ဧကြည်ဖြူ
"အဝါရောင်တိုက် "
*********************
" တရားခံက ... လက်လွန်နေပြီမို့ သူ့လုပ်ရပ်တွေ မပေါ်အောင် နောက်ထပ် လူသတ်ဖို့ ဝန်လေးမှာမဟုတ်ဘူး ... အမှန်အတိုင်းပြောရရင် မင်းကို ဒီမှာမနေစေချင်တော့ဘူး သလင်းဖြူ "
ထွဋ်ခေါင်းက သလင်းဖြူကို ကြည့်ပြီးပြောလိုက်သည်။
"ဟင့်အင်း ...ကျွန်မ မပြန်ဘူး ... အကြောက်တရားမရှိလို့ စုံလုံးကန်းနေတာတော့ မဟုတ်ဘူး...မတရားခံခဲ့ရပြီးမတရားသေခဲ့ရတဲ့လူတွေအတွက် အမှန်တံရားကို ဖော်ထုတ်ပြီးမှ ကျွန်မပြန်မယ် ..ဒါနဲ့ လူသတ်သမားက ဘယ်သူဖြစ်နိုင်လဲ ...တစ်ယောက်တည်းလား ...အားလုံးလား "
သလင်းဖြူ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ပြောလိုက်သည်။
"ဘယ်သူဆိုတာ မကြာခင် ဖော်ထုတ်နိုင်မှာပါ .. မင်းရဲ့ ကြီးတော်တွေနဲ့ ဘကြီးအပါအဝင်အားလုံးမှာ ပြဿနာပေါင်းစုံ ရှိနေကြတာကို မင်းသိလား ... "
"ဟင့်အင်း မသိဘူး ... ကျွန်မတို့ မိသားစုရန်ကုန်ကို ပြောင်းပြီးကတည်းက ... တစ်ခါတလေမှ အလည်လာဖြစ်တာ ....အိမ်တွင်းရေးတွေကိုသိလဲမသိခဲ့ဘူး "
"အင်း ...မင်းတို့ကြီးတော်အပျိုကြီးက သူ့မှာပူပင်စရာ သားသမီးမရှိပေမဲ့ အလုပ်မှ အလုပ်ဖြစ်နေတဲ့သူ အလုပ်လုပ်မယ် ငွေကို ပွားသထက်ပွား များသထက်များ အောင်လုပ်ချင်နေတဲ့သူ ... မင်းဘကြီးလဲ သိပ်တော့ မထူးဘူး ....သူလဲ ငွေနဲ့ သြဇာအာဏာကို သဘောကျတာပဲ...သူတို့လုပ်နေတာ ခြံလုပ်ငန်း တင်မဟုတ်ဘူး... ပွဲရုံပါ ဖွင့်ထားတာ....ဒါပေမဲ့ ငွေကြေးစီမံမှုတွေကို မင်းတို့ကြီးတော် အပျိုကြီးကို တင်ပြရတယ်လေ...ပြီးတော့ နိုင်ငံခြား ရောက်နေတဲ့ သူ့ရဲ့ သားကြီးနဲ့ သားငယ်က ငွေအတော် ဖြုန်းတယ်တဲ့...သူလဲပြဿနာကတော့ များတယ် "
"မင်းကြီးတော် ဒေါ်ခင်အေးကတော့ နိုင်ငံခြားက သမီးကလဲ ငွေပို့တယ် ...ကိုဇော်ထိုက်ကလဲ သူ့ရသမျှ ငွေကိုပေးတယ် ...သူတို့လင်မယားဦးစီးနေရတဲ့ ကုန်ခြောက်ဆိုင်ကြီးကလဲ ၀င်ငွေကောင်းပါတယ် ...ဒါပေမဲ့ လိုတာထက် ပိုပြီး လောဘကြီးတယ် ...သူများကို အပြစ် မြင်တတ်တယ် ...မင်းဦး ငယ်ကတော့ ...ကိုယ့်ဦးလေးနဲ့ သိပ်မကွာပါဘူး ..*
"ရှင်ပြောသလိုဆိုရင် ဦးငယ်ကလွဲပြီး အားလုံးက လောဘကြီးတဲသူတွေပဲ ...အားလုံးပေါင်းပြီး ကြံစည်တာဖြစ်နိုင်လား "
ထွဋ်ခေါင်ကို သလင်းဖြူက မေးလိုက်သည်။
" မပြောနိုင်သေးဘူး ...ဒါပေမဲ့ သူတို့တွေက တစ်ဖအေတစ်မအေ တည်းမွေးထားကြတဲ့ မောင်နှမအရင်းတွေလေကွာ ...အားလုံးကတော့ အဲ့ဒီလောက် ရက်စက်ကြမယ်မထင်ဘူး ... မကြာခင် အဖြေပေါ်တော့မှာပါ ...ဒီကြားထဲမှာ မင်းစိတ်ကိုထိန်းပါ ... စိတ်လိုက်မာန်ပါမလုပ်နဲ့ .. ဒီနေ့ ဂိုထောင်သန့်ရှင်းရေးလုပ်မယ်လို့ ပြောထားတယ်မဟုတ်လား .. ဂိုထောင်ထဲမှာ ဘာသဲလွန်စမှ မရှိနိုင်လောက်ဘူး...ဒါပေမဲ့ သတိတော့ထား...သူတို့ရဲ့အကြံအစည်က လူကိုစိုင်းရန်နိုင်လို မတော်တဆ သေဆုံးတဲ့ ပုံစံနဲ့ ကြံစည်မှာ ..."
ထွဋ်ခေါင်က သလင်းဖြူကို စိုးရိမ်စ္စာနှင့်သတိပေးစကားပြောလိုက်လေသည်။
"စိတ်ချပါရှင် ... ကျွန်မလဲ သိပါတယ် ...သူတို့ကျွန်မကို သတ်ရင်တောင် မတော်တဆ သေတံ့ပုံစံမျိုးနဲ့ သေတဲ့ပုံစံမျိုးလုပ်မယ်ဆိုတာ ကျွန်မသိပါတယ် "
" ဒါနဲ့ မင်းကို မေးရအုံးမယ် ... မင်းသူငယ်ချင်းဆိုတာလေ.. နာမည် ဘယ်သူတုန်း ...သူက ရွာထဲမှာ နေတာမဟုတ်ဘူးလား "
ထွဋ်ခေါင်၏ အမေးစကားကြောင့် သလင်းဖြူက ထွဋ်ခေါင်ကို အံ့သြတကြီး ကြည့်လိုက်ပြီး ပြန်မေးလိုက်သည်။
"ကျွန်မ သူငယ်ချင်းကို ရှင်က ဘယ်လို သိတာလဲ ...သူက ရွာထဲမှာ မနေဘူးလေ ... သူ့မိဘနဲ့ အဆင်မပြေလို့ တခြားမှာနေတာ...သူနဲ့ကျွန်မက ငယ်သူငယ်ချင်းတွေ...ကျွန်မ ရွာကိုလာတုန်းကလဲ သူပဲလာကြိုပေးတာလေ "
ထွဋ်ခေါင်က သလင်းဖြူ၏ စကားကို နားထောင်နေပြီးနောက် သူသိချင်တာကို မေးလိုက်သည်။
" မင်းတို့ တအားရင်းနှီးတာလား ...သူကိုရော ဘာအကြောင်းတွေ မင်းပြောမိသေးလဲ ... သူက စိတ်ချလို့ရော ရရဲ့လား "
" ရတာပေါ့ ....ဒီရွာမှာ ကျွန်မအယုံကြည်ရဆုံးလူပဲလေ ..ပြီးတော့ သူက... ဟို အောက်လမ်း ဆရာမကြီးဒေါ်သီရဲ့ လင်ပါသားပေါ့ ... သူတို့ကြောင့် စိုင်းလွှမ်းက ရွာမှာ မနေနိုင်တာလေ..."
"ဘယ် ..ဘယ်လို ...မင်းသူငယ်ချင်းက ဟိုမိန်းမကြီးရဲ့ သားပေါ့ ဟုတ်လား "
သလင်းဖြူကို ထွဋ်ခေါင် တအံ့တသြနှင့် မေးလိုက်သည်။
"ဟုတ်တယ်လေ ... စိုင်းလွှမ်းဘဝက သိပ်သနားစရာကောင်းတာ ....ကျွန်မရန်ကုန်ပြန်ရင် ...ကျွန်မ သူငယ်ချင်းကိုပါ ခေါ်သွားမှာလေ .."
"ဘယ်လို ..မင်းက သူ့ကို ခေါ်သွားမယ်ပေါ့ ...ပြောတော့ မင်းက နိုင်ငံခြားသွားမှာဆို "
" အင်းလေ ...ငွေအဆင်ပြေရင် သွားမှာ ...စိုင်းလွှမ်းကို အလုပ်ရှာပေးပြီး... နေဖို့ပါအဆင်ပြေအောင်လုပ်ပေးခဲ့မှာပေါ့ "
သလင်းဖြူပြောသော စကားကို နားထောင်ပြီး ထွဋ်ခေါင် ခပ်တွေတွေ စဉ်းစားနေ မိသည်။ ပြီးမှ သလင်းဖြူကို ကြည့်လိုက်ပြီး
"ကိုယ်တို့ ပြန်ကြရအောင် ...ဘာပဲဖြစ်ဖြစ် မင်းသတိထားနေနော် ..ပြီးတော့ မင်းသူငယ်ချင်းကို ကိုယ့်အကြောင်းတွေ မပြောနဲ့ .... ဘယ်သူပဲဖြစ်ဖြစ် ကိုယ်တို့ အကြောင်းကိုမေးရင် ... ကိုယ်တို့နှစ်ယောက်က ချစ်သူရည်စားတွေလိုပဲ ဖြေလိုက် ကြားလား "
"အင်း ..ပြီးရော ...ပြီးရော "
ထွဋ်ခေါင်၏စကားကို သလင်းဖြူက ခပ်ရွဲ့ရွဲ့ ပြန်ဖြေလိုက်ပြီး စက်ဘီးကို နင်း၍ ထွက်ခဲ့လေသည်။
~~~~~~~~~~~~~~~~~~~~
" ဖြူလေး ဘယ်က ပြန်လာတာလဲ "
"ဟင် ..စိုင်းလွှမ်း .. ဘယ်ကိုသွားမလို့လဲ "
အပြန်လမ်းတွင် သလင်းဖြူ၏ စက်ဘီးရှေ့တွင် ပိတ်ရပ်ပြီးမေးလိုက်သော စိုင်းလွှမ်းကို တွေ့လိုက်ရသောကြောင့် သလင်းဖြူ ဝမ်းသာအားရနှင့် မေးလိုက်မိသည်။
"ဘယ်ကိုမှ မသွားဘူး ...မင်းကို တွေ့လို့ ရပ်စောင့်နေတာ ...ဒါနဲ့ ဘယ်က ပြန်လာတာလဲ ...တစ်ယောက်တည်း လျှောက်မသွားနဲ့လို့ ပြောထားတယ်လေ "
စိုင်းလွှမ်း၏ ဒေါသတကြီး ပြောလိုက်သောအမူအရာကြောင့် သလင်းဖြူ ကြောင်အအနှင့် ဖြစ်သွားမိသည်။
"ဟို မြို့သားနဲ့ ဘယ်လို ပတ်သက်နေတာလဲ ...အဲ့ဒီကောင်က ရွှေရည်ဝင်းနဲ့ ကြိုက်နေတာမဟုတ်ဘူးလား ..."
" မဟုတ်ပါဘူး ... ဘယ်သူပြောလဲ "
စိုင်းလွှမ်း၏ စကားကို သလင်းဖြူ ငြင်းဆန်လိုက်မိပြီး ပြန်မေးလိုက်မိသည်။ ထိုအခါ အမြဲလိုလို ပြုံးရွှင်အေးချမ်း နေတတ်သော စိုင်းလွှမ်း၏မျက်နှာသည် ဒေါသထွက်နေဟန် ရှိသည်ကို သလင်းဖြူ တွေ့လိုက်ရလေသည်။ သလင်းဖြူ သက်ပြင်းကို မသိမသာ ချလိုက်ပြီး စကားလမ်းကြောင်းကို လွှဲလိုက်သည်။
"ကဲပါဟာ ... သူ့အကြောင်းထားလိုက်စမ်းပါ ...ဟိုနေ့က ငါတို့ကို ဆိုင်ကယ်နဲ့ တိုက်ဖို့လုပ်တဲ့သူရဲ့ သတင်းကို သိရပြီးလား "
" အင်း ...ရွာထဲကမဟုတ်တာတော့ သေချာတယ် .. သတင်းအစအနလေးတောင် မကြားရဘူးလေ ..ဘေးရွာတွေမှာ ငါလိုက်စုံစမ်းနေပါတယ် "
စိုင်းလွှမ်းက တင်းမာနေသော မျက်နှာကို အနည်းငယ်လျှော့၍ သလင်းဖြူကို ဖြေလိုက်သည်။
"ကဲ လာ ...ပြန်မှာ မဟုတ်လား ...ငါလိုက်ပို့ပေးမယ် "
သလင်းဖြူနှင့် စိုင်းလွှမ်းတို့ နှစ်ယောက်အတူ လမ်းလျှောက်လာရင်းမှ သလင်းဖြူစိတ်ထင်၍ပဲလားမသိပေ။စိုင်းလွှမ်းကို ကြည့်ရသည်မှာ အရင်နေ့များနှင့်မတူဘဲ တစ်မျိုးတစ်ဖုံ ထူးခြားပြောင်းလဲနေသည်ဟု ထင်နေမိလေသည်။
"အိမ်မှာ ဘာထူးခြားသေးလဲ .... ညဘက်တွေလဲ ဟိုအခန်း ဒီအခန်းတွေ လျှောက်ကြည့် မနေနဲ့အုံးနော် "
နှစ်ယောက်သားစက်ဘီးကို တွန်းပြီး လမ်းလျှောက်လာကြရင်းမှ စိုင်းလွှမ်းက သလင်းဖြူကို ပြောလိုက်လေသည်။
"အင်းပါ ... ငါ ဂရုစိုက်ပါတယ် ...ငါ့အတွက် စိတ်မပူနဲ့နော်.... "
သလင်းဖြူလဲ စိတ်ထဲ စနိုးစနောင့် ဖြစ်နေသည်ကို ဖယ်ရှားလိုက်ပြီး စိုင်းလွှမ်းကို ပြုံး၍ ပြန်ပြောလိုက်သည်။
" အိမ်ရောက်ခါနီးနေပြီ ...ငါသွားတော့မယ်နော် "
သလင်းဖြူက ခေါင်းငြိမ့်ပြလိုက်သောအခါ စိုင်းလွှမ်းသည် သလင်းဖြူကို ရီဝေသောမျက်လုံးများဖြင့် တစ်ချက်ငေးကြည့်ပြီး ထွက်သွားလေသည်။
သလင်းဖြူသည် ကျောခိုင်းထွက်သွားသော စိုင်းလွှမ်း၏ ကျောပြင်ကိုကြည့်ပြီး စိတ်ထဲမှ အလိုလို ရှုပ်ထွေးနေမိလေသည်။
~~~~~~~~~~~~~~~~~~~
" ဖိုးထူးကိုပါ ဝိုင်းကူခိုင်းလိုက်တဲ့ ...မင်းတို့နှစ်ယောက်တည်း လုပ်နိုင်မှာ မဟုတ်ဘူးတဲ့ "
ဒေါ်သုန်၏ တဲ့ဆိုသော အဆုံးသတ်စကားကြောင့် သလင်းဖြူ ဒေါ်သုန်ကို မော့ကြည့်လိုက်ပြီး ပြန်မေးလိုက မိသည်။ ဒေါ်သုန်၏ အဖြေကို စောင့်စားရင်း စိတ်ထဲမှလည်း တရားခံကို ဖမ်းနိုင်တော့မည်ဟုတွေးလိုက်မီသည်။
"ဘယ်သူ မှာခဲ့တာလဲ ဒေါ်ကြီး "
" ဘယ်သူပြောခဲ့ရမလဲ ... မင်းရဲ့ ဘကြီးနဲ့ ကြီးတော်တွေက မှာသွားတာပေါ့ ... တစ်နေ့တည်း မပြီးလဲ ရတယ် ... အေးအေးဆေးဆေးရှင်းတဲ့ "
ဒေါ်သုန်၏ စကားကြောင့် သလင်းဖြူ မကျေမနပ်ဖြစ်မိသွားမိသော်လည်း ဘာမှ မတတ်နိုင်ဘဲ ပူစူးနှင့် အတူ ဂိုထောင်ဘက်သို့ ထွက်ခဲ့လိုက်သည်။
~~~~~~~~~~~~~~~~~~~~
"ပူစူးက မမလှည်းထားတဲ့ အမှိုက်တွေကို အမှိုက်တောင်းထဲထည့်ပြီး အမှိုက်တွေမီးရှို့တဲ့ နေရာမှာ သွားပစ်နော် ..ကိုဖိုးထူးက ခေါင်းမိုးက ပိုးမျှင်တွေကို တံမြက်စည်း နဲ့ လှည်းချပေးပါနော် ... ကျွန်မတို့ ထပ်ခိုးပေါ် အရင် တက်လှည်းကြမယ်လေ "
သလင်းဖြူက ပြောလိုက်ပြီး ထပ်ခိုးပေါ်သို့တက်ခဲ့လိုက်သည်။မျက်လုံးကမူ ဖိုးထူးကို တစ်စက်မှ အလွတ်မပေး အကဲခတ်နေလိုက်သည်။
ထပ်ခိုးပေါ်သို့ ရောက်သောအခါ ငရုတ်သီးအိတ်များနှင့့်ပဲအိတ်များကိုသာတွေ့ရပြီး ထွေထွေထူးထူး ဘာကို မျှမတွေ့ရပေ။သတင်းဖြူ အောက်ထပ် ကို အမြန်ရှင်းချင်ဇောဖြင့် ထပ်ခိုးကို အမြန်ပင်ရှင်းလိုက်သည်။ အမှိုက်များရှင်းနေရင်းမှ သလင်းဖြူ ဖိုးထူးကို အကဲခတ်ကြည့်လိုက်သောအခါတိုင်း ဖိုးထူးသည်လည်း သလင်းဖြူကို မသိမသာ ပြန်၍ကြည့်နေသည်ကို သတိထားလိုက်မိလေသည်။
"ဒီမှာပြီးရင် အောက်ကိုရှင်းကြတာပေါ့ ကိုဖိုးထူး "
သလင်းဖြူကပြောပြီး ဖိုးထူးကို ရှေ့မှ အရင်ဆင်းခိုင်းလိုက်ပြီး နောက်မှ လိုက်ဆင်းခဲ့လေသည်။
ဂိုထောင်၏ အောက်ထပ်၌မူ ပစွည်းများနှင့် ပြည့်နှက်နေပြီး ရှင်းလင်းရသည်မှာ မလွယ်ကူလှပေ။ သလင်းဖြူသည် ဆန်အိပ်များကြား ကုန်းကုန်းကွကွနှင့် လှည်းကျင်းနေရင်းမှ သက်သေခံပစ္စည်း တစ် ခုတစ်လေကို တွေ့လိုတွေ့ငြား ရှာဖွေကြည့်နေမိလေသည်။သို့သော်လည်း မသင်္ကာစရာဟူ၍ တစ်စုံတစ်ခုကို မျှ မတွေ့ရဘဲရှိလေသည်။
~~~~~~~~~~~~~~~~~~~~
ထွဋ်ခေါင်သည် မိုးနှဲ ရွာသို့ ရောက်သည်မှာ မကြာသေးသော်လည်း ထွဋ်ခေါင်၏ ယောကျာ်းပီသပြီးချောမောသော ရုပ်ရည်သွင်ပြင်နှင့် ဖော်ဖော်ရွေရွေနှင့်လူတကာကို ပြောဆိုဆက်ဆံတတ်သော အကျင့်ကြောင့် မိုးနှဲ ရွာသားအချို့နှင့် ထွဋ်ခေါင်မှာ အတန်အသင့်ရင်းနှီးနေပြီ ဖြစ်လေသည်။ အထူးသဖြင့် ရွာလယ်ရှိ အအေးဆိုင်နှင့် လက်ဖက်ရည်ဆိုင် တွဲဖွင့်ထားသော ဆိုင်ရှင်နှင့် ထွဋ်ခေါင် အတော်လေး ရင်းနှီးခင်မင်နေပြီဖြစ်လေသည်။
ယခုလဲ ထွဋ်ခေါင်သည် လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့်ရင်းနှီးခင်မင်စွာ စကားပြောနေရင်းမှ စိုင်းလွှမ်း၏ အကြောင်းကို မေးမြန်းကြည့်လိုက်ရာ တစ်ဖက်လူ၏ အဖြေစကားကြောင့် ထွဋ်ခေါင်သည် ထိတ်လန့် အံ့သြခဲ့ရပြီး သလင်းဖြူကို ပြောပြရန်အတွက် သလင်းဖြူ ရှိရာသို့ ဆိုင်ကယ်ကို အမြန်မောင်း၍ ပြန်ခဲ့လေသည်။
ထွဋ်ခေါင် ဆိုင်ကယ် မောင်းနေရင်းမှ အသိမိတ်ဆွေ ပြောလိုက်သော စကားသံများကို နားထဲတွင် ထပ်ခါတလဲလဲ ကြားယောင်နေမိလေ သည်။
" စိုင်းလွှမ်း ဟုတ်လား ..ဒေါ်သီရဲ့နောက်အိမ်ထောင်က ပါတဲ့ စိုင်းလွှမ်းဟုတ်လား ... ဪ ဖိုးသက်ပြင်းကို မေးတာလား ဆရာ ..ဘာလဲ ဆရာရော သူ့ကို သိတာလား ...အင်း သူ့အကြောင်းကတော့ ရွာမှာ လူပြောများတဲ့ သနားစရာဇတ်လမ်းပဲပေါ့ ဆရာရယ် ...ငယ်ငယ်ကသေပြီထင်ပြီး သင်္ဂြိုဟ်ဖို့ လုပ်ခဲ့ပြီးမှ အသက်ပြန်ရှုခဲ့တယ် ... အရွယ်ရောက်လာတော့ ဖအေရင်းက မကြင်နာ ..မိတွေးက နှိပ်စက်နဲ့သူ့ခမျာ ကြီးပြင်းလာခဲ့ရတာ ...လွန်ခဲ့တဲ့သုံးနှစ်ကပေါ့ ဆရာရယ် ... သူတို့သူငယ်ချင်းတစ်စု ဘောလုံးကန်နေကြရင်း ဘောလုံးက သူ့အရှိုက် တည့်တည့်ကို မှန်ပြီး နေရာတင်ပစ်လဲသွားခဲ့တာလေ ... အစကတော့ အတူကစားနေတဲ့ သူငယ်ချင်းတွေက နောက်တယ် ထင်နေကြတာပေါ့ ...နောက်မှ ကြည့်လိုက်ကြတော့မှ နေရာမှာတင် ဆုံးသွားရှာတာ ...အင်း ပြောရရင် အဲ့ဒီနေရာက သူ့အမေ သတ်သေခဲ့တံ့နေရာနဲ့လဲ နီးတယ်လေ "
"ဗျာ ...ဒါ ..ဒါဆိုရင် ...အဲ့ဒီ စိုင်းလွှမ်း ဆိုတဲ့လူက ဆုံးသွားပြီးပေါ့နော် "
"ဟုတ်တယ်လေ ဆရာ "
ထွဋ်ခေါင်သည် ဆိုင်ကယ်မောင်းနေရင်းမှ စိတ်ရှုပ်ထွေးနားမလည်နိုင်ဘဲ သလင်းဖြူထံသို့ အမြန်ရောက်ချင်စိတ်သာ ဖြစ်ပေါ်နေမိလေသည်။
~~~~~~~~~~~~~~~~
" ပူစူးရေ ...အမှိုက်တွေ အရမ်းမများခင် သွားသွန်လိုက်အုံးနော် "
သလင်းဖြူက ပူစူးကိုပြောလိုက်ပြီး ဆန်အိတ်တွေကြား ရှိနေသော ပိုးမျှင်များနှင့်ကြပ်ခိုးများကို တံမြက်စည်းနှင့် လှည်းရန်ပြင်လိုက်သည်။ထိုစဉ်မှာပင် သလင်းဖြူ၏ မျက်စိရှေ့တွင် ရိပ်ခနဲလှုပ်ရှားသွားသော အရာတစ်ခုကို မြင်လိုက်ရသော ကြောင့် ကြည့်လိုက်မိသောအခါ
" အမယ်လေး ...မြွေ..... မြွေကြီး ..."
သလင်းဖြူသည် မြွေကို အလွန်ကြောက်သူ ဖြစ်သောကြောင့် မြွေကို မြင်သည်နှင့် လူမှာ ကြောက်လန့်တကြားအော်ဟစ်လိုက်မိပြီး သတိလစ်လဲကျမလို ဖြစ်သွားလေသည်။ ထိုအခိုက်မှာပင် သလင်းဖြူအနားသို့ လူတစ်ယောက် ရောက်လာသည်ကို တွေ့လိုက်ရပြီးလျှင် မြွေ၏ ဦးခေါင်းကို ဓါးနှင့် ခုတ်ပိုင်းလိုက်သည်ကို တွေ့လိုက်ရသည်။
" စိုင်း ...စိုင်းလွှမ်းလား . "
သလင်းဖြူသည် ထိုမြင်ကွင်းကို အားယူကြည့်ရှုနေရင်းမှ ထိုသူကို နှုတ်မှ ခပ်တိုး တိုးခေါ်ရင်း ဆန်အိတ်တွေအနီးသို့ လဲကျသွားခဲ့လေသည်။
~~~~~~~~~~~~~~~~~
" အင်း ...အင်း ....."
"သလင်းဖြူ ... မင်းသတိရလာပြီလား "
" ကျွန်မ ... ကျွန်မ ဘာဖြစ်သွားတာလဲ ဟင် "
သလင်းဖြူသည် သတိကို ပြန်လည်စုစည်းမိလိုက်သည်နှင့် ဖျတ်ခန် မျက်လုံးဖွင့်ကြည့်လိုက်မိသောအခါ မျက်စိရှေ့တည့်တည့်တွင် ထွဋ်ခေါင်ကို တွေ့လိုက်ရသောကြောင့် အလန့်တကြားနှင့် မေးလိုက်ပြီး လှဲနေရာမှ ဆတ်ခနဲထထိုင်လိုက်မိသည်။
"မင်း အကြောက်လွန်ပြီး သတိလစ်သွားတာပါ ...ဘာမှမဖြစ်ဘူး ... မြွေကိုလဲ ဖိုးထူးက သတ်လိုက်ပြီတဲ့ "
" ဘာပြောတယ် ကိုထွဋ်ခေါင်... မြွေကို ဖိုးထူးကသတ်လိုက်တာ ဟုတ်လား ... မဖြစ်နိုင်ဘူး ...ဖိုးထူးသတ်တာမဟုတ်ပါဘူး ...စိုင်းလွှမ်း ...စိုင်းလွှမ်းကို ကျွန်မ ...."
"ဘယ်လိုဖြစ်ရတာလဲ မင်းသမီးရယ် ... မြွေမြင်တာနဲ့ မေ့လဲသွားတယ်ဆို ...အဲ့ဒီလောက်တောင် အကြောက်ကြီးရလား ..ရှောင်ဖိုးတိမ်းဖို့တော့ မကြိုးစားဘူး ...တော်သေးတာပေါ့ ...ဖိုးထူး အနားမှာရှိနေလို့သာပေါ့ "
သလင်းဖြူသည် ထွဋ်ခေါင်ပြောနေသည်ကို နားထောင်နေရင်းမှ ခေါင်းကို တွင်တွင် ခါယမ်းလိုက်ပြီး ငြင်းဆန်မည်ဟန် ပြုလိုက်စဉ်မှာပင် အသံနှင့်အတူ အခန်းထဲသို့ဝင်လာသော ကြီးတော်ဖြစ်သူနှင့် ရွှေရည်ဝင်းတို့ကြောင့် ပြောလက်စစကားမှာ ရပ်တန့်သွားရလေသည်။
"ကံကောင်းလို့ပေါ့အေ ... အဲ့ဒါကြောင့် ပြောတာ ဖိုးထူတို့ မောင်လုံးတို့ကို ဂိုထောင်ကို အမြဲလှည်းကျင်းပါလို့ ... သမီး ဖြူလေး နေရတာ အဆင်ပြေရဲ့လား ... ကြီးကြီးတို့ ဆရာဝန်ပင့်လိုက်ရမလား "
ဒေါ်ကြည်အေးက မေးရင်း ပြောရင်း သလင်းဖြူလှဲနေသော အနီးရှိ ကျွန်းခုံကြီးတွင် ဝင်ထိုင်လိုက်လေသည်။
"ဟို ...ရပါတယ် ကြီးကြီး ...သမီးသက်သာသွားပါပြီ...သမီး ဘာမှမဖြစ်ပါဘူး ...ခဏလန့်သွားတာပါ ကြီးကြီး"
"အေးကွယ် တော်သေးတာပေါ့ ...ကြီးကြီးတို့မှာ ...ငါ့တူမ သတိလစ်သွားတယ်လို့ ဒေါ်သုန်က ဖုန်းဆက်တာနဲ့ အူယားဖားယားနဲ့ ပြေးလာခဲ့ရတာ ... ရက်ကန်းရုံမှာ မြို့က အထည်ဝယ်သူတွေ ရောက်နေတာကွဲ့ ...ကြီးကြီးတို့ပြန်သွားလိုက်အုံးမယ် ...သမီးလဲ နားတော့ ..ဘာမှ မလုပ်နဲ့တော့ ..ကဲ သွားရအောင် သမီးရွှေရည် "
ဒေါ်ကြည်အေးက သလင်းဖြူကို ပြောပြီးသည်နှင့် ရွှေရည်ဝင်းကိုပါ လှည့်၍ပြောလိုက်လေသည်။
"ဟုတ်ကဲ့ ကြီးကြီး ..သွားမယ်လေ ...ကိုထွဋ်ခေါင်ရော ဘယ်တုန်းကရောက်နေတာလဲ ...မသွားသေးဘူးလား "
"ကိုယ်က ပစ္စည်းကျန်ခဲ့တာ ရှိလို့ လာပြန်ယူတာ ရွှေရည် ... သွားမယ်လေ "
ရွှေရည်ဝင်းက ကြီးတော်ဖြစ်သူကို ဖြေလိုက်ပြီးနောက် ထွဋ်ခေါင်နှင့် သလင်းဖြူနှစ်ယောက်တည်း ကျန်ခဲ့မည်ကို မလိုလားသောကြောင့် ပေါ်တင်ပင် ထွဋ်ခေါင်ကို သွားကြရန်ပြောလိုက်လေသည်။
~~~~~~~~~~~~~~~
အားလုံးထွက်သွားကြသောအခါတွင် သလင်းဖြူတစ်ယောက်တည်းကျန်ခဲ့ပြီး ခပ်စောစောကကြုံခဲ့ရသည်ကို ပြန်၍ စဉ်းစားကြည့်မိလေသည်။သေချာသည်မှာ သလင်းဖြူ သတိမလစ် ခင် အချိန်တွင် စိုင်းလွှမ်းကို မြင်လိုက်ရသည်မှာ သေချာပါလေသည်။ထို့အတူ နားထဲတွင် ထိုးကြိတ်သတ်ပုတ်သံများကိုလဲ ကြားလိုက်ရသလိုလို ထင်မိပြန်လေသည်။
~~~~~~~~~~~~~~~~~~~~
သလင်းဖြူသည် ကန်ပေါင် နှုတ်ခမ်းရှိ လမ်းကျဉ်းလေးပေါ်တွင် လမ်းလျှောက်နေရင်းမှ အုတ်ဂူများရှိရာသို့ လှမ်းကြည့်လိုက်မိသည်။ ပြီးနောက် အနောက်ဘက်ခြံတံခါးပေါက်ဆီသို့ သွားရာ လမ်းကို မျှော်၍ ကြည့်မိပြန်လေသည်။ပြောရမည်ဆိုလျှင် သလင်းဖြူသည် ဤအိမ်ကြီးသို့ရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း ဤနေရာသို့ သုံးခေါက်ထက်ပို၍မလာခဲ့ပေ။ အကြောင်းမှာ ဤနေရာ ၊ ဤကန်ပေါင် အနီးသို့ ရောက်တိုင်း သလင်းဖြူ အလိုလိုနေရင်း ကြောက်ရွံ့နေမိခြင်းကြောင့်ဖြစ်ပါလေသည်။ယခုလည်း သလင်းဖြူ ကန်ပေါင်ပေါ်တွင် လမ်းလျှောက်နေရင်းမှ ကြက်သီးတွေ ထပြီး နောက်ကျောမလုံသလိုလို ။အနီးအပါးတွင် တစ်ယောက်ယောက်လိုက်ပါလာသလို ခံစားနေရလေသည်။သလင်းဖြူ ကြောက်ကြောက်နှင့်ပင် ပတ်ဝန်းကျင် အနှံ့သို့ လိုက်၍ ကြည့်နေမိပြီး ခပ်စောစောက ဖြစ်ပွားခဲ့သော ဂိုတောင်က အဖြစ်အပျက်များကို စဉ်းစားနေမိလေသည်။ဂိုထောင်တွင် မြွေတွေ့သည်မှာ တကယ်ပင် မတော်တဆ လေလား ။ သို့တည်းမဟုတ် တစ်ယောက်ယောက်၏ လုပ်ကြံမှုပေပဲလား ။ ပြီလျှင် သလင်းဖြူ သတိလစ်ခါနီး၌ စိုင်းလွှမ်းကို တွေ့ရခြင်းသည် စိတ်ထဲမှ မြင်ယောင်မိခြင်းပေပဲလား ။ သလင်းဖြူ ဘာကိုမျှ အသေအချာမဝေခွဲနိုင်ပါချေ။သီချင်စိတ်ကြောင့် စိုင်းလွှမ်းဆီသို့ သွားရန် စဉ်းစားမိသော်လည်း စိုင်းလွှမ်းက ကုက္ကိုစုကွင်းသို့ ထပ်မလာရန် ပြောထားသောကြောင့် မည်သည့်နေရာသို့ လိုက်ရှာရမည်ကိုမသိ၍ ဤသို့ စိတ်ပျက်လက်ပျက်နှင့် ကန်ပေါင်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပေသည်။
ထိုသို့ သလင်းဖြူတစ်ယောက်တည်း ကန်ပေါင် အနီးတွင် ရှိနေစဉ် အပေါ်ဆုံးထပ်ရှိ အခန်းတစ်ခန်း၏ ပြတင်းပေါက်မှနေ၍ လူတစ်ယောက်သည် သလင်းဖြူရှိရာဆီသို့ ခန်းစီးလိုက်ကာပစကြားမှ လှမ်း၍ ကြည့်နေသည်ကို သလင်းဖြူမှာ သတိမထားမိဘဲ ရှိလေသည်။
" ဖျပ် ...ဖျပ် ...ဖျပ် "
သလင်းဖြူ ပတ်၀န်းကျင်အနှံ့သို့ လှည့်ပတ်ကြည့်ရှုနေမိရာမှ ခြေသံလိုလိုကြားလိုက်ရ၍ နောက်သို့ အထိတ်တလန့်ဖြင့် ဖျတ်ခနဲ လှည့်ကြည့်လိုက်မိလေသည်။
=============== ====
အပိုင်း ( ၂၀ ) ဆက်ရန်
ဧကြည်ဖြူ