ဧကြည်ဖြူ
"အဝါရောင် ရဲတိုက် "
********************
အခန်းထဲတွင်မီးပိတ်ထားသော်လည်း ပြတင်းပေါက်မှ ဝင်ရောက်နေသော အလင်း မှုန်ဝါးဝါးဖြင့် မြင်နေရသော ခုတင်ဘေးရှိ မည်းမည်းသဏ္ဍာန်ကိုကြည့်ပြီး သလင်းဖြူတစ်ကိုယ်လုံး တောင့်တင်း အေးစက်သွားမိသလိုဖြစ်သွားရသည်။ထိုမည်းမည်းသဏ္ဍာန်သည် သလင်းဖြူ နိုးသွားသည်ကို သိဟန်မတူဘဲ သလင်းဖြူကို ငုံ့၍ ကြည့်နေသည်ကိုတွေ့လိုက်ရလေသည်။ပြီးနောက် ခုတင်ခြေရင်းသို့ သွားပြီးလျှင် အတန်ကြာ တိတ်ဆိတ်နေပြန်သည်။သလင်းဖြူသည် ထွဋ်ခေါင်၏သတိပေးစကားကို ကြားပြီးကတည်းက အိပ်ရာထဲတွင် သစ်သားတုတ်တစ်ချောင်းကို ယူထားသောကြောင့် စောင်ထဲမှ သစ်သားတုတ်ကို လက်နှင့် အသင့်အနေအထားဖြစ်အောင် ဆုပ်ကိုင်ထားလိုက်သည်။သို့သော်လည်း အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်သွားပြီးလျှင် မည်းမည်း သဏ္ဍာန်၏ လှုပ်ရှားသံသဲ့သဲ့ကိုပင် မကြားရသောကြောင့် သလင်းဖြူ ဇဝေဇဝါဖြစ်သွားမိလေ၏။ မိမိတွေ့လိုက်ရသည်မှာ အိပ်မက်များလားဟုပင် ထင်မိသွားသည်။သစ်သားတုတ်ချောင်းကို ခပ်တင်းတင်းဆုပ်ကိုင်၍ အိပ်ရာထက်မှ ဆတ်ခနဲ ထထိုင်လိုက်ပြီး ခုတင်ခြေရင်းသို့ကြည့်လိုက်သည်။ထိုအခါတွင် ခုတင်ခြေရင်းတွင် ကုန်းကုန်းကွကွနှင့် ဖြစ်နေသော မည်းမည်း သဏ္ဍာန်ကို တွေ့လိုက်ရလေသောကြောင့် သလင်းဖြူလည်း ကြောက်ကြောက်နှင့်ပင် မတ်တတ်ထရပ်လိုက်ပြီး လက်ထဲမှ သစ်သားတုတ်နှင့် လွှဲ၍ ရိုက်ချလိုက်လေသည်။လျင်မြန်လှပေစွ။ မည်းမည်းသဏ္ဍာန်ကြီးသည် သလင်းဖြူ၏လက်မှ တုတ်ချက်ကို ရှောင်တိမ်း၍ဘေးသို့ခုန်ထွက်လိုက်လေသည်။သလင်းဖြူလည်း တုတ်နှင့် ထပ်မံ၍ရိုက်ချလိုက်ပြီးလျှင် အသံကုန်ဟစ်၍ အော်ပစ်လိုက်သည်။
" ကယ်ကြပါအုံး သူခိုး.... သူခိုး ...သူခိုး ရောက်နေတယ် "
"ခွမ်း "
သလင်းဖြူသည် အော်ဟစ်ရင်းမှ လက်ထဲမှ တုတ်နှင့် အဆက်မပြတ် ထပ်မံရိုက်ချလိုက်ရာ မည်းမည်းသဏ္ဍာန်ကြီးသည် လျင်လျင်မြန်မြန်ပင် အခန်းထဲမှ ထွက်ပြေးသွားလေ၏။ သလင်းဖြူ၏ လက်ထဲမှ သစ်သားတုတ်သည် မည်းမည်းသဏ္ဍာန်အား တစ်ချက်မှ မရိုက်မိဘဲ မှန်ဗီရိုကိုသာထိသွားသောကြောင့် ဗီရိုမှမှန် ကျကွဲသွားလေသည်။
"သလင်းဖြူ ...ဘာဖြစ်တာလဲ ...မင်းဘာဖြစ်တာလဲ "
" ကိုထွဋ်ခေါင် ...ကိုထွဋ်ခေါင်လား .. ခဏနေအုံးနော် ..ရှင်ဝင်မလာနဲ့အုံး ...အခန်းထဲမှာ မှန်ကွဲစတွေ ရှိတယ် "
သလင်းဖြူသည် အခန်းပြင်မှ ထွဋ်ခေါင်၏ အသံကိုကြားလိုက်ရသောအခါ ဝမ်သာ၍ သွားမိပြီး ပြန်အော်ပြောလိုက်သည်။ပြီးနောက် မီးခလုတ်ကိုစမ်း၍ဖွင့်လိုက်သည်။မီးရောင်ဖြင့် လင်းထိန်သွားသောအခန်းထဲတွင် မှန်ကွဲစများ ပျံ့ကြဲနေသည်ကို တွေ့လိုက်ရလေသည်။
"ဘာဖြစ်တာလဲ သလင်းဖြူ.. "
သတင်းဖြူ မီးဖွင့်လိုက်သည်နှင့် ထွဋ်ခေါင် အခန်းထဲသို့ ၀င်လိုက်ပြီး သလင်းဖြူကို စိုးရိမ်စွာမေးလိုက်သည်။
"လူ ... လူဝင်တာ...ကျွန်မတုတ်နဲ့ရိုက်လိုက်ပေမဲ့ မထိသွားဘူး "
ထွဋ်ခေါင်၏ အမေးကို သလင်းဖြူ တုန်တုန် ယင်ယင်နှင့် ပြန်ဖြေလိုက်သည်။
" လူဟုတ်လား ...မင်းကိုခိုက်မိသွားသေးလား "
"ဘာလဲ ...ဘာဖြစ်တာလဲ သလင်းဖြူ ..."
"ဘာဖြစ်တာလဲ ကိုထွဋ်ခေါင် "
"ဟဲ့ ...ဟဲ့ ဘာဖြစ်ကြတာတုန်း "
"ဘာတွေဖြစ်ကြတာတုန်း ဟ ....ဆူညိဝုန်းဒိုင်းကြနေတာပဲ "
သလင်းဖြူနှင့် ထွဋ်ခေါင်တို့ စကားပြောနေကြစဉ်မှာပင် အိမ်ရှိလူများအားလုံး သလင်းဖြူ၏ အခန်းရှေ့သို့ ရောက်လာကြလေသည်။
"အမယ်လေး ...ဘုရားရေ ...ဘာတွေဖြစ်နေတာလဲ သလင်းဖြူ "
" ဟို ... ဟို အခန်းထဲကို သူခိုးဝင်လာလို့ပါ ကြီးကြီး "
" ဘာ ...သူခိုးဟုတ်လား ...လိုက်ကြလေ ..လိုက်ဖမ်းကြလေ ...ဦးသောင်း ဘယ်ရောက်နေလဲ ...ခွေးတွေ ခြံထဲလွှတ်ထားတာကို ဘယ်က သူခိုးက ဝင်တာလဲ "
ဒေါ်ကြည်အေး၏အမိန့်ကြောင့် ခြံထဲရော တိုက်ကြီးထဲမှာပါ ပြေးသူလွှား သူနှင့် ရုတ်ရုတ်သဲသဲဖြစ်သွားကြလေသည်။
- ~~~~~~~~~~~~~~~~~
"ဘာ မတွေ့ဘူး ဟုတ်လား .သေချာရော ရှာကြရဲ့လား "
ဒေါ်ကြည်အေးက ဒေါသသံနှင့်အော်လိုက်သည်။
"ဦးသောင်း ခွေးတွေလွှတ်ထားတယ် မဟုတ်ဘူးလား ...ဘယ်လိုဖြစ်တာလဲ .... အိမ်ထဲမှာ ရော အခန်းတွေအကုန်လိုက်ရှာကြရဲ့လား "
ဦးမြင့်အေးက ဦးသောင်းကို မေးလိုက်သည်။
"ဟုတ်ကဲ့ ခွေးတွေလဲ လွှတ်ထားတာပါ ...ခြံထဲလဲ ရှာကြည့်ပြီးပါပြီ .."
"အိမ်ထဲမှာလဲ တစ်ခန်းမကျန် ကျွန်တော်တို့ ရှာပြီးပါပြီ ဘကြီး "
"သူခိုးဆိုလဲ ... ဒီလောက်မြန်မြန် မပြေးနိုင်ပါဘူး ...ညည်းဟာက ဟုတ်ရောဟုတ်ရဲ့လား သလင်း ဖြူ "
ဒေါ်ခင်အေးက မယုံကြည်ဟန်နှင့် မေးလိုက်သည်။
"ဟုတ်တယ် .... သမီးလဲ အဲ့ဒါပြောမလို့ ...ဖြူလေးက ဒေါ်လေးကို အိပ်မက်မက်တာကိုလဲ တကယ်လို့ထင်ပြီး လျှောက်ပြောခဲ့တာလေ ... ခုလဲ သူအိပ်မက်မက်နေတာများလားလို့ "
ရွှေရည်ဝင်း၏ အပြောကြောင့် သလင်းဖြူစိတ်တိုသွာမိလေသည်။
"အိပ်မက် မဟုတ်ဘူးရွှေရည် ... အဲ့ဒီလူ အခန်းထ ရောက်လာတော့ ဖြူလေးလန့်နိုးသွားတယ် ..ဒါကြောင့် တုတ်နဲ့ လှမ်းရိုက်လိုက်တာပေါ့ ...သူအရှောင်မြန်လို့ တုတ်က ဗီရိုမှန်ကိုထိသွားတာလေ "
"ကဲ ...နှစ်ယောက်လုံး တော်တော့ ... သူခိုးက ဘာပစ္စည်းတွေ ယူသွားသေးလဲ`
ဇော်ထိုက်ကကြားထဲမှဝင်ရောက်ပြောဆိုလိုက်လေသည်။
"ဘာမှ မပါသွားပါဘူး ... သူရောက်လာတာနဲ့ ဖြူလေး နိုးသွားခဲ့တာပါ ..ဖြူလေးအထင်တော့ သူက ပစွည်းခိုးဖို့ ရောက်လာတာ မဟုတ်လောက်ပါဘူး ...ဖြူလေးမှာလဲ တန်ဖိုးရှိတဲ့ ပစ္စည်းမှမရှိတာ .... ဖြစ်နိုင်တာက ဖြူလေးကို သတ်ဖို့လာတာထင်တာပဲ "
"ဘာ .....ဘာပြောတယ် သလင်းဖြူ "
"ဘယ်လို ...ငါ့တူမ ကိုဘယ်သူက ဘာကိစ္စသတ်မှာလဲ "
ကြီးတော်များနှင့် ဘကြီးဖြစ်သူ၏ အမေးကြောင့် သလင်းဖြူ နှုတ်မှ ပြောရန် အားယူလိုက်ပြီး ထွဋ်ခေါင်ဆီသို့ မျက်လုံးကို ဝေ့ကြည့်လိုက်မိရာ ထွဋ်ခေါင်က ခေါင်းကို မသိမသာ ခါးယမ်းပြလိုက်သည်ကို တွေ့လိုက်ရသောကြောင့် စိတ်ထဲပေါ်လာရစကားကို လွှဲပြောလိုက်ရလေသည်။
" ခိုးစရာ ပစ္စည်းမရှိတဲ့အန်းကိုဝင်လာတယ်ဆိုတော့ ... ထူးဆန်းနေလို့ပါ ဘကြီး "
သလင်းဖြူသည် ဘကြီးဖြစ်သူကို ဖြေလိုက်ပြီးလျှင် အခန်းထဲရှိ လူများကို တစ်ယောက်ချင်းကြည့်ရူလိုက်ရာ ဦးလေးဖြစ်သူကိုမတွေ့ရသောကြောင့် အံ့ဩတုန်လှုပ်သွားမိလေသည်။
" ဒါ ..ဒါနဲ့ ဦးငယ်ရောဟင် ..."
သလင်းဖြူ အားလုံးကို ကြည့်ပြီး တုန်တုန်လှုပ်လှုပ်နှင့် မေးလိုက်မိသည်။
" မရှိဘူးလေ ....ညနေက ပဲမန္တလေး သွားမလို့ ဆိုပြီး ဆိုင်ကယ်နဲ့ထွက်သွားတယ်လေ "
" ကျွန်မတို့လဲ ဘာမှ မသိပါလား ဒေါ်သုန် "
"ဟုတ်တယ် မမကြည် ...ဒီတစ်ခါက်သွားတာ ကျွန်တော့်ကိုလဲ ပြောမသွားဘူး ...ဒီကောင် ဘာတွေ လုပ်နေပြန်ပြီလဲ မသိဘူး "
" မမကြည်တို့ အစ်ကိုမြင့်အေးတို့က ဘာကို အထူးအဆန်းလုပ်နေတာလဲ ... ဒီကောင်လေး ဘယ်သွားသွား ဘယ်တုန်းက ပြောဖူးလို့လဲ ..."
"အငယ်ကောင်တစ်ယောက်နဲ့တော့...အသက်ကဖြင့် မငယ်တော့ဘူး စိတ်ထင်တိုင်း နေနေတာပါပဲလား "
ဒေါ်သုန်၏ စကားကြောင့် ဒေါ်ကြည်အေးတို့ မောင်နှမတွေ အံ့ဩနေကြသလို သလင်းဖြူလည်း အံ့ဩနေမိလေသည်။
~~~~~~~~~~~~~~~~~~
"ပြောတော့ ဒီနေ့ ရှင့်အမေနဲ့ အတူ မန္တလေးကို ခဏပြန်မလို့ ဆို ''
သလင်းဖြူ၏ အမေးကို မဖြေဘဲ ထွဋ်ခေါင်က သလင်းဖြူဘေးနားတွင် ဝင်ထိုင်လိုက်သည်။
"ဒီမှာ ...ဝေးဝေးမှာ ထိုင်ပါနော် ..တော်ကြာ ရွှေရည်ဝင်း တွေ့သွားမှဖြင့် "
"မင်း ကြောက်တဲ့အရာတော့ ရှိသေးသားပဲနော်... ဒါပေမဲ့ မစိုးရိမ်ပါနဲ့ကွ ... အမေတို့ကို တာလမ်းဆုံအထီလိုက်ပို့မယ်ဆိုပြီး ညာခဲ့ပါတယ် "
"ကြောက်တာ မဟုတ်ဘူးရှင့် ... စကားတွေ မပြောချင်လို့ ...ဒါနဲ့ ညကလူ ဘယ်လို ပြန်ထွက်သွားတာ ဖြစ်နိုင်လဲ ... သူ့လှုပ်ရှားမှုက မြန်တာတော့ အရမ်းမြန်တာနော် "
သလင်းဖြူက ထွဋ်ခေါင်ကို ကြည့်ပြီး မေးလိုက်သည်။
"ဘယ်ကမှ ထွက်သွားတာ မဟုတ်ဘူး ... တိုက်ကြီးထဲမှာပဲ ရှိနေမှာပေါ....ဒါနဲ့ အဲ့ဒီလူက ဘယ်လိုပုံစံလဲဆိုလဲဆိုတာ မင်းမတွေ့လိုက်ဘူးလား "
တွဋ်ခေါင်က သလင်းဖြူ၏ မျက်နှာကို စေ့စေ့ကြည့်၍ မေးလိုက်သည်။
" ဟင့်အင်း ... ဒီလောက်မှောင်နေတာ ဘယ် မှတ်မိမလဲရှင် .....ကြောက်ကလဲကြောက်နေတော့ "
" မင်းအခန်းထဲကိုသူ ဘာလာလုပ်တာလဲ စဉ်းစားလို့မရဘူး ...သေချာတာက လူသတ်သမားက ဘယ်သူပဲဖြစ်ဖြစ် အိမ်ပေါ်မှာတော့ သတ်မှာမဟုတ်ဘူး .. ကိုယ့်အထင်ပြောရရင် ...သူက မင်းအခန်းထဲမှာ လုပ်စရာတစ်ခုခုရှိလို့ ဖြစ်စေ ...ဒါမှမဟုတ်ရင် မင်းကို ခြောက်လှန့်ချင်လို့ပဲဖြစ်မယ်.....သေချာအောင် မင်းအခန်းထဲကို လာကြည့်ချင်တယ် ..."
"ဒါနဲ့ ...အဲ့ဒီလူက ဦးငယ်တော့ မဖြစ်နိုင်ပါဘူးနော် ...ပြီးတော့ ဦးငယ်က ဘာလို့ ရုတ်တရက် ခရီးထွက်သွားတာလဲ ...မဟုတ်မှ ဒေါ်လေးတို့ ရှိတဲ့ နေရာကို သိသွားတာများလား "
"မင်းစိတ်ကလေ အံ့တော့အံ့ဩစရာပဲနော်...လူတစ်ယောက်ကိုချက်ချင်း တရားခံဖြစ်ခိုင်းလိုက် ... ပြီးရင် ချက်ချင်းပဲ အပြစ်မရှိခိုင်းလိုက်နဲ့ မင်းစိတ်ကိုက မတည်ငြိမ်ဘူး ...ဟာ .."
"ဟင် ...ရှင် ...ရှင် ဒါဘာလုပ်တာလဲ "
ထွဋ်ခေါင်သည် စကားပြောနေရင်းမှ ရုတ်တရင်ပင် သလင်းဖြူလှမ်းဖက်လိုက်သောကြောင့် သလင်းဖြူ လန့်ပြီးဆောင့်၍ရုန်းလိုက်မိလေသည်။
" ဒေါ်သလင်းဖြူ မင်းခဏလေး ငြိမ်ငြိမ်နေစမ်းပါ ...မင်းကို ဖက်ချင်လို့ဖက်တာမဟုတ်ဘူး ... ဟိုမှာ မောင်လုံးဆိုတဲ့လူ ငါတို့ကိုကြည့်နေတာကြာပြီ ...ဟာ ...လှည့်မကြည့်နဲ့ လေကွာ ...ဒုက္ခပါပဲ မင်းနဲ့ တော့ "
သလင်းဖြူသည် ထွဋ်ခေါင်၏ စကားကြောင့် နောက်သို့ စိတ်လိုက်မာန်ပါ လှည့်ကြည့်ရန် ပြင်လိုက်သောအခါ ထွဋ်ခေါင်းသည် ပြောပြောဆိုဆို နှင့်ပင် သလင်းဖြူ၏ ခေါင်းကို နောက်သို့ မလှည့်နိုင်အောင် ခပ်တင်းတင်းပွေ့ဖက်ထားလိုက်လေသည်။
" ရှင် ဖယ်တော့ ...ပါးစပ်က ပြောလဲ ရရဲ့သားနဲ့ ..."
"ကဲပါ .. တောင်းပန်းပါတယ် အမိရယ် ... သဏ္ဍာန်လုပ် သရုပ်တူအောင် လုပ်မိတာပါ ...မင်းအခု ဟန်မပျက်အိမ်ကိုပြန်တော့ ... ဆယ့်ငါးမိနစ်အတွင်းမှာ မင်းအခန်းထဲကို လာခဲ့မယ် "
ထွဋ်ခေါင်၏ စကားဆုံးသည်နှင့် သလင်းဖြူ မန်ကျည်းပင်အောက်တွင် ရှိသော စက်ဘီးပေါ်တက်၍နင်းခဲ့လိုက်သည်။
~~~~~~~~~~~~~~~~~~~~
"ဒေါက် ..ဒေါက် "
ခပ်တိုးတိုး တံခါးခေါက်သံကြောင့် သလင်းဖြူ အခန်းတံခါးကို ထဖွင့်ပေးလိုက်သည်။
သလင်းဖြူ တံခါးဖွင့်ပေးလိုက်သည်နှင့် ထွဋ်ခေါင်က အခန်းထဲသို့ လျင်မြန်စွာဝင်လိုက်ပြီး တံခါးကို ပြန်ပိတ်လိုက်လေသည်။
" ညက သူရပ်နေခဲ့တာ ဘယ်နေရာလဲ "
"ဒီနေရာမှာပဲ ... ရပ်နေတာတော့ မဟုတ်ဘူး ကုန်းကုန်းကွကွနဲ့ ဘာလုပ်နေတာလဲ မသိဘူး"
ထွဋ်ခေါင်၏ အမေးကို သလင်းဖြူက ခုတင်ခြေရင်းကို လက်ညှိုးထိုးပြရင်း ဖြေလိုက်သည်။
"ဟုတ်လား ...ဒါဆို ဒီနေရာကို သေချာကြည့်ရအောင် "
"ဟုတ်တယ် .. ခုတင်အောက်မှာများ တစ်ခုခုရှိလို့လာ ... ကျွန်မလဲ ကြည့်ရမယ် "
" ခွပ် "
"အား"
နှစ်ယောက်သား ခုတင်း အောက်သို့ပြိုင်တူငုံ့ကြည့်မိရာမှ နဖူးချင်း ခွပ်ခနဲ မြည်အောင်တိုက်မိကြလေတော့သည်။
"ဟာ ...နာသွားလား ... ကိုယ့်ဘာသာ ကြည့်မှာပေါ့ကွာ ....မင်းကလေ လုပ်လိုက်ရင် တလွဲချည်းပဲ ..."
နာသွားသဖြင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားသော သလင်းဖြူကို ထွဋ်ခေါင်က ဆွဲထူရင်း မေးလိုက်သည်။
" ကဲ ...မင်း ဒီမှာပဲ ထိုင်နေတော့ ....မင်းမှာ လိမ်းဆေးရှိရင်ပေးအုံး"
သလင်းဖြူက အိပ်ရာဘေးစားပွဲခုံကို လက်ညှိုးနှင့် ထိုးပြလိုက်သည်။
ထွဋ်ခေါင်သည် လိမ်းဆေးဘူးကို ယူလိုက်ပြီး သလင်းဖြူ၏ နဖူးပြင်ကို အသာအယာ လိမ်းပေးလိုက်သည်။
"အို ... ကျွန်မဘာသာလိမ်းမယ် ...ပေးပါ "
ထွဋ်ခေါင်၏ အပြုအမူကြောင့် သလင်းဖြူ ရှက်ရွံ့သွားမိပြီး နှုတ်မှ ငြင်းပယ်ကာ ခေါင်းကို ဆတ်ခနဲ တိမ်းရှောင်လိုက်မိလေသည်။
" ဘာဖြစ်တာလဲ ငြိမ်ငြိမ်နေစမ်းပါ ...နဂိုကမှ မင်းက တလွဲလုပ်တတ်ရတဲ့ကြားထဲ ....နဖူးက ယောင်သွားတဲ့နေရာကို မင်းမြင်ရလို့လား ပြော"
"မှန်ကြည့်ပြီး လုပ်လို့ရတာပဲ "
သလင်းဖြူက ထွဋ်ခေါင်ကို ခပ်စွာစွာလေး ပြန်ပြောလိုက်သည်။
"ငြိမ်ငြိမ်နေစမ်းပါ ... အချိန်တွေကြာတယ် ...ပြီးရင် ကိုယ်ကိုလဲ ဆေးပြန်လိမ်းပေးအုံး "
" ကိုယ့်ဘာသာ လိမ်းလို့ရသားနဲ့ ရှုပ်လိုက်တာ...ခုန ထဲက ရှင့်ကို ကြည့်လို့မရ ဖြစ်နေတာနော် "
" ဘာကွ ... မင်းကို ဖက်ချင်လို့ဖက်တာမှ မဟုတ်တာ ...သိရဲ့သားနဲ့ ...တော်ပြီ ဖယ်တော့ ... နောက်မှပဲလိမ်းလိုက်တော့မယ် ...မင်းလို အရူးမလေးနဲ့ စကားပြောရတာ အချိန်ကုန်တယ် "
ထွဋ်ခေါင်က သလင်းဖြူ၏ ဆတ်ဆတ်ထိမခံ ဖြစ်နေသောပုံစံကို စိတ်ဆိုးအောင် စလိုက်ပြီး ခုတင်နားတစ်ဝှိုက်တွင် ရှာဖွေကြည့်လိုက်သည်။
" ဒါက ဘာလဲ သလင်းဖြူ ...မင်းက အမွှေးတိုင်ကို ခုတင်းခြေရင်းမှာ ထွန်းတာလား "
ထွဋ်ခေါင်က မေးလိုက်ရင်း ခုတင်ခြေရင်းအောက်ဘက်တွင်ရှိသော သံဘူးနှင့် အမွှေးတိုင်များကို မြှောက်ပြလိုက်လေသည်။
" မဟုတ်ပါဘူး ...မထွန်းပါဘူး ... ကျွန်မက အမွှေးတိုင် နုံ့နဲ့ ခြင်ဆေးနံ့တွေကို မခံနိုလို့ ထွန်းလေ့မရှိဘူး ...အဲ့ဒါက ဒီအခန်းထဲကို ဘယ်လို ရောက်နေတာလဲ မသိဘူး....အရင်နေ့တွေက မတွေ့မိသလိုပဲ "
သလင်းဖြူက ထွဋ်ခေါင်လက်ထဲမှ သံဘူးနှင့် အမွှေးတိုင်များကိုကြည့်ပြီး ခေါင်းခါပြလိုက်သည်။
"ဒါဆိုရင် ...ဒါတွေကို ကိုယ်ယူသွားပြီး စစ်ကြည့်လိုက်မယ်.."
ထွဋ်ခေါင်က ပြောပြောဆိုဆိုနှင့် ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။
"ကဲ ..သွားတော့ဟ် .. မင်းဦးလေး အခန်းထဲကို တစ်ယောက်တည်း သွားမကြည့်နဲ့နော်ကြားလား .... ဪ ပြီးတော့ ပြောရအုံးမယ် ... တစ်ယောက်ယောက်က ငါတို့ ပတ်သက်မှုကို မေးလာခဲ့ရင့် ချစ်သူတွေလို့ ဖြေလိုက်နော် ... အမှားမှား အယွင်းယွင်း မဖြစ်စေနဲ့နော် ....ကဲ ....ကိုယ်သွားပြီ..."
ပြောပြီးသည်နှင့် ထွဋ်ခေါင် အခန်းပြင်သို့ လျင်လျင်မြန်မြန်ပင် ထွက်ခဲ့လေသည်။
~~~~~~~~~~~~~~~~~~~
" မေမေ့ခင်တူမ လုပ်ပုံကောင်းသေးရဲ့လား ...သမီးတို့ နှစ်ယောက် အချင်းချင်းသသောကျနေကြတာကို သိသိနဲ့ ...ကြားထဲကနေ အတင်းပဲ ကိုထွဋ်ကိုလိုက်ကပ်နေတာလေ ... အဲ့ဒါ ကြီးကြီးကြည်အေးကို ပြောတော့လဲ မယုံသလိုပုံစံနဲ့ ......"
ရွှေရည်ဝင်းသည် အဒေါ်ဖြစ်သူ ဒေါ်ခင်အေးကို သလင်းဖြူ၏ အကြောင်းများကို တိုင်တန်းနေခြင်း ဖြစ်လေသည်။ဒေါ်ခင်အေးသည် အဝေးရောက်နေသော သမီးငယ်ကိုယ်စား တူမဖြစ်သူရွှေရည်ဝင်းအပေါ်တွင် သံယောဇဉ် ပိုသူဖြစ်သောကြောင့် ရွှေရည်ဝင်းပြောသမျှကို ထောက်ခံအားပေးသူလဲ ဖြစ်လေသည် ။
"တစ်နေ့ ဒီလိုဖြစ်မယ်ဆိုတာကို မေမေခင်သိသားပဲ ... သလင်းဖြူက သူ့အဖေလိုမျိုးပဲ ... လူကြည့်ရင် ရိုးပုံရိုးလက်နဲ့ အုံပုန်းပဲဟာ .... ဘာမှ စိတ်ပူမနေပါနဲ့ သမီးရယ် ...သူ့ကို မေမေခင်ပြောပါ့မယ် .....ဒါနဲ့ ဒီနေ့ မောင်ထွဋ်ခေါင်က ဘယ်ကို သွားတာလဲ "
" သူ့အိမ်ကို ခဏပြန်တာ မေမေခင် ..သုံးလေးရက်ကြာမယ်ပြောတယ် "
"ဟုတ်လား ...အဆင်သင့်တာပေါ့ ... သူပြန်မလာခင် သလင်းဖြူ ပြန်သွားအောင် တို့တွေလုပ်ကြတာပေါ့ ..."
"တ ...တကယ်လားဟင် မေမေခင် ...တော်သေးတာပေါ့ မေမေခင်က သမီးဘက်က ပါလို့ပေါ့ ..."
"မိရွှေရည် ညည်းကတော့ လေ မအေထက်ကို အဒေါ်ကို ပိုချစ်တယ်ဆိုတာကို ကျုပ် သိပါတယ်အေ ...တကယ်ပဲ မပြောချင်ဘူး ..."
ဒေါ်ကြူကြူ၀င်းသည် သမီးဖြစ်သူနှင့် ယောင်းမဖြစ်သူကို ကြည့်၍ ပြောလိုက်ပြီး နှုတ်ခမ်းများကို ကွေ့ညွှတ်၍ ပြုံးလိုက်လေသည်။
~~~~~~~~~~~~~~~~~~~
" သလင်းဖြူ လာအုံး "
သလင်းဖြူသည် ပူစူးနှင့်အတူ လှေကားထစ်များကို လှည်းကျင်း တိုက်ချွတ်နေစဉ်မှာပင် အချိန်မဟုတ် အခါမဟုတ်ဘဲ ကြီးတော်ဖြစ်သူ ဒေါ်ခင်အေး အိမ်သို့ ပြန်လာသည်ကို တွေ့လိုက်ရပြီး မိမိကို အပေါ်ထပ်သို့ ခေါ်ယူခြင်းကို ခံလိုက်ရလေသည်။
~~~~~~~~~~~~~~~~~
"ကြီးကြီးခင် သမီးရောက်ပါပြီး "
ဒုတိယထပ်၏ ဧည့်ခန်းရှေ့သို့ရောက်သောအခါ ကြီးတော်ဖြစ်သူကို သလင်းဖြူ အသံပေးလိုက်သည်။
" အေး ၀င်လာခဲ့ "
သလင်းဖြူ အခန်းထဲသို့ဝင်လိုက်သည်။
"အဲ့ဒီမှာထိုင် ....ငါ့တူမကို ကြီးကြီး ပြောစရာရှိလို့ "
" ဟုတ်ကဲ့ ကြီးကြီးခင်"
သလင်းဖြူက ကြီးတော်ဖြစ်သူကို မဝံ့မရဲခေါင်းငြိမ့်ပြလိုက်မီသည်။
"ကြီးကြီး ရှင်းရှင်းပဲပြောမယ်ကွယ် ... သမီးအနေနဲ့ သူများသမီးရည်းစားကြားမှာ ဝင်မပါပါနဲ့လားကွယ် ..မိန်းခလေးဖြစ်ပြီး သိက္ခာမရှိတာကို ကြီးကြီးခင်အမုန်းဆုံးပဲ "
"ရှင်... ကြီးကြီး ဘာတွေပြောနေတာလဲဟင် "
သလင်းဖြူ နားမလည်နိုင်စွာ ပြန်မေးလိုက်သည်။
"အခုမှ မသိချင်ယောင် ဆောင်မနေပါနဲ့ကွယ် ... သမီး ရွှေရည်နဲ့ မောင်ထွဋ်ခေါင်ကြားမှာ မင်းဝင်ရှုပ်နေတာကို ကြီးကြီးသိတယ် ... ဟိုနေ့ညကလဲ မောင်ထွဋ်ခေါင် မင်းအခန်းထဲ ရောက်လာအောင် တမင်ဉာဏ်ဆင်ခဲ့တာ မဟုတ်လား ...ကံကောင်းလို့ တစ်အိမ်လုံးနိုးသွားပေလို့ပေါ့ "
"ရှင် ... ကြီးကြီး ..မဟုတ်ဘူးနော် ...ကြီးကြီးပြောသလို မဟုတ်ဘူး ...အဲ့ဒီနေ့က လူသတ်သမားက သမီးကို သတ်ဖို့အတွက် အခန်းထဲကို တကယ် ၀င်လာခဲ့တာ "
သလင်းဖြူသည် ကြီးတော်ဖြစ်သူ၏ ပြောဆို စွပ်စွဲသော စကားများကြောင့် ခေါင်းကို ယမ်းခါ၍ တွင် တွင် ငြင်းဆန်လိုက်သည်။သို့သော်လည်း ကြီးတော်ဖြစ်သူသည် တစ်ယူသန် ပြောဆိုလျက် ရှိလေသည်။
"မူယာမာယာတွေနဲ့ ငိုမနေနဲ့ သလင်းဖြူ ...မောင်ထွဋ်ခေါင် ...ပြန်မလာခင် ရန်ကုန်ကို ပြန်တော့ .. ကြီးကြီးခင် မင်းကို ဒီတိုင်းပြန်မလွှတ်ပါဘူး ....ပိုက်ဆံပေးလိုက်ပါ့မယ် ဟုတ်ပြီလား....ကဲ ...ကဲ သွားတော့ ပြန်ဖို့ ပြင်ဆင်ထားတော့..."
သလင်းဖြူသည် ကြီးတော်ဖြစ်သူ၏ ရှေ့မှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ရှက်စိတ်၊ ဝမ်းနည်းစိတ်များကြောင့် ပါးပြင်ပေါ်သို့ မျက်ရည်ပေါက်များ စီးကျလာလေသည်။
~~~~~~~~~~~~~~~~~~~
" ဒါဆို ....ဒီအမွှေးတိုင်းက ထွက်တဲ့ အငွေ့ကို ရှုမိရင် စိတ်ကို ကစဉ်ကလျားဖြစ်စေတာလား ..."
ထွဋ်ခေါင်က အမွှေးတိုင်ကို ကိုင်၍ မေးလိုက်သည်။
" ဟုတ်တယ် ...ဆေးဆရာ ပြောတာတော့ ...စိတ်ကို ခဏတာ ရူးသွပ်သွားစသလိုဖြစ်စေတတ်တယ် ...စိတ်လွတ်သွားတဲ့ သဘောပေါ့ ...အဲ့ဒီလိုဖြစ်သွားရင် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တာမျိုးလဲ လုပ်တတ်တယ်တဲ့..."
" ဘာ ..ဘာပြောတယ် ဝေထွန်း ....ကိုယ့် ကိုယ်ကို သတ်သေနိုင်တယ် ဟုတ်လား ... ရက်စက်လိုက်ကြတာကွာ ...ဒါဆို အခုပဲ မိုးနှဲရွာကို ငါပြန်မယ် ဝေထွန်း ...မင်းက ဦးရန်နောင်ထွေးကိစ္စကို သေချာအောင်လုပ်ထားလိုက် "
" ဟာ ထွဋ်ခေါင် အချိန်မရှိတော့ဘူးကွ အခုပဲ လေးနာရီထိုးတော့မယ်.. လမ်းမှာ အန္တရာယ်များတယ် ... ဒါမှမဟုတ် ကားနဲ့သွားရင် သွား "
"ရတယ် ကိစ္စမရှိဘူး ...ကားလမ်းကဝေးတယ် ... ခုချိန်သွားရင် ညသန်းခေါင်ကျော်မှ ရောက်လိမ့်မယ် ...ဆိုင်ကယ်နဲ့ပဲ သွားမယ် "
ထွဋ်ခေါင်သည် သလင်းဖြူအတွက် စိုးရိမ်မိသောကြောင့် ချက်ချင်းပင် မိုးနှဲ ရွာသို့သွားရန် ပြင်ဆင်လိုက်လေသည်။
" သူငယ်ချင်း မင်းသတိလဲထားအုံးနော် "
~~~~~~~~~~~~~~~~~~
"ဘာ လူသတ်သမားက မင်းအခန်းထဲကို ဝင်လာတယ် ဟုတ်လား "
စိုင်းလွှမ်းက သလင်းဖြူကို စိုးရိမ်တကြီးမေးလိုက်သည်။
"ဟုတ်တယ် ..သူတို့တွေကတော့ ငါ့ကို အိပ်မက်မက်နေတာတဲ့လေ .. ငါ့အခန်းထဲ လူသတ်သမားဝင်တာကို ငါက မသိဘဲ နေပါ့မလားဟယ် "
" ဒါဆို တကယ်လူသတ်သမားပေါ့ ....ဒါနဲ့ လူသတ်သမားကိုရော မြင်လိုက်လား "
"မြင်လိုက်ပေမဲ့ မှောင်နေလို့ သေချာတော့ မတွေ့လိုက်ရဘူး ...ဒါပေမဲ့ အဲ့ဒီလူရဲ့ ပုံစံက ငါတို့အိမ်ထဲက လူတစ်ယောက်နဲ့ တူနေတယ်လေ ..ငါ အဲ့ဒါကို သေချာအောင်စုံစမ်းမှာ "
"ဘာ .. ဒါဆို လူသတ်သမားက အိမ်ထဲမှာပဲရှိတာပေါ့ ...ဒီလောက်အန္တရာယ်များတဲ့ နေရာမှာ ဘာလို့ဆက်နေနေတာလဲ ...ရန်ကုန်ကို ပြန်ပါတော့လား ဖြူလေးရယ်.. ငါလဲ မင်းနဲ့အတူ လိုက်ခဲ့မယ်လေ "
" အခုတော့ မပြန်သေးဘူး စိုင်းလွှမ်း ...ငါ့ကို အမျိုးမျိုးလုပ်ကြံနေတဲ့ တရားခံကို မိအောင်ဖမ်းပြီးမှ ပြန်မယ်....ပြီးတော့ မနေ့က ကြီးကြီးခင်က ငါ့ကို သိက္ခာမရှိတဲ့သူလို့ပြောတယ် ... အဲ့ဒါတွေကို ဖြေရှင်းပြီးမှ ပြန်မှာ "
ဒေါသတကြီးနှင့့်ပြောနေသော သလင်းဖြူကို ကြည့်ပြီး စိုင်းလွှမ်း သက်ပြင်းမောကြီးကို မှုတ်ထုတ်လိုက်မိလေသည်။
~~~~-~~~~~~~~~~~~
"ရပါတယ် လိုက်မပို့ပါနဲ စိုင်းလွှမ်းရယ် ... တော်ကြာ နင့်အဖေနဲ့ နင့်မိထွေးမြင်သွားအုံးမယ် "
" ရွာလယ်လမ်းအထိပဲ လိုက်ပို့မှာပါ ... ပြီးတော့ သူတို့ ငါ့ပုံစံကို မမှတ်မိနိင်ပါဘူး "
စိုင်းလွှမ်းက သူ၏ ခေါင်းပေါ်မှ ခမောက်ကို မျက်နှာအုပ်အောင် ဆွဲချလိုက်ရင်းမှ ပြောလိုက်လေသည်။
"ပြီးတော့ နောက်ဆိုရင် မင်းတစ်ယောက်တည်း ဒီဘက်ကို မလာတော့နဲ့နော် ဖြူလေး....ဒီဘက်က လူပြတ်တယ် "
"ဟင် ...ဒါဆို နင့်ကို တွေ့ချင်ရင် ဘယ်လိုလုပ်ရမလဲ "
သလင်းဖြူက စိုင်းလွှမ်းကို မော့ကြည့်ပြီး ပြန်မေးလိုက်သည်။
"ဖုန်းဟောင်းတစ်လုံးလောက် ဝယ်လိုက်မယ် ... ဖုန်းရတာနဲ့ မင်းဆီကို ဆက်သွယ်လိုက်မယ် ..မင်းဖုန်းနံပတ်ကို မှတ်မိပါတယ် "
"အင်းပါ ...အဲ့ဒါဆိုရင် ပြီးရော "
ထိုသို့ စိုင်းလွှမ်းနှင့် သလင်းဖြူတို့ စက်ဘီးကို တွန်းပြီးနှစ်ယောက်သားလမ်းလျှောက်စကားပြောလာကြစဉ် သူတို့နောက်မှ ဆိုင်ကယ်သံကြားသောကြောင့် နှစ်ယောက်သားလှည့်ကြည့်လိုက်သောအခါ သူတို့နှစ်ယောက်ရှိရာသို့ အရှိန်ပြင်းပြင်းနှင့်တည့်တည့်ကြီးမောင်းလာသော ဆိုင်ကယ်တစ်စီးကိုတွေ့လိုက်ကြရလေသည်။
=====================
အပိုင်း ( ၁၇ ) ဆက်ရန်
ဧကြည်ဖြူ