book

Index 11

အပိုင်း(၁၁)

  • Author : Hazel Nhte
  • Genres : Romance, Comedy, Drama

💛အကြင်နာလက်တစ်ကမ်း💛


~~~~~~~~~


"အချစ်..."


ကောင်တာမှာသမီးလေးအတွက်ဆေးယူပြီး

အပေါ်ကိုပြန်တက်ဖို့ဓာတ်လှေကားရှိရာကို

လျှောက်လာတဲ့အချစ်..အနောက်ကနေကြားလိုက်ရတဲ့

သူ့ရဲ့ခေါ်သံကြောင့်ခြေလှမ်းတွေတုံ့ခနဲ

ဖြစ်သွားရသည်။


ဘာမှမကြာလိုက်..ပြေးလာတဲ့ခြေသံတဖတ်ဖတ်နှင့်

သူကအချစ်နားကိုရောက်လာတော့အချစ်

ခေါင်းလေးငဲ့ကြည့်လိုက်မိ၏...


"နင်နဲ့သမီးလေးအတွက်..."


ပြောရင်းသူအချစ်ကိုလှမ်းပေးလာတာက

အပြင်ကဝယ်လာဟန်တူသည့်စားစရာတွေဖြစ်သည်။


"နင်နေ့လည်စာမစားရသေးဘူးမဟုတ်လား..."


"ကျွန်မစားပြီးပါပြီ...ဒေါက်တာ..."


အချစ်ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး

ဟန်မပျက်ပြန်ဖြေလိုက်ကာဓာတ်လှေကားရှိရာကို

ပြန်လှည့်ဖို့ပြင်လိုက်ချိန်မှာပဲသူကအချစ်လက်လေး

တစ်ဖက်ကိုလှမ်းဆွဲလိုက်သည်။


"ဒီအတိုင်းလက်ခံပေးလို့မရဘူးလား...

နင်နဲ့သမီးလေးအတွက်..ဘာမျှော်လင့်ချက်မှမပါတဲ့

ငါ့ရဲ့စေတနာသက်သက်ပါ..."


ထိုစကားကြောင့်အချစ်နူတ်ခမ်းလေးတွေ

တင်းတင်းစေ့သွားရသည်။


"ကျွန်မပြောပြီးပြီပဲ...ကျွန်မရောသမီးလေးပါ

ဒေါက်တာ့ဆီကဒီလိုစေတနာတွေမလိုအပ်ပါဘူး

ဒေါက်တာ့မှာတစ်ကယ်ပဲအချိန်တွေပိုနေရင်လဲ

ဒေါက်တာနဲ့သက်ဆိုင်တဲ့သူတွေကိုပဲ

ပိုပြီးဂရုစိုက်ပေးသင့်တယ်...."


"နင်ဘာတွေပြောနေတာလဲ...."


နားမလည်ဟန်ဖြစ်သွားသည့်သူ့ကို

အချစ်စိတ်ပျက်သလိုကြည့်မိရင်း

ဓာတ်လှေကားကိုမစောင့်တော့ပဲ

မျက်နှာချင်းဆိုင်ကရိုးရိုးလှေကားရှိရာကို

လျှောက်သွားလိုက်သည်။


"အချစ်..."


အနောက်ကနေသူ့ခေါ်သံက,ပါလာပြန်သော်လဲ

ဒီတစ်ကြိမ်တော့အချစ်လှည့်မကြည့်ပဲ

လှေကားထစ်တွေအတိုင်းခပ်သွက်သွက်

တက်လာခဲ့ပေမဲ့...


"နေဦး...အချစ်..."


လှေကားပေါ်တဝုန်းဝုန်းနှင့်ပြေးလိုက်လာတဲ့သူ့က

ထောင့်ချိုးတစ်နေရာမှာပဲအချစ်ကိုလှမ်းဆွဲလိုက်ပြန်ကာ

လှေကားထောင့်ကိုတွန်းပို့လိုက်တာကြောင့်

အချစ်လက်ထဲမှာရှိနေတဲ့သမီးလေးရဲ့

ဆေးတွေကအောက်သို့ပြုတ်ကျကုန်၏...


"နင်ဘာလုပ်တာလဲ...စည်း...

လွတ်စမ်းပါ..."


"မလွတ်နိုင်ဘူး..ခုနကနင့်စကားက

ဘာအဓိပ္ပါယ်လဲ...ငါ့ကိုပြော..."


"စည်း..."


အချစ်သူ့နာမည်ကိုလေသံခပ်အုပ်အုပ်နှင့်

ခေါ်ရင်းလက်ကိုအတင်းရုန်းနေပေမဲ့သူက

လွှတ်မပေးပဲဖိဆုပ်ထားသည်။


"နင်ရူးနေတာလား..ငါ့ကိုလွှတ်

တစ်ယောက်ယောက်မြင်သွားချင်လို့လား..."


"မြင်သွားတော့လဲဘယ်သူ့ကိုဂရုစိုက်ရမှာလဲ...

ငါတို့ဘာမှမဟုတ်တာလုပ်နေတာမဟုတ်ဘူး.."


"စည်း..နင်..."


"ငါမေးတာကိုပဲဖြေပါ...ခုနကနင့်စကားက

ဘာအဓိပ္ပါယ်လဲ...ငါနဲ့သက်ဆိုင်သူတွေကိုပဲ

ပိုပြီးဂရုစိုက်ပေးပါဆိုတာဘာအဓိပ္ပါယ်နဲ့ပြောတာလဲ..."


ထိုအမေးကြောင့်အချစ်မဲ့ခနဲပြုံးလိုက်မိသည်။


"ငါဘာပြောလဲဆိုတာနင်အသိဆုံးဖြစ်မှာပေါ့..."


"ဘာ..."


"အမှန်တိုင်းပြောရရင်နင်ရဲ့ကြိုးစားအားထုတ်

မူ့တွေကလဲအဲ့ဒီ့နေရာနဲ့ထိုက်တန်ပါတယ်

ဆေးရုံအုပ်ကြီးရဲ့သမက်...အနာဂါတ်ရဲ့

ဆေးရုံအုပ်...အဟင်း..ဒီနှစ်တွေမှာနင်ဘာလို့

ငါ့ကိုအဆက်အသွယ်မလုပ်ခဲ့တာလဲဆိုတာ

ငါမအံ့ဩတော့ဘူး..."


"မဟုတ်သေးဘူးအချစ်..နင်ဒီစကားတွေကို

ဘယ်ကကြားခဲ့တာလဲ..အဲဒါတွေကကောလဟာလ..."


"လွှတ်စမ်းပါ.."


စည်းရဲ့စကားမဆုံးခင်သူမကလက်ကိုဆတ်ခနဲ

ရုန်းထွက်သည်။


"အဲ့ဒီ့စကားတွေကအမှန်ပဲဖြစ်ဖြစ်၊ကောလဟာလပဲ

ဖြစ်ဖြစ်ငါဂရုမစိုက်ဘူး...နင်နဲ့ငါနဲ့ကပြီးသွားပြီစည်း

၅နှစ်လုံးလုံးနင်ငါ့ကိုပစ်ထားခဲ့ပြီး...ခုချိန်

ဝေဒနာသည်ငါ့သမီးလေးကိုမြင်မှ...

သနားသလို၊တာဝန်ရှိနေသလိုမျိုးလာမလုပ်ပါနဲ့..

ကျေးဇူးပြုပြီးနင့်ဘဝနဲ့နင်နေပါ...ငါတို့သားအမိကို

ထပ်ပြီးစိတ်ဒဏ်ရာပေးဖို့မကြိုးစားပါနဲ့..."


အပြင်းထန်ဆုံးစကားတွေကိုပဲရွေးပြောပြီး

အချစ်ဆေးဗူးတွေကိုပြန်ကောက်ယူကာ

သူ့ရှေ့ကနေလှည့်ထွက်လာခဲ့သည်အထိ

သူကထိုနေရာမှာကျောက်ရုပ်တစ်ရုပ်လို

ခြေစုံရပ်ကျန်နေခဲ့ဆဲ...


အချစ်နာကျင်စွာပြုံးလိုက်မိသည်ထင်၏...


"ဆေးရုံအုပ်ကြီးရဲ့သားမက်တဲ့လား..."


အောက်နူတ်ခမ်းလေးကိုပေါက်ထွက်လုမတတ်

ဖိကိုက်ကာခပ်တိုးတိုးရေရွတ်လိုက်မိရင်း....


~~~~~~~~~~~~~❤◦.¸¸. ◦✿


"ဓာတ်ခွဲခန်းကိုသွေး၂ပုလင်းပို့ရမယ်..

ကျွန်တော့်ဆီအဲ့ဒီသွေးနမူနာတွေရဲ့အဖြေကို

ညနေ၄နာရီလာပို့ပေးပါ...စစ်စတာ..

ပြီးတော့မနက်ဖြန်မနက်၉နာရီကျရင်

ကလေးကိုနှလုံးဓာတ်မှန်ရိုက်ဖို့

X Rayခန်းကိုပို့ပေးပါ..."


"ဟုတ်ကဲ့ပါ...ဒေါက်တာ..."


သမီးလေးကိုလာစစ်ဆေးနေတဲ့သူနှင့်သူနာပြုဆရာမ

ပြောနေတာတွေကိုနားထောင်ပြီး

သမီးလေးရဲ့လက်သေးသေးလေးကို

ဆုပ်ကိုင်ထားတဲ့အချစ်ရဲ့လက်ဖျားတွေအေးစက်

နေရသည်။


"လူနာရှင်..ခဏလောက်ဖယ်ပေးပါ..."


ရုတ်တရပ်သူ့ဆီကတည်ငြိမ်စွာထွက်ပေါ်လာတဲ့

စကားသံကြောင့်အချစ်ပခုံးလေးမသိမသာတွန့်သွားရရင်း

သမီးလေးဘေးမှထလိုက်တော့..သူကအချစ်ကို

တစ်ချက်ကြည့်ပြီးသမီးလေးဘေးမှာဝင်ထိုင်၏...


"ဦးဦးသွေးနည်းနည်းဖောက်မယ်နော်

သမီးလေး..."


စည်းသမီးလေးကိုပြုံးပြကာပြောလိုက်တော့

ဆေးရုံဆေးခန်းနှင့်မစိမ်းခဲ့ပုံရသည့်သမီးလေးက

ခေါင်းလေးငြိမ့်ပြ၏...


"အခုကစပြီးသမီးလေးကဆေးတွေသွင်းရတော့မှာ

အဲ့ဒါကြောင့်သွေးဖောက်ပြီးရင်တောင်

ဦးဦးကအပ်ကိုဖြုတ်ပေးလို့မရဘူး..အဲ့ဒီ့်တော့

သမီးလေးကဒီလက်ကိုငြိမ်ငြိမ်လေး

ထားရမယ်နော်ဟုတ်ပြီလား..တစ်ကယ်လို့

ဒီလက်ကအပ်ပြုတ်သွားရင်နောက်တစ်ခါ

သမီးလေးထပ်ပြီးအသားနာမှာ..ဦးဦးပြောတာ

နားလည်ရဲ့လား...."


စည်းရဲ့စကားဆုံးတော့သမီးလေးက

မျက်လုံးဝိုင်းလေးနှင့်ခေါင်းငြိမ့်ပြသည်။

ပြီးတော့သနားစဖွယ်ထိုမျက်ဝန်းလေးတွေက

သူမဆီသို့မော့ကြည့်ရွေ့လျားသွားရင်း...


"ဦးဦးဒေါက်တာ...လိုက်ကာကိုဆွဲပိတ်ပေးလို့

ရလားဟင်..."


"ဘာလို့လဲသမီးလေးရဲ့...."


စည်းပြန်မေးလိုက်တော့သမီးလေးက

သူ့အနားကိုတိုးလာရန်စည်းကိုလက်လေးယပ်ခေါ်သည်။

စည်း..သမီးလေးနားခေါင်းကိုညွှတ်ကိုင်းပေးလိုက်တော့

နား,နားကိုကပ်ကာလေသံတိုးလေးနဲ့

သမီးလေးပြောလာတဲ့စကားက...


"မေမေက..မီးကိုသွေးဖောက်တိုင်းအမြဲတမ်း

ငိုတယ်..အဲ့ဒါကြောင့်မေမေမြင်မှာစိုးလို့ပါ..."တဲ့လေ....


စည်းရင်ထဲမြှားတစ်စင်းစိုက်ဝင်သွားခဲ့သလိုပါပဲ

သမီးလေးကိုဟန်မပျက်ပြုံးပြလိုက်ရင်း

ထရပ်လိုက်သည်။


"ခဏလောက်နောက်ဆုတ်ပေးပါ..."


စည်းပြောလိုက်တော့သူမနဲ့စစ်စတာအနောက်ကို

ဆုတ်သွားကာမှစည်းဆေးရုံကုတင်ဘေးက

လိုက်ကာအပြာကြီးကိုဆွဲပြီးတစ်ဖက်တည်းကို

ပိတ်လိုက်သည်။


စည်း...သမီးလေးနားမှာပြန်ထိုင်လိုက်တော့

သမီးလေးကစည်းကိုချစ်စရာကောင်းအောင်

ပြုံးပြသည်။


🎵ပစ်တိုင်းထောင်လေးပုတိုတို မျက်နှာပြုံးချိုချိူ🎵


သွေးဖောက်ဖို့ပြင်နေတုန်းမှာပဲအသံသေးသေးလေးနဲ့

ချစ်စဖွယ်သီချင်းလေးညည်းနေသည့်

သမီးလေး....


"ဘာလို့သီချင်းဆိုနေတာလဲ..သမီးလေး..."


စည်းရယ်ပြီးမေးလိုက်ရင်းသမီးလေးရဲ့

လက်သေးသေးလေးကိုဆွဲယူကာ

ပိုးသတ်ထားတဲ့ဂွမ်းအစိုနှင့်သွေးကြောမြင်နေရတဲ့

နေရာကိုပွတ်သုတ်လိုက်သည်။


"ဒါအာရုံပြောင်းတာလေဦးဦးရဲ့

မီးကသီချင်းဆိုနေရင်ဦးဦးသွေးဖောက်တာ

မသိတော့ဘူးပေါ့...အဲ့ဒါဆိုမနာတော့ဘူးလေ..."


သွက်သွက်လက်လက်နဲ့ပြန်ဖြေလိုက်တဲ့

သမီးလေးကိုကြည့်ပြီးစည်းလက်ထဲက

ဂွမ်းစပင်ပြုတ်ကျသွားခဲ့ရသည်။


ထို့အတူမျက်လုံးလေးမှိတ်ကာသီချင်းဆက်ဆို

နေတဲ့သမီးလေးကိုကြည့်ပြီးသွေးဖောက်မဲ့

အပ်ကိုကိုင်ထားတဲ့စည်းရဲ့လက်တွေက

တဆတ်ဆတ်တုန်ယင်လာခဲ့၏...


၅နှစ်ဆိုတဲ့အချိန်ကာလအတွင်း

နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက်အဖြစ်

တိကျမြန်ဆန်တဲ့ကျွမ်းကျင်မူ့တွေဖြင့်

လူနာတွေကိုမရေတွက်နိုင်အောင်ခွဲစိတ်ကုသ

နိုင်ခဲ့ပေမဲ့....


ယခုစည်းရှေ့မှာရှိနေတဲ့4နှစ်အရွယ်

သမီးငယ်လေးရဲ့သွေးကြောထဲ

အပ်လေးတစ်ချက်နဲ့ထိုးဖောက်ဖို့တောင်

စည်းတုန်ရီနေခဲ့တယ်ဆိုတာ...

ဘယ်လိုလူမျိုးကယုံကြည်နိုင်မှာလဲ???


ဒါပေမဲ့လဲစည်းအမှန်တစ်ကယ်မလုပ်

နိုင်ခဲ့ပါဘူး...မကြောက်ချင်ယောင်

အားတင်းထားပြီးမျက်မှောင်လေးကိုအတင်းကြုံ့ကာ

သီချင်းကိုဟန်လုပ်ဆိုနေတဲ့သမီးလေးကိုကြည့်ပြီး

မျက်ဝန်းတွေသာဝေဝါးလာခဲ့ကာ

နောက်ဆုံးအပ်ကိုစတီးဗန်းပေါ်ပစ်ချပြီး

ဝုန်းခနဲထရပ်လိုက်မိသည်။


"ဒေါက်တာ..."


လိုက်ကာကိုပြန်ပြီးဆွဲဖွင့်လိုက်တော့

စည်းကိုအံ့ဩသလိုကြည့်လာတဲ့သူမ...


"ကလေးကိုသွေးဖောက်ဖို့ဆက်လုပ်ပေးပါ

စစ္​စတာ...."


"ရှင်...ဟုတ်.ဟုတ်ကဲ့ဒေါက်တာ..."


စည်းထိုတစ်ခွန်းသာပြောပြီး

ဘယ်သူ့ကိုမှမကြည့်တော့ပဲ

ဆေးရုံခန်းထဲကနေခြေလှမ်းကြဲကြီးတွေနှင့်

လှမ်းထွက်လာခဲ့တော့၏....


~~~~~~~~~~~~~~~~❤◦.¸¸. ◦✿


"နာလား...မီးလေး..."


ဆေးသွင်းထားတဲ့အပ်တန်းလန်းနဲ့လက်ဖမိုးလေးကို

အသာအုပ်ကိုင်ပြီးမေးလိုက်တော့..

သမီးလေးကရယ်ပြီးခေါင်းခါပြသည်။


"မေ့...."


"ရှင်...."


"ဦးဦးဒေါက်တာက..မီးကိုသွေးမဖောက်ပဲ

ဘာလို့ထွက်သွားတာလဲဟင်..."


"အင်းး...မေမေလဲဘယ်သိမလဲမီးလေးရဲ့

နောက်ထပ်အရေးကြီးတဲ့လူနာကိုကြည့်စရာ

ရှိလို့နေမှာပေါ့..."


"ဟုတ်လား..."


အချစ်သမီးလေးစိတ်ကျေနပ်အောင်သာ

ပြောလိုက်ရသော်လဲ...အခုထက်ထိ

ဆေးရုံခန်းထဲကလှမ်းထွက်သွားစဉ်မှာ

မြင်လိုက်ရတဲ့သူ့မျက်နှာကအာရုံထဲက

ထုတ်မရပဲ....


အထူးသဖြင့်နာကျင်ကြေကွဲဆို့နင့်မူ့တွေနဲ့

ပြည့်နှက်နေတဲ့သူ့မျက်ဝန်းတွေကိုပေါ့...


~~~~~~~~~~~~~~~❤◦.¸¸. ◦✿


"မေမေကမီးကိုသွေးဖောက်တိုင်းအမြဲတမ်းငိုတယ်

အဲ့ဒါကြောင့်မေမေမြင်သွားမှာစိုးလို့...."


"ဒါ..အာရုံပြောင်းတာလေဦးဦးရဲ့

မီးကသီချင်းဆိုနေရင်ဦးဦးသွေးဖောက်တာ

မသိတော့ဘူးပေါ့ အဲ့လိုဆိုမနာတော့ဘူးလေ..."


နားထဲမှာဘယ်လိုမှထုတ်မရတဲ့

စကားသံလေးနဲ့အတူအပြစ်ကင်းတဲ့

မျက်နှာလေးကိုမြင်ယောင်မိပြန်တော့

ဆေးရုံစင်္ကြန်လမ်းတစ်ခုရဲ့ခုံတန်းပေါ်မှာ

လက်နှစ်ဖက်ကိုဆုပ်ယှက်လျက်ခေါင်းငိုက်စိုက်

ထိုင်နေခဲ့တဲ့စည်းရဲ့မျက်ခုံးတန်းတွေက

နာကျင်းစွာတွန့်ချိုးကျသွားခဲ့၏...


ဒီလိုသနားစရာသမီးလေးနဲ့သူမက

၄နှစ်လုံးလုံးစည်းကြောင့်အားကိုးရာမဲ့

ရပ်တည်ခဲ့ရပါလားဆိုတဲ့အတွေးက

စည်းအတွက်ငရဲတမျှပူလောင်ခြောက်ခြား

မူ့တွေပါပဲ...


ထိုအချိန်ညင်သာလှသောခြေသံခပ်သဲ့သဲ့နှင့်အတူ

အဖြူရောင်ဖိနပ်ပါးလေးကိုစီးထားသော

ခြေဖမိုးအစုံကစည်းရဲ့အရှေ့ကြမ်းပြင်မှာ

ခြေစုံရပ်လာတဲ့အခါ..စည်းခေါင်းမော့ကြည့်လိုက်မိ၏..


"အချစ်...."


ဘာခံစားချက်မှအကဲဖမ်းမရအောင်

တည်ငြိမ်နေတဲ့မျက်နှာလေးနှင့်သူမက

လက်ထဲမှာကိုင်လာတဲ့ရွှေရောင်ဖောင်တိန်လေးကို

လှမ်းပေးလာ၏...


"ဒေါက်တာကျန်ခဲ့တာပါ....."


စည်း...အသက်မပါသလိုပြုံးလိုက်ပြီး

သူမလက်ထဲကဖောင်တိန်လေးကို

လှမ်းယူလိုက်သည်။


"ငါ့ကိုအဲ့လိုမခေါ်လို့မရဘူးလား...

နင့်ဆီကဒေါက်တာလို့ခေါ်တဲ့အသံကိုကြားရရင်

ငါကအရှက်မဲ့တဲ့လူတစ်ယောက်လိုခံစားရတယ်..."


ဒီတစ်ခါတော့သူမကဘာမှပြန်မပြောလာပဲ

စည်းရဲ့ဘေးတစ်ခုံကျော်မှာဝင်ထိုင်သည်။


"ဘာလို့သမီးလေးကိုထားပြီးဆေးရုံခန်းထဲကနေ

ထွက်သွားတာလဲ..."


"ငါမလုပ်နိုင်လို့...."


"..........."


"နင်ကြားရင်ရယ်မိမလားမသိပေမဲ့.....

ငါ့လက်တွေထိန်းမရအောင်တုန်နေခဲ့လို့...."


ပထမအဖြေနဲ့အနည်းငယ်ခြားပြီးမှ

ထပ်ပြောလာတဲ့သူ့ရဲ့စကားအဆုံးအချစ်သူ့ကို

ခေါင်းလေးငဲ့ပြီးကြည့်လိုက်မိသည်။


"ဒါကအစပဲရှိပါသေးတယ်..နင်တစ်ကယ်လို့

နင့်ရဲ့ခံစားချက်တွေကိုမထိန်းချုပ်နိုင်ဘူးဆိုရင်

သမီးလေးကိုဘယ်လိုတာဝန်ယူပြီး

ခွဲစိတ်ပေးမှာလဲ..."


ထိုစကားကြောင့်သူကလဲ

အချစ်ကိုပြန်ပြီးငဲ့ကြည့်လာခဲ့၏.....


"သမီးလေးကနင်ထင်ထားတာထက်ပိုပြီး

ကြံ့ခိုင်ပြီးသားပါ..."


"ဒါပေမဲ့ငါကတော့နင်ထင်ထားတာထက်ပိုပြီး

ပျော့ညံ့တယ်မဟုတ်လား..."


"စည်း...."


"ငါက..အခုလူတစ်ယောက်မဟုတ်ဘူး

ငါ့ကိုယ်ငါလူမဆန်တဲ့သူတစ်ယောက်လို

ခံစားနေရတယ်...ဒါကမှားယွင်းမူ့တစ်ခုမဟုတ်ဘူး

ငါကတစ်ကယ်မကောင်းတဲ့ကောင်ပဲ..."


ဒီတစ်ကြိမ်မှာတော့အချစ်သူ့ကို

စကားလုံးတွေကင်းမဲ့စွာဖြင့်ငေးကြည့်မိသွားခဲ့၏...


"နင့်အမြင်မှာလဲငါကလူမဆန်တဲ့သူ

တစ်ယောက်ပဲမဟုတ်လား...အချစ်..."


"ခုချိန်မှာငါ့ရဲ့အမြင်ကနင့်အတွက်ဘာများ

အရေးကြီးလို့လဲ...ငါတို့က...."


"ငါတို့ကပြီးဆုံးသွားပြီ..နင်အဲ့ဒါကိုပဲ

ထပ်ပြီးပြောဦးမယ်မဟုတ်လား...."


မဟုတ်ဘူးလို့မငြင်းပဲအချစ်မျက်နှာလေး

လွှဲလိုက်တဲ့အခါသူ့ဆီက

ခပ်အက်အက်ရယ်သံထွက်ပေါ်လာခဲ့၏...


"ငါ့အတွက်အခုအခြေအနေက

ငရဲတစ်ခုလိုပဲ..ငါဘယ်လိုလုပ်မှ၊ငါဘယ်လို

ကြိုးစားမှဒီအခြေအနေကနေငါလွတ်မြောက်မှာလဲ...."


"နင်ဘာကိုမှလိုက်ပြီးမခံစားပါနဲ့

အထူးသဖြင့်ငါနဲ့သမီးလေးအပေါ်မှာ

တာဝန်ရှိသလို၊အပြစ်ရှိသလိုခံစားနေတဲ့

အတွေးတွေကိုဖျောက်ပေးပါ...နင်က

ဆရာဝန်တစ်ယောက်ဆိုတဲ့စိတ်မျိုးနဲ့

ငါ့သမီးလေးကိုနင့်ရဲ့လူနာတစ်ယောက်ထက်ပိုပြီး

မတွေးပါနဲ့..."


"ငါဘယ်လိုလုပ်နိုင်မှာလဲ...အချစ်ရာ...ငါ..."


"နင်လုပ်နိုင်မှာပါ...."


စည်းရဲ့စကားမဆုံးခင်ဖြတ်ပြောလာခဲ့တဲ့သူမရဲ့

မျက်ရည်ရောင်လက်နေတဲ့မျက်နက်ဝန်းတွေကို

ကြည့်ပြီးစည်းရင်ထဲမွန်းကြပ်သွားခဲ့ရသည်။


အဲ့ဒီ့အချိန်မှာပဲသူမစကားဆက်လာခဲ့တာက...


"လွန်ခဲ့တဲ့၅နှစ်ကနင်ငါ့ကိုထားသွားခဲ့သလိုမျိုးပေါ့..."


သူမရဲ့စကားလုံးတွေကစည်းအတွက်တော့

အနက်ရိူင်းဆုံးချောက်ကမ်းပါးတစ်ခုလိုပါပဲ..


တစ်လက်စထဲစည်းနားလည်လိုက်တာက

သူမကစည်းထင်မထားလောက်အောင်

စိတ်ဓာတ်ကြံ့ခိုင်တဲ့မိန်းကလေးတစ်ယောက်

ဖြစ်နေခဲ့တယ်...


ခဏလေးမြင်နေရတာတောင်

စည်းရပ်တည်နိုင်စွမ်းကင်းမဲ့မလောက်

စိတ်ထိခိုက်ခဲ့ရသည့်သမီးလေးရဲ့

ဖြစ်တည်မူ့နဲ၄နှစ်လုံးလုံးသူမ

အရာအားလုံးကြံ့ကြံ့ဆိုင်ရင်ဆိုင်ခဲ့တာပဲ...


တစ်ကယ်တော့သူမကအစထဲမှာ

ဒဏ်ရာတွေနဲ့အသားကျခဲ့တာပါ..

စည်းရဲ့ဥပက္ခာတရားတွေကြောင့်

သူမရင်ထဲမှာနက်နက်ရိူင်းရိူင်း

အမြစ်တွယ်နေပြီဖြစ်တဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ပေါ့...


အခုတော့...စည်းတစ်ကယ်ပဲမသိနိုင်တော့ဘူး

ဘယ်လိုအရာနဲ့မှသူမရင်ထဲကဒဏ်ရာတွေကို

ကုစားနိုင်ပါ့မလဲ???


~~~~~~~~~~~~~~❤◦.¸¸. ◦✿


ဆက်ရန်>>>>


Writer by

#Hazel


.


rate now: