book

Index 23

Part-[ 23 ]

🍁ကြင်နာသူ ... ရွှေမင်းသား🍁

                            (or)

         🍁 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။🍁


      ••••••••••• Part-[ 23 ] •••••••••••


ပတ်ဝန်းကျင်တစ်ခုလုံးတွင် လိုအပ်သည်ထက်ပို၍ တိတ်ဆိတ်ငြိမ်သက်လွန်းနေပြီမို့ ဖွဲ့ မျက်လုံးတို့ကလည်း ဖျတ်ခနဲပွင့်သွားရလေ၏။ ညရောက်ပြီ ဟူသော အသိကြောင့် ချက်ချင်းပင် ထထိုင်၍ အပြင်ဘက်ကို အကဲခတ်ကြည့်တော့ အတော်လေး ညနက်နေပြီဖြစ်ကာ အချိန်အားဖြင့် မနက်( ၂ )နာရီ ။ အခုဆို ဖွဲ့ ညဘက်တွေ လုံးဝအိပ်မပျော်တော့ပေ။ ဘယ်သူ့ကိုမှ မယုံနိုင်သော သံသယစိတ်က ရင်ထဲ ကြီးစိုးနေသလို ဘာမှန်းမသိသည့် အရိပ်တွေက အမြဲခြောက်လှန့်နေပြီးခဏလေးသတိလွတ်သည်နှင့် တစ်ယောက်ယောက်အနားကပ်လာမှာကိုပင် စိုးကြောက်မိသည်။ နောက်တစ်ခုက ခြံထဲမှာတွေ့ခဲ့ရသော အသံနဲ့အရိပ်တွေရဲ့ ဆန်းကြယ်မှုကို ညဘက်ရောက်တိုင်း ဖွေရှာ နားစွင့်နေမိ၏။


ယခုလည်း ထပ်ရှာဦးမည်မို့ ကုတင်ထက်မှ ဆင်းကာ ထရပ်လိုက်မိသည်။ ဘေးမှာတော့ ကိုကိုက အိပ်ပျော်နေလေပြီ။ သူ ကိုယ်တိုင်က မယုံကြည်မှတော့ တခြားသူတွေအမြင်မှာ စိတ်ရောဂါသည်ဖြစ်ရတာ မဆန်းတော့ပေ။ သို့ပေမယ့် ဖွဲ့ကတော့ ကိုယ့်ကိုကိုယ် ယုံနေဆဲပါ...အဲ့ဒီညက အရိပ်တွေဟာ အိပ်မက်မဟုတ်သလို...ထင်ယောင်ထင်မှားလည်း မဟုတ်ခဲ့။


အခန်းတံခါးကို ဖြေးညှင်းစွာ ဖွင့်၍ အောက်ထပ်သို့ဆင်းလာခဲ့ပြန်၏။ အိမ်ထဲမှာတော့ မီးရောင်မှိန်မှိန်လေးတွေ ထွန်းထားသည်မို့ လှေကားမှ အခက်အခဲမရှိ ဆင်းကာ အိမ်တံခါးကိုဖွင့်လိုက်ပြီး ခြံထဲဘက်ထွက်လာခဲ့သည်။ ဟိုနေ့က တွေ့ခဲ့တာလည်း ဒီအချိန်လောက်ပဲမဟုတ်လား...။ ထူးဆန်းသည်က အဲ့ဒီ့နေ့နောက်ပိုင်း ဘာအရိပ်အယောင်ထပ်မတွေ့ရတော့ခြင်းပင်။ တွေ့လိုက်တဲ့ လူရိပ်တွေက ခပ်များများရယ်... ဒီလူတွေက အိမ်ထဲကို ဘယ်ကရောက်လာတာလဲ...အိမ် ခြံစည်းရိုးနဲ့ အုတ်တံတိုင်းကလည်း အမြင့်ကြီးလေ...။


ညနက်ကြီးမှာ ကျယ်ဝန်းလှသည့် ခြံကြီးထဲ ပတ်လျှောက်ကာ စူးစမ်းရင်း စဥ်းစားရင်းဖြင့် နောက်ဆုံးရလိုက်သည့် အတွေးကြောင့် ခြေလှမ်းတို့ပင် တုံ့ခနဲရပ်မိသွား၏။


""ဧကန္တ လျှို့ဝှက်လမ်းလား""


ဟုတ်သည်...။ ဖွဲ့ ဒါကို မေ့နေခဲ့ပါသည်။ ဤမျှကြီးမားသည့် စံအိမ်ထဲ လျှို့ဝှက်အပ်သည့် နေရာလည်း ကျိန်းသေရှိမှာပင်။ ဒါဆို ထိုနေရာက ဘယ်မှာ ရှိလဲ...ဘယ်နားမှာဖြစ်နိုင်မလဲ??


အဖြေတော့ မရသေးပေမယ့် လောလောဆယ်မှာ သင့်တော်သည့် အတွေးတစ်ခုကြောင့် အိမ်ထဲဘက်ပြန်ဝင်လာခဲ့သည်။ ညက မှောင်နေ၍ လိုက်ရှာရန်လည်း မလွယ်ကူပေ။ ပြီးတော့ ရှိခဲ့ရင်လည်း အိမ်ထဲမှာပဲ ဖြစ်လောက်သည်ဟု တွေးမိ၍ပင်။


""မုန်းမဖွဲ့ ...""


အိမ်ထဲပြန်ရောက်သည်နှင့် တံခါးကို အသံမထွက်အောင် ပိတ်လိုက်ပြီး အပေါ်သို့ ပြန်တက်မည်အပြု အနောက်မှကြားလိုက်ရသော အေးစက်စက် ခေါ်သံကြောင့် ဖွဲ့ ကျောချမ်းကာ လန့်တုန်သွားရသည်။ အသံလာရာကို ပြန်လှည့်ကြည့်တော့ ခပ်တည်တည်မျက်နှာဖြင့် ရပ်ကာ စူးစူးရဲရဲစိုက်ကြည့်နေသော ကြောက်မက်ဖွယ် မျက်လုံးများဖြင့် ဆုံရလေ၏။


""ဒီလောက် ညနက်ကြီး ခြံထဲ ဘာဆင်းလုပ်တာလဲ...ဘာသွားရှာတာလဲ?""


""ဘာမှမရှာပါဘူး ဟို!...ဖွဲ့ အိပ်မပျော်လို့ပါ""


""အိပ်မပျော်ဘူး?

လူက လူအိပ်ချိန်မအိပ်ဘူးဆိုတော့ တစ်ခုခုတော့လွဲနေပြီထင်တယ်...နင့်ကိုကြည့်ရတာ ပုံမှန်မဟုတ်သလိုပဲ""


""ဖွဲ့ ...ဘာမှမဖြစ်ပါဘူး

အားလုံးပုံမှန်ပဲ""


""သေချာလို့လား

ထင်ယောင်ထင်မှားတွေဖြစ်ပြီး သံသယလွန်ရောဂါရနေတာ မဟုတ်ဘူးလား""


""မဟုတ်လောက်ပါဘူး

သံသယလွန်ရောဂါဆိုရင် ရှင် ဒီလိုပူပန်နေမှာမဟုတ်ဘူး...မှန်လို့သာ ရှင်လည်း ဖွဲ့ တစ်ခုခုရှာတွေ့သွားမှာ စိုးရိမ်ပြီး စောင့်ကြည့်နေတာမဟုတ်လား""


""အဟင်း! စကားတွေကသိပ်တတ်နေပါလား

ခက်တာက နင်ပြောတဲ့ စကားတွေကို ဘယ်သူမှမယုံတာလေ...""


သူ့စကားကို ဘာမှခွန်းတုံ့ပြန်မနေတော့ဘဲ အခန်းဆီသို့သာ ဆက်တက်လာခဲ့တော့၏။ ပြောနေလည်း မထူးတော့ပြီလေ...ကိုယ့်မှာမှ သက်သေမရှိသေးဘဲကိုး!


"".....""


ပြောသည့်စကားကို ဘာမှထပ်မချေပတော့ဘဲ ထွက်သွားတဲ့ မုန်းမဖွဲ့ကိုကြည့်ကာ ဒေါ်ကေသရီမှာတော့ မကျေနပ်မှုတွေများစွာဖြင့် ရပ်ကျန်ခဲ့ရလေ၏။ 


နင့်လို ကလေးသာသာကများ ငါ့ကိုစိန်ခေါ်ဝံ့တယ်လို့..။ နင့်အမေတောင် ငါထားရာနေပြီး ငါကျွေးမှ စားရသေးတာ...နင်က ဘာမို့လို့လဲ? နင့်စကားကိုလည်း အလင်းနှစ်တောင် မယုံတာ...ကျန်တဲ့ဘယ်သူက ယုံမလဲ? ဆက်သွားစမ်း! မုန်းမဖွဲ့ ... ငါ့လက်အောက်ကို အသာတကြည်ပြန်မဝင်ဘဲ ဆန့်ကျင်နေသရွေ့ နင့်ကို ထိတ်လန့်စရာတွေဆက်ပေးမယ်...။ကြောက်ရင်း လန့်ရင်း နင် တကယ်မဖြစ်သေးတဲ့ စိတ်ရောဂါရအောင်လုပ်ပေးမယ်...နင့်ဘေးကလူရော...ဒီစံအိမ်ထဲက လူတွေတင်မကဘဲ တခြားလူတွေအားလုံးက နင့်ကို အရူးလိုသတ်မှတ်ပြီး အားလုံးရဲ့အပယ်ခံဘဝနဲ့ပဲ နေသွား...။အဲ့ဒီနောက် နင့်ရဲ့ပိုင်ဆိုင်မှုတွေကိုတော့ ဒီ ဒေါ်လေးကပဲ စီမံခန့်ခွဲပေးပါမယ်ရှင်...။


""အဟက်!

ဟား...ဟား!""


~~~~ 🍁🍁🍁🍁 ~~~~


ညက အခန်းထဲပြန်ရောက်ပြီးနောက် စဥ်းစားရင်း တွေးရင်းဖြင့် မိုးလင်းမှသာ အိပ်ပျော်ခဲ့ရသည်။ အမှောင်ထု လုံးဝမရှိတော့ဘူးဆိုသည့် အချိန်မှသာ စိတ်ချပြီး အိပ်နိုင်၏။ ဖျတ်ခနဲ လန့်နိုးလာတော့ အနားမှာ ကိုကိုမရှိ။ ဘယ်ကို သွားလိုက်ပြန်ပြီလဲမသိပါ။ အခုတလော ကိုကိုက အရင်လိုမဟုတ်ပါလား...။


အခန်းရဲ့စားပွဲပေါ်ကို ကြည့်လိုက်တော့ ကော်ဖီနဲ့မုန့်တွေ တင်ထားတာတွေ့သည်။ ဘာမှလည်း စားချင်စိတ်မရှိသည်နှင့် ရေချိုးခန်းဝင်ကာ ရေချိုး၊အဝတ်အစားလဲပြီးမှ အပြင်သို့ထွက်ရန်ပြင်တော့ အခန်းတံခါးက ပွင့်မလာပေ။


""ဒုန်း...ဒုန်း!""


""အပြင်မှာ ဘယ်သူရှိလဲ

အခန်းတံခါးက ဘာလို့ဖွင့်မရတာလဲ""


""ကျမတို့ ရှိပါတယ် သခင်မလေး

တံခါးက အပြင်ကနေပိတ်ထားတာ...သခင်မကြီးရဲ့ အမိန့်ပါ...အပြင်ကိုထွက်လို့မရပါဘူး သခင်မလေး""


""ဘာကြောင့်လဲ

သူ ဘယ်မှာလဲ...သူနဲ့စကားပြောမယ်""


""သခင်မကြီးက companyသွားပါပြီ

ကိစ္စတချို့ကြောင့် Hotelဘက်လည်းသွားရဦးမှာမို့ ဒီနေ့နောက်ကျမှာပါ...သူ မလာမချင်း ဒါမှမဟုတ် သခင်လေး အလင်းနှစ် ပြန်လာမှ ဖွင့်ပေးလို့ရမှာပါ""


တံခါးအပြင်ဘက်ကနေပဲ ပြန်ဖြေလာသော စကားများကြောင့် ဖွဲ့ အံ့သြသွားရသလို နှုတ်ကလည်း ဆွံ့အကာ မျက်ရည်ဝဲတက်လာခြင်းကလည်း တပြိုင်နက်။


!လက်စသတ်တော့ ကိုကိုကပါ ဖွဲ့ကို ဒီအခန်းထဲ ပိတ်လှောင်ခဲ့သည်ပဲ!


""ဟင်!""


ဝမ်းနည်းစွာ တွေးတောမှုမှ မဆုံးသေးခင် ခြံထဲမှ ကားစက်နှိုးသံကို သဲ့သဲ့မျှကြားလိုက်၍ ဝရန်တာသို့ပြေးထွက်ကြည့်တော့ ကားထဲမှာ ခပ်ပြုံးပြုံးမျက်နှာဖြင့် ရှိနေသူက ကိုကိုဖြစ်ပြီး အလှဆုံးပြင်ဆင်လျက် အိမ်ထဲမှ ကျော့ကျော့မော့မော့လေး ထွက်လာကာ ကားပေါ်လှမ်းတက်ရင်း ကိုကို့ဘေးဝင်ထိုင်လိုက်သူက လေညှင်းသွဲ့သာ ။ နှစ်ယောက်စလုံးက ပြုံးရွှင်ရယ်မော၍ ကားလေးမောင်းထွက်သွားပြီး ခြံတံခါးကို ကျော်သွားသည်အထိ မျက်စိတဆုံးလှမ်းကြည့်ရင်း မယုံကြည်နိုင်၊နားမလည်နိုင်သော ခံစားချက်များဖြင့် ကျန်နေခဲ့သူ မျက်ဝန်းမှာတော့ မျက်ရည်အိုင်လေး ဖြစ်ထွန်းသွားခဲ့၏။


ဘာတွေ ဘယ်လိုဖြစ်ကုန်မှန်းပင် နားမလည်နိုင်ပေမယ့် လောလောဆယ်မှာတော့ နှလုံးသားတစ်ခုလုံး ပူပြင်းနာကျင်ရသည့် ခံစားချက်သာရှိနေသည်။ ကိုကို...။ သူက ဒီလို ပြောင်းလဲလွယ်တတ်တဲ့သူမျိုးမဟုတ်ပါဘူး...ဖွဲ့ကိုလည်း သိပ်ချစ်တာ သိပါတယ်...ဒါပေမဲ့ အခုအခြေအနေက ဘာလဲ။ ဘယ်လိုဖြစ်ရတာလဲ...။


ဘာမှမတတ်နိုင်တော့သည့် ခဏမှာတော့ အခန်းထောင့်လေးမှာ မီထိုင်ရင်း အသံတိတ်သာ ကျိတ်ငိုမိတော့သည်။


""ဖွဲ့ အနားမှာ ဘယ်သူမှမရှိဘူး ကိုကို...

ရှင်ကပါ ဒီလိုလုပ်ရင် ဖွဲ့  ဘယ်လိုရင်ဆိုင်ရမှာလဲ...သူတို့ပြောသလို ဖွဲ့ တကယ် ရူးသွားလိမ့်မယ်...ရူးသွားလိမ့်မယ်..ဟင့်! ဟင့်!""


တသိမ့်သိမ့်ရှိုက်ကာ ငိုကြွေးနေစဥ် ရုတ်တရက် ဖွဲ့ဆီသို့ ဦးတည်၍ တွန့်လိမ်ကာ လျှောတိုက်လာနေသော သဏ္ဌာန်တစ်ခုကို မျက်လုံးထောင့်စွန်းမှ ရိပ်ခနဲမြင်လိုက်ရတော့ ရင်ထဲ ကမ္ဘာပျက်မတတ်တုန်လှုပ်သွားရပြီး တဆက်တည်းမှာပဲ နေရာမှထရပ်ကာ...


""အား! မြွေ...မြွေကြီး

အခန်းထဲမှာ မြွေရှိတယ်...တစ်ယောက်ယောက်လာကြပါဦး!""


အလန့်တကြားဖြင့် တုန်ယင်စွာ အော်ခေါ်နေသော်လည်း ဘယ်သူမှဝင်မလာ။ ဟိုအကောင်ကသာ ဝရန်တာဘက်မှတဆင့် အခန်းထဲအထိ ဝင်လာနေလေ၏။ မြွေက အတော်ကြီးပြီး အစွယ်ကလည်း တလှုပ်လှုပ်နဲ့ထွက်နေသည့်ပုံစံမှာ အသည်းများပင် အေးခဲသွားမတတ်။ အခန်းက ကျယ်သည့်အတွက် အနည်းငယ်လှမ်းသေးသည့် အနေအထားမို့ ဖွဲ့လည်း အားတင်း၍ အခန်းတံခါးဆီ ပြေးသွားပြီး တဒုန်းဒုန်းထုရင်း...


""အပြင်မှာဘယ်သူရှိလဲ...တံခါးဖွင့်ပေးပါ

ဖွဲ့ ကြောက်လို့ပါ...အား!!""


""သခင်မလေး!""


အသံကုန်အောင် အော်လိုက်မှ အခန်းတံခါးက ပွင့်သွားပြီး အစေခံတွေပြေးဝင်လာကြလေ၏။ 


""သခင်မလေး...ဘာဖြစ်လို့လဲ""


""မြွေ...မြွေရှိတယ်

ဟိုမှာ...""


ဖွဲ့ မျက်လုံးတို့ကိုပင် ရွှေ့မကြည့်ရဲဘဲ တစ်ဖက်သို့သာ လက်ညှိုးညွှန်ပြလိုက်တော့ သူတို့က နားမလည်ဟန်ဖြင့် ပြန်ကြည့်လာကာ...


""ဘယ်မှာရှိလို့လဲ သခင်မလေးရဲ့

မရှိပါဘူး...သေချာလည်းကြည့်ပါဦး""


""ဟင်!""


ကိုယ် အသေအချာတွေ့လိုက်ပါလျက် မရှိဘူးဆိုသည့် အဖြေစကားကြောင့် အံ့သြစွာပြန်လှည့်ကြည့်တော့ တကယ်လည်း ထိုနေရာမှာဘာမှမရှိ။ ဖွဲ့ အမြင်မှားတာလား...ဟင့်အင်း! မဟုတ်ဘူး တကယ်မြင်ခဲ့တာ...ခုနက အခန်းထဲမှာတကယ်ပဲ မြွေရှိနေတာ...။


""ဘာမှမရှိဘူးနော်...သခင်မလေး

မဟုတ်မှ တံခါးဖွင့်ပေးအောင် တမင်အော်တာလား""


""ဟင့်အင်း..မဟုတ်ပါဘူး

တကယ်ရှိတာ...စောစောကလေးတင်တွေ့လိုက်တာ

အခန်းရဲ့တစ်နေရာမှာ ရှိနေတယ်ထင်တယ်...ရှာပေးပါ မြန်မြန်!""


မျက်ရည်တွေကျလျက် စွေ့စွေ့ခုန်ကာ ငိုကြွေးနေသည့် ဖွဲ့ကို သူတို့က အံ့သြသလိုကြည့်၍ စိတ်ကျေနပ်အောင်တော့ အခန်းရဲ့နေရာတစ်ချို့မှာ လိုက်ရှာပေးကြပါသည်။သို့သော် စောစောက အရိပ်အယောင်ကို ရှာ၍မရ။ ကြာလာတော့ မတွေ့မချင်း ရှာခိုင်းနေသည့် ဖွဲ့ကို အစေခံတွေက အကြည့်တစ်မျိုးဖြင့်ကြည့်လာသည်။ သဘောက မရှိတာကို အရှိလုပ်ပြောနေလို့ မယုံသလိုလို...ဖွဲ့ကပဲ ကယောင်ခြောက်ခြား မြင်ချင်ရာမြင်ပြီး လျှောက်အော်နေသလိုဖြင့် လှောင်ချင်သည့်ပုံစံ။


""ကဲ! ကျေနပ်ပါတော့ သခင်မလေးရယ်

ဘာမှကို မရှိတာပါ...စိတ်ကထင်တာဖြစ်မှာပါ""


ထိုသို့သာ ပြောပြီး အခန်းတံခါးကိုပြန်ပိတ်သွားလေ၏။ ဖွဲ့ကတော့ အလျှော့မပေးသေးဘဲ အခန်းထဲက နေရာအနှံ့ကိုတစ်ခေါက်ပြန်ရှာသည်။ ဘယ်လိုရှာရှာ မတွေ့သည့်နောက် ဖုန်းဆီသို့ပြေးသွားကာ နံပါတ်တစ်ခုကိုနှိပ်လိုက်ပြီး...တစ်ဖက်က ဖုန်းကိုင်လိုက်သည်နှင့် အားကိုးရှာသည့် မျက်ရည်တို့က ဒလဟော ကြွေဆင်းကာ...


""ဟင့်! ဟင့်!

ကိုကို...ဖွဲ့လေ..အိမ်မှာ......

...............""


~~~~ 🍁🍁🍁🍁 ~~~~


ဖုန်းကိုင်လိုက်သည်နှင့် တဖက်မှ ပျံ့လွင့်လာသည့် ရှိုက်ငိုသံလေးကြောင့် ရင်တွေဗြောင်းဆန်သွားရ၏။ တစ်ခုခုဖြစ်ပြီမှန်းသိပေမယ့် လေညှင်းက ဘေးမှာရှိနေ၍ လှုပ်လှုပ်ရှားရှားလုပ်လို့မဖြစ်တာကြောင့် စိတ်ကိုအတတ်နိုင်ဆုံးထိန်းကာ အကြောင်းအရာကို နားထောင်လိုက်ပြီးမှ...


""ဟုတ်ပြီ!...ကိုကိုသိပြီမို့လို့ မငိုနဲ့တော့

အခုပြန်လာခဲ့မယ်...""


'ပြန်လာခဲ့မယ်'ဆိုသောစကားကြောင့် လေညှင်း သူ့ကို အလိုမကျစွာ လှည့်ကြည့်မိသည်။ဘယ့်နှယ်လဲ...အခုမှ ထွက်လာတာလည်း မကြာသေးဘဲ မျက်ရည်ချူပြီး ပြန်ခေါ်နေပြီပေါ့လေ...။ဥာဏ်များလိုက်တဲ့ မိန်းမ...။


""လေညှင်း...စံအိမ်ပြန်ရအောင်""


""ဘာလို့လဲ...ကိုကိုရဲ့

ကိုကိုပြောတော့ shoppingလိုက်ပို့မယ်ဆို""


""အင်း...နောက်နေ့ပေါ့""


အလိုမကျပေမယ့် သူငြိုငြင်သွားမှာစိုး၍ ငြိမ်လျက်သာ ပြန်လာခဲ့ရသည့်အဖြစ် ။လက်ရှိအချိန်မှာ အလင်းနှစ်က ကိုယ့်အပိုင်မှမဟုတ်သေးတာကိုး။မကြာခင် ငါ အပိုင်ရမှ နင့်ကို ကိုကို့ဘေးကနေ ကန်ထုတ်ပစ်မယ် မှတ်...ဟွန့်!


~~~~🍁~~~~


""မဟုတ်ဘူး...ကိုကို ဖွဲ့ တကယ်ပြောနေတာ""


""ကိုယ် ဒီအခန်းတင်မဟုတ်ဘူး...တစ်အိမ်လုံး တစ်ခြံလုံးကို ရှာခိုင်းပြီးပြီ...တွေ့မှမတွေ့ဘဲ""


သူ ပြန်လာတော့လည်းအခြေအနေကအဲ့လိုပါ။ ဖွဲ့ ပြောတာ မဖြစ်နိုင်ဘူး၊မဟုတ်ဘူးဆိုသည့်စကားကိုသာ သူ့နှုတ်ဖျားက အခါခါပြောရင်း မယုံသင်္ကာမျက်လုံးအကြည့်တွေက ဖွဲ့ ကိုယ့်ကိုကိုယ် အားတင်းယုံကြည်နေမိသည့်စိတ်လေးကိုတောင် လာသတ်နေသလိုပင်။ ဒီလိုတွေအဖြစ်များလာတော့ ဖွဲ့ ကိုယ့်ကိုကိုယ်ပင် မယုံချင်တော့။ သူတို့ပြောနေသည့် သံသယလွန်စိတ်ရောဂါပင် တကယ်ဖြစ်နေလေသလား မသဲကွဲနိုင်တော့သည်အထိ။


""ထားလိုက်တော့

စိတ်အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်""


""သမီး!

အိမ်ကလူတွေ ဖုန်းဆက်လို့ မေမေချက်ချင်းပြန်လာခဲ့တာ...ဘယ်လိုတွေဖြစ်တာလဲ""


အခုမှပဲ အလွန်အမင်းစိတ်ပူနေသည့် ဟန်ပန်ဖြင့်ပြေးဝင်လာကာ နဖူးကိုစမ်းလိုက်၊ ပါးကိုကိုင်လိုက်လုပ်နေသူကို ဖွဲ့ မော့၍ပင်မကြည့်မိဘဲ ဝမ်းနည်းအားငယ်သည့် စိတ်ကိုသာအတတ်နိုင်ဆုံးထိန်းထားလိုက်မိသည်။ အခုအချိန်မှာ ဖွဲ့အဖြစ်က ဘာနဲ့တူနေသနည်း။ အားလုံးရဲ့ အမြင်မှာ စိတ်ဂနာမငြိမ်ဖြစ်နေတဲ့ ဝေဒနာသည်တစ်ယောက်လို့သာ ထင်ကြရော့မည်။ အနားမှာလူတွေအများကြီးရှိလျက် အထီးကျန်ဝမ်းနည်းရသည့် ဖြစ်အင်က တကယ်ကိုခံရခက်လွန်းလေစွ...။


""သြော်! ဒေါက်တာလည်းလာပြီ

ကြွပါရှင့်""


ဒေါက်တာဆိုသည်နှင့် ဘာဇာတ်ကိုထွင်ဦးမလဲဆိုတာ ဖွဲ့ မသိချင်လည်းသိနေရပါသည်။ ကိုကို့ဆီ မျက်လုံးရွှေ့ကာ လှမ်းကြည့်တော့ သူက ခပ်အေးအေးသာ ပြန်ကြည့်နေလေရဲ့ ။


""သမီး...ဘာမှအများကြီးမတွေးဖို့ ဆရာပြောထားတယ်လေ...ဆေးရောပုံမှန်သောက်ရဲ့လား""


""သူ ညတွေဆိုမအိပ်ဘူး ဒေါက်တာ

ညနက်တွေဆို ခြံထဲကို တစ်ယောက်ထဲဆင်းသွားတတ်တယ်...ဟိုညကလည်း အဲ့လိုပဲ""


"".....""


""အဲ့ဒါနဲ့ သူ့ကို အခန်းထဲကပေးမထွက်တော့ ဟိုဟာတွေ့တယ် ဒီဟာတွေ့တယ် အော်ပြီး ဥာဏ်များတာထင်တယ်...ဟုတ်လား သမီး""


""မဟုတ်ဘူး...ဖွဲ့ တကယ်တွေ့ခဲ့တာ""


""သမီးရယ်...ဒီအိမ်အကျယ်ကြီးမှာ ဘယ်လိုလုပ်မြွေက သမီးအခန်းအထိဝင်မှာလဲ""


""သူ စိတ်ထင်တာပဲဖြစ်မှာပါ အန်တီ

ကျွန်တော် ဖြောင်းဖျလိုက်ပါမယ်""


""ဟုတ်ပါပြီ...ဆရာပြောချင်တာက ပတ်ဝန်းကျင်ကလည်း သူ့အတွက်အရေးကြီးတယ်...ဖိစီးမှုတွေဖြစ်ပြီး စိတ်ကျ မသွားအောင် သေချာလေးဂရုစိုက်ပေးပါ...ကာယကံရှင်ကလည်း သင့်မြတ်အောင်လိုက်လျောပြီး အတတ်နိုင်ဆုံးစိတ်ရှင်းရှင်းထားပါနော်..မအိပ်ပဲလည်းမနေရဘူး ကြားလား""


""ဟုတ်ကဲ့...ကျွန်တော် ဂရုစိုက်လိုက်ပါမယ်""


ဖွဲ့ကို ဦးတည်ပြောပေမယ့် ဘာတုံ့ပြန်မှုမှမရှိလေတော့ သူကပဲ ကြားဝင်ဖြေကာ သူတို့ချင်းတော့အဆင်ကို ပြေလို့ပါ။ ထုံးစံအတိုင်း ဆေးတွေ တစ်ပုံတစ်ပင်ပေး၍ ဆရာဝန်က ပြန်သွားလေ၏။ တခြားသူအားလုံးလည်း ထွက်သွားတော့ သူနဲ့ဖွဲ့သာ အခန်းထဲကျန်နေခဲ့ပေမယ့် နှစ်ယောက်သား ဘာစကားမှမဆိုဖြစ်။ ခဏကြာမှ သူက ဖွဲ့ အနားသို့ ရွှေ့ထိုင်လိုက်ရင်း...


""အိန်ဂျယ်လ်...ဘာစားချင်လဲ ကိုကို့ကိုပြော

ပြီးရင် ဆေးသောက်ရမယ်လေ""


""ရတယ်...ဘာမှမစားချင်ဘူး""


""အဲ့လိုတော့ မရဘူးလေကွာ

ခဏစောင့်...ကိုကိုအောက်ထပ်မှာ မုန့်သွားယူပေးမယ် နော်""


ခေါင်းလေးကို ဖွဖွပုတ်ကာ ပြောခဲ့ပြီး အခန်းပြင်သို့ ထွက်လာခဲ့သည်။ ဘာမှမဖြစ်သလိုပြုံးနေပေမယ့် တကယ်တမ်းတော့ ရင်ထဲမှာ ဒေါသက မီးတောက်ပေါက်ကွဲသလို တောက်လောင်နေတာ ဘယ်သူသိပါ့မလဲ...။ အိန်ဂျယ့်လ်အသက်ကို အန္တရာယ်ပြုဖို့လောက်ထိတောင် ရည်ရွယ်ခဲ့လေသလား...ဒါမှမဟုတ် ခြောက်လှန့်ရုံသက်သက်ပဲလား...။ဖြစ်နိုင်တာတော့ အိန်ဂျယ့်လ်စိတ်တွေ ပုံမှန်မဟုတ်ဘဲ ထင်ယောင်ထင်မှားဖြစ်နေသည့် သရုပ်ကိုအများရှေ့ပေါ်လွင်စေချင်တာပင်။ အခုဆို အိမ်ကအစေခံတွေတောင် အိန်ဂျယ့်လ်ကို အမြင်တစ်မျိုးနဲ့ကြည့်နေကြလေပြီ။ 


""ဟိတ်!""


အခန်းရှေ့၌ ရပ်လျက် စဥ်းစားနေစဥ် ရုတ်တရက်ပေါ်လာသည့် အသံနှင့် မျက်လုံးနှစ်ဖက်ကို ပိတ်ကွယ်ထားသည့် ခံစားချက်ကြောင့် ဒေါသပေါ် ဒေါသဆင့်ကာ ပေါက်ကွဲလိုက်ချင်ပေမယ့် သူဟာ ကိုယ့်အစီအစဥ်ထဲက နယ်ရုပ်မို့ အခြေအနေတစ်ခုခု ပျက်ယွင်းသွားလို့မဖြစ်...မြန်မြန်အဆုံးသတ်ဖို့ ထိရောက်သည့်ဖြတ်လမ်းနည်းဆိုလည်း မမှားပေ။ ထို့ကြောင့်...


""ဘာလို့ ဒီအခန်းရှေ့လာတာလဲ

အထဲမှာ သူရှိတယ်လေ...အနေအထိုင်ကိုဆင်ခြင်""


""ကိုကိုတို့ကတော့ စောင့်ထိန်းတတ်တာမှလွန်ရော

အဲ့လိုလေးကြောင့်ကို ကြွေတာ""


""ဟုတ်လား""


""အင်း..သူ့ကိုစိတ်ပူမနေပါနဲ့

လေညှင်းကြားပြီးပြီ...ကိုကို့မိန်းမက စိတ်ဖောက်နေပြီထင်တယ်...normalတော့မဟုတ်ဘူး""


""သူများကို ဝေဖန်တာလည်းရပ်ဦး""


""ဟင်း! ဒါလေးပြောတာကို ငြိုငြင်မနေပါနဲ့နော်

ခုနကဖြင့် လေညှင်းက သူ့သဘောအတိုင်းအသာတကြည်ပြန်လာခဲ့ရတာကို...စိတ်မကောက်ရသေးဘူး""


""ဟုတ်ပါပြီကွာ...

မနက်ဖြန်ကျ ထပ်သွားလို့ရတာပဲ""


""တကယ်နော်..ကတိ!""


""အင်း""


ခေါင်းငြိမ့်ကာ ဖြေလိုက်မှ ကျေနပ်စွာပြုံး၍ အနားကထွက်သွားလေ၏။ အရင်ကတည်းကမှ အပြောအဆို ရဲရသည့်အထဲ နည်းနည်းလေးအခွင့်အရေးပေးတာနဲ့ ဇွတ်ကို တိုးဝင်နေတော့တာပါ။ တစ်သက်မှာ တစ်ခါသာတွေ့ဖူးသည့် ရှာမှရှား မိန်းကလေး လေညှင်းသွဲ့သာပါပဲ...။လက်ထပ်ပြီးသား ယောကျ်ားတစ်ယောက်အပေါ် စောင့်စည်းမှုမရှိဘဲ ပေါ်ပေါ်တင်တင်ကို မြှူဆွယ်ဖြားယောင်းနေတာများ...တကယ့်ကို ကျင့်ဝတ်မရှိစွာပင်။ စိတ်ပျက် စက်ဆုပ်ဖွယ်ကောင်းသလို အံ့သြဖို့လည်း လုံလောက်ပါပေရဲ့ ...။


~~~~ 🍁🍁🍁🍁 ~~~~


""ရှင် ဥာဏ်ပြေးသားပဲ

ဘယ်လိုဖြစ်လို့ မြွေကိုစဥ်းစားမိတာလဲ""


""လှစ်ခနဲတွေ့ပြီး ပြန်ပျောက်သွားမယ့်အရာကိုတွေးမိလို့ပါ...ဘယ်လိုလဲ သူကြောက်တယ်မလား""


""တကယ်ကိုက်မိရင် ဘယ့်နှယ်လုပ်မလဲ

နေရင်းထိုင်ရင်း အမှုကပတ်ဦးမယ်""


""မပူပါနဲ့ကွာ...အဲ့ဒီ့မြွေမှာအဆိပ်မပါဘူး

ဒီအတိုင်း လန့်အောင်ပဲလုပ်တာ""


ဒီလိုဆိုတော့လည်း ဒေါ်ကေသရီရဲ့မျက်နှာထက် ကျေနပ်ပြုံးတို့ တရိပ်ရိပ်ထင်ဟပ်သွားရင်း အဝေးတစ်နေရာကို ငေးစိုက်ကြည့်နေမိ၏။ထို့နောက်...


""ပြန်တော့...သူ့အတွက်လက်ဆောင်လေးတွေ ဆက်ပြင်ပေးလိုက်ဦး""


""ဒါနဲ့ ဟိုကောင်လေးက ဘာမှမလှုပ်ရှားတာ သေချာလို့လား...ထင်တာတော့ သူအရမ်းငြိမ်နေသလားလို့""


""သေချာပါတယ်...လေညှင်းနဲ့ပဲတွဲသွားတွဲလာလုပ်နေတာ...စောင့်ကြည့်တော့လည်း ထူးထူးခြားခြားမရှိဘူး""


""ဆေးရုံကကောင်ရော""


""သူလည်း သတိမလည်သေးဘူး""


""ကောင်းနေရော...အခြေအနေက မင်းဘက်မှာပဲပေါ့""


""ဒါပေမယ့်လည်း မပေါ့နဲ့

သတိထား""


အမှာစကားဆုံးသည်နှင့် အခန်းနံရံက ချပ်ခနဲလည်သွားကာ မူလအနေအထားပြန်ဖြစ်သွားလေ၏။ ဒီနေ့လုပ်ရပ်အတွက်တော့ ထိုလူကိုချီးကျူးရမှာပင်။ အခုချိန်ဆို မုန်းမဖွဲ့တစ်ယောက်တော့ တော်တော်ခံစားနေရလောက်ပြီ။ စိတ်မကောင်းပါဘူး..နင်ကမှ ငါ့လက်မှာ အသာတကြည် မပျော်မွေ့ဘဲ...။ဒီတော့ အခုလိုနည်းနဲ့ ထိန်းချုပ်ဖို့အပြင် တခြားနည်းလမ်းမရှိဘူး မုန်းမဖွဲ့သာ...။


ငါ တကယ်စိတ်မကောင်းပါဘူး။


~~~~🍁~~~~


ဘယ်လိုပဲ ကြိုးစားပြီး အိပ်ပါစေ...ညဘက်မှာ ဖွဲ့ လုံးဝအိပ်မရတော့ပေ။ မျက်လုံးမှိတ်လိုက်တာနဲ့ အရိပ်တွေဖြတ်ပြေးနေသလို မြင်ရပြီး...အန္တရာယ်တစ်စုံတစ်ခုလာမလားဆိုသည့် စိတ်မချခြင်းကြောင့် စိတ်တွေကမငြိမ်သက်နိုင်ဘဲ ညရောက်ရင် ပိုဆိုးတတ်၏။ ဘာမှန်းမမြင်ရသည့် အပြင်ဘက်က အမှောင်ထုကို လှမ်းကြည့်ရင်း နှလုံးခုန်သံတွေပင် မမှန်ချင်သလို တစ်ယောက်ထဲဖြစ်နေသည့် အထီးကျန်ခံစားချက်က မသက်သာလေခဲ့။


ကိုကိုက အနားမှာရှိပေးပြီး ဂရုစိုက်ပေမယ့် သူ့ရဲ့ဖြေသိမ့်စကားက များများမတွေးဘဲ အိပ်ပျော်အောင် အိပ်ဖို့သာ ပြောတတ်သည်။ အစားကို အချိန်မှန်ကျွေးပြီး ဆေးတိုက်သည်။ ဒီလိုအပေါ်ယံဂရုစိုက်မှုက ဖွဲ့ တကယ်ဖြစ်နေသည့် ဝေဒနာနဲ့ လားရာမှမတူဘဲလေ...။ပြီးတော့ လေညှင်းနဲ့ တွဲသွားတွဲလာဖြစ်နေသည့် ကိစ္စကလည်း စိတ်ကိုတစ်မျိုးတစ်ဖုံနှိပ်စက်ပြန်သည်။ ထုတ်မမေးဖြစ်ပေမယ့် ဖွဲ့ တကယ် ရင်နာပါသည်။ ဒီရက်အပိုင်းအခြားလေးမှာပင် မျိုးစုံတိုးဝင်နှိပ်စက်နေသည့် ဝေဒနာတွေက ရင်နဲ့မဆံ့အောင် ပြင်းထန်လွန်းနေ၏။ ကြိုးစားအားတင်းပြီး စိတ်ငြိမ်အောင်ထားပေမယ့် ခံနိုင်ရည်က ခမ်းလုပြီ။ ကြာရင် ဖွဲ့တကယ်ပဲ ရူးသွားတော့မယ် ထင်ပါရဲ့ ။


ထုံးစံအတိုင်း အတွေးတွေယောက်ယတ်ခတ်ကာ အိပ်မပျော်တော့သည့် အဆုံး အိပ်ရာမှထမိပြန်သည်။ စောစောလေးကမှ သေသေချာချာ သီချင်းဆိုပြပြီး ချော့သိပ်ပေးသည့် ကိုကို့ကိုတောင် အားမနာစွာ...အခုပဲ ပြန်နိုးလာရသည်လေ။ သူကတော့ ဖွဲ့ အိပ်ပျော်သည်အထိ ဘေးကစောင့်ပေးရင်း အခုတော့ သူလည်း အိပ်ပျော်နေလေပြီ။


ငြိမ်လျက်ထိုင်နေရင်း ရေငတ်လာ၍ စားပွဲပေါ် လှမ်းကြည့်တော့ ရေဖန်ချိုင့်ထဲ၌ ရေကုန်နေတာမို့ ဖွဲ့ အခန်းပြင်သို့သာ ထွက်လာခဲ့တော့သည်။ နေ့ဘက်ဆို အခန်းထဲမှာပဲ နေရပြီး အမြဲ ညနက်မှ အပြင်ထွက်လာမိသည့် ဖွဲ့ အဖြစ်က တွေးကြည့်ရင် ပုံမှန်လူနဲ့ကိုမတူတော့ပေ။


""အမလေး!""


ကိုယ့်အတွေးနဲ့ကိုယ်ရှိနေရင်း ရေသောက်ပြီး ထမင်းစားခန်းဘက်မှ ထွက်ရန်ပြင်လိုက်စဥ် ရိပ်ခနဲ ဖြတ်သွားပြန်သည့် တစ်စုံတစ်ရာကြောင့် ခြေလှမ်းကို ရပ်မိပြီး မျက်လုံးပြူးကာ ဟို ဒီလိုက်ကြည့်မိသေးသည်။ စိတ်ထင်တာပဲလို့သာ ကျိတ်မှိတ် မှတ်ယူလိုက်ပြီး ဆက်သွားရန်ပြင်တော့ ဒီတစ်ခါ ထပ်တွေ့ရသည့် ပုံရိပ်က နှစ်ခုဖြစ်သွားသည်။ ပြီးတော့ အနောက်မှ တရိပ်ရိပ်ပြေးနေသလိုမို့ တင်းထားသည့် ကြားမှ ကြောက်စိတ်ကဝင်ကာ ပြန်လှည့်ကြည့်တော့လည်း မမြင်ရပေ။ ထိုခဏလေးမှာပင် တအိမ်လုံးရဲ့ မီးတွေပိတ်ကျသွားပြန်သည်မို့ ဒီတစ်ခါတော့ ဖွဲ့ ဘာမှမတွေးနိုင်တော့ဘဲ မှောင်နေသည့် ပတ်ဝန်းကျင်ထဲ စမ်းတဝါးဝါး ခြေလှမ်းတို့ကို အပြေးတစ်ပိုင်း ရွှေ့ကာ အခန်းဆီပြန်ပြေးလာခဲ့သည်။ လူတစ်ကိုယ်လုံးလည်း ချွေးစေးထွက်ပြီး မောဟိုက်တုန်ယင်လျက် လှေကားတစ်လျှောက်ပြေးတက်လာရင်း အခန်းဝ ရောက်မှ မီးပြန်လင်းသွားလေ၏။ 


ထိုစဥြ...


""....""


အခန်းရဲ့ မျက်နှာချင်းဆိုင် နံရံအကွယ်၌ ထပ်တွေ့ရပြန်သော မဲမဲသဏ္ဌာန်ကြောင့် ကြောက်စိတ်တို့က အစွမ်းကုန်မြင့်တက်ကာ  အခန်းတံခါးကို တွန်းဖွင့်ဝင်လိုက်ပြီး အခုန်မြန်နေသော ရင်ဘတ်ကိုဖိ၍ အံဆွဲထဲမှ ဆေးထုပ်တွေကို ထုတ်ယူလိုက်ပြီး လက်ဖဝါးထဲထည့်လိုက်သည်။ လက်တွေကပင် တဆတ်ဆတ်တုန်၍ မျက်လုံးအိမ်ကလည်း မငြိမ်သက်စွာ ရွေ့လျားနေရင်း ဆုံးဖြတ်လိုက်မိသည်က...


""အိပ်ပျော်မှ ဖြစ်မယ်

ဒါတွေက အမှန်မဟုတ်ဘူး...ငါ စိတ်ထင်တာ...စိတ်ထင်တာ...

အိပ်ပျော်လိုက်ရင် ရပြီ...အိပ်ပျော်ရင် ပျောက်သွားမှာ""


အခုမှတကယ် ကယောင်ခြောက်ခြားအတွေးတို့ဖြင့် လက်ထဲက ဆေးလုံးတွေကို ပြန်စိုက်ကြည့်မိသည်။ အိပ်မပျော်ဘူးဆို၍ ဆရာဝန်ပေးထားသည့်အထဲ အိပ်ဆေးနဲ့စိတ်ငြိမ်ဆေးတွေပါသည်။ မြန်မြန်ပဲအိပ်ပျော်လိုက်ချင်၍ နည်းနည်းချင်းမသောက်တော့ဘဲ ဆေးထုပ်တွေကို ထပ်ဖောက်၍ ဆေးအားလုံးကို တပြိုင်နက်ထဲ သောက်ရန်စဥ်းစားမိလိုက်သော ထိုခဏတာတွင်...။


[ကျမ မင်းသား အိပ်ကောင်းနေတယ်

ကလေးက ဆေးတွေသောက်နေပြီ😕😕]


~~~~ 🍁🍁🍁🍁 ~~~~

Continue to >>>Part-24


Readers/Writersလေးတွေအားလုံးက VIPပါ


Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: