🍁ကြင်နာသူ ... ရွှေမင်းသား🍁
(or)
🍁 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။🍁
••••••••••• Part-[ 22 ] ••••••••••••
""Ring! Ring!""
ကုတင်ပေါ်ငြိမ်သက်လျက် လဲလျောင်းနေစဥ် ဖုန်း notiသံကြားလိုက်၍ မှိတ်ထားသည့် မျက်ဝန်းများက ဖျတ်ခနဲပွင့်သွားလေ၏။ ထို့နောက် ဘေးတစ်ဖက်ရှိ စားပွဲအံဝှက်ထဲမှ ဖုန်းကိုထုတ်ယူကာကြည့်လိုက်မိသည်။ ဒီဖုန်းက အသံမြည်ပြီဆိုရင် ဘယ်သူဆက်သွယ်မှန်းလည်း အတပ်သိပါသည်။ ပုံမှန်သုံးနေကျ ဖုန်းမဟုတ်ဘဲ တစ်ဦးတစ်ယောက်နှင့်သာ သီးသန့်ဆက်သွယ်သည်မို့ ရောက်လာသည့် messageကို ဖွင့်ဖတ်လိုက်တော့ ရေးထားသည့် စာလုံးက သုံလုံးတည်းရယ်...
! သေချာတယ် !တဲ့...
""အဟွန်း!""
ခပ်ဟဟလေး တစ်ချက်ရယ်လိုက်ပြီးနောက် ကုတင်ထက်မှ ဆင်းကာ မှန်ချပ်တွေမှတဆင့် အပြင်သို့ လှမ်းကြည့်နေမိ၏။ 'သေချာတယ်'ဆိုတဲ့ ဒီအဖြေကို ရမယ်လည်းထင်ခဲ့ပြီးသားပါ။ မဟုတ်ရင်လည်း DNAစစ်ဆေးချက်နဲ့ဖြစ်ဖြစ် သက်သေလုပ်ရမှာလေ။ ဒါမှလည်း ဥပဒေအရစကားပြောနိုင်မှာ...။
ဆေးရုံဆိုတဲ့ ဒီရပ်ဝန်းမှာ သူပိတ်မိနေတာ လအနည်းငယ်ပင်ကြာခဲ့ပြီ။ Royalလုပ်ငန်းစုရဲ့ သခင်လေးက အများအမြင်မှာ coma caseဖြင့် မေ့မြောနေသူသာဖြစ်ခဲ့ပေမယ့် တကယ်တမ်းတော့ 'စစ်ရန်မခ'ဘယ်တုန်းကမှ သတိမမေ့ခဲ့။ ကောက်ကျစ်ပြီး ဥာဏ်များလွန်းတဲ့ ဒေါ်ဧကရီ...။မဟုတ်သေးဘူး...အမှန်က ဒေါ်ကေသရီပေါ့...သူ့လို မိန်းမမျိုးကို လျှော့တွက်လို့က မဖြစ်ပေ။ အရာအားလုံးကို ပိပိရိရိစီစဥ်တတ်ပြီး မရိုးဖြောင့်သူမို့ သူ့ကို သွားထိဖို့ရန်က လှည့်ကွက်သုံးတတ်မှသာ အဆင်ပြေမည်မဟုတ်လား...။ ဖွဲ့လေးဆီက အတိတ်အကြောင်းတွေကြားခဲ့ပြီးတာနဲ့ သူသိနေတာကို တမင်ပြကာ ကိစ္စတချို့ကို စုံစမ်းခဲ့သည်။ ဒီသံသယ မှန်ကန်ရင် တစ်ဖက်ကလှုပ်ရှားလာမည်ကိုလည်း တွက်ဆထား၏။တကယ်လည်း လှုပ်ရှားလာတာ လူကို သေကြောင်းကြံသည်အထိ။ သတိထားနေတာမို့ accidentဖြစ်ချိန်မှာ ကြိုတင်ရှောင်တိမ်းနိုင်ခဲ့ပေမယ့် သူ့ဘက်က ဝှက်ဖဲလုပ်ချင်၍ ဒီနေရာမှာတော့အနည်းငယ် အနာခံလိုက်ရခြင်းပင်။
ဆေးရုံကလည်း သူတို့Royalလုပ်ငန်းစုရဲ့ ထောက်ပံ့မှုအောက်မှာ ရှိနေသည်မို့ ကိုယ် ပိုင်တဲ့နေရာမှာ နေချင်သလို နေနိုင်၏။ ဒီအချက်ကိုတော့ ဟိုသားအမိက မေ့နေသည်ထင်ရဲ့ ...။သူတကယ် သတိမေ့မရသေးဘူးလို့ပဲ သတ်မှတ်ထားကြပုံနှင့်...။ သို့သော် လေညှင်းက အမြဲလာကြည့်တတ်ကာ ပါးနပ်သူ ဒေါ်ကေသရီက စောင့်ကြည့်နေမှန်း မသိချင်လည်းသိနေရ၏။ ထို့ကြောင့် လျှို့ဝှက်ပြီး လှုပ်ရှားနိုင်အောင် သူ ဒီဆေးရုံမှာ ငြိမ်နေရခြင်းပင်။အမှန်မဟုတ်တဲ့ဆေးစစ်ချက်ကိစ္စတွေကတော့ ဒယ်ဒီ့သူငယ်ချင်းဖြစ်သည့် ဆေးရုံအုပ်ကို အကျိုးအကြောင်းပြောပြ ကူညီခိုင်းခဲ့ခြင်းဖြစ်ကာ ကိစ္စအားလုံးကို ဇာတ်လမ်းဆင်ခဲ့သူက 'အလင်းနှစ်' ။ စစ်ရန်ကတော့ သူ့ဇာတ်ညွှန်းရဲ့ ဇာတ်လိုက်ဖြစ်ပြီး စစ်ရဲ့မိဘနှစ်ပါးပင် ပါဝင်သေး၏။
အလင်းနဲ့ ဖွဲ့ ဒီမြို့ကို ရောက်ပြီးကတည်းက စံအိမ်နဲ့ပတ်သက်သည့် ကိစ္စအတော်များများကို စုံစမ်းခဲ့ပြီးပေမယ့် လျှို့ဝှက်မှုက သိပ်သည်းတော့ တူးဆွဖော်ထုတ်ခြင်းမှာ လွယ်ကူတယ် မဆိုနိုင်ပေ။ အလင်းကလည်း နေရာတကာ သွားလို့ အဆင်မပြေတာမို့ စံအိမ်ပြင်ပမှာ စုံစမ်းသည့် ကိစ္စမှန်သမျှက စစ်ရန်ရဲ့တာဝန်သာဖြစ်သည်။ ညဘက်တွေနဲ့ လူသတိမထားမိလောက်သည့် အချိန်မှ အပြင်ကိုထွက်တတ်ပြီး တိတ်တဆိတ်ပြန်လာခြင်းဖြစ်ကာ လျှို့ဝှက်သည့် ကိစ္စကို လူများများလည်းပေးသိမထားပေ။
အရင်က 'ရွှေပတ္တမြား'စံအိမ်သခင် ဦးနေရှိန်ဝါမှာ ဧကရီ နဲ့ ကေသရီ ဆိုသည့် အမြွှာသမီးနှစ်ယောက်ရှိခဲ့ပြီး ဘာကြောင့်ရယ်မသိ တစ်ယောက်က သေမှန်း ရှင်မှန်း မကွဲပြားစွာ ပျောက်ဆုံးသွားခဲ့သည်။ သိရသလောက်ကတော့ ဖခင်ဖြစ်သူက သမီးအဖြစ်မှ အပြီးတိုင်ဖယ်ရှားခဲ့ခြင်းလို့လည်း ဆိုသည်။ ဒီမြို့ကို ပြောင်းပြီးအခြေမချခင် ဖြစ်ခဲ့သည့်ကိစ္စမို့ ဒီကလူတွေကတော့ ဦးနေရှိန်ဝါမှာ သမီးတစ်ယောက်၊ မြေးတစ်ယောက်သာ ရှိတယ်ထင်ကြပြီး လက်ရှိမိသားစုစာရင်းမှာလည်း ကေသရီဆိုသည့်နာမည်မရှိ။ ဖွဲ့ ပြောပုံအရ ဖြစ်နိုင်တာကတော့ စံအိမ်မှာမီးလောင်မှုဖြစ်နေစဥ်အတွင်း တရားဝင်သမီးဖြစ်သူရဲ့နေရာမှာ အမွေဆိုင်မဟုတ်တော့သည့် သမီးက လူစားထိုးဝင်ရောက်ခဲ့ခြင်းဖြစ်နိုင်သည်။ ဒါဆို ဒေါ်ဧကရီအစစ်ကရော ဘယ်ကိုရောက်သွားခဲ့သနည်း။ လက်ရှိမှာ ထိုအရာကို သိဖို့ကသာ အရေးအကြီးဆုံးဖြစ်ပြီး ဒီ့အတွက်ကြောင့်ပဲ လက်လွတ်စပယ်လှုပ်ရှားမရခြင်းပင်။ သေချာစဥ်းစားကြည့်တော့ စံအိမ်မီးလောင်သည့် ကိစ္စကပင် ရိုးသားဟန်မတူပေ။
ဝင်္ကပါလို နက်နဲရှုပ်ထွေးလှသည့် ဤလျှို့ဝှက်မှုတွေကို ခိုင်မာတဲ့ သက်သေမရှိဘဲ ဥပဒေလက် အပ်ခဲ့ရင် ပါးနပ်သူက ကျိန်းသေရှောင်ထွက်မှာပင်။ သို့သော် တိကျတဲ့ သက်သေတွေ့ရဖို့ သိပ်မကြာလောက်တော့ပါ။ အဓိက သက်သေက ထိုစံအိမ်ထဲမှာပဲ ရှိနေလောက်သည့်အပြင် လုပ်ငန်းစုတွေရဲ့နောက်ကွယ်မှာ တရားမဝင် ရှေးဟောင်းပစ္စည်း မှောင်ခိုလုပ်နေသည့် သက်သေလည်း ရ ထားပြီးပြီမို့ အဓိကလူသက်သေကို ရှာတွေ့ရင် အားလုံးရဲ့ ဇာတ်သိမ်းခန်းကို ရောက်လာတော့မှာပင်။
!ဒါကတော့ စံအိမ်ထဲက ကိစ္စမို့ မင်းကိုပဲ ယုံပြီးပုံအပ်ရလိမ့်မယ် အလင်းနှစ်!
မြန်မြန်အဆုံးသတ်နိုင်စေဖို့ မျှော်လင့်ပါတယ်..။
~~~~ 🍁🍁🍁🍁 ~~~~
ညနေခင်းသို့ရောက်လာသည်အထိ ဖွဲ့ ကုတင်ဘေးရှိ ကြမ်းပြင်နေရာလွတ်မှာ ခပ်ကျုံ့ကျုံ့လေးထိုင်နေတာ မလှုပ်မယှက်ပင်။ မနက်စာ၊နေ့လည်စာအပြင် သောက်ရမယ့်ဆေးတွေက စားပွဲပေါ်အစီအရီဖြန့်ခင်းလျက်ရှိနေ၏။ ဖွဲ့ကတော့ ဘာကိုမှ လက်နဲ့ပင်မထိဘဲ ထိုအရိပ်တွေအကြောင်းကိုသာ တရစပ်တွေးတောနေမိရင်း ငြိမ်ငြိမ်လေးရှိနေစဥ်...
""ဟင်!""
အခန်းတံခါးရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသလို လူရိပ်ကိုတွေ့နေရသည်မို့ ဖွဲ့နေရာမှထရပ်ကာ ထိုတံခါးအနားသို့ တလှမ်းချင်းတိုးကပ်သွားမိ၏။ အောက်ကြမ်းပြင်နှင့် တံခါးရွက် လွတ်နေသည့်ကြားမှာတော့ အရိပ်တွေ လူးလာခေါက်ပြန် ဖြတ်နေဆဲပင်။
"".....""
တံခါးကို ဖွင့်ကြည့်လိုက်တော့ ရှေ့မှာဘယ်သူမှမရှိ။ ရှေ့မှာမရှိသည့်အပြင် အပေါ်ထပ်တစ်ခုလုံးမှာလည်း လူရိပ်လူယောင်မတွေ့ရပေ။ ဖွဲ့ စိတ်ထဲနည်းနည်းတော့ လန့်သွားကာ တံခါးကို ဟန်မပျက်ပြန်ပိတ်၍ ကုတင်ဆီသို့ပြန်လျှောက်လာခဲ့ပြီး အကြည့်တို့ကတော့ တံခါးကိုသာ ငေးနေမိ၏။ ခဏကြာတော့...ထိုအရိပ်တွေက ထပ်လျှောက်နေပြန်သည်။ ဝေးဝေးလည်း မဟုတ်ဘဲ အခန်းရှေ့မှာတင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေတာကြောင့် ဒီတစ်ခါတော့ တံခါးကို သွားမဖွင့်တော့ဘဲ...
""အခန်းရှေ့မှာ ဘယ်သူလဲ?""
""....""
ဘာသံမှမကြားရပေ။ အရိပ်တွေက မူလအတိုင်း သွားနေဆဲမို့ ဖွဲ့ အသံလေးများပင် တုန်ယင်ကာ...
""မေးနေတယ်လေ...ဘယ်သူလဲလို့""
တုံ့ပြန်မှုမရှိပဲ ဒီအတိုင်းသာရှိနေရင်း ခဏကြာတော့ အရိပ်တို့ပျောက်ကွယ်သွားလေ၏။ ပြီးနောက်...
""သမီး!""
အခန်းတံခါး ပွင့်သွားခြင်းနဲ့အတူ ခပ်အေးအေးအသံဖြင့် ခေါ်လိုက်သူကို တမင် မော့မကြည့်ဘဲနေတော့ သူက အနားသို့လျှောက်လာကာ...
""သမီး ဘာဖြစ်လို့လဲ
ကြည့်ရတာ တစ်ခုခုလန့်နေသလိုပဲ""
""အခန်းအပြင်မှာဘယ်သူတွေရှိနေလဲ""
""ဘယ်သူမှမရှိပါဘူး...ညနေပိုင်းဆိုအစေခံတွေ အပေါ်ထပ်မလာရတော့ဘူးလေ...အပေါ်မှာ သမီးတစ်ယောက်ပဲရှိတာ...အခုမှမေမေတက်လာတာ ဘယ်သူမှမတွေ့ပါဘူး""
""....""
""သမီး...ဘာလို့ဆန်ပြုတ်တွေမစားတာလဲ
ဆေးလည်းသောက်ရဦးမှာလေ""
"'ဖွဲ့ ...မဆာလို့""
""မဆာလို့ မရဘူးလေ
နေကောင်းမှဖြစ်မှာပေါ့...လာ မေမေ ခွံ့ကျွေးမယ်""
""ရတယ်..မလိုဘူး""
အသံခပ်မာမာပင်ဆိုလာတော့ သူမ စိတ်မရှည်ချင်တော့ပေ။ တော်တော်လည်း ကန့်လန့်တိုက်တတ်တဲ့ ဟာလေး...သူ့အမေ ရိုးအ သလောက် သူကတော့ အတော်ကို ဂြိုဟ်မွှေတတ်သည့် နတ်ဆိုးပမာပင်။ အခုလည်း စိတ်ရှည်လွန်းလို့ သူ့ဆီလာခြင်းမဟုတ်ဘဲ ဘာတွေသိပြီး ဘာတွေစဥ်းစားနေမှန်း တီးခေါက်ကြည့်ဖို့သက်သက်သာ။
""ဒီအိမ်ထဲမှာ ဘယ်သူ့ကိုဝှက်ထားလဲ?""
""အို! မေမေက ဘယ်သူ့ကိုဝှက်ရမှာလဲ သမီးရယ်
ဘာလို့ ဒီလိုမေးတာလဲ?""
""တစ်ယောက်ယောက်ရှိနေတယ်ထင်လို့
ထင်တာမဟုတ်ဘူး...သေချာတယ် ဟုတ်တယ်မလား?""
တစ်ထစ်ချ ခိုင်မာစွာယုံကြည်နေသည့်မျက်လုံးတွေဖြင့် မော့ကြည့်ကာ မေးလာစဥ် အနည်းငယ် တုန်လှုပ်သွားပေမယ့် ဟန်မပျက်အောင် ရယ်လိုက်ပြီးမှ...
'"သမီးကတော့ စကားအဆန်းတွေပြောပြန်ပြီ
ဘာအရူးစကားတွေလဲ သမီးရယ်""
သူ ပြန်ပြောသည့်စကားကို နားထောင်ရင်း မျက်နှာကို လှမ်းကြည့်တော့ ပြုံးနေပေမယ့် မျက်ဝန်းများကမတည်ငြိမ်သလို အကြည့်ကလည်း တခြားကို လွှဲထားလေ၏။
""ရှင် ဒီလိုသွေးပျက်နေတယ်ဆိုတော့ ဟုတ်နေတာသေချာတယ်""
""တိတ်စမ်း..မုန်းမဖွဲ့
နင်က အခွင့်အရေးပေးရင် ရောင့်တက်ချင်တာပဲ
ငါ့ကို အရေးမပါတဲ့စကားတွေလာပြောမနေနဲ့""
"".....""
""လာပါ...မေမေ ဆန်ပြုတ်ခွံ့ပေးမယ်""
စကားသံချိုကာ ပြောလိုက်ပေမယ့် သူမက မျက်နှာလွှဲကာ ပေကပ်ကပ်လုပ်နေမြဲမို့ စိတ်မရှည်တော့စွာပင် မေးစေ့မှဆွဲကိုင်၍...
""ငါ့ကို ကလန်ကဆန်လုပ်ချင်တယ်ပေါ့
နင်က အချိုးတွေပြောင်းပြီး ကြောက်ဖို့မေ့နေတယ်ဆိုမှတော့ ရတယ်လေ...အရင်အတိုင်းပြန်ဖြစ်စေရမယ်""
""....""
""လာကြစမ်း!
သူ့ကိုချုပ်ထား""
စကားဆုံးသည်နှင့် အစေခံနှစ်ယောက်ကပြေးဝင်လာကာ ဖွဲ့ရဲ့လက်နှစ်ဖက်ကို ချုပ်ထားလိုက်လေ၏။ ဇွတ်အတင်းရုန်းသော်လည်း လူနှစ်ယောက်အားမို့ မယှဥ်သာစဥ်... ဒေါ်ဧကရီက ဆန်ပြုတ်ပန်းကန်ကို ယူကာ မျက်နှာကိုဆွဲမော့ပြီး ပါးစပ်ထဲသို့ ဇွတ်အတင်း လောင်းထည့်နေတာကြောင့် ဖွဲ့ အားကုန်အော်ဟစ်ရုန်းကန်ပစ်လိုက်သည်။ အချုပ်အနှောင်မှ လွတ်သွားသည့်အခိုက် သူ့လက်ထဲက ပန်းကန်ကိုဆွဲလုကာ တစ်ဖက်သို့ပစ်လိုက်တော့ ကျကွဲသွားသည့် ပန်းကန်နဲ့အတူ အခန်းဝမှာ တစ်စုံတစ်ယောက်ပေါ်လာခြင်းကလည်း တပြိုင်နက်။
""ဒေါက်တာ!
ရောက်လာပြီလား""
""သားအမိတွေ ဘာဖြစ်နေကြတာလဲ?""
""ဘာမှမဟုတ်ပါဘူး ဒေါက်တာရယ်
သမီးက အဲ့လိုပဲ...နဂိုကတည်းက အမေအပေါ်ဆိုးပြီး နေမကောင်းရင် ပိုဂျစ်တိုက်တယ်...အခုလည်း ဆန်ပြုတ်ကို မစားဘူးလုပ်နေလို့""
ဆရာဝန်ကိုတော့ လှည့်ပြောလိုက်တာ အဆင်ကိုချောလို့ပါ။ စောစောက တင်းမာ ခက်ထန်နေသည့်မျက်နှာကလည်း ရုတ်ချည်းကွယ်ပျောက်သွားပုံအရ ရုပ်ပြောင်း ရုပ်လွှဲအတတ်က တကယ်စွမ်းလွန်းသည့် သဘောပင်။
""သမီးက လက်ပဲထပ်ပြီးနေပြီ ဆိုးနေတုန်းပဲလား
လာ...အဖျားဘယ်လောက်ရှိလဲ စမ်းရအောင်""
""ရတယ်..နေပါစေ
ရှင်လည်း သူ့လူပဲမဟုတ်လား..ကျမကိုမထိနဲ့
ရှင်တို့က တစ်ယောက်မှ ယုံချင်စရာကောင်းတာမဟုတ်ဘူး""
""သမီး! ဒေါက်တာ့ကို ဘယ်လိုပြောလိုက်တာလဲ
ဒါ အရင်ကတည်းက သမီးကို ကုပေးနေကျဆရာဝန်လေ""
""မလိုဘူးလို့...ပြောနေတယ်
အားလုံးထွက်သွားကြ""
""အဲ့ဒါပါပဲ..ဒေါက်တာရယ်
သမီးလေးက ဒီရက်ပိုင်းဘယ်လိုဖြစ်နေလဲမသိဘူး စိတ်အခြေအနေက ပုံမှန်မဟုတ်သလိုပဲ...သူ့အမျိုးသားကလည်း အနားမှာသာ ရှိတာသိပ်ဂရုမစိုက်ဘူး...အခုလည်း မနက်ကတည်းက အပြင်ထွက်သွားပြီး ပြန်မလာသေးဘူးလေ""
"".....""
""ဒီရက်ပိုင်း အိပ်မက်ဆိုးတွေလည်းမက်ပြီး အဲ့ဒီ့အိပ်မက်ကို တကယ်အထင်နဲ့ သံသယတွေများပြီး လျှောက်တွေးနေတာ""
""ဟုတ်လား..သမီး
ဘာဖြစ်လို့လဲ...ဒေါက်တာ့ကိုပြောပါဦး""
ခေါင်းလေးကို ခပ်ဖွဖွပုတ်လျက် မေးလာပေမယ့် ဖွဲ့နှုတ်ဆိတ်လျက်သာထိုင်နေမိသည်။ ဒီဆရာဝန်ကလည်း စံအိမ်နဲ့ကျေးဇူးကြွေးမကင်းသူတစ်ယောက်မို့ သူက ဘာမှအသုံးဝင်လာမှာမဟုတ်ပေ။
""မယုံကြည်ရတဲ့သူတွေကို ပြောလို့လည်းဘာမှမထူးဘူး...ကျမ မမှားဘူးဆိုတာ ရအောင်သက်သေရှာပြမယ်""
""ဒေါက်တာ...""
""စိတ်အေးအေထားပါ
ကလေးက ငယ်ငယ်ထဲက စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် ထိတ်လန့်ခဲ့ဖူးတော့ တစ်ခုခုဆို အမှားမခံဘဲ စိတ်လှုပ်ရှားလွယ်တတ်တာပါ...စိတ်ငြိမ်အောင် ဆေးပေးခဲ့ပါမယ်...ဒီလိုမှအဆင်မပြေရင်တော့ စိတ်ရောဂါကုသဖို့ တိုင်ပင်ရမှာပေါ့""
""ဟင်!""
ပြောလိုက်တဲ့ စကားတစ်ခွန်းမှာ ဆွံ့အသွားရသည်။ ဆိုလိုတာ ဖွဲ့က စိတ်ရောဂါဖြစ်နေတယ်ပေါ့။ နားလည်ပါပြီ။ သူတို့က ဖွဲ့ကို အရူးဇာတ်သွင်းဖို့ ကြိုးစားနေသည်ပဲ။ သိပ်လည်းပါးနပ်လှပါပေတယ်...။
အတွေးနဲ့အတူ ခပ်မဲ့မဲ့သာ ပြုံးလိုက်ပေမယ့် ဘာစကားမှတော့ ခွန်းတုံ့မပြန်ဘဲ ငြိမ်နေမိသည်။
""ဆေးကို ကုန်တဲ့အထိ ပုံမှန်လေးသောက်နော် သမီး...ဘာမှမတွေးဘဲ စိတ်ငြိမ်ငြိမ်ထား...ပြီးတော့ အပြင်ကို သိပ်မထွက်ဘဲ နားနေလိုက်""
ဆရာဝန်ကတော့ ဇွတ်ကိုစိတ်ငြိမ်ဆေးပေးကာ ပြန်သွားလေ၏။
! မဖြစ်ဘူး...ငါ ဒီအတိုင်းအရှုံးပေးလို့မရဘူး
ဒီအတိုင်း လဲပြိုမခံနိုင်ဘူး...ငါ မမှားဘူးဆိုတာ သက်သေပြမှဖြစ်မယ်!
အခန်းထဲတစ်ယောက်ထဲကျန်ခဲ့မှ ထိုင်နေရာက ထကာ ဝရန်တာဘက်ထွက်ခဲ့ပြန်၏။ ယခင်ညကလို မသင်္ကာစရာအခြေအနေမျိုးထပ်တွေ့ရနိုင်သည်မဟုတ်လား...
""အိန်ဂျယ်လ်...ဘာလို့အဲ့ဒီ့ကိုပဲထွက်နေတာလဲ""
အနောက်မှ အသံကြားသော်လည်းလှည့်မကြည့်မိ။ ခြံထဲ ဝန်းကျင်ကိုသာ လိုက်ကြည့်နေမိစဥ်...လက်ကနေ ဆွဲခေါ်ခြင်းခံရသဖြင့် အခန်းဘက်ပြန်ပါလာခဲ့ရ၏။
""မင်းဘာတွေဖြစ်နေတာလဲ?""
""ပြောပြလည်း ကိုကိုမှ မယုံတာ""
""အဲ့ဒါကို မတွေးနဲ့တော့
ဆရာဝန် ဆေးပေးသွားတယ်ဆို...လာသောက်လိုက်""
""အဲ့ဒီဆေးတွေ သောက်ရအောင် ဖွဲ့က အရူးမှမဟုတ်တာ...ဘာလဲ..ရှင်ကလည်း ဒီလိုပဲထင်တာလား...ရှင်လည်း သူတို့လိုပဲ ဖွဲ့ ရူးပြီးလျှောက်ပြောနေတယ်လို့ သတ်မှတ်နေတာမဟုတ်လား""
မျက်ရည်ဝိုင်းလျက်ကြည့်ကာ မေးခွန်းထုတ်လာသည့် မျက်ဝန်းလေးများက တကယ့်ကို နာနာကျင်ကျင်။ သူလည်း လတ်တလောမှာ ရှင်းပြလို့မရနိုင်သေးဘဲ ဒီလိုလုပ်နေရတာ ရင်ထဲဘယ်လိုမှအဆင်ပြေမနေပါ။ ပြောရရင် အသည်းထဲ နင့်နေအောင် နာသည်။ တကယ် ဥပေက္ခာပြု လျစ်လျူရှုနေတာ မဟုတ်ပါဘဲ ဟန်ဆောင်နေရတာပင် သေမလောက်ပင်ပန်းသည်။ ဇာတ်လမ်းတွေထဲမှာ ကာရိုက်တာအမျိုးမျိုးသရုပ်ဆောင်ခဲ့ဖူးပေမယ့် တကယ်တမ်း အိန်ဂျယ်လ့်ရှေ့မှာ သရုပ်ဆောင်ရတာက ပိုပြီးခက်နေသလိုပါလား။ ဒီလိုဆို ပြောပြလိုက်ရင်မဖြစ်ဘူးလား...။
အသိပေးလို့တော့ဖြစ်ပေမယ့် အန္တရာယ်များသည့်အထဲ သူမကို မစွန့်စားစေလိုခြင်းပါ။ အခြေအနေတွေကို ရှင်းလင်းစွာသိရမှ အသိပေးတာ ပိုကောင်းသည်လေ။ နောက်တစ်ခုက ပါးနပ်လွန်းသည့် ရန်သူအတွက် အာရုံစိုက်စရာ ပစ်မှတ်တစ်ခုအဖြစ် ပြထားခြင်းပေါ့။ ဒါမှသာ တစ်ဖက်မှာသူစုံစမ်းနေသည့် ကိစ္စတွေဆီ အာရုံရောက်မလာမှာလေ။ သူ ဘာမှမသိထားဘူး၊အရေးစိုက်မနေဘူးလို့သာထင်နေရင် အကောင်းဆုံးပေါ့ ။တကယ်တော့ အိန်ဂျယ်လ် ပြောတာတွေ အမှန်ဆိုတာ အလင်း မသိပဲရှိပါ့မလား...။မနေ့ညက ထူးဆန်းသည့််အသံကို သူလည်းပဲ ကြားခဲ့ပြီး အိန်ဂျယ်လ် အခန်းပြင်ထွက်သွားကတည်းက တိတ်တဆိတ်လိုက်ကြည့်၍ ရှုပ်ထွေးသည့်အခြေအနေကြားထဲ ဝင်မတိုးမိစေဖို့ အမှောင်ကျသွားသည့်အချိန်မှာ ပြန်ခေါ်လာခဲ့တာလည်း သူ ကိုယ်တိုင်ပင်။
ထပ်ပြီးစဥ်းစားမိတာက ဒီအိမ်ထဲမှာ ဝှက်ထားသည့်လူရှိနေတယ်ဆိုရင် ဖြစ်နိုင်သည်က အိန်ဂျယ်လ့်အမေဖြစ်ပြီး သိနိုင်မည့်အထဲ လေညှင်းသွဲ့သာလည်း ပါသည်။ ဒါက သူ လေညှင်းအပေါ် followလိုက်ပြီး စကားပြန်ပြောခဲ့ရသည့်အကြောင်းအရင်းပေါ့။ ဒါတွေကို အိန်ဂျယ့်လ် အတွက်တွေးပြီး လုပ်တာဆိုပေမယ့် အခန့်မသင့်ရင် ကိုယ်ဟာ လူဆိုးဖြစ်သွားနိုင်မှန်းလည်း သိပါသည်။ လှည့်ဖြားမှုတွေကို နားမလည်ဘဲဘာကိုမဆို ရိုးဖြောင့်စွာ တွေးတတ်သည့် အိန်ဂျယ်လ်နဲ့တော့ ကွဲလွဲမှုတွေ များစွာကြုံရဦးမည်သာ။
""မေးတာ ဖြေလေ...ကိုကို""
""ကိုယ် အဲ့လိုထင်တာမဟုတ်ပါဘူး
ဒါပေမဲ့ ဆရာဝန်က လိုအပ်လို့ပေးတာလေ...နေမကောင်းရင် ဆေးသောက်ရမှာပေါ့""
"".....""
""လာ! ယူလိုက်""
ဆေးလုံးလေးတွေကို လက်ဖဝါးထဲထည့်ပေးလိုက်တော့ ဘာမှစောဒက မတက်စွာ လှမ်းယူလိုက်လေ၏။
""လိမ္မာတယ်...အိပ်တော့!""
ဘာစကားမှကို ပြောချင်စိတ်မရှိတော့ဘဲ ငြိမ်ငြိမ်လေးသာ လှဲနေလိုက်မိ၏။ကိုယ်ပြောသည့်စကားကို တခြားသူမယုံခြင်းထက် ကိုကိုမယုံတာက ပိုခံစားရခက်စေသည်။
!ရတယ်...ဘယ်သူမှမယုံလည်း ဖွဲ့ ကိုယ့်ကိုကိုယ်ယုံတယ်...ကိုယ့်မျက်လုံး ကိုယ်ယုံတယ်!
စိတ်ထဲ အခေါက်ခေါက်ခါခါ အော်ဟစ်၍ အံကိုကြိတ်ကာ မျက်လုံးကိုဖိမှိတ်လိုက်တော့ မျက်ရည်ကကျ၏။ သို့သော် အရေးတယူသုတ်မနေဘဲ အိပ်ဖို့သာ ကြိုးစားလိုက်တော့သည်။
~~~~ 🍁🍁🍁🍁 ~~~~
ခဏလောက်ကြာတော့ သူမ အိပ်ပျော်သွားပြီမှန်းသိလိုက်၍ အနားသို့လျှောက်သွားကာ မျက်နှာလေးကို အသေအချာကြည့်ပြီး စိုစွတ်နေဆဲ မျက်ရည်စီးကြောင်းလေးကို လက်ဖြင့်ဖွဖွသုတ်ပေးရင်း နဖူးလေးထက် ညင်သာစွာ နမ်းရှိုက်လိုက်မိသည်။ ဆေးသောက်ထားသည့် အရှိန်ကြောင့် လွယ်လွယ်ပြန်နိုးမှာတော့ မဟုတ်ပေ။
စိတ်ချပါ...အိန်ဂျယ်လ်!
ကိုယ်က မင်းအတွက် အကောင်းဆုံးဆိုတဲ့ အရာတွေပဲ ပေးမယ်...နွေးထွေးတဲ့ အလင်းရောင်ကို ပေးမယ်...တသက်စာ မခမ်းခြောက်မယ့် အကြင်နာကိုပေးမယ်...ကိုယ်က ယုံကြည်လို့ရပါတယ်...ခဏလေးပဲ သည်းခံပြီးစောင့်ပေးနော်...
အိပ်နေသည့် ကလေးကိုကြည့်ရင်း စကားလေးတိုးတိုးဆိုပြီးနောက် ကိုယ်ပေါ်သို့စောင်လေးခြုံပေးကာ အခန်းထောင့်တစ်နေရာကို ဦးတည်လျှောက်သွား၍ နံရံကပ်စင်၌ တပ်ထားသော လျှို့ဝှက်ကင်မရာကို စစ်ဆေးကြည့်လိုက်သည်။ အခန်းတစ်ခုလုံးကို မြင်သာသည့်နေရာမှာ တပ်ထားခြင်းမို့ ဒီအခန်းထဲ ဘယ်သူဝင်လဲ၊ဘာလုပ်လဲ သိနိုင်ပြီး အထူးသဖြင့်ကတော့ သူ မရှိသည့်အချိန် အိန်ဂျယ်လ့်ဆီ ဘယ်သူလာပြီး ဘယ်လိုဆက်ဆံသလဲဆိုသည့် သက်သေကိုယူထားခြင်းပင်။
""တောက်!""
Laptop screen၌ ပေါ်လာသည့် မြင်ကွင်းကိုကြည့်ကာ ရင်ထဲ ဒေါသစိတ်တို့တောက်လောင်သွားရ၏။ လက်သီးကို ကျစ်ကျစ်ပါအောင် ဖိဆုပ်လျက် နီရဲသွားသည့် မျက်ဝန်းအစုံ၌ ခံပြင်းလွန်းစိတ်ကြောင့် စွန်းထင်သော မျက်ရည်ကြည်တို့ပင် ရစ်သိုင်းလာရသည်အထိ။ ကြည့်ပါဦး! သွေးသားတော်စပ်မှုတွေရှိနေပါလျက် သူစိမ်းဖြစ်တဲ့ သူ့လောက်ပင် သံယောဇဥ်မထား၊ချစ်ခင်မပေးဘဲ လူကွယ်ရာမှာ နိုင်ထက်စီးနင်းတွေ ဆက်ဆံရက်လိုက်ကြတာ...။
ခင်ဗျား မှားနေပြီ...ဒေါ်ကေသရီ
'မုန်းမဖွဲ့သာ'ကို အရင်အတိုင်း ခေါက်ရိုးချိုးပြီးဆက်ဆံဖို့ကြိုးစားတာ ခင်ဗျားသိပ်မှားပြီ။ ဘာသံယောဇဥ်ကိုမှ မငဲ့ညှာနိုင်ဘဲ လောဘရမ္မက်တွေ ဖုံးလွှမ်းနေတဲ့ ခင်ဗျားကို အဆုံးသတ်ထိရောက်အောင် ဆွဲခေါ်ပြမယ်...။
အရင်က ခင်ဗျား လိုရာသုံးပြီး ခြယ်လှယ်နိုင်တဲ့ 'မုန်းမဖွဲ့သာ'က အခုချိန်မှာ 'အလင်းနှစ်'ရဲ့ 'အိန်ဂျယ်လ်'ပဲ...။
လူချင်းတူပေမယ့် ရပ်တည်မှုချင်းကွာသလို အဓိပ္ပာယ်ချင်းလည်း ခြားနားတယ်။
[ ဇာတ်လမ်းလေးက အပိုင်းဆက်တွေသိပ်မကျန်တော့ပါဘူးနော်။ဇာတ်လမ်းလေးအစကနေ အခုချိန်ထိအားပေးလာကြသူ တစ်ယောက်စီတိုင်းကို 🍋က ကျေးဇူးအများကြီးတင်ပါတယ်။ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ပျော်ရွှင်သော သီတင်းကျွတ်ကာလလေးဖြစ်ပါစေရှင်။🍋🍋]
~~~~ 🍁🍁🍁🍁 ~~~~
Continue to >>>Part-23
Readers/Writersလေးတွေအားလုံးက VIPပါ
Writer-WineSatt Cho(🍋Lëmoñ🍋)