book

Index 4

အပိုင်း ( (၄)

ဧကြည်ဖြူ 


" မဟူရာညရဲ့သတို့သမီး "

(အခန်းဆက် ဝတ္ထုရှည် ) 


****************************

"ဘယ်လိုများဖြစ်တာလဲ မောင်ကျော်စွာ ...မနေ့ကပြောတော့ မစိုးရိမ်ရဘူးဆိုလို့ အန်ကယ်တို့လဲ ဆေးရုံ မပို့ဖြစ်တော့တာ " 


        ဦးမြတ်မင်းက ဒေါက်တာကျော်စွာဦးကို မေးလိုက်တယ်။ 


"မနေ့ကတော့ စိုးရိမ်ရလောက်တဲ့ အနေအထားမဟုတ်ဘူး အန်ကယ် ....ကြည့်ရတာ ကောင်မလေးမှာ နှလုံးရောဂါအခံရှိပုံရတယ် .. ရုတ်တရအသက်ရှူကြပ်ပြီး သေဆုံးသွားတဲ့ လက္ခဏာမျိုးပဲ ...ညက သူ့ကို တစ်ယောက်တည်း အိပ်ခိုင်းလိုက်တာ မှားသွားတာ " 


       ဒေါက်တာကျော်စွာဦးက ခေါင်းကို ခပ်လေးလေး ယမ်းခါပြီး ပြောလိုက်တယ်။ 


"နှင်းဆီတို့ကလဲ ပေါ့ဆသွားမိတာပါ အစ်ကိုကျော်စွာရယ် ...ဖြုန်းစားင်္ကြီးဆိုတော့ စိတ်ထဲမကောင်းဘူး "

       နှင်းဆီဖြူက အေးအေးရဲ့အသက်မဲ့နေပြီဖြစ်တဲ့ ရုပ်အလောင်းကိုကြည့်ကာ မျက်နှာလေးညှိုးငယ်စွာနဲ့ဝင်ရောက်ပြောဆိုလိုက်တယ်။ 


" ဖြစ်လာမှတော့ ဘယ်တတ်နိုင်မလဲ သမီးရယ် ...သူ့ကံရှိသလောက်ပေါ့ကွယ် .... သူ့မိသားစုတွေဆီကို အကြောင်ကြားပေးလိုက်ပြီးတော့ လိုအပ်တာတွေကို ထုတ်ပေးလိုက်ပါ သမီး " 


"ဟုတ်ကဲ့ပါ ဖေဖေ " 


       ဦးမြတ်မင်းက ပြောပြီးတာနဲ့ အခန်းပြင်သို့ ထွက်ခွါသွားတယ်။ 


"အဆင်ပြေရဲ့လား နှင်းရယ် ...နှင်းပဲ ဦးဆောင်ပြီးလုပ်ရ လိမ့်မယ်ထင်တယ် ... ကိုယ့်ကျန်းမာရေးကိုယ်လဲ ဂရုစိုက်ပါအုံးကွာ " 


      ဒေါက်တာကျော်စွာဦးက နှင်းဆီဖြူရဲ့မျက်နှာလေးကိုကြည့်ပြီး သနားကြင်နာစွာ ပြောလိုက်တယ်။ဒေါက်တာကျော်စွာဦးနဲ့ နှင်းဆီဖြူတို့ရဲ့ကြားမှာ သာမာန်မိတ်ဆွေတွေထက်မကတဲ့ သံယောဇဉ်လေးတွေ အစပျိုးနေတာမို့ ဒေါက်တာကျော်စွာဦးက နှင်းဆီဖြူအတွက် စိုးရိမ်ပူပန်နေခြင်းပင်။နှင်းဆီဖြူကမူ ဒေါက်တာကျော်စွာဦးပေါ်မှာ အခြားမိတ်ဆွေသူငယ်ချင်းတွေထက် သံယောဇဉ်ပိုပေမဲ့ တိကျရေရာတဲ့ အဖြေမျိုးကိုထုတ်ဖော်ပြသခြင်းမရှိသေးပါလေ။ 


~~~~~~~~~~~~~~~~~~~~~~~~~~~~

"မင်းပဲ စဉ်းစားကြည့်လေ ... မနေ့ကတည်းက အေးအေးဘာဖြစ်လဲ ဆိုတာ ဘယ်သူမှ မသိကြဘူး...အေးအေးဖြစ်တဲ့နားမှာ သူရှိနေတယ်လေ...အခုဖြုန်းစားကြီးဆုံးပြီးဆိုတော့ ဒါက တကယ်တမ်းဆိုရင် ....အခြားတစ်ယောက်ယောက်ရဲ့ ပယောဂပါနိုင်တယ် သိရဲ့လားမြတ်မင်းရဲ့ ...ဒီတိုင်းရိုးရိုးသားသား သေဆုံးတာ ဘယ်လိုမှမဖြစ်နိုင် ဘူး...ပြီးတော့ ဟိုအရင်တုန်းကလဲ တို့အိမ်မှာရှိတဲ့ သတ္တဝါလေးတွေမှန်သမျှ ဘယ်သူလုပ်လို့လုပ်မှန်းမသိ ခြေကျိုးလက်ကျိုး အမြဲဖြစ်နေတာ... မြေးကြီး နှင်းဆီဖြူသာအဲ့ဒီသတ္တဝါလေးတွေကို မစောင့်ရှောက်ခဲ့ရင် တို့ရဲ့နှင်းဆီ မြိုင်စံအိမ်မှာ အင်္ဂါမစုံတဲ့ တိရစ္ဆာန်တွေအပြည့် ဖြစ်နေမှာ သေချာတယ် ... အဲ့ဒီကိစ္စတွေဖြစ်ကတည်းက ငါ့စိတ်ထဲမှာ သင်္ကာ ကင်းခဲ့တာ မဟုတ်ဘူး " 


"အမေ  ...." 


       ဘွားနွဲ့သီရဲ့စကားတွေမဆုံးခင်မှာပင် ဦးမြတ်မင်းက မိခင်ဖြစ်သူကို ဒေါ်သတကြီးနဲ့ ထအော်လိုက်တယ်။ထိုအချိန်မှာပဲ ဒေါ်မြသွေးတစ်ယောက် အခန်းထဲသို့ဝင်ရောက်လာပြီး ယောက္ခမဖြစ်သူရဲ့ရှေ့တွင် ရပ်ကာ ဒေါသသံဖြင့် ပြောဆိုလိုက်တယ်။ 


"အမေ ဘယ်လိုပြောလိုက်တာလဲ ...အမေပြောပုံက သမီးစန္ဒကူးကို တရားခံပါလို့ စွပ်စွဲချင်နေတာလား ... စန္ဒကူးလေးကလဲ အမေ့မြေးအရင်းပါ အမေ့ရဲ့ ...ဒီလောက်တောင်မှ အမေ မယုံကြည်နိုင်ဘူးဖြစ်နေတယ်ဆိုရင် ...ကြိုက်တဲ့ ဆေးရုံမှာ အမေ့ စိတ်တိုင်းကျ စစ်လို့ရပါတယ် ...."


       ဒေါ်မြသွေးက ပြောရင်းနဲ့ပင် ဟီးချကာ ငိုလိုက်တယ်။ဘွားနွဲ့သီကတော့ မျက်နှာထားတင်းတင်းနဲ့ပင် ထိုင်နေတယ်။ 


"ကဲ တော်ပြီး ...အမေလဲ မဟုတ် တာတွေမပြောနဲ့တော ...ကူးကူးက ကျွန်တော့်သမီးပါ ... အမေနောက်ထပ် ကျွန်တော့်သမီးကို မဟုတ်တာတွေပြောမယ်ဆိုရင် အမေ့ကို ကျွန်တော်သည်းမခံတော့ဘူး ... မင်းလဲမငိုနဲ့တော့ မြ ...တော်ကြာ အခြားသူစိမ်းတွေကြားသွားရင် မကောင်းဘူး...အစ်ကို ရုံးကိုခဏသွားရအုံးမယ် ... သမီးလေး နှင်းဆီကိုဝိုင်းကူပေးလိုက်အုံး "


      ဦးမြတ်မင်းက စိတ်ပျက်လက်ပျက်ပုံစံနဲ့ ၀င်ရောက်ပြောဆိုလိုက်တယ်။တကယ်တမ်းတော့ ဦးမြတ်မင်းရဲ့စိတ်ထဲမှာလဲ သမီးငယ်လေးအပေါ် စိတ်မအေးဖြစ်နေမိတာတော့ အမှန်ပါပင်။ဒါပေမဲ့ ဦးမြတ်မင်းစိတ်မအေးဖြစ်နေတာက သွေးရင်းသားရင်းဆိုတဲ့အကြောင်းအရာမဟုတ်ဘဲ အခြားအကြောင်းအရာသာဖြစ်တယ်။ 


~~~~~~~~~~~~~~~~~~.. 


       အခန်းထဲက ထွက်လာတဲ့ တိုးတိုးကြိတ်ကြိတ် အသံတွေကြောင့် သတိုးခြေလှမ်းတွေကို ရပ်ပြီး နားစွင့်ကြည့်နေလိုက်တယ် ။သူတို့ပြောနေတဲ့ စကားတွေရဲ့အဓိပ္ပါယ်က တစ်စုံးတစ်ယောက်ကို လူသတ်တရားခံအဖြစ် စွပ်စွဲငြင်းခုံနေကြတာပင်။အကဲခတ်ရမိသလောက်တော့ ဒီနှင်းဆီမြိုင်စံအိမ်ကြီးထဲမှာ သတိုးမသိသေးတဲ့ အရှုပ်အထွေးပေါင်းများစွာရှိနေတယ်ဆိုတာပဲ ။သတိုးနှုတ်ခမ်းထောင့်စွန်းကိုကွေးကာမဲ့ပြုံးတစ်ချက်ပြုံးလိုက်တယ်။ညပေါင်းများစွာမက်နေတဲ့ အိပ်မက်ဆိုးတွေကို ရပ်တန့်သွားစေဖို့အတွက် နှင်းဆီမြိုင်စံအိမ်ကြီးကို သတိုးရောက်လာခဲ့တာလေ။ 


~~~~~~~~~~~~~~~~~~.~~

"ညတုန်းက အကောင်းကြီးပါ ... မနက်က ဘာဖြစ်တာလဲလို့ မေးတော့လဲ မဖြေဘူးလေ .. ဒါနဲ့သူ့ကို အဖော်အိပ်ပေးရမလားလို့ တောင် ငါကမေးလိုက်သေးတယ် .... သူက ရတယ်ဆိုလို့ ကိုယ့်အခန်းကိုယ် ပြန်အိပ်ခဲ့တာ " 


       နောက်ဖေးမီးဖိုဆောင်ထဲမှာ ခင်သီက အလုပ်သမားတွေကြား သူသိသမျှကို ပြန်ပြောနေတယ်။ ခင်သီနဲ့ အေးအေးက အခန်းချင်းကပ်နေသူတွေမို့ အေးအေး အကြောင်းကို ခင်သီက အခြားသူတွေထက်ပိုသိတာတော့ အမှန်ပဲ။ 


" ဟုတ်တယ်နော် ...ကြည့်ရတာ သရဲခြောက်ခံလိုက်ရလို့ လန့်ပြီးသေသွားတာများလား "သန့်ရှင်းရေးကောင်မလေးက ဝင်ပြောလိုက်တယ်။ 


"အိုအေ ... မဟုတ်တာ ... ငါဒီကိုရောက်တာဖြင့် နှစ်ချီနေပြီ ဘာအရိပ်အယောင်မှ မတွေ့ပါဘူးနော် "

     

" နင်သေချာမသိဘဲ မပြောပါနဲ့ခင်သီရယ် ... လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်လောက်တုန်းက မိန်းမတစ်ယောက်က ဒီခြံကြီးရဲ့အဝမှာ သွေးဖောက်ပြီး ကျိန်စာတိုက်ခဲ့တာတဲ့ သိရဲ့လား ...အဲ့ဒီလို ကျိန်စာတိုက်ခံရပြီးမကြာခင်မှာ သူဋ္ဌေးရဲ့ ပထမဇနီးက ဆုံသွားတာတဲ့ .. နောက်တော့ သူဋ္ဌေးရဲ့ အဖေဆုံးတာတဲ့လေ....  " 


"ဟယ် ....ဟုတ်လို့လားဟယ် ... နင်က ဒီအကြောင်းတွေကို ဘယ်လိုသိလဲ " 


"ငါ့အဘွားပြောပြလို့သိတာ ..အဲ့ဒါကြောင့် ငါကနှင်းဆီမြိုင်စံအိမ်မှာ အလုပ်မလုပ်ဘဲ တည်းခိုခန်းမှာပဲ လုပ်တာလေ ... ဒီနှင်းဆီမြိုင်ခြံနဲ့ အိမ်ကြီးက ကျိန်စာမိနေတာဟဲ့ ...မယုံရင် မမပုန်းညက်ကိုပဲ ကြည့်ပါလား  ရုပ်လေးချောပေမဲ့ "


" ဒုန်း " 


"အမယ်လေး " 


     အလုပ်သမားမိန်းခလေးတွေမှာ စကားကိုဆုံးအောင်မပြောလိုက်ရဘဲ ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ ဒုန်းခနဲမြည်သံကြီးကြောင့် ထိတ်လန့်တကြားနဲ့ အော်ဟစ်လိုက်ကြတယ်။ပြီးတော့ အသံလာရာဆီကို အားလုံးလှမ်းကြည့်လိုက်ကြတဲ့အခါ သူတို့တွေကို စိမ်းစိမ်းကြီး စိုက်ကြည့်နေတဲ့ သူဋ္ဌေးသမီးလေးပုန်းညက်ဖြူကို တွေ့လိုက်ရတာမို့အားလုံး ထိတ်လန့်တုန်လှုပ်သွားမိကြတယ်။

" ဘုံး...ဘုံး..." 


"ဂျလွမ် " 


      ပုန်းညက်ဖြူက ခင်သီတို့လူစုကို ဒေါသတကြီးနဲ့ ကြည့်နေရင်းကနေ ထမင်းစားပွဲကို လက်နဲ့ ခပ်ကြမ်းကြမ်း ရိုက်ပုတ်လိုက်ပြီး ကော်ဖီပန်းကန်ကို ဇွန်းနဲ့ တစ်ချက် ခေါက်လိုက်တယ်။ 


"ဟုတ် ... ဟုတ်ကဲ့ ...လာပါပြီ မမလေး ... မမလေးကော်ဖီသောက်မလို့လား...ခင်သီဖျော်ပေးပါ့မယ်ရှင် ....ခဏလေးစောင့်ပါနော် မမလေး " 


       ပုန်းညက်ဖြူရဲ့ အပြုအမူကိုကြည့်ပြီး ခင်သီက ကျွမ်းကျင် အသားကျနေပြီဖြစ်တာမို့  ပုန်းညက်ဖြူ အနားကိုအပြေးအလွှားရောက်ရှိသွားခဲ့တယ်။ ပုန်းညက်ဖြူက ခုံတစ်လုံးမှာ ဝင်ထိုင်လိုက်ပြီး ကျန်တဲ့အလုပ်သမားတွေကို စေ့စေ့စိုက်ကြည့်နေလိုက်တယ်။အဲ့ဒီအခါ နဂိုကမှ ပုန်းညက်ဖြူဆိုရင် လန့်နေကြတဲ့ အလုပ်သမားတွေဟာ ပုန်းညက်ဖြူရဲ့ စူးစူးဝါးဝါး အကြည့်တွေကြောင့် တိုင်ပင်မထားကြပါဘဲ ခေါင်းတွေကို ပြိုင်တူငုံ့ထားလိုက်ကြတယ်။သူ့တို့အတွက် ပုန်းညက်ဖြူရဲ့ အမူအယာတွေက တွေ့မြင်နေကြပုံစံမဟုတ်တာမို့ ထိတ်လန့်စရာပုံစံမျိုးဖြစ်နေတယ်။ 


" တောက် ...တောက်... တောက် " 


      ပုန်းညက်ဖြူက စားပွဲမှာထိုင်ရင်း စားပွဲခုံကိုတတောက်တောက်နဲ့ခေါက်နေတယ်။စည်းချက်ကျကျ ခေါက်နေတဲ့ခေါက်သံက တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ အနည်းငယ် ထိတ်လန့်ချင်စရာကောင်းအောင် တစ်ချက်ချင်း ထွက်ပေါ်နေတယ်။ ပုန်းညက်ဖြူ ရဲ့ ဒီအမူအရာက စိတ်တိုစိတ်ရှုပ်နေတဲ့ အမူအရာဆိုတာ မိသားစုဝင်တွေကသိကြပေမဲ့ အခြားသူတွေကတော့ အသိနည်းကြတယ်။ နဂိုအမူအရာ အေးဆေးလှတဲ့ ပုန်းညက်ဖြူဆီမှာ ဒီလိုအေးတိအေးစက်အမူအရာမျိုးကို တွေ့နေရပြီဆိုရင် အိမ်သားတွေကတော့ အတတ်နိုင်ဆုံး လိုက်လိုက်လျောလျောနဲ့ ချော့မော့နှစ်သိမ့်ပေးကြတယ်။ 


"ကော်ဖီရပါပြီ မမလေး "


         ခင်သီက ကော်ဖီပန်းကန်ကိုယူပြီ ပုန်းညက်ဖြူရှေ့မှာရှိရှိသေသေနဲ့ချပေးလိုက်တယ်။ 


"ချလွမ် ... ခွမ်း " 


       ရုတ်တရက်ဖြစ်ပေါ်သွားတဲ့ အခြေအနေတွေကြောင့် ခင်သီလည်းလန့်ဖျပ်သွားတယ်။ ပုန်းညက်ဖြူက ခင်သီချပေးတဲ့ ကော်ဖီပန်းကန်ကို ပေါက်ခွဲပစ်လိုက်ပြီး အံကိုကြိတ်ကာ ခင်သီ့ကိုကြည့်နေတယ် ။ သူ့ပုံစံက ကျားရဲမလေးတစ်ကောင် ခုန်အုပ် တော့မည့်အလား ကြည့်နေခြင်းပါပင်။ 


"ဘာတွေဖြစ်နေတာလဲ မခင်သီ " 


     အသံနှင့်အတူရောက်လာသူက

စန်ဒကူး..။ 


"ဟို ...ဟို မခင်သီလဲ သေချာမသိပါဘူး ...မမလေးပုန်းညက်က မခင်သီတို့ကို စိတ်ဆိုးနေတာထင်ပါတယ် "

      ခင်သီရဲ့ အဖြေကြောင့် စန္ဒကူးက အစ်မဖြစ်သူပုန်းညက်ရဲ့ဘေးမှာ ရပ်လိုက်ပြီး 


" နင်တို့ကလဲ နင်တို့ပဲ .. မခင်သီ လဲနော် မမနားမှာအမြဲနေဖို့မှာထားတယ် မဟုတ်လား ... သွားကြ...သွားကြ အကုန်အပြင်ကိုထွက်ကြ "

         စန္ဒကူးက အလုပ်သမားတွေကို အပြင်ကိုထွက်ခိုင်းလိုက်ပြီး ကိုယ်တိုင်က အစ်မဖြစ်သူရဲ့ ဘေးက ခုံမှာဝင်ထိုင်လိုက်တယ်။ 


"မမ ဒီလိုပဲနေတော့မှာလား...အခြားသူ ကိုစိတ်တိုင်း မကျဘူးဆိုရင် ..ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်အောင် ကြိုးစားလေ...နေရာတကာ မမသြဇာချည်းပဲ ဖြစ်ချင်နေလို့မရဘူးလေ " 


" ဟင်း ...ဟင်း...."

        

        စန္ဒကူးက ပြောလိုက်တော့ ပုန်းညက်ဖြူက ဒေါသတကြီး အမူအရာနဲ့ တဟင်းဟင်း အသံပြုပြီး စန္ဒကူးကို စားတော့ ဝါးတော့မတတ်စိုက်ကြည့်နေတယ်။ 


"မိပုဏ္ဏရိပ် နင်အဲ့ဒါ ဘာအချိုးချိုးတာလဲ ... ငါ့မြေးကို နင်ဘာတွေပြောနေတာလဲပြောစမ်း " 


        ဘွားနွဲ့သီဟာ စန္ဒကူးနဲ့ ပုန်းညက်ဖြူရှိရာအခန်းထဲကို အပြေးတစ်ပိုင်းဝင်လာခဲ့ရင်း ကနေ ဒေါသသံနဲ့အော်လိုက်တယ်။ 


"သမီးက ဘာများလုပ်မိလို့လဲ အဘွားရယ်... ကိုယ့်အစ်မပဲ စကားလေးဘာလေးတောင် ပြောလို့မရဘူးလား .. ပြီးတော့ သမီးနာမည်က ပုဏ္ဏရိပ် မဟုတ်ဘူးနော် စန္ဒကူးတဲ့ ...အဖေကိုယ်တိုင်ပေးထားတဲ့နာမည်တဲ့လေ...အဘွားက မမှတ်မိပြန်ဘူးလား " 


      စန္ဒကူးက မထီတရီပြောရင်း ကနေ ပခုံးနှစ်ဖက်ကိုတွန့်ပြလိုက်တယ်။ 


"ဘာစန္ဒကူးလဲ ... ဖြစ်ချင်းဖြစ် ခြံစည်းရိုးစောင့်တဲ့ ပုဏ္ဏရိပ်ပဲ ဖြစ်ရမှာ .. နင့်ကို ငါ့မြေးနားကိုမကပ်ဖို့ ဘယ်နှစ်ခါပြောထားရမလဲ...နင်ဘာတွေ ကြံစည်ချင်လို့  ငါ့မြေး နားကိုကပ်နေရတာလဲ " 


        ဘွားနွဲ့သီက ပြောရင်း   ပုန်းညက်ဖြူရဲ့ လက်ကိုဆွဲယူခေါ်ထုတ်လိုက်တယ်။ 


        စန္ဒကူးက ဘွားအေးဖြစ်သူရဲ့ လက်ကို ဖမ်းဆွဲလိုက်ပြီး မဲ့ပြုံးလေးနဲ့ ပြန်ပြောလိုက်တယ်။ 


" ဘယ်လိုဖြစ်တာလဲ အဘွားရယ် ... ပုဏ္ဏရိပ်ပဲဖြစ်ဖြစ် ... စန္ဒကူးပဲဖြစ်ဖြစ် သမီးကအဘွားရဲ့မြေး ... မမပုန်းညက်ဖြူရဲ့ ညီမ အရင်းဆိုတာကတော့ အမှန်ပဲလေ ...အဘွားကြိုက်ကြိုက် မကြိုက်ကြိုက် အားလုံးကလက်ခံထားတာကို အဘွားငြင်းလို့မရပါဘူး ..." 


       စန္ဒကူးက ဘွားအေဖြစ်သူကို မခံချင်အောင် ပြောလိုက်ပြီး အခန်းထဲကထွက်ခဲ့ရာ အခန်းဝမှာ မိခင်ဖြစ်သူနဲ့ ဆုံလိုက်ရတယ်။မိခင်ဖြစ်သူကို တွေ့လိုက်ရတဲ့အခါ စန္ဒကူးက မျက်နှာကို တစ်ဖက်ကိုလွှဲလိုက်ပြီး တိုက်ကြီးရဲ့အပြင်ဘက်ကိုထွက်တဲ့ စင်္ကြန်လမ်းအတိုင်း ခပ်သွက်သွက်လျှောက်ခဲ့လိုက်တယ်။မိခင်ဖြစ် သူကို မသိသလိုကျောခိုင်းထွက်လာခဲ့တဲ့ စန္ဒကူးကအံကိုကြိတ်ပြီး ခြေကို ဆောင့်နင်းပစ်လိုက်တယ်။ 


~~~~~~~~~~~~~~~~~~~~~~~~~

"ဘာ...ဘာပြောလိုက် မိမြသွေး ...နင်..နင်က လူ့ရှေ့မှာတော့မခုတ်တတ်တဲ့ ကြောင်လိုငြိမ်ကုပ်နေပြီး ... လူ့ကွယ်ရာရောက်ရင် ကတ်ကတ်လန်နေပါလား ... ငါ့သားရှေ့မှာတော့ နင်လောက်ရိုးအတဲ့မိန်းမမျိုး မရှိတော့တဲ့ပုံစံမျိုးနဲ့ " 


        ဘွားနွဲ့သီက  ဒေါ်မြသွေးကိုကြည့်ပြီး စိတ်ဆိုးမာန်ဆိုးနဲ့ပြောလိုက်တယ်။ 


"အမေထင်ချင်သလို ထင်ပါ ....ကျွန်မအမေတို့ကို အမြဲ သည်းခံခဲ့ပါတယ်....ကျွန်မက ဘာအပြစ်တွေလုပ်ထားမိလို့လဲ ....ကျွန်မ သူများယောကျာ်းကို ခိုးခဲ့တာမဟုတ်ဘူး ... အစ်ကိုမြတ်မင်းမှာ ကာမပိုင် မရှိတော့လို ကျွန်မတို့ နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြတာပါ " 


"တော်စမ်း...နင့်ပါးစပ်ကို ပိတ်ထားလိုက်စမ်း အိမ်ဖော်မရဲ့ ... ငါ့ချွေးမကို တစ်နေ့ဆေးနည်းနည်းစီကျွေးပြီး နင်သတ်လိုက်တာကို ငါမသိဘူးထင်နေလား ...နင့်သမီးစန္ဒကူးကရော ငါ့သားရဲ့ သွေးဆိုတာသေချာလို့လား နင်နဲ့ ခြံစောင့်ကောင် ပလူးနေတာကို ငါအကုန်သိတယ် " 


"အမေ မဟုတ်တာတွေ မပြောနဲ့နော် ... အမေစိတ်ထင်ရာကို ပြောနေတာတွေ ရပ်သင့်နေပြီ...အမေ ဒီလိုတွေပြောဆိုနေခဲ့လို့ စန္ဒကူးလေးက ရိုင်းနေခဲ့တာ ...မမခင်ဖြူသေဆုံးခဲ့ရတာကလည်း မိန်းမရောဂါကြောင့်ဆိုတာ အားလုံးသိတယ် ...ဆေးဆိုလို့ အိပ်ဆေးတောင် အမြဲတိုက်ခဲ့တာ မဟုတ်ဘူး....အဲ့ဒါကို အစ်ကိုမြတ်မင်းလဲ သိပါတယ် " 


         

"တော်စမ်းပါအေ...မယားငယ်ပီပီ ...ပလီပလာတွေပြောမနေစမ်းနဲ့ ... နင်တို့သားအမိကို ငါ့သား မျက်နှာကြောင့် လက်ခံထားတာ ...သိပ်ပြီးမေတ္တာရှိနေတယ်လို့ မထင်နဲ့ ... ငါ့အတွက်တော့ နင်က ငါ့ချွေးမကို သတ်ခဲ့တဲ့သူ...နင့်သမီး စန္ဒကူးက နင်နဲ့ခြံစောင့်ကောင်တို့ ရခဲ့တဲ့သူပဲ...တစ်နေ့ကျရင် နင်တို့ သားအမိရဲ့ သရုပ်မှန်ကိုဖော်ထုတ်ပြီး နှင်းဆီမြိုင်ခြံထဲက မောင်းထုတ်ပစ်မယ်ဆိုတာကို မြဲမြဲမှတ်ထား " 


      ဘွားနွဲ့သီနဲ့ ဒေါ်မြသွေးတို့ အချေအတင်စကားများနေကြချိန်မှာ အခန်းတံခါးက ခပ်ဟဟပွင့်လာပြီး လူရိပ်တစ်ခုက ဖျတ်ခနဲ လှုပ်ရှားသွားတာကို ဒေါ်မြသွေးတို့ သတိမထားလိုက်မိကြဘူး။ @@@@@@@@@@@@@@@@@@@ 


အပိုင်း (၅ ) ဆက်ရန် 


ဧကြည်ဖြူ 


၁၁.၁၀.၂၀၂၂

အင်္ဂါ


rate now: