျာများစားရတာပဲ.. များများစားလေ.. ငါဟာ အကောင်ပိုကြီးလာလေ.. အဲဒီကနေ ရထားတဲ့ စွမ်းအင်တွေကနေ အင်အားတွေ အများကြီး ငါ ထုတ်သုံးလို့ ရတယ်.. မဟုတ်ရင် သာမန် လူတစ်ယောက်က ဘယ်လိုလုပ် သန်မာလာမှာလဲ.."

နတ်ဆိုးတမန်တော်က အေးဆေးစွာဖြင့်ပင် ပြောပြနေလိုက်သေးသည်။ တစ်ဖက်ကို ပြောပြလိုက်လျှင်လည်း ဘာမှ ပြဿနာ မရှိသည့် ပုံစံအတိုင်းပင်။

ရွှယ်ယင်က ခေါင်းညိတ်လိုက်သည်။

နတ်ဆိုးနှင့် တူသည့် လူကို ပထမဆုံး မြင်တွေ့လိုက်ရသည့် အချိန်တွင် တစ်ခုခု မူမှန်မှန်း သူ ခံစားရသည်။ သဘာဝအတိုင်းဆိုရင် ဘယ်သူမှ စည်ပိုင်းတစ်လုံးစာလောက် ကိုယ်လုံးက ထွားကြိုင်းပြီ အရပ်က ၂.၄၅ မီတာလောက် မကြီးထွားနိုင်ပေ။ တကယ်လို့ ထိုအရပ်လောက် မြင့်ခဲ့ရင်လည်း နတ်ဆိုးနှင့် တူသည့် လူ၏ အရင်ပုံသဏ္ဌာန်ကဲ့သို့ ထွားကြိုင်းနေမှာ မဟုတ်ချေ။ အဇူရီမြစ်စီရင်စုတွင် နှင်းစီးမြင်းလောက် မြင့်မားသည့် လူတစ်ဦးတစ်ယောက်ကိုမှ သူလည်း မမြင်တွေ့ဖူးသေးချေ။

" ဒါက ငါတို့ရဲ့ အဆုံးသတ် ဖြစ်ပြီလား.." ကျင့်ချိုးမှာ စိတ်ပူပန်နေမိသည်။

" အရူးတွေ.. အဲဒီနှစ်ယောက်က ကြောက်စရာကောင်းတဲ့ အရူးနှစ်ယောက်ပဲ.." ပိုင်ရုံက ကောက်ချက် ချလိုက်သည်။

" ငါ့ရဲ့ အရှင်ကတော့ ဒီတိုက်ပွဲမှာ သေချာပေါက် နိုင်လိမ့်မယ်.." ပြောင်းလဲသွားသော အခြေအနေကြောင့် လုဟွိုင်ရူမှာ ပိုပြီ စိတ်ချလက်ချ ဖြစ်လာခဲ့သည်။

နတ်ဆိုးတမန်တော်၏ ကိုယ်ပတ်လည်တွင် လွှမ်းခြုံထားသည့် အနက်ရောင် ချီများဟာ ထိတ်လန့်ဖွယ်ကောင်းသည့် အရှိန်အဝါဖြင့် ဖြာထွက်လို့ လာသည်။

" ကောင်းတယ်.. အရမ်းကောင်းတယ်.." ရွှယ်ယင်က ရုတ်တရက် ပြောလိုက်သည်။

" ခင်ဗျားရဲ့ စွမ်းအားက ဒဏ္ဍာရီအဆင့်တစ်ယောက်အနေနဲ့ဆို နည်းနည်းလေးတော့ အားနည်းနေသေးတယ်လို့ ကျုပ်ထင်တယ်.. ခင်ဗျားနဲ့ တိုက်ခိုက်ရတာ ဘာစိန်ခေါ်မှု ရှိနေမှာလဲ.. ကဲ.. တိုက်ပွဲဆိုတာ ဒါမျိုးမှ ခေါ်တာ.. ကျုပ် တုန်ပိုရွှယ်ယင်.. ဒဏ္ဍာရီအဆင့်တစ်ယောက်နဲ့ ပထမဆုံး ရင်ဆိုင် တိုက်ခိုက်ရခြင်းပဲ.. ခင်ဗျားကို စောစော မသတ်ရမိစေနဲ့.. ကျုပ်အတွက် ပျော်စရာ မကောင်းဘူး ဖြစ်သွားလိမ့်မယ်.."

" အဲဒီအတွေကို ခဏလေးနဲ့ ကျုပ် ပြောင်းလဲပေးမှာပါ.." နတ်ဆိုးတမန်တော်က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

" ငါ့အတွက် သေလိုက်.."

ချက်ချင်းပဲ သူက ရွှယ်ယင်ဆီ ပြေးဝင်သွားသည်။ သူ့ အပြေးနှုန်းက အစောပိုင်းကထက် ပို၍ လျင်မြန်သွားသည်မှာ သတိထားမိစရာပင်။ တစ်ချိန်တည်းမှာပဲ သူ၏ သဘာဝတရား၏ နားလည်ထားသည့် အသိအမြင်ကို အသုံးပြု၍ ရွှယ်ယင်ကို ဖိနှိပ်လိုက်သည်။ ထိုသို့ လုပ်ခြင်းက လှံသိုင်းပညာရှင်ကြီးအဆင့်တစ်ယောက်ကို များစွာ သက်ရောက်မှု မရှိပေမဲ့ ရန်သူ၏ ခွန်အားကို အနည်းငယ် လျှော့ချလိုက်ဖို့အတွက်က မသုံးပြုဘဲ နေပါဦးမလား။

" ဒီလိုလား.." ရွှယ်ယင်ကလည်း တုံ့ပြန်လိုက်သည်။ သူက နတ်ဆိုတမန်တော်ထံသို့ ပြေးဝင်သွားကာ လှံဖြင့် တစ်ခါတည်း ရိုက်ချလိုက်သည်။

နတ်ဆိုးတမန်တော်သည် ထူးဆန်းစွာ ခြေလှမ်းကို ရပ်ချလိုက်ပြီ အနောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။

ဒုန်း... ရွှယ်ယင်၏ လှံသည် သူ့အရှေ့က ကြမ်းခင်းပြင်ကို ရိုက်မိသွားသည်။ ထိုအခါ ခန်းမကြီး၏ ကြမ်းပြင်အလွှာအားလုံးမှာလည်း အကုန် ကျိုးပဲ့သွားကုန်သည်။ လှံရိုက်ချက်၏ အင်အားက နေရာအနှံ့ ကူးပြောင်းသွားရုံသာမက တချို့သော ကျောက်တုံးအကျိုးအပဲ့တို့က နတ်ဆိုးတမန်တော်ဆီ လွင့်စင်သွားသည်။ သို့သော် ထိုကျောက်တုံးတို့က အနက်ရောင်ချီစွမ်းအင်တို့နှင့် ထိပြီ ပြန်ကန်ထွက်လာကြသည်။

နတ်ဆိုးတမန်တော်က လှောင်ရယ်လိုက်သည်။ လက်ရှိအချိန်တွင် သူသည် တကယ့်ခွန်အားအမှန်ကို ထုတ်သုံးလိုက်ပြီးဖြစ်ရာ သူ့ရဲ့ စွမ်းအား.. အမြန်နှုန်း စသည်တို့က အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်။ ထို့ကြောင့်လည်း သူ့ရဲ့ အသွားနှစ်ဖက် လှံကို အားမကိုးဘဲ ရွှယ်ယင်၏ လှံချက်များကို အလွယ်တကူ ရှောင်၍ ရနေလေပြီ။

ဝှီး..ဝှစ်..

မြေပြင်ပေါ် ရိုက်ခတ်သွားသည့်အခါ လှံက ပြန်ကန်ထွက်လာသည့် အားကို ယူ၍ ရွှယ်ယင်သည် နတ်ဆိုးတမန်တော်ထံသို့ ပို၍ပင် လျင်မြန်သော အမြန်နှုန်းဖြင့် ထပ်မံ ရိုက်လိုက်ပြန်သည်။

" ဒီလောက်တောင် မြန်ရသလား.." နတ်ဆိုးတမန်တော်မှာ အကြီးအကျယ် ထိတ်လန့်သွားသည်။ လှံသိုင်းပညာရပ်တွင် ရွှယ်ယင်၏ ကျွမ်းကျင်မှုက အလိုက်သင့် လျင်မြန်စွာ ပြောင်းလဲအသုံးချနိုင်စွမ်းတွင် လွန်စွာ အကျိုးသက်ရောက်မှု ရှိ၏။

ပတ်ဝန်းကျင် သို့မဟုတ် ရန်သူထံမှာ ပြန်လည် ကန်ထွက်လာသည့် မည်သည့်တန်ပြန်အားကိုမဆို သူက စုပ်ယူ၍ ထိုထက် အဆပေါင်းများစွာ မြင့်သော အင်အားတို့နှင့် ပြန်လည် တိုက်ခိုက်နိုင်ပေ၏။

ဒုန်း.. နတ်ဆိုးတမန်တော်သည် သူ့ရဲ့ အသွားနှစ်ဖက် ပုဆိန်ကို ထုတ်၍ လှံရိုက်ချက်ကို အသည်းအသန် ကာကွယ်လိုက်ရသည်။

လှံထိပ်ဖျားနှင့် ပုဆိန်အသွားမျက်နှာပြင်တို့ ထိပ်တိုက် တွေ့ဆုံသွားသည်။

ရွှယ်ယင်က ချက်ချင်း လှုပ်ရှားလိုက်သည်။ လက်ထဲက လှံဖြင့် နတ်ဆိုးတမန်တော်ကို အဆက်မပြတ် ထိုးသွင်းခုတ်ပိုင်းလိုက်သည်။ အလွန်လျင်မြန်ရကား လှုပ်ရှားမှုတိုင်း၏ အရိပ်တို့လောက်ကိုသာ မြင်ရ၏။

ရေခဲနက်လှံသိုင်းပညာရပ်၏ "ကျဆင်းသော နှင်း" သိုင်းကွက်..

ဆီးနှင်းပွင့်များ မျောလွင့်လာချေသည်။ ထိုအထဲတွင် မမြင်ရသော လှံချီစွမ်းအားများ ပုန်းလျှိုးနေလျက်..

" အရမ်းကို လျင်မြန်တဲ့ လှံသိုင်းပညာရပ်ပဲ.." နတ်ဆိုးတမန်တော်က အသွားနှစ်ဖက် ပုဆိန်ဖြင့် ထပ်မံ ကာကွယ်နေရပြန်သည်။

" မြန်စမ်း.. မြန်စမ်း.. မြန်စမ်း.. " ရွှယ်ယင်၏ မျက်ဝန်းထဲတွင် ကြောက်စရာကောင်းသည့် စိတ်ဆန္ဒများ ထင်ဟပ်နေလေ၏။ လှံရိုက်ချက်တွေက လျင်မြန်လွန်းစွာ တဖျတ်ဖျတ် လှုပ်ရှားနေကာ လှံအရိပ်တို့သည်လည်း ရန်သူအား အပြည့်အဝ ဖုံးလွှမ်းလာလေသည်။ တစ်စက္ကန့်တည်းဟူသော အချိန်အတိုင်းအတာအတွင်း ခေါင်း၊ လည်မျို၊ ခြေထောက်နှစ်ဖက်.. ခါး.. အစရှိသည့် ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးကို လှံဖြင့် ထိုးသွင်းနိုင်ပေသည်။ နတ်ဆိုးတမန်တော်မှာ လျင်မြန်စွာ တိုက်ခိုက်လာမှုကို ခံစစ်အဖြစ်သာ ခုခံနေရ၏။

" အရမ်းကို လျင်မြန်နေတာပဲ.. ရွှယ်ယင်ရဲ့ လှုပ်ရှားမှုတို့က အရမ်းကို လျင်မြန်တာပဲ.. သူ့ရဲ့ လှံအရိပ်ကိုတောင် ငါ ကောင်းကောင်း မမြင်ရတော့ဘူး.. ဒါက.. ဒါက.. သူ့ရဲ့ တကယ့်ခွန်အားအစစ်အမှန်လား.. တကယ်လို့ ငါ မရှောင်နိုင်ဘူးဆိုရင် သူ ငါ့ကို တစ်ချက်တည်းပဲ သတ်သွားနိုင်တာပဲ.."

စစ်ပိုင်ရုံက အလန့်တကြား ဖြစ်သွားသည်။ ကျင့်ချိုးမှာ သူမ၏ အသက်ရှုနှုန်းက မြင့်တက်လာလေသည်။

သူမသည် အသက်ငယ်ငယ်ဖြင့် ငွေလအဆင့် မှော်ပညာရှင်တစ်ဦး ဖြစ်လာခဲ့၍ ကမ္ဘာပေါ်တွင် သူမသည် ထိပ်ဆုံးတွင် ရှိသည်ဟု သူမကိုယ် သူမ တွေးခဲ့ဖူးသည်။

ဒီနေ့တွင် သူမသည် ဒဏ္ဍာရီအဆင့်တို့၏ တိုက်ပွဲကို ပထမဆုံး မြင်ရလေပြီ.

ဒီလို တိုက်ပွဲမျိုးမှာ ငွေလအဆင့်ဆိုသည်က ဘာအဓိပ္ပါယ် ရှိပါတော့မလဲ.. ဒဏ္ဍာရီအဆင့် မှော်ပညာရှင်တစ်ယောက်ကို ဂါထာမန္တရား မန်းမှုတ်ဖို့ အချိန်အလုံအလောက် ပေးစေကာဦး.. တစ်ချက် အလစ်ငိုက် တိုက်ခိုက်ခဲ့လာလျှင် မျက်တောင်ပင် မမှိတ်ရဘဲ သေသွားရလိမ့်မည်။

" အရမ်းကို မြန်တာပဲ.." ရွှယ်ယင်၏ လှံသိုင်းပညာကို မြင်ရသူအပေါင်းတို့မှာ အတွေးကိုယ်စီ တူကြသည်။

လှံတစ်ချောင်းက ဒီလိုမျိုး လျင်မြန်နေအောင် သုံးလို့ ရတယ်လား..

အမှန်ပင်။ အဘယ်ကြောင့်ဆိုသော ရွှယ်ယင် လေ့လာခဲ့သည့် လှံသိုင်းပညာရပ်က လျင်မြန်မှုကို အသားပေးသည့် သိုင်းပညာရပ် ဖြစ်သောကြောင့်ပင်။

ထိပ်သီးဒဏ္ဍာရီအဆင့်၏ ခွန်အား..၊ နှင်းပျံနတ်လှံကဲ့သို့ နတ်ဘုရားလက်နက်..၊ ထို့အပြင် ကြီးမြတ်သော လှံပညာရှင်ကြီးအဆင့်နယ်ပယ်နှင့် ရေခဲနက်လှံသိုင်းပညာရပ်တို့ အားလုံးကို သူတစ်ယောက်တည်းပဲ စုဆောင်းခဲ့သည်။ ထို့ကြောင့်လည်း သူ ဤမျှ လျင်မြန်နေသည်ကို အားလုံးက တွေ့နေကြရခြင်း ဖြစ်ပေ၏။

" အာ.. အာ.. သွားစမ်းကွာ.. ငါ့ရဲ့ အဝေးကို သွား.."

နတ်ဆိုးတမန်တော်မှာ အားအင်အကုန်သုံး၍ ရွှယ်ယင်၏ တိုက်ခိုက်မှုကို အစွမ်းကုန် ကာကွယ်နေရ၏။ နောက်ဆုံးတွင် သူသည် ခြေသိုင်းပညာကို သုံးလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ရွှယ်ယင်ကို လှံနှစ်လက်ဖြင့် အားအကုန်သုံးကာ ခုတ်ပိုင်းလိုက်သည်။

" ဘန်း.."

လှံထိပ်နှင့် ပုဆိန် နောက်တစ်ကြိမ် တွေ့ဆုံသွားပြန်သည်။

ပုဆိန်အားကြောင့် ရွှယ်ယင်၏ လှံမှာ ကွေးညွတ်သွားသည်။ သို့သော် လှံကိုယ်ထည်၏ ပျော့ပျောင်းမှုကြောင့် ထိုအားကို ခံနိုင်ရည် ရှိ၏။ ထိုအား မဖြုန်းလို၍ ရွှယ်ယင်က ကွေးညတ်နေသည့် လှံထဲက အားကို အသုံးပြုကာ နတ်ဆိုးတမန်တော်ကို လွှဲရိုက်ပစ်လိုက်သည်။

" သေစမ်း.. သေ.. သေ.. ငါ့အတွက်.. သေစမ်း.. "

နတ်ဆိုးတမန်တော်မှာ သူ့ရဲ့ အသွားနှစ်ဖက် ပုဆိန်ဖြင့် ရွှယ်ယင်အား အရူးအမူး တိုက်ခိုက်လိုက်လေသည်။ ကိုယ်ထဲက သိုလှောင်ထားသော စွမ်းအင်များကို ထုတ်သုံးနေသည် ဖြစ်ရာ သူ့တစ်ကိုယ်လုံးမှာလည်း တစ်ဖြည်းဖြည်း သေးလာသည်။ တချိန်တည်းမှာလည်း လက်ထဲက အသွားနှစ်ဖက် ပုဆိန်ကို ဒိုင်းသဖွယ် ကာကွယ်နေ၍ ရွှယ်ယင်အတွက် နတ်ဆိုးတမန်တော်၏ အကာအကွယ်ကို ထိုးဖောက်ဖို့ ခက်လှသည်။

" ထန်း.. ဘန်း. ထန်း.. "

တိုက်ကွက်များ ဖလှယ်လိုက်တိုင်း ရွှယ်ယင်က သိုင်းကွက်များကို အမျိုးမျိုး ပြောင်းလဲသုံးသည်။

အနောက်ဆုတ်ရသည့်အခါမှာလည်း တစ်ဖက်က ရိုက်ချလာသည့် အားကို ယူကာ ကိုယ့်ကို လှည့်၍ အနောက်ဆုတ်သည်။

တစ်ချိန်လုံး ဖိနှိပ်အတိုက်ခံရသော်လည်း ရွှယ်ယင်မှာ မညှာမတာဖြင့် အကောင်းဆုံး တိုက်ခိုက်နေဆဲပင်။

" သွေးပုဆိန်.."

" ဖျက်ဆီးသူ.."

နတ်ဆိုးတမန်တော်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ ထိုအခါ သူ့ကိုယ်ပတ်လည်တွင် လွှမ်းခြုံနေသည့် အနက်ရောင်ချီစွမ်းအင်များက အသွားနှစ်ဖက် ပုဆိန်ထဲ ဝင်သွားကြသည်။

" မကောင်းတော့ဘူး " ထိုအရာကို မြင်သောအခါ ရွှယ်ယင်သည် မျက်နှာတစ်ချက် ပျက်သွားသည်။ လှံထိပ်က ပုဆိန်မျက်နှာပြင်ကို ထိသည့်အခါတွင် ချောမွတ်ပြီ အကြမ်းပတမ်း ခံနိုင်ရည်ရှိတာကို သူ ခံစားလိုက်ရသည်။ အဆိုးဆုံးက သွေးပုဆိန်၏ မျက်နှာပြင် တစ်ခုလုံးသည် ပို၍ ကြီးမားလာသလို ထွက်ရှိလာသည့် စွမ်းအားများလည်း တရကြမ်း မြင့်တက်လာသည်။

ဟူ.. တစ်ချက် မွှေ့ယမ်းလိုက်သည့်အခါတွင် အနက်ရောင်ချီစွမ်းအင်၏ သက်ရောက်မှုအတိုင်းအတာက ပို၍ ကြီးမားလာသည်။

ဘန်း..

ရွှယ်ယင်မှာ ထိုရိုက်ချက်ကြောင့် လန့်ဖျပ်သွားသည်။ ထို့ကြောင့်လည်း သူက အနောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်သည်။

" သေပေတော့.." နတ်ဆိုးတမန်တော်က ရွှယ်ယင်ထံ ရုတ်ချည်း ပြေးဝင်လာသည်။ သူ့ အမြန်နှုန်းက ရွှယ်ယင်ထက်ပင် ပိုလျင်မြန်နေ၏။ အစွမ်းထက်လာသည့် အသွားနှစ်ဖက် ပုဆိန်ကို ကိုင်စွဲ၍ သူသည် ရွှယ်ယင်အား လွှဲခုတ်လိုက်သည်။

ရွှယ်ယင်မှာ ထိပ်တိုက် မခုခံရဲချေ။ ထို့ကြောင့် ကမန်းကတန်းဖြင့် ရှောင်ရှားလိုက်သည်။

ဝရုန်း... ပုဆိန်၏ အင်အားများက မြေပြင်လွှာကိုပင် အက်ကွဲကြောင်းရာကြီးဖြင့် ကွဲအက်သွားစေသည်။ ထိုအက်ကွဲကြောင်းသည့် အနည်းဆုံး မီတာ ၂၀ မှ ၃၀ အတွင်း ရှိသည်။

" ခုတ်..ခုတ်.. ခုတ်.. " နတ်ဆိုးတမန်တော်မှာ တစ်ဖက်လူကို အပြတ်အသတ် အနိုင်ယူဖို့သာ အာရုံစိုက်ထားသည်။ တကယ်တမ်းတွင် သူ အသုံးပြုလိုက်သည့် တားမြစ်ပညာရပ်မှာ အချိန် အကန့်အသတ် ရှိသည်။ အအခုချိန်တွင် အနက်ရောင်ချီစွမ်းအင်ကို သူ့လက်နက်ထဲတွင် အသုံးပြုထားသည်။ သို့သော် သူက ပို၍ စွမ်းအားကြီးလာလေ.. ချီစွမ်းအင် ကုန်ဆုံးနှုန်းမှာလည်း ပို၍ မြင့်တက်လာမှာ မလွဲပင်။ ထို့ကြောင့်လည်း သူက ရွှယ်ယင်ကို တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်ပေးဖို့ လိုနေသည်။

ထန်း.. ထန်း.. ထန်း.. ရွှယ်ယင်၏ ခြေသိုင်းမှာ တစဖက်လူလောက် မကောင်းမွန်နေချေ။ သူ့လှံဖြင့်သာ နတ်ဆိုးတမန်တော်၏ တိုက်ခိုက်မှုကို ခုခံနေရသည်။

နတ်ဆိုးတမန်တော်က ခန္ဓာကိုယ်ပိုင်းမှာ သူ့ထက် ပိုသန်မာနေသလို တားမြစ်ပညာရပ်ကိုလည်း အသုံးထားခြင်းကြောင့်ပင်။

" ဘန်း.."

အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရသည့်အခါတွင် အနောက်က နံရံကို တိုက်မိ၍ အက်ကြောင်းရာပင် ထွက်ရှိလာခဲ့သည်။

နောက်ထပ် ဝင်လာသည့် ပုဆိန်ကြောင့် သူ့မှာ ဘေးသို့ လျင်မြန်စွာ ရှောင်လိုက်သည်။

" သူ.. သူ.. သေရတော့မှာလား.."

ကျင့်ချိုး၏ နှလုံးခုန်နှုန်းက အလွန်ကို မြန်ဆန်နေလေ၏။ စစ်ပိုင်ရုံကလည်း အလားတူပင် စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေလေ၏။

" ငါ့ရဲ့ အရှင်ကတော့ ဒီတိုက်ပွဲမှာ သေချာပေါက် အနိုင်ရမှာပဲ.. "

ထောင့်တွင် ပုန်းကွယ်နေသည့် လုဟွိုင်ရူက အတော်လေး စိတ်အေးသွားသည်။

သူက လူအားလုံးကို ခန်းမကြီးထဲတွင် ဂိတ်တံခါးကြီး သုံးခုဖြင့် အလုံပိတ် ဖမ်းထားလိုက်သည်ဖြစ်ရာ တကယ်၍ သူ့အရှင်သခင်က သေသွားခဲ့ရလျှင် သူလည်း သေရမှာ မုချပင်။

***

တစ်ဖြည်းဖြည်းဖြင့် ရွှယ်ယင်မှာ ရှောင်တိမ်းဖို့အတွက်ပင် ခက်ခဲလာတော့သည်။

ဟူ.. မမျှော်လင့်ဘဲ ရောက်ရှိလာသော အန္တရာယ်များသည့် တိုက်ခိုက်မှုတစ်ခုကို ရွှယ်ယင် မြေတွင် လှိမ့်၍ ရှောင်ပစ်လိုက်သည်။

" ငါတို့နှစ်ယောက်ကြားထဲက ခွန်အားကွာခြားမှုဟာ အတော်လေးကို ကြီးမားနေတယ်.. တကယ်လို့ ဒီလိုသာ မရှောင်နေခဲ့ရင် ငါ တစ်ကြိမ်မက သေနေရပြီ.. ငါ့အတွက်က ကမ္ဘာဦးသွေးအမွေကို ထုတ်သုံးဖို့ တစ်နည်းပဲ ရှိတော့တယ်.."

ရွှယ်ယင်က အနောက်သို့ ဆုတ်၍ လေထဲသို့ ခုန်တက်လိုက်သည်။ အမြင့်ဆုံးသို့ ရောက်သည့်အခါတွင် သွေးကဲ့သို့ နီသည့် ချီစွမ်းအင်က သူ့ထံတွင် စတင်ထွက်ရှိလာသည်။ ကမ္ဘာဦးသွေးအမွေကို ထုတ်သုံးလိုက်ခြင်းနှင့်အတူ သူ့မျက်ဝန်းထဲက သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့မှာလည်း အေးစက်စက် ထွက်ရှိလာလေ၏

အပိုင်း ( ၄၇ ) သေခြင်းရှင်ခြင်း၏ အပိုင်းအစတစ်ခု

" ဟား..ဟား.ဟား.. သေပေတော.. "

အသားစီးရနေ၍ နတ်ဆိုးတမန်တော်မှာ ရွှယ်ယင်အား တုံ့ပြန်ဖို့ အခွင့်အရေး မပေးလိုပေ။ သူကလည်း လျင်မြန်စွာဖြင့် လက်ထဲက အသွားနှစ်ဖက် ပုဆိန်နှင့်အတူ အပေါ်သို့ အမြန် ခုန်တက်လာသည်။

ရွှယ်ယင်မှာ လေထဲတွင် တစ်ကိုယ်လုံးကို လှည့်၍ လှံကို အောက်စိုက်ထိုးလိုက်သည်။

ရွှစ်..

ရွှယ်ယင်မှာ လေထဲတွင် လှံကို လက်တစ်ဖက်တည်းဖြင့် ထိုးလိုက်သည်။ လှံ၏ အလျင်နှင့် အလျားကြောင့် ချက်ချင်းဆိုသလို နတ်ဆိုးတမန်တော်၏ အရှေ့သို့ ရောက်ရှိသွားသည်။

" သောက်ကျိုးနည်း. တကယ်ကြီးကို မြန်နေရောလား.."

နတ်ဆိုးတမန်တော်မှာ ကြောင်အမ်းသွားသည်။ သူက ရွှယ်ယင်ကို အမိဖမ်းဖို့ မဟုတ်လား။ အခုတော့ သူကိုယ်တိုင် အသက်နုတ်မည့် လှံထိုးချက်နှင့် ရင်ဆိုင်နေရပြီ။

" ဘာလို့ သူ့ လှံသိုင်းက အရမ်းကို မြန်လာရပြန်တာလဲ.. အစောပိုင်းကထက်တောင် ပိုပြီး လျင်မြန်လာတာပဲ.."

သူက အသွားနှစ်ဖက် ပုဆိန်ကို တွဲပြီ ကပ်ထားလိုက်ကာ တံခါးနှစ်ချပ် ပိတ်ထားသည့် ပုံစံကဲ့သို့ဖြင့် ရွှယ်ယင်၏ လှံထိုးချက်ကို ကာကွယ်ထားလိုက်သည်။

" ဘန်း.."

လှံထိပ်နှင့် ပုဆိန်တို့ ထိပ်တိုက် ရိုက်ခတ်သွားသည်။

လက်တစ်ဖက်ဖြင့် ရုတ်ချည်း အမြန်ပစ်လိုက်ခြင်းကြောင့် လှံ၏ အင်အားက ထိုးသွင်းခြင်း၊ လွှဲရိုက်ခြင်း၊ ရိုက်ချခြင်းတို့ထက် အင်အားနည်းသွားသော်လည်း နတ်ဆိုးတမန်တော်မှာ သူ့ပုဆိန်က တုန်ခါသွားသည်ကို ခံစားလိုက်ရသေး၏။

" ခင်ဗျားက သေဖို့ ထိုက်တန်နေပြီ.."

ရွှယ်ယင်က မြေကြီးပေါ် ဆင်းလိုက်ပြီးသည်နှင့် ချက်ချင်းပဲ နတ်ဆိုးတမန်တော်ထံ ပြေးဝင်သွားသည်။ ပြေးရာ လမ်းတလျှောက် ဆီးနှင်းပွင့်များ လွင့်ထွက်လာသည်။ ရွှယ်ယင်၏ လှံမှာလည်း အရိပ်တန်းတစ်ခုလို စတင် တိုက်ခိုက်လာလေသည်။

ခလန်း.. ခလန်း..

နေရာတိုင်းတွင် လှံအရိပ်များ ထွက်ပေါ်လာသည်။ အလျင်နှုန်းမှာလည်း အရင်ကထက် ပို၍ လျင်မြန်လာခဲ့သည်။

နတ်ဆိုးတမန်တော်မှာ အလန့်တကြား ဖြစ်သွားသည်။ သူက စိုးရိမ်တကြီးဖြင့် တရစပ် ခုခံကာကွယ်လိုက်သည်။ ပြန်လည် တိုက်ခိုက်ဖို့ပင် မရဲနေချေ။ ရွှယ်ယင်၏ လှံတိုက်ခိုက်မှုက အရမ်းကို လျင်မြန်နေခြင်းကြောင့်ပင်။ တကယ်၍ သူ တိုက်ခိုက်လိုက်ပါက ခုခံလို့ မရတော့မှာကို စိုးရိမ်သွားခြင်းလည်း ဖြစ်သည်။

" ဘာလို့ သူ့လှံက ဒီလောက်အထိ လျင်မြန်သွားရသလဲ.. သူ့ရဲ့ အစွမ်းတွေကို မထုတ်ပြသေးတာလား.. ချီးတဲ့မှ.. ကလေးပဲ ရှိသေးတာ.. ဘာလို့ ဒီလောက်တောင် စွမ်းအားကြီးနေရတာလဲ.. "

ဘန်း.. ဘန်း...

အချိန်တစ်ခဏအတွင်းမှာပဲ လှံကား တဝှီးဝှီး အော်မြည်လျက် နတ်ဆိုးတမန်တော်ကို အချက်ပေါင်း ရာကျော်မျှ တိုက်ခိုက်လိုက်ပြီ ဖြစ်သည်။

သွေးအသွားနှစ်ဖက် ပုဆိန်ဖြင့် သွေးဆိုးတမန်တော်မှာ ခံစစ်အနေအထားကို ယူထားသည်။ ထိုအခိုက် ကြမ်းတမ်းသော အားတစ်ရပ်က သွေးပုဆိန်ကို ဖောက်ဝင်လာသလို ခံစားလိုက်ရသည်။ သူလည်း အလိုလို အနောက်ဆုတ်လိုက်သည်။

ရွှယ်ယင်မှာ ဒေါသတကြီးဖြင့် လှံဖြင့် ထိုးလိုက်၊ ရိုက်လိုက်နှင့် ပိုင်းလိုက်နှင့်...

ရွှယ်ယင်မှာ သူ့လှံနှင့်အတူ နဂါးတစ်ကောင်ကဲ့သို့ စီးမျောသွားလေသည်။

တစ်ကြိမ်ပြီ တစ်ကြိမ်.. အဆက်မပြတ်.. လျင်မြန်စွာဖြင့် မညှာမတာ တိုက်ခိုက်သည်။ နတ်ဆိုးတမန်တော်မှာလည်း အနောက်ကို ဆုတ်ပြီးရင် ဆုတ်နေရတော့သည်။ သူ့ လှုပ်ရှားမှုတို့က ဟန်ချက်ပျက်လာသည်။ ချွေးစေးများက နဖူးထက်နေ ယိုစီးကျလာသည်။

ဟူး..ဟူး..

လေထုကို ရိုက်နှက်သည့် အသံများ ကျယ်လောင်စွာ မြည်ဟည်းနေ၏။

ထိုအခိုက် ရွှယ်ယင်၏ လှံထိပ်ဖျားသည် သွေးပုဆိန်နှစ်ခုကြားထဲက ဟာကွက်နေရာကို ချက်ချင်း ဝင်သွားခဲ့သည်။

အင့်..

နတ်ဆိုးတမန်တော်မှာ မျက်လုံးကြီး ပြူးကျယ်လျက်...

လက်ထဲက သွေးအသွားနှစ်ဖက် ပုဆိန်သည်လည်း ခလွမ်းခနဲ ပြုတ်ကျသွားရာ ခန်းမတစ်ခုလုံး ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

***

ရွှယ်ယင်က လှံကို ပြန်နုတ်လိုက်သည်။ နတ်ဆိုးတမန်တော်၏ လည်ပင်းတွင် ကြီးမားသည့် အပေါက်ကြီးတစ်ခု ရှိနေလေပြီ။ ထိုအပေါက်မှ သွေးတို့ ပန်းထွက်လာရာ နတ်ဆိုးတမန်တော်က လည်ပင်းကို လက်ဖြင့် ပိတ်ဖို့ ကြိုးစားရင်း သူ့မျက်လုံးကလည်း ရွှယ်ယင်အား ငေးကြည့်နေလေ၏။

သူ့အရှေ့တွင် ရပ်နေသည့် လူငယ်ကို သူ တကယ်ပင် မကြည့်လိုပါ။ သူသည် ကလန်ကြီးတစ်ခု၏ ကာကွယ်စောင့်ရှောက်သူမိသားစုမှ ပေါက်ဖွားလာသူတစ်ဦး ဖြစ်သည်။ သူသည် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားလာခဲ့သည် နောက်ဆုံးတွင် သွေးပုဆိန် ဒဏ္ဍာရီအဆင့် စစ်သည်တစ်ယောက်အဖြစ် ရပ်တည်လာခဲ့သည်။

သူသည် ခွန်အားများ ပိုင်ဆိုင်ဖို့အတွက် အရာအားလုံးကို လုပ်ဆောင်ခဲ့သည်။

အဆင့်မြင့် ဒိုချီသိုင်းပညာရပ်တစ်ခုအတွက်ကြောင့် ကလန်ကြီးတစ်ခု၏ သခင်ငယ်လေးတစ်ယောက်ကို သူ သတ်ခဲ့သည်။ ထိုသခင်ငယ်လေးကို အမျိုးမျို ညှင်းပန်းနှိပ်စက်၍ စစ်မေးခဲ့ရာမှ ထိုသိုင်းပညာရပ် အပြည့်အစုံကို သူ ရနိုင်ခဲ့သည်။

ထို့အပြင် နတ်ဘုရားလက်နက်ဖြစ်သော သွေးပုဆိန်ကို ရဖို့အတွက်လည်း အပြစ်မရှိသည့် ကလန်တစ်ခုကို သူ အမျိုးဖြုတ် သတ်ပစ်ခဲ့သည်။

သူ့အား မြေအောက်ဘုံသို့ နယ်နှင်ဒဏ် ပေးလိုက်ပြီးနောက် သူသည် မြေအောက်မှ လွတ်မြောက်ဖို့အတွက် နတ်ဆိုးဘုရားတစ်ပါးအား အကူအညီတောင်းခဲ့သည်။ ထိုနတ်ဆိုးဘုရားကလည်း အကူအညီပေးဖို့ သဘောတူခဲ့သည့်အပြင် သူ့ကိုလည်း တားမြစ်ပညာရပ်တစ်ခုကိုပင် လက်ဆောင်ပေးခဲ့သည်။

သူသည် အံကို ကြိတ်၍ ရှကလန်အား ပုန်ကန်ခြင်းကို ရွေးချယ်ခဲ့သည်။ နတ်ဆိုးဘုရားကို အမှီပြု၍ သူလည်းပဲ နတ်ဆိုးတမန်တော်တစ်ပါး ဖြစ်လာခဲ့သည်။

သူသည် အခက်အခဲ ကြီးစွာဖြင့် လူသားဘုံသို့ ရောက်အောင် ထွက်လာနိုင်ခဲ့သည်။ သူ့ရဲ့ အင်အားတစ်ဝက်လောက်ပဲ ရှိနေသေးသည့်အချိန်တွင် ငယ်ရွယ်ပြီး ကြောက်စရာကောင်းသည့် လှံပညာရှင်ကြီးတစ်ယောက်ကြောင့် သူ သေရတော့မည်။

" မင်း.. မင်း.. " နတ်ဆိုးတမန်တော်မှာ ရွှယ်ယင်အား ငေးကြည့်နေရး ရုတ်တရက် ရွှယ်ယင် ဘေးနားတွင် ရစ်ပတ်နေသည့် သွေးကဲ့သို့ အနီဖန့်ဖန့် ချီစွမ်းအင်ကို သူ မြင်လိုက်သည်။

" ကမ္ဘာ..ကမ္ဘာဦး.. " သူ့မျက်လုံးက ပြူးကျယ်လာသည်။ သို့သော် မျက်လုံးတို့က အရောင်အဆင်းတို့ မှိန်လာသည်။ သူ့ စကားပြောဖို့ ကြိုးစားတိုင်း လည်ပင်းအပေါက်ကနေ သွေးတို့ ပန်းထွက်လာသည်။ သူကား ရွှယ်ယင်ကို ငေးကြည့်နေရင်း " မှတ်ထားပါ.. ငါ့နာမည်က ရွှယ်.. "

သိုသော် နတ်ဆိုးတမန်တော်၏ ကိုယ်လုံးက အနည်းငယ် တွန့်သွားသာ ဟူး ခနဲ အသံဖြင့် ဒူးထောက်ကျသွားသည်။ သူ့ခန္ဓာကိုယ်မှာလည်း အသက်ကင်းမဲ့စွာဖြင့် လဲပြိုကျသွားသည်။ ခန္ဓာကိုယ်မှာ သွေးများ ယိုစီးကျလာပြီ မြေပြင်မှာ သွေးတို့ဖြင့် စိုရွှဲသွားသည်။

ထိုကဲ့သို့ပင် လူသားတို့၏ အမြင်တွင် ရည်မှန်းချက် ကြီးမားပြီး ရက်စက်ကြမ်းကြုတ်သည့် လူတစ်ဦးဖြစ်သူ.. သွေးပုဆိန် သူရဲကောင်း ကျွင်းဖန်မှာ သူ့၏ သေခြင်းတရားကို တွေ့ရှိသွားလေသည်။

တစ်ခြားသူတို့မှာ နတ်ဆိုတမန်တော်က မည်သူမှန်း မသိကြချေ။ သူတော်စင်နယ်မြေ၏ ကာကွယ်စောင့်ရှောင်သူ လုဟွိုင်ရူပင် သူ့ရဲ့ ဇာစ်မြစ်ကို မသိနေချေ။ မြေအောက်ဘုံမှ လွတ်မြောက်လာခဲ့ပြီးနောက်ပိုင်း ရှကလန်ကလည်း သူ့အား သတ်လိုနေ၍ သူ့အကြောင်းနှင့် ပတ်သတ်သမျှကို တစ်စက်ကလေးမှ မထုတ်ပြောရဲခဲ့ချေ။

အသက် ၁၆၀ ရှိပြီ သူ့အား မှတ်မိခဲ့သည့် ထန်ရှုံးမှာလည်း ကံမကောင်းစွာဖြင့် သေသွားခဲ့ပြီ။

သူသည် အရင်အချိန်ကတည်းက ပညာရှင်တစ်ယောက် ဖြစ်သူမို့ ရွှယ်ယင်၊ ကျင့်ချိုးနှင့် စစ်ပိုင်ရုံတို့လည်း သူ့အကြောင်းကို မသိကြချေ။

" ခင်ဗျားနာမည်က ဘာ ရွှယ်လဲ.."

ရွှယ်ယင်မှာ သေချာစွာ မကြားလိုက်ရချေ။ နတ်ဆိုးတမန်တော်၏ အလောင်းကို ကြည့်ရင်း သူ ခေါင်းကို ခါယမ်းလိုက်သည်။

" ခင်ဗျားက ဘယ်သူပဲ ဖြစ်ဖြစ်.. ခင်ဗျားဟာ ကျုပ် ပထမဆုံး တိုက်ခိုက်ခဲ့ရတဲ့ ဒဏ္ဍာရီအဆင့်တစ်ယောက်ပဲ.. ခင်ဗျားကို ကျုပ် သေချာပေါက် မှတ်မိနေမှာပါ.."

ထိုသို့ ပြောလိုက်ပြီးနောက် နတ်ဆိုးတမန်တော်၏ မှော်သိုလှောင်လက်စွပ် နှစ်ကွင်းကို ချွတ်ယူလိုက်သည်။ ထို့နောက် သူ့ရဲ့ ချီစွမ်းအင်ဖြင့် ပေါင်းစည်းလိုက်သည်။

" အကျယ်ကြီးပါလား.."

ရွှယ်ယင်မှာ အံ့သြသွားသည်။

ထိုလက်စွပ်နှစ်ကွင်း၏ သိုလှောင်ခန်းမှာ တကယ်ပင် ကျယ်ဝန်းလှသည်။ တစ်ကွင်းမှာ သုံးမီတာ ပတ်လည် ကျယ်ဝန်းပြီ နောက်တစ်ကွင်းမှာလည်း ထိုအတိုင်းပင်။

ထိုမှော်သိုလှောင်လက်စွပ်၏ သိုလှောင်ခန်းမှာ တကယ်ပင် ကြီးမားသည်ဟု ဆိုနိုင်သည်။

ရွှယ်ယင်သည် သူ့လက်နက်သေတ္တာကို နောက်ကျောတွင် လွယ်ပိုးထားရသည့် အကြောင်းက သူ့မှော်သိုလှောင်လက်စွပ်က အကုန်သိုလှောင်ဖို့အတွက် မလုံလောက်သောကြောင့်ပင်။ ထို့အပြင် လှံကို တပ်လိုက် ဖြုတ်လိုက်နှင့် အရေးကြီးသည့် အချိန်တွင် နှောင့်နှေးရသေးသည်။

" အခုဆို ဖြုတ်လိုက်တပ်လိုက် လုပ်နေစရာ မလိုတော့ဘူး.. ကြိုက်တဲ့အချိန် အလွယ်လေး ထုတ်သုံးလို့ ရနေပြီ.. လှံတိုတွေလည်း နောက်ထပ် အများကြီး သိမ်းထည့်လို့ ရပြီ.. "

ရွှယ်ယင်သည် အလွန်ပင် ကျေနပ်သွားကာ အသာ ပြုံးလိုက်မိသည်။ ထို့နောက် မှော်သိုလှောင်လက်စွပ်အထဲက ပစ္စည်းတွေကို စတင် စစ်ဆေးကြည့်လိုက်သည်။

ရွှေထုတ်ခွင့်လက်မှတ်များ..၊ ဓားကွေးများ..၊ ဒိုင်းကာများ..၊ ပုလင်းတချို့အပြင် အစားစာများ.. အရက်များ..

များပြားသော အစားအသောက်များ သိုလှောင်ထာသည်က ဂိုဒေါင်ရုံအသေးတစ်လုံး နီးပါး ရှိလေသည်။

***

ခန်းမတစ်ခုလုံး တိတ်ဆိတ်နေလေသည်။

ကျင့်ချိုးနှင့် စစ်ပိုင်ရုံတို့မှာ ခန်းမထောင့်က တိုင်လုံးကြီးအနောက်တွင် ပုန်းကွယ်၍ အသက်ပင် ဖြောင့်ဖြောင့် မရှူရဲကြချေ။ လည်ချောင်းတွင် လှံ စူးဝင်နေသည့် နတ်ဆိုတမန်တော်အနားတွင် ဆီးနှင်းပွင့်များ မရေတွက်နိုင်အောင် မျောလွင့်နေသည်။ ရွှယ်ယင်က အနားသွား၍ လှံကို ဆွဲနုတ်ယူလိုက်သည်။

" တုန်ပိုရွှယ်ယင်က နိုင်သွာတာလား.." စစ်ပိုင်ရုံ ပင့်သက်ရှိုက်မိသည်။

တကယ်တမ်းတွင် နတ်ဆိုးတမန်တော်က တားမြစ်သိုင်းပညာရပ်ကို ထုတ်သုံးလိုက်သည့်အချိန်နှင့် ရွှယ်ယင်က ကမ္ဘာဦးသွေးအမွေကို ထုတ်သုံးလိုက်သည့်အချိန်တွင် ကျင့်ချိုးနှင့် စစ်ပိုင်ရုံတို့က တိုက်ပွဲကို လိုက်မကြည့်နိုင်တော့ချေ။

အရမ်းကို လျင်မြန်သွားသောကြောင့် ဖြစ်၏။

ဒဏ္ဍာရီအဆင့်သမားတို့အတွက် သူတို့၏ အဆင့်အောက်က လူတို့သည် ပိုးမွှားနများနှင့် သိပ်၍ မကွာခြားနေပေ။

ဒဏ္ဍာရီအဆင့်သို့ ရောက်သွာခဲ့လျှင် သူတို့၏ လမ်းစဥ်မှာ မှတ်တိုင်တစ်ခု စိုက်ထူလိုက်ပြီးဟု ဆိုရနိုင်သည်။ သူတို့အထဲတွင် တချို့မှာ ဒဏ္ဍာရီအဆင့်တွင် ထိပ်သီးအဖြစ် ရှိနေကြသည်။ အထွတ်အထိပ်အဆင့်လောက်အထိ အောက်မကျနေချေ။

" အရမ်းကို စွမ်းအားကြီးတာပဲ.. တုန်ပိုရွှယ်ယင်က အသက် ၂၂ နှစ်ပ်ဲ ရှိသေးတာလေ.."

ကျင့်ချိုးမှာ တကယ်ပင် အံ့အားင့်နေလေသည်။ အဆုံးမဲ့လေပြေကျောင်းတော်တွင် ပါရမီထူးသည့် လူငယ်များကို သူမ များစွာ ကြုံတွေခဲ့ဖူးသည်။ သူမကိုယ် သူမပင် ပြိုင်စံရှား အရည်အချင်း ရှိသူတစ်ယောက်ဟုပင် ဂုဏ်ယူခဲ့ဖူးသည်။

သို့သော် တုန်ပိုရွှယ်ယင်မှာ သူမ တွေ့ခဲ့ဖူးသမျှ ပါရီရှင်များထက်ပင် ကျော်လွန်နေလေပြီ။ အသက် ၂၂ နှင့် ဒဏ္ဍာရီအဆင့်တစ်ယောက်.. ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။

ယခုတွင်လည်း စွမ်းအားကြီးသည့် ဒဏ္ဍာရီအဆင့်တစ်ယောက်ကိုပင် သတ်လိုက်ခဲ့ပြီ။

ကျင့်ချိုးမှာ ရွှယ်ယင်အား လေးစားစိတ် ဖြစ်ပေါ်လာခဲ့သည်။ သူ့ကိုလည်း ကျေးဇူးတင်သွားခဲ့သည်။ သူမကို ရွှယ်ယင်က ကယ်တင်ပေးခဲ့သည်ဟု ဆို၍ ရနိုင်သည်မဟုတ်လား။

***

နတ်ဆိုးတမန်တော်.. နတ်ဆိုးတမန်တော်ကြီးက ရှုံးသွားတာလား.. သူ သေသွားတာလား.. "

အဝေးမှာ ပုန်းကွယ်နေသည့် လုဟွိင်ရူမှာ လုံးဝကို ထိတ်လန့်သွားသည်။ အဝေးမှာ လဲကျနေပြီ သွေးများ ယိုစီးကျနေသော နတ်ဆိုးတမန်တော်ကို ကြည့်ကာ သူ့ နှလုံးသားများ အေးခဲသွားသည်။

တံခါးကြီး သုံးခုကလည်း ခန်းမကြီးကို အလုံပိတ်ထားသည်။ ပြောရရင် ခန်းမကြီးသည် အလုံပိတ်ဖြစ်နေပြီ ကျူးကျော်သူတို့အား ထွက်လို့ မရအောင် ကာကွယ်ထားသည်။

တံခါးသုံးခုကို ဖွင့်ဖို့အတွက်က အချိန်များစွာ ယူရမည်။ နဂါးတောင်အိမ်တော်မှ စေလွှတ်လိုက်သည့် လုပ်ကြံသူတွေက အထူးသဖြင့် တုန်ပိုရွှယ်ယင်က သူ့အား တစ်ခဏအတွင်း သတ်နိုင်သည်။

" ငါတော့ ပြီးဆုံးသွာပြီ.."

လုဟွိုင်ရူမှာ အသနားခံဖို့ စိတ်ကူး မရှိချေ။

အဇူရီမြစ်စီရင်စု၏ သူတော်စင်နယ်မြေအတွင်းတွင် နတ်ဆိုးနောက်လိုက် ဖြစ်ခဲ့သည့် သူ့ကို မည်သူမှ သွားခွင့် ပြုမှာ မဟုတ်ကြောင်း သူသိသည်။

" ချီးထုပ်ပဲ.. သောက်သုံးမကျတဲ့ နဂါးတောင်အိမ်တော်.."

ထို့နောက် သူသည် ခါးသီးစွာဖြင့် လူသုံးယောက်ကို လှမ်းကြည့်လိုက်သည်။ ရုတ်တရက် သူသည် အရူးတစ်ယောက်အလား ကျယ်လောင်စွာ စတင် ရယ်မောလိုက်ကာ သူ့လက်ထဲကိုလည်း ထူးဆန်းသည့် အဝိုင်းပြားတစ်ခုက ရောက်ရှိလာသည်။

" ဟား..ဟား.. ဟား.. လာခဲ့.. အတူတူ သေကြရအောင်.. အိုး.. နတ်ဆိုးကြီး.. ကျုပ်လာနေပြီ.."

တစ်ချိန်တည်းမှာပဲ လက်ထဲက အဝိုင်းပြားကို လှည့်လိုက်သည်။

***

အပိုင်း ( ၄၈ ) မင်း.. အဆင်ပြေရဲ့လား

နတ်ဆိုးနောက်လိုက်ခေါင်းဆောင် ဖြစ်ဖို့ဆိုတာ သေချာပေါက် ရူးသွပ်စွာ ယုံကြည်သူမှ ဖြစ်နိုင်မည်။

နတ်ဆိုးနှင့် မိစ္ဆာတို့မှာ အရင်ကတည်းက ရှကလန်ထဲကို စိမ့်ဝင်ပူးသတ်ဖို့ နည်းလမ်း များ ရှာတွေ့ခဲ့ရှိကြသည်။ သူတို့ကို လုံးဝ အမြစ်ဖြတ် သုတ်သင်၍ မရနိုင်ခဲ့ပေ။ ယနေ့တိုင် ရှိနေဆဲပင်။

သူတို့တွင် အစွမ်းထက်သည့် သိုင်းပညာရပ်များ ဥပမာအားဖြင့် နတ်ဆိုးဘုရား၏ ကျိန်စာ၊ အချိန်နှင့်နေရာကို ချုပ်ကိုင်မှု၊ တစ်ခြားသော နည်းလမ်းများစွာ ရှိသည်။ သူတို့အား လုံးဝ ယုံကြည်သည့် အမာခံယုံကြည်သူတွေကို ထိုအရာများ လုံးဝ အသုံးပြုခွင့်ပေးထားသည်။ သူတို့ စကားကို နားထောင်ဖို့အတွက် သူတို့၏ အသက်ဝိညာဥ်များကို နတ်ဆိုးဘုရားနန်းတော်ထဲတွင် ထားရှိရသည်။ သေသည်ဖြစ်စေ.. ရှင်သည်ဖြစ်စေ.. နတ်ဆိုးဘုရားအတွက် ထာဝရ အမှုထမ်းကြရသည်။

"မကောင်းတော့ဘူး"

အဝေးမှာ ရှိနေသည့် လုဟွိင်ရူ၏ ရူးနှမ်းသွားသလို ဖြစ်နေသော အမူအရာကို ကြည့်ကာ ရွှယ်ယင်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့၏။

ဘုန်း..

ခန်းမကြီး၏ အောက်ခင်းကြမ်းပြင်သည် ရုတ်တရက် အပေါ်သို့ စူထွက်လာသည်။ ချက်ချင်းဆိုသလို ကြမ်းခင်းအလွှာမှာ လုံးဝ ပေါက်ကွဲထွက်သွားသည်။ ခန်းမကြီး၏ တိုင်လုံးကြီးများကလည်း ကွဲအက်ကုန်ကာ တစ်တိုင်ပြီ တစ်တိုင် ပေါက်ကွဲကုန်သည်။

ခန်းမကြီး၏ ထောင့်တွင် ပုန်းနေသည့် ကျင့်ချိုးနှင့် စစ်ပိုင်ရုံတို့၏ မျက်နှာမှာ ဖြူဖျော့သွားသည်။

ဒုန်း.. ဒုန်း..ဒုန်း..

ကျင့်ချိုးမှာ စွမ်းအားကောင်းသော မန္တန်များကို မန်းမှုတ်ဖို့က နောက်ကျသွားလေပြီ။ အကာအကွယ်ပြုဖို့အတွက် အစွမ်းအားနည်းသည့် မန္တန်တချို့လောက်ကိုသာ ဆင့်ခေါ်လိုက်ရသည်။ လတ်တလောတွင် သူမ ကိုယ်ပေါ်တွင် ရှိနေသည့် ရေခဲချပ်ဝတ်သည်ကာ အကောင်းဆုံး ဖြစ်နေ၏။ သို့ပေမဲ့ ထိုရေခဲချပ်ဝတ်က ငွေလအဆင့်၏ တိုက်ခိုက်မှုကို အချိန်တစ်ခဏသာ ကာကွယ်ပေးနိုင်သည်။

ကျင့်ချိုးသည် သူမ၏ အရှေ့တွင် ခပ်စောင်းစောင်း အနေအထားရှိသည့် ရေခဲနံရံတစ်ခုကို မန်းမှုန်လိုက်ပြန်သည်။

သူမ လုပ်ဆောင်နေသည်က သက်ရောက်လာမည့် အားတို့ကို တစောင်းအနေအထားရှိသည့် ရေခဲနံရံဖြင့် လျှော့ချလိုခြင်း ဖြစ်သည်။ သို့သော် ခန်းမကြီး၏ နံရံကြီး ပြိုကျလာသည့်အခါ ကျင့်ချိုးမှာ အလန့်တကြား ဖြစ်သွားသည်။ သူမ၏ မှော်အစွမ်းဖြင့် ခုခံကာကွယ်နိုင်ပါ့မလား။

" မဟုတ်ဘူး. ငါ မသေချင်သေးဘူး.. မသေချင်သေးဘူး.."

စစ်ပိုင်ရုံ၏ မျက်လုံးတို့မှာ ကြောက်လန့်ခြင်းတို့နှင့် ဂဏှာမငြိမ် ဖြစ်လာသည်။ သူက ချက်ချင်းပဲ တုပ်ဝပ်လိုက်ကာ ရေခဲနံရံအောက်တွင် ဝင်ပုန်းလိုက်သည်။ ထို့နောက် ရေခဲချပ်ဝတ်ဖြင့် တစ်ကိုယ်လုံးကို ဖုံးကာထားသည့် ကျင့်ချိုးကို မြင်လိုက်တဲ့အခါမှာ သူ့မျက်လုံးတို့က တစ်ချက် အေးစက်စက် ဖြစ်သွားသည်။ ချက်ချင်းပဲ ကျင့်ချိုး၏ လက်မောင်းကို ဆွဲကိုင်လိုက်ပြီ သူမကို အရှေ့တွင် ကာထားလိုက်သည်။

ငွေလအဆင့် မှော်ပညာရှင်တစ်ယောက်၏ ခုခံကာကွယ်မှုသည် သက်ရောက်အားတို့ကို များစွာ လျှော့ချပေးနိုင်လိမ့်မည်။

" ရှင်.. စစ်ပိုင်ရုံ.."

ကျင့်ချိုး၏ မျက်ဝန်းတွင် ထိတ်လန့်ခြင်းနှင့် ဒေါသတို့နှင့် ပြည့်နှက်သွားသည်။

" ကျင့်ချိုး.. ငါ့တွက် အနာခံပေးပါဦး.. ငါ မင်းရဲ့ ကလန်အတွက်ကို ကြည့်ရှု စောင့်ရှောက်ပေးမယ်လေ.. "

စစ်ပိုင်ရုံက ကျင့်ချိုး၏ ကိုယ်လုံးအနောက်မှ အကာအကွယ်သဘောဖြင့် လုံးဝကို ပုန်းကွယ်နေလိုက်သည်။ ရေခဲချပ်ဝတ်က ထိခိုက်ပျက်စီးမှုကို များစွာ လျှော့ချနိုင်သည်။ သို့မဟုတ်လျှင် စစ်သည်တစ်ယောက်၏ တိုက်ခိုက်မှုကြောင့် ထွက်ရှိလာမည့် တုန်ခါမှုက မှော်ဆရာတစ်ယောက်ကို အသက်ပင် သေသွားစေနိုင်သည်။

ထို့ကြောင့်လည်း စစ်ပိုင်ရုံက ရေခဲချပ်ဝတ်၏ အားသာချက်ကြောင့် ကျင့်ချိုးကို အကောင်းဆုံး ဒိုင်းကာအဖြစ် အသုံးပြုလိုက်ခြင်း ဖြစ်သည်။

ဒိုင်းကာအဖြစ် ကျင့်ချိုးက ရပ်နေပေးခဲ့ရင် သူ့အတွက် သက်ရှင်ဖို့က အခွင့်အရေး ပိုများမည်။ ကျင့်ချိုးက သေသေရှင်ရှင် သူ ဂရုမစိုက်နိုင်တော့ချေ။

သူက ကျင့်ချိုးကို အမြဲတစေ ပိုးပန်းခဲ့သည်က မှန်သော်လည်း ဒါသည် ကျင့်ချိုး၏ ခွန်အားနှင့် ရုပ်အဆင်းကြောင့် ဖြစ်သည်။ သေဘေးနှင့် ကြုံရသည့်အခါမှာတော့ သူမထက် သူ့အသက်ကို ပိုတန်ဖိုးထားသည်။ လောကကြီးမှာ သူ အသက်ရှည်ရှည်ဖြင့် နေထိုင်ရဦးမည်။

" လူယုတ်မာ.. စစ်ပိုင်ရုံ.."

ကျင့်ချိုးမှာ အလန့်တကြားဖြစ်ကာ ဒေါသလည်း ထွက်သွားသည်။ လက်ရှိတွင် သူမသည် ရေခဲနံရံ၏ အောက်ခြေတွင် ကုန်းဝပ်နေပြီသူမ၏ လက်နှစ်ဖက်ကလည်း အရှေ့က ရေခဲနံရံကို ထောက်ထားသည်။ သိုသော် စစ်ပိုင်ရုံက သူမကို ဖမ်းဆွဲထားခြင်းကြောင့် သူမကိုယ် သူမ ကာကွယ်ဖို့အတွက်လည်း ခက်ခဲနေသည်။ လက်ရှိအခြေအနေက သူမ သေဖို့ကို အလားလား များနေ၏။

သူမမှာ လွန်စွာ ဒေါသထွက်နေ၏။

သို့သော် စစ်ပိုင်ရုံ၏ လက်ထဲကနေ သူမ မရုန်းထွက်နိုင်ချေ။ ငွေလအဆင့်တစ်ယောက်၏ ခွန်အားက သူမထက် များစွာ သာလွန်နေသည်။

ကြောက်စရာကောင်းသည့် နတ်ဆိုးတမန်တော်ကြောင့် သူမ အသတ်မခံခဲ့ရပေမဲ့ နောက်ဆုံးမှာ စစ်ပိုင်ရုံ၏ လက်ချက်ပင် သေရတော့မည်။ ဘယ်လို မတရားခြင်းမျိုးလဲ..

***

" မကောင်းတော့ဘူး.." အောက်ခင်းကြမ်းပြင်က စတင်ပေါက်ကွဲလာသည်နှင့် ရွှယ်ယင်လည်း ချက်ချင်း လှုပ်ရှားလိုက်သည်။ အနက်ရောင် ဒိုင်းကာတစ်ခုက သူ့လက်ထဲ ရောက်ရှိလာသည်။ ထိုဒိုင်းကာက နတ်ဆိုးတမန်တော်၏ မှော်သိုလှောင်လက်စွပ်အထဲက ဖြစ်သည်။ သူ့ ညာဘက်လက်က လှံကို ကိုင်စွဲ၍ ဘယ်ဘက်လက်က ဒိုင်းကို ကိုင်ထားလိုက်သည်။

ရွှစ်..

လျှပ်စစ်လက်သကဲ့သို့ အမြန်နှုန်းဖြင့် ရွှယ်ယင် ပြေးထွက်သွားလိုက်သည်။ ထိုအချိန်တွင် သူက ကမ္ဘာဦးသွေးအမွေနှင့် အပြည့်အဝ စီးဝင်နေပြီး ဖြစ်သည်။ သွေးအရောင်ကဲ့သို့ အနီဖန့်ဖန့် အငွေ့အသက်များကလည်း သူ့အနားတွင် ရစ်ပတ်နေသည။ သူ့အလျင်နှုန်းက ကြောက်စရာ ကောင်းလောက်အောင် မြင့်တက်သွားသည်။ သူက အခန်းတစ်ခုလုံးကို လှည့်ပတ် ခုန်ပြေးသွားလိုက်သည်။ အောက်ခင်းကြမ်းပြင်တစ်ခုလုံး ပေါက်ကွဲထွက်နေပြီ ကျောက်တုံးတို့က အကြီးအငယ်ဟူမရွေး ပြင်းထန်သော အရှိန်အဟုန်ဖြင့် လွင့်စင်ထွက်လာသည်။

ခလန်း.. ခလန်း..

ဘယ်လက်က ဒိုင်းဖြင့် ကျောက်တုံးတို့ကို အဆက်မပြတ် ကာကွယ်လိုက်သလို နှင်းပျံနတ်လှံဖြင့်လည်း တစ်ချို့ ကြီးမားသော ကျောက်တုံးတို့ကို ရိုက်ခွဲပစ်လိုက်သည်။ တချို့ကျောက်တုံးတို့ကို နံရံ နှင့် တိုင်လုံးများဆီသို့ ရိုက်ထုတ်၍ ခြေမွလိုက်သည်။ တချို့ကို အဝေးသို့ ရောက်နိုင်သမျှ ရောက်အောင် ရိုက်ထုတ်ပစ်သည်။

ပေါက်ကွဲမှု၏ အလယ်တွင်..

ရွှယ်ယင်သည် မီတာ ၁၀၀ ကျော် ကွာဝေးသည့် ကျင့်ချိုးနှင့် စစ်ပိုင်ရုံတို့ ပုန်းကွယ်နေသော ရေခဲနံရံဆီသို့ ချက်ချင်း ပြေးသွားလိုက်သည်။ သူ့ လက်တစ်ဖက်က ဒိုင်းကိုင်ထားပြီ နောက်လက်တစ်ဖက်က နှင်းပျံနတ်လှံကိုင်ကာ ရိုက်ထုတ် ကာကွယ်ရသည်။ သို့သော် တချို့သော ကျောက်အပဲ့အစများက သူ့အား လာမှန်နေသေးသည်။ ပေါက်ကွဲမှုက ထွက်လာသည့် ကျောက်အပိုင်းအစတို့ ထွက်ရှိလာတာက အလွန် များပြားသည့်အပြင် ဦးတည်ချက် ပေါင်းစုံကနေ ဝင်လာကြတာမို့ ယခုချိန်တွင် သူ၏ ခန္ဓာကိုယ်ထည်စွမ်းအားသက်သက်ဖြင့်သာ အသုံးပြု၍ ပိုလျင်မြန်အောင် သွားနိုင်ခဲ့သည်။

ဒဏ္ဍာရီအဆင့်တစ်ယောက်၏ စွမ်းအားများအပြင် ကမ္ဘာဦးသွေးအမွေနှင့် ဒိုချီစွမ်းအင်များကြောင့် ထိုကဲ့သို့ ပေါက်ကွဲမှုကနေ သူ့ကို နည်းနည်းလေးသာ ထိခိုက်စေသည်။ ကျောက်တုံးအများစုက သူ့ရဲ့ အကာအကွယ်ချီစွမ်းအင်ကြောင့် ကွဲအက်သွားကုန်ကာ တချို့တလေလောက်သာ ဆက်လက် ဖောက်ဝင်သွားပြီ သူ့အင်္ကျီကို ပေါက်ထွက်စေခဲ့သည်။

ရွှယ်ယင်၏ ခန္ဓာကိုယ်မှာ သန်စွမ်းလာသလို အကြမ်းပတမ်းလည်း ခံနိုင်ရည် ရှိသည့်အတွက်ကြောင့် ထိုပေါက်ကွဲမှု၏ သက်ရောက်အားကို ကောင်းစွာ ခံနိုင်ရည်ရှိသည်။

" ဟိုမှာ စစ်ပိုင်ရုံပဲ.." ရွှယ်ယင်က သူတို့ထံ အမြန်သွားလိုက်သည်။ သို့သော် စစ်ပိုင်ရုံက ကျင့်ချိုးက ဒိုင်းသဖွယ် အသုံးပြုသည့်ကို မြင်လိုက်သည့်အခါ သူ့မျက်ဝန်းတွင် အေးစက်စက် အလင်းတစ်ခုက ဖျတ်ခနဲ လက်သွားသည်။

" တကယ့်ကို အရှက်ကင်းလှချည်းလား.."

" သွာစမ်း.."

ရွှယ်ယင်က ကျင့်ချိုးကို လက်တစ်ဖက်ဖြင့် ဆွဲလိုက်ပြီ စစ်ပိုင်ရုံကို တစ်ဆက်တည်း ကန်ထုတ်ပစ်လိုက်သည်။ စစ်ပိုင်ရုံ၏ မျက်နှာမှာ ချက်ချင်း ဖြူရော်သွားသည်။

ဘန်း..

ရွှယ်ယင် ဘယ်လောက် အားထည့်၍ ကန်ထုတ်လိုက်သနည်း..

သို့သော် စစ်ပိုင်ရုံမှာတော့ တစ်ကိုယ်လုံး ကွေး၍ ပျံထွက်သွားသည်။ ပါးစပ်ကနေလည်း သွေးတစ်လုတ် ပန်းထွက်သွားသည်။ သူက ကျင့်ချိုး၏ လက်မောင်းကို ဆွဲကိုင်ထားသည်က မှန်သော်လည်း သူမ၏ ရေခဲချပ်ဝတ်က ဆွဲလိုက်သည့် အားကို အလိုလို စုပ်ယူလိုက်၍ သူမက မည်သည့် ဒဏ်ရာမှ မရလိုက်ချေ။

မှော်ဆရာမလေးသည် သူမ၏ ကယ်တင်ရှင်ကိုသာ ငေးကြည့်နေမိသည်။

ရွှယ်ယင်မှာ လုံးဝ မတုံ့ဆိုင်းနေဘဲ နှင်းပျံနတ်လှံကို သိမ်းလိုက်သည်။ ကျင့်ချိုးကိုလည်း လက်တစ်ဖက်ဖြင့် ထွေးပိုက်ထားလိုက်ကာ နောက်လက်တစ်ဖက်က အကြီးဆုံး ဒိုင်းတစ်ခုကို ယူထုတ်လိုက်ပြီး နောက်ကျောတွင် ကာထားလိုက်သည်။

***

အစောပိုင်းတွင် သူမကို စစ်ပိုင်ရုံက ဖမ်းချုပ်လိုက်ကာ ခန်းမကြီး ပေါက်ကွဲရာမှ ထွက်လာသည့် သက်ရောက်အားတို့ကို ခုခံဖို့အတွက် ဒိုင်းအဖြစ် အသုံးချလိုက်ခြင်းကြောင့် သူမဟာ အသက်ရှင်ဖို့အတွက် မျှော်လင့်ချက် ကုန်ဆုံးသွားခဲ့သည်။

သို့သော် အနက်ရောင်လူငယ်က အဝေးကနေ လျင်မြန်စွာဖြင့် ပြေးလာနေသည်ကို သူမ တွေ့လိုက်ခဲ့သည်။ လျင်မြန်လွန်း၍ သူ့အနောက်မှာပင် အရိပ်များ ကျန်ရစ်ခဲ့သည်။ လက်တစ်ဖက်ကလှံကိုင်၍ နောက်လက်တစ်ဖက်က ဒိုင်းကို ကိုင်ထားသော ရွှယ်ယင် ပုံရိပ်များစွာကို သူမ မြင်တွေခဲ့သည်။

သူ့မျက်နှာက ပြတ်သားပြီ လုံးဝကို တည်ငြိမ်လွန်းသည်။ စိတ်လှုပ်ရှားနေတာမျိုး သူ့မျက်နှာထက်တွင် မရှိနေချေ။ ရွှယ်ယင်သည် ပျံ့လွင့်လာသည့် ကျောက်တုံး၊ ကျောက်တိုင်များနှင့် ကျောက်အပိုင်းအစများကို ရိုက်ထုတ်၍ လာနေခဲ့သည်။

ထိုအခိုက်အတန့်တွင်..

ရွှယ်ယင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလင်းရောင်များဖြင့် လွှမ်းခြုံထားသကဲ့သို့.. ဒဏ္ဍာရီလာ သူရဲကောင်းကြီးတစ်ယောက်ကဲ့သို့..

ထိုအခိုက်အတန့်တွင်..

သူမ၏ ခံစားချက်များ နိုးကြားလာလေ၏။

ဘန်း..

ရွှယ်ယင်က စစ်ပိုင်ရုံအား ခြေထောက်တစ်ဖက်ဖြင့် ကန်ထုတ်လိုက်ကာ သူမအား သူ့ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်ကာ သူမအား ကာကွယ်ပေး၏။ သူမတို့ နှစ်ယောက်ကြားထဲမှာ ရေခဲချပ်ဝတ်က ရှိနေသော်လည်း ကျင့်ချိုး ရုတ်တရက် အေးငြိမ်းမှုကို ခံစားလိုက်ရသည်။ ဖခင်တစ်ယောက်၏ လက်မောင်းတွင် ရှိနေသည့် ကလေးတစ်ယောက်ကဲ့သို့ပင်။

ရွှယ်ယင်မှာ ထိုအရာတွေကို များစွာ အာရုံမစိုက်ထားချေ။ ဒိုင်းက သူတို့၏ နောက်ကျောတွင် လုံအောင် ကာကွယ်နိုင်ဖို့ကိုသာ သေချာ ပြင်ဆင်နေ၏။

ဝရုန်း.. ဝရုန်း..

မရေတွက်နိုင်သော ကျောက်တုံးများ နေရာအစုံကနေ လွင့်စင်လာသည်။

ထိုပေါက်ကွဲမှုက ခန်းမတစ်ခုလုံးကို ပြိုကျစေခဲ့သည်။ မျက်နှာကြတ်မှ ကျောက်တုံးများ.. နံရံများ အားလုံး ပြိုကျလာသည်။ အရွယ်အစား မတူညီသည့် ကျောက်အပိုင်းအစများကလည်း မိုးရွာချလိုက်သလို ရွာကျလာသည်။

" မဟုတ်ဘူး.." ကျယ်လောင်စွာ ကြားလိုက်ရသည့် အော်သံတစ်ခုက စစ်ပိုင်ရုံကနေ ထွက်ရှိလာသည်။ ပေါက်ကွဲမှုလှိုင်းကို ကာကွယ်ဖို့အတွက် သူလည်း ဒိုင်းတစ်ခုဖြင့် ကာကွယ်ဖို့ အသည်းအသန် ကြိုးစားခဲ့သည်။ သို့သော် မရေတွက်နိုင်သော ကျောက်တုံးများကြောင့် မကြာမီမှပဲ သူ့ရဲ့ ခန္ဓာကိုယ်ကို ကာကွယ်ပေးသည့် ဒိုချီအကာအကွယ်က ကွဲကြေသွားသည်။ သူ့ရဲ့ အားနည်းသည့် ခန္ဓာကိုယ်မှာ များစွာ မတောင့်ခံနိုင်ပေ။ မကြာမီမှာပဲ သူ့ကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ များစွာ ထွက်လာခဲ့သည်။ ခေါင်းကိုလည်း များစွာ အရိုက်ခံရပြီးနောက် သူသည် သတိမေ့သွားကာ နောက်ဆုံး အသက်ထွက်သွားတော့သည်။

ဒီလို ပေါက်ကွဲမှု ပြင်းထန်သည့် အခြေအနေမျိုးမှာ လူတစ်ယောက်၏ အသက်ကို ကာကွယ်ဖို့က အလွန်တရာ ခက်ခဲ၏။ ဒဏ္ဍာရီအဆင့်သမားလောက်သာ အသက်ရှင်ကျန်မည်။

ရွှယ်ယင် ဆောင့်ကြောင့် ထိုင်ချလိုက်ကာ ကျင့်ချိုး၏ ကိုယ်လုံးအား ထပ်၍ ဆွဲပွေ့ထားလိုက်ပြီ သူမကို အပြည့်အဝ ကာကွယ်ပေးလိုက်သည်။ ထို့အပြင် ရွှယ်ယင်၏ ဘယ်ဘက်လက်က မြေကြီးထဲကို ထိုးထည့်၍ ဆွဲကုပ်ထားကာ ဒိုင်းကို တင်းတင်း ကိုင်ထားလိုက်သည်။

ဘန်း.. ဘန်း..

မရေတွက်နိုင်သော ကျောက်တုံးများ ပြိုဆင်းကျလာသည်။ ကျင့်ချိုး၏ ရေခဲနံရံမှာလည်း ကြာမြင့်စွာ တောင့်မခံနိုင်တော့ဘဲ ပြိုကျသွားတော့သည်။ တချို့ကျောက်တုံးကြီးတွေက ရွှယ်ယင်တို့၏ ဒိုင်းအပေါ်ကို တည့်တည့် ကျသည်။ များစွာသော ကျောက်တုံးများက ရွှယ်ယင်၏ ခြေထောက်ကို လာမှန်ကြသည်။

အွင့်.. ရွှယ်ယင်၏ ဘယ်ဘက်လက်သည် မြေကြီးထဲတွင် နစ်မြုပ်ထားကာ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားပြီ ကျန်လက်တစ်ဖက်က ဒိုင်းကို ကိုင်၍ ကျောက်တုံးတို့ကို ခုခံရသည်။ ရွှယ်ယင်သည် ပေါက်ကွဲအားကနေ အတတ်နိုင်ဆုံး ခုခံနိုင်ဖို့ကို အပြည့်အဝ အာရုံစိုက်ထားသည်။

ရွှယ်ယင်၏ ကာကွယ်မှုအောက်တွင် ကျင့်ချိုးမှာ မည်သည့်ထိခိုက်မှုမှ မရရှိလိုက်ပေ။ သူမဟာ ခေါင်းကိုသာ ငုံ့ထား၍ ရွှယ်ယင်၏ လက်ဝါးက အောက်ကြမ်းပြင်ကို မြဲမြံစွာ ဖမ်းကုပ်ထားသည်ကို မြင်ရသည်။

ရွှယ်ယင်၏ အားသန်လှသော လက်ကို ကြည့်ပြီ ကျင့်ချိုးမှာ စိတ်လုံခြုံသလို ခံစားရသည်။

" သတိထား.." ရုတ်တရက် အလောတကြီး သတိပေးသံကို ကြားလိုက်ရည်။

" ဝရုန်း. ဝရုန်း.."

ခန်းမကြီးတစ်ခုလုံး ပြိုကျလာခဲ့လေကာ ကျောက်တုံးကြီးများကလည်း အပေါ်ကနေ ပြုတ်ကျလာခဲ့သည်။

ရွှယ်ယင်က ချက်ချင်း သူ့ကိုယ်လုံးဖြင့် ကျင့်ချိုးကို အုပ်ထားလိုက်ကာ သူမကို ကာကွယ်ပေးလိုက်သည်။ တစ်ချိန်တည်းမှာလည်း ဒိုင်းကို တင်းတင်း ကိုင်ထားလိုက်သည်။ ခန်းမကြီးတစ်ခုလုံးသည် မြည်သံကျယ်ကြီးဖြင့် ပြိုဆင်းကျလာကာ တစ်ခဏအတွင်းမှာပဲ ရွှယ်ယင်ရော ကျင့်ချိုးပါ ကျောက်ပုံကြီးအောက်မှာ မြုပ်သွားခဲ့သည်။

***

တစ်ဖြည်းဖြည်းဖြင့် ပတ်ဝန်းကျင်က ငြိမ်ဆိတ်လာခဲ့သည်။

ဒိုင်းက သူတို့အပေါ်တွင် အုပ်မိုးနေဆဲပင်။

ကျင့်ချိုးနှင့် ရွှယ်ယင်က ထို့အောက်ထဲတွင် ရှိနေကာ အမှောင်ထုပဲ မြင်ရသည်။ ပေါက်ကွဲမှုတို့ တစ်ဖြည်းဖြည်း ငြိမ်သက်သွားသည့်အခါတွင် သူတို့၏ ပတ်ဝန်းကျင်မှာ အမှောင်ထုသာ ရှိတော့သည်။

အင့်.. ရွှယ်ယင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ညာခြေထောက်က ညှပ်ကြေနေပြီ။ သို့သော် သူ့ခန္ဓာကိုယ်၏ ခွန်အားကြောင့် ဒါသည် သာမန် သွေးထွက်ဒဏ်ရာတစ်ခုထက် မပိုပေ။

" ရှင်.. အဆင်ပြေရဲ့လား.." ကျင့်ချိုးက စိတ်ပူစွာဖြင့် မေးလိုက်သည်။ ရွှယ်ယင်၏ အင့်ခနဲ ညည်းလိုက်သံကို သူမ ကြားလိုက်ရခြင်း ဖြစ်၏

" ငါ အဆင်ပြေပါတယ်.." ရွှယ်ယင်အသံက တည်ငြိမ်နေဆဲပင်။ သို့သော် ညာဘက်လက်က ဒိုင်းကို ထောက်ပင့်ထားရ၍ တောင့်ခဲနေပါပြီ။ ကျောက်တုံးတွေ အပေါ်ကနေ ဖိထားသည့် အားမှာ ကီလို တစ်သောင်းခွဲ နှစ်သောင်းမျှ ရှိနေ၏။

" ခဏစောင့်ဦ.. ကျောက်တုံးတွေ အရင်ဖွင့်ရဦးမယ်.. ဒါဆို ငါတို့ ထွက်လို့ ရပြီ.."

အပိုင်း ( ၄၉ ) ခွဲဝေခြင်းနှင့် အိမ်ပြန်ခြင်း

အမှောင်ထုထဲတွင် ကျင့်ချိုးသည် ထူးဆန်းသော ခံစားချက်ကို ခံစားနေရ၏။

အစောပိုင်းတွင် သူမသည် နတ်ဆိုးတမန်တော်၏ ဖိအားပေးမှုအောက်မှာ ရောက်ရှိခဲ့ပြီ သေဖို့အတွက်ကို ပြင်ဆင်ထားခဲ့သည်။ သို့သော် သာမန်လူတစ်ယောက် ပုံစံ ရှိသည့် ရွှယ်ယင်က ရုတ်တရက် ရောက်ရှိလာပြီ သူမကို ကယ်တင်ခဲ့သည်။ တိုက်ပွဲမှာလည်း ကြောက်မက်ဖွယ်ကောင်းသည့် ခွန်အားကို ပြသခဲ့ပြီး နတ်ဆိုးတမန်တော်ကိုလည်း သတ်ဖြတ်ခဲ့သည်။ ထို့နောက် လုဟွိုင်ရူက ကိုယ့်ကိုယ်ကို သတ်သေခြင်းနှင့်အတူ အားလုံးကို တစ်ပါတည်း ဆွဲခေါ်လိုသောကြောင့် ခန်းမကြီးကိုပါ ဖောက်ခွဲပစ်ခဲ့သည်။ ထိုအခါ စစ်ပိုင်ရုံက သူမကို ဒိုင်းအဖြစ် အသုံးချခြင်းကြောင့် သူမ၏ အသက်အန္တရာယ်က တစ်ခါ ပြန်ကျရောက်လာခဲ့သည်။

နောက်ထပ်တစ်ကြိမ် သူမ ကယ်တင်ခံလိုက်ရပြန်သည်။

ယခုတွင် သူမသည် အမှောင်ထုထဲတွင် မရေတွက်နိုင်သော ကျောက်တုံးများအောက် မြုပ်နေလျက် ရှိနေပြီ။ သူမသည် ခံစားချက် အမျိုးပေါင်းတစ်ရာမက ခံစားနေရ၏။

ဘုန်း..

ရွှယ်ယင်က လက်မောင်းအားဖြင့် ဒိုင်းကို မ၍ အပေါ်က ကျောက်တုံးများကို တွန်းထုတ်ပစ်လိုက်သည်။

" သွားစို့.. "

ရွှယ်ယင်က ကျင့်ချိုး၏ ခါးကို ပွေ့ချီလိုက်ပြီး ခပ်ကြမ်းကြမ်း ခုန်ထွက်လိုက်သည်။ တစ်ချိန်တည်းမှာပဲ လက်ထဲက ဒိုင်းဖြင့် ပိတ်ဆို့နေသော အရာအားလုံးကို ရိုက်ချသွားလိုက်သည်။

တကယ်၍ တွေးပြီ မြင်ယောင်ကြည့်မယ်ဆိုလျှင် လက်တစ်ဖက်မှာ ချောမောလှပသော မှော်ဆရာမလေး၏ ခါးကို ပွေ့ပိုက်ထား၍ ရွှယ်ယင်အနေဖြင့် ကြည်နူးနေမည်ဟု ထင်မိပါလိမ့်မည်။ သို့သော် ကျင့်ချိုး၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည့် ရေခဲချပ်ဝတ်ကြောင့် သူမကို ထွေးပွေ့ထားရသည့် ခံစားချက်က တကယ်ကို သာမန်ဆန်လွန်းသည်။ အေးစက်ပြီမာကျောကာ လုံးဝ သက်တောင့်သက်သာ မရှိနေပေ။

ဘုန်း..

ရွှယ်ယင်တို့ အပျက်အစီးပုံထိပ်သို့ ခြေချလိုက်သည်နှင့် ကျင့်ချိုးကို လွှတ်လိုက်သည်။

" သတိလည်း ထားဦးနော်.. ခန်းမကြီးတစ်ခုလုံးက ပြိုကျသွားပေမဲ့လည်း အပျက်အစီးပုံတွေက နောက်ထပ် ပြိုကျနိုင်သေးတယ်.. မင်းရဲ့ ရေခဲချပ်ဝတ်ကိုလည်း ထပ်ပြီ ကာထားပေးဦး.."

ရွှယ်ယင်က ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အရာအားလုံးက ပြိုလဲပျက်စီးနေပြီ အတွင်းရဲတိုက်၏ ပထမထပ်၊ ဒုတိယထပ် တိုင်လုံးများ အပါအဝင်ပင်။ ထိုတိုင်လုံးတို့အပေါ်တွင် ကျောက်ထုအလွှာများ ရှိနေဆဲပင်။

တစ်ကယ်၍ ထိုထောက်လုံးများ ရွေ့သွားခဲ့လျှင် သို့မဟုတ် နည်းနည်းလေးသာ စောင်းသွားခဲ့လျှင် ဟန်ချက်ညီမျှနေရာမှ ဟန်ချက်လွဲမှာ ဖြစ်ပြီ မျက်နှာကြတ်တစ်ခုလုံး ပြိုကျသွားပေလိမ့်မည်။ သို့သော်လည်း တချို့ ကျောက်တုံးတွေက တစ်ချက်ချက် ပြုတ်ကျနေဆဲပါ။

တကယ်၍ ပြိုကျလာပါက ကိုယ်ထည် အားနည်းသည့် မှော်ပညာရှင်ကို မဆိုထားနှင့် စွမ်းအား ကြီးမားသည့် စစ်သည်တို့ပင် အနာတရ ဖြစ်သွားလိမ့်မည်။ ထို့ကြောင့်လည်း ခန္ဓာကိုယ်ပေါ်တွင် အကာအကွယ်အစီအရင်များ ရှိနေဖို့က အရေးကြီးဆုံးပင်။

" ဟုတ်.." ကျင့်ချိုးက ခေါင်းညိတ်လိုက်သည်။ " ရှင်ကရော.."

ရွှစ်..

ရွှယ်ယင်မှာ သူမနှင့် အဝေးသို့ ရောက်သွားပြီး ဖြစ်သည်။ သူ့ရဲ့ လှံရှည်ဖြင့် အပျက်အစီးပုံတွေကြားမှာ ထိုးဆွ၍ လူသေအလောင်းကို ရှာဖွေနေသည်။

သို့သော် ထိုကဲ့သို့ ပေါက်ကွဲအားကြောင့် နတ်ဆိုးတမန်တော်၏ ခန္ဓာကိုယ်သည်ပင် စိစိညက် ဖြစ်နေလိမ့်မည်။ ထိုကဲ့သို့ ပေါက်ကွဲအားသည် ငွေလအဆင့်ကိုပင် အလွယ်တကူ သတ်သွားနိုင်သည်။ တကယ်၍ အကာအကွယ်အောက်တွင် မရှိနေခဲ့လျှင် ထန်ရှုံး၊ နတ်ဆိုးတမန်တော်၊ လုဟွိုင်ရူတို့ အားလုံး အပိုင်းပိုင်းအတစ်တစ် ဖြစ်သွားမှာ အမှန်ပင်။ မည်သူမှလည်း သူတို့အား မှတ်မိနိုင်တော့မှာ မဟုတ်တော့ချေ။ စစ်ပိုင်ရုံသည်လည်း ထိုနည်းတူပင်။

" သူတို့ ပိုင်ဆိုင်ထားတာတွေ အကုန်တွေ့လာခဲပြီ.. သွားစို့.. "

ရွှယ်ယင်က ကျင့်ချိုးထံ လျှောက်လာခဲ့လိုက်သည်။

" ကောင်းပါပြီ.." သူမက ခေါင်းညိတ်လိုက်သည်။ နှစ်ယောက်စလုံးက အတွင်းလိုဏ်ခေါင်းအခန်းသို့ ဦးတည်၍ ထွက်လာခဲ့သည်။

ခန်းမကြီးတစ်ခုလုံးနှင့် အပေါ်ထပ် တို့ကပါ ပြိုကျထားမှုကြောင့် ရွှယ်ယင်နှင့် ကျင့်ချိုးမှာ လွယ်ကူစွာဖြင့် အပြင်သို့ ထွက်လာနိုင်ခဲ့သည်။

တချို့ လမ်းတွေက ပိတ်ဆို့နေသော်လည်း ဒဏ္ဍာရီအဆင့်တစ်ယောက်၏ ခွန်အားဖြင့် ရွှယ်ယင်က အလွယ်တကူ ဖွင့်ထုတ်လာနိုင်ခဲ့သည်။

" တုန်ပိုရွှယ်ယင်.. ရှင့်ကို ကျေးဇူး အများကြီး တင်ပါတယ်.." ကျင့်ချိုးက ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

" ကျွန်မကို ကယ်တင်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်.. ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မလည်း သေချာပေါက် သေရမှာပါ.."

အစောပိုင်းက ဆိုးဝါးလှသော အခြေအနေကို ပြန်စဥ်းစားကြည့်လိုက်လျှင် တကယ်၍ သူမကို ရွှယ်ယင် မကယ်တင်ခဲ့ပါက သူမဟာ သေချာပေါက် သေရလိမ့်မည်။

" ဒါက ဘာမှ မဟုတ်ပါဘူး.. ကျုပ်အတွက်က ဒါက ကိစ္စသေးသေးလေး တစ်ခုပါ.. မင်းအတွက်ကတော့ ဒါက သေရေးရှင်ရေးကိစ္စပေါ့.."

စကားပြောနေရင်း ရွှယ်ယင်၏ မျက်ဝန်းတွင် အေးစက်သည့် အလင်းတစ်ခု ဖြာထွက်သွားသည်။

" စစ်ပိုင်ရုံက ဒီလောက်အထိ အရှက်ကင်းလိမ့်မယ်လို့ ကျုပ် မတွေးထားမိဘူးဗျာ.."

စစ်သည်တစ်ယောက်က မှော်ဆရာမတစ်ယောက်ကို ဒိုင်းအဖြစ် အသုံးချခဲ့သည်လား.. ဒီအဖြစ်ဟာ ရွှယ်ယင်အတွက် ပထမဆုံးအကြိမ်ပင်။

" သူ ဒီလိုလုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့ ကျွန်မလည်း မတွေးထားမိပါဘူး.."

ကျင့်ချိုးလည်း စစ်ပိုင်ရုံအတွက် မငဲ့ညှာတော့ဘဲ ပြောလိုက်သည်။ တကယ်တမ်းလည်း ပေါက်ကွဲခြင်းကြောင့် စစ်ပိုင်ရုံလည်း သေသွားခဲ့ရသည်။

" သြော်.. ခြေထာက်က သွေးထွက်နေတုန်းပဲလား.."

ရွှယ်ယင်၏ ခြေထောက်တွင် ပေါက်ကွဲခြင်းကြောင့် ဒဏ်ရာများ ရသွားသည်ကို သူမ ရုတ်တရက် သတိရလိုက်သည်။

" ဟားဟား.. သွေးတိတ်သွားတာ ကြာနေပါပြီ.. သွေးတောင် ခြောက်နေပြီ.. ဒါက သာမန် ဒဏ်ရာတစ်ခုလောက်ပါပဲ.. "

ခန္ဓာကိုယ်က သန်စွမ်းလေ ပြန်လည်ကောင်းမွန်သည့် နှုန်းက မြန်ဆန်လာလေပင်။ အခုတွင်လည်း ဒဏ်ရာရသည့် နေရာတွင် မည်သည့် အနာရွတ်ကိုမှ မတွေ့ရတော့ချေ။

နှစ်ယောက်စလုံးသည် ဘေးချင်းယှဥ်၍ ရဲတိုက်မှ ထွက်လာသည်။

အနက်ရောင်ဝတ်စုံနှင့် လူငယ်..နှင့်

မိုးပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့်အပြင် ရေခဲချပ်ဝတ်ကို ဝတ်ဆင်ထားသည့် မိန်းမပျိုလေးတစ်ယောက်..

" ဟိုမှာ လျန့်ယုံ.." အတန်ကြာတဲ့အထိ လျှောက်လာခဲ့ပြီးနောက် လျန့်ယုံ၏ အလောင်းကို တွေ့လိုက်ကြသည်။ တကယ်တမ်းတွင် အတွင်းရဲတိုက်သည် ၁ မိုင် ၂ မိုင်မျှ ကျယ်ဝန်းသည်။ ပေါက်ကွဲမှုသည် မြေအောက်ခန်းကိုသာ ဖျက်စီးသွားပြီ ပထမထပ်၊ ဒုတိယထပ်တို့ကို လှိုင်းရိုက်ခတ်သွားခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ဋ္ဌဂံ ပုံသဏ္ဌာန်ရှိသည့် အတွင်းလိုဏ်ခေါင်းအခန်းတို့က အကောင်းပကတိ ကျန်ခဲ့သည်။ ထို့အပြင် လျန့်ယုံ အလောင်းကျန်ခဲ့သည့် စင်္ကြံလမ်းလည်း အကောင်းတိုင်ပင်။

" အနည်းဆုံးတော့ သူ့အလောင်းက အကောင်းတိုင် ကျန်နေခဲ့တာပေါ့.." ဟု ရွှယ်ယင်က ပြောလိုက်သည်။

**

နောက်ဆုံးတွင် သူတို့သည် အတွင်းရဲတိုက်ကနေ ထွက်လာခဲ့သည်။ ကျင့်ချိုး၏ ရေခဲမန္တန်ကြောင့် အေးခဲ့နေသည့် ကွင်းပြင်ကိုလည်း ရောက်ရှိသွားသည်။ သာမန်အစောင့်စစ်သည်တို့က အစောကြီးကတည်းက ထွက်ပြေးသွားပြီး ဖြစ်သည်။

ရွှယ်ယင်က အပေါ်သို့ မော့ကြည့်လိုက်ပြီ သူ့ရဲ့ ထက်ရှတဲ့ မျက်စိအမြင်ဖြင့် မှော်ယာဥ်ပျံကို ရှာဖွေလိုက်သည်။ မှောင်မိုက်သည့် ကောင်းကင်အလယ်တွင် ဖြစ်နေသော်လည်း ရွှယ်ယင်မှာ မီတာတစ်ရာကျော် နှစ်ရာကျော်လောက်အထိ ရှာတွေ့နိုင်သည်။

" ဆင်းလာခဲ့.." ရွှယ်ယင်က အော်ဟစ်လိုက်သည်။ သူ့အသံက မှောင်မိုက်တိတ်ဆိတ်နေသည့် ကောင်းကင်ကို လှုပ်ခါသွားလိုက်သည်။

ဟူး...

ကောင်းကင်ထက်တွင် ငွေရောင် မှော်ယာဥ်ပံတစ်စီးက အဆက်မပြတ် စောင့်ကြည့်နေရာမှ ရွှယ်င်တို့ဆီကို ပျံသန်းလာသည်။

" နှစ်ယောက်တည်းပဲလား.." နဂါးတောင်အိမ်တော်မှ အမှုထမ်းနှစ်ယောက်သည် လျှောက်လာခဲ့ရင်း မေးလိုက်သည်။ " ကျန်တဲ့ သူတွေရော.. စစ်ပိုင်ရုံရော.."

" သူတို့ သေကုန်ပြီ.."

ရွှယ်ယင်က ပြန်ဖြေလိုက်ရင်း အရေးကြီးသည့် မှော်သိုလှောင်ပစ္စည်းသုံးမျိုးကို ထုတ်ယူလိုက်သည်။

" ဒီလက်ပတ်က လျန့်ယုံရဲ့ ပစ္စည်းပဲ.. ဒီအကာအကွယ်လက်ပတ်က စစ်ပိုင်ရုံပိုင်တဲ့ ပစ္စည်း.. ဒီလက်စွပ်ကတော့ ထန်ရှုံးရဲ့ လက်စွပ်.. ကျေးဇူးပြုပြီ သူတို့ရဲ့ မိသားစုတွေဆီကို ပြန်ပို့ပေးလိုက်ပါ.."

" သူတို့အားလုံး သေသွားတယ်.. ဟုတ်လား.. ဘာတွေ ဖြစ်သွားကြတာလဲ.."

နဂါးတောင်အိမ်တော်မှာ အမှုထမ်းနှစ်ယောက်စလုံးမှာ အံ့သြသွားသည်။ အမှုထမ်းတစ်ယောက်က ရွှယ်ယင်ထံမှ ပစ္စည်သုံးမျိုးကို ယူလိုက်သည်။ လူသေသွားပါက သူတို့၏ ပစ္စည်းများကို မိသားစုထံ ပြန်ပို့ပေးသည့် ကိစ္စမှာ နဂါးတောင်အိမ်တော်အတွက်က လုပ်နေကျ အလုပ်တစ်ခုပင် ဖြစ်သည်။ အချိန်ကြာလာတော့ ထိုအပြုအမူက ပြဋ္ဌန်းထားဖို့ မလိုသော ဥပဒေတစ်ခုလို ဖြစ်လာခဲ့သည်။

မှော်သိုလှောင်ပစ္စည်းတွေကို ပြန်ပို့ပေးသော်လည်း စစ်ဆင်ရေးတွင် ပါဝင်ခဲ့သူတို့က သေဆုံးသူတို့၏ ပစ္စည်းများကို ဖြတ်လု၍ ယူထားတာမျိုးလည်း ရှိသေးသည်။

နဂါးတောင်အိမ်တော်မှ အမှုထမ်းတို့သည် ရွှယ်ယင်အား ကြည့်လိုက်ကာ မှာကြားတာကိုလည်း လက်ခံလိုက်သည်။

တကယ်၍ တန်ဖိုးကြီးသည့် ရတနာပစ္စည်းတစ်ခုခုကို ယူသွားခဲ့လျှင်တောင် မည်သည့် သက်သေအထောက်အထားပင် မရှိပေ။

တကယ်တမ်းမှာလည်း ရွှယ်ယင်သည် သေဆုံးသွားရသော စစ်သည်သုံးယောက်၏ မှော်သိုလှောင်ပစ္စည်းထဲက မည်သူ့ပစ္စည်း တစ်ခုတလေကိုမှ ယူထားခြင်း မရှိပေ။

လျန့်ယုံ၏ လက်ပတ်ကို စစ်ပိုင်ရုံ၏ မှော်သိုလှောင်ပစ္စည်းထဲတွင် တွေ့လာခဲ့ခြင်း ဖြစ်သည်။ တကယ်၍ ရွှယ်ယင်ကြောင့်သာ မဟုတ်ခဲ့လျှင် လျန့်ယုံ၏ မှော်သိုလှောင်ရတနာတို့က ပိုင်ရုံထံ ရောက်သွားမှာ အသေအချာပင်။

" ငါ ထင်တာက စစ်ပိုင်ရုံမှာ ရတနာတွေ အများကြိး ရှိမယ်လို့ ထင်ထားတာ.. သူ ဒီလောက်ဆင်းရဲတာ ဘယ်သူ ထင်မိမှာလဲ.." ရွှယ်ယင်က တိတ်တိတ်လေး တွေးလိုက်မိသည်။

မှော်သိုလှောင်ရတနာကို သေချာစွာ ရှာဖွေလိုက်သည့်အခါတွင် ထန်ရှံးကပင် စစ်ပိုင်ရုံထက် ပိုချမ်းသာနေသည်ကို သူ သဘောပေါက်လိုက်သည်။ တကယ်တမ်းတွင် စစ်ကလန်သည် ဘဏ္ဍာရေးကိစ္စတွင် အလွန်တင်းကြပ်သည်။ သတ္တိနည်းပြီ တစ်ယောက်တည်းပင် မစွန့်စားရဲသော သခင်လေးတစ်ယောက်အနေဖြင့် သူ့မှာ ပိုက်ဆံ များစွာ ရလေ့မရှိချေ။

အပြင်ပန်းကသာ ချမ်းသာဟန် ပုံပေါက်ပေမဲ့ တကယ်တမ်းတွင် ပိုက်ဆံအိတ်က ဟောင်းလောင်း ဖြစ်နေ၏။

ဘာကြောင့် သူတစ်ပါးကို အားကိုးရမည့်အစား ဘာကြောင့် ကိုယ့်ကိုယ်ကို မကြိုးစားရသလဲ.. စွန့်စားခရီးကြမ်းတွေ ထွက်ပြီ ကိုယ့်ရဲ့ အမူအကျင့်ကို မပြောင်းလဲပစ်ခဲ့သလဲ.. ထန်ရှုံးလုပ်သမျိုးပေါ့..

သို့ပေမဲ့ သေဆုံးသွားသည့် သုံးယောက်စလုံး၏ ရတနာပစ္စည်းများ အားလုံးပေါင်း တန်ဖိုးက နတ်ဆိုးတမန်တော် ပိုင်ဆိုင်မှု၏ အနည်းငယ်လေးကိုပင် မမီချေ။

" နတ်ဆိုးတမန်တော်က တကယ်ကို ချမ်းသာတာပဲ.."

သူ မြင်ခဲ့တာကို ပြန်စဥ်းစားကြည့်လိုက်သည့်အခါတွင် ရွှယ်ယင် အံ့အားသင့်မိသည်။

နတ်ဆိုးတမန်တော်၏ အကြောင်းနှင့် ဘယ်လိုအခြေအနေမျိုးကို ကြုံတွေ့လာခဲ့သလဲဆိုတာ သူ အဘယ်ကဲ့သို့ သိနိုင်မည်နည်း။ ထို့အပြင် သူနှင့် ခွန်အားချင်း ယှဥ်၍ ရသည့် ဒဏ္ဍာရီအဆင့် နတ်ဆိုးတမန်တော်ကို သတ်ပြီးပါက သိုလှောင်ခန်း ကြီးမားသော မှော်သိုလှောင် လက်စွပ်နှစ်ကွင်းကို ရလိမ့်မည်ဟု သူ အဘယ်ကဲ့သို့ သိနိုင်မည်နည်း။

" ငါ တုန်ပိုရွှယ်ယင်ဟာ ငွေရေးကြေးရေး အရမ်းကို ကျပ်တည်းခဲ့တယ်. အခုတော့ အဇူရီမြစ်စီရင်စုမှာ အချမ်းသာဆုံး ဆယ်ယောက်ထဲမှာ ငါလည်း တစ်ယောက်ဖြစ်နေပြီလို့ ထင်တာပဲ.. "

ရွှယ်ယင် သူ့ကိုယ်သူ တွေးလိုက်မိသည်။

" ချမ်းသာတဲ့နေရာမှာ အခြား ဒဏ္ဍာရီအဆင့်တွေလောက်ပဲ ငါ့နဲ့ ယှဥ်နိုင်တော့မယ်.. အင်.. ဒီတစ်ခေါက် အိမ်ပြန်ရင် ညီလေးအတွက် အကာအကွယ်ပစ္စည်းတွေ ဝယ်သွားဦးမှပဲ.. ပြီးတော့ မှော်သိုလှောင်လက်စွပ်က မှော်စာလိပ်တွေကိုလည်း သူ့ကိုပဲ ပေးလိုက်မယ်.."

မှော်စာလိပ်ဆိုသည်မှာ ကောင်းကင်နှင့် မြေကြီးကိုပင် ရွှေ့ပြောင်းပစ်နိုင်သည်။ သို့သော် မှော်ဆရာတစ်ယောက်၏ အသုံးပြုမှုကို လိုအပ်သည်။ သူရဲကောင်းစစ်သည်တစ်ယောက်အနေဖြင့် ထိုစာလိပ်ကို ကိုယ့်ဘာသာ အသုံးပြု၍ မရချေ။

သို့သော်လည်း ဒဏ္ဍာရီအဆင့်တစ်ယောက်၏ အရှေ့တွင်.. အထူးသဖြင့် လောကကြီးနှင့် တစ်သားတည်းအဆင့်နယ်ပယ်ကို ရောက်ရှိနေသူ၊ သဘာဝတရား၏ အင်အားကို ထိန်းချုပ်နိုင်သူမျိုး၏ အရှေ့မှောက်တွင် ထိုမှော်စာလိပ်မျိုးသည် ၎င်းတို့၏ စွမ်းအားကို အကုန်မထုတ်ပြနိုင်ချေ။

ဒဏ္ဍာရီအဆင့်တစ်ယောက်ကို တစ်ခြားသော ဒဏ္ဍာရီအဆင့်သမားတစ်ယောက် ဒါမှမဟုတ် အထွတ်အထိပ်အဆင့်ကသာ အန္တရာယ် ပြုနိုင်မည် ဖြစ်သည်။

"အင်.. နောက်ပြီ နှင်းကျောက်တောင်ရဲတိုက်ရဲ့ အကာအကွယ်ကိုလည်း မြှင့်တင်ဦးမှပဲ.. အာ.. ပြီးတော့ ရိုယွဲ့အတွက်လည်း မှော်တောင်ဝှေးတစ်လက် ဝယ်ပေးရဦးမယ်.."

နှစ်ပေါင်းများစွာ ကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ရွှယ်ယင် သူ့ကိုယ်သူ ချမ်းသာသည်ဟု ခံစားရလာသည်။ နှစ်ပေါင်းများစွာ အသက်ရှင်လာခဲ့သည့် နတ်ဆိုးတမန်တော်ကဲ့သို့ လူထံမှ ရတနာပစ္စည်းများကို သိမ်းပိုက်ခဲ့ခြင်းကြောင့် သူ့ရဲ့ ချမ်းသာမှုက သာမန်ကလန်တစ်ခုက ဒဏ္ဍာရီအဆင့်သမားတစ်ယောက်၏ ချမ်းသာခြင်းထက် အပြတ်အသတ် သာလွန်နေ၏။

" လုဟွိုင်ရူက သူနဲ့အတူ အားလုံးကို သေစေချင်ခဲ့တာ..ဒါကြောင့်လည်း ရဲတိုက်တစ်ခုလုံးကို ဖောက်ခွဲပစ်လိုက်တာ.. ရှင်တို့သွားကြည့်လိုက်ရင် နားလည်သဘောပေါက်သွားလိမ့်မယ်..'

ကျင့်ချိုးက လိုရင်းလောက်ပဲ ရှင်းပြလိုက်သည်။

" ပန်ထိုက်မြို့မှာ ရှိတဲ့ နဂါးတောင်အိမ်တော်ကနေ လူလွှတ်ပြီ ဒီနေရာကို ရှင်းလင်းကြလိမ့်မယ်.. ခင်ဗျားတို့ နှစ်ယောက်ကို စီရင်စုမြို့တော်ဆီ အရင်ပြန်ပို့ပေးပါမယ်.."

" ကောင်းပါပြီ.. " ရွှယ်ယင်နှင့် ကျင့်ချိုးက ခေါင်းညိတ်လိုက်သည်. ထို့နောက် မှော်ယာဥ်ပျံပေါ် တက်လိုက်ကြသည်။

မှော်ယာဥ်ပျံပေါ်ကို ရောက်မှသာ ကျင့်ချိုးက သူမ၏ ရေခဲချပ်ဝတ်ကို သိမ်းလိုက်သည်။ ထို့နောက် တင်ပျဥ်ခွေထိုင်နေပြီးသော ရွှယ်ယင်ဘက် လှည့်ကြည့်လိုက်ကာ

" ရွှယ်ယင်.. ငါတို့ စီရင်စုမြို့တော်ကို ရောက်တဲ့အခါမှာ ရှင်က အိမ်ကို တန်းပြီ ပြန်မှာလား.."

" ဟုတ်တယ်.." ရွှယ်ယင်က ခေါင်းညိတ်လိုက်သည်။

" အဇူရီမြစ်စီရင်စုထဲမှာ ဘယ်အပိုင်းမှာ နေတာလဲ.."

" ရီရွှေမြို့က နှင်းကျောက်တောင်ရဲတိုက်မှာပါ.. မှော်ဆရာမ ကျင့်ချိုးလည်း ကျုပ်ရဲ့ နယ်မြေငယ်လေးကို အချိန်မရွေး လာလည်လို့ ရပါတယ်.." ရွှယ်ယင်က ရယ်မောလိုက်သည်။

" ရီရွှေမြို့လား.." ကျင့်ချိုးက ခေါင်းကို အသာအယာ ညိတ်လိုက်သည်။

ညအမှောင်ကြောင့် မည်းမှောင်နေသော ကောင်းကင်ပြင်ကြီးအောက်မှာ မှော်ယာဥ်ပျံသည် အမှောင်ထုကိုပဲ ဖြတ်သန်း၍ ဆက်လက် ပျံသန်းသွားလေသည်။ လေပြေလေးက ခပ်ညှင်းညှင်းလေး တိုက်ခတ်နေသည်။ ကျင့်ချိုးသည် သူမ၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားနေသည်ကို အနည်းငယ်သာ ခံစားရတော့သည်။ မကြာမီမှာပဲ သူမ၏ စိတ်တို့က တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။ ဒီကနေ့ အဖြစ်အပျက်များသည် သူမ၏ စိတ်နှလုံးထဲတွင် အမြဲတမ်း စွဲကျန်နေခဲ့လိမ့်မည်။

***

အပိုင်း ( ၅၀ ) မှော်ဆရာတို့၏ ဆွေးနွေးမှု

နောက်တစ်နေ့ ဝေလီဝေလင်းအချိန်တွင် မှော်ယာဥ်ပျံသည် စီရင်စုမြို့တော်က နဂါးတောင်အိမ်တော်သို့ ဆိုက်ရောက်သွားခဲ့သည်။

" ဒီနေ့ပဲ.. အဆုံးမဲ့လေပြေကျောင်းတော်ကို ပြန်သွားတော့မယ်.. ပေါက်ကွဲမှု ဖြစ်သွားပြီးနောက်ပိုင်းမှာ ကျွန်မရဲ့ ရေခဲချပ်ဝတ်နဲ့ ပတ်သတ်ပြီ အသိတစ်ခု ရသွားခဲ့လို့ပါ... ပြီးတော့ ပြန်ရောက်သွားခဲ့ရင် အဲ့ဒီမှာ ကျွန်မရဲ့ အသိအမြင်နားလည်မှုတွေနဲ့ ဆက်လက်ပြီ အချိန်ကြာကြာ လေ့လာရဦးမယ်.. ဒါကြောင့် အဇူရီမြစ်စီရင်စုဆီကို ပြန်လာဖို့က အချိန် တော်တော်ကြာဦးမှာပါ.."

ကျင့်ချိုးသည် မီးကဲ့သို့ ရဲရဲ နီတောက်သည့် ငှက်တစ်ကောင်အပေါ် ထိုင်လိုက်ပြီးနောက် ထိုစကားကို ရုတ်တရက် ပြောလိုက်မိသည်။

" အဆုံးမဲ့လေပြေကျောင်းတော်လား.. အဲဒီကို တစ်ခါမှာ ခြေမချဖူးဘူး.. အချိန်ရတဲ့အခါ အဲဒီကို သေချာပေါက် လာလည်ပါမယ်.." ရွှယ်ယင်က ပေါ့ပါးစွာဖြင့် ပြောလိုက်သည်။

" အင်.."

ကျင့်ချိုးလည်း နောက်ထပ် ဘာစကားမှ မဆိုတော့ချေ။ အနီရောင်ငှက်ကလည်း စတင်၍ ပျံတက်သွားတော့သည်။ ၎င်းအပေါ်တွင် အစိမ်းရောင်အဝတ်နှင့် မှော်ဆရာမက ထိုင်လျက်သား စီးနင်းသွားသည်။ သူမ၏ ဆံနွယ်တွေက တဖျပ်ဖျပ် လှုပ်ခါနေရင်း အနီရောင်ငှက်ဟာ အဝေးသို့ ပျံသန်းထွက်သွားလေသည်။

ကျင့်ချိုးဟာ နောက်ဆုံးအကြိမ်အဖြစ် အနောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ အဝေးတွင် နဂါးတောင်အိမ်တော်က သေးသေးကွေးကွေး ဖြစ်နေလေပြီ။ ထို့နောက် သူမသည် တောင်အရပ်ဘက်သို့ ဆက်လက် ပျံသန်းသွားသည်။

***

ရွှယ်ယင်လည်း နဂါးတောင်အိမ်တော်ကနေ မြင်းစီး ထွက်လာခဲပြီးနောက် ဆိုင်တစ်ဆိုင်သို့ ဝင်လိုက်သည်။ ထိုဆိုင်သည် မှော်ပစ္စည်းများ အထူးတလည် ရောင်းချသော ဆိုင်ဖြစ်၏။ မှော်ပညာရှင်များ ရှားပါးသည့်အတွက်ကြောင့် စျေးဝယ်သူတို့မှာလည်း နည်းပါးသည်။

ဟီးး... ရွှယ်ယင်က မြင်းပေါ်က ဆင်းလိုက်ကာ မြင်းဇက်ကြိုးကို ဆိုင်ဝန်ထမ်းကို အပ်ပေးလိုက်သည်။

" သခင်လေး.. ဒီလမ်းကနေ ကြွပါ.."

ချက်ချင်းဆိုသလို မိန်းကလေး အကူတစ်ယောက်က ထွက်လာပြီ သူ့အား ဖိတ်ခေါ်လေသည်။

" ဆီးနှင်းနဲ့ ပတ်သတ်ပြီး ကောင်းကင်အဆင့် မှော်ဆရာတွေရဲ့ အသုံးအဆောင်တွေ အားလုံးကို ရှင်းပြပေးပါ.." ရွှယ်ယင်က ခပ်တိုတိုပဲ ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ အကူမိန်းကလေးက သူ့အား ထူးဆန်းစွာ ကြည့်လိုက်သည်။

အားလုံးကို ရှင်းပြပေးပါတဲ့လား.. ဒီစျေးဝယ်သူက တကယ်ကို ရက်စက်တာပဲ.. ဒီလူက လိမ်လည်ဖို့လား ဒါမှမဟုတ် တကယ်ပဲ စွမ်းအားကြီးတဲ့ သူတစ်ယောက်လား..

သို့သော်လည်း အကူမိန်းကလေးက ရွှယ်ယင်အား ဆက်လက် ခေါ်ဆောင်သွားသည်။ ဆိုင်အတွင်းက ပစ္စည်းအားလုံးကိုလည်း တစ်ခုပြီးတစ်ခု အကြမ်းဖျင်း ရှင်းပြပေးခဲ့၏။

" ဆီးနှင်းလက်ပတ်.. ကောင်းကင်အဆင့်.. အထဲမှာ ဆီးနှင်းစွမ်အားအဝန်း အသေးစားလေး ထည့်သွင်းထားတယ်.. သူ့ရဲ့ တိုက်ခိုက်မှုစွမ်းအားက ဥက္ကာပျံအဆင့်တစ်ယောက်ရဲ့ ဆီးနှင်းစွမ်းအားအဝန်းနဲ့ ယှဥ်လို့ ရပါတယ်.. "

အကူမိန်းကလေးမှာ ထိုပစ္စည်းအကြောင်းကို ကောင်းစွာ အကျွမ်းတဝင် ဖြစ်ဟန် ရသည်။

" ဒီပစ္စည်းနဲ့ဆိုရင် သာမန်မှော်ပညာရှင်တွေက ဆီးနှင်းစွမ်းအားအဝန်း အသေးတစ်ခုကို ထုတ်သုံးလို့ ရမှာပါ.."

" ဆက်ရှင်းပြပါဦး.." ထိုပစ္စည်းသည်လည်း ဝယ်ရမည့်ပစ္စည်းတစ်ခုဟု ရွှယ်ယင် ဆုံးဖြတ်လိုက်သည်။

" ဒီလက်ပတ်က အလယ်လတ် ကောင်းကင်အဆင့် ပစ္စည်းပါ.. သူ့အထဲမှာ မှော်အစီအရင်ပါတယ်.. ကောင်းကင်အဆင့် မှော်ဆရာတစ်ယောက် မန်းမှုတ်ဆင့်ခေါ်လိုက်တဲ့ မြားမိုးမန္တန်နီးပါးလောက်ကို စွမ်းအား ရှိပါတယ်.. "

ရွှယ်ယင်မှာ ဝယ်ရမည့် ပစ္စည်းစာရင်းကို စိတ်ထဲတွင် ရွေးချယ်နေ၏။

မှော်ပစ္စည်းများတွင် မှော်အင်းကွက်များကို စီရင်ရေးသွင်းထားသည်။ ထိုအင်းကွက်များက အတော်လေး တည်ငြိမ်သည်။ မှော်ပညာရှင်တစ်ယောက်က သူ့ရဲ့ မှော်စွမ်းအားဖြင့် ထည့်သွင်းပေးလိုက်ပါက အလွယ်တကူ အသက်သွင်း၍ ရပေသည်။ မည်သည့် မှော်ပညာရှင်အတွက်ကိုမဆို အရမ်းကို အဆင်ပြေစေသည်။ သို့သော် ထိုမှော်ပစ္စည်းများကို များစွာ မှီခို အားမထားသင့်ပေ။

အစွမ်းထက်သည့် မှော်ပညာရှင်တစ်ယောက် ဖြစ်ဖို့သည် များစွာ လေ့လာခြင်း ပြုရသည်။ ဒဏ္ဍာရီအဆင့်တစ်ယောက်နှင့် တိုက်ပွဲရင်ဆိုင်ရသည့်အခါတွင် သဘာဝတရား၏ အားကိုပင် ထိန်းချုပ်နိုင်သည့် အဆင့်ဖြစ်သည်မို့ ငွေလအဆင့် မှော်ဆရာတစ်ယောက်အနေဖြင့် မန္တန်ကိုလည်း မန်းမှုတ်၍ မရနိုင်တော့ချေ။ မှော်ပစ္စည်းအတွင်းက မှော်အင်းကွက်ကိုပင် အသက်သွင်း၍ မရနိုင်တော့သည်။

ထို့ကြောင့်လည်း ပစ္စည်းအထောက်အကူ မပါဘဲ အမှီအခိုကင်းစွာဖြင့် စွမ်းအားကြီးဖို့သည် တကယ့်ကို အရေးကြီးသည့် အချက် ဖြစ်၏။

သို့သော် ဒဏ္ဍာရီအဆင့်နှင့် ကြုံကြိုက်ဖို့ အခွင့်အလမ်းက အတော်လေး နည်းပါးသည်။ ထို့အပြင် သူ့ ညီလေးက သာမန်မှော်ဆရာတစ်ယောက်သာ ဖြစ်သေးရာ ကောင်းကင်အဆင့် မှော်ပစ္စည်းတွေသာ အသက်သွင်းနိုင်သေး၏။ ဥက္ကာပျံအဆင့် မှော်စ္စည်းများအတွက်က ၎င်း၏ စွမ်းအားတွေကို ဆင့်ခေါ်၍ မရနိုင်ချေ။

" အင်.. မဆိုးပါဘူး.." သေချာစွာ စစ်ဆေးကြည့်လိုက်ပြီးနောက် ရွှယ်ယင် ဆုံးဖြတ်လိုက်တော့သည်။

" ဒါ ယူမယ်.. ဒါ.. ဒါ.. ပြီးတော့ အဲဒါလေးပါ.. ဒါလေးလည်း ယူမယ်.. ပြီးတော့ အဲဒါရောပဲ.. အဲဒါတွေ အကုန်လုံး ယူလိုက်မယ်.. "

အကူမိန်းကလေးမှာ မျက်လုံး ပြုးကျယ်လျက် .. ပါးစပ် ဟပြဲသွားသည်။

ရွှယ်ယင် ရွေးချယ်လိုက်သည့် ပစ္စည်းတို့က ကောင်းကင်အဆင့် မှော်ပစ္စည်းတွေပဲ.. ဘာအတွက်များလဲ..

ထိုပစ္စည်းများက ဥက္ကာပျံအဆင့် မှော်ပညာရှင်တစ်ယောက်၏ မှော်အစွမ်း ၃၀ ၄၀ ရာခိုင်နှုန်းလောက်ကို ထုတ်ပေးနိုင်သည်မို့ စျေးကြီးသည့် အထဲတွင် ပါဝင်သည်။

" ကျေးဇူးပြုပြီ စျေးနှုန်းကို တစ်ချက်လောက် တွက်ပေးပါဥိး.. "

ရွှယ်ယင်က အကူမိန်းကလေးကို ပြောလိုက်သည်။

" သြော်.. ဟုတ်ပြီ.. အဲဒီမှော်တောင်ဝှေးရောပဲ.. နောက်ပြီ မှော်ဆရာဝတ်ရုံရောပဲ.. "

ရိုယွဲ့အတွက် မှော်တောင်ဝှေးနှင့် မှော်ဆရာဝတ်ရုံကိုပါ ဝယ်လိုက်သည်။ မှောတောင်ဝှေးရဲ့ စျေးနှုန်းက အားလုံးထက် စျေးသက်သာလေသည်။ ရွှေဒင်္ဂါးပြား ၂၀၀၀ လောက်သာ ကျသင့်သည်။

တကယ်တမ်းတွင် မှော်တော်ဝှေး၏ ရည်ရွယ်ချက်က မန္တန်ကို မန်းမှုတ်ဖို့အတွက် ဖြစ်သည်။ သာမန် မှော်ဆရာတစ်ယောက်၏ လက်ထဲတွင် အကောင်းဆုံး မှော်တောင်ဝှေး ရှိနေလည်း အသုံးမဝင်ပေ။

မှော်ဆရာဝတ်ရုံမှာ ကောင်းကင်အဆင့် မှော်ပစ္စည်းဖြစ်သောကြောင့် ပို၍ စျေးကြီးလေ၏။ တန်ဖိုးမှာ ရွှေဒင်္ဂါးပြား ၁၈၀၀၀ ရှိ၏။

ရိုယွဲ့နှင့် ရွှယ်ယင်တို့၏ ဆက်ဆံရေးက သာမန်ထက်ပို၍ သူမကို ထိုပစ္စည်းပေးခြင်းက လုံလောက်သည်။ တကယ်တမ်းတွင် သူမသည် သူ့ညီလေးထက် ပို၍ မရင်းနှီးနေပေ။

" သခင်လေး.. " ထိုအချိန်တွင် ဆိုင်ပိုင်ရှင်ပါ ထွက်လာရသည်။

" ဒီကောင်းကင်အဆင့် မှော်ပစ္စည်း ၅ခုက အတော်လေး စျေးကြီးပါတယ်..စုစုပေါင်း ရွှေဒင်္ဂါးပြားပေါင်း ၂သိန်းလောက် ကျသင့်ပါတယ်.. နောက်ပြီ မှော်တောင်ဝှေးနဲ့ မှော်ဆရာဝတ်ရုံက ရွှေဒင်္ဂါးပြား ၂သောင်း ကျသင့်ပါတယ်.. ဟားဟား.. စျေးက ၂သိန်းနဲ့ လျှော့ပေးပါမယ်.. ဘယ်လိုလဲ.. သခင်လေးလည်း နောက်ဆို ခဏခဏ လာဝယ်မယ်လို့ မျှော်လင့်ပါတယ်.. အဲဒီအခါကျရင် အများကြီး လျှော့ပေးမှာပါ.. အဇူရီမြစ်စီရင်စုမှာ ကျုပ်ဆိုင်က စျေးအပေါဆုံးလို့ မဆိုရဲပါဘူး.. ဒါပေမဲ့ မှော်ပစ္စည်းရောင်းတဲ့ ဆိုင်မှာ စျေးအပေါဆုံးဆိုင်ထဲက တစ်ဆိုင်လို့ သေချာပေါက် ပြောရဲပါတယ်.."

အဇူရီမြစ်စီရင်စုထဲတွင် မည်သူကများ ရွှေဒင်္ဂါးပြား ၂သိန်းကို တစ်ခါတည်း ဖြုန်းပစ်နိုင်သနည်း။ ဓားကောက်အဖွဲ့က ကော့ပင်းသည်ပင် နှစ်ပေါင်းများစွာ ဓားပြတိုက် လုယက်မှာသာ ထိုငွေပမာဏမျိုး စုဆောင်းနိုင်လိမ့်မည်။

ချမ်းသာကြွယ်ဝသည့် နောက်ခံအသိုင်းအဝိုင်းကောင်းသူမှသာ ထိုကဲ့သို့ သုံးစွဲနိုင်လိမ့်မည်။ ထိုကဲ့သို့ စျေးဝယ်သူများမျိုးကို သေချာပေါက် ကောင်းကောင်းမွန်မွန် ဆက်ဆံမှသာ ရေရှည် အကျိုးရှိပေလိမ့်မည်။

" အင်.." ရွှယ်ယင် ခေါင်းညိတ်လိုက်သည်။

" ဒီက သခင်လေး နာမည်က ဘာများလဲ သိလို့ ရမလား.." စျေးဆိုင်ပိုင်ရှင်က ချိုသာစွာ မေးလိုက်၏။

" တုန်ပို.. ကျုပ်ကို တုန်ပိုလို့ ခေါ်လို့ ရပါတယ်.." ရွှယ်ယင်က ပြန်ဖြေလိုက်သည်။

" သခင်လေး တုန်ပို.. ကျုပ်တို့ရဲ့ လနီအိမ်တော်ဟာ အန်းယန်ပြည်နယ်တစ်ခွင်လုံးမှာ ဋ္ဌာနခွဲ အများကြီး ဖြန့်ထားတာပါ။ ဒါက ကျုပ်တို့ဆိုင်ရဲ့ အထူးလက်မှတ်ပါ.. ကျုပ်တို့ရဲ့ ဋ္ဌာနခွဲ ဆိုင်တိုင်းမှာ ဘာပစ္စည်းပဲ ဝယ်ဝယ်.. ၁၀ ရာခိုင်နှုန်း လျှော့စျေးပေးပါလိမ့်မယ်.."

ဆိုင်ပိုင်ရှင်က ချက်ချင်းပဲ ခရမ်းစွဲရွှေကတ်ပြားတစ်ခုကို ထုတ်ယူလိုက်ကာ ရွှယ်ယင်အား ကမ်းပေးလိုက်သည်။ ၎င်းကတ်ပြားကို မှော်ပညာရှင်တစ်ယောက်က ပြုလုပ်ပေးထားခြင်း ဖြစ်၏။

သူ အိမ်ပြန်သွားသည်နှင့် သူ့အကြောင်းအား သေချာစွာ စုံစမ်းမှ ဖြစ်တော့မည်ဟု ဆိုင်ပိုင်ရှင်က ဆုံးဖြတ်လိုက်လေသည်။ ဤ အဇူရီမြစ်စီရင်စုတခွင်တွင် ရွှေဒင်္ဂါးပြား ၂သိန်းကို သာသာယာယာ ထုတ်သုံးနိုင်ခဲ့သည့် ဤလူက ဘယ်သူများနည်း။

***

ဝယ်ယူပြီးနောက်မှာတော့ ရွှယ်ယင်သည် ချပ်ဝတ်တန်ဆာများကို သွာကြည့်သေးသည်။ သူ့အတွက်နှင့် ဦးလေးနှစ်ယောက်အတွက် ဖြစ်သည်။ ထိုပစ္စည်းတို့ကို ဝယ်ယူလိုက်ပြီးနောက် ရီရွေမြို့သို့ ပြန်လာခဲ့သည်။

အိမ်ပြန်ခရီးသည် နှစ်ရက်မျှ ကြာသွားခဲပြီးနောက် နောက်ဆုံးတွင် နှင်းကျောက်တောင်ရဲတိုက်သို့ ညနေစောင်းအချိန်တွင် ရောက်ရှိခဲ့သည်။

"နောက်ဆုံးတော့ အိမ်ကို ပြန်ရောက်ပြီ.."

အဝေးမှ လှမ်းကြည့်လိုက်သည့်အခါတွင် မြင့်မားသည့် နှင်းကျောင်တောင်ကြီးနှင့် တောင်ထိပ်ဖျားတွင် တည်ရှိနေသည့် နှင်းကျောက်တောင်ရဲတိုက်ကို မြင်လိုက်ရသည်။ ရွှယ်ယင် ပျော်ရွှင်သွားသည်။ နောက်ဆုံးတွင်တော့ သူ အိမ်ကို ရောက်လေပြီ။

ခွပ်..ခွပ်..

မြင်းမှာ လျင်မြန်သော အမြန်နှုန်းက ပြေးနေ၏။ တစ်ခဏအတွင်းမှာပဲ ရဲတိုက်အရှေ့သို့ ရောက်ရှိလာသည်။

" ငါတို့အရှင်သခင်လေး ပြန်ရောက်ပြီဟေ့.."

"ငါတို့ အရှင်သခင်လေး ပြန်ရောက်ပြီတဲ့.. သွား သခင်လေးချင်းရှီကို မြန်မြန် အကြောင်းကြားလိုက်.."

ရဲတိုက်တစ်ခုလုံးမှာ ဆူညံပွက်လောက်ရိုက်လို့ နေသည်။ ဂိတ်ပေါက်ဝအရှေ့က တံတားအရှင်ကလည်း ဖြည်းဖြည်း အောက်ကျလာသည်။

ကျုံးလိန်နှင့် ထုံစန်းက ဝင်ပေါက်အထိ ထွက်လာကာ သူ့အား ကြိုဆိုကြသည်။

"ဦးလေးကျုံး.. ဦးလေးထုံ.." ရွှယ်ယင်က ပြုံးရယ်ရင်း ခေါ်လိုက်ကာ မြင်းပေါ်ကနေ ခုန်ဆင်းလိုက်ည်။

"အိမ်ပြန်ခရီးကတော့ ပင်ပန်းနေမှာပေါ့. ချင်းရှီလည်း အခု သူ့ဆရာဆီမှာ.. မင်း ပြန်လာတဲ့ အကြောင်းကို အစေခံတွေက သွားအကြောင်းကြားပေးနေပါပြီ.. ချင်းရှီနဲ့ ရိုယွဲ့တို့က အရမ်းကို ပျော်သွားမယ်လို့ ငါ မြင်ယောင်မိနေတယ်ဟေ့.."

ကျုံးလိန်က ပျော်ရွှင်စွာ ပြောလိုက်သည်။

ရွှယ်ယင်လည်း ခေါင်းညိတ်လိုက်ပြီးနောက် သူတို့အတွက် လက်ဆောင်တွေကို စတင်ပြင်ဆင်ထားလိုက်သည်။

" သြော်.. ငါ့မှာ သတင်းတစ်ခု ရှိတယ်.. မကြာခင်ကပဲ စစ်ကလန်က နာမည်ကျော် မှော်ဆရာတစ်ယောက် ဖြစ်တဲ့ စစ်ချန်က ငါတို့ ရဲတိုက်ကို လာသွားသေးတယ်.."

" စစ်ကလန်..ဟုတ်လား.." ရွှယ်ယင် မျက်မှောင်ကြုတ်လိုက်သည်။ စစ်ပိုင်ရုံ သေတာနဲ့ ပတ်သတ်တာမျိုးလား..

သို့သော် စစ်ဆင်ရေးတွင် ပါဝင်တဲ့သူတွေကို စစ်ကလန်က သိနိုင်စရာ အကြောင်းမရှိပေ။ နဂါးတောင်အိမ်တော်ကလည်း ပြောပြမှာ မဟုတ်။ ကျင့်ချိုးကလည်း ဘယ်သူကိုမှ ပြောပြမှာ မဟုတ်ဟု ပြောသွားသည်။ ထို့အပြင် သူမမှာလည်း အဆုံးမဲ့လေပြေကျောင်းတော်သို့ ပြန်သွားပြီ ဖြစ်သည်။

" လွန်ခဲ့တဲ့ နှစ်ရက်ကပဲ.. စစ်ချန်က ပိုင်ယွမ်ကျစ်ကို လာရှာတာ.. သူတို့နှစ်ယောက်စလုံးက ဥက္ကာပျံအဆင့် မှော်ဆရာတွေပဲလေ..ငါ ကြားရသလောက်ကတော့ သူတို့က အချင်းချင်း ပညာတွေ ဆွေးနွေးဖို့အတွက်ပဲ.." ဟု ကျုံးလိန်က ပြောလိုက်သည်။

" ရွှယ်ယင်.. ငါတို့ အဇူရီမြစ်စီရင်စုထဲမှာ စစ်ကလန်ရဲ့ အခြေအနေကို မင်း သိပါတယ်.. ငါတော့ သူတို့ကို အနှောင့်အယှက် မပေးရဲဘူး.. အခု မင်းရောက်လာတော့ ကောင်းတာပေါ့.. အခု သူက မှော်ဆရာကြီးဆီမှာ လေ့လာနေတယ်.. သူ့ဆီ မင်းသွားလည်ရင် ကောင်းတာပေါ့.."

" အင်.." ရွှယ်ယင်က ခေါင်းညိတ်လိုက်သည်။

ဘယ်လို တိုက်ဆိုင်မှုမျိုးလဲ..

စစ်ဆင်ရေးတွင် စစ်ကလန်က စစ်ပိုင်ရုံနှင့် ဆုံခဲ့သည်။ အခု သူ့ရဲတိုက်မှာ မှော်ဆရာ စစ်ချန်က ရောက်ရှိနေသည်။ သို့သော် စစ်ချန်က လွန်ခဲ့သည့် နှစ်ရက်က ရောက်လာခဲ့သည်မို့ ကိစ္စနှစ်ခုက ဆက်နွယ်မှု မရှိသည်က သေချာသည်။

" ဦးလေးကျုံး.. စစ်ချန်ဆီကို တစ်ယောက်ယောက် လွှတ်ပြီ မနက်ဖြန်ကျရင် ညနေစာကျွေးဖို့ အကြောင်း ဖိတ်ခိုင်းလိုက်ပါလား.." ရွှယ်ယင်က ပြောလိုက်သည်။

***

အပိုင်း ( ၅၁ ) ဂျိရုံ

နှင်းကျောက်တောင်ရဲတိုက်.. ညနက်အချိန်..

စားပွဲခုံရှည်ပေါ်တွင် စားသောက်စရာများက အမယ်စုံလှသည်။ ရွှယ်ယင်က စာပွဲခုံရှည်၏ ညာဘက်ထိပ်တွင် ထိုင်၏။ ကျုံးလိန်နှင့် ထုံစန်းတို့က သူ့ဘေးနားတွင် ထိုင်သည် သူ့အရှေ့တွင် ချင်းရှီနှင့် သူ့ကောင်မလေး.. သူမအနားတွင် ရိုယွဲ့က ထိုင်နေ၏။

" အစ်ကိုကြီး.. သူက ဂျိရုံ.. သူလည်း ဆရာကြီးရဲ့ တပည့်တစ်ယောက်ပဲ.. သူတို့က ရီရွှေမြို့မှာ နေကြတယ်.. "

ချင်းရှီက အနည်းငယ် ရှက်နေဟန်ဖြင့် ရိုးစင်းစွာ မိတ်ဆက်ပေးလိုက်သည်။ 

" ဂျိရုံ.. ဟားဟား.. "  ရွှယ်ယင်က ရယ်မောလိုက်ကာ 

" ချင်းရှီ ခေါ်သလိုမျိုး ငါ့ကို အစ်ကိုကြီးလို့ ခေါ်လို့ ရပါတယ် "

" ဂျိရုံ.. အစ်ကိုကြီးကို နှုတ်ဆက်ပါတယ်.. "

ဂျိရုံ၏ အသံက တက်တက်ကြွကြွဖြင့် ရှိ၏။ သူမ၏ စကားသံက နားထောင်ကောင်းလှသည်။ 

ဂျိရုံမှာ အသက်ငယ်ပုံရပြီ သူ့ညီလေးနှင့် အသက်အတူတူပင် ရှိလိမ့်မည်။ အရပ်က မမြင့်ပေမဲ့ သေးသွယ်ကျစ်လစ်သည်ဟု ဆိုရမည်။ သို့သော် လှပသည့် မျက်လုံးတို့ကြောင့် သူမသည် အချောအလှတစ်ယောက်ဟု သတ်မှတ်နိုင်သည်။ သူ့ညီလေးနှင့် လိုက်ဖက်သည့် စုံတွဲဟု ဆိုရမည်။ သူပင် သတိမထားမလိုက်ဘဲ ညီလေးဖြစ်သူက နှပ်ချေးတွဲလောင်း ကလေးဘဝကနေ ယခုအခါ ကောင်မလေးပင် အနားတွင် ရှိနေလေပြီ။ 

ပြောရမည်ဆိုလျှင် သူကိုယ်တိုင်လည်း မည်သည့် မိန်းကလေးတစ်ယောက်နှင့်မှ  မတွဲဖူးခဲ့ပေ။ ရိုယွဲ့နှင့် နီးကပ်ခဲ့ပေမဲ့ သူမနှင့်ပတ်သတ်ပြီ မစဉ်းစားခဲ့ဖူးပေ သူ့ခေါင်းထဲတွင် မိဘတို့ကို ကယ်တင်မည့်အကြောင်းသာ ရှိခဲ့သည်။ 

" ဒီနေ့မှ တွေ့ဖူးကြတာ ဖြစ်ပေမဲ့ မင်းအတွက် ငါ လက်ဆောင် ပြင်ဆင်ထားပါတယ်.. ယူလိုက်ပါ.. "

ရွှယ်ယင်က ပြောလိုက်ကာ အဖြူရောင်သလင်းကျောက် သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။ 

" ယူလိုက်လေ.. "  ချင်းရှီက သူ့ကောင်မလေးအား တိုက်တွန်းလိုက်သည် 

ဂျိရုံလည်း ရွှယ်ယင်ထံ လျှောက်သွားလိုက်ကာ လက်ဆောင်ကို လက်ခံယူလိုက်သည် 

" ကျေးဇူးတင်ပါတယ်.. အစ်ကိုကြီး.. " 

" ဟားဟား.. ရွှယ်ယင်က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ သူက ညီလေး၊ ရိုယွဲ့၊ ကျုံးလိန်နှင့် ထုံစန်းတို့အတွက် လက်ဆောင်များ ဝယ်လာခဲ့ပေမဲ့ သူ့ညီလေး၏ ကောင်မလေးအတွက် ဝယ်လာခဲ့ဖို့ မေ့ခဲ့သည်။ 

ဒါသည် ပထမဆုံးအကြိမ် တွေ့ဖူးတာဖြစ်၍ သူမအတွက်ကို မေ့သွားခဲ့ခြင်း ဖြစ်သည်။ ညနေစာ စားပွဲသို့ ချင်းရှီက ကောင်မလေးကို ခေါ်လာခဲ့မှသာ သူမအတွက် လက်ဆောင်ကို ကမန်းကတန်း ပြင်ဆင်လိုက်ရခြင်း ဖြစ်သည်။ 

ကံကောင်းစွာဖြင့် ဒီတစ်ခေါက် စစ်ဆင်ရေးတွင် သူ ပစ္စည်းအများကြီး ရလာခဲ့သည်။ နတ်ဆိုးတမန်တော်၏ မှော်သိုလှောင်လက်စွပ်တွင် ရတနာသေတ္တာတစ်ဗူး ပါလာခဲ့သည်။ ထိုရတနာတို့ကို နတ်ဆိုးတမန်တော်က ခရီး တစ်နေရာရာတွင် ရလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ 

သေတ္တာအထဲက ရတနာများ၏ တန်ဖိုးကို တွက်ကြည့်လိုက်သည့်အခါတွင် စုစုပေါင်းတန်ဖိုးက ရွှေဒင်္ဂါးပြား တစ်သောင်းခန့် ရှိနေ၏။ ထို့ကြောင့် ထိုအထဲက တန်ဖိုးအကြီးဆုံးတစ်ခုကို ယူ၍ သလင်းကျောက်သေတ္တာအထဲ ထည့်ကာ ဂျိရုံကို ပေးလိုက်ခြင်း ဖြစ်သည်။ တန်ဖိုးက ရွှေဒင်္ဂါးတစ်ထောင်မျှ ထိုက်တန်သည်။ 

သူမမှာ ညီလေးဖြစ်သူ၏ ကောင်မလေးသာ ဖြစ်သေးသည်။ ဇနီးလောင်း မဟုတ်သေးချေ။ ထို့ကြောင့် ရွှေဒင်္ဂါးတစ်ထောင် တန်ဖိုးသည် သူမအတွက် သင့်တော်သည့် ပမာဏ ဖြစ်သည်။ တကယ်တမ်းတွင် တချို့သော မိသားစုတို့သည် တစ်နှစ်လုံး အလုပ်လုပ်ပါမှ ထိုငွေပမာဏ ရရှိကြသည်မဟုတ်လား။ 

" အစ်ကိုကြီး..  ဒီတစ်ခေါက်ပြန်တာ စောသလိုပဲ.. "

" ဒီတစ်ခေါက် စီရင်စုမြို့တော်ကို သွားပြီ မင်းနဲ့ ရိုယွဲ့အတွက် လက်ဆောင် ဝယ်လာခဲ့တယ်.. "

ရွှယ်ယင်က ပြုံးလျက် ဆိုလိုက်ကာ 

" ရိုယွဲ့.. ဒါ မင်းအတွက် လက်ဆောင်.. " 

ရွှယ်ယင် ပြောလိုက်ရင်း သူမအတွက် မှော်တောင်ဝှေးနှင့် မှော်ဆရာဝတ်ရုံကို သူမအား ပေးလိုက်သည်။ 

" အစ်ကိုကြီး ရွှယ်ယင်.. ဒါက ညီမအတွက်လား.. "

ရိုယွဲ့မှာ လက်ဆောင်ကို ကြည့်ရင် တုံ့ဆိုင်းနေမိသည်။ 

မှော်တောင်ဝှေးက တန်ဖိုး ရှိမှန်း သူမ သိလိုက်သလို ဝတ်ရုံကလည်း ထူးခြားနေမှန်း သူမ ခန့်မှန်းလိုက်သည်။ 

" မှော်တောင်ဝှေးက လေယင်သစ်သားနဲ့လုပ်ထားတာ အရမ်းကို တန်ဖိုးကြီးမှာပဲ.. ညီမက.. "

" ငါက ပေးဖို့ ဆုံးဖြတ်ထားပြီးပြီပဲ.. ယူလိုက်ပါ.. "

ရွှယ်ယင်က ပြုံးရယ်ရင်း ခေါင်းညိတ်လိုက်သည်။ 

မှော်တောင်ဝှေးမှာ ရွှေဒင်္ဂါးပြား နှစ်ထောင်သာ ကျင့်သင့်သသာ်လည်း မှော်ဆရာဝတ်ရုံက ရွှေဒင်္ဂါးပြား တစ်သောင်းရှစ်ထောင်မျှ တန်ဖိုး ရှိလေသည်။ ကောင်းကင်အဆင့် မှော်ဆရာ အကာအကွယ်ပစ္စည်းဖြစ်သောကြောင့် တန်ဖိုးကြီးစွာ ပေးဝယ်ခဲ့ရသည်။ 

" တကယ်လို့ ဒီဝတ်ရုံက ကောင်းကင်အဆင့် မှော်ဆရာအတွက်ဆိုတာ သိရင် သူ ချက်ချင်း လက်ခံလိုက်မယ်လို့ ငါင်တယ်.. "   ရွှယ်ယင်က တွေးရင် ရယ်လိုက်လေသည်။ 

" အင်.. "   ရိုယွဲ့က လက်ဆောင်ကို လက်ခံလိုက်တော့သည်။ 

ရိုယွဲ့ဘေးနားတွင် ထိုင်နေသည့် ဂျိရုံမှာ မှော်တောင်ဝှေးနှင့် မှော်ဆရာဝတ်ရုံကို ကြည့်ရင်း သူမ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ 

" အစ်ကိုကြီး.. ကျနော်အတွက်ရော.. ကျနော့်အတွက်လည်း ဝယ်လာတယ်လို့ ပြောလိုက်သေးတယ်မလား.."

စောင့်ဆိုင်းနေသည့် ချင်းရှီမှာ စိတ်မရှည်လာတော့ဘဲ မေးလိုက်သည်။

" ဘာလို့ ဒီလောက်တောင် လောနေရတာလ.." ရွှယ်ယင်က သူ့ကို ကြည့်လိုက်သည်။

"မင်းကို ကြည့်ရတာ.. မျောက်တစ်ကောင်လို ဖြစ်နေတယ်.. ညနေစာ စားပြီးမှ ပေးတော့မယ်.."

" အစ်ကိုကြီး တမင်သက်သက် လုပ်တာမလား.." ချင်းရှီက စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်သည်။

" သိပ်ဟုတ်တာပေါ့.. တမင်သက်သက်ကို လုပ်တာ.. မှော်ပညာရှင်တွေက စိတ်ရှည်ရတယ်လေ.. ဒါကို အခွင့်ကောင်းယူပြီ ကိုယ့်ကိုယ်ကို လေ့ကျင့်လိုက်ပါ.."

ရွှယ်ယင်က ခေါင်းကို ခပ်အေးအေး ညိတ်လိုက်သည်။

" သြော်.. " အစ်ကိုကြီး ဖြစ်သူ၏ စကားကို ချင်းရှီ နားထောင်လိုက်ရလေသည်။

***

ညစာ စားသောက်ပြီးနောက်မှာတော့ ရိုယွဲ့လည်း ရဲတိုက်အထဲက သူမအခန်းဆီကို ပြန်သွားခဲ့သည်။ တကယ်တမ်းတော့ သူမအတွက် နေထိုင်စရာ ခြံဝင်းတစ်ခုကို ဆောက်လုပ်ပေးခဲ့ပြီးသားပါ။

ချင်းရှီလည်း သူ့ကောင်မလေးနှင့်အတူ မှော်ဆရာကြီးအဆောက်အအုံဆီသို့ ပြန်လှည့်သွားခဲ့သည်။

" ဂျိရုံ.. အစ်ကိုကြီးက မင်းအတွက် ဘာလက်ဆောင် ပေးလိုက်သလဲ.."

ချင်းရှီနှင့် ဂျိရုံတို့က ဘေးချင်းယှဥ် လျှောက်လာခဲ့သည်။

ထိုအခါမှ ဂျိရုံလည်း သလင်းကျောက်သေတ္တာကို ဖွင့်လိုက်သည်။

အတွင်းတွင် ပင်လယ်မြကျောက်နှင့် လည်ဆွဲတစ်ကုံး ရှိနေ၏။ အမှောင်ထဲတွင် မြကျောက်ကနေ အစိမ်းရောင် အလင်းဖန့်ဖန့်က ဖြာထွက်နေ၏။

" အရည်အသွေးကောင်းတဲ့ မြပြာလည်ဆွဲပဲ..ဒါက အနည်းဆုံး ရွှေဒင်္ဂါးတစ်ထောင်လောက် ရှိမလားပဲ.."

ဂျိရုံမှာ အံ့အားသင့်သွားသည်။ မှော်ဆရာတစ်ယောက်ဖြစ်၍ ကျောက်မျက်ရတနာတို့အကြောင်းလည်း သူမ ကောင်းကောင်း သိသည်။

" တန်ဖိုးကြီးလိုက်တာ.." ချင်းရှီ အံ့သြသွားသည်။

" င့ါအစ်ကိုကြီးက စိတ်စေတနာကောင်းလိုက်တာ.. ဟုတ်တယ်မလား.."

" ဟုတ်လိုက်တာ.. သူက အရမ်းကို စိတ်ကောင်းတာပဲ.."

ဂျိရုံက သလင်းကျောက်သေတ္တာကို ပြန်ပိတ်လိုက်သည်။ သူမက အတန်ကြာ စဥ်းစားလိုက်ပြီးနောက် တိုးသာစွာ မေးလိုက်သည်။

" တုန်ပိုချင်းရှီ.. ရှင့်အစ်ကိုကြီးက ရိုယွဲ့ကို ပေးလိုက်တဲ့ မှော်တောင်ဝှေးက ဘယ်လောက်တန်လဲ ဆိုတာ ရှင်သိလား.."

" အဲဒီမှော်တောင်ဝှေးလား.. လေယင်သစ်သားနဲ့ လုပ်ထားတဲ့ဟာမလား..ငါ့အထင် အဲဒါက ရွှေဒင်္ဂါးပြား နှစ်ထောင်လောက် ရှိမလားပဲ.." ချင်းရှီက အေးဆေးပဲ ပြန်ဖြေလိုက်သည်။

" ရိုယွဲ့က ငါတို့နဲ့အတူ နေလာတာ ကြာပြီးလေ.. အစ်ကိုကြီးနဲ့ ဆက်ဆံရေးကလည်း ကောင်းတယ်.. ပြီးတော့ သူက မှော်တောင်ဝှေးတစ်ချောင်းတောင် မဝယ်ပေးခဲ့ဖူးဘူးလေ.. ပထမဆုံးအကြိမ် ပေးတာဆိုတော့ သူ့ကို မှော်တောင်ဝှေး ကောင်းကောင်း တစ်ချောင်း ဝယ်ပေးလိုက်တာလို့ ထင်တာပဲ.."

"ဟွန့်.." ဂျိရုံက နှာခေါင်းရှံ့လိုက်သည်။

" အဲဒီမှော်တောင်ဝှေးအကြောင်းကို ပြောနေတာ မဟုတ်ဘူး.. ဝတ်ရုံအကြောင်း ပြောတာ.. သူ့ကို ပေးလိုက်တဲ့ မှော်ဝတ်ရုံအကြောင်း.."

" မှော်ပညာရှင်အသုံးအဆောင်လား.." ချင်းရှီက သူမကို ငေးကြည့်လိုက်သည်။

" အမြင်မမှားပါဘူးနော်.. သေချာရဲ့လား.."

" ခုံရိုယွဲ့က ကျွန်မဘေးနားမှာ ထိုင်တာ အကုန်မြင်လိုက်ရတောပေါ့.. အဲဒီဝတ်ရုံက မှော်ပညာရှင်အသုံးအဆောင်ပဲ.. အဲမှာ စာလုံးပါ ရေးထားသေးတယ်.. သန့်စင်ပညာရှင်ယန်ဝမ်တဲ့.. ဆရာယန်ဝမ် လုပ်ပေးတဲ့ အသုံးအဆောင်တွေက အနိမ့်ဆုံးဆို မြေကမ္ဘာအဆင့် ရှိပြီ အမြင့်ဆုံးက ကောင်းကင်အဆင့်တွေချည်းပဲ.." ဂျိရုံက အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

" မင်း မမှားဘူးဆိုတာ သေချာပါတယ်နော်.. " ချင်းရှီက မယုံရဲသေးချေ။

" ကျွန်မက မှော်ဆရာတစ်ယောက်ရှင့်.. ဘယ်လိုလုပ် မှားမိမှာလဲ.."

ဂျိရုံ၏ မျက်နှာပုံစံမှာ အဖြေရှာမရတတ်သည့်ဟန် ရှိနေ၏။

" သန့်စင်ပညာရှင်ကြီး ယန်ဝမ်က အနိမ့်ဆုံး မြေကမ္ဘာအဆင့် အသုံးအဆောင်တွေပဲ လုပ်တာ.. ဒါဆိုရင် အဲဒီဝတ်ရုံက ရွှေဒင်္ဂါးပြား ၅၀၀၀ မကဘူး.. အဲဒီထက်တောင် ပိုလိမ့်မယ်.. ပြီးတော့ လက်ဆောင်ပေးတဲ့ မှော်ဝောာင်ဝှေးရဲ့ တန်ဖိုးကိုပါ ထည့်ပေါင်းလိုက်ရင် ရွှေဒင်္ဂါးပြား တစ်သောင်းထက် ပိုလိမ့်မယ်.. ကဲ ပြောစမ်းပါဦး တုန်ပိုချင်းရှီ.. ရှင့်အစ်ကိုကြီးက စိတ်စေတနာ ကောင်းတယ်ဆို.."

ချင်းရှီက ရယ်ကျဲကျဲဖြင့် " အစ်ကိုကြီးနဲ့ ရိုယွဲ့တို့က တစ်ယောက်နဲ့ တစ်ယောက် ရင်နှီးပြီ အတူတူ ရှိနေကြသူတွေလေ.."

" ရှင်က အရမ်းကို အစွဲကြီးတာပဲ.." ဂျိရုံက လေသံနူးညံ့စွာဖြင့် ဆက်ပြောလေသည်။

" ရှင်နဲ့ အစ်ကိုကြီးက သွေးသားတော်စပ်တယ်လေ.. ပြီးတော့ ရှင်က သူ့ရဲ့ တစ်ဦးတည်းသော ညီလေးပဲ.. အစ်ကိုကြီးက တန်ဖိုးကြီးတဲ့ လက်ဆောင်တွေကို ပေးပစ်လိုက်တာ ရှင်က ဒီအတိုင်း ရပ်ကြည့်နေနိုင်မလား "

ချင်းရှီက နားထောင်ပြီးတဲ့အခါ တွေတွေကြီး ငေးကြည့်မိလေသည်။

" ရှင်က အသက် ၁၆ နှစ်ပြည့်နေပြီးလေ.. ရှေ့ဆက်ရမဲ့ ဘဝမှာ ရှင့်အစ်ကိုကြီးကိုပဲ မှီခိုနေလို့ မရဘူးလို့ ကျွန်မ ထင်တယ်.." ဟု ဂျိရုံက ပြောလိုက်သည်။

" ညီအစ်ကိုတွေ ဖြစ်နေလည်း ငွေစာရင်းတွေက ပြတ်ပြတ်သားသား ရှင်းထားသင့်တယ်.."

" ဘာလို့ ဒီအကြောင်းကို ပြောနေရတာလဲ.." ချင်းရှီက မျက်မှောင်ကြုတ်ကာ ဒေါသအသံဖြင့် မေးလိုက်သည်။

" ရှင်ကောင်းဖို့အတွက် ပြောတာပါ.. ကျွန်မအဖေက စီးပွားရေးအတွက် နေ့မအား ညမအား အလုပ်လုပ်ရတာကို ရှင်လည်း တွေ့လာခဲ့တာ ကြာပြီးမလား.. ဘာကြောင့်လဲဆိုတော့ ကျွန်မရဲ့ ဦးလေးကို အရမ်း ယုံကြည်မိလို့ပဲ. မိသားစုတစ်ခုလုံးရဲ့ ပိုက်ဆံတွေကို ယူသွားခဲ့တယ်.. အနှစ် ၂၀ လုံးလုံး အဖေက အလုပ်ကြမ်းတွေ လုပ်လာခဲ့တာ နောက်ဆုံး မိသားစု ပိုင်ဆိုင်သမျှဟာ သူ့လက်ထဲကို ရောက်ခဲ့တယ်.. စဥ်းစားကြည့်ပါဦ.. နောက်ဆုံးမှာ ဦးလေးက သစ္စာဖောက်ပြီးတော့ အဖေကို မိသားစုကနေ ကန်ထုတ်ခဲ့တယ်.. နောက်ဆုံးမှာ အဖေက ဘာမှ မရခဲ့ဘူး.. နေဖို့ ထိုင်ဖို့ အိမ်သေးသေးတစ်လုံးတောင် မရခဲ့ဘူး.. အခုချိန်အထိ အမေတို့ဆီမှာပဲ ကပ်နေခဲ့ရတာ "

" အခုလို ထုတ်ပြောရတာကလည်း တကယ်လို့ ရှင်က ဘယ်သူ့ကိုမှ နစ်နာစေလိုစိတ် မရှိပေမဲ့ ကိုယ့်အတွက်ကို ခံစစ်လုံအောင် လုပ်ထားရမယ်လေ.."

" ရှင့်အစ်ကိုကြီးက သိုင်းပညာကို ဘယ်လောက်အထိ လေ့ကျင့်သလဲဆိုတာ ရှင့်ဆီကနေ ကျွန်မ ကြားခဲ့တာ ကြာပါပြီ.. သူက ကုသဖို့အတွက် ဆေးရည်ကန်ကို အသုံးပြုလာခဲ့တယ်မလား.. ရှင်သိလား ဆေးရည်ကန်ကို နေ့တိုင်း နေ့တိုင်း တစ်နှစ်ကြာတဲ့အထိ အသုံးပြုရင် ဘယ်လောက် ကုန်ကျသလဲဆိုတာ.. စုစုပေါင်း ရွှေဒင်္ဂါး ၅ထောင်ရှင့်.. အသက် ၆နှစ်ကနေ အသက် ၁၆ နှစ်အထိ ရှင့်အစ်ကိုကြီးက ဆယ်နှစ်တိတိ သုံးလာခဲ့တာ.. အဲဒါက ရွှေဒင်္ဂါးပြား ၅သောင်း တန်ဖိုးရှိတယ်.."

ဂျိရုံက ရှင်းပြလိုက်သည်။ " ရှင်ရဲ့ မိဘတွေက မှူးမတ်ဘွဲ့ရယ်..နယ်မြေတစ်ခုရယ်..နောက်ပြီး ကြယ်ခြွေဒူးလေးတွေလည်း ဝယ်ခဲ့တယ်.. ပြီးတော့ ရှင့်အစ်ကိုကြီးအတွက် ဆေးရည်ကန်တွေပါ ပြင်ဆင်ထားပေးခဲ့တယ်.. ချပ်ဝတ်တန်ဆာတွေ.. ရဲတိုက်ကြီးနဲ့ အထွေထွေ ကုန်ကျစရိတ်တို့နဲ့ဆို ရွှေဒင်္ဂါးပြား ၂သိန်း နီးပါးပဲ.. ဒါက ရှင့်မိဘတွေ ကံကောင်းပြီ နေ့ချင်းညချင်း ချမ်းသာလာတယ်ဆိုတာ ထင်ရှားပါတယ်.."

" ရှင်လည်း အရင်တုန်းက သုံးဖြုန်းခဲ့ဖူးတာပဲ.. ရှင့်အစ်ကိုကြီးက ဆေးလ်ဗားမွန်း ဝံပုလွေဘုရင်ကြီး သတ်ခဲ့တယ်ဆိုပေမဲ့ ကုန်ကျခဲ့တဲ့ ပိုက်ဆံတွေကို ပြန်မဖြည့်နိုင်ခဲ့ဘူးလေ.."

" မိဘတွေ ချန်ထားခဲ့တဲ့ အမွေတွေကို သုံးလာခဲ့တာ နှစ်ပေါင်းကြာပြီ.. ဘယ်လောက်ကျန်သေးလဲ ဆိုတာ ရှင်သိလား.. သိကော သိထားရဲ့လား.."

ချင်းရှီက တိတ်ဆိတ်စွာဖြင့် နေလေ၏။

" ရှင်မသိဘူးမလား.." ဂျိရုံက လှောင်ရယ်လိုက်သည်။

"ဒီလောက်များပြားတဲ့ ပိုက်ဆံတွေ.. ရှင့်မိဘတွေက ဒဏ္ဍာရီအဆင့်တစ်ယောက် ဒါမှမဟုတ် အထွတ်အထိပ်အဆင့်တစ်ယောက် ချန်ထားခဲ့တဲ့ အမွေအနှစ်ကို ရရှိခဲ့တာပဲ ဖြစ်ရမယ်.. ဘာမဆို ဖြစ်နိုင်တာပဲလေ.. ဒါပေမဲ့ အခုချိန်မှာ ရှင့်အစ်ကိုကြီးက အားလုံးကို ချုပ်ကိုင်ထားတယ်..မိဘတွေ ချန်ထားခဲ့တဲ့ အမွေတွေက ဘယ်လောက် ကျန်သေးလဲဆိုတာ ရှင့်ကိုတောင် ပေးမသိခဲ့ဘူး.."

" အရာအားလုံးကို ရှင့်အစ်ကိုကြီးက ထိန်းချုပ်နေခဲ့တယ်.. စဥ်းစားကြည့်.. အခု သူက ရိုယွဲ့အတွက် ရွှေဒင်္ဂါးပြား တစ်သောင်းတန်လောက် တန်ဖိုးရှိတာကို လက်ဆောင် ပေးတယ်.. တစ်သောင်းထက်တောင် များနေမလားပဲ.. ဒီလိုပဲ ကျွန်မအဖေလည်း နှစ်ပေါင်း ၂၀ ကြာအောင် ပင်ပင်ပန်းပန်းနဲ့ ကြိုးစားရှာဖွေခဲ့ရတာ.. နောက်ဆုံးတော့ သူများလက်ထဲ ပါသွားခဲ့တာပဲလေ.."

ဂျိရုံက ချင်းရှီအား ကြည့်လိုက်သည်။

" အမှန်တိုင်း ပြောရရင် မိဘတွေ ချန်ထားခဲ့တဲ့ အမွေတွေက ရှင့်အစ်ကိုကြီးတစ်ယောက်တည်း အပိုင် မဟုတ်ဘူး.. ရှင်လည်း ပိုင်တယ်.."

***

အပိုင်း ( ၅၂ ) ချင်းရှီ၏ အတွေးများ

" တုန်ပိုကလန်ရဲ့ အမွေဆက်ခံသူတစ်ယောက်အနေနဲ့ အမွေတွေ မခွဲဝေခံထိတာက ရသေးတယ်. ဒါပေမဲ့ အနည်းဆုံးတော့ အမွေတွေက ဘယ်လောက် ရှိနေမှန်းတော့ ရှင်လည်း သိသင့်တယ်လေ.. "

ဂျိရုံက ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။

" တကယ်လို့ ရှင်တစ်ခုမှ မသိနေရင် ကျွန်မက ကြားထဲကနေ လူဆိုး ဖြစ်နေပြီပေါ့.. ဒါပေမဲ့ ရှင့်ကိုယ်ရှင် မထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကိုတော့ သိသင့်တယ်.."

" တော်ပြီ .. ဘာမှ ထပ်မပြောနဲ့တော့.. " ချင်းရှီက ဒေါသတကြီး ဖြစ်လာခဲ့သည်။

" ငါနဲ့ အစ်ကိုကြီး ကြားထဲက ကိစ္စ ဘာတစ်ခုကိုမှ မင်း မသိဘူး.."

" ဒါဆိုလည်း ရှင့်အစ်ကိုကြီးက ရှင့်ကို ကလန်ကနေ ကန်ထုတ်ပစ်မယ့် အချိန်ကို စောင့်နေလိုက်ပေါ့.. အဲအခါကျမှ ရှင် အံ့သြနေလိမ့်မယ်.."

ဂျိရုံက ဆက်လက်ပြီ သူမခေါင်းကို ခါယမ်းနေလိုက်သည်။

" နင်.. ပါးစပ် ပိတ်လိုက်.." ချင်းရှီ၏ မျက်လုံးတို့က ဒေါသကြောင့် နီရဲတက်လာသည်။ မျက်ရည်စတို့ပင် ထွက်ရှိလာသည်။

" သူက ငါ့အစ်ကိုကြီး.. ငါ့ဘဝမှာ အရေးကြီးဆုံးလူပဲ.. နင်သိလား.."

ဂျိရုံမှာ တုန်လှုပ်ချောက်ချားသွားသည်။

ချင်းရှီ၏ မျက်လုံးက နီရဲသွားသည်ကို မြင်သည့်အခါ သူမက ခေါင်းကို ငုံ့၍ သူ့လက်ကို ဖမ်းဆုပ်ထားလိုက်သည။

" တောင်းပန်ပါတယ်.. ကျွန်မ မှားသွားတယ်.."

" ငါနဲ့ အစ်ကိုကြီးတို့ ကြားထဲက ဆက်ဆံရေးကို နင် ဘာတစ်ခုမှ မသိနေဘူး.. နောက်တစ်ကြိမ် အဓိပ္ပါယ် မရှိတာတွေကို မပြောနဲ့တော့.. ဒါတွေ နားထောင်ရတာ ငါ စိတ်မထိန်းနိုင်ဘူး.."

ချင်းရှီက လှုပ်ခါနေသည့် အသံဖြင့် ပြောလိုက်သည်။

" အင်း.. အင်.." ဂျိရုံက ခေါင်းညိတ်လိုက်ပြီ သူ့ကို ပြန်နှစ်သိမ့်ပေးလိုက်သည်။

" ရှင် သိတယ်မလား.. အဲဒီနှစ်တုန်းက ငါ့အဖေကို ဦးလေးက အိမ်ကနေ ထွက်သွားခိုင်းတာ.. နေစရာအိမ်တောင် မရှိခဲ့ဘူး.. ငါ့အမေရဲ့ မိသားစုအိမ်မှာ နေခဲ့ရတာ.. ငါရယ်.. အဖေရယ် အမေတို့ကို လူတွေက အထင်သေးခဲ့တယ်လေ.. ဒါက ငါ့ဘဝရဲ့ နာကျင်စရာ အစိတ်အပိုင်းပဲ.. ငါ ဘယ်တော့မှ မေ့နိုင်ခဲ့ဘူး.. ကံကောင်းစွာနဲ့ အဖေက စီးပွားရေးတစ်ခု ပြန်စနိုင်ခဲ့တယ်.. အဲဒါကြောင့် မဟုတ်ရင် ငါလည်း ဒီမှာ မှော်ပညာလေ့လာဖို့ ရှိနေမှာ မဟုတ်ဘူး.."

" ငါ နားလည်ပါတယ်.." ချင်းရှီက ပြန်ဖြေလိုက်သည်။

" ဒါပေမဲ့ မင်းတို့ မိသားစုနဲ့ ငါတို့က ကွဲပြားပါတယ်.. ကဲ.. သွားနားချေတော့.. ငါလည်း ပြန်တော့မယ်.."

ထိုသို့ ပြောလိုက်ပြီးနောက် ချင်းရှီက ချက်ချင်း အနောက်လှည့်၍ ရဲတိုက်ဘက်သို့ ဦးတည်သွားလိုက်သည်။

ဂျိရုံက တိတ်တဆိတ်ဖြင့် ရပ်နေရာ ချင်းရှီ ထွက်သွားတာကို ကြည့်နေလိုက်သည်။

" သူ့နှလုံသားထဲမှာ အစ်ကိုအပေါ် ဒီလိုစိတ် ရှိနေမယ်လို့ ဘယ်သူက ထင်မိမှာလဲ.. "   ဂျိရုံက မျက်မှောင်ကြုတ်လိုက်သည် 

" ချင်းရှီနဲ့ အတူတူ မှော်ပညာကို လေ့လာပြီး သူ့ရည်စား ဖြစ်လာခဲ့တာ နှစ်တစ်ဝက်လောက်ကြာမှ သူ့အခြေအနေကို ရှင်းပြခွင့်ရခဲ့တာ.. အေးလေ.. ငါပြောခဲ့တာ အမှန်တွေပဲ.. အဲဒါကြောင့် သူ စိတ်မထိန်းနိုင်တာ ဖြစ်မှာပေါ့.. "

" အင်.. တုန်ပိုကလန်က ဘာလို့ ဒီလောက် ချမ်းသာနေပါလိမ့်.. " 

" ငါ ရှာတွေ့သွားခဲ့ရင်တော့.. "

ဂျိရုံက ခပ်တိုးတိုး ရယ်မောလိုက်သည် သူ့မျက်နှာမှာလည်း ကောက်ကျစ်သော အမူအရာက ထွက်ရှိလို့ လာသည်။ 

" သူက သူ့အစ်ကိုကြီးကို အရမ်းချစ်ပေမဲ့ ဒီနေ့မှာတော့ သူ့စိတ်ထဲကို ငါ သံသယသစ်စေ့လေး ထည့်ပေးခဲ့လိုက်ပြီ.. မကြာခင်မှာပဲ အပင်ပေါက်လာမယ်လို့ ငါယုံကြည်တယ်.. တုန်ပိုချင်းရှီက အရမ်းကို ရိုးသားလွန်းတယ်.. သူ့အစ်ကိုကြီးက သူ့ကို တော်တော်လေး စောင့်ရှောက်လာခဲ့တာပဲ.. ဒီတစ်ယောက်ကို ငါ မသိမ်းသွင်းနိုင်ခဲ့ရင် ရယ်စရာ ဖြစ်သွားတော့မှာပဲ.. "

***

ရဲတိုက်ဆီ ပြန်လာခဲ့သည့် လမ်းတစ်လျှောက်တွင် ချင်းရှီသည် ကျောက်တုံးတွေကို ဒေါသတကြီးဖြင့် ကန်ထုတ်လာခဲ့သည်။ 

" ငါ့အစ်ကိုကြီးက ငါ့ကို ဘယ်တုန်းကမှ မလိမ်ခဲ့ဘူး.. "

" ငါ့ကို တပည့်ရင်းအဖြစ် လက်ခံခဲ့တုန်းက ဆရာကနေ ငါ ကြားခဲ့တာ.. တပည့်လက်ခံဖို့အတွက် ရွှေဒင်္ဂါးပြား သောင်း ဒါမှမဟုတ် ဆေးလ်ဗားမွန်းဝံပုလွေရဲ့ အသည်းနှလုံးကို ပေးရမယ်လို့.." 

ချင်းရှီ၏ မျက်လုံးက အရောင်တောက်ပလာသည်။ 

" အစ်ကိုကြီး ပြောတာက သတင်းသိရဖို့ အချိန်တစ်လ စောင့်ပေးတဲ့.. ပြီးတော့ အစ်ကိုကြီးက ဦးလေးကျုံးနဲ့ ပျက်သုဉ်းခြင်းတောင်တန်းထဲကို ဝင်သွားခဲ့တယ်.. ဓားကောက်အဖွဲ့လည်း သုတ်သင်ခဲ့ပြီ ဆေးလ်ဗားမွန်းဝံပုလွေဘုရင်ကိုလည်း သတ်လာခဲ့တယ်.. ရီရွှေမြို့ရဲ့ နံပါတ်တစ် ဖြစ်လာခဲ့တယ်.. "

" ဟုတ်တယ်.. ငါ မှတ်မိနေသေးတယ်.. "

" ငါ အစ်ကိုကြီးနဲ့အတူ နှင်းပျံနတ်လှံကို သွားဝယ်တုန်းက ဆိုင်ရှင်ဆီမှာ ရွှေဒင်္ဂါးပြား တစ်သောင်းဖိုးတောင် အကြွေး တင်ခဲ့သေးတယ်.. "

ချင်းရှီ၏ မျက်ဝန်းက အရောင် ပို၍ တောက်ပလာခဲ့သည်။ 

" ဟုတ်တယ်.. ငါ ကောင်းကောင်း မှတ်မိပြီ.. တကယ်လို့ အဖေနဲ့ အမေတို့က အမွေတွေ အများကြီး ချန်ထားပေးခဲ့ရင် အစ်ကိုကြီးက ပျက်သုဥ်းခြင်းတောင်တန်းထဲကို ဝင်စရာ လိုပါဦးမလား.. ရွှေဒင်္ဂါးပြား ၅သောင်းကိုပဲ ပေးလိုက်မှာပေါ့..တကယ်လို့ ငါတို့ ချမ်းသာနေရင်လည်း ဘာလို့ အကြွေး တစ်သောင်း ကျန်နေကြောင်းကို စာရွက်ပေါ်မှာ ရေးပေးရမှာလဲ.."

သူ အသက်ကြီးလာသည့်အခါ ပျက်သုဥ်းခြင်းတောင်တန်းက ဘယ်လောက်အထိ အန္တရာယ်များလဲဆိုတာ သူ သဘောပေါက်ခဲ့သည်။

သူ့ကို တပည့်ရင်းအဖြစ် လက်ခံဖို့အတွက် ဆရာ တောင်းဆိုလိုက်တာက ရွှေဒင်္ဂါးပြား ၅သောင်း ဒါမှမဟုတ် ဆေးလ်ဗားမွန်းဝံပုလွေ၏ အသည်းနှစ်လုံး ထိုနှစ်ခုထဲက တစ်ခုခုကို ပေးရမည် ဖြစ်ကြောင်း သူ သိလာခဲ့သည်။ ရွှယ်ယင်က ထိုအကြောင်းကို ထုတ်မပြောသော်လည်း ဒါက လျှို့ဝှက်ချက်ကြီးတစ်ခု မဟုတ်ပေ။ မှော်ဆရာကြီး ၏ တပည့်အရင်း ဖြစ်လာခဲ့သည့်အခါ ထိုအကြောင်းကို အနှေးနှင့်အမြန် သိလာခဲ့သည်။ ရွှယ်ယင်က ဆေးလ်ဗားမွန်းဝံပုလွေကို သတ်လာရသည့် အကြောင်းအရင်းကို သူ အလွယ်တကူ အဖြေရှာတွေခဲ့သည်။

ထို့ကြောင့်လည်း သူ့နှလုံးသားထဲတွင် အစ်ကိုဖြစ်သူကို အလွန် ကျေးဇူးတင်ခဲ့သည်။

အစ်ကိုကြီးသည် သူ့အတွက် တောင်ကြီးတစ်လုံးလို သူ့နံဘေးတွင် အမြဲတမ်း ကာကွယ်ပေးနေသလို သူ ခံစားခဲ့ရသည်။

ပြောရမည်ဆိုလျှင် ဖခင်တစ်ယောက်၏ ချစ်ခြင်းမျိုးတည်း။

ပြီးတော့ မိဘတွေနှင့် ပတ်သတ်သည့် အမှတ်တရကို သူ မည်မျှ ကြိုးစားကြည့်သော်လည်း သေသေချာချာ မမှတ်မိနိုင်ခဲ့ချေ။ သူ မှတ်မိတာက သူ့အစ်ကိုကြီးက သူအား များစွာ ဂရုစိုက်ခဲ့သည့်အကြောင်းပင်။

" ကိုယ့်ကို ထိခိုက်မှာကို ကာကွယ်ရမယ်.. ဟုတ်လား.. ငါသိတာက ငါ့အစ်ကိုက ငါ့ကို ဘယ်တော့မှာ နာကျင်အောင် မလုပ်ဘူး.."

" လူတစ်ယောက်ရဲ့ အတွင်းစိတ်က ပုန်းကွယ်နေတယ်..ဟုတ်လား.. ငါ့အစ်ကိုကြီးက ငါ့ကို ရဲတိုက်ကနေ ကန်ချလိုက်ရင်တောင် ငါ ကျေကျေနပ်နပ်နဲ့ လက်ခံလိုက်မယ်.."

တုန်ပိုချင်းရှီက အံကို ကြိတ်လိုက်သည်။

သို့သော် ဂျိရုံ ပြောသွားသည့်အထဲတွင် အမှန်တရားတစ်ခု ရှိလေသည်။ သူများကြောင့် ကိုယ့်ကို ထိခိုက်စေမှာကို ကာကွယ်ဖိုပဲ ဖြစ်၏။ ထိုစကားက ချင်းရှီစိတ်ထဲတွင် လှုပ်ခတ်သွားခဲ့သည်။ အနာဂတ်တွင် သူ့ကိုယ်သူ အားကိုယ်ရမည်ကို သိသွားစေခဲ့သည်။ နောက်ပြီး အစ်ကိုအနောက်ကို လိုက်၍ အမြဲတမ်း မှီခိုနေဖို့က အဓိပ္ပါယ် မရှိလှချေ။

" သွားစမ်း.. သွားစမ်း..ငါ့ စိတ်တွေ နောက်ကျိကုန်ပြီ.."

ချင်းရှီ၏ စိတ်ထဲတွင် မသက်မသာ ဖြစ်နေ၏။ သူသည် အပူအပင်ကင်းမဲ့စွာဖြင့် နေထိုင်လာခဲ့တသည်မှာ ကြာမြင့်ခဲ့ပြီ။ သို့သော် ဂျင်ရုံ၏ စကားကို ကြားလိုက်ပြီးနောက်တွင် သူ့စိတ်တို့က ရှုပ်ထွေးလာခဲ့သည်။

***

နှင်းကျောက်တောင်ရဲတိုက်.. စာဖတ်ခန်းထဲတွင်..

ရွှယ်ယင်မှာ ဘေးနားတွင် ထိုင်၍ ပြုံးရွှင်စွာဖြင့် သူ့ဦးလေး နှစ်ယောက်က ချပ်ဝတ်အင်္ကျီ၊ ဖိနပ် နှင့် တစ်ခြားသော အသုံးအဆောင်တို့ကို စမ်းကြည့်နေသည်ကို ကြည့်နေလေသည်။

" ရွှယ်ယင်.. မင်း ဒီလောက်တောင် ဝယ်ပစ်လိုက်တာလား.."

ကျုံးလိန်မှာ စပ်စုချင်စိတ်ကို ထိန်းမရတော့ပေ။

" ဘာလို့ ဒီလို အသုံးအဆောင်တွေကို ဝယ်ဖြုန်းပစ်ရတာလဲ.."

" ဟားဟား .. သိပ်မများပါဘူး.." ရွှယ်ယင်က အော်ရယ်လိုက်သည်။

" ဒီတစ်ခေါက် စစ်ဆင်ရေးထွက်တာ အပြီးသတ်မှာ နည်းနည်းလေး အဆင်မပြေဖြစ်ခဲ့တယ်..ဘာလို့ဆို ဒဏ္ဍာရီအဆင့်နဲ့ ဆုံတွေ့ခဲ့ရတာပဲ.."

" ဒဏ္ဍာရီအဆင့် ဟုတ်လား.." ကျုံးလိန်နှင့် ထုံစန်းမတို့မှာ အလန့်တကြား ဖြစ်သွားခဲ့သည်။

ဘုရားရေ..

ဒဏ္ဍာရီအဆင့်ဆိုတာက မိုးကောင်းကင်ကြီးနှင့် ဆင်တူသည်။ သူတို့ ဘယ်တော့မှ ထိကိုင်၍ မရနိုင်သည့် အဆင့်တစ်ခုပင်။ ထို့ကြောင့်လည်း ရွှယ်ယင်က ဒဏ္ဍာရီအဆင့်ကို ရောက်ခဲ့သည့်အခါမှာ သူတို့ အလွန်ကို စိတ်လှုပ်ရှားခဲ့သည်။

သို့သော် သူတို့ စိတ်ထဲတွင် ရွှယ်ယင်က အရွယ်ငယ်လွန်းနေသေးပြီ လောကကြီးနှင့် တစ်သားတည်းအဆင့်ကို မရောက်သေးသောကြောင့် တစ်ခြားသော အတွေ့အကြုံရှိသည့် ဒဏ္ဍာရီအဆင့်နှင့် ကြုံတွေခဲ့လျှင် သူ ရှုံးနိမ့်သွားလိမ့်မည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။

အခုတစ်ခေါက်တွင် သူက ဒဏ္ဍာရီအဆင့်နှင့် ဆုံတွေ့ရမည်ဟု မည်သူက ထင်ထားမည်နည်း။

" သူက တကယ်ကို စွမ်းအားကြီးတယ်.. ထက်မြက်တဲ့ ပညာရပ်တချို့လည်း ရှိတယ်.. ဒါပေမဲ့ ကျနော် သူ့ကို သတ်နိုင်ခဲ့တာပဲ.."

ထိုအကြောင်းကို ပြန်တွေးကြည့်တဲ့အခါ ရွှယ်ယင် ပျော်ရွှင်လာခဲ့သည်။

" သူ သေသွားပြီးတော့ ကျနော်က အသက်ရှင်ခဲ့တယ်.. သူ့ရဲ့ မှော်သိုလှောင်လက်စွပ်ကို ရလာခဲ့တယ်.. အထဲမှာ ရတနာတွေ မရေတွက်နိုင်အောင် ရှိတယ်.. ဒါတွေ ဝယ်တာက ဘာမှ မများပါဘူး.."

ကျုံးလိန်နှင့် ထုံစန်းတို့မှာ ဂုဏ်ယူဝမ်းသာသွားလေသည်။

" ရွှယ်ယင်..အင်.. " ကျုံးလိန်က အနည်းငယ် စိတ်ပူနေသေးသည်။

" သံမဏိနက်အဆင့်တာဝန်ကို ထမ်းဆောင်ရင်းနဲ့ ဒီလို မတော်တဆမျိုး ကြုံခဲ့ရတယ်.. တုန်ပိုနဲ့ အာယုကို ကယ်ဖို့အတွက် အကျိုးပြုရမှတ် ၂သောင်းကို စုချင်တယ်လို့ မင်း ပြောခဲ့တယ်.. တကယ်လို့ ကြေးအဆင့်တာဝန်တွေကို ယူမယ်ဆိုရင် အများဆုံး အကျိုးပြုရမှတ် တစ်ထောင်ပဲ ရနိုင်လိမ့်မယ်.. ဒါပေမဲ့ ဒီအန္တရာယ်များတဲ့ တာဝန်မှာကျတော့ အကျိုးပြုရမှတ် တစ်သောင်းကို တစ်ခါတည်း ရလာခဲ့တယ်.."

ကျုံးလိန်ကလည်း " သံမဏိနက်အဆင့်တာဝန်တွေမှာလည်း အန္တရာယ်အလိုက် စွန့်စားရတာလည်း များလာတယ်.. တကယ်လို့ ကြေးအဆင့်တာဝန်တွေရဲ့ အန္တရာယ်တွေက သံမဏိနက်အဆင့်တာဝန်တွေထက် ပိုများတယ်လို့ စဥ်းစားကြမယ်ဆိုရင် တာဝန်နှစ်ခုစလုံးကို နိုင်ပါ့မလား.." ဟု ဝင်ပြောလိုက်သည်။

" ဘာမှ စိတ်မပူနဲ့ ဦးလေးကျုံး.. ကျနော်အတွက်က ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်ပါတယ်.."

သို့သော် ကျုံးလိန်က စိတ်ပူနေဆဲပင်။

ဘာမှန်း မသိသည့် အရာကို ရင်ဆိုင်ရတာ သူ့ကိုယ်သူ ဘယ်လို ဂရုစိုက်နိုင်မှာလဲ..

သံမဏိနက်အဆင့်တာဝန်တွင် ခက်ခဲမှုအဆင့်တို့က အဆင့်ဆင့် မြင့်တက်သွားရာ ရန်သူတို့မှလည်း နောက်ဆုံး ဒဏ္ဍာရီအဆင့်ထိ ရှိကြသည်။ ထိုကဲ့သို့ စဥ်းစားကြည့်မည်ဆိုလျှင် ကြေးအဆင့်တာဝန်တွင် ရန်သူမှာ အထွတ်အထိပ်အဆင့်ထိ ရှိနေမှာလား။ တစ်ဖက်က တွေးကြည့်လျှင်လည်း နဂါးတောင်အိမ်တော်၏ တာဝန်များကို ကိုယ့်ကိုယ်ကို သတ်သေခိုင်းခြင်း မဟုတ်ပေမဲ့ အန္တရာယ်များမှာ အမြဲတမ်းလိုလို ရှိသည်။

"အစ်ကိုကြီး.." အခန်းအပြင်ဘက်ကနေ ချင်းရှီ၏ အသံက ထွက်ရှိလာသည်။

" ချင်းရှီ.. ဝင်လာခဲ့.." ရွှယ်ယင်က ရယ်ပြုံးရင် ပြောလိုက်သည်။

ချင်းရှီက တံခါးကို တွန်းဖွင့်၍ စာဖတ်ခန်းထဲ ဝင်လာခဲ့သည်။ သူက စိတ်လှုပ်ရှားစွာဖြင့် ရှိနေပါပြီ။

" အစ်ကိုကြီး.. ကျနော်ကို တစ်ခုခု ပေးမယ်လို့ ပြောထားတယ်မလား.. ဘာတွေလဲ.. အိုး.. ဦးလေးကျုံး.. ဦးလေးထုံ.. ဘယ်လိုတွေ ပြောင်းလဲသွားတာလဲ.. ဝတ်ထားတဲ့ သံချပ်အင်္ကျီက တကယ့်ကို ထူးခြားနေပါလား.. ဖိနပ်တွေရောပဲ.. အရင်က မမြင်ဖူးပါလား.."

" ဒီတစ်ခေါက် ငါ စစ်ဆင်ရေးမှာ ပွပေါက်တိုးလာခဲ့တာ.. အဲဒါကြောင့် အားလုံးကို လက်ဆောင်ပေးဖို့ ဆုံးဖြတ်လိုက်တာပဲ.." ရွှယ်ယင်က ရယ်ရင်း ပြောလိုက်သည်။

" မင်းအတွက်လည်း အများကြီး ဝယ်လာခဲ့ပါတယ်ကွ.."

ပြောနေရင်း သူ့လက်ကို တစ်ချက် ယမ်းလိုက်သည်။

ဝုန်းး

သူ့အနားမှာ ရတနာပစ္စည်းများ ထွက်ရှိလာသည်။ အားလုံးမှာ ကောင်းကင်အဆင့် မှော်ဆရာအသုံးအဆောင်များ ဖြစ်ကြသည်။

" ဒီဝတ်ရုံထဲမှာ ရေခဲချပ်ဝတ် မှော်အင်းကွက်တစ်ကွက်က အပြည့်အစုံ ရှိနေတယ်.. မှော်အင်းကွက်က ပါလာပြီးသားဆိုတော့ မင်း ချက်ချင်း ဆင့်ခေါ်ပြီ သုံးလို့ရတာပေါ့.. သူ့စွမ်းအားက ဥက္ကာပျံအဆင့်စွမ်းအားရဲ့ တစ်ဝက်လောက်ကို ရှိတယ်.."

ရွှယ်ယင်က ထိုပစ္စည်းအကြောင်းကို အနည်းငယ် ရှင်းပြလိုက်သည်။

" ဒီလက်ပတ်ကတော့ အထဲမှာ ဆီးနှင်းစွမ်းအားအဝန်း အသေးစားလေး ပါတယ်.. စွမ်းအားက ဥက္ကာပျံအဆင့်စွမ်းအားရဲ့ သုံးပုံတစ်ပုံလောက် ရှိတယ်.. ဒီလက်စွပ်ကတော့.."

ရွှယ်ယင်က တစ်ခုပြီ တစ်ခု ရှင်းပြနေလေ၏။

ချင်းရှီမှာ အံ့သြပြီးရင် အံ့သြနေတော့သည်။

အစ်ကိုကြီးက ရိုယွဲ့အား ဘာကြောင့် တန်ဖိုးကြီးသည့် လက်ဆောင်ကို ပေးသလဲဆိုတာ သူ သဘောပေါက်သွားလိုက်သည်။ နောက်ပြီး အရင်နှစ်တွေမှာလည်း သူမကို ဘာလက်ဆောင်မှ မပေးခဲ့သည့် အကြောင်းကိုလည်း နားလည်လိုက်သည်။

အစ်ကိုကြီးက ဒီတစ်ခေါက် တာဝန်တွင် အကျိုးအမြတ်များစွာ ရလာခဲ့၍ ရွှေဒင်္ဂါးအများကြီး ပိုင်ဆိုင်လာခဲ့ခြင်းပင်။ ယခု ဦးလေးကျုံး၊ ဦးလေးထုံတို့ ဝတ်ဆင်ထားသည့် အသုံးအဆောင်များမှာလည်း ရိုယွဲ့ကို ပေးသည့် လက်ဆောင်ထက် များစွာ အဖိုးထိုက်တန်သည်။ သူ့အတွက် လက်ဆောင်ကရော.. ပြောဖို့ပင် မလိုတော့ချေ။ များစွာ တန်ဖိုးကြီးနေလေ၏။

*** စာစဥ် (၄ ) ဤတွင် ပြီးဆုံး၏ ***


rate now: