book

Index 21

Part-[ 21 ]

🍁ကြင်နာသူ ... ရွှေမင်းသား🍁

                            (or)

         🍁 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။🍁


      ••••••••••• Part-[ 21 ] •••••••••••


မှောင်ရိပ်ရိပ်ပတ်ဝန်းကျင်၌ လှုပ်ရှားပြေးလွှားနေသည့် သဏ္ဌာန်တွေကို သဲကွဲစွာမမြင်နိုင်သလို ငိုရှိုက် သံသဲ့သဲ့လေးကိုလည်း ရေရာစွာကြားခွင့်မရပေ။ ထို့ကြောင့်ပင် အသေအချာအာရုံစူးစိုက်လျက် လိုက်ရှာရန်ပြင်တော့ ပြေးလေလေ...ဝေးလေလေဖြစ်ကာ ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း အမှောင်အတိ။ ဘယ်လိုပင် ထွက်လမ်းရှာသော်လည်း ထိုနေရာ၌ ပိတ်မိနေသလို ခံစားချက်ဖြင့် ခြေလှမ်းကရွှေ့မရသည့်အတွက် စိတ်ထဲကြောက်လန့်၍ ပင်ပန်းမောဟိုက်လာစဥ်...ခန္ဓာကိုယ်မှာ အသိကပ်လာသည်က ကျောပြင်အောက်မှ အိစက်တဲ့ အထိအတွေ့ပင်။ ထိုမှသာ ခံစားနေရသည့် ကြောက်လန့်မှုတွေဆီမှ ဇွတ်အတင်းရုန်းထွက်လိုက်တော့ မျက်လုံးများက ဖျတ်ခနဲပွင့်သွားရလေ၏။ 


မြင်ကွင်းထဲမှ အမှောင်ထုပျောက်ကွယ်သွားပြီး လင်းနေတာတွေ့ရပေမယ့် ရင်ထဲတလှပ်လှပ်တုန်နေဆဲဖြစ်ကာ လည်ချောင်းတစ်လျှောက်ခြောက်ကပ်ပူလောင်၍ တစ်ကိုယ်လုံးကလည်း အပူငွေ့တွေထွက်နေသလိုနှယ်။ အပြင်မှာ မိုးလင်းသွားပြီဖြစ်သလို အခု 'ဖွဲ့' ရောက်နေသည်က စိမ်းသက်တဲ့နေရာတော့မဟုတ်။ ဘယ်စိမ်းပါ့မလဲလေ...ကိုယ့်အခန်းထဲပြန်ရောက်နေခြင်းပဲမဟုတ်လား...။


""ဟင်...ညက""


ညက ပုံရိပ်တွေကို ပြန်မြင်ယောင်ကာ အလန့်တကြားဖြင့် ထထိုင်လိုက်ရင်း နဖူးထက်ရှိ cooling padကိုလည်း ဆွဲဖယ်ကာ ဝရန်တာဘက်ဆီပြန်ပြေးထွက်ခဲ့၏။ ခြံထဲမှာတော့ အရာအားလုံးက ခါတိုင်းနေ့တွေလိုပင်...ဘာတစ်ခုမှမပြောင်းလဲစွာ နေသားတကျရှိနေသည်။ 


မဟုတ်သေးဘူး...ညက ငါတွေ့လိုက်တာ ဘာတွေလဲ? ဘယ်သူတွေလဲ? ငိုသံကရော ဘာလဲ?


မေးခွန်းပေါင်းများစွာကို ရှုပ်ထွေးစွာအဖြေထုတ်ရင်းမှ အာရုံတွေလည်း ချာချာလည်မူးနောက်လာသည်။ ဘာရယ်ကြောင့်မှန်းမသိပေမယ့် အမျိုးသမီးတစ်ယောက်ရဲ့ ငိုသံလိုအရာကိုကြားမိသည့် အခိုက်မှာ ဖွဲ့ ရင်ထဲ အလိုလိုနာကျင်သည်။တွေ့လိုစိတ်ကို ဆွသည်။ ထို့ကြောင့် အသံပိုင်ရှင်ကိုလည်း ရှာချင်၏။ ရှာဖို့ကြိုးစားနေတုန်း...ညကဘာဖြစ်ခဲ့သနည်း။ တစ်အိမ်လုံး တစ်ခြံလုံး မှောင်ပိတ်သွားပြီး အနားကိုလည်း တစ်စုံတစ်ယောက်ရောက်လာသည်။ သူက ပါးစပ်ကို လက်ဖြင့်ဖိပိတ်ကာ လုံးဝရုန်းမရအောင် ချုပ်ထားသည်မို့ ရုန်းရင်းကန်ရင်းကပင် ဖွဲ့ အသိတို့ဝေဝါးသွားခဲ့ရပြီးနောက် အခုပြန်နိုးလာတော့ ပုံမှန်ရက်တွေအတိုင်း ကိုယ့်အခန်းထဲမှာသာ...။ညက အရာတွေသည်လည်း အိပ်မက်ပမာ...ပျောက်ကွယ်နေခဲ့၏။


""အိန်ဂျယ်လ်""


မူးနောက်နောက်အာရုံဖြင့် ခြံထဲကို လှမ်းကြည့်ရင်း ဝရန်တာ တံခါးလေး၌ ကျောမီထားစဥ် အခုမှအခန်းထဲဝင်လာသည့် ကိုကိုက မြင်သွားကာ အနားသို့ ပြေးလာလေ၏။ 


""ကိုကို""


""ဘာလို့ အဲ့ဒီ့ကို ထွက်နေတာလဲ

ကြည့်ရအောင်...ကိုယ်ပူသေးလား?""


ပါးစပ်က ပြောရင်း လက်ကလည်း နဖူးကို တယုတယ စမ်းနေသည်မို့ ဂရုစိုက်သူရှိမှ စိတ်ကပျော့ခွေကာ သူ့ရင်ခွင်ထဲမီထားလိုက်ရင်း...


""ကိုကို...ညကလေ

အသံတစ်ခုကြားတယ်""


""ဟုတ်လား...ဘာအသံလဲ

ကိုကိုတော့မကြားပါဘူး""


""လူအော်လိုက်တဲ့ အသံပဲ

မိန်းမအသံ...""


""......""


""အဲ့ဒါကြောင့် ညက ခြံထဲဆင်းသွားကြည့်တော့ လူအရိပ်တွေလိုပဲ တွေ့တယ်...ပြီးတော့..""


""ခြံထဲမှာလား...အဟက်! မဖြစ်နိုင်တာ ကလေးရယ်...မင်း အိပ်မက်မက်တာဖြစ်မှာပါ""


ဘာမှမထူးဆန်းသလို ခပ်ပေါ့ပေါ့ရယ်ကာ ပြောလိုက်သည်မို့ ဖွဲ့ နားမလည်နိုင်ဖြစ်သွားရသည်။ ကိုကိုဟာ ဘယ်တုန်းကမှ ဖွဲ့ စကားကို လျစ်လျူရှုကာ ပြက်ရယ်ပြုတတ်သူမဟုတ်ခဲ့၍ ဒီတကြိမ်တော့ အံ့အားသင့်သလိုလေးပြန်ကြည့်မိကာ...


""ကိုကို...ဖွဲ့ တကယ်ပြောနေတာ""


""ကိုကိုလည်းတကယ်ပြောနေတာပါ

ညက တစ်ညလုံး မင်း ကိုကို့ဘေးမှာပဲရှိနေတာလေ...""


""ဟင့်အင်း...မဟုတ်ဘူး""


""ကိုကို နိုးလာတော့ မင်း ပါးစပ်ကနေ တစ်ခုခု ယောင်အော်နေပြီး ကိုယ်တွေလည်း တအားပူနေတာ...ဖျားနေတော့ စိတ်ကစွဲနေတဲ့ ကြောက်စရာအိပ်မက်တွေမက်ခဲ့တာဖြစ်မှာ""


""မဟုတ်ဘူး...အိပ်မက်မဟုတ်ဘူး

ဖွဲ့ တကယ်သွားကြည့်တာ...အသံကိုလည်း တကယ်...""


ရုတ်တရက်ပင် နှုတ်ခမ်းလေးပေါ် ဖိကပ်နမ်းလိုက်တာကြောင့် ဆက်ပြောမည့်စကားလုံးတို့ နှုတ်ခမ်းဝမှာတင် ပျောက်ရှသွားရသည်။ ပြီးတော့ နှုတ်ခမ်းချင်းဖယ်ခွာကာ ချိုချိုသာသာပြုံးပြရင်း ပြောလိုက်သည်က 'တွေးတာ အရမ်းများပြီ'တဲ့။ သူ့ပုံစံက ဖွဲ့ အပြောကို ယုံဟန်မတူပေ။


 ထိုအခိုက်တွင်...


""ဒေါက်...ဒေါက်""


""ဆန်ပြုတ်နဲ့ ဆေးလာပို့တာပါ သခင်မလေး""


""ဝင်လာခဲ့""


သူကပဲ အသံပြုလိုက်တော့ အစေခံက ဆန်ပြုတ်ပန်းကန်ကို လာထားပေးပြီး ပြန်ထွက်သွားလေ၏။


""လာ...ဆန်ပြုတ်လေးသောက်လိုက်ဦး

ပြီးရင် ဆေးလည်းသောက်ရမှာ""


""ကိုကို ဖွဲ့ ပြောနေတာကို မယုံတာလား""


""မယုံတာမဟုတ်ပါဘူးကွာ

မင်းပြောတာက မဖြစ်နိုင်တဲ့ကိစ္စပဲလေ..ဒီခြံထဲမှာ အစောင့်တွေလည်း ရှိနေတာပဲ...တစ်ခုခုဖြစ်ရင်သူတို့တွေ့မှာပေါ့...ညက မင်းအပြင်ထွက်တာမတွေ့ပါဘူး""


သိလိုက်ပါပြီ။ ကိုကို မယုံဘူးပဲ...

အိပ်မက်တဲ့လား...လုံးဝအိပ်မက်မဟုတ်ခဲ့မှန်း ဖွဲ့ အသိဆုံးပါ။ ဒီအိမ်ထဲမှာ တစ်ယောက်ယောက်ရှိနေတာ...။ဟုတ်တယ်...သူတို့ တစ်ယောက်ယောက်ကို ဝှက်ထားတာ...ဧကန္တ မေမေလား??ဟင့်အင်း! ဒါတော့ မဖြစ်နိုင်ဘူး...ဒေါ်ဧကရီက သူ့အတွက် သေမိန့်လိုဖြစ်မယ့် သက်သေကို အသက်ရှင်လျက် ထားပါ့မလား...။ဒါဆို ဘယ်သူလဲ...ဒီအိမ်ထဲမှာ ဘယ်သူရှိနေတာလဲ?


""အများကြီး လျှောက်မတွေးနဲ့တော့ 

နေကောင်းအောင် နေနော်

ဆန်ပြုတ်သောက်လိုက်""


ဆန်ပြုတ်တစ်ဇွန်းကို ခပ်ကာ ခွံ့ကျွေးသည်ကိုပင် ဖွဲ့ ခေါင်းရမ်းပြကာ အိပ်ယာထက် ပြန်လှဲချလိုက်ရင်း သူ့ကိုလည်း ကျောခိုင်းထားမိသည်။ ကိုယ်က အားကိုးတကြီးပြောပြသည်ကို မယုံကြည်ခြင်းအတွက် စိတ်ထဲဝမ်းနည်းမိကာ တစ်ဖက်၌လည်း သံသယအတွေးပေါင်းက မြောက်မြားစွာ။


ခဏကြာတော့ သူ အပြင်ထွက်သွားတဲ့ အသံကိုကြားမိပေမယ့် ကျေနပ်မနေသည့် စိတ်ကြောင့်ဖွဲ့လည်း လှည့်မကြည့်မိတော့ပေ။ သူနဲ့ စကားပြောအဆင်မပြေဖြစ်ရတာလည်း ဒီတစ်ခါပထမဆုံးပါပဲ။


~~~~ 🍁🍁🍁🍁 ~~~~


""သူ ဘာတွေသိထားလဲ?""


""ဘာမှသေချာမသိလိုက်ပါဘူး သခင်မကြီး

ညက အသံတစ်ခုကြားမိပြီး လူအရိပ်တွေတွေ့တယ်ဆိုတာလောက်ပဲ ပြောနေတာပါ...သူ့ယောကျ်ားကတော့ ယုံပုံမရဘူး...ထင်ယောင်ထင်မှားအိပ်မက်မက်တာဆိုပြီး သူ့ကိုချော့နေတယ်""


""သေချာလား...အဲ့လောက်ပဲဆိုတာ""


""ကျမ ကြားမိသမျှကတော့ ဒါပါပဲ သခင်မကြီး

ခဏကြာတော့ သခင်လေးက အပြင်ထွက်သွားပါတယ်...အဲ့ဒီ့နောက် မမလေး လေညှင်းလည်းအတူလိုက်ထွက်သွားပါတယ်""


""ရပြီ...ထွက်သွားတော့!""


""ဟုတ်ကဲ့!""


""ကျွီ!""


အစေခံထွက်သွားသည်နှင့် နံရံသဖွယ်ဖြစ်နေသော လျှို့ဝှက်အခန်းတံခါးက ပွင့်သွားပြီး လာနေကျလူက ရောက်လာခဲ့ပြန်သည်။ ထူးထွေဆန်းကြယ်မနေတာမို့ နောက်ကိုပင်လှည့်မကြည့်ဘဲ မလှမ်းမကမ်းက ထိုင်ခုံမှာ ခြေချိတ်၍ သွားထိုင်နေလိုက်ရင်း...


""ဘယ်လိုထင်လဲ?""


""သူ မမြင်လိုက်ဘူး""


""သိတယ်...ဘာဆက်လုပ်သင့်တယ်ထင်လဲ မေးတာ""


""ဆက်လုပ်ရမှာက သူ့အနားရှိနေတဲ့အစောင့်အရှောက်ကို ရှင်းဖို့ပဲလေ""


""စီစဥ်နေပါတယ်...သူက ထင်သလောက်လည်း အတွေးအခေါ် မတတ်ပါဘူး..အခုပဲကြည့်! ဟိုက ကျမတို့ကိုကြိုးကွင်းစွပ်မယ့် ဝှက်ဖဲပြောလိုက်တာတောင် သံသယမရှိဘဲ ခပ်ပေါ့ပေါ့တွေးတယ်""


""ကောင်းတာပေါ့""


""ပိုကောင်းအောင် ရှင် တစ်ခုလှုပ်ရှားပေး""


""ဘာများလဲ?""


""မုန်းမဖွဲ့ကို ရူးအောင်လုပ်လိုက်

သူ့စိတ်ထဲအမြဲခြောက်ခြားနေအောင်...ကြောက်လန့်ပြီး သေချင်စိတ်ပါဖြစ်အောင် ခြောက်လှန့်လိုက်...သူပြောသမျှကို ဘယ်သူမှမယုံဘဲ အားလုံးက သူ့ကိုအရူးလို့သတ်မှတ်တဲ့အထိပေါ့...ပြီးရင် စိတ်ကျန်းမာရေးဆီကို ပို့ပစ်လိုက်မယ်""


""ဟ! ပြင်းလှချည်လား

ဟိုကောင်လေးကရော""


""အလင်းနှစ် ဝင်မရှုပ်နိုင်အောင်လည်း လေညှင်းကို ထိန်းခိုင်းထားမယ်...ရှင်သာ ပိပိရိရိလှုပ်ရှား""


""အဟက်! မင်းက ကိုယ့်ယောကျ်ား ကိုယ်မယုံဘူးလား""


""ရှင်...တော်စမ်း

စကားကိုလက်လွတ်စပယ်ထုတ်မပြောနဲ့""


""ဟုတ်ပါပြီကွာ

ငါလည်း အခုချိန်ထိ မင်းညွှန်ကြားသမျှလုပ်ပေးရင်း လျှို့ဝှက်ရပ်တည်လာခဲ့ရတာ ဘယ်လောက်ကြာပြီလဲ""


""ဘာလဲ...ရှင်က မကျေနပ်ဘူးလား""


""ကျေနပ်ပါတယ်...အနည်းဆုံးတော့ မင်းနဲ့ သမီး အဆင်ပြေပြေနေနိုင်တာမြင်ရတယ်လေ""


""ရှင် သွားတော့

ကျမလည်း သူ့ကိုခဏသွားကြည့်ရဦးမယ်""


""အင်း!""


~~~~ 🍁 ~~~~


သူ့ကို နှင်လိုက်ပေမယ့် တကယ်တမ်း ကိုယ်သွားရမှာလည်း သူနဲ့တလမ်းတည်းပင်။ အခန်းကနေ ခြံအနောက်ဘက်အထိ ဆက်ထားတဲ့ လျှို့ဝှက်လမ်းရဲ့ ထောင့်မှာ မြေအောက်ခန်းဝင်ပေါက်လည်းရှိနေ၏။ ထိုမှတဆင့် အောက်ဘက်သို့တဖြေးဖြေးဆင်းလာခဲ့တော့ တွေ့ရမည့်လူ နေသောနေရာကို ရောက်ပြီဖြစ်သည်။ မြေအောက်ခန်းပင်ဆိုသော်ငြား ဆိုးရွားစုတ်ပျက်သည့် နေရာမဟုတ်ဘဲ သင့်တော်သည့် အပြင်အဆင်နှင့် နေပျော်အောင် ဖန်တီးထားသည့် လျှို့ဝှက်နေရာမို့ တနည်းအားဖြင့် မြေအောက်လျှို့ဝှက်အဆောင်ဆို ပိုမှန်မည်။ ပြင်ပ လေ ၊ ပြင်ပ နေနှင့်ကင်းကွာပြီး တိတ်ဆိတ်၍ အသံလုံစနစ်လည်းရှိသည်မို့ ဘယ်သူ ဘာအော်အော်မကြားနိုင်ပေ။ အပြင်ပန်းကြည့်ရင် ကြီးမားခမ်းနားသည့် စံအိမ်ရဲ့ အောက်မှာ နောက်ထပ် ခမ်းနားသည့်အဆောင်တစ်ခုရှိနေဦးမည်လို့ ဘယ်သူထင်မှတ်နိုင်မည်နည်း။


ထိုအရာကတော့ 'ရွှေပတ္တမြား'စံအိမ်ရဲ့အောက်မှာ တကယ်ပဲ ရှိနေပါသည်။ပြီးတော့ အားလုံးထင်မှတ်မထားမည့် ရှင်သန်မှုတစ်ခုသည်လည်း...။


""ဘာလို့ဆင်းလာတာလဲ သခင်မကြီး""


""ညက ဘယ်လိုဖြစ်တာလဲ?""


မျက်လုံးက ကုတင်ထက်ကျောပေးထိုင်နေသည့် သူကို လှမ်းကြည့်ရင်း ပါးစပ်ကတော့ အနားမှာ ဦးညွတ်လျက် မေးလာသူကို ရည်ရွယ် မေးလိုက်ခြင်းဖြစ်သည်။အရေးမကြီးရင် ဒီနေရာကို ဆင်းမလာတတ်တာမို့ လူကိုတွေ့သည်နှင့် သူတို့မျက်နှာက ထိတ်ထိတ်ပျာပျာပင်။ ဒီအောက်မှာ စောင့်တဲ့သူတွေကတော့ စံအိမ်ကအစေခံတွေမဟုတ်ဘဲ သီးသန့်စီစဥ်ထားသူတွေဖြစ်ပြီး အဝင်အထွက် အတွက် လျှို့ဝှက်လမ်းကိုသာ သုံးသည်။ စံအိမ်အပေါ်ကိုတက်လာလေ့မရှိသလို ဒီနေရာရှိကြောင်း အပြင်ကိုပေါက်ကြားခဲ့လျှင် သေမိန့်ချမည်ကို ကောင်းကောင်းသဘောကြလေ၏။ စောစောကလာတွေ့သူရဲ့ လူတွေပဲဆိုပါတော့...။


""ညက ကျွန်တော်တို့ခဏလေးသတိလွတ်မိလို့..ထွက်သွားတာပါ...အပေါ်တက်သွားတာသိသိချင်း ပြန်လိုက်ရှာခဲ့ပါတယ်""


""မင်းတို့ ပေါ့ဆလှချည်လား""


""နောက်မဖြစ်စေရပါဘူး""


ဘယ်သူမှ ရေရေရာရာမမြင်လိုက်ဘူးလို့တော့ ထင်ပါသည်။ည တိတ်ဆိတ်နေသည့် အချိန်ကောင်းမှ ထအော်သံက ခပ်နက်နက်ရယ်မို့ သူမ ကိုယ်တောင်တိုင် လန့်နိုးသွားခဲ့ရသည့်အဖြစ်။ လန့်နိုးတယ်ဆိုပေမယ့် ဒီနှစ်တွေတစ်လျှောက် ကောင်းကောင်းအိပ်မပျော်တာပင်ကြာခဲ့ချေပြီ။ လူမှန် နေရာမှန်မဟုတ်လေတော့ အမြဲသတိကြီးကြီးထားနေရတာလည်း တကယ်မလွယ်ကူလှပေ။ ကိုယ် ပိုင်ဆိုင်ခွင့်မရတော့သည့် စည်းစိမ်တွေကြောင့်သာ အခုလိုရှင်သန်မှုကိုရွေးချယ်ခဲ့ခြင်းပင်။


မနေ့က ထိုအဖြစ်အပျက် ဖြစ်နေချိန် ခြံထဲလှမ်းကြည့်တော့ လူလိုက်ဖမ်းနေသည့် မြင်ကွင်းအပြင် အမှောင်ထဲ ယောင်တောင်တောင်ဖြင့်ရပ်နေသည့် လူရိပ်ကိုလည်း တွေ့တာကြောင့် စံအိမ်တစ်ခုလုံးက မီးတွေအားလုံးပိတ်ပစ်ခဲ့သည်။ လျှောက်ပြေးနေသူကို တခြားလူတွေ့သွားလို့က မဖြစ်ဘူးလေ။ အမှောင်ထဲရှိနေတာ မုန်းမဖွဲ့ မှန်းသိလိုက်ပေမယ့် မီးတွေပြန်ဖွင့်ချိန်မှာ ခြံထဲ သူ့အရိပ်အယောင်မမြင်ရတော့သလို မိုးလင်းတော့လည်း ထူးထူးခြားခြားမေးလာခြင်းမရှိ။ သူဘာတွေမြင်သွားလဲဆိုတာ သေချာအောင် စုံစမ်းကြည့်တော့ ထွေထွေထူးထူးမဟုတ်တာမို့ တော်သေးရဲ့။ ဟုတ်လည်း သူ့စကားကို ဘယ်သူယုံမှာလဲလေ...။ဒီနေရာမှာရှိနေတဲ့ သက်သေကို မတွေ့နိုင်သရွေ့ပေါ့။


""မမ""


ခေါ်လိုက်သံကိုကြားတော့ ကျောပေးထိုင်နေသူက ဖြေးဖြေးချင်းလှည့်ကြည့်လေသည်။ ထိုင်နေသူရော ရပ်နေသူမှာပါ တထပ်တည်းတူညီသည့်မျက်နှာ ရှိနေတာက သာမန်မျက်စိဖြင့် ခွဲခြားနိုင်ရန်ပင်ခက်၏။အ ဘယ်ကြောင့် ဤမျှအထိ ဆင်တူရသနည်းဆိုပါရင်...အဖြေကတော့ လူတိုင်းလွယ်လွယ်တွေးနိုင်လောက်အောင် ရိုးလွန်းပါသည်။ သို့ပေမယ့် အဲ့ဒီအမှန်တရားကို ဘယ်သူမှမသိခဲ့တော့လည်း သံသယရှိမလာကြတာ မဆန်းပေ။


""နင် သိပ်ဆိုးနေပါလား

ထားတဲ့နေရာမှာကောင်းကောင်းမနေဘဲ အခွင့်ရတာနဲ့ လျှောက်သွားချင်နေတယ်""


""......""


အော်ငေါက်ပြောလိုက်တော့ လန့်သွားသည့်ပုံစံဖြင့်ပြန်ကြည့်ကာ ဘာစကားမှပြောမလာ။ သွေးသားတော်စပ်မှုကြောင့် သတ်ပစ်ဖို့အထိမဖြစ်နိုင်သည့်အပြင် သူ့မှတ်ဥာဏ်ထဲမှာ ဘာအကြောင်းအရာမှမရှိ။ သူ့နေရာကို မသိသလို...သူ့သမီးကိုလည်းမသိ။ စံအိမ်မှာ မတော်တဆဖြစ်ပြီးကတည်းက သည်လိုဖြစ်သွားခြင်းမို့ တစ်ပုံစံတည်းတူသည့်မျက်နှာဖြင့် သူ့နေရာကို ဟန်မပျက်အစားထိုးဝင်ရောက်သွားခြင်းက လွယ်ကူခဲ့၏။


ဒီလို ဗလာနတ္ထိမှတ်ဥာဏ်နဲ့ပဲ နှစ်တွေအကြာကြီး ပိတ်လှောင်တဲ့နေရာမှာ ရှင်သန်နေခဲ့ရင်း တစ်ခါတစ်လေမှာတော့ သူ့မှာ သမီးလေးရှိတယ်ဟုပြောတတ်သည်။တစ်ခါတစ်လေလည်း ငိုနေတတ်သည်။ ထွက်ပြေးတာမျိုးတော့ မလုပ်နိုင်အောင် သေချာစောင့်ကြပ် ချည်နှောင်ထားခဲ့၏။ အပြင်ကို လွတ်ထွက်လာတာကတော့ မနေ့ညကမှပထမဆုံးဖြစ်သည်။


 အန္တရာယ်အရှိဆုံးနေရာက အလုံခြုံဆုံးတဲ့! ဒီအတွက်ကြောင့်လည်း လူသက်သေကို စံအိမ်ထဲမှာပဲ ဝှက်ထားခဲ့ခြင်းပင်။ မုန်းမဖွဲ့...။ရယ်ရတဲ့ ကောင်မလေး...သူ့အမေဘယ်ရောက်သွားမှန်း လုံးဝကိုမသိခဲ့ဘဲ နာနာကျင်ကျင်ရှင်သန်ခဲ့တဲ့နေ့ရက်တွေတိုင်း...သူ့အမေက အနားမှာပဲရှိနေတယ်ဆိုတာ မသိခဲ့ပါလားနော်..။


ကျေနပ်စွာပြုံးလျက် တွေးနေစဥ်..ရှေ့ကတစ်ယောက်မှာတော့ ငြိမ်ပြီးသာထိုင်နေ၏။ အလှအပပြင်ဆင်ခြယ်သမှုတွေ မရှိသည့်အသွင်အပြင်က ညှိုးနွမ်းနေပြီး သူ့ရဲ့ အရင်သဏ္ဌာန်ကို ယူထားသည့် ကိုယ်ကတော့ ရွှေရောင်အဆင်းဖြင့် တောက်ပလို့နေသည်။ ဒါကိုပင် ဂုဏ်ယူသလို ပြုံးလိုက်ရင်း...


""နင် ဒီမှာ ကောင်းကောင်းနေနော်

ဒါမှမဟုတ် အရင်လိုသံကြိုးခတ်ထားတာခံချင်လား""


""ဟင့်အင်း...ဟင့်အင်း

ငါ မသွားတော့ဘူး""


""သေချာလား""


""အင်း...ဒါနဲ့ ငါ့သမီးလေးရော""


""နင့်မှာ သမီးမရှိပါဘူး

ငါ့မှာပဲ ရှိတာ""


""မဟုတ်ဘူးလေ...ဟို""


""သွားထိန်းလိုက်""


ဘာမှဆက်မပြောနိုင်သေးခင် ဘေးကရှိလူတွေကို မျက်ရိပ်ပြလိုက်တော့ အနားသို့ပြေးသွားကာ ခြေထောက်နဲ့လက်တွေကို ပြန်ချုပ်ထားလိုက်လေ၏။


""အား! မလုပ်နဲ့

ငါ့ကို ဒါတွေနဲ့ မချည်နဲ့...မလုပ်နဲ့""


ဒေါ်ဧကရီကတော့ အော်သံကို မကြားလိုတော့၍ တစ်ဖက်သို့ ကျောခိုင်းလိုက်ကာ...


""သေချာထိန်းထား""


""အား! မလုပ်နဲ့ဆိုနေ

ကေသရီ...နင်အရမ်းလွန်နေပြီနော်""


ရုတ်တရက် နာမည်အမှန်ကို ခေါ်လိုက်သည်မို့ လှမ်းမည့်ခြေလှမ်းများပင် တုံ့ခနဲ။ သူ...သူ ဒါကို ဘယ်လိုအမှတ်ရသွားတာလဲ? ဇဝေဇဝါဖြင့်ပြန်လှည့်ကြည့်တော့ ထူးခြားတာမတွေ့ရတော့ဘဲ ရုန်းကန်နေပြန်သည်။ ရင်ထဲတော့ အနည်းငယ်တုန်လှုပ်သွားသည့် စိတ်ကိုထိန်းလိုက်ရင်း...


""အိပ်ဆေးသုံးလိုက်

နားငြီးတယ်""


""ဟုတ်ကဲ့""


~~~~ 🍁🍁🍁🍁 ~~~~


ကားကို ပုံမှန်အရှိန်ဖြင့် မောင်းနှင်လာရင်း သက်ပြင်းချသံကလည်း ခဏတိုင်း ထွက်ပေါ်နေခဲ့၏။ အိမ်ကထွက်ကတည်းက တောက်လျှောက်လိုက်လာသည့် ကားနီနီကြောင့် သွားလိုသည့်နေရာကိုလည်း မရောက်ဘဲ ကွေ့ပတ်မောင်းနေရတာ နာရီပေါင်းအတော်များပြီ။ ခဏကြာတော့ ဆုံးဖြတ်ချက်တစ်ခုကိုချကာ လူရှင်းသည့် coffeeဆိုင်သို့ ဝင်ပြီး အပေါ်ထပ်ရှိ စားပွဲတစ်ခုမှာ ဝင်ထိုင်နေလိုက်သည်။ မလွှဲမသွေ လိုက်လာမည်မှန်း သိနေသည်လေ...


""ကိုကို""


"".....""


""တိုက်ဆိုင်လိုက်တာ...လေညှင်းတို့အပြင်မှာလာဆုံတယ်နော်""


နောက်က တကောက်ကောက်လိုက်လာပြီးမှ တိုက်ဆိုင်လို့ တွေ့သည့်ပုံစံလာချိုးနေ၍ အလင်းက မဲ့ကာပြုံးလိုက်ပြီး...


""မင်းပြောသလို ထင်ရအောင် ငါမရူးသေးဘူး လေညှင်းသွဲ့သာ...ရိုးရိုးပဲပြောပါ..ဥပမာ အိမ်ကထွက်ကတည်းက လိုက်ခဲ့တယ်လို့""


""အဟင်း..ကိုကိုက ပွင့်လင်းတာကြိုက်တယ်ပေါ့

okလေ..ဒါဆိုလည်း ဝန်ခံတယ်""


""ဘာလိုက်လုပ်တာလဲ?""


""ကိုကို ဘယ်သွားလဲသိချင်လို့""


""အိမ်ထဲနေရတာ ပျင်းလို့

ကားလျှောက်မောင်းရုံပါ""


""ကိုကို ရန်ကုန်ကအလုပ်တွေကိုစိတ်မပူဘူးလား

ဒီမှာ ဘယ်လောက်ကြာကြာနေမှာလဲ""


""တခါတလေလေးရတဲ့ နားရက်ပါကွာ

ပြီးတော့ အလုပ်အတွက်က ပူစရာလည်းမလိုပါဘူး..မလုပ်လည်းရနေတာပဲလေ...""


""ဟမ်...ဘာလို့လဲ""


""ကိုယ် ဖူးစာရှင်ရှာတာတော်လို့လေ""


နားမလည်သလို မေးခွန်းထုတ်ပြီးမှ သူ့အဖြေကိုကြားတော့ သဘောတကျရယ်လိုက်မိသည်။ သြော်!..အလင်းနှစ်ဆိုတဲ့ ရှင်လည်း ဒီလိုယောကျ်ားပဲကိုး...။


""ဒီလိုတွေးတတ်တယ်လား

မထင်ရဘူးပဲ...ရှင်က သူ့ကိုတော်တော်ချစ်မယ်ထင်ခဲ့တာ""


""မချစ်ဘူးလို့တော့ မပြောမိပါဘူး""


""ဟုတ်ပါပြီ...ဒါဆို ရှင့်အလုပ်အတွက်မပူရတဲ့ သူ့လိုပိုင်ဆိုင်မှုမျိုး လေညှင်းမှာရှိရင်ရော ရှင်စိတ်ပြောင်းပေးမှာလား?""


""မင်း ရူးနေလား

မင်းက သူမှမဟုတ်တာ...ဒီတစ်သက်ဖြစ်လာမှာလည်းမဟုတ်ဘူး""


""ဘာကြောင့်လဲ?""


""မင်းက အဲ့ဒီ့စံအိမ်ရဲ့ မျိုးဆက်မှမဟုတ်တာ...အမွေခံမဟုတ်တဲ့ မွေးစားသမီးပဲလေ...နေရာချင်းမှမတူတာ ဟုတ်တယ်မလား?""


""မဟုတ်ဘူး...တူတယ်

တကယ်တော့ လေညှင်းကလည်း..""


'ရွှေပတ္တမြားရဲ့မျိုးဆက်ပဲ'ဆိုသည့်စကားကို နှုတ်မှခုန်ထွက်မသွားစေရန် မနည်းဖမ်းထိန်းလိုက်ရ၏။ ခပ်လှောင်လှောင်လေသံဖြင့် ပခုံးတွန့်ပြကာ ပြောလိုက်သည့်စကားကြောင့် ရင်ထဲ မခံမရပ်နိုင်ဖြစ်သွားရပေမယ့် ဒီအထိတော့ သူစိမ်းတစ်ယောက်ကိုမပြောသင့်သေးဘူးထင်၏။ နှုတ်ကစကားမဆိုဘဲ သူ့မျက်နှာကိုပြန်ကြည့်မိတော့ အကဲခတ်သည့်မျက်ဝန်းများဖြင့်ပြန်ကြည့်နေသည်။ 


!လေညှင်း ရှင့်ကို ပြောပြချင်ပါတယ် ကိုကို

ဒါပေမယ့် အခုတော့မဖြစ်သေးဘူး..ရှင် ထင်သလို သူနဲ့လေညှင်း နေရာမတူတာတော့ မဟုတ်ဘူး...မွေးစားသမီးလည်းမဟုတ်ဘူး!


စိတ်ထဲကပဲ ခံပြင်းစွာ ငြင်းဆိုလိုက်ပေမယ့် လက်တွေ့မှာတော့ စကားသံတို့ထွက်မလာပေ။


""ဆက်ပြောလေ""


""ဟင့်အင်း...ဘာမှမဟုတ်ပါဘူး""


မျက်လွှာချလျက် ရှောင်လွှဲသွားသည့် လေညှင်းကိုကြည့်ကာ အလင်းမျက်နှာထက် အပြုံးတစ်ပွင့် ခပ်ရေးရေး ဖြစ်ထွန်းနေခဲ့၏။ ဒါကိုတော့ လေညှင်းတစ်ယောက် မမြင်မိခဲ့ပေ။


~~~~ 🍁🍁🍁🍁 ~~~~

Continue to >>>Part-22


Readers/Writersလေးတွေအားလုံးက VIPပါ


Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: