💚 အ ကြင် နာ လက် တစ် ကမ်း 💚
~~~~~~~
"ငါအင်္ဂလန်ကိုပညာတော်သင်သွားရတော့မယ်.."
"ဟင်..."
"ချလွမ်..."
ထင်မှတ်မထားတဲ့စကားတစ်ခွန်းမှာ
လက်ထဲကဇွန်းခက်ရင်းတွေပင်လွတ်ကျ
ကုန်ရသည်အထိအချစ်သတိလက်လွတ်ဖြစ်သွားခဲ့ရ၏
"နင်.နင်ကအင်္ဂလန်ကိုပညာတော်သင်
သွား.သွားရတော့မယ်ဟုတ်လား..စည်း..."
မယုံနိုင်သလိုမေးလိုက်တဲ့အချစ်ရဲ့အသံလေးကလဲ
ဝမ်းနည်းစိတ်တို့ဖြင့်အဖျားခတ်တုန်ယင်နေခဲ့ရသည်။
"ငါ့အတွက်ဆေးရုံအုပ်ကြီးကိုယ်တိုင်ထောက်ခံ
ပေးခဲ့တာ..နင်လဲသိတယ်မဟုတ်လား
ငါ့လိုကျောထောက်နောက်ခံလဲမရှိ၊
အသိုင်းအဝိုင်းလဲမရှိပဲ..ဆရာဝန်တစ်ယောက်
ဖြစ်လာဖို့တောင်မနည်းရုန်းကန်ခဲ့ရတဲ့
လူတစ်ယောက်အတွက်ခွဲစိပ်ပါရဂူတစ်ယောက်
ဖြစ်လာဖို့ဒီပညာတော်သင်အိပ်မက်က
ရွှေရောင်အခွင့်အရေးပဲဆိုတာကိုပေါ့..."
မြင်နေကြအတိုင်းတည်ငြိမ်ရင့်ကျက်နေတဲ့
စည်းရဲ့အသွင်သဏ္ဍာန်ကိုအချစ်ငေးမောစွာ
ကြည့်နေမိရင်းဟန်မဆောင်တတ်တဲ့မျက်ရည်တွေက
မြန်မြန်ဆန်ဆန်ပဲဝဲတက်လာခဲ့ရ၏
"ဘယ်လောက်.ဘယ်လောက်ကြာမှာလဲဟင်.."
"၅နှစ်..."
"ဟင်..."
ငါးနှစ်၊ငါးနှစ်တဲ့လား...ဘာလို့များဒီလိုစကားကို
တစ်ချက်လေးတောင်မတွေဝေပဲနင်ပြောထွက်
နိုင်ရတာလဲစည်းရယ်....
စိတ်ထဲကနေနာကျင်စွာဆိုလိုက်မိတဲ့
စကားနဲ့အတူအချစ်ပေါင်ပေါ်တင်ထားတဲ့
ဆလင်းဘတ်အိတ်လေးကိုလက်နှင့်မသိသာသာ
တင်းတင်းဆုပ်ကိုင်လိုက်မိ၏....
အချစ်ဘာမှမဖြစ်သလိုဟန်ဆောင်အားတင်းကာ
ပေါ့ပေါ့ပါးပါးလေးပြုံးပြလိုက်ရင်း....
"ငါကနင်ရုတ်တရပ်ကြီးအပြင်မှာညစာစားဖို့
ပြောတော့အံ့ဩနေတာ..လက်စသတ်တော့
နင်ကငါ့အတွက်သတင်းဆိုးယူလာတာပဲ...
အဟင်း..ဘာလဲ..ဒီညစာကငါ့ကိုချွေးသိပ်တာလား..."
"အချစ်...."
"အဲ့တော့နင်ကသွားဖို့ဆုံးဖြတ်ပြီးပြီပေါ့နော်..."
စည်းဘာမှထပ်မပြောလာသေးခင်အချစ်ဖြတ်ပြီး
မေးလိုက်တော့...တစ်ချက်မျှတွေခနဲ
ဖြစ်သွားပြီးမှစည်းကခေါင်းငြိမ့်ပြလာခဲ့၏...
"အတော်ဆုံးခွဲစိပ်ပါရဂူတစ်ယောက်ဖြစ်လာဖို့က
ငါ့ရဲ့အိပ်မက်ဆိုတာနင်အသိဆုံးပါ..ငါ
အရွယ်မတိုင်ခင်လောကကြီးထဲကထွက်သွားခဲ့ရတဲ့
ငါ့အမေလိုလူနာတွေရဲ့အသက်ကိုကယ်တင်ချင်တယ်...
ငါ့ရဲ့လက်နဲ့လူနာတွေကိုကယ်တင်ချင်တာ...."
"ငါသိတယ်...ငါသိတာပေါ့နင့်ရဲ့အိပ်မက်ကိုလေ
ဒါပေမဲ့ငါ့ရဲ့အိပ်မက်ကိုရောနင်သိရဲ့လားဟင်..."
အချစ်ရဲ့တန်ပြန်မေးခွန်းကြောင့်စည်းရဲ့
မျက်ဝန်းတွေငေးခနဲဖြစ်သွားခဲ့၏....
အချစ်ခေါင်းလေးငုံ့ချလိုက်ရင်းစီးကျလုလု
မျက်ရည်တွေကိုလက်ခုံနှင့်ပွတ်သုတ်လိုက်သည်။
"ငါ့ရဲ့အိပ်မက်ကနင်နဲ့အတူပျော်ရွှင်နွေးထွေးတဲ့
မိသားစုဘဝလေးကိုတည်ဆောက်ချင်တာ..."
ခေါင်းမော့မကြည့်ပဲပြောရင်းအချစ်အက်ရှ
တုန်ယင်နေတဲ့အသံလေးကိုထိန်းရန်
အောက်နူတ်ခမ်းလေးကိုအတင်းဖိကိုက်လိုက်မိသည်။
"နင်သိလားစည်း...ငါးနှစ်ဆိုတဲ့အချိန်က
လူတစ်ယောက်ရဲ့ဘဝကိုလုံးဝပြောင်းလဲပစ်လိုက်နိုင်ဖို့
လုံလောက်တဲ့အချိန်တစ်ခုပါဟာ..."
ပြောနေရင်းဆက်ပြီးပြောမထွက်နိုင်တော့သလို
အချစ်အသံလေးတိမ်ဝင်သွားခဲ့ပြီးဆလင်းဘတ်
အိတ်လေးကိုပခုံးမှာကောက်လွယ်ကာ
ဖျပ်ခနဲထရပ်လိုက်သည်။
"ငါသွားတော့မယ်..."
သူ့ရှေ့မှာရုပ်ပျက်ဆင်းပျက်မငိုချင်မိ၍
ကိုယ့်စိတ်ကိုယ်တတ်နိုင်သမျှထိန်းပြီး
အချစ်လှည့်ထွက်လာခဲ့ပေမဲ့.....
သူကတော့အချစ်ကိုမဟန့်တားခဲ့သလို..
ရုပ်ရှင်တွေထဲကလိုအနောက်ကနေလဲ
ပြေးလိုက်မလာခဲ့ပါ....
စားသောက်ဆိုင်အပြင်ဘက်ကိုခြေချမိကာမှ
အချစ်ခြေစုံရပ်ပြီးသမင်လည်ပြန်လှည့်ကြည့်လိုက်တော့
သူကနေရာမှာတင်ခေါင်းငိုက်စိုက်ထိုင်နေခဲ့ဆဲ....
~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
ဘတ်စ်ကားကြပ်ကြပ်သိပ်သိပ်ကိုပဲ
တိုးစီးပြီးအချစ်အိမ်ပြန်ရောက်ခဲ့တော့ဘာမှမလုပ်နိုင်ပဲ
ဧည့်ခန်းကျဉ်းလေးထဲမှာပင်အရုပ်ကြိုးပြတ်
ထိုင်ချလိုက်မိ၏...
သူ့ကိုဖွင့်ပြောမယ်လို့အရဲစွန့်ဆုံးဖြတ်ခဲ့ပြီး
ယူသွားခဲ့တဲ့ဆီးစစ်တံလေးကိုဆလင်းဘတ်အိတ်
ထဲကနေထုတ်ယူကြည့်လိုက်ချိန်မှာတစ်ချိန်လုံး
တင်းခံထားခဲ့ရတဲ့မျက်ရည်တာတမံက
ကျိုးပြိုကျလာခဲ့ရရင်း
"ဟင့်...ဟင့်...ဟီး..."
ချော့မြူ မည့်သူမရှိသည့်မျက်ရည်တွေဖြင့်
အချစ်တစ်ယောက်ထဲရိူက်ကြီးတငင်
ငိုကြွေးနေခဲ့မိသည်။
ခွဲစိပ်ပါရဂူတစ်ယောက်ဖြစ်လာဖို့အတွက်
ပညာတော်သင်အိပ်မက်တဲ့....
ဘာလို့ တိုက်တိုက်ဆိုင်ဆိုင်ဒီအချိန်မှလဲ??
".ဟင့်...."
အချစ်အခုစည်းကိုဘယ်လိုပြောရပါ့မလဲ...??
ခုချိန်မှာကလေးရှိနေတဲ့အကြောင်း
အချစ်သာစည်းကိုအမှန်တိုင်းဖွင့်ပြောလိုက်မယ်
ဆိုရင်..စည်းအနှစ်နှစ်အလလစည်းမျှော်လင့်တကြီးနဲ့
မက်ခဲ့ရတဲ့အိပ်မက်ကိုရိုက်ချိုးလိုက်သလို
ဖြစ်သွားမယ်ဆိုတာအချစ်သိတယ်....
အဲ့လိုဆိုစည်းအချစ်ကိုအရမ်းမုန်းသွားမယ်ထင်တယ်...??
~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
ဒီနေ့တော့အချစ်အိမ်ရောက်ပြီးသိပ်မကြာခင်မှာ
စည်းလဲအိမ်ကိုပြန်ရောက်လာခဲ့သည်။
စည်းအိမ်ထဲဝင်ချိန်မှာအချစ်ကအပ်ချုပ်စက်
ရှေ့မှာထိုင်ပြီးစည်းအတွက်ချုပ်ပေးနေတဲ့
ဂျူ တီကုတ်ကိုလက်စသတ်နေချိန်ဖြစ်၏...
"နင်ပြန်လာပြီလား..."
"အင်း..."
လှမ်းကြည်ု့ပြီးမေးလိုက်တဲ့အချစ်ကို
ခပ်တိုတိုပြန်ဖြေပြီးသူကအိမ်ခန်းထဲလှမ်း
ဝင်သွား၏....
ခဏနေတော့အဝတ်အစားလဲပြီးအိမ်ရှေ့ခန်းကို
ပြန်ထွက်လာသည်။
"နင်ကော်ဖီသောက်မလားစည်း..ငါ
ဖျော်ပေးမယ်လေ..."
"မသောက်တော့ဘူး..."
အချစ်ပြုနေကြအတိုင်းဂရုတစိုက်မေးပေမဲ့
သူကထပ်ငြင်းပြန်ပြီးကုလားထိုင်မှာဝင်ထိုင်ကာ
စားပွဲပေါ်ကသတင်းစာကိုဆွဲယူပြီး
ဟိုလှန်၊ဒီလှန်လုပ်နေသည်။
ခဏကြာတော့မှ....
"အချစ်..."
"ဟင်..."
"ခုနတုန်းကစားသောက်ဆိုင်မှာနင်လဲငါ့ကို
ပြောစရာရှိတယ်လို့ပြောခဲ့တယ်မဟုတ်လား...
နင်ဘာပြောမလို့လဲ..."
စည်းမေးလိုက်တော့သူမကခဏမျှငေး
ကြည့်နေပြီးမှအရှေ့ကိုမျက်နှာပြန်လှည့်သွားကာ
"ဟင့်အင်း...ဘာမှမဟုတ်တော့ဘူး....ဒါနဲ့
မနက်ဖြန်နင်ဆေးရုံကိုထမင်းချိုင့်ထည့်သွားမှာ
မဟုတ်လား..ငါစျေးစောစောထသွားလိုက်မယ်လေ..
နင်ဘာစားချင်လဲ...ငါ..."
တစ်ယောက်ထဲတရစပ်ပြောနေတဲ့စကားတွေသည်
ဘေးကိုဘယ်လိုရောက်လာမှန်းမသိတဲ့စည်းရဲ့
လက်တစ်ဖက်ကပခုံးလေးကိုဆုပ်ကိုင်လိုက်တဲ့
အခါမှတိခနဲရပ်တန့်သွားခဲ့ရရင်းခေါင်းလေး
မော့ကြည့်လိုက်မိသည်။
"ဒါ...ငါ့အတွက်လား..."
စက်ခုံပေါ်ကဂျူ တီကုတ်ကိုမေးငေါ့ပြလျက်
စည်းမေးလာတော့အချစ်ခေါင်းလေးငြိမ့်ပြလိုက်မိသည်။
"အချစ်..."
"ဟင်..."
နောက်တစ်ခါသူထပ်ခေါ်တော့အချစ်
ပခုံးလေးမသိမသာတွန့်သွားရသည်။
"ငါတို့စကားသေချာပြောကြမလား..."
"အခုလဲငါတို့စကားပြောနေတာပဲ
မဟုတ်လား...ငါနင်နဲ့ဒီလိုမျက်နှာချင်းဆိုင်ပြီး
စကားမပြောရတာဘယ်လောက်ကြာနေပြီလဲ..."
"နင်ငါ့ကိုစိတ်ဆိုးနေတာလား..."
"ငါကလား...ဘာလို့လဲ..."
အချစ်ပြန်ပြီးမေးခွန်းထုတ်လိုက်တော့
စည်းကမျက်နှာမသိမသာလွှဲသွားခဲ့ရင်း...
"ငါသိပါတယ်...နှစ်ယောက်အတူဘဝအတွက်
ကြိုးစားရုန်းကန်နေရတဲ့ဒီလိုအချိန်မှာ
ငါနင့်ကိုတစ်ယောက်ထဲထားခဲ့ဖို့
ဆုံးဖြတ်ခဲ့တာအရမ်းကိုတစ်ကိုယ်ကောင်း
ဆန်ရာကျနေမယ်ဆိုတာကိုလေ...ဒါပေမဲ့
နင့်ကငါ့အကြောင်းကိုငါ့ထက်ပိုပြီးနားလည်တဲ့
တစ်ဦးတည်းသောသူပါ...ငါဘာ့ကြောင့်
ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့လဲဆိုတာလဲ
နင်သိတယ်...ငါဒီအခြေအနေထိရောက်လာဖို့
ဘယ်လောက်ခက်ခက်ခဲခဲနဲ့ကြိုးစားခဲ့ရတယ်
ဆိုတာလဲနင်သိတယ်..."
ဟုတ်တယ်...ငါအားလုံးကိုသိတယ်..အဲ့လို
အားလုံးကိုသိနေလို့လဲနင့်ကိုမသွားပါနဲ့လို့
ငါမတားရက်ခဲ့တာပေါ့စည်းရယ်....´
စိတ်ထဲကနေသာထပ်ပြီးရေရွတ်မိပြန်ရင်း
အချစ်မျက်လွှာလေးချလိုက်မိ၏...
"ငါကြောက်တယ်...."
".........."
အက်ရှနေတဲ့အသံလိူင်းနှင့်အတူအချစ်သူ့ကို
မျက်လွှာပင့်ကာပြန်ကြည့်လိုက်မိရင်း....
"၅နှစ်..နင်ပြောတဲ့အဲ့ဒီ့ငါးနှစ်ဆိုတဲ့အချိန်လေးမှာ
နင်နဲ့ငါ့ရဲ့ကြားတစ်ခုခုပြောင်းလဲမသွားပါဘူးလို့
နင်အာမခံနိုင်ရဲ့လား..."
ထိုစကားကြောင့်စိမ်းညို့နေတဲ့စည်းရဲ့မျက်ခုံး
တန်းတွေတွန့်ချိုးကျသွားခဲ့သည်။
"အခု..နင်စိုးရိမ်နေတာကနင်နဲ့ဝေးနေတဲ့အချိန်
ငါနင့်အပေါ်ပြောင်းလဲသွားမှာကိုလား...."
စည်းရဲ့အမေးကိုအချစ်ပြန်မဖြေပဲဝဲတက်လာတဲ့
မျက်ရည်တွေကိုမျက်တောင်များနှင့်ပုတ်ခတ်
သိမ်းဆည်းလိုက်၏....
ထိုအခါအချစ်ကိုငေးမိုးကြည့်နေတဲ့စည်းထံက
သက်ပြင်းချသံခပ်သဲ့သဲ့ကိုကြားလိုက်ရပြီး...
"တစ်လလဲမဟုတ်ဘူး..တစ်နှစ်လဲမဟုတ်ဘူး.
နင်နဲ့ငါဒီအိမ်လေးထဲမှာနှစ်ယောက်တစ်ကမ္ဘာ
တည်ဆောက်ခဲ့ကြတာ၃နှစ်ရှိခဲ့ပြီ.....အချစ်
သူငယ်ချင်းသက်တမ်းက၁၅နှစ်ချစ်သူသက်တမ်းက
၂နှစ်...အဲ့လိုသက္ကရာဇ်တွေအလီလီပြောင်းခဲ့ပြီး
တစ်ယောက်နားမှာတစ်ယောက်ရှိနေပေးခဲ့ကြတာတောင်
နင်ငါ့ကိုအခုထိမယုံကြည်နိုင်သေးဘူးလား...."
အချစ်ခေါင်းလေးကိုတွင်တွင်ခါယမ်းလိုက်မိသည်။
"ငါနင့်ကို မယုံတာမဟုတ်ဘူးစည်း...
ဒါပေမဲ့..."
"............"
"ကံကြမ္မာကိုတော့ငါတစ်ကယ်မယုံရဲဘူး....ဒါပေမဲ့
ဒါပေမဲ့လဲ...ငါနင့်ကိုမတားပါဘူး...နင်သွားပါ...
နင့်ရဲ့ယုံကြည်မူ့၊နင့်ရဲ့ခံယူချက်တွေကို
အရောင်တင်ဖို့အတွက်ဆို....နင်ထားခဲ့တဲ့နေရာမှာပဲ
နင်ထားခဲ့သလောက်ငါနေခဲ့မှာပါ..."
စကားမဆုံးခင်ရိူက်သံတစ်ဝက်နှင့်အချစ်ရဲ့
အသံလေးတိမ်ဝင်သွားခဲ့တဲ့အခါ..နှစ်ယောက်ကြားက
အရာရာဟာတိတ်ဆိတ်သွားခဲ့တော့၏....
~~~~~~~~~~~~~~~❤◦.¸¸. ◦✿
ထိုညကနှစ်ယောက်စလုံးအတွေးကိုယ်စီနှင့်
တစ်အိပ်ယာထဲကျောချင်းကပ်ရှိနေပေမဲ့
အိပ်မပျော်နိုင်ခဲ့ကြ...
မျက်ဝန်းတွေပိတ်ထားပြီးငြိမ်သက်နေပေမဲ့
အချစ်တညလုံးအိပ်မပျော်နိုင်ခဲ့သလို
ကျောချင်းကပ်ရှိနေတဲ့သူ့ထံကလဲ
မကြာခဏသက်ပြင်းချသံခပ်သဲ့သဲ့ကိုကြားနေရတာလဲ
တညလုံးပင်...
မနက်၅နာရီလောက်ကျတော့သူအိပ်ယာက
အရင်ထသွားခဲ့သည်။ထိုအခါမှအချစ်လဲအိပ်ယာက
ထပြီးရေချိူးခန်းထဲသူရှိနေတာမို့...
အိမ်ရှေ့အုတ်ကန်မှာပဲမျက်နှာသစ်
သွားတိုက်ကာစျေးသွားဖို့ပြင်လိုက်သည်။
အချစ်ခေါင်းဖြီးနေတုန်းမှာပဲရေချိူး
ပြီးသွားပုံရသည့်သူကအခန်းထဲပြန်ဝင်လာသည်။
"စျေးသွားတော့မလို့လား...."
ရေစိုနေတဲ့ဆံပင်တွေကိုမျက်နှာသုတ်ပဝါနဲ့
သုတ်နေရင်းသူလှမ်းမေးတော့အချစ်
ခေါင်းလေးငြိမ့်ပြလိုက်မိရင်း...
"နင်ဘာမှာချင်လို့လဲ..."
"ခုမှ၆နာရီတောင်မထိုးသေးဘူးအစောကြီး
ရှိသေးတယ်..."
"ငါနင့်အတွက်ထမင်းချိုင့်ထည့်ပေးလိုက်မလို့လေ
အဲ့ဒါကြောင့်စောစောသွားမလို့...."
ဒီတစ်ခါတော့သူကဘာမှထပ်မပြောတော့ပဲ
အခန်းထောင့်ကဗီရိုနားကိုလျောက်သွားသည်။
"စည်း...နင့်အတွက်မီးပူတိုက်ပြီးသား
အဝတ်အစားတွေဗီရိုအပေါ်ဆုံးထပ်မှာငါ
ထည့်ထားတယ်...ပြီးတော့ညကငါနင့်အတွက်
ချုပ်ပေးထားတဲ့ဂျူတီကုတ်ကိုလက်စသတ်ပြီး
သွားပြီ...နင်ဒီနေ့ဆေးရုံမှာအဲ့ဒါကိုဝတ်နော်...."
အချစ်ထိုမျှသာပြောပြီးခေါင်းအုံးအောက်က
ပိုက်ဆံအိတ်လေးကိုထုတ်ယူဖို့ပြင်လိုက်တော့...
"ခဏနေဦး..."
ဟန့်တားသံနဲ့အတူအနားကိုရောက်လာတဲ့သူက
စားပွဲပေါ်တင်ထားတဲ့သူ့ရဲ့လက်ဆွဲအိတ်ထဲရှိ
အနက်ရောင်ပိုက်ဆံအိတ်ပြားလေးကို
ထုတ်ယူဖွင့်ကာတစ်သောင်းတန်ငါးရွက်ခန့်ကို
အချစ်လက်ထဲထည့်ပေး၏.....
"အိမ်စရိတ်ယူထားလိုက်..."
"လမှမကုန်သေးတာပဲငါ့မှာသုံးစရာရှိပါသေးတယ်.."
အချစ်ပြောရင်းသူ့လက်ထဲကိုပိုက်ဆံ
ပြန်ထည့်ပေးရန်ပြင်လိုက်ပေမဲ့သူကပိုက်ဆံကိုင်ထားတဲ့
အချစ်လက်လေးကိုဖိဆုပ်ကိုင်လိုက်သည်။
"ဒါပေမဲ့လဲနင်လိုတာသုံးဖို့ယူထားလိုက်...
ဒီအတိုင်းအဝတ်အစားလှလှလေးတွေတွေ့လို့
လိုချင်တာရှိရင်ဝယ်လိုက်....ငါ့အတွက်ချည်းပဲ
စဉ်းစားမနေနဲ့...."
ပြောရင်းသူ့ရဲ့မျက်ဝန်းတွေကအရောင်လွင့်နေပြီ
ဖြစ်တဲ့အိမ်နေရင်းချည်သားဝမ်းဆက်လေးကို
ဝတ်ထားတဲ့အချစ်ဆီခဏမျှစူးစိုက်နေပြီးမှ
ဖျပ်ခနဲအကြည့်လွှဲကာဗီရိုနားပြန်လျောက်
သွား၏...
"ဪ..ပြီးတော့ငါဒီနေ့ထမင်းချိုင့်မယူတော့ဘူး
စျေးကိုအလောတကြီးသွားပြီးအပင်ပန်းမခံနဲ့...
အဲ့ဒီ့အစား...."
စကားမဆုံးခင်သူကမီးပူတိုက်ထားတဲ့
ရှပ်အင်္ကျီကိုယူဝတ်နေရင်းမှလှည့်ကြည့်လာခဲ့ပြီး...
"ငါဒီနေ့စောစောပြန်လာခဲ့မယ်ငါ့ကို
ညစာစားဖို့စောင့်နေပါ..."
"အခုငါ့ကိုနှစ်သိမ့်နေတာလား...."
အချစ်ပိုက်ဆံကိုင်ထားတဲ့လက်လေးကို
ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း
မချိပြုံးလေးနှင့်မေးလိုက်မိသည်။
"အဲ့လိုမလုပ်ပါနဲ့...နင်နဲ့မတူအောင်...
ငါနေရခက်တယ်...."
"အချစ်......"
"ငါနင့်ဆီကအားနာတာ၊သနားတာအဲ့လို
အပြုအမူမျိုးတွေကိုတစ်ကယ်မလိုချင်ဘူး....
ငါသွားတော့မယ်....."
စကားအဆုံးချာခနဲလှည့်ထွက်သွားတဲ့သူမကိုကြည့်ပြီး
စည်း...စိတ်ညစ်ညူးစွာဖြင့်ရေစိုနေတဲ့
ဆံပင်တွေကိုလက်နှင့်ဆွဲဖွပစ်လိုက်မိတော့၏....
~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"ဘာ.ဘာရယ်အချစ်...."
"ကိုစည်းစနစ်ကပါရဂူဘွဲ့ယူဖို့အင်္ဂလန်ကို
ပညာတော်သင်သွားတော့မှာဟုတ်လား...."
အချစ်ပြောသမျှကိုနားထောင်ပြီး
ကြည်ဖြူနှင့်မေကမျက်လုံးပြူးမျက်ဆံပြူးနှင့်
တအံ့တဩမေးလာခဲ့၏.....
အချစ်မျက်နှာလေးကိုအကျအနပြုံးထားရင်း...
"ငါမပြောဘူးလား...စည်းကဆေးရုံဂျူနီယာ၊
စီနီယာတွေကသာမက၊အထက်လူကြီးတွေကပါ
သဘောတွေ့မျက်စိကျရအောင်ကို
အရမ်းတော်ပါတယ်ဆို.....အခုလဲသူ့ကို
ပညာတော်သင်အဖွဲ့ထဲပါအောင်ဆေးရုံအုပ်ကြီး
ကိုယ်တိုင်ကထောက်ခံပေးတာ....."
"ဒါဆိုသူကဟိုမှာကျောင်းဆက်တက်ရင်
ဘယ်လောက်တောင်ကြာမှာလဲ......"
"အင်း...ငါလဲအတိအကျတော့မသိဘူး
လေးငါးနှစ်လောက်တော့ရှိမှာပေါ့...."
"ဘာ..လေးငါးနှစ်ဟုတ်လား...ဒါဆိုနင်ကရော...."
"အင်းလေ...သူကျောင်သွားတက်ရင်နင်က
ဘယ်လိုလုပ်မှာလဲ..."
ကြည်ဖြူနဲ့မေရဲ့စိုးရိမ်တကြီးအမေးကို
အချစ်ပခုံးလေးတွန့်ပြလိုက်ရင်း....
"ဘယ်လိုလုပ်ရမလဲ...ငါကဒီမှာနေခဲ့ရမှာပေါ့
ငါမှလိုက်သွားလို့မရတဲ့ဟာ....."
အချစ်ဘယ်လိုပဲပူပန်မူ့တွေကိုဖုံးကွယ်ထားပေမဲ့
အတွင်းသိအစင်းသိသူငယ်ချင်းတွေဖြစ်နေကြတဲ့
ကြည်ဖြူနဲ့မေကို့တော့လိမ်လို့မရခဲ့ဘူးထင်သည်။
"နင်အဆင်ပြေရဲ့လား...အချစ်..."
တစ်ယောက်နဲ့တစ်ယောက်မျက်ရိပ်ပြရင်း
အချစ်ကိုအားပေးနှစ်သိမ့်သလို
မျက်ဝန်းတွေဖြင့်ကြည့်ပြီးမေးလာတဲ့ကြည်ဖြူ့ကို
အချစ်ခေါင်းလေးဖျပ်ခနဲငြိမ့်ပြလိုက်ရင်း...
"အင်း...ငါအဆင်ပြေပါတယ်ဟာ
ဘာမှမပူကြနဲ့...."
ပေါ့ပေါ့ပါးပါးလေးဖြေရင်းအချစ်သူတို့ကို
ကျောခိုင်းလိုက်သည့်အခါတစ်ချိန်လုံး
တင်းခံထားတဲ့မျက်ဝန်းလေးတွေက
ဆွေးမြေ့နာကျင်ရိပ်ကလေးတွေသမ်းသွားခဲ့ရ
တောသည်။
~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
ဒီနေ့ညနေဘက်ထိဆိုင်မှာလူကျနေတာကြောင့်
အချစ်၆နာရီလောက်မှအိမ်ကိုပြန်ရောက်ခဲ့သည်။
ထမင်းဟင်းကမနက်စာညစာတစ်ခါထဲပေါင်း
ချက်ထားတာမို့အချစ်သူ့ကိုစောင့်ရင်း
ထမင်းဟင်းတွေကိုပြန်နွေးလိုက်ပြီးအသင့်
ခူးခပ်ထားလိုက်သည်။
သို့သော်ပြောခဲ့တဲ့အတိုင်းသူစောစော
ပြန်မရောက်လာခဲ့ပေ...အချစ်ထမင်းပွဲဘေးမှာ
သူ့ကိုထိုင်စောင့်နေရင်း၉နာရီကျော်လောက်ကျမှ
အဆာလွန်နေပြီဖြစ်တဲ့ဗိုက်ကိုမစားချင်စားချင်နှင့်
ဖြည့်နေတုန်းသူပြန်ရောက်လာခဲ့၏....
"အချစ်...."
ခေါ်သံနဲ့အတူ မီးဖိုခန်းထဲကိုတန်းဝင်လာတဲ့သူက
ထမင်းစားနေတဲ့အချစ်ကိုမြင်တော့တုံ့ခနဲ
ခြေစုံရပ်သွားခဲ့သည်။
"နင်အခုမှထမင်းစားနေတာလား...."
"အင်း...နင့်ကိုစောင့်နေတာလေ....."
အချစ်သူ့ကိုပြန်လှည့်ကြည့်ပြီးဖြေလိုက်ရင်း
ထမင်းစားနေစဉ်တလျောက်လုံးဝမထိခဲ့တဲ့
ဟင်းချိုပန်းကန်ဆီအကြောင်းမဲ့လက်လှမ်းလိုက်သည်။
"Sorryပဲ..ဂျူတီချိန်းကာနီးကျမှယာဉ်တိုက်မူ့နဲ့
အရေးပေါ်လူနာတွေရောက်လာလို့ရှိသမျှ
ဆရာဝန်တွေအားလုံးအလုပ်ရူပ်သွားကြတယ်...."
"ငါသိတယ်.....နင်လုပ်သမျှအားလုံးက
အကျိုးမဲ့မဟုတ်ဘူးဆိုတာလေ..နင်ကလူတွေရဲ့
အသက်ကိုကယ်နေတဲ့ဆရာဝန်ပဲနင့်မှာငါ့ထက်ပိုပြီး
အရေးကြီးတဲ့လူနာတွေအများကြီးရှိတယ်လေ....."
အချစ်ခပ်အေးပေးပင်ပြောပြီး
စားလက်စထမင်းပန်းကန်းကိုသိမ်းကာ
ဘေစင်ရှိရာကိုလျောက်လာခဲ့စဉ်.....
"ငါနောက်တစ်ပါတ်ထဲမှာသွားဖြစ်လိမ့်မယ်....."
ရုတ်တရပ်သူ့နူတ်ကထွက်လာတဲ့စကားကြောင့်
အချစ်ခြေထောက်လေးတုံ့ခနဲရပ်သွားရင်း
သူ့ကိုငဲ့ကြည့်လိုက်မိသည်။
"ဒီနေ့ပဲဆေးရုံအုပ်ကြီးကငါ့ကိုပြောတယ်
အင်္ဂလန်ကိုသွားရမဲ့ပညာတော်သင်ခရီးက
နောက်တစ်ပါတ်အတည်ပြုလိုက်ပြီ......"
~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
အပိုင်း(၃)မျှော်
Writer by
#Hazel