book

Index 12

အပိုင်း(၁၂)

  • Author : Hazel Nhte
  • Genres : Romance, Comedy, Drama

💛အကြင်နာလက်တစ်ကမ်း💛


~~~~~~~~~


"သက်သာရဲ့လား..ရွှေဘုံလေး...

ဒီမှာအန်တီသမီးလေးအတွက်မုန့်တွေအများကြီး

ဝယ်လာတယ်...."


"ဟုတ်ကဲ့..ကျေးဇူးအများကြီးတင်ပါတယ်

အန်တီသော်သော်..."


အိုဗာတင်းဗူးနဲ့မုန့်တွေတပုံတပင်ကိုဝယ်လာပြီး

ဆေးရုံထိတကူးတကသတင်းလာမေးနေသော

မသော်ကိုအချစ်အားနာသလိုကြည့်မိရင်း....


"အစ်မရယ်...ဆိုင်တစ်ဖက်နဲ့အားတာလဲ

မဟုတ်ပဲဘာလို့လာနေသေးလဲ..

အချစ်တို့ကအဆင်ပြေပါတယ်..."


"အဆင်ပြေတာတော့ပြေတာပေါ့အချစ်ရဲ့

ဒါပေမဲ့ညီမကလူခွဲမရှိပဲဆေးရုံမှာ

တစ်ယောက်တည်းဒိုင်ခံစောင့်နေရတာဆိုတော့

ကသီလင်တဖြစ်မှာစိုးလို့ပါ..

အစ်မဆိုင်ကလဲတူမတွေနဲ့ပစ်ထားလို့ရပါတယ်ဟယ်

ဒီလောက်ကတော့ဘာမှမဖြစ်ဘူး..."


"အချစ်ကအားနာလို့ပါ..."


"အမလေးလာပြန်ပြီလား...ဒီစကား

ညီအစ်မအချင်းချင်းတွေပြောရမှာကျနေတာပဲ..

တစ်ကယ်အားနာရင်ရွှေဘုံလေးဆေးရုံကဆင်းလို့

အစ်မအထည်အပ်ရင်သာအလှဆုံးချုပ်ပေး

ဟုတ်ပြီလား..."


အရွမ်းဖောက်ပြီးပြောလိုက်သောမသော်

စကားကြောင့်အချစ်ရယ်မိ၏...


"ဒါနဲ့အချစ်...အိမ်လေးဘာလေးပြန်ကြည့်ပြီး

လိုအပ်တာတွေသွားမယူဘူးလား

မသော်ကတနေကုန်ဆေးရုံမှာနေပေးလို့ရတယ်နော်..."


မသော်စကားကြောင့်အချစ်တစ်ချက်

စဉ်းစားလိုက်ရင်း....


"လိုအပ်တာတော့မရှိပါဘူးအစ်မရယ်..

ဒါပေမဲ့လျှော်ရမဲ့အဝတ်တွေတော့ရှိတယ်..

ဆေးရုံမှာကျ...သီးသန့်ရေချိူးခန်း၊အိမ်သာ

ရှိပေမဲ့အဝတ်လျော်တဲ့အထိတော့သုံးလို့

မဖြစ်ဘူးလေ...."


"ဟုတ်သားပဲ...ဒါဆိုအချစ်ခဏနေ

အိမ်ပြန်ပြီးလျော်စရာရှိတာလျှော်လိုက်ပေါ့

အစ်မရွှေဘုံလေးကိုကြည့်ပေးထားတယ်..."


စိတ်ထဲမှာအားနာနေသော်လဲ

တစ်ကယ်လိုအပ်နေတာမို့အချစ်လဲမငြင်းမိတော့ပေ..


"ဒါဆိုအစ်မကိုပဲအားကိုးရတော့မယ်..

ရွှေဘုံလေးအတွက်ကတော့ဘာမှ

ထွေထွေထူးထူးမလိုပါဘူး...မနက်ကလဲ

နှလုံးဓာတ်မှန်သွားရိုက်ပြီးသွားပြီး

ပြီးတော့ဆေးလဲလာသွင်းပြီးသွားပါပြီ..."


"အင်းပါ..ဘာမှမပူနဲ့..အကြောင်းထူးရှိရင်

အစ်မအချစ်ဆီဖုန်းဆက်လိုက်မယ်...."


"ဟုတ်ကဲ့..ကျေးဇူးပါပဲအစ်မ...."


~~~~~~~~~~~~~~❤◦.¸¸. ◦✿


"ဒေါက်..ဒေါက်..."


"ဝင်ခဲ့ပါ..."


"ဒေါက်တာ..ပင်မင်းအပ်ထားတဲ့

အင်္ကျီကိုလာပို့တာပါ..."


အသံနဲ့အတူစည်းရဲ့နားနေခန်းထဲလှမ်း

ဝင်လာတဲ့ဆေးရုံရဲ့အကူဝန်ထမ်းအမျိူးသမီး

တစ်ယောက်...


"ကျေးဇူးတင်ပါတယ်..ဒီမှာပဲချိတ်ထားလိုက်ပါ..."


"ဒေါက်တာဒီရက်ပိုင်းအိမ်မပြန်ဖြစ်ဘူးထင်တယ်

အရေးကြီးလူနာတွေအရမ်းများနေလို့လား..."


စည်းနဲ့အနည်းငယ်မျက်မှန်းတန်းမိနေတဲ့

ထိုအမျိူးသမီးကအင်္ကျီချိတ်စင်မှာလာထားရင်း

မေးတော့..စည်းပြုံးပြီးခေါင်းယမ်းပြလိုက်၏...


"လူနာတွေအရမ်းများနေလို့မဟုတ်ပါဘူး

ကျွန်တော့်မှာကိစ္စလေးတွေရှိနေလို့ပါ..."


"ဟုတ်လား...."


ဒီတစ်ခါတော့စည်းဘာမှပြန်မဖြေဖြစ်တော့ပဲ

မျက်ဝန်းတွေကစားပွဲနှင့်ခပ်လှမ်းလှမ်းမှာရှိနေတဲ့

ဆိုဖာပေါ်ကဝက်ဝံရုပ်လေးဆီရောက်သွား

ခဲ့တာက...နွေးထွေးတဲ့အပြုံးနှင့်ဖြစ်တော့သည်။


~~~~~~~~~~~~~~~❤◦.¸¸. ◦✿


အမြဲတမ်းအငြင်းခံနေရသော်လဲ

အမှတ်မရှိနိုင်ပဲစည်းအပြင်က

စားစရာတွေကိုလှမ်းမှာပြီးနေ့လည်စာစားချိန်

အချိန်ကိုက်မှာပဲသမီးလေးရဲ့ဆေးရုံခန်းရှိရာကို

ရောက်လာခဲ့၏....


သို့ပေမဲ့ဝက်ဝံရုပ်လေးတစ်ဖက်

စားစရာတွေတစ်ဖက်နှင့်စည်းဆေးရုံခန်းထဲ

လှမ်းဝင်လာချိန်မှာသူမကိုမတွေ့ရပဲ

သမီးလေးနားမှာတခြားအမျိုးသမီးတစ်ယောက်ကိုသာ

တွေ့ရသည်။


သမီးလေးကိုထမင်းကျွေးဖို့ပြင်နေပုံရသည့်

ထိုအမျိုးသမီးကစည်းကိုမြင်တာနှင့်

ထိုင်ရာကနေကပျာကယာထရပ်သည်။


"ဦးဦးဒေါက်တာ..."


သမီးလေးကတော့စည်းကိုဝမ်းသာအားရလေး

လှမ်းခေါ်ရှာ၏....


"ထိုင်ပါအစ်မရပါတယ်..ကျွန်တော်က

ကလေးကိုသက်သက်လာကြည့်တာပါ..."


စည်းထိုအမျိူးသမီးကိုလှမ်းပြောလိုက်ရင်း

ကုတင်ဘေးတစ်ဖက်ကိုပတ်သွားလိုက်သည်။


"ကလေးရဲ့လူနာရှင်က

ဘယ်ရောက်သွားတာလဲ..."


"ကလေးအမေကအိမ်ခဏပြန်သွားတာပါ

ဆရာ.."


"ဪ...ဟုတ်လား..."


စည်းအမူအယာမပျက်ပြန်ဖြေလိုက်ရင်း

လက်ထဲမှာပါလာတဲ့စားစရာထုပ်ကို

ထိုအမျိူးသမီးဆီလှမ်းပေးလိုက်သည်။


"ကလေးအတွက်ပါ..."


"ရှင်...ဟုတ်ကဲ့...."


စည်းကိုအံ့ဩစူးစမ်းသလိုကြည့်နေပြီးမှ

ထိုအမျိူးသမီးကစားစရာတွေကိုလက်လှမ်းယူ၏..


"နေကောင်းရဲ့လား...သမီးလေး...

အပ်ထည့်ထားတဲ့နေရာကနာနေလား...."


စည်း..သမီးလေးရဲ့ဘေးမှာအသာ

ဝင်ထိုင်ပြီးဆံနွယ်ပျော့လေးတွေကို

တစ်ချက်ပွတ်သပ်ကာမေးလိုက်သည်။


"မနာပါဘူးဦးဦးရဲ့...မီးကဒီလက်ကို

ဦးဦးပြောသလိုငြိမ်ငြိမ်လေးထားတာလေ..."


"ဟုတ်လား...အဟွန်း..သမီးလေးက

တော်လိုက်တာ..ဒီမှာအရမ်းတော်တဲ့သမီးလေးအတွက်

ဦးဦးကလက်ဆောင်ယူလာတယ်...

ကြည့်ပါဦး...."


"ဟင်...အရုပ်လေး..."


စည်းဝက်ဝံရုပ်လေးကိုလှမ်းပေးလိုက်လျှင်

သမီးလေးကမျက်နှာလေးပြုံးရွှင်သွားခဲ့ပေမဲ့

လက်လှမ်းမယူပေ...


စည်း...အရုပ်ကိုသမီးလေးရှေ့ပိုတိုးပေးလိုက်ရင်း..


"ယူလေ...သမီးလေးရဲ့ဝက်ဝံရုပ်လေးကို

မကြိုက်လို့လား ....."


စည်းရယ်ပြီးမေးလိုက်တော့သမီးလေးက

ခေါင်းခါကာဘေးမှာချထားတဲ့

ပစ်တိုင်းထောင်ရုပ်လေးကိုပေါင်ပေါ်တင်သည်။


"မဟုတ်ပါဘူးဦးဦးဒေါက်တာရဲ့မီးကြိုက်ပါတယ်..

ဒါပေမဲ့မီးမှာပစ်တိုင်းထောင်ရုပ်လေးရှိပြီးသားလေ..."


"ပစ်တိုင်းထောင်ရုပ်လေးရှိလဲဝက်ဝံရုပ်လေးကို

ယူလို့ရပါတယ်သမီးလေးရဲ့.. အရုပ်လေး

၂ခုရှိတော့ပိုမကောင်းဘူးလား...."


"ဟင့်အင်းမကောင်းပါဘူး....မီးမှာအရုပ်လေး

၂ခုရှိရင်မီးကဘယ်အရုပ်လေးနဲ့ဆော့ရမှန်းမသိ

ဖြစ်နေမှာပေါ့...ပစ်တိုင်းထောင်လေးနဲ့ဆော့ရင်

ဝက်ဝံရုပ်လေးကဝမ်းနည်းဦးမယ်...ဝက်ဝံလေးနဲ့

ဆော့ရင်မီးရဲ့ပစ်တိုင်းထောင်ရုပ်လေးက

ဝမ်းနည်းဦးမယ်လေ..."


စေ့စေ့စပ်စပ်တွေးတတ်လွန်းတဲ့သမီးလေးကိုကြည့်ပြီး

စည်းသဘောကျစွာပြုံးရသည်။


"ဟုတ်ပါပြီဗျာ...သမီးလေးမယူချင်ဘူးဆိုလဲ

ဦးဦးဒီအရုပ်လေးကိုပြန်သိမ်းထားပါ့မယ်..

သမီးလေးလိုချင်တဲ့အခါပြောပေါ့..."


စည်းနဲ့သမီးလေးစကားတွေဖောင်ဖွဲ့နေစဉ်မှာပဲ

ဘေးမှာရပ်နေတဲ့အမျိူးသမီးကဖုန်းဝင်လာသဖြင့်

အပြင်ကိုခပ်သုတ်သုတ်ထွက်သွား၏.....


ထိုအခါသမီးလေးကစည်းကိုမျက်လုံးဝိုင်းလေးနှင့်

မော့ကြည့်လာရင်း....


"ဦးဦးဒေါက်တာ..."


"ဗျာ..."


"ဦးဦးဒေါက်တာမှာရောမီးလို..ကလေးလေး

ရှိတာလားဟင်......"


သမီးလေးရဲ့အမေးကြောင့်စည်းမျက်နှာပေါ်က

အပြုံးရိပ်တို့ပျောက်ကွယ်သွားခဲ့ရသည်။


အတန်ကြာသည်အထိအဖြေပြန်မပေးနိုင်ပဲ

သမီးလေးကိုငေးကြည့်နေမိပြီးမှ

စည်းကြိုးစားပြုံးပြလိုက်ရင်း...


"ရှိတာပေါ့...ဦးဦးမှာလဲသမီးလေးတစ်ယောက်ရှိတယ်

သူကရွှေဘုံလေးနဲ့ဆိုအသက်တူတူလောက်ပဲ

ရှိဦးမှာ..ပြီးတော့ချစ်စရာလဲအရမ်းကောင်းတယ်..."


"ဟုတ်လား..."


ပြာဖျော့ဖျော့နူတ်ခမ်းလေးတွေကွေးတက်

သွားအောင်အားရပါးရရယ်လိုက်တဲ့သမီးလေးကို

ကြည့်ပြီးစည်းလက်သေးသေးလေးကို

ဆုပ်ကိုင်ထားမိသည်။


"ဦးဦးသိလား...မီးရဲ့ဖေဖေကလဲ

ဦးဦးလိုဆရာဝန်ကြီးပဲ..."


"ဟင်..."


သမီးလေးဆီကပထမဆုံးကြားလိုက်ရတဲ့

အဖေနဲ့ပါတ်သတ်တဲ့စကားကြောင့်

စည်းနှလုံးသားကဒုန်းခနဲမြည်ဟီးသွားရ၏....


"ရွှေဘုံလေးရဲ့ဖေဖေကဆရာဝန်လား...

သမီးလေးရဲ့...မေ.မေမေကအဲ့လိုပဲ

ပြောလား...."


"ဟုတ်တယ်ဦးဦးရဲ့....ဖေဖေကမီးကို

ဆေးကုဖို့ဟိုးအဝေးကြီးမှာပညာတွေ

သွားသင်နေတာလို့မေမေကပြောတယ်...

မီးအရပ်ဒီလောက်ရောက်ရင်ဖေဖေက

ပြန်လာတော့မှာတဲ့...."


ကိုယ့်ဦးခေါင်းကိုယ်လက်လေးတင်ကာ

ပြောရင်းမျက်နှာလေးညိုးသွားပြန်တဲ့

သမီးလေးကပစ်တိုင်းထောင်ရုပ်လေးကို

တင်းတင်းကြပ်ကြပ်လေးပွေ့ဖက်ပြီး

ဆက်ပြောလာတဲ့စကားက....


"ဒါပေမဲ့..ဖေဖေကခုထိလဲမီးတို့ဆီ

ပြန်မလာသေးဘူး...."တဲ့လေ......


~~~~~~~~~~~~❤◦.¸¸. ◦✿


သမီးလေးကိုမသော်နဲ့ထားခဲ့ပြီး

အချစ်အိမ်ကိုခဏပြန်လာကာဆေးရုံက

ပါလာတဲ့အဝတ်အစားတွေကိုခပ်သွက်သွက်

လျှော်ပြီးလှမ်းလိုက်ရင်းရေပါတစ်ခါထဲချိူရင်း

မလျှော်နိုင်တာကြာပြီဖြစ်တဲ့ခေါင်းကိုလဲ

ချေးပြောင်မပြောင်ဂရုမစိုက်နိုင်တော့ပဲ

ကသုတ်ကရိုက်လျှော်လိုက်သည်။


့ပြီးတော့အဝတ်အစားတစ်ချို့နဲ့နောက်ထပ်

လိုအပ်တာလေးအနည်းငယ်ယူပြီး

ထမင်းတောင်မစားနိုင်ပဲဆေးရုံပြန်ပြေးဖို့

ပြင်ရပြန်၏.....


ဘတ်စ်ကားစောင့်နေဖို့လဲအချိန်မရှိတာမို့

တက္ကစီပဲစီးမယ်ဆိုတဲ့အတွေးနဲ့အချစ်

အိမ်ထဲကထွက်လာပြီးခြံတံခါးကို

သော့ပိတ်နေတုန်းမှာပဲ....အချစ်ရဲ့အနောက်မှာ

ထိုးရပ်သွားတာကကိုထူးမြတ်ရဲ့ကား.....


"ညီမ...အိမ်ခဏပြန်လာတာလား...."


"ဪ...ဟုတ်တယ်အစ်ကိုထူးမြတ်...

အချစ်အဝတ်အစားလာပြန်ယူတာပါ..."


"အခုဆေးရုံပြန်မှာမဟုတ်လား...လာလေ

အစ်ကိုပြန်လိုက်ပို့ပေးမယ်...."


"အို..မဟုတ်တာ..အချစ်ဒီအတိုင်းတက္ကစီ..."


အချစ်ငြင်းဖို့အရှိန်ယူလိုက်တဲ့စကားပင်

မဆုံးလိုက်ကားပေါ်ကဆင်းလာတဲ့ကိုထူးမြတ်က

အချစ်လက်ထဲမှာရှိနေတဲ့ဆွဲခြင်းကို

လှမ်းယူလိုက်သည်။


"ဘာလို့အမြဲတမ်းငြင်းနေရတာလဲ

အားနာစရာမလိုဘူးလို့အစ်ကိုပြောထားတယ်လေ

လာပါ..ကားပေါ်တက်..."


အချစ်ဘာမှထပ်မပြောနိုင်တော့ပေ...

ဘာကိုသဘောကျနေမှန်းမသိတဲ့

အပြုံးမျက်နှာနှင့်သူ့ကိုကြည့်ပြီး

ဖြတ်သွားဖြတ်လာပတ်ဝန်းကျင်

လူတစ်ချို့ရဲ့အကြည့်တွေအောက်မှာ..

ကြာကြာရပ်ပြီးအငြင်းအခုန်မဖြစ်ချင်တာနဲ့ပဲ

ကားပေါ်ကိုတက်လိုက်သည်။


"နောက်တစ်ခါညီမအိမ်ပြန်စရာကိစ္စတွေဘာတွေ

ရှိရင်အစ်ကို့ကိုဖုန်းဆက်ပြီးလှမ်းခေါ်လိုက်လေ..

အစ်ကိုလာခဲ့မယ်..."


"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်အစ်ကို..."


အချစ်ထိုမျှသာပြောပြီးကားမှန်ဘက်ကို

မျက်နှာလေးမသိမသာလှည့်လိုက်သည်။


သူမရဲ့ထိုပုံစံလေးကိုကြည့်ပြီး

ရိပ်ခနဲပြုံးလိုက်မိသူကထူးမြတ်ရယ်ပါ...


အမေတစ်ခုသမီးတစ်ခုဘဝမှာရောဂါသည်

သမီးလေးကိုစောင့်ရှောက်ပြီး...အသက်အရွယ်နဲ့

မလိုက်အောင်လောကဓံကိုကြံ့ကြံ့ခိုင်ရင်ဆိုင်နေသော

အချစ်စစ်ဆိုသောဤမိန်းကလေးကို

သူလေးစားတဲ့စိတ်၊သနားတဲ့စိတ်တွေနဲ့

သဘောကျနေခဲ့တာကြာခဲ့ပါပြီ..


သို့ပေမဲ့အနေအထိုင်တည်ကြည်အိနြေ္ဒကြီးလွန်းတဲ့

သူမကြောင့်မိတ်ဆွေရင်းတွေတောင်မဟုတ်တဲ့

မေးထူးခေါ်ပြောအဆင့်မှာပဲရပ်တန့်နေခဲ့တာလဲ

ကြာခဲ့ပြီလေ...


အဲ့ဒီ့မှတဆင့်ခုလောက်ထိတရင်းတနှီး

ရှိလာခဲ့ရတာလဲရွှေဘုံလေးနဲ့သူမအပေါ်

မိသားစုဝင်တွေလိုချစ်ခင်တွယ်တာ

နေသည့်သူ့ရဲ့အမေကြောင့်သာဖြစ်သည်။


"သားတစ်ကယ်သဘောကျမြတ်နိုးတဲ့လူကို

တွေ့လို့ဘဝလက်တွဲဖော်အဖြစ်စဉ်းစားတော့မယ်ဆိုရင်

အဲ့ဒီ့မိန်းကလေးရဲ့အတိတ်ကိုဘယ်တော့မှပြန်

မကြည့်နဲ့..သူ့ရဲ့လက်ရှိပစ္စုပန်နဲ့

သူနဲ့အတူဖြတ်သန်းရမဲ့...

သားရဲ့အနာဂါတ်ကိုပဲမျှော်ကြည့်ပါ...

အမေလိုချင်တာကအလိမ္မာအိမ်ပါမဲ့ချွေးမမျိူးပဲ..."လို့....


သူမအပေါ်ယိမ်းယိုင်နေတဲ့သူ့ရဲ့စိတ်ကို

ရိပ်စားမိပုံရသည့်မိခင်ကြီးကလဲ

ထိုကဲ့သို့အားပေး၏....


သို့ပေမဲ့လဲသူမရဲ့ဆက်ဆံပုံကတော့

ခုချိန်ထိသူ့အပေါ်အရင်ကထက်

ပိုပြီးထူးခြားမလာခဲ့.....


ဒါပေမဲ့ထူးမြတ်စိတ်မပျက်သလို

သူမအပေါ်ထားရှိတဲ့သဘောထားကလဲ

ပြောင်းလဲဖို့အကြောင်းမရှိခဲ့....


ဘယ်လောက်ဝေးကွာတဲ့ခရီးပဲဖြစ်ဖြစ်

လိုရာကိုရောက်ဖို့ခြေတစ်လှမ်းကစရတာ

ထုံးစံပဲမဟုတ်လား.....


~~~~~~~~~~~~~~~~❤◦.¸¸. ◦✿


"ဒါနဲ့..ရွှေဘုံလေးဆေးရုံစတတ်တဲ့နေ့က

အစ်ကိုတွေ့ခဲ့တဲ့အဲ့ဒီ့ဆရာဝန်က

ညီမရဲ့အသိလား...."


အချစ်ကိုလိုက်ပို့ပြီးတာတောင်

ချက်ချင်းမပြန်ပဲအထဲထိခြင်းတောင်းဆွဲပြီး

လိုက်ပို့ရင်း..ကိုထူးမြတ်မေးလာတော့

အချစ်ပုံမှန်လှမ်းနေတဲ့ခြေလှမ်းကမသိမသာ

နှေးကျသွားရ၏....


"အင်း...ဟုတ်တယ်..."


အများကြီးမဖြေရှင်းချင်၍

ခပ်တိုတိုပြန်ဖြေလိုက်ရင်း

အချစ်ဓာတ်လှေကားရှေ့အရောက်

သူ့လက်ထဲကခြင်းတောင်းကိုလက်ပြောင်း

ယူလိုက်သည်။


"လိုက်ပို့ပေးလို့ကျေးဇူးတင်ပါတယ်နော်

ကိုထူးမြတ်ဒီနေရာကပဲပြန်လိုက်ပါ..

အပေါ်ထိထပ်ပြီးလိုက်ရင်အလုပ်ပိုမှာ

စိုးလို့ပါ..."


ဆက်မလိုက်စေချင်တော့တာ

အရမ်းသိသာသွားမယ်ထင်ပေမဲ့လဲ

မတတ်နိုင်တော့....


သို့ပေမဲ့သူကတော့အပြုံးမပျက်ပဲ

ခေါင်းငြိမ့်သည်။


ထိုအချိန်အချစ်တို့ရပ်နေတဲ့တစ်ဖက်မှာ

ရှိနေသောသီးသန့်ဓာတ်လှေကားက

ပွင့်သွားခဲ့ပြီးလှမ်းထွက်လာတဲ့တစ်စုံတစ်ယောက်..


"စည်း..."


အချစ်အသံမထွက်ပဲနူတ်ခမ်းလူပ်ရုံ

ခေါ်လိုက်မိသလိုပဲ...သူကလဲ

အချစ်တို့ကိုမြင်တာနှင့်ခြေလှမ်းတုံ့သွား၏...


သို့ပေမဲ့ခဏပါပဲသူကချက်ချင်း

အကြည့်လွှဲသွားပြီး...သူ့အနောက်မှာ

ပါလာသည့်ဆရာဝန်လေးတစ်ယောက်ရဲ့

လက်ထဲကဖိုင်တွဲကိုလှမ်းယူပြီး

ဟန်မပျက်ဆက်လှမ်းထွက်သွားတော့...

အချစ်လဲကိုထူးမြတ်ကိုခေါင်းတစ်ချက်ညွတ်လျက်

နူတ်ဆက်ပြီး...ဓာတ်လှေကားထဲ

လှမ်းဝင်လာခဲ့တော့၏.....


~~~~~~~~~~~~~~❤◦.¸¸. ◦✿


"ရွှေဘုံဗိမ္မာန်ရဲ့လူနာရှင်.....

လူနာအတွက်သောက်ဆေးတွေစစ်ရမှာမို့

ဖိုင်တွဲကိုကောင်တာယူလာခဲ့ပေးပါ..."


အခန်းဝကနေလှမ်းပြောလိုက်တဲ့

သူနာပြုဆရာမကြောင့်အချစ်ထိုင်ရာကနေ

ထရပ်လိုက်ရင်း...


"ဖိုင်တွဲက...ဒေါက်တာယူထားပါတယ်ဆရာမ.."


"အဲ့ဒါဆိုလဲခဏလောက်သွားတောင်းလာခဲ့နော်

သောက်ဆေးတွေစစ်ပေးရမှာမို့.."


"ဟို...ဒေါက်တာရဲ့ရုံးခန်းကဘယ်မှာလဲမသိဘူးရှင့်..."


"ဪ...ဒေါက်တာ့အခန်းကအပေါ်ထပ်6လွှာမှာ..

6လွှာရဲ့ICU(intensive care unit)ခန်းရှေ့ကနေ

အဆုံးထိလျောက်သွားလိုက်အဲ့ဒီ့်စင်္ကြန်လမ်း

ထောင့်ဆုံးကအခန်းကဒေါက်တာစည်းစနစ်ရဲ့

နားနေခန်းပဲ..."


"ဟုတ်ကဲ့..."


ဆရာမပြန်ထွက်သွားတော့အချစ်သမီးလေးရဲ့

ဆံပင်တွေကိုတစ်ချက်သပ်ပေးလိုက်ရင်း...


"မီးလေး..မေမေမီးလေးရဲ့ဖိုင်တွဲကိုသွားယူလိုက်

ဦးမယ်...ခဏလေးနေခဲ့နော်...."


"ဟုတ်ကဲ့...မေမေ..."


အချစ်သမီးလေးကိုထားခဲ့ပြီးအခန်းထဲက

ထွက်ကာဆရာမလမ်းညွှန်ထားတဲ့ဆီသို့

ခပ်သွက်သွက်လှမ်းလာခဲ့၏...


ဆရာမပြောတဲ့ကော်ရစ်ဒါထောင့်ဆုံးက

အခန်းရှေ့ကိုရောက်တော့ခေါင်းလေးမော့ပြီး

နာမည်ဆိုင်းဘုတ်ကိုတစ်ချက်မော့ကြည့်လိုက်ကာ

တံခါးခေါက်လိုက်သည်။


"ဒေါက်...ဒေါက်..."


"ဝင်ခဲ့ပါ..."


အထဲကနေသူ့ရဲ့တုံ့ပြန်သံကိုကြားမှ

အချစ်တံခါးကိုအသာအယာတွန်းဖွင့်လိုက်သည်။


သို့ပေမဲ့စားပွဲပေါ်ကLaptopကို

အာရုံစိုက်ပြီးကြည့်နေတဲ့သူက

အခန်းထဲဝင်လာတဲ့သူကိုအရေးတယူလှမ်း

ကြည့်မလာခဲ့...


"သမီးလေးရဲ့ဖိုင်တွဲကိုလာယူတာပါဆရာ...

သူနာပြုဆရာမတွေသောက်ဆေးစစ်ပေးမှာမို့ပါ..."


အချစ်ရဲ့အသံကိုကြားလိုက်မှ

သူကဖျပ်ခနဲခေါင်းမော့ကြည့်လာခဲ့ပြီး

အံ့ဩသွားဟန်ရှိ၏...


"ခဏလေး...."


အချစ်ကိုလက်ကာပြပြီး...သူက

သွေးနမူနာအဖြေဖြစ်ဟန်တူသည့်

စာရွတ်တွေကိုမှာဖိုင်တွဲမှာတစ်ခါထဲထည့်ညှပ်ပေး၏...


"ရော့..."


ဖိုင်တွဲကိုအချစ်ဆီလှမ်းပေးပြီးသူက

ထရပ်သည်။


"ဒီညနေကလေးကိုဆေးချိတ်တာခဏနား

ထားမယ်လို့..တာဝန်ကျသူနာပြုကိုပြော

လိုက်ပါ....ငါညနေ၆နာရီ

အော်ပရေးရှင်းတစ်ခုဝင်ရမှာမို့...

အော်ပရေးရှင်းပြီးမှလာကြည့်လို့ရမှာ..."


"ဟုတ်ကဲ့...."


အချစ်ထိုစကားအပြင်ပိုမပြောပဲ

လှည့်ထွက်လာခဲ့ပေမဲ့အခန်းဝနားအရောက်

တံခါးကိုတွန်းဖွင့်ရန်လက်လှမ်းလိုက်စဉ်မှာ..

ရုတ်တရပ်ဆိုသလိုပဲအနောက်ကိုရောက်လာတဲ့သူက

အချစ်ရဲ့လက်ဖျားလေးကိုဖမ်းဆုပ်လိုက်၏...


"ခဏလေး...စကားခဏလောက်ပြောလို့

ရမလား..."


"လက်ကိုအရင်လွှတ်လိုက်ပါ..."


အချစ်ပြောလိုက်ပေမဲ့လဲဂရုပြုပုံမရသည့်သူက

ဖိုင်တွဲကိုပိုက်ထားတဲ့လက်မောင်းလေး

တစ်ဖက်ကိုပါဆုပ်ကိုင်လာပြန်ပြီး...


"အဲ့ဒီလူကဘယ်သူလဲ..."


"ဒေါက်တာ..ဘယ်သူ့ကိုမေးနေတာလဲ..."


"ငါဘယ်သူ့ကိုမေးနေတယ်ဆိုတာနင်

သိပါတယ်အချစ်..."


အချစ်သူ့ကိုဘာမှပြန်မပြောပဲ

မျက်နှာလွှဲလိုက်တော့သူက

အချစ်မျက်နှာကိုတစ်ချက်ငုံ့ကိုင်းကြည့်ရင်း..


"နေ့လည်တုန်းကနင်နဲ့ဆေးရုံကိုအတူ

ပါလာတဲ့အဲ့ဒီလူ...သူကနင်နဲ့ဘာမှ

မပါတ်သတ်ဘူးမဟုတ်လား..."


တစ်စုံတစ်ရာကိုစိုးရိမ်မကင်းဖြစ်နေသော

သူ့ရဲ့ပုံစံကိုအချစ်စိတ်ပျက်လက်ပျက်လေး

ကြည့်လိုက်မိရင်း...


"ဒါငါ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စပါ..

နင့်ကိုလိုက်ပြီးပြောပြနေစရာမလိုအပ်ဘူး..."


ခပ်ဆတ်ဆတ်လေးပြောပြီးအချစ်သူ့လက်ထဲက

ရုန်းထွက်ဖို့လုပ်ပေမဲ့သူကလုံးဝအလျော့မပေးပဲ

ရှေ့ကိုခြေလှမ်းတိုးလာတော့အချစ်တံခါးမှာ

ကျောကပ်သွားရရင်းမျက်နှာချင်းဆိုင်

ပိုပြီးနီးကပ်လာတဲ့သူ့ရဲ့ရင်ဘတ်ကို

ဖိုင်တွဲကိုင်ထားတဲ့လက်နှင့်ကပျာကယာ

တွန်းကန်လိုက်မိ၏...


"နင်ဒါဘာလုပ်တာလဲ...စည်း..."


အချစ်အံကြိတ်သံလေးနှင့်အော်လိုက်ရင်း

အမြင်ကပ်စရာကောင်းအောင်နီးကပ်လွန်းနေတဲ့

သူ့မျက်နှာကိုစူးစူးဝါးဝါးမော့ကြည့်လိုက်ပေမဲ့

အချစ်နဲ့ဆန့်ကျင်ဘက်သူ့မျက်ဝန်းတွေက

ငေးမောရီဝေမူ့များနှင့်...


"နင်ငါ့ကိုအရမ်းမုန်းနေတယ်ဆိုတာသိပေမဲ့

ငါ့ကိုဒီ့ထက်ပိုပြီးနင်နဲ့သမီးလေးရဲ့အဝေးကို

တွန်းမထုတ်ပါနဲ့.နင်ငါ့ကိုမမြင်ချင်လောက်အောင်

နာကျည်းနေတယ်ဆိုရင်တောင်သမီးလေးအတွက်ပဲ

ဖြစ်ဖြစ်စဉ်းစားပြီး...နင့်ရဲ့စိတ်ကို

နည်းနည်းလောက်လျော့ပေးလို့မရဘူးလား....

ငါ..တောင်းဆိုနေတာပါ..."


~~~~~~~~~~~~~~❤◦.¸¸. ◦✿


ဆက်ရန်>>>>


Writer by

#Hazel


rate now: