book

Index 22

ဇာတ်သိမ်းပိုင်း

ဧကြည်ဖြူ


" အဝါရောင်ရဲတိုက် "


*******************


" စိုင်းလွှမ်း ."


        သလင်းဖြူ အထိတ်တလန့်နှင့် အော်လိုက်မိလေသည်။မြင်လိုက်ရသော မြင်ကွင်းက သွေးပျက်စရာအတိပါပင် ။တစ်ဖက်လူမှ သလင်းဖြူကို ဓါးနှင့် လှမ်း၍ထိုးလိုက်သည်ကို နေလင်း (ခေါ် ) စိုင်းလွမ်းက လှမ်း၍ ကာလိုက်ခြင်းဖြစ်သည် ။ အခန်းထဲတွင် အလင်းရောင် ခပ်မှိန်မှိန်သာ ရှိခြင်းကြောင့် စိုင်းလွှမ်းကိုမည်မျှ ထိခိုက်သွားသည်ကို မသိသော် လည်း စိုင်းလွှမ်း၏နာကျင်စွာ အော်လိုက်သော အသံကြောင့် ဓါးနှင့်ထိသွားပုံရလေသည်။


"ဖြူလေး .....အပြင်ကို ထွက် ... ညဘက်တည့်တည့်မှာ လှေကားရှိတယ် ...အပေါ် ကို တက်ပြီးပြေးတော့ "


      စိုင်းလွှမ်း၏ စကားကြောင့် သလင်းဖြူ လှေကားရှိရာဘက်သို့ မှန်းဆ၍သွားလိုက်လေသည်။လေးငါးဆယ်လှမ်းမျှ လျှောက်သွားလိုက်သည်နှင့်လှေကားကို ခပ်ဝါးဝါး မြင်ရလေသည်။သလင်းဖြူ လှေကားဆီသို့ ရောက်သည်နှင့် စိုင်းလွှမ်းရှိရာဆီသို့ တစ်ချက်မျှ လှည့်၍ ကြည့်လိုက်ပြီး လျှင် လှေကားပေါ်သို့ လျင်လျင်မြန်မြန်တက်ခဲ့လိုက်သည်။လှေကား အဆုံးတွင် တံခါးတစ်ချပ်ကို တွေ့ရသောကြောင့် တွန်းဖွင့်လိုက်သောအခါ ပြင်ပမှ အလင်းရောင်ကို တွေ့လိုက်ရလေသည်။သလင်းဖြူ တံခါးကို ပြန်ပိတ်လိုက်ပြီးနောက် တံခါးမကြီးကို ရှာလိုက်လေသည်။သလင်းဖြူ ရောက်ရှိနေသော နေရာသည် မည်သည့်အရပ်တွင် ရှိမှန်း မသိသော်လည်း အိမ်၏ပုံစံမှာဟောင်းနွမ်းနေသော်လည်း ခိုင်ခန့် လုံခြုံလေ၏။ခပ်စောစောက သလင်းဖြူကို ဖမ်းထားခဲ့သောနေရာမှာ အိမ်ကြီး၏ မြေအောက်ခန်း ဖြစ်ပုံရလေသည်။အိမ်ကြီးသည် သလင်းဖြူ တွေ့ရသလောက်တော့ ပေနှစ်ဆယ်ပေလေးဆယ်မျှလောက် ကျယ်ဝန်းသော အုတ်ခံသစ်သားအိမ်ဟောင်းတစ်လုံသာဖြစ်လေသည်။သလင်းဖြူ ရှာဖွေကြည့်နေမိရင်းမှ တံခါးမကြီးကို တွေ့သော်လည်း တံခါးကို အပြင်မှသော့ပိတ်ထားပုံရလေသည်။တံခါးမှာ ဘယ်လိုဖွင့်ဖွင့် မပွင့်ဘဲ ရှိလေသည်။မပွင့်သည့် အဆုံးတွင် သလင်းဖြူ လက်လျှော့လိုက်ပြီး နောက်ထပ်တံခါးပေါက်ကိုရှာကြည့်လိုက်လေသည်။ပြတင်းပေါက်များရှိသော်လည်းဖွင့်၍ကမရဘဲရှိလေသည်။သလင်းဖြူ အထိတ်ထိတ်အလန့်လန့်နှင့်ပင် ဖွင့်ထားသော တံခါးတစ်ချပ်တလေများတွေ့ရလိုတွေ့ရငြား အလောတကြီး ရှာဖွေနေမိလေသည်။အတန်ကြာရှာဖွေပြီးသောအခါတွင် နောက်ထပ် တံခါးမကြီးတစ်ချပ်ကို တွေ့သော်လည်း သည်အခါ၌တံခါးမှာ အတွင်းမှ သော့ခတ်ထားခြင်းဖြစ်လေသည်။ထပ်မံ၍ အိမ်၏ နေရာအနှံ့တွင် သော့ကို ရှာဖွေကြည့်ရာ အစအနပင်မတွေ့ရဘဲရှိလေသည်။ထိုစဉ်မှာပင်သလင်းဖြူ၏နောက်ဘက်မှ ခြေသံကိုကြားလိုက်ရ၍လှည့်ကြည့်လိုသောအခါတွင် လက်မောင်းတွင် သွေးများ စီးကျလျက် သလင်းဖြူရှိရာဆီသို့ မောပန်းတကြီးနှင့်ရောက်လာသော စိုင်းလွှမ်းကိုတွေ့လိုက်ရလေသည်။


"ဖြူလေး....ဒီမှာ သော့ ... ဘာမှ မစိုးရိမ်နဲ့တော့ အန္တရာယ်မရှိတော့ဘူး .. မြေအောက်ခန်းတံခါးကိုလဲ ပိတ်ထားလိုက်ပြီ "


" နင့် .. နင့်လက်မှာ သွေး...သွေးတွေနဲ့ ... ဟို ... ဟို တစ်ယောက် ရောဟင်  "


       သလင်းဖြူ သော့ကို လှမ်းယူလိုက်ပြီး အထစ်ထစ်အငေါ့ငေါ့နှင့် မေးလိုက်မိသည်။


"ရတယ် ဖြူလေး  ငါဘာမှ မဖြစ်ဘူး ... ငါ့အစ်ကိုလဲ ဘာမှမဖြစ်ပါဘူး ....သူသောက်မယ့် အရက်ထဲမှာ အိပ်ဆေးခတ်ထားလို့ အိပ်ပျော်သွားပြီး တော်တော်နဲ့တော့ နိုးမှာ မဟုတ်ဘူး ...အပြင်မှာ မိုးချုပ်တော့မယ် ... နေရဲရဲ့လား `"


       စိုင်းလွှမ်းက မျက်နှာငယ်လေးနှင့် သလင်းဖြူကို လှမ်းမေးလိုက်လေသည်။


"နင် ...နင် သက်သာရဲ့လား ... ဒဏ်ရာကို အဝတ်နဲ့စည်းထားလိုက်ပါလား ..ပြီးတော့ နင် ပါရွာထဲကို လိုက်ခဲ့ပြီး လက်ကို ဆေးခန်းပြပါ "


       သလင်းဖြူလည်း မိမိအသက်ကို ကယ်ထားသောစိုင်းလွှမ်းကိုကြည့်ပြီး ကရုဏာစိတ်ဝင်မိသောကြောင့် စိုးရိမ်စွာမေးလိုက်မိသည်။


" ရ...ရပါတယ် ဆေးခန်းတော့မပြတော့ပါဘူး ....အဝတ်တစ်ထည်သွားယူပြီးပဲ စည်းထားလိုက်မယ် ..."

~~~~~~~~~~~~~~~~

       သလင်းဖြူက စိုင်းလွှမ်းယူလာသော အဝတ်စနှင့် စိုင်းလွှမ်း၏ ဒဏ်ရာကိုစည်းနှောင်ပေးလိုက်သည်။ ဒဏ်ရာကရှပ်ထိသွား၍သာတော်ပေတော့သည်။


"ကျွန်... ကျွန်တော်တောင်းပန်ပါတယ် မသလင်းဖြူ "


        နေလင်း(ခေါ်) စိုင်းလွှမ်းက သလင်းဖြူကို ကြည့်ပြီး မဝံ့မရဲ့ တောင်းပန်စကားဆိုလိုက်သည်။

   

          


"ကျွန်မကို သတ်ခိုင်းနေတာ ဘယ်သူလဲဆိုတာကို ကျွန်မသိတယ် .... ရှင်က ဘာကြောင့် ကျွန်မသူငယ်ချင်းစိုင်းလွှမ်းလို့ ဟန်ဆောင်နေရတာလဲကစပြီး အားလုံးရှင်းပြပါ "


     သလင်းဖြူက နေလင်းကို မေးလိုက်သည်။


"ကျွန်တော် အားလုံးကို ရှင်းပြပါ့မယ် .... "


~~~~~~~~~~~~~~~~~~~


  "ဒါက ဘယ်နေရာလဲ "


          အိမ်ပြင်သို့ ရောက်သောအခါ အိမ်မှာ တောင်ကုန်းအမြင့် တစ်ခုပေါ်တွင်တည်ဆောက်ထားခြင်းဖြစ်ကြောင်းကို သလင်းဖြူတွေ့လိုက်ရလေသည်။အိမ်၏ပတ်ဝန်းကျင်၌လည်း လူနေအိမ်ဟူ၍ မတွေ့ရဘဲ သစ်ပင်ကြီးများနှင့် တောင်ကုန်းများကိုသာတွေ့ရသောကြောင့် သလင်းဖြူ မေးလိုက်ခြင်းဖြစ်သည်။


"ဒီနေရာက လျှိုချောက် အနောက်ဘက်ကတောအုပ်ပဲ...ဒီအိမ်မှာ အရင်က မိသားစုတစ်စုနေခဲ့ကြတယ်တဲ့ ... ဒါပေမဲ့ ဓါးပြတိုက်ခံရပြီး အိမ်သားအချို့ အသတ်ခံလိုက်ရလို့  အိမကိုစွန့်ပစ်သွားကြတာတဲ့ .. ဒါနဲ့သူဌေးက ဒီအိမ်ကို ဝယ်လိုက်ပုံရတယ် "


"ဪ "


"ဒီမှာ မသလင်းဖြူရဲ့ဖုန်းပါ ...ထွဋ်ခေါင်ဆိုတဲ့လူဆီကို ကျွန်စော်ဖုန်းဆက်ထားပါတယ် ...သူ မကြာခင် ရောက်လာလိမ့်မယ် ...သူရောက်မလာခင်  မသလင်းဖြူ သိချင် နေတာတွေကို ကျွန်တော်ပြောပြပါ့မယ် .."


~~~~~~~~~~~~~~~~~~~


"ကျွန်တော်နာမည်က နေလင်းပါ ... ငယ်ငယ်ကတည်းက မိဘတွေ ဆုံးပါးသွားကြလို့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ပဲကျန်ခဲ့တယ် ... အစ်ကိုက ကျွန်တော့်ထက် ရှစ်နှစ်ကြီးပါတယ် ... ပြီးတော့ အစ်ကိုက မကောင်းတဲ့အလုပ်မှန်သမျှအကုန်လုပ်တယ် ... အစ်ကိုနဲ့ နေခဲ့ရတဲ့ ကျွန်တော်ကရော ဘာထူးမှာလဲ .... ငယ်ငယ်ကနေခုချိန်ထိ အစ်ကိုခိုင်းသမျှကိုလုပ်ခဲ့ရတယ် ... ရုပ်လေးဗန်းပြပြီး လူတကာကိုလိမ်ညာခဲ့တယ် ...ဒါကြောင့်လဲ တစ်နေရာတည်းမှာ တည်တည် မြဲမြဲမနေနိုင်ဘဲ နေရာအနှံ့ လျှောက်သွားနေခဲ့ရတယ် ....ဒီလိုနဲ့ တစ်နေ့မှာ သူဋ္ဌေးနဲ့တွေ့ခဲ့ရပြီး ... သူဌေးက ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို အလုပ်တစ်ခုအပ်ခဲ့တယ် ... အဲ့ဒီအလုပ်က မသလင်းဖြူတို့ရဲ့ ဆွေမျိုးတစ်စုကို စောင့်ကြည့်ရတဲ့အလုပ်ပေါ့ .."

        

 "သူ ... သူက ဘာလို့ အဲ့လို စောင့်ကြည့်ခိုင်းထားရတာလဲ"

       သလင်းဖြူ အံ့ဩတကြီးနှင်းမေးလိုက်မိသည်။


"ဒါကတော့ အမွေတွေကို သူတစ်ယောက်တည်း ပိုင်ဆိုင်ရဖို့ ကြံနေလို့ပေါ့ ...ဒီလိုနဲ့ တစ်နေ့မှာ သူဌေးက နေ့ခင်းကြီး ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ကို တိုက်ကြီးဆီကိုလာဖို့ ခေါ်ခဲ့တယ်... ကျွန်တော်တို့ညီအစ်ကိုလဲ သူညွှန်ကြားတဲ့အတိုင်း ခြံနောက်ဘက်ကနေ ဝင်ခဲ့ပြီး .... နောက်ဖေး လှေကားကနေ တိုက်ကြီးရဲ့ အပေါ်ဆုံးထပ်ကို တက်ခဲ့တာပေါ့ ... အပေါ်ကို ရောက်တော့ ဘာကို တွေ့တယ်ထင်လဲ ... သိပ်ကို ကြောက်စရာကောင်းတဲ့ မြင်ကွင်းကို တွေ့ခဲ့ရတယ် ... ကျွန်တော်တို့ အပေါ်ကို ရောက်တော့ ....လှေကားကတက်တက်ချင်း အခန်းထဲမှာ ယောကျာ်းတစ်ယောက်ရဲ့ အလောင်းကို တွေ့ရတယ်... ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး ... အိမ်ထဲက အခန်းတစ်ခန်းထဲမှာ အမျိုးသမီးတစ်ယောက်ကို လည်ပင်းညှစ်သတ်ထားသေးတယ် ....နေ့ခင်းကြီးမှာ လူနှစ်ယောက်တောင် သတ်ထားတာ တကယ့်ကို လူမဟုတ်ဘဲ မိစ္ဆာ တစ်ကောင်လိုပဲ ... ကျွန်တော်တို့ညီအစ်ကိုက လူလိမ် လူမိုက်တွေဆိုပေမဲ့ လူရိုက်တာကလွဲလို့ လူမသတ်ဖူးဘူး ... ဒါပေမဲ့ သူပေးတဲ့ငွေကြေးက ကျွန်တော်တို့ ညီအစ်ကို အတွက် မက်မောစရာမို့ အလောင်းတွေကို ဖျောက်ဖျက်ပေးဖို့ ကျွန်တော်တို့ လက်ခံလိုက်ကြတယ် "


       သလင်းဖြူသည် နေလင်း ပြောနေသော စကားများကို နားထောင်နေပြီးနောက် ကြက်သေသေလျက်ရှိသည်။ရင်ထဲ၌ ထိတ်လန့် ကြောက်ရွံ့မှုနဲ့အတူ ရွံ့ရှာစက်ဆုပ်မုန်းတီးသောစိတ်များပါ ဝင်ရောက်လာမိလေသည်။


"ဒါ ...ဒါဆို .. တ ...တကယ်ပဲ ခေါ် လေး သေသွားပြီးပေါ့  ...ဒေါ်လေးတို့ရဲ့ အလောင်းတွေကို ဘယ်မှာ ဝှက်ခဲ့တာလဲ ...ဒီအိမ်နားမှာလား ...ဒါမှမဟုတ် ကျွန်မတို့ ခြံထဲက ရေတွ င်းပျက်ထဲကို ပစ်ချခဲ့တာလား "


     သလင်းဖြူက နာနာကြည်းကြည်းနှင့် မေးလိုက်သည်။


"မှန်ပါတယ်...အလောင်းတွေက ရေတွင်းပျက်ထဲမှာပါ ... နေ့လယ်ခင်းကြီးမှာ အလောင်းတွေကို အဝေးကို သယ်သွားတာထက် ... အိမ်သားတွေ မရှိတဲ့ ခြံထဲမှာ ဖျောက်ပစ်တာက အလွယ်ကူဆုံးပဲလေ ... အလောင်းတွေကို ရေတွင်းထဲပစ်ချလိုက်ပြီး အပေါ်ကနေ မိုးကာစတွေရော ...အမှိုက်တွေပါ ပစ်ချခဲ့ပြီး အပေါ်ကနေ သွပ်အဟောင်းတွေ ဟန်မပျက်ပြန် အုပ်ခဲ့တယ်...ပြီးတော့ နောက်နေ့မနက်စောစောမှာပဲ ... ကျွန်တော်တို့ ညီအစ်ကိုနဲ့ သစ်ပင်ခုတ်သမားအချို့ ခြံထဲက အပင်တွေကို ရှင်းပြီး သစ်ကိုင်းသစ်ခက်တွေကို ရေတွင်းထဲကို ပစ်ချ ကြတာပေါ့ ... အဲ့ဒီအချိန်မှာ တခြားအလုပ်သမားတွေက ရေတွင်းထဲမှာ လူသေအလောင်းတွေ ရှိနေမှန်း မသိတော့ အလုပ်ကို ပျော်ပျော်ရွှင်ရွှင်လုပ်နေကြပေမဲ့ ကျွန်တော်တော့ အရမ်းကို ကြောက်နေခဲ့မိတာ ...သစ်ကိုင်တွေကို ရေတွင်းထဲပစ်ချပြီး ရေတွင်းပြည့်သွားတော့ ရေတွင်းရဲ့ဘေးနှုတ်ခမ်းသားတွေကို ဖြိုချပြီး အပေါ်ကနေ ကျောက်ပြားတွေနဲ့ပိတ်ပစ်လိုက်ကြတယ် ... ဒါတောင် အားမရလို့ ခုတ်ထားတဲ့ သစ်လုံးပိုင်းတွေကို အဲ့ဒီနားတစ်ဝိုက်မှာပဲ ဖုံးအုပ်ထားတဲ့ ပုံစံမျိုးလုပ်ခိုင်းခဲ့တယ်လေ "


    နေလင်းပြောနေသော စကားများကို နားထောင်နေရင်းမှ ဒေါ် လေးတို့ချစ်သူနှစ်ယောက်ကို သနားလွန်း၍ သလင်းဖြူ၏ ရင်ထဲ၌ တလှိုက်လှိုက်နှင့် ဝမ်းနည်း ဆို့နင့်လာမိလေသည်။


" ရက်စက်လိုက်တာရှင် ..ကိုယ့်ညီမအရင်းကို လုပ်ရပ်လိုက်တာ ...ဘယ်လိုစိတ်နဲ့များ ဒီလောက်ထိလုပ်ရက်ရတာလဲ ..." 


  " တောင်း ..တောင်းပန်ပါတယ် မသလင်းဖြူ ... "


      နေလင်းက သလင်းဖြူကို ကြည့်၍ မျက်လွှာကို ချပြီး တောင်းပန်စကားဆိုလိုက်သည်။


"ရှင်က ဘာလို့ ...ကျွန်မသူငယ်ချင်းစိုင်းလွှမ်းအဖြစ် ဟန်ဆောင်ခဲ့တာလဲ ...ဆက်ပြောပါ "


" ဒါက...ကျွန်အော်တို့ အလောင်းတွေကို ဖျောက်ဖျက်ပစ်လိုက်ပြီး သိပ်မကြာခင်မှာ ...ကိုစိုင်းရန်နိုင် ရွာကို ရောက်လာခဲ့တယ်လေ ... ကိုစိုင်းရန်နိုင်ကို စောင့်ကြည့်ဖို့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို တာဝန်ပေးခဲ့တယ် .... သူထင်တဲ့အတိုင်းပါပဲ ကိုစိုင်းရန်နိုင်က အိမ်ကြီးကို ရောက်ပြီး မကြာခင်မှာဘဲ သူသိချင်တာတွေကို ရှက်ဖွေ စုံစမ်းခဲ့တယ် ..ဒါပေမဲ့ သူဘာကိုမှာ လက်ဆုပ်လက်ကိုင် မပြနိုင်ခဲ့ဘူးလေ "


       အစ်ကိုစိုင်းရန်နိုအကြောင်းပါလာသောအခါ သလင်းဖြူ ဝမ်းနည်းလွန်း၍ မျက်ရည်ကျမိပြန်သည်။

သလင်းဖြူကိုယ်တိုင်ကပင် အစ်ကိုစိုင်းရန်နိုင်ကို အထင်လွှဲခဲ့မိသည်များကို ပြန်တွေးလိုက်မိသောအခါ မျက်ရည်များက တားဆီးမရနိုင်အောင်ပင် ပါးပြင်ပေါ်သို့ စီးကျလာလေသည်။


      နေလင်းသည် မျက်ရည်များဖြင့် ပြည်လျှံနေသော သလင်းဖြူ၏မျက်နှာကို မဝံ့မရဲကြည့်ပြီးလျှင် သူ၏ စကားကို ဆက်လိုက်သည်။


"တစ်နေ့ကျတော့ သူဌေးက ကျွန်တော့်ကို ခေါ်ပြီး အခြားလူတစ်ယောက်လို ဟန်ဆောင်ရမယ်လို့ ပြောခဲ့တယ် ... အဲ့ဒီလူ ဟန်ဆောင်ပြီး သူ့တူမနဲ့ သူငယ်ချင်းတွေအဖြစ် ရင်းရင်းနှီးနှီးနေရမယ်... သူ့တူမ ဘာလုပ်လဲ ဘယ်သွားလဲ ...ဘာတွေသိထားလဲ ဆိုတာကို ကျွန်တော်က စုံစမ်းပြီး သူ့ကို အကုန်ပြန်ပြောပြရမယ်ဆိုပြီး ခိုင်းခဲ့တယ် "


"ရှင် ...ရှင်တို့ တော်တော်ယုတ်မာကြတာပဲ ..."


      သလင်းဖြူ ဒေါ်သတကြီးနှင့် အော်ဟစ်ပစ်လိုက်မိသည်။


      နေလင်းသည် ခေါင်းကို ငိုက်စိုက်ချ၍ထားပြီး သလင်းဖြူကို တောင်းပန် တိုးလျှိုးသော မျက်နှာနှင့် ငေးကြည့်နေသည်။


"ဒါ ...ဒါဆို ... အစ်ကိုစိုင်းရန်နိုင်ကိုရော ရှင်တို့ သတ်ခဲ့တာလား ...ပြီး ..ပြီးတော့ ကျွန်မကို ဆိုင်ကယ်နဲ့တိုက်ခဲ့တာကရော...ဂိုထောင်ထဲမှာ  မြွေတွေ့တဲ့ကိစ္စကရော  "


     သလင်းဖြူ တုန်တုန်ယင်ယင်နှင့် မေးလိုက်မိသည်။


"အစ်ကိုပါ .. အားလုံးကို ကျွန်တော့် အစ်ကိုလုပ်ခဲ့တာ ..ငွေအတွက် လောဘဇောတိုက်နေတဲ့ အစ်ကိုက သူခိုင်းသမျှ အကုန်လုပ်ခဲ့တယ် ... ဒါပေမဲ့ မသလင်းဖြူကို သတ်ခိုင်းတဲ့ကိစ္စကို ကျွန်တော် သဘောမတူခဲ့ဘူး ...ဒါကြောင့် အစ်ကို ကြံစည်ခဲ့တာတွေကို လိုက်ပြီး နှောက်ယှက်ခဲ့တယ် .."


      သလင်းဖြူသည် မယုံကြည်နိုင်အောင်ပင် ဖြစ်မိလေသည်။ငွေအတွက် သွေးသားရင်းချာများအပေါ် ဤမျှရက်စက်ယုတ်မာလိမ့်မည်ဟု တွေးထင်မထားခဲ့မိပါချေ။


"ဒါဆို ...ကျွန်မအခန်းထဲကို ညဘက် ခိုးဝင်လာတဲ့သူက ဘယ်သူလဲ ရှင်လား "


" ကျွန်တော့် အစ်ကိုပါ ...အခန်းထဲကို ညဘက် ခိုးဝင်တာတင မဟုတ်ဘူး ...လည်ဆွဲကိုပါ ယူပြီး ... မသလင်းဖြူ အခန်းထဲမှာ ထည့်ထားခဲ့တာလဲ အစ်ကိုပါပဲ "


"ဘာ ..ဘယ်လို.....လူယုတ်မာတွေ ...လူလိမ်တွေ..."


     သလင်းဖြူ ဒေါသထွက်လွန်း၍ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိလေသည်။


"ဒါ ..ဒါနဲ့ ..ဦးငယ်ရော ...ဦးငယ် ဘယ်မှာလဲ ..ဦးငယ်ကိုရော သတ်လိုက်ကြပြီလား ..ဦးငယ်သေတာရော ကျွန်မ ကြောင့် မဟုတ်လား ...ကျွန်မအကြောင်း အကုန်လုံးကို ရှင့်ကို ပြောပြခဲ့မိတာက ... ကျွန်မအစ်ကိုနဲ့ ကျွန်မဦးလေးကို သတ်ပါတော့ဆိုပြီး သတင်းပေးသလို ဖြစ်ခဲ့တာ မဟုတ်လား "


    သလင်းဖြူ အရူးတစ်ယောက်လို ဆောက်တည်ရာမရတော့ဘဲ့ အထိတ်တလန့်နှင့်မေးလိုက်မိသည်။


"ကျွန်တော် .. ကျွန်တော် အဖမ်းခံမှာပါ ... အပြစ်တွေအားလုံးအတွက် ကျွန်တော် အပြစ်ဒဏ်တွေကို ခံယူမှာပါ .. ကျွန်တော့်ရဲ့ ဖုန်းထဲမှာ သူဌေးခိုင်းခဲ့တာတွေကို ဗီဒီယို ခိုးရိုက်ထားတာတွေရှိပါတယ် ... ဗီဒီယိုတွေကို မသလင်းဖြူ ဖုန်းထဲကိုလည်း ထည့်ပေးထားပါတယ် ... ကျွန်....ကျွန်တော် တောင်းပန်ပါတယ် မသလင်းဖြူ "


"သလင်းဖြူ ...သလင်းဖြူ "


       သလင်းဖြူ အံကိုတင်းတင်းကြိတ်၍ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး နေလင်းကို စူးစူးဝါးဝါးစိုက်ကြည့်နေမိစဉ်မှာပင် သလင်းဖြူနာမည်ကို ခေါ်သံကြားလိုက်ရလေသည်။


" ကိုထွဋ်ခေါင် "


        ထွဋ်ခေါင်၏ ခေါ်သံကြားလိုက်ရသည်နှင့် သလင်းဖြူ လှမ်း၍အသံပေးလိုက်သည်။


"သလင်းဖြူ မင်းဘာဖြစ်သွားသေးလဲ...."


      ထွဋ်ခေါင်က စိုးရိမ်တကြီးမေးလိုက်ရင်း သလင်းဖြူ၏ ကိုယ်လုံးလေးကို လှမ်း၍ ဆွဲယူ ပွေ့ဖက်လိုက်လေသည်။


"ကျွန်မ ... ကျွန်မက ဘာမှမဖြစ်ပါဘူး ... ကျွန်မဒေါ်လေးရောင်.... ရှင့်ဦးလေးပါ အသတ်ခံလိုက်ရပြီတဲ့ .. ပြီး ..ပြီးတော့ အစ်ကိုစိုင်းရန်နိုင်နဲ့ ဦးငယ်လဲ ကျွန်မကြောင့် ...ကျွန်မကြောင့် သေရတာရှင့် ...ကျွန်မက သူ့ကို ကျွန်မသူငယ်ချင်းအမှတ်နဲ့ အကုန်လျှောက် ပြောပြခဲ့မိလို့ ကျွန်မအစ်ကိုနဲ့ ကျွန်မဦးလေးက အသတ်ခံလိုက်ရတာလေ "


      သလင်းဖြူသည် ထွဋ်ခေါင်ကိုဖက်၍ ဆောက်တည်ရာမဲ့ ပြောဆို ငိုကြွေးနေမိလေသည်။


" မသလင်းဖြူ ...ကျွန်တော်ပြောဖို့ တစ်ခု ကျန်သေးတယ် ... မသလင်းဖြူရဲ့ ဦးလေး မသေပါဘူး ... ဒဏ်ရာတွေ အများကြီးရထားလို့ ....အခြားတစ်ရွာမှာ  ကျွန်တော်ဝှက်ပေးထားပါတယ် "


      နေလင်း၏ စကားကြောင့် သလင်းဖြူမှာ ငိုနေရင်းမှ လှိုက်ခနဲ ဝမ်းသာပျော်ရွှင်သွားမိလေသည်။


~~~~~~~~~~~~~~~~~


    ထွဋ်ခေါင်နှင့် အတူပါလာသော တာဝန်ရှိသူများက အိမ်ထဲတွင် အိပ်ပျော်နေသော နေလင်း၏အစ်ကိုနှင့် နေလင်းကို လက်ထိတ်ခတ်ဖမ်းဆီးလိုက်ကြလေသည်။


"ကဲ ...တရားခံအစစ်ကိုတော့ ...အိမ်မှာ သွားဖမ်းကြတာပေါ့ "


          ထွဋ်ခေါင်၏ စကားကြောင့် သလင်းဖြူက မျက်ရည်များကို သုတ်လိုက်ပြီးလျှင်


"ခကလေး ကိုထွဋ်ခေါင် ...ကျွန်မတစ်ယောက်တည်း အိမ်ထဲကို အရင်ဝင်သွားပြီး ...သူတို့မျက်နှာတွေကို ကြည့်ချင်တယ် "


" ဟုတ်ပြီလေ မင်းသဘောအတိုင်းပါပဲ ...ဒါပေမဲ့ ကိုယ်တော့ မင်းနဲ့ အတူလိုက်ခဲ့မယ် "


     အားလုံး ထိုနေရာမှထွက်ခွါလာခဲ့ကြသော အခါ နေလင်းသည် သလင်းဖြူအားငေးငေးရီရီနှင့် ကြည့်နေသည်ကို ထွဋ်ခေါင်တွေ့လိုက်ရ၍ သက်ပြင်းကို မသိမသာချလိုက်မိလေသည်။


     ရေနှင့်လောင်း၍ အနှိုးခံလာရသော နေလင်း အအစ်ကိုဖြစ်သူမှာ နေလင်းအား မျိုးစုံအောင် ဆဲဆို၍လိုက်ပါလာလေသည်။


" နွား ..မိန်းမတစ်ယောက် အတွက်နဲ့ တစ်သက်လုံးစောင့်ရှောက်လာခဲ့တဲ့အစ်ကိုအရင်းကို သစ္စာဖောက်တယ်ပေါ့လေ .. မင်းဘေးနားမှာ မိန်းမလှလေးတွေ ဒီလောက်ပေါနေတာကို ...ဒီရုပ်ဆိုးမကိုမှ ကြိုက်ရလား နွားရဲ့ ...အေး မင်းကို ငါသတ်မယ် ...မင်းကို သတ်ပြီးမှ ကြိုးစင်တက်ပြမယ် "


"ဟိတ်လူ ...ခင်ဗျား ပါးစပ် မပိတ်ဘူးလား ... ပိတ်ပေးရမှာလား ပြော "


      တာဝန်ရှိသူတစ်ယောက်က ခပ်ငေါက်ငေါက်ပြောပြီး ရိုက်ရန် လက်ရွယ်လိုက်သောအခါမှ ပါးစပ်ပိတ်သွားလေတော့ သည်။


~~~~~~~~~~~~~~~~~~~


   လူစုံတက်စုံရှိနေသော ဧည့်ခန်းထဲသို့ သလင်းဖြူ မျက်နှာထားတင်းတင်းနှင့်ပင် ဝင်သွားလိုက်လေသည်။ သလင်းဖြူကိုမြင်ကြသောအခါ စိုးရိမ်ပူပန်နေသော မျက်နှာများကို တွေ့လိုက်ရသလို အံ့ဩ ထိတ်လန့်သွားကြသော မျက်နာများကို အချိန်မီ ဟန်ဆောင်လိုက်ကြသော မျက်နှာများကိုလည်း တွေ့လိုက်ရလေသည်။


"သလင်းဖြူ .. သူမကြီး ဘယ်တွေကို သွားနေဘာလဲကွယ် ...ဒီမှာ လူကြီးတွေ စိတ်ပူနေကြပြီ "


"ဟဲ့ကောင်မလေး ...နင်ဘာဖြစ်လို့ တစ်မျိုးပြီး တစ်မျိုး ဒုက္ခပေးနေရတာလဲဟင် "


" တူမကြီးရယ် သွားစရာရှိရင်လဲ ဘကြီးတို့ကို ပြောသွားတာ မဟုတ်ဘူး "


        အားလုံးက တစ်ယောက်တစ်ပေါက်နှင့် ပြောဆိုကြလေသည်။ရွှေရည်ဝင်းသည် သလင်းဖြူ ၀င်လာပြီးနောက် အခန်းထဲသို့ ဝင်လာသောထွဋ်ခေါင်ကို ကြည့်ပြီး ဒေါသစိတ်ဖြင့် ထိုင်ရာမှ ထလိုက်ပြီးလျှင် သလင်းဖြူကို ဒေါသနှင့် ဆူပူပြောဆိုလိုက်လေသည်။


" နင်က လူကြီးတွေကို ဒုက္ခ လာပေးနေတာလား သလင်းဖြူ ...နင့်ဘာသာ မနေတတ်မထိုင်တတ်နဲ့ သွားချင်ရာသွား... နေချင်သလို နေနဲ့ အလေလိုက်နေတာ အရေးမကြီးဘူး ........."


"ဖြန်း "


  " အား "


".. နင် ...နင် ငါ့ကို ပါးချတယ်ဟုတ်လား သလင်းဖြူ "


"ဟဲ့ ...ဟဲ့ နင်က  ငါ့သမီးကို ဘာလို့ ပါးချရတာလဲ "


"မိသလင်းဖြူ ...ဒါက ဘာလုပ်တာလဲ... နင်အလေလိုက်နေတာပဲလေ မဟုတ်ဘူးလား ...ငါ့တူမကို ဘာလို့ ပါးချရတာလဲ...နင်က ဘာကောင်မလဲ "


     ရွှေရည်ဝင်း၏ စကားမဆုံးမီမှာပင် သလင်းဖြူက ရွှေရည်ဝင်း၏ပါးကို ချလိုက်သောကြောင့် ရွှေရည်ဝင် အပါအဝင်၊ ဒေါ်ကြူကြူဝင်းနှင့် ဒေါ်ခင်အေးတို့၏ ဒေါသသံများ ထွက်ပေါ်လာခြင်းဖြစ်လေသည်။


      သလင်းဖြူကမူ အားလုံးကို ဂရုမစိုက်ဘဲ ရွှေရည်၀င်း၏ မျက်နှာကို တည့်တည့်ကြည့်လိုက်ပြီး


"နင့်ကို ဘာလို့ရိုက်တာလဲ သိလား ရွှေရည်ဝင်း .....မသိရင်မှတ်ထား ....ပညာတွေသင်ထားပြီး...အသိဉာဏ်မဲ့လို့ရိုက်တာ ...မိဘက လမ်းမှားကို လိုက်နေရင် တားမြစ်ရမှာက  သားသမီးကောင်းတစ်ယောက်ရဲ့တာဝန်ပဲ သိရဲ့လား ... နင့်အဖေက လူ့သက်တမ်းအရဆို လူ့ပြည်မှာ ဘယ်လောက်ထပ်နေရအုံးမလဲ နင်တွက်တတ်မဟုတ်လား ...ဘာလဲ နင်တို့မောင်နှမတွေ ချမ်းချမ်းသာသာနေရဖို့ နင့်အဖေက သူ့သွေးသားအရင်းတွေကို သတ်နေတာကို နင်တို့ကကျေနပ်နေတာလား ... "


" သလင်းဖြူ နင့်ပါးစပ်ကို ပိတ်စမ်း ....နင်က မြင့်အေးကို ဘာထင်နေတာလဲ... နင့်ကို သတ်ပြီးမှ ထောင်ထဲဝင်မယ် ... ဟော့ဒီအိမ်ကြီးက ပစ္စည်းဥစ္စာတွေနဲ့ ခြံတွေက ငါကြိုးစားလို့တိုးပွားခဲ့တာ.....ငါ့သားသမီးတွေပဲ ရထိုက်တယ် ... `


       သလင်းဖြူက ရွှေရည်ဝင်းကို ပြောဆိုနေစဉ်မှာပင် ဦးမြင့်အေးသည် နံရံတွင် အလှချိတ်ဆွဲထားသော ဓါးရှည်ကို ဆွဲဖြုတ်၍ သလင်းဖြူကို ကြိမ်းမောင်းလိုက်လေသည်။


"ဦးမြင့်အေး  လက်ထဲက ဓါးကိုချလိုက်ပါ ...ဦးမြင့်အေးကို ဒေါ်ရင်အေးနဲ့ ဦးသက်ဝေကို သတ်မှုနဲ့ ဖမ်းဆီးလိုက်ပါပြီ ..."


" ဟဲ့ ..ဟဲ့ ... ဘာဖြစ်ကြတာလဲ ...မြင့်အေး ဘာဖြစ်တာလဲ ...တူမကြီး သလင်းဖြူ... ဘာတွေဖြစ်ကုန်တာလဲ ကြီးကြီးတို့ကိုလဲ ပြောပါအုံး "


" ဘာ ..ဘာပြောတယ် အစ်ကိုမြင့်အေးက လူသတ်တယ် ဟုတ်လား "

     ဓါးရှည်နှင့် သလင်းဖြူအားကြိမ်းမောင်းနေသော ဦးမြင့်အေးကို တာဝန်ရှိသူများက လက်ထိပ်ခတ်ဖမ်းဆီးလိုက်ချိန်မှာတော့ တစ်အိမ်လုံး ပွက်လောရိုက်ဆူညံသွားကြလေသည်။


~~~~~~~~~~~~~~~~~~~


"မိုက်လိုက်တာ မြင့်အေးရဲ့...အဲ့ဒါ့ နင့် ညီနဲ့ ညိမတွေလေ ... နင် မွေးထားတဲ့ နင့်သားသမီးတွေကပဲ လူလား ...နင် ဒီလောက် ဥစ္စာမက်နေရင် ငါ့ကို ပွင့်ပွင့်လင်းလင်းပြောပါလားဟဲ့... ငါ ငွေရှာနေတာ နင်တို့ အားလုံးအတွက်လေ ... လူသတ်သမားကြီးရဲ့ ...အီး ...ဟီး ..ဟီး ...အမယ်လေး ...ညီမလေး ရင်အေးရေ "


        ခေါ်ကြည်အေးသည် မောင်ဖြစ်သူကို ဦးမြင့်အေးကို ထုရိုက်ကာ အော်ဟစ်၍ ငိုလေသည်။နှုတ်ကြမ်းအာကြမ်းရှိလှသော ဒေါ်ခင်အေးသည်ပင် အစ်ကိုဖြစ်သူ၏ မယုံကြည်နိုင်စရာ အဖြစ်အပျက်ကြောင့် ဆွံ့အမင်သက်လျက်ရှိလေသည်။


~~~~~~~~~~~~~~~~~~

"ဘာလို့ သတ်လိုက်တာလဲဆိုတာကို ဝန်ခံပြီလား ကိုထွဋ်ခေါင် "


         ရေတွင်းထဲမှ အလောင်းများကို ဆယ်ယူရန် လုပ်နေကြသူများကို ကြည့်နေရင်းမှ သလင်းဖြူက ထွဋ်ခေါင်ကို မေးလိုက်သည်။သလင်းဖြူသည် ဘကြီးဖြစ်သူကို နာကြည်းမုန်းတီးလွန်း၍ တရားရုံသို့ လိုက်သွားခြင်းမပြုဘဲ သိလိုသမျှကို ထွဋ်ခေါင်ကိုသာ မေးမြန်းလေ့ရှိလေသည်။


"ပြောပုံအရ ကတော့ ...အဲ့ဒီနေ့က ဦးမြင့်အေးက ...အိမ်မှာ ဘယ်သူမှ မရှိတဲ့ အချိန်မှာ ဒေါ်သီနဲ့ အစီအရင်တွေလုပ်ဖို့ ချိန်းထားတာတဲ့ ...ကံဆိုးချင်တော့ မင်းတို့ဒေါ်လေးကလဲ အဲ့ဒီနေ့မှာ ကိုယ့်ဦးလေးနဲ့ အိမ်မှာချိန်းထားတော့ ...ဘယ်သူမှ မသိအောင် အိမ်ကို ပြန်လာခဲ့တယ်နဲ့တူတယ် ... နောက်တော့ ဦးမြင့်အေးနဲ့ ဒေါ်သီတို့ ပြောနေတာတွေကို ကြားသွားခဲ့တယ် ...အဲ့ဒီမှာပဲ ဦးမြင့်အေးက မောင်နှမတွေကို အမွေခွဲ မပေးချင်လို့ တစ်ယောက်ပြီးတစ်ယောက် ဒုက္ခရောက်အောင် ... သေအောင် အောက်လမ်းဆရာမ ဒေါ်သီနဲ့ လုပ်နေတာကို သိသွားခဲ့တယ်လေ..အဲ့ဒီမှာပဲ ဦးမြင့် အေးက ဒေါ်လေးကို နှုတ်ပိတ်ခဲ့တယ် .... နောက်တော့ ကိုယ့်ဦးလေးက ရောက်လာလို့ မီးခိုး ကြွက်လျှောက်ပေါ်လာမှာစိုးပြီး ဦးလေးကိုပါ သတ်ခဲ့တာပဲ ..... သူ့သားသမီးတွေကလွဲလို့ တခြားသူတွေကို လူလို မမြင်တတ်တဲ့ သူ့အတ္တက သိပ်ကို ကြောက်စရာကောင်းတယ် "


       ထွဋ်ခေါင် ပြောနေတာတွေကို နားထောင်နေရင်းမှ သလင်းဖြူ၏ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာရသည်။လူတစ်ယောက်၏ အတ္တနှင့် လောဘကြောင့် အချိန်မတိုင်မီ ကြွေလွင့်ခဲ့ရသူများအတွက် ရင်ထဲတွင်နာကျင်၍နေမိသည်။


"နေလင်းက မင်းကို တွေ့ချင်နေပုံရတယ် ...တစ်ခေါက်လောက်သွားတွေ့မလား ...ကိုယ်လိုက်ပို့ပေးမယ်လေ "


        ထွဋ်ခေါင် စကားကို သလင်းဖြူ မကြားသလို မသိဟန်ဆောင်၍ နေလိုက်လေသည်။


~~~~~~~~~~~~~~~~~~


" ကျွန်တော် တောင်းပန်ပါတယ် ...တောင်းပန်ပါတယ်နော် "


      နေလင်းသည် သလင်းဖြူကို ကြည့်ပြီး တောင်းပန်စကားကို မရပ်မနား ပြောနေလေသည် ။


" ကျွန်မအသက်ကို ကယ်ပေးခဲ့တဲ့အတွက် ရှင့်ကို ကျေးဇူးတင်ပါတယ် ... တစ်နေ့ ထောင်ကလွတ်လာခဲ့ရင် ဘဝကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းပါ .. ဒီဘဝတော့ရှင်နဲ့ နောက်ထပ်မတွေ့ရဖို့ပဲ မျှော်လင့်ပါတယ် "


      သလင်းဖြူသည် ပြောပြီးသည်နှင့် အပြင်သို့ထွက်လာခဲ့သည်။


      ကျန်ခဲ့သော နေလင်းမှာ သလင်းဖြူ၏ နောက်ကျောပြင်ကိုကြည့်၍ အံကိုတင်းတင်းကြိတ်ထားသည့်ကြားမှ ပါးပြင်ပေါ်သို့ မျက်ရည်များ တစ်ပေါက်ပြီး တစ်ပေါက်စီးကျလာလေသည်။


        နေလင်း၏အနီးတွင် စောင့်ကြည့်နေသော အစောင့်တပ်သားနှစ်ယောက်သည်ပင် ယောကျာ်းတန်မဲ့ အံကြိတ်၍ ငိုနေသော နေလင်းကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိကြသောကြောင့် မျက်နှာများကို ဘေးသို့ အနည်းငယ်လွှဲထားကြလေသည်။


~~~~~~~~~~~~~~~~~~~~


"ကဲ ... အားလုံးစုံပြီဆိုရင် ပြောမယ် ...ဒီခြံနဲ့ ဒီအိမ်ကတော့ မိဘဘိုးဘွားအမွေအနှစ်အဖြစ် ဒီတိုင်းပဲထားမယ်...နေချင်တဲ့သူလာနေကြ ....ကျန်တဲ့ လယ်တွေ ခြံတွေနဲ့ ပွဲရုံကို အကုန်ရောင်းပြီး လှူဖို့တန်းဖို့ တစ်ပုံနဲ့ ကျန်တာတွေကို အညီအမျှ ခွဲပေးမယ် ... ဒီနေ့ပဲ အလှူရက်ကို သက်မှတ်ကြတာပေါ့ ...မောင်ထွဋ်ခေါင်တို့ကိုလဲ ကြီးကြီးတို့ကပဲ အနူးအညွှတ် တောင်းပန်ပါတယ်ကွယ် ... မောင်ထွဋ်ခေါင်ရဲ့ ဦးလေး အတွက်ပါ အလှူလုပ်မှာမို့ မောင့်ထွဋ်ခေါင်ရဲ့ မိဘဆွေမျိုးတွေကိုပါ ဖိတ်ပါအုံး `


"ဟုတ်ကဲ့ပါ... ကြီးကြီး "


      ဒေါ်ကြည်အေး၏ စကားကို ထွဋ်ခေါင်က ခေါင်းငြိမ့်အဖြေပေးလိုက်လေသည်။


"သမီး သလင်းဖြူနဲ့ ယောင်းမကိုလဲ တောင်းပန်ပါတယ် ... စီးပွားရေးကိုပဲ ဂရုစိုက်နေခဲ့မိပြီး မိသားစုတွေကို ပစ်ပယ်ထားခဲ့မိသလို ဖြစ်ခဲ့ရတယ် ...ခုလိုအားလုံးဖြစ်သွားရတာ အကြီးဖြစ်တဲ့ ကြီးကြီးရဲ့ ပေါ့ဆမှုတွေကြောင့်ပါသမီး သလင်းဖြူ....သမီးကိုလဲ နိုင်ငံခြားကို မသွားစေချင်လို ငွေကို ထုတ်မပေးခဲ့တာပါ ...ကြီးကြီးရဲ့ အတ္တတွေကြောင့် ကြီးကြီး တူမလေး ဒုက္ခရောက်တော့မလို့ ကံကောင်းလို့ပေါ့ကွယ်'


       ဒေါ်ကြည်အေးသည် စိုင်းရန် နိုင်၏ မိခင်နှင့် တူမဖြစ်သူသလင်းဖြူကို တောင်းပန်စကားဆိုလိုက်ရင်းမှပင် ပါးပြင်ပေါ်သို့ မျက်ရည်များ ပိုးပိုးပေါက်ပေါက်စီးကျလာလေသည်။


"ညီမရဲ့ အပြစ်တွေလဲ ပါပါတယ် ...မမကြည်ရယ် ....တူတွေ တူမတွေကို အပြစ်တွေပဲ မြင်နေမိတဲ့ ညီမရဲ့အပြစ်တွေပါ `


       ဒေါ်ခင်အေးသည်လည်း အစ်မဖြစ်သူနှင့်အပြိုင် ငိုပါလေတော့သည်။

      ဇော်ထိုက်ကတော့ ပြန်လည်ကျန်းမာလာစ ဦးလေးဖြစ်သူကို ဖေးကူတွဲ၍ ထားလေသည်။


~~~~~~~~~~~~~~~~~~~


"ဘယ်နေ့ ပြန်မှာလဲ "


      ထွဋ်ခေါင်က သလင်းဖြူကို ကြည့်၍ မေးလိုက်သည်။


"သဘက်ခါ ပြန်မှာ ...ရှင် ရောမပြန်သေးဘူးလား "


"အင်း မင်းပြန်မှ ပြန်မလို့ လေ ... "


"ဘာဆိုင်လို့လဲ ...ရန်ကုန်နဲ့မန္တလေး တစ်လမ်းစီကို "


       သလင်းဖြူက ထွဋ်ခေါင်၏ စကားကို နားမလည်နိုင်ဘဲ ပြန်ပြောလိုက်သည်။


         ထွဋ်ခေါင်က သလင်းဖြူမျက်နှာကို ကြည့်လိုက်ပြီး ခပ်တိုးတိုးမေးလိုက်သည်။


"နိုင်ငံခြားသွားအုံးမှာလား ... မန္တလေးမှာ မနေချင်ဘူးလား "


"ဟင် ... ဘာပြောတာလဲ... "


      သလင်းဖြူက အူလည်လည်နှင့် ပြန်မေးလိုက်သည်။


" မင်းရန်ကုန်ပြန်ရင်... မင်းရဲ့ အဖေ့ဆီမှာ မင်းကို လိုက်တောင်းမယ်လို့ ပြောတာလေ "


"ဘာတွေပြောနေတာလဲ ... ကျွန်မက နိုင်ငံခြားသွားမှာ သိရဲ့လား "


     သလင်းဖြူက ထွဋ်ခေါင်ကို မျက်စောင်းထိုးပြီး ပြောလိုက်သည်။


"နိုင်ငံခြား မသွားရပါဘူး ... မန္တလေးမှာလိုက်နေရမယ် ...လူကြီးတွေကိုလဲ ဖွင့်ပြောပြီးသွားပြီးကွ ...ဒါကအမိန့်ပဲ "


"အံမယ် သူ့စကားကို ဘယ်သူက နားထောင်မှာလဲပြော  "


     သလင်းဖြူက ထွဋ်ခေါင်ကို လက်သီးနှင့်ရွယ်၍ပြောလိုက်သည်။

     ထွဋ်ခေါင်က သလင်းဖြူ၏လက်ကလေးကို သူ့လက်အစုံနှင့် ဆုပ်ကိုင် ဆွဲယူလိုက်လေသည်။


===================

 ပြီးပါပြီ


အစမှ အဆုံးတိုင် ဖတ်ရှုပေးကြတဲ့ စာချစ်သူများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်......

အမှားအယွင်းများစွာအတွက်လည်း စာချစ်သူတွေကို တောင်းပန်ပါတယ်ရှင်


ဆက်လက်၍ ကြိုးစားပါအုံးမည်


ဧကြည်ဖြူ 


2 - 5. 2022

( 8: 5 .PM )

တနင်္လာ


rate now: