book

Index 17

အပိုင်း ( ၁၇ )

ဧကြည်ဖြူ


" အဝါရောင်ရဲတိုက် "


*********************


"  ဖြူလေး .... "


            စိုင်းလွှမ်းသည် နှုတ်မှ အော်လိုက်ရင်း သလင်းဖြူကို လမ်းနံဘေးသို့တွန်းထုတ်လိုက်ပြီးလျှင် ကိုယ်တိုင်လည်း လျင်မြန်စွာရှောင်တိမ်းလိုက်လေသည်။ထိုအခါ စက်ဘီးသည် လမ်းပေါ်သို့ လဲကျသွားလေရာ ဆိုင်ကယ်သမားသည် စက်ဘီးကို တိုက်မိမလိုဖြစ်သွားပြီး ဆိုင်ကယ်ကို ဝေါခနဲ မောင်းထွက်သွားလေသည်။


      သလင်းဖြူမှာ တစ်ခဏအတွင်း ဖြစ်ပျက်သွားသော ထိတ်လန့်ဖွယ် အဖြစ်ပျက်ကြောင့် လူမှာ ကြောင်တောင် တောင်ဖြစ်နေမိလေသည်။


"ဖြူလေး မင်းဘာဖြစ်သွားသေးလဲ "


        စိုင်းလွှမ်းသည် လဲနေရာမှ လူးလဲထလိုက်ပြီးနောက် သလင်းဖြူလဲနေရာသို့သွားကာ စိုးရိမ်တကြီးနှင့် မေးလိုက်လေသည်။


"ငါ ...ငါတို့ ဘာဖြစ်သွားကြတာလဲဟင် စိုင်းလွှမ်း 

"


       သလင်းဖြူသည် လမ်းနံဘေး သဲပြင်ပေါ်မှ လူလဲ ထလိုက်ပြီးလျှင် စိုင်းလွှမ်းကို ယောင်နနနှင့် မေးလိုက်သည်။သလင်းဖြူတို့နှစ်ယောက်မှာ ကံကောင်းသည်ဟုပင် ဆိုရပေမည်။သူတို့လဲကျသောလမ်းဘေး၌  သစ်ရွက်ကြွေများနှင့်ဖုံးနေသော သဲများသာ ရှိနေခြင်းကြောင့် နှစ်ယောက်သား ထိခိုက်ဒဏ်ရာ မရရှိခဲ့ခြင်းဖြစ်ကြလေသည်။


" ဆိုင်ကယ်နဲ့တိုက်မိမလို ဖြစ်သွားရုံပါ ဖြူလေး....နင့်ကို ဆူးတွေ ဘာတွေနဲ့ ခြစ်မိသေးလား "


          စိုင်းလွှမ်းက မေးရင်း သလင်းဖြူ၏လက်များကို ဆွဲယူကြည့်လိုက်လေသည်။


" ငါ ....ငါဘာမှ မဖြစ်ပါ စိုင်းလွှမ်း....နင်.... နင်ရော ဘာဖြစ်သွားသေးလဲဟင်...ဆိုင်တယ်က ငါတို့ကို တမင်ဝင်တိုက်ဖို့လုပ်တာပဲ ...ဆိုင်ကယ်သမားကို သိလား စိုင်းလွှမ်း `


     သလင်းဖြူက တုန်တုန်ယင်ယင်နှင့်မေးလိုက်သည်။


"ဆိုင်ကယ်ဦးထုပ်ဆောင်းထားတော့ မမြင်လိုက်ရဘူး ဖြူလေး ... အန္တရာယ်က ငါတို့ထင်တာထက်ကို ပိုဆိုးနေပြီထင်တယ် ... မင်း ဒီထက်ပိုပြီးသတိထားနေမှဖြစ်မယ်နော် "


       စိုင်းလွှမ်း၏စကားကြောင့် သလင်းဖြူ အံကိုကြိတ်လိုက်ပြီး 


 "လာစမ်းပါစေ ငါမကြောက်တော့ဘူး ... သူတို့ ငါ့အမေကို တကယ်သတ်ခဲ့တာဆိုရင် ငါကိုယ်တိုင် အဲ့ဒီလူကို ထောင်ထဲထည့်မယ် "


      


"အစစအရာရာ သတိတော့ထားပါ ဖြူလေး ....တရားခံက ဘယ်သူမှန်းမသိတော့ ...ကိုယ့်အတွက် အန္တရာယ် အရမ်းများတယ် "


 " စိတ်ချပါ စိုင်းလွှမ်းရယ် ... ငါ့ကိုယ်ငါ ဂရုစိုက်ပါ့မယ် ...တရားခံက ရွှေရည်ဝင်းကနေ ကြီးကြီးကြည်အေးအထိ သူတို့အားလုံး မသင်္ကာစရာ လူတွေချည်းပဲဆိုတာ ငါသိတယ်....ဒါနဲ့ နင်ပြန်တော့နော် စိုင်းလွှမ်း ...ငါ ရက်ကန်းရုံ ခဏ ၀င်မလို့ "


 " စက်ဘီးက တွန်းသွား ရမှာကို မင်းအဆင်ပြေပါ့မလား ... ဝေးကဝေးနဲ့ "


" ရတယ် စိုင်းလွှမ်း နင်ပြန်တော့နော် "


      စိုင်းလွှမ်း ထွက်သွားသည်နှင့် သလင်းဖြူလည်း ရွာလယ်လမ်းဘက်သို့ဦးတည်သွားနေရာမှ ရွာအနောက်ချောင်ဘက်သို့ ခြေလှမ်းများကို ဦးတည်လိုက်လေသည်။


 ~~~~~~~~~~~~~~~~


" အိမ်ရှင်တို့ ...အိမ်ရှင်တို့ ရှိလား "


      သလင်းဖြူ ခြံရှေ့ တံခါ၀မှ ခပ်ကျယ်ကျယ်အော်ခေါ်လိုက်သည်။ခြကြီးတစ်ခုလုံးတွင် သစ်ပင်ကြီးများဖြင့် အုံ့ဆိုင်းမှိုင်းညို့နေပြီး လူရိပ်လူယောင်ဟူ၍  မတွေ့ဘဲ ရှိလေသည်။


"အိမ်ရှင်တို့ ...အိမ်ရှင်တို့....လူရှိလားရှင် "


"ဘယ်သူလဲဟေ   ....ဟဲ့ ဖိုးပိန်... ခြံရှေ့က ခေါ်သံမကြားဘူးလား "


       သလင်းဖြူ ဒုတိယအကြိမ်မြောက် ခပ်ကျယ်ကျယ်အော်ခေါ်လိုက်သောအခါ အထဲမှ အသံကို ကြားလိုက်ရပြီး ပိန်ပိန်မည်းမည်းနှင့် လူတစ်ယောက်ခြ၀ဆီသို့ လျှောက်လာသည်ကို တွေ့လိုက်ရလေသည်။


" ဘယ်သူလဲ ...ဘာကိစ္စလဲ "


       ပိန်ပိန်းမည်းမည်းနှင့် လူသည် သလင်းဖြူကို တွေ့သည်နှင့် အသံမာမာနှင့် မေးလေသည်။


" ဆရာမကြီးနဲ့ တွေ့ချင်လို့ .."


      သလင်းဖြူက လေသံပျော့လေးနှင့် ပြောလိုက်သည်။


" မရတော့ဘူး ...မကြာခင် မိုးချုပ်တော့မယ် ...ဒီအချိန် ဧည့်သည် လက်မခံတော့ဘူး "


        ထိုလူ၏ စကားကြောင့် သလင်းဖြူ စိတ်ပျက်သွားရလေသည် ။ပြီးမှ အကြံ ပေါ်လာပြီး ထိုလူအား ခပ်တည်တည်နှင့် ပြောလိုက်သည်။


"ဒီမှာ အစီအရင်အတွက် ကုန်ကျသလောက်ပေးမှာပါ ...ဒီနေ့ပဲ အသက်အန္တရာယ်နဲ့ ကြုံတွေ့ရမဲ့ အခြေအနေ ရှိနေလို့  အကူအညီတောင်းချင်လို့ပါ ...အရမ်းကို အရေးကြီးနေလို့ ဆရာမ ကြီးနဲ့ တွေ့ရမှ ဖြစ်မှာမို့ ...သွားပြောပေးပါ "


     ထိုသို့ သလင်းဖြူ ပြောလိုက်သောအခါ ထိုလူသည် ခြံကြီးထဲမှ ရေနံချေးများဖြင့်ဝနေသော အိမ်ကြီးဆီသို့ လျှောက်သွားလေသည်။


       များမကြာမီမှာပင် ထိုလူသည် ခြံ၀ဆီသို့ ပြန်လျှောက်လာပြီး ခြံတံခါးကို ဖွင့်လိုက်ကာ  လေသံခပ်တင်းတင်းနှင့် ခေါ်လေသည်။


"လာ လိုက်ခဲ့ .... ခြံထဲကသစ်ပင်တွေကို ဟိုဟိုင်ဒီကိုင် မလုပ်နဲ့ "


       သလင်းဖြူသည် အမြဲလိုလို ရွတ်ပွားနေကြဖြစ်သော ဘုရားဂုဏ်တော်ကို စိတ်ထဲမှ ရွတ်ဆိုလျက် ထိုလူ၏ နောက်မှခြံထဲသို့ လိုက်ဝင်ခဲလေသည်။


      ခြကြီးတစ်ခုလုံးသည် သစ်ပင်များ အုပ်အုပ်ဆိုင်းဆိုင်းနှင့် တိတ်ဆိတ်နေလေသည်။မကြာမီ နေကလည်း ဝင်တော့မည်ဖြစ်သလို သစ်ပင်များကြောင့် ခြံထဲတွင် အလင်းရောင် သိပ်မရှိဘဲခပ်မှောင်မှောင်ဖြစ်နေလေသည်။ ဒေါသစိတ်ကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး သလင်းဖြူလာခဲ့သော်လည်း ခြံထဲသို့ ရောက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံး စိမ့်၍အေးလာသလို ခံစားရလေသည်။ ကြောက်စိတ်ကို ဒေါသစိတ်က ဖုံးနေခြင်းကြောင့်သာလျှင် သလင်းဖြူ၏ ခြေလှမ်းများ 

ရဲ့ရင့် တက်ကြွနေခြင်းဖြစ်လေသည်။


~~~~~~~~~~~~~~~~

       အိမ်ထဲသို့ဝင်လိုက်သည်နှင့် အိမ်ရှေ့ခန်းတွင် ကန်တော့ပွဲများနှင့် သလင်းဖြူ မမြင်ဖူးသော ရုပ်တုများကို အိမ်ဦးခန်းတွင် အများအပြားရှိနေသည်ကို တွေ့လိုက်ရလေသည်။


" ကဲ..ကဲ ဝင်ခဲ့ကွယ် ..''


       သလင်းဖြူ အိမ်ထဲသို့ ၀င်လိုက်သောအခါ ကုလားထိုင်တွင် ထိုင်နေသော ဒေါ်သီက လှမ်း၍ ခေါ်လေသည်။ ဒေါ်သီသည် အသက်အရွယ် ခြောက်ဆယ်နားနီးနေပြီဖြစ်သော်လည်း အနက်ရောင်ဝမ်းဆက်ကို ဝတ်ထားပြီး အသက်အရွယ်နှင့်လိုက်အောင် ဖြူဖြူခန့် ခန့်နှင့် ချောမော ကြည့်ကောင်းနေသည်ကို တွေ့လိုက်ရလေသည်။


"ကဲ ထိုင် ...ဒီအချိန်ကြီးမှ ဘာကိစ္စ အရေးကြီးလို့လဲ ပြော "


       ထိုသို့ မေးလိုက်သော ဒေါ်သီ၏မျက်နှာကို သလင်းဖြူ မျက်တောင်မခတ် စိုက်ကြည့်လိုက်ပြီး စိတ်ထဲမှ 

မူ ထုံးစံအတိုင်း ဂုဏ်တော်ကိုးပါးကို ရွှတ်ဖတ်နေရင်းမှ ဒေါ်သီကို မေးလိုက်သည်။


" ဒီရက်ပိုင်းတွေမှာ ... ကျွန်မကို ဂုဏ်သိက္ခာကျအောင်လုပ်နေတဲ့သူတွေရယ်အသက်ကိုပါ ရန်ရှာနေတဲ့သူတွေရှိနေလို့ ပါ...အန္တရာယ်ကင်း အဆောင်လဲ လိုချင်ပါတယ် .. ပြီးတော့ ကျွန်မကို ဘယ်သူတွေက မကောင်းကြံနေလဲဆိုတာ သိချင်လို့ပါ ဆရာမကြီး...အခုလေးတင်ပဲ ကျွန်မကို ဆိုင်ကယ်နဲ့တိုက်သတ်ဖို့ လုပ်တဲ့သူနဲ့ ကြုံခဲ့ရလို့ပါ"


         သလင်းဖြူက ပြောပြီး ဒေါ်သီ၏ မျက်နှာကို စူးစူးစိုက်စိုက်ကြည့်ကာ အကဲခတ်နေလိုက်သည်။


" ဒီမှာ မိန်းခလေး ..မင်းကို အသက်အန္တရာယ်ကင်းအောင် အဆောင်တော့ ပေးလို့ရတယ် ...ဒါပေမဲ့ ဘယ်သူက မင်းကို အန္တရာယ်ပေးလဲဆိုတာ အထိတော့ ငါလဲ မသိနိုင်ဘူး ... ငါ့ပညာက အဲ့လောက်ထိလည်း မစွမ်းဘူးကွဲ့ "


      ဒေါ်သီသည် သလင်းဖြူကို ကြည့်၍ ပြန်ဖြေလေသည်။


" ဟုတ်ကဲ့ ဒါဆိုရင် ကျွန်မအသက်ကို ကယ်ပေးပါ ဆရာမကြီးရှင် ... ဒီရက်ပိုင်းမှာ ကျွန်မအတွက် အသက်သေဆုံးတဲ့ အထိကြုံနိုင်လားဆိုတာကို ကြည့်ပေးပါရှင် "


"ကဲပါ  ဒီလောက်လဲ စိုးရိမ်စရာမလိုပါဘူးကွယ် ....ငါ့ဆီကို ရောက်လာမှတော့ မင်းကို ငါကယ်ပါ့မယ် "


       ဒေါ်သီသည် ပြောပြောဆိုဆိုနှင့့် ကုလားထိုင်ပေါ်မှ ဆင်းလိုက်ပြီးလျှင် အိမ်ဦးခန်းရှိ အစီအရင်များရှိရာသို့ ဦးတိုက်၍ကန်တော့ နေလေသည်။ပြီးလျှင် ဒေါ်သီသည် သလင်းဖြူကို မျက်လုံးပြူးကြီးများနှင့်ကြည့်လိုက်ပြီးလျှင် 


"မင်းမှာ အန္တရာယ်တွေ များလှချည်းလား မိန်းခလေး ... ကဲ ... များများ စားမပြောတော့ဘူး မင်းအတွက်အစီအရင်လုပ်ပေးမယ် ဟုတ်ပြီလား "


"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာမကြီးရှင် ....ဟို .. ဟို ..ပြီးတော့ လူတစ်ယောက်ကို နှစ်ရှည်လများ မကျန်းမမာဖြစ်အောင်လုပ်ထားပြီး နောက်ဆုံးမှာ အသက်ပါဆုံးရှုံးတဲ့ အထိလုပ်လို့ရပါသလား 

ရှင် ... ကျွန်မ လူတစ်ယောက်ကို အဲ့လို လုပ်ချင်လို့ပါ " 


" ဟေ့ ကလေးမ ..မင်းဟာက ပြင်းထန်လှချည်လားကွယ် ... ငယ်ငယ်ရွယ်ရွယ် တယ်ပြီး ဒေါသမာန်မာန ကြီးလှချည်လား ...ဒါနဲ့ ဘယ်သူကိုများလုပ်ချင်တာလဲ ...မင်းပြောပြမယ်ဆိုရင်တော စဉ်းစားပေးမယ် "


       ဒေါ်သီက သလင်းဖြူ၏ မျက်နှာကို အကဲခတ်သလို ကြည့်ရင်းပြောလိုက်

လေသည်။


  "ကျွန်မ မိထွေးကိုပါ ရှင် ......မိထွေးက ကျွန်မကို အရမ်းမုန်းနေပြီး သူကအရင် မကောင်းကြံနေလို့ပါရှင် ... အဲ့ဒါကြောင့် ဆရာမကြီးဆီမှာ အကူအညီ လာကောင်းတာပါ *


"ဟေ့ ...ဒီမှာ မိန်းခလေး ... လူတစ်ယောက်ရဲ့ အသလ်ဆိုတာ လွယ်လွယ်နဲ့ သတ်လို့ရတာမဟုတ်ဘူးကွဲ့ ... အဲ့ဒီအတွက် အပြင်အဆင်တွေ အများကြီးလိုအပ်တယ် ...ပြီးတော့ အနည်းဆုံးတော့ အဲ့ဒီလူရဲ့ ခန္ဓာကိုယ်ကအစိတ်အပိုင်း တစ်ခုခုတော့ ရှိရတယ် ဥပမာ ဆံပင်ပဲဖြစ်ဖြစ်ပေါ့....ပြီးတော့ အရေးကြီးတဲ့ အစီအရင်တွေအတွက် ...ငွေကြေးလည်း လုံလုံလောက်လောက် ရှိရတယ် သိရဲ့လား ....မင်းမှာ အဲ့ဒါတွေရှိလား "


" အဲ့ဒါဆိုရင်တော့ ခက်ပြီပေါ့ရှင် ...မိထွေးနဲ့ ကျွန်မက တစ်နေရာစီ ဖြစ်နေတော့ မိထွေးရဲ့ ဆံပင်ကို ရဖို့ကတော့ မလွယ်ပါဘူး ဆရာမကြီး ... ငွေကြေးအတွက်ကတော့ စိတ်ပူစရာမလိုပါဘူး ..ဘာလို့လဲဆိုတော့ ...ကျွန်မက ဦးစိန်ချစ်ရဲ့မြေးလေ "


" ဘာ ...ဘယ်လို ...မင်း ...မင်းက ဦးစိန်ချစ်ရဲ့မြေး ဟုတ်လား "


      သလင်းဖြူ၏ စကားကို ကြားသောအခါ ဒေါ်သီသည် အလန့်တကြားနှင့် မေးလိုက်လေသည်။


       မျက်လုံးအစုံမှာ ပြူးကျယ်သွားပြီး အံ့ဩထိတ်လန့် သွားသောဟန် ရှိသော ဒေါ်သီကို သလင်းဖြူက မဲ့ပြုံးတစ်ချက်ပြုံးပြလိုက်ပြီးလျှင် 


"ဟုတ်ပါတယ်ရှင် ...ကျွန်မက ဦးစိန် ချစ်ရဲ့ မြေး ... ဒေါ်နှင်းအေးရဲ့သမီး ... ဒေါ်ရင်အေးရဲ့ တူမပါ .."


" မင်း ...မင်းကို ဒီကိုလာမေးဖို့ ဘယ်သူလမ်းညွှန်လိုက်တာလဲ "


      ဒေါ်သီက သလင်းဖြူကိုကြည့်၍ အထစ်ထစ်အငေါ့ငေါ့နှင့် မေးလိုက်လေသည်။


" ဒေါ်လေးပေါ့ရှင် ...ဒေါ်လေးရင်အေး လမ်းညွှန်တာလေ...ဒေါ်လေးပြောတာတော့ ဆရာမကြီးဆီမှာ အစီအရင်လုပ်တဲ့ သူတိုင်း အောင်မြင်တယ်တဲ့လေ ... လူတစ်ယောက်ကို မကျန်းမမာ ဖြစ်အောင်လုပ်ပြီး ဘယ်သူမှ မရိပ်မိအောင် သတ်လို့ရတယ်ဆိုတဲ့ သတင်းကြားလို့ပါရှင် "


" ဘာ ...မင်းဘာတွေ လာပြောနေတာလဲ မိန်းခလေး...မင်း ဒေါ် လေးဟုတ်လား.... မင်း .. မင်းပြန်တော့ မိန်းခလေး  .. မကြခင် မိုးချုပ်တော့မယ် ...မိုးချုပ်ရင်  ဘယ့်သူ့ကိုမှ ဘာမှ မလုပ်ပေးဘူး ..မင်းပြန်တော့ ...ဟေ့ ပိုးပိန် ...သူ့ကို ပြန်ခိုင်းလိုက်တော့ "


        ဒေါ်သီသည် လေသံတင်းတင်းမာမာနှင့် ပြောပြီး အတွင်းခန်းထဲသို့ ဝင်သွားကာ တံခါးကိုပါ ပိတ်လိုက်လေသည်။


        သလင်းဖြူလည်း နမျက်နှာထားတင်းတင်းနှင့်ပင် ဒေါ်သီ၏ အိမ်ထဲမှ ပြန်ထွက်ခဲ့လေသည်။


~~~~~~~~~~~~~~~~~~~


      စက်ဘီးပျက်သွားကြောင်းကို ဖိုးထူးကို ပြောခဲ့လိုက်ပြီးနောက် သလင်းဖြူ တိုက်ကြီးထဲသို့ ဝင်လာခဲ့ပြီး မိမိအခန်းရှိရာသို့ တန်း၍ တက်ခဲ့လိုက်လေသည်။

       အခန်းထဲသို့ ရောက်သောအခါ ခြေပစ်လက်ပစ် ထိုင်ချလိုက်မိသည်။ထိုစဉ်မှာပင် မှန်တင်ခုံပေါ်တွင် တင်ထားခဲ့မိသော ဖုန်းမှ မြည်သံကို ကြားလိုက်ရလေသည်။


"ဟယ်လို "


   "ဟေ့ ...မင်း ဘာလို့ ဖုန်းမကိုင်တာလဲ ..."


        ဖုန်းကိုကိုင်လိုက်သည်နှင့် တစ်ဖက်မှ ဒေါသသံနှင့် ပြောလာသော ထွဋ်ခေါင်၏ အသံကြောင့် သလင်းဖြူ သက်ပြင်းကိုချလိုက်မိလေသည်။


" ကျွန်မ အပြင်သွားနေလို့ ..ဖုန်းက အိမ်မှာကျန်ခဲ့တာ "


" ဟူး .တော်သေးတာပေါ့ ... မင်းကိုဖုန်းဆက်လို့မရလို စိတ်ပူနေတာ ...ဒါနဲ့ မင်းဘာမှ ထူးထူးခြားခြားမဖြစ်ဘူး မဟုတ်လား "


 "ရှင်က အကြားအမြင်ရနေတာလား ...ဒါမှမဟုတ် ...ကျွန်မကို လုပ်ကြံတာ ရှင်များလား "


"ဘာ ... ဘာပြောတယ် သလင်းဖြူ လုပ်ကြံတယ်ဟုတ်လား .... ဘာတွေဖြစ်နေတာလဲ သေချာပြော "


       ထွဋ်ခေါင်သည် သလင်းဖြူ၏ စကားကြောင့် အံ့သြတကြီးနှင့် မေးလိုက်လေသည်။


"ညနေက ကျွန်မလမ်းလျှောက်နေတုန်း ဆိုင်ကယ်နဲ့တိုက်ခံရမလိုဖြစ်ခဲ့တယ်....သူက တမင်ဝင်တိုက်ဖို့ ကြံစည်ခဲ့တာ ...ဒါပေမဲ့ ကံကောင်းလို့ ဘာမှမဖြစ်ခဲ့ပါဘူး ...တကယ်လို့ ကျွန်မသူငယ်ချင်းသာ မရှိခဲ့ရင် ခုချိန်လောက်ဆို ကျွန်မသေ နေလောက်ပြီထင်တယ် "


      သလင်းဖြူက ကြုံတွေ့ခဲ့ရသည်များကို ထွဋ်ခေါင်အားပြောပြလိုက်သည်။


"ဟာ ...အဲ့ဒီလောက်တောင် ဖြစ်တာလား ...မင်းကို ပြောမယ် သလင်းဖြူ ...ကိုယ့်စကားကို သေချာနားထောင် မင်းအတွက် အန္တရာယ်ရှိနိုင်တာမို့အစစအရာရာ သတိနဲ့နေပါ ....ပြီးတော့ အိပ်ရင်လဲ သတိနဲ့ အိပ်ပါ ကြားလား ... အကြောင်းထူးရင် ကိုယ့်ဆီကို ဖုန်းဆက်လိုက် "


        ထွဋ်ခေါင်ထံမှ ဖုန်းချသွားသောအခါ သလင်းဖြူ ရေမိုးချိုးရန် ပြင်ဆိင်လိုက်သည်။ယနေ့အဖို့မှာ လူသတ် သမား၏ အကြံပေးကို ရန်စခဲ့ပြီဖြစ်သောကြောင့် သလင်းဖြူဘက်မှ အဆင်သင့်ပြင်ထားရန်သာ ရှိလေသည် မဟုတ်ပါလား ။


~~~~~~~~~~~~~~~


         ညက နက်သထက်နက်လာသည်။ယခုညအဖို့ သလင်းဖြူ ဘာမှ စားသောက်ခြင်းမရှိဘဲ ကိုယ့်ဘာသာ ရေနွေးကျို၍ ကော်ဖီမစ်ထုတ်ပဲဖျော်သောက်ခဲ့သည်။ညခုနစ်နာရီကျော်လောက်က အောက်ထပ်သို့ ဆင်းပြီး အိမ်းသားအားလုံးရှေ့တွင် ဆိုင်ကယ်နှင့့်လိုက် အတိုက်ခံရသည့်အကြောင်းကို ပြောပြခဲ့ပြီး အိမ်သားများ၏ မျက်နှာများကို တစ်ယောက်ချင်းစီကြည့် ရှူ အကဲခတ်ခဲ့သည်။သို့သော်လည်း အားလုံးသည် မှင်မောင်းကောင်းစွာပင် အမူအရာ မပျက်ရှိ ခံ့ကြလေသည်။


" ဘာရန်ငြိုးရှိလို့ တူမကြီးကို လုပ်ကြံတာလဲ ....ဒီရွာနဲ့ ဘကြီးတို့နဲ့မတည့်တဲ့သူလဲ မရှိပါဘူးကွယ် "


       ဦးမြင့်အေးက နားမလည်နိုင်စွာ ပြောသည်။


"ဆိုင်ကယ်နဲ့ လိုက်တိုက် တယ် ဟုတ်လား ...ဖြစ်နိုင်လို့လား...လမ်းသူရဲတွေက တမင်ရန်စတာ မဟုတ်ဘူးလား "


       ဒေါ်ခင်အေးက မယုံကြည်သလို ၀င်ပြောခဲ့သည်။ဒေါ်ကြည်အေးကမူ ဘာစကားမျှဝင်မပြောဘဲ ထိုင်နေခဲ့သည်။ရွေရည်ဝင်းနှင့် ဒေါ်ကြူကြူ၀င်းတို့ကတော့  သလင်းဖြူကို ခပ်လှောင်လှောင်ကြည့်နေခဲ့ပြီး ဟာသပုံစံဖြင့်ဝင်ပြောခဲ့လေ၏။


"နင်ပဲ အမျိုးမျိုးဖြစ်နေပါလား သလင်းဖြူ...အက်ရှင်ကားရိုက်နေတဲ့အတိုင်းပဲနော် "


      ထိုစကားဝိုင်းတွင် ကြီးတော် ဒေါ်ခင်အေး၏သား အစ်ကိုဇော်ထိုက်တစ်ယောက်သာ  သလင်းဖြူ၏ စကားကို ဝေဖန်ပြောဆိုခြင်းမရှိခဲ့ဘဲ စဉ်းစဉ်းစားစားနှင့် ထိုင်နေခဲ့သည်ကို တွေ့ရလေသည်။ထိုမျှလောက် နှင့်တော့ တရားခံကို သလင်းဖြူ မခန့်မှန်းနိုင်ပါချေ။


"ဂီး ..."

  

        သလင်းဖြူ အတွေးအိမ်ထဲလွင့်မျောနေစဉ်မှာပင် ကျယ်လောင်လှသော ငှက်ဆိုးထိုးသံကြောင့် ရင်တွေ ဒိန်းခနဲဆောင့်ခုန်သွားမိသည်။လူမှာ ခုတင်ပေါ်တွင် လှဲ၍ နေသော်လည်း သောက်ထားသော  ကော်ဖီ၏ အစွမ်းကြောင့် အိပ်ချင်စိတ်များ ပြေပျောက်လျက်ရှိလေသည်။သလင်းဖြူ ခုတင်ထက်မှ အသာထလိုက်ပြီ ပြတင်းပေါက်ရှိရာသို့ ခြေကို ဖွဖွနင်း၍ သွားလိုက်သည်။


     အခန်းထဲရှိ မီးများကို ပိတ်ထားပြီးနောက် သလင်းဖြူအမှောင်ထဲတွင် ပ်လျက်မှ ခြံထဲသို့ လှမ်းကြည့်လိုက်သည်။ခြံဝန်းကြီးတစ်ခုလုံး တိတ်ဆိတ်နေပုံမှာ မုန်တိုင်း ကျခါနီးတွင် ငြိမ်သက်နေသော ပင်လယ်ပြင်ကဲ့သို့ ပါပင်။


"ဟင် "


        သလင်းဖြူခြံထဲသို့ ကြည့်နေစဉ်မှာပင် တရွေ့ရွေ့သွားနေသော မည်းမည်း သဏ္ဍာန်အရိပ်နှစ်ခုကို တွေ့လိုက်ရသောကြောင့် ခန္ဓာကိုယ်ကို နောက်သို့ ဖျတ်ခနဲဆုက်လိုက်မိလေး၏။မှောင်ရိပ်ကျနေသော သလင်းဖြူရှိရာပြတင်းပေါက်များကို ထိုလူများ လှမ်း၍ တွေ့မြင်ရမည် မဟုတ်မှန်းသိသော်လည်း သလင်းဖြူ သတိကြီးကြီးနှင့် ထားရလေသည်။ထိုသို့ကြည့်နေစဉ်မှပင် လူရိပ်များသည် ဂိုထောင်ထဲသို့ဝင်ရောက်သွားကြသည်ကို တွေ့လိုက်ရလေသည်။


==================


အပိုင်း (၁၈) ဆက်ရန်


ဧကြည်ဖြူ


rate now: