👑 မာနတို့ဖြင့်... စီရင်အပ်သော 👑
** 1 နှစ်ခန့်ကြာပြီးနောက်...**
မီးရောင်စုံတွေကြား လူတွေရှုပ်ထွေးစွာ ကခုန်ပျော်ပါးနေသည့် clubထဲ၌ မေ ဟိုကြည့် သည်ကြည့်ဖြင့် ယောင်လည်လည်ဖြစ်နေရ၏။ ပြောရရင် ဒီလိုနေရာမျိုးကို မေ တစ်ခါမှမလာဖူးခဲ့ပေ။ အခုတော့ မောင့် ဖုန်းကိုခေါ်လိုက်ချိန်တွင် ဒီclubက လူတစ်ယောက် ဖုန်းကိုင်ခဲ့ပြီး ဖုန်းပိုင်ရှင်ကတော့ လူမှန်းမသိအောင် မူးနေသတဲ့! ဒါကြောင့်ပဲ မေအမြန်ဆုံးလိုက်လာခဲ့ခြင်းပါ
လိုက်ရှာနေရင်းကပဲ Barရဲ့ထောင့်တနေရာမှာ ခေါင်းမထောင်နိုင်အောင် မူးမှောက်နေသော မောင့်ကို တွေ့လိုက်ရသည်မို့ အနားသို့ အမြန်လျှောက်သွားလိုက်ပြီး...
""မောင်...နင်အရမ်းမူးနေပြီ တော်တော့
လာ...ပြန်ရအောင်""
""ဟာ! ဘယ်သူလဲ...ငါ့ကိုလာရှုပ်နေတာ သွားစမ်းကွာ""
မျက်လုံးဖြင့် မဖွင့်နိုင်ပဲ ပါးစပ်ကသာ လျှောက်အော်နေခြင်းပင်။ ထုံးစံအတိုင်းပါပဲ...မောင် ဒီလိုပုံစံဖြစ်နေခဲ့တာ...ပိုးရတုမရှိတော့သည့် အချိန်တစ်လျှောက်လုံးပါပဲ။ နေ့ဘက်တွေမှာတော့ Companyသို့သွားကာ အလုပ်တွေပဲသိမ်းကျုံးလုပ်နေတတ်ပြီး...ညတွေမှာဆို အရက်barတိုင်း သူမရောက်ဖူးတဲ့နေရာကိုရှိမှာမဟုတ်။
ဒီတစ်နှစ်အတွင်း မောင် အရမ်းကိုပြောင်းလဲသွားခဲ့ပါသည်။ အရင်က နူးညံ့သောစိတ်ထားလေးနဲ့အားလုံးအပေါ် လိုက်လျောညီထွေစွာနေတတ်ခဲ့သလောက် အခုဆိုရင် မောင်က ဒီလောကရဲ့သီးခြားလူတစ်ယောက်ပမာ...အေးစက်ခက်ထန်သွားခဲ့၏။ သက်ရှိလူသားတစ်ယောက်ရဲ့ခံစားချက်တွေမရှိတော့သည့်နှယ်...သူ့ဘဝကို အသက်ရှိ၍သာ ရှင်သန်နေသည့်သဘောပါ။ ကျန်တာဘာဖြစ်ဖြစ် စိတ်မဝင်စားသလို ဂရုလည်းမစိုက်တတ်တော့။ ဘယ်သူ့အပေါ်မှ သည်းမခံတတ်သလို သူ့စိတ်အလိုမကျသည့်အခါတိုင်းမှာလည်း ထင်ရာစိုင်းကာ ရမ်းကားတတ်နေပြီး လုံးဝကို နောက်တစ်ယောက်လိုပြောင်းလဲသွားသော စရိုက်မှာ မေ ကိုယ်တိုင်တောင် နေသားမကျခဲ့။
ဒါတွေအားလုံးက သူ့အနားမှာ ပိုးရတု မရှိတော့၍ပါ။ တင်းမာခက်ထန်နေသော မျက်နှာမှာ အပြုံးတစ်စ မထင်တော့သလို...စကားကိုတောင်လိုအပ်တာထပ်ပိုမပြောတတ်။ အလုပ်လုပ်နေချိန်ကလွဲရင် ကျန်တဲ့အချိန်တွေမှာတော့ အရက်ပဲ ဖိသောက်နေတတ်ပြီး တခါတလေမှာ ငူငိုင်စွာထိုင်နေတတ်ပြန်၏။ အဲ့ဒီ့ကလေးမအပေါ်ထားခဲ့တဲ့ သူ့ချစ်ခြင်းက မေ ထင်တာထက်ကို ပိုပြီးနက်ရှိုင်းနေခဲ့တာပါ..။အဲ့ဒီလောက်တောင်ပဲလား မောင်..။ရှင့်ဘဝတစ်ခုလုံးကို ရေစုန်မျောပစ်နေရအောင်အထိ သူကထိုက်တန်လို့လား...တော်ရုံပဲ ခံစားပါတော့လား။
""ပိုးလေး! ကလေးရေ
မင်းဘယ်မှာလဲကွာ...ကိုယ်ရူးတော့မယ်
ကိုယ့်ဆီပြန်လာပါတော့..""
""မောင်...ထ...ပြန်မယ်လို့""
""ဖယ်စမ်း! ငါ့ကိုမထိနဲ့""
မေ တွဲကူပေးသောလက်ကို ရုန်းလိုက်တော့ လူကလည်း ယိုင်နဲ့နဲ့ဖြစ်သွားရသည်မို့ သူလဲကျမှာစိုးရိမ်သွားကာ...
""မောင်!""
""မခေါ်နဲ့! ငါ့ကိုအဲ့လိုမခေါ်နဲ့လို့ ပြောထားတယ်လေ""
အဟင်း!မူးနေတာတောင် ဒါကိုတော့မှတ်မိနေသေးသည်ပဲ...
""ပြန်မယ်""
""မပြန်ဘူး..ငါ့ဘာသာပြန်ချင်မှပြန်မယ်
ငါ့ကိုလာမရှုပ်နဲ့...မင်းသွားတော့""
""မမေတော်ဝင်...ရောက်နေတာကိုး
ကျစ်! ဒီကောင်ကလုပ်ပြန်ပြီ...သူ ကျွန်တော့်ကိုလာဖို့ခေါ်ထားတာပါ...အခုနေခေါ်လို့လည်း ပြန်ဦးမယ်မထင်ဘူး...ကျွန်တော်ပဲဆက်နေပေးပါမယ် ပြီးမှ အိမ်ကိုပြန်လိုက်ပို့ပေးလိုက်မယ် ""
""ဟုတ်ပြီလေ...ဒါဆိုလည်း မေပြန်တော့မယ်
သူ့အိမ်ကိုသေချာပို့ပေးပါ...ပြီးတော့အများကြီးလည်း ထပ်မသောက်စေနဲ့""
""ဟုတ်ကဲ့...စိတ်ချပါ
ကျွန်တော်ထိန်းလိုက်ပါမယ်""
သူ့ငompanyက သူငယ်ချင်းရောက်လာတာမို့ မေလည်း စိတ်ချကာ ပြန်လာခဲ့လိုက်တော့သည်။ အမြဲဒီလိုပဲ ဖြစ်နေတော့မှာလား မောင်...သူမရှိတော့တာတောင် မောင်က ကျမအတွက်နည်းနည်းလေးမှ ငဲ့ညှာစဥ်းစားမပေးဘူးနော်...။
~~~~💞💞💞💞~~~~
""တောက်!""
""အကုန်လုံး ထွက်သွားကြတော့!
မနက်ဖြန်ကစပြီး companyကိုလာစရာမလိုတော့ဘူး မင်းတို့အားလုံးကို အလုပ်ထုတ်တယ်""
""ဗျာ!""
""သွားကြတော့""
""ဟုတ်...ဟုတ်ကဲ့""
အသံကျယ်ကာ အော်လိုက်တော့ ဝန်ထမ်းအားလုံးရဲ့မျက်နှာမှာ ပျာပျာသလဲထိတ်လန့်မှုတို့အထင်းသားဖြင့် အခန်းထဲမှ ကိုယ်စီထွက်သွားကြလေ၏။
""ငါတို့ bossက ဘယ်လိုဖြစ်သွားတာလဲမသိဘူး""
""အေ့လေ! အရင်ကဆို ဒီလိုကိစ္စလေးလောက်ကို ဘာတစ်ခုမှအပြစ်တင်တတ်တာ မဟုတ်ဘူး""
""ဒီတစ်ခေါက်projectကိုင်တဲ့ တစ်ဖွဲ့လုံးကိုစိတ်တိုင်းမကျလို့ထုတ်ပစ်လိုက်ပြီတဲ့""
""ငါတော့ကြောက်လာပြီ
ဘယ်တော့များအလုပ်ပြုတ်မလဲတွေးပူနေရတာ အိပ်တောင်မပျော်တော့ဘူး""
""တကယ်တော့ bossကသနားစရာပါဟာ
သူ့ကောင်မလေး သေသွားပြီးကတည်းက အဲ့လိုပြောင်းလဲသွားတာ...ငါတို့အတွက် အနေကျပ်သွားပေမယ့် bossကိုလည်းအပြစ်မပြောချင်ပါဘူး""
""အင်း...ဒါတော့ဒါပေါ့
Bossက အဲ့ကောင်မလေးကိုသိပ်ချစ်တာ
ဘယ်လိုဖြစ်လို့များ ဒီလောက်စောစော သေသွားရလဲမသိဘူး...ကံဆိုးလိုက်တာ""
""တော်ကြတော့! အလုပ်ရှင်ရဲ့အကြောင်းကို ကွယ်ရာမှာပြောနေတာ ကောင်းတဲ့အလုပ်လား...ကိုယ့်အလုပ်ကိုယ်လုပ်ကြ""
မန်နေဂျာဖြစ်သူက ဝင်ဟန့်လိုက်မှ အားလုံးရဲ့စကားတွေရပ်သွားကာ လူခွဲသွားလေ၏။ ဝန်ထမ်းတွေကိုသာ ဆူလိုက်ရပေမယ့် သူလည်းစိတ်မချမ်းသာလှပါ။ မြတ်သောမောင် ဒီလိုတွေလုပ်နေတာကို သူငယ်ချင်းဖြစ်တဲ့ သူ့မှာလည်း တားနိုင်စွမ်းမရှိ။ တကယ်ဆို ဒီနေ့လွဲချော်သွားတဲ့ ပြသာနာကတကယ့်ကိုမှ အသေးအဖွဲရယ်ပါ။ ဒါကို ချက်ချင်းပင် အလုပ်ထုတ်ပစ်လိုက်တော့ ဝန်ထမ်းတွေက သိပ်မကျေနပ်ချင်သလို ကျန်တဲ့သူတွေမှာလည်း တစ်ယောက်တစ်ပေါက် ဝေဖန်အပြစ်ပြောကုန်ပြီ။ ဒါလည်း သူက နည်းနည်းမှဂရုမစိုက်။ ဘယ်အရာကိုမဆို သူ့စိတ်ထင်တိုင်း ဘယ်သူ့မျက်နှာမှမထောက် လျှောက်လုပ်ပစ်နေတာ...အရင်က သူသိခဲ့တဲ့ 'မြတ်သောမောင်'နဲ့ကွာခြားလွန်းလှစွာ..။
""ဟင်း! ခက်တယ်ကွာ!""
~~~~~~~~~
""ဒေါက်...ဒေါက်!""
""ဝင်ခဲ့""
""မောင်!""
ခေါ်သံနဲ့အတူ ဝင်လာတဲ့ပုံရိပ်ကြောင့် ဘယ်သူမှန်းတပ်အပ်သိနေရသည်မို့ သူလှမ်းတောင်မကြည့်ဖြစ်ပါ။ အမြဲတမ်းလိုလို ကိစ္စရှိလည်းလာ...ကိစ္စမရှိလည်းလာနေတတ်ပြန်တော့ သူ့မှာအာရုံတွေလည်းနောက်ရပါသည်။ အခုလည်းကြည့် ဘာတွေလုပ်ပြီး ဘာစကားတွေပြောဖို့ရောက်လာပြန်တယ်မသိ။ မေတော်ဝင်ကို တွေ့တိုင်း ဟိုကလေးလေးရဲ့အရိပ်အယောင်တွေကို မြင်ယောင်နေမိတာလည်း အမြဲလိုပါ။
တစ်နှစ်တဲ့! အချိန်တစ်နှစ်တောင်ကုန်လွန်ခဲ့ပြီ။
သူလည်း နေ့စဥ်ရက်ဆက် အဲ့ဒီ့ကလေးမလေးကို သတိရခြင်းများစွာဖြင့်သာ အသက်ကိုဆက်နေခဲ့၏။ ပြီးတော့ သူမ သေဆုံးခဲ့ခြင်းကို အခုထိတိုင် သူ မယုံနိုင်ခဲ့သေးပါ။ မတွေ့ခဲ့ရဘူးလေ...အဲ့ဒီ့ကားပေါ် ပါနေတယ်ဆိုတာကလွဲရင်...ကားပေါ်ကလူ သုံးယောက်စလုံးသေခဲ့တယ်ဆိုတာကလွဲရင်...ကျန်တာက တိကျတဲ့အကြောင်းအရင်းဘာမှမရှိ။ မီးလောင်ပျက်စီးနေတဲ့ အလောင်းက 'ပိုးလေး'ပါလို့ ဇဝေဇဝါအတည်ပြုခဲ့ခြင်းက မေတော်ဝင်ရဲ့ အမြင်နဲ့ဆုံးဖြတ်ချက်သက်သက်။
အဲ့ဒီနေရာမှာ မေတော်ဝင်ပဲရှိခဲ့တာလေ။ အလောင်းတွေကို မြင်ခွင့်ရခဲ့တာ...မေတော်ဝင်တစ်ယောက်တည်း..။ ဒါကြောင့် ကိုယ်တိုင်မမြင်ခဲ့ရတဲ့ အဖြစ်အပျက်ကို အမှန်လို့ သူအတည်မပြုနိုင်ခဲ့တာ ယနေ့အချိန်အထိ။ ပိုးလေး...တစ်နေရာရာမှာ အသက်ရှင်နေတာလည်းဖြစ်ချင်ဖြစ်နိုင်တာပဲ။ မှေးမှိန်လှသော မျှော်လင့်ချက်ဆိုပေမယ့် ထိုအရာကို သူဆုပ်ကိုင်ထားမြဲပါ။ အမြဲတမ်းလည်း သူမကို ပျောက်ဆုံးခဲ့သော ပတ်ဝန်းကျင်မှာ သူရှာဖွေခဲ့ဖူးသည်။ အခုချိန်ထိလည်း ရှာဖွေနေဆဲပါ။ သူမနဲ့ပတ်သက်တဲ့ သတင်းအစအန တစ်ခုလေးတောင်မသိရပေမယ့်ပေါ့...
အဓိပ္ပာယ်မဲ့သော လုပ်ရပ်လို့ထင်စရာရှိသော်ငြား သူ့အတွက်ကတော့ ဖြစ်နိုင်ချေနည်းငယ်သော ဒီမျှော်လင့်ချက်လေးက ယနေ့အထိ သူ့ကိုရှင်သန်နေစေခဲ့ခြင်းပင်။
ဒါပေမယ့်လည်း တခါတလေမှာတော့ ပိုးလေးမရှိတော့ဘူးဆိုတာကိုလက်ခံလိုက်ရမလိုလိုနဲ့...သူ့နေ့ရက်တွေက အကြာကြီးလမ်းပျောက်သွားတတ်ပြန်၏။
ကိုယ့်စိတ်တွေ မတည်ငြိမ်နိုင်ဘူး ကလေးရယ်
ကိုယ်ဘာကို လက်ခံရမှာလဲ?
ဒီလောကကြီးရဲ့တနေရာမှာ မင်းအသက်ရှင်နေလား? ဒါမှမဟုတ် သူများတွေပြောကြသလိုပဲ ကိုယ်လက်ခံရတော့မှာလား?
""မောင်...နင်က အရမ်းအတွေးတွေးများတယ်နော်ငါပြောတာနားမထောင်ဘဲ ဘာတွေစဥ်းစားနေပြန်တာလဲ""
""မင်း ဘာလာလုပ်တာလဲ?""
ဒါပါပဲ! မေ့ကိုဆို ခက်ထန်သောအသံ၊ အေးစက်စက်မျက်ဝန်းအကြည့်တွေနဲ့သာ ဆက်ဆံတတ်တာ မပြောင်းလဲသော အလေ့အထ။ အရင်က သူငယ်ချင်းတွေလို တရင်းတနှီးပြောဆိုမှုလေးတွေရှိဖူးပေမယ့် အခုကျ လုံးဝကိုသူစိမ်းတစ်ယောက်ပမာ...
""ငါက Diamondရဲ့ Partyဖိတ်စာရလို့ လာပေးတာ...သူတို့က နင့်ဆီပို့မလို့ပဲ...ငါက ပေးပေးမယ် ဆိုပြီး ယူခဲ့တာ""
""ထားခဲ့! မင်းသွားတော့""
မျက်နှာကိုတောင် တစ်ချက်မကြည့်ဘဲ ဇွတ်အတင်းကို နှင်လွှတ်နေပုံကြောင့် မေ စိတ်ထဲတော့တင်းသွားရပါသည်။ သူဒီလိုဆက်ဆံနေတာတွေကို မေ သည်းခံပေးနေခဲ့တာကြာပြီ။ အစကတော့ သူခံစားနေရတာကို နားလည်လို့ ဘာမှမပြောပေမယ့် အခုဒီလောက်ကြာတဲ့အထိ ဒါမျိုးလာချိုးနေတာကိုတော့ မေ ဆက်ပြီးသည်းမခံလိုတော့ပါ။ မေက သိပ်ပြီး သည်းခံနိုင်စွမ်းရှိသူမဟုတ်ဘူးလေ...။သူ့ကိုချစ်၍သာ...တိတ်ဆိတ်နေပေးခြင်းက အခုတော်လောက်ပြီထင်ပါတယ်...
ပိုးရတုက လူသာအနားမှာမရှိတော့တာ မောင့်စိတ် မောင့်နှလုံးသားကိုတော့ အခုထိလွှမ်းမိုးထားနိုင်တာ အံ့သြစရာ။ မေ အစကထင်ခဲ့ဖူးတယ်...သူသာမောင့်အနားမှာ မရှိတော့ရင် အားလုံးပြီးသွားမှာပါ...အချိန်ကြာရင် မောင်လည်းသူ့ကိုမေ့နိုင်သွားမှာလို့...။အခုတော့ အဲ့ဒီ့ဘာမဟုတ် ညာမဟုတ်လေးက တော်တော်တော့အစွမ်းအစရှိရှာသား။ ဒါပေမယ့် သူတောင် အဲ့လိုစွမ်းနိုင်ရင် မေကလည်း အဲ့ဒီ့ထက်ကို ပိုရမယ်...ဘာပဲဖြစ်ဖြစ် ဒီတစ်သက်လုံး မောင် သူ့ကိုပြန်ရှာတွေ့မှာမဟုတ်တော့ဘူး...။ သူလည်း မောင့်အနားပြန်မရောက်နိုင်တော့ဘူး...။မောင် သူ့ကိုချစ်လား...ရတယ်...ချစ်ပါ...ကျမကိုချစ်ရမယ်လို့ ဇွတ်အတင်းမတောင်းဆိုဘူး...ဒါပေမယ့် ဒီတစ်သက်မှာ မောင် ကျမကိုမချစ်ဘူးဆိုရင်တောင် ဘယ်တော့မှလည်း မပစ်နိုင်စေရဘူး...ရှင့်ရင်ထဲမှာ အမြဲတမ်း တသသ သတိရနေမယ့် အနက်ရှိုင်းဆုံး တစ်နေရာကို ကျမ ရအောင်ယူပြမယ် မောင်...စောင့်ကြည့်နေပါ။
~~~~💞💞💞💞~~~~
""ကျွန်တော် အဲ့ဒီပွဲကို မသွားဘူး daddy""
""ဟ! ဘယ်ဖြစ်မလဲကွ
Diamondက ငါတို့ရဲ့ ရှယ်ယာဝင် company! ပြီးတော့ တခြားcompanyတွေကလည်း အားလုံးလာကြမှာ dinner partyဆိုတာထက် စီးပွားရေးprojectတွေ ဆွေးနွေးဖို့အခွင့်အရေးပဲ..ငါတို့companyကလည်း နှစ်တိုင်းတက်နေကျပွဲ...ငါ့ကိုမျက်နှာပျက်အောင်မလုပ်နဲ့..ပြီးတော့...""
""ကောင်းပြီ! ဒါပဲမဟုတ်လား
ကျွန်တော်သွားမယ်""
""ဟဲ့! သား...""
အဖေဖြစ်သူရဲ့ ပြောစကားမှမဆုံးသေး တခွန်းတည်းပြောကာ ထွက်သွားလေတဲ့ သားဖြစ်သူကြောင့် မိဘနှစ်ပါးလုံးသက်ပြင်းကိုယ်စီချမိကြ၏။ သားက အရင်လိုမဟုတ်ဘဲ သိသိသာသာပြောင်းလဲသွားပြီး တုံ့ပြန်မှုတွေကလည်းအေးစက်စက်ပုံစံနဲ့သာ...။စကားကိုလည်း လိုတာထက်ပိုမပြောဘဲ တစ်ယောက်တည်းသာနေတော့သည်။ ဒီလိုတွေပြောင်းလဲသွားရခြင်းရဲ့ အကြောင်းအရင်းကိုလည်း သိနေတော့ မိဘတွေမှာ ပြောရခက်ပြန်၏။
ဒါကြောင့်ပြောကြတာပေါ့
သေသွားတဲ့သူနဲ့ အသက်ရှင်ကျန်တဲ့သူမှာ ကျန်ခဲ့သူကသာ ပိုခံစားရတာပါ။ အဲ့ဒီ့ကလေးမလေးကို မချစ်မိခင်က သားရဲ့ဘဝလေးက ပုံမှန်နေထိုင်မှုလေး ။တည်ငြိမ်နေတဲ့ရေပြင်ကို လှုပ်ခတ်သွားစေမယ့်သူက ဝင်ရောက်လာခဲ့ပြီး သူပြန်ထွက်သွားပေမယ့် အဲ့ဒီရေပြင်ကတော့ နဂိုမူလအနေအထားပြန်မဖြစ်ဘဲ ပို၍ ပို၍ အေးစက်ခြောက်ခမ်းသွားတဲ့ ရေခဲမြစ်လို အထီးကျန်နေခဲ့ခြင်းမှာ ဘယ်သူ့ကိုမှအပြစ်ဖွဲ့ စရာမရှိခဲ့ပါလေ..။
အရာအားလုံးဟာ...သူ့ထိုက်နဲ့သူ့ကံပဲပေါ့...။
~~~~~~~~
**At the Party**
ပွဲကိုရောက်တော့ ထင်တာထက်ကို လူပိုများနေသည်မို့ သူစိတ်ပျက်စွာသက်ပြင်းချရင်း အထဲကို လှမ်းဝင်ရန်ပြင်လိုက်စဥ် ရုတ်တရက်သူ့ရှေ့ရောက်လာသော လူရိပ်ကို တွေ့လိုက်သဖြင့် ရှောင်လိုက်သော်လည်း တိုက်ဖြစ်အောင်တိုက်မိသွားသေး၏။
""အ!...Sorryနော်""
လက်တစ်ဖက်ထောင်ပြကာ အားတုံ့အားနာဟန်လေးဖြင့်ပြုံးပြနေသူက မိန်းကလေးတစ်ယောက်...။ငွေရောင်တွေ တလက်လက်နဲ့ ရင်ပြတ်ဂါဝန်လေးကို ဝတ်ဆင်ထားသော်လည်း အမြင်မရိုင်းလှဘဲ ကြည့်ကောင်းရုံအနေအထားသာ။ပြီးတော့ ရှည်လျားသည့်ဆံနွယ်တွေကို အနောက်ဘက်မှာ ခပ်မြင့်မြင့်လေး စည်းနှောင်ထားသည့်ပုံစံ။ တူလိုက်တာ!... သူ့နှလုံးသားပိုင်ရှင်လေးမှာလည်း ဒီလိုဆံနွယ်ရှည်လေးတွေ ပိုင်ဆိုင်ခဲ့တာလေ...။အချစ်ကို တမ်းတစိတ်ကြောင့် ရှေ့ကမိန်းကလေးထံမှ ရုတ်တရက်အကြည့်မခွာမိဘဲ ခဏတော့ငေးကြည့်နေမိ၏။ ခဏပါပဲ...ဘယ်လိုပဲဖြစ်ဖြစ် ပိုးလေး မဟုတ်ဘူးဆိုသည့် အတွေးကြောင့် ချက်ချင်းအကြည့်ပြန်လွှဲလိုက်ပြီး
""ရပါတယ်""
""တကယ် Sorryပါနော်...အကို!
ပိုးက ဖိနပ်အမြင့်တွေစီးနေကျမဟုတ်တော့ အဲ့လိုပဲ ခြေလှမ်းတွေကမှားနေတာ""
သူကဘာမှပြန်မပြောလိုက်တော့ ထိုမိန်းကလေးလည်းအနားက ထွက်သွားလေ၏။ ရုတ်တရက် သုံးနှုန်းသွားသည့် 'ပိုး'ဆိုတဲ့နာမည်...ပြီးတော့ သူ့ကို ခေါ်သွားတာလည်း 'အကို'တဲ့!
ကလေးရယ်...ကိုယ်ကြုံတွေ့ရသမျှ အရာအားလုံးဟာ ဘာကြောင့်များ မင်းကိုသတိရစေဖို့ပဲဖြစ်နေရလဲ...မင်း ကိုယ့်အနားမှာပဲရှိနေလား? မင်းကိုမေ့သွားမှာစိုးလို့ တိုက်ဆိုင်တဲ့အကြောင်းအရာတွေနဲ့ ကိုယ့်ကို သတိရစေတာလား?စိတ်ချပါ မင်းကို ကိုယ်တစ်ရက်မှမမေ့ခဲ့ပါဘူး...လွမ်းတယ်...သိပ်ကိုလွမ်းတယ်...။တနေ့နေ့မှာ မင်းကိုပြန်တွေ့ခွင့်ရမလားဆိုတဲ့ မျှော်လင့်ချက်ရေးရေးနဲ့ ကိုယ်ရှင်သန်နေခဲ့တာ...တကယ်ပဲ မင်း ကိုယ့်ဆီပြန်မလာနိုင်တော့ဘူးဆိုရင်...
ရှုပ်ထွေးသောခံစားချက်တို့ကို ပျောက်ပျက်စေဖို့ရန် သူ့အတွက်အကောင်းဆုံးဖြေသိမ့်ခြင်းက Alcohol ။ ဒါကြောင့် ရောက်ကတည်းက ဘယ်သူ့ကိုမှ စကားမပြောဘဲ တစ်ယောက်တည်းထိုင်သောက်နေမိ၏။ လာနှုတ်ဆက်ရင်တောင် ဘာတခွန်းမှပြန်မဖြေသည့်အတွက် ရိုင်းတယ်ထင်ရင်လည်း သူ့မှာ ဖြေရှင်းချင်စိတ်တို့မရှိ။
""မောင်!""
လူတွေအများကြီးရှုပ်ထွေးနေသည့်ကြားမှ မေ သူ့ကိုမြင်လိုက်ရသည်မို့ ချက်ချင်းအနားသွားကာကြည့်တော့ တော်တော်လေးကိုမူးနေချေပြီ။ ရောက်လာမယ်လို့ မထင်ခဲ့ပေမယ့် သတိထားပြီးလိုက်ရှာကြည့်နေဖြစ်ပြန်ရင်း အခုလိုအခြေအနေကိုတွေ့လိုက်ရခြင်းပါ။
""အင်း! ...""
""မောင်...ဘာလို့အများကြီးသောက်ရတာလဲကွာ
ကားမောင်းရဦးမယ့်ဟာကို!""
"".....""
""မောင်...ရရဲ့လား""
""Hey! မေ...အဆင်ပြေရဲ့လား?""
""မပြေဘူး...ဒီမှာ မောင်အရမ်းမူးနေပြီ
ကားမောင်းလို့အဆင်ပြေမှာမဟုတ်ဘူး""
""အမလေး! အားလုံးအဆင်ပြေသွားစေရမယ်
ကားမမောင်းနိုင်ရင်လည်း ပြန်မပို့နဲ့တော့လေ
မင်းလည်း သောက်ထားတယ်ဆိုတော့""
""ဟမ်!""
""ဒီလိုလေ ငါတို့hotelမှာအခန်းတွေအများကြီး
ဒီည partyမှာအရှိန်လွန်သွားတဲ့သူတွေအတွက် ပြင်ထားပြီးသား...ကျစ်!""
ပြောကာ မျက်ခုံးတစ်ဖက်ပါ ပင့်ပြလိုက်သေးသည့် သူက diamondပိုင်ရှင်ရဲ့သမီးပင်။ မေနဲ့လည်းအနည်းငယ်ရင်းနှီးသူမို့ အကြောင်းအရာတချို့ကိုသူသိထားတာကြောင့် မောင့်ထံမျက်စပစ်ပြကာအချက်ပြသဘောတွေဆောင်နေလေ၏။
Partyကို Hotelအောက်ထပ်မြက်ခင်းပြင်မှာပဲ စီစဥ်ထားသည်မို့ အခုလိုအခြေအနေကြုံလာတော့ မေလည်းများများမစဥ်းစားတော့ဘဲ
""Ok! Ok! ဒါဆို မောင့်ကိုအခန်းထဲသွားပို့လိုက်ဦးမယ်""
""ငါလိုက်ပို့ရဦးမလား...နင်တစ်ယောက်တည်း နိုင်ရဲ့လား?""
""ရတယ်...မောင်...လာ ထ!""
""ကြိုက်တဲ့အခန်းယူနော်...မေ
အေးဆေး!""
လက်တစ်ဖက်မြှောက်ပြကာ မျက်စိတစ်ဖက်ကိုလည်း မသိမသာမှိတ်ပြနေတဲ့ မိန်းကလေးကို မေ ဒီအတိုင်းသာကျောခိုင်းထွက်လာခဲ့၏။ဘေးမှာတော့ စကားမေးတောင်မရသူတစ်ယောက်ကို မနိုင်မနင်းတွဲထားလျက်ပေါ့...
~~~~~~~
တစ်လမ်းလုံး သူ့ကိုယ်အလေးကြီးကို ဒယိမ်းဒယိုင် တွဲလျှောက်လာခဲ့ရင်း အခန်းတံခါးကို ဖွင့်ပြီးဝင်လိုက်တော့လည်း နှစ်ယောက်သား လဲကျလုမတတ်။
""အင်း! ငါ့ကိုလွှတ်!!""
""မောင်...သတိထားလေ""
တရွေ့ရွေ့တွဲခေါ်လာခဲ့ရင်း ကုတင်ပေါ်ကို လှဲချပေးလိုက်စဥ်မှာပဲ မွေ့ယာအိအိထက်သို့ သူနဲ့အတူ မေပါ ရောထွေးပြုတ်ကျသွားတော့၏။
""မောင်!""
ရုတ်တရက်မို့ မေလည်း လန့်သွားကာ ရုန်းထရန်ပြင်လိုက်သော်လည်း သူက မေ့လက်ကိုလှမ်းဆွဲကာ တိုးလျလျပြောလိုက်သောစကားလေးက...
""ကိုယ့်ကို မထားခဲ့ပါနဲ့!!""
😢
~~~~ 💞💞💞💞~~~~
Continue to>>> Part-17
Readers/Writersလေးတွေအားလုံးက VIPပါ
Writer- WineSatt Cho(🍋Lëmoñ🍋)