ဧကြည်ဖြူ
"အဝါရောင် ရဲတိုက် "
********************
တံခါးခေါက်သံကြောင့် သလင်းဖြူ လန့်ဖျပ်သွားမိပြီး စာအုပ်ကို အိပ်ရာအောက်သို့ ကပျာကယာထိုးထည့်လိုက်သည်။ပြီးနောက် တံခါးပေါက်ရှိရာဆီသို့ ထသွားလိုက်ပြီး တံခါးကို ဖွင့်ပေးလိုက်သည်။
"ဟင် ..အစ်ကိုဇော်ထိုက် ...ခိုင်းစရာရှိလို့လား "
" မရှိပါဘူး ....မအိပ်သေးဘူးမဟုတ်လား "
"ဟုတ်ကဲ့ ... မအိပ်သေးပါဘူး "
" အစ်ကို ခဏဝင်ခဲ့မယ်နော် ... ပြောစရာရှိလို့ "
ဇော်ထိုက်သည် ပြောပြောဆိုဆိုနှင့် အခန်းထဲသို့ဝင်လိုက်လေသည်။
သလင်းဖြူမှာ အစ်ကိုဖြစ်သူ အခန်းထဲသို့ ဝင်လာသည်နှင့် စာကြည့်စာပွဲမှ ဖင်ထိုင်ခုံကို လျှင်မြန်စွာထုတ်ပေးလိုက်ပြီး ကိုယ်တိုင်ကမူ ခုတင်ပေါ်တွင် ထိုင်လိုက်လေသည်။
"အစ်ကို မေးမယ်.. စိတ်မဆိုးနဲ့နော် ငါ့ညီမ "
" ဟုတ် ... ဟုတ်ကဲ့ "
စကားပလ္လင်ခံနေသော အစ်ကိုဖြစ်သူကြောင့် သလင်းဖြူ စိတ်တွေ လှုပ်ရှားလာမိလေသည်။
"ငါ့ညီမ တကယ်ပဲ ရွှေရည်ဝင်း လည်ဆွဲကို ယူခဲ့သလား "
" မယူပါဘူး အစ်ကို ... မနက်က အခန်းထဲမှာတွေ့တယ်ဆိုမှ အဲ့ဒီ လည်ဆွဲကိုမြင်ဖူးတာ "
အစ်ကိုဖြူသူ၏အမေကို သလင်းဖြူ ငြင်းဆန်လိုက်သည်။
" အင်း အစ်ကိုလဲ သေချာအောင် မေးရတာပါ ...ဒါဆို ငါ့ညီမ အခန်းထဲကို လည်ဆွဲက ဘယ်လို ရောက်နေလဲဆိုတာကို စုံစမ်းရမှာပေါ့ ...ဒါနဲ့ ငါ့ညီမနဲ့ ထွဋ်ခေါင်ဆိုတဲ့လူနဲ့ ဘယ်လိုတ်သတ်လဲ "
"ရှင် ... ဘာ ...ဘာမှမပတ်သက်ပါဘူး ... ဘာဖြစ်လို့လဲ အစ်ကို ''
သလင်းဖြူ အသံကို မတုန်အောင် သတိထားပြောလိုက်ရင်းမှပင် အသံမှာ အနည်းငယ် ထစ်ငေါ့သွားလေသည်။
"အစ်ကို့ အထင် ရွှေရည်ဝင်းက ငါ့ညီမနဲ့ ထွဋ်ခေါင်ကို သဝန်တိုနေတာများလားလို့လေ ...ဟိုတစ်နေ့က ငါ့ညီမတို့ ခြံဝမှာ နီးနီးကပ်ကပ်ရှိနေကြတုန်း ရွှေရည်ဝင်း ဒေါသတကြီးနဲ့ ထွက်သွားတာကို မြင်လိုက်ရလို့ပါ ...တကယ်လို့ ငါ့ညီမ အိမ်မှာ နေရတာ အဆင်မပြေရင် အစ်ကို
နဲ့ ခြံထဲကို လိုက်ခဲ့လို့ရတယ်နော် ...ခြံထဲမှာ အလုပ်သမားတွေလဲ ရှိတယ် ပျော်စရာကြီးပါ "
အစ်ကိုဖြစ်သူ၏ စကားကြောင့် ဘာရယ်မသိ သလင်းဖြူ ရင်ထဲစိုးထိတ်သွားမိသည်။ အစ်ကိုဇော်ထိုက်နှင့် ဘကြီးဖြစ်သူတို့သည် ရွာနှင့် အနည်းငယ်လှမ်းသောသစ်သီးခြံများကိုနေ့စဉ်သွားနေကြသည်ကို သိသော်လည်း သလင်းဖြူ သင်္ကာမကင်း မဖြစ်မိခဲ့ ။ယခုလို အစ်ကိုဖြစ်သူထံမှ စကားကို ကြားသောအခါမှပင် စိတ်ထဲ စနိုးစနောင့်ဖြစ်မိသွားသည်။လူကိုသတ်ပြီး ခြံထဲတစ်နေရာရာတွင် မြှုပ်ထားလိုက်မည်ဆိုပါလျှင် ။တွေးရင်းနှင့်ပင် သလင်းဖြူ တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထလာမိသည်။
"ဘာတွေ တွေးနေတာလဲ ငါ့ညီမရဲ့ ...အစ်ကိုပြောနေတာ ကြားရဲ့လား "
" ရှင် ... ဘာပြောတာလဲ အစ်ကို ...မကြားလိုက်လို့ "
အစ်ကိုဖြစ်သူထံမှ စိတ်မရှည်သော အသံမျိုး ကြားရသောအခါမှပင် သလင်းဖြူ ယောင်ကန်းကန်းနှင့် ပြန်၍ မေးလိုက်မိလေသည်။
"ဒီအိမ်မှာ နေမယ်ဆိုရင် ကိုယ့်ဘာသာ နေတတ်အောင်နေ ညီမ ... ဘာပဲဖြစ်ဖြစ် နှစ်ယောက်လုံးက အစ်ကို့ ညီမတွေပဲမို့ ပြဿနာဖြစ်တာမျိုးတော့ အစ်ကို သဘောမကျဘူး ကြားလား ... "
" ဟုတ်ကဲ့ အစ်ကို "
"အေး ..အေး ဒါပဲ ..အစ်ကို သွားတော့မယ် ..အစ်ကိုနဲ့ ခြံထဲလိုက်မယ်ဆိုရင် အချိန်မရွေး လိုက်ခဲ့လို့ ရတယ်နော် "
အစ်ကိုဖြစ်သူထွက်သွားသောအခါ သလင်းဖြူ ရင်ထဲ အောင့်သက်သက် နှင့်ကျန်ခဲ့ရသလို မသင်္ကာသူ စာရင်းထဲတွင် လူတစ်ယောက်တိုး၍ လာလေသည်။
အစ်ကိုဖြစ်သူ ထွက်သွားသောအခါမှ သလင်း ဖြူသည် ခေါင်းအုံးအောက်မှ စာအုပ်လေးကို ပြန်၍ထုတ်ကြည့်လိုက်လေသည်။
" မနက်ဖြန်ကျရင် သူလာမယ်တဲ့ "
" ဟင် "
နောက်ထပ် စာရွက်များမှာ စာရွက်အလွတ်များသာဖြစ်သောကြောင့် သလင်းဖြူ စိတ်ပျက်သွားမိသည်။ ကြည့်ရသည်မှာ ဒေါ်လေးသည် သည်စာကိုရေးပြီး နောက်တစ်နေ့တွင် သူမ၏ ချစ်သူနှင့် လိုက်ပါသွားခဲ့လေသည်လား ။ သို့တည်းမဟုတ် ပျောက်ဆုံးသွားခဲ့လေသည်လားကို ကာယကံရှင်ကသာ သိနိုင်မည့် အခြေအနေမျိုး ဖြစ်လေသည်။
~~~~~~~~~~~~~~~~
"ဒါက မင်းအခွင့်အရေး ရတာပဲ ...အခွင့်အရေးကို မင်းသေချာ အသုံးချနော် ... အရေးအကြောင်းရှိရင် ကိုယ့်ဆီကို ဖုန်းဆက်လိုက် ...ဟိုနေ့ကလို ခွေးမှန်းမသိလူမှန်းမသိ တံခါးဖွင့်ပေးဖို့ မလုပ်နဲ့ "
ခြံထဲတွင် သလင်းဖြူ အမှိုက်များ လှည်းနေစဉ် ထွနုခေါင်က အနားသို့ လျှောက်လာပြီး ပြောလိုက်လေသည်။
" တော်စမ်းပါ ...ရှင်သာ ပြောတော့ကူညီမယ်ဆိုပြီး ဘာကူညီလို့လဲ...ရှင့်ကြောင့် သူခိုးလို့စွပ်စွဲခံရတာပဲ အဖက်တင်တယ် "
သလင်းဖြူက ထွဋ်ခေါင်ကိုကြည့်ပြီး ရန်တွေ့ စကားဆိုလိုက်သည်။
" ဟာ ကိုယ်နဲ့ ဘာဆိုင်လို့လဲ...... "
"ဆိုင်လား ..မဆိုင်လားတော့ မသိဘူး ...ဟိုမှာ ရှင့်အမေနဲ့ ရွှေရည်ဝင်းတို့ လာနေပြီး သွားတော့ "
သလင်းဖြူသည် ထွဋ်ခေါင်ကို ပြောလိုက်ပြီးသည်နှင့် ခြံနောက်ဘက်သို့ သွားရန် ပြင်လိုက်သည်။
"သလင်းဖြူ သမီး နောက်နေ့ကျရင်း .. အမှိုက်ကို စောစောထလှည်းကြားလား ...နေမြင့်တော့ လူပန်း တာပေါ့ကွယ် ...ခြံထဲ အမှိုက်လှည်းပြီးရင် ဒေါ် သုန်တို့နဲ့အတူ အိမ်ထဲကိုပါသန့် ရှင်းရေးကူလုပ်ပေးလိုက်အုံး "
"ဟုတ်ကဲ့ ကြီးကြီး "
သလင်းဖြူ ခြံနောက်ဘက်သို့ ထွက်လာခဲ့စဉ်မှာပင် ကြီးတော်ဒေါ်ကြည်အေး၏ စကားကြောင့် ခေါင်းကိုငြိမ့်ပြလိုက်ရလေသည်။ရွှေရည်ဝင်းကမူ သလင်းဖြူကို မျက်နှာထားတင်း တင်းနှင့် တစ်ချက်ကြည့်ပြီး မျက်နှာကို ဆတ်ခနဲ လွှဲလိုက်လေသည်။
သလင်းဖြူသည်လည်း ခပ်တည်တည်နှင့်ပင် မျက်နှာကို လွှဲပစ်လိုက်ပြီး ခြံနောက်ဘက်သို့ လျှောက်လာခဲ့လိုက်သည်။
~~~~~~~~~~~~~~~~~~
ခြံနောက်မှ အမှိုက်များကို လှည်းနေရင်းမှ သလင်းဖြူ နေရာအနှံ့သို့ စေ့စေ့စပ်စပ် လိုက်ကြည့်မိလေသည်။ဖြစ်နိုင်သည် မဖြစ်နိုင်သည်ထက် မြေပြင်တွင် မို့မောက်ပြီး မြေများ ပွနေသည်ကို တွေ့လျှင် မသိမသာ အနံ့ခံကြည့်ပြီး လက်နှင့်တူဆွမိပြန်သည်။ သလင်းဖြူ အဖြစ်က ကောက်ရိုးပုံထဲတွင် အပ်ပျောက်ကိုရှာနေသကဲ့သို့ပင် ဖြစ်နေလေသည်။
" ဟင် ...ဒါ ..ဒါက လှေကားပဲ ...အပေါ်ထပ်အထိတက်လို့ရတဲ့ လှေကားပဲ ..ဒေါ်လေးချစ်သူရဲ့စာထဲမှာ ပါတဲ့ လှေကားဆိုတာ ဒါဖြစ်တယ် ...ဒါပေမဲ့ အပေါ်ထပ် ဘယ်နေရာကို ရောက်တာလဲ ...ငါလဲ မတွေ့မိပါဘူး "
သတင်းဖြူ အမှိုက်လှည်းနေရာမှ တိုက်ကြီး၏နောက်ဘက်တွင် အပေါ်ထပ်သို့တက်သော ကြောင်လိမ်လှေကားကို တွေ့လိုက်ရသောကြောင့် အံ့ဩသွားမိလေသည်။ယခင်က အမှုမဲ့အမှတ်မဲ့နှင့် အုတ်ဂူများရှိရာ ခြံထဲဘက်အခြမ်းကိုသာ စီတ်ဝင်စားခဲ့သောကြောင့် လှေကားများကို သတိမထားမိခဲ့ခြင်းဖြစ်ပေသည်။ သလင်းဖြူ လှေကားအတိုင်း တက်ခဲ့လိုက်သည်။လှေကားမှာအပေါဆုံးထပ်ထိ ရှိနေပြီးလျှင် အဆုံးတွင် တံခါးတစ်ချပ်ကို တွေ့ရလေသည် ။ သို့သော်လည်း ထိုးတံခါးသည် ရေချိုးခန်းများ အနီးတဝှိုက်တွင် ရှိသည်ကိုသာ ခန့်မှန်းနိုင်ပြီး မည်သည့်နေရာတွင် ရှိသည်ကို မသိဘဲဖြစ်နေလေသည်။လှေကား၏ ခပ်လှမ်းလှမ်းတွင် နောက်ဖေးဝရံတာကို မြင်နေရသောကြောင့် နေရာကို မှတ်သားထားလိုက်ပြီး ကြောင်လိမ့်လှေကားမှ သလင်းဖြူပြန်ဆင်းခဲ့လိုက်သည် ။ ကြည့်ရသည်မှာ လှေကားသည် အန္တရာယ်တစ်စုံတစ်ခု ကြုံလျှင် အသက်ကယ်လှေကားအဖြစ် အရန်ထားထားပုံရသည်။ပြီးလျှင် သက်ကြီးရွယ်အိုများရှိသောကြောင့် ထင်သည်။ကြောင်လိမ်လှေကားမှာလည်း မက်စောက်နေခြင်းမျိုးမရှိဘဲ ပြေဖြစ်လေသည် ။
~~~~~~~~~~~~~~~-----
သလင်းဖြူ အပေါ်ထပ်သို့တက်ခဲ့ပြီးနောက်တွင် ရေချိုးခန်းများအနီးတွင် တံခါးပေါက်ကို ရှာကြည့်လိုက်သည်။မနက်ခင်းပင်ရှိသေးသော်ငြား တိုက်ကြီးထဲတွင် မီးဖိုချောင် အလုပ်သမားများမှ လွဲ၍ မရှိသောကြောင့် အသံများမှာ တိတ်ဆိတ်၍နေသည်။ ဒုတိယထပ်တွင်လည်း မည်သူတစ်ဦးတစ်ယောက်မျှ မရှိသလို အပေါ်ဆုံးထပ်တွင်လည်း သလင်းဖြူတစ်ယောက်တည်းသာရှိသောကြောင့် တိတ်ဆိတ်၍နေလေသည်။သလင်းဖြူ အနောက်ဘက်ဆောင် တစ်ခုလုံးကို ရှာကြည့်သော်လည်း ၀ရံတာ တံခါးပေါက်မှ လွဲ၍ အပြင်သို့ထွက်သော တံခါးတစ်ချပ်တစ်လေ ကိုပင် မတွေ့ဘဲ ရှိလေသည်။
" ဟူး ..အပေါက်ကဘယ်မှာလဲဟာ "
သလင်းဖြူ စိတ်ညစ်ညစ်နှင့် ကြမ်းပြင်တွင် ထိုင်ချလိုက်မိသည်။ စိတ်ထဲမှလည်း ကိုယ်တစ်ယောက်တည်း သံသယပွားနေသည်လားဟုပင် ထင်လိုက်မိလေသည်။
"ကျွတ် ...ကျွတ် "
" အမေ့ "
သလင်းဖြူ စိတ်ပျက်လက်ပျက် နှင့် ထိုင်နေစဉ်မှာပင် ရုတ်တရက်အိမ်မြှောင် စုတ်ထိုးသံလိုလို ၊လူတစ်ယောက် ညည်းညူသံလိုလို ကြားလိုက်ရသောကြောင့်အလန့်တကြားနှင့် မတ်တတ်ထရပ်လိုက်မိပြီး အသံကြားရာဆီသို့ မရဲတရဲ လှမ်းသွားမိလေသည်။ထိုအခါ အသံမှာ အမျိုးသမီးရေချိုးခန်းတစ်ခန်းမှ ထွက်ပေါ်နေခြင်းဖြစ်လေသည်။ပြီးလျှင် ထိုအခန်းမှာ မကြာခဏဆိုသလို လူမရှိပါဘဲ အသံဗလံများ ကြားရတတ်သော အခန်းဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
"ဒေါက် ...ဒေါက် ..."
"အထဲမှာ လူရှိလား"
သလင်းဖြူ မရဲတရဲ မေးလိုက်သောအခါ အသံများမှာပြန်လည်၍ တိတ်ဆိတ်သွားလေသည်။သလင်းဖြူ ခြေတုန်လက်တုန်နှင့်ပင် ရေချိုးခန်: တံခါးကို ဖွင့်ကြည့်လိုက်သည် ။ပွင့်သွားသော ရေချိုးခန်းထဲတွင် ရှင်းလင်း တိတ်ဆိတ်၍နေလေသည်။ဤရေချိုးခန်းကို ယခုအခါမှ သေသေချာချာဝင်ကြည့်ဖူးခြင်းဖြစ်ပေသည်။စရောက်သည်နေ့က ဘေးအခန်းတွင် ရေချိုးနေစဉ် ဤအခန်းထဲမှ အသံအချို့ကို ကြားခဲ့ရပြီးနောက်တွင် ရေ၀င်ချိုးရမည်ကို မသိစိတ်ကတွန့်ဆုတ်နေခဲ့မိသည်။အကြောင်းပြချက်မရှိ ထိတ်လန့်နေသောကြောင့် ဤအခန်းကိုရှောင်ရှားနေခဲ့ခြင်းပင်ဖြစ်သည်။ယခုမှပင် ဤရေချိုးခန်းသည် မိမိရေချိုးနေကျ အခန်းထက် ပို၍ ကျယ်ဝန်းနေသည်ကို တွေ့ရလေသည်။ အခန်းထဲတွင် ရေချိုးဇလားလည်းရှိသည်။ဇလား၏နောက်ဘက်တွင် လိုက်ကာ အရှည်တစ်ခုကို ကိုတွေ့လိုက်ရလေသည်။ သလင်းဖြူ ထိုလိုက်ကာစကို မမှိတ်မသုန်ကြည့်နေစဉ်မှာပင် လိုက်ကာစမှာ လေတိုးလိုက်သကဲ့သို့ လှုပ်ခတ်သွားသည်ကို တွေ့လိုက်ရသောကြောင့် ရင်တွေ ဒိန်းခနဲဆောင့်ခုန်သွားမိလေသည်။ရင်တွေ တဒိန်းဒိန်းခုန်လှုပ်နေပြီးလျှင် စိတ်လှုပ်ရှားလွန်း၍ အသက်ရှုသံ ခပ်ပြင်းပြင်းကို မှုတ်ထုတ်နေမိလေသည်။စိတ်က အလိုလိုနေရင်း ချောက်ချားနေမိသော်လည်း လူမှာ ရေချိုးဇလားနားသို့ကပ်သွားပြီးလျှင် လိုက်ကာစကို ဖျတ်ခနဲ ဆွဲဖယ်ကြည့်လိုက်သည် ။
"ဟင် .. တံခါးပေါက်ပါလား "
တွေ့လိုက်ရသော မြင်ကွင်းကြောင့် သလင်းဖြူတအံ့တဩ ရေရွတ်လိုက်မိပြီး အခန်းတံခါးကို ဖွင့်ကြည့်လိုက် သည်။
"အမယ်လေး "
တံခါးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် မှောင်မည်းနေပြီး အေးခနဲ စိမ့်ခနဲဖြစ်သွားသောကြောင့် သလင်းဖြူ လန့်ဖျပ်ပြီး အော်လိုက်မိလေ၏။ ပြီးမှ သတိဝင်လာပြီး ပါးစပ်ကို ပိတ်ကာ အခန်းနံရံများကိုလက်နှင့် လိုက်၍ စမ်းကြည့်လိုက်သည်။လက်က မီးခလုတ်ကို စမ်းလိုက်မိသည်နှင့် မီးခလုတ်ကို ဖွင့်လိုက်သည်။
" ချောက် "
မီးခလုတ်ဖွင့်သံနှင့့် အတူ အခန်းတစ်ခုလုံး လင်း၍သွားလေသည်။မီးရောင် အောက်တွင် မြင်လိုက်ရသည်မှာ အခန်းကျဉ်းလေးတစ်ခန်းသာဖြစ်လေသည်။အခန်းထဲတွင် တံခါးပေါက်တစ်ခုကို တွေ့လိုက်ရလေသည်။ယခုမှပင် နောက်ဖေး အသက်ကယ်လှေကားရှိရာ တံခါးပေါက်ကို သလင်းဖြူ တွေ့ရှိလိုက်ရခြင်းဖြစ်လေသည်။သလင်းဖြူ အခန်းကျဉ်းလေးထဲတွင် လှည့်ပတ်ကြည့်ရှုနေရင်းမှ ယနေ့ ခေတ်ကြီးထဲတွင် ဤကဲ့သို့ လျှို့ဝှက် တံခါးများသဖွယ် ဆောက်လုပ်ထားခြင်းကို အံ့ဩနေမိလေသည်။
"ဒီလို အခန်းကျဉ်းလေးထဲမှာ ဖွက်ထားစရာနေရာလဲ မရှိပါဘူး "
သလင်းဖြူ အခန်းလေးထဲတွင် တစ်စုံတစ်ခုကို တွေ့လိုတွေ့ငြား ကုန်းကုန်းကွကွ ရှာကြည့်နေမိရင်းမှ ကိုယ်ဘာသာ တွေးမိပြန်လေသည်။
" အ "
သလင်းဖြူ သမံတလင်းပေါ်သို့ လက်နှင့်ဟိုစမ်းသည် စမ်းလုပ်နေရာမှ လက်ထိပ်တွင် စူးခနဲနာသွားသောကြောင့် ကြည့်လိုက်သောအခါာ ခြယ်နားကပ်ခပ်သေးသေးတစ်ဖက်ကို တွေ့လိုက်ရလေသည်။
"ဟင် ...ဒါ ...ဒါ ဒေါ်လေးနားကပ်များလား "
သလင်းဖြူ နားကပ်လေးကို လက်တွင် ဆုပ်ထားမိရင်းမှ အခန်းထောင့်နေရာများသို့ နေရာလပ်မကျန်စေအောင် ရှာဖွေကြည့်လိုက်လေသည်။
"ဟင် ... ဒါ ..ဒါက..ရှပ်အင်္ကျီကြယ်သီးပဲ ...တကယ်ပဲ ဒီအခန်းထဲမှာ တစ်ခုခုဖြစ်ခဲ့တာများလား "
နောက်ထပ်တစ်ခုခုကို တွေ့ရလို တွေ့ရငြား အထပ်ထပ်အခါခါ ရှာကြည့်သော်လည်း နံရံတွင် ချိတ်ဆွဲထားသော သော့တွဲမှလွဲ၍ ဘာမှထပ်မတွေ့ရဘဲ ရှိလေသည်။သလင်းဖြူ သော့တွဲကို ယူလိုက်ပြီးလျှင် တံခါးကိုဖွင့်ကြည့်လိုက်သည်။ထိုအခါ သလင်းဖြူ ခန့်မှန်းထားသကဲ့သို့ နောက်ဖေးလှေကားသို့ ထွက်သော တံခါးပေါက်ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
"ဟင် ...ဦးငယ် "
သလင်းဖြူ တံခါးပေါက်ကို ဖွင့်ပြီး လှမ်းကြည့်လိုက်သော အခါ အောက်တွင် မတ်မတ်ရပ်၍ မိမိရှိရာဆီသို့ မော့ကြည့်နေသော ဦးလေး ဖြစ်သူကို ဖြုန်းခနဲ တွေ့လိုက်ရသောကြောင့် ကြောင် အအနှင့်ပြန်၍ကြည့်နေမိလေသည်။ထိုသို့ ကြည့်နေမိစဉ်မှာပင် ဦးငယ်သည် ကြောင်လိမ်လှေကားအတိုင်းတက်၍ လာသည်ကို တွေ့လိုက်ရလေသည်။ဦးလေးဖြစ်သူ၏ အပြုအမူကြောင့် သလင်းဖြူ ထိတ်လန့်သွားမိသော်လည်း ဟန်မပျက်ပင် တံခါးပေါက်တွင် ရပ်၍နေလိုက်သည်။တကယ်တမ်းမှာမူ သူခိုးလူမိခံလိုက်ရသကဲ့သို့ပင် သလင်းဖြူ၏ ခြေထောက်များမှာ တဆတ်ဆတ်တုန်နေသောကြောင့် မနည်းပင် အားတင်းထားရလေသည်။ယခုလို အချိန်တွင် ထွဋ်ခေါင် ပြောသကဲ့သို့ပင် မည်သူ့ကိုမဆို ယုံကြည်ရန် ခက်ခဲသည် မဟုတ်ပါလား။
"မင်း ဘာလုပ်နေတာလဲ ဖြူလေး ... အန္တရာယ်များကများ မတော် ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ "
"ဟို ...မကျပါဘူး ဦးငယ် ...သမီးက ခလေးမှ မဟုတ်တာ "
သလင်းဖြူသည် လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်းမှ ဦးလေးဖြစ်သူကို ပြန်ပြောလိုက်မိသည်။ပြီးနောက် သလင်းဖြူ၏ ခေါင်းထဲတွင် စိတ်ကူးတစ်ခု ပေါ်လာပြီးလျှင် ခပ်တင်းတင်းဆုပ်ထားသော လက်ကို ဦးလေးဖြစ်သူ ရှေ့သို့ ဖြန့်ပြလိုက်ပြီးလျှင်
"အမှိုက်လှည်းရင်း ဒီအခန်းထဲက ကောက်ရတာ ဦးငယ် ...နားကပ်ပဲ ...ဘယ်သူ့ နားကပ်လဲတော့ မသိဘူး ...ရှပ်အင်္ကျီကြယ်သီးတစ်လုံးလဲ တွေ့တယ် "
" ဟင် ...ပြ ...ပြစမ်း....ဒီကို ပြစမ်း "
သလင်းဖြူ၏ စကားဆုံးသည်နှင့် ဦးငယ်သည် သလင်းဖြူ လက်ထဲမှ နားကပ်နှင့် ကြယ်သီးကို ဆတ်ခနဲ ဆွဲယူကြည့်လိုက်လေသည်။
" မင်း ...မင်း ...ဒါတွေကို ဒီအခန်းထဲက ရတာ ဟုတ်လား "
ဦးလေးဖြစ်သူ၏ အထိတ်တလန့် အမူအရာကိုကြည့်ပြီး သလင်းဖြူ ရင်တွင်းမှ ထိတ်လန့်လာမိသော်လည်း ဟန်မပျက်အောင် ထိန်းပြီး မသိသောဟန်ပန်နှင့်ပင် နေလိုက်လေသည်။
"သွား ...သွားတော့ ဒါတွေ တွေ့တာ ဘယ်သူ့ကို မှ မပြောနဲ့နော် ကြားလား .. သွားတော့ လုပ်စရာရှိတာလုပ်"
ပြောပြီးသည်နှင့် လှေကားများအတိုင်း အပြေးဆင်းသွားသော ဦးလေးဖြစ်သူကို ကြည့်ပြီး သလင်းဖြူ တင်းထားသော စိတ်ကို လျှော့ချလိုက်ရာ လူမှာဒူးများ ညွတ်ခနဲ ခွေကျလုမ တတ်ပင်ဖြစ်သွားရလေသည်။
"ဘုရား ...ဘုရား ဦးငယ်က လူသတ်နေတာလား ... မဟုတ်ပါစေနဲ့ ဘုရား "
သလင်းဖြူ ကြောက်ကြောက်နှင့် ဘုရားစာများကို ရွတ်ဆိုနေရင်းမှ စိတ်ထဲမှ ဆုတောင်းနေမိလေသည်။
~~~~~~~~~~~~~~~
"ဘာ ...ဘာပြောတယ် ဖြူလေး ...မင်းကို သူခိုးလို့စွပ်စွဲကြတယ် ဟုတ်လား "
စိုင်းလွှမ်းက ဒေါသသံနှင့် သလင်းဖြူကို မေးလိုက်လေသည်။
"ထားလိုက်ပါဟာ ...အဲ့ဒါက အရေးမကြိးပါဘူး ...ငါ ဖြေရှင်းနိုင်ပါတယ် ...အရေးကြီးတာက ငါကောက်ရထားတဲ့ နားကပ်နဲ့ ကြယ်သီးကို ဦးငယ်ယူသွားတယ် ...ပြီးတော့ ဦးငယ်ပုံစံက တစ်မျိုးပဲ စိုင်းလွှမ်း ..."
သလင်းဖြူသည် မိမိစိတ်ထဲမှ စိုးရိမ်နေမိသော အကြောင်းအရာကို စိုင်းလွှမ်းအားပြောပြလိုက်သည်။
"အင်း ...အဲ့ဒါတော့ ငါလဲ မပြောတတ်တော့ဘူး ... ကောက်ရထားတွေကို ဘာလို့ ပေးလိုက်ရတာလဲ ...မင်းကိုရော ဦးငယ်က ဘာပြောသွားသေးလဲ "
" ဟင့်အင်း ငါ့ကိုတော့ ဘာမှ မပြောဘူး ...ဒါပေမဲ့ ဦးငယ်ကို ကြည့်ရတာ ဒေါသထွက်နေသလိုပဲ "
" ဟုတ်လား ...မင်းကို တစ်ခုခု အန္တရာယ်ပေးနေအုံးမယ် ...ဒီရက်ပိုင်း ဦးငယ်နဲ့ဝေးဝေးနေနော် ... ဘာပဲဖြစ်ဖြစ် တစ်ယောက်တည်း စိတ်ထင်ရာတွေ လျှောက် မလုပ်နဲ့နော် ဖြူလေး ..."
"အင်းပါဟာ ...နင်လဲ ငါ့ကို ပစ်မထားနဲ့နော် ...မိုးနှဲ ရွာမှာ နင်ရှိလို့ ငါ့မှာ စကားပြောဖော်ရှိနေတာ ...အိမ်က လူတွေက ငါ့ကို အဖက်တောင် လုပ်ကြတာမဟုတ်ဘူး "
"ဖြူလေးရယ်... ဒီလောက် စိတ်ညစ်စရာကောင်းတာကို ပြန်ဖို့မတွေးဘူးလားဟင် ... "
"မတွေးပါဘူး .. အခုဆို သူခိုးလို့ စွပ်စွဲခံလိုက်ရတော့ ပိုတောင် ဆိုးသွားပြီး ... အဖြစ်မှန်တွေ အားလုံးပေါ်မှ ပြန်တော့မှာ ...ငါ့ပြန်ရင် နင်လဲ လိုက်ခဲ့လေ ...ရန်ကုန်မှာ အလုပ်တွေပေါတယ် ....ဒီရွာမှာ မနေနဲ့တော့ "
သလင်းဖြူက စိုင်းလွှမ်းကို ကြည့်ရင်းပြောလိုက်သည်။
"အင်းပါ ...မင်းပြန်ရင် လိုက်ခဲ့မယ် .... အမြန်ဆုံးပြန်ဖို့ လုပ်တော့ "
~~~~~~~~~~~~~~~~~
" တကယ်တွေ့တာလား ...အဲ့ဒီနေရာမှာ တံခါးပေါက် ရှိနေတာလား "
ထွဋ်ခေါင်က သလင်းဖြူကို သေချာအောင် ထပ်မံ၍မေးလိုက်သည်။
"ဟုတ်ပါတယ်ဆို ...စာထဲမှာ သေချာ ရှင်းပြထားတယ်လေ ...အပြင်မှာ စကားလာမပြောပါနဲ့ ဆိုမှ "
"စကားလေးလာပြောတာ ဘာဖြစ်လို့လဲ ..ဘာတွေ အဖြစ်သည်းနေတာလဲ...."
" အဖြစ်သည်းတာ မဟုတ်ဘူး ... ပြဿနာတွေ မရှင်းချင်လို့ သိရဲ့လား"
သလင်းဖြူက ထွဋ်ခေါင်ကိုကြည့် စိတ်တိုတိုနှင့် ပြောပစ်လိုက်သည်။
" ကဲပါကွာ ..အဲ့ဒါတွေ ထားလိုက်စမ်းပါ ...မင်းကိုပြောမယ်... ဒီနေ့ကစပြီး အိပ်ရင်တံခါးကို အထဲက သော့ခတ်အိပ် ကြားလား....ပြီးတော့ ဖြစ်နိုင်ရင် ... ညဘက်တွေ အပေါ့အပါးသွားရင်တောင် သတိထားသွား ... ဘယ်သွားသွားဘာလုပ်လုပ်သတိနဲ့နေနော် "
"ဘာ ..ဘာဖြစ်လို့လဲဟင် "
ထွဋ်ခေါင်၏ စကားများကြောင့် သလင်းဖြူ အတိတ်တလန့်နှင့် မေးလိုက်မိသည်။
"မင်းရဲ့ ဦးလေးသာ တရားခံဆိုရင် ... ဘယ်လိုလုပ်မလဲ ..."
" အို ... တော်ပါတော့ ...ဦးငယ်ကတော့ ဒီလိုလုပ်မယ် မထင်ဘူး "
"ဒါကတော့ မင်းသဘောပဲ ... တစ်ခုခုဖြစ်ရင် ဖုန်းဆက်လိုက်.....ပြီးတော့ ခြံထဲမှာ တစ်ယောက်တည်းထိုင်မနေနဲ့ အပေါ်တက်တော့ "
~~~~~~~~~~~~~~~~~
"အခြေအနေတွေက မလွယ်တော့ဘူးဝေထွန်း ... ကြားထဲက သူ့ကို ထိခိုက်မှာစိုးတယ် ...."
" အဲ့ဒါလဲ ဟုတ်တယ် ... မနက်ဖြန်ကျရင် ငါတို့ ဒေါ်လေးကို ပြန်လိုက်ပို့ရမယ်လေ ... မန္တလေးမှာ သုံးလေးရက်လောက်နေဖို့ကိစ္စ ကရော ဘယ်လိုလုပ်မှာလဲ "
" အင်း ..သွားတော့ သွားရမှာပေါ့ ...သွားပြီး သေချာအောင် လုပ်ရမှာပဲလေ ...ဒါပေမဲ့ ...."
ထွဋ်ခေါင်က ပြောရင်း မှ စကားကို ရပ်တန့်လိုက်သည်။
" ဒါပေမဲ့ ဘာလဲ ... ဟိုတစ်ယောက်ကို စိုးရိမ်လို့ မသွားနိုင်ဘူးလား "
" ကျွတ် ... မဟုတ်တာတွေကွာ ... သူ့ကြောင့် စိတ်ရှုပ်တာတော့ အမှန်ပဲ "
ထွဋ်ခေါင်သည် ဝေထွန်းနှင့် စကားပြောနေရင်းမှ စိတ်ရှုပ်လာသဖြင့် ပြတင်းပေါက်နားတွင် ရပ်၍ အပြင်သို့ ငေးမောကြည့်လိုက်မိသည်။
~~~~~~~~~~~~~~~~~~~~
တစ်နေ့လုံး ကြုံခဲ့ရသမျှ ကိစ္စများကြောင့် သလင်းဖြူ အိပ်မပျော်နိုင်ဘဲ ဖြစ်နေမိသည်။စိတ်ထဲတွင် ချောက်ချားနေမိသလိုလို ၊တစ်ခုခုကို စိုးရိမ်ထိတ်လန့်နေမိသလို စိတ်ထဲမှ ပူပန်နေမိသည်။
"ဟင့်အင်း ..ဦးငယ်က တရားခံဖြစ်နေရင်တောင် ငါ့ကို အန္တရာယ်ပေးလောက်မှာ မဟုတ်ပါဘူး " သလင်းဖြူ ကိုယ့်စိတ်ကိုယ် နှစ်သိမ့်ရင်း အိပ်မပျော်နိုင်ဘဲဖြစ်နေမိသည်။
~~~~~~~~~~~~~~~~~~
"ချောက် "
သလင်းဖြူ အိပ်ပျော်နေရာမှ တစ်စုံတစ်ယောက်က လှုပ်နှိုးလိုက်သကဲ့သို့ ခံစားလိုက်ရသောကြောင့် ဖျတ်ခနဲ လန့်နိုးလာမိသည်။နိုးနိုးချင်းပင် မျက်လုံးများကို ဖွင့်ကြည့်လိုက်မိသောအခါ မြင်လိုက်ရသော အရာကြောင့် သွေးပျက်မတတ် ထိတ်လန့်သွားမိလေသည်။
======================
အပိုင်း ( ၁၆ ) ဆက်ရန်
ဧကြည်ဖြူ