book

Index 21

အပိုင်း ( ၂၁)

ဧကြည်ဖြူ


" အဝါရောင်ရဲတိုက် "


 *************************


       သလင်းဖြူ၏ အထိတ်တလန့် အော်သံကိုသာကြားလိုက်ရပြီး နောက် အသံများ တိတ်ဆိတ်သွားကာ ဖုန်းပါကျသွားလေသည်။ထွဋ်ခေါင်ဖုန်းကိုထပ်ခေါ်ကြည့်လိုက်သည်။ထိုအခါ သလင်းဖြူ၏ ဖုန်းမှာ စက်ပါပိတ်သွားလေသည်။ထွဋ်ခေါင်၏ရင်ထဲ စိုးရိမ်စိတ်များဝင်ရောက်လာပြီး ဆိုင်ကယ်ရပ်ထားရာဆီသို့ အပြေးအလွှားထွက်လာခဲ့လိုက်သည်။ပြီးလျှင် ဆိုင်ကယ်ပေါ်သို့အမြန်တက်ပြီးမောင်းထွက်ခဲ့လိုက်သည်။


"ကိုထွဋ်ခေါင် ဘာဖြစ်လို့လဲ ... ဘယ်သွားမလို့လဲ "


      ရွှေရည်ဝင်းသည် ထွဋ်ခေါင်တစ်ယောက်ရေးကြီးသုတ်ပြာနှင့်ထွက်သွားသည်ကို တွေ့လိုက်ရသောကြောင့် လှမ်း၍ မေးလိုက်သော်လည်း ထွဋ်ခေါင်မှာ နောက်သို့မျှ လှည့်မကြည့်ဘဲ ဆိုင်ကယ်ကို ဝူးခနဲ မောင်ထွက်သွားသည်ကိုသာ တွေ့လိုက်ရလေသည်။


~~~~~~~~~~~~~~~~~~


       ထွဋ်ခေါင်သည် ခြံရှေ့သို့ ရောက်သည်နှင့် ဟွန်းကို အဆက်မပြတ်တီးလိုက် ပြီးလျှင် ဆိုင်ကယ်ပေါ်မှဆင်း၍ ဘဲလ်ကိုပါ အဆက်မပြတ် နှိပ်လိုက်သည်။သို့သော်လည်း ဖိုးထူးတစ်ယောက် တော်တော်နှင့်ထွက်မလာသဖြင့် ထွဋ်ခေါင် ရင်ထဲ၌ ဗလောင်ဆူ၍လာလေသည်။ထိုစဉ်မှာပင် ဒေါ်သုန်သည် မျက်နှာထား စူပုတ်ပုတ်နှင့် ခြံဝသို့လျှောက်လာသည်ကို တွေ့လိုက်ရလေသည်။


"ဘာများ အရေးကြီးနေလို့လဲ မောင်ရင် ... ဒီမှာ ဒေါ်ကြီးတို့ ညနေစာ ချက်နေရလို့ ...မအားကြလို့ပါကွယ် "


" သလင်းဖြူ ...သလင်းဖြူ အိမ်မှာ ရှိလား အဒေါ် ...ဒါနဲ့ ဖိုးထူးရော ...ဖိုးထူး ဘယ်သွားလဲ "


     ထွဋ်ခေါင်သည် ခြံတံခါးသော့ကို ဖွင့်နေသော ဒေါ်သုန်ကို မေးခွန်းတွေအဆက်မပြတ်မေးနေမိလေသည်။


"ဒီမှာ မောင်ရင် ... သလင်းဖြူက အိမ်ပေါ်မှာပဲလား ...ဘယ်သွားလဲဆိုတာ ကျုပ်လဲမသိဘူး ...သူရှိ မရှိသိချင်ရင် စက်ဘီးကိုသာသွားကြည့်...ဖိုးထူးကလဲ  ရက်ကန်းရုံက ခေါ်လို့ ဆိုပြီးထွက်သွားတာပဲ "


      ထွဋ်ခေါင်သည် ဒေါ်သုန်၏ စကားကို နားထောင်ပြီးနောက်ခြံတံခါးပွင့်သွားသည်နှင့် ဆိုင်ကယ်ကို ဂိုထောင် နားအထိ မောင်းသွားလိုက်ပြီး သလင်းဖြူ၏ စက်ဘီးထားရာနေရာသို့ သွားရောက်ကြည့်ရှုလိုက်သည်။နေရာတွင် စက်ဘီးကို မတွေ့ရသောအခါ ထွဋ်ခေါင်ရင်ထဲမှ ပူပန်မှုများက အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့လေသည်။


        ထွဋ်ခေါင် ဆိုင်ကယ်ကို တိုက်ကြီး၏ ရှေ့သို့ ပြန်မောင်းလာခဲ့ပြီးနောက် အိမ်ပေါ်သို့ အပြေးအလွှားတက်ကြည့်လိုက်သည်။


"သလင်းဖြူ ...သလင်းဖြူ ....  မင်းဘယ်မှာလဲ "


      သလင်းဖြူ၏ အိပ်ခန်း အပါအ၀င် အခြားလွတ်နေသော အခန်းများနှင့် ရေချိုးခန်း ၊ အိမ်သာ ၊ နောက်ဖေး လှေကားအခန်းပါမကျန် တစ်ခန်းပြီးတစ်ခန်းလိုက်ရှာကြည့်သော်လည်း သလင်းဖြူ၏အရိပ်အယောင်ကို မျှ မတွေ့ရဘဲရှိလေသည်။


"သလင်းဖြူ ...သလင်းဖြူ "


      အပေါ်ထပ်၊ အောက်ထပ်များအနှံ့ သလင်းဖြူ နာမည်ကို တကြော်ကြော် အော်ခေါ်ပြီး ထွဋ်ခေါင်လိုက်ရှာနေမိသည်။


"အစ်ကိုလေး ...မမဖြူလေးကိုရှာနေတာလား ...မမဖြူလေးက အိမ်မှာမရှိဘူးလေ ...အပြင်ကိုစက်ဘီးနဲ့ထွက်သွားတာ ပူစူး တွေ့လိုက်တယ် "


      အလုပ်သမားလေး ပူစူး၏စကားကြောင့်ထွဋ်ခေါင် ဆိုင်ကယ်ဆီသို့ အပြေးအလွှား ထွက်ခဲ့လိုက်သည်။ထိုသို့ ထွဋ်ခေါင်တစ်ယောက်ပျာယာခတ်နေစဉ်မှာပင် ရွှေရည်ဝင်းက ခြံထဲသို့ ဆိုင်ကယ်နှင့်ရောက်လာပြီး ထွဋ်ခေါင်ကို လှမ်း၍ မေးလိုက်လေသည်။


"ကိုထွဋ်ခေါင် ဘာဖြစ်တာလဲ ... ကိုထွဋ်ခေါင်ပုံစံက မထိတ်သာ မလန့်သာနဲ့ ဘာဖြစ်လို့လဲ ..ရွှေရည်တို့ကို ပြောပါအုံး "


   

"သလင်းဖြူ ပျောက်သွားလို့ ရွှေရည် ... ခုနကိုယ်နဲ့ ဖုန်းပြောနေရင်းကနေ သူ့အော်သံကို ကြားလိုက်ရတယ် ...ပြီးတော့ သူ့ရဲ့ဖုန်းပါ စက်ပိတ်သွားတယ်...အဲ့ဒါ ရွှေရည် ကို့အိမ်က လူကြီးတွေကို အကြောင်းကြားပေးပါလား "


      ထွဋ်ခေါင်၏ အဖြေစကားကြောင့်  ရွှေရည်ဝင်းရင်ထဲ၌ အောင့် သက်သက်ဖြစ်သွားရပြီး ထွဋ်ခေါင်ကို မကျေမနပ်နှင့် ပြောလိုက်လေသည်။


" ခုနပဲ ဖုန်းပြောနေတာဆိုရင် ...ရွာထဲမှာ ရှိမှာပေါ့ ကိုထွဋ်ခေါင် ... သူက အမြဲ စက်ဘီးတစ်စီးနဲ့ လျှောက်သွားနေတတ်ပြီး သူတစ်ယောက်တည်း အမျိုးမျိုးဖြစ်နေတာကို ကိုထွဋ်ခေါင်လဲ အသိပဲဟာ "


      ရွှေရည်ဝင်း၏ မကျေမနပ်ပြောဟန်ကြောင့် ထွဋ်ခေါင် စိတ်တိုသွားမိသော် စိတ်ကို ပြန်ထိန်းကာ ရွှေရည်ဝင်းကို  သေချာ ရှင်းပြလိုက်သည်။


"မဟုတ်ဘူး ရွှေရည် ...သလင်းဖြူမှာ အသက်အန္တရာယ်ရှိနေပြီ ... ဖိုးထူး ဆိုတဲ့လူ ဘယ်မှာလဲ ...ရက်ကန်းရုံမှာလား... သူ့ကို တွေ့အောင် ရှာရမယ် ... သလင်းဖြူ ဘယ်မှာလဲ ဆိုတာ သူသိလိမ့်မယ် "


      ထွဋ်ခေါင်၏ စကားကြောင့် ရွှေရည်ဝင်း ငြိမ်သက်သွားရပြီးလျှင် ထွဋ်ခေါင်ကို မျက်နှာထားတင်းတင်းနှင့် ကြည့်လိုက်ပြီး 


"ဟုတ်ပြီလေ ... ကိုထွဋ်ခေါင် ပြောတာ မဖြစ်နိုင်ပေမဲ့လဲ ... သလင်းဖြူက ရွှေရည်တို့ဆီမှာ လာက်နေတဲ့သူဆိုတော့ ရွှေရည်တို့မှလဲ တာဝန်မကင်းဘူးပေါ့ ...ရွှေရည် လူကြီးတွေကို အကြောင်းကြားပေးပါ့မယ် "


"ဟုတ်ပြီးလေ ... ဒါဆို ကိုယ် ရွာထဲမှာ သလင်းဖြူကို လိုက်ရှာကြည့်လိုက်အုံးမယ် ....ရွှေရည်က မိသားစုတွေဆီကို အကြောင်းကြားပြီး အကူအညီတောင်းထားပေးပါနော် "


        ထွဋ်ခေါင်သည် ရွှေရည်ဝင်းကို ပြောလိုက်ပြီးသည်နှင့် ဆိုင်ကယ်ကို တရကြမ်းမောင်း၍ထွက်ခဲ့လေသည်။

      ခြံထဲမှ ထွဋ်ခေါင်၏ ဆိုင်ကယ်မောင်းထွက်သွားသည်နှင့် ရွှေရည်ဝင်းသည် တိုက်ထဲသို့ ဝင်လာခဲ့ပြီးနောက် အခန်းရှိရာဆီသို့ တက်လာခဲ့သည်။


     အခန်းထဲသို့ ရောက်သည်နှင့် ရွှေရည်ဝင်းသည် တင်းထားသမျှ စိတ်ကို လျှော့ချလိုက်ပြီး အခန်းထဲရှိပစ္စည်းများနှင့် နံရံကို ပစ်ပေါက်ပြီးအားပါးတရ ငိုကြွေးလိုက်မိသည်။အသက်နှစ်ဆယ့်ငါးနှစ်အရွယ်မှ ပထမဆုံးဖူးပွင့်ခဲ့သော အချစ်ပန်းလေးသည် အဖူးအငုံဘဝမှာပင် ပျက်စီးခဲ့ရပြီဆိုတာကို ရွှေရည်ဝင်းသိလိုက်ပါလေသည်။ထို့အတူ ကိုယ့်လောက်မှ မလှပသော၊ ငွေကြေးဥစ္စာမရှိသော သက်တူရွယ်တူ ညီမဝမ်းကွဲထံတွင် ရှုံးနိမ့်သွားခဲ့ပြီဆိုတာကို ရွှေရည်ဝင်းသိလိုက်လေ၏။


~~~~~~~~~~~~~~~~~~


      ထွဋ်ခေါင်ဆိုင်ကယ်ကို တရကြမ်းမောင်း၍သလင်းဖြူသွားတတ်သော နေရာအနှံ့သို့ လိုက်ရှာကြည့်ရုံမျှမကဘဲ လမ်းတွင် တွေ့သမျှလူတိုင်းကိုလဲ သလင်းဖြူအကြောင်းကို မေးကြည့်သည်။ သို့သော်ငြား သတင်းအစအနလေးပင် မသိခဲ့ရပါချေ။


"ဟယ်လို ....ဝေထွန် ဒီမှာ အခြေအနေမကောင်းဘူး .. သူပျောက်နေတယ် ... မင်းခိုင်းထားတဲ့ လူတွေကို အကူအညီတောင်းပြီး ဝိုင်းရှာခိုင်းပါအုံး .. သူ့ပုံကိုပို့ပေးလိုက်မယ် ... ပြီးတော့ ဦးမြင့်အေးတို့ ခြံထဲမှာ အလုပ်သမားအဖြစ် ခိုင်းထားတဲ့ ကောင်လေးဆီကရော ဘာသတင်းရသေးလဲ....ငါတို့ အမြန်ဆုံး လှုပ်ရှားမှ ဖြစ်မှာ ..မဟုတ်ရင် သူ့အတွက်စိုးရိမ်ရတဲယ် ..."


      ထွဋ်ခေါင်က ဝေထွန်းကို ဖုန်းထဲမှ တဆင့် အလောတကြီးနှင့် ပြောလိုက်သည်။


"အေး ဟုတ်ပြီ  ...မင်းစိတ်အေးအေးထား ထွဋ်ခေါင် ... သူတို့ ကောင်မလေးကို ချက်ချင်းတော့ သတ်မှာ မဟုတ်ပါဘူး ... ငါ့စိတ်ထင် သူ့သူငယ်ချင်းဆိုတဲ့ကောင်ကို မသင်္ကာဘူး ...သူတို့တွေ့နေကျ ဘုရားကုန်းနောက်ကို မင်းသွားကြည့်ပြီးပြီလား ...."


"ကြည့်ပြီးပြီ ... တစ်ရွာလုံးလဲ နှံ့နေပြီ ... ငါ အခု အိမ်ကိုပြန်ပြီး အိမ်ကလူတွေကို အကြောင်းစုံကို ဖွင့်ပြောရမှာပဲ .."


"ဟေ့ကောင်ရ ..အဲ့လိုဆိုရင် တရားခံကို သတိပေးလိုက်သလို ဖြစ်သွားမှာပေါ့ ...တရားခံလွတ်သွားနိုင်တယ်နော် "


      ဝေထွန်း၏ စကားကြောင့် ထွဋ်ခေါင် တစ်ချက်တွေခနဲဖြစ်သွားသော်လည်း ချက်ချင်းပင် ဆုံးဖြတ်ချက်ကိုချလိုက်လေသည်။


"ခုချိန်မှာ တရားခံထက် အရေးကြီးတာက သလင်းဖြူအသက်ရှင်ဖို့ပဲကွာ ... အဓိက က ဘယ်နည်းလမ်းနဲ့ ဖြစ်ဖြစ် သူ လွတ်လာဖို့ပဲ ..."


     ဝေထွန်းဆီမှ ဖုန်းချသွားသည်နှင့် ထွဋ်ခေါင်ဆိုင်ကယ်ကို အိမ်ဘက်သို့ ပြန်၍ ဦးတည်မောင်းနှင်လိုက်လေသည်။


~~~~~~~~~~~~~~~~~~


      ဇက်ပိုးဆီမှ စူးစူးရှရှ နာကျင်မှုနှင့်အတူ သလင်းဖြူ ပစ္စုပ္ပန်ကို ပြည်လည်အမှတ်ရလာသည်။သတိဝင်လာသည်နှင့် တစ်ပြိုင်နက် သလင်းဖြူဆတ်ခနဲထထိုင်လိုက်မိသည်။ ထထိုင်လိုက်မိသည်နှင့် သလင်းဖြူ မြင်တွေ့လိုက်ရသည်မှာ ခပ်မှောင်မှောင် ဖြစ်နေသော အခန်းပင်ဖြစ်လေသည် ။ အခန်းသည် အုတ်များဖြင့် တည်ဆောက်ထားပြီးလျှင် တစ်ခုတည်းသောအပေါက်မှသစ်သားတံခါးကိုပိတ်ထားသည်ကိုပါတွေ့လိုက်ရလေသည်။သလင်းဖြူ ထိတ်ထိတ်လန့်လန့်နှင့်ပင် အားယူ ထလိုက်ပြီးလျှင် သစ်သားတံခါးဆီသို့ လျှောက်သွားပြီး တံခါးကို ခပ်ဖြည်းဖြည်းဖွင့်ကြည့်လိုက်သည် ။ ထိုအခါ တံခါးသည် လှုပ်သည်ဆိုရုံမျှသာ လှုပ်ခတ်သွားပြီး လက်ညှိုးတစ်ချောင်းစာသာပွင့်ဟ၍သွားလေသည်။ ဆက်၍ ဖွင့်မရတော့ပါချေ။ တံခါးအားအပြင်မှ သော့ခတ်ထားပုံရလေသည်။ထပ်မံကြိုးစားကြည့်သော်လည်း အချည်းနှီးသာဖြစ်ပြီးလျှင် သလင်းဖြူ မောဟိုက်လာလေသည်။ထို့ကြောင့် ခေတ္တမျှ နားလိုက်ပြီး လက်ညှိုးတစ်ချောင်းစာမျှ ဟနေသော တံခါးပေါက်မှ အပြင်သို့ ချောင်းကြည့်လိုက်ရာ အခန်းပြင်တွင် မှုန်ဝါးဝါး အလင်းကိုသာ  တွေ့လိုက်ရလေသည်။အပြင်တွင် မိုးချုပ်သွားလေပြီလား။ သလင်းဖြူ မည်သည့်နေရာသို့ ရောက်ရှိနေပါသနည်း။ဘယ်လိုမှ စဉ်းစား၍ မရနိုင်ဘဲရှိလေသည်။


"ရှပ် ...ရှပ် ..ရှပ် ....ရှပ်"


      ထိုစဉ်မှာပင် ခပ်လှမ်းလှမ်းလောက်ဆီမှ ခြေသံများကို ကြားလိုက်ရသောကြောင့် သလင်းဖြူ အသာငြိမ်နေလိုက်ရသည်။အမှောင်ထဲတွင် ခြေသံများနှင့်အတူ ခပ်ဝါးဝါး လူရိပ်များကို တွေ့ရသော်လည်း ယောကျာ်း၊ မိန်းမ မည်သူမည်ဝါမှန်း မသဲကွဲဘဲရှိလေသည်။


" မင်းရူးနေပြီလား  နေလင်း ... သူ့က ငါတို့ကို ထောင်ထဲ ထည့်မဲ့သူဆိုတာ မင်းမသိဘူး .....မင်းလုပ်တာတွေကို သူဋ္ဌေးသာသိသွားကြည့်ပါလား ... အဲ့ဒီဟာမလေးနေရမှာ မင်းသေသွားမှာကွ အရူးရ 


     ရုတ်တရက် ထွက်ပေါ်လာလာသော စကားသံကြောင့် သလင်းဖြူ မလှုပ်မယှက် အနေအထားနှင့် အသံများကို နားထောင်နေမိသည်။ဦးစွာ ယောကျာ်းတစ်ယောက်၏ ဒေါသတကြီး ပြောဆိုနေသော အသံကို ကြားလိုက်ရလေသည်။ 


"မင်းရဲ့ တာဝန်က သူ့ဆီကသိရသမျှ အကြောင်းကို သတင်းပြန်ပေးဖို့ပဲ ....သူ့ကိုကာကွယ်စောင့်ရှောက်ဖို့ မဟုတ်ဘူး ... မင်းကြောင့် ငါပါဒုက္ခရောက်တော့မလို့ကွ  ... အေး တကယ်လို့ ငါအဖမ်းခံရရင်တော့ မင်းကို သတ်ပြီးမှ ထောင်ထဲဝင်မှာ သိရဲ့လား နွားရဲ့..."


       သလင်းဖြူ ကြားရသလောက်တော့ ထိုလူသည် ဒေါသထွက်နေဟန် ရှိလေသည်။အပြောခံနေရသော တစ်ဖက်လူမှာမူ တိတ်ဆိတ်လျက် ရှိလေသည်။သလင်းဖြူ ထိုလူ၏အသံကို အာရုံစိုက်၍ နားထောင်ကြည့်သော်လည်း အသံမှာ စိမ်းလှလေသည်။သလင်း ဖြူသိသော အသံမဟုတသည်မှာ သေချာလှပါလေသည်။


"ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ... ခုန မင်း တွေ့တယ်မဟုတ်လား ...ပိတ်လှောင်ခံထားရတဲ့ မြွေက ဒေါသတကြီးနဲ့ သူ့ကို ပေါက်ထည့်လိုက်တာလေ ... ငါတောင် မကြည့်ရက်လို့ အပြင်ကို မြန်မြန်ထွက်ခဲ့ရတာ.... မင်းဆိုရင်တော့ ခံစားနေရမှာကို နားလည်ပါတယ်ကွာ ...ဒါပေမဲ့ စိတ်မကောင်းမဖြစ်နဲ့ဟ သူ့သွေးအရင်းကတောင် သတ်ခိုင်းနေတာကို ...ငါတိုလို ငွေအတွက် လုပ်နေရတဲ့ကောင်တွေက ဘာတတ်နိုင်မလဲ "


      ကြားလိုက်ရသော စကားကြောင့် သလင်းဖြူမှာ ကိုယ်ထဲရှိသွေးကြောများ ရပ်ဆိုင်းသွားသလိုခံစားလိုက်ရပြီးလျှင် မှောင်မည်းနေသော အခန်းကျဉ်းလေး၏ နေရာအနှံ့သို့  အထိတ်တလန့်ဖြင့် လိုက်၍ကြည့်လိုက်မိလေသည်။ထိုလူပြောပုံအရဆို သလင်းဖြူမှာ မြွေကိုက်ခံထားရပြီ ဖြစ်လိမ့်မည်ထင်ပါလေသည်။သို့ဆိုလျှင် သလင်းဖြူသည် သေသွားခဲ့ပေပြီလား ။ သို့မဟုတ်လျှင် သေအံ့မူးမူးအခြေအနေများလား ။ သလင်းဖြူ ကိုယ့်ကိုယ်ကို ထိုးဆိတ်၍ ကြည့်လိုက်သည့်အခါတွင် နာကျင်မှုဝေဒနာကို ခံစားရလေသည်။ပြီးလျှင် အရိုက်ခံထားရသော ဇက်ပိုးဆီမှ အနည်းငယ်နာကျင်နေသည်မှအပ မည်သည့် ဝေဒနာကို မျှ မခံစားရပါလေ။


" ညမိုးချုပ်တာနဲ့ မြွေကိုက်ခံရပြီးသေနေတဲ့ မင်းဟာမလေး အလောင်းကို ရွာနဲ့မနီးမဝေးမှာ သွားပစ်ရမှာကွ ... စိတ်မကောင်းတော့ မဖြစ်ပါနဲ့ကွာ ..ကိစ္စအားလုံးပြီးရင် မင်းလိုချင်နေတဲ့ငွေတွေ အကုန်ရမှာလေ ... မင်းငွေလိုလို့ ဒီအလုပ်ကို လက်ခံခဲ့တာပဲ မဟုတ်လား..... ဘာ အခုမှ သူတော်ကောင်းယောင်ဆောင်နေရတာလဲ ... ဘာလဲ ရုပ်ဆိုးတဲ့ငနဲမကို မင်းကြိုက်နေတာလား နေလင်း  "


       ထိုလူက ခပ်လှောင်လှောင်ပုံစံမျိုးဖြင့် ဆက်၍ ပြောနေစဉ်မှာပင် အခန်းထဲသို့ ထပ်မံဝင်ရောက်လာသော ခြေသံသဲ့သဲ့ကို ကြားလိုက်ရပြန်လေသည်။ထိုသို့ ကြားလိုက်ရပြီး မရှေးမနှောင်းမှာပင် ခပ်စောစောကလူ၏အသံက  ထွက်ပေါ်လာပြန်လေသည်။


"အားလုံး အဆင် သင့်ပါပဲ သူဌေး ...ညမိုးချုပ်တာနဲ့ အလောင်း သွားပစ်မှာပါ ...ပြီးတော့ လက်ကျန်ငွေရတာနဲ့ ကျွန်တော်တို့ နှစ်ယောက် ဒီကနေ အဝေးဆုံးကို ထွက်သွားဖို့ ပြင်ဆင်ထားပြီးသားပါ  "


       သူဌေးဆိုသော အခေါ်အဝေါ်ကြောင့် သလင်းဖြူ၏ ရင်အစုံမှာ တထိတ်ထိတ် အခုန်မြန်လာပြီးလျှင် တံခါးနားဆီသို့ နားကို ပို၍ တိုးကပ်လိုက်မိလေသည်။မှောင်ရိပ်ထဲမှလူများကို သဲသဲကွဲကွဲ မမြင်ရသော်လည်း အသံများကို သေချာစွာနားစွင့်နေမိသည်။


"အလောင်းလာပစ်တဲ့အခါ ကျန်ငွေကို ပေးခိုင်းလိမ့်မယ်... ကိစ္စ ပြီးတာနဲ့ မင်းတို့ တစ်ခါတည်း ထွက်သွားတော့ ... "


"ဟင် " သူဋ္ဌေးဆိုသော လူ၏ အသံကို ကြားလိုက်ရသော အခါ သလင်းဖြူ နားထဲတွင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။ထိုသို့ တစ်ပြိုင်နက်တည်းမှာပင် မျှော်လင့်ထားခဲ့ပြီးသားဖြစ်သော်လည်း လက်တွေ့ကြုံလာရသောအခါ၌မူ မယုံကြည်နိုင်ခြင်း ၊အံ့သြခြင်းများဖြင့် သလင်းဖြူ၏ ခန္ဓာကိုယ်ထဲရှိ သွေးများ အေးခဲသွားသလို ခံစားလိုက်ရလေသည်။


       အသံများမှာ တိတ်ဆိတ်သွားပြီးလျှင် အပြင်သို့ ထွက်ခွါသွားသော ခြေသံကို ပြန်၍ ကြားလိုက်ရလေသည်။


"ကဲ နေလင်း ... အလောင်းကို သွားပစ်ဖို့ ပြင်ဆင်ကြစို့ကွာ .."


        ထွက်ခွါသွားသော ခြေသံပျောက်ကွယ်သွားသည်နှင့် အခန်းထဲရှိ လူ၏အသံကို ကြားလိုက်ရပြီး သလင်းဖြူ အခန်းဘက်ဆီသို့ လျှောက်လာသော ခြေသံကို ကြားလိုက်ရလေသည်။


" အေးဆေးပေါ့ အစ်ကိုရာ ... မိုးချုပ်မှ ပစ်ရမှာလေ ... အခုမှ အစောကြီး ရှိသေးတာကို ..လာပါ ရဲဆေးလေးထပ်တင်ပြီးမှ လုပ်ကြတာပေါ့ "


     တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သောသူ၏ အသံကိုကြားလိုက်ရသောအခါ သလင်းဖြူတစ်ကိုယ်လုံး လေထဲလွင့်မျော သွားသလိုဖြစ်သွားမိသည်။ အံ့သြမယုံကြည်နိုင်ခြင်းထက်ပို၍ ဝမ်းနည်းယူကျုံးမရ ဖြစ်သွားခဲ့မိသည်။သလင်းဖြူ၏ နောက်ဆုံးထွက်သက်သည် သလင်းဖြူ အယုံကြည်ရဆုံးသူ သို့မဟုတ် သံယောစဉ် အရှိဆုံးသူ၏ လုပ်ကြံဖန်တီးမှုကြောင့် သေဆုံးရတော့မည်ဖြစ်သည်။သလင်းဖြူ အံကိုခပ်တင်းတင်းကြိတ်ထားမိသည်။ကျားခံတွင်းထဲသို့ ရောက်နေပြီဖြစ်သော သလင်းဖြူ၏ အဖြစ်က လာမည့်ဘေးကို ပြေးတွေ့၍ အသက်ရှင်သန်လွတ်မြောက်မှုအတွက် နောက်ဆုံးအချိန်အထိ ကိုယ့်ဘာသာ ကြိုးစားရမည်ဖြစ်သည်။


~~~~~~~~~~~~~~~~

~~~


"ကဲ ...ကဲ ဒီလောက်ဆိုတော်ပြီကွာ ... တော်ကြာ အရမ်းမူးသွားပြီး မှောက်သွားမှ နှစ်ယောက်လုံး ပြဿနက် တက်ကုန်မယ်ကွ ...ကဲ ဟို အလောင်းဆီကို သွား..သွား ..သွားကြ ...ကြ "


       

        စကားပြောနေရင်းမှပင် ခုံပေါ်သို့ ခေါင်းငိုက်စိုက်ကျသွားသော အစ်ကိုဖြစ်သူကို ကြည့်၍ နေလင်း သက်ပြင်းကိုချလိုက်ပြီး အစ်ကို၏အိထဲမှ သော့ကို လှမ်းယူလိုက်သည်။


~~~~~~~~~~~~~~~~~~~


" ရှပ် ...ရှပ် ...ရှပ် "


     မိမိအခန်းရှိရာဆီသို့ လျှောက်လာသော ခြေသံကို ကြားလိုက်ရသည်နှင့် သလင်းဖြူ အသင့်အနေအထား ပြင်လိုက်ပြီး တံခါးဘေးတွင် မတ်မတ်ရပ်၍ နေလိုက်လေသည်။အပြင်မှ ခြေသံသည် တံခါးရှေ့တွင် ရပ်သွားပြီးနောက် သော့ဖွင့်နေသံကို ကြားလိုက်ရလေသည်။ပြီးနောက် တံခါးသည် ဖြည်းညှင်းစွာပွင့်လာပြီးလျှင် အပြင်မှလူသည် အခန်းထဲသို့ ဝင်လာလေသည်။ထိုလူဝင်လာသည်နှင့် သလင်းဖြူ ထိုလူကို လက်နှစ်ဖက်နှင့် ဆောင့်တွန်းပစ်လိုက်လေသည်။ထိုအခါ ထိုလူသည် လျှင်မြန်ဖျတ်လတ်စွာ ရှောင်တိမ်းလိုက်ပြီးလျှင် သလင်းဖြူ၏ လက်နှစ်ဖက်ကိုဖမ်း၍ ဆုပ်ကိုင်လိုက်လေသည်။


"ဖြူလေး ...စိတ်အေးအေးထားပါ ...မင်း မှာ အန္တရာယ်မရှိတော့ပါဘူး "


" နင် ... နင် စိုင်းလွှမ်း ... မဟုတ်ဘူး နင်က ငါ့သူငယ်ချင်းစိုင်းလွှမ်း မဟုတ်ဘူး ....နင် ဘယ်သူလဲပြော ... "


       သလင်းဖြူသည် အခန်းထဲသို့ ရောက်လာသောသူ၏ အသံကိုကြားလိုက်ရသည်နှင့် ဒေါသတကြီးနှင့် မေးလိုက်သည်။


" ဟုတ်ပါတယ် ...ငါက မင်းသူငယ်ချင်းစိုင်းလွှမ်း မဟုတ်ပါဘူး ...ငါ့နာမည်က နေလင်းတဲ့ ... အခုအရေးကြီးတာက မင်း ဒီကနေ အမြန်ဆုံးထွက်သွားဖို့ပဲ ... တော်ကြာ ငါ့အစ်ကို သတိရလာလျှင် မင်းရော ငါရော အသက်ခံရလိမ့်မယ် ... သူသတိပြန်မရလာခင် ဒီကနေ အမြန်ဆုံး သွားကြစို့ "


"ဟင့်အင်း .. ဖယ် ... ဖယ် ... နင့်ကို ငါမယုံဘူး ... နင်က လူလိမ် လူသတ်သမားပဲ ... ငါနား မကပ်နဲ့နော် "


       သလင်းဖြူသည် မိမိလက်ကို ဆုပ်ကိုင်ထားသော နေလင်းခေါ်စိုင်းလွှမ်း၏ လက်မှ ဆောင့်၍ ရုန်းလိုက်ပြီး ဒေါသနှင့် ပြောဆိုလိုက်သည်။


"ဒါဆို....ဒီရှပ်အင်္ကျီကို အပေါ်က ထပ်ဝတ်ဦးထုပ်ဆောင်းပြီး နောက်က

လိုက်ခဲ့ "


       နေလင်းသည် ဒေါသတကြီးဖြစ်နေသော သလင်းဖြူ၏ လက်ကို လွှတ်ပေးလိုက်ပြီး အခန်းတံခါးကို ဖွင့်ကာ ရှေ့မှ ထွက်သွားလိုက်သည်။


"ဟေ့ကောင် နေလင်း ...ဘာလဲ မင်းက မိန်းမတစ်ယောက်အတွက် ....ညီအစ်ကိုချင်း သစ္စာဖောက်တာပေါ့ဟုတ်လား ....မင်းငါ့ကို အရက်သောက်ရအောင်လို့ ပြောကတည်းက ငါသိနေတယ်ကွ  မင်းမဟုတ်တာတစ်ခုခု လုပ်တော့မယ် ဆိုတာကိုလေ "


        နေလင်းခေါ် စိုင်းလွှမ်းနှင့် သလင်းဖြူတို့ အခန်းရှေ့သို့ ထွက်လိုက်သည်နှင့် အခန်းရှေ့တွင် ဓါးရှည်ကို ကိုင်ဆွဲလျက် ရပ်စောင့်နေသော သူကို တွေ့လိုက်ရသောကြောင့် သလင်းဖြူ ထိတ်ထိတ်လန့်လန့်နှင့် ခြေလှမ်းများရပ်တန့်သွားရလေသည်။


      နေလင်းသည် အခန်းရှေ့တွင် ဓါးကို ကိုင်စွဲလျက် ရပ်နေသော အစ်ကိုဖြစ်သူကို မြင်လိုက်ရသည်နှင့် သလင်းဖြူကို သူ၏နောက် မှာထားလိုက်ပြီး ကိုယ်တိုင်က သလင်းဖြူ၏ အရှေ့တွင် ရပ်၍ အစ်ကိုဖြစ်သူကို ရင်ဆိုင်လိုက်သည်။


"တောင်းပန်ပါတယ် အစ်ကို...သူ့ကို မသတ်ပါနဲ့ ဗျာ ...အစ်ကို လိုချင်တဲ့  ငွေကို ကျွန်တော် ရအောင်ရှာပေးပါ့မယ် ... သူ့ကို လွှတ်ပေးလိုက်ပါ အစ်ကို "


      နေလင်းက အစ်ကိုဖြစ်သူကို တောင်းပန်စကားပြောလိုက်သည်။


"ဟေ့ကောင် အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့ မင်းပါးစပ်ကို ပိတ်ထား ...မင်းကို ပါသတ်မိလိမ့်မယ် ... အဲ့ဒီကောင်မ ကို ကိုက်တဲ့ မြွေကို မင်းကလဲထားလိုက်တာ မဟုတ်လား ... မင်းက တကယ့် အဖျက်သမားပဲ ....ဖယ်စမ်း အဲ့ဒီဟာမကို ငါကိုယ်တိုင် သတ်မယ်"


"ကျွန်တော် တောင်းပန်ပါတယ် အစ်ကို ... အစ်ကိုခိုင်းသမျှ ကျွန်တော် အကုန်လိုက်လုပ်ပေးခဲ့တယ်လေ ... ဒီတစ်ခါ ... ဒီတစ်ခါလေးပဲ ကျွန်တော့်ဆန္ဒကို လိုက်လျောပေးပါလား ... သူ့ကို ထားခဲ့လိုက်ပြီး  ကျွန်တော်တို့ ဒီအတိုင်း ထွက်သွားကြရအောင် "


"ဘာကွ ဒီတိုင်း ထွက်သွားရအောင် ငါကရူးနေလို့လား ...သူ့ကိုသတ်ပေးလိုက်တာနဲ့ ... လေးငါးဆယ်နှစ်မက ရှာရမဲ့ ငွေကို တစ်ထိုင်တည်း ရမှာကွ အရူးရ ... ပြီးတော့ အဲ့ဒီဟာမကို လွှတ်ပေးလိုက်ရင် မင်းရောငါပါ ထောင်ထဲသွားရမှာကို တွေးမိရဲ့လား "


       သလင်းဖြူသည် နေလင်းခေါ် စိုင်းလွှမ်း၏ နောက်တွင် တုန်တုန်ယင်ယင်နှင့် ရပ်နေမိသည်။


"ကဲကွာ ...ဖယ်စမ်းပါ ... သူ့ကိုသတ်ပြီး ရတဲ့ငွေနဲ့ ငါတို့ ညီအစ်ကို အမြန်ဆုံးထွက်သွားကြရအောင် "


"မဖယ်ဘူး ..မဖယ်ပေးနိုင်ဘူး အစ်ကို ... ကျွန်တော်သေမှ အစ်ကို သူ့ကို သတ်လို့ရမယ် ...အဲဒီတော့ အစ်ကို သတ်ချင်ရင် ကျွန်တော့်ကို အရင်သတ်လိုက်ပါ ..."


"အေး  သတ်မယ် ....အဲ့ဒီဟာမကို  အရင်သတ်ပြီးမှ ...မင်းကို သတ်မယ် ... ဖယ်စမ်း ...ကဲကွာ "


"အား "


"အမယ်လေး "


====================


( ဇာတ်သိမ်းပိုင်းမျှော် )


ဧကြည်ဖြူ


rate now: