book

Index 25

Part-[ 26 ]

🍁ကြင်နာသူ ... ရွှေမင်းသား🍁

                            (or)

         🍁 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။🍁


      ••••••••••• Part-[ 26 ] •••••••••••


အခန်းကျယ်ကြီးထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း လက်ဖဝါးနှစ်ဖက်ကိုလည်း ပွတ်ချေဆုပ်နယ်ကာ စိတ်ထဲအတွေးတို့က မတည်ငြိမ်နိုင်ပေ။ကလေး...။မုန်းမဖွဲ့ ဆီမှာ ကိုကို့ကလေးရသွားတာ လေညှင်းအတွက် တော်တော့်ကိုဆိုးရွားသည့်အဖြစ်ပါ။ ကိုကိုက အဲ့ဒီ့မိန်းမကိုသိပ်ချစ်တာ...။အခုတလောမှာမှ ရူးသလို နှမ်းသလိုနဲ့ ကယောင်ခြောက်ခြားဖြစ်လာလို့ ကိုကို့စိတ်က သူ့အပေါ်နည်းနည်း ပြောင်းလဲလာခဲ့ပြီး အဲ့ဒီ့အချိန်မှာ လေညှင်းက အခွင့်အရေးကို ရအောင်ယူဖို့ကြိုးစားရမှာ။ ဒါကို အခုတော့ ကလေးကရှိနေသတဲ့! ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကြောင့် ကိုကိုသာ သူ့ဆီ စိတ်ပြန်ရောက်သွားခဲ့ရင်...


""တောက်!""


အတွေးတို့မဆုံးခင် တက်ခေါက်သံပြင်းပြင်းနဲ့အတူ ကုတင်ထက် တင်ပါးလွှဲဝင်ထိုင်လိုက်မိ၏။ မျက်နှာမှာတော့ အလိုမကျမှုများစွာကြောင့် တွန့်ခေါက်နေမည့် နှုတ်ခမ်းတစ်စုံနဲ့ မနာလိုဒေါသဖြင့် စူးရဲနေသည့် မျက်ဝန်းတို့က နေရာယူနေမည်သာ။ အခုနေ လေညှင်းရဲ့ ဒီပုံစံကို တစ်ယောက်ယောက်မြင်သွားခဲ့ရင် သူများပိုင်ဆိုင်မှုကို ခုံမင်စွာလောဘတက်နေသည့် ဗီလိန်တစ်ယောက်ရယ်လို့ ထင်မှတ်ကြနိုင်သည်။ တကယ်လည်း ဘဝကိုက ခါးခဲ့ပါသည်။ လေညှင်း ချစ်တဲ့ မင်းသားတိုင်းအတွက် မင်းသမီးဟာ ဘယ်တုန်းကမှ ကိုယ်မဟုတ်ခဲ့။ သူတို့တင်တဲ့ မင်းသမီးက အမြဲတမ်း 'မုန်းမဖွဲ့သာ'ဖြစ်နေခဲ့သည်မဟုတ်လား...။ပထမက စစ်ရန်မခ...နောက်တော့ အလင်းနှစ်။ ဒီလိုဆိုမှတော့ ဇာတ်လမ်းတိုင်းမှာ လေညှင်းက ဗီလိန်မကြီးပေါ့...။


ထားပါလေ! ကိုယ်ချစ်တဲ့ သူကိုပိုင်ရဖို့ သူများဇာတ်မှာ လူဆိုးဖြစ်ရမှာလည်း မမှုဘူး...။ဟုတ်တယ်...လေညှင်းသွဲ့သာက ဗီလိန်ပဲ။ ဒါပေမဲ့ ဗီလိန်တွေမှာလည်း ပျော်ရွှင်တဲ့ အဆုံးသတ်ရှိသင့်တာပေါ့။ ဇာတ်လမ်းတွေ၊ ဝတ္ထုတွေထဲကလို နောက်ဆုံးမှာ အမြဲကျန်ခဲ့ရတဲ့၊ အဆုံးသတ်မလှတဲ့ ဗီလိန်တော့ အဖြစ်မခံဘူး...။


ငါက နင်ပိုင်တဲ့အရာဆို ရအောင်လိုချင်တယ် မုန်းမဖွဲ့။နင် ချစ်တဲ့ အရာ၊ နင်မြတ်နိုးတန်ဖိုးထားတဲ့အရာကို ရအောင်ယူပြီး ဖျက်စီးပစ်ရတာကို ငါသိပ်သဘောကျတယ်။ ငယ်ငယ်က နင်ပိုင်တဲ့ အရုပ်တွေကို တစ်စစီလုပ်ပစ်ခဲ့သလိုမျိုးလေ...။ဒါပေမဲ့ ကိုကို့ကိုတော့ ငါ တကယ်ကို လိုချင်တာ...တကယ်ကို စွဲလမ်းမိသွားတာမှ ရူးလောက်အောင်ပဲ...။


""အဟက်! ဟား ဟား!""


တိတ်ဆိတ်နေသည့် အခန်းထဲ ခြောက်ကပ်ကပ်ရယ်သံက လွှမ်းအုပ်သွားခဲ့၏။ထိုစဥ်...


""ဒေါက်...ဒေါက်!""


""ဝင်ခဲ့""


ဝင်လာသည့် အစေခံက လေညှင်းခိုင်းထားတဲ့သူမို့ အကဲခတ်သလို မျက်လုံးဖြင့်ကြည့်ကာ 'ပြော'ဟူသည့်သဘောဖြင့် မေးဆတ်ပြလိုက်တော့...


""သူတို့ပြသာနာဖြစ်နေပါတယ် မမလေး""


""ဘာပြသာနာလဲ""


""သခင်မလေး ထင်ရာမြင်ရာလျှောက်ပြောပြီး မူမမှန်ဖြစ်နေတာကို သခင်လေးကစိတ်ကုန်တဲ့ပုံပဲ...အဲ့လိုသဘောနဲ့ပြောနေတာပါ""


""ဒီအချိန်က သူတို့ပျော်နေရမှာမဟုတ်ဘူးလား""


""ဟုတ်ကဲ့...ကလေးကြောင့်တော့ သခင်လေးကပျော်ပါတယ်...ကျေးဇူးတင်တယ်လို့ပြောတယ်။ဒါပေမဲ့...""


""ဒါပေမဲ့ ဘာဖြစ်လဲ""


""သခင်မလေးအပေါ်တော့ ငြီးငွေ့တယ်တဲ့

အဲ့လိုပြောတာ ကျမကိုယ်တိုင်ကြားခဲ့တာပါ""


""မုန်းမဖွဲ့က ဘာပြောလဲ""


""သခင်မလေးက ငိုယိုနေတာပဲ

ခဏကြာတော့ အသံတိတ်သွားတယ်...ကျမကြားခဲ့သလောက်က ဒါပါပဲ""


""အင်း! တာဝန်ကျေတယ်

သွားတော့""


အစေခံပြန်ထွက်သွားတော့ စေ့ပိတ်သွားတဲ့ အခန်းတံခါးကို အဓိပ္ပာယ်မဲ့စွာ ငေးကြည့်ရင်း နှစ်ခြိုက်စွာပြုံးလိုက်မိ၏။ အလင်းနှစ်...ရှင်လည်း မထင်ရဘူးပဲ။ သာယာမှုကို တော်တော်လေးမက်မောတယ်ပေါ့..။


ဒီအတိုင်းဆို လေညှင်းမှာအခွင့်အရေးရှိသေးတဲ့သဘောပဲမဟုတ်လား။ ကလေးကတောင် ကိုကို့စိတ်ကို မဖမ်းဆုပ်နိုင်တော့ဘူးဆိုရင် နင်တော့ သွားပြီ မုန်းမဖွဲ့။ ရှေ့ဆက်ပြီး ဒီထက်ပိုစိတ်ဆင်းရဲ၊ ပိုရူးသွားဖို့ပဲ ရှိတော့တယ် အဟင်း!


ကျေနပ်တွေးတို့ဖြင့် နေရာမှထရပ်ပြီး မှန်တင်ခုံဆီလျှောက်သွားကာ ခုံပေါ်ဝင်ထိုင်၍ ဆေးဆိုးပန်းရိုက် ပြင်ထားပြီးသားမျက်နှာကို Cream-Puffဖြင့် ဖွဖွလေး ထပ်ပုတ်လိုက်ရင်း စွေးစွေးနီအောင် ဆိုးထားပြီးသားနှုတ်ခမ်းပေါ်လည်း အနီရောင်တွေ ထပ်ခြယ်လိုက်မိ၏။ မှန်ထဲက ကိုယ့်မျက်နှာကိုယ် ပြန်ကြည့်ရင်း ကျေနပ်စွာပြုံးနေမိသည်က မကြာခင်မှာ တစ်လောကလုံးကို အပိုင်ရတော့မည့် အောင်နိုင်သူလို အသွင်နှင့်..။


~~~~ 🍁🍁🍁🍁 ~~~~


""ကိုကို!""


အခန်းထဲက ထွက်လာတာမြင်သည်နှင့် သူ့ရှေ့သို့ ပြေးလာ၍ မျက်နှာချင်းဆိုင်၌ ခြေစုံရပ်လိုက်ပြီး မျက်နှာငယ်ငယ်ဖြင့် ကြည့်လာကာ လက်ကိုလည်း လာဆွဲထားလေ၏။ ပုံစံကလည်း အိမ်မှာနေရင်း မင်းသမီးရှုံးအောင် ပြင်ဆင်ဝတ်စားထားပြီး စူးရှနေသည့် ရေမွှေးနံ့ပြင်းပြင်းတွေကြောင့် လူတောင် မွန်းကျပ်ချင်လာရသည်။ မျက်နှာပေါ်မှာလည်း မျက်လုံး၊မျက်ခုံး၊နှုတ်ခမ်းနဲ့ ပါးပြင်အထိ တစ်နေရာမှ မလွတ်အောင် သူ့နေရာနဲ့သူ အရောင်တွေခြယ်ထားသည်က တိတိကျကျမို့ ပြောရရင် လူနဲ့မတူဘဲ ရုပ်ထုနဲ့တောင် တူနေပြီ။ အိန်ဂျယ့်လ်ကိုသာ စိတ်ရောဂါသမားလို့လာပြောနေကြပြီး တကယ်တမ်း သူတို့ကမှ လောဘ၊အတ္တကြောင့် ရူးနေတဲ့စိတ်ဝေဒနာသည်တွေနဲ့ ပိုတူသေး၏။


""မင်း ဘာလို့ ဒီအခန်းအနား ခဏခဏလာတာလဲ လေညှင်း""


""ကိုကို့ကို တွေ့ချင်လို့ပါ""


""တွေ့ပြီးဘာလုပ်မလို့လဲ""


""ဟိုကိစ္စအတွက်တောင်းပန်ချင်လို့ပါ

ကိုကိုစိတ်ဆိုးနေလားဟင်""


လူကို မီနွဲ့ရင်းလာမေးနေပုံက ကနွဲ့ကလျဟန်ပန်ဖြင့်...။ ပါးစပ်ကလည်း 'ကိုကို'ချင်းထပ်အောင် ခေါ်နေတာများ နားထောင်ရ ခက်လွန်းလေစွ။


""ဖြေလေ..ကိုကို""


""စိတ်မဆိုးတော့ပါဘူးကွာ

သူလည်း ဘာမှဖြစ်တာမှမဟုတ်တာ...အဲ့တုန်းက ကိုယ်နည်းနည်းဒေါသထွက်သွားမိတယ်...sorry!""


""ရပါတယ်...လေညှင်းကလည်း မူးနေတော့ စိတ်ကနည်းနည်းလွတ်သွားတယ်...ကိုကိုစိတ်မဆိုးဘူးဆိုတော့ တော်ပါသေးရဲ့""


""သူ့မှာကလေးရှိနေပြီဆိုတော့ စိတ်ညစ်အောင်သွားမလုပ်ပါနဲ့...မင်းနဲ့ကိုယ် ဒီအတိုင်းအေးအေးဆေးဆေးပဲနေကြမယ်""


""ဟုတ်ပါပြီ..ကိုကို့စကားနားထောင်ပါမယ်""


နှုတ်ကသာ နာခံလိုက်ပေမယ့် စိတ်ကတော့ မနာခံပါ။ ဒီအတိုင်း အေးဆေးနေလို့တော့ရပါ့မလား..။အဲ့လိုဆို လေညှင်းက သူ့ရဲ့silentဖြစ်နေမှာပေါ့..။ကျမက silentဖြစ်ချင်တာမဟုတ်ဘူး ကိုကို။ မုန်းမဖွဲ့ လိုမျိုး အများအသိအမှတ်ပြုထားတဲ့ တရားဝင်ဇနီးဖြစ်ချင်တာ။ အဲ့ဒီ့အတွက် ရှေ့လူက ဖယ်ပေးမှဖြစ်မှာ ။ 


""ဒါဆို အောက်ထပ်ဆင်းရအောင်လေ""


""ဟုတ်!""


""......""


အခန်းရှေ့က ခြေသံတွေ ဝေးကွာသွားမှ စေ့ပိတ်ထားတဲ့ တံခါးပေါ်ကပ်ထားသည့် နားရွက်လေးကို အသာခွာရင်း နေရာရွှေ့ရပ်လိုက်မိသည်။ အပြင်မှာ ကိုကိုနဲ့ လေညှင်းပြောနေသည်ကို ဖွဲ့က တံခါးကပ်နားထောင်နေခြင်းပါ။ တကယ်ပဲ...ကိုကိုတို့က ဒါမျိုးဆို မင်းသားလို့မပြောရဘူး...လေသံကိုချိုလို့။


""ဟွန့်!""


မကျေမနပ်အတွေးလေးဖြင့် နှုတ်ခမ်းစူကာ မရည်ရွယ်ပါဘဲ မျက်စောင်းတွေထိုးနေမိ၏။ဘယ်လိုပဲ ဟန်ဆောင်ချဥ်းကပ်တယ်ဆိုပါဦးတော့ ဟိုက သူ့အပေါ်မရိုးသားမှန်း သိနေရတာကိုး။ တကယ်ပဲ လျှို့ဝှက်နေရာ ဆိုတာက ဘယ်မှာလဲ နော်...


မြန်မြန်တွေ့မှပဲ မြန်မြန်ပြီးမည်မို့ ဖွဲ့လည်း ကိုကိုပြောတဲ့အတိုင်း ကူညီပေးရမှာပါ။ ပြီးတော့ မေမေ..။ မေမေရှိနေတာ အမှန်ပဲဆိုရင် ဖွဲ့ ပိုပြီးတောင် ကြိုးစားရှာဖွေရမှာ...။အရင်က ဖွဲ့ ခံစားနေရတာတွေ ကိုကိုမသိဘူး၊ဂရုမစိုက်ဘူး ထင်ခဲ့တာကြောင့် ကြောက်ရွံ့အားငယ်ခဲ့ပေမယ့် အခုတော့ ခံစားချက်က မတူတော့ပြီ။ မေမေလည်း အသက်ရှင်နေတဲ့အပြင် ကိုကိုကအနားမှာရှိပေးပြီး ဖွဲ့ဘက်က ရပ်တည်ပေးခဲ့မယ်ဆိုပါလျှင် 'မုန်းမဖွဲ့သာ'ဘဝမှာ ဘာကိုမှကြောက်နေစရာမလိုတော့ပေ။ ပြီးတော့ ကလေးလေး...။ဖွဲ့ ဆီမှာ ကိုကို့ရင်သွေးလေးလည်း ရှိနေပြီမို့ မိခင်တစ်ယောက်ဖြစ်ရတော့မယ့် ခပ်နွေးနွေး မေတ္တာဓာတ်လေးနောက်မှာ သတ္တိခွန်အားလေးတစ်ချို့လည်း ကပ်ပါနေခဲ့၏။


'ကလေး'အကြောင်းတွေးမိသည်နှင့် လက်က ချပ်ကပ်နေဆဲဖြစ်သော ဗိုက်လေးပေါ်ရောက်သွားပြန်ကာ နှုတ်ခမ်းလေးတွန့်ကွေးလျက် အလိုလိုပြုံးမိရပြန်သည်။ 


စိတ်ချနော်! ကလေးလေးရောက်လာတဲ့အခါ ဒီစိတ်ညစ်စရာတွေမရှိရတော့အောင် ဖေဖေနဲ့မေမေက ဖြေရှင်းထားပေးမယ်။ ကလေးက မေမေ့ဗိုက်ထဲမှာ ကျန်းကျန်းမာမာနဲ့ ကောင်းကောင်း ကြီးပြင်းလာပေး...ဟုတ်ပြီလား။


~~~~ 🍁🍁🍁🍁 ~~~~


အခုရက်ပိုင်းတွေမှာတော့ ဖွဲ့ သူတို့သဘောကျ ငြိမ်ငြိမ်လေးနေပြတာမို့ အခန်းထဲမှာပဲ မနေခိုင်းတော့ပေ။ အပြင်တော့မထွက်ခိုင်းပေမယ့် အိမ်ထဲမှာတော့ သွားလာလို့ရနေ၏။ ဒါမှပဲ အိမ်ကနေရာတွေကို သတိထားလေ့လာနိုင်မှာလေ...။ကိုကိုကတော့ လေညှင်းနဲ့ တွဲသွားတွဲလာရှိကာ ဖွဲ့နဲ့ဆို လူတွေရှေ့ မျက်နှာချင်းသိပ်မဆိုင်ပေ။ လိုအပ်တဲ့စကားကိုသာပြောပြီး လိုအပ်သလောက်ဂရုစိုက်ပြ၏။လုံးဝပစ်ပယ်လိုက်ပြန်ရင်လည်း တမင်ဇာတ်တိုက်နေတာ သိသွားမှာစိုး၍  အဆင်ပြေသလိုနေရတာပေါ့လေ။


""ကိုကို...လေညှင်းကို ကော်ဖီအသစ်ဖျော်ပေးပါလား""


ထမင်းစားခန်းထဲ လူဝင်လာတာမြင်လိုက်မှ ပြောလိုက်ခြင်းကဘတမင်ပညာပြချင်၍မှန်း ဖွဲ့ သိပေမယ့် မော့မကြည့်ဘဲ ခုံနေရာအလွတ်လေးမှာဝင်ထိုင်ရင်း မျက်နှာကိုတော့ အစွမ်းကုန်ညှိုးငယ်ထားလိုက်ပြီး ကော်ဖီကို ထည့်ကာ သောက်နေစဥ်...


""ကိုကို မနက်ဖြန်ကျရင် လေညှင်းကိုshopping ပို့ပေးနော်""


""အင်း""


""အိန်ဂျယ်လ်...နေလို့ကောင်းရဲ့လား

တစ်ခုခုလိုရင် ပြောနော်""


""ဟုတ်""


""ကိုကိုရယ်..ယောကျ်ားယူပြီး ကလေးတစ်ယောက်ရတာ ဘာဆန်းလို့လဲ...သည်းကိုသည်းတယ်""


""အဲ့ဒါကိုယ့်ကလေးလေ""


""ဟုတ်ပါပြီ...မပြောတော့ဘူး

ကော်ဖီထည့်ပေး""


""အင်း..ok!""


သူ့မိန်းမရှေ့ပေမယ့် ကိုကိုက လေညှင်းအပေါ်အရေးပေးဆက်ဆံနေတာမို့ အပျော်ကြီးပျော်နေမိ၏။ မုန်းမဖွဲ့မျက်နှာကတော့ ပြိုတော့မည့်မိုးလို ညိုမဲကာ မျက်ရည်တောင် ကျချင်ချင်။တကယ်ပါပဲ...လူကဖြင့် အရူးသာသာနဲ့ လာပြီး သဝန်တိုချင်နေသေးတယ်။ ဟိုက သူ့ကိုလည်းဂရုစိုက်နေတာပဲ...ဒီလောက်ဆို တော်ပြီပေါ့။ နောက်ဆို ကိုကိုက ငါ့အပိုင်ပဲ ဖြစ်မှာ...နင် ဒီထက်ပိုပြီး ခံနိုင်ရည်ရှိအောင် ကြိုးစားထားတော့...။


အတွေးကြောင့် လေညှင်း နှုတ်ခမ်းကိုမဲ့ ပြုံးလိုက်ပြီး ကိုကိုလက်မောင်းပေါ် ခေါင်းမီချကာ...


""ကိုကို ခဏနေရင် လေညှင်းကိုသီချင်းဆိုပြပါလား""


""အင်း...နားထောင်ချင်ရင် ဆိုပြမှာပေါ့""


""ဟီး! ကိုကိုက လိမ္မာလိုက်တာ""


""ဒုတ်!""


ကြားနေရတဲ့စကားသံတွေကို သေချာနားထောင်ရင်း လှုပ်ရှားသင့်ပြီထင်သည့်အချိန်မှ ဖွဲ့ လက်ထဲကကော်ဖီခွက်ကို စားပွဲပေါ်သို့ အသံမြည်အောင် ဆောင့်ချ၍ နေရာမှထရပ်လိုက်သည်။ထို့နောက် သူတို့နှစ်ယောက်ကို ကျောခိုင်းကာ အိမ်ရှေ့ဘက်သို့ ခပ်မြန်မြန်ထွက်လာခဲ့၏။


မျက်နှာထက်မှာတော့ ခပ်သဲ့သဲ့လေးပြုံးနေမိတာ ဘယ်သူမှမြင်မှာမဟုတ်ပေ။ လေညှင်းကတော့ ဖွဲ့ ငိုသွားပြီထင်လေမလားပဲ။ အရင်က ငိုမိတာဟုတ်ပေမယ့် ထိုစဥ်က အကြောင်းစုံကို ဂဃနဏ မသိသေး၍ပါ။ ကိုကိုက ဘယ်နည်းဘယ်ပုံ စီစဥ်ထားမှန်း သိနေပြီးမှတော့ ဖွဲ့က ဝမ်းနည်းနေပါတော့မလား...။ကိုကို့အချစ်ကိုလည်း အကြွင်းမဲ့ယုံထားပြီးသားမို့ ဒီအခြေအနေက ဖွဲ့အတွက် မထူးခြားတော့ပါ။ အရင်ကလည်း မင်းသမီးလှလှတွေနဲ့ ကိုကို ဒီလိုသရုပ်ဆောင်တာ မြင်ဖူးတာပဲလေ။ ကိုကို့ shootingတွေလိုက်ကြည့်ခဲ့တာ အလကားမှမဟုတ်ဘဲ။


~~~~ 🍁🍁🍁🍁 ~~~~


""မုန်းမဖွဲ့ ...နင် ဒီရက်ပိုင်း နေကောင်းရဲ့လား""


""အင်း!""


လှေကားအကွေ့ ၌ အတက်အဆင်း လာဆုံနေ၍ ခြေလှမ်းရပ်ကာ  အမေးစကားကိုပြန်ဖြေပေမယ့် အသက်မပါလှ။ ဒီရက်ပိုင်းမှာ အနည်းငယ်တော့ ငြိမ်လာပေမယ့် ကိုကိုနဲ့တော့ သိပ်အခြေအနေမကောင်းသေးဘူးထင်ရဲ့ ။ မျက်နှာကတော့ သိပ်မလန်းတာကြောင့် လေညှင်းက လှောင်သလိုပြုံးကြည့်ရင်း...


""နင်လည်းနော်...တော်တော်စိတ်အပင်ပန်းခံနိုင်တာပဲ""


""ဘာကိုဆိုလိုတာလဲ""


""အဟင်း! ငါဘာပြောမှန်း နင်သိပါတယ်

ငါသာ နင့်နေရာမှာဆို ကိုယ့်ကိုဥပေက္ခာပြု လျစ်လျူရှုနေပြီး ကလေးကြောင့် မလွှဲသာလို့ ဂရုစိုက်နေတဲ့ ယောကျာ်းနဲ့ ဆက်မနေဘူး...ကွာရှင်းလိုက်မှာ""


""အဲ့ဒါ နင်လေ..ငါမှမဟုတ်တာ

ဒီတော့ ငါ့ကိစ္စကိုနင်ဝင်ပြောစရာမလိုဘူး""


""အခြေအနေကိုလည်း မြင်ရဲ့သားနဲ့

တော်တော်ခေါင်းမာတာပဲ""


""ငါ့ဆီမှာ ရှိနေတာ သူ့ရင်သွေး...ဒါကြောင့် သူငါ့ကိုပစ်ပယ်မှာမဟုတ်ဘူး..အခုနင့်ဆီစိတ်ယိုင်နေလည်း ခဏပဲ...မကြာခင်ငါ့ဆီပြန်လာမှာ..ငါ သူ့ကိုယုံတယ်""


""သြော်! ယုံတယ်ပေါ့

အဟက်..ဟား..ဟား!""


စွာစူးနေသည့် အသံလေးဖြင့်အော်လိုက်တော့ လေညှင်းက လက်ခုပ်နှစ်ဖက်ကို ဖွဖွတီးရင်း လှောင်ရယ်နေပေမယ့် ဖွဲ့ကတော့ သူ့ကို ခပ်အေးအေးသာပြန်ကြည့်မိ၏။


ပျော်စရာတော့ကောင်းသားပဲ လေညှင်းသွဲ့သာ...။တကယ်ဆို အခုအခြေအနေမှာ ဒီလိုရယ်သင့်တာ နင်မဟုတ်ဘူး...။ငါဆိုတဲ့ 'မုန်းမဖွဲ့သာ'ပဲ။ နင်က ထက်မလိုလိုနဲ့ တော်တော်တုံးတာ ငါ အခုမှသိတယ်။ ဒါမှမဟုတ် အရင်က တော်ခဲ့၊ထက်ခဲ့သလောက် အခုမှ မတော်လောဘကြောင့် အမြင်တွေပိတ်ဖုံးသွားတာ ဖြစ်မယ်။


""ထားပါ..နင့်ယောကျ်ား နင်ယုံရင်ပြီးရောပေါ့..ထပ်ပြီး စိတ်ဆင်းရဲခံလိုက်ဦး...ငါ့ဘက်ကတော့ လက်မလျှော့ဘူးနော်...အဆုံးသတ်ကတော့ ကိုကိုပဲရွေးချယ်လိမ့်မယ်""


"".....""


""သြော်! ကလေးကို အကြောင်းပြပြီးတော့ ချည်နှောင်မယ်မကြံနဲ့နော်...အသုံးမဝင်လောက်ဘူး""


""အဟင်း...လေညှင်းသွဲ့သာ

နင်က ငါ့ထက်ပညာတတ်ပေမယ့် ဥာဏ်ရည်သိပ်နိမ့်တာပဲ...အခု နင်က ငါနဲ့လာပြီး ယှဥ်ပြောနေရအောင် နင့်အဆင့်က ဘယ်မှာလဲ""


""ဘာ!""


""နင်က လက်ထပ်ပြီးသားယောကျ်ားကို မြှူဆွယ်နေတဲ့ အကျင့်ပျက်မိန်းမပဲ""


""မုန်းမဖွဲ့သာ...နင်!""


""ဘာလဲ? ငါ ပြောတာမှားလို့လား

နင် ကိုကို့ကို ရတယ်ဆိုယူသွားလေ...ဒါပေမဲ့ ငါက သူတရားဝင်လက်ထပ်ထားတဲ့ မိန်းမမို့လို့ နင့်အဆင့်က အငယ်အနှောင်းပဲ...ကျေနပ်ရင် ဝင်လာခဲ့""


စိန်ခေါ်သလို ကြည့်ရင်း ပြောလိုက်သည့်စကားကြောင့် လေညှင်းဒေါသစိတ်တို့ပေါက်ကွဲသွားရလေ၏။ ကလေးရှိနေတယ်ဆိုပြီး မာန်တက်ချင်တယ်ပေါ့...။နင်က ငါ့ကိုစိန်ခေါ်ချင်မှတော့ ရတယ်လေ...


ဒေါသကြောင့်မိုက်မှားလာသည့် စိတ်အာရုံက ဘာမှမမြင်နိုင်တော့ဘဲ လက်အစုံသည်လည်း လေပေါ်မြောက်တက်လာကာ မျက်နှာချင်းဆိုင်ရပ်နေသည့် ထိုမိန်းကလေးရဲ့ ပုခုံးမှဆောင့်တွန်းမိချိန်တွင်...။


""အ!""


လေညှင်းရဲ့ ရုတ်တရက်အပြုအမူကြောင့် ဖွဲ့ မျက်လုံးတွေပင် ပြာဝေသွားရသည်။ သူတို့နဲ့တွေ့တိုင်း အန္တရာယ်ကြုံရနိုင်တာသိနေ၍ သတိထားကာ လှေကားလက်ရန်းဆီ သေချာကိုင်ထားရင်းမှပင် လက်ကချော်ထွက်သွားရလေတော့ လှေကားနှစ်ဆင့်လောက်ထိ နောက်ပြန် လည်ကျသွားရပေမယ့်  တစ်ဖက်မှ ဖွဲ့ကိုယ်လေးကို ဖမ်းပွေ့ထားခံလိုက်ရသည့်အတွက် အရှိန်ရပ်သွားရပြီး လူကလည်း ရင်းနှီးနေကျ ရင်ခွင်အငွေ့အသက်မှာ အပ်လျက်သားဖြစ်နေရ၏။ အသည်းထဲ လှပ်ခနဲအေး၍ တစ်ခုခုဖြစ်ပြီထင်လိုက်သော အချိန်မှာ သူ ကယ်တင်ခဲ့ပြန်သည်ပဲ။


""ကိုကို""


""ကိုကို!""


မိန်းကလေးနှစ်ဦး၏ ခေါ်သံက တပြိုင်နက်ထဲထွက်ပေါ်လာခဲ့၏။ မဖုံးဖိနိုင်သော ဒေါသကလည်း မျက်လုံးထဲ မီးလိုတောက်နေလေပြီ။တကယ်တော့ အိန်ဂျယ်လ်နဲ့ ဟိုမိန်းကလေး စတွေ့ကတည်းက အလင်း စောင့်ကြည့်နေခဲ့တာပါ။ အကြောင်းကတော့ ဒီလိုအယုတ်တမာ အကြံအစည်တွေ လျှပ်တပြက်ရောက်လာမှာ သိနေ၍ပေါ့။ အခုလည်းကြည့်! အန္တရာယ်ဖြစ်အောင် ဟိုမိန်းမက တွန်းပို့တာပဲ မဟုတ်လား...။


""အိန်ဂျယ်လ်...ဘာဖြစ်သွားလဲ

လန့်သွားလား...ရရဲ့လား""


""ဟုတ်...ရတယ် ဘာမှမဖြစ်ဘူး""


""ကိုကို...လေညှင်းက တမင်လုပ်တာမဟုတ်ပါဘူး

ဒီအတိုင်း မတော်တဆဖြစ်တာပါ..ကိုကိုစိတ်မဆိုးပါနဲ့နော်""


""မင်း!..""


တစ်ခုခုပြောမိသွားမှာစိုး၍ ဖွဲ့ ကိုကို့လက်ကို သတိပေးသလို ဆုပ်ညှစ်လိုက်တော့ စကားကရပ်သွားလေ၏။ဒါကိုတော့ ပျာပျာသလဲ ရှင်းပြနေသည့် လေညှင်း မမြင်ခဲ့ပေ။ မျက်ဝန်းထောင့်တွေပါ နီရဲပြီး မေးကြောများထောင်သည်အထိ အံကိုတင်းတင်းကျိတ်ထားသည့် ကိုကို့ပုံစံက တော်တော့်ကိုမှ ဒေါသထွက်နေသည့် သဏ္ဌာန် ။ 


""ကိုကို...အိန်ဂျယ်လ် ဘာမှမဖြစ်ဘူး""


ပါးစပ်က ပြော၍လက်လေးကို ဖွဖွလာဆုပ်ကိုင်ကာ ခေါင်းလေးကိုခါပြရင်း မျက်လုံးကလည်း အရိပ်အယောင်တစ်မျိုးကိုပြနေသည်မို့ သူလည်းစိတ်လျှော့လိုက်ကာ...


""အင်း...ဘာမှမဖြစ်ရင်ပြီးတာပဲ

နောက်ဆို ဂရုစိုက်ပြီးသွားလာ...မင်းကတစ်ယောက်ထဲမဟုတ်တော့ဘူး""


""ကိုကို...လေညှင်းတောင်းပန်ပါတယ်

ဖွဲ့ ...ငါတောင်းပန်ပါတယ်...တကယ်မတော်တဆဖြစ်သွားတာပါ""


""မတော်တဆဟုတ်မဟုတ် နင်ကိုယ့်ကိုယ်ကိုသိမှာပေါ့""


""ဟင့်..ဟင့်! ငါ့ကိုအဲ့လိုမပြောပါနဲ့

နင်ကလေ သူများတကာကို မယုံသင်္ကာနဲ့အမြဲသံသယထားတတ်တယ်...ငါက ဘာလို့နင့်ကိုတမင်လုပ်ရမှာလဲ""


""နင်က ကိုကို့ကိုမှန်းနေလို့လေ""


""ဟင့်! အဲ့လိုမဟုတ်ပါဘူး 

ကိုကို!""


ပြောကာမှ သနားစဖွယ်မျက်ရည်စက်လက်ဖြင့် ကိုကို့ထံ စစ်ကူတောင်း၍ လက်ကို ပြေးချိတ်ကာ ငိုယိုနေတော့၏။ကြည့်ဦး! ငပြူးကများ ပြဲရတယ်ရှိသေး။ သူတမင်လုပ်တာမှန်း ဖွဲ့နဲ့ ကိုကိုက မသိရအောင် ရူးနေလို့လား။ ကိုကိုသာ ရောက်မလာရင် အခုချိန် ဖွဲ့နဲ့ကလေး တစ်ခုခုဖြစ်နေလောက်ပြီ။ ကိုကိုကတော့ သူ့အနားလာကပ်နေသည့် လေညှင်းကို နှစ်သိမ့်သလို ပုံစံဖြင့် ပုခုံးကိုပုတ်ပေးလိုက်ပြီး...


""သိပါတယ်...မင်းကဘာကြောင့်တမင်လုပ်ရမှာလဲ""


""ကိုကို...သူပြောတာမယုံဘူးမဟုတ်လားဟင်""


""အင်း...မယုံပါဘူး""


""ကိုကို!""


""ဖွဲ့ ...မင်းက ရူးနေတယ်ပြောလည်းမကြိုက်ဘူး

အခုမင်း ကိုယ့်အစ်မကိုယ် မယုံသင်္ကာဖြစ်နေတာပဲ..သူက မင်းကို ဘာလို့တမင်လုပ်ရမှာလဲ...မင်းစိတ်တွေက အရမ်းကို သံသယလွန်နေပြီ""


""မလွန်ဘူး..သူက တမင်တွန်းချတာ""


""ဖွဲ့ ...နင်ငါ့ကိုအဲ့လိုမပြောပါနဲ့

ငါက မွေးစားသမီးဆိုပေမယ့် နင့်ကိုညီမလေးတစ်ယောက်လိုသဘောထားတာပါ""


""ညီမလို သဘောထားလို့ပဲ ငါ့လူကို တံဆိပ်လာကပ်ပြနေတာလား""


""အားလုံးတော်ကြတော့""


တစ်ယောက်တစ်ခွန်းစကားများနေချိန်တွင် ဒေါ်ကေသရီရဲ့ အော်သံက ကျယ်လောင်စွာထွက်ပေါ်လာခဲ့၏။ ထို့နောက် အစေအပါးတွေခြံရံလျက် ဖွဲ့တို့အနား လျှောက်လာကာ...


""ဘာတွေဖြစ်နေကြတာလဲ""


""ဘာမှမဖြစ်ပါဘူး အန်တီ

နည်းနည်းလေး နားလည်မှုလွဲကြတာပါ""


""ငါလည်း ပြောချင်နေတာကြာပြီ အလင်းနှစ်

မင်း ဘာတွေခြေလှမ်းနေတာလဲ...သူတို့နှစ်ယောက်လုံးက ငါ့သမီးတွေ...ပြီးတော့ မင်းက သမီးငယ်ရဲ့ ခင်ပွန်း..ဒါကို သူ့အစ်မဖြစ်တဲ့သူနဲ့ တွဲသွားတွဲလာလုပ်နေတာ ဘာသဘောလဲ""


""....""


""မင်းက သာမန်လူလည်းမဟုတ်ဘူး...လူသိများတဲ့ အနုပညာရှင်လေ...ဒီလိုသာ ကြာလာရင်ပတ်ဝန်းကျင်က ဘယ်လိုတွေမြင်ကြမလဲ...အရင်ဆုံး ငါ့သမီးလေးစိတ်ဆင်းရဲမယ်...ငါတို့မျိုးရိုးနဲ့စံအိမ်ဂုဏ်သိက္ခာကျတယ်...ပြီးတော့ မင်းအတွက်လည်းမကောင်းပါဘူး""

(အံမယ်! သူပဲ တရားအမျှတဆုံး မီမီ😅)


""ဟုတ်ကဲ့..ကျွန်တော်ဆင်ခြင်ပါ့မယ်""


ခေါင်းငုံ့ကာဖြေလိုက်မှ ဒေါ်ကေသရီက ကျေနပ်စွာပြုံးနေမိ၏။ လေညှင်းနဲ့တွဲလို့ မုန်းမဖွဲ့စိတ်ဆင်းရဲနေတာ ကောင်းတဲ့ကိစ္စပါပဲ။ အချိန်တိုအတွင်း အလင်းနှစ်ကို ဖြားယောင်းနိုင်တဲ့ လေညှင်းရဲ့ အစွမ်းသည်လည်း မခေ။သို့သော် ကိုယ်က အိမ်ရဲ့အကြီးအကဲဖြစ်နေတော့ သဘာဝကျသည့်ဖြေရှင်းနည်းလေးနဲ့ ပါဝါပြရမည်မဟုတ်လား...။လူဆိုတာ တားရင် ပိုသွားချင်တဲ့ အမျိုးလေ။

(သူ့အတွေးနဲ့သူတော့ အဆင်ကိုပြေလို့😁)


""လေညှင်း...နင်လည်းသတိထားနေ 

နောက်တစ်ခါအတူတွဲတွေ့ရင် မလွယ်ဘူးမှတ်

ကိုယ့်ညီမ ခင်ပွန်းကို...ညည်းမို့လို့အေ!""


""မေမေ!""


""တော်စမ်း! ငါ့ကိုတစ်ခွန်းမှပြန်မပြောနဲ့

နင်သွားတော့...

သမီး မုန်းမဖွဲ့လည်း အခန်းထဲသွားတော့

အလင်းနှစ်က ငါနဲ့ခဏလိုက်ခဲ့""


အားလုံးကိုလူစုခွဲလိုက်ပြီမို့ ဖွဲ့လည်း အခန်းဆီပြန်တက်လာခဲ့၏။ လေညှင်းကတော့ ငိုကာယိုကာဖြင့် ပြေးထွက်သွားလေရဲ့ ။ကိုကို့ကိုတော့ ဒေါ်ကေသရီက ဘာပြောမယ်မသိပါ။ ဖွဲ့ အခန်းထဲမှာ ဟို ဒီ လမ်းလျှောက်နေစဥ် တံခါးလေးပွင့်တာမို့ နောက်လှည့်ကြည့်မိတော့ ခြေလှမ်းမြန်မြန်ဖြင့် လျှောက်လာသည့်ကိုကိုက ဘာစကားမှမဆိုဘဲ လူတကိုယ်လုံးကို သိမ်းကျုံးပွေ့ဖက်ထားလိုက်လေ၏။ ဖွဲ့လည်း မျက်လုံးလေး ပြူးသွားကာ ကိုယ်လေးတွန့်ရင်း ရုန်းရန်ပြင်တော့...


""မလှုပ်နဲ့ ...ငြိမ်ငြိမ်နေ""


ဒီလိုဆိုတော့လည်း ဖွဲ့ မရုန်းတော့ဘဲ ငြိမ်နေလိုက်ပြီး သူ့ကျောပြင်ဆီ ပြန်သိုင်းဖက်ထားလိုက်၏။


""ဘာဖြစ်လို့လဲ ကိုကို

သူကဘာပြောလို့လဲ""


""ဒီအတိုင်း လေညှင်းနဲ့ပတ်သက်ပြီးပြောတာ

ကလေး..မင်းတကယ် ဘာမှမဖြစ်တာသေချာရဲ့လား""


""သေချာပါတယ် ကိုကိုရဲ့

ဘာမှမဖြစ်ဘူး ကိုကိုရောက်လာလို့ပေါ့""


""ကိုယ် စိတ်ပူလိုက်ရတာ

နောက်ဆို ဒီထက်ပိုသတိထားမှဖြစ်မယ်...သူတို့နဲ့ အနီးကပ်မနေနဲ့""


တကယ်ပါ...။စောစောကအခြေအနေမှာ ဘယ်လောက်ထိ ပူလောင်သွားမှန်းအလင်း ကိုယ့်ကိုကိုယ်သာ သိသည်။ သူသာ ထိုအနားရှိမနေခဲ့ရင် အိန်ဂျယ်လ် တစ်ခုခုဖြစ်သွားနိုင်သည်။ အချိန်အခါမရွေးတဲ့ ယုတ်မာမှုတွေရဲ့ ပစ်မှတ်က အိန်ဂျယ်လ်အပြင်အခုဆို ဗိုက်ထဲက ကလေးလေးကိုပါ ရန်ရှာနေကြပြီပဲ။


"".....""


ဖက်ထားလျက်ကနေ ကိုကို့မျက်နှာကိုမော့ကြည့်မိတော့ မျက်မှောင်ကြီးကျုံ့ကာ တစ်စုံတစ်ရာကို စဥ်းစားနေဟန်နဲ့မို့ ဖွဲ့ လက်လေးက ကိုကို့မျက်ခုံးနှစ်ဖက်ကြား တွန့်ခေါက်နေသည့်နေရာလေးကို ဖွဖွဖြေပေး၍ နှုတ်ခမ်းလေးကိုပါ ပြုံးသယောင်လေးဖြစ်အောင် လက်ဖြင့် ဆွဲဖိရင်း စ,လိုက်တော့မှ ငုံ့ကြည့်ကာ ပြုံးပြလာလေ၏။ ထို့နောက် သူက ဖွဲ့ရဲ့ နှာခေါင်းလေးပေါ် ဖွဖွပြန်ဆွဲညှစ်လိုက်ရင်း...


""စနောက်နေသေးတယ်...ဒီမှာလူက စိတ်ပူလို့သေတော့မယ်""


""မပူပါနဲ့...ပိုပြီးဂရုစိုက်ပါမယ်

ဒါနဲ့လေ အိန်ဂျယ်လ် သရုပ်ဆောင်တာတော်လားဟင်""


""မတော်ပါဘူး""


""ဟင်...တကယ် မတော်တာလား

အရမ်းကြီးညံ့နေလား...သူတို့ရိပ်မိသွားတော့မှာပဲ""


စလို့ စ,မှန်းလည်းမသိ...။စိုးရိမ်သလိုမျက်နှာလေးဖြင့် မော့ကြည့်ပြောလာစဥ် အလင်းက ဟက်ခနဲရယ်ချလိုက်ကာ...


""ကိုကို့အိန်ဂျယ်လ်လေးက အရမ်းတော်တာ

ကိုကိုတောင်စဥ်းစားနေသေးတယ်...ရန်ကုန်ပြန်ရောက်ရင် ရုပ်ရှင်အတူတူတွဲရိုက်ရမယ်လို့""


""အမ်! အဲ့ဒါတော့များသွားပြီ""


""တကယ်ပါ!""


"".....""


""အိန်ဂျယ်လ်..ညတွေဆို တစ်ခုခုမြင်တာမျိုး၊ကြားတာမျိုးရှိရင် မကြောက်နဲ့တော့နော်...ဟုတ်ပြီလား။အဲ့ဒါတွေက သူတို့တမင်ဖန်တီးနေတာ""


""ဟုတ်..သိပါပြီ။ ကိုကိုရှိရင် ဘာမှမကြောက်ဘူး""


""ဟော! ကြည့်..ပြောပြန်ပြီ...။စကားတတ်တာကို ဖုံးကွယ်ထားနော်

အသည်းယားရင် ဘာဖြစ်မလဲသိတယ်မလား""


""ဟွန့်!""


မျက်စောင်းလှလှလေးတစ်ချက်နဲ့ လူကို ပြုစားသွားပြန်သည့်ကောင်မလေးကို အလင်းက စွဲစွဲမက်မက်ငေးစိုက်ကြည့်နေမိတော့ ထပ်ပြီးကျရောက်လာပြန်သည့် မျက်စောင်းပွင့်တွေက သူ့အပါး ကြွေခနေခဲ့၏။ အလင်းကတော့ သဘောတကျပြုံးလျက်ငေးကြည့်နေမိဆဲ..။အိန်ဂျယ်လ်နဲ့ပတ်သက်ရင် ဒီလိုအမူအရာလေးသည်လည်း မြတ်နိုးရခြင်း မှတ်တမ်းတစ်ခုပါလေ..။


~~~~ 🍁🍁🍁🍁 ~~~~


""📲📲📲""


ညနက်ကြီးမှ ဖုန်းဝင်လာ၍ နံပါတ်ကိုကြည့်လိုက်တော့ လေညှင်းဖြစ်နေ၏။ မကိုင်ပဲနေမလို့ပေမယ့် အခါခါခေါ်နေတာကြောင့် မတတ်သာစွာ ဖွင့်ကိုင်လိုက်စဥ် တစ်ဖက်မှကြားရသည်က..


""hello!

ဒီဖုန်းပိုင်ရှင်က (***)barမှာ အရမ်းအမူးလွန်နေလို့ပါ...သူငယ်ချင်းတွေလည်း မပါလို့...အသိဆိုရင် လာခေါ်ပေးလို့အဆင်ပြေမလား ခင်ဗျာ""


""အဆင်မပြေပါဘူး""


""ကိုကို""


""ဟင်! ကလေး နိုးသွားတာလား

sorryကွာ..ကိုကိုအသံကျယ်သွားတယ်""


""ဘာဖြစ်လို့လဲ""


""barကဆက်နေတာ..လေညှင်း သောက်ပြီးမူးနေတယ်တဲ့""


တစ်ဖက်ကိုပြောလိုက်ရင်းမှ အလင်း ခေါင်းထဲအတွေးတစ်ခုက ဖျတ်ခနဲဝင်လာခဲ့၏။ထို့ကြောင့် အိပ်ရာမှထရပ်ကာ အဝတ်အစားလဲလိုက်ပြီး သွားရန်ပြင်တော့ သူ့အား နားမလည်သလိုလေးကြည့်နေသည့် အိန်ဂျယ့်လ်ကြောင့် အနားသို့ ပြန်သွားကာ...


""ခဏပဲ စောင့်

ကိုကိုပြန်လာခဲ့မယ်""


""ဟုတ်...ကိုကို

ဂရုစိုက်နော်""


ဒီလောက်ပဲပြောဖြစ်ပါသည်။ သူက တစ်ခုခုလုပ်ရင် အကြောင်းအရင်းရှိလို့ပဲမို့ အသေးစိတ်ကိုမေးမနေတော့ဘဲ ခေါင်းကိုသာငြိမ့်ပြလိုက်တော့ တစ်ချက်ပြုံးပြကာ ထွက်သွားလေ၏။ သူ့ကို အကြွင်းမဲ့ ယုံကြည်ခဲ့သော နှလုံးသားကို နောင်တရစေမှန်းမဟုတ်လည်း သိနေခဲ့ပါ၍...။


~~~~ 🍁🍁🍁🍁 ~~~~


ဖုန်းဆက်လာသည့် နေရာသို့ သူရောက်လာတော့ လေညှင်းက တော်တော်လေးအခြေအနေမဟန်။ မနက်က ပြသာနာကြောင့်ပဲဖြစ်မည်ထင်၏။ အခုဆို သူမက ကိုယ့်အပေါ်အနည်းငယ်ယုံကြည်နေပြီမှန်းလည်း အလင်း ရိပ်မိသည်။ မိန်းကလေးတစ်ယောက်ကို အသုံးချတဲ့နည်းလမ်းက ရက်စက်ရာကျသော်လည်း သူမက သနားစရာတစ်စက်မမည်တာမို့ နောင်တကင်းပါသည်။ ကိုယ့်အပေါ်ယိမ်းယိုင်နေသည်ကလည်း တကယ်ချစ်တာမဟုတ်ဘဲ အိန်ဂျယ့်လ်ကို နိုင်လိုသော အတ္တသက်သက်။ အလင်းနှစ်ကို ပိုင်လိုသော တပ်မက်မှုသက်သက်ဖြင့်သာ...။


""လေညှင်း..လာ..ပြန်မယ်""


""ဟယ်..ကိုကို

ကိုကိုရောက်လာပြီ""


""မင်း ဘာလို့ဒီလောက်တောင်သောက်ထားတာလဲ""


""စိတ်ညစ်လို့""


""ပြန်မယ်..လာ""


""မပြန်သေးဘူး...ဒီမှာနေဦးမှာ

အဲ့ဒီ့ကျဥ်းကျပ်တဲ့ အိမ်ကြီးကို မပြန်ချင်ဘူး...သမီးဖြစ်ပြီး သမီးလိုမနေရတဲ့ဘဝကိုမုန်းလာပြီ""


""မင်း ဘာတွေပြောနေတာလဲ""


""ဘာပြောရမှာလဲ...မေမေဆိုတဲ့သူကိုမကျေနပ်လို့

ငယ်ကတည်းက မုန်းမဖွဲ့နဲ့လေညှင်းယှဥ်တိုင်း သူ ဟိုဘက်ကပဲ ပါတယ်...ဟိုက သူ့သမီးလား..ဒီကသူ့သမီးလား""


စကားတွေက လိုချင်တဲ့ဘက်ရောက်လာသည်မို့ အလင်း တစ်ချက်ပြုံးလိုက်မိ၏။ဒီလိုကြောင့်ပဲ သူရုတ်တရက်စိတ်ပြောင်းကာ လာခဲ့ရခြင်းပင်။ ပုံမှန်စိတ်မဟုတ်တဲ့ အချိန်မှာ ပုံမှန်မဟုတ်တဲ့စကားတို့ထွက်လာနိုင်သည်လေ။


""ဟိုကသူ့သမီးပေါ့

မင်းကိုက မွေးစားတာလေ""


အမှန်ကိုသိထားလျက်နှင့် တမင်ဆွပေးလိုက်တော့ သူမက မကျေမချမ်းမျက်နှာဖြစ်သွားကာ


""ဟိုက သူ့သမီးမဟုတ်ဘူး..သူ့အစ်မသမီး

လေညှင်းကမှ သူ့သမီးလေ...ဒါကို..အင့် ဟင့်!""


""သူ့အစ်မသမီး?""


""ဟုတ်တယ်..မုန်းမဖွဲ့သာ အမေက လေညှင်းအမေရဲ့အစ်မ..မျက်နှာကတော့ အတူတူပဲ..ဒါတွေကရှုပ်ပါတယ်..ကိုကိုမသိချင်နဲ့""


""မင်းတို့စံအိမ်က ချမ်းသာသလောက် လျှို့ဝှက်မှုလည်းများတယ်နော်""


""ဟုတ်ပါ့...ဟုတ်ပါ့..အိမ်မှာဆိုလည်း လျှို့ဝှက်အခန်းတွေအများကြီးပဲ...မေမေကအဲ့ဒါမျိုးတွေလုပ်ရတာကြိုက်တယ်ထင်တယ်..အဟက်!""


""ဒါဆို သူ့အစ်မကရော?""


အခုပဲ ငို၊အခုပဲ ရယ်နေသည့် လေညှင်းက တော်တော်လေးကိုမူးနေတာမို့ သူ အခွင့်အရေးယူကာ ဒေါ်ဧကရီနဲ့ပတ်သက်သည့်မေးခွန်းကို အမိအရထုတ်မေးလိုက်တော့ သူမက ရယ်မောလိုက်ပြီး


""ဖွက်ထားတယ်...ဘယ်သူမှမသိအောင်

ရှူးး!""


""ဘာလို့လဲ""


""အကြောင်းရှိလို့ပေါ့

သနားစရာကောင်းတာတော့ မုန်းမဖွဲ့ပဲ..သူက သူ့အမေသေပြီထင်နေတာလေ...တကယ်တော့သူ့အမေက သူ့အနီးအနားမှာပဲကို!""


""ဘယ်လို!""


""ဟုတ်တယ်...အနီးဆုံးနေရာက လွယ်လွယ်မမြင်နိုင်ဆုံးနေရာပဲလေ..ဟား ဟား!""


""အဲ့ဒါဘယ်နေရာလဲ""


""ကိုကိုကဘာလို့သိချင်တာလဲ..သူ့ကိုသွားပြောမလို့လား""


""မဟုတ်ပါဘူး..ကိုယ်က မင်းဘက်ကပဲလေ""


""အင်းပါ..ကိုကို့ကိုယုံပြီးသား

ယုံလို့ပြောပြမယ်...ဘယ်သူ့ကိုမှပြန်မပြောနဲ့နော်""


"".....""


""သူ့အမေက အရင်က သူနေခဲ့တဲ့ အခန်းရဲ့အောက်တည့်တည့်က မြေအောက်ခန်းမှာ...ဒီနှစ်တွေတစ်လျှောက်လုံး သူတို့သားအမိက နီးလျက်နဲ့ဝေးနေတာလေ...မသိ...ကြရှာဘူး...""


"".....""


""ဒုက္ခတိလေး မုန်းမဖွဲ့ကလည်း မရှာနိုင်ခဲ့ဘူး ဆို..ဆိုပါတော့..အဟင်း""


အမူအရာမျိုးစုံကိုသုံးကာ လေးတွဲတွဲအသံဖြင့်ပြောလာသည်ကို အလင်း သေချာစွာနားစိုက်ထောင်နေမိ၏။ ရပြီ...ဒီလောက်ဆို လုံလောက်နေပြီ လေညှင်းသွဲ့သာ..မင်းကိုကျေးဇူးတင်တယ်။ 


စောင့်နေလိုက်တော့ ဒေါ်ကေသရီ။ ခင်ဗျားရဲ့ အဆုံးသတ်ကို ရောက်ပြီ။


~~~~ 🍁🍁🍁🍁 ~~~~

Continue to >>>Part-27


Readers/Writersလေးတွေအားလုံးက VIPပါ


Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: