💚 အ ကြင် နာ လက် တစ် ကမ်း 💚
~~~~~~~~~
"ဒေါက်တာ့ကိုဆေးရုံအုပ်ကြီးရှာနေတယ်..."
အော်ပရေးရှင်းဝင်ထားတဲ့လူနာကို
သွားရောက်စစ်ဆေးပြီးရုံးခန်းဆီပြန်လာတဲ့လမ်းမှာ
တွေ့တဲ့Nurseတစ်ယောက်ကပြောသည်။
စည်း...ခြေလှမ်းကိုဦးတည်ရာပြောင်းပြီး
ဆေးရုံအုပ်ကြီးရုံးခန်းရှိရာကိုတက်ခဲ့ကာ...
"ဒေါက်...ဒေါက်..."
တံခါးခေါက်အသံပေးပြီးအထဲကို
လှမ်းဝင်လာတော့ဖုန်းပြောနေတဲ့
ဆေးရုံအုပ်ကြီးကလှည့်ကြည့်သည်။
"မောင်စည်းစနစ်...ထိုင်လေ...."
စည်းခေါင်းငြိမ့်ပြီးဆိုဖာမှာဝင်ထိုင်လိုက်သည်။
ဆေးရုံအုပ်ကြီးကစည်းကိုလက်ကာပြပြီး
ဖုန်းဆက်ပြောနေ၏....
"အင်း...သမီးမာမီကိုကူညီပြီးသေချာလေး
ပြင်ဆင်ထားပေး..."
"..............."
"ဒါပဲနော်သမီးလေး...ဒယ်ဒီညနေပြန်လာခါနီးမှ
ဖုန်းဆက်လိုက်မယ်...."
"..........."
"Ok...ဘိုင့်..ဘိုင့်..သမီးလေး..."
ဖုန်းပြောခြင်းကိုလက်စသတ်ကာ
အနားကိုလျောက်လာတဲ့ဆေးရုံအုပ်ကြီးက
စည်းကိုပြံးပြပြီးမျက်နှာချင်းဆိုင်မှာဝင်ထိုင်သည်။
"ဒီနေ့ညနေဆရာတို့အိမ်မှာမိသားစု
ညစာစားပွဲလေးလုပ်မလို့မောင်စည်းစနစ်ကို
ဆရာ့အိမ်လိုက်ခဲ့ဖို့ပြောမလို့ရှာနေတာ..."
"ဒီနေ့ညနေလား...ဆရာ"
"ဟုတ်တယ်မောင်စည်းစနစ်...ဆရာ့ဇနီးကလဲ
မင်းကိုမရရအောင်ခေါ်လာဖို့သေချာမှာလိုက်တယ်.."
တက်ကြွစွာပြောရင်းသဘောကျသလို
ပြုံးလိုက်သည့်ဆေးရုံအုပ်ကြီးကစည်းကို
ကြည့်လာသည်။
"ကျွန်တော်မလိုက်လို့မဖြစ်ဘူးလားဆရာ...
ကျွန်တော့်ကိုအခုလိုအရေးတယူရှိတာတော့
ကျေးဇူးတင်ပါတယ်...ဒါပေမဲ့ဆရာတို့မိသားစုရဲ့
သီးသန့်ညစာစားပွဲဆိုတော့ကျွန်တော့်ကြောင့်
အနှောင့်အယှက်ဖြစ်နေမှာစိုးလို့ပါ..."
"မဖြစ်ပါဘူးကွယ်...ဆရာ့ဇနီးအပြင်သားနဲ့သမီးကလဲ
ဆရာခဏခဏပြောလွန်းလို့မောင်စည်းစနစ်ကို
မြင်ဖူးချင်နေကြတာလေ...ဒီအတိုင်းမိသားစုတွေလိုပဲ
သဘောထားပါ..."
စည်းဘယ်လိုပင်အကြောင်းပြချက်ပေးပြီး
ငြင်းဆန်နေပေမဲ့လဲမရခဲ့...
နောက်ဆုံးတော့လဲစည်းစိတ်ထဲကမပါပေမဲ့
ခေါင်းငြိမ့်လက်ခံလိုက်ရုံသာတတ်နိုင်တော့သည်။
"ဟုတ်ကဲ့ပါဆရာ...ကျွန်တော်လိုက်ခဲ့ပါ့မယ်..."
~~~~~~~~~~~~~~~❤◦.¸¸. ◦✿
ညနေဂျူတီထွက်တော့စည်းကိုယ့်ကားနဲ့ပဲ
ဆေးရုံအုပ်ကြီးရဲ့ကားနောက်ကနေလိုက်လာ
ခဲ့သည်။
လူကုံတန်ရပ်ကွက်ကြီးတစ်ခုထဲမှာ
တည်ရှိနေတဲ့ဆေးရုံအုပ်ကြီးဦးကျော်ဇောရဲ့
နေအိမ်ကိုရောက်တော့....မိသားစုတွေက
စည်းကိုနွေးထွေးရင်းနှီးပျူဌာစွာကြိုဆိုခဲ့ကြ၏...
"ကဲ...မောင်စည်းစနစ်ကိုမိတ်ဆက်ပေးရမယ်
ဒါကဆရာ့ရဲ့ဇနီးဒေါ်စိမ်းလဲ့ညိုတဲ့
ဒီဘက်ကဆရာ့ရဲ့သမီးနဲ့သား....
သံစဉ်မြတ်နိုးနဲ့ရဲရင့်သော်....
သားငယ်ကဆေးကျောင်းပထမနှစ်တက်နေတာလေ
အဟွန်း...သမီးကြီးကတော့အနုပညာအလုပ်ကို
လုပ်နေတဲ့Modelတစ်ယောက်ဆိုပါတော့...."
"ဟုတ်ကဲ့...အားလုံးကိုတွေ့ရတာဝမ်းသာပါတယ်
ဗျာ..."
မိသားစုတွေကိုတစ်ယောက်ချင်းဆီ
မိတ်ဆက်ပေးတော့စည်းခေါင်းငြိမ့်အသိအမှတ်
ပြုကာဆိုမိ၏....
"သားအကြောင်းကိုတော့ကိုကျော်ကခဏခဏ
ပြောတယ်...သားကသူအရမ်းအားကိုးရတဲ့
ပါရဂူတစ်ယောက်တဲ့လေ...အဟင်း..."
ဆေးရုံအုပ်ကြီးရဲ့ဇနီးကစည်းကိုသားဟု
တရင်းတနှီးခေါ်ကာရင်းရင်းနှီးနှီးဆက်ဆံ၏....
"ကျေးဇူးတင်ပါတယ်...ဆရာကတော်..."
"ဒယ်ဒီနဲ့မာမီနဲ့ကဧည့်သည်ကိုစကားနဲ့ပဲ
ဧည့်ခံနေတယ်..အချိန်လဲကြည့်ပါဦး
နောက်ကျနေပြီ...သံစဉ်ထမင်းဟင်းတွေအားလုံး
ပြင်ပြီးသွားပြီ...ညစာစားကြရအောင်လေ..."
"ဟုတ်သားသမီးပြောမှပဲ...စကားကောင်းနေတာနဲ့
မေ့နေတယ်...လာ..မောင်စည်းစနစ်
ထမင်းစားခန်းထဲသွားကြရအောင်..."
ဦးကျော်ဇောကစည်းရဲ့ပခုံးကိုဖက်ပြီး
ဦးဆောင်ခေါ်သွားတော့သူ့ရဲ့မိသားစုတွေက
အနောက်မှပါလာကြသည်။
တစ်ကယ်တမ်းကျမိသားစုညစာစားပွဲမှာ
စုံလင်လှတဲ့ဟင်းပွဲတွေ၊ရယ်ရယ်မောမော
စကားပြောသံတို့ဖြင့်စည်ကားနေခဲ့၏....
စည်းအတွက်တော့ဆေးရုံအုပ်ကြီးအပြင်
မိသားစုအားလုံးရဲ့အရေးတယူတရင်းတနှီး
ရှိကြခြင်းကစိတ်ကျဉ်းကြပ်စရာကောင်းပေမဲ့
အတတ်နိုင်ဆုံးလိုက်လျောညီထွေရှိအောင်နေခဲ့ပါသည်။
ညစာထမင်းဝိုင်းရဲ့အလ္လာပသလ္လာပ
စကားများစွာထဲမှာဦးကျော်ဇောရဲ့
သမီးဖြစ်သူသံစဉ်မြတ်နိုးရဲ့အကြောင်းက
အများဆုံးဆိုတာကိုတော့စည်းသတိထားမိပါသည်။
"ဆရာကဘဝကိုဘောင်ခတ်ထားတဲ့သူမျိူး
မဟုတ်တော့ဆရာဝန်တစ်ယောက်ရဲ့ခလေးဟာ
ဆရာဝန်ပဲဖြစ်ရမယ်လို့ထစ်ထစ်ချမစဉ်းစား
ထားဘူး...အဲ့ဒါကြောင့်ဆရာ့သားသမီးတွေကို
သူတို့ရဲ့ဝါသနာနဲ့သူ့တို့ရဲ့ရပ်တည်မူ့ကိုကိုယ်တိုင်
ရွေးချယ်ခိုင်းခဲ့တာ...သမီးကြီးသံစဉ်က
၁၀တန်းကိုဂုဏ်ထူးတွေအများကြီးနဲ့အောင်ပေမဲ့
ဆရာဝန်ဖြစ်ဖို့စိတ်ကူးမရှိတော့သူ့ရဲ့ဝါသနာအတိုင်း
အနုပညာလောကထဲမှာရပ်တည်ဖို့အတွက်
ဆရာပံ့ပိုးပေးခဲ့တယ်...သားငယ်ရဲရင့်
ဆေးကျောင်းတက်ဖို့ရွေးချယ်ခဲ့တာလဲ
သူ့ရဲ့ဝါသနာအရပဲလေ...ဒါပေမဲ့
သူတို့ရဲ့ရပ်တည်မူ့လမ်းကြောင်းပေါ်ကနေ
တိမ်းစောင်းမသွားအောင်ဆရာတို့က
တည့်မတ်ပေးဖို့တော့လိုတာပေါ့..."
"သံစဉ်ကလဲ...ဒယ်ဒီနဲ့မာမီစိတ်ညစ်အောင်
တစ်ခါမှမလုပ်ခဲ့ဖူးပါဘူးနော်...သံစဉ်ကအမြဲတမ်း
လိမ္မာပြီးသား..."
"ဟုတ်ပါတယ်...ဒယ်ဒီ့သမီးကလိမ္မာပြီးသားဆိုတာ
သိပါတယ်ဗျာ...."
"ဒယ်ဒီသားကရော...သားလဲလိမ္မာတယ်နော်..."
"သားကလဲလိမ္မာပါသတဲ့ဗျာ..."
ရယ်ရယ်မောမောအသံတွေနှင့်
နွေးနွေးထွေးထွေးနဲ့ပျော်စရာကောင်းတယ်
ဆိုတာတော့စည်းဝန်ခံခဲ့မိရင်း....
~~~~~~~~~
"နောက်လဲဆရာတို့အိမ်ကိုမိသားစုအိမ်လိုပဲ
သဘောထားပြီးမကြာခဏလာလည်ပါကွယ်..."
ညစာစားပြီးတော့စည်းသိပ်ကြာကြာဆက်မနေဖြစ်ပဲ
ပြန်ဖိုပြင်တော့ဆေးရုံအုပ်ကြီးတော့
ဇနီးမောင်နှံကကားနားထိလိုက်ပို့ပေးသည်။
"ဆရာနဲ့ဆရာကတော်ခွင့်ပြုပါဦးခင်ဗျာ...
မနက်မှဆေးရုံမှာတွေ့ပါ့မယ်..."
"ကောင်းပါပြီကွယ်....."
"ကားကိုသတိထားပြီးမောင်းဦးနော်သား..."
"ဟုတ်ကဲ့ပါ...ဆရာကတော်..."
ဦးကျော်ဇောတို့လင်မယားကိုနူတ်ဆက်ပြီး
မောင်းထွက်သွားတဲ့ကားကခြံထဲခပ်ဝေးဝေးကို
ရောက်သွားတဲ့အထိပေါ်တီကိုမှာရပ်ကြည့်နေရင်းမှ
ဦးကျော်ဇောကဇနီးဖြစ်သူဘက်ကိုလှည့်လိုက်တာက
အဓိပ္ပါယ်ပါတဲ့အပြုံးနှင့်ဖြစ်တော့၏....
~~~~~~~~~~~~~~❤◦.¸¸. ◦✿
"မောင်စည်းစနစ်က...အသက်ငယ်ပေမဲ့
အရမ်းတော်ပြီးထက်မြတ်တဲ့လူငယ်လေး
တစ်ယောက်ပဲ...ပြီးတော့သူက
ရိုးသားသလိုအနေလဲအေးတယ်...
နောက်ထပ်သူ့ဆီမှာအစ်ကိုသဘောအကျဆုံး
အချက်က...ပညာမာန်နဲ့မထောင်လွှားတတ်တာကိုပဲ..
အစ်ကိုသူ့ကိုလွန်ခဲ့တဲ့၆နှစ်၇နှစ်လောက်က
အရင်အစ်ကိုတာဝန်ထမ်းဆောင်ခဲ့တဲ့အစိုးရဆေးရုံမှာ
ဆရာဝန်ပေါက်စလေးအဖြစ်စရောက်လာကထဲက
သတိထားခဲ့မိတာ..အစ်ကိုလူကဲခတ်မမှားဘူးဆိုတာ
အခုလက်ရှိအခြေအနေကသက်သေပဲမဟုတ်လား..."
လင်မယားနှစ်ယောက်လသာဆောင်မှာ
စကားထိုင်ပြောနေကြရင်းဦးကျော်ဇောရဲ့
စကားတွေကိုနားထောင်ပြီးဇနီးသည်ကပြုံးသည်။
"ကိုကျော့်ကိုကြည့်ရတာသူ့ကိုအရမ်းသဘောကျပုံပဲ..
မဟုတ်မှလွဲရောအစ်ကိုသူ့ကိုသမက်တော်ဖို့
စဉ်းစားနေတာလား..."
"အဟွန်း...အစကတော့အဲ့လိုအတွေးရှိခဲ့တယ်လို့
ပြောရမလားပဲ....ဒီလိုရိုးသားထက်မြတ်တဲ့
လူငယ်လေးတစ်ယောက်ကိုသမီးသံစဉ်ရဲ့
အနာဂါတ်အတွက်အစ်ကိုစိတ်ကူးယဉ်ကြည့်ခဲ့ဖူးတယ်
ဒါပေမဲ့...."
"ဒါပေမဲ့ဘာဖြစ်လဲအစ်ကို...."
"အစ်ကိုစိတ်ကူးအတိုင်းမဖြစ်နိုင်တော့ဘူးထင်တယ်
ဘာလို့လဲဆိုတာမောင်စည်းစနစ်က
အိမ်ထောင်ရှိခဲ့ဖူးတဲ့ယောကျာင်္းတစ်ယောက်
ဖြစ်နေလို့ပဲ...."
"အို...ဒါဆိုသူကလက်ထပ်ပြီးသားပေါ့...."
ဇနီးသည်ရဲ့တအံ့တဩအမေးကိုဦးကျော်ဇော
ခေါင်းငြိမ့်ပြလိုက်ရင်း...
"ဟုတ်တယ်...အစ်ကိုလဲအတိအကျတော့
မသိပေမဲ့သူပညာတော်သင်သွားနေခဲ့တဲ့
၅နှစ်အတွင်းမှာသူ့ရဲ့ဇနီးကပျောက်သွားခဲ့တာ
ထင်တယ်...သူကအခုအဲ့ဒီ့မိန်းကလေးကို
ရှာတွေ့ဖို့အမျိူးမျိုးစုံစမ်းနေတာလေ...."
"ဟင်း..ဒီလိုကိုး...အင်းလေ..ဘယ်တတ်နိုင်ပါ့မလဲ..
အရာအားလုံးကကံစီမံရာအတိုင်းပေါ့...."
လင်မယားနှစ်ယောက်ကြားက
စကားသံခဏတိတ်ဆိတ်သွားချိန်မှာ
လေတိုး၍လွင့်သွားတဲ့ခန်းဆီးလိုက်ကာရဲ့
နောက်မှာရှိနေသောနွဲ့နှောင်းသောပုံရိပ်
တစ်ခုကိုတော့သတိမထားမိခဲ့ပါချေ.....
တစ်ကယ်တော့ထိုခန်းဆီးရဲ့နောက်မှာ
လက်ဖက်ရည် ဗန်းလေးကိုင်ပြီးရပ်နေသူက
သံစဉ်မြတ်နိုးပင်ဖြစ်တော့သည်။
~~~~~~~~~~~~~~❤◦.¸¸. ◦✿
ဒီနေ့ရွှေဘုံလေးဆေးရုံစတက်ရမဲ့နေ့မို့
အချစ်အစောကြီးထပြီးပြင်ဆင်စရာရှိတာတွေ
ပြင်ဆင်နေခဲ့ရသည်။
အမှန်တော့ရွှေဘုံလေးကခဏခဏဆေးရုံ
တက်နေရတာမို့ဆေးရုံဆေးခန်းနဲ့က
သိပ်တော့မစိမ်းလှပေ....
"ေမ့...."
အချစ်လက်ဆွဲခြင်းကြီးထဲဓာတ်ဘူးတွေ
ရေခွက်တွေကိုထည့်နေချိန်မှာပဲ...
သမီးလေးအခန်းထဲကထွက်လာ၏...
"မီးလေးနိုးပြီလား...လာပါဦးမေမေ့ဆီ..."
အနားရောက်လာတဲ့သမီးလေးကိုလက်ကမ်း
ပွေ့ဖက်လိုက်ရင်းအိပ်ယာနိုးကာစမျက်နှာလေးကို
တစ်ဝနမ်းရိူက်ပစ်လိုက်သည်။
"မေမေရေနွေးတည်ထားတယ်မီးလေး
မျက်နှာသစ်ရင်းနေနွေးနွေးလေးနဲ့တစ်ခါထဲ
ရေချိူးရမယ်နော်..."
"မေမေ...မီးတို့အပြင်သွားမို့လားဟင်...."
အချစ်အလုပ်ရူပ်နေတဲ့ပစ္စည်းတွေကို
မျက်လုံးလေးဝေ့ကြည့်ရင်း သမီးလေးကမေးသည်။
အချစ်သမီးလေးရဲ့ဆံပင်တွေကိုသပ်တင်
ပေးလိုက်ရင်း...
"မေမေတို့ဆေးရုံသွားရမယ်လေမီးလေးရဲ့..."
ဆေးရုံဆိုတဲ့အသံကိုကြားတာနှင့်
မျက်နှာညိုးသွားရှာတဲ့ရွှေဘုံလေးကိုကြည့်ပြီး
အချစ်ရင်ထဲဆစ်ခနဲနာကျင်သွားရ၏...
"ေမ့..."
"ဟင်..."
"ဒီတစ်ခေါက်ဆေးရုံသွားပြီးရင်မီးက
နေကောင်းတော့မှာလားဟင်"
သမီးလေးရဲ့အမေးကိုအချစ်ပါးစပ်ကနေ
မဖြေနိုင်ပဲခေါင်းကိုသာတဖျပ်ဖျပ်ငြိမ့်ပြနိုင်ရင်း
သမီးလေးကိုရင်ခွင်ထဲတင်းတင်းကြပ်ကြပ်
ပွေ့ဖက်ထားလိုက်မိ၏.....
တစ်ကယ်ဆိုသမီးလေးခံစားနေရတဲ့ဝေဒနာတွေကိုသာ
အချစ်သမီးလေးကိုယ်စားခံယူပေးလို့ရရင်
ဘယ်လောက်များကောင်းလိုက်မလဲ.....
~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"အချစ်......"
သားအမိနှစ်ယောက်အထုပ်အပိုးတွေပြင်ဆင်ပြီး
အိမ်တံခါးတွေသေချာပိတ်ကာတက္ကစီဌားဖို့
လမ်းထိပ်ထွက်လာချိန်မှာပဲခေါ်သံကြောင့်
လှည့်ကြည့်လိုက်မိတော့....အချစ်တို့ဘေးတစ်ခြံ
ကျော်ကတက္ကစီမောင်းတဲ့ကိုထူးမြတ်တို့သားအမိ
ဖြစ်နေ၏....
"သားအမိနှစ်ယောက်အထုပ်အပိုးတွေနဲ့ဘယ်လဲ...."
ဘေးနားထိရောက်လာတဲ့ကားထဲကနေ
ထပ်ပြီးလှမ်းမေးလာတဲ့ကိုထူးမြတ်ရဲ့အမေ
အန်တီနှင်း....
"ဒီနေ့ရွှေဘုံလေးဆေးရုံတက်ရတော့မှာလေ...
အန်တီနှင်း...."
"ဪ...ဟုတ်လား....."
"ဟုတ်...သားအမိနှစ်ယောက်လမ်းထိပ်ထွက်ပြီး
ကားဌားမလို့...အန်တီနှင်းကရောဘယ်လဲ..."
"အန်တီကမြို့ထဲသွားမလို့လေ...ရွှေဘုံလေး
တက်မဲ့ဆေးရုံကတော်ဝင်ဆေးရုံမလား..."
"ဟုတ်တယ်...အန်တီနှင်း..."
"အဲ့ဒါများကားဌားမနေနဲ့..အန်တီတို့နဲ့ပဲလိုက်ခဲ့
လာ..."
"အို..ရပါတယ်အန်တီနှင်းရဲ့အားနာစရာ..."
"ဒီလူနဲ့ဒီလူအားနာစရာလားညီမရယ်...
အစ်ကိုတို့ကလမ်းကြုံပါတယ်...လာ
ကားပေါ်တက်..."
ပြောပြောဆိုဆိုနဲ့ကိုထူးမြတ်ကပါကားပေါ်က
ဆင်းလာပြီးအချစ်လက်ထဲကဆွဲခြင်းတောင်းနှင့်
အိတ်ကိုကားထဲထည့်ပြီးရွှေဘုံလေးကိုပါ
ချီပြီးကားထဲဝင်စေ၏....
အချစ်ငြင်းနေလဲမရတော့မဲ့သူတွေမို့ကားပေါ်ကိုသာ
အားနာနာနှင့်လိုက်ခဲ့ရတော့၏....
~~~~~~~~~~~~~~❤◦.¸¸. ◦✿
တစ်လမ်းလုံးအချစ်ကိုစကားတွေဖောင်ဖွဲ့ပြီး
ပြောလာတဲ့အန်တီနှင်းကအကူညီလိုရင်
သူကိုပြောဖို့ခဏခဏမှာသည်။
ကိုထူးမြတ်ကတော့အစထဲကစကားနည်းသူမို့
ဘာမှဝင်မပြောပေမဲ့နောက်ကြည့်မှန်ထဲကနေ
အချစ်ကိုလှမ်းကြည့်ပြီးမကြာခဏပြုံးပြ၏..
အန်တီနှင်းတို့သားအမိကလိုအချစ်တို့လို
အမေတစ်ခုသားအမိပေမဲ့ငွေကြေးအဆင်ပြေကြ
သူများဖြစ်သည်။
အချစ်တို့တစ်အိမ်ကျော်မှာခြံနဲ့ဝင်းနဲ့
တစ်ထပ်တိုက်ပုလေးကသူတို့ရဲ့အိမ်ပိုင်ဖြစ်၏...
အန်တီနှင်းကရပ်ကွက်ထဲငွေကြေးလိုအပ်သူတွေကို
အတိုးနူန်းနဲနဲနှင့်ချေးဌားပေးနေသူဖြစ်ပြီး...
သားဖြစ်တဲ့ကိုထူးမြတ်ကတော့
အိမ်မှာဒီအတိုင်းအေးအေးဆေးဆေးထိုင်စားနိုင်ပေမဲ့
ကိုယ်ပိုင်ကားလေးကိုတက္ကစီဆွဲပြီး
အပိုဝင်ငွေရှာနေခြင်းဖြစ်သည်။
အရင်ကနိုင်ငံခြားသဘောင်္သားတစ်ယောက်
ဖြစ်ခဲ့ဖူတဲ့ကိုထူးမြတ်က
အသက်၃၀ကျော်ရှိနေပြီဖြစ်သော်လဲ
မိန်းမမယူပဲအမေကိုပဲပြုစုလုပ်ကျွေးနေတဲ့
သားလိမ္မာလူပျိူကြီးလို့အချစ်တို့ရပ်ကွက်လေးထဲ
မှာတော့သတင်းကြီးသည်လေ....
သားအမိနှစ်ယောက်လုံးကလူတစ်ဖက်သားကို
ကူညီတတ်ကြသူတွေပီပီအခုလဲဆေးရုံထိ
အချစ်တို့သားအမိကိုတကူးတကလိုက်ပို့ပြီး
ဆေးရုံထဲထိဆွဲခြင်းတောင်းနဲ့အထုပ်ကြီးကို
ဆွဲပြီးပို့ပြန်သည်။
"အားနာစရာကြီးကိုထူးမြတ်ရယ်....
ဒါတွေကအချစ်ဆွဲသွားလို့ရပါတယ်...."
"ရပါတယ်ညီမရဲ့ရွှေဘုံလေးကတစ်ဖက်နဲ့
အထုပ်တွေရောဆိုရင်ညီမမနိုင်မနင်းဖြစ်နေမှာပေါ့..."
"ကျေးဇူးတင်ပါတယ်...ကိုထူးမြတ်..."
ရွှေဘုံလေးအတွက်ယူထားတဲ့ဆေးရုံခန်းထဲထိ
အထုပ်တွေကိုလိုက်ပို့ကာနေရာချပြီးသည်အထိ
အစအဆုံးလိုက်ကူညီပေးနေတဲ့ကိုထူးမြတ်ကိုရော
ကားထဲမှာစောင့်နေတဲ့အန်တီနှင်းကိုရော
အားနာကျေးဇူးတင်ရုံသာတတ်နိုင်တော့၏...
"ရွှေဘုံလေးအားတင်းထားရမယ်နော်
ဦးဦးနောက်တစ်ခါဆေးရုံကိုလာရင်
ရွှေဘုံလေးအတွက်မုန့်တွေအများကြီး
ဝယ်လာခဲ့မယ်ဟုတ်ပြီလား...."
"ဟုတ်ကဲ့....ဦးဦး...."
ကိုထူးမြတ်ကရွှေဘုံလေးကိုအားပေးစကားပြောပြီး
နှစ်သိမ့်နေချိန်မှာပဲဆေးရုံခန်းလေးရဲ့တံခါး
ပွင့်သွားကာNurseတစ်ယောက်ဝင်လာ၏....
"ရွှေဘုံဗိမ္မာန်ရဲ့လူနာရှင်..."
"ဟုတ်ကဲ့..."
အချစ်ချက်ချင်းပင်ကပျာကယာလေးထကာ
သူနာပြုဆရာမလေးနားကိုရောက်သွားခဲ့ရ၏....
"ဒီမှာလက်မှတ်လေးထိုးပေးပါနော်....
ခဏနေလူနာကိုတာဝန်ယူထားတဲ့
ပါရဂူဒေါက်တာရောက်လာပြီးလူနာကို
လာကြည့်ပါလိမ့်မယ်နော်..."
"ဟုတ်ကဲ့...."
အချစ်ခေါင်းကိုခပ်သွက်သွက်ငြိမ့်လိုက်ပြီး
သူနာပြုဆရာမလေးယူလာတဲ့ဖိုင်တွဲမှာ
လက်မှတ်ထိုးပေးလိုက်၏....
"နေ့လည်၂နာရီကျရင်လူနာကိုဆေးစစ်ပါမယ်...."
"ဟုတ်ကဲပါ...ဆရာမ..."
သူနာပြုဆရာမလေးပြန်ထွက်သွားတော့
ကိုထူးမြတ်ကအချစ်နားကိုရောက်လာ၏...
"ဒါဆို...အစ်ကိုပြန်တော့မယ်ညီမ..."
"ဟုတ်ကဲ့...အစ်ကိုထူးမြတ်အခုလိုကူညီတာကို
ကျေးဇူးအရမ်းတင်ပါတယ်နော်...."
"ရပါတယ်ညီမရယ်...ပြောရမဲ့လူတွေမှမဟုတ်တာ
အကူညီတစ်ခုခုလိုအပ်ရင်သာအစ်ကိုတို့ကို
ပြောဖို့မမေ့ပါနဲ့...."
စိတ်ရင်းမှန်နဲ့ပြောလာတဲ့စေတနာစကားသာမို့
အချစ်ကျေးဇူးတင်တဲ့အပြုံးနှင့်သာခေါင်းလေး
ငြိမ့်ပြလိုက်သည်။
"ကဲ...ရွှေဘုံလေးဦးဦးသွားတော့မယ်....."
"ဟုတ်...."
"လိုက်မပို့နဲ့တော့ညီမ...ရတယ်...."
အချစ်ကိုရောရွှေဘုံလေးကိုပါနူတ်ဆက်ပြီး
ပြန်ဖို့ပြင်လိုက်တဲ့ကိုထူးမြတ်ကတံခါးနားရောက်မှ
ပြန်လှည့်လာပြီးအချစ်ကိုအားနာသလိုကြည့်ပြီး
ရယ်ကာစားပွဲပေါ်ကတစ်ခုခုကိုလက်ညိုးညွှန်ပြ၏..
"ဖုန်းကျန်ခဲ့လို့..."
"ဪ...ဟုတ်ပါရဲ့အချစ်လဲမမြင်လိုက်ဘူး...."
"ရတယ်...ညီမ..."
ကိုထူးမြတ်ဖုန်းကိုကောက်ယူပြီး
ရွှေဘုံလေးရဲ့ခေါင်းကိုချစ်စနိုးဟန်နှင့်လှမ်းပွတ်ကာ
ပြန်လှည့်လာစဉ်မှာပဲ....
"ချလပ်...."
အသံနဲ့အတူဆေးရုံခန်းလေးရဲ့တံခါးက
ပွင့်သွားခဲ့ပြီးဆရာဝန်တစ်ယောက်...သူနာပြု
တစ်ယောက်နဲ့အတူအထဲကိုလှမ်းဝင်လာတဲ့
ပုံရိပ်တစ်ခု....
"ဟင်..."
အချစ်အတွက်အရာအားလုံးရပ်တန့်သွားခဲ့သလို
ပါပဲ...အဖြူရောင်ဂျူတီကုတ်နှင့်
ခန့်ညားလှတဲ့ထိုပုံရိပ်ကလဲအချစ်ကို
အံဩမယုံနိုင်သလိုငေးကြည့်နေခဲ့ချိန်မှာ....
"စည်း...."
အသံမထွက်ပဲနူတ်ခမ်းလူပ်ရုံသာခေါ်လိုက်မိရင်း
အချစ်မျက်ဝန်းရှေ့ကမြင်ကွင်းအားလုံးသည်
ဝေဝါးသွားခဲ့လေတော့၏.....
~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
အပိုင်း(၈)မျှော်
Writer by
#Hazel