book

Index 4

(အပိုင်း ၄)

  • Author : Kyawal
  • Genres : Comedy, Drama, Action

🌸ကချေသည်🌸

“ရှောင်လုရေ ...ရှောင်လု ...”

အိမ်ရှေ့ခြံဝန်း အပေါက်ဝနားမှ အကသင်ပေးသူဒေါ်လေးခမ် ရှောင်လုအား ခေါ်နေခြင်းပင်...

အိမ်ရှေ့မှ ခေါ်သံကြောင့် အဘွားကျန့် ထွက်ကြည့်လိုက်ပြီး...

“အော...သမီးခမ် ဘာကိစ္စများလဲကွယ်...”

အဘွားကျန့်အား မြင်တော့ ဒေါ်လေးခမ်ပြုံးပြလိုက်ခါ..
“ရှောင်လုကောဟင် အဘွားကျန့်...သူ့ကိုမတွေ့တာ ၂ရက်လောက်ရှိပြီမို့...
အဲ့ဒါ ဘာများဖြစ်နေတာလဲလို့ လာကြည့်တာပါ အဘွား...”

ဒေါ်လေးခမ် စကားကြောင့် အဘွားကျန့်မျက်နှာလေးမှာ ချက်ချင်းညိုးကျသွားပြီး...
“ရှောင်လုရှိပါတယ် သမီးရယ်...
ဒါပေမယ့် မနေ့ညနေက အကြွေးလာတောင်းတဲ့ အွမ်ရဲ့ လူတွေနိပ်စက်သွားတဲ့ လက်ချက်ကြောင့် ဒဏ်ဖြစ်ပြီးဖျားနေလေရဲ့...အခုတော့ သူအိပ်ပျော်သွားပါပြီကွယ်..”

အဘွားကျန့် စကားကြောင့် ဒေါ်လေးခမ်မှာ အံ့ဩသွားရပြီး ..
“ရှင်...ဘယ် ဘယ်လိုဖြစ်ရတာလဲ အဘွားရယ် ..
သမီး ..သမီး ရှောင်လုကို သွားကြည့်လို့ ရမလားဟင်..”

အဘွားကျန့် ခေါင်းလေး တစ်ချက်ငြိမ့်ပြလိုက်ခါ ..
“ရတာပေါ့ သမီးရယ် လာ ဝင်လေ အထဲကို..”

အဘွားကျန့်၏ ဖိတ်ခေါ်မှုကြောင့် အထဲသို့ သူမ ဝင်သွားလိုက်သည်။..
ကုတင်လေးပေါ်တွင် ဖြူဖက်ဖြူရော်ဖြင့် ခွေခွေလေးအိပ်နေသည့် ရှောင်လုအား မြင်တော့ ဒေါ်လေးခမ် စိတ်မကောင်းဖြစ်သွားရပြီး...
အနားတွင် ဝင်ထိုင်လိုက်ခါ
ရှောင်လုလက်ကလေးအား ဖိဆုတ်ထားလိုက်သည်။...
ဪ...ဖြစ်မှဖြစ်ရလေ..
ရှောင်လုရယ်...ပေါ်မလာလို့ ဒေါ်လေးခမ်မှာ မျှော်နေလိုက်ရတာ..
ဒီလိုကြောင့် ဒေါ်လေးခမ်စီ အကလာမသင် နိုင်တာလားကွယ်...

ရှောင်လု၏ နဖူးပြင်တွင် ပြိုကျနေသည့် ဆံနွယ်ရှည်တို့အား ဘေးသို့ ဖယ်သပ်ပေးလိုက်ခါ...
သက်ပြင်းရှည်ကြီး ချလိုက်ပြီး..
ဒီခံစားနေရတဲ့ ဒဏ်ရာ ဝေဒနာတွေကနေ ရှောင်လုလေး အမြန်ဆုံး ပြန်လည် သက်သာလာပါစေကွယ်...

ရှောင်လုအပေါ် ကြင်နာစွာ ဆက်ဆံနေသည့် ဒေါ်လေးခမ်အား အဘွားကျန့် ကြည့်ခါ ပြုံးလိုက်ပြီး ...
ရှောင်လု နိုးလာသည့်အခါ သောက်ဖို့ ဆန်ပြုတ် ပူပူလေး သွားကြိုရန် ပြင်လိုက်တော့သည်။...

🌸🌸🌸🌸🌸🌸

တဖျက်ဖျက်လက်နေသည့် ပိုးဇာကျောက်စိမ်းခပ် တန်ဖိုးကြီး ဝတ်စုံအား ဝတ်ဆင်ထားပြီး...
နန်းတော်၏ဉယျာဉ်အတွင်းရှိ ပုဒုမ္မာကြာပန်းတို့ ပွင့်လန်းနေသည့် ကန်ရေပြင်ကျယ်ကြီး အလည်တည့်တည့်တွင် တည်ဆောက်ထားသည့် ....
အပန်းဖြေ နန်းဆောင်ပေါ်တွင် မင်းသမီး ရုန်ဟွာ ထိုင်နေ၏။...
ထိုစဉ် သူမရှေ့တော်သို့ တလွှားလွှားဖြင့် ရောက်ရှိလာသူက အခိုင်းတော် အာရီပင်...

“မင်းသမီး ရုန်ဟွာအား အရိုအသေပေးပါတယ်။..”
ဟွာယံ ခေါင်းလေးငြိမ့်ပြလိုက် တာကြောင့် အရိုအသေပေးနေရာမှ ထလိုက်ခါ...
“မုန်းဘုရင်ရဲ့ ကြင်ယာတော် ရွေးပွဲဟာ တဖြေးဖြေးနီးကပ်လို့ လာပါပြီ မင်းသမီး....
ဒါကြောင့် ထိုပွဲအတွက် မင်းသမီး ကျွန်တော်မျိုးမအား ဘာများ စေခိုင်းစရာရှိပါသလဲရှင့်...”

ရုန်ဟွာ အခိုင်းတော် အာရီဘက်သို့ လှည့်ကြည့်ခါ..
“အင်း...ပွဲနေ့ ဝတ်ဖို့ ငါ့အတွက် အလှဆုံး ရွှေဆံထိုးနဲ့ အလှဆုံးဖြစ်တဲ့ ပုလဲခပ်ဇာခြုံ ဝတ်စုံကို သေချာ စီစဉ်ပေးထားပါ...
ပွဲနေ့ရောက်ခါမှ အမှားမှား အယွင်းယွင်း ငါမဖြစ်ချင်ဘူးနော်...”

“မှန်ပါ မင်းသမီး..”

အာရီ ခေါင်းငုံ့၍ အရိုသေပေးခါ သူမအရှေ့မှ ထွက်သွားတော့သည်။

ဆက်ကနဲ ကန်ရေပြင်ကျယ် ဘက်သို့ ပြန်လှည့်ခါ ငေးမောလိုက်ရင်း...
လက်ထဲရှိ ခိုပြာရောင် ပုဝါစလေးအား ဖိဆုတ်ခါ....

သူမ၏ မုန်းဘုရင်နှင့် တွေ့စုံမှုအား ပြန်တွေးကြည့်မိသည်။....

🌸🌸🌸🌸

ကျေးငှက်သံတို့ဖြင့် သာယာလှသည့် နံနက်ခင်းလေးတွင် အရိပ်အဖြာဖြာကျနေသည့် သစ်ပင်ကြီးအောက်တွင်
ထုံးစံအတိုင်း ရုန်ဟွာ ဗြက်စောင်းတီး လေ့ရှိသည်။...
သာယာနာပျော်ဖွယ် သံဇဉ်တို့ ဖန်တီးနေသည့် သူမစီသို့ မြှားတစ်စင်း စိုက်ရောက်လာခါ....
ကံကောင်းစွာဖြင့် မြားမှာ သူမ၏လက်မောင်းသားကိုရှ၍ ပုဝါစကို ဖောက်ထွက်ခါ သစ်ပင် ပင်စည်သို့ စိုက်သွားလေသည်။

ပင်စည်တွင် စိုက်နေသည့် မြှားအားကြည့်ခါ ရုန်ဟွာ ကြောက်၍ ချွေးစေးလေးများပင် ဆို့တတ်လာသည်။
ထို့နောက် တစ်ကိုယ်လုံးအမဲရောင်ဝတ်စုံနက် ဝတ်ဆင်ခါ
မျက်နှာ အုပ်ထားသည့် လူမှ သူမလည်ပင်းအား ဓားဖြင့်ထောက်လိုက်သည်။
အသက်ရှူရပ်မတတ် ဖြစ်သွားရပြီး
အရှေ့မှ အပြေးရောက်လာသည့် အနီရောင်ဝတ်စုံဖြင့် ရွှေရောင်မျက်နှာဖုံးတပ်ထားသော မုန်းဘုရင်အား..
''ဆက်လိုက်လာမယ်ဆိုရင်... ဒီမိန်းကလေး အသက်ကို ငါအာမ မခံဘူးနော်''

ကြောက်လွန်းလို့ ရုန်ဟွာမျက်ဝန်းမှာ မျက်ရည်များ ရွှဲစိုနေ၏။
တုန်ရီခါ ကြောက်လွန်းနေသည့် သူမမျက်နှာအား မုန်းဘုရင် တစ်ချက်ကြည့်ခါ...
"ကောင်းပြီ ငါဆက်မလိုက်တော့ဘူး... မင်းသူ့ကို ဘာမှ မလုပ်နဲ့ လွှတ်ပေးလိုက်...။''

ထိုစကားကြောင့် ဝတ်စုံအမဲနှင့်လူမှာ ရုန်ဟွာအား မုန်းဘုရင်စီသို့ တွန်းထုတ်လိုက်ပြီး ...
ထိုနေရာမှ အမြန် ထွက်​သွားလေသည်။

ရုန်ဟွာ၏ ခန္ဓာကိုယ်လေးမှာ မုန်းဘုရင်ပေါ်သို့ ပြိုကျသွားပြီး..
သူမ ကိုယ်လေးအား မုန်းဘုရင် အမြန်လှန်းဖမ်းလိုက်သည်။...
လက်မောင်းရှိ ဒဏ်ရာအား ဖိမိတာကြောင့်...
သူမကိုယ်လေး တွန့်တတ်သွားပြီး..
“အ...”

''မင်း...ဒဏ်ရာရထားတာလား''

အခုမှ မုန်းဘုရင် သူပစ်လိုက်သောမြှား သစ်ပင်တွင် စိုက်နေသည်ကို သတိထား​​​ မြင်မိသွားသည်။
ထို့နောက် ရုန်ဟွာ၏ လက်မောင်းတွင် သွေးများထွက်နေသည်ကို မြင်သွား​လေသည်။...
ဟာ...ငါပစ်လိုက်တဲ့ မြှားက သူမကို မှားထိ ထားတာပဲ

ရုန်ဟွာမှာတော့ မိန်းမသားမို့ ကြောက်စိတ်တစ်ခုသာရှိနေပြီး ဘာမှတောင် ပြန်မဖြေနိုင်ပေ။...

ပြူးကြောင်ကြောင် ကြည့်နေသည့် သူမလက်မောင်းအား သူ့တွင် ပါလာသည့် ပုဝါစအရှည် ဖြင့် သွေးတိတ်ယုံ စီးပေးလိုက်ခါ..
“ငါမရည်ရွယ်ပါဘူး မင်းကို ထိသွားလိမ့်မယ်လို့ တော်သေးတာပေါ့ ယှက်ထိလေးမလို့...ဒါလေးနဲ့ စီးထားလိုက် ပြီးမှ နန်းဆောင်ပြန်ရောက်မှ ဆေးထည့်လိုက်ပါ...”

ထိုသို့ ပြောခါ လှည့်ထွက်သွားသည့် မုန်းဘုရင်အား မျက်လုံးဝိုင်းလေးဖြင့် သူမရပ်ကြည့်ခါ ကျန်ရစ်ခဲ့တော့သည်။...
သူမစိတ်ထဲမှာတော့ မုန်းဘုရင်အား စကားတွေ ပြောနေမိသည်။...
ဟွန် ..ဘယ်လိုလူပါလိမ့်...
သူ့ကြောင့် ရတဲ့ ဒဏ်ရာကိုတောင် တာဝန်မယူပဲ ဒီတိုင်းထွက်သွားတယ်...
ဟင်!...ငါအခုမှ သတိထားမိတယ် သူ..သူက ရွှေရောင် မျက်နှာဖုံးနဲ့ပဲ မဟုတ်မှလွဲကော သူက လူအများပြောပြောနေတဲ့ အမဲလိုက်မုဆိုး မုန်းဘုရင်မလား...
အိုး...ဘုရားရေ မျက်နှာဖုံး စွပ်ထားတာတောင် အတော်ချောပြီး ဆွဲဆောင်မှု ရှိနေပါ့လား...

ရွှေရောင်မျက်နှာဖုံးအား အရေးကြီးကိစ္စမရှိလျှင် တော်ယုံတန်ယုံ မချွတ်ပဲ မုန်းဘုရင် အမြဲတပ်ထားခြင်းကြောင့် ရွှေရောင်ကနုတ် မျက်နှာဖုံးဝတ်နဲ့ဆို မုန်းဘုရင်ဟုသာ လူတိုင်းကသိကြသည်။....

လူအများကဘယ်လိုပဲ မုန်းဘုရင်က ရက်စက်ပြီး ကြောက်စရာကောင်းတယ် ပြောပြော တကယ်တမ်းကျ သူလဲ လူသားတစ်ယောက်မို့ ကြင်နာတတ်တဲ့ နှလုံးသားတော့ ရှိသေးသား..

မုန်းဘုရင် စီးပေးခဲ့သည့် ခိုပြာရောင် ပုဝါစလေးအား သူမ ကိုင်ခါ ပြုံးမိလိုက်သည်။....

🌸🌸🌸🌸🌸

အတွေးများနယ်ချဲ့နေခြင်းကို ရပ်လိုက်၍ ခိုပြာရောင် ပုဝါလေးအား သူမငုံ့ကြည့်ခါ.....

မကြာခင် ကြင်ယာတော်ရွေးပွဲမှာ မင်းကြီးနဲ့ ထက်ပြီး ဆုံတွေ့ရဦးမယ်..
အဟွန်း...တည်ကြည်ခန့်ညားလွန်းတဲ့ မင်းကြီး နှမတော်ကိုသာ ရွေးချယ်စေချင်တယ်။...
မင်းကြီးရဲ့ ရွှေရောင်လွှာမျက်နှာဖုံးကြားက အကြည့်စူးစူးတွေက နှမတော်ရဲ့ ရွှေရင်အစုံကို လှုပ်ခက်စေခဲ့တယ်။ ဒါကြောင့် နှမတော်ဟွာယံ ဆုတောင်းတယ်..
မင်းကြီးရွေးချယ် လာမဲ့သူဟာ နှမတော်ပဲ ဖြစ်ပါရစေ....

စိတ်ထဲမှ တွေးခါ ရေရွတ်ရင်း ခိုပြာရောင် ပုဝါစလေးအား သူမငုံ့နမ်းလိုက်တော့....
မွှေးပြန့်ကြိုင်လှိုင်တဲ့ မင်းကြီး၏ အငွေ့အသက်တို့က အခုထိ သည်ပုဝါစလေးတွင် ကျန်ရှိနေတုန်းပင်....

🌥🌥🌥🌥

တကျွီကျွီ ကျေးငှက်သံတို့နှင့်အတူ
ရှောင်လု တစ်ယောက် အိပ်ယာထဲတွင် ဟို လူး သည်လိမ့်ဖြင့် နိုးလာခဲ့သည်။....

အ...ကျွတ် ...ဟူး...
ဗိုက်ကလည်း နည်းနည်း နာနေတုန်းပဲ...
ရွှတ်...ရွှတ်..
အာ ..မွှေးလိုက်တာ..
အဘွား မနက်စာပြင်နေတာလား မသိဘူး...

“ဂွီး...ဂွီး..”

ဟွန်...အနံ့လေးရယုံနဲ့ ဗိုက်အတော် ဆာသွားပြီ...

ကောက်ကနဲထခါ မီးဖိုချောင်ခန်းစီသို့ သူမဦးတည် လျှောက်လာခဲ့သည်။

ထင်သည့်အတိုင်း အဘွားကျန့် တစ်ယောက် တကုန်းကုန်းဖြင့် မနက်စာပြင်ဆင် နေလေသည်။...

“အဘွား....”

အခန်းဝစီမှ အသံကြောင့် အဘွားကျန့် တုန်ကနဲ လန့်သွားပြီး
လှည့်ကြည့်လိုက်တော့ ဖြူဖက်ဖက်မဟုတ်တော့ပဲ အသွေးရောင်ပြန်တတ် လာပြီဖြစ်သည့် ရှောင်လုပင်..

“ဟေ...ရှောင်လု မြေးမလေး ဘာလို့ထလာတာလဲကွယ် ဒဏ်ရာတွေက သက်သာလို့လား ဒီမှာ အဘွားက ရှောင်လုအတွက် မနက်စာ ခေါပုတ်ပူပူလေးနဲ့ ဝက်တုန်ရန်းစပ်စပ်လေး လုပ်ထားတယ် အခိုးတွေပွင့်ပြီး မြေးလေးအမြန် နေပြန်ကောင်းအောင်လို့လေ...”

“ဟင်..!”

အဘွားစီက ဝက်တုန်ရန်းဆိုသည့် အသံကြောင့် ရှောင်လုမျက်လုံးလေး ဝိုင်းစက်ခါ အံ့ဩမိသည်။...
တစ်သက်နဲ့တကိုး ဝက်သားကို စျေးက စား​သောက်ဆိုင်တွေမှာသာ သူမ အနံ့ရှူခဲ့ဖူးသည်။...
ယခုတော့ အဘွားက သူမအတွက် ဝက်တုန်ရန်း စပ်စပ်ကလေးတဲ့လား...
တစ်ခုခုတော့ ထူးခြားနေသည်။...
ထိုအခါမှ သူမသတိရသွားသည်က ထို ..ထိုလူ ဒဏ်ရာနဲ့လူ ...
အခုဘယ်ရောက်သွားပြီလဲ...

“အဘွား...ဟိုလူကြီးရော...”

ဟင်းခက်နေရာမှ အဘွားကျန့် ရှောင်လုဘက်သို့ လှည့်ကြည့်ခါ
“ဘယ်လူကြီးလဲ ရှောင်လု...”

ရှောင်လု နှုတ်ခမ်းလေးဆူသွားပြီး
“ဟာ..ဘယ်လူကြီးကမှာလဲ အဘွားကလည်း ဒဏ်ရာနဲ့ လူကြီးလေ...”

ထိုအခါမှ အဘွားကျန့် ပြုံးလိုက်ပြီး...
“ဪ ...သူလား ဒဏ်ရာသက်သာတဲ့ နေ့ထဲက ထွက်သွားပြီလေ...
မနက်မိုးလင်းမှ သွားပါ မောင်ရင်ရယ်လို့ အဘွားတားနေတာတောင်
သူက အရေးကြီး ကိစ္စ ရှိနေတာမို့
သွားမှ ဖြစ်မယ်ဆိုပြီး
ဇွတ်ထွက်သွားလေ ရဲ့....
မသွားခင် သူ့အသက်ကို ကယ်ပေးခဲ့လို့ အဘွားတို့ကို သည်နည်းလေးနဲ့ပဲ းလေးနဲ့ပဲ ကျေးဇူးဆပ်ပါရစေဆိုပြီး...

သူပါလာသမျှ ရွှေတုံးတွေ၊ငွေစတွေ ကိုလည်းပေးထားခဲ့သေးတယ်။....
အဘွားမှာ သူပေးတာလေးတွေတောင် ငြင်းချိန်မရဘူး ...
လစ်ကနဲ ထွက်သွားလေရဲ့....”

ရှောင်လု မျက်လုံးလေးဝိုင်းခါ အဘွားကျန့်အား ခပ်ကြောင်ကြောင်လေး ကြည့်လိုက်ပြီး...
“ဒါ..ဒါဆို အဘွား အခုချက်ထားတဲ့ ဝက်တုန်ရန်းဆိုတာ သူပေးတဲ့ ငွေနဲ့ဝယ် ချက်တာပေါ့...”

အဘွားကျန့် ရှောင်လုအား မျက်စောင်းလေး ခပ်ယဲ့ယဲ့ထိုးလိုက်ပြီး...
ဟင်းခပ်နေသည့် ဇွန်းခွက်အား ချခါ ခါးထောက်လိုက်ပြီး....
“အမလေး...ရှောင်လု ကျုပ်ကို ဘယ်လို မျက်လုံးနဲ့ ကြည့်လိုက်ပါလိမ့်...သူများ ပေးခဲ့တဲ့ ငွေကို ကျုပ်က လွယ် လွယ် ယူသုံးတတ်တဲ့ လူမျိုးမဟုတ်ပါဘူးနော် ...
သူပေးခဲ့တဲ့ ရွှေတုံးနဲ့ငွေစတွေ အကုန်လုံး အိပ်ယာနားက နှီးတောင်းထဲမှာ ထည့်ထားတာ ရှိသေးတယ်....”

အဘွားကျန့်စကားကြောင့် သူမ နားမလည်သလို ပြန်ကြည့်လိုက်ခါ...
“အဲ့ဒါဆို ဒီဝက်...”

“ရှင့်မောင် ဖူးခိုက်က ရှင်ဒီလို ဒဏ်ရာဗလပွနဲ့ နေမကောင်းဖြစ်နေတော့ အားရှိအောင် စားစေချင်လို့ဆိုပြီး သူ့အိမ်ကို ပူဆာပြီး ဝယ်ပေးခိုင်းလာတာပါတဲ့ တော်...”

ရှောင်လုစကားလေး မဆုံးသေး အဘွားကျန့်မှ ဇွတ်အဖြေပြောလိုက်တာကြောင့်...
သူမခေါင်းလေး ဖွဖွကုတ်ခါ ရယ်လိုက်ပြီး....
“ဟီး...အဲ့လိုလား ရှောင်လု မသိလို့ပါ...
တောင်းပန်ပါတယ် အဘွားရယ်..”

အဘွားကျန့် ခါးလေးထောက်နေရင်းမှ...
“ဟွန်း ...ဖြစ်ရမယ် မယ်မင်းကြီးမ ရှောင်လု”

“ဟီး...အဘွားကလဲ
ဒါနဲ့... အဲ့ဒါတွေ ရှောင်လု အိပ်ယာစီ လာပို့မလို့လား ....ပေးပေး ရှောင်လုဘာသာ သယ် သွားလိုက်မယ်”

တစ်နိုင်တစ်ပိုင် ထမင်းစား စားပွဲသေးလေးအား မရန် ရှောင်လု ရွယ်လိုက်စဉ်မှာပင်....
သူမလက်ကလေးအား အဘွားကျန့်ပုတ်ချခါ..
“အယ်...သွားသွား မျက်နှာသစ် ခြေလက်သန့်စင်ချီ ဒီဟာတွေ အဘွားဘာသာ သမီးစီ သယ်လာပေးခဲ့မယ် သွား ...”

“အို...အဘွားကလဲ မဟုတ်တာ ရှောင်လု ဒါတွေ သယ်ချပြီးမှ...”

“ရှောင်လု...”

အံလေးကြိတ်ပြခါ နာမည်ခေါ်လိုက်သည့် အဘွားကြောင့် သူမဘာမှ ဆက်အတွန့်မတတ်တော့ပဲ

“ဟီး...ဟီး..ဟုတ်ကဲ့ အဘွား...”

နောက်သို့ တစ်လှမ်းချင်း ပြန်ဆုတ်လိုက်ခါ ခြေလက်သန့်စင်ရန် မီးဖိုချောင် ခန်းမှ ရှောင်လု ထွက်သွားလိုက်သည်။

ထွက်သွားသည့် ရှောင်လုအား အဘွားကျန့် ခေါင်းတရန်းရန်းဖြင့် ကြည့်ခါ
ခပ်လက်စ ဟင်းရည်အား ဇွန်းခွက်ထုတ်ခါ ပြန်ခပ်ထည့်နေလိုက်သည်။

🌸🌸🌸🌸🌸

“ကိုင်ချောင် ... အဆင်သင့်ပဲလား...”

သစ်ပင်၏ အကွယ်တစ်ခုမှ ဝတ်စုံအနက်တို့ဖြင့် မျက်နှာအား အုပ်ထားသည့် လူ၃ယောက်မှာ
တစ်ယောက်ကို တစ်ယောက် အချက်ပြနေလေသည်။....

အကသင်ရန် ဒေါ်လေးခမ်စီသို့ သွားနေသည့် ရှောင်လုအား ...
အနောက်မှ လည်ပင်းအား သိုင်းဖက်ခါ ဆေးတို့ထားသော အဝတ်စဖြင့် နှာခေါင်းအား ဖိအုပ်ပစ်လိုက်သည်။....

ဆေးရှိန်ကြောင့် ရှောင်လုမှာ ခွေခေါက်လှဲကျသွားပြီး ...
ထိုလူ ၃ယောက်ထဲမှ တစ်ယောက်က ရှောင်လုအား ပုခုံးပေါ်ထမ်းတင်ခါ မသွားတော့ သည်။....

🌸🌸🌸🌸

အုပ်ဆိုင်းဆိုင်း သစ်ပင်ကြီးအောက်တွင် အမျိုးသမီးငယ် တစ်ဦး တစ်စုံတစ်ယောက်ကို ရပ်စောင့်နေသည့် ပုံပေါ်သည်။....

“ချောက်...ချောက်..ချောက်..”

သစ်ရွက်ခြောက်နင်းသံ ခြေသံသဲ့သဲ့ကြောင့် ထိုအမျိုးသမီးငယ် လှည့်ကြည့်လိုက်တော့...
သူမ အစီစဉ် ပြီးမြောက်အောင် ခိုင်းစေထားသော ဝတ်စုံအနက်ဖြင့် လူ၃ယောက်ပင်...

တရိပ်ရိပ်ဖြင့် ထိုလူ၃ယောက်မှာ သူမအနားသို့ ရောက်လာသောကြောင့်
“ဘယ်လိုလဲ ခိုင်းထားတဲ့ အတိုင်း သေချာ လုပ်ပြီးပြီလား...”

“ဟုတ်ကဲ့ မမလေး ကျွန်တော်တို့ အကုန်လုံးလုပ်ပြီးပါပြီ”

ထိုအမျိူးသမီးငယ်မှာ ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီး...
သူမအသင့်ပါလာသည့် ငွေစထည့်ထားသည့် အိတ်၃အိတ်အား ထိုလူ၃ယောက်အား ပေးလိုက်သည်။...

“ရော့ သည်မှာ ဒါကိုယူပြီး ရှင်တို့ ၃ယောက်စလုံး ဒီကနေ ခြေရာဖျောက်သွားတော့။
ဒါမှ ဒီကိစ္စကို အမြစ်ပြန်ဖော်လို့မရမှာ
အိတ်ထဲမှာ ငါအလုံအလောက် အကုန်ထည့်ပေးထားတယ် ကြားလား သွားကြတော့”

ထိုလူ၃ယောက်မှာ အမျိုးသမီးငယ်အား ဦးခေါင်းညွှန့်၍ အရိုသေပေးခါ ထိုနေရာမှ ကိုယ်စီ ထွက်သွားကြတော့သည်။..

ကျန်ရစ်ခဲ့သည့် သူမမှာ ကြံစည်သည့် အစီစဉ်အောင်မြင်တာကြောင့် တသိမ့်သိမ့်ပြုံးလိုက်ရင်း....
ရှောင်လု နင်ဒီရွာကနေ အမြန်ပျောက်ဆုံးသွားလိုက်တာ ကောင်းတယ် ..အဟွန်း...
ဒါမှ ဆရာမခမ်ရှန်းရဲ့ အရေးပေးမှုကိုလည်း မခံရတော့သလို
နင့်အကနဲ့ နင့်ရဲ့ မြူစွယ်တဲ့ အလှတွေမှာ သူကြီးသားချန်းက မျောမနေပဲ ငါနဲ့လက်ဆက်တာကို အမြန်လက်ခံလာမှာ....
နင်ကြားခံနေလို့ သူက ငါ့ကို လက်မခံဖြစ်နေတာ...
အခုတော့ နင်ဒီလောကကြီးထဲကနေ အမြန်ဆုံး အပြီးအပိုင် ပျောက်သွားခဲ့ပြီပေါ့လေ
အဟွန်း....ဟား ဟား ဟား...
ငါကျေနပ်တယ်....

ထိုအမျိုးသမီးငယ်၏ နာမည်မှာ ဖိန့်ဝမ်ဖြစ်ပြီး အကဆရာမဒေါ်လေးခမ်၏ တပည့်အရင်းဖြစ်ခါ တစ်ဦးထဲသော သူဌေးသမီးလည်း ဖြစ်သည်။
ရှောင်လုအား ရွာ၏ အကြီးအကဲ တိုင်းလိုလိုက အရေးပေးချစ်ခင်ကြသလို
အကဆရာမဒေါ်လေးခမ်ကပါ အရေးပေး ချစ်ခင်သည်။
ထို့အပြင် သူမနှင့် လက်ဆက်ထားသည့် သူကြီးသား ချန်းကပါ ရှောင်လုအား သဘောကျနေခြင်းကြောင့် ပိုပို၍ မနာလိုမုန်းတီးလာလေသည်။....
ထို့ကြောင့် ရှောင်လုအား ဤရွာမှ အစဖျောက်ရန် ဟိုလူ၃ယောက်အား ခိုင်းစေခဲ့ခြင်းပင်.....။

ဟွမ်ကန်ရွာတွင် ရှောင်လုတို့မြေးဘွားနှစ်ယောက်အား အမြင်မကြည် မုန်းတီးသူဆိုလို့ ဖိန့်ဝမ်နှင့်ဒေါ်အွမ် ဤနှစ်ယောက်သာ ရှိသည်။...

🌸🌸🌸🌸

ထုံမူးမူး အနံ့သက်ကြောင့် ရှောင်လု သတိပြန်လည်ခါ...
တစ်ခန်းလုံးက အမှောင်အတိကျနေလေသည်။....
သို့သော် ထိန်ထိန်သာနေသည့် လရောင်က ကျက်ခိုးပေါက်မှ ဖြာကျနေပြီး အလင်းရောင် အနည်းငယ် ရရှိနေသည်။..
ဘေးဘီဝဲယာအား သူမကြည့်လိုက်တော့ သူလိုကိုယ်လို မိန်းမပျိုလေးများ တငိုင်ငိုင်တမှိုင်မှိုင်ဖြင့် ပေစုတ်နေခါ နံရံသို့ မှီထိုင်နေကြသည်။...
မသဲမကွဲ အလင်းရောင်လေးကြားမှ ရှောင်လု ထိုမိန်းမပျိုလေးများ၏ မျက်နှာအား လိုက်လန်အကဲခက် ကြည့်မိသည်။...
ရုပ်အဆင်းချောချော လှလှလေးတွေဖြစ်ကြပြီး...
တချို့မှာ ရိုက်နှက်ထုထောင်း ခံထားရပုံ ပေါ်သည်။...

တဖြေးဖြေးကြည့်နေရင်းမှ သူမရင်ထဲ စိုးထိန့်လာသည်။...
ငါ ...ငါဘယ်ရောက်နေတာလဲ...
ဒါဘယ်လိုနေရာကြီးလဲ အနံ့သက်တွေကလည်း ဘာနံ့ကြီးတွေမှန်း မသိဘူး
နောက်ပြီး ဒီမှာဘာလို့ ငါ့လိုရွယ်တူ မိန်းမပျိုတွေကြည် ရှိနေရတာလဲ...

လိုက်လန် အကဲခပ်နေရင်းမှ...
အခန်း၏ ထောင့်တစ်နေရာရှိ ကောက်ရိုးပုံနားတွင် ဒူးလေးနှစ်ဖက်ထောင်ခါ တအင့်အင့် ငိုနေသည့် မိန်းကလေးတစ်ဦးအား တွေ့လိုက်ရသည်။...

ထိုငိုနေသည့် မိန်းကလေးအနားသို့ ခြေသံဖွဖွလေးဖြင့် သူမ လျှောက်သွားခါ နံဘေးတွင် ဝင်ထိုင်လိုက်သည်။...

ငိုနေသည့် မိန်းကလေး၏ လက်မောင်းလေးအား ကိုင်လိုက်ခါ...
ခပ်တိုးတိုးအသံလေးဖြင့် ...
“ဒီမှာရှင့်...ဘာလို့ ငိုနေရတာလဲဟင်..
နောက်ပြီး ဒီနေရာက ဘယ်နေရာလဲဆိုတာ ကျွန်မကို ပြောပြလို့ရမလားဟင်”

သူမကမေးနေပေမယ့် ထိုငိုနေသည့် အမျိုးသမီးမှာ သူမအမေးအား ပြန်မဖြေပဲ ငိုနေစမြဲပင်...

ထို့ကြောင့် သူမဆက်မမေးတော့ပဲ ထသွားရန် ပြင်လိုက်စဉ်...
“ဒါက ဆောင်ကြာမြိုင် တစ်ခုရဲ့ ပစ္စည်း သိုလှောင်ခန်းလေ...”

“ရှင်.‼️.”

ထိုစကားကြောင့်သူမ တုန်လှုပ်ခြောက်ချားသွားပြီး...
အသံလာရာဘက်သို့ လှည့်ကြည့်လိုက်တော့...
အမှောင်ရိပ်ကျနေသည့် အထဲမှ တရွေ့ရွေ့ထွက်လာနေသည့် အမျိုးသမီးတစ်ဦးပင်....
ထိုအမျိုးသမီးမှာ သူမနဲ့ အသက်ရွယ် အတော်ကွာပုံရပြီး ဖြူနုနုမျက်နှာလေးမှာ အညိုမဲစွဲခါ ညိုးနွမ်းနေသည်။....

ထိုအမျိုးသမီးက သူမ၏ အာမေဋိတ်သံအား ထောက်ခံခါ...
“ဟုတ်တယ်...ငါတို့အားလုံး ဒီမှာ အရောင်းစားခံထားရတာ ...
အခု ငိုနေတဲ့ ကောင်မလေးကလည်း အရောင်းစားခံရတာပဲ...
သူ အရောင်းစား ခံရတာကိုသိတော့ ကြောက်လန့်ပြီး ဆောင်ကြာမြိုင်ရဲ့ အကြီးအကဲကို ကလန်ကဆန်လုပ်လိုက်လို့...
အနိပ်စက် ခံထားရတာလေ...
နောက်ပြီး ဒီကနေထွက်ပြေးဖို့ လုပ်တဲ့သူပဲဖြစ်ဖြစ် သူတို့ကို ကလန်ကဆန် လုပ်တဲ့သူပဲဖြစ်ဖြစ် ...
သူတို့ရဲ့စကားနဲ့ အမိန့်ကို မနာခံမချင်း ရိုက်နက်နိပ်စက်ကြတယ်...
ရိုက်နက်နိပ်စက်လို့မှ မရရင် အဆုံး..သတ်ပစ်လိုက်ကြတယ်...
ကဲပြော မင်းဘာသိချင်သေးလဲ...”

ထိုအမျိုးသမီး၏ စကားကြောင့် သူမ သွေးမရှိသလို ဖြူဆုတ်သွားပြီး အတော် တုန်လှုပ်ချောက်ချား သွားရသည်။..
မျက်ဝန်းတို့မှလည်း ကြောက်လန့်မှုတို့နဲ့အတူ မျက်ရည်များ ပြိုကျလာခါ
ကြမ်းပြင်ပေါ်သို့ ခွေကနဲပြိုလှဲ ကျသွားသည်။...
ဟင့်အင်း...မဟုတ်ဘူး မဟုတ်ဘူး..
ဒါဘယ်လိုဖြစ်နိုင်မှာလဲ ...
ငါကဘယ်လိုလုပ်ပြီး ဒီမှာ ရောင်းစားခံလိုက်ရတာလဲ....
ဟင့်အင်း...မဟုတ်ဘူး မဟုတ်ဘူး...အဟင့် ဟင့် ဟင့်..

🌸🌸🌸🌸အပိုင်း ၅ဆက်ရန်>>>
#ခွန်းခတ္တာကြွယ်
(ရှောင်လုလေး ရောင်းစားခံလိုက်ရပြီ ဘယ်လို လုပ်မလဲ)


rate now: