🍁ကြင်နာသူ ... ရွှေမင်းသား🍁
(or)
🍁 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။🍁
••••••••••• Part-[ 24 ] •••••••••••
"" အိန်ဂျယ်လ် ""
ခဏလေး မှေးမှိတ်အိပ်ပျော်သွားချိန်တွင် မလှမ်းမကမ်းမှ လှုပ်ရှားတွန်းတိုက်သည့် အသံတချို့ကြောင့် ဖျတ်ခနဲ ပြန်နိုးလာတော့ ဘေးမှာ အိန်ဂျယ်လ်မရှိ။ အခန်းထောင့်တစ်နေရာမှာ ခြေစုံရပ်လျက် ကြောက်ရွံ့တုန်လှုပ်နေပုံဖြင့် သောက်ရန် ပြင်နေသည့် လက်ထဲက ဆေးလုံးတွေကို မြင်လိုက်ရစဥ် စိုးရိမ်တကြီးအော်ခေါ်သံနဲ့အတူ မျက်လုံးတွေပြာဝေသွားရကာ ထိုအနားသို့ ဘယ်လိုရောက်သွားမှန်းပင်မသိလိုက်။ ပါးစပ်နားရောက်လုမတတ်ဖြစ်နေသော လက်ကို အမြန်ပင် ပုတ်ထုတ်လိုက်တော့ ဆေးလုံးတစ်ချို့က ကြမ်းပေါ်လွင့်ကျကုန်ပေမယ့် ရသမျှကိုတော့ လက်ထဲဆုပ်ကိုင်ထားလျက်ဖြင့် ဇွတ်အတင်းသောက်ပစ်ရန် ကြိုးစားနေလေ၏။ အလင်းကလည်း ထိုလက်ကို အတင်းဖမ်းတားထားရင်း နှစ်ယောက်ကြား အခြေအနေက ရှုပ်ရှုပ်ထွေးထွေး...။
""အိန်ဂျယ်လ်!
လွှတ်ချလိုက်...မင်းဘာတွေလျှောက်လုပ်နေတာလဲ""
""ဟင့်အင်း! ဒီဆေးတွေသောက်မှရမှာ
မဟုတ်ရင် ဖွဲ့ အိပ်မပျော်ဘူး...အိပ်လို့မရဘူး""
""မရဘူး...ကိုကိုပြောနေတယ်
မလုပ်နဲ့!!""
ဆုပ်ထားသည့်လက်ကို အတင်းဆွဲခွာ၍ ဆေးတွေ လုယူလိုက်တော့ အကုန်လုံး ကြမ်းပေါ်လွင့်စင်ကုန်လေ၏။ ဒါကိုပင် သူမက အသိစိတ်လွတ်နေသူလို ထင်ရလောက်အောင် ဆေးတွေကို ပြန်ကောက်ယူဖို့ ကြိုးစားလေသည်။ အလင်းလည်း ထိုပုံစံအား မကြည့်ရက်စွာပင် သူမ လက်တွေကို အတင်းချုပ်ထားလိုက်ပြီး ခန္ဓာကိုယ်လေးလည်း ရင်ခွင်ထဲ နစ်မြုပ်သည်အထိ ဆွဲဖက်ထားမိရင်း...
""အိန်ဂျယ်လ်...မင်း အဲ့လိုအရှုံးမပေးပါနဲ့
အဲ့လိုလုပ်ရင်မဖြစ်ဘူးလေ...အန္တရာယ်များတာ မသိဘူးလား""
""အဟင့်...ဟင့်!
ဖွဲ့ အိပ်ပျော်ချင်လို့ပါ...ကိုကိုရယ်
အဲ့ဒီ့ဆေးတွေ သောက်မှ ဖွဲ့ အိပ်လို့ရမှာ..မဟုတ်ရင်...မဟုတ်ရင်...""
အသံတွေ အဖျားခတ်တုန်ယင်လျက် ရှိုက်ငိုပြောနေသည့် စကားသံက ရှေ့သို့ပင်မဆက်နိုင်။ ရင်ဘတ်ဆီသို့သာ တဖြေးဖြေးစိမ့်စိုလာသည့် မျက်ရည်စများက ပိုလို့ပင် အိုင်ထွန်းလာခဲ့ရင်း လူ တကိုယ်လုံးလည်း အေးစက်နေသည်မှာ ရေခဲတမျှပင်။
""ရတယ်...ဆက်မပြောနဲ့တော့
အိပ်မပျော်ရင် ကိုကို ချော့သိပ်မှာပေါ့
လာ! မငိုနဲ့တော့နော်...အဲ့ဒီ့ဆေးတွေထားလိုက်""
ပါးစပ်က ပြောနေရင်း လက်ကလည်း သူမ ကိုယ်လေးအား ပွေ့ချီ၍ ပေါင်ပေါ်တင်ကာ ကလေးချီသလိုလေး ထွေးဖက်ထားလိုက်၏။ နဂိုကတည်းက သေးသွယ်သည့် ခန္ဓာကိုယ်လေးမို့ အခုရက်ပိုင်း စိတ်ဖိစီးမှုတွေကြောင့် အရင်ထက်ပင် ပိန်သွားသလိုပါ။ မျက်နှာခပ်နွမ်းနွမ်းလေးနဲ့ သူ့ရင်ခွင်ထဲ မှေးအိပ်နေသည့် ကလေးကို ငုံ့ကြည့်ရင်း နှလုံးအိမ်ထဲလည်း နာကျင်မှုက တရိပ်ရိပ်။တဆက်တည်းမှာပဲ 'ငါ ဘာလုပ်နေမိတာလဲ'ဆိုသည့် အတွေးကို ထပ်တလဲလဲတွေးမိ၏။
တကယ်ဆို အိန်ဂျယ်လ့်ကို ဒီအရှုပ်အထွေးထဲ ပြန်ရောက်စေမိတာကစပြီး မှားနေတာပါ။ ရန်ကုန်မှာပဲ နှစ်ယောက်တစ်ဘဝနေရင် ဖြစ်တာပဲမဟုတ်လား...။အမွေတွေဘာတွေဆိုတာလည်း သူတို့အတွက် ဘာတစ်ခုမှမလိုအပ်ပေ။ အိန်ဂျယ်လ်လေး တစ်ဘဝလုံးပြည့်စုံအောင်၊ ပျော်ရွှင်အောင် 'အလင်းနှစ်'ဆိုတဲ့ ဒီလူတစ်ယောက်တည်းရဲ့ အင်အားနဲ့ ဖြည့်ဆည်းပေးနိုင်ပါလျက် အခုတော့ ရှုပ်ထွေးလှသည့် ဝင်္ကပါထဲ ဝင်တိုးမိလေပြီ။ အစကို ဆွဲထုတ်ပြီး ဖြေရှင်းဖို့ကြိုးစားသည်မှာလည်း သူ...။လမ်းတစ်ဝက်အရောက်မှာ အထိအခိုက်တွေရှိလာမှ ခံနိုင်ရည် မရှိတာလည်း သူသည်သာ...။
!ကိုယ် ဘယ်လိုဆက်ဖြေရှင်းပေးရမလဲ အိန်ဂျယ်လ်...။ကိုယ့်ကလေးလေး အရမ်းပင်ပန်းနေပြီ...ကိုယ်သိတယ်...မင်း ခံစားရသလောက် ကိုယ်လည်းရင်နာတယ်...ဒီအခြေအနေတွေ မြန်မြန်ပဲအဆုံးသတ်သွားရင် ကောင်းမယ်!
""အင့်! ဟင့်!
ကိုကို...""
အတွေးတို့ တရှည်တလျားနယ်ချဲ့နေစဥ် ရင်ခွင်ထဲ ဖက်ထားသည့် ကလေးလေးက ရုတ်တရက်လူးလွန့်သွားပြီး ရှိုက်သံသဲ့သဲ့လေး ထွက်လာတာကြောင့် အတွေးရပ်လိုက်ကာ ခေါင်းလေးကို ဖွဖွပွတ်သပ်ပေးရင်း...
""အင်း...ကိုကိုရှိတယ်နော်
ဘာမှမဖြစ်ဘူး..စိတ်လျှော့ပြီး အိပ်လိုက်
ဘယ်သူမှ မင်းအနားကိုမလာနိုင်ဘူး...ကိုကို ရှိတယ်...အိပ်လိုက်နော်...ဖြေးဖြေးချင်းအိပ်ပျော်သွားလိမ့်မယ်""
လေသံကို ညင်ညင်သာသာလေး ချော့ပြောရင်း သိပ်လိုက်တော့ တဖြေးဖြေး အသက်ရှူသံလေးငြိမ်သွားလေ၏။ 'ကိုကို ရှိနေတယ်'ဆိုသည့်စကားကို အချိန်တစ်နာရီလောက်ကြာသည်အထိ အထပ်ထပ်ပြောပေးရင်း သူမ အိပ်ပျော်သွားတာ သေချာမှ စကားစ,လေးရပ်ကာ နဖူးလေးကို ညင်သာစွာ ငုံ့နမ်းလိုက်မိသည်။ ခက်ခက်ခဲခဲ အိပ်ပျော်သွားရသည့် အနေအထားလေး မပျက်ယွင်းစေလို၍ ကုတင်ထက်ပင် ပြန်မတင်ဘဲ လက်ပေါ်မှာသာ ပွေ့ထားရင်း လူကလည်း တုပ်တုပ်မလှုပ်ဘဲ ထိုင်နေမိ၏။ ထို့နောက် အိပ်နေရင်းမှ တစ်စုံတစ်ရာကို ရေရွတ်နေသယောင်ဖြင့် ပွင့်ဟ လှုပ်ခတ်လာသည့်နှုတ်ခမ်းလေးပေါ်သို့ သူ့နှုတ်ခမ်းအစုံဖြင့် ဖိကပ်ကာ နွေးထွေးစေရင်း ရှည်လျားသော ဤတစ်ညတာမှာ အိပ်စက်ခြင်းတို့ ဝေးလွင့်၍ ကြင်သူ့အပါး စောင့်ရှောက်ပေးနေသည့် သူ့အဖြစ်က နတ်သမီးလေးရဲ့ ကိုယ်ရံတော်ကဲ့သို့ပင်။
~~~~ 🍁🍁🍁🍁 ~~~~
""📲📲📲""
မိုးလင်းသည်နှင့် သူ တစ်စုံတစ်ခုစီစဥ်ရန် စဥ်းစားနေစဥ် တိုက်ဆိုင်စွာပဲ စစ်ရန်က ဖုန်းဆက်လာခဲ့၏။ အိန်ဂျယ်လ်က မနိုးသေးတာကြောင့် ဖုန်းကိုယူကာ ဝရန်တာဘက် ထွက်လာခဲ့ရင်း...
""Hello!""
""....""
""ငါလည်း မင်းဆီဖုန်းဆက်မလို့ပဲ""
""....""
""ကောင်းတာပေါ့...အဲ့ဒီ့သက်သေရော၊ တရားမဝင်လုပ်ငန်းနဲ့ပတ်သက်တဲ့ အထောက်အထားအားလုံးကို ပြင်ထားပေး...လူကိုလည်းမကြာခင်ရှာတွေ့တော့မှာပါ""
"".....""
ဖုန်းကို ပြန်ချလိုက်ပြီး အခန်းဘက်ပြန်ဝင်လာရင်း အခန်းအတွင်းရှိနေသည့် ကင်မရာမှသက်သေကိုလည်း ထပ်အတည်ပြုသည်။ သူတို့ဘက်က အိန်ဂျယ်လ် စိတ်ရောဂါရနေသလိုပုံစံနဲ့ ဘယ်လိုပဲစွဲချက်တင်ပါစေ...ငြင်းချင်ငြင်းပါစေ သက်သေကရှိနေပြီးသားပင်။ မနေ့က ဒီအခန်းမှာဖြစ်ခဲ့သည့် ပြသာနာသည်လည်း ကင်မရာမှတ်တမ်းမှာ အရှင်းသားရှိသလို အရင်ရက်တွေက အိန်ဂျယ့်လ်အပေါ်နှိပ်စက်သည့် ပုံရိပ်တွေလည်းရှိနေသည်။ အခုလို လူကို ထိခိုက်အောင် ထပ်မလုပ်ဘဲ စိတ်ကိုသာဒဏ်ရာဖြစ်အောင် တွန်းပို့မည်ကိုတော့ သူလည်း မထင်မှတ်မိတာ အမှန်။ ပြောရရင် ဒေါ်ကေသရီက နေရာတကာမှာ အကွက်စေ့လွန်းပြီး ရင်ဆိုင်ရန်ခက်သည့် ရန်သူပင်။ ဒါကြောင့်လည်း ဖြိုလဲနိုင်မည့် သက်သေကို ရှာဖွေရတာ မလွယ်ပေ။ လက်ရှိမှာတော့ အထောက်အထား အတော်များများပြင်ဆင်ပြီးပြီဆိုပေမယ့် ပြသာနာရဲ့အဆုံးသတ်ကိုရောက်ဖို့ ကျန်ရှိနေသည့် တစ်ခုတည်းသော လိုအပ်ချက်က ဒေါ်ဧကရီ။
သက်သေအထောက်အထားအားလုံးနဲ့ ရင်ဆိုင်ဖြေရှင်းပြီဆိုလျှင် ဥာဏ်များတတ်သူက သူ့လက်ထဲရှိနေသည့် ဒေါ်ဧကရီကို တစ်ခုခုဒုက္ခပေးလိုက်နိုင်သည်လေ။ သွေးသားသံယောဇဥ်ဆိုတာလည်း မသိဘဲ လိုချင်တပ်မက်မှုကိုသာ အခြေခံသည့် နှလုံးသားပဲမဟုတ်လား...။
""ကိုကို""
""ဟင်..အိန်ဂျယ်လ်လေး နိုးလာပြီလား
လာ!...မျက်နှာသစ်ရအောင်""
အနားသို့ သွားကာ လက်ဆွဲခေါ်တော့ အိပ်မှုန်စုံမွှားရုပ်လေးဖြင့် အသာတကြည် ထရပ်ရင်း နောက်ကပါလာလေ၏။
""ညက အိပ်လို့ပျော်တယ်မဟုတ်လား""
""ဟုတ်""
""အိန်ဂျယ်လ်...နောက်ဆို ညကလိုမျိုး စိတ်ထင်ရာတွေ လျှောက်မလုပ်ရဘူးနော် ကြားလား...ကိုကို ဘယ်လောက်ရင်ပူသွားတယ် မှတ်လဲ""
ထိုစကားကြောင့် ဖွဲ့ ခြေလှမ်းကို ရပ်၍ခေါင်းလေးငုံ့ကာ ငြိမ်သက်သွားမိ၏။ ရင်ပူတယ်ပဲရှိရသေး...ပြောတော့ဖြင့်လည်း သူကမှမယုံဘဲ။ ကြာလာတော့ ဖွဲ့ ကိုယ့်ကိုကိုယ်တောင် ရူးနေပြီထင်လာတာပါ။ ညကဆိုရင် ကြောက်လွန်းလို့ ကိုယ်တိုင်တောင် ဘာလုပ်မိမှန်းမသိဘဲ လက်ရှိအခြေအနေကိုသာ မြန်မြန်မေ့ပစ်လိုက်ချင်သည့်စိတ်ကြောင့် လုပ်မိလုပ်ရာတွေ လျှောက်လုပ်ပစ်သည်အထိ။ နောက်တော့မှ သူ့ကြောင့် အိပ်ပျော်သွားရတာပင်။
""ကဲ! ထားပါတော့...ကိုကိုက ဆူတာမဟုတ်ဘူး
ပြောပြတာ...မင်း တစ်ခုခုဖြစ်သွားရင် ကိုယ်ဘယ်လိုနေရမှာလဲ""
""နေချင်သလိုသာနေ
ရှင်က တခြားသူနဲ့လည်းပျော်နိုင်တာပဲဟာ""
အထိနာစေသော စကားကြောင့် သူ ရုတ်တရက်ဆွံ့အ သွားရပေမယ့် ဘာကိုရည်ရွယ်မှန်းသိနေ၍ မငြင်းခုံဖြစ်ပေ။ ဒီလိုမျိုး အထင်ရောက်အောင် သူပဲ ဖန်တီးမိတာမဟုတ်လား...။ အမှန်ကို သိလာတဲ့အခါတော့ သူမ နားလည်မှာပါလေ...။
""မဟုတ်ပါဘူးကွာ
ဒီကလေး ဘာတွေလျှောက်တွေးနေတာလဲ""
""လျှောက်မတွေးဘူး...မြင်နေတာလေ
ကိုကိုနဲ့လေညှင်း...""
""ဒေါက်...ဒေါက်!""
""သခင်မလေး...ကျမတို့ပါ""
စကားပြောနေရင်းမှ တံခါးခေါက်သံကြောင့် ဆက်မပြောဖြစ်ပြန်။ သူက အခန်းတံခါးကို သွားဖွင့်ပေးလိုက်တော့ အစေခံနှစ်ယောက်ရဲ့ လက်ထဲ၌ လေးထောင့်ပုံစံဗူးတွေကို သယ်လာတာတွေ့သည်မို့...
""ဘာတွေလဲ""
""မနက်ဖြန်ကျရင် သခင်မကြီးရဲ့ (၄၅)နှစ်ပြည့်မွေးနေ့ပွဲနဲ့ 'Golden Ruby'Hotelရဲ့ ဝန်ထမ်းတွေအတွက် နှစ်ပတ်လည် ညစာစားပွဲကျင်းပမှာပါ...နေရာက GR Hotelမှာပါပဲ..ဒါတွေက သခင်လေးနဲ့သခင်မလေးအတွက် ဝတ်ရမယ့်အဝတ်အစားတွေ လာပို့တာပါ...သခင်မကြီးကိုယ်တိုင် ရွေးပေးတဲ့လက်ဆောင်ပါ...ပြီးတော့ နှစ်ယောက်စလုံး မဖြစ်မနေတက်ရမယ်လို့ မှာလိုက်ပါတယ်""
အရှည်သဖြင့် ရှင်းပြပြီးနောက် အစေခံတွေက ပြန်ထွက်သွားလေ၏။ လူသိခံမည့်ပွဲမှာတော့ အများရှေ့ အရုပ်လိုနေပြဖို့ မဖြစ်မနေပွဲထုတ်သည်ပေါ့။ အဝတ်အစားနဲ့ လက်ဝတ်ရတနာတွေကို ကြည့်ကာ ဖွဲ့ တွေတွေလေး ထိုင်နေမိ၏။ ဟုတ်တယ်...မေမေ့မွေးနေ့က မနက်ဖြန်ပဲ...စိတ်တွေများနေတာနဲ့ မေ့နေမိတာ။ လူစားဝင်ထားတယ်ဆိုတော့ မွေးနေ့ကိုပါ တထပ်တည်းလုပ်ရတာပေါ့လေ..။
""အိန်ဂျယ်လ်
ဘာမှတွေးမနေနဲ့...ကိုကိုရှိတယ်
လာ! မျက်နှာသစ်..ပြီးရင်မုန့်စားမယ်""
ဝတ်စုံတွေကို ကြည့်ကာ ခပ်ငိုင်ငိုင်လေးဖြစ်သွားသော အိန်ဂျယ့်လ်ကို ပခုံးလေးမှ ဖွဖွဆုပ်ကိုင်ရင်း စိတ်ကြည်အောင်သာ အမျိုးမျိုးဖြေသိမ့်ပေးနေမိ၏။
ရိုးရိုးရှင်းရှင်းလေးပါပဲ ကလေးရယ်...
ဘာကိုမှမကြောက်နဲ့...မစိုးရိမ်နဲ့!
မင်းအနားမှာ ကိုယ်တစ်ယောက်လုံးရှိတယ်
ကိုယ်က ယုံကြည်လို့ရပါတယ်...။
~~~~ 🍁🍁🍁🍁 ~~~~
'Golden Ruby'အမည်ရှိတဲ့ Hotelက ပြင်ဦးလွင်မြို့မှာ အထင်ရှားဆုံးhotelတစ်ခုဖြစ်တာမို့ ဒီနေရာမှာ ပြုလုပ်သည့် အခမ်းအနားတိုင်းဟာလည်း လူသိများသည်။ ပြီးတော့ ယခုကျင်းပနေတာသည် 'ရွှေပတ္တမြား'လုပ်ငန်းစုပိုင်ရှင်ရဲ့ မွေးနေ့ပွဲဖြစ်ပြီး ဝန်ထမ်းတွေအတွက်လည်း နှစ်ပတ်လည် partyပွဲလုပ်ပေးခြင်းမို့ ပွဲတက်သူတွေကတော့အများသားပင်။ လာဖို့ပြောထား၍သာ ထိုင်နေရပေမယ့် ဖွဲ့ ဘာမှလည်းစိတ်မဝင်စားမိပါ။ ထောင့်ကျသည့် စားပွဲလေးတစ်ခုမှာထိုင်ရင်း လာနှုတ်ဆက်သူတွေကို အလိုက်သင့်ပြုံးပြမိရုံသာ..။
""အိန်ဂျယ်လ်...လူတွေရှုပ်နေတာဆိုတော့ ခေါင်းမူးရင် ကိုကို့ကိုပြောနော်""
""ဟုတ်""
""ကိုကို!
ကိုကိုကလည်း ဘာလို့ဒီမှာပဲထိုင်နေတာလဲ
လာ...လေညှင်းနဲ့ သွားသောက်ရအောင်""
""နေပါစေ..မင်းဘာသာသွား""
""ဟာ! မရဘူးကွာ
ကိုကိုလာရမယ်...ဘာလဲ ကိုကို မိန်းမကိုကြောက်လို့လား""
ဖွဲ့နဲ့အတူရှိနေတာကိုပင် အရေးမစိုက်။ ငွေရောင်တွေ တလက်လက်ဖြစ်နေသည့် ဂါဝန်ရှည်ကို လှလှပပလေး သိမ်း'မ'ကာ ကိုကို့လက်ကိုအတင်းဆွဲခေါ်နေသည့် လေညှင်းကြောင့် ဖွဲ့ စိတ်တွေမရှည်ချင်တော့ပေ။ လူအများကြား မရှက်မကြောက်ပင် သူများ ခင်ပွန်းကို သရုပ်ပျက်စွာ လာဆွဲရဲသည့် လုပ်ရပ်ကိုလည်း အံ့သြမိ၏။ ပိုလို့ အံ့သြစရာကောင်းသည်က ကိုကို..။နှစ်ခါ ခေါ်တော့ ငြင်းဆန်ခြင်းမပြုဘဲ အလိုက်သင့်ထရပ်ပြီး ဖွဲ့ ဘက်လှည့်ကာ ပြောသွားသည်က 'ခဏနော်'တဲ့! ဒီပုံစံတွေက ဘာလဲ...သူတို့အချင်းချင်း ရင်းနှီးမှုတွေဘယ်လောက်တောင်ရှိနေတာလဲ??
ရုတ်တရက် ပူလောင်သွားသော အတွေးကြောင့် ရှေ့ရှိ ရေဖန်ခွက်လေးကို ကောက်မော့ကာ အတွေးတွေများနေမိရင်း တဆက်တည်းမှာပဲ ခေါင်းက တရိပ်ရိပ်မူးလာတာကြောင့် ငြိမ်ငြိမ်လေးသာထိုင်နေလိုက်မိသည်။
စိတ်တွေ ကျဥ်းကျပ်လိုက်တာ...
ဒီပွဲ မြန်မြန်ပြီးသွားပါစေတော့။
တောင်းသည့်ဆုပြည့်ဖို့ နောက်နှစ်နာရီလောက်ကြာခဲ့လေ၏။ လူတွေကြားမှာ ကိုကိုနဲ့လေညှင်း ရယ်မောကာ စကားပြောနေတာကိုလည်း လှမ်းမြင်နေရပါသည်။ တဖြေးဖြေးနဲ့ အသံတွေကလည်း ပိုဆူညံကာ လူတွေပိုရှုပ်လာသည်မို့ ကြာလေလေ မြင်ကွင်းတွေက နှစ်ထပ်လိုဖြစ်ပြီး မလှုပ်ဘဲထိုင်နေတာတောင် ပင်ပန်းလာသလိုပါ။
အိမ်ကိုပြန်လာသည့် လမ်းတစ်လျှောက်လည်း လေညှင်းက သောက်လာသည့် အရှိန်ကြောင့် မူးနေပုံဖြင့် ကိုကို့လက်ကို မလွှတ်တမ်းချိတ်တွယ်လျက်ပါလာလေ၏။
""သမီး! ခဏနေဦး
မေမေနဲ့စကားပြောရအောင်""
အိမ်ပေါ်လှမ်းတက်မည်အပြုမှာ ခေါ်သံကြောင့် ခြေလှမ်းတုံ့သွားရ၏။ လေညှင်းက သူ့အခန်းဆီတက်သွားပြီဖြစ်ကာ ကိုကိုကတော့ ဖွဲ့အနားကိုလျှောက်လာသဖြင့်...
""သားက အပေါ်တက်နှင့်ပါ
သမီးလေးကို ခဏလေးပဲ စကားပြောမှာ""
""ကိုကို...သွားနှင့်နော်
ဖွဲ့ အခုပဲလာခဲ့မှာ""
""အင်း!""
သူ့ဇနီးလေးက လှည့်ပြောလိုက်မှ ခေါင်းငြိမ့်ပြကာ အပေါ်ထပ်တက်သွားလေ၏။ ဒီတော့မှ ဒေါ်ကေသရီရဲ့နှုတ်ခမ်းထက် ကျေနပ်စွာပြုံးလိုက်မိသည်က ကောက်ကျစ်မှုအပြည့်နှင့်...။
""ဖွဲ့ ကိုဘာပြောမလို့လဲ""
""အဟင်း...စောစောကပွဲမှာတွေ့ခဲ့တဲ့မိတ်ဆွေတွေက သမီးနဲ့ပတ်သက်ပြီးမေးနေကြတာ...အဲ့ဒါ.........""
ဘာမှရည်ရွယ်ရာမရှိသည့် စကားတွေကို အစီအရီပြောနေသည်မှာ အချိန်ဆွဲလိုခြင်းသက်သက်ပင်။အကြောင်းကတော့...
~~~~🍁~~~~
""ကျွီ!""
""အိန်ဂျယ်လ်...သူကဘာပြောတာလဲ?""
အခန်းထဲပြန်ရောက်တော့ ရေချိုးပြီး အဝတ်အစားလဲရန် ပြင်နေစဥ် အခန်းတံခါးဖွင့်သံကြောင့် အိန်ဂျယ်လ် ဝင်လာတယ်လို့သာ ထင်လိုက်ပြီး နောက်သို့ပင် လှည့်မကြည့်ဘဲ မေးခွန်းထုတ်လိုက်ပေမယ့် ဖြေသံမကြားရပေ။ ထို့နောက် ရေချိုးပြီးစမို့ အပေါ်ပိုင်းအဝတ်ဗလာဖြစ်နေသည့် ခန္ဓာကိုယ်ကို အနောက်မှသိုင်းဖက်ခံလိုက်ရကာ တဆက်တည်းမှာပဲ ကြားလိုက်ရသည့် စကားသံက...
""ကိုကို...အရမ်းချောတာပဲ""
အသံကြားသည်နှင့် အိန်ဂျယ်လ်မဟုတ်ဘူးဆိုသော အသိကြောင့် ရင်ဘတ်ထဲ ဒိတ်ခနဲဖြစ်သွားကာ ချက်ချင်းရုန်းထွက်လိုက်မိ၏။ထို့နောက် အင်္ကျီတစ်ထည်ကို အမြန်ဆွဲယူကာ ဝတ်လိုက်ရင်း...
""မင်း ဒီအခန်းထဲ ဘာဝင်လုပ်တာလဲ""
""အို! ကိုကိုကလည်း လေညှင်းနဲ့ရှင်က ရင်းနှီးနေပြီပဲ...အဲ့လိုခွဲခြားနေဦးမှာလား""
""ကျစ်! မင်းမူးနေရင် အေးဆေးနေ
တရားလွန်မလာနဲ့""
""ကိုကို...အရင်နေ့တွေကကျ ဒီလေသံမဟုတ်ပါဘူး""
ပျစ်ချွဲချွဲလေသံဖြင့် ကနွဲ့ကလျပြောရင်း လူကိုအတင်းလာဖက်နေလေ၏။ သူမသည်လည်း ညဝတ်အင်္ကျီခပ်ပါးပါးကို မလုံ့တလုံဝတ်ဆင်ထားကာ မူးနေသည့်ပုံစံဖြင့် မျက်လုံးတွေက ရီဝေဝေ။ ဖက်ထားရာမှ တစ်ဆင့် ကြယ်သီးမတပ်ရသေးဘဲ ပွင့်ဟနေသည့် ရင်ဘတ်နေရာကို လက်ဖြင့်ပွတ်သပ်ရင်း မြှူသလိုလိုကြည့်လာ၏။ အလင်းလည်း ထိုလုပ်ရပ်ကို စက်ဆုပ်လွန်းစွာပင် ဖက်ထားသည့်လက်တွေကို ခွာထုတ်လိုက်ပြီး...
""ထွက်သွား!""
""မသွားနိုင်ပါဘူး...လေညှင်းက ကိုကို့ကိုချစ်လို့ပါ နည်းနည်းလေးတောင်အခွင့်အရေးမပေးချင်ဘူးလား""
""မင်းကို သွားလို့ပြောနေတယ်
မင်းနဲ့ငါ့ရဲ့ပတ်သက်မှုက အတိုင်းအတာရှိတယ် လေညှင်း...ဒါမျိုးလာမလုပ်နဲ့...ငါစိတ်မဝင်စားဘူး""
""ဟာ..မသိဘူးကွာ
ကိုကို့ကို လေညှင်းပိုင်ချင်တယ် ဒါပဲ
ကျန်တာဘာမှမသိဘူး""
ပြောရင်းဆိုရင်းကပင် သူမက အတင်းတိုးကပ်၍ ရင်ဘတ်နဲ့ လည်ပင်းတစ်ဝိုက်ကို လာနမ်းနေလေ၏။ တွန်းထုတ်သည်ကိုပင် အရေးမစိုက်သည့် လေညှင်းနဲ့ အတင်းငြင်းဆန်သည့် သူ ရုန်းရင်းဆန်ခတ်ဖြစ်နေစဥ် အလှမ်းမတော်သည့် ခြေလှမ်းကြောင့် နှစ်ယောက်လုံးအရှိန်လွန်ကာ လဲကျသွားသည်က အိပ်ယာထက်ဆီသို့..။
ထိုစဥ်မှာပဲ အခန်းတံခါးက ပွင့်လာကာ ပေါ်လာသည့် ပုံရိပ်လေးက အိန်ဂျယ်လ်ဆိုသော သူ့နှလုံးသား။ မယုံနိုင်စွာကြည့်လာသည့် မျက်ဝန်းတို့၌ မျက်ရည်တို့ ချက်ချင်းပြည့်အိုင်လာကာ...
""ကိုကို""
""အိန်ဂျယ်လ်...မဟုတ်ဘူးနော်
ကိုကိုရှင်းပြမယ်""
သူ ဖွဲ့ အနားသို့ ပြေးလာသည်အထိ အိပ်မက်ဖြစ်စေဖို့သာ ဆုတောင်းမိပါသည်။ သို့သော် ထိတွေ့လို့ရနေသည့် ခံစားချက်ကြောင့် ဆုတောင်းက မပြည့်ခဲ့။ အခန်းထဲမှာ ကိုကိုနဲ့ သူရှိနေသည့် မြင်ကွင်းကြောင့် နှလုံးသားတစ်ခုလုံး ပဲ့ကြွေသွားသလို ကွဲရှနာကျင်ခြင်းမှာ အသက်ပင် ပါသွားလုမတတ်။ တမြေ့မြေ့နာကျင်ကာ အခါတစ်ရာမက သေဆုံးရသလို နာကျင်မှုမျိုး ဤကမ္ဘာမှာ တကယ်ရှိသည်ပဲ...။
""အိန်ဂျယ်လ်
ကိုကို့ကိုကြည့်...ကိုယ်က..""
""ရတယ်...ကိုကို
ဖွဲ့ က အဲ့လိုပဲ အမြင်တွေပုံမှန်မဟုတ်ဘူးလေ..သိတယ်မလား...အဲ့ဒါကြောင့်ပါ...ခုနမြင်လိုက်တာတကယ်မဟုတ်ဘူးမလား""
""ဘာလို့မဟုတ်ရမှာလဲ...နင်မသိလို့
ငါနဲ့ကိုကိုက အဲ့လိုပဲ ရင်းနှီးတယ်""
အနောက်မှရောက်လာကာ ကြားဝင်ဖြေလိုက်သူကြောင့် အခြေအနေက ပိုကြီးသွားရသည်။ အိန်ဂျယ်လ်က သူ့ကို တစ်လှည့်ပြန်ကြည့်လာရင်း...
""ဘာလို့လဲ ကိုကို
ဖွဲ့ကို မချစ်တော့လို့လား""
""မဟုတ်ဘူး...မဟုတ်ပါဘူး ကလေးရယ်""
""ကိုကိုက နင့်ကိုချစ်ပါတယ်
ပြီးတော့ ငါ့ကိုလည်းချစ်တယ်...ဘာလဲ မရဘူးလား""
""....""
""ဖြစ်နိုင်တာကတော့ နင့်စိတ်က ပုံမှန်မဟုတ်လို့ သူလည်းစိတ်ကုန်တာနေမှာပေါ့""
ရှင်းပြဖို့ပင် အချိန်မရဘဲ ဇွတ်ဝင်ပြောနေတာမို့ အလင်း ဒေါသတွေပေါက်ကွဲလာရလေ၏။
""တောက်! တော်တော့ လေညှင်း
မဆိုင်တာတွေမပြောနဲ့...မင်း သွားတော့""
""ထားလိုက်ပါ...အခုရှင်ရွေးထားတာ သူ မဟုတ်လား...ဖွဲ့ သွားမယ်""
""အိန်ဂျယ်လ်!""
""ကိုကို!""
သူ့ရှေ့မှ ငိုယိုကာ ပြေးထွက်သွားသည့် အိန်ဂျယ်လ့်နောက် ပြေးလိုက်ရန်ပြင်နေစဥ် လေညှင်းက လက်ကို အတင်းဆွဲထားပြန်ကာ...
""မသွားပါနဲ့
သူ့ကို လွှတ်ထားလိုက်...ဒီနေ့တော့ လေညှင်းနဲ့ပဲ နေပါနော်""
""လေညှင်း..မင်း...""
""ဟယ်! သခင်မလေး...!!""
""လာကြဦး...ဒီမှာ သခင်မလေးဘာဖြစ်လဲမသိဘူး
လဲကျသွားလို့""
""အိန်ဂျယ်လ်!!""
အောက်ထပ်က အော်သံတွေကြောင့် သူချက်ချင်းပြေးဆင်းပေမယ့် မလွှတ်တမ်းဆွဲနေသည့် လေညှင်းကြောင့် နှောင့်နှေးနေရသည်မို့ စိုးရိမ်လွန်းသည့်စိတ်၊ဒေါသစိတ်တို့ အမြင့်ဆုံးဆောင့်တက်ကာ လက်သီးကို ကျစ်ကျစ်ပါအောင်ဖိဆုပ်လိုက်မိသည်။ ထို့နောက်...
""သူတစ်ခုခုဖြစ်ရင် မင်းကို ငါခွင့်မလွှတ်ဘူး လေညှင်းသွဲ့သာ...မင်းနဲ့ကိစ္စနောက်မှပြောမယ်""
ပြောပြီးသည်နှင့် လက်နှစ်ဖက်စလုံးကို အားဖြင့်ဆောင့်ရုန်းလိုက်ပြီး လျင်မြန်စွာ ပြေးထွက်ခဲ့သည်က အိန်ဂျယ့်လ်ဆီသို့...။
~~~~ 🍁 ~~~~
ညနက်နေပြီဖြစ်ပေမယ့် အိန်ဂျယ်လ် သတိလစ်နေသည့် ကိစ္စကြောင့် စံအိမ်ထဲလူရှုပ်သွားရလေ၏။ အလင်းသည်လည်း စိတ်ပူပန်စွာ ဘာလုပ်လို့ ဘာကိုင်ရမှန်းပင် မသိ။ စိုးရိမ်စိတ်ဖြင့် နိုးမလာသေးသည့် သူမ မျက်နှာကိုသာ ကြည့်ရင်း ကိုယ့်ကြောင့်ဆိုသည့် ယူကျုံးမရစိတ်ကလည်း တိုးဝင်နှိပ်စက်၍ လက်ဖဝါးလေးတစ်ဖက်ကို ဆုပ်ကိုင်ထားလျက်ကပင် ဘာမှမတတ်နိုင်သည့် အခြေအနေကြောင့် ယောကျ်ားတန်မဲ့ မျက်ရည်ကျချင်သည်အထိ။
""ဒေါက်တာ... သမီးကဘယ်လိုဖြစ်တာလဲ?""
""အရမ်းအားနည်းနေတယ်...ပြီးတော့ Congraulationပါ""
""ရှင်! ဘာ...ဘာအတွက်လဲ ဒေါက်တာ""
""မကြာခင်မှာ စံအိမ်အတွက် အမွေခံမျိုးဆက်သစ်လေးရောက်လာတော့မှာပါ""
""ဗျာ!""
ဒီတစ်ခါမှာတော့ အံ့သြဝမ်းသာသွားရသူက အလင်းနှစ်။ ဆရာဝန်ရဲ့အဖြေစကားနောက် ဘာစကားမှမဆက်နိုင်တော့အောင်ပင် ဆွံ့အသွားကာ ရင်ထဲနူးညံ့နွေးထွေးစွာ စီးဆင်းလာသည့် ခံစားချက်က အမည်ဖော်၍ပင်မရ။
""သမီးလေးက စိတ်ဖိစီးတာတွေများလွန်းတယ်
စိတ်ပိုင်းဆိုင်ရာမထိခိုက်ရအောင် မိသားစုကသေချာဂရုစိုက်ပေးပါ...ကိုယ်ဝန်က ၄ပတ်ပဲရှိသေးတာမို့ အရမ်းဂရုစိုက်ရမယ့်အချိန်ပါ...လနုတဲ့အပြင် မိခင်ကအားနည်းနေရင် ကလေးအတွက်အဆင်မပြေနိုင်ဘူး""
""ဟုတ်ကဲ့..ကျမတို့အားလုံးဂရုစိုက်ပေးပါမယ်""
တစ်ဖက်မှာ စကားသံမထွက်နိုင်အောင် အံ့သြပျော်ရွှင်နေသလောက် ဒေါ်ကေသရီနဲ့လေညှင်းကတော့ မပျော်နိုင်ပေ။ ရှင်းချင်ပါတယ်ဆိုမှ အရှုပ်တွေသာ တစ်ခုပြီးတစ်ခုခေါ်သွင်းနေတာပါလား..မုန်းမဖွဲ့သာ...။ဒီလိုဆို အလင်းနှစ် နင့်ဘေးကထွက်သွားအောင် ဘယ်လိုဆက်လုပ်ရတော့မှာလဲ...။
ခက်တာပဲ...မုန်းမဖွဲ့သာ
ကိုကို့ကို အပိုင်ရချင်ပါတယ်ဆိုမှ သူ့ကလေး နင့်ဆီမှာရှိနေရင် ငါ့ကိုစိတ်လည်ပါတော့မလား...။ကိုကိုနဲ့ငါ အဆင်ပြေခါနီးမှ ဘာလို့များ ဒီကလေးက အချိန်ကိုက်ရောက်လာရတာလဲ..။
ကလေးရဲ့တည်ရှိမှုကိုသိရသည်နှင့် တပြိုင်နက်ထဲတွေးနေကြသည့် အတွေးများက ဤမျှအထိ ညင်သာမှု ကင်းမဲ့နေသည်ကို သတိမရသေးသည့် ဖွဲ့ကတော့ သိနိုင်လိမ့်မည်မဟုတ်ပေ။
~~~~ 🍁🍁🍁🍁 ~~~~
Continue to>>>Part-25
Readers/Writersလေးတွေအားလုံးက VIPပါ
Writer-WineSatt Cho(🍋Lëmoñ🍋)