book

Index 3

နှင်းလင်းယုန်အရှင်သခင် ရွှယ်ယင် စာစဥ် ( ၃ )

  • Author : Kaung Myat
  • Genres : Romance, Adventure, Mystery, Action
  • Original Author : IET

Picture 2

နှင်းလင်းယုန်အရှင်သခင်

စာစဥ် ( ၂ )

ကောင်းမြတ်

အပိုင်း ( ၂၇ )

သွေးစွန်းဓားအရက်ဆိုင်နှင့်နဂါးတောင်အိမ်တော်

ရဲတိုက်အထဲက စင်္ကြံလမ်းတစ်လျှောက်အဆုံး၌ နားနေခန်းမတစ်ခုတွင်..

ရွှယ်ယင်နှင့်သခင်စစ်အန်းတို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြလျက် ရှိသည်။ အစေခံများသည် အချိုတည်းမုန့်များနှင့် ရေနွေးကြမ်းများကို အဆက်မပြတ် လာရောက်ချခင်းပေးနေကြ၏။ ကျုံးလိန်၊ ထုံစန်း ၊ ရိုတူးနှင့် တခြားသူများကမ အပြင်ဘက်က စင်္ကြံလမ်းတွင် စောင့်ရပ်နေကြလျက် ရှိ၏။

သခင်စစ်အန်းသည် ရေနွေးကြမ်းပူပူအား အရသာခံ၍ သောက်ကာ အပြင်ဘက်လောက၌ နှင်းလေပြေများ ပြင်းထန်နေသည်ကို ငေးကြည့်လျက် ရှိသည်။

" နယ်မြေအရှင်သခင်က တကယ့်ကို အံ့သြစရာကောင်းတဲ့ နေရာမှာ နေထိုင်နေတာပဲ.. ညဘက်လူခြေတိတ်ချိန်မှာတောင် လူအသံတွေနဲ့ ဆူညံနေတဲ့ မြို့အထဲနဲ့ ဒီနေရာနဲ့က ဘာမှ မဆိုင်ဘူး.. သခင်ရွှယ်ယင်နေတဲ့ နေရာက အရမ်းကို တိတ်ဆိတ်ငြိမ်သက်ပြီတော့ လွတ်လပ်တယ်.. "

သခင်စစ်အန်းက ရယ်မောလိုက်ရင်း " တစ်နေ့ကျရင် ငါ အနားယူတဲ့အခါ ဒီလိုနေရာမျိုးကို ရှာရမယ်.. "

ရွှယ်ယင် ပြုံးလိုက်လေသည်

" ခင်ဗျားရဲ့ ဂုဏ်သိမ်ကြီးမားတဲ့ ရာထူးနေရာကိုလည်း လူတွေအများကြီးက သူတို့ လက်လှမ်းမမှီနိုင်ပေမဲ့ လိုချင်နေကြတာပဲလေ "

" ဂုဏ်သိန်ကြီးမားတဲ့ ရာထူးနေရာ!!.. ငါက မြို့ငယ်တစ်ခုက နဂါးတောင်အိမ်တော်ဋ္ဌာနခွဲတစ်ခုကို တာဝန်ယူရတဲ့ လူတစ်ယောက်ပါ.. အဲဒါကို သခင်ရွှယ်ယင်က ဂုဏ်သိန်ကြီးမားတဲ့ ရာထူးနေရာလို့ ပြောနေလို့ပါလား "

စစ်အန်းက ပြောရင်းဆိုရင်း ရွှေအပြားတစ်ပုံကို ထုတ်ယူလိုက်သည်။

" ဒီမှာ ရွှေဒင်္ဂါးပြား ရှစ်ရာပါ.. ကော့ပင်းကို ဆုကြေးထုတ်ထားတာက အတော်နည်းပေမဲ့ ငါမင်းကို ပေးယူစေချင်ပါတယ်.. "

ရွှယ်ယင်က စစ်အန်းထံကနေ ဆုလာဘ်ကို ယူလိုက်သည်။

အင်ပါယာနိုင်ငံ၏ အပြစ်သားများ အထူးသဖြင့် စွမ်းအားအဆင့်ရှိသည့် အပြစ်သား ဒါမှမဟုတ် ရက်စက်ကမ်းကုန်သော အပြစ်မျိုး ကျူးလွန်းကြသူများကို ဆုကြေးငွေ ထုတ်လေ့ရှိသည်။

" ဒါကတော့ သံမဏိနက်အမိန့်ပြားပါ.. "

သခင်စစ်အန်းက နောက်ထပ်ပစ္စည်းတစ်ခုကို ထုတ်ယူပြသလိုက်သည်။ အနက်ရောင်အမှတ်အသားပြားတစ်ခု.. အပေါ်တွင် နဂါးတောင်အိမ်တော်ဟူ၍ ထွင်းရေးထားသည်။

" ဥက္ကာပျံသူရဲကောင်အဆင့်တစ်ယောက်၏ ခွန်အားမျိုးရှိတဲ့ မည်သည့်နိုင်ငံသားတစ်ယောက်ကိုမဆို ဒီအမိန့်ပြားကို ပို့ဆောင်ပေးပါတယ်.. "

" ဥက္ကာပျံသူရဲကောင်းအဆင့်? သံမဏနက်အမိန့်ပြား ?"

ရွှယ်ယင်သည် ထိုစကားလုံးထဲတွင် အတွေးများသွားပြန်သည်။

" အမိန့်ပြားမှာ နှစ်မျိုးနှစ်စား ရှိတယ်.. "

စစ်အန်းက ဆက်လက်ပြောလေသည်။

" အဲဒါကတော့ သံမဏိနက်အမိန့်ပြားနဲ့ ကြေးအမိန့်ပြားပဲ.. ဥက္ကာပျံသူရဲကောင်းအဆင့်တစ်ယောက်ရဲ့ ခွန်အားရှိသူတိုင်းက သံမဏိနက်အမိန့်ပြားကို ရကြတယ်.. အဲဒီအထဲမှာမှ အံ့သြစရာကောင်းလောက်အောင် ခွန်အားရှိတဲ့သူမှ ကြေးအမိန့်ပြားရကြမှာပါ.. အထွတ်အထိပ်သူရဲကောင်းအဆင့်သမားတွေပေါ့.. အထွတ်အထိပ်အဆင့်သူရဲကောင်းတို့ဟာ ငါတို့ရဲ့ ရှကလန်နဲ့ အင်ပါယာရဲ့ အင်အားကို မြင့်တက်စေတယ်လေ.. ဒါပေမဲ့ အထွတ်အထိပ်အဆင့်သူရဲကောင်းတို့က ကွဲပြားတဲ့ တခြားကမ္ဘာမှာ နေကြတယ်လေ.. ဒီတော့ သူတို့အကြောင်းကို ပြောနေလည်း မထူးပါဘူး "

" သံမဏ်နက်အမိန့်ပြားကို ယူလိုက်ပါ.. ဒါက သခင်ရွှယ်ယင်တစ်ယောင်တည်းအတွက်ပါ.. ဒီအမိန့်ပြားကို အမျိုးမျိုး သုံးလို့ ရပါတယ်.. "

စစ်အန်းက အမိန့်ပြားအား ရွှယ်ယင်အရှေ့မှာ ထားပေးလိုက်သည်။

ရွှယ်ယင်က အမိန့်ပြားကို အနီးကပ်ကြည့်လိုက်သည်။ နဂါးတောင်အိမ်တော်ဆိုသည့် စာလုံးအပြင် ရှုပ်ထွေးသည့် လိုင်းမျဉ်းများနှင့် တိကျစွာ ပေါင်းစပ်ထားရာ အလွန်ကို အနုပညာမြောက်၍ ကြည့်ကောင်းလှသည်။

ထိုအခိုက် သခင်စစ်အန်းက လက်ကို တစ်ချက် လှုပ်ယမ်းလိုက်သည့်အခါမှာတော့ စာရွက်တစ်ထပ် ထွက်ပေါ်လာ၏။

" ဒါက နဂါးတောင်အိမ်တော်ရဲ့ အင်ပါယာမှတ်တမ်းတွေပဲ.. အင်ပါယာအတွင်းက အဖြစ်အပျက်တွေရယ်.. အဇူရီမြစ်စီရင်စုနယ်မြေအတွင်းက အသေးစိတ်အချက်အလက်နဲ့ အဖြစ်အပျက်တွေ ရေးမှတ်ထားတယ်.. ဥပမာဆိုရင် ရွှယ်ယင်ဟာ ဆေးလ်ဗားမွန်းဝံပုလွေဘုရင်ကို သတ်တာတို့ ဓားကောက်ဓားပြအဖွဲ့ကို တစ်ယောက်တည်း ဖြိုခွင်းလိုက်တာမျိုးပေါ့.. သခင်ရွှယ်ယင်ရဲ့ နောက်ထပ် လုပ်ဆောင်ချက်တွေဆိုရင် နောက်ထပ်သတင်းမှတ်တမ်းမှာ ပါလာလိမ့်မယ်.. ဒါဆိုရင် ဒီလိုသတင်းမှတ်တမ်းကို ပိုင်ဆိုင်ကြတဲ့ စွမ်းအားကြီးတဲ့ လူတိုင်းဟာ သခင်ရွှယ်ယင် ဘာလုပ်လိုက်သလဲဆိုတာ အကုန်သိနိုင်ကြပါပြီ..”

“ဪ..” ရွှယ်ယင်သည် သူ ရထားသည့် သတင်းမှတ်တမ်းကို လှန်လှောကြည့်လိုက်သည်။

ထိုသတင်းမှတ်တမ်းတွင် စာမျက်နှာက ဆယ်မျက်နှာသာ ရှိသည်။ ပထမဆုံးစာမျက်နှာတွင် အဇူရီမြစ်စီရင်စုနယ်မြေပြင်ပ၌ ဖြစ်ပွားသော အရေးကြီးသည့် အကြောင်းအရာများကို မှတ်တမ်းတင်ထားသည်။ ကျန်သော အကြောင်းအရာများမှာ တိုင်းပြည်အတွင်း ဖြစ်ပွားသော သတင်းများ ဖြစ်ကြ၏။

“နဂါးတောင်ပြက္ခဒိန်အရ ၉၆၂၃ ခုနစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့၊ အဇူရီမြစ်စီရင်စုနယ်မြေတွင် ပဉ္စမမြောက် တပ်မကြီးသည် ပျက်သုဥ်းခြင်းတောင်တန်းကြီးအတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။ တတိယမြောက်နေ့တွင် ကာလရှည်ကြာ အိမ်မောကျနေရာမှ နိုးထလာသော အမှောင်နတ်ဆိုးဝက်ဝံကြီး ဟု အမည်ရသော အဆင့်၆ မှော်သားရိုင်းကြီးနှင့် ရင်ဆိုင်တိုက်ခိုက်ရလေသည်။ ကြမ်းတမ်းလှသော ထိုသားရိုင်းဆိုးကြောင့် စစ်သည်ပေါင်း နှစ်ထောင်တို့ သေဆုံးခဲ့ကြသည်..”

“နဂါးတောင်ပြက္ခဒိန်အရ ၉၆၂၃ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့၊ အဇူရီမြစ်စီရင်စုနယ်မြေတွင် ထျန်းဖျင်းမြို့၌ အထွက်အထိပ်သူရဲကောင်းအဆင့်တစ်ယောက် ထွက်ပေါ်လာခဲ့သည်။ သူ့ပုံသဏ္ဍာန်သည် ခြေဗလာ အဖိုးအိုတစ်ယောက်ပုံစံ ဖြစ်ကာ ဆံပင်အဖြူရောင်တို့က ရှုပ်ပွနေပြီ အဝတ်အစားကလည်း အစုတ်အပြဲနှင့် ဖြစ်သည်”

“နိုဝင်ဘာ ၅ ရက်နေ့၊ စစ်မိသားစုနှင့် ကျန်းမိသားစုတို့ လက်ထပ်ထိမ်းမြားခြင်းအခမ်းအနား..”

***

တော်ဝင်သတင်းမှတ်တမ်းတွင် အဇူရီမြစ်စီရင်စုနယ်မြေအတွင်း ရှိရှိသမျှစီရင်စုနယ်မြေတွင် ဖြစ်ပျက်သွားခဲ့ကြသည့် အရေးကြီးကိစ္စများ၊ သတင်းအချက်အလက်များကို မှတ်တမ်းတင်ထားပေသည်။ အရေးကြီးသည့် သတင်းများကိုလည်း ရက်စွဲနှင့်တကွ ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားသေးသည်။

စီရင်စုနယ်မြေများက အဖြစ်အပျက်များကိုမူ သတင်းမှတ်တမ်းတွင် ကန့်သတ်ထားမှု နည်းပါးထားသည်။

ရွှယ်ယင်သည် သတင်းမှတ်တမ်းကို ဖတ်ရင်း တဖြည်းဖြည်း အံ့သြလာလေသည်။ အဇူရီမြစ်စီရင်စုနယ်မြေအတွင်း မိုင်ပေါင်းတစ်ထောင်အတွင်းမှာ ဖြစ်သွားသည့် အဖြစ်အပျက်များစွာ ရှိနေကြောင်းကို သူ သဘောပေါက်သွားလေသည်။

"သခင်စစ်အန်း.. ထျန်းဖျင်းမြို့မှာ တကယ်ပဲ အထွတ်အထိပ်သူရဲကောင်းအဆင့်တစ်ယောက် တွေ့ခဲ့တယ်ဆိုတာ ဟုတ်ရဲ့လား.."

ရွှယ်ယင်က စပ်စုပြီတော့ မေးမြန်းလိုက်သည်။

"အင်.. သူက တစ်ခဏအတွင်းမှာပဲ ပြန်ပျောက်သွားခဲ့တာပဲ.. "

စစ်အန်းက ရေရွတ်ပြောဆိုလိုက်သည်။

" အထွက်အထိပ်အဆင့် သူရဲကောင်းဆိုတာ အလွန်ကို မြင့်မားတဲ့ အဆင့်တစ်ခုပဲလေ.. သူတို့ အလိုရှိတဲ့ အရာဆိုတာကလည်း ငါတို့နဲ့ ကွဲပြားတယ်လေ.. သူတို့အတွက်ဆို နယ်မြေအနှံ့ လျှောက်သွားတာက သာမန်အရာတစ်ခုပါပဲ.. သတင်းမှတ်တမ်းထဲမှာ ရေးသွင်းထားတယ်ဆိုတာက ကလန်မိသားစုတွေကို အသိပေးစေတဲ့ သဘောပဲ.. ဒါမှပဲ အထွက်အထိပ်သူရဲကောင်းအဆင့်တစ်ယောက်ကို မတော်တဆ ရန်စစော်ကားမိမှာကို တားလို့ရမှာ.. တကယ်လို့ ရန်စစော်ကားမိတယ်ဆိုရင်တော့ ပျက်ကိန်းဆိုက်ပြီလို့သာ မှတ်လိုက်တော့.. မျိုးနွယ်တစ်ခလုံး အဆုံးသတ်သွားလိမ့်မယ်.."

ရွှယ်ယင် ခေါင်းညိတ်လိုက်လေသည်။

စစ်အန်းပြောသွားသည်က မှန်ပေ၏။

လမ်းဘေးက သူတောင်းစားတို့အား လူတိုင်းက ရန်စစော်ကားနိုင်ကြသည် မဟုတ်လား။ သူတောင်းစားတိုင်းသည် အထွတ်အထိပ်သူရဲကောင်းအဆင့်သမား ဖြစ်ရင် ဖြစ်နေနိုင်သည်။ ယခုလို သတိပေးထားမှသာ သတိထား ရှောင်ရှားလို့ ရနိုင်မည်မဟုတ်လား။

"အထွက်အထိပ်သူရဲကောင်းအဆင့် ဖြစ်တည်မှုက အင်မတန်ကို ရှားလွန်းပါတယ်.. အင်ပါယာအတွင်းမှာ ရှိတဲ့ စီရင်စုပြည်နယ် ၁၉ ပြည်နယ်မှာမှ နည်းနည်းလေးပဲ ရှိတာ.. ငါတို့ရဲ့ အဇူရီမြစ်စီရင်စုနယ်မြေကိုပဲ ကြည့်ဦးလေ.. ငါတို့တိုင်းပြည်က အတော်လေးကြီးတဲ့အထဲမှာ ပါပါတယ်.. ဒါပေမဲ့ အထွက်အထိပ်သူရဲကောင်းအဆင့်က တစ်ယောက်ပဲ ထွန်းပေါက်ခဲ့တယ်လေ.."

သခင်စစ်အန်းက စိတ်မကောင်းဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။

" တော်ဝင်သတင်းမှတ်တမ်းက လတိုင်းမှာ ဖြန့်ဝေေပေးတယ်. အင်ပါယာအတွင်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို နားလည်နိုင်ဖို့အတွက် သတင်းမှတ်တမ်းတွေကို ဖတ်သင့်ပါတယ်.. သတင်းက သေးသေးကြီးကြီးပေါ့.. ပြီးတော့ သွားရန်စလို့ မသင့်တဲ့ လူတွေကိုလည်း သတိပေးထားတဲ့ သတိပေးစာအဖြစ်လည်း သတင်းမှတ်တမ်းက အသုံးဝင်ပါတယ်.."

"သတင်းစာဆိုတာ ဖျော်ဖြေရေးသက်သက်ပါပဲလေ.."

"နောက်ထပ် ငါပေးတော့မယ့် ပစ္စည်းတွေက တဖြည်းဖြည်း အရေးကြီးလာပါပြီ.."

"'ဒုတိယမြောက် အရေးကြီးဆုံးပစ္စည်းက ဒီစာအုပ်နှစ်အုပ်ပါပဲ.."

သခင်စစ်အန်း၏ မျက်နှာအမူအရာက လေးနက်သွားပြီ စာအုပ်နှစ်အုပ်ကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။ တစ်အုပ်မှာ အနာက်ရောင်ရှိပြီ မျက်နှာဖုံးတွင် "နဂါးတောင်" ဆိုသော စာလုံနှစ်လုံးကို ရေးထွင်းထားသည်။ နောက်တစ်အုပ်မှာမူ အနီရောင်မျက်နှာဖုံး ရှိကာ အဖုံးတွင် အနီရဲရဲ သွေးစွန်းနေသော ဓားမြောင်တစ်ချောင်းကိုလည်း ရေးဆွဲထားသည်။

"ဒီစာအုပ်က.."

စာအုပ်နှစ်အုပ်ကို ငေးကြည့်ရင်း ရွှယ်ယင်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

" တစ်အုပ်က နဂါးတောင်စာအုပ်ပဲ.. ငါတို့ရဲ့ နဂါးတောင်အိမ်တော်ကနေ မှတ်တမ်းတင်ထားတာ..နောက်တစ်အုပ်က သွေးစွန်းဓားစာအုပ်ပဲ.. သွေးစွန်းဓားအရက်ဆိုင်က ရေးထားတာ.."

ဟု သခင်စစ်အန်းက ဖြေလိုက်သည်။

ရွှယ်ယင်လည်း ထိုစာအုပ်ပါးပါး နှစ်အုပ်ကို ယူလိုက်သည်။

ရွှယ်ယင်သည် အနက်ရောင် နဂါးတောင်စာအုပ်ကို အရင်ဖွင့်ကြည့်လိုက်သည်။ အတွင်းတွင် ရှည်လျားသော လူနာမည်စာရင်းတစ်ခု ရှိပြီ အဆင့်နှင့်အညီ အစဥ်လိုက် ရေးထားသည်။ လူတစ်ယောက်၏ နာမည်နှင့် မိတ်ဆက်အကျဥ်းကိုပါ မှတ်ထားသည်။

"သွေးစွန်းဓားစာအုပ်က လူသတ်သမားစာအုပ်တစ်အုပ်ပဲ.."

သခင်စစ်အန်း၏ စကားကြောင့် ရွှယ်ယင် ပိုအံ့သြသွားသည်။

"လူသတ်သမားစာအုပ်.. ဟုတ်လား.."

ဘေးတွင် ချထားသည့် ကြက်သွေးအရောင်ရှိသော စာအုပ်ကို ရွှယ်ယင် ငဲ့ကြည့်လိုက်သည်။

"ဟုတ်တယ်.. သွေးစွန်းဓားအဖွဲ့ရဲ့ သမိုင်းကြောင်းက အရမ်းကို ထည်ဝါပြီ ဆန်းပြားလွန်းပါတယ်.. နဂါးတောင်အိမ်တော်ကတောင် သူတို့ကို ရန်မစရဲပါဘူး..အင်ပါယာအနှံ့ မြို့တိုင်းမြို့တိုင်းမှာ အနည်းဆုံး သွေးစွန်းဓားအရက်ဆိုင်တစ်ဆိုင်ကတော့ ရှိကြတယ်.."

သခင်စစ်အန်းက ဆက်လက်ပြောြပပြန်သည်။

"သူတို့ တကယ် သတ်ဖြတ်ထားတဲ့ အရေအတွက်အရဆိုရင် သွေးစွန်းဓားအရက်ဆိုင်ဟာ ဒီစာအုပ်တစ်အုပ်လုံးကို သတ်ဖြတ်သူတို့ရဲ့ လျှို့ဝှက်နာမည်တွေနဲ့ ဖြည့်လို့ရနိုင်တယ်.. နောက်ပြီး သတ်ဖြတ်သူတွေဟာ သူတို့ရဲ့အမည်နာမကို အမြဲလိုလို လျှို့ဝှက်ထားကြတယ်.."

"နောက်တစ်အုပ်ဖြစ်တဲ့ နဂါးတောင်စာအုပ်က ပိုပြီ သြဇာရှိတယ်.. အင်ပါယာအတွင်းက ပါဝါကြီးတဲ့ ဘယ်လူမဆို နဂါးတောင်စာအုပ်ကို အရေးကြီးတဲ့အရာအဖြစ် ရှုမြင်ကြတယ်.."

သခင်စစ်အန်း၏ မျက်နှာတွင် ဂုဏ်ယူသည့်ဟန်က ထွက်ပေါ်လာလေသည်။

"နဂါးတောင်စာအုပ်ဟာဆိုရင် ငါတို့ နဂါးတောင်အိမ်တော်ရဲ့ ကိုယ်ပိုင်မှတ်တမ်းတစ်ခု ဖြစ်ပြီ အင်ပါယာအနှံ့က စီရင်စုပြည်နယ် ၁၉ပြည်နယ်ကနေ ကြေးအမိန့်ပြားကိုင်ဆောင်ထားတဲ့ ထိပ်သီးစွမ်အားကြီးသူ အယောက်သုံးထောင်တွေကို မှတ်တမ်းတင်ထားတာပါ..."

သခင်စစ်အန်းက ဆက်လက်ပြောပြန်သည်။

"ပထမဆုံးတစ်ယောက်ကနေ အဆုံးအထိ အယောက်သုံးထောင်ကို သူတို့ရဲ့ တိုက်ခိုက်မှုစွမ်းအား၊ နောက်ထပ် ရှုထောင့်အစုံကနေ အကဲဖြတ်ပြီ ဂရုတစိုက်နဲ့ အဖန်ဖန် စဥ်းစားပြီးမှ အဆင့်သတ်မှတ်ထားတာလည်း ဟုတ်တယ်.."

"အင်ပါယာရဲ့ ထိပ်သီးအင်အားကြီး အယောက်သုံးထောင်ဆိုပါလား.."

ရွှယ်ယင်၏ မျက်လုံးများက စိတ်ဝင်စားခြင်းကြောင့် အရောင်လက်သွားသည်။

ကြေးအမိန့်ပြား...

တိုက်ခိုက်မှုစွမ်းအားတွေနဲ့ အသိအမှတ်ပြုခံရသူမှ ကြေးအမိန့်ပြားနှင့် ထိုက်တန်စွာ ရရှိလိမ့်မည်။ ထိုစာအုပ်ထဲတွင် ထိပ်ဆုံး အယောက်သုံးထောင်တို့အား မှတ်ထားတင်ထားလေသည်။

"အင်ပါယာအတွင်းမှာ အထွတ်အထိပ်အဆင့်ဆိုတာ အရမ်းကို ရှားပါးလို့ သူတို့ကို စာရင်းထဲမှာ မထည့်ထားဘူး.." ဟု သခင်စစ်အန်းက ရှင်းပြလိုက်သည်။

"တချို့ကတော့ အထွတ်အထိပ်အဆင့်နဲ့ တစ်ဆင့်လှမ်းကွာနေတာ ရှိတယ်.. တချို့ကျတော့လည်း တကယ့်အထွက်အထိပ်အဆင့်တစ်ယောက်နဲ့ ယှဥ်လို့ ရလောက်တဲ့အထိ အထင်ကြီးစရာကောင်းလောက်အောင် ရှိကြတယ်.. အင်ပါယာတခွင်မှာ ဒီလိုအင်အားမျိုးရှိတဲ့သူတွေက မရေတွက်နိုင်အောင် ရှိကြတယ်.."

"အဇူရီမြစ်စီရင်စုနယ်မြေမှာ ကြေးအမိန့်ပြားကိုင်ဆောင်ထားနိုင်တဲ့သူက စုစုပေါင်း ဆယ့်နှစ်ယောက်ရှိတယ်.. အဲဒီအထဲမှာမှ ငါးယောက်ပဲ နဂါးတောင်စာအုပ်မှာ စာရင်းဝင်ကြတယ်.."

သခင်စစ်အန်းက ထပ်မံ၍ ရှင်းပြလိုက်သည်။

ရွှယ်ယင်က ခေါင်းညိတ်၍ တုံ့ပြန်လိုက်သည်။ နဂါးတောင်စာအုပ်မှာ လူအယောက်သုံးထောင်သာ အရေအတွက် ကန့်သတ်ထားလေရာ ကြေးအမိန့်ပြားကိုင်ဆောင်နိုင်သူတိုင်း မပါဝင်ကြချေ။

အဲဒီငါးယောက်ကတော့

" နံပါတ် ၅ က ချန်ချင်းကျဲ အဆင့်အားလုံးမှာ နံပါတ် ၂၈၉၅ "

" နံပါတ် ၄ က ကျန်းယုံ အဆင့်အားလုံးမှာ နံပါတ် ၂၈၂၂ "

" နံပါတ် ၃ က တန်းချမ် အဆင့်အားလုံးမှာ နံပါတ် ၁၂၅၉ "

" နံပါတ် ၂ က စီလျောင်ဟုံ အဆင့်အားလုံးမှာ နံပါတ် ၅၆၉ "

" နံပါတ် ၁ က ရှန်းဖန်းယွင် အဆင့်အားလုံးမှာ နံပါတ် ၅၂၅ "

လူ ၅ ယောက်၏ အဆင့်များကို သခင်စစ်အန်းက အလွယ်တကူ အလွတ်ရွတ်ပြလိုက်လေသည်။

အပိုင်း ( ၂၈ ) ရှကလန်ထံမှ အကျိုးပြုရမှတ်များကို ရှာဖွေခြင်း

သခင်စစ်အန်းက ဆက်လက်၍ “ စီလျောင်ဟုံဆိုတာက လူသိများတဲ့ ဒဏ္ဍရီအဆင့် မှော်ဆရာမပဲ.. အသက်က နှစ်ပေါင်း ၅၀၀ လောက် ရှိနေပါပြီး.. ပုံမှန်လူတစ်ယောက်က အများဆုံး နှစ်ပေါင်း ၂၀၀ လောက်ပဲ အသက်ရှည်မှာပါ.. ဒါပေမဲ့ သွေးနတ်ဆိုးအဖြစ် ပြောင်းလဲသွားလို့ စီလျောင်ဟုံက ဒီလောက်အထိ အသက်ရှည်သွားခဲ့တာပဲ.. ဒီမြေခွေးမက ရာစုနှစ် ၅ ခုအထိ အသက်ရှည်ခဲ့လို့ သူ့ရဲ့စွမ်းအားကလည်း ခန့်မှန်းလို့ မရလောက်အောင် ရှိလာခဲ့တယ်.. သူနေထိုင်တဲ့ သွေးနတ်ဆိုးမျှော်စင်မှာဆိုရင် လက်တွေ့စမ်းထားတဲ့ ထောင်ချောက်တွေက အထွတ်အထိပ်အဆင့်တစ်ယောက်ကိုတောင် လွတ်မြောက်မသွားအောင် ဖမ်းထားနိုင်တယ်..”

စစ်ကလန်.. အဇူရီမြစ်စီရင်စုနယ်မြေမှာ အရမ်းကို ဂုဏ်သိက္ခာကြီးမားတဲ့ မျိုးနွယ်မိသားစုတစ်ခုပေါ့.. အဇူရီမြစ်စီရင်စုနယ်မြေက စီရင်စုတရားသူကြီးတွေ.. စီရင်စုနယ်ထဲက မြို့တွေရဲ့ စစ်တပ်ဗိုလ်ချုပ်တွေ.. ပြီးတော့ ရီရွှေမြို့တို့လို လေထန်မြို့တို့လို အစရှိတဲ့ မြို့ငယ်တွေက မြို့စားတွေဟာ စစ်ကလန်က လူတွေချည်းပဲ.. စီရင်စုနယ်ထဲက မြို့တွေထဲမှာ ဆယ်ပုံ ကိုးပုံကတော့ စစ်ကလန်က လူတွေကပဲ အုပ်ချုပ်ကြတယ်.. ပြီးတော့ အဇူရီမြစ်စီရင်စုနယ်မြေမှာလည်း ဂုဏ်ရှိန်ကြီးမားတဲ့ ရာထူးတွေ နေရာတွ တော်တော်များများကိုလည်း သူတို့ကပဲ ရယူထားကြတယ်လေ.. ”

“ နောက်တစ်မျိုး ပြောရမယ်ဆိုရင် အဇူရီမြစ်စီရင်စုနယ်မြေမှာ စစ်ကလန်က သူတို့ကြိုက်သလိုမျိုး အခြေအနေတွေ အေးအေးဆေးဆေး ပြောင်းပြန် လှန်ပစ်လိုက်လို့ ရတယ်..”

စစ်အန်းက တည်ငြိမ်စွာဖြင့် ရှင်းပြလိုက်ပါသည်။

ရွှယ်ယင်မှာ အံ့သြသွားခြင်းကြောင့် ပင့်သက်ရှိုက်လိုက်သည်။

“ စီရင်စုနယ် တရားသူကြီးတွေ.. စစ်တပ်ဗိုလ်ချုပ်တွေ နောက်ပြီး မြို့စားတွေ.. အရေးကြီးပြီ များပြားတဲ့ ရာထူးနေရာတွေက စစ်ကလန်ကပဲ ယူထားလို့ပါလား..”

“ အင်ပါယာတစ်ခုလုံးမှာ ဒီအတိုင်းပါပဲ..”

“ သေမျိုးကမ္ဘာမှာသာ ဖြစ်နေတာ မဟုတ်ဘူး.. အထွတ်အထိပ်ကမ္ဘာမှာလည်း ဖြစ်နေတာပဲ..”

သခင်စစ်အန်းက ရှင်းပြလိုက်လေ၏။

စီလျောင်ဟုံ.. ဆိုတဲ့ စုန်းမအိုကတော့ သူက အထွတ်အထိပ်အဆင့်တစ်ယောက်မဟုတ်ပေမဲ့ အဲ့လောက်နီးနီး ရှိနေပါပြီ.. နောက်ပြီ နာမည်ကျော်ကြားတဲ့ အထွက်အထိပ်အဆင့်တွေရဲ့ မိသားစုနဲ့ ရင်းနှီးအောင်လုပ်ထားတော့ အုပ်ချုပ်ခွင့်အာဏာကို အတိုင်းအတာတစ်ခုလောက်တော့ ရထားတယ်.. အုပ်ချုပ်ခွင့်အာဏာဆိုတာ စစ်ကလန်ရဲ့ လက်ထဲမှာပဲ ရှိတာပါ.. တကယ်လို့ ပြစ်မှုတစ်ခုမှာ သခင်ရွှယ်ယင်ကို အပြစ်ရှိတယ်လို့ စစ်ကလန်က ယူဆလိုက်မယ်ဆိုရင် သခင်ရွှယ်ယင်မှာ အပြစ်ကင်းတယ်ဆိုရင်တောင် ဘယ်နည်းနဲ့မှ ကယ်ဆယ်လို့ မရတော့ဘူး.. အဲဒီအတိုင်းပဲ.. သခင်ရွှယ်ယင်က အပြစ်ကင်းတယ်လို့ သူတို့ ယူဆလိုက်ရင် သခင်ရွှယ်ယင်မှာ အပြစ်ရှိတယ်ဆိုရင်တောင် အဲဒါက အပြစ်မဟုတ်တော့ဘူး..”

ရွှယ်ယင်မှာ ထိုစကားကြောင့် အံ့သြတာ မပြယ်ဘဲ ရှိနေလေသည်။

“ ဒါက.. ဒါက..”

ထိုအခိုက် စစ်အန်းက ခပ်မြန်မြန် ကြားဖြတ်ပြောလိုက်သည်။

“ ရွှယ်ယင် မေ့သွားပြီးလား.. မှူးမတ်အဆင့်ဘွဲ့ပဲ ဖြစ်နေစေဦး.. တရားရုံးအမိန့်တော်တစ်ခုလောက်နဲ့ ရွှယ်ယင်မိဘတွေကို ဖမ်းခေါ်သွားနိုင်တယ်လေ.. ”

ရွှယ်ယင်၏ မျက်နှာသည် တဖြည်းဖြည်း မည်းမှောင်လာသည်။

“အထွတ်အထိပ်အဆင့်လောက်ကမှ တရားရုံးအမိန့်တော်ကို ပယ်ဖျက်လို့ ရမယ်.. သူတို့ကမှ ဥပဒေကို အတိုင်းအတာတစ်ခုလောက်အထိ ပြောင်းလဲပစ်လို့ ရနိုင်တာ..” စစ်အန်းက ပြန်ရှင်းပြလိုက်၏။

“ ဒါဆို မိုယန်ကလန်မှာ အထွတ်အထိပ်အဆင့်တွေ ရှိနေလို့လား..” ရွှယ်ယင်က ထိုအကြောင်းအား မေးမြန်းကြည့်သည်။

သူ့မိဘတို့အား ကယ်တင်ဖို့သည် သူ နှစ်ပေါင်းများစွာ စောင့်ဆိုင်းလာခဲ့သည့် ဆန္ဒတစ်ခု မဟုတ်လား။

စစ်အန်းက “ သူတို့မှာ အထွတ်အထိပ်အဆင့်တစ်ယောက်တော့ ရှိပါတယ်.. ဒါပေမဲ့ သူက အထွတ်အထိပ်အဆင့်အစစ်အမှန်တော့ မဟုတ်ဘူး.. ဟန်ပြအထွတ်အထိပ်အဆင့်ပဲ.. ”

“ ဒီလို ဟန်ပြအထွတ်အထိပ်အဆင့်ဆိုတာ အထွတ်အထိပ်အဆင့်ထဲမှာ အညံဆုံးပဲ... စီလျောင်ဟုံဆိုတဲ့ စုန်းမအိုရယ်.. အရူးသမား ရှန်းဖန်ယွင်တို့ကပဲ မိုယန်ကလန်ရဲ့ အထွတ်အထိပ်အဆင့်နဲ့ အစွမ်းအတူတူလောက် ရှိလိမ့်မယ်..”

“ ဟန်ပြအထွတ်အထိပ်အဆင့်ဆိုတာက.. ” ရွှယ်ယင် တုံ့နှေးသွားမိသည်။

“ မိုယန်ကလန်ဆိုတာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆင်းသက်လာခဲ့တဲ့ ကလန်ပဲ.. ပထမဆုံး ကလန်သွေးအမွေကို အရမ်းကို စွမ်းအားကြီးတဲ့ အထွက်အထိပ်အဆင့်တစ်ယောက်က ရှာတွေ့ခဲ့တယ်.. ဒါပေမဲ့ အဲဒီအထွတ်အထိပ်အဆင့် သေဆုံးသွားတဲ့အခါမှာတော့ မိုယန်ကလန်က စပြီ အားနည်းလာခဲ့တယ်.. ကံကောင်းတာတစ်ခုက သူတို့ရဲ့ နက်ရှိုင်းတဲ့ နောက်ခံအင်အားပဲ.. ဆယ်စုနှစ်အနည်းငယ်အကြာမှာ ဒဏ္ဍရီအဆင့်ရှိတဲ့ မိသာစုအဖွဲ့ဝင်တစ်ယောက်က ဖြတ်လမ်းနည်းသုံးပြီ အထွတ်အထိပ်အဆင့် ရောက်အောင်သွားနိုင်ခဲ့တယ်.. ဒါပေမဲ့ သူက အထွတ်အထိပ်အဆင့်ထဲမှာ အားအနည်းဆုံးအဆင့်ပဲ.. ထိပ်သီးဒဏ္ဍရီအဆင့်သမားအချို့ကတောင် သူ့ကို အနိုင်ယူနိုင်စွမ်း ရှိကြတယ်.."

ရွှယ်ယင်သည် သူ့စာအုပ်ထဲက အကြောင်းအရာအချို့ကို သတိရလိုက်သည်။

စာအုပ်ထဲမှာ ကမ္ဘာဦးသွေးအမွေကို နှိုးထနိုင်ခဲ့သည့် သစ်ခုတ်သမားသူရဲကောင်းအကြောင်းကို ပြန်လည်အမှတ်ရလိုက်သည်။

သစ်ခုတ်သမားသူရဲကောင်းသည် ဒဏ္ဍရီအဆင့်၌ ရှိနေသည့်အချိန်မှာပင် အထွတ်အထိပ်အဆင့်တစ်ယောက်ကို သူ၏ပုဆိန်ကြီးဖြင့် သတ်နိုင်ခဲ့သည်။ ဒဏ္ဍရီအဆင့်တစ်ယောက်က အထွတ်အထိပ်အဆင့်ကို သတ်နိုင်သည်က ဖြစ်နိုင်သည့်အရာတစ်ခုပင်။

သစ်ခုတ်သမားသူရဲကောင်းဟာ အထွတ်အထိပ်အဆင့်ကို ရောက်ပြီးနောက်မှာ အထွတ်အထိပ်အဆင့်တွေထက် ပိုပြီး အစွမ်းထက်လာခဲ့သည်။ ထိုခေတ်အခါတွင် အစွမ်းထက်ဆုံးသူတစ်ယောက်ဟု နာမည်ကျော်ကြားခဲ့သည်။

" အထွတ်အထိပ်တွေနဲ့ ပတ်သတ်တဲ့ကိစ္စတွေက ငါတို့ အလှမ်းမမှီပါဘူး.."

သခင်စစ်အန်းက ရယ်မောလိုက်လေသည်။ " ရွှယ်ယင်ကို ငါပြောထားချင်တာ တစ်ခုက ဒဏ္ဍာရီအဆင့်နဲ့ အထက်ကလူတွေကို ရန်စစော်ကာြခင်း သွားမလုပ်ဖို့ပါပဲ.. ဒဏ္ဍာရီအဆင့်က လူတိုင်းမှာ သူ့မတူတဲ့ အင်အားတွေ ကိုယ်စီ ရှိကြတယ်.. အထူးသဖြင့် စီလျောင်ဟုံနဲ့ ရှန်းဖန်းယွင်တို့ပဲ.. သူတို့နှစ်ယောက်ဟာ အဇူရီမြစ်စီရင်စုနယ်မြေမှာ ကြောက်စရာအကောင်းဆုံး လူနှစ်ယောက်ပဲ.. အဇူရီမြစ်စီရင်စုနယ်မြေရဲ့ ကောင်းကင်နှစ်ခုလို့တောင် သတ်မှတ်ကြတယ်.. "

"စစ်ကလန်ဆိုရင်လည်း အဇူရီမြစ်စီရင်စုနယ်မြေမှာ နက်နက်ရှိုင်းရှိုင်းကို အမြစ်တွယ်နေပြီး.. ရှန်းဖန်းယွင်ဆိုလည်း ကြောက်စရာကောင်းတဲ့ အရူးတစ်ယောက်လိုပါပဲလေ.. " သခင်စစ်အန်းက မှတ်ချက်ချလိုက်သည်။

" အရူး..? " ရွှယ်ယင်မှာ စိတ်ဝင်တစားဖြင့် မေးမိသည်။

" ဟုတ်တယ်.." သခင်စစ်အန်းက ပြောလိုက်သည်။

" သွေးစွန်းဓားစာအုပ်ထဲမှာ လူတော်တော်များများက သူတို့ရဲ့ အမည်ရင်းကို မရေးထားကြဘူး.. ဒါပေမဲ့ ရေးထားရဲတဲ့ လူအနည်းအကျဥ်းထဲမှာ ရှန်းဖန်းယွင်က တစ်ယောက်အပါအဝင်ပဲ.. ပြီးတော့ သူက သတ်ဖြတ်တိုက်ခိုက်ရတာကို နှစ်ခြိုက်တဲ့ လူတစ်ယောက်.. ဒါပေမဲ့ သွေးစွန်းဓားအရက်ဆိုင်က ထုတ်ပေးတဲ့ တာဝန်အတိုင်းဆိုတော့ သူ့မှာ လူသတ်အပြစ်တော့ မရှိဘူးပေါ့.."

" သွေးစွန်းဓားအရက်ဆိုင်က တာဝန်တွေဆိုရင် လူသတ်တာလည်း အပြစ်မဟုတ်ဘူးပေါ့.." ရွှယ်ယင် မျက်မှောင်ကြုတ်လိုက်မိသည်။

" တာဝန်တွေကို ယူဖို့အတွက် သွေးစွန်းဓားအရက်ဆိုင်ကို သွားရတယ်.. ဒါပေမဲ့ အဲဒီတာဝန်ပြီးမြောက်သွားရင် ဆုကြးကိုတော့ အရက်ဆိုင်ကပဲ ဆုံးဖြတ်ရတယ်.. သွေးစွန်းဓားအရက်ဆိုင်က ကော်မရှင်ခ ၈၀ ရာခိုင်နှုန်းယူပြီ သတ်ဖြတ်တဲ့သူကို ၂၀ ရာခိုင်နှုန်း ခွဲပေးတယ်.. "

သခင်စစ်အန်းက ဆက်လက်ပြော၏။ " သွေးစွန်းဓားအရက်ဆိုင်က ထုတ်ပြန်ထားတဲ့ ဆုကြေးကလည်း ပစ်မှတ်ရဲ့ အဆင့်..၊ ခွန်အား..၊ နောက်ခံအင်အား.. နဲ့ အခြားအကြောင်းအရာတွေကို ကြည့်ပြီ သတ်မှတ်ထားတယ်.. ဆုကြေးကတော့ အမြဲတမ်းလိုလို များနေတာပါပဲ.."

ထို့နောက် သခင်စစ်အန်းက နှစ်ကိုယ်ကြားသာ ကြားနိုင်လောက်သည့် လေသံဖြင့်" ရွှယ်ယင်သိထားရမှာက သွေးစွန်းဓားအဖွဲ့အစည်းက ဒီနယ်ပယ်မှာ သမိုင်းနဲ့ချီပြီ နှစ်ထောင်ပေါင်းမက တည်ရှိလာခဲ့တယ်ဆိုတာကိုပဲ.. ရှေးဟောင်းစိတ်ဝိညာဥ်အင်အားနှစ်ခုထဲက တစ်ခုဖြစ်တဲ့ မြေကမ္ဘာနတ်ဘုရားကျောင်းနဲ့ အတူတူလောက်ကို တည်ရှိလာခဲ့တာလေ.."

ရွှယ်ယင်လည်း ခေါင်းညိတ်လိုက်လေသည်။

နတ်ဘုရားတို့ အသက်ဝိညာဥ်တို့ဆိုတာ ဒီလောကကြီးမှာ တကယ်ပင် တည်ရှိသော အရာများ ဖြစ်ကြလေသည်။

မြေကမ္ဘာနတ်ဘုရားကျောင်းဆိုလျှင်လည်း ဒီကမ္ဘာလောကကြီး စတင်ဖြစ်တည်လာသည်နှင့် အချိန်အကြာအထိ မကြာြမင့်ဘဲ စတင်တည်ရှိလာခဲ့သည်။ သမိုင်းကြောင်းအရ သွေးစွန်းဓားအရက်ဆိုင်နှင့် အတူတူလောက်ပင် ရှိမည်။ ထို့အပြင် အင်ပါယာက အသိအမှတ်ပြုထားသည့် တစ်ခုတည်းသော ဘုရားကျောင်းတစ်ခုလည်း ဖြစ်သည်။ ကျန်သည်က နတ်ဆိုး သို့မဟုတ် မိစ္ဆာသာ ဖြစ်ကြသည်။ ထို့အတူ သွေးစွန်းဓားအရက်ဆိုင်သည်လည်း မြေကမ္ဘာဘုရားကျောင်း စတင်တည်ထောင်ရှိလာသည်နှင့် မရှေ့မနှောင်း အချိန်တွင် ကြေးစားသတ်ဖြတ်ပေးသည့် ဝန်ဆောင်မှုကို စတင်လုပ်ဆောင်လာခဲ့သည်။

သခင်စစ်အန်းက ဆက်လက်ပြီ " ရှန်းဖန်းယွင်ဆိုတာ တကယ့်ကို ကြောက်စရာကောင်းတဲ့ စိတ္တဇတစ်ယောက်လိုပဲ.. ဒါပေမဲ့ သူ့ကို ရင်ဆိုင်ကြံကြိုက်ရဖို့က ခဲယဥ်းပါတယ်.. တစ်ယောက်ယောက်က သွေစွန်းဓားအရက်ဆိုင်ကနေတစ်ဆင့် ရွှယ်ယင်ရဲ့အသက်ကို လိုချင်လာတဲ့နေ့အထိပေါ့.. စစ်ကလန်ဆိုရင်လည်း သူက နောက်ပုံပြင်တစ်ပုဒ်ပေါ့.. စစ်ကလန်ဆိုတာက အဇူရီမြစ်စီရင်စု နယ်မြေတစ်ခုလုံးကို ဖြန့်ကျက်ထားတယ်မလား.. ဒီတော့ သူတို့ထဲက တစ်ယောက်ယောက်နဲ့ ကြုံကြိုက်တွေ့မိဖို့က အရမ်းကို လွယ်ကူနေတယ်.. တကယ်လို့ အဲလို တွေ့မိတယ်ဆိုရင်လည်း ကိုယ်ကပဲ ရိုးရိုးကုပ်ကုပ်ပဲ နေသင့်တယ်.. ဘာဖြစ်လို့လဲဆိုတော့ မင်းကို ထိန်းချုပ်ဖမ်းဆီးထားဖို့က သူတို့အတွက် အကြောင်းပြချက်တစ်ခုက အလွယ်လေး ထုတ်လို့ရနိုင်တယ်လေ.."

" ဒါပေမဲ့ မင်းဟာ ဒဏ္ဍာရီသူရဲကောင်းအဆင့် တစ်ယောက်ရဲ့ ခွန်အားကို ပိုင်ဆိုင်ပြီ ကြေးအမိန့်ပြားကို မရမချင်းအချိန်ထိပေါ့.."

သခင်စစ်အန်းက ပြောဆိုလိုက်သည်။

" တကယ်လို့ အစစ်အမှန် ခွန်အားကို မင်း တကယ်ပိုင်ဆိုင်လာခဲ့ရင် စစ်ကလန်က မင်းကို သူတို့ ကြိုက်သလို လုပ်လို့ရမှာ မဟုတ်တော့ဘူး.. အထွတ်အထိပ် သူရဲကောင်းအဆင့်ကို ရောက်သွားမယ်ဆိုရင်တော့ စစ်ကလန်ဟာ မင်းကို လေးစားမှု ပြသလာပါလိမ့်မယ်.. အဲ.. ငါပြောတာက တကယ့် အစစ်အမှန် အထွတ်အထိပ်အဆင့်ကိုနော်.. ဟန်ပြအထွတ်အထိပ်အဆင့်မဟုတ်ဘူး.."

" ကြေးအမိန့်ပြားရဲ့ အခွင့်အာဏာတဲ့လား.." ရွှယ်ယင်မှာ ပို၍ စိတ်ဝင်စားလာသည်။

" ဟုတ်တယ်.. နောက်တစ်ခု ပြောချင်တာက သံမဏိနက်အမိန့်ပြားဆိုတာ ကိုယ် ဘယ်သူဘယ်ဝါဆိုတာကို ဖော်ပြေပေးရုံတင်မကဘူး.. အထူးအင်အားစု ဒါမှမဟုတ် ကျောထောက်နောက်ခံအင်အားစုတစ်ခုရဲ့ ကိုယ်စားအနေနဲ့လည်း ဖော်ပြပေးတယ်.."

သခင်စစ်အန်းက လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို စာအုပ်ထူတစ်အုပ်နှင့်စာရွက်တွဲတစ်တွဲက ထွက်ရှိလာသည်။

သခင်စစ်အန်းသည် စာရွက်တွဲအား ရွှယ်ယင်ထံ ကမ်းပေးလိုက်သည်။

" ဒီလောကကြီးမှာ ရှကလန်က ဘာကြောင့် အရှည်ကြာကြီးနေနိုင်ခဲ့သလဲ ဆိုတာရဲ့ အကြောင်းအရင်းက သူတို့က ကလန်အမွေဆက်ခံမဲ့ အစွမ်းထက် မျိုးဆက်သစ်တွေကို အဆက်မပြတ် မွေးထုတ်နိုင်လို့ပဲ.. ဟိုအရင်တုန်းက ငါတို့ ရှကလန်ရဲ့ အတော်ဆုံး မှော်ဆေးပညာရှင်ကြီးက ဥပဒေသတ်မှတ်ချက်တစ်ခု ထုတ်ခဲ့တယ်.. အဲဒါက ဘာလဲဆိုတော့ တာဝန်တွေကို ခက်ခဲမှုအဆင့်လိုက် အမျိုးမျိုး ခွဲထားတယ်.. အဲဒါကိုမှ အစွမ်းထက်ဆုံးသူကို အရေးကြီးဆုံးတာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခွင့်ပြုတယ်.. ပြီးတော့ အောင်မြင်သွားတဲ့ တာဝန်အတွက်ကို အကျိုးပြုရမှတ် ရမှတ်လေးတွေ ရကြတယ်.. အဲဒီအကျိုးပြုရမှတ်တွေနဲ့ ကိုယ်အလိုရှိတဲ့ အရာတွေနဲ့ လဲလှယ်လို့ရတယ်.. "

သခင်စစ်အန်းက စာအုပ်ကို ထပ်မံ ကမ်းပေးလိုက်ပြန်သည်။

" ဒါက လဲလှယ်ရေးစာအုပ်ပဲ.. အဲဒီအထဲမှာ လဲလှယ်လို့ရတဲ့ စာရင်းရှိတယ်.. ရွှေဒင်္ဂါး.. လဲမလား.. မှော်ပစ္စည်းယူမလား.. ဒါမှမဟုတ် အထွက်အထိပ် သူရဲကောင်း အဆင့်တစ်ယောက်ကို သတ်ခိုင်းဖို့လား. ဒါမှမဟုတ် အင်ပါယာတစ်ခုလုံးရဲ့ အရှင်သခင်ဖြစ်ချင်လား.. ရှကလန်က တာဝန်တွေကိုသာ အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်အောင်လုပ်ပြီ အကျိုးပြုရမှတ်တွေသာ အလုံအလောက်ရှိမယ်ဆိုရင်တော့ မင်းဟာ အင်ပါယာအရှင်သခင် ဖြစ်ချင် ဖြစ်လို့ရတယ်.. "

ရွှယ်ယင်မှာ တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားလေသည်။

လူသားအမျိုးအနွယ် အထွတ်အထိပ်တို့၏ ရှကလန်မှ မှော်ဆေးပညာရှင်ကြီးက ဒီလို ကြီးကျယ်တဲ့ ဥပဒေကို ချမှတ်ထားခဲ့သလား.. တကယ်လို့ အကျိုးပြုရမှတ်တွေသာ လုံလောက်နေရင် ဘာမဆို ရနိုင်တဲ့ သဘောမျိုးလား..

" ဒါဆို ကျနော် မိဘကို ကယ်တင်တာကရော.. " ရွှယ်ယင်မှာ ဟန်ပင် မဆောင်နိုင်ဘဲ အလာတကြီး မေးလိုက်မိသည်။

" အကျိုးပြုရမှတ်တွေသာ လုံလောက်မယ်ဆိုရင် မိုယန်ကလန်ကို ဖျက်ဆီးပစ်လိုက်ဖို့က သူတို့လုပ်နိုင်တာတွေရဲ့အထဲကမှ အသေးအမွှား ကိစ္စလေးတစ်ခုပဲ.. မင်းမိဘကို ကယ်တင်ဖို့ကိစ္စကတော့ မေးနေစရာတောင် မလိုတော့ဘူး.."

သခင်စစ်အန်းက သဘောကျစွာဖြင့် ခေါင်းကို ခါယမ်းကာ ရယ်မောလိုက်သည်။

" အင်.. ဘယ်အရာမှာမဆို အကျိုးပြုရမှတ်က ကျသင့်တာပဲ..မင်းဟာ ဘယ်လောက်အထိ အကျိုးပြုရမှတ်နိုင်မလဲ.. ရှကလန်ကို တာဝန်အောင်မြင်မှုတွေ ဘယ်နှစ်ခုအထိ ပြသပေးနိုင်မလဲ.. ဆိုတာတွေအပေါ် မူတည်တယ်.. ဒီအထဲမှာ သံမဏိအဆင့် တာဝန်တွေ ရှိတယ်.. အကျိုးပြုရမှတ်တွေကလည်း နည်းနည်းလေးပါပဲ.. မိုယန်ကလန်ကို ဖျက်ဆီးဖို့က ဒီအကျိုးပြုရမှတ်ပမာဏလောက်နဲ့က မလုံလောက်သေးပါဘူး.."

ရွှယ်ယင်လည်း စာရင်းကို စတင် လှန်ကြည့်လိုက်သည်။

ထိုအထဲတွင် တာဝန်များကို တစ်ရွက်ပြီးတစ်ရွက် ရေးထားသည်။ ဥပမာဆိုလျှင် သိပ်မကျော်ကြားသော ဓားပြတစ်ယောက်အား သတ်ခဲ့မည်ဆိုလျှင် အကျိုးပြုရမှတ် ၁၀ မှတ်သာ ရလိမ့်မည်။

နောက်တစ်ခုဆိုလျှင် ပျက်သုဥ်းခြင်းတောင်တန်းကြီးအတွင်း ဝင်ရောက်ပြီ ထူးခြားသော လည်ဆွဲတစ်ခု ရှာဖွေခြင်းတာဝန်ကို အကျိုးပြုရမှတ် ၅၀ သတ်မှတ်ထားသည်။

****

ရွှယ်ယင်ကို ကြည့်ရင်း သခင်စစ်အန်းက " သံမဏအဆင့် တာဝန်စာရင်းနဲ့ လဲလှယ်ရေးစာအုပ်တို့က အရေးကြီးဆုံးတွေပဲ.. သေသေချာချာ ဖတ်ကြည့်ပေါ့.. တကယ်လို့ အကျိုးပြုရမှတ် ၁၀၀၀ ရခဲ့မယ်ဆိုရင် တော်ရုံတန်ရုံ ဥပဒေလောက်ကို ဂရုစိုက်စရာမလိုတော့ဘူး.. တစ်ချို့ဥပဒေတွေကတော့ မပါဘူးပေါ့.. အထွတ်အထိပ်အဆင့်တောင်မှ ဖောက်ဖျက်လို့ မရတဲ့ ဥပဒေတွေ ရှိပါတယ်.. "

" အကျိုးပြုရမှတ် ၁၀၀၀ တောင်မှ.." ရွှယ်ယင်မှာ ဆွံ့အသွားမိသည်။

ကော့ပင်းကဲ့သို့ ဓားပြကို သတ်တာတောင်မှာ အများဆုံးအကျိုးပြုရမှတ် ၁၀ လောက်သာ ရရှိမည်။

အောင်မြင်နိုင်ခြေ မများသည့်အပြင် အချိန်လည်းကြာ အန္တရာယ်လည်း များသော တာဝန်ဖြစ်သည့် ပျက်သုဥ်းခြင်းတောင်တန်းကြီးထဲ ဝင်ပြီ ပျောက်ဆုံးနေသည့် ရတနာကို ရှာဖွေရသည်က အကျိုးပြုရမှတ် ၅၀ သာ ရှိသည်။

အကျိုးပြုရမှတ် ၁၀၀၀ ကို ရှာဖွစုစည်းရသည်က အလွန်ကို မဖြစ်နိုင်သလိုပင် ခံစာရသည်။

" သံမဏိအဆင့် တာဝန်တွေမှာ ဆုကြေးအကျိုးပြုရမှတ်က ၁၀ ကနေ ၁၀၀ အတွင်းပဲ ရှိတယ်လေ.. " သခင်စစ်အန်းက ရယ်မောလိုက်သည်။

" ကြေးအဆင့်ဆိုရင် အနိမ့်ဆုံးအကျိုးပြုရမှတ်က ၁၀၀၀ ပဲ"

" ဒါပေမဲ့ အရင်လုပ်ရမှာတစ်ခုက အကျိုးပြုရမှတ်နည်းနည်းတွေကို လိုက်စုဖို့ပဲ.. ဒါဆိုရင် နဂါးတောင်အိမ်တော်ရဲ့ သတင်းကွန်ရက်ကနေတစ်ဆင့် မင်းမိဘတွေရဲ့ အခြေအနေကို ရှာပေးလို့ရတယ်.. မင်းမိဘတွေရဲ့ နေရာကိုတော့ ငါ ကူညီပေးလို့ ရပါတယ်.. ဒါပေမဲ့ သူတို့ကို ကယ်ထုတ်ဖို့က မင်းဘာသာ နည်းလမ်းရှာရမယ်..."

ရွှယ်ယင်မှာ ကျေးဇူးတင်သွားသည့် အမူအရာအား ဖုံးကွယ်မထားနိုင်တော့ပေ။

" ကောင်းပြီ.. ဒါဆိုရင် ကျနော်မိဘတွေရဲ့ နေရာကို စုံစမ်းဖို့ကိစ္စက သခင်စစ်အန်းကိုပဲ အကူအညီတောင်းရတော့မယ်.."

" ရပါတယ်.. မိုယန်ကလန်က ယုမိုပြည်နယ်မှာ ရှိနေတာဆိုတော့ ငါ အချိန်နည်းနည်းလိုတယ်.. တစ်လလောက် အချိန်လိုလိမ့်မယ်လို့ ငါထင်တယ်.. တစ်လအတွင်းမှာ သူတို့ရဲ့ အခြေအနေကို သိရမှာပါ.. အဲဒီအခါကျမှ သူတို့ကို ကယ်တင်ဖို့ အလွယ်ဆုံးနည်းလမ်းကို ရှာကြတာပေါ့.."

သခင်စစ်အန်းက ကတိပြုလိုက်သည်။

" သခင်စစ်အန်းကိုပဲ ဒုက္ခပေးရတော့မယ်.. "

ရွှယ်ယင်၏ နှလုံးသားမှာ စိတ်လှုပ်ရှားခြင်းကြောင့် ရင်ခုန်မြန်လာသည်။

" အဖေ.. အမေ.. နှစ်ယောက်စလုံး အခြေအနေ ကောင်းရဲ့လား.."

" ကောင်းပါပြီ.. ကဲလေ ငါလည်း ပြန်တော့မယ်.." သခင်စစ်အန်းက မတ်တတ်ရပ်လိုက်သည်။

" လတိုင်းလတိုင်းမှာ နဂါးတောင်အိမ်တော်က လူတစ်ယောက်လွှတ်ပြီတော့ အင်ပါယာအတွင်းက သတင်းအသစ်တွေနဲ့ တာဝန်စာရင်းအသစ်တွေကို လာပို့ပေးလိမ့်မယ်.. ဘယ်အချိန်ပဲ ဖြစ်ဖြစ် တာဝန် စတင်ပြီးတော့ ရှကလန်ကနေ အကျိုးပြုရမှတ်တွေကို ယူလို့ ရနေပါပြီ.."

အပိုင်း ( ၂၉ ) - မိဘတို့၏ အတိတ်ရာဇဝင်

နဂါးတောင်အိမ်တော်မှ ဧည့်သည်များကို ရဲတိုက်ဂိတ်တံခါးအဝအထိ ရွှယ်ယင်၊ ကျုံးလိန်နှင့် ထုံစန်းတို့သည် လိုက်လံပို့ဆောင်ပေးလိုက်ကြသည်။

ထို့နောက် ရဲတိုက်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြသည်။

" ဦးလေးကျုံး.. ဦးလေးထုံ.."

ရွှယ်ယင်၏ ဖိနပ်အောက်ခြေမှ နှင်းထုအား ဖိနင်းအသံများ တသဲ့သဲ့ ထွက်နေသည့်အသံများကြားထဲမှ ရွှယ်ယင်က တိုးသာစွာ ခေါ်လိုက်သည်။

"သံမဏိနက်အမိန့်ပြားကို အခု ရလာခဲ့ပြီ.. အခု ကျွန်တော်ရဲ့ မိဘတွေ အတိတ်ကာလတုန်းက ဘာတွေ ဖြစ်ပျက်လာခဲ့သလဲဆိုတာ ပြောပြဖို့ အချိန်တန်နေပါပြီ.."

ကျုံးလိန်နှင့် ထုံစန်းလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

" ဦးလေးထုံက မင်းအမေအနောက်ကို လိုက်နေခဲ့တာ အချိန်အတော်ကြာနေပြီ.. သူက ငါ့ထက် ပိုသိပါတယ်.. " ကျုံးလိန်က ဖြေလိုက်၏။

" ငါသိသမျှက မင်းအမေ ပြောပြဖူးခဲ့တဲ့ စကားတချို့တလေလောက်ပဲ.."

" ရွှယ်ယင် " ထုံစန်းက နာမည်ခေါ်လိုက်ရင်း အစပျိုးလိုက်သည်။ သူသည် အပေါ်မှ ကျဆင်းလာသော နှင်းပွင့်များဖြင့် ပြည့်လွှမ်းနေသာ ကောင်းကင်ကြီးကို မော့ကြည့်လိုက်ရင်း " ငါဟာ နယ်အစွန်းအဖျားက ခြင်္သေ့လူအမျိုးအနွယ်ကနေ လာခဲ့တာလေ.. တစ်နေ့.. ကံကြမ္မာငင်တဲ့တစ်နေ့မှာပေါ့.. ငါတို့အားလုံးဟာ အင်အားတောင့်တဲ့ ယာဥ်တန်းတစ်ခုရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်..ငါတို့ဘက်က ပြန်လည် ခုခံကြတဲ့သူအားလုံးကိုလည်း သူတို့ သတ်လိုက်ကြတယ်.. ဖမ်းဆီးလိုက်ပြီးနောက်မှာ ငါတို့ရဲ့ နာမည်ကို သူပုန်စာရင်းထဲမှာ ထည့်လိုက်ကြတယ်.. ငါတို့ကို ကျွန်သုံပန်းအဖြစ် သွတ်သွင်းခြင်း ခံလိုက်ကြရတာပေါ့.."

" ကျွန်..! " ရွှယ်ယင် ပင့်သက်ရှိုက်လိုက်မိသည်။

အင်ပါယာအတွင်းမှာ ကျွန်သုံ့ပန်းအရေအတွက်က အလွန်ကို နည်းပါးချေသည်။

တကယ့်ကို ဒုစရိုက်ကျူးလွန်ကြသည့်မှသာ ဥပမာ အပြစ်မဲ့ပြည်သူပြည်သားများအား သတ်ဖြတ်သူ ၊ မှူးမတ်အရာထမ်းများကို သတ်ဖြတ်သူ ၊ သူပုန်ထကြွသောင်းကျန်းခြင်းများ သို့မဟုတ် အင်ပါယာတစ်ခုလုံးကို သစ္စာဖောက်ဖို့ ကြံစည်မှုများ၊ စက်ဆုပ်ဖွယ်ကောင်းသည့် ပြစ်မှုများ ကျူးလွန်သည့် သူများကိုသာ ကျွန်အဖြစ် သွတ်သွင်းခြင်း ခံကြရသည်။

" မအံ့သြလိုက်ပါနဲ့..ဒီအင်ပါယာက နှစ်ပေါင်း ကိုးထောင်လောက် ကြာညောင်းခဲ့တာလေ.. အကျင့်စာရိတ္တကလည်း ပျက်ပြားနေတာ ကြာပြီးပေါ့.. တန်ခိုးအာဏာကြီးမားတဲ့ မိသားစုကြီးတွေရဲ့ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ အရိပ်အောက်မှာ ဒီလို လူမဆန်တဲ့ ပြစ်မှုက ထင်ထင်ရှားရှား မပေါ်ပေါက်ခဲ့ရင် သူတို့အတွက်က ဘာပြဿနာမှ ဖြစ်လာမှာ မဟုတ်ဘူး.. ငါတို့ရဲ့ ခြင်္သေ့လူအမျိုးအနွယ်ကလည်း နဂိုကတည်းက အင်အားနည်းတဲ့အပြင် သက်သေသက္ကာယလည်း မရှိတဲ့အတွက်ကြောင့် ဘယ်သူက လာကူညီရဲကြမှာလဲ.."

ထုံစန်းက ခပ်လှောင်လှောင်လေး ပြောလိုက်ချေသည်။

" ငါဟာ ကျွန်တစ်ယောက် ဖြစ်လာခဲ့တယ်.. နောက်တော့ ကုန်ကူးခံရပြီးတော့ နောက်ဆုံးမှာ မိုယန်ကလန်ဆီမှာ ရောင်းချခံခဲ့ရတယ်.. "

မိုယန်ကလန်ဆိုသည်ကလည်း ယုမိုပြည်နယ်တွင် အတော်လေး သြဇာလွှမ်းမိုးသော မိသားစုကလန်တစ်ခု ဖြစ်ကာ ယွီယွီခရိုင်ကလည်း မိုယန်ကလန်ရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်အဝရှိနေတဲ့ ခရိုင်တစ်ခု ဖြစ်၏။

" မိုယန်ကလန်ဆိုတာကလည်း ယုမိုပြည်နယ်မှာ အတော်လေး သြဇာအာဏာကြီးတဲ့ မိသားစုကလန်တစ်ခုပဲလေ.. ယွီယွီခရိုင်ဆိုလည်း သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ လုံးဝရှိနေတဲ့ ခရိုင်တစ်ခုပဲ.. ဒီလိုရှိနေတာကလည်း နှစ်ပေါင်းတစ်ထောင်မကတော့ပါဘူး.."

ထုံစန်းက ဆက်လက် ပြောလေ၏။ " ငါတို့ကို နာမည်အသစ် ပြောင်းပေးကြတယ်.. ထုံရီ.. ထုံအာ.. ထုံစန်း.. ထုံဝူ.. အစသဖြင့်ပေါ့.. ငါက ထုံစန်းပေါ့.. "

" မိုယန်ကလန်ရဲ့ အမွေဆက်ခံသူတွေက သူတို့အတွက် ကျွန်တွေ လာရွေးကြတဲ့အခါမှာ မင်းအမေနဲ့ စတွေ့ခဲ့ကြတာပါပဲ.. "

ထိုစကားကို ပြောနေသည့်အချိန်မှာ ထုံစန်းမှာ ပြုံးနေခဲ့သည်။

" အဲဒီအချိန်တုန်းက မင်းအမေက ငယ်ငယ်လေးပဲ ရှိသေးတယ်.. ၁၃ နှစ်လောက်ပဲပေါ့.. အခု မင်းအသက်ထက် ပိုငယ်သေးတာပေါ့.."

ရွှယ်ယင်မှာ စိတ်ဝင်တစားဖြင့် နားထောင်နေသည်။

" သူမက အရမ်းကို အပူအပင်ကင်းမဲ့ လွတ်လပ်နေတာပဲ..."

" နေ့တိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဆော့ကစားတယ်.. အပြစ်ကင်းတဲ့ ကလေးတစ်ယောက်လိုပဲ.. ကျွန်တစ်ယောက်ဖြစ်တဲ့ ငါ့အပေါ်မှာလည်း အထင်သေးခြင်းလည်း မရှိဘူး.. မိုယန်ကလန်ထဲက တခြားအမွေဆက်ဆံတဲ့ကလေးတွေက ငါ့ကို အနိုင်ကျင့်ရင်လည်း သူက အော်ဟစ်ပြီးတော့ ငါ့အတွက် ဒေါသတကြီးနဲ့ ပြန်တုံပြန်ပေးတယ်လေ.. "

ထုံစန်းဟာ လှပလွန်းနေသည့် နှင်းများ ဖုံးလွှမ်းနေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြန်သည်။

" ဒီအမှတ်တရတွေက အသေးအဖွဲ့အရာကလေးလိုပဲ.. ငါလည်း မိုယန်ကလန်မှာ အသက်ဆုံးတိုင် နေသွားရလိမ့်မယ်လို့ တွေးခဲ့မိတာပေါ့.. ဒါပေမဲ့.. သူ အသက် ၂၄ နှစ်ရောက်တဲ့အချိန်မှာ မိုယန်ကလန်က သူ့ကို အသက် ၁၅၂ နှစ်ရှိတဲ့ လူကြီးတစ်ယောက်နဲ့ အတင်းလက်ထပ်ပေးလိမ့်မယ်လို့.. ဘယ်သူက တွေးမိမှာလဲ.. "

" အသက် ၁၅၂ နှစ်..!! " ရွှယ်ယင်မှာ မျက်လုံးပြူးကျယ်သွား၏။

" အမေက အသက် နှစ်ဆယ်ကျော်ပဲ ရှိသေးတယ်.. ဟိုလူကြီးက အသက် ၁၅၀ ကျော်.. ဟုတ်လား.. နောက်နေသလားဗျာ.. "

" ပြောရရင် အဲဒီကလန်က မိုယန်ကလန်ထက် ပိုပြီး အင်အားကြီးတယ်လေ.. အဲဒီကလန်က ယွီယွီခရိုင်မှာ အင်အားကြီးကလန်သုံးခုထဲက တစ်ခုလေ.. အဲဒါကြောင့် မိုယန်ကလန်က အရှက်မရှိဘဲ ငယ်ရွယ်တဲ့ မိန်းမပျိုတစ်ယောက်နဲ့ လက်ထပ်ပေးဖို့ ကမ်းလှမ်းခဲ့ကြတာပေါ့.."

ထုံစန်းက ဆက်လက် ပြောပြနေဆဲပင်..။

" သူမဟာ ဒီလို နစ်နာပြီ ခံပြင်းစရာကောင်းတဲ့ အရာမျိုးကို ကြုံတွေခံခဲ့ဖူးသူတစ်ယောက်လည်း မဟုတ်ခဲ့ဘူးလေ.. သူမက ဘယ်လို လက်သင့်ခံနိုင်ပါ့မလဲ.. အဲ့မှာ သူမက အခွင့်အခါကောင်းကို စောင့်ပြီ ထွက်ပြေးခဲ့တာပေါ့.."

" ယွီယွီခရိုင်ကနေ ထွက်ပြေးလာခဲ့တယ်.. ယုမိုပြည်နယ်ကနေတောင် ဆက်ပြီ ထွက်ပြေးခဲ့တယ်လေ.. ခက်ခဲကြမ်းတမ်းတဲ့ ခရီးအရှည်ကြီးကို ထွက်ပြေးလာလိုက်တာ နောက်ဆုံး အန်းယန်ပြည်နယ်အထဲကို ရောက်ရှိလာခဲ့တယ်.. "

" ငါကလည်း သခင်မအနောက်ကို လိုက်ခဲ့တာပေါ့.. သခင်မနဲ့ငါက စွန့်စားခရီးကြမ်းကို ဖြတ်သန်းလာခဲ့တယ်.. နောက်တော့ ငါဟာ ကျုံးလိန်နဲ့ သိကျွမ်းခဲ့ပြီတော့ မင်းရဲ့အဖေ တုန်ပိုလီကိုပါ ထပ်ပြီ သိကျွမ်းလာခဲ့တယ်.. "

" ဟားဟား.. ဒီလို ထွက်ပြေးခဲ့ရတဲ့ ခရီးကြမ်းဟာ အရမ်းကို အံ့သြဖို့လည်း ကောင်းတယ်.. အသက်ဘေးနီးရတဲ့ တိုက်ပွဲတွေလည်း တိုက်ခဲ့ရတယ်.. တစ်ယောက်ကို တစ်ယောက် အမှီသဟဲပြုရင်း ခိုင်မာတဲ့ သစ္စာတရားနဲ့ ရင်းနှီးမှုတွေ ဖြစ်တည်လာခဲ့တယ်.. သခင်မက သူ့အတိတ်ကြောင့် မင်းအဖေနဲ့ တစ်ခြားသူတွေကို ဒုက္ခရောက်စေမှာ စိုးပေမဲ့ သူမရဲ့ အတိတ်အကြောင်းကို အသိပေးခဲ့တယ်.. " ခြင်္သေ့လူကြီး ထုံစန်းဟာ အတိတ်အဖြစ်ကို ပြောပြလေသည်။

ကျုံးလိန်ဟာ ခေါင်းကို ညိတ်လိုက်ရင်း.. " ငါတို့လည်း မင်းအမေကြောင့် မိုယန်ကလန်အကြောင်းကို သိလာခဲ့ရတာ.. ဒါပေမဲ့ ငါတို့က သေခြင်းတရားကို ကြောက်တဲ့သူတွေမှ မဟုတ်တာ.. မိုယန်ကလန်ကိုလည်း မကြောက်ပါဘူး.. ဟားဟား.. ဂရုကိုမစိုက်ခဲ့တာ.. "

" အဲဒီနောက်တော့ မင်းအဖေနဲ့ သခင်မက နီးစပ်ခဲ့ပါတယ်... "

ခြင်္သေ့လူကြီး ထုံစန်းက ရယ်မောရင်း ပြောလိုက်သည်။

" မင်းကို ကိုယ်ဝန်ရလာတဲ့အခါကျတော့ သခင်မက စွန့်စားလှည့်လည်သွားတာကို ရပ်နားလိုက်တယ်.. ပြီးတော့ အခြေချနေထိုင်ဖို့အတွက် နေရာရှာလိုက်တဲ့အခါမှာ မင်းအဖေရဲ့ ဇာတိဖြစ်တဲ့ အဇူရီမြစ်စီရင်စုနယ်မြေကိုပဲ ရွေးပြီ ပြန်သွားကြတယ်.. "

" နောက်တော့ ဘာဆက်ဖြစ်လဲဆိုတော့ မင်းလည်း သိပါတယ်.. အဇူရာမြစ်တိုင်းပြည်မှာ ငါတို့ ရှစ်နှစ်လောက် အေးအေးချမ်းချမ်းနဲ့ နေခဲ့ကြတယ်.. ဒါပေမဲ့ မိုယန်ကလန်က ငါတို့ကို ရှာတွေနိုင်ခဲ့တယ်.. မင်းမိဘတွေကိုလည်း ခေါ်သွားကြတယ်.. "

ရွှယ်ယင်မှာ ခေါင်းကို အသာညိတ်ချလိုက်သည်။

အားလုံးက ဒီလို ဖြစ်ပျက်သွားခဲ့တာလား..!!! မိုယန်ကလန်က လက်ထပ်ဖို့ကို အတင်းအကြပ်စီစဥ်ခဲ့တယ်.. ဒါပေမဲ့ အသက် ၁၅၂ နှစ်ရှိတဲ့ လူကြီးတစ်ယောက်နဲ့..!! ဒဏ္ဍာရီအဆင့်တစ်ယောက်တောင်မှ အများဆုံး အသက် ၂၀၀ အထိပဲ နေလို့ရတာ.. အများစုက အသက် ၁၇၀ ၁၈၀ မှာ သေကြတာလေ..!!

" မိုယန်ကလန်က နှစ်ထောင်ချီ ကြာမြင့်လာခဲ့တဲ့ ရှေးဟောင်းကလန်တစ်ခုပါ.. ကလန်ရဲ့ ရှေ့ရိုးစွဲစည်းကမ်းတွေက တင်းကြပ်နေဆဲပါပဲ.. "

ခြင်္သေ့လူကြီး ထုံစန်းက " လက်ထပ်ဖို့ စီစဥ်တာကို ငြင်းဆန်ထွက်ပြေးသွားတဲ့အတွက်ကြောင့် မင်းအမေလည်း အတော်လေး အပြစ်ဒဏ်ခံရမှာပဲ.. "

" ငါတော့ လုံးဝကို နားမလည်ဘူးကွ.. " ကျုံးလိန်က ကျိတ်ရယ်လိုက်ကာ

" ဒီလောက် အင်အားကြီးတဲ့ မိသားစုတစ်ခုက သူတို့ရဲ့ အမွေဆက်ဆံသူတွေကို စတေးပစ်ခွင့်ပြုခဲ့တာကိုပေါ့.. သူတို့ မရှက်ဘူးလား.. ဒါမှမဟုတ် ကလန်ရဲ့ လူကြီးအပိုင်းတွေက သူတို့ရဲ့ မျိုးဆက်သစ်တွေကို လုံးဝ ဂရုမစိုက်တာလား.. "

" ကျုံးလိန်.. မိုယန်ကလန်က နှစ်ပေါင်းထောင်ချီ ရှိလာခဲ့တဲ့ ကလန်တစ်ခုလေ.. သူတို့မှာ ကလန်လူဦးရေက သောင်းနဲ့ချီ ရှိနေပြီပေါ့.. လူနည်းနည်းလောက်ကို စတေးပစ်လိုက်တာလောက်တော့ သူတို့ ဘယ်ဂရုစိုက်မှာလဲ.. "

ထုံစန်းက ကျုံးလိန်အား ရှင်းပြလိုက်သည်။

" ဟွန့်.. တကယ်လို့ သူတို့က အရမ်းကို အင်အားကြီးတယ်ဆိုရင် ဒီလို ငယ်ရွယ်တဲ့ မျိုးဆက်သစ်ကို အသက် ၁၀၀ ကျော်တဲ့ လူကြီးတစ်ယောက်နဲ့ လက်ထပ်စေဖို့ အကြောင်းကို မရှိတာ.. ကလန်က အင်အားနည်းနေတယ်ဆိုရင်တော့ အဲလို ဖြစ်လိမ့်မယ်.. ဒါပေမဲ့.. ဒီလို ကလန်ရဲ့ ပုံရိပ်ထိခိုက်စေတဲ့ အတင်းအဓမ္မလက်ထပ်ခိုင်းတာက အရမ်းကို အရှက်မဲ့လွန်းတဲ့ ကိစ္စတစ်ခုပဲ.. အရမ်းကို ရွံ့ရှာဖို့ ကောင်းလိုက်တာကွာ.. "

" အမေလုပ်တာ မှန်တယ်.. အမေ ဒီလို မဖြစ်သင့်ဘူး.. "

ရွှယ်ယင်ပင် ထိုသို့ အတွေးမျိုးအား ဒေါသထွက်ထွက်ဖြင့် တွေးမိသည်။

အင်အားကြီးလျှင် တစ်ခြားသူက လက်ထပ်ထိမ်းမြားဖို့ ကမ်းလှမ်းကြမည်။ အင်အားနည်းလျှင် တစ်ခြားသူအား ထိုသို့ လုပ်ရပေလိမ့်မည်။ ကလန်တစ်ခုသည် ထာဝရ တည်မြဲသည်ဆိုတာ မရှိနိုင်ပေ။

" မိုယန်ကလန်က မင်းမိဘတွေကို ဖမ်းသွားခဲ့ပြီလေ.. အခု ငါတို့ သူတို့ကို ဘယ်လို ကယ်တင်ကြမလဲ.."

ထုံစန်းက တုန်လှုပ်စွာဖြင့် ခေါင်းကို ခါယမ်းရင်း ပြောလိုက်သည်။

" နဂါးတောင်အိမ်တော်နဲ့ တွေ့ပြီးပြီဆိုတော့ သူတို့မှာ ဘာအစီအစဥ်ရှိလဲ.. "

ထုံစန်း၏ စကားကြောင့် ကျုံးလိန်က ရွှယ်ယင်အား မေးလိုက်သည်။

" ကျနော်တို့မှာ သတင်းအချက်အလက် မရှိနေဘူး ဖြစ်နေတယ်.. ကျနော်တို့ နောက်တစ်လ စောင့်ရမယ်.. " ရွှယ်ယင်က ဖြေလိုက်သည်။

အင်ပါယာတစ်ခုလုံးတွင် ပြည်နယ် ၁၉ ရှိသည်။ ထိုအထဲတွင် ကုန်းတွင်းပိုင်းပြည်နယ်နှင့် ပင်လယ်ရေနက်ပိုင်းပြည်နယ်တို့ ရှိကြသည်။ ဥပမာအားဖြင့် အန်းယန်ပြည်နယ်တွင် အဆုံးမဲ့လေပြေသူရဲကောင်း၏ ချီချိုးပိုင်ကလန် ရှိသည်။ ထိုကလန်သည် ပြည်နယ်တစ်ခုလုံးအား သြဇာအာဏာသက်ရောက်မှုရှိ၍ ပထမတန်းကလန်အဖြစ် သတ်မှတ်လို့ ရသည်။

ထိုနည်းတူစွာ အဇူရီမြစ်စီရင်စုနယ်မြေတွင် စစ်ကလန်က ပထမဖြစ်သည်။ ယုမိုပြည်နယ်က ယွီယွီခရိုင်တွင် မိုယန်ကလန်က အပြည့်အဝ ထိန်းချုပ်ထားသည်။ စစ်ကလန်၏ အစွမ်းထက်ဆုံးလူတစ်ယောက်ဖြစ်သည့် စီလျောင်ဟုံမှာ ဒဏ္ဍာရီအဆင့်တစ်ယောက်ဖြစ်ပြီ သွေးနတ်ဆိုးအဖြစ် ပြောင်းလဲခဲ့သည်။ မိုယန်ကလန်တွင်မူ အစွမ်းထက်ဆုံးသည် ဟန်ပြအထွတ်အထိပ်ဆင့် ဖြစ်လေသည်။ အင်ပါယာတစ်ခုလုံးတွင် ထိုကဲ့သို့ ခရိုင်အဆင့်နယ်ပယ်တစ်ခုကို ထိန်းချုပ်ထားနိုင်သည့် ကလန်ကို ဒုတိယတန်းကလန်အဖြစ် သတ်မှတ်ထားသည်။

" ငါ့ရဲ့ ရှေးဟောင်းသွေးအမွေနဲ့ ငါ့ရဲ့ လှံသိုင်းပညာနဲ့ဆို ငါဟာ ငွေလသူရဲကောင်းအဆင့်တစ်ယောက်နဲ့ ယှဥ်လို့ ရတယ်.. "

ရွှယ်ယင်ဟာ စိတ်ထဲတွင် တွေးလိုက်မိသည်။

" အနာဂတ်မှာ ငါဟာ စီလျောင်ဟုံနဲ့ ဟန်ပြအထွတ်အထိပ်အဆင့်ကို ကျော်ဖြတ်နိုင်ရမယ်.. "

ရှေးဟောင်းသွေးအမွေ နိုးထလာခဲ့သည့် သစ်ခုတ်သမားသူရဲကောင်းမှာ အထွတ်အထိပ်အဆင့်တစ်ယောက်ကို ပုဆိန်တစ်ချက်လွှဲရုံနှင့်ပင် သတ်လို့ ရနိုင်သည်။

ဒါသည် သူ့ ရည်မှန်းချက် ဖြစ်လေသည်။

" အခု ငါ့မိဘတွေ ဘယ်လို ရှိနေကြမလဲ.. "

ရွှယ်ယင်မှာ သူ့မိဘအတွက် စိတ်ပူသွားခဲ့သည်။ သူတို့ တစ်ခုခု ဖြစ်သွားမှာကို သူ စိုးရိမ်သည်။ သူသည် ထိုအကြောင်းအား တွေးပင် မတွေးရဲချေ။ တကယ်၍ တစ်ခုခု ဖြစ်ခဲ့လျှင် မိုယန်ကလန်အား နောင်တရသွားအောင် သူ သေချာပေါက် လုပ်မည်။

" နောက်တစ်လပဲ.. နဂါးတောင်အိမ်တော်ကနေ သတင်းရလာလိမ့်မယ်.. "

ရွှယ်ယင်က ထိုသို့ ပြောလိုက်ပြီ စိတ်ပူနေတာကို အောင့်အည်းလိုက်သည်။

***

အချိန်က တစ်ရက်ပြီး တစ်ရက် ဖြတ်သန်းသွားသည်။

လတစ်ဝက်အကြာတွင် မှော်ဆရာကြီး ပိုင်ယွမ်ကျစ်က နှင်းကျောက်ရဲတိုက်သို့ ရောက်ရှိလာသည်။

ရွှယ်ယင်ကိုယ်တိုင် ဂိတ်တံခါးအဝအထိ သွား၍ ကြိုဆိုလိုက်ကာ မေးလိုက်သည်။

" မှော်ဆရာကြီး.. ဘာလို့ ကိုယ်တိုင်လာရတာလဲ.. တစ်ယောက်ယောက်လွှတ်လိုက်လို့ ရတာပဲ.. "

" ဟားဟား.. ဆေးလ်ဗားမွန်းဝံပုလွေဘုရင်ကို မင်းက တကယ်ပဲ သတ်လိုက်တာကိုး.. အစက ငါ သံသယတော့ ဖြစ်မိတယ်.. အခုက ရီရွှေမြို့တစ်မြို့လုံးက သိနေကြပြီလေ.. ဓားကောက်အဖွဲ့က မင်းရဲ့ ဆေးလ်ဗားမွန်းဝံပုလွေဘုရင်းသားမွေးကို လိုချင်ကြတယ်.. ဒါပေမဲ့ မင်းရဲ့ လှံသိုင်းနဲ့ သေကုန်ကြတယ်.. အခုဆိုရင် လူအားလုံးက မင်းကို အကောင်းဆုံးစစ်သည်တော်တစ်ယောက်လို့ ဂုဏ်ပြုနေကြပြီလေ.. "

ပိုင်ယွမ်ကျစ်က သဘောကျစွာဖြင့် ရယ်မောလိုက်သည်။ သူ့အနောက်က တပည့်တပန်းများကမူ ရွှယ်ယင်အား စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသည်။

အပိုင်း ( ၃၀ ) အိမ်နီးနားချင်းအိမ်

" ဟားဟား.. အမွှမ်းတင်လွန်းနေပါပြီ.. မှော်ဆရာကြီး.. လာ.. အထဲဝင်ပြီ စကားပြောကြတာပေါ့.. "

ရွှယ်ယင်က ချိုသာစွာ ပြုံးလိုက်ကာ ပြောလိုက်သည်။

" အင်.." ယခုအချိန်မှာ ပိုင်ယွမ်ကျစ်သည် ရွှယ်ယင်အား ကလေးတစ်ယောက်လိုသဘောထားပြီ မဆင်မခြင် မဆက်ဆံရဲတော့ပါဘူး။ ဆေးဗာ်မွန်းဝံပုလွေဘုရင်သည် ၎င်း၏ ဝံပုလွေအုပ်စုကြီးနှင့် အင်အားတောင့်တင်းလျက် ရှိနေတာကိုပင် ရွှယ်ယင်က ရအောင် သတ်ဖြတ်နိုင်ခဲ့သည်။ ယခုအချိန်တွင် သူသည် ရီရွှေမြို့၏ အထွန်းတောက်ဆုံး ပညာရှင်တစ်ယောက်ဟု လူအများက သမုတ်နေကြပါပြီ။ နောင်နှစ်အနည်းငယ်တွင် သူသည် ဒဏ္ဍာရီအဆင့်သို့ ရောက်ဖို့ အလားလာများသည်။ ထိုအခါ သူသည် အဇူရီမြစ်စီရင်စုနယ်မြေ၏ ထောက်တိုင်တစ်တိုင် ဖြစ်လာပေလိမ့်မည်။ သူ့ရဲ့ အစွမ်းအစတွေအောက်မှာ ခရိုင်တစ်ခုလုံး တုန်လှုပ်ချောက်ချားကြပေလိမ့်မည်။

ထို့အပြင် ပိုင်ယွမ်ကျစ် ကြားဖူးသည့် ကောလာဟလအရ တုန်ပိုရွှယ်ယင်သည် လှံသိုင်းပညာအား လှံနတ်ဆိုးတစ်ကောင်လို လေ့ကျင့်ခဲ့သည်။ မရေတွက်နိုင်သော ဒဏ္ဍာရီဝင် အထွတ်အထိပ်အဆင့်များတွင် တချို့သည် ပန်းချီရေးဆွဲခြင်း ဒါမှမဟုတ် သံလက်နက်များ ထုလုပ်ခြင်းတို့တွင် အရူးအမူး စွဲလမ်းကြသလို တချို့မှာလည်း နေ့တိုင်းလိုလို ကောင်းကင်ပြင်ကို မူးဝေသွားလောက်သည်အထိ ငေးစိုက်ကြည့်ကာ ရုတ်တရက် ဥာဏ်အလင်းပွင့်၍ အထွတ်အထိပ်အဆင့် ရောက်တာမျိုးလည်း ရှိသည်။

" ဒီကလေးက ငယ်ငယ်ကတည်းက အစွဲအလမ်းကြီးခဲ့တယ်.. အခုလည်း သူက သန်မာလာခဲ့ပြီ.. အနာဂတ်မှာ သူက အထွတ်အထိပ်အဆင့်နယ်ပယ်ကို ရောက်နိုင်တယ်ဆိုတာ လုံးဝ ဖြစ်နိုင်ခြေရှိတဲ့ အရာတစ်ခုပဲ.."

ပိုင်ယွမ်ကျစ်က စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။ သို့သော ထိုအတွေးသည် မှန်းဆခန့်မှန်းခြင်းသာ ဖြစ်၏။ လူငယ်တွေ၏ အစွဲအလမ်းကြီးသည့် အရာအပေါ် ရှုမြင်သည့် အတွေးသာ ဖြစ်သည်။ အဆုံးသတ်အခါမှာတော့ အထွတ်အထိပ်အဆင့်ရောက်ခဲ့သူတို့မှာ အရေအတွက်က အမှန်ပင် အလွန် နည်းပါးလှပါ၏။

သူတို့နှစ်ယောက်သည် ဘေးချင်းယှဥ်ကာ ရဲတိုက်အတွင်းသို့ လျှောက်ဝင်သွားကြသည်။

အထဲက ဧည့်ခန်းသို့ ရောက်သည့်အခါတွင် သူတို့နှစ်ယောက်စလုံး ခွဲထိုင်လိုက်ကြသည်။ ကျုံးလိန်နှင့် ထုံစန်းတို့က ဘေးတွင် ထိုင်ကြ၏။

" ငါ မင်းရဲ့သတင်းကို အပြင်မှာ ကြားထားပြီးပါပြီ.. ကော့ပင်းကို သိုင်းကွက် နည်းနည်းလေးနဲ့တင် သတ်လိုက်နိုင်တယ်ဆိုတာ အခုထိ ငါ အံ့သြလို့ မဆုံးဘူး.. ဓားကောက်ဓားပြအဖွဲ့ကိုလည်း ပြိုလဲသွားအောင် လုပ်နိုင်ခဲ့တယ်.. ငါဟာ အချိန်အကြာကြီး အသက်ရှင်နေထိုင်လာခဲ့တာ.. ဒါပေမဲ့ အရှင်သခင်လေးလိုမျိုး စွမ်းအားကြီးတဲ့ စစ်သည်တော်တစ်ယောက်ကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး. မိသာစုကြီးတွေရဲ့ အစွမ်းကြီးတဲ့ အမွေဆက်ဆံသူတွေဆိုတာ ကြားပဲ ကြားဖူးခဲ့တာ.. အခုတော့ ပထမဆုံးအကြိမ် ကိုယ်တိုင်တွေ့ဖူးပါြပီ.. "

ပိုင်ယွမ်ကျစ်က ပြုံးရွှင်စွာ စတင်ပြောလိုက်၏။

" မှော်ဆရာကြီး.. ကျနော်ကို ချီးကျူးရုံသက်သက်နဲ့ ဒီအထိ ရောက်အောင် လာခဲ့တာ ဟုတ်မယ်မထင်ပါဘူးနော်.. " ရွှယ်ယင်က စပ်စုကြည့်လိုက်သည်။

မိသာစုကြီးဆိုသည်က အရင်းအမြစ်များစွာ အသုံးပြုပြီ သူတို့၏ အစွမ်းထက် အမွေဆက်ခံသူတို့ကို ကျင့်ကြံစေကြသည်မဟုတ်လား။ သို့သော် ရွှယ်ယင် ထိုအရာများကို ဂရုမစိုက်။ ထိုအတွက်လည်း သူဟာ မသာယာ မကျေနပ်နေခဲ့ပေ။ သူ့၏ အဓိက ရည်မှန်းချက်ကား အထွတ်အထိပ်အဆင့်တစ်ယောက် ဖြစ်လာဖို့အတွက်သာ ဖြစ်သည်။ ဒဏ္ဍာရီလာသမိုင်းကြောင်းများနှင့် ယှဥ်ကြည့်လျှင် သူသည် သာမန်လူတစ်ယောက်ဟုသာ တွေးသည်။

" ဟားဟား.. ဟုတ်ပါတယ်.. ဒီနေ့ လာရတာ အကူအညီတစ်ခု တောင်းချင်လို့ပါ.."

ပိုင်ယွမ်ကျစ်က ကွေ့ဝိုက်မနေဘဲ ပြောလိုက်တော့သည်။

" ပြောကြည့်ပါ.. အတတ်နိုင်ဆုံး ကူညီပေးပါမယ်.. " ရွှယ်ယင်က ပြန်ပြောလိုက်သည်။

" ကောင်းပြီ.. အခု ငါဟာ ရီရွှေမြို့ထဲက ငါ့ရဲ့ အိမ်တော်မှာ နေထိုင်ပါတယ်.. ဒါပေမဲ့ အထက်တန်းစားအသိုင်းအဝိုင်းတွေကြောင့် ငါအတွက် မကြာခဏ အနှောင့်အယှက်ဖြစ်ရတယ်.. ဒါတွေကို ငါ သည်းမခံနိုင်တော့ဘူး.. "

ပိုင်ယွမ်ကျစ်က စိတ်ပျက်စွာဖြင့် အသက်ပြင်းချလိုက်သည်။

" နောက်ပြီး.. ငါ့ရဲ့ မှော်ပညာလေ့လာထားတာကို စိတ်ဝင်စားတဲ့ တစ်ခြားမှော်ဆရာတွေလည်း ရှိသေးတယ်.. သူတို့က ငါ သုတေသနလုပ်ပြီ စမ်းသပ်ထားတဲ့ ရလဒ်တွေကို မကြာခဏ ဝင်ခိုးကြတယ်လေ.. အခုဆိုရင် မင်းပေးထားတဲ့ ဆေးဗားမွန်းဝံပုလွေဘုရင်ရဲ့ အသည်းနှလုံးကြောင့် ငါ့မှာ အောင်မြင်အောင် စမ်းသပ်လုပ်နိုင်တော့မယ်.. ဒါပေမဲ့ ဒီလို ပြဿနာတွေကြောင့် ငါ့မှာ စိတ်ပူမိတာပါပဲ.. ဒါကြောင့် ရီရွှေမြို့ကနေ ထွက်ခွာသွားမယ်လို့ ဆုံးဖြတ်လိုက်တယ်.."

" ရီရွှေမြို့ကနေ ထွက်သွားမယ်..ဟုတ်လား.. " ရွှယ်ယင်မှာ အလန့်တကြား ဖြစ်သွားသည်။

" ဒါဆို ဘယ်မှာ နေဖို့ စဥ်းစားထားလဲ.."

သူ့ညီလေးက ထိုမှော်ဆရာြကီးထံမှာ ပညာသင်အဖြစ် စတင်တော့ရမည်မဟုတ်လား။

" ဟားဟား.. အဲဒါကြောင့် အရှင်သခင်လေးကို အကူအညီ လာတောင်းရတာပေါ့.. အရှင်သခင်လေးရဲ့ နှင်းကျောက်တောင်တန်းမှာ ချောင်ကျတဲ့ နေရာတစ်နေရာကို ရွေးပြီ အဲ့မှာ အိမ်ငယ်လေးတစ်လုံး ဆောက်ပြီတော့ နေချင်ပါတယ်.. "

ပိုင်ယွမ်ကျစ်က ရယ်မောလိုက်ကာ ပြောလိုက်ပါသည်။

" ရွှယ်ယင်.. မင်းရဲ့ နေရာက တိတ်ဆိတ်ငြိမ်သက်တယ်.. လုံခြုံတဲ့ တောင်တန်းအနေအထားနဲ့ အစောင့်တွေကလည်း ရှိတယ်.. သူခိုးတွေ မဝင်လာနိုင်အောင်လည်း ထောင်ချောက်တွေ ရှိတယ်.. ပြီးတော့ အထက်တန်းစားတွေလား.. ဘယ်သူက ဒီလောက်ဝေးကွာတဲ့ ခရီးကို ဒုက္ခခံပြီ အနှောင့်အယှက်လာပေးချင်ကြမှာလဲ.."

ရွှယ်ယင်သည် ကျုံးလိန်၏ မျက်နှာရိပ် မျက်နှာကဲကို ကြည့်လိုက်သည်။ တစ်ယောက်၏ အတွေးကို တစ်ယောက်က သဘောပေါက်လိုက်၏။

" ဟားဟား.. ကျနော်ရဲ့ နှင်းလင်းယုန်နယ်မြေမှာ မှော်ဆရာကြီးတစ်ယောက်က လာနေတာကို ကျနော်က ဂုဏ်ယူရမှာပါ.. ကောင်းချီးပေးတယ်လို့တောင် ပြောရမှာပါ.. "

ရွှယ်ယင်က ရယ်မောရင်း ဆိုလိုက်သည်။

" ကျနော်နယ်မြေထဲမှာ တောင်တွေ အများကြီး ရှိပါတယ်.. နေရာအလွတ်တွေလည်း အများကြီးပဲ.. ဆရာကြီးသာ စိတ်ကြိုက်နေရာကို ရွေးနိုင်ပါတယ်.."

ထိုအခါ ပိုင်ယွမ်ကျစ်က ကျေးဇူးတင်စွာြဖင့် ကြည့်လိုက်သည်။ သူ့အတွက် နေဖို့ နေရာတစ်ခု တောင်းဆိုတာဟာ ရရှိဖို့အခွင့်အရေးနည်းတယ်ဆိုတာ ပိုင်ယွမ်ကျစ် တွေးထားခဲ့ပေမဲ့ ရွှယ်ယင်က သဘောတူလိုက်သည့်အခါ ပိုင်ယွမ်ကျစ်မှာ အလွန်ပျော်ရွှင်သွားလိုက်၏။

" ဒါဆိုရင် ငါ နေရာတစ်ခုကို စရှာလိုက်တော့မယ်.."

" ဒါက အသေးအမွှားကိစွလေးပါ.. မှော်ဆရာကြီးလည်း ကြိုက်တဲ့အချိန်မှာ အိမ် စဆောက်လို့ ရပါတယ်.. အကူအညီလိုရင်လည်း ပြောပါ.. " ရွှယ်ယင်လည် ပြောလိုက်သည်။

" အိမ်တစ်လုံးဆောက်တာက လွယ်ပါတယ်.. ငါ့ရဲ့ တပည့်ထဲမှာ မြေမှော်ကို သိတဲ့သူ ပါပါတယ်.. " ပိုင်ယွမ်ကျစ်က ပြုံးလျက် ဆိုလိုက်သည်။

ရဲတိုက်တစ်တိုက် ဒါမှမဟုတ် မြို့ကြီးတစ်ခု တည်ဆောက်ရာတွင် သာမန်လူတွေအတွက် ကျောက်တုံးများ ဖြတ်ထွင်းသယ်ဆောင်သွားဖိုက အလွန် ခက်ခဲလှသည့် အလုပ်ပင်။ သို့သော် မြေမှော်ပညာရှင်အတွက်မူ စွမ်းအားသာ အလုံအလောက်ရှိပါက အောက်ခြေမြေသားကို နှစ်ခြမ်းခွဲ၍ ကျောက်တုံးများစွာ ထုတ်လုပ်ပေးလို့ရသည်။ အဆောက်အဦး တည်ဆောက်ရာတွင် အမှန်ပင် မြန်ဆန်စေသည်။ ရွှယ်ယင်တို့ နေထိုင်သည့် နှင်းကျောက်ရဲတိုက်သည်ပင် မှော်ပညာရှင်တစ်ယောက်က တည်ဆောက်ပေးထားခဲ့၏။ ရွှယ်ယင်တို့ အမေမှာ ကောင်းကင်အဆင့် မှော်ဆရာမတစ်ဦး ဖြစ်သော်လည်း မြေမှော်ပညာရပ်တွင် သူမ မကျွမ်းကျင်သောကြောင့်ပင်။

***

ရွှယ်ယင်နှင့် ကျုံးလိန်တို့သည် ဝရန်တာတွင် ရပ်လျက် အဝေးတစ်နေရာသို့ ငေးကြည့်နေကြသည်။

ရဲတိုက်၏ အုတ်တံတိုင်းအကျော်တွင် မိုင်အနည်းငယ်အကွာ၌ ရှိသော တောင်တစ်လုံးတွင် ကျောက်သားအဆောက်အဦးတစ်လုံးအား မှော်အစွမ်းများဖြင့် အလျင်အမြန် တည်ဆောက်လို့ နေ၏။ ထိုနေရာတစ်ဝိုက် မြေကြီးများက ကျောက်တုံးကြီးတစ်ခုအဖြစ် ဖွဲ့တည်လာနေကြသလို မြေစိုင်ခဲများလည်း နေရာအနှံ့ ပြန့်ကျဲနေသည်ကိုလည်း တွေ့နေရသည်။ တည်ဆောက်မှုအစပိုင်းသာ ရှိနေရာမှ နံရံများ စတင်ဖွဲ့စည်းလာကာ မီးနှင့်ရေ အလွှာပြင်များ တစ်ခုနှင့်တစ်ခု ပေါင်းစပ်လာသည်နှင့် နံရံများသည်လည်း ချောမွတ်တောက်ပြောင်သွားသည်။

မှော်ဆရာကြီး ပိုင်ယွမ်ကျစ်မှာ ထိုနံရံတွင် မှော်အစီအရင်အချို့ကိုပါ ထွင်းရေးလိုက်ပါသေးသည်။

" ရွှယ်ယင်.. ပိုင်ယွမ်ကျစ်က ဒီမှာ လာနေတာ ပြဿနာ မရှိလာနိုင်ဘူးလား.. "

ကျုံးလိန်မှာ စိတ်ပူပန်နေမိသည်။

" စိတ်မပူပါနဲ့.. ပိုင်ယွမ်ကျစ်က ရီရွှေမြို့မှာ နှစ်အတော်ကြာတဲ့အထိ နေထိုင်လာခဲ့တဲ့ သူတစ်ယောက်ပဲ.. အဲဒီမှာ ဘာမှလည်း ပြဿနာမရှာခဲ့ဖူးဘူး.. အဲဒါကြောင့် ဒီမှာနေလည်း ပြဿနာသိပ်မရှိလောက်ဘူး.. '

ရွှယ်ယင်က ရယ်မောလိုက်သည်။

" တကယ်လို့ ပြဿနာြဖစ်လာခဲ့ရင်တောင် အသေးအမွှားပဲ ဖြစ်လိမ့်မယ်.. သူ့ထက် ပိုအစွမ်းထက်တဲ့ လူတွေ ပြဿနာလာရှာရင်တောင် အသုံးမဝင်ပါဘူး.. ဒါတွေက ထည့်ပြောနေစရာတောင် မလိုပါဘူး.. "

ကျုံးလိန်လည်း ခေါင်းညိတ်လိုက်သည်။

ရွှယ်ယင်မှာ အတော်လေးလည်း ဝမ်းသာနေမိသည်။ မှော်ဆရာကြီးက ဒီမှာ လာနေသည့်အတွက်ကြောင့်လည်း သူ့ညီလေးက ပညာသင်ဖို့အတွက် သူ့ဆီကနေ ထွက်သွားစရာမလိုအပ်တော့ပါဘူး။

***

နှင်းကျောက်တောင်တန်းတွင် တောင်ကုန်းများစွာ ရှိသည်။

တောင်ထိပ်တစ်ခုတွင် နှင်းကျောက်ရဲတိုက်ရှိပြီ မိုင်အနည်းငယ်အကွာက တောင်တစ်လုံးမှာတော့ မှော်ဆရာကြီး၏ အဆောက်အဦးက ရှိသည်။ ထိုအဆောက်အဦးမှ ငါးမိုင်အကွာတွင်.. တဖန် ရဲတိုက်မှလည်း သုံးမိုင်အကွာတွင်ရှိသော တောင်ကုန်းတစ်ကုန်း၌ ဝါးအိမ်အသစ်တစ်လုံးကို ဆောက်ထားသည်။

ထို ဝါးအိမ်လေးကို ရွှယ်ယင်ကိုယ်တိုင် ဆောက်ထားတာ ဖြစ်ပြီ စွမ်းအင်ထိန်းချုပ်ရာတွင် အပြည့်အဝထိန်းချုပ်နိုင်သည့်အဆင့်နယ်ပယ်ကို ရောက်နေသည့် ပညာရှင်တစ်ယောက်မို့ အလွန်လှပစွာ ရှိလေ၏။

" ဒီနေ့ကစပြီ.. ဝါးအိမ်လေး ရှိတဲ့ တောင်ကုန်းမှာပဲ ကျနော် နေတော့မယ်.. "

ရွှယ်ယင်က ကျုံးလိန်၊ ထုံစန်းနှင့် ချင်းရှီတို့ကို ပြောလိုက်သည်။

" နယ်မြေအတွင်းမှာ ဖြစ်တဲ့ ကိစ္စတွေကတော့ ဦးလေးကျုံးလိန်ကိုပဲ ဒုက္ခပေးရတော့မယ်.. တကယ် အရေးကြီးတဲ့ ကိစ္စမှပဲ ကျနော်ကို လာရှာပါ.. "

" ကောင်းပါပြီ.. " ကျုံးလိန်က ခေါင်းညိတ်လိုက်ပါသည်။

" အစ်ကိုကြီး.. ဝါးအိမ်လေးမှာ တစ်ယောက်တည်း နေရတော့ မပျင်းဘူးလား.. "

ချင်းရှီးလေးက စပ်စုကြည့်လိုက်သည်။

" ဟားဟား. အဲလိုလည်း မဟုတ်ပါဘူးကွာ.. " ရွှယ်ယင်မှာ ပြုံးရယ်မိသည်။ လှံသိုင်းပညာတွင် ထူးခြားသည့်အဆင့်ကို ရောက်ပြီးနောက်ပိုင်းတွင် သူ့စိတ်က ထိုကဲ့သို့ ဖြစ်နေခဲ့ပါြပီ။ လှံသိုင်းပညာက အဆင့်တစ်ခုအထိ ရောက်ခဲ့သည့်အချိန်မှာ ကောင်းကင်နှင့် မြေကြီးတို့၏ သဘာတရားအပေါ် ခံစားရသည့် သူ့စိတ်အာရုံမှာလည်း ပြောင်းလဲနေခဲ့ပါပြီ။

မြက်ပင်များ ကြီးထွားနေတာတွေ.. ကြီးမားတဲ့ ကျောက်တုံးကြီးတွေ. တိုက်ခတ်လာတဲ့ လေပြေညှင်းတွေ.. သစ်ရွက်လေးများ လှုပ်ခတ်သွားတာတွေဟာ သူ့အတွက် အသစ်အဆန်းလို ခံစားရမိသည်။ ဒီအရာတွေကို သူ နှစ်များစွာ မေ့လျော့နေခဲ့သည် မဟုတ်လား။ ထိုကဲ့သို့ လှပသော လောကကြီးအား ကြည့်နေရသည်ကပင် သူ့အတွက် ဝါးအိမ်လေးထဲမှာ နေရသည်က ပျော်ရွှင်မှုတစ်မျိုး ဖြစ်စေခဲ့သည်။

သူ့လှံနှင့် လေ့ကျင့်နေရခြင်းသည်လည်း တစ်ခြားရှုထောင့်အရ ကြည့်လိုက်မည်ဆိုလျှင် စစ်သည်တော်များ အခြေခံအုတ်မြစ်ပိုင်နိုင်အောင် လေ့ကျင့်သည်နှင့် တူသည်ဟု ဆိုနိုင်သည်။ ရှင်ခြင်းသေခြင်းတိုက်ပွဲ၏ ကြိုးတန်းအပေါ် စွန့်စားလေ့ကျင့်ခဲ့ကြတာတောင်မှာ စစ်သည်တော်တို့မှာ သူတို့၏ ကျွမ်းကျင်မှုက အာားနည်းချက်ရှိသေးသည်။ အဆက်မပြတ် လေ့ကျင့်မှသာ တကယ့်ကို ပြည့်စုံကြမှာ ဖြစ်၏။ သူတို့၏ လက်နက်နှင့် တစ်သားတည်းဖြစ်လာပြီ လက်နက်၏ သခင်ကဲ့သို့ ဖြစ်လာသည့်အခါကျမှသာ သူတို့သည် ကောင်းကင်ဘုံသို့ သွားရာ ကိုယ်ပိုင်လမ်းစဥ်ကို နင်းလျှာက်နိုင်ကြလိမ့်မည်။

သို့သော် ရွှယ်ယင်မှာ ကွဲပြားသည်။

သူသည် သေရေးရှင်ရေးတိုက်ပွဲတွင်လည်း သူကိုယ့်သူ အတင်းမထိုးတင်ချင်ခဲ့။ သဘာဝတရားအတိုင်းသာ နေလိုပြီ သူ့၏ စွမ်းရည်များကို တစ်ဖြည်ဖြည်းချင်း မွမ်းမံ၍ အဆင့်မြင့်တင်ချင်သည်။ သူ့အားနည်းချက်ကို သိနားလည်၍ ပြီးပြည့်စုံအောင် လုပ်မည်။ ထိုကဲ့သို့ အခြေခိုင်သော အုတ်မြစ်မျိုးသည် ပို၍ မှန်ကန်ကာ အားထား၍ ရနိုင်သော်လည်း အောင်မြင်နိုင်ဖို့အတွက်သည် အလွန်ကို အရူးအမူးလေ့ကျင့်မှုမျိုးကို လိုအပ်သည်။ ထိုမှသာ လှံသိုင်းပညာအတွက် အခြေခိုင်သော အုတ်မြစ်ကို ရရှိလိမ့်မည်။ သူ၏ လက်နက်နှင့် တစ်သားတည်း ဖြစ်လာစေလိမ့်မည်။ အရိပ်ကျားသစ်နှင့် အသက်သေလုနီးမျှ အနီးကပ်တိုက်ခိုက်လိုက်ရခြင်းကြောင့်လည်း ရွှယ်ယင်သည် လှံပညာရှင်ကြီးအဆင့်ကို ရောက်ခဲ့သည်။

တွက်ကြည့်လိုက်မည်ဆိုလျှင်လည်း အသက်လုတိုက်ပွဲမျိုး မတိုက်ခိုက်ခဲ့လျှင်တောင်မှ နောက်ထပ် တစ်နှစ် နှစ်နှစ်အတွင်း ရွှယ်ယင်မှာ ထိုအဆင့်သို့ ရောက်မှာ သေချာသည်။

အသက်လုတိုက်ပွဲကဲ့သို့ စွန့်စားမှုမျိုး အကြိမ်များစွာ တိုက်ခိုက်ရသည်ထက် ထိုကဲ့သို့ ဉာဏ်သုံးရသည်ကို ရွှယ်ယင် ပိုနှစ်သက်သည်။

" အစ်ကိုကြီး.. ညီလေး. ခဏခဏ လာလည်လို့ ရမလား. " ချင်းရှီက မေးကြည့်လိုက်သည်။

ရွှယ်ယင်က ရယ်မောလိုက်ကာ " ဟားဟား.. အချိန်မရွေးပါပဲ.. ငါတောင် မင်းဆီကို ခဏခဏ လာလည်မှာ .. "

အနားတွင် ရပ်နေသည့် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကျုံးလိန်မှာ ရွှယ်ယင်အား ကြည့်ရင်း အသက်ပြင်းချလိုက်သည်။

သဘာဝတရားကို ဆရာတင်နိုင်ပါ့မည်လား..

ပြောရင်သာ လွယ်သည်။ ထိုအဆင့်ကို ရောက်ဖို့က အလွန်ခက်သည်။ အစွန်အဖျားလေးကိုတောင်မှ ထိတွေ့နိုင်ဖို့ပင် ခက်လှချေ၏။

***

ထိုနောက်ပိုင်းတွင် ရွှယ်ယင်သည် နှင်းကျောက်တောင်တန်းတွင် ဆောက်ထားသည့် ဝါးအိမ်လေး၌ အချိန်တိုင်းလိုလို နေခဲ့သည်။ သူသည် သစ်ခုတ်ခြင်း. ချက်ပြုတ်ခြင်း၊ တောတောင်စိမ့်စမ်းရေတို့အား သောက်သုံးခြင်း၊ တရားထိုင်ခြင်း၊ ဝါးရုံတော၌ လှံသိုင်းပညာအား လေ့ကျင့်ခြင်းတို့ကို စတင်လုပ်ဆောင်ခဲ့သည်။

အပိုင်း (၃၁ ) ခုံရိုယွဲ့

မှော်ဆရာကြီး ပိုင်ယွမ်ကျစ်က နှင်းကျောက် တောင်တန်းတွင် နေထိုင်လိုက်သည့် သတင်းကား ရီရွှေမြို့ထဲတွင် အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။

နှင်းကျောက်တောင်တန်း.. တောင်ကုန်းထက်က တောင်တက်လမ်းတစ်ခုတွင်..

" ရပ်!! "

တောင်တက်လမ်းပေါ်တွင် စစ်ဆေးရေးဂိတ်တစ်ခု ရှိနေ၏။ မည်သူမှ နှင်းကျောက်ရဲတိုက်အတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်၍ မရနိုင်ပေ။ စစ်သည်အုပ်စုတစ်စုက စစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာသည့် ငယ်ရွယ်သော ယောကျ်ားပျိုတစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်ကို ကြည့်ရှုလိုက်ကြသည်။ ထိုနှစ်ယောက်၏ ပုံသဏ္ဍာန်မှာ သာမန်အဝတ်အထည်ကို ဝတ်ဆင်ထားသည်ဖြစ်၍ သာမန်ပြည်သူကဲ့သို့ ပုံစံ ရှိကြလေ၏။

" ဒီကို ဘာကိစ္စ ရှိလို့လဲ.. " တစ်ယောက်သော စစ်သည်က အော်ဟစ်မေးလိုက်သည်။

" အစ်ကိုကြီး.." ချောမောသောမျက်နှာနှင့် မိန်မပျိုက " မှော်ဆရာကြီးက နှင်းကျောက်တောင်တန်းမှာ နေတယ်လို့ ကြားမိပါတယ်.. အဲဒါ မှော်ဆရာကြီးရှိတဲ့နေရာမှာ ဂါရဝ လာပြုချင်လို့ပါရှင့်.."

" ဟုတ်ပါတယ်.. အစ်ကိုကြီးခင်ဗျာ.. ကျေးဇူးပြုပြီ သက်ညှာပြီးတော့ မှော်ဆရာကြီးနဲ့ တွေ့ခွင့်ပြုပေးပါလားဗျာ. "

အဆိုပါ လူငယ်လေးကလည်း အသနားခံလိုက်သည်။

နှစ်ယောက်စလုံးမှာ ငယ်ရွယ်ကြသူ ဖြစ်ကြသည်မို့ နှစ်ယောက်စလုံးမှာလည်း ရည်မှန်းချက် ကြီးသည်။

မှော်ပညာရှင်..!! မြင့်မားသော အဆင့်အတန်းနေရာတစ်ခု.. !! သူတို့သည်လည်း မှော်ပညာရှင် ဖြစ်လိုသည်သာ..။

" ဟွန့်.." အစောင့်စစ်သည်တို့၏ ခေါင်းဆောင်ဖြစ်ဟန်တူသည့် ပိန်ပိန်ပါးပါးနှင့် အသက်လတ်ပိုင်း လူကြီးက နှာခေါင်းရှုံ့လိုက်ကာ " ကလေးတို့.. တစ်ခုလောက် မေးရမယ်.. မင်းတို့မှာ မှော်ပညာရှင်တစ်ယောက်ရဲ့ စွမ်းရည်တွေ ရှိကြလား.. "

" ကျနော်တို့ မသိပါဘူး.. "

" မှော်ဆရာကြီးနဲ့ တွေ့တဲ့အခါရကျရင် ကျွန်မတို့မှာ စွမ်းရည်ရှိလား မရှိလားဆိုတာ အဲ့အခါကျမှ သိရမှာပါ.. "

နှစ်ယောက်စလုံးက ကိုယ်စီ ဖြေလိုက်ကြသည်။

" ရယ်စရာပဲ.. " ထိုလူကြီးက ရယ်မောလိုက်သည်။

" မှော်ဆရာကြီးရဲ့အချိန်က ဘယ်လောက် တန်ဖိုးကြီးလဲဆိုတာ မင်းတို့ သိကြလား.. သူ့ကို တွေ့ရဖို့က အဲ့လောက်လွယ်မယ်လို့ ထင်နေလား.. ပြီးတော့ မင်းတို့မှာ မှော်စွမ်းရည် ရှိမရှိဆိုတာကိုတောင် မသိလာကြဘူး.. မှော်ဆရာြကီးက မင်းတို့ကို တစ်ယောက်ပြီ တစ်ယောက် လက်ခံတွေ့ဆုံပေးမယ်လို့ ထင်နေကြတယ်ပေါ့.. "

" ကျွန်မတို့နှစ်ယောက်ထဲက တစ်ယောက်က မှော်ပညာရပ်မှာ ပါရမီပါချင် ပါနေမယ်.. မှော်ဆရာကြီးကလည်း အကူအညီပေးရင် ပေးပါလိမ့်မယ်.. "

မိန်းကလေးငယ်က ထိုသို့ ပြောလိုက်လေသည်။

" တော်ပါပြီ.. " အစောင့်စစ်သည်ခေါင်းဆောင်က ခေါင်းကို ခါယမ်းလိုက်သည်။

" ပြန်ထွက်သွားကြပါ.. ဒီရက်ပိုင်းအတွင်းမှာ လူငယ်တွေ အများကြီး လာခဲ့ကြတယ်.. ကလေးတို့ .. မင်းတို့ လက်တွေ့ဆန်ကြစမ်းပါ.. ငါဆိုရင် ဒိုချီစွမ်းအင်ကို လေ့လာဖို့အတွက် စစ်တပ်ထဲကို ဝင်ခဲ့သေးတာပဲ.. အသက်သေလုနီးပါး တိုက်ပွဲတွေ အများကြီး ရင်ဆိုင်ခဲ့ရပြီးမှ ဒိုချီစွမ်းအင်ကို သိလာခဲ့တာ.. မင်းတို့ကို မှော်ဆရာကြီးက တပည့်အဖြစ် လက်ခံမယ်လို့ ထင်နေကြတာလား.. "

" ငါ အမှန်တစ်ခု ပြောပြလိုက်မယ်.. မှော်ဆရာကြီးက ဘယ်ဧည့်သည်ကိုမှ လက်မခံတော့ဘူးလို့ အမိန့်ထုတ်ထားပြီးသား.. အထက်တန်းစားမှူးမတ်တွေလာရင်တောင် သူက ထွက်မတွေ့တော့ဘူး.. မင်းတို့ဆိုရင် မပြောနေနဲ့တော့... "

အစောင့်စစ်သည်ခေါင်းဆောင်က သတိပေးသည့်အနေဖြင့် ပြောပြလိုက်သည်။

" ဟင်..!! "

လူငယ်နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့မှာ စိတ်ဓာတ်ကျစွာ ခံစားလိုက်ရသည်။

ထိုအစောင့်စစ်သည်တို့မှာလည်း တာဝန်အတိုင်း သူတို့အား ဝင်ခွင့်မပြုခြင်းသာ ဖြစ်သည်။ သူတို့ ဘယ်လောက်ပင် အသနားခံကြပေမဲ့ ဝင်ခွင့်မပြုခဲ့ကြချေ။

ထို့နောက် သိပ်မကြာလိုက်ချေ..

လူစီးရထားလုံးတစ်စီးက စစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာသည်။ ထိုရထားလုံးအနောက်တွင် မြင်းစီးသမားများ အုပ်စုကြီးတစ်စုက ကပ်လျက် စီးနင်းလာကြသည်။ ထိုရထားလုံးကား တန်ဖိုးကြီးဟန် ရကာ မှော်အစီအရင်များနှင့်ပင် နစ်မြုပ်ထားသည်။ လျင်မြန်သည့် အရှိန်နှင့် မောင်းနှင်လာတာတောင်မှ ရထားလုံးမှာ အလွန်ကို တည်ငြိမ်နေ၏။

" ရပ်!! " အစောင့်စစ်သည်များက အော်ဟစ်လိုက်တာ တားလိုက်ကြသည်။

" ငါတို့က ချောင်ကလန်က အရှင်ယွင်ချွေရဲ့ အခြွေအရံတွေပါ.. ကျွန်တော်တို့ရဲ့ အရှင်က သင်တို့ သခင်ရဲ့ ရဲတိုက်ကို လာလည်ချင်လို့ပါ.. "

ရထားလုံးမောင်းသမားက အစောင့်စစ်သည်တို့အား လှမ်းပြောလိုက်လေသည်။

" ချောင်ကလန်က အရှင်ယွင်ချွေ..?? "

အစောင့်စစ်သည်များမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြမိသည်။

ရီရွှေမြို့တွင် ကလန်ကြီး များများစားစား မရှိကြပေ။ အရှင်ယွင်ချွေ၏ ချောင်ကလန်မှာ ရီရွှေမြို့တွင်ရှိ ကလန်းကြီး ဆယ်ကလန်ထဲက တစ်ခုဟု ဆိုရနိုင်သည်။ တုန်ပိုရွှယ်ယင် ခွန်အား မကြီးစဥ်အချိန်မှာလည်း ချောင်ကလန်က ရွှယ်ယင်တို့ထက် တစ်ဆင့်လောက်သာ အင်အားနည်းသည်။ အခုမှာ တုန်ပိုရွှယ်ယင်က ရီရွှေမြို့၏ နံပါတစ်ပညာရှင်ဖြစ်လာသည့်အခါမှာ ချောင်ကလန်နှင့် တုန်ပိုကလန် နှစ်ခု၏ ကြားထဲက ကွာဟချက်မှာ အတော်ကြီးသွားပါပြီ။

" စစ်သည်ဆယ်ယောက်လောက်ပဲ ဖြတ်သန်းခွင့်ပြုပါမယ်.. ဒါကလည်း အရှင်ရွှယ်ယင်ကိုယ်တိုင် ပြောထားတဲ့ အမိန့်မို့ပါ.. နားလည်ပေးစေလိုပါတယ်.. "

" ဒါက.. " ရထားလုံးမောင်းသမားက တုံ့နှေးသွားသည်။

" ရတယ်.. အဖိုးဖန်နဲ့ နောက်လေးယောက်က ငါနဲ့ တောင်ပေါ်တက်သွားမယ်.. ကျန်တဲ့သူတွေက ဒီမှာပဲ စောင့်နေရစ်ကြ.. "

ရထားလုံးအတွင်းက အသံတစ်သံက ပြောလိုက်သည်။

" နားလည်ပါပြီ.. "

သန်မာသည့်စစ်သည်ငါးယောက်က ရထားလုံးကနေ ရိုးကျိုးသော အမူအရာဖြင့် လိုက်လာခဲ့ကြသည်။ သူတို့သည် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်း၍ တောင်ကုန်းထက်သို့ တက်သွားကြသည်။

" ကျွန်မတို့လည်း အရှင်ရွှယ်ယင်ဆီ သွားလည်ချင်ပါတယ်.. သွားခွင့်ပြုပါ.. "

လူငယ်နှစ်ယောက်ထဲက မိန်းမငယ်မှာ အော်ပြောလိုက်သည်။ ထိုနှစ်ယောက်မှာလည်း လက်လျှော့လိုသည့် ပုံမပေါ်ချေ။

" ဟားဟား... အရှင်သခင်ဆီ လာလည်ချင်လို့လား.. မှော်ဆရာကြီးကတောင် မတွေ့ချင်နေတာ.. ငါတို့ အရှင်က မင်းကို တွေ့ချင်ပါ့မလား.. "

ပိန်ပိန်ပါးပါးနှင့် အသက်လတ်ပိုင်း လူကြီးက ခေါင်းခါယမ်းလိုက်ရင်း ရယ်မောလိုက်သည်။

" စိတ်ကူးမယဥ်နဲ့တော့.. လက်လျှော့လိုက်ပါတော့.. "

***

နှစ်သစ်ကူးအချိန်အခါပင် မရောက်သေးချေ.. နှင်းကျောက်တောင်တန်းတွင် မကြုံစဖူး လူအလာ များပြားနေချပြီ။

ရီရွှေမြို့က အထက်တန်းအလွှာက ပုဂ္ဂိုလ်တို့မှာလည်း အလည်အပတ် လာရောက်နေကြသလို တချို့မြို့သူမြို့သားများက ကံစမ်းလို၍ လာကြပေ၏။ သို့ပေမဲ့ မှော်ဆရာကြီးမှာ ဧည့်သည် လက်မခံခြင်းကြောင့် ထိုအစား သူတို့သည် တုန်ပိုရွှယ်ယင်ထံ လာကြသည်။ ရွှယ်ယင်ထံမှ တစ်ဆင့် မှော်ဆရာကြီးအား သူတို့ကို တပည့်အဖြစ် လက်ခံစေဖို့ ပြောပေးစေလိုကြခြင်း ဖြစ်သည်။ မှော်ဆရာကြီးမှာ ရွှယ်ယင်နယ်မြေတွင် နေထိုင်သည်ဖြစ်၍ ရွှယ်ယင်၏ မျက်နှာဖြင့် ထောက်ညှာပေးလိမ့်မည်ဟု ထင်မြင်ယူဆနေခြင်းလည်း ဖြစ်သည်။

သို့သော် ရွှယ်ယင်ကိုယ်တိုင်က မည်သည့်ဧည့်သည်ကိုမဆို လက်သင့်မခံတော့သည့်အကြောင်းမို့ ကျုံးလိန်က ကူညီပြီတော့ ဧည့်သည်များကို တားမြစ်ထားရလေသည်။

တစ်နေ့သော မနက်ခင်းအချိန်တွင်..

ယောကျ်ားအစေခံတစ်ယောက်က တောင်အနောက်ဘက်ရှိ ဝါးအိမ်ထံသို့ အပြေးနှင်လာခဲ့သည်။ တဲအိမ်အတွင်းမှာ မည်သူမှမရှိ.. ရွှယ်ယင်ကို လည်း သူ မမြင်ချေ။

" အရှင်.. အရှင်.. " ထိုအစေခံယောကျ်ားက အော်ဟစ်ခေါ်လိုက်သည်။

ထိုအသံက ပဲ့တင်ထပ်သွားသည်။

တောင်စောင်းတစ်ခုတွင် စမ်းရေတစ်ခုက အပေါ်ကနေ စီးကျနေကာ အောက်ခြေရှိ ကန်တစ်ခုသို့ အရှိန်ပြင်းစွာြဖင့် စီးဆင်းနေလေသည်။ ရေခိုးရေငွေ့များကလည်း ခပ်လှမ်းလှမ်းအထိ မျောလွင့်နေပြန်၏။ ရေကန်အနားက ကျောက်တုံးကြီးတစ်တုံးထက်တွင် ရွှယ်ယင်သည် တောင်စမ်းရေ စီးကျနေသည့်အသံကို နာခံရင်း လက်သီးသိုင်းကွက်ကို လေ့ကျင့်နေလေ၏။ ထိုသိုင်းမှာ ဒိုချီသိုင်းလည်း ဖြစ်သည့် မီးလျှံသုံးဆင့်သိုင်းပင်။ ထိုလက်သီးသိုင်းအား လေ့ကျင့်သည့်အခါတွင် တစ်ကိုယ်လုံးရှိ အင်အားများ ထကြွလာစေသည်။ ရွှယ်ယင်သည် လက်သီးသိုင်းကွက်များဖြင့် ဟန်ချက်ညီညီ လှပစွာဖြင့် လေ့ကျင့်နေသည်။ တစ်ကိုယ်လုံးရှိ အင်အားများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ထိန်းချုပ်၍ ကောင်ကင်နှင့်မြေကြီးမှာ မီးသဘာဝစွမ်းအင်များကို သဘာဝအလျောက် ဖမ်းယူနေလေ၏။

ကောင်းကင်နှင့်မြေကြီးထံမှ မီးသဘာဝစွမ်းအင်များကို အဆက်မပြတ် အသက်ရှုသွင်းပြီ ကိုယ်အတွင်းတွင် မီးဒိုချီသို့ ပြောင်းလဲလိုက်သည်။

" ရှုသွင်း.. ရှထုတ်.. "

အသက်ရှချက် နှစ်ချက်ကြားတွင် လက်သီးတစ်ချက်.. ။ ရွှယ်ယင်မှာ မရေတွက်နိုင်ေသာ မီးလျှံများ ကိုယ်ခန္ဓာထဲသို့ ထွင်းဖောက်နေကြသလို ခံစားရသည်။ ထို့အတူ ပတ်ဝန်းကျင်မှလည်း မီးသဘာဝစွမ်းအင်များကိုလည်း ခန္ဓာကိုယ်က ဆက်တိုက် ဆွဲယူနေလေ၏။ သူရဲ့ ကမ္ဘာဦးသွေးအမွေက နိုးထလာသည်မှာ မကြာသေးသော်လည်း သူရဲ့ ဒိုချီစွမ်းအင်နှင့် ခန္ဓာကိုယ်တို့မှာ လျင်မြန်သည့်နှုန်းထားဖြင့် အဆက်မပြတ် တိုးတက်လာခဲ့သည်။ ရွှယ်ယင်မှာ လက်သီးသိုင်းကို အဆက်မပြတ် လေ့ကျင့်နေဆဲပင်။ တိုးတက်လာသော ခွန်အားတို့ကို ထောင့်စေ့နေအာင် အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ကို ရွှယ်ယင် လိုချင်နေခြင်းပင်။

" အရှင်.. " အဝေးကနေ ခေါ်သံကို ကြားလိုက်ရသည်။

" ဟင်.. " ရွှယ်ယင် သိုင်းလေ့ကျင့်တာကို ရုတ်ချည်း ရပ်နားလိုက်ပြီ အသံလားရာဘက်သို့ ဘယ်ညာကြည့်၍ နားစိုက်လိုက်သည်။

" ငါက ဘယ်သူနဲ့မှာ မတွေ့ချင်နေတာကို ဘာလို့ လာနေကြသေးတာလဲ မသိဘူး.."

ရွှယ်ယင် ရေရွတ်လိုက်ရင်း သူ့လှံကို ကောက်ကိုင်လိုက်သည်။

ဝှစ်!!

ရွှယ်ယင် လှုပ်ရှားမှုတို့သည် အလွန်တရာ လျင်မြန်နေ၍ လူအရိပ်တို့ပင် အနောက်တွင် ကျန်ရစ်နေခဲ့သယောင် ထင်မှားရသည်။ သာမန်လူတစ်ယောက်က ထိုမြင်ကွင်းအား ကြည့်မည်ဆိုလျှင် ရွှယ်ယင်အား မှုန်ဝါးဝါး အရိပ်တစ်ခုအဖြစ်သာ မြင်တွေ့ရလိမ့်မည်။ ထိုကဲ့သို့ အစွမ်းပကားမျိုးမှာ အမှန်ပင် ချောက်ချားစရာကောင်း၏။

" ရွှစ်.. ရွှစ်.. " ဝါးအိမ်လေးအနောက်တွင် အရိပ်များ ခဏတာမျှ ဖျတ်ခနဲ ဖျတ်ခနဲ ထွက်ရှိလာပြီးနောက် အစေခံ၏ အရှေ့တွင် ရွှယ်ယင်ကိုယ်တိုင် ထွက်ပေါ်လာခဲ့သည်။

" ဘာအကြောင်းကိစ္စလဲ.." ရွှယ်ယင်က မေးလိုက်၏။

ရုတ်တရက် ထွက်ပေါ်လာသော အရှင်ရွှယ်ယင်ကြောင့် အစေခံယောကျ်ားမှာ အံ့သြသွားပြီ တုန်လှုပ်သွားသည်။ ရွှယ်ယင်၏ အမေးစကားကိုလည်း ကမန်းကတန်းဖြင့် ပြန်ဖြေလိုက်သည်။

" အရှင်ကျုံးလိန်က သတင်းပို့ခိုင်းလိုက်လို့ပါ.. အရင်အရှင်သခင်ကြီးရဲ့ မိတ်ဆွေဟောင်းဖြစ်တဲ့ အရှင်ခုံဟိုင်က ရောက်နေလို့ပါ.. အရှင်ကိုလည်း လာရောက်ပေးပါလို့ အရှင်ကျုံးလိန်က မေးခိုင်းလိုက်ပါတယ်.. "

" ဦးလေးခုံ ဆိုပဲ... " ရွှယ်ယင် ခေါင်းကို အသာညိတ်လိုက်သည်။

ရွှယ်ယင်၏ အဖေတွင် ဦးလေးကျုံးနှင့် ဦးလေးထုံမှလွဲ၍ ရင်းနှီးသည့် မိတ်ဆွေတို့က အနည်းငယ်သာ ရှိသည်။ ရွှယ်ယင်တို့ အဖိုးမှာ ကပ်ဘေးရှောင်ရင်းမှာ ရီရွှေမြို့သို့ ရောက်ရှိလာခဲ့ရာ ဒေသခံမဟုတ်သောကြောင့် ရွာသားများက ဖယ်ကျဥ်ပြီ အနိုင်ကျင့်ကြသည်။ အဖိုးသည် အမဲလိုက်ရင်းမှ တောတောင်ထဲတွင် အသက်ဆုံးပါးခဲ့သည်။ ထိုအခါ မိဘနှစ်ပါးမရှိတော့၍ ရွှယ်ယင်အဖေမှာ ရွေးချယ်စရာမရှိဘဲ စစ်တပ်ထဲ ဝင်လိုက်ရသည်။ စစ်တပ်တွင် ရှိနေစဥ် ရွှယ်ယင်အဖေသည် ဒိုချီကို ကျင့်ကြံခွင့်ရခဲ့ပြီ အသက်အန္တရာယ်များသည့် စွန့်စားခရီးတွေမှာလည်း များစွာ ပါဝင်ခဲ့သည်။

ထို့ကြောင့်လည်း သူ့အဖေ၏ မိတ်ဆွေဆိုသည်က စစ်တပ်မှ မိတ်ဆွေများသာ ဖြစ်ကြသည်။ သို့သော်လည်း သူ့အဖေက စွန့်စားခရီးသွားလွန်း၍ သူ့မိတ်ဆွေအများစုနှင့် အဆက်အသွယ်ပင် မရှိတော့ချေ။ ခုံဟိုင်တစ်ယောက်သာ မကြာမကြာ လာလည်လေ့ ရှိသည်။ ရွှယ်ယင် ငယ်စဥ်အချိန်က ခုံဟိုင် မကြာခဏ လာလည်သည်ကို သူ ပြန်အမှတ်ရလိုက်သည်။ သူ့မိဘများ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရပြီးနောက် ခုံဟိုင်သည် တစ်နှစ်တစ်ခါသာ လာတော့သည်။ နောက်နှစ်များတွင်တော့ လူလွှတ်ပြီ နှစ်သစ်ကူးလက်ဆောင်သာ ပို့တော့သည်။ ရွှယ်ယင်တို့ကလည်း ဆက်ဆံရေးကို ထားရှိလို၍ ခုံဟိုင်ထံသို့ အပြန်အလှန်သဘောဖြင့် လက်ဆောင် ပြန်ပို့ပေး၏။

သူ့မိဘတွေ မရှိကတည်းက အရှင်ခုံဟိုင်ကိုယ်တိုင် မလာတော့သည်မှာလည်း အတော်တော့ ကြာသွားခဲ့ပါပြီ။

" ဟားဟား.. ရွှယ်ယင်.. မင်းကို နောက်ဆုံးတွေ့ပြီးကတည်းက မတွေ့ဖြစ်တော့တာ နှစ်တော်တော် ကြာသွားပြီပဲ.. အခုတော့ ရီရွှေမြို့ရဲ့ နံပါတ်တစ်ပညာရှင်တောင် ဖြစ်နေရောလား.. အံမခန်းပါပဲကွယ်.. "

ရွှယ်ယင်က ဧည့်ခန်းသို့ ဝင်လာသည်ကို တွေ့သည်နှင့် ဝဖိုင့်ဖိုင့် အသက်လတ်ပိုင်း လူကြီးတစ်ဦးက ထလာကာ ရယ်မောရင်း ပြောလိုက်လေသည်။

" ဦးလေးခုံဟိုင်.. " ရွှယ်ယင်က ပြန်လည် ရယ်ပြုံးရင်း နှုတ်ဆက်လိုက်သည်။

ခုံဟိုင်မှာ စိတ်ထဲတွင် သူ့ရွေးချယ်မှုအတွက် နောင်တရနေပါြပီ။ စစ်တပ်ကနေ အနားယူလိုက်ပြီးနောက် သူသည် စီးပွားရေးသမားတစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် လူတွေအများကြီးနှင့် မိတ်ဆွေဖြစ်လာကာ ခိုင်မာသော ဆက်ဆံရေးဖြစ်အောင် သူဘက်က ကြိုးပမ်းခဲ့သည်။ တုန်ပိုလီနှင့်သူ့ဇနီးတို့ ဖမ်းဆီးခေါ်ဆောင်သွားရသည့်အခါတွင် သူသည် ရွှယ်ယင်တို့ ညီအစ်ကိုတို့အား နှစ်သိမ့်ပေးဖို့အတွက် တစ်ခေါက်သာ လာခဲ့၏။ နောက်တစ်ကြိမ် မလာခဲ့တော့ချေ။ သို့သော် စီးပွားရေးဉာဥ်က ရှိနေသေးရာ ဆက်ဆံရေး မပြတ်လိုသည်၍ ရွှယ်ယင်တို့ထံ နှစ်သစ်ကူးလက်ဆောင်တော့ လူလွှတ်၍ ပို့ပေးခဲ့သည်။

တကယ်တမ်းတွင် သူ့မိတ်ဆွေအားလုံးအား လက်ဆောင်ပို့ပေးသည်ဟု ဆိုသော်လည်း တကယ်တမ်းမှာတော့ အရေးကြီးသည့် မိတ်ဆွေများကိုသာ ကိုယ်တိုင် သွားရောက်လည်ပတ်ခြင်း လက်ဆောင်ပေးခြင်းကိုသာ လုပ်ခဲ့ရသည်။ ယခုတော့ သူ့မိတ်ဆွေ ချန်ထားခဲ့သော ကလေးတစ်ယောက်ကို ပြန်ပြီ အလေးထားရလိမ့်မယ်လို့ သူ တွေးပင် မတွေးခဲ့မိချေ။ တုန်ပို ရွှယ်ယင်တစ်ယောက်တည်းနှင့် ကြောက်လန့်ဖွယ်ကောင်းသည့် ဓားကောက်အဖွဲ့အား သုတ်သင်ရှင်းလင်းနိုင်မည်ဟု မည်သူက တွေးထားမည်နည်း။ ဘယ်လိုမှပင် တွေးကြည့်လို့ မရနိုင်သည့် အရာတစ်ခုပေ။

" လာ.. လာ... ရိုယွဲ့.. နင့်အစ်ကိုကြီး ရွှယ်ယင်ကို နှုတ်ဆက်လိုက်ဦး.. "

ခုံဟိုင်က သူ့အနားမှာ ရပ်နေသည့် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးငယ်ကို ဆွဲပြီ ပြောလိုက်သည။

" အစ်ကိုကြီး ရွှယ်ယင်.. " ထိုမိန်းကလေးငယ်က ရှက်သည်းစွာဖြင့် နှုတ်ဆက်၏။

" ရိုယွဲ့.. " ရွှယ်ယင်က ပြုံးလိုက်သည်။

" မင်းလည်း အရွယ်ကြီးလာတာပဲ.. ငါ ငယ်ငယ်တုန်းကပဲ မင်းကို တွေ့ခဲ့ဖူးတာ.. ငါ့ကိုတောင် မှတ်မိပါ့မလားလို့.. အဲဒီတုန်းက မင်းက လေးငါးနှစ်ပဲ ရှိသေးတာ.. "

ခုံရိုယွဲ့သည် ခုံဟိုင်၏ သမီးတစ်ယောက်ဖြစ်ပြီ သူမကို ရွှယ်ယင် ငယ်စဥ်အချိန်ကပဲ တွေ့ဖူးထားသည်။ သူမသည် သူ့ထက် အသက် သုံးနှစ်လောက် ငယ်သည်။

" ဒီနေ့လာတာ မင်းကို အကူအညီတောင်းစရာတစ်ခု ရှိလို့ပဲ ရွှယ်ယင်ရေ.. "

ခုံဟိုင်က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

" ရိုယွဲ့က မှော်ပညာမှာ ပါရမီပါတယ်လေ.. အဲဒါ သူ့ကို တပည့်အဖြစ် လက်ခံပေးဖို့ မှော်ဆရာကြီးကို မေးပေးလို့ ရမလား.. ပြီးတော့ ရွှေဒင်္ဂါး ၅ ထောင်ကိုလည်း ယူလာခဲ့ပါတယ်.. မှော်ဆရာကြီးက တပည့်တွေ အများကြီး ရှိတာပဲလေ.. တစ်ယောက်တလေ လောက်ကတော့ ခွင့်ပြုမယ် ထင်တာပဲ.. တကယ်လို့ ရွှယ်ယင်ကိုယ်တိုင် မေးပေးရင်တော့ သူက ရိုယွဲ့ကို ပိုပြီ ဂရုစိုက်ပေးမှာပေါ့.. "

" ဪ.. ဒီကိစ္စက ဦးလေးခုံဟိုင် မစိုးရိမ်ပါနဲ့.. " ရွှယ်ယင်က ခေါင်းညိတ်ပြီ ကတိပေးလိုက်သည်။

မှော်ဆရာကြီးအတွက် တပည့်လက်ခံခြင်းသည် ငွေကြေးရလိုသည့် ကိစ္စတစ်ခုသက်သက်သာ ဖြစ်သည်။

မှော်ဆရာကြီး၏ တပည့်အရင်း ဖြစ်လိုလျှင် ရွှေဒင်္ဂါး ၅သောင်း ပေးရသလို သာမန်တပည့်ဖြစ်လိုလျှင် ရွှေဒင်္ဂါး ၅ထောင် ပေးရမည်။ သို့သော် ဒါသည် လက်သင့်ခံနိုင်လောက်သည့် ပမာဏ ဖြစ်ချေသည်။

ရွှေဒင်္ဂါး ၅ထောင်မှာလည်း ရီရွှေမြို့ထဲက အထက်တန်းလွှာတို့အတွက် အတော်ပင် များပြားသော ငွေပမာဏဟု သတ်မှတ်နိုင်သည်။ ရွှယ်ယင်တို့က ဆေးလ်ဗားမွန်းဝံပုလွေဘုရင်၏ နှလုံးသားကို ပေးနိုင်ခဲ့၍သာ မှော်ဆရာြကီးကလည်း ကျေနပ်စွာဖြင့် လက်ခံခဲ့ခြင်း ဖြစ်၏။

သာမန်တပည့်တစ်ယောက်အတွင်း ရွှေဒင်္ဂါး ၅ထောင်ဆိုသည်က အတော်လေး များပြားသည့် စျေးနှုန်း ဖြစ်သည်။ အထက်တန်းလွှာက လူများသည် ရွှယ်ယင်အား အကူအညီတောင်းရသည်က ထိုစျေးနှုန်းကို လျှော့စေလိုခြင်းလည်း ဖြစ်သည်။

သို့သော် ခုံဟိုင်မှာမူ ရွှေဒင်္ဂါး ၅ထောင်ကို တင်ကြို ပြင်ဆင်လာခဲ့သည်။ ထို့ကြောင့် ရွှယ်ယင်က ကူပြောပေးရင်လည်း ထိုကိစ္စက သာမန်ကိစ္စသာ ဖြစ်လိမ့်မည်။

" ရွှယ်ယင်.. တကယ်လို့ ရိုယွဲ့က မှော်ဆရာကြီးရဲ့ တပည့်ဖြစ်လာခဲ့ရင် နှင်းကျောက်တောင်တန်းမှာ နေရမှာဆိုတော့ သူ့ကို နည်းနည်းလောက် ဂရုစိုက်ပေးပေါ့.. "

ခုံဟိုင်က ဆက်လက် အကူအညီတောင်းလိုက်ပြန်သည်။

" ကိစ္စမရှိပါဘူး.. ရဲတိုက်အထဲမှာလည်း အခန်းတွေ အများကြီး ရှိတာပဲလေ.. ရိုယွဲ့က ကြိုက်တဲ့အခန်းတစ်ခန်းမှာ နေနိုင်ပါတယ်.. " ရွှယ်ယင်က ပြောလိုက်သည်။ သူက တောင်အနောက်ဘက်ရှိ ဝါးအိမ်လေးမှာ အမြဲလိုလို နေထိုင်သူမို့ ရိုယွဲ့ နေထိုင်ဖို့ ကိစ္စက ချက်ချင်း စီမံပေးလို့ ရနေ၏။

" ဟားဟား.. ပြောရရင် ဟိုးအရင်တုန်းက မင်းအဖေနဲ့ ငါ ပြောထားခဲ့ဖူးတာက မင်းတို့နှစ်ယောက် ကြီးလာလို့ရှိရင် ပေးစားကြမယ်လို့.. "

ခုံဟိုင်က ပျော်ရွှင်စွာ ပြောလိုက်သည်။

" အဖေကလည်း.. " ရိုယွဲ့၏ မျက်နှာက နီမြန်းသွားသည်။

" ဒါပေမဲ့ ဒီကိစ္စက မင်းတို့ရဲ့ ခံစားချက်မှာပဲ မူတည်တယ်လေ.. အရင်တုန်းက မင်းမိဘတွေ ပြောခဲ့တာတွေလည်း ရှိတာပဲ.. ကလေးတွေကိုယ်တိုင် ပေးဆုံးဖြတ်ပါစေတဲ့.. " ခုံဟိုင်က ပျော်ရွှင်စွာ ပြောလိုက်လေသည်။

" ဟားဟား.. ရီရွှေမြို့ရဲ့ နံပတ်တစ်ပညာရှင်က ငါ့သားမက် ဖြစ်လာမယ်ဆိုရင်တော့ ဟားဟား.. ငါတော့ ပျော်လွန်းလို့ ပါးစပ်တောင် စေ့နိုင်မယ် မထင်ပေါင်.. "

" အဖေ.. တော်ပါတော့.. " ရိုယွဲ့မှာ သည်းမခံနိုင်တော့ချေ။ သူမသည် ငယ်ရွယ်သူတစ်ယောက်လည်း ဖြစ်နေရာ သူမ၏ အရှက်ကင်းမဲ့နေမှုကို သူမ စိတ်တိုသွားခြင်း ဖြစ်၏။ ကုဟိုင်က ပါးစပ်ပိတ်လိုက်ပြီ သူ့သမီးကို ကြည့်ကာ ပြုံးလိုက်သည်။

သူနှင့် တုန်ပိုလင်မယားတို့ ကလေးတွေ လက်ထပ်ပေးတာကို ပြောဆိုကြသည့်အခါက တုန်ပိုလင်မယားက "ကလေးတွေရဲ့ စိတ်ခံစားချက်ကိုပဲ အလေးထားကြတာပေါ့ " ဟု ပြောခဲ့သည်။ ဒီနေ့မှာ ထိုစကားကို သူ အစပြန်ထုတ်ခဲ့သည်။

ဒါဟာ သူသည် ရွှယ်ယင်အား များစွာ အထင်ကြီးသွားခြင်းကြောင့် ဖြစ်သည်။ သူ့သမီးနှင့် ရွှယ်ယင်အား လက်ထပ်ထိမ်းမြားစေလိုသည်။ တကယ်၍ လက်ထပ်ထိမ်းမြားဖြစ်ခဲ့လျှင် သူ့ရဲ့ ခုံကလန်မှာလည်း အဆင့်အတန်း မြင့်တက်သွားမှာ မုချပင်။

ထို့အပြင် မှော်ဆရာကြီး ပိုင်ယွမ်ကျစ်ကိုလည်း ခုံဟိုင် တကယ်တမ်း အလေးထားသည်မဟုတ်ချေ။

တပည့်အဖြစ် လက်ခံပေးဖို့ ဟုတ်လား..? သူဟာ စီးပွားရေးသမားတစ်ယောက်.. သူ့သမီးအတွက် ကြိုက်တဲ့ မှော်ဆရာများကို ပညာသင်ခိုင်းလို့ရသည်။ သူ့သမီးအတွက်လည်း လုံလောက်သည်။ ဒါဆို ဘာကြောင့် ရွှေဒင်္ဂါး ၅ ထောင်သုံးပြီ မှော်ဆရာကြီးထံမှာ ပညာသင်ခိုင်းရတာလဲ..?

တကယ်တမ်းတွင် ထို ရွှေဒင်္ဂါး ၅ထောင်သည် မှော်ဆရာကြီးကြောင့် မဟုတ်ပါလေ..။

ရွှယ်ယင်ကြောင့်သာ ဖြစ်ချေသည်။ မှော်ဆရာကြီးက နှင်းကျောက်တောင်တန်းတွင် နေထိုင်ခြင်းကြောင့်လည်း ဟုတ်သည်။

သူ့သမီးအား နှင်းကျောက်တောင်တန်းအတွင်း နေခိုင်းမည်။ ထိုအခါ သူ့သမီးက ရွှယ်ယင်နှင့်အတူ မိုးလင်းမိုးချုပ် ရှိကြလိမ့်မည်။ အနေနီးလာရင် အချိန်ကြာလာသည့်အခါ နှလုံးသားခံစားချက်တွေ ဖြစ်ပေါ်လာပြီ ချစ်သူစုံတွဲ ဖြစ်လာကြလိမ့်မည်။ စီးပွားရေးသမားတစ်ယောက်က ရေရှည်အကျိုးကိုသာ ကြည့်သည်။ ဘယ်အချိန်မှာ ဘယ်လိုသုံးရမလဲဆိုတာကို သိကြသည်။ ထို့အတူ ခုံဟိုင်မှာ စစ်သည်တော်ဘဝမှ အနားယူခဲ့ပြီးနောက် ဝါရင့်စီးပွားရေးသမားတစ်ယောက်အဖြစ် နာမည်ကျော်ကြားသည်အထိ ဘဝကို တည်ဆောက်ထားခဲ့သူတစ်ယောက်မဟုတ်လော။

***

ထိုနေ့မှာပဲ ရွှယ်ယင်သည် ထိုအုပ်စုအား ခေါ်ဆောင်၍ မှော်ဆရာကြီး ပိုင်ယွမ်ကျစ်ထံ ပို့ဆောင်ပေးလိုက်သည်။

မှော်ဆရာကြီး ပိုင်ယွမ်ကျစ်လည်း ရွှေဒင်္ဂါး ၅ထောင်ကို မြင်သည်နှင့် ပျော်ရွှင်စွာ ပြုံးလေသည်။ ခုံရိုယွဲ့ကိုလည်း သေချာ ဂရုစိုက်ပြီ သင်ကြားပေးမည်ဆိုတာကိုလည်း ကတိပြုလိုက်သေးသည်။

ထိုနေ့ညမှာပဲ ခုံဟိုင်က အိမ်ပြန်သွားခဲ့သည်။ မပြန်မီ ခုံရိုယွဲ့ကို ဂရုစိုက်ပေးဖို့ ရွှယ်ယင်အား နောက်တစ်ကြိမ် အပ်နှံသွားသည်။

တကယ်တမ်းတွင်.. ရွှယ်ယင်သည် ကလေးတစ်ယောက် မဟုတ်တော့ပါဘူး။ သူသည် ဉာဏ်ကောင်းပြီ ရင့်ကျက်နေသူတစ်ယောက်လည်း ဖြစ်သည်။ ကလေးဘဝကတည်းကပင် ခုံဟိုင်၏ စိတ်အနေအထားကို မြင်တွေ့ခဲ့သည်။ ခုံဟိုင် လာရောက်လည်ပတ်သည့် သတင်းကို ကြားရစဥ်က နောက်ထပ် ရည်ရွယ်ချက်တစ်ခု ရှိလိမ့်မည်ဟု ရွှယ်ယင် ရိပ်မိသည်။ သို့သော် ညီမငယ်လေးလို ဖြစ်နေသည့် ခုံရိုယွဲ့အား ငယ်စဥ်ကတည်းက တွေ့မြင်ခဲ့ရတာမို့ ရွှယ်ယင်တွင် တစ်ခြားသော စိတ်ခံစားချက်များ မရှိနေချေ။ ယခုအချိန်မှာလည်း ရိုယွဲ့မှာ ကလေးအရွယ်သာ ရှိနေသေးပြီ နှစ်သစ်ကူးသွားလျှင်တောင်မှာ သူမ၏ အသက်က ၁၃ နှစ်သာ ရှိပါသေးသည်။ သူမ၏ ခန္ဓာကိုယ်ကလည်း ကောင်းစွာ မဖွံ့ဖြိုးသေး၍ ကလေးအရွယ်သာ ဖြစ်နေလေသည်။

" ရွှစ်.. " " ထန်းး " လှံတစ်ချောင်းက လေထဲ ပျံသန်းလို့ လာသည်။

ရွှယ်ယင်သည် တောင်အနောက်ဘက်က ဝါးအိမ်လေးတွင် တစ်ယောက်တည်းနေ၍ လှံသိုင်း လေ့ကျင့်နေလေရာ သူ့လှံချောင်းကနေ ဝီခေါ်သံများ ထွက်မြည်လို့ နေသည်။ နှင်းပျံနတ်လှံသည် နှင်းပွင့်မှုန်များကို ဆွဲဆောင်နိုင်သည့် စွမ်းရည်ရှိသည်။ ယခုတွင်လည်း နှင်းပွင့်များ၏ အလယ်ဗဟိုတွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က ရှိနေ၏။ သူ့ပုံရိပ်က သဘာဝ မဆန်သည့်အပြင် သူ့အရိပ်မည်းနှင့် လှံအရိပ်တို့က တစ်သားတည်းဖြစ်နေသည့်အလား ပေါင်းစပ်လို့နေသည်။

" ရွှယ်ယင်.. ရွှယ်ယင် " ခြင်္သေ့လူကြီး ထုံစန်းက ခြေလှမ်းကျဲကျဲဖြင့် ပြေးလာခဲ့သည်။ ခြေလှမ်းတိုင်းက အေးခဲနေသည့် နှင်းထုကို ဖြတ်သန်းလာ၍ နှင်းခဲတို့မှာ လွင့်စင်သွားကုန်သည်။

" ဦးလေးထုံ.. " ရွှယ်ယင်က လှံကစားနေသည်ကို ရပ်လိုက်သည်။

" နဂါးတောင်အိမ်တော်က သခင်စစ်အန်း ရောက်လာလို့.. "

ထုံစန်းက ပြောလိုက်သည်။

ရွှယ်ယင်၏ မျက်ဝန်းသည် အရောင်များ ဝင်းပြောင်သွားလေသည်။ နောက်ဆုံးတော့ သူ့မိဘ၏ သတင်းများ ဖြစ်နေလေမလား..?

" သွားစို့.." ရွှယ်ယင်မှာ အဝတ်အစားပင် မလဲတော့ချေ။ ထုံစန်းတို့နှင့်အတူ ရဲတိုက်ဆီသို့ ပြေးလွှားသွားလိုက်သည်။

အပိုင်း ( ၃၂ ) - မင်းကိုမှ မသတ်ရရင် ငါ ယောကျ်ားမဟုတ်တော့ဘူး..

ရွှယ်ယင်က ရဲတိုက် အနောက်ဘက်တံခါးမှ ဝင်လာခဲ့သည်။ ထို့နောက် ရဲတိုက်အတွင်းက သူ့ ကိုယ်ပိုင်အခန်းထဲသို့ ဝင်လိုက်ကာ နှင်းပျံနတ်လှံထား ထားလိုက်ပြီးနောက် အောက်ထပ်ရှိ ဧည့်ခန်းသို့ အမြန်ဆင်းလာခဲ့လိုက်သည်။

ဧည့်ခန်းတွင်.. သခင်စစ်အန်းအား ကျုံးလိန်က ဧည့်ဝတ်ပြုထားသည်။

" ပြီးတဲ့ လတုန်းက နှင်းကျောက်တောင်တန်းမှာ မှော်ဆရာတစ်ယောက်ရဲ့ မျှော်စင် လာဆောက်သွားတာပဲ..!!"

သခင်စစ်အန်းက ရေနွေးကြမ်းခွက်ကို ကိုင်ကာ မှုတ်သောက်လိုက်ရင်း

" ငါတို့ ရီရွှေမြို့က စွမ်းအားအကြီးဆုံး သူရဲကောင်းနဲ့ အတော်ဆုံးမှော်ဆရာတို့က နှင်းကျောက်တောင်တန်းမှာ အတူတူ ရှိနေကျတာပဲ.."

" ဒါက ရီရွှေမြို့တစ်ခုတည်းမို့လို့ပါ.. အပြင်က ပညာရှင်နဲ့တော့ သွားယှဥ်လို့တော့ ဘယ်ရမလဲ.." ကျုံးလိန်က ပြုံးလျက် ဆိုလိုက်သည်။

" ဝှီး... ဝှစ်.." လေတိုးတစ်ခုက ဝှစ်ခနဲ ထွက်ပေါ်လာပြီလျှင် အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးက အထဲရောက်ရှိလာသည်။

သခင်စစ်အန်းက အနောက်လှည့်ကြည့်လိုက်ရာ လူငယ်ကို တွေ့လိုက်၍ သူ့မျက်လုံးက အရောင်တောက်ပသွားသည်။ ချက်ချင်းပဲ မတ်တတ်ရပ်ပြီ ရွှင်ပြုံးစွာြဖင့် အရှင်သခင်လေး.. ဟု နှုတ်ဆက်လိုက်သည်။

" သခင်စစ်အန်း " ရွှယ်ယင် အထဲသို့ ဆက်လျှောက်ဝင်လာသည်။

" ထိုင်ပါ.. ဘာမှ အလေးအနက် လုပ်နေစရာမလိုပါဘူး.. "

ထိုင်ကြပြီးသည့်အခါမှာ ရွှယ်ယင်က ချက်ချင်း မေးလိုက်သည်။

" သခင်စစ်အန်း.. ကျနော်မိဘတွေရဲ့ အခြေအနေက ?? "

" ငါတို့ နဂါးတောင်အိမ်တော်ရဲ့ သတင်းရှာဖွေနိုင်စွမ်းကို ယုံကြည်စိတ်ချလိုက်ပါ.. ငါတို့က နာမည်ရထားပြီးသားပဲလေ.. "

သခင်စစ်အန်းက ဆက်ပြီ ပြောလိုက်သည်။

" ဒါပေမဲ့ မပြောပြခင်မှာ စိတ်ကို ခိုင်ခိုင်ထားပါလို့ ကြိုပြောချင်တယ်.. "

" စိတ်ကို ခိုင်ခိုင်ထားရမယ်..?? " ရွှယ်ယင်၏ စိတ်နှလုံးများ တင်းကျပ်သွားသည်။ သူ့ ဘေးနားတွင် ထိုင်နေသည့် ကျုံးလိန်သည်လည်း မျက်နှာ ပျက်သွားသည်။

" ပြောပြပေးပါ.. " ရွှယ်ယင်က တည်ငြိမ်သည့် အမူအရာဖြင့် ပြောလိုက်သည်။

အရှင်သခင်လေး၏ စိတ်ထဲတွင် မတည်မငြိမ်ဖြစ်နေမှာကို သခင်စစ်အန်း ကောင်းစွာ နားလည်သည်။ သူသည် မရှင်းပြမီ ကျိတ်ပြီ အသက်ပြင်းချလိုက်သည်။

" သခင်လေးရဲ့ မိခင်က အခြေအနေ မဆိုးဘူးလို့ ပြောရမယ်.. သူက မိုယန်ကလန်ရဲ့ တိုက်ရိုက်အမွေဆက်ခံသူလေ.. သူ့အစ်ကိုဖြစ်တဲ့ မိုယန်ချမ်ကလည်း မိုယန်ကလန်ရဲ့ အသက်ငယ်ဆုံး ငွေလအဆင့် မှော်ဆရာတစ်ယောက်ပဲလေ.. အဲဒါကြောင့်လည်း သခင်လေးရဲ့ အမေက မိုယန်ကလန်ရဲ့ မိုးကြိုးဒီရေဆိုတဲ့ တားမြစ်နေရာတစ်ခုမှာ အကျယ်ချုပ် ချုပ်ထားခံရတယ်.. အဲဒီနေရာက နည်းနည်းတော့ အထီးကျန်ဆန်ပေမဲ့ သက်တောင့်သက်သာ နေလို့ ရပါတယ်.. သူက မှော်ပညာရပ်မှာ ကိုယ့်ဘာသာ လေ့လာလေ့ကျင့်ခဲ့လို့ ဥက္ကာပျံအဆင့် မှော်ဆရာမ ဖြစ်သွားတယ်လို့ ကြားတယ်.. "

" အာယုက အစွမ်းအစရှိတဲ့ သူတစ်ယောက်ပဲလေ.. ငါတို့ထဲမှာ ဥက္ကာပျံအဆင့်ရောက်သွားတာ သူ ပထမဆုံး ဖြစ်သွားပြီပေါ့.. "

ကျုံးလိန်က ပြုံးရင်း ခေါင်းညိတ်လေသည်။

" အဖေအကြောင်းကရော..?? " ရွှယ်ယင်က သူ့အဖေအတွက် စိတ်ပူစွာ မေးလိုက်သည်။

" အမေက အဆင်ပြေတယ်ဆို အဖေကရော ဘယ်လိုရှိနေမလဲ.. "

" မင်းအဖေက.." သခင်စစ်အန်း ခဏမျှ တုံ့နှေးသွားသည်။

" အရင်တုန်းက မင်းအမေက လက်ထပ်ဖို့ စီစဥ်ပေးတာကို ငြင်းပယ်ပြီ ထွက်ပြေးသွားလို့ မိုယန်ကလန်က နောက်ထပ် အမွေဆက်ခံသူ မိန်းကလေးတစ်ယောက်ကို ရှာပြီ အစားထိုး လက်ထပ်ပေးခဲ့တယ်လေ.. အဲဒီမိန်းကလေးရဲ့ အဖေက မိုယန်ချန်ပိုင်.. အဲဒီတုန်းကလည်း မိုယန်ချိန်ပိုင်က သူ့သမီးရဲ့ လက်ထပ်ပွဲကို မကာကွယ်နိုင်ခဲ့ဘူး.. အခုထက်ထိ သူက နောင်တရနေတုန်းပဲ.. သူ့သမီး မင်္ဂလာပွဲပြီးသွားတဲ့ အချိန်ကစပြီ သူက အနှစ် ၂၀ လောက် လေ့ကျင့်လာခဲ့လိုက်တာ နောက်ဆုံးမှာ ငွေလသူရဲကောင်းအဆင့်ကို ရောက်သွားခဲ့တယ်.. ကလန်က ကူညီထောက်ပံ့တဲ့ စွမ်းအင်အရင်းအမြစ်တွေနဲ့ သန့်စင်ထုတ်လုပ်ထားတဲ့ အဆင့်မြင့်ချပ်ဝတ်တန်ဆာနဲ့ဆိုရင် ဒဏ္ဍာရီအဆင့်ကိုတောင် တစ်ယောက်ချင်း တိုက်ခိုက်လို့ ရခဲ့တယ်.. ငါတို့ နဂါးတောင်အိမ်တော်ကတောင် သူ့ကို ကြေးအမိန့်ပြား ပို့ပေးလိုက်သေးတယ်.. "

" မိုယန်ချန်ပိုင်က သူ့သမီးရဲ့အဖြစ်ကို တွေးပြီ မကျေမချမ်း ဖြစ်နေတုန်းပဲ.. မင်းအမေက အတင်းလက်ထပ်ခိုင်းလို့ ထွက်ပြေးသွားတဲ့အတွက်ကြောင့် အစားထိုးတဲ့အနေနဲ့ သူ့သမီးကို ဟိုအဘိုးကြီးနဲ့ အတင်းလက်ထပ်ခိုင်းခဲ့တာကြောင့်လည်း မိုယန်ယုကို သူက မကျေနပ်ခဲ့ဘူးလေ.."

သခင်စစ်အန်းက ခပ်သွက်သွက်ဖြင့် ရှင်းပြလိုက်သည်။

" ဘယ်လိုလုပ်ပြီ အမေရဲ့ အပြစ် ဖြစ်ရမှာလဲ.. အမေက ထွက်ပြေးသွားပြီးတဲ့အခါကျမှ သူ့သမီး မင်္ဂလာဆောင်က ဖြစ်လာတာမလား.. အဲဒါ ကလန်ခေါင်းဆောင်တွေက ဆုံးဖြတ်ကြတာ မဟုတ်ဘူးလား.. "

ရွှယ်ယင်က ဒေါသတကြီးဖြင့် ပြောချလိုက်သည်။

" သူက ကလန်ခေါင်းဆောင်တွေကို မဆန့်ကျင်ရဲဘူးလေ.. ဒီတော့ သူ့ဒေါသတွေကို မင်းအမေကိုပဲ ပုံချရတာပေါ့.. "

" မင်းအမေကလည်း သူ့အစ်ကိုရဲ့ ကာကွယ်မှုကို ရထားတော့ မိုးကြိုးဒီရေဆိုတဲ့ တားမြစ်နေရာမှာပဲ နေနေရတာ.. မင်းအမေကို သူ ဘာမှ လုပ်လို့ မရဘူး.. ဒါပေမဲ့ မင်းအဖေကျတော့ အလုပ်ကြမ်းသမားအဖြစ် အပြစ်ဒဏ်စီရင်ထားတာလေ.. ဒီတော့ မိုယန်ချန်ပိုင်က သူ့ဒေါသတွေကို မင်းအဖေဆီမှာပဲ ပုံချလိုက်တာပေါ့.."

ရွှယ်ယင်၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်လာသည်။ ထိုင်ခုံလက်တန်းကိုလည်း တင်းတင်းဆုပ်ထားကာ လက်ချောင်းများကလည် သစ်သားထဲ နစ်ဝင်ကုန်သည်။

" မင်းအဖေက နှစ်ရှည် အလုပ်ကြမ်းသမားအဖြစ် အပြစ်ဒဏ်ချထားတာလေ.. မိုယန်ကလန်ရဲ့ တုန်ရှန်းရေကန်ပန်းပဲဖိုမှာ အလုပ်ကြမ်းလုပ်ရတယ်.. မိုယန်ချန်ပိုင်က သူ့လူတွေကို လွှတ်ပြီ မင်းအဖေကို အနိုင်ကျင့်ကြခိုင်းသေးတယ်.. ပြီးတော့ ပန်းပဲဖိုက သမားတော်ကိုလည်း မင်းအဖေကို မသေရုံလောက်ပဲ ကုသေပေးဖို့ အထူးတလည်ကို မှာခဲ့သေးတာကွ... မင်းအဖေကို သေလုလုနီးပါးပဲ အမြဲထားထားတာပေါ့.. "

သခင်စစ်အန်းက အကြောင်းစုံ ရှင်းပြလိုက်သည်။

" သမားတော်ရဲ့ ကုသမှု မရှိဘဲနဲ့ ဒီအခြေအနေကို မင်းအဖေ ခံနိုင်ရည်ရှိပါ့မလားဆိုတာ ငါ စိုးရိမ်နေမိတယ်.. ငါ့အထင် နောက်သုံးနှစ်အတွင်း သေလိမ့်မယ်လို့ ငါ တွေးမိတယ်.. "

" ဒုန်းး " နောက်ဆုံးတွင် ရွှယ်ယင်၏ လက်အားက ထိုင်ခုံလက်တန်းအား ကွဲထွက်သွားအောင် ဖြစ်သွားစေခဲ့သည်။ သူ့မျက်လုံးတွင် လူသတ်လိုသည့် အငွေ့အသက်များဖြင့် ပြည့်နှက်လာသည်။

" တောက်.. ကွာ.. "

သူ့အဖေ၏ ခန့်ညားသည့် အသွင်အပြင်ကို ပြန်မြင်ယောင်လာသည်။ သူ့အဖေ၏ ကြမ်းတမ်းတင်းကျပ်ထားသော လေ့ကျင့်ခန်းများနှင့် သူ့အပေါ် တုန်နေအောင် ချစ်သည့် ဖခင်တစ်ယောက်၏ ချစ်ခြင်းကို ပြန်လည်အမှတ်ရလာသည်။

" မိုယန်ချန်ပိုင်..!! မိုယန်ကလန်..!! "

ရွှယ်ယင်၏ သွေးများ ဆူပွက်လာသည်။ ခန္ဓာကိုယ်မှသည် သွေးဆာလောင်သည့် အရှိန်အဝါများ ဖြာဆင်းစိမ့်ထွက်လာ၏။

ထိုအတူ ဒေါသထွက်နေသော ကျုံးလိန်သည်လည်း မျက်နှာက တင်းမာခက်ထန်လို့ နေသည်။

သခင်စစ်အန်းက ပုံမှန်ကဲ့သို့ ပြောလိုက်သော်လည်း သူတို့အားလုံး နားလည်လိုက်ကြသည်။ အလုပ်ကြမ်းသမားအဖြစ် အပြစ်ဒဏ်ချမှတ်သည်ကပင် အတော်လေး ပြင်းထန်နေပြီဖြစ်ရာ လူပါ ထပ်လွှတ်ပြီ နှိပ်စက်ခိုင်းသည်တဲ့လား..? တုန်ပိုလီ၏ ကောင်းကင်သူရဲကောင်းအဆင့်ခန္ဓာကိုယ်က အဘယ်ကဲ့သို့ ရေရှည်တောင့်ခံနိုင်မည်နည်း..။ ဒါကိုတောင်မှ မိုယန်ချန်ပိုင်က သမားတော်အား မှာကြားခဲ့သေးသည်တဲ့လား.. ဒီလိုဆင်းရဲမှုမျိုးကို ထပ်တလဲလဲ ခံစားစေချင်လို့ သမားတော်ကို အထူးတလည် မှာကြားခဲ့သည်တဲ့လား..!!

ရွှယ်ယင်၏ ရင်ဘက်တွင် အမျက်ဒေါသဖြင့် တောက်လောင်သည်။ ဒေါသတို့ တလိပ်လိပ် လှိုင်းထနေ၏။

" မိုယန်ချန်ပိုင်.. မင်းကိုမှ မသတ်ရရင် ငါ ယောကျ်ားတစ်ယောက် မဟုတ်တော့ဘူး. " ရွှယ်ယင်က ကြုံးဝါးလေ၏။ သူ့နှလုံးအိမ်တစ်ခုလုံး ဒေါသတို့ဖြင့် ထုံလွှမ်းစေ၏။ သို့လျက် အရှေ့တွင် သူစိမ်းတစ်ယောက် ရှိနေ၍ ကျယ်လောင်စွာ အော်ဟစ်မကြုံးဝါးလိုက်ချေ။

အော်ဟစ်ခြင်းသည်လည်း မလိုအပ်ပါချေ။ တကယ်လုပ်ဖြစ်ဖို့သာ လိုသည်။

" မိုယန်ကလန်ကရော ဘယ်လိုရှိလဲ..? မိုယန်ချမ်ကရော..? ကျနော်အဖေကိုနှိပ်စက်ကြတုန်းက ဘယ်သူမှ ဂရုမစိုက်ကြဘူးလား. ? "

ရွှယ်ယင်က မေးလိုက်သည်။

" မင်းအဖေ သေလား ရှင်လားဆိုတာကို မိုယန်ကလန်က ဂရုမစိုက်ပါဘူး.. နောက်ပြီ မိုယန်ချမ်က တစ်ယောက်ယောက်ကို ခိုင်းပြီ မင်းအဖေကို ဂရုစိုက်ထားခိုင်းခဲ့ပေမဲ့ အဲဒါက အသုံးမဝင်ခဲ့လိုက်ဘူး.. ပထမအချက်.. မိုယန်ချမ်က သူ့ရဲ့ မှော်ပညာရပ်မှာပဲ နစ်မြုပ်နေတာ.. ဒုတိယအချက်.. မိုယန်ချန်ပိုင်က ကြေးအမိန့်ပြားကို ရထားပြီးသား.. သူ့ရဲ့ အဆင့်အတန်းကလည်း မိုယန်ချမ်က ဘယ်နည်းနဲ့မှ နိမ့်ကျနေမှာ မဟုတ်ဘူး.. နောက်ပြီ မိုယန်ချန်ပိုင်က သူကိုယ်တိုင် လူလွှတ်ပြီ မင်းအဖေကို နှိပ်စက်ခိုင်းတာ.. ဒါကိုတော့ မိုယန်ချမ်က မင်းအဖေကို အမြဲတမ်းတော့ ဘယ်ကာကွယ်ပေးနိုင်ပါ့မလဲ.. "

သခင်စစ်အန်းက ထပ်ပြီ ပြောလိုက်သေးသည်.. " မိုယန်ချမ်က သူ့ညီမကို ချစ်ခင်မှုတော့ ရှိပေမဲ့ မင်းအဖေကိုကျတော့ အရမ်းကို မပတ်သတ်ခဲ့ဖူးဘူးလေ.. "

ရွှယ်ယင်မှာ နားထောင်နေရင်း အံကို ကြိတ်လိုက်သည်။

သူ နားလည်ပြီ..။ အားလုံးကို နားလည်ပြီ..။

သို့သော် သူ တကယ်မုန်းတီးတာက ထိုအတွက် သူ ဘာမှ လုပ်ပေးလို့ မရသည်ကိုသာ။

" ကျနော်မိဘကို ဘယ်လို ကယ်တင်လို့ ရမလဲ.. " ရွှယ်ယင်က မေးလိုက်သည်။

" အင်.. ငါတို့ရဲ့ သတင်းအချက်အလက်အရဆိုရင် မိုယန်ကလန်ဟာ သူတို့ရဲ့ ကလန်စည်းကမ်းချက်ကို အတိအကျ လိုက်နာကြတယ်.. ဘယ်သူကမှ ချိုးဖျက်လို့ မရဘူး.. မင်းအမေက တားမြစ်နယ်မြေမှာ အချုပ်ခံရတယ်.. မင်းအဖေက မိုယန်ကလန်ရဲ့ တုန်ရှန်းရေကန်ပန်းပဲဖိုမှာ ရှိတယ်.. အပြင်ပလူတွေက ပန်းပဲဖိုအတွင်းကို ဝင်လို့ မရဘူးလေ.. အဲဒါကြောင့် ဘယ်သူကမှ မင်းအဖေကို ကယ်တင်ပေးလို့ ရမှာ မဟုတ်ဘူး.. " ဟူ၍ သခင်စစ်အန်းက ပြောလိုက်လေသည်။

" သာမန်နည်းလမ်းနဲ့တော့ မင်းမိဘတွေကို ကယ်တင်လို့ ရမှာ မဟုတ်ဘူး.. အချည်းနှီးပဲ ဖြစ်သွားမှာ.. "

" ဒါဆို သာမန်မဟုတ်တဲ့ နည်းလမ်းက ဘာလဲ.. " ရွှယ်ယင်က မေးလိုက်သည်။

" အတော်လေး ရိုးရှင်းသေးတဲ့ နည်းလမ်းတစ်ခုက မင်းအဖေကို ဂုဏ်ထူးဆောင်မှူးမတ်ကြီး ဘွဲ့ပေးလိုက်ဖို့ပါပဲ.."

ဟူ၍ သခင်စစ်အန်းက အကြံပြုလိုက်သည်။

" ဂုဏ်ထူးဆောင်မှူးမတ်ကြီး ဘွဲ့ဆိုတာ အဆင့်မြင့်တဲ့ ဘွဲ့တစ်ခု ဖြစ်ပြီ အထူးအခွင့်အရေးတွေလည်း ရှိတယ်.. ဘယ်အထွတ်အထိပ်အဆင့်ကမှ သူ့တို့ကို ဖမ်းဆီးလို့ မရဘူး.. မှူးမတ်ကြီးတစ်ယောက်ကို သတ်ဖြတ်တာပဲဖြစ်ဖြစ် အကျဥ်းချထားတာပဲဖြစ်ဖြစ်.. ရရှိလာမဲ့ အကျိုးဆက်ကို ဟန်ပြအထွတ်အထိပ်အဆင့်တောင် ရင်ဆိုင်လို့ ရမှာ မဟုတ်ဘူး.."

မှူးမတ်ကြီး... ဟုတ်သည်.. ဒါဟာ အဆင့်မြင့်ဘွဲ့တစ်ခု..

အဆင့်မြင့်သည်ဟု ဆိုရသည့်အကြောင်းကလည်း မှူးမတ်ကြီးအဆင့်အောက်က စစ်ကဲဘွဲ့နှင့် မြို့စားဘွဲ့တို့ကို ပိုက်ဆံနှင့် ဝယ်ယူလို့ ရသည်။ ဒါပေမဲ့ ဘယ်သူကမှ မှူးမတ်ကြီးဘွဲ့ကို ဝယ်ယူဖို့ မရနိုင်ချေ။ မှူးမတ်ကြီးဘွဲ့ရှိသူတို့ပင် အလွန်ရှားလှသည်။ ပုံမှန်လုပ်ရိုးလုပ်စဥ်အရ အထွတ်အထိပ်ကလန်တစ်ခုကနေ ပေါက်ဖွားလာပြီ အထွတ်အထိပ်အဆင့်အထိ ဖြစ်လာနိုင်တဲ့သူမှသာ ထိုအဆင့်ဘွဲ့ကို ရကြမည်။ သို့သော် အထွတ်အထိပ်ကလန်တစ်ခုတွင် လူတစ်ဦးတစ်ယောက်တည်းသာ ထိုဘွဲ့ကို ခန့်အပ်စေသည်။ ထိုဘွဲ့ကလည်း နှစ်တစ်ထောင်သာ သက်တမ်းရှိသည်။ နှစ်တစ်ထောင်ပြည့်သွားခဲ့လျှင် စစ်ကဲဘွဲ့သို့ ကျဆင်းသွားမည်။

ထို့ကြောင့်လည်း မှူးမတ်ကြီးတစ်ယောက်သည် အထွတ်အထိပ်ကလန်၏ ခေါင်းဆောင်သာ ဖြစ်ကြသည်။ ကလန်အတွင်းက အခြားသော အထွတ်အထိပ်အဆင့်တို့မှာ ဘာဘွဲ့မှာ မရှိကြပါချေ။

ထို့ကြောင့်လည်း မှူးမတ်ကြီးတစ်ယောက်အား အကျဥ်းချခြင်း၊ သတ်ဖြတ်ခြင်းကို လုပ်ခွင့်မရှိချေ။ ဟန်ပြအထွတ်အထိပ်အဆင့်မှာလည်း အခွင့်မရှိချေ။ တကယ်၍ အထွတ်အထိပ်အဆင့်တစ်ယောက်က လုပ်ရဲခဲ့ရင်တောင် အပြစ်ဒဏ်ကြီးကြီးမားမားတော့ ပြန်လည် ပေးဆပ်ရလိမ့်မည်။

***

ဂုဏ်ထူးဆောင်မှူးမတ်ကြီးဘွဲ့ဆိုသည်က အစဥ်အဆက် လွှဲပြောင်းလို့ မရသည့် ဘွဲ့တစ်ခုလည်း ဖြစ်သည်။ အင်ပါယာအတွက် များစွာ အကျိုးခဲ့သည့် လူတစ်ယောက် ဖြစ်မှသာ ထိုဘွဲ့ကို လက်ခံဖို့ အခွင့်အရေးရှိသည်။

ထို့အပြင် မျိုးရိုးမှူးမတ်ကြီးတစ်ယောက်ကဲ့သို့ပင် ဂုဏ်ထူးဆောင် မှူးမတ်ကြီးတစ်ယောက်မှာလည်း စည်းစိမ်ဥစ္စာတို့ကို ခံစားခွင့်ရရှိကြသည်။ သို့ပေမဲ့ မျိုးရိုးမှူးမတ်ကြီးနှင့် မတူညီတာက သူတို့၏ ဘွဲ့ကို မျိုးရိုးအစဥ်အဆက်အထိ လွှဲပြောင်းပေးသွားလို့ လုံးဝ မရချေ။

" တကယ်လို့ မင်းအဖေသာ ဂုဏ်ထူးဆောင်မှူးမတ်ကြီး ဖြစ်လာခဲ့ရင်း မင်းအမေလည်း မှူးမတ်ကြီးကတော် ဖြစ်သွားမယ်ပေါ့.. အဲဒါဆိုရင် မိုယန်ကလန်က အပြစ်ဒဏ်ပေးထားတာကို ချက်ချင်း ရပ်ရလိမ့်မယ်.. မင်းမိဘရဲ့ ခေါင်းပေါ်က ဆံပင်တစ်ချောင်းကိုတောင် သူတို့ နာကျင်စေရဲမှာ မဟုတ်တော့ဘူး.."

ထိုအခါ ရွှယ်ယင်က " ဒါဆို ဂုဏ်ထူးဆောင်မှူးမတ်ကြီးဘွဲ့ကို ရအောင် ဘယ်လိုလုပ်ရမှာလဲ.. " ဟု မေးလိုက်တော့သည်။

အပိုင်း (၃၃) ရွှေဒင်္ဂါး တစ်သိန်းတစ်သောင်း

ထိုအခါ သခင်စစ်အန်းက ရှင်းပြလိုက်သည်။

" ဂုဏ်ထူးဆောင်မှူးမတ်ကြီးဘွဲ့ကို ရဖို့အတွက်က အကျိုးပြုရမှတ်ရမှတ်တွေကို စုဆောင်းရလိမ့်မယ်.. လဲလှယ်ရေးစာအုပ်ကိုသာ သေချာဖတ်ခဲ့မယ်ဆိုရင် ဂုဏ်ထူးဆောင်မှူးမတ်ကြီးဘွဲ့ရဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ သိပြီးသား ဖြစ်လိမ့်မယ်.. အကျိုးပြုရမှတ်နဲ့ ဂုဏ်ထူးဆောင်မှူးမတ်ကြီးဘွဲ့ကို လဲလှယ်မယ်ဆိုရင် အမှတ်ပေါင်း ၂သောင်းလောက် ရှိရမယ်.. "

" ဒီနည်းလမ်းတစ်ခုပဲ ရှိတာလား.. "

ရွှယ်ယင်သည် ထိုနည်းလမ်းကို သိပြီးသားပါ။

ဒါပေမဲ့ အကျိုးပြုရမှတ် ၂သောင်းက အလွန်ကို များပြားသည်။

ယခုတွင် သူသည် သံမဏိနက်အဆင့် အလုပ်တာဝန်တွေကိုသာ ဆောင်ရွက်ခွင့်ရှိ၍ အကျိုးပြုရမှတ်က ၁၀ ကနေ ၁၀၀ ပတ်ချာလည်လောက်သာ ရှိသည်။ အကျိုးပြုရမှတ် ၁၀၀ ပေးသည့် အလုပ်တာဝန်တွေက အန္တရာယ်လည်း များပြီ အချိန်လည်းကြာသည့် အလုပ်မျိုး ဖြစ်သည်။

အလုပ်တာဝန်တစ်ခုအတွက် အကျိုးပြုရမှတ်က ၁၀၀... ဆိုခဲ့လျှင် အကျိုးပြုရမှတ် ၂၀၀၀၀ ရရှိဖို့အတွက်က အနည်းဆုံး အလုပ်တာဝန် အခု၂၀၀ ပြီးရမည်။

တာဝန်တစ်ခုက ပြီးမြောက်ဖို့ အချိန်ကာလ ၂လပဲ လိုအပ်မည်ဆိုလျှင်တောင် သူ တစ်နှစ်ပတ်လုံး မနားဘဲ ကြိုးစားမည်ဆိုလျှင် ခြောက်ခုသာ ပြီးလိမ့်မည်။ ဒါဆိုရင် လိုချင်သော ရမှတ် ပြည့်အောင် စုရမည်ဆိုလျှင် နှစ်ပေါင်း ၃၀ ကြာြမင့်သွားလိမ့်မည်။ သို့သော်လည်း နဂါးတောင်အိမ်တော်မှ ပေးပို့လာသော သံမဏိနက်အဆင့်တာဝန်စာအုပ်တွင် ရမှတ်၁၀၀ ရသည့် အလုပ်က တစ်ခုသာ ရှိသည်။ ရမှတ် ၁၀၀ ရသည့် တာဝန်များစွာကိုလည်း သူက ဘယ်လိုမျိုးနှင့် အောင်မြင်စွာ ထမ်းဆောင်နိုင်မှာလဲ..

" နောက်ထပ်နည်းလမ်းတွေ မရှိတော့ဘူးပေါ့.. " ရွှယ်ယင်က မေးလိုက်၏။

" စိတ်မကောင်းပါဘူး.." သခင်စစ်အန်းက ဖြေလိုက်သည်။

" ဂုဏ်ထူးဆောင်မှူးမတ်ကြီးဘွဲ့ကို ရဖို့အတွက်က ဖြတ်လမ်း မရှိဘူး.. ဒီလောက်များပြားတဲ့ ရမှတ်တွေက တကယ့်အတွေ့အကြုံများပြီ စွမ်းအားကြီးတဲ့ ဒဏ္ဍာရီလာအဆင့် သူရဲကောင်းတစ်ယောက်လောက်မှ စုနိုင်လိမ့်မယ်.. ဒါကြောင့်လည်း ဂုဏ်ထူးဆောင်မှူးမတ်ကြီးဘွဲ့က ပိုတန်ဖိုးရှိတာပေါ့.. ဘာြဖစ်လို့လဲဆိုတော့ ဂုဏ်ထူးဆောင်မှူးမတ်ကြီးဘွဲ့ ရထားတဲ့သူတစ်ယောက်က သူ့အသက်နဲ့ရင်းပြီ ဘွဲ့ကို ရလာခဲ့သူလည်းဖြစ်ပြီ စွမ်းအားလည်းကြီးတဲ့ ဒဏ္ဍာရီလာအဆင့် သူရဲကောင်းတစ်ယောက်ပဲဆိုတာ လူတိုင်း သိနိုင်တယ်လေ.. "

" ဟူးး " ရွှယ်ယင် မျက်လုံးအစုံကို မှိတ်ချလိုက်သည်။

" အဖေ.. အဖေ.. သား.. ဘာလုပ်သင့်လဲ.."

ရွှယ်ယင်သည် မိုယန်ကလန်အား ယခုပင် သွားရင်ဆိုင်ချင်စိတ် ဖြစ်ပေါ်နေသည်။ ရှိသမျှလူအားလုံးကို သတ်ပြီ သူ့အဖေအား သွားကယ်တင်ချင်သည်။ သို့သော် မိုယန်ကလန်မှာ ရှေ့ဟောင်းကလန်တစ်ခုဖြစ်ပြီ နှစ်ထောင်ပေါင်းများစွာ တည်တံ့လာခဲ့သည့် အမွေအနှစ်တစ်ခုလည်း ဖြစ်သည်။ သူတို့၏ အုတ်မြစ်မှာ အလွန်ပင် ခိုင်မာအားကောင်းသည်။ မိုယန်ချန်ပိုင်သည်ပင် သန့်စင်ထုတ်လုပ်ထားသည့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားခဲ့လျှင် ဒဏ္ဍာရီအဆင့် ပညာရှင်တစ်ယောက်၏ စွမ်းအားကိုပင် ရင်ဆိုင်၍ ရနိုင်သည်။ တစ်ခြားသော စွမ်းအားကြီးပညာရှင်များနှင့် ဟန်ပြအထွတ်အထိပ်အဆင့်များက ထည့်ပြောစရာပင် မလိုချေ။ ဟန်ပြအထွတ်အထိပ်အဆင့်ဟု ခေါ်သော်လည်း သူ၏ သိုင်းကွက်တစ်ကွက်နဲ့တင် သူ့ကို သတ်လို့ ရနိုင်၏။

" အကျိုးပြုရမှတ် ၂သောင်းကို ရဖို့ကလည်း တာဝန်တွေကို စလုပ်ဖို့က အဆင်မပြေသေးဘူး.. ငါ့ရဲ့ ကမ္ဘာဦးသွေးအမွေကလည်း နိုးထလာတာ မကြာသေးဘူး. ငါ့ခန္ဓာကိုယ် တစ်ကိုယ်လုံးကလည်း ဒိုချီစွမ်းအင်တွေနဲ့ အဆက်မပြတ်ကို စင်ကြယ်စေပြီ အားကောင်းလာစေတယ်.. ငါ့ရဲ့ ဒိုချီစွမ်းအင်တွေကလည်း အရှိန်အားကောင်းကောင်းနဲ့ တိုးပွားလာနေတယ်.. နေ့တိုင်းပဲ ငါ့ရဲ့ ခွန်အားတွေက သိသိသာသာကို မြင့်တက်နေတယ်.. "

ရွှယ်ယင် စိတ်ထဲတွင် ဆင်ခြင်စဥ်းစားကြည့်လိုက်သည်။

" အခုလက်ရှိ အခြေအနေအတိုင်းဆိုရင်.. ငါ့ရဲ့ စွမ်းအားက ဥက္ကာပျံသူရဲကောင်းအဆင့်နဲ့ကို ယှဥ်လို့ ရနေပြီ.. မကြာခင်မှာပဲ ငွေလအဆင့် ပညာရှင်တွေနဲ့ ယှဥ်လို့ ရလိမ့်မယ်.. ဒဏ္ဍရီအဆင့်ပညာရှင်နဲ့တောင် ယှဥ်လို့ ရနေဦးမှာ.."

" အဲဒီအချိန်ကျရင် ငါ ကြေးအမိန့်ပြား ရလိမ့်မယ်.. ဒီတော့ ကြေးအဆင့် တာဝန်တွေကိုပဲ တစ်ခါတည်း ယူတော့မယ်.. ကြေးအဆင့်မှာဆို အကျိုးပြုရမှတ်တွေက အနည်းဆုံး ၁၀၀၀ ရှိတယ်.. အန္တရာယ်များတဲ့ တာဝန်တွေဆိုရင် အကျိုးပြုရမှတ် ၁သောင်းအထိ ပေးတယ်.. ဒီလိုမျိုးဆို ငါ တာဝန်နှစ်ခုလောက်ပဲ လုပ်ဖို့ လိုလိမ့်မယ်.. " ရွှယ်ယင်က စဥ်းစားနေမိသည်။

သူ့ရည်မှန်းချက် အောင်မြင်နိုင်ဖို့အတွက် တချို့သော ပြင်ဆင်မှုတွေကို လုပ်ဖို့ လိုဦမည်။ တာဝန်ကို ဆောင်ရွက်သည့်အခါတွင် ပိုထိရောက်မှု ရှိရန်အတွက် အရင်ဆုံး သူ့အင်အားကို မြင့်တင်ရလိမ့်မည်။

ဒီနည်းလမ်းသည်သာ အကျိုးပြုရမှတ် ၂သောင်းကို အမြန်ဆုံးရစေမယ်ဆိုတာကို ရွှယ်ယင် သဘောပေါက်သည်။

" ဒါပေမဲ့.."

" အဖေကရော ဘယ်လိုဖြစ်နေမလဲ.. ငါ ရမှတ် ၂သောင်းရတဲ့အချိန်အထိ အဖေက တောင့်ခံနိုင်ပါ့မလား.."

ဧည့်ခန်းအထဲက အခြေအနေသည် ငြိမ်သက်တိတ်ဆိတ်နေသည်။ ထိုင်ခုံလက်ရန်းမှ ကျိုးကြေသွားသော သစ်သားအပိုင်းအစတို့က ကြမ်းပြင်ထက်တွင် ပြန့်ကျဲနေ၏။ ရွှယ်ယင်က ထိုင်ခုံမှာ တိတ်ဆိတ်စွာ ထိုင်နေ၏။ သခင်စစ်အန်းက ရေနွေးခွက်ကိုသာ တိတ်တဆိတ်ဖြင့် စုပ်သောက်နေရသည်။

" အခုချိန်မှာ အဖေကို မကယ်တင်နိုင်သေးဘူး.." ရွှယ်ယင်က ကြမ်းရှသော အသံဖြင့် ပြောလိုက်သည်။

" ဒါပေမဲ့.. အဖေကို ကာကွယ်ပေးဖို့က နည်းလမ်းများ ရှိဦးမလား.."

" မိုယန်ချန်ပိုင်က လူလွှတ်ပြီ မင်းအဖေကို အနိုင်ကျင့်စေခဲ့ပေမဲ့လည်း သူက သမားတော်ကို မှာထားပြီ မင်းအဖေကို ပြန်ကုသစေတယ်လေ. သူက မင်းအဖေကို ပေးမသေစေချင်သေးပါဘူး.." ဟူ၍ သခင်စစ်အန်းက ရှင်းပြလိုက်သည်။

" မဟုတ်ဘူး.." ရွှယ်ယင်က အံကို ကြိတ်လိုက်သည်။

" ကျနော်အဖေရဲ့ အသက်က မိုယန်ချန်ပိုင်လက်ထဲမှာ မရှိနေသင့်ဘူး.. နောက်ပြီ အဖေက အလုပ်ကြမ်းသမားအဖြစ် နှစ်ပေါင်းများစွာ လုပ်လာခဲ့ပြီးပြီလေ.. မိုယန်ချန်ပိုင်က အဖေကို ဆက်ပြီ နှိပ်စက်ဖို့ကို စိတ်မဝင်စားတော့တဲ့အချိန်ကို သခင်စစ်အန်းတို့ ကြိုသိနိုင်ပါ့မလား.. အဲဒီအချိန်ရောက်ခဲ့ရင် အဖေလည်း သေဖို့ များသွားပြီ.."

ရွှယ်ယင်က သခင်စစ်အန်းကို ကြည့်ပြီ " ကျနော်အဖေရဲ့အသက်ကို ကျနော် စိတ်ချချင်တယ်.." ဟု ပြောလိုက်သည်။

" ပိုက်ဆံသာ အလုံအလောက်ရှိရင် အထွတ်အထိပ်အဆင့်ကိုတောင် ငှားလို့ရတယ်..ပိုက်ဆံရဲ့ စွမ်းအားကို ကျနော် ယုံကြည်တယ်.. "

ဟုတ်သည်။ လူအများတို့သည် ပိုက်ဆံဖြင့် သိမ်းသွင်းလို့ ရပေ၏။

" သခင်စစ်အန်း.. အဖေရဲ့ အသက်ကို ကာကွယ်ဖို့အတွက် ရွှေဒင်္ဂါး ဘယ်လောက်လိုမလဲ.."

ရွှယ်ယင်သည် ပြတ်ပြတ်သားသားပင် မေးလိုက်သည်။ တကယ်၍ သူသာ ရွှေဒင်္ဂါး အပြားတစ်ကုဋေကိုသာ ပေါ့ပေါ့ပါးပါး ထုတ်သုံးနိုင်မည်ဆိုင်လျှင် အထွတ်အထိပ်အဆင့်တစ်ယောက်ကို ငှားရမ်းပြီ သူ့အဖေနှင့်အမေကို ကယ်တင်ခိုင်းပြီ သူ့အား အကာအကွယ်ပေးခိုင်းလို့ ရသည်။ သို့သော် အထွတ်အထိပ်အဆင့်တစ်ယောက်အား ငှားရမ်းဖို့ကို ထိုငွေပမာဏအား ရွှယ်ယင် မပေးနိုင်ချေ။

" ရွှေဒင်္ဂါးလား.." သခင်စစ်အန်းက အတန်ကြာသည်အထိ တွေးနေလေ၏။

" တကယ်လို့ သခင်ရွှယ်ယင်မှာ ရွှေဒင်္ဂါး အလုံအလောက် ရှိမယ်ဆိုရင်တော့ ငါ့မှာ အကြံတစ်ခုတော့ ရှိတယ်.."

" ဘာများပါလဲ.. ပြောပြပေးပါလား.." ရွှယ်ယင်က ချက်ချင်း ပြောလိုက်သည်။

" ရွှယ်ယင်ရဲ့ မိဘအကြောင်းတွေကို စုံစမ်းပေးဖို့ ကူညီတဲ့တုန်းက ရွှယ်ယင်အဖေက တုန်ရှန်းရေကန်ပန်းပဲဖိုမှာ နေပြီ အလုပ်လုပ်ရတယ်ဆိုတာ သိလာခဲ့တယ်လေ.... အဲဒီပန်းပဲဖိုက မိုယန်ကလန်ရဲ့ အရေးကြီးဆုံး အမြုတေပန်းပဲဖိုပဲ.. အဲဒီနေရာကို တာဝန်ယူရတဲ့သူက ယန္တရားပညာရှင်ကြီးတစ်ဦးပဲ.. သူ့ရဲ့ ခွန်အားက ငွေလအဆင့်မှာ ရှိတယ်.. သူက ယန္တရားပညာရပ်မှာ အထူးကျွမ်းကျင်တဲ့သူတစ်ယောက်ပဲ.. မိုယန်ကလန်မှာ သူ့ရာထူးနေရာက မိုယန်ချမ်နဲ့ မိုယန်ချိန်ပိုင်တို့ထက်တောင် မြင့်သေးတယ်.. "

သခင်စစ်အန်းက ရှင်းပြလိုက်သောအခါ ရွှယ်ယင်၏ မျက်လုံးမှာ အရောင်တောက်ပလာသည်။ စွမ်းအားအဆင့်မြင့်ပြီ ကျွမ်းကျင်သည့် ယန္တရားပညာရှင်ကြီးတစ်ယောက်... ထိုရာထူးကား ရှေ့ဟောင်းကလန်တိုင်းတွင် ရှိသည့် အဆင့်မြင့်ရာထူးတစ်ခုပင်။

" သူက ပန်းပဲဖိုတစ်ခုလုံးကို ကိုင်တွယ်ရတာ..ယန္တရားပညာရှင်ကြီးဆိုတဲ့ နေရာက အဆင့်မြင့်တယ်လေ.. " သခင်စစ်အန်းက ပြောလိုက်သည်။

" တကယ်လို့ သူက မင်းအဖေကို ကယ်တင်ချင်ရင်တော့ သူ့အတွက်က လွယ်လွယ်လေး ဖြစ်မှာပါ.. မင်းအဖေက အလုပ်ကြမ်းတွေကိုတောင် လုပ်နေစရာ မလိုတော့ဘူး.."

" ဒါဆို သူ့ကို ကူညီပေးဖို့ မေးပေးပါလား.." ရွှယ်ယင်မှာ တောင်းဆိုကြည့်သည်။

" ယန္တရားပညာရှင်ကြီးဆိုတာ ရာထူးက အရမ်းကို အားကျစရာကောင်းပေမဲ့ သူက ကျိကျိတက် မချမ်းသာနေပါဘူး.. သူက မချမ်းသာလို့ အထင်သေးမှာကိုလည်း ကြောက်တဲ့သူပဲ.."

သခင်စစ်အန်းက ဆက်လက်ပြီးတော့ " ရွှေဒင်္ဂါးတစ်သိန်းလောက်တော့ ပေးရမယ်လို့ ငါထင်တယ်.. တကယ်လို့ တစ်သိန်းတစ်သောင်းပေးနိုင်ရင် ပိုသေချာတာပေါ့.. ငါ့အနေနဲ့ ဒီကိစ္စကို ဖြေရှင်းပေးနိုင်တယ်.. ရွှေဒင်္ဂါး တစ်သိန်းတစ်သောင်းဆိုတာကလည်း တစ်သောင်းက နဂါးတောင်အိမ်တော်အတွက် ကော်မရှင်ခပါ.. တစ်သိန်းက ယန္တရားပညာရှင်ကြီးကို ဝယ်ဖို့အတွက်ပဲ.."

" တကယ်လို့ မအောင်မြင်ခဲ့ရင် ရွှေဒင်္ဂါး အပြား တစ်သိန်းက ပြန်ရမယ်.. ကော်မရှင်ခကတော့ ပြန်မရဘူး.."

သခင်စစ်အန်းက ရှင်းပြလိုက်လေသည်။ တကယ်တမ်းတွင်လည်း နဂါးတောင်အိမ်တော်၏ သတင်းကွန်ရက်သည် ကမ္ဘာအနှံ့အပြားတွင် လွှမ်းခြုံထားသည်မဟုတ်လား။

ထို့အပြင်.. ကမ္ဘာအနှံ့အပြားကို စောင့်ကြည့်ရာတွင် နဂါးတောင်အိမ်တော်သည် အလွန်အင်အားတောင့်တင်းသည့် အဖွဲ့တစ်ခုအဖြစ်လည်း သတ်မှတ်လို့ ရသည်။ သူတို့အတွက် ဒီလို မလိမ့်တပတ်နည်းလမ်းအသေးမျိုးမှာ တရားမဝင်ဟုပင် ပြောရခက်ခက်ပင်။

" ရွှေဒင်္ဂါးပြား တစ်သိန်းတစ်သောင်းလား.. ကောင်းပြီ.."

ရွှယ်ယင်က လက်ဖျောက်တစ်ချက် တီးလိုက်ရာ ရွှေထုတ်ခွင့်လက်မှတ်တစ်ထပ်က သူ့လက်ဝါးပြင်ထက်တွင် ထွက်ပေါ်လာသည်။

" ဒါက အင်ပါယာငွေတိုက်က ရွှေထုတ်ခွင့်လက်မှတ်တွေပဲ.. ရွှေဒင်္ဂါးပြား တစ်သိန်းတစ်သောင်းနဲ့ ညီမျှတယ်.."

သခင်စစ်အန်းမှာ တအံ့တသြ ဖြစ်သွားသည်။

ဝိုးး ရွှေဒင်္ဂါးပြား တစ်သိန်းတစ်သောင်းပါလား...!!

ရွှယ်ယင်က ထိုငွေပမာဏကို အလွယ်တကူ ထုတ်ပေးနိုင်ခြင်းကလည်း ပိုင်ယွမ်ကျစ်ကို ရွှေဒင်္ဂါး ၅သောင်း မပေးလိုက်သောကြောင့် ဖြစ်၏။ ပိုင်ယွမ်ကျစ်၏ တပည့်အရင်းဖြစ်ဖို့ရာ ပညာသင်ကြေးအနေဖြင့် ရွှေဒင်္ဂါး ၅သောင်းအား ပေးဆောင်ရသည်။ အကြောင်းကား တပည့်အရင်းဖြစ်သွားသည့်သူသည် တစ်သက်လုံး သင်ကြားပြသခြင်းကို သင်ယူခွင့် ရသွားကြသည်။ ရွှယ်ယင်မှာ ရွှေဒင်္ဂါး ၅သောင်းအစား ဆေးလ်ဗားမွန်းဝံပုလွေဘုရင်၏ အသည်းနှလုံးကို ပေးခဲ့သည်။ ထို့ကြောင့်လည်း ရွှေဒင်္ဂါး ပမာဏကြီးစွာ ပိုင်ဆိုင်နိုင်ဖို့က အလွန်တရာကို ခက်ခဲလွန်းချေ၏။

ရွှယ်ယင်မှာ ဆေးလ်ဗားမွန်းဝံပုလွေဘုရင်နှင့် အရိပ်ကျားသစ်တို့အား သတ်ဖြတ်နိုင်ခဲ့ခြင်းကြောင့် ပိုက်ဆံများစွာ ပိုင်ဆိုင်သွားခဲ့သည်။ ဒဏ္ဍာရီအဆင့် သူရဲကောင်းပင် ထိုငွေပမာဏမျိုးကို အမြန်မရှာနိုင်ချေ။ တကယ်၍ ကံဆိုး၍ အဆင့်တူသည့် မှော်သားရဲကောင်နှင့် ကြုံကြိုက်ခဲ့လျှင် အသက်ပါ ဆုံးပါးနိုင်သည်။ ရွှယ်ယင်ပင်လျှင် အရိပ်ကျားသစ်နှင့် ရင်ဆိုင်ရ၍ အသက်ပင် သေရလုနီးနီး ဖြစ်သွားခဲ့ရသည်မဟုတ်လား။

ထို့ကြောင့်လည်း ရွှေဒင်္ဂါး ပမာဏများစွာ ပိုင်ဆိုင်ဖို့ကလည်း ပျက်သုန်းခြင်းတောင်တန်းအတွင်းသို့ အန္တရာယ်ကြီးစွာ စွန့်စားခြင်းအမှု ပြုကြရလေ၏။

အသက်အန္တရာယ်နှင့် မစွန့်စားသရွေ့ ရွှေဒင်္ဂါးများစွာ ပိုင်ဆိုင်ဖို့သည် အလွန်ကို ခက်ခဲလှသည်။

ရွှေဒင်္ဂါး တစ်သိန်းတစ်သောင်းကလည်း ရွှယ်ယင်တို့ ဆေးလ်ဗားမွန်းဝံပုလွေဘုရင်၏ သားမွေးနှင့် တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတို့ကို ရောင်းချလာခြင်းမှ ရရှိလာသည့် ရွှေဒင်္ဂါး ၇ သောင်း.. ၊ တဖန် ဓားကောက်အဖွဲ့မှ သိမ်ယူရရှိလာသည့် ရွှေဒင်္ဂါးတို့ပါ စုပေါင်းလိုက်ရာမှ ရွှေဒင်္ဂါးပြား တစ်သိန်းနှစ်သောင်း ပိုင်ဆိုင်နေ၍ ရွှေဒင်္ဂါး တစ်သိန်းတစ်သောင်းကို ထုတ်ပေးနိုင်ခြင်း ဖြစ်၏။

" ဒါဆို.. စိတ်ချနေလိုက်တော့.. နောက်တစ်လကြာရင် လာပြန်ပြောပေးမယ်.. ဒီကိစ္စက ၉၀ ရာခိုင်နှုန်း အောင်မြင်မယ်ဆိုဆို ငါ ပြောရဲတယ်.. မှော်ဆရာတွေနဲ့ ယန္တရားပညာရှင်တွေက ပိုက်ဆံကို တကယ်လိုအပ်တယ်လေ.. သူတို့ရဲ့ လေ့လာစမ်းသပ်မှုအတွက် ပစ္စည်းဖိုး ရှိကြသေးတာကိုး.. ရွှေဒင်္ဂါး အပြားတစ်သိန်းဆိုတာ အလုပ်သမားတစ်ယောက်၏ အသက်တန်ဖိုးအတွက် လုံလောက်ပါတယ်.. သူတို့ သေချာပေါက် လက်ခံပေးလိမ့်မယ်.. " သခင်စစ်အန်းက အခိုင်အမာ ပြောလိုက်သည်။

ရွှယ်ယင်လည်း ခေါင်းညိတ်လိုက်၏။

တကယ်၍ ညှိနှိုင်းတာ မအောင်မြင်ခဲ့လျှင် ဒီထက်များပြားတဲ့ ငွေပမာဏကို ရွှယ်ယင် ထပ်ပြီ ကမ်းလှမ်းချင်ပါသေးသည်။

ရွှယ်ယင်က ဆေးလ်ဗားမွန်းဝံပုလွေဘုရင်အား သတ်လိုက်သည့် သတင်းက ပျံ့နှံ့နေပြီးသားပါ။ ထို့ကြောင့်လည်း ကုန်သည်အချို့က ဆေးလ်ဗားမွန်းဝံပုလွေသားမွေး နှင့် တခြားသော အစိတ်အပိုင်းကို ဝယ်ဖို့အတွက် စရံငွေပင် ကြိုတင်ချိတ်ထားလိုကြသည်။ ထိုသော် သူ့တွင် အရိပ်ကျားသစ် ရှိနေသးရာ ထိုအတွက် အကြေအလည် ဆွေးနွေးခဲ့ကြပေမဲ့ မရောင်းဖြစ်ခဲ့ချေ။

" ဒါဆို သခင်စစ်အန်းကိုပဲ အကူအညီတောင်းရမှာပဲ.." ရွှယ်ယင်က ပြောလိုက်လေသည်။

" တကယ်လို့ ဒီကိစ္စသာ အောင်မြင်ခဲ့ရင် သခင်စစ်အန်းကို ကျနော် ရွှယ်ယင် ကျေးဇူးမမေ့ပါဘူး.."

" ဟားဟား.. စိတ်ချလိုက်ပါ.. " ရွှယ်ယင်က ထိုသို့ ကတိကဝတ်ပြုလိုက်သည်ကို ကြားလိုက်သောအခါ သခင်စစ်အန်းက ပျော်ရွှင်စွာြဖင့် ချက်ချင်း ပြောလိုက်လေ၏။ ဒီကိစ္စကိုသာ အောင်မြင်စွာ ဆောင်ရွက်ခဲ့နိုင်ခဲ့လျှင် ရွှယ်ယင်က ဒီကျေးဇူးကို သေချာပေါက် အမှတ်ရနေလိမ့်မည်။ ယခု ရွှယ်ယင်၏ လက်ရှိအခြေအနေအရ ထိုကျေးဇူးအကြွေးက များစွာ ထိုက်တန်မည်မဟုတ်။ သို့သော် တကယ်၍ ရွှယ်ယင်က ဒဏ္ဍာလာအဆင့်တစ်ခုအထိ ရောက်ရှိလာပါက ထိုကျေးဇူးအကြွေးက ကွဲပြားသွားလိမ့်မည်။

***

နဂါးတောင်အိမ်တော် အတွင်းအဖွဲ့အစည်း.. လျှို့ဝှက်ဆက်သွယ်ရေးလမ်းကြောင်း..

သခင်စစ်အန်းသည် ချက်ချင်းပင် ယွီယွီခရိုင်က နဂါးတောင်အိမ်တော်သခင်သို့ ဆက်သွယ်လိုက်လေသည်။ လူယုံတစ်ယောက်ဖြင့် ထိုသတင်းအား ပို့ဆောင်စေသည်။

မိုယန်ကလန်သည် ယွီယွီခရိုင်တွင် အရာအားလုံးအား စိတ်ကြိုက် မှောက်ခုံ ပြုလုပ်နိုင်ကြသော်လည်း နဂါးတောင်အိမ်တော်မှာ လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်၏။

မည်သည့် သာမန်မိသာစုကလန်ကမှ နဂါးတောင်အိမ်တော်အား ဝင်ရောက်စွက်ဖက်ခွင့် မရှိချေ။ ဥပမာအားဖြင့် ရီရွှေမြို့၏ နဂါးတောင်အိမ်တော်မှ သခင်စစ်အန်းသည် တကယ်တမ်းတွင် စစ်ကလန်မှ ဖြစ်ပြီ စီလျောင်ဟုံ၏ တိုက်ရိုက်အမွေဆက်ခံသူတစ်ယောက်လည်း ဖြစ်သည်။ သို့သော် သူသည် စစ်ကလန်က သူ့အား အကျပ်ကိုင်နေမှာကို ကြောက်နေစရာ မလိုချေ။

သို့သော် အန်းယန်ပြည်နယ်က အင်အားအကြီးဆုံးကလန်မိသားစုတစ်ခု ဖြစ်သည့် အဆုံးမဲ့လေပြေကလန်သည် ပြည်နယ်ပြင်ပမှာ ရှိသည့် နဂါးတောင်အိမ်တော်တို့ကို လွှမ်းမိုးနိုင်သည်။ ပြည်နယ်အတွင်းက နဂါးတောင်အိမ်တော်တို့သည်လည်း အဆုံးမဲ့လေပြေကလန်အား အလျှော့ပေးရသည်။

သို့သော် စစ်ကလန်နှင့် မိုယန်ကလန်တို့မှာ ထိုအစွမ်းအင်အားမျိုး မရှိကြပေ။

***

ယုမိုပြည်နယ်.. ယွီယွီ စီရင်စုခရိုင်.. တုန်ရှန်းရေကန်ပန်းပဲဖို..

တုန်ရှန်းရေကန်ဆိုသည်မှာ အလွန်ကို လှပသော ရေကန်တစ်ခု ဖြစ်၏။ ကန်ရေမျက်နှာပြင်မှာ မှန်ပြင်တစ်ချပ်ကဲ့သို့ ငြိမ်သက် သာယာလှသည်။ ရေကန်အနားတွင်တော့ ပန်းပဲဖိုရုံတစ်ရုံ ရှိပြီ ခံတပ်သဖွယ် တည်ဆောက်ထားသည်။ ထိုပန်းပဲဖို၏ အလယ်ဗဟိုတွင်တော့ အမြင့်ဆုံးမျှော်စင်တစ်ခု ရှိသည်။ ထိုမျှော်စင်ကား မှော်ဆရာမျှော်စင် ဖြစ်၏။ ထိုမျှော်စင်သည် ယန္တရားပညာရှင်ကြီး ရှုကွမ်းချင်၏ မျှော်စင်လည်း ဖြစ်သည်။ ရှုကွမ်းချင် သည် ငွေလအဆင့်ရှိသည့် မှော်ဆရာတစ်ဦး ဖြစ်သော်လည်း ယန္တရားပညာရပ်တွင် မိုယန်ကလန်၌ နံပါတ်တစ် ဖြစ်လေသည်။

တစ်ခြားသော ကလန်မိသားစုများစွာတို့သည် သူ့အား ဖိတ်ခေါ်ခဲ့ကြသော်လည်း နောက်ဆုံးတွင် မိုယန်ကလန်ကသာ သူ့အား သိမ်းသွင်းနိုင်ခဲ့သည်။ အကြောင်းအရင်းမှာ မိုယန်ကလန်က သူ့အား ဧည့်သည်အကြီအကဲဆိုသော ဘွဲ့ဖြင့် ကမ်းလှမ်းခဲ့သောကြောင့် ဖြစ်သည်။ ထိုဘွဲ့ရာထူးက သူ့အား ကလန်အကြီးအကဲကောင်စီတွင် ပါဝင်ခွင့် ရှိစေခဲ့သည်။

နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ ရှုကွမ်းချင်၏ မွေးရပ်ဇာတိသည် ယွီယွီခရိုင်တွင် ရှိနေခြင်းကြောင့် ဖြစ်သည်။ ထိုအကြောင်းအရင်းသာ မဟုတ်ခဲ့လျှင် သူလည်း မိုယန်ကလန်ဆီကို လာခဲ့မှာ မဟုတ်ပေ။

" ဟူးး ဟူးး ဟူးး " ခြစ်ခြစ်တောက် ပူပြင်းနေသည့် လှည့်ဘီးကြီးတစ်ခုတွင် အပေါ်ပိုင်းက အဝတ်မဲ့နေသည့် အသက်လတ်ပိုင်း လူကြီးတစ်ယောက်.. ချွေးတလုံးလုံးနှင့် အားရှိသမျှ အကုန်ထုတ်၍ အရှေ့သို့ တွန်းနေရသည်။ ထိုလူသည် တုန်ပိုလီ ဖြစ်ပြီ တစ်ခြားသော အလုပ်သမားတို့လည်း အနီးအနားတွင် ရှိနေကြသည်။

" မြန်မြန်လုပ်ကြစမ်း.. "

" ကောင်းကင်သူရဲကောင်းအဆင့်တစ်ယောက်ဖြစ်ပြီတော့ အားပိုထုတ်စမ်းး.. "

အလုပ်သမားခေါင်းက တုန်ပိုလီအား မကြာခဏ လာလာကြည့်ကာ ကျားပွတ်ဖြင့် ရိုက်နှက်သည်။

တုန်ပိုလီမှာလည်း အရင်ကထက် ပိန်သွားသည်။ သူသည် တိတ်ဆိတ်စွာဖြင့် အလုပ်ကို လုပ်နေရသည်။

နေ့တိုင်းပင် အလုပ်ပြီးအောင် လုပ်နေရသလို အပြစ်ပေးခြင်းနှင့် နှိပ်စက်ခြင်းတို့ကိုပါ ခံနေရသည်။ အလွန်ဆိုးရွားသော အိမ်မက်ဆိုးသဖွယ် ဘဝကြီးကို ဖြတ်သန်းနေရ၍ သူသည် အံကိုကြိတ်၍သာ တောင့်ခံနေရသည်။ ဘဝကို လက်မြှောက်အရှုံးပေးဖို့ကလည်း သူ့မယား.. သူ့သားနှစ်ယောက်.. သူ့မှာ ပူပန်စရာတွေ များနေသေးသည်။

ခွေးတစ်ကောင်လို နေရရင်တောင် သူ အသက်ရှင်ချင်သေးသည်။

" ဆရာကြီးခင်ဗျာ.. "

" ဆရာကြီး.. "

ရုတ်တရက် ဘေးနားရှိ အလုပ်သမားခေါင်းအချို့က ရိုသေလေးစားစွာဖြင့် နှုတ်ဆက်လိုက်သံကို ကြားလိုက်ရသည်။ အလုပ်သမားအချို့မှာ တုပ်လှုပ်ကြောက်လန့်သွားကြသည်။

ဆံပင်အနက်ရောင်နှင့် လူကြီးတစ်ယောက် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အထဲသို့ လျှောက်ဝင်လာသည်။ အားလုံးက ရိုသေလေးစားစွာဖြင့် ရပ်နေကြကာ အသက်ပင် ကျယ်ကျယ် မရှုရဲကြချေ။ အရှေ့က ပုဂ္ဂိုလ်သည် ပန်းပဲဖိုရုံတစ်ခုလုံး၏ အကြီးအကဲဖြစ်သည့် ယန္တရားဆရာကြီး ရှုကွမ်းချင်ပင် ဖြစ်လေ၏။

" မကြာခင်မှာ ငါ လေ့လာစမ်းသပ်ချက်တစ်ခု လုပ်ဖို့ရှိတယ်.. ငါ့ကို ကူညီဖို့ လူနည်းနည်း လိုတယ်..."

ယန္တရားဆရာကြီး ရှုကွမ်းရင်က ပြောလိုက်လေသည်။

" ငါရဲ့ လေ့လာစမ်းသပ်ချက်မှာ ပါဝင်ခွင့်ရတဲ့သူက အလုပ်ကြမ်းတွေ လုပ်စရာမလိုဘဲ လုပ်အားခလည်း ပိုရစေမယ်.."

အားလုံးမှာ အံ့အားသင့်သွားကြသည်။

ယန္တရားဆရာကြီး၏ စမ်းသပ်ချက်..??

အလုပ်သမားခေါင်း၏ မျက်နှာက အရောင်ဖျော့တော့သွားသည်။ ဘယ်သူက စမ်းသပ်ချက်ထဲမှာ ဝင်ပါချင်ကြမှာလဲ..

" ငါတို့မှာ အကျဥ်းသား ဘယ်နှစ်ယောက်ရှိလဲ.." တစ်ယောက်မှ မထွက်လာ၍ ရှုကွမ်းချင်မှာ မျက်မှောင်ကုတ်သွားသည်။ တချို့အလုပ်သမားတို့မှာ ကလန်က အစေခံများ ဖြစ်ကြ၍ သူတို့မှာလည်း ကင်းလွတ်ခွင့်တော့ အထိုက်အလျောက် ရှိကြသည်။ သို့သော် အကျဥ်းသားများမှာ ကင်းလွတ်ခွင့် လုံးဝမရှိဘဲ အတင်းအကြပ် စေခိုင်းနိုင်သည်။

" ဆရာကြီးကို သတင်းပို့ပါတယ်.. ဒီမှာ အကျဥ်းသားပေါင်း အယောက် ၂ထောင်ကျော် ရှိပါတယ်.. "

အနားမှာ ရှိသည့် အလုပ်သမားခေါင်းတစ်ယောက်က ဖြေလိုက်သည်။

" ဒါဆို ငါ့ကို အကျဥ်းသားနာမည်နဲ့ သူတို့ရဲ့ စွမ်းအားအဆင့်တွေကိုပါ ရေးထားတဲ့ စာရင်းကိုယူလာပေး.. ငါ အဲဒီအထဲကနေ ရွေးလိုက်မယ်.."

ရှုကွမ်းချင်က အမိန့်ပေးလိုက်သည်။

" နားလည်ပါပြီ.. " အလုပ်သမားခေါင်းက ချက်ချင်း ဆောင်ရွက်သည်။

ထို့နေ့တွင် ယန္တရားဆရာကြီး၏ စမ်းသပ်မှုတွင် ပါဝင်ဖို့ အကျဥ်းသားပေါင်း ၁၂ယောက် ရရှိသွားသည်။ ကောင်းကင်သူရဲကောင်းအဆင့်က နှစ်ယောက်၊ မြေကမ္ဘာသူရဲကောင်းအဆင့်က ငါးယောက်နှင့် လူသားသူရဲကောင်းအဆင့် ငါးယောက်တို့ ဖြစ်ကြသည်။ ထိုအကျဥ်းသားတို့သည် တစ်ခြားသူတွေ သနားကြသည့် အကြည့်အအောက်မှာပဲ ယန္တရားဆရာကြီးထံသို့ တုပ်တုပ်လှုပ်လှုပ်ဖြင့် သွားရသည်။ သူတို့၏ ရင်ထဲတွင် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ထုံထုံထိုင်းထိုင်း ဖြစ်နေတော့၏။

" မင်းက တုန်ပိုလီလား... ဒီမှာ နေဦး.." ရှုကွမ်းချင်က အမိန့်ပေးလိုက်သည်။

တစ်ခြားသော အကျဥ်းသားများက ဆက်လက်လျှောက်သွားကြသည်။ ဟောင်းနွမ်းနေသော အဝတ်အစားအား ဝတ်ဆင်ထားသည့် တုန်ပိုလီသည် ထိုအနားတွင် စိတ်လှုပ်ရှားစွာဖြင့် ရပ်နေလိုက်သည်။

ထိုအခါ ရှုကွမ်းချင်က လေသံတိုးတိုးဖြင့်.." တုန်ပိုလီ.. မင်းရဲ့ အသက်အန္တရာယ်ဘေးကင်းဖို့အတွက် လူတစ်ယောက်က ရွှေဒင်္ဂါး ထောင်နဲ့ချီ သုံးပေးလိုက်တယ်.. ဒီနေ့ကစပြီ ငါနဲ့ နေရမယ်.. ငါ့ရဲ့ အကူတစ်ယောက် လုပ်ရမယ်.. ဘာမှ ထွေထွေထူးထူး လုပ်စရာမလိုပါဘူး.. ငါ့တပည့်တွေအတွက် လေးတဲ့ ပစ္စည်းတွေ ကိုင်တွယ်ပေးရုံပါပဲ.."

" အကူ..? " တုန်ပိုလီမှာ ကြက်သေသေသွားမိသည်။

" ဒီမှာ အေးအေးဆေးဆေး နေလို့ရတယ်.. ဘယ်သူကမှ ငါ့ရဲ့ မှော်ဆရာမျှော်စင်ကို လာ မထိရဲကြပါဘူး." ရှုကွမ်းချင်က အခိုင်အမာ ဆိုလိုက်သည်။

" နောက်ဆိုရင် မှော်ဆရာမျှော်စင်မှာပဲ နေရမယ်.. အပြင်ကို လုံးဝ မထွက်ရဘူး.. အကြောင်းကိစ္စအထွေအထူး ရှိရင် ငါ့တပည့်တွေကို ပြောပြလိုက်... ကဲ.. သွားလို့ ရပြီ.. "

" ဟုတ်ကဲ့ပါ.. ဆရာကြီး.." တုန်ပိုလီမှာ မယုံနိုင်အောင် ဖြစ်နေကာ ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ကြောင်တောင်တောင် ဖြစ်နေ၏။

ဆိုးဝါးလှသည့် အိမ်မက်ဆိုးက ဒီလိုပဲ ပြီးသွားတာလား..? စမ်းသပ်ချက်အတွက် အကူလုပ်ရတာက အလုပ်ရုံတွင် အလုပ်ကြမ်းသမားအတွက် လုပ်ရတာက ပိုသက်သာပါသည်။

" သတ္တုသားအချိုးအစားမှာ ပြဿနာတစ်ခု ရှိနေပါလား.." ရှုကွမ်းချင်မှာ စမ်းသပ်ချက်စာရွက်တွဲအား သေချာစွာ ဖတ်ရှုရင်း မျက်မှောင်ကြုတ်ကာ စဥ်းစားနေလေသည်။

တကယ်တမ်းတွင် သူ့အတွက် ဒီကိစ္စသည် အသေးအမွှားသာ ဖြစ်သည်။ ထို့အပြင် ရွှေဒင်္ဂါး အပြားတစ်သိန်း ရတော့မည့်အတွက်လည်း သူ့မှာ ပျော်ရွှင်နေလေ၏။ ဟုတ်သည်.. သူ အလုပ်တစ်ခုမှ မလုပ်ရသေးဘဲနှင့် ပိုက်ဆံကို ယူလို့ မရေသးပေ။ နဂါးတောင်အိမ်တော်ထံမှ ရွှေဒင်္ဂါး ရဖို့အတွက် သူ့ဘက်ကနေ သေချာအောင် လုပ်ပြရလိမ့်မည်။

မိုယန်ချန်ပိုင်ကရော..??

သန့်စင်ထုတ်လုပ်ထားသည့် ချပ်ဝတ်တန်ဆာကို အားကိုးနေရသည့် ကလန်စစ်သည်တစ်ယောက်ကို သူ ဂရုမစိုက်နေချေ။ သူသည် တန်ဖိုးရှိသော ချပ်ဝတ်တန်ဆာများကို သန့်စင်ထုတ်နိုင်သူ တစ်ယောက် ဖြစ်သည်။ သူတွင် ကလန်၏ အားပေးထောက်ခံမှုကို ရရှိထားသည်။

" အင်.. ကြည့်ရတာ စမ်းသပ်မှုက ဆက်လုပ်ရမှာပဲ.. ဟမ်.. ပစ္စည်းတွေ မလုံလောက်တော့ပါလား.. ဟွန့်.. ဒီကလန်က အကြီးအကဲတွေ ငါ့ရဲ့ ပစ္စည်းအထောက်အပံ့စရိတ်ကို အမြဲပဲ လျှော့ချနေတော့တာပဲ.. "

ရှုကွမ်းချင်က မျက်မှောင်ကြုတ်ရင်း ဆိုလိုက်လေသည်။

အပိုင်း (၃၄) - ခြောက်နှစ်အကြာတွင်..

သခင်စစ်အန်းက နှင်းကျောက်ရဲတိုက်သို့ ပြန်ရောက်လာခဲ့သည်။

သခင်စစ်အန်းက ပျော်ရွှင်စွာြဖင့် " ကိစ္စကတော့ အဆင်ပြေပြေနဲ့ အောင်မြင်လာခဲပြီး.." ဟု ပြောလေသည်။

" တုန်ရှန်းရေကန်ပန်းပဲဖိုရဲ့ ယန္တရားပညာရှင်ကြီးက ရွှေဒင်္ဂါးပြား တစ်သိန်းကို လက်ခံလိုက်ပြီးလေ.. ငါတို့ရဲ့ သတင်းကွန်ရက်အရဆိုရင် အခုဆို မင်းအဖေ တုန်ပိုလီက မှော်ဆရာမျှော်စင်အထဲမှာ အလုပ်လုပ်နေပြီလို့ ပြောတယ်.. သူ့အလုပ်က ပင်ပန်းသေးတယ်ဆိုပေမဲ့ ကောင်းကင်အဆင့်စစ်သည်တစ်ယောက်ရဲ့ ခန္ဓာကိုယ်က ကောင်းကောင်း ခံနိုင်ရည် ရှိလောက်ပါတယ်.. နောက်ပြီးတော့ အဲဒီယန္တရားပညာရှင်ကြီးကလည်း မိုယန်ကလန်က မင်းအဖေကို နှစ်တစ်ရာအလုပ်ကြမ်းဆိုတဲ့ အပြစ်ဒဏ်ပေးထားတာကို ဆန့်ကျင့်တာလည်း မဟုတ်ဘဲ မင်းအဖေကို သက်သာအောင် ကူညီပေးလိုက်တဲ့သဘောပဲလေ.."

" အဆင်ပြေပါတယ်.. အဖေရဲ့အသက်ကို ကာကွယ်ထားနိုင်ပြီပေါ့.."

ရွှယ်ယင်က ရုတ်တရက် ဆိုလိုက်သည်.. " မှော်ဆရာမျှော်စင်မှာရော တကယ်ပဲ လုံခြုံစိတ်ချပါရဲ့လား.. အဲဒီမှာ မမျှော်လင့်ထားတာတွေရော ဖြစ်နိုင်သေးလား.."

" ဒါကိုတော့ စိတ်အေးအေးထားပါ.. " သခင်စစ်အန်းက ကတိခံလိုက်ပြန်သည်။

" ယန္တရားပညာရှင်တစ်ယောက်ရဲ့ မှော်ဆရာမျှော်စင်ဆိုတာ အထူးတလည် တင်းကြပ်ထားတဲ့ နေရာတစ်ခုပဲ.. မိုယန်ကလန်ရဲ့ ဟန်ပြအထွတ်အထိပ်အဆင့်တောင်မှ မှော်ဆရာမျှော်စင်ထဲ ဝင်ချင်ရင် ယန္တရားပညာရှင်ထံမှာ လေးစားသမှုနဲ့ ခွင့်ပြုချက်တောင်းရတယ်.. နောက်ပြီ မှော်ဆရာမျှော်စင်ဆိုတာ အန္တရာယ်ကြီးတဲ့ ပစ္စည်းတွေ ယန္တရားပညာရှင်က တစ်သက်လုံး ရှာဖွေထားရတဲ့ ပညာရပ်ပစ္စည်းတွေ ရှိနေတယ်ဆိုတော့ ဘယ်သူကမှ ခွင့်ပြုချက်မရှိဘဲ မဝင်ရဲကြဘူး.. မိုယန်ချန်ပိုင်က ဘာရာထူးမို့လို့လဲ.. သူလွှတ်ထားတဲ့ လူမပြောနဲ့.. သူကိုယ်တိုင်တောင်မှ မဝင်ရဲပါဘူး.. ဒီတော့ မင်းအဖေက လုံးဝ လုံခြုံစိတ်ချနေရပြီပေါ့.. "

" သခင်စစ်အန်းကို ကျေးဇူးတင်ပါတယ်.. " ရွှယ်ယင်က လှိုက်လှိုက်လှဲလှဲဖြင့် ပြောလိုက်သည်။ သူ့ရင်ဘတ်ပေါ်က ဝန်ထုပ်ဝန်ပိုးတစ်ခု ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

ရွှေဒင်္ဂါးဆိုသည်က သူ့အတွက် တန်ဖိုးရှိသည့် ပိုင်ဆိုင်မှုတစ်ခုပါ..။ သို့သော် သူ့အဖေ၏အသက်ကို ကာကွယ်ဖို့သည် ပို၍ အရေးကြီးပေ၏။

" ကံကောင်းလို့ပဲ ငါတို့မှာ သခင်စစ်အန်းကို အကူအညီကို ရကြလို့ပဲ.. မဟုတ်ရင် တုန်ပိုမိသားစုကတော့ ဒုက္ခရောက်ကြတော့မှာ.. "

ကျုံးလိန်သည်လည်း စိတ်ထဲ ဝမ်းမြောက်နေသည်။ သူနှင့် ထုံစန်းတို့ အနည်းငယ် စိတ်သက်သာရာ ရသွားကြပါပြီ။

" ဟဟ.. ဒါက အသေးအမွှားကိစ္စတစ်ခုလောက်ပါပဲ.. " သခင်စစ်အန်းက ပြန်ပြောလိုက်လေသည်။ " တုန်ပိုလီက ရီရွှေမြို့က လူတစ်ယောက်ပဲလေ.. တကယ်လို့ သူ့ကို ကယ်တင်လို့ ရမဲ့ အရာတစ်ခုခု ရှိခဲ့ရင် ငါလုပ်လိုက်မှာပဲ.."

ထိုစကားကြောင့် ရွှယ်ယင် ရင်ထဲတွင် နွေးခနဲ ဖြစ်သွားရသည်။

သို့သော် သူ့မိဘတွေ၏ လက်ရှိအခြေအနေနဲ့ စပ်လျဥ်း၍ ရွှယ်ယင်မှာ စိတ်တွင် မကျေနပ်နေသေးချေ။

" အမေက တစ်ယောက်တည်း အထီးကျန်စွာနဲ့ အကျဥ်းချခံထားရတယ်.. ဒီလို နှစ်ကြာ အကျဥ်းချခံထားရတာ..စိတ်ပျက်ငြီးငွေ့စရာပဲ.. နောက်ပြီ အမေက တစ်ယောက်တည်းပဲ အကျဥ်းထောင်ထဲ နေနေရသေးတယ်.. "

" အဖေဆိုလည်း အလုပ်ကြမ်းတွေ ဆက်လုပ်နေရတုန်းပဲ.. "

" ငါ အခုထိ အားနည်းနေတုန်းပဲလား.. အခုထက်ထိ ဒဏ္ဍာရီအဆင့်တောင် မရောက်သေးဘူး.. "

" အခုဆိုရင် ဂုဏ်ထူးဆောင်မှူးမတ်ကြီးဘွဲ့ကို ရဖို့ ငါ့မှာ မျှော်လင့်ချက် မရှိသေးဘူး.. ငါ့ရဲ့ ကမ္ဘာဦးသွေးအမွေက နိုးထလာတဲ့အချိန်က စပြီ ငါ့ရဲ့ ခန္ဓာကိုယ်က လျင်လျင်မြန်မြန်ကို တိုးတက်လာခဲ့တာ.. များများလေ့ကျင့်လေ.. ငါ့ရဲ့ ခန္ဓာကိုယ်ကလည်း မြန်မြန် တိုးတက်လာမှာပဲ.. "

ရွှယ်ယင်က တစ်ကိုယ်တည်း တွေးတောနေလေသည်။

ဒဏ္ဍာရီလာ နဂါးကဲ့သို့ပင်.. ထိုနဂါးတို့သည် အထွက်အထိပ်သက်ရှိသတ္တဝါများ ဖြစ်ကြသည်။ အရွယ်ရောက်လာခဲ့အခါတွင် ထိုနဂါးတို့သည် အထွတ်အထိပ်အဆင့်သို့ ရောက်ကြသည်။ ကျင့်ကြံထားပြီးသည့် နဂါးတစ်ကောင်၏ စွမ်းအားသည် ကျန်သော နဂါးတို့အား အနိုင်ယူနိုင်စွမ်း ရှိသည်။

ထိုကဲ့သို့ သဘောတရားအတိုင်းပင် ကမ္ဘာဦးသွေးအမွေ နိုးထလာသူတိုင်းတွင်လည်း ထပ်တူ ရှိကြသည်။ သို့သော် သဲသဲမဲမဲ လေ့ကျင့်ကြသူနှင့် ပေါ့ပေါ့ပါးပါးပဲ နေခဲ့သူတို့မှာ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏ စွမ်းအားက နှိုင်းယှဥ်မရလောက်အောင် ကွာဟ သွားလိမ့်မည်။

ရွှယ်ယင်သည် သူ့၏ စွမ်းအားကို ထပ်ပြီ တိုးတက်ချင်ခဲ့သည်။

***

တောင်အနောက်ဘက်ခြမ်းက ဝါးအိမ်လေး ရှိသည့် ကုန်းမြေတွင် ကွင်းကွက်လပ်ပြင်၌ သန့်စင်ထုတ်လုပ်ထားသည့် လေ့ကျင့်ရေးအရုပ်နှစ်ခု ရှိနေ၏။ ထိုအရုပ်တို့သည် တစ်ခုကို ရွှေဒင်္ဂါး အပြား ၅ထောင် တန်ဖိုး ရှိပြီ ဒဏ္ဍာရီအဆင့်မရောက်သေးသည့် သူတို့မှာ ထိုအရုပ်အား ပျက်စီးစေသွားလောက်အောင် မလုပ်နိုင်ကြပါဘူး။ ဒဏ္ဍာရီအဆင့်ရောက်နေသည့် သူတို့၏ လက်ချက်ဖြင့် ထိုအရုပ် ပျက်စီးသွားသည့်တိုင် ၎င်းအရုပ်တို့၏ ပြန်လည်ကောင်းမွန်လာနိုင်သည့် အစွမ်းကြောင့် ထိုအရုပ်တို့သည် ပျက်စီးသွားခြင်း မရှိချေ။ ထို့ကြောင့်လည်း ထိုလေ့ကျင့်ရေးအရုပ်တို့ကို မှော်ဆရာများက စမ်းသပ်လေ့ကျင့်ဖို့အတွက် အမြဲတစေ အသုံးပြုကြရသည်။

ထိုအရုပ်တို့ကို ရီရွှေမြို့မှ အထူးတလည် မှာယူထားရခြင်း ဖြစ်ပြီ ကျွမ်းကျင်သည့် ပညာရှင်တစ်ယောက်က ပြုလုပ်ထားပေးခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ထိုအရုပ်နှစ်ရုပ်အား ပျက်စီးသွားစေဖို့က ဖြစ်နိုင်ဖွယ်ရာအရာတစ်ခု မဟုတ်နေခဲ့ချေ။ ရွှယ်ယင်၏ လှံရိုက်ချက်တို့ကပင် ထိုအရုပ်နှစ်ရုပ်ကို တုတ်တုတ်ပင် မလှုပ်စေခဲ့ပေ။ ထိုအရုပ်တို့က မည်မျှအထိ တောင့်တင်းခိုင်မာနေသလဲဆိုတာ အလွယ်ပင် မှန်းဆလို့ ရနိုင်၏။

" ဘန်းး.. " " ဘန်းး.. "

မိုးကြိုးပစ်နေသည့်အလား ထင်မှတ်ရလောက်အောင် ရွှယ်ယင်၏ လှံရှည်က လျင်လှ သွက်လွန်းလှသည်။ လွှဲကာ ရိုက်ကာနှင့် ထိုးသွင်းလိုက်.. ပိုင်းလိုက်ဖြင့်..လှုပ်ရှားမှုတိုင်းမှာ ရွှယ်ယင်၏ လှံအားမှာ ပို၍ ပို၍ အားအင်ပြင်းထန်လာသည်။

ရွှယ်ယင်သည် လှံပညာရှင်ကြီးအဆင့်သို့ ရောက်နေသည့်အပြင် လှံသိုင်းပညာကို လေ့ကျင့်ရာမှာလည်း သက်တောင့်သက်သာဖြင့် အားစိုက်နိုင်စွမ်း ရှိနေပြီသော်လည်း ထိုသို့ လူကို မောဟိုက်သွားည့်အထိ လေ့ကျင့်ခြင်းသည်က သူ့အတွက် မျာစွာ အထောက်အကူပြုနေဆဲပါ။ ကမ္ဘာဦးသွေးအမွေ နိုးထလာခဲ့ပြီးနောက်ပိုင်းတွင် သူ့၏ ပြန်လည်ကုစားနိုင်စွမ်းက အံမခန်းလောက်အောင် ရှိလာခဲ့သည်။ အချိန်တိုင်း ပြန်လည်ကုစားပြီးနောက်တွင် သူ့၏ အရိုးနှင့် အသွေးအသားတို့မှာ အနည်းငယ်စီ ပြောင်းလဲတိုးတက်ခဲ့သည်။ ထိုသို့ မရေတွက်နိုင်သော အနည်းငယ်စီ ပြောင်းလဲတိုးတက်လာသည်တို့ကို စုပေါင်းလိုက်သည့်အခါတွင် သူ့၏ စွမ်းအားကို ကြီးမားစွာ တိုးတက်ပြောင်းလဲစေခဲ့သည်။ ရွှယ်ယင်မှာ မောဟိုက်ပင်ပန်းသွားသည့် ခန္ဓာကိုယ်အား ပြန်လည်ကုစားဖို့အတွက် မီးလျှံသုံးဆင့်သိုင်းကွက်ကို လေ့ကျင့်သည်။ ထိုသိုင်းကွက်ကြောင့်လည်း မောပန်းနေသည့် ခန္ဓာကိုယ်က ပတ်ဝန်းကျင်ကနေ မီးသဘာဝတရားစွမ်အင်တို့ကို အငမ်းမရ စုပ်ယူကြ၏။

ထို့အပြင် လှံသိုင်းလေ့ကျင့်သည့်အခါတွင်လည်း ကောင်းကင်နှင့် မြေကြီးတို့၏ သဘာဝတရားကို နာလည်းဖို့ ကြိုးစားရသည်။

" ဟူ.. ဟူ.. ဟူ.. "

ချွေးများက တစ်ကိုယ်လုံးတွင် ရွှဲရွှဲ စိုလာသည့်အခါတွင် ရွှယ်ယင်မှာ ကျေနပ်အားရမိသည်။ သူ့တစ်ကိုယ်လုံးက အစိတ်အပိုင်းအားလုံး အားအင်ကုန်ခမ်း၍ နာကျင်နေသည်ကို သူ ခံစားနေရသည်.။ လေ့ကျင့်ရာ၌ သူ့အား မမောပန်းစေလာတော့လျှင် ထပ်ပြီတော့ အရှိန်တိုးပြီ အလွန်အကျွံ လေ့ကျင့်ပြန်သည်။ ထိုသို့ ခန္ဓာကိုယ်အား အဆုံးစွန်းအထိ ခိုင်းစေမှသာ ကမ္ဘာဦးသွေးအမွေ၏ စွမ်အားတို့က အဆက်မပြတ် ထွက်ရှိလာပေမည်။

***

ရာသီစက်ဝန်းက တစ်ပတ်လည်သွားပြန်သည်။ နှင်းကျောက်တောင်တန်းမှာ ပေါက်ရောက်နေကြသော မြက်ပင်တို့ကား သွေ့ခြောက်သွားရပြန်သည်။ စက်ဝန်းသဖွယ်.. လည်ပတ်နေသည့်အရာတို့ကား ထိုနည်းနှယ် ရောက်လာလိုက်.. သွားလိုက်နှင့်... ။

မျက်စိတစ်မှိတ်တည်းဟူသော အချိန်တစ်ခဏ၌ ၆ နှစ် ဖြတ်သန်းလာခဲ့လေပြီ.။

ကလေးမလေး ခုံရိုယွဲ့.. ပျော်ပျော်နေတတ်သည့် တုန်ပိုချင်းရှီ.. နှင့် အရည်အချင်းရှိသည့် တုန်ပိုရွှယ်ယင်တို့ အရွယ်ရောက်ကြီးပြင်းလာခဲ့ကြလေပြီ။

စမ်းရေများ ရေကန်အတွင်းသို့ တဝေါဝေါ စီးကျလို့ နေသည်။ စမ်းရေစီးအသံများကား တိတ်ဆိတ်ငြိမ်သက်သည့် သဘာဝရှုခင်းနှင့် အလွန်ပင် ပနံသင့်လှပေ၏။

အနက်ရောင်ဝတ်စုံအား ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး.. သူကား ကျောက်တုံးတစ်တုံးထွက်တွင် တင်ပျဥ်ခွေ ထိုင်နေကာ သူ့တွင် အလှုပ်အရွေ့ တစ်စက်ကလေးမှ မရှိနေချေ။ သူ့မျက်နှာကား ဆောက်စူးများဖြင့် သပ်သပ်ရပ်ရပ် ထုထွင်းဖြတ်တောက်ထားသည့်အလား ပိရိသေသပ်ကာ မျက်နှာအကျက သူ့အဖေနှင့် ခပ်ဆင်ဆင်လေး ရှိနေပေသည်။ သူ့၏ ပုံသဏ္ဍာန်ကား ထူးထူးခြားခြားတော့ မရှိနေသလို ချောမောလှပသည်ဟုလည်း မဆိုနိုင်ချေ။ သို့သော် သူ့၏ ကိုယ်ဟန်အမူအရာသည် တောင်ကြီးတစ်လုံးသဖွယ် တည်တံ့ခန့်ညားသည်။ သိသိသာသာပင် တည်ကြည်ထူးခြားပေ၏။ ထိုအခိုက်တွင် သူ အသက်ရှုနေသည့် နှုန်းထားက အလွန်ပင် နှေးကွေးလှချေရာ သူသည် အသက်ရှုနေသည်လား မရှုနေသည်လားဆိုတာကို ပြောနိုင်ဖို့ ခက်ခဲစေပေ၏။ ထို့အတူ သူ့နှလုံးမှာလည်း တမူထူးခြားစွာ ခုန်နေပြန်၏။ အလွန်ကို နှေးကွေးစွာဖြင့် တစ်မိနစ်မှာ တစ်ခါလောက်သာ ခုန်၏။ သူ့၏ သွေးလမ်းကြောင်းမှာလည်း အလွန်တရာ နှေးကွေးစွာ လည့်ပတ်နေလေ၏။

" ဟူ.. " သူကား ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။ သူ ရှသွင်းလိုက်သည့် ဝင်သက်ကြောင့် သူကျောရိုးပြင်မှာ နဂါးကြီးတစ်ကောင်အလား လှုပ်ခါကြွတက်လာသည်။ လေကို ရှုသွင်းလိုက်ခြင်းကြောင့် သူ့ဝမ်းဗိုက်သည် အနည်းငယ်ပြန့်ကားသွားလိုက်သည်မှာ လေကို အဆုံးမသတ် ရှုသွင်းနေသည့်အလားပင် ထင်မှားရစေ၏။

" ဟူးး " လေကို ပြန်မှုတ်ထုတ်သည့်အခါတွင် အားကောင်းလှသော လေပြင်းတစ်ခုက ပါးစပ်ကနေ ထွက်ရှိလာလေကာ သူထိုင်နေရာ၏ အရှေ့တွင်ရှိနေသော ရေကန်ဆီသို့ တည့်တည့်မတ်မတ် ထိမှန်သွား၏။ ထိုအခါ နဂိုငြိမ်သက်နေသည့် ကန်ရေပြင်က အော်သံကြီး မြည်ဟီးထွက်လာပြီ လှုပ်ယမ်းသွားကာ ကန်ရေများ အလုံးအရင်းဖြင့် ပြန့်ထွက်သွားပြီ အပေါ်ဘက်သို့လည်း လွင့်စင်သွားကုန်၏။

နောက်ထပ် အသက်ပြင်းတစ်ချက် ရှိုက်လိုက်သည့်အခါတွင် လေးကန်နှေးကွးနေသည့် ခန္ဓာကိုယ်လုပ်ဆောင်မှုများ အရှိန်ပြန်မြန်လာ၏။ သူ့နှလုံးခုန်သံသည်လည်း လျင်မြန်စွာဖြင့် ပုံမှန်စည်းချက်အတိုင်း ပြန်လည်ခုန်လာလေ၏။

သူ မတ်တတ်ရပ်လိုက်သည့်အခါတွင် တစ်ကိုယ်လုံးရှိ ဒိုချီစွမ်းအင်များ ရုန်းကြွနိုးထလာပြီ အနီရောင်ရှိသည့် မိးသဘာဝဒိုချီစွမ်းအင်များကလည်း စုစည်းသိပ်သည်းလာပြီးလျှင် သူ့တစ်ကိုယ်လုံးအား တောက်ပနေသော မီးလျှံကဲ့သို့ အကာအကွယ်အလွှာတစ်ခုအဖြစ် လွှမ်းထားလာလေ၏။ ရွှယ်ယင်သည် ပြီးခဲ့သည့် နှစ်များတွင် မီးလျှံသုံးဆင့်သိုင်းကွက်အား အကြိမ်ရေ မရေတွက်နိုင်လောက်အောင် လေ့ကျင့်ခဲ့သည်။ ဒါသည် ဒိုချီကျင့်စဥ်တစ်ခုသာ ဖြစ်သော်လည်း ရွှယ်ယင် လေ့ကျင့်လာခဲ့ပြီအချိန်တွင် ထိုကျင့်စဥ်က အံဖွယ်ကောင်းလောက်အောင် သူ့ခွန်အားအား ညင်သာစွာဖြင့် နှစ်ဆတိုးစေခဲ့၏။

သူ့လှုပ်ရှားမှုက တစ်ခါတွင် နှေးကွေး၏။ တစ်ခါတွင် ရုတ်ချည်း အရှိန်မြင့်တက်သွား၏။

" ဘုန်း.. " သူ့လက်ဝါးပြင်က အရှေ့သို့ မြန်ဆန်စွာဖြင့် ရိုက်ထုတ်လိုက်ရာ အင်အားကြီးသည့် လေပြင်းအားကြီးတစ်လုံးက သူ့လက်ဝါးပြင်ကနေ ထွက်ရှိလို့ လာ၏။ ထိုလေပြင်းအားသည် လေထုကို ဖြတ်ကျော်ထိုးခွင်း၍ အဝေး၌ ရှိနေသည့် ကျောက်တုံးတစ်တုံးအား ထိမှန်သွား၏။ ရုတ်ချည်း ကွဲအက်သွားသည့် အသံနှင့်အတူ ကျောက်တုံးမှာ အပိုင်းပိုင်းအစစ ဖြစ်သည့်အထိ ကွဲအက်ကြေသွားပြီ တောင်ကုန်းအား တုန်ဟီးစေသည့်အထိ တလိမ့်လိမ့် ကျဆင်းလာသည်။

တစ်ဖန် ရွှယ်ယင်သည် သူ့၏ လက်သီးသိုင်းအား ဆက်လက် လေ့ကျင့်ခဲ့သည်။

နောက်ထပ် လက်သီးထိုးချက်တစ်ချက်နှင့် သိုင်းကွက်တစ်ကွက်... ။

ရွှယ်ယင်၏ လက်ဝါးပြင်မှ ရိုက်ထုတ်လိုက်သော အင်အားကောင်းသည့် လေပြင်းအားသည် ကျောက်ပြားတစ်ချပ်ကိုပင် အပိုင်းအစ ဖြစ်သွားအောင် အလွယ်ပင် လုပ်စေနိုင်သည်။

" တော်ပြီ.. " ရွှယ်ယင် ရပ်လိုက်သည့်အခါတွင် အသက်ရှုနှုန်းများ ပြန်လည် တည်ငြိမ်သွားသည်။ ထို့အတူ သူ့၏ ဒိုချီစွမ်းအင်များသည်လည်း လုံးဝ ကွယ်ပျောက်သွားသည်။

" ငါ့ရဲ့ အင်အားတွေက တစ်ဖြေးဖြေးနဲ့ တိုးတက်လာနေတယ်.."

ရွှယ်ယင်က စိတ်ထဲတွင် တွေးလိုက်သည်.. " ငါ့ရဲ့ ဒိုချီစွမ်အင်အဆင့်က ငွေလအဆင့်ကို ရောက်သွားပြီ ဆိုတော့ ငါ့ခန္ဓာကိုယ်လည်း အကြီးအကျယ် ပြောင်းလဲတိုးတက်လာတော့မယ်.. ဒါပေမဲ့ ဒီအဆင့်လောက်က မလုံလောက်သေးပါဘူး.. "

သဲသဲမဲမဲ လေ့ကျင့်လာခြင်းဖြင့် သူ့၏ ကမ္ဘာဦးသွေးအမွေ စွမ်းအားများ အဆက်မပြတ် ဖော်ထုတ်လာခဲ့ပြီးအချိန်တွင် ရွှယ်ယင်၏ ခွန်အားမှာ ခန့်မှန်းမရနိုင်လောက်အောင် အဆင့်တစ်ခုအထိ ရောက်ရှိလာခဲပါပြီ။

ရွှယ်ယင်၏ ခွန်အားက လုံလုံလောက်လောက် ရှိနေခြင်းကြောင့် ကောင်းကင်အဆင့်မှ ဥက္ကာပျံအဆင့်သို့ တက်သွားသည့်အချိန်တွင် သူ့မှာ အဆင့်တက်ရာတွင် ကြန့်ကြာနေခဲ့သည့်အတွေ့အကြုံမရှိခဲ့ပေ။ သူ့တွင် ဒိုချီစွမ်းအင်များ လုံလုံလောက်လောက် စုစည်းထားခြင်းကြောင့်လည်း သူလည်း အဆင့်တက်လာခဲ့ရာ ဥက္ကာပျံအဆင့် ရောက်သည့်အချိန်တွင် သူ့ ဒိုချီစွမ်းအင်များက ဒိုချီအရည်စွမ်းအင်အဖြစ် စုစည်းနိုင်ခဲ့သည်။ ထို ဒိုချီအရည်စွမ်းအင်ကြောင့် သူ့ခန္ဓာကိုယ် ပြောင်းလဲခဲ့ရာတွင် ကြီးစွာ အထောက်အကူ ဖြစ်ခဲ့သည်။ ပြီးခဲ့သည် နှစ်ဝက်အတွင်း ရွှယ်ယင် ခန္ဓာကိုယ်က အဆက်မပြတ် ပြောင်းလဲတိုးတက်ခဲ့ပေမဲ့ တစ်ဖြေးဖြေးဖြင့် ထိုအရှိန်နှုန်းက နှေးကျလာသည်။

" ငါ့ရဲ့ ဒိုချီစွမ်းအင်က ဥက္ကာပျံအဆင့်ကို ရောက်နေတာဆိုပေမဲ့ င့ါရဲ့ ကမ္ဘာဦးသွေးအမွေကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် ငါ့ခန္ဓာကိုယ်ရဲ့ တိုးတက်ပြောင်းလဲမှုက အဆင့်တူတွေထက် သာလွန်နေပါပြီ.."

" လွန်ခဲ့တဲ့ ၆နှစ်တုန်းက ငါ့ရဲ့ ကမ္ဘာဦးသွေးအမွေ နိုးထလာပြီးနောက်ပိုင်းမှာ ငါ့ရဲ့အဆင့်က ဥက္ကာပျံအဆင့်ရဲ့ ထိပ်သီးအဆင့်မှာ ရှိနေခဲ့တယ်.. သန့်စင်ထုတ်လုပ်ထားတဲ့ အရုပ်တွေနဲ့ လေ့ကျင့်ထားတဲ့အတိုင်းဆိုရင် သာမန်အခြေအနေမှာ ငါ့ရဲ့အဆင့်က ဒဏ္ဍာရီအဆင့်လောက် ရှိနေပါပြီ.. "

ရွှယ်ယင်က သူ့ဘာသာ တွေးလိုက်သည်။

" ဒါပေမဲ့ ငါက ကောင်းကင်နှင့်တစ်သားတည်းအဆင့်ကို မရောက်သေးတာပဲ.. ဒါဟာ ဒဏ္ဍာရီအဆင့်သမားတစ်ယောက်နဲ့ ငါနဲ့ ကွဲပြားတဲ့အချက်ပဲ.. ဒါပေမဲ့ ငါခန္ဓာကိုယ်က လုံလုံလောက်လောက်ကို အစွမ်းထက်နေပြီ.. ငါ့ရဲ့ ကမ္ဘာဦးသွေးအမွေကို နှိုးဆွလိုက်မယ်ဆိုရင် ငါ့ရဲ့ စွမ်းအားက နှစ်ဆ ဖြစ်သွားလိမ့်မယ်.. "

ထိုစွမ်းအားနှင့်ဆိုလျှင် ဒဏ္ဍာရီအဆင့်တွင် ရှိသည့် မည်သူမဆို သူ့အား ယှဥ်၍ ရမည်မဟုတ်ချေ။ ကံမကောင်းသည်က သူသည် ကောင်းကင်နှင့်တစ်သားတည်းအဆင့်သို့ မရောက်ရှိသေးတာပဲ ဖြစ်၏။

" နောက်တစ်ဆင့်တက်ဖို့ အချိန်ရောက်ပြီ.. " ရွှယ်ယင်က တွေးလိုက်လေ၏။

" အစ်ကိုကြီး ရွှယ်ယင်.. အစ်ကိုကြီး ရွှယ်ယင်.. "

ရုတ်တရက် အဝေးကနေ ချိုသာပြီ ရင်းရင်းနှီးနှီးဖြင့် အော်ခေါ်သည့်အသံကို ကြားလိုက်ရချေသည်။

အပိုင်း (၃၅) အလုပ်တာဝန် ရွေးချယ်ခြင်း

ရင်းနှီးနေသည့် အသံကို ကြားလိုက်ရသည့်အခါ ရွှယ်ယင်မှာ ပြုံးလိုက်မိချေသည်။ ချက်ချင်းဆိုသလို ဘေးနားတွင် ရှိနေသော နှင်းပျံနတ်လှံအား ကောက်ယူလိုက်၏။ အသက်တစ်ရှိုက်စာအချိန်အတွင်း ရွှယ်ယင်၏ ခန္ဓာကိုယ်သည် အရိပ်တစ်ခုကဲ့သို့ ပျောက်သွားပြီလျှင် ထိုနေရာမှ မီတာတစ်ရာအကွာတွင် ပြန်လည်ထွက်ရှိလာသည်။

ဝါးအိမ်အနီးတွင်...

ရှည်သွယ်ပြီ ချောမောလှပကာ ကျက်သရေရှိသည့် မိန်းမပျိုလေးတစ်ယောက်.. ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ခြင်းတောင်းတစ်ခုကို ကိုင်ဆောင်၍ ဟိုဒီ ငေးမော ရှာကြည့်နေ၏။

သူမသည် အရွယ်ရောက် ကြီးပြင်းလာသည့် ခုံရိုယွဲ့ပင် ဖြစ်လေ၏။ သူမသည် အသက် ၁၉ နှစ် ရှိနေလေပြီ။ အရင်တုန်းက ကလေးမလေးသည် ယခုအခါတွင်တော့ တကယ့်ကို လှပသည့် အချောအလှလေးတစ်ဦး ဖြစ်နေလပြီ။ သူမ၏ အသားအရမှာ အနည်းငယ် ဖြူဖျော့၏။ သူမသည် မှော်ပညာရပ်အား အချိန်အကြာကြီး လေ့လာခဲ့ဖူးသူ ဖြစ်ခဲ့လေပြီ။ သူမ၏ အသားအရေ ဖြူဖျော့နေမှုက သူမအား ပို၍ပင် ကြည့်ကောင်းစေလေ၏။ မှော်ပညာရှင်တစ်ယောက်၏ ထူးခြားသော အရှိန်အဝါကို သူမထံမှ ရနေလေ၏။ သူမသည် တကယ်ပင် ဖွံ့ဖြိုးကြီးထွားလာပြီ ဆွဲဆောင်မှုအားကောင်းလှသည့် မိန်းမပျိုလေး ဖြစ်လာနေချေပြီ။

အနည်းဆုံးတော့ ပိုင်ယွမ်ကျစ်၏ တပည့်မ ဖြစ်နေခြင်းကြောင့် တစ်ခြားသော ယောကျ်ားလေး တပည့်များက သူမအား လေးစားကြသလို တစ်ချို့ကသည် သူမအား ပိုးပန်းဖို့ရန်ပင် ကြိုးစားကြလေသည်။

" ရိုယွဲ့.."

ရွှယ်ယင်သည် ဝါးအိမ်အနားတွင် ရောက်ရှိထွက်ပေါ်လာကာ လှံအား ဘေးနားတွင် စိုက်ထားလိုက်ပြီးနောက် ယုရွဲ့ထံ လျှောက်သွားလိုက်သည်။

" အစ်ကိုကြီး ရွှယ်ယင်.. လှံသိုင်း လေ့ကျင့်နေရတာ မမောဘူးလား.. ဆရာက ပြောဖူးတယ်.. လေ့ကျင့်နေတဲ့အချိန်မှာ တစ်ခါတလေ အနားပေးရတယ်တဲ့.. "

ရိုယွဲ့သည် မြူးကြွစွာဖြင့် ပြုံးလိုက်ကာ ကျောက်စားပွဲတစ်ခုအနားတွင် သွားထိုင်လိုက်သည်။ ထို့နောက် သူမ၏ ခြင်းတောင်းကနေ စားစရာတွေအား ထုတ်ယူလိုက်ကာ

" အစ်ကိုကြီးအကြိုက် မုန့်တွေ လုပ်လာခဲ့တယ်.. စားကြည့်ပါဦး.. "

" အင်း.." မုန့်အနံ့ကို ရွှယ်ယင်က ရနေကာ သူမဆီကိုလည်း လျှောက်လာခဲ့သည်။ ထို့နောက် ပြုံးရွှင်စွာဖြင့် " အနံ့ကတော့ မွှေးနေတာပဲ.. "

ထို့နောက် ရွှယ်ယင်သည် မုန့်တစ်ခုကို ကောက်ယူကာ တစ်ကိုက်ကိုက်လိုက်ပြီးနောက် " ရိုယွဲ့က လက်ရာကတော့ ပိုပိုပြီ ကောင်းကောင်းလာတာပဲ..

ရွှယ်ယင်သည် ငယ်စဥ်ကတည်းပင် ထိုမုန့်မျိုးအား မိခင်လုပ်ပေးခဲ့သည်ကို ကြိုက်နှစ်သက်ခဲ့၏။ မိခင်ဖြစ်သူက ဖမ်းဆီးခေါ်ဆောင်သွားပြီးကတည်းက ထိုမုန့်မျိုးအား မစားခဲ့ရတော့ချေ။ သူ့၏ အစေခံများက တစ်ခါတရံ လုပ်ပေးကြသော်လည်း အရသာကား ကွာခြားလှ၏။ ရိုယွဲ့၏ မုန့်လက်ရာကား သူ့မှတ်ဥာဏ်ထဲက မိခင်ဖြစ်သူ၏ လက်ရာကို မမှီပေမဲ့ အစေခံတို့ထက် သာနေပါသေး၏။

" ဟုတ်လား.. ဟီ.. အစ်ကိုကြီးအတွက် လေ့လာထားတာလေ.. " ရိုယွဲ့က ဂုဏ်ယူစွာဖြင့် ပြောလေ၏။

" ခဏစောင့်လို့ ရမလား.. ရဲတိုက်ကို ခဏပြန်လိုက်ဦးမယ်.. ဒီနေ့ နေ့လယ်စာ အတူတူ စားကြရအောင်.. "

ရွှယ်ယင်က ပြောလိုက်သည်။ သူသည် ထိုင်ချလိုက်ကာ မုန့်အား ခပ်သွက်သွက် စားလိုက်သည။ မုန့်တစ်ခုလုံးသည် သူ့ပါးစပ်တစ်ကိုက်ဖြင့် ကုန်သွားလေသည်။

" ကောင်းတာပေါ့.. အစ်ကိုကြီးရွှယ်ယင်က ရဲတိုက်ကို မပြန်တာ အတော်ကြာနေပြီပဲ.. " ရိုယွဲ့က ရွှယ်ယင်အနား ရပ်နေရင်း ဖြေလိုက်သည်။

အချိန်တစ်ခဏအတွင်းမှာပဲ ရှိသမျှမုန့်အားလုံးအား ရွှယ်ယင် အကုန်စားလိုက်ခဲ့ပါပြီ။

" သွားစို့. " ရွှယ်ယင် မတ်တတ်ရပ်လိုက်လေသည်။

" အင်း.. " ရိုယွဲ့က ခေါင်းညိတ်လိုက်ပါ၏။

ယောကျ်ားတစ်ယောက်နှင့် မိန်းမပျိုတစ်ယောက် ဘေးချင်းယှဥ်၍ လျှောက်သွားလေသည်။

ရွှယ်ယင်အသက် ၂၀ ပြည့်သည့် ဆောင်းတွင်ကာလတွင် ခုံရိုယွဲ့က နှင်းကျောက်တောင်တန်းတွင် စတင်နေထိုင်ခဲ့သည်။ သူမသည် သူမ၏ အချိန်ကာလများကို ရဲတိုက်မှာသာ အချိန်ဖြုန်းခဲ့သည်။ သူမနှင့် ချင်းရှီတို့က ရွှယ်ယင်ဆီကိုလည်း သွားကြသည်။ ထိုသို့ ခဏခဏ သွားလည်ခဲ့သည့်နှင့်အမျှ ရွှယ်ယင်နှင့် ရိုယွဲ့တို့သည် တစ်ယောက်နှင့်တစ်ယောက် ပို၍ ရင်းနှီးလာခဲ့သည်။

၆နှစ်လုံးလုံး အတူတကွ ရှိလာခဲ့သည်။

အတိအကျဆိုရသော် ရိုယွဲ့သည် ရွှယ်ယင် အဆက်အဆံလုပ်သည့် တစ်ဦးတည်းသော မိန်းကလေးတစ်ယောက် ဖြစ်လေ၏။ သူသည် ရိုယွဲ့နှင့် ပတ်သတ်ပါက သက်တောင့်သက်သာ ခံစားရသည်။ သူသည် တစ်ချိန်လုံး သူ့မိဘတွေကိုသာ ကယ်တင်ဖို့ အာရုံစိုက်သည်။ ဖြစ်နိုင်လျှင် အမြန်ဆုံး ကယ်တင်ချင်လေ၏။ ထိုအချိန်များတွင် ရိုယွဲ့သည် ဘေးနားတွင်ပဲ ရှိနေကာ သူ့အား မပျင်းမရိဖြင့် စောင့်ကြည့်ကာ နေပေးခဲ့သည်။

တစ်ခါတရံတွင်လည်း ရွှယ်ယင်သည် တွေးမိသေးသည်။ ရိုယွဲ့အား ဇနီးသက်ထားအဖြစ် လက်ထပ်ယူလျှင်ပင် မဆိုးလှဟူ၍ပင်။

သို့သော် ထိုကဲ့သို့ အချစ်သည် သူ့မိဘများ တစ်ယောက်နှင့် ချစ်ကြသည့် အချစ်မျိုး မဟုတ်ပါချေ။ ရွှယ်ယင်မှာ မိန်းကလေးတို့နှင့် ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ဖူးသည်မဟုတ်ရာ တကယ်၍ အတူတူ နေရရင် ပျော်ရွှင်ရမည်ဟု တွေးထင်ခဲ့ခြင်း ဖြစ်၏။

ထို့အပြင် ရိုယွဲ့သည် မှော်ဆရာကြီးပိုင်ယွမ်ကျစ်၏ ယောကျ်ားလေးတပည့်များ၏ စိတ်ဝင်စားခြင်းကို စိတ်ဝင်စားသည်မဟုတ်။ သူမသည် ရွှယ်ယင်ကိုသာ စိတ်ဝင်စားသည်ကို လူတိုင်းက သိကြသည်။

ရိုယွဲ့၏ ဖခင်ဖြစ်သူ ခုံဟိုင်သည် ရိုယွဲ့နှင့် ရွှယ်ယင်တို့၏ လက်ထပ်ပွဲကို ဖြစ်မြောက်ဖို့သာ အစဥ်ကြိုးစားသူ ဖြစ်၏။

" အလျင်လိုစရာ မလိုပါဘူး.. ကျနော်မိဘကို ကယ်တင်ပြီးမှပဲ ဒီကိစွကို ဆက်ဆွေးနွေးကြမယ်.."

သူ့မိဘကို ကယ်တင်နိုင်ခဲ့ရင်လည်း ရွှယ်ယင်မှာ လက်ထပ်ဖို့ကို စိတ်မဝင်စားသေးချေ။

အဘယ်ကြောင့်ဆိုသော် သူရဲကောင်စစ်သည်တစ်ယောက်နှင့် မှော်ပညာရှင်တို့သည် ကျင့်ကြံလေ့ကျင့်ခြင်းကိုသာ အဓိကအာရုံစိုက်သည်ဖြစ်ရာ ထိုသို့ လေ့ကျင့်ပြီးမှသာ လက်ထပ်ဖို့ ရည်ရွယ်ထားပြီ သားသမီးယူဖို့က နောက်မှာသာ ဖြစ်၏။ သူ့အဖေ တုန်ပိုလီသည် သူ့အမေအား လက်ထပ်ခဲ့သည့်အချိန်သည် အသက်၄၀နား နီးနေခဲ့ပြီ။ ရိုယွင်၏ ဖခင်သည်လည်း အတူတူပင်။ သူ့၏ သမိးကြီးဖြစ်သည့် ရိုယွဲ့အား မွေးခဲ့သည့်အချိန်တွင် သူသည်လည်း အသက် ၄၀ ရှိနေပြီး ဖြစ်၏။

မှော်ဆရာမတစ်ယောက်အနေဖြင့် အသက် ၁၉နှစ်သည် ငယ်သေးသည့် ကလေးတစ်ယောက်ဟု ဆိုနိုင်သည်။ သူတို့သည် အသက် ၃၀ မှသာ လက်ထပ်ကြလေ့ ရှိသည်။ တကယ်၍ မှော်ဆရာမတစ်ယောက်က အသက် ၂၀တွင် လက်ထပ်ခဲ့ပါက အိမ်ထောင်ပြုစောသည်ဟု ပြောနိုင်သည်။

" အဖေနဲ့အမေကို ကယ်တင်ဖို့က အကျိုးပြုရမှတ် ၂သောင်းရဖို့ လိုတယ်.. ရမှတ် များများရဖို့ကလည်း အန္တရာယ်များတဲ့ အလုပ်တာဝန်တွေကို အောင်မြင်ဖို့က တစ်နည်းပဲ ရှိတယ်.. " ဟု ရွှယ်ယင်က တွေးခဲ့သည်။

" ငါ့မှာ ယုံကြည်ချက်ရှိပေမဲ့ လုံးလုံးလျားလျား စိတ်ချရနိုင်သေးတာ မဟုတ်ဘူး.. တကယ်လို့ တစ်ခုခု ဖြစ်ခဲ့လို့ ငါသာ တာဝန်ဆောင်ရွက်နေတဲ့အချိန်မှာ သေဆုံးသွားခဲ့ရင် ကြိုးစားထားခဲ့သမျှ အရာအားလုံးက အချည်းနှီး ဖြစ်သွားတော့မှာပဲ.. "

***

နှင်းကျောက်ရဲတိုက်.. အဓိကအဆောက်အဦးထဲက ထမင်းစားအခန်းတစ်ခုတွင် ဖြစ်|။

ရွှယ်ယင်၊ ကျုံးလိန်၊ ထုံစန်း၊ ချင်းရှီ နှင့် ရိုယွဲ့တို့ လူ ၅ယောက်သည် ထိုအခန်းထဲတွင် ထိုင်နေကြ၏။

" ချင်းရှီ.. ရိုယွဲ့ ပြောတာက မင်း ရည်စားရနေတာ နှစ်တစ်ဝက်လောက် ရှိနေပြီးဆို.. "

ရွှယ်ယင်က သူ့ညီငယ် ချင်းရှီကို ရွှင်ပျစွာဖြင့် ကြည့်လိုက်သည်။ ရွှယ်ယင်၏ ညီငယ် ချင်းရှီသည် ရုပ်ရည်ချောမောသည့် လူငယ်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ နှင်းကျောက်ရဲတိုက်ထဲက စစ်သည်များ မဆိုထားနှင့် ရီရွှေမြို့ထဲက မည်သည့်ယောကျ်ားလေးမဆို သူ့ထက် ရုပ်ရည်ချောမောသည်က မရှိသလောက်ပင်။ သူ့ညီငယ်လေးသည်သာ အချောမောဆုံးဟု ဆိုနိုင်သည်။

သူ့ညီငယ်၏ မျက်လုံးတို့မှာ အရောင်တောက်ပ၍ နှစ်လိုဖွယ် ကောင်းသည်။ ချင်းရှီမှာ ငယ်ငယ်လေးကတည်းကပင် ကြည့်ကောင်းလှသူတစ်ဦး ဖြစ်ပြီ ယခုတွင် သူသည် အသက် ၁၆နှစ် ရောက်နေပြီ ဖြစ်၏။ သူက အမေနှင့် မျက်နှာချင်း ဆင်ပြီ ရေခဲမှော်ပညာတွင် ကျွမ်းကျင်သူဖြစ်ရာ အေးစက်စက်နှင့် ချောမောသည့် ယောကျ်ားတစ်ယောက်၏ အရှိန်အဝါက မသိမသာဖြင့် ရှိနေပြန်၏။ မိန်းကလေးတော်တော်များများက သူ့အား ရေလာမြောင်းပေးကြသည်ကိုလည်း ရွှယ်ယင် ကြားနေရ၏။

ရွှယ်ယင်မှာ ထိုကိစ္စနှင့်ပတ်သတ်၍ အလွန်ကို ကျေနပ်နေခဲ့သည်။

တစ်ချိန်တည်းမှာပဲ သူ့တွင် ခံစားချက်တို့က ရောပြွမ်းနေခဲ့သည်။ မျက်စိတမှိတ်အတွင်းမှာပဲ သူ့ရင်ခွင်မှာ အိပ်ပျော်ခဲ့သည့် နှပ်ချေးတွဲလွဲနှင့် ၂နှစ်သား ကလေးက ဒီအရွယ်အထိ ကြီးပြင်းလာခဲ့ချေပြီ။

" အစ်မရိုယွဲ့နော်.. သူများကိစ္စထဲ စပ်စပ် ဝင်ပါတာပဲ.. အစ်ကိုကြီးကို အကုန်ပြောပြလိုက်တာပဲ.. " ချင်းရှီက စိတ်ညစ်စွာဖြင့် မျက်မှောင်ကြုတ်ထား၏။

" နင်လည်း လျှို့ဝှက်ထားတာ တော်တော် တော်တယ်.. နှစ်တစ်ဝက်လောက်ကြာမှာ မင်းမှာ ရည်စားတစ်ယောက်ရှိတာ ငါသိရတယ်.. ဒါပေါ့.. မင်းအစ်ကိုကို ပြောပြရမှာပေါ့.. သူက မင်းအစ်ကိုကြီးပဲဟာ.. "

ရိုယွဲ့က ပြုံးလျက် ဆိုလိုက်သည်။

" မင်းကောင်မလေးက ဘာမှ မဖြစ်ဘူးဆိုရင် သူ့ကို ဖိတ်ကြည့်လိုက်ပါလား.. ငါ သူ့နဲ့ တွေ့ချင်တယ်.. " ရွှယ်ယင်က ပြောလိုက်လေသည်။

" ဟုတ်ကဲ့.. သူ အဆင်ပြေမပြေဆိုတာကို မေးလိုက်ပါ့မယ်.. " ချင်းရှီမှာ နှုတ်ခမ်းကို မဲ့ထားလေ၏။

" ဪ.. ကျနော် အပြင်သွားဖို့ ပြင်ဆင်နေတုန်းပဲ.. ဒီတစ်ခေါက်က ဆယ်ရက် ဒါမှမဟုတ် လဝက်လောက် ကြာမလား မသိဘူး.. " ရွှယ်ယင်က ပြောလိုက်၏။

" ဘာကိစ္စနဲ့လဲ... ပျက်သုဥ်းခြင်းတောင်တန်းကို သွားမှာတော့ မဟုတ်လောက်ပါဘူးနော်.. " ချင်းရှီက မေးကြည့်လိုက်သည်။

ကျုံးလိန်နှင့် ထုံစန်းတို့ကလည်း ရွှယ်ယင်စကားကြောင့် အံ့သြစွာဖြင့် ငေးကြည့်လိုက်သည်။

" ငါ မင်းကို ကတိပေးပါတယ်.. ပျက်သုဥ်းခြင်းတောင်တန်းကို သွားမှာ မဟုတ်ပါဘူး. " ရွှယ်ယင်က ရယ်လျက် ပြောလိုက်သည်။

" ခရီးတစ်ခု ထွက်ချင်လို့ပါ.. အပြင်လောကကို သွားကြည့်ပြီ လှံသိုင်းပညာကို လေ့ကျင့်ချင်လို့ပါ.. " ရွှယ်ယင်က အသေးစိတ်တော့ မရှင်းပြလိုပေ။

တာဝန်သွားယူမည့် ကိစ္စကိုလည်း ထပ်ပြီးတော့ မပြောပြလိုပါပေ။

***

ထိုညတွင် စာကြည့်ခန်း၌

စားပွဲပေါ်ရှိ ဖန်မီးလုံးသည် စာကြည့်ခန်းတစ်ခုလုံးကို အလင်းရောင်ဖြင့် ထွန်းလင်းပေးထားသည်။ ထိုအခန်းတွင် ကျုံးလိန်နှင့် ထုံစန်းလည်း ရှိနေကြသည်။

" ဦးလေးကျုံး.. ဦးလေးထုံ.. ကျနော် သံမဏိနက်အဆင့်တာဝန်တစ်ခု သွားယူဖို့ ပြင်ဆင်နေတာ.. ကြေးအဆင့်တာဝန်မရခင် တစ်ခုလောက် စမ်းကြည့်ချင်တယ်.. ဒါပြီးရင် ကြေးအဆင့်တာဝန်ကို စယူတော့မှာ.. "

" မင်းလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်လိုက်ပါဦး.. " ထုံစန်းက သတိပေးရှာသည်။

နှင်းကျောက်ရဲတိုက်မှာ ရွှယ်ယင်၏ ခွန်အားကို သူတို့နှစ်ယောက်သာ ရှင်းရှင်းလင်းလင်း သိကြသည်။ ရွှယ်ယင်၏ ခွန်အားသည် ဒဏ္ဍာရီအဆင့်နှင့် ညီမျှနေသည်ကို သူတို့ သိကြ၏။

" ရွှယ်ယင်... မင်းရဲ့ ခွန်အားကို ငါ သံသယ မရှိပါဘူး.. မင်းမှာ တိုက်ပွဲအတွေ့အကြုံက မလုံလောက်သေးဘူး.. သံမဏိနက်အဆင့်တာဝန်ကို အရင်ဆုံး ယူလိုက်တာ ငါ သဘောတူပါတယ်.. " ကျုံးလိန်က ခွင့်ပြုလေသည်။

" အတွေ့အကြုံပဲ အရင် စုထားလိုက်ပေါ့.. နောက်မှ ကြေးအဆင့်တာဝန်ကို ယူပေါ့.. "

" အင်း " ရွှယ်ယင် ခေါင်းညိတ်လိုက်သည်။

ဒဏ္ဍာရီအဆင့်၏ စွမ်းရည်ဖြင့် သံမဏိနက်အဆင့်တာဝန်ကို ဖြေရှင်းရသည့်က သူ့အတွက် လွယ်လိမ့်သည်ဟု ထင်သည်။

" တာဝန်စာရင်းစာအုပ်ကို ကြည့်ထားပြီးပြီ.. အဲ့မှာ အဆင်ပြေတဲ့ တာဝန်တစ်ခုကို တွေ့လိုက်တယ်.. " ရွှယ်ယင် ဆက်၍ ပြောပြန်သည်။

" ဘယ်လိုမျိုးလဲ.. " ကျုံးလိန်နှင့် ထုံစန်းက မေးလိုက်ရာ

" ကိုယ်တိုင် ဖတ်ကြည့်လိုက်.. " ရွှယ်ယင်က စားပွဲပေါ်ရှိ စာရင်းစာအုပ်ကို ယူကာ ပေးလိုက်သည်။ စာအုပ်ထဲက စာရင်းထဲတွင် တစ်ခုသော စာရင်းကို ဝိုင်းပြထားလေသည်။ ကျုံးလိန်နှင့် ထုံစန်းတို့က အနားကပ်၍ သေချာစွာ ဖတ်ကြသည်။

ထိုတာဝန်အား ရှင်းလင်းစွာ ဖော်ပြထားလေသည်။

" အဇူရီမြစ်နယ်မြေတစ်ခုရဲ့ ရဲတိုက်မှာ တရားခံပြေးတွေကို စုံစမ်းရမှာ.. အဲဒီရဲတိုက်ကလည်း အကာအကွယ်လုပ်ထားတာက တော်တော် တောင့်တင်းတယ်.. အနည်းဆုံး ငွေလအဆင့် ပညာရှင် ၅ယောက် လိုလိမ့်မယ်.. ရမှတ်က ၁၀၀ ပဲ.. ပါဝင်လိုသူတွေက ၆လပိုင်းရဲ့ ပထမဆုံးနေ့မှာ အဇူရီမြစ်စီရင်စုမြို့တော်မှာ ရှိတဲ့ နဂါးတောင်အိမ်တော်ကို သွားစုရမှာ.. " ရွှယ်ယင်က ရှင်းပြလိုက်လေသည်။

" သခင်စစ်အန်းကို အကြောင်းကြားပြီးတာနဲ့ တစ်ခါတည်း သွားပြီ ခရိုင်မြို့တော်မှာ သွားစောင့်နေလိုက်မယ်.. ဒီတာဝန်က လွယ်တော့ မလွယ်လှဘူး.. ဒါပေမဲ့ ကျနော်အတွက် အတွေ့အကြုံကောင်းရလိမ့်မယ်လို့ ယုံကြည်တယ်.. "

အပိုင်း ( ၃၆) မိုင်ထောင်ချီ ခရီး

နောက်တစ်နေ့.. မိုးသောက်အချိန်တွင်..

ကျုံးလိန်၊ ထုံစန်း၊ ချင်းရှီ၊ ရိုယွဲ့နှင့် တစ်ခြားသူတို့မှာ ရွှယ်ယင်အား နှုတ်ဆက်ကြသည်။

" ဦးလေးကျုံး.. ရဲတိုက်က ကိစ္စတွေကို ဦးလေးကိုပဲ လက်လွှဲထားအပ်မယ်နော်.. " ရွှယ်ယင်က ပြောလိုက်လေသည်။

" စိတ်မပူပါနဲ့ ရွှယ်ယင်.. " ကျုံးလိန်က ပြောလိုက်သည်။

လွန်ခဲ့သည့် ၆နှစ်ကာလတွင် ကျုံးလိန်သည် အဆင့် ကြန့်ကြာနေရာမှ နောက်ဆုံးမှာ ဥက္ကာပျံအဆင့်သို့ ရောက်ရှိနေခဲ့ပါပြီ။

" အစ်ကိုကြီး.. လမ်းမှာ ဂရုစိုက်ဦးနော်.. " ချင်းရှီက ပြောလိုက်သည်။

ချင်းရှီမှာ သူ့မိဘတွေကို မမှတ်မိတော့ပါဘူး။ သူ့ကို ရွှယ်ယင်သာ ဂရုစိုက်ခဲ့သည်မို့ ရွှယ်ယင်ကိုသာ သံယောဇဥ်ကြီးမားခဲ့သည်။

" အစ်ကိုကြီး ရွှယ်ယင်.. ပြန်လာမှာကို စောင့်နေမယ်နော်.. " ရိုယွဲ့က အော်ဟစ် ပြောလိုက်သည်။

" ဟားဟား.. " ရွှယ်ယင်က အားပါတရ ရယ်မောလိုက်ပြီ နှင်းစီးမြင်းပေါ် ခုန်တက်စီးလိုက်သည်။

" ယားး "

" ဟီးး " နှင်းစီးမြင်းကား ချက်ချင်း အရှိန်ဖြင့် ဒုန်းစိုင်းထွက်သွားလေသည်။ လျင်မြန်စွာဖြင့် အရှိန်မြင့်ပြေးသွားကာ တစ်ခဏအတွင်းမှာပဲ အဝေးသို့ ပျောက်ကွယ်သွားလေသည်။

ရွှယ်ယင်သည် ရီရွှေမြို့သို့ အရင်ဆုံးသွားပြီ သခင်စစ်အန်းအား အကြောင်းကြားလိုက်သည်။ သခင်စစ်အန်းသည်လည်း အဇူရီမြစ်စီရင်စုမြို့တော်က နဂါးတောင်အိမ်တော်သို့ ချက်ချင်း အကြောင်းကြားလိုက်သည်။ ရွှယ်ယင်သည် အနားပင်မယူဘဲ ချက်ချင်း ပြန်ထွက်ကာ အဇူရီမြစ်စီရင်စုမြို့တော်သို့ အမြန်သွားလေသည်။

အဇူရီးမြစ်စီရင်စုနယ်သည် မိုင်ပေါင်းတစ်ထောင်မက ကျယ်ဝန်းသည်။

ရွှယ်ယင်တို့၏ ရဲတိုက်မှ အဇူရီမြို့တော်အထိ အကွာအဝေးသည် မိုင်ပေါင်း ၆၀၀၀ နီးပါး ရှိလေသည်။ သို့သော် ထိုလမ်းက တစ်ဖြောင့်တည်း မဟုတ်နေချေ။ တချို့နေရာများတွင် ကွေ့ကွေ့ကောက်ကောက် သွားရသည်။ ထို့ကြောင့်လည်း တကယ်တမ်းတွက်ကြည့်လိုက်လျှင် လမ်းအကွာအဝေးအမှန်မှာ မိုင်ပေါင်း တစ်သောင်းထက်မက ရှိသည်ဟု ဆိုရမည်။

" ယားး ယားး "

ရွှယ်ယင်သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီ လက်နက်သေတ္တာကို လွယ်ပိုးကာ နှင်းစီးမြင်းအား စီးနင်းလာသည်။

နှင်းစီးမြင်းသည် လေအလျင်ကဲ့သို့ပင် ဒုန်းစိုင်းပြေးနေရာ အရိပ်များပင် အနောက်တွင် ထင်ကျန်ရစ်နေခဲ့သည်။

စင်စစ် နှင်းစီးမြင်းသည် အဆင့်၃ ရှိသည် မြင်းအနွယ်ဝင် မှော်သားရဲတစ်မျိုး ဖြစ်၏။ မြင်းအမျိုးအစားထဲတွင် နှင်းစီးမြင်းသည် အကောင်းဆုံးဟု ဆိုနိုင်သည်။ ၎င်းထက် သာလွန်သော မှော်သားရဲများ ရှိသော်လည်း မြင်းအနွယ်ဝင် မှော်သားရဲများမှာ အမြန်နှုန်းအရာတွင် ထူးကဲသည့် မှော်သားရဲများ ဖြစ်ကြ၏။ အဆင့်၃ ရှိသည့် မြင်းအနွယ်ဝင် မှော်သားရဲကောင်တို့၏ အမြန်နှုန်းမှာ သာမန် အဆင့်၄ မှော်သားရဲကောင်နှင့် ယှဥ်လို့ ရသည်။ တကယ်တမ်းတွင် ရွှယ်ယင်မှာ ဒဏ္ဍာရီအဆင့်ရှိနေသော်လည်း နှင်းစီးမြင်းကို စီးနင်းလာခဲ့ရခြင်းက မထင်မရှားအသွင်ဖြင့် နေလိုခြင်းသာ ဖြစ်သည်။ သူ့ရဲ့ ခွန်းအားအပြည့်နှင့်ဆိုလျှင် အဆင့်၅ မှော်သားရဲကောင်မဆိုထားနှင့် ပျံသန်းနိုင်သည့် မှော်သားရဲပင်လျှင် သူ့ရဲ့ အပြေးနှုန်းကို မှီမှာ မဟုတ်ချေ။

" ခွပ်.. ခွပ်.. ခွပ်.. .. "

နှင်းစီးမြင်းမှာ အရှေ့သို့သာ အပြင်းနှင်နေခြင်းကြောင့် ပြေးရာလမ်းတစ်လျှောက် မြေသားတို့က တစ်သိမ့်သိမ့် တုန်လှုပ်ကာ မြင်းအရိပ်ကိုလည်း ဖျိုးခနဲ ဖျတ်ခနဲသာ မြင်ရတော့သည်။

ရွှယ်ယင်တို့ ခရီးနှင်လာသည့် အမြန်နှုန်းကား တစ်နာရီလျှင် မိုင်၉၀၀ လောက် ရှိကြသည်။ ထိုကဲ့သို့ အမြန်နှုန်းမျိုးကို ကောင်းကင်အဆင့် စစ်သည်သူရဲကောင်း တစ်ယောက်က အမာခံချပ်ဝတ် မရှိဘဲ ဟန့်တားရဲမှာ မဟုတ်ချေ။ နှင်းစီးမြင်းမှာ ရွှေဒင်္ဂါးပြား ၂၀၀၀ တန်ဖိုး ရှိသည်။ ထို့ကြောင့်လည်း နှင်းစီးမြင်းအကောင် ၂၀ ဆိုလျှင် နှင်းလင်းယုန်နယ်မြေ၏ တန်ဖိုးနှင့် ညီမျှနေ၏။ ထို့ကြောင့်လည်း တော်ရုံတန်ရုံ ကလန်တစ်ခုအနေဖြင့် နှင်းစီးမြင်းကို ဝယ်ယူဖို့ မတတ်နိုင်ကြပေ။ ဒါသည်လည်း ရွှယ်ယင်က အရိပ်ကျားသစ်အရေနှင့် တစ်ခြားသော တန်ဖိုးကြီး အစိတ်အပိုင်းများကို ရောင်းချခဲပြီးနောက် နှင်းစီးမြင်း ၅ကောင်ကို ဝယ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

" ရပ်.. ရပ်.. ငါတို့အရှေ့မှာ လန်ချုံတောင် ခံနေတယ်.. "

တောင်ကြားကြီးတစ်ခု၏ အရှေ့တွင် ကုန်သည်များ အများအပြား စုရုံးနေကြသည်။ သူတို့သည် အဝေးမှ နှင်းစီးမြင်းတစ်ကောင်က တစ်ဖြည်းဖြည်း နီးကပ်လာသည်ကို တွေ့သောအခါ စတင်ဟစ်အော်လိုက်ကြသည်။

" မိတ်ဆွေ.. ခဏလောက် ရပ်ပါဦး.. လန်ချုံတောင်ကို အတူတူ ဖြတ်ကြရအောင်.. "

" မိတ်ဆွေ.. လန်ချုံတောင်က အန္တရာယ်များတဲ့ နေရာနော်.. "

ကုန်သည်အုပ်စုအထဲက လူများ၊ သူတို့၏ ကိုယ်ရံတောင်အစောင့်အရှောက်များက ရွှယ်ယင်အား သတိပေး အော်ဟစ်လိုက်ကြသည်။

ဝှစ်..

နှင်းစီးမြင်း၏ အမြန်နှုန်းက လုံးဝ မလျော့ကျချေ။ အရိပ်တစ်ခုလိုပင် ဖြတ်သန်းသွားသည်။

" အရူးပဲ.. " တချို့သော ကုန်သည်အစောင့်စစ်သည်တို့က အော်ဟစ်ဆဲလိုက်ကြလေသည်။

" ဒီစစ်သည်က ရူးသွမ်းလွန်းတယ်.. နှင်စီးမြင်းကို စီးသွားတာနဲ့ပဲ တောင်ကို စိတ်ချလက်ချနဲ့ ဖြတ်လို့ ရပြီးလို့ ထင်နေတာလား မသိဘူး.. "

" လန်ချုံတောင်ဆိုတာ ဒီအတိုင်း တရကြမ်း ဖြတ်ပြေးလို့ လွယ်တဲ့ တောင်မဟုတ်ဘူးဟ.. "

***

" လန်ချုံတောင်ဆိုပဲ.."

ရွှယ်ယင်သည် နှင်းစီးမြင်းအား စီးနင်းနေသော်လည်း ဘေးပတ်ဝန်းကျင်ကို ဂရုထားလာခဲ့သည်။ ကုန်သည်အုပ်စုကနေ ထွက်ပေါ်လာသည့် အော်ဟစ်သံကိုလည်း သူ ကြားရသည်။

" တကယ်လို့ အဇူရီမြစ်စီရင်စုမြို့တော်ကို ရောက်ချင်ရင် လန်ချုံတောင်ကို ဖြတ်မှ ရလိမ့်မယ်.. လန်ချုံတောင်နဲ့ ပျက်သုဥ်းခြင်းတောင်တန်းကြီးက တစ်စိတ်တပိုင်းတော့ ဆက်စပ်နေတယ်.. ဒီ လန်ချုံတောင်ကိုလည်း ဓားပြအုပ်စုတွေ ပုန်းခိုနေကြတာပဲ.. ဒီတောင်ကြားထဲကို ဖြတ်ဝင်လာတဲ့ ကုန်သည်ဆီကနေ လုယူတိုက်ခိုက်ကြတယ်.. ဒီက ဓားပြအုပ်စုတွေက ငါတို့ ရီရွှေမြို့က ဓားကောက်အုပ်စုထက် ပိုရက်စက်ကြမ်းကြုတ်သေးတယ်.. "

ပုံမှန်အားဖြင့် ကုန်သည်များ၏ ယာဥ်တန်းသည် လူပမဏများများ အရင်စုကြပြီးမှ လန်ချုံတောင်ကို အတူတူ ဖြတ်ဝင်ကြရသည်။

ဒါပေမဲ့ ရွှယ်ယင်က ဘာကြောင့် ဝင်သွားရသလဲ..

အဇူရီမြစ်စီရင်စုတစ်ခုလုံးတွင် ရွှယ်ယင်အား ခြိမ်းခြောက်နိုင်သည့် လူများမှာ ဒဏ္ဍာရီအဆင့်သာ ဖြစ်ကြ၏။ သို့သော် ရွှယ်ယင်အား အနိုင်ယူနိုင်မလားဆိုတာက တိုက်ပွဲစတင်ပြီးမှသာ ပြောနိုင်မည့်အရာ ဖြစ်၏။ ရွှယ်ယင်အတွက် ထိုဓားပြအုပ်စုမှာ ထည့်တွက်စရာပင် မလိုချေ။

ဟူးး ဟူးးး

နှင်းစီးမြင်း၏ အလျင်ကား လေအလျင်ကဲ့သို့ ရှိနေချေသည်။ ဓားပြတို့သည် ရွှယ်ယင်အား မမြင်ရသော်လည်း အဝေးကနေ မြေကြီး တုန်ခါလာသည်ကို ခံစားနေရ၏။

" ဒီအနက်ရောင်ဝတ်စုံနဲ့ လူက ဘာက လာတာလဲ.. သူက လန်ချုံတောင်ထဲကို တစ်ယောက်တည်း ဝင်လာရဲတယ်ပေါ့လား.."

" သူက သေချင်နေတာလား.. "

" ခေါင်ဆောင်.. ကျနော်တို့ တိုက်ခိုက်လိုက်ရတော့မလား.. "

" တိုက်ခိုက်မယ်.. ငါ့လခွမ်းလိုပဲ.. လူတစ်ယောက်အတွက်နဲ့ ငါတို့ ဘာကို စွန့်စားနေရဦးမှာလဲ.. ဒီကိစ္စကို လန်ချုံလင်းယုန်ရှစ်ကောင်အဖွဲ့ကိုပဲ ဖြေရှင်းခိုင်းလိုက်တော့မယ်.. "

တစ်ချို့ဓားပြတို့သည် လူတစ်ယောက်တည်းပဲ ဒုန်းစိုင်းစီးနင်းလာသည်ကို ကြည့်ပြီ အလျှော့ပေးချင်စိတ် ဖြစ်လာကြသည်။ သူတို့သည် ဓားပြများ ဖြစ်ကြသည်နှင့်အညီ ဆိုးကျိုးနှင့် အမြတ်ကို တွက်ထုတ်တတ်ကြသည်။

ရွှယ်ယင်သည် ဆယ်မိုင်ခရီးကျော်ကျော်ကို စီးနင်းလာပြီးနောက် လန်ချုံတောင်ကြားထဲက အလယ်ပိုင်းနေရာသို့ ရောက်ရှိလာခဲ့သည်။

ထိုစဥ် လန်ကျုံတောင်အထက်တွင်မူ မိုးပြာရောင် တူညီဝတ်စုံနှင့် ဓားပြအုပ်စုကြီးတစ်အုပ်စုက ရှိနေလေသည်။ ၎င်းအုပ်စုတွင် အနည်းဆုံး လူအယောက်နှစ်ရာ ရှိနေပြီ အားလုံးက အသင့် ပြင်ဆင်ထားကြသည်။ ဓားပြအားလုံးတွင် အကောင်စား ချပ်ဝတ်တန်ဆာများဖြင့် ကြီးမားသော ဒူးလေးကြီးများကိုလည်း ကိုင်ဆောင်ထားနိုင်ကြသည်။ ထိုဒူးလေးကြီးမှာ သာမန်ဒူးလေးကြီးတော့ မဟုတ်ချေ.. ကြွယ်ခြွေဒူးလေးကြီးပင် ဖြစ်ချေသည်။ အဆိုပါဓားပြအဖွဲ့သည် လန်ကျုံတောင်တွင် အကြိးဆုံးဓားပြအဖွဲ့ ဖြစ်ကြသည်။ ထိုအဖွဲ့ကို ခေါင်းဆောင်နေသည်က လူ ရှစ်ယောက်ရှိသည်။ ထိုရှစ်ယောက်ကို လန်ကျုံလင်ယုန် ရှစ်ကောင်ဟုလည်း ခေါ်ကြသည်။

ထိုရှစ်ယောက်ထဲတွင် သုံးယောက်သည် ဥက္ကာပျံသူရဲကောင်းအဆင့် ဖြစ်ကြပြီ ကောင်းကင်အဆင့် မှော်ဆရာ နှစ်ယောက်နှင့် ကောင်းကင်သူရဲကောင်းအဆင့် စစ်သည်တို့က သုံးယောက် ဖြစ်ကြသည်။

" ဟား..ဟား.. ဒီနေ့ ငါတို့ အမဲလိုက်ရက်က အရမ်းကောင်းနေပါလား.. ဒီကုန်သည် ယာဥ်တန်းမှာ ပစ္စည်းကောင်းတွေချည်းပဲ... "

ဓားပြတို့ကား စိတ်အားတက်ကြွနေလေ၏။ သူတို့၏ အနောက်တွင် အသက်ရှင်လျက် ဖမ်းဆီးခံထားရသည့် လူများစွာ ရှိနေကြသည်။ အသတ်ခံရသည့် ကုန်သည်များမှာလည်း ဒုနဲ့ဒေးပင်။ အသက်ကြီးသူများ.. အသက်လတ်ပိုင်းလူအနည်းငယ်လောက်နှင့် ငယ်ရွယ်သည့် စုံတွဲတစ်တွဲလောက်သာ ကျန်နေခဲ့သည်။ ထိုစုံတွဲကား တစ်ယောက်ကို တစ်ယောက် ပူးကပ်နေကြပြီ သူတို့ရဲ့ မျက်လုံးမှာလည်း ကြောက်လန့်ခြင်းတွေ အရောင်ဟပ်လို့ နေသည်။ သူတို့၏ အသက်ရှင်သန်ဖို့အတွက် ကြောက်လန့်တုန်လှုပ်နေကြ၏။

" ကဲ.. ပြန်ပြီ အနားယူကြတာပေါ့.. သူတို့ရဲ့ နောက်ကြောင်းကိုလည်း စုံစမ်းထားလိုက်ဦး.. သူတို့ရဲ့ မိသားစုကနေ ငွေနဲ့ ပြန်ရွေးခိုင်းလိုက်လို့ ရတယ်.. "

လန်ကျုံလင်းယုန်ဓားပြအဖွဲ့တွင် အားလုံးသည် ရက်စက်ကြမ်းကြုတ်ကြပြီ အကြင်နာလည်း မဲ့ကြသည်။ သူတို့အားလုံးသည် ဆုကြေးငွေ ထုတ်ခံထိသူများ ဖြစ်ကြပြီ သနားညှာတာြခင်းလည်း မရှိကြ.. သူတို့၏ လိုဘ ပြည့်စုံဖို့အတွက် ဘာမဆို လုပ်ကြမည့်သူများလည်း ဖြစ်ကြသည်။

" ခေါင်းဆောင်.. မြန်မြန်လာကြည့်ပါဦး.. ဟိုမှာ အနက်ရောင်ဝတ်စုံနဲ့ စစ်သည်တစ်ယောက် လာနေတယ်.. "

" လူက တစ်ယောက်တည်းပဲ.. နှင်းစီးမြင်းကို စီးလာနေတာ.. "

ဓားပြတွေက ချက်ချင်း သတင်ပို့လိုက်ကြသည်။

လင်းယုန်ရှစ်ယောက်ကလည်း အဝေးက တောင်ကြားဆီကို လှမ်းကြည့်လိုက်ကြသည်။ ဟုတ်သည်.. တစ်စုံတစ်ဦးက သူတို့ဆီကို လာနေကြသည်။

" ဒီကောင်က တစ်ယောက်တည်း လာရဲတယ်ပါလား.. ငါတို့ လန်ကျုံတောင်ကို အထင်သေးတာလား... အစ်ကိုကြီး.. ကျနော်တို့ ဘာလုပ်သင့်လဲ.. "

တစ်ခြားသော လင်းယုန် ခုနစ်ယောက်က သူတို့ရဲ့ အစ်ကိုကြီးကို ကြည့်လိုက်ကြသည်။

လန်ကျုံလင်းယုန်ဓားပြအဖွဲ့ခေါင်းဆောင်ကြီးက မျက်မှောင်ကြုတ်ထားရင်း ခေါင်းငုံ့ကြည့်လိုက်သည်။

" အဇူရီစီရင်စုမှာ နာမည်ကျော်ကြားတဲ့ ဒဏ္ဍာရီအဆင့်က လက်တစ်ဆုပ်စာပဲ ရှိတယ်.. သူတို့ရဲ့ အသွင်အပြင်ကိုလည်း ငါ မှတ်မိတယ်.. ဘယ်သူကမှ ဒီလောက် တန်ဖိုးနည်းတဲ့ မြင်းကို စီးရလောက်တဲ့အထိ မဆင်းရဲကြဘူးကွ.. ဒီ အနက်ရောင်ဝတ်စုံနှင့် လူက ကြည့်ရတာ အရမ်းငယ်သေးတဲ့ပုံပဲ.. အနောက်မှာလည်း လက်နက်သေတ္တာကို လွယ်ထားတာ.. အထဲမှာ လှံပဲ ဖြစ်ရမယ်.. သူက ဘယ်သူများလဲ.. မင်းတို့ သူ့ကို သိကြလား.. သူက ငွေလအဆင့် သူရဲကောင်းစစ်သည်များ ဖြစ်နိုင်လား.. "

" ညီလေးတို့.. သူ့ကို မြားနဲ့ ပစ်ကြည့်ပြီ စမ်းကြည့်လိုက်ကြရအောင်.. "

ခေါင်းဆောင်ကြီးကလည်း အမိန့်ပေးလိုက်သည်။

" ဒီအရိုးက ကိုက်ဝါးဖို့ ခက်နေရင်း လွှတ်ထားလိုက်မယ်.. လွယ်ရင်တော့ ငါတို့ သူ့ကို အမဲလိုက်ကြတာပေါ့.. "

" ဟုတ်ကဲ့ပါ.. "

ရုတ်တရက်ဆိုသလို ခေါင်းဆောင်ကြီး အပါအဝင် ဓားပြအားလုံးသည် ဒူးလေးကြီးများ.. လေးမြားကြီးများ ဆွဲထုတ်လိုက်ကြသည်။

သာမန်ဓားပြတစ်ယောက်ပင်လျှင် ကြွယ်ခြွေဒူးလေးကြီးဖြင့် ကြောက်စရာကောင်းသည့် ပြင်းအားကို ထုတ်သုံးနိုင်သည်။ ၎င်းပြင်းအားသည် ဥက္ကာပျံအဆင့်စစ်သည်တစ်ယောက်၏ ဒိုချီစွမ်းအင်အကာအကွယ်အလွှာကို ဖောက်ထွင်းနိုင်ဖို့ လုံလောက်ပေသည်။ ဥက္ကာပျံအဆင့်တစ်ယောက်က ပစ်လွှတ်လိုက်သော မြားကား ငွေလအဆင့်သူရဲကောင်းတစ်ယောက်၏ အသက်ကိုပင် နုတ်ယူနိုင်သည်။ အနက်ရောင်ဝတ်စုံနှင့် လူငယ်၏ ခွန်အားကို ထိုမြားများဖြင့် စမ်းသပ်ဖို့ လုံလောက်လေသည်။

သို့သော် သူတို့ မသိတာက ထိုမြားတို့သည် အနက်ရောင်ဝတ်စုံနှင့် လူငယ်အား သွားရန်စသလို ဖြစ်စေကာ သူတို့အား မည်သို့သော ဒုက္ခမျိုး ကြုံရမည်ကို မသိလိုက်တာပဲ ဖြစ်၏။

" ပစ်.. " ခေါင်းဆောင်ကြီးက အမိန့်ပေးလိုက်သည်။

ဝှစ်.. ဝှစ်.. ဝှစ်..

အမြင့်မှ နေ၍ မရေတွက်နိုင်လောက်သော မြားများ အောက်သို့ ထိုးစိုက်ဆင်းသွားသည်။ ဇာထည်တစ်ခုအလား သိပ်သည်းများပြားနေသော မြားချောင်းများက လှိုင်းလုံးတစ်လုံး ပုတ်လိုက်သည့်နှယ် ရွှယ်ယင်ဆီသို့ အလျင်အဟုန်ဖြင့် ဝင်သွားကြ၏။

အပိုင်း (၃၇ ) အဇူရီမြစ်စီရင်စုမြို့တော်

" ဟမ်.. " ရွှယ်ယင်သည် သူ့ဆီ ပြေးဝင်လာနေသာ မြားအုပ်စုကြီးကို မော့ကြည့်လိုက်သည်။ မြားချောင်းသည် အသည်းယားစရာ ကောင်းလောက်အောင် သံမဏိအလင်းများ လင်းလက်ဖြာလျက် အရှိန်ပြင်းပြင်းဖြင့် လေထုကို ထိုးခွဲ၍ ဝင်လာကြသည်။

" တကယ့်ကို ဘဝင်ကြီးနေကြတာပဲ.. "

ရွှယ်ယင်သည် လျှပ်မိုးလက်သည့်နှယ် သွက်လက်မြန်ဆန်စွာဖြင့် သူ့နောက်ကျောက လက်နက်သေတ္တာဆီကနေ လှံအပိုင်း နှစ်ပိုင်းကို ထုတ်ယူလိုက်သည်။

ဝှန်းးး

ရွှယ်ယင်၏ လှံသည် အပိုင်းတို နှစ်ပိုင်း ခွဲထားတာ ဖြစ်ပြီ တစ်ခုလျှင် တစ်မီတာကျော် ရှည်သည်။ ထိုလှံတိုနှစ်ချောင်းအား ကိုင်ကာ ရွှယ်ယင်သည် ပေါ့ပေါ့ပါးပါးဖြင့် လွှဲယမ်းလိုက်သည်။ နှင်းစီးမြင်း၏ အလျင်နှုန်းက မြန်ဆန်နေသည်မို့ လှံချောင်း တစ်ဆယ်ကျော်ကျော် လောက်သာ ရွှယ်ယင်ဆီကို ရောက်သည်။

ထန်း ထန်း.. ထန်.. သံချင်း ထိခတ်သံများ ထွက်ပေါ်လာပြီးနောက် ရွှယ်ယင်သည် မြားအားလုံးကို အသာအယာပင် ရိုက်ချလိုက်ပြီး ဖြစ်သည်။ နှင်းစီးမြင်းထံသို့ပင် မြား တစ်ချောင်းတလေမှ မရောက်ချေ။

ရွှယ်ယင်လည်း နှင်းစီးမြင်းကနေ ချက်ချင်း ခုန်ဆင်းလိုက်ကာ တောင်ကုန်းထံ တရကြမ်း ပြေးတက်သွားသည်။ တစ်ချိန်တည်းမှာပဲ လှံတိုအပိုင်း နှစ်ပိုင်းကို တွဲစပ်လိုက်သောအခါ လှံရှည်တစ်ချောင်းက ဖြစ်သွားခဲ့သည်။

" ဟိုက်.. ငကြမ်းကြီးဟ.. အနောက်ဆုတ်ကြ.. " ခေါင်းဆောင်ကြီးက အော်ဟစ်အမိန့်ပေးလိုက်သည်။ သူသည် အပေါ်စီးကနေ ကြည့်နေရင်း ရွှယ်ယင်က မြားတွေကို အလွယ်တကူ ကာကွယ်လိုက်တာကို မြင်လိုက်ရတဲ့အခါမှာ ထိုလူသည် သွားရန်စလို့ မရနိုင်သည့် လူတစ်ယောက်မှန်း သိလိုက်သည်။

" ခေါင်းဆောင်ကြီး.. မကောင်းတော့ဘူး.. ကျနော်တို့ ပျားအုံကို တုတ်နဲ့ ထိုးလိုက်မိပြီ.. "

ခေါင်းဆောင်ကြီးနှင့် တစ်ခြားသော ဓားပြငယ်တွေပါ ချောက်ချားသွားကုန်ကြသည်။

သူတို့သည် ကြောက်လန့်စွာဖြင့် အောက်ကို ငေးကြည့်ကုန်ကြသည်။ အနက်ရောင်ဝတ်စုံနှင့် လူငယ်သည် မြင်းပေါ်ကနေ ခုန်ဆင်းလာပြီးနောက် လေထဲသို့ ခုန်တက်လာသည်။ သူသည် အရိပ်တစ်ခုဖြစ်နေသည့်အလား အလျင်နှုန်းမြင့်စွာြဖင့် တောင်ပေါ်သို့ အပြေးတက်လာသည်။ တောင်စောင်းတစ်လျှောက် လှစ်ခနဲ လှစ်ခနဲ ပြေးတက်လာနေရာ ထိုအမြန်နှုန်းကြောင့် အားလုံး၏ ရင်ထဲတွင် ချောက်ချားသွားကြကုန်သည်။ သူတို့ရဲ့ ခြေထောက်တွေက ပျော့ခွေသွားမတတ် ခံစားလိုက်ရပြီ မကြာခင်မှာပဲ သူတို့သည် ကြောက်လန့်ခြင်းမက တုန်လှုပ် ကြောက်လန့်လာကြသည်။

အရမ်းကို မြန်သည်.. တကယ့်ကို မြန်ဆန်လွန်းသည်...

သူတို့နေရာသည် တောင်၏ အမြင့်ဘက်တွင် ရှိသည်။ တကယ်တမ်းတွင် သူတို့နှင့် လူငယ်လေးကြားထဲက အကွာအဝေးသည် မီတာ ၂၀၀ လောက် ရှိသည်ဟု ဆိုရမည်။ ပုံမှန်အားဖြင့် တောင်စောင်းသည် မတ်စောက်၍ တော်ရုံလူတစ်ယောက်အနေနဲ့က တက်ဖို့က မလွယ်ကူပေ။ ထိုအချိန်အတောအတွင်း သူတို့အတွက် အနောက်ပြန်ဆုတ်ဖို့ အချိန်ရသေးသည်။

တကယ်တမ်းမှာကျ ထိုအနက်ရောင်ဝတ်စုံနှင့် လူငယ်က အပေါ်သို့ ပြေးတက်လာသည့် အရှိန်နှုန်းက တကယ်ကို ကြောက်ဖို့ ကောင်းလွန်းသည်။ ပြေးတက်လမ်းတစ်လျှောက်က ကျောက်တုံးများ၊ သစ်ပင်များက သူ့ကို ဘယ်လိုမှ တားဆီးနိုင်စွမ်း မရှိကြပါဘူး။ မတ်စောက်သည့် တောင်စောင်းကတောင် သူ့အတွက် အဟန့်အတား တစ်ခု မဟုတ်နေတော့ချေ။ ရွှယ်ယင်၏ အမြန်နှုန်းကား မြင်းပေါ်က ခုန်ဆင်းလာပြီးနောက်ပိုင်းမှာ ပို၍ပင် မြန်ဆန်လာခဲ့သည်။ သူ့ပုံရိပ်ကို ဓားပြတွေကပင် သဲသဲကွဲကွဲ မမြင်ရတော့သည်။ မှုန်ဝါးပြီ သဲသဲကွဲကွဲ မရှိသည့် အနက်ရောင်အရိပ်တစ်ခုလိုသာ မြင်ကြရတော့သည်။

" ဘယ်လိုလုပ်ပြီ ငါတို့တတွေ ဒီလို ဒဏ္ဍာရီအဆင့်တစ်ယောက်ကို ထိပ်တိုက်တွေ့မိရတာလဲ.."

ဓားပြ ခေါင်းဆောင်ကြီးမှာ ခေါင်းများ ပေါက်ကွဲထွက်တော့မတတ် ခံစားလိုက်ရသည်။ ချွေးသီးစက်များ ကိုယ်ပေါ်က စီးကျလာပြီ သူ့ခြေထောက်များက ယိုင်ခွေလို့ နေသည်။

" တောင်တက်နေတာတောင် ဒီလိုအမြန်နှုန်းရှိနေတာ သူက သေချာပေါက် ဒဏ္ဍာရီအဆင့်ပဲ.. ငွေလအဆင့်သူရဲကောင်းစစ်သည်တစ်ယောက်က ဒီလောက် မမြန်နိုင်ဘူး.. တကယ်လို့ သူက ငွေလအဆင့်ဆိုရင် ငါတို့ သူ့ရုပ်ကို သေသေချာချာ မြင်ရမှာပဲ.. မြင်နိုင်ခဲ့ရင် ငါ သူ့နဲ့ တိုက်လို့ ရသေးတယ်.. "

" အဇူရီမြစ်စီရင်စုနယ်မှာ ဒဏ္ဍာရီအဆင့်ရှိသူတွေက လက်တစ်ဆုပ်စာလောက်ပဲ ရှိတာ.. သူက ဘယ်ကနေ လာခဲ့တာလဲ.. ဘယ်ကနေ ရောက်လာခဲ့တာလဲ.. "

" ဒါ.. ဒါက.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. "

" မဟုတ်ဘူး.. မဖြစ်နိုင်ဘူး.. "

ဓားပြခေါင်းဆောင်ကြီးက အမှန်တရားကို လက်မခံနိုင်သေးချေ။ မျှော်လင့်ချက်မဲ့တာတွေ.. စိုးရိမ်ထိတ်လန့်လာတာတွေ.. တစ်ခြားသော ခံစားချက်များစွာက ရောပြွမ်းလာခဲ့သည်။ ထိုလူငယ်ကို ပြန်လည်ရန်ဆိုင်ဖို့ သူ့တွင် ထိုအတွေးမရှိနေတော့ချေ။ သူတို့နှစ်ယောက်ကြားထဲက ကွာဟမှုသည် အလွန်ကွာဟနေသည်။ တကယ်၍ ထိုလူငယ်က ဥက္ကာပျံအဆင့် ဒါမှမဟုတ် ငွေလအဆင့်ဖြစ်နေရင် သူ့အနေနဲ့ ပြန်လည် တိုက်ခိုက်လို့ ရသေးသည်။

ဒါပေမဲ့ ငွေလအဆင့်စစ်သည်တစ်ယောက်က ဒဏ္ဍာရီအဆင့်ကို သွားရင်ဆိုင်မယ်ဆိုရင် တစ်ချက်တည်းနဲ့တင် သေသွားနိုင်သည်။ ငွေလအဆင့် မှော်ဆရာတစ်ဦးပင် မှော်ဂါထာတွေ ရွတ်သည့်အချိန်တောင် ရလိုက်မှာ မဟုတ်ချေ။

ဒါသည် အတော်လေး ထင်ရှားသည့်အချက် ဖြစ်သည်။

ဒဏ္ဍာရီအဆင့်တစ်ယောက်သည် အရမ်းကို စွမ်းအားကြီးသည်။ လူတစ်ယောက်တည်းစစ်တပ်ဟု ခေါ်ကြသလို သေမျိုးတို့၏ အဆုံးစွန်းသော စွမ်းအားကို ရရှိထားကြသူ ဖြစ်သည်။ ဒဏ္ဍာရီအဆင့်တစ်ယောက်၏ ရှေ့မှောက်တွင် ဥက္ကာပျံအဆင့်သမားသည် စွမ်းအားမဲ့သွားရသည်။

" အသက်ကို ချမ်းသာပေးပါ..သခင်လေ.. ကျေးဇူးပြုပြီ အသက်ကို ချမ်းသာပေးပါ.."

အကောင်းကြီးကြီး.. ဝဖိုင့်ပြီး ဆိုးသွမ်းလှသည့် ဓားပြခေါင်းဆောင်ကြီးကား ရုတ်တရက် ဒူးထောက်၍ အသက်ကို ချမ်းသာခွင့် တောင်းလိုက်သည်။

ဘန်းး

လှံတစ်ချောင်း၏ အရိပ်က အောက်သို့ ထိုးစိုက်လာသည်။ ခေါင်းဆောင်ကြီး၏ မျက်နှာသည် ဖြူဖပ်ဖြူပ်ရော် ဖြစ်သွားပြီ ကြောက်လန့်စွာဖြင့် စိတ်က ဂယောက်ဂယက် ဖြစ်သွားသည်။ လှံအရိပ်က သူ့ရင်ဘတ်ဆီသို့ တည့်တည့်မတ်မတ်ပင် ဝင်လာခဲ့သည်။

ဘုန်းး

သူ့ရင်ဘတ်တစ်ခုလုံး ပွင့်ထွက်သွားသည်။ အထဲက ကလီစာတွေတောင် အပြင်ဘက်သို့ အပိုင်းပိုင်းအတစ်တစ် လွင့်စင်ကြဲသွားသည်။ ဆက်တိုက်ဆိုသလို သူ့တစ်ကိုယ်လုံးသည် သဲအိတ်တစ်လုံးကဲ့သို့ အဝေးသို့ လွင့်စင်ထွက်သွားသည်။ နောက်ဆုံးမှာ သစ်ပင်ကြီးတစ်ပင်အား သွားရောက်ထိမှန်သွားလေသည်။ ထိုသစ်ပင်ကြီးလည်း ချက်ချင်း လှုပ်ခါသွားသည်။ ဓားပြခေါင်းဆောင်းကြီးကား ပါးစပ်ကနေ သွေးများ ဖူးခနဲ ပန်းထွက်သွားပြီ မျက်လုံးများ ပြူးကျယ်သွားကာ အသက်ထွက်သွားတော့သည်။

" ပြေးဟ.. "

" လွတ်အောင် မြန်မြန်ပြေးကြဟေ့.. "

တစ်ခြားသော ခေါင်းဆောင်များနှင့် ဓားပြငယ်သားတို့သည် ရူးသွပ်သွားတော့မည့်မတတ် ဖြစ်သွားကြကုန်သည်။ ချက်ချင်းပဲ ဦးတည်ချက်ပေါင်းစုံ ခြေဦးတည့်ရာ ပြေးထွက်ကြကုန်သည်။ သူတို့ဘက်က လူဦးရေ တောင့်တင်းသော်လည်း စိတ်ဓာတ်ရေးရာက ပျက်ပြားနေပြီ ဖြစ်သည်။ သူတို့ခေါင်းထဲတွင် ထွက်ပြေးဖို့ အတွေးသာ ရှိတော့သည်။

ရွှစ်.. ဝှစ်.. ဝှစ်..

အလွန် မြန်လှ၏။

ရွှယ်ယင်၏ အမြန်နှုန်းက အံမခန်းလောက်အောင် ရှိ၏။ အထူးသဖြင့် ချုပ်နှောင်ခံထိထားသည့် ဓားစာခံတို့၏ အမြင်တွင် ရွှယ်ယင်၏ လက်မောင်းများက ခုနစ်ဖက် ရှစ်ဖက် ရှိသည့်အလား အရိပ်များ ထပ်နေသလို မြင်နေရသည်။ ဓားပြတို့သည် နှေးလှသော အမြန်နှုန်းသာ ရှိသည်မို့ ရွှယ်ယင်၏ လှံရိုက်ချက်ကို မကာကွယ်နိုင်ကြချေ။

ဖူးး ဖူးး

ဥက္ကာပျံအဆင့်စစ်သည်နှစ်ယောက်အပြင် ကောင်းကင်အဆင့် မှော်ဆရာတစ်ယောက်ကလည်း မှော်အစွမ်းများ ဆင့်ခေါ်တိုက်ခိုက်လိုက်ကြသည်။ သို့သော် အားလုံး၏ ခန္ဓာကိုယ်သည် ရွှယ်ယင်၏ လှံထိုးချက်ကြောင့် ပေါက်ထွက်သွားကြသည်။

မှော်အစွမ်း.. ဟုတ်လား.. ရွှယ်ယင်ရဲ့ လှံသိုင်းကွက်ကနေ လိမ့်ထွက်လာသည့် လေလှိုင်းလုံးကြီးတွေကို ဓားအသွားသဏ္ဌာန် မှော်အစွမ်းတွေက ဘယ်လို ဖြတ်ကျော်နိုင်မည်နည်း.. အားလုံးသည် လေထဲမှာပဲ လွင့်ပြယ်သွားကုန်သည်။ ထိုမှော်အစွမ်းတွေက လှံတံကိုပင် ထိခွင့် မရလိုက်ကြချေ။

ဓားပြအယောက် ၃၀ ကျော်ကို ရွှယ်ယင်က သတ်ဖြတ်လိုက်ချေပြီ။

တစ်ခြားသော ဓားပြများကား ထွက်ပြေးသွားကုန်ပြီ။ တချို့က တောင်အောက်.. တချို့က တောင်အပေါ်သို့.. အားလုံးလိုလို ဦးတည်ရာမဲ့ တကွဲတပြားဖြင့် ထွက်ပြေးကြလေသည်။ သို့သော် ရွှယ်ယင် မစိုးရိမ်ပါဘူး။ အရေးကြီးသည့် ကျောရိုးကို ရှင်းလင်းပြီးမို့ ကျန်သည့် ဓားပြများက အရေးမပါတော့ပေ။

ရွှယ်ယင်သည် အင်အားအကောင်းဆုံး ဓားပြတို့၏ အလောင်းများကို ငုံ့ကြည့်လိုက်သည်။ ယခုအခါမှာ ရွှယ်ယင်၏ အမြင်အာရုံတို့သည် အတော်လေး စူးရှနေပါပြီ။ သူသည် အလောင်းများအနီးသို့ လျှောက်သွားသည့်အခါမှာ ဓားပြ ခေါင်းဆောင်ကြီး၏ မှော်လက်ပတ်ကို တွေ့လိုက်သည်။

ရွှယ်ယင်က လှံဖြင့် ထိုးလိုက်သည်။

ခလန်းး

လှံအားကြောင့် လက်ပတ်သည် ချက်ချင်း လက်မောင်းကနေ ကျွတ်ကျသွားသည်။ ရွှယ်ယင်က လက်ပတ်အား လှံဖြင့် ထိုးကော်ယူလိုက်သည့်အခါ လက်ပတ်က လှံတံတစ်လျှောက် ပြုတ်ကျလာပြီ လက်ဝါးပြင်ထက် ရောက်ရှိလာသည်။

" သခင်လေး.. ကျနော်တို့ကို ကူညီပါဦး.."

" သခင်လေး.. ကူညီပေးပါ.. "

ဖမ်းဆီးထားခံရသည့် ဓားစာခံများသည် ရွှယ်ယင်အား အသနားခံလိုက်ကြသည်။ ဖမ်းဆီးခံထားရသည့် ဓားစာခံများတွင် အသက်ကြီးသူများ၊ တချို့မှာ အသက်လတ်ပိုင်းလူများနှင့် ငယ်ရွယ်သည့် လူငယ်စုံတွဲတစ်တွဲ ပါဝင်ကြသည်။ သူတို့၏ အဝတ်အစားမှာ အတော်လေး အဆင့်အတန်းမြင့်ပုံ ရသည်။ စွမ်းအားကြီးသည့် ပုဂ္ဂိုလ်လေးက ပြန်ထွက်သွားပြီး ဓားပြများ ပြန်လာကာ သူတို့အား ထပ်မံဖမ်းဆီးမှာကို သူတို့အားလုံး စိုးကြောက်နေကြသည်။

" ဖတ်.. ဖတ်.. ဖတ်.. " ရွှယ်ယင်က သူတို့အနောက်ကို ဖြတ်လျှောက်သွားပြီ လှံကို ပေါ့ပေါ့ပါးပါးဖြင့် လွှဲယမ်းလိုက်သည်။ လှံထိပ်ဖျားက တုပ်နှောင်ထားသည့် ကြိုးများကို ပွတ်ဆွဲကာ ဖြတ်တောက်သွားသည်။ တစ်ခဏအတွင်းမှာပဲ ဓားစာခံအားလုံးသည် တုပ်နှောင်ထားရာမှ လွတ်မြောက်သွားကြသည်။

" ကျေးဇူးပါ.. အရှင်သခင်လေး.. အသက်ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်..."

မုတ်ဆိတ်မွေးဖြူနှင့် လူကြီးတစ်ယောက်က ရွှယ်ယင်အား လေးစားစွာြဖင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။ ထို့နောက် အနားမှာ ရှိသည့် လူအားလုံးအား အမိန့်တစ်ခု ပေးလိုက်သည်။

" ပစ္စည်းတွေ သွားစုလာခဲ့.. အရှင်လေးကို ပေးရအောင်.. "

" နားလည်ပါပြီ.. "

ကုန်သည်များသည် သွက်လက်စွာြဖင့် တန်ဖိုးကြီးသည့် ပစ္စည်းများကို စုပေးလိုက်ကြသည်။ ဓားပြတွေ သိမ်းပိုက်ထားတဲ့ သူတို့ရဲ့ ပစ္စည်းတွေသာမက ဓားပြတွေ ပိုင်ဆိုင်သည့် ပစ္စည်းတွေပါ အကုန်စုလိုက်ကြသည်။ ဓားပြတွေရဲ့ အလောင်းတွေမှာပါ ပိုက်ဆံတွေ၊ ရွှေထုတ်ခွင့်လက်မှတ်တွေ၊ နောက်ပြီး တစ်ခြားသော တန်းဖိုးကြီး ပစ္စည်းများကိုပါ လိုက်လံရှာဖွေပေးကြသည်။ အချိန်တိုအတွင်းမှာပဲ တန်ဖိုးကြီးသည့် ပစ္စည်းများ၊ ကြွယ်ခြွေဒူးလေးများပါမကျန် ကောက်ယူစုဆောင်းပြီး ပုံထားပေးလိုက်ကြသည်။

" အရှင်လေး.. ဒါတွေက ဓားပြတွေ ပိုင်တဲ့ ပစ္စည်းတွေပါပဲ.. ဒီနေ့ သူတို့ လုယက်ထားတဲ့ ကျနော်တို့ ပစ္စည်းတွေပါ ပါပါတယ်.. ဒါတွေအားလုံးကို ကျေးဇူးတင်တဲ့အနေနဲ့ အရှင်လေးကို ပေးပါတယ်.. ကျနော်တို့ရဲ့ အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်.."

မုတ်ဆိတ်မွေးဖြူနှင့် လူကြီးက ပြောလိုက်သည်။

" ကောင်းပြီ.." ရွှယ်ယင်က ရွှေထုတ်ခွင့်လက်မှတ်ကိုသာ ယူလိုက်သည်။ ရွှေထုတ်ခွင့်လက်မှတ်များမှာ ရွှေဒင်္ဂါးပြား ၈သောင်း ၉သောင်းလောက် ရှိသည်။

" ခင်ဗျားတို့ ကျန်တဲ့ဟာတွေ ယူထားလိုက်.. ကြွယ်ခြွေဒူးလေးတွေရောပဲ.. ခင်ဗျားတို့အားကိုယ့်ကိုယ်ကို ကာကွယ်နိုင်တယ်မလား.. ခင်ဗျားတို့ ကုန်တင်ယာဥ်တန်းကရော အခြေအနေ ဘယ်လိုရှိမလဲ.. မြင်းတွေကရော.."

" ကျန်တဲ့လူတွေက သေကုန်ပါပြီ.. မြင်းတွေက သူတို့ လွှတ်လိုက်ကြတာ.. လန်ချုံလင်းယုန်အဖွဲ့ခေါင်းဆောင်တွေက ကျနော်တို့ မြင်းတွေကို သိပ်ပြီ အရေးမထားပါဘူး.. "

မုတ်ဆိတ်မွေးဖြူနှင့် လူကြီးကပဲ ရှင်းပြလိုက်သည်။

" ဪ.. "

ရွှယ်ယင် ခေါင်းညိတ်လိုက်သည်။ " ဒါဆို မြန်မြန် လုပ်ကြ.. လန်ချုံတောင်ကြားထဲကို ဖြတ်လို့ ပြီးတဲ့အထိ ကျုပ် လိုက်ခဲ့ပေးမယ်.. တောင်ကြားကို ဖြတ်ပြီးရင် ခင်ဗျားတို့လည်း သွားနိုင်ပါပြီ.. "

" ကျေးဇူးပါဗျာ..အရှင်လေးကို ကျေးဇူးတင်လိုက်တာဗျာ.. "

မုတ်ဆိတ်မွေးဖြူနှင့် လူကြီးက ဒူးထောက်၍ ကန်တော့လေ၏။ ကျန်သော သူများလည်း ထိုလူကြီးအတိုင်း ဒူးထောက်ပြီ ကန်တော့ကြသည်။ လန်ကျုံတောင်ကြားသည် ဓားပြအဖွဲ့များစွာ ရှိသည့် တောင်ကြားတစ်ခု ဖြစ်သည်။ ရွှယ်ယင်၏ အကူအညီမပါဘဲ သူတို့အနေဖြင့် ဒီတောင်ကြားကနေ အသက်ရှင်လျက် ထွက်သွားနိုင်ဖို့က တကယ်ကို ခက်ခဲ့သည့် အရာတစ်ခုပင်။

" မြန်မြန်လုပ်ကြ.. ကျုပ်ကတော့ စောင့်နေမှာ မဟုတ်ဘူး.. "

ရွှယ်ယင်က အပေါ်ကနေ ခုန်ချလိုက်သည်။ တောင်ကုန်းမှာ အောက်ခြေအထိဆိုရင် မီတာ ၂၀၀ အထိ မြင့်သည်။ ဒါပေမဲ့ ရွှယ်ယင်က ဂရုမစိုက်ဘဲ အောက်ခြေအထိ ခုန်ချလိုက်သည်။

ဘုန်းး

မြေပြင်ကြီးက တုန်ဟည်းသွားသည်။ ရွှယ်ယင်ကား ခြေထောက်အား ကွေးညွတ်စရာပင် မလိုအပ်လိုက်ချေ။

" မဆိုးပါဘူး.. " မှော်သိုလှောင်ပစ္စည်းနှင့် ပေါင်းစည်းလိုက်သည့်အခါမှာ ရွှယ်ယင်က ရေရွတ်လိုက်သည်။ မှော်သိုလှောင်လက်ပတ်အထဲက အခန်းအရွယ်အစားသည် သူ့အမေ ပေးထားသော မှော်သိုလှောင်ဆွဲသီး၏ တစ်ဝက်လောက်သာ ရှိသည်။

" အင်း.. ဓားပြခေါင်းဆောင်ဆီမှာ ရှိတဲ့ ရွှေထုတ်ခွင့်လက်မှတ်က ရွှေဒင်္ဂါးပြား တစ်သိန်းခွဲလောက် ရှိနေတာပဲ.. နှင်းကျောက်ရဲတိုက်မှာ ပိုက်ဆံပြတ်နေတာနဲ့ အတော်ပဲ.. အခုတော့ တော်တော် ထောသွားပြီ.. "

ရွှယ်ယင်သည် အရိပ်ကျားသစ်အရေနှင့် တစ်ခြား တန်ဖိုးကြီးသည့် အစိတ်အပိုင်းများကို ရောက်ချလိုက်ပြီ ရွှေဒင်္ဂါးအပြားပေါင်း သောင်းနှင့်ချီ ရရှိခဲ့သည်။ ဒါပေမဲ့ သူ့ညီလေးက မှော်ဆရာကြီး၏ တပည့်အရင်းဖြစ်သွားတဲ့အခါမှာ သူက ကောင်းမွန်တဲ့ မှော်သိုလှောင်ပစ္စည်းနှင့် မှော်နှင်တံတစ်ခုကို လက်ဆောင်ပေးခဲ့သည်။ သာမန် မှော်နှင်တံတစ်ခု၏ တန်ဖိုးမှာ ရွှေဒင်္ဂါးပြား ၅ထောင် တန်ဖိုးရှိသည်။ ချင်းရှီ၏ မှော်အစွမ်းမှာ အားနည်းနေသးတာကြောင့် သူ့အနေဖြင့် အဆင့်မြင့်မှော်နှင်တံတစ်ချောင်း၏ စွမ်းအားကို အပြည့်အဝ ထုတ်မသုံးနိုင်သေးချေ။ ဒါပေမဲ့ ရွှယ်ယင်က ချင်းရှီကို သိုလှောင်အခန်းကြီးမားသည့် မှော်သိုလှောင်ပစ္စည်းတစ်ခုကို ပေးခဲ့သည်။ ထိုပစ္စည်းအတွက် ရွှယ်ယင်က ရွှေဒင်္ဂါးပြား ၅သောင်းကို သုံးခဲ့ရသည်။ သိုလှောင်အခန်း၏ အရွယ်အစားကလည်း သူ့အမေရဲ့ မှော်သိုလှောင်ဆွဲသီး၏ သိုလှောင်အခန်းအရွယ်အစားထက် နှစ်ဆကြီးပေ၏။

တဖန် ရွှယ်ယင်သည် ဒဏ္ဍာရီအဆင့်ကို ရောက်သွားတဲ့အခါမှာ သူ့ရဲ့ အတွင်းကိုယ်ကျပ်အင်္ကျီကိုလည်း အဆင့်၂ရှိသည့် သန့်စင်ထားပြီးသော ချပ်ဝတ်အင်္ကျီနှင့် ပြောင်းလဲခဲ့သည်။ ထိုအခါမှသာ တစ်ခြားသော ဒဏ္ဍာရီအဆင့်သမားများနှင့် တိုက်ပွဲ ရင်ဆိုင်သည့်အခါမှာ ထိုအင်္ကျီက သူ့ရဲ့ သေကွင်းသေကွက်များကို ကာကွယ်ပေးနိုင်မှာ ဖြစ်သည်။

ကြောက်စရာကောင်းသည့် ဒဏ္ဍာရီအဆင့်သမားတစ်ယောက်က ရွှေဒင်္ဂါးပြား တစ်သိန်းလောက်ရသည်ကိုပင် ပျော်ရွှင်နေလေ၏။ တစ်ခြားသော ဒဏ္ဍာရီအဆင့်များက ကြားမိလျှင် ရယ်သွမ်းသွေးကြလိမ့်မည်။ ဒဏ္ဍာရီအဆင့် တစ်ယောက်၏ အဆင့်အတန်းဆိုတာ ဘယ်လိုမျိုးလဲ..

***

လူ တစ်ဒါဇင်ကျော်လောက်ကို လန်ချုံတောင်ကြားထဲကနေ လိုက်ပါစောင့်ရှောက် ပေးလိုက်ပြီးနောက် သူတို့၏ အသက်အန္တရာယ် စိတ်ချရသည့်အခါ ရွှယ်ယင် သူတို့အား ဆက်ပြီ ဂရုမစိုက်နေတော့ချေ။ ထိုအဖွဲ့ကနေ ခွဲခွာလာပြီ နှင်းစီးမြင်းကို ဒုန်းပြေးစီးနင်းသွားလိုက်သည်။ တစ်နေ့ကုန် မြင်းစီးသွားလိုက်ပြီးနောက် ရွှယ်ယင်သည် အဝါရောင်နဂါးမြို့တွင် တစ်ညတာ တည်းခိုအနားယူလိုက်သည်။

နောက်တစ်နေ့ မိုးသောက်အချိန်တွင် ရွှယ်ယင်သည် ဆက်ပြီး ခရီးဆက်ပြန်သည်။ တစ်နေကုန် မြင်းစီးသွားရာ နောက်ဆုံးတွင် နေဝင်ဖျိုးဖျအချိန်၌ အဇူရီမြစ်စီရင်စုမြို့တော်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။

" နှစ်ရက်တိုင်တိုင် ခရီးနှင်လာခဲ့တာ နောက်ဆုံးတော့ ရောက်ပြီ.. ဒါက အဇူရီမြစ်စီရင်စုမြို့တော်ကြီးလား.. "

ရွှယ်ယင် အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။ အဝေးတွင် ကြီးမားခန့်ထည်သော မြို့တစ်မြို့..။ မြို့တော်သည် အရမ်းကို ကြီးမားလွန်းရာ သာမန်လူတွေအတွက် အဆုံးသတ်ကို မြင်ရဖို့က ခက်ခဲသည်။

ကြီးမားခန့်ထည်သည့် မြို့တံတိုင်းအပေါ်တွင်လည်း အနက်ရောင်အလုံးတို့အား တစ်မိုင်စီ အကွာအဝေး ခြားထားလျက် စီတန်း၍ တပ်ဆင်ထားသည်။ အနက်ရောင်အလုံးတို့၏ မျက်နှာပြင်ထက်တွင် ရွှေရောင်သင်္ကေတများဖြင့် ရှိနေ၏။ မြို့တော်တစ်ခုလုံးသည် မမြင်ရသော စွမ်းအားများ ထုတ်လွှတ်လျက် ရှိသည်။ သာမန်လူအနေဖြင့် ထိုစွမ်းအားကို မမြင်ရချေ။ သို့သော် ရွှယ်ယင်ကား ထက်မြက်သော ချီအာရုံခံနိုင်စွမ်း ရှိနေ၍ ၎င်းအစွမ်းဖြင့် ထိုမမြင်နိုင်သော စွမ်းအားကို သတိထားမိသည်။

အဇူရီမြစ်စီရင်စုမြို့တော်ကြီးတွင် လူဦးရေ ဆယ်သန်းမက ရှိသည်။ နဂါးတောင်အိမတော်နှင့် အင်ပါယာသမိုင်းကြောင်းနှင့်ယှဥ်ကြည့်လျှင် ဒီမြို့တွင်လည်း ရှည်လျားသော သမိုင်းကြောင်း ရှိသည်။

ထပ်ပြီး ပြောရရင် ပြည်နယ်မြို့တော်နှင့် စီရင်စုနယ်မြေက မြို့တော်တိုင်းမှာ ရှည်လျားသည့် သမိုင်းကြောင်း ရှိကြသည်။ မင်းဆက်များသာ အဆက်ဆက် ပြောင်းသွားလိုက်မည်.. ထိုကဲ့သို့ ရှေးဟောင်းမြို့က မင်းဆက်အသစ်အောက်မှာ ဆက်လက် တည်ရှိနေမှာပဲ ဖြစ်သည်။ ထို့အပြင် ထိုကဲ့သို့ မြို့တော်များသည် ှော်အစွမ်းများဖြင့် မထိုးဖောက်နိုင်အောင် အကာအကွယ်ပြုထားသည်။ ပြည်နယ်မြို့တော်တို့တွင်မူ ပို၌ပင် အကာအကွယ်ပြုထားကြသည်။ လူဦးရေကလည်း သန်းတစ်ရာမျှ အသီးသီး ရှိကြသည့် ပြည်နယ်မြို့တော်များ ဖြစ်ကြသည်။ အရွယ်အစားကလည်း ကြီမားလွန်းရာ ကိုယ်ပိုင်တိုင်းပြည်တစ်ခုဟုပင် ထင်ရလေသည်။ လူအများ ပြောကြသည်က နတ်ဘုရားများ အတူတကွ စုပေါင်း၍ တိုက်လျှင်တောင်မှ ပြည်နယ်မြို့တော်၏ အကာအကွယ်ကို မလှုပ်ခါနိုင်ဘူးလို့ ဆိုကြသည်။

" တကယ့်ကို မျက်စိပွင့် နားပွင့်စေတာပဲ.. အဇူရီမြစ်စီရင်စုမြို့တော်တစ်ခုလုံးရဲ့ အကာအကွယ်ကို အသက်သွင်းလိုက်မယ်ဆိုရင်.. အနက်ရောင်အလုံးတိုင်းက ငါ့ကို လွယ်လွယ်လေး သတ်လို့ ရမယ်ထင်တယ်.. ဒီ အနက်ရောင်အလုံးတွေရဲ့ စွမ်းအားက သေချာပေါက် အထွတ်အထိပ်အဆင့်မှာပဲ.. '

ရွှယ်ယင် အသက်ပြင်းချလိုက်သည်။ ဒါပေမဲ့ သူမေ့သွားတာက မြို့တော်၏ အကာအကွယ်ကို အသက်သွင်းလိုက်သည်နှင့် အနက်ရောင်အလုံးများက ကြောက်စရာကောင်းလောက်အောင် စွမ်းအင်များကို ပမာဏ များစွာ သုံးစွဲခြင်းပဲ ဖြစ်၏။

" သွားမယ်.. " ထို့နောက်မှာတော့ ရွှယ်ယင်သည် နှင်းစီးမြင်းပေါ်က မဆင်းဘဲ ကြီးကျယ်ခမ်းနားသော အဇူရီမြစ်စီရင်စုမြို့တော်အထဲသို့ ဝင်သွားလိုက်သည်။

အပိုင်း ( ၃၈ ) စုဝေးကြမည်

အဇူရီမြစ်စီရင်စုနယ်၏ မြို့တော်ကြီးသည် လူဦးရေ ဆယ်သန်းခန့် ရှိသည့် မြို့တော်ကြီးတစ်ခု ဖြစ်သည်။ ထိုလူဦးရေကို တွက်ကြည့်လျှင် မြို့တော်သည် မည်မျှကြီးမားသည်ကို သိနိုင်ပေသည်။ မြို့ထဲက လမ်းတို့သည် ကျယ်ကျယ်ဝန်းဝန်း ရှိသော်လည်း နှင်းစီးမြင်းအတွက်မူ ထိုအမြန်နှုန်းက လမ်းလျှောက်ရသလောက်သာ ရှိနေဦးမည်။ မြို့အဝင်တံခါးကနေ နဂါးတောင်အိမ်တော်အထိ အကွာအဝေးက ဆယ်မိုင်လောက်သာ ရှိပေမဲ့ ရွှယ်ယင် ထိုနေရာကို ရောက်ဖို့က အချိန် နှစ်နာရီ ကြာမြင့်သွားခဲ့သည်။ အချိန်ကား အမှောင်ထုပင် သန်းနေလေပြီ။

" နောက်ဆုံးတော့ ရောက်ပြီပေါ့.."

အရှေ့က နဂါးတောင်အိမ်တော်ကို ရွှယ်ယင် ကြည့်လိုက်သည်။

နဂါးတောင်အိမ်တော်အရှေ့တွင် မီးသလင်းကျောက်များဖြင့် အလင်းအရောင်ပေးထားသည်။ ရီရွှေမြို့က နဂါးတောင်အိမ်တော်နှင့် ယှဥ်လျှင် ယခုအိမ်တော်က ပိုကြီးသည်ဟု ဆိုရမည်။ ခြံဝင်း၏ တံတိုင်းအရှည်က အနည်းဆုံး တစ်မိုင်နှစ်မိုင်လောက် ရှိသည်။ ထို့အပြင် အပြင်ဘက်မှာလည်း အစောင့်စစ်သည်များ ကင်းလှည့်နေပါသေးသည်။

" ဆင်းပါ.. " အနက်ရောင်ချပ်ဝတ်နှင့် စစ်သည်နှစ်ယောက်က ဂိတ်တံခါးအဝတွင် စောင့်ကြပ်နေသည်။ သူတို့နှစ်ယောက်ထံကနေ ထွက်ရှိလာသည့် အရှိန်အဝါတို့က သူတို့သည် ဥက္ကာပျံအဆင့်များ ဖြစ်ကြသည်ကို ပြောပြနေသယောင်ပင်။

ရွှယ်ယင်လည်း မြင်းပေါ်ကနေ ဆင်းလိုက်ကာ သံမဏိနက်အဆင့်အမိန့်ပြားအား ဖျတ်ခနဲ ထုတ်ပြလိုက်ပြီးနောက် ပြောလိုက်သည်။

" ခရိုင်ကနေ ငါလာမယ်ဆိုတာကို အကြောင်းကြားထားပြီးပြီထင်တယ်.. "

ထိုအခါ အနက်ရောင်ချပ်ဝတ်နှင့် အစောင့်စစ်သည်တစ်ယောက်က လျှောက်လာပြီး ပြုံးလိုက်ကာ ရီရွှေမြို့က တုန်ပိုရွှယ်ယင်လား ဟု မေးလိုက်သည်။

" ဟုတ်တယ်.. ငါပါပဲ.. " ရွှယ်ယင်က ခေါင်းညိတ်ပြလိုက်သည်။

" ဟုတ်ပါတယ်.. သင် ရောက်လာမယ်ဆိုတာကို ကျုပ်တို့ကို အကြောင်းကြားထားပြီးပါပြီ.. မြင်းကို ပေးလိုက်ပါ.. အထဲကိုပဲ လျှောက်ဝင်သွားလိုက်.. တစ်ယောက်ယောက်က နေမဲ့နေရာဆီကို ပို့ဆောင်ပေးပါလိမ့်မယ်.. "

အနက်ရောင်ချပ်ဝတ်နှင့် အစောင့်စစ်သည်က ရွှယ်ယင်၏ နှင်းစီးမြင်းကို ဆွဲထားပေးလိုက်သည်။

" ကျေးဇူးပါပဲ.. " ရွှယ်ယင်လည်း မြင်းအား အစောင့်စစ်သည်ထံ ပေးလိုက်ပြီးနောက် ဂိတ်တံခါးကို ဖြတ်၍ နဂါးတောင်အိမ်တော်အထဲသို့ တိုက်ရိုက် ဝင်သွားလိုက်သည်။

နဂါးတောင်အိမ်တော်ဝင်းထဲတွင် မြက်ခင်းပြင်များနှင့် သစ်ပင်ပန်းမန်များ အစုံအလင်ဖြင့် အလွန်ကို သာယာလှပသည်။ မီးသလင်းကျောက်များကလည်း မြက်ပင်များ.. ပန်းပင်များကြားတွင် နေရာအစုံ၌ ရှိနေလေသည်။ မိုးကောင်းကင်ကြီးက မည်းမှောင်နေပြီးသော်လည်း နဂါးတောင်အိမ်တော်ဝင်းထဲတွင် မီးသလင်းကျောက်များဖြင့် ထိန်ထိန်ညီးနေလေသည်။

" အရှင်တုန်ပို.. ကျေးဇူးပြုပြီ ကျနော်နဲ့ လိုက်ခဲ့ပေးပါ.."

အစေခံတစ်ယောက်က ရွှယ်ယင်အား နှုတ်ဆက်လိုက်သည်။

" အပြင်က ဧည့်သည်တွေအားလုံးက ကျက်သရေအလင်းရောင်ဥယျာဥ်မှာ နေကြရပါတယ်.. အရှင်တုန်ပိုအတွက် ကျက်သရေအလင်းရောင်ဥယျာဥ်ထဲမှာ နေရာတစ်ခု စီစဥ်ထားပြီးပါပြီ.. ဒါ့အပြင် ကျက်သရေအလင်းရောင် ဥယျာဥ်ရဲ့ အပြင်ဘက်ကိုလည်း မသွားပေးပါနဲ့.. ဒါဆိုရင် နဂါးတောင်အိမ်တော်ရဲ့ တားမြစ်ထားတဲ့ နေရာတွေကို လမ်းမှားပြီ မဝင်မိတော့ဘူးပေါ့.. အရှင်က အဲဒီနေရာမှာပဲ မနက်ရောက်တဲ့အထိ စောင့်နေပေးပါ.. မနက်ရောက်တဲ့အခါမှာ အိမ်တော်သခင်ကို တွေ့ဖို့ကို တစ်ယောက်ယောက်က လာခေါ်ပေးပါမယ်.. "

" အင်း.. " ရွှယ်ယင်က ခေါင်းညိတ်လိုက်လေသည်။

နဂါးတောင်အိမ်တော်၏ အတွင်းတွင် ကျောက်ပြားခင်းထားသည့် လမ်းများ ရှိကာ လမ်းတစ်ဖက်တစ်ချက်တွင် ထူးဆန်းလှသည့် ပန်းပင်များနှင့် စိမ်းလန်းထွားကြိုင်းသော သီးပင်စားပင်များဖြင့် ဝိုင်းရံထားလေသည်။ တချို့သော လမ်းနံရံများတွင် မှော်အစီအရင်များကို ထင်ထင်ရှားရှားပင် ရေးဆွဲထားသည်။

ရွှယ်ယင်နှင့် အစေခံသည် အတန်ကြာသည်အထိ လျှောက်လာခဲ့ပြီးနောက် ဥယျာဥ်တစ်ခု၏ အဝင်တံခါးအရှေ့သို့ ရောက်ရှိလာခဲ့သည်။

" ဒါက ကျက်သရေအလင်းရောင်ဥယျာဥ်ပါ.. "

အစေခံက ဆက်ပြီ လမ်းပြလေသည်။

" အရှင်အတွက် ပေးထားတဲ့ ခြံဝင်းလေးက အထဲမှာ ရှိနေတာပါ.."

" ကြည့်ရတာ ဒီမှာ ခြံဝင်းလေးတွေ အများကြီးရှိနေတာပဲ.."

ရွှယ်ယင်သည် ပြုံးရင်း ဆိုလိုက်ကာ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည်။ ထိုနေရာတွင် ခြံဝင်းငယ် ဆယ်ခုရှိကာ ခြံကွက်တစ်ကွက်လျှင် ခြံဝင်းငယ် ၅ခုနှုန်းဖြင့် ခြံကွက်နှစ်ကွက်ကို မျက်နှာချင်းဆိုင် ဆောက်လုပ်ထားသည်။

" တချို့အလုပ်တာဝန်တွေကျတော့ ဒီမှာ လာစုကြဖို့ လိုတယ်လေ.. ဒီနေ့မှာတော့ လူတွေ အများကြီး မလာကြတော့ ကျက်သရေအလင်းရောင်ဥယျာဥ်မှာ လူတစ်ဝက်လောက်ပဲ ရှိနေပါတယ်.. ပုံမှန်ဆိုရင် ဒီနေရာမှာ ဧည့်သည်တွေ ထပ်ပြီ လက်ခံလို့တောင် မရတော့ပါဘူး."

အစေခံက ရှင်းပြလိုက်သည်။ " ဒီနေရာက အရှင်လေးရဲ့ ညအိပ်ဖို့ နေရာပါပဲ.."

အစေခံက ခြံတံခါးတစ်ခုကို ဖွင့်ရင်း ပြောလိုက်သည်။

ထိုအခိုက်တွင် မျက်နှာချင်းဆိုင် ခြံဝင်းငယ်မှ တံခါးသည် ရုတ်တရက် ပွင့်လာသည်။

ရွှယ်ယင် အနောက်လှည့်ကြည့်လိုက်သည်။ မျက်နှာချင်းဆိုင်ခြံက ခြံတံခါးပွင့်သွားပြီးနောက် အစေခံမတစ်ယောက်က ပန်းကန်ပြားကိုင်လျက် ထွက်လာခဲ့သည်။ သူ့အနောက်မှာတော့ ငယ်ရွယ်သည့် မိန်းမပျိုတစ်ယောက်က မိုးပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ခြံတံခါးကို ပိတ်ဖို့ ဟန်ပြင်နေသည်ကို တွေ့လိုက်သည်။ သူမသည်လည်း အရှေ့က ခြံတွင် ရပ်နေသည့် ရွှယ်ယင်ကို မြင်လိုက်ရသည်။ အဆိုပါ အနက်ရောင်ဝတ်စုံနှင့် လူငယ်က အရှေ့က ခြံဝင်းတွင် နေမည့်သူဖြစ်ကြောင်း သူမ သဘောပေါက်လိုက်သည်။

" မှော်ဆရာမလေး.. " ရွှယ်ယင် ခံစားသိလိုက်သည်။

မိုးပြာရောင်ဝတ်ရုံနှင့် မိန်းမပျို၏ ခန္ဓာကိုယ်မှသည် မှော်ပညာရှင်တစ်ယောက်၏ ထူးခြားသော အရှိန်အဝါမျိုးကို ထွက်နေသည်။ ထိုကဲ့သို့ အရှိန်အဝါမျိုးသည် တကယ်တမ်းတော့ မှော်စွမ်းအားများ ဖြစ်ကြသည်။ သူမထံမှာ အေးစက်စက် အငွေ့အသက်များကိုလည်း ခပ်ဖန့်ဖန့်လေး ထုတ်လွှတ်နေပြန်သည်။ ထိုအငွေ့အသက်မျိုးကို ရွှယ်ယင် ရင်းနှီးနေသည်။ သူ့အမေနှင့် ညီလေးတို့ကလည်း ရေခဲမှော်ပညာရပ်၌ ကျွမ်းကျင်သည်။ အရှေ့က မိန်းမပျိုသည်လည်း သေချာပေါက် ရေခဲမှော်ပညာရပ်မှာ ကျွမ်းကျင်ပေလိမ့်မည်။

" ဒါပေမဲ့ သူ့ရဲ့ အရှိန်အဝါက ငါ ခံစားရသလောက်က ပိုင်ယွမ်ကျစ်ထက်တောင် ပိုပြီ အစွမ်းကြီးနေသလိုပဲ.."

ရွှယ်ယင်မှာ အံ့သြနေမိသည်။

ငယ်ရွယ်သေးပုံရသည် မှော်ဆရာမတစ်ဦး ဖြစ်နေခြင်းကြောင့်လည်း ရွှယ်ယင်မှာ ပိုအံ့အားသင့်နေလေသည်။

အရင်တုန်းက ရွှယ်ယင် တွေခဲ့ဖူးတဲ့ ယောက်ျားလေးများတွင် သူ့ညီငယ်သည် အချောဆုံး ဖြစ်သည်။ သို့သော် မိုးပြာရောင်ဝတ်ရုံနှင့် မိန်းမပျိုသည် သူ တွေခဲ့ဖူးသမျှ မိန်းမထဲတွင် အချောအလှဆုံး ဖြစ်သည်။ သူမ၏ အလှကား နှင်းတောင်ထိပ်ပေါ်က နှင်းကြာပန်းတစ်ပွင့်ကဲ့သို့ အလွန်ထူးခြားသည့် ကြန်အင်လက္ခဏာ ရှိပေသည်။

တကယ်တမ်းတွင် ရီရွှေမြို့တွင် မိန်းမလှများစွာ ရှိကြသည်။ ဥပမာအားဖြင့် ရိုယွဲ့သည် သူမ၏ ရုပ်ရည်အသွင်အပြင်အားဖြင့် ရွှယ်ယင် တွေ့ခဲ့ဖူးသည့် အချောအလှဆုံး ဆယ်ယောက်တို့တွင် ပါဝင်သည်။

သို့သော် ရွှယ်ယင်သည် မိုးပြာရောင်ဝတ်ရုံနှင့် မိန်းမပျိုအား သူ တွေ့ခဲ့ဖူးသည့် မိန်းမလှများအနက် အချောအလှဆုံးအဖြစ် အသိအမှတ်ပြုရလေသည်။ ဒါသည် သူမ၏ ထူးခြားသော ကြန်အင်လက္ခဏာကြောင့်ပင်။

" မှော်ပညာရှင်တိုင်းက ဉာဏ်ကောင်းတဲ့ သူတွေချည်းပဲ.. သူတို့က ပိုအစွမ်းထက်လေ.. ဉာဏ်ပညာပိုများပြားလာလေပဲ.. ဒီမိန်းမပျိုက ငယ်ငယ်လေးပဲ ရှိသေးတာ.. ဒါပေမဲ့ ပိုင်ယွမ်ကျစ်ထက်တောင် စွမ်းသေးတယ်. "

ရွှယ်ယင် အံ့သြနေလေသည်။

ဒါပေမဲ့ ရွှယ်ယင် မသိတာက အဲလို သူ အံ့သြနေစဥ်အချိန်မှာ အရှေ့က မိုးပြာရောင်ဝတ်ရုံနှင့် မိန်းမပျိုကလည်း ရွှယ်ယင်အား သာမန်လူ မဟုတ်မှန်း ခံစားရနေ၏။ ကောင်းကင်နှင့် မြေကြီး၏ သဘာဝတရားတို့ကို နှစ်ပေါင်းများစွာ ခံစားကာ နားလည်အောင် ကြိုးစားလာခဲ့သည့် အကျိုးဆက်ကြောင့် ရွှယ်ယင်၏ အသွင်အပြင်က ပို၍ တည်ငြိမ်ကာ သူ့ရဲ့ ချီစွမ်းအင်တို့ကလည်း သဘာဝနှင့် နီးစပ်၍ များစွာ သန့်စင်လေသည်။ သူ့၏ အသွင်အပြင်နှင့် ချီစွမ်းအားတို့ကြောင့် မိုးပြာရောင်ဝတ်ရုံနှင့် မိန်းမပျိုသည် တိတ်တခိုးဖြင့် ငေးကြည့်မိလေသည်။

" သူက မှော်ဆရာတစ်ယောက် မဟုတ်လောက်ပါဘူး. ဒါပေမဲ့ သူ့ရဲ့ စိတ်ဝိညာဥ်ကို ဒီအဆင့်လောက် ရအောင် လေ့ကျင့်နိုင်ခဲ့ပါလား.. "

မှော်ပညာရှင်တို့သည် သူတို့၏ အသက်ဝိညာဥ်၊ စိတ်ဝိညာဥ်နှင့် တစ်ခြားသော ဆင်တူသည် ရှုထောင့်များကို လေ့လာလိုက်စားရသည်။

***

နှစ်ယောက်စလုံးက တစ်ယောက်ကို တစ်ယောက် ငေးကြည့်ရင်း ပြိုင်တူ ခေါင်းညိတ်လိုက်ကြကာ ယဥ်ကျေးစွာဖြင့် ပြုံးလိုက်ကြသည်။

"ကျွီ.." မိုးပြာရောင်ဝတ်ရုံနှင့် မိန်းမပျိုသည် ခြံတံခါးအား ပြန်ပိတ်လိုက်သည်။

ရွှယ်ယင်လည်း သူ့အတွက် ပြင်ဆင်ထားပေးသည့် ခြံဝင်းငယ်ထဲ လှည့်ဝင်လိုက်တော့သည်။

" အရှင်တုန်ပို.. ခဏကြာရင် တစ်ယောက်ယောက်ကို အစားအအသောက် ပို့ခိုင်းလိုက်ပါ့မယ်.. ဒါဆို သွားခွင့်ပြုပါဦး.. "

အစေခံက အနောက်လှည့်ပြန်သွားလိုက်သည်။

***

ဒုတိယနေ့ မနက် မိုးသောက်စအချိန်တွင်..

ရွှယ်ယင်က မနက်စာ စားသောက်ပြီး သိပ်ပင် မကြာလိုက်ချေ.. နဂါးတောင်အိမ်တော် အစေခံတစ်ယောက်က ရောက်လာပြီ လမ်းညွန်ပြသပေးသည်။ ဒီကနေ့တွင် နဂါးတောင်အိမ်တော်မှ ရွှယ်ယင်တို့ကို တာဝန်အကြောင်း အသေးစိတ် ပြောပြပေးမှာ ဖြစ်သည်။

တိတ်ဆိတ်ငြိမ်သက်သည့် ခန်းမတစ်ခုအတွင်း..

ထိုခန်းမအတွင်းသို့ ရွှယ်ယင် ဝင်သွားသည့်အချိန်တွင် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် တစ်ခေါင်းလုံး ဆံပင်ဖြူနေသည့် အဘိုးကြီး တစ်ယောက်ကို တွေ့လိုက်သည်။ ထိုလူကြီးက ရွှယ်ယင်အား တွေ့သည့်အခါ ခေါင်းကို အသာအယာ ညိတ်လိုက်သည်။

ထိုစဥ် အစေခံက " အရှင်.. ဒီနေရာမှာ စိတ်သဘာရှိသလို ထိုင်နိုင်ပါတယ်.. လူအားလုံး စုံတဲ့အခါကျရင် အိမ်တော်သခင်လည်း ရောက်လာပါလိမ်မယ်.. " ဟု ရှင်းပြလိုက်သည်။

ရွှယ်ယင်လည်း နေရာတစ်ခုတွင် ထိုင်နေလိုက်သည်။

ရွှယ်ယင်က ရေနွေးပန်းကန်ကို ယူ၍ မှုတ်သောက်လိုက်ပြီ ပြန်အချတွင် တစ်စုံတစ်ဦးက ခန်းမအတွင်းသို့ ဝင်လာခဲ့သည်။ ထိုသူကား မနေ့ညက ရွှယ်ယင် တွေ့ခဲ့သည့် မိုးပြာရောင်ဝတ်ရုံနှင့် မိန်းမပျို ဖြစ်ချေသည်။ မိန်းမပျိုသည် မျက်စိကစားကြည့်လိုက်သည့်အခါတွင် အရပ်ရှည်ရှည် ဆံပင်ဖြူ အဘိုးကြီးနှင့် ရွှယ်ယင်ကို တွေ့လိုက်သည်။

သူမလည်း အနည်းငယ် အံ့သြသွားသည်။ ဘယ်လို ရေစက်များပါလဲ...။ မနေ့ကလည်း ခြံဝင်းကပ်လျက်ဖြင့် နေခဲ့ကြသည်။ ယနေ့တွင်လည်း နောက်ထပ် တွေ့ဆုံရချေပြီ။ သူမလည်း ရွှယ်ယင်တို့အား ခေါင်းကို အသာညိတ်ပြလိုက်ပြီးနောက် ဝင်ထိုင်လိုက်သည်။

" မိန်းကလေးက မှော်ဆရာမ ကျင့်ချိုး များလား.." အဘိုးကြီး၏ မျက်လုံးတို့မှာ တောက်ပစွာဖြင့် မေးလိုက်သည်။

" မှော်ဆရာမ ကျင့်ချိုးကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ မထင်မှတ်ထားဘူးဗျား.. ဘယ်လိုတိုက်ဆိုင်မှုမျိုးလဲ... ကျုပ်က ထန်ရှုံး ပါ.."

ရွှယ်ယင်မှာ စိတ်ထဲ အံ့အားသင့်သွားသည်။

နဂါးတောင်အိမ်တော်၏ စာအုပ်ထဲတွင် အဇူရီမြစ်စီရင်စုထဲက ပညာရှင်တို့အား စာရင်းနှင့်တကွ ကိုယ်ရေးအကျဥ်းတို့ကို ဖော်ပြထားသည်တို့ကို ရွှယ်ယင် ဖတ်ပြီးခဲ့ပြီ ဖြစ်သည်။

ထန်းရှုံးသည် အသက် ၁၆၀ ရှိသည့် ငွေလအဆင့် မှော်ပညာရှင်တစ်ဦး ဖြစ်သည်။ သူ့အသက်အရွယ်ဖြင့် ဒဏ္ဍာရီအဆင့်သို့ ရောက်ဖို့က မျှော်လင့်စရာ မရှိတော့ပါဘူး။

သို့သော် မှော်ဆရာမ ကျင့်ချိုးမှာ.. သူမဟာ ထိတ်လန့်စရာ ကောင်းသူတစ်ဦး ဖြစ်သည်။

အဇူရီမြစ်စီရင်စုတွင် နာမည်ကျော်ကြားသည့် ယုကျင့်ချိုးသည် သာမန်မိသားစုက ပေါက်ဖွားလာခဲ့သူ တစ်ဦး ဖြစ်သည်။ သူမသည် အဆုံးမဲ့လေပြည်ကျောင်းတော်တွင် မှော်ပညာရပ်ကို သင်ကြားခဲ့သည်။ အသက်နှစ်ဆယ်တွင် ဥက္ကာပျံအဆင့်သို့ ရောက်ရှိခဲ့ပြီ ယင်းကျောင်းတော်မှာပဲ ဆရာမအဖြစ် ဆက်လက်နေခဲ့သည်။

သူမသည် အသက် ၂၃ ရောက်သည့်အချိန်တွင် ငွေလအဆင့်သို့ ရောက်ရှိခဲ့သည်။ ရွှယ်ယင် တွက်ချက်မှုအရာ ယခု သူမသည် အသက် ၂၅ ရောက်နေလောက်ပါပြီ။

အသက် ၂၅ နှင့် ငွေလအဆင့် မှော်ပညာရှင် ဖြစ်နေပြီးလေရာ သူမ၏ ပါရမီသည် အလွန်ပင် ကြောက်စရာကောင်းလွန်နေပါသည်။ အဆုံးမဲ့လေပြည်ကျောင်းတော်၏ အထွတ်အထိပ်အဆင့် မှော်ဆရာကြီးသည် သူမအား မိသားစုဝင်တစ်ယောက်လိုပင် ဆက်ဆံခဲ့သည်။ အရွယ်ငယ်လွန်းသူ တစ်ယောက်ဖြစ်ရာ သူမသည် ဒဏ္ဍာရီအဆင့်တစ်ယောက်ဖြစ်ဖို့ ကိုးဆယ်ရာခိုင်နှုန်းမျှ သေချာလှသည်။

" သူမပဲကိုး.. " ရွှယ်ယင် ကောင်းစွာ သဘောပေါက်လိုက်လေသည်။

" ဟားဟားဟား.. " ရုတ်တရက် အပြင်ကနေ လူနှစ်ယောက်က ရယ်မောသံဖြင့် ဝင်လာလေသည်။

အေးစက်စက် အမှုအရာရှိသည့် လူငယ်တစ်ယောက်နှင့် အနက်ရောင်ဆံပင်ရှိသည့် လူကြီးတစ်ယောက် ဖြစ်လေသည်။ ဖ

အေးစက်စက်အမူအရာရှိသည့် လူငယ်၏ အဝတ်အစားမှာ ထူးခြားနေလေရာ အများတကာက သတိမူစေလောက်သည်။ သူကား သန့်စင်ထုတ်လုပ်ထားသည့် အမာစား ချပ်ဝတ်အင်္ကျီကို ဝတ်ဆင်ထားခြင်း ဖြစ်သည်။

" ကျင့်ချိုးပါလား.. ဒီမှာ ရှိလိမ့်မယ်လို့ မထင်ထားမိဘူး.. "

လူငယ်မှာ တက်ကြွလန်းဆန်းလာသလို ဖြစ်လာသည်။

" ဟားဟား... အတွေ့အကြုံတွေ ဘာတွေ ရအောင် တာဝန်တစ်ခုလောက် ယူကြည့်မယ်လို့ အပြင်ထွက်လာခဲ့တာ ကျင့်ချိုးနဲ့ တွေ့လိမ့်မယ်လို့ မထင်ထားမိဘူးဗျ.. ကံကြမ္မာက ဆန်းကျယ်လိုက်တာ.. ငါတို့နှစ်ယောက်ရဲ့ ရေစက်က သာမန်တော့ မဟုတ်နိုင်တော့ဘူး.. "

ထိုအခါ မိုးပြာရောင်ဝတ်ရုံနှင့် မိန်းမပျိုကာ အနည်းငယ်တော့ မျက်မှောင်ကြုတ်သွားပေမဲ့ " ဟုတ်သားပဲ.. တိုက်ဆိုင်လိုက်တာ.." ဟု ပြန်ပြောလိုက်လေသည်။

လူငယ်သည် ဘေးပတ်လည်ကိုလည်း ကြည့်လိုက်သည်။ ဆံပင်ဖြူနေသည့် အဘိုးကြီးတစ်ယောက်နှင့် အနက်ရောင်ဝတ်လူငယ်ကို တွေ့လိုက်သောအခါ သူ့မျက်လုံးတွင် မကျေမနပ်သည့် အရိပ်အယောင်တစ်ခုက သန်းသွားလိုက်သည်။ ထိုမျှသာမက ဆံပင်ဖြူအဘိုးကြီးအား ထွက်သွားစမ်းဟု ပြောနေသယောင် အဓိပ္ပါယ်ဖြင့် လူငယ်သည် မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်သည်။

" အရှင်ပိုင်ရုံများလား.. " ဆံပင်ဖြူ အဘိုးကြီးဖြစ်သူ ထန်ရှုံးက မေးလိုက်ပြီးနောက် သူ့နေရာမှာပဲ မတ်တတ်ရပ်နေလိုက်ကာ ထိုလူငယ်နှင့် ကျင့်ချိုးတို့အား အနှောင့်အယှက် မပြုဘဲ နေလိုက်တော့သည်။

ပိုင်ရုံ.. ထိုလူ၏ အကြောင်းကို ရွှယ်ယင် ကောင်းကောင်း သိသည်။

စစ်ပိုင်ရုံ..

စစ်ပိုင်ရုံသည် အသက် ၅၀ ရှိနေသူ တစ်ယောက် ဖြစ်သည်။ အဇူရီမြစ်စီရင်စုထဲက စစ်ကလန်၏ မျိုးဆက်သစ်လူငယ်ထဲတွင် လူသည် ပါရမီရှင်ထဲက ထိပ်တန်းတစ်ယောက် ဖြစ်၏။ ငွေလအဆင့်တစ်ယောက်သည် အသက် ၂၀၀ ကျော် အသက်ရှည်သည်ဖြစ်ရာ အသက် ၅၀ ဟူသည် ငယ်သေးသည့် အရွယ်ဟု ပြောနိုင်သည်။ သူ့အသက်အရွယ်အားဖြင့် ဒဏ္ဍာရီအဆင့်သို့ ဖြစ်နိုင်ခြေ များနေလေရာ ထို့ကြောင့်လည်း သူသည် စစ်ကလန်တွင် နေရာကောင်းကို ရရှိခဲ့သည်။

စစ်ကလန်ဆိုသည်ကလည်း အဇူရီမြစ်စီရင်စုခရိုင်တွင် အင်မတန်ကို တန်ခိုးထွားသော ကလန်တစ်ခု ဖြစ်သည်။

တကယ်၍ သင့်အား အပြစ်ရှိသည်ဟု သူတို့က ဆိုလျှင် သင်သည် အပြစ်မရှိသည့်တိုင် အပြစ်ရှိသူ တစ်ဦး ဖြစ်သွားလိမ့်မည်။ ထိုအရာကို မည်သူမှ မငြင်းဆန်ရဲကြချေ။ ထို့ကြောင့်လည်း ငွေလအဆင့်ချင်း တူနေလျှင်တောင်မှ ထန်ရှုံးသည် စစ်ပိုင်ရုံအား အလျော့ပေးရလေသည်။ စစ်ကလန်ဆိုသည်မှာ ရန်စ၍ ရကောင်းသည့် ကလန်တစ်ခု မဟုတ်နေချေ။ ငွေလအဆင့် သူရဲကောင်းတစ်ယောက်ကို ဖမ်းဆီးဖို့သည် သူတို့အတွက် ခက်ခဲသည့် ကိစ္စ မဟုတ်ပါချေ။ ဖမ်းဆီးဖို့အတွက် အကြောင်းပြချက်တစ်ခုခုကို ကြံဖန် ပြောလိုက်နှင့် ပြီး၏။ ဒဏ္ဍာရီအဆင့်ရောက်နေသူတို့သည်သာ သူတို့အား အတိုက်အခံပြု၍ ရပေမည်။ ဒဏ္ဍာရီအဆင့်တစ်ယောက်က တည်ထောင်ထားသော ကလန်သည်ဟာ စစ်ကလန်အား တန်းတူဆက်ဆံနိုင်ပေမည်။

စစ်ပိုင်ရုံသည် ကျင့်ချိုးအနား ကပ်ထိုင်လိုက်ကာ အနားတိုး၍ " ကျင့်ချိုး.. ငါ့ကို ဘာလို့ အမြဲတမ်း ရှောင်ဖယ်နေရတာလဲ.. ဒီလိုလုပ်နေလို့ ငါ့မှာ စိတ်မကောင်း ဖြစ်နေရတယ်.. "

မိုးပြာရောင်ဝတ်ရုံနှင့် မိန်းမပျိုလည်း မတ်တတ်ရပ်လိုက်ပြီ လျှောက်ထွက်လာခဲ့လိုက်သည်။ သို့သော် ခန်းမသည် အရမ်းကြီး မကျယ်ဝန်းတာမို့ နောက်ဆုံး သူမလည်း ရွှယ်ယင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ့အနားမှာပဲ ဝင်ထိုင်လိုက်သည်။

" ကျင့်ချိုး.. " စစ်ပိုင်ရုံက လျှောက်လာခဲ့သည်။ သူက ရွှယ်ယင်အား မကျေမနပ်ဖြင့် ကြည့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။

" ဖယ်စမ်း.. "

သို့သော် ရွှယ်ယင်သည် ရေနွေးကြမ်းပန်းကန်ကိုသာ ကိုင်ထားပြီ အေးအေးဆေးဆေးဖြင့်သာ မှုတ်သောက်နေသည်။

စစ်ပိုင်ရုံ၏ မျက်နှာကား ချက်ချင်း အရုပ်ဆိုးသွားသည်။

" ဟွန့်.. " သူက အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်သည့်အချိန်တွင်

" ဟားဟား.. အားလုံး စုံကြပြီလား.. " ရယ်သံကျယ်တစ်ခုက အပြင်ကနေ ရောက်ရှိလာသည်။ အနီရောင်အဝတ်ကို ဝတ်ဆင်ထားသည့် ထိပ်ပြောင်ပြောင်နှင့် လူကြီးတစ်ယောက်က အထဲသို့ လျှောက်ဝင်လာလေသည်။

****

အပိုင်း ( ၃၉ ) သူတော်စင်နယ်မြေ

" ဟွန့်.. နောက်မှ တွေ့ကြတာပေါ့.. " စစ်ပိုင်ရုံက ဆိုလိုက်ပြီးနောက် သူ့ဘေးနားက အနက်ရောင်ဆံပင်နှင့် အဘိုးကြီးကို လေသံတိုးတိုးဖြင့် မေးလိုက်သည်။

" အဘိုးကြီး.. ဟိုကောင်က ဘယ်သူလဲ.. "

" သူ့ရဲ့ ပုံပန်းသဏ္ဌာန်ရယ်.. နောက်ကျောမှာ ရှိတဲ့ လှံအရဆိုရင် သူက ရီရွှေမြို့က တုန်ပိုရွှယ်ယင်ပဲ ဖြစ်ရမယ်.. " ဆံပင်အနက်ရောင်နှင့် လူကြီးက ပြန်ဖြေလေသည်။

" နောက်ပြီး သူက အသက် ၂၀ ပဲ ရှိဦးမယ်.. သူ အသက် ၁၅နှစ်တုန်းက တစ်ယောက်တည်းပဲ ဓားကောက်ဓားပြအဖွဲ့ကို ရှင်းပစ်လိုက်တယ်.. တစ်ယောက်တည်းနဲ့ အဲဒီကိစ္စမျိုးကို လုပ်နိုင်တယ်ဆိုတော့ သူက ငွေလအဆင့်လောက် ရှိနေပြီလို့ ဆိုရမှာပေါ့.."

" အသက် ၂၀..ဟုတ်လား.." ပိုင်ရုံမှာ စိတ်မသက်မသာ ဖြစ်သွားသည်။

သူက နှစ်ပေါင်း ၅၀ ကျော် နေထိုင်လာခဲ့သူတစ်ဦး ဖြစ်ပြီ ဤမျှ ငယ်ရွယ်သည့် ငွေလအဆင့်သမား သူရဲကောင်းစစ်သည် တစ်ယောက်ကို ယခုမှ ကိုယ်တိုင် တွေ့လိုက်ရခြင်း ဖြစ်သည်။

အနီရောင်အဝတ်ကို ဝတ်ဆင်ထားသည့် ထိပ်ပြောင်ပြောင်နှင့် လူကြီးက သူတို့ ငါးယောက်ကို ခြုံပြီ ကြည့်လိုက်သည်။ စစ်ပိုင်ရုံ၊ အနက်ရောင်ဆံပင်နှင့် လူကြီး၊ ထန်ရှုံး၊ မှော်ဆရာမ ကျင့်ချိုး၊ နောက်ဆုံးတွင် ရွှယ်ယင်အား ကြည့်လိုက်သည်။

" ပညာရှင် ငါးယောက်စလုံးလည်း စုံနေပါပြီ.. ကျုပ်နာမည်က ယွမ်ဝူပါ.. အဇူရီမြစ်စီရင်စုနယ်မှာ ရှိတဲ့ နဂါးတောင်အိမ်တော်ရဲ့ အကြီးအကဲပါ.. "

အနီရောင်အဝတ်နှင့် လူကြီးက ဖော်ရွေစွာဖြင့် ပြောလိုက်လေသည်။

" အားလုံးက ကျုပ်နာမည်ကို ကြားဖူးကြမှာပါ.. ဒါပေမဲ့ မှော်ဆရာမ ကျင့်ချိုးနဲ့ တုန်ပိုရွှယ်ယင်ကို ပထမဆုံး တွေ့ဖူးခြင်းပါ.."

ထိုစကားကြောင့် ယုကျုင်းချိုးနှင့် တုန်ပိုရွှယ်ယင်က ပြုံးလိုက်လေသည်။

" အိမ်တော်သခင်.. အလ္လာပသလ္လာပတွေ ဖြတ်လိုတ်ပါတော့.. ကျုပ်တို့ ဘာလုပ်ရမလဲဆိုတာကိုပဲ ပြောလိုက်ပါ.. " ပိုင်ရုံက ဝင်ပြောလိုက်ချေသည်။

" ဘာမှ လောနေစရာ မလိုဘူး.." ယွမ်ဝူ၏ အမူအရာတစ်ခုလုံးသည် ရေခဲတမျှ အေးစက်သွားသည်။

" လုပ်ငန်းတာဝန်တစ်ခုကို မယူခင်မှာ အရေးကြီးတဲ့ အခြေခံကျတဲ့ စည်းမျဥ်းစည်းကမ်းတွေကို ခင်ဗျားတို့ ငါးယောက်စလုံးကို ကျုပ် သတိပေးချင်တယ်.."

" ပထမစည်းမျဥ်း.. ဒီတာဝန်နဲ့ ဆက်သွယ်နေတဲ့ အကြောင်းအရာအကုန်လုံး.. မင်းတို့ရဲ့ တွဲဖက်တွေရဲ့ သတင်းအချက်အလက်တွေ အားလုံးကို ဒီအခန်းထဲမှာပဲ ထားခဲ့ပါ.. အခု တာဝန်နဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တစ်ခုခု ပေါက်ကြားတာနဲ့ ကျရှုံးမှုဘက်ကို ဦးတည်သွားတော့မယ်.. ဒါပေမဲ့ ဒီအတိုင်းတော့ မပြီးသေးဘူး.. ငါတို့ရဲ့ စည်းမျဥ်းအရ ငါတို့အိမ်တော်က ပေးတဲ့ အပြစ်ဒဏ်ကို သင်နဲ့ သင်တို့ရဲ့ တွဲဖက်တွေကပါ ခံကြရလိမ့်မည်.. သတင်းအချက်အလက်တွေကို ပေါက်ကြားစေတာကို ငါတို့ရှာတွေ့ခဲ့ရင် မင်းတို့ကို ဘယ်သူကမှ လာကယ်တင်လို့ မရနိုင်တော့ဘူး.. "

" ဒုတိယစည်းမျဥ်း.. ဒီတာဝန်ဟာ သံမဏိအဆင့်ဝာာဝန်တွေအထဲက အခက်ဆုံးတစ်ခုပဲ.. မင်းတို့ရဲ့ လုံခြုံရေးအတွက် ဘယ်သူမှ အာမခံ မပေးနိုင်ဘူး.. သေသွားခဲ့ရင် ကိုယ့်ရဲ့ ကံဆိုးမှုကိုသာ အပြစ်တင်လိုက်ပါ.. "

" အထူးသဖြင့် ဒီ စည်းမျဥ်း နှစ်ခုကို ကောင်းကောင်း နားလည်စေချင်တယ်.. တကယ်လို့ ဒီဟာကို လက်မခံနိုင်ဘူးဆိုရင် ခင်ဗျားတို့ နုတ်ထွက်နိုင်တယ်.. "

ယွမ်ဝူက ပညာရှင် ငါးယောက်ကို အကဲခတ်ကြည့်လိုက်သည်။

တင်းကျပ်လှသော စည်းမျဥ်းကို ကြားပြီးသော်လည်း ရွှယ်ယင်နှင့် ကျန်သူတို့မှာ တုတ်တုတ်ပင် မလှုပ်ကြချေ။

" အိမ်တော်သခင်.. ကျုပ်တို့အားလုံး ဒီစည်းမျဥ်းကို သိထားပြီးပါပြီ.."

ဆံပင်ဖြူ အဘိုးကြီး ထန်ရှုံးက ပြောလိုက်လေသည်။

" ဟွန့်.. ကိုယ်မသိတဲ့ နေရာကို သွားရင် လုံခြုံစိတ်ချတယ်ဆိုတာ မရှိဘူး.. မင်း ကြောက်တယ်ဆိုရင် အိမ်ကို စောစော ပြန်လိုက်တော့.."

ပိုင်ရုံက ရွှယ်ယင်အား တစ်ချက် ငဲ့ကြည့်ကာ ပြောလိုက်သည်။ သူ နှစ်သက်ရသည့် ကျင့်ချိုး အရှေ့တွင် သူ့မှာ ရှိသမျှ အင်အားကို သုံး၍ သူမ၏ စိတ်အာရုံကို ဆွဲဆောင်မည့်သူများကို သူ ဖိနှိပ်ရပါလိမ့်မည်။ ယခုအချိန်တွင် သူ့၏ ပြိုင်ဘက်ကား ရွှယ်ယင် ဖြစ်နေသည်။ နောက်ထပ် ပညာရှင် နှစ်ယောက် ရှိနေသော်လည်း တစ်ယောက်ကား သူ့သက်တော်စောင့် ဖြစ်ပြီ ကျန်တစ်ယောက်က ထန်ရှုံး ဖြစ်၏။ ထန်ရှုံးကား အသက်ကြီးနေသူမို့ စိတ်ပူစရာမလိုပေ။

ရွှယ်ယင်တစ်ယောက်တည်းသာ သူ့အတွက် စိတ်အနှောင့်အယှက် ဖြစ်နေရသည်။

" ကောင်းပြီ.." ယွမ်ဝူက ခေါင်းညိတ်လိုက်သည်။

" ဒီတာဝန်ကို ဆောင်ရွက်နေရင်း သေနိုင်ဖို့ အလားလာ များတာရယ်.. ဒီကိစ္စနဲ့ ပတ်သတ်တဲ့ သတင်းတွေကို နှုတ်လုံရမယ်ဆိုတာကို အားလုံးက သဘောပေါက်ပြီဆိုတော့ အခု အလုပ်တာဝန်ရဲ့ အသေးစိတ်ကို စပြီ ရှင်းပြပေးမယ်.."

ရွှယ်ယင်၊ ကျင့်ချိုးနှင့် တစ်ခြားသူတို့ကပါ နားစိုက်ထောင်လိုက်ကြသည်။ အနည်းငယ် ဂရုမစိုက်မှုခြင်းကြောင့် နားလည်မှုလွဲသွားခြင်းမျိုးသည် အလုပ်ဝာာဝန်၏ ပြီးမြောက်မှုကို ထိခိုက်စေနိုင်သည် မဟုတ်လား။

" ဒီတစ်ခေါက်.. တာဝန်ရဲ့ အကြောင်းအရာက အဇူရီမြစ်စီရင်စုထဲက ချွီထိုက်မြို့က နံပါတ်တစ်ကလန် ဖြစ်တဲ့ လူကလန်ပဲ.. လုကလန်တစ်ခုလုံးကို ဖျက်ဆီးပြီ အကြီးအကဲ လုဟွိုင်ရူကို သတ်ဖို့ပါပဲ.. တာဝန်ကျတဲ့နေရာက လူကလန်ရဲ့ ရဲတိုက်မှာပဲ.."

" လုဟွိုင်ရူ.. ဟုတ်လား.. သူက ဥက္ကာပျံအဆင့်လောက်ပဲ ရှိသေးတဲ့ မှော်ဆရာ တစ်ယောက်မလား.. သူ့ရဲ့ လုကလန်မှာလည်း ဥက္ကာပျံအဆင့်ရှိတဲ့ စစ်သည်တွေ သုံးလေးယောက်ပဲ ရှိတယ်လေ.. အဲဒီလူအင်အားလောက်ကို ကျနော်တို့ ငါးယောက်စလုံးက လိုအပ်လို့လား.. သူတို့လောက်နဲ့ ကျနော်တို့က ဘာအသက်အန္တရာယ် ရှိရမှာလဲ.. "

စစ်ပိုင်ရုံက မယုံနိုင်သလိုဖြင့် ပြောလိုက်သည်။

ထိုအခါ အိမ်တော်သခင်က မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။

" လုဟွိုင်ရူက အဂ္ဂိရတ်ပညာရပ်မှာ အင်မတန်ကို ကျွမ်းကျင်သူတစ်ဦးပဲ.. အဲဒါကြောင့် သူ့ရဲ့ ရဲတိုက်မှာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေမှာ.. ဒါပေမဲ့ အရေးကြီးဆုံးက ငါတို့ရဲ့ အဇူရီမြစ်စီရင်စုရဲ့ သူတော်စင်နယ်မြေထဲကို နတ်ဆိုးတမန်တော်တစ်ပါး ရောက်နေတာပဲ.."

" ဘာ.." ပညာရှင် ၅ယောက်စလုံး၏ မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားကြသည်။

နတ်ဆိုးတမန်တော်..!!

ရွှယ်ယင်တို့ အင်ပါယာတစ်ခုလုံးတွင် ရှေးရိုးစွဲဘုရားကျောင်းဟူ၍ မြေကမ္ဘာနတ်ဘုရားကျောင်းသာ ရှိသည်။ ကျန်သည့် နတ်ဘုရားကျောင်းတို့သည် ရှေ့အစဥ်အလာအတိုင်း မလိုက်နာသည်က များပြီ နတ်ဆိုးဘုရားနှင့် ဆက်နွယ်ကြသည်။ ပထမဆုံး နဂါးတောင်အင်ပါယာသခင်သည်ပင် သူ့ရဲ့ ဂုဏ်ကျက်သရေအတွက် အယူဝါဒတစ်ခုကို မတည်ထောင်သွားနိုင်ခဲ့ပေ။

သူတို့၏ ကမ္ဘာထဲကို ဝင်လာရဲသည့ နတ်ဆိုးတမန်တော်တို့မှာ အလွန်ပင် ကြောက်စရာကောင်းသည်။ ဘယ်သူကမှ ထိုကိစ္စအား ပေါ့ပေါ့တန်တန် မဆောင်ရွက်ရဲကြချေ။

" နတ်ဆိုးတမန်တော်နဲ့ ပတ်သတ်နေတဲ့ ကိစ္စမှန်သမျှကို သေချာကိုင်တွယ်မှ ရမယ်.. အဇူရီမြစ်စီရင်စုထဲက သူတော်စင်နယ်မြေမှာ တချို့က အဆင့်နိမ့်တဲ့ ကျင့်ကြံသူတွေ ရှိတယ်.. မင်းတို့ရဲ့ ပစ်မှတ်က ဥက္ကာပျံအဆင့်လောက်ပဲ ရှိတာ.. အန္တရာယ်က သိပ် မများဘူးဆိုပေမဲ့ လူ ၅ယောက်လွှတ်ဖို့ ငါတို့က ဆုံးဖြတ်လိုက်တာပဲ.. ဒီတော့ အခု မင်းတို့လည်း တာဝန်အကြောင်းကို သိသွားပြီ.. သွားမှာလား မသွားမှာလား ဆိုတာကို ဆုံးဖြတ်ကြ.. မသွားချင်ဘူးဆိုရင် တာဝန်ပြီးသွားတဲ့အထိ ဒီ နဂါးတောင်အိမ်တော်မှာပဲ နေရမယ်.. " ဟူ၍ နဂါးတောင်အိမ်တော်သခင်က ပြောလိုက်လေသည်။

" မေးချင်တာတွေ ရှိသေးလား.."

ထိုအခါ ကျင့်ချိုးက " လုကလန်ရဲ့ ရဲတိုက်အတွင်းမှာ ငွေလအဆင့်တွေ..ဒဏ္ဍာရီအဆင့်တွေ ရှိနေနိုင်မလား.. " ဟု မေးလိုက်သည်။

" အခုထိတော့.. ငါတို့ ဘာမှ မတွေ့သေးဘူး.. အထဲမှာတော့ ပုန်းခိုင်းထားတာတော့ ရှိလိမ့်မယ်.. ဒါပေမဲ့ ငါထင်တယ်.. ဒဏ္ဍာရီအဆင့် ရှိဖို့က မလွယ်လှဘူး.. ဒဏ္ဍာရိအဆင့်က ဒီနယ်မှာ ရှားတယ်.. ရှိရင်လည်း သူတို့က ဒီနယ်သေးသေးလေးမှာ ဘာလို့ အချိန်ဖြုန်းနေမှာလဲ.. အင်ပါယာတစ်ခွင်လုံးကို လိုက်သွားနေမှာပေါ့.. "

" နတ်ဆိုးတွေက အမှောင်ထဲမှာပဲ ပုန်းအောင်းနေကြတာ.. ဒီလိုနေရာကို တမင်သက်သက် လာဖို့ကတော့ မဖြစ်နိုင်ဘူးပဲ.. " စစ်ပိုင်ရုံက ပြောလိုက်သည်။

" ကဲ.. နောက်ထပ် မေးခွန်းတွေ မရှိတော့ဘူးဆိုရင် စကြတာပေါ့.. " ယွမ်ဝူက ပြောလိုက်သည်။

" ပစ်မှတ်နေရာအထိ ရောက်အောင် နဂါးတောင်အိမ်တော်ကနေ မှော်ယာဥ်ပျံတစ်စီး စီစဥ်ပေးမယ်.."

ထိုအခါ ပိုင်ရုံသည် ကျင့်ချိုးဘက် လှည့်ပြီ " ကျင့်ချိုး.. ဒါက အန္တရာယ်များတဲ့ စစ်ဆင်ရေးတစ်ခုပဲ.. မင်းက မှော်ပညာရှင်ဆိုတော့ ငါ့တို့အနား ကပ်နေရင်း ပိုကောင်းလိမ့်မယ်.. ငါတို့ မင်းကို သေချာပေါက် ကာကွယ်ပေးမယ်ပေါ့.."

ကျင့်ချိုး မျက်မှောင်ကြုတ်လိုက်သည်။

စစ်ပိုင်ရုံ သူမအား နေ့နေ့ညည ပိုးပန်းနေတာကို သူမ တကယ်ပင်ပန်းနေပါပြီ။ သို့ပေလည်း သူမ၏ မိသားစုအိမ်က အဇူရီမြစ်စီရင်စုထဲတွင် ရှိနေ၍ စစ်ကလန်နှင့် ပတ်သတ်ပြီ အိမ်ကိုလည်း ပြဿနာ မဖြစ်စေချင်ခဲ့သည်။

ထိုအခိုက်တွင် ရွှယ်ယင်သည် သူ့လက်နက်သေတ္တာကို ယူ၍ အပြင်ဘက်သို့ လျှောက်ထွက်သွားလိုက်သည်။ ကျင့်ချိုးလည်း ရွှယ်ယင် ထွက်သွားရာဘက်ကို အနောက်ကနေ လိုက်ထွက်သွားသည်။

" ကျွတ်စ်.. ရွှယ်ယင်ဆိုတဲ့ တစ်ယောက်က မှော်သိုလှောင်ပစ္စည်းတစ်ခုတောင် မရှိနေပါလား.. လက်နက်သေတ္တောကို နောက်ကျောမှာပဲ အမြဲလွယ်နေရတာပဲ.. "

ပိုင်ရုံက လှောင်ပြောင်လိုက်လေသည်။

***

အဇူရီမြစ်စီရင်စုထဲက နယ်စွန်နယ်ဖျားတစ်နေရာတွင်..

ကြီးကျယ်ခမ်းနားလှသော ရဲတိုက်တစ်ခုက သုံးမိုင်အကျယ်ရှိသည့် မြေပြန့်ပြင်ကျယ်ကြီးပေါ်တွင် တည်ရှိနေသည်။ ယင်းရဲတိုက်သည် ရွှယ်ယင်တို့၏ နှင်းလင်းယုန်ရဲတိုက်ထက်ပင် ပို၍ ကြီးမားနေသည်။

ထိုရဲတိုက်သည် လုကလန် ရဲတိုက်ပင် ဖြစ်ချေသည်။

ရဲတိုက်မှာ အတွင်းပိုင်းနှင့် အပြင်ပိုင်းဟူ၍ ခွဲခြားထားသည်။

ရဲတိုက်၏ အတွင်းပိုင်းတွင် အဋ္ဌဂံပုံသဏ္ဌာန်ရှိချေကာ အတွင်းတွင် ထူးဆန်းသည့် သတ္တဝါတစ်ကောင်က လဲလှောင်း၍ ရှိနေသည်။ ရဲတိုက်၏ ဖွဲ့စည်းပုံကို လုဟွိုင်ရူ ကိုယ်တိုင် စီမံတည်ဆောက်ထားသည်ဖြစ်၍ အထဲတွင် ထောင်ချောက်များစွာ ရှိလေသည်။ ရဲတိုက်အတွင်းပိုင်းသို့ ရောက်လေ ပို၍ အန္တရာယ်များလာလေပင်။

" အရှင်နတ်ဘုရား.. ဟောဒီနိမ့်ကျတဲ့ အမှုထမ်းက စီမံပေးတဲ့ အစေခံတွေကို ကျေနပ်မှု ရှိပါရဲ့လား.. "

လုဟွိုင်ရူက ရိုသေလေးစားစွာဖြင့် မေးလိုက်သည်။

တစ်ဖက်တွင် လဲလှောင်းနေသူက မွန်းစတားအကောင်ကဲ့သို့ တူလှသည့် လူတစ်ဦး ဖြစ်နေချေသည်။

ထိုလူသည် အလွန်ကို တောင့်တင်းသော ခန္ဓာကိုယ်ရှိပြီ ခါးမှာလည်း ရေတိုင်ကီတစ်လုံးမျှ ကျယ်လေသည်။ အရပ်မှာ နှစ်မီတာခွဲမျှ ရှည်လျားပြီ လက်မောင်းကလည်း သာမန်လူတို့ထက် တုတ်ခိုင်လေသည်။ အပ်ချောင်းနှင့် တူလှသည့် မုတ်ဆိတ်မွေးများ ရှိသလို မျက်လုံးနှစ်လုံးကလည်း အနည်းငယ် ပြူးကျယ်လို့နေသည်။ ရံဖန်ရံခါ ပွင့်ပွင့်လာသော မျက်လုံးထဲတွင် ကြောက်စရာကောင်းသည့် အငွေ့အသက်ကို ခံစားနေရနိုင်သည်။ သူ့ရဲ့ အသက်ရှုသံက ဘေးပတ်ဝန်းကျင်ကိုပါ တုန်ခါစေနေကာ အနားတွင်ရှိ မိန်းမပျိုများလည်း တုန်ယင်စွာဖြင့် ရှိနေကြသည်။

" အဆင်ပြေပါတယ်.." မွန်းစကားအကောင်နှင့်တူသည့် လူကြီးက ပြောလိုက်သည်။

" ဘာဖြစ်လို့လဲ.. မင်းက ငါ့ကို အရမ်းကြီး ကြောက်လန့်နေသလိုပဲ.. "

" အရှင်နတ်ဘုရားရဲ့ ခွန်အားက ကမ္ဘာကြီးကိုတောင် တုန်လှုပ်နေစေနိုင်တာမို့လည်း ကျုပ်လည်း ကြောက်လန့်မိတာပါ.. "

" ဘာမှ စိတ်မပူနဲ့.. ငါက ဒီနေရာမှာ နည်းနည်းလောက် အနားယူတာပါ.. ငရဲဘုံကနေ ငါ တိုးထွက်လာခဲ့တာ သိပ်မကြာသေးပဲ.. ငရဲဘုံကလည်း ငါ့ကို လူသားလောကရဲ့ ပျော်ရွှင်စရာတွေကိုတောင် မေ့ပျောက်သွားစေတော့တယ်.. ဟုတ်ပါပြီ.. ငါ့ကို အချောအလှတွေ ထပ်စုပေးဦး.. စွမ်းအားကြီးတဲ့ မှော်ဆရာမတွေ ရရင် ပိုကောင်းတာပေါ့.. သာမန်မိန်းကလေးတွေက အရသာ သိပ်မရှိပါဘူးကွာ.. "

မွန်းစတားအကောင်က ပြောလိုက်ရင်း အနားရှိ အသားတုံးတစ်တုံးကို ကောက်ယူလိုက်ကာ စိမ်ပြေနပြေဖြင့် ဝါးစားလိုက်သည်။

" ဟုတ်.. ဟုတ်.. ဟုတ်.. အရှင်နတ်ဘုရား.. ဘာမှ စိတ်မပူပါနဲ့.. အခုသွားပြီ စွမ်းအားကြီးတဲ့ မှော်ဆရာမတွေကို အရှင့်တွက် ရှာလာခဲ့ပါ့မယ်.. "

" သွားတော့.. ငါ့ရဲ့ ပျော်ရွှင်မှုတွေကို အနှောင့်အယှက်မပြုနဲ့တော့.. "

  စာစဥ် ၃ ဤတွင် ပြီး၏။


rate now: