book

Index 26

Part-[ 25 ]

🍁ကြင်နာသူ ... ရွှေမင်းသား🍁
(or)
🍁 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။🍁

••••••••••• Part-[ 25 ] •••••••••••

စိုးရိမ်ပူပန်ရလွန်းသော စိတ်တွေကြောင့် အတွေးတို့ ယောက်ယတ်ခတ်၍ ညတာကလည်း ရှည်လျားလွန်းသည် ထင်မိ၏။ မကြာခင်သတိရလာမယ်လို့ ဆရာဝန်က ပြောသွားပေမယ့် အိန်ဂျယ်လ်ကတော့ မိုးလင်းသည်အထိ နိုးမလာသေးပေ။ ပင်ပန်းလို့ခဏအိပ်တာမို့ စိုးရိမ်စရာမလိုဘူးပြောပေမယ့် တကယ် စိတ်မပူဘဲ နေနိုင်ပါ့မလား...။ အခုဆို အိန်ဂျယ်လ့်ဆီမှာ သူ့ရင်သွေးလေးရှိနေပြီတဲ့!..ဒီတော့ ကာကွယ်ပေးရမယ့်သူက နှစ်ယောက်ဖြစ်သွားပြီမို့ ပိုပြီး ဂရုစိုက်ရတော့မှာပါ။

ကလေးတဲ့! ကလေးလေးတစ်ယောက်...။ကိုယ့်သွေးသားအရင်းအချာလေးတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရတဲ့ ခံစားချက်က ဒီလောက်တောင်နွေးထွေးလှပါလား။ အချစ်ရဆုံးမိန်းကလေးဆီမှာ ကိုယ့်သွေးသားလေး မှီတည်နေမှန်းသိလိုက်ရတဲ့ ခံစားချက်က ဘာနဲ့မှခိုင်းနှိုင်းမရသလို... ပျော်ရွှင်ခြင်းကလည်း ဒီတစ်သက်မှာ ဘယ်တုန်းကမှမခံစားဖူးခဲ့တဲ့ နွေးထွေးလှိုက်ဖြာမှုမျိုး။ 'အလင်းနှစ်'ဆိုတဲ့ သူ့ဘဝဟာ ငယ်ကတည်းက မိဘမဲ့တစ်ယောက်ဖြစ်ခဲ့ရပြီး သွေးသားရင်းချာဆိုတာလည်း မမြင်ဖူး၊မတွေ့ဖူးတဲ့အရာပင်။

တစ်ယောက်ထဲ ငြိမ်နေရင်းမှ လက်တွေကို ဖြေးဖြေးချင်းရွှေ့ကာ သူမရဲ့ ဗိုက်ချပ်ချပ်လေးပေါ် ဖွဖွစမ်းကြည့်လျက် ပြုံးနေမိခြင်းက ကြည်နူးမှုအပြည့်။ ဒီနေရာ၊ ဒီဧရိယာ ကျဥ်းကျဥ်းလေးထဲမှာ သူ့ကလေးလေးရှိနေတယ်ပေါ့...။ဆန်းကြယ်လိုက်တာ...လူသားလေးတစ်ယောက် လောကထဲရောက်လာဖို့ ဒီလိုစတင်သည်ပဲ...။အရင်ကတော့ ကလေးလေးရဲ့ ခင်ပွန်းဖြစ်ရာကနေ... နောက်ထပ်ကလေးလေးတစ်ယောက်ရဲ့ ဖခင်လည်းဖြစ်ခွင့်ရတော့မှာပေါ့။ အခုဆို ကိုယ်ချစ်ရမယ့် ကလေးက နှစ်ယောက်ဖြစ်သွားပြီနော်...

!ကျေးဇူးပါ အိန်ဂျယ်လ်...
အရောင်အသွေးမစုံတဲ့ ကိုယ့်ဘဝထဲကို ဝင်လာပေးပြီး ကိုယ့်ကို ချစ်ပေးတဲ့အတွက်...။ပြီးတော့ ကိုယ့်ကလေးလေးကို တည်ရှိခွင့်ပေးတဲ့အတွက်...!

ကျေနပ်စွာတွေးရင်း ဆုပ်ကိုင်ထားတဲ့လက်ဖမိုးလေးပေါ် ညင်သာစွာနမ်းရှိုက်ပြီး ပါးပြင်ဆီပြန်ကပ်ထားကာ မလွှဲဖယ်သော မျက်လုံးများကတော့ သူမ မျက်နှာလေးကိုသာ ငေးစိုက်ကြည့်နေမိသည်။ ညကတည်းက အနားမှ တစ်ဖဝါးမခွာဘဲ ဒီအတိုင်းရှိနေခဲ့တာ ယခုမိုးပင်လင်းချေပြီ။ ခဏကြာတော့ ဆုပ်ကိုင်ထားသည့်လက်လေးက ဖျတ်ခနဲလှုပ်ရှားသွားကာ မျက်ခွံလေးတွေလည်း လှုပ်ခတ်လာလေ၏။

""အိန်ဂျယ်လ်""

ပုံရိပ်တစ်ချို့ထဲ မျောလွင့်ရင်း လမ်းပျောက်နေရာမှ ခေါ်သံသဲ့သဲ့ကြောင့် မျက်လုံးတို့ပွင့်သွားရသည်။တပြိုင်နက်ထဲမှာပဲ မှုန်ဝါးဝါးမြင်ကွင်းတို့ လွင့်ပြယ်ကာ လက်ရှိအသိအာရုံတို့ ချက်ချင်းပြန်ဝင်လာခဲ့၏။ ဖွဲ့ ...ဘာဖြစ်သွားတာလဲ?လှေကားမှပြေးဆင်းလာရင်း ခေါင်းတွေမူးနောက်ပြီး တစ်လောကလုံးနဲ့ အဆက်ပြတ်သွားရခြင်းသည်သာ...နောက်ဆုံးအသိ ။မှတ်မိသလောက် ဒီအခန်းထဲမှာ ကိုကိုနဲ့ လေညှင်း...

""အ!""

ထိုမြင်ကွင်းကို ပြန်အမှတ်ရသွားသည်နှင့် ဆုံးအောင်ပင် မတွေးရဲဘဲ ချက်ချင်းထထိုင်တော့ မိုက်ခနဲဖြစ်သွားသည့် အာရုံကြောင့် လူကလည်း ယိမ်းယိုင်သွားရလေ၏။

""အိန်ဂျယ်လ်...ရုတ်တရက်မထလိုက်နဲ့လေ
ခေါင်းမူးသွားမှာပေါ့""

စိုးရိမ်စွာပြောလိုက်သည့် စကားသံကြောင့် ဖွဲ့ သူ့မျက်နှာကို မော့ကြည့်မိစဥ် အရင်လို ကြင်နာတတ်သည့် မျက်ဝန်းများဖြင့်သာဆုံရသည်။ ဘယ်လိုပဲ ပုံမမှန်စိတ်နဲ့ အမြင်တွေမှားတတ်တယ်ဆိုပေမယ့် မနေ့က မြင်ကွင်းကတော့ အမြင်မှားတာမဟုတ်ခဲ့ပေ။ လေညှင်းနဲ့သူ...ပြီးတော့ ဒီအိပ်ယာပေါ်မှာ...။

""အိန်ဂျယ်လ်""

""ဘာလို့ ဒီကိုလာတာလဲ
ရှင့်ချစ်သူအသစ်ဆီ သွားလေ...""

""မဟုတ်ဘူး..အဲ့ဒါက...""

ပျာပျာသလဲရှင်းပြဖို့ကြိုးစားရင်း ဖမ်းဆုပ်လိုက်သည့်လက်လေးကိုပင် ဆတ်ခနဲရုန်းလွှတ်ပစ်လိုက်ပြီး မျက်နှာကိုလည်း တစ်ဖက်သို့ လွှဲထားလေသည်။ နှုတ်ခမ်းလွှာလေးတွေကို ဖိကိုက်ကာ မျက်ရည်မကျအောင် ထိန်းနေသည့် ပုံစံလေးက လူကို ခံစားရခက်စေ၏။ ထို့နောက် သူမက နေရာမှထရပ်ရန်ပြင်လိုက်တော့ ချက်ချင်းပင် လက်ကိုလှမ်းဆွဲကာ...

""အိန်ဂျယ်လ်...ခဏလေး ကိုကိုပြောတာနားထောင်ပေးပါ...အရမ်းစိတ်လှုပ်ရှားလို့မဖြစ်ဘူး...အခုလေ မင်းဆီမှာ ကိုကိုတို့ရဲ့ ကလေးလေးရှိနေပြီ...""

""ဟင်!""

'ကလေး'လို့ ကြားလိုက်သည်နှင့် ဖွဲ့ လှုပ်ရှားမှုတို့ချက်ချင်းရပ်တန့်ကာ အံ့သြတကြီးဖြင့် ကိုယ့်ဗိုက်ပေါ် လက်နဲ့ပြန်စမ်းရင်း ငုံ့ကြည့်လိုက်မိသည်။ မထင်မှတ်ထားသေးသော ကိစ္စမို့ လူကရုတ်တရက် လေဟာနယ်ထဲလွင့်သွားသလို ခံစားရကာ အဲ့ဒီ့နောက်မှာမှ တသိမ့်သိမ့်ခုန်လာသော နှလုံးသားနဲ့အတူ စီးမျောလာသည့် ကြည်နူးဝမ်းသာခြင်းက နွေးနွေးထွေးထွေး။ ကလေးလေးရှိနေပြီဆိုတော့ ဘာပဲဖြစ်ဖြစ် ဖွဲ့က တစ်ယောက်ထဲမဟုတ်တော့ဘူးပဲ...။သူက ဘာမှတော့ နားလည်ခံစားမပေးနိုင်ပေမယ့် အနားမှာတော့ အတူတူရှိပေးမှာ..။အထီးမကျန်ရအောင် စကားတွေလည်း ပြောလို့ရမှာ ..။

ကလေး! မေမေ့ကလေးလေး ရောက်လာလို့ တကယ်ဝမ်းသာလိုက်တာ...

"".....""

ဘာစကားမှမဆိုတော့ဘဲ ဗိုက်လေးပေါ်သာ လက်နဲ့ ဖိပွတ်စမ်းသပ်ရင်း မျက်ရည်တွေကျလာသည့် အိန်ဂျယ်လ့်ကို သူလည်း ခပ်ငေးငေးသာကြည့်နေမိ၏။ ဒါကတော့ ပျော်လို့ကျတဲ့ မျက်ရည်မှန်း သိပါသည်။ ခဏကြာတော့မှ မျက်ရည်တွေကို ပွတ်သုတ်ကာ သူ့ဘက်သို့ လှည့်ကြည့်၍ ပြောလာသည့်စကားက...

""ဒါကြောင့်လား...ဖွဲ့ ကိုလာကြည့်တာ...
ကလေးရှိနေလို့ မျက်နှာမလွှဲသာဘူး ဆိုပါတော့""

""မဟုတ်ဘူး..အဲ့လိုမဟုတ်ပါဘူးကွာ
မနေ့က အခန်းထဲဝင်လာတာ မင်းလို့ပဲ ထင်ပြီး..""

""ကိုကို့ဘက်က လိုက်လိုက်လျောလျောဆက်ဆံခဲ့လို့သာ သူ ဒီလိုလုပ်ရဲတာလေ...ကိုကိုနဲ့သူ ဘယ်လောက်ထိ ရင်းနှီးပတ်သက်နေလဲဆိုတာ ဖွဲ့ မ မြင်ဘူးထင်နေလား...ဒါမှမဟုတ် မြင်လည်းဂရုမစိုက်ဘူးဆိုတဲ့ သဘောလား?""

"".....""

""ရှင် အရမ်းပြောင်းလဲသွားပါလား အလင်းနှစ်
အရင်က ဖွဲ့ သိခဲ့တဲ့ ကိုကိုက ဒီလိုလူမျိုးမဟုတ်ပါဘူး...ဘာလဲ...ဖွဲ့ ရှင်စိတ်ဆိုးအောင် လုပ်မိထားလို့လား...ရှင် မကြိုက်တဲ့ အပြစ်တစ်ခုခုရှိနေလို့လား...အဲ့လိုဆိုလည်း ပြောပြပါ...ဖွဲ့ ကြိုးစားပြီးပြုပြင်ပါ့မယ်...ဒီလိုပုံစံမျိုးတွေနဲ့တော့ မနှိပ်စက်ပါနဲ့...ပြီးတော့ သူတို့ပြောသလိုမျိုးလေ..ဖွဲ့က ရူးနေတာလည်း မဟုတ်ပါဘူး ကိုကိုရယ်...မဟုတ်ပါဘူး...အင့်! ဟင့်!""

မျက်ရည်တွေက ကမ်းပါးပြိုသလို စီးကျရင်း ရင်ဘတ်အနားက အင်္ကျီစလေးကို လက်ဖြင့်ဆုပ်ကိုင်လျက် ရှိုက်ငို ပြောသွားသည့် စကားသံတို့မှာ နာကျင်ခြင်းတို့ပြည့်နှက်နေသလို နားထောင်ရသူမှာလည်း ထပ်တူနာကျင်ရသည်သာ။ ဘယ်လိုတွေးပြီး ဘယ်လောက်ထိ ကြေကွဲသွားမှန်းလည်း သိလိုက်ရကာ 'သူ့အပြစ်ကြောင့်လား'လို့ မေးလိုက်သည့် စကားက ရင်ကို တစ်စစီဆုတ်ခြွေသလိုပင်။ တစ်ဖက်မှာလည်း ဘာအတွက်ကြောင့်ဆိုတာ မစဥ်းစားဘဲ အမြင်အတိုင်းတကယ်ယုံလိုက်ပြီး ကိုယ့်အချစ်အပေါ် သံသယဝင် ၊ မေးခွန်းထုတ်ခံရခြင်းအတွက် ပိုရင်နာရ၏။

နှစ်ယောက်လုံး အထိနာရသည့် ဒီအခြေအနေမှာ ဘယ်သူ့ဝေဒနာက ပိုပြီး ပြင်းထန်မည်နည်း။ ဒါကို အဖြေမထုတ်နိုင်ခင် သူ့ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သပ်နေတာတော့ သေချာသည်။ ဒီအတိုင်းသာ ထပ်ပြီး ရှေ့ဆက်ရင် နှလုံးသားတစ်ခုလုံး လောင်ကျွမ်းသွားရော့မည်။ ဘယ်လိုလဲ...အလင်းနှစ်။ ကြုံရမှာကို သိသိလျက် အခုတကယ်ဖြစ်လာမှ ရူးမတတ်ရင်ကွဲနေတာ ဖြစ်သင့်ရဲ့လား...။

ကိုယ့်အမေးပင် ကိုယ်ပြန်မဖြေနိုင်သလို အိန်ဂျယ့်လ် ဒီလောက်ထိခံစားနေရတာကိုလည်း သူ မကြည့်ရက်နိုင်ပေ။ လက်ရှိမှာတော့ တသိမ့်သိမ့်ငိုကြွေးနေသော သူမကို ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ် ထွေးပွေ့ထားမိ၏။ တဆက်တည်းမှာပဲ မျက်လုံးအစုံက အခန်းတံခါးဆီရောက်သွားရတော့ အပြင်ဘက်မှာ အရိပ်တစ်ခုရှိနေတာ တွေ့လိုက်ရပြန်သည်။ ဒီအိမ်မှာ သူတို့ကို အမြဲစောင့်ကြည့်နေသည့် မျက်လုံးတွေရှိမှန်း စရောက်ကတည်းက အလင်း သိနေပါ၏။ ထို့ကြောင့်လည်း အမြဲသတိရှိစွာ လှုပ်ရှားရခြင်းပင်။ အခုလည်း ပြောစကားတွေကို လာနားထောင်နေမှန်း သိတာကြောင့် နှုတ်ခမ်းတို့ကို ခပ်မဲ့မဲ့လုပ်ပစ်၍...

""မင်းမှာ အပြစ်မရှိပါဘူး
ဒီအတိုင်း ငါက ငြီးငွေ့လွယ်တတ်တာ...ပစ္စည်းတစ်ခုကို ကြာကြာမသုံးသလို လူတစ်ယောက်ကိုလည်း ကြာကြာမချစ်တတ်ဘူး...မင်းမှာအပြစ်ရှိလည်း ငါချစ်ချင်ရင် ချစ်မှာ...အဲ့လိုပဲ မင်းမှာအပြစ်မရှိလည်း ပစ်ချင် ပစ်မှာ...အားလုံးက ငါ့သဘောပဲ""

"".....""

""သြော်! ကလေးအတွက်တော့ ကျေးဇူးတင်တယ်""

လူကိုတော့ ကြင်ကြင်နာနာ ထွေးဖက်၍ ပါးစပ်ကပြောနေသည့် စကားတွေကတော့ အပြုအမူနဲ့ဆန့်ကျင်နေတာမို့ ဖွဲ့ အံ့သြသွားကာ သူ့မျက်နှာကို မော့ကြည့်ပြီး ရင်ဘတ်ကိုလည်း လက်လေးနဲ့ တွန်းဖယ်ရုန်းထွက်တော့ မလွှတ်ပေးတဲ့အပြင် ပိုလို့ တိုးဖက်လိုက်လေ၏။ထို့နောက် နားရွက်ဖျားလေးအနားသို့ကပ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်က...

""အပြင်မှာ နားထောင်နေတဲ့ သူရှိတယ်""

""ဟင်!""

ထိုစကားကိုပြောပြီးမှ လက်တွေကို ဖြေလျော့ပေးကာ ခေါင်းလေးငြိမ့်ပြပြီး ကြည့်လာသည့်သဘောက နားထောင်နေတဲ့သူရှိလို့ သူ ဒီလိုပြောခြင်းလို့ ဖြေရှင်းတာပင်။ ထို့နောက် တံခါးဘက်ကို တစ်ချက်လှမ်းကြည့်ပြီးမှ စားပွဲထက် တင်ထားသော ဖုန်းကို ယူကာ noteထဲ၌ စာလုံးတစ်ချို့ကို typingနှိပ်ပြလေ၏။ ဖွဲ့လည်း လှမ်းယူကာ ဖတ်ကြည့်မိစဥ်..

!ကိုကို တောင်းပန်ပါတယ်
ပြီးတော့ အားလုံးကိုသိတယ်
အခြေအနေတစ်ချို့ကြောင့် တမင်မသိဟန်ဆောင်ခဲ့တာ...အဲ့ဒီ့အတွက် အများကြီးငိုခဲ့ရလို့ တောင်းပန်ပါတယ်...ကလေးလေး ကိုကို့ကိုစိတ်မဆိုးနဲ့တော့နော်!

စာလေးကို ဖတ်ပြီး ဖွဲ့ တကယ်အံ့သြလွန်းစွာ သူ့ကို ပြန်ကြည့်တော့ သူက ပြုံးလျက်သာကြည့်နေသည်။ ဖွဲ့လည်း စာလုံးတစ်ချို့ကို ရေးကာ ဖုန်းကို သူ့လက်ထဲထည့်ပေးလိုက်တော့ ဖတ်ကြည့်ပြီး ပြုံးနေပြန်၏။

! ဘယ်တုန်းကသိတာလဲ!

!အသံကြားတဲ့ညက စသိတာ...မင်း အမှောင်ထဲမှာရှိနေတုန်းလာခေါ်တဲ့သူက ကိုကိုပဲလေ!

!ဒါဆို ဖွဲ့ ပြောသမျှမယုံဘူးဆိုတာ တမင်ပြောတာလား!

!အင်း...!

!ဖွဲ့ကတော့ တကယ်မယုံဘူးထင်ပြီး ဘယ်လောက်တောင် ဝမ်းနည်းပြီးကြောက်ခဲ့လဲ သိရဲ့လား!

!ကိုကိုသိပါတယ်...ဒါပေမယ့် မင်းရဲ့ကိုကိုက ဘာအလုပ်လုပ်လဲဆိုတာ မေ့သွားတာလား ကောင်မလေး!

!တော်လိုက်တဲ့ သရုပ်ဆောင်
ဒါနဲ့များ ဘာလို့အကယ်ဒမီမရသေးတာလဲ!

အပြန်အလှန် စာရိုက်၍ ပြောနေရင်း ထိုစာကိုရေးပြပြီးသည်နှင့် ဖုန်းကိုသူ့လက်ထဲထည့်ကာ တစ်ဖက်သို့လှည့်သွားပြန်၏။ ဒါက ကြိုမပြောပြမိခဲ့လို့ စိတ်ဆိုးပြန်သည့်သဘောပေါ့လေ ။ ပါးပြင်ပေါ်မှာလည်း မျက်ရည်မခြောက်ရအောင် ငိုနိုင်လွန်းသူလေးက အခုထိတိုင် ငိုနေဆဲပင်။ အခန်းတံခါးဘက်ကို ကြည့်လိုက်တော့ စောစောကအရိပ် ပျောက်သွားပြီမို့ ထုံးစံအတိုင်း ခန္ဓာကိုယ်လေးကို ပွေ့ယူကာ သူ့ကိုယ်ပေါ်တင်၍ မျက်ရည်တွေကို သုတ်ပေးလိုက်ပြီး...

""မငိုပါနဲ့တော့ကွာ
ကိုကိုတောင်းပန်တယ်နော်...""

""အစကတည်းကပြောရင် ရရဲ့သားနဲ့...ဘာလို့မပြောလဲ..ပြီးတော့ သူများတွေ အရူးလို့ဝိုင်းပြောတာကိုလည်း မသိချင်ယောင်ဆောင်ပြီး ပစ်ထားတယ်""

""အင်းပါကွာ..အဲ့ဒီ့အတွက်ကိုကို့မှာအပြစ်ရှိပါတယ်
စိတ်ဆိုးမယ်ဆိုလည်း ရတယ်...ဒါပေမယ့် အကြာကြီးတော့ ခွင့်မပြုဘူးနော်""

"".....""

""အမှန်တော့ ဒီအကြောင်းတွေကို အဆုံးသတ်မှပြောပြဖို့ရည်ရွယ်ခဲ့တာ...အခုတော့ အိန်ဂျယ်လ်လေးက အရမ်းငိုနေလို့ ကိုကိုလည်း မခံစားနိုင်ဘဲ ပြောပြမိတာ...ပြီးတော့ အခုလို ကိုယ်တို့ကလေးလေးရောက်လာတဲ့အချိန်မှာ မင်း ငိုနေရတာကို မဖြစ်စေချင်လို့""

""ဒါဆို လေညှင်းနဲ့က...""

""သူ့ဆီကနေ ကိုကိုသိချင်တာရှိလို့ပါ
ဒါကြောင့် ရင်းနှီးခွင့်ပေးလိုက်တာ...မနေ့ညကတော့ တကယ်ကို မတော်တဆဖြစ်သွားတာပါ မယုံရင် သက်သေရှိတယ်""

""ဘာသက်သေလဲ""

""ရှိပါတယ်ဆို""

""ဒါနဲ့လေ..ဖွဲ့က လျှောက်ပြောနေတာမဟုတ်ဘူး သိလား...ဟိုနေ့က အခန်းထဲကို...""

""ဟုတ်တယ်...မြွေကတကယ်ရောက်လာခဲ့တာ""

""ဟင်! ကိုကိုသိတယ်လား""

""အင်း...ဒီအခန်းထဲမှာ လျှို့ဝှက်ကင်မရာရှိတယ်
သူတို့ဘယ်လိုတွေလုပ်နေတယ်ဆိုတာ ကိုယ်အားလုံးပြန်မြင်ရတယ်...ပြီးတော့ စောစောကပြောတဲ့သက်သေဆိုတာ အဲ့ဒါ...""

"".....""



စကားဆုံးတာနဲ့ ပါးလေးကို ဖျတ်ခနဲလှမ်းနမ်းလိုက်လေ၏။သို့ပေမယ့် စောစောကနမ်းတဲ့ဘက်နဲ့အတူတူပဲမို့ ညစ်ကျယ်ကျယ်ပြုံးလိုက်ကာ..

""အဲ့ဒါ..ခုန နမ်းပြီးသားဘက်လေ
အခုက ဒီဘက်...""

""ဟမ်! စောစောမပြောဘူး""

မကြည်သလိုကြည့်ကာ နှုတ်ခမ်းစူ၍ မျက်စောင်းပါထိုးလိုက်သေးပေမယ့် ပါးတစ်ဖက်ကိုတော့ လာနမ်းသွားပါရဲ့ ။ အသည်းယားစရာ ထိုပုံစံလေးကြောင့် အလင်းက မနေနိုင်စွာရယ်မိပြန်၏။ ကလေးလေးပဲ ဗိုက်ထဲရောက်နေပြီ...အမေဖြစ်မယ့်သူက အခုထိကလေးလုပ်လို့ကောင်းနေတုန်းပါလား..။ကြည့်ရတာအလင်းနှစ်ကတော့ ကလေးနှစ်ယောက်အဖေဖြစ်ရပြီထင်ပါ့...။

""ဘာတွေရယ်နေတာလဲ""

""ကလေးနှစ်ယောက်အဖေဖြစ်တော့မှာပဲလို့တွေးနေတာ""

""ဟင်..ဘယ်မှာလဲ နှစ်ယောက်
အိန်ဂျယ့်လ်ဆီမှာတစ်ယောက်ပဲရှိတာ
ကိုကိုနော်!""

""အဟက်!""

ကြည့်ဦး..ကြည့်ဦး! ကလေးနှစ်ယောက်ဆိုတာနဲ့ ဒီက ဘယ်သူ့ကို ရည်ရွယ်ပြောမှန်းမသိပါဘဲ အရင်ဆုံးတော့ ရန်စွာကာ အလိုမကျသလိုကြည့်နေပြန်၏။ ထိုသို့ပြောမှ သူ့မှာ ပိုရယ်ချင်ရပြီး ပါးလေးတွေပေါ် လက်ဖဝါးနှစ်ဖက်နဲ့ကပ်ကာ ဖိညှစ်ရင်း စူထော်လာသည့်နှုတ်ခမ်းလေးကိုတော့ အသည်းယားစွာ သိမ်းပိုက်ပစ်လိုက်သည်။ အခါခါနမ်းဖူးလည်း တစ်ကြိမ်ထိတွေ့တိုင်း အသက်ရှူမှားစေနိုင်သည့် အစွမ်းက အိန်ဂျယ့်လ် နှုတ်ခမ်းလေးထက်မှာသာ ရှိမည်ထင်သည်။ ချိုမြိန်လွန်းသည့် နွေးထွေးမှုက အကြိမ်ကြိမ် ပြုစားတတ်သလို အကြိမ်ကြိမ်လည်း ယစ်မူးစေတတ်၏။ အခုလည်း ရင်ခုန်စွာ ယစ်မူးမိပြန်၍ တဖြေးဖြေးနဲ့ အနမ်းတို့က ပြင်းရှသိပ်သည်းလာခဲ့ပြီး ခန္ဓာကိုယ်သေးသေးလေးကိုလည်း ပျောက်သွားမှာစိုးသည့်အလား ပွေ့ဖက်ထားမိသည်က ရင်ခွင်ထဲ နစ်မြုပ်သည်အထိ။ ခဏကြာမှ သူမက ခန္ဓာကိုယ်လေး လူးလွန့်ရင်း ရုန်းလာတော့ သူလည်း အသာတကြည်လွှတ်ပေးလိုက်ရ၏။

""အတင်းမဖက်နဲ့လေ
ကလေးပါ ကျပ်နေမယ်""

""ဟုတ်ပါပြီ...ကိုကိုမေ့သွားလို့
အရင်လို မင်းတစ်ယောက်ထဲပဲထင်နေတာ""

""ဒါနဲ့ ကလေးကဘာလို့နှစ်ယောက်လဲ""

""သြော်! အခုထိနားမလည်သေးဘဲကိုး
ကလေးလေးတစ်ယောက်က ဒီမှာ..ဗိုက်ထဲမှာ
နောက်တစ်ယောက်ကတော့ အခုလူပေါ်မှာကပ်နေတဲ့ ဒီကလေးဆိုးလေ...ပြောရရင်တော့ အခု ကိုယ်ပေါ်မှာ နှစ်ယောက်လုံးကို တင်ထားရတဲ့သဘောပေါ့""

အဖြေစကားကြားမှ သူမက သဘောတကျလေးရယ်သွားကာ...

""အဟင်း!
တော်တော်လည်းတတ်နိုင်တယ်...အလျှောက်ကောင်းသွားတယ်မှတ်ပါ ဦးအလင်းနှစ်""

""ဟုတ်ကဲ့ပါ...ဒေါ်အိန်ဂျယ်လ်""

""အဟက်!""

အခုမှပဲနှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးနိုင်ကြတော့သည်။ အရင်ရက်တွေက ပင်ပန်းခဲ့သမျှသည်လည်း အခုတော့ဝေးလွင့်ခဲ့ရပြီ။ ရှေ့ဆက်ပြီး အတူတူပဲ ရင်ဆိုင်ကြစို့ အိန်ဂျယ်လ်...။ဘာအကြောင်းပဲရှိရှိ မင်းလက်ကို တွဲထားမယ်...နောက်ပြီး ကလေးလေးနှစ်ယောက်လုံးကို ကိုယ်က စောင့်ရှောက်ပေးမယ်...။

""ကိုကို
ဘာတွေစဥ်းစားနေတာလဲ""

""အိန်ဂျယ်လ် မင်းမေမေ မသေသေးဘူး""

""ရှင်""

""ဘယ်မှာမှန်းတော့ ကိုကိုလည်းမသိဘူး
ဒါပေမဲ့ ရှိတော့ရှိနေတယ်..ပြီးတော့လက်ရှိ ဒေါ်ဧကရီကလည်း တခြားသူမဟုတ်ဘူး...မင်းမေမေရဲ့ အမြွာညီမ ဒေါ်ကေသရီ...သူက မင်းရဲ့အဒေါ်အရင်း""

""ဟင်! ဒါဆို သူက ဘာလို့မေမေ့နေရာယူတာလဲ""

""ကိုကိုလည်း အလုံးစုံမသိရသေးပေမယ့် သိသလောက်ရှင်းပြရရင် သူက အမွေရပိုင်ခွင့်မရှိတဲ့ သမီးပဲ..ဒါကြောင့်လူစားဝင်ထားတာ...မျက်နှာချင်းကတော်တော်လေးတူလား""

""ဟုတ်...တူတယ်
ခွဲလို့တောင်မရအောင်ပဲ
မျက်နှာရော...အသံရော""

""ဒါဆို ကလေးက ဘယ်လိုသိခဲ့တာလဲ""

""ကျန်တာတူပေမယ့် မျက်လုံးကတော့မတူဘူး
သူ့မျက်လုံးတွေက ရက်စက်တတ်တယ်...ဒါပေမဲ့ ဒီတစ်ခုလောက်က သက်သေမဟုတ်ဘူးလေ...အိန်ဂျယ့်လ်စကားကို ဘယ်သူယုံမှာလဲ...ပြီးတော့ အဲ့အချိန်က အိန်ဂျယ်လ် ကလေးပဲရှိသေးတာ...ဒုက္ခိတကလည်းဖြစ်နေတော့ ဘယ်မှမသွားနိုင်ဘူး...သူတို့ကဘယ်သူနဲ့မှလည်း ပေးမတွေ့ဘူး...သူတို့နေခိုင်းသလိုမနေရင် ပြောခိုင်းသလိုမပြောရင် ရိုက်တယ်...ထမင်းမကျွေးတာမျိုး အမှောင်ခန်းထဲမှာပိတ်ထားတာမျိုးလည်းလုပ်တယ်""

ရှည်ရှည်ဝေးဝေးရှင်းပြသွားတဲ့စကားလေးတွေ နားထောင်ရင်း သူ့ရင်ထဲ နာကျင်သွားရ၏။ နုနုငယ်ငယ်လေးကို ဘယ်လောက်တောင်များ ညှဥ်းဆဲခဲ့ကြပါလိမ့်! သနားလိုက်တာ..သနားစရာကောင်းလိုက်တာ...။ဘာမှလိုလေသေးမရှိ ပြည့်စုံမယ်လို့ထင်ရတဲ့ မင်းဘဝလေးက တကယ့်ကို သနားစရာကောင်းလှပါလား။

""အိန်ဂျယ်လ် အမြဲတမ်း ဒီအိမ်ကြီးထဲကနေထွက်ပြေးချင်ခဲ့တာ..လမ်းလျှောက်လို့ရတဲ့တနေ့ ကျိန်းသေထွက်ပြေးဖို့ ဆုံးဖြတ်ထားခဲ့တာ...တကယ်လည်းထွက်ပြေးခဲ့တယ်လေ""

""ကိုကို့ဆီကိုပေါ့""

""မဟုတ်ပါဘူးနော်
ကိုကိုက ကားနဲ့တိုက်မိတာ သူများတွေမသိစေချင်လို့ ခေါ်သွားပြီးတော့များ""

""ကားနဲ့က မတိုက်မိပါဘူးကွာ""

""ဘာပဲဖြစ်ဖြစ် ကိုကို့လို ကြင်နာတတ်တဲ့သူဆီရောက်သွားလို့ တကယ်တော်ပါသေးရဲ့""

""အဟွန်း! စကားတွေတတ်တိုင်း မပြောနဲ့
အသည်းယားလာရင် အဲ့နှုတ်ခမ်း မလွယ်ဘူးမှတ်""

ခြိမ်းခြောက်ပေးလိုက်မှ နှုတ်ခမ်းလေးကို လက်နဲ့ပိတ်ကွယ်ကာ မျက်လုံးပြူးလေးနဲ့ကြည့်နေလေ၏။ထိုမျက်နှာလေးကို တစ်ဖက်က မြင်နေရသူမှာလည်း ချစ်စနိုးဖြင့် ဆွဲဖက်နမ်းလိုက်ချင်သေးတာပါ။ တော်ကြာ စိတ်ကောက်ပြီး ငိုသွားမှာစိုး၍သာ ထိန်းနေရတာ...။တကယ်ပါပဲကွာ...မင်းတစ်ယောက်ကိုတော့ ဒီတစ်သက် ချစ်လို့ကိုဆုံးနိုင်ပါတော့မလား..။

""ဒါနဲ့လေ အိန်ဂျယ်လ် မေမေ့ကိုတွေ့ချင်လိုက်တာ
ဒီလောက်နှစ်အကြာကြီး ဘယ်မှာများရှိနေပါလိမ့်""

""ကိုကိုထင်တာတော့ ဒီအိမ်ထဲမှာပဲ""

""ဟင်!""

""ဟိုနေ့ညက အော်သံနဲ့ လူရိပ်တွေကို စဥ်းစားကြည့်""

ဒီစကားကိုတော့ ဖွဲ့ ခေါင်းငြိမ့်ကာ လက်ခံလိုက်မိ၏။ဟုတ်တာပေါ့...အဲ့ဒီနေ့က ငိုနေသံကိုလည်း ကြားခဲ့တာ...ဒါဆိုရင် နှစ်တွေအကြာကြီး မေမေက ဒီစံအိမ်ထဲမှာပဲလား...။ဘယ်နေရာလဲ...ဘယ်နေရာမှာရှိနေတာလဲ??

""လွယ်ကူတဲ့နေရာတော့မဖြစ်နိုင်ဘူး""

စိတ်ထဲကအမေးကို ကိုကိုက ချက်ချင်းပင်ဖြေသွားလေ၏။ ဖွဲ့လည်း သူမျက်နှာကို အားကိုးတကြီးမော့ကြည့်မိကာ...

""ဒါဆို ဘယ်လိုရှာကြမလဲ ကိုကို""

""ပစ္စည်းရှာသလို ပိုက်စိပ်တိုက်ရှာလို့တော့ တွေ့မှာမဟုတ်ဘူး...ဒီတော့...""

"".....""

""ကိုယ့်ကို တစ်ခုကူညီပါလား""

""ဟုတ်..ဘာကိုလဲဟင်""

""ကိုယ့်ဇာတ်လမ်းမှာ မင်းသမီးလုပ်ပေး""

""ဟမ်!""

~~~~ 🍁🍁🍁🍁 ~~~~
Continue to >>>Part-26

Readers/Writersလေးတွေအားလုံးက VIPပါ

Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: