🌸ကချေသည် 🌸
Author ✍️ ကြွယ်
ပြဿာနာအစ လိမ်ညာ ဟန်ဆောင်ပြီး ချစ်ခဲ့သည်ဟု ယူဆကာ နာကြင်စိမ်းကား
သွားသည်က ရှောင်လု…..၊
ယခုတော့ အပြစ်မရှိတဲ့ ရင်သွေး ကိုယ့်သွေးသား အရင်းကိုတောင် မညာမတာ
ဖျတ်ချဖို့ ကြံစည်ရဲသည် ဟုဆကာ စိတ်ခံစားချက်တို့ မာကျောစိမ်းသက်
သွားသည်က မုန်းဘုရင်ပင်..၊
ချက်ချင်း ဆိုသလို အခြေအနေ တွေဟာ ပြောင်းပြန် ဖြစ်သွားခဲ့သည်…။
ကမ်းပေးနေသည့် လက်အား
ဖိဆုတ်ကိုင်လိုက်ကာ အားပြုလို့
ထရပ်လိုက်သည် ။
ထရပ်လာသည့် သူမအား ညိုပြေပြေမျက်ခုံးတို့ကို တွန့်၍ စူးရဲစွာ စိုက်ကြည့်လိုက်ရင်း ပါးပြင်၌ စီးကျနေသည့် မျက်ရည်ပေါက်လေးအား လက်ဖြင့်ဖိသုတ်ပေးလိုက်သည်….
“မငိုနဲ့ ငါ့ရှေ့မှာ မင်းမငိုနဲ့
မင်းဗိုက်ထဲမှာ ရှိနေတဲ့ ငါ့အသွေးအသားနဲ့ ပက်သက်လာရင် မင်းကို ငါချစ်လဲ ညှာတာမှာ မဟုတ်ဘူး …”
“မင်းကြီး ရှောင်လု ပြောပြတာကို ခဏလောက် ဖြစ်ဖြစ် နားထောင်ပေးစေချင်ပါတယ်…”
အချိုသက်သလို လေသံနှင့် သူမရဲ့ စကားကြောင့် နှုတ်ခမ်းတို့ကို မဲ့ပြုံးလို့ ရယ်လိုက်သည်….
“ဟွန်း..ဘာလဲ ကလေးဖျတ်ချမှာကို ခွင့်ပြုပေးဖို့ နားဝင်အောင် ပြောမလို့လား…”
“မ…မဟုတ်ပါဘူး …”
“မဟုတ်ရင်လဲ..မင်းစကားတွေကို နားထောင် မပေးနိုင်ဘူး ဘာမှမပြောနဲ့ မင်းစီက ငါဘာမှ မကြားချင်ဘူး ငါ့အမိန့် အတိုင်းသာ မင်းနေထိုင်ဖို့ ပြင်ဆင်ထား
ငါ့ကို လာပြီး အချိုမသက်နဲ့ ငါ့ရင်သွေး ဘာမှ မဖြစ်အောင် မင်းကို ထိန်းချုပ်ပြီး ငါအတတ်နိုင်ဆုံး ကာကွယ် ရမယ်…ဒါပဲ…”
သူမ မျက်နှာအား အနီးကပ်စိုက်ကြည်ရင်း ပခုံးအား တွန်းတိုက်ကာ နန်းဆောင်အတွင်းမှ ထွက်သွားလိုက်သည်
“မင်းကြီး…မင်းကြီး..”
အော်ခေါ်နေသံကို ကြားပေမယ့်လို့ တမင် လုံးဝလှည့်မကြည်ပေ…
စိတ်ထိခိုက်စွာ ငိုယိုမိရင်း ကြမ်းပြင်ပေါ်သို့ သူမ ပြန်ပြိုလှဲကျသွားသည်…
နာကြင်နေသည့် ရင်ဘက်လေးရှိ အင်္ကျီစတို့အား ဖိဆုတ်ဆွဲကာ တစ်ဆုံးငိုချမိသည်
လူကို ထင်ရာတွေ ပြောပြီး ရက်စက်ခဲ့ရသလား မင်းကြီးရယ်
ရှောင်လု စကားအမှားကို ပြန်ဖြေရှင်း ခွင့်လေးတောင် မပေးတော့ဘူးလား…
ခေါင်းလေးငုံ့လို့ ငိုနေရင်းမှ မပူသေးသည့် ဗိုက်ကလေးအား စမ်းကြည့်မိသည်…မျက်ရည်တွေက နဂိုထက်ပိုတိုးလို့ စီးကျလာသည်
ငယ်ရွယ်နုနယ်သူမို့ ရုတ်တရက် သတင်းကြားကြားချင်းမှာ ထိန့်လန့် တုန်လှုပ်ကာ ကြောက်စိတ်တို့သာ ပြည့်နှပ်နေပြီး ဘာကိုမှ မစဉ်းစားပဲ ဖျတ်ချဖို့ လွှတ်ကနဲ ပြောလိုက်မိပေမယ့်…
တကယ်တမ်း ချစ်ရသူနဲ့ရတဲ့ ဒီရင်သွေးကို သူမ မြတ်နိုးလို့ ချစ်ခင်ပါသည်
ဖျတ်ချဖို့ လက်ခံခဲ့ရင်တောင် သူမ တကယ် လုပ်ရဲမည်မဟုတ်ပေ
~~~~~~~~~~~~~
နန်းတော် ရင်ပြင်တစ်ခုလုံးတွင် ပိတ်စ အနီများ ကိုင်ဆောင်ထားသည့် နန်းတွင်းသူများ နှင့် အစောင့်တပ်သားများ ခြေလိမ်အောင် ရှုပ်ယှက်ခက်နေကြသည်
တစ်ချို့ နန်းတွင်းသူလေးများမှာ ပိတ်စနီ လေဖောင်းလေးများအား လှပစွာ အတွဲအစစ် ပြုလုပ်၍ နန်းတော်၏ မုဒ်ဦးဝတို့တွင် ချိတ်တပ်လို့ အလှစင်နေကြသည်…
ထိုအပြင်အဆင်တို့ကို ကြည့်၍ သုံးသပ်ကြည့်လျှင် ကြီးကျယ်ခမ်းနားလှသည့် မင်္ဂလာပွဲကြီးမှန်း သိသာလှပေသည်
ထိုစဉ် ရုန်ဟွာတစ်ယောက် ၎င်းရှုပ်ယှက်ခက်နေသည့် မြင်ကွင်းတို့အား တွေ့မြင်ရ၍ စိတ်ထဲ မသိုးမသန့် ဖြစ်မိသည်။
ထို့ကြောင့် နောက်ကျောဘက်တွင် ကပ်ပါလာသည့် နောက်လိုက်အစေခံ အာရီ ကို လှည့်ကြည့်ကာ မေးလိုက်သည်။
“အာရီ…”
“ဘယ်သူ့ရဲ့ မင်္ဂလာပွဲ ကျင်းပမှာမလို့ ဒီလောက်ခမ်းခမ်းနားနား ပြင်ဆင် နေကြရတာလဲ “
“မှန်ပါ မင်းသမီး ကျွန်တော်မျိုးမ နန်းတွင်းသူတွေစီက တစွန်းတစ ကြားသိချက်အရ အရှင်မင်းကြီးရဲ့ မင်္ဂလာပွဲဖြစ်ကြောင်းပါမင်းသမီး..”
“ဘာ…မင်းကြီး..မင်းကြီးရဲ့ မင်္ဂလာပွဲ ဟုတ်လား အာရီ…သတို့သမီးက ဘယ်သူလဲ ဘယ်သူနဲ့ လဲ ဘယ်သူနဲ့မင်္ဂလာပွဲကို ကျင်းပမှာလဲ…”
“တောင်းပန်ပါတယ် မင်းသမီး
ကျွန်တော်မျိုးမ အဲ့အကြောင်းကိုတော့ မေးမြန်းခြင်း မပြုခဲ့ မိပါဘူး…”
မင်္ဂလာ နံနက်ခင်းလေးက သူမအတွက် ကျက်သရေမရှိစွာ ကြားသိလိုက်ရသည့် ထိုသတင်းကြောင့် အမင်္ဂလာ နံနက်ခင်းသို့ ပြောင်းလဲသွားခဲ့သည်…
မီးတောင်ကြီး ပေါက်ကွဲကာ ချော်ရည် အဖြိုင်ဖြိုင် စီးကျနေသည့်အလား အပူငွေ့ရည်တို့ တရိပ်ရိပ်ဖြင့် မျက်နှာလေးမှာလည်း ဒေါသကြောင့် နီရဲလို့လာသည်…
မနာလို ဝန်တိုမှုတို့ကလဲ ထိန်းမရအောင် ပေါက်ထွက်ချင်လာသည်..
ထို့ကြောင့် လက်ကို ကျစ်နေအောင် ဖိဆုတ်ထားရင်း…
သိချင်လိုစိတ်တို့ လွန်ကဲကာ ဘေးနားတွင် ပိတ်စအနီကိုင်ကာ ဖြတ်သွားသည့် နန်းတွင်းသူလေးအား အော်ခေါ်လိုက်သည်
“ဟေး…ဒီကို ခဏလာဦး..”
“ဟုတ်ကဲ့ ရုန်ဟွာ မင်းသမီး..”
“ဒီမင်္ဂလာပွဲက မင်းကြီးရဲ့ မင်္ဂလာပွဲဆို”
ရှေ့တည့်တည့်သို့ ရောက်ရှိလာသည့် နန်းတွင်းသူလေးအား စူးရဲစွာ စိုက်ကြည့်ပြီး မေးလိုက်သည်
နန်းတွင်းသူလေးမှာလဲ ခေါင်းငုံ့လို့ ပြန်ဖြေလိုက်သည်
“ဟုတ်ပါတယ် မင်းသမီး”
“ဒါဆို မင်းကြီးရဲ့ မင်္ဂလာသတို့ သမီးက ဘယ်သူလဲ…”
“အဲ့ဒါကိုတော့ ယနေ့ မင်္ဂလာနေ့လည်ခင်းမှာ စည်တော်တီးလို့ ကြေညာမယ်ဟု ကြားသိရပါတယ် မင်းသမီး…”
“ကောင်းပြီ သွားတော့..”
သွားခွင့်ပြုလိုက်သည့် သူမကြောင့် နန်းတွင်းသူလေးမှာ ခပ်သုတ်သုတ်ကလေး ရှေ့မှ ထွက်သွားလိုက်သည်
“အာရီ…ငါ မိဖုရားခေါင်ကြီးရဲ့ နန်းဆောင်တော်ကို ကြွရောက်မယ်…”
“မှန်လှပါ မင်းသမီးလေး”
~~~~~~~~~~~~~~~~
“ဖန် မိဖုရားခေါင်ကြီး ရုန်ဟွာ မင်းသမီး နန်းဆောင်သို့ ကြွရောက်လာပါတယ်…”
နန်းတော်ရဲ့ ဦးယျာဉ်တော်ထဲတွင် ပန်းပင်အသစ်စိုက်ပျိုးရန် ဦးယျာဉ်မှူးဖြင့် တိုင်ပင်နေစဉ် နန်းတွင်းသူလေးမှ လာရောက် လျှောက်တင်သည်…
“ကောင်းပြီ ခွင့်ပြုလိုက်…”
“ဦးယျာဉ်မှူး(…) စိတ်ချမယ်နော်”
“မှန်လှပါ ဖိဖုရားခေါင်ကြီး..”
ဂါရဝပြု နုတ်ဆက်ကာ နန်းဆောင်တော်မှ ထွက်တော့မည့် ဦးယျာဉ်မှူးအား စိတ်ချစွာ ပြုံးပြလိုက်ရင်း မင်းသမီး ရုန်ဟွာ အလာကို စောင့်မျှော်လိုက်သည်
“မယ်တော်မိဖုရားခေါင်ကြီးကို ဂါရဝပြုပါတယ်…”
အရိုအသေပေး နုတ်ဆက်လာသည့် မင်းသမီး ရုန်ဟွာအား မိဖုရားခေါင်ကြီးမှ ပြုံးပြကာ ခေါင်းညိမ့်လိုက်သည်
“ထိုင်ပါကွယ် မင်းသမီးရုန်ဟွာ”
ဆက်ကနဲ ခေါင်းလေးငြိမ့်ကာ ညွှန်ပြသည့် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်
“ဟို မယ်တော်မိဖုရားခေါင်ကြီး ကျွန်တော်မျိုးမ သိလိုရာ အကြောင်းကိစ္စအား မေးမြန်းလို၍ နန်းဆောင်တော်သို့ ကြွရောက်လာခြင်းပါ…”
“အင်း ..ဘာအကြောင်းကိစ္စများလဲ မင်းသမီးရုန်ဟွာ”
ခတ္တမျှ တိတ်ဆိတ် ငြိမ်ချသွားပြီး ပေါင်ပေါ်တင်ထားသည့် လက်နှစ်ဖက်ကို ယှက်နွယ်ကာ ကုတ်ခြစ်မိသည်
ထို့နောက်…
“ဒီလိုပါ မယ်တော်မိဖုရားခေါင်ကြီး မင်းကြီး မင်္ဂလာပွဲကျင်းပမည်ဟု ကျွန်တော်မျိုးမ ကြားသိရပါသည် အဲ့အတွက်လဲ ကျွန်တော်မျိုးမ မင်းကြီးအတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည် ကျွန်တော်မျိုးမ သိလိုသည့် အကြောင်းကိစ္စမှာ မင်းကြီးမိဖုရားမြောက်တင် မည့် သူမှာ မည်သူမည်ဝါ ဖြစ်ကြောင်း ဆိုတာပင် ဖြစ်ပါသည် မယ်တော် မိဖုရားခေါင်ကြီးဖုရား…”
“အဟွန်း…ဘာများလဲလို့ မင်းသမီးရုန်ဟွာရယ် သားတော်မိဖုရားမြောက်တင်မယ့် သူက တခြားသူမဟုတ်ပါဘူး မနေ့က ကပြဖျော်ဖြေခဲ့တဲ့ ကချေသည် မိန်းကလေးကိုပါ…”
“ရှင်…အဲ့..အဲ့ ..ကချေသည်ကို မင်းကြီးက မိဖုရားအဖြစ်မြောက်တင်တယ်..”
“အင်း…သားတော်ဖိန့်က အဲ့မိန်းကလေးကိုမှ တမ်းတမ်းဆွဲချစ်မိနေလို့ မယ်တော်လဲ တားမရတဲ့ အဆုံး သားတော်ရဲ့ သဘောအတိုင်း ခွင့်ပြုပေးလိုက်ရတယ်…”
ချစ်မိတယ်…ချစ်မိတယ် ဆိုပဲ ဒါ ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ မင်းကြီးလိုလူက ချစ်မိတယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး သေချာတာက ဟိုနိမ့်ကျတဲ့ ကချေသည်မ …အဲ့ ကချေသည်မ က မင်းကြီးကို သူ့အလှတွေနဲ့ မတရား မြူစွယ် ဖြားယောင်းလို့ပဲ ဖြစ်ရမယ်
ဟွန်း…ဘာမဟုတ်တဲ့ ကောက်ကျစ် နိမ့်ကျတဲ့ ကချေသည်မက ငါ့ရင်ထဲက မင်းကြီးကို ဆွဲထုတ်ရဲတယ် …
နင့်ကို ငါလုံးဝ မကျေဘူး ကချေသည်မ..အခုတော့ နင်ပဲ အနိုင်ယူထားဦးပေါ့…မကြာခင်မှာ မင်းကြီးက နင့်ကို စွန့်ပစ်ပြီး ငါ့ကိုရွေးချယ်လာအောင် ငါလုပ်ပြမယ်..နင်စောင့်ကြည့်လိုက်…
မိမိ ချစ်ရသူ မင်းကြီးအား လုယူသွားသည် ဟူသော အတွေးဖြင့် ရုန်ဟွာတစ်ယောက် ရှောင်လုအား အတော်ကို မုန်းတီးငြိုးမာန်ဖွဲ့မိသည်….
~~~~~~~~~~~~
ဟွာထန်တိုင်းပြည်အား အုပ်ချုပ်နေပြီ ဖြစ်တဲ့ နန်းတတ်ဘုရင်သစ် အိုက်ချန်အား မြို့နယ် အသီးသီးမှ မြို့စား/နယ်စားမင်းများ နှင့် ကုန်သည်များက လက်ဆောင် ပဏာများဖြင့် မျက်နှာလုပ် ဆက်သကာ နန်းတော် အတွင်း ခြေရှုတ်နေကြသည်။ နောက်ဆုံးအနေဖြင့် ဟွာထန်ဘုရင် အိုက်ချန်အား လက်ဆောင် ပဏာဆက်သကာ အခစားဝင်ရန် တစ်ဦးသာ ကျန်ရှိတော့သည်။ ဟွာထန်ဘုရင်အိုက်ချန်မှာ ပင်ပန်းလွမ်းလို့ အနားယူချင်နေပြီ ဖြစ်သည်။ သို့သော် နောက်ဆုံးကျန်ရှိနေသည့် ကုန်သည်မှာ စကားအရာမှာ လိမ္မာပါးနပ်၍ သူသဘောတွေ့ နှစ်သက်နေသည့် ကုန်သည် ဖြစ်၍ ပင်ပန်းသော်လည်း တစ်အောင့်မျှ သည်းခံလိုက်သည်။ နောက်ဆုံး ကျန်ရှိနေသည့် ကုန်သည်မှာ အနားယူချင်နေပြီဖြစ်တဲ့ သူ့အား အမြန်အခစားဝင်ကာ လက်ဆောင် ပဏာ ဆက်သလိုက်သည်။ ထိုကုန်သည် ဆက်သလာသည့် ငွေထည်ဖြင့် ပြုလုပ်ထားသော ပန်းကနုတ်ပါ လေးထောင့်ဆန် သေတ္တာ ငယ်အား ဖွင့်ကြည့်မိရာ….
"ဟင်...အဖိုးတန် ပုလဲနက်ပဲ.."
ပင်ပန်းနေသည့် မျက်နှာတော်မှာ ကုန်သည်အား လှမ်းကြည့်၍ အပြုံးရိပ် တချို့ သန်းသွားသည်။
"မှန်လှပါ အရှင်မင်းကြီး ထို ရတနာ ပစ္စည်းဟာ (…)ဒေသ (မုန်းဘုရင်ပိုင်နက်ဒေသ)နှင့် ထိစပ်နေသော ရေပိုင်နက်မှ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ် အရှင်မင်းကြီး"
"အဟွန်း ငါကိုယ်တော်မြတ်အား လာရောက် ဆက်သကြသည့် လက်ဆောင် ပဏာတော်များထဲမှ ယခု ကုန်သည်ကြီး ဆက်သသည့် ဤပုလဲနက်အား ငါကိုယ်တော် သဘောအတွေ့ဆုံး ဖြစ်သည် ၊ အဖိုးထိုက်တန် လှပေသည် “
“မှန်လှပါ…
အရှင်မင်းကြီး နှစ်သက်ကြောင်းအား ကြားသိရ၍ ကျွန်တော်မျိုး အင်မတန် ဂုဏ်ယူ ဝမ်းမြောက်မိပါသည် အရှင်မင်းကြီး”
“ဒါနဲ့ ကုန်သည်ကြီး အရင်တစ်ခေါက် လာရောက် အခစား ဝင်စဉ်က ပြောထားသည့် နတ်ဆေးသမားတော် ကိစ္စရပ်မှာ မည်သို့ အကြောင်းရှိသနည်း ၊ ငါကိုယ်တော် စောင့်မျှော်နေရသည်မှာ ၃ရက်မြောက်သို့ ရောက်လာခဲ့ပြီ ဖြစ်တယ်….”
ထိုကိစ္စရပ်အား အလွန်စိတ်အား ထက်သန် ပြင်းပြနေသည့် ဟွာထန်ဘုရင် အိုက်ချန်ကြောင့် ကုန်သည်ကြီးမှာ နှုတ်ခမ်းမဲ့လို့ မသိမသာ ပြုံးမိသည်….
“မှန်ပါ ထိုနတ်ဆေးသမားတော်၏ အိမ်သို့ ကျွန်တော်မျိုး ဆင့်ခေါ်စာလွှာ ပေးပို့ခဲ့ပြီး ဖြစ်ပါတယ် အရှင်မင်းကြီး ၊ နတ်ဆေးသမားတော်မှာ ဆေးကုသမှု ကိစ္စရပ်ဖြင့် ခရီးလွန်နေကြောင်း ကြားသိခဲ့ရပါသည်၊ ထို့ကြောင့် သူ၏ အိမ်သားတစ်ဦးအား ခရီးမည်မျှ ကြာနိုင်သည်ကို မေးမြန်းကြည့်ရာ ၃ရက်မျှ ကြာနိုင်သည်ဟု ဆိုပါတယ် အရှင်မင်းကြီး“…
ကုန်သည်ကြီး၏ ပြန်လည်ဖြေကြား ချက်ကြောင့် ဟွာထန်ဘုရင် အိုက်ချန်မှာ မျက်မှောင်ကျုံ့မိသည်
ဖခင်မင်းကြီး၏ ကျန်းမာရေး အခြေအနေဆိုးဝါးနေမှု အတွက် သူအလျင်လိုနေခြင်းဖြစ်သည်…
“ကောင်းပြီ နတ်ဆေးဆရာ ခရီးမှ ပြန်ရောက်သည်နှင့် ငါကိုယ်တော်၏ နန်းတော်သို့ လာရောက် အခစား ဝင်စေ….”
“မှန်လှပါ အရှင်မင်းကြီး ကျွန်တော်မျိုး အသေအချာ မှာကြားထားခဲ့ကြောင်းပါ….”
ထိုသို့ လျှောက်တင်ပြီးမကြာ…
ကုန်သည်ကြီးမှာ မိမိဆက်သစရာ လက်ဆောင်ပစ္စည်းအား ဟွာထန်ဘုရင်ကို ဆက်သပြီးဖြစ်၍ အရိုအသေ ပေးလို့နှုတ်ဆက်ကာ မိမိ နေရပ်အိမ်တော်သို့ ပြန်သွားခဲ့သည်။
ဟွာထန်တိုင်းပြည်အား အုပ်ချုပ်မင်းလုပ်နေသည့် ဘုရင်သစ်အိုက်ချန်မှာ စစ်ရေးမှာ မကျွမ်းကျင်သလို လူအကဲအခတ်မှာလဲ အင်မတန် ညံ့ဖျင်းလှသည်၊ သူ့ စိတ်အလိုသည်ကား အလွယ်လမ်းကို သာလိုက်တတ်သည် ၊အပျော် အပါးမက်သည် ၊ ဒါတွေအားလုံးဟာ ငယ်ရွယ်စဉ်မလေ့လာ မသင်ယူမှုကြောင့်လဲ ပါနိုင်သည်။
ဤသည်ကား သူ၏ ကြီးစွာသော မဟာ အမှားကြီးပင်….
လွန်ခဲ့သော ဟိုးရက်များစွာက နန်းတော်အပြင်သို့ ထွက်မိရာ လိုက်လန်လုပ်ကြံသတ်ဖြတ်ခြင်း ခံရ၍ မြားထိကာ ဟွမ်ကုံတိုင်းပြည်နှင့် ဟွာထန်တိုင်းပြည်တို့၏ နယ်နမိတ်စည်းမျဉ်း တောအုပ်အတွင်းသို့ သူထွက်ပြေးခဲ့ရသည်။
သေမလို ဖြစ်ခဲ့ပြီးခါမှ မိန်းမလှတစ်ဦး၏ အကူအညီကြောင့် သူအသက်ဆက် ပြန်ရှင်ခွင့်ရခဲ့သည်။
ထိုကျေးဇူးရှင် မိန်းမလှလေးကိုတော့ သူသတိတရရှိမိသား….
~~~~~~~~~~~~
ယခု သူမနေထိုင်သည့် နန်းဆောင်ဟာ မင်းကြီးစံမြန်းရာ နန်းဆောင်တော် ဖြစ်သည်ဆိုလျှင် မင်းကြီး မနေ့ညက နန်းဆောင်တော်သို့ ပြန်ရောက်မလာခဲ့ပါ ၊ သူမအား နန်းဆောင်တွင် အပူအပင်မရှိ တစ်ယောက်တည်း အိပ်စက်စေသည်။ သို့သော် သူမကတော့ ပြန်ရောက်မလာသည့် မင်းကြီးအတွက်
စိတ်ပူနေမိသည်…
မိမိအား မင်းကြီး စိတ်နာသွားမည်ကိုလဲ စိုးရိမ်နေမိသည်…
စိတ်ဆိုးခြင်း/စိတ်ကောက်ခြင်းတွေကိုသာ ပြေလျော့အောင် ပြန်ချော့၍ ရနိုင်သော်လည်း…
စိတ်နာခြင်းကိုတော့ ဘာနဲ့မှ အစားထိုးချော့၍မရပေ…။
မေးဖျားလေးထောက်တင်ရန် စားပွဲပေါ်သို့ လက်လှမ်းမိရာ တံတောင်နှင့် စားပွဲဖိမိ၍ စူးကနဲနာကြင်သွားရသည်
“အ…ကျွတ် ကျွတ်…”
အင်္ကျီ လက်စလေးအား ဝင်းမွှတ်သည့် လက်မောင်းသားတို့ ပေါ်သည်အထိ ဖယ်ခေါက်လို့ ကြည့်လိုက်သည်..
ပွန်းပဲ့နေသည့် ဒဏ်ရာတစ်ခု…
ထိုဒဏ်ရာကား မနေ့က ခုံစောင်းနှင့် တိုက်မိ၍ ဒဏ်ဖြစ်ကာ နီရဲယောင်ယမ်းနေလေသည်…
ထိုဒဏ်ရာကို ကြည့်၍ စိတ်မကောင်းဖြစ်စွာ ပြုံးလိုက်မိသည်
ဖယ်ခေါက်ထားသည့် အင်္ကျီ လက်စတို့အား ပြန်၍ ဖုံးဖိလိုက်စဉ်မှာပင် သန်မာသော လက်တစ်စုံဖြင့် လက်မောင်းလေးအား ဖိကိုင်ဆွဲထူခြင်းခံလိုက်ရ၍ သူမ အသက်ရှူတွေ ရပ်မတတ် လန့်ဖြန့်သွားရသည်…
“အ…ဟင်…!”
“ဘာဖြစ်တာလဲ ဒါက…”
“မင်း…မင်းကြီး ဘယ်တုန်းက ရောက်နေတာလဲ…”
“ငါမေးနေတယ် ဒါဘာဖြစ်တာလဲလို့..”
“ဟို ..ဟို အဲ့ဒါက မနေ့က ခုံစောင်းနဲ့တိုက်မိတာပါ…”
ထိုအခါမှ မနေ့က စောင့်တွန်းမိသည့် သူမအဖြစ်ကို ပြန်မြင်ရောင်မိသည်…
နာကြင်ပါစေလို့ မရည်ရွယ်ပေမယ့် သူမအား နာကြင်သွားစေမိခဲ့သည်
ထို့အတွက်ကြောင့်လဲ ကိုယ့်ကိုကိုယ် အပြစ်တင်မိသည်
ဒဏ်ရာဖြစ်သွားတဲ့ သူမလေးအတွက်လဲ စိတ်မကောင်းဖြစ်ရသည်..
သို့သော် ထိုခံစားချက်တို့အား ထုတ်မပြပဲ မျိုသိပ်ကာ မျက်နှာကို တင်းမာထားသည်။..
“ဒီလောက် ယောင်းယမ်းနေတာတောင် မင်းက ဆေးမလိမ်းဘူးလား…
အပြင်မှာ အစေခံတွေ ရှိနေတာပဲ ခေါ်လိမ်းခိုင်းလေ…”
“ဟို..မင်းကြီး ရှောင်လုလဲ အခုမှ ဒဏ်ရာရထားမှန်း သိရတာပါ…”
“ကျစ်..ပေါ့ဆလိုက်တာ ဘယ်လို မိန်းကလေးလဲ..”
စုတ်တစ်ချက်သပ်၍ သူမအား အပြစ်တင်လိုက်ပြီး နန်းဆောင် အခန်းအပြင်ရှိ နန်းတွင်းသူ တစ်ဦးအား လှမ်းခေါ်လိုက်သည်
ထို့နောက် ယောင်ယမ်းနေသည့် ဒဏ်ရာအား ဆေးလိမ်းပေးရန် ဆေးပုလင်း ယူခိုင်းလိုက်သည်။ ခပ်သွက်သွက်ကလေး ယူလာပေးသည့် နန်းတွင်းသူလေး လက်ထဲမှ ဆေးပုလင်းအား အလျင်စလိုယူကာ အခန်းပြင်သို့ ပြန်ထွက် ခိုင်းလိုက်သည်။…
ချစ်စဖွယ်ညိုးကျနေသည့် သူမ မျက်နှာလေးအား တစ်ချက်ကြည့်ကာ
မဲ့ပြုံးလိုက်သည် ၊ထို့နောက် မပြောမဆိုဖြင့် ထိုင်နေသည့် သူမလက်မောင်းလေးအား တင်းစွာ ဖမ်းဆုတ်ကိုင်လိုက်ပြီး အိပ်ယာကုတင်ပေါ်သို့ တွန်းချလိုက်သည်…
“အ..မင်း..မင်းကြီး..”
“မင်းက ခုံမှာထိုင်နေတော့ ငါက မင်းအနားကို သေချာကပ်လို့ မရဘူးလေ ဒါကြောင့် ဒီမှာ ထိုင်ခိုင်းတာ
ဘာလဲ အဲ့အကြည့်တွေက ငါ့ကို မကျေနပ်တာလား…”
ပြေပစ်ချောမောသည့် မျက်နှာအား မျက်မှောင်ကျုံ့လို့ တင်းမာလိုက်ပြီး ဆူပုပ်ပုပ်လေး မော့ကြည့်နေသည့် သူမအား မေးငေါ့လို့ မေးလိုက်သည်
ကြည့်မိနေသည့် အကြည့်တို့အား ပြန်ရုတ်သိမ်းလိုက်သည်၊ထို့နောက် ဆန့်ကျင်ဘက်အရပ်သို့ မျက်နှာ လွှဲကာ ပြန်ဖြေလိုက်သည်
“မဟုတ်ပါဘူးမင်းကြီး ကြည့်မိတဲ့ အတွက်တောင်းပန်ပါတယ် မင်းကြီး..”
ပြန်တောင်းပန်၍ နှုတ်ခမ်းတို့ကို ကျေနပ်စွာ တွန့်လိုက်သည် ထို့နောက် ဒဏ်ရာရှိနေသည့် လက်အား တင်းကနဲ ဆွဲယူလိုက်ခြင်းကြောင့် အောင့်သက်သက်ဖြစ်ကာ သူမ နာကြင်သွားသည်..သို့သော် အသံမထွက်မိစေရန် နှုတ်ခမ်းလေး ဖိကိုက်လို့ကြိတ်မှိတ်သည်းခံလိုက်သည်
ဝင်းမွှတ်နေတဲ့ သူမ ပခုံးသားတွေ ပေါ်တဲ့အထိ အင်္ကျီ စအား ပင့်တင်လိုက်ပြီး သူကိုယ်တိုင် ထိုဒဏ်ရာအား ဆေးလိမ်းပေးနေသည်..
ပွန်းပဲ့ ယောင်ယမ်းနေသည့် ဒဏ်ရာအား စိတ်ရှည်ရှည်ဖြင့် ဆေးလိမ်းပေးနေသည့် သူ့ပုံစံက ကြင်နာမှုအပြည့်ပါ
မင်းကြီး၏ ထိုအပြုအမူကြောင့် ဖိကိုက်ထားသည့် နှုတ်ခမ်းလေးအား ဖြေလျော့ကာ အပြုံးတို့ရိပ်သန်းမိသည်
လက်မောင်းလေးပေါ် အိကနဲဆိုသလို နွေးကနဲ ကျရောက်လာသည့် အထိတွေ့ကြောင့် သူမ ခန္ဓာကိုယ်လေး တုန်ခါကာ ထိန့်လန့် အံ့ဩမိသည်
မင်း..မင်းကြီးက…
ဖြူဝင်းမွှတ်နေသည့် သူမ လက်မောင်းလေးအား မင်းကြီးမှ တယုတယဖြင့် ငုံ့နမ်းခြင်း ခံလိုက်ရ၍ဖြစ်သည်
ထိုသို့နမ်းပြီးသည်နှင့် သူမဟုတ်သည့် အတိုင်း မျက်နှာကို ပြန်တင်းကာ ဆေးပုလင်းအား စားပွဲပေါ်သို့ တင်လိုက်သည်…
“ဆေးပုလင်းကို ဒီမှာ တင်ထားခဲ့မယ် ဒဏ်ရာ မသက်သာရင် မင်းလိမ်းဖို့…”
အေးစက် တင်းမာနေသော အကြည့်တို့ဖြင့် လှည့်ကြည့်ကာ ပြောလိုက်ရင်း မင်းကြီးက နန်းဆောင်အခန်း အတွင်းမှ ခြေလှမ်းကျဲများဖြင့် ထွက်သွားတော့သည်
ထိုအေးစက် စိမ်းသက်နေသည့် အကြည့်တို့ကြောင့် သူမ ရင်ထဲမှာတော့ ဟာတာတာဖြင့်သာ….
🌸🌸🌸🌸အပိုင်း ၂၅ဆက်ရန်>>>
#စာဖတ်ပရိတ်သက်အပေါင်းအားလေးစားလျက်
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)