book

Index 20

~~ Part-( 20 ) ~~

👑 မာနတို့ဖြင့်... စီရင်အပ်သော 


""ပိုး!""


သူ အမြင်တွေမှားသွား၍လားမပြောတတ်။ ထိုမိန်းကလေးကို ပိုးလေးလို့သာမြင်လိုက်ပြီး လူကလည်း ချက်ချင်းပင် ကားပေါ်ကပြေးဆင်းကာ လမ်းမဘက်ကိုပဲ ခြေလှမ်းဦးတည်နေသော ကောင်မလေးအား လက်မှလှမ်းဆွဲလိုက်တော့ မျက်နှာချင်းဆိုင်ဖြစ်သွားသည့် အနေအထားမှာ မြင်နေရသောမျက်နှာလေးက တကယ့်ကိုမှ သူ့ရဲ့မြတ်နိုးရာလေးပါ...


""မင်း...မင်း တကယ်ပဲ...""


ကိုယ့်မှာသာ စကားတွေတောင် မဆက်နိုင်ဘဲတစ်ကိုယ်လုံးက သွေးတွေပြောင်းပြန်စီးသွားသလို အံ့သြမှင်သက်နေမိပေမယ့် အရှေ့က သူမမှာတော့ ဘာကိုမှမသိသည့်လူတစ်ယောက်ပမာ...။ ပြီးတော့...ပြီးတော့ မျက်လုံးအကြည့်တွေကလည်း ရွှေ့မလာသည်မို့ ရင်ထဲစိုးထိတ်သွားရ၏။ ပိုးလေး...မျက်လုံးတွေမမြင်ရတော့တာလား?...။လက်ထဲမှာ stickချောင်းလေးကိုင်ကာ အခုတောင် ကားလမ်းမကြီးကို ဖြတ်ကူးမိတော့မလို့ ။


""ကလေး!!""


သူရှေ့တစ်လှမ်းတိုးကာ ခေါ်မိတော့ အလန့်တကြားပုံစံလေးဖြင့် ဆွဲထားသောလက်ကိုလည်းချက်ချင်းရုန်းကာ...


""ရှင်...ကျမ အသားမထိနဲ့နော်

မျက်လုံးမမြင်ရဘူးဆိုပြီး အနိုင်ကျင့်မယ်မကြံနဲ့

ကျမ အော်လိုက်မှာ...""


ထိုသူဆီမှ ဘာအသံမှထွက်မလာသေးသော်လည်း ကိုယ်ကသာ အရင်ဦးအောင်ပြောပစ်လိုက်၏။ ဘယ်ကရောက်လာမှန်းမသိ လက်ကို လာဆွဲနေတာကြောင့် တကယ်တော့ ရင်ထဲမှာလန့်နေပေမယ့် အားတင်းပြီးပြောလိုက်ခြင်းပါ...။ မမက ဘယ်ရောက်နေပြီလဲ မသိဘူး...။ မမရေ...ညီမလေး ကြောက်တယ်...မြန်မြန်လာပါတော့!...


""တီ! တီ!""


""အ!..""


အနားက ဖြတ်သွားသော ကားဟွန်းသံကိုကြားလိုက်စဥ် သူမ ခန္ဓာကိုယ်လေး တွန့်ခနဲဖြစ်သွားကာ နားလေးတစ်ဖက်ကိုလည်း လက်ဖြင့်အုပ်ကိုင်လိုက်ပြီး မျက်နှာလေးမှာ ငိုမဲ့မဲ့ဖြစ်လာလေ၏။


""လာ...ကိုယ့်ဆီလာ

ကားလမ်းက အန္တရာယ်များတယ်""


""ကားလမ်း?

အော်! ivyလမ်းမှားလာတာထင်တယ်...ခုနက အဲ့ဒါကြောင့် လှမ်းဆွဲလိုက်တာလား...ကျေးဇူးပါနော်""


သုံးနှုန်းသွားသည့်နာမည်က စိမ်းသက်နေသော်လည်း ဒီအသံ ဒီမျက်နှာနဲ့ သူ့အရှေ့မှာ ရပ်နေသော ဒီမိန်းကလေးဟာ ပိုးလေးအစစ်ပါပဲ...ဒါကို သူ့နှလုံးသားက အလိုလိုသိနေပေမယ့် သူမက ဘာကြောင့် နောက်ထပ်တစ်ယောက်လိုဖြစ်နေရတာလဲ?အသက်ရှင်နေလျက်နဲ့ တစ်နှစ်လုံးလုံး ဘယ်ကိုရောက်နေခဲ့တာလဲ?ဒီကြားထဲမှာသူ မသိခဲ့တဲ့ အဖြစ်မှန်တွေကဘာလဲ?...


မေးခွန်းတွေ စီရီရှုပ်ထွေးသွားပေမယ့် လတ်တလောမှာတော့ သူဘာကိုမှမစဥ်းစားနိုင်ဘဲ ရှေ့က ပုံရိပ်လေးကိုသာ ပျောက်ကွယ်သွားမှာစိုး၍ အတင်းဖမ်းဆွဲလိုက်ပြီး...


""ပိုးလေး...""


""ဟင်!""


ခေါ်သံနဲ့အတူ လက်လေးတစ်ဖက်ကိုလှမ်းဆွဲလိုက်တော့ ဒီတစ်ကြိမ်ကြားလိုက်ရသောခေါ်သံကြောင့် မရုန်းမိတော့ပါ။ သူ့အသံ...ဒီလိုခေါ်လိုက်တဲ့သူ့အသံက ivyအိပ်မက်ထဲမှာ အမြဲကြားနေခဲ့သော အသံပဲ...သူ...သူလား?...အမြဲတမ်းစဥ်းစားပုံဖော်ကြည့်လို့မရနိုင်တဲ့ အဲ့ဒီသူ အခု အရှေ့မှာရပ်နေတာလား...။ထိုအတွေးကြောင့် ရင်ခုန်နှုန်းတွေလည်း မြန်ဆန်လာကာ စူးနစ်သောခံစားချက်တစ်စုံတစ်ရာကလည်း ရင်ထဲတိုးဝင်နေသည့်နှယ်...


""ကျမကို အရင်ကသိခဲ့ဖူးလို့လား

ရှင်...ရှင်က ဘယ်သူလဲဟင်

ပိုးလို့ခေါ်တာ..အဲ့ဒါ ကျမနာမည်လား""


တစ်ခွန်းချင်းထွက်ကျလာသော မေးခွန်းလေးတွေကြောင့် ရင်ထဲ ကြေကွဲဆို့နင့်သွားရ၏။ ဘာကိုမှမမှတ်မိခဲ့ပါလား...မင်းကကိုယ့်ရှေ့မှာရပ်ပြီး ကိုယ့်ကို ဘယ်သူလဲလို့ ပြန်မေးနေတာပေါ့... ။


သူမရဲ့ သေဆုံးခြင်းကို မယုံကြည်ခဲ့ဘူးဆိုပေမယ့် အချိန်အကြာကြီးရှာမတွေ့ရာကနေ အခုရုတ်တရက်ပဲ မျက်စိရှေ့ရောက်လာခဲ့ပြီး အမြင်အာရုံတွေဆုံးရှုံးနေသည့်အပြင် ဘာကိုမှမမှတ်မိနိုင်သည့် အခြေအနေဖြစ်နေတာကို သိလိုက်ရချိန် သူ့ရင်ထဲထိခိုက်ကြေကွဲရခြင်းမှာမသက်သာလေခဲ့...။


ရှေ့မှာရပ်ကာ သိချင်နေသည့် အဖြေစကားတစ်ခုကို အာရုံစိုက်နားစွင့်နေသော ထိုကလေးလေးအား လက်မှလှမ်းဆွဲလျက် သူ့ရင်ခွင်ဆီသို့ဆွဲပွေ့ယူလိုက်ရင်း အလိုက်သင့်တိုးကပ်လာသော မျက်နှာလေးထက်မှ နဖူးလေးကို ခပ်ဖွဖွနမ်းရှိုက်လိုက်ပြီး သူ့နဖူးလေးနဲ့ပြန်ထိကပ်ထားလိုက်ရင်း...


""ကိုယ်က မင်းကိုသိပ်ချစ်တဲ့သူပါ ကလေးရယ်

ကိုယ်တို့ရဲ့ပတ်သက်မှုက ဘာလဲဆိုတော့...""


သူ့နှုတ်ဖျားမှ ခပ်တိုးတိုးလေးဆိုလိုက်တဲ့စကားကို လမ်းတဝက်မှာရပ်လိုက်ရင်း သူမနှုတ်ခမ်းလွှာလေးဆီသို့ ရွှေ့ကာ နွေးထွေးခဲ့ဖူးသော အမှတ်တရကိုပြန်လည်အသက်သွင်းနမ်းရှိုက်လိုက်မိ၏။ 


ivyလည်း သူ့ရဲ့ ရုတ်တရက်အပြုအမူကြောင့် ရင်ထဲ အံ့သြထိတ်လန့်သွားရပေမယ့် ငြင်းဆန်ရုန်းထွက်ဖို့ကိုတော့ သတိမေ့လျော့သွားမိသည်။ သူ့ထံမှ ကြားနေရသော ကြင်နာရိပ်လွှမ်းတဲ့ အသံ ၊ ခံစားနေရသော ရင်ခွင်အငွေ့အသက်၊ ရှူရှိုက်မိသော ကိုယ်သင်းရနံ့အပါအဝင် သူ့နှုတ်ခမ်းဆီမှ နွေးထွေးသော အထိအတွေ့တို့သည် လုံးဝကိုစိမ်းသက်မနေခဲ့ဘဲ အင်မတန်ကိုမှ နီးကပ်ရင်းနှီးလွန်းနေသော ခံစားချက်...။


ထို့အတူ အာရုံမှာတရိပ်ရိပ်ပြေးလွှားလာသော ပုံရိပ်နဲ့စကားသံတစ်ချို့က အရင်လို မပီမသ မဟုတ်ဘဲ သဲကွဲစွာ မြင်ယောင်လာသလိုလိုပင်...။


""ဟုတ်...ပြောချင်တယ်

ပိုး အကို့ကိုချစ်တယ်""


""ကိုယ်ကလည်း ကိုယ့်ကလေးလေးကို အများကြီးချစ်တယ်""


""ဒီနေ့ကစပြီး ကိုယ်တံဆိပ်ခတ်လိုက်ပြီနော်

ဒီနေရာကို ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှပေးမထိရဘူး""


""ချစ်တယ်နော် ပိုးလေး

ကိုယ် အမြန်ဆုံးပြန်လာခဲ့မယ် စောင့်နေ!""


ပိုး!...ဟုတ်တယ်...ပိုး ဆိုတာ ငါ့နာမည်

ဒါဖြင့် ivyကရော...ဘာတွေလဲ...ငါဘာတွေကိုမေ့နေတာလဲ...အ!


အာရုံမှာ ရှုပ်ထွေးစွာ ကြားမြင်လာသော အသံနဲ့ပုံရိပ်တွေကြား တဖြေးဖြေးနဲ့ နှလုံးခုန်တွေမြန်ဆန်လာကာ အသက်ရှူနှုန်းတွေကလည်းပုံမှန်မဟုတ်တော့ဘဲ အသိစိတ်တို့ပါ အမှောင်ကျသွားလုဆဲဆဲအနေအထားမှာ ရင်ထဲမှရုတ်တရက် ထွက်ပေါ်လာသော တမ်းတခြင်း နာမ်စားက...


'အကို!'


ထို့နောက်တွင်တော့ သိစိတ်တခုလုံးအမှောင်အတိဖုံးလွှမ်းကာ စိတ်ကိုလျှော့ချလိုက်မိ၏။


မောင်လည်း သူ့ရင်ခွင်ထဲ ပျော့ခွေလဲကျသွားသော ကောင်မလေးကို ဖမ်းထိန်းလိုက်ရင်း စိုးရိမ်မှုတွေလည်း မြင့်တက်သွားရသည်။ 


""ပိုးလေး! ကလေး...သတိထားဦးလေ!

ပိုး...""


သူလည်း ဘာမှမစဥ်းစားတော့ဘဲ သူမ ကိုယ်လေးကို ကားပေါ်ပွေ့တင်ကာ မောင်းထွက်လာခဲ့၏။ အရင်ဆုံးတော့ ဒီကြားထဲမှာဖြစ်ခဲ့သောကိစ္စတွေကို သိအောင် ကြိုးစားရမည်။ ပြီးတော့ သူမကို မျက်စိအောက်ကထပ်ပြီးအပျောက်ခံဖို့ မဖြစ်နိုင်ဘူးလေ...။ဘာကိုမှအသေအချာ မသိရသေးခင် မဆင်မခြင်လုပ်လို့လည်း မဖြစ်တာကြောင့် ဆုံးဖြတ်ချက်တစ်ခုကိုချကာ...ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်သည်...


""......""


""အင်း! သူရိန်...မင်း ဆေးရုံမှာလား

အခု ငါပြောတဲ့ အိမ်လိပ်စာအတိုင်းလာခဲ့

ချက်ချင်းလာခဲ့ အရေးကြီးတယ်""


~~~~💞💞💞💞~~~~


""ဘာ!...ပျောက်သွားတယ်""


""....""


""သူ့ကို ဘာကြောင့်အပြင်ခေါ်သွားရတာလဲ?

တောက်! အခုချက်ချင်းတွေ့အောင်ရှာ အနီးအနားမှာတွေ့ထားတဲ့သူရှိမှာပဲ... ငါအခုလာခဲ့မယ်""


ဆက်သွယ်လာသော သတင်းကြောင့် မေ့ရင်ထဲ အပူမီးတို့ တဟုန်းဟုန်းတောင်လောက်နေသည့်နှယ်ပါ။ ပိုးရတု ပျောက်သွားတယ်တဲ့! ဘာမှမမြင်ရတဲ့သူက ဘယ်လောက်ဝေးဝေးသွားနိုင်မှာမို့လို့လဲ...အခုချိန်ထိရှာမတွေ့ရအောင် သူကဘယ်ကိုရောက်သွားတာလဲ? တစ်ယောက်ယောက်ကခေါ်သွားတာလား...


မဖြစ်နိုင်ဘူး သူ့ကိုသိတဲ့သူလည်းမရှိပါဘူး

မောင်...မောင်ဆိုရင်ရော!...မဖြစ်ဘူး...မောင် သူ့ကိုတွေ့သွားလို့ လုံးဝမဖြစ်ဘူး...တစ်စတစ်စနဲ့အတွေးတို့က ပို၍ပင် ပူလောင်လာတော့၏။ တစ်ပါတ်! မင်္ဂလာပွဲကိုရောက်ဖို့ အချိန်တစ်ပါတ်ပဲလိုတော့တာပါ။ မေ ဖြစ်ချင်တဲ့ဆန္ဒပြည့်ရဖို့ ဒီ၇ရက်လေးပဲ စောင့်ရတော့မှာ...။အခုချိန်ကျမှ တိုက်တိုက်ဆိုက်ဆိုင် ပိုးရတုက ပျောက်သွားရတယ်လို့...


""တောက်!""


ရှာမယ်...မတွေ့တွေ့အောင်ရှာရမယ်...

နည်းနည်းလေးမှ အမှားအယွင်းခံလို့မဖြစ်ဘူး...။


~~~~💞💞💞💞~~~~


""စိုးရိမ်စရာမရှိတော့ဘူး...စိတ်က အရမ်းပြင်းပြင်းထန်ထန်လှုပ်ရှားသွားလို့ သတိလစ်သွားတာ...ဒါနဲ့ သူက...""


""ပိုး""


""ဟင်! မင်း...မင်းရဲ့ကောင်မလေးလား?

သူကဘယ်လိုဖြစ်ပြီး...""


""တစ်ခုခုတော့ရှိတယ်

ဒီကိစ္စလုံးဝ သွေးရိုးသားရိုးမဟုတ်ဘူး""


လက်သီးကို ကျစ်ကျစ်ဆုပ်လျက် မျက်လုံးအကြည့်တွေက နီရဲစူးရှနေကာ ရင်ထဲမှာလည်း ဒေါသတို့က မီးတောင်ပေါက်ကွဲနေသလိုပါ။ ပိုးလေး အသက်ရှင်နေလျက်နဲ့ သေပြီလို့ ကြော်ငြာခဲ့တယ် ဒီလိုပုံစံနဲ့ တစ်ယောက်တည်းရပ်တည်နေတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တာကြောင့် ကျိန်းသေ နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနေမှာပဲ...။ဘာကြောင့်လဲ...ဘာကြောင့်ဒီလောက်ထိလုပ်ရတာလဲ...ဘာလို့ ကလေးက တစ်ယောက်ထဲ အန္တရာယ်များတဲ့နေရာကို ရောက်လာရတာလဲ...ဒီတစ်ချိန်လုံးဘယ်နေရာမှာ ရှင်သန်နေခဲ့တာလဲ? 


အတွေးတွေများလှသော်လည်း အဖြေကမရှိ။ ဒါတွေအားလုံးကို သိနိုင်မယ့်သူက တစ်ယောက်တည်းသာရှိသည်။ အဲ့ဒီတစ်ယောက်ကပဲ ပိုးလေးကို တမင်ဝှက်ထားတာ ဖြစ်နိုင်သည်မဟုတ်လား...။  သေဆုံးခြင်းကိုအတည်ပြုခဲ့သူဟာလည်း အဲ့ဒီတစ်ယောက်သာ...


""ငါ သူနဲ့သွားရှင်းမယ်""


ဒေါသတကြီးပုံစံဖြင့် အခန်းထဲကထွက်သွားရန်ပြင်လိုက်သူကို သူရိန်က အလန့်တကြားဟန့်တားလိုက်ရင်း...


""မင်းဘယ်သွားမလို့လဲ?""


""မေတော်ဝင်...

ဒါတွေအားလုံးကို သူကျိန်းသေသိမှာ

သူကလွဲပြီး မရှိဘူး...ငါ သူ့ကိုမေးမယ်...တောက်!""


""ခဏလေး! မင်း ဒီလောက်ဒေါသတကြီးပုံစံနဲ့သွားလို့မရဘူးလေ...ပြီးတော့ သူကိုယ်တိုင်လည်း ပိုးရတုသေသွားတယ်လို့ထင်ချင်ထင်နေခဲ့မှာပေါ့ ပိုး အသက်ရှင်နေတယ်ဆိုတာလေးနဲ့ သူ့ကိုသွားပြီး ပြသာနာရှာလို့မရဘူးလေ...မင်းအတွေးတွေက အရမ်း တစ်ဖက်သတ်ဆန်နေပြီ...""


""မင်း သူ့အကြောင်းကိုမသိပါဘူး

အဲ့ဒီ့မိန်းမ မလုပ်ရဲတာ ဘာဆိုဘာမှမရှိဘူး...

ဒီကိစ္စမှာ သူကျိန်းသေပတ်သက်နေတယ်...ငါသိတယ်...""


""မင်းစိတ်ကိုအေးအေးထားပါဦး

ခဏနေ ပိုးသတိရလာမှ မေးကြည့်ရင်...""


""သူ ဘာမှပြန်ပြောနိုင်မှာမဟုတ်ဘူး

အရင်ကကိစ္စတွေကိုလည်းမှတ်မိပုံမရဘူး

ဘာတွေဖြစ်ခဲ့လဲ ငါမသိဘူး..။အခု..ပိုးလေး မျက်လုံးတွေလည်း မမြင်ရတော့ဘူး အဲ့ဒါ မင်းသိလား? ငါ ရင်ထဲဘာတွေဖြစ်နေလဲ မင်းသိရဲ့လား?...အချိန်တွေအကြာကြီး ဒီကလေးက ဘယ်လိုပုံစံနဲ့ရှင်သန်လာခဲ့ရလဲ...ငါအသုံးမကျလို့အခုမှသိရတာ...ငါ...ငါ့ရင်တွေနာလွန်းလို့ ရူးတော့မယ်...""


နာကျင်ရသောခံစားချက်တွေနဲ့အတူ လက်သီးချက်တို့ကို နံရံဆီသို့သာ တရစပ်ဦးတည်နေမိ၏။


""မလုပ်နဲ့!...မြတ်သောမောင်

တော်တော့...ဒီအခြေအနေကို ဖြေရှင်းဖို့ဆိုရင် အရင်ဆုံး မင်းစိတ်တည်ငြိမ်မှဖြစ်မယ်...""


""ငါ...""


""အင်း! ဟင်း...!!""


နှစ်ယောက်သား အခန်းဝမှာ စကားအချေအတင်ဖြစ်နေရာမှ ညည်းသံသဲ့သဲ့လေးထွက်ပေါ်လာခဲ့၏။ ပိုးလေး သတိရလာပြီပဲ...


""ပိုးလေး...""


""အကို!"


တိုးလျလျခေါ်သံလေးနဲ့အတူ လက်လေးတစ်ဖက်ကလည်း လှမ်းလာကာ သူ့ကိုရှာဖွေနေသည့်ပုံစံလေးနှင့်...။ ဒါကို မြင်နေရသည့် သူမှာတော့ နှလုံးသားတွေ နာကျင်ကွဲကြေနေရသည့်နှယ်ပါ။ သူ ထိုလက်လေးအား အလိုက်သင့်ပြန်ဖမ်းဆုပ်လိုက်ပြီး သူမ ခန္ဓာကိုယ်လေးကို တင်းကျပ်စွာ သိမ်းဖက်ထားလိုက်တော့ မရုန်းရှာဘဲ ငြိမ်သက်နေလေ၏။ပြီးတော့ လက်လေးတွေကလည်း သူ့ကျောပြင်ကို ပြန်လည်ဖက်တွယ်လာကာ...


""တွေ့ပြီ...အိပ်မက်မဟုတ်ဘဲ

ရှင့်ကို အပြင်မှာ စကားပြောလို့ရပြီပေါ့နော်""


""ကလေး...အခု ကိုယ့်ကိုသတိရပြီလား

ပြောပါဦး...ကိုယ့်ကိုမှတ်မိလား?""


""ဟုတ်! ပိုးက အရင်ကကိစ္စတွေကို ဘာမှစဥ်းစားမရဘူးဖြစ်နေခဲ့တာ...အာရုံစိုက်ပြီးစဥ်းစားလွန်းရင်ကြောက်စရာအိပ်မက်တွေလည်းမက်တယ်...အကို...အကို! ဟုတ်တယ်...အိပ်မက်ထဲမှာတွေ့တွေ့နေတဲ့ အရိပ်တွေက...အ! အား...ခေါင်းကိုက်လိုက်တာ""


""ရပြီ...အများကြီးမစဥ်းစားနဲ့တော့နော်

ဘာမှမဖြစ်ဘူး..ကိုယ်ရှိတယ်""


တကယ့်ကိုပဲ ဟိုတစ်စ ဒီတစ်စဖြစ်နေတဲ့ ပုံရိပ်တို့က အခုထိတိုင် စုစည်းမရနိုင်ခဲ့။ ကိစ္စတချို့ကို ခပ်ရေးရေးပြန်မြင်ရသော်လည်း တချို့ကတော့ ဝေဝါးနေဆဲ...။အဲ့ဒီနေ့က ဘာတွေဖြစ်ခဲ့တာလဲ...သေချာစဥ်းစားမရပြန်။


""ထပ်ပြီးစဥ်းစားလို့မရတော့ဘူး ...ယာဥ်တိုက်မှု...ဟုတ်တယ်...ပိုးတို့စီးလာတဲ့ကားကတိုက်မိတယ် အဲ့ဒီနေ့က ဘယ်ကိုသွားကြတာလဲ...ဘေးမှာက...အား!""


""ကလေး...ရတယ် မစဥ်းစားနဲ့တော့

ဘာမှမဖြစ်ဘူး...ကိစ္စမရှိဘူး""


""မဟုတ်ဘူး...ပိုး ထပ်ပြီးစဥ်းစားကြည့်ချင်တယ်

ဒါပေမယ့်... ဒါပေမယ့်...""


ခေါင်းလေးကိုဘယ်ညာယမ်းလျက် ခန္ဓာကိုယ်လေးကလူးလွန့်ကာ အသံတွေလည်းတုန်ယင်နေရင်း အရမ်းကိုရုန်းကန်နေတာမို့...သူ့မှာအတင်းဖက်ကာ ထိန်းပေးထားရ၏။


""ညီမလေး စိတ်မလှုပ်ရှားနဲ့နော်

အသက်ပုံမှန်ရှူ...ဆက်မတွေးနဲ့ စဥ်းစားလို့မရသေးတာကို ခဏလေးမေ့ထားလိုက်...ဖြေးဖြေးချင်းပုံဖော်သွားလို့ရတယ်...ဟုတ်ပြီနော်...စိတ်အေးအေးထား...စိတ်လျှော့လိုက်...ok!""


သူရိန်က စကားလေးညင်သာစွာပြောလျက် လက်တစ်ဖက်မှလည်း ဆေးထိုးအပ်မှတဆင့် ဆေးသွင်းလိုက်တော့...သူမ ခန္ဓာကိုယ်လေးငြိမ်ကျသွားကာ မျက်ဝန်းလေးတွေပြန်မှိတ်သွားလေ၏။  


""သူ့ဆီမှာ မှတ်ဉာဏ်ကလုံးဝ ပျောက်ကွယ်နေတာမဟုတ်ဘူး...ထိခိုက်မှုကြောင့် ခဏယာယီသဘောလောက် အတိတ်ကိုမေ့နေပုံပါ...အရမ်းမစိုးရိမ်နဲ့ အသေးစားမှတ်ဥာဏ်ပျောက်ကွယ်တာမျိုးကို ပြန်ဖော်ထုတ်လို့ရတဲ့နည်းတွေရှိပါတယ်""


""......""


""ခဏနေ! သတိရလာမှာပါ

အခု ငါပြန်တော့မယ်...ကိစ္စရှိရင် ခေါ်လိုက်""


""နေဦး! ဒီကိစ္စကို တခြားသူတွေမသိစေနဲ့

အဖြစ်မှန်ကို ဘာမှမသိရမချင်း ပိုးကိုငါပဲခေါ်ထားမယ်...ဘာကိစ္စပဲရှိရှိ ကျန်တာကို ငါပဲစီစဥ်မယ်""


""အင်းပါ...ငါနားလည်တယ်

မင်းစိတ်လိုက်မာန်ပါတော့မလုပ်နဲ့နော်""


""အင်း...ငါသိတယ်""


သူရိန်ပြန်သွားတော့မှ သူမ ဘေးနားလေးသို့ ဝင်ထိုင်ကာ မျက်နှာလေးကို မြတ်နိုးစွာ ငေးကြည့်နေမိ၏။ ဆုံးရှုံးသွားခဲ့ပြီလို့ လက်ခံရတော့မလိုလိုနဲ့ အချိန်တွေအကြာကြီး  ရူးမတတ်ခံစားနေရတာပါ...။တကယ်ပဲ ကိုယ်မျှော်လင့်ခဲ့သလို မင်း အသက်ရှင်နေပေးတဲ့အတွက် တကယ်ကျေးဇူးပါ ကလေးရယ်...။ ဘယ်လိုပဲဖြစ်နေနေ...မင်းအသက်ရှင်နေရင်ပဲ ရပါပြီ...မင်းသာရှိနေရင် ကိုယ်အရာအားလုံးကို စွန့်လွှတ်ခဲ့နိုင်တယ်...


မင်းကို အရာအားလုံးနဲ့ လဲနိုင်တယ်...

အခုကစပြီး မင်းကို ကိုယ့်ရင်ခွင်မှာပဲ ထားမယ်... ပြီးတော့...မင်းရဲ့နာမည်အစစ်ကိုလည်း ကိုယ်ပြန်ရှာပေးမယ်...


ဒီလောကမှာ 'ပိုးရတု'ကအသက်ရှင်နေဆဲပဲ...


~~~~💞💞💞💞~~~~


""ဖြန်း!!""


ပြင်းထန်လှသည့်ရိုက်ချက်ကြောင့် နွယ် ကြမ်းပြင်ပေါ်သို့ နောက်ပြန်လဲကျသွားရ၏။


""နင့်အပြစ် နင်သိလား သက်ထားနွယ်

သူ့ကို လုံးဝအပြင်ပေးမထွက်ရဘူးလို့ ငါပြောထားလျက်နဲ့""


""တောင်းပန်ပါတယ် မမ

ivyလေးကို နွယ် သေချာမကြည့်မိလို့ ခုလိုဖြစ်ရတာပါ""


""ငါ့ကို ဆင်ခြင်လာမပေးနဲ့

အခု သူဘယ်မှာလဲ...သူကဘယ်လောက်ဝေးဝေးသွားနိုင်လို့ အခုချိန်ထိရှာမတွေ့တာလဲ""


""....""


သူကတော့ အပြစ်လုပ်ထားပြီး တရှုံ့ရှုံ့ငိုနေရုံပါပဲ။ မေကသာ မိပိုးတစ်ခုခု ဒုက္ခတွေ့နေမှာကိုလည်း စိုးရိမ်ရသလို မတော်တဆများ မောင့်ဆီရောက်သွားခဲ့ရင်.. အို! ဘုရား...ဒါ လုံးဝမတွေးရဲစရာပါ။ အခုချိန်မှာ မောင်သာ ပိုးကိုတွေ့သွားခဲ့ရင် မေတို့ရဲ့ မင်္ဂလာပွဲက ဘယ်လိုဖြစ်မှာလဲ...သူက ပိုးရတုတစ်ယောက်ကလွဲရင် ဘာကိုမှဂရုမစိုက်ဘဲ အားလုံးကို ကျောခိုင်းပစ်လိုက်မှာ..ဒါဆိုရင်...


ဆောက်တည်ရာမရသော အတွေးတို့က ရင်ထဲပူလောင်ပြင်းပြနေ၏။ ပြီးတော့ အဆက်မပြတ်ခေါ်နေခဲ့သော ဖုန်းနံပါတ်ကို ထပ်၍ခေါ်လိုက်ပြန်တော့ တစ်ဖက်မှ ပြန်မဖြေသော ခေါ်ဆိုခြင်းက ဆက်သွယ်မှု ဧရိယာပြင်ပ...။


မောင်!

မောင် ဘယ်များရောက်နေပါလိမ့်!


မတော်တဆလေးတောင် သူ့ကိုတွေ့သွားလို့မဖြစ်ဘူး...

တကယ်မဖြစ်ဘူး...!!


~~~~💞💞💞💞~~~~

Continue to >>>Part-21


Readers/Writersလေးတွေအားလုံးက VIPပါ


Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: