💚 အ ကြင် နာ လက် တစ် ကမ်း 💚
~~~~~~~~~~
"လာကြပါဦးအရပ်ကတို့ရေ..ဒီမှာကျွန်မယောကျာင်္း
အရည်တွေမူးပြီးကျွန်မကိုနှိပ်စက်နေပါတယ်တော့.."
ရန်ကုန်မြို့တစ်နေရာဆင်ခြေဖုံးရပ်ကွက်တစ်ခုရှိ
ယိုင်နဲ့နဲ့ပျဉ်ထောင်အိမ်လေးတစ်လုံးဆီက
ထွက်ပေါ်လာသောအသံ....
ထို့နောက်ခဏချင်းပင်ဆဲဆိုသံ၊ကြိမ်းမောင်းသံ
ရိုက်သံ၊နှက်သံတွေကဝန်းကျင်တစ်ခုလုံးကို
ပျံ့လွင့်လာပေမဲ့အနီးအနားရှိအိမ်တွေကရော
ဖြတ်သွားဖြတ်လာလူတွေကပါအရေးတယူ
ရှိမနေကြတာက...သူတို့အတွက်တော့ထိုအသံတွေက
ကြားနေကြမို့ရိုးနေ၍ဖြစ်၏....
ဘာမှမကြာလိုက်အိမ်ထဲကနေပုဆိုးမနိုင်၊ပုဝါမနိုင်ဖြင့်
ယိုင်တိုင်တိုင်ထွက်လာသောအသက်၄၀ခန့်ရှိ
လူကြီးတစ်ဦး....
"မသာမ....နောက်တစ်ခါငါအရက်ဖိုးတောင်းရင်
တစ်ခါထဲထုတ်ပေး...မဟုတ်ရင်ဒီ့်ထက်နာမယ်မှတ်
အေ့...ထွီ....မင်းတို့ကရောဘာကြည့်တာလဲ
ေ-ွးမသားတွေ...ဖယ်ကြစမ်း...."
အိမ်ရှေ့နားမှာဖန်ဒိုးပစ်တိုင်းဆော့ကစားနေကြတဲ့
ကလေးတွေကိုပါပါတ်ရမ်းပြီး..ပါးစပ်ကလဲ
အယုတ္တ၊အနတ္တမျိုးစုံဆဲရေးတိုင်းထွာကာ
ပုဆိုးကိုစွန်တောင်ဆွဲလျက်...ယိုင်တိုင်တိုင်
လှမ်းထွက်သွားတဲ့ထိုလူမြင်ကွင်းကနေတော်တော်
ဝေးဝေးရောက်သည်အထိစည်း...ကားထဲကနေ
ကြည့်နေခဲ့ပြီးမှ...ကားကိုထိုအိမ်ရှေ့ထိရောက်အောင်
ဆက်မောင်းလာခဲ့၏....
"ကျွီ..."
စည်းအိမ်ရှေ့တည့်တည့်မှာကားကိုရပ်ပြီး
ကားပေါ်ကနေဆင်းလိုက်တော့အနီးအနားမှာ
ရှိနေတဲ့ကလေးတွေရှဲကုန်ကြသည်။
စည်းထိုကလေးတွေကိုတစ်ချက်မျှဝေ့ကြည့်ပြီး
ခြံထဲကိုတန်းဝင်လာခဲ့သည်။
"ကာလနာ၊မြွေပွေးကိုက်..တနေ့နေ့အဲ့ဒီ့အရည်တွေ
မြိုစို့ပြီးငါ့ကိုဒုက္ခပေးလို့မဆုံးပါလားနော်...
ဒင်း..အပင်းဆို့ပြီးမြန်မြန်သေမှအေးမှာပါ..
အီး...ဟီး..."
ရေညှိတွေတက်နေသည့်အုတ်လှေကားထစ်ရှေ့မှာ
စည်းခြေစုံရပ်လိုက်တာနှင့်အိမ်ပေါ်ကနေ
ကြားနေရတဲ့အသံ....
စည်း..ခေါင်းကိုခပ်သဲ့သဲ့ယမ်းလိုက်ပြီး
လှေကားထစ်သုံးထစ်ကိုတက်ကာအိမ်ပေါက်ဝကို
ရောက်လာခဲ့တော့...
"သေနာကောင်နင်ပြန်လှည့်လာပြန်ပြီလား
ငါ့ကိုဘာထပ်ပြီးဒုက္ခပေးဖို့...ဟင်..."
အိမ်တိုင်ကိုမှီကာဒူးတစ်ဖက်ထောင်လျက်
အိမ်ပေါက်ဝကိုဘေးလှည့်ထိုင်နေတဲ့ဒေါ်သူဇာစိုး
ရုတ်တရပ်ပေါ်လာတဲ့အရိပ်ကြောင့်ခင်ပွန်းဖြစ်သူ
ပြန်လှည့်လာတယ်ထင်ပြီးရန်ထောင်ဖို့
လှည့်ကြည့်လိုက်ရာမှမြင်လိုက်ရတဲ့ပုံရိပ်ကြောင့်
ရုတ်တရပ်အံ့ဩမှင်သက်သွားခဲ့ရ၏....
"နေကောင်းပါတယ်နော်...ဒေါ်လေးသူဇာ...."
"ဟင်...နင်...နင်...စည်းစနစ်...စည်းမဟုတ်လား...."
စည်းကိုမှတ်မိသွားချိန်မှာပါးစပ်အဟောင်းသားနဲ့
မယုံနိုင်သလိုဖြစ်သွားတဲ့ဒေါ်သူဇာစိုးရဲ့
မျက်နှာကဝမ်းသာအားရအမူအယာမျိုးတော့
မဟုတ်ခဲ့ပါပဲ....
~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"ထိုင်လေ...."
ဖရိုဖရဲဆံပင်တွေကိုတစ်ချက်သပ်ပြီး
ဘာပရိဘောဂမှရှိမနေသည့်အိမ်ရှေ့ခန်းကြမ်းပြင်ကို
ညွှန်ပြသည်။
"ငါတို့အိမ်ကတော့အနေစုတ်တယ်
နင်မြင်တဲ့အတိုင်းပဲ..."
ပြောရင်းစည်းကိုခပ်ထေ့ထေ့မျက်ဝန်းတွေဖြင့်
ခြေဆုံးခေါင်းဆုံးတစ်ချက်ကြည့်လာတဲ့ဒေါ်သူဇာစိုး...
"နင့်လိုဆရာဝန်ကြီးကိုဧည့်ခံဖို့ငါတို့အိမ်မှာလဲ
ဘာမှမရှိဘူး...."
ရွဲ့သလိုပြောလာတဲ့စကားကိုစည်းဘာမှ
ပြန်မပြောပဲကြမ်းပြင်မှာအကျအနထိုင်လိုက်တော့
ဒေါ်သူဇာစိုးကလဲစည်းရဲ့ဘေးမှာဒူးတစ်ဖက်ထောင်ပြီး
ဝင်ထိုင်၏....
"ကျွန်တော်ဒေါ်လေးတို့ပြောင်းသွားတဲ့လိပ်စာကို
မနည်းရှာပြီးရောက်လာခဲ့ရတာ...ဒီနှစ်တွေထဲမှာ
ဒေါ်လေးတို့ကနှစ်နေရာသုံးနေရာပြောင်းပြီး
နေနေခဲ့တာဆိုတော့...အခုလိပ်စာကိုကျွန်တော်မနည်း
ရှာလိုက်ရတယ်...."
"ငါလဲဘယ်ပြောင်းချင်ပါ့မလဲ..ဒါပေမဲ့
ဘာေ-ာက်လုပ်မှမလုပ်ပဲအားနေအရည်တွေပဲ
မြိုစို့ပြီးမူးရူးနေတဲ့နင်တို့ဦးလေးကြောင့်
ရှိသမျှလဲထုခွဲရောင်းချပြီးအိမ်မဲ့ရာမဲ့အိမ်ဌားဘဝပါ
ရောက်ခဲ့ရပါရောလား...အဟင်း...အချစ်သာသိရင်
ငါ့ကိုဝဋ်လည်တယ်လို့ပြောမယ်ထင်တယ်...
ငါ...ငါ့တူမအပေါ်မကောင်းခဲ့သမျှ...အခုငါပြန်ခံ
နေရပြီလေ..."
နာကျည်းစွာဆိုရင်းဒေါ်သူဇာစိုးကခပ်မဲ့မဲ့ရယ်သည်။
တစ်ကယ်တော့ဒေါ်သူဇာစိုးဆိုသောဤအမျိုးသမီးက
လောကကြီးထဲမှာတစ်ဦးတည်းရှိတဲ့အချစ်ရဲ့
ဆွေမျိုးအဒေါ်အရင်းဖြစ်၏....
သို့ပေမဲ့အချိန်ပြည့်မူးရူးနေတဲ့ယောကျာင်္း
ငယ်ငယ်လေးကိုယူထားသောဒေါ်သူဇာစိုးက
အချစ်အတွက်အဒေါ်ကောင်းတစ်ယောက်
မဟုတ်ခဲ့သလို၊မိသားစုဝင်တစ်ယောက်လိုမျိုးလဲ
မနွေးထွေးခဲ့....အချစ်ငယ်ငယ်ထဲက
ဆုံးသွားခဲ့သောအချစ်ရဲ့မိဘတွေထားခဲ့တဲ့
တိုက်ခံပျဉ်ထောင်နှစ်ထပ်အိမ်ကြီးပေါ်မှာ
လင်မယားနှစ်ယောက်အခန့်သားတက်နေပြီး
အချစ်ရဲ့ဘဝကိုကြိုးကိုင်ခဲ့ကြတာပဲဖြစ်သည်။
ထို့ကြောင့်ဆေးကျောင်းသားဆိုတဲ့ဂုဏ်တစ်ခုက
လွဲရင်တစ်ကောင်ကြွတ်တစ်မျက်နှာဖြစ်ပြီး
ကိုယ့်ခြေထောက်ပေါ်ကိုယ်ကြိုးစားရပ်တည်နေရတဲ့
စည်းနဲ့..အချစ်ရဲ့ငယ်သူချင်းဘဝကနေ
ချစ်သူတွေအဖြစ်တက်လှမ်းခဲ့ကြတဲ့ဆက်ဆံရေးကိုလဲ
နည်းအမျိုးမျိုးနှင့်ဖျက်ဖို့ကြိုးစားခဲ့ကြသေးသည်။
ဒါပေမဲ့စည်းအပေါ်သံယောဇဉ်ကြီးပြီး
တွယ်တာလွန်းတဲ့အချစ်ကဒေါ်သူဇာစိုး
ဘယ်လိုပဲချယ်လှယ်ခဲ့ချယ်လှယ်ခဲ့...
နောက်ဆုံးသူမမိဘတွေထားခဲ့သည့်တစ်ခုထဲသော
အမွေဖြစ်တဲ့အိမ်နဲ့ခြံရဲ့ရပိုင်ခွင့်တွေကိုပါ
စွန့်လွှတ်ပြီးစည်းကိုပဲရွေးချယ်ခဲ့၏...
လွန်ခဲ့တဲ့၈နှစ်စည်းနဲ့သူမနှစ်ဦးသဘောတူ
နှစ်ယောက်တစ်ဘဝကိုတည်ဆောက်ခဲ့ကထဲက
ထိုသူဇာစိုးတို့လင်မယားမှာလဲအချစ်မိဘတွေရဲ့
အမွေဖြစ်တဲ့အိမ်နဲ့ခြံကိုရောင်းပြီးတခြားကို
ပြောင်းရွေ့ခြေရာဖျောက်သွားတာခုထိပဲဖြစ်သည်။
"ဒါနဲ့နင်တို့တွေရောအဆင်ပြေကြရဲ့လား...
ငါလဲနင်တို့နဲ့မတွေ့ဖြစ်တာ၇နှစ်၈နှစ်လောက်ရှိနေပြီပဲ..
နင်ကတော့အရင်အတိုင်းဘာမှမပြောင်းလဲဘူး...
နင်တို့ကလေးတွေဘာတွေရောရနေပြီလား...."
ယခုစည်းဒီနေရာအထိရှာရှာဖွေဖွေစုံစမ်းပြီး
ရောက်လာခဲ့တာက...အင်္ဂလန်ကနေပြန်ရောက်တဲ့
အချိန်ကထဲကခြေရာဖျောက်သွားတဲ့
သူမရဲ့အကြောင်းကိုတစ်ချိန်လုံးစုံစမ်းနေရင်း
ဒေါ်သူဇာစိုးဆီကသူမရဲ့သတင်းတစ်ခုခုများ
ရနိုင်မလားဆိုတဲ့မျှော်လင့်ချက်နှင့်ဖြစ်၏....
သို့ပေမဲ့ဒေါ်သူဇာစိုးဆီကဒီလိုမေးခွန်းကို
ကြားလိုက်ရတဲ့အခါစည်းရဲ့မျှော်လင့်ချက်တွေ
ရိ်ုက်ချိုးခံလိုက်ရသလိုဖြစ်သွားခဲ့ရသည်။
"ငါဟိုးတလောတုန်းကအရင်နေခဲ့တဲ့ရပ်ကွက်ထဲက
အေးမရဲ့သမီးမင်္ဂလာဆောင်ကိုရောက်ခဲ့သေးတယ်
အဲ့ဒီ့မှာနင်တို့လင်မယားအကြောင်းကိုလဲ
ငါကြားခဲ့တယ်...နင်ကနိုင်ငံခြားမှာ
ပါရဂူဘွဲ့ယူဖို့ကျောင်းဆက်တက်နေတယ်တဲ့...
အချစ်ကလဲရပ်ကွက်ထဲကပြောင်းသွားပြီဆို...
အခုနင်ကပါရဂူဒေါက်တာကြီးဖြစ်ပြီး
ပြန်လာပြီပေါ့...နင်တို့အခုဘယ်မှာနေကြလဲ...."
"ကျွန်တော်အခုအရင်နေခဲ့တဲ့အိမ်မှာပဲနေနေတယ်..."
"အချစ်ရောလား...ဟင်း..ငါလဲတစ်ခါလောက်တော့
တစ်ခါလောက်တော့ငါ့တူမနဲ့တွေ့ချင်ပါသေးတယ်...
ဒါပေမဲ့လဲငါကအပြစ်လုပ်ထားတဲ့သူဆိုတော့လဲ
သူ့မျက်နှာကိုမကြည့်ရဲဘူး....အချစ်နေကောင်းတယ်
မဟုတ်လား...."
ဒေါ်သူဇာစိုးရဲ့အမေးကြောင့်စည်းခေါင်းငုံ့သွားခဲ့ရသည်။
"ကျွန်တော်မသိဘူး...."
"ဘာရယ်....."
"အချစ်ဘယ်မှာရှိနေလဲ?သူဘယ်ကိုရောက်နေတာလဲ
သူနေကောင်းရဲ့လား?ဆိုတာတွေကိုကျွန်တော်
တစ်ခုမှမသိပါဘူး...ဒေါ်လေးသူဇာ..."
"နင်ဘာကိုဆိုလိုတာလဲ...ဒါဆိုနင်နဲ့ငါ့တူမက...
နင်..နင်တို့နှစ်ယောက်အိမ်ထောင်ကွဲသွားကြတာလား..."
ဟုတ်တယ်..မဟုတ်ဘူးမငြင်းဆန်နိုင်ပဲစည်း
ခေါင်းပြန်မော့လာတဲ့အခါဘယ်လိုခံစားနေရမှန်း
ခန့်မှန်းမရစွာမျက်ဝန်းတွေကငေးရီနေခဲ့ပြီး.....
"အချစ်...ကျွန်တော့်ဘေးမှာမရှိတော့ဘူး...."
~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"အွန်း...မီးလေးကလိမ္မာလိုက်တာဒီဆေးလေး
တစ်လုံးပဲရှိတော့တယ်နော်ထပ်ပြီးမြိုချလိုက်ပါဦး..
ဟာ..."
"အာ...."
ချစ်စရာကောင်းအောင်ပါးစပ်လေးဟလာတဲ့
သမီးလေးနောက်ဆုံးကျန်တဲ့ဆေးတစ်လုံးကို
ရေနဲ့အတူမျောချစေတော့သမီးလေးက
မျက်နှာလေးရူံ့မဲ့ပြီးအတင်းမြိုချသည်။
"ဟား...ကုန်သွားပြီနော်တွေ့လားမေမေ...."
"ဟုတ်ပါပြီရှင်...မေမေ့ရွှေဘုံလေးက
လိမ္မာပြီးသားဆိုတာသိပါသတဲ့ရှင်..အဟင်း..ဟင်း..
ကဲ...ဆေးသောက်ပြီးပြီဆိုတော့အိပ်ယာထဲဝင်ကြ
ရအောင်...."
"မေ့...မီးကိုသီချင်းဆိုပြဦးနော်...."
"ဆိုပြမှာပေါ့...."
သားအမိနှစ်ယောက်အိပ်ခန်းလေးထဲက
ဇာခြင်ထောင်လေးချထားသောအိပ်ယာထဲကိုဝင်ပြီး
အချစ်သမီးလေးကိုရင်ခွင်ထဲပွေ့ဖက်ကာ
လှဲလျောင်းလိုက်သည်။
ထို့နောက်ရွှေဘုံလေးရဲ့ဆံနွယ်ပျော့လေးတွေကို
ပွတ်သပ်ပေးရင်းညတိုင်းဆိုနေကြသီချင်းလေးကို
စဆိုလိုက်သည်။
🎵သမီးလေးရယ်နားထောင်ကွယ်..မေမေ
သီချင်းဆိုမယ်...
🎵သမီးလေးရယ်နားထောင်တော့...မေမေ
သီချင်းဆိုချော့...
🎵ပစ်တိုင်းထောင်လေးပုတိုတို..မျက်နှာပြုံးချိုချို
🎵ပစ်ချင်သလိုပစ်လို့ချ..ကျရာထောင်လို့ထ
အနိုင်အရူံးသူရင်ဆိုင်စိတ်ဓာတ်မယိမ်းယိုင်
🎵အနိုင်မခံအရူံးမပေး..အပြေးပြိုင်ချင်သေး
🎵သူ့ဘဝနဲ့သူ့အဖြစ်တွေအံ့ဩလောက်ပါပေ
ခြေတွေလက်တွေမရှိပါလဲ..ကိုယ်ထူကိုယ်ထပဲ...
"ေမ့...."
"ရှင်..."
သီချင်းမဆုံးခင်သမီးလေးကခေါ်လာတော့
အချစ်နဖူးကျဉ်းကျဉ်းလေးကိုဖွဖွနမ်းပြီး
ထူးလိုက်သည်။
"ပစ်တိုင်းထောင်လေးကအရမ်းသတ္တိရှိတာပဲနော်
သူ့မှာခြေတွေလက်တွေမရှိတာတောင်
လဲကျတဲ့နေရာကနေပြန်ထနိုင်တယ်နော်...
မီး...ပစ်တိုင်းထောင်လေးကိုအရမ်းအားကျတာပဲ..."
"ဟုတ်တာပေါ့ပစ်တိုင်းထောင်လေးက
အရမ်းသတ္တိရှိတယ်....ဒါပေမဲ့မီးလေးသိလား
မေ့ရဲ့မီးလေးကပစ်တိုင်းထောင်လေးထက်ပိုပြီး
သတ္တိရှိတယ်...အဲ့ဒါ့ကြောင့်ဆေးတွေဘယ်လောက်
သောက်ရသောက်ရစိတ်မညစ်ပဲ၊မငိုပဲ...
နေကောင်းအောင်ကြိုးစားနေတာပေါ့...."
"ဒါဆို...မီးနဲ့ပစ်တိုင်းထောင်လေးကအတူတူ
ပဲပေါ့နော်...."
"ဒါပေါ့အတူတူပဲ...."
"မေ့...ဒါဆိုမီးကိုပစ်တိုင်ထောင်လေးတစ်ခုလောက်
ဝယ်ပေးပါလားဟင်...."
"မေ့ရဲ့ရွှေဘုံလေးလိုချင်ရင်ဝယ်ပေးမှာပေါ့...."
"ရေး...မီးမေမေ့ကိုအရမ်းချစ်တာပဲ...."
"အဟင်း...ဟင်း...မေမေကလဲရွှေဘုံလေးကို
ချစ်ပါသတဲ့ရှင်....."
သားအမိနှစ်ယောက်ရဲ့တိုးကြိတ်ကြိတ်ရယ်သံလေးက
ဇာခြင်ထောင်လေးထဲကနေလျံထွက်လာပြီး
အခန်းကျဉ်းလေးထဲမှာ ကြည်နူးဖွယ်
ပျံ့လွင့်သွားခဲ့လေတော့၏....
~~~~~~~~~~~~~~~❤◦.¸¸. ◦✿
ညနက်လာလေလေတိတ်ဆိတ်မူ့တွေသာ
ပိုပြီးလွမ်းခြုံလာတဲ့အိပ်ယာလေးထဲ
ရင်ခွင်ထဲမှာအိပ်ပျော်သွားရှာပြီဖြစ်တဲ့သမီးလေးကို
အသာအယာအောက်ချရင်းအချစ်ခြင်ထောင်
အပြင်ဘက်ကို ထွက်လိုက်သည်။
အကြောင်းအရင်းမရှိပူလောင်နေတဲ့ရင်အစုံကို
ရေနှင့်ငြိမ်းသက်ရန်အိပ်ယာဘေးစားပွဲခုံပုလေး
ပေါ်မှာရှိနေတဲ့ဖိုက်ဘာရေကရားလေးကို
မယူကာကိုင်းခွက်လေးထဲထည့်ဖို့ပြင်လိုက်ချိန်
မရည်ရွယ်ပါပဲမျက်ဝန်းတွေက
သမီးလေးရဲ့ဆေးဘူးတွေဘေးမှာရှိနေသည့်
ပြက္ခဒိန် အဟောင်းလေးဆီရောက်သွားခဲ့သည်။
"ဘာလိုလိုနဲ့၅နှစ်တောင်ကျော်သွားခဲ့ပြီပဲ
ခုလောက်စည်းပြန်ရောက်နေလောက်ပြီပေါ့..."
တစ်ယောက်ထဲတိုးသဲ့စွာရေရွတ်ရင်း
အချစ်မျက်ဝန်းလေးတွေကငေးရီသွားခဲ့၏....
စည်းပြန်ရောက်လာတဲ့အခါ...အချစ်တို့နေခဲ့တဲ့
အိမ်လေးဆီအရင်ဆုံးရောက်သွားလိမ့်မယ်လို့တော့
အချစ်မထင်ဘူး.....
၄နှစ်လုံးလုံးအေးစက်စွာအဆက်အသွယ်ဖြတ်ခဲ့တဲ့
စည်းရဲ့ရင်ထဲမှာအချစ်ဘယ်အထိနေရာယူ
ထားနိုင်မှာတဲ့လဲ....စည်းအတွက်သူ့ရဲ့ရည်မှန်းချက်
အိပ်မက်တွေကအရာအားလုံးထက်ပိုပြီး
အရေးကြီးနေခဲ့တယ်ဆိုတာအချစ်ကောင်းကောင်း
သဘောပေါက်ခဲ့ပြီ.....
အချစ်မှာနောက်ထပ်ငိုစရာမျက်ရည်လဲ
မကျန်တော့ပါဘူး...ဒီအတိုင်းသူ့ဘေးမှာဆက်ပြီး
တွယ်ကပ်ပြီးရှိနေမယ်ဆိုရင်အချစ်ရခဲ့သလိုစိတ်ဒဏ်ရာတွေ
သမီးလေးဆီကူးစက်လာမှာကိုအချစ်ကြောက်တယ်...
သမီးလေးကိုမိတကွဲ၊ဖတကွဲနဲ့စိတ်ဒဏ်ရာတွေ
မပေးချင်ပေမဲ့...အချစ်ဖွင့်မပြောနိုင်တဲ့
သမီးလေးရဲ့ဖြစ်တည်မူ့ကိုစည်းလိုလိုလားလား
လက်မခံပေးမှာကိုအချစ်သေမတတ်
ကြောက်တယ်....
သနားစရာရောဂါသည်လေးမို့ပိုးမွေးသလို
အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်ခဲ့ရတဲ့
သမီးလေးရဲ့စိတ်ထဲမှာသူ့အဖေကိုဒီအတိုင်း
ကောင်းတဲ့စိတ်ကူးတွေနဲ့ပဲပုံဖော်သွားပါစေတော့....
အချစ်အသက်ရှင်နေသ၍သမီးလေးကို
မိခင်မေတ္တာရောဖခင်မေတ္တာပါပေးနိုင်ဖို့အတွက်
အချစ်ကိုယ့်ကိုကိုယ်အပြည့်အဝယုံကြည်တယ်....
သမီးလေးအတွက်မိဘကအချစ်တစ်ယောက်ထဲပဲ
ဖြစ်ရမယ်....
"အရမ်းသတိရတမ်းတနေမှာမဟုတ်မှန်းသိပေမဲ့
ငါ့ကိုလုံးဝမေ့လိုက်ပြီးနင်နေချင်သလို
ဘဝမျိူးမှာနေသွားလိုက်တော့....စည်း...."
~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"ရက်စက်လိုက်တာစည်းရယ်...နင်ဘာလို့ငါ့တူမ
အပေါ်သွေးအေးပစ်ပယ်ထားနိုင်ရတာလဲ....
လေးနှစ်လုံးလုံးအဆက်အသွယ်မလုပ်ခဲ့မိဘူး
ဟုတ်လား..နင်ဘာလို့ဒီလောက်ထိအချစ်အပေါ်
ရက်စက်ရတာလဲ..."
"အချစ်ကနင့်အတွက်ဘယ်လောက်ထိပေးဆပ်ခဲ့လဲ
အချစ်ကနင့်အတွက်ဘယ်လောက်ထိအနစ်နာ
ခံခဲ့လေ.....နှစ်ပေါင်းများစွာခိုင်မြဲလာတဲ့
သံယောဇဉ်တွေကိုနင်မို့ဒီလိုတန်ဖိုးမဲ့အောင်
လုပ်ရက်မှတော့အချစ်နင့်ကိုစိတ်နာသွားတာကိုလဲ
နင်အပြစ်မတင်နဲ့တော့...."
ကားမောင်းပြန်လာတဲ့လမ်းတလျောက်
ဒေါ်သူဇာစိုးပြောခဲ့တဲ့စကားတွေကပဲ
စည်းရဲ့နားထဲတဝဲလည်လည်ဖြစ်နေခဲ့၏....
"ငါအတပ်ပြောရဲတယ်စည်း...အချစ်နင့်ဆီ
ဘယ်တော့မှပြန်လာတော့မှာမဟုတ်ဘူး...
အချစ်ကိုနင်ဘယ်တော့မှပြန်တွေ့ရတော့မှာ
မဟုတ်ဘူး...."
စည်းမျက်နှာလက်ညိုးငေါက်ငေါက်ထိုးရင်း
ပြောခဲ့တဲ့မြင်ကွင်းကပါအာရုံထဲပြန်ပေါ်လာတော့
"ကျွီ...."
စည်းကားကိုပင်ဆက်မမောင်းနိုင်တော့ပဲ
ပလက်ဖောင်းဘေးသို့ဆွဲချရပ်လိုက်မိ၏....
"ဘာလို့လဲဘာလို့ငါပြန်လာတဲ့အထိ
စောင့်နေပါ့မယ်ဆိုတဲ့ကတိကိုမတည်ပေးခဲ့တာလဲ..
နင်တစ်ကယ်ပဲငါတို့ကြားကအရာရာကို
အဆုံးသတ်ဖို့ဆုံးဖြတ်သွားခဲ့တာများလား.....
နင်...အခု...ဘယ်မှာရှိနေတာများလဲ...."
~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
`၁´လခန့်ကြာသောအခါ>>>>>
"ရွှေဘုံလေးရဲ့ရောဂါအခြေအတွက်
ဆရာ့ရဲ့မိတ်ဆွေနှလုံးအထူးကုခွဲစိပ်ပါရဂူကြီး
ဒေါက်တာဦးကျော်ဇောနဲ့ဆရာအသေးစိတ်
ဆွေးနွေးဖြစ်ခဲ့တယ်...အခုရွှေဘုံလေးရဲ့နှလုံး
အခြေအနေကဆေးဝါးတွေ၊ဓာတုကုထုံးတွေနဲ့
ဆက်ပြီးထိန်းထားလို့မဖြစ်ဘူး...အဲ့ဒါကြောင့်
ဆရာတို့ရွှေဘုံလေးကိုခွဲစိပ်ကုသဖို့ဆုံးဖြတ်လိုက်ပြီ.."
"ရှင်...သမီးလေးကိုခွဲစိပ်မယ်ဟုတ်လား...."
"ရွှေဘုံလေးနဲ့နှလုံးအခြေအနေကဒီအတောအတွင်း
ဘာမှမတိုးတက်လာခဲ့တာကို...အနီးကပ်စောင့်ရှောက်
နေတဲ့မိခင်ဖြစ်တဲ့သမီးကအသိဆုံးဖြစ်မှာပါ
ဒီထက်ပိုပြီးအချိန်ဆွဲလို့ဘာမှအကျိုးထူးမှာ
မဟုတ်တဲ့ဆရာကတော့အမြန်ဆုံး
အော်ပရေးရှင်းလုပ်ဖို့အကြံပေးချင်တယ်...
အခုရွှေဘုံလေးရဲ့အသက်အရွယ်သူ့ရဲ့
ကိုယ်ခံအားကလဲ...ရက်အတိုင်းအတာတစ်ခုထိ
ထပ်ပြီးအချိန်ယူလိုက်ဖို့ခွဲစိပ်ကုသမူ့ခံယူဖို့အတွက်
အဆင်သင့်ဖြစ်လာမှာပါ......"
ဒီနှစ်တွေမှာရွှေဘုံလေးကိုတာဝန်ခံကုသပေးနေတဲ့
ဆရာဝန်ကြီးရဲ့စကားအဆုံးပေါင်ပေါ်တင်ထားတဲ့
အချစ်လက်တွေတုန်ရီလာခဲ့ရ၏....
"ကျွန်မသမီးလေးနေကောင်းဖို့အတွက်ဆို
ဆရာပြောတဲ့အတိုင်းကျွန်မဘာမဆိုလုပ်နိုင်ပါတယ်..
ဟို...အော်ပရေးရှင်းလုပ်ဖို့အတွက်ပိုက်.ပိုက်ဆံက
ဘယ်လောက်ထိလိုတာလဲဆိုတာပြောပြလို့ရမလား
ဆရာ..."
မေးခွန်းနဲ့အတူအချစ်မျက်ဝန်းထဲက
စိုးရိမ်ပူပန်မူ့တွေကိုဆရာဝန်ကြီးက
နားလည်သွားဟန်တူသည်။
"ငွေရေးကြေးရေးအတွက်တော့မပူပါနဲ့သမီး
ဆရာကသမီးတို့ရဲ့အခြေအနေကိုဆရာ့မိတ်ဆွေကို
အသေအချာရှင်းပြထားပါတယ်...
ဦးကျော်ဇောရဲ့တော်ဝင်ဆေးရုံက
ပြီးခဲ့တဲ့နှစ်ကပဲငွေကြေးမတတ်နိုင်တဲ့
မွေးရပါနှလုံးရောဂါသည်ကလေး၁၀ယောက်ကို
အခမဲ့ခွဲစိတ်ပေးခဲ့တာပါ...သမီးဒီကဒ်ကိုယူပြီး
မနက်ဖြန်ရွှေဘုံလေးနဲ့အတူတော်ဝင်အထူးကု
ဆေးရုံကိုသွားပြီး...ဆရာ့မိတ်ဆွေနဲ့သွားတွေ့ပါ...
သူရွှေဘုံလေးအတွက်အစစအရာရာစီစဉ်ပေးပါ
လိမ့်မယ်..."
ထိုစကားအဆုံးအချစ်စိတ်အေးဝမ်းသာ
သွားရကာစားပွဲပေါ်ကကဒ်လေးကို
တရိုတသေကောက်ယူလိုက်ပြီးရင်ဘတ်နှင့်
ကပ်ထားကာမျက်ရည်များဝဲတက်လာခဲ့ရပြီးနောက်...
"ကျေးဇူးတင်ပါတယ် ဆရာ...တစ်ကယ်
ကျေးဇူးတင်ပါတယ်..."
~~~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
`တော်ဝင်´🏥
ခမ်းနားလှတဲ့ဆေးရုံကြီးကိုအချစ်မော့ကြည့်ရင်း
တွဲထားတဲ့သမီးလေးရဲ့လက်ကိုတစ်ချက်
ဆုပ်ညှစ်လိုက်သည်။
ဤပုဂ္ဂလိကပိုင်ဆေးရုံကြီးက
ဖွင့်လှစ်ခဲ့တာ၂နှစ်ကျော်မျှရှိသေးပေမဲ့...
နိုင်ငံတကာအဆင့်မှီဆေးဝါးစက်ကရိယာများ
ကျွမ်းကျင်ဆရာဝန်၊သူနာပြုများ
လုံလုံလောက်လောက်ဖြင့်လူနာတွေရဲ့အသက်ကို
ကယ်တင်ပေးနေတဲ့နေရာတစ်ခုပဲဖြစ်၏...
ပုဂ္ဂလိကပိုင်အဆင့်မြင့်ဆေးရုံကြီးဖြစ်ပေမဲ့လဲ
ငွေကြေးအဓိကမဟုတ်ပဲဆင်းရဲချမ်းသာမရွေး
တက်ရောက်ကုသနိုင်သောပရဟိတကို
အသားပေးပြီးလူနာတွေရဲ့အသက်ကိုသာ
ပဓာနထားတာကြောင့်အချိန်တိုအတွင်းမှာပင်
အိမ်နီးချင်းနိုင်ငံတွေထိကောင်းသတင်းတွေနှင့်
ကျော်ကြားခဲ့သည်။
ဤဆေးရုံကြီးကိုစတင်တည်ထောင်ခဲ့သူ
ဆရာဝန်ကြီးဦးကျော်ဇောသည်တစ်ချိန်က
အစိုးရဆေးရုံကြီးတစ်ခုမှာဆေးရုံအုပ်အဖြစ်
တာဝန်ယူခဲ့သောပင်စင်စားဆရာဝန်ကြီး
တစ်ဦးဖြစ်သည်ဟုကြားဖူးခဲ့၏.....
အချစ်ခမ်းနားအဆင့်မြင့်လှသောဆေးရုံထဲ
သမီးလေးရဲ့လက်ကိုဆွဲပြီးဝင်ရောက်လာကာ
ကောင်တာကိုသာတန်းတန်းမတ်မတ်
လျောက်သွားလိုက်၏.....
"ဆေးရုံအုပ်ကြီးနဲ့ချိန်းထားတဲ့လူနာရှင်ပါရှင့်...."
အချစ်လက်ထဲကကဒ်လေးကိုကောင်တာက
စာရေးမလေးတွေဆီပေးပြီးပြောလိုက်သည်။
"ဟုတ်ကဲ့...ကျွန်မတို့ဆေးရုံအုပ်ကြီးရုံးခန်းကို
ဆက်သွယ်ပေးပါ့မယ်...အစ်မခဏလောက်ထိုင်စောင့်
ပါနော်...."
ဖော်ရွေပျူဌာလှတဲ့ကောင်တာစာရေးမလေးတွေ
ညွှန်ပြတဲ့ခုံလေးတွေရှိရာကိုအချစ်သမီးလေးနဲ့အတူ
လျောက်သွားရင်းဝင်ထိုင်လိုက်သည်။
Hallထဲခုံတွေမှာတော့အလွှာစုံ၊လူတန်းစား
ပေါင်းစုံဖြင့်ပြည့်နှက်နေခဲ့သည်။
"မေမေ...မီးရေဆာတယ်...."
သမီးလေးရဲ့အသံကြောင့်အချစ်လက်ဆွဲအိတ်လေးထဲက
ရေဘူးလေးကိုထုတ်ကြည့်လိုက်ပေမဲ့ရေက
ကုန်လုနီးနေပြီဖြစ်သည်။
ထိုအခါအချစ်ရဲ့မျက်ဝန်းတွေကတော်တော်
လှမ်းလှမ်းမှာရှိနေတဲ့ရေသန့်စက်ဆီရောက်သွား
ခဲ့သည်။
"မေမေ...ရေသွားထည့်လိုက်ဦးမယ်...
မီးလေးဒီမှာခဏထိုင်စောင့်နေနော်...."
အချစ်ပြောလိုက်တော့ပစ်တိုင်းထောင်
ရုပ်လေးကိုပိုက်ထားတဲ့သမီးလေးက
ခေါင်းငြိမ့်သည်။
"ခဏလေးနော်...မီးလေး...."
"ဟုတ်...."
အချစ်သမီးလေးကိုထိုင်ခုံမှာခဏထားခဲ့ပြီး
ရေသန့်စက်ရှိရာကိုခပ်သွက်သွက်လျောက်
သွားလိုက်ပြီးနောက်....
~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"၂နာရီမှာအော်ပရေးရှင်းခန်းထဲဝင်မဲ့
ပေးရှင့်ရဲ့ကုသမူ့မှတ်တမ်းအသေးစိတ်ကို
ကျွန်တော့်ရုံးခန်းထဲအခုလာပို့ပေးပါ...
စစ္စတာ..."
"ဟုတ်ကဲ့ပါ...ဒေါက်တာ..."
သူနာပြုတစ်ယောက်နှင့်အလုပ်သင်ဆရာဝန်
နှစ်ယောက်ခြံရံပြီးဆေးရုံအောက်ဆုံးထပ်က
ဟောထဲကိုဖြတ်ကာသီးသန့်ဓာတ်လှေကား
ရှိရာကိုခပ်သွက်သွက်လျောက်လှမ်းလာနေတဲ့စည်း....
"ဂလောက်...ဂလောက်...."
ရုတ်တရပ်အသံတစ်သံနှင့်အတူ
ကြမ်းပြင်ပေါ်လိမ့်လာတဲ့တစ်စုံတစ်ရာက
စည်းရဲ့ခြေထောက်ကိုလာရောက်ထိကပ်သွားတဲ့အခါ
စည်းရဲ့ခြေလှမ်းတွေကတုံ့ခနဲရပ်တန့်သွားခဲ့ရပြီး
အောက်ကိုငုံ့ကြည့်လိုက်တဲ့အခါမြင်လိုက်ရတဲ့
ပစ်တိုင်းထောင်ရုပ်လေး......
ဘာ့ကြောင့်မှန်းမသိစည်းခြေဖျားထောက်
ထိုင်လိုက်မိရင်းထိုအရုပ်လေးကိုကောက်ယူရန်
ပြင်လိုက်တဲ့အခါ....
"ဦးဦးဒေါက်တာ......အဲ့ဒါမီးရဲ့အရုပ်လေးပါ..."
နောက်ထပ်ကြားလိုက်ရတဲ့အသံသေးသေးလေးကြောင့်
စည်းဘေးကိုငဲ့ကြည့်လိုက်မိပြန်တော့.....
အဝါရောင်ဂါဝန်လေးကိုဝတ်ထားတဲ့
ဖြူဖျော့ဖျော့မျက်နှာလေးနှင့်ချစ်စရာ
ကလေးမလေးတစ်ယောက်ကိုမြင်လိုက်ရတော့၏...
~~~~~~~~~~~~~~~❤◦.¸¸. ◦✿
အပိုင်း(၆)မျှော်
Writer by
#Hazel