💚 အ ကြင် နာ လက် တစ် ကမ်း 💚
~~~~~~~~~
အချစ်မနေ့ကတညလုံးအိပ်မပျော်နိုင်ပဲ
သမီးလေးရဲ့ဘေးမှာလက်သေးသေးလေးကို
ဆုပ်ကိုင်ထားရင်းအတွေးများစွာနှင့်မိုးလင်းခဲ့ရ၏....
၆နာရီထိုးလောက်ကျတော့သမီးလေး
အိပ်ယာကနိုးလာတာမို့ဆေးရုံခန်းထဲမှာ
သီးသန့်ပါရှိပြီးသားဖြစ်တဲ့ရေချိုးခန်းနဲ့သန့်စင်ခန်း
တွဲထားပေးသောအခန်းကျဉ်းလေးထဲသမီးလေးကို
မျက်နှာသစ်ကိုယ်လက်သန့်စင်ပေးပြီး
မနက်စာစားဖို့ပြင်ပေးနေမိသည်။
သုံးမိနစ်အိုးနဲ့တည်ထားတဲ့ရေနွေးနဲ့သမီးလေးအတွက်
အိုဗာတင်းဖျော်ပေးပြီးကိတ်မုန့်လေးနဲ့
ကျွေးလိုက်သည်။
အမေကျွေးတာဆိုဟိုဟာမစားချင်ဘူး၊ဒီဟာ
မစားချင်ဘူးဆိုပြီးဘယ်တော့မှဂျီမကျတတ်တဲ့
ရွှေဘုံလေးကအခုလဲအချစ်ပြင်ပေးထားတဲ့
မနက်စာကိုကုန်အောင်စားပြီးသောက်ရမဲ့
ဆေးတွေကိုလဲမငြီးမငြူသောက်နေသည်လေ.....
"မီးလေး..မေမေရေသွားဖြည့်လိုက်ဦးမယ်
ခဏနေခဲ့ဦးနော်...."
"ဟုတ်..မေမေမြန်မြန်ပြန်လာခဲ့နော်..."
"အဟင်း..ပြန်လာခဲ့မှာပေါ့ခဏလေးပဲ
ဟုတ်ပြီလား...."
ချစ်စဖွယ်ခေါင်းလေးငြိမ့်ပြလာတဲ့သမီးလေးကို
အချစ်ပြုံးကြည့်မိရင်းစားပွဲပေါ်ကရေကရားကို
ယူကာဆေးရုံခန်းထဲကခပ်သွက်သွက်လေး
ထွက်လာခဲ့တော့သည်။
~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
`No-204´
သူမတို့သားအမိအတွက်ရည်ရွယ်ပြီးဝယ်လာတဲ့
မနက်စာမုန့်တွေလက်ထဲမှာတပွေ့တပိုက်နှင့်
ဆေးရုံခန်းရှေ့မှာခြေစုံရပ်ပြီးအခန်းတံခါးကို
ခေါက်ဖို့ရာချီတုံချတုံဖြစ်နေရတဲ့စည်း....
"ဒေါက်..ဒေါက်..."
နောက်ဆုံးစိတ်ကိုပိုင်းဖြတ်လိုက်ရင်း
တံခါးကိုခေါက်လိုက်ပေမဲ့အတန်ကြာသည်အထိ
လာဖွင့်ပေးမဲ့သူမရှိခဲ့....
"ကျွီ...."
စည်းတံခါးကိုတွန်းကြည့်လိုက်တော့အသာအယာပဲ
ပွင့်သွားခဲ့သည်။
အထဲမှာတော့သူမရဲ့အရိပ်အယောင်ကို
မမြင်ရပဲဆေးရုံကုတင်ကျဉ်းလေးပေါ်မှာ
ဘေးတစောင်းဘေးလှဲနေတဲ့ပုံရိပ်လေးတစ်ခုကိုသာ
တွေ့လိုက်ရသည်။
ထိုပုံရိပ်လေးကလဲစည်းကိုလှမ်းမြင်လိုက်၍
ထင်သည်လှဲနေရာကနေထထိုင်လာခဲ့ပြီး
ချစ်စရာမျက်နှာသေးသေးလေးဆီမှ
မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့်
စည်းကိုကြည့်လာခဲ့၏....
"ဦးဦးဒေါက်တာ..."
ခေါ်သံတိုးလေးနှင့်ချစ်စရာကောင်းစွာပြုံးပြလာတာက
ရင်းနှီးမှတ်မိနေတဲ့သဏ္ဍာန်လေးနှင့်ဖြစ်သည်။
စည်း...ထိုချစ်စရာမျက်နှာသေးသေးလေးကို
ကြည့်ပြီးရင်ထဲမှာဆို့နင့်လာသောခံစားမူ့များဖြင့်
စည်းအားယူပြုံးပြလိုက်၏...
"သမီးလေးကဦးဦးကိုမှတ်မိနေတာပဲ..."
"မှတ်မိတာပေါ့...ဦးဦးကမီးရဲ့အရုပ်လေးကို
ကောက်ပေးထားတဲ့ဥစ္စာ..."
သွက်သွက်လက်လက်လေးပြန်ဖြေလာတဲ့
သမီးလေးကိုကြည့်ပြီးရင်ခွင်ထဲထွေးပွေ့ထားလိုက်
ချင်တဲ့စိတ်တွေကတားမရ၊ဆီးမရသော်လဲ
စည်းမလုပ်နိုင်ခဲ့....
လက်ထဲမှစားစရာမုန့်ထုပ်တွေကိုစားပွဲပေါ်တင်ပြီး
သမီးလေးရဲ့ဘေးကခုံမှာဝင်ထိုင်ကာဦးခေါင်းလေးကို
ခပ်ဖွဖွအုပ်ကိုင်လိုက်မိချိန်မှာနှလုံးသားဆီမှ
စူးခနဲအောင့်တက်သွားခဲ့၏....
"သမီးလေးနာမည်ကရွှေဘုံဗိမ္မာန်နော်...."
"ဟုတ်..."
"ဦးဦးဘယ်သူလဲဆိုတာရောသိလား...."
"သိတယ်လေ..ဦးဦးကမီးကိုနေကောင်းအောင်
ကုပေးမဲ့ဆရာဝန်တဲ့မေမေကပြောတယ်...."
သွားတန်းလေးတွေပေါ်အောင်ရယ်ပြီးပြန်ဖြေလာတဲ့
ဖြူဖျော့ဖျော့မျက်နှာလေးကိုစည်းကြာကြာ
ရင်မဆိုင်နိုင်တော့ပဲခေါင်းငုံ့လိုက်ရင်း
အံကိုတင်းတင်းကြိတ်လိုက်သည်။
"ဦးဦးဒေါက်တာ..."
ရုတ်တရပ်သမီးလေးရဲ့ခေါ်သံကြောင့်
စည်းချက်ချင်းပဲခေါင်းပြန်မော့ကြည့်လိုက်၏..
"မီးကဘယ်တော့နေကောင်းမှာလဲဟင်
ရက်ဒီလောက်အများကြီးကြာသွားရင်
မီးအိမ်ပြန်လို့ရပြီလား...."
လက်ချောင်းလေးတွေအားလုံးကိုထောင်ပြရင်း
မေးလာတဲ့မျက်ဝန်းလေးတွေက
မျှော်လင့်တကြီးနှင့်ဖြစ်၏....
"သမီးလေးကမြန်မြန်နေကောင်းချင်နေပြီလား..."
စည်းရဲ့အမေးကိုခေါင်းလေးတဖျပ်ဖျပ်
ငြိမ့်ပြလာရှာတဲ့သမီးလေး....
"ကောင်းချင်တာပေါ့ဦးဦးရဲ့..မီးကမေမေ့ကိုသနားလို့
မီးနေမကောင်းဖြစ်တိုင်းမေမေကအမြဲတမ်း
ငိုတယ်..."
ပြောရင်းချစ်စရာမျက်နှာလေးကမဲ့တဲ့တဲ့လေး
ဖြစ်သွားပြန်တာကိုကြည့်ပြီးမျက်ရည်မကျမိအောင်
တင်းခံထားသည့်ကြားကစည်းရဲ့မျက်ဝန်းတွေ
ဝေဝါးလာရချိန်မှာပဲ...သနားစဖွယ်ဆက်ပြောလာတဲ့
သမီးလေးရဲ့စကားက...
"ဦးဦးဒေါက်တာမီးကိုနေမြန်မြန်ပြန်ကောင်းအောင်
ဆေးကုပေးပါနော်...."တဲ့လေ...
~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"ခစ်...ခစ်..."
အချစ်ရေဖြည့်ပြီးပြန်ရောက်လာတော့
အခန်းတံခါးကိုတွန်းဖွင့်လိုက်ချိန်မှာကြားလိုက်ရတဲ့
သမီးလေးရဲ့ရယ်သံ....
သမီးလေးတစ်ယောက်ထဲဘာကိုသဘောကျပြီး
ရယ်နေပါလိမ့်ဆိုတဲ့အတွေးနဲ့အချစ်ပြုံးလိုက်မိရင်း
တံခါးကိုလုံးဝပွင့်သွားအောင်ဖွင့်လိုက်ကာ
အထဲကိုလှမ်းဝင်လိုက်တော့မြင်လိုက်ရတဲ့
မြင်ကွင်းကြောင့်ခြေလှမ်းတွေကတုံ့ခနဲရပ်တန့်
သွားခဲ့ရသည်။
"စည်း...."
သမီးလေးရဲ့ဘေးမှာထိုင်ကာမုန့်တွေခွံ့ကျွေးနေရင်း
သမီးလေးနဲ့ရယ်ရယ်မောမောရှိနေတာက
စည်းရယ်ပေါ့....
"ေမ့..."
ထိုအချိန်အချစ်ကိုမြင်သွားတဲ့သမီးလေးရဲ့
လှမ်းခေါ်သံကြောင့်သူကလဲအချစ်ရှိရာကို
လှမ်းကြည့်လာလျှင်အချစ်ရဲ့မျက်နှာလေးက
ချက်ချင်းပင်တည်တင်းသွားခဲ့ပြီးထိုအနားကို
ခပ်ဆတ်ဆတ်လေးလျောက်သွားလိုက်သည်။
သူနဲ့သမီးလေးရဲ့အနားကိုရောက်သွားတော့
ဘာမှမပြောခင်အချစ်ရဲ့မျက်ဝန်းတွေက
စားပွဲပေါ်တင်ထားတဲ့စားစရာမုန့်တွေဆီ
ရောက်သွားတော့သူကထရပ်လာခဲ့ပြီး...
"ငါနင်နဲ့သမီးလေးအတွက်မနက်စာသွားဝယ်လာတာ"
"သမီးလေး..."
သူ့ရဲ့နူတ်ကအခေါ်အဝေါ်ကိုသံယောင်လိုက်ပြီး
အချစ်ရဲ့မျက်ခုံးတန်းလေးတွေတွန့်ချိုးသွားခဲ့တော့
သူကမျက်နှာမသိမသာလွှဲသွားခဲ့၏....
အချစ်စိတ်ထဲမှာပြောပစ်လိုက်ချင်တဲ့
စကားတွေကိုမြိုသိပ်ပစ်လိုက်ပြီး
မျက်နှာလေးမော့ကာလူကြီးတွေကိုလိုက်
ကြည့်နေရှာတဲ့သမီးလေးကိုတစ်ချက်ကြည့်လိုက်သည်။
"စေတနာကိုကျေးဇူးတင်ပါတယ်ဒေါက်တာ
ဒါပေမဲ့ကျွန်မတို့သားအမိအတွက်မလိုပါဘူး...."
"အချစ်...."
"သမီးလေးရှေ့မှာ...စကားတွေအများကြီး
ပြောရအောင်မလုပ်ပါနဲ့...ကျွန်မဒေါက်တာ့ကို
တောင်းဆိုထားပြီးသားပါ..."
အချစ်စကားကြောင့်သူကလဲသမီးလေးကို
လှည့်ကြည့်သည်။
"သမီးလေးရဲ့တာဝန်ခံဆရာဝန်တစ်ယောက်
အဖြစ်ကလွဲရင်...ကျွန်မဒေါက်တာ့ကိုဘယ်လို
ပုံစံမျိုးနဲ့မှမကြိုဆိုနိုင်ဘူး...အဲ့ဒါကြောင့်
နောက်တစ်ခါဒီလိုမျိုးတွေမလုပ်ပါနဲ့...."
ဒီတစ်ခါတော့သူကအချစ်ကိုဘာမှမပြောပဲ
အချိန်တော်တော်ကြာသည်အထိငေးကြည့်နေခဲ့၏...
ထိုအခါမှအချစ်သတိထားလိုက်မိတာသူဝတ်ထားသော
ဂျူတီကုတ်အောက်ကမိုးပြာရောင်ရှပ်လက်ရှည်
အစင်းကမနေ့ကသူဝတ်ထားတဲ့အင်္ကျီ
ဖြစ်နေတယ်ဆိုတာတာပဲ.......ပြီးတော့တညလုံး
အိပ်ထားပုံမပေါ်တဲ့သူ့ရဲ့မျက်ဝန်းတွေနှင့်
မလန်းဆန်းတဲ့မျက်နှာ....
သူမနေ့ကသူ့အိမ်သူမပြန်ဘူးလား?
သူညကတစ်ညလုံးဆေးရုံမှာရှိနေတာလား?
ဆိုတဲ့မေးခွန်းတွေကအချစ်အသိထဲအလုအယက်
တိုးဝင်လာပေမဲ့အချစ်ချက်ချင်းမောင်းထုတ်ပစ်
လိုက်သည်။
"သွားပါတော့....."
နောက်တစ်ကြိမ်ထပ်နှင်သလိုပြောလာတဲ့
သူမရဲ့အလိုကျ...စည်းသမီးလေးကိုတစ်ချက်
ပြုံးပြရင်းလှည့်ထွက်လာခဲ့သည်။
"ခဏနေဦး..."
တံခါးအပြင်ထိခြေလှမ်းပြီးကာမှသူမရဲ့ခေါ်သံကြောင့်
ဝမ်းသာအားရလှည့်ကြည့်လိုက်ပေမဲ့လဲ
စည်းဝယ်လာတဲ့စားစရာအထုပ်တွေကို
သယ်ပြီးအနားရောက်လာတဲ့သူမက
စည်းလက်ထဲအထုပ်တွေကိုအတင်းထိုးထည့်ပေးသည်။
"ဒေါက်တာ့ရဲ့စေတနာကိုအသိမှတ်ပြုပေမဲ့...
ကျွန်မနဲ့သမီးလေးအတွက်အရာအားလုံး
ပြည့်စုံပါတယ်..."
ထိုမျှသာပြောပြီးသူမတံခါးကိုစေ့ပိတ်သွားတဲ့အခါ
လက်ထဲကစားစရာတွေကိုစည်းပြန်ငုံ့ကြည့်လိုက်မိရင်း
မြင်ယောင်လိုက်မိတဲ့တစ်ချိန်မြင်ကွင်းလေးတစ်ခု...
"ငါနင့်အတွက်နေ့လည်စာထမင်းချိုင့်လာပို့တာ..."
"ငါနေ့လည်စာစားပြီးပြီ...."
"ဟင်...နင်ဘယ်မှာစားလိုက်တာလဲ..."
"ဆေးရုံကန်တင်းမှာ...."
"ငါကနင့်အတွက်တကူးတကချက်ပြုတ်ပြီး
လာပို့ရတဲ့ဟာ..."
"နင့်ကိုဘယ်သူကခိုင်းလို့လဲ...."
"ဒါပေမဲ့ငါကနင့်ကိုဂရုစိုက်တယ်လေ..."
"ထမင်းချိုင့်ယူပြီးပြန်တော့ ငါခဏနေ
roundလှည့်ရတော့မှာမအားဘူး...."
"ဒါပေမဲ့...စည်း..."
မျက်ဝန်းထဲပြန်မြင်ယောင်လိုက်မိတဲ့
အခိုက်အတန့်လေးအဆုံးစည်းနာကျင်စွာ
ပြုံးလိုက်မိသည်ထင်၏....
အဲ့ဒီ့တုန်းကသူမရဲ့စေတနာတွေကိုအလေးမထားပဲ
ဥပက္ခာတွေနဲ့ကျောခိုင်းသွားခဲ့တာကတော့စည်းပေါ့..
ဒါပေမဲ့ခုချိန်မှာတော့............
~~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"ဒါကညီမတို့အတွက်အမေထည့်ပေးလိုက်တဲ့
ထမင်းချိုင့်..ဒါကတော့ရွှေဘုံလေးအတွက်အစ်ကို
ဝယ်လာတာ...."
၄ဆင့်ချိုင့်ကြီးနှင့်အတူလက်ထဲမှာပါလာသမျှကို
စားပွဲပေါ်တင်ပြီးပြောလိုက်တဲ့ကိုထူးမြတ်ကို
အချစ်အားနာသလိုကြည့်မိသည်။
ငြင်းရမဲ့သူတွေလဲမဟုတ်၍ခဏခဏပြောနေရတဲ့
အပ်ကြောင်းထပ်နေသောအားနာစကားတွေကိုပင်
ထပ်မပြောနိုင်တော့...
"ရွှေဘုံလေးနဲ့ညီမရောအစစအရာရာ
အဆင်ပြေရဲ့လား..."
"ဟုတ်ကဲ့...အဆင်ပြေပါတယ်အစ်ကိုထူးမြတ်..."
"ဆေးရုံစောင့်ဖို့လူတွေဘာတွေလိုရင်လဲပြောနော်
အားမနာနဲ့...ညီမကလူခွဲမရှိတော့
ပင်ပန်းပါ...."
"မဟုတ်တာကိုထူးမြတ်ရယ်..ရပါတယ်...."
ကိုထူးမြတ်ကပစ္စည်းတွေပို့ပြီးချက်ချင်း
မပြန်သေးတာမို့အချစ်ဧည့်ခံစကားပြောနေစဉ်မှာပဲ
သူနာပြုဆရာမတစ်ယောက်ဝင်လာပြီး...
မနေ့ကမလုပ်ရသေးသောရွှေဘုံလေးအတွက်
ဆေးစစ်ခြင်းကိုနေ့လည်၁နာရီခွဲမှာလုပ်မည်ဟု
လူနာရှင်အားအသိပေးလာသည်။
"ရွှေဘုံလေးကဘယ်တော့လောက်ခွဲစိတ်မူ့
လုပ်နိုင်မှာလဲညီမ...."
သူနာပြုဆရာမပြန်ထွက်သွားတော့ကိုထူးမြတ်က
အချစ်ကိုမေးလာ၏....
"ညီမလဲအတိအကျတော့မသိသေးဘူး...
ဒါပေမဲ့သမီးလေးရဲ့လက်ရှိအခြေအနေက
အော်ပရေးရှင်းအတွက်အဆင်သင့်မဖြစ်သေးဘူးလို့
မနေ့ကတော့ ဆရာဝန်ကြီးကပြောတယ်
ဆေးရုံမှာ၂ပါတ်လောက်ကုသမူ့ခံယူရင်း
အခြေအနေကိုစောင့်ကြည့်ပြီးအော်ပရေးရှင်းအတွက်
ဆုံးဖြတ်မှာထင်တယ်..."
"ဟုတ်တယ်...အစ်ကိုလဲဆေးပညာ
အကြောင်းတစ်ခုမှမသိပေမဲ့ရွှေဘုံလေးကိုယ်ခံအား
ပြည့်ပြီးကျန်းမာနေမှအော်ပရေးရှင်းကို
လုပ်မယ်လို့ထင်တယ်..."
အချစ်တို့ကသာသမီးလေးရဲ့ခွဲစိတ်မူ့အကြောင်း
ဆွေးနွေးနေကြပေမဲ့ဘာမှမသိရှာတဲ့
သမီးလေးကတော့သူ့ရဲ့အချစ်တော်
ပစ်တိုင်းထောင်ရုပ်လေးနှင့်ဆော့ကစားနေရှာ၏...
သမီးလေးကိုဒီလိုပုံစံလေးဖြင့်မြင်ရတိုင်း
အချစ်ရင်ထဲနင့်နေအောင်ခံစားရစမြဲ...
ခုချိန်မှာအချစ်ရဲ့ရင်ထဲမှာရော၊ခေါင်းထဲမှာပါ
ရှိနေတဲ့တစ်ခုတည်းသောဆန္ဒက
သမီးလေးအမြန်ဆုံးကျန်းမာလာပြီး
ခွဲစိတ်မူ့ကိုအန္တာရယ်ကင်းကင်းနှင့်အောင်မြင်
ကျော်လွှားနိုင်ဖို့ပင်မဟုတ်ပါလား....
~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"ဒေါက်တာ..."
ဆေးရုံကန်တင်းကထောင့်ကျကျစားပွဲမှာ
နေ့လည်စာကိုစိတ်မပါ့တပါနှင့်စားနေသော
စည်း...ရုတ်တရပ်ကြားလိုက်ရတဲ့ခေါ်သံနဲ့အတူ
အနားမှာလာရပ်တဲ့ပုံရိပ်တစ်ခုကြောင့်
ခေါင်းမော့ကြည့်လိုက်မိသည်။
"နှင်းဆီနီ....."
စည်းနဲ့အလုပ်အတူတွဲလုပ်နေသော
ဂျူနီယာဆရာဝန်တစ်ဦးဖြစ်တဲ့နှင်းဆီနီက
လက်ထဲမှာထမင်းဘူးလှလှလေးကိုကိုင်ထားရင်းမှ
စည်းကိုပြုံးပြသည်။
"ကိစ္စရှိလို့လား..."
"မဟုတ်ပါဘူးဒေါက်တာ...ဒါလေး..."
စကားကိုဆုံးအောင်မပြောပဲနှင်းဆီနီက
လက်ထဲကိုင်ထားတဲ့ဘူးလှလှလေးကို
စားပွဲပေါ်တင်ပေးလာ၏....
"နီ..အိမ်ကနေဟင်းတွေချက်ပြီးထည့်လာတာ
ဒေါက်တာ့အတွက်...."
ထိုစကားကြောင့်စည်းထမင်းဘူးကိုတလှည့်
နှင်းဆီနီကိုတလှည့်ကြည့်မိရင်း...
"ကျေးဇူးတင်ပေမဲ့....ပြန်ယူသွားလိုက်ပါ
နှင်းဆီနီ...."
"ရှင်..."
"ကျွန်တော်စားလို့ပြီးပြီ...."
စကားအဆုံးအရာမယွင်းသေးတဲ့
ထမင်းဟင်းတွေကိုဗန်းလိုက်မယူပြီး
စည်းထထွက်လာတဲ့အခါကျန်နေခဲ့တဲ့နှင်းဆီနီရဲ့
မျက်နှာကအံ့ဩရှက်ရွံ့သလိုဖြစ်သွားခဲ့သလိုပဲ..
အနီးအနားမှာရှိနေတဲ့သူတွေရဲ့စူးစမ်းသလို
အကြည့်တွေကစည်းအနောက်ကိုကပ်ပါလာကြပေမဲ့..
အရာအားလုံးကိုဂရုမပြုတဲ့စည်းကတော့
ခြေလှမ်းတွေကိုပုံမှန်အတိုင်းဆက်လှမ်းလာ
ခဲ့ရင်း.......
~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"ရှက်ဖို့ကောင်းလိုက်တာ..နင်သိလား
လူတွေအများကြီးကြားထဲမှာငါ့ကိုပေါ်တင်ကြီး
ငြင်းသွားတာ...နည်းနည်းလေးတောင်
အားမနာဘူး...."
"ဪ...နီရယ်နင်ကလဲတစ်ကယ့်ရေခဲတုန်းကိုမှ
အပူပေးသလိုဖြစ်သွားတာကိုး.....အဟွန်း
ငါတို့စီနီယာကြီးအကြောင်းမသိတာလဲ
မဟုတ်ပဲနဲ့...သူကလူနာတွေကလွဲရင်
မျက်လုံးထဲဘာမှမြင်တာမဟုတ်ဘူး...."
"အကြောင်းမသိပဲတော့နေမလား..ဒါပေမဲ့
နည်းနည်းပါးပါးလူမူ့ရေးလေးတော့ရှိမယ်
ထင်ခဲ့တာ...ခုတော့..."
ပြောရင်းမျက်နှာလေးမဲ့သွားတဲ့နှင်းဆီနီက
လက်ထဲကကော်ဖီဘူးလေးကိုတစ်ချက်မော့သည်။
"ဒါနဲ့..နေစမ်းပါဦး ရုတ်တရပ်ကြီးနင်ကဘာလို့
စီနီယာ့အတွက်ဟင်းတွေ၊ဘာတွေထည့့်လာရတာလဲ..."
သူငယ်ချင်းဖြစ်သူဟန်နီရဲ့အမေးကြောင့်
နှင်းဆီနီမျက်နှာလေးရှက်သွေးဖြာသွားရင်း...
"ဘာမှမဟုတ်ပါဘူးနော်...ငါတို့စီနီယာကအမြဲတမ်း
ကန်တင်းကအစားအစာတွေပဲစားနေတာမြင်တော့
သတိရပြီးသက်သက်ထည့်လာတာ...."
"တကူးတကပေါ့လေ...."
ဟန်နီကပခုံးချင်းပစ်တိုက်ရင်းစသည်။
"ဘာလဲနီရာ...သဘောကျရင်ကျတယ်ပေါ့...."
"သဘောကျတော့ရောဘာလုပ်လို့ရမှာမို့လဲ...
ဒေါက်တာစည်းစနစ်ကိုဆေးရုံအုပ်ကြီးက
သမက်တော်ဖို့စဉ်းစားထားတာအားလုံး
အသိပဲကို....."
သမီးလေးအတွက်ကောင်တာမှာဆေးယူဖို့
စောင့်နေရင်း..မလှမ်းမကမ်းမှာစကားပြောနေတဲ့
ဆရာဝန်မလေးနှစ်ယောက်ရဲ့စကားတွေကို
နားထောင်နေတာမဟုတ်ပေမဲ့လဲအတိုင်းသား
ကြားနေရတဲ့အချစ်....
စည်းစနစ်ဆိုတဲ့နာမည်တစ်ခုကိုကြားလိုက်ရချိန်
ပခုံးလေးမတ်ခနဲဖြစ်သွားရသည်။
"ဒါဆို..သိပ်မကြာခင်ငါတို့စီနီယာက
ဆေးရုံအုပ်ကြီးရဲ့သမက်ဖြစ်လာတော့မယ်ဆိုတဲ့
ူသဘောလား..."
"ဒါကမေးစရာတောင်မလိုပါဘူးဟန်နီရယ်
ငါကြားတာကတော့..စီနီယာကဆေးရုံအုပ်ကြီးရဲ့
မိသားစုတွေနဲ့တောင်တွေ့ဆုံပွဲလုပ်ပြီးသွားပြီတဲ့..."
"ဟယ်...အဲ့လောက်တောင်မြန်တယ်....အင်းလေ
စီနီယာ့လိုလူမျိုးကိုဆေးရုံအုပ်ကြီး
သမက်တော်ချင်တာတော့မဆန်းပါဘူး...
ဒါနဲ့..ဆေးရုံအုပ်ကြီးရဲ့သမီးမော်ဒယ်လ်
သံစဉ်မြတ်နိုးကအရမ်းလှတယ်နော်..."
"ငါ့လောက်လှလို့လား...ခစ်...."
တစ်ယောက်ကပခုံးလေးတွန့်ပြီးစလျှင်
တစ်ယောက်ကဟက်ဟက်ပက်ပက်ရယ်သည်။
ထို့နောက်ထိုဆရာဝန်မလေးနှစ်ယောက်က
အချစ်ဘေးကနေဖြတ်သွားပြီးလက်ထဲက
ကော်ဖီဗူးကိုအချစ်ထိုင်နေတဲ့နားကအမိူက်ပုံးထဲကို
ထည့်သွား၏....
အချစ်လက်ထဲမှာကိုင်ထားတဲ့သမီးလေးရဲ့
ဆေးစာအုပ်ကိုသတိလက်လွတ်ဆုပ်ညှစ်လိုက်မိရင်း
ဝေဝါးသွားတဲ့အာရုံထဲတဝဲလည်လည်ဖြစ်နေတဲ့
စကားသံတစ်ချို့က...
"စည်းစနစ်..."
"ဆေးရုံအုပ်ကြီးရဲ့သမက်..."
"မိသားစုတွေ့ဆုံပွဲ...."
"မော်ဒယ်သံစဉ်မြတ်နိုး...."
တဲ့............
~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
အပိုင်း(၁၁)မျှော်
Writer by
#Hazel