နှင်းလင်းယုန်အရှင်သခင်
စာစဥ် ( ၂ )
ကောင်းမြတ်
အပိုင်း ( ၁၄ ) - နှင်းပျံနတ်လှံ
ခရမ်းရောင်အဝတ်ကို ဝတ်ဆင်ထားသော ဆိုင်ရှင်လူကြီးသည် ရွှယ်ယင်အား ကြည့်ရင်း ခေါင်းတဆတ်ဆတ် ညိတ်နေလေသည်။ တကယ်တမ်းတွင် ရီရွှေမြို့သူ့မြို့သားတို့သည် ရွှယ်ယင်အား “လှံနတ်ဆိုး” ဟူသော အမည်ကို ပေထားခြင်း ဖြစ်၏။ နတ်ဆိုးတစ်ပါးက သူ့ကိုယ်ထဲတွင် စွဲကပ်နေသလို လှံကို သဲသဲမဲမဲ လေ့ကျင့်နေခြင်းအား ရည်ညွန်း၍ နာမည်ပေးလိုက်သည်လည်း ဟုတ်သည်။ တကယ်တမ်းတော့ ထိုနာမည်က မလိုမုန်းထားဖြင့် ပေးကြသည်လည်း မဟုတ်သလို ချီမွှမ်းကြခြင်းလည်း မဟုတ်ခဲ့ပေ။
သို့ပေမဲ့ ခရမ်းရောင်အဝတ်နှင့် ဆိုင်ပိုင်ရှင်သည် ဘဝအတွေ့အကြုံများစွာ ရှိခဲ့သူတစ်ဦး ဖြစ်နေရာ လောကကြီးဟာ အဆမတန် ကျယ်ပြန့်သည်ဆိုတာကို ကောင်းကောင်း သိထားသူလည်း ဖြစ်ခဲ့သည်။
အစစ်အမှန်အုပ်ချုပ်သူဆိုသည်မှာ တကယ့်ကို စွမ်းအားကြီးသောသူ.. ပမာဆိုရသော် လက်လှမ်းမမှီနိုင်သည့် ဒဏ္ဍာရီအဆင့်မှာ ရပ်တည်နေသူများ ဖြစ်ကြ၏။ ထပ်ပြီးပြောရရင် အထွတ်အထိပ်အဆင့်များ ဖြစ်ကြသည်။
ကျင့်ကြံခြင်းလမ်းစဉ်ကို အားမလျှော့စတမ်း ကြိုးစားကြသော စစ်မှန်သည့် ကျင့်ကြံသူတွေသာ ထိုအဆင့်နေရာသို့ ရောက်ရှိကြသည်။
ထို့ကြောင့်ပင် ဆိုင်ရှင်လူကြီးသည် အင်မတန် လေ့ကျင့်ကြိုးစားတတ်သည့် လူမျိုးကို သွားပြီး ရန်မစရဲသလို စော်ကားခြင်းလည်း မပြုရဲချေ။
“ ကောင်းလိုက်တဲ့ လှံတွေပဲ.. ”
ရွှယ်ယင်က လှံတွေအား ကြည့်နေရင်း ချီးမွှမ်းလိုက်သည်။ လှံတွေဆီမှ ချီစွမ်းအင် ခပ်လဲ့လဲ့လေး ဖြာထွက်နေသည်ကို ကြည့်ရင်း ယင်းလှံတွေ၏ ဝိညာဉ်သဘာဝကို သူ မြင်တွေ့နေရသည်။ ဒါဟာ အရေးကြီးသော အရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုလှံတို့ကို ရွေးချယ်ပြီးနောက်တွင် သူသည် နေ့နေ့ညည အမြဲတစေ ကိုင်ဆောင်ရတော့မည် မဟုတ်လော။
ထိုအထဲတွင် လှံသုံးချောင်း ရှိနေလေသည်။ တစ်ခုချင်းဆီကို နှစ်ပိုင်း လုပ်ထားသည်။ ပုံမှန်အားဖြင့် လှံဆိုသည်မှာ လက်နက်အရှည်ဖြစ်၍ သေတ္တာထဲ ထည့်သိမ်းရန် ရှည်လွန်းသည်။ နှစ်ပိုင်းခွဲထားခြင်းသည်ကသာ သေတ္တာထဲ ထည့်ရန် ကွက်တိကျပေမည်။ သယ်ရပြုရလည်း လွယ်ကူသွားမည်။ အတိုဆုံးလှံမှာ နှစ်မီတာအထိ ရှိသည်။ ဒီထက် တိုသွားခဲ့လျှင် ကိုင်ဆောင်ဖို့က လှံရှည်ဟူသော နာမည်ဖြင့် မလိုက်ဖက်သလို ဖြစ်သွားမည်။
“ ငါ့ညီ ရွှယ်ယင်.. ဒီလှံအကြောင်းတွေကို မိတ်ဆက်ပေးမယ်.. ဒီလှံသုံးချောင်းစလုံးက ငါကိုယ်တိုင် ဝယ်လာခဲ့တာ.. ”
ဆိုင်ပိုင်ရှင် လူကြီးက ရွှယ်ယင်ကို ပြောလေသည်။
“ ဒါဆိုရင် အကိုကောင့်ချွမ်ကို အားမနာတော့ဘူးဗျာ.. ”
ရွှယ်ယင်က ခေါင်းကို ညိတ်ပြီး ဆိုလိုက်သည်။
ရွှယ်ယင်မှာ လောကကြီးအကြောင်းကို သိနားလည်အောင် လုပ်ကိုဖို့ သိပ်စိတ်မပါပါဘူး.. သူ့စိတ်ထဲတွင် သူသိထားတာက ကျင့်ကြံခြင်းတစ်ခုတည်းပါ။ ဒါပေမဲ့လည်း သူက အရမ်းမရိုင်းပျတတ်ပါ။
“ ဒါက အနက်ရောင်လှံပဲ.. ”
ဆိုင်ရှင်က ဘယ်ဘက်အစွန်ဆုံးတွင် ရှိနေသည့် လှံကို ညွန်ပြလိုက်သည်။
“ ဒါကို တိမ်နက် လို့ခေါ်တယ်.. ၃.၂ မီတာရှည်တယ်..အဲဒီမြို့မှာ အရောင်းကောင်းဆုံးလှံ လို့ သတ်မှတ်လို့ ရတယ်.. အထက်တန်း လူတန်စားတွေအများကြီးက ဒီလှံကို ဝယ်ချင်ကြတယ်လေ..ကဲ ဘာကောင်းသလဲဆိုချင်ရင် ကိုယ့်ဘာသာ စမ်းပေတော့.. ကိုယ်တိုင် သိလိမ့်မယ်..”
“ အိုး.. ”
ရွှယ်ယင်က မျက်ခုံး အနည်းငယ်တွန့်သွားသည်။ တကယ်ပြောရရင် လှံက အရမ်းကို ရှည်လွန်း၍ သူက တကယ်သဘောမကျခဲ့ပေ။
ရွှယ်ယင်သည် အရှေ့ကို လှမ်းသွားပြီး လှံနှစ်ပိုင်းအား ကောက်ယူလိုက်ပြီး အပိုင်းနှစ်ခုကို လျင်မြင်စွာဖြင့် လှည့်ပြီး ချိတ်ဆက်လိုက်သည်။
“ ဟူး.. ”
ရွှယ်ယင်က လက်တစ်ဖက်တည်းဖြင့် လှံကို ပစ်စမ်းကြည့်လိုက်သည်။
လက်တစ်ဖက်တည်းဖြင့် ရွှယ်ယင်သည် ကီလို ၅၀ထက်ပင် လေးလံသော လှံကို ဖြောင့်တန်းနေအောင် ပစ်လွှတ်နိုင်သည်။ လှံသည် ခပ်ဝေးဝေးဆီ ကို ပျံသန်းသွားပြီ လေထုကိုပင် နှစ်ပိုင်း ပိုင်းမည့်အသွင်ဖြင့် လေကို ထိုးခွဲ ၍ သွားသည်။ ဟိုတစ်ဖက်တွင် ရှိနေသော အစေခံယောကျ်ားနှစ်ယောက်၏ အသားအရေသည် ကြောက်လန့်သွားခြင်းကြောင့် ဖြူဖျော့သွားလေသည်။
ဆိုင်ပိုင်ရှင် လူကြီးသည်လည်း စိတ်ထဲတွင် အချက်ပေးသံများ ဆူညံသွားသည်။
ဘယ်လောက်တောင် ကြီးမားလိုက်တဲ့ ခွန်အားလဲ.. သူ့ရဲ့ လှံသိုင်းကလည်း တကယ့်ကို အံမခန်းပါပဲ..
“ ပျော့ပျောင်းလွန်းတယ်.. အရမ်းကို ပျော့ပျောင်းလွန်းနေတယ်.. ”
ရွှယ်ယင်က ခေါင်းတခါခါဖြင့် သုံးသပ်လိုက်သည်။
“ ဒီ တိမ်နက်လှံက အရမ်းကို ရှည်လွန်းတယ်..လှံရဲ့လည်တိုင်ကလည်း သေးတော့ လှံထိပ်ဖျားက ယိမ်းနွဲ့လွယ်တယ်.. အစစ်အမှန် ကျွမ်းကျင်သူ တစ်ယောက်က လှံထိပ်ဖျားကို မယိမ်းနွဲ့စေချင်ရင် လှံရဲ့လှုပ်ရှားမှုကိုလည်း အပြည့်အဝ ထိန်းချုပ်နိုင်ရမယ်..အခုတော့ လှံကအရမ်းပျော့လွန်းတဲ့အတွက် လှံရဲ့ အထိုးအခုတ်တွေက မပြေပြစ်တော့ဘူး.. ”
“ တကယ်တမ်းတော့.. လှံပညာနဲ့ အကျွမ်းမဝင်ဖြစ်တဲ့သူတွေက သုံးမီတာရှည်တဲ့ လှံရဲ့ ရုတ်တရက်ထိုးသွင်းတာရယ်..လှံခေါင်းကလည်း လှုပ်ခါနေတာတွေကြောင့် လှံချက်ကို ရုတ်တရက် မမြင်လွယ်တတ်ဘူး.. ဒီတော့ သူတို့ခန္ဓာကိုယ်ထဲကို လှံဝင်သွားမှ သိရလိမ့်မယ်..ဒါကြောင့်ပဲ လှံကို သိပ်မသုံးဖူးတဲ့ အထက်တန်းစားသခင်တွေကတော့ ဒီလှံမျိုးကို လှံကောင်းလို့ မြင်ကြမှာပေါ့.. ”
ရွှယ်ယင်၏ စကားသံက တဖြည်းဖြည်း မာန်ပါလာသည်။
အသက် ၁၃ နှစ်သားကတည်းက လှံနှင့်တစ်သားတည်းအဆင့်ကို ရောက်ရှိနေပြီးဖြစ်သလို ကြီးကျယ်သော လှံသခင်နယ်ပယ်သို့ပင် ထိတွေ့နေပြီးဖြစ်ရာ ရွှယ်ယင်သည် လှံတစ်ချောင်းအား အနည်းငယ် စမ်းသပ်လိုက်ရုံနှင့် ယင်းလှံ၏ အကောင်းအဆိုးတို့ကို ဒက်ထိပြောနိုင်နေပြီး ဖြစ်သည်။
ဤ တိမ်နက်လှံသည် လှံသိုင်းပညာရပ်၌ အားနည်းသည့် သူတွေအတွက် လှံကောင်း တစ်ချောင်းဖြစ်သည်။ ဒါအပြင် တိုက်ခိုက်ရာတွက်လည်း သူတို့၏ ခွန်အားကိုပင် အဆမတန် တိုးမြင့်စေနိုင်သည်။
သို့ပေမဲ့ လှံသိုင်းပညာမှာ ပြည့်ဝနေသူအတွက်ကတော့ ထိုလှံမျိုးအား လှည့်ပင် လှည့်မကြည့်ချင်တော့ပေ။
“ အံ့သြစရာပဲ.. တကယ့်ကို အံ့သြစရာပဲ.. ဟားဟား.. အရင်တုန်းကလည်း တကယ့်လှံသမားတွေကို အပြင်မှာတွေ့ဖူးပါတယ်.. ဒီလိုမျိုးပဲ ပိုးထည်ဘောင်းဘီတွေဝတ်တဲ့ အထက်တန်းလွှာတွေ ကြိုက်တတ်တဲ့ ဒီလိုလှံမျိုးကို သူတို့က လှည့်တောင်မကြည့်ဘူးလေ.. ”
ထို့နောက် ဆိုင်ပိုင်ရှင်လူကြီးသည် ဘေးတွင်ရှိသော ခရမ်းရင့်ရောင်လှံကို နောက်ထပ် ညွန်ပြလိုက်ပြန်သည်။
“ ဒီလှံကို နီလာခရမ်းသွေး လို့ခေါ်တယ်.. ဒီလှံက လှံသမားစစ်စစ်အတွက် အသင့်တော်ဆုံးပဲ.. ၂.၅ မီတာရှည်တယ်.. ထူတယ်.. လက်တစ်ဖက်နဲ့ ကောင်းကောင်း မွှေ့ဝှမ်းပစ်လိုက်လို့ရတယ်.. ထိပ်ဖျား ကိုလည်း ကြည့်လိုက်ပါဦး.. ချွန်မြနေတာပဲ.. လှံဆိုတာ သတ်ဖြတ်ဖို့အတွက်ပဲဆိုတာ အဓိပ္ပါယ်ဖော်ပြနေသလိုပဲ.. ပြောကြတာက ဒီလှံနဲ့ မရေတွက်နိုင်အောင် သတ်ဖြတ်ခဲ့ပြီးမှ အဲဒီသွေးတွေက လှံထဲ စိမ့်ဝင်သွား လို့ ခရမ်းရင့်အရောင်ဖြစ်လာတယ်လို့ ဆိုကြတယ်”
“ အင်..ဈေးဝယ်သူကို မဝယ်ဝယ်ချင်လာအောင် ပြောတတ်ပုံက အံမခန်းပါပဲ.. ”
ရွှယ်ယင်က ပြောလိုက်ပြီး နီလာခရမ်းသွေးလှံကို ကောက်ယူလိုက်သည်။
ကောက်ယူကိုင်လိုက်ပြီးပြီးခြင်းမှာပဲ ရွှယ်ယင်၏ နှလုံးသားထဲတွင် ခင်တွယ်မှုတစ်ခုက ရိပ်ရိပ်လေး ကြီးထွားလာသည်။
ထို့နောက် လှံထိပ်ကို အရှေ့ညွန်ပြီး လှံကို အားကုန်သုံးပြီး. လှပ်ခနဲ အရှေ့ကို ထိုးပိုင်းလိုက်သည်။
ရွှယ်ယင်၏ လှုပ်ရှားမှုတိုင်းက သူ့စိတ်သဘောအတိုင်းပင် သွားနေသည်။ ရွှယ်ယင်၏ လှုပ်ရှားမှုကို တော်ရုံ လှံသိုင်းသမားတို့က တုပ၍ပင် မမှီနိုင်ပါဘူး။ သူ့အပေါ် ဆိုင်ပိုင်ရှင် လူကြီး၏ အထင်ကြီးစိတ်မှာ တဖြည်းဖြည်း မြင့်တက်လာသည်။
“ ဒီလှံက အရမ်းကို ညင်သာတယ်.. ”
ရွှယ်ယင်သည် ခေါင်းကို တစ်ချက်ညိတ်ချလိုက်ပြီး ပြောလိုက်သည်။
“ ဒီလှံက သိပ်ပြီး အားနည်းချက် မရှိဘူး… လှံထိပ်ဖျားကလည်း သန့်စင်သူရဲ့ အင်းကွက်အကူအညီနဲ့ အတော်လေး ထက်မြက်တယ်.. ”
သူ့အတွက် သင့်တော်သော လှံကောင်းတစ်ချောင်း ဖြစ်ပေသည်။
“ နောက်ဆုံးလှံတစ်ချောင်းကိုလည်း မိတ်ဆက်ပေးဦးမယ်.. ”
ခရမ်းရောင်အဝတ်နှင့် ဆိုင်လူကြိးသည် နောက်ဆုံးကျန်နေသော လှံကို ညွန်ပြလိုက်ရင်း ပြောလိုက်သည်။
ရွှယ်ယင်သည် လှံကို ကြည့်လိုက်သည်။ လှံ၏ အသွင်သဏ္ဍာန်သည် ပြောရရင် သူအကြိုက်ဆုံး လှံပုံစံ ဖြစ်သည်။ လှံတစ်ခုလုံးသည် ငွေရောင် တောက်ပနေပြီ မရေတွက်နိုင်သော ဆီးနှင်းပွင့်တွေက လှံရိုးမှာ ထွင်းထုထားသည်။ လှံ၏ အသွားထက်ထက်ကိုလည်း သူ အေးစက်စက် ခံစားနေရသည်။
“ပြီးသွားတဲ့ လှံနှစ်ချောင်းက အဆင့် ၁ သန့်စင်ထားတဲ့ လက်နက်တွေ ဖြစ်တယ်..ဒါပေမဲ့ ဒီလှံကိုတော့ မတော်တဆ ရလာခဲ့တာ.. ဒါကို ဆန်းစစ် တွက်ချက်ကြည့်တော့ ဒီလှံက အဆင့်၂ သန့်စင်ထားတဲ့ လက်နက် ဖြစ်နေတာကို တွေ့ရှိခဲ့တယ်.. ” ဟု ဆိုင်ရှင်လူကြီးသည် ရှင်းပြပေးသည်။
“ အဆင့်၂ လား..”
ရွှယ်ယင်နှင့် ကျုံးလိန်တို့ နှစ်ယောက်စလုံး ပင့်သက်ရှိုက်လိုက်ပြီး ငေးမောသွားသည်။
ရီရွှေမြို့မှာ အဆင့်၂ သန့်စင်ထားတဲ့ လက်နက်က တကယ်ကို ရှိနေတာလား..
“ လှံတစ်ခုလုံးက ရေခဲလို အေးစက်နေလို့ ဒီလှံကို နှင်းပျံနတ်လှံ လို့ ခေါ်ကြတယ်.. ”
ဆိုင်ရှင်ကြီးက နာမည်ကို မိတ်ဆက်ပေးလိုက်သည်။
“ သူ့ရဲ့ အဓိက အားသာချက်က လှံသိုင်းလေ့ကျင့်တဲ့အခါမှာ တွေ့ရလိမ့်မယ်.. မရေတွက်နိုင်တဲ့ ဆီးနှင်းပွင့်တွေ လေထဲ ဝဲကျနေတဲ့ မြင်ကွင်းမျိုး ထွက်လာပြီးတော့ ရန်သူကို စိတ်ရှုပ်ထွေးစေနိုင်စွမ်း ရှိတယ်.. ”
“ ဒါဆိုရင် စမ်းကြည့်မယ်.. ”
ရွှယ်ယင်က ပြောနေရင်း အပိုင်းနှစ်ခုကို ကောက်ယူလိုက်ကာ တပ်ဆင် လိုက်ပြီးနောက် လှံကို စမ်းသပ်ကြည့်လေသည်။
ခရမ်းရောင်အဝတ်နှင့် ဆိုင်ရှင်သည် အနည်းငယ်တော့ စိတ်လှုပ်ရှားသွားသည်။
ပုံမှန်အားဖြင့် သန့်စင်သူလက်နက်တွေဟာ ကိုယ်ပိုင်အားသာချက်တွေ ရှိကြသည်။ ဥပမာအားဖြင့် လျင်မြန်သွက်လက်တာ.. ထက်မြတာ.. မီးသဘာဝကိန်းဝပ်နေတာ.. အစသဖြင့် ရှိကြသည်။
ဒါပေမဲ့ နှင်းပျံလှံက ဆီးနှင်းပွင့်လောက်ပဲ ဖြစ်ပေါ်စေပြီး ရန်သူကို စိတ်ရှုပ်ထွေးစေသည်။ သို့သော် တကယ်ကျွမ်းကျင်သူတစ်ယောက်ကို ထိုဆီးနှင်းပွင့်တွေက ဘယ်လောက်အထိ လှည့်စားနိုင်မည်နည်း။ တကယ့်ကျွမ်းကျင်သူတစ်ယောက်က ဆီးနှင်းပွင့်ကြားထဲကနေ လှံ၏ အသွားအလာကို လွယ်ကူစွာ ခွဲခြားနိုင်သည်မဟုတ်လား။ ထို့ကြောင့်ပင် အဆင့်၂ သန့်စင်ထားတဲ့ လက်နက်က ဤမြို့ကို ရောက်နေရခြင်းဖြစ်သည်။
လှံ၏ မူလဇစ်မြစ်က..
ကောင့်ချွမ် အပြင်လောကတွင် ကုန်သွယ်ခဲ့သည့် အချိန်စဉ်က သူတောင်းစားအိုတစ်ယောက်နှင့် ဆုံခဲ့ဖူးသည်။ ထိုသူတောင်စားအိုအပေါ်မှာ ထူးထူးခြားခြား ခံစာလိုက်ရ၍ သူက သုံးနှစ်တိုင်တို ထိုသူတောင်းစားအိုအား အစားစာနှင့်ရေကို လှူခဲ့သည်။ သုံးနှစ်ပြီးသည်နောက်တွင် ထိုသူတောင်စားအိုက မီးဖိုတစ်ခုကို တည်ဆောက်ပြီး လှံတစ်ချောင်းကို သူ့အတွက် ထုလုပ်သန့်စင်ပေးခဲ့သည်။ ထိုသူတောင်းစာအိုက သူကို အမှာစကားလည်း ပြောသွားသည်။
" ဒီလှံက နှင်းပျံနတ်လှံပဲ.. ဒီလှံရဲ့တန်ဖိုးက သုံးနှစ်လုံးလုံး ငါ့ကို ပေးခဲ့တဲ့ အစားစာနဲ့ရေတို့အတွက် လုံလောက်ပါတယ်.. "
လှံကို ပေးပြီးနောက် ထိုသူတောင်းစားအိုလည်း ထွက်ခွာသွားခဲ့သည်။
အဲဒီအချိန်တုန်းက ထိုလှံကို တကယ့်နတ်ဘုရားတစ်ပါးရဲ့ လှံလို့ သူ တွေးခဲ့သည်။ လှံကို စစ်ဆေးစမ်းသပ်ပြီးနောက်မှာတော့ အဆင့် ၂ သန့်စင်ထားတဲ့ လက်နက် ဖြစ်နေမှန်း သိလိုက်သည်။ ပြီးတော့ ထူးကဲသည့် အစွမ်းတွေလည်း မပါဝင်ပါဘူး။ သို့ပေမဲ့ သူ ကျွေးမွေးပေးခဲ့သော အစားစာနှင့်ရေတို့၏ တန်ဖိုးထက်တော့ ကျော်လွန်နေသေးသည်။
ရွှယ်ယင်သည် လှံကို ကောက်ကိုင်လိုက်သည်။
" ဝှီးးးး ဝှီးးးး "
ငွေလှံအား ဖမ်းကိုင်ပြီးသည့်နှင့် ရွှယ်ယင်သည် သိုင်းကွက် ဆယ်ကွက်မျှ စမ်းကစားကြည့်ပြီးနောက် ရပ်လိုက်၏။ သူ့၏ မျက်နှာက တည်ငြိမ်နေပေမဲ့ ရင်ထဲမှာတော့ စိတ်လှုပ်ရှားနေသည်။
အရမ်းကို ထူးခြားကောင်းမွန်တဲ့ လှံတစ်ချောင်းပါလား..
လှံနှင့် တစ်သားတည်းအဆင့်နယ်ပယ်ကို ရောက်ရှိနေကြသည့် ပညာရှင်တွေပင်လျှင် လှံတစ်ချောင်း၏ တကယ့်အစစ်အမှန်တန်ဖိုးကို နားလည်နိုင်ဖို့ ခက်ခဲ၏။ရွှယ်ယင်ကမူ လက်သီးနည်းစနစ်ကိုလည်း ခွန်အားနှင့်တစ်သားတည်း အဆင့်နယ်ပယ်အထိ နှစ်များစွာလေ့ကျင့်ထားခဲ့သည်ဖြစ်လေရာ ယခုလှံ၏ ထူးခြားဆန်းပြားမှုကို ရှာတွေ့နိုင်ခဲ့သည်။
သို့သော်လည်း ထိုအကြောင်းကို ရွှယ်ယင် ဖွင့်ဟ မဆိုလိုက်ချေ။ ထိုလှံအတွက် သူ ဈေးဆစ်ပေရဦးမည်။ အမှန်တကယ်လည်း အဆင့် ၂ သန့်စင်ထားသည့် လက်နက်အား ဝယ်ယူရန် သူ့မှာ ငွေကြေး အလုံအလောက် မရှိပေ။
" အင်း.. လှံက မဆိုးပါဘူး.. အဆင့် ၂ သန့်စင်ထားတဲ့ လက်နက်ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါတယ် "
ခရမ်းရောင်အဝတ်နှင့် ဆိုင်ရှင်ကို ရွှယ်ယင်က ကြည့်ရင်း ပြောသည်။
" ဒါပေမဲ့ ဆီးနှင်းပွင့်လို ပုံရိပ်မှားတွေ ဖြစ်စေတာကလွဲပြီး တခြားထူးထူးခြားခြားကိုလည်း မခံစားရဘူး.. အဆင့်၂ သန့်စင်ထားတဲ့ လက်နက်တွေအားလုံးက သူ့ဟာနဲ့သူ ထူးခြားချက်တွေ ရှိကြတယ်.. တစ်ချို့လှံက မှော်စွမ်းအင်ကို ပိုပြီး အစွမ်းထက်စေတယ်.. တချို့က အင်မတန် အသွားတွေ ထက်လွန်းတယ်.. အဲလိုမျိုးတွေပေါ့.. ဒါပေမဲ့ .. ဒီလှံမှာက ရန်သူကို စိတ်ရှုပ်ထွေးအောင် လုပ်ရုံက လွဲပြီး တခြားဘာမှ မရှိဘူး.. တကယ့်ကျွမ်းကျင်တဲ့ ပညာရှင်ကတောင် ဆီးနှင်းတွေနဲ့ လှံဖျားကို မခွဲခြားနိုင်ဘူးလို့ မပြောနဲ့.. "
" ဒီလှံကို အဆင့်၂ သန့်စင်ထားတဲ့ လက်နက်လို့ သတ်မှတ်လိုက်တယ်ဆိုတာ ဒဏ္ဍာရီအဆင့်နှစ်ယောက်၏ တိုက်ပွဲကြားထဲမှာတောင် အသုံးပြုလို့ရတဲ့ လှံ ဖြစ်နေလို့ပဲ.. " ဟု ရွှယ်ယင်က သုံးသပ်ပြလိုက်၏။
" ဆိုတော့ ကျွန်တော်တို့လို အားနည်းတဲ့ လူတွေအတွက် အဆင့်၁ သန့်စင်ထားတဲ့လက်နက်ကို ရွေးလိုက်တာက ပိုကောင်းဦးမယ်.. "
အဆင့်၁ သန့်စင်ထားသည့်လက်နက်သည် ဒဏ္ဍာရီအဆင့်အောက်က တိုက်ပွဲတွေအတွက် အဆင်ပြေနေသေးသည့် လက်နက်ဖြစ်သည်။
ဒဏ္ဍာရီအဆင့်နှစ်ယောက်၏ အနီးကပ်တိုက်ပွဲဆိုတာ ကောင်းကင်ကို ကြောက်ရွံစေသလို မြေကြီးကိုလည်း တုန်လှုပ်စေနိုင်သည်။ ဒီလိုတိုက်ပွဲကြားမှာ အဆင့်၁ သန့်စင်ထားသည့်လက်နက်ဟာ အလွယ်တကူပဲ ကျိုးပဲ့သွားနိုင်သည်။ ယခုအချိန်မှာ ရွှယ်ယင်က ခွန်အားကို ငွေလအဆင့်အထိ တိုးမြှင့်နိုင်သလို မကြာခင်မှာလည်း ဒဏ္ဍာရီအဆင့်အထိကို ရောက်သွားနိုင်၍ တကယ်၍ အဆင့်၁ သန့်စင်ထားသည့်လက်နက်ကို ဝယ်ယူလိုက်ပါက အချိန်အကြာကြီး အသုံးမပြုလိုက်ရမှာကို သူ စိုးရိမ်နေမိသည်။ ထို့ကြောင့်မို့ အဆင့်၂ သန့်စင်ထားသည့် လက်နက်ကို သူ တကယ်ဝယ်လိုနေခြင်း ဖြစ်၏။
ထို့အပြင် အရေးကြီးဆုံးက လှံထဲမှာ ကိန်းဝပ်နေသော ထူးခြားဆန်းကြယ်မှု.....
" ဒါက အဆင့်၂ သန့်စင်ထားတဲ့လက်နက်လေ.. ပြီးတော့ ဘာပဲပြောပြော မင်း တကယ်ကို သဘောကျနေတယ်ဆိုတာ ငါမြင်နေရပါတယ်.. "
ဆိုင်ရှင်က ရွှယ်ယင်ကို ပြောလိုက်သည်။
" ဒါဆို ဈေးနှုန်းကို ပြောပါဦး "
ရွှယ်ယင်က မေးလိုက်သည်။
" ရွှေဒင်္ဂါး သုံးသောင်း "
ဆိုင်ရှင်လူကြီးလည်း အသင့်ပြင်ထားသည့်အလား ချက်ချင်းဖြေလိုက်သည်။
ရွှယ်ယင်က ပြုံးလိုက်၏။ သို့ပေမဲ့ သူစိတ်ထဲမှာတော့ အကူအညီကင်းမဲ့သွားသလို ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုတော့ သူ့မှာ ရွှေဒင်္ဂါးအပြား ၁၅၀၀၀ သာ ရှိနေသည်။ ထို့အပြင် ယခုပါရှိလာသော ရွှေဒင်္ဂါးတွေကလည်း ကျုံးလိန်ဆီက တောင်းယူလာခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်ကတည်းက သူ့မှာ ပိုက်ဆံမရှိတော့ပါဘူး။ သူ အသက် ၆ နှစ်ကတည်းက ဆေးရည်စိမ်ကန်ကို နေ့တိုင်း အသုံးပြုလာခြင်းကြောင့်၏။ပြောရရင် ပိုက်ဆံတွေကို ရွှယ်ယင် ရေချိုးပစ်လိုက်သလိုပါပဲ။
ဆေးရည်စိမ်ကန်၏ တစ်နှစ်စာ ကုန်ကျငွေက ရွှေဒင်္ဂါး ၅၀၀၀ နဲ့ ညီမျှသည်။ ဆယ်နှစ်ကျော် ဆေးရည်စိမ်လာခြင်းက ရွှေဒင်္ဂါး ၅သောင်းကို ဖြုန်းပစ်ခဲ့လိုက်သလိုပါပဲ။ တကယ်တမ်းတော့ တုန်ပိုလင်မယားက ရွှယ်ယင်မှာ အသက်ဆယ်နှစ်လောက်တွင် သူရဲကောင်းဖြစ်လာပြီး ထိုအသက်အရွယ်မှာ ဆေးရည်စိမ်ခြင်းလည်း မလိုအပ်တော့ဘူးဟု တွေးထင်ခဲ့ကြသည်။ သူ့ဘာသာ ဒိုချီစွမ်းအင်ကို အသုံပြုပြီး ခန္ဓာကိုယ်ကို သန့်စင်ပြီး အားဖြည့်နိုင်လိမ့်မည်ဟုလည်း ထင်ခဲ့ကြသည်။ ဒါပေမဲ့ ရွှယ်ယင်က အသက် ၁၆ နှစ်အထိ အဆင့် မတက်နိုင်ခဲ့တာကို ဘယ်သူက တွေးမိမှာလဲ။
" နီလာခရမ်းသွေးကရော.. "
ရွှယ်ယင်က နီလာခရမ်းသွေးလှံဘက်ကို ခေါင်းလှည့်ပြီး မေးလိုက်၏။
" သူက ရွှေဒင်္ဂါး ၅၀၀၀ လောက်ပဲ ကျသင့်တယ် "
ခရမ်းရောင်အဝတ်နှင့် ဆိုင်ပိုင်ရှင်က ဖြေလိုက်သည်။
" သူက နှင်းပျံလှံကိုတော့ မမှီဘူးပေါ့.. နှင်းပျံလှံက ထူးခြားတဲ့ အကူအညီအစွမ်းတွေ မရှိပေမဲ့ အဆင့်၂ သန့်စင်ထားတဲ့ လက်နက် ဖြစ်နေဆဲပဲလေ.. "
အခြေအနေအရ ဈေးဆစ်ဖို့ပဲ ရှိတော့သည်။
ရွှယ်ယင်က ပြောလိုက်သည်။
" အများဆုံး ရွှေဒင်္ဂါး တစ်သောင်းပဲ ပေးနိုင်မယ် "
နှစ်ဖက်စလုံးက အပြန်အလှန် ညှိနှိုင်းကြသည်။
" ၁၈၀၀၀ ပဲ ဒီထက်လျော့ပေးလို့ မရတော့ဘူး "
ခရမ်းရောင်အဝတ်နှင့် ဆိုင်ရှင်က ဈေးအနိမ့်ဆုံးထားပြီး ပြောလိုက်သည်။ သူက ဤမျှအထိ ဈေးလျှော့ပေးလိုက်ရသည့် အကြောင်းက ထိုလှံက သာမန် အဆင့်၂ လှံလည်း ဖြစ်သလို ထူးခြားသည့်အစွမ်းကလည်း မည်မည်ရရ မရှိ၍ ဖြစ်သည်။ ဒုတိယအချက်က ထိုလှံကို သူတောင်းစားအိုက ကျွေးမွေးပေးခဲ့သည့်အနေဖြင့် သူ့ကို ပေးခဲ့ခြင်း ဖြစ်သည်။ တတိယအချက်က ထိုလှံကို လှံသိုင်းပညာရှင်များစွာကို ပြသကြည့်ဖူးသည်။ သို့သော် မည်သူမျှ ဈေးကြီးကြီး ပေးမဝယ်လိုကြချေ။ အရင်တုန်းက ၁၈၀၀၀ ပေးဝယ်ဖူးသည်။ သို့သော် သူက မရောင်းလိုက်ချေ။ ယခု သူ ရီရွှေမြို့ကို ပြန်လာခဲ့ပြီး၍ ၁၈၀၀၀ နှင့်ရောင်းချင်ရင်တောင် လူတွေက မဝယ်ကြတော့ပါဘူး။
" ကောင်းပြီလေ.. "
ရွှယ်ယင်က ထပ်ပြီးတော့လည်း ဈေးမဆစ်လိုတော့ပါဘူး။ ပြီးတော့ လှံက မည်မျှအထိ တန်ဖိုးကြီးသည်ကို သိနေပြီးမဟုတ်လား။ ထို့ကြောင့်ပဲ ဈေးထပ်မဆစ်လိုတော့ခြင်း ဖြစ်သည်။
" ဒါပေမဲ့ အခု ရွှေဒင်္ဂါး ၈၀၀၀ ပဲ ပေးထားမယ်.. ကျန်တဲ့ ၁၀၀၀၀ ကို နောက်သုံးလကျရင် ပေးမယ်.. "
သူ့မှာ တကယ့်ပင် ပိုက်ဆံမရှိတော့ပါဘူး။
" အကြွေးနဲ့ ဝယ်တာလား "
ခရမ်းရောင်အဝတ်နှင့်ဆိုင်ရှင်လူကြီးသည် ရွှယ်ယင်အား အံ့သြသွားဟန်ဖြင့် ငေးကြည့်လေသည်။
" ဒီနေ့ ကျွန်တော် ပိုက်ဆံ အများကြီး မယူလာခဲ့မိဘူး.. ပြီးတော့ ဒီမှာ အဆင့်၂ သန့်စင်ထားတဲ့ လက်နက်ရှိမှန်းလည်း မသိလို့ပါ.. "
ရွှယ်ယင်က အေးအေးဆေးဆေးပဲ ပြောလိုက်သည်။
အခု သူသည် ထူးခြားသော ခွန်အားများလည်း ရှိနေပြီ၍ ရွှေဒင်္ဂါး တစ်သောင်း နှစ်သောင်း ရှာဖို့က မခက်ခဲတော့ပါဘူး။ တကယ်၍ လှံကိုသာ ရသွားခဲ့လျှင် သူ့အတွက် ကျားကိုအတောင်ပံ တပ်ပေးလိုက်သလို ဖြစ်သွားမည်။
" ကောင်းပြီလေ.. ဒါဆိုအရောင်းအဝယ်ဖြစ်သွားပြီ.. ဟားဟား.. တုန်ပိုကလန်ကို ယုံပါတယ်.. ဒါဆို စာချုပ်လေး ချုပ်ထားလိုက်ရအောင်.. "
ဆိုင်ရှင်လူကြီးက ပြောလိုက်သည်။
" အာမခံပစ္စည်းရော ပေးထားရမလား.. " ဟု ရွှယ်ယင်က မေးလိုက်သည်။
" မလိုပါဘူး.."
ထိုလူကြီးသည် သတ္တိရှိသည်ဟု ဆိုရမည်။ ရွှယ်ယင်နှင့်လည်း မိတ်ဆွေ ဖြစ်ချင်သေးသည်မဟုတ်လား။
" ဦးလေးကျုံး.. "
ရွှယ်ယင်က ခေါ်လိုက်သည်။
အစမှအဆုံးအထိ ကျုံးလိန်က စကားတစ်ခွန်းပဲ ဆိုရသေးပြီး ကျန်တာ ရွှယ်ယင်၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာခဲ့သည်။ ကျုံးလိန်က ရွှေသားတစ်ထပ်ကြီး ထုတ်လိုက်ပြီး ခရမ်းရောင်အဝတ်နှင့် ဆိုင်ရှင် လူကြီးအား ကမ်းပေးလိုက်သည်။
ပြီးနောက် ရွှယ်ယင်က အကြွေး တစ်သောင်း ကျန်ရှိသည့်အကြောင်းကို စာလိပ်တစ်ခုတွင် ရေးပေးလိုက်သည်။
မကြာမီမှာပဲ နှင်းပျံနတ်လှံကို သူ ပိုင်ဆိုင်သွားလေ၏။
" အရင်တုန်းက ကြီးမြတ်တဲ့ လှံသခင်တွေနဲ့ မဆုံတွေ့ခဲ့ရလို့ ဖြစ်မယ်.. မဟုတ်ရင်.. ငါ့လက်ကို ဘယ်လို ရောက်လာပါတော့မလဲ "
ရွှယ်ယင်သည် အင်မတန်ကို စိတ်လှုပ်ရှားစွာဖြင့် လှံထည့်ထားသော သေတ္တာအား မယူလိုက်သည်။
ရွှယ်ယင် သတိမပြုလိုက်မိသည်က ဤ မိုးပြာရောင်မြစ်တိုင်းပြည်မှာ ကြီးမြတ်သော လှံသခင်တစ်ယောက်မှ မရှိနေခြင်း ဖြစ်သည်။ ကြီးမြတ်သော လက်နက်ပြုလုပ်သူများစွာ ရှိပေမဲ့ လှံနှင့် ကျွမ်းကျင်သူက ရှားလှသည်။ လှံနှင့် တစ်သားတည်းအဆင့်နယ်ပယ်ရောက်ခဲ့လျှင်တောင် အံသြယူရမည်။ ကြီးမြတ်သော လှံသခင်ဖြစ်ဖို့က အလွန်တရာ ခက်ခဲလှပါပေသည်။
အပိုင်း ( ၁၅ ) - မှော်ဆရာကြီး၏ တောင်းဆိုချက်
ရွှယ်ယင်သည် နှင်းပျံနတ်လှံ ထည့်ထားသော လက်နက်သေတ္တာကို ကောက်ယူလိုက်ပြီးနောက် သေတ္တာ၏ ဘေးတစ်ချက်တွင် ရှိသော ခလုတ်တစ်ခုကို ဖိနှိပ်လိုက်သည်။ ထိုအခါ လှံနှစ်ပိုင်းက သေတ္တာထိပ်ကနေ ဖျောင်းခနဲ ထွက်လာ၏။ ရွှယ်ယင်သည် ထိုလှံနှစ်ပိုင်းအား သွက်လက်ကျွမ်းကျင်စွာ ဆွဲထုတ်လိုက်ပြီး တဖန် ညင်သာစွာ ပြန်ထည့်လိုက်သည့်အခါ လက်နက်သေတ္တာက အလိုအလျောက် ပြန်ပိတ်ပေးလိုက်သည်။
“ အရမ်းကို မိုက်တာပဲ.. ”
ဟု ချင်းရှီက မျက်လုံးများ တောက်ပလျက် ပြောလိုက်၏
“ မင်းသာ မှော်ဆရာတစ်ယောက် ဖြစ်လာခဲ့ရင် ပိုပြီးတော့တောင် မိုက်ဦးမှာ.. ”
ရွှယ်ယင်က သူ့ညီလေးအား ပြုံးကြည့်ရင်း ပြောလိုက်၏
“ ဟားဟား.. အဲဒီလက်နက်သေတ္တာကို မေတ္တာလက်ဆောင်အနေနဲ့ ပေးလိုက်ပါမယ်.. ”
ခရမ်းရောင်အဝတ်နှင့် လူကြီးက ပြုံးရွှင်စွာ ဆိုလိုက်၏။ အချိန်ကြာမြင့်စွာ သိမ်းထားနေရသော ပစ္စည်းတစ်ခု ရောင်းထွက်သွား၍ သူ့မှာ အရမ်းကို စိတ်ကြည်လင်နေ၏။
“ သေတ္တာဘေးဘက်မှာ နောက်ထပ် စက်ယန္တရားတွေ ထပ်ထည့်ထားသေးတယ်.. အပြင်လောကကို စွန့်စားခရီးထွက်သွားတဲ့အခါကျရင်.. ကြိုးတို့ နောက်ထပ် ပစ္စည်းတွေတောင် ထည့်သွားလို့ရတယ်.. ”
သေတ္တာမှာ အတော်လေးပေါ့ပါးသောကြောင့် ပစ္စည်းများအား ထည့်သွင်း ယူဆောင်နိုင်လေ၏။
ထို့အပြင် လေးလံသော လက်နက်တွေကိုလည်း သိမ်းဆည်းနိုင်ပြီး လျင်မြန်စွာဖြင့်လည်း လက်နက်ကို ဆွဲထုတ်ယူနိုင်လေသည်။
“ ဒီလက်နက်သေတ္တာက မေတ္တာလက်ဆောင် ပေးတာလား.. ”
ရွှယ်ယင်က ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။
“ ဘာဖြစ်လို့ လုံကို လုပ်သူက ဒီနှင်းပျံနတ်လှံအတွက် ထည့်ဖို့ သေတ္တာကိုတောင် ကိုယ်တိုင် မလုပ်သွားတာလဲ.. ”
လက်နက်ပြုလုပ်သူတွေဟာ သူတို့ လုပ်ပြီးတဲ့ လက်နက်တွေအတွက် တကယ်ကို လှပပြီး လိုက်ဖက်တဲ့ ထည့်စရာ ဘူး၊ သေတ္တာတွေကို လုပ်စမြဲပင်..။
အခုကျတော့ အဲဒီဆရာက ဘာလို့ ဒီလှံအတွက် မလုပ်ခဲ့တာလဲ..
ရွှယ်ယင်သည် ထိုလှံ၏ နောက်ကြောင်းကို အရမ်းကို သိချင်သွားသည်။
လှံကို ကိုယ်တိုင်ပြုလုပ်သန့်စင်ခဲ့သူက သူ့လှံ၏ တန်ဖိုးကို သိမှာက ဧကန်ပင်။ ပုံမှန်အတိုင်းသာ ဆိုလျှင် ထိုလှံက အင်မတန်ကို ဈေးကြီးသည့် လက်နက်ဖြစ်သည်။ သို့သော် ကောင့်ချွမ်က ရွှေဒင်္ဂါး ၁၈၀၀၀ ဖြင့်သာ တကယ်ပဲ ရောင်းချခဲ့သည်။
ထို့ကြောင့်မို့ လှံ၏ နောက်ကြောင်းအား သိလိုချင်စိတ်က ရွှယ်ယင်တွင် ပြင်းပြင်းပြပြ ဖြစ်လာခဲ့သည်။
“ စိတ်မပူပါနဲ့… ဝယ်ပြီးသားကို ပြန်မဖျက်ပါဘူး… ”
ရွှယ်ယင်က ထပ်ပြောလိုက်သည်။
“ အင်းးး ”
ဆိုင်ပိုင်ရှင်လူကြီးသည် အချိန်တော်ကြာအထိ တွေဝေနေပြီးမှ ပြောလေ သည်။
“ ငါ့ညီ ရွှယ်ယင်.. မင်းကို မဖုံးကွယ်ချင်ပါဘူး.. ငါ ဒီဆိုင်ကို မဖွင့်ခင်တုန်း က ကုန်သည်အလုပ်ကို လုပ်ခဲ့သေးတယ်လေ.. အဲဒီအချိန်မှာ ငါဟာ သူတောင်းစားအိုတစ်ယောက်ကို တွေ့ခဲ့တယ်..ပြောရရင် ငါ သူ့ကို ငါ့နေရာမှာပဲ အလကားကျွေးမွေးခဲ့တယ်.. အဲဒီလူက သာမန်လူ မဟုတ်ဘူးဆိုတာ ငါခံစားနေရလို့ သူ့ကို ငါ မမောင်းထုတ်ပစ်ခဲ့ဘူး.. သုံးနှစ်ကြာသွားတဲ့ နောက်တော့ သူက လှံတစ်ချောင်းကို လုပ်ပြီးတော့ ငါ သူ့ကို ကျွေးမွေးခဲ့တဲ့အတွက်ပါ ဆိုပြီး လှံကို ပေးသွားတယ်.. အဲဒီနောက် သူလည်း ထွက်သွားခဲ့တယ်.. ငါလည်း တော်တော်လေး စိတ်လှုပ်ရှားသွားခဲ့တယ်.. သူက ထူးခြားတဲ့ လူတစ်ယောက်ဆိုတာ ငါသိလိုက်ရတယ်လေ.. နောက်တော့ ငါက လှံကို စစ်ဆေးဖို့ ရာဖြတ်တွေဆီကို ပို့လိုက်တယ်.. အဖြေကတော့ ဒီလှံမှာ ဆီနှင်းပွင့်သဏ္ဍာန် ပုံရိပ်ယောင် ဖြစ်စေနိုင်တဲ့အစွမ်းရယ် နောက်ထပ် အသုံးဝင်တာ တစ်ခုနှစ်ခုလောက်ရယ်ပဲ ရှိတယ်တဲ့.. ကံကောင်းတာတစ်ခုက ဒီလှံက အင်မတန်ပြင်းထန်တဲ့ အင်အားတွေကို ခံနိုင်ရည်ရှိတာပါပဲ.. ဒါကြောင့် ဒီလှံကို အဆင့် ၂ သန့်စင်ထားတဲ့ လက်နက်လို့ သတ်မှတ်လိုက်ကြတာပေါ့.. ”
ရွှယ်ယင်က နားထောင်ရင်း အသာလေး ခေါင်းညိတ်လိုက်လေ၏
လက်နက်ကို ဝယ်ယူပြီးနောက်တွင် ရွှယ်ယင်တို့သည် မှော်ဆရာကြီး ပိုင်ယွမ်ကျစ်ဆီသို့ သွားကြသည်။
“ မှော်ဆရာရဲ့ အိမ်က ဒီလမ်းကြားအဆုံးမှာ ရှိတယ်.. ”
ကျုံးလိန်က သူတို့အရှေ့တွင် ရှိသော လမ်းကြားတစ်ခုအား ညွန်၍ ပြောလိုက်သည်။
“ အားလုံးပဲ.. မင်းတို့ မြင်းပေါ်ကနေ ဆင်းပြီး စောင့်နေလိုက်.. ဦးလေးကျုံး နဲ့ ကျောက်စရစ်ခဲက အတူတူသွားကြမယ်.. ”
ဟု ရွှယ်ယင်က အမိန့်ပေးလိုက်သည်။
ရွှယ်ယင်က ချင်းရှီ၏လက်ကို ကိုင်ဆွဲပြီ အိုဟောင်းနေသော လမ်းကြားထဲကို ဝင်သွားလေသည်။
“ ပိုင်ယွမ်ကျစ်က ဒီလို အစွန်အဖျားကျတဲ့နေရာမှာ နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး.. ”
ရွှယ်ယင်က ပြောလိုက်သည်။
“ အထက်တန်းစားတွေနေထိုင်ကြနေတဲ့ နေရာမှာဆို အရမ်းဆို လူ ထူထပ်တယ်လေ.. ဒီနေရာမှာဆိုရင် လေ့ကျင့်ခြင်းနဲ့ လေ့လာတာတွေကို ကောင်းကောင်း အာရုံစိုက်လို့ ရတာပေါ့.. ”
သူတို့သည် စကားတပြောပြောဖြင့် လမ်းကြား၏ အဆုံးကို ရောက်သွားခဲ့သည်။
ထိုလမ်းအကြား၏ အဆုံးမှာ ကြီးမားသော စံအိမ်တော်တစ်ခုရှိသည်။ ရွှယ်ယင်က အရှေ့ တက်ပြီး ပိတ်ထားတဲ့ တံခါးကို ခေါက်လိုက်၏။
“ ကျွီ.. ”
ဆံပင်တိုတိုနှင့် လူငယ်လေးတစ်ယောက်က တံခါးကို ဖွင့်လိုက်ပြီး ရွှယ်ယင်တို့အား မေးလိုက်သည်။
“ ဘယ်သူတွေပါလဲ.. ”
“ နှင်းလင်းယုန်နယ်မြေရဲ့ သခင် တုန်ပိုရွှယ်ယင်က မှော်ဆရာကြီးဆီကို အလည်လာတာပါ.. ”
ဟု ရွှယ်ယင်က ဖြေလိုက်သည်။
“ ခင်ဗျားက လှံနတ်ဆိုးလား.. ”
ဆံပင်တိုတိုနှင့်လူငယ်လေးက အံ့အားသင့်စွာ ရေရွတ်ပြောလိုက်မိပြီးလျှင် ချက်ချင်းပဲ သူ့ပါးစပ်ကို လက်ဖြင့် အုပ်လိုက်သည်။
ထိုအခိုက် စံအိမ်တော်ကနေ တခြားသော အသံများက ထွက်ပေါ်ခဲ့သည်။
“ ဆရာတူညီလေးရေ.. ဘယ်သူတွေလဲဟေ့... ”
“ ကျွန်တော်တို့ဆရာက အခု တံခါးပိတ်လေ့လာခြင်းကို ပြုလုပ်နေပါတယ်.. ကျွန်တော်တို့ကလည်း ဆရာ့ကို အနှောင့်အယှက်မပြုရဲပါဘူး.. သခင်တုန်ပိုကပဲ တစ်နာရီလောက် စောင့်ဆိုင်းပေးလို့ ရမလား..”
ထိုလူငယ်က ရွှယ်ယင်ကို ရှင်းပြလိုက်ပြီး
“ ဆရာထွက်လာတာနဲ့ အကြောင်းကြားပေးပါ့မယ်.. လောလောဆယ်တော့ ပေးဝင်လို့ မရသေးလို့ပါ.. ”
“ ရတယ်.. ငါကလည်း မလောပါဘူး.. ”
ဟု ရွှယ်ယင်က ပြောလိုက်သည်။ သူဟာ တကယ်ကိုပဲ စိတ်ရှည်တဲ့ သူတစ်ယောက်ဖြစ်ပါ၏။
နောက်တစ်နာရီအကြာတွင်…
ပိုင်ယွမ်ကျစ်က လျော့ရဲချောင်ပွနေသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ထွက်လာခဲ့သည်။ ပိုင်ယွမ်ကျစ်မှာ အသက် ကိုးဆယ်ကျော် အရွယ် ရှိနေပြီး အရေပြားတို့သည်လည်း တွန့်နေပြီး ဖြစ်သည်။ သူ့၏ မုတ်ဆိတ်မွေးက ဗိုက်ချက်အထိ ရှည်လျားစွာ ကျနေသည်။
ပိုင်ယွမ်ကျစ်သည် လက်နက်သေတ္တာကို အနောက်တွင် လွယ်ပိုးထားသော လူငယ်ကို မြင်တွေ့သည့်အခါ သူ့စိတ်ထဲ တအံ့တသြ ဖြစ်သွားရသည်။ ထိုလူငယ်ထံတွင် ပုံမှန်လှံသိုင်းသမားတွေထက် စူးရှသော ချီစွမ်းအင်ကို သူ ခံစားနေရသောကြောင့် ဖြစ်၏။
“ မှော်ဆရာကြီးခင်ဗျာ.. ”
ရွှယ်ယင်က လေးစားစွာဖြင့် နှုတ်ဆက်လိုက်သည်။
“ ဘာကိစ္စများ ရှိလို့လဲ.. မြန်မြန်ပြောလို့ ရမလား.. ငါ့မှာလည်း တခြားအလုပ်တွေ ရှိနေသေးတယ်.. ”
ပိုင်ယွမ်ကျစ်က စကားကို တိုက်ရိုက်ပဲ ပြောလိုက်သည်။
“ ဟားဟား.. မှော်ဆရာကြီးက ပွင့်ပွင့်လင်းလင်းသမားပဲ.. ကောင်းပြီ.. ဒီလိုပါ.. ကျွန်တော့်ညီလေးက လာမယ့်် နှစ်သစ်ကူးအချိန်ကို ကျော်သွားရင် အသက် ၁၀ နှစ် ပြည့်ပြီ.. ဒါ့အပြင် သူ့မှာ မှော်နဲ့ပတ်သတ်ပြီး အရည်အချင်းလည်း ရှိတယ်.. ဒါကြောင့်မို့ သူ့ကို တပည့်အဖြစ် လက်ခံပေးဖို့ မျှော်လင့်မိပါတယ်.. ”
“ အင်း တချို့အချက်အလက်တွေ ပြည့်စုံရင်တော့ တပည့်အဖြစ် လက်ခံ ပေးဖို့က လွယ်ပါတယ်.. ”
ပိုင်ယွမ်ကျစ်က အမှတ်တမဲ့ပဲ ပြောလိုက်သည်။
“ မဟုတ်သေးဘူး.. ”
ရွှယ်ယင်က ခေါင်းခါချလိုက်ပြီး..
“ ညီလေးကို ကိုယ့်တပည့်အရင်းအဖြစ် လက်ခံပေးပြီး ကိုယ်တိုင် သင်ကြားစေလိုတာပါ.. ”
“ ငါကိုယ်တိုင် သင်ပေးရမယ်.. ”
ပိုင်ယွမ်ကျစ် မျက်မှောင်ကြုတ်လိုက်၏
“ ငါ အသက် ကိုးဆယ်ကျော် ရှိနေပြီး.. ကြယ်အဆင့် မှော်ဆရာတွေထဲမှာ ငယ်သေးတယ်လို့ ပြောလို့ရတယ်.. ငါ့မှာ ထပ်သွားရမယ့် အဆင့်နယ်ပယ်တွေ ရှိသေးတယ် ငါ့ရဲ့ အင်းအားတွေကို သင်ကြားရမယ့်နေရာမှာ မဖြုန်းချင်သေးဘူး.. ပြီးတော့ ဒီကနေ့အထိ တပည့်အရင်း ဆိုလို့ တစ်ယောက်ပဲ ထားခဲ့တယ်.. ”
“ အင်း.. မင်းကလည်း မင်းညီလေးကို ငါ့ဆီမှာ ကိုယ်တိုင် သင်ပေးစေချင် နေတော့လည်း.. အေးလေး.. မဖြစ်နိုင်တာတော့ မရှိပါဘူး.. ဒါပေမဲ့ ငါ့မှာ တောင်းဆိုချက် နှစ်ခု ရှိတယ်.. အဲဒီနှစ်ခုထဲက ဘယ်တစ်ခုကိုမဆို ငါ့ကို ကျေနပ်အောင် လုပ်ပေးနိုင်ရင်တော့.. မင်းညီလေးကို ငါ မှော်ပညာ သင်ပေးမယ်.. ”
“ ကျေးဇူးပြုပြီး အဲဒါက ဘာများလဲ.. ကျွန်တော့်ကို ပြောပြလို့ ရမလား.. ”
ဟု ရွှယ်ယင်က မေးလိုက်၏
“ အင်း.. ငါက မှော်သားရဲတစ်ကောင်ရဲ့ ပစ္စည်းတစ်ခုကို လိုချင်နေတာ.. ဆေးလ်ဗားမွန်းရဲ့ နှလုံးပဲ.. ”
ပိုင်ယွမ်ကျစ်က ဒါကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူ့မျက်လုံးသည်လည်း အလွန်တောက်ပနေ၏။
“ အဲဒီ နှလုံးကလည်း အဆင့်၄ မှော်သားရဲကောင် ဆေးလ်ဗားမွန်း ဝံပုလွေဘုရင်ရဲ့ နှလုံး ဖြစ်ရမယ်.. လတ်လတ်ဆတ်ဆတ် ထုတ်ယူခဲ့တာလည်း ဖြစ်ရမယ်.. ပြီးတော့ သုံးရက်အထိ အထားခံနိုင်ရမယ်.. ”
“ နောက်တစ်ခုကရော ဘာများလဲ..”
ရွှယ်ယင်က နောက်တောင်းဆိုချက်တစ်ခုကို မေးလိုက်၏။
ဟူး.. ဆေးလ်ဗားမွန်းဝံပုလွေဘုရင်ရဲ့ နှလုံးတဲ့လား ပြီးတော့ လတ်လတ် ဆတ်ဆတ်လည်း ဖြစ်ရမယ်တဲ့လား..
တောင်းဆိုချက်ကတော့ တကယ်ကို ကြမ်းတမ်းလွန်းသည်။
“ မှော်ဆရာ ဖြစ်ဖို့က တကယ်ကို ဈေးကြီးလွန်းတယ်.. ”
ပိုင်ယွမ်ကျစ်က တီးတိုးရေရွတ်လိုက်ပြီးနောက်..
“ ငါ့ရဲ့ သုတေသနကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ ငါ ပိုက်ဆံလိုတယ်.. ဒါပေမဲ့ ပိုက်ဆံ ရှာရတာက မလွယ်ပါဘူး.. တကယ်လို့ မင်းက ရွှေဒင်္ဂါး ၅သောင်းပေးမယ်ဆိုရင် မင်း ညီလေးကို တပည့်အဖြစ် လက်ခံပေးမယ် ”
ရီရွှေမြို့တစ်မြို့လုံးတွင်မှ ရွှေဒင်္ဂါး ၅သောင်းပေးနိုင်တဲ့သူဆို၍ တော်ဝင်မှူးမတ် နှစ်ယောက်သာ ရှိသည်။ ဒါတောင်မှ သူတို့၏ နယ်မြေကို ရောင်းချပြီးမှ ထိုပိုက်ဆံရနိုင်သည်။
ဒါပေမဲ့ နယ်မြေဆိုတာ တော်ဝင်မှူးမတ်တို့၏ အရင်းခံအုတ်မြစ် ဖြစ်သည်။ ထိုအဓိပ္ပါယ်က တချို့လူတွေကသာ ရွှေဒင်္ဂါး ၅ သောင်း လက်ဝယ် ပိုင်ဆိုင်ထားဖို့ တတ်နိုင်မှာကို ဆိုလိုခြင်း ဖြစ်၏။
“ ကောင်းပြီး.. သဘောပေါက်ပါတယ်.. ” ဟု ဆိုလိုက်ရင်း ရွှယ်ယင် မတ်တတ်ရပ်လိုက်သည်။
ပိုင်ယွမ်ကျစ်သည်လည်း အသက်ပြင်းချလိုက်သည်။ သူ့၏ တောင်းဆိုချက်က မတန်တဆ ဖြစ်နေသည်ကိုလည်း သူသိသည်။
“ တစ်လအတွင်းမှာ ဆေးလ်ဗားမွန်းရဲ့နှလုံး ဒါမှမဟုတ် ရွှေဒင်္ဂါး ၅ သောင်း ကို ယူလာခဲ့မယ်.. ” ဟု ရွှယ်ယင်က ပြောလိုက်လေ၏။
ပိုင်ယွမ်ကျစ်မှာ ခဏတာတော့ အံ့သြမှင်တက်သွားခဲ့သည်။
သူ တကယ်ပဲ သဘောတူလိုက်တာလား..
ပိုင်ယွမ်ကျစ် တကယ်ပင် စိတ်လှုပ်ရှားသွားခဲ့၏။
“ ဒါဆို ငါ မင်းကို စောင့်နေမယ်.. ”
ပိုင်ယွမ်ကျစ်လည်း မတ်တတ်ရပ်လိုက်ပြီ ပျုငှာစွာ ဆက်ဆံလိုက်သည်။ သူ့၏ ပထမဆုံး တပည့်သည် ဆုံးပါးသွားသော အခင်ဆုံးသူငယ်ချင်း တစ်ယောက်၏ ကလေးဖြစ်သည်။ သူ့၏ တောင်းဆိုချက်တစ်ခုခုကို စိတ်ကျေနပ်အောင် မပေးနိုင်ဘူးဆိုလျှင် သူ ဘယ်တော့မှ တပည့်အဖြစ် လက်ခံပြီး သင်ကြားခြင်းမှာ အချိန် မဖြုန်းတီးခဲ့ပါဘူး။ သို့ပေမဲ့ သူ့၏ တောင်းဆိုချက်က မတန်တဆ ဖြစ်နေလေရာ ရွှယ်ယင် မတိုင်ခင်တုန်းက ဘယ်သူမှ သဘောမတူခဲ့ကြပါဘူး။
“ သွားခွင့်ပြုပါဦး.. မှော်ဆရာကြီးလည်း လိုက်မပို့ပါနဲ့တော့.. ”
ရွှယ်ယင် မတ်တတ်ရပ်ပြီး ထွက်သွားခဲ့သည်။
ပိုင်ယွမ်ကျစ်သည် ပြတင်းပေါက်အနားမှာ ရပ်ရင်း ဝင်းခြံကို အောက်ငုံ့ ကြည့်လိုက်သည်။ ရွှယ်ယင်မှာ သူ့ ညီလေးလက်ကို ကိုင်ပြီး စံအိမ်တော်ကနေ ထွက်သွားနေပြီ ဖြစ်သည်။ ငွေရောင်ဆံပင်နှင့် လက်မောင်းခြောက်ဖက် မြွေနတ်ဆိုးသည်လည်း သူ့ဘေးကနေ လိုက်ပါသွားသည်။
“ ကြည့်ရတာ အဲဒီ အရှင်သခင်လေးက သာမန်တော့ မဟုတ်ဘူး.. ”
ပိုင်ယွမ်ကျစ် ရေရွတ်လိုက်ပြီး ပြုံးလိုက်၏။
“ အစ်ကိုကြီး.. အခြေအနေ ဘယ်လိုရှိလဲ.. ”
ချင်းရှီက ရွှယ်ယင်ကို မျှော်လင့်တကြီးဖြင့် မေးလိုက်သည်။
“ နှစ်သစ်ကူးပြီးရင်တော့ အဖြေကို သိရမှာပေါ့.. "
ရွှယ်ယင် ပြုံးရင်း ဆိုလိုက်ပြီ
“ စိတ်မပူပါနဲ့ ချင်းရှီ.. မှော်ဆရာကြီးက မင်းကို သူ့တပည့်အရင်းအဖြစ် လက်ခံပေးလိမ့်မယ်.. လာမယ့် နှစ်သစ်အချိန်ကိုပဲ စောင့်နေလိုက်ပါ.. ”
မည့်သို့ပင် ဖြစ်ပါစေ. ရွှယ်ယင်ကတော့ သူ့စိတ်ထဲမှာ အစီအစဉ်တွေ ဆွဲနေလိုက်သည်။
တစ်လအတွင်းမှာ ဆေးလ်ဗားမွန်းဝံပုလွေဘုရင်ရဲ့ နှလုံးပဲ ဖြစ်ဖြစ် ရွှေးဒင်္ဂါး၅သောင်းပဲ ဖြစ်ဖြစ် ရဖို့ လိုနေပြီ..
“ အချိန်အကန့်အသတ်က အရမ်းတော့ မတင်းကျပ်ထားဘူး.. ပြဿနာတော့ မရှိလောက်ပါဘူး.. အားလုံးပြီးမှပဲ ချင်းရှီကို ပြောတာက ပိုကောင်းလိမ့်မယ်.. ဒီအချိန်ပြောပြတာ မသင့်ပါဘူးလေ.. ”
အပိုင်း ( ၁၆ ) - ပျက်သုဉ်းခြင်းတောင်တန်း
ညအချိန်….
နှင်းလင်းယုန်နယ်မြေ.. နှင်းကျောက်တောင်ရဲတိုက်ရှိ စာဖတ်ခန်းတွင်..
တုန်ပိုရွှယ်ယင်သည် စာပွဲခုံတစ်ခုတွင်ထိုင်နေသည်။ ဘေးနားတွင်လည်း ကျုံးလိန်နှင့် ထုံစန်းတို့သည်လည်း နီးကပ်စွာ ထိုင်နေ၏။
“ ရွှယ်ယင်.. နင် ငါတို့ကို ခေါ်လိုက်တာက ဘာကိစ္စများလဲ..”
ထုံစန်းက မေးလိုက်သည်။ သူ့ပုံစံမှာ အနည်းငယ် အဖြေရှာမရသည့်ပုံစံ ဖြစ်နေသည်။
“ ဒီနေ့ မှော်ဆရာကြီးဆီကို ရောက်ခဲ့တယ်.. ချင်းရှီကို တပည့်အရင်းအဖြစ် လက်ခံဖို့ ပြောတာကို သဘောတူခဲ့တယ်.. ဒါပေမဲ့ သူက တောင်းဆိုချက်နှစ်ခုကို ပြောပြခဲ့တယ်.. သူ့ဆီကို ဆေးလ်ဗားမွန်းဝံပုလွေဘုရင်ရဲ့ နှလုံးကို ယူလာနိုင်ရင်ယူလာခဲ့.. ဒါမှမဟုတ်ရင် ရွှေဒင်္ဂါး ၅သောင်းကို ယူလာခဲ့ရမယ်.. အဲဒီ တောင်းဆိုချက်နှစ်ခုထဲက ဘယ်တစ်ခုကိုမဆို ကျေနပ်အောင် လုပ်ပေးနိုင်ရင် သူက ချင်းရှီကို တပည့်အဖြစ် လက်ခံပေးမယ်… ”
ဟု ရွှယ်ယင်က စတင်ပြောပြလိုက်သည်။
“ ရွှေဒင်္ဂါး ၅ သောင်းတောင်.. ”
ထုံစန်းက မျက်မှောင်ကြုတ်၍ မြည်တမ်းမိသည်။
“ တော်တော်ဆိုးဝါးတဲ့လူပါလား.. မင်းရဲ့မိဘနဲ့ ဦးလေးကျုံးတို့.. ငါတို့ဟာ အကြိမ်ပေါင်းများစွာ ဘဝနဲ့ ရင်းပြီ ရှဖွေခဲ့ပေမဲ့ ရတနာပစ္စည်းနည်းနည်းလေးပဲ ရရှိခဲ့ကြတယ်.. မင်းအမေ ကိုယ်ဝန်ရပြီးနောက်ပိုင်းမှာ ခွင်ကောင်းတစ်ခုနဲ့ သာ မကြုံခဲ့ဘူးဆိုရင် မင်းအဖေက ဘယ်လိုလုပ်ပြီး သူကောင်းဘွဲ့တစ်ခု နဲ့ နှင်းလင်းယုန်နယ်မြေကို ဝယ်နိုင်မှာလဲ..ဒါကိုတောင်မှ မှော်ဆရာကြီးက ရွှေဒင်္ဂါး ၅ သောင်းကို ဘာမှမဟုတ်သလိုမျိုး တောင်းရဲတယ်ပေါ့လေ.. ”
အမှန်တကယ်လည်း ထိုငွေပမာဏက လွန်လွန်းအားကြီး၏။ ဥက္ကာပျံသူရဲ ကောင်းတောင်မှ သူ့၏ ပိုင်ဆိုင်မှုပစ္စည်းအားလုံး ရောင်းချလိုက်ပြီးမှ ထိုငွေပမာဏအား ပေးချေနိုင်မည် ဖြစ်၏။
အန္တရာယ်များသော နေရာများကို စွန့်စားသွားလာခြင်းသည် အမှန်ပင် အသက်ဘေးနှင့် နီးကပ်လှသည်။ ဒါပေမဲ့ ကံကောင်းထောက်မစွာဖြင့် ရွှယ်ယင်၏ မိဘတို့သည် ဘေးအန္တရာယ်အား တောင့်ခံနိုင်ကာ အသက်မသေဘဲ လွတ်မြောက်ခဲ့ကြပြီး သူကောင်းဘွဲ့တစ်ခုနှင့် ကုန်းမြေ တစ်ခုကိုပါ ဝယ်ယူနိုင်ခဲ့သည်။ တဖန် ရီရွှေမြို့တွင်ရှိ တခြားသော သူကောင်းဘွဲ့ရ နယ်စားတို့သည် နှင်းလင်းယုန်နယ်မြေကို အကျိုးအမြတ်ရနိုင်မှန်းသိသော်လည်း ရန်မစရဲသည့် အကြောင်းမှာ ရွှယ်ယင်တို့မိဘတို့သည် စွန့်စားခရီးသွားခဲ့သူများ ဖြစ်နေသောကြောင့် ဖြစ်သည်။ မည်သည့် စွန့်စားသွားလာကြသူများမဆို သေခြင်းတရားအား ကြောက်ရွံ့ကြသူမဟုတ်ချေ။ အားလုံးဟာ အင်မတန်ကို စိတ်ရောကိုယ်ပါ သန်မာခိုင်ကျည်ကြသည်မဟုတ်လား။
“ ဒါထက်စာရင် ဝံပုလွေဘုရင်ရဲ့ နှလုံးကို ရဖို့က ပိုပြီးတော့ ခက်ခဲတယ်..”
ကျုံးလိန်က မှုန်သုန်သုန်မျက်နှာထားဖြင့် ဆိုလိုက်သည်။
“ အဆင့် ၄ ဆေးလ်ဗားမွန်းဝံပုလွေဘုရင်တစ်ကောင်တည်းဆိုရင် ရွှယ်ယင်ရဲ့ ခွန်အားနဲ့ ငါတို့ပါ ပူးပေါင်းလိုက်မယ်ဆို ရွှယ်ယင်က ဝံပုလွေဘုရင်ကို ကောင်းကောင်း အနိုင်ယူပေးလို့ရတယ်.. ဒါပေမဲ့ ဝံပုလွေဘုရင်ဆိုတာ တခြားဝံပုလွေအုပ်စုကို ဦးဆောင်ရတယ်မလား.. အုပ်စုဖွဲ့တိုက်ခိုက်တာက ဝံပုလွေဘုရင်တစ်ကောင်တည်း တိုက်ခိုက် တာထက် ပိုကြောက်ဖို့ကောင်းတယ်ကွ.. ”
မှန်၏။ ဝံပုလွေဘုရင်ဆိုတိုင်းလည်း တစ်ကောင်းချင်း တိုက်ခိုက်ရလျှင် အရမ်းကို ကြောက်မက်ဖွယ် မကောင်းလှပေ။ သို့သော် တကယ်ကြောက်ဖို့ကောင်းသည်က သူ့အမိန့်အတိုင်း လိုက်နာကြသော ဝံပုလွေအုပ်စုကြီး ဖြစ်သည်။
ဆေးဗားလ်မွန်းဝံပုလွေဘုရင်က အဆင့် ၄ မှော်သားရဲ ဖြစ်သော်လည်း ၎င်း၏ ခန္ဓာကိုယ်သည် အဆင့် ၅ မှော်သားရဲကောင်ထက် တန်ဖိုး ပိုမကြီးမားပါဘူး။
“ ကျွန်တော် ပျက်သုဉ်းခြင်းတောင်တန်းကို သွားချင်တယ်.. ”
ဟု ရွှယ်ယင်က သူ့ဆန္ဒကို ပြောလိုက်သည်။
“ မဖြစ်ဘူး.. ”
“ အဲဒီနေရာက အရမ်းအန္တရာယ်များတာ.. ”
ကျုံးလိန်နှင့် ထုံစန်းတို့မှာ သူ့စကားကြောင့် အထိတ်တလန့်ဖြစ်၍ ပြိုင်တူပင် အော်လိုက်မိကြသည်။
ပျက်သုဉ်းခြင်းတောင်တန်းဆိုသည်မှာ ဘာလဲ
၎င်းတောင်တန်းသည် အင်ပါယာအထဲတွင် အကြီးမားဆုံးတောင်တန်းဖြစ်ပြီး ပြည်နယ်လေးခုနှင့် နယ်နမိတ်ထိစပ်နေသည်။ မရေတွက်နိုင်သော မှော်သားရဲကောင်းများ ပုန်းအောင်းနေကြသလို အထွတ်အထိပ်အဆင့် သူရဲကောင်းတို့၏ ကျင်လည်ရာလည်း ဖြစ်ပေသည်။ နောင်လာနောင်သား များအတွက် လူသားမျိုးနွယ် အင်ပါယာတို့သည် ထိုနေရာအား ရှင်းထုတ်ပစ်ဖို့ ကြိုးစားခဲ့သော်လည်း မတတ်စွမ်းနိုင်ခဲ့ပေ။ ထို့ကြောင့် လူသားမျိုးနွယ်အတွက် အကာအကွယ်အဖြစ် တောင်ခြေပတ်လည်တွင် စစ်တပ်များ ဝန်းရံတပ်စွဲနေကြသည်။ ထိုသို့တပ်စွဲနေကြသော စစ်သည်တော်များသည် တောင်ခြေတွင်ကျက်စားတတ်ကြသော အဆင့်နိမ့် မှော်သားရဲကောင်များ အား များစွာသုတ်သင်သတ်ဖြတ်ကြပြီးနောက် ရရှိလာသည့် မှော်သားရဲကောင်အစိတ်အပိုင်းများအား ဈေးတွင် ရောင်းချကြသည်။
အကျိုးဆက်အားဖြင့် အဆင့်၁ မှ အဆင့်၃ အတွင်းရှိ မှော်သားရဲပစ္စည်း တို့မှာ ဈေးပေါပြီး အဆင့်၄ နှင့်အထက်တို့မှာ ဈေးမြင့်လေသည်။ ဒါပေမဲ့ ထိုဈေး မှာ အဆမတန်မြင့်မားသည်ကို တွေ့ရမည်။ အဘယ်ကြောင့် ဆိုသော် အဆင့် ၄ မှော်သားရဲကောင်ကို သာမန်စစ်သည်တော်အားဖြင့် မသတ်နိုင်၍ ဖြစ်၏။ ပို၍ အစွမ်းထက်သော သူမှသာ သတ်နိုင်ပေမည်။
“ စစ်တပ်ကြီးကြီးတစ်ခု စေလွှတ်လိုက်ရင်တောင် တောင်တန်းရဲ့ အပြင်ဘက်အဝန်း ကီလိုမီတာ ၁၅၀၀ ကျော်အောင် ဝင်နိုင်မှာ မဟုတ်ဘူး.. ”
ကျုံးလိန်က ထိုသို့ ပြောလိုက်ပြီးနောက် ခဏရပ်၍ ဆက်ဆိုပြန်သည်။
“ ငွေလသူရဲကောင်းအဆင့်တို့ ဒဏ္ဍာရီအဆင့်သူရဲကောင်းတို့တောင် ပျက်သုဉ်းခြင်းတောင်တန်းအထဲကို မဝင်ရဲဘူး.. ဝင်သွားလို့လည်း အကျိုးအမြတ်ကြီးကြီးမားမား မရသလို တောနက်နက်အထိ ဝင်သွားရင်လည်း ပိုပြီးကြောက်ဖို့ကောင်းတဲ့ မှော်သားရဲသတ္တဝါတွေနဲ့ ပိုပြီး ပက်ပင်းကြုံတွေ့နိုင်ဖို့ အခွင့်အလမ်းက များလာလေပဲ.. ”
“ ဟုတ်တယ်.. ရွှယ်ယင်.. ”
ထုံစန်းက ကြားဖြတ်ဝင်ပြောလိုက်ရင်း
“ ငါတို့ အရင်တုန်းက စွန့်စားသွားလာခဲ့ကြတုန်းက ပျက်သုဉ်းခြင်းတောင်တန်းကို ဝင်ကြည့်ဖို့ကို စိတ်တောင်မကူးရဲခဲ့ကြဘူး.. အခုလိုပေါ့.. ငါတို့ လည်း အဆင့် ၄ မှော်သားရဲကောင်ကို သတ်ချင်တာပေါ့ ဒါပေမဲ့ ကံမကောင်းရင်တော့ အဆင့်၅ အဆင့်၆ တို့နဲ့ သွားဆုံရင်တော့ အသက်ပျောက်သွားဖို့က သေချာသလောက်ပဲ.. ”
သူတို့နှစ်ယောက်စလုံးက အတော်လေးကို စိတ်ပူပန်သွားကြတာပါ။
ပျက်သုဉ်းခြင်းတောင်တန်းဆိုတာ လူသားမျိုးနွယ်တွေရဲ့ အကြီးမားဆုံး အန္တရာယ်ကောင်တွေ ဖြစ်တဲ့ မှော်သားရဲကောင်တွေ နေထိုင်ကျက်စားရာ အသိုက်အမြုံပါ။ အဲဒီအထဲကို ဝင်တယ်ဆိုတာ မိမိရဲ့ အသက်နှင့်ဘဝကို လောင်ကြေးထပ်လိုက်သလိုပါပဲ။
“ ဦးလေးတို့နှစ်ယောက်ကလည်း ကျွန်တော်ကို စကားကို ဆုံးအောင် ပေးမပြောပါလား. . ”
ရွှယ်ယင်က ပြုံးရင်း ဆိုလိုက်သည်။
“ ပျက်သုဉ်းခြင်းတောင်တန်းကို ဝင်ဖို့ကို ရည်ရွယ်ထားတယ်.. ဒါပေမဲ့ အပြင်ဘက်အဝန်း ကီလိုမီတာ ၁၅၀၀ အထိပဲ ဝင်မယ်.. မှော်သားရဲကောင်ကို အမဲလိုက်ဖို့က ဒုတိယကိစ္စပါ.. အဓိကရည်ရွယ်ချက် က ဓားကောက်အဖွဲ့ကို သုတ်သင်ဖို့ပဲ.. ”
“ ဓားကောက်အဖွဲ့ ..”
ကျုံးလိန်နှင့် ထုံစန်းမှာ ပြိုင်တူပင် ရေရွတ်လိုက်မိသလို အံ့သြစွာဖြင့် မျက်လုံးပြုးကျယ်သွားသည်။
ပြောရရင် အပြင်ဘက်အဝန်း ကီလို ၁၅၀၀ အတွင်းရှိ မှော်သားရဲကောင်တွေကို တောင်ခြေတွင် တပ်စွဲထားသော စစ်တပ်များက အမြဲတစေ ရှင်းထုတ်နေခြင်းကြောင့် မှော်သားရဲကောင်တွေလည်း တောနက်ထဲ ပြေးဝင်သွားကြပြီး ဖြစ်သည်။ ထပ်ပြီးပြောရရင် အဆင့်နိမ့် မှော်သားရဲကောင်က အလုံးအရင်းဖြင့် ဝင်သွားကြခြင်း ဖြစ်၏။ စစ်တပ်နှင့် မှော်သားရဲကောင်တွေကြားက ပဋိပက္ခမှာ အဆုံးမရှိသကဲ့သို့ ဖြစ်နေ၏။ အဘယ်ကြောင့်ဆိုသော် စစ်သည်တော်များက မှော်သားရဲကောင်တွေကို ပိုပြီး ရှင်းထုတ်လေ ၎င်းတို့မှာ ပျက်သုဉ်းခြင်းတောင်တန်း၏ အတွင်းပိုင်းမှ မှော်သားရဲကောင်များနှင့် ပို၍ ပေါင်းစည်းလာကာ အရေအတွက်သည်လည်း ပိုတိုးလာခဲ့သည်။
ထို့ကြောင့် ၁၅၀၀ ကီလိုမီတာဟူသော နေရာကား ကျဆုံးသွားကျသော စစ်သည်တော်များ၏ သချိုင်းမြေ ဖြစ်လာခဲ့ရသလို အစွမ်းထက်သော ပညာရှင်များအဖြစ်သို့ ဖြစ်လာအောင် စစ်သည်များအား လေ့ကျင့်ပေးရာ နေရာတစ်ခု ဖြစ်ခဲ့သည်။
“ ဓားကောက်အဖွဲ့ ဟုတ်လား.. ဒီဓားပြတွေက ပျက်သုဉ်းခြင်းတောင်တန်း မှာ ပုန်းခိုနေတာလေ.. ဒါပေမဲ့ အပြင်ဘက်အဝန်းကနေ အတွင်းနက်နက် အထိကို သူတို့လည်း မဝင်ရဲကြပါဘူး.. ”
ဟုဆိုရင်း ကျုံးလိန် အသာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ ပြီးတော့ ဓားကောက်ဓားပြအဖွဲ့ခေါင်းဆောင်က ဥက္ကာပျံသူရဲကောင်းအဆင့်တစ်ယောက်ပဲ.. သူက လောဘလည်း ကြီးတယ်.. မကြာခဏ ဓားပြတိုက်ထားတော့ သူ့မှာ သိုလှောင်ထားတဲ့ ရတနာတွေ နည်းမှာ မဟုတ်ဘူး.. ဒါပေမဲ့ သူတို့မှာ ရတနာပစ္စည်းတွေများလေ သူတို့ကို တိုက်ခိုက်ရ ခက်ခဲမှာကိုပဲ စိုးရိမ်မိတယ်.. ”
ထိုအခါ ရွှယ်ယင်က
“ သူတို့က မြင်ကွင်းမှာ ရှိနေမယ့်အချိန်မှာ ကျွန်တော်က ပျောက်ကွယ်နေမှာပါ.. ဒါနဲ့ ဦးလေးကျုံး.. ကျွန်တော်နဲ့ ကော့ပင်းနဲ့ ယှဉ်ကြည့်ရင် ဘယ်သူက ခွန်အားသာနေမလဲ.. ”
ဟု မေးခွန်းအား တစ်ဆက်တည်း ပြန်မေးလိုက်သည်။
“ သူ့ထက် မင်းက ပိုပြီး သာတာပေါ့.. သူ့ကို ငါ အချိန်တစ်ခုအထိလောက် ပဲ ယှဉ်တိုက်လို့ရမှာ.. ဒါပေမဲ့ မင်းက ခွန်အားအပြည့်နဲ့ တိုက်မယ်ဆို ငါ ဘယ်လိုမှ ထိန်းထားလို့ ရမှာမဟုတ်ဘူး..”
ဟု ကျုံးလိန်က ခါးသက်စွာ ရယ်မောရင်း ဖြေပေးလိုက်သည်။
ဟုတ်တော့ ဟုတ်သည်။ ရွှယ်ယင်၏ ခွန်အားက ထိပ်သီး ဥက္ကာပျံသူရဲကောင်းအဆင့် မဟုတ်လား။
တကယ်၍ သူက စွမ်းအင်အားလုံးကို ပေါက်ကွဲထွက်ရှိလာအောင် လုပ်ပြီ အသုံးပြုလိုက်ပါက သူ့ခွန်အားက ငွေလသူရဲကောင်းအဆင့်ကို ရောက်ရှိသွားမှာ ဖြစ်သည်။
ပြီးတော့ သူ့ရဲ့ လှံပညာမှာလည်း ဆရာသခင်အဆင့်သို့ပင် နီးကပ်နေပြီး ဖြစ်သလို ရေခဲနက်သူရဲကောင်း ရိုယွမ်ဟန် ဆီမှလည်း ဒိုချီစွမ်းအင် လှည့်ပတ်ခြင်းကျင့်စဉ်ကိုလည်း အမွေဆက်ခံထားသည်လည်း ရှိနေသည်မဟုတ်လား။
“ မင်းမှာ တစ်ခုပဲ အားနည်းချက်ရှိတယ်.. အဲဒါက မင်းက သွေးသံတရဲရဲ မြင်ဖူးတာ နည်းနေသေးတာပဲ.. ”
ဟု ကျုံးလိန်က ထောက်ပြပေးသည်။
“ နှင်းလင်းယုန်နယ်မြေထဲမှာ ဖြစ်ပွားခဲ့တဲ့ ပြစ်မှုတွေကို မင်းစီရင်ကွပ်မျက်ဖူးခဲ့ပေမဲ့ တကယ့်သေရေးရှင်ရေးတိုက်ပွဲတွေကို မကြုံဖူးသေးဘူး.. ငါတို့နဲ့ ယှဉ်ပြိုင်ဖူးတယ်ဆိုတာကလည်း အချင်းချင်း ဖလှယ်ရုံအဆင့်ပဲလေ.. ”
“ ကျွန်တော်သိပါတယ်.. ဒါကြောင့်လည်း ပျက်သုဉ်းခြင်းတောင်တန်းကို သွားပြီ ပုန်းကွယ်နေတဲ့ ဓားကောက်အဖွဲ့ကို ရှာချင်နေတာပေါ့.. ရှာနေတဲ့ အချိန်အတွင်းမှာလည်း မှော်သားရဲကောင်တွေနဲ့ အများကြီး ကြုံရဦးမယ်.. ဒါဆိုရင် အဲဒီတိုက်ပွဲကနေ ကျွန်တော်အတွက် အတွေ့အကြုံကောင်းတွေ ရလာလိမ့်မယ်.. ”
ဟု ရွှယ်ယင်က ပြောလိုက်သည်။
“ ဓားကောက်အဖွဲ့ ပုန်းအောင်းတဲ့ နေရာကို ရှာဖို့က မလွယ်ပါဘူး.. ”
ကျုံးလိန် အနည်းငယ် မလွယ်ကူသလို ခံစားနေရသည်။
“ အဲဒီအချိန်မှာ မင်း သေချာပေါက် မှော်သားရဲကောင်တွေ နဲ့ တိုက်ခိုက်ရမှာပဲ.. ပြီးတော့ တကယ့်ကို ကြောက်စရာကောင်းတဲ့ မှော်သားရဲကောင်နဲ့ ဆုံဖို့ကတော့ အခွင့်အလမ်း နည်းပါတယ်လေ.. ”
အပြင်ဘက်အဝန်းမှာ ၁၅၀၀ ကီလိုမီတာ ကျယ်ဝန်းသော်လည်း အထွတ်အထိတ်အဆင့်လောက် ဒါမှမဟုတ် အဆင့် ၆ လောက် ရှိသည့် မှော်သားရဲကောင်တို့ ပေါ်ထွက်လာဖို့ဆိုတာ ခဲယဉ်းလှပါသည်။ ဒါပေမဲ့ အဆင့် ၄ ဒါမှမဟုတ် အဆင့် ၅ မှော်သားရဲကောင်ကတော့ တစ်ချက်တစ်ချက် ပေါ်ထွက်လာတတ်သေးသည်။ ထိုမှော်သားရဲကောင် တို့သည် တောင်ခြေမှာ တပ်စွဲထားသော စစ်တပ်များအား မယှဉ်နိုင်မှန်း ကို သဘာဝအသိရ အလိုလိုသိနေသော်လည်း တကယ်၍ ရွှယ်ယင်သာ တောင်တန်းအတွင်းကို တစ်ယောက်တည်း ဝင်သွားခဲ့လျှင် ထိုမှော်သားရဲကောင်တွေက ညှာတာနေမှာ မဟုတ်ဘဲ သူ့ကို သတ်ပစ်လိုက်မှာ အမှန်ပင်။
“ ကျွန်တော်ရဲ့ ကံက အဲ့လောက် မဆိုးသေးပါဘူး.. ”
ရွှယ်ယင်က ပြောလိုက်သည်။
“ နောက်ပြီးတော့ ကျွန်တော်ရဲ့ လှံသိုင်းပညာကလည်း ခုခံမှုအတွက် လည်း အတော်လေး ကောင်းတယ်လေ.. ကိုယ့်အသက်ကိုတော့ ကာကွယ်နိုင်ပါတယ်.. ”
“ နောက်ထပ် ရှိသေးတယ်.. တကယ်လို့ ရွှေဒင်္ဂါး ၅သောင်းကို ကျွန်တော် လိုချင်လာပြီးဆိုရင် ပျက်သုဉ်းခြင်းတောင်တန်းကို ဝင်သွားရုံအပြင် တခြား ဘယ်နည်းလမ်းရှိသေးလို့လဲ..”
ဟု ရွှယ်ယင်က ခေါင်းကို ခါယမ်းရင်း ပြောလိုက်သည်။
စွန့်စားမှုမပါဘဲ ပိုက်ဆံ ဘယ်လိုရှာမှာလဲ
ဥက္ကာပျံသူရဲကောင်းအဆင့်တစ်ယောက်က ချမ်းသာတဲ့ မိသားစုတစ်စုမှာ အဆင့်မြင့် သက်တော်စောင့်လုပ်ရင်တော့ သူ့အတွက် ဘေးကင်းသက်သာနေပါလိမ့်မည်။ သို့ပေမဲ့ ပုံမှန်လစာက ရွှေဒင်္ဂါးသုံးထောင်ကနေ ငါးထောင်အတွင်း ရလိမ့်မည်။ တကယ်၍ သူက ရွှေဒင်္ဂါး သောင်းနဲ့ချီ လိုအပ်လာခဲ့ရင် ထိုအခါ သူက စွန့်စွန့်စားစား လုပ်ရတော့မည်။
“ ကောင်းပြီလေ..ငါ မင်းနဲ့ လိုက်ခဲ့မယ်.. အနည်းဆုံးတော့ ငါက အဲဒီအဝန်းအဝိုင်းနေရာကို အကြိမ်ပေါင်းများစွာ ရောက်ဖူးတယ်လေ.. ”
“ ဟင်.. အရင်တုန်းက အဲဒီကို ရောက်ဖူးတာလား ဦးလေးကျုံး.. ”
ရွှယ်ယင်က အံ့အားသင့်စွာ မျက်လုံးပြူးကျယ်၍ မေးလိုက်သည်။
“ အင်း.. မင်းအဖေအမေက နှင်းလင်းယုန်နယ်မြေကို ဝယ်လိုက်ပြီးတော့ အဲဒီနောက်မှာ ပျက်သုဉ်းခြင်းတောင်တန်း အပြင်ဘက်အဝန်းကို သွားပြီး ကိုယ့်ဘာသာ လေ့ကျင့်ခဲ့တယ်လေ..”
မြွေနတ်ဆိုးတော်ဝင်သွေးအနွယ်တစ်ယောက်အနေဖြင့် ကျုံးလိန်ဟာ မာနကြီးသူတစ်ယောက်ပါ။ ကိုယ့်ကိုယ်ကို အမြဲတမ်းကြိုးစားလိုသူ တစ်ယောက်ဖြစ်ပြီး သူက ကောင်းကင်အဆင့်ကနေ ဥက္ကာပျံအဆင့်ကို အမြဲတမ်း ရောက်ချင်နေသူတစ်ယောက်လည်း ဖြစ်သည်။
“ တကယ်လို ပျက်သုဉ်းခြင်းတောင်တန်းကို ဝင်မယ်ဆိုလည်း မင်း ဦးလေးကျုံးစကားကိုလည်း သေချာနားထောင်ပြီး ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ပေါ့ကွာ.. ”
ဟု ထုံစန်းကလည်း နောက်ဆုံးတွင် သတိပေးစကားဆိုလိုက်လေသည်။
***
၅ ရက်နီးပါး ပြင်ဆင်ကြပြီးနောက် ရွှယ်ယင်နှင့် ကျုံးလိန်တို့ မိုးသောက်အချိန်တွင် စတင်ထွက်ခွာသွားကြဖို့ လုပ်လေသည်။ နောက် စစ်သည် အယောက်တစ်ရာကိုပါ ခေါ်ဆောင်သွားကြမည် ဖြစ်သည်။
ရဲတိုက်ဝင်ပေါက်ရှိ ကြမ်းခင်းတံတားအရှင်ကိုလည်း နိမ့်ချထားပြီးဖြစ်သည်။
“ အစ်ကိုကြီးရေ.. အိမ်ကို မြန်မြန် ပြန်လာခဲ့နော်.. ”
ချင်းရှီသည် တောင်ထိပ်ကနေ အော်ဟစ်၍ ပြောလိုက်သည်။ သူ့ဘေးနားတွင် ထုံစန်းက ရှိနေသည်။
“ ချင်းရှီ.. ဘာမှ စိတ်မပူနဲ့.. အိမ်မှာပဲ နေပြီး ဦးလေးထုံရဲ့ ပြောစကားကို နားထောင်နော်"
ရွှယ်ယင်ကလည်း ခပ်ဝေးဝေးကနေ ပြန်ပြီး အော်ဟစ်နှုတ်ဆက်လိုက်၏။
“ ဟုတ်ကဲ့ပါ.. ”
ချင်းရှီသည် ခေါင်းကို လေးပင်စွာ ညိတ်လိုက်သည်။ သူ့ရင်ထဲတွင် ရွှယ်ယင်နှင့် ခွဲခွာရမှာကို ဝန်လေးနေမိသည်။
သူ ငယ်ငယ်ကတည်းက အစ်ကိုဖြစ်သူနှင့် အကြာကြီး ခွဲမနေဖူးပါဘူး။ ဒီတစ်ခေါက်တော့ သူ့အစ်ကိုက အနည်းဆုံး ဆယ်ရက်ကနေ လဝက်အထိ ကြာမည် ဖြစ်သည်။
သို့ပေမဲ့ ဒီတစ်ခေါက် ရွှယ်ယင် အပြင်ထွက်သွားခြင်းက သူ၏ ပညာသင်စရိတ်အတွက်ဖြစ်မှန်း သူ မသိခဲ့ပါဘူး။
ရွှယ်ယင်နှင့် သူ့၏ မြင်းတပ်ဖွဲ့တို့ ခရီးသွားရသည်က သက်တောင့်သက်သာ ရှိလှသည်။ ညရောက်သော် သူတို့သည် ပျက်သုဉ်းခြင်းတောင်တန်းအစပ်၏ အပြင်ဘက် ကီလို ၅၀ မီတာအကွာသို့ ရောက်နေပြီး ဖြစ်သည်။
မြင်းစစ်သည်တော်တို့လည်း ရွက်ဖျင်တဲများ စတင်ပြုလုပ်ပြင်ဆင်နေပြီ ဖြစ်သလို အိုးခွက်များနှင့်လည်း အစားအသောက်များပင် ချက်ပြုတ်နေပြီး ဖြစ်သည်။
“ အဖိုးကြီး ယန်.. ”
ရွှယ်ယင်နှင့် ကျုံးလိန်တို့နှင့် အခုလောလောဆယ် ရှိနေသော သူမှာ မျက်နှာတစ်ခုလုံးကို ပါးသိုင်းမွေးများဖုံးလွှမ်းနေသူ တစ်ယောက်ဖြစ်သည်။ ထိုသူမှာ ယန်ချမ်း ဖြစ်သည်။ တုန်ပိုကလန်ကို သစ္စာရှိသော ကမ္ဘာမြေအဆင့် သူရဲကောင်းတစ်ယောက်လည်း ဖြစ်သလို ယခုပါလာသော စစ်သည်အယောက်တစ်ရာတို့၏ ခေါင်းဆောင်လည်း ဖြစ်သည်။
ကျုံးလိန်က “ မနက်မိုးသောက်လို့ရှိရင် ငါနဲ့ အရှင်သခင်တို့က တောင်တန်းအထဲကို ဝင်ကြမယ်.. ဒီစခန်းကို မင်းလက်ထဲ ငါ အပ်ထားခဲ့မယ်.. ” ဟု ပြောပြီး တာဝန်ပေးလိုက်လေ၏။
“ ဆရာကျုံးလိန်နဲ့ အရှင်သခင်တို့.. ကျွန်တော့်ကို ဘာမှစိတ်မပူဘဲ လွှဲအပ်ထားလို့ ရပါတယ်.. ဒီလိုကိစ္စသေးသေးလေးကို သခင်တို့ စိတ်ကျေနပ်အောင် ဆောင်ရွက်ထားခဲ့ပါ့မယ်.. သခင်တို့လည်း ဂရုစိုက်ကြပါ.. ”
ယန်ချမ်း က စိတ်ပူစွာဖြင့် ပြောလိုက်သည်။
“ ကျွန်တော် စစ်တပ်မှာ ရှိခဲ့တုန်းက ဒီအပြင်ဘက်နေရာတစ်ခုလုံးမှာ ရှိတဲ့ မှော်သားရဲကောင်တွေကို စစ်တပ်က အပြောင်ရှင်းခဲ့ကြပေမဲ့ အဲဒါကို စစ်တပ်တစ်ခုလုံးက တကယ်ကို ကြိုးစားပြီးတော့ ရှင်းခဲ့ရတာပါ.. ဘယ်သူမှ တစ်ယောက်တည်း ဘယ်နေရာကို မသွားရဲကြဘူး… ပြီးတော့ မှော်သားရဲကောင်တွေက ပုန်းအောင်းနေတတ်သလို မကြောက်မရွံ့နဲ့ အရှေ့တက်ပြီး ရန်သူကိုလည်း တိုက်ခိုက်တတ်ကြတယ်.. ကျွန်တော်နဲ့ အုပ်စုဖွဲ့ထားတဲ့ စစ်သည်ဆယ်ယောက်ထဲမှာ သုံးလေးယောက်ပဲ အသက်ရှင်နေနိုင်ခဲ့တာ.. ကျန်တဲ့သူတွေက ပျက်သုဉ်းခြင်းတောင်တန်းထဲမှာ အသက်ဆုံးပါးခဲ့ကြတာပေါ့.. ”
ရွှယ်ယင်က ခေါင်းကို ညိတ်လိုက်သည်။
ပျက်သုဉ်းခြင်းတောင်တန်းဆိုတာ တကယ့်ကို တားမြစ်နယ်မြေတစ်ခုပါပဲ.. စစ်တပ်နှင့် မောင်းထုတ်ခံထိထားသော ဓားပြအဖွဲ့တွေကသာ ၎င်း၏ အပြင်ဘက်အဝန်းအဝိုင်းနေရာကိုသာ ဝင်ရဲကြသည်။ ဒီထက်ပိုပြီး အထဲသို့ စွန့်စားဝင်ကြဖို့က အင်မတန်ရှားပါးလှသည်။
***
နောက်တစ်နေ့ မိုးသောက်အချိန်တွင်.. နေလုံးကပင် စတင်မြင့်တက်လာတော့သည်။
လက်နက်သေတ္တာအား လွယ်ပိုးရင်း ရွှယ်ယင်သည် ကျုံးလိန်နှင့်အတူ ပျက်သုဉ်းခြင်းတောင်တန်းသို့ ဝင်သွားကြလေသည်။ ပျက်သုဉ်းခြင်းတောင်တန်းထဲတွင် မြင်းစီးသွားဖို့က မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုတော့ ဆူညံသံ နည်းနည်းလေးကပင် ကြောက်မက်ဖွယ်ကောင်းသော မှော်သားရဲကောင်အား ဖိတ်ခေါ်တတ်သောကြောင့် ဖြစ်သည်။
“ သခင်လေးရေ.. အစစအရာရာ ဂရုစိုက်ကြပါနော်.. ”
အနက်ရောင်အဝတ်အား ဝတ်ဆင်ထားသော လူငယ်နှင့် ငွေရောင်ဆံပင်နှင့်မြွေလူတို့ ထွက်ခွာသွားကြတာကို ခေါင်းဆောင် ယန်ချမ်းနှင့် စစ်သည်အားလုံးတို့က စိုးရိမ်စိတ်ကလေးဖြင့် ကြည့်နေကြသည်။ ပျက်သုဉ်းခြင်းတောင်တန်း၏ တောအုပ်အတွင်းတို့ လူနှစ်ယောက်တိုးဝင်ပျောက်ကွယ်သွားသည်အထိ သူတို့ ကြည့်နေကြဆဲပါ။
အပိုင်း ( ၁၇ ) - တောအုပ်အတွင်းက နေ့ရက်များ
တောနက်နက်အတွင်းတွင် လဟာပြင်တစ်ခုရှိသည်။ တောအုပ်တစ်ခွင်မှာလည်း တိတ်ဆိတ်နေကာ သစ်ပင်သစ်ကိုင်း အုပ်ဆိုင်းလွန်း၍ နေပြောက်ပင် မြေကြီးဆီကို မရောက်နိုင်သည့်အထိ သစ်ပင်နွယ်ပင် ထူထပ်လှ၏။ အေးစက်မည်းမှောင်ကာ မြေကြီးပေါ်မှာလည်း နှင်းပွင့်တွေက ဖုံးလွှမ်းနေပြန်သည်။
ငွေရောင်ဆံပင်နှင့် မြွေလူကြီးတစ်ယောက်နှင့် အနက်ရောင်အဝတ်အစား ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက လက်နက်ကိုယ်စီ ကိုင်စွဲပြီ သတိလုံ့လဖြင့် ရွေ့လျားနေသည်။
“ ဦးလေးကျုံး.. ကျွန်တော်တို့ ဝင်လာတာ တစ်နာရီနီးပါး ရှိနေပြီး.. အခုထိ မှော်သားရိုင်းကောင်တွေ တစ်ကောင်တစ်မြီးမှ မတွေ့ရသေးဘူးနော်.. ”
“ ဟူးး.. မင်းနှယ်.. ”
ကျုံးလိန် ခေါင်းကို စိတ်ညစ်ဟန်ဖြင့် ခါယမ်းလိုက်သည်။ သူ့တူက အရွယ်ရောက်ပြီး ထင်ရသော်လည်း ကလေးစိတ်က တချက်ချက် ကျန်နေသေးသည်။ သူက လေသံတိုးတိုးဖြင့်..
“ ငါတို့က အခုမှ တောင်တန်းအထဲကို ဝင်ကာစပဲ ရှိသေးတာ.. ပြီးတော့ အခုနေရာက အပြင်ဘက်အဝန်းရဲ့ အပြင်ဘက်အပိုင်းပဲ ရှိသေးတာ.. ဒီနေရာမှာ မှော်သားရိုင်းကောင်ကို တွေ့တယ်ဆိုရင် အဲဒါက ထူးဆန်းနေလို့ပဲ.. ဒါပေမဲ့ အထဲကို ဝင်သွားလေ တစ်ကောင်တလေတော့ တွေ့မှာပေါ့. အဲ့အခါကျရင် အသက်ရှင်နိုင်မလားဆိုတာက မင်းရဲ့ စွမ်းအားအပေါ်မှာ မူတည်သွားပြီ.. ”
“ အင်း.. ”
ရွှယ်ယင် ခေါင်းကို အသာညိတ်လိုက်သည်။
“ ရှ.. ”
အသံတိုးတိုးကို ကြားလိုက်သည့်အလား ရွှယ်ယင်၏ နားရွက်က လှုပ်သွားသည်။ ချက်ချင်းပဲ ဘေးနားက ခြေလှမ်းလှမ်းနေသည့် ကျုံးလိန်ကို လက်မောင်းဖြင့် တားလိုက်သည်။ ကျုံးလိန်မှာ ထိုအသံကို မကြားလိုက်ရပေမဲ့ ဒိန်းခနဲ နှလုံးခုန်သွားသည်။ ရွှယ်ယင်မှာ ကမ္ဘာဦးသွေးအမွေအား နိုးထစေလာပြီးနောက်ပိုင်းတွင် အကြားအာရုံက အင်မတန် ထက်ရှလာသည်ကို သူ သိထားသောကြောင့် ဖြစ်သည်။
“ အဲ့ဒီနေရာမှာ.. ”
ရွှယ်ယင်က အရှေ့ဘယ်ဘက်စွန်းစွန်းသို့ ကြည့်နေသည်။ ကျုံးလိန်လည်း အဲ့ဒီနေရာဆီကို လိုက်ကြည့်လိုက်သည်။
ဆူညံသံများ အဝေးကနေပင် တလှုပ်လှုပ် စကြားရလာသည်။ ခဏအကြာတွင် ဆူချုံရိုင်းကြားထဲနေ ခွာနက်ပါးပါးလေးခုရှိသည့် အကောင်တစ်ကောင်က ဖြည်းလေးစွာ ထွက်ပေါ်လာသည်။ သွင်ပြင်သဏ္ဍာန်က ဝံပုလွေနှင့် တူလှသည်။ သို့သော် ၎င်းမှာ အကောင်ပိုသေးသည်။ တစ်ကိုယ်လုံးမှာလည်း ပါးလွှာနက်မှောင်သည့် အကြေးခွံများက သိပ်သည်းစွာ အစီအရီ ရှိနေပေသည်။ ရေခဲတမျှ အေးစက်သော မျက်လုံးသည်လည်း လူသားနှစ်ဦးအား တည်ငြိမ်စွာ ကြည့်လို့နေသည်။
“ အကြေးခွံနက်ခွေးအ ပါလား… ”
ထိုအခါ တုန်ပိုရွှယ်ယင်ရော ကျုံးလိန်ပါ စိတ်လေးလံသွားကြသည်။ ပျက်သုဉ်းခြင်းတောင်တန်းကြီးထဲကို ဝင်လာပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် အန္တရာယ်များလှသည့် မှော်သားရိုင်းကောင်နှင့် တွေ့ရချေပြီ။
အကြေးခွံနက်ခွေးအသည် အဆင့်၃ ရှိသည့် မှောင်သားရိုင်းကောင် ဖြစ်ချေသည်။
အကြေးခွံနက်ခွေးအသည် အင်မတန်တည်ငြိမ်သည့် သားရိုင်းကောင် ဖြစ်သလောက် ရက်စက်ရာမှာလည်း ကမ်းကုန်သည့် သားရိုင်းကောင် ဖြစ်သည်။ သူတို့က အုပ်စုဖွဲ့ တိုက်ခိုက်တတ်သလို သူတို့၏ လက်စွယ်၊ သွားတွေမှာလည်း အဆိပ်ပြင်းများ ရှိသည်။
ဘာကြောင့် အဆင့် ၃ ဖြစ်နေရသနည်း။ ၎င်းခွေးအတို့သည် ကောင်းကင်သူရဲကောင်းအဆင့်တစ်ယောက်၏ ခွန်အားနှင့် ညီမျှနေလို့လား..
ထိုခွေးအတွေက အုပ်စုငယ်လေးဖွဲ့ကာဖြင့် စုပေါင်း နေတတ်ကြသည်။ ဒါပေမဲ့ ယခု အကြေးခွံခွေးအ ထွက်လာသည့် ဆူးချုံရိုင်းပြင်မှာ အလွန်ကျယ်ပြောသည်ဖြစ်ရာ ၎င်းအုပ်စုသည် အနည်းဆုံး သုံးဆယ့်ငါးကောင်ထက်တော့ မနည်းရာ။ ထိုအုပ်စုနှင့် တွေ့လိုက်မည်ဆိုပါက အဆင့်၄ မှော်သားရိုင်းကောင်ပင်လျှင် တစ်စစီ မွစာကြဲသွားလိုက်နိုင်သည်။
“ ဒါမှ တကယ့်ပြဿဿနာပဲ.. ” ကျုံးလိန်က စိတ်လှုပ်ရှားနေပြီး။
“ ရွှယ်ယင် .. မင်း ဂရုစိုက်ရမယ်.. ”
“ အင်း.. ဦးလေးကျုံး.. ကိုယ့်ကိုယ်ကို ကာကွယ်ဦး.. အဲ့ဒီကောင်တွေကို ကျွန်တော့်ကို လွှဲထားလိုက်.. ”
ရွှယ်ယင်က အသက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ သူ့ အသက်ရှုနှုန်းက တဖြည်းဖြည်းတည်ငြိမ်လာကာ အားကောင်းလာသည်။ သူက အကြေးခွံနက်ခွေးအအုပ်စုကို စိုက်ကြည့်နေလိုက်သည်။
၎င်းခွေးအအုပ်စုသည် အုပ်စုခွဲကာ ကျုံးလိန်နှင့် ရွှယ်ယင်တို့ကို ပန်ကာလက်တံသဏ္ဍာန် စတင်လှည့်ပတ်ကြသည်။ နီရဲရဲ မျက်လုံးများစွာက စိုက်ကြည့်နေ၍ ရွှယ်ယင်က အနည်းငယ် စိတ်လှုပ်ရှားလာသည်။ သူ့၏ စိတ်ခွန်အားက မြင့်မား၍ လှံသိုင်းပညာကလည်း ထိပ်သီးအဆင့် ရောက်နေသည်က မှန်သော်လည်း ယခုမှာ သူ့အတွက် ကြောက်စရာကောင်းသော ရန်သူနှင့် ရင်ဆိုင်ရသည်က ပထမဆုံးအကြိမ် ဖြစ်နေသည်။
ဝေါင်း..
စိတ်ပျက်စရာကောင်းပြီ သာယာနာပျော်ဖွယ်မရှိသည့် အသံက အကြေးခွံနက် ခွေးအအုပ်စု၏ နောက်ဆုံးကနေ ထွက်ပေါ်လာသည်။
ဘုန်းး ဘုန်းး ဘုန်းး
အကြေးခွံနက် ခွေးအများ အရှေ့သို့ ခုန်ထွက်လာလေပြီ။ နေရာစုံ ဘက်ပေါင်းစုံကနေ တိုက်ခိုက်ကြလေပြီ။ ထိုကဲ့သို့ ကောင်းကင်အဆင့် သူရဲကောင်းနီးပါး ခွန်အား ရှိသည့် အကြေးခွံနက် ခွေးအများက တစ်ချိန်တည်းမှာ တစ်ပြိုင်နက် တိုက်ခိုက်တာကို ဥက္ကာပျံအဆင့်သူရဲကောင်းပင် ခံနိုင်ရည် ရှိလိမ့်မည်မှာ မဟုတ်။
“ သေစမ်း.. ”
ရွှယ်ယင်၏ လှံက ရွေ့လျားလေပြီး။
ရှူးးး!!
သူ့လှံက လျှပ်စီးလက်သလိုပင်..
လှံက ချက်ချင်း အရှေ့သို့ ထိုးလိုက်သည်။ မရေတွက်နိုင်သော နှင်းပွင့်ဖတ်များ ထွက်ပေါ်လာသည်။ လှပသော မြင်ကွင်း ရှုခင်းမျိုးကို ဖန်တီးနေသလိုပင်။
အကြေးခွံနက်ခွေးအတို့သည်လည်း လှံလားရာကို မြင်လျှင် ၎င်းတို့၏ လက်စွယ်ချွန်များဖြင့် ချက်ချင်း ကာကွယ်လိုက်သည်။
ထင်းးးး
စက္ကန့်ပိုင်းအတွင်း လှံထိပ်က ရပ်တန့်သွားသည်။ လှံတစ်လုံးက တရကြမ်း မွှေ့မွှေ့လည်ကာ ဓားသွားထက်တစ်ခုလို အကြေးခွံနက် ခွေးအတို့၏ လက်သည်းချွန်များအား ဖွင့်ထုတ်ပစ်လိုက်သည်။
ဗြဲ..
လှံသွားထိပ်က အကြေးခွံနက်ခွေးအ၏ မေးရိုးအောက်သို့ ဆတ်ခနဲ ထိုးသွင်းလိုက်သည်။ လှံသွားက ခေါင်းအနောက်သို့ ဖောက်ထွက်သွားလေသည်။ အဆင့်၃ အကြေးခွံနက် ခွေးအမှာ တစ်ကိုယ်လုံး တွန့်ခနဲ ဖြစ်သွားပြီ နောက်ဆုံးတွင် တုန့်ပြန်မှု မရှိတော့ပေ။
သတ်ဖြတ်လိုက်ပြီးသည်နှင့် ရွှယ်ယင်က လှံကို ချက်ချင်း နုတ်လိုက်သည်။ ပြီးလျှင် လျှပ်စီးလက်သလိုပဲ ပြန်ထိုးသွင်းလိုက်ပြန်သည်။
လှံကို နုတ်လိုက် ထိုးသွင်းလိုက်နှင့် မြွေပွေးတစ်ကောင်က လျှာကို အသွင်းအထုတ် လုပ်နေသလို တူနေတော့သည်။
ဗြဲ..
နောက်ထပ် အကြေးခွံနက်ခွေးအ တစ်ကောင်လည်း သေဆုံးသွားပြန်သည်။
အကြေးခွံနက် ခွေးအတို့သည် အနီးကပ် တိုက်ခိုက်မှုတွင် အစွမ်းထက်ကြသည်။ သို့သော် ရွှယ်ယင်၏ လှံသိုင်းပညာက ဆယ်နှစ်ကျော် ပင်ပင်ပန်းပန်း လေ့ကျင့်ထားသည်ဖြစ်ရာ အမှန်တကယ်ကို ကြောက်စရာကောင်းလွန်းလှ၏။
ဝေါင်းး ဝေါင်းး ဝေါင်းး
ကျွတ်ကျွတ်ညံညံ အသံများက ၎င်းခွေးအအုပ်စုကနေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတော့သည်။ ရွှယ်ယင်တို့ကို ဝိုင်းထားသည်ကလည်း အားမလျှော့စတမ်း အသည်းမာလွန်းသည်။
အချိန်တိုအတွင်းမှာပဲ ရွှယ်ယင်သည် အကြေးခွံနက် ခွေးအ သုံးကောင်ကို သတ်ဖြတ်လိုက်သည်။ ရုတ်တရက် အကြေးခွံနက် ခွေးအ ရှစ်ကောင်က သူ့ဆီကို တစ်ပြိုက်နက်တည်း ပြေးခုန်ဝင်လာသည်။
“ သွားစမ်းကွာ.. ”
ရွှယ်ယင် လှံက အရိပ်လို လျင်မြန်စွာ ရိုက်ချလိုက် ရိုက်ထုတ်လိုက်နှင့်..
လွန်ခဲ့သည့် ရက်ပိုင်းက လေ့ကျင့်ရေးအရုပ်ကို လေ့ကျင့်နေသလိုပင်.. ယခုတွင်လည်း ရွှယ်ယင်က အကြေးခွံနက် ခွေးအ လေးကောင်ကို လှံတစ်ချက် ယမ်းလိုက်ရုံဖြင့် သတ်ဖြတ်လိုက်နိုင်သည်။ ကျန်သည့် နောက်ထပ် လေးကောင်ကိုလည်း လှံအား နောက်ပြန်အသိမ်းတွင် အနောက်ကို လွင့်စင်သွားစေခဲ့သည်။ ရွှယ်ယင်က ခွန်အားအရာတွင် အသာစီးရနေပါပြီး။ သို့သော် အုပ်စုဖွဲ့တိုက်ခိုက်ခြင်းကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရသည်။ အကြေးခွံနက် ခွေးအတို့၏ အမှန်တကယ် ကြောက်စရာကောင်းသော အရာက မပြီးဆုံးနိုင်သော ကြောက်ရွံခြင်းမရှိသော တိုက်ခိုက်မှုပင် ဖြစ်သည်။
“ ရွှယ်ယင်.. မြန်မြန်.. တကယ်လို့ သူတို့ကို မတားနိုင်တော့ရင် ပြေးပေတော့.. ”
ကျုံးလိန်က သူ့အမြီးကို အနီးက သစ်ပင်တစ်ပင်အပေါ် ရစ်ပတ်ချိတ်ဆွဲထားလိုက်သည်။ ကျုံးလိန်မှာ အရင်တုန်းက ပျက်သုန်းခြင်းတောင်တန်းကြီးအထဲ သွားလာစဉ်က သူ့၏ အမြန်နှုန်းနှင့် သွက်လက်မှုက သူ့အသက်ကို အမြဲကာကွယ်ပေးထားသည်။
“ ကောင်းပြီး.. ”
ရွှယ်ယင် သူ၏ စိတ်အာရုံကို အမြင့်ဆုံးအထိ စူးစိုက်ထားလိုက်၏။
သူက လှံသိုင်းပညာမှာ ထိပ်သီးအဆင့် ရောက်နေသည်က မှန်သော်လည်း ယခု သေရေးရှင်ရေး အခြေအနေ၏ ဖိအားကို ခံစားရနေဆဲပင်။ နောက်ပြီး အကြေးခွံနက်ခွေးအတို့၏ အကြေးခွံကလည်း အင်မတန် မာကျောလှသည်။ ထိုးထွင်းပြီ ပြန်ဆွဲနုတ်ရသည်နှင့် သူ့လှံနှုန်းအားကို လျော့ကျစေသည်။
“ သူတို့ရဲ့ ပတ်လည်ဝိုင်းထားတာကို ရှောင်ဖို့ ကျွန်တော်ရွှေ့ရတော့မယ် ”
ရွှယ်ယင်က သူ ပုံမှန် လေ့ကျင့်နေရာက အတွေ့အကြုံတွေကို စတင်အသုံးချတော့သည်။ ရဲတိုက်မှာတွင် သူသည် တစ်ခါတရံ စစ်သည်အများအပြားက သူ့ ဝိုင်းရံထားပြီ တိုက်ခိုက်သည်ကို လေ့ကျင့်ဖူးသည်။ ရွှယ်ယင်က စစ်သည်တို့ကို သူ့လှံသိုင်းပညာဖြင့် သွက်လက်စွာ ရွှေ့လျားကာ ရှောင်တိမ်းရင်း ကွေ့ပတ်ရင်း တိုက်ခိုက်ခဲ့ရသည်။ သို့ပေမဲ့ သူတို့က လက်နက်မဲ့ တိုက်ခိုက်လေ့ကျင့်ခဲ့ခြင်းသာ..။
“ ဟူးး ဟူးး ”
ရွှ့ယ်ယင် တဖြည်းဖြည်း ကျွမ်းကျင်လာသည်။ သူက တချို့ လှုပ်ရှားမှုကို အသုံးပြု၍ သူ ရင်ဆိုင်ရသည့် အကြေးခွံနက်ခွေးအ အကောင်အရေအတွက်ကို လျော့ချနိုင်ခဲ့သည်။ ထိုအခါ ခွေးအတို့မှာ သူတို့၏ ပစ်မှတ်ကို ရှာဖွေရတော့သည်။ ရွှယ်ယင်ကမူ တစ်ကြိမ်တွင် အကြေးခွံနက် ခွေးအ သုံးကောင်လောက်ကိုသာ ရင်ဆိုင်တွေ့လေသည်။
“ ဘုန်းး ဘုန်းး ဘုန်းးး ”
နှင်းပွင့်တွေက ပျံလွင့်နေဆဲ။ သွေးစက်တို့ကလည်း ပြန့်ကျဲနေဆဲ။
မကြာခင်တွင် အကြေးခွံနက်ခွေးအ တစ်ကောင် ရှုံးနိမ့်သွားသည်။
ဘန်းး ဘန်းး
ရွှယ်ယင်၏ လှုပ်ရှားမှုက တဖြည်းဖြည်း သဘာဝဆန်စွာ ဟန်ချက်ညီလာခဲ့သည်။ သူက လှံကို စွမ်းအားတွေဖြင့် စိမ့်ဝင်စေကာ အကြေးခွံနက်ခွေးအတို့အား ရိုက်ချလေသည်။ ခွေးအတို့သည် ခန္ဓာကိုယ် တွန့်လိမ်ကြကုန်ကာ အရိုးတို့သည်လည်း ကွဲအက်ကုန်ကြသည်။
သစ်ပင်အမြင့်မှာ ကျုံးလိန်သည် မြေပြင်အောက်ကို ငုံ့ကြည်ရင်း မျက်လုံးပြူးနေတော့သည်။
သူက ငါထင်ထားတာထက် ပိုပြီ အသားကျမြန်တယ်… တကယ် သေရေးရှင်ရေး တိုက်ပွဲမှာ သူ့ရဲ့ တကယ့်စွမ်းအားကို ထုတ်ပြနိုင်ခဲ့တာပဲ..
ကျုံးလိန်က ခေါင်းညိတ်ရင်း
“ နောက်ထပ် နှစ်ရက် သုံးရက်နေရင် သူ့ရဲ့ ခွန်းအားက တကယ်ကို ပြင်ဆင်ထိန်းညှိနိုင်သွားလိမ့်မယ်.. ”
အူးးး
မကြာချေ.. အကြေးခွံနက် ခွေးအ တစ်ကောင်၏ နာနာကျင်ကျင် အော်အူသံက ထွက်ပေါ်လာပြန်သည်။ ကျန်ရှိနေသည့် ခွေးအတို့သည်လည်း ဦးတည်ရာ ကွဲပြားလျက် ချက်ချင်း ထွက်ပြေးကြတော့သည်။
ရွှယ်ယင်က နောက်ထပ် ခွေးအနှစ်ကောင်ကို သတ်ဖြတ်လိုက်ပြီးမှ ရပ်တန့်လိုက်သည်။
“ ဟူးးး ”
ရွှယ်ယင်မှာ စိတ်လက်ပေါ့သွားဟန်ဖြင့် အသက်ပြင်းချလိုက်သည်။ သူ့ အသက်ရှုခြင်းက လေးလံပြင်းထန်နေသလို သွေးလှည့်ပတ်နေသည်ကလည်း မြန်ဆန်နေသည်။
” တိုက်ခိုက်ရတာ ဘယ်လိုလဲ.. ”
ကျုံးလိန်က အမြင့်ကနေ ခုန်ချလိုက်ရင်း သူ့ကို မေးလိုက်သည်။
“ တကယ့်ကို ကွဲပြားပါတယ်.. ”
ရွှယ်ယင်က ခေါင်းညိတ်လိုက်ရင်း ဖြေလိုက်သည်။
“ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက နယ်မြေထဲက အကျဉ်းသားတွေနဲ့ တိုက်ခိုက်ခဲ့ဖူးပါတယ်.. အဲ့တုန်းက ဒီလိုပဲ ဖိအား ခံစားခဲ့ရတယ်.. ဒါပေမဲ့ အဲ့ဒီတုန်းက တစ်ယောက်ချင်း တိုက်ပွဲတွေပါ.. အခု အုပ်စုဖွဲ့ တိုက်ခိုက်တာကနေ ကျွန်တော့် လှံသိုင်းပညာနဲ့ ပတ်သတ်ပြီ အမြင်သစ် အချို့ကို သဘောပေါက်လိုက်မိတယ်.. ”
တကယ့် လှံသိုင်းပညာရှင်တို့သည် လှံသိုင်းပညာတွင် အဆင့်မြင့်မြင့် အောင်မြင်မှုက သာမန်မျှသာ ဂုဏ်ဆောင်သည်။
သို့သော် တကယ့် အနီးကပ်တိုက်ခိုက်မှုတွင် ဘယ်ကဲ့သို့ ချိတ်ဆက်၍ တိုက်ခိုက်ရမည်.. ဘယ်ပုံဘယ်နည်းဖြင့်.. ခုခံရမည်.. ကိုယ်ဖော့သိုင်းနည်းစနစ် အစရှိသည်တို့မှာ တကယ့်တိုက်ခိုက်မှုကနေ လေ့လာကျွမ်းကျင်ကြရသည်။
“ သေရေးရှင်ရေးတိုက်ပွဲတစ်ခုမှာ.. ခန္ဓာကိုယ်တွင်းမှာ သွေးတွေက ဆူပွက်လာပြီ ခွန်အားတို့ကလည်း ရုန်းကြွလာတယ်.. အဲ့အခါမှာ တစ်ကိုယ်လုံးကို ထိန်းချုပ်လုပ်ဆောင်ရတာက ပိုပြီး အဆင်ပြေလာတယ် ”
ဟု ရွှယ်ယင်က ပြောလိုက်သည်။
“ အဲဒါက သေဘေးနဲ့ ကြုံလာတဲ့အခါ သတ္တဝါတိုင်းရဲ့ အလိုအလျောက် တုံ့ပြန်မှုပဲပေါ့.. ”
ကျုံးလိန်က ပြောလိုက်သည်။
“ ကျွန်တော်ရဲ့ လှံသိုင်းပညာမှာ ကျွန်တော် ခန့်မှန်းထားတာထက် စောစော အဆင့်တက်လိမ့်မယ် ထင်တယ်.. ”
ရွှယ်ယင်၏ နှလုံးသား အတွင်းကျကျကနေ သွေးများ ဆူပွက်လာခဲ့သည်။ ဆယ်နှစ်ကြာ ပင်ပင်ပန်းပန်း လေ့ကျင့်လာခဲ့ခြင်းက သူ့အား အံမခန်းလောက်သော အစွမ်းကို ပေးအပ်လေပြီး။ ဒီတောင်တန်းက သူ့အစွမ်းတွေကို ပြသဖို့ အကောင်းဆုံးနေရာ ဖြစ်လေပြီး မဟုတ်လား။
“ ဆက်သွားကြစို့.. ဒီမှာ သွေးစိမ်းအနံတွေ ပြင်းနေပြီး.. နောက်ထပ် သားရိုင်းကောင်တွေ မကြာခင် ရောက်လာကြတော့မယ်.. ”
ကျုံးလိန်က ရွှယ်ယင်ကို လောဆော်လိုက်သည်။
“ အင်း ” ရွှယ်ယင် ခေါင်းညိတ်လိုက်ပါသည်။
သူတို့မှာ အဆင့် ၃ မှော်သားရိုင်းကောင်၏ အလောင်းအား ဂရုမစိုက်တော့ချေ။ သူတို့က တန်ဖိုးရှိသည်မှန်သော်လည်း ဘယ်လောက် များများ သယ်ဆောင်နိုင်မည်နည်း။ သူတို့က များစွာ တန်ဖိုးတော့ မရှိချေ။ ရွှယ်ယင်မှာ သူ့၏ မှော်သိုလှောင်ပစ္စညးအထဲမှာ အကြေးခွံနက်ခွေးအ တို့နှင့် ပြည့်နှက်သွားမည်ကို စိုးရိမ်သွားမိသည်။
ပျက်သုန်းခြင်းတောင်တန်းကြီးတွင် ရွှယ်ယင်မှာ ပင်လယ်ထဲ ဆင်းသက်သွားသော နဂါးတစ်ကောင်လို ဖြစ်နေတော့သည်။ သူက အေးအေးဆေးဆေးပင် အနီးကပ်တိုက်ခိုက်မှု အတွေ့အကြုံများကို စုဆောင်းနေသလို သူ့၏ လှံသိုင်းပညာရပ်ကိုလည်း အဆင့်တိုးစေခဲ့သည်။
ညအချိန် ရောက်တိုင်း သူတို့က စခန်းရှိရာဆီသို့ ချက်ချင်း ပြန်ကြမြဲပင်။
တစ်ယောက် မြွေကလန်က အဆင့်မြင့်သူတစ်ယောက်၊ တစ်ယောက်က ကမ္ဘာဦးသွေးအမွေကို နိုးထသွားစေခဲ့သူ။ သူတို့၏ ပြေးနှုန်းက အင်မတန်ကို လျင်မြန်သွက်လက်လွန်းလှသည်။ ပျက်သုဉ်းခြင်း မှော်သားရိုင်းကောင်တောင်တန်းတွင် ဖြစ်သော်ငှားလည်း သူတို့သည် ပြေးနှုန်းကို တစ်နာရီ မိုင်သုံးဆယ်နှုန်းဖြင့် ဆက်တိုက် ပြေးနိုင်လေသည်။ တောတွင်းထဲ ပိုက်စိပ်တိုက် ရှာဖွေရသည်က အချိန်ယူရသော်လည်း ပြန်ဖို့အတွက်မူ အချိန်များစွာ မလိုအပ်ချေ။
ရွှယ်ယင်တို့က စခန်းတွင် ညဘက် ပြန်လာနေရင် လိုအပ်သလို အနားယူဖို့အတွက်လည်း ဟုတ်သည်။ တောထဲတွင် ညဘက်နေရခြင်းက သူတို့အတွက် ပင်ပန်းစေသည် မဟုတ်လား။
***
အချိန်တွေက တစ်ရက်ပြီး တရက် ကျော်လွန်သွားသည်။
ရွှယ်ယင်၏ တိုးတက်မှုက ကျုံးလိန်ကို အထူးအံ့သြစေသည်။ ရွှယ်ယင်က ပိုပိုပြီ အတွေ့အကြုံ များလာသည်ကို သူကိုယ်တိုင် မြင်နေရသည်မဟုတ်လား။ တိုက်ခိုက်မှုတိုင်းတွင်လည်း ရွှယ်ယင်က တဖြည်းဖြည်း ကောင်းမွန်ပြည့်စုံလာသည်။
“ သူက ကလေးဘဝကတည်းက တွေးတောစဉ်းစားတတ်ပြီ ကောက်ချက်ချတတ်တယ်.. အခုလည်း တိုက်ပွဲတစ်ခုချင်းစီတိုင်းကနေ သုံးသပ်ကောက်ချက်ချတယ်.. သူ့ရဲ့ လှံသိုင်းပညာက ဒီလောက် တိုးတက်လာတာ အံ့သြစရာတော့ မဟုတ်ဘူးလေ.. ”
ကျုံးလိန်ကပင် ရေရွတ်မိသည်။ ရွှယ်ယင်သည် ဉာဏ်ရည် အလွန်ထက်မြက်သူတစ်ယောက်ဟု သူ အမြဲ ခံစားရသည်။
ရွှယ်ယင်ကလည်း သူကိုယ်သူလည်း တော်သည် ထက်သည်ဟု တွေးမိပါသည်။
သူ့လိုပင် လူတိုင်းသည် အတိတ်ကာလအဖြစ်ကနေ လေ့လာအမှားယူခြင်းက အရေးကြီးတယ်ဆိုတာကို သိကြသည်။ သို့သော် ရွှယ်ယင်က တမူထူးခြားစွာ တွေးတတ်သည်။ ထို့ကြောင့် သူ့၏ စွမ်းဆောင်ရည်က ပိုမြင့်မားသည်။ ဥပမာအားဖြင့် ပုံမှန်ကလေးတစ်ယောက်က အထွတ်အထိပ် သူရဲကောင်းတို့၏ အံ့သြဖွယ် ပုံပြင်အတ္ထုပ္ပတ္တိကိုသာ မှတ်မိကြမည်။ ရွှယ်ယင်ကမူ အထွတ်အထိပ်သူရဲကောင်းတို့၏ ကြီးမြင့်လာပုံအဆင့်ဆင့်ကို ရှာဖွေလေ့လာသည်။
ဥပမာအားဖြင့် အထွတ်အထိပ်သူရဲကောင်းတို့အနက် ၉၀ ရာခိုင်နှုန်းက အကယ်ဒမီကျောင်းတစ်ခုခုကိုမှ မတက်ခဲ့မျိုး ဖြစ်သည်။
ရွှယ်ယင်သည် အတ္ထုပ္ပတ္တိပုံပြင်ထဲက စကားလုံးအချို့ကြောင့် စိတ်လှုပ်ရှားခဲ့သည်။ အထွတ်အထိပ်သူရဲကောင်းတို့သည် သူတို့၏ အခြေခံအုတ်မြစ်ကို အဓိကထားသည်ကို သူ ရှာတွေ့ရှိခဲ့သည်။ ထို့ကြောင့် သူ့၏ လှံသိုင်းပညာရပ်၏ အခြေခံအုတ်မြစ်ကို အကြီးကျယ်ဆုံးဖြစ်အောင် အသည်းအသန် လေ့ကျင့်ခဲ့သည်။
အပိုင်း (၁၈) - အငိုက်ဖမ်းတိုက်ခိုက်ခြင်း
ပျက်သုဉ်းခြင်းတောင်တန်းအတွင်းရှိ တောင်ထိပ်တစ်ခုတွင်…
ရွှယ်ယင်နှင့်ကျုံးလိန်တို့မှာ မုဆိုးထိုင် ထိုင်လျက်ဖြင့် အဝေးသို့ ကြည့်နေလျက်ရှိသည်။စ
“ ဦးလေးကျုံး.. ကျနော်တို့ ဒီပျက်သုဉ်းခြင်းတောင်တန်းမှာ ရှာဖွေနေတာ ၁၂ရက် တင်းတင်းပြည့်တော့မယ်.. အခုထိ ဓားကောက်အဖွဲ့ရဲ့ အရိပ်ခြေရာတွေကို ရှာမတွေ့သေးဘူးနော်.. ” ဟု ရွှယ်ယင်က ပြောလိုက်သည်။
“ ဓားကောက်အဖွဲ့သားတွေက ပျက်သုဉ်းခြင်းတောင်တန်းအထဲကို ပြန်ပြေးဝင်တဲ့အခါတိုင်း ဒီနေရာမှာပဲ အများဆုံးပြေးကြတယ်လေ.. ပြီးတော့ ဒီနှစ်အတောအတွင်းမှာ စုဆောင်းထားတဲ့ သတင်းအရ ဒီနေရာပဲလို့ ငါတို့ အကြမ်းဖျင်း ကောက်ချက်ချထားကြတယ်.. ”
အမှန်တကယ်လည်း ရွှယ်ယင်တို့ ဒီပျက်သုဉ်းခြင်းတောင်တန်းကြီးထဲကို စွန့်စားထွက်လာရခြင်းကလည်း ဓားကောက်ဓားပြအဖွဲ့ကို နှိမ်နင်းရန်အတွက် ဖြစ်ပေသည်။
ဓားကောက်အဖွဲ့ဆိုသည်မှာလည်း ရီရွှေမြို့ကို နှစ်ပေါင်းများစွာ ဒုက္ခပေးလာသည့် ဓားပြအဖွဲ့တစ်ခု ဖြစ်၏။ လူတွေကလည်း သူတို့အား ဆိုးသွမ်းသူအဖြစ် မြင်ထားကြသလို ဖြစ်နိုင်သမျှ ဝေးဝေးကနေ ရှောင်ကြသည်။ ထို့ကြောင့် သူတို့၏ စခန်းတည်နေရာကိုလည်း အကြမ်းဖျင်းတော့ သိထားကြသည်။ ထို့ကြောင့် သူတို့၏ အခြေစိုက်စခန်းမှ မထွက်ခွာမီ ရှိသမျှ စခန်းချတဲတို့အား စစ်ဆေးကြရစမြဲ။
နောက်ပြီး ရွှယ်ယင်တို့ စခန်းချထားသည့်နေရာကို ဗဟိုချက်ထား၍ ပျက်သုဉ်းခြင်းတောင်တန်းအတွင်းသို့ ၂၅၀ ကီလိုမီတာအကွာလောက်တွင် ဓားကောက် ဓားပြအဖွဲ့ရှိနိုင်သည်ဟု ရွှယ်ယင်တို့ ယုံကြည်ထားသည်။
“ ဓားကောက်ဓားပြအဖွဲ့သားတွေက ဒီနေရာမှာ ဝင်လိုက်ထွက်လိုက်နဲ့ပဲ.. ဒီတော့ ဒီနေရာမှာ သူတို့အတွက် စိတ်ချရတဲ့ လမ်းကြောင်းတစ်ခု ရှိနေနိုင်တယ်.. ဒါပေမဲ့ ဒီတောင်တန်းကြီးက ပျက်သုဉ်းခြင်းတောင်တန်းကြီးလေ.. မှော်သားရဲကြီးတွေက အချိန်တိုင်းကို ထွက်ပေါ်လာနိုင်တယ်.. ဒီတော့ သူတို့လည်း တောင်တန်းအတွင်းပိုင်းအထိတော့ မဝင်နိုင်ဘူး.. တောင်တန်းအတွင်းပိုင်းအထိကို ၁၅နာရီလောက် သွားရတယ်.. သူတို့ရဲ့ ခြေလှမ်းကလည်း ငါတို့ထက် ပိုမမြန်နိုင်ဘူး.. နောက်ပြီး ဓားပြအဖွဲ့သားအများစုက သူရဲကောင်းအဆင့်တောင် မရှိကြဘူးလေ ”
ကျုံးလိန်က ရှင်းပြလိုက်သည်။
“ ကဲ.. အချိန်ကို အသုံးချလိုက်ရအောင်.. နောက်ဆုံးတော့ သူတို့ကို တွေ့မှာပါ.. ”
“ ဟုတ်ကဲ့.. ”
တကယ်တမ်းတော့ ၂၅၀ ကီလိုမီတာက ဧရိယာကြီးတစ်ခုဟု မဆိုနိုင်ပါဘူး။ သို့သော် ရွှယ်ယင်တို့အတွက်မူ ရှာဖွေရ ခက်ခဲနေဆဲပါပဲ။
ထို့အပြင် ဓားကောက်ဓားပြအဖွဲ့၏ အခြေစိုက်ဋ္ဌာနချုပ်နေရာကလည်း လျှို့ဝှက်သိုသိပ်သည့် နေရာလည်း ဖြစ်သေးသည်မဟုတ်လား။
ရွှယ်ယင်နှင့် ကျုံးလိန်တို့သည် ဆက်လက်၍ ဂရုတစိုက်ဖြင့် ဆက်လက် ရှာဖွေနေကြသည်။ ရံဖန်ရံခါ မှော်သားရဲကြီးတွေနှင့် ကြုံတွေ့ရင်ဆိုင်ကြရသည်။ သို့သော် ရွှယ်ယင်သည် ငွေလအဆင့်သူရဲကောင်းတစ်ယောက်၏ ပြင်းထန်ပေါက်ကွဲစေသည့် အစွမ်းလောက်နီးနီး ရှိနေသည့်အပြင် သူ့၏ ထူးခြားအားကောင်းသည့် လှံသိုင်းပညာကြောင့် မှော်သားရဲကြီးတို့ကို အနိုင်ယူနိုင်ခဲ့သည်။ နောက်ပြီး ထိုအထဲတွင် အဆင့်၃ထက်ပင် ကျော်နေသည့် ရှားပါးမှော်သားရဲကြီးများလည်း ပါဝင်ပါသေးသည်။
“ ဟူးး ဟူးးး ”
နက်မှောင်နေသည့် တောင်တန်းအတွင်း တည်ရှိနေသည့် နှင်းထုတို့မှာ နှစ်ထောင်ပေါင်းများစွာ အရည်မပျော်ဘဲ တည်ရှိနေသလို တိုက်ခတ်လာသော လေတို့မှာလည်း အေးစိမ့်လွန်းလှ၏။
ရွှယ်ယင်နှင့် ကျုံးလိန်တို့သည် ဓားကောက်အဖွဲ့၏ အရိပ်ခြေရာလက်ရာ သဲလွန်စတို့ကို တိတ်တဆိတ် ရှာဖွေနေဆဲပင်။
“ ဟမ်းး ”
ရွှယ်ယင် မျက်မှောင်တွန့်သွားကာ လေသံနှိမ့်၍
“ ဦးလေးကျုံး.. ဟိုနေရာဘက်ကို တစ်ချက်သွားကြည့်ရအောင်.. ”
အဝေးတစ်နေရာက ကုန်းမြင့်တစ်ခုကို ရွှယ်ယင် လက်ညိုးညွန်ပြလိုက်သည်။
“ ဘာတွေ့မိလို့လဲ.. ” ကျုံးလိန်က ပြန်မေးလိုက်ကာ ရွှယ်ယင်နှင့်အတူ ထိုနေရာသို့ တိတ်တဆိတ်စွာ လျှောက်သွားလေသည်။
“ အင်း.. ဟိုရောက်ရင် တွေ့လိမ့်မယ်.. ”
ရွှယ်ယင်သည် ကုန်းမြင့်အပေါ်သို့ ဂရုတစိုက်ဖြင့် တက်သွားလိုက်သည်။ အနောက်ကနေ ကျုံးလိန်က လိုက်ပါလာခဲ့သည်။ ကုန်းမြင့်အကွယ်တွင် သူတို့နှစ်ယောက်သည် ပုန်းကာဖြင့် အဝေးတစ်နေရာကို ကြည့်လိုက်ပြန်သည်။ ထိုနေရာတွင် အလွန်ကို ကြီးမားလှပကာ ကျောက်စိမ်းပြင်နှင့်ပင် တူလှသည့် ရေကန်ကြီးတစ်ခု ရှိနေသည်။ ထိုကန်ပတ်လည်တွင် တချို့က ရေသောက်လျက်၊ တချို့က မြက်ပင်ကြားတွင် အနားယူလျက်ရှိနေကြသည့်၊ နှစ်ကောင်သုံးကောင်အဖွဲ့ငယ်များဖြင့် စုစည်းရှိနေကြသည့် ဝံပုလွေအုပ်စုကြီးတစ်စု ရှိနေလေသည်။ တစ်ချက်ဝေ့ကြည့်လိုက်ရုံဖြင့် ၎င်းအုပ်စုကြီးသည် အကောင်ရေ နှစ်ရာမှာ သုံးရာအတွင်း ရှိသည်ကို သိနိုင်ပေသည်။ ၎င်းဝံပုလွေတို့သည် အကြေးခွံနက်ခွေးအတို့ထက် အကောင်ပိုကြီးကြသည်။ ဝံပုလွေတိုင်းသည် နူးညံ့သည့် အဖြူရောင်အမွှေးပွများ ပိုင်ဆိုင်ထားကြကာ နှင်းမြင်းပျံနှင့်ပင် ယှဉ်တု၍ ရလောက်သည်။
“ ဆေးလ်ဗားမွန်းဝံပုလွေအုပ်စုကြီးပါလား.. ” ကျုံးလိန်သည် တံတွေးမျိုချကာ ပြောလိုက်သည်။ သူ့မျက်နှာကား အနည်းငယ် ဖြူဖျော့နေပြီ ဖြစ်သည်။
“ အင်း… ပြီးတော့ ဆေးလ်ဗားမွန်းဝံပုလွေဘုရင်လည်း ပါသေးတယ်လေ.. ”
ရွှယ်ယင်က ဝံပုလွေအုပ်စု၏ အဝေးဆုံးကနေရာကို ကြည့်ပြီး ပြောလိုက်သည်။ ရေကန်နံဘေးမှာ ရှိနေသည့် အကောင်အကြီးဆုံး ဝံပုလွေမှာ ဝံပုလွေဘုရင်ဖြစ်သည်။ ထို့အပြင် အရွယ်အစားမတိမ်းမယိမ်းဖြင့် အကောင်ကြီးကြီး ဝံပုလွေ ၁၀ ကောင်တို့ကလည်း သူတို့၏ ဘုရင်ကို ဝန်းရံခစားနေကြသည်။
“ ဆေးလ်ဗားမွန်းဝံပုလွေဘုရင်ကို တကယ်တွေ့ရလိမ့်မယ်လို့ မတွေးထားခဲ့ဘူး.. ” ရွှ့ယ်ယင် ပြုံးလိုက်ချေသည်။ သို့သော် သူ့မျက်နှာက ခါးသီးလို့နေသည်။
“ သွားကြရအောင်.. ။ ငါတို့က သူတို့ကို နိုင်ဖို့ မဖြစ်နိုင်သေးဘူး..” ကျုံးလိန်က ခေါင်းကို ခါယမ်းလိုက်ပါသည်။
ရွှယ်ယင်မှာ ဝံပုလွေတို့ကို ငေးကြည့်လို့နေသည်။
ဟုတ်ပေသည်။ သူတို့မှာ အနိုင်ရဖို့ အခွင့်အလမ်းတစ်စက်မှပင် မရှိချေ။
ဆေးလ်ဗားမွန်းဝံပုလွေနှင့် အကြေးခွံနက်ခွေးအတို့မှာ အဆင့်၃ မှော်သားရဲ ဖြစ်ကြသော်လည်း ဆေးလ်ဗားမွန်းဝံပုလွေတို့က အကောင်ပိုကြီးကြသည်။ ထို့အတူ ခွန်အားဗလလည်း ပိုသာသည်။ ၄၀၀၀ ကီလိုလောက်လေးသည့် ဝံပုလွေတစ်ကောင် ပြေးသည့်အခါ ၎င်း၏ ခွန်အားသက်ရောက်မှုသည် ကီလိုတစ်သောင်းထက် ကျော်သွားနိုင်သည်။ ရွှယ်ယင်အနေဖြင့် ခွေးအ ၅ ကောင်ကို လှံတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် သတ်ဖြတ်နိုင်သော်လည်း ဝံပုလွေကိုမူ တစ်ချိန်မှာ တစ်ကောင်ကိုသာ လွှဲရိုက်နိုင်သည်။ သို့ဖြစ်၍ ဝံပုလွေအကောင် သုံးရာကို ဥက္ကာပျံအဆင့် သူရဲကောင်းစစ်သည် ၅ ဦး စုပေါင်းတိုက်လျှင်ပင် အနိုင်ယူနိုင်မှာ မဟုတ်ချေ။ ထို့အပြင် အသန်မာဆုံး ဝံပုလွေဘုရင်ကလည်း ရှိနေသေးသည်။
" တကယ်လို့ ငါ လျင်လျင်မြန်မြန် လှုပ်ရှားမယ်ဆိုရင် တစ်ချိန်မှာ သုံးလေးကောင်လောက်ကို ရင်ဆိုင်နိုင်တယ်.. "
ရွှယ်ယင် အတွေးဖြင့် အစီအစဉ်ဆွဲကြည့်နေသည်။
" ဒါပေမဲ့ သူတို့ ဘုရင်ရဲ့ အမိန့်ထိန်းချုပ်မှုအောက်မှာဆိုရင် မလွယ်လောက်ဘူး.. ဝံပုလွေတွေ ငါ့ကို ဝိုင်းထားလိုက်ကြမယ်ဆိုရင် ငါ့အတွက် ပြေးလမ်းရမှာ မဟုတ်တော့ဘူး.. "
" သွားစို့... " ရွှယ်ယင်သည် လက်လျော့ခြင်းကိုပဲ ရွေးလိုက်သည်။
ရွှယ်ယင်သည် ပျက်သုဉ်းခြင်းတောင်တန်းတွင် ရောက်ရှိနေသည်က အချိန်အတိုင်းအတာတစ်ခုအထိ ရှိနေပြီး ဖြစ်ရာ သူ့အတွက် မှော်သားရဲကြီးတွေက ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုတာ ကောင်းကောင်း သဘောပေါက်နေပြီ ဖြစ်သည်။ တကယ်၍ ဝံပုလွေတွေနှင့် တိုက်ခိုက်ကြည့်လျှင် သူ့အတွက် အောင်မြင်မှုရာခိုင်နှုန်းက ၁၀ ရာခိုင်နှုန်းပင် ရှိမှာ မဟုတ်ချေ။ သို့သော် သူ့၏ သေဆုံးနိုင်ခြေက ရာခိုင်နှုန်း ၈၀ ရှိလေသည်။
ဤမျှအထိတော့ မစွန့်စားသင့်လေပြီ။
……
သုံးရက်အကြာ...
ရွှယ်ယင်မှာ ဓားကောက်အဖွဲ့အား ရှာဖွေနေမှုကို လက်မလျော့သေးချေ။
" ဓားကောက်အဖွဲ့က တော်တော်လေးကို အပုန်းကောင်းတာပဲ "
ရွှယ်ယင် အံကိုကြိတ်ပြီး ပြောလိုက်သည်။ ဒီဧရိယာပတ်လည်မှာ သူတို့ ရှာဖွေနေသည်မှာ လတစ်ဝက်နီးပါး ရှိခဲ့လေပြီ။
" သူတို့ရဲ့ အသိုက်အမြုံကို ရှာတွေ့မှာကို သူတို့လည်း ကြောက်ကြတယ်လေ.. "
ဟု ကျုံးလိန်က ပြောလိုက်သည်။
" ရွှယ်ယင်.. မင်း စိတ်ကို ရှည်ရှည်ထားသင့်တယ်.. မင်းဦးလေးနဲ့ မင်းမိဘရယ် ငါရယ် ရှာဖွေတုန်းကဆို သုံးလတောင် အချိန်ကုန်ခဲ့သေးတယ်လေ.. "
" ဒါဆို တွေ့ရော တွေ့ခဲ့လား.. " ရွှယ်ယင်က မေးမြန်းလိုက်သည်။
" မတွေ့ခဲ့ဘူး "
" မတွေ့ခဲ့ဘူး.. " ရွှယ်ယင် ငေးကြောင်သွားသည်။ ဦးလေးကျုံးလိန်က မဟာအောင်မြင်တစ်ခုကို ပြောပြနေသည်နှင့် တူနေသလိုဟု သူတွေးလိုက်မိသည်။
ကျုံးလိန် ပြုံးလိုက်ချေသည်။
" ဘာလဲ..ထူးဆန်းလို့လား.. ရတနာပစ္စည်းရှာရင်ရော အမြဲလိုလို ရတတ်လို့လား... ဒီကမ္ဘာမှာ ဘယ်အရာမှ ကိုယ့်ဆန္ဒအတိုင်း မဖြစ်လာနိုင်ဘူးလေ.. "
ထိုအခါ ရွှယ်ယင် ခေါင်းညိတ်လိုက်လေသည်။
ထိုစကားက သူ့ခံစားချက်အား နိုးကြားလာစေခဲ့သည်။ ဒီလောကမှာ ပစ္စည်းဆယ်ခုရှိလျှင် ကိုးခုက သင့်အား စိတ်ကျေနပ်စေလိမ့်မည် မဟုတ်။
ရွှယ်ယင်မှာ တချို့နယ်ပယ်တွင် ဦးလေးကျုံးလိန်ထက် ပိုတော်သည်ဟု သူ့ကိုယ်သူ တွေးထားခဲ့သည်။ ဥပမာ ငွေကြေးဘဏ္ဍာရေးနှင့် ကျင့်ကြံခြင်းနည်းပညာရပ်တို့မှာ ဖြစ်သည်။ သို့သော် အတွေးအခေါ်အပိုင်းမှာမူ သူသည် နည်းနည်းသာ သိထားသည်။
လူနှစ်ဦးသည် ဆက်လက် ရှာဖွေနေခဲ့သည်။ ထိုအခိုက်တွင်
သေးသွယ်အကောင်ငယ်ပြီး အရောင်အဆင်း မှိုင်းပျမဲမှောင်သည့် ခြေလေးချောင်း သားရဲကောင်တစ်ကောင်သည် သစ်ပင်တစ်ပင်အထက်တွင် ရပ်ကာ ရွှယ်ယင်နှင့် ကျုံးလိန်အား အပေါ်စီးမှ ငုံ့ကြည့်နေလျက် ရှိနေသည်။
ကျုံးလိန်နှင့် ရွှယ်ယင်မှာ သူ့အား လုံးလုံး သတိမထားမိချေ။
" ရွှစ်..."
ထိုသားရဲကောင်သည် နောက်သစ်ပင်တစ်ပင်သို့ သာယာပေါ့ပါးစွာ ခုန်ကူးလိုက်သည်။ ရွှယ်ယင်တို့အား ဆက်လက် စိုက်ကြည့်လို့ နေပြန်သည်။ ရွှယ်ယင်၏ ဆဋ္ဌမအာရုံသည် အင်မတန်ထက်မြက်သည်ဟု ပြောရမည်ဖြစ်သော်လည်း ထိုသားရဲကောင် လှုပ်ရှားမှုအား သူ လုံးဝ မသိရှိလိုက်ချေ။
ထိုသားရဲကောင်သည် လေကို ကောင်းကောင်းခွင်းနိုင်သည့် ကိုယ်ခန္ဓာတည်ဆောက်ပုံရှိသည့်အပြင် အကြေးခွံနက်ခွေးအ၏ ခန္ဓာကိုယ်လောက်လည်း ရှိလေသည်။
သို့သော် ၎င်းတွင် ပိုးသားကဲ့သို့ အမွှေးလည်း ရှိသည်။ ထို့ကြောင့် ၎င်း၏ ခန္ဓာကိုယ်မှာ တစ္ဆေသရဲဆန်ဆန် ဖြစ်နေ၍ တွေ့မြင်ရသူ လူသားတို့မှာ ကြောက်လန့်သွားနိုင်ပေမည်။
၎င်းသားရဲကောင်သည် ကြောက်လန့်ဖွယ်ကောင်းသည့် အဆင့်၅ မှော်သားရဲလည်း ဖြစ်သည့် အရိပ်ကျားသစ် ဖြစ်ပေသည်။
ဤကြောက်မက်ဖွယ်ကောင်းသည့် အရိပ်ကျားသစ်သည် အရိပ်အမှောင်အထဲ၌သာ တိတ်တဆိတ် ပုန်းလျှိုးကွယ်လျှိုး နေတတ်သည်။ သို့သော် ၎င်း၏ အစွယ်ကို ထုတ်ပြသည့်အခိုက်တွင်တော့ သူ့၏သားကောင်မှာ မလွဲဧကန်ပင် သေဆုံးရလေသည်။ ဤတောင်တန်းကြီးတွင် အရိပ်ကျားသစ်တို့သည် ထိပ်သီးအဆင့် မှော်သားရဲကြီးများ ဖြစ်ကြလေသည်။
ဒဏ္ဍာရီလာ အဆင့်၆ မှော်သားရဲကြီးဖြစ်သည့် အရိပ်ကျားသစ်ဘုရင်မှာမူ အရိပ်အမှောင်ထဲတွင် တစ်ကိုယ်လုံးအား ဖုံးကွယ်ထားနိုင်စွမ်း ရှိသည်။ လူသားတို့သည် အရိပ်ထဲက အရိပ်ကျားသစ်အား မျက်လုံးကျယ်ကျယ်ဖွင့်၍ ကြည့်စေကာမူ မမြင်ရနိုင်ချေ။
" ဟူ... ဟူ.. ဟူ.. "
အရိပ်ကျားသစ်သည် အရှေ့သို့ တိတ်တဆိတ်ဖြင့် ရွေ့လျားလာနေသည်။ သူ၏ အာရုံကား အနက်ရောင်အဝတ်လူငယ်ကိုသာ စူးစိုက်ထားသည်။ ထိပ်သီးအဆင့် သားရဲကြီးဖြစ်၍ အနက်ရောင်အဝတ်နှင့်လူငယ်သည် ငွေရောင်ဆံပင်မြွေမျိုးနွယ်ထက် ပိုပြီး အန္တရာယ်ရှိသည်ကို ခံစားနိုင်လေသည်။ ထို့ကြောင့် ထိုလူသယ်ကို အရင်သတ်နိုင်ပါက နောက်ပိုင်းကိစ္စ လွယ်ကူသွားနိုင်မည်။
" ရှူးးး "
အရိပ်ကျားသစ်၏ မျက်ဝန်းညိုညိုထဲတွင် သွေးဆာလောင်သည့် အငွေ့အသက်တို့ ဖျတ်ခနဲ ဖြတ်သန်းသွားပြီးနောက် ခုန်ထွက်လိုက်လေသည်။
ညိုမှိုင်းမှိုင်း အရိပ်တန်းတစ်ခု...
မြန်လွန်းလှချေသည်။
ရွှယ်ယင်၏ မိုင်ကုန်အလျင်နှုန်းပင်လျှင် အရိပ်ကျားသစ်ထက် နှေးကွေးနေသေးသည်။ အရိပ်ကျားသစ်၏ အလျင်နှုန်းသည် ငွေလအဆင့်သူရဲကောင်းစစ်သည်တို့ကိုပင် ခေါင်းကိုက်စေနိုင်သည်။
" သေစမ်းးး "
ရွှယ်ယင် အနောက်ပြန်ကြည့်ဖို့ အချိန်မရှိတော့သလို ခုခံကာကွယ်ဖို့ အချိန်လည်း မရတော့ချေ။ အရှေ့သို့သာ ပြေးရင်း အနောက်ပြန် လှံထိုးလိုက်သည်။ ရွှယ်ယင်၏ လှံထိုးချက်သည် အဆင့်၄ မှော်သားရဲကောင်ကို ကောင်းကောင်းခုခံတားဆီးနိုင်သည်။ သို့ပေမဲ့ ယခုတိုက်ခိုက်လာသည့် အရိပ်ကျားသစ်မှာ အဆင့်၅ မှော်သားရဲ ဖြစ်ချေသည်။ အရိပ်ကျားသစ်၏ လက်သည် လှံနံဘေးကို ပုတ်ထုတ်လိုက်သည်။ လှံဖျား နိမ့်သွားသည့်အခါတွင် အရှေ့သို့ ခုန်လိုက်ပြီး ရွှယ်ယင်၏ ကျောပြင်ကို ကုတ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသည့် ခွန်းအားက ရွှယ်ယင်၏ ကိုယ်အပေါ်သို့ ရောက်ရှိသွားလေကာ ရွှယ်ယင်မှာ အရှေ့မြေပြင်သို့ တွန်းလဲကျသွားသည်။
" ဘန်းးး "
ရွှယ်ယင်သည် လှံသိုင်းပညာရပ်တွင် ထိပ်သီးတစ်ပါးအလား ကျွမ်းကျင်နေသည်ဖြစ်ရာ အရိပ်ကျားသစ်၏ တိုက်ခိုက်မှုကို ခံလိုက်ရသော်လည်း သူ့လှံတံအား ပြန်လှန်တိုက်ခိုက်နိုင်သေးသည်။ လှံကို လွှဲယမ်းကာ အရိပ်ကျားသစ်အား ရိုက်ချလိုက်၍ အရိပ်ကျားသစ်မှာ ရှောင်ချိန်မရလိုက်ချေ။ ရွှယ်ယင် ခန္ဓာကိုယ်က အရှေ့သို့ လွင့်စင်သွားသော်လည်း တစ်ပတ်လည့်၍ ပြင်းထန်အားကောင်းသည့် လှံချက်ကို သုံးလိုက်နိုင်ခဲ့သေးသည်။
အရိပ်ကျားသစ်သည် မြေပြင်ပေါ် ပြုတ်ကျသွားခဲ့သည် သို့သော် ပျော့ပျောင်းသော ခန္ဓာကိုယ်တည်ဆောင်ပုံကြောင့် ပြုတ်ကျအားကို ချက်ချင်းစုပ်ယူလိုက်ကာ ခြေဖျက်လိုက်လေသည်။
ရွှယ်ယင်မှာလည်း မြေကြီးထက်တွင် လိမ့်ထွက်သွားပြီးမှ ထိုင်လိုက်နိုင်သည်။ လှံကို ကျစ်ကျစ်ဆုပ်ရင်း အရိပ်ကျားသစ်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ သူ့နောက်ကျောပြင်မှာ နာကျင်နေကာ သူ့အတွင်းကလီစာတို့မှာလည်း ပြင်းပြင်းထန်ထန် နာကျင်သွားလေသည်။ ပါးစပ်မှာလည်း ငန်ကျိကျိ ဖြစ်နေသည်။
" ဖူးး "
ရွှယ်ယင် သွေးတစ်လုတ် အန်လိုက်သည်။ သူ့သွားတွေမှာ သွေးများဖြင့် ခြင်းခြင်းနီရဲသွားသည်။ သူကား အရိပ်ကျားသစ်ကို မမှိတ်မသုန် စိုက်ကြည့်သည်။
အပိုင်း (၁၉) - သေခြင်းရှင်ခြင်း တစ်ခဏအတွင်
" ဒီကောင်က အရိပ်ကျားသစ်ပဲ... "
ကျုံးလိန်တစ်ယောက် အကြီးအကျယ် ထိတ်လန့်သွားသည်။
သို့သော် ပြည့်ဝလှသည့် တိုက်ခိုက်မှုအတွေ့အကြုံများကြောင့် သူ ချက်ချင်း အနောက်ဆုတ်လိုက်သည်။
" ရွှစ် ရွှစ်.. "
အားကောင်းလှသည့် သူ့အမြီးကြောင့် ကျုံးလိန်သည် သုံးချက်ခုန်လိုက်ရုံဖြင့် ဘေးကင်းလွတ်သည့် သစ်ပင်တစ်ပင်အပေါ် ရောက်ရှိသွားသည်။ အမှောင်ကျားသစ်၏ အကြည့်သည် ကျုံးလိန်ဆီကို အေးစက်စွာ တစ်ချက်မျှသာ ကြည့်ပြီနောက် ရွှယ်ယင်ကိုပဲ ဆက်လက်စိုက်ကြည့်နေသည်။
အရိပ်ကျားသစ်သည် ငွေရောင်ဆံပင်နှင့်မြွေမျိုးနွယ်လူကြီးအား သိပ်ဂရုမစိုက်ချေ။ အရိပ်ကျားသစ်တို့သည့်ပြေးခြင်းအရာတွင် နာမည်ကျော်သည့် အဆင့်၅ မှော်သားရဲ ဖြစ်သည်။ ကောင်းကင်အဆင့်သူရဲကောင်းစစ်သည်တစ်ယောက်ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည်။ ထို့အပြင် အရိပ်ကျားသစ်၏ ခန္ဓာကိုယ်သည် အလွန်တရာ မာကျောလှရာ ကောင်းကင်အဆင့် သူရဲကောင်းတစ်ယောက်တောင်မှ သူ့အား ဒဏ်ရာမရရှိစေနိုင်ချေ။ ထို့ကြောင့် အဆိုအဆိုပါ အရိပ်ကျားသစ်သည် ကျုံးလိန်အား ဂရုမစိုက်ဘဲ ရွှယ်ယင်ကိုသာ အာရုံစိုက်လိုက်ခြင်း ဖြစ်သည်။
အနက်ရောင်အဝတ်နှင့် လူငယ်သည် သူ့အတွက် အနှောင့်အယှက်ကြီးတစ်ခု ဖြစ်သည်။ သူ အငိုက်ဖမ်းတိုက်ခိုက်လိုက်တာကိုတောင်မှ အဆိုအဆိုပါလူငယ်က တန်ပြန်ခုခံနိုင်စွမ်း ရှိလေသည်။
" ဦးလေးကျုံး... ဦးလေး အရင်ပြေးနှင့်... မြန်နိုင်သလောက် မြန်မြန်ပြေးတော့.. "
ရွှယ်ယင် အသံနှိမ့် ပြောလိုက်သည်။
" ရွှယ်ယင်.. ဒါဆို ဂရုစိုက်ဦး.. အရိပ်ကျားသစ်တွေက အရမ်းလျင်တာ... "
ကျုံးလိန်မှာ သူကိုယ်နှိုက်က အကူအညီမပေးနိုင်မှန်း သိ၍ အနောက်ဆုတ်ဖို့ပဲ ရွေးလိုက်သည်။
ရွှယ်ယင်သည် အရိပ်ကျားသစ်ကို စိုက်ကြည့်၍ ပြုံးလိုက်ကာ
" အဆင့်၅ မှော်သားရဲနဲ့ ဆုံရမယ်လို့ ငါ တကယ်ကို မထင်ထားခဲ့ဘူး.. " ဟု ဆိုလိုက်သည်။
ထို့နောက် ရင်ဘတ်တွင် သိုင်းထားသည့် သားရေပတ်ပြားကို လွှတ်ချလိုက်လျှင် လက်နက်သေတ္တာက မြေကြီးပော် ပြုတ်ကျသွားသည်။ ၎င်းသေတ္တာသည် အရိပ်ကျားသစ်ကြောင့် လုံးဝ ပျက်စီးနေပြီး ဖြစ်သည်။ ရွှယ်ယင်၏ အင်္ကျီသည်လည်း အခြေအနေမကောင်း။ သူ့၏ အတွင်းကိုယ်ကျပ်အင်္ကျီကြောင့်သာ ဒဏ်ရာကြီးကြီးမားမား မရရှိလိုက်ချေ။
" ဝေါင်း.. ကရားးး "
အရိပ်ကျားသစ်သည် အသာ မာန်ဖီလျက် ရွှယ်ယင်ကို ဝိုင်းကြီးပတ်နေသည်။ ၎င်း၏ခြေလှမ်းတို့က အလွန်ကို ပေါ့ပါး၏။ လှမ်းလိုက်သော ခြေဖဝါးတို့မှလည်း မြေသားဖိနင်းသံကြားရသည်။
ရွှယ်ယင်၏ အကြည့်သည် ကျားသစ်ထံဝယ် တစိုက်မတ်မတ်ဖြင့် လိုက်နေသည်။
လူသားတစ်ယောက်နှင့် မှော်သားရဲတစ်ကောင်..
တစ်ယောက်မျက်လုံးကို တစ်ယောက်စိုက်ကြည့်နေလျက်..
သေခြင်းရှင်ခြင်းက တစ်ခဏအတွင်း လာချေတော့မည်..
" ဝုန်းးး ဝုန်းးး "
အရိပ်ကျားသစ်က ရုတ်တရက် စတင်လှုပ်ရှားလာသည်။
အရှေ့ကို ခုန်ထွက်လာကာ အရှေ့ခြေဖဝါးက မြေကြီးမှာ ကျရောက်သွားသည်နှင့် ချက်ချင်း ရွှယ်ယင်ဆီ ဦးတည်ပြေးလာသည်။
" သေလိုက်တော့... "
လှံကလည်း ရွှယ်ယင်လက်ထဲမှာ မြွေတစ်ကောင်အလား..
အရိပ်ကျားသစ်၏ ရှေ့မှောက်မှာ ချက်ချင်း တုန့်ပြန်လှုပ်ရှားလာချေသည်။
အရိပ်ကျားသစ်သည် ရွှယ်ယင်ထံတွင် အကြည့်ကို စိုက်ထားသည်။
အရိပ်ကျားသစ် အရှေ့ကို ခုန်ဝင်လာပြန်လေသည်။ ခြေလေးချောင်းစလုံးက မြေပြင်ကြီးကို စည်းချက်ကျကျ ခုန်နင်းကာ အရှေ့ဆီသို့ လျှပ်စီးလက်သည့်နှယ် ပေါ့ပါးစွာ ခုန်ဝင်လာသည်။ ခောင်းဦးတည်ရာကို ဘယ်မှညာ ညာမှဘယ် အပြန်ပြန် ပြောင်းလဲနေကာ ရွှယ်ယင်၏ လှံဖျားအား လှီးလွဲဖယ်တိမ်း ရှောင်ရှားရင်း အကွက်ချောင်းနေပြန်သည်။
တစ်ကြိမ်ပြီး တစ်ကြိမ်..
ရွှယ်ယင်ဆီ ခုန်ဝင်လိုက်.. လမ်းကြောင်းကို ရုတ်ချည်းပြောင်းလိုက်နှင့်...
ရွှယ်ယင်လည်း ခွန်အားအပြည့်သုံးပြီ ခုခံနေရသည်။
" ရွှစ်.. ရွှစ်.. ရွှစ် "
အရိပ်ကျားသစ်မှာ တစ္ဆေနတ်ဆိုးတစ်ကောင်လို ဖြစ်လာကာ ရွှယ်ယင်အား အဆက်မပြတ် ဝိုင်းပတ် လှည့်လေသည်။
ထို့အတူ ရွှယ်ယင်၏ နှင်းပျံနတ်လှံကလည်း တစ္ဆေဆန်ဆန် ပုံရိပ်များ မရေမတွက်နိုင်အောင် စတင်ပြောင်းလဲလာကာ နှင်းပွင့်ခဲများ ကျဆင်းလာဟန် ပုံရိပ်ယောင်များ များစွာ ဖန်တီးဖြစ်ပေါ်လာလေသည်။
" မြန်တယ်.. တကယ့်ကို မြန်လွန်းတယ်.. "
" မရသေးဘူး.. ဒါ မလုံလောက်သေးဘူး.. "
ရွှယ်ယင်မှာ သူကိုယ့်သူ နှေးနေမှန်း သတိပြုမိသည်။ သူသည် လျှို့ဝှက်ဆန်းကျယ် ရေခဲနက်လှံသိုင်းပညာကို သူ့အား နာမည်ကျော်ကြားစေခဲ့သည်အထိ ကျွမ်းကျင်လိမ္မာစွာ တတ်မြောက်ထားသော်လည်း အရိပ်ကျားသစ်နှင့် ယှဉ်အဆိုပါလျှင် ကွာဟနေမှုမှာ အလွန်ပင် ထင်ရှားနေသည်။ အရိပ်ကျားသစ်သည် ရွှယ်ယင်ကို သူ့ပိုင်နက်ဟု သဘောထားနေသလာ မဆိုင်နိုင်ချေ။ အဆက်မပြတ် လှည့်ပတ်နေလျက်ရှိကာ တစ်ပတ်ပြီး တစ်ပတ် ပတ်နေရင်း အခွင့်ကောင်းကို ရှာလျက် ရှိသည်။ ထိုကဲ့သို့ တစ္ဆေခြောက်သည့်သဖွယ် ရွေ့လျားမှုမှာ အရိပ်ကျားသစ်၏ ပညာကုန်မဟုတ်သေးချေ။ ပုံမှန်ရွေ့လျားမှုသာ ဖြစ်ချေသည်။ အရိပ်ကျားသစ်၏ မရွေ့လျားသော အကြည့်အောက်တွင် အရာအားလုံးသည် သူ့ထိန်းချုပ်မှုအောက်မှာ ရှိနေသကဲ့သို့။
" ဝေါင်း "
ပတ်ဝန်းကျင်က စတင်တုန်ခာလာသကဲ့သို့ အရိပ်ကျားသစ်သည် ရုတ်တရက် အရှိန်တင်လိုက်ကာ ရွှယ်ယင်ကို ရုတ်ချည်း တိုက်ခိုက်လိုက်သည်။
" အချိန်ရောက်ပြီး.. "
ရွှယ်ယင်က ထိုသို့ ရေရွတ်လိုက်ကာ သူ့မျက်ဝန်းအစုံသည် နီရဲလာလေသည်။ ထို့အတူ အနီအရောင်အငွေ့အသက်အရှိန်အဝာများကလည်း သူ့ကိုယ်ထဲကနေ လွှင့်ပျံ့လာသည်။ ထိုအချိန်မှာ ရွှယ်ယင်သည် သူ့၏ ကမ္ဘာဦးသွေးအမွေအစွမ်းအားလုံးကို အကုန်ဖွင့်ထုတ်လိုက်လေသည်။
စွမ်းအားပေါက်ကွဲခြင်းးး
" ဝုန်းးးး "
လှံထိပ်ဖျား လည်သွားသည့်အခါတွင် လေပြင်အလွှာကို စုတ်ဖြဲလိုက်သကဲ့သို့ဖြင့် ခုန်အုပ်လာချေသော အရိပ်ကျားသစ်ဆီသို့ လှံသည် ထိုးဝင်သွားခဲ့သည်။
အရိပ်ကျားသစ်မှာ လန့်ဖျပ်သွားသည်။
လှံ၏ အမြန်နှုန်းက သူထင်ထားသည်ထက် ကျော်လွန်နေသည်။ စတင်မတိုက်ခိုက်ခင်က လှံကို ကြိုတင်သတိမူထားခဲ့လျှင် ထိုလှံချက်အား အသည်းအသန်ရှောင်စရာလိုမှာ မဟုတ်။ သို့သော် ယခုတွင် ရှိသမျှ အားအင်ကို အပြည့်သုံးလိုက်၍ ရွှယ်ယင်အရှေ့ကို ရောက်နေပြီ ဖြစ်သည်။ အကွာအဝေးက အလွန်နီးကပ်နေပြီ။ အရှိန်ကလည်း များသည်ဖြစ်ရာ သူ့အတွက် ရှောင်ဖို့က မဖြစ်နိုင်တော့ပေ။
" ဝေါင်း "
ခြောက်ခြားဖွယ် ဟိန်းဟောက်အသံတစ်ချက်နှင့်အတူ လှံကို ၎င်း၏အရှေ့လက်သည်းဖြင့် ပက်ထုတ်လိုက်သည်။ တဝီဝီလည်နေသည့် လှံကား မြွေလိမ်မြွေကောက်သွားသည်နှယ် ရွေ့သွားခဲ့လေ၏။ ပုတ်ထုတ်မှုကြောင့် လှံ၏ အဓိကအင်အားမှာ လျော့ပါးသွားသော်လည်း ဆက်လက်ပြီးတော့ အရိပ်ကျားသစ်၏ ဝမ်းဗိုက်ဆီကို တိုးဝင်သွားခဲ့သည်။
အရိပ်ကျားသစ်သည် အရိုးမရှိသည့်နှယ် တစ်ကိုယ်လုံးကို လိမ်တွန့်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် လှံထိုးသွင်းချက်ကို အစွမ်းကုန် ရှောင်လိုက်ရသည်။
" ရွှစ် "
သို့သော် လှံသည် အရိပ်ကျားသစ်၏ နူးညံ့သော ဝမ်းဗိုက်ဖြူအား ဖြတ်သန်းသွားလေရာ သွေးတွေပင် ထွက်လာလေသည်။
ထိုသို့ လှံ၏ အားကို ယူ၍ အရိပ်ကျားသစ်သည် ရွှယ်ယင်၏ ဆန့်ကျင်ဘက်က သစ်ပင်ဆီသို့ ခုန်တက်လိုက်သည်။ သူ့၏ ဝမ်းဗိုက်နေရာမှာ အလျားတစ်ပေခန့်ရှိသည့် ဖြတ်ရာရှည်တစ်ခု ရှိနေသည်။ ဒဏ်ရာကို ပိတ်ထားလိုက်သော်လည်း သွေးတွေက ဆက်လက်ထွက်နေပါသေးသည်။ အရိပ်ကျားသစ်၏ ဒေါသထွက်လာသည့် မျက်ဝန်းညိုတို့က ရွှယ်ယင်ကို အလျှော့မပေးလိုဟန်ဖြင့် ကြည့်လိုက်၏။
" ဒါတောင်မှ မင်းကို မသတ်နိုင်သေးပါလား... မင်း တော်တော်ကံကောင်းတာပဲ.. "
ရွှယ်ယင်မှာ အရိပ်ကျားသစ်အား အထူးသတိထားပြီ ကြည့်လိုက်သည်။ စိတ်ထဲမှာ သတိလက်လွှတ်မနေရဲချေ။ သူ့အစွမ်းအား ပေါက်ကွဲထုတ်သုံးလိုက်သည့်အခါသည် ရန်သူအငိုက်မိသွားသည့်အခါ ဖြစ်၍ အကောင်းဆုံး တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် ယခုအခါ အရိပ်ကျားသစ်မှာ သတိအနေအထားဖြင့် သူ့ကို စောင့်ကြည့်နေသည်ဖြစ်၍ သူ့အတွက် အခက်အခဲ ဖြစ်လာစေတော့သည်။
အရိပ်ကျားသစ်မှာ ဒေါသထွက်နေသည်။
" ရွှစ်.. ရွှစ်.. ရွှစ်.. "
ရုတ်တရက် အရိပ်ကျားသစ်သည် သစ်ပင်ပေါ်ကနေ သုံးဆင့် ခုန်ဆင်းလာပြီးလျှင် ရွှယ်ယင်အား တိုက်ခိုက်လိုက်သည်။
" ရှူးးးး "
သွေးကဲ့သို့ နီရဲသည့် အငွေ့အသက်များ ရွှယ်ယင် ကိုယ်ပေါ်ကနေ လှိုင်းထလာပြီးလျှင် လှံအား ကျစ်ကျစ်ကိုင်၍ လှံထိုးလိုက်၏။ အရိပ်ကျားသစ်လည်း ဘေးသို့ ခုန်ရှောင်လိုက်၏။
" သေစမ်း.. " လှံသည် လေထဲကိုသာ ထိုးမိသွား၏။ ဒါပေမဲ့ ရွှယ်ယင်က လှံကို ချက်ချင်း လွှဲရိုက်၏။
လွှဲရိုက်သည့် လှံ၏ အင်အားသည် ကောင်းကင်ကိုလည်း ပြိုကျစေနိုင်၏။ မြေပြင်ကိုလည်း စုတ်ပြတ်စေနိုင်၏။ ထိုအင်အားကား အရိပ်ကျားသစ်အား အကြီးအကျယ်ကြောက်ရွံ့စေသည်။ တကယ်၍ ထိုလှံချက်သာ အရိပ်ကျားသစ်အား ထိရောက်သွားပါက ရွှယ်ယင်အား အနိုင်ရစေတော့မည်။
တကယ်၍ အရိပ်ကျားသစ်အား မသတ်နိုင်ခဲ့သည့်တိုင်အောင် ထိုလှံလွှဲရိုက်ချက်ကြောင့် အကြီးအကျယ် ဒဏ်ရာရစေလိမ့်မည်။ ဒါဟာ ရွှယ်ယင်၏ ကမ္ဘာဦးအမွေအစွမ်းပကား ဖြစ်ချေသည်။ ဘေးဖြတ်ရိုက်လိုက်သည့် လှံ၏ အင်အားသည့် အသွားမှာပဲ စုစည်းသွားသည်။ ဒါဟာ ရွှယ်ယင်၏ အသားစီးရဖို့ လှံချက်တစ်ချက် ဖြစ်ပေသည်။
အရိပ်ကျားသစ်သည် ရေသဏ္ဍာသဖွယ် တစ်ကိုယ်လုံး လှိုင်း တအိအိထသွားသည်။ ၎င်း၏ လက်သည်းဖြင့် လှံကို ခုခံကာကွယ်ကာ သက်ရောက်လာသော ပြင်းအားကို တတ်နိုင်သမျှ လျှော့ချလေသည်။
" ဝုန်းးးး "
လှံသည် အနားက သစ်ပင်အား ထိမှန်သွားသည်။ ရုတ်တရက် သစ်ခေါက်များ တုန်ခါလာပြီးလျှင် ပေါက်ကွဲမှုတစ်ခုလို လွင့်စင်ထွက်ကုန်သည်။ သစ်ပင်တစ်ပင်လုံး ဖြတ်တောက်လိုက်သည့်နှယ် ပေါက်ကွဲခြင်းနှင့်အတူ သစ်ပင်တစ်ပင်လုံး လဲပြိုကျလာသည်။
" ငါ့အတွက် သေလိုက်တော့ကွာ "
ရွှယ်ယင် အရှေ့သို့ တက်ကာ လှံဖြင့် ထိုးသည်။ ပိုင်းသည်။ လွှဲရိုက်သည်။
အဆက်မပြတ် ဒရကြမ်း တိုက်ခိုက်မှုတွေသည် အရိပ်ကျားသစ်ဆီသို့ တိုးဝင်သွားသည်။ အရိပ်ကျားသစ်သည်လည်း အသည်းအသန် ရှောင်ရှားကာ အနောက်ဆုတ်ရသည်။ ဘေးပတ်ဝန်းကျင်က သစ်ပင်တို့ကလည်း ကံမကောင်းခဲ့ကြ။ ရွှယ်ယင်၏ လှံချက်ကြောင့် ကျိုးပဲ့ကြသလို လူသုံးယောက်ဖက်မှ လုံးပတ်ပြည့်သည့် သစ်ပင်ကြီးတချို့ကလည်း သူ့လှံထိုးချက်ကြောင့် တိုးလျိုးပေါက် ဖြစ်သွားကုန်သည်။ ရွှယ်ယင်၏ အကြမ်းပတမ်း တိုက်ခိုက်မှုကို ထိုသစ်ပင်တွေက ဘယ်လိုခံနိုင်ရည်နှင့် ခုခံနိုင်ကြမည်နည်း။
……
သူတို့၏ တိုက်ပွဲက ကွက်လပ်ငယ်အဝိုင်းတွင် တစ်ချိန်လုံး တိုက်ခိုက်ကြခြင်း ဖြစ်သည်။ ရွှယ်ယင်သည် ဦးလေးကျုံး အဝေးကြီးမှာ ပုန်းနေပြီးဆိုတာကိုလည်း သိနေပြီ ဖြစ်သည်။ ထိုကြောင့် ထိုအတွက် အသက်ပြင်းချလိုက်သော်လည်း စိတ်မအေးရသေးချေ။
အဘယ်ကြောင့်ဆိုသော် သူ့၏ ခွန်အားများ ပေါက်ကွဲမှုအင်အားနှင့် အကြမ်းပတမ်းတိုက်ခိုက်လိုက်မှုကြောင့် အသားစီးရနေသည်မှန်သော်လည်း သူ အနောက်ဆုတ်သည်နှင့် အရိပ်ကျားသစ်က ချက်ချင်း အသာစီးရမှာ သေချာသည်။ ထို့ကြောင့် အနောက်ဆုတ်ဖို့ မဖြစ်နိုင်တော့ပေ။ အရိပ်ကျားသစ်သည် မူလကတည်းက သွက်လက်လျင်မြန်သည့် အမျိုး မဟုတ်လား။ အရိပ်ကျားသစ်သည်သာ ယခုမတိုက်ခိုက်ဘဲ နောက်မှ နောက်ယောင်ခံတိုက်ခိုက်မည်ဆိုလျှင်လည်း ရွှယ်ယင်တို့ ဘာမှ တတ်နိုင်မှာမဟုတ်တော့ပေ။
“ ငါ… ဘာလုပ်သင့်ပြီလဲ.. အချိန်ကြာကြာတိုက်နေရင်တော့ ငါ အားကုန်ပြီး အကြာကြီး ခံတိုက်နေလို့ ရမှာ မဟုတ်တော့ဘူး.. ”
ရွှယ်ယင်သည် သူ့၏ အထူးစွမ်းအားကို အသုံးပြုလိုက်သည့်အခါတွင် သူ့၏ စွမ်းအင်များက အလျင်အမြန် ကုန်ဆုံးလာပါတော့သည်။
စွမ်းအင်ကို အကုန်သုံးပြုပြီးတာနဲ့ သူ သေရလိမ့်မည်။
" ဂရားးး ဝေါင်းးး "
အရိပ်ကျားသစ်သည် ဝါရင့် အမဲလိုက်သမားဟု ဆိုနိုင်လေရာ အခွင့်ကောင်း အကွက်ကောင်းကိုသာ အဆက်မပြတ် ချောင်းမြောင်းလေသည်။
နောက်ဆုံးတွင်တော့…
ရွှယ်ယင်၏ ခွန်အားကုန်ဆုံးမှုသည်လည်း တိုက်ခိုက်လေ ကုန်ဆုံးလာရလေ ဖြစ်လာတော့သည်။ အရိပ်ကျားသစ်လည်း လျှပ်စစ်လက်သည့်နှယ် ရွှေ့လျားလာခဲ့ကာ ရွှယ်ယင်အရှေ့သို့ ရောက်ရှိလာခဲ့သည်။
“ မကောင်းတော့ဘူး.. ” ရွှယ်ယင် နှလုံးသားမှာ တုန်လှုပ်သွားကာ ခေါင်းနားပန်းကြီးသွားသည်။
ဘဝသေဆုံးခြင်းကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရလေပြီး.. ။
“ နင်လည်း သေပေတော့.. သေ… သေ.. သေ.. ”
ရွှ့ယ်ယင် ရူးမတတ်ဖြစ်နေကာ မျက်လုံးကလည်း နီရဲလာသည်။
“ မင်းနဲ့ ငါနဲ့ တစ်ယောက်မဟုတ် တစ်ယောက်က သေရမှာပဲ.. ”
ရွှယ်ယင်သည် ရှိသမျှ အင်အားအကုန်တို့အား အကုန်သုံး၍ လှံဖြင့် ထိုးလိုက်သည်။
ဤလှံချက်ကား သူ့၏ နောက်ဆုံး လှံချက် ဖြစ်ပေသည်။
သူကား သေမင်းခံတွင်းဝ ရောက်နေသည့် သားရဲကောင်တစ်ကောင်လို ရှိသမျှ အားအင်အကုန် အသုံးချလိုက်လေပြီ။ ရွှယ်ယင်သည် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေသော်လည်း ဒါဟာ သူ့အတွက် အသက်ရှင်သန်ဖို့ ဘယ်လိုအားထုတ်ရမလဲဆိုတာ သူ့အတွက် စိန်ခေါ်မှုနှင့် အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပေသည်။
သူ့တစ်ကိုယ်လုံးသည် စွမ်းအင်များဖြင့် ပြည့်လွှမ်းလာလေသည်။ အချိန်တွေက နှေးကွေးသွားသလို ဖြစ်လာကာ အရိပ်ကျားသစ်၏ အစွယ်အသွားများကိုလည်း ရှင်းလင်းပြတ်သားစွာ မြင်လာရသည်။
“ ဝုန်းး ”
တိုက်ခိုက်ရာမှာ ထွက်ပေါ်လာသည် လေပြေညှင်းများက သူ့မျက်နှာအား လတ်ဆတ်စေမှုကို ခံစားစေလာရသည်။
“ ဟူးးး… ဟူးး.. ဟူးး.. ”
တစ်ကိုယ်လုံးမှာ စီးဆင်းနေသည့် သွေးများလည်း မုန်ယိုနေသည့် မြစ်သဖွယ် လှည့်ပတ်နေသည်ကို ထင်ထင်ရှားရှားခံစားရသည်။
“ ဖျစ်.. ဖျစ်.. ”
တစ်ကိုယ်လုံးက ကြွက်သားများ.. အရိုးများကလည်း အသံမြည်ကုန်ကာ သူ့အား စွမ်းအားအသစ်များ ပေးစွမ်းကုန်သည်။
“ စွမ်းအား.. ပြည့်စုံမှု.. သန့်စင်မှု.. ”
အသက်အန္တရာယ်နှင့်ကြုံလာသည့်အခါတွင် ရွှယ်ယင်သည် စွမ်းအားဆိုတာကို သဘောပေါက်သွားခြင်းဖြစ်သည်။ သွေးကြောထဲမှာ သွေးများ စီးဆင်းကာ ကြွက်သားနှင့် အရိုးကလည်း အတူတကွချိတ်ဆက်ပေါင်းစည်း၍ စွမ်းအားကို ပို့ဆောင်ပေးကြလေသည်။ အရာအားလုံးကို သဲကွဲပြတ်သားစွာ သူ ခံစားနေရသည်။ အရမ်းကို ကျေနပ်ဖွယ်ကောင်းသည့် အရာတစ်ခုကို ပိုင်ဆိုင်ထားသလို ခံစားနေရသည်။ ထိုအခိုက်တွင် သူသည် သူ့၏ စွမ်းအား အားလုံးကို သူ့သဘောအတိုင်း ထိန်းချုပ်နိုင်နေသလို ခံစားရသည်။ သူ့စွမ်းအားကို ထိန်းချုပ်ရသည်က အလွန်ကို မယှဉ်သာအောင် ချောမွေ့နေကာ အလဟဿ ဆုံးရှုံးမှုပင် မဖြစ်စေခဲ့ချေ။ သူ့မှာ စွမ်းအင်များ ပိုလျှံသွားချေခဲ့သည်။
“ ဝုန်းးး ”
ခွန်အားများက တစ်ကိုယ်လုံးသို့ ရေစီးသဖွယ် ပျံ့နှံ့သွားကာ အရင်တုန်းက မရခဲ့ဖူးသည့် အံ့အားသင့်ဖွယ် စွမ်းအင်ထိန်းချုပ်မှုကိုပါ ရရှိသွားသည်။
လက်ထဲက လှံသည်လည်း ကောင်းကင်ပြင်ကျယ်ထဲ ထိုးမွှေလိုက်သလို.. အလျင်နှုန်းသည်လည်း ရုတ်ချည်း အံမခန်းလောက်အောင် မြန်ဆန်လာလေသည်။
“ ဒိန်းး ”
ခဏအတွင်းမှာပဲ. လှံဖျားသည် ကြောင်အနေသော အရိပ်ကျားသစ်၏ ဝမ်းဗိုက်နေရာကနေ ပြန်ဆွဲနှုတ်ကာ နောက်ကျောတိုင်အောင် ထပ်ထိုးသွင်းလိုက်သည်။
လှံကို ထိုးသွင်းထားထားသည့်အခိုက်တွင် အရိပ်ကျားသစ်သည် တစ်ကိုယ်လုံး တွန့်လိမ်လျက် လှံကနေ အသည်းအသန် ရုန်းထွက်သည်။ သွေးများလည်း တရဟော ယိုစီးထွက်ကြလာသည်။ ရွှယ်ယင်သည် အရိပ်ကျားသစ်ကို စိုက်ကြည့်သည်။ အရိပ်ကျားသစ်လည်း ရွှယ်ယင်ကို စိုက်ကြည့်သည်။ အရိပ်ကျားသစ်၏ အညိုမျက်ဝန်းထဲတွင် နာကျင်မှုများ ဒေါသများ စိုးရိမ်မှုများ ရောပြွမ်းလျက်..။ အရိပ်ကျားသစ်၏ အသက်ပြင်းမှုက နောက်ဆုံးမိနစ်အထိ ရုန်းကန်သွားစေခဲ့သည်။ နောက်ဆုံး သွေးတစ်စက် မြေခသွားသည့်အခါတွင် နောက်ဆုံးထွက်သက်သို့ တိုင်သွားခဲ့လေသည်။
ရွှယ်ယင်သည် တစ်ကိုယ်လုံး စိတ်လျှော့လိုက်ကာ နှင်းခဲများ ဖုံးလွှမ်းနေသည့် မြေပြင်တွင် လှဲလိုက်သည်။ အရိပ်ကျားသစ်သည် ကိုယ်တွင် လှံက ဖောက်ထွက်နေလျက် ရွှယ်ယင်ဘေးနားတွင် လဲကျကာ သူ့အား စိုက်ကြည့်နေသေးသယောင်။
“ မင်းသေတယ်.. ငါအသက်ရှင်တယ်.. ”
ရွှယ်ယင်သည် အရိပ်ကျားသစ်အလောင်းကို ကြည့်လျက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသည်။ ဤ ကပ်ဘေးပြီးနောက် သူ့ ဘဝသက်တမ်းအသစ် ထပ်ရသွားခဲ့ပြီး။
အပိုင်း ( ၂၀ ) - ထူးခြားဆန်းကျယ် ရေခဲနက် လှံသိုင်းပညာ
ကျုံးလိန် မြေပြင်ပေါ် ဆင်းသက်လိုက်သည်။ တောအုပ်ထဲက ပျက်စီးမှုများကို မြင်သည့်အခါ သူသည် ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။
“ ရွှယ်ယင် သေချာပေါက် အဆင်ပြေမှာပါ.. သူ သေချာပေါက် အဆင်ပြေနေမှာပါ.. ”
ပျက်စီးကျိုးကြေနေသည့် လမ်းဘက် လိုက်လာခဲ့ရင်း ကျုံးလိန်၏ စိတ်နှလုံးသားက တင်းကြပ်လို့ နေသည်။
“ သေစမ်း..သေစမ်း.. ငါ ဘာလို့ အခုထိ ဥက္ကာပျံသူရဲကောင်းအဆင့် မဖြစ်သေးတာလဲ.. ငါ သာ အဆင့် စောစောတက်နေခဲ့ရင် ရွှယ်ယင်ကို အကူအညီပေးလို့ ရပြီ…ဒီလို မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမှ သူတစ်ယောက်တည်း ဖြစ်နေမှာ မဟုတ်ဘူး.. ”
တုန်ပိုလီနှင့် မိုယန်ယုတို့သည် သူ့၏ သေအတူရှင်မကွာ သူငယ်ချင်းများ ဖြစ်ကြသည်။ သူတို့အား ခေါ်ဆောင်ခြင်းခံရသည့်အချိန်တွင် သူတို့၏ ကလေးအား စောင့်ရှောက်ဖို့ သူ့အား မှာကြားသွားခဲ့ကြသည်။
ကျုံးလိန် သံယောဇဉ်တွယ် ချစ်ခဲ့ရသည် ရွှယ်ယင်သည်လည်း သူ့မျက်စိအောက်တွင် ငိုတတ်သည့် ကလေးအရွယ်ကနေ ယခု လူငယ်အဖြစ်သို့ ကြီးပြင်းလာခဲ့သည်။ သူ့ သွေးသားအရင်းကဲ့သို့ စိတ်ဝယ် မှတ်ယူထားခဲ့သည်။
ပျက်စီးပြိုလဲနေသည့် တောအထဲသို့ ဆက်လှမ်းဝင်လာခဲ့လေ ကျုံးလိန်၏ စိုးရိမ်မှုဒီရေလည်း မြင့်တက်လာလေပင်။
“ သူ ဘာမှ မဖြစ်ပါစေနဲ့.. .. သေချာပေါက် ဘာမှ မဖြစ်ပါစေနဲ့.. ”
ကျုံးလိန်သည် လျင်မြန်သောအဟုန်ဖြင့် သစ်ကိုင်းတစ်ကိုင်းမှ တစ်ကိုင်းသို့ ခုန်လွှားပြေးလာခဲ့သည်။
ဟူ…
ကျုံးလိန်မှာ သွက်လက်လွန်းလှ၏။ သူ့အမြီးဖြင့် သူ့အား လောက်လေးခွသဘောကဲ့သို့ သစ်ပင်တစ်ပင်မှ တစ်ပင်သို့ ဆယ်မီတာအကွာအဝေးအထိ ဆွဲပို့စေသည်။ လေထဲမှာပဲ သူသည် အဝေးတစ်နေရာက အနက်ရောင်အဝတ်နှင့် လူငယ်အား လှမ်းမြင်လိုက်သည်။
အနက်ရောင်အဝတ်နှင့်လူငယ်က မည်သူမှန်းသိလိုက်သည့်အခါ ကျုံးလိန် စိတ်သက်သာရစွာ အသက်ပြင်းချလိုက်သည်။
“ ရွှယ်ယင်.. ” ကျုံးလိန် အပြေးလာခဲ့သည်။
“ ဦးလေးကျုံး.. ” ရွှယ်ယင်သည် သူ့လှံအား အရိပ်ကျားသစ်ခန္ဓာကိုယ်ကနေ ဆွဲနှုတ်ယူလိုက်သည်။
“ အရိပ်ကျားသစ်ကို မင်းသတ်လိုက်တယ်..” အရိပ်ကျားသစ်အလောင်းကောင်အား မြင်တဲ့အခါ ကျုံးလိန် သူ့မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။ အရိပ်ကျားသစ်ဆိုတာ လျင်မြန်လွန်း သွက်လက်လွန်း၍ ကြောက်စရာကောင်းခဲ့သည့် သားရဲကြီး တစ်ကောင် မဟုတ်လား။
ရွှယ်ယင် ပြုံးလိုက်ပါသည်။
“ ကံကောင်းလို့ပဲ..တကယ့်ကို ကံကောင်းလို့.. မဟုတ်လို့ ရှိရင် ဒီနေရာမှာ သေရမဲ့သူက ကျနော် ဖြစ်နေမှာ.. ”
ဟုတ်ပေသည်။ ဒါဟာ သူ့အတွက် သေခြင်းတရားကို ရင်ဆိုင်ခဲ့ရဖူးခြင်း ဖြစ်သည်။
ဒီမတိုင်ခင်အချိန်က မှော်သားရဲကောင်တွေနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသော်လည်း ထိုသားရဲတွေ၏ အစွယ်အသွားများက သူ့ခန္ဓာကိုယ်အား အရောင်တင်ပေးကြသည်။ သေခြင်းတရား၏ အရသာကို ခံစားစေသည်။ အုပ်စုလိုက် တိုက်ခိုက်ခြင်းကို ခံရသော်လည်း သူ အပေါ်စီးကနေ ရင်ဆိုင်နိုင်ခဲ့သည်။ သို့သော် အရိပ်ကျားသစ်မှာမူ သူ့အား လုံးဝ အသားစီးကနေ ဖိအားပေးခဲ့သည်။
ရွှယ်ယင် ဘယ်ဘက်လက်ကို ဖြန့်ထုတ်လိုက်သည်။ လှံအိတ်တစ်အိတ်က သူ့လက်ဖဝါးမှာ ထွက်ပေါ်လာသည်။ အထဲတွင် ငွေရောင် လှံတို ၁၂ ချောင်းထွက်ရှိလာသည်။ ဤလှံတိုတို့သည် သူ့၏ သိုလှောင်ဆွဲသီးထဲတွင် သိမ်းထည့်ထားခြင်း ဖြစ်သည်။
လှံတိုအိတ်ကို ဆွဲထုတ်ပြီးနောက် အရိပ်ကျားသစ်၏ အလောင်းကို သိုလှောင်ဆွဲသီးထဲ အနည်းငယ် အားစိုက်ပြီး ထည့်လိုက်သည်။
“ ဝင်စမ်း ”
ဝှစ်.. အရိပ်ကျားသစ်မှာ ခဏအတွင်း ပျောက်ကွယ်သွားသည်။ သိုလှောင်လက်စွပ်အတွင်းမှာလည်း နေရာလွတ် အခန်းသေးသေးတစ်ခုသာ ကျန်တော့သည်။
“ ဦးလေးကျုံး.. မြန်မြန် သွားရအောင်.. ဒီနေရာမှာ သွေးအနံ့တွေနဲ့ နောက်ထပ် သားရဲတွေကို ဆွဲဆောင်နေပြီး.. ”
ရွှယ်ယင်က လှံအိတ်ကို ကျောမှာ သယ်လိုက်ပြီး နှင်းပျံနတ်လှံကိုလည်း လက်တွင် ကိုင်ထားလိုက်သည်။
“ အများကြီး စိတ်ပူနေစရာ မလိုပါဘူး.. ဒီနေရာက အရိပ်ကျားသစ်အနံ့ကြောင့် တော်ရုံသားရဲတွေ မလာရဲပါဘူး.. ဒီလောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရတယ်ဆိုတော့ မင်း အရင်ဆုံး ကောင်းကောင်း အနားယူဖို့ လိုတယ်.. ”
ကျုံးလိန် အေးအေးဆေးဆေးပဲ ပြုံးလိုက်သည်။
အပြန်ခရီးတွင်
ရွှ့ယ်ယင် အတော်လေး စိတ်ပျော်ရွှင်နေသည်။ သူ့အတွက် အသက်အန္တရာယ်နှင့် နီးကပ်စွာ တိုက်ခိုက်ခဲ့ရသော်လည်း အရိပ်ကျားသစ်၏ ခန္ဓာကိုယ်က ရွှေဒင်္ဂါး အပြားတစ်သိန်း တန်ဖိုးရှိသည်မဟုတ်လား။ နောက်ပြီ အရိပ်ကျားသစ်၏ ဖဲသားလို့ ချောမွေ့သည့် အရေကလည်း ခြုံထည်လို့ လုပ်လို့ရသည့် အရာတစ်ခုလို ဖြစ်တဲ့အတွက် အတော်လေး တန်ဖိုးရှိသည့် ပစ္စည်းလည်း ဖြစ်နေပါသေးသည်။ ပုံမှန်အားဖြင့် အရိပ်ကျားသစ်အရေသည် လူချမ်းသာတို့ နှစ်ခြိုက်ကြသည့် အရာဖြစ်၍ အများစုကလည်း ဝယ်ယူလိုကြသည်။ အရိပ်ကျားသစ်အရေသည် ဝတ်ဆင်ပါက နွေးထွေးစေသလို အလှတန်ဆာအတွက်လည်း ကောင်းသည်။ ထို့ကြောင့် အရိပ်ကျားသစ်အရေကို လူတိုင်းက လိုချင်တပ်မက်ကြသည်။
သို့သော် ရွှယ်ယင်အတွက်သည် ထိုအရာက အရေးမကြီးပေ။ ရောင်းချရရှိလာမည့် ပိုက်ဆံသည်သာ သူ့အတွက် အရာဖြစ်ပေသည်။
…
ပျက်သုဉ်းခြင်းတောင်တန်းအတွင်းရှိ စခန်းတစ်ခု…
စခန်းအတွင်းရှိ မီးပုံများက အအေးဒဏ်ကို အန်တုဖို့အတွက် အမြဲတစေ လောင်ကျွမ်းနေလျက်..
မီးပုံအနားတွင် ရွှယ်ယင်သည် ခြေချိတ်လျက် ထိုင်နေသည်။ နှင်းပျံနတ်လှံကလည်း သူ့ခြေထောက်အထက်တွင် ကန့်လန့်ဖြတ် တင်ထားသည်။ မျက်လုံးအစုံက မှိတ်ထားသလို မီးပုံထံမှ အလင်းသည်လည်း သူ့မျက်နှာထက်တွင် ဖြာကျလျက် ရှိနေသည်။
တိတ်ဆိတ်ခြင်း..
ညသည် အလွန်တိတ်ဆိတ်ငြိမ်သက်လို့ နေသည်။
ရွှယ်ယင်မှာ သူ့ခန္ဓာကိုယ်အား အသေးစိုက် လေ့လာနေသည်။ ကြွက်သားများ.. အရိုးများ.. အတွင်းကလီစာတို့၏ ကြုံ့ခြင်းဆန့်ခြင်းများ တစ်ခုချင်း ခံစားကြည့်သည်။ တစ်ကိုယ်လုံးမှာ ရှိသည့် သွေးများက မြစ်တစ်စင်းလို တစ်ဟုန်ထိုး စီးဆင်းနေသည်။
စွမ်းအားများတစ်သားတည်းအဆင့်နယ်ပယ်ကို သူ ရောက်ရှိနေပြီး ဖြစ်သည်။ ယခုလက်ရှိတွင် သူ နားလည်သဘောပေါက်ခဲ့ခြင်းများနှင့်အတူ ပိုပိုပြီး ထဲထဲဝင်ဝင် ပေါင်းစည်းကျစ်လစ်လာစေသည်။
“ နိုးထပေတော့…”
ရွှယ်ယင် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီ နှင်းပျံနတ်လှံကို ကိုင်စွဲထားလျက် သူ့၏ လှံသိုင်းပညာအား စတင်လေ့ကျင့်သည်။
လှံနှင့် တစ်သားတည်းဖြစ်နေခြင်းက နဂါးတစ်ကောင် ပျံသန်းနေသည့်အလား…
လှံအရိပ်များ တရိပ်ရိပ်ထွက်လာပြီး နှင်းပွင့်များလည်း ကြမ်းတမ်းစွာ ကခုန်လာပါတော့သည်။
“ လှံကောင်းတစ်လက်.. အဆင့်မြင့်သိုင်းပညာ.. ”
ရွှယ်ယင် ရပ်လိုက်ပါသည်။ လက်ထဲက နှင်းပျံနတ်လှံကိုလည်း ကျေနပ်သော အမူအရာဖြင့် ကြည့်လိုက်သည်။
တကယ်၍ လှံတစ်ချောင်းသည် လုံလောက်အောင် လျင်မြန်နေပါက လူ့မျက်စိဖြင့် ကြည့်ပါကပ များပြားလှသော လှံများဖြင့် ဆက်တိုက်တိုက်ခိုက်နေသည်ဟု မြင်စေပါသည်။ ထိုဖြစ်စဉ်ကို အမြင်ထင်ကျန်ခြင်းဟု ခေါ်သည်။
သို့သော် လူတိုင်းမှာ အမြင်ထင်ကျန်ခြင်းအဆင့်က ကွဲပြားကြသည်။
သာမန်အဆင့်သူရဲကောင်း၊ မြေကမ္ဘာအဆင့်သူရဲကောင်းနှင့် ကောင်းကင်အဆင့်သူရဲကောင်းတို့မှာ တူညီသည့် အမြင်ထင်ကျန်ခြင်းအဆင့်ရှိသည်။
ကြယ်အုပ်စုဝင် သူရဲကောင်းတို့သည် အမြင်ထင်ကျန်ခြင်းအချိန်အတိုင်းအတာက တိုတောင်းကြသည်။
အထွတ်အထိပ်အဆင့်တို့မှာမူ အမြင်ထင်ကျန်ခြင်းက အလွန်ကို တိုတောင်းကြသည်။
ပျက်သုဉ်းခြင်းတောင်တန်းအတွင်း ဝင်ရောက်ရှာဖွေစဉ်က ရွှယ်ယင်၏ လှံသိုင်းပညာအလျင်နှုန်းမှာ လှံငါးချောင်းနယ်ပယ်အဆင့်သို့ ဝင်နေပြီး ဖြစ်သည်။ ကြယ်အုပ်စုဝင်သူရဲကောင်းနှင့် ရင်ဆိုင်ရပါက ရွှယ်ယင်၏ လှံအား တစ်ချက်စာ ဝှေ့ယမ်းလိုက်လျှင် လှံချောင်း၅ ချောင်းကို တစ်ပြိုင်နက် ကြည့်နေရသလို ဖြစ်စေလိမ့်မည်။ တကယ်၍ သူ့၏ ကမ္ဘာဦးသွေးအမွေကို ထုတ်သုံးလိုက်လျှင် လှံခုနှစ်ချောင်းနယ်ပယ်အဆင့်သို့ ရောက်သွားပေလိမ့်မည်။
ယခုတွင်တော့..
စွမ်းအားများတစ်သားတည်းအဆင့်သို့ ရောက်နေပြီး ဖြစ်၍ သူ့ တစ်ကိုယ်လုံးထဲက စွမ်းအားများကို ပြည့်စုံစွာ ထုတ်သုံးလို့ ရနေပြီ ဖြစ်သည်။ ထို့ကြောင့် သူ့စွမ်းအားများကို ထုတ်မသုံးလျှင်တောင်မှ လှံခုနှစ်ချောင်းနယ်ပယ်အဆင့်ကို အေးဆေးစွာ ထုတ်ပြ၍ ရနိုင်နေပြီ ဖြစ်သည်။
နှင်းပျံနတ်လှံသည်ကလည်း စိတ်ဝိညာဉ်လက်နက်ဖြစ်နေ၍ ကြီးကျယ်သည့် လှံသိုင်းသမား၏ လက်ထဲမှာသာ ၎င်း၏ မှော်အစွမ်းကို ထုတ်ပြနိုင်မည် ဖြစ်သည်။ နှင်းပျံနတ်လှံ၏ အတွင်းထဲက အရိုးတံသည် လူသားတစ်ယောက်၏ သွေးကြောများကဲ့သို့ ရှိနေသည်။ တကယ်၍ လှံတစ်ချောင်းသည် ရန်သူ၏ လက်နက်နှင့် ရင်ဆိုင်ထိခတ်မိပါက တန်ပြန်စွမ်းအားကို တုံ့ပြန်ပေးလိမ့်မည်ဖြစ်ကာ ထိုစွမ်းအားမှာ လှံအတွင်းမှာပဲ ပျောက်ကွယ်သွားလိမ့်မည်။
နှင်းပျံနတ်လှံမှာမူ ထိုစွမ်းအားကို မပျောက်ပျက်စေဘဲ အပြည့်အဝ အကူးအပြောင်းပေးနိုင်သည်။
ပုံမှန် လှံသိုင်းသမားတစ်ယောက်သည် လှံ၏ တုန်ခါခြင်းကို သိပ်အရေးမထားကြပေ။ အနှောင့်အယှက်ပင် ဖြစ်စေသည်ဟုပင် တွေးတတ်ကြသည်။
ကြီးကျယ်သည့် လှံသိုင်းသမားများမူ ထိုစွမ်းအားကို အကျိုးရှိအောင် အသုံးချနိုင်စွမ်းရှိကြသည်။ ထိုစွမ်းအားကို အသုံးချပြီ ပိုမို လျင်မြန်သော လှံချက်များ ထွက်လာစေသည်။
“ စွမ်းအားတစ်သားတည်းအဆင့်.. လှံခုနှစ်ချောင်းနယ်ပယ်အဆင့်ကို ငါ အောင်မြင်သွားပြီး.. ”
“ နှင်းပျံနတ်လှံကလည်း စွမ်းအားအားလုံးကို အပြည့်အဝ ထုတ်သုံးစေနိုင်စွမ်း ရှိတယ်.. လှံရဲ့ အစွမ်းပကားနဲ့ဆို ငါဟာ လှံရှစ်ချောင်းနယ်ပယ်အဆင့်ကို ထုတ်သုံးနိုင်တယ်.. ”
“ တကယ်လို့ ငါ့ရဲ့ ကမ္ဘာဦးသွေးအမွေကို နှိုးဆွပြီ သုံးလိုက်မယ်ဆိုရင် လှံဆယ်ချောင်းနယ်ပယ်အဆင့်ကို ရောက်လိမ့်မယ်.. ”
ရွှယ်ယင် စိတ်လှုပ်ရှားနေပါတော့သည်။
အရိပ်ကျားသစ်အား သတ်ဖြတ်ခြင်းက သူ့အား အချည်းနှီးတော့ မဖြစ်စေခဲ့ပေ။
အရိပ်ကျားသစ်နှင့် တိုက်ခိုက်စဉ်က ရွှယ်ယင် တွယ်မိတွယ်ရာသဘောဖြင့် နောက်ဆုံးတိုက်ခိုက်လိုက်စဉ်က အသုံးပြုလိုက်သည့် လှံချက်သည် တကယ့်ကို အံ့မခန်းလောက်သည့် လှံဆယ်ချောင်းနယ်ပယ်အဆင့်ကို ရောက်ရှိခဲ့သည်။ ထိုအလျင်နှုန်းသည် ငွေလအဆင့်သူရဲကောင်းတစ်ယောက်ကိုပင် ကောင်းကောင်း ဖိအားပေးနိုင်သည်။ ငွေလအဆင့်ထက် နိမ့်သည့်အဆင့်ဆိုလျှင်တော့ ရွှယ်ယင်၏ လှံချက်ကို များစွာ ခုခံနိုင်မှာ မဟုတ်ဘဲ လှံချက်တစ်ချက်သာ ထိမှန်သွားပါက တစ်ချက်တည်းဖြင့် သေဆုံးရလိမ့်မည်။
“ အင်း.. ဒါက ငါ့ရဲ့ နောက်ဆုံးမဟုတ်သေးဘူး.. ငါ့ရဲ့လှံက ဒီထက်ကို အရှေ့ဆက်နိုင်သေးတယ်.. ”
ရွှယ်ယင်သည် သူ့အဖေ ကျန်ထားခဲ့သည့် ထူးခြားသော ရေခဲနက်လှံသိုင်းပညာကို ဆက်လက်ပြီး ကျင့်နေလိုက်သည်။
တကယ့်ကို စွမ်းအားမြင့်သည့် အထွတ်အထိပ်အဆင့်တစ်ယောက်၏ လျှို့ဝှက်သိုင်းပညာ ဖြစ်ပေသည်။
ရွှယ်ယင်သည် တကယ့်လှံပညာရှင် တစ်ယောက် ဖြစ်လာပြီးနောက်တွင်တော့ ထိုသိုင်းပညာ၏ ပထမအဆင့်ကို လေ့လာခွင့်ရလာခဲ့ပါပြီ။
ဟူးး
ခန္ဓာကိုယ်အတွင်းတွင် ဒိုချီစွမ်းအင်များ လှည့်လည်လိုက်ကာ စွမ်းအားကို အမြင့်ဆုံးတင်လိုက်သည်။ လက်ထဲက လှံအား လှည့်မွှေလိုက်ပုံမှာ စပါးကြီးမြွေတစ်ကောင်အလားကဲ့သို့ ကြောက်စရာကောင်းသော အကွေ့အဝိုက် အနုတ်အသိမ်းများဖြင့် မွှေ့ရမ်းလိုက်သည်။
လှံကို ပြန်သိမ်းလိုက်သည့်အခါတွင် လှံတံ၏ လည်ပတ်သော ဦးတည်ချက်ကို ပြောင်းပြန်လှည့်လိုက်သည်။
လှံကို ထိုးသွင်းလိုက် ပြန်သိမ်းလိုက်နှင့်။
လှံ၏ အဟုန်ပြင်းသည့် လှည့်အားကို ပြန်လှည့်လိုက်သည့်အခါတွင် လှံရိုးတစ်ခုလုံး၏ အရှိန်ရနေသော လှည့်အားမှာ ပြန်လည်ပျက်ပြယ်သွားသည်။ ထိုသို့ အင်အားမျိုးတွင် တော်ရုံလှံသိုင်းသမားပင်လျှင် လက်ထုံကျင်သည်အထိ ဖြစ်သွားပေလိမ့်မည်။ ရွှယ်ယင်ကား သူ့၏ စွမ်းအားကို အကုန်သုံးလို့ နေပါသည်။
“ ဒါ မဟုတ်သေးဘူး.. ”
“ အားကို ထုတ်တာ မှားနေတယ်.. ”
“ ရုန်းအားက မလုံလောက်သေးဘူး.. ”
ရွှယ်ယင်မှာ လှံတစ်ချောင်းဖြင့် ဆက်လက်လေ့ကျင့်နေပါသည်။
“ ဟူးး ဝေါ.. ဟူး.. ”
ညဉ်းသန်းခေါင်ယံ.. စခန်းထဲတွင် စူးရှအော်မြည်သည့် အသံလှိုင်းများ တစ်လုံးပြီး တစ်လုံး ထွက်ထွက်လာသလို ထင်မှတ်ရသည်။ ထိုအသံလှိုင်းကြောင့် စခန်းတွင် ကင်းစောင့်နေကြသည့် စစ်သည်တို့မှာ တဖြည်းဖြည်း ထုံထိုင်းလာခဲ့သလို ခံစားလာကြသည်။ မီးပုံအနားတွင် လှံသိုင်းလေ့ကျင့်နေပါသော သူတို့၏ သခင်လေးကို ကြည့်ရင်း ကြည့်ရင်း ပိုပိုပြီး လေးစားလာကြသည်။
“ သခင်လေးကတော့ တကယ့်ကို သခင်လေးပါပဲ.. လေးစားဖို့ ကောင်းလိုက်တာ.. ”
“ ပျက်သုဉ်းခြင်းတောင်တန်းအထဲကို ရောက်နေတာတောင်မှ ညဘက်အထိ အရူးအမူး လေ့ကျင့်နေတုန်းပဲ.. သူ ဒီလောက် တိုးတက်ပြီ အစွမ်းထက်လာတာ အံ့သြစရာတော့ မဟုတ်ဘူး.. ”
“ သခင်လေးက အသက် ရှစ်နှစ်အရွယ်ကတည်းက တကယ့်နတ်ဆိုးတစ်ကောင်လို လေ့ကျင့်လာခဲ့ပြီးပြီလေ…ငါဆိုတော့ အဲလို လုပ်နိုင်မှာ မဟုတ်ဘူး..”
ကင်းစောင့်စစ်သည်တွေမှာ သူတို့အချင်းချင်း ဆက်လက် ဝေဖန်ပြောဆိုနေကြပါသည်။
***
ထို့နောက်တွင်တော့ ရွှယ်ယင်မှာ ရေခဲနက်လှံသိုင်းပညာ ပထမအဆင့်၏ အဆင့်ပွားနည်းစနစ်များကို ဆက်လက်လေ့ကျင့်နေပါသည်။ ထူးခြားသည့် ရေခဲနက်သူရဲကောင်း ရိုယွမ်ဟန်မှာ ထိုရေခဲနက်သိုင်းပညာ၏ အသေးစိတ်အချက်အလက်ကို အတိအကျရေးထားခဲ့ပေးမဲ့ ထိုအတိုင်း လေ့ကျင့်ဖို့က ခဲယဉ်းလှပေသည်။ ကံကောင်စွာဖြင့် ရွှယ်ယင်မှာ ထူးချွန်သည့် လှံသိုင်းသမား ဖြစ်နေရာ သူ့အတွက် လှံကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချဖို့အတွက် လေ့လာဖို့ မျှော်လင့်ချက် ရှိနေပြန်သည်။
ညမှာ လျင်မြန်စွာဖြင့် ကုန်ဆုံးသွားပြီး မိုးသောက်အလင်းပင် ထွက်ပေါ်လာလေသည်။
ရွှစ်..
လှံတစ်ချောင်း လှုပ်ရှားမှု
လှံတစ်ချောင်းက မြွေကြီးတစ်ကောင်အလား ခဏအတွင်း လှည့်ပတ်နွယ်ထိုးလျက်..။ လှိုင်းတိုအသံတစ်ခုက မြည်သံထွက်ပေါ်သွားလျက်။ လှံ၏ လည်ပတ်သည့်ပုံက ထူးခြားပေမဲ့ လှိုင်းတိုအသံတစ်ခုသာ ထွက်လာသည်။ လှံ၏ ဝေ့ဝိုက်စီးပြေးသည့် အရိပ်အယောင်က သာမန်မျက်လုံးဖြင့် ကြည့်မြင်နိုင်သည်။ လှံက ဆုတ်ခွာသွားလိုက်.. တဖန် လျင်မြန်စွာဖြင့် ထိုးသွင်းလိုက်နှင့်။
ရွှယ်ယင်မှာ အင်မတန်ပီတိဖြာနေသည့် မျက်နှာအမူအရာ ရှိနေပေသည်။ ရုတ်တရက် သွေးနီအငွေ့အသက်များက သူ့ ပတ်လည်တွင် ဝန်းရံလာခဲ့သည်။ သူကား ရှိသမျှ ခွန်းအားကို အကုန်အသုံးချနေကာ အစွမ်းထက်သည့် လှံသိုင်းပညာတွေလည်း သူ့နှလုံးသားထဲသို့ တစိမ့်စိမ့် စီးဝင်နေလျက် ရှိနေသည်။
ဟူးးး ဟူးး ဟူးးး
နှင်းပွင့်လေးများ လှံအပါးဝယ် ဝဲခနဲ ဝဲခနဲ ဖြာဆင်းဝေ့ဝိုက်ကျဆင်းလာသည်။ လှံက အရှေ့သို့ ထိုးစိုက်လိုက်သည့်အခိုက်တွင် လှံမှာ နှင်းပွင့်လေးများ၏ ဗဟိုချက်ကဲ့သို့ ထင်မှားစရာပင်။
ဆယ့်နှစ်ကြိမ်မြောက် လှံကို ထိုးစိုက်ပြီးသည့်အချိန်တွင် လှံက ဗဟိုချက်ဖြစ်နေသယောင် ရှိနေမှုက ကွယ်ပျောက်သွားခဲ့သည်။
ဤကား ကြောက်စရာကောင်းလွန်းသည့် လှံဆယ့်နှစ်ချောင်း နယ်ပယ်ကို ရောက်ရှိနေခြင်း၏ အမှတ်လက္ခဏာသက်သေတစ်ခု ဖြစ်သည်။
ထူးခြားဆန်းကြယ် ရေခဲနက်လှံသိုင်းပညာ၏ ပထမအဆင့် ကျဆင်းသောနှင်းသည် လှံသိုင်းသမား၏ လျင်မြန်မှုအား အကြီးအကျယ်မြန်ဆန်စေနိုင်သည့် အစွမ်းရှိသည်မှာ ထင်ရှားနေတော့သည်။ ကြီးမြတ်သည့် ရေခဲနက်သူရဲကောင်း ရိုယွမ်ဟန်သည်လည်း သူ့၏ လှံသိုင်းပညာ ကျော်ကြားခဲ့ရခြင်းက အင်မတန် သွက်လက်လျင်မြန်လွန်းသည့် သူ့လှံကြောင့် ဖြစ်၏။ ။ ပထမအဆင့်ပင် ဤမျှ မြန်ဆန်လွန်းလှရာ ဒုတိယအဆင့်နှင့် တတိယအဆင့်တို့က ပို၍ပင် လျင်မြန်နေပါဦးမည်။ သိူ့သော် လေ့ကျင့်ကျွမ်းကျင်ဖို့က အလွန် ခဲယဉ်းလှသည်။
“ လှံဆယ့်နှစ်ချောင်းနယ်ပယ်အဆင့် ”
ရွှယ်ယင် ပြုံးလိုက်၏
“ နောက်ဆုံးတော့ ရေခဲနက်လှံသိုင်းပညာရဲ့ ပထမအဆင့်ဖြစ်တဲ့ ကျဆင်းသောနှင်းကို ငါ အောင်မြင်သွားပြီး.. ”
ထိပ်သီးလှံသိုင်းသမားတစ်ယောက် ဖြစ်ခဲ့ပြီးအပြင် ထူးခြားဆန်းကြယ် ရေခဲနက်သိုင်းပညာ၏ ပထမအဆင့်ကိုပါ ကျွမ်းကျင်တတ်မြောက်သွားပြီး၍ ရွှယ်ယင်၏ အစွမ်းကား ဆထက်တပိုး မြင့်တက်လာခဲ့ပြီး ဖြစ်သည်။
အပိုင်း ( ၂၁ ) ခေါင်းဆောင်ကို သတင်းပို့ခြင်း
ငြိမ်ချမ်းခြင်းသူရိယဟု အမည်တွင်သည့် နယ်ပယ်ကား တိုက်ဒေသကြီး၏ အရှေ့မြောက်အပိုင်းတွင် တည်ရှိပေသည်။ ဆောင်းတွင်းကာလအတွင်းဖြစ်၍ လောကတခွင် အေးစိမ့်စိမ့်ဖြစ်နေကာ မြေပြင်ထက်တွင်လည်း ဆီးနှင်းခဲများ ဖုံးလွှမ်းနေသည်ကို မြင်ရတာလည်း အဆန်းတကြယ် မဟုတ်ချေ။
“ ဒီနေ့ ပျက်သုဉ်းခြင်းတောင်တန်းအထဲကို မသွားတော့ဘူးလား… ”
ရွှယ်ယင်နှင့် ကျုံးလိန် ဘေးချင်းတိုက် လမ်းလျှောက်နေရင်းမှ ကျုံးလိန်က မေးလိုက်၏။
“ အရိပ်ကျားသစ်တစ်ကောင် ရသွားလို့လား.. ”
အရိပ်ကျားသစ်ဆိုသည်ကလည်း ရွှေဒင်္ဂါးတစ်သိန်းထက် ပိုပြီ တန်ဖိုးရှိသည်မဟုတ်လော။
သူတို့ ဤပျက်သုဉ်းခြင်းတောင်တန်းအတွင်းသို့ ဝင်လာရသည်ကလည်း ရွှယ်ယင်ညီလေး၏ ပညာသင်စရိတ်ကို ရှာရန်အတွက်လည်း ဖြစ်နေသည်မဟုတ်လော။
“ မဟုတ်ပါဘူး.. ” ရွှယ်ယင် ပြုံးလိုက်ချေ၏။
“ ကျနော်က အရိပ်ကျားသစ်နဲ့ တိုက်ခိုက်ရင်ဆိုင်ရတုန်းက တချို့အဆင့်တွေကို နည်းနည်းသဘောပေါက်သွားခဲ့တယ်လေ..အဲဒါကြောင့် တစ်ညလုံး မရပ်မနား လေ့ကျင့်လိုက်တာပေါ့.. ကျနော် ထပ်ပြီး လှံသိုင်းပညာကို ထပ်လေ့ကျင့်ချင်သေးတယ်.. ပြီးရင် တစ်ညလောက် ကောင်းကောင်း အိပ်ပြီရင် တောင်တန်းအထဲကို ဝင်မယ်.. ပြီရင် ဆေးလ်ဗားမွန်းဝံပုလွေအုပ်ကြီးကို ရှင်းပစ်မယ်.. ”
“ ဘယ်လို.. ဆေးလ်ဗားမွန်းဝံပုလွေတွေကို ရှင်းပစ်မယ်.. အဲလိုရှင်းပစ်နိုင်ဖို့ မင်းမှာ ယုံကြည်ချက် ရှိလား.. ”
“ ရှိပါတယ်.. ” ရွှယ်ယင် ခေါင်းညိတ်လိုက်သည်။
ရွှယ်ယင်မှာ သူ အဆင့်မတက်ခင်အချိန်တွင် အောင်မြင်ဖို့က အခွင့်အရေး ၁၀ ရာခိုင်နှုန်းသာ ရှိသည်။ သူ မရှုမလှ သေဆုံးရမှာ ဧကန်ပင်။
ယခုမှာတော့..
သူ့ လှံသိုင်းပညာသည် ကြီးကျယ်စွာ တိုးတက်ပြောင်းလဲလာခဲ့ပြီး ဖြစ်သည်။ သူ့၏ ကမ္ဘာဦးသွေးအမွေကို အသုံးမပြုခဲ့ရင်တောင်မှ သူသည် လှံဆယ်ချောင်းနယ်ပယ်အဆင့်ကို ရောက်ရှိအသုံးပြုနိုင်ပြီး ဖြစ်သည်။ ဒီမတိုင်ခင်အခါတွင် သူကား လှံငါးချောင်းနယ်ပယ်အဆင့်တွင်သာ ရှိနေခဲ့သည်။ ဒါတွေဟာ သူ့၏ မယုံကြည်နိုင်လောက်အောင် တိုးတက်လာခဲ့ခြင်း တစ်ခု ဖြစ်သည်။
“ မင်းမှာ ယုံကြည်ချက်ရှိတယ်ဆိုမှတော့ ကောင်းပါတယ်လေ.. ”
ကျုံးလိန်မှာ စိတ်ထဲတွင် အင်မတန်မှ ကြည်နူးသွားခဲ့ရသည်။ ရွှယ်ယင်က နောက်ထပ်တစ်ခါ ပိုအစွမ်းထက်သွားသည်ကို သူ သဘောပေါက်လိုက်သည်။
…
နောက်တစ်နေ့၏ နေ့လယ်အချိန်တွင် ဖြစ်သည်။
ပျက်သုဉ်းခြင်းတောင်တန်း၏ အတွင်းဘက်အကန့်ရှိ မှောင်ရီအုပ်ဆိုင်းနေသည့် တောအုပ်တစ်ခု..
ဝံပုလွေအူသံများကို ခပ်စိပ်စိပ် ကြားနေရချေသည်။ တစ်ကောင်က အူသံဆုံးသွားသည့်အခါ နောက်တစ်ကောင်က ထပ်အူလိုက်နှင့် ။ ထိုဝံပုလွေအူသံကြောင့် ကြောက်ရွံ့ခြင်းနှင့် မအီမသာခံစားချက်တို့ကို ခံစားရသည်။
ဆေးလ်ဗားမွန်းဝံပုလွေတို့၏ အသေကောင်တို့မှာလည်း နေရာအနှံ့တွင် ပြန့်ကျဲနေလျက်..။
ကြီးမားသည့် ဆေးလ်ဗားမွန်းဝံပုလွေဘုရင်သည် ကျောက်တုံးကြီးတစ်တုံးအထက်တွင် ရပ်လျက် မာန်ဖီဟိန်းဟောက်နေသည့်အချိန်တွင် ဆေးလ်ဗားမွန်းဝံပုလွေအုပ်စုတို့မှာ အနက်ရောင်အဝတ်နှင့် လူငယ်ဆီကို ပြေးဝင်ခုန်အုပ်ကြလျက်..။
“ သေစမ်း.. ”
အနက်ရောင်အဝတ်နှင့်လူငယ်သည်လည်း အရှေ့သို့ တိုးဝင်ပြေးလာလျက်..။
နှင်းပွင့်ခဲများ တဖျပ်ဖျပ် ရစ်ဝဲကျသွားသည်။ ရေခဲတမျှ အေးစက်သည့် လှံတစ်ချောင်း၏ အရိပ်အယောင်များ..။ လှံတစ်ခါ လှုပ်ခါသွားတိုင်း ဆေးလ်ဗားမွန်းဝံပုလွေတစ်ကောင်စီ အသက်ပျောက်သွားမြဲ။ ယင်းဝံပုလွေ၏ လည်ချောင်း ၊ ဦးခေါင်းခွံ နှင့် တခြား သေစေနိုင်သည့် နေရာများသို့ ခြွင်းချက်မရှိ ဖောက်ဝင်ဖြတ်သန်းသွားသည်ချည်း။
သူ့၏ လှံကား အရမ်းကို လျင်မြန်လွန်းလှပေသည်။ ဆေးလ်ဗားမွန်းဝံပုလွေတို့က လေးဖက်လေးတန်က ဝိုင်းအုပ်ထားကြသော်လည်း သူ့လှံ၏ နယ်နမိတ်အတွင်းသို့ ဖောက်ဝင်ခွင့် မရခဲ့ကြ။ အနားကပ်လာဖို့ ကြိုးစားသည့် အကောင်တိုင်း အသက်မဲ့သွားခဲ့ကြသည်။
ဤဝံပုလွေအုပ်စုကား ဤတောင်တန်းနယ်နမိတ်၏ သခင်ဟုပင် ဆိုနိုင်သည်။ တခြားသော မည်သည့်မှော်သားရဲမှ ဤဝံပုလွေအုပ်စုအား ရန်မစရဲကြချေ။ တခြားသော မှော်သားရဲကောင်တို့ကို အပျောက်ရှင်းလာခဲ့ကြသည့် လူသားအုပ်စုပင်လျှင် ဤဝံပုလွေအုပ်စုနှင့် ရင်ဆိုင်ရပါက အကြီးအကျယ် အထိနာခဲ့ကြရသည်။ ဆေးလ်ဗားမွန်းဝံပုလွေဆိုသည်ကလည်း ကြီးမားသည့် ခန္ဓာကိုယ်ပိုင်ဆိုင်ထားကြသည် ခွန်းအားများနှင့်လည်း ပြည့်စုံကြသည်။ ဆေးလ်ဗားမွန်းဝံပုလွေအုပ်စုသည် ကောင်းကင်သူရဲကောင်အဆင့်သမား အယောက် နှစ်ရာမှသုံးရာ တို့၏ အင်အားနှင့် ညီမျှသည်။ ထိုကဲ့သို့သော မှော်သားရဲအုပ်စုမှာ အိမ်မက်ဆိုးသဖွယ် သတ်မှတ်လို့ ရပေသည်။
သို့သော် ယခုတွင်တော့..
တုန်ပိုရွှယ်ယင်သည် ထိုဝံပုလွေအုပ်စုအတွက် အိမ်မက်ဆိုး ပြန်ဖြစ်နေချေပြီ။
“ သေစမ်း.. နောက်တစ်ကောင် ထပ်သေစမ်း.. ”
ရွှယ်ယင်မှာ လုံးဝ မညှာတာဘဲ ဆေးလ်ဗားမွန်းဝံပုလွေအား သတ်ဖြတ်လို့ နေသည်။
မှော်သားရဲကောင်သည် လူသားတို့အတွက် ဘုံရန်သူ မဟုတ်လော။
လူသားတို့ အားနည်းအခါတွင် မှော်သားရဲကောင်တို့မှာ ကုန်းမြေကို ကျော်ဖြတ်၍ မြို့ရွာများသို့ သွားရိုက်ဖျက်ဆီးကြပေလိမ့်မည်။ ထိုသို့သော အကြောင်းများကြောင့် လူသားစစ်သည်တို့သည် အသက်နှင့်ရင်း၍ မှော်သားရဲကောင်တို့အား ရှင်းလင်း သတ်ဖြတ်ကြသည်။
“ ဝေါင်း.. ”
ဆေးလ်ဗားမွန်းဝံပုလွေဘုရင်သည် ရွှယ်ယင်ဆီသို့ ပြေးလွှားခုန်ဝင်လာခဲ့သည်။
“ လာစမ်း.. ”
ရွှယ်ယင်၏ မျက်ဝန်းက တောက်ပသွားသည်။
“ ငါ့လမ်းကနေ ဖယ်ကြစမ်း.. ”
ရွှယ်ယင်လက်ထဲက လှံသည် အရှိန်အဟုန်ဖြင့် သွားလာနေသည့် နဂါးတစ်ကောင်ကဲ့သို့ သွက်လက်လျင်မြန်လှသည်။ အရှေ့က ဆေးလ်ဗားဝံပုလွေ နှစ်ကောင်အား ထိုးနှက်ရိုက်ထုတ်လိုက်သည်။ ဆေးလ်ဗားဝံပုလွေနှစ်ကောင်ကား လွင့်ပျံထွက်သွားပြီး ဘေးတစ်ခြမ်းဆီသို့ ကျွမ်းထိုးကျသွားလေ၏။
ထိပ်သီးလှံသိုင်းသမားတစ်ယောက်မို့ လှံကို ထိန်းကျောင်းအသုံးပြုပုံက အင်မတန်ကို ညက်ညောလျင်မြန်လွန်းပေသည်။
ရွှယ်ယင်လက်ထဲက လှံသည် မြက်ပင်ကြားတွင် လျှိုဝင်သွားသော မြွေတစ်ကောင်ကဲ့သို့ပင်
လှံတစ်ချက် အရိုက်အနှက်တွင် လှံလမ်းကြောင်းတွင်ရှိ ဆေးလ်ဗားမွန်းဝံပုလွေများမှာ မိုးသောက်ထ မြက်ပင်များနှယ် ဘေးတစ်ဖက်တစ်ချက်သို့ လွင့်စင်ကုန်ကြ၏။ ရွှယ်ယင်အတွက် ဆေးလ်ဗားမွန်းဝံပုလွေဘုရင်ကြီးဆီသို့ လမ်းကြောင်း ဖွင့်ပေးလိုက်သည့်နှယ်ပင် ဖြစ်သွားတော့သည်။
ဆေးလ်ဗားမွန်းဝံပုလွေဘုရင်မှာ ငေးမောမိသွားသည်။ သူ့၏ ကနဦးစိတ်ကူးမှာ ဝံပုလွေငယ်သားများနှင့် အတူတကွ ဝိုင်းရံတိုက်ခိုက်ရန် ဖြစ်သည်။ ယခုတွင်တော့ ခံ့ညားထည်ဝါသော လူငယ်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အခါတွင် ဝံပုလွေဘုရင်မှာ တဖြည်းဖြည်း ကြောက်လန့်ခြင်းမက ကြောက်လန့်လာလေကာ အနောက်လှည့် ပြေးချင်သလို ဖြစ်လာခဲ့သည်။
သို့သော်.. အချိန်က အခါနှောင်းနေလေပြီး။
“ ဘုန်း ”
လှံကား ဝီသံခေါ်လျက် ဆေးလ်ဗားမွန်းဝံပုလွေဘုရင်ဆီသို့ တိုးဝင်သွားလေသည်။
“ လုပ်လိုက်တော့.. ”
ရွှယ်ယင်သည် သူ့ခွန်းအားအကုန်ကို အမြန်ဆုံးထုတ်လိုက်သည်။
လှံကို သူ့ဒေါသများနှင့် ပေါင်းစပ်၍ ထိုးလိုက်ကာ ဆေးလ်ဗားမွန်း ဝံပုလွေဘုရင်ကိုယ်ဆီသို့ ထိပ်တိုက် တိုက်ခိုက်လိုက်သည်။
ဘုန်းးး
လှံနှင့် ဝံပုလွေဘုရင်၏ ဝမ်းဗိုက်သားတို့ ထိတိုက်သွားသည့်အခိုက်တွင် ခပ်အုပ်အုပ်အသံတစ်ခုက ပဲ့တင်ထပ်သွားသည်။ ဆေးလ်ဗားဝံပုလွေဘုရင်မှာ နာကျင်စွာ အော်မြည်လိုက်မိသလို သူ့ပါးစပ်နှင့် နှာခေါင်းကနေလည်း သွေးများ အန်ထွက်လာလေကာ ဘေးတစ်ခြမ်းစောင်း လိမ့်ကျသွားသည်။
“ ဝှစ်.. ”
လှံကား လျှပ်စစ်လက်သလို လျင်မြန်စွာ လှုပ်ရှားသွားပြန်သည်။ ဆေးလ်ဗားမွန်း ဝံပုလွေဘုရင်၏ အရေပြားကို ဖောက်ထွက်၍ လည်ချောင်းကို ထိုးခွဲသွားလေသည်။
ဆေးလ်ဗားမွန်းဝံပုလွေဘုရင်ကြီး၏ ကြီးမားသော ခန္ဓာကိုယ်ကား မြေပြင်မှာ တဘုန်းဘုန်း ရိုက်ခတ်ပြိုလဲကျသွားတော့သည်။
ဆေးလ်ဗားမွန်းဝံပုလွေဘုရင်၏ ခန္ဓာကိုယ်မှာ တစ်စက်ကလေးမှ တွန့်လိမ်လှုပ်ရှားခြင်း မရှိတော့ချေ။
ကျန်ရှိနေပါသေးသော ဆေးလ်ဗားမွန်းဝံပုလွေများမှာ ကြောက်လန့်တုန်လှုပ်စွာဖြင့် အနောက်ဆုတ်ကြကုန်သည်။ အနက်ရောင်အဝတ်နှင့်လူငယ်သည် အင်မတန်ကို ကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းလှချေပါတကား။
“ အားဝူးး.. ” “ အာဝူးး ”
ထိုဝံပုလွေအကြွင်းအကျန်တို့မှာ ကြောက်လန့်တကြား အော်အူမြည်လျက် ခပ်မြန်မြန် အနောက်လှည့်ကာ ဦးတည်ရာမဲ့ ပြေးထွက်သွားကြသည်။
“ သိပ်လှပတာပဲကွ.. ၊ ဆေးလ်ဗားမွန်းဝံပုလွေအုပ်စုကိုတောင် အေးအေးဆေးဆေး သက်သက်သာသာနဲ့ ရှင်းပစ်လိုက်တာ ငါတောင် မယုံသလိုလို ဖြစ်နေတုန်းပဲ.. ”
ကျုံးလိန်မှာ ဝန်ခံပြောဆိုလိုက်၏။
“ အင်း.. ကျနော်ရဲ့ လှံပညာကလည်း ဒီလို ဝန်းရံတိုက်ခိုက်တာကို ပြန်လည်ကာကွယ်ဖို့အတွက် အသင့်တော်ဆုံးဖြစ်နေတယ်.. ” ရွှယ်ယင်က အပြုံးတစ်ခုဖြင့် ဆိုလိုက်၏။
ရွှပ်.. ရွှပ်..
ကျုံးလိန်မှာ ဓားမြောင်ခြောက်လက်ကို ထုတ်ယူလိုက်သည်။ သူ့၏ လက်မောင်း ခြောက်ဖက်ကလည်း ဓားမြောင်ခြောက်လက်ဖြင့် လှပစွာ ကခုန်ရွေ့လျားလိုက်လျက်.. ဆေးလ်ဗားမွန်းဝံပုလွေဘုရင်အား ကျွမ်းကျင်လျင်မြန်စွာ ခွဲစိတ်လိုက်သည်။
“ ဒါက ဆေးလ်ဗားမွန်းနှလုံးပဲ..”
ဆေးလ်ဗားမွန်းနှလုံးကို သံသေတ္တာတစ်ခုတွင် ရွှယ်ယင် အလျင်အမြန် သိမ်းဆည်းလိုက်သည်။ ထို့နောက် သူ့၏ သိုလှောင်ဆွဲသီးရတနာအထဲသို့ ထပ်မံထည့်ကာ သိမ်းဆည်းလိုက်ပြန်သည်။ ထိုအထဲတွင် အရိပ်ကျားသစ်၏ ခန္ဓာကိုယ်အပြင် နေရာလွတ်တစ်ခု ကျန်သော်လည်း ထိုနေရာက သံသေတ္တာငယ်အတွက်တော့ သိမ်းဆည်းလို့ ရနေပါသေးသည်။
တခြားသော တန်ဖိုးရှိအရာများကို ကောက်ယူလိုက်ပြီးနောက် ဆေးလ်ဗားမွန်းဝံပုလွေဘုရင်၏ ခန္ဓကိုယ်အား အရေနွာဆုတ်ယူလိုက်သည်။
“ နှမြောဖို့ကောင်းလိုက်တာ… ဆေးလ်ဗားမွန်းဝံပုလွေဘုရင်ရဲ့ အသားဆို ဈေးကြီးကြီးရောင်းဖို့ ရတာပဲ.. အခုတော့ ဒီနေရာမှာ အလဟဿ ချန်ထားရတော့မယ်..” ကျုံးလိန်က ခေါင်းခါရင်း ဆိုလိုက်သည်။
ကီလို ၉၀၀ လောက် အလေးချိန်ရှိသည့် ဆေးလ်ဗားမွန်းဝံပုလွေဘုရင်အသေကောင်ကို အဘယ်ကဲ့သို့ မြှောက်ပင့်နိုင်မည်နည်း။ ပင့်မြှောက်၍ ရနိုင်သည်ဆိုစေဦးတော့.. အဘယ်ကဲ့သို့ လျှောက်လှမ်းနိုင်မည်နည်း။ အလေးချိန်ကို အသာထား.. အသေကောင်ကနေ ထွက်ရှိလာမည့် သွေးအနံ့များက တခြားသော မှော်သားရဲဆိုးတွေကို ဆွဲဆောင်နေပါဦးမည်။
“ သွားကြစို့.. ”
ကျုံးလိန်သည် ဆေးလ်ဗားမွန်းဝံပုလွေ၏ သားမွေးအား ခေါက်သိမ်းကာ သားရေပြားတစ်ချောင်းဖြင့် ထုပ်ချည်လိုက်သည်။ ယင်းကား လူထက်ပင် ကြီးလွန်းနေသေးသည်။
“ ဒါက ကီလို ၁၀၀ လောက်လေးတယ်ဟ.. ” ကျုံးလိန်မှာ အံ့သြစွာဖြင့် ဆိုလိုက်မိသည်။
“ ကျနော်ပဲ သယ်လိုက်တော့မယ်.. ” ကီလို ၁၀၀မှာ တုန်ပိုရွှယ်ယင်အတွက် စာဖွဲ့စရာပင် မရှိချေ။
ထို့နောက် ဆေးလ်ဗားမွန်းဝံပုလွေ၏ အရိုးကို ပခုံးတွင်ထားကာ သားမွေးအထုတ်အား ထမ်းဆွဲထားလိုက်သည်။ တကယ့်ကို ဖြူစင်ချောမွတ်သည့် ဆေးလ်ဗားမွန်း ဝံပုလွေဘုရင်သားမွေးကား အမှန်ပင် လှပလွန်းသည်။ အရောင်အသွေးကလည်း သာမန်ဆေးလ်ဗားမွန်းဝံပုလွေထက် ပိုမိုစိုပြေသလို ထူထူထဲထဲ သိပ်သိပ်သည်းသည်း ရှိလှသည်။ ဒီလိုသားမွေးမျိုးကို အထက်တန်းစားလူချမ်းသာတို့ အရမ်းကို ခုံမင်နှစ်ခြိုက်ကြသည်။ အခန်းတွင် လဲလှောင်းစရာအဖြစ် ဖြန့်ခင်းထားသည်တဖုံ..၊ နံရံထက်ဝယ် ချိတ်ဆွဲပြသ၍ စုဆောင်းထားကြသည်ကတစ်သွယ် ကြီးကျယ်ခန့်ထည်သော အဟန့်အထည်အဖြစ်တလဲ အလှဆင်ထားရှိကြသည်။
ထိုကဲ့သို့ ဆေးလ်ဗားမွန်းဝံပုလွေဘုရင်၏ သားမွေးတစ်ခုတည်းပင်လျှင် ရွှေဒင်္ဂါး ၅၀၀၀၀ ထိုက်တန်ပေသည်။ ထို့ကြောင့် ဆေးလ်ဗားမွန်းဝံပုလွေဘုရင်၏ သားမွေးကို ရွှယ်ယင်တို့ ချန်ထားစရာ အကြောင်းမရှိချေ။
“ အိမ်ကိုပဲ ပြန်ကြတာပေါ့.. ” တုန်ပိုရွှယ်ယင် ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။
“ အာ.. အိမ်ကို ပြန်ပြီပေါ့.. ” ကျုံးလိန်လည်း ပျော်ရွှင်သွားသည်။ ပျက်သုဉ်းခြင်းတောင်တန်းအတွင်းသို့ စွန့်စားလာပြီးနောက် ရရှိလာသည့် အကျိုးအမြတ်ကား သွားရည်ကျစရာ ကောင်းလွန်းလှသည်။
ဓားကောက်ဓားပြအဖွဲ့..။
ထိုအဖွဲ့၏ အသိုက်အမြုံကား တောင်ကြီးတစ်လုံး၏ အတွင်းဘက်ကျသော လျှိုမြောင်နေရာတွင် ကောင်းစွာ ပုန်းအောင်းတည်ရှိနေပေသည်။ အတိအကျဆိုရသော် တောင်တန်း၏ အပြင်ဘက်အဝန်းနှင့် ၁၀၀ ကီလိုမီတာအကွာတွင် တည်ရှိနေသည်။
“ ဟေ့ကောင် နားတစ်ဖက်.. လျိုမိသားစုက ဒီတစ်ခေါက် ဆက်ကြေးမပေးဘူးလို့ ငါကြားတယ်..”
ရက်စက်ကြမ်းကြုတ်သည့် အသွင်အပြင်ရှိသည့် ဓားပြနှစ်ကောင်မှာ သူတို့စခန်း တည်ရှိနေသည့်လျိုမြောင်၏ ဘေးဘက်ခြမ်းက တောင်၏ ထိပ်ပေါ်တွင် ချုံအပင်ကြားတွင် ပုန်းကွယ်ကင်းစောင့်ရင်း စကားဆိုနေကြသည်။
“ လျိုမိသားစုပြောတာက သူတို့ ဆက်ကြေးကို တစ်ဝက်ပဲ ပေးနိုင်မယ်လို့ ပြောတယ်..၊ အဖြစ်က ငါးလည်လွတ်.. ပိုက်ကွန်လည်း ဆုံးသလိုပါပဲ.. ”
တစ်ဖက်လူဖြစ်သော နားတစ်ဖက်ပဲရှိသည့် ပိန်ပိန်ပါးပါးလူက ပြန်ဖြေလိုက်သည်။
“ ငါတွေ့ရသလောက်ကတော့.. လျိုမိသားစုက အကျပ်အတည်း အတော်လေး ဖြစ်နေပြီးကွ.. ပိုက်ဆံတွေလည်း မပေးနိုင်တော့ဘူး.. ”
“ အဲဒါတော့ မသိဘူးဟေ့..၊ ခေါင်းဆောင် ပြောဖူးတယ်မလား.. ကြေးပြားတစ်ပြားတောင် ပေးမကျန်စေနဲ့တဲ့..၊ တကယ်လို့ သူသာ ပိုက်ဆံတွေ မထုတ်ပေးနိုင်ဘူးဆိုရင်တော့ ငါတို့က လျိုမိသားစုနယ်မြေကိုသွားပြီ သတ်ဖြတ်လိုက်ကြတာပေါ့..၊ ငါတို့က ရွာနည်းနည်းလောက် ဖျက်ဆီးပြလိုက်တာနဲ့ သူတို့တွေ တကယ့်ကြောက်တရားကို သိသွားမှာပါ..၊ ဒီသောက်အထက်တန်းစားကောင်တွေက သူတို့အခေါင်းတလားကို မမြင်ရမချင်း မျက်ရည်ကျမဲ့အကောင်တွေ မဟုတ်ဘူးကွ.. ”
နားတစ်ဖက်ပဲ ရှိတော့သည် ဓားပြက ပြတ်သားသည့် လေသံဖြင့် အသံနိမ့်၍ ကြုံးဝါးဆိုလိုက်သည်။
“ ဟိုမှာကြည့်.. အဲ့မှာ လူတွေ မြင်နေရတယ်.. ”
“ ဟွန့်.. ဒီပျက်သုဉ်းခြင်းတောင်တန်းအထဲကိုတောင် လူတွေလာရဲကြပါလား.. ”
ကင်းစောင့်ဖို့ တာဝန်ကျသည့် ဓားပြနှစ်ယောက်ကား အံ့သြသွားပါသည်။
သူတို့၏ စခန်းကို ကင်းစောင့်ဖို့အတွက် ကင်းစောင့်သမား ၁၀ ယောက်ထက်မနည်း ရှိပါသည်။ တကယ်တမ်း သူတို့ စိုးရိမ်သည်က မှော်သားရဲကောင်ကိုသာ ဖြစ်သည်။ လူဆိုသည်ကလည်း သူတို့၏ စခန်းကို လွန်ခဲ့သည့်ကာလအတော်ကြာကြာ အချိန်စဉ်ကသာ လာတိုက်ခဲ့ဖူးကြသည်။ နောက်ပြီး သူတို့မှာလည်း သူလျှိုတွေ ရှိသေးသည်။ ရန်သူဘက်က မည်သည့်ကဲ့သို့ လှုပ်ရှားမှုကိုမဆို စတင်လိုက်သည်နှင့် သူတို့လည်း ထိုစခန်းမှ ဆုတ်ခွာလိုက်ပြီးသား ဖြစ်နေသည်။ သူတို့သည် တောင်တန်း၏ နယ်နမိတ်တစ်လျှောက်မှာ လှည့်လည်နေထိုင်ကြသည်။
“မြန်မြန်ကြည့်စမ်း.. အဲဒါ လက်မောင်းခြောက်ဖက် မြွေမျိုးနွယ်လူကြီး မဟုတ်လား..၊ အဲဒါဆို နှင်းလင်းယုန်နယ်မြေရဲ့ မြွေဆိုးကြီး ကျုံးလိန်ပေါ့.. ”
နားတစ်ဖက် ဓားပြကား ကျုံးလိန်ကို မှတ်မိသွားသည်။ လက်မောင်းခြောက်ဖက် မြွေဆိုးကြီးကား သူတို့၏ ခေါင်းဆောင်နှင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း အသေတော့ မသတ်နိုင်ခဲ့ချေ။
“ အဲ သူဘေးနားက လူငယ်လေး သယ်ထားတဲ့ သားမွေးက အရမ်းကို လှပတာပဲကွ..၊ငါတို့ မြင်နေကျ ဆေးလ်ဗားမွန်းဝံပုလွေသားမွေးထက်ကို ပိုလှတာပဲ..၊ ပြီးတော့ သားမွေးကလည်း အကြီးကြီးကွ..၊ အဲဒါ ဆေးလ်ဗားမွန်းဝံပုလွေဘုရင်သားမွေး ဖြစ်မှာ သေချာပေါက်ပဲ.. ”
ဓားပြနှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိသည်။
ဆေးလ်ဗားမွန်းဝံပုလွေဘုရင်သားမွေး တဲ့လား
ဒါဟာ ရွှေဒင်္ဂါး ၅၀၀၀၀ တန်ဖိုးရှိသည်မဟုတ်လား။ နှင်းလင်းယုန်နယ်မြေကို အကုန်ရောင်းချလိုက်ရင်တောင် ထိုငွေပမာဏသာ ရရှိပါဦးမည်။
“ ဒီလောက်လှပတဲ့ နှင်းပွင့်လို ဖြူနုတဲ့ ဝံပုလွေအရေ.. အရမ်းဖြူတယ်.. ကြီးလည်းကြီးတယ်.. ပြီးတော့ တောက်ပစိုပြေနေတာပဲကွ..ဟုတ်တယ်.. ဒါ ဆေးလ်ဗားမွန်းဝံပုလွေဘုရင်သားမွေးပဲ.. သေချာပေါက်ပဲ.. ”
“ နားတစ်ဖက်.. မြန်မြန်သွား.. ခေါင်းဆောင်ကို အကြောင်းကြားလိုက်.. ၊ ငါက သူတို့ကို ဆက်ကြည့်ထားလိုက်မယ်.. ”
ဓားပြနှစ်ယောက်ကား တစ်ကိုယ်လုံး ယိမ်းယိုင်လုမတတ်ကို စိတ်လှုပ်ရှားနေသည်။
ဒါဟာ ပွပေါက်အကြီးကြီး ဖြစ်ချေသည်။
သို့သော် ဆေးလ်ဗားမွန်းဝံပုလွေဘုရင်သားမွေးကို လုယူဖို့က သူတို့ ဆုံးဖြတ်ရမည့်အရာမဟုတ်၊ သူတို့ ခေါင်းဆောင်၏ အရာတည်း။
အပိုင်း ( ၂၂ ) ငရဲပြည်တွင် ဝင်ပေါက်မရှိ..
တောင်တန်းအတွင်းရှိ ဓားပြစခန်းချနေရာတွင်..
မြေပြင်တွင် ခင်းထားသော ကြွေပြားတို့သည် ညီညီညာညာနှင့် ချောမွတ် တောက်ပြောင်လေ၏။ ထို့အတူ အဆင့်ရာထူး မတူညီသော ဓားပြအသီးအသီးတို့သည်လည်း မိမိတို့နှင့် သက်ဆိုင်သော နေရာအကွက်အကွင်း၌ အသီးသီး နေထိုင်ကြလေသည်။
“ သခင်ကြီး..၊ ဒါလေး မြည်းကြည့်ပါဦး..”
“ သခင်ကြီး..၊ ဒါလေးကို မြည်းကြည့်..၊ ကျွန်မဥစ္စာက ပိုအရသာရှိတယ်နော်.. ”
ရင်ဘတ်တွင် အမွေးထူထူကြမ်းကြမ်းနှင့် ဗရပွဖြစ်နေသည့်အပြင် ရင်ဘတ်ကလည်း ဗလာကျင်းဖြစ်နေသည့် လူကြီးတစ်ဦးအား ဆွဲဆောင်အား ပြင်းလှသော မိန်းမပျိုလေး ငါးယောက်တို့က ဝိုင်းဝိုင်းလည်နေလျက် ရှိ၏။ သူမတို့သည် သစ်သီးဝလံအစုံအလင်တို့အား ယူဆောင်၍ ထိုလူကြီးအား ခွံ့ကျွေးသမှု ပြုကြလေသည်။
ကိုယ်တစ်ပိုင်း ဗလာကျင်းဖြစ်နေသည့် လူကြီးကား ဓားကောက်ဓားပြအဖွဲ့ခေါင်းဆောင် ဖြစ်ချေကာ ရီရွှေမြို့တော်တခွင်တွင် အားအကြီးဆုံး ဓားပြတစ်ဦးတစ်ဖြစ်လည်း ကော့ပင်း ဖြစ်လေသည်။
ကြောက်လန့်ဟန်ရှိပြီ သနားစဖွယ်ကောင်းသည့် ထိုမိန်းမပျို ငါးယောက်တို့မှာ ဓားပြခေါင်းဆောင်၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသူများ ဖြစ်ကြသည်။ သူတို့မှာ ခေါင်းဆောင်အား နည်းနည်းလေးပင် စိတ်ညိုညင်ခြင်း မဖြစ်စေရဲချေ။ သို့မဟုတ်လျှင် သေသည်အထိ ညှင်းပန်းနှိပ်စက်ကြတော့မည်။ ထိုအကြောက်တရားက သူတို့အား သခင်ကြီးအတွက် အစွမ်းကုန် စိတ်ပျော်ရွှင်စေဖို့ တွန်းအားပြုနေလေ၏။
“ ခွေးမသားတွေ..၊ အရင်တုန်းကဆို နေ့တိုင်း အစားကောင်းအသောက်ကောင်းတွေနဲ့ ပျော်ရွှင်နေရတယ်..၊ မိန်းမလှတွေလည်း အများကြီးပဲ..၊ အခုကျတော့ တောထဲတောင်ထဲမှာ ပုန်းအောင်းနေရတယ်..၊ ပြီးတော့ ဈေးပေါတဲ့ ခွေးမတွေနဲ့ အသုံးတော်ခံနေရတယ်.. ” ကော့ပင်း၏ မျက်ဝန်းတွင် ဆိုးယုတ်သည့်အမူအရာများ ပြည့်နှက်နေသည်။
ယခုတွင် သူသည် ဥပဒေပြင်ပလောကသားတစ်ယောက်ဖြစ်လာခဲ့၍ ဒေါသတွေကို ထိန်းချုပ်နေရသည်။
ဘဝက ဆိုးဝါးလိုက်တာကွာ..
ပျက်စီးခြင်းတောင်တန်းအတွင်းမှာ ဘယ်သူကမှ ပုန်းအောင်နေချင်မည်နည်း။ အစားစာနှင့် သောက်ရေကိုပင် ပြင်ပမှ ယူသွင်းရသည်။ ရံဖန်ရံခါ သားရဲဆိုးတွေနှင့်ပင် ရင်ဆိုင်ရသေးသည်။ ယခုတွင် သူ့ဘေးနားတွင်ရှိ ဈေးပေါသော မိန်းမပျိုတွေက ရုပ်ရည်မှာ အသင့်တင့်လောက်သာ ရှိသည်။ သို့သော် အတိတ်စဉ်အခါက သူ ဥက္ကာပျံ သူရဲကောင်းအဆင့်ဖြစ်ချိန်တွင် သူ ကြုံကြိုက်ခဲ့သော မိန်းမပျိုတွေ၏ ရပ်ရည်ရူပကာတွေနှင့် အဘယ်ကဲ့သို့ ယှဉ်ပြိုင်၍ ရမည်နည်း။ လူများစွာတို့သည် သူ့အား မျက်နှာချိုသွေးခဲ့ကြသည့်အပြင် မရေတွက်နိုင်သော အချောအလှများစွာကို အချိန်မရွေး စိတ်ကြိုက် ခေါင်းခေါက်ယူလို့ ရခဲ့သည်။
“ ငါ ပိုက်ဆံအများကြီး ရှာပြီးတော့ အင်ပါယာတစ်ခု ထောင်ရမယ်..၊ ငါ့ကို ဝရမ်းထုတ်ထားတာကိုလည်း ပယ်ဖျက်ရမယ်.. ” ကော့ပင်း ရေရွတ်လိုက်လေ၏။ သူ့မျက်လုံးမှာလည်း စူးရှစွာဖြင့် တောက်ပနေ၏။ “ ရှီမိသားစုမှာ တကယ့်ကို လောဘကြီးတာပဲ..၊ ငါ့ကို ဝရမ်းထုတ်ထားတာ ပယ်ဖျက်ဖို့ အနည်းဆုံး ရွှေဒင်္ဂါး ၂သောင်း ပေးဖို့ တောင်းဆိုကြတယ်.. တကယ့် ခွေးမသားတွေကွာ.. ”
မိုးပြာရောင်မြစ်တိုင်းပြည်တွင် ရှီမိသားစုသည် အရာအားလုံးကို ထိန်းချုပ်ထားသည်မဟုတ်လား။ ဝရမ်းထုတ်ထားတာကို ပယ်ဖျက်ဖို့က သူတို့အတွက် ဘာမှ မခက်သည့်အရာတစ်ခု ဖြစ်၏။
“ နောက်ထပ် ဆယ်နှစ်လောက် ကြိုးစားပမ်းစား ရှာမှ အဲ့လောက် ပိုက်ဆံ ရမှာလေ.. ”
“အဲဒါဆိုရင် ငါ လွတ်လပ်ပြီ.. ”
ကော့ပင်းမှာ လွတ်လပ်ခွင့်ကို အလွန်ပင် တောင့်တနေလေသည်။
ဝရမ်းပြေးသမားဘဝ ရောက်သည့်အခါမှာသာ လွတ်လပ်ခြင်းသည် ဘယ်လောက် တန်ဖိုးကြီးသလဲဆိုတာ ကော့ပင်း နားလည်သဘောပေါက်ခဲ့သည်။
“ ခေါင်းဆောင်..၊ ခေါင်းဆောင်..၊ ခေါင်းဆောင်.. ” နားထဲမှာပင် စူးရှသွားလောက်သော အော်သံက အပြင်ကနေ ထွက်ပေါ်လာသည်။
“ ဘယ်ခွေးမသားက ဒီလောက်အော်နေတာလဲကွ.. ”
ကော့ပင်းက အော်လိုက်ရင်း မတ်တတ်ရပ်လိုက်ရာ အနားရှိ ဝတ်လစ်စလစ်မိန်းမပျိုများ ကြောက်လန့်တကြား ဖြစ်သွားကြသည်။ ကော့ပင်း ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ခြင်းကြောင့် သူမတို့သည် ကမန်းကတန်းဖြင့် အနားမှ ဖယ်ခွာကာ လမ်းဖွင့်ပေးလိုက်ကြသည်။
“ ခေါင်းဆောင်..၊ ခေါင်းဆောင်.. ၊ သတင်းကောင်းဗျို့.. ” ကျယ်လောင်သည့် အော်သံက ဆက်တိုက် ကြားနေရဆဲပင်။ ခေါင်းဆောင်ကို နှောင့်ယှက်မိခြင်း၏ အကျိုးဆက်ကို အပြင်က လူသည် သေချာပေါက် သိလိမ့်မည်သာ။
“ ဘာသတင်းကောင်းလဲ.. ” ကော့ပင်းက တံခါးကို ဖွင့်လိုက်ကာ ရက်စက်သည့်အကြည့်ဖြင့် အပြင်ကလူကို ကြည့်လိုက်ကာ ထပ်မေးလိုက်သည်။ “ ဘယ်လို သတင်းကောင်းလဲ.. ”
ရက်စက်ကြမ်းကြုတ်သည့် ဓားပြကား ကော့ပင်းကဲ့သို့ ဥက္ကာပျံသူရဲကောင်းအဆင့် တစ်ယောက်အရှေ့တွင် လိမ္မာသောမြေးကလေးတစ်ယောက်လို ဖြစ်နေတော့သည်။ သူက ပြုံးရွှင်စွာဖြင့် “ ဆေးလ်ဗားမွန်းဝံပုလွေဘုရင်ရဲ့ သားမွေးပါ..၊ ဒုတိယခေါင်းဆောင်နဲ့ အားလုံးက အရှင့်ကို စောင့်နေကြပါတယ်.. ”
“ ဘာ.. ဆေးလ်ဗားမွန်းဝံပုလွေဘုရင်သားမွေးလား.. ”
ကော့ပင်းမှာ ကြက်သေသေသွားသည်။ ထို့နောက် အစည်းအဝေးခန်းမသို့ အပြေးနှင်လေသည်။
***
အစည်းအဝေးခန်းမ..၊
ကော့ပင်းမှာ ခေါင်းဆောင်ထိုင်ခုံတွင် ထိုင်နေလျက် ရှိကာ ကျန်သောသူများက သူ့အား ဝန်းရံနေလျက် ရှိသည်။ တစ်ခြားသော ခေါင်းဆောင်တို့မှာ ကောင်းကင်သူရဲကောင်းအဆင့်တွင် ရှိကြသည်။ ဓားကောက်ဓားပြအဖွဲ့သည် ရီရွှေမြို့တွင် အင်အားအကြီးဆုံး ဓားပြအဖွဲ့ဖြစ်နေရာ တစ်ခြားသော အင်အားကြီး ဝရမ်းပြေးများကိုလည်း ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့သည်မှာ အထူးအဆန်း မဟုတ်ချေ။
“ နားတစ်ဖက်..၊ အကြောင်းစုံ ရှင်းပြစမ်း.. ဘာဖြစ်လာခဲ့သလဲ.. ” ကော့ပင်းအနားတွင်ရှိ မီးခိုးရောင်ဝတ်စုံနှင့် ထိုင်နေသည့် အဖိုးကြီးတစ်ယောက်က အမိန့်ပေးလိုက်သည်။
“ ကျနော်က စခန်းဘေးပတ်လည်မှာ ကင်းစောင့်တာဝန်ကျတယ်ခင်ဗျ..၊ အဲ့မှာ ခရီးသွားနေတဲ့ လူနှစ်ယောက်ကို တွေ့ရမယ်လို့ ဘယ်ထင်ထားမလဲဗျာ.. ” နားတစ်ဖက် ဆိုသည့် ဓားပြက အံ့အားသင့်ဟန်ဖြင့် စတင်ပြောလေသည်။ “ တစ်ယောက်က လက်မောင်းခြောက်ဖက် မြွေနတ်ဆိုး ကျုံးလိန်ဗျ..၊ နောက်တစ်ယောက်ကျတော့ အနက်ရောင်ဝတ်စုံနဲ့ လူငယ်လေးပဲ..၊ လှံတစ်ချောင်းလည်း ကိုင်ထားတယ်..၊ သူ့အသက်က ၁၆ ၁၇ နှစ်လောက်ပဲ ရှိဦးမယ်..၊ သူက ဆေးလ်ဗားမွန်းဝံပုလွေဘုရင်သားမွေးကြီးကို ထမ်းထားတယ်ဗျ.. ”
“ ကျုံးလိန်.. ” ကော့ပင်းမှာ ထိုင်ခုံလက်တန်းအား လက်ချောင်းဖြင့် တဖွဖွ ခေါက်လေ၏။ ထို့နောက် အေးစက်စွာဖြင့် “ ရီရွှေမြို့မှာ လှံကို ကျွမ်းကျင်ပြီးတော့ ကျုံးလိန်နဲ့လည်း ဆက်နွယ်နေသူဆိုတော့..၊ နှင်းလင်းယုန်နယ်မြေရဲ့ အရှင်သခင်လေးပဲ ဖြစ်ရမယ်..၊ ဒီကောင်က လှံလေ့ကျင့်တာ အရူးအမူးပဲကွ..”
“ လှံနတ်ဆိုး တုန်ပိုရွှယ်ယင်ပေါ့လေ.. ”
မီးခိုးရောင်ဝတ်စုံနှင့် အဖိုးကြီးက ခေါင်းညိတ်လိုက်လေ၏။
“ ငါ သူ့နာမည်ကို ငါ ကြားဖူးတယ်..၊ ဒါပေမဲ့ သူ့ကို အနှောင့်အယှက်တစ်ခုလို့ ငါ မတွေးခဲ့ဖူးဘူး..၊ လှံကို အရူးအမူးလေ့ကျင့်ပြီးတော့ လှံနတ်ဆိုးလို့ ဖြစ်လာတယ်ဆိုပေမဲ့ သူက အစွမ်းထက်တယ်လို့ ယူဆလို့ မရပါဘူး..၊ ဒါပေမဲ့ ပျက်သုဉ်းခြင်းတောင်တန်းအထဲကိုတောင် ဝင်လာရဲတဲ့အပြင် ဆေးလ်ဗားမွန်းဝံပုလွေ သားမွေးကိုတောင် ရလာခဲ့တယ်ဆိုတော့ သူ့ရဲ့ အစွမ်းကို အထင်သေးလို့တော့ မရဘူး… ”
“ ညီအကိုတို့.. ငါတို့ ဒီကောင်တွေကို ဓားပြတိုက်ကြရတော့မလား.. ” ထိပ်ပြောင်ပြောင်နှင့် ထွားကြိုင်းနေသည့် ဓားပြတစ်ယောက်က အော်ဟစ်လိုက်၏။
“ ဆေးလ်ဗားမွန်းဝံပုလွေဘုရင် သားမွေးကိုတောင် ရလာခဲ့တယ်ဆိုတော့ ဧကန္တ ကျုံးလိန်က ဥက္ကာပျံသူရဲကောင်းအဆင့် ရောက်သွားလို့များလား.. ” ကော့ပင်သည် အသံနှိမ့်၍ ပြောလိုက်သည်။
“ အဲလိုပဲ ဖြစ်ဖို့ များတယ်.. ”
မီးခိုးရောင်ဝတ်စုံနှင့် အဖိုးကြီးသည် ခေါင်းညိတ်လိုက်ပြန်သည်။
“ ကျုံးလိန်က ကောင်းကင်သူရဲကောင်းအဆင့်မှာပဲ ရပ်နေတာ ကြာလွန်းသွားပြီးလေ..၊ သူက ဥက္ကာပျံသူရဲကောင်းအဆင့်ရောက်သွားနိုင်တာ ဖြစ်နိုင်ခြေများတယ်..၊ ပြီးတော့ သူက မြွေအမျိုးအနွယ် တော်ဝင်မိသားစုကနေ လာတဲ့ လက်မောင်းခြောက်ဖက် မြွေနတ်ဆိုးဆိုတာကိုလည်း မမေ့နဲ့..၊ တကယ်လို့ သူက ဓားခြောက်လက်နဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ရင် ဝံပုလွေအုပ်လည်း မျိုးကန်းသွားနိုင်တာပဲ..၊ နောက်ထပ် ထောင်ချောက်တွေပါ ထပ်ထည့်လိုက်မယ်ဆိုရင် သူတို့ဟာ ဆေးလ်ဗားမွန်းဝံပုလွေဘုရင်ကို လွယ်လွယ်လေးနဲ့ ဖမ်းနိုင်ကြမှာပဲ.. ”
တုန်ပိုရွှယ်ယင်သည် အုပ်စုဖွဲ့တိုက်ခိုက်ခြင်းကို နိုင်နင်းပေမဲ့ ဥက္ကာပျံသူရဲကောင်အဆင့် ကျုံးလိန်သည် အမြီးနှင့် လက်မောင်းခြောက်ဖက်ပါ ရှိနေလေရာ အုပ်စုဖွဲ့တိုက်ခိုက်ခြင်းကို ဖြေရှင်းဖို့က အခွင့်အလမ်း များစွာ သာလွန်နေမည်မဟုတ်လား။
“ နှင်းလင်းယုန်အရှင်သခင်လေး ရွှယ်ယင်လည်း ဥက္ကာပျံသူရဲကောင်းအဆင့် ရောက်နေမယ်ဆိုရင်ရော ဖြစ်နိုင်တာပဲ မဟုတ်လား.. ” ထိပ်ပြောင်ပြောင်နှင့် ဓားပြသည် ထပ်၍ အော်ပြောလိုက်ပြန်သည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ”
“ သူအသက် ဘယ်လောက်ရှိနေလို့လဲ.. ”
“ အသက် ခုနှစ် ရှစ်နှစ်လောက်ကတည်းက လေ့ကျင့်ခဲ့မယ်ဆိုရင်တောင် ကောင်းကင်သူရဲကောင်အဆင့်ရဲ့ စွမ်အားကို လိုက်မမှီနိုင်ပါဘူးကွာ.. ”
ထိုအခါ ထိပ်ပြောင်ပြောင်နှင့် ဓားပြသည် ခေါင်းကုတ်ကာ ရယ်ကြဲကြဲဖြင့် “ ငါ အတွေးလွန်သွားတာ.. ” ဟု ပြန်လျှောချလိုက်လေသည်။
ကော့ပင်းက အေးစက်သည့် လေသံဖြင့် “ ကျုံးလိန်က ဥက္ကာပျံသူရဲကောင်းအဆင့် ရောက်နေပြီးဆို သေချာသလောက်ပဲ..၊ အရှင်သခင်လေးကတော့ အများဆုံး ကောင်းကင်သူရဲကောင်းအဆင့်ပဲ ရှိဦးမယ်..၊ တကယ်လို့ သူကပါ ဥက္ကာပျံသူရဲကောင်းအဆင့် ဖြစ်နေင်လည်း ဥက္ကာပျံသူရဲကောင်းအဆင့် နှစ်ယောက်ပဲ ရှိသေးတာ ငါတို့က အင်အားအရေအတွက် သာသေးတယ်..၊ နောက်ပြီး ဒါက ငါတို့ရဲ့ နယ်မြေထဲမှာဆိုတော့ နှစ်ယောက်စလုံးကို သတ်နိုင်ဖို့ အခွင့်အလမ်းသာနေတယ်.. ”
“ ဒါက အဆိုးဆုံး အခြေအနေကို ကြိုတွေးကြည့်တာ..၊ ငါကတော့ လူငယ်လေးက ဥက္ကာပျံသူရဲကောင်းအဆင့် မဖြစ်နိုင်ဘူးလို့ ထင်တယ်.. ” မီးခိုးရောင်ဝတ်စုံနှင့် အဖိုးကြီးက ပြောလိုက်၏။ “ ငါတို့ဘက်မှာ အောင်မြင်နိုင်ခြေ များတယ်..”
“ ကောင်းပြီးလေ..၊ နှစ်ယောက်စလုံးကို သတ်ပြီး ဆေးလ်ဗားမွန်းဝံပုလွေဘုရင် သားမွေးကို ဓားပြတိုက်ယူကြမယ်.. ”
ကော့ပင်းမှာ ပြုံးရွှင်လာသည်။ “ အဲဒီကောင်ကလေးက အရှင်သခင်ဖြစ်နေမှတော့ သူ့မှာ ရတနာပစ္စည်းတွေကို ပါလာနိုင်တယ်.. ”
“ သူတို့ဆီကနေ လုကြမယ်ဟေ့.. ”
“ ဓားပြတိုက်မယ်..၊ သတ်ဖြတ်ကြမယ်.. ”
အစည်းအဝေးခန်းမသည် ရဲရဲတောက် အော်ဟစ်သံများ ဆူညံသွားသည်။
“ နားတစ်ဖက်..၊ အဲဒီနှစ်ယောက်က အခုဘယ်မှာလဲ.. ” ကော့ပင်းက ချက်ချင်း မေးမြန်းလိုက်သည်။
“ သူတို့က ဒီကနေ ခပ်ဝေးဝေးမှာ ရှိနေကြတုန်းပဲ..၊ တောင်တန်းကြောကနေ ထွက်ခွာလာတဲ့ လမ်းကြောင်းမှာ..၊ သူတို့က သေချာပေါက် ကျနော်တို့အရှေ့မှာ ရှိတဲ့ ချောက်ကြီးကနေ ဖြတ်သွားကြလိမ့်မယ်.. ” နားတစ်ဖက်က မဆိုင်းမတွ သွက်လက်ဖြင့် ဖြေလိုက်သည်။
“ သိပ်ကောင်းတာပေါ့..၊ ဒါဆိုရင် ချောက်ထဲမှာပဲ ချုံခိုတိုက်ခိုက်ကြမယ်..၊ ဒုတိယအကိုကြီး..၊ ချုံခိုတိုက်ခိုက်ဖို့အတွက် အကိုကြီးပဲ စီစဉ်ပေးပါ..” ကော့ပင်းသည် ဘေးနားရှိ မီးခိုးရောင်ဝတ်စုံနှင့် အဖိုးကြီးအား ကြည့်လိုက်သည်။ ထိုအဖိုးကြီးသည် ကောင်းကင်အဆင့်ရှိသော မှော်ဆရာတစ်ဦးဖြစ်ကာ ဓားပြအဖွဲ့တွင် သူသည် ကော့ပင်းပြီးနောက် ဒုတိယလိုက်သည်။ သူသည်လည်း ဝရမ်းပြေးတစ်ယောက် ဖြစ်လေကာ သူ၏ သုတေသနစမ်းသပ်မှုများအတွက် လူများစွာကို အဓမ္မခေါ်ဆောင်သွားခြင်းကြောင့် ဖြစ်သည်။
“ အားလုံးကို ကြည့်ပြီး ဆောင်ရွက်လိုက်ပါ့မယ်.. ” မှော်ဆရာသည် ခေါင်းညိတ်ကာ ဆိုလိုက်သည်။
***
တောနက်တွင်းတစ်နေရာတွင်..
တုန်ပိုရွှယ်ယင်သည် ဆေးလ်ဗားမွန်းဝံပုလွေဘုရင်သားမွေးအား ထမ်းကာ ကျုံးလိန်နှင့် ဘေးချင်းတိုက် လျှောက်နေ၏။
သူတို့သည် ဘေးပတ်ဝန်းကျင်အား အထူးဂရုစိုက် ကြည့်လာခဲ့သည်။ သို့သော်လည်း ရွှယ်ယင်၏ စွမ်းအားသည် အဆင့်၅ မှော်သားရဲကောင်တွေကိုတောင်မှ အရေးစိုက်မစရာ မလိုအပ်ချေ။
“ ဟမ် ”
ချောက်ကြီးတစ်ခု၏ အဝ မျက်နှာကျယ်နေရာသို့ ရောက်ရှိလာသည့်အခါတွင် ရွှယ်ယင် မျက်မှောင်ကြုတ်လိုက်ကာ ကျုံးလိန်အား တားလိုက်သည်။ “ ကျုံးလိန်..၊ ရပ်ဦး.. ”
“ ဘာဖြစ်လို့လဲ.. ” ကျုံးလိန်သည် ကြောင်တောင်တောင် ဖြစ်သွားသည်။
“ တစ်ခုခု မူမမှန်သလို ခံစားလိုက်ရလို့.. ” အရှေ့က လမ်းကြောင်းကို ကြည့်ရင်း ရွှယ်ယင် ပြောလိုက်သည်။
လှံသိုင်းပညာက နတ်ဘုရားတစ်ပါးနီးပါးအဆင့်အထိ တိုးတက်လာပြီးနောက်ပိုင်း လှံပညာရှင်ကြီးတစ်ပါး ဖြစ်လာခဲ့သူမို့ ရွှယ်ယင်သည် သူ့ဘေးနားက ချီစွမ်းအင်တို့အား အာရုံခံနိုင်နေပြီးဖြစ်သည်။ သူတို့ လျှောက်လာခဲ့သည့် လမ်းကြောင်းတစ်လျှောက်တွင် သဘာဝချီစွမ်းအင်များဖြင့် ရှိနေပါသော်လည်း ယခု ချောက်အဝင်ဝတွင်မူ မူမမှန်နေပြီး ပြင်းထန်သော ချီစွမ်းအင်များ သိသာထင်ရှားစွာ ရောနှောနေသည်ကို ရွှယ်ယင် ခံစားလိုက်ရခြင်း ဖြစ်သည်။
“ အရှေ့မှာ ချုံခိုတိုက်ခိုက်မှုတစ်ခု ရှိလိမ့်မယ်..၊ ကျနော်တို့ အနောက်ပြန်လှည့်ရအောင်.. ” ရွှယ်ယင်က ပြောလိုက်သည်။ “ အဲ့အခါကျမှ သူတို့ ထွက်လာတာကို ကြည့်ရအောင်.. ”
တုန်ပိုရွှယ်ယင်နှင့် ကျုံးလိန်တို့လည်း အနားတစ်ဝိုက် လှည့်လျှောက်လိုက်ရင်း လာလမ်းအတိုင်း အနောက်ပြန်လှည့်လေသည်။
“ လက်မောင်းခြောက်ဖက် မြွေနတ်ဆိုး ကျုံးလိန်!! ဒီအထိ ရောက်အောင် လာခဲ့မှတော့ ခဏလောက် နေပါဦးလေ..၊ မပြန်ပါနဲ့ဦး.. ” အေးစက်စက် စကားပြောသံက ချောက်အထဲကနေ ဟိန်းထွက်လာသည်။ “ ညီအကိုတို့..၊ ကိုယ်ထင်ပြလိုက်တော့ဟေ့..၊ သူတို့ ငါတို့ကို တွေ့သွားကြပြီး ”
“ ဟင်” တောင်နံရံများတွင် ပုန်းကွယ်နေရာမှ အသီးသီး ထွက်ပေါ်လာကြသည့် ဓားပြအဖွဲ့သားများစွာကို ရွှယ်ယင်နှင့် ကျုံးလိန်တို့ စတင် တွေ့လိုက်ရသည်။ တကယ်၍ တစ်ယောက်ချင်း ရေတွက်ကြည့်မယ်ဆိုလျှင် အယောက်တစ်ထောင်မျှ ရှိမှာကို တွေ့ရှိရပါလိမ့်မည်။ ဓားပြအားလုံးတို့သည် ရွှယ်ယင်နှင့် ကျုံးလိန်တို့ နှစ်ယောက်ကို ဆူဖြိုးသော သိုးနှစ်ကောင်အလား သဘောထား၍ စိုက်ကြည့်နေကြလေ၏။
ဘုန်းးး
ဓားပြအုပ်စုတစ်စုက ရွှယ်ယင်တို့အရှေ့ကနေ လျှောက်ထွက်လာကြသည်။ ထိုအုပ်စု၏ ခေါင်းဆောင်မှာ ရက်စက်ကြမ်းကြုတ်ဟန်ရှိသူ တစ်ယောက်ဖြစ်ကာ သူ့ခါးမှာလည်း ဓားနှစ်လက် ရှိနေလေ၏။
“ ကော့ပင်း ” ကျုံးလိန်၏ မျက်ဝန်းတွင် အေးစက်သည့်အလင်းများ ဖြာထွက်လာသည်။
“ ဟားဟားဟား… ကျုံးလိန်.. ကျုံးလိန်..၊ ငရဲပြည်က ဝင်ပေါက်မရှိဘူးကွ..၊ ဒါပေမဲ့ မင်းကတော့ ကိုယ်တိုင် ခုန်ဆင်းလာပါလား.. ” ကော့ပင်းသည် ကောက်ကျစ်စွာဖြင့် ရယ်မောလိုက်လေသည်။ “ မင်းက ဥက္ကာပျံသူရဲကောင်းအဆင့် ဖြစ်နေပြီးဆိုပေမဲ့ ငါ့နယ်မြေအထဲမှာ ရောက်နေပြီးဆိုတော့ သေချာပေါက် သေရမှာပေါ့ကွာ..၊ ဟားဟား..၊ နှင်းလင်းယုန်နယ်မြေမှာ ပုန်းနေသရွေ့တော့ မင်းကို ငါ ထိလို့ မရဘူးလေ..၊ ဒါပေမဲ့ မင်းကိုယ်တိုင် ဒီကို ရောက်လာလို့ပါလား..၊ သေချင်နေတယ်ပေါ့လေ..၊ မင်းဆန္ဒကို ပြည့်အောင် လုပ်ပေးရမှာပေါ့..၊ အိုး.. ငယ်ရွယ်တဲ့ အရှင်သခင်လေးပါလား..၊ စိတ်မပူပါနဲ့ ..၊ မင်းကိုလည်း မြန်မြန်အသက်ထွက်စေရပါမယ်ကွာ..၊ ဘာနာကျင်မှုမှ မခံစားရစေပါဘူး..”
အပိုင်း ( ၂၃ ) သတ်ဖြတ်သူက တုန်ပိုရွှယ်ယင်
အရှင်သခင်ရွှယ်ယင်
ချောက်ကမ်းပါးပတ်လည်တွင် ဝိုင်းရံထားသော ဓာပြများသည် အစာကို စောင့်ကြည့်နေသည့် ကျားတစ်ကောင်အလား အသီးသီး ကြည့်နေကြစဉ် ကော့ပင်းသည် သူ့လက်အောက်ငယ်သားများအား အရှေ့တက်ဖို့ အမိန့်ပေးလိုက်သည်။
“ ငါတို့ မြန်မြန် ထွက်ပြေးကြရမယ် ” ကျုံးလိန်က ဆော်သြလိုက်သည်။
ထိုအခါ ရွှယ်ယင်နှင့် ကျုံးလိန်သည် အနောက်လှည့်ကာ တစ်ချိုးတည်း ပြေးလေတော့သည်။
“ ထွက်ပြေးချင်တာလား.. ၊ အနောက်ကနေ လိုက်စမ်း ” ကော့ပင်းက အေးစက်စွာ အော်ဟစ်လိုက်သည်။
“ ဟာကွာ..၊ သူတို့ ငါတို့ကို ဘယ်လို ရှာတွေ့သွားတာလဲ..၊ အရှေ့ကို နည်းနည်းလေးပဲ တိုးလိုက်ရင် ငါတို့ရဲ့ ထောင်ချောက်ထဲကို ဝင်ပြီ ” ဓားပြတို့သည် စိတ်ပျက်သွားကြကာ ဒေါသလည်း ထွက်ကုန်ကြသည်။ သူတို့အား အဝေးကနေ ရိပ်မိသွားလိမ့်မည်ဟု အားလုံးက မထင်မှတ်ထားကြပေ။ အဘယ်ကြောင့်ဆိုသော် အားလုံးသည် ပုန်းလျှိုကွယ်အောင်းရာတွင် ကျွမ်းကျင်ကြသူဖြစ်ကာ ထို့ကြောင့်လည်း ပျက်သုဉ်းခြင်းတောင်တန်းအတွင်း အသက်ရှင်နေနိုင်ကြသည်မဟုတ်လား။
“ အနောက်ကနေ လိုက်ကြ ” ကော့ပင်းသည် အံကိုကြိတ်လိုက်၍ ဒေါသတကြီးဖြင့် ကြိမ်းမောင်းလိုက်သည်။
***
ကျုံးလိန်နှင့် ရွှယ်ယင်တို့သည် ရည်ရွယ်ချက်ရှိရှိဖြင့် ထွက်ပြေးကြခြင်း ဖြစ်ကာ ချောက်ကမ်းပါးနှစ်ဖက်တွင် ရှိသော ဓားပြများအား ဒေါသူပုန်ထစေကာ ၎င်းဓားပြတို့သည် ဒူးလေးကြီးဖြင့် ပစ်ခတ်ကြလေသည်။
ဝီးးး
ထိုအခိုက် ဆယ်လက်ခန့်ရှိသည့် ဒူးလေးကြီးများကမူ ရွှယ်ယင်နှင့် ကျုံးလိန်တို့ထံ ပိုက်ကွန်များဖြင့် အသီးသီး ပစ်လွှတ်ကြသည်။
ဟူးး ဟူးး ဟူးး
ဘောလုံးများ လေထဲတွင် ပေါက်ကွဲသွားကာ ကြီးမားသည့် ပိုက်ကွန်အဖြစ် ပြောင်းလဲသွားပြီ အပေါ်ကနေ အုပ်မိုးကျလာသည်။
“ ပိုက်ကွန်ကို ရှောင် ”
ရွှယ်ယင်နှင့် ကျုံးလိန်မှာ လျင်မြန်စွာဖြင့် ပိုက်ကွန်တို့ကို ရှောင်လိုက်ကြသည်။ ဒါသည်လည်း သူတို့ ထွက်ပြေးဟန်ပြုရခြင်း၏ အကြောင်းအရင်းတစ်ခု ဖြစ်သည်။ သူတို့နှစ်ယောက်၏ ပြင်းထန်သော ခွန်အားဖြင့် ခုခံစေကာမူ ၎င်းပိုက်ကွန်အတွင်း ပိတ်မိသွားပါက အကြီးအကျယ် ဒုက္ခရောက်ကြလိမ့်မည်။
ကံကောင်းစွာဖြင့် ရွှ့ယ်ယင်တို့နှစ်ယောက် ပိုက်ကွန်ကနေ လွတ်အောင် ရှောင်နိုင်ခဲ့၍ ထောင်ချက်တွင် အမိမခံရတော့ချေ။ သူတို့နှစ်ယောက်နှင့် ဓားပြတို့မှာ ခပ်ဝေးဝေးမှာ ရှိနေသည့်အပြင် နှစ်ယောက်စလုံးကလည်း အစွမ်းထက်သူများဖြစ်ကြ၍ ပိုက်ကွန်များကို ရှောင်တိမ်းရမှာ ကျုံးလိန်နှင့် ရွှယ်ယင်တို့အတွက် လွယ်ကူနေတော့သည်။
“ သူတို့က အရမ်းကို လျင်မြန်နေတယ်ကွ.. ”
“ သူတို့ကို ရပ်တန့်ဖို့ မဖြစ်နိုင်တော့ဘူး ”
စုစုပေါင်း ပိုက်ကွန် ဆယ်နှစ်ခုသည် လေထဲမှာသာ အလဟသဿ ဖြစ်သွားကုန်သည်။ ထို့ကြောင် ကော့ပင်းမှာ အံကို ကြိတ်၍ ကိုယ်တိုင် အနောက်ကနေ လိုက်ဖမ်း၏။
“ ဦးလေးကျုံး…၊ ကျနော်တို့ ပြေးလာတာ မီတာငါးရာရှိတော့မယ်..၊ လုံလောက်ပြီး ထင်တယ်..၊ သူတို့မှာ ထောင်ချောက်တွေ မရှိလောက်တော့ဘူး ”
ရွှယ်ယင် ပြေးနေသည်ကို ရပ်တန့်လိုက်ကာ အနောက်လှည့်လိုက်သည်။ ပခုံးထက်က ဆေးလ်ဗားမွန်းဝံပုလွေဘုရင် သားမွေးကိုလည်း အောက်ချလိုက်သည်။
“ အာ.. ဆက်တိုက် ပြေးစမ်ပါ..၊ ပြေးစမ်း..၊ အရှေ့မှာ သားရဲအုပ်စုပ်တစ်စု ရှိနေတယ်ကွ..၊ မင်းတို့ ဘယ်လောက်အထိ ပြေးနိုင်မှာလဲ ငါ ကြည့်လိုက်ဦးမယ် ” တရကြမ်း အပြေးလိုက်လာကြသော ကော့ပင်းတို့ ဓားပြအုပ်စုတို့ နီးကပ်လာခဲ့သည်။
ရွှယ်ယင်ကား အနားရှိ မြေပြင်တွင် ထိုးစိုက်ထားသော နှင်းပျံနတ်လှံအား စွဲကိုင်ကာ သူ့ဆီ ပြေးဝင်လာကြသော ဓားပြတို့အား ပြုံးကြည့်လိုက်၏။ “ ကော့ပင်း..၊ မင်းက ငါ့ရဲ့ နယ်မြေကို လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းက လုယက်ဖျက်ဆီးခဲ့ဖူးတယ်..၊ ငါ့ရဲ့ နယ်မြေကရော ရီရွှေမြို့က မြို့သူမြိ့သားတွေ အယောက် ငါးရာကျော်တို့ မင်းတို့ ရက်ရက်စက်စက်နဲ့ ညှင်းပန်းသတ်ဖြတ်ခဲ့တယ်..၊ မင်းတို့ဘက်လည်း မရေတွက်နိုင်အောင် သေဆုံးခဲ့တာပါပဲ..၊ ဒီနေ့တော့ မင်းဆီကနေ ငါ အကြွေးတောင်းရလိမ့်မယ်.. ”
ရွှယ်ယင် ပြောနေစဉ်အချိန်တွင် ကော့ပင်းနှင့် သူ့လက်အောက်ငယ်သားဓားပြများ လျင်မြန်စွာဖြင့် နီးကပ်လာနေပါပြီး။
“ အကြွေးဆပ်ရမယ်.. ” ကော့ပင်းသည် ကောက်ကျစ်စွာ ပြုံးဖြီးဖြီးဖြင့် လှောင်လိုက်လေသည်။ “ ငါ့ကို သတ်ချင်နေတဲ့ သူတွေ အများကြီးပဲလေ..၊ နောက်ဆုံးတော့ သူတို့ပဲ ငါ့လက်နဲ့ သေရတာချည်းပဲ.. ”
ကော့ပင်းအနောက်က မီးခိုးရောင်ဝတ်စုံနှင့် လူကြီးသည် တောင်ဝှေ့ကို ဆုပ်ကိုင်ထားရင်း စတင် မန်းမှုတ်လေသည်။
ရွှယ်ယင်မှာ ဓားပြအုပ်စုတစ်စုလုံးအား အာရုံစိုက်ထားသော်လည်း မီးခိုးရောင်ဝတ်စုံနှင့် လူကြီးအား ပို၍ အာရုံစိုက်ထားသည်။ ဓားကောက်ဓားပြအဖွဲ့တွင် ကောင်းကင်အဆင့် ရှိသည့် မှော်ဆရာတစ်ဦးရှိကြောင်းကို ရွှယ်ယင် အစောကြီးကတည်းက ကြားထားပြီ ဖြစ်၏။ မှော်ဆရာတစ်ယောက်အား မှော်အစွမ်းထုတ်သုံးခွင့် ပြုလိုက်ခြင်းသည် အလွန် မိုက်မဲရာ ကျသွားလိမ့်မည်။
“ ဟုတ်တယ်..၊ မင်းရဲ့ ငါတောင်းရတော့မယ်..၊ မင်းအကြွေးတင်နေတဲ့ မရေတွက်နိုင်တဲ့ သွေးအကြွေးတွေအတွက်ပဲ.. ” လှံတိုနှစ်ချောင်းသည် ရွှယ်ယင်၏ လက်နက်သေတ္တာကနေ ထွက်ရှိလာခဲ့သည်။
“ ရော့..သွား ”
သွေးကဲ့သို့ နီရဲသော် အငွေ့အသက်များ ရွှယ်ယင်ခန္ဓာကိုယ်မှ စိမ့်ဖြာဆင်းလာကာ လှံတိုနှစ်ချောင်းသည်လည်း မိုးကြီးပစ်လွှတ်လိုက်သည်အလား ညာဘက်လက်မောင်းကနေ ထွက်ပြေးလို့ လာခဲ့သည်။ ပို၍ သေချာစေဖို့အတွက် ရွှယ်ယင်မှာ သူ့၏ ကမ္ဘာဦးသွေးအမွေစွမ်းအားကိုပင် အသုံးပြုလိုက်သည်။
ရွှီးးး ဝှစ်.. ဝှစ်..
လှံတိုနှစ်ချောင်းသည် လေထုအား စုတ်ဖြဲနေသည့်အလား ထင်မှတ်ရအောင် ကြောက်ခမန်းလိလိ လေခွင်းအသံများ ထွက်ပေါ်လာသည်။ မီတာတစ်ရာကျော် အကွာအဝေးအား ဖြောင့်တန်းစွာ ပြေးဝင်သွားပြီးလျှင် မီးခိုးရောင်ဝတ်စုံနှင့် လူကြီးအရှေ့သို့ ရုတ်ချည်း ရောက်ရှိလာသည်။
အရမ်းမြန်လိုက်တာ..!! ဓားပြအားလုံးသည် လှံတိုနှစ်ချောင်း၏ မြန်ဆန်မှုနှုန်းအား တွေ့မြင်လိုက်ရသည့်အခါ မျက်လုံးများ ပြုတ်ကျလုမတတ်လောက်အောင် ထိတ်လန့်သွားကုန်သည်။
“ သတိထား ” အကျယ်ကြီး အော်ဟစ်သတိပေးလိုက်ရင်း ကော့ပင်း၏ ဓားမြောင်တစ်လက်က လျှပ်တစ်ပြက်အတွင်း ထွက်ပေါ်လာသည်။ တောက်တောက်ပပ ရှိသည့် ထိုဓားမြောင်သည် မီးခိုးရောင်ဝတ်စုံနှင့် လူကြီး အရှေ့တွင် ကာထားလိုက်သည်။
ဘန်းးး!! ကြောက်စရာကောင်းသည့် အင်အားများ တိုးဝင်လာသလို ကော့ပင်း ခံစားလိုက်ရကာ သူ့လက်မောင်းတစ်ခုလုံးသည်လည်း နာကျင်မှုများနှင့် ပေါက်ကွဲမတတ် ခံစားလိုက်ရသည်။ လှံတိုသည် လမ်းကြောင်းလွဲရုံ ဖြစ်သွားကာ အနားရှိ ဓားပြသုံးယောက်အား ထိမှန်သွားသည်။
ဖရူးးး!! လှံတိုလမ်းကြောင်းမှာ ရှိသည့် ဓားပြသုံးယောက်မှာ အသက်မဲ့အလောင်းဘဝသို့ ရောက်ရှိသွားသည်။ သူတို့၏ ရင်ဘတ်မှာလည်း သွေးပွက်ပွက်ထွက်နေသည့် ဟောင်းလောင်းပေါက် ကိုယ်စီနှင့်။
မီးခိုးရောင်ဝတ်စုံနှင့် လူကြီး၏ မျက်ဝန်းတွင် ကြောက်လန့်ခြင်း ပြင်းစွာဖြင့် တုန်လှုပ်သွားသည်။ ပထမလှံချက်အား ခေါင်းဆောင်က ကာကွယ်ပေးခဲ့ပေးမဲ့ ဒုတိယမြောက်လှံတိုက ရောက်ရှိလာလေပြီး။ ချက်ချင်းဆိုသလို အနက်ရောင်မြူခိုးများ သူတစ်ကိုယ့်လုံးတွင် လွှမ်းခြုံသွားသည်။ သို့သော် ရွှယ်ယင်မှာ ကမ္ဘာဦးသွေးအမွေစွမ်းအားများ ထုတ်သုံးထားသူဖြစ်၍ သူ့အဆင့်သည် ငွေလသူရဲကောင်းအဆင့်သို့ပင် ခုန်တက်ရောက်ရှိသွားခဲ့ပြီရာ ငွေလသူရဲကောာင်းအဆင့် ရောက်ရှိနေသူတစ်ယောက်၏ ကြောက်မက်ဖွယ်အင်အားနှင့် လှံတိုအား ထိုအနက်ရောင်မြူခိုးက အဘယ်ကဲ့သို့ ကာကွယ်နိုင်စွမ်း ရှိတော့မည်နည်း။ မျက်စိတစ်မှိတ်အတွင်း လှံတိုသည် ထိုအကြီးအကဲ၏ ရင်အုံသို့ ထိုးဖောက်ဝင်သွားခဲ့သည်။
အနက်ရောင်မြူခိုးများ လျော့ပါးသွားလျက် ရှိနေသည်။ မီးခိုးရောင်ဝတ်စုံနှင့် လူကြီးသည် သူ့ရင်ဘတ်တွင် ပန်းကန်လုံးတစ်လုံးစာလောက် ရှိသည် အပေါက်ကြီးအား ကြည့်ရင်း မျက်လုံးပြူးကျယ်နေလျက် ရှိနေသည်ကို မြင်ကြရလေသည်။
ကောင်းကင်အဆင့်ရှိသော မှော်ပညာရှင်တစ်ယောက် သေဆုံးသွားရချေပြီး။
“ ငမိုက်သားတွေ..၊ အားလုံး ငရဲဘုံကို သွားကြတော့.. ” သေချင်စော်နံနေကြသည့် ဓားပြတို့အား ရွှယ်ယင် အညှာတာမဲ့စွာ တိုက်ခိုက်တော့သည်။ လက်နက်သေတ္တာမှ နောက်ထပ် လှံတိုတစ်ချောင်း ဆွဲယူကာ သူ့ရဲ့ ကမ္ဘာဦးသွေးအမွေစွမ်းအားဖြင့် ဖြည့်သွင်းလိုက်သည်။ ခန္ဓာကိုယ်စွမ်းအား ထိန်းချုပ်ရာတွင် ပြည့်စုံခြင်းနှင့် တစ်သားတည်းအဆင့် ရောက်ရှိနေပါသော ထိပ်တန်းပညာရှင်တစ်ယောက် ဖြစ်နေသူမို့ လှံတိုဖြင့် တိုက်ခိုက်ရာတွင် ကြီးကျယ်သော စွမ်းအားများ စိတ်ကြိုက်ထုတ်သုံးနိုင်လေသည်။
ရွှီး.. ဝှစ်..
ပစ်လွှတ်လိုက်သော လှံတိုတိုင်းတွင် ထိတ်လန့်စရာကောင်းလောက်သည့် အမြန်နှုန်းများဖြင့် ပြေးသွားသည်ချည်း။ ထို့အတူ လှံတို၏ ထိုးဖောက်ဖြတ်သန်းခြင်း ခံလိုက်ရသည့် ဓားပြတိုင်းမှာလည်း ရင်ဘတ်တွင် အပေါက်တွေ ဖြစ်သွားရသည်ချည်းပင်။
တစ်ဖက်က ဓားပြတို့ကား ချောက်ကမ်းပါးနံရံတွင် ပုန်းကွယ်ခြင်း ပြုခဲ့ကြသည်မဟုတ်လော။ သူတို့ကိုယ်ကို ကာကွယ်ဖို့ ပုန်းကွယ်စရာနေရာပင် ရုတ်ချည်အတွင်း မရှာနိုင်ကြချေ။
ဘုန်းး!! ထွားကြိုင်းပြီး တောင့်တင်းသည့် ဓားပြတစ်ယောက်သည် ဒိုင်းအလွှာကို ကိုင်၍ လှံတိုအား ကြိုးစားကာကွယ်ကြည့်သည်။ သို့သော် ဒိုင်းအလွှာသည် ကျယ်လောင်သော အသံကျယ်ကြီးနှင့်အတူ အပိုင်းပိုင်းအစစ ကွဲအက်သွားသည်။ လှံသည် သူ့အား ထိုးထွင်းသွားကာ သူ့အနောက်ရှိ ဓားပြတစ်ယောက်ကိုပါ သေဆုံးသွားစေခဲ့သည်။
ရွှီး.. ရွှီး.. ဝီးး!! ဝီးးး!! ဝှစ်…!! ဝှစ်..!!
ထိုအခိုက်တွင် လှံတိုတိုင်းသည် သေမင်းနတ်ဘုရား၏ ဖိတ်ကြားလွှာကဲ့သို့ သူတို့အားလုံး ထင်မှတ်ကြကုန်သည်။ လေထုသည်ပင် လှံ၏ အဟုန်ကြောင့် စုတ်ပြဲသွားခဲ့ကြသည်အလားပင် ရှိကုန်၏။ ဓားပြအုပ်စုသည် ကြောက်လန့်ခြင်း တုန်လှုပ်ခြင်းများဖြင့် ခဲဆွဲထားသကဲ့သို့ ဖြစ်ကုန်ကြသည်။
ထို့အပြင် ချောက်ကမ်းပါး၏ အကျယ်အဝန်းကလည်း ဓားပြ အယောက်တစ်ထောင်တို့အား ကန့်သတ်ထားသကဲ့သို့ ဖြစ်နေကြပြန်ရာ အားလုံးသည် တစ်ချောင်းပြီး တစ်ချောင်း ဝင်ရောက်လာမည့် လှံတိုတို့အား ရပ်စောင့်နေကြသကဲ့သို့ အတန်းလိုက် ရှိနေကြလေ၏။ ရွှယ်ယင် ပစ်လွှတ်လိုက်သော လှံသည် အသားကင်တံစို့တံကဲ့သို့ ဖြစ်နေကာ သူတို့သည် ထိုအတွက် လည်စင်းခံနေရ၏။ မည်သူက မကြောက်လန့်ဘဲ ရှိနေဦးမလဲ။
“ အရမ်းကို အင်အားကြီးလွန်းပါလား..၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ”
ကော့ပင်းသည် ဓားကောက်အား ကိုင်စွဲရင်း အစွမ်းကုန် ခုခံနေရသည်။ သူ့ဆီသို့ ပြေးဝင်လာခဲ့သည် လှံတိုနှစ်ချောင်းက ရှေ့ဆင့်နောက်ဆင့် ဝင်လာခဲ့လေရာ သူသည် အသည်းအသန် ကာကွယ်ခဲ့ရသေးသည်။ ထိုလှံနှစ်ချောင်းသည် သူ့အနားမှာ ရှိသည့် ဓားပြများစွာ ထပ်မံ သေဆုံးသွားစေခဲ့၏။
“ တကယ်တမ်းက ကြောက်စရာကောင်းတဲ့သူက လက်မောင်းခြောက်ဖက် မြွေနတ်ဆိုး ကျုံးလိန်မှ မဟုတ်ဘဲ နယ်မြေအရှင်သခင်လေး ဖြစ်နေပါလား ”
လှံတိုများ တစ်ချောင်းပြီး တစ်ချောင်း ပစ်လွှတ်နေသော ရွှယ်ယင်အား ကော့ပင်းသည် ငေးစိုက်ကြည့်သည်။
ကော့ပင်းသည် လှံတိုနှစ်ချောင်းကို မနည်းရှောင်ရှားနေရသည်ဖြစ်ရာ ရွှယ်ယင်အား သတ်ဖို့က မဖြစ်နိုင်တော့။ ထို့ကြောင့် ရွှယ်ယင်အား လုပ်ကြံဖို့ အစီအစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်သည်။
တစ်ခြားတစ်ဖက်မှာလည်း ကောင်းကင်သူရဲကောင်းအဆင့် ဓားပြများသည် ဆက်လက်၍ တစ်ဖြုတ်ဖြုတ် သေဆုံးနေရသည်။ ချောက်၏ အကျယ်အဝန်းက ကျဉ်းလှရာ ရွှယ်ယင်၏ လှံတစ်ချောင်းတိုင်းက အတန်းလိုက်ရှိနေကြသည့် ဓားပြများအား ဖျက်ဆီးပစ်နေရာ တစ်ခါပစ် ခုနှစ်ယောက်နှုန်းဖြင့် တံစို့ထိုးနေသလို ဖြစ်နေတော့သည်။
အချိန်ဆိုသည်မှာလည်း ထိုတိုက်ပွဲအတွင်း အဆုံးမသတ်ပဲ ရှိနေသည့်အရာတစ်ခုကဲ့သို့ ထင်မြင်လာစေခဲ့သည်။
တကယ်တမ်းတွင် စုစုပေါင်း လှံတုံ ဆယ့်နှစ်ချောင်းသာ ပစ်လွှတ်ရသေးသည်။ ရွှယ်ယင် ပစ်လွှတ်သော အရှိန်အားကြောင့် ဓားပြတို့သည် တတိတိ လျော့ပါးလာသည်။
***
လှံတို မရောက်လာသည့် အခိုက်စဉ်မှာလည်း ဓားပြတို့သည် ကြောက်လန့်တုန်လှုပ်နေသေးရာ မည်သည့် လှုပ်ရှားမှုပင် မပြုနိုင်ကြတော့ချေ။ တစ်ယောက်ကို တစ်ယောက်သာ ငေးကြောင်ကြည့်နေမိတော့သည်။
ဒုတိယခေါင်းဆောင်လည်း သေပြီး..၊ တတိယခေါင်းဆောင်လည်း သေသွားပြီး..၊ စတုတ္ထခေါင်းဆောင်လည်း သေနေပြီး..၊
ကော့ပင်းက လွဲ၍ တစ်ခြားသော အစွမ်းထက်ပညာရှင်များ သေသွားကြရပြီး။ ကောင်းကင်သူရဲကောင်းအဆင့်ရှိသူ တစ်ယောက်မှ မကျန်တော့ပေ။ ကမ္ဘာမြေသူရဲကောင်းအဆင့်ရှိသည့် ဓားပြတွေမှာလည်း တစ်ဝက်လောက် သေဆုံးသွားကြပြီး။ ကော့ပင်း၏ နောက်လိုက်အထဲတွင် အရေးပါသည့် လူတွေလည်း လှံတိုကြောင့် သေဆုံးသွားကြခဲ့ပြီး။ ကောင်းကင်သူရဲကောင်းအဆင့်နှင့် ကမ္ဘာမြေသူရဲကောင်းအဆင့်ရှိသည့် ထိုဓားပြတို့ကား လှံတို၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပြီးနောက် အားလုံးသည် မရှုမလှ အဖြစ်ဆိုးဖြင့် သေဆုံးသွားကြရသည်။
“ ခေါင်းဆောင်.. ” ဓားပြအားလုံးသည် ကော့ပင်းအား လှမ်းကြည့်ကြသည်။
သွေးများ နေရာအနှံ့ ပြန့်ကျဲနေသည်ကို ကြည့်ပြီ ကော့ပင်းသည် အံကိုသာ ကြိတ်ထားရသည်။ သို့သော် အဝေးမှာ ရှိနေသည့် အနက်ရောင်ဝတ်စုံနှင့် လူငယ်အား စိုက်ကြည့်လိုက်သည်။ သူ့၏ ဓားကောက်အဖွဲ့တွင် အရေးပါအရာရောက်သော အဓိကလူများမှာ သူတို့ဆီ ပြေးဝင်လာသည့် လှံတိုများကြောင့် အသက်ဆုံးပျက်ဆီးရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ဖူးပေ။
“ တုန် ပို ရွှယ် ယင်.. ” ကော့ပင်း အော်ဟစ်လိုက်သည်။
“ ပျက်သုဉ်းခြင်းတောင်တန်းအထဲကို ဝင်လာခဲ့တာဟာ ဓားကောက်အဖွဲ့ကို ဖြိုခွင်းဖို့အတွက်ပဲ.. ”
ရွှယ်ယင်၏ ကိုယ်ခန္ဓာပတ်လည်တွင် စိမ့်ဖြာထွက်နေသည့် သွေးအနီရောင် အရှိန်အဝါအငွေ့အသက်များ စတင် ကွယ်ပျောက်လာခဲ့သည်။ ကမ္ဘာဦးသွေးအမွေစွမ်းအားကို ထုတ်သုံးခြင်းသည် ခွန်အားကို အလွန်ဆုံးရှုံးစေသည်။ ထို့နောက် ရွှယ်ယင်သည် မြေပြင်တွင် စိုက်ထားသော နှင်းပျံနတ်လှံအား ဆွဲနှုတ်ယူလိုက်သည်။
ဝှစ်!!
ရွှယ်ယင် အရှေ့သို့ ပြေးထွက်လာခဲ့သည်။ သူ့အရိပ်သည် မှုန်ဝါးဝါး ဖြစ်သွားချေ၏။
“ မြန်တယ်ဟ ” ဓားပြတို့ကား အံ့အားတကြီးဖြင့် မြည်တမ်းသွားကြသည်။
“ သူ့ကို ငါ့နဲ့ အတူတူ သတ်ကြ!! ငါ့နဲ့ ပူးပေါင်းသတ်ကြ!! ” ကော့ပင်းသည် သွေးရူးသွေးတမ်းဖြင့် အော်ဟစ်လိုက်၏။ သူ့တစ်ကိုယ်လုံးမှာလည်း အနက်ရောင် ဒိုချီစွမ်းအင်အလွှာဖန့်ဖန့်တစ်ခုက ထွက်ပေါ်လာသည်။ ကော့ပင်းသည် ဓားကောက်နှစ်လက်အား ဆွဲကိုင်ကာ အရိပ်ဖြစ်လုမတတ် အမြန်နှုန်းဖြင့် အရှေ့သို့ ပြေးထွက်ပြီး ရန်သူဆီသို့ ပြေးလေ၏။
“ အားလုံးပဲ.. သူ့ကို သတ်ကြ.. ”
ဓားပြအားလုံးသည် ခေါင်းဆောင်အနောက်သို့ အပြေးလိုက်ကြသည်။ တချို့က လေးနှင့်မြှားကို ယူကာ တချို့ကလည်း ဝှက်ထားသော လက်နက်များ ထုတ်ယူကြ၏။ တချို့ဓားပြတွေကား သူတို့၏ ဓားသွားပေါ်က သွေးတို့အား လျက်ကြ၏။ အဝေးကနေ ပစ်လွှတ်သော လှံကိုသာ ကြောက်ရ၏။ အနီးကပ်တိုက်ခိုက်ရရင် တစ်ထောင်သော ဓားပြတို့သည် အဘယ်ကဲ့သို့ ကြောက်ရမည်နည်း။ ခေါင်းဆောင်ကော့ပင်းလည် အရှေ့ကနေ ဦးဆောင်တိုက်ခိုက်တော့မည်မဟုတ်လော။
“ ငါ့အတွက် သေလိုက်တော့.. ”
ကော့ပင်းသည် ဥက္ကာပျံသူရဲကောင်းအဆင့်တွင်မှ အဆင့်လွန်အဆင့်၌ ကြာမြင့်နေခဲ့သူတစ်ယောက် ဖြစ်၏။ သူသည် အလွန်ကို အတွေ့အကြုံများသော အကြီးအကဲတစ်ယောက် ဖြစ်၏။
ဟူးးး ကော့ပင်းသည် နတ်ဆိုးတစ်ကောင်အလား ထင်မှတ်ရသည်။
သူတို့သည် ရွှယ်ယင်အနားသို့ တစ်ခဏအတွင်း ရောက်ရှိသွားသည်။ ရွှယ်ယင်အား စက်ဝိုင်းသဏ္ဍာန် ဝိုင်းရံထားလိုက်ကြ၏။
လှံဟူသည် ရှည်လျားသော လက်နက်တစ်ခုဖြစ်၏။ တကယ်၍ ကော့ပင်းသည် အနီးကပ်တိုက်ခိုက်နိုင်ပါက သူ့အတွက် အောင်မြင်ဖို့ အခွင့်အရေး များမည်။
“ ဟွန့် ” ရွှယ်ယင်သည် အေးစက်စက်ဖြင့် နှာမှုတ်လိုက်ကာ ရုတ်တရက် သူ့လှံသည် မျှားတစ်စင်းအလား အရှေ့သို့ ထိုးထွက်သွားသည်။
ထန်းး ထန်းးး ထန်းး
လှံအရိပ်များ မိုးကြိုးပစ်သည့်နှယ် မြန်လွန်းလှပေ၏။ လှံအရိပ်များကြားတွင် နှင်းပွင့်ဖတ်များ တဖျပ်ဖျပ် ဝဲကျသွားသည်ကိုလည်း မြင်ရနိုင်၏။ ထိုသိုင်းကွက်ကား ထူးခြားဆန်းကျယ် ရေခဲနက်လှံသိုင်းပညာ၏ ပထမအဆင့် 《 မျောလွင့်နေသော နှင်းပွင့် 》 ဖြစ်ချေ၏။
လျင်မြန်ခြင်း ထို့အပြင် ရှည်လျားသည့် လှံတံကြောင့် လွှဲယမ်းလိုက်သည့် ရွှယ်ယင်၏ လှံရိုက်ချက်ကား ကော့ပင်းအား မတိုးသာအောင် ဖြစ်စေသည်။ အရင်ကလည်း ရွှယ်ယင်၏ လှံချက်သည် လျင်မြန်သည်ဟု ဆိုရမည်။ သို့သော် ယခုတွင် ပို၍ လျင်မြန်နေ၏။ ကော့ပင်းသည် ဓားကောက်အား မြှောက်၍ တစ်ဆက်တည်း ထွက်ရှိလာသော လှံချက် ငါးချက်အား ခုခံလိုက်သည်။ သို့သော် သူသည် အလွန်ကို တုန်လှုပ်နေချပြီ။ လှံချက်တိုင်းတွင် သေခြင်းတရားအား ခံစားနေရလေပြီ။ အချိန်တိုင်း မဆိုင်းမရွ ခုခံဖို့သာ ကော့ပင်း အသင့်ပြင်ထားရတော့သည်။ ကြောက်ခမန်းလိလိ လှံချက်အား ရင်ဆိုင်နေရသည်ဖြစ်ရာ သူ့တွင် တွေးနေရမည့် အချိန်ပင် မရှိပေ။ သူ့သိုင်းပညာကိုသာ အားကိုးနေရသည်။
ထိုလှံချက် ငါးချက် ရိုက်ပြီးသည်နှင့် ရွှယ်ယင်သည် လှံကို အတိုးအဆုတ်လုပ်ကာ တစ်ဆက်လည်း လွှဲရိုက်သည်။
ကော့ပင်း၏ ဓားကောက်နှစ်လက်သည် လှံရိုးဖြင့် လွှဲရိုက်ခံထိသွားသည်။ ဘန်းး!! ဓားကောက်နှင့် လှံရိုး ထိရိုက်သည်နှင့် ပြင်းထန်လှသည့် အားတစ်ခုက ကော့ပင်းတစ်ကိုယ်လုံးအနှံ့ သက်ရောက်သွားသည်။ ကော့ပင်းသည် အမူအရာပျက်သွားကာ ဟန်ချက် မထိန်းနိုင်တော့ဘဲ အနောက်သို့ လွင့်စင်သွားသည်။ သူသည် ချောက်ကမ်းပါးနံရံအား ဝင်ဆောင့်ကာ သဲအိတ်တစ်အိတ်ကဲ့သို့ ဗုန်းခနဲ ပြန်ပြုတ်ကျလာသည်။ ပါးစပ်ကနေလည်း သွေးအပြည့် ဖူးခနဲ ဖြာထွက်သွားသည်။
ဖူးးး!!
ကော့ပင်းသည် ဓားကောက်နှစ်လက်ကား ဆုပ်ကိုင်ထားနိုင်နေဆဲပင်။ သို့သော် သူ့အပေါ် သက်ရောက်ထားသည့် အားကြောင့် မူးဝေနေဆဲပါ။ သူ့ဆီ ပြေးဝင်လာနေသည့် လျင်မြန်သော အေးစက်စက်အလင်းတန်းတစ်ခုကိုသာ အာရုံခံမိသည်။
ရွှပ်..။
လျှပ်စစ်လက်သည့်နှယ် လှံတစ်ချောင်းက ကော့ပင်း၏ လည်မျိုအား ဖောက်ဝင်သွားကာ အနောက်ရှိ ချောက်ကမ်းပါးနံရံအား စိုက်ဝင်သွားသည်။ သူသည် မြေပြင်အထက် မီတာတစ်ဝက်အကွာလောက်တွင် တွဲလောင်းချိတ်ထားသည့်နှယ် စိုက်ဝင်နေလေ၏။
ကော့ပင်းသည် ထိတ်လန့်စွာဖြင့် မျက်လုံးကို ဖွင့်၍ သူ့အရှေ့တွင် ရှိနေသည့် တင်းမာသည့် မျက်နှာထားနှင့် အနက်ရောင်ဝတ်စုံလူငယ်ကို ငေးကြည့်နေလေသည်။ သူသည် နှစ်ပေါင်းများစွာ ပုန်းအောင်နေခဲ့ရသူတစ်ယောက်က ဤလူငယ်၏ လက်ချက်ဖြင့် သေရလိမ့်မည်ဟု ဘယ်တော့မှ မတွေးခဲ့ဖူးချေ။
ဖရူးးး သူ့ပါးစပ်ကနေ သွေးများ ပန်းထွက်လာပြန်သည်။ သူ့မျက်လုံးက အသက်ဓာတ်မှာလည်း အရောင်ကင်းမဲ့သွားချေသည်။
ရီရွှေမြို့တခွင်တွင် ကျော်ကြားခဲ့ပါသော နံပါတ်တစ် ဓားကောက်ကော့ပင်းဆိုသည့် ဓားပြကြီးကာ သေဆုံးသွားရလေပြီ။
သတ်ဖြတ်သူက တုန်ပိုရွှယ်ယင်..။
အပိုင်း ( ၂၄ ) ကြောက်လန့်ခြင်း
ပြေးလိုက်လာကြသော ဓားပြတို့သည် သူတို့ခေါင်းဆောင်းအားကိုးဖြင့် ရွှယ်ယင်အား ပတ်လည်ဝိုင်းတားကာ သတ်ဖြတ်ကြမည်ဟု အားခဲထားရာကနေ ထိတ်လန့်အံ့သြသွားကြသည်။ ခေါင်းဆောင်က ဒီလိုလေးပဲ သေသွားရသလား။
နည်းနည်းလေးပဲ တိုက်ခိုက်ရသေးတယ်လေ... သေတာ မြန်လှချည်းလား...
ထန်းးး ရွှယ်ယင်သည် ချောက်ကမ်းပါးနံရံတွင် စိုက်ဝင်နေသည့် လှံအား ပြန်ဆွဲနုတ်၍ ဓားပြတို့ကို မျက်နှာမူကာ ကြည့်လိုက်၏။
" ပြေးကြ.. မြန်မြန်ပြေးကြ.. "
ဓားပြအားလုံးတို့သည် အလွန်တရာ ကြောက်လန့်သွားကြသည်။ ကောင်းကင်သူရဲကောင်းအဆင့် မဆိုထားနှင့် ခေါင်းဆောင်ကော့ပင်းကပင် တစ်ချက်တည်းဖြင့် သေသွားရသည်ဖြစ်ရာ ထိုလူငယ်သည် ကော့ပင်းထက် ပိုအစွမ်းထက်နေတာကို မေးနေစရာပင် မလိုတော့ချေ။
" အမှိုက်ကောင်တွေ.. လွတ်ချင်နေတယ်ပေါ့လေ.. "
ရွှယ်ယင်သည် ထိုဓားပြအနောက်သို့ လျင်မြန်စွာ လိုက်၏။ ရီရွှေမြို့သူမြို့သားများအား ဓားပြတို့ သတ်ဖြတ်ထားသည့်အတိုင်း ရွှယ်ယင်က ပြန်လည်သတ်ဖြတ်တိုက်ခိုက်ရာ နှင်းပွင့်လေးများ ဝဲခနဲ ဝဲခနဲ သွေးစက်များ ဖြာခနဲ ဖြာခနဲ ဖြစ်သွားကုန်၏။ ရွှယ်ယင်၏ လှံချက်အောက်တွင် ထိုဓားပြတို့သည် မြေစာပင်အလား ရှိကြကုန်၏။ ကျန်ရှိနေသော မြေကမ္ဘာသူရဲကောင်းအဆင့် ဓားပြသုံးယောက်သည် အသက်နှစ်ရှိုက်စာ အချိန်တိုအတွင်း သေသွား၏။ ဓားပြတို့သည် နေရာအနှံ့ လွင့်စင်ကုန်သလို မြေပြင်မှာလည်း အလဲလဲအပြိုပြိုဖြင့် အတုံးအရုံး သေကြ၏။
" ပြေးဟ.. ပြေးနိုင်သမျှ ပြေးထားဟ "
ဓားပြတို့သည် အလွန့်လွန် ကြောက်လန့်နေကြပါပြီ။ လူကိုမဆိုထားနှင့် လှံကနေပင် အင်အားပြင်းထန်သော အရှိန်အဝါစိမ့်ဖြာနေသည့် ခွန်အားမျိုးကို ထိုဓားပြတို့က အဘယ်သို့ ယှဉ်ပြိုင်ဝံ့မည်နည်း။ အင်အားပြင်းထန်သော လှံရိုက်ချက်မဟုတ်ဘဲ လှံဖျားတစ်ချက် ခတ်ရုံနှင့်ပင် သူတို့၏အသက်ပါသွားကြလိမ့်မည်။
" သေကြ... သေပေတော့ "
ဓားကောက်အဖွဲ့သား ဓားပြတို့အား ရွှယ်ယင်သည် ညှာတာမှုမထားဘဲ ရနိုင်သလောက် အကုန်လိုက်သတ်၏။ ထိုသို့ သတ်ဖြတ်နေ၍ အားလုံးကလည်း ဦးတည်ရာမဲ့ ပြေးကြ၏။ အားလုံးကို အကုန်လိုက်မသတ်နိုင်မှန်း ရွှယ်ယင် သိ၏။ သို့သော် ရီရွှေမြို့အား ဆိုးကျိုးပေးသည့် ရောဂါဆိုးကို အဆုံးသတ်လို၍ ခွန်အားအဆင့်မြင့်သည့် ဓားပြတို့ကို ရွှယ်ယင် အဓိကထား သတ်၏။
သူရဲကောင်းအဆင့်ဝင်သူမှန်သမျှ အကုန်လိုက်သတ်လိုက်၏။
ဓားပြတို့ ခြေဦးတည့်ရာ ပြေးကြသည့်အချိန်က သိပ်ပင်မကြာလိုက်ချေ။ သို့သော် မြေပြင်တွင် အလောင်းပေါင်း နှစ်ရာကျော်သွားချေပြီ။ ဓားကောက်အဖွဲ့ခေါင်းဆာင်၊ ကောင်းကင်သူရဲကောင်းအဆင့်ဝင် ဓားပြများ ၊ ရာထူးအဆင့်ဝင်သည့် ဓားပြများ အားလုံး သေသွားလေပြီ။
ဒီအချိန်မှ စ၍ ဓားကောက်ဓားပြအဖွဲ့သည် ပျက်သုန်းသွားလေပြီ။
ကျန်ရှိနေသေးသည့် ဓားပြတို့အား နယ်မြေစောင့်စစ်သည်တို့ ကာကွယ်ခုခံနိုင်ပါလိမ့်မည်။
" အသက်ကို ချမ်းသာခွင့်ပေးပါ.. အသက်ကို ချမ်းသာပေးပါ.. "
ကျုံးလိန်ကြောင့် ဓားပြငါးဦးသည် ချောက်ကမ်းပါးနံရံတွင် ကျောပြင်ကပ်လျက် ရပ်နေလျက်ရှိသည်။ ထိုငါးဦးသည် တစ်လက်မပင် မလှုပ်ဝံ့ချေ။ လှုပ်မိပါက မုချ အသတ်ခံရမည်ကို ထိုငါးဦးစလုံး ကောင်းကောင်း သဘောပေါက်သည်။
" ရွှယ်ယင် " ကျုံးလိန်က ရယ်မောရင်း ပြောလိုက်သည်။
" သိပ်ကောင်းတာပဲဟေ့... ရီရွှေမြို့ရဲ့ အနှောင့်အယှက်ကြီးကတော့ ပြီးဆုံးသွားပြီပေါ့.. နောက်ပြီ ဓားပြတွေရဲ့ ကိုယ်ပေါ်မှာ ငါ လိုက်ရှာကြည့်ပြီးပြီ.. ရတနာပစ္စည်းတွေ အများကြီးပဲ... အထူးသဖြင့် ကော့ပင်းရဲ့ ကိုယ်ပေါ်မှာပေါ့.. မှော်သိုလှောင်ပစ္စည်းတောင် တွေ့သေးတယ်.. "
ရွှယ်ယင် အံ့အားသင့်သွားသည်။ ကော့ပင်းမှာ မှော်သိုလှောင်ပစ္စည်းရှိတယ်ပေါ့လေ...
" ဒီဓားပြတွေက တကယ်ကို ချမ်းသာနေတာပဲ " ရွှယ်ယင်က ထိုသို့ ရေရွတ်ပြောရင်း ကျုံးလိန်ထံ လျှောက်လာခဲ့သည်။
" ရော့ .. " ကျုံးလိန်က အထုပ်တစ်ထုပ် ကမ်းပေးလိုက်သည်။ ထိုအထုပ်ထဲတွင် အင်ပါယာငွေတိုက်က ထုတ်ပေးသော ရွှေထုတ်ခွင့်လက်မှတ်များ ရှိနေ၏။ ကော့ပင်းသည် သူ့အဖွဲ့ ဖြိုခွင်းခံရနိုင်သည်ကို စိုးကြောက်နေမှန်း သိသာလေကာ ထို့ကြောင့်မို့ ရတနာရွှေငွေတွေကို ကိုယ်နှင့်မခွဲမခွာ သယ်ဆောင်ဟန် ရှိ၏။ ရွှေငွေအပြင် လက်စွပ်တစ်ကွင်းလည်း အထုပ်ထဲတွင် ရှိလေ၏။
ရွှယ်ယင်သည် လက်စွပ်ကို ကောက်ယူကာ ချက်ချင်း ပေါင်းစည်းလိုက်သည်။ ရွှယ်ယင်၏ ချီစွမ်းအင်သည် လက်ချောင်းမှတဆင့် လက်စွပ်အတွင်းသို့ စီးဝင်သွားကာ လက်စွပ်အတွင်းက အတွင်းအစည်းအတားများ ရှင်းထုတ်လိုက်ပြီ သူနှင့် ပေါင်းစည်းလိုက်၏။ သူရဲကောင်းအဆင့်နှင့် မှော်ပညာရှင်များသည် သူတို့၏ ချီစွမ်းအင်၊ မှော်စွမ်းအင်ကို အသုံးပြုကာ မှော်သိုလှောင်ပစ္စည်းများကို ပေါင်းစည်းနိုင်ပေသည်။ သာမန်လူအတွက်ကမူ မှော်ပညာရှင်တစ်ဦးဦး၏ အကူအညီယူကာ သူတို့၏ သွေးဖြင့် ပေါင်းစည်းနိုင်၏။
" ပစ္စည်းကောင်းတွေချည်းပဲလား.. " လက်စွပ်အတွင်းရှိ ပစ္စည်းများကြောင့် ရွှယ်ယင် အတော်လေး အံ့သြသွားသည်။
အတွင်းမှာ ရွှေသားထုတ်ခွင့်လက်မှတ်များ၊ ရွှေဒင်္ဂါးများနှင့် လက်နက်များဖြင့် ပြည့်နှက်နေ၏။ သို့သော် ကော့ပင်း၏ မှော်သိုလှောင်လက်စွပ်သည် ရွှယ်ယင်အမေပေးထားသော မှော်သိုလှောင်ဆွဲသီးထက် သိုလှောင်အခန်း သေးငယ်၏။ တစ်မီတာပတ်လည်၏ သုံးပုံနှစ်ပုံခန့်သာ ရှိသည်။
" ရွှေသားထုတ်ခွင့်လက်မှတ်တွေ အများကြီးပဲ " လက်စွပ်အတွင်းရှိ အရာမှန်သမျှ ရွှယ်ယင် အာရုံခံနိုင်ပေ၏။
ရွှေသားထုတ်ခွင့်လက်မှတ်တစ်ခုသည် ရွှေဒင်္ဂါးအပြား ၈သောင်းခွဲနှင့် ညီမျှသည်။ ကျန်သည့် သေးငယ်သော အရာများမှာ ရွှေဒင်္ဂါးအပြား ကိုးသောင်းမျှ တန်ဖိုးရှိ၏။
တစ်ခြားသော ဓားပြတို့၏ ပိုင်ဆိုင်မှုမှာ ရွှေဒင်္ဂါးအပြား နှစ်သောင်း ရှိနေ၏။
ဒီဓားပြတွေက မယုံနိုင်လောက်အောင်ကို ချမ်းသာနေတာပဲ ဟု ရွှယ်ယင် သူ့ဘာသာ တွေးလိုက်မိလေ၏။
" မင်းတို့ ငါးယောက်.. "
ကြောက်လန့်တုန်လှုပ်နေသည့် ဓားပြငါးဦးအား ရွှယ်ယင် ကြည့်လိုက်၏။
" မင်းတို့ရဲ့ စခန်းဆီကို လမ်းပြစမ်း... မှန်မှန်ကန်ကန် လမ်းပြပေးရင် အသက်ရှင်ခွင့်ပေးမယ်... ငါ့ကို လိမ်လည်ပြီ လမ်းကြောင်းအမှား ပြရင်တော့ မင်းတို့အားလုံး အသေပဲ.."
" ဟုတ်.. ဟုတ်.. ဟုတ်ကဲ့.. "
" အရှင်သခင်လေး... ဘာမှ စိတ်မပူနဲ့... မှန်ကန်တဲ့ လမ်းကြောင်းကိုပဲ လမ်းပြပေးပါ့မယ်.."
ဓားပြငါးဦးသည် တညီတညွတ်တည်း ပြောလိုက်လေ၏။
****
ကြောက်လန့်နေသည့် ဓားပြငါးဦးမှာ အရှေ့ကနေ တုန်တုန်လှုပ်လှုပ်ဖြင့် ဦးဆောင်လမ်းပြပေးနေ၏။
ကျုံးလိန်နှင့် ရွှယ်ယင်မှာ အနောက်ကနေ လိုက်၏။
" ဦးလေးကျုံး.. ရော့.. ယူလိုက် " ရွှယ်ယင်က မှော်သိုလှောင်လက်စွပ်အား ကျုံးလိန်ကို ကမ်းပေးလိုက်သည်။
" မဟုတ်တာ... မင်းတစ်ယောက်တည်းပဲ ဓားကောက်အဖွဲ့ကို ဖြိုခွင်းတာလေ.. ဒါတွေအားလုံး မင်းပဲ ပိုင်တာပါ.. "
ကျုံးလိန်က ငြင်းဆန်လိုက်သည်။
" အမေဆီကနေ တစ်ခုရထားပြီးပြီလေ.. ဒါကို မလိုအပ်ပါဘူး.. " ရွှယ်ယင်က ရယ်မောရင်း ပြောလိုက်သည်။
" ဒါပေမဲ့ ချင်းရှီအတွက် သိမ်းထားလို့ ရတာပဲ.. သူလည်း တစ်နေ့ကျရင် မှော်ဆရာဖြစ်လာမှာပဲလေ.. သူ့အတွက် သိမ်းထားလို့ ရတာပေါ့.. " ကျုံးလိန် ခေါင်းကို ခါယမ်းရင်း ပြောလိုက်သည်။
ရွှယ်ယင် ခေါင်းကို ခါယမ်းလိုက်သည်။ " အဲဒါက စောလွန်းပါသေးတယ်... ချင်းရှီအနေနဲ့ တကယ့်မှော်ဆရာဖြစ်လာဖို့က အချိန်တွေ အများကြီး လိုပါသေးတယ်.. တကယ်လို့ သူ ဖြစ်လာခဲ့ရင်လည်း ပိုကောင်းတာလေးကို ပေးလိုက်ပါ့မယ်... ဦးလေးကျုံးလိန်.. ကျနော်တို့ ဒီတစ်ခေါက် အကျိုးအမြတ်အများကြီးရလာခဲ့တာကို မမေ့နဲ့ဦး.. "
ကျုံးလိန် ကြောင်သွားသည်။ မကြာခင်မှာပဲ သူ ပြုံးလိုက်၏။
ဟုတ်ပေသည်။ သူတို့မှာ အရိပ်ကျားသစ်၏ ခန္ဓာကိုယ်သာမက ဆေးလ်ဗားမွန်းဝံပုလွေဘုရင်၏ သားမွေးပါ ရှိနေသေးသည်မဟုတ်လား။ ထိုနှစ်ခုပေါင်းမှာ ရွှေဒင်္ဂါးအပြားတစ်သောင်းလောက် တန်ဖိုးရှိသည်။ တကယ်၍ ဓားကောက်ဓားပြအဖွဲ့အား ဖြိုခွင်းရာမှ ရရှိလာသည့် အရာများကိုပါ ထည့်တွက်လိုက်မည်ဆိုလျှင် ရွှယ်ယင်တို့သည် ငွေအမြောက်အမြား အမှန်တကယ် ပိုင်ဆိုင်နေပြီဟု ဆိုနိုင်သည်။
" ကောင်းပါပြီ.. " ကျုံးလိန်သည် နောက်ထပ်စကားမဆိုတော့ဘဲ လက်စွပ်ကိုယူကာ ပေါင်းစည်းခြင်း ပြုလိုက်သည်။
" ဟင်းး " လက်စွပ်အထဲတွင် ရွှေထုတ်ခွင့်လက်မှတ်များ ၊ ရွှေဒင်္ဂါးများ အမြောက်အမြားရှိနေသည်ကို တွေ့သည့်အခါ ကျုံးလိန် အံ့သြသွားသည်။ ရွှေထုတ်ခွင့်လက်မှတ်တစ်ခုသည် ရွှေဒင်္ဂါးအပြားငါးသောင်းကျော် တန်ဖိုးရှိသည်မဟုတ်လား။
" အဲဒါက နှင်းလင်းယုန်နယ်မြေရဲ့ အသုံးစရိတ်အတွက်ပဲ.. ဦးလေူကျုံးက သိမ်းထားပြီ လိုအပ်ရင် သုံးလို့ရပါတယ်... နောက်ထပ် လိုအပ်လာရင်လည်း ကျနော်ကို ပြောပါ.. "
ရွှယ်ယင်က ကျုံးလိန်အား ပြောလိုက်သည်။ " အိမ်ပြန်ရောက်ရင်လည်း အရိပ်ကျားသစ်အသေကောင်နဲ့ ဆေးလ်ဗားမွန်းဝံပုလွေဘုရင်ရဲ့ သားမွေးကို ရောင်းဖို့ စုံစမ်းရဦးမယ်.. "
အရိပ်ကျားသစ်အသေကောင်မှာ ရွှယ်ယင်၏ မှော်သိုလှောင်ဆွဲသီးတွင် သိမ်းထားသည်။ မှော်သိုလှောင်ပစ္စည်းတို့၏ သဘောသဘာဝမှာ အထဲတွင် လေမရှိချေ။ ထို့ကြောင့်လည်း တချို့သော ပစ္စည်းများအတွက် အချိန်ကြာကြာသိမ်းဆည်းထားဖို့အတွက် သင့်လျော်လေ၏။
" အင်း " ကျုံးလိန် ခေါင်းညိတ်လိုက်လေ၏။ ရွှယ်ယင်၏ အစွမ်းပကားမှာလည်း တစ်ဖြည်းဖြည်းတိုးတက်လာနေသည်ဖြစ်နေသည်မို့ နှင်းလင်းယုန်နယ်မြေ၏ အသုံးစရိတ်သည်လည်း လိုက်ပါတိုးလာနိုင်လိမ့်မည်ဟုသာ ကျုံးလိန် သူ့ဘာသာ တွေးလိုက်မိ၏။
သူတို့ လမ်းလျှောက်နေသည်က သိပ်မကြာလိုက်ချေ။
" သခင်လေး... အရှေ့ကျရင် စခန်းကို ရောက်တော့မယ်.. "
ဓားပြငါးဦးသည် ရိုသေစွာဖြင့် အသိပေးလိုက်သည်။ တစ်ယောက်သော ခပ်ပိန်ပိန် ဓားပြက အရှေ့တိုး၍ " ကျနော်တို့ စခန်းက တောာင်အတွင်းထဲမှာ ရှိနေတာ... အပြင်ကနေ ကြည့်ရင် ဘယ်လိုမှ မြင်နိုင်မှာ မဟုတ်ဘူး... အင်မတန်ကို လျှို့ဝှက်တဲ့ လမ်းကြောင်းအတိုင်း ဝင်မှ အထဲကို ရောက်ပါလိမ့်မယ်.. " ဟု ပြောလိုက်သည်။
" အရှေ့ကနေ လမ်းပြပေးပါ.. "
ရွှယ်ယင်သည် ထိုသို့ ပြောလိုက်ကာ လှံအား ဝင့်၍ အသင့်အနေအထားဖြင့် သတိထားလိုက်သည်။
ဓားပြငါးဦးသည် အရှေ့သို့ ဆက်လျှောက်ကြသည်။သို့သော် ရွှယ်ယင်သည် အရှေ့ကနေ အန္တရာယ်အငွေ့အသက်ကို ခံစားနေရ၏။
အရှေ့တည့်တည့်က တောင်အထဲတွင် ကြောက်စရာကောင်းသည့် အရာတစ်ခုခုက ပုန်းအောင်းနေဟန် ရွှယ်ယင် ထင်မြင်လာမိ၏။
လှံပညာရှင်ကြီးနယ်ပယ်အဆင့်သို့ ရောက်ရှိခဲ့ပြီနောက် ရွှယ်ယင်၏ လှံကျွမ်းကျင်မှုမှာလည်း နတ်ဘုရားအဆင့်နီးပါး ရောက်လာခဲ့ပြီမို့ သူ၏ အာရုံခံနိုင်စွမ်းလည်း အလားတူ ထက်မြက်လာခဲ့သည်။ ချောက်ထဲ မဝင်ခင် အချိန်မှာ ဓားပြရှိမှန်း ရွှယ်ယင် အာရုံခံမိသကဲ့သို့ ယခုတွင်လည်း အရှေ့တွင် ကြောက်မက်ဖွယ်ရာတစ်ခုခုက စောင့်ကြိုနေမှန်း ရွှယ်ယင် ခံစားသိလိုက်၏။
ဘာဖြစ်တာလဲ... အရှေ့ကနေ ဒိုချီစွမ်းအင်တစ်ခုတလေကိုမှ မခံစားရပါဘူး.. ဒါပေမဲ့ ငါ ဘာလို့ ထိတ်လန့်နေတာကို ထိန်းလို့ မရနိုင်တာလဲ.. ရွှယ်ယင်မှာ ခြောက်လန့်ခံထိသလို ခံစားလာရ၏။ သူသည် ခြေလှမ်းကို တုံ့ခနဲ ရပ်လိုက်သည့်အပြင် အရှေ့က လျှောက်နေသည့် ကျုံးလိန်ကိုလည်း လှမ်းဆွဲလိုက်သည်။
သူ့အကြည့်က အရှေ့တွင်ရှိ ရေညှိကပ်ငြိနေပါသော တောင်ဆီသို့ ပို့ထားသည်။
" ရွှယ်ယင်.. ဘာဖြစ်လို့လဲ.. " ကျုံးလိန်သည် ဇဝေဇဝါအကြည့်ဖြင့် ရွှယ်ယင်အား လှည့်ကြည့်လိုက်သည်။
" တစ်ခုခု ပုံမှန်မဟုတ်သလိုပဲ... စိတ်က မသိုးမသန့် ခံစားနေရတယ်... " ရွှယ်ယင်သည် ကျုံးလိန်အား လေသံဖြင့် ပြောလိုက်သည်။ " ပြန်ဆုတ်မယ်.. ဒီကနေ မြန်မြန် ပြန်ဆုတ်မယ်.. "
ကျုံးလိန်၏ အမူအရာက ပြောင်းလဲသွားသည်။ ရွှယ်ယင်၏ စကားကို သူ သံသယမရှိပါဘူး။
ဝှစ်.. ဝှစ်..
နှစ်ယောက်စလုံးသည် အနောက်လှည့်၍ ချက်ချင်း ဆုတ်ပြေးလေသည်။
" သခင်လေးတို့.. စခန်းကို ဝင်တဲ့လမ်းကြောင်းက ဒီကျောက်တုံးရဲ့ အနောက်မှာ ပုန်းကွယ်ပြီ ရှိနေတာပါ.. ဟမ်.. သူတို့ ဘယ်ရောက်သွားတာလဲ.. " ဓားပြငါးဦးသည် အနောက်လှည့်လိုက်သည့်အခါတွင် ရွှယ်ယင်နှင့် ကျုံးလိန်တို့ကို မမြင်ရတော့ပေ။
" ထွက်သွားပြီလား.. နှင်းလင်းယုန်နယ်မြေအရှင်သခင်လေးက ထွက်သွားတာလား.. "
" ညီအစ်ကိုတို့... ဓားကောက်အဖွဲ့ဆိုတာ မရှိတော့ဘူး.. မြန်မြန်လုပ်ကြတော့.. ရတနာတွေ ရသလောက် ရှာပြီ လွတ်ရာကျွတ်ရာ ပြေးကြစို့.. "
ထိုဓားပြတို့သည် အလွန်ပါးနပ်ကြသည်။ ချက်ချင်းဆိုသလို သူတို့သည် စခန်းထဲသို့ ပြေးဝင်သွားကြသည်။
ဟူးးး
အစောပိုင်းက တောင်သည် နှစ်ပေါင်း တစ်ထောင်မျှ မပြောင်းလဲဘဲ ကြာညောင်းနေခဲ့သည့် အသွင်ရှိရာမှ ယခုတွင် တောင်နံရံထက်တွင် မျက်နှာတစ်ခုက ဖောင်းဖုထွက်လာသည်။ ကျောက်တုံးတို့က မျက်ခုံး.. မျက်လုံး.. ပါးစပ် အစသဖြင့် အသီးသီး ဖောင်းကြွလာသည်။ ထိုမျက်နှာထက်က ဝင့်ကြွားနေဟန် ရှိသည့် မျက်လုံးသည် ကီလိုမီတာအနည်းငယ်အထိ အဝေးသို့ ရောက်နေပါပြီးသော ရွှယ်ယင်နှင့် ကျုံးလိန်အား ငေးစိုက်ကြည့်လေ၏။
ကြီးမားသော ထိုမျက်နှာသည် စိတ်ရှုပ်ထွေးနေသည့် အမူအရာလည်း ဖြစ်ပေါ်နေ၏။
" အင်း.. ငါ ရှိနေတာ သူ ဘယ်လိုသိသွားတာလဲ.. အရွယ်ငယ်ငယ်နဲ့ အစွမ်းထက်နေတာပဲ.. မဟုတ်မှလွဲရော သူ့နောက်ကွယ်မှာ အင်အားကြီး ပုဂ္ဂိုလ်တွေ ရှိနေတာများလား.. "
" ဒီလူသားကို စောင့်ကြည့်ဖို့ ငါ နေရာပြောင်းရွှေ့ဦးမှပဲ.. "
တောင်နံရံထက်က မျက်နှာကြီးသည် ပြန်လည်ပျောက်ကွယ်သွားကာ မူလက တောင်အသွင်ပုံစံသို့ ပြန်လည်ရောက်ရှိသွားသည်။
ဘုန်းးး
နက်ရှိုင်းသော မြေအောက်ထုတွင် ကြီးမားသော ပုံရိပ်တစ်ခုက စတင်ရွှေ့လျားသွားလေ၏။
***
ပျက်သုဉ်းခြင်းတောင်တန်း၏ အပြင်အဝန်းပိုင်းရှိ အခြေစိုက်စခန်းတွင်..
ရွှယ်ယင်နှင့် ကျုံးလိန်တို့သည် ပျက်သုဉ်းခြင်းတောင်တန်းအတွင်းမှ အလျင်အနှုန်းအပြည့်ဖြင့် ပြေးထွက်လာခဲ့ပြီ အခြေစိုက်စခန်းသို့ ပြန်ရောက်လာခဲ့သည်။
" နောက်ဆုံးတော့ ပြန်ရောက်ပြီး.. "
ရွှယ်ယင်သည် အနောက်လှည့်၍ သူတို့ ပြေးထွက်လာခဲ့သည့်နေရာက ပတ်လည်တစ်ဝိုက်ကို ကြည့်လိုက်သည်။ သူသည် ကြောက်လန့်နေဆဲပင်။
အပိုင်း ( ၂၅ ) သတင်းမှတ်တမ်း
“ ရွှယ်ယင်.. ဘာတွေ့လိုက်လို့လဲ.. ”ကျုံးလိန်သည် ရွှယ်ယင်အား ယုံကြည်သော်လည်း ဘာတွေဖြစ်သွားသလဲဆိုတာကို မသိဘဲ ရှိနေသေးသည်။
“ ဘာြဖစ်သွားသလဲဆိုတာ ကျနော်လည်း မသိဘူး ”ရွှယ်ယင် ခေါင်းကို ခါယမ်းလိုက်သည်။
“ တကယ်လို့ အရှေ့ကို ဆက်သွားခဲ့ရင် ကျနော်တို့ သေချာပေါက်သေရမယ်လို့ စိတ်ထဲမှာ ခံစားနေရတယ် ”
“ ဓားကောက်အဖွဲ့က အဲဒီတောင်တန်းမှာ နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့တာပဲလေ.. ဘာမှတော့ ဖြစ်မှာ မဟုတ်ဘူးထင်တယ်.. ” ကျုံးလိန်က သံသယ ရှိလေသည်။
“ ကျွန်တော်လည်း သေချာ မသိပါဘူး.. ” ရွှယ်ယင် ရယ်မောလိုက်လေသည်။ “ ကဲလေ ဂရုမစိုက်ပါနဲ့တော့.. ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အောင်မြင်လာခဲ့တာပဲ.. ဦးလေးကျုံးလိန်.. အိမ်ပြန်ကြရအောင်.. ”
“ အင်.. အိမ်ကိုပြန်ကြတာပေါ့.. ” ကျုံးလိန်လည်း ပျော်ရွှင်စွာြဖင့် ပြုံးလိုက်သည်။
ထို့နောက် နှစ်ယောက်သားသည် ဘေးချင်းယှဥ်၍ စခန်းချရာနေရာသို့ လျှောက်လာခဲ့သည်။
နှင်းလင်းယုန်နယ်မြေ၏ စစ်သည်အယောက်တစ်ရာတို့သည် ထိုစခန်းနေရာတွင် ရှိနေကြသည်။
“ အရှင်သခင် ”
“ အရှင် ”စခန်းအတွင်း ကင်းလှည့်စောင့်နေကြသော အစောင့်စစ်သည်တို့သည် ရိုသေလေးစားစွာြဖင့် နှုတ်ဆက်ကြသည်။ သိပ်မကြာခင်မှာပဲ စစ်သည်တို့၏ ခေါင်းဆောင် တပ်ဖွဲ့မှူး ယန်ချမ်က လာရောက်ကြိုဆိုလေသည်။
တပ်ဖွဲ့မှူး ယန်ချမ်က အံ့အားသင့်သည့် လေသံဖြင့် “ သခင်ရွှယ်ယင်၊ သခင်ကျုံးလိန်၊ ဒီနေ့ ပြန်လာတာ စောနေပါလား.. တစ်ခုခု အကြောင်းရှိလာလို့လား.. ပုံမှန်ဆိုရင် ကောင်းကင်က မည်းမှောင်မှ ပြန်လာကြတာ.. ဒါပေမဲ့ အခုက နေဝင်ဖို့ အဝေးကြီးလိုသေးတာပဲ.. ”
ရွှယ်ယင် ပြုံးလိုက်ချေသည်။
ထိုမနက်ပိုင်းတွင် သူတို့က ဆေးလ်ဗားမွန်းဝံပုလွေဘုရင်အား သတ်ဖြတ်ဖို့အတွက် ပျက်သုဉ်းခြင်းတောင်တန်းအတွင်းသို့ ဝင်သွားကြသည်။ ဝံပုလွေဘုရင်ကို သတ်ဖြတ်ပြီးလို့ ပြန်လှည့်ပြန်လာရာ၌ ဓားကောက်ဓားမြအဖွဲ့၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ စုစုပေါင်း ကြာချိန်မှာ နှစ်နာရီမျှသာ ရှိလိမ့်မည်။
“ တပ်ဖွဲ့မှူး ယန်ချမ် ” ရွှယ်ယင်က ခေါ်လိုက်သည်။ “ ငါနဲ့ ဦးလေးကျုံးတို့က နှင်းလင်းယုန်နယ်မြေကို ပြန်ဖို့ စိတ်ကူးထားတယ်.. ဒါပေမဲ့ မင်းကတော့ ဒီမှာ တစ်ရက်လောက် နေပြီးမှ မနက်စောစော ပြန်လာခဲ့.. ”
“ နှင်းလင်းယုန်နယ်မြေကို ပြန်တော့မှာလား.. ” ခေါင်းဆောင်ယန်ချမ်က ပျော်ရွှင်သွားဟန်ရသည်။ အလွန်တရာ အေစိမ့်နေသည့် ဒီစခန်းမှာ နေရတာထက် နွေးထွေးပြီ လုံခြုံမှုလည်း ရှိသည့် ခံတပ်နေရာနှင့် အဘယ်ကဲ့သို့ ယှဥ်နိုင်မည်နည်း။
“ ဟုတ်တယ်.. ” ကျုံးလိန်က ပြောလိုက်၏။ “ ငါနဲ့ သခင်လေးက အရင်ပြန်နှင့်မယ်.. မင်းကတော့ ဒီစစ်သည်တွေကို ကောင်းကောင်းဦးဆောင်ပြန်လာဖို့ လိုတယ်.. ”
“ စိတ်ချပါ.. သခင်ကျုံးလိန်.. ” ယန်ချမ်က ရင်ဘတ်ကို ပုတ်ပြီ ကတိပေးလိုက်သည်။
မကြာခင်မှာပဲ ရွှယ်ယင်နှင့် ကျုံးလိန်တို့သည် နှင်းနတ်မြင်းပျံကို အသီးသီး စီးနင်းပြီ နှင်းလင်းယုန်နယ်မြေကို ဦးတည်ထွက်သွားကြသည်။
နှင်းနတ်မြင်းပျံတို့သည် အလွန်ကို သက်လုံကောင်းကြသည်။ ဆေးလ်ဗားမွန်းဝံပုလွေ သားမွေးသည် ကီလိုတစ်ထောင်နီးပါး လေးလံပေမဲ့ နှင်းနတ်မြင်းပျံက အလွန်လျင်မြန်တဲ့ ခြေလှမ်းတွေနဲ့ တစ်ချိန်လုံး ပြေးနိုင်သည်။ ဒါပေမဲ့ နှင်းနတ်မြင်းပျံ မောပန်းသွားရင်တော့ ရွှယ်ယင်သည် ကျုံးလိန်၏ နှင်းနတ်မြင်းပျံနှင့် လဲလှယ် စီးနင်းကာ သူ့၏ နှင်းနတ်မြင်းပျံအား သက်သာစေသည်။
ကောင်းကင်တွင် အတော်လေး မည်းမှောင်နေလေပြီ။
တောင့်ခဲလုမတတ် အေးစက်နေတာကို အံတုရင်း နှစ်ယောက်စလုံးသည် အရှေ့သို့ စီးနင်းသွားလေ၏၊ နှင်းနတ်မြင်းပျံနှစ်ကောင်သည်လည်း လေပြင်းတိုက်ခတ်သည့်အလား အိမ်ပြန်လမ်းတစ်လျှောက် ဒုန်းစိုင်း ပြေးလေ၏။
“ ကျနော်တို့ မကြာခင် ရောက်တော့မယ်.. ”ကြီးမားခန့်ထည်သည့် တောင်တစ်လုံးကို ရွှယ်ယင် အဝေးကနေပင် လှမ်းမြင်လိုက်ရ၏။ ထိုတောင်သည် နှင်းကျောက်တောင် ဖြစ်ပြီ သူနှင့် သူညီလေးတို့အတွက် ရည်ရွယ်၍ ထိုနာမည်ကို ပေးခြင်း ဖြစ်သည်။
“ နောက်ဆုံးတော့ ပြန်ရောက်တော့မှာပေါ့.. ” ကျုံးလိန်က ပြုံးရယ်လိုက်လေသည်။
“ ဒီအချိန်လောက်ဆို.. ချင်းရှီ ညနေစာ စားနေတဲ့အချိန်လောက် ဖြစ်နေမှာပေါ့.. ”ရွှယ်ယင်မှာ စိတ်ပျော်ရွှင်သွား၏။ ပျက်သုဥ်းခြင်းတောင်တန်းသွားရခြင်း၏ ရည်ရွယ်ချက်လည်း ပြည့်လာခဲ့သလို မျှော်မှန်းထားသည်ထက်လည်း အမြတ်ထွက်လာခဲ့သေးသည်။ အနည်းဆုံးတော့ သူ့ညီလေး၏ဆရာ ကိစ္စမှာလည်း ပြေလည်နေပါြပီ။
နှင်းနတ်မြင်းပျံနှစ်ကောင်သည် တောင်တက်လမ်းအတိုင်း ဒုန်းစိုင်းပြေးနေဆဲပင်။
တောင်တက်လမ်းအတိုင်း မရပ်မနားဖြင့် အပေါ်သို့ အပြေးနှင်နေဆဲပါ။
“ အရှင်သခင်လေး.. ”ကင်းတပ်စခန်းက အစောင့်များသည် တစ်ချက်ကြည့်ရုံဖြင့် သူတို့ရဲ့ နယ်မြေအရှင်သခင်နှင့် ကျုံးလိန်ကို ချက်ချင်း မှတ်မိလိုက်ကြသည်။
လမ်းကြောင်းတစ်လျှောက် အတားအဆီးမရှိ၍ ရဲတိုက်အဝင်တံခါးဆီကိုသာ ဒုန်းစိုင်းစီးသွားကြသည်။
“ တံခါးဖွင့်စမ်း ”
နှင်းနတ်မြင်းပျံကို စီးရင်း ရွှယ်ယင်က အော်ဟစ်လိုက်သည်။
“ အာ.. ဟုတ်ကဲ့ပါ အရှင်.. ” ကင်းလှည့်နေသော အစောင့်များက သူ့အား ချက်ချင်း မှတ်မိသွားကာ ဟစ်အောက်လိုက်ကြသည်။. “ မြန်မြန်.. မြန်မြန်လုပ်ကြ.. နင်းကြမ်းတံတားကို ချလိုက်ကြဟေ့.. ရဲတိုက်တံခါးကြီးလည်း ဖွင့်လိုက်ဟေ့.. ”
“ သခင်လေးချင်းရှီ.. သခင်လေးချင်းရှီ.. သခင် ပြန်လာပြီ.. သခင်ပြန်လာပြီ.. ”ရဲတိုက်အတွင်းရှိ အစေခံများက အော်ဟစ်ရင်း အပြေးအလွှား သတင်းပို့ကြသည်။
ဝုန်းးး ဘုန်းးး ဘုန်းးး
ရဲတိုက်အဝင်တံခါးအရှေ့ရှိ နင်းကြမ်းတံတားက အောက်ကျသွားခဲ့သလို အဝင်တံခါးမကြီးကလည်း အစောင့်စစ်သည်များ တွန်းဖွင့်၍ ပွင့်သွားလေပြီ။
“ အစ်ကိုကြီး.. ”ချင်းရှီ၏ မျက်လုံးက စိတ်လှုပ်ရှားခြင်းကြောင့် တောက်ပသွားသည်။
“ ဟဟ.. ”
ရွှယ်ယင်သည် နှင်းနတ်မြင်းပျံကနေ ခုန်ဆင်းလိုက်ပြီနောက် အနားရှိ စစ်သည်အား ပေးလိုက်သည်။
ရွှယ်ယင်သည် အားပါတရ ပြုံးလိုက်ကာ ချင်းရှီက ပြေးလာနေသည်ကို စောင့်ကြည့်နေလိုက်သည်။ ထို့နောက် ချင်းရှီကို ပင့်မြောက်ကာ သူ့လက်မောင်းမှာ တင်ထားလိုက်သည်။ ရွှယ်ယင်သည် ကီလိုတစ်ထောင်မျှလေးလံသည် ဆေးလ်ဗားမွန်း ဝံပုလွေသားမွေးကိုပင် သယ်ထားနိုင်သည်ဖြစ်ရာ သူ့ညီလေးအား အေးအေးဆေးဆေးဖြင့် ချီထားနိုင်လေသည်။
“ အစ်ကိုကြီး.. ပြောတော့ လတစ်ဝက်နဲ့ ပြန်လာမယ်ဆို.. ဒါပေမဲ့ ၁၈ရက်တောင် ဖြစ်နေပြီ.. ” ချင်းရှီက ပြောလိုက်သည်။ သူ ထွက်သွားသည့် ရက်ကို ရေတွက်မယ်ဆိုလျှင်လည်း အမှန်ပင် ၁၈ ရက်ရှိနေပါပြီ။
“ ငါ နောက်ကျသွားလို့.. ညနေစာ စားပြီးပြီလား.. ” ရွှယ်ယင်က မေးလိုက်သည်။
“ စားတော့မလို့ပဲ.. ဒါပေမဲ့ အစ်ကိုကြီး ပြန်လာပြီလို့ ကြားလိုက်လို့လေ.. ”
ထို့နောက် ချင်းရှီက စိတ်လှုပ်ရှားစွာြဖင့် မျက်ခုံးပင့်ကာ “ အစ်ကိုကြီး.. ကျောမှာ ဘာသယ်ထားတာလဲ.. အရမ်းလှတာပဲနော်.. အရမ်း ဖြူဆွတ်တယ်,... အရမ်းလည်း နူးညံ့တယ်.. ”
“ ဒီသားမွေးက မသန့်ရှင်းရသေးဘူး.. ငါ သန့်ရှင်းပြီးတဲ့အချိန်ထိ စောင့်ဦး.. ပြီးရင် ဒါနဲ့ ပေးကစားမယ် ”
ရွှယ်ယင်က ပြောလိုက်သည်။. “ သွားမယ်.. ညနေစာ စားရအောင်. ”
ရွှယ်ယင်သည် ညီဖြစ်သူအား ချီထားရင်း ရဲတိုက်အထဲသို့ လမ်းလျှောက်ဝင်သွားလိုက်သည်။
ထိုအခိုက်တွင် ရဲတိုက်အဝင်တံခါး၌ လူတစ်ယောက် ရောက်ရှိလာသည်။ ထောင်ထောင်မောင်းမောင်းနှင့် အကြမ်းပတမ်းလူကြီး ထုံစန်း ဖြစ်ချေ၏။ ထုံစန်းသည် ပြုံးဖြီးဖြီးဖြင့် ရယ်မောနေလေ၏။ သူသည် တကယ်ပင် ပျော်ရွှင်နေသည်။ ကျုံးလိန်နှင့် ရွှယ်ယင်တို့ ပြန်ရောက်လာသည့်အပြင် ကြီးမားသည့် ဆေးလ်ဗားမွန်းဝံပုလွေဘုရင်သားမွေးကိုပါ မြင်လိုက်ရသည့်အခါမှာ ထုံစန်း ချက်ချင်း သဘောပေါက်သွားသည်။ သူတို့ တကယ်ကို အောင်မြင်လာခဲ့တာပဲ။
နှစ်ပေါင်းများစွာ စွန့်စားသွားလာခဲ့ရသည့် အတွေ့အကြုံအရ တစ်ချက်ကြည့်ရုံမျှဖြင့် ၎င်းသည် ဆေးလ်ဗားမွန်းဝံပုလွေဘုရင် သားမွေးဖြစ်ကြောင်း ထုံစမ်း ပြောနိုင်သည်။ သာမန်ဝံပုလွေတစ်ကောင်က ဒီလိုကြီးမားတဲ့ သားမွေးမျိုး မရှိနိုင်သလို ယခုလိုလည်း မလှပေနေချေ။
“ ဦးလေးကျုံး၊ ဦးလေးထုံ.. ညနေစာ သွားစားရအောင်.. ” တုန်ပိုရွှယ်ယင်က ခေါ်လိုက်သည်။
“ အတူတူ သွားကြတာပေါ့.. ” ထုံစန်းရော ကျုံးလိန်ပါ အတူတူ ရယ်မောလိုက်လေသည်။
“ ဟေးးး အစ်ကိုကြီး ပြန်လာပြီ.. အစ်ကိုကြီး ပြန်လာပြီ.. ”
ရွှယ်ယင် ချီထားလျက် ရှိနေသည့် ချင်းရှီက ပျော်ရွှင်စွာဖြင့် ကျယ်လောင်စွာ အော်ဟစ်နေတာ့သည်။
အခြားတစ်ဖက်မှာတော့ ဓားကောက်ဓားပြအဖွဲ့၏ အဓိကနောက်ခံကျောရိုးပုဂ္ဂိုလ်တို့မှာ ပျက်စီးသွားလေကာ ကျန်ရှိနေသးသည့် ငယ်သားတို့က ရသမျှ ရတနာပစ္စည်းတို့ကို ထုပ်ပိုးကာ ထွက်ပြေးနေကြလေပြီ။ သူတို့ ထွက်ပြေးသွားကြသလို “ ဓားကောက်ဓားပြအဖွဲ့ဟာ နှင်းလင်းယုန်နယ်မြေအရှင်သခင်ရဲ့ ဖြိုခွင်းခြင်းကို ခံလိုက်ရလေပြီ ” ဆိုသော သတင်းကလည်း မုန်တိုင်းတိုက်ခတ်သွားသည့်အလား နေရာအနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။
ညဥ့်နက်သန်းခေါင်းယံအချိန်ထက်ပင် ကျော်လွန်နေပါြပီ။
ရီရွှေမြို့ ၊ နဂါးတောင်အိမ်တော်..
“ သခင်ကြီးစစ်အန်း ”
ဆံပင်အဖြူနှင့် အဖိုးအိုတစ်ယောက်က အခန်းတစ်ခန်းအရှေ့မှာရပ်နေလျက် ရှိသည်။
ဆံပင်အနက်ရောင်နှင့် အသက်လတ်ပိုင်း လူကြီးတစ်ယောက်က အိပ်မှုံစုံမွှားဖြင့် သမ်းဝေလိုက်ကာ
“ အာ.. ယိုထူ.. သန်းခေါင်အချိန်မှာ ဘာလို့ ငါ့ကို နှိုးရတာလဲ.. ဘာကိစ္စရှိလို့လဲ.. ”
“ သခင်ကြိးစစ်အန်း.. ရီရွှေမြို့မှာ ကိစ္စကြီးတစ်ခု ဖြစ်သွားခဲ့ပါတယ် ” မီးခိုးရောင်သန်းနေသည့် ဆံပင်နှင့်အကြီးအကဲက အသံနှိမ့်၍ ပြောလိုက်သည်။
“ ဓားကောက်ဓားပြအဖွဲ့က သုတ်သင်ရှင်းလင်းခံထိသွားပါပြီ ” ထိုအကြီးအကဲကပဲ ခပ်တိုးတိုး ပြောလိုက်ပြန်သည်။
သခင်ကြီးစစ်အန်းက တအံတသြ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်လိုက်မိသည်။
ဘာတဲ့.. ဓားကောက်ဓားပြအဖွဲ့ ..
ရီရွှေမြို့အနားမှာရှိတဲ့ အကြီးဆုံးနဲ့ အင်အားအများဆုံး ဓားပြအဖွဲ့မလား.. ဥက္ကာပျံသူရဲကောင်းအဆင့်ရှိတဲ့ ခေါင်းဆောင်ကော့ပင်းနဲ့ ကောင်းကင်သူရဲကောင်းအဆင့်ရှိတဲ့ ဓားပြအုပ်စုကြီးမလား..သူတို့က အကုန်လုံး သုတ်သင်ရှင်းလင်းခံထိသွားတာလား..
“ ဒီသတင်းက မှားများ မှာနေမလား ” သခင်ကြီးစစ်အန်းက မယုံမရဲ ဖြစ်နေသည်။ “ ဓားကောက်ဓားပြအဖွဲ့ ကို ခေါင်းဆောင်နေတာ ကော့ပင်းမလား.. ဓားကောက်ဓားပြအဖွဲ့ဆိုတာကလည်း အခြေအနေမကောင်းရင် အမြဲတမ်းရှောင်သွားတတ်တဲ့ အဖွဲ့လေ.. ဒါနဲ့တောင် သုတ်သင်ရှင်းလင်းခံသေးတယ်လား ”
“ ဟုတ်ပါတယ်.. ဓားကောက်ဓားပြအဖွဲ့က ကော့ပင်းကိုယ်တိုင် ခေါင်းဆောင်နေတဲ့ အဖွဲ့ပါ ” ဆံပင်မီးခိုးရောင်နှင့်အကြီးအကဲက ခေါင်းညိတ်လိုက်သည်။ “ ကော့ပင်းလည်း အသတ်ခံထိသွားပါတယ်.. ကောင်းကင်သူရဲကောင်းအဆင့်ရှိသူတွေ.. အလတ်လတ်အဆင့်ရှိတဲ့ အရေးကြီးတဲ့သူတွေ.. နောက်ပြီး မှော်ပညာရှင်တစ်ယောက်ပါမကျန် အသတ်ခံထိသွားပါတယ်.. နောက်ဆုံးတစ်ခုက သူ့တို့အားလုံးကို လူတစ်ယောက်ကပဲ သတ်ဖြတ်သုတ်သင်လိုက်တာပါ.. ”
“ ဘယ်သူများလဲ. ” သခင်ကြီးစစ်အန်းက မေးမြန်းလိုက်သည်။
“ သူတို့ပြောတာက သတ်တဲ့သူက နှင်းလင်းယုန်နယ်စားလေး လှံနတ်ဆိုး ပါတဲ့ ” မီးခိုးရောင်ဆံပင်နှင့်အကြီးအကဲက အသံကို နှိမ့်လိုက်ပြီးလျှင် “ သူက တုန်ပိုရွယ်ယင် ”
သခင်ကြီးစစ်အန်းသည် အထိတ်တလန့် ဖြစ်သွား၏။
လူတစ်ယောက်၏ အစွမ်းပကားက ဓားကောက်ဓားပြအဖွဲ့တစ်ခုလုံးကို ရှင်းပစ်လို့ ရနိုင်ခဲ့သည်လား..
ဘယ်လိုအင်အားမျိုးကို သူ ပိုင်ဆိုင်သွားခဲ့သလဲ.. ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ သူက ဥက္ကာပျံအဆင့်မှာ ရှိနေတာပဲ ဖြစ်ရမယ်.. မဟုတ်သေးဘူး. ငွေလအဆင့်ကိုတောင် ရောက်ချင် ရောက်နေမှာ..
“ ဘယ်မှာလဲ.. တုန်ပိုရွှယင်ယင်ရဲ့ သတင်းအစီရင်ခံစာက ”သခင်ကြီးစစ်အန်းက မေးလိုက်သည်။
“ ဒီမှာပါ ခင်ဗျ.. ” မီးခိုးရောင်းဆံပင်နှင့်လူကြီးက ချက်ချင်း သတင်းမှတ်တမ်းတစ်ခုကို ထုတ်ပေးလိုက်သည်။ “ အထဲက သတင်းအချက်အလက်တွေကတော့ ဒီနယ်တစ်ဝိုက်မှာ ပျံ့နှံ့နေပါပြီ.. ကျနော်တို့ နဂါးတောင်အိမ်တော်ကနေလည်း ဓားကောက်ဓားပြအဖွဲ့ထဲက အကြွင်းအကျန်ဓားပြတွေကို ဖမ်းထားပြီးပြီ.. မနက်ကျရင် သခင်ကြီးနဲ့ တွေ့ရမှာပါ. ”
သခင်ကြီးစစ်အန်းသည် သတင်းမှတ်တမ်းကို မမောမပန်းဖြင့် ဖတ်ရှုလိုက်သည်။ ဖတ်ပြီးတဲ့အခါမှာတော့ သူသည် လုံးဝကို သဘောပေါက်သွားလေပြီ။
နဂါးတောင်အိမ်တော်၏ သတင်းကွန်ရက်သည် ဒီနယ်တစ်ဝိုက်မှာ အကြီးဆုံးပင် ဖြစ်သည်။
ကနဦးသတင်းအချက်အလက်မှာပင် အဖြစ်အပျက်အားလုံးနီးပါးကို မှတ်တမ်းတင်ထားသည်။
“ တကယ်လို့ ဒီသတင်းသာ မှန်ကန်လို့ရှိရင် ရီရွှေမြို့မှာ နံပါတ်တစ်ပညာရှင်က နယ်စားသခင်လေးပဲ ဖြစ်သွားလိမ့်မယ်.. ” စစ်အန်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ ငါ တကယ်ကို မယုံနိုင်အောင် ဖြစ်နေတယ်.. သူက အသက်ဘယ်လောက် ရှိသေးလို့လဲ.. တုန်ပိုလီနဲ့ မိုယန်ယုတို့ လင်မယားက တကယ့်ကို အံ့သြဖို့ကောင်းတဲ့ သားတစ်ယောက်ကို မွေးပေးခဲ့တာပဲ.. ”
အပိုင်း ( ၂၆ ) နဂါးတောင်အိမ်တော်က သံမဏိနက်အမိန့်ပြား
အရှင်သခင်ရွှယ်ယင်
နောက်တစ်နေ့ ဝေလီဝေလင်းအချိန်တွင်..
ရီရွှေမြို့အတွင်းရှိ မှော်ဆရာကြီး ပိုင်ယွမ်ကျစ်၏ နေအိမ်၌
အရိုးအေးစိမ့်လုမတတ် ချမ်းအေးမြသော ဆောင်းလေပြေက ပြတင်းပေါက်ကို ဖြတ်ကျော်၍ တိတ်ဆိတ်နေသည့် အခန်းငယ်ထဲသို့ တိုးဝင်လာနေသည်။ အေးစိမ့်ချမ်းမြနေမှုက ခြေဗလာဖြင့် တင်ပျဉ်ခွေထိုင်နေသော ပိုင်ယွမ်ကျစ်အား ရန်စနေသည့်အလားပင်။ အေးစက်သည့် မြောက်ပြန်လေကြောင့် သူ့မျက်နှာတစ်ခုလုံးသည် နီမြန်းလို့ နေသည်။
“ဘာဖြစ်လို့ အဆုံးသတ်လေးမှာ မပေါင်းစည်းသွားရတာလဲ”
“စမ်းသပ်ဆဲခန္ဓာကိုယ်က ဘာဖြစ်လို့ ပျက်ပြားသွားရတာလဲ”
ရုတ်တရက်
“ဆရာ.. ဆရာ.. နှင်းလင်းယုန်နယ်မြေအရှင်သခင်က လာလည်ပါတယ်ခင်ဗျ”
မရဲတရဲဖြင့် ဆိုလိုက်သော အသံက အခန်းအပြင်ဘက်နေ ထွက်ရှိလာသည်။ မှော်ဆရာကြီးသည် မနက်ပိုင်းတွင် ဆင်ခြင်ကြံဆနေသည့်အချိန်၌ အနှောင့်အယှက် လာပေးသည်ကို မကြိုက်နှစ်သက်မှန်း အားလုံးက သိထားကြသည်။
တကယ်တမ်းအားဖြင့် မှော်ဆရာကြီးသည် အနှောင့်အယှက်ပေးသည်ကို မကြိုက်နှစ်သက်ချေ။ အနှောင့်အယှက်ပေးသည့်ကိစ္စကို ပြင်းပြင်းထန်ထန် သတိပေးထားသည်။ သို့သော် တားမြစ်ထားသည်တော့ မဟုတ်ချေ။
သို့သော် သေရေးရှင်ရေးကိစ္စမှလွဲ၍ တခြားသော အနှောင့်အယှက် ဖြစ်စရာကိစ္စတို့ကိုတော့ သူ စဉ်းစားခန်းဝင်နေသည့်အချိန်၌ လုံးဝ ကန့်သတ်ထားလေသည်။
“နယ်မြေအရှင်သခင်လေး ဟုတ်လား”
ပိုင်ယွမ်ကျစ်က သံသယအကြည့်ဖြင့် ကြည့်လိုက်၏။ ရွှယ်ယင်လာသွားခဲ့တာ သိပ်မကြာလိုက်သေးဘူးမလား။ ဘာလဲ... ဆေးလ်ဗားမွန်းဝံပုလွေဘုရင်ရဲ့ နှလုံးကို ရသွားလို့လား.. ဒါမှမဟုတ်.. ရွှေဒင်္ဂါး ငါးသောင်းရလာလို့လား..
“မြန်မြန် သူ့ကို အထဲဝင်လာခိုင်းလိုက်”
မှော်ဆရာကြီး ပိုင်ယွမ်ကျစ်သည် သူ့အခန်းသို့ သွားရာလမ်း၌ ရပ်ပြီ သူ့ဧည့်သည်အား ပျူငှာစွာ ကြိုဆိုလိုက်သည်။ လက်နက်သေတ္တာအား လွယ်ထားလျက် လျှောက်လှမ်းလာသော အနက်ရောင်ဝတ်စုံနှင့်လူငယ်ကို ကြည့်ပြီ ပိုင်ယွမ်ကျစ်သည် ရင်ထဲက ကြောက်ရွံ့သွားမှုကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရသည်။ အနက်ရောင်လူငယ်၏ အရှိန်အဝါသည် အလွန်ကို ထူးကဲလှသည်။ မှော်ဆရာတစ်ယောက်အနေဖြင့် စိတ်ဝိညာဉ်အာရုံခံစားအသိဖြင့်သာ ထိုကဲ့သို့ ဘေးပတ်လည်အနှံ့ စိမ့်ဖြာနေသော အရှိန်အဝါကို ခံစားသိမြင်နိုင်သည်။
“မှော်ဆရာကြီး” ရွှယ်ယင်က ပြုံးလိုက်၏။
“ နယ်မြေအရှင်သခင်လေး.. အထဲကို ကြွပါ.. ” ပိုင်ယွမ်ချီက ပျူငှာစွာဖြင့် ဖိတ်မန္တကပြုလိုက်သည်။
နှစ်ယောက်သားက အတူတူ ထိုင်လိုက်ကြသည်။
“ နယ်မြေအရှင်သခင်လေး.. အခု လာတာက.. ” ပိုင်ယွမ်ကျစ်က ရွှယ်ယင်အား အာရုံစိုက်ကြည့်ရင်း မေးလိုက်၏။
“ဒါကို တစ်ဆိတ်လောက် ကြည့်လိုက်ပါဦး မှော်ဆရာကြီး ” ရွှယ်ယင်က လက်ကို လှုပ်လိုက်သည့်အခါတွင် သံသေတ္တာငယ်တစ်လုံးက လက်ဝါးပြင်ထက် ရောက်ရှိလာသည်။ ထိုအတူပင် ညှီစို့စို့ အသားစိမ်းအနံ့က သံသေတ္တာကနေ ပျံ့လွင့်လာလေ၏။ ရွှယ်ယင်သည် သံသေတ္တာအား ပိုင်ယွမ်ကျစ်ထံ လှမ်းပေးလိုက်သည်။ ပိုင်ယွမ်ကျစ်သည် အထဲက အရာကို ရိပ်မိနေပြီသားပါ။ သူသည် စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်နေကာ လက်ကို ဆန့်ထုတ်၍ သံသေတ္တာကို ယူလိုက်သည်။
ထို့နောက် သံသေတ္တာကို ညင်သာစွာ ဖွင့်ကြည့်လိုက်လေ၏။
ထင်သည့်အတိုင်းပင် အထဲတွင် ဆေးလ်ဗားမွန်းဝံပုလွေဘုရင်၏ နှလုံးက ရှိနေသည်။ အထူးသဖြင့် နှလုံးက လတ်လတ်ဆတ်ဆတ် ရှိနေခြင်းပင် ဖြစ်၏။ ဆေးလ်ဗားမွန်းဝံပုလွေဘုရင်အား ရွှယ်ယင်သတ်ခဲ့သည်က တစ်ရက်မျှသာ ရှိသေး၏။ ထို့အပြင် မှော်သိုလှောင်ဆွဲသီးအထဲတွင် ထည့်သိမ်းလာခဲ့သည်မဟုတ်လား။ ထို့ကြောင့်ပဲ နှလုံးက အကောင်းဆုံး လတ်ဆတ်နေခြင်းပဲ ဖြစ်၏။
“ဆေးလ်ဗားမွန်းဝံပုလွဘုရင်ရဲ့ နှလုံးသားပါလား.. လွန်ခဲ့တဲ့ နှစ်နာရီလောက်ကပဲ ထုတ်ယူထားသလိုပဲ ထင်မှတ်ရတယ်..”
ပိုင်ယွမ်ကျစ်က စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်လေသည်။
ဆေးလ်ဗားမွန်းဝံပုလွေဘုရင်၏ နှလုံသားနှင့် ရွှေဒင်္ဂါး ငါးသောင်းကို ရွေးပါဆိုရင် ဆေးလ်ဗားမွန်းဝံပုလွေဘုရင်၏ နှလုံးကိုသာ ပိုင်ယွမ်ကျစ် ပိုမက်သည်။ တချို့ပစ္စည်းများသည် ငွေဖြင့် ဝယ်ယူလို့ ရပေသည်။ သို့သော် ဆေးလ်ဗားမွန်းဝံပုလွေဘုရင်၏ နှလုံးကို လိုချင်တိုင်း ရမှာ မဟုတ်။ ဤဆေးလ်ဗားမွန်းဝံပုလွေဘုရင်၏ နှလုံးသည် သူ့၏ ပညာရပ်ကို အဆုံးသတ်ဖို့အတွက် လိုအပ်သော ပစ္စည်းတစ်ခုဖြစ်လေရာ ယခုတွင် ပိုင်ယွမ်ချီ အသုံးပြုနိုင်တော့မည်။
တကယ်၍ သူက ဆေးလ်ဗားမွန်းဝံပုလွေဘုရင်၏ နှလုံးသားကို အင်မတန် ဝယ်ယူချင်နေခဲ့လျှင်လည်း ထိုနှလုံးမျိူးမှာ အမြဲတစေ ရောင်းချနေသည့် ပစ္စည်းတစ်ခု မဟုတ်ပါချေ။ ပျက်သုဉ်းခြင်းတောင်တန်းအတွင်းသို့ သွားချင်ကြသော လူဆို၍ များများစားစား မရှိတာလည်း ပါသည်။ ဆေးလ်ဗားမွန်းဝံပုလွေဘုရင်အား သွားသတ်ဖို့က ဝေးစွ။ ပိုင်ယွမ်ကျစ်သည် သူ့စမ်းသပ်ချက်များအတွက် လိုအပ်သော အမယ်ပစ္စည်းများကို အချိန်အတော်တော်ကြာကတည်းက ပြင်ဆင်လာခဲ့သည်။ သို့သော် ရှစ်နှစ်ကြာသွားတဲ့အထိ စိတ်ရှည်လက်ရှည်နဲ့ ကြိုးကြိုးစားစား ရှာဖွေစောင့်ဆိုင်းလာခဲ့သော်လည်း ဆေးလ်ဗားမွန်းဝံပုလွေဘုရင်၏ နှလုံးသားဆိုတာကို အစအနလေးပင် မကြားမတွေ့ခဲ့ရပါချေ။
သူ့အနေဖြင့် ပညာရှင်တစ်ယောက်ကို ဖိတ်ခေါ်ပြီ ပျက်သုဉ်းခြင်းတောင်တန်းကို သွားခိုင်း၍ ဆေးလ်ဗားမွန်းဝံပုလွေ တစ်ကောင်သတ်ခိုင်းဖို့ကလည်း အရမ်းကို ဈေးကြီးလွန်းသည်။
“ ကဲ မှော်ဆရာကြီး.. ” ရွှယ်ယင်က စတင်ပြောလိုက်သည်။
ပိုင်ယွမ်ကျစ်လည်း ပီတီဖြစ်နေတာကို ထိန်းလိုက်ပြီနောက် ခေါင်းမော့လိုက်သည်။
“ ဆေးလ်ဗားမွန်းဝံပုလွေဘုရင်ရဲ့ နှလုံးသားကို ပို့လာပေးလို့ ငါ အရမ်းကို ကျေနပ်နှစ်သက်မိတယ်.. နယ်မြေအရှင်သခင်လေး.. ငါ ပိုင်ယွမ်ကျစ်က ရှိသမျှ အစွမ်းအစတို့နဲ့ မင်းညီလေးကို ညွန်ကြားပြသပေးပါမယ်.. ပြီးတော့ တပည့်အရင်းအဖြစ်နဲ့လည်း လက်ခံပေးပါမယ်.. နောက်ပြီး သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားက စံသတ်မှတ်ချက်အထိ ရောက်လာခဲ့ပြီးဆိုရင် သူဟာ မှော်ဆရာတစ်ယောက်ဖြစ်လာဖို့ကို ငါ အာမခံပါတယ်.. ”
တန်ဖိုးရှိတဲ့ ပစ္စည်းကို ရရှိထားမှ၍ ပိုင်ယွမ်ကျစ်လည်း သေချာပေါက် ပြန်လည် စီစဉ်ပေးရမည်မဟုတ်လား။
“ ဒါဆိုလည်း မှော်ဆရာကြီးကိုပဲ ဒုက္ခပေးရတော့မယ်.. ” ရွှယ်ယင်လည်း ပြုံးနိုင်တော့သည်။ “ ဒါဆိုရင် ကျနော်ရဲ့ ညီလေးက ဘယ်တော့လာရတော့မလဲ.. ”
“ ဘယ်အချိန်မဆို အဆင်ပြေပါတယ်.. ” ပိုင်ယွမ်ကျစ်သည် ပြန်ဖြေလိုက်ပြီးနောက် သစ်သားပြားတစ်ပြားကို ထုတ်ယူလိုက်သည်။
“ ဒါက ငါ့ရဲ့ အမှတ်အသားပဲ.. မင်းရဲ့ ညီလေးကို ပေးလိုက်.. သူ အချိန်မရွေး လာလို့ရပြီ ”
ရွှယ်ယင်လည်း ခေါင်းညိတ်လိုက်ပါသည်။
ပိုင်ယွမ်ကျစ်က ကတိဖျက်မှာကို ရွှယ်ယင် မကြောက်ချေ။
ပိုင်ယွမ်ကျစ်အနေဖြင့်လည်း တန်ဖိုးရှိသည့် ပစ္စည်းကို လက်ခံထားပြီးမှ ကတိကို ဖျက်သိမ်းဖို့ မဖြစ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ရွှယ်ယင်သည် ဆေးလ်ဗားမွန်းဝံပုလွေဘုရင်ကိုပင် သတ်နိုင်သည်ဖြစ်ရာ သူ့အား လုပ်ကြံဖို့ကလည်း ရွှယ်ယင်အတွက် များစွာ မခက်ချေ။ ဆေးလ်ဗားမွန်းဝံပုလွေဘုရင်အား သတ်နိုင်ခြင်း၏ အဓိပွါယ်သည် ဥက္ကာပျံအဆင့်ရှိသည့် မှော်ဆရာတစ်ဦးအား သတ်နိုင်လိမ့်မည်ဆိုသော အဓိပ္ပါယ်ပင် ဖြစ်လေသည်။
“ ဒါဆိုရင် နှစ်သစ်ကူးပြီးမှပဲ ညီလေးကို ခေါ်လာခဲ့တော့မယ်.. အဲဒီအချိန်ကျရင် ဆရာကြီးကိုပဲ အနှောင့်အယှက်ပေးပါတော့မယ်.. ”
ရွှယင်ယင်က အမှတ်အသားသစ်သားပြားကို လှမ်းယူလိုက်ကာ ပြန်ဖို့ ပြင်လိုက်သည်။
“ ဒါဆို ပြန်လိုက်ပါဦးမယ် ”
ပိုင်ယွမ်ကျစ်လည်း မတ်တတ်ရပ်ကာ တံခါးဝအထိ ရွှယ်ယင်အား လိုက်ပို့လိုက်သည်။
လက်ထဲမှာ သံသေတ္တာအား တင်းတင်းကိုင်ထားရင်း ပိုင်ယွမ်ကျစ်သည် ရွှယ်ယင် ထွက်ခွာသွားတာကို ကြည့်ကာ စိတ်ထဲတွင် တွေးလိုက်မိသည်။
“ ဒီနယ်မြေအရှင်သခင်လေး ပြောတာက ဆေးလ်ဗားမွန်းဝံပုလွေရဲ့ နှလုံးသားကိုပဲ ဖြစ်ဖြစ်.. ရွှေဒင်္ဂါး ငါးသောင်းပဲ ဖြစ်ဖြစ် တစ်လအတွင်း ယူလာပေးမယ်လို့ ပြောတယ်.. အခု သူက ပိုပြီ စောစော ပို့လာနိုင်တယ်.. ပြီးတော့ ဆေးလ်ဗားမွန်းဝံပုလွေရဲ့ နှလုံးကလည်း အရမ်းကို လတ်ဆတ်နေတယ်.. ဒါက သေချာပေါက် လောလောလတ်လတ် သတ်ထားတယ်ဆိုတာ ထင်ရှားနေတယ်.. ဘယ်သူက သတ်ပေးတာလဲ.. နှင်းလင်ယုန်နယ်မြေမှာ ဒီလိုအင်အားကြီးပုဂ္ဂိုလ် မရှိနေပါဘူး.. ”
ကျုံးလိန်နှင့် ထုံစန်းတို့သည် ဂုဏ်သတင်းကြီးမားသော်လည်း နှစ်ယောက်စလုံးက ဆေးလ်ဗားမွန်းဝံပုလွေကို မသတ်နိုင်ကြပါဘူး။
“ နယ်မြေအရှင်သခင်လေးကိုယ်တိုင်ပဲလား.. ” ပိုင်ယွမ်ကျစ် ခန့်မှန်းလိုက်သည်။
သူသည် ကျုံးလိန်အား အရင်က မြင်ဖူးသည်။ ကျုံးလိန်သည် လက်မောင်းခြောက်ဖက် မြေနတ်ဆိုးဖြစ်သော်လည်း ပိုင်ယွမ်ကျစ်အား ကြောက်ရွံ့ခြင်း မဖြစ်စေခဲ့ချေ။
သို့ပေမဲ့ နယ်မြေအရှင်သခင်လေးကိုမူ သူ ခန့်မှန်း၍ မရနိုင်ခဲ့ပေ။
ထို့နောက် ရွှယ်ယင်သည် နှင်းပျံနတ်လှံအတွက် အကြွေး ရွှေဒင်္ဂါးတစ်သောင်းအား သွားရောက် ပေးချေလိုက်ပြီနောက် လက်အောက်ငယ်သားများနှင့်အတူ နှင်းလင်းယုန်နယ်မြေသို့ လှည့်ပြန်သွားသည်။
ရဲတိုက်အဝင်တံခါးတစ်လျှောက်တွင် စစ်သည်ဆယ်ယောက်က ရိုကျိုးစွာဖြင့် ဒူးထောက်ထားကြသည်။
“အစ်ကိုကြီး.. အစ်ကိုကြီး. မနက်တုန်းက. ရီရွှေမြို့ကို သွားတာ ညီကိုလည်း မခေါ်သွားဘူး.”
ချင်းရှီက ရဲတိုက်တတိယအထပ်ရဲ့ ဝရန်တာကနေ လှမ်း၍ အော်ဟစ်မေးလိုက်သည်။
“ငါသွားတုန်းက မင်းအိပ်နေတုန်းပဲလေ.. ”
ဝှစ်..
ရွှယ်ယင် တစ်ချက်တည်း ခုန်လိုက်ရာ ရဲတိုက်တတိယအထပ်၏ ဝရန်တာထက်သို့ ရောက်သွားပြီးနောက် သူ့ညီငယ်လေးနံဘေးမှာ ကျရောက်သွားသည်။ ထို့နောက် အမှတ်အသားသစ်သားပြားကို ထုတ်ယူလိုက်ပြီနောက် ချင်းရှီအား ကမ်းပေးလိုက်သည်။
“ဒါကို ကြည့်စမ်း ချင်းရှီ.. ဘာလို့ထင်လဲ.. ”
အမှတ်အသားသစ်သားပြားကို ကြည့်ပြီ ချင်းရှီ တွေးရခက်ဟန်ဖြင့်
“ ဒါက အမှတ်အသားသစ်သားပြားပုံစံလိုပဲ.. ပြီတော့ ပိုင် ဆိုတဲ့ စာလုံးတစ်လုံးလည်း ထွင်းထားသေးတယ် ”
“ ဒါက မှော်ဆရာကြီး ပိုင်ယွမ်ကျစ်ရဲ့ အမှတ်အသားပဲ.. နှစ်သစ်ကူးပြီးရင် မှော်ဆရာကြီးဆီကို သွားပြီ တပည့်ခံလို့ရပြီ.. ” ရွှယ်ယင်က ပြောပြလိုက်သည်။
“ ဟမ်.. မှော်ဆရာကြီးက တပည့်အရင်းလက်ခံပေးဖို့ စဉ်စားပေးလိုက်တာလား.. ဟားဟား ”
ချင်းရှီက ခေါင်းကို ခါယမ်းရင်း အံ့အားသင့်ဟန်ဖြင့်
“ တကယ့်ကို အံ့သြစရာပဲ.. အရမ်းကို မယုံနိုင်လောက်အောင်ပါပဲ ”
“ ဒါပေမဲ့ အစ်ကိုကြီးနဲ့ တွေ့လို့ မရတော့ဘူးပေါ့.. ”
ချင်းရှီက အင်တင်တင်ဖြင့် ပြန်မေးလိုက်သည်။
“ ဟားဟား.. ဒီနေရာနဲ့ ရီရွှေမြို့က ဘယ်လောက်ဝေးလို့လဲ.. မင်းလည်း ဘယ်အချိန်မဆို ပြန်လာတွေ့လို့ရတာပဲ... ငါကလည်း သွားတွေ့လို့ရတာပဲကို.. ”
ရွှယ်ယင် ရယ်မောလိုက်လေသည်။
“ အင်း ” ချင်းရှီက ပြန်လည်တက်ကြွသွားပြီ ခေါင်းကို ညိတ်လိုက်လေသည်။ သူ့အမေ ချန်ထားခဲ့သည့် မှော်နှင့်ပတ်သတ်သော စာအုပ်အားလုံးကို အရေကြိုသောက်ထားပြီးနောက် မှော်ဆရာလုပ်ဖို့ ချင်းရှီ စိတ်ကူးရလာခြင်း ဖြစ်သည်။
ထိုနေ့၏ နေ့လည်အချိန်တွင် ဖြစ်၏။
ကောင်းကင်ထက်ကနေ နှင်းပွင့်လေးများ အဆုပ်လိုက် အဆုပ်လိုက် ကျဆင်းနေလေ၏။ အင်ပါယာနိုင်ငံ၏ မြောက်ဘက်ပြည်နယ်ပိုင်းမှာ အဖြူရောင် နှင်းကမ္ဗလာထုဖြင့် လွှမ်းခြုံစေနေသည့်အလား နှင်းများသည်သာ နေရာတိုင်းမှာ မြင်နေရတော့သည်။
ရွှယ်ယင်သည် ကြာပန်းသဏ္ဍာန် ထိုင်နေကာ အပြင်လောကဘက်မှာ နှင်းပွင့်လေးများ ညင်သာစွာ တဖွဲဖွဲ ကျဆင်းနေသည်ကို ကြည့်နေ၏။ လှံပညာရှင်ကြီးအဆင့်နယ်ပယ်သို့ ရောက်ရှိပြီးနောက်မှာ ကျင့်ကြံခြင်းအတွက် တစ်နေ့ကို နှစ်နာရီမျှ ရွှယ်ယင် အချိန်ကို သုံးရသည်။ သို့ပေမဲ့ ကျင့်ကြံရာမှ ရရှိလာသည့် အကျိုးသည် သူ့ အသွေးအသား အရိုးအဆစ်တွေကို သန်မာကြံ့ခိုင်စေရုံသာ ရှိသည်။ သူရဲ့ လှံပညာရပ်ကို တိုးတက်စေဖို့အတွက်မူ အချိန်လည်း လိုပေမည်။ ကောင်းကင်နှင့် မြေကြီးတို့၏ သဘာဝတရားကို သဘောပေါက်နားလည်ဖို့လည်း လိုပေဦးမည်။
ကောင်းကင်နှင့် မြေကြီး၏ သဘာဝတရားကို နားလည်သဘောပေါက်ပြီဆိုရင် ဉာဏ်အလင်းကို ပိုင်ဆိုင်လာပါလိမ့်မည်။
“ သခင်.. သခင်.. အပြင်မှာ လူတစ်ယောက်က သူ့ကိုယ်သူ နဂါးတောင်အိမ်တော်ရဲ့ သခင်ကြီးလို့ ဆိုပါတယ်.. သူက သခင်နဲ့ တွေ့ချင်နေပါတယ်.. ” အစေခံတစ်ယောက်က အမောတကောဖြင့် ပြေးလာကာ ရွှယ်ယင်အား ပြောလေသည်။
“ နဂါးတောင်အိမ်တော်.. ဟုတ်လား.. ” ရွှယ်ယင်၏ မျက်ခုံးများ ပင့်တက်သွားလေသည်။
နဂါးတောင်အိမ်တော်ဆိုသည့် နာမည်ကို အရင်က သူ ကြားဖူးနေသည်မဟုတ်လား။
နဂါးတောင်အိမ်တော်ဆိုသည်မှာ အင်ပါယာနယ်ပယ်အနှံ့ တည်ထောင်ထားသော ထူးခြားဆန်းကြယ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။ ရီရွှေမြို့ရှိ နဂါးတောင်အိမ်တော်ဋ္ဌာနခွဲ၏ အကြီးအကဲသခင်သည် ရီရွှေမြို့စားထက် ဘယ်နည်းနဲ့မှ သြဇာအာဏာ နိမ့်ကျနေမှာ မဟုတ်ချေ။
ရွှယ်ယင်သည် ချက်ချင်း ထလာပြီးနောက် ဧည့်သည်ကို ကိုယ်တိုင် ကြိုဖို့အတွက် ဂိတ်တံခါးဝသို့ အပြေးသွားလေသည်။
“ ဂိတ်တံခါးကို ဖွင့်လိုက်.. ငါ့ ဧည့်သည်ကို ပေးဝင်ပါစေ.. ”
ရဲတိုက်ဂိတ်တံခါးဝသို့ ရောက်သည်နှင့် ရွှယ်ယင်က အော်ဟစ်ပြောလိုက်လေသည်။
အနက်ရောင်ဆံပင်နှင့် အသက်လတ်ပိုင်းလူကြီးတစ်ယောက်က သူ့လူအုပ်စုတစ်အုပ်စုနှင့်အတူ အပြင်တွင် စောင့်ဆိုင်းနေ၏။ အသက်လတ်ပိုင်းလူကြီး၏ ဘေးနားတွင် မီးခိုးရောင်ဆံပင်နှင့်အကြီးအကဲတစ်ဦးလည်း ရှိနေကာ ထိုသူ၏ အနောက်ဘက်မှာတော့ ကောင်းကင်သူရဲကောင်းအဆင့်ရှိသည့် ကိုယ်ရံတော်အုပ်စုတစ်စုက ရှိလေသည်။
“ ဟားဟား.. လှံနတ်ဆိုး တုန်ပိုရွှယ်ယင်ဆိုတဲ့ နာမည်ကို ကြားဖူးနေတာ ကြာလှပါပြီ.. ဒီနေ့ ကိုယ်တိုင် မြင်လိုက်မှပဲ မင်းဟာ အရမ်းကို ထူးခြားတဲ့သူဆိုတာ သေချာသွားတော့တယ်.. ”
အသက်လတ်ပိုင်းလူကြီးက ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။
“ ငါဟာ ရီရွှေမြို့က နဂါးတောင်အိမ်တော်ဋ္ဌာနခွဲရဲ့ သခင်ကြီး စစ်အန်း ဖြစ်ပါတယ်.. ”
“ သခင်ကြီးစစ်အန်းကို နှုတ်ဆက်ပါတယ်.. ” ရွှယ်ယင်က ပျူငှာစွာဖြင့် ကြိုဆိုလိုက်ကာ. “ အထဲကို ကြွပါဦး.. သခင်ကြီးစစ်အန်း.. ”
ရွှယ်ယင်နှင့် သခင်ကြီးစစ်အန်းတို့က ပခုံးချင်းယှဉ်လျှောက်လာပြီလျှင် ကျန်သောသူများက အနောက်ကနေ လိုက်ပါလာခဲ့ကြသည်။
“ နှင်းထုကို ဖြတ်ပြီ ဒီအထိ ခရီးကြမ်းနှင်လာရအောင် ဘာကိစ္စများ ရှိလို့ပါလဲ.. သခင်ကြီးစစ်အန်း.. ” ရွှယ်ယင်က အပြုံးဖြင့် မေးလိုက်သည်။
“မင်းရဲ့ခွန်းအားတစ်ခုတည်းနဲ့ ဓားကောက်ဓားပြအဖွဲ့ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်.. ဒီလို ကိစ္စကြီးတစ်ခုကို ဖုံးကွယ်ထားလို့ ဖြစ်နိုင်ပါ့မလား.. မနေ့ကလည်း ကီလိုမီတာ လေးရာကျော်အထိ ခရီးပြင်းနှင်ခဲ့သလို ဆေးလ်ဗားမွန်းဝံပုလွေဘုရင်သားမွေးကိုလည်း သယ်ဆောင်လာခဲ့တယ်.. အဲဒါကို မြင်တဲ့ မျက်မြင်သက်သေတချို့လည်း ရှိခဲ့တယ်.. ကဲ ဆေးလ်ဗားမွန်းဝံပုလွေဘုရင်ကိုလည်း မင်း သတ်လိုက်တယ်ဆိုတာ ဖုံးကွယ်ထားဦးမှလား.. ” သခင်ကြီးစစ်အန်းက သူ့ဘက်လှည့်၍ ပြုံးပြုံးရွှင်ရွှင်ဖြင့် မေးလိုက်သည်။
ရွှယ်ယင် စိတ်ထဲမှာ အံ့အားသင့်သွားသည်။
မနေ့က ကိစ္စရပ်အားလုံးကို ဒီကနေ့မှာ သခင်ကြီးစစ်အန်းက အကုန်သိနေလေပြီ။ နဂါးတောင်အိမ်တော်က တကယ်ကို ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
“ ဒီကနေ့ ငါလာတာက အရေးကြီးတဲ့ ရာဇဝတ်ကောင်ဖြစ်တဲ့ ကော့ပင်းကို သတ်လိုက်လို့ ဆုလာဘ် လာပို့တာပါပဲ.. ဒုတိယကိစ္စက ပိုအရေးကြီးပါတယ်.. ငါတို့ နဂါးတောင်အိမ်တော်ရဲ့ သံမဏိနက်အမိန့်ပြားကို လာပို့ခြင်းပဲ ဖြစ်တယ်.. ” ဟု သခင်ကြီးစစ်အန်းက ပြောပြလိုက်သည်။
“ သံမဏိနက်အမိန့်ပြား.” ရွှယ်ယင်၏ နှလုံးသားသည် တုန်ခါသွားလေသည်။ သူသည် ထိုစကားလုံးအား ထပ်ခါတလဲလဲ ရေရွတ်မိလေသည်။
ဒီလိုနေ့ရက်ကို သူစောင့်ဆိုင်းနေခဲ့တာလေ.. ရက်ပေါင်းများစွာ စောင့်ဆိုင်းလာခဲ့တာ ကြာလွန်းနေပြီမဟုတ်လား.။
*** စာစဥ် ( ၂ ) ဤတွင် ပြီး၏။ ***

အပိုင်း (၁၉) - သေခြင်းရှင်ခြင်း တစ်ခဏအတွင်း

အပိုင်း ( ၂၂ ) ငရဲပြည်တွင် ဝင်ပေါက်မရှိ

ပြေးလိုက်လာကြသော ဓားပြတို့သည် သူတို့ခေါင်းဆောင် အားကိုးဖြင့် ရွှယ်ယင်အား ပတ်လည်ဝိုင်းတားကာ သတ်ဖြတ်ကြမည်ဟု အားခဲထားရာကနေ ထိတ်လန့် အံ့သြသွားကြသည်။ ခေါင်းဆောင်က ဒီလိုလေးပဲ သေသွားရသလား။
နည်းနည်းလေးပဲ တိုက်ခိုက်ရသေးတယ်လေ... သေသွားတာ မြန်လှချည်းလား...