🌧🌧️️ ကိုကို မုန်းရက်ခဲ့ရင်...🌧️🌧
မျက်ရည်တို့ဖြင့် ပြည့်နှက်နေခဲ့သောမျက်ဝန်းတွေက လမ်းတစ်လျှောက် မြင်ကွင်းအားလုံးကို ဝေဝါးနေစေခဲ့၏။ အစောက တွေ့ခဲ့ရသောအဖြစ်အပျက်များကလည်း အာရုံမှာ ဝေ့ဝဲရစ်ပတ်နေပြီး...နှလုံးသားဆီမှ ထိခိုက်နာကျင်ရလွန်းသော ခံစားချက်မှာ မသက်သာလေခဲ့...။ဘယ်လိုမှယုံနိုင်စရာမရှိသော်လည်း၊ မယုံကြည်ချင်ပါသော်လည်း မျက်စိနဲ့တပ်အပ်မြင်ခဲ့ရခြင်းထက် ပိုခိုင်လုံတဲ့အကြောင်းပြချက်ကို ထပ်ရှာစရာမလိုတော့ဘူး မဟုတ်လား...
တကယ်ဆို ရွှန်းရဲ့အမှားပါ...
ဘယ်တုန်းကမှ သူ့companyထိသွားမရှာခဲ့ဖူးပါဘဲ...ဒီနေ့ကျမှ ရောက်ဖြစ်အောင် ရောက်သွားလိုက်တာ...အခုတော့ မမြင်ချင်တာတွေမြင်ခဲ့ရပြီ...
သူတို့...သူတို့...ရွှန်းရဲ့နောက်ကွယ်မှာ ဒီလိုပဲ ဖြစ်ချင်တိုင်းဖြစ်နေကြသလား...
ကိုကို...တကယ်ပဲ ရွှန်း အပေါ်မှာ...
ဆက်တွေးရမှာတောင် စိုးရွံ့သည့်စိတ်ဖြင့်...ခေါင်းကိုခါယမ်းထုတ်လိုက်ပြီး...လက်အစုံကလည်း ကားစတီယာကိုတင်းတင်းဆုပ်ကိုင်ကာ leverကိုဖိနင်းရင်း...တဖြေးဖြေးနဲ့ မောင်းလာသည့်အရှိန်က အတော်များလာလေ၏။ တကယ်ဆို ရွှန်း အတော်ကိုတကိုယ်ကောင်းဆန်စွာ ရူးမိုက်နေမိပြီဆိုတာကိုလည်း သတိထားမိပါသည်။ အခုချိန်မှာ ရွှန်း တစ်ယောက်ထဲရဲ့ ဆုံးဖြတ်ချက်နဲ့စိတ်ထင်ရာလျှောက်လုပ်ပစ်ရင်
ကြားထဲကနေ ဒုက္ခရောက်ရရှာမယ့် ဖြစ်တည်မှုလေးတစ်ခုက ရွှန်းဆီမှာ ရှိနေခဲ့ပြီ.။အရင်ကတော့ ကိုယ့်စိတ်အထင်ပဲဆိုပြီး သူ့ကိုမပြောပြခဲ့ရသေးပေမယ့်...အခုတော့ ရွှန်းဆီမှာ ကလေးလေးရှိနေတာ သေချာသွားခဲ့ပြီ...ဒီအကြောင်းလေးကို ပြောပြချင်လို့ သူအိမ်ပြန်လာတဲ့အထိမစောင့်ဘဲ ရောက်လာမိတာကိုက အကြီးအကျယ်မှားသွားခဲ့သည်...
'ရှင့်ကို မတွေ့ချင်ဘူး...မတွေ့ချင်တော့ဘူး...မုန်းတယ်...'
ကြေကွဲသောခံစားချက်တွေနဲ့အတူ မျက်ရည်တို့စီးကျနေဆဲ မျက်ဝန်းတွေက တဖြေးဖြေးအမှောင်ဖုံးလာပြီး...လမ်းသွယ်တစ်ဖက်မှ အရှိန်ဖြင့်ထွက်လာသောကားတစ်စီးကို အချိန်မှီရှောင်တိမ်းရန် နောက်ကျသွားခဲ့လေ၏။
""ကျွီးးး! ဒုန်းး!""
""တီ!...တီ! တီ!""
ကျယ်လောင်လှသော ကားဘရိတ်နင်းသံနဲ့ ဟွန်းသံအရှည်ကြီးတွေကိုကြားလိုက်ရပြီးနောက်...ရွှန်းရဲ့အသိအာရုံတို့ လုံးဝအမှောင်အတိ ကျမသွားခင်မှာ...အမှတ်မရှိသောနှလုံးသားရဲ့ နောက်ဆုံးသော တမ်းတခြင်းက...
""ကိုကို!""
~~~~💞💞💞💞~~~~
ရွှန်း ပြန်သွားပြီးကတည်းက အိမ်ကိုတောက်လျှောက်ဖုန်းဆက်နေခဲ့ပေမယ့်...အိမ်ကိုပြန်မရောက်သေးဘူးလို့ပဲကြားရသလို...သူမဖုန်းကလည်း Power offဖြစ်နေသည်။ ထွက်သွားခဲ့တာကြာနေပြီ...အခုချိန်ဆိုအိမ်ပြန်ရောက်သင့်နေပြီလေ...
'ကျစ်! ဘယ်တွေလျှောက်သွားနေတာလဲကွာ...
မတော်တဆ လမ်းမှာတစ်ခုခုများ...'
တွေးကြည့်ရုံနဲ့တင် ရင်ထဲပူလောင်သွားသောအတွေးစကိုဖြတ်လိုက်ပြီး...ကားကိုလည်း အရှိန်တင်လိုက်ရင်း...သူမ သွားလေ့ရှိသော သူငယ်ချင်းဆီသို့ ဦးတည်လိုက်၏။
~~~💞~~~
""ရွှန်း...ဒီကိုလာသေးလား""
""မလာပါဘူး...ဒါနဲ့ရှင်က ဘာလို့သူ့ကိုအသည်းအသန်ရှာနေတာလဲ...သူစိတ်ဆင်းရဲအောင် ရှင်ဘာလုပ်လိုက်ပြန်ပြီလဲ""
""ငါ့ကိုပြန်မမေးနဲ့...ငါမေးတာပဲဖြေ
ရွှန်း မင်းဆီရောက်လာသေးလား""
'"မလာဘူးလို့ ရှင့်ကိုပြောနေတယ်လေ
ရွှန်းက ရှင့်လုပ်ရပ်မှန်သမျှ အမြဲသည်းခံခွင့်လွှတ်ပေးနေတာ
ဒီတစ်ခါ သူကိုယ်တိုင်ရှင့်ဆီကပျောက်သွားတယ်ဆိုရင်တော့ သူ ရှင့်ကိုစိတ်နာသွားလို့ပဲနေမှာ...သူဘယ်မှာရှိလဲကျမမသိဘူး သိရင်တောင် ရှင့်ကိုပြောမှာမဟုတ်ဘူး""
""........""
""ရှင်ဘာလို့သူ့အပေါ်သွေးအေးအေးနဲ့ရက်စက်နိုင်ရတာလဲ
ကျမဒီစကားကိုအမြဲပြောချင်နေခဲ့တာ...ရှင်ကသူ့အပေါ်ဘာတွေများဒီလောက်မကျေနပ်ဖြစ်နေတာလဲ...""
"".....""
""ရှင် သူ့ကိုတကယ်ရောနားလည်ရဲ့လား??
ရှင်ထွက်သွားခဲ့တဲ့နှစ်တွေမှာ သူဘယ်လိုနေခဲ့ရလဲ ရှင်သိရောသိရဲ့လား...? အဲ့ဒီအချိန်တုန်းက သူ မင်းပိုင်စေနဲ့စေ့စပ်တာ ရှင့်ကိုအချုပ်ထဲကကယ်ချင်လို့လုပ်ခဲ့တာ...အဲဒီကိစ္စနဲ့ရှင်သူ့အပေါ်အထင်လွဲပြီးထွက်သွားခဲ့တော့...သူ့မှာစိတ်ထိခိုက်လွန်းလို့ စကားတောင်မပြောနိုင်တော့ဘဲ ဆွံ့အသွားခဲ့တဲ့ အချိန်တွေရှိဖူးတယ်...သူ့ဘဝအတွက် မနည်းကိုပြန်ကြိုးစားပြီး ရှင်သန်နေချိန်မှာ ရှင်ပြန်ပေါ်လာတယ်...ပြီးတော့သူ့အပေါ် မကျေနပ်ချက်တွေထားပြီးလက်စားချေတယ်...တကယ်ဆို အဲ့ဒီလက်ထပ်ပွဲကိစ္စကလည်း သူမသိဘဲ...""
""တော်တော့!! ဆက်မပြောနဲ့....""
ညွှန်း တကယ်ပင် ထိုမိန်းကလေးရဲ့စကားတို့အား ဆက်နားမထောင်ဝံ့တော့ပါ။ ဒီစကားလုံးတွေက ရင်တစ်ခုလုံးကို အစိမ်းခြွေနေသည့်နှယ်...ခံရခက်လွန်းလေ၏။သူထွက်သွားခဲ့တဲ့အချိန်တွေမှာ သူမဒီလောက်အခြေအနေထိဖြစ်ခဲ့မှန်း လုံးဝကိုမသိခဲ့တာအမှန်...
လက်ထပ်ပွဲကိစ္စကိုလည်း သူမ ရှင်းပြပါလျက်...သူ ယုံကြည်မပေးခဲ့...။
'သွားပြီ...ကိုကို အရမ်းမှားသွားပြီ ညီမလေးရယ်
ကိုယ် မင်းအပေါ်ဘယ်လိုလုပ်ရပ်တွေလုပ်ခဲ့မိတာလဲ...
မင်း...မင်းအခုဘယ်ကိုရောက်နေတာလဲကွာ...'
ညွှန်း ချက်ချင်းပင် ကားကိုမောင်းကာထွက်လာခဲ့၏။ ရင်ထဲမှာလည်း ရစရာမရှိအောင်ပင် ကြေကွဲနေခဲ့ပါပြီ...။ အခုချိန်မှာ ရွှန်းကို ရှာတွေ့ဖို့သာ အရေးကြီးသည်။ ဒီနေ့ကိစ္စကြောင့်ရော သူမလေး ဘယ်လောက်များစိတ်ထိခိုက်သွားရှာမလဲ...
""ညီမလေး...ကိုကိုတောင်းပန်ပါတယ်
မင်း ကိုယ့်ဆီကနေ ပျောက်ကွယ်မသွားလိုက်ပါနဲ့...""
""📲📲📲""
ကားမောင်းနေရင်းမှ phoneဝင်လာသံကြောင့် လှမ်းယူကာကြည့်လိုက်တော့ contact listက ရွှန်းဖြစ်နေတာမို့...
""Hello! ညီမလေးဘယ်မှာ..""
""Hello ဒီနေရာက (***)ဆေးရုံကပါ...
ဒီဖုန်းပိုင်ရှင်မိန်းကလေးက ကားaccidentဖြစ်လို့ ဒီဆေးရုံကိုရောက်နေပါတယ်...ဖုန်းပိုင်ရှင်နဲ့သိပါသလားရှင့်""
""ဗျာ!""
~~~~💔💔💔💔~~~~
စိုးရိမ်လွန်းသောစိတ်ကြောင့် ညွှန်းဘယ်လိုပုံစံဖြင့်ဆေးရုံကိုရောက်လာခဲ့သည်မသိတော့ပါ..။စိတ်ထဲမှာလည်း ရွှန်းဘာမှမဖြစ်ဖို့ကိုပဲ အကြိမ်ကြိမ်ဆုတောင်းရင်း...သူမရှိရာအခန်းဆီ
ရောက်တော့တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် ညွှန်း ရင်တစ်ခုလုံး ပေါက်ကွဲထွက်သွားပြီဟုပင် ခံစားလိုက်ရသည်။ သူမရဲ့ကုတင်ဘေးမှာ ဆရာဝန်နဲ့ nurseတွေရှိနေပြီး သူမကတော့ ထိခိုက်ဒဏ်ရာတွေဖြင့်လဲလျောင်းနေသလို လုံးဝလည်းသတိရှိမနေချေ...။
""သြော်...ရှင်က ဖုန်းဆက်ထားတဲ့လူနာရှင်လား""
""ဟုတ်ပါတယ်""
""လူနာနဲ့ဘယ်လိုပတ်သက်ပါသလဲ""
""သူ့ရဲ့....သူ့ရဲ့ ခင်ပွန်းပါ""
ထိုစကားကိုဖြေလိုက်စဥ် ညွှန်းရဲ့မျက်ဝန်းမှ မျက်ရည်တို့ပင်စီးကျလာခဲ့၏။
'ခင်ပွန်း'တဲ့! ဒီလိုဖြေဖို့အခွင့် သူ့မှာရှိပါရဲ့လား...ကိုယ့်ကိုကိုယ် ဒီလိုသတ်မှတ်ထားတဲ့သူက ကိုယ့်ဇနီးကို ဒီလောက်ထိ အနာတရဖြစ်စေသတဲ့လား...
စက်ဆုပ်ဖွယ်ကောင်းလိုက်တာ...!
""လူနာက အပေါ်ယံထိခိုက်ဒဏ်ရာများပေမယ့်သိပ်တော့စိုးရိမ်စရာမရှိပါဘူး.. အရမ်းလန့်သွားတဲ့အရှိန်ကြောင့် သတိမလည်သေးတာပါ...တိုက်မိတဲ့အရှိန်ကပြင်းပေမယ့် တော်တော့်ကိုကံကောင်းလို့ ဗိုက်ထဲက ကလေးကိုတော့ထိခိုက်မသွားဘူး...အရမ်းကံကောင်းတဲ့ကလေးလေးပဲ""
""ဗျာ! ကလေး...ရွှန်းဆီမှာ ကလေးလေးရှိနေတယ်?""
""ဟုတ်တယ်...ခင်ဗျားဇနီးမှာ ကိုယ်ဝန်4ပတ်ရှိနေတယ်
အခုလို လနုသေးတဲ့အချိန်မှာသေချာဂရုစိုက်ရမှာ...လူနာကနဂိုကတည်းက ကိုယ်ခံအားအရမ်းနည်းတယ်...အခုလို accidentအထိပါဖြစ်ထားတော့ ရှေ့လျှောက်အရမ်းဂရုစိုက်ပေးမှဖြစ်လိမ့်မယ်""
Dr.က မှာစရာရှိတာမှာပြီးထွက်သွားလေ၏။ မကြာခင်မှာ သူမသတိရလာမှာပါတဲ့!...
ကလေး!...ကလေးလေးရှိနေတယ်တဲ့လား
ရွှန်းဆီမှာ သူ့သွေးသားလေးရှိနေပြီဆိုတဲ့အသိက ညွှန်းရဲ့ လက်ဖျားလေးများပင် အေးစက်တုန်ယင်လာသည်အထိ ရင်ထဲနွေးထွေးစွာ လှုပ်ခတ်စေလေသည်။ သူ့ဘဝမှာ မိသားစုဆိုတဲ့ ခံစားမှုက ဘယ်တုန်းကမှမရှိခဲ့ဖူးတာလေ...
ညွှန်း သူမဘေးနားလေးဝင်ထိုင်ကာ လက်ဖဝါးလေးတစ်ဖက်အားဆုပ်ကိုင်လျက် သူမမျက်နှာလေးကိုငေးကြည့်နေမိ၏။
သူမ နိုးလာခဲ့ရင်...သူ့ကိုမုန်းတီးတဲ့အကြည့်တွေနဲ့ကြည့်နေမည်လား...။ဘယ်လိုပဲဖြစ်ဖြစ်ပါ...မင်းသာ အမြန်ဆုံးသတိရလာပေးပါ...ကိုကို့ကိုမုန်းတယ်ဆိုတဲ့စကားပဲဖြစ်ဖြစ်ပြောလိုက်ပါကွာ!!
""ဟင်!""
သူ ငေးကြည့်နေဆဲမှာပင် ဆုပ်ကိုင်ထားတဲ့လက်လေးများက လှုပ်ရှားလာပြီး မျက်တောင်လေးတွေလည်းပုတ်ခတ်ရွေ့လျားသွားကာ...တဖြေးဖြေးနဲ့ သူမရဲ့မျက်ဝန်းလေးများပွင့်လာလေ၏။
""ညီမလေး...""
""ဟင်! ကျမဘာဖြစ်...""
မနည်းအားယူကာမေးလိုက်ရင်းမှ ဖြစ်ခဲ့သောအခြေအနေကို ရွှန်း ပြန်သတိရသွားကာ...
""ကလေး...ကလေးရောဘာဖြစ်သွားလဲ...
သူ...တစ်ခုခုများ...အ!""
စိုးရိမ်စိတ်ကြောင့် ချက်ချင်းပင်ရုန်းထမိတော့...ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်နေသလို...ခေါင်းထဲမှာလည်းမူးဝေနေတာမို့ ကိုယ်ရှိန်ကိုမထိန်းနိုင်ဘဲ ပြန်လဲကျလေ၏။ ဘေးက ထိန်းပေးထားသူသာမရှိရင် ရွှန်းတော့ ကြမ်းပြင်ပေါ်သို့ ပုံလျက်သားကျတော့မည်သာ...
""စိတ်အေးအေးထားနော်...ညီမလေး
ကလေးလေးကဘာမှမဖြစ်ဘူး...သူ ညီမလေးဆီမှာရှိပါတယ်
ကိုကိုတို့ ကလေးလေး အန္တရာယ်ကင်းတယ်""
ဘာမှမဖြစ်ဘူးဆိုမှပဲ...ရွှန်းစိတ်ကိုပြန်လျှော့ချလိုက်ရသည်။
ကိုယ့်ရဲ့မိုက်မဲမှုကြောင့် ကလေးသာတစ်ခုခုဖြစ်သွားခဲ့ရင် ရွှန်း ကိုယ်ကိုကိုယ်တောင်ခွင့်လွှတ်နိုင်မှာမဟုတ်...။'ကိုကိုတို့ကလေး'တဲ့! ဒါဆို...သူသိသွားပြီပေါ့...
""ကလေးကိစ္စ ညီမလေးသိပြီးသားဆိုရင်...ဘာလို့ကိုကို့ကိုအစကတည်းကပြောမပြခဲ့တာလဲ""
""ရှင်သိလည်း ဝမ်းမသာလောက်ပါဘူး
ပြောတော့ရော...ဘာထူးလို့လဲ"
""ဘာ! မင်းဘာပြောတယ်""
""ဟုတ်တယ်...ကျမမှာ ကလေးရှိနေတယ်
ဒါပေမယ့် အခုရှင်သိသွားလည်း ဒီအတွက်နဲ့ဘာမှအနေခက်စရာမလိုဘူး...ကျမရှင့်ကိုဒီကိစ္စကြောင့်နဲ့လိုက်ပြီးချည်နှောင်နေမှာလည်းမဟုတ်ဘူး...ရှင်ကြိုက်တဲ့သူနဲ့ နေချင်သလိုသာနေ...ဒီကလေးကိုလည်း ရှင်နဲ့ဘာမှမသက်ဆိုင်ဘူးလို့သတ်မှတ်လိုက်...ရတယ်...ကျမဘာမှမပြောဘူး""
""ချစ်ရည်ရွှန်း...မင်းဘယ်လိုစကားမျိုးတွေပြောလိုက်တာလဲဒီကလေးကဘာလို့ကိုယ်နဲ့မသက်ဆိုင်ရမှာလဲ...မင်းကွာ!
မင်းမို့လို့...ဒီစကားမျိုးပြောထွက်ရက်တယ်""
""ကျမရှင့်ကိုမုန်းပစ်လိုက်ချင်ပြီ စေညွှန်း
ရှင့်အနားမှာလည်းမနေချင်တော့ဘူး...
ရှင်က ဟိုးအရင် ကျမသိခဲ့ဖူးတဲ့သူမဟုတ်တော့ဘူး...
ရှင် ဘာတွေများဒီလောက်တောင်မကျေနပ်တာလဲ...ကျမဘာတွေများမှားခဲ့လို့လဲ...အရင်တချိန်က ပြောခဲ့ဖူးတဲ့စကားလေး နည်းနည်းအတွက်နဲ့ ရှင် ကျမအပေါ်ဒီလောက်ထိတောင်အငြိုးထားပြီး လက်စားချေတယ်...ရှင်...ရှင် ကျမကိုအဲ့လောက်တောင် မုန်းနေရင်...""
ငိုရှိုက်လျက်ပြောနေသည့်စကားတို့ကိုပင် မဆက်နိုင်တော့ပဲ နှုတ်ခမ်းပါးလေးများက တဆတ်ဆတ်တုန်ယင်နေလေ၏။ ညွှန်းလည်း ထိုမြင်ကွင်းကိုကြည့်ကာ ယူကျုံးမရသောခံစားချက်တို့က ရင်ထဲစိုးမိုးနေလျက်....
သူမကို...မုန်းနေတယ်တဲ့လား...
ဒီလိုအတွေးတွေ...ဘယ်တုန်းကတည်းကသူမဆီမှာရှိနေခဲ့တာလဲ...တစ်ချိန်လုံးအနားမှာရှိနေပေမယ့် သူမရင်ထဲမှာဒီလောက်ထိ နက်နဲတဲ့ခံစားချက်တွေရှိနေမယ်မှန်း ညွှန်းလုံးဝကိုမရိပ်မိခဲ့တာ...။အခုတော့ အနားမှာတောင်မနေချင်တော့ဘူးတဲ့လား...ဒီအတောအတွင်းမှာ သူမအပေါ်အနိုင်ယူတာလေးတွေရှိခဲ့ပေမယ့်...အဲ့ဒီအနိုင်ယူခြင်းတွေရဲ့နောက်မှာဘယ်တုန်းကမှ အမုန်းတွေမရှိခဲ့ဖူးတာအမှန်ပါ...။
""ညီမလေး...""
""မခေါ်နဲ့!...ရှင့်ကို မမြင်ချင်ဘူး...ထွက်သွား""
""ကိုကိုတောင်းပန်ပါတယ်...ကိုကိုအရမ်းမှားသွားတယ်
ညီမလေးကိုအရမ်းထိခိုက်စေမိပြီ...တောင်းပန်ပါတယ် ကိုကို့ကိုခွင့်လွှတ်ပေးပါကွာ..""
ညွှန်း သူမ ကိုယ်လေးအားတင်းကျပ်စွာဖက်ထားရင်း တောင်းပန်စကားတို့ကိုလည်းအထပ်ထပ်ဆိုနေမိပေမယ့် သူမကတော့ ညွှန်းရဲ့ရင်ခွင်ထဲမှ အတင်းလူးလွန့်ရုန်းထွက်နေလျက်...
""လွှတ်! ကျမကိုမထိနဲ့...ရှင် ထွက်သွား...သွား!""
ထိုစဥ် nurseတစ်ချို့ကအခန်းထဲပြေးဝင်လာကာ...
"လူနာက အခုမှသတိရခါစပဲရှိသေးတာ...အရမ်းစိတ်လှုပ်ရှားလို့မဖြစ်ပါဘူး...ရှင် အရင်ဆုံးထွက်သွားလိုက်တာကောင်းမယ်...ပြသာနာရှိရင်နောက်မှပြေလည်အောင်ပြောပါ...အခုတော့သွားလိုက်ပါ""
ညွှန်းလည်း ရှေ့ဆက်တိုးရန်မတတ်သာသည့်အခြေအနေကြောင့် ခြေလှမ်းတို့ကိုနောက်ဆုတ်ပြီး သူမအနားမှထွက်လာခဲ့ရ၏။
'ကိုကို တောင်းပန်ပါတယ်...ညီမလေးရယ် ...
မင်းထင်နေသလို ကိုကိုဘယ်တုန်းကမှ မင်းကိုမမုန်းခဲ့ပါဘူး..'
~~~~💞💞💞💞~~~~
""ဗျာ! ဆေးရုံကဆင်းသွားပြီ?""
""ဟုတ်...ခုနလေးတင်ပဲ...သူ့မိဘတွေနဲ့တူတယ်
လာခေါ်သွားတာ""
ထိုစကားကိုကြားပြီးတာနဲ့ ညွှန်း ချက်ချင်းပင် ကားကိုသူမအိမ်သို့ဦးတည်လာခဲ့သည်။
အရင်ရက်တွေမှာ ရွှန်းကလုံးဝအတွေ့မခံတာကြောင့် သူရှောင်ပေးနေခဲ့ရပေမယ့်...အနီးအနားမှာတော့အမြဲရှိနေခဲ့တာပါ...။အခုခဏလေး လွတ်သွားတဲ့အချိန်မှာ သူမ ရအောင်ထွက်ပြေးသွားခဲ့သည်...
မရဘူး! မင်းကို ကိုယ့်ဆီကနေဘယ်သူမှ ခေါ်မသွားရဘူး...
""တီ!....တီ!...တီ!""
ခြံရှေ့ကနေ အဆက်မပြတ်တီးနေသောဟွန်းသံကြောင့် အိမ်ထဲမှ ရွှန်းရဲ့မိဘတွေထွက်လာလေသည်...။ဒါပေမယ့် ဟိုကလေးမကိုတော့အရိပ်အယောင်တောင်မတွေ့ရပေ...
""မင်း ဒီကိုဘာလာလုပ်တာလဲ""
""ကျွန်တော် ရွှန်းနဲ့တွေ့ချင်တယ်""
"ငါ့သမီးကမင်းကိုမတွေ့ချင်ဘူး...မင်းပြန်လိုက်တာကောင်းမယ်""
""မပြန်ဘူး...ရွှန်းကိုမတွေ့ရဘဲနဲ့ကျွန်တော်မပြန်နိုင်ဘူး""
""ဒါဆို အခုတွေ့ပြီမလား...ရှင်ပြန်တော့""
အသံနဲ့အတူ ညွှန်း တွေ့ချင်လွန်းသောပုံရိပ်လေးကအနားသို့ရောက်လာလေ၏။
""ညီမလေး...ကိုကိုတောင်းပန်ပါတယ်
ကိုကိုနဲ့ပြန်လိုက်ခဲ့ပါကွာ...မင်းမြင်ခဲ့တဲ့အဲ့ဒီကိစ္စက လုံးဝအမှန်မဟုတ်ဘူး...""
""ကျမပြောပြီးပြီလေ...ကျမရှင့်အနားမှာမနေချင်တော့ဘူးလို့...ရှင်အခုလိုထပ်လာနှောက်ယှက်နေမယ်ဆိုရင် ကျမဒီနေရာမှာလည်းမနေတော့ဘူး""
"ဟုတ်ပြီ...ကိုကိုအလျှော့ပေးတယ်
ကိုကိုပဲသွားပါ့မယ်...""
ဒီတစ်ကြိမ်မှာတော့ စကားနားထောင်စွာလှည့်ထွက်သွားလေသည်။ ရွှန်း တကယ်လည်းဒီမှာနေဖို့စိတ်ကူးမထားပါ...ဒီအိမ်ကနေ ရွှန်းဘယ်လိုပုံစံမျိုးနဲ့ထွက်လာခဲ့သလဲ...အခုရောဘယ်လိုပုံစံမျိုးနဲ့ပြန်ရောက်လာသလဲ...ဒီပတ်ဝန်းကျင်မှာ ရွှန်းကြောင့် မေမေတို့အရှက်ရပေါင်းများခဲ့ပြီ...။အခုလည်း ရွှန်းလှမ်းခေါ်လိုက်တဲ့အချိန်မှာ မိဘတွေက ချက်ချင်းကိုရောက်လာပေးခဲ့ပြီး အရင်လုပ်ရပ်အတွက်ဘာတစ်ခွန်းမှထပ်အပြစ်မတင်ခဲ့ကြပေ...။ အမှန်အတိုင်းပြောရရင် ရွှန်းသူ့ကိုခွင့်လွှတ်ချင်ပါသည်...အမှတ်မရှိလွန်းသော ကိုယ့်ကိုကိုယ်လည်းမုန်းသည်...အရာအားလုံးနဲ့ဝေးရာကိုလည်း ခဏလောက်ဖြစ်ဖြစ်ရှောင်တိမ်းနေချင်မိပါရဲ့...။
~~~~💞💞💞💞~~~~
""ဘယ်လို daddy!...ရွှန်းက""
""ဟုတ်တယ်...သား...
သမီးလေးက အနားယူဖို့လိုအပ်တယ်
ဒါကြောင့်ဒီမနက်ပဲ သူ့မိဘတွေကမေမြို့မှာရှိတဲ့အိမ်ကိုပို့လိုက်တယ်...""
""ဟာ...အဓိပ္ပာယ်မရှိတာ
ကျွန်တော့်ကိုလုံးဝလာမတွေ့ဖို့ပြောလို့ သွားမတွေ့ရဘဲနေပေးတယ်...ဒါတောင်ကျွန်တော်နဲ့ဝေးရာကိုထပ်ပို့ကြသေးတာလား""
""မဟုတ်ပါဘူး...သားရယ်
သမီးလေးကိုယ်တိုင်က သွားချင်တယ်ပြောခဲ့တာ
ခဏပါကွာ...သူ့ကိုခဏလေးအချိန်ပေးလိုက်ပါ
ပြီးတော့ သမီးလေးရဲ့ကျန်းမာရေးအခြေအနေကရှိသေးတယ်လေ...လောလောဆယ် သားသူ့ဆီသွားမတွေ့ပါနဲ့
Daddyပြောတာနားထောင်!""
ဘာများထပ်ပြောနိုင်ပါဦးမလဲ...
အခုချိန်မှာ အရာရာက မင်းစိတ် မင်းသဘောပါညီမလေး....
မင်းကိုယ့်ကို မမြင်ချင်ဘူးဆိုလို့ကိုယ်မတွေ့ဘဲနေပေးတယ်
ဒါတောင် မင်းက ကိုယ့်ရဲ့အဝေးကိုထပ်သွားသေးတယ်...
Ok! မင်းရဲ့ဆုံးဖြတ်ချက်အတိုင်းပါပဲ...
ဒါပေမယ့်...ကိုယ်အချိန်တွေအများကြီးတော့မပေးဘူးနော်...။
~~~~~
(2)လခန့်ကြာပြီးနောက်...
""မမလေး...ခြံထဲမှာအကြာကြီးမထိုင်နဲ့လေ...လေတွေကအေးလာပြီ...""
""အင်းပါ...ယဥ်ယဥ်ရယ်...မမခဏနေဆိုဝင်တော့မယ်နော်""
""ဟုတ်...ခဏပဲနော် မမ
ယဥ်ယဥ်အိမ်ထဲမှာ ညနေစာပြင်ထားလိုက်မယ်""
ပြောပြီးတာနဲ့ ကောင်မလေးကအိမ်ထဲဝင်သွားလေ၏။.ဒီအိမ်နဲ့ခြံကို လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းကရွှန်းမိဘတွေဝယ်ထားတာဖြစ်ပြီး...ယဥ်ယဥ်တို့မိသားစုကိုခြံစောင့်အဖြစ်ထားခဲ့တာလည်း အဲ့ဒီကတည်းကပင်..။ရွှန်းကတော့ဒီကိုအခုမှပထမဆုံးလာဖူးတာမို့...သူတို့နဲ့သိပ်မရင်းနှီးပေမယ့်...တော်တော်လေးတော့ဂရုစိုက်ပေးကြပါသည်။
ဒီရောက်နေတဲ့နှစ်လလုံးမှာ ရွှန်းစိတ်ထဲအနည်းငယ်တော့အေးချမ်းမှုရလာသည်။အေးချမ်းအောင်လည်းနေရတာပေါ့...ရွှန်းနေမကောင်းရင်...ကလေးလေးလည်းအဆင်မပြေဖြစ်ရမှာလေ...။
ရွှန်း ထိုင်နေဆဲမှာပင်...လေအေးတစ်ချက်တိုးဝှေ့သွားတာကြောင့် အေးစိမ့်သွားရ၏။ မဖြစ်ပါဘူး...ဒီမှာဆက်ထိုင်နေရင်အအေးမိလိမ့်မယ်!
""အမလေး!!...အ!""
ကိုယ့်အတွေးနဲ့ကိုယ် မတ်တပ်ထရပ်လိုက်စဥ်မှာပဲ...ခြေထောက်တစ်ဖက်က မတော်တဆခဲပေါ်နင်းမိကာ ဘေးသို့ခြေချော်လဲကျလေ၏။ ရွှန်း ဘယ်လိုမှမထိန်းလိုက်နိုင်တာကြောင့်'သွားပြီ'ဟူသောအသိဖြင့် မျက်လုံးထဲပြာဝေသွားရပေမယ့် ရုတ်တရက် ရွှန်းရဲ့ခန္ဓာကိုယ်လေးအား ဆွဲပွေ့ယူလိုက်သည့်လက်တစ်စုံကြောင့် ထင်သလိုဖြစ်မသွားခဲ့ပေ..
""တွေ့လား! ဒီလိုသတိမထားတတ်ပုံနဲ့ဆို ကိုယ်ဘယ်လိုစိတ်ချရမှာလဲ""
အလန့်တကြားနဲ့မှိတ်ထားတဲ့မျက်လုံးတို့မဖွင့်ရသေးပေမယ့်...ကြားလိုက်ရတဲ့အသံရဲ့ပိုင်ရှင်က...ကိုကိုမှန်းရွှန်းသိပါသည်...
""ရှင်...ရှင်ဒီကိုဘာလာလုပ်တာလဲ""
""မင်းလေးက ကိုယ့်ဆီပြန်မှမလာတာ
တွေ့ချင်လွန်းလို့ လိုက်လာရတာပေါ့""
""မလိုက်လာနဲ့...ကျမဒီမှာပဲနေချင်တယ်
ပြန်မလာချင်သေးဘူး""
"""အင်း...ဟုတ်ပြီလေ...ဒါဆို ကိုကိုလည်းဒီမှာပဲနေမှာပေါ့""
""ဘယ်သူကခွင့်ပြုလို့လဲ...ပြန်တော့""
သတိရလွန်းလို့ လိုက်လာသူကိုအတင်းပဲနှင်လွှတ်ကာ အနားက ထွက်သွားရန်ပြင်နေတဲ့ကောင်မလေးကိုညွှန်းလုံးဝမလွှတ်ပေးဘဲ...ရင်ခွင်ထဲထွေးဖက်ထားလိုက်မိသည်။
သူမကတော့ထုံးစံအတိုင်း သူ့ရင်ဘတ်ကိုအတင်းရုန်းဖယ်နေပေမယ့်...ဒီတစ်ခါတော့ ညွှန်းလုံးဝလွှတ်မပေးမိဘဲပိုလို့ပင် တိုးဖက်ထားလိုက်ရင်း...
""ကိုကိုတောင်းပန်ပါတယ်...ခွင့်လွှတ်ပေးပါကွာ
ကိုကို...ညီမလေးကိုအရမ်းလွမ်းတယ်...ဒါပေမယ့်ဒီကိုလိုက်လာခဲ့ရင် ကိုယ်နဲ့ဝေးရာကိုထပ်ပြီးပျောက်သွားမှာစိုးလို့...""
""တော်ပါ...စိတ်ထဲမပါတဲ့စကားတွေလာပြောမနေနဲ့
ရှင့်ဘက်ကအခုလိုတောင်းပန်တာ...ကလေးကြောင့်မဟုတ်လား...ကလေးရှိနေလို့...မတတ်သာ...""
စိတ်ရှိတိုင်းပြောချင်ရာပြောတော့မည့်နှုတ်ခမ်းလေးအား...ညွှန်း ဆက်ပြောခွင့်မပေးတော့ဘဲ...အနမ်းတို့ဖြင့်သိမ်းပိုက်လိုက်တော့၏။စက္ကန့်အနည်းငယ်ကြာပြီးမှ ပြန်လွှတ်ပေးလိုက်တော့ သူမက အံ့သြနေသည့်မျက်လုံးဝိုင်းလေးများဖြင့်မော့ကြည့်နေလေသည်...။
""ထပ်ပြောရင်...အခုလိုခဏလေးနဲ့ပြန်လွှတ်မယ်မထင်နဲ့နော်""
""ရှင်...ရှင်ဘာတွေလျှောက်ပြောနေတာလဲ""
""ကိုကိုပါ...ညီမလေးရဲ့
ဘာလို့ တရှင်ရှင်ပဲပြောနေတာလဲ""
""ကိုကို!""
အသံလေးတိုးတိုးနဲ့ရေရွတ်သလိုလေးခေါ်မိတော့ သူကသဘောတကျပြုံးနေလေ၏။ပြီးတော့ ရွှန်းရဲ့နဖူးလေးထက်ဖွဖွနမ်းရှိုက်လိုက်ပြီး
""ကိုကို ညီမလေးကိုအရမ်းချစ်တယ်
ဟိုးအရင်ကတည်းက ကိုယ့်နှလုံးသားကိုမင်းတစ်ယောက်တည်းပဲပိုင်ခဲ့တာ...မင်းကလွဲပြီးဘယ်သူ့ကိုမှမချစ်ခဲ့ဖူးပါဘူးကွာ...။ဟုတ်တယ်...ကိုယ်ဝန်ခံတယ် အဲ့ဒီတုန်းက စေ့စပ်ပွဲမှာမင်းပြောလိုက်တဲ့စကားတွေကြောင့် ကိုယ်မကျေနပ်ဖြစ်ခဲ့တယ် စိတ်ဆိုးတယ်...ဒါပေမယ့်ထွက်သွားပြီးတဲ့နောက် မင်းဆီကိုပဲပြန်လာခဲ့တယ်...ဒီရောက်တော့မင်းရဲ့လက်ထပ်ပွဲနဲ့ထပ်ကြုံရပြန်တယ်...အဲ့ဒီတော့...""
""ကိုကို...လက်ထပ်ပွဲကိစ္စက ညီမလေးမသိ...""
ပျာပျာသလဲအမူအယာလေးဖြင့်ရှင်းပြလာစဥ်...ညွှန်း သူမနှုတ်ခမ်းဖူးလေးပေါ်သို့ လက်ညှိုးလေးဖြင့်ဖိကပ်လိုက်ရင်း
""ကိုကိုသိပြီးပါပြီ...အဲ့ဒီကိစ္စကတော့...ကိုကို့ကလေးလေးအပေါ် အများကြီးအထင်လွဲမိသွားတာ..""
""ဒါဆို ကိုကို...ညီမလေးကိုမမုန်းတော့ဘူးပေါ့နော်""
"ဟင့်အင်း! ကိုကို ဘယ်တုန်းကမှညီမလေးကိုမမုန်းရက်ခဲ့ပါဘူးကွာ...အသက်နဲ့ထပ်တူ ချစ်လာခဲ့တာဟိုးငယ်ငယ်ကတည်းက...ပြီးတော့ Suzyကိစ္စကလေ...ညီမလေးမြင်ခဲ့သလိုမဟုတ်ဘူးနော်...ကိုကိုက...""
စကားသံတို့တိတ်ဆိတ်သွားရပါ၏။ဒီတစ်ခါတော့ စကားတို့မဆက်နိုင်အောင် ကိုကို့နှုတ်ခမ်းလေးများပေါ်အရင်ကျူးကျော်ခဲ့တာက ရွှန်း ကိုယ်တိုင်ပါပဲ...။ဒါကို ကိုကို့ဘက်မှလည်း အလိုက်သင့်တုံ့ပြန်သောအနမ်းတို့က နူးညံ့ညင်သာစွာနွေးထွေးသက်ဝင်နေခဲ့လေ၏။
တကယ်တော့ သူရှင်းပြချင်နေသောကိစ္စကို ရွှန်းဒီကိုထွက်မလာခင်ကတည်းက Suzyလာရှင်းပြခဲ့ပြီးသားပါ။ သူနဲ့ကိုကိုကြားမှာသူငယ်ချင်းဆိုတဲ့အတိုင်းအတာထက်ဘယ်တုန်းကမှမပိုခဲ့ဖူးသလို...အဲ့ဒီနေ့ကလည်း ရွှန်းအထင်လွဲသွားအောင်သူတမင်လုပ်ခဲ့တာဖြစ်ပြီး သူ့ဘက်က ကိုကို့အပေါ်တစ်ဖက်သတ်ပိုသာခဲ့သောချစ်ခြင်းကြောင့် ရွှန်းကိုမနာလိုဖြစ်မိတာကိုလည်းဝန်ခံခဲ့သေးသည်။ ဒါကြောင့် အဲ့ဒီကိစ္စအတွက် ရွှန်း ကိုကို့အပေါ် အစကတည်းကကျေအေးခဲ့ပြီးသား...
ဒါပေမယ့် ကိုကို့ဘက်ကသဘောထားကဘယ်လိုရှိနေမှန်း ရွှန်းမခန့်မှန်းတတ်ခဲ့ဘူးလေ။ ကိုကိုက ဟိုးအရင်ကကိစ္စတွေကြောင့် ရွှန်းအပေါ်မကျေနပ်ဖြစ်နေခဲ့တာ...ဒီမကျေလည်မှုတွေ ကင်းရှင်းသွားဖို့ ရွှန်းတို့နှစ်ယောက်ကြားမှာ အချိန်တစ်ခုလိုအပ်တယ်လို့ ယူဆတဲ့အတွက်...ရွှန်း တမင်ရှောင်ထွက်လာခဲ့ခြင်းပါ..။ ပြီးတော့ သူ့အနားမှာနေခဲ့တုန်းက ရွှန်း အပေါ်ရက်စက်ခဲ့တာတွေလည်း မနည်းဘူးလေ...အဲ့ဒီတော့ ရွှန်းအတွက်လည်းကုစားဖို့အချိန်လိုတယ်မဟုတ်လား...။
အခုတော့ ထပ်တူကျသောချစ်ခြင်းတို့နဲ့လှပစွာအနားသတ်နိုင်ခဲ့ပြီဖြစ်သလို...အရာရာသည်လည်း ခမ်းနားစွာလှပနေ၏။
""ကိုကိုနဲ့ပြန်လိုက်ခဲ့တော့နော်""
""အင်း...ဒါဆိုကတိတစ်ခုပေးရမယ်...ပေးမှာလား""
""ပေးတယ်...အားလုံးကညီမလေးရဲ့သဘောအတိုင်းပဲ""
""လာ..ကိုကို့လက်ပေး""
ရွှန်း ပြောပြောဆိုဆိုနဲ့ ကိုကို့လက်ဖဝါးလေးတစ်ဖက်အားလှမ်းဆွဲယူကာ ရွှန်းရဲ့ဗိုက်နားလေးကိုကပ်ပေးလိုက်ပြီး...
""ဒီနေရာမှာ ကိုကို့ရဲ့ကလေးလေးရှိနေတယ်
သူ မကြာခင်ဒီလောကထဲရောက်လာတဲ့အခါ ကိုကိုက ဖေဖေဖြစ်တော့မှာနော်...ဒီတော့အဖေတစ်ယောက်ရဲ့နေရာကနေ ...အဲ့ဒီ့ခံစားမှုကိုနားလည်အောင်သင်ယူပါ...ညီမလေးပြောချင်တာကို သဘောပေါက်လား?""
ညွှန်း အသေအချာကိုနားလည်တာပေါ့... သူမ ပြောချင်တာကသူ့ကိုအဖေအရင်းဖြစ်သူနဲ့ပြေလည်မှုရစေချင်တဲ့သဘောပဲမဟုတ်လား...
""ကိုကိုဖြေလေ...ပေးမှာလားလို့ အဲ့ကတိ""
လိုချင်တဲ့အဖြေမရမချင်း မျက်နှာကိုအတင်းလိုက်ကြည့်ကာမေးနေတဲ့ သူမက တကယ့်ကလေးလေးလိုဖြစ်နေတာကြောင့် ညွှန်း အသည်းယားစွာပင် ပါးဖောင်းဖောင်းလေးကိုဖွဖွလိမ်ဆွဲလိုက်ရင်း...
"နားလည်ပါတယ်...ကလေးဆိုးလေးရယ်
ပူဆာနေတာတွေရပ်ပါဦး...ပြန်ဖို့နောက်ကျနေမယ်""
""ဟင်! အခုချက်ချင်းပြန်ရမှာ?""
""ဒါပေါ့..""
ပြောနေရင်းကနေ ကိုကို ရွှန်းရဲ့ကိုယ်လေးအား ပွေ့ချီလိုက်လေ၏။
""ကိုကိုဘာလုပ်တာလဲ..ရွှန်းလမ်းလျှောက်နိုင်ပါတယ်""
""မရပါဘူး...ခုနကခြေထောက်ခေါက်ထားတယ်လေ""
""အခုမှသိပ်ကြင်နာတတ်နေပါလား""
ရွှန်း ကိုကို့ရင်ဘတ်ကိုလှမ်းထုလျက် မျက်စောင်းလေးရွယ်ကာပြောတော့ သူကသဘောကျစွာရယ်နေပြန်၏။
အရင်ကဆို အမြဲတမ်း အလိုမကျသလိုမျက်ဝန်းတွေနဲ့ မျက်မှောင်ကျုံ့ကာကြည့်တတ်တဲ့ကိုကို့ဆီမှာ အပြုံးချိုချိုလေးတွေရှိနေပါရောလား...
ဒီလိုလေးပဲ အမြဲပြုံးနေပါ ကိုကိုရယ်...
ဟိုးငယ်ငယ်ကတည်းက ရွှန်း ကိုကို့ကိုတိတ်တခိုးစွဲလမ်းခဲ့တာ...အဲ့ဒီ့အပြုံးလေးတွေကြောင့်ပဲလေ....
ကိုကိုမသိခဲ့ဘူး မဟုတ်လား...
အဲ့ဒီ့နေ့ကစလို့ ရွှန်းနဲ့ကိုကိုတို့ရဲ့ချစ်ခရီးဟာ ချစ်ခြင်းတို့ဖြင့်အတိဖုံးလွှမ်းလျက်...သာယာလှပနေခဲ့လေသည်...
~~~~💞💞💞💞~~~~
(4)နှစ်ခန့်ကြာပြီးနောက်....
စိမ်းလန်းလှပနေတဲ့မြက်ခင်းပြင်ထက်မှာ ပြေးလွှားဆော့ကစားနေသူနှစ်ယောက်ကို ရွှန်း ကြည်နူးမှုအပြည့်ဖြင့်ငေးကြည့်နေမိပါ၏။ အသက်3နှစ်အရွယ်ကလေးမလေးက ပန်းနုရောင်ဂါဝန်လေးကိုဝတ်ဆင်ထား