book

Index 1

အပိုင်း ( ၁ )

ဧကြည်ဖြူ 


" မဟူရာညရဲ့သတို့သမီး "

(အခန်းဆက် ဝတ္ထုရှည် ) 


*************************** 


      ( နိဒါန်း ) 


" ငါတို့မိသားစုတွေခံစားရတဲ့ စိတ်ဆင်းရဲသောကတွေထက် အဆပေါင်းများစွာသာတဲ့ စိတ်သောကတွေကို နင်တို့မိသားစုတွေခံစားရပါစေ ... နင့်တို့မိသားစုတွေတစ်ဘ၀လုံး လူမသိသူမသိ စိတ်သောကတွေနဲ့ ပူလောင်နေရပါစေ ...." 


        အမျိုးသမီးက ခြံ၀တွင် ရပ် လျက်မှ အိမ်ကြီးဆီသို့ ကြည့်ကာကျယ်လောင်စူးရှသောအသံဖြင့်နာကြည်းမုန်းတီးစွာ အော်ဟစ်ကျိန်ဆိုလိုက်တယ်။ 


" သူ့...သူ့ကို မောင်းထုတ်လိုက်လေအစ်ကို ... ဘာလို့ ရပ်ကြည့်နေတာလဲ ... သူ့ကိုကြည့်ပြီး ကျွန်မကြောက်လာပြီ...သူ့ကို မြန်မြန်မောင်းထုတ်လိုက်ပါတော့  " 


         အိမ်ကြီးထဲရှိအမျိုးသမီးမှာ ခြံဝမှ ကျိန်စာတိုက်နေတဲ့အမျိုးသမီးကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေရင်းမှသူမအနီးမှာရပ်နေတဲ့အမျိုးသားကို အသံခပ်တုန်တုန်နဲ့ပြောလိုက်တယ်။အဲ့ဒီအခါ အမျိုးသားက ခြံဝက အမျိုးသမီးရှိရာဆီကို ခြေလှမ်းကျဲကြီးတွေနဲ့လျှောက်သွားလိုက်ပြီး မောင်းထုတ်ဖို့ ကြိုးစားလိုက်တယ်။ 


"မင်းအခုချက်ချင်းထွက်သွားစမ်း ...မသွားရင် ငါ့လူတွေနဲ့ ဆွဲထုတ်ရလိမ့်မယ် ...အခြေအမြစ်မရှိတဲ့ စကားတွေလာပြောမနေနဲ့ ....မင်းတို့မိသားစုကိစ္စက ငါတို့နဲ့မဆိုင်ဘူး...." 


" မဆိုင်ဘူးဟုတ်လား ... လူယုတ်မာတွေဆီက ဒီလိုစကားပဲ ထွက်မယ်ဆိုတာ သိပြီးသားပဲ ... ဒီမှာကြည့်ထား " 


  "မင်း ... မင်းအဲ့ဒါ ဘာလုပ်တာလဲ ... မင်းရူးနေပြီလား " 


         အမျိုးသမီးက ပြောပြောဆိုဆိုနဲ့သူမရဲ လက်တစ်ဖက်ကို အိတ်ဆောင်ဓါးနဲ့ထိုးလိုက်ပြီး စီးကျလာတဲ့သွေးစက်တွေကို မြေပြင်ပေါ်ကို ကျစေလိုက်တယ်။ပြီးတော့ အံကို တစ်ချက်တင်းတင်းကြိတ်လိုက်ပြီး 


"အမှန်တရားကို သိတဲ့ မဟာပထဝီမြေကြီးကိုတိုင်တည်ပြီး ငါ့ရဲ့သွေးနဲ့ သစ္စာဆိုခဲ့တယ် ... နင်တို့မိသားတွေ ဒုက္ခကြီးစွာရောက်ပါစေ .. နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲသောကတွေခံစားရပါစေ  " 


" ဘုတ် ... ဘုတ် ... ဘုတ် "


        အမျိုးသမီးက သူမအနီးမှာရပ်နေတဲ့ ခြံရှင်သူဌေးနဲ့ အလုပ်သမားတွေကို စူးစူးဝါးဝါး တစ်ချက်ကြည့်လိုက်ပြီးနောက် အိမ်ကြီးပေါ်မှ မီသားစုတွေကိုပါ မီးဝင်းဝင်းတောက်လုမတက်မျက်လုံးတွေနဲ့ ကြည့်လိုက်ကာ မြေပြင်ကိုဖနောင့်သုံးချက်ပေါက်လိုက်တယ်။ပြီးတော့ ခြံရှေ့မှာရပ်ထားတဲ့ ကားအိုဟောင်းပေါ်ကိုတက်သွားခဲ့တယ်။ 


~~~~~~~~~~~~~~~~~~~~ 


      ရှုခင်းသာမြို့။အမည်နဲ့လိုက်အောင် သိပ်ကိုသာယာတဲ့ မြို့လေးဆိုရင်မမှားဘူး။ ဘယ်အရပ်ကို ကြည့်ကြည့်နှစ်ရှည်သက်ရင့်သစ်ပင်ကြီးတွေ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ အမြဲလိုလို အေးမြသာယာနေတဲ့မြို့လေး။မြို့ရဲ့ အရှေ့ထိပ်က လှမ်းကြည့်ရင် သိပ်ကိုခမ်းနားလှပတဲ့ တောင်တန်းကြီးတွေကိုတွေ့ရတယ်။တောင်တန်းကြီးတွေရဲ့ ဒီမှာဘက်ခြမ်းတစ်လျှောက် စီတန်းပြီးတည်ထားတဲ့ မြို့တွေထဲမှာ ရှုခင်းသာမြို့က နှစ်တိုင်းစံပြဆုရလောက်အောင် သန့်ရှင်းသပ်ရပ်တဲ့နေချင်စဖွယ်မြို့လေးပေါ့။ အိမ်ခြေပေါင်း ထောင်ချီရှိပြီး ဆင်းရဲချမ်းသာ လူတန်းစား ပေါင်းစုံနေထိုင်ကြတယ်။ 


      နှင်းဆီမြိုင်စံအိမ်။နှင်းဆီမြိုင်စံအိမ်ဆိုတာက လွယ်လွယ်ပြောရရင် နှင်းဆီပန်းပင်မျိုးစုံကို ခြံဝင်းကျယ်ကြီးထဲမှာ စိုက်ပျိုးထားပြီး ခေတ်မီ သုံးထပ်တိုက်ကြီးရှိနေတဲ့ခြံကြီးကို ခေါ်တာ။ ဒီနယ်တစ်ဝိုက်မှာတော့ နှင်းဆီမြိုင်စံအိမ်ဆိုရင် မသိတဲ့သူ မရှိသလောက်ရှားတယ်။ဒီလို နာမည်ကြီးလှတဲ့ နှင်းဆီမြိုင်စံအိမ်ကြီးက ရှုခင်းသာမြို့ရဲ့ ရှုခင်းအကောင်းဆုံးနေရာမှာထည်ထည်ဝါဝါတည်ရှိနေတယ်။ခြံရဲ့ပိုင်ရှင်က သူဋ္ဌေးကြီးဦးမြတ်မင်း။ဆယ်သက်မက ထိုင်စားလို့မကုန်နိုင်တဲ့ ချမ်းသာကြွယ်ဝမှုတွေနဲ့ ပြည့်နေတဲ့ သူဌေးကြီးဦးမြတ်မင်း။တနည်းအားဖြင့် ရှုခင်းသာမြို့အပါအဝင် တစ်နယ်လုံးနီးပါးအထိ ဂုဏ်သတင်းကျော်ကြားတဲ့နှင်းဆီမြိုင်ရဲ့ အရှင်သခင်ကြီးဦးမြတ်မင်း။ဦးမြတ်မင်းရဲ့ ဂုဏ်သတင်းကျော်ကြားခြင်းက များပြားလှတဲ့ လုပ်ငန်းတွေနဲ့ ငွေကြေးချမ်းသာမှုတွေကြောင့်ဖြစ်သလို ချောမောလှပတဲ့သမီးသုံးယောက်ကြောင့်ဆိုရင်လဲ မမှားဘူး။ လူတွေကလဲလှ။စည်းစိမ်ဥစ္စာကလဲအပြည့်ဆိုတော့ ဒီမိန်းမချောလေးတွေမှ လူသိမများရင် ဘယ်မိန်းခလေးမှ လူသိလိမ့်မယ် မဟုတ်။တစ်နေ့တစ်နေ့ရှုခင်းသာမြို့က လူတွေရဲ့ ပါးစပ်ဖျားမှာ ဦးမြတ်မင်းနှင့် သူ့သမီးတွေ အကြောင်းမပြောတဲ့နေ့ဆိုတာ မရှိခဲ့ဘူး။ပြောတယ်ဆိုတဲ့နေရာမှာ ကောင်းတာကခပ်များများ ဖြစ်ပေ

မဲ့ ဆိုးတာတစ်ချို့လည်းရှိခဲ့ပါရဲ့။ပြောရရင် ဆွမ်းဆန်ထဲကြွက်ချေးရောနေသလိုမျိုး ဦးမြတ်မင်းတို့ မိသားစုထဲမှာလဲ ပြောစမှတ်တွင် လောက်တဲ့ တစ်ယောက်သော သူရှိနေခဲ့တယ်လေ။ 


~~~~~~~~~~~~~~~~~~~~~~~ 


" ရှုခင်းသာမြို့ကိုရောက်ဖို့ လိုသေးလားဗျ " 


        သတိုးက ကားကို လမ်းဘေးကဆိုင်တစ်ဆိုင်ရှေ့မှာ ထိုးရပ်လိုက်ပြီး  ဆိုင်ရှေ့မှာရပ်နေတဲ့ လူတစ်ယောက်ကို လှမ်းမေးလိုက်တယ်။သတိုးရဲ့ အမေးကြောင့် ဆိုင်ထဲကလူက သတိုးကို ကြည့်ပြီး ခပ်ဝေးဝေးကို လက်ညှိုးထိုးပြတယ်။ 


"ဟော ... ဟိုးကတောင်ကြောကို ကျော်ရင် ရောက်ပါပြီဗျ  ..." 


~~~~~~~~~~~~~~~~~~~~

" ရှုခင်းသာမြို့မှကြိုဆိုပါ၏ " 


            ခိုင်ခန့်လှပတဲ့ ကွန်ကရစ်တံတားကြီးရဲ့ထိပ်မှာ သပ်ရပ်ခမ်းနားစွာ ရေးထွင်းထားတဲ့ဆိုင်းဘုတ်ကြီး။သတိုးက ကားကို တံတားကြီးပေါ်က ဖြတ်မောင်းခဲ့ပြီး မြို့ထဲကို၀င်လာခဲ့တယ်။ 


       မြို့၀င်လမ်းလေးအတိုင်း ကားကို မောင်းလာပြီးတဲ့နောက်မှာ လူအတန်ငယ် စည်ကားတဲ့ စားသောက်ဆိုင်တစ်ဆိုင်ရှေ့မှာ ကားကို ထိုးရပ်လိုက်ပြီး ကားပေါ်ကနေ သတိုးဆင်းလိုက်တယ်။ 


          ဆိုင်ထဲကိုရောက်တာနဲ့ အစားအသောက်တွေကို အမြန်မှာလိုက်တယ်။တစ်ညလုံး ကားမောင်းပြီးလာခဲ့ရတာမို့ သတိုးနားချင်နေပြီ။တကယ်ဆို ရန်ကုန်ကနေ ထွက်လာခဲ့တဲ့ညပါအပါဆိုရင် တစ်ည မကဘူး။ နှစ်ညနဲ့ တစ်မနက်ခင်းဖြစ်နေပြီလေ။အရင်နေ့ညကတော့ မိုတယ်တစ်ခုမှာ ခဏတစ်ဖြုတ် ၀င်နားခဲ့သေးတယ်ဆိုပေမဲ့ စိတ်ရှုပ်ထွေးစရာအကြောင်းအရာတွေကြောင့် သတိုးမှာ ဘယ်လိုမှ အိပ်မပျော်နိုင်ခဲ့ပေ။ 


      စားပွဲကိုလာချပေးတဲ့ မနက်ခင်းစာထမင်းကြော်ကို သတိုးစားနေစဉ်မှာ ဆိုင်ထဲက လူတွေက သတိုးကို ကွက်ကြည့်ကွက်ကြည့်နဲ့ အကဲခတ်နေကြတယ် ။အထူးသဖြင့် ကာလသားတွေက မျက်နှာစိမ်းမှန်းသိသာတဲ့ သတိုးကို ဂရုတစိုက်နဲ့ စောင့်ကြည့်နေကြတယ်။သူတို့တွေကြည့်မယ်ဆိုရင်လဲ ကြည့်ချင်စရာပဲလို့ပြောရမလား။သတိုးရဲ့ပုံစံက ရှုခင်းသာမြို့သား မဟုတ်မှန်းသိသာလှအောင် ပုံစံထူးခြားရုံမကဘဲ အသွေးအမွေးကလဲ နိုင်ငံခြားသားတစ်ယောက်နဲ့ပင် ခပ်ဆင်ဆင်တူနေခဲ့တယ်။မြင့်မားတဲ့အရပ်အမောင်းနဲ့ ကျစ်လျစ်တဲ့ခန္ဓာကိုယ်သွင်ပြင်။တိကျသေသပ်စွာစေ့ထားတဲ့ ခပ်ရဲရဲနှုတ်ခမ်းတွေရယ်။ထူထူထဲထဲ မျက်ခုံးတွေအောက်က စူးရှတောက်ပနေတဲ့ မျက်ဝန်းတစ်စုံ။နက်မှောင်သန်စွမ်းတဲ့ဆံပင်တွေ နဖူးပေါ်ကို ခပ်ဝဲဝဲကျနေပုံအစကြည့်ကောင်းလွန်းနေတယ်။အားလုံးကို ခြုံပြောရရင် မိန်းခလေးတိုင်း သဘောကျနှစ်သက်သွားစေမဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတဲ့ သတိုးကို မြို့ခံကာလသားတွေက မသိမသာရော သိသိသာသာပါ အကဲခတ်နေကြတာ။ 


         စားသောက်လို့ပြီးသွားတဲ့ အခါမှာ သတိုးက ဆိုင်အလုပ်သမားလေးကို ငွေရှင်းပေးရင်းကနေ သူသိချင်တာကို မေးလိုက်တယ်။ 


" နှင်းဆီမြိုင်ကို ဘယ်လမ်းက သွားရမလဲ ညီလေး" 


          သတိုးရဲ့ အမေးစကားကြောင့် ခပ်စောစောကတည်းက သတိုးရဲ့ ပုံစံကို စိတ်ဝင်တစားနဲ့ အကဲခတ်ကြည့်နေကြတဲ့ လူငယ်တစ်စုက ခေါင်းတွေ မတ်ခနဲ ဖြစ်သွားပြီး သတိုးဆီကို ခပ်တင်းတင်းမျက်လုံးတွေနဲ့ လှမ်းကြည့်လိုက်ကြတယ်။ စားပွဲထိုးလေးကတော့ သတိုးကို ပြုံးစိစိနဲ့ကြည့်လိုက်ပြီး ပြန်မေးလိုက်တယ် "နှင်းဆီမြိုင်တော့ ဟုတ်ပါပြီ အစ်ကို... ဒါနဲ့ အစ်ကိုသွားချင်တာက နှင်းဆီမြိုင်တည်းခိုခန်းလား ...နှင်းဆီမြိုင်စံအိမ်လားဗျ " 


"တည်းခိုးခန်းကို ငါ့ညီ "

  

       တကယ်တော့ ဒီမေးခွန်းကို အလုပ်သမားလေးက တမင်ပဲမေးလိုက်တာဖြစ်တယ်။ပြောရရင် ဆိုင်ထဲက လူငယ်လေးတွေ သိချင်နေတာကို အလုပ်သမားလေးက ကိုယ်စားမေးပေးလိုက်တာပဲ။ဘာကြောင့်လဲဆိုတော့ နှင်းဆီနှင်းဆီမြိုင်တည်းခိုခန်းက ခြံချင်းကပ်ရပ် ဖြစ်နေတာကြောင့်ပဲ။ဒါ့အပြင် နှစ်ခြံလုံးက သူဋ္ဌေးကြီးဦးမြတ်မင်း အပိုင်ဖြစ်တာမို့ တည်းခိုးခန်းနဲ့ စံအိမ်ကြီးကြီးကြားက အုတ်တံတိုင်းစည်းရိုးအကြားမှာ တံခါးတစ်ချပ်ပဲခြားထားတဲ့ နှစ်ခြံ့တစ်ခြံ မဟုတ်လား။ 


" ကားကို ဟော့ဒီလမ်းမကြီးအတိုင်းသာ တည့်တည့် 

မောင်းသွားလိုက်ပါအစ်ကို ...အဝိုင်းကို ကျော်ပြီးရင် တောင်ကုန်းပတ်လမ်းလေးအတိုင်းမောင်းသွားလိုက်ပါ " 


~~~~~~~~~~~~~~~~~~~~~~~

        လမ်းညွှန်ပေးလိုက်တဲ့အတိုင်းကားကို မောင်းလာခဲ့ရင်းမှ လမ်းဘေးဝဲယာကို သတိုး အမှတ်တမဲငေးမောကြည့်လာခဲ့မိတယ်။နယ်မြို့လေးဆိုပေမဲ့ ခေတ်မီခမ်းနားတဲ့အပြင်အဆင်တွေနဲ့ ခမ်းနားထည်ဝါတဲ့ တိုက်ကြီးတွေရယ်၊ သန့်ရှင်းသပ်ရပ်နေတဲ့ လမ်းတွေက မြို့လူထုရဲ့စည်းကမ်းရှိမှုတွေကို ဖော်ပြနေသယောင်ယောင်။ 


     ခပ်ပြေပြေကုန်းမြင့်လမ်းအတိုင်းကားကိုမှန်မှန်မောင်းလာခဲ့တယ်။လမ်းဘေးတစ်လျှောက် မြင်နေရတဲ့ ရှုခင်းက ရင်ကို အေးမြကြည်နူးစေတဲ့မြင်ကွင်းမျိုး။လမ်းရဲ့ တစ်ဖက်တစ်ခြမ်းစီမှာရှိနေကြတဲ့ သစ်ပင်ကြီးတွေရဲ့ အရိပ်တွေက ကားလမ်းမကြီးကို ယှက်သန်းအုပ်မိုးထားကြတယ်။မြို့ကြီးပြကြီးတွေမှာလို မွန်းကြပ်ခြင်းတွေလဲ မရှိ၊ အိပ်ဇောငွေ့တွေလဲမရှိဘဲ လတ်ဆတ်တဲ့ လေပြည်တွေက တဖျပ်ဖျပ်ပြေးလွှားတိုက်ခတ်နေတယ်။လေပြည်ထဲမှာ ဝေ့ဝဲပါလာတဲ့ ပန်းရနံ့တွေနဲ့ ယူကလစ်နံ့ခပ်သင်းသင်းက သတိုးရဲ့နှာခေါင်းဝကို ကလူကျီစယ် ၀င်ရောက်လာတဲ့အခါ သတိုးရဲ့ရင်ထဲမှာ အမည်မဖော်နိုင်တဲ့ ခံစားမှုလေးတစ်ခုက လှစ်ခနဲ ဖြစ်ပေါ်သွားတယ်။ဘာရယ် မှန်းမသိတဲ့ခံစားချက်ကြောင့် သတိုး ခေါင်းကို ဆတ်ခနဲခါယမ်းလိုက်ပြီး နှုတ်ခမ်းကိုတင်းတင်းစေ့လျက် အံကိုကြိတ်ထားလိုက်တယ်။ 


~~~~~~~~~~~~~~~~~~~~~

"နှင်းဆီမြိုင်တည်းခိုခန်း "


            သတိုးက ကားကိုခြံဝင်းတံခါးကြီးရဲ့ရှေ့မှာရပ်လိုက်ပြီး တည်းခိုးခန်းရှိရာကို လှမ်းကြည့်လိုက်တယ်။ရောင်စုံနှင်းဆီပင်တွေမြိုင်မြိုင်ဆိုင်ဆိုင် ပွင့်နေတဲ့ ခြံဝန်းကြီးကို ကြည့်လိုက်ရင်း နှုတ်ခမ်းကို တွန့်ကွေးရုံမျှ သတိုးပြုံးလိုက်တယ်။သတိုးက ကားရပ်လိုက်တယ်ဆိုရင်ပဲ ခြံတံခါးဂိတ်စောင့်ရုံးခန်းလေးထဲက လူတစ်ယောက်ထွက်လာပြီး သတိုးရဲ့ ကားဆီကို လျှောက်လာတယ်။ပြီးတော့ ခေါင်းလေးညွတ်ကာနှုတ်ဆက်ပြီး လမ်းညွှန်ပြတယ်။ 


" အထဲအထိ ကားမောင်းသွားလို့ရပါတယ်ဆရာ ..." 


         ဂိတ်စောင့်ကို ခေါင်းပြန်ငြိမ့်ပြလိုက်ပြီး သတိုးကားကိုမောင်းလာခဲ့တယ်။တည်းခိုးခန်းဆိုလို့ စုတ်စုတ်ချာချာလေးထင်ထားခဲ့မိတာ။ ပန်းခြံဝန်းနဲ့ ရေကူးကန်ကိုပါတွေ့လိုက်ရတော့ သတိုးသက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း မှုတ်တုတ်ပစ်လိုက်မိတယ်။ဝေ့ကာဝိုက်ကာနဲ့ ဖောက်လုပ်ထားတဲ့ လမ်းလေးအတိုင်းမောင်းလာခဲ့ရင်း ခြံရဲ့အမြင့်ပိုင်းမှာတည်ဆောက်ထား အဆောက်အဦးကို လှမ်းမြင်နေရတယ်။ 


~~~~~~~~~~~~~~~~~~~~~~~

"မင်္ဂလာပါရှင် ...နှင်းဆီမြိုင်က ကြိုဆိုပါတယ် .." 


        သတိုး တည်းခိုးခန်းရှေ့မှာ ခြေချလိုက်တာနဲ့ ဧည့်ကြိုကောင်မလေးရဲ့ ချိုလွင်လွင် အသံလေးကလွင့်ခနဲ ထွက်လာတယ်။ 


" လူကြီးမင်းအတွက် ဘယ်လို အခန်းမျိုး ပြင်ဆင်ပေးရမလဲရှင် " 


" အကောင်းဆုံးအခန်းပေးပါ ...ပြီးတော့ နှင်းဆီမြိုင်စံအိမ်ကို လှမ်းမြင်ရတဲ့နေရာက အခန်းကို လိုချင်ပါတယ် " 


       သတိုးရဲ့ အပြောကြောင့် စာရေးမလေးက လှစ်ခနဲ ပြုံးလိုက်တယ်။ သူမစိတ်ထဲမှာ သူဌေးရဲ့သမီးတွေကို တကူးတက လာပိုးပန်းသူ တစ်ယောက် ရောက်လာပြန်ပြီးလို့တွေးနေတာကို သတိုးကတော့ မသိဘူး။ 


"ဒါနဲ့ သူဌေးဦးမြတ်မင်းကို...သတိုးနွယ်ရောက်နေတယ်လို့ ဖုန်းဆက်ပေးလို့ရမလား" 


"ရှင် ... ဪ..ဟုတ်ကဲ့ ... သူဋ္ဌေးကြီးကို ပြောတာထင်တယ် ဖုန်းဆက်ပေးပါမယ်ရှင် ...ခဏလေးစောင့်ပါနော် " 


       စာရေးမလေးတစ်ယောက်က သူဌေးဦးမြတ်မင်းဆီကို ဖုန်းခတ်နေစဉ်မှာ ကျန်စာရေးမလေးက သတိုးနွယ်ရဲ့ မှတ်ပုံတင်ကိုယူပြီး ဧည့်စာရင်းသွင်းနေတယ်။ မိနစ်အနည်းငယ်အကြာမှာ စာရေးမလေးက ဖုန်းကို ချလိုက်ပြီး သတိုးဘက်ကိုလှည့်ကာ ခေါင်းလေးညွှတ်ပြီး သူဋ္ဌေးရဲ့အမှာစကားကို ပြောကြားလာတယ်။ 


"ဟုတ်ကဲ့ လူကြီးမင်းရှင် ... သူဌေးက ကော်ဖီခြံတွေဘက်ရောက်နေတာမို့ လူကြီးမင်းကို အခန်းမှာ အနားယူရင်း စောင့်နေပေးပါတဲ့ရှင် ... သူဌေး အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်လို့ ပြောခိုင်းလိုက်ပါတယ်ရှင် " 


~~~~~~~~~~~~~~~~~~.          အခန်းထဲထိ အထုတ်တွေ လိုက်ပို့ပေးတဲ့ ၀န်ထမ်းကောင်လေးထွက်သွားတာနဲ့ အခန်းပြတင်းပေါက်ရှိရာဆီကို သတိုး လျှောက်လာခဲ့လိုက်တယ်။ပြီးတော့ ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး ပြတင်းပေါက်တည့်တည့်ကနေ မြင်နေရတဲ့ နှင်းဆီမြိုင်စံအိမ်ကြီးကိုခပ်စူးစူးလှမ်းကြည့်လိုက်တယ်။

       ခန်စီးလိုက်ကာစလေးက တဖျပ်ဖျပ်လှုပ်ခတ်နေတယ်။လှုပ်ခတ်နေတဲ့ကြားမှာ ဖျတ်ခနဲမြင်လိုက်ရတဲ့ တစ်စုံတစ်ရာ။ဆံပင်ရှည်ကြီးတွေလှုပ်ယမ်းသွားသလိုမျိုး လွင့်ခနဲပဲ။ လှုပ်ရှားနေပုံက လူတစ်ယောက်ပုံမှန် လှုပ်ရှားနေတာမျိုးမဟုတ်ဘဲ လျင်မြန်တဲ့အရှိန်နဲ့ ယိမ်းခနဲလှုပ်ရှားသွားတာမျိုး။သတိုးရဲ့အမြင်အာရုံက ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော တဖျပ်ဖျပ်လှုပ်ရှားနေတဲ့ ခန်းစီးစကြောင့် မြင်ကွင်းကိုသဲသဲကွဲကွဲပီပီပြင်ပြင်မမြင်ရပေ။

@@@@@@@@@@@@@@@@@@ 


အပိုင်း (၂) ဆက်ရန် 


ဧကြည်ဖြူ


စာချစ်သူများ မင်္ဂလာပါရှင် 


ကျွန်တော့်ရဲ့ ၀တ္တုလေးများကို ဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ် 


rate now: