👑 မာနတို့ဖြင့်... စီရင်အပ်သော 👑
""မမ...မမရေ...အင်း!""
ကြည့်နေရင်းမှ ရုတ်တရက် သူမခန္ဓာကိုယ်လေးလှုပ်ရှားလာကာ နှုတ်မှလည်းတစ်စုံတစ်ရာကို ယောင်ယမ်း ရေရွတ်နေလေ၏။ အိပ်မက်ဆိုးတွေ မက်နေတာထင်ရဲ့...။လက်လေးတွေကလည်း ဆုပ်ကိုင်ပေးထားသော သူ့လက်ကို အတင်းပြန်ဖိဆုပ်ထားကာ နှုတ်က ယောင်ခေါ်နေခြင်းမှာလည်း ရပ်မသွားခဲ့...။
""မမ!...ဟင့်! ဟင့်!""
တဖြေးဖြေးနဲ့ ရှိုက်သံလေးပါ ထွက်လာရင်းမျက်ဝန်းလေးတွေက ဖျတ်ခနဲပွင့်သွားကာ...
""မမ!""
""ပိုးလေး နိုးလာပြီလား
အိပ်မက်ဆိုးတွေမက်နေလို့လား...ဘာမှမဖြစ်ဘူး...ဒီမှာ ကိုယ်ရှိတယ်""
""အကို!""
""အင်း...ဟုတ်တယ် ကိုယ်
ကလေးဘာဖြစ်လို့လဲ...ကိုယ့်ကိုပြော""
""မမလေ...ပိုး မမဆီပြန်ရမယ်
မနက်က ပိုး မမနဲ့အပြင်ခဏလေးထွက်လာရင်း လမ်းမှာ လူချင်းကွဲသွားတာ...အခုလောက်ဆို မမစိတ်ပူနေလောက်ပြီ...ပြီးတော့ မမမေသိသွားရင်လည်း အဆူခံရမှာ...မမက ပိုးကိုဘယ်မှထွက်ခိုင်းတာမဟုတ်ဘူး""
""ပိုးလေးက အခုဘယ်မှာ ဘယ်သူနဲ့နေတာလဲ
မမဆိုတာက...""
""မမက ပိုးနဲ့အတူနေတဲ့ မမသက်ထားနွယ်လေ""
""အော်!...မေတော်ဝင်နဲ့ အတူမနေဘူးလား
သူက ပိုးလေးကို ဂရုစိုက်ရဲ့လား?""
တမင် နိမိတ်ပြမေးလိုက်ခြင်းပါ။ ခုနက သူမ ပြောသွားတဲ့အထဲ မေ ဆိုသည့်နာမည်ပါလာခဲ့တယ်မဟုတ်လား...။ဘာကိုမှ အလုံးစုံမမှတ်မိနိုင်သေးတဲ့ ပိုးရဲ့ လက်ရှိ အသိအာရုံမှာ မေတော်ဝင် ရှိနေခဲ့ရင် ဒါတွေအားလုံးကို ကြိုးကိုင်ခြယ်လှယ်ခဲ့သူဟာ အဲ့ဒီမိန်းမပဲဆိုတာ သံသယထားနေစရာမလိုတော့တဲ့ အမှန်ကန်ဆုံးအဖြေပဲလေ...။
""မမမေလား...ဂရုစိုက်တာပေါ့
ပိုးဆီ ခဏခဏမလာတာလေးတစ်ခုပဲ...မမ ပြောတာတော့ သူကအလုပ်တွေများလို့မလာနိုင်တာတဲ့! အဲ့ဒါကြောင့် ပိုးက မမသက်နဲ့ပဲအတူနေရတာ""
""ကလေးက မေတော်ဝင်ကိုတော့ အရင်ကတည်းက မှတ်မိနေတယ်လား""
""ဟင့်အင်း! ပိုး သတိရရချင်းမှာ ခေါင်းထဲဘာမှမရှိဘူး...ဘာမှလည်းစဥ်းစားလို့မရဘူး...ပထမ ပိုး ဆေးရုံတစ်ရုံမှာရှိနေခဲ့တယ်...ပြီးတော့ Thaiကဆေးရုံတစ်ခုကိုပြောင်းရတယ်...အဲ့ခါကျတော့မှ ပိုးဆီကို မမမေ ရောက်လာတာ...သူကပြောပြတယ် ပိုးတို့က ညီအစ်မတွေ...ပိုးက ပြင်းထန်တဲ့ accidentတစ်ခုဖြစ်လို့ ဆေးကုနေရတယ်...ဒါပဲ ကျန်တာတွေ စဥ်းစားစရာမလိုဘူး အရေးမကြီးဘူးတဲ့!""
ထင်သည့်အတိုင်းပါပဲ...။အရာအားလုံးရဲ့ နောက်ကွယ်မှာ မေတော်ဝင်ရှိနေခဲ့တာ...။ပိုးလေး အသက်ရှင်နေမှန်း အစကတည်းကသိနေလျက်နဲ့ တမင် သေလူလို လုပ်ပစ်ခဲ့ပြီး အဝေးကိုပို့ထားခဲ့တာ...။ ငါ့ချစ်သူကို ငါ့ရဲ့အဝေးပို့တယ်...ပြီးတော့ ငါ့ကိုလည်း အပိုင်ရဖို့ အကွက်ဆင်တယ်...မင်း အကြံအစည်တွေ ပက်စက်လှချည်လား မေတော်ဝင်...။ မင်း လုပ်ရက်လှချည်လား...
""တောက်!!""
""ဟင်!""
သူ့ဆီက စကားသံထွက်မလာတော့တာမို့ ငြိမ်လျက်နားစွင့်နေစဥ် ရုတ်တရက်ထွက်ပေါ်လာသော တက်ခေါက်သံ ပြင်းပြင်းကြောင့် ပိုးမှာ ကိုယ်လေးပါ တုန်တက်ရင်း လန့်ဖျပ်သွားရ၏။
""အကို! ဘာဖြစ်လို့လဲဟင်""
""ဟင့်အင်း! ဘာမှဖြစ်ပါဘူး
လန့်သွားလား...sorryပါကွာ...""
ကြောက်သွား၍လားမသိ...မျက်နှာငယ်လေးဖြစ်သွားသော သူမကို ရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်ပြန်သည်။ အတန်ကြာအောင် နှစ်ဦးသားကြား စကားသံတို့တိတ်ဆိတ်နေရင်းမှ စကားသံတိုးတိုးလေး ထွက်ပေါ်လာခဲ့သည်က...
""တောင်းပန်ပါတယ် အကို!""
""ဘာအတွက်လဲ ကလေးရဲ့""
""ဒီအချိန်တွေအတွင်း ပိုး အကို့အကြောင်းကို စဥ်းစားမရနိုင်ခဲ့လို့""
""......""
""ပိုးရဲ့ အိပ်မက်ထဲမှာလေ လူတစ်ယောက်ကိုအမြဲတမ်းမက်တယ် သူ့အရိပ်ကိုမြင်ပြီး ခေါ်သံကိုကြားပေမယ့် ပုံဖော်စဥ်းစားလို့မရနိုင်ခဲ့ဘူး...သူ့အကြောင်းကို အာရုံစိုက်စဥ်းစားလေ ပုံရိပ်တွေကရှုပ်ထွေးလေပဲ ပိုး သူ့ပုံစံကိုကြိုးစားမှန်းဆတယ် တွေးလေလေ မမှတ်မိနိုင်ရတဲ့အတွက်လည်း ဒီရင်ထဲကနာတယ်...နောက်ဆုံးတော့ သူ ပိုးအရှေ့ကိုရောက်လာတာတောင် မသိနိုင်ခဲ့ဘူး...ပိုးက တကယ်ပဲ အသုံးမကျပါဘူး...မမေ့အပ်တဲ့အရာကိုတောင် မေ့သွားခဲ့ရတယ်လို့...""
""မဟုတ်ဘူး..ကိုယ်...""
""အကို...အခု ပိုး ရှင့်မျက်နှာကိုမမြင်ရတော့ဘူး
ပိုးကလေ ရှင့်အတွက်အနှောင့်အယှက်ပဲဖြစ်နေတော့မှာ ဒါကြောင့်...""
""မဟုတ်ဘူး!!..ဆက်မပြောနဲ့
မင်းပြောမှာကို ကိုယ်သိတယ်
မပြောနဲ့""
""ပိုးတို့ ပြန်မတွေ့ခဲ့ကြဘူးလို့ပဲ မှတ်လိုက်ပါအကိုရယ်...""
ရင်ခွင်ထဲမှနေ၍ ငိုရှိုက်လျက်ပြောနေသောစကားသံလေးကြောင့် သူ့နှလုံးသားတွေလည်း တစ်စစီကွဲကြေနေသည့်နှယ်ပါ။ ဘယ်လို ရင်နင့်ဖွယ်ကောင်းလိုက်တဲ့ဖြစ်ခြင်းပါလဲ...လူတစ်ယောက်လုံး အသက်ရှင်နေပါလျက် ဒီလောကရဲ့သေလူအဖြစ်သတ်မှတ်ခံခဲ့ရတဲ့အဖြစ်..။ဘယ်လိုကံကြမ္မာကများ မင်းအပေါ်ဒီလောက်ထိရက်စက်ရပါလိမ့်...
""မင်းတော်တော်ဆိုးတာပဲ
ကိုယ်က ဆက်မပြောနဲ့ဆို မပြောနဲ့လေ...မင်း ကိုယ့်ဆီ ပြန်ရောက်လာလို့ ကိုယ်ဘယ်လောက်ပျော်နေလဲသိရဲ့လား...အခုကစပြီး မင်းကိုယ့်အနားကနေ ဘယ်မှမသွားရဘူး... မင်းက ကိုယ့်အတွက်အနှောင့်အယှက်လည်းမဟုတ်ဘူး...အဲ့လိုတွေမတွေးပါနဲ့ကွာ""
"".....""
""အရမ်းပြင်းပြင်းထန်ထန်ထိခိုက်မိထားတော့ နေမကောင်းတဲ့အချိန်မှာ အကြောင်းအရာတချို့ကို စဥ်းစားလို့မရနိုင်သေးတာ ပုံမှန်ပါပဲ...ဘာမှမဖြစ်ဘူး...ကိုယ် ခွင့်လွှတ်တယ်...ကိုယ်အရာအားလုံးကိုနားလည်တယ် ကိုယ့်အတွက်တော့ မင်း အသက်ရှင်နေရင်ပဲ...ကျေနပ်ပါတယ်...ဒါကြောင့် မင်းကိုယ့်အနားမှာပဲ နေ..ဘာမှမစဥ်းစားနဲ့...ကြားလား?""
""......""
လက်တစ်ဖက်မှ သူမ ကိုယ်လေးကိုပွေ့ဖက်ရင်း အငိုတိတ်အောင် ချော့မော့ပြောဆိုနေပေမယ့် ကျန်လက်တစ်ဖက်မှလည်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိပြန်သည်။ ပိုးလေးဆီမှ တသိမ့်သိမ့်ရှိုက်ငိုနေသံကို ကြားရလေ...ရင်ထဲနင့်အောင်ခံစားရလေဖြစ်သလို...ဒီကိစ္စကိုနောက်ကွယ်က ခြယ်လှယ်ခဲ့တဲ့ မေတော်ဝင်ကို ပိုပြီးနာကျည်းရလေပါပဲ...
စိတ်ချ! မေတော်ဝင်
ရှေ့ဆက်ပြီး ပိုးရတုရဲ့ဘဝကို မင်းစိတ်ကြိုက်ခြယ်လှယ်ခွင့်ရတော့မယ် မထင်လိုက်နဲ့...ငါရှိနေသ၍ သူ့ကို မင်းလက်ထဲက ကြိုးဆွဲရုပ် ထပ်မဖြစ်စေရဘူး...
မင်းက ဘာမှမမှတ်မိနိုင်သေးတဲ့ ကလေးကို စိတ်ကြိုက်ကစားရတာ ပျော်နေတယ်ပေါ့...။အားနည်းပြီး ဖြူစင်တဲ့...ဘာအပြစ်မှမရှိတဲ့ သူကို အသက်ရှင်လျက် သေလူဖြစ်အောင်လုပ်ခဲ့သေးတယ်...
အရာအားလုံးကို မင်းစီစဥ်ထားတာ အကွက်ကျလွန်းပါတယ်...။ဒါပေမယ့် မင်းတစ်ယောက်ပဲ လိုသလိုအကွက်ရွှေ့နိုင်လိမ့်မယ်လို့တော့ အထင်မမှားနဲ့...မင်းစီစဥ်ထားတဲ့ ဒီပွဲကို အခုငါဝင်ကစားပေးမယ်...နောက်ဆုံးရလဒ်ကတော့ မင်းရဲ့တွက်ကိန်းအတိုင်းဖြစ်ပါ့မလားပဲ...။
~~~~💞💞💞💞~~~~
""📲📲📲📲""
တစ်နေကုန် အဆက်မပြတ်ဝင်နေတဲ့ဖုန်းကို သူ ဒီတစ်ကြိမ်တော့ ကောက်ကိုင်လိုက်ပါသည်။ အခုဆို တော်တော်လေး ပျာယာခတ်နေလောက်ပြီပေါ့...
""Hello!""
""မောင်...ဘာလို့တနေ့လုံးဖုန်းမကိုင်တာလဲ
ဘယ်ရောက်နေတာလဲ?""
""ငါ ဘယ်ရောက်ရောက် မင်းကိုအစီအရင်ခံနေရမှာလား?""
""မောင် အခုဘယ်မှာလဲ""
""ငါ့အိမ်မှာပေါ့""
အဖြေစကားကို မကျေနပ်လို့ထင်ပါတယ်...ဖုန်းချပြီးမကြာခင်မှာ အိမ်ကိုရောက်လာပါလေရော...။သူသိပါတယ်...ဒါကြောင့်ပဲ အစောကတည်းက အိမ်ကိုပြန်လာခဲ့တာ...။ပိုးလေးကိုတော့စိတ်မချပေမယ့် သူခေါ်ထားတာသိသွားခဲ့ရင် တစ်နည်းမဟုတ်တစ်နည်းနဲ့လာခေါ်ထုတ်ဦးမှာလေ...
""မောင်""
""မင်း ဘာလာလုပ်တာလဲ""
""ဒီနေ့ ဘယ်တွေသွားသေးလဲ""
""မင်းပုံစံက ဘာဖြစ်နေတာလဲ""
မေးသာမေးတယ်...ဘာဖြစ်နေမှန်းသိတာပေါ့။ သေချာစီစဥ်ထားရင်းကနေ လွဲချော်သွားရသေးတာမို့ ဒေါသမီးတွေ တောက်လောင်နေမှာအသေအချာပင်...
""ဘာမှမဖြစ်ပါဘူး...မောင် ဒီနေ့ဘယ်ရောက်သေးလဲ သိချင်လို့""
""မသိချင်နဲ့
မင်းနဲ့ဘာမှမဆိုင်ဘူး ကိစ္စမရှိရင်ပြန်တော့""
ခပ်အေးအေးလေသံနဲ့သာ ပြန်ပြောနေတဲ့ မောင့် ပုံစံကိုကြည့်ရတာ အရင်အတိုင်းပုံမှန်ပဲမို့ မေအနည်းငယ်တော့ စိတ်အေးသွားရပါ၏။ တကယ်လို့သာ သူ ပိုးရတုကိုတွေ့ခဲ့ရင် ဒီလောက်အေးဆေးနေမှာမဟုတ်။ မေ့ကို ဒေါသတကြီးပြသာနာရှာမှာပါ။ သူ မတွေ့ထားခဲ့ဘူးဆိုရင် ပိုးကဘယ်ကိုရောက်သွားတာပါလိမ့်နော်...
""မင်းကို ပြန်တော့လို့ပြောနေတယ်လေ""
""အင်း...ဒါဆို မေပြန်တော့မယ်""
မရပ်မနားသွားလာနေသော ခြေလှမ်းတို့က ခပ်ယိုင်ယိုင်ဖြစ်နေချေပြီ။သို့ပေမယ့် စိတ်ကသာ ဦးဆောင်နေခြင်းရဲ့နောက် ကားပေါ်တက်ကာ မောင်းထွက်လာခဲ့ပြန်၏။ မောင့်ဆီမှာ ရှိမနေဘူးဆိုတော့ တော်ပါသေးရဲ့!...။ အစကတည်းက သူ့ကို ဒီနိုင်ငံ ပြန်မခေါ်လာခဲ့သင့်တာပါ...။အခုတော့ အားလုံးရှုပ်ကုန်ပြီ။ မျက်စိမမြင်တဲ့သူက ဘယ်အထိသွားပြီး ဘယ်ကိုရောက်သွားရတာလဲ..။ရတယ် ဘာပဲဖြစ်ဖြစ်... ဘယ်ပဲရောက်ရောက် မောင်နဲ့ မတွေ့ရင် ရပြီ...။နောက်တစ်ပါတ်ဆို မေတို့က လက်ထပ်ကြတော့မှာ...။မောင့်ကို ပိုင်ဆိုင်ခွင့်ရဖို့ သိပ်မလိုတော့တဲ့ ဒီအချိန်မတိုင်ခင် အမှားအယွင်းတစ်ခုခုဖြစ်လို့မရဘူး...မရဘူး...
""အ!...""
စိတ်က အလွန်အကျွံလှုပ်ရှားနေတာကြောင့် ထုံးစံအတိုင်း ရင်ဘတ်ထဲက စူးပြီးအောင့်လာသော ဝေဒနာကိုလည်း ဂရုမပြုမိခဲ့ပါလေ...
ဒီအချိန်မှာ ပိုးရတုကို ပြန်ရှာပြီး လုံအောင်သိမ်းထားဖို့ကလွဲရင် မေ ဘာကိုမှဂရုမစိုက်နိုင်။ မိပိုး...မေ့မျက်စိအောက်မှာရှိနေမှသာ စိတ်အေးနိုင်မှာ...။ဒါမှမဟုတ် နင် ငါ့မင်္ဂလာပွဲပြီးတဲ့အထိသာ ပျောက်နေလိုက်...ပိုးရတု...တစ်သက်လုံးပဲဖြစ်ဖြစ် ငါ့ဘဝထဲကပျောက်ကွယ်သွားလိုက်တော့...။
~~~~💞💞💞💞~~~~
""အော်! အကိုလေး ရောက်လာပြီလား""
သူမရဲ့ အခန်းရှေ့ရောက်တာနဲ့ မုန့်ပန်းကန်တချို့ကိုင်ကာ အပြင်ထွက်လာသော အိမ်အကူ ဒေါ်နန်းကိုတွေ့လိုက်ရ၏။ မုန့်ကိုကြည့်တော့လည်း တခုမှအရာမယွင်းသည်မို့...
""ဘာလို့လဲ...""
""မိန်းကလေးက မစားချင်ဘူးထင်တယ်
လူစိမ်းတွေဖြစ်နေလို့လားမသိ...စကားပြန်မပြောဘူး ကြောက်နေတဲ့ပုံပဲ""
""ကျွန်တော့်ကိုပေး...
သွားတော့!""
ဒေါ်နန်းလက်ထဲမှ မုန့်ပန်းကန်ကိုလက်ပြောင်းယူကာ အခန်းထဲဝင်လာခဲ့တော့ နံရံထောင့်နားကကြမ်းပြင်လေးမှာ ထိုင်နေတဲ့ သူမ...
""ကလေး...ဘာလို့ အဲ့မှာထိုင်နေတာလဲ
လာ...ထ!""
သူ့အသံကို ကြားတော့မှ ခေါင်းလေးကဆတ်ခနဲလှည့်လာကာ မျက်နှာလေးကလည်း ပြုံးသွားလေ၏။
""အကို!""
""ဗျာ!...ဘာလို့မုန့်မစားတာလဲ အဆိုးလေးရဲ့
ဗိုက်ဆာနေမှာပေါ့...လာ...မုန့်စားရအောင်...""
""အကို...ဒါကဘယ်နေရာလဲ
ပိုးက ဘယ်အချိန်အထိဒီမှာနေရမှာလဲ
မမက စိတ်ပူနေပါမယ်ဆို...ပြီးတော့ ပိုးမသိတဲ့သူတွေနဲ့မနေချင်ဘူး""
"" ဒါက ကိုယ့်အိမ်...ဒီမှာ အိမ်စောင့်နေပေးတဲ့မိသားစုအပြင်ဘယ်သူမှမရှိဘူး...သူတို့ကလည်းခြံထဲမှာပဲနေတာ ဒီအိမ်ပေါ်မှာဘယ်သူမှမနေဘူး""
""ဟင်...ဒါဖြင့် ပိုးကိုဘာလို့နေခိုင်းတာလဲ
မနေ့ကပြောတော့ ဒီနေ့ အိမ်ပြန်ပို့ပေးမယ်ဆို""
ကဲ! အဲ့ဒါမှဒုက္ခ...မနေ့က အဲ့လိုပြောလိုက်တာအမှန်ပေမယ့် တကယ်ပြန်ပို့မှာမှမဟုတ်တာလေ...
""အင်း...ဒါပေမယ့် မပြန်သေးလည်းရတယ်
မင်းအစ်မစိတ်ပူနေမှာကို မစိုးရိမ်ပါနဲ့ ကိုယ်တို့ကချစ်သူတွေဆိုတာ သူအရင်ကတည်းကသိနေတာပဲ ကိုယ့်ဆီရောက်နေတယ်ဆို သူစိတ်ပူမှာမဟုတ်ပါဘူး""
""စိတ်ပူမှာပဲ...မမက ပိုးကိုချစ်တယ်လေ
ပြီးတော့ မမသက်ကလည်းချစ်တယ်""
""အင်း အင်း! မင်းကို အားလုံးကချစ်နေကြတာပဲ မင်းက အချစ်ခံလူသားလေး...ဟုတ်ပြီလား...အဲ့တော့ ကိုယ်လည်းချစ်ချင်လို့ ကိုယ့်ဆီမှာနေပါဦး""
""ဟယ်!""
""တကယ်ပြောတာ...လာ..မုန့်စားမယ်""
မောင်က ပြောလည်းပြောရင်း သူမ ခန္ဓာကိုယ်သေးသေးလေးကို သူ့ပေါင်ပေါ်ပွေ့တင်ကာ မုန့်ခွံ့ကျွေးတော့ သူမက ကလေးလေးလို သဘောတကျရယ်ကာ လိလိမ္မာမ္မာလေး ထိုင်စားနေလေရဲ့ ...
""Coffee!""
""မုန့်ထပ်စားဦးလေ""
""ဟင့်အင်း! တော်ပြီ""
""📲📲📲📲""
သူ့လက်ထဲ မုန့်တွေ ကော်ဖီတွေနဲ့ အလုပ်ရှုပ်နေရင်းမှ ဖုန်းက ဝင်လာပြန်သည်။ contactကိုကြည့်တော့ သူရိန်ဖြစ်နေတာကြောင့် ဖုန်းကိုဖွင့်ကိုင်လိုက်ရ၏။
"".....""
""အင်း...ပြော""
""ငါ မင်းကိုအကြံပေးစရာတစ်ခုရှိလို့
သူရော အခုဘယ်လိုနေလဲ""
""အဆင်ပြေပါတယ်...ဒါနဲ့မင်းပြောမှာက...""
""အင်း...သူမေ့နေတဲ့ကိစ္စတွေကို ပုံဖော်ကြည့်လို့ရတဲ့နည်းရှိတယ်...ဒါပေမယ့် ကာယကံရှင်ကိုယ်တိုင်က လက်ခံနိုင်မှတော့ ဖြစ်မယ်...ဒီလို...""
""......""
""အင်း...ဒါပဲနော်""
ဖုန်းချလိုက်ပြီးတော့ သူရိန်ပြောပြသောအကြောင်းအရာကိုစဥ်းစားရင်း သူမ မျက်နှာလေးကိုငေးကြည့်နေမိစဥ်...
""သူက ဘာပြောလို့လဲ အကို""
""ဟင်!""
""အကို! ပိုးကိုကြည့်နေတယ် မဟုတ်လား အခု...
ပြီးတော့ တစ်ခုခုပြောမလို့...စဥ်းစားနေတယ်...ပိုး ပြောတာဟုတ်လား?""
""တော်လိုက်တာကွာ!""
""ဟင်း! ပိုးက အခုမမြင်ရပေမယ့် အမှန်းတော်လာတယ်ထင်တယ်""
""ကိုယ်မေးစရာရှိတယ်...အဲ့ဒီနေ့ကအကြောင်းတွေ ပိုး မမှတ်မိတဲ့ကိစ္စတွေအားလုံးကို ပြန်မှတ်မိချင်လား""
""ဟုတ်..မှတ်မိချင်တာပေါ့
ပိုးလည်းအမြဲစဥ်းစားပေမယ့်...နည်းနည်းပဲရတယ်...ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့...။အထူးသဖြင့် အဲ့ဒီ့ယာဥ်တိုက်မှုကိစ္စကို လုံးဝစဥ်းစားမရဘူး""
""ခုနက သူရိန်ပြောတာ...အဲ့လိုတစ်ဝက်တစ်ပျက်ပြန့်နေတဲ့ မှတ်ဥာဏ်တွေကို ပုံဖော်ကြည့်လို့ရနိုင်တဲ့ ကုသနည်းရှိတယ်...ဒါပေမယ့် ပိုးလေးက နည်းနည်းပင်ပန်းရလိမ့်မယ်""
'"ဘာလို့လဲ?""
""ပျောက်ဆုံးနေတဲ့မှတ်ဉာဏ်ကိုရှာဖို့ အဲ့ဒီ့ဖြစ်ရပ်ဖြစ်ခဲ့တဲ့ နေ့ကိုပြန်သွားကြည့်ရမယ်...အဲ့ဒီ့နေ့ကအဖြစ်အပျက်တွေကို ပြန်ကြုံရနိုင်တော့...""
""ပိုး...ကြောက်နေမှာစိုးလို့လား
အားလုံးကို ပြန်သတိရနိုင်မယ်ဆို ကိစ္စမရှိပါဘူး ရတယ်...ပိုး လုပ်နိုင်ပါတယ်""
ပြုံးစစမျက်နှာလေးနှင့်ပင် သူမ ခေါင်းငြိမ့်ပါ၏။ သူရိန်ပြောတာ Hypnoanesthesiaလို့ခေါ်တဲ့ အိပ်မွေ့ချကုထုံးတစ်မျိုးပါ။ ဒီလိုနည်းလမ်းနဲ့ လူနာရဲ့ မှတ်ဥာဏ်နဲ့အတွေးတွေကို အာရုံစူးစိုက်စေရင်း စိတ်ထဲမှာ ပိတ်မိနေတဲ့အကြောင်းအရာတွေကို ပွင့်ထွက်စေပြီး ပျံ့လွင့်နေတဲ့ အာရုံကိုစုစည်းပေးနိုင်သည်တဲ့...။ဒါကြောင့် တိမ်မြုပ်နေတဲ့ မှတ်ဥာဏ်ကို ပြန်ဖော်ထုတ်ဖို့ အထောက်အကူဖြစ်နိုင်ပေမယ့် အဲ့ဒီ့အချိန်အတွင်းမှာ ပိုးလေး အရမ်းပင်ပန်းနေရမှာကိုလည်း သူစိုးရိမ်ပါသည်။ ဒီအတိုင်းလေးပဲ သူ့အနားမှာ အန္တရာယ်ကင်းကင်းရှိနေပြီး ကျန်တာတွေကို နောက်မှစဥ်းစားလည်းဖြစ်တာပဲလေ...
ဒါပေမယ့်လည်း သူကစိုးရိမ်နေသလောက် ပိုးကတော့ ပြုံးနေတာပါပဲ။ သူမလေးက အရင်ကိစ္စတွေအားလုံးကို မှတ်မိချင်နေရှာတာလေ...
ပြီးတော့ သူလည်းသိချင်ပါသေးသည်။
ပိုးလေးမသေခဲ့ဘူးဆိုရင် အဲ့ဒီ့နေ့မှာ တကယ်သေသွားခဲ့တာက ဘယ်သူလဲ?
မေတော်ဝင်ကရော ဘယ်လိုသိနေခဲ့တာလဲ?
~~~~💞💞💞💞~~~~
Continue to >>>Part-22
Readers/writersလေးတွေအားလုံးက VIPပါ
Writer- WineSatt Cho(🍋Lëmoñ🍋)