book

Index 15

အပိုင်း(၁၅)

  • Author : Hazel Nhte
  • Genres : Romance, Comedy, Drama

💛အကြင်နာလက်တစ်ကမ်း💛


~~~~~~~~~


"ရွှေဘုံဗိမ္မာန်...သူကကျွန်တော့်ရဲ့

သမီးလေးပါ..."


"ဘယ်.ဘယ်လို..အဲ့ဒီ့ခလေးက

မောင်စည်းစနစ်ရဲ့သမီးလေးဟုတ်လား...

ဒါကဘယ်လိုဖြစ်ရတာလဲ...ဒါကဘယ်လိုလုပ်..."


ထင်မှတ်မထားတဲ့စည်းရဲ့ဝန်ခံမူ့ကြောင့်

မယုံနိုင်သလိုအံ့ဩမူ့များနှင့်

ဦးကျော်ဇောစကားမဆက်နိုင်တော့...


စည်းကတော့အရာအားလုံးကိုဆက်ပြီး

ဖုံးကွယ်ထားဖို့စိတ်ကူးမရှိတော့ပြီမို့

တည်ငြိမ်စွာနှင့်ပဲခေါင်းငြိမ့်လိုက်သည်။


"ကျွန်တော်ဆရာနဲ့အတူအားလုံးကို

တမင်သက်သက်ဖုန်းကွယ်ထားခဲ့တာမျိုး

မဟုတ်ပါဘူး...ကျွန်တော်ကိုယ်တိုင်က

ဒီအခြေအနေကိုကြေငြာခွင့်မရှိခဲ့လို့ပါ..

သမီးလေးရဲ့အမေကကျွန်တော့်ကို

စိတ်နာနေခဲ့တာ...ကျွန်တော်...

အင်္ဂလန်ကနေပြန်လာတဲ့အချိန်ထဲက

ကျွန်တော့်ဇနီးကိုလိုက်ရှာနေခဲ့တယ်ဆိုတာ

ဆရာသိပါတယ်...မျှော်လင့်မထားပဲ

လွန်ခဲ့တဲ့ရက်ပိုင်းကကျွန်တော်သူ့ကို

တော်ဝင်ဆေးရုံမှာပြန်တွေ့ခဲ့တယ်..သူက

ဆရာကျွန်တော့်ကိုခွဲစိတ်ဖို့အတွက်တာဝန်

ယူခိုင်းခဲ့တဲ့..ရွှေဘုံဗိမ္မာန်လေးရဲ့အမေ

အချစ်စစ်ဆိုတဲ့မိန်းကလေးပါပဲ...."


~~~~~~~~~~


ရုံးခန်းထဲကနေခပ်သဲ့သဲ့ကြားနေရတဲ့

စကားသံတွေအဆုံးအပြင်ဘက်

တံခါးရှေ့မှာခြေစုံရပ်နေရင်း

မျက်ခုံးတန်းတွေတွန့်ချိုးကျသွားခဲ့တဲ့

နေရောင်စက်ရှိန်....


သူ့ရဲ့အတွင်းရေးမှူးနဲ့အတူဘေးမှာ

ပါလာတဲ့ပါမောက္ခဆရာဝန်ကြီး

ဦးဘုန်းမြင့်ဇော်ကတော့အလွန်တရာ

ပျက်ယွင်းသွားသောမျက်နှာဖြင့်

ခေါင်းငုံ့လိုက်၏...


"ကျွန်တော်အခုဆေးရုံအုပ်ကြီးနဲ့တွေ့ဖို့

အချိန်မဟုတ်သေးဘူးထင်တယ်...

သူတို့ဆွေးနွေးနေတာကိုအနှောင့်အယှက်

ဖြစ်သွားနိုင်တယ်လေ...."


"ဒုဥက္ကဌ..."


ဦးဘုန်းမြင့်ဇော်တစ်ခုခုပြောဖို့ပြင်လိုက်ပေမဲ့

နေရောင်စက်ရှိန်ကလက်ကာသည်။


"ကျွန်တော်ပြန်တော့မယ်..ဆေးရုံအုပ်ကြီးကိုတော့

နောက်မှသီးသန့်လာတွေ့မယ်လို့ပြောပေးပါ.."


စကားအဆုံးရုံးခန်းရှေ့ကနေချာခနဲ

လှည့်ထွက်သွားတဲ့ခြေလှမ်းတွေ၌

ဒေါသရဲ့အရိပ်အငွေ့တို့ပါဝင်နေခဲ့မှန်း

အတိအကျရိပ်မိလိုက်တဲ့ဦးဘုန်းမြင့်ဇော်

ပိတ်ထားတဲ့ရုံးခန်းတံခါးဆီပြန်လှည့်ကြည့်လိုက်တာက

စိုးရိမ်မကင်းတဲ့မျက်ဝန်းတွေနှင့်

ဖြစ်တော့၏...


~~~~~~~~~~~~~~~❤◦.¸¸. ◦✿


ဆေးရုံထဲကနေတောက်လျောက်

လှမ်းလာခဲ့တဲ့ခြေလှမ်းကြဲတွေက

ရပ်ထားတဲ့ကားနားမှာတုံ့ခနဲခြေစုံရပ်၏...


"ဒုဥက္ကဌ...."


အမြဲတမ်းသူ့ရဲ့မျက်နှာအရိပ်အကဲကို

ကြည့်နေသောမိုက်ခ်ရဲ့ခေါ်သံ...


"မိုက်ခ်...."


"အမိန့်ရှိပါ..."


"စည်းစနစ်...အဲ့ဒီ့ဆရာဝန်ရဲ့အကြောင်း

ငါ့ကိုတစ်ခုမကျန်စုံစမ်းပေး....."


ခပ်ပြတ်ပြတ်အမိန့်ပေးရင်း

သက်တော်စောင့်တစ်ယောက်

အသင့်ဖွင့်ပေးထားတဲ့ကားနောက်ခန်းထဲကို

ဝင်ထိုင်လိုက်တဲ့နေရောင်စက်ရှိန်....


"အားနာပေမဲ့..ကျွန်တော်မဖြစ်နိုင်ပါဘူး..."


"S.Hအတွက်ကတော့ကျွန်တော့်ထက်ပိုပြီး

သင့်တော်တဲ့ခွဲစိတ်ဆရာဝန်တွေ

ရှိနေဦးမှာပါ..."


နားထဲမှာတဝဲလည်လည်ကြားယောင်နေတဲ့

အငြင်းစကားတွေအဆုံးသူအံကို

တင်းတင်းကြိတ်လိုက်၏...


"ခင်ဗျား...ကျွန်တော့်ရဲ့ညီကို

ကျိန်းသေခွဲစိတ်ပေးရလိမ့်မယ်

ဒေါက်တာစည်းစနစ်...."


~~~~~~~~~~~~~~~❤◦.¸¸. ◦✿


"ဘာလို့ဒီကိစ္စကိုအစောကထဲက

မပြောခဲ့တာလဲဦးဘုန်းမြင့်ဇော်..

ဒါဘယ်လောက်အရေးကြီးတဲ့ကိစ္စလဲ..."


မယုံနိုင်ခြင်း၊ထိတ်လန့်ခြင်းတို့ရောယှက်လျက်

ရုံးခန်းထဲမှာဟိန်းထွက်လာခဲ့သော

ဦးကျော်ဇော၏အသံ...


"ကျွန်တော်ကမောင်စည်းစနစ်ခွဲစိတ်ဖို့

လက်ခံလိုက်တဲ့အခါ..နားလည်အောင်

ရှင်းပြစည်းရုံးမယ်လို့စဉ်းစားထားတာပါ...

ရိန်းဂျွန်လေးရဲ့ခွဲစိတ်မူ့က...

သာမာန်နှလုံးခွဲစိတ်မူ့မျိုးမဟုတ်ဘူး

နှလုံးအစားထိုးကုသရမှာ....အဲ့ဒါအပြင်

ပြီးတော့အဲ့ဒီ့အစားထိုးမဲ့နှလုံးက...

အလှူရှင်ဆီကရယူရမှာမဟုတ်တဲ့....

တရားမဝင်နည်းလမ်းနဲ့...."


စကားကိုဆုံးအောင်မပြောပဲ

ဦးဘုန်းမြင့်ဇော်ခေါင်းငုံ့သွားခဲ့တဲ့အခါ..

ဆေးရုံအုပ်ကြီးဦးကျော်ဇောရဲ့မျက်နှာက

ချောက်နက်တစ်ခုထဲပြုတ်ကျသွားတဲ့

လူတစ်ယောက်ပမာဖြစ်သွားခဲ့၏...


"တ.တရားမဝင်နည်းလမ်းနဲ့ဟုတ်လား..

ဒါဆို..ဒုဥက္ကဌက...."


ဦးကျော်ဇော ဆုံးအောင်ဆက်မမေးနိုင်တော့


"ရိန်းဂျွန်လေးကမွေးရာပါနှလုံးဝေဒနာရှင်

တစ်ယောက်ဆိုတာဆေးရုံအုပ်ကြီးလဲ

သိပြီးသားဖြစ်မှာပါ...အဲ့ဒီ့ကလေးက

ခုချိန်ထိနှလုံးခွဲစိတ်မူ့၅ကြိမ်ထက်မနည်း

လုပ်ခဲ့ရပါတယ်..အဲ့လိုငွေနဲ့အသက်ဆက်

ခဲ့တာတောင်အခြေအနေကတိုးတက်မလာပဲ

တဖြေးဖြေးဆုတ်ယုတ်နေခဲ့ပြီး...

ဒီနှစ်ထဲမှာရိန်းဂျွန်လေးရဲ့နှလုံးအခြေအနေက

အစားထိုးကုသမှရတော့မဲ့အခြေအနေထိကို

ရောက်ခဲ့တာ...ဒုဥက္ကဌက

ရိန်းဂျွန်လေးနဲ့ကိုက်ညီမဲ့နှလုံးအလှူရှင်ကို

တစ်ချိန်လုံးရှာဖွေနေခဲ့ပေမဲ့ကံမကောင်းခဲ့ပါဘူး

အခု..နောက်ဆုံးရိန်းဂျွန်လေးကို

ခွဲစိတ်ဖို့ထပ်ပြီးစောင့်လို့မဖြစ်တော့တဲ့

အခြေအနေဖြစ်လာတော့...ဒုဥက္ကဌက

ဥပဒေအပြင်ဘက်ကတရားမဝင်

မှောင်ခိုဂိုဏ်းတစ်ခုနဲ့ပါတ်သတ်ခဲ့တယ်...

အဲ့ဒီ့ဂိုဏ်းကတရားမဝင်ကိုယ်တွင်းကလီစာတွေ

ရောင်းဝယ်နေတဲ့ကြောက်စရာအဖွဲ့တစ်ခုပဲ..."


"ဒါ.ဒါတွေအားလုံးကိုခင်ဗျားသိနေရဲ့သားနဲ့

ဘာလို့လက်ခံခဲ့ရတာလဲ..ဒီလိုအရာတွေက

ဘယ်လောက်အန္တာရယ်များလဲဆိုတာ

ခင်ဗျားမသိလို့လား...ခင်ဗျား

ဆရာဝန်တစ်ယောက်မဟုတ်ဘူးလား..."


"ကျွန်တော်အစကမသိခဲ့ပါဘူး...ကျွန်တော်က

ရိန်းဂျွန်လေးအစားထိုးမယ်ဆိုတဲ့နှလုံးကို

ဒီလိုတရားမဝင်နည်းလမ်းနဲ့ရယူမယ်ဆိုတာ

ကျွန်တော်တစ်ကယ်မသိတာပါ...

အဲ့ဒါကြောင့်ရိန်းဂျွန်လေးရဲ့ခွဲစိတ်မူ့ကို

ဒုဥက္ကဌကလျိူ့ဝှက်ပြီးလုပ်ချင်နေခဲ့တာ..

ဒါပေမဲ့ကျွန်တော်သိတဲ့အချိန်မှာ

နောက်ဆုတ်လို့မရတော့ဘူး...

ဒုဥက္ကဌ...သူကဘယ်လိုလူမျိူးလဲဆိုတာ

ဆေးရုံအုပ်ကြီးသိပါတယ်...သူကျွန်တော်

တို့ကိုအလွတ်ပေးမှာမဟုတ်ဘူး...

ပြီးတော့တော်ဝင်ဆေးရုံကြီးတစ်ခုလုံးကိုရောပဲ.."


တစ်ကယ့်ကိုဘေးကျပ်နံကျပ်အခြေအနေ

တစ်ခုမှာဦးကျော်ဇောအသက်ပင်

ကောင်းကောင်းမရူနိုင်တော့...


"အဲ့ဒါကြောင့်ဒေါက်တာစည်းစနစ်က

ရိန်းဂျွန်လေးရဲ့ခွဲစိတ်မူ့ကိုကျိန်းသေလုပ်မှ

ဖြစ်မှာပါ..ဆေးရုံအုပ်ကြီးသူ့ကိုဖျောင်းဖျမှရမယ်..."


"မဟုတ်ဘူး...သူလုပ်မှာမဟုတ်ဘူး..."


ဦးကျော်ဇောခေါင်းကိုတွင်တွင်ခါယမ်း၏..


"ဒီအတိုင်းတောင်သူ့ကိုဖျောင်းဖျဖို့ခက်နေတာ

အကြောင်းစုံသာသိသွားရင်ပိုပြီးခက်ခဲမှာ

သူစိတ်ကိုကျွန်တော်ကောင်းကောင်းသိတယ်....

သူကဆရာဝန်တစ်ယောက်ရဲ့သိက္ခာ

ဆရာဝန်တစ်ယောက်ရဲ့ကျင့်ဝတ်တွေကို

ဘယ်လိုအရာမျိုးနဲ့မှစွန်းထင်းအောင်လုပ်မဲ့သူမျိုး

မဟုတ်ဘူး..."


"အဲ့ဒါကြောင့်လဲမရရအောင်

ဖျောင်းဖျစည်းရုံးရမယ်လို့ပြောနေတာပေါ့..."


အားမလိုအားမရဟန်ဖြင့်ပါမောက္ခကြီးရဲ့အသံက

အနည်းငယ်ကျယ်လောင်သွားခဲ့၏...


"ပြီးတော့...ဒါက..ကျွန်တော်တို့တော်ဝင်

ဆေးရုံကြီးရဲ့အနာဂါတ်ဖြစ်လာပါလိမ့်မယ်..."


~~~~~~~~~~~~~❤◦.¸¸. ◦✿


"ဦးဦးဒေါက်တာ..."


သမီးလေးကိုရေပတ်သုတ်ပေးဖို့

ရေဇလုံကိုကိုင်ပြီးသန့်စင်ခန်းထဲကနေ

ပြန်ထွက်လာတဲ့အချစ်...သမီးလေးရဲ့

ခေါ်သံလွင်လွင်လေးကြောင့်..

တံခါးဆီကိုလှမ်းကြည့်လိုက်တော့

လှမ်းဝင်လာတဲ့သူ့ကိုမြင်လိုက်ရသည်။


"ဆေးသောက်ပြီးပြီလား...သမီးလေး..."


"ဟုတ်..."


သူ့ကိုမြင်တာနှင့်ပြုံးရွှင်သွားတဲ့

သမီးလေးနားကိုသူကအပြုံးနှင့်လျောက်လာရင်း

အချစ်ကိုလှမ်းကြည့်သည်။


"ကလေးကိုရေပတ်သုတ်ပေးမလို့လား.."


"အင်း..."


"တနေ့နှစ်ကြိမ်ထက်တော့ပိုပြီး

မလုပ်ပေးနဲ့...."


အချစ်သူ့စကားကိုခေါင်းငြိမ့်ရင်း

ရေဇလုံကိုကုတင်ခြေရင်းပေါ်

လှမ်းတင်လိုက်တော့သူကသမီးလေးရဲ့

ဘေးမှာဝင်ထိုင်လိုက်သည်။


"သမီးလေးဒီနေ့သွေးထပ်စစ်ရမယ်နော်...

ဒီတစ်ခါနောက်ဆုံးပဲသိလား...ဒါပြီးရင်

ထပ်မလုပ်တော့ဘူး..."


"ဦးဦးဒေါက်တာကိုယ်တိုင်မီးကို

သွေးဖောက်မှာလားဟင်..."


သမီးလေးရဲ့အမေးကြောင့်

သူ့ရဲ့မျက်ဝန်းတွေကအချစ်ကို

နောက်ထပ်လှမ်းကြည့်လာခဲ့ပြီး...


"ဒါပေါ့...ဒီတစ်ခါဦးဦးကိုယ်တိုင်လုပ်ပေးမှာ

ပြီးတော့သမီးလေးကိုလဲနေကောင်းလာအောင်

ဦးဦးကိုယ်တိုင်ခွဲစိတ်ပေးမှာလေ...

သမီးလေးကကြောက်လို့လား..."


စည်း..သမီးလေးရဲ့ဆံပင်လေးတွေကို

ပွတ်သပ်ပေးရင်းမေးလိုက်တော့

သမီးလေးကချစ်စရာကောင်းအောင်ရယ်ပြီး

ခေါင်းလေးယမ်းပြသည်။


ထိုအချိန်သူမကစည်းနဲ့သမီးလေးနားကို

လျှောက်လာသည်။


"ခွဲစိတ်မဲ့ရက်ကိုသတ်မှတ်ပြီးပြီလားဟင်..."


သူမရဲ့အမေးကိုစည်းခေါင်းယမ်းပြလိုက်ရင်း...


"ဒီနေ့သွေးထပ်စစ်ပြီးမှ...အတိအကျ

သိရမှာ...ဒါပေမဲ့မပူပါနဲ့...သမီးလေး

အခြေအနေကောင်းမှာပါ...ငါ့ကို

ယုံလို့ပြောထားတယ်မဟုတ်လား..."


"ခွဲစိတ်မူ့ကအောင်မြင်မှာပါနော်..."


အနည်းငယ်လူပ်ခတ်နေတဲ့အသံလိူင်းနှင့်

သူမထပ်ပြီးမေးလာတော့စည်း...

သမီးလေးကိုတစ်ချက်ငဲ့ကြည့်လိုက်မိရင်း....


"ငါတို့အပြင်မှာခဏလောက်စကားပြောကြမလား..."


~~~~~~~~~~~~~❤◦.¸¸. ◦✿


"ငါဘာလို့ဆရာဝန်တစ်ယောက်

ဖြစ်ချင်ခဲ့တာလဲဆိုတာနင်သိတယ်မဟုတ်လား.."


လေတဟူးဟူးတိုက်ခတ်နေတဲ့ဆေးရုံ

ခေါင်မိုးထပ်ကခုံတန်းရှည်လေးပေါ်မှာ

နှစ်ယောက်အတူထိုင်နေခဲ့ကြရင်း...

ပထမဆုံးမေးခွန်းထုတ်လာတဲ့သူ့ကို

အချစ်ငဲ့မကြည့်ပဲခေါင်းလေးပဲ

ငြိမ့်ပြလိုက်မိသည်။


တစ်ကယ်တော့စည်းရဲ့လောကကြီးထဲမှာ

တစ်ဦးတည်းကျန်နေခဲ့သောအမေက

စည်း၁၀တန်းနှစ်မှာပဲနှလုံးရောဂါနဲ့ဆုံးပါးသွားခဲ့တာလေ..


အသိနောက်ကျခဲ့တာကတစ်ကြောင်း

ငွေရှိရင်ခွဲစိတ်ပြီးအသက်ရှင်ဖို့မျှော်လင့်ချက်

ရှိနိုင်သေးပေမဲ့..ငွေကြေးမတတ်နိုင်ခဲ့တာက

တစ်ကြောင်းကြောင့်အရွယ်မတိုင်ခင်မှာပဲ

လူ့လောကကြီးထဲကထွက်ခွာသွားခဲ့ရတာ...


"ကျွန်တော်ဆရာဝန်တစ်ယောက်ဖြစ်အောင်

ကြိုးစားမယ်..အမေ့လိုလူနာတွေကို

ကျွန်တော့်လက်နဲ့ကယ်တင်ခွင့်ရစေရမယ်..."


အဲ့ဒီ့တုန်းကဆေးရုံပေါ်မှာအမေဖြစ်သူရဲ့

အလောင်းကိုဖက်ပြီးသည်းအူပြတ်မျှ

ငိုကြွေးနေခဲ့တဲ့စည်းရဲ့ပုံရိပ်ကို

အချစ်အခုထိမေ့မရခဲ့ဘူး....


မှတ်မှတ်ရရ..ဖော်ရွေပြီးပေါ့ပေါ့ပါးပါးနဲ့

ပျော်ပျော်နေတတ်တဲ့စည်းဆိုတဲ့ကောင်လေး

တစ်ယောက်..အဲ့ဒီ့နေ့အပြီးမှာပဲပျောက်ကွယ်

သွားခဲ့တယ်လေ....


ဟုတ်တယ်...စည်းအရာရာပြောင်းလဲသွားခဲ့တယ်

သူ့ရဲ့အမေကိုဆုံးရူံးလိုက်ရပြီးနောက်ပိုင်းမှာပေါ့...


အချစ်စိတ်တွေအတိတ်ကပုံရိပ်ဆီသို့

ခဏမျှမျောလွင့်သွားခဲ့ချိန်မှာပဲသူကစကား

ဆက်လာခဲ့၏...


"ငါ့အမေကြောင့်ငါခွဲစိတ်ဆရာဝန်တစ်ယောက်

ဖြစ်ချင်ခဲ့တာ...အစကတော့ငါ့ရဲ့ရည်မှန်းချက်

အိပ်မက်တွေပြည့်ဝသွားတဲ့အခါ..အရမ်းကို

စိတ်ကျေနပ်စရာကောင်းမှာပဲလို့ငါထင်ခဲ့တယ်...

ဒါပေမဲ့..ဒါကငါ့ရဲ့တစ်ကယ့်အိပ်မက်အစစ်

မဟုတ်ခဲ့ဘူးနဲ့တူပါတယ်..တစ်ခါတစ်လေကျရင့်

လောကကြီးကရယ်စရာကောင်းတယ်မဟုတ်လား..."


"ဒါတွေကနင်ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့

နင့်ရဲ့ရွေးချယ်မူ့ပဲမဟုတ်လား..."


ပြောရင်းအချစ်သူ့ကိုငဲ့ကြည့်လိုက်တဲ့အခါ

သူကခေါင်းငုံ့ပြီးခပ်သဲ့သဲ့ပြုံး၏...


"ဟုတ်တယ်..နင်ပြောတာမှန်ပါတယ်

ဒါငါ့ရဲ့ရွေးချယ်မူ့ပဲ...ဒါပေမဲ့

ငါ့ရွေးချယ်မူ့ရဲ့ရလာဒ်ကလက်ရှိ

ငါ့ရဲ့အခြေအနေဖြစ်နေခဲ့လိမ့်မယ်လို့

ငါဘယ်တုန်းကမှမတွေးခဲ့ဖူးဘူး..."


"နင်..နောင်တရနေတာလား...."


"မဟုတ်ဘူး...ငါနောက်ပြန်လှည့်ချင်နေတာပါ

အရာအားလုံးကိုပေါ့..."


စကားအဆုံးခေါင်းပြန်မော့လာတဲ့

သူကလဲအချစ်ကိုငဲ့ကြည့်လာခဲ့၏...


"ဒါပေမဲ့...နင်သိတယ်မဟုတ်လား

စည်း...ပြီးဆုံးသွားတဲ့အချိန်တွေက

ဘယ်တော့မှအစားပြန်မရနိုင်တော့ဘူး...."


နှစ်ယောက်ကြားကတိုးရှရှစကားသံတို့

တိတ်ဆိတ်သွားတဲ့အခါငေးရီတဲ့

မျက်ဝန်းနှစ်စုံကဆုံမှတ်တစ်ခုမှာ

စက္ကန့်ပေါင်းများစွာငြိမ်သက်နေခဲ့ပြီး

အရင်ဆုံးအကြည့်လွှဲလိုက်မိသူက...အချစ်...


"ငါ..အရင်သွားနှင့်မယ်...."


အချစ်ထိုမျှသာပြောပြီးထိုင်ရာကနေထကာ

လှည့်ထွက်လိုက်တာနှင့်ပါးပြင်ထက်ကို

စီးဆင်းလာခဲ့သောမျက်ရည်စလေးတစ်ချိူ့...


အချစ်ထပ်ပြီးငိုနေမိပြန်တာပဲ....


အနောက်မှာဘယ်လိုပုံစံမျိူးနဲ့ကျန်နေခဲ့မှန်း

မသိတဲ့သူ့ကိုလှည့်မကြည့်မိအောင်စိတ်ကို

တင်းထားရင်းဆက်လှမ်းလာခဲ့တဲ့အချစ်ရဲ့

ခြေလှမ်းတွေကဓာတ်လှေကားထဲထိလှမ်းဝင်လာ

ခဲ့ပြီး...တွေ့ရာနံပါတ်ကိုနှိပ်ပစ်လိုက်ကာ

မျက်ရည်တွေကိုလက်ခုံနှင့်ပွတ်သုတ်ဖို့

ပြင်လိုက်ချိန်မှာပဲ...စေ့ပိတ်လုဆဲဆဲ

ဓာတ်လှေကားတံခါးကနေလှမ်းဝင်လာတဲ့

လက်တစ်ဖက်....


"စည်း...."


အချစ်သူ့နာမည်ကိုတိုးသဲ့သဲ့ခေါ်လိုက်မိသလို

ပြန်ပွင့်သွားတဲ့ဓာတ်လှေကားထဲသို့

လှမ်းဝင်လာတဲ့သူက...ရုတ်တရပ်ဆိုသလိုပဲ

အချစ်ကိုယ်လေးကိုရင်ခွင်ထဲဆွဲသွင်းပွေ့ဖက်

လိုက်သည်။


"အခွင့်အရေးပေးပါ..."


".........."


"တစ်ခါလောက်ပဲထပ်ပြီး...နင်နဲ့သမီးလေးရဲ့

ဘဝထဲနောက်တစ်ကြိမ်ဝင်လာနိုင်ဖို့...

အခွင့်အရေးထပ်ပေးပါလား...."


ကြေကွဲဝမ်းနည်းစရာကောင်းအောင်

လိူင်းထနေတဲ့သူ့အသံကအချစ်ကို

သူ့ရင်ခွင်ထဲကရုန်းထွက်မသွားနိုင်အောင်

ချုပ်နှောင်ထားသလိုပါပဲ...


အချစ်သူ့ကိုဘာမှမတုံ့ပြန်နိုင်ခဲ့သလို

တရိပ်ရိပ်နဲ့ဆင်းသက်နေတဲ့

ဓာတ်လှေကားကိုလဲသတိမထားမိခဲ့ဘူး...


"အဲ့လိုမလုပ်ပါနဲ့..စည်း...ငါ..."


တစ်ခုခုပြောဖို့အားယူပြီးအချစ်သူ့ရင်ဘတ်ကို

တွန်းကန်ဖို့ပြင်လိုက်ချိန်မှာတော့.....

တုံ့ခနဲရပ်သွားပြီဖြစ်တဲ့ဓာတ်လှေကားနဲ့

ချက်ချင်းလိုပင်ပွင့်သွားတဲ့တံခါးနှစ်ချပ်...


"ဟာ..."


"ဟင်..."


"ဒါက..ဘယ်လို..."


ရုတ်တရပ်ဆူညံသွားတဲ့အာမေဋိတ်သံတွေကြား

အချစ်ခြောက်ခြားစွာမြင်တွေ့လိုက်ရတာက..

ဆေးရုံအောက်ဆုံးထပ်Hallကြီးနှင့်

မျက်နှာချင်းဆိုင်ပွင့်နေတဲ့ဓာတ်လှေကား

ရှေ့မှာများပြားလှတဲ့လူတွေကိုပါပဲ...


"စီနီယာ..."


"ကိုစည်း...."


နောက်ထပ်မတူညီတဲ့ခေါ်သံနှစ်ခုနှင့်

ဓာတ်လှေကားရှေ့မှာရှိနေတာကတော့

ဖိုင်တစ်ထပ်ကိုကိုင်ထားသောဂျူတီကုတ်ဝတ်

ဆရာဝန်မလေးနဲ့...နောက်ထပ်မိန်းမလှလေးတစ်ယောက်...


~~~~~~~~~~~~~~❤◦.¸¸. ◦✿


ဆက်ရန်>>>>>


Writer by

#Hazel


rate now: