👑 မာနတို့ဖြင့်... စီရင်အပ်သော 👑
""မမ နောက်၁၀မိနစ်မှာ အစည်းအဝေးစလို့ ရပါပြီ""
""Ok!""
မေကတော့ မေပါပဲ။ ရင်ထဲဘယ်လိုခံစားချက်တွေရှိနေပါစေ..အလုပ်နဲ့ကိုယ်ရေးကိုယ်တာကိုတော့ နိုင်နင်းစွာ ခွဲခြားတတ်ပါ၏။ ထို့ကြောင့် Companyမှာတော့ လိုအပ်ချက်မရှိသည့် 'Perfect Lady'ဟူသော သတ်မှတ်ချက်က မေ့ရဲ့ မူပိုင် Imageတစ်ခုပဲပေါ့...။
""အော်!""
Meeting Roomသို့ မသွားခင် တစ်စုံတစ်ခုကို သတိရသွားသည်မို့ ဖုန်းကိုယူကာ နံပါတ်တစ်ခုကိုလည်းရှာနေမိသည်။ မနက်က မေမေ့တို့ ပြင်ဦးလွင်သွားကြသည်မို့ အဆင်ပြေရဲ့လားဆိုတာ မေးကြည့်ဦးမှပါ။ မေမေကတော့ ပျော်နေမှာပါ...အစကတည်းက မေမြို့ကို မေမေကသိပ်သဘောကျတာလေ...။
""📲📲📲""
ဖုန်းခေါ်ရန်ပြင်နေတုန်းမှာပဲ နံပါတ်တခုက ဝင်လာတော့ ဖုန်းကိုဖွင့်ကိုင်လိုက်ပြီး...
""Hello!""
"".....""
""ဟုတ်ပါတယ်...ကျမက မေတော်ဝင်ပါ""
""....""
""ဟုတ်ကဲ့...အဲ့ဒီနံပါတ်က မှန်ပါတယ်
ဘာများဖြစ်လို့ပါလဲ""
""....""
""ဘယ်လို!""
တစ်ဖက်မှကြားလိုက်ရသော အသံကြောင့် မေ သွေးခုန်နှုန်းတို့ ဆောင့်တိုးသွားရသလို မယုံနိုင်လောက်အောင် အံ့သြသွေးပျက်ရသွား၏။ မဖြစ်နိုင်ဘူး...ဒါဘယ်လိုမှမဖြစ်နိုင်ဘူး...မဖြစ်ရဘူး...။
~~~~~~
မေ ကားကို လမ်းတစ်လျှောက် အရှိန်ပြင်းစွာ မောင်းနှင်လာခဲ့သည်။ထိုအဖြစ်အပျက်ကိုလည်းအခုချိန်ထိမယုံနိုင်သေး။ အခုမှပဲ ရင်ထဲထိတ်လန့်တုန်လှုပ်ကာ ဘယ်တုန်းကမှမကျခဲ့ဖူးသော မျက်ရည်တွေကလည်း ပါးပြင်တစ်လျှောက်အထိန်းအကွပ်မဲ့စွာ စီးဆင်းနေခဲ့၏။
'ကားနံပါတ်(****)က ယာဥ်လမ်းကြော(**)မိုင်အကျော်မှာ ပြင်းထန်တဲ့တိမ်းမှောက်မှုဖြစ်ခဲ့ပါတယ်...လတ်တလောမှာ ကားထဲပါဝင်သူအားလုံး အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားရှိနေလို့ မိသားစုဝင်ကိုလိုအပ်ပါတယ်'
ဘယ်လိုကံဆိုးမှုတွေ မေ့ဆီရောက်လာခဲ့တာလဲ?ငယ်စဥ်ကတည်းက ဖခင်ရဲ့ ပစ်ပယ်ခြင်းကိုခံခဲ့ရတဲ့ သမီးတစ်ယောက်ဆီကနေ အခု မေမေ့ကိုပါဆွဲခေါ်သွားတော့မလို့လား ကံကြမ္မာရယ်...
ကားကို မရပ်မနားဆက်တိုက် မောင်းလာရင်း ထိုဆေးရုံသို့ မေ ကယောင်ခြောက်ခြား ခြေလှမ်းတို့ဖြင့် ရောက်လာခဲ့ပါ၏။ သို့သော်...
""ဒီနေ့ (**)လမ်း ယာဥ်တိမ်းမှောက်မှုရဲ့ မိသားစုဝင်လား ခင်ဗျာ! ကားနံပါတ်(****), ပါဝင်စီးနင်းသူအနေနဲ့ယာဥ်မောင်း ဒရိုင်ဘာအမျိုးသား(၁)ဦး ၊ သက်ကြီးပိုင်း အမျိုးသမီး(၁)ဦးနဲ့ သက်ငယ်မိန်းကလေး(၁)ဦး စုစုပေါင်း (၃)ဦးပါဝင်ခဲ့ပါတယ်..မှန်ပါသလား""
""ဟုတ်! ဟုတ်ကဲ့...မှန်ပါတယ်""
""နာမည်တစ်ချက်ပြောပါ""
""ကျမကို မေးခွန်းတွေလာမေးမနေနဲ့
ကျမအမေ...ကျမအမေဘယ်မှာလဲ""
""ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး ခင်ဗျာ! တိမ်းမှောက်တဲ့အရှိန်က ပြင်းထန်လို့ လူတွေလည်း အရမ်းထိခိုက်ခဲ့ပြီး...ကားထဲပါဝင်သူ ၃ဦးစလုံး အသက်မရှင်နိုင်ခဲ့ပါဘူး""
""ဘာ!""
""ကားက ဘရိတ်ပေါက်သွားခဲ့လို့ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကျခဲ့ပြီး မီးလောင်ပျက်စီးခဲ့ပါတယ် ကံကောင်းလို့ အလောင်းတွေကို အနေအထားသိပ်မပျက်ဘဲ ရှာတွေ့ခဲ့ပေမယ့် အမျိုးသမီးငယ်ရဲ့အလောင်းကတော့ တော်တော်လေးထိခိုက်ပျက်စီးသွားခဲ့လို့ မူလရုပ်သွင်ကိုမှန်းဆဖို့ခက်ပါတယ်...ဒါကြောင့် မိသားစုဝင်က အတည်ပြုစစ်ဆေးပေးဖို့လိုအပ်ပါတယ်""
ဘေးမှ ဆရာဝန်နဲ့ရဲအရာရှိတွေ တစ်ယောက်တစ်ခွန်း ပြောပြနေကြသောစကားများမှာ မေ့နားထဲဝင်လာလိုက် ပြန်ထွက်သွားလိုက်ဖြင့် ကယောင်ကတမ်းလို...အိပ်မက်တစ်ခုလိုဖြစ်နေခဲ့၏။ မေ့ရင်ထဲမှ အဓိက ဆန့်ကျင်တုံ့ပြန်နေသောခံစားချက်က မေမေဆုံးပြီဆိုတာပါပဲ...။အဲ့ဒီ့ရဲ့နောက်ပိုင်းစကားတို့ကတော့ အသိစိတ်တွေကပ်လိုက် လွတ်ထွက်သွားလိုက်ဖြင့် ကြားတစ်ချက် မကြားတစ်ချက်သာ...။
သွားပြီ! မေ့ရဲ့ ကမ္ဘာကြီးက ပြိုကျသွားသည့်နှယ်ပါ။ နောက်ဆုံးတော့ မေမေလည်း ကျမကိုထားသွားပြီလား...ပြီးတော့...ပြီးတော့...ပိုးရတု...နင် တကယ်ပဲ ဒီလောကမှာမရှိတော့တာလား?
တဖြေးဖြေးနဲ့ ခြေလှမ်းတို့ကို အားယူ ထရပ်ရင်း မေ ထိုသူတို့ခေါ်ဆောင်ရာနောက်သို့ သိစိတ်ကင်းမဲ့စွာဖြင့် တရွေ့ရွေ့လိုက်ပါခဲ့၏။ ခဏကြာအောင်လျှောက်လာပြီးနောက် ပိတ်စဖြူဖြူတို့ဖြင့် လွှမ်းအုပ်ထားသော အလောင်းတွေရှိရာဆီသို့ ရောက်လာခဲ့သည်။ ရင်ထဲသွေးပျက်ထိတ်လန့်နေသည့် စိတ်ကို ဖုံးကွယ်အန်တုကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လျက် ထိုအနားသို့ ခြေလှမ်းကို ဆက်လျှောက်သွားလိုက်၏။ ဖုံးပိတ်ထားသည့် ပိတ်စကို လှပ်ကြည့်လိုက်သည့်အခါတွင်တော့...မေ့ ရင်ထဲနာကျင်စူးရှသော ခံစားချက်က အတိုင်းအဆမဲ့စွာ...မျက်ရည်တို့ကလည်း တသွင်သွင်စီးကျပေမယ့် ရှိုက်ကြီးတငင်တော့ မငိုဖြစ်အောင် အံကြိတ်ကာထိန်းလိုက်ရင်း မေမေ့ရုပ်အလောင်းကို စိုက်ငေးလျက်သာကြည့်နေရင်းမှ...
""ထွက်သွား! မေ့အနားက အားလုံးထွက်သွားကြ
နောက်ဆုံးတော့ ဒီလောကမှာ မေတော်ဝင်တစ်ယောက်ပဲ ကျန်တော့မှာပါလား...""
တိုးသဲ့သဲ့စကားသံလေးဆိုပြီးနောက် မေ နောက်တစ်နေရာသို့ ခြေလှမ်းကိုထပ်ရွှေ့ပြန်၏။ ဒီပိတ်စအဖြူအောက်မှာတော့ အမျိုးသမီးငယ်ရဲ့အလောင်းရှိတယ်လို့ ဘေးကရဲဝန်ထမ်းက ပြောပြပြီး...သူကတော့ မျက်နှာမှတ်မိဖို့တောင်ခက်လို့ သေချာအတည်ပြုပေးဖို့လည်း ပြောသည်။ မေလည်း တုန်ယင်နေသေးသည့် လက်အစုံဖြင့် ပိတ်စဖြူဖြူအား ဖြေးဖြေးချင်း ဖွင့်ဟကြည့်လိုက်ချိန်တွင်...
""အ!...အမလေး!""
သွေးပျက်ဖွယ်တွေ့လိုက်ရသောမြင်ကွင်းကြောင့် ခြေနှစ်လှမ်းလောက်အနောက်သို့ဆုတ်ကာ ယိမ်းယိုင်သွားမိရင်း...ပါးစပ်ကပါ အာမေဍိတ်သံပြုမိလေ၏။
""ဒါ...ဒါ...""
တကယ်ပဲ မျက်နှာအစိတ်အပိုင်းတစ်ချို့နှင့် ခန္ဓာကိုယ်နေရာအနှံ့မှာလည်း မီးလောင်ဒဏ်ရာတွေပြည့်နှက်နေသည့် မိန်းကလေး...။ မေ တော်တော်လေးကိုမှ ထိတ်လန့်နေခဲ့ပါပြီ။ သို့သော် စိတ်ကိုတင်းကာ ထိုအလောင်းအား အသေအချာပြန်ကြည့်လိုက်မိရင်း မျက်လုံးထဲမှာတော့ တခြားသူတို့ နားလည်ရန်ခက်ခဲသော အရိပ်အယောင်တွေ ယှက်သန်းနေလျက်။ မျက်ရည်တွေကျနေခြင်းကလည်း ဝမ်းနည်း၍လော...ဝမ်းသာ၍လော ဝေခွဲရခက်လှစွာ...။
""မိသားစုဝင်ဟုတ်ပါသလား ခင်ဗျာ
ကိုယ်တိုင်က အတည်ပြုဖို့ခက်ရင်တော့ DNAစစ်ဆေးချက်ယူပြီး...""
""ဟုတ်...ဟုတ်ပါတယ်
သူက ကျမရဲ့မိသားစုဝင်အမှန်ပါပဲ...ကျမရဲ့ညီမလေးပိုးရတုပါ...ညီမလေးနဲ့မေမေက ဒီကိုအပန်းဖြေခရီးထွက်လာကြတာပါ...ဒီလိုအဖြစ်ဆိုးကြောင့်...""
ဝမ်းပန်းတနည်းပြောကာ ရှိုက်ငိုလိုက်သည့် မေ့ကို ဆရာဝန်က နှစ်သိမ့်အားပေးသည့်သဘောဖြင့် ပုခုံးလေးပုတ်ကာ အားပေးရင်း...
""ကျွန်တော်တို့လည်း အကောင်းဆုံးကြိုးစားခဲ့ပါတယ်""
""အခုလိုဝမ်းနည်းစရာအချိန်မှာ တာဝန်အရမေးမြန်းရတာတွေကို အားနာပါတယ်...ကျွန်တော်တို့လည်း မတော်တဆမှုဆိုတာနားလည်ပေမယ့် လုပ်ထုံးလုပ်နည်းအရ အတည်ပြုစစ်ဆေးရတာပါ""
""ဟုတ်ကဲ့! ရပါတယ်""
အခန်းထဲကနေလူတွေအားလုံးပြန်ထွက်သွားတော့မှ မေ ထိုမိန်းကလေးအလောင်းကို ခပ်စိမ်းစိမ်းမျက်လုံးတို့ဖြင့် ပြန်စိုက်ကြည့်ကာ နှုတ်ခမ်းထက်တွင်လည်း မဲ့ပြုံးတစ်ပွင့်က ခပ်ရေးရေးပေါ်၏။ ရင်ထဲမှာ ဘယ်လောက်ပဲနာကျင်ကြေမွနေသောငြား မဲ့ပြုံးလေးတော့ ရအောင်ပြုံးနိုင်သေးသည့် မေတော်ဝင်ပါ။
'တွေ့ ဆုံ ကြုံ ကွဲ...ဖြစ်မြဲဓမ္မတာ'လေ...
လူတွေအားလုံးဟာ...တစ်နေ့တော့ဒီလမ်းပဲလျှောက်ကြရမှာပဲ...မေ သိပါတယ်...နားလည်တယ် လက်ခံတယ်...ဒါပေမယ့် အခုကအရမ်းစောလွန်းသွားတယ်လို့ ထင်တာလေးတစ်ခုပါပဲ။
ကျမရဲ့ကမ္ဘာကြီး ပြိုကျခဲ့ပြီ မောင်...
ဒါဟာ ကျမဘဝရဲ့ အကြီးကျယ်ဆုံးကံဆိုးမှုတစ်ရပ်ပဲ...ဒါပေမယ့်...ဒါပေမယ့်ပေါ့ မောင်ရယ်...ကျမ လုံးလုံးလျားလျားတော့ ကံမဆိုးခဲ့ဘူးနဲ့တူပါတယ်..သေခြင်းတရားက ကျမ မေမေကိုခေါ်ထုတ်သွားခဲ့သလို...မောင်သိပ်ချစ်တဲ့ ပိုးရတုကိုလည်း ပျောက်ကွယ်သွားစေခဲ့ပြီ...ကံတရားက ရှင်တို့ဘက်မှာ မရှိဘူးပဲ...အဟင်း ဟင်း!
နှုတ်ခမ်းတို့က ပြုံးနေသော်လည်း မျက်ဝန်းထဲမှာတော့ ကြေကွဲမှုတို့ အထင်းသား။ ပိုးရတုကို မုန်းပေမယ့် ဒီလိုအဆုံးသတ်ကိုတော့ မျှော်လင့်မထားခဲ့။ မောင့်အနားက ခွဲပစ်ချင်တယ်ဆိုသော်လည်း သူ့ကို အဝေးပို့လိုက်တာမျိုး မောင့်နဲ့သူ့ကြား အထင်လွဲမှားစိတ်နာအောင် ဖန်တီးတာမျိုးလောက်ကိုပဲ စဥ်းစားခဲ့တာပါ။ အခုတော့ မေတောင် ဘာမှမစီစဥ်ရသေးဘဲ သူ့အလိုလိုရှင်းလင်းသွားခဲ့ပါရောလား...။ကြိုမမြင်နိုင်တဲ့ ကံကြမ္မာရဲ့ ပြောင်းလဲဖြစ်ပျက်ပုံက မြန်ဆန်လွန်းလိုက်တာ!
သေချာတာက ဒီကံကြမ္မာကို ကျမလက်နဲ့ စီရင်ခဲ့တာ မဟုတ်ဘူး မောင်...။ သူက ကံဆိုးခဲ့တာ...ပြီးတော့ အလိုလိုဖြစ်တည်လာတဲ့ အခွင့်အရေးကို မေက လက်သင့်ခံရုံလေးပါပဲ...
အတွေးတို့ဖြင့် မေ ထိုအလောင်းကိုပဲ ထပ်ကာကြည့်မိသေးသည်။ ပြီးတော့ ကယိုင်ကနဲ့ခြေလှမ်းတို့ကို အားယူလျှောက်လှမ်းကာ အခန်းထဲမှပြေးထွက်သွားမိ၏။ ထိုခြေလှမ်းများရဲ့ ဦးတည်ရာကတော့...။
~~~~💞💞💞💞~~~~
""အကို!...လာခဲ့လေ
မှီအောင် လိုက်ဖမ်း!""
""ကလေး...""
""ဟင်း! မှီလည်း မမှီဘူးကွာ...ဟား! ဟား!""
ဘယ်နေရာမှန်း မသိသောနယ်မြေတစ်ခုမှာ...သူ့ရှေ့၌ ရယ်ကာမောကာ ပြေးလွှားနေသော အဖြူရောင်ပုံရိပ်လေးတစ်ခုကို ခပ်ဝါးဝါးသာတွေ့မြင်နေရပေမယ့် ဒါ ပိုးလေးမှန်းတော့ သူအလိုလိုခံစား၍ရနေပြီး ထိုအရိပ်နောက်သို့ ပြေးလိုက်ပေမယ့် ခြေလှမ်းတို့ကပဲ မရွေ့တာလား ပုံရိပ်ကပဲ ဝေးဝေးသွားတာလား မပြောတတ်။ သူမ အနီးသို့ မရောက်နိုင်ဖြစ်နေလေ၏။
""ပိုးလေး...အဝေးကြီးမပြေးနဲ့လေ!
ပြန်လာခဲ့""
""အကို! ""
ရယ်မောနေရာမှ ရုတ်တရက်ငိုသံစွက်လာသော အသံကြောင့် သူ့ရင်ထဲထိတ်ခနဲဖြစ်သွားရချိန်တွင် မျက်စိရှေ့သို့လည်း အခိုးအငွေ့တစ်ချို့ဖြတ်ပြေးလာပြီး မူလကတည်းက မသဲကွဲခဲ့သော ပုံရိပ်လေးက ထိုအငွေ့တွေကြား တဖြေးဖြေးနဲ့ပျောက်ကွယ်သွားကာ...ခေါ်သံလေးကလည်း တိုးတိမ်ဝေးကွာသွားတော့၏။
""အကို...!""
""ပိုး...""
ပြင်းပြသောခေါ်သံနဲ့အတူ မောင် ထိုနေရာမှ ရုန်းထွက်လိုက်ချိန်တွင် ရင်ထဲစိုးထိတ်နေမှုနှင့်အတူ လက်တွေ့လောကသို့ ပြန်ရောက်လာခဲ့သည်။ အလုပ်လုပ်ရင်း ခဏလေးမှေးမှိတ်အိပ်ပျော်သွားချိန်မှာ သူ ကလေးကိုအိပ်မက်မက်ခဲ့တာပဲ။ အိပ်မက်က ဘယ်လိုကြောင့် တကယ်လိုခံစားရတာလဲ ...။ ပိုးလေးကို စိတ်ပူသွားရသလို သူ့စိတ်ထဲလည်း ခံစားချက်တို့ကမကောင်းပေ။
""📲📲📲📲""
""Hello! ဇော်ထက်...ပြော...သူငယ်ချင်း""
""ဟိုဟာ!...မင်းသိထားရမှာ တစ်ခုရှိလို့""
""အင်း! ပြောလေ...Companyမှာဘာဖြစ်လို့လဲ""
""Companyမှာ ဘာမှမဖြစ်ဘူး
ဟိုဟာ!""
""ကဲ! ဘာပြောမှာမို့လို့လဲကွာ
ငါသိရမယ့်အကြောင်းဆို ပြောလေ မြန်မြန်""
""မင်းစိတ်ကို အေးအေးထားပြီး နားထောင်နော်!
မင်း...မင်းရဲ့ကောင်မလေး ဆုံးသွားပြီ""
""ဘာ! မင်းဘာပြောတယ်""
ကြားလိုက်ရတဲ့သတင်းက သူ့ရင်ထဲ မိုးကြိုးဆယ်စင်းပစ်ခွင်းသည့်နှယ်...။နှလုံးခုန်နှုန်းတွေတောင်ရပ်တန့်သွားသလိုပါ...။ဒါ..ဒါဘယ်လိုမှမဖြစ်နိုင်တာပဲ...မဟုတ်ဘူး
""မဖြစ်နိုင်ဘူး...ငါမယုံဘူး""
""ငါအမှန်ပြောတာ...မနေ့က ပြင်ဦးလွင်အတက်လမ်းမှာ သူပါတဲ့ကားက ချောက်ထဲထိုးကျပြီး မီးလောင်သွားခဲ့တာ...တိုက်တဲ့အရှိန်အရမ်းပြင်းတယ်တဲ့...ကားထဲကလူတွေ တစ်ယောက်မှမရှင်ဘူး...မေတော်ဝင်ရဲ့အမေလည်းပါတယ်...အခုဒီသတင်းက သတင်းစာနဲ့social mediaတွေမှာလည်းပျံ့နေပြီ...မင်းဖတ်ကြည့်!""
သူ ဖုန်းကိုပစ်ချကာ နေရာမှာ အရုပ်ကြိုးပြတ်ထိုင်ချလိုက်မိသည်။ မယုံကြည်နိုင်သေးသောစိတ်နှင့်အတူ ဟုတ်နေမလားဆိုသည့်အတွေးတို့ကလည်း သူ့ဆီသို့ ခြောက်ခြားဖွယ်တိုးဝင်နေကြ၏။ အဟုတ်ကိုပဲ လူမှုကွန်ရက်စာမျက်နှာတွေမှာ ထိုသတင်းတို့ရှိနေခဲ့ပါသည်။ ပြီးတော့ သေဆုံးသူ စာရင်းမှာလည်း 'မပိုးရတု'ဆိုသည့်နာမည်လေးပါဝင်နေခြင်းက သူ့ရင်ထဲက ဆုတောင်းတို့နှင့်ဆန့်ကျင်စွာ...။
မဟုတ်ဘူး...ကိုယ်လုံးဝမယုံနိုင်ဘူး
မင်း မဖြစ်ရဘူး...။
~~~~💞💞💞💞~~~~
စျာပနကို ပြင်ဦးလွင်နေအိမ်၌ လူနည်းစုဖြင့်သာဆက်လုပ်ဖြစ်ခဲ့ပါသည်။ ရန်ကုန်ကအသိမိတ်ဆွေတွေလည်း တချို့လောက်ကိုသာ လာခိုင်းပြီး ကျန်တဲ့သူတွေကိုတော့ တကူးတကမလာကြဖို့ မေပြောထားသည်မို့ မေမေ့ရဲ့နောက်ဆုံးခရီးဟာ အနည်းငယ်တော့ ခြောက်ကပ်တိတ်ဆိတ်နေခဲ့၏။ သို့သော် မေမေက ဒီလောကထဲကို သမီးတစ်ယောက်ပဲ ခေါ်သွင်းခဲ့တာလေ...ဒါကြောင့် ဒီသမီးတစ်ယောက်ရှိနေရင်ပဲ လုံလောက်ပြီ...အရာအားလုံးကို ပြည့်စုံအောင်လည်း မေတစ်ယောက်တည်းရဲ့ အင်အားနဲ့ စီစဥ်ပေးနိုင်သည် ။ စကားရှုပ်၊လူရှုပ်တာကို မေက နည်းနည်းမှ မနှစ်သက်ဘူးလေ ။
နောက်ဆုံးတော့ မေမေက သူချစ်တဲ့မြို့လေးမှာပဲ ဘဝနိဂုံးချုပ်ရတာကိုး...။ဒါကြောင့် အုတ်ဂူလေးကအစ ဒီမြို့လေးမှာပဲ စီစဥ်ပေးမှာပါ...။မေမေ အေးချမ်းစွာ အနားယူပါတော့!
မေ တစ်ယောက်တည်း မေမေ့ဓာတ်ပုံရှေ့ထိုင်နေစဥ် အနောက်မှရောက်လာသော လူရိပ်ကြောင့် လှည့်ကြည့်မိလိုက်တော့ 'ပိုးရတု'ရဲ့ဓာတ်ပုံရှိရာဆီသို့ ငေးစိုက်ကြည့်ကာ အသိလွတ်နေသည့်လူတစ်ယောက်ပမာ ရပ်နေသည့် 'မောင်'
""ဘယ်လိုဖြစ်ရတာလဲ?""
""မောင်...မောင်ပြန်လာတယ်""
""ဘယ်လိုဖြစ်ရတာလဲလို့ ငါမေးနေတယ်
ဘာလို့...ဘာလို့ အကောင်းအတိုင်းရှိနေတဲ့ကလေးက ဒီလိုမျိုး...""
""မောင်...စိတ်ကိုအေးအေးထားပါ
ငါလည်း ဘယ်လိုပြောရမှန်းတောင်မသိဘူး...အဖြစ်အပျက်က အရမ်းကိုမြန်ဆန်လွန်းလို့ အခုထိတောင် မယုံနိုင်သေးဘူး""
""နင်လိမ်နေတာမဟုတ်လား မေတော်ဝင်
သူ... သူသေသွားပြီဆိုတာ...မဟုတ်ဘူးမလား
ပြောစမ်းပါ...ငါ့ကိုမဟုတ်ဘူးလို့ပြောပါ""
""ဟုတ်တယ်...မောင်
နင့်ရဲ့ ပိုးရတု သေသွားပြီ
ဒီလောကမှာ 'သူ'ဆိုတာမရှိတော့ဘူး
နင် အမှန်တရားကို လက်ခံလိုက်ပါ""
""မဟုတ်ဘူး...ငါ သိတယ်...သူ ငါ့ကို ဒီလောက်လွယ်လွယ်နဲ့ ခွဲသွားမှာမဟုတ်ဘူး...""
"".....""
""မေတော်ဝင်....နင်....""
ပုခုံးနှစ်ဖက်ကို ဖိဆုပ်ကိုင်ထားလျက် နီရဲစူးတောက်နေသည့် မျက်ဝန်းတို့မှလည်း မီးတောက်တွေလျှံထွက်ကာ မေ့ကို ဝါးမြိုသွားတော့မတတ်ပင်။ ကြောက်စရာကောင်းလိုက်တဲ့ အကြည့်တွေ...ဒီသံသယမျက်လုံးတွေရဲ့ အနက်သဘောက ဘာအဓိပ္ပါယ်ကို ဆောင်နေသလဲဆိုတာ မေ ကောင်းကောင်းသဘောပေါက်နေပါ၏။
""မောင်! နင် ငါ့ကို အဲ့လိုမကြည့်နဲ့
ဒီကိစ္စ ငါနဲ့ဘာမပတ်သက်ဘူး...ငါ သူ့ကိုမုန်းတာမှန်တယ်...ဒါပေမယ့် ဒီလောက်ပက်စက်တဲ့အကြံအစည်မျိုး ငါ့မှာမရှိဘူး...ဘယ်လိုပဲဖြစ်ဖြစ် သူက ငါနဲ့တစ်သွေးထဲစီးဆင်းနေတဲ့သူ...ပြီးတော့ ဒီကိစ္စမှာ ငါ့အမေအရင်းတစ်ယာက်လုံး သေခဲ့တာကို...နင် မို့လို့ငါ့ကိုသံသယထားရက်တယ်""
""ဟာကွာ!""
ဘယ်လိုမှ မခံစားနိုင်တော့တဲ့ နှလုံးသားဆီမှ ပေါက်ကွဲထွက်လာသည့် စိတ်အစဥ်ကို ထွက်ပေါက်ပေးကာ သူ့လက်တို့က နံရံဆီသို့ အရှိန်ပြင်းပြင်းဖြင့် တရစပ်ဦးတည်နေမိ၏။ သတင်းကြားကြားချင်း ဘာကိုမှ ဂရုမစိုက်နိုင်စွာ သူ ဒီနိုင်ငံသို့အပြေးပြန်လာခဲ့သော်လည်း ဒီနေရာအထိရောက်လာနိုင်ဖို့ ကြားထဲမှာရက်အနည်းငယ်တော့ ကြန့်ကြာနေရသေးတာမို့ ကလေးရဲ့နောက်ဆုံးခရီးကိုတောင် သူ့မှာမြင်ခွင့်မရခဲ့။ မျက်စိရှေ့တပ်အပ်မမြင်လိုက်ရခြင်းမှာ သူမ သေသွားပြီဆိုတာ အမှန်ဖြစ်နေဦးတော့ လက်ခံနိုင်ရန်ခက်ခဲလွန်းနေ၏။
""မဟုတ်ဘူး""
""မောင်...မောင် မလုပ်နဲ့
ရပ်လိုက်တော့...""
ငြင်းဆန်အော်ဟစ်နေသော်လည်း မျက်စိရှေ့ရောက်နေသော အခြေအနေတွေက ယုံရတော့မလိုလိုပင်။ ရင်ထဲ ဆောက်တည်ရာမရသောခံစားချက်နဲ့အတူ နှလုံးသားဆီမှ ကွဲရှစွာနာကျင်ခြင်းတို့က လူကိုရူးသွပ်သွားစေလောက်သည်အထိ။ ပြင်ပဒဏ်ရာနာကျင်ခြင်းကို နှလုံးသားတစ်ခုလုံးကွဲကြေသွားတဲ့ ဆုံးရှုံးနာကျင်ခြင်းက လိုက်မီနိုင်ပါ့မလားလေ...
အခုတော့...ရှေ့၌မြင်နေရသည့် အဖြူရောင်ဂါဝန်လေးဖြင့် အလှဆုံးပြုံးပြနေတဲ့ ပုံရိပ်က သူချစ်သော ထိုကလေးမလေးရဲ့ နောက်ဆုံးသော စျာပနဓာတ်ပုံ...
""ဟုတ်! ပြောချင်တယ်
ပိုး အကို့ကို ချစ်တယ်""
""အဲ့ဒါတွေ အကြွေးမှတ်ထားလိုက်ပေါ့
အကိုပြန်လာရင် အဲ့ဒါတွေအကုန်လုပ်မယ်
ချစ်တဲ့အကြောင်းလည်း ထပ်ပြောပြမယ် စကားတွေလည်းပြောမယ် အတူတူအပြင်သွားမယ် မုန့်စားမယ်""
""အားလုံးအတွက် စိတ်ချနော်
ပိုးက လိမ္မာပါတယ်..သိရဲ့သားနဲ့""
နောက်ဆုံးတွေ့ခဲ့ရတဲ့နေ့မှာ သူမ ပြောခဲ့သည့်စကားလေးများက နားထဲ၌ ပဲ့တင်ထပ်စွာဝေ့ဝဲနေလေ၏။ ဘယ်တုန်းကမှ ဖွင့်ဟမပြောခဲ့သော ချစ်စကားလေးကိုလည်း အဲ့ဒီနေ့က ဖွင့်ပြောခဲ့ရှာတာ...။ကိုယ်သိနေတယ်...ဒါကြောင့် မသွားခင်ကတည်းက မင်းကို စိတ်မချနိုင်ဖြစ်နေခဲ့တာ...ကိုယ့်ကို စောင့်နေပါလို့ ပြောထားရက်နဲ့ ကလေးရယ်...
မင်း တကယ် ရက်စက်တာပဲ
မင်းပြောတော့ လိမ္မာပါတယ်ဆို!
တကယ်လိမ္မာရင်...ကိုယ့်စကားနားထောင်ရမှာပေါ့
နှလုံးသားထဲက တစ်စုံတစ်ရာကို ဆုံးရှုံးသွားရတဲ့ခံစားချက်က ရူးမတတ်ပါ...။ နာကျင်သည်...ရင်ထဲ အသည်းထဲက ပေါက်ကွဲထွက်မတတ်ကို နာကျင်နေပါ၏။ သူ့ဘဝထဲသို့ မမျှော်လင့်ဘဲဝင်ရောက်လာတဲ့ ကောင်မလေးကို အသည်းနင့်အောင်ချစ်မိပါမှ ရုတ်တရက်ပဲ အိပ်မက်ဆန်စွာပျောက်ကွယ်သွားခဲ့လေပြီ...
ထိုသို့သော...ရင်နင့်ဖွယ် ဆုံးရှုံးကြေကွဲခြင်းရဲ့နောက်...
သူ ရှင်သန်နေသော...ကမ္ဘာသည်လည်း...
~~~~💞💞💞💞~~~~
Continue to>>>Part 16
Readers/Wrirersလေးတွေအားလုံးက VIPပါ
Writer- WineSatt Cho(🍋Lëmoñ🍋)