book

Index 18

~~ Part-( 18 ) ~~

👑 မာနတို့ဖြင့်... စီရင်အပ်သော 👑

    

ပြတင်းတံခါးဆီမှ လေအေးလေးတွေ တလှပ်လှပ်တိုးဝင်လာနေပြီး မကြာခင်မှာ မိုးရေစက်လေးများ တဖျတ်ဖျတ်ရိုက်ခတ်နေသော အသံကိုပါကြားရသည်မို့ အိပ်နေရာမှထကာ နားစွင့်မိ၏။


 ""အချိန်အခါ မဟုတ် မိုးရွာတာလား?နေဦး! ဒါနဲ့ အခုက ဘယ်အချိန် ဘယ်အခါမှန်းရော ငါကသိနေလို့လား? အဟက်!""


တကိုယ်တည်းတီးတိုးစကားဆိုကာ ကုတင်ထက်မှ ခြေထောက်လေးကိုချလိုက်ပြီး...


""မမသက်...မမသက်ရေ!""


""အင်း...ညီမလေးနိုးပြီလား""


စကားသံနဲ့အတူ အခန်းထဲသို့လျှောက်ဝင်လာသည့်ခြေသံကို အသေအချာနားစွင့်လိုက်ပြီးမှ မျက်နှာလေးကို ပြုံးလိုက်ကာ...


""မမကို မေးစရာရှိလို့""


""မေးလေ...ညီမလေးကဘာမေးမလို့?""


""အခုက မိုးရာသီလား?""


""မိုးရာသီတော့မဟုတ်ဘူး ညီမလေးရဲ့

ဒါပေမယ့် ပင်လယ်ဘက်မှာမုန်တိုင်းရှိနေတယ်တဲ့

အဲ့ဒါကြောင့် မိုးရွာတာ""


""အော်! မမ ညီမလေးအပြင်ခဏထွက်ချင်တယ်

မိုးစက်လေးတွေကို ထိကြည့်ချင်လို့""


""ဘယ်ဖြစ်ပါ့မလဲ ivyရဲ့

ညီမလေးက နေမကောင်းသေးဘူးလေ

အအေးမိမှာပေါ့...လာပါ မမနဲ့ မနက်စာသွားစားရအောင်...လာ""


""နေ...နေ...မမ မလာခဲ့နဲ့နော်

ညီမလေး ကိုယ့်ဘာသာလျှောက်လာခဲ့မယ်

ဒီကနေ အခန်းဝအထိက ၁၂လှမ်း...ဆိုတော့...၁...၂...""


""ရောက်ပြီ...မမ ဒီမှာ

ညီမလေးက တော်လိုက်တာကွာ""


""ဟီး! ဟီး!""


ခေါင်းလေးကိုဖွဖွပုတ်လျက် ချီးကျူးပေးနေသော မမသက်ထားရဲ့ အသံလာရာဘက်ဆီသို့ ဦးတည်ကာ သွားတန်းလေးပေါ်သည်အထိ ပြုံးပြလိုက်မိရင်း မမလက်ကိုတွဲကာ breakfastဝိုင်းသို့ဆက်လျှောက်လာခဲ့၏။


လွန်ခဲ့သော အတိတ်ကာလ တစ်ခုဆီမှာ ဘာတွေရှိခဲ့မှန်းအသေအချာ ပုံဖော်မကြည့်နိုင်သေးပေမယ့်လက်ရှိကမ္ဘာမှာတော့ မှောင်မိုက်ခြင်းကိုသာအဖော်ပြုနေခဲ့ရရင်း ဒီနေ့ရက်တွေကို ရှင်သန်လာခဲ့ခြင်းပါ။အရင်ကတော့ လှပတဲ့လောကကြီးကို  မြင်နိုင်စွမ်းရှိခဲ့မှာ အသေအချာ။ သို့ပေမယ့် အခုပိုင်ဆိုင်နေတဲ့လောကမှာတော့ နေရာတကာမှာ အမှောင်ထုသာ ဖုံးလွှမ်းနေခဲ့သည်။


နာမည်က 'ivy' ။ဘေးမှာစောင့်ရှောက်ပေးနေသူက မမသက်ထားနွယ်ဆိုသော သူနာပြုအမျိုးသမီး...ပြီးတော့... ပြီးတော့...


""မမသက်!""


""ဟင်! ပြောလေ ညီမလေး""


""မမလေ...မမ ဘယ်တော့လာမှာလဲ?""


""အော်! ivyရဲ့မမက အလုပ်တွေများတယ်လေ

နှစ်လနေမှ တခါလာတာကို""


""ဟင်! ညီမလေးသိပါတယ်

မမ မလာတာ နှစ်လမကတော့ဘူး သုံးလတောင်ကျော်နေပြီ""


နှုတ်ခမ်းလေးစူကာ စိတ်မကောင်းပုံလေးဖြင့်ပြောနေသော ကောင်မလေးကို သက်ထားနွယ်လည်း သနားစွာငေးကြည့်နေမိ၏။မျက်မမြင် ဒုက္ခိတဖြစ်နေတဲ့အပြင် မှတ်ဥာဏ်တွေပါဆုံးရှုံးနေတဲ့ ဒီကလေးတစ်ယောက်တည်းကို နိုင်ငံရပ်ခြားမှာ သူစိမ်းတစ်ယောက်နဲ့ နေခိုင်းထားတာက မဖြစ်သင့်ဘူးလို့လည်း တွေးမိတာအကြိမ်ကြိမ်ပါ...။အစကတော့ ဒီကလေးမလေးအတော့်ကို နလန်မထူနိုင်အောင်ချူချာနေခဲ့တာ...။ ညတွေလည်း အိပ်မက်ဆိုးမက်တတ်ပြီး အကြောက်လွန်တတ်တဲ့လက္ခဏာမျိုးပြကာ စကားတွေတောင်သိပ်မပြောနိုင်ခဲ့။ အခုနောက်ပိုင်းမှသာ တဖြေးဖြေး စကားလေးပြောကာ ရွှင်ရွှင်ပျပျလေးဖြစ်လာရတာ...။ အမြဲလိုလိုလည်း တစ်စုံတစ်ယောက်ကို မျှော်တတ်နေပြီလေ...။


""တီ! တီ!""


""ဟော! Bellသံကြားတယ် 

ဘယ်သူလဲမသိဘူး...မမသွားကြည့်လိုက်ဦးမယ်""


""ဟုတ်""


""......""


""ivyလေးရေ...မျှော်တော်ယောင်လေးလုပ်နေတုန်း...မျှော်နေတဲ့သူရောက်လာပါပြီရှင်""


""ဟင်! တကယ်...""


""အင်း...မမလာတယ်...ညီမလေး""


""မမကိုလွမ်းနေတာ

မမကလည်း ညီမလေးကိုအကြာကြီးပဲပစ်ထားတယ်""


ရင်ခွင်ထဲတိုးဝင်ကာ ချွဲနွဲ့နေသော ivy(ခေါ်)ပိုးရတုကို မေ အလိုက်သင့်လေးပြန်ဖက်ထားပေးလိုက်၏။ လွန်ခဲ့သောနှစ်က ယာဥ်တိုက်မှုမှာတွေ့ခဲ့တဲ့ အလောင်းဟာ ပိုးရတုမဟုတ်မှန်း မေ ထိုနေ့ကတည်းက သိခဲ့တာပါ။  သူပါလို့ နှုတ်ကအတည်ပြုလိုက်သော်ငြား အလောင်းကိုသေချာကြည့်မိတော့ မဟုတ်တာကို သတိထားမိပေမယ့် ပြင်ဆင်ချက်မထုတ်ဖြစ်ခဲ့။ ဒါကို မေတစ်ယောက်တည်းသာ သိထားပြီး ပိုးရတုအစစ် ဘယ်ကိုရောက်သွားတယ်ဆိုတာကို နောက်ကွယ်မှ တိတ်ဆိတ်စွာစုံစမ်းနေခဲ့သည်။ 


သူက ကံပဲကောင်းလွန်းတာလား မပြောတတ်။ ထိုနေ့က ကားပေါ်မှာ ရှိနေခဲ့သူ ၃ဦးလို့ပဲထင်ခဲ့ကြသလို မေ ကိုယ်တိုင်လည်းထိုသို့ထင်ခဲ့ပေမယ့် တကယ်တော့ ၄ယောက်ရှိနေခဲ့တာပါ။ ကားတစ်စီးလုံးချောက်ထဲကျပြီး မီးမလောင်ခင် ပိုးရတုက ကားပေါ်မှလွင့်စင်ကျကာ မီးလောင်မှုထဲမပါဝင်ခဲ့။ ပြီးတော့ ထိုaccident areaရဲ့ အတော်လှမ်းလှမ်းနေရာ အထိရောက်သွားပြီး သတိလစ်နေတာကို လူတစ်ချို့မြင်သွားကာ တခြားဆေးရုံတစ်ခုသို့ပို့ထားပေးခဲ့ကြလေရဲ့။


မေလည်း စုံစမ်းရှာဖွေနေရင်းမှ ထိုကိစ္စကိုသိလာရတော့ တိတ်တဆိတ်သွားကာကြည့်ခဲ့သည်။ ဒီနေရာမှာ မေ ကံကောင်းတယ်ပဲဆိုရမလား...မေ ရောက်သွားချိန်မှာ ပိုးရတုဟာ သူဖြစ်ခဲ့သမျှဘာကိုမှ မစဥ်းစားနိုင်တော့သလို မျက်လုံးတွေထိခိုက်ကာ အမြင်အာရုံလည်း ပျောက်ကွယ်နေခဲ့လေ၏။ ဒီအတွက်ကြောင့် သူဟာ ဘယ်သူဘယ်ဝါဖြစ်မှန်း အတည်ပြုနိုင်ဖို့ ခက်ခဲနေချိန်ပေါ့...။


ဒီတော့ မေက ရှေ့မှာရုပ်လုံးထွက်မပြဘဲ နောက်ကွယ်မှစီစဥ်ကာ ယုံကြည်ရသူတချို့ကိုခိုင်းပြီး ပိုးရတုကို ထိုဆေးရုံမှတဆင့် Bangkokဆေးရုံသို့ရွှေ့ကာ ဆေးကုပေးခဲ့သည်။ဆရာဝန်ပြောတာကတော့ အမြင်အာရုံကို မျက်ကြည်လွှာအစားထိုးကုသမှုလုပ်ရင် ပြန်ရနိုင်ပြီး...မှတ်ဉာဏ်ဆုံးရှုံးခြင်းကတော့ ခဏယာယီသဘောဖြစ်ကာ ပြန်မှတ်မိစေမယ့် နေရာနဲ့အကြောင်းအရာတချို့ကို ပြောပြပေးရင်း ဖြေးဖြေးချင်းစဥ်းစားပုံဖော်သွားရင် အကုန်ပြန်မှတ်မိနိုင်သည်တဲ့!


ဒါကတော့ မဖြစ်ဘူးလေ

မှတ်မိမှာစိုးလို့ တမင်ကို ရပ်ဝေးမှာပို့ထားလိုက်တာ...။ဘာမှပြန်မမှတ်မိတော့ရင် အကောင်းဆုံးပဲမဟုတ်လား...။သူက မေ့ကိုတောင် သိပ်မသိပါ...မေက ညီအမတွေလို့ပြောထားပြီး ဂရုတစိုက်ချစ်ခင်ပြထား၍သာ သူ့အမလို့လက်ခံချစ်ခင်နေခဲ့တာ။ မေတို့ကြားထဲက နက်ရှိုင်းတဲ့ အကြောင်းအရာတွေကို သူ မမှတ်မိသလို မေကလည်း ဘာတစ်ခုကိုမှ ပြောမပြခဲ့ဘဲ မသိတဲ့အတိုင်းသာပစ်ထားလိုက်ပြီး...ivyဆိုသော နာမည်အသစ်နှင့် ဘဝအသစ်တစ်ခုမှာ ရှင်သန်စေခဲ့ခြင်းပင်...။


ပြီးတော့ အရေးကြီးဆုံးတစ်ခုက သူ့မှတ်ဥာဏ်မှာ မြတ်သောမောင်ဆိုသော လူတစ်ယောက်ကို ပုံဖော်မှတ်မိနိုင်စွမ်းမရှိခဲ့ခြင်း...။ သူ့အိပ်မက်ထဲမှာ လူတစ်ယောက်ရဲ့ခေါ်သံကိုအမြဲကြားနေပြီး အဲ့ဒီ့လူကိုလည်း အရမ်းရင်းနှီးနေသလိုခံစားရပေမယ့် တကယ့်လက်တွေ့မှာကျ ပုံဖော်စဥ်းစားလို့မရဘူးတဲ့!...အဟက်! ကျေနပ်တယ်...သိပ်ကိုကျေနပ်တယ်...အရာအားလုံးမှာ မေ့ဘက်က သာလွန်နေတာပဲလေ...။


နင်က အခုထိ တုံးမြဲ 'အ'ဆဲပါပဲ ပိုးရတုရယ်

နင်ရဲ့ ကြိုးစားပမ်းစား ရှင်သန်နေတဲ့ အသက်မျှင်မျှင်လေးက ငါ့ခြေဖဝါးအောက်မှာပဲ..။နင့်ဘဝလေးက ငါ့လက်ခုပ်ထဲက ရေလေ...သိပ်ကိုသနားစရာကောင်းတယ်...။နင် ဆိုတဲ့သူက ဒီလောကကြီးထဲမှာ သေလူဖြစ်နေပြီဆိုတာတောင် မသိရှာပါလား...။


မောင်ရေ...ရှင်မြင်လား...ရှင့်နှလုံးသားလေးက ကျမလက်ထဲမှာပဲ ရှိနေတာပါ...အရာအားလုံးကို ကျမကပဲ ကြိုးကိုင်ခဲ့တာ...နောက်ထပ်လည်း ကျမလိုချင်တဲ့ အရာတွေကိုပဲ ဖန်တီးသွားဦးမှာ။ ရှင်လည်း ကျမရဲ့ကြိုးကိုင်စီစဥ်မှုအတိုင်း နာခံလာရဦးမှာပါ...။ရှင်သိပ်ချစ်တဲ့ ကလေးလေးက ဒီလိုမျက်မမြင်ဒုက္ခိတလေးဖြစ်နေတာသာ သိသွားခဲ့ရင် ရှင် ဘယ်လောက်များရင်နာနေလိုက်မလဲ...အဟက်!!


~~~~~~~~~~~~~~


သူ့အတွက်ထားပေးသော အခန်းလေးမှာ မေ ခဏလောက်နေပေးဖြစ်ရင်း သူအိပ်ပျော်သွားချိန်မှ ပြန်ရန်ပြင်လိုက်၏။ ဒီအခန်းနဲ့ ပိုးရတုရဲ့ နေထိုင် ဆေးကုသမှုအတွက် ထောက်ပံ့သောငွေစာရင်းအားလုံးဟာ မေတော်ဝင်ရဲ့နာမည်အောက်မှာမရှိခဲ့။ အရာအားလုံးကို ပိရိစွာဖုံးကွယ်ထားနိုင်သည်မို့ ကိုယ့်ကိုယ်ကိုယ်တောင် ချီးကျူးရမလိုပါ။ အတူနေပေးသော သက်ထားနွယ်ဆိုသူမှာလည်း ရန်ကုန်က private hospitalတစ်ခုမှာအလုပ်ဝင်နေသူဖြစ်ကာ နောက်ကြောင်းရှင်းသူမို့ သူ့ကို ငှားပြီး ဒီမှာနေခိုင်းခဲ့တာ ။ မိပိုးက မျက်နှာမြင် ချစ်ခင်ဆု ပြည့်သူဆိုတော့ သူစိမ်းတစ်ယောက်ဖြစ်သော်ငြား သူကလည်း မိပိုးကို သိပ်ချစ်နေပြန်ရောလေ။ ဒါကြောင့်လည်း မေ လာမကြည့်ဘဲ စိတ်ချကာ ပစ်ထားခြင်းပါ။ 


မေ မသွားခင် အိပ်ပျော်နေသော ပိုးရတုရဲ့မျက်နှာကို တစ်ချက်လှမ်းကြည့်ဖြစ်သေး၏။ 


အားလုံးက နင့်ကိုဆို ချစ်ခင်ပေးကြတာပဲ...နင်ကံကောင်းပါတယ်...။ နင်သိလား...နင့်ချစ်သူလေ...မောင့်ကို ငါလက်ထပ်တော့မယ်...သူကတော့ အခုချိန်ထိ နင့်စိတ်နဲ့ရူးနေတယ်...ဒါပေမယ့်  ငါဂရုမစိုက်ဘူး ပိုးရတု။ နင်လည်း တသက်လုံး ငါထားတဲ့နေရာမှာပဲနေ...ငါပြောသမျှကို နားထောင်ပြီးကျန်တာအားလုံးကို မေ့နေလိုက်...မောင်နဲ့ငါ့ကြားကို ထပ်လာပြီး ဝင်မရှုပ်နဲ့...ဒီလိုဆို အားလုံးအတွက် အဆင်ပြေမယ်...ဟုတ်တယ်နော်...။


~~~~💞💞💞💞~~~~


တဖြေးဖြေးနဲ့ မင်္ဂလာပွဲဆိုသော အရာကို ပုံဖော်ဖန်တီးနေကြ၏။ သူကလွဲရင် မိဘတွေအပါအဝင်တခြားသူတွေကလည်း ဒီကိစ္စကို ဂုဏ်ပြုစရာအဖြစ်သတ်မှတ်ကာ ပျော်ရွှင်ဝမ်းသာပေးကြပါရဲ့ ..။သေချာတာက ဒီကိစ္စကို သူခေါင်းမငြိမ့်ခဲ့ဖူးသလို မေတော်ဝင်ကိုလက်မထပ်နိုင်ဘူးလို့လည်း အကြိမ်ကြိမ်ပြောခဲ့ပါလျက် ဘယ်သူကမှ သူ့ခံစားချက်ကိုဂရုမစိုက်ခဲ့။ ဒီတော့ သူလည်း ဂရုစိုက်မနေတော့ဘဲ သူတို့လည်း လုပ်ချင်ရာလုပ် ကိုယ်လည်းနေချင်သလိုနေ...အားလုံးဖြစ်ချင်ရာဖြစ်ဆိုပြီးသာ ကျောခိုင်းထားလိုက်တော့တာ...


""မြတ်သောမောင်...ငါက မင်းဒီမှာရှိမှရှိပါ့မလားလို့""


""မင်း ဘယ်တုန်းကပြန်ရောက်တာလဲ သူရိန်""


""မနေ့ကပဲ...မင်းဖုန်းကိုဆက်တာ မကိုင်လို့

ငါ ဇော်ထက်ကိုလှမ်းမေးပြီး ဒီကိုလိုက်လာတာ""


သူရိန်ဆိုတာကလည်း သူ့သူငယ်ချင်းတစ်ယောက်ပါပဲ။ သူရိန်ရယ် ဇော်ထက်ရယ် သူရယ်က ဆယ်တန်းကျောင်းသားဘဝကတည်းက ခင်မင်ခဲ့ကြပေမယ့် uniရွေးတော့ သူရိန်က ဆေးတက္ကသိုလ်တက်ခဲ့ကာ မောင်နဲ့ဇော်ထက်ကတော့ စီးပွားရေးဘက်ကိုယူခဲ့တာမို့ အရင်လောက်မတွဲဖြစ်ပေမယ့် အဆက်အသွယ်တော့မပြတ်ခဲ့။ နောက်တော့ ဘွဲ့တစ်ခုထပ်ယူဖို့အတွက် နိုင်ငံခြားကိုသွားခဲ့သည့်နောက်ပိုင်းမှာတော့ သိပ်ပြီးမဆက်သွယ်ဖြစ်တော့ပါ။ အခုမှပဲ ဘယ်ကဘယ်လိုရောက်ချလာတယ်မသိတော့ပါချေ။


""ငါ မင်းအကြောင်းတွေကြားတယ်

ပထမကိစ္စအတွက်တော့ စိတ်မကောင်းပါဘူး

ဒုတိယကိစ္စအတွက်ကတော့ congraulation""


""သွားစမ်းပါကွာ!""


""မင်း ပုံစံကဘယ်လိုဖြစ်နေတာလဲ

ဒါလား...နောက်လ လက်ထပ်တော့မယ့်သတို့သား

ပျော်ပျော်ရွှင်ရွှင်နေစမ်းပါကွာ""


""ဘာမှပျော်စရာမရှိဘူး

အဲ့ဒီ့လက်ထပ်ပွဲက ငါနဲ့ဘာမှမဆိုင်ဘူး

ဂရုလည်းမစိုက်ဘူး""


ပြောကာ ခွက်ထဲကျန်နေသောအရက်ကို ကောက်မော့လိုက်သေးတာမို့ သူရိန်ကလက်ကိုလှမ်းတားလိုက်ရင်း...


""ဟေ့ကောင်! တော်တော့လေ...မင်းများနေပြီ

လာ...ငါ ပြန်ပို့ပေးမယ်""


""နေစမ်းပါ...ဘာမှမဖြစ်ဘူး""


""မင်းတော့ ဒီလိုသာဆက်လုပ်နေရင် သေတော့မှာပဲ""


""မင်းက ဆရာဝန်ပဲ...ငါရောဂါဖြစ်ရင် ကုလေ!

ဒါမှမဟုတ်လည်း သေပါစေ...ထားလိုက်""


""ဟာ! မင်းကတော့ကွာ""


ဒီလိုနဲ့ပဲ မြတ်သောမောင်ရဲ့ နေ့စဥ်ဘဝဟာ ပို၍ပစ်စလက်ခတ်ဆန်လာတော့၏။ အခုဆို companyကိုလည်း မသွားတော့ဘဲ နေ့ရက်တွေကို စိတ်ပျက်စွာရှင်သန်နေခဲ့တာ။ တကယ်ဆို ဖြစ်ခဲ့သမျှ အရာရာအတွက် ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရမှာပါ။ အန္တရာယ်ကိုသတိမထားမိစွာ မိန်းမတစ်ယောက်ရဲ့ မာယာစီရင်မှုထဲ ရုန်းထွက်မရအောင် ခြေချုပ်မိသွားခဲ့သည့်အဖြစ်က ကိုယ်ညံ့လို့သာ ခံရခြင်းမဟုတ်လား...။


ဘာကိုမှဂရုမစိုက်ပါဘူး

အခုချိန်မှာ ပိုးလေးသာအနားရှိနေခဲ့ရင် သူအထင်မလွဲရအောင် အကြိမ်ကြိမ်ရှင်းပြရင်း သူ့လက်လေးကိုဆုပ်ကိုင်ထားမိမှာ...။


မဟုတ်သေးဘူး...နားလည်မှုပေးတတ်လွန်းတဲ့ အဲ့ကလေးလေးက အပြစ်တောင်မြင်ရှာမှာမဟုတ်ဘူး။ အယုံလွယ်တဲ့ အမိုက်အမဲလေး မင်းက ဒါတွေကို အဟုတ်ထင်ပြီး မင်းအမကို လက်ထပ်ပါလို့ ကိုယ့်ကို ပြောနေဦးမှာလား ကလေး...။ မင်းသာရှိနေရင် ကိုယ်တကယ်ဘာကိုမှ ဂရုမစိုက်ဘူး...အရာအားလုံးကို ကျောခိုင်းပြီး မင်းလက်ကိုတွဲမှာ...။မင်းရှိနေရင်ပဲ ကိုယ့်အတွက်လုံလောက်ပါပြီ ကလေးရယ်...မင်းဘယ်မှာလဲ...ကိုယ် ဒီအခြေအနေတွေကို ရင်မဆိုင်ချင်တော့ဘူးကွာ...။


~~~~💞💞💞💞~~~~


""ပိုးလေး ကိုယ်တို့လက်ထပ်ကြရအောင် ကလေးရယ်""


""ချစ်တယ်နော် ပိုးလေး

ကိုယ်အမြန်ဆုံးပြန်လာခဲ့မယ်...စောင့်နေ""


""အရာအားလုံးအတွက် စိတ်ချနော်

ပိုးက လိမ္မာပါတယ် သိရဲ့သားနဲ့""


""တီ! တီ!...အား!!!""


မပီဝိုးတဝါးကြားနေရသော စကားသံတွေရဲ့နောက် ဆူညံနေသော ကားဟွန်းသံတွေ...နားမလည်နိုင်အောင် ရှုပ်ထွေးတဲ့ပုံရိပ်တွေဆီကနေ အမြန်ရုန်းထွက်လိုက်တော့ ထိုပုံရိပ်နဲ့အသံတို့ပျောက်ကွယ်သွားပေမယ့် ဘာမှမမြင်ရတဲ့အမှောင်လောကမှာ ခြောက်ခြားစွာလမ်းပျောက်နေပြန်၏။


အမြဲလိုလို အိပ်မက်တွေထဲရှိနေခဲ့သည့် လူတစ်ယောက်။ 'ပိုးလေး'လို့ခေါ်ကာ ချစ်စကားတွေပြောနေသည့် အသံချိုချိူကို ကြားယောင်နေပေမယ့် အဲ့ဒီလူဟာ ဘယ်သူမှန်း ပုံဖော်စဥ်းစားနိုင်စွမ်းမရှိ။ accidentကြောင့် အရေးကြီးတဲ့အရာတွေကို ivyမေ့သွားခဲ့တာလား...။မမပြောတာတော့ အတိတ်မှာ ဘာမှအရေးပါတဲ့ကိစ္စတွေမရှိခဲ့ဘူးတဲ့! မမနဲ့ ivyက ညီအမတွေ...အဲ့ဒီ့နေ့က ivyနဲ့မေမေ ခရီးထွက်စဥ်မှာ မတော်တဆမှုဖြစ်ခဲ့တာ...မေမေကဆုံးသွားတယ်...ဒီလောက်ပါပဲ...


ဒါပေမယ့် ဘာလို့ ဒီထပ်ပိုတဲ့အကြောင်းတွေရှိနေတယ်လို့ ခံစားနေရပါလိမ့်! 'ပိုး'ဆိုတဲ့နာမည်ကို သူခေါ်နေတယ်...။ဘာလို့ ဒီအသံကိုအရမ်းရင်းနှီးနေရတာလဲ...'ပိုး'ဆိုတာ ivyကိုခေါ်နေတာလား...


အမြဲတမ်းစဥ်းစားမရနိုင်ခဲ့သော အကြောင်းအရာကို အမြဲတမ်းကြိုးစားပမ်းစား စဥ်းစားနေခဲ့တာပါ။ ဒါပေမယ့် အာရုံစိုက်စဥ်းစားလေ ပိုလို့ခက်ခဲလေဖြစ်နေရတာ...။တစ်ခါတစ်လေဆို သူ့ကိုမမှတ်မိနိုင်ခြင်းအတွက် ရင်ဘတ်ထဲက စူးအောင့် နာကျင်ရသည်အထိ...။ သေချာပါတယ် သူက ivyအတွက် အရေးပါခဲ့တဲ့ လူတစ်ယောက်ပဲဖြစ်မှာ...။


ဒါပေမယ့် မမကရော ဘာလို့မပြောပြတာလဲ?

ဘာလို့ အဝေးကြီးမှာတစ်ယောက်ထဲနေခိုင်းထားတာလဲ?


~~~~~~~~~


""ဘယ်လိုဖြစ်တာလဲ""


""မနေ့ညက အိပ်မက်ဆိုးတွေမက်သေးတယ်

မနက်ကျ ကိုယ်တွေပူပြီးဖျားနေတာ...ပါးစပ်ကလည်း မမကိုပဲခေါ်နေလို့...နွယ်လည်းစိတ်ပူပြီး မမကိုလာခိုင်းရတာ""


""မမ!...မမရောက်နေတာလား""


""အင်း...ဘာလို့နေမကောင်းဖြစ်အောင်နေတာလဲ""


""မမကို စိတ်ပူအောင်လုပ်မိတာ တောင်းပန်ပါတယ်""


ပြောကာ လက်လေးတစ်ဖက်ကလည်း တစမ်းစမ်းနဲ့ မေ့ကိုရှာနေပုံရတာမို့ သူ့လက်လေးကို အလိုက်သင့်ဖမ်းဆွဲလိုက်တော့...မေ့ ရင်ခွင်ထဲသို့တိုးဝင်ကာ ဖက်ထားပြန်၏။ 


""မမ...ညီမလေးလေ မမနဲ့အတူနေချင်တယ်

မမကဘာလို့ ညီမလေးကို ဒီနိုင်ငံမှာနေခိုင်းတာလဲ?မမနဲ့အတူ မနေစေချင်လို့လား...ညီမလေးကိုမုန်းလို့လား?""


အတင်းကိုတိုးဖက်ကာ လေသံတိုးတိုးလေးဖြင့် ချွဲနွဲ့နေသောစကားသံလေးကပဲ စွမ်းတာလား?...။မေ့ ရင်ထဲ နွေးထွေးမှုလှိုင်းလေးက ရုတ်တရက်ယှက်သန်းသွားပြီး ဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့ ဂရုဏာစိတ်က ဝင်ရောက်လာကာ...အဖျားတက်နေသော ကိုယ်နွေးနွေးလေးအား ပြန်ဖက်ထားပေးရင်း ဘယ်လိုကနေ ဘယ်လို စိတ်နှလုံးက ညံ့သက်သွားရတယ် မသိ...။ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်မိတာက...


""ညီမလေး...မမနဲ့ပြန်လိုက်ခဲ့တော့""


""ရှင်! တကယ်လား မမ""


""အင်း! မမက ivyကို ဒီမှာထားတယ်ဆိုတာ...ဒီက ဆေးရုံမှာ ပိုပြီးထိထိရောက်ရောက်ကုသနိုင်အောင်လို့ပါ...စဖြစ်တုန်းက ညီမလေး ဒဏ်ရာတွေအများကြီးရခဲ့တာလေ အဲ့ဒါကြောင့်...""


""ဟုတ်""


"" ပြန်ရောက်ရင်လည်း မမ နေခိုင်းတဲ့အတိုင်းပဲ နေရမှာနော်...ပြောစကားလည်းနားထောင်ရမယ် ကတိပေးလား?""


""ဟုတ်ကဲ့!""


""ဒါဆို နေကောင်းအောင်နေ...နေကောင်းရင် မမနဲ့အတူ ပြန်လိုက်ခဲ့!""


~~~~💞💞💞💞~~~~

Continue to >>>Part-19


Readers/writersလေးတွေအားလုံးက VIPပါ


Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: