book

Index 2

အပိုင်း( ၂ )

ဧကြည်ဖြူ 


"မဟူရာညရဲ့သတို့သမီး "

( အခန်းဆက်ဝတ္ထုရှည် ) 




************************* 


"မောင်သတိုးရေ  အန်ကယ် နောက်ကျသွားလို့ တောင်းပန်ပါတယ်ကွာ ... မောင်သတိုးသာကြိုပြောရင် မြို့ဝင်ဂိတ်ထိ အကြို လွှတ်လိုက်မှာပေါ့ ...ငါတူက ကြိုတော့မပြောဘူး ...ကဲ ..ကဲ ထိုင်ပါ မောင်သတိုး " 


       ဦးမြတ်မင်းက တောင်းပန်စကားပြောဆိုရင်း သတိုးကို ခုံမှာထိုင်ခိုင်းလိုက်ပြီး သူပါ ဆိုဖာခုံမှာဝင်ထိုင်လိုက်တယ်။ 


"ရပါတယ်အန်ကယ် ကိစ္စမရှိပါဘူး ...ကြိုပြောရင် ကျွန်တော့်အတွက် ကြိုတင်ပြင်ဆင်ရတာနဲ့ အန်ကယ်တို့ အလုပ်များမှာစိုးလို့ပါ "

     သတိုးကလဲ ဦးမြတ်မင်း ညွှန်ပြတဲ့ ဆိုဖာခုံမှာ ဝင်ထိုင်လိုက်ရင်း ဦးမြတ်မင်းကို ပြန်လည် ရှင်းပြပြောဆိုလိုက်တယ်။ 


"မောင်ရင် နေဖို့အခန်းကို အန်ကယ်တို့အိမ်မှာပဲ ပြင်ဆင်ထားတာကွဲ့ ...တည်းခိုးခန်းမှာ မောင်ရင် ဘယ်နေနိုင်လိမ့်မလဲ ..ဟော်တယ်အဆင့်မဟုတ်တော့ ဘယ်အဆင်ပြေပါ့မလဲ ...အခုပဲ အန်ကယ်တို့အိမ်ကို တစ်ခါတည်း ပြောင်းရအောင်ကွာ "


"ဟာ မဟုတ်တာ အန်ကယ် ... ကျွန်တော်နေတတ်ပါတယ် .. ကျွန်တော့်အတွက် အန်ကယ်တို့ အလုပ်များကုန်ပါ့မယ် ... ဒီမှာလဲ အဆင်ပြေပါတယ် " 


"မဟုတ်တာ မောင်သတိုးရယ် ... ဘာမှ အားနာစရာမလိုဘူး ... အိမ်မှာနေတော့ အလုပ်ကိစ္စအတွက် လဲ အန်ကယ်တို့ အေးအေးဆေးဆေး ဆွေးနွေးတိုင်ပင်လို့ရတာပေါ့ " 


~~~~~~~~~~~~~~~~~~~

"ဟဲ့ မိခင်သီတို့ ဘယ်ရောက်နေကြတာလဲ .... ဒီမှာ ငါ့မြေးတစ်ယောက်တည်း အကုန်လုပ်နေရပါလား ... လူတွေ ဒီလောက် အများကြီး ဘယ်တွေရောက်နေကြတာလဲ " 


      ဘွားနွဲ့သီက ခါးကိုထောက်လျက် တိုက်ကြီးထဲ ဟိန်းထွက်သွားလောက်တဲ့ အသံမျိုးနဲ့ အော်လိုက်တယ်။ဘွားနွဲ့သီရဲ့အော်သံကြောင့် ဧည့်ခန်းကိုလုပအောင်ပြင်ဆင်နေတဲ့ နှင်းဆီဖြူက အဘွားဖြစ်သူကို မော့ကြည့်လိုက်ပြီး အပြုံးလေးနဲ့ အဘွားဖြစ်သူကို ပြန်ပြောလိုက်တယ်။ 


"ရပါတယ် အဘွားရယ် ... ဒီမှာလဲ အားလုံးပြီးပါပြီ ... မခင်သီတို့တွေလဲ မအားကြဘူးလေအဘွားရဲ့ ...မေမြကလဲ သိပ်နေမကောင်းဘူး ..ပြီးတော့ ပုန်းညက်လေးကလဲ ဘာတွေ ဂျီကျနေလဲ မသိဘူး .... သမီးလဲ မအားတာနဲ့ မခင်သီတို့အေးအေးတို့ကိုပဲ တာဝန်ပေးထားရတယ် " 


       မြေးဖြစ်သူရဲ့ စကားကိုကြားတော့ ဘွားနွဲ့သီက မျက်နှာကို မဲ့လိုက်ပြီး "အဲ့ဒါနဲ့ပဲ အိမ်သန့်ရှင်းရေးကအစ တောက်တိုမယ်ရအလုပ်တွေကို သမီးက လုပ်နေရတာပေါ့လေ ...ဒါနဲ့ မယ်ရွှေမြရဲ့ သမီးဆက်ကော့လက်ကော့မကရောဘယ်ရောက်နေလဲ ..သူ့အမေမယ်နုကို လာမပြုစုဘူးလား "


   " တိုးတိုးပြောပါအဘွားရယ်  တော်ကြာမေမြ ကြားသွားမှဖြင့် စိတ်မကောင်းဖြစ်နေပါအုံးမယ်....ညီမလေးကူးကူးက ဒီအချိန် အိမ်မှာ ဘယ်တုန်းက ရှိဖူးလို့လဲ ...ဧည့်သည် လာမယ်ဆိုလို့ပြင်နေတာပါ အဘွားရယ် ... ဒီလောက်တော့ သမီးဘာသာလုပ်နိုင်ပါတယ် " 


      နှင်းဆီဖြူက အဘွားဖြစ်သူကို ဖြေရှင်းပြောဆိုလိုက်ရင်း ဧည့်ခန်းကို လှည့်ပတ်ကြည့်ရှုလိုက်တယ်။ 


" မြေးကြီးရယ် သမီးနဲ့တော့ အဘွား သေရမှာတောင် စိတ်မဖြောင့်ချင်ဘူး ...ဖအေကြီးရဲ့ စီးပွားရေးကို ဝိုင်းကူတော့လဲ ငါ့မြေးကြီးပဲ ...အိမ်တွင်းရေးအတွက် ပူရပန်ရတော့လဲ ငါ့မြေးကြီးပဲ ... ဒီလိုနဲ့ပဲ တစ်အိမ်လုံးရဲ့ ခိုင်းဖက်ဖြစ်နေတာမဟုတ်ဘူးလား ... မြေးလေးပုန်းညက်ကတော့ ထားပါတော့ ...ဟိုမယ်နု သားအမိကိစ္စတွေကို မြေးကြီးလုပ်ပေးစရာမလိုဘူးနော် အဘွားပြောတာ ကြားရဲ့လား " 


"ဟုတ်ကဲ့ပါ အဘွားရယ် ...အဘွား မကြိုက်ရင် သမီးမလုပ်ပါဘူး ...တို့အဘွားတော့ စိတ်တိုစိတ်ဆိုးနေရတာနဲ့ အလှတွေပျက်တော့မှာပဲ " 


      နှင်းဆီဖြူက ဘွားအေဖြစ်သူကို ချစ်စနိုးပြန်စလိုက်တယ်။ဘွားနွဲ့သီက အသက်ခုနှစ်ဆယ်ကျော်စပြုလာပေမဲ့ အသက်ငါးဆယ်ကျော်အရွယ်လေးလို သန်သန်မာမာနဲ့ လှမြဲလှလျက်ပင်။ ဥစ္စာဓနပြည့်စုံပြီး တစ်အိမ်လုံးရဲ့ သြဇာအာဏာကို ရရှိထားသူမို့ စိတ်တိုင်းကျနေထိုင်ရတဲ့ ဘ၀မှာ စိတ်ချမ်းသာကိုယ်ကျန်းမာတယ်လို့ပင်ဆိုရလေမလား။ ဒါမှမဟုတ် စိတ်တိုင်းမကျမယုံကြည်နိုင်တဲ့ တစ်စုံတစ်ရာအတွက် အားမာန်အပြည်ဖြင့် အသက်ရှင်နေတာဟုပင် ပြောရလေမလား။ 


"ကဲပါ အဘွားရယ် ဒီမှာ ထိုင်ပါအုံး ...ဖေဖေက ဧည့်သည်သွားခေါ်နေတာ သိပ်မကြာခင်ပြန်လာတော့မယ် ..မိသားစုတွေကို သမီး သွားခေါ်လိုက်အုံးမယ်နော် " 


~~~~~~~~~~~~~~~~~~~~~~~ 


"  မောင်သတိုးကို အန်ကယ်တို့မိသားစုနဲ့ မိတ်ဆက်ပေးမယ်ကွဲ့ " 


        ဦးမြတ်မင်းက အိမ်သားများနဲ့ အလုပ်သမားများကို မိတ်ဆက်ပေးရန် ပြင်လိုက်ပြီး မိခင်ဖြစ်သူရဲ့လက်ကိုဆွဲလျက် အရင်ဦးဆုံး မိတ်ဆက်ပေးလိုက်တယ်။ 


" ဒီမှာ အန်ကယ်ရဲ့အမေပါ ...နာမည်က ဒေါ်နွဲ့သီတဲ့ ...မောင်သတိုးကတော့ အဘွားလို့ခေါ်လို့ရပါတယ် " 


" သူကတော့ အန်ကယ့်ဇနီး မမြသွေးတဲ့ ... ဟော့ဒီက အန်ကယ့်သမီးကြီး နှင်းဆီဖြူတဲ့... ဒီတစ်ယောက်က သမီးလတ် ပုန်းညက်ဖြူ" 


       သတိုးက အိမ်သားများကို နှုတ်ဆက် ပြုံးပြလိုက်ရင်းမှ နှင်းဆီဖြူနဲ့ ပုန်းညက်ဖြူဆိုတဲ့ သူဌေးသမီးလေးနှစ်ယောက်ကို မသိမသာ အကဲခတ်ကြည့်လိုက်မိတယ်။နှစ်ယောက်လုံးက ဆံပင်ရှည်ကြီးတွေနဲ့ အချောအလှတွေဖြစ်ရုံမှမက မျက်နှာပေါက်တွေကလဲ ခပ်ဆင်ဆင်တူနေလေတယ်။ သေချာကြည့်မှသာ နှင်းဆီဖြူဆိုတဲ့ မိန်းမချောလေးမှာ နုညံ့သိမ်မွေ့သောပုံစံနှင့် ပို၍အလှပိုမှန်း သိသာပေမဲ့ ဖြုန်းခနဲ ကြည့်လိုက်ရင်ဖြင့် ညီအစ်မနှစ်ယောက်လုံးမှာ ပုံစံမျက်နှာပေါက် သိပ်ပြီး ကွဲပြားခြင်းမရှိလှပေ။ 


"သမီးတို့ကို ကြည့်ပြီး မောင်သတိုးက မျက်နှာမခွဲနိုင် ဖြစ်နေတာထင်တယ် ... သမီးနှစ်ယောက်က အမြွှာတွေလေကွယ် ..." 


   "ဪ ... ဟုတ်ကဲ့ " ဟု သတို့က ခပ်တိုးတိုးပြန်ဖြေလိုက်ရင်း နှင်းဆီဖြူနဲ့ပုန်းညက်ဖြူကို ပြုံးပြလိုက်တယ်။

      နှင်းဆီဖြူနဲ့ ပုန်းညက်ဖြူမှာ ချောမော ကြည့်ကောင်းတဲ့ သတိုးကိုကြည်ပြီး နှစ်ယောက်သားရှက်ရွံ့နေသလိုဖြစ်နေကြချိန်မှာ သတို့ ရဲ့ ပြုံးမြမြအကြည့်တွေကြောင့် ခေါင်းများကို မသိမသာ ငုံ့ထားလိုက်မိကြတယ်။ 


"ဟင် ...ဒါနဲ့ သမီးလေးကူးကူးရော " 

      ဦးမြတ်မင်းက ဟိုဒီဝေ့ဝဲကြည့်ရင်းမေးလိုက်တယ်။ဦးမြတ်မင်းရဲ့ အမေးကြောင့် ဘွားနွဲ့သီက မဲ့ကာရွဲ့ကာနဲ့ ဖြေဖို့ ပြင်လိုက်ချိန်မှာ နှင်းဆီဖြူက ကမန်းကတန်းဝင်ဖြေလိုက်ရတယ်။ 


"ညီမလေးကူးကူးက သူ့သူငယ်ချင်း မွေးနေ့ပွဲရှိလို့တဲ့ဖေဖေ ... ညီမလေးနဲ့အတူ ကို ဆက်လဲ ပါသွားပါတယ် " 


        ကမန်းကတန်းဝင်ဖြေလိုက်တဲ့ နှင်းဆီဖြူကြောင့် ဒေါ်မြသွေးက ကျေးဇူးတင်တဲ့အကြည်တွေနဲ့ ကြည့်လိုက်သလို ဘွားနွဲ့သီကလဲ မြေးကြီးနှင်းဆီးဖြူကို "ဖာထေးပြောပြန်ပြီးလား"ဆိုတဲ့ အကြည့်တွေနဲ့ လှမ်းကြည့်တယ်။ 


" အင်း ...အန့်ကယ်မှာ သမီးသုံးယောက်ရှိတယ် မောင်သတိုးရေ... အငယ်ဆုံးမလေးက စန္ဒကူးတဲ့ ... သူ့ကိုတွေ့ဖို့တော့ နည်းနည်းခက်တယ်ကွဲ့ " ဦးမြတ်မင်းက ပြောရင်းက အရှက်ပြေ ရယ်လိုက်ပြီး မိခင်ဖြစ်သူကို မသိမသာ လှမ်းကြည့်လိုက်တယ်။ဘွားနွဲ့သီက သားဖြစ်သူကို ဒိုင်းခနဲ မျက်စောင်းထိုးတယ်။ ဒေါ်မြသွေးကတော့ ယောက္ခမဖြစ်သူနဲ့ အကြည့်ချင်းမဆုံအောင် ရှောင်တိမ်းရင်းကနေ ခင်ပွန်းဖြစ်သူ ဦးမြတ်မင်းကိုပဲကြည့်နေလိုက်တယ်။ 


"ဒီကတော့ အိမ်အလုပ်သမားတွေပဲ သူနာမည်က ဦးညို ... ဟိုက မောင်မိုး ...သူတို့ကတော့ အိမ်ကြီးထဲက အလုပ်သမားတွေပဲ ... ဒီဘက်က ဒေါ်ဆင့် ...ခင်သီ ... အေးအေးတဲ့ မောင်သတိုးလိုတာရှိရင် ခေါ်ခိုင်းလို့ရတယ် " 


"ဟုတ်ကဲ့ပါ အန်ကယ် " 


" ကဲ အမေနဲ့ အိမ်သားတွေကလဲ မောင်သတိုးလိုသမျှကို အစစအရာရာကူညီပေးကြပါ ... မောင်သတိုးက လုပ်ငန်းကိစ္စနဲ့ ဒီမှာနှစ်လသုံးလလောက်တော့ နေဖြစ်လိမ့်မယ် ... သမီးလေးကူးကူးလာရင်လဲ ပြောပြလိုက်ကြအုံးနော်...ကဲ...ကဲ မောင်မိုးက မောင် သတိုးကို အခန်းထဲလိုက်ပို့ပေးလိုက်ပါအုံး ...   " 


~~~~~~~~~~~~~~~~~ 


"မြတ်မင်းရေ မင်းမလဲ ...ကူးကူးဆိုတဲ့ စကားကလွဲရင် မပြောတတ်ဘူးလား ... အိမ်ပြန်ရောက်တာနဲ့ တကူကူးဖြစ်နေတော့တာ ..." 


       မိခင်ဖြစ်သူရဲ့စကားကြောင့် ဦးမြတ်မင်းက မိခင်ကို ပြုံးပြလိုက်ပြီးတော့ 


"အမေပြောတော့ သားသမီးချင်းတူရင်တောင် ဆိုးတဲ့သားသမီးကို ပိုစိတ်ပူတတ်တာ မိဘတွေရဲ့ သဘာ၀ပဲဆို ... ကျွန်တော်လဲ ဒီလိုပဲပေါ့ အမေရယ် ...သမီးလေးကူးကူးက ငယ်သေးလို့ပါ ...အချိန်တန်ရင် သူလဲသိလာမှာပါ " 


       ဦးမြတ်မင်းက မိခင်းဖြစ်သူကို လေသံပျော့လေးနဲ့ပြောလိုက်တယ်။ 


"နှစ်ဆယ့်သုံးနှစ်ဆိုတဲ့ အသက်က မငယ်တော့ဘူး မြတ်မင်းရဲ့ ...နှင်းဆီလေးဆိုရင် လေးငါးခြောက်နှစ်အရွယ်လေးကတည်းက ဘယ်လောက်လိမ္မာယဉ်ကျေးလိုက်လဲ ...လူကြီးလူကြီးမှန်းလဲသိတယ် ...အငယ်တွေအပေါ်လဲ ညှာရမှန်းသိတယ် ... အင်းပေါ့လေ ... ပုဏ္ဏရိပ်ကတော့ ပုဏ္ဏရိပ်လိုပဲလာမှာပေါ ... လူတွေပန်ဆင်တဲ့ ပန်းနဲ့တော့ ဘယ်နှိုင်းယှဉ်လို့ရမလဲ " 


" အမေ ... ပြောပြန်ပြီလားဗျာ ...အဲ့ဒီလို မပြောပါနဲ့ အမေ့ကို တောင်းပန်ထားတယ်လေ " 


        မိခင်ဖြစ်သူရဲ့ စကားကြောင့် ဦးမြတ်မင်းက ဒေါသသံမပါသော်ငြား အသံမာမာဖြင့် မိခင်ကြီးကို ပြန်လည်ပြောဆိုလိုက်တယ်။ 


"တော် ..တော်ပါတော့ အစ်ကို ... ဧည့်သည်လဲ ရှိနေတယ်လေ ... အမေက ဒီလိုပြောနေကျပဲ မြစိတ်မဆိုးပါဘူးအစ်ကို " 


"ဟဲ့ ...သူနာပြုမ ညည်းဝင်မပါနဲ့ ... ငါတို့သားအမိ စကားပြောနေတာကို နင်ဝင်ပြောစရာမလိုဘူး " 


        ဦးမြတ်မင်းတို့သားအမိရဲ့ နှစ်ယောက်ကြားကတင်းမာမှုကို ပြေလျော့သွားစေဖို့ ဒေါ်မြသွေးက ချစ်ခင်ပွန်းကို တားမြစ်လိုက်တဲ့အခါ ဘွားနွဲ့သီရဲ့ ဒေါသက ချွေးမဖြစ်သူဘက်ကို လှည့်သွားပါတော့တယ် ။ 


        မီးဖိုခန်းထဲကို ၀င်ရောက်ဖို့ပြင်နေတဲ့ နှင်းဆီဖြူမှာ ဧည့်ခန်းထဲမှာကျန်ခဲ့ကြတဲ့  ဖခင်ဖြစ်သူနဲ့ အဘွားဖြစ်သူရဲ့ အသံတွေကြောင့် ဧည့်ခန်းထဲကို ခပ်သုတ်သုတ်ပြန်ထွက်လာလိုက်ပြီး ၀င်ရောက် တားမြစ်လိုက်ရတော့တယ်။ 


  "အဖေတို့တော်ကြပါတော့ ဘာမှလဲ ဟုတ်ကြတာမဟုတ်ဘဲနဲ့..ဖေဖေလဲ မပြောနဲ့တော့နော် .. ဧည့်သည် ရှိနေတယ်လေ ... အဘွားလဲတော်တော့နော် ...ကူးကူးက အသက်မငယ်တော့ဘူးဆိုပေမဲ့ အိမ်မှာအငယ်ဆုံးမဟုတ်လား အဘွားရဲ့ ...ဒီလိုပဲ နည်းနည်းပါးပါးတော့ ဆိုးတာပေါ့ ...ဒါက သမီးတို့အကြီးတွေက နားလည်ပေးရမယ်လေ... ပြီးတော့ အဖေလဲ အဘွားအကြောင်းကို သိရဲ့သားနဲ့ ပြိုင်ပြောမနေပါနဲ့တော့ ... ခုတော့ ညစာစားရအောင် အဖေ့ဧည့်သည်ကိုလဲ ခေါ်လိုက်အုံး " 


       နှင်းဆီဖြူက ဝင်ပြောလိုက်တော့ ဘွားနွဲ့သီတို့ သားအမိနှစ်ယောက်လုံး နှုတ်ဆိတ်သွားကြတယ်။ 


~~~~~~~~~~~~~~~~~~~~~~~

       မိသားစုထမင်းဝိုင်းက နာမည်ကြီးစားသောက်ဆိုင်ကြီးက စားပွဲဝိုင်းကြီးလို ဟင်းအမယ်တွေစုံလှပေတယ်။အသား၊ ငါး ၊ အသီးအရွက်နဲ့ ငပိတို့စရာ စသဖြင့် မြင်သူတိုင်း သရေယိုစေမယ့်ထမင်းဝိုင်းပါပင်။ 


" အားပါးတရစားနော် မောင်သတိုး ...အန်ကယ့်သမီးကြီးက အလုပ်မှာတင် အားကိုးလို့ရတာမဟုတ်ဘူးကွဲ့ ... ထမင်းဟင်းချက်တဲ့နေရာမှာတော်သကွဲ့ ...ဒီကဟင်းတွေက  သမီးကြီးနှင်းဆီဖြူနဲ့ သူ့အမေလက်ရာတွေချည်းပဲလေ ... ဒါနဲ့ မောင်သတိုးက နိုင်ငံခြားမှာ အနေကြာတော့ ငပိနံ့ကို ခံနိုင်ရဲ့လားကွယ် .....မင်းအန်တီက အောက်သူဆိုတော့ ငပိက သူ့အတွက် မပါမဖြစ်လို ဖြစ်နေလို့ပါ " 


       ဦးမြတ်မင်းကစားပွဲအလယ်က စုံလည်ဝိုင်းကို အသာလှည့်လိုက်ရင်း သတိုးကို အားနာသလို ပြောလိုက်တယ်။ 


"ရပါတယ် အန်ကယ် ... ကျွန်တော်လဲ ရန်ကုန်မှာနေဖူးပါတယ် ခင်ဗျာ ..မြန်မာထမင်းဟင်းတွေကိုလဲ ကြိုက်ပါတယ် " 


        ထမင်းဝိုင်းက ပြန်လည်တိတ်ဆိတ်သွားတယ်။အရင်နေ့တွေကဆိုရင် နှင်းဆီဖြူမှာ ထမင်းဝိုင်းတွင် အသံစာစာလေးဖြင့် အဘွားဖြစ်သူနဲ့ မိဘများ၏ပန်းကန်ထဲသို့ ဟင်းများခူးခပ်ထည့်ပေးနေကြဖြစ်သလို ညီမဖြစ်သူ ပုန်းညက်ကိုလဲ ဂရုတစိုက် လုပ်ပေးနေကြဖြစ်ပေမဲ့ ဒီနေ့မှာတော့ တိတ်ဆိတ်နေတယ်။သက်တူရွယ်တူ သူစိမ်းတစ်ယောက်ရှိနေတဲ့အချိန်မို့ နှင်းဆီဖြူ ရှက်ရွံ့နေသလိုဖြစ်နေခြင်းပါပင်။ 


" သူ ... သူဋ္ဌေးခင်ဗျာ ...ဖုန်းလာနေပါတယ် " 


           အလုပ်သမားမောင်မိုးက ထမင်းစားခန်းဝမှာ ရပ်ရင်း မဝံ့မရဲ လှမ်းပြောလိုက်တာမို့ ဦးမြတ်မင်းတို့မိသားစုက အခန်းဝကို လှမ်းကြည့်လိုက်ကြတယ် ။ 


"ဘယ်က ဖုန်းလဲကွ ... အိမ်ဖုန်းကို ဆက်တာဆိုတော့ ဘယ်သူတဲ့လဲ " 


           ဦးမြတ်မင်းက မေးလိုက်တော့ မောင်မိုးက ခေါင်းကို ယို့ကျိုးစွာ ငုံ့ချလိုက်ပြီး အသံတုန်တုန်နဲ့ ပြန်ဖြေတယ်။ 


"ဟို ...ဟို မြို့နယ်စခန်းမှူးကြီးက ဆက်တာပါဆရာ ...မမလေး ...လေး "


" အေး ...အေး ရပြီ ..သိပြီး သွားတော့ ... ကားအဆင်သင့်ပြင်ခိုင်းထားလိုက် ...ငါခုချက်ချင်းထွက်လာခဲ့မယ် " 


         ဦးမြတ်မင်းက မောင်းမိုးရဲ့ စကားကို ပြီးဆုံးအောင် နားမထောင်ဘဲ ပြန်လွှတ်လိုက်ပြီး ကိုယ်တိုင်လဲ ထမင်းစားပွဲဝိုင်းက ထလိုက်တယ်။ 


" မောင်သတိုးရေ ...အန်ကယ်တော့ အရေးတကြီး ကိစ္စလေးပေါ်လာလို့ကွာ ...ငါ့တူ ဘာမှ အားနာစရာမလိုဘူးနော်... စာဖတ်ချင်ရင်လဲ ငါ့တူ အခန်းဘေးက အခန်းက စာကြည့်ခန်းပဲ.အန်ကယ်ခဏ သွားလိုက်အုံးမယ်ကွယ် " 


~~~~~~~~~~~~~~~~~~ 


     သတိုး မှန်ပြတင်းကို ဖွင့်လိုက်ပြီး မှောင်ရီပျိုးစပြုနေပြီဖြစ်တဲ့ ခြံဝန်းထဲကို ကြည့်လိုက်မိတယ်။ခပ်နွဲ့နွဲ့ တိုက်ခတ်လာလေပြည်ညှင်းက သတိုးရဲ့ မျက်နှာပြင်ကို ထိတွေ့ နှုတ်ဆက်လာတယ်။ မှုန်ပျပျ အလင်းရောင်အောက်မှာ လှမ်းမြင်နေရတဲ့ တောင်တန်းကြီးတွေကို ကြက့်ပြီး သတိုး ရင်ထဲမှာ လှိုက်ခနဲ ခံစားလိုက်ရတယ် ။ဒီခံစားချက်က ဘာလဲဆိုတာကို သတိုးလဲသေချာမသိဘူး ။ ရှုခင်းသာ မြို့ရဲ့ ဓါတ်ပုံတွေကို မြင်လိုက်ရကတည်းက သတိုးရင်ထဲမှာ ဘာမှန်းမသိတဲ့ ခပ်သေးသေးခံစားချက်တစ်ခုကို ခဲစားခဲ့ရတာ။ အဲ့ဒီခံစားမှု ဘာလဲဆိုတာကို သေချာ တွေးတောလိုက်ရင် အမှုန်အမွှားလေးအဖြစ် ပျောက်ကွယ်သွားတယ်လို့ပဲ ပြောရလေမလား ။အသိစိတ်နဲ့ မသိစိတ်ကြားက အဲ့ဒီခံစားချက်သေးသေးလေးအတွက် သတိုးစိတ်အနှောက်အယှက်ဖြစ်နေမိတာတော့ အမှန်ပါပင်။ 


"ဒေါက် ...ဒေါက် " 


        သတိုးတစ်ယောက် အတွေးများနေတုန်းမှာပဲ အခန်းဝက တံခါးခေါက်သံကြောင့် ခနွာကိုယ်က မတ်ခနဲ ဖြစ်သွားပြီး တံခါးပေါက်ရှိရာကို လျှောက်သွားလိုက်တယ်၊၊ တံခါးကို ဖွင့်လိုက်ချိန်မှာ သတိုးမြင်တွေ့လိုက်ရတာက ကော်ဖီပန်းကန်ကို ကိုင်ထားတဲ့ မိန်းမချောလေးတစ်ယောက်။မီးရောင်အောက်မှာဆိုတော ဖြုန်းခနဲ နှင်းဆီဖြူလား၊ ပုန်းညက်ဖြူလားဆိုတာကို သတိုး မခွဲနိုင်သလိုဖြစ်သွားမိသေးတယ်။ သေချာကြည့်လိုက်တော့ ညမီးရောင်အောက်မှာ မျက်ဝန်းစူးစူးတောက်တောက်လေးတွေကို သတိထားလိုက်မီပြီး နှင်းဆီဖြူ ဆိုတဲ့မိန်းမချောလေးမှန်း သိလိုက်တယ်။ဟုတ်တယ် နှင်းဆီဖြူနဲ့ ပုန်းညက်ဖြူမှာ ကွဲပြားနေတာဆိုလို့ မျက်ဝန်းအကြည့်တွေပဲရှိတာကို သတိုး သတိထားမိတယ်။အကြီးမနှင်း ဆီဖြူရဲ့ မျက်၀န်းလေးတွေက စူးစူးတောက်တောက်ရှိသလောက် အငယ်မပုန်းညက်ဖြူ ရဲ့ မျက်ဝန်းတွေကတော့ မှေးမှိန်လွန်းအားနည်းလွန်းတာကို တွေ့ရတယ်။တစ်ချိန်လုံး စကားပြောတာလဲ မတွေ့ရဘဲ တစ်ချက်တစ်ချက်ငေးငေးငိုင်ငိုင်ဖြစ်သွားတတ်တာကိုလဲ သတိုး သတိထားမိခဲ့တယ်။ဒါကြောင့်လဲ ခုလိုမြန်မြန်ခွဲခြားနိုင်တယ်လိုပဲပြောရမယ်။ 


"ကောဖီလာပို့တာပါရှင် ... ဒီည ဖေဖေက အိမ်ပြန်နောက်ကျမှာမို့ ..ကိုသတိုးကို အေးအေးဆေးဆေးအနားယူဖို့ ဖုန်းဆက်ပြောခိုင်းလိုက်ပါတယ်ရှင် " 


"ဟုတ်ကဲ့ ...ကျေးဇူးပါ ခင်ဗျ ... ဒီက...မနှင်းဆီဖြူ ထင်တယ် " 


"ဟုတ် .... ဟုတ်ပါတယ်ရှင် ..." 


" ကျွန်တော့်အသက်က နှစ်ဆယ့်ခြောက်နှစ်ပါ... မနှင်းဆီဖြူကရောဟင် ..." 


       သတို့က နှင်းဆီဖြူရဲ့လက်ထဲက ကော်ဖီပန်းကန်ကို လှမ်းယူရင်းကနေ နှင်းဆီဖြူကို မေးလိုက်တယ်။ 


" ဟုတ်ကဲ့ ..နှင်းဆီလဲ နှစ်ဆယ့် ခြောက်နှစ်ပါရှင်  "

         သတိုးရဲ့ အမေးကို နှင်းဆီဖြူက ရှက်အမ်းအမ်းနဲ့ ပြန်ဖြေလိုက်တယ်။ 


"  ကျွန်တော်တို့ သက်တူရွယ်တူတွေမို့ ကျွန်တော်ကိုမိတ်ဆွေတွေအဖြစ် ခင်မင်ခွင့်ပေးပါ မနှင်းဆီ ... အလုပ်နဲ့ပတ်သက်ပြီး မသိတာတွေလဲ သင်ပြပေးပါနော်....အန်ကယ်ပြောတာတော့ မနှင်းဆီက အလုပ်မှာလဲ သိပ်အားကိုးရတာတဲ့လေ " 


         သတိုးက ရင်းရင်းနှီးနှီး ပြောလိုက်တော့ နှင်းဆီဖြူကရှက်ပြုံးလေးပြုံးလိုက်ပြီး ခပ်တိုးတိုး ပြန်ပြောလိုက်တယ်။ 


" အဲလောက်လဲ မဟုတ်ပါဘူး ...နှင်းဆီလဲ ခုမှ ဖေဖေဆီက သင်ယူတုန်းပါရှင် " 


      စကားအနည်းငယ်ပြောပြီးချိန်မှာတောင် သတိုးနဲ့ နှင်းဆီဖြူ့တို့နှစ်ယောက်သားကြားမှာ ရင်းနှီးလာသလို ရှိလာခဲ့တယ်။ဒီအခြေ အနေမှာ သတိုးက အရဲစွန့်ပြီး စကားစလိုက်တယ်။ 


" မနှင်းဆီ အချိန်ရလားဟင် ...ကျွန်တော်လဲ စကားပြောဖော်မရှိလို့ ကျွန်တော်တို့နှစ်ယောက် အိမ်ရှေ့ဝရံတာမှာ စကားပြောလို့ အဆင်ပြေမလား "


" ရှင် ... ဟုတ် ... ဟုတ်ကဲ့ ..ရပါတယ်ရှင် " 


      ဖြုန်းခနဲမို့ နှင်းဆီဖြူမှာ ထစ်ထစ်ငေါ့ငေါ့နဲ့ ပြန်ဖြေလိုက်မိတယ်။ 


"ဒါဆိုလာလေ ... ဝရံတာမှာ စကားသွားပြောကြရအောင် ... " 


       သတိုးက အခန်းတံခါးကို ပိတ်လိုက်ပြီး နှင်းဆီဖြူနဲ့ ခပ်ကွာ ကွာကနေ လျှောက်လိုက်လာခဲ့တယ်။ 


        သတိုးနဲ့ နှင်းဆီဖြူတို့ လမ်းလျှောက်သွားနေစဉ်မှာ အခန်းတစ်ခန်းထဲမှ အမျိုးသမီးတစ်ယောက်က သတိုးတို့နှစ်ယောက်ကို ခပ်ဟဟဖြစ်နေတဲ့ တံခါးပေါက်၀ကနေ စူးစူးရဲရဲ စိုက်ကြည့်နေတာကို နှစ်ယောက်လုံး သတိမထားမိလိုက်ကြဘူး။ 


~~~~~~~~~~~~~~~~~~~~~~

" သူဌေးကိုလဲ အားနာပါတယ်ဗျာ...ဟိုဘက်ကလူကလဲ သူ့သားသမီး သွေးထွက်သံယိုအထိဖြစ်သွားတော့ စခန်းထိရောက်လာတာပဲ ..." 


  "ကိစ္စမရှိဘူး ကိုသက်အောင် ... တစ်ဖက်လူ ကျေနပ်လောက်တဲ့အထိသာ ညှိနှိုင်းပေးပါဗျာ ..." 


         ဦးမြတ်မင်းနဲ့ ဦးသက်အောင်တို့မှာ တာဝန်ရှိသူနဲ့ပြည်သူဆိုပေမဲ့ ဦးမြတ်မင်းလို သူဋ္ဌေးမင်းကို ဦးသက်အောင်ကပင် ရိုသေးလေးစားရတဲ့အဖြစ်။ ဦးမြတ်မင်းကလဲ အပေးအကမ်းရက်ရောသူပင် မဟုတ်ပေလား။ 


" ဒါနဲ့ ကျွန်တော့်သမီးလေးရော ထိခိုက်သွားသေးလား ကိုသက်အောင်  " 


        ဦးမြတ်မင်းက သူသိချင်တာကို မေးလိုက်တယ်။ 


" မထိပါဘူးခင်ဗျာ ... ဟိုဆက်ပိုင်ဆိုတဲ့ကောင်းလေးပဲ ပွန်းပဲ ဒဏ်ရာလောက်ရပါတယ် "


" ဟူး ...တော်ပါသေးရဲ့ဗျာ ...အိမ်မှာ သူ့အမေလဲ သိပ်နေမကောင်းဖြစ်နေလို့ပါ " 


        ဦးမြတ်မင်းရဲ့ အပြောကြောင့် ဦးသက်အောင် ရင်ထဲမှာ အောင်ခနဲဖြစ်သွားမိတာတော့ အမှန်။သူ့သားသမီးကျတော့ ထိခိုက်ဒဏ်ရာရမှာစိုးရိမ်နေပြီး တစ်ဖက်က ခေါင်းကွဲလက်ကျိုးသွားသူကိုတော့ အခြေအနေကောင်းရဲ့လား တစ်ချက်မမေးဘဲ ကြေအေးပေးဖို့ကိုသာ အဓိကထားပြောနေးပုံက အရင်းရှင်ပီပီသသပါပင်။သို့ပေမဲ့လည်း ဦးသက်အောင်တို့မှာလည်း ဦးမြတ်မင်းကို မလွန်ဆန်နိုင်၊ မလွန်ဆန်ဝံ့ပါလေ။ဦးသက်အောင်မှမဟုတ် ဦးသက်အောင်မှမဟုတ် ဦးသက်အောင်ထက် ရာထူးကြီးတဲ့သူတွေပင် ဦးမြတ်မင်းကို မလွန်ဆန်နိုင် ကြဘူးမဟုတ်ပါလား။ 


" သူဌေးလဲနော် ... သမီးကြီးက ပရဟိသမားဖြစ်ပြီး ...သမီးငယ်လေးမှ ဘယ်လိုများ ဖြစ်ရတာလဲဗျာ " ဦးသက်အောင်မှာ လွှတ်ခနဲ ပြောလိုက်ပြီးမှ သူဌေး ဦးမြတ်မင်းစိတ်များဆိုးသွားပြီလားလို့ အလန့်တကြားနဲ့ မော့ကြည့်လိုက်မိတယ်။ကံကောင်းလှစွာပင် ဦးမြတ်မင်းက ဦးသက်အောင်ကို စိတ်ဝင်စားပုံမရဘဲ သမီးဖြစ်သူရှိရာ အခန်းဝကိုသာလှမ်းကြည့်နေတာကို ဦးသက်အောင် တွေ့လိုက်ရတယ်။ 


"ခဏလေးစောင့်ဗျာ ...ပြီးတာနဲ့ ပြန်လို့ရပါပြီ " 


~~~~~~~~~~~~~~~~~~~~~~~

       ဦးမြတ်မင်းက ကားတံခါးကို ဖွင့်ပေးလိုက်တော့ စန္ဒကူးက ကားထဲကို ဆွေ့ခနဲ ၀င်ထိုင်လိုက်တယ်။ စန္ဒကူးကားထဲ၀င်ထိုင်လိုက်တယ်ဆိုရင်ပဲ ဦးမြတ်မင်းက ကားတံခါးကို ပိတ်လိုက်ပြီး  ဘေးနားမှာ ခပ်ယို့ယို့ပုံစံနဲ့ ရပ်နေတဲ့ ဆက်ပိုင်ရဲ့ဇက်ပိုးကို ခပ်ကြမ်းကြမ်းတစ်ချက်ရိုက်ချလိုက်တယ်။ 


"မင်းကို ငါ့သမီး နောက်ကို အလကား လျှောက်လိုက်ခိုင်းနေတာမဟုတ်ဘူးကွ ... တစ်ခုခု ဆိုရအောင် ခေါ်ထုတ်နိုင်အောင် လုပ်လို ဘယ်နှစ်ခါပြောရမလဲ ...အေး ဒီတခါနောက်ဆုံးဖြစ်ပါစေ ကြားလား ... ငါ့သမီးကားကို သေချာမောင်းလာခဲ့ " 


         ဦးမြတ်မင်းသည် ဆက်ပိုင်ကို ပြောဆိုပြီးနောက် ကားနောက်ခန်းရဲ့ တံခါးကို ဖွင့်လိုက်ပြီး သမီးဖြစ်သူရဲ့ဘေးမှာဝင်ထိုင်လိုက်တယ်။ 


        စန္ဒကူးက ဖခင်ဖြစ်သူကို တစ်ချက်မော့ကြည့်လိုက်ပြီး နားကြပ်ကို နားမှ ခွါလိုက်ကာ ခပ်အေးအေးပဲပြန်မေးလိုက်တယ်။ 


" ဆက်ပိုင်ကို ဘယ်နှစ်ချက်ရိုက်လိုက်လဲ ဖေဖေ...." 


          စန္ဒကူးရဲ့ အမေးကြောင့် ဦးမြတ်မင်းက စန္ဒကူးကို ကြည့်လိုက်ပြီး အသံမာမာနဲ့ မေးလိုက်တယ်။ 


" သမီးဘယ်အချိန်ထိ ဒီလိုနေနေမှာလဲ ဖေဖေ့ကိုပြောစမ်း " 


" ဒီလိုနေတော့ ဘာဖြစ်လို့လဲ ဖေဖေရယ် ... ပြဿနာဖြစ်ရင် ဖေဖေလိုက်ရှင်းပေးနိုင်တာပဲဟာ ..." 


"စန္ဒကူး ...သမီးပါးစပ်ကိုပိတ်ထားလိုက်တော့ ..." 


         ဦးမြတ်မင်းက သမီးဖြစ်သူကို ကြိတ်မနိုင်ခဲမရ လေသံနဲ့ ခပ်တိုးတိုးမာန်မဲလိုက်တယ် ။

       စန္ဒကူးကတော့ ခပ်အေးအေးပင် နားကြပ်ကို နားမှာ ပြန်တပ်လိုက်တယ်။ 


~~~~~~~~~~~~~~~~~~~~~~~

       ညကတိတ်ဆိတ်လျက်။ အေးစက်နေတဲ့ သမံတလင်းကြမ်းခင်ပေါ်မှာ အားမရှိစွာခွေခွေလေးလှဲနေမိတယ်။ဝမ်းဗိုက်ကတကြုပ်ကြုပ်မြည်အောင်ဆာလောင်နေတယ်။ရေသန့်ဘူးထဲက ရေအကပ်အသပ်လေးကို ကုန်အောင် ငုံသောက်ပြီးချိန်မှာ ကြောက်စိတ်က ရင်ထဲကို တိုးဝှေ့ပြီးဝင်ရောက်လာပြန်တယ်။လက်သေးသေးလေးတွေနဲ့ သံတံခါးကို တဒုန်းဒုန်းထုလိုက်ပြီး ထိတ်လန့်စွာနဲ့ အော်ဟစ်ခေါ်နေမိတယ်။ 


"အမေ ... အမေ...သားကို အပြင်ထုတ်ပေးပါ အမေရယ် ...ဒီထဲမှာ သားမနေချင်ဘူး ... ကြောက်တယ် ....သားကြောက်လို့ပါ ...နောက်ဆို သားစာကြိုးစားပါ့မယ်နော်  ....အမေခိုင်းတာတွေလဲ သားအကုန်လုပ်ပေးပါ့မယ် " 


     အော်သံအဆုံးမှာတော့  တံခါးရှေ့မှာမီးဝင်းဝင်းတောက် လုမတက် မျက်လုံးတွေနဲ့ ကြည့်နေတဲ့ အမျိုးသမီးကို တွေ့လိုက်ရတယ် ။ 


"အမေ ...အမေလား "


@@@@@@@@@@@@@@@@@@

အပိုင်း ( ၃ ) ဆက်ရန် 


ဧကြည်ဖြူ 


၉.၁၀ ..၂၀၂၂  

တနင်္ဂနွေနေ့


rate now: