book

Index 6

အပိုင်း (၆ )

ဧကြည်ဖြူ 


" မဟူရာညရဲ့သတို့သမီး "

(အခန်းဆက် ဝတ္ထုရှည် ) 


****************************

"ကဲ ... မောင်သတိုးရေ အိမ်ကို ငါ့တူအရင်ပြန်နှင့်မလား ... ဒါမှမဟုတ် ပတ်ဝန်းကျင်ကိုလိုက်လေ့လာချင်လဲလေ့လာလေ... တစ်ယောက်တည်း မသွားချင်ရင် အလုပ်သမားကောင်လေးတစ်ယောက်လောက်ထည့်ပေးလိုက်မယ် ... အန်ကယ်က အရေးတကြီး ချိန်းထားတာလေး ရှိနေလို့ " 


        ဦးမြတ်မင်းက မျက်မှန်ကို လက်ကိုင်ပဝါနဲ့အသာတို့သုတ်လိုက်ရင်းကနေ သတိုးကို ပြောလိုက်တယ်။ 


"ရပါတယ် အန်ကယ် ... ကျွန်တော်မှာလဲ ကားပါတာပဲ တစ်ယောက်တည်းသွားလို့ ဖြစ်ပါတယ် ...အိမ်ကိုတော့ မပြန်သေးဘူး အနီးအနားကိုလိုက်ကြည့်လိုက်အုံးမယ် " 


" ဟုတ်ပြီ မောင်ရင် ... တစ်ယောက်တည်း အေးအေးဆေးဆေးလိုက်ကြလိုက်ပါ ...အန်ကယ်တို့ အပန်းဖြေစခန်းဆောက်မယ့်ဆိုတဲ့ လမ်းကတည့်တည့်သွားပြီး လမ်းချိုးလေးတွေအတိုင်းမောင်းသွားရင်ရေတံခွန်တောင်ကိုရောက်တယ် ... ရေတွေဘာတွေလဲ ကူးလို့ရတယ်ကွ ... လူပြတ်တတ်တော့ မိုးမချုပ်ခင်တော့ ပြန်ခဲ့ကွာ " 


"ဟုတ်ကဲ့ပါ အန်ကယ်....ဒါဆို ကျွန်တော် သွားနှင့်လိုက်မယ် အန်ကယ် " 


~~~~~~~~~~~~~~~~~~~~~~

        သတိုးက ကားကိုမြို့ပြင်ပတ်လမ်းကမောင်းလာတာမို့ လမ်းကလည်းရှင်းသလို လမ်းတစ်လျှောက် လေတွေကတဟူးဟူးတိုက်ခတ်နေတယ်။သတိုးကားကို အရှိန်မြှင့်လိုက်တယ်။လမ်းဘေးဝဲယာက သစ်ပင်တွေက တရိပ်ရိပ်နဲ့ ကျန်ရစ်ခဲကြတယ်။သတိုးရဲ့အသက်က နှစ်ဆယ့်ခြောက်နှစ်ထဲကိုရောက်နေပြီဆိုပေမဲ့ ဘ၀မှာ လွတ်လပ်ပျော်ရွှင်မှုဆိုတာကို တစ်ခါမှကောင်းကောင်း မခံစားခဲ့ရဘူး။ပြောရမယ်ဆိုရင် ဒီခရီးစဉ်ဟာ သတိုးအတွက်တော့ ပထမဦးဆုံး လွတ်လပ်စွာသွားလာခွင့်ရတဲ့ ခရီးပဲ။အသက်နှစ်ဆယ်အရွယ်မှာ အလုပ်ခွင်ထဲကို ရောက်နေပြီဖြစ်ပေမဲ့ အမေ့ရဲ့ထိန်းချုပ်မှုအောက်မှာပဲ သတိုးနေခဲ့ရတာ။ ကိုယ်လုပ်ချင်တာကို မလုပ်နိုင်ဘဲ မိခင်ရဲ့စိတ်သဘောအတိုင်းပဲ နေထိုင်ခဲ့ရတယ်။တစ်ခါတလေ နေရတဲ့ဘ၀ကို မွန်းကြပ်လွန်းလို့ မိသားစုနဲ့ဝေးရာကို ထွက်ပြေးဖို့ သတိုး အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ အမေ့ကိုထားပြီး အဝေးကြီးကို သတိုးမသွားနိုင်ခဲ့တာအမှန်ပါ။သတိုးအတွက်တော့ အမေက ကြောက်စရာ အကောင်းဆုံးလူသားတစ်ယောက်ဖြစ်သလို ချစ်ခင်တွယ်တာရဆုံး လူသားတစ်ယောက်ဆိုရင်လည်းမမှား။ ဖြစ်ချင်တဲ့စိတ်ဆန္ဒတွေ များလွန်းပြီး ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်တတ်တဲ့ ဇွဲကြီးလွန်းလှတဲ့ မိခင်ရဲ့စိတ်က တစ်ခါတစ်ရံမှာ ကြောက်စရာကောင်းနေတာတော့ အမှန်ပင်။ 


      မြွေလိမ်မြွေကောက်သဖွယ် လမ်းချိုးတွေအတိုင်းမောင်းလာခဲ့ပြီးချိန်မှာတော့ ရေတံခွန်တောင်သို့ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်ကို သတိုးတွေ့လိုက်ရတယ်။ရေတံခွန် တောင်က မြို့နဲ့ သိပ်ပြီး မဝေးကွာလှပေမဲ့ ရှုခင်းသာမြို့လို သဘာဝအလှအပတွေပေါများလှတဲ့မြို့အတွက်တော့ ထီးထီးကြီးတည်ရှိနေတဲ့ ရေတံခွန်တောင်က သိပ်ပြီး မထူးခြားလှတာမို့ သွားလာသူနည်းပါးကြပုံပါပင်။

      သတိုးကားကို တောင်ခြေမှာရပ်လိုက်ပြီး လှမ်းမြင်နေရတဲ့ ရေတံခွန် ရှိရာဆီကို တောလမ်းလေးအတိုင်း လျှောက်သွားလိုက်တယ် ။တောလမ်းလေးက သစ်ရွက်ကြွေတွေနဲ့ပြည့်နေသလို ကျေးငှက်တွေရဲ့ သာယာနာပျော်ဖွယ် အသံတွေကိုလဲ အဆက်မပြတ်ကြားနေရတယ်။ညနေလေးနာရီလောက်ပဲ ရှိသေးပေမဲ့ နေရောင်ကိုမတွေ့ရတော့။ရေတံခွန်နဲ့နီးလာလေလေ ကြားရတဲ့ ရေကျသံက ပိုကျယ်လာလေဖြစ်သလို ရေမှုန်ရေမွှားတွေရဲ့ အေးစိမ့်စိမ့် အငွေ့အသက်တွေကိုပါ ခံစားလာရတယ်။သတိုးက ရေကူးရတာကိုကြိုက်နှစ်သက်သူမဟုတ်ပေမဲ့ ဘာရယ်မဟုတ် ရေတံခွန်နဲ့ အနီးအနားထိလျှောက်လာခဲ့လိုက်တယ်။ ရေတံခွန်စီးကျရာ အောက်ခြေရေအိုင်ကို လှမ်းမြင်ရတဲ့နေရာကို ရောက်တဲ့အခါ သတိုးမျက်လုံးအစုံမှာ ပြူးကျယ်သွားရတယ်။ဆံပင်ဖားလျားကြီး ချထားပြီး ကျောက်စွန်းတစ်ခုမှာ ထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်။သတိုးမြင်နေရတာက ကျောပေးထိုင်နေတဲ့ မြင်ကွင်းဆို တော့ လန့်ချင်စရာတော့ ကောင်းတယ်။ ဒီလိုတောထဲမှာအဖော်မပါဘဲ မိန်းခလေးတစ်ယောက်တည်းလာဖို့ဆိုတာ တော်ရုံသတ္တိမျိုးနဲ့တော့ မဖြစ်နိုင်။ဘယ်လိုပဲ နယ်ခံဖြစ်နေပါစေ အချိန်ကလည်း အချိန်းကောင်းမဟုတ်ဘူး။ဘာမှန်းမသိတာမို့ သတိုးခြေလှမ်းတွေကို ရပ်ပြီး သစ်ပင်တစ်ပင်ကိုကွယ်ပြီး အသာရပ်ကြည့်နေမိတယ်။သတိုးကြည့်နေတုန်းမှာပဲ အမျိုးသမီးက ထိုင်နေရာကနေထပြီး ရေထဲကို ဝုန်းခနဲ ခုန်ဆင်းသွားတယ်။ ဒီအတိုင်း အဝတ်အစား အပြည့်အစုံနဲ့ပဲ ခုန်ဆင်းသွားတာ။ ရေတံခွန်ရေဆိုတော့ ရေကသိပ်နက်ပုံမရဘူးထင်တာ။ရင်စို့ရဲ့အထက်ပိုင်းအထိပဲ ရေပေါ်မှာပေါ်နေတာကိုမြင်နေရတယ်။သူမက လက်နှစ်ဖက်နဲ့ ရေတွေကို တဗွမ်းဗွမ်းမြည်အောင်ရိုက်နေတယ်။ခန္ဓာကိုယ်ကိုလှည့်ပတ်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ရေတွေကိုလက်နဲ့ ရိုက်နေတာ။ သူမရိုက်လိုက်တိုင်း ရေတွေဖွားခနဲဖွားဖွားခနဲလွင့်စင်သွားပုံက ကြည့်လို့ တောင်ကောင်းနေပြန်တယ်။သူမကို ကြည့်ရတာ စိတ်ရိုင်းဝင်နေတဲ့ ကျားရဲမလေးလိုပဲ။ သူမရဲ့ အပြုအမူတွေကို သတိုးသတိလက်လွတ် ငေးကြည့်နေမိရင် မျက်နှင်သွင်ပြင်ကို အသေအချာ တွေ့လိုက်ရချိန်မှာတော့ အံ့ဩမိသွားတော့တယ်။သတိုးတွေ့လိုက်ရတာက ဦးမြတ်မင်းရဲ့ အငယ်ဆုံးသမီး စန္ဒကူးဆိုလား ပုဏ္ဏရိပ်ဆိုလား အဲ့ဒီမိန်းခလေး ဖြစ်နေခဲ့တာ။ သူမတစ်ယောက်တည်းတောထဲမှာ ဘာလာလုပ်နေတာလဲ။ သူမတို့ရဲ့ နှင်းဆီမြိုင်ခြံကြီးမှာ ပန်းခြံအစရေကူးကန်အဆုံး အကုန်ရှိနေခဲ့တာလေ။ဦးမြတ်မင်းက သမီးသုံးယောက်ကို ချစ်ပုံက ဒီအသက်အရွယ်တွေထိ လိုလေသေ့မရှိထားပေးထားတာ။ ကြည့်ရသလောက် နှင်းဆီမြိုင်စံအိမ်မှာ လိုအပ်တာမရှိသလောက်ပဲ ။ဖျော်ဖြေရေးပစည်းမျိုးစုံ၊အားကစားပစ္စည်းမျိုးစုံကိုလဲ တွေ့ရတယ်။ ဒါပေမဲ့ စန္ဒကူးဆိုတဲ့ ဒီကောင်မလေးကတော့ အိမ်မှာ တွေ့ရခဲတဲ့ အမျိုးအစားထဲမှာပါပုံရတယ်။ အချိန်ပြည့် အပြင်ထွက်နေတဲ့ မိန်းခလေးမျိုးလေ။ 


"ဗွမ်း ... ဗွမ်း ...ဗွမ်း " 


         သတိုးကြည့်နေတုန်းမှာပဲ သူမရေထဲကို ဝုန်းမနဲ လဲကျသွားပြီး လက်တွေက ခြေထောက်တစ်ဖက်ကို ကုန်းပြီး နှိပ်နှယ်နေတာကို တွေ့လိုက်ရတယ်။ပြီးတော့ ကျောက်ဆောင်ဘက်ကို ပြန်ဖို့ ပြင်နေတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ သူမကို ကြည့်ရတာ ခြေထောက်ကသက်သာသွားပုံမရဘဲ ပိုဆိုးလာပုံရပြီး လူကမတ်မတ် မရပ်နိုင်တော့ဘဲ ရေထဲကိုပစ်ပစ်လဲသွားတာကို တွေ့နေရတယ်။သတိုး အိတ်ထဲက စီးကရက် တစ်လိပ်ကိုထုတ်ယူ မီးညှိလိုက်ပြီး စိမ်ပြေနပြေဖွာနေရင်းကနေ မြင်ကွင်းကိုကြည့်နေလိုက်တယ်။လူတစ်ယောက်ဟာ ရေထဲမှာ အချိန်ဘယ်လောက်ကြာအောင် အသက်ရှင်နိုင်မလဲဆိုတာ သတိုး မသိဘူး။ အသက်ရှင်သန်နိုဖို့အတွက် ခက်ခက်ခဲခဲရုန်းကန်နေတဲ့ မြင်ကွင်းက ရုပ်ရှင်ပြကွက်လို သတိုးရဲ့ရှေ့မှာ ဖြစ်ပေါ်နေတယ်။

     သတိုးကြည့်နေချိန်မှာပဲ စန္ဒကူးက ရေထဲကနေ ကျောက်ဆောင်ဘက်ကို ပြန်သွားဖို့ ကြိုးစားနေရင်းကနေ ရေထဲကို လုံးလုံးလဲကျသွားခဲ့တယ်။ရေထဲကနေပြန်မထနိုင်တော့ဘဲ ရှိနေတယ်။သတိုးအေးဆေးစွာရပ်ကြည့်နေလိုက်တယ်။ရေပြင်က ရေပွက်များ ဆင့်ကာထလျက် တဗွမ်းဗွမ်း မြည်နေတယ်။မြင်ကွင်းကို ကျောခိုင်းပြီး လာရာလမ်းဆီကို သတိုးပြန်လှည့်ထွက်ခဲ့တယ်။

    ခြေလှမ်း အနည်းငယ်လှမ်းပြီးချိန်မှာ သတိုးတွေဝေစွာခဏရပ်နေလိုက်မိတယ်။ မိနစ်စွန်းရုံမျှလောက်ရပ်ပြီးချိန်မှာတော့ သတိုး ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်တော့ဘဲ နောက်ကိုရုတ်ခနဲပြန်ပြေးသွားမိတယ်။ ပြီးတော့ ရေထဲကို ဝုန်းခနဲပြေးဆင်းသွားလိုက်ပြီး စန္ဒကူးရှိရာဆီကို အပြေးရောက်သွားမိတယ်။ 


"ကယ် ... ကယ်ပါအုံး " စန္ဒကူးရဲ့အသံက တိုးဖျော့ဖျော့ ။ လူက သွေးရူးသွေးတန်းနဲ့ မှီရာလိုက်ဆွဲနေတယ်။ ကမူးရှူးထိုး ဖြစ်နေတဲ့စန္ဒကူးကို သတိုးလက်ဝါးစောင်းနဲ့ တစ်ချက်ရိုက်ချပစ်လိုက်တယ်။ စန္ဒကူးဆီက အွန့်ခနဲတစ်ချက်အသံထွက်လာပြီး ခန္ဓာကိုယ်က ပျော့ခွေသွားတယ်။

     သတိလစ်သွားတဲ့ စန္ဒကူ့ရဲ့ခန္ဓာကိုယ်ကို ပွေ့ချီလိုက်ရင်း ရေထဲမှာ ပစ်ချထားခဲ့လိုက်ဖို့ သတိုးအကြိမ်ပေါင်းများစွာတွေးကြည့်နေမိတယ်။ 


~~~~~~~~~~~~~~~~~~~~~~~~~~ 


"အန်ကယ် ရောက်နေတာကြာပြီလား ... ကျွန်တော် နည်းနည်း နောက်ကျသွားတယ် " 


   "ရပါတယ် မောင်ကျော်စွာ ... အန်ကယ်က စောရောက်နေတာပါ...ကဲပါ ငါ့တူ ထိုင်ပါအုံး....အန်ကယ်မင်းနဲ့ တိုင်ပင်စရာလေး ရှိလို့ " 


        ဦးမြတ်မင်းက ကျော်စွာဦးဝင်လာရာ တံခါးပေါက်ကို တစ်ချက်လှမ်းကြည့်လိုက်ရင်းကနေ ပြောလိုက်တယ်။ 


"ဟုတ်ကဲ့ အန်ကယ် ... ကျွန်တော် ဘာများ ကူညီပေးရမလဲ " 


      ကျော်စွာဦးက ဦးမြတ်မင်းနဲ့ မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်ရင်း ဦးမြတ်မင်းကို တရိုတသေ မေးလိုက်တယ်။ပြီးတော့ ကျော်စွာဦးရဲ့ စိတ်ထဲမှာလဲ ထူးဆန်းနေမိတယ်။ သူနဲ့ ဦးမြတ်မင်းတို့ သိလာတာ နှစ်ပေါင်းများစွာကြာနေခဲ့ပေမဲ့ ဦးမြတ်မင်းက သူ့ကို ဒီလိုမျိုး တသီးတသန့် ခေါ်တွေ့တာမျိုးတွေ မရှိခဲ့ဘူးလေ။ 


"မောင်ကျော်စွာကို အန်ကယ့်အရင် တောင်းဆိုချင်တာက...အခု အန်ကယ် ပြောမဲ့ကိစ္စကို ဘယ်သူ့ကိုမှ မသိစေချင်ဘူး ....အဲ့ဒါကြောင့်လဲ ...အန်ကယ် ဒီနေရာကို ချိန်းလိုက်တာပဲ " 


         ဦးမြတ်မင်းရဲ့ ထူးထူးဆန်းဆန်းစကားကြောင့် ကျော်စွာဦးစိတ်ထဲမှာ စိုးရိမ်စိတ်လေး ဖျတ်ခနဲဝင်လာမိတယ်။ ကျော်စွာဦးက လူရယ်လို့သိတတ်ကာစ ကတည်းက ဦးမြတ်မင်းရဲ့ သမီးကြီး နှင်းဆီဖြူကို ချစ်ခင်နှစ်သက်နေမိတာမို့ အလိုလိုနေရင်းဦးမြတ်မင်းကို နည်းနည်းရှိန်နေမိသလိုဖြစ်နေတာလေ။ ခုလိုစကားမျိုး ကြားလိုက်ရတော့ ကျော်စွာဦးရင်ထဲမှာ ထိတ်ခနဲဖြစ်သွားမိတယ်။ ကျော်စွာဦးစိတ်ထဲကလန့်နေစိတ်ကိုဖယ်ရှားလိုက်ပြီး ဦးမြတ်မင်းကို အလိုက်သင့်ပြန်ပြောလိုက်တယ်။ 


"ဟုတ်ကဲ့ စိတ်ချပါ အန်ကယ် ... ဒီကစကားကို ဒီမှာပဲသိမ်းထားပါ့မယ် ခင်ဗျာ ...အန့်ကယ်ဘက်က ယုံကြည်စွာနဲ့ပြောလို့ရပါတယ် ..." 


        ကျော်စွာဦးက ပြောလိုက် တော့ ဦးမြတ်မင်းက ပိတ်ထားတဲ့ တံခါးဝကို လှမ်းကြည့်လိုက်ပြီး လေသံခပ်တိုးတိုးနဲ့ ပြောလိုက်တယ်။ 


" ဒီ ...ဒီလိုပါ မောင်ကျော်စွာ ...မင်းနှမစန္ဒကူးကို စိတ်ကျန်းမာရေးဆရာဝန်နဲ့  အန်ကယ်ပြချင်တယ် " 


" ဗျာ  အန်ကယ် ...ကူးကူးကို ပြောတာလား ... ပုန်းညက်မဟုတ်ဘူးနော် " 


         ကျော်စွာဦးက ကိုယ့်နားကို မယုံနိုင်စွာနဲ့ ဦးမြတ်မင်းကို ပြန်မေးလိုက်မိတယ်။ 


" ဟုတ်ပါတယ် မောင်ကျော်စွာ အန်ကယ်မှားပြောတာ မဟုတ်ဘူး...သမီးလေးစန္ဒကူးကို ပြချင်တာပါ...သမီးလေးရဲ့စိတ်က ပုံမှန်မဟုတ်ဘူးလို့ အန်ကယ်ထင်နေမိတယ်ကွယ် ... မောင်ကျော်စွာ သိတဲ့အတိုင်းပဲ  ...သမီးလေးက သူ့အမေနဲ့လဲ အဆင်မပြေသလို ... တစ်အိမ်လုံး ဘယ်သူနဲ့မှကို အဆင်မပြေဘဲ သူ့အလိုလိုစိတ်တိုင်းမကျ ဖြစ်နေတာလေ ... အန်ကယ်လဲ သူတောင်းဆိုသမျှ တစ်ခါမှကို မငြင်းခဲ့ပါဘူးကွာ... ကျောင်းပြီးသွားပေမဲ့...သူမလုပ်ချင်ဘူးဆိုလို့ ဘာအလုပ်မှတောင်ခိုင်းခဲ့တာမဟုတ်ဘူး ...အစကတော အန်ကယ်အလိုလိုက်ထားမိလို့ ကလေးဆိုးဆိုးနေတယ်ပဲထင်ခဲ့မိတာ ...ဒါပေမဲ့ ခုဟာကမဟုတ်တော့ဘူး မောင်ကျော်စွာ ..." 


"

       ပြောရင်းမှ ဦးမြတ်မင်းက နံရံတွေကို အဓိပ္ပါယ်မဲ့ငေးကြည့်နေတယ်။ဦးမြတ်မင်းလို စိတ်ဓါတ်တည်ကြည်ကြံ့ခိုင်သူက သားသမီးနဲ့ ပတ်သက်လာတော့ စိတ်လှုပ်ရှားပြီးမတည်မငြိမ်ဖြစ်နေပုံကို ကျော်စွာဦး.တွေ့မြင်နေရတယ်။ ကျော်စွာဦးက ဦးမြတ်မင်းကိုကြည့်လိုက်ပြီး အကြံပေးစကားပြန်ပြောပေးလိုက်တယ်။ 


"ဒီလိုလုပ် အန်ကယ် ...ကျွန်တော်  ကူးကူးနဲ့ အနီးကပ် ပေါင်းကြည့်ပြီး ... လိုအပ်တာတွေကို ကျွန်တော် အသိဆရာ့ဆီမှာ အကူအညီတောင်းကြည့်ပေးပါ့မယ် ...ဒီတိုင်းချည်းတော့ သူသိသွားရင်ပိုဆိုးသွားလိမ့်မယ် ထင်တယ် အန်ကယ် " 


"ဟုတ်တယ် မောင်ကျော်စွာ အန်ကယ်လဲ အဲ့ဒါပဲ စိုးရိမ်နေမိတာ...တော်ကြာ သူစိတ်ထင်ရာလုပ်သွားမှာစိုးရိမ်နေတာ ...အဲ့ဒါကြောင့် မောင်ကျော်စွာနဲ့ အရင်တိုင်ပင်တာ...ဒီကိစ္စကို မင်းအန်တီကိုတောင် ပေးသိလို့မဖြစ်ဘူး " 


" စိတ်ချပါ အန်ကယ် ...ဒီကိစ္စကို အန်ကယ်နဲ့ ကျွန်တော်နှစ်ယောက်တည်းပဲ သိရပါစေမယ် " 


"ကျေးဇူးတင်ပါတယ် မောင်ကျော်စွာ...အန်ကယ်လဲ သမီးရဲ့ အခြေအနေကို သေချာတော့ စောင့်ကြည့်နေပါတယ် " 


~~~~~~~~~~~~~~~~~~~~~~~ 


"အဟွပ် ...အဟွပ် ..." 


"မင်းသတိရလာပြီလား " 


       ချောင်းဆိုးသံနဲ့အတူ သတိဝင်လာတဲ့ စန္ဒကူးကို ကြည့်ပြီး သတိုးလှမ်းမေးလိုက်တယ်။ 


"ရှင် ...ရှင် " 


      စန္ဒကူး သတိဝင်လာလာချင်းမှာ သူမဘေးနားမှာ အေးရာအေးကြောင်း ဆေးလိပ်ထိုင်သောက်နေတဲ့ ယောကျာ်းတစ်ယောက်ကို တွေ့လိုက်ရတော့ ဖြုန်းခနဲ လန့်သွားမိတယ် ။နောက်မှ အဖြစ်အပျက်တွေကို ချက်ချင်းမှတ်မိသွားတယ်။ 


"ရှင် ...ရှင်က ဖေဖေ့ဧည့်သည်မဟုတ်လား ...ဒီတောထဲကို ဘာလာလုပ်တာလဲ " 


      သတိုးက စန္ဒကူးကို ကြည့်လိုက်ပြီး လက်ထဲက ဆေးလိပ်ကို မီးငြိမ်းသတ်လိုက်တယ်။ 


"ဒီမှာ အမိ ...ကျုပ်ဘာသာ ဘာလာလုပ်လုပ်ပေါ့ .... မင်းကရော မိန်းခလေးတန်မဲ့ တစ်ယောက်တည်း ဘာလာလုပ်တာလဲ " 


" ဒီနေရာက ... စန္ဒကူး အမြဲလာနေကျနေရာရှင့် ... ရှင်မေးစရာမလိုဘူး " 


"စန္ဒကူး ဟုတ်လား ... ဘယ်က စန္ဒကူးလဲ ... မင်းပြောတော့ မင်းနာမည်က ပုဏ္ဏရိပ်ဆို "


      သတိုးက ခပ်တည်တည်နဲ့ ပြောလိုက်တော့ စန္ဒကူးရဲ့ မျက်နှာက စူပုတ်သွားပြီး သတိုးကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်ကာ ခပ်ဆောင့်ဆောင့်ပြောလိုက်တယ်။ 


" ဪ ခင်ဗျားကြီးက ဘွားတော်ကြီးရဲ့ ဘက်တော်သားကို ... ထင် တော့ ထင်သားပဲ ..ခင်ဗျားကို တွေ့လိုက်တိုင်း ခင်ဗျားကြီးရဲ့ မျက်လုံးတွေက မစိတ်ကောင်းကြီးဆီမှာပဲ တရစ်ရစ်ဝဲနေတယ်ဆိုတာ သိပြီးသား " 


       စန္ဒကူးအပြောကြောင့် သတိုးက ခပ်ကြောင်ကြောင်ဖြစ်သွားရပြီး "ဘယ်ကမစိတ်ကောင်းလဲ 

..." 


" သူဌေးကြီး ဦးမြတ်မင်းရဲ့ သမီးကြီး နှင်းဆီဖြူကို ပြောတာ ..." 


"ဪ  မင်းရဲ့အစ်မလား... ကဲ အမိ ...မစိတ်ကောင်းတွေ ဘာတွေ အသာထား ... လူလဲ အအေးပက်တော့မယ် ...ကျုပ် အခုပြန်တော့မှာ ...မကြာခင် မိုးချုပ်လာတော့မယ် ...." 


"ပြန်လေ ပြန်ပေါ့ ...ကျွန်မမှာ ဆိုင်ကယ်ပါတယ်...ဆိုင်ကယ်နဲ့ ပြန်မှာ " 


      စန္ဒကူးက ကျောက်ဆောင် အကွယ်ကို မေးထိုးပြပြီး ပြန်ဖြေလိုက်တယ်။ 


"ဘာပြောတယ် မင်းက ဒီပုံစံနဲ့ ဆိုင်ကယ်နဲ့ ပြန်မယ် ဟုတ်လား ...သေချင်လို့လား ... အဲဒီလိုမှန်းသိရင် ခုနက မင်းကို မကယ်ဘဲ ပစ်ထားလိုက်ရမှာ ... အိမ်ကိုဖုန်းဆက်ပြီး မင်းဆိုင်ကယ်ကို လာယူခိုင်းလိုက် ... မင်းက ငါ့ကားနဲ့ပဲ ပြန်လိုက်ခဲ့ " 


"ရတယ်မလိုက်ဘူး ... ဖုန်းမပါခဲ့ဘူး ...ကျွန်မဘာသာ ဆိုင်ကယ်နဲ့ ပြန်လိုက်မယ် " 


       စန္ဒကူးက ပြောရင်းနဲ့ ကျောက်ဆောင်ကွယ်မှာ ရပ်ထားတဲ့ ဆိုင်ကယ်ဆီကိုသွားဖို့ ပြင်လိုက်တယ်။စန္ဒကူးရဲ့ ပုံစံကို ကြည့်ပြီး သတိုစိတ်တိုလာတာမို့ စန္ဒကူးရဲ့ အင်္ကျီလည်ကုပ်ကနေ ဆောင့်ဆွဲပစ်လိုက်တယ်။ 


"မင်းတော်တော် ခေါင်းကြောတင်းပါလားကွ ...ဒီလောက်ပြောနေတာ နားမလည်ဘူးလား ...ဘာလဲ ရေထဲနှစ်သတ်လိုက်ရမလား ပြောစမ်း...မင်းရဲ့အဖေသူဌေးကြီးကလဲ ဆိုင်ကယ်တစ်စီးထက်တော့ သူ့သမီးအသက်ကို တန်ဖိုးထားမှာပဲ ....အဲ့ဒီဆိုင်ကယ်ကို ထားခဲ့လိုက် " 


       သတိုးကပြောလိုက်ကာမှ တစ်ယောက်ယောက်က တားမြစ်လိုက်ရင် ပိုပြီးဇွတ်လုပ်ချင်တတ်တဲ့ စန္ဒကူးက ဆိုင်ကယ်ဆီကို ယိုင်တိယိုင်တိုင်ခြေလှမ်းတွေနဲ့ အတင်းထိုးသွားဖို့ ပြင်လိုက်တယ်။ 


"ဟာ ... ဒီလောက်တောင် ပြောရခက်တဲ့ဟာမလေး  ကဲကွာ " 


"ဖြောင်း " 


     စန္ဒကူးရဲ့ပုံစံကိုကြည့်ပြီး သတိုးလည်း အမြင်ကပ်လာတာမို့ စန္ဒကူးရဲ့ ကုပ်ကိုလက်ဝါးစောင်းနဲ့ ဒုတိယ အကြိမ်မြောက်ရိုက်ချလိုက်တယ်။ 


"ဟင် ...ခင် ..ခင်ဗျားကြီး "ဒီမျှသာ ရေရွတ်ပြီး စန္ဒကူးခွေခနဲလှည့်ကျသွားတယ်။ ဒီတစ်ကြိမ်က သတိလစ်သွားတာတော့ မဟုတ် ရေနစ်ခဲ့တဲ့အရှိန်ကြောင့် လူကပင်ပန်းအားကုန်ပြီး လဲကျသွားခဲ့တာ။ ပုံမှန်ဆိုရင် စန္ဒကူးက ယောကျာ်းသားနှစ်ယောက်လောက်နဲ့ ပြိုင်ချနိုင်တဲ့သူမျိုး။စန္ဒကူး လူရယ်လို့ သိလာကတည်းက ဘေးနားမှာရန်သူတွေ အမြဲရှိနေသလို တိုက်ခိုက်ဖို့ပဲ အမြဲအသင့်ပြင်ထားခဲ့တာလေ။ 


"မင်း ပါးစပ်ကို ပိတ်ပြီး လိုက်ခဲ့ ဟုတ်ပြီလား ...ဒီတစ်ခါအမြင်ကပ်အောင် ထပ်လုပ်ရင် ရေထဲပစ်ချခဲ့လိုက်မယ် " 


      သတိုးပြောပြီး  စန္ဒကူးရဲ့ ခန္ဓာကိုယ် သေးသေးလေးကို လက်တစ်ဖက်နဲ့ ထိန်းပွေ့ပြီး ကားရှိရာဆီကို ခေါ်လာခဲ့တယ်။

       စန္ဒကူးကတော့ လမ်းလျှောက်ရန်ပင် အင်အားကောင်းစွာမရှိတော့တာမို့ အံကိုကြိတ်ပြီး သတိုးဆွဲခေါ်ရာနောက်ကို ပါလာခဲ့တယ်။ 


~~~~~~~~~~~~~~~~~~~~~

"ဘယ်လို သမီးကြီး ... ကူးကူး စိတ်ဆိုးပြီးထွက်သွားပြန်ပြီ ဟုတ်လား ...ဟိုကောင်ဆက်ပိုင်ကဘယ်ရောက်သွားလို့ သမီးနောက်ကို လိုက်မသွားရတာလဲ ... ငွေတွေ ဒီလောက်တောင်ပေးထားတာ ဒါလေးတောင်အားမကိုးရဘူးလား ...အဲ့ဒီကောင် အခုဘယ်မှာလဲ " 


      သမီးငယ်လေးပျောက်နေပြီဆိုတဲ့ အသိနဲ့ ဦးမြတ်မင်းရဲ့ရင်ထဲ ပူလောင်ပြီး ဒေါသတွေထွက်လာတယ်။ 


" ဟို...ဟို ..ကိုဆက်ပိုင်ကို သမီး ခိုင်းလိုက်မိလို့ပါ ဖေဖေ ... ညီမလေးကလဲ အပြင်သွားစရာမရှိဘူးဆိုလို့  ကိုဆက်ပိုင်ကို ခိုင်းလိုက်မိတာပါ ... ခုတော့ ကိုဆက်ပိုင်တို့လဲ လိုက်ရှာနေကြပါတယ် ..." 


       သမီးဖြစ်သူရဲ့ စကားကြောင့် ဦးမြတ်မင်းစိတ်ကိုလျှော့လိုက်ပြီး ဇနီးဖြစ်သူ ရှိရာဆီကို သွားလိုက်တယ်။ 


~~~~~~~~~~~~~~~~~~~~~~~ 


"ဘယ်လိုဖြစ်တာလဲ မြ ... သမီးက မင်းနဲ့ စကားများသွားတာဆို ... ကလေးကို မင်းဘာတွေ ပြောလိုက်ပြန်ပြီလဲမြ ... မင်းနဲ့အမေ့ကြောင့် သမီးမှာ နေစရာကို မရှိတော့ဘူးကွ သိရဲ့လား  ... ကူးကူးက ကိုယ့်သမီးရင်းဟုတ်ဟုတ်မဟုတ်ဟုတ် ...ကိုယ်သူ့ကို တစ်ခါမှကို ဆူတာရိုက်တာမျိုးမလုပ်ခဲ့ဘူးဆိုတာ မင်းသိတယ် မဟုတ်လား ... " 


" ဘယ်လိုပြောလိုက်တယ် အစ်ကို ...သမီးရင်းဟုတ်ဟုတ် မဟုတ်ဟုတ်ဆိုတာ ဘာစကားလဲ...အစ်ကိုကပါ မယုံကြည်တဲ့ သဘောလား ပြောလေ ... ပြောပါ ... အစ်ကိုကမှ မယုံကြည်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်းပြောပါ  " 


      ဒေါ်မြသွေးက မျက်ရည်အဝဲသားနဲ့ ဦးမြတ်မင်းကို မေးလိုက်တယ်။ဦးမြတ်မင်းက သူ့စကားမှားသွားပြီဆိုတာ သိလိုက်တာမို့ ချင်ချင်းတောင်းပန်စကားပြောလိုက်တယ်။ 


"အစ်ကို အဲ့ဒီသဘောနဲ့ ပြောတာမဟုတ်ပါဘူး မြရယ်... သမီးလေး ကူးကူးက  အစ်ကို့ သွေးသားအရင်းဆိုတာ အစ်ကိုသိပါတယ်   ....မြကို သဘောပြောပြပါ "

      ဦးမြတ်မင်းက ဒေါ်မြသွေးကို ပျာပျာသလဲ တောင်းပန်လိုက်တယ်။တကယ်တမ်းလဲ ဦးမြတ်မင်းစိတ်ထဲမှာ စန္ဒကူးလေးက သူ့သွေးသားအရင်းဆိုတာကို ယုံကြည်ပြီးသားပါပင်။ ယုံကြည်ခဲ့လိုလဲ စန္ဒကူးလေးကို မွေးလာစဉ်တုန်းကတည်း မိခင်ကြီးက သွေးသားရင်းဟုတ်မဟုတ် စစ်ဆေးကြည့်ဖို့ တိုက်တွန်းခဲ့ပေမဲ့ ဦးမြတ်မင်းမစစ်ဆေးခဲ့တာပေါ့။ သူ့ဇနီး ဒေါ်မြသွေးက ဘယ်လိုလူမျိုးလဲဆိုတာကိုလဲ ဦးမြတ်မင်းသိတယ်။ ဒီအကြောင်းတွေကို ပြန်ပြောရရင် နားထောင်ချင်စရာမကောင်ပေမဲ့ တစ်နေ့ကျရင်တော့ သမီးလေး စန္ဒကူးအပါအ၀င် သမီးကြီးနှစ်ယောက်ကိုပါ အေးအေးဆေးဆေး ပြောပြဖို့ဦးမြတ်မင်းတွေးထားပြီးသားပင်။ 


"ဖေဖေ ... ညီမလေး ပြန်လာပြီ " 


      သမီးဖြစ်သူနှင်းဆီဖြူရဲ့အသံကြောင့် ဦးမြတ်မင်းတို့ဇနီးမောင်နှံမှာ အခန်းထဲက အပြေးအလွှား ထွက်လာခဲ့မိကြတယ်။

    ဘွားနွဲ့သီကတော့ သူ့အခန်းဝကနေပြီ သားဖြစ်သူကို မျက်ထောင့်နီကြီးနဲ့ လှမ်းကြည့်လိုက်ပြီး သူ့အခန်းတံခါးကို ဝုန်းခနဲ ဆွဲပိတ်ပစ်လိုက်တယ်။ 


~~~~~~~~~~~~~~~~~~~~~~~ 


"ကူးကူး ညီမလေး ဘာဖြစ်လာတာလဲ..ရေတွေလဲရွှဲလို့ " 


     နှင်းဆီဖြူက ညီမဖြစ်သူနားကို ပြေးသွားလိုက်ရင်း သတိုးဘက်ကို မဝံ့မရဲကြည့်လိုက်ပြီး အံ့ ဩစွာနဲ့ မေးလိုက်တယ်။ 


      စန္ဒကူးက သူ့ကိုလာတွဲတဲ့ အစ်မဖြစ်သူရဲ့ လက်ကို တွန်းဖယ်လိုက်ပြီ တစ်ယောက်တည်း ယိုင်တိယိုင်တိုင်နဲ့ တိုက်ကြီးထဲကို ဝင်ခဲ့တယ်။ 


"ဟင် ...သမီး ...သမီးကူးကူး ဘာဖြစ်လာတာလဲ "


        ဦးမြတ်မင်းနဲ့ ဒေါ်မြသွေးမှာ သမီးဖြစ်သူရဲ့ ပုံစံကိုကြည့်ပြီး အထိတ်တလန့်နဲ့ မေးလိုက်ကြပေမဲ့ စန္ဒကူးက မဖြေဘဲ အပေါ်ထပ် သူ့အခန်းရှိရာကိုသာတက်သွားခဲ့တယ်။ထိုအချိန်မှာပဲ တစ်ကိုယ်လုံးရေတွေစိုနေတဲ့ သတိုးကိုပါ မြင်လိုက်ရတာမို့ ဦးမြတ်မင်းတို့မှာ ပါးစပ်အဟောင်းသားကြောင်အမ်းအမ်းနဲ့ ကြည့်နေမိကြတယ်။ 


"မောင် ..မောင်သတိုး ...ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ ....သ..သမီးလေးက " 


       ဦးမြတ်မင်းက အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလိုက်တယ်။ 


"ဟုတ်ကဲ့ အန်ကယ် ...ကျွန်တော် ကိုရေခဏချိုးခွင့်ပြုပါ ...ပြီးရင် ကျွန်တော် အားလုံးရှင်းပြပါ့မယ် " 


      သတိုးရဲ့အပြောကို ဦးမြတ်မင်းက ယောင်အအနဲ့ ခေါင်းကို ငြိမ့်ပြလိုက်တယ်။


@@@@@@@@@@@@@@@@@@@@@@

အပိုင်း ( ၇ ) ဆက်ရန် 


ဧကြည်ဖြူ 


14.10.2022 ( သောကြာ )


rate now: