ဧကြည်ဖြူ
"အဝါရောင် ရဲတိုက် "
*****************
ခြေသံလိုလို ကြားလိုက်ရသောကြောင့် သလင်းဖြူနောက်သို့ ဖျတ်ခနဲလှည့်ကြည့်လိုက်သော်လည်း နောက်ဘက်တွင် ဘာကိုမျှ မတွေ့ရသောကြောင့် သလင်းဖြူယောင်နနဖြစ်သွားမိသည်။ သလင်ဖြူ အသံကြားလိုက်ရသည်မှာ သေချာသည်။စိတ်က မကျေနပ်နိုင်ဘဲ အသံကြားရသည်ဟု ထင်မိသော နေရာကို လှည့် ပတ်ကြည့် ရှုမိပြန်သည်။ ထိုအခါ ခုတ်လှဲထားသော သစ်ပင်မှ ဖြတ်စသစ်တုံးကြီးများသာ အစီအရီ ရှိနေသည်ကိုတွေ့ရလေသည်။သစ်တုံးများကို ကြည့်ရင်း သလင်းဖြူ စိတ်ထဲ တစ်စုံတစ်ရာကို သတိရလိုက်မိသည်။ ထိုနေရာတွင် ရေတွင်းတစ်တွင်းရှိခဲ့သည်ကို အမှတ်ရလိုက်မိသည်။သလင်းဖြူတို့ ငယ်စဉ်တုန်းက ရွာတွင် မီးဆိုသည်မှာ ဝေးလာဝေး ရေပင်နွေရောက်လျှင် ဒုက္ခရောက်တတ်သည် ။ ထို့ကြောင့် အိမ်တိုင်းတွင် အနည်းဆုံး ရေတွင်းတစ်တွင်း သို့မဟုတ် ရေကန်တစ်ကန်တော့ရှိကြစမြပင်။တတ်နိုင်သူများက ရေတွင်းတူးပြီး ရေတွင်းကို အုတ်ပေါင်များဖြင့် ပြုလုပ်လေ့ရှိကြသည်။မတတ်နိုင်သူများကတော့ ရေကန်သာ တူးနိုင်ကြသည်။နွေပေါက်၍ မိမိတို့အိမ်ခြံဝင်းထဲရှိ ကန်ရေခန်းပြီး ဆိုလျှင် ရွာစာသင်ကျောင်းနားရှိ ရေတွင်းမှ ခပ်သုံးကြရသည်။သလင်းဖြူတို့ မိသားတစ်စုကတော့ ထိုစဉ်ကတည်းက ငွေကြေးလည်း အသင့်အတင့်ရှိကြသလို ခြံကလည်းကျယ်ပြီး မိသားစုတွေလည်းများသောကြောင့် ခြံထဲတွင် ရေတွင်းရော ရေကန်ကိုပါ တူးခဲ့ကြသည်။ထိုစဉ်ကတော့ ရေတွင်းရေက လူတွေ သုံးဖို့ ဖြစ်ပြီး ရေကန်က တိရစ္ဆာန်များ သုံးဖို့အတွက် ဖြစ်သည်။သလင်းဖြူ မှတ်မိသလောက်တော့ ရေတွင်းဘေးနှုတ်ခမ်းပေါင်မှာ သိပ်မမြင့်ဘဲခပ်ပုပုသာဖြစ်သည်။အဓိက က ကလေးများပါ ကိုယ့်ဘာသာရေခပ်ချိုးနိုင်ရန် အတွက် ထိုသို့ ပြုလုပ်ထားခြင်းပင်ဖြစ်သည်။ တဖြည်းဖြည်း ခေတ်စနစ်များ ပြောင်းလဲလာသည်နှင့်အမျှ ကျေးရွာများတွင် ရေတွင်း အစား ရေတုံကင်များ၊ ရေစုပ်စက်များတူးလာကြသောအခါ ရေတွင်း၊ ရေကန်တော်တော်များများမှာ မြေဖို့ခြင်း
ခံလိုက်ကြရလေသည်။သလင်းဖြူတို့ ခြံထဲမှ ရေးတွင်းလေးသည်လည်း အဘိုးမဆုံးခင် သလင်းဖြူလာတုန်းကတော့ မြေဖို့ခြင်းမခံရသေးသော်လည်း သုံးစွဲသူမရှိဘဲ အပေါ်မှ သွပ်ပြားများ၊ သစ်ကိုင်းခြောက်များဖြင့် ဖုံးဖိထားသည်ကို တေ့ခဲ့ရလေသည်။ယခုအခါ၌မူ ရေတွင်းလေးသည် မြေဖို့ခြင်းကို ခံလိုက်ရပြီဖြစ်လေသည်။ရေတွင်းရှိခဲ့ဖူးသော နေရာတွင် သစ်တုံးကြီးများကို တွေ့ရလေသည်။သလင်းဖြူ ကန်ပေါင်ပေါ်မှ ဆင်းလိုက်ပြီးလျှင် သစ်တုံးများ ရှိရာဆီသို့ လျှောက်သွားကြည့်လိုက်သည်။ပြီးလျှင် ငယ်စဉ်ကပျော်ရွှင်စွာဆော့ကစားခဲ့ဖူးသော ရေတွင်းဟောင်းနေရာလေးကို ဘာရယ်မဟုတ် သလင်းဖြူရှာကြည့်လိုက်မိလေသည်။
"ဟင် "
သလင်းဖြူ သစ်တုံးများကြား ကုန်ကုန်းကွကွ လျှောက်ကြည့်နေရင်းမှ ရေတွင်းရှိရာနေရာကို တွေ့လိုက်ရလေသည်။သို့သော်လည်း ရေတွင်းဟောင်းရှိ ဘေးနှုတ်ခမ်းသားများကို ချိုးဖျက်ထားပြီးလျှင် အပေါ်မှ သွပ်ပြားတင်မဟုတ်ဘဲ ကျောက်ပြားပါ ပိတ်ထားသည်ကို တွေ့ရလေသည်။ ထိုမျှမကသေးဘဲ ထိုပေါ်မှ သစ်လုံးများပါ ကန့်လန့်ဖြတ်တင်ထားသည်ကို တွေ့ရလေ၏။ဒါသည် သိပ်တော့ မထူးဆန်းလှပါပေ။ရေတွင်းဟောင်းကို မသုံးတော့လျှင် အပေါ်မှ ဖုံးအုပ်ထားရမည်ပင်ဖြစ်လေသည်။ သို့သော်လည်း သလင်းဖြူက မသင်္ကာသော စိတ်ဖြင့် တရားခံရှာနေခြင်းဖြစ်သောကြောင့် မြင်မြင်သမျှ အရာတိုင်းတို့သည် သလင်းဖြူ မျက်ဝန်းထဲတွင်တော့ သဲလွန်စရှာရန်များသာဖြစ်နေလေသည်။ရေတွင်းကို ဖုံးအုပ်ထားသော ကျောက်ပြားသည် သစ်လွင်နေဆဲပင်ဖြစ်သည်။ကျောက်ပြားပေါ်တွင် ရေညှိရောင်မပေါက်သေးပေ။ဤကျောက်ပြားကို ဖယ်ရှား၍ ရေတွင်းဟောင်းထဲသို့ ကြည့်ရမည်ဆိုလျှင် တစ်ခုခုထူးထူးခြားခြား တွေ့ရလေမည်လား။သေချာသည်မှာ မည်သူကမျှတော့ ဤရေတွင်းဟောင်းကို အလုပ်ရှုပ်ခံပြီး တူးဖော်ကြည့်ကြမည်မဟုတ်သည်မှာ သေချာသည်။ ဤ ရေတွင်းဟောင်းထဲသို့ တစ်စုံတစ်ခုကို ဝှက်၍ ထားခဲ့မည်ဆိုလျှင် နောင်အနှစ်သုံးလေးငါးဆယ်ခန့်လောက်တော့ ဤရေတွင်းကို မည်သူမျှ စိတ်ဝင်စားကြမည်မထင်ပါချေ။သလင်းဖြူ ခေါင်းထဲ အတွေးပေါ်လာသည်နှင့် တစ်ပြိုင်နက် ထွဋ်ခေါင်ကို ပြေး၍ သတိရမိလိုက်သည်။ထိုသို့တွေးမိသည်နှင့် တစ်ပြိုင်နက် သလင်းဖြူ ဖုန်းကိုထုတ်ကာ ခေါ်လိုက်သည် ။ထိုအခါ ဖုန်းထဲမှ "လူကြီးမင်းခေါ်ဆိုနေသော ဖုန်းမှာ မအားသေးပါရှင် 'ဆိုသော အသံကိုကြားလိုက်ရလေသည်။သလင်းဖြူ သည် စိတ်မရှည်တတ်သူပီပီ ထိုနေရာမှ ထွက်ခွါခဲ့ပြီးလျှင် အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ အိမ်ထဲသို့ ရောက်လျှင် ပူစူးကို ရှာလိုက်၏။ ထိုအခါ မီးဖိုခန်းတွင် ညနေစာ ချက်ရန်အတွက် ကြက်သွန်များ ခွါနေသော ပူစူးကို အလွယ်တကူပင် တွေ့ရလေသည်။ ပူစူးအနီး၌ မည်သူတစ်ဉ်း တစ်ယောက်မျှ မရှိသောကြောင့် သလင်းဖြူ ဝမ်းသာသွားမိလေသည်။
သလင်းဖြူသည် ပူစူးအနားတွင် ထိုင်ချလိုက်ပြီး စကားပြောကြည့်လိုက်သည်။
"ခုန မြွေကြီးကို တွေ့လိုက်လား ပူစူး "
" မတွေ့ဘူး မမ ...ပူစူး အမှိုက်သွားပစ်တုန်း ဖြစ်တာလေ '
ပူစူးက ခေါင်းလေးကို ယမ်းခါးပြီး ပြန်ဖြေသည်။
"ဟုတ်သားပဲ ပူစူးက အမှိုက်သွားပစ်နေတာပဲ ...ဒါနဲ့ အမှိုက်တွေကို ဘယ်မှာ ပစ်လဲ ပူစူး ... ဟိုနှစ်တွေက မမလာလည်တော့ အမှိုက်ပစ်ရင် ရေတွင်းဟောင်းထဲကို ပစ်ချလိုက်တာပဲ "
သလင်းဖြူက သိချင်တာကို သွယ်ဝိုက်၍မေးလိုက်သည်။
"ဟုတ်တယ် အရင်ကဆို သွပ်ပြားကို လှန်ပြီး အမှိုက်တွေကို ရေတွင်းထဲကို ပစ်ချလိုက်တာပဲ ...နောက်တော့ ရေတွင်းကို ဖြိုလိုက်ပြီး အပေါ်က ကျော်က်ပြား ဖိလိုက်လို့ အမှိုက်တွေကို မီးပဲရှို့ပစ်ရတော့တာ "
"ဟုတ်.... ဟုတ်လား ...ရေတွင်းကို ဘယ်တုန်းက ပိတ်ပစ်လိုက်တာလဲ ပူစူး "
သိချင်သော အဖြေကို ရခါနီးပြီဖြစ်သောကြောင့် သလင်းဖြူ၏ ပေးသံမှာ အနည်းငယ်ပင် တုန်ယင်၍နေလေသည်။
" ကြာတော့ မကြာသေးဘူးထင်တယ်... အစ်ကို လေး စိုင်းရန်နိုင်မလာခင်က ထင်တာပဲ "
" ဪ ... ဟုတ်လား ... ဘယ်သူက ပိတ်ခိုင်းတာလဲ ပူစူး "
" မပြီးသေးဘူးလား ပူစူး ... အလုပ်မလုပ်ဘဲ စကားတွေ ပြောနေကြတာလား .....သလင်းဖြူက အနားမယူဘဲ ဘာလုပ်နေတာလဲ "
သလင်းဖြူ မျှော်လင့်ကြီး မေးလိုက်စဉ်မှာပင် အခန်းထဲသို့ ဒေါ်သုန် ရောက်လာသောကြောင့်မျှော်လင့်ချက်များ ပျက်စီး သွားရလေသည်။သလင်း ဖြူလည်း ထိုင်နေရာမှ ထလာခဲ့ပြီး အပြင်သို့ ထွက်ခဲ့လိုက်သည်။
~~~~~~~~~~~~~~~~~~
သလင်းဖြူ စက်ဘီးပေါ်တက်ခါနီးတွင် ထွဋ်ခေါင်ဆီသို့ ဖုန်းခေါ်ကြည့်လိုက်သည်။ ဖုန်းမှာ ယခုအချိန်ထိပင် မအားနိုင်ဘဲ ရှိလေသည်။စိတ်မရှည်လှသော သလင်းဖြူမှာ စက်ဘီးကို ရက်ကန်းရုံဘက်သို့ နင်းခဲ့လိုက်သည်။
~~~~~~~~~~~~~~~~~~~
"ဖြူလေး ... ဖြူလေး "
သလင်းဖြူ စက်ဘီးနင်းလာရာမှ လမ်းဘေးမှ ခေါ်သံသဲ့သဲ့ကို ကြားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်သောအခါ စိုင်းလွှမ်းကို တွေ့လိုက်ရသောကြောင့် စက်ဘီးပေါ်မှ ဆင်းလိုက်ပြီး လှမ်းခေါ်လိုက်သည်။
"ဟယ် စိုင်းလွှမ်း ... နင့်ကို တွေ့ချင်နေတာနဲ့ အတော်ပဲ....ဘယ်ကို လာရှာရမှန်းမသိလို့ စိတ်ညစ်နေတာ...."
သလင်းဖြူက စိုင်းလွှမ်းဆီသို့ သွားပြီး ဝမ်းသာအားရ ပြောလိုက်မိလေသည်။
"လာလေ ... ငါနေတဲ့နေရာကို လိုက်ကြည့်မလား ... နည်းနည်းတော့ လှမ်းတယ် ...အိမ်က စုတ်နေလို့ အရင်က မခေါ်ခဲ့တာလေ ...အခုတော့ အခြားနေရာထက်စာရင် မင်းအတွက် ငါ့အိမ်က ပိုလုံခြုံမယ် ထင်တယ် "
ပြောပြီးသည်နှင့် စိုင်းလွှမ်းက သလင်းဖြူကို စက်ဘီးနောက်တွင် ထိုင်ခိုင်းလိုက်ပြီး သူက စက်ဘီးကို တက်နင်းခဲ့လိုက်လေသည်။
စိုင်းလွှမ်း နင်းလာသော စက်ဘီးလေးသည် လျှိုချောက်သွားရာ လမ်းဆီသို့ ဦးတည်၍ နင်းသွားသည်ကို တွေ့လိုက်ရသောကြောင့် သလင်းဖြူက အလန့်တကြားနှင့် စိုင်းလွှမ်းကိုမေးလိုက်မိလေသည်။
"ဒါ ...ဒါက လျှိုချောက်ဘက်သွားတဲ့လမ်း မဟုတ်လား စိုင်းလွှမ်း ....အဲ့ဒီဘက်က သွားမလို့လား "
" မသွားပါဘူး ဖြူလေးရယ် ... ဘေးရွာကို သွားတဲ့ လမ်းခွဲက သွားမှာပါ ... အန္တရာယ် မရှိစေရဘူး စိတ်ချပါ..."
~~~~~~~~~~~~~~~~~
"အဲ့ဒါဆို ဒီညဖြစ်ဖြစ် ... မနက်ဖြန်မနက်ဖြစ်ဖြစ် အရောက်လာခဲ့ကွာ .... သေချာတာက .. ဒီပုံအတိုင်းဆို ခြံထဲမှာပဲရှိမှာ ... ဒါပေမဲ့ အိမ်ကလဲ အကျယ်ကြီး ..ခြံကလဲ အကျယ်ကြီး ဆိုတော့ ငါတို့ အချိန်ယူရယ်ထင်တယ်.."
ထွဋ်ခေါင်က မိမိထင်နေမိသည်ကို ဖုန်းထဲမှနေ ဝေထွန်းကို ပြောပြလိုက်သည်။
"အဲ့ဒါလဲ ဟုတ်တယ်...သက်သေခံမရရင်တောင် သဲလွန်စရမှာဖြစ်မှာ ...ဒါနဲ့ ကိုဇော်မျိုးကိုလဲ ပြောထားတယ် ...အဲ့ဒီဘက်က တာဝန်ရှိသူနဲ့ ညှိပြီး ကူညီမယ်လို့တော့ ပြောတယ် ... ကြားထဲမှာ သူတို့ဘက်က လက်ဦးသွားလို့တော့ မဖြစ်ဘူးနော် ....ဟိုတစ်ယောက်ကိုလဲ ကြည့်ပြောထားအုံး ....အလွဲလွဲအချော်ချော်တွေဖြစ်ကုန်မှာစိုးလို့ ...ဦးရန်နောင်ထွေးကိစ္စက သေချာသလောက်ပဲ ...ဒါပေမဲ့ သူကတော့ ခြံထဲမှာ မဟုတ်လောက်ဘူး ..`
"အေးကွာ ... တစ်နေရာရာမှာ သက်ရှိထင်ရှား ရှိနေပါစေပဲ ဆုတောင်းရမှာပဲ "
ထွဋ်ခေါင်က ဖုန်းကို နားတွင်ကပ်လျက် ခပ်တိုးတိုးပြောလိုက်သည်။
"အေး ...မင်းလဲ သတိထားအုံး ...ဒီကိစ္စက တစ်ဦးတစ်ယောက်တည်း ကျူးလွန်ထားတဲ့ ကိစ္စတော့မဟုတ်ဘူး ...အစွယ်အပွားတွေ များလောက်တယ် ... ငါတို့ကို တစ်ယောက်ယောက်က ရိပ်မိနေရင်လဲ ရိပ်မိနေနိုင်တယ် သတိတော့ထား ...ဒါပဲ ဖုန်းချလိုက်ပြီ "
"ကိုထွဋ်ခေါင် အရေး ကြိကိစ္စရှိလို့လား... ဖုန်းပြောနေတာအကြာချည်းပဲ "
" ဪ ...ရွှေရည် "
ဝေထွန်းဆီမှ ဖုန်းချသွားသည်နှင့် တစ်ပြိုင်နက် အနားသို့ ရောက်လာသော ရွှေရည်ဝင်းကို ကြည့်ပြီး ထွဋ်ခေါင် ချက်ချင်းပင် မျက်နှာ အနေအထားကို ပြင်လိုက်ရသည်။
"အရေးကြီးတယ်ဆိုတာထက် ... ဟိုဘက်က ပွဲစီစဉ်သူနဲ့ စကားတွေပြောနေရတာ .. ဒါပေမဲ့ စိတ်မပူပါနဲ့ ရွှေရည်ရယ် အဆင်ပြေသွားမှပါ "
ထွဋ်ခေါင် ရွှေရည်ဝင်းကို အလိုက်သင့် ပြန်ဖြေလိုက်ရင်းမှ ဖုန်းကို ကြည့်လိုက်ရာ သလင်းဖြူ ဖုန်းခေါ်ထားသည်ကို တွေ့လိုက်ရသောကြောင့် စိုးရိမ်ပူပန်သွားမိလေသည်။
"ရွှေရည် ခဏနော် ...ကိုယ် အိမ်ကို ဖုန်းခဏဆက်ချင်လို့ "
ထွဋ်ခေါင် ပြောလိုက်သောအခါ ရွှေရည်ဝင်းသည် နှုတ်ခမ်းလေးကို မသိမသာကိုက်၍ သူမ၏ ရုံခန်းထဲသို့ ပြန်ဝင်သွားလေသည်။
~~~~~~~~~~~~~~~~
သလင်းဖြူနှင့် စိုင်းလွှမ်းတို့ လျှိုချောက်လမ်းအနီးရှိ အရိပ်ကောင်းသော သစ်ပင်ကြီး အောက်တွင် စက်ဘီးကို ရပ်ပြီး အမောဖြေနေကြလေသည်။
" အရိပ်ကောင်းလိုက်တာဟယ် ...ဒါနဲ့ စိုင်းလွှမ်း ... မနက်တုန်းက.. နင် ငါ့ကို လိုက်ပို့ပြီး ငါအိမ်ပြန်ရောက်တော့လေ ... ငါ ဂိုထောင်သန့်ရှင်းရေးလုပ်ရင်း မြွေပေါက်ခံရမလို ဖြစ်ခဲ့သေးတယ် ... အဲ့ဒါ ငါသတိလစ်မလို ဖြစ်သွားတုန်းမှာ... နင်က မြွေကို သတ်လိုက်တာကို ငါမြင်လိုက်ရတယ် ... အဲ့ဒါ တကယ်ပဲ နင် မဟုတ်လားဟင် "
သလင်းဖြူ၏ အမေးကြောင့် စိုင်းလွှမ်း၏ မျက်လုံးအစုံမှာ ပြူးကျယ်သွားပြီးလျှင်
" ဘာ နင့် မြွေပေါက်ခံရတော့မလို့ဟုတ်လား ... နင်ဘာဖြစ်သွားသေးလဲ ဖြူလေး "
စိုင်းလွှမ်းက သလင်းဖြူကို စိုးရိမ်တကြီးနှင့် မေးလိုက်သည်။
" ငါ ..ဘာမှ မဖြစ်ပါဘူး စိုင်းလွှမ်း...တကယ်ပဲ နင်ငါ့ဆီကို ရောက်လာလားပဲ ပြောစမ်းပါ "
သလင်းဖြူက စိတ်မရှည်စွာပင် စိုင်းလွှမ်းကို ပြန်မေးလိုက်သည်။
" မဟုတ်တာ ...ငါမဟုတ်ပါဘူး....မင်း အမြင်မှားတာဖြစ်မယ် ဖြူလေး.... ခြံတံခါးကို သော့ခတ်ထားတာ ငါက ဘယ်လို ဝင်နိုင်မလဲ "
စိုင်းလွှမ်းက သလင်းဖြူကို ကြည့်၍ အငြင်းစကား ဆိုလိုက်သည်။
" ငါသေချာ မြင်လိုက်ရတာ စိုင်းလွှမ်းရယ် ...နင်မဟုတ်ဘူးလား ...နင် ငါ့ကို ကယ်ခဲ့တာ မဟုတ်ဘူးလား ...ငါ့မျက်လုံးထဲမှာတော့ နင်က မြွေကြီးကို ဓါးနဲ့ပိုင်းလိုက်တာကို မြင်လိုက်ရတယ်ထင်တာပဲ ..ငါအမြင်မှားတာပေါ့နော် ...ဒါနဲ့ စိုင်းလွှမ်း ... ငါလေ (1 ဘာကိုသိလာခဲ့လဲ နင်သိလား "
" မသိဘူးလေ "
စိုင်းလွှမ်းက ခေါင်းကို ယမ်းခါပြပြီး ဖြေလိုက်သည်။
"ငါပြောပြမယ် ... ဒီနေ့ အဘိုးအဘွားတို့အုတ်ဂူနားက ရေတွင်းဟောင်းကို တွေ့ခဲ့တယ် ...အရင်နေ့တွေက သတိမထားမိခဲ့ဘူး ... ဒီနေ့မှ သတိထားမိတာ ... အိမ်က ကောင်မလေးကို အစ်အောက်ပြီး မေးကြည့်လိုက်တော့ ရေတွင်းကို ဖျက်ပြီး ပိတ်လိုက်တာ မကြာသေးဘူးပဲ ... ငါ့ အထင်ပြောရရင် ....တကယ်လို့ ဒေါ်လေးကိုသာ သူတို့သတ်ခဲ့ရင် ... သေချာတယ် ...ဒေါ် လေးရဲ့ အလောင်းက ရေတွင်းပျက်ထဲမှာ ရှိမှာပဲ "
"ဘယ် ...ဘယ်လို ဖြူလေး ... ဒေါ်လေး အလောင်း ဟုတ်လား ..ဒေါ်လေးက သူ့ချစ်သူနဲ့လိုက်သွားတာဆို ... ပြီးတော့ အဲ့ဒီမှာ မင်းတို့ ဆွေမျိုးသားချင်းတွေပဲ ရှိတာလေ ... ဒါက ဖြစ်နိုင်ပါ့လား ...."
စိုင်းလွှမ်းက သလင်းဖြူကို အထိတ်တလန့်နှင့် ပြောလိုက်သည်။
" ဖြစ်နိုင်တာပေါ့ ...ပြီးတော့ ဦးငယ်လဲ ပျောက် နေတယ် ...ဒါကိုလဲ ငါမသင်္ကာဘူး ...သူတို့ ဦးငယ်ကိုပါ တစ်ခုခုလုပ်လိုက်ကြပြီ ထင်တာပဲ "
" ဟုတ် ... ဟုတ်ပါ့မလား ဖြူလေးရယ် ... မင်းထင်တာတွေကလဲ ကြောက်ဖို့ကောင်းလိုက်တာကွာ ..."
သလင်းဖြူ၏ အထင်ကို စိုင်းလွှမ်းက အထိတ်တလန့်နှင့် ပြောလိုက်စဉ်မှာပင် သလင်း ဖြူ၏ ဖုန်းလေးက ထမြည်လာခဲ့လေသည်။
သလင်းဖြူက ဖုန်းကို ကောက်ကိုင်လိုက်ပြီးနောက် " ခဏလေးနော် စိုင်းလွှမ်း ...ဖုန်းခဏ ပြောလိုက်အုံးမယ် "
"ဟယ်လို "
သလင်းဖြူက စိုင်းလွှမ်း၏ ဘေးမှ ထလိုက်ပြီး ဖုန်းကို ပြောလိုက်သည်။
"မင်း ဘာဖြစ်လို့လဲ အဆင်ပြေရဲ့လား သလင်းဖြူ ...ဖုန်းတွေ ခေါ်ထားတာတွေ့လို့ .... "
"ဘာမှမဖြစ်ဘူး ...ရှင့်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုပြောမလို့ ကျွန်မတို့ ခဏလောက်တွေ့ကြမလား "
သလင်းဖြူက စိုင်းလွှမ်းမကြားအောင် အသံကို ခပ်တိုးတို့ ပြောလိုက်သည်။
" ဟုတ်ပြီလေ ဆုံနေကြ ရွာစပ်နားမှာ ဆုံကြတာပေါ့ ...ကိုယ်လဲ မင်းသူငယ်ချင်းစိုင်းလွှမ်း ဆိုတဲ့လူက လွန်ခဲ့တဲ့သုံးနှစ်က သေသွားခဲ့တဲ့ အကြောင်းကို ပြောပြမလို့လေ...အဲ့ဒါ မင်းအပြင်ကို ထွက်လာတဲ့အခါ သူနဲ့ ဆုံခဲ့ရင် သတိထားအုံး "
"ရှင် ... ဘာ ..ဘာပြောတယ် "
ထွဋ်ခေါင်၏ စကားကြောင့် သလင်းဖြူ ထိတ်လန့်တုန်လှုပ်စွာပင် စိုင်းလွှမ်းကို လှမ်း၍ကြည့်လိုက်မိလေသည်။ထိုအခါ စိုင်းလွှမ်းကလည်း ဒေါသ အမျက်ထွက်နေသော မျက်နှာဖြင့် သလင်းဖြူ ရှိရာဆီသို့လျင်မြန်စွာလျှောက်လာသည်ကို တွေ့လိုက်ရလေသည်။
" အား "
သလင်းဖြူ အံ့သြတုန်လှုပ်စွာပင် စိုင်းလွှမ်းကို သတိလက်လွတ်ပေးမောကြည့်နေမိစဉ်မှာပင် သလင်းဖြူ၏ ဇက်ပိုးကို ပြောင်းခနဲ အရိုက်ခံလိုက်ရပြီး နာကျင်လွန်းသောကြောင့် သလင်းဖြူသတိလက်လွတ် အော်ဟစ်လိုက်မိပြီးနောက် လောကကြီးတစ်ခုလုံး မှောင်အတိကျသွားလေသည်။
"သလင်းဖြူ ...သလင်းဖြူ ..မင်း....မင်းဘာဖြစ်တာလဲ "
ထွဋ်ခေါင်သည် ဖုန်းထဲမှ သလင်းဖြူ၏ အော်သံကို ကြားလိုက်ရသောကြောင့် စိုးရိမ်တကြီးနှင့် မေးလိုက်သော်လည်း သလင်းဖြူ ထံမှ တုန့်ပြန်သံကို မကြားရဘဲရှိလေသည်။
=====================
အပိုင်း ( ၂၁ ) ဆက်ရန်
ဧကြည်ဖြူ .