book

Index 19

~~ Part-( 19 ) ~~

👑 မာနတို့ဖြင့်... စီရင်အပ်သော 👑



""ဒီနေ့ကစပြီး ivyဒီမှာပဲနေရမယ်နော်""


""ဒါ မမအိမ်မဟုတ်ဘူးပေါ့နော်

ညီမလေးက ဒီမှာလည်းတစ်ယောက်ထဲပဲနေရမှာလား?""


""နှစ်ယောက်လေ...ဟိုမှာ သက်ထားနွယ်လည်းပါတာပဲ...မမအိမ်မှာထက် ဒီမှာကပိုအဆင်ပြေတယ် ..မမက အလုပ်ကိစ္စတွေကြောင့် အိမ်မှာအမြဲမရှိဘူးလေ...ivyကိုဂရုစိုက်နိုင်မှာမဟုတ်ဘူး""


""ဒါဆို ဒီနေရာက မမအိမ်နဲ့နီးလား?""


""သိပ်တော့မနီးဘူး...ဒါပေမယ့် မမ နေ့တိုင်းလာလို့ရတာပဲ""


""ဟုတ်!""


""ဒါဆို မမ ပြန်တော့မယ်

နွယ်...ခဏ!""


မေ မပြန်ခင် သူဘေးနားနေမည့်သူကို မှာစရာရှိတာမှာရဥွီးမည်လေ ။ တကယ်ဆို ပိုးရတုကိုဒီအထိပြန်ခေါ်လာမိတာ ဘာကြောင့်မှန်း ကိုယ့်စိတ်ကိုယ်တောင် နားမလည်နိုင်။ မောင်က ဒီလောက်တမ်းတမ်းတတ ဖြစ်နေတာ... တနေ့မှာ သူသာ မိပိုးကိုတွေ့သွားခဲ့ရင် မေစီစဥ်ခဲ့သမျှ အားလုံးသဲထဲရေသွန်ဖြစ်ကုန်တော့မှာ။ ဒါပေမယ့်လည်း အဝေးမှာအကြာကြီး ပစ်ထားခဲ့မိတယ်ဆိုတဲ့ အားနာစိတ်က ရုတ်ချည်းဝင်ရောက်လာစဥ် မြန်ဆန်သောဆုံးဖြတ်ချက်ကြောင့် အခု ဒီကိုပြန်ခေါ်လာမိပြီလေ။ ကိစ္စတော့မရှိပါ...အရင်လိုပဲ သူ့ကို ဒီအိမ်မှာ ဘယ်သူမှမသိအောင်ထားရင်ရတာပဲ။ သူက ဘာမှမမြင်တော့ ဘယ်မှလည်းသွားနိုင်မှာမဟုတ်တာကို...


""ဟုတ်...ပြောပါ မမမေ""


""သူ့ကို သေချာဂရုစိုက်ပါ

အိမ်ထဲကအိမ်ပြင်လုံးဝမထွက်စေနဲ့...

အိမ်ကို မေကလွဲရင်တခြားဘယ်သူမှ အဝင်မခံပါနဲ့

ပြီးတော့ သူတစ်ခုခုကိုသတိရရင်ပဲဖြစ်ဖြစ်...တစ်ယောက်ယောက်ကို ဆက်သွယ်ခိုင်းရင်ပဲဖြစ်ဖြစ် ဘာမှမလုပ်ပေးပါနဲ့...မေ့ကိုအရင်ပြော...ကြားတယ်နော်...ဒီအိမ်မှာ သူရှိနေတယ်ဆိုတာကိုတောင် မလိုအပ်တဲ့အပြင်လူတွေ မသိပါစေနဲ့""


""ဟုတ်ကဲ့""


""ရပြီ...မေ နောက်မှထပ်လာကြည့်မယ်""


မှာတမ်းတွေ တစ်သီကြီးခြွေကာ ကျောခိုင်းထွက်သွားသူကို နွယ် ခဏမျှလှမ်းငေးနေမိသေး၏။ သူတို့နှစ်ယောက်ရဲ့အကြောင်းတွေကို နွယ်ဘာမှ ဂဃဏနမသိပေမယ့်လို့ မမမေက ivyလေးတစ်ခုခုကို သတိရသွားမှာ စိုးရိမ်နေသလိုပါ။ သူ့ပုံစံကိုကြည့်ရတာ ivyကို ချစ်သလိုလို မချစ်သလိုလိုနဲ့ တခါတလေတော့ ဂရုတစိုက်ရှိပေးကာ တခါတလေကျတော့ အေးတိအေးစက်နှင့်သာ...။အရင်ကအဖြစ်အပျက်များကိုလည်း ဘာတစ်ခုမှအစဖော်ပြောမပြဘဲ ဒီအတိုင်းပဲနေလာခဲ့ပုံအရ သူက ivyကိုမှတ်ဥာဏ်တွေ ပြန်မရစေချင်တဲ့ သဘောများလား...။


""ဟင်း! ဘာပဲဖြစ်ဖြစ်ပါလေ

ငါက ivyကိုစောင့်ရှောက်ဖို့ပဲတာဝန်ရှိတာ

ကျန်တာ သိဖို့မှမလိုတာ""


တကိုယ်တည်းရေရွတ်ကာ ကိုယ့်အတွေးကိုယ်ဖြေသိမ့်လိုက်ရင်း ဂရုစိုက်ရမယ့်သူလေးအတွက်ပဲ စီစဥ်စရာရှိတာ စီစဥ်ပေးရတော့သည်။


~~~~💞💞💞💞~~~~


""ကျစ်!""


အခန်းတံခါးဖွင့်ဝင်လိုက်သည်နှင့် ကုတင်ပေါ်မှာ ခြေကိုချိတ်လျက် စမတ်ကျကျထိုင်နေသူကို သူ စိတ်ပျက်စွာပင် လှမ်းကြည့်မိ၏။ ကြည့်ပါဦး! သူများအခန်းထဲ ပိုင်စိုးပိုင်နက် ဝင်ထိုင်နေပြန်တာပါလား...


""မင်း ငါ့အခန်းထဲဘာလို့ဝင်နေတာလဲ""


""မောင်ကလည်းကွာ! သူစိမ်းဆန်လိုက်တာ

ကျမတို့က မကြာခင်လက်ထပ်ကြတော့မှာပဲလေ...သူ့အခန်း ငါ့အခန်းခွဲမနေပါနဲ့...မောင့်အခန်းက ကျမအခန်းပဲပေါ့""


""ထွက်သွား!!""


မျက်နှာတည်တည်ဖြင့်သာ ပြောလာလေ၏။ ရိုးနေပါပြီ...။ဒါသည်လည်း မေ့ရဲ့ မြတ်နိုးရာတစ်ခုဖြစ်ခဲ့တာကြာပေါ့။ လက်ထပ်ပွဲကိစ္စတွေ စီစဥ်နေခြင်းမှာ မောင် တစ်ချက်လေးတောင်စိတ်ဝင်စားပုံမပြတဲ့အပြင် အရေးတယူစကားလုပ်ပြောခြင်းတောင် မရှိခဲ့။ မေ ဒီကိုလာခဲ့တာ အနည်းဆုံးတော့ သူ့မျက်နှာလေး မြင်ချင်ရုံပါ။ အရင်ထက်အနည်းငယ် ချောင်ကျနေတဲ့ မျက်နှာမှာ ပျော်မွေ့မနေတဲ့ပုံရိပ်က အထင်းသားပင်..။ မေ့ကို အဲ့လောက်တောင် မလိုလားဘူးပေါ့...။ထားပါလေ!...အခုချိန်မှာ မေက သူ့ရဲ့သတို့သမီးလောင်းဆိုတာ ငြင်းစရာမလိုတဲ့အမှန်တရားပဲ...ဘာများ မပျော်ပိုက်စရာရှိလဲ? မေကတော့ ကျေနပ်တယ်...ဟင်း ဟင်း!


""မင်းကို ထွက်သွားလို့ပြောနေတယ်လေ""


"'မောင်...""


သွားပါဆိုခါမှ ခြေလှမ်းကို သူ့ဆီသို့ဦးတည်ကာ ရင်ခွင်ထဲဖက်တွယ်လာသောကြောင့် အနောက်သို့ ခြေလှမ်းဆုတ်ကာ သိုင်းဖက်လာသည့် လက်တို့ကိုလည်း ဖယ်ချပစ်လိုက်ရင်း...


""မင်း ငါ့အသားကို မထိနဲ့

ငါနဲ့ဝေးဝေးမှာနေ...ငါ့အခန်းထဲက သွားပါ ကျေးဇူးပြုပြီး..."" 


""မောင် နားမလည်သေးဘူးလား

ကျမက ရှင်နဲ့လက်ထပ်မယ့်သူ...ရှင့်ဘဝတစ်လျှောက်လုံး ရှင့်ဘေးမှာနေမယ့်သူ...ဘာလို့ မရှိတော့တဲ့သူကိုပဲတမ်းတနေတာလဲ?""


""ငါ့ဘေးမှာ ရှိဖို့လိုအပ်တာ ပိုးရတုပဲ""


""အဟက်! ဟား ဟား!

ပိုးရတု...ပိုးရတု...ရှင့်ဆီကနေ အဲ့နာမည်ပဲကြားနေရတာ ကျမ နားခါးလွန်းနေပြီ...အဲ့ဒီ ပိုးရတုဆိုတာ ဒီလောကမှာမရှိတော့ဘူး...ရှင်က သိသိလျက်နဲ့ ဇွတ်ကိုတမ်းတမ်းစွဲဖြစ်နေတာ""


""......""


""ကဲ! ဒါတွေပြိုင်မငြင်းတော့ဘူး

လက်ထပ်ပွဲကိုသာ အာရုံစိုက်ထားပါ...ရှင့်မိဘတွေကို လူပုံအလယ်မှာ မျက်နှာမပျက်စေချင်ရင်ပေါ့""


""ခြိမ်းခြောက်နေတာလား?

ဒီကိစ္စကို ငါလုပ်မယ်လို့မပြောခဲ့ဖူးဘူးနော်

မင်း တော်ပါတယ်...ငါကသာ ရူးမိုက်လွန်းလို့ မင်းလိုလူကို လျှော့တွက်မိသွားတာ...လက်ထပ်ချင်တာလား...ရတယ် ဆက်လုပ်! ဒါပေမယ့် စာချုပ်နှစ်စောင် ပြင်ဆင်ရမယ်နော်...တခုက လက်ထပ်စာချုပ်...ပြီးရင် ကွာရှင်းစာချုပ် ငါနှစ်ခုစလုံးမှာ တစ်ခါတည်းလက်မှတ်ထိုးပေးမယ်""


"".....""


""အဲ့ဒါ ငါ့ညံ့ဖျင်းမှုအတွက် ဝန်ခံချက်ဖြစ်သလို မင်းရဲ့ မရှိတဲ့သိက္ခာအတွက် ငါ နောက်ဆုံးလုပ်ပေးနိုင်တဲ့ သက်ညှာမှုပဲ...ပြီးတော့ အဲ့လိုလုပ်ပေးတာကလည်း မင်းက ငါ့မိန်းကလေးရဲ့ အစ်မဖြစ်နေလို့ပဲ...အဲ့ဒါပြီးရင် မင်း ငါ့ဘဝထဲကနေ အပြီးအပိုင်ထွက်သွားပေး...ခဏလေးတောင်မမြင်ချင်တာမို့လို့...ok!""


ပြောချင်တဲ့စကားတို့ပြောပြီးတာနဲ့ သူ အခန်းထဲကထွက်သွားလေ၏။ အခါခါနှင်လွှတ်နေသော်လည်း တကယ်တမ်းထားသွားတော့ သူပါပဲ ။ 'ငါ့မိန်းကလေးရဲ့ အစ်မ'ဖြစ်နေလို့တဲ့လား! အပြီးအပိုင်ထွက်သွားရမယ် ဟုတ်လား...?မောင် ပြောသလောက်လွယ်ပါ့မလား မောင်ရယ်...ကျမလက်ထဲ ရောက်လာပြီးမှတော့ အသက်မသေသ၍ ရအောင် ဖမ်းဆုပ်ထားဦးမှာ...။ ရှင့်ကို ကျမပဲအပိုင်ယူမှာ...


""အဟက်! ပျော်စရာပဲကွာ""


မထိတထိလေးပြုံးလျက် ဘယ်သူမှမရှိတဲ့အခန်းထဲ မေ ခန္ဓာကိုယ်လေးကို နှစ်ပတ်လောက်လှည့်ကာ မောင့် အိပ်ရာထက် ကန့်လန့်ဖြတ်လှဲချလိုက်၏။ သူ ပြောသွားသောစကားများကတော့ အခုထိတိုင် နားထဲပဲ့တင်ထပ်နေဆဲပါ...။ ပြီးတော့ ရင်ထဲစူးပြီးအောင့်လာသောခံစားချက်ကြောင့် အိတ်ထဲမှ ဆေးပုလင်းကိုလှမ်းယူကာ ဆေးအချို့ကိုထုတ်ပြီးသောက်ရသေးသည်။ ဒီဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ရပေမယ့် မေ ပုံမှန်လည်းမသောက်ဖြစ်ခဲ့ပါ...။သတိရမှသာ သောက်ဖြစ်တာ...။ ဆေးသောက်လည်း ပျောက်မယ့်ဝေဒနာမှမဟုတ်ဘဲလေ...မောင့်အမုန်းကိုလက်သင့်ခံထားသ၍ ဒီနှလုံးသားက အမြဲနာကျင်နေရမှာပါ...။နေ့တိုင်း အချိန်တိုင်း..အမြဲတမ်းပေါ့...။


နာကျင်နေပါတယ်...ခါးသီး စိမ်းသက်လွန်းတဲ့အကြည့်တွေနဲ့ရင်ဆိုင်ရတိုင်း၊ မေ့ ရှေ့ကနေ သူကျောခိုင်းလှည့်ထွက်သွားတိုင်း ရင်ထဲကနေ တလှပ်လှပ်နာကျင်နေရတာပါ...။ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ရတော့မယ်လေ...ပျော်နေစမ်းပါ မေတော်ဝင်ရယ်...။ နင်မရှုံးဘူး...နင်လုံးဝမရှုံးဘူး...


လက်ထဲကိုင်ထားသည့် ဆေးဗူးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက်  ခပ်အေးအေးသာပြုံးမိပြန်၏။ သို့သော် ဒီလိုပြုံးခြင်းရဲ့နောက်ကွယ်မှာ နာကျင်ထိရှမှုတို့က ရှိစမြဲပါ...ဘယ်သူမှတော့ လွယ်လွယ်မမြင်နိုင်ခဲ့ပေမယ့်....။


~~~~💞💞💞💞~~~~


""မမသက်...အပြင်သွားမလို့လား?""


""အယ်! ivyလေးနိုးလာပြီလား

မမက အိမ်မှာလိုအပ်တဲ့ပစ္စည်းလေးတွေခဏသွားဝယ်မလို့...ညီမလေးမနိုးသေးခင် အမြန်ပြန်လာမယ်ဆိုပြီး...အခုတော့ကြည့် အစောကြီးနိုးလာတယ်""


""မမ အကြာကြီးသွားမှာလား?""


""မကြာပါဘူး...နီးနီးလေးပဲသွားမှာ...လမ်းမဘက်မှာ martတွေရှိတယ်လေ...မမမေက အကုန်ပြင်ဆင်ထားပေးတာပါ...အခုကလိုအပ်တာ နည်းနည်းပဲဝယ်မှာ""


""ဒါဆို ညီမလေးကိုလည်းခေါ်

လိုက်ချင်လို့""


""ဟယ်! မဖြစ်ဘူးလေ

မမမေကမှာထားတယ်...သူ့ညီမကိုအပြင်ပေးမထွက်ရဘူးတဲ့""


""ဟွန့်! မမကလည်းလေ ဘာမှန်းလဲမသိဘူး

ဒီကိုရောက်တာ တစ်လပြည့်တော့မယ် လာတာကဖြင့် သုံးခါမပြည့်ဘူး...လူကိုပစ်ပဲပစ်ထားတယ်""


အလိုမကျရင် နှုတ်ခမ်းစူကာ စိတ်ကောက်တတ်သူလေးကို သက်ထားနွယ်က သဘောကျစွာပြုံးကြည့်နေမိ၏။ဟုတ်ပါတယ်...Bangkokမှာနေခဲ့တဲ့ တစ်လျှောက်လုံးလည်း သူ့ခမျာ အိမ်ထဲပဲနေရတာ နှစ်ချီနေပြီလေ ။စကားပြောရတဲ့သူဆိုလို့လည်း သက်ထားနဲ့မမမေအပြင် ဆေးကုပေးတဲ့ဆရာဝန်တွေပဲရှိတာ...။ ဒါပေမယ့် သူ့ကို အိမ်ပြင်မထွက်စေရဘူးလို့ မှာထားတာဆိုတော့...


""မမ...ခေါ်သွားမလို့စဥ်းစားနေတာလား?

နီးနီးလေးပဲဆို...မမမေ မသိအောင်သွားကြမယ်လေ ဟီး ဟီး!""


""အမလေး! ကျမကို လာစည်းရုံးနေတယ်ပေါ့...ဒီကလည်း မပါချင်ဘူးနော်...ရှင်လေးကလေ နာမည်နဲ့လူ သိပ်လိုက်တယ်သိလား""


""ဟင်! ဘာလို့?""


""ivyဆိုတာ 'နွယ်ပင်လေး' လေ

အခုလိုပဲ လူကိုရုန်းမရအောင် ကပ်တွယ်နေရော!""


""အော်! အဲ့ဒါက ချစ်လို့ပေါ့ မမရဲ့""


""ဟင်း! မျောသွားပြန်ပြီ

ကဲ! ဒါဆိုလည်းလိုက်ခဲ့...ရှင့်အစ်မသိရင်တော့ ကျမအလုပ်ပြုတ်မှာပဲ""


""ဟင့်အင်း..မပြုတ်စေရပါဘူး""


""ကောင်းပါပြီရှင်!""


~~~~~~~~~~~


""📲📲📲📲""


ကားမောင်းနေရင်း ဖုန်းလာသံကြောင့် တစ်ချက်လှမ်းကြည့်လိုက်တော့ companyက မန်နေဂျာသူငယ်ချင်းဖြစ်နေတာမို့ သူဖုန်းမကိုင်ဖြစ်ပါ။ 'Companyကိုဘာလို့မလာလဲ'...'မင်းကိုယ်မင်းပြုပြင်ဦး'...'ဘယ်အချိန်အထိဒီလိုလုပ်နေမှာလဲ' စသည် စသည်သော ဆုံးမစကားများကို သူ့မိဘတွေနဲ့ တန်းတူနီးပါးပြောနိုင်သူပါ။ အခုလည်း ဒါတွေပဲ ပြောမလို့နေမှာ...


""ဟင်း!""


သူစိတ်ရှုပ်ရှုပ်နဲ့ သက်ပြင်းချလိုက်ပြီး ကားကိုသာဆက်မောင်းလာခဲ့သည်။ ဘယ်သွားမယ်ဆိုတဲ့ ဦးတည်ချက်လည်း မရှိပါဘဲ...ဒီအတိုင်းသာလျှောက်မောင်းနေခြင်းပါ။ နောက်သိပ်မကြာခင်ရက်ပိုင်းဆို သူ့နဲ့မေတော်ဝင်ရဲ့မင်္ဂလာပွဲရက်ကို ရောက်လာတော့မှာ...။ အားလုံးသော ဖိစီးမှုတွေကြား သူဘယ်လိုမှ ဒီအခြေအနေကိုတားနိုင်စွမ်းမရှိခဲ့ ။ ကိုယ့်ဘက်က စကားကုန်ပြောထားသော်ငြား ထိုမိန်းကလေးရဲ့ အကြံအစည်ကြီးမှုကို သိနေတာပဲမို့ လွယ်လွယ်နဲ့အဆုံးသတ်နိုင်ပါ့မလားဆိုတာ မသေချာပါလေ...။


"".....""


မသာယာသော အတွေးတို့ကို ခဏခဏခေါင်းယမ်းထုတ်ပစ်ရင်း ကားကိုသာ ဆက်မောင်းလာခဲ့၏။


~~~~💞💞💞💞~~~~


""မမသက်...ဘေးမှာ လူတွေအများကြီးလား?""


""ဟင့်အင်း!...mini martပဲဆိုတော့ မများပါဘူး""


""အော်!""


""ကြောက်လို့လား? ivyလေးက...""


""ဟုတ်ပါဘူး မမရဲ့""


""အင်း! ဒါဆို လာ

မမလက်ကိုကိုင်ထားနော်...ခေါင်းမူးတာတို့ ဘာတို့ဖြစ်ရင် ချက်ချင်းပြော ကြားလား?""


""ဟုတ်!""


ဒီလိုနဲ့ပဲ နှစ်ယောက်သားလက်ဆွဲကာ စျေးဝယ်ရင်း စကားတပြောပြောနဲ့ ပျော်ရွှင်နေကြ၏။ ivyက လူတွေနဲ့ ထိတွေ့မှု ဝေးကွာနေတာမို့ လူသံဆူတာကြားနဲ့ တစ်ချက်တစ်ချက် လန့်သွားတတ်ပေမယ့် အဆင်ပြေနေပုံတော့ရသည်မို့ နွယ်လည်းစိတ်အေးရတာပါ။ မဟုတ်ရင် တစ်ခုခုဖြစ်သွားမှ ဒုက္ခ!...အပြင်မခေါ်ရပါဘူးဆိုတာကို ကိုယ်ကစည်းကမ်းဖောက်၍ ခေါ်လာမိခြင်းမို့ တစ်ခုခုသာဖြစ်ရင် မမမေကအကြီးအကျယ်ဒေါသထွက်မှာလေ...


""ညီမလေး...stickကိုပေးတော့ မမ ခေါက်ပေးမယ်...အပြင်ရောက်ပြီ...သတိထားနော်""


""ရတယ် မမသက်...ivy ကိုင်ထားလိုက်မယ်

မမလက်ထဲမှာ အထုပ်တွေနဲ့""


""အင်း! အင်း ...ပြီးရော...""


""အ! ...""


နှစ်ယောက်သားလက်တွဲ၍ အပြင်ထွက်လာစဥ် ရုတ်တရက်ဝင်လာသောလူတစ်ယောက်နှင့် တိုက်မိတော့ အထုပ်တွေလည်းပြုတ်ကျကုန်၏။ 


""Sorry! အော်! နင်...သက်ထားမဟုတ်လား

အလုပ်ကိစ္စနဲ့ bkkသွားလိုက်တယ်ဆို...ဘယ်တုန်းကပြန်ရောက်လဲ?""


ဝမ်းပန်းတသာနှုတ်ဆက်နေသူကို သေချာကြည့်မိမှ နွယ် အရင်ကအလုပ်လုပ်တဲ့ဆေးရုံက သူငယ်ချင်းဖြစ်နေလေတော့...


""အော်!ဟုတ်တယ်...ငါ ပြန်ရောက်တာ တစ်လနီးနီးတော့ရှိပြီ""


""ငါက နင့်ကိုအရေးကြီးကိစ္စပြောစရာရှိလို့ ဆက်သွယ်ချင်တာ...ဖုန်းနံပါတ်လည်း အရင်ဟာမဟုတ်တော့လို့...နင်က ပျောက်ချက်တော်တော်ကောင်း ""


""အေး! ငါက...""


မိတ်ဟောင်းဆွေဟောင်းတွေ့တော့ စကားတွေပြောနေရင်း ဘေးကတွဲထားသောလက်လေးကို အမှတ်မထင်လွှတ်လိုက်မိလေ၏။ 


ivyလည်း မမစကားပြောနေသည်ကို ရပ်စောင့်ရင်း နားထောင်နေမိသည့် ခဏ...


""ပိုးရေ...သမီး...လျှောက်မပြေးနဲ့

ဒီနားကိုလာလေ...ပိုးလေး""


ရုတ်တရက်နားထဲဝင်လာသောအသံကို သေချာလေးနားစွင့်လိုက်မိသည်။ ပိုး ဆိုသောခေါ်သံကြားတိုင်း ရင်းနှီးလွန်းသည့်ခံစားချက်က ရင်ထဲအမြဲရှိနေခဲ့တာပါ။ အခုလည်း ဘယ်သူက ဘယ်သူ့ကိုခေါ်နေတယ်မသိပေမယ့်...အသေအချာနားစွင့်ရင်း ကိုယ်တိုင်တောင်သတိမထားမိပါဘဲ ခြေလှမ်းကို ထိုအသံလားရာဆီသို့ ရွှေ့မိသွား၏။ တဖြေးဖြေးလျှောက်လာနေရင်း ထိုအသံကို ထပ်မကြားမိတော့မှ ခြေလှမ်းကိုရပ်လိုက်စဥ် ဘယ်နေရာရောက်နေမှန်း ဝေခွဲရခက်သွားပြန်သည်။ 


""မမရှိနေတဲ့ နေရာကနေ ဘယ်နှလှမ်းလောက်လျှောက်လာခဲ့ပါလိမ့်! တော်တော်များဝေးခဲ့လားမသိ""


""အင်း! ဒီဘက်ထင်တယ်

မမသက်တော့ ဆူတော့မှာပဲ""


ကိုယ့်ဘာသာ စိတ်ပူစွာတွေးရင်း မမ ရှိမည်ထင်သည့်ဘက်သို့ လက်ထဲက stickလေးဖြင့် မှန်းဆကာ ပြန်လျှောက်လာခဲ့ပေမယ့်...ကံဆိုးစွာပင် ဦးတည်ဘက်က ပျောက်နေ၏။ လူတွေကြားထဲ မသွားတာကြာတော့ တစ်ယောက်တည်းဖြစ်နေရခြင်းအတွက် အနည်းငယ်တော့လန့်လာမိသည်...ဘေးကတစ်ယောက်ယောက်ကိုလည်း အကူအညီမတောင်းရဲ...ဒုက္ခပါနော်!


""မသိဘူး! ကိုယ့်ဘာကိုယ်ပဲသွားမယ်

သိပ်တော့မဝေးလောက်သေးပါဘူး""


တဖြေးဖြေးနဲ့ စမ်းတဝါးဝါးခြေလှမ်းတွေက ကားလမ်းမဘက်ဆီ ဦးတည်သွားချိန်တွင်တော့...


~~~~~~~~~


မောင်လည်း ကားမောင်းလာနေရင်း ရုတ်တရက် လမ်းပလက်ဖောင်းပေါ်မှ ဆင်းလာသည့်လူရိပ်ကြောင့် ဘရိတ်ကိုနင်းလိုက်ပြီး ကားကိုရပ်လိုက်မိသည်။ ဒါပေမယ့် ထိုသူကတော့ မရပ်ဘဲ ကားလမ်းကို ဆက်သွားမည့်ပုံစံနှင့်...ခြေလှမ်းပြင်နေလေရဲ့ ...။


ပြီးတော့ ကားရှေ့က အဲ့ဒီလူကို အသေအချာကြည့်မိလိုက်စဥ်...


(ကြည့်မိလိုက်တော့ ဘာတွေ့😜) 


~~~~💞💞💞💞~~~~

Continue to >>>Part-20


Readers/Writersလေးတွေအားလုံးက VIPပါ


Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: