book

Index 3

အပိုင်း(၃)

  • Author : Hazel Nhte
  • Genres : Romance, Comedy, Drama

💚 အ ကြင် နာ လက် တစ် ကမ်း 💚


~~~~~~


ဆောင်းအကုန်နွေအကူးမို့အအေးဓာတ်

မပြယ်ချင်သေးတဲ့ညချမ်းလေးကလေအဝှေ့မှာ

လွင့်ပါလာတဲ့ဆိပ်ဖလူးပန်းနံ့လေးတွေဖြင့်

ကဗျာဆန်ဆန်ပရံသင့်လွန်းနေခဲ့၏....


"စည်း..ငါတို့နှစ်ယောက်ချစ်သူ

စဖြစ်တဲ့နေ့ကိုနင်မှတ်မိလား...."


ခြံထဲကသစ်သားခုံတန်းလေးမှာနှစ်ယောက်အတူ

ထိုင်နေကြရင်းအချစ်မေးခွန်းထုတ်လိုက်တော့

လက်ထဲမှာအချစ်နဲ့ဆင်တူကော်ဖီခွက်လေးကို

ကိုင်ထားတဲ့စည်းကငဲ့ကြည့်လာခဲ့၏....


"အင်း...မှတ်မိတယ်..."


တိုတိုရှင်းရှင်းဖြေပြီးလက်ထဲကကော်ဖီကို

စည်းကတစ်ချက်မော့သည်။


"အဲ့ဒီ့နေ့ကမိုးတွေအရမ်းရွာနေတာလေ...

ငါတို့အစီအစဉ်မရှိပဲရုပ်ရှင်ရုံထဲဝင်ပြီး

ဘာကားပြလို့ပြမှန်းမသိပဲလက်မှတ်ဖြတ်လိုက်ကြတာ

လူသတ်ကားကြီးဖြစ်နေလို့အချိန်မစေ့ပဲမကြည့်ရဲလို့

ပြန်ထွက်လာခဲ့ကြတာ...."


စည်းရဲ့မပြည့်စုံတဲ့အဖြေကိုအချစ်ထပ်လောင်းလိုက်ရင်း

အသံမထွက်အောင်ရယ်လိုက်သည်။


"နင်ကဆေးကျောင်းတက်နေပေမဲ့...

သွေးထွက်သံယိုကားတွေကြမကြည့်ရဲတာ

ငါအရင်ထဲကသိပေမဲ့အဲ့ဒီ့တုန်းကနင့်ရဲ့ပုံစံက

အရမ်းရယ်ရတယ်သိလား...."


အချစ်သဘောကျသလိုလေးပြောရင်း

ခေါင်းလေးမော့ကာမျက်ဝန်းတွေဖွဖွပိတ်လိုက်သည်။


"တွေးကြည့်ရင်ငါတို့နှစ်ယောက်ရုပ်ရှင်

အတူကြည့်ဖူးတာကအဲ့ဒါပထမဆုံးနဲ့

နောက်ဆုံးပဲနော်....ငါတို့ချစ်သူသက်တမ်း

တလျောက်လုံးရော၊ဒီအိမ်လေးထဲမှာနှစ်ယောက်

အတူနေခဲ့ကြတဲ့အချိန်တစ်လျောက်လုံးရော

နှစ်ယောက်အတူအပြင်တစ်ခါမှမသွားဖူးခဲ့ဘူး...

နင်ကကျောင်းတက်နေတုန်းကစာအရမ်းကြိုးစားတယ်

ဟောက်ဆင်းတော့လဲအလုပ်ကြိုးစားတယ်

ဆရာဝန်ဖြစ်လာတော့လဲလူနာတွေကိုကယ်တင်နိုင်ဖို့

အရမ်းကြိုးစားတယ်...ဒီနှစ်တွေမှာနင်အရမ်း

ပင်ပန်းခဲ့မယ်ဆိုတာငါသိပါတယ်...အဲ့ဒါကြောင့်

ငါနင့်ကိုဘယ်တုန်းကမှဘာတစ်ခုမှမတောင်းဆိုခဲ့

ဖူးဘူး..."


ပြောရင်းအချစ်မှေးမှိတ်ထားတဲ့မျက်ဝန်းတွေကို

ပြန်ဖွင့်ကာခေါင်းလေးငဲ့ကြည့်လိုက်တော့

အချစ်ကိုငဲ့ကြည့်နေသည့်စည်းရဲ့မျက်ဝန်းတွေနှင့်

ရင်ဆိုင်တိုး၏....


"မနက်ဖြန်ငါ့အတွက်အချိန်တစ်ရက်လောက်

ပေးနိုင်မလား...စည်း...."


"နင်ဘာလုပ်ချင်လို့လဲ...."


"ဒီအတိုင်း...ဒီနှစ်တွေမှာငါနင်နဲ့အတူမလုပ်ဖြစ်ခဲ့တဲ့

အရာတွေကိုတစ်ခုချင်းစီလုပ်ကြည့်ချင်လို့....

မနက်ဖြန်တစ်ရက်လေးပဲ...၂၄နာရီလုံးငါနဲ့အတူ

ရှိနေပေးပါလား..."


အချစ်တောင်းဆိုလိုက်ပေမဲ့စည်းက

ချက်ချင်းခေါင်းမငြိမ့်လာခဲ့ပဲစက္ကန့်ပိုင်းမျှ

အချစ်ကိုငေးကြည့်နေခဲ့ရင်းမှ...


"မနက်ဖြန်ငါ့ရဲ့နားရက်မှမဟုတ်တာ....

ငါကအပြင်မှာမိန်းကလေးနဲ့ပျော်ပျော်ပါးပါး

လျောက်လည်နေတဲ့အချိန်ဆေးရုံကိုရောက်လာမဲ့

လူနာတွေကိုပစ်ထားလို့မဖြစ်ဘူးလေ....

အဲ့ဒီ့အစားသန်ဘက်ခါငါ့နားရက်မှ...."


"အဟင်း..."


စည်းရဲ့စကားမဆုံးခင်သူမဆီကခြောက်ကပ်ကပ်

ရယ်သံလေးထွက်လာတော့စည်းပြောလက်စ

စကားရပ်တန့်သွားခဲ့ရသည်။


"ဒီအတိုင်းအင်းလို့ဘာလို့ခေါင်းမငြိမ့်နိုင်ရတာလဲ

နင်ကမကြာခင်ငါ့ကိုထားပြီးအကြာကြီး

ခွဲသွားတော့မှာကိုငါ့မှာဒီလောက်လေးတောင်

တောင်းဆိုခွင့်မရှိတော့ဘူးလား...."


ပြစ်တင်တဲ့အသံနဲ့ပြောနေတာမျိုးမဟုတ်ပေမဲ့

ချက်ချင်းပင်မျက်ရည်ကြည်တွေဝေ့ဝဲ

လာခဲ့တဲ့သူမကိုကြည့်ပြီးစည်းသက်ပြင်းတစ်ချက်ကို

ဖွဖွချလိုက်မိသည်။


"ငါကအပျော်သွားတာမှမဟုတ်တာပဲ....

ငါခွဲစိပ်ပါရဂူတစ်ယောက်ဖြစ်ချင်တာ...

ငွေတွေ၊ဂုဏ်တွေမက်လို့မဟုတ်ဘူးဆိုတာ...

နင်အသိဆုံးပါအချစ်...ငါ့လက်ထဲမှာငွေမရှိလို့၊

ငါဘာမှမတတ်နိုင်ခဲ့လို့၊ငါအသိနောက်ကျခဲ့လို့

ငါ့အတွက်တစ်ဦးတည်းသောမိသားစုဝင်ဖြစ်တဲ့

ငါ့ရဲ့အမေငါ့ကိုထားပြီးလောကကြီးထဲကနေ

အစောကြီးထွက်သွားခဲ့ရတာ..ငါနောက်ထပ်ငါ့အမေလို

သူမျိုးတွေကိုငါ့မျက်စိရှေ့မှာ...ငါဘာမှမတတ်နိုင်ပဲ

ဒီအတိုင်းလက်လွတ်လိုက်ရမဲ့အဖြစ်မျိုးတွေ

မရှိစေချင်ဘူး...ငါလူနာတွေရဲ့အသက်ကို

ကယ်တင်ချင်တယ်...ငါ့ရဲ့ဒီလက်တွေနဲ့သူတို့ရဲ့

အသက်ကိုကယ်တင်ချင်တာ....."


အချစ်နှစ်ပေါင်းများစွာရင်းနှီးခဲ့ရတဲ့

သူ့မျက်ဝန်းထဲကနာကျင်ရိပ်တွေ.....


အချစ်မျက်နှာလေးတစ်ဖက်သို့ပြန်လှည့်

လိုက်မိသည်။


ခဏကြာသည်အထိနှစ်ယောက်ကြား

တိတ်ဆိတ်သွားခဲ့ပြီးမှသူ့ဆီကနောက်တစ်ကြိမ်

သက်ပြင်းရိူက်သံတစ်ချက်ကိုကြားလိုက်ရပြန်၏.....


"အချိန်တစ်ခုပါပဲ...ငါ့ကိုနောက်ဆုံးအနေနဲ့

အချိန်တစ်ခုပေးပါအချစ်....ငါပြန်လာတဲ့အခါ....

ငါတို့နှစ်ယောက်လုံးမျှော်မှန်းထားတဲ့ဘဝမျိူးကို

တည်ဆောက်ဖို့ပိုပြီးအဆင်ပြေသွားမှာပါ...."


`နင်မသိဘူးလားငါလိုချင်တာနင့်နာမည်ဘေးက

ကပ်ပါလာမဲ့ဘွဲ့ထူးဂုဏ်ထူးတွေမဟုတ်ဘူး

ဆိုတာလေ....´


ထိုစကားကိုတော့အချစ်စိတ်ထဲကသာ

ပြောလိုက်မိသည်။


"ငါကရောအခုနင့်ကိုတားနေတာမှမဟုတ်ပဲ...

နင့်ရဲ့ခံယူချက်တွေနင့်ရဲ့ဆန္ဒတွေပြည့်မြောက်ဖို့အတွက်

ငါနင့်အတွက်ပေးနိုင်တာစောင့်ဆိုင်းခြင်းဆိုတဲ့

အရာတစ်ခုပဲရှိတယ်ဆိုတာငါသိတယ်...

အဲ့ဒါကြောင့်....ငါနင့်ကိုစောင့်နေမှာပါ....

၅နှစ်မကလို့ဆယ်နှစ်ပဲဖြစ်ဖြစ်နင်သာ

အဆင်ပြေမယ်ဆိုရင်ဘယ်လောက်ကြာကြာ

ငါစောင့်နေမှာပါစည်းရယ်...."


အဆုံးသတ်စကားကိုဆိုပြီးစည်းရဲ့ဘေးကနေ

ထပြီးသူမကျောခိုင်းလှည့်ထွက်သွားတဲ့အခါ

ကျောပြင်လေးတစ်ချက်သိမ့်ခနဲဖြစ်သွားတာကို

စည်းအသေအချာမြင်လိုက်ပါသေး၏....


"နင်ထပ်ပြီးငိုနေတာပဲ...အချစ်..."


~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿


ပညာတော်သင် ခရီးကနောက်တစ်ပါတ်ဆိုတာ

အတည်ပြုပြီးချိန်မှစ၍....သူနေ့တိုင်းအိမ်ကို

စောစောပြန်လာကာအချစ်အပေါ်ဆက်ဆံပုံလဲ

အနည်းငယ်ပြောင်းလဲသွားခဲ့၏....


အိမ်ကိုအပြန်အချစ်ကြိုက်တဲ့မုန့်လေးတွေ

ဝယ်လာတာမျိုးတို့၊အချစ်ပြင်ပေးတဲ့ထမင်းချိုင့်ကို

တကူးတကယူသွားတာမျိုးပေါ့.....


အချစ်ကတော့ဖြစ်လာသမျှကိုအဆိုးဆုံးထိ

တွေးပြီးရင်ဆိုင်ဖို့ဆုံးဖြတ်ပြီးထားပြီမို့....

တတ်နိုင်သမျှသူ့ရှေ့မှာအပူရုပ်ကိုဟန်လုပ်ပြီး

နေနေခဲ့ပါသည်။


"ရော့..."


"ဒါ...ဘာလဲ..."


အချစ်...စည်းစားပွဲပေါ်တင်ပေးလာသည့်

သရေပြားအနက်ရောင်အုပ်ထားတဲ့စာအုပ်သေးလေးကို

ကြည့်ပြီးမေးလိုက်မိတော့စည်းက

ထိုစာအုပ်လေးကိုအရှေ့သို့ပိုပြီးတိုးပေးရင်း...


"ဘဏ်စာအုပ်...."


"ဘဏ်စာအုပ်...."


စည်းစကားကိုအချစ်သံယောင်လေးလိုက်ရွတ်ရင်း

အံ့ဩသလိုလေးကြည့်လိုက်မိသည်။


"ဒီနှစ်တွေမှာငါနည်းနည်းချင်းစီစုထားတဲ့

ပိုက်ဆံတွေ...သိပ်မများကြီးမရှိပေမဲ့ငါမရှိမှာ

နင့်မှာကိစ္စတစ်ခုခုရှိလာတဲ့အခါသုံးဖို့ယူထားလိုက်..."


"ဟင့်အင်း...ငါမယူဘူး..."


အချစ်မဆိုင်းမတွငြင်းလိုက်ရင်းစာအုပ်လေးကို

အရှေ့သို့ပြန်တိုးပေးလိုက်သည်။


"နင်ကနေစရာအတွက်ငါ့ကိုဒီလိုလုံလုံခြုံခြုံ

အိမ်ကြီးတစ်လုံးလုံးထားထားခဲ့တာပဲ...

ငါတို့ဆိုင်ကရတဲ့ဝင်ငွေကငါ့တစ်ဝမ်းတစ်ခါး

အတွက်တော့ပူစရာမလိုပါဘူးဟာ...

နင်ကသူများနိုင်ငံသွားပြီးပညာသင်ရမှာ

ဒါကိုနင်ပဲယူထားလိုက်..."


"ငါ့အတွက်မလိုဘူး....ငါအဆင်ပြေတယ်..."


အချစ်ငြင်းပေမဲ့လဲစည်းကလက်မခံပဲ

ထိုင်ရာကနေထကာအချစ်ဘေးမှာလာထိုင်ပြီး

ဘဏ်စာအုပ်ကိုအချစ်လက်ထဲသေချာထည့်ပေးသည်။


"နင်ပဲယူထားလိုက်..."


"စည်း...."


အချစ်တစ်ခုခုထပ်ပြောရန်ပြင်လိုက်ပေမဲ့လဲ

လေးနက်လွန်းနေတဲ့စည်းရဲ့မျက်ဝန်းတွေနှင့်

ရင်ဆိုင်လိုက်ရချိန်မှာတော့ဘာစကားမှ

ထွက်မလာပဲခေါင်းလေးငုံ့လိုက်မိ၏....


"အချစ်..."


"ဟင်..."


ရုတ်တရပ်စည်းခေါ်လိုက်တော့လဲအချစ်

ကပျာကယာခေါင်းလေးမော့ကြည့်လိုက်ရပြန်သည်။

ထိုအခါအချစ်ကိုတည်ကြည်စွာစိုက်ငေး

ကြည့်နေတဲ့စည်းက....


"ငါမသွားခင်...ငါတို့လက်ထပ်စာချုပ်မှာ

လက်မှတ်ထိုးကြရအောင်....မနက်ဖြန်

ငါ့သူငယ်ချင်းဒေါက်တာပိုင်စိုးကိုခေါ်ထားတယ်

နင်လဲနင့်သူငယ်ချင်းတွေကိုသက်သေလုပ်ဖို့

ခေါ်လိုက်မနက်ပိုင်းငါတို့တရားရုံးကိုသွားကြတာပေါ့.."


"လက်ထပ်စာချုပ်မှာလက်မှတ်ထိုးမယ်..."


သူ့ဆီကအချစ်တစ်ချိန်လုံးမျှော်လင့်နေခဲ့ရတဲ့

စကားကိုတစ်ကယ်တမ်းကြားလိုက်ရချိန်မှာ

အချစ်ခံစားလိုက်မိတာကထင်သလောက်

ကျေနပ်ပျော်ရွှင်စရာမကောင်းဘူးဆိုတာပါပဲ...


အဲ့ဒါကမနက်ဖြန်သန်ဘက်ခါဆိုရင်ရော

အချစ်ကိုသူခွဲသွားတော့မယ်ဆိုတဲ့အသိကြောင့်လား

ဒါမှမဟုတ် ဒီလိုစကားကိုဆိုနေချိန်မှာတောင်

နွေးထွေးမူ့တွေပျောက်ဆုံးနေတဲ့သူ့မျက်ဝန်းတွေ

ကြောင့်များလား....


"ဘာလို့လဲ...??..."


ဝမ်းသာအားရခေါင်းငြိမ့်ရမဲ့အစား

အချစ်ထိုသို့ပြန်မေးလိုက်မိတာကကိုယ့်ကိုကိုယ်ပင်

သတိမထားလိုက်မိပေမဲ့သူကလဲအချစ်ရဲ့

မေးခွန်းအတွက်အဖြေအဆင်သင့်ရှိနေခဲ့၏....


"နင်ပြောတယ်မဟုတ်လား....ငါတို့ဝေးနေမဲ့

၅နှစ်ဆိုတဲ့အချိန်အတွင်းတစ်ခုခုပြောင်းလဲ

သွားမှာကြောက်တယ်ဆို...ငါကငါမရှိတဲ့အချိန်

နင်စိတ်အေးရအောင်စဉ်းစားခဲ့တာ..."


"ဒါဆိုနင်ကလက်ထပ်စာချုပ်ကိုနင့်ကိုယ်စား

ငါ့ဆီထားခဲ့ချင်တာပေါ့အဲ့လိုလား...."


"အဲ့လိုဆိုနင်ပိုပြီးစိတ်သက်သာရမယ်လို့ငါထင်တယ်.."


စိတ်သက်သာဖို့အတွက်တဲ့လား...

နှလုံးသားမပါပဲအခြေအနေအရဖြစ်လာတဲ့

ဒီလက်ထပ်စာချုပ်ကိုငါဘယ်လိုနှလုံးသားနဲ့

လက်ခံရမှာလဲစည်းရယ်.....


အချစ်ခေါင်းလေးယမ်းလိုက်မိသည်။


"အဲ့လိုမလုပ်ပါနဲ့...နင်ပြောတဲ့လက်ထပ်စာချုပ်တွေနဲ့

ငါနင့်အပေါ်ထားတဲ့ယုံကြည်မူ့တွေကိုငါ

တန်ဖိုးမဖြတ်နိုင်ဘူး...၃နှစ်ဆိုတဲ့အချိန်အတွင်း

ဘယ်လိုချုပ်နှောင်မူ့မျိုးမှမပါပဲနှစ်ယောက်အတူ

တည်ဆောက်ခဲ့တဲ့ငါတို့ရဲ့ဘဝထဲ.....

ဒီလိုရုပ်တရက်အခြေအနေကြောင့်မလွှဲမရှောင်သာ

ရောက်လာတဲ့လက်ထပ်စာချုပ်တွေကို

ငါမလိုချင်ဘူး...ငါလိုချင်တာနင့်နှလုံးသားနဲ့ငါ့ကို

လိုလိုလားလားတောင်းခံလာမဲ့လက်ထပ်ခွင့်ပါ...."


"အချစ်...."


"ဒါပေမဲ့ငါသိတယ်အဲ့ဒီ့်အတွက်ငါထပ်ပြီး

စောင့်ရဦးမယ်ဆိုတာလေ....နင်စိတ်ချလက်ချ

သွားပါ...နင်ပြန်လာတဲ့အခါမှစိတ်ရင်းအမှန်နဲ့

ငါ့ကိုလက်ထပ်ပါလို့ပြောလာရင်လဲ

အဲ့ဒီ့အချိန်ကနောက်ကျမှာမဟုတ်ပါဘူး....

ငါ...နင့်ကို..စောင့်.နေ.မှာ.ပါ..."


~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿


"စည်း..နင်ဟိုမှာကျန်းမာရေးဂရုစိုက်နော်

အစားကိုလဲပုံမှန်စား၊စာတွေအရမ်းကြည့်ပြီး

အိပ်ချိန်မမှန်အောင်လဲမနေနဲ့သိလား....

ပြီးတော့ငါ့ကိုလဲအမြဲတမ်းဆက်သွယ်နော်..."


သူအင်္ဂလန်သွားမည့်နေ့ကျတော့အချစ်သူ့ကို

လေဆိပ်အထိလိုက်ပို့ခဲ့သည်။


"နင်ရောပဲကျန်းမာရေးဂရုစိုက်..."


"အင်းပါငါ့အတွက်ဘာမှစိတ်မပူနဲ့...."


အချစ်သူ့ရှေ့မှာအတတ်နိုင်ဆုံးမျက်ရည်မဝဲအောင်

ထိန်းထားခဲ့ပေမဲ့ဆို့နင့်နေတဲ့ရင်အစုံကတော့

အသက်ပင်ကောင်းကောင်းရူလို့မရသည်အထိ

နာကျင်မွန်းကြပ်နေခဲ့ရ၏....


ခွဲခွာခါနီးရုပ်ရှင်တွေထဲကလိုပြောစရာ

မဆုံးနိုင်တဲ့စကားတွေလဲအချစ်နဲ့သူ့ရဲ့ကြားမှာ

မရှိခဲ့ပါ...ရင်တစ်ခုလုံးပြည့်ကြပ်နေတဲ့ဝမ်းနည်း

မူ့တွေနှင့်သူ့ကိုငေးရီစွာကြည့်နေခဲ့တဲ့အချစ်ကို

သူကလက်ပြနူတ်ဆက်ပြီးပညာတော်သင်

ဆရာဝန်အဖွဲ့နဲ့အတူကျောခိုင်သွားခဲ့တာက

တစ်ချက်လေးမှပင်နောက်မတွန့်တဲ့ခြေလှမ်းတွေနှင့်

ဖြစ်သည်။


သူအချစ်ကိုတစ်ချက်လေးတောင်

နောက်လှည့်မကြည့်ခဲ့ပေမဲ့လဲအချစ်သူ့ကို

အပြစ်မတင်မိပါ...ဘာ့ကြောင့်လဲဆိုရင်

တစ်ခုခုကိုဆုံးဖြတ်ပြီးတဲ့အခါဘယ်တော့မှ

အနောက်ကိုပြန်လှည့်မကြည့်တတ်တာက

သူ့ရဲ့အကျင့်ပင်မဟုတ်လား.....


"သွားတော့.....စည်း...."


~~~~~~~~~~~~~~~❤◦.¸¸. ◦✿


သူလေယာဉ်တက်သွားပြီးအတန်ကြာသည်အထိ

အချစ်လေဆိပ်ထဲမှာငေးငိုင်စွာထိုင်နေခဲ့ရင်း

နေ့လည်လောက်မှဆိုင်ကိုပြန်ရောက်ဖြစ်ခဲ့၏....


"အချစ်ပြန်လာပြီလား...."


ဆိုင်ခန်းထဲလှမ်းဝင်သွားတာနှင့်အချစ်ကို

စောင့်နေတဲ့ကြည်ဖြူနဲ့မေ့ကိုမြင်လိုက်ရသည်။


"ကိုစည်းစနစ်သွားပြီလား...."


"အင်း..."


အချစ်သူတို့ကိုခပ်တိုတိုပြန်ဖြေရင်း

ရေသန့်ဘူးနားကိုလျောက်သွားလိုက်ပေမဲ့

ဟန်ဆောင်ပန်ဆောင်ရေခွက်ကိုကောက်ကိုင်လိုက်တဲ့

လက်ကလေးကတော့တုန်ရီနေခဲ့၏....


ဒါကိုသေချာသတိထားမိပုံရသည့်

ကြည်ဖြူနှင့်မေကလဲတစ်ယောက်ကိုတစ်ယောက်

မျက်စပစ်ကာအချစ်နားကိုရောက်လာခဲ့၏...


"အချစ်..."


"ဟေ..."


"နင်ငိုချင်ရင်ငိုချလိုက်ပါဟာ..ငါတို့ရှေ့မှာတော့

ဟန်ဆောင်စရာမလိုပါဘူး...."


"ဟုတ်ပါတယ်ဟာ...နင်ဒီအတိုင်းတင်းခံထားရင်

နင်ပိုပြီးပင်ပန်းမှာပေါ့...."


သူငယ်ချင်းကောင်းပီသစွာအချစ်ကို

အားပေးစကားဆိုနေကြသည့်ကြည်ဖြူနှင့်မေ့ကြောင့်

တင်းခံထားတဲ့ အချစ်ရဲ့နာကျင်မူ့တွေ

အရည်ပျော်သွားခဲ့ရသည်။


"ဟင့်...ဟင့်...."


အချစ်နေရာမှာတင်တအိအိနှင့်ငုတ်တုတ်လေး

ထိုင်ကျသွားရရင်းရိူက်ကြီးတငင်ငိုချပစ်လိုက်မိသည်။


"အချစ်ရယ်...."


အချစ်ကိုကြည့်ပြီးကြည်ဖြူနှင့်မေမှာလဲ

မချိတင်ကဲရေရွတ်ရုံမှတစ်ပါး.....


~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿


ဒီညအချစ်နဲ့သူရဲ့အိမ်လေးထဲမှာအချစ်

တစ်ယောက်ထဲပါပဲ....သူရှိတုန်းကလဲ

ဆေးရုံမှာပဲညအိပ်ပြီးအိမ်ပြန်မလာတဲ့ညမျိုးတွေက

မကြာခဏရှိတတ်ပေမဲ့...အခုသူအချစ်နားမှာ

တစ်ကယ်မရှိတော့ဘူးဆိုတဲ့အသိကြောင့်

ဒီညကအချစ်ကိုပိုပြီးအထီးကျန်ဝမ်းနည်းစေ၏...


အချစ်...စာအုပ်တွေရှင်းသွားပြီဖြစ်တဲ့

သူ့ရဲ့စာကြည့်စားပွဲလေးကိုလက်ဖဝါးလေးနှင့်

ပွတ်သပ်ရင်းမျက်ရည်များထပ်ပြီးပြည့်အိုင်လာခဲ့

ရသည်။


"၅နှစ်..."


နူတ်ကနေကယောင်ကတမ်းလေးရေရွတ်ရင်း

အချစ်ရှပ်အင်္ကျိအပွကြီးအောက်က

ဝမ်းဗိုက်ချပ်ချပ်လေးကိုဖွဖွအုပ်ကိုင်လိုက်သည်။


"နင့်ကိုဖွင့်မပြောခဲ့ရတဲ့အတွက်ငါနောင်တမရဘူး

စည်း....အကယ်၍ငါဖွင့်ပြောခဲ့လို့နင်က

ငါ့ဗိုက်ထဲကရင်သွေးလေးကိုနင့်ဘဝအတွက်

အတားအဆီးတစ်ခုကိုသဘောထားခဲ့ရင်

အဲ့ဒီ့အခါငါတစ်ကယ်နောင်တရမိမှာ.....

ငါတစ်ယောက်ထဲစောင့်ရှောက်နိုင်မှာပါ...

နင်နဲ့ငါ့ရဲ့ရင်သွေးလေးကိုပေါ့...အဲ့ဒါကြောင့်

နင်စိတ်ထဲရှိသမျှ...နင့်ရဲ့ခံယူချက်နင့်ရဲ့

ရည်မှန်းချက်တွေကိုသာပြည့်အောင်သာ

ကြိုးစားပါတော့.....ငါ...ငါ့ဘဝထဲကိုရောက်လာမဲ့

နင်နဲ့ငါ့ရဲ့ရင်သွေးလေးနဲ့အတူနင်ငါတို့ဆီပြန်လာ

မှာကိုစောင့်နေပါ့မယ်....."


~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿


5နှစ်ခန့်ကြာသောအခါ.....


ရန်ကုန်International Airport✈✈


လေယာဉ်ပြေးလမ်းပေါ်ကနေတရွေ့ရွေ့

ဆင်းသက်လာတဲ့လေယာဉ်ကြီးနှင့်အတူ

၅နှစ်တာမျှဝေးကွာနေခဲ့တဲ့အမိမြေရဲ့

အငွေ့အသက်တို့ကိုစည်းစပြီးခံစားလိုက်ရ၏...


ပြီးခဲ့တဲ့အပါတ်ထဲကပြန်ရောက်နေတဲ့

ပညာတော်သင်ဆရာဝန်အဖွဲ့ထက်နောက်ကျပြီးမှ

စည်းပြန်လာခဲ့ရတာပေမဲ့လေဆိပ်ထဲမှာ

စည်းကိုကြိုဆိုနေတဲ့သူတွေကတော့များပြား

လွန်းလှသည်။


၅နှစ်အတွင်းကိုယ်စွမ်းညဏ်စွမ်းရှိသမျှကို

လုံ့လဝီရိယနှင့်ယှဉ်ပြီးကြိုးစားခဲ့တဲ့စည်းအတွက်

ပါရဂူဘွဲ့ယူပြီးချိန်မှာအင်္ဂလန်ကထိပ်တန်း

ဆေးရုံတွေကအပြိုင်အဆိုင်ကမ်းလှမ်းလာခဲ့ပေမဲ့

စည်းကတော့အမိမြေကိုပြန်လာဖို့ကိုပင်

ရွေးချယ်ခဲ့သည်။


"ကွန်ကရက်ကျူလေးရှင်းဆရာ...

မြန်မာပြည်ကကြိုဆိုပါတယ်...."


တစ်ချိန်ကရွယ်တူတန်းတူလုပ်ဖော်ကိုင်ဖက်တွေကပင်

ဆရာဟုတလေးတစားခေါ်ပြီးကြိုဆိုဖို့

ရောက်လာကြတဲ့စည်းကိုဒီလိုအခြေအနေ

ရောက်လာစေဖို့အတွက်ပဲ့ကိုင်ရှင်ဖြစ်ပေးခဲ့သည့်

ဆေးရုံအုပ်ကြီးကိုယ်တိုင်စည်းကိုတကူးတက

လာကြိုခဲ့ပေးခဲ့သည်။


စည်းအားလုံးနဲ့ဖက်လှဲတကင်းနူတ်ဆက်ပြီးတော့

ဆေးရုံအုပ်ကြီးစီစဉ်ပေးထားတဲ့ကားနဲ့ပင်

လေဆိပ်ကထွက်လာခဲ့၏....


"ဒေါက်တာ့အတွက်...ဆေးရုံအုပ်ကြီးစီစဉ်ပေးထားတဲ့

ကွန်ဒိုကိုပဲမောင်းပေးရမလားဒေါက်တာ..."


စည်းဒီကိုပြန်မရောက်လာခင်ထဲက

စည်းရဲ့နေရေးထိုင်ရေးအတွက်ဆေးရုံအုပ်ကြီးက

အစစအရာရာစီစဉ်ပြီးသားဆိုတာကိုတော့

စည်းသိခဲ့ပြီးသားဖြစ်သည်။


"မသွားဘူး...ကျွန်တော်အရင်သွားရမဲ့

တနေရာရှိတယ်...."


"ဘယ်များလဲဒေါက်တာ...."


".............ကို..."


စည်းရဲ့နူတ်က၅နှစ်လုံးလုံးအလွတ်မှတ်မိနေတဲ့

လိပ်စာတစ်ခုကိုထွက်သွားခဲ့တာနှင့်ကားလေးကလဲ

ဦးတည်ရာပြောင်းသွားခဲ့တော့၏....


~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿


"ကျွီ...."


လွန်ခဲ့တဲ့၅နှစ်ကမြေနီလမ်းလေးအတိုင်း

ခုထိမပြောင်းလဲသေးတဲ့လမ်းကြားလေးထဲက

သွပ်မိုးပျဉ်ထောင်အိမ်သေးသေးလေးရဲ့ရှေ့မှာ

အနက်ရောင်အိစက်နေတဲ့ဇိမ်ခံကားကြီးက

ထိုးရပ်သွားခဲ့သည်။


စည်းကားမှန်ကိုလျောချလိုက်ပြီးတံခါးတွေပိတ်ထားတဲ့

အိမ်လေးကိုလှမ်းကြည့်လိုက်ချိန်မှာ

စိတ်ထဲအနည်းငယ်လူပ်ရှားသွားခဲ့ရသလိုပါပဲ....


အိမ်တံခါးတွေပိတ်ထားတယ်ဆိုတော့

သူမအိမ်မှာမရှိတာများလား...ဒါပေမဲ့

ကားဝင်လာတုန်းကရပ်ကွက်ထိပ်ရှိသူမရဲ့ဆိုင်လေးကို

စည်းကြည့်ခဲ့ပေမဲ့လဲထိုနေရာမှာဆံပင်ပြုပြင်ဆိုင်အစား

ဓာတ်ပုံဆိုင်တစ်ဆိုင်ကိုတွေ့ခဲ့သည်။


ဆိုင်ကပိတ်လိုက်တာများလား...??

၅နှစ်အတွင်းဘာတွေပြောင်းလဲကုန်တာပါလိမ့်...??


အမှန်တော့စည်းသူမဆီအဆက်အသွယ်

မလုပ်ဖြစ်တာဘယ်လောက်ကြာနေပြီလဲ

မမှတ်မိတော့......


"ချလပ်..."


စည်းကားပေါ်ကဆင်းပြီးဘေးဘီကို

တစ်ချက်ကြည့်ကာခြံတံခါးကိုလျောက်လာတော့

သံကြေးတက်နေပြီဖြစ်တဲ့သော့ခလောက်ကြီးနှင့်

ခတ်ထားတာကိုမြင်လိုက်ရ၏....


ထို့အပြင်ခြံထဲမှာထိုးထိုးထောင်ထောင်ဖြစ်နေတဲ့

မြတ်ပင်ရှည်တို့ကလူနေတဲ့ခြံနဲ့မတူတော့...


"ဒီကမောင်ရင်လေး...ဘယ်သူ့ကိုရှာနေတာလဲ..."


ထိုအချိန်နောက်ကကြားလိုက်ရတဲ့အသံကြောင့်

စည်းလှည့်ကြည့်လိုက်မိတော့ထီးတစ်ချောင်းကို

ကိုင်ထားတဲ့အမျိုးသမီးကြီးတစ်ယောက်ကို

မြင်လိုက်ရ၏....


"ကျွန်တော်...."


စည်းဘာမှမပြောရသေးခင်ထိုအမျိုးသမီးက

အိမ်ကိုတစ်လှည့်၊စည်းကိုတစ်လှည့်ကြည့်ရင်း....


"ဒီအိမ်မှာဘယ်သူမှမနေဘူးကွဲ့..တစ်ကယ်

လူမနေတာကြာလှပြီအန်တီတို့ဒီနားကို

ပြောင်းလာကထဲကပဲ၅နှစ်လောက်တော့ရှိပြီ....."


"ဗျာ...."


ကြားလိုက်ရတဲ့သတင်းကြောင့်စည်းနေရာမှာတင်

မှင်သက်သွားခဲ့ရင်း.....


~~~~~~~~~~~~~~~~❤◦.¸¸. ◦✿


အပိုင်း(၄)မျှော်


Writer by

#Hazel


rate now: