👑 မာနတို့ဖြင့်... စီရင်အပ်သော 👑
ဆေးရုံတစ်ခုရဲ့ Emergency roomထဲမှာတော့ ဆရာဝန်နဲ့ nurseတချို့ အရေးပေါ်လူနာကို အသက်ကယ်နိုင်ရန် ကြိုးစားနေကြ၏။ ထိုသူတို့ကြား လဲလျောင်းနေသူမှာတော့ သွေးဆုတ် ဖြူဖျော့နေသော အသားအရောင်နှင့်တစ်ချက် တစ်ချက် လန်တက်သွားသည့် မျက်ဝန်းတွေက မတည်မငြိမ်သလို အသက်ကို ခက်ခဲစွာရှူနေရပြီး နှုတ်ခမ်းတို့ကလည်း တစ်စုံတစ်ခုကို ရေရွတ်နေသယောင်...။ လက်ရှိအခြေအနေအရလူနာဟာ အသက်ရှင်ဖို့ အခွင့်အလမ်းနည်းပါးနေပြီ ဆိုတာသိပေမယ့် ဆရာဝန်တွေကတော့ ကြိုးစားကယ်ဆယ်နေဆဲပါပဲ...
""......""
မေ့အနားမှာ လူတွေ ဝိုင်းနေကြပြီး ကုသမှုလုပ်နေတာသိပေမယ့် စိတ်ကတော့ ဒီအခန်းကနေ အခါခါ ထပြေးချင်နေတာပါ။ မေ ဒီနေရာမှာရှိနေလို့ မဖြစ်ဘူး...ပိုးရတုကို မောင့်ဆီက ခေါ်ထုတ်ရမှာ...။သူ မောင့်ဆီမှာရှိနေလို့မဖြစ်ဘူး..မဖြစ်ဘူး
မငြိမ်သက်နိုင်သော အတွေးတို့က အကြိမ်ကြိမ်လွင့်ပါးနေသလို လူကလည်း ရင်ထဲမှဝေဒနာကို အပြင်းအထန်ခုခံနေရတာ ပင်ပန်းလှပါပြီ။ မေ သိတယ်...ဒီအခြေအနေကို ကျော်ဖြတ်နိုင်ဖို့ မေ့မှာအင်အားမရှိတော့ဘူး...။ အရင်ကတည်းက ဒီဝေဒနာကို အရေးလုပ် ကုသမှုမခံယူဘဲ ဆေးကိုတောင် ပုံမှန်မသောက်ခဲ့လေတော့ အခု ဒီအချိန်မှာ ဝေဒနာကို ခုခံရင်ဆိုင်နိုင်စွမ်းတို့ ပျောက်ဆုံးနေခဲ့၏။ သွားပြီ! ဒါဟာ မေ့ဘဝရဲ့နောက်ဆုံးသော အချိန်ဖြစ်နေခဲ့ပြီလား...
""clear...1 2 3 shock!""
"".....""
""shock!!!""
မောတယ်...အသက်ရှူလို့မရတော့ဘူး...။ တကယ့်ကို မေ့ အသိအာရုံတို့ အမှောင်ကျလုဆဲဆဲဖြစ်နေပါပြီ။ နောက်ဆုံးကျန်ရှိနေတဲ့ အသက်ရှူနှုန်းမျှင်းမျှင်းလေးကို သတိထားဖမ်းဆုပ်ရင်း နာကျင်မှုကို ခက်ခဲစွာ အံတုနေရ၏။ နောက်ဆုံးသော တမ်းတခြင်းမှာလည်း 'မောင်'ဟူသော ရေရွတ်သံတို့သာ ပဲ့တင်ထပ်နေလျက်...။
မောင်...ကျမ ရှင့်ကို တွေ့ချင်သေးတယ်...
ဒါပေမယ့်...အခု မေ အရမ်းပင်ပန်းနေပြီ မောင်ရယ်...ဖြစ်နိုင်ရင် တစ်ခါလောက်တော့ ထပ်တွေ့ခွင့်ရချင်တာပါ...တစ်ခါလောက်ပဲ မောင့်ကိုချစ်တယ်လို့ ဆက်ဆက် ပြောချင်ခဲ့တာ...
""အ!""
လူနာအခြေအနေကိုကြည့်ကာ ဆရာဝန်တွေလည်း မျက်နှာမကောင်းနိုင်တော့ဘဲ ခေါင်ယမ်းနေကြလေပြီ။
မေ လည်းဖြေးဖြေးနဲ့သိစိတ်တွေက လွတ်သွားလိုက် ပြန်ဝင်လာလိုက်ဖြင့် လူက သတိမဲ့လာသလိုလို..။ဒါပေမယ့် ဇွတ်မှိတ်တင်းခံနေသောစိတ်မှာတော့...'မဖြစ်ဘူး...ငါဒီလို အရှုံးပေးလို့မဖြစ်ဘူး...ဘာလုပ်ရမလဲ' စသည့် စသည့် ခံစားချက်ပေါင်းများစွာ...မေးခွန်းပေါင်းများစွာ ချာချာလည်နေရင်း နောက်ဆုံးတော့ ခပ်ရေးရေးအာရုံနှင့်ပင် တစ်စုံတစ်ခုကို စဥ်းစားကာ...
""Dr....ကျမ...
ကျမ အခြေအနေ...မရတော့မှန်း သိ...တယ်""
"".....""
""အခု ကျမ နောက်ဆုံး...နောက်ဆုံးဆန္ဒတစ်ခုကို ပြော....ပြောခဲ့ချင်တယ်... ""
""ဟုတ်ကဲ့...လူနာ ဆန္ဒရှိရင်ပြောနိုင်ပါတယ်""
""ကျ မ.........
..................""
""တီ....တီ...တီ!""
တစ်ခွန်းချင်း ခပ်တိုးတိုးပြောသွားသော စကားသံအဆုံး၌ လုံးဝရပ်တန့်သွားခဲ့သော နှလုံးခုန်သံနဲ့အတူမျက်လုံးအစုံကလည်း မှိတ်ကျသွားခဲ့တော့၏။
အမျှော်လင့်ခဲ့ရဆုံး နေ့တစ်ရက်မှာ...မမျှော်လင့်ခဲ့သော ဇာတ်သိမ်းခန်းက မေ့အတွက် ခါးသက်ခြင်းအတိ။ အလှပဆုံးသတို့သမီးလေးရဲ့ ...နောက်ဆုံးသော နေဝင်ချိန်ဟာလည်း ခမ်းနားခြင်းကင်းမဲ့လျက်...။ အဆုံးစွန်ထိ အတ္တကြီးခဲ့မိသော ချစ်ခြင်းရဲ့ နိဂုံးဟာလည်း...ဤနေရာ၌ အဆုံးသတ်သို့ ရောက်ခဲ့လေ၏။
""သေဆုံးချိန် 1:47PM""
~~~~💞💞💞💞~~~~
(10)ရက်ခန့်ကြာပြီးနောက်...
""ကဲ! အခု မျက်လုံးကို ဖြေးဖြေးချင်းဖွင့်ကြည့်မယ်နော်! စိတ်ကိုငြိမ်ငြိမ်လေးထား...""
""အ!""
""စိတ်မလောနဲ့နော်...ဖြေးဖြေးချင်းပြန်ဖွင့်""
""ဟုတ်!""
မောင်လည်း သူမမျက်လုံးတွေဖွင့်လာမှာကို ဘေးကနေ မျှော်လင့်စွာကြည့်နေမိ၏။ နောက်ဆုံးတော့ ပိုးရဲ့မျက်ဝန်းလေးတွေ တဖြေးဖြေးချင်းပွင့်ကာ လှုပ်ခတ်ရွေ့လျားလာပြီး သူ့ထံ လှမ်းကြည့်လာလေရဲ့...
""ပိုး...ကလေး ကိုယ့်ကို မြင်ရလား""
စိတ်ကိုငြိမ်ငြိမ်ထားကာ မျက်ဝန်းတွေကိုတဖြေးဖြေးချင်း ဖွင့်ကြည့်လိုက်တော့ အမှောင်ထုဖုံးလွှမ်းနေတာ ကြာပြီဖြစ်သော မြင်ကွင်းတို့က အလင်းရောင်ကို မြင်နေရလေ၏။ ပြီးတော့ ရှေ့မှာ မျှော်လင့်တကြီးကြည့်နေသူက ပိုးရဲ့ချစ်သူ...။
""အကို! ပိုး ရှင့်ကိုမြင်ရပြီ
ပိုး တကယ် ပြန်မြင်ရပြီ""
""ဝမ်းသာလိုက်တာ ကလေးရယ်
ကိုယ်ကစိတ်ပူနေတာ""
""ဒါနဲ့ မမရောဟင်
ဒီကိုမလာဘူးလား""
ရုတ်တရက်မေးလာသော မေးခွန်းအတွက် သူ့မှာအဖြေရှိမနေခဲ့ပေ။ မေးမယ်မှန်းသိပေမယ့် အဖြေကိုကြိုတွေးမထားနိုင်ခဲ့တော့ ဘယ်လိုများဖြေရပါ့မလဲ...။ မြန်ဆန်လွန်းသော အဖြစ်အပျက်က ယုံနိုင်စရာတောင်မရှိပေမယ့် တကယ်ဖြစ်သွားခဲ့လေသည်။ ထိုနေ့က သူဆေးရုံကို လိုက်လာခဲ့တော့ အခြေအနေအားလုံးက ဖြစ်ပျက်ပြီးခဲ့ပြီ။ နောက်တော့ ထပ်ပြီးသိရတာက မေတော်ဝင် မသေဆုံးခင် သူ့ရဲ့ မျက်ကြည်လွှာကို ပိုးအတွက် လှူဒါန်းခဲ့ခြင်း...။ သူ့လုပ်ရပ်တွေအတွက် ပေးဆပ်မှုတစ်စုံတစ်ရာလို့ ယူဆခဲ့၍လား...ဘာအတွက်ကြောင့်မှန်းမဝေခွဲနိုင်ပေမယ့် လက်ရှိအချိန်မှာတော့ ပိုးက ဒီလောကကြီးကို ပြန်မြင်နိုင်ခဲ့ပြီမို့ တကယ့်ကို ကျေးဇူးတင်ပါတယ်...မေ။
""မေးနေတယ်လေ...မမက ပိုးကိုစိတ်ဆိုးနေသေးလို့ မလာတာလား...ဟုတ်မှာပါ မမ ပိုးကိုတော်တော်စိတ်ဆိုးနေမှာပဲ""
""ပိုး...ကလေး ခဏနားလိုက်ဦးလေ""
""ဟင့်အင်း! မမကို ခေါ်ပေး
ပိုး မမကို တွေ့ချင်တယ်...ရှင်ပြောတော့ ခွဲစိတ်ပြီးရင် မမလာတွေ့လိမ့်ဆို ...ရှင် ကျမကို ညာခဲ့ပြန်ပြီလား""
ဟုတ်ပါတယ်...ညာခဲ့တာပါလို့ ဝန်ခံလိုက်ချင်ပေမယ့် အခုချိန်ပြောလိုက်ရင် ပိုးအတွက် တခုခုထိခိုက်သွားမှာကို မလိုလားတာကြောင့် အဖြစ်မှန်ကို ပြောပြရန် တုံ့ဆိုင်းနေရခြင်းပါ။ အခုပဲ ပြန်မြင်ရတဲ့မျက်ဝန်းတွေက မျက်ရည်ကျမှာကို စိုးတယ်လေ။ သူ့အတွေးနဲ့ ဆုံးဖြတ်ချက်တိုင်းဟာ ပိုးအတွက်ပဲ တစ်ဖက်သတ်ဆန်လွန်းနေမိတာကိုလည်း သူ ဝန်ခံချင်ပါရဲ့...။ဒါတွေ ကိုယ်မင်းကို ပြောပြမှာပါ ကလေးရယ်...ဒါပေမယ့်...အခုတော့မဖြစ်သေးလို့ပါ...။
""နောက်နေ့ကျရင် ကိုယ်တို့ သူ့ဆီသွားတွေ့ကြမယ်နော်...ကိုယ့်ကိုစိတ်မဆိုးပါနဲ့တော့""
ဘာစကားမှပြန်မပြောတော့ဘဲ တစ်ဖက်လှည့်သွားတဲ့ မျက်နှာလေးမှာ အလိုမကျမှုများစွာကို မြင်နေရပါ၏။ ပွဲနေ့က ကိစ္စကြောင့် သူ့အပေါ်စိတ်ဆိုးနေတာကလည်း အခုထိတိုင်မပြေသေးဘဲ စကားကိုတောင် ကောင်းကောင်းမပြောတော့တာလေ...။အခုလည်း သူမ မသိသေးတာတွေရှိနေပြန်ပြီ။ ဒါတွေကို သိရင်ရော...မင်း ကိုယ့်ကို ထပ်ပြီးစိတ်ဆိုးနေမှာလား...။
~~~~💞💞💞💞~~~~
မမဆီသွားတွေ့ကြမယ်လို့ ပြောပေမယ့် ကားမောင်းလာတာ အတော်ကြာသည်အထိ ဘယ်တွေသွားနေမှန်းမသိသော ဦးတည်ရာက သတ်မှတ်ချက်မရှိ။ မမက ဘယ်မှာမို့လို့လဲ...ဒါ companyသွားတဲ့လမ်းမဟုတ်ဘူး...မမ အိမ်ကိုပြန်တဲ့လမ်းလည်းမဟုတ်ဘူးလေ..။သွားနေရင်းကပဲ တစ်နေရာရောက်တော့ ကားကိုရပ်ကာ သူခေါ်ရာနောက်လိုက်လာခဲ့ချိန်တွင် တွေ့လိုက်ရသောမြင်ကွင်းက အုတ်ဂူတွေအစီအရီရှိနေသည့် နေရာတစ်ခု...။ပြီးတော့ အားလုံးထဲမှာ အသစ်လွင်ဆုံးဖြစ်နေသည့် အုတ်ဂူရှေ့၌သူကရပ်လိုက်လေသည်။ ဒီအချိန်မှာတော့ ပိုး ရင်ထဲ စိုးထိတ်မှုနဲ့အတူမဖြစ်ပါစေနဲ့လို့ အကြိမ်ကြိမ်ဆုတောင်းနေခဲ့သမျှ...အားလုံးပျက်ယွင်းခဲ့ရပြီ။
အုတ်ဂူဖြူဖြူထက်ရေးထိုးထားသော မမရဲ့နာမည်ကြောင့် ပိုးမှာ သွေးပျက် အံ့သြမှုတို့နဲ့အတူ...ပါးပြင်ထက် မျက်ရည်တွေစီးကျလာတော့၏။ မဟုတ်ဘူး...မဖြစ်နိုင်ဘူး...မမက ဘာလို့သေရမှာလဲ...မဖြစ်နိုင်တာ..။
""အကို! ဒါ...ဒါက""
""ပိုး...""
""ဟင့်အင်း...မပြောနဲ့
မဖြစ်နိုင်ဘူး...ဒါလုံးဝမဖြစ်နိုင်ဘူး""
မျက်ရည်တွေစီးကျလျက် မယုံနိုင်သလို ခေါင်းလေးတခါခါ ဖြစ်နေရင်း အုတ်ဂူကို ကြောင်ငေးကြည့်နေတဲ့ ပိုးရဲ့ ပုခုံးလေးနှစ်ဖက်ကို မောင်က ခပ်ဖွဖွလေးဆုပ်ကိုင်ထားလိုက်ရင်း အဖြစ်မှန်တွေကို ရှင်းပြရတော့၏။
""ဟုတ်တယ် သူ မရှိတော့ဘူး""
""အဲ့ဒီနေ့ကကိစ္စကြောင့်လား?
ပိုးကြောင့်လား...ပိုး အဲ့ဒီနေရာကိုသွားမိလို့...""
""မဟုတ်ဘူး...မဟုတ်ဘူး
မင်းကြောင့်မဟုတ်ပါဘူး...""
""ဟုတ်တယ် ကျမကြောင့်ပဲ
ကျမက အားလုံးကိုဖျက်ဆီးခဲ့မိတာပါ""
""......""
""ရှင်ကရော ဘာလို့ထပ်ပြီးဖုံးကွယ်ခဲ့တာလဲ
ဘာလို့အစကတည်းကမပြောပြတာလဲ... ကျမက မမ မရှိတော့တာကို ဘာလို့အခုမှသိရတာလဲ""
""အဲ့ဒါက မင်းရဲ့ operationကိစ္စကြောင့် မပြောပြနိုင်ခဲ့တာပါ...ကိုယ်တောင်းပန်ပါတယ်""
""မဟုတ်ဘူး...အဲ့လိုမဖြစ်ရဘူးလေ""
အရာအားလုံးကို အမြဲနောက်ကျမှ သိခွင့်ရတဲ့ ပိုးက အခုလည်း ဒီလိုပါပဲလား...။ကိုယ့်အစ်မ တစ်ယောက်လုံး လောကမှာမရှိတော့တာကို မသိနိုင်ခဲ့သလို နောက်ဆုံးအချိန်မှာလည်း ရှိမပေးနိုင်ခဲ့။ ဘာလို့များ ပိုးနဲ့မမက အခုလိုကံကြမ္မာမျိုးတွေရှိနေရတာလဲ။ ပိုး အခုအားလုံးကို ပြန်မြင်ရတဲ့အချိန်မှာ မမကမရှိတော့ဘူးတဲ့လေ...
""နောက်ထပ် ကိုယ်ပြောပြစရာတစ်ခုရှိသေးတယ်
စိတ်အေးအေးထားပြီး နားထောင်နော်""
""......""
""ပိုးလေးအတွက် မျက်ကြည်လွှာ လှူပေးခဲ့တဲ့အလှူရှင်ကလေ...တခြားသူမဟုတ်ဘူး""
""ရှင်! ဒါဆို...ဟင့်အင်း!
မဟုတ်ဘူးမလား...မမ...မမတော့ မဟုတ်ဘူးမလားလို့...""
""ဟုတ်တယ်...အဲ့ဒါ သူပဲ""
""......""
သူ့ရဲ့အဖြေအဆုံး ဘာစကားတွေမှ ဆက်မပြောနိုင်အောင်ပင် တုန်လှုပ်ဆွံ့အသွားခဲ့မိ၏။ အခုတော့ဒီလောကမှာ ပိုး ဘယ်လိုဆက်ပြီးရပ်တည်ရတော့မှာလဲ...။နောက်ဆုံးတော့ မမပြောသလိုပဲ ပိုးကသာ မမဆီက အရာအားလုံး လုယူမိခဲ့တာပါ။ မရည်ရွယ်ခဲ့ပေမယ့် မမ ပိုင်ဆိုင်ရမယ့် အရာတွေကို ပိုးက ဖမ်းဆုပ်ထားခဲ့မိတာ...။တောင်းပန်ပါတယ်...တောင်းပန်ပါတယ် ညီမလေးကို ခွင့်လွှတ်ပေးပါ မမရယ်...
"".......""
မောင်ကတော့ ဝမ်းနည်းစွာ ရှိုက်ငိုနေသော ထိုကလေးမလေးကို နှစ်သိမ့်စကားတွေပင် မဆိုနိုင်တော့ဘဲ တင်းကျပ်စွာ ဖက်ထားပေးမိ၏။
ဖြစ်ခဲ့သမျှအတွက် မင်းမှာအပြစ်မရှိပါဘူး ကလေးရယ်...။ကိုယ်ကပဲ မင်းတို့နှစ်ယောက်ကြားမှာ ရှုပ်ထွေးစေခဲ့တာ။ ကိုယ့်မှာ အပြစ်ရှိတယ်လို့ ဆိုလာခဲ့ရင် အဲ့ဒါ မင်းကလွဲပြီး တခြားဘယ်သူ့ကိုမှမချစ်နိုင်ခဲ့တဲ့ ကိုယ့်နှလုံးသား ခံစားချက်ကြောင့်ပါ။အရာအားလုံးထက် ကိုယ် ဂရုစိုက်တာက မင်းပဲ...။ရှေ့ဆက်ပြီးလည်း ဒီသတ်မှတ်ချက်က မင်းအတွက် တသမတ်တည်း ရှိနေမှာမို့...ကျေးဇူးပြုပြီး ကိုယ့်လက်ကို တွဲပါ...ကိုယ့်ရင်ခွင်မှာပဲ တသက်လုံး ရှိနေပေးပါကွာ!
""ပိုးလေး...ကိုယ်တို့ပြန်ကြရအောင် နော်
ဒီမှာ လေတွေအရမ်းတိုက်နေတယ်လေ...လိမ္မာတယ်...လာ!""
အငိုမတိတ်နိုင်သော ကလေးကို မနည်းချော့မော့ကာ ပြန်ခေါ်လာခဲ့ရ၏။ အခုတော့ အရာအားလုံးရဲ့ အဆုံးသတ်ကို ရောက်သွားခဲ့ပြီပဲ...။ဒီလိုအဆုံးသတ်သွားဖို့ မမျှော်လင့်ခဲ့ဘူးဆိုပေမယ့် ဖြစ်ခဲ့သမျှအရာရာအတွက် ငါ မင်းကိုခွင့်လွှတ်ပါတယ် မေတော်ဝင်...ကျေးဇူးလည်းတင်တယ် ပြီးတော့ တောင်းပန်ပါတယ်။
နောက်တစ်ကြိမ်ရှင်သန်ခြင်းသာရှိခဲ့ရင် မင်းတစ်ယောက်အတွက်ပဲ ရည်ရွယ်တဲ့ စစ်မှန်တဲ့နှလုံးသားတစ်စုံကို ရှာတွေ့နိုင်စေဖို့ ငါ ဆုတောင်းပေးပါတယ်...။ငါ့ရဲ့နှလုံးသားကတော့ ဒီတစ်သက်လုံး 'ပိုးရတု'တစ်ယောက်အတွက်ပဲ ရည်ရွယ်ခဲ့ပြီးသားဖြစ်သလို နောက်ဆိုတာ ရှိခဲ့ရင်လည်း ငါရဲ့ရှင်သန်ခြင်းက သူ့အတွက်ပဲဖြစ်နေဦးမှာပါ...။
ဒါကြောင့် နောက်ဆိုရင် မှားယွင်းတဲ့ရင်ခွင်မှာ နားခိုချင်မိတဲ့အဖြစ်မျိုး ထပ်ပြီးမကြုံတွေ့ပါစေနဲ့ လိပ်ပြာငယ်...။
အခုတော့ လွတ်လပ်စွာပျံသန်းသွားပါတော့နော်။
~~~~💞💞💞💞~~~~
(1)နှစ်ကြာပြီးနောက်...
ပင်လယ်ပြင်ကို ဖြတ်ပြီးတိုက်ခတ်လာတဲ့ လေပြေလေးတွေက မျက်နှာဆီသို့ လာရောက်ထိခတ်ကာ နေဝင်တော့မယ့် ညနေခင်းလေးကလည်း သိပ်ကိုလှပလွန်းနေ၏။ ဒီလို ရောင်စုံအလှတရားနဲ့ ဒီလောကကြီးကို ပြန်မြင်ခွင့်ရခဲ့တာ မမကြောင့်ပါပဲ...။
အခုဆို မမ ဘယ်မှာများရှိနေလိမ့်မလဲ?
ဖြစ်ခဲ့သမျှအရာအားလုံးမှာ မမဘက်က မှားယွင်းမှုတွေရှိခဲ့ပေမယ့် တကယ်တော့ မမက ပိုပြီးချစ်တတ်ခဲ့သူပါ။ အဲ့ဒီ့အချစ်ကို အတ္တဆန်ဆန် ပုံဖော်ခဲ့မိတော့ အဆိုးဘက်ကိုရောက်ခဲ့ရတာ...။ မမက ပိုးကိုမချစ်ခဲ့ဘူးဆိုပေမယ့် နောက်ဆုံးမှာတော့ ပိုးအတွက် တန်ဖိုးကြီးတဲ့အရာတွေကို ချန်ထားရစ်ခဲ့တယ်နော်...
ဒီလောကကိုပြန်မြင်နိုင်ဖို့ အလင်းရောင်ကိုပေးခဲ့သလို မမရဲ့နှလုံးသားကလည်း ပိုးဆီမှာကျန်ရစ်ခဲ့ပါတယ်။ အကိုက မမရဲ့နှလုံးသားပဲမဟုတ်လား...။အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် မမရယ်...အဖိုးတန်လွန်းတဲ့ မမရဲ့လက်ဆောင်တွေကို ပိုးတစ်သက်လုံး တန်ဖိုးထားပြီးစောင့်ရှောက်ပါ့မယ်...
""ဟိတ်!""
""အမလေး!""
အတွေးလွန်နေရင်းမှ ရုတ်တရက်နောက်မှသိုင်းဖက်ခံလိုက်ရတော့ ပိုးမှာ လန့်ဖျပ်သွားရပေမယ့် သူကတော့ တော်တော်ပျော်နေတယ်ထင်ရဲ့ ...သဘောတကျရယ်နေပြန်၏။
""လန့်သွားတာပဲ""
""ဘာလို့ အဲ့လောက်တောင်လန့်ရတာလဲကွာ!
ကိုယ်ရှိနေတာတောင် သတိမရတော့တာလား ပြော""
""မဟုတ်ပါဘူး...အကိုရဲ့
ပိုးက အတွေးလွန်သွားလို့""
""ဒီမှာ! အခုကကိုယ်တို့လက်ထပ်ပြီး Honeymoonထွက်လာတာနော်...ဒီနေ့ပဲလက်ထပ်ခဲ့တဲ့ အသစ်စက်စက်ခင်ပွန်းကို ပစ်ပြီး ဘာတွေစဥ်းစားနေတယ်မသိတော့ပါဘူး...အဲ့လိုပစ်ထားမယ်ဆိုလည်း ဘာလို့ ကျွန်တော့်ကိုခေါ်လာသေးလဲ""
""ဟယ်! Honeymoonဆိုတာ တစ်ယောက်ထဲလာလို့မှမရတာ""
""အော်! တစ်ယောက်ထဲလာလို့ရရင် ကျွန်တော့်ကိုထားခဲ့မယ်ပေါ့ ဟုတ်လား?""
ကလေးလိုပင် ပြောသမျှ အထအနကောက်ကာ စိတ်ဆိုးပြနေတဲ့သူကြောင့် ပိုး တကယ်ရယ်ချင်နေရ၏။ အမြဲလိုလို သူ့ကို ပိုးကပဲ စိတ်ကောက်ခဲ့သမျှ အခုကျတော့ ကိုယ်ကပြန်ချော့ရတော့မှာပါလားနော်!
""အကို! တကယ်စိတ်ဆိုးလို့လား ပြော""
""ဆိုးတာပေါ့ တကယ်ဆိုးတာ""
""အမ်! ဟုတ်လို့လား""
""ဟုတ်တယ်""
"'အော်!""
""တကယ်ပါဆို""
""အော်!""
ပိုးက ခန္ဓာကိုယ်လေးကို သူ့နဲ့မျက်နှာချင်းဆိုင်လှည့်ရပ်လိုက်ပြီး သူ့ရင်ဘတ်ပေါ် မေးလေးတင်ကာ မျက်နှာကို အတင်းလိုက်ကြည့်ရင်း ပြောတော့ မနေနိုင်စွာ ရယ်သွားပါလေရော!
""မင်းနော်! မင်း...အမျိုးမျိုးတတ်နိုင်တယ်""
""ဘာဖြစ်လဲ?""
""ဘာဖြစ်လဲဆိုတော့ ကိုယ့်ကိုချစ်လား""
""ဟမ်! ဘာမှမဆိုင်သလိုပဲနော်""
""မဆိုင်လည်း ဖြေလိုက်ပါကွာ!""
""ရှင်အရင်ဖြေ!""
""ချစ်တယ်...ဟိုးစတွေ့ခဲ့တဲ့နေ့ကတည်းက ဒီနေ့အထိ တစ်နေ့တစ်နေ့ ပိုပြီးချစ်လာနေလို့ ဘယ်လိုလုပ်ရမှန်းတောင်မသိတော့ဘူး...နောက်လည်းပိုဆိုးလာဖို့ပဲရှိတယ်""
""အင်း...အင်း! ရှင်ပဲပြောတော့ နော်
လူလည်ကြီး...ဒီစကားတွေနဲ့ပဲ ကလေးကိုအပိုင်ချုပ်နေတယ်""
""ကလေးကရော ကိုယ့်ကိုပြန်ဖြေဦးလေ""
""ချစ်တယ်...ပိုး အကို့ကို သိပ်ချစ်ပါတယ်
အခုဆိုရင်လေ ပိုးအနားမှာ ရှင် တစ်ယောက်ပဲရှိတော့တာ""
""အဲ့ဒီ့ ကိုယ့်တစ်ယောက်ရဲ့ချစ်ခြင်းကပဲ မင်းအတွက်လုံလောက်စေရမယ်...ကိုယ်က မင်းကို အားလုံးထက်ပိုပြီး အများကြီး ချစ်ပေးမယ်...ဟုတ်ပြီလား""
""ဟုတ်! ယုံလိုက်မယ်နော်""
""ယုံလိုက်ပါဗျာ""
နှစ်ယောက်သား ပြိုင်တူလေးရယ်မောမိကြရင်း ပိုးရဲ့မျက်ဝန်းလေးတွေထဲ စိုက်ကြည့်မိသည့်ခဏ...သူ့ရင်ထဲသို့ တစ်စုံတစ်ရာသော သတိရမှုက ဖျတ်ခနဲဝင်ရောက်လာခဲ့၏။ အဲ့ဒီမျက်ဝန်းတွေကို ငေးကြည့်မိတိုင်းမှာ အတွေးထဲ အမြဲလို မေတော်ဝင်ရောက်လာတတ်ပါရဲ့ ..။မင်းက သိပ်ကိုထူးဆန်းတာပဲ မေ...။ဒီလောကမှာ မရှိတော့တာတောင် မင်းကိုလွယ်လွယ်ကူကူမမေ့နိုင်စေမယ့် သတိရစရာကို ငါ့အနားမှာ ချန်ထားခဲ့တယ်နော်...။ မင်းကို ငါအမြဲတမ်းအမှတ်ရနေမှာပါ...။ အမြဲတမ်းလည်း ကျေးဇူးတင်နေမှာ...။
~~~~💞💞💞💞~~~~
ကျမတို့ရဲ့ ပတ်သက်မှုတွေက သိပ်ကိုရှုပ်ထွေးတာပဲနော်...မောင်။ ဒီဇာတ်လမ်းရဲ့ဇာတ်သိမ်းမှာ ဘေးထွက်ပေးခဲ့ရသူက ကျမ ဖြစ်ခဲ့ရပေမယ့် မောင့်ရင်ထဲက တစ်နေရာမှာ ကျမကို အမှတ်ရနေပေးတဲ့အတွက် ကျေနပ်ပါတယ်။
ဒါကြောင့်လည်း ကျမက ပိုးရဲ့မျက်လုံးတွေကိုပြန်မြင်ခွင့်ပေးခဲ့တာ...။ရှင့်ရဲ့အနီးဆုံးမှာ သူရှိနေတိုင်း ..သူ့ရဲ့မျက်လုံးတွေကို စိုက်ကြည့်မိတိုင်း အဲ့ဒီအထဲမှာ ကျမရဲ့အရိပ်အယောင်ကို ရှင်မြင်ရလိမ့်မယ် ...ခဏလေးပဲဖြစ်ဖြစ် ရှင့်ရဲ့သတိရခြင်းမှာ ကျမပါဝင်ခွင့်ရလိမ့်မယ်...။
ကျမ ပြောခဲ့ပါတယ် မောင်
ဒီတစ်သက်မှာ မောင် ကျမကို မချစ်ရင်သာရမယ် ဘယ်တော့မှ မပစ်နိုင်စေရဘူးဆိုတာလေ...။အခု ရှင် မချစ်ခဲ့တဲ့ ကျမကို ရှင် မေ့လည်းမပစ်နိုင်တော့ဘူးမဟုတ်လား...။
ကျမကတော့ မောင့်ကိုသိပ်ချစ်ခဲ့ပါတယ်
ဒါပေမယ့် လိုချင်တာကို မရရအောင်ယူရမယ်ဆိုတဲ့ အတ္တကိုသာ ဆုပ်ကိုင်ခဲ့မိလို့ ဒီအချစ်က အစွန်းရောက်လွန်းခဲ့တယ်...။ဒါပေမယ့် အရာအားလုံးကို အတ္တနဲ့ပုံဖော်ပြီး မာနတွေနဲ့စီရင်ခဲ့တဲ့ ဒီချစ်ခြင်းရဲ့အဆုံးသတ်မှာ ကျမ အနိုင်မရခဲ့သလို... ရှုံးလည်းမရှုံးခဲ့ပါဘူးလေ...
ဟုတ်တယ်နော်...မောင် ။....။
~~~~💞💞💞💞~~~~
The End
Readers/Writersလေးတွေအားလုံးက VIPပါ
Writer-WineSatt Cho(🍋Lëmoñ🍋)
ဇာတ်လမ်းလေးကို အစမှအဆုံးအားပေးခဲ့ကြသူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။