💛အကြင်နာလက်တစ်ကမ်း💛
~~~~~~~~~
"ဒီတစ်ပါတ်တနင်္ဂနွေနေ့ကျရင်ငါတို့
သမီးလေးကိုကစားကွင်းလိုက်ပို့ကြမလား...."
နူတ်ဆက်ပါတီကအပြန်လမ်းမှာ..
စည်းကားမောင်းနေရင်းက...သမီးလေးကို
ပေါင်ပေါ်တင်ပြီးပိုက်ထားတဲ့သူမကိုငဲ့ကြည့်ကာ
ပြောလိုက်သည်။
သမီးလေးကတော့..သူမချီပိုက်ထားတဲ့အတိုင်းလေး
အိပ်ပျော်နေရှာ၏....
"နင်ကအားလို့လား...."
"အားတာပေါ့..ဒီတနင်္ဂနွေကငါ့နားရက်ပဲကို..."
"အဟင်း..."
"ဘာလို့ရယ်တာလဲ...."
"ဒီအတိုင်း..အရင်တုန်းကအကြောင်းတွေကို
ပြန်စဉ်းစားမိပြီးသဘောကျလို့ပါ.....
ဟိုအရင်ကဆိုတနင်္ဂနွေလိုနားရက်မျိုးဆိုတောင်
နင်ကအမြဲတမ်းဆေးရုံမှာပဲရှိနေတာလေ...
တစ်ခါတစ်လေလေးတနင်္ဂနွေနားရက်ကို
ပြည့်ပြည့်ဝဝနားပါလားလို့ငါပြောရင်....
လူနာတွေကတနင်္ဂနွေနေ့မျိုးနေမကောင်းမဖြစ်တာ
မရှိဘူးဆိုပြီး....နင်ပြန်ပြောခဲ့တာလေ...."
စည်း..သူမစကားကိုဆုံးအောင်နားထောင်ရင်း
ခပ်သဲ့သဲ့ရယ်လိုက်မိသည်။
"အရင်တုန်းက..နင်ငါ့ကိုတော်တော်သည်းခံခဲ့ရတာပဲ..."
"သေချာတာပေါ့..နင်ကအခုမှသိလို့ပါ...."
အတိတ်ကအကြောင်းတွေကိုပြန်ပြောနေတာပေမဲ့
သူမမျက်ဝန်းတွေကနာကျည်းခြင်းအရိပ်အယောင်တွေ
အလျဉ်းမရှိတော့ပဲကြည်စင်နေခဲ့၏...
စည်း...သူမရဲ့လက်ဖျားလေးတစ်ဖက်ကို
ဆုပ်ကိုင်လိုက်သည်။
"ငါအခု..နင်နဲ့သမီးလေးကိုအချိန်တွေအများကြီး
ပေးချင်တယ်..."
"နင့်ရဲ့လူနာတွေထက်ပိုပြီးတော့လား...."
သွားတန်းလေးတွေပေါ်အောင်သူမရယ်ပြီးမေးလာတော့
စည်းကိုယ်တိုင်လဲလိုက်ရယ်မိ၏....
တစ်ကယ်တော့..စည်းနှလုံးသားတစ်ခုလုံးနဲ့ရင်းပြီးမှ
သေချာနားလည်ခဲ့ရတာမဟုတ်လား...
လက်တစ်ကမ်းမှာရှိနေနဲ့သူမရဲ့အကြင်နာတွေကို
ပြန်လည်ဖမ်းဆုတ်နိုင်ဖို့ဘယ်လောက်ထိခက်ခဲ
ခဲ့တယ်ဆိုတာပေါ့....
~~~~~~~~~~~~~~~🌺🌺🌺
"သမီးလေးကအခုလာမဲ့နှစ်ဆိုကျောင်းထားရတော့မှာ
အခုငါတို့မှာမိသားစုသန်းခေါင်စာရင်းလေးရှိဖို့
လိုလာပြီ...."
အိမ်ပြန်ရောက်တော့..သမီးလေးကို
အိပ်ယာတွေ၊ဘာတွေခင်းသိပ်ပြီး
အချစ်ကျစ်ဆံမြှီးကျစ်ထားတဲ့ဆံပင်တွေကို
ဖြေချရှင်းလင်းနေချိန်မှာပဲ...ခြင်ထောင်ဘေးမှာ
ထိုင်နေတဲ့သူက..အချစ်ကိုငေးစိုက်ကြည့်နေရင်းမှ
ပြောလာခဲ့သည်။
"အချစ်..."
စည်း..သူမနားကိုတိုးကပ်သွားလိုက်ရင်း
လက်ထဲကဘီးကိုဆွဲယူလိုက်ကာ...
ဆံပင်တွေကိုတယုတယဖြီးသင်ပေးကာ
ခေါ်လိုက်မိတော့..သူမကခေါင်းလေးငဲ့ကြည့်သည်။
"ငါတို့လက်ထပ်ကြရအောင်..."
ရုတ်တရပ် စည်းရဲ့စကားကြောင့် သူမမျက်နှာလေး
အနည်းငယ်အရောင်ရင့်သွားခဲ့၏....
"သမီးလေးဒီအရွယ်ရောက်နေမှ..ဘာကို
လက်ထပ်မှာလဲ...."
"ဘာဖြစ်လဲ..ငါတို့ကပါတ်သတ်မူ့အရသာ
ဇနီးမောင်နှံဖြစ်နေပေမဲ့..တစ်ကယ်တမ်း
ငါ့မှာနင့်ကိုပိုင်ဆိုင်ပါတယ်လို့သက်သေပြစရာ
ဘာအထောက်အထားမှမရှိဘူးလေ...
တော်ကြာနင်စိတ်ပြောင်းပြီးငါ့ကိုထားခဲ့ရင်
ငါဘယ်လိုလုပ်ရမလဲ...."
လွမ်းလွမ်းဆွေးဆွေးပြောရင်းသူကအချစ်
ကိုယ်လေးကိုပွေ့ဖက်က...ဆံနွယ်ရှည်တွေကြား
မျက်နှာကိုတိုးဝှေ့သည်။
အချစ်သဘောကျသလိုပြုံးလိုက်မိသည်ထင်၏...
သူ့လက်ဖမိုးတစ်ဖက်ကိုမနာအောင်ဆိတ်ဆွဲလိုက်ရင်း
"ဘယ်သူ့ကဘယ်သူ့ကိုထားခဲ့မှာလဲ
ပြန်ပြောပါဦး...."
"အဲ့ဒါကြောင့်..သေချာအောင်လက်ထပ်ကြမယ်လို့...
ငါ့မှာစုထားတဲ့ပိုက်ဆံတွေအများကြီးရှိပါတယ် နော်
မင်္ဂလာဆောင်ကြရအောင်...."
ကလေးတစ်ယောက်ဂျီတိုက်နေတဲ့ပုံစံမျိူး
လုပ်နေတဲ့သူ့ကြောင့်အချစ်နူတ်ခမ်းလေးဖိကိုက်မိရင်း...
"ဟင့်အင်း..မဆောင်ချင်ပါဘူး...သမီးလေးတောင်
၅နှစ်ပြည့်ပြီးသွားပြီကိုခုမှမင်္ဂလာထဆောင်ရမှာ
ရှက်စရာကြီး...."
"ဒါဆိုလဲတရားရုံးမှာလက်မှတ်ပဲထိုးပြီး
မင်္ဂလာဆွမ်းကျွေးလေးအကျဉ်းချုံးလုပ်ကြမယ်လေ...
မကောင်းဘူးလား...."
"ဘာလို့အဲ့လောက်တောင်လက်ထပ်ချင်နေတာလဲ..."
"သမီးလေးရဲ့တရားဝင်ဖေဖေဖြစ်ခဲ့ရပြီးတော့
နင့်ရဲ့တရားဝင်ယောကျာင်္းဖြစ်ချင်လို့ပေါ့...
အခုငါ့ဘဝမှာဖြစ်ချင်တာတစ်ခုပဲရှိတော့တယ်..
အဲ့ဒါ..ငါတို့နှစ်ယောက်နဲ့အရင်နေရာလေးမှာ
သမီးလေးနဲ့အတူပျော်ရွှင်တဲ့မိသားစုလေးအဖြစ်
အတူတကွရှိနိုင်ဖို့ပဲ...."
ငေးရီတဲ့မျက်ဝန်းနှစ်စုံရဲ့ဆုံစည်းမူ့က
အရာရာကိုတိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။
"အချစ်..."
"ဟင်...."
"ငါတို့တရားရုံးမှာလက်မှတ်ထိုးပြီးသွားတဲ့အခါ..
သမီးလေးနဲ့အတူ..အရင်အိမ်လေးဆီပြန်လိုက်ခဲ့မယ်
မဟုတ်လား...."
အချစ်ဘာမှပြန်မဖြေနိုင်သေးခင်မှာပဲ
သူကအချစ်နဖူးပြင်ကိုနူတ်ခမ်းတွေနှင့်
တင်းတင်းဖိကပ်လာပြန်ရင်း....
"ငါတို့..ဟိုးအရင်စဘဝလေးကိုပြန်သွားကြရအောင်
ငါနောက်တစ်ကြိမ်..နင်နဲ့အတူဘဝသစ်တစ်ခုကို
စချင်တယ်..ငါတို့နှစ်ယောက်ရဲ့သမီးလေးနဲ့အတူပေါ့...."
~~~~~~~~~~~~~~~~🌺🌺🌺
"ဒါဖေဖေ့အိမ်လားဟင်..အိမ်လေးကအရမ်း
လှတာပဲနော်..."
"ဒါပေါ့..အိမ်လေးကအရမ်းလှတယ်..အခု
ဒီအရမ်းလှတဲ့အိမ်လေးထဲမှာ..ဖေဖေရယ်၊မေမေရယ်
မီးလေးရယ်..အတူတူနေကြမှာလေ
မကောင်းဘူးလား...."
"ဖေဖေတစ်ကယ်ပြောတာနော်..."
"တစ်ကယ်ပြောတာပါတဲ့ဗျာ...."
"ပြီးတော့ဖေဖေက...မီးလေးအတွက်
အခန်းလှလှလေးလဲလုပ်ပေးထားတယ်
အဲ့ဒီ့အခန်းထဲမှာအရုပ်တွေလဲအများကြီးပဲ
ပုံပြင်ကာတွန်းစာအုပ်လေးတွေရောပဲ......"
"ရေး...ပျော်စရာကြီး..မီးဖေဖေ့ကိုအရမ်းချစ်တာပဲ...."
အပြင်ဘက်ကသားအဖနှစ်ယောက်ရဲ့
ရယ်ရယ်မောမောအသံတွေကိုနားထောင်ရင်း
မီးဖိုခန်းထဲမှာ..ဟိုဘက်အိမ်ကသယ်လာတဲ့
မီးဖိုချောင်ပစ္စည်းတစ်ချို့ကိုနေရာချနေရင်းမှ
အချစ်နားထောင်နေရင်းပြုံးမိသည်။
သူနဲ့အချစ်ရဲ့အိမ်လေးကအပြင်မှကြည့်လိုက်ရင်
အရင်အတိုင်းပဲဆိုပေမဲ့အတွင်းပိုင်းမှာတော့.
တော်တော်ပြောင်းလဲနေခဲ့ပြီဖြစ်သည်။
အခန်းတစ်ခန်းလဲထပ်ဖွဲ့ထားပြီး၊ပရိဘောက
ပစ္စည်းတွေကလဲအသစ်တွေ၊ဆိုဖာဆက်တီတွေ
တီဗီတွေ၊ဗီရိုအသစ်တွေချည်းပေမဲ့...
အချစ်အတွက်ကတော့ဟိုးအရင်ကလိုမျိူးပဲ
မစိမ်းသက်နေခဲ့...
ဒါပေမဲ့အချစ်သိတယ်..တစ်အိမ်လုံးကအပြင်အဆင်တွေ
ပြောင်းလဲနေပေမဲ့လုံးဝမပြောင်းလဲတဲ့အရာတစ်ခုက
ဒီမီးဖိုခန်းထဲကထမင်းစားပွဲဟောင်းလေးပါပဲ...
ဟိုးအရင်အတိတ်ကနေ့ရက်တွေတုန်းက
အချစ်အမြဲတမ်းသူပြန်အလာကိုအထီးကျန်စွာ
စောင့်ဆိုင်းနေတတ်တဲ့နေရာလေးပေါ့...
အချစ်ဘာပစ္စည်းမှတင်မထားတဲ့စားပွဲခုံရှည်လေးကို
လက်ဖဝါးနှင့်ဖွဖွပွတ်သပ်ရင်းပြုံးလိုက်မိစဉ်မှာပဲ...
သူကသမီးလေးကိုချီပြီးမီးဖိုခန်းထဲဝင်လာသည်။
"မီးလေး..ဂျယ်လီအေးအေးလေးစားမလား..."
"ဟုတ် စားမယ်..ဖေဖေ"
သမီးကိုချီထားလျက်နဲ့သူကရေခဲသေတ္တာနား
လျောက်သွားပြီးတံခါးကိုဖွင့်ကာ
အထဲကဂျယ်လီဗူးလေးကိုထုတ်ပြီးသမီးလေးကို
ပေးကာအောက်ချပေးလိုက်တော့..သမီးလေးက
ဂျယ်လီဘူးလေးကိုင်ပြီးအိမ်ရှေ့
ကိုပြန်ပြေးထွက်သွားသည်။
ထိုအခါမှသူကအချစ်နားကိုတိုးကပ်လာရင်း...
"ဘယ်လိုလဲ....မီးဖိုချောင်ကိုစိတ်တိုင်းကျရဲ့လား
နင်ထပ်ဝယ်ထည့်ချင်တာရှိရင်ငါ့ကိုပြောလေ...."
"ဘာလို့ပိုက်ဆံတွေအပိုဖြုန်းမှာလဲ...နင့်အိမ်မှာ
အားလုံးပြည့်စုံနေတာပဲကို..."
"ငါ့အိမ်မဟုတ်ပါဘူး...ငါတို့အိမ်...."
စကားကိုကပ်သပ်ကာပြောရင်းသူက
အချစ်ပခုံးလေးကိုပွေ့ဖက်တော့အချစ်ရယ်လိုက်မိသည်။
"ဒီစားပွဲလေးကိုမှတ်မိလား...."
"အင်း..."
"ငါအင်္ဂလန်ကနေပြန်ရောက်ရောက်ချင်း
အချိန်တွေကဒီအိမ်လေးထဲမှာတစ်ယောက်ထဲ
တစ်ကယ်ကိုအထီးကျန်နေခဲ့တာ...ငါဆေးရုံကနေ
နောက်ကျပြီးပဲပြန်လာလာ၊စောပြီးပဲပြန်လာလာ
ငါ့ကိုစောင့်နေမဲ့သူဘယ်သူမှမရှိဘူး...
နေ့တိုင်း၊နေ့တိုင်းဒီနေရာကခြောက်သွေ့နေပြီးတော့
ငါ့ကိုပိုပြီးပင်ပန်းစေခဲ့တယ်..."
စကားကိုအဆုံးမသတ်ခင်သူ့အသံကမောလျစွာ
တိုးတိမ်သွားခဲ့ရင်း...အချစ်ကိုယ်လေးကို
သူ့ဘက်လှည့်ယူလျက်ပွေ့ဖက်သည်။
"ခုမှအရာအားလုံးပြည့်စုံသွားသလိုပဲ..."
"အဟင်း..တော်ပြီအနားမှာကပ်ပြီးလိုက်ချွဲမနေနဲ့
အရှေ့မှာသမီးကိုသွားထိန်းထားဦး
ဒီမှာညနေစာပြင်ရဦးမှာ...."
"ဘာလို့ပြင်နေမှာလဲ...ဒီနေ့တော့အပြင်ကပဲ
မှာစားလိုက်မယ်လေ..."
"ကြည့်...နင်ကလေပိုက်ဆံအရမ်းဖြုန်းတာပဲ..."
အချစ်..သူ့ရင်ဘတ်ကိုလက်သီးဆုပ်နှင့်
ခပ်ဖွဖွထုလိုက်တော့..သူကခပ်သဲ့သဲ့ရယ်ပြီး
အချစ်မျက်နှာလေးကိုတိုးဝှေ့လိုက်နမ်း၏...
တိုးကြိတ်ကြိတ်ရယ်သံတွေကမီးဖိုခန်းထဲ
ပျံ့လွင့်နေရင်း...ရာသီဥတုသာယာနေစဉ်မှာပဲ...
"ကိုစည်းစနစ်...ကိုစည်းစနစ်...."
"ဟင်...."
အိမ်ရှေ့ကနေလှမ်းခေါ်နေတဲ့အသံတစ်ခုကို
ကြားလိုက်တော့...အချစ်သူ့ရင်ခွင်ထဲကရုန်းထွက်ကာ
လူချင်းကကပျာကယာခွာလိုက်သည်။
"အဲ့ဒါကြည်ဖြူ့အသံမဟုတ်လား..."
အချစ်အံ့ဩသလိုလေးမေးမိတော့သူက
ခေါင်းငြိမ့်ရင်း....
"မနေ့ကငါသူနဲ့လမ်းမှာဆုံဖြစ်လို့..ဒီနေ့နင်အိမ်ကို
ပြန်ပြောင်းလာမဲ့အကြောင်းပြောလိုက်တာ....
ကြည်ဖြူကအိမ်ထောင်ကျသွားပြီ..ခုကလေး
တစ်ယောက်နဲ့..သူ့ယောကျာင်္းကဒီရပ်ကွက်ထဲကပဲလေ
ဆိုင်ကယ်,ကယ်ရီဆွဲတာ...မေကတော့နယ်ပဲ
ပြန်သွားတယ်လို့ပြောတယ်..."
"ကြည်ဖြူတောင်ကလေးရနေပြီလား...."
"ထွက်တွေ့လိုက်လေ..သူနင့်ကိုလာတွေ့တာနေမယ်..."
"အင်း...."
အချစ်အပြုံးလေးနှင့်ခေါင်းငြိမ့်ပြီးအိမ်ရှေ့ကို
ခပ်သွက်သွက်ထွက်လာခဲ့လျှင်...
အိမ်အောက်လှေကားထစ်တွေနားမှာ
မြင်လိုက်ရတဲ့သူငယ်ချင်းဖြစ်သူ...
"ကြည်ဖြူ...."
"အချစ်...."
မတွေ့ရတာ၅နှစ်ကျော်မျှရှိပြီဖြစ်တဲ့သူငယ်ချင်းကို
မြငိလိုက်တာနှင့်..အချစ်ဟန်မဆောင်နိုင်ပဲ
အိမ်ပေါ်ကနေပြေးဆင်းကာ...ကြည်ဖြူ့ကို
ပွေ့ဖက်လိုက်မိတော့၏....
~~~~~~~~~~~~~~🌺🌺🌺
မတွေ့ရတာကြာပြီဖြစ်တဲ့အခင်မင်ဆုံး
သူငယ်ချင်းနဲ့ပြန်ဆုံရတဲ့အခိုက်အတန့်ပြောစရာ
စကားတွေက...ပြောမကုန်နိုင်ခဲ့ပဲ..
အချစ်ညနေစာပြင်ဖို့လဲသတိမရနိုင်တော့...
ကြည်ဖြူပြန်သွားတော့ပဲ..၅နာရီကျော်နေလေပြီ...
သူကတော့ပြောထားတဲ့အတိုင်းညနေစာအတွက်
အပြင်ကနေလှမ်းမှာခဲ့သည်။
သမီးလေးနဲ့အချစ်ကြိုက်တဲ့ဟင်းပွဲတွေကိုသူက
ရွေးမှာထားသလို...သမီးလေးကလဲ
ထမင်းစားချိန်ရောက်တာတောင်အဖေဖြစ်သူဘေးက
မခြာ...
အရင်ကဆိုအချစ်ခွံ့ကျွေးမှစားတဲ့သမီးက
ခုတော့သူ့အဖေမှသူ့အဖေဖြစ်နေ၏....
"ဒီမှာ..ဖေ့သမီးလေးကြိုက်တဲ့ချိုချဉ်ကြော်
တွေ့လား.....ဒီမှာအသားလုံးလေးတွေရော
ဟပါဦး...."
"ဖေဖေလဲစားလေ...."
"စားတာပေါ့..သမီးလေးရဲ့..."
"မီး..ဖေဖေ့ကိုပြန်ခွံ့ကျွေးမယ်..."
အချစ်..အကဲပိုနေတဲ့သားအဖနှစ်ယောက်ကို
ကြည့်ပြီးခေါင်းယမ်းလျက်ရယ်မိသည်။
"မီးလေးကဖေဖေ့ကိုပဲချစ်တာလား..မေ့ကိုလဲ
ခွံ့ကျွေးဦးလေ...."
"ကျွေးမှာပေါ့မေမေရဲ့..မီးကမေမေနဲ့ဖေဖေ့ကို
တူတူချစ်တာ..."
လက်ညိုးလေးနှစ်ချောင်းကိုပူးပြရင်း
ပါးစုံလေးတွေဖောင်းတက်သွားအောင်ရယ်ပြီး
ပြောလာတဲ့သမီးလေးကအမှန်တစ်ကယ်ကို
ချစ်စရာကောင်းလွန်းနေ၏...သူ့ရှေ့မှာရှိနေတဲ့
ပန်းကန်ထဲချိုချဉ်ကြော်တွေကိုဇွန်းလေးနှင့်
မမှီ့တမှီခပ်ကာ...အဖေနဲ့အမေကိုတစ်လှည့်စီ
ခွံ့ပေးသည်။
နွေးထွေးပျော်ရွှင်စရာကောင်းလွန်းနေသည့်
မိသားစုထမင်းဝိုင်းလေးမှာအချစ်သူနဲ့သမီးလေးရဲ့
အပြုံးတွေကိုငေးမောကြည့်နေမိရင်း...
ရင်ထဲမှာဖြစ်ပေါ်လာတဲ့ကြည်နူးနှစ်သိမ့်ခြင်းတွေက
ဘယ်လိုအရာနဲ့မှနိူင်းယှဉ်ပြလို့မရနိုင်လောက်
အောင်ပါပဲ......
ဒါက...အမိဝမ်းထဲကနေကျွတ်ကထဲက
သနားစဖွယ်ရောဂါသည်လေးအဖြစ်
ခက်ခက်ခဲခဲကြိုးစားရှင်သန်ခဲ့ရတဲ့...
သမီးလေး`ရွှေဘုံဗိမ္မာန်´အတွက်
အထိုက်တန်ဆုံးမိသားစုဘဝလေးပင်
မဟုတ်ပါလား.....??
~~~~~~~~~~~~~~~~~~~🌺🌺🌺
ဒီနေ့ဟာသူနဲ့အချစ်ရုံးတက်လက်မှတ်ထိုးမဲ့နေ့မို့
မနက်အစောကြီးထဲကမိသားစုသုံးယောက်လုံး
အလုပ်ရူပ်နေကြသည်။
သုံးယောက်လုံးဟုဆိုသော်လဲတစ်ကယ်တမ်း
သူတို့သားအဖနှစ်ယောက်အတွက်အလုပ်ရူပ်နေရတာ
အချစ်ပဲဖြစ်၏.....
ညထဲကသားအဖနှစ်ယောက်အတွက်
စီစဉ်ပေးထားတဲ့အဝတ်အစားတွေကို
အဆင်ပြေမပြေပြန်စစ်ရင်း...သမီးလေးနဲ့သူအိပ်ယာက
မနိုးခင်ထဲကမနက်စာကိုလဲအသင့်ပြင်ထားရသေး၏...
သားအဖနှစ်ယောက်အိပ်ယာကနိုးလာတော့
သူကရေချိူးဖို့လုပ်ရင်းသမီးလေးကိုပါရေတစ်ခါထဲ
ချိူးပေးသည်။
၁၀နာရီမှာတရားရုံးကိုအရောက်သွားဖို့စီစဉ်ထားပြီး
အသိသက်သေတွေအဖြစ်သူ့သူငယ်ချင်း
ဒေါက်တာပိုင်စိုးတို့လင်မယားနဲ့အချစ်ရဲ့သူငယ်ချင်း
ကြည်ဖြူလဲပါမည်ဖြစ်၏....
မင်္ဂလာပွဲလုပ်ချင်ပေမဲ့အချစ်ရဲ့ဆန္ဒကြောင့်
မလုပ်ရတဲ့သူက..မင်္ဂလာဦးအလှူအဖြစ်ဆိုပြီး
ဘုန်းကြီးကျောင်းတစ်ကျောင်းမှာနေ့ဆွမ်းကပ်ဖို့
အားလုံးစီစဉ်ထားပြီးဖြစ်သလို..မိဘမဲ့ကျောင်းတစ်ခုနဲ့
မျက်မမြင်ကျောင်းတစ်ကျောင်းမှာလဲ...
မိသားစုတွေသွားရောက်လှူဒါန်းဖို့စီစဉ်ထားသေး၏ ...
"ကြည့်ပါဦး..မေ့သမီးလေးကလှလိုက်တာ..."
အချစ်ချုပ်ပေးထားတဲ့ဖက်ဖူးစိမ်းရောင်
မြန်မာအင်္ကျီလေးနဲ့....ချိတ်ထဘီစကပ်လေးကို
ဆင်ပေးထားတဲ့သမီးလေးက..သနပ်ခါးလေးတွေ
ဖုံနေတာမို့..ဖြူဖြူဖွေးဖွေးလေးနှင့်ချစ်စရာကောင်းလှသည်။
အချစ်ကတော့နံ့သာရောင့်မြန်မာဝတ်စုံလေးနှင့်
ဆံပင်တွေကိုနောက်တွဲဆံထုံးလေးထုံးထားပြီး
မိတ်ကပ်ခပ်ပါးပါးလေးကိုလိမ်းထားရုံ
ရိုးရိုးရှင်းရှင်းအပြင်အဆင်နှင့်သာ....
"အချစ်နဲ့သမီးရေ...ပြီးကြပြီလား..."
ထိုအချိန်အသံနဲ့အတူအိမ်ခန်းထဲကို
လှမ်းဝင်လာတဲသူ....
လည်ကတုံးအင်္ကျီအဖြူ၊နံ့သာရောင်ပိုးတွဲပုဆိုးနှင့်
နံ့သာရောင်တိုက်ပုံအင်္ကျီကိုဝတ်ဆင်ထားတဲ့သူကလဲ
အရောင်နုနုတွေကြားထဲမှာအလင်းထင်းဆုံး
ခန့်ညားနေခဲ့သလိုပါပဲ...
"ဖေ့...."
"ဟား...ဖေ့သမီးလေးကလှလိုက်တာ...
လာပါဦးကွာ..."
သမီးလေးကိုကောက်ချီပြီးသနပ်ခါးတွေဖုံနေတဲ့
ပါးပြင်လေးကိုယုယုယယနမ်းသည်။
"သမီးရဲ့မေမေကလဲအရမ်းလှနေရောပဲ..."
အနားကပ်ပြီးသူခပ်တိုးတိုးစတော့အချစ်
မျက်စောင်းလှလှထိုးလိုက်မိ၏...
"ဖေ့..မီးအတွက်ဖိနပ်လှလှလေးရော.."
"အိမ်ရှေ့မှာ..ဖေဖေထုတ်ထားပါတယ်ဗျာ..."
ပြောပြီးသူသမီးလေးကိုအောက်ချပေးလိုက်တော့
သမီးလေးကအိမ်ခန်းထဲကနေအပြေးလေးထွက်သွား၏
"သွားမယ်လေ..စည်း..."
"ခဏလေး..."
အချစ်ပြောရင်းပိုက်ဆံအိတ်လေးကိုကောက်လွယ်ကာ
လှမ်းထွက်ရန်ပြင်တော့သူကအချစ်လက်ကို
ဆုပ်ကိုင်လိုက်၏...
"ဘာဖြစ်လို့လဲ..."
"ငါနင့်ကိုပေးစရာရှိသေးလို့...."
"ပေးစရာ..."
သူ့စကားကိုအချစ်သံယောင်လေးလိုက်ရွတ်မိစဉ်မှာပဲ
သူကတိုက်ပုံအင်္ကျီအိတ်ထဲက,ကတ္တီပါဘူးလေးကို
ထုတ်ယူလိုက်သည်။
"လက်ထပ်စာချုပ်မှာလက်မှတ်ထိုးရုံနဲ့
ပြည့်စုံပြီဆိုပေမဲ့...နင့်လက်မှာလက်ထပ်လက်စွပ်ကို
ဝတ်ပေးခွင့်ရဖို့ကလဲ..ငါ့ရဲ့အိပ်မက်နောက်တစ်ခုပဲ..."
"စည်း...."
အချစ် သူ့နာမည်ကိုခေါ်လိုက်မိသော်လဲ
ဘာစကားမှပြောမထွက်နိုင်ခဲ့ချိန်မှာပဲ...
ရွှေရောင်မောင်းကွင်းလက်စွပ်လေးက
အချစ်ရဲ့ဘယ်ဘက်လက်သူကြွယ်ထက်မှာ
နေရာယူသွားခဲ့ပြီဖြစ်၏...ထိုအခါမှအချစ်သတိထားလိုက်
မိတာ..သူ့ရဲ့ဘယ်ဘက်လက်သူကြွယ်မှာလဲ
အချစ်နဲ့တစ်ပုံစံထဲတူနေတဲ့ဆင်တူလက်စွပ်လေး
ရှိနေခဲ့တယ်ဆိုတာပါပဲ........
"ငါတို့တစ်သက်လုံးအတူနေသွားကြမယ်....."
~~~~~~~~~~~~~~~ဆက်ရန်
Writer by
#Hazel