book

Index 24

~~ Part-( 24 ) ~~

👑 မာနတို့ဖြင့်... စီရင်အပ်သော 👑


""ဒေါက်...ဒေါက်!""


အခန်းတံခါးကို ဖွင့်ထားပေမယ့် လူလာမှန်းသိအောင် တမင်အသံပေးလိုက်ပြီးမှ အထဲသို့ဆက်ဝင်လာခဲ့၏။ အခန်းထဲက ကလေးမကတော့ အသံကြားတာနဲ့ ခေါင်းလေးဆတ်ခနဲလှည့်လာကာ မျက်နှာလေးက ပြုံးနေပြန်ရောလေ...။


""ပိုး...""


""အကို! ရောက်လာပြီလား?

ဒီနေ့ ပိုးတို့ဘယ်သွားကြမှာလဲ...ဟင်!""


မေးခွန်းတွေထုတ်နေရင်း လက်လေးက လှမ်းစမ်းလိုက်တော့ သူ့လက်ထဲကိုင်လာသည့် ဗူးလေးအား စမ်းမိပြီး မရပ်သော မေးခွန်းကဆက်လာပြန်သည်။


""လက်ထဲမှာ ဘာယူလာတာလဲ?""


""သြော်! ဒီနေ့ ပိုးလေး ဝတ်ရမယ့် ဝတ်စုံယူလာပေးတာ...ဒါလေး လဲဝတ်လိုက် နော်!""


""......""


""ကိုယ် အပြင်ထွက်ပေးမယ်

သဇင့်ကို ကူညီခိုင်းဖို့လွှတ်လိုက်မယ်နော် ခဏ!""


""ဟုတ်!""


သူထွက်သွားတော့မှ ပိုး ထိုဗူးလေးကိုဖွင့်ကာ လက်နဲ့လိုက်စမ်းကြည့်မိသေး၏။ ဒီနေ့ဘယ်ကိုများ သွားမှာ မို့လို့ပါလိမ့်!


~~~~~~~~~~


သူလည်း ဧည့်ခန်းမှာထိုင်စောင့်နေရင်း ခဏအကြာမှာတော့ ယူလာပေးသည့်ဝတ်စုံလေးကို ဝတ်ဆင်ကာ သူ့ရှေ့ရောက်လာလေတဲ့ နတ်သမီးလေး...။ ဖြူလွှနေတဲ့ ဇာဂါဝန်လေးက ဒူးအထက်နားမှာ ဝဲခါနေပြီး ဆံပင်လေးကိုလည်း နှစ်ဖက်ခွဲကာ ခပ်လျော့လျော့လေး စုထုံးထားသည်က တစ်မျိုးလေးအသည်းယားစဖွယ်။ မျက်နှာလေးမှာလည်း ဘာမှ ထူးထူးခြားခြား ပြင်ဆင်မထားပါဘဲ ပင်ကိုယ်အတိုင်းလေးကို လှနေသော သူ့ရဲ့မြတ်နိုးရာလေးကို ငေးကြည့်မိသည်မှာ အချိန်အတော်ကြာနေရပြန်၏...။


""အကို...ဘယ်ရောက်သွားပြီလဲ?""


အသံမထွက် ဘာမထွက် ဒီအတိုင်းကြီးကျောက်ရုပ်လိုရပ်နေရင်း သူမဆီက မေးခွန်းလေးထွက်လာမှ သတိဝင်သွားကာ အနားသို့လျှောက်သွားလိုက်ပြီး..


""ဒီမှာ ရှိပါတယ်ဗျာ

ကိုယ့်ကလေးလေးက နတ်သမီးလေးလိုလှနေလို့ အသံပေးဖို့တောင်မေ့သွားတာ""


""ဟင်း! တစ်နေ့တစ်နေ့ အပိုတွေသိပ်ပြောတတ်လာတယ်နော်""


""အော်! တကယ်ပါကွာ

လာ...ကိုယ့်ကိုမှီလိုက်""


ပါးစပ်ကပြောတာမှနောက်ကျသေး...လူကိုတော့ ရင်ခွင်ထဲ ထည့်ကာမှီစေလိုက်ပြီး လက်ထဲအသင့်ကိုင်ထားသည့် ကတ္တီပါ ဗူးအနက်လေးထဲမှ စိန်လည်ဆွဲလေးကို လည်တိုင်ဖွေးဖွေးလေးထက် ဝတ်ပေးကာ ကျန်တဲ့အရာတွေကိုလည်းလက်ကောက်ဝတ်ကနေ လက်ဖျား သူ့နေရာနဲ့သူ အကုန်ဆင်ပေးလိုက်လေ၏။ ဒါကိုပင် သူမက တအံ့တသြမျက်နှာလေးဖြင့် မေးခွန်းတွေထုတ်နေပြန်သေးတာ...


""အကို! ဘာတွေ ဝတ်နေတာလဲ?""


""အရမ်းစကားများတာပဲ

ဘာမှမမေးနဲ့! ငြိမ်ငြိမ်နေ""


""ပိုး အခုဝတ်ထားတာ ဘာအရောင်လေးလဲ

ခုန သဇင့်ကိုမေးဖို့ မေ့သွားလို့""


""ကိုယ့်ကလေးလေးနဲ့အလိုက်ဖက်ဆုံးအဖြူရောင်လေးပေါ့...ကျွန်တော်ကိုယ်တိုင်ရွေးပေးထားတာနော် အဲ့ဒါ""


""ဟုတ်ကဲ့...ကျေးဇူးပါရှင်

ဒါနဲ့ ဘယ်သွားမှာလဲ ဒီနေ့...အွန့်!""


မျက်နှာလေးမေ့ာကာ တစ်စုံတစ်ခုပြောရန်ကြံစည်လိုက်ချိန်တွင်တော့ ထိုနှုတ်ခမ်းလေးမှ ထွက်လာမည့်အမေးစကားကို သူ့နှုတ်ခမ်းတို့နှင့်ဖိကပ်ကာ ရပ်တန့်စေလိုက်တော့သည်။ ဟုတ်တယ်လေ...နှုတ်ခမ်း တချွန်ချွန်နဲ့တစ်ချိန်လုံးမေးခွန်းတွေ မေးနေသော ချာတိတ်မကို ဒီလိုပဲ အပြစ်ပေးရမှာ...။အခုတော့ကြည့်! တိခနဲကို တိတ်ကျသွားတော့တာပဲလေ...။


""ကဲ! အခုသွားရအောင်...ကိုယ်တစ်ခုပြောမယ်နော်...ဒီနေ့ကိုယ်တို့သွားမယ့်နေရာမှာ ဘာပဲဖြစ်ဖြစ် ဘယ်သူကဘာပြောပြော ကိုယ့်လက်ကိုလုံးဝမလွှတ်နဲ့ ကြားလား?""


""ဟုတ်!""


~~~~💞💞💞💞~~~~


မင်္ဂလာပွဲအတွက် ခန်းမထဲမှာ လူတွေတော်တော်ရောက်နေပါပြီ။ ဒါပေမယ့် အခုထိတိုင် အရိပ်အယောင်မမြင်ရသေးသော သတို့သားက ဘယ်ဆီမှာလဲ? သတ်မှတ်ထားတဲ့အချိန်ထက် နာရီဝက်ကျော်လောက်နောက်ကျနေချေပြီ။ မေကသာ အိန္ဒြေမပျက်ခပ်တည်တည်ရှိနေပေမယ့် မောင့်မိဘတွေကတော့ သူတို့သားဘက်က ပျက်ကွက်ခြင်းမို့ မျက်နှာပျက်နေရကာ မောင့်အဖေဆိုရင် ဒေါသထွက်ပြီး တင်းမာချင်နေသည့်မျက်နှာကို မနည်းမြိုသိပ်နေရတဲ့ ပုံပါ။


မေကတော့ ယုံကြည်နေပါတယ်...သူလာမှာပါလေ

ကိစ္စတစ်ခုခုကြောင့်နောက်ကျနေရုံပါပဲ။ အခုလက်ရှိမှာတော့ မင်္ဂလာစင်မြင့်ပေါ်မှာ သတို့သမီးတစ်ယောက်ထဲ ရပ်နေသည့်အဖြစ်။ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ ပွဲဆီဝင်လာမယ့် လျှောက်လမ်းအဝင်အဝကိုလည်း မကြာခဏလှမ်းကြည့်မိရင်းပေါ့...။


မကြာခင်မှာတော့ ထိုကော်ဇောနီလမ်းရဲ့အဝင်မှ လူရိပ်တစ်ခုထွက်ပေါ်လာခဲ့လေ၏။ သတ်မှတ်ချိန်ထက်နောက်ကျနေပြီမို့ အဝင်လမ်းမှာပေါ်လာသည့် လူကို မေအပါအဝင်အားလုံးက စုပြုံကြည့်နေချိန်တွင် တဖြေးဖြေးနဲ့ လျှောက်လှမ်းလာသည့်လူက နှစ်ယောက်ဖြစ်နေတာမို့ အားလုံးလည်း အံ့အားသင့်စွာ လိုက်ကြည့်နေကြလေရဲ့...


မေလည်း မြင်လိုက်ရသောမြင်ကွင်းကြောင့် အံ့သြထိတ်လန့်စွာ ကြောင်ငေးကြည့်နေမိ၏။ မောင်...။အဟုတ်ပါပဲ...မေ့ရဲ့သတို့သားက မေ့ဆီလျှောက်လှမ်းလာနေတယ်...ဒါပေမယ့် သူ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လာခဲ့တဲ့ လက်က နောက်ထပ်တစ်စုံတစ်ယောက်...။ အတိအကျဆို သူသိပ်ချစ်တဲ့ သူ့ချစ်သူလေးပေါ့...။


ဘာလဲ? ဘယ်လိုတွေဖြစ်ကုန်တာလဲ...မောင် သူ့ကိုဘယ်ကနေရှာတွေ့ခဲ့တာလဲ...။မောင်...မောင် အကုန်လုံးကို သိသွားခဲ့ပြီပေါ့...


မေ လှမ်းကြည့်နေရင်း...သူက လျှောက်လမ်းရဲ့အလယ်တည့်တည့်မှာ ရပ်လိုက်ပြီး မေ့ထံသို့ ခပ်စူးစူးလှမ်းကြည့်နေလေ၏။အို! မေ ဒီအခြေအနေကို ဘယ်လိုဖြေရှင်းရပါ့


""ဘာလို့လဲ မေတော်ဝင်

မင်းကိုကြည့်ရတာ အရမ်းလန့်နေတဲ့ပုံပဲ""


ပိုးလည်း အာရုံစိုက်နားထောင်နေရင်းမှ မေတော်ဝင်ဆိုသော နာမည်ကြောင့် မမဆီလာတွေ့ပေးတယ်လို့သာ ထင်မှတ်လိုက်ပြီး..


""မမ...ဒီမှာ မမရှိတာလား?""


""မောင်...ဒါဘာလုပ်တာလဲ

ဒီနေ့က မေတို့လက်ထပ်ပွဲလေ...""


""အင်းလေ...အဲ့ဒါကြောင့် ငါအခုရောက်နေပြီ

မင်း သိပ်ကျင်းပချင်နေတဲ့ လက်ထပ်ပွဲ ဆက်လုပ်! ငါ ဒီမှာရှိတယ်""


""လက်ထပ်ပွဲ? ဒီနေ့က အကိုနဲ့ မမရဲ့လက်ထပ်ပွဲလား...ဒါဆို...ဒါဆို ဒီနေရာက...""


""ဟုတ်တယ်...ဒီနေ့က ငါနဲ့မောင် လက်ထပ်မယ့်နေ့...ဒါက လက်ထပ်ပွဲလုပ်နေတဲ့နေရာ...တစ်နည်းအားဖြင့် နင်လုံးဝရှိမနေသင့်တဲ့နေရာ""


မေတော်ဝင်ဆီက ထိုစကားကြားသည်နှင့် တွဲထားသော သူ့လက်ကို ပိုးက အတင်းရုန်းလွှတ်နေတော့၏။ မောင်က လုံးဝလွှတ်မပေးဘဲ အတင်းပြန်ဖမ်းဆုပ်ထားကာ


""ကိုယ်ပြောထားတယ်လေ...ဘယ်သူဘာပြောပြော ကိုယ့်လက်ကိုမလွှတ်ရဘူးလို့...ခဏနေ ကိုယ်အားလုံးရှင်းပြမယ်...အခု ကိုယ့်အနားမှာပဲနေ...နော်""


""သား မင်း ဘာတွေလျှောက်လုပ်နေတာလဲ""


""ဒယ်ဒီ...ကျွန်တော်ပြောစရာရှိတာပြောပါရစေ

နောက်မှ ဒယ်ဒီတို့ကြိုက်တဲ့အပြစ်ပေးပါ""


""အဟက်! ဟား ဟား ဟား!

မောင်...မောင် ရှင်က အချစ်အတွက်နဲ့ သိပ်ကိုသတ္တိတွေကောင်းနေတယ်ပေါ့..။ကျမလည်းထင်ပါတယ် တစ်ယောက်ယောက်ဆီမှာ ရှိမနေဘဲ ဟို မျက်ကန်းလေးက ဘယ်လိုလုပ်လုံအောင်ပုန်းနေနိုင်ပါ့မလဲ...အဟက်! တော်တယ်...ရှင်တော်သားပဲ""


""မင်းထက်မလျော့ရုံပါပဲ""


စူးရဲပြီး မီးတောက်မတတ် ပြင်းထန်နေသည့်အကြည့်တွေက လူတကိုယ်လုံးကိုတောင် ပြာကျစေမည့်နှယ်။ ဒီစကားတွေကို ပြောဖို့ ဒီနေ့အထိရောက်အောင် စောင့်ဆိုင်းနေခဲ့တာလား မောင်...။ မရဘူး...ဘာပဲဖြစ်ဖြစ် ဒီနေ့ မေတို့လက်ထပ်ပွဲက ဘာအကြောင်းနဲ့မှ မလွဲချော်ရဘူး...။ တဖြေးဖြေးနဲ့ မေ့ အကြည့်စူးစူးတို့က ဘေးမှာ ငြိမ်ငြိမ်လေးရပ်နေသည့် ပိုးရတုထံရောက်သွားကာ...


""ပိုး...လာခဲ့စမ်း

ငါ့ဆီ အခုချက်ချင်းလျှောက်လာခဲ့...""


အမိန့်ဆန်ဆန်အော်လိုက်တဲ့စကားသံကြောင့် ပိုးမှာ ကိုယ်လေးဆတ်ခနဲတုန်ကာ လန့်သွားရပြီး ခြေလှမ်းကို ယောင်ယမ်းကာလှမ်းမိသေး၏။ ဒါပေမယ့် ဘေးနားက တင်းတင်းဆုပ်ကိုင်ခံထားရသောလက်တွေမှာတော့ လုံးဝကို ရုန်းမရပါချေ။


""မင်း တော်လိုက်တော့ မေတော်ဝင်

ရှေ့ဆက်ပြီး သူ့ကို အမိန့်တွေပေးပြီးခိုင်းစေဖို့မကြိုးစားနဲ့...မင်း ဘာထပ်လုပ်ချင်သေးတာလဲ

သူ့ကို ဒီတစ်လျှောက်လုံးသေလူလို လုပ်ထားခဲ့ရတာ မကျေနပ်နိုင်သေးဘူးလား""


""ဟား...ဟား!...ဟုတ်တယ်

သေသွားပြီ..ပိုရတုဆိုတာ ဒီလောကမှာမရှိတော့ဘူး...ဒါပေမယ့် အဲ့ဒါသူ့ကံကြမ္မာနဲ့သူလေ...ကျမတောင် ဘာမှမလုပ်လိုက်ရဘူး...နောက်ဆက်တွဲလေးကိုသာ နည်းနည်းပြုပြင်ပေးလိုက်တာ...ဘယ်လိုလဲ ပီပြင်တယ် မဟုတ်လား?""


""ဟင်!""


သူတို့ပြောနေသောစကားများကို ပိုးကတော့ ဘာမှနားမလည်နိုင်ဖြစ်နေရ၏။ သေသွားတယ်! ပိုးက သေသွားတယ်လို့ အားလုံးကသိထားကြတာလား.။ပြုပြင်တယ်ဆိုတာကရော ဘာလဲ...ပိုးဘာကိုမှနားမရှင်းနိုင်ဖြစ်နေစဥ်...မမရဲ့ဟားတိုက်ရယ်မောသံက ကျယ်လောင်စွာထွက်ပေါ်လာပြန်၏။


""ဟား...ဟား! နင်တို့... နင်တို့တွေက သိပ်ကိုရယ်ရတာပဲ...ငါ့စိတ်တိုင်းကျခြယ်လှယ်သမျှ အကုန်လုံးခေါင်းငုံ့ခံနေကြတာ သနားစရာ...တစ်ယောက်က သူ့ဘဝ သူမသိ...။တစ်ယောက်ကလည်း သေမလိုခံစားပြ...ဟုတ်နေတာပဲ...နင်တို့နှစ်ဖက်စလုံးကိုမြင်နေရတဲ့ ငါက ရင်ထဲမှာ ဟားတိုက်ရယ်ခဲ့တာ ဘယ်နှကြိမ်မှန်းတောင်မသိတော့ဘူး...ဟား ဟား!""


စင်ပေါ်၌ရပ်ကာ တစ်ယောက်ထဲအော်ရယ်နေသော ထိုမိန်းမက အရူးတစ်ယောက်လိုပင်။ မျက်လုံးတွေက မတည်ငြိမ်ဘဲ ဟိုဒီရွေ့လျားနေကာ ပြောနေသောစကားသံတို့ကလည်း တုန်ယင်အက်ကွဲနေလေ၏။ ပွဲမှာရှိနေတဲ့သူတွေလည်း အားလုံးငြိမ်သက်နေကာ သူတို့ရဲ့ အဖြစ်အပျက်ကို ပြဇာတ်တစ်ခုသဖွယ်ထိုင်ကြည့်နေကြ၏။


""ဆက်ပြီးရှိသေးတယ်...ရှင် ကျမကိုလက်ထပ်ရမယ်လေ...ကျမတို့ကြားကအခြေအနေတွေကို ရှင့်ကလေးလေးသိအောင်ပြောပြလိုက်ပါဦး...ကျမတို့ဘာတွေဖြစ်ခဲ့ကြသလဲလို့...အဟက်! ဟက်!""


အဖြစ်မှန်မဟုတ်မှန်းသိပါလျက် ပိုးရှေ့မှာ တမင်ကို နိုင်ကွက်နင်းကာ ပြောနေသော ထိုမိန်းမကို မောင် မုန်းတီးစိတ်ပျက်စွာပင် တစ်ချက်ကြည့်လိုက်ရင်း... 


""ဒီနေ့ ဒီလိုအခြေအနေမျိုးရောက်လာတာ မင်းရဲ့အကြံအစည်တွေချည်းပဲ မေတော်ဝင်...မင်းနဲ့ငါ့ကြားမှာ ဘာပတ်သက်မှုမှမရှိဘူး ဘာလွန်ကျူးမှုမှမရှိဘူး...မင်းသိပါတယ်...""


""ဟင်း! ဘာပဲဖြစ်ဖြစ် ရှင် ကျမ ထောင်ချောက်ထဲရုန်းမရအောင်ပိတ်မိသွားတာပဲမဟုတ်လား...အခုပဲ ရှင်နဲ့ကျမက လက်ထပ်တော့မှာလေ...""


""......""


""အဲ့ဒီ မိန်းမကို ဒီနေရာကမောင်းထုတ်လိုက်...ရှင် ကျမကိုပဲလက်ထပ်ရမယ်...ပိုးရတု နင်ထွက်သွားစမ်း...ထွက်သွားစမ်း!""


ပါးစပ်ကလည်း ပြောရင်း မြန်ဆန်လှသည့်ခြေလှမ်းတွေနဲ့ စင်ပေါ်မှပြေးဆင်းလာကာ ပိုးဆီသို့ ဦးတည်လာနေချိန်တွင်  မောင်က ပိုးရှေ့မှ ကာရပ်လိုက်လေ၏။ ပြီးတော့ စူးစိုက်ကာရင်ဆိုင် ကြည့်လိုက်တဲ့မျက်ဝန်းအကြည့်မှာ မေ ရုတ်တရက် မှင်သက်သွားမိပြီး ခြေလှမ်းတို့ပါတုံ့ခနဲရပ်သွားရသည်။ 


""ထိဖို့မကြိုးစားနဲ့ ...""


သူ့နှုတ်ဖျားကထွက်လာတဲ့ စကားသံက မေ့နှလုံးသားတစ်ခုလုံးကိုကွဲအက်သွားစေသလိုပါ။ ကာကွယ်ပေးတတ်နေလိုက်တာ...မောင်ရယ်...။မောင်ဘာကြောင့်များ သူ့ကို ဒီလောက်ထိချစ်ရတာလဲ...ကျမကရော ဘာကြောင့်များ မောင့်ကိုမှ ချစ်မိခဲ့ရတာလဲ...။ ကြည့်ပါဦး! ဘယ်အရာကိုမဆို ရဲဝံ့စွာအရယူနိုင်ခဲ့တဲ့ မေ့ဘဝမှာ အခုအချိန်က သရုပ်အပျက်ဆုံး အခိုက်အတန့်ပဲထင်ပါရဲ့...


""ဟင်း! ဟင်း! ကောင်းတယ် သိပ်ကောင်းတယ်

ပိုးရတု...နင် မွေးကတည်းက ငါ့အပိုင်ဖြစ်ရမယ့်အရာတွေကို အမြဲတမ်းလုယူတယ်...နင်ကသိပ်မုန်းဖို့ကောင်းတယ်...အဲ့ဒီနေ့က နင်တစ်ခါတည်းသေသွားခဲ့ရမှာ...ဘာလို့များရှင်နေခဲ့တာလဲ...သေသွားရင် ငါလည်းအလုပ်ရှုပ်ခံပြီး နင့်ကိုဖွက်ထားစရာမလိုတော့ဘူး...""


"".....""


""ပြီးတော့ မောင်က အစကတည်းက ငါ့အပိုင်ဖြစ်ရမှာကို နင် ဝင်ရှုပ်တယ်...အခုငါက သေသေချာချာလေး အကွက်ချစီစဥ်ပြီး အပိုင်သိမ်းမလို့ကို...နင်ကထပ်လာရှုပ်တယ်...မုန်းတယ်...နင့်ကိုငါမုန်းတယ်...နင်သေသွားမှအေးမှာ""


""မမ!...ပိုး တောင်းပန်ပါတယ်

ပိုး မသိလို့လာမိတာပါ...""


သူ့ကို ဒေါသတကြီးရန်ရှာနေတာတောင် အတင်းငိုယိုကာ တောင်းပန်နေလေတဲ့ ပိုးကို မောင်က ဖက်ထားကာ နောက်သို့ဆုတ်လိုက်ပြီး 


""တော်ကြရအောင် မေတော်ဝင်

ဒီနေ့ ဒီအချိန်ကစပြီး ပိုးကို ငါ့ဘဝထဲအပြီးအပိုင်ခေါ်ထားမယ်...နောက်ထပ် ပတ်သက်စရာအကြောင်းဘာမှမရှိတော့ဘူး...ဒီမှာ ငါပြောခဲ့ဖူးတဲ့ စာချုပ်နှစ်စောင်...နှစ်ခုစလုံးမှာငါ့လက်မှတ်ထိုးပြီးသား..မင်းကြိုက်သလိုလုပ်""


ပြောပြီးတာနဲ့ မောင် ထိုစာချုပ်နှစ်ခုအား အနီရောင်ကောဇောထက် ပစ်ချကာ ထိုနေရာကိုကျောခိုင်းလိုက်တော့၏။


"".....""


""ပိုးလေး...လာ...ကိုယ်တို့သွားမယ်""


""ဟင့်အင်း..မမက...""


 ဘာပြောချင်မှန်းသိနေတာကြောင့် သူမ စကားကိုလည်းနားမထောင်တော့ဘဲ ထိုနေရာမှရအောင် ခေါ်ထုတ်လာခဲ့သည်။


မေကတော့ ကျောခိုင်းသွားတဲ့ သူနှစ်ယောက်ကိုကြည့်ကာ ခံပြင်းဒေါသတို့ဟုန်းဟုန်းတောက်လောင်လို့နေပြီ။ကြည့်နေရင်းကပဲ ထိုပုံရိပ်က တရွေ့ရွေ့ဝေးကွာသွားနေ၏။ မရဘူး...အဲ့လိုမဖြစ်ရဘူး...မဖြစ်ရဘူး..


""အ!""


လှိုင်းထန်နေသော ခံစားချက်တို့နဲ့အတူ ကျောခိုင်းသွားတဲ့ ထိုသူနှစ်ယောက် နောက်သို့အမှီလိုက်ရန် ခြေလှမ်းကို ရွှေ့လိုက်သော်လည်း ရင်တွင်းတစ်နေရာဆီမှ စူးအောင့်နာကျင်သောခံစားချက်နဲ့အတူ အသက်ရှူနှုန်းရပ်တန့်သွားသည့်အလား လေထုထဲက အောက်ဆီဂျင်ပြတ်လပ်သွားသလိုခံစားရပြီး လူတစ်ကိုယ်လုံးက အနောက်ဘက်ဆီသို့ နောက်ပြန်လန်ကျသွားတော့၏။


""ဟာ...!""


အာမေဍိတ်သံတွေနဲ့အတူ မေ့အနားသို့ လူတွေဝိုင်းအုံသွားသော်လည်း သတိမေ့မြောလုဆဲဆဲအာရုံမှာ ကျောခိုင်းထွက်သွားသောအရိပ်နှစ်ခုကသာ ဝေ့ဝဲရစ်ပတ်နေ၏။ ထို့နောက်တွင်တော့ မေ တဖြးဖြေးနဲ့ အမှောင်ထုလွှမ်းသာ ပတ်ဝန်းကျင်ဆီသို့ ကျရောက်သွားလေရာ...။


ထိုအဖြစ်အပျက်ကို ခန်းမထဲက ထွက်သွားခဲ့ပြီဖြစ်သော မောင်နဲ့ ပိုးတို့ကတော့ မသိရှိခဲ့ကြပါချေ။


~~~~💞💞💞💞~~~~


ကားကို မောင်းလာခဲ့ရပေမယ့် ဘေးမှာ ငိုနေသည့် ပိုးကိုပဲ ခဏခဏကြည့်နေမိ၏။ ခန်းမမှာကတည်းက တရှုံ့ရှုံ့ငိုနေတာ သူသိသော်လည်း အခြေအနေအရ နှစ်သိမ့်ပေးဖို့မလုပ်နိုင်ခဲ့။ အခုလည်း မျက်နှာတောင်မဖော်ဘဲ ခေါင်းငုံ့ကာရှိုက်ငိုနေဆဲ...။သူလည်း စိတ်ကိုတင်းကာ အိမ်ရောက်အောင်သာ အမြန်မောင်းလာခဲ့သည်။ အိမ်ရောက်တော့ ကားကိုရပ်ကာ သူမကိုယ်လေးကို ပွေ့ချီခေါ်ထုတ်လိုက်တော့ သူ့လက်ပေါ်မှာ အတင်းကိုရုန်းကန်နေသေးပေမယ့်  သူကလွှတ်မပေးဘဲဧည့်ခန်းဆီရောက်မှ ခုံပေါ်ချပေးလိုက်၏။


""ကလေး...မငိုပါနဲ့တော့ကွာ

ကိုယ်တောင်းပန်ပါတယ်""


"".....""


ဘာမှကိုပြန်မပြောဘဲ ရှိုက်ငိုနေသံကသာ ပိုလို့ကျယ်လောင်လာခဲ့တော့ သူ့မှာ ဘာစကားနဲ့ဖြေရှင်းရမှန်းတောင်မသိတော့ဘဲ အစအနပျောက်ကုန်လေပြီ။


""တောင်းပန်ပါတယ်...ဒီနေ့ကိစ္စတွေကိုယ်မင်းကို ကြိုပြောပြဖို့တကယ်မဖြစ်လို့ပါ...ပိုးရယ်...တောင်းပန်တယ် နော်...ကိုယ့်ကိုစကားလေးပြောပါဦး""


""လွှတ်!...ရှင့်လိုလူနဲ့ပြောစရာဘာစကားမှမရှိတော့ဘူး""


"".....""


ဆုပ်ကိုင်ထားသည့်လက်လေးကို ဆတ်ခနဲရုန်းကာ အော်ပြောပေမယ့် မောင်က သူမကို ရင်ခွင်ထဲသို့ ထည့်ကာဖက်ထားလိုက်တော့ လက်လေးတွေက  ရင်ဘတ်ကို အတင်းတွန်းဖယ်နေလေ၏။


""ရှင် ဘာတွေလျှောက်လုပ်နေတာလဲ

ဒီနေ့ မမနဲ့ရှင်လက်ထပ်ကြမယ်ဆိုလည်း ဘာလို့ ကျမကို အဲ့ဒီ့နေရာ ခေါ်သွားတာလဲ?""


""ကိုယ်ရှင်းပြမယ် အဲ့ဒီကိစ္စကလုံးဝအမှန်မဟုတ်ဘူး...""


""ဘာပဲဖြစ်ဖြစ်လေ...ဒီနေ့ ဒီအချိန်ပဲရောက်နေပြီ ရှင် ဒီလိုလုပ်လိုက်တော့ ဟိုမှာ မမတစ်ယောက်တည်းဘယ်လိုကျန်ခဲ့မယ်မသိဘူး...ရှင်ကလေ ကျမဘာမှမမြင်ရတော့တာကို အသုံးချပြီး အကုန်လုံးကို ဖျက်စီးမိအောင်လုပ်တာ...အခုကျမကြောင့် အားလုံးပျက်စီးရပြီ ရှင်သိရဲ့လား...ရှင် အရမ်းရက်စက်တယ်...အင့် ဟင့်! ဟင့်!""


ပိုးလေ တကယ်ကို ရင်တွေ ပေါက်ကွဲမတတ် ခံစားနေရတာပါ။ ဒီအချိန်တွေအတွင်း မသိခဲ့သောအဖြစ်အပျက်တွေ များလွန်းလို့ အခုမှ အံ့အားသင့်စွာ အားလုံးကိုရင်ဆိုင်နေရတာ။ မမနဲ့အကိုက လက်ထပ်ဖို့လုပ်ထားတယ်...ပိုးကကျ ဒီလောကထဲမှာသေပြီးသား လူတဲ့! ဒါကို မမကတမင်ရည်ရွယ်ပြီး လုပ်ခဲ့တာ...ဒါတွေအားလုံးက အကို့ကြောင့်လား...ဘာကြောင့်များလဲ...ဘာကြောင့်များ ပိုးတို့ရဲ့ ကံကြမ္မာတွေက ဒီလိုဖြစ်ရတာလဲ?? တွေးရင်း ဝမ်းနည်းရင်းကပဲ ပိုးရဲ့အသိအာရုံတို့ဝေဝါးသွားပြန်သည်။


"......""


ရင်ခွင်ထဲ ရုန်းကန်ငိုယိုနေရင်းမှ ရုတ်တရက်ပဲ ရှိုက်သံလေး လျော့သွားကာ သူမရဲ့ခေါင်းလေးက အနောက်ဘက်သို့ လန်ကျလာတာကြောင့် အမြန်ဖမ်းထိန်းကာ ရင်ထဲစိုးထိတ် ပူပန်သွားရ၏။


""ပိုး...ကလေး...သတိထားပါဦး!

ပိုး...""


"".....""


""ဒေါ်နန်း...သူရိန့်ဆီဖုန်းဆက်

အခုချက်ချင်းလာခိုင်းလိုက်!""


""ဟုတ်...ဟုတ်ကဲ့ပါ အကိုလေး!""


~~~~~~~~


""ဘယ်လိုနေသေးလဲ စိုးရိမ်ရလား?""


""မပူနဲ့ မပူနဲ့...စိတ်လျှော့

ဘာမှမဖြစ်ပါဘူး လတ်တလော စိတ်ခံစားချက်က အရမ်းရှုပ်ထွေးပြီး တင်းကျပ်လွန်းနေလို့ ခဏshockရသွားတာ""


"".....""


""မင်းကွာ...ဘယ်လိုတွေဖြစ်ကုန်တာလဲ

ငါ့မှာ မင်းရဲ့ပွဲကိုတောင်မရောက်သေးဘူး အခုမင်းကခေါ်နေပြီ...သူ့ကို ပွဲဆီခေါ်သွားလိုက်တာလား?""


""ဟုတ်တယ်...ပိုး တကယ်မသေခဲ့ဘူးဆိုတာ အားလုံးရှေ့မှာပြောပြီး မေတော်ဝင်ရဲ့လုပ်ရပ်တွေကို ရှင်းချင်လို့ ငါ တမင်ခေါ်သွားခဲ့တာ""


""ဟာ! အကုန်လုံးရှုပ်ကုန်ပြီပေါ့""


""ရတယ်...ဘာပဲဖြစ်ဖြစ် ငါအကုန်ဖြေရှင်းမယ်""


""အင်း...ကံကောင်းပါစေ...ငါ ပြန်တော့မယ်

လိုအပ်ရင် ခေါ်လိုက်!""


သူရိန်ပြန်သွားတော့မှ သူ ပိုးလေးအနားဝင်ထိုင်ကာ မျက်နှာလေးကြည့်လိုက် ပါးလေးတွေစမ်းကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေတော့၏။ လတ်တလောမှာ သူ့ကလေးကို စိုးရိမ်သည့်စိတ်မှလွဲ၍ တဖက်ကဘယ်လိုအခြေအနေတွေဖြစ်ကျန်ခဲ့မယ်မှန်းတောင် သတိမရနိုင်။ 


ချက်ချင်းပင် သွေးရောင်တွေမရှိသလို ဖျော့တော့သွားသည့် မျက်နှာလေးကိုကြည့်ကာ သူ့စိတ်တွေယောက်ယတ်ခတ်နေရ၏။ 


ဒီနေ့ကိစ္စကြောင့် မင်း စိတ်ထိခိုက်ပြီး ဝမ်းနည်းသွားရမယ်ဆိုတာ ကိုယ်သိပါတယ်...။သိပေမယ့် ကိုယ် ဒီလိုလုပ်မှဖြစ်မှာမို့ပါ...ဒီအကြောင်းတွေ မင်းကို ကြိုပြီးပြောပြလို့မဖြစ်တာကြောင့် ကိုယ့်ကို နားလည်ပေးပါ ကလေးရယ်...ခွင့်လွှတ်ပေးပါ...အခု မင်း ကိုယ့်ကိုစိတ်ဆိုးနေလည်း ရပါတယ် ဒါပေမယ့် အကြာကြီးတော့ စိတ်မဆိုးပါနဲ့ကွာ...နော်!!


စိတ်ထဲကနေ တောင်းပန်စကားဆိုရင်း မျက်ရည်တို့ဖြင့် ညွတ်လူးနေသော ပါးပြင်လေးထက်ခပ်ဖွဖွနမ်းရှိုက်ခဲ့ပြီး အခန်းထဲက ထွက်လာခဲ့လိုက်၏။


လုပ်ချင်တာတွေ လုပ်ပစ်ခဲ့ပြီမို့...ဖြေရှင်းရမယ့်ပြသာနာတွေလည်း အများကြီးရှိနေပြီလေ...။မိဘတွေအပါအဝင် တခြား တခြားသော အရာတွေအားလုံးပေါ့...။


(ဟိုဘက်က အနီဝတ်စုံရှင်လည်းမူးမေ့နေပါတယ် ဂရုစိုက်ကြပါဥွီး...အရမ်းမျက်နှာလိုက်တာပဲ မောင်က😁😁)


~~~~💞💞💞💞~~~~

Continue to>>> Final Part


Readers/Writersလေးတွေအားလုံးက VIPပါ


Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: