💛အကြင်နာလက်တစ်ကမ်း💛
~~~~~~~~
အရင်က..သားအမိနှစ်ယောက်ရဲ့
အိပ်စက်ရာဖြစ်သည့်..ဇာခြင်ထောင်ကျဉ်းလေးထဲ...
သမီးလေးကိုအလယ်မှာထားပြီး..တစ်ဖက်တစ်ချက်ဆီ
မျက်နှာချင်းဆိုင်လှဲလျောင်းနေခဲ့တဲ့သူနဲ့အချစ်..
အချစ်နဲ့သမီးလေးရဲ့အိပ်ယာလေးက၃ယောက်
အိပ်ဖို့အတွက်သိပ်ပြီးမကျဉ်းလွန်းပေမဲ့လဲ
သူကသမီးလေးရဲ့နားကိုတိုးကပ်ကာ
ဖွဖွလေးပွေ့ဖက်ထားရင်း...အိပ်ပျော်နေတဲ့
သမီးလေးရဲ့ချစ်စရာမျက်နှာလေးကို...
မြတ်နိုးမဝတဲ့မျက်ဝန်းတွေဖြင့်စူးစူးစိုက်စိုက်
ငေးမောနေခဲ့သည်။
"အချစ်.."
"ဟင်..."
"သမီးလေးကဘယ်အချိန်မှာ...စကားစပြောတာလဲ...."
မေးခွန်းထုတ်ရင်းသူ့ရဲ့မျက်ဝန်းတွေက
သမီးလေးဆီကနေအချစ်ဆီကိုရွေ့လျားလာသည်။
အချစ်သမီးလေးရဲ့ပါးဖောင်းဖောင်းလေးကို
ဖွဖွပွတ်သပ်လိုက်ရင်း...
"၁နှစ်ခွဲလောက်မှာပဲစကားစပြောတာ...မေ့ဆိုပြီး
ငါ့ကိုစခေါ်တာလေ....အဲ့ဒီ့တုန်းကငါအရမ်း
ပျော်ခဲ့ရတာ..."
".........."
"သမီးလေးကအရွယ်နဲ့မလိုက်အောင်သိတတ်ပြီး
အရမ်းလိမ္မာတယ်...ငါဒီနှစ်တွေမှာအရာအားလုံးကို
ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့တာကသမီးလေးကြောင့်ပါ....
နင်သိလား...သမီးလေးကနင့်သွေးအပြည့်ပါတယ်
သူကဒီအရွယ်လေးနဲ့ဆရာဝန်မကြီးဖြစ်ချင်နေပြီ
ကစားတာတောင်..ဆရာဝန်လုပ်တမ်းမှတဲ့လေ...
အဟင်း..."
ပြောရင်းအချစ်ခပ်တိုးတိုးရယ်လိုက်တော့သူကသဲ့သဲ့
ပြုံးသည်။
"ငါစဉ်းစားနေတာ....နင်သိလားအချစ်
ငါသာလွန်ခဲ့တဲ့၅နှစ်ကပညာတော်သင်မသွား
ဖြစ်ခဲ့ဘူးဆိုရင်..ခုချိန်ဆိုငါတို့မိသားစုလေး
ဘယ်လိုဖြစ်နေမှာလဲလို့လေ..."
သူ့စကားကြောင့်အချစ်သူ့မျက်နှာကိုငေးခနဲ
ကြည့်မိသွားရရင်း...
"ငါတစ်ကယ်အဲ့ဒီ့်နေ့ကနင့်ကိုဖွင့်ပြောဖို့
ရည်ရွယ်ထားခဲ့တာပါ...ဒါပေမဲ့ငါတို့နှစ်ယောက်
တစ်အိမ်ထဲမှာနှစ်ယောက်အတူနေဖို့ဆုံးဖြတ်လိုက်တဲ့
အချိန်တုန်းကနင်ပြောခဲ့တာကိုလဲငါမှတ်မိနေသေးတော့
တစ်ဖက်မှာလဲငါကြောက်နေခဲ့တယ်...နင်ပြောခဲ့တယ်
မဟုတ်လား...အခုမှအခြေခိုင်အောင်စပြီးတည်ဆောက်ရမဲ့
ငါတို့နှစ်ယောက်ရဲ့ဘဝထဲရင်သွေးဆိုတဲ့
ဖြစ်တည်မူ့တစ်ခုကိုဝင်ရောက်လာစေဖို့အဆင်သင့်
မဖြစ်သေးဘူးဆိုတာလေ...."
အချစ်စကားကိုနားထောင်ပြီးသူကမျက်လွှာချသွား
ခဲ့ရင်း...
"တစ်ကယ်တော့ငါကအတ္တကြီးခဲ့တာပါ....
ငါ့ရဲ့ရည်မှန်းချက်၊ငါ့ရဲ့အိပ်မက်တွေနောက်ကိုပဲ
အရူးအမူးပြေးလိုက်နေရင်း..နင့်ကိုဥပက္ခာပြုခဲ့မိတာ..
ငါကမပြည့်စုံတဲ့လူတစ်ယောက်မို့..သူများထက်ပိုပြီး
ကြိုးစားမှငါလိုချင်တဲ့ပန်းတိုင်ကိုရောက်မယ်ဆိုတဲ့အသိပဲ
ငါ့ခေါင်းထဲမှာရှိခဲ့တယ်......ငါဝန်ခံပါတယ်
ငါကအတိတ်မှာ..အမှားကြီးမှားခဲ့တယ်ဆိုတာကိုပေါ့...."
ပြောရင်းသူကသက်ပြင်းတစ်ချက်ကိုရိူက်ကာ
သမီးလေးရဲ့ပခုံးလေးပေါ်တင်ထားတဲ့
အချစ်ရဲ့လက်ကိုဆွဲယူဆုပ်ကိုင်လာခဲ့သည်။
"နင်သိလား...ငါနင်နဲ့ဘယ်တော့မှပြန်မဆုံနိုင်တော့ဘူးလို့
ထင်နေခဲ့တာ...နင်ကငါ့ကိုနာကျည်းမုန်းတီးပြီး
တစ်သက်လုံးငါရှာမတွေ့နိုင်တော့တဲ့နေရာတစ်ခုမှာ
ရှောင်ပုန်းသွားပြီလို့လေ...."
စကားကိုခဏရပ်ပြီးသူကအချစ်ရဲ့လက်ဖမိုးလေးကို
တစ်ချက်ဖိကပ်နမ်းသည်။
"ဒါပေမဲ့...ကံကောင်းထောက်မစွာနဲ့ငါနင်နဲ့
ပြန်ဆုံခွင့်ရခဲ့တယ်....ပြီးတော့ငါတို့ရဲ့
သမီးလေးနဲ့ရောပဲ...."
အချစ်သူဆုပ်ကိုင်ထားတဲ့လက်လေးကို
ရုန်းထွက်လိုက်ရင်းလှဲနေရာကနေထထိုင်
လိုက်တော့သူကလဲအချစ်လိုပဲထထိုင်လာသည်။
"ငါနင့်ကိုရှောင်ပုန်းခဲ့တာမဟုတ်ပါဘူး
နောက်ထပ်နင့်နဲ့ထပ်မဆုံတော့ဘူးလို့
ဆုံးဖြတ်ခဲ့ရုံပါ..ငါထင်တာ..နင်ပြန်လာလို့
ငါတို့အရင်နေရာလေးမှာငါ့ကိုရှာမတွေ့တော့ရင်တောင်
ထူးထူးခြားခြားထိခိုက်ပြောင်းလဲသွားစရာမရှိဘူးလို့ပေါ့..
၄နှစ်လုံးလုံးငါ့ဆီတစ်ချက်လေးတောင်မဆက်သွယ်ခဲ့တဲ့
နင့်ရဲ့ရင်ထဲမှာငါ့အတွက်နေရာသေးသေးလေးတောင်
ရှိနိုင်တော့မှာမဟုတ်ပါဘူးလို့ငါထင်ခဲ့တာ..."
နှစ်ယောက်လုံးဘာစကားမှဆက်ပြီးပြော
မထွက်တော့ပဲတစ်ယောက်မျက်နှာတစ်ယောက်
ငေးရီစွာကြည့်မိကြသည်။
ထိုအခါအချစ်မျက်နှာလေးဆီလှမ်းလာတဲ့
သူ့ရဲ့လက်ဖဝါးတစ်ဖက်ကပါးပြင်ကို
တိတိကျကျအုပ်ကိုင်၏...
"ငါ့မှာ..နင်တစ်ယောက်ထဲရှိတာ..
ဟိုးအရင်ထဲကနေအခုထိမပြောင်းလဲတဲ့
ငါ့နှလုံးသားထဲမှာအချစ်စစ်ဆိုတဲ့မိန်းကလေး
တစ်ယောက်ပဲရှိတယ်...ဒါကိုနင်လဲ
သေချာသိတယ်မဟုတ်လား...."
အချစ်ဘာမှပြန်မပြောနိုငိပဲရီဝေနေတဲ့
သူ့မျက်ဝန်းတွေကိုငေးနေမိဆဲမှာပဲ...
ခန္ဓာကိုယ်ကိုရှေ့သို့ယိမ်းလျက်သူ့မျက်နှာက
အချစ်ဆီသို့တိုးကပ်လာခဲ့၏....
"စည်း..."
သူ့ကိုဟန့်တားဖို့အားယူလိုက်တဲ့စကားသံလေးက
နူတ်ခမ်းဖျားမှာတင်တိခနဲတိတ်ကျသွားခဲ့ကာ
နွေးထွေးညင်သာတဲ့သူ့နူတ်ခမ်းလွှာတွေရဲ့
လူပ်ရှားမူ့တွေကြား..အလိုတူအလိုပါရင်ခုန်သံတွေက
အချစ်မျက်ဝန်းတွေကိုမှေးမှိတ်သွားစေခဲ့ရင်း......
~~~~~~~~~~~~~~🌺🌺🌺
"ဒေါက်..ဒေါက်..."
"ဝင်ခဲ့ပါ..."
အထဲကအသံပြန်ပေးလာတာနှင့်
စည်းရုံးခန်းတံခါးကိုတွန်းဖွင့်ရင်းအထဲကို
လှမ်းဝင်လိုက်တော့..ဆေးရုံအုပ်ရုံးခန်းထဲမှာ
ဆရာဦးကျော်ဇော၊ပါမောက္ခကြီးဆရာဦးဘုန်းမြင့်ဇော်အပြင်
S.Hရဲ့ဒုဥက္ကဌနေရောင်စက်ရှိန်ဆိုတဲ့လူကိုပါ
မြင်လိုက်တာကြောင့်ခြေလှမ်းတွေခဏမျှတုံ့ခနဲ
ဖြစ်သွားရပေမဲ့ချက်ချင်းပင်ဟန်မပျက်
ဆက်လှမ်းလာခဲ့သည်။
"ဆရာ..ကျွန်တော့်ကိုရှာနေတယ်ဆိုလို့ပါ.."
"ဟုတ်တယ်..မောင်စည်းစနစ်..လာ
ထိုင်ဦး..."
စည်း..ဆရာဦးဘုန်းမြင့်ဇော်ဘေးမှာပဲ
ဝင်ထိုင်လိုက်တော့နေရောင်စက်ရှိန်နဲ့
မျက်နှာချင်းဆိုင်ဖြစ်သွားသည်။
"ဒီနေ့..ဒုဥက္ကဌကဆရာတို့ဆေးရုံအတွက်
ဘန်ကောက်ကမှာထားတဲ့ခွဲစိတ်ခန်းသုံး
အဆင်မြင့်စက်ကရိယာတွေကိုလာပြီး
ထောက်ပံ့တာလေ..."
"ဪ...ဟုတ်ကဲ့..."
စည်း..အလိုက်သင့်ပင်စကားထောက်ပေးရင်း
နေရောင်စက်ရှိန်ကိုအကဲခတ်သလိုကြည့်လိုက်တော့
သူ့ရဲ့ပုံစံကတည်တည်ငြိမ်ငြိမ်နှင့်ပုံမှန်ပင်....
"အရင်တုန်းက..ဒုဥက္ကဌနဲ့ဆရာတို့ကြားမှာ
နားလည်မူ့လွဲခဲ့တာလဲရှိနေတော့..
ဒီနေ့အကုန်လုံးကိုမေ့ပျောက်ပြီးအရင်အတိုင်း
ကျွန်းကိုင်းမှီ၊ကိုင်းကျွန်းမှီပြန်နေကြစေချင်တယ်..
ဒုဥက္ကဌကလဲ..သူရဲ့ဒေါသအလျောက်
တုံ့ပြန်ခဲ့တာတွေအပေါ်မောင်စည်းစနစ်ကို
အတေးအမှတ်မထားစေချင်ပါဘူးတဲ့..."
ကြားဝင်ကာစေ့စပ်သလိုစကားဆိုပြီး
ဆေးရုံအုပ်ကြီးကစည်းနဲ့နေရောင်စက်ရှိန်ကို
တစ်လှည့်စီကြည့်သည်။
"အဟမ်း..."
ပြီးတော့သတိပေးသလိုချောင်းဟန့်လာတော့
နေရောင်စက်ရှိန်ကကိုယ်ကိုမတ်ကာ
နူတ်ခမ်းလူပ်ရုံပြုံးပြီးစည်းကိုလက်ကမ်းပေးသည်။
"ကျွန်တော့်ညီကိုရုတ်တရပ်ကြီးဆုံးရူံးခဲ့ရတော့
ခံစားရတဲ့စိတ်နဲ့..ဒေါက်တာ့အပေါ်ဖိအားပေးသလို
ဖြစ်ခဲ့တာကိုစိတ်ထဲမထားပါနဲ့....."
စည်း..ဒီတစ်ခါတော့နေရောက်စက်ရှိန်ရဲ့လက်ကို
ဆွဲ၍နူတ်ဆက်လိုက်သည်။
"ကျွန်တော့်အမြင်ကိုပြောရရင်ရိန်းဂျွန်ဆိုတဲ့
ကလေးကအေးချမ်းသွားတာပါ...တခြားလူ
တစ်ယောက်ရဲ့အသက်ကိုဝယ်ပြီးမှရလာမဲ့
နှလုံးနဲ့...သူဆက်ပြီးရှင်သန်နိုင်ရင်တောင်
သူတစ်သက်လုံးပျော်နိုင်မှာမဟုတ်ပါဘူး....
အသက်ရှင်နေပေမဲ့..သူ့ရဲ့ဘဝ၊သူ့ရဲ့
စိတ်နှလုံးကတော့သေဆုံးသွားမှာပါပဲ..."
စည်းရဲ့စကားကြောင့်နေရောင်စက်ရှိန်က
မျက်နှာပျက်သွားကာမျက်ဝန်းတွေကလဲ
ခပ်ငေးငေးဖြစ်သွားခဲ့သည်။
"လူ့အသက်ဆိုတာငွေရှိတိုင်းဝယ်လို့ရတဲ့
အရာမဟုတ်ပါဘူး......လူတွေက
မိသားစုပါတ်သတ်ရင်၊ကိုယ်ချစ်တဲ့လူတွေနဲ့
ပါတ်သတ်ရင်..အမှားအမှန်ကိုဝေဖန်ပိုင်းခြား
နိုင်စွမ်းနည်းတတ်ကြတာချည်းပါပဲ...ဒါပေမဲ့
ဘယ်လောက်ခက်ခဲတဲ့အချိန်ပဲဖြစ်ဖြစ်...
လူတစ်ယောက်ဟာ..လူသားဆန်ဖို့တော့လိုနေဆဲပဲလို့
ကျွန်တော်ထင်တယ်...ငွေဟာအရာရာတိုင်းရဲ့
ဖန်ဆင်းရှင်မဟုတ်ပါဘူး...."
စည်း..အဆုံးသတ်စကားကိုဆိုပြီးလက်ကို
ပြန်ရုတ်လိုက်သည်။
"ပြီးတော့..အခုကိစ္စတွေနဲ့ပါတ်သတ်ပြီး
ကျွန်တော့်စိတ်ထဲမှာမရှိတော့ဘူး....
ဒုဥက္ကဌလဲစိတ်ထဲမထားပါနဲ့တော့...."
စည်းရဲ့စကားဆုံးတာနှင့်နေရောင်စက်ရှိန်က
ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြီးသဘောကျသလို
ပြုံးသည်။
"ဒေါက်တာ့လိုလူတစ်ယောက်နဲ့ဆုံခဲ့ရတာ
ကျွန်တော်တစ်ကယ်ကံကောင်းတယ်လို့ထင်မိတယ်
ကျွန်တော်အခုချိန်ထိ..ငွေရှိရင်အရာရာဖြစ်နိုင်တယ်
ငွေကသာဖန်ဆင်းရှင်လို့သတ်မှတ်ထားခဲ့တာ..
ကျွန်တော်အဲ့လိုခံယူချက်မျိုးထားနိုင်အောင်လဲ
ကျွန်တော့်ပါတ်ဝန်းကျင်မှာရှိသမျှအရာအားလုံးက
ကျွန်တော်ရဲ့အရှိန်အဝါအောက်မှာအားလုံး
ခေါင်းညွတ်နေကြတဲ့လူတွေချည်းပဲလေ...
ဒါပေမဲ့ဒေါက်တာကတော့တစ်ကယ်ပဲမတူပါဘူး...
ငွေကတစ်ကယ်ပဲအရာအားလုံးရဲ့ဖန်ဆင်းရှင်
မဟုတ်ဘူးဆိုတာ..ကျွန်တော်ဒေါက်တာနဲ့မှ
လက်ခံလိုက်ရတယ်..."
"ကျွန်တော်ကဒုဥက္ကဌထင်ထားတာထက်ပိုပြီး
ခက်ခက်ခဲခဲနဲ့ဒီနေရာကိုရောက်လာဖို့ကြိုးစားခဲ့ရတာပါ
ကျွန်တော့်မှာငွေမရှိသလို၊မိသားစုအသိုင်းအဝိုင်းလဲ
မရှိပါဘူး...ကျွန်တော့်မှာပိုင်ဆိုင်တာဆိုလို့
တစ်သက်လုံးအစွန်းအထင်းမရှိအောင်
စောင့်ရှောက်ခဲ့တဲ့ကိုယ်ကျင့်တရားပဲရှိပါတယ်...
ကျွန်တော်ကဆရာဝန်တစ်ယောက်ပါ...
လူနာတွေရဲ့အသက်ကိုကယ်ဖို့...အမြဲတမ်း
သန့်သန့်ရှင်းရှင်းနဲ့ခွဲစိတ်ဓားကိုင်နေဦးမှာပါပဲ...
ကျွန်တော့်လက်တွေတုန်ချိနေတဲ့အရွယ်ကို
မရောက်သေးသ၍...လူနာကလွဲရင်ဘယ်သူ့မျက်နှာကိုမှ
မကြည့်တဲ့ခွဲစိတ်ဆရာဝန်တစ်ယောက်အဖြစ်
ရပ်တည်ချင်ပါသေးတယ်...."
"ဒေါက်တာ့လိုစိတ်ဓာတ်ပြတ်သားတဲ့လူတစ်ယောက်
အတွက်..မဖြစ်ဘူးဆိုတာမရှိနိုင်ပါဘူး...."
ပြောရင်း..နေရောင်စက်ရှိန်ကကြည်ကြည်လင်လင်
ပြုံးသည်။
"အမှန်တိုင်းပြောရရင်ကျန်ခဲ့တဲ့ရက်တွေမှာ
ကျွန်တော်တစ်ကယ်ပဲstressတွေများနေခဲ့တာ
ကျွန်တော်ကဘာလို့ဒေါက်တာ့ကိုမှအရူံးပေးရမှာလဲ
ဆိုတဲ့စိတ်နဲ့ပေါ့..ကျွန်တော်ဒေါက်တာ့ကို
တစ်ခုခုပြန်ခံစားရအောင်လုပ်ချင်တဲ့အတွေးလဲ
ရှိခဲ့တယ်...ဒါပေမဲ့....အခုတော့မတူတော့ပါဘူး..
ကျွန်တော့်လိုလူကပိုင်ဆိုင်မူ့ငွေကြေးအရှိန်အဝါတွေ
မရှိရင်ဘာမှမဟုတ်နိုင်တော့ပေမဲ့..ဒေါက်တာကတော့
အဲ့လိုအရာတွေမပိုင်ဆိုင်ထားတာတောင်
အမြဲတမ်းတောက်ပနေဦးမှာပါ...ကျွန်တော်
ဒေါက်တာ့ကိုတစ်ကယ်လေးစားပါတယ်...
respectပါဒေါက်တာ...."
စကားအဆုံးစည်းကိုအသေအချာခေါင်းညွှတ်
ပြလာခဲ့သောနေရောင်စက်ရှိန်ကြောင့်
စည်းကိုယ်တိုင်လဲအပြုံးနှင့်ပြန်လည်ခေါင်းညွတ်
လိုက်မိတော့သည်။
~~~~~~~~~~~~~~~🌺🌺🌺
ရက်အနည်းငယ်ကြာသောအခါ>>>>
"အန်တီတိုး..အချစ်ကိုမုန့်ဟင်းခါး
တစ်ပွဲလောက်ပါဆယ်ပေးပါ.."
"အော်..အေး..အေး..ခဏလေးနော်
အချစ်..."
"ရတယ်..အန်တီတိုး...အေးအေးဆေးဆေးလုပ်..."
ထုံးစံအတိုင်းမနက်ပိုင်းမို့လူကျနေသည့်
မုန့်ဟင်းခါးဆိုင်လေးထဲအချစ်စျေးခြင်းတောင်းလေး
ချပြီး..မုန့်ဟင်းခါးဝင်ဝယ်လိုက်သည်။
"ဒီနေ့တော့၂ပွဲမယူတော့ဘူးလားအချစ်..."
ပြုံးစစနဲ့မေးလာတဲ့အန်တီတိုးကိုအချစ်ရယ်ပြီး
ခေါင်းလေးယမ်းပြလိုက်သည်။
သူကဒီရက်ပိုင်းဆေးရုံမှာနိုက်ဂျူတီတွေ
ဝင်နေတာမို့..မနက်ဆို၁၀နာရီလောက်မှ
အချစ်နဲ့သမီးလေးဆီရောက်လာနိုင်တာလေ...
အဲ့ဒါကြောင့်...သူကအရင်လိုသမီးလေးနဲ့အတူ
မနက်စာမစားနိုင်တော့...
"အကြော်မထည့်ဘူးမဟုတ်လား..အချစ်.."
"ဟုတ်...အိုးဘဲဥလေးတော့ထည့်လိုက်အန်တီတိုး.."
"အေး..အေး..ဒီမှာရပြီနော်..."
အချစ်ပိုက်ဆံအိတ်ထဲကတစ်ထောင်တန်တစ်ရွက်ကို
ထုတ်ကာပြန်အမ်းငွေကိုယူပြီး..မုန့်ဟင်းခါး
ထုတ်လေးကိုဆွဲကာဆွဲခြင်းတစ်ဖက်နှင့်
ဆိုင်ထဲကပြန်ထွက်လာခဲ့လျှင်...
"အို..."
ရုတ်တရပ်အချစ်လက်ထဲကစျေးခြင်းတောင်းလေးကို
ဆွဲယူလိုက်တဲ့တစ်စုံတစ်ယောက်ကြောင့်
အချစ်လန့်ဖျတ်သွားရရင်းခေါင်းလေးငဲ့ကြည့်လိုက်မိလျှင်
မြင်လိုက်ရသူက
"စည်း..."
"ငါကူဆွဲပေးမယ်..နင်ဘာတွေဝယ်လာတာလဲ..."
တညလုံးမအိပ်ရသေးမှန်းသိသာနေသည့်
မျက်နှာနွမ်းနွမ်းနှင့်သူကအချစ်ကိုအလန်းဆန်းဆုံး
ပြုံးပြကာမေးလာသည်။
"နင်..ဂျူတီထွက်ပြီလား..အစောကြီးပဲ..."
"အင်း..ဒီနေ့တမင်စောစောပြန်လာတာ..
ငါအိမ်ကိုရောက်တော့တံခါးတွေပိတ်ထားလို့
နင်စျေးသွားတာပဲဖြစ်မယ်ဆိုပြီးလိုက်လာတာ..."
"သမီးလေးကအိပ်နေတုန်းမို့..ငါတံခါးတွေ
ပိတ္ထားခဲ့တာ..."
"ထင်တော့ထင်သား...လာလေ
ငါကားကစျေးရှေ့မှာ..."
ပြောပြောဆိုဆိုနဲ့သူကအချစ်ရဲ့လက်လေး
တစ်ဖက်ကိုပိုင်ပိုင်နိုင်နိုင်ဆွဲယူဆုပ်ကိုင်ကာ
လှမ်းထွက်သည်။
"ငါဒီနေ့ဆိတ်သားဝယ်လာတယ်...ပြီးတော့
မြင်းခွာရွက်ရောပဲ..နင်တို့သားအဖအကြိုက်
ချက်ပေးမလို့..."
လွှတ်ခနဲထွက်သွားပြီးမှ..နင်တို့သားအဖဆိုတဲ့
ကိုယ့်ရဲ့အသုံးအနူန်းကြောင့်အချစ်
ရှက်သလိုလေးဖြစ်သွားရရင်းသူ့ကို
မလုံမလဲမော့ကြည့်မိတော့..သူကအချစ်ကို
ငဲ့မိုးကြည့်ရင်းပြုံးနေသည်လေ....
စျေးရှေ့ကလူရှင်းတဲ့အပင်အောက်တစ်နေရာမှာ
ရပ်ထားတဲ့သူ့ရဲ့ကားနားကိုရောက်တော့
သူကကားတံခါးကိုဖွင့်ပေးကာ
အချစ်ကိုကားထဲဝင်စေပြီးမှသူကိုယ်တိုင်က
မောင်းသူနေရာမှာဝင်ထိုင်၏...
"မုန့်ဟင်းခါးကတပွဲထဲဝယ်လာတာလား..."
စည်းမေးလိုက်ရင်းသူမကိုခါးပတ်ပတ်ပေးဖို့ပြင်
လိုက်တော့..ဆိုဖာနောက်မှီမှာကျောလေးကပ်
ကိုယ်လေးကျုံ့သွားတဲ့သူမ....
"အင်းး...ငါကနင်ဒီနေ့စောမယ်မထင်လို့ပါ
ငါပြန်ဆင်းဝယ်လိုက်ရမလား..."
"နေပစေထားလိုက်တော့...အိမ်ရောက်ရင်
ထမင်းပူပူလေးနဲ့နယ်ပြီးငါတို့အတူစားလို့
ရတာပဲ..."
ပြောရင်းစည်းခါးပတ်ကိုတမင်အချိန်ဆွဲ
တပ်ပေးနေတာက..မနေတတ်သလိုရှက်ရွံ့နေတဲ့
သူမကိုအသည်းယားစနောက်ချင်တာကြောင့်ပေမဲ့..
တစ်ကယ်တမ်း...မျက်နှာသွယ်သွယ်လေးဆီမှာ
ဖုံနေတဲ့ရှင်မတောင်သနပ်ခါးနံ့သင်းသင်းကြောင့်..
မြန်ဆန်လာရတဲ့ရင်ခုန်သံတွေ....
နီညိုရောင်ရင်စေ့လက်ပြတ်ချည်သားဝမ်းဆက်လေးနဲ့
ဆံနွယ်ရှည်တွေကိုကပိုကရိုလေးစည်းနှောင်
ထားတဲ့သူမကမြင်သမျှယောကျာင်္းတိုင်း
နှစ်ခါပြန်ကြည့်ရအောင်...ရိုးရိုးရှင်းရှင်းအလှနဲ့
ဆွဲဆောင်မူ့ရှိနေတာ...
သူမမုန့်ဟင်းခါးဆိုင်ကိုလှမ်းဝင်သွားကထဲက
စည်းအနားကိုရောက်နေတာမို့..သူမကိုကြည့်နေတဲ့
အနီးအပါးကရောင်စုံမျက်လုံးတွေကြောင့်
ဒေါသထွက်ခဲ့ရသေးသည်။
ဒါပေမဲ့သူမကတော့သိမဲ့ပုံလဲမပေါ်ပါ...
တွေးရင်းနဲ့ရင်ထဲမှာမောလျသွားရကာ
အနီးကပ်လေးမြင်နေရတဲ့မျက်နှာလှလှဆီက
ပါးပြင်လေးတစ်ဖက်ကိုတစ်ရိူက်မက်မက်
နမ်းရိူက်လိုက်သည်။
"စည်း..."
အငိုက်မိသွားတဲ့သူမကတော့စည်းကို
မျက်လုံးပြူးကြည့်ပြီး..ကိုယ့်ပါးကိုလက်ဖဝါးလေး
တစ်ဖက်နှင့်အုပ်ကိုင်၏...
"သနပ်ခါးကအရမ်းမွှေးတာပဲ..."
"နင်..."
နူတ်ခမ်းလေးကိုက်ကာ..ပြောစရာစကား
ရှာမရသလိုဖြစ်သွားပုံလေးက...
ဆွဲဆောင်မူ့ရှိလွန်းနေတာဘယ်သူနဲ့မှပြိုင်ငြင်းစရာ
မလိုခဲ့ပါပဲ...............
~~~~~~~~~~~~~~🌺🌺🌺
"ဦးဦး..ဒီမှာ..မီးဦးဦးရဲ့ပုံကိုဆွဲထားတယ်..."
"ဟုတ်လား..ပြပါဦး..သမီးလေးရဲ့..."
"ဒီမှာလေ..."
"အဟင်း..ဒါဦးဦးရဲ့ပုံလား..."
"ဟုတ်တယ်...တူတယ်မဟုတ်လားဟင်..."
"ဟား..ဟား...တူပါ့ဗျာ..."
အချစ်ဟင်းချက်နေတဲ့မီးဖိုခန်းလေးရဲ့စားပွဲခုံ
လေးနားမှာကြမ်းပြင်ပေါ်ထိုင်ပြီးအလုပ်ရူပ်နေတဲ့
သားအဖကြောင့်..အချစ်ဟင်းအိုးမွှေနေရင်းမှ
လှည့်ကြည့်ကာပြုံးမိ၏...
သူ့အရွယ်လေးနဲ့ဆွဲတတ်သလိုဆွဲထားတဲ့
သမီးလေးရဲ့လက်ရာကိုကြည့်ပြီးသူက
အားရပါးရရယ်မောနေသည်။
သမီးလေးကလဲနိုးလာထဲကသူ့ပေါင်ပေါ်က
မဆင်းတာခုချိန်ထိပင်....
သူကိုယ်တိုင်ကလဲ....တညလုံးဆေးရုံမှာ
အိပ်ရေးပျက်ပင်ပန်းထားတာတောင်
အနားယူဖို့စိတ်ကူးရှိပုံမရခဲ့....
တစ်ကယ်တော့အချစ်သေချာနားလည်နေပါပြီ..
သမီးလေးကိုအမှန်တစ်ကယ်ပြည့်စုံတဲ့
မိသားစုဘဝလေးပေးနိုင်ဖို့အတွက်..
အချစ်ဘာလုပ်သင့်လဲဆိုတာကိုပေါ့...
အချစ်ဆုံးဖြတ်ပြီးပါပြီ....သန်ဘက်ခါမှာ
ကျရောက်တော့မဲ့သမီးလေးရဲ့၅နှစ်ပြည့်
မွေးနေ့ကျရင်...သမီးလေးအတွက်...
အချစ်ပြင်ဆင်ထားတဲ့လက်ဆောင်က...
သမီးလေးအတွက်..အဖေဆိုတဲ့နေရာလေးတစ်ခုပါပဲ....
~~~~~~~~~~~~~~ဆက်ရန်
Writer by
#Hazel