book

Index 18

အပိုင်း ( ၁၈ )

ဧကြည်ဖြူ


 "အဝါရောင်ရဲတိုက် "


*****************


      သလင်းဖြူ ပြတင်းဝကနေ ခွါလိုက်ပြီး အိတ်ဆောင် ဓါးမြှောင်လေးကို အိတ်ထဲထည့်လိုက်သည် ။ပြီးနောက် ဖုန်းကိုယူလိုက်ပြီး အခန်းတံခါးကို ခပ်ဖြည်းဖြည်းဖွင့်ကာ အပြင်သို့ထွက်လိုက်သည်။အပေါ်ထပ်တစ်ထပ်လုံးတွင် သလင်းဖြူအပါအဝင် သုံးယောက်တည်းရှိသောကြောင့် တိတ်ဆိတ်လွန်းနေသည်။သလင်းဖြူ ခြေကို ခပ်ဖွဖွနင်းခဲ့ရင်း အနောက်ဘက် ရေချိုးခန်းများဘက်သို့ ခြေကို ဖွနင်း၍ လျှောက်လာခဲ့သည်။ငြိမ်သက်တိတ်ဆိတ်နေသော မီးရောင်မှိန်မှိန်အောက်တွင် ရှည်မျောမျောကြီးဖြစ်နေသော ကိုယ့်အရိပ် ကိုယ်ပြန်မြင်နေသည်ကိုပင် တစ်ချက်တစ်ချက်၌ ရင်သည် ဒိန်းခနဲ ဆောင့်၍ခုန်မိလေသည်။ အစ်ကိုစိုင်းလွှမ်း သေဆုံးထားသည်မှာလည်း မကြာသေးသောကြောင့် မသိမသာ ကြောက်စိတ်ကလေးဝင်ကာ ရင်ထဲ၌ကတုန်ကယင် ဖြစ်နေလေသည်။


          သလင်းဖြူ နောက်ဘက်ဆောင်သို့ရောက်သောအခါ ရေချိုးခန်းထဲကို ၀င်လိုက်ပြီး ရေချိုးဇလားနောက်ရှိ တံခါးကို ခပ်ဖြည်းဖြစ် ဖွင့်လိုက်သည်။ အခန်းတံခါးပွင့်သွားသောအခါ မှောင်မိုက်နေသော အခန်းကို တွေ့မြင်လိုက်ရသောကြောင့် သလင်းဖြူကျောထဲစိမ့်လာမိသည်။မကြောက်ဘူးဟု အားတင်းထားသော်လည်း ခြေလက်များ မသိမသာတုန်းယင်နေမိသည်။ မှောင်မိုက်နေသော အခန်းထဲတွင် ဖုန်းမီးကို အသာထွန်းလိုက်ပြီး တံခါးသော့ရှိရာဆီကို လှမ်းသွားလိုက်သည်။လူအိပ်ခွင့်မရှိသော ဂိုထောင်ထဲတွင် သူတို့ ဘာတွေ မကောင်းကြံစည်နေကြသည်ကို မှတ်တမ်း ယူရမည်။မိမိအသက်ကို စောင့်ရှောက်နိုင်ရေးအတွက် သလင်းဖြူ ဤမျှလောက်တော့ ရဲရင့်စွန့်စားရပေမည်။


       ပတ်ဝန်းကျင်ကို သေချာ ကြည်ရှုပြီးနောက် သလင်းဖြူ ကြောင်လိမ်လှေကားအတိုင် ဆင်းလာခဲ့သည်။ ခြံထဲ၌ မီးလုံးအချို့ ထွန်းထားသော်လည်း မီးလုံးတစ်လုံးနှင့် တစ်လုံး အလှမ်းကွာသည့်အပြင် သစ်ပင်ကြီးများရှိသောကြောင့် ခြံထဲတင် မှောင်တစ်ဝက်လင်တစ်ဝက်ဖြစ်၍နေလေသည်။


" ဝူး ...အူး...အူး...အူး ...."


          ဆွဲဆွဲငင်ငင်အူလိုက်သော ခွေးအူသံများကြောင့်သလင်းဖြူ ခန္ဓာကိုယ်လေး တောင့်မတ်သွားမိသည်။ရှေ့ဆက်ရမည်ကိုပင် မဝံ့မရဲဖြစ်သွားမိလေသည်။မှောင်ရိပ်သစ်ပင်အောက်တွင် ခေတ္တမျှ ရပ်လိုက်ပြီး စိတ်ကို ငြိမ်အောင်ထိန်းလိုက်သည်။ပြီးနောက် ဂိုထောင် ဘက်သို့ ခြေလှမ်းများကို ဦးတည်လိုက်လိုက်သည်။


      ဂိုထောင်အနီးသို့ ခြေလှမ်းများ ပို၍နီးကပ်လာသည်နှင့်အမျှ နှလုံးခုန်သံများလည်း ပိုမိုမြန်ဆန်လာလေသည်။ခြံကျယ်ကြီးထဲတွင်တော့ တစ်ချက်တစ်ချက်ထွက်ပေါ်လာသော ညဉ့်ငှက်များ၏ အသံများမှအပ ချောက်ချားစရာကောင်းအောင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။သလင်းဖြူ အသက်ကို ဝအောင်ရှူသွင်းလိုက်ပြီး မှောင်ရိပ်ကျနေသော ဂိုထောင်ဘေးဘို့ ဖျတ်ခနဲ ကူးသွားလိုက်သည်။ဂိုထောင်သည် အခိုင်အမာ တည်ဆောက်ထားသောကြောင့် ဂိုထောင်းထဲမှ အသံများနှင့် အဖြစ်အပျက်များကိုတော့ အလွယ်တကူ ကြားနိုင်မြင်နိုင်မည် မဟုတ်ပေ။သလင်းဖြူ ဂိုထောင် နံရံဘေးတွင်ကပ်၍ ခန္ဓာကိုယ်ကို တရွေ့ရွေ့တိုးသွားပြီးလျှင် တံခါးပေါက်ရှိရာဆီသို့ သွားလိုက်လေသည်။သလင်းဖြူသည် ရှေ့သို့ အာရုံစိုက်၍ သွားနေရာ မိမိနောက်တွင် လူတစ်ယောက်ရောက်လာသည်ကို မသိလိုက်ဘဲ ရှိလေသည်။

     သလင်းဖြူ ခြေတစ်လှမ်းကို ရှေ့သို့ လှမ်းရန် အားပြုလိုက်စဉ်မှာပင် နောက်မှ ရုတ်တရက်ဆိုသလိုပင် ခန္ဓာကိုယ်ကို ဖမ်းဆွဲလိုက်သောကြောင့် သလင်းဖြူ သွေးပျက်မတတ် ထိတ်လန့်သွားမိပြီလျှင် ခန္ဓာကိုယ်ကို ဆောင့်ရုန်းလိုက်ပစ်လိုက်သည်။


"သလင်းဖြူ ...ကိုယ်ပါ ထွဋ်ခေါင်လေ "


       သလင်းဖြူ အားမာန်အပြည့်သည့် ထည့်၍ ရုန်းကန်နေစဉ်မှာပင် ကြားလိုက်ရသော ခပ်အုပ်အုပ်အသံကြောင့် အံ့သြတကြီးမေးလိုက်မိလေသည်။


" ရှင် ...ရှင်က ဘယ်လို ရောက်လာတာလဲ "


 " ရှူး တိုးတိုး ...ပြီးရင် ပြောပြမယ် ..ငြိမ်ငြိမ်နေ  ...."


        ထွဋ်ခေါင်က ပြောပြီး သလင်းဖြူ၏ လက်ကို ဆွဲကာ ဂိုထောင်နှင့် ဝေးရာဆီသို့ဆွဲခေါ်ခဲ့လေသည်။

      သလင်းဖြူလည်း ထွ ဋ်ခေါင် ဆွဲခေါ်ရာနောက်သို့ လိုက်ပါလာခဲ့ပြီးနောက် ဂိုထောင်နှင့် ခပ်လှမ်းလှမ်းနေရာသို့ ရောက်သောအခါ ထွဋ်ခေါင် လက်မှ ရုန်းထွက်လိုက်ပြီး အိတ်ထဲမှ ဓါးကို ထုတ်ကာထွဋ်ခေါင်းကို ချိန်ရွယ်လိုက်ပြီး ဒေါသနှင့် ပြောလိုက်သည်။


"ရှင်မလှုပ်နဲ့နော်  ကျွန်မတကယ်ထိုးလိုက်မှာ ... ပြော  ရှင်ဘာလို့ ကျွန်မကိုတားတာလဲ ... ရှင်သာ ကျွန်မဘက်က ဆိုရင် ဂိုထောင်ထဲဝင်ပြီး သူတို့ကို ဖမ်းလိုက်လို့ ရတယ်လေ "


"ဘယ်လို ဖမ်းရမယ်ဟုတ်လား ..ဘာကိုဖမ်းမှာလဲ ..ဗေဒင်လိုလိုနတ်လိုလို မိန်းမကြီးက အဝတ်နက်ကြီးဝတ် သားစိမ်းတစ်တွဲနဲ့ ဂါထာပေါင်းစုံ ရွတ်နေတာကို ဘာအမှုနဲ့ ဖမ်းမှာလဲ ...ပြီးတော့ ခုချိန် သူတို့ကို ဝင်ဖမ်းရင် ခြံစောင့်ဖိုးထူးနဲ့ နတ်ဆရာမကိုပဲမိမှာ ... သူတို့ကို ခိုင်းထားတဲ့ တကယ့်တရားခံအစစ်က ခုချိန်လောက်ဆို ဒီတိုက်ကြီးထဲမှာ အေးဆေးအိပ်နေလောက်ပြီး ... ပြီးတော့ ဘယ်သူက ခိုင်းမှန်းမသိဘဲ ငွေအလကားရလို့ လုပ်ပေးနေတဲ့ အဲ့ဒီလူတွေကရော တရားခံကို သိမယ်ထင်လို့လား "


" ဘယ်လို ....အဲ့ဒါဆို သူတို ဘာတွေ လုပ်နေတယ်ဆိုတာ ရှင်သိတာပေါ့...ရှင် ...ရှင်က ဘာလို့ ဒီကိစ္စတွေကို အဲ့လောက်လိုက်စုံစမ်းနေရတာလဲ   ...ရှင် ဘယ်သူလဲ ...ရှင့် ကျွန်မဆီက ဘာလို့ ချင်လို့ ကျွန်မကို အယုံသွင်းနေတာလဲ "


" ရှူး ... တိုးတိုးပြောလေ "


      သလင်းဖြူ ပြောလိုက်သော အသံမှာ အနည်းငယ်မျှ အသံကျယ်သွားသဖြင့် ထွဋ်ခေါင်က သလင်းဖြူ၏ လက်ကိုဆွဲကိုင်ပြီး သတိပေးလိုက်သည်။


"မင်းသိချင်တာတွေ အားလုံး မနက်ဖြန်ပြောပြမယ် ... မနက်ဖြန်နေ့လယ်လောက် ငါတို့ ဘုရားလေးမှာ ဆုံကြတာပေါ့ ....အခုတော့ အပေါ်ကို ပြန်တက်ကြိစို့  "


       သလင်းဖြူ စိတ်ထဲ မယုံသင်္ကာစိတ်နှင့် မဝေခွဲနိုင်ဖြစ်နေသော်လည်း ထွဋ်ခေါင်၏ စကားကြောင့် နှုတ်ဆိတ်လျက် နေခဲ့လိုက်သည်။


~~~~~~~~~~~~~~~~~

        မနက်ခင်း ထမင်းစားဝိုင်းသည် အနည်းငယ် တိတ်ဆိတ်ခြောက်ကပ်လျက်ရှိ လေသည်။


"မောင်ထွဋ်ခေါင် ညက ဘယ်အချိန်ရောက်တာလဲ  .. မောင်ထွဋ်ခေါင်ကို နောက် သုံးလေးရက်နေမှ ရောက်မယ်လို့ ကြီးကြီး ခင်က ထင်နေတာကွံ့ "


      တိတ်ဆိတ်နေသော ထမင်းဝိုင်းတွင် ဒေါ်ခင်အေး၏ မေးသံ ထွက်ပေါ်လာလေသည်။


"ည ( ၁၀ ) နာရီကျော်လောက်က ရောက်တာကြီးကြီးခင် ... ဟိုမှာလဲ အလုပ်တွေပြီးသွားတာနဲ့ ပြန်လာခဲ့လိုက်တာ ကြီးကြီး ... ပွဲစီစဉ်တဲ့သူက ပြပွဲရက်ကို ရှေ့တိုးချင်တယ်ဆိုလို့  ရွှေရည်နဲ့ သေချာတိုင်ပင်ရအောင် ချက်ချင်းပြန်လာလိုက်တာကြီးကြီး "


     ထွဋ်ခေါင်၏ အဖြေစကားကြောင့် ဒေါ်ခင်အေး၊ ဒေါ်ကြူကြူ၀င်းနှင့် ရွှေရည်တို့မှာ အပြုံးမျက်နှာများနှင့် ရှိကြလေသည်။ဒေါ်ကြည်အေးနှင့် ဦးမြင့်အေးတို့မှာမူ သူတို့နှင့် မဆိုင်သကဲ့သို့ တိတ်ဆိတ်စွာပင် စားသောက်နေကြလေသည်။


    သလင်းဖြူကတော့ စားနေရင်းမှ အားလုံးကို မသိမသာ အကဲခတ်နေမိလေသည်။


"ဒါနဲ့  သလင်းဖြူကိစ္စကိုရော ဘယ်လိုလုပ်ကြမှာလဲ .."


      ကောက်ခါငင်ခါ ထပြောလိုက်သော ဒေါ်ခင်အေး၏ စကားကြောင့် အားလုံးက နားမလည်နိုင်သော ဟန်ပန်များဖြင့် ဒေါ်ခင်အေးကို ကြည့်လိုက်ကြလေသည်။


" ဘာကိစ္စကို ပြောတာလဲ ခင်အေး "


        ဒေါ်ကြည်အေးနှင့် ဦးမြင့်အေးက ပြိုင်တူလိုလိုပင် ပြန်မေးလေသည်။


"ဘာကိစ္စ ရမှာလဲ ...အစ်မတို့ အစ်ကိုတို့ တူမက ... သူ့အခန်းထဲကို လူသတ်သမားဝင်တယ်ပြောလို့ပြော ... တော်ကြာနေ သူ့ကို ဆိုင်ကယ်နဲ့ လိုက်တိုက်ပါတယ် ပြောလို့ ပြော ... ဒီပုံအတိုင်းဆို ကြာရင် မလွယ်ဘူးလေ ....သူလိုချင်တဲ့ပိုက်ဆံမရလို့ အမျိုးမျိုးအဖုံဖုံလုပ်ပြနေတာကို သိကြတယ် မဟုတ်လား ...အဲ့ဒါကြောင့် ကျွန်မကတော့ ရှင်းရှင်းပဲ ပေးနိုင်သလောက်ပေးလိုက်ကြပြီး သူ့ကို ပြန်လွှတ်ဖို့လေ ..."


"အမေ ဘယ်လိုပြောနေတာလဲ ..."


      ဒေါ်ခင်အေး၏ စကားကြောင့် သလင်းဖြူအပါအဝင် အားလုံး အံ့သြနေကြစဉ်မှာပင် ဇော်ထိုက်သည် မိခင်ဖြစ်သူကို ဟန့်တား ပြောဆို လိုက်လေသည်။ 


"ဟဲ့ ... ငါပြောတာ ဘာများမှားသွားလို့လဲ...သူလဲ ပိုက်ဆံလိုလို့ လာတောင်းတာလေ မဟုတ်ဘူးလား "


"ဟာဗျာ တော်ပြီ အမေ့ကို ဘာမှမပြောတော့ဘူး ...ဖြူလေး အစ်ကိုနဲ့ ခြံထဲ လိုက်ခဲ့မလား "


     ဇော်ထိုက်သည် မိခင်ဖြစ်သူကို မကျေမနပ်ပြောဆိုလိုက်ပြီး သလင်းဖြူကို တဆက်တည်း မေးလိုက်လေသည်။


      သလင်းဖြူမှာ အစ်ကိုဖြစ်သူ ဇော်ထိုက်ကိုကြည့်ပြီး ခေါင်းကို အသာခါယမ်းပြလိုက်ရင်းမှ အငြင်းစကား ဆိုလိုက်မိသည်။


"ဒီနေ့တော့ မလိုက်သေးဘူး အစ်ကိုဇော်ထိုက်  ... ဒီနေ့ ဂိုထောင်ထဲမှာ သန့်ရှင်းရေးလုပ်မလို့ "


      သလင်းဖြူ၏ အဖြေမှာ မထူးဆန်းသော်လည်း အစ်ကိုဇော်ထိုက်၏ မျက်လုံး အကြည့်များ ပြောင်းလဲသွားသည်ကို သလင်းဖြူ သတိထားလိုက်မိလေသည်။


" ဂိုထောင်အကျယ်ကြီးကို တစ်ယောက်တည်းလုပ်ရမှာလား .. ဘယ်သူခိုင်းတာလဲ "


       

"ဟဲ့ ငါတို့လဲ မခိုင်းပါဘူး ...ဘယ်သူခိုင်းလို့လဲ "


         ဇော်ထိုက်၏ အသံမှာ အနည်းငယ် လေသံမာနေခဲ့သောကြောင့် ဒေါ်ခင်အေးကပင် သားဖြစ်သူကို ဒေါသနှင့် ပြန်၍ဖြေလိုက်လေသည်။


"ဖြူလေးကို ဘယ်သူမှ မခိုင်းပါဘူး အစ်ကိုဇော်ထိုက် ... ဂိုထောင်ထဲမှာ ရှုပ်ပွနေလို့ ပူစူး နဲ့ အတူ ရှင်းမလို့ပါ "


      ကျန်လူများထံမှ မည်သည့် စကားသံမှ မထွက်လာမီ သလင်းဖြူက ဝင်ပြောလိုက်လေသည်။


" ဖိုးဇော် ပြောတာလဲ ဟုတ်တယ်... ဂိုထောင်က အကျယ်ကြီး ပြီးတော့ ဆန်အိတ်တွေနဲ့ ဆိုတော့ မင်းမလုပ်နိုင်လောက်ဘူး ...ရှင်းချင်တယ်ဆိုလဲ အလုပ်သမားတွေနဲ့ ရှင်းလေ "


       ဒေါ်ကြည်အေးက ဝင်ပြောလေသည်။


" ဟုတ်ကဲ့ ကြီးကြီး "


      သလင်းဖြူ ကြီးတော်ဖြစ်သူကို ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ထမင်းစားခန်းထဲမှ ဦးစွာ ထွက်သွားသော အစ်ကိုဖြစ်သူ ဇော်ထိုက်၏ ကျောပြင်ကို လှမ်းကြည့်လိုက်သည်။


~~~~~~~~~~~~~~~~~~~ 


"ဘယ်လို ....ဒါ ...ဒါဆို အဲ့ဒီအမွှေးတိုင်က ကျွန်မကို သတ်နိုင်တာပေါ့ ဟုတ်လား "


     သလင်းဖြူ ထိတ်လန့် ချောက်ချားစွာ မေးလိုက်မိသည်။


"တိုက်ရိုက် သေစေနိုင်တာတော့ မဟုတ်ဘူးပေါ့ကွာ ..စိတ်ရူးပေါက်ပြီး စိတ်ထင်ရာ လုပ်မိတာမျိုးပေါ့ .."


       ထွဋ်ခေါင်၏ စကားကြောင့် သလင်းဖြူ မယုံကြည်နိုင်ခြင်း ၊နာကျည်းခြင်းများဖြင့် အံကို ကြိတ်ထားမိလေသည်။


" သူတို့က အကြံပက်စက်လှချည်လားရှင် ... ကျွန်မကို အဲ့ဒီလောက်တောင်မုန်းနေတာကို ...သိမယ် အားလုံးကို ဖော်ထုတ်ပြီး ထောင်ထဲ ထည့်ပြမယ် "


       သလင်းဖြူသည် အံကို ခပ်တင်းတင်းကြိတ်၍ပြောလိုက်ပြီး နောက် ထွဋ်ခေါင်ကိုပါ မျက်နှာထားတင်းတင်းနှင့် ကြည့်လိုက်ပြီး မေးလိုက်သည်။


"ကဲ ဒါဆိုရင် ရှင်ကရော ဘယ်သူလဲ ဘာလဲဆိုတာကိုပြော  ..ရှင်က ရွှေရည်ဝင်းနဲ့ တပူးတွဲတွဲလုပ်နေပြီး ကျွန်မကို ကူညီနေတယ်ဆိုတော့ ဘယ်လို နားလည်ရမလဲ ...ရှင်က ရော ကျွန်မကို သတ်ချန်နေတဲ့ မဖြစ်နိုင်ဘူးလား "


"ဟေ့ ...မင်း တွေးချင်ရာ တွေးပြီး ထင်ချင်ရာထင်ချင်ရာ ထင်မနေနဲ့ ....အခု မင်းကို အားလုံး ရှင်းပြမယ် .... ကိုယ်ပြောပြပြီး သွားရင်တော့ ... ညကလိုပုံစံမျိုးတွေ မင်းလုပ်ချင်သလို လုပ်လို့ မရတော့ဘူးနော် "

      ထွဋ်ခေါင်က သလင်းဖြူကို ကြည့်ပြီး ပြောလိုက်သည်။


"ကဲပါ ပြောစမ်းပါ ရှင့် အကြောင်း  ... ကျွန်မကို ညာဖို့တော့ မကြိုးစားနံ့နော်"


        သလင်းဖြူသည် နှုတ်မှသာ ထိုသို့ပြောလိုက်သော်လည်း မိမိ၏ မသိစိတ်အတွင်း၌ ထွဋ်ခေါင်ကို ယုံကြည်နေမိမှန်း ကိုယ့်ကိုယ်ကို သိနေလေသည်။


" ဒီမှာ ဒီပုံကိုကြည့် "


      ထွဋ်ခေါင်က ပြောရင်း ဓါတ်ပုံတစ်ပုံကို သလင်းဖြူလက်ထဲသို့ထည့်ပေးလိုက်သည်။


      သလင်းဖြူ ထွဋ်ခေါင်ပေးသော ဓါတ်ပုံကိုကြည့်လိုက်သောအခါ ထွဋ်ခေါင်နှင့်အတူ အသက်လေးဆယ်ကျော်ခန့်ရှိမည်ထင်ရသော ခပ်ချောချော လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။သလင်းဖြူက ဓါတ်ပုံကို ကြည့်ရင်း နားမလည်တာမို့ ထွဋ်ခေါင်ကို ပြန်ကြည့်လိုက်သည်။


"အဲ့ဒီဓါတ်ပုံထဲက လူက ကိုယ့်ဦးလေးပဲ ... လေးလေးက ရုပ်ချောသလောက် မျက်နှာလဲ များချင်တယ် ...ပြီးတော့ လေးလေး ခရီးထွက်ရတာကို ဝါသနာပါတယ် ... အသက်လေးဆယ်ကျော်အထိ စီးပွားရေးလဲ စိတ်မ၀င်စားဘဲ သွားချင်ရာသွားပြီး နေချင်သလို နေခဲ့တဲ့ သူလေ ...အဲ့ဒါကြောင့် အမေတို့ မောင်နှမတွေက လေးလေးနဲ့ သိပ်အဆင်မပြေကြဘူး ... ပြောရရင် မနိုင်လို့လွှတ်ထားတာပေါ့ကွာ...ဒါပေမဲ့ လေးလေးပြန်လာလဲ အားလုံးက ကြည်ကြည်ဖြူဖြူ လက်ခံကြတာပါပဲ  "


      သလင်းဖြူသည် ထွဋ်ခေါင်၏ စကားများကို နားထောင်ရင် နားမလည်နိုင်ဘဲ ဖြစ်နေမိလေသည်။သူ့ဦးလေးအကြောင်းသည် မိမိနှင့်ပတ်သက်စရာ အကြောင်း မရှိဟုလည်း ထင်လိုက်မိလေသည်။


" ကိုယ့် ဦးလေး အကြောင်းက ဘာဆိုင်လို့ ပြောနေတာလဲလို့ တွေးမ နေနဲ့နော် ...ကိုယ်ပြောတာကို နားထောင်အုံး "


     ထွဋ်ခေါင်သည် သလင်းဖြူ၏ မျက်နှာကို ကြည့်၍ သလင်းဖြူ အတွေးများကို ရိပ်မိသောကြောင့် ကြို၍ပြောလိုက်လေသည်။


"ပြောရရင် လေးလေးက ဆိုးချင်တဲ့ လူမျိုးပေါ့ ... သူကိုယ်၌က အိမ်မခင်တာ....ဒါပေမဲ့ လေးလေးက အခြားသူတွေ အပေါ်မှာ ဆိုးချင်ဆိုးမယ် အဆက်အသွယ်လုပ်ချင်မှ လုပ်မယ် သူ့တူဖြစ်တဲ့ ကိုယ့်ကိုယ်တော့ သိပ်ချစ်တာ .. ရောက်လေရာ အရပ်ကနေ ကိုယ့်ဆီကို ဆက်သွယ်တယ် ... ဒါနဲ့ တစ်နေ့တော့ လေးလေးက ပြောတယ် ...သူ့မှာ ချစ်ရတဲ့ ရှိနေပြီတဲ့ ...အဲ့ဒီ တစ်ယောက်ကို သူတကယ်ချစ်တာ လက်ထပ်ယူမှာလို့လဲ ပြောတယ် ... တစ်နေ့တော့ လေးလေးက မန္တလေးကို ပြန်ရောက်လာပြီး သူ့ချစ်သူရဲ့ ဆွေမျိုးတွေက သူနဲ့ သဘောမတူတာမို့ လိုက်တောင်းပေးပါဆိုပြီး သူ့အစ်ကိုတွေ အစ်မတွေကို ပြောတယ် .. အဲ့ဒီမှာ ကိုယ့်အမေနဲ့ ကိုယ့်ကြီး တော်...ကိုယ့်ဘကြီးတွေက အပြောင်းအလဲမြန်တတ်တဲ့ လေးလေးစိတ်ကို မယုံကြလို့ လိုက် မတောင်းပေးခဲ့ဘူးလေ... လေးလေးလဲ ပြောမရတော့ စိတ်တွေဆိုးပြီး ပြန်သွားတယ် ...နောက်တော့ ကိုယ့်ဆီကို ဆက်သွယ်တဲ့ ... သူမိန်းမခိုးတော့မလို့တဲ့လေ ...ဒါနဲ့ ကိုယ်လဲ ပြောလိုက်သေးတယ် ... လေးလေးမိန်းမ ခိုးလာရင်တော့ ..အမေတို့ ကြီးကြီးတို့ ဘာမှမတတ်နိုင်ပါဘူး ...သူတို့ တာဝန်ယူပေးလိမ့်မယ် ...အိမ်ကိုပဲ ခေါ်လာခဲ့ဖို့ ကိုယ်ပြောလိုက်တယ် ... ဒါပေမဲ့ အဲ့ဒီနေ့ နောက်ပိုင်းက စပြီး လေးလေးဆီက အဆက်အသွယ် လုံးဝမရတော့တာ ဒီနေ့အထိပဲလေ ...အခုဆိုရင် လေးလေးနဲ့ အဆက်အသွယ်မရတာ သုံးလကျော်ပြီ ...ဘယ်ကိုရောက်နေလဲဆိုတာလဲ စုံစမ်းလို့မရဘူး ...လူပျောက်လဲတိုင်းထားတယ် "


      အလင်းဖြူသည် ထွဋ်ခေါင် စကားများကို နားထောင်နေရင်းမှ ထွဋ်ခေါင်ကို ကြည့်လိုက်မိပြီး 


"ရှင့် လေးလေး အဖြစ်က ...ဒေါ်လေး အဖြစ်နဲ့ တူလိုက်တာ "


"ဟုတ်တယ် တူမှာပေါ့ ...ကိုယ့် လေးလေးရဲ့ ချစ်သူဆိုတာ မင်းရဲ့ အဒေါ် ပဲလေ "


" ရှင် ... ဘယ်လို "


        ထွဋ်ခေါင်၏ စကားကြောင့် သလင်းဖြူ ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားမိလေသည်။


"ဟုတ်တယ် ... ကိုယ် လေးလေးဆီက ပို့ခဲ့ဖူးတဲ့စာတွေနဲ့ ဓါတ်ပုံတွေ အရ လိုက်စုံစမ်းခဲ့တော့ လေးလေးရဲ့ ချစ်သူဆိုတာ မိုးနှဲရွာက ဒေါ်ရင်အေးမှန်းသိခဲ့ရတယ် ... ဒါနဲ့ ဆက်စုံစမ်းကြည့်တော့ ... ဒေါ်ရင်အေးကလဲ ချစ်သူနောက်လိုက်သွားတယ်ဆိုပြီး သတင်းအစအနမကျန်အောင် ပျောက်နေခဲ့တယ် ...တကယ်ဆို ဒီဘက် အမျိုးတွေကို ကြောက်လို့ မဆက်သွယ်ရင်တောင် ...လေးလေးက သေချာပေါက် ကိုယ့်ဆီကို ဆက်သွယ်မှာပဲ ..ပြီးတော့ အမေတို့ကလဲ ... လေးလေးသာတည်တည်တံ့တံ့ အိမ်ထောင်ပြုမယ်ဆိုရင် လေးလေးအတွက် စီးပွား ခွဲပေးဖို့ စီစဉ်ထားပြီးသားဆိုတာကို လေးလေးလဲသိနေတာပဲ ကိုယ်တို့ကို မဆက်သွယ်စရာ အကြောင်း မရှိဘူး...သေချာတာက သူတို့ လူပြည်မှာ မရှိတော့လို့သာ ကိုယ်တို့ဆီကို မဆက်သွယနိုင်တာလို့ ကိုယ်တွေးမိလာတယ် "


"ဒါ ...ဒါဆိုရင် ...ဒေါ်လေးနဲ့ ရှင့်ဦး လေးက ...တ ...တကယ်ပဲ ..."


       သလင်းဖြူ ရှေ့ဆက်မပြောဝံ့သဖြင့် စကားကို ရပ်တန့်လိုက်သည်။


"မှန်တယ် ...လေးလေးနဲ့ မင်းရဲ့ဒေါ်လေးက လူ့ပြည်မှာမရှိကြတော့ဘူး .... ဒါပေမဲ့ ခက်တာက သူတို့ရဲ့ သက်မဲ့ ခန္ဓာကိုယ်တွေကိုပါ ရှာမရဘူးဖြစ်နေတယ် ... ဒါကြောင့် မင်းတို့ရဲ့ အမွေဆိုင်အိမ်ကြီးထဲကို ကြံဖန်ပြီး ရအောင် ၀င်လာခဲ့တာပဲ ... လူသတ်တရားခံရှိနေတဲ့ အိမ်ကြီးထဲကို ကိုယ်ရောက်လာခဲ့ပေမဲ့ ခုချိန်ထိ တရားခံကို ကွဲကွဲပြားပြားမသိရသေးဘူး ...သူနဲ့ကြံရာပါတွေဖြစ်တဲ့ ဖိုးထူး နဲ့ ဟိုနတ်ဆရာမကို ဖမ်းလဲ ဘာမှ ရေရေရာရာသိရမယ် မထင်ဘူး "


" ဒါ ..ဒါဆို ... လူသတ် တရားခံက ဘကြီးနဲ့ ကြီးကြီးတို့လား...ဒါမှမဟုတ် ဦးငယ်လား `


      သလင်းဖြူ ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်မိသည်။


" အင်း အဓိက က  ...မင်းဦးလေးအကြောင်းကို ပြောမလို့ မင်းကို ခေါ်လိုက်တာပဲ "


" ဟင် ... ဟို ... တရားခံက ဦး ...ဦးငယ်လားဟင် ..မဟုတ်ပါဘူးနော် "


     သလင်းဖြူသည် ထစ်ထစ်ငေါ့ငေါ့နှင့် မေးလိုက်မိလေသည်။


"အဲ့ဒါကို စုံးစမ်းနေတုန်းပဲ ... သေချာတာက မင်းဦးလေးက ခရီးထွက်သွားတာ မဟုတ်ဘူးဆိုတာပဲ ...အနီးတစ်ဝိုက်ကရွာတွေနဲ့ မြို့ဝင်ဂိတ်တွေမှာ စုံစမ်းခိုင်းပြီးသွားပြီး ...မင်းဦးလေး သတင်းကို လုံး၀မကြားရဘူး .... ဖြစ်နိုင်တာက မင်းဦးလေးဟာ ဒီအိမ်ကြီးရဲ့ တစ်နေရာရာမှာ ပုန်းနေတာဖြစ်ဖြစ် ဒါမှမဟုတ်ရင် ...မင်းဦးလေးလဲ မင်းအစ်ကို စိုင်းရန်နိုင်လို နှုတ်ပိတ်ခံလိုက်ရပြီ ထင်တယ် .... ကိုယ် ခန်းမှန်းတွက်ချက်ရသလောက် ....ကိုစိုင်းရန်ကို အမွေခွဲပေးရမှာ ကြောက်လို့ သတ်လိုက်တာမဟုတ်ဘူး .... လူသတ်တရားခံကို ကိုစိုင်းရန်နိုင်က သိသွားခဲ့လို့ အသတ်ခံလိုက်ရတာပဲ "


" ရှင်"


        ထွဋ်ခေါင်၏ အဖြေစကားကြောင့် သလင်းဖြူ ထိတ်လန့်တုန်လှုပ်စွာ ခန္ဓာကိုယ်မှာ ထိုင်နေရာမှ ပင် ယိုင်လဲမလိုဖြစ်သွားရလေသည်။


   "ဟာ .. သတိထားလေ ...မင်းဒီလို အားပြတ်သွားလို့မဖြစ်ဘူး "


       သလင်းဖြူသည် ထွဋ်ခေါင်၏ စကားများကို နားထောင်နေရင်းမှ မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာမိသည်။


==================


အပိုင်း ( ၁၉ ) ဆက်ရန်


ဧကြည်ဖြူ


rate now: